ဒီငနဲကို တစ်ယောက်လောက် ကန်ထုတ်ပေးလို့ မရဘူးလား
Vol. 36 Ch. 500
သူတို့၏ မကျေနပ်ချက်များကို ဧကရာဇ်ရှီးဟယ်က စိတ်ထဲမထားပေ။
သူက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း...
"ဒါကြောင့် ဒီတစ်ခါမှာတော့ မင်းတို့ကို မရဏလောကနဲ့ ချိတ်ဆက်စေပြီး နတ်ဘုရားရာထူးကို ပြီးပြည့်စုံအောင်လုပ်ဖို့ ကျုပ်က ခွင့်ပြုပေးချင်တယ်"
ထိုစကားကို ပြောလိုက်သည့်အခိုက်အတန့်တွင် အများစုက အံ့အားသင့်သွားကြသည်။ သို့သော် သူတို့ ပိုပြီး သတိရှိသွားကြသည်။
သူတို့ရှေ့မှလူက ယခုအချိန်ထိ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားသော်လည်း သူတို့အားလုံး၏ နတ်ဘုရားရာထူးများ ပြီးပြည့်စုံအောင် ပြုလုပ်ပေးရန် ပြောဆိုနေသည်။
ဘယ်လိုပဲကြည့်ကြည့် သာမန်တော့ မဖြစ်နိုင်ပေ။
ယခုကိစ္စ၏နောက်ကွယ်တွင် သေချာပေါက် ကြီးမားသည့် အကြံအစည်ကြီးတစ်ခု ရှိမည် ဖြစ်ပြီး မဟုတ်ပါက ခွန်လွန်တောင် ပီသမည် မဟုတ်ပေ။
ခွန်လွန်တောင်သည် ဓားစာခံများကိုပင် ဖမ်းခေါ်ထားပြီး ရင်းမြစ်ပစ္စည်းများရရှိနိုင်သည့် ငွေပင်ငွေရင်းအဖြစ် အသုံးပြုခဲ့ကြသည်။ ခွန်လွန်သည် ဘယ်သောအခါမှ အရှုံးခံခဲ့သည် မဟုတ်ပေ။
လူသားများသည် စက်စုပ်ရွံလျှာဖွယ် ကောက်ကျစ်တတ်ကြောင်း အခြားမျိုးနွယ်စုများက သိရှိပြီးသားပင်။
ယခုလည်း ခွန်လွန်တောင်မှ လူသား (၂)ယောက်မှလွဲပြီး ဤနေရာတွင် အခြားလူသား မရှိပေ။
ဘိုးဘေးနဂါးက...
"မင်းက တကယ်တမ်း ဘာလုပ်ချင်တာလဲ"
ဧကရာဇ်ရှီးဟယ်က...
"မင်းတို့အားလုံးကို ပိုပြီး တန်ခိုးစွမ်းအား မြင့်မားလာစေချင်တယ် ၊ ဒါမှ အချိန်တန်ရင် မင်းတို့အားလုံးကို အသုံးချဖို့ အခွင့်အရေးရလိမ့်မယ် ၊ အသေးစိတ်ကိုတော့ ပြောပြလို့မရသေးဘူး"
သူက ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ သို့မှသာ သံသယများကင်းဝေးပြီး တိုက်ပွဲတွင် ပါဝင်ကြမည် ဖြစ်သည်။ မဟုတ်ပါက မဝံ့မရဲ ဖြစ်နေကြပေလိမ့်မည်။
အမတမှော်ဆရာက...
"ဒါဖြင့် နတ်ဘုရားရာထူး ပြီးပြည်စုံအောင်လုပ်ဖို့ အသေးစိတ်အချက်တွေက ဘာတွေလဲ"
"ကျုပ်တို့ခွန်လွန်တောင်က ကံကြမ္မာအခွင့်ကောင်းစင်မြင့်တစ်ခု တည်ဆောက်မယ် ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ ပါဝင်ဖို့အတွက် မင်းတို့မျိုးနွယ်စုတွေက သင့်တော်တဲ့ လူ (၈)ယောက် ရွေးချယ်ရမယ် ၊ တိုက်ပွဲမှာ အနိုင်ရတဲ့သူက မရဏလောကကို ဝင်ရောက်ပြီး လမ်းကြောင်းတစ်ခု တည်ဆောက်နိုင်မယ်"
"ရွေးချယ်ထားတဲ့ လူ (၈)ယောက်က အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်ကနေ မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်တဲ့အဆင့်ထိ ပါဝင်လို့ရတယ် ၊ အဆင့်ငယ်တစ်ဆင့်ဆီအတွက် လူတစ်ယောက်စီ ရွေးချယ်လို့လည်းရတယ် ၊ အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် ၊အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်တဲ့အဆင့် ၊ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်တဲ့အဆင့် ဆိုပြီးတော့ပေါ့"
"ဒါမှမဟုတ် အဲဒီလို အဆင့်ငယ်တွေအလိုက် တစ်ယောက်ချင်း မရွေးချင်ဘူးဆိုရင်လည်း အစစ်အမှန်အင်မော်တယ် (၄)ယောက်နဲ့ မိုးကောင်းကင်အင်မော်တယ် (၄)ယောက် စေလွှတ်မယ်ဆိုလည်း ရပါတယ်"
"မျှမျှတတ ဖြစ်ဖို့အတွက် တစ်ဖွဲ့က ရွေးချယ်ထားတဲ့သူကို နောက်တစ်ဖွဲ့က ရွေးချယ်လို့ မရပါဘူး ၊ ဥပမာ အဋ္ဌမမင်းသားက လက်သီးနတ်ဘုရားအဖွဲ့ထဲမှာ ပါနေပြဖြစ်လို့ ကျန်တဲ့သူတွေက သူ့ကို ရွေးချယ်လို့ မရတော့ပါဘူး"
ဧကရာဇ်ရှီးဟယ်က ယေဘူယျ ရှင်းပြလိုက်သည်။
အခြားသူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
ထို့နောက် ဧကရာဇ်တုန်းချင်က...
"ဆိုတော့ အနိုင်ရတဲ့သူက မရဏလောကကို ဝင်ရောက်ခွင့် ရမှာပေါ့"
ဧကရာဇ်ရှီးဟယ်က ခေါင်းညိတ်လိုက်ရင်း...
"ဟုတ်ပါတယ်"
ဧကရာဇ်တုန်းချင်က...
"အဲဒါက ဘာအသုံးဝင်မှာလဲ"
အခြားသူများသည်လည်း ဖွင့်ဟမမေးကြသည့်တိုင် ထိုမေးခွန်းက စိတ်ထဲတွင် ရှိနေကြသည်။
ထိုအချိန် ဧကရာဇ်ယိုတုက...
"ကျုပ်တောင်နားလည်တာ မင်းတို့တွေ နားမလည်ကြဘူးလား"
အခြားသူများ : "......"
ဒီငနဲကို တစ်ယောက်လောက် ကန်ထုတ်ပေးလိုက်လို့ မရဘူးလား။
တစ္ဆေတိုင်းပြည်ည ယခုလောက်ထိ အချိန်ကြာကြာရပ်တည်နိုင်ခြင်းမှာ ခွန်အားကြီးမသည့်အချက်ကြောင့်သာ ဖြစ်မည်ဟု ကျန်းလန် တွေးလိုက်သည်။
ထို့ပြင် လောကတွင် တစ္ဆေတိုင်းပြည်နှင့် မည်သူမှ မပတ်သက်ချင်ကြပေ။
အခြားသူများက ဝေးကွာသည့်အတွက် ပြဿနာမရှိသော်လည်း နီးကပ်နေသည့် နတ်မိစ္ဆာများသည်ပင် သူတို့နှင့် မတိုက်ခိုက်ချင်ကြပေ။
တစ္ဆေတိုင်းပြည်နှင့် တိုက်ခိုက်ရသည်က မည်မျှလက်ပေါက်ကပ်သည်ကို နတ်မိစ္ဆာများ အသိဆုံးပင်။
အင်အားကြီးအုပ်စုများက အကျိုးစီးပွားအတွက် တိုက်ခိုက်ကြခြင်း ဖြစ်သော်လည်း တစ္ဆေတိုင်းပြည်ကတော့ တိုက်ချင်လို့တိုက်သည်ဟူ၏။
ဧကရာဇ်ရှီးဟယ်က...
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကိုတိုက်ပွဲဝင်မယ့်လူ (၈)ယောက်တင်မကဘူး ၊ မင်းတို့အားလုံးလည်း လာရောက်နိုင်ကြပါတယ်"
ဧကရာဇ်ရှီးဟယ်၏စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။
ဧကရာဇ်ရှီးဟယ်က ဆက်ပြောသည်။
"အဲဒီအချိန်ကျရင် ကျုပ်တို့က မရဏလောကနဲ့ ဆက်သွယ်ပြီး ကျုပ်တို့ရဲ့ နတ်ဘုရားရာထူးကို ပြီးပြည့်စုံစေမှာ ဖြစ်တယ်"
နတ်မိစ္ဆာများ၏ ဧကရာဇ်ချုန်းကိုးက ဧကရာဇ်ရှီးဟယ်ကို စူးစိုက်ကြည့်လိုက်ရင်း…
"အဲဒီလိုလုပ်လို့ ရသလား"
အခြားသူများသည်လည်း သံသယဝင်သွားကြသည်။ သူတို့အနေဖြင့် ကိုယ့်နယ်မြေကို မစွန့်ခွာနိုင်သည်ကို ကောင်းကောင်းသိသည်။ သူတို့၏ ရောင်ဝါအစိတ်အပိုင်းကိုသာ စေလွှတ်နိုင်မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည်ပင် အကြိမ်ရေ အကန့်အသတ်ဖြင့် ပြုလုပ်နိုင်ခြင်း ဖြစ်၏။
ဧကရာဇ်ရှီးဟယ်က ခေါင်းညိတ်လိုက်ရင်း…
"ကျုပ် လုပ်ပေးနိုင်ပါတယ်"
ဧကရာဇ်ချုန်းကိုးက…
"ကျုပ်တို့ လှုပ်ရှားလို့ ရနိုင်မလား"
ဧကရာဇ်ရှီးဟယ်က တည်ငြိမ်စွာဖြင့်…
"ရနိုင်ပါတယ် ၊ ဒါပေမဲ့ နည်းနည်းတော့ ကွဲပြားမှာပေါ့"
မြေအောက်နတ်ဆိုးဘိုးဘေးက…
"မင်းက ဘယ်လိုလုပ်ပေးမှာလဲ"
ဧကရာဇ်ရှီးဟယ်က…
"ဒီအကြောင်းကိုတော့ ကျုပ် ပြောမပြနိုင်ဘူး ၊ ဒါပေမဲ့ မင်းတို့စေလွှတ်ချင်တဲ့သူက မင်းတို့နဲ့ အသင့်တော်ဆုံး လိုက်လျောညီထွေရှိသူ ဖြစ်ရမယ် ၊ မင်းတို့က ပေါ့ပေါ့တန်တန် လူတစ်ယောက်ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ ဘာမှအသုံးကျမှာ မဟုတ်ဘူး ၊ သက်ရောက်မှုက ပုံမှန်ပဲ ဖြစ်နေလိမ့်မယ်"
"တကယ်တော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက မင်းတို့ထင်သလောက် မရိုးရှင်းဘူး ၊ အနိုင်ရတဲ့သူက အကျိုးအမြတ်တွေအများကြီး ရရှိလိမ့်မယ် ၊ အဲဒီအကျိုးအမြတ်တွေ ရရှိဖို့အတွက် မင်းတို့ရဲ့ ပံ့ပိုးပေးမှုတွေလည်း လိုအပ်တယ် ၊ မင်းတို့စေလွှတ်လိုက်တဲ့လူက တောင့်ခံမထားနိုင်ရင် စွမ်းဆောင်ရည်ကို ထိခိုက်လိမ့်မယ်"
မြေအောက်နတ်ဆိုးဘိုးဘေးက…
"ကျုပ်တို့အချင်းချင်းရော တိုက်ခိုက်လို့ ရနိုင်မလား"
ဧကရာဇ်ရှီးဟယ်က…
"ဒါကတော့ မင်းရဲ့ပြဿနာ ဖြစ်သွားပြီ ၊ မင်း ကန်ထုတ်ခံရမှာကို နောင်တမရဘူဆိုရင်တော့ တိုက်ပေါ့ ၊ အဆင်ပြေပါတယ်"
ထို့နောက် မြေအောက်နတ်ဆိုးဘိုးဘေးက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ထိုသူ၏အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ ကျန်းလန်အတော်လေး စိတ်ဝင်စားသွားသည်။
အချင်းချင်းတိုက်ခိုက်ခွင့်ရမည်ဆိုလျှင် နတ်လူသားမျိုးနွယ်ယွင်ရှောင်း ၊ သို့မဟုတ် ဧကရာဇ်ချုန်းကိုးကသာ သူ့ကို တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ယခုကဲ့သို့ မြေအောက်နတ်ဆိုးဘိုးဘေးက သူ့ကို ပစ်မှတ်ထားလာမည်ဟု မျှော်လင့်မထားခဲ့ပေ။
မြေအောက်နတ်ဆိုးဘိုးဘေးက ကျန်းလန်ကို ကြည့်နေရင်းမှ…
"မင်းရဲ့စွမ်းအားကို ကျုပ် အရမ်းသိချင်တယ်"
ကျန်းလန်က အရေးမစိုက်ဟန်ဖြင့်…
"မင်း သိပြီဆိုတာနဲ့ ကန်ထုတ်ခံရဖို့ သေချာသွားပြီ"
ကျင့်ကြံခြင်းအဆင့်တက်ရန် သူ့တွင် အချိန်အလုံလောက် ရှိလေသည်။ အချိန်တန်သည့်အခါ ကျန်းလန်က ပိုင်နက်နယ်မြေအားသာချက်ကို အသုံးချ၍ တိုက်ခိုက်နိုင်သည်။
မြေောအက်ဘိုးဘေးနတ်ဆိုးက ဧကရာဇ်ရှီးဟယ်ကို ပြန်ကြည့်လိုက်ရင်း…
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက ဘယ်တော့စမှာလဲ"
"အခုချိန်ကစပြီး နောက် အနှစ် (၇၀)ကနေ (၁၁၀) အတွင်းပေါ့"
ထို့နောက် ဧကရာဇ်ရှီးဟယ်က မည်သည့်စကားမှ မဆိုတော့ပေ။
အနှစ် (၇၀) မှ (၁၁၀) အတွင်း…။
ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ အချိန်မည်မျှကြာအောင် ဝင်ရောက်ခဲ့သည်ကို ကျန်းလန် ချက်ချင်း သိလိုက်သည်။ သူ ဧကရာဇ်ရှီးဟယ်နှင့် တွေ့ဆုံစဉ်က အနှစ် (၈၀)မှ (၁၂၀)အတွင်းဟု ပြောခဲ့သည် မဟုတ်လား။
သို့ဆိုလျှင် သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၇၄၀) ရှိခဲ့ပြီ ဖြစ်သည်။
မြေအောက်နတ်ဆိုးဘိုးဘေးက နောက်ထပ်မေးခွန်းများ မမေးတော့သည့်အခါ ဧကရာဇ်ရှီးဟယ်က အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"မင်းတို့တွေ တခြား ဘာမေးစရာ ရှိသေးလဲ"
ကမ္ဘာမြေ၏မိခင်က…
"ကျွန်မရဲ့ နတ်ဘုရားရာထူး ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိအောင် ဘယ်လိုလုပ်ရမလဲ"
ဧကရာဇ်ရှီးဟယ်က အလွန်သဘောကောင်းသည့် လေသံဖြင့်…
"အဲဒါကတော့ ခွန်လွန်တောင်မှာ မင်းတို့မျိုးနွယ်ဓားစာခံရှိလားဆိုတဲ့အပေါ် မူတည်တယ် ၊ အဲဒါဆိုရင် ပိုအဆင်ပြေတယ် ၊ တခြားသူက ဆယ်ခါလုပ်ရမယ့်အလုပ်ကို မင်းက ကိုးခါနဲ့ အဆင်ပြေသွားလိမ့်မယ် ၊ မင်းတို့အားလုံးထဲမှာ နဂါးမျိုးနွယ်ကပုဂ္ဂိုလ်ကတော့ အလွယ်ကူဆုံး ဖြစ်လိမ့်မယ်"
ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားမိသည်။
နဂါးမျိုးနွယ်များက အဋ္ဌမမင်းသားအတွက် ခွန်လွန်တောင်ကို တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရကြောင်း သူ သိရှိသည်။ ဇာမဏီမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များသည်လည်း အလားတူပင် ဖြစ်သည်။
ဘိုးဘေးနဂါးက…
"ဒါက ခန့်မှန်းချက်တွေပဲ မဟုတ်လား"
ယခုတစ်ကြိမ်အတွက် လုံလောက်သည့် တန်ဖိုးပေးဆပ်ရမည်ကို သိရှိသော်လည်း နဂါးမျိုးနွယ်များအတွက် အရှုံးပေါ်မည် မဟုတ်ပေ။ အခြားသူများထက် ခြေတစ်လှမ်းသာနေသရွေ့ သူ့အတွက် လုံလောက်လေသည်။
ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…
"ဒါကိုတော့ အဆုံးထိ အံံသြစရာအဖြစ်ထိန်းသိမ်းထားရမယ်လေ ၊ ဒါပေမဲ့ စိတ်မပူကြပါနဲ့ ၊ ကျုပ်က မင်းတို့တွေကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး"
အခြားသူများအားလုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ ခွန်လွန်တောင်က တစ်စုံတစ်ခု ကြံစည်နေသည်မှန်သော်လည်း တစ်ဖက်လူ၏ အကြံပြုချက်ကို မငြင်းဆန်နိုင်ကြပေ။
ဘေးအန္တရယ်ကပ်ဆိုးကြီးကလည်း နီးကပ်လာပြီဖြစ်လေရာ သူတို့အားလုံးကို ဒုက္ခပေးခြင်းဖြင့် ခွန်လွန်တောင်အတွက် အကျိုးမရှိပေ။
ယခုကိစ္စကို သဘောတူလိုက်မည်ဆိုလျှင် မရဏလောကသို့ ဆက်သွယ်ရန် ခိုးကြောင်ခိုးဝှက် ပြုလုပ်စရာ မလိုတော့ပေ။ ပွင့်ပွင့်လင်းလင်းပင် ပြုလုပ်နိုင်မည် ဖြစ်သည်။
ထိုအရာအတွက် စိတ်ပူစရာမရှိပေ။
စိတ်ပူစရာကတော့...
တစ်ခုသာလျှင် ရှိနိုင်သည်။
သူတို့ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်ကြသည်။
"ရှေးဟောင်းအလယ်ပိုင်းနန်းတော်"
ဤသည်က ခွန်လွန်တောင်၏ ရည်ရွယ်ချက် ဖြစ်နိုင်သည်။
သို့သော် သူတို့ကလည်းအလျှော့ပေးမည် မဟုတ်ပေ။ ခွန်လွန်တောင် လက်ဦးမှုမရရှိစေရန် နည်းလမ်းတစ်ခု စဉ်းစားရန် ဖြစ်သည်။
"ရှင် ဘယ်လောက်ထိ ခရီးပေါက်နေပြီလဲ"
ဘိုးဘေးဇာမဏီနတ်ဘုရားက ရုတ်တရက် မေးလိုက်သည်။
ဤမေးခွန်းက အလွန်အရေးကြီးသည်။
ဤပုဂ္ဂိုလ်က ခွန်လွန်တောင်မဖြစ်သည်ကို လူတိုင်းသိကြပြီး ခွန်လွန်တောင်သည် ကောင်းကင်ဘုံနှင့်ရော ငရဲတံခါးနှင့်ပါ ချိတ်ဆက်ထားသည့် နေရာဖြစ်သည်။
ဤသည်က နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော ပကတိ အားသာချက်ဖြစ်သည်။
သို့ဆိုလျှင် ခွန်လွန်တောင်၏ နတ်ဘုရားရာထူးက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားပြီလား။
"စိတ်မပူပါနဲ့"
ဧကရာဇ်ရှီးဟယ်က ရှင်းပြသည်။
"ကျုပ်ရဲ့အနေအထားက မင်းတို့အားလုံးနဲ့အတူတူပါပဲ ၊ ခွန်လွန်တောင်ကလည်း ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ ပါဝင်မျာပါ ၊ စမှတ်ကတော့ ကျုပ်တို့အားလုံး အတူတူပါပဲ"
ထို့နောက် ဧကရာဇ်ရှီးဟယ်က ကမ္ဘာမြေ၏မိခင်ကို ကြည့်လိုက်ရင်း...
"သြော် ဒါနဲ့ ၊ မင်းတို့လူတွေကို ပြန်ခေါ်ချင်တယ်ဆိုရင် ဒုတိယတောင်ထွတ်က လျိုကျင်းကို ကျုပ်ပြောပေးပါ့မယ် ၊ အဲဒီလူက စကားပြောရဆိုရ လွယ်ကူပါတယ် ၊ ဒီတော့ လွှတ်ပေးမယ် ထင်ပါတယ် ၊ ဇာမဏီမျိုးနွယ်တွေအတွက်လည်း အတူတူပါပဲ"
ပြောပြီးသည်နှင့် သူက ဇာမဏီနတ်ဘုရားကိုလည်း ကြည့်လိုက်သည်။
ကမ္ဘာမြေ၏မိခင် : "......"
ဘိုးဘေးဇာမဏီနတ်ဘုရား : "......"
အဋ္ဌမမင်းသားက သူ့ကိုလည်း လွှတ်ပေးမည်လားဟု တွေးထားသော်လည်း မဖြစ်နိုင်ကြောင်း သိလိုက်သည်။
သို့သော် မြေအောက်နတ်ဆိုးဘိုးဘေးက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ရန်စပြီး ပြဿနာရှာတော့မည်ဟု သူ ခံစားနေရသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၆၀၀) ခန့်က လက်သီးနတ်ဘုရား လူသားအင်မော်တယ်အဆင့်တက်သည်ကို သူက မျက်မြင်တွေ့ခဲ့ရသူ ဖြစ်သည်။
နှစ်ပေါင်း (၆၀၀)အတွင်း ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသည် လူသားအင်မော်တယ်အဆင့်မှ တာ့လော်အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့သည်။ တာအိုအင်မော်တယ်ဖြစ်လာရန်ပင် ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်၏။
နောက်ထပ်အနှစ် (၁၀၀)ဆိုလျှင် မြေအောက်နတ်ဆိုးဘိုးဘေးတော့ နံသာပေါင်းမီးရှို့ပူဇော်ရင်း တမလွန်ကြွသွားနိုင်သည်ဟု လုန်မန် ခံစားရသည်။
မြေအောက်နတ်ဆိုးဘိုးဘေးသည် သူ သွားပြီးရန်စမိသူမှာ မည်သူဖြစ်ကြောင်း မသိခဲ့ပေ။
နှစ်ပေါင်း (၆၀၀)အတွင်း လုန်မန်ကတော့ လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်မှ အစစ်အမှန်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ရောက်ရှိရန် အနည်းငယ် ဝေးကွာနေသေးသည်။ သို့သော် ဤသည်ကိုပင် အလွန်လျှင်မြန်သည့် အရှိန်ဖြင့် ကျင့်ကြံခြင်းအဆင့်တက်သည်ဟု ယူဆနိုင်သည်။
သူသာ တာ့လော်အင်မော်တယ် ဖြစ်ချင်ပါက နှစ်ပေါင်း (၂၀၀၀) သို့မဟုတ် နှစ်ပေါင်း (၃၀၀၀)အတွင်းမှာပင် ကြိုးစားနိုင်မည် မဟုတ်သေးပေ။
တာ့လော်အင်မော်တယ်မှ တာအိုအင်မော်တယ်အဆင့် တက်ရောက်ခြင်းကတော့ ပြောနေစရာပင် မလိုတော့ပေ။
ကံကောင်းလျှင်တော့ ထိုအဆင့်များသို့ ရောက်ရှိရန် မျှော်လင့်ချက်ရှိမည်ဖြစ်ပြီး ကံမကောင်းလျှင်တော့ မျှော်လင့်ချက် ရှိမည် မဟုတ်ပေ။
သို့သော် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကတော့ ထိုသို့သောအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း (၆၀၀) ၊ (၇၀၀) ခန့်သာ အချိန်ယူခဲ့ရသည်။
ထိုသူက လက်သီးတစ်ချက်တည်းဖြင့် သွေးနီရောင်နဂါးကို တစ်စစီဖြိုခွင်းခဲ့သည့်မြင်ကွင်းကို တွေ့မြင်ခဲ့ရသူမှာ လောကတွင် အဋ္ဌမမင်းသားတစ်ယောက်သာလျှင် ဖြစ်နိုင်လေသည်။
***