← Chapters

မင်းကဉာဏ်ကောင်းတယ်

Vol. 36 Ch. 501

မင်းကဉာဏ်ကောင်းတယ်

Vol. 36 Ch. 501

"ကြည့်ရတာ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးပဲ ပြဿနာမရှိဘူးလို့ ထင်ပါတယ်"

ဧကရာဇ်ရှီးဟယ်က သူ့ပတ်ဝန်းကျင်မှလူများကို တစ်ချက်ဝေ့ကြည့်ရင်းဆိုသည်။

ထို့နောက် သူက စကားဆက်ပြောသည်။

"ဒါဖြင့် နောက်ထပ် ထူးထူးခြားခြားလေးတစ်ခုလောက် ဆက်ပြောကြရအောင်"

ဧကရာဇ်ရှီးဟယ်၏စကားကြောင့်  အခြားသူများအားလုံး စိတ်ရှုတ်ထွေးသွားကြသည်။ မည်သည့်ကိစ္စများ ရှိနေသေးသည်လဲ။

ဤကိစ္စများက သူတို့ကို အတော်လေး ထိခိုက်စေနိုင်သည်ဖြစ်လေရာ အနည်းငယ် သတိထားရန်လိုအပ်သည်။

"မင်းတို့ထဲက လူပေါင်းများစွာက အဋ္ဌမမင်းသားကို ရွေးချယ်လို့ ရနေတယ် ၊ ဒီတော့ အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက်…"

ဧကရာဇ်ရှီးဟယ်၏စကားမဆုံးခင် ဧကရာဇ်ယိုတုက ဝင်ပြောလိုက်သည်။

"ဘာလဲ… ကျုပ်တို့ သူ့ကို တိုက်ခိုက်ခွင့်မပေးတော့ဘူးလား"

ထိုစကားများကြောင့် အဋ္ဌမမင်းသား အံ့အားသင့်သွားသည်။

သူ မတိုက်ခိုက်ရတော့ဘူးလား။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက အကျိုးအမြတ်များစွာ ရရှိမည့်တိုက်ပွဲဖြစ်သည်။ တကယ်တမ်း သူသာ မတိုက်ခိုက်ရဘူးဆိုလျှင် စိတ်မကောင်းစရာပင်။

ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…

"မင်းက ဉာဏ်ကောင်းတယ် ၊ ဒါပေမဲ့ မင်းထင်တာမှားသွားပြီ"

အခြားသူများက ဧကရာဇ်ရှီးဟယ်ကို ပဟေဠိများစွာဖြင့် ကြည့်နေကြစဉ်မှာပင် သူက စကားဆက်ပြောသည်။

"ဒီတော့ အဋ္ဌမမင်းသားက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလက်အောက်ကနေပဲ တိုက်ပွဲဝင်ခွင့် ရှိလိမ့်မယ်"

ဘိုးဘေးနဂါးက…

"ဘာကြောင့်လဲ"

ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…

"အကြောင်းပြချက်မရှိပါဘူး ၊ ဒါက ကျုပ်ကိုယ်တိုင်ထုတ်ထားတဲ့ စည်းကမ်းပါ"

နဂါးမင်းချန်ယွမ်က ဧကရာဇ်ရှီးဟယ်ကို အေးစက်စွာစိုက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။

ဘိုးဘေးဇာမဏီငှက်…

"ဒါဖြင့် ဟုန်ယာကရော ဘယ်လိုလဲ"

"ဒါက…"

ဧကရာဇ်ရှီးဟယ်က ခဏမျှစဉ်းစားနေပြီးမှ…

"သူလည်း လက်သီးနတ်ဘုရားလက်အောက်မှာပဲရှိသင့်ပါတယ်"

ကမ္ဘာမြေ၏မိခင်က…

"ဒါဆို ကျွန်မတို့မျိုးနွယ် ယန်ရှီးယွင်လည်း အတူတူပဲလား"

ဧကရာဇ်ရှီးဟယ်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ပါတယ်"

သူတို့အကြည့်များက မကျေမနပ်ဖြစ်နေကြသော်လည်း မည်သည့်စကားမှ မဆိုကြပေ။

သူတို့ (၃)ယောက်လုံး တူညီစွာခံလိုက်ကြရသည့်အတွက်ပြောစရာစကား ရှိမနေခဲ့ပေ။

ကျန်းလန် : "……"

သူ့အထင်မမှားဘူးဆိုလျှင် ထိုသူ (၃)ယောက်လုံးက အကြမ်းဖျင်းအားဖြင့် အစစ်အမှန်အင်မော်တယ်များ ဖြစ်ကြသည်။

အဋ္ဌမမင်းသားကတော့ အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားပြီဖြစ်ပြီး မကြမီတွင် မိုးကောင်းကင်အင်မော်တယ် ကနဦးအဆင့်သို့ တက်ရောက်တော့မည် ဖြစ်သည်။

ထိုသူများအားလုံးကို သူ့လက်အောက်တွင် ထားရမည်မှာ အနည်းငယ်တော့ ဖိအားများလေသည်။

ဧကရာဇ်ရှီးဟယ်က ဧကရာဇ်ယိုတုကို လှမ်းကြည့်လိုက်ရင်း…

"ဒါနဲ့… တစ္ဆေတိုင်းပြည်က ချင်းမုကိုလည်း လက်သီးနတ်ဘုရားရဲ့ လက်အောက်မှာပဲထားရမယ်နော်"

ဧကရာဇ်ယိုတုက…

"မင်းက ဦးနှောက်ရှိတဲ့သူပဲ ၊ မင်းဆုံးဖြတ်လို့ရပါတယ်"

ဧကရာဇ်ယိုတု၏စကားက အခြားသူများကို အတော်လေး စိတ်ကသိကအောက်ဖြစ်စေသည်။

သူက ဧကရာဇ်ရှီးဟယ်ကို ချီးမွမ်းလိုက်ခြင်း ဖြစ်သော်လည်း ခြားသူများကတော့ ထိုသို့မထင်မှတ်ခဲ့ကြပေ။

ဧကရာဇ်ယိုတုသည် အတော်လေး စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်နေသော်လည်း သူတို့ မည်သို့မှ မတတ်နိုင်ကြပေ။

ဧကရာဇ်ရှီးဟယ်က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

"ဒါဆို အားလုံး ဆုံးဖြတ်ပြီးကြပြီလား ၊ ဘယ်လိုသဘောရလဲ"

ထိုစဉ် နတ်လူသားမျိုးနွယ် ယွင်ရှောင်းက ရုတ်တရက် ပြောလိုက်သည်။

"ကျုပ်တို့နတ်လူသားမျိုးနွယ်တွေကတော့ ပါဝင်မှာ မဟုတ်ပါဘူး"

အခြားသူများက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

ဧကရာဇ်ရှီးဟယ်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

"ဒါပေါ့ ၊ နတ်လူသားမျိုးနွယ်တွေက ပါဝင်ဖို့ မလိုအပ်ပါဘူး ၊ မင်းတို့က အခြားသူတွေထက် ထူးခြားတဲ့အကျိုးအမြတ်တွေကို ပိုင်ဆိုင်ထားတာပဲလေ"

နတ်လူသားမျိုးနွယ်များက စိတ်ခံစားချက်များကို ဖြတ်တောက်ရန်အတွက် ကမ္ဘာလောကကြီးနှင့် ချိတ်ဆက်ကျင့်ကြံခဲ့ကြသည်။

သူတို့၏ တိုးတက်မှုသည်လည်း အလွန်လျှင်မြန်ကြသည်။ သို့သော် ဤသည်မှာပင် အစပိုင်းမျှသာ ရှိသေးပြီး အရာအားလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိကြသေးပေ။

ယွင်ရှောင်းအနေဖြင့် တန်ခိုးစွမ်းအား မြင့်မားလာသည်နှင့်အမျှ နောက်ဆက်တွဲ ခြေလှမ်းများသည်လည်း ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

ဟုတ်ပေ၏။ သူတို့ မပါဝင်ရသည့် အခြားအကြောင်းအရင်းများလည်း ရှိမည်သာပင်။

နတ်လူသားမျိုးနွယ် တာအိုအင်မော်တယ်တစ်ယောက်က မော့ကျန်းသုန့်လက်ချက်ဖြင့် သေဆုံးခဲ့ရသည် မဟုတ်ပါလား။

ယွင်ရှောင်းကတော့ ထိုကိစ္စကို စိတ်မဝင်စားသော်လည်း အခြား နတ်လူသားမျိုးနွယ်အကြီးအကဲများကတော့ ကျေနပ်ကြမည် မဟုတ်ပေ။ ထို့ကြောင့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲသည် နတ်လူသားမျိုးနွယ်များအတွက် အကျိုးရှိမည် မဟုတ်ပေ။

ယွင်ရှောင်းက...

"ဒါပေမဲ့ ကျုပ် တိုက်ပွဲကို ကိုယ်တိုင်လာကြည့်မယ်"

ဧကရာဇ်ရှီးဟယ်က သူ့စကားကို အရေးမစိုက်ပေ။

ကျန်းလန်ကတော့ အတော်လေး အံ့အားသင့်သွား၏။

နတ်လူသားမျိုးနွယ်များက တိုက်ပွဲကို အမှန်တကယ်ပင် စိတ်ဝင်စားခြင်း မရှိပေ။ ပြောရမည်ဆိုလျှင် သူတို့ပါဝင်လာပါကလည်း အနည်းနဲ့အများ ပြဿနာများ ရှိလာနိုင်သည်။

တစ်ဖက်လူက သူ့ကို ပစ်မှတ်ထားလာနိုင်လေရာ မပါဝင်ကြသည်က အကောင်းဆုံးပင်။

သို့ပေသိ နတ်လူသားမျိုးနွယ် ယွင်ရှောင်းကိုယ်တိုင် တိုက်ပွဲကို လာရောက်ကြည့်ရှုမည်ဆိုလျှင် သူ့ကို တိုက်ခိုက်မည်လား ခန့်မှန်းရခက်သည်။

သတိထားရန်သာ လိုအပ်သည်။

နောက်တစ်ယောက်မှာ မြေအောက်နတ်ဆိုးဘိုးဘေး ဖြစ်၏။ သူကလည်း ကျန်းလန်ကို စိန်ခေါ်လိုစိတ်ရှိနေသည်။

အလျှင်လိုစရာတော့ မရှိပေ။ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ပြီးလျှင် ထိုသူကို အနိုင်ယူရန် တွေးတောနိုင်မည် ဖြစ်သည်။

ထိုအချိန် သူ့ကို ဖိအားတစ်ခုက တွန်းထုတ်နေသည့်အလား ခံစားရသည်။ ဧကရာဇ်ရှီးဟယ်က သူ့ကို ပြန်လွှတ်နေသည်ကို ခံစားရသည်။

"အချိန်အတိအကျကို ခွန်လွန်တောင်ကလူတွေက မင်းတို့ကို အကြောင်းကြားပေးပါလိမ့်မယ် ၊ အဲဒီအချိန်ကျရင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စတင်ပါလိမ့်မယ် ၊ အားလုံးအတွက် အကျိုးအမြတ် ရှိပါလိမ့်မယ်"

ဧကရာဇ်ရှီးဟယ်၏အသံက အားလုံး၏နားထဲသို့ ဝင်ရောက်လာသည်။

ထို့နောက် အားလုံးပျောက်ကွယ်သွားကြပြီး အဋ္ဌမမင်းသားသည်လည်း ပျောက်ကွယ်သွားသည်။

ယနေ့ ဖြစ်စဉ်တစ်ခုလုံးကို သူ တွေ့မြင်ကြားသိခဲ့ရသော်လည်း ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲနှင့် နတ်ဘုရားရာထူးများအကြောင်း သိရှိရုံမှလွဲပြီး အခြားအကြောင်းအရာများကို နားမလည်ခဲ့ပေ။ သို့သော် ထိုကိစ္စများက ထိုအရေးကြီးပုဂ္ဂိုလ်များ အရေးစိုက်ရမည့် ကိစ္စများသာ ဖြစ်လေရာ သူ့အနေဖြင့် အရေးစိုက်စရာ မလိုပေ။

သူကတော့ တောရိုင်းသားကင်များ ဆက်လက်ရောင်းချရင်း တန်ခိုးစွမ်းအားမြင့်မားလာစေရန် ဆက်လက်ကျင့်ကြံရမည် ဖြစ်လေ၏။

***

နဝမတောင်ထွတ် ၊ ခြံဝင်းထဲတွင်…

ကျန်းလန် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။

ထို ထူးဆန်းသောနေရာမှ ဆုတ်ခွာခဲ့ပြီးနောက် ကျန်းလန် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဧကရာဇ်ယိုတုက သူနှင့် ဆွေးနွေးစရာကိစ္စတစ်ခုရှိသည်ဟုဆိုသည်။ အချိန်တန်လျှင် သူ့ကို လာရှာမည်ဟု စကားပါးလိုက်၏။ ကျန်းလန်သည်လည်း ဧကရာဇ်ယိုတုနှင့် ဆွေးနွေးစရာကိစ္စတစ်ခု ရှိနေလေရာ အချိန်တန်လျှင် ဆုံနိုင်ကြသည်ပင်။

နောက်တစ်ကြိမ် သူတို့ဆုံကြသည့်အခါ ကျန်းလန်က တာအိုအင်မော်တယ်အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ ထိုအချိန်ရောက်လျှက် အနည်းနှင့်အများ သူက အခြားသူများနှင့် တန်းတူ ဖြစ်နေပေလိမ့်မည်။

ဆက်မတွေးတော့ဘဲ ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ညမိုးချုပ်နေပြီ ဖြစ်လေသည်။ ရှောင်ယွိကတော့ အိပ်ပျော်နေဆဲပင်။

ဆံနွယ်ရှည်များက သူမ၏မျက်နှာတစ်ခြမ်းကို ဖုံးလွှမ်းနေသည်။ ကျန်းလန်က သူမ၏ မျက်နှာထက်နှင့် နဖူးထက်မှ ဆံပင်များကို အသာလေး သပ်ပေးလိုက်သည်။

ဆံပင်များကို သပ်လိုက်သည်နှင့် သူ့ကို ပြူးကျယ်သည့်မျက်ဝန်းများဖြင့် ကြည့်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

ကျန်းလန် ခဏမျှ တုံ့ဆိုုင်းသွားလေ၏။ နဂါးများက မျက်လုံးဖွင့်ပြီး အိပ်လေ့ရှိကြတာလား။ သူ အရင်က ဘာလို့ သတိမထားခဲ့မိပါလိမ့်။

သို့သော် လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည့် သူ၏လက်ကို ရှောင်ယွိက ဖမ်းကိုင်လိုက်သည်။

ထို့နောက် သူမက ဒေါသတကြီးဖြင့် ငုတ်တုတ်ထထိုင်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ရှင် ကျွန်မကို လာကြိုမယ်လို့ပြောပြီး စကားမတည်ဘူး"

ကျန်းလန် ခဏမျှစဉ်းစားပြီးမှ ထိုအကြောင်းအရာကို သတိရသွားသည်။ သို့သော် အချိန် (၁၀)နှစ်ပင် ကြာခဲ့ပြီ မဟုတ်ဘူးလား။

ကျန်းလန်က…

"ဒါဖြင့်… ဂိုဏ်းတူအစ်မက ဘာဖြစ်ချင်လို့လဲဟင်…"

ရှောင်ယွိ၏ ဘေးတိုက်မျက်နှာလေးကိုကြည့်ရင်း သူမက အလွန်ချောမောသည်ဟု ကျန်းလန် ခံစားရသည်။

ရှောင်ယွိက ကျန်းလန်၏ လက်များကို ကိုင်ထားရင်းဖြင့်ပင်…

"ဒီတစ်ခေါက် ဉာဏ်အလင်းပွင့်တာ ဂိုဏ်းတူမောင်လေး ဘာတွေ နာလည်ခဲ့သလဲ"

ကျန်းလန်က ခဏမျှ စဉ်းစားပြီး…

"ကိုယ့်ရဲ့ တာအိုလမ်းစဉ်ကို နက်နက်နဲနဲ နားလည်လာပြီ"

ပြီးမှ သူက နူးညံ့သည့်လေသံဖြင့်…

"နောက်တစ်ခါ ဂိုဏ်းတူအစ်မ ဘယ်သွားချင်လဲ ကိုယ် လိုက်ပို့ပေးမယ်လေ… နော်"

ရှောင်ယွိက…

"ဟွန်း… ကျွန်မက မသွားချင်ဘူးဆိုလည်း ရှင်က အတင်းအကျပ်နည်းလမ်းနဲ့ လိုက်ပို့မလို့လား"

ကျန်းလန်က ကောင်းကင်ကို မော့ကြည့်လိုက်ရင်း…

"စိတ်ကောက်မနေနဲ့တော့… အခု မိုးချုပ်နေပြီ ၊ အိမ်ထဲသွားကြရအောင်"

ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ခြေစောင့်ရင်း အိမ်ထဲဝင်သွားသည်။

"မနက်ဖန်ကျမှ ဆက်ရန်ဖြစ်မယ်"

ကျန်းလန်လည်း သူမနောက်မှ လိုက်သွားသည်။

နှစ်အနည်းငယ်အတွင်း သူ ကိစ္စရပ်များစွာ ရင်ဆိုင်ခဲ့ရသော်လည်း ဤနေရာလေးကိုတော့ သူ ကာကွယ်ပေးမည် ဖြစ်သည်။

သူ ရှောင်ယွိအပေါ် မည်သည့်အန္တရယ်မှ ကျရောက်စေမည် မဟုတ်ပေ။

ခွန်လွန်တောင်သည်လည်း အတူတူပက်ဖြစ်၏။

ယခုတော့ နောက်ထပ် အနှစ် (၇၀) မှ (၈၀) အတွင်း နောက်ထပ် ဉာဏ်အလင်းပွင့်ခြင်း လိုအပ်နေသည်။

သူ၏ရွှေခန္ဓာသည် အပြည့်အဝအောင်မြင်ပြီး နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။

နောက်ထပ် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိပြီးလျှင် တာအိုအင်မော်တယ် ဖြစ်လာပေတော့မည်။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲနှင့်ပတ်သက်၍ကတော့ သူ့တွင် လူ (၅) ယောက် ရှိလေသည်။

သေရည်ဆိုင်မှ (၄) ယောက်နှင့် တစ္ဆေတိုင်းပြည်မှ ချင်းမု ဖြစ်သည်။

အဋ္ဌမမင်းသားတို့ (၄)ယောက်အတွက် ကျန်းလန်က စိတ်ပူပန်ခြင်း မရှိပေ။ သူ စိတ်ပူသည်က ချင်းမုအတွက် ဖြစ်သည်။

သူ၏နတ်ဘုရားရာထူးကို ပြောင်းလဲမည်ဆိုလျှင် ဆက်ခံသူ လိုအပ်လေသည်။ အသင့်တော်ဆုံး ဆက်ခံသူမှာ ချင်းမုဖြစ်သည်ဟု သူက ယူဆထားသည်။

သို့ဖြစ်ရာ အသေးစိတ်အချက်အလက်များကို ဧကရာဇ်ယိုတုနှင် ဆွေးနွေးရမည် ဖြစ်သည်။ မဟုတ်ပါက ဧကရာဇ်ယိုတု မကျေနပ်လျှင် ချင်းမု အသက်ပျောက်သွားနိုင်သည်။

ထိုသို့ဆိုလျှင် ကံကြမ္မာကို ပြန်လည်ပေးဆပ်ခြင်းမဟုတ်တော့ဘဲ စွန့်ပစ်လိုက်ခြင်းနှင့် တူညီနေပေလိမ့်မည်။

***

All Chapters