အခန်း (၃၄၁-၃၄၅)
Vol. 14 Ch. 341-345
အပိုင်း(၃၄၁) သူတကယ်ပဲ မိစ္ဆာလမ်းစဉ်ထဲ ကျဆင်းသွားတာလား
ထိုသုံးယောက်ရဲ့ အကူအညီနဲ့ နဂါးငါးကောင် တံဆိပ်တော်ရဲ့ ခွန်အားက သိသိသာသာ မြင့်တက်လာခဲ့တယ်။ လန်ရှန်းရဲ့ ခွန်အားက မနိမ့်ကျသလို ဟူညီအစ်မ နှစ်ယောက်ပေါင်းရဲ့ ခွန်အားက ပိုပြီးတော့တောင် သန်မာပါသေးတယ်။ ထို့ကြောင့် သူမတို့ သုံးယောက် ပူးပေါင်းထုတ်ဖော်လိုက်တဲ့ နဂါးငါးကောင် တံဆိပ်တော်ရဲ့ ခွန်အားက ရတနာဂိုဏ်းက တပည့်သုံးယောက်ထက် ပိုပြီး မြင့်မားနေခဲ့ပါတယ်။
နဂါးငါးကောင် ပြန်ထွက်ပေါ်လာတာနဲ့ သူတို့ပါးစပ်ထဲကနေ အဖြူရောင် အလင်းတန်းတွေကို ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာည်ဆီ မှုတ်ထုတ်လိုက်တယ်။
ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်လည်း နောက်တစ်ကြိမ် ထပ်မံ ချုပ်နှောင်ခံလိုက်ရပြန်ခဲ့လေပြီ။
နဂါးငါးကောင် တံဆိပ်တော်က ထိုဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို အချိန်အကြာကြီး ထိန်းချုပ် မထားနိုင်တာကို သိတဲ့အတွက် ရန်ကိုင်က အားကုန်သုံးကာ သည်းကြီးမည်းကြီး တိုက်ခိုက်ပါတော့တယ်။
လက်ကွက် ဖန်တီးလိုက်ပြီး ကျားဖူတံဆိပ်တော်နဲ့ နွားသိုး တံဆိပ်တော်ကို ဆင့်ခေါ်လိုက်တယ်။ ရန်ကိုင်ရဲ့ အစစ်အမှန်ယန်ယွမ်ချီနဲ့ ဖွဲ့စည်းထားတဲ့ ကြက်သွေးရောင် သားရဲ ပုံရိပ်နှစ်ခုက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ဆီ ပြေးဝင်တိုက်ခိုက်လိုက်ကြတယ်။
လက်တစ်ဖက်က ယန်အရည်စက်နဲ့ ဖန်တီးထားတဲ့ ဓါးကို ကိုင်ဆောင်ရင်း ကျန်လက်တစ်ဖက်က နေမီးတောက် ပေါက်ကွဲခြင်း ပညာရပ်ကို အသုံးပြုပြီး ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို တိုက်ခိုက်လိုက်တယ်။
ရန်ကိုင်က သူ့ခံစစ်ကို လျစ်လျူရှုပြီး တိုက်စစ်ကိုသာ အားပြုတိုက်ခိုက်နေခဲ့တယ်။
ရန်ကိုင် တိုက်ခိုက်နေတာကို ကြည့်နေတဲ့ လူအားလုံး လေအေးတစ်ချက် ရှူသွင်းမိလိုက်ကြတယ်။
ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ကိုယ်ရောင်က ပိုမိုလျင်မြန်စွာနဲ့ နောက်တစ်ကြိမ် ထပ်မံ မှိန်ကျလာခဲ့ပြန်တယ်။ ထိုကောင်က သေတော့မှာကိုတောင် ရန်ကိုင်ရဲ့ အသိစိတ်ပင်လယ်အား ဝိဥာဉ်ပညာရပ် မျိုးစုံသုံးကာ တိုက်ခိုက်နေခဲ့ပါသေးတယ်။
အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ တွေ့ရင် ဘာလို့ ကူကယ်ရာမဲ့ရလဲ ဆိုတဲ့ အကြောင်းအရင်း သူတို့တွေက စိတ်ဝိဥာဉ် တိုက်ခိုက်မှုတွေကို မခုခံနိုင်လို့ပါပဲ။
သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် စိတ်ဝိဥာည် တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရရင် ရှောင်နိုင်သမျှ ရှောင်တိမ်းဖို့ ကြိုးစားကြပါတယ်။ ထို့ကြောင့် မိစ္ဆာလိုဏ်ဂူထဲက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်တွေက တကယ်ကို ရင်ဆိုင်ရခက်တဲ့ တည်ရှိမှုတွေ ဖြစ်နေတာပါ။
စိတ်ဝိဥာဉ် တိုက်ခိုက်မှုတွေကို လျစ်လျူရှုထားမယ် ဆိုရင်တောင် ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာည်တွေက သာမန်အရောင်တူ မိစ္ဆာစိတ်ဝိဥာဉ်တွေထက် ပိုပြီး စွမ်းအားကြီးပါတယ်။
သူ့အသိစိတ် ပင်လယ်က အဆက်မပြတ် တိုက်ခိုက်ခံနေ ရတာကြောင့် ခေါင်းထဲက နာကျင်မှုက ပိုပိုပြင်းထန် လာခဲ့ပြီး ရန်ကိုင် နဖူးထက်မှ ချွေးစေးတို့ ကျဆင်းလာခဲ့ပြီး သွေးကြောကြီးတွေကလည်း ထောင်တက်လို့ လာခဲ့ပါတယ်။ ဒါပေမယ့် သူ့တိုက်ခိုက်မှုတွေက နည်းနည်းလေးတောင် အားမနည်းသွားသလို အနည်းငယ်လေးတောင်မှလည်း နှေးမသွားခဲ့ပါဘူး။ ရှိရှိသမျှ အားကုန်သုံးပြီး ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။
ရန်ကိုင် တိုက်ခိုက်နေတာကို ကြည့်ရင်း လူအိုကြီး မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်သွားသည့် အလင်းရောင်တို့ လက်သွားခဲ့တယ်။
ရန်ကိုင် ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ သူ့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။ အစစ်အမှန်ဒြပ်စင်အဆင့်၅ ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည်က သူ့ကျင့်ကြံခြင်း အဆင့်ထက် အများကြီး ပိုမြင့်နေခဲ့ပါတယ်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရန်ကိုင်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ပစ်နိုင်တော့မှာပါ၊ ပြီးတော့… သူကိုယ်တိုင် တိုက်ခိုက်မယ် ဆိုရင်တောင် ရန်ကိုင်ထက် ပိုမြန်မြန်နဲ့ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ လူအိုကြီးက ခပ်မြန်မြန်ပဲ တိုက်ပွဲဆီ အကြည့်ရွှေ့လိုက်တယ်။
ဟုတ်ပါတယ်… လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာတဲ့ အချိန်မှာပဲ ရန်ကိုင်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ပစ်နိုင်ခဲ့ပါတယ်။ ထို ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က နောက်ဆုံးအကြိမ်အဖြစ် စူးစူးရှရှ အော်ကြွေးလိုက်ပြီးနောက် သူ့ကိုယ်မှ ခရမ်းရောင်အလင်းတို့ မှိန်ကျပျောက်ကွယ်သွားခဲ့တယ်။
ရန်ကိုင်ရဲ့ ကြောက်မက် အံ့အားသင့်ဖွယ်ကောင်းတဲ့ တိုက်ပွဲစွမ်းရည်ကို မြင်တွေ့လိုက်ရချိန် မှာတော့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတယ်။ ဟူညီအစ်မ နှစ်ယောက်ဆိုရင် ပျော်လွန်းလို့ သူမတို့ ပါးစပ်ကိုတောင် လက်ကလေးနဲ့ ဖုံးထားခဲ့ရပြီး သူမရဲ့ မျက်ဝန်းတွေဆိုရင်လည်း ဝမ်းသာမှုကြောင့် ကျသည့် မျက်ရည်တို့ဖြင့် စိုစွတ်နေခဲ့ပါတယ်။
ဝိဥာည်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် သေဆုံးသွားပြီးနောက် နှင်းဖြူရောင် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို ချန်ရစ်ခဲ့တယ်။ မစုပ်ယူရသေးတာတောင်မှ ထိုထဲ၌ ကြောက်မခန်းလိလိ စွမ်းအင်တို့ ပါဝင်နေတာကို ခံစားမိနိုင်ပါတယ်။
လူအုပ်ကြီးက ရန်ကိုင် နိုင်သွားလို့ ပျော်လို့ မပြီးသေးခင်မှာပဲ သူတို့ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်တကြား အော်ဟစ်မိလိုက်ကြတယ် “အထူးမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်”
လူအိုကြီး မျက်ဝန်းအစုံက လက်သွားခဲ့ပြီး လောဘ အရိပ်အယောင်တို့က သူ့မျက်ဝန်းထဲ အထင်းသား ထွက်ပေါ်လာခဲ့တယ်။
အထူးအဆီအနှစ်တွေက သာမန် အဆီအနှစ်တွေထက် အဆပေါင်းများစွာ ပိုပြီး တန်ဖိုးကြီးပါတယ်။ တကယ်တော့ ထိုအထူးအဆီအနှစ် တွေထဲမှာ ဘယ်လို အံ့အားသင့်ဖွယ်ကောင်းတဲ့ ရတနာတွေ ရှိနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။ ဒါပေမယ့် ထိုအထူးအဆီအနှစ်ကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံက လိုချင် တောင့်တနေတယ်ဆိုတာကို လူအိုကြီး ခံစားမိလိုက်တယ်။
ငါးကိုမြင်လို့ စားချင်နေတဲ့ ကြောင်လိုပဲ လူအိုကြီးရဲ့ ကောင်းကင်စိတ်အာရုံကလည်း ထိုအထူးအဆီအနှစ်ကို စုပ်ယူချင်နေခဲ့ပါတယ်။
ထိုအထူးအဆီအနှစ်ထဲ၌ လူတစ်ယောက်ရဲ့ ဝိဥာဉ်ခွန်အားကို တိုးတက်စေနိုင်ပြီး စိတ်စွမ်းအင် ပမာဏကို မြင့်မားလာစေနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတယ်ဆိုတာကို လူအိုကြီး ချက်ချင်းပဲ နားလည်လိုက်တယ်။
ထိုအဆီအနှစ်က ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က ချန်ရစ်ခဲ့တာ ဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ ဝိဥာဉ်ကို ပိုပြီး အားကောင်းလာအောင် လုပ်ပေးနိုင်တယ်ဆိုတာ ယုတ္တိရှိပါတယ်။
သာမန် မိစ္ဆာစိတ်ဝိဥာည် အဆီအနှစ်၊ ဒါမှမဟုတ် အခြား မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် တစ်မျိုးမျိုးဆိုရင် လူအိုကြီးလည်း ဒီလောက် လိုချင်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်စွမ်းအင်ကို တိုးဟွားစေနိုင်တဲ့ ရတနာမျိုးက အရမ်းကို ရှားပါးပြီး သူကိုယ်တိုင် ဝင်လုယူ တိုက်ခိုက်ရလောက်တဲ့အထိ တန်ဖိုးရှိပါတယ်။
တုန့်ဆိုင်း မနေတော့ပဲ လူအိုကြီးက ယုချင်ဘက် လှည့်ကာ အော်ဟစ်လိုက်ပြီး “မင်းတို့ကိုယ် မင်းတို့ ကာကွယ်ထားနှင့်”
ယုချင်တို့ကို အော်ဟစ် သတိပေးပြီးတာနဲ့ ဥက္ကာပျံတစ်ခု အလား ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။
“အရှက်မရှိတဲ့ ခွေးအိုကြီး” ချန်ရီက အော်ဟစ် ကျိန်ဆဲလိုက်တယ်။
“ရန်ကိုင်၊ သတိထား” အားလုံးက ထိတ်လန့်တကြားနဲ့ အော်ဟစ် သတိပေးလိုက်တယ်။
ရန်ကိုင်က အနည်းငယ် မူးဝေနေသလို ခံစားနေခဲ့ရပါတယ်။ ဝိဥာဥ် ကြာပန်း အကူအညီနဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုတွေကို ခုခံနိုင်ခဲ့ပေမယ့် သူ့ဝိဥာဉ်က ဒဏ်ရာမရပဲနဲ့တော့ မနေပါဘူး။ ထို့ကြောင့် ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ပြီးတာနဲ့ ထိုမိစ္ဆာစိတ်ဝိဥာဉ် ချန်ရစ်ခဲ့တဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကိုတောင် မစစ်ဆေးနိုင်သေးပဲ အနက်ရောင် စာအုပ်ထဲကနေ ဆေးပေါင်းရည် တစ်စက်ကို ထုတ်ယူလိုက်ပြီး ချက်ချင်း မြိုချလိုက်ရပါတယ်။
ဒါပေမယ့် သတိပေး၊ အော်ဟစ်သံတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ ရန်ကိုင်က အစစ်အမှန်ချီကို လှည့်ပတ်ရင်း သူ့လက်ကို ဆန့်ထုတ်လိုက်ကာ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို သူ့လက်ဝါးထဲ တိုက်ရိုက်စုပ်ယူလိုက်တယ်။
“သေချင်နေတာပဲ” လူအိုကြီးက ဆက်ပြီး သူတော်ကောင်းယောင် ဆောင်မနေတော့ပါဘူး။ သူက ရန်ကိုင်ကို ဒုက္ခရောက်အောင် လုပ်ခဲ့ပြီးမှတော့ သူလည်း ဆက်ပြီး ယဉ်ကျေးနေစရာ မလိုတော့ပါဘူး။ ထို့ကြောင့် အားကုန်သုံးပြီး ရန်ကိုင်ဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ တစ်ယောက်ရဲ့ အားကုန်သုံး တိုက်ခိုက်မှုက ရန်ကိုင်အနေနဲ့ ဒဏ်ရာမရပဲ ခုခံနိုင်တဲ့ တိုက်ခိုက်မှု တစ်ခု မဟုတ်ပါဘူး။
သူ့မှာလည်း ရှောင်တိမ်းဖို့ အချိန်မရှိတော့၊ ထို့ကြောင့် ရန်ကိုင်က သူ့ဒန်တန်ထဲကနေ ယန်အရည်စက် တစ်စက်ကို ထုတ်ယူလိုက်ပြီး ဒိုင်းကာ တစ်ခု ဖန်တီးလိုက်တယ်။
ဘုန်း…
ယန်အရည်စက်နဲ့ ဖန်တီးထားတဲ့ ဒိုင်းကာ တစ်စစီ ပျက်စီးသွားခဲ့ပြီး လူအိုကြီးရဲ့ ရိုက်ချက်ကြောင့် ရန်ကိုင်လည်း မိစ္ဆာချီပင်လယ်ထဲ လွင့်ထွက်သွားခဲ့ရကာ မိစ္ဆာချီထုထဲ နစ်မြုပ်သွားခဲ့ရတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ လူအိုကြီးက လေထဲတွင် တစ်ချက် ဝဲနေလိုက်ပြီးနောက် မကျေမနပ်နဲ့ ရေရွတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချကာ ယုချင်တို့ ရှိနေတဲ့ နေရာဆီ ပြန်သွားလိုက်တယ်။
ရန်ကိုင်ဆီကနေ အထူးမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို မလုယူနိုင်တဲ့ အတွက် သူတော်တော်လေး စိတ်ပျက်သွားတာ အသေအချာပါပဲ။
“ရန်ကိုင်” ဟူမေးအာက တုန်လှုပ်ခြာက်ခြားစွာနဲ့ ရန်ကိုင်နာမည်ကို အော်ခေါ်လိုက်ပြီး သူမရဲ့ အသားအရေကလည်း ဝိဥာဉ်ကို ဆုံးရှုံးသွားတဲ့ လူတစ်ယောက်လိုမျိုး ချက်ချင်းပဲ ဖြူလျော်သွားခဲ့တယ်။ တုန့်ဆိုင်းမနေတော့ပဲ ဟူမေးအာက ရန်ကိုင် ကျသွားတဲ့နေရာဆီ ခုန်ဆင်းဖို့ လုပ်လိုက်တယ်။
ဒါပေမယ့် တစ်လှမ်း၊ နှစ်လှမ်းလောက်ပဲ သွားရသေးချိန် တစ်ယောက်ယောက်က သူ့ကို ပြန်ဆွဲထားတာကို တွေ့လိုက်ရတယ်။
လှည့်ကြည့်လိုက်တဲ့အခါ သူမအစ်မကြီးက ထိတ်ထိတ်ပျာပျာနဲ့ ခေါင်းရမ်းရင် သူမလက်ကို ဆွဲထားတာကို တွေ့လိုက်ရတယ်။
“ငါ့ကိုသွားခွင့်ပေး…” ဟူမေးအာက မျက်ရည်ရွဲလဲနဲ့ ပြန်ပြောလိုက်တယ်။
ဒါပေမယ့် ဟူကျောင်းအာက ခေါင်းသာ ခါရမ်းနေခဲ့ပြီး သူမရဲ့ မျက်လုံးတွေကတော့ တဖြည်းဖြည်း နီရဲလာခဲ့တယ်။
အမွှာစိတ်ဝိဥာဉ်ချီကို သူမတို့ စလေ့ကျင့်ကတည်းက ညီအစ်မ နှစ်ယောက်စလုံးက တစ်ယောက်ခံစားချက်တွေကို တစ်ယောက် ခံစားလာနိုင်ခဲ့တယ်။ ထို့ကြောင့် အခုအချိန် သူမညီမလေး ရင်ထဲ ဘယ်လောက်တောင် ဝမ်းနည်း ပူဆွေးနေတာကို ဟူကျောင်းအာ မသိပဲ ဘယ်နေပါ့မလဲ။
သူမ သိနေခဲ့ရင်တောင် သူမညီမလေးကို စိတ်ထင်ရာ လုပ်ခွင့် မပေးနိုင်ပါဘူး။
ကျောက်တိုင်ထိပ်က စင်မြင့်ပေါ်၌ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေဖြစ်စေ၊ ရတနာဂိုဏ်းက တပည့်တွေ ဖြစ်စေ အားလုံးက တိတ်ဆိတ်စွာနဲ့ မတ်တပ်ရပ်နေခဲ့ပြီး ကြက်သေသေနေခဲ့ကြတယ်။
ထိုလူအိုကြီးက ဒီလောက်အထိ ရက်စက် ကောက်ကျစ်ပြီး အရှက်တရား ကင်းမဲ့လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထားခဲ့ပါဘူး။
တစ်ခဏကြာပြီးနောက် လန်ရှန်းက ရုတ်တရက် အော်ဟစ်လိုက်တယ် “ငါတို့ တိုက်ကြမယ်”
ပြောပြီးတာနဲ့ ချက်ချင်းပဲ လက်ကွက်ပုံစံ ဖော်လိုက်တယ်။ သူမရဲ့ အေးစက်စက် မျက်ဝန်းတွေက အဆုံးအစ မရှိတဲ့ ဒေါသ၊ အမုန်းတရား၊ ရူးသွပ်သွေးဆာမှုတို့ဖြင့် ပြည့်နေခဲ့ကာ တစ္ဆေဘုရင် တံဆိပ်တော်ကို အသက်သွင်းဖို့တောင် သူမ တုန့်ဆိုင်း မနေတော့ပါဘူး။
တစ္ဆေအော်မြည်သံနှင့်အတူ လန်ရှန်းက တစ်ဖက်ကျောက်တိုင်ကို စတင်တိုက်ခိုက်လိုက်တယ်။
သူမ စတင် တိုက်ခိုက်လိုက်တာနဲ့ ကျန်တဲ့ တစ္ဆေဘုရင် တောင်ကြားက တပည့်တွေက သူတို့ရဲ့ အားအကောင်းဆုံး ပညာရပ်တွေကို သုံးပြီး လူအိုကြီးတို့ ရှိနေတဲ့ ကျောက်တိုင်ကို စတင်တိုက်ခိုက်ပါတော့တယ်။
ရတနာဂိုဏ်းက တပည့်တွေလည်း သူတို့ရဲ့ လက်နက်တွေကို အလျင်စလို ထုတ်ယူလိုက်ကြပြီး လူအိုကြီးနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေကို တိုက်ခိုက်လိုက်တယ်။
အစစ်အမှန်ယန်ချီ အကာအရံကို မထိခိုက်တောင် သတိထားရင် အဖွဲ့သားတွေ အကုန်လုံးက သူတို့ရဲ့ ဒေါသကို ဖောက်ထုတ်နေခဲ့ကြတယ်။
တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတနဲ့ လူအိုကြီးတို့ရဲ့ အခြေအနေက ပိုပြီး ဆိုးရွားသွားခဲ့ရတယ်။
ယုချင်ရဲ့ မျက်နှာက ရှုံ့မဲ့သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ် “လန်ရှန်း၊ နင်က ငါတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေကိုပါ တိုက်ခိုက်ဖို့ ကြံနေတာလား။ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းနဲ့ တစ္ဆေဘုရင်တောင်ကြားက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိလာခဲ့တာ၊ ပြီးတော့ ငါတို့က အဲ့ကောင်စုတ်ကို တိုက်ခိုက်ခဲ့တဲ့ လူတွေလည်း မဟုတ်ဘူး။ နင်တို့ ဘာလို့ ဒီလောက်တောင် အဆင်အခြင် မဲ့ရတာလဲ”
ဒါပေမယ့် လန်ရှန်းရဲ့ ရေခဲတမျှ အေးစက်စူးရှတဲ့ အကြည့်ကတော့ နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ ယုချင်ရဲ့ စကားတွေကို လျစ်လျူရှုထားလိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ သူမရဲ့ အစစ်အမှန်ချီကို ပိုပြီးမြန်မြန် လှည့်ပတ်လိုက်တယ်။
“ရိုင်းစိုင်းလိုက်တဲ့ ဂျူနီယာတွေ” လူအိုကြီး ဒေါသထွက်သွားခဲ့တယ်။ ထိုလူငယ်အုပ်ကို သူအထင်သေးမိသွားပြီ ဆိုတာကို လူအိုကြီး ချက်ချင်းပဲ နားလည်လိုက်တယ်။ ဒေါသထွက်လာတဲ့ အချိန်မှာတော့ လန်ရှန်တို့ အဖွဲ့သားတွေက နည်းနည်းလေးတောင် ထိန်ချန်ထားခြင်း မရှိပဲ တိုက်ခိုက်ပါတော့တယ်။
သူတို့ တစ်ယောက်၊ နှစ်ယောက်တည်းသာ ဆိုရင် သူဂရုမစိုက်ပဲ နေလို့ရပေမယ့် အခုက တစ်ဖွဲ့လုံး အုံလိုက်ကျင်းလိုက်နဲ့ သူတို့ကို တိုက်ခိုက်နေကြတာပါ။ ပြီးတော့ သူတို့တွေက မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ တရစပ်တိုက်ခိုက်မှု တွေကိုလည်း ရင်ဆိုင်နေရပါသေးတယ်။ ထို့ကြောင့် လူအိုကြီးတို့ရဲ့ အခြေအနေက ဟိုးအကျဉ်းအကြပ်ထဲ ရောက်သွားခဲ့ရတယ်။
ပြီးတော့ တစ်ဖက်က သုံးနေတဲ့ လက်နက်အချို့ကလည်း အရမ်းကို အားကောင်းလှတဲ့အတွက် လူအိုကြီးရဲ့ အသားအရေတောင် အနည်းငယ် ဖြူလျော်ချင်သလို ဖြစ်သွားခဲ့တယ်။
“မင်းတို့ ကောင်စုတ်တွေ အခုလို လုပ်နေတာ မရပ်သေးဘူးဆိုရင် ဒီလူအိုကြီးလည်း ဆက်ပြီး သည်းခံနေတော့မှာ မဟုတ်ဘူးနော်၊ မင်းတို့ အကာအရံကို ငါတိုက်ရိုက် ဖျက်စီးပစ်လိုက်မှာ” လူအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ သူက အခုလို အခြေအနေဆိုးထဲ ရောက်မနေခဲ့ရင် ထိုကောင်တွေနဲ့ ညှိုနှိုင်းမယ့်အစား ချက်ချင်း ပြန်တိုက်ခိုက်မိမှာပါ။
အခု သူနောင်တ ရချင်သလိုတောင် ဖြစ်လာခဲ့တယ်။ ရန်ကိုင်ဆီက အထူးမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို ရအောင် မယူနိုင်လို့ စိတ်ပျက်ခဲ့ရပေမယ့် ထိုကောင်စုတ်လေးကို မသတ်ခဲ့လိုက်သင့်ပါဘူး။ ယုန်တောင်မှ သည်းမခံနိုင်တဲ့အဆုံး ပြန်ကိုက်တတ်သေးတာပဲ။ သူတို့လို လူတွေဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။
“နေဦး၊ နေဦး၊ ရပ်လိုက်” ထောင်ရန်က မိစ္ဆာချီပင်လယ်ထဲက နေရာတစ်ခုကို ကြည့်ရင်း ရုတ်တရက် အော်ဟစ်လိုက်တယ်။ ထို့နောက် အံ့အားသင့်စွာနဲ့ အော်ဟစ်လိုက်တယ် “ညီအစ်ကိုရန်၊ မသေသေးဘူး”
ထိုအော်သံကို ကြားလိုက်တာနဲ့ အားလုံး အေးခဲသွားခဲ့ကြပြီး တိုက်ခိုက်နေတာတွေကို ရပ်လိုက်ကာ ထောင်ရန် ကြည့်နေတဲ့ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။ ထိုအနက်ရောင် မိစ္ဆာချီပင်လယ်ထဲ အနက်ရောင် အလင်းတန်းတွေနဲ့ လက်နေတဲ့ ဝေဝေဝါးဝါး ပုံရိပ်တစ်ခု ရှိနေခဲ့တယ်။
ရန်ကိုင်ပဲ… သူမသေသေးတဲ့အပြင် သူက မိစ္ဆာစိတ်ဝိဥာဉ်စမ်း ထဲမှာတောင် ဇိမ်ပြေနပြေနဲ့ မတ်တပ်ရပ်နေခဲ့ပါသေးတယ်။
ဘေးပတ်လည်မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက ရုတ်တရက်ကြီး သူ့ဆီ ဆွဲခေါ်ခြင်း ခံလိုက်ရကာ သူ့ကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
“ညီအစ်ကိုရန်…” ရန်ကိုင်က အပျော်တစ်ဝက်၊ စိုးရိမ်တစ်ဝက်နဲ့ လှမ်းပြီး အော်ခေါ်လိုက်တယ်။
“ဟား… ဟားဟား…” ထိုမိစ္ဆာချီ စီးကြောင်းထဲမှာ ရှိနေတဲ့ ရန်ကိုင်က ရုတ်တရက်ကြီး စတင်ရယ်မောပါတော့တယ်။ သူ့ရယ်သံကို ကြားလိုက်ရတဲ့ လူတွေအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြရတယ်။
ရန်ကိုင်ရယ်သံက တဖြည်းဖြည်းနဲ့ ပိုပိုကျယ်လောင် လာခဲ့တယ်။
“ညီအစ်ကိုရန်… မင်းဘာဖြစ်နေတာလဲ” ထောင်ရန်ရဲ့ အမူအရာက အနည်းငယ် ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်ကို စိုးရိမ်တကြီး လှမ်းကြည့်နေလိုက်တယ်။
ရန်ကိုင့်ကိုယ်ကနေ ကတ္တရာစေးလို မည်းနက်နေတဲ့ အနက်ရောင် စွမ်းအင်တွေ မြန်ဆန်စွာနဲ့ ထွက်ပေါ်လာခဲ့တယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်း ထဲမှာတောင် ရန်ကိုင်ဆီကနေ ထွက်ပေါ်လာနေတဲ့ အနက်ရောင်စွမ်းအင်တွေကို အထင်းသား မြင်တွေ့နိုင်ပါတယ်။ ထိုစွမ်းအင်တွေက အာကာသာထဲမှာရှိတဲ့ အနက်ရောင် တွင်းပေါက်ကြီးတစ်ခုအလား ဘေးပတ်ဝန်းကျင် အကာအဝေး တစ်ခုအတွင်းမှာရှိတဲ့ အလင်းရောင်တွေ အားလုံးကို စုပ်ယူသွားခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို အမှောင်ထုနဲ့ လွှမ်းခြုံသွားစေခဲ့တယ်။
ထိတ်လန့်အံ့ဩနေရာမှာ အသိပြန်ဝင်လာပြီးနောက် အဆုံးမဲ့ အမှောင်ထုထဲ ရှိတော့သည့် တစ်ခုတည်းသော အလင်းရောင်က ရူးသွပ်သွေးဆာမှုတွေကို ထုတ်လွှတ်နေတဲ့ သွေးနီရောင် မျက်ဝန်းတစ်စုံပဲဆိုတာကို တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ အကုန်လုံး နားလည်လိုက်ကြတယ်။
“မိစ္ဆာလမ်းစဉ်လား” လူအိုကြီးက အော်ဟစ်လိုက်တယ်။ ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အများကြီးကို စုပ်ယူမိပြီး မသန့်စင်နိုင်တော့တဲ့ အတွက် မိစ္ဆာလမ်းစဉ်ထဲ ကျသွားခဲ့တာလို့ လူအိုကြီးက ထင်နေခဲ့တာပါ။
မြင်ရသလောက် ဆိုရင်လည်း လူအိုကြီးတွေးတာ မမှားပါဘူး။ ဒီလောက်တောင် မိစ္ဆာချီ အများကြီးကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူထားမှတော့ ရန်ကိုင်နေရာမှသာ လူအိုကြီး ဆိုရင်လည်းပဲ တောင့်ခံနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ်တွေကို ဖိနှိပ်နိုင်တဲ့ အစစ်အမှန်ယန်ကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားတယ် ဆိုတာ သူသိထားပေမယ့် အခုလို အခြေအနေမျိုးကနေ အသက်ရှင်နိုင်ဖို့ကတော့ အရမ်းကို ခဲယဉ်းလွန်းပါတယ်။
လူအိုကြီးရဲ့ အော်သံကို ကြားတာနဲ့ ရန်ကိုင်ရဲ့ မိတ်ဆွေတွေအားလုံး နောက်တစ်ကြိမ် ပြန်ပြီး စိုးရိမ်လာခဲ့ရပြန်ပါတယ်။
လန်ရှန်း တစ်ယောက်တည်းရဲ့ မျက်ဝန်းအစုံကသာ တလက်လက် တောက်ပနေခဲ့ပါတယ်။ အခုရှိနေတဲ့ လူတွေ အားလုံးထဲမှာ ရန်ကိုင်က အစစ်အမှန် ယန်ယွမ်ချီအပြင် မိစ္ဆာချီစွမ်းအင်ကိုပါ အသုံးပြုနိုင်တယ်ဆိုတာကို သူမတစ်ယောက်တည်း သိထားတာပါ။
ကျိမို၊ ရန်ကိုင်နဲ့အတူ သီးခြားကမ္ဘာထဲ သွားလာနေခဲ့တုန်းက ရန်ကိုင်က မိစ္ဆာလမ်းစဉ်ထဲ ကျသွားခဲ့တယ်လို့ သူမနဲ့ ကျိမို နှစ်ယောက်စလုံး အထင်မှားခဲ့ဖူးပါတယ်။ ဒါပေမယ့် ရန်ကိုင်က မိစ္ဆာလမ်းစဉ်ထဲ ကျသွားခဲ့တာ မဟုတ်ပဲ မိစ္ဆာချီကို အသုံပြုနိုင်နေတယ် ဆိုတာကို နောက်ပိုင်းမှပဲ သူမတို့ သိခဲ့ရပါတယ်။ တစ်ခုတည်းသော ခြားနားချက်ကတော့ အခု သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အနက်ရောင် မိစ္ဆာချီစွမ်းအင်တွေက အရင်ကထက် ပိုပြီး သိပ်သည်းနေခြင်းပါပဲ။
သူတကယ်ပဲ မိစ္ဆာလမ်းစဉ်ထဲ ကျသွားခဲ့တာလား လန်ရှန်းလည်း မသေချာ မရေရာ ဖြစ်နေခဲ့တဲ့အတွက် သူမကိုယ်သူမ မေးလိုက်မိတယ်။
“မေးအာ၊ ပြန်သွားလိုက်၊ ငါအဆင်ပြေတယ်” ရန်ကိုင်ရဲ့ အေးစက် တောင့်တင်းပြီး တည်ငြိမ်တဲ့ အသံက အောက်ခြေကနေ ထွက်ပေါ်လာခဲ့တယ်။
ထိုအသံကို ကြားလိုက်တာနဲ့ လန်ရှန်းက ပျော်ရွှင်စွာနဲ့ ပြုံးလိုက်မိတယ်။ ရန်ကိုင် အဆင်ပြေနေတယ်ဆိုတာ သူမသိသွားခဲ့ရပါပြီ။
ဟူမေးအာက ကြောင်သွားခဲ့ပေမယ့် ဟူကျောင်းအာရဲ့ အတင်းဆွဲခေါ်မှု အောက်မှာပဲ အလင်းအကာအရံ အလယ်ဆီ ပြန်သွားခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူမတို့နှစ်ယောက်စလုံးကတော့ အံ့အားသင့်စွာနဲ့ ရန်ကိုင်ရှိနေတဲ့ နေရာဆီ ငေးကြည့်မိနေတုန်းပါပဲ။
Martial Peak
အပိုင်း (၃၄၂) မောက်မာမှု
ကျောက်တိုင်ပေါ်ကနေ အောက်ကို ငုံကြည့်နေရင်း မိစ္ဆာစိတ်ဝိဥာဉ်စမ်းကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီထုက ပိုပြီး မြင့်တက်လာတာကို အားလုံး သတိပြုမိလိုက်တယ်။
မိစ္ဆာချီက အရည်လည်း မဟုတ်သလို ၊ အငွေ့လည်း မဟုတ်ပါဘူး။ အဲ့အစား အနက်ရောင်ရွံ့နွံနဲ့တောင် ပိုပြီး ဆင်တူပါသေးတယ်။
မိစ္ဆာစိတ်ဝိဥာဉ်တွေက မိစ္ဆာချီထုထဲ ကူးလူးသွားလေပြီး ထိုမိစ္ဆာချီကို စုပ်ယူရင်း သူတို့ရဲ့ ခွန်အားကို တိုးတက်အောင် လုပ်ဆောင်နေခဲ့ကြတယ်။ ဒါပေမယ့် ကျင့်ကြံသူ တစ်ယောက်သာ ထိုမိစ္ဆာချီထုထဲ ကျရောက်သွားခဲ့မယ် ဆိုရင်တော့ အဆုံးမရှိသော နှိပ်စက်မှုကို ခံစားရကာ ဆိုးရွားလှသည့် အဆုံးသတ်နှင့် ကြုံတွေ့ရပါလိမ့်မယ်။
ဒါပေမယ့် အခုအချိန်၌ နက်နဲဆန်းကြယ်သည့် အနက်ရောင် အလွှာတစ်လွှာဖြင့် ဖုံးအုပ်နေသည့် ရန်ကိုင်က မိစ္ဆာချီကြောင့် ဘာမှမဖြစ်သည့်အပြင် ရေထဲရောက်သွားသည့် ငါးတစ်ကောင်လိုတောင် ဖြစ်နေခဲ့ပါတယ်။
သူသွားလိုက်တဲ့ နေရာတိုင်းမှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေ အားလုံး သူ့ကိုယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရတယ်။
တစ်ခါတစ်ရံ မိစ္ဆာစိတ်ဝိဥာည်တွေနဲ့ တွေ့ခဲ့ရပေမယ့် ထိုကောင်တွေက သူရှိနေတာကို မမြင်သည့်အလား အကုန်လုံးက သူ့ကို လျစ်လျူရှုထားခဲ့ကြတယ်။
အကုန်လုံးက ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ရင်း ကြက်သေသေနေခဲ့ကြတယ်။
လူအိုကြီးလည်း အတူတူပါပဲ။ သူလည်း သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။
ထိုကောင်စုတ်လေးက အခုအချိန်၌ ထူးဆန်းသည့် အခြေအနေ တစ်ခု၌ ရှိနေခဲ့တယ်။ သူထုတ်လွှတ်နေတဲ့ အရှိန်အဝါက အရင်ကနဲ့ တစ်ခြားစီ ကွဲပြားနေခဲ့တယ်။ လောင်ကျွမ်းနေတဲ့ ရောင်စဉ်တစ်ခု အစား အေးစက်ရက်စက်သည့် အမှောင်ထုကြီး ဖြစ်နေခဲ့ပြီး ငေးကြည့်မိသူတိုင်းရဲ့ နှလုံးထဲ အကြောက်တို့ကို ရိုက်သွင်းပေးနိုင်သော ရူးသွပ်နေသည့် သတ်ဖြတ်ခြင်း မဟာနတ်ဆိုး အရှင်သခင် တစ်ပါးနဲ့ တူနေခဲ့ပါတယ်။
ရန်ကိုင် စုပ်ယူနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အရေအတွက်ကို ကြည့်ရင်း လူအိုကြီး ထိတ်လန့် နေခဲ့ရပါသေးတယ်။ မိစ္ဆာချီပင်လယ်ထဲ၌ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ အချင်းချင်း တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်နေကြတာပါ။ ထို့ကြောင့် ပြန့်ကျဲနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အရေအတွက်ကလည်း အများကြီးပါ။ အသက်ရှုရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် ၁၀ခုကို စုပ်ယူလို့ ပြီးသွားခဲ့ပါပြီ။ မြင်လိုက်ရသတိုင်း မနာလိုမှုကြောင့် ရူးသွပ်သွားနိုင်ပါတယ်။
သူက ဖြစ်လာမယ့် ပြဿနာတွေကို နည်းနည်းလေးတောင် စိုးရိမ်မနေပဲ တွေ့သမျှ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အားလုံးကို တိုက်ရိုက်စုပ်ယူနေခဲ့တာပါ။
“ဟား ဟား ဟား ဟား ဟား” ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ်စမ်းထဲ အပျင်းပြေလမ်းလျှောက်သလို အေးအေးဆေးဆေး သွားလာနေစဉ် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို မုန့်သဖွယ် စားသောက်ရင်း ပျော်ရွှင်စွာနဲ့ ရယ်မောနေခဲ့တယ်။
သူ့ရယ်သံထဲမှာတော့ ရူးသွပ်မှု၊ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေခဲ့ပါတယ်။
သူ့စိတ်နဲ့ ခန္ဓာ နှစ်ခုစလုံးက သာမန်မဟုတ်တဲ့ အတိုင်းအတာအထိ လှုံ့ဆော်ခံလိုက်ရသလိုမျိုးပါပဲ။ အလွန်အမင်း စွဲမက်ဖွယ်ကောင်းတဲ့ ဝတ်လစ်စလစ် ဖြစ်နေသော မဟာလှဧရီရှင် တစ်ပါးကို သူ့ရင်ထဲ ထွေးပိုက်ထားရသလိုမျိုး သူ့သွေးတွေတောင် ဆူပွက်နေခဲ့ပါတယ်။
ရွှေရောင်အရိုးခြောက်ကလည်း ပျော်ရွှင်မှုကြောင့် တုန်ရီနေတဲ့ ပုံပါပဲ။ ရွှေရောင်အရိုးခြောက်က မိစ္ဆာစိတ်ဝိဥာည် အဆီအနှစ်တွေကို အဆက်မပြတ် ဝါးမြိုနေရင်း မိစ္ဆာစိတ်ဝိဥာည်စမ်းကနေ ထွက်လာနေတဲ့ မိစ္ဆာချီတွေကို အံ့အားသင့်စရာ အမြန်နှုန်းဖြင့် စုပ်ယူနေခဲ့ပါတယ်။ ထိုမိစ္ဆာချီတွေက ရွှေရောင်အရိုးခြောက် အတွက် အရမ်းကို စွဲမက်ဖွယ်ကောင်းတဲ့ စားကောင်းသောက်ဖွယ် တွေဖြစ်နေခဲ့ပါတယ်။
ရန်ကိုင် ခန္ဓာကိုယ်က ဧရာမစုပ်ဝဲကြီး တစ်ခုလို ဖြစ်လာပြီး ဘေးပတ်ဝန်းကျင်၌ ရှိနေသည့် စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလို့ နေခဲ့တယ်။
ဒါပေမယ့် ရန်ကိုင်အနေနဲ့ မသက်သာတဲ့ ခံစားချက်ကို နည်းနည်းလေးတောင် မခံစားရပဲ ပျောင်တောင် ပျော်မိသလို ကျေလည်းကျေနပ်မိနေခဲ့ပါတယ်။
ရွှေရောင်အရိုးခြောက်က ဒီမိစ္ဆာချီတွေကို ဘာလို့ ဒီလောက် ကြိုက်နေရလဲဆိုတာ သူမသိပေမယ့် သူကလည်း ထိုအကြောင်းကို ခေါင်းခြောက်ခံပြီး စဉ်းစား မနေခဲ့ပါဘူး။ အဲ့အစား မိစ္ဆာချီတွေကို စုပ်ယူရာမှာပဲ အာရုံစိုက်ထားလိုက်တယ်။
မိစ္ဆာချီများစွာနဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် များစွာကို စုပ်ယူလိုက်ပြီးနောက် ပြည့်အင့်လာသလို ရန်ကိုင် ခံစားလိုက်ရတယ်။
ရွှေရောင်အရိုးခြောက်က ဆက်ပြီး မစုပ်ယူနိုင်တော့တာ မဟုတ်ပါဘူး။ ရွှေရောင်အရိုးခြောက်လို အဆုံးမရှိတဲ့ တွင်းပေါက်ကြီးက ဘယ်လောက် များပြားတဲ့ စွမ်းအင်တွေကို စုပ်ယူပါစေ ဘယ်တော့မှ ပြည့်ဝသွားမှာ မဟုတ်ပါဘူး။ အဲ့အစား သူ့လက်ရှိ ကျင့်ကြံခြင်းရဲ့ အကန့်အသတ်ကို ရောက်ရှိသွားခဲ့တာပါ။
သူနောက်တစ်ဆင့်ကို မချိုးဖျက်နိုင်ခဲ့ရင် ရွှေရောင်အရိုးခြောက်က ဆက်ပြီး စုပ်ယူနေမယ် ဆိုရင်တောင် သူ့ကို အကူအညီ မဖြစ်စေပဲ အန္တရာယ်သာ ဖြစ်စေမှာပါ။
ထိုအချက်ကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်လည်း ကူကယ်ရာ မဲ့သွားခဲ့ရတယ်။
အခုတစ်ခေါက်၌ ရွှေရောင်အရိုးခြောက်က မိစ္ဆာချီစွမ်းအင် အမြောက်အများကို စုပ်ယူနိုင်ခဲ့ရုံ မကလို့ သူကိုယ်တိုင်လည်း မိစ္ဆာ စိတ်ဝိဥာဉ် အဆီအနှစ် ၁၀၀လောက်ကို သူ့ဒန်တန်ထဲ စုဆောင်နိုင်ခဲ့ပါတယ်။ ထိုအဆီအနှစ်တွေကို သန့်စင်ဖို့ အချိန်မရှိသေးတဲ့အတွက် အခုလောလောဆယ်တော့ သူ့ဒန်တန်ထဲမှာပဲ စုဆောင်းထားနိုင်ပါသေးတယ်။
ကြည့်ရတာ ဒါသူ့ရဲ့ အကန့်အသတ်နဲ့ပဲ တူပါတယ်။
သူ့အနေနဲ့ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် ချန်ရစ်ခဲ့တဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို သန့်စင်ရဦးမှာ ဖြစ်သလို မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို ပိုပြီး သိုလှောင်နိုင်ဖို့ အတွက် သူစုပ်ယူထားတဲ့ အဆီအနှစ်တွေကို သန့်စင်ပြီး နောက်တစ်ဆင့် ချိုးဖျက်ဖို့ ကြိုးစားရပါမယ်။
ထိုကဲ့သို့ တွေးမိလိုက်တာနဲ့ ရန်ကိုင် စိတ်ဓါတ် တက်ကြွလာခဲ့တယ်။
သူလှည့်ကြည့်လိုက်တဲ့အခါ သူ့အဖွဲ့သားတွေ အားလုံးက သူ့အား စိုးရိမ်ပူပန်စွာနဲ့ ကြည့်နေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ အထူးသဖြင့် ဟူညီအစ်မ နှစ်ယောက်ပေါ့၊ သူမတို့ မျက်လုံးထဲက စိုးရိမ်ပူပန်မှုတွေက ဖုံးဖိမရအောင်ကို ထွက်ပေါ်နေခဲ့ပါတယ်။
သူ့စိတ်ထဲ နွေးထွေးသွားခဲ့တယ်။ သူ့အဖွဲ့သားတွေရှိရာ ကျောက်တိုင်ဆီ သွားလိုက်ပြီး လက်ဝှေ့ရမ်းရင်း အော်ပြောလိုက်တယ် “မင်းတို့ရဲ့ စိတ်ဝိဥာဉ် သန့်စင်ပုလင်းတွေ ငါ့ကို လှမ်းပစ်ပေး”
“ဟားဟား…” ချန်ရီရဲ့ မျက်ဝန်းအစုံက ပျော်ရွှင်ကျေနပ်မှုတို့ဖြင့် ပြည့်သွားခဲ့ပြီး ပြုံးရင်း “ညီအစ်ကိုရန်က လူကောင်းတစ်ယောက်မှန်း ငါသိသားပဲ”
အာလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ သူတို့ရဲ့ စိတ်ဝိဥာဉ်သန့်စင် ပုလင်းတွေကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်တယ်။
အဖွဲ့သားတွေ အားလုံးပေါင်းမှာ စိတ်ဝိဥာဉ် သန့်စင်ပုလင်း ငါးပုလင်းပဲ ပါလာခဲ့ပါတယ်။ သုံးပုလင်းက ရတနာဂိုဏ်းက သယ်လာခဲ့တာ ဖြစ်ပြီး ကျန်နှစ်ပုလင်းကတော့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ သယ်လာခဲ့တာပါ။
ဟူညီအစ်မ နှစ်ယောက်က ထွက်ပြေးရင်း မိစ္ဆာလိုဏ်ဂူထဲ ရောက်လာတာ ဖြစ်တဲ့အတွက် သူ့မတို့မှာ စိတ်ဝိဥာဉ်သန့်စင်ပုလင်း တစ်ပုလင်းမှာ မပါလာခဲ့ပါဘူး။
ပုလင်းငါးပုလင်းပဲ ဆိုပေမယ့် တစ်ပုလင်းကို မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အခု၂၀ ထည့်ဝင်ပါတယ်။ ထို့ကြောင့် စုစုပေါင်း မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အခု၁၀၀ကို သူတို့ စုဆောင်းလိုက်နိုင်ပါတယ်။
ထိုပမာဏက လူတိုင်းရဲ့ မျက်စိကို နီရဲသွားစေနိုင်ပါတယ်။
ပုလင်းတွေ ရတာနဲ့ ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ်စမ်းဆီ ကူးခတ်သွားလိုက်ပြီး မိစ္ဆာစိတ်ဝိဥာဉ်တွေ သေဆုံးရာကနေ ကျကျန်ခဲ့တဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို လိုက်ပြီး စုဆောင်းပါတော့တယ်။ အဲ့လိုနဲ့ ရန်ကိုင်က တစ်ပုလင်းပြီး တစ်ပုလင်း ဖြည့်နေခဲ့တယ်။
တစ်ခဏကြာပြီးနောက် စိတ်ဝိဥာဉ်သန့်စင်ပုလင်း ၅ပုလင်းလုံး ပြည့်သွားခဲ့ပါပြီ။
လူအိုကြီးနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသား တွေကတော့ ကျောက်တိုင်ပေါ်ကနေ ထိုပုလင်းတွေကို လောဘမျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
မိစ္ဆာစိတ်ဝိဥာဉ်တွေကို သူတို့တွေ အဆက်မပြတ် သတ်ပစ်နေခဲ့ပေမယ့် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို စုဆောင်းဖို့ သူတို့မှာ အချိန်မရှိခဲ့ပါဘူး။ အခု ရန်ကိုင်က မိစ္ဆာချီထုထဲ ကူးခတ်သွားလာနေပြီး မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေအား စုဆောင်းနေတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ မနာလို မဖြစ်ပဲ ဘယ်နေပါတော့မလဲ။
လူအိုကြီးက ကိုယ်တွင်းအင်္ဂါတွေ အစိမ်းရောင် ပြောင်သွားတဲ့အထိ နောင်တရနေခဲ့လေပြီ။ သူ့မျက်နှာ တစ်ခုလုံးကလည်း ရှုံ့မဲ့လို့ နေခဲ့ပြီး သူ့နှလုံးသား တစ်ခုလုံးကလည်း တဆစ်ဆစ် ကိုက်ခဲလို့ နေခဲ့ပါတယ်။
ထိုကောင်စုတ်လေးမှာ အခုလို အားကောင်းပြီး ထူးဆန်းတဲ့ နည်းလမ်းတွေ ရှိနေမှန်း သူသာ သိခဲ့မယ်ဆိုရင် ကိစ္စသေးသေးလေး အတွက်နဲ့ ရန်ကိုင်ကို သူဘာလို့ အဆက်မပြတ် ရန်စခဲ့ရမှာလဲ။ အခု ရန်ကိုင်က နက်နဲဆန်းကြယ်တဲ့ စွမ်းရည် အမျိုးမျိုးအား ပြသနေတာကို မြင်လိုက်ရချိန်မှာတော့ သူနောင်တရပါပြီ ဆိုရင်တောင် ဘာမှ အသုံးမဝင်တော့ပါဘူး။
ရန်ကိုင်ကို နောက်ဆုံးအကြိမ် ချောင်းမြောင်းတိုက်ခိုက် လိုက်ကတည်းက သူတို့ကြားက ဆက်ဆံရေးက လုံးဝကို ပူးပေါင်းလုပ်ဆောင်လို့ မရတဲ့အထိ ဖြစ်သွားခဲ့ပါပြီ။
ရန်ကိုင်ကို သူ့တို့နေရာမှာ အလင်းအကာအရံ ကူပြီး ဆောက်ခိုင်းလို့ မရရင်တောင် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် ပုလင်း အနည်းငယ်လောက် ကူထည့်ခိုင်းလို့ ရနိုင်ရင်တောင် သူတို့ တော်တော်လေး မြတ်သွားပါပြီ။ ရန်ကိုင် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို သိမ်းယူနေတာကို ကြည့်နေရတာ ဖရဲခြံထဲသွားပြီး ဖရဲသီးပတ်ခူးနေတာနဲ့တောင် တူနေပါသေးတယ်။
ငါ့လခွမ်း… ဆိုးလိုက်တဲ့ ကံကွာ၊ အခုလို အခွင့်အရေး ကောင်းကြီးကိုမှ လွဲသွားရတယ်လို့
ထိုအချိန်၌ လူအိုကြီးက မကျေမနပ်နဲ့ အံကြိတ်နေခဲ့ရတယ်။ ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို ဖရဲသီးခူးသလို ဝိဥာဉ်သန့်စင်ပုလင်းနဲ့ စုပ်ယူနေတာကို ကြည့်ရင်း လူအိုကြီးရဲ့ မျက်နှာ မနာလိုမှုကြောင့် အစိမ်းရောင် သန်းလာခဲ့ပြီး သူ့ရဲ့ အသက်ရှုသံလည်း အနည်းငယ် မြန်ဆန်လာခဲ့ရပါတယ်။
မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို စုဆောင်းပြီးနောက် ရန်ကိုင်က သူ့အဖွဲ့ဆီ ပြန်မသွားခဲ့ပဲ ပုလင်းငါးပုလင်းကိုသာ ပစ်ပေးလိုက်ပြီး လေထဲဝဲတက်လိုက်ကာ လူအိုကြီးကို ရက်စက်တော့မယ့် အကြည့်နဲ့ ကြည့်လိုက်တယ်။
ရန်ကိုင်နဲ့ အကြည့်ချင်း ဆုံသွားတဲ့ အခိုက် လူအိုကြီး နှလုံးခုန် မြန်သွားခဲ့တယ်။
ရန်ကိုင်က အေးစက်ပြီး သတ်ဖြတ်လိုစိတ်တို့နဲ့ ပြည့်နေသည့် သွေးနီရောင် မျက်ဝန်းအစုံဖြင့် သူ့တည့်တည့်ကို စိုက်ကြည့်ရင် သူရှိနေရာဆီ ဖြည်းဖြည်းချင်း လာနေတာကို လူအိုကြီး တွေ့လိုက်ရတယ်။
လူအိုကြီးတို့ ရှိနေတဲ့ ကျောက်တိုင်ပေါ်မှာ ရှိနေတဲ့ လူအားလုံး တန်ပြန်တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ထားလိုက်ကြတယ်။ မိစ္ဆာစိတ်ဝိဥာဉ် တွေကိုတောင် အသည်းအသန် တိုက်ခိုက်နေရတာကို ရန်ကိုင်ကပါ သူတို့ကို ဝင်တိုက်ဦးမယ် ဆိုရင်တောင် ဒီထက်ပိုဆိုးတဲ့ အခြေအနေ ရှိတော့မှာ မဟုတ်ပါဘူး။
ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ ဆိုတာ ဒါမျိုးကို ပြောတာဖြစ်ရပါမယ်။
ယုချင်က လူအိုကြီးရဲ့ မဆင်မခြင် အပြုအမူအတွက် သူ့စိတ်ထဲကနေ ထိုခွေးအိုကြီးကို တိတ်တဆိတ် အပြစ်တင်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်နှာကတော့ ရန်ကိုင်ကို တတ်နိုင်သမျှ ကောင်းအောင် ပြုံးပြရင်း အော်ခေါ်လိုက်တယ် “ရောင်းရင်း၊ ငါတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းနဲ့ မင်းကြားမှာ ဘာမကျေမနပ်ချက်မှ မရှိဘူးလေး။ ဒါကြောင့် တစ်ခုခုကို မလုပ်ခင် သေချာလေး ပြန်စဉ်းစားပေးပါဦးလို့”
ယုချင်က အရိုက်ခံရတဲ့ ခွေးတစ်ကောင်လို ခေါင်းငုံ့နေတာကို မြင်လိုက်ရတဲ့အချိန် တစ္ဆေဘုရင်တောင်ကြားက လူတွေအားလုံး ကြိတ်ပြုံးပြုံးလိုက်ကြတယ်။ သူတို့ အမြင်မှာတော့ ရန်ကိုင်က မိစ္ဆာနတ်ဆိုးနဲ့ နည်းနည်းလေးတောင် မတူပဲ လွှမ်းမိုးနိုင်စွမ်း ကြီးမားတဲ့ အမှောင်သူရဲကောင်းနဲ့တောင် တူနေပါသေးတယ်။
စကားတစ်ခွန်းတောင် မပြောပဲ၊ တစ်ချက်ကလေးတောင် မလှုပ်ရှားပဲ ဒီအတိုင်းလေး ရပ်နေရုံနဲ့တင် ရန်သူတွေကို ကြောက်ရွံ့သွားစေနိုင်ခဲ့ပါတယ်။
“ညီအစ်ကိုရန်က တကယ့်ကို ယောကျ်ားတစ်ယောက်ပဲ” ချန်ရီက ရန်ကိုင်ကို လေးစားတကြီးနဲ့ ကြည့်ရင်း ပြောလိုက်တယ်။
လန်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး မျက်ခမ်းလေး လှန်လိုက်တယ်။ သူမ မျက်နှာကိုသာ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် သူမ ပါလေးတွေ အနည်းငယ် နီမြန်းနေတာကို တွေ့နိုင်ပါတယ်။
“ဒီကရောင်းရင်းကို ငါပြောစရာရှိတယ်”ရန်ကိုင် တိတ်ဆိတ်နေတာကို မြင်တော့ သူဘာလုပ်ချင်မှန်း မသိတဲ့အတွက် ယုချင် ပိုပို စိုးရိမ်လို့ လာခဲ့ပြီး နောက်ဆုံးမနေနိုင်တော့တဲ့ အဆုံး ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပြီး သူကပဲ စကားစပြောလိုက်တယ်။
လူအိုကြီးရဲ့ မျက်နှာကတော့ သံပုရာသီး ကိုက်ထားရသလို ရှုံ့မဲ့လို့ နေခဲ့တယ်။ ယုချင်နဲ့ ရန်ကိုင်ကြား စကားတစ်ခွန်းတောင် ဝင်မပြောခဲ့ပဲ ဘေးကနေသာ တိတ်တဆိတ်နဲ့ နားထောင်နေခဲ့တယ်။
“ငါတစ်ခုခု လိုချင်တယ်” ယုချင်က ရင်တထိတ်ထိတ်နဲ့ ရယ်မောနေချိန် ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်တယ်။
ယုချင် နှလုံးသား တစ်ခုလုံး တင်းကြပ်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ဒီက ရောင်းရင်းက ဘာလိုချင်လို့လဲ။ လိုချင်တာကို ပြောသာပြောလိုက်၊ ငါတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ညီအစ်ကိုတွေ ကူညီနိုင်ရင် အကောင်းဆုံး ကူညီပေးမှာပါ”
“မင်းတို့ရဲ့ စိတ်ဝိဥာဉ်သန့်စင် ပုလင်းအားလုံးကို ငါလိုချင်တယ်” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။
“ကောင်ပြီလေ၊ ရော့ဒီမှာ” ယုချင်က တုန့်ဆိုင်းမနေခဲ့ပဲ ဝိဥာဉ်သန့်စင် ပုလင်းအားလုံးကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်တယ်။
ထိုနှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေဆီမှာ စိတ်ဝိဥာဉ် သန့်စင်ပုလင်း နှစ်ပုလင်း ရှိတယ်ဆိုတာ သူသိထားပါတယ်။ ထိုပုလင်းထဲ၌ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် များစွာလည်း ရှိနေခဲ့ပါတယ်။
ပုလင်းတွေကို သိမ်းထားလိုက်ပြီးနောက် ရန်ကိုင်က လူအိုကြီးကို လှမ်းကြည့်လိုက်တယ်။ သူ့မျက်ဝန်းကို ဖြေးဖြေးချင်း မှေးစင်းလိုက်ရင်း လှောင်ပြောင်လိုက်တယ်။ ထို့နောက် အေးစက်စက် အရှိန်အဝါတို့ ပါဝင်နေသည့် လေသံဖြင့် ပြောလိုက်တယ် “ကျုပ်ထပ်ပြောဖို့ လိုသေးလို့လား”
လူအိုကြီးက အေးစက်စက် ပြန်နှာခေါင်းရှုံ့လိုက်ပြီး သူ့အမူအရာကတော့ ကြည့်မကောင်း၊ ရှုမကောင်း ဖြစ်နေခဲ့တယ်။
သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ တစ်ယောက်ပါ။ ရန်ကိုက ထူးဆန်းတဲ့ နည်းလမ်း များစွာကို ပိုင်ဆိုင်ထားပြီး သူ့တိုက်ပွဲစွမ်းရည်က ကျင့်ကြံခြင်း အဆင့်ထက် အဆများစွာ သာလွန်နေတယ် ဆိုရင်တောင်မှ ရန်ကိုင်ကို သူကြောက်နေစရာ မလိုပါဘူး။
ဒါပေမယ့် သူ့မှာ ကာကွယ်ပေးရမယ့် ဂျူနီယာလေးယောက် ရှိနေသလို ရန်ကိုင်ကို အချိန်တိုအတွင်း သတ်နိုင်၊ မသတ်နိုင်ကလည်း မသေချာသေးတဲ့အတွက် လူအိုကြီးလည်း မဆင်မခြင် မလှုပ်ရှားရဲပါဘူး။
ဂျူနီယာတွေ ရှေ့မှာပဲ ရန်ကိုင် ဓါးပြတိုက်တာကို ခံရတော့ လူအိုကြီး တော်တော်လေး မျက်နှာ ပျက်သွားခဲ့ရတယ်။
အချိန်အတော်ကြာအောင် အချင်းချင်း စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံးမှာတော့ လူအိုကြီးက မစွန့်စားဖို့ ဆုံးဖြတ်လိုက်တယ်။ ထို့ကြောင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့ဒေါသကို တတ်နိုင်သမျှ ပြန်ဖိနှိပ်ထားလိုက်ရင်း “သူ့ကို ပေးလိုက်”
“ဒါပေမယ့်…” လူအိုကြီးရဲ့ ဂျူနီယာလေးယောက်ထဲက တစ်ယောက်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြောလိုက်တယ်။ သူ့မျက်နှာ ကြည့်ရုံနဲ့တင် သူမပေးချင်ဘူးဆိုတာ သိသာနေပါတယ်။
“သူ့ကို ပေးလိုက်လို့ ငါပြောနေတယ်” လူအိုကြီးက အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ” လူငယ်လေးက ရန်ကိုင်ကို ခါးခါးသီးသီးနဲ့ စိုက်ကြည့်လိုက်တယ်။ ထို့နောက် အံတင်းတင်း ကြိတ်ရင်း စိတ်ဝိဥာဉ်သန့်စင်ပုလင်း နှစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်တယ်။
ရန်ကိုင်က ထိုပုလင်းနှစ်ပုလင်းကို လှမ်းဖမ်းလိုက်ပြီး သိမ်းထားလိုက်တယ်။
“မင်းကို ငါမှတ်ထားမယ်၊ အခုကနေစပြီး မင်းကြည့်နေ ကြည့်စားရင် ကောင်းလိမ့်မယ်” လူငယ်လေးက လူအိုကြီးဘေးနား ရပ်နေရင်း ရန်ကိုင်ကို လှောင်ပြောင် ခြိမ်းခြောက်လိုက်တယ်။
ရန်ကိုင်ရဲ့ အမူအရဦက ပိုပြီး အေးစက်သွားခဲ့ပြီး သူ့ရဲ့ သွေးနီရောင် မျက်ဝန်းအစုံက သတ်ဖြတ်လိုစိတ်တို့ဖြင့် လက်သွားခဲ့တယ်။
ဒါပေမယ့် သူဘာမှတောင် မလုပ်ရသေးခင်မှာပဲ လူအိုကြီးက လူငယ်လေးရဲ့ မျက်နှာကို ပိတ်ရိုက်ချလိုက်တယ်။
ဖြန်း…
လူအိုကြီးရဲ့ ရိုက်ချက်ကြောင့် လူငယ်လေး ပေပေါင်းများစွာသို့ လွင့်ထွက်သွားခဲ့တယ်။ လေထဲ နှစ်ကြိမ်၊ သုံး၊ လေးကြိမ်လောက် ဂျွမ်းထိုးပြီးမှပဲ မြေကြီးပေါ် ပြုတ်ကျသွားခဲ့တယ်။ သူ့ပါးတစ်ခုလုံးဆို ဖူးယောင်လို့ နေခဲ့ပါတယ်။
“မင်းစကားမပြောရရင် သေသွားမှာ မို့လို့လား” လူအိုကြီးက ထိုလူငယ်လေးကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။
ငါ့လခွမ်းပဲ… ဒီလူအိုကြီးက အဲ့ကောင်စုတ်နဲ့ ပြဿနာ မဖြစ်ချင်လို့ ငြိမ်နေတာကို မင်းက ပြဿကို လာပြီး မီးထွန်းရှာနေသေးတယ်။ သူသာ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် မင်းတို့အားလုံး မနက်ဖြန် နေထွက်တာကို မြင်ရတော့မှာတောင် မဟုတ်ဘူး
လူငယ်လေးက ရုတ်တရက်ကြီး ပါးချခံလိုက်ရတဲ့အတွက် ကြက်သေသေသွားခဲ့တယ်။ သူ့မျက်လုံးတွေက ဒေါသ၊ အမုန်းတရားတို့နဲ့ ပြည်နေခဲ့တယ်။ သူ့ဆရာက အခြား ဂျူနီယာတစ်ယောက်ကို ကူညီထောက်ခံဖို့ အတွက်နဲ့ သူ့ကို ပါးချလိမ့်မယ်လို့ သူ့အိမ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးပါဘူး။ ဒါပေမယ့် တစ်ခွန်းမှ ပြန်မပြောရဲတဲ့အတွက် အမုန်းတရားနဲ့ ဒေါသတွေကို သူ့ရင်ထဲ မြိုသိပ်ထားရုံသာ တတ်နိုင်ခဲ့ပါတယ်။
“မိတ်ဆွေလေး ကျေနပ်ပြီလား” လူအိုကြီးက ရန်ကိုင်ကို အေးစက်စက် စိုက်ကြည့်ရင်း မေးလိုက်တယ်။
“ဟား ဟား ဟား ဟား” ရန်ကိုင်က ဝါးလုံးကွဲ အော်ဟစ်ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ကျေနပ်ပြီ”
“အဲ့ဒါဆိုရင် ကျေးဇူးပြုပြီး ပြန်ပါတော့” လူအိုကြီးက ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။ ရန်ကိုင် သူတို့နားမှာ ရပ်နေတာက သူ့လည်းပင်းထက်ကို ဓါးတစ်ချောင်းနဲ့ ထောက်ထားသလို လူအိုကြီး ခံစားနေခဲ့ရပါတယ်။
ရန်ကိုင်သာ သူတို့နားမှာ ရှိနေမယ်ဆိုရင် သူ့အနေနဲ့ ရန်ကိုင်ကို သတိပြုစောင့်ကြည့်ဖို့လည်း အာရုံစိုက်ရပါလိမ့်မယ်။ အဲ့လိုဆိုရင် မိစ္ဆာစိတ်ဝိဥာဉ်တွေကို ရင်ဆိုင်ရာမှာ ပိုပြီး ခက်ခဲသွားနိုင်ပါတယ်။
“အဲ့လောက် အလျင်လိုစရာ မလိုပါဘူး” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါရင်း ပြောလိုက်တယ်။
လူအိုကြီး အမူအရာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး သူ့ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းနေခဲ့ရတယ်။
ရန်ကိုင်က သူတို့ စင်မြင့်ရှေ့ ဝဲနေရင်းနဲ့ အသစ်ရထားတဲ့ စိတ်ဝိဥာဉ် သန့်စင်ပုလင်းကို ထုတ်ယူလိုက်ကာ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို ဖြေးဖြေးချင်း စတင် စုဆောင်းပါတော့တယ်။
ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက လူအိုကြီးနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတို့ သတ်လိုက်တဲ့ မိစ္ဆာစိတ်ဝိဥာည်တွေ ချန်ရစ်ခဲ့တာပါ။ သူတို့ အသက်နဲ့ ရင်းပြီးမှ ဖြစ်လာတဲ့ အသီးအပွင့်တွေကို သူတို့ရှေ့မှာတင် ရန်ကိုင်က ခူးယူ ရိတ်သိမ်းနေခဲ့ပါတယ်။
Martial Peak
အပိုင်း (၃၄၃) အဆီအနှစ်တွေကို သန့်စင်ခြင်း
ရန်ကိုင်က သူတို့ရှေ့ ၌ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို ဖရဲသီးခူးသလို စုဆောင်းနေပြတော့ ယုချင်အပြုံးကို အေးခဲတောင်တင်း သွားစေခဲ့တယ်။ တစ်ခါတစ်ရံ သူ့ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ဘာမှတော့ မပြောခဲ့ပါဘူး။
လူအိုကြီးရဲ့ မျက်နှာလည်း သံပုရာသီး ကိုက်ထားရသလို ရှုံ့မဲ့လို့နေခဲ့ပါတယ်။ ဒါပေမယ့် သွေးမအန်မိအောင် အတတ်နိုင်ဆုံး သူကြိုးစားနေပါသေးတယ်။
အချိန်အတော်ကြာ ကုန်ဆုံးပြီးနောက်မှာတော့ …
ရန်ကိုင်က စင်မြင့်နား မျောနေတဲ့ လက်ကျန် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ် “အဲ့အတိုင်းပဲ ထားလိုက်ဦး၊ နောက်မှပဲ လာပြန်ယူတော့မယ်”
သူ့စကားကို ကြားလိုက်တာနဲ့ လူတိုင်း ဒေါသထွက်လွန်းလို့ သေချင်သလိုတောင် ဖြစ်သွားခဲ့ရတယ်။
သူအသစ် ရထားတဲ့ စိတ်ဝိဥာဉ် သန့်စင်ပုလင်းတွေက မပြည့်သေးပေမယ့် အဖွဲ့သားတွေဆီ အရင်ပြန်ပြီးတော့မှပဲ နောက်မှ ပြန်လာစုဆောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့အဖွဲ့သားတွေ ရှိနေတဲ့ ကျောက်တိုင်ထက်က စင်မြင့်ပေါ်ကို ရောက်တာနဲ့ ရန်ကိုင်က စိတ်ဝိဥာဉ် သန့်စင်ပုလင်း လေးပုလင်းကို ဟူညီအစ်မ နှစ်ယောက်ဆီ လှမ်းပစ်ပေးလိုက်ပြီး “နင်တို့ ကြိုက်သလောက် ယူလိုက်”
“အင်း” သူမတို့ရဲ့ အသည်းတုံးလေးကို ကြည့်နေရသလိုမျိုး ဟူညီအစ်မ နှစ်ယောက်ရဲ့ မျက်နှာက ဝင်းပချိုမြလို့ နေခဲ့ပါတယ်။
ဟူညီအစ်မ နှစ်ယောက်ကို စိတ်ဝိဥာဉ် သန့်စင်ပုလင်း လေးပုလင်း ပေးလိုက်လို့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက ဘယ်သူမှ ရန်ကိုင်ကို လာအထွန့်မတက်ခဲ့ကြပါဘူး။
သူတို့ နှစ်ဖွဲ့စလုံးက အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းပြီးသွားခဲ့ပါပြီ။
တစ္ဆေဘုရင်တောင်ကြားဆီ သူတင်ခဲ့တဲ့ အကြွေးကို ဆယ်ဆမက ရန်ကိုင် ပြန်ဆပ်ပေးပြီး သွားခဲ့ပါပြီ။
ထောင်ရန်နဲ့ ကျန်တဲ့ ရတနာဂိုဏ်းက တပည့်တွေ အတွက်ကတော့ သူတို့ဆရာက မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို သုံးပြီး လက်နက် တစ်ခု သန့်စင်ချင်တယ်လို့ ပြောလို့ မိစ္ဆာလိုဏ်ဂူဆီ လာခဲ့တာပါ။
သူတို့ အစီအစဉ်က မိစ္ဆာစိတ်ဝိဥာဉ် အနည်းငယ်လောက် သတ်ပြီး ပြန်ဖို့ပါ။ ဒါပေမယ့် အခုတော့ သူတို့မှာ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အခုလေးဆယ် ရှိနေခဲ့ပါပြီ။ လိုတာထက် ပိုရနေတာကို သူတို့ ဘာလို့ အထွန့်တက်နေရဦးမှာလဲ။
ပြီးတော့ ရန်ကိုင် မိစ္ဆာချီထုထဲ ပြုတ်ကျသွားတုန်းက ဟူမေးအားက နည်းနည်းလေးတောင် တုန့်ဆိုင်းမနေခဲ့ပဲ ရန်ကိုင် ပြုတ်ကျသွားတဲ့ မိစ္ဆာချီထုထဲ ခုန်ချဖို့ လုပ်နေတာကို သူတို့ တွေ့လိုက်ရပါတယ်။ ထိုအခြင်းအရာကို မြင်တွေ့လိုက်ရုံနဲ့တင် ရန်ကိုင်နဲ့ သူမတို့ ညီအစ်မ နှစ်ယောက်ကြားက ဆက်ဆံရေးက သာမန်မဟုတ်ဘူး ဆိုတာကို သတိပြုမိနိုင်ပါတယ်။ အနည်းဆုံးတော့ သူတို့တွေက အခုမှစတွေ့တဲ့ လူစိမ်းတွေ မဟုတ်ပါဘူး။
ထို့ကြောင့် ရန်ကိုင်က သူမတို့ နှစ်ယောက်ကို အဖွဲ့ဆီ အလွယ်တကူ ဆွဲခေါ်လာနိုင်တာလည်း အထူးအဆန်း မဟုတ်တော့ပါဘူး။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ အားလုံးက ရန်ကိုင်နဲ့ ဟူညီအစ်မ နှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်ကြပြီး သူမတို့ မျက်နှာထက် ငါသိပါတယ် ဆိုတဲ့ အပြုံးတို့ ကိုယ်စီ ပွင့်လန်းလာခဲ့တယ်။
“သူက တကယ့်ကို လူရှုပ်လူပွေ တစ်ယောက်ပဲ” လန်ရှန်းစိတ်ထဲ ထူးဆန်းတဲ့ ခါးသီးမှုတို့ ထွက်ပေါ်လာခဲ့ပြီး တိတ်တဆိတ် အံကြိတ်လိုက်မိတယ်။
သီးခြားကမ္ဘာမှာတုန်းက ရန်ကိုင်က သူမနဲ့ ကျိမိုအပေါ် တော်တော်လေး အသားယူခဲ့ပါတယ်။ နောက်ဆုံး အခိုက်အတန့်မှာတုန်းက ရန်သူတွေ ပေါ်လာလို့သာ မဟုတ်ရင် အခုအချိန်လောက်ဆို သူမနဲ့ ကျိမို နှစ်ယောက်စလုံး…
ထိုအချိန်တုန်းက ကျိမိုသာ ရန်ကိုင်စားတာ ခံလိုက်ရမယ် ဆိုရင် သူမလည်း သူ့လက်ကနေ ပြေးမလွတ်နိုင်ဘူးဆိုတာ လန်ရှန်း သိထားပါတယ်။
မိစ္ဆာလိုဏ်ဂူမှာ ရန်ကိုင်နဲ့ ပြန်တွေ့ရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ရန်ကိုင်ရဲ့ အချစ်အသည်းတုံးလေးတွေ ဖြစ်ကြတဲ့ မဟာလှဧကရီရှင်နှစ်ပါးကိုလည်း သူမတို့ တွေ့ခဲ့ရပါသေးတယ်။
သူ့မှာ မိန်းမတွေ ဘယ်လောက်တောင် ရှိနေတာပါလိမ့်။ အခုလို ကြုံရာ နေရာမျိုးမှာတော့ သူ့အသည်းတုံးတွေနဲ့ လာတိုးနေတယ် ဆိုတော့လေ။
ထိုအတွေးတွေ သူမခေါင်းထဲ ပြေးလွှားနေစဉ် လန်ရှန်း ပိုပို စိတ်ရှုပ်လာမိခဲ့တယ်။ နောက်ဆုံး ထိုအကောင် ရန်ကိုင်နဲ့ နောက်တစ်ကြိမ် မပက်သက်မိအောင် အကောင်းဆုံး ကြိုးစားနေထိုင်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ရန်ကိုင်က လူကောင်းတစ်ယောက်မှန်း သူမသိပေမယ့် သူနဲ့ ဝေးဝေးမှာ နေဖို့ သူမရဲ့ မသိစိတ်က ပြောနေခဲံတယ်။
သူမသာ သူ့နားမှာ ဆက်ကပ်နေခဲ့ရင် တစ်နေ့ကျ သူမရဲ့ သန့်စင်မှုကို ဘယ်လိုဆုံးရှုံးလို့ ဆုံးရှုံးသွားမှန် မသိပဲ ဖြစ်ရလိမ့်မယ်လို့ လန်ရှန်း ခံစားနေမိခဲ့တယ်။
သူမမှာတောင် ယောကျ်ားကောင်း တစ်ယောက်နဲ့အတူ လက်ထပ်ပေါင်းသင်းချင်သည့် အလိုဆန္ဒအာသီသတို့ ရှိပါတယ်။ မိန်းမသားချင်း ဖြစ်တဲ့အတွက် ဟူညီအစ်မနှစ်ယောက်ကို တစ်ခုခု ပြောချင်ခဲ့လို ပါးစပ်ကို ဖွင့်ပြီးပြောဖို့ လုပ်လိုက်တယ်။
ဒါပေမယ့် တစ်ခဏကြာပြီးတာတောင် ဘာလို့ ပြောရမှန်း လန်ရှန်း မသိခဲ့ပါဘူး။ ထို့ကြောင့် နောက်ဆုံးမှာတော့ ပါးစပ်လေး ပိတ်ပြီးတော့ပဲ တစ်ဖက်လှည့်လိုက်တယ်။
စင်မြင့်ထက်မှာတော့ ရန်ကိုင်က ကြမ်းပြင်ထက် တင်ပလင်ခွေ ထိုင်နေရင်း မိစ္ဆာချီစွမ်းအင်တွေကို ရွှေရောင်အရိုးခြောက်ထဲ ပြန်ရုတ်သိမ်းလိုက်ပြီး သူ့သွေးကြောတွေကို အစစ်အမှန် ယန်ယွမ်ချီနဲ့ တစ်ဖန် ပြန်လည် ပြည့်ဝသွားစေလိုက်တယ်။
မိစ္ဆာစိတ်ဝိဥာဉ်စမ်းကနေ ထွက်ပေါ်လာတဲ့ မိစ္ဆာချီတွေကို ရွှေရောင်အရိုးခြောက်ထဲ တိုက်ရိုက် စုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကိုတော့ သူရဲ့ အစစ်အမှန်ယန်ယွမ်ချီနဲ့ သန့်စင်ပြီးတော့မှပဲ စုပ်ယူနိုင်ပါတယ်။
သူ့ဒန်တန်ထဲက အဆီအနှစ်တွေကို ရေတွက်လိုက်တဲ့အခါ စုစုပေါင်း အဆီအနှစ် အခု၁၀၀ ရှိနေတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ အဆီအနှစ်တွေထဲက တစ်ခုက အခြားအဆီအနှစ်တွေနဲ့ မတူညီ ကွဲပြားစွာ ရှိနေတာကိုလည်း ရန်ကိုင် သတိပြုမိလိုက်တယ်။
ထိုအဆီအနှစ်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် သေဆုံးသွားရာကနေ ကျကျန်ခဲ့တဲ့ အဆီအနှစ်ပဲ ဖြစ်ပါတယ်။
တစ်ခဏလောက် သေချာစဉ်းစား လိုက်ပြီးနောက် ထိုထူးခြားသည့် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို နောက်ဆုံးမှပဲ သန့်စင်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့ဒန်တန်ထဲကနေ ကျန်တဲ့ အဆီအနှစ်တွေ အားလုံးကို ထုတ်ယူလိုက်ပြီး အစစ်အမှန်ယန်ယွမ်ချီကို သုံးကာ ထိုအဆီအနှစ်တွေကို စတင်သန့်စင်ပါတော့တယ်။
သူလေ့ကျင့်နေရင်း ကမ္ဘာကြီးရဲ့ အချုပ်အနှောင်တွေက အလွန်သိမ်မွေ့တဲ့ အားအင်တစ်ခုကြောင့် ပျက်စီးသွားတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ ဒါပေမယ့် သူဒီအတိုင်းပဲ ထိုင်ပြီး ဆက်လေ့ကျင့် နေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ထိုကဲ့သို့ အဖြစ်အပျက်မျိုးက ကျင့်ကြံသူတစ်ယောက် အဆင့်တက်တိုင်း ဖြစ်နေကျ ကိစ္စမို့လို့ပါပဲ။
ထိုအချုပ်အနှောင်ကို ချိုးဖျက်နိုင်ခဲ့ရင် ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားက ပိုပြီး တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့် သူတို့ ကျရှုံးခဲ့ရင်တော့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရင်အဆင့်မှာပဲ ရပ်တန့်နေပါလိမ့်မယ်။ ကျင့်ကြံသူတစ်ယောက်က ခွန်အားက ပိုပြီးတိုးတက်လာလေ ထိုအချုပ်အနှောင်ရဲ့ ခုခံနိုင်စွမ်းကလည်း ပိုပြီး မြင့်မားလာလေပါပဲ။
ထို့အကြောင်းကြောင့်ပဲ ကျင့်ကြံခြင်း အဆင့်မြင့်လာတာနဲ့ နောက်တစ်ဆင့် တက်ဖို့ ပိုပြီး ခက်ခဲလာတာပါ။
တစ်ခါတစ်ရံ ကျင့်ကြံသူတစ်ယောက်က လေ့ကျင့်ရာမှာ တစ်နှစ်လုံးလုံး ကြာတဲ့အထိ ဈာန်ဝင်စားနေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အရည်အချင်းက နောက်တစ်ဆင့်ကို မတက်နိုင်အောင် တားဆီနေတာကြောင့်ပါပဲ။
အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတွေကို ကြည့်ရင် သိနိုင်ပါတယ်။
ထိုအကြောင်းကြောင့်ပဲ ဒီကမ္ဘာကြီးမှာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားနိုင်တဲ့လူ အနည်းငယ်ပဲ ရှိတာပါ။ ထို့ကြောင့် ဒီကမ္ဘာကြီးမှာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေအားလုံးကို အရှင်သခင် တစ်ပါးလို့ ယူဆလို့ ရပါတယ်။ အနည်းဆုံးတော့ သူတို့တွေ အားလုံးက ပထမအဆင့် အင်အားစုတွေရဲ့ ထောက်တိုင်တွေပါပဲ။
ချွင်းချင်ဖြစ်တဲ့ ကောင်းကင်စံအိမ်တော့ မပါဘူးပေါ့။ ကောင်းကင်စံအိမ် ဂိုဏ်းချုပ်ဖြစ်တဲ့ လင်းတိုင်ရှုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ကောင်းကင်စံအိမ်က ဒုတိယအဆင့် အင်အားစု တစ်ခုပါ။ အခုအချိန်မှာတော့ ကောင်းကင်စံအိမ်က အပျက်အစီး နယ်မြေကြီး တစ်ခုဖြစ်နေခဲ့ပါပြီ။
ရန်ကိုင်က လေ့ကျင့်နေရင်း စိတ်စွမ်းအင်ကတို သုံးကာ ထိုအချုပ်အနှောင် အကာအရံကို အဆက်မပြတ် ထုရိုက်နေခဲ့တယ်။
အချိန်က ဖြေးဖြေးချင် ကုန်ဆုံးသွားခဲ့တယ်။
အချိန်ဘယ်လောက်ကြာလို့ ကြာမှန်းမသိ ကုန်ဆုံးသွားပြီး နောက်မှာတော့ သူ့ကို အဆင့်မတက်နိုင်အောင် တားဆီးနေတဲ့ အချုပ်အနှောင်ကို သူဖျက်စီးနိုင်ခဲ့ပါပြီ။ သူ့ကိုယ်ကနေ အလင်းရောင်တို့ ရုတ်တရက် ဖြာထွက်လာခဲ့ပြီး လှောင်အိမ်ထဲကနေ ချိုးဖျက်ထွက်လာနိုင်တဲ့ သားရဲတစ်ကောင်လို သူ့စိတ်နဲ့ ခန္ဓာ နှစ်ခုစလုံးက လုံဝကို လွတ်လပ်ပေါ့ပါးနေခဲ့တယ်။
ဒီကမ္ဘာကြီးရဲ့ စည်းမျဉ် ဥပဒေသတွေက သိုင်းလမ်စဉ်ရဲ့ အထွတ်အထိပ်သို့ သူလျှောက်လှမ်းမှာကို ဆက်ပြီး မတားဆီးနိုင်တော့သလို ရန်ကိုင် ခံစားနေခဲ့ရတယ်။
ထိတွေ့ကိုင်တွယ် မရနိုင်တဲ့ အရှိန်အဝါ တစ်ခုက ရန်ကိုင်ကို ဗဟိုပြုပြီး အဘက်ဘက်သို့ လှိုင်းလုံးသဖွယ် ပျံ့နှံ့သွားခဲ့တယ်။
သူတို့ရဲ့ ကံကောင်းမှုကြောင့် ပျော်ရွှင်စွာနဲ့ အော်ဟစ်ရယ်မောနေတဲ့ လူတွေအားလုံးက ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် ထိတ်လန့် သွားခဲ့ပြီး အားလုံးက ရန်ကိုင်ဆီ အမြန်အဆန်နဲ့ လှည့်ကြည့်လိုက်ကြတယ်။
ထိုတုန်ခါနေသည့် လှိုင်းလုံးတွေက ရန်ကိုင် နောက်တစ်ဆင့် ချိုးဖျက်သွားလို့ ထွက်ပေါ်လာတာမှန်း သိလိုက်ရချိန်မှာတော့ သူတို့အားလုံးရဲ့ မျက်နှာ အမူအရာက ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ကြတယ်။
အခုလို အန္တရာယ်များတဲ့ အခြေအနေမျိုးမှာတောင် နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားရဲတယ်ဆိုတော့ ရန်ကိုင် သတ္တိကတော့ မသေးဘူးပဲ။
အစစ်အမှန်ဒြပ်စင် အဆင့်၆…
အောင်အောင် မြင်မြင် အဆင့်ချိုးဖျက်နိုင်ခဲ့ပေမယ့် ရန်ကိုင်က ချက်ချင်း မထလိုက်ပါဘူး။ အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်ရင်း ကျန်ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို သန့်စင်လိုက်ပြီး ရွှေရောင်အရိုးခြောက်ထဲ စုပ်ယူပစ်လိုက်တယ်။
ရန်ကိုင်က နောက်တစ်ဆင့် ချိုးဖျက်သွားနိုင်ခဲ့တဲ့ အတွက် ရွှေရောင်အရိုးခြောက်လည်း အရင်လို့ ပြည့်ဝမနေခဲ့တော့ပါဘူး။ အဲ့လိုနဲ့ ရွှေရောင်အရိုးခြောက်ကနေ လေပွေသဖွယ် စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး သန့်စင်ထားတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အားလုံးကို စုပ်ယူပစ်လိုက်တယ်။
အစောပိုင်းလေးကပဲ အဆင့်ချိုးဖျက်တာ ဆိုပေမယ့် သန့်စင်တဲ့ စွမ်းအင်တွေကို စုပ်ယူခဲ့ရလို့ သူ့ကျင့်ကြံခြင်း အဆင့်က လျင်မြန်စွာပဲ တည်ငြိမ်သွားခဲ့တယ်။
ဒါပေမယ့် သူ့ဒန်တန်ထဲ၌ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် တစ်ခု ကျန်ရှိနေပါသေးတယ်။
ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်က ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ပြီး ရရှိလာခဲ့ အထူးအဆီအနှစ်ပါ။
ထိုအထူး မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကိုကြည့်ရင်း ရန်ကိုင် ပြုံးမိလိုက်ပြီး အလိုလို စိတ်လှုပ်ရှား လာမိခဲ့တယ်။ ထိုအဆီအနှစ်ကို စုပ်ယူလိုက်ရင် ဘယ်လို အကျိုးအမြတ်များ ရလိမ့်မလဲ ဆိုတာကို တွေးရင် သူရင်ခုန်လာခဲ့တယ်။
ထို အထူးအဆီအနှစ်တွေကို သူ့သွေးကြောတွေထဲ ဆွဲသွင်းလိုက်ပြီး အစစ်အမှန်ယန်ယွမ်ချီနဲ့ စတင် သန့်စင်ပါတော့တယ်။
အညစ်အကြေးတွေကို ဖြေးဖြေးချင်း ဖယ်ရှားပြီးတဲ့ နောက်မှာတော့ ထိုအထူးအဆီအနှစ်က ပိုပြီး သန့်စင်လာခဲ့တယ်။
ထိုအဆီအနှစ်က အထူး မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ဆိုတဲ့ နာမည်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ ထိုအဆီအနှစ်ကို သန့်စင်ဖို့ တစ်နာရီတိတိ သူအချိန် ယူလိုက်ရပါတယ်။
ထို့နောက် ထိုသန့်စင်ခံစားရပြီးတဲ့ အဆီအနှစ်က သူ့သွေးကြောတွေထဲ ရုတ်တရက် စီးဝင်သွားခဲ့ပြီး ဦးခေါင်းထက်ဆီ အလျင်အမြန် ဆန်တက်သွားလိုက်တယ်။ ထို့နောက် မျက်တောင် တစ်ခတ်အတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့တယ်။
ထိုစွမ်းအင် ပျောက်ကွယ်သွားပြီးလို့ မကြာခင်မှာပဲ သူ့စိတ်စွမ်းအင် တိုးတက်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။
သူ့စိတ်စွမ်းအင် တိုးတက်လာတာတင်မကာ သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ အသစ်တစ်ခုခု ရလိုက်တာကိုလည်း ရန်ကိုင် သတိပြုမိလိုက်တယ်။
ရန်ကိုင် မျက်ဝန်းအစုံ ပြန်ပွင့်လာတဲ့အချိန် သူ့မျက်ဝန်းထဲ လျှပ်စီးတွေ လက်နေသလားတောင် ထင်မှတ်ရပါတယ်။ ထို့နောက် အတွေးထဲ မျောနေသလိုမျိုး အဝေးတစ်နေရာဆီ စိုက်ကြည့်နေလိုက်ပြီး နောက် သူ့ပါးစပ်က ထူးဆန်းတဲ့ အပြုံးတစ်ခု အသွင်သို့ ကွေးတက်သွားခဲ့တယ်။
ထို့နောက် ဖြေးဖြေးချင်း ထလိုက်ပြီး တစ်ဖက်က ကျောက်တိုင်ပေါ်မှာ ရှိနေတဲ့ လူအိုကြီးကို လှမ်းကြည့်လိုက်တယ်။
“ညီအစ်ကိုရန်၊ မင်းအဆင်ပြေလား” ချန်ရီက အလျင်စလိုနဲ့ မေးလိုက်တယ်။
“အင်း၊ ဒီထက် ပိုအဆင်ပြေတာ မရှိနိုင်တော့ဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။ သူ့အကြည့်ကတော့ လူအိုကြီးဆီကနေ တစ်ဖဝါးလေးတောင် မခွါခဲ့ပါဘူး။ လူအိုကြီးကို ကြည့်နေတဲ့ သူ့အကြည့်က အန္တရာယ်များတဲ့ အလင်းရောင်တို့ဖြင့် လက်နေခဲ့တယ်။
ရန်ကိုင်ရဲ့ စူးရှတဲ့ အကြည့်ကို ခံစားမိလိုက်တာနဲ့ လူအိုကြီးလည်း ရန်ကိုင်ကို ပြန်လှည့်ကြည့်လိုက်တယ်။ ထို့နောက် မျက်မှောင်ကြုံ့လိုက်တယ်။
ထိုထူးဆန်းတဲ့ လူငယ်လေးက အရင်ကနဲ့ အနည်းငယ် ကွဲပြားနေတာကို လူအိုကြီး သတိပြုမိလိုက်တယ်။ အရင်ကနဲ့ ယှဉ်ရင် အခုရန်ကိုင်က ပိုပြီး ယုံကြည်ချက် ရှိလာသလို၊ ပိုပြီးတော့လည်း မောက်မာလာခဲ့ကာ ပိုပြီးတော့လည်း လွှမ်းမိုးချယ်လှယ် လာနိုင်ခဲ့ပါပြီ။
အဆင့်လေး တစ်ဆင့် တက်သွားရုံနဲ့ ဒီလူအိုကြီးကို လာယှဉ်ချင်နေတာလား လူအိုကြီးက လှောင်ပြောင် တွေးလိုက်တယ်။ ထိုကောင်စုတ်လေးမှာ ဘာဝှက်ဖဲများ ရှိနေလို့ သူ့ရှေ့မှာ အခုလို မောက်မောက်မာမာနဲ့ ပြုမူနေရဲလဲဆိုတာကို လူအိုကြီး သိချင်သွားခဲ့တယ်။
ရန်ကိုင်လည်း ထိုလူအိုကြီးနဲ့ ဘယ်လိုရင်ဆိုင်ရင် ကောင်းမလဲဆိုတာကို တွေးနေတာပါ။
ထိုခွေးအိုကြီးက အထူးမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို ရဖို့အတွက်နဲ့ သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်က သာမန် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်ထက် ပိုသန်မာနေတာကြောင့်သာ မဟုတ်ရင်၊ ယန်အရည်စက် အကူအညီနဲ့ ဒိုင်းတစ်ခု ဖန်တီးနိုင်တာကြောင့်သာ မဟုတ်ရင် သူလည်း အခုအချိန်လောက်ဆို တမလွန်ဘဝကို ကူးပြောင်း နေနှင့်ပါပြီ။
လူအိုကြီးဆီက အတိုးနည်းနည်းလောက် ပြန်တောင်းပြီး သွားပြီဆိုပေမယ့် အကြွေးအရင်းကိုတော့ မတောင်းရသေးဘူးလေ။ အကြွေးရှိရင် အပြည့်အဝကို ပြန်တောင်းတတ်တယ် ဆိုတာ ရန်ကိုင်ရဲ့ စရိုက်ပါ။ သူ့ကို လာပြီး ကျောတာမျိုး ရန်ကိုင် နည်းနည်းလေးတောင် ခံမှာ မဟုတ်ပါဘူး။
ဒါပေမယ့် သူ့မျက်ဝန်းအစုံက တစ်ချက် တောက်ပသွားခဲ့ပြီး ရန်ကိုင်လည်း လူအိုကြီးဆီကနေ အကြည့်ပြန်ရုတ်လိုက်တယ်။
အခုအချိန်၌ လူအိုကြီးကို သတ်ပစ်နိုင်မယ်လို့ သူ့မှာ ယုံကြည်ချက် အပြည့်မရှိပါဘူး။ တကယ်တော့ လူအိုကြီးရဲ့ ကျင့်ကြံခြင်း အဆင့်က သူ့ထက် အများကြီး ပိုမြင့်တယ်လေ။ သူအသစ်ရလာတဲ့ စွမ်းရည် အသစ်နဲ့တောင် လူအိုကြီးကို သတ်ပစ်နိုင်မယ်၊ မသတ်ပစ်နိုင်ဘူး ဆိုတာ မသေချာသေးပါဘူး။
အကွက်ဆင်ပြီး သတ်ပစ်မှပဲ ရမယ်နဲ့ တူတယ်
“ညီအစ်ကိုရန်” ထောင်ရန်ရဲ့ ရုတ်တရက် အော်ခေါ်လိုက်တဲ့ အသံက သူ့အတွေးတွေကို ပျက်ပြားသွားစေခဲ့တယ်။ ထောင်ရန်က လေးနက်တဲ့ အမူအရာနဲ့ ရန်ကိုင်ကို ကြည့်လိုက်ပြီး “ဒီမှာ အကြားကြီး နေနေတာက ကောင်းတဲ့ အကြံတစ်ခု မဟုတ်ဘူးဆိုတာကို ငါတို့အားလုံး ဆွေးနွေး တိုင်ပင်ခဲ့ကြပြီးပြီ”
“အင်း” ရန်ကိုင်လည်း ထိုအတိုင်းပဲ တွေးနေတာပါ။ သူတို့ ထွက်မပြေးနိုင်ခဲ့တာက အနီးအနားမှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက အားလုံးက ဒီနေရာဆီ လှိုင်းလုံးသဖွယ် ပြေးလာကြလို့ပါ။ အဲ့ဒါကြောင့် သူတို့လည်း မပြေးမဖြစ်နဲ့ ပြေးရင်း ဒီကျောက်တိုင်တွေပေါ်မှာ အဆုံးသတ်သွားခဲ့တာပေါ့။ အခု မိစ္ဆာစိတ်ဝိဥာဉ် စိတ်ဝိဥာဉ်တွေ အားလုံးက ဒီနေရာမှာ စုစည်းနေကြပြီ ဖြစ်တဲ့အတွက် အပြင်ထွက်မယ့်အစား အလင်းအကာရံထဲမှာပဲ နေတာက ပိုပြီး လုံခြုံတယ် ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။
“မင်းတို့ ဘာလုပ်ချင်လဲ”
“ငါတို့အားလုံး ဒီနေရာကနေ ထွက်သွားချင်တယ်” ချန်ရီက မျက်မှောင်ကြုံ့ရင်း ပြောလိုက်တယ် “ဒါပေမယ့် ဒီစင်မြင့်ပေါ်ကနေ ထွက်သွားလိုက်တာနဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံးက ငါတို့ကို လာတိုက်မှာ။ အဲ့အချက်က ငါတို့ကို ခေါင်းစားနေတာ”
“ဘယ်လို ဆက်လုပ်မလဲလို့ မင်းတို့ တွေးထားလဲ” မသိလိုက် မသိဘာသာနဲ့ ရန်ကိုင်က အဖွဲ့တစ်ဖွဲ့လုံးရဲ့ ထောက်တိုင်ကြီး ဖြစ်လာခဲ့ပါပြီ။ ထို့ကြောင့် မျှော်လင့်ချက် အားလုံးကို ရန်ကိုင်အပေါ် စုပုံထားတာ သဘာဝကျပါတယ်။
“ညီအစ်ကိုရန်၊ ဒီအကာအရံကို ထိန်းထားရင်း ပျံသန်းလို့ အဆင်ပြေလား” ချန်ရီ ရှက်ရှက်နဲ့ မေးလိုက်တယ်။ ရန်ကိုင်အား ဟူညီအစ်မ နှစ်ယောက်နဲ့အတူ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေအားလုံးကို ကာကွယ်ခိုင်းစေချင်တာက အရမ်းကို လွန်ကဲတဲ့ တောင်းဆိုချက် တစ်ခု ဖြစ်သွားခဲ့ပါပြီ။
အဲ့အပြင် ရန်ကိုင်မှာ အဲ့လိုလုပ်ဖို့ အစစ်အမှန်ချီ အလုံအလောက် ရှိလား၊ မရှိဘူးလား ဆိုတာကိုလည်း မသိရသေးပါဘူး။
“အဲ့လိုမျိုး တစ်ခါမှတော့ မစမ်းဖူးဘူး။ ဒါပေမယ့် လုပ်နိုင်မယ်လို့တော့ ထင်ရတာပဲ” ရန်ကိုင်က ခဏလောက် တွေးကာ ပြောလိုက်တယ်။ ထိုအကာအရံကြီးကို ထိန်းထားဖို့ဆိုရင် အစစ်အမှန်ချီ တော်တော် ကုန်မှာပါ။ ဒါပေမယ့် သူ့ဒန်တန်ထဲမှာ ရှိနေတဲ့ ယန်အရည်စက်နဲ့ဆိုရင် လောက်နိုင်လောက်တယ်လို့ ရန်ကိုင် ခန့်မှန်းတွက်ချက်လိုက်တယ်။
“အဲ့လိုဆိုရင်၊ ငါတို့အားလုံး ညီအစ်ကိုရန်ကိုပဲ အားကိုးရတော့မယ်” ချန်ရီက ခေါင်းပြန်ညိတ်ပြလိုက်တယ်။
ဒုတ်… ဒုတ်…
သူတို့အဖွဲ့က ဘယ်လို ထွက်ပြေးကြမယ် ဆိုတာကို ဆွေးနွေးနေတုန်းမှာပဲ ဒုတ်ဒုတ် ဆိုတဲ့ အသံတွေကို သူတို့ ကြားလိုက်တယ်။ ထိုဒုတ်ဒုတ် ဆိုတဲ့ အသံက လူတစ်ယောက်နဲ့ နှလုံးခုန်သံနဲ့ တကယ်ကို တူလှပါတယ်။
အားလုံးက တူညီတဲ့ မျက်နှာထားနဲ့ အသံထွက်ပေါ်လာရာ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။
အချိန်တစ်ခဏလောက် စောင့်ဆိုင်းနေပြီးနောက် ထိုနှလုံးခုန်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်တယ်။
ထိုအသံက မိစ္ဆာစိတ်ဝိဥာဉ်စမ်း အလယ်တည့်တည့်ကနေ လာတယ်ဆိုတာကို ဒီတစ်ကြိမ်၌ အားလုံး သတိပြုမိလိုက်ကြတယ်။
ပွက်… ပွက်… ပွက်…
သူတို့အောက်မှာ ရှိနေတဲ့ မိစ္ဆာချီတွေက ရုတ်တရက် ဆူပွက်လာခဲ့တယ်။ မိစ္ဆာချီထုရဲ့ မျက်နှာပြင်ကနေ ဧရာမ ပူစီပေါင်းတွေ ထွက်ပေါ်လာခဲ့ပြီး လေထဲ မြင့်တက်လာခဲ့တယ်။ လေထဲ မြင့်တက်လာပြီး သိပ်မကြာခင်မှာပဲ ပူပေါင်းတွေ အကုန်လုံး ပေါက်ကွဲသွားခဲ့ပါတယ်။ ပူပေါင်းတွေ ပေါက်ကွဲသွားတာနဲ့ ပူးပေါင်းထဲမှာ ရှိနေတဲ့ မိစ္ဆာချီစွမ်းအင် တွေက လေထဲ ပျံ့နှံ့သွားခဲ့တယ်။
ထိုပူးစီပေါင်း ပေါက်ကွဲမှုတွေနဲ့အတူ အောက်ဘက်ရှိ မိစ္ဆာချီပင်လယ် တစ်ခုလုံး ပရမ်းပတာတွေ ဖြစ်လာခဲ့တယ်။
Martial Peak
အပိုင်း (၃၄၄) ဝိဥာဉ်ပညာရပ်ရဲ့ စွမ်းအား
ထိုအချိန်၌ အနက်ရောင် မိစ္ဆာချီစွမ်းအင်ထုရဲ့ မျက်နှာပြင်က တစ်ဟုန်ထိုး မြင့်တက်လာခဲ့တယ်။ ထိုအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ သူအားလုံးရဲ့ မျက်နှာ ဖြူလျော်သွားခဲ့တယ်။
အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် ကုန်ဆုံးပြီးတဲ့ နောက်မှာတော့ ထိုမိစ္ဆာချီပင်လယ်က ကျောက်တိုင် ထိပ်နားထိ မြင့်တက်လို့ လာခဲ့ပြီး ရပ်တန့်သွားမယ့် အရိပ်အယောင် နည်းနည်းလေးတောင် မပြခဲ့ပဲ ဆက်လက် မြင့်တက်နေခဲ့တယ်။
“မကောင်းတော့ဘူး” ထောင်ရန်က ဖြူလျော်နေတဲ့ အမူအရာနဲ့ အော်ဟစ်လိုက်တယ်။
အားလုံးက စင်မြင့် အလယ်ဆီ ခပ်မြန်မြန်ပဲ ပြန်ဆုတ်လိုက်ကြတယ်။ ထိုမိစ္ဆာချီနဲ့ ထိတွေ့မိမှာကို အားလုံး ထိတ်လန့်နေခဲ့ကြတယ်။
မိစ္ဆာစိတ်ဝိဥာဉ်စမ်းက ရုတ်တရက်ကြီး မတည်မငြိမ် ဖြစ်လာတဲ့အတွက် သူတို့ ထွက်သွားချင်ရင်တောင် ထွက်သွားဖို့က အရမ်းကို နောက်ကျသွားခဲ့ပါပြီ။ မြင့်တက်လာနေတဲ့ မိစ္ဆာချီပင်လယ်ကို ကြည့်ရင်း အားလုံးရဲ့ မျက်နှာက တုန်လှုပ်ခြောက်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။
လူအိုကြီးတောင် သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့် ကြောက်ရွံ့ သွားခဲ့ရတယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းကို သူကြားဖူးပေမယ့် အခုမှ အပြင်မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးတာပါ။ အခု ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သူကိုယ်တိုင်လည်း နားမလည်တဲ့အတွက် နောက်ဘာဆက်လုပ်ရမလဲ ဆိုတာကို လူအိုကြီး နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။
တဖြည်းဖြည်း မြင့်တက်လာနေတဲ့ မိစ္ဆာချီပင်လယ်ကို ကြည့်ရင် ဒီအတိုင်းသား ဆက်နေရင် သေမှာကို ထိုင်စောင့်နေတာနဲ့ အတူတူပဲ ဆိုတာကို လူအိုကြီး နားလည်လိုက်တယ်။ သူ့ရဲ့ ဆိုးရွားလှတဲ့ ကံကြမ္မာကိုပဲ ဒေါသတကြီး ကျိန်ဆဲလိုက်တယ်။ ထို့နောက် သူ့ရဲ့ ဂျူနီယာလေးယောက်နဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေကို ကြည့်လိုက်ပြီး အော်ပြောလိုက်တယ် “မင်းတို့ မသေချင်ဘူးဆိုရင် ငါ့နောက်ကနေ လိုက်ခဲ့ကြ”
ပြောပြီးတာနဲ့ လူအိုကြီးက ပြင်းထန်တဲ့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး လမ်းဖောက်လိုက်တယ်။ ထို့နောက် သူ့ရဲ့ ဂျူနီယာလေးယောက်ကို အစစ်အမှန်ချီနဲ့ ရစ်ပတ်ရင်း ရန်ကိုင်တို့ ရှိနေတဲ့ ကျောက်တိုင်ဆီ ပျံသန်းသွားလိုက်တယ်။
နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေလည်း သိုင်းပညာရပ် မျိုးစုံ၊ လက်နက်မျိုးစုံကို ထုတ်သုံးရင်း လူအိုကြီးနောက်ကနေ အမှီလိုက်သွားခဲ့ကြတယ်။
ရန်ကိုင်ကတော့ မထူးခြားနားသည့် အမူအရာနဲ့ပဲ ရှိနေခဲ့တယ်။ လူအိုကြီးက သူ့တို့ ရှိနေတဲ့ နေရာဆီ ပြေးဝင်လာနေတာကို မြင်လိုက်တာနဲ့ ရန်ကိုင်ရဲ့ မျက်ဝန်းအစုံက မှေးကျဉ်းသွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ သူ့မျက်ဝန်းထဲ လက်သွားခဲ့တယ်။
လူအိုကြီး သူတို့ ရှိနေတဲ့ နေရာဆီ ပြေးလာကတည်းက သူဘာလုပ်နေလဲ ဆိုတာ သိသာနေပြီးသားပါ။
ခဏကြာရင် ဘေးပတ်ပတ်လည် နေရာတစ်ခုလုံး မိစ္ဆာချီတွေ ဖုံးလွှမ်းသွားတာကို ခံရတော့မှာပါ။ အဲ့အချိန်ကျ ရန်ကိုင်တို့ ရှိနေတဲ့ ကျောက်တိုင်ပဲ လုံခြုံတဲ့ နေရာတစ်ခုအဖြစ် ကျန်နေခဲ့တော့မှာပါ။
အလွှာ၂၀လောက် ထပ်ကာထားတဲ့ အစစ်အမှန်ယန်ယွမ်ချီ အကာအရံက မိစ္ဆာချီရဲ့ တိုက်စားမှုကို ခုခံကောင်း ခုခံနိုင်ပါလိမ့်မယ်။
အခုလို သေရေး၊ ရှင်ရေး အခြေအနေကို ရောက်လာတဲ့အတွက် လူအိုကြီးလည်း ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ရပါတော့တယ်။
လူအိုကြီးက ရန်ကိုင်တို့ နေရာနား ရောက်တာနဲ့ ချက်ချင်း မတိုက်ခိုက်သေးပဲ အရင်ဆုံး တောင်းဆိုကြည့်လိုက်တယ် “မိတ်ဆွေလေး၊ ငါတို့ကြားမှာ မကျေမနပ်ချက်တွေ အများကြီး ရှိပေမယ့် အခုအချိန်မျိုးမှာတော့ အဲ့မကျေနပ်ချက်တွေကို ဘေးဖယ်ထားပြီး ငါတို့အတွက် နေရာလေး နည်းနည်း ဖယ်ပေးလို့ ရမလား”
ရန်ကိုင်က လူအိုကြီးကို မုန်းတီးစွာနဲ့ စိုက်ကြည့်လိုက်ပြီး အရွှန်းဖောက်ကာ ပြောလိုက်တယ် “လူအိုကြီး၊ ဒီမှာ လူပြည့်နေတာကို ခင်ဗျား မမြင်ဘူးလား”
လူအိုကြီးရဲ့ အမူအရာက ချက်ချင်းဆိုသလို ရှုံ့မဲ့သွားခဲ့ပြီး အလျင်စလို ထပ်ပြောလိုက်တယ် “အဲ့ဒါကြောင့်ပဲ ဒီလူအိုကြီးက ငါတို့အတွက် နေရာနည်းနည်းလေး ဖယ်ပေးဖို့ ပြောတာလေ။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းက အခုလို မြင့်တက်နေပုံမျိုးနဲ့ဆို နောက်ဘာဆက် ဖြစ်မယ်ဆိုတာ ဘယ်သူမှ သိထာ မဟုတ်ဘူး။ မင်းသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တစ်ယောက် ဖြစ်တဲ့ ဒီလူအိုကြီးရဲ့ အကူအညီကို ရလိုက်မယ်ဆိုရင် မင်းအတွက် အသက်ရှင်နိုင်ချေ ပိုပြီး မြင့်မားသွားနိုင်တယ်။ မင်းတို့ အဖွဲ့ထဲမှာ အားနည်းတဲ့ လူရှိသလို အားကောင်းတဲ့ လူတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် အားနည်းတဲ့ လူအချို့ကို ကန်ထုတ်လိုက်ရင် ပြီးနေပြီလေ၊ မဟုတ်ဘူးလား။ အခုလို သေရေး၊ ရှင်ရေး အခြေအနေ မျိုးမှာ ဘယ်သူက အသုံးဝင်လဲ၊ ဘယ်သူက အသုံးမဝင်ဘူးလဲဆိုတာကို နားလည်ထားသင့်တယ်”
“စီနီယာ…” လူအိုကြီး ဘာကို ပြောချင်နေတာလဲ ဆိုတာကို နားလည်တဲ့အတွက် ယုချင်က အလျင်စလိုနဲ့ အော်ဟစ်လိုက်တယ်။ လူအိုကြီး ပြောတဲ့ပုံအရဆို သူက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ အကုန်လုံးကို ကျောက်တိုင်ပေါ်မှာ နေခွင့်ပေးမှာ မဟုတ်ပါဘူး။ အားနည်းတဲ့ ကောင်တွေက မိစ္ဆာချီပင်လယ်ထဲ ကျန်ချခံရမှာပါ။
ဟုတ်တာပေါ… ဒီမှာ ရှိနေတဲ့ လူတွေက အရူးမှမဟုတ်တာ၊ လူအိုကြီး ပြောချင်တာကို နားမလည်ပဲ ဘယ်နေပါ့မလဲ။ ထို့ကြောင့် သူတို့တွေက လူအိုကြီး ဒေါသတကြီး စိုက်ကြည့်လိုက်ကြတယ်။ သူအသက်ရှင်နိုင်ဖို့ အတွက် လူအိုကြီးက သူတို့ကို စတေးဖို့ လုပ်နေတာကို သူတို့အားလုံး နားမလည်ပဲ ဘယ်နေပါ့မလဲ။
ဒါပေမယ့် ရန်ကိုင်က ပြန်ပြီးတော့သာ လှောင်ပြောင်လိုက်ပြီး အသာအယာလေး ခေါင်းခါယမ်းရင်း “ကျုပ်က အခုအခြေအနေနဲ့ အဆင်ပြေပြီးသား။ ဒါကြောင့် စီနီယာရဲ့ ရက်ရောလှတဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုရုံကလွဲပြီး ဘာမှမလုပ်နိုင်တာ အားနာလိုက်တာ”
“မောက်မာလိုက်တဲ့ ဂျူနီယာ၊ အခုလို ဖြစ်အောင် မင်းဖန်ခဲ့တာပဲ” လူအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်တယ်။
မိစ္ဆာချီက အဆက်မပြတ် မြင့်တက်လာနေတဲ့ အတွက် သူ့မှာ အချိန်အများကြီး မရတော့ပါဘူး။
“ဒီလူအိုကြီး တစ်ယောက်တည်းနဲ့ဆို အဲ့ကောင်တွေ အားလုံးကို ယှဉ်တိုက်လို့ နိုင်မှာ မဟုတ်ဘူး။ မင်းတို့ နှောင်ဖွဲ့ခြင်းကင်း ဂိုဏ်းသားတွေ ဒီလူအိုကြီးကို ကူညီပေးပြီး သူတို့ရဲ့ အလင်းအကာရံကို လုယူကြတာပေါ့၊ အဲ့လိုမှပဲ ငါတို့အားလုံး အသက်ရှင်သန် နိုင်လိမ့်မယ်” လူအိုကြီးက အမိန့်ပေးလိုက်တယ်။
“ကောင်းပြီ” ယုချင်က အူမြူးသွားခဲ့ပြီး နည်းနည်းလေးတောင် တုန့်ဆိုင်း မနေတော့ပဲ သဘောတူလိုက်တယ်။
စင်မြင့်ပေါ်က လူအားလုံးရဲ့ အမူအရာ လေးနက် တည်ကြည် သွားခဲ့တယ်။ ထိုလူအိုကြီးက အရှက်မရှိတဲ့ ခွေးသူတောင်းစား တစ်ကောင် ဆိုရင်တောင် သူက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူတစ်ယောက် ဖြစ်နေတုန်းပါပဲ။ သူတို့ရဲ့ အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံခြင်းလေးနဲ့ ထိုလူအိုကြီးရဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလား ဆိုတာ ဘယ်သူမှ မသိကြပါဘူး။
ရန်ကိုင် တစ်ယောက်တည်းသား ဖွဖွလေး ပြုံးနေခဲ့တယ်။ လူအိုကြီးကို ကြည့်နေတဲ့ သူ့အကြည့်ထဲ လှောင်ရိပ်တို့ ထင်ဟပ်နေခဲ့ပါတယ်။
ဘုန်း…
မီးနဂါးတစ်ကောင်က ကျောက်တိုင်ပေါ်ကနေ ထွက်ပေါ်လာခဲ့ပြီး လူအိုကြီးဆီ ပြေးဝင်သွားခဲ့တယ်။
ရန်ကိုင်ရဲ့ အစစ်အမှန်ယန်ယွမ်ချီ အကာအရံ ရှိနေတဲ့ ကျောက်တိုင်က အခုအချိန်၌ မိစ္ဆာလိုဏ်ဂူထဲရှိ တစ်ခုတည်းသော လုံခြုံတဲ့ နေရာဖြစ်လာခဲ့တယ်။ လူဆိုတာ သေရမှာ ကြောက်တဲ့ အမျိုးဖြစ်တဲ့အတွက် ဘယ်သူမှ မသေချင်ကြပါဘူး။ ထို့ကြောင့် လူအိုကြီးရဲ့ အတင်းအကြပ် ဖိအားပေးမှုနှင့် ရင်ဆိုင်ရချိန်မှာတော့ ဘယ်သူမှ သူတို့ခွန်အားကို ထိန်ချန် မထားကြတော့ပါဘူး။
နောက်တစ်ခဏ အတွင်း သိုင်းပညာရပ် မျိုးစုံနှင့် လက်နက်မျိုးစုံက ထွက်တဲ့ အလင်းရောင်တို့ကြောင့် မိစ္ဆာလိုဏ်ဂူထဲရှိ ရန်ကိုင်တို့ ရှိနေတဲ့ နေရာက လင်းထိန်သွားခဲ့တယ်။
လူအိုကြီးတို့ အဖွဲ့ကလည်း ခွန်အား နည်းနည်းလေတောင် ထိန်ချန် မထားခဲ့ပဲ အစွမ်းကုန်သုံးကာ ရန်ကိုင်တို့အဖွဲ့ကို သည်းကြီးမည်းကြီး တိုက်ခိုက်နေခဲံတယ်။
ပထမအကြိမ် ထိပ်တိုက်ရင်ဆိုင်မှု အပြီး၌ စင်မြင့်ပေါ်မှာ ရှိနေတဲ့ အဖွဲ့သားတွေ မျက်မှောင်ကြုံ့မိလိုက်ကြတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ ဖြစ်တဲ့ လူအိုကြီးက သူတို့ရဲ့ တိုက်ခိုက်မှု အားလုံးကို ရင်ဆိုင်သွားခဲ့တယ်။
ထိုကဲ့သို့ တိုက်ကွက်အားလုံး တစ်ယောက်တည်း ရင်ဆိုင်ရတာက လူအိုကြီးအတွက် မလွယ်ကူဘူး ဆိုပေမယ့် ရန်ကိုင်တို့ တိုက်ခိုက်မှုအားလုံးက အချည်းနှီး ဖြစ်သွားခဲ့ရပါတယ်။
ဒါပေမယ့် လူအိုကြီးဘက်က အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက လူအိုကြီးရဲ့ အကူအညီနဲ့ လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့် ရနေတဲ့အတွက် ရန်ကိုင်တို့ အဖွဲ့ကို အလျင်အမြန်ပဲ ဖိနှိပ်လိုက်ကြတယ်။
တစ်ခဏအတွင်းမှာပဲ မိစ္ဆာချီပင်လယ်က ထပ်မံ မြင့်တက်လာခဲ့ပြီး အလင်းအကာအရံကို ဖုံးလွှမ်းသွားဖို့ သိပ်မလိုတော့ပါဘူး။
လူအိုကြီးရဲ့ ဂျူနီယာလေးယောက်နဲ့ နှောင်ဖွဲ့ခြင်းကင်း ဂိုဏ်းသားတွေ အကုန်လုံး ရှိရှိသမျှ အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်လိုက်ကြတယ်။
လူအိုကြီးကတော့ ဝေဟင်ထက် ပျံဝဲနေသည့် သိမ်းငှက်တစ်ကောင်လိုပဲ သူ့အကြည့်က ရန်ကိုင် အပေါ်မှာသာ လုံးလုံး အာရုံရောက်နေခဲ့တယ်။ ထိုပုံမှန် မဟုတ်တဲ့ လူငယ်လေးက သူ့ ခွန်အားကို ဖုံးကွယ်ထားပြီး အစွမ်းထက်တဲ့ လျှို့ဝှက်နည်းလမ်းတွေကို အချိန်မရွေး ထုတ်သုံးနိုင်တယ်လို့ လူအိုကြီးရဲ့ မသိစိတ်က ပြောနေခဲ့တယ်။
သာမန် အခြေအနေမျိုးမှာဆိုရင် ထိုလူငယ်လေးရဲ့ ခွန်အားက ဘယ်လောက်အထိ ဆန်းကြယ်နက်နဲဆိုတာကို သူဖြေးဖြေးချင်း လေ့လာစမ်းသပ် ကြည့်မှာပါ။ ဒါပေမယ့် အခုအချိန်၌ အချိန်ဆိုတာ အသက်တမျှ အရေးကြီးနေပြီ ဖြစ်တဲ့အတွက် လူအိုကြီးလည်း ရန်ကိုင် ခွန်အားကို အချိန်ကုန်ခံပြီး စစ်ဆေး မနေနိုင်တော့ပါဘူး။
အစစ်အမှန်ချီကို သူ့လက်ဝါးထက် စုစည်းလိုက်ပြီး ရန်ကိုင် တည့်တည့်ဆီ ရိုက်ချလိုက်တယ်။ သူက ရန်ကိုင်ကို လက်ဝါးတစ်ချက်တည်းနဲ့ အဆုံးသတ်ချင်နေတာပါ။
ရန်ကိုင်ကလည်း ဘယ်ငြိမ်ခံနေပါ့မလဲ။ သူ့လက်ညိုးကို အရှေ့ဘက်ဆီ ညွှန်လိုက်ပြီး မီးတောက်ဒိုင်းကာ တစ်ခုကို ဖန်တီးလိုက်တယ်။
ဘုန်း…
လူအိုကြီးရဲ့ လက်ဝါးက ဒိုင်းကာပေါ် ကျဆင်းသွားတာနဲ့ ဒိုင်းကာက ချက်ချင်းပဲ တစ်စစီ ပျက်စီးသွားခဲ့ရတယ်။ ဒါပေမယ့် လူအိုကြီးရဲ့ တိုက်ကွက်ကိုတော့ တားဆီးနိုင်ခဲ့ပါတယ်။
လူအိုကြီးကို ပြင်ဆင်ချိန် နည်းနည်းလေးတောင် မပေးတော့ပဲ ရန်ကိုင်က တန်ပြန် တိုက်ခိုက်လိုက်တယ်။ သူ့စိတ်ထဲကနေ ထိတွေ့ ကိုင်တွယ် မရနိုင်တဲ့ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာခဲ့ပြီး လူအိုကြီးကို ဖြတ်သန်းသွားကာ သူ့နောက်မှာ ရှိနေတဲ့ ဂျူနီယာလေးတွေဆီ ရောက်ရှိသွားခဲ့တယ်။
လူအိုကြီးရဲ့ အမူအရာ တောင့်တင်းသွားခဲ့ရတယ်။ ထိုအခိုက်အတန့်၌ သူမရင်နှီးသည့် ကောင်းကင်စိတ်အာရုံ တစ်ခုက သူ့ကို ဖြတ်သန်းသွားတာကို လူအိုကြီး ခံစားမိလိုက်တယ်။
ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာကို နားမလည် နိုင်တာနဲ့ အလျင်အမြန် နောက်လှည့်ကြည့်လိုက်တဲ့အချိန် ခရမ်းရောင် အလင်းတစ်ခုက သူ့ကျောဘက်၌ ရုတ်တရက် ထွက်ပေါ်လာတာကို လူအိုကြီး တွေ့လိုက်ရတယ်။
ထိုတိတ်တဆိတ် တိုက်ခိုက်မှု ထိမှန်သွားတာကို ခံလိုက်ရချိန်၌ အစစ်အမှန်ဒြပ်စင်အဆင့် ဂျူနီယာတွေရဲ့ ခန္ဓာကိုယ်က တုန်ရီလို့ သွားခဲ့ပြီး သူတို့မျက်နှာတွေက နာကျင်မှုက ရှုံ့မဲ့သွားခဲ့ကြတယ်။
ထို့နောက် နောက်ထပ် ခရမ်းရောင် အလင်းတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
နောက် သုံးကြိမ်မြောက်…
“အား” ယုချင်က သူ့ခေါင်းကို လက်နဲ့ဆုပ်ကိုင်ရင်း နားကျင်စွာနဲ့ အော်ဟစ်လိုက်ကာ ဒယီးဒယိုင် ဖြစ်သွားခဲ့တယ်။ အစစ်အမှန်ချီစွမ်းအင်တွေ ပရမ်းပတာ ဖြစ်ကုန်တဲ့အတွက် ယုချင်လည်း လေထဲ၌ ဆက်ပြီး ဝဲမနေနိုင်တော့ပဲ မိစ္ဆာချီပင်လယ်ထဲ ပြုတ်ကျသွားခဲ့ရတယ်။
ယုချင်ရဲ့ ခန္ဓာကိုယ်က မိစ္ဆာချီပင်လယ်နဲ့ ထိတွေ့သွားတဲ့နဲ့ တရှဲရှဲ မြည်သံနှင့်အတူ သူ့တစ်ကိုယ်လုံး တိုက်စားခြင်း ခံလိုက်ရတယ်။ သူ့အသွေးအသားတွေ အကုန်လုံး အရည်ပျော်ကျကုန်ပြီး ခဏအကြာမှာတော့ အရိုးဖြူဖြူတွေသာ ကျန်ရစ်ပါတော့တယ်။
နှောင်ဖွဲ့ခြင်းကင်း ဂိုဏ်းသားတွေနဲ့ လူအိုကြီးရဲ့ ဂျူနီယာ လေးယောက်စလုံး ယုချင်နဲ့ တူညီသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရတယ်။ အချို့လူတွေက မိစ္ဆာချီပင်လယ်ထဲ နှစ်မြုပ် ပျောက်ကွယ်သွားခဲ့ပြီး အချို့ကတော့ မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ စုတ်ဖြဲခြင်းကို ခံလိုက်ရတယ်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ လူအိုကြီးတို့ အဖွဲ့၌ လူအိုကြီး တစ်ယောက်သာ ကျန်ရှိပါတော့တယ်။ လူအိုးကြီးရဲ့ မျက်နှာကတော့ ထိတ်လန့် တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
လူအိုကြီးက ရန်ကိုင်ကို တုန်လှုပ်ခြောက်ခြားစွာနဲ့ စိုက်ကြည့်နေရင်း အလျင်စလို နောက်ဆုတ်လိုက်ကာ “ဝိဥာဉ်ပညာရပ်လား”
ရန်ကိုင်က လူအိုကြီး မေးတာကို ပြန်မဖြေခဲ့ပဲ ရိုးရိုးရှင်းရှင်းသာ ပြန်ပြုံးပြလိုက်တယ်။
“မဖြစ်နိုင်ဘူး” လူအိုကြီးရဲ့ မျက်နှာ အမူအရာက အရမ်းကို ကြောက်မက် ထိတ်လန့်ဖွယ်ကောင်းသည့် မွန်းစတား တစ်ကောင်လို မြင်တွေ့လိုက်ရသလိုမျိုး ဖြစ်သွားခဲ့တယ်။ သူ့မျက်လုံးနဲ့ တပ်အပ် မြင်နေရပေမယ့် အခု ဖြစ်ပျက်သွားတာတွေ အကုန်လုံးက အစစ်အမှန်တွေ ဆိုတာကို လူအိုကြီး အနေနဲ့ မယုံနိုင်အောင် ဖြစ်နေခဲ့ရတယ်။
ထိုလူငယ်လေးက အစစ်အမှန်ဒြပ်စင်အဆင့်၆ ကျင့်ကြံသူ တစ်ယောက်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ဒါပေမယ့် ထိုအစစ်အမှန်ဒြပ်စင်အဆင့်၆ ကျင့်ကြံသူက အခုလေးပဲ ဝိဥာဉ် ပညာရပ်တစ်ခုကို ထုတ်သုံးသွားခဲ့ပါတယ်။
ပြီးတော့ ထိုဝိဥာဉ်ပညာရပ်ကလည်း လူအိုကြီးနဲ့ တော်တော်လေး ရင်းနှီးနေခဲ့ပါတယ်။ ရန်ကိုင်း သုံးလိုက်တဲ့ ဝိဥာဉ်ပညာရပ်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် အသုံးပြုခဲ့တဲ့ ဝိဥာဉ်ပညာရပ်နဲ့ အတူတူပါပဲ။ ကွဲပြားသွားတာလေး တစ်ခုက ရန်ကိုင် တိုက်ခိုက် စက်ကွင်းက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ တိုက်ခိုက် စက်ကွင်းထက် ပိုပြီး ကျဉ်းမြောင်းနေခဲ့တာပါပဲ။
“မှန်လိုက်တာ၊ ဟုတ်တာပေါ့… ဝိဥာဉ်ပညာရပ် တစ်ခုပဲပေါ့” ရန်ကိုင်က လူအိုကြီးကို ရန်စသည့်ဟန်ဖြင့် စိုက်ကြည့်လိုက်ပြီး “ဟို အထူးအဆီအနှစ်ကနေ ရခဲ့တာလေ၊ ခွေးအိုကြီး… ခင်ဗျား အခုသေလို့ ရပြီ”
“မဟုတ်ဘူး… မဖြစ်နိုင်ဘူး” လူအိုကြီးက ထိတ်လန့် တုန်လှုပ်နေရာကနေ အသိပြန်ဝင်မလာနိုင်ခဲ့သေးပါဘူး။ ရန်ကိုင်ရဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုက သူ့အပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိပေမယ့် သူ့ဝိဥာဉ်က အနည်းနဲ့အများတော့ ဒဏ်ရာရခဲ့ပါတယ်။
“မင်း ဝိဥာဉ်ပညာရပ် တစ်ခုကို ရလိုက်တော့ရော ဘာဖြစ်လဲ၊ ကောင်းကင်စိတ်အာရုံကို မလေ့ကျင့်ရသေးပဲနဲ့ အဲ့ဝိဥာဉ် သိုင်းပညာရပ်ကို အသုံးပြုနိုင်မှာမဟုတ်ဘူး”
ထိုစကားတွေကို ပြောပြီးတာနဲ့ လူအိုကြီးရဲ့ မျက်ဝန်းအစုံက တလက်လက် တောက်ပသွားခဲ့တယ်။ ထို့ကြောင့် ရန်ကိုင်ကို လက်ညိုးထိုးလိုက်ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလိုက်တယ် “ဖြစ်နိုင်တာက… အဲ့အဆီအနှစ်က မင်းရဲ့ ကောင်းကင် စိတ်အာရုံကို နိုးထသွားစေနိုင်လိုက်တာလား”
“အဲ… အဲ့လိုမျိုးပါပဲ” ရန်ကိုင်က ကြိတ်ပြီး ရယ်မောလိုက်ပြီး ဘာမှဆက်ပြီး ရှင်းပြမနေခဲ့ပါဘူး။
ရန်ကိုင် ကောင်းကင် စိတ်အာရုံကို လေ့ကျင့်နိုင်ခဲ့တာ ကြာပါပြီ။ အခုအချိန်မှာတော့ သူ့ဝိဥာဉ်နဲ့ သူ့စိတ်စွမ်းအင်က တော်တော်လေး အားကောင်းနေခဲ့ပါပြီ။ အဲ့လိုမှ မဟုတ်ရင် ဝိဥာဉ်ပညာရပ်ကို တစ်ဆက်တည်းနဲ့ သုံးကြိမ်ဆက်တိုက် သူသုံးနိုင်ခဲ့မှာ မဟုတ်ပါဘူး။
သာမန် အင်မော်တယ် တက်လှမ်းခြင်း စဦးအဆင့် ကျင့်ကြံသူ ဆိုရင်တောင် ဝိဥာဉ်ပညာရပ်ကို တစ်ဆက်တည်း သုံးကြိမ်ဆက်သုံးဖို့က ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး။
ကျောက်တိုင်ပေါ်မှာ ရှိနေတဲ့ ရန်ကိုင်ရဲ့ မိတ်ဆွေအားလုံးကလည်း သူတို့ရဲ့ အံ့အားသင့်၊ ထိတ်လန့်မှုတွေကို ဖုံးဖိမရနိုင်အောင် ဖြစ်နေခဲ့ရတယ်။ အခုလို အရေးကြီးတဲ့ အခြေအနေမျိုးက ရန်ကိုင်က စားပွဲကို အထက်အောက် လှန်လိုက်သလို အခြေအနေတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားအောင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ ထင်မှတ်မထားခဲ့ပါဘူး။
ရန်ကိုင်နဲ့ သိခဲ့ရတာက မကြာသေးပေမယ့် ထိုသိခဲ့ရတဲ့ အချိန် ခဏလေးအတွင်း သူနဲ့ အတူခရီးသွားခဲ့ဖူးသလို အတူတူလည်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ ထို့ကြောင့် “ဆန်းကြယ်မှု” လို့သာ ဖော်ပြနိုင်တဲ့ မှော်ဆန်ဆန် ပြကွက်တွေကို ရန်ကိုင်က ထပ်ခါထပ်ခါ လုပ်ပြသွားတာကိုလည်း သူတို့အားလုံး မြင်တွေ့ခဲ့ရပါတယ်။
မိစ္ဆာလိုဏ်ဂူထဲ၌ ရန်ကိုင်နဲ့သာ မတွေ့ခဲ့ရင် အခုအချိန်လောက်ဆို သူတို့အားလုံး သေနေလာက်ပါပြီ။
ရန်ကိုင်က သူတို့ရဲ့ အသက်ကျေးဇူးရှင် မဟုတ်ရင်တောင် သူပြသခဲ့တဲ့ ခွန်အားနဲ့တင် ဒီမှာ ရှိနေတဲ့ လူအားလုံးက သူနဲ့မိတ်ဆွေ ဖွဲ့ချင်ကြမှာပါ။ သူနဲ့ မိတ်ဆွေ မဖွဲ့နိုင်ရင်တောင် အနည်းဆုံးတော့ ဘယ်သူမှ သူနဲ့ ရန်သူ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။
လူအိုကြီးက နာနာကျင်ကျင်နဲ့ မိစ္ဆာစိတ်ဝိဥာဉ်စမ်းကို အချိန်အတော် ကြာတဲ့အထိ စိုက်ကြည့်နေလိုက်တယ်။ သူကြိုးစားပမ်းစားနဲ့ ကာကွယ်လာခဲ့ရတဲ့ သူ့ရဲ့ ဂျူနီယာလေးယောက်စလုံး ရန်ကိုင်ကြောင့် သေဆုံးသွားခဲ့ရပါပြီ။ ထို့ကြောင့် လူအိုကြီး ရန်ကိုင်ကို အလွန်အမင်း မုန်းတီးမိသွားခဲ့တယ်။
သူ့အမူအရာက အလွန်အမင်း အေးစက်လာခဲ့တယ်။ ခဏတာလောက် တုန့်ဆိုင်နေပြီးနောက် လူအိုကြီးက ရုတ်တရက် နောက်လှည့်လိုက်ပြီး အော်ဟစ်လိုက်တယ် “ကောင်စုတ်လေး၊ မင်းဒီကနေ အသက်ရှင်နိုင်ခဲ့ရင် ကောင်းမယ်၊ အဲ့အခါကျမှ ဒီလူအိုကြီးက မင်းရဲ့ အရေခွံတစ်လွှာချင်းဆီကို ဆွဲခွါပြီး မင်းအရိုးတွေ အားလုံးကို စိစိညက်ညက် ကြေအောင် နင်းခြေပစ်ပေးမယ်”
ရန်ကိုင်က ဝိဥာဉ်ပညာရပ် တစ်ခုကို ကျွမ်းကျင်ထားရင်တောင် လူအိုကြီးက သူ့ကို မကြောက်ပါဘူး။
လူအိုကြီးရဲ့ အမြင်၌ သူ့အာရုံစိုက်ရလောက်အောင် ထိုက်တန်တာဆိုလို့ အောက်မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် စမ်းပဲ ရှိပါတယ်။
ရန်ကိုင်တို့ ရှိနေတဲ့ ကျောက်တိုင်ကို မလုယူနိုင်တော့တဲ့အတွက် သူ့အနေနဲ့ ထွက်ပြေးဖို့ပဲ ကြိုးစား ရပါတော့မယ်။ အခု တစ်ယောက်တည်း ဖြစ်နေပြီဆိုတော့ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ သူ့အနေနဲ့ မျှော်လင့်ရတာပါပဲ။
“ထွက်သွားချင်တာလား၊ အဲ့လောက် မလွယ်ဘူးလေ” ရန်ကိုင်က အေးစက်စက်လေသံနဲ့ အော်ဟစ်လိုက်ပြီး စင်မြင့်ပေါ်ကနေ ပျံသန်းတက်သွားလိုက်တယ်။ လူအိုကြီးကို မှီသွားတာနဲ့ သူ့နဖူးထက်ကနေ စိတ်စွမ်းအင်စီးကြောင်း တစ်ခု ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ် သူ့စိတ်စွမ်းအင်က အရင်က ထုတ်လွှတ်ခဲ့တဲ့ ပုံစံနဲ့ အနည်းငယ် ကွဲပြားနေခဲ့ပါတယ်။ အရင်က လှိုင်းလုံးတွေ ဆိုရင် အခုက အလင်းတန်း တစ်ခုပါ။ ထိုခရမ်းရောင် အလင်းတန်းက လူအိုကြီးရဲ့ ခေါင်းထဲ ချက်ချင်းပဲ နစ်မြုပ်သွားခဲ့တယ်။
ဒါက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် သုံးခဲ့တဲ့ နောက်ထပ် ဝိဥာဉ်ပညာရပ် တစ်ခုပါ။ အရှေ့က သုံးခဲ့တဲ့ဟာက ဧရိယာတစ်ခုလုံးကို တိုက်ခိုက်တဲ့ ဝိဥာဉ်ပညာရပ် အမျိုးအစား ဖြစ်ပြီး အခု အသုံးပြလိုက်တာကတော့ ပစ်မှတ် တစ်ခုတည်းကိုပဲ ဦးတည်တိုက်ခိုက်တဲ့ ဝိဥာဉ်ပညာရပ်ပါ။ နှစ်ခုစလုံးက တူတယ် ထင်ရပေမယ့် တကယ်တမ်း လုံးဝကို မတူပါဘူး။
ရန်ကိုင်က သူ့နောက်ကနေ အခုလိုမျိုး လိုက်လံ တိုက်ခိုက်လိမ့်မယ်လို့ လူအိုကြီး မထင်ထားခဲ့ပါဘူး။ ထို့ကြောင့် ရန်ကိုင် တိုက်ခိုက်လိုက်တာကို လူအိုကြီး မရှောင်တိမ်းနိုင် ဖြစ်သွားခဲ့ရတယ်။ ခရမ်းရောင် အလင်းတန်း ထိမှန်ခြင်း ခံလိုက်ရတာနဲ့ လူအိုကြီးရဲ့ ခန္ဓာကိုယ် တစ်ချက်လောက် တုန်ခါသွားခဲ့ပြီး နောက် အောက်ဘက်ရှိ မိစ္ဆာချီပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့တယ်။
Martial Peak
အပိုင်း (၃၄၅) နောက်တစ်ကြိမ် အထူးအဆန်း လုပ်ပြလိုက်ပြန်ပြီလား
လူအိုကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက မိစ္ဆာချီပင်လယ်ထဲ ကျဆင်းသွားတာနဲ့ ဆီပူအိုးထဲ ကျသွားသလိုမျိုး တရှဲရှဲမြည်သံတို့ ထွက်ပေါ်လာခဲ့တယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ တိုက်စားနိုင်စွမ်းက အရမ်းကို ပြင်းထန်လှပါတယ်။ ခဏလေးပဲ ဆိုပေမယ့် လူအိုကြီးရဲ့ အသားတော်တော်များများက တိုက်စားခံရပြီးနေခဲ့ပါပြီ။
လူအိုကြီးက နာနာကျင်ကျင်နဲ့ အော်ဟစ်လိုက်ပြီး သူ့ကိုယ်ထဲ စိမ့်ဝင်လာတဲ့ မိစ္ဆာချီစွမ်းအင်ကို ခုခံနိုင်ဖို့ရာ ဒေါသတကြီးနဲ့ အစစ်အမှန်ချီကို လှည့်ပတ်လိုက်တယ်။
ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစားခုခံပါစေ မိစ္ဆာချီကတော့ သူ့ကိုယ်ထဲ ဆက်ပြီး ပျံ့နှံ့နေဆဲပါပဲ။
လူအိုကြီးက မလျှော့သော ဇွဲဖြင့် အံတင်းတင်း ကြိတ်ရင်း လေထဲကို ပျံတက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့တယ်။ သို့ပေမယ့် မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ အားကောင်းလှသည့် စုပ်ငင်အားကြောင့် မမြင်နိုင်သည့် လက်ကြီးတစ်ဖက်က သူ့ကို ဆွဲထားသလို ဖြစ်နေခဲ့ကာ လူအိုကြီးအနေနဲ့ လေထဲသို့ မပျံတက်နိုင်အောင် ဖြစ်နေခဲ့ရပါတယ်။
မသိတဲ့လူသာဆိုရင် လူအိုကြီးက နတ်ဆိုးနွံအိုင်တစ်ခုထဲကို ကျသွားတယ်လို့ ထင်နေမိမှာပါ။ သူပိုပြီး ကြိုးကြိုးစားစားနဲ့ ရုန်းကန်လေ နစ်မြုပ်တဲ့ နှုန်းက ပိုမြန်လေပါပဲ။
ရန်ကိုင်က ထိုကဲ့သို့ အခွင့်အရေးကောင်းကြီးကို ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်ပါ့မလဲ။ ချက်ချင်းပဲ လူအိုကြီး ခေါင်းထက် ပျံသန်းသွားလိုက်ပြီး နှစ်ချက်ဆင့်ကာ ရိုက်ချလိုက်တယ်။ တောင်တစ်လုံးလို လေးလံတဲ့ ဖိအားက လူအိုကြီးပေါ် ကျဆင်းလာခဲ့တယ်။
နေမီးတောက် ပေါက်ကွဲခြင်း ပညာရပ်နှင့် အသစ်ရရှိထားတဲ့ ဝိဥာဉ် ပညာရပ်တို့ကို ပူးပေါင်းပြီး တိုက်ခိုက်လိုက်တာ ဖြစ်တဲ့အတွက် ရန်ကိုင်ရဲ့ လက်ဝါးနှစ်ချက်က ခရမ်းကြက်သေးရောင် တောက်ပလို့ နေခဲ့တယ်။
မဟာ ကောင်းကင်တစ်ခွင်ကို တုန်လှုပ်သွားစေမယ့် ရိုက်ချက်လား…
လူအိုကြီးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ တစ်ယောက်ဖြစ်ပေမယ့် အခုအချိန်၌ သူက ခွန်အား နည်းနည်းလေးတောင် ထုတ်မသုံး နိုင်တော့သည့် လှောင်အိမ်ထဲ၌ မိနေသည့် ကျားတစ်ကောင်သာသာပဲ ရှိပါတော့တယ်။ ကိုယ်ဖြစ်ချင်တိုင်း အရာအားလုံးက ဖြစ်လာတာမှ မဟုတ်တာပါ။ ထို့ကြောင့် လူအိုကြီးအနေနဲ့ ဆန္ဒမရှိတောင် အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ လုပ်လို့မရနိုင်ပါဘူး။ ထို့ကြောင့် ရန်ကိုင် လက်ဝါးနှစ်ချက် သူ့ကို လာမှန်းသည်ကို ကူကယ်ရာမဲ့စွာနဲ့ ကြည့်နေရင်း မိစ္ဆာချီပင်လယ်ထဲ နစ်မြုပ်သွားခဲ့တယ်။
သနာစရာ ကောင်းလှစွာသည့် အော်ဟစ်သံတွေနှင့်အတူ မိစ္ဆာချီပင်လယ် မျက်နှာပြင်ထက် ရုန်းကန်လှုပ်ရှားနေသည့် လူအိုကြီးရဲ့ ဝေဝေဝါးဝါး ပုံရိပ်ကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား ထိုမိစ္ဆာချီပင်လယ်ရဲ့ ချုပ်နှောင်ခြင်းကနေ မလွတ်မြောက် နိုင်ခဲ့ပါဘူး။ ထို့ကြောင့် မိစ္ဆာချီပင်လယ်ရဲ့ အောက်ခြေဆီ တဖြည်းဖြည်းနဲ့ နစ်မြုပ်သွားခဲ့ကာ အားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
အသက်ရှုရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပဲ လူအိုကြီးရဲ့ အော်သံတို့ ပျောက်ကွယ်သွားခဲ့ပါပြီ။
ရန်ကိုင်တောင် ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ထိတ်လန့် နေခဲ့မိတယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ တိုက်စားနိုင်စွမ်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် စက္ကန့်အနည်းငယ်အတွင်း ပျော်ကျသွားစေနိုင်တဲ့အထိ အားကောင်းလိမ့်မယ်လို့ ရန်ကိုင် ထင်မထားခဲ့ပါဘူး။
ရွှေရောင်အရိုးခြောက်ရဲ့ အကူအညီနဲ့ ထိုမိစ္ဆာစိတ်ဝိဥာဉ်စမ်းထဲ လွတ်လွတ်လပ်လပ်နဲ့ သူလှုပ်ရှား သွားလာနိုင်ပါတယ်။ ဒါပေမယ့် အခြားတစ်ယောက်သာ မိစ္ဆာစိတ်ဝိဥာဉ်စမ်းထဲ ကျသွားခဲ့မယ် ဆိုရင်တော့ သူတို့ကို စောင့်ကြိုနေမှာက သေခြင်းတရားကလွဲပြီး အခြားမရှိပါဘူး။
ငါရဲ့ အစစ်အမှန်ယန်ယွမ်ချီက အဲ့မိစ္ဆာချီတွေကို… တောင့်ခံနိုင်ပါ့မလား
ရန်ကိုင်တောင် သူ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီကို မယုံ့တယုံ ဖြစ်လာခဲ့ရပါပြီ။ ထို့နောက် သူ့အဖွဲ့သားတွေ ရှိရာဆီ အလျင်စလိုနဲ့ ပြန်ပြေးသွားလိုက်တယ်။
စိတ်စွမ်းအင်ကို အလွန်အကျွံ အသုံးပြုခဲ့တာက သူ့ကို တော်တော်လေး အားအင်ကုန်ခမ်း သွားစေခဲ့ပါတယ်။ ဒါပေမယ့် သူ့မျက်နှာထက်မှာတော့ မောပန်းနွမ်းနွယ်သည့် အရိပ်အယောင် နည်းနည်းလေးတောင်မှ မတွေ့ရပါဘူး။
ကျောက်တိုင်ပေါ် ပြန်ရောက်လာတဲ့ အချိန်၌ အားလုံးက သူ့ကို ငေးကြောင်ကြည့်နေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဒီလောက်လွယ်လွယ်နဲ့ သူသတ်နိုင်ခဲ့တာကို သူတို့အားလုံး မယုံနိုင်အောင် ဖြစ်နေတဲ့ ပုံပါပဲ။
လူအိုကြီးကို သတ်နိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းက မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ အကူအညီကြောင့် ဆိုပေမယ့် ရန်ကိုင် နေရာမှာသာ အခြားတစ်ယောက်ဆိုရင် သူ့လိုမျိုး လုပ်နိုင်လိမ့်မည် မဟုတ်ပါဘူး။
“အဟမ်း… ကြည့်ရတာ ငါတို့ပဲ ကျန်တော့တဲ့ ပုံစံပဲ” ချန်ရီက ချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ်။ သူချောင်းဟန့် လိုက်တော့မှပဲ အားလုံး အသိပြန်ဝင်လာခဲ့တယ်။
“အင်း၊ ကျန်တဲ့လူတွေ အကုန်လုံး သေကုန်ကြပြီ…” လန်ရှန်းက တစ်ဖက် ဗလာဖြစ်နေတဲ့ ကျောက်တိုင်ကို ကြည့်ပြီး ပြောလိုက်တယ်။
တစ္ဆေဘုရင်တောင်ကြားက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ပြင်းပြင်းထန်ထန် ရန်စမိလိုက်တဲ့အတွက် လန်ရှန်း တော်တော်လေး စိုးရိမ်နေခဲ့ရတယ်။ ပြီးတော့ သူမရဲ့ ဆရာက ထိုကိစ္စကြောင်း အားလုံးကို အပြစ်ပေးမှာကို သူမကြောက်မိနေပါသေးတယ်။ ဒါပေမယ့် ထိုကိစ္စကို သိထားကြတဲ့ ယုချင်တို့အဖွဲ့က ဒီနေရာမှာ သေသွားခဲ့ကြလိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ပါဘူး။ ဒါက သူမအတွက်တော့ တကယ့်ကို ကျေနပ်ဝမ်းမြောက်စရာ သတင်း တစ်ခုပါ။
နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ အကုန်လုံး ဒီမိစ္ဆာလိုဏ်ဂူထဲက အသက်ရှင်လျှက် ပြန်ထွက်မသွား နိုင်ခဲ့ရင် ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို သူတို့ ဂိုဏ်းဆီ ပြန်သတင်းပို့မယ့်သူ ရှိတော့မှာ မဟုတ်ပါဘူး။
“ငါတို့ကျောက်တိုင်ပေါ် ရောက်လာပြီ” ထောင်ရန်ကိုင် ရုတ်တရက် ထအော်လိုက်တယ်။ သူ့ အကြည့်ကတေ့ အလင်းအကာအရံ အပြင်ဘက်ကိုသာ စိုက်ကြည့်နေခဲ့ပါတယ်။
အခုအချိန်၌ မိစ္ဆာချီတွေက မိစ္ဆာစိတ်ဝိဥာဉ်စမ်းကနေ ပိုမို အရှိန်ပြင်းထန်စွာနဲ့ ထွက်ပေါ်နေခဲ့ပါတယ်။ မိစ္ဆာချီပင်လယ်က သူတို့ ရှိနေတဲ့ ကျောက်တိုင်ကိုတောင် ကျော်လွန်လာခဲ့ပါပြီ။
သူတို့ ငေးကြည့်မိရာ အရပ်တိုင်း၌ အဆုံးမဲ့ အမှောင်ပင်လယ်ကြီး ရှိနေခဲ့တယ်။ ထိုအနက်ရောင် အရည်တွေက အလင်းအကာအရံ ထိတွေ့သွားတာနဲ့ တရှဲရှဲမြည်သံနှင့်အတူ လောင်ကျွမ်းပါတော့တယ်။
ထိုအဆုံးမဲ့ အမှောင်ပင်လယ်ထဲ ဦးတည်ချက်မဲ့စွာ သွားလာနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို တစ်ခါတရံ သူတို့ မြင်တွေ့ရတတ်ပါတယ်။
လိုဏ်ဂူထဲကနေ အလျင်စလို ထွက်ပြေးဖို့ မကြိုးခဲ့မိတာကို အားလုံး ဝမ်းသာ နေခဲ့ကြတယ်။ သူတို့သာ အလင်းအကာအရံထဲကနေ ထွက်ပြေးဖို့ ကြိုးစားလိုက်တာနဲ့ မိစ္ဆာချီပင်လယ်ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရမှာပါ။
အနက်ရောင် မိစ္ဆာချီက အလင်းအကာအရံနဲ့ ထိကပ်နေတဲ့အတွက် တရှဲရှဲမြည်သံတို့က အဆက်မပြတ် ထွက်ပေါ်နေခဲ့တယ်။
အချိန်တွေ ကုန်ဆုံးလာတာနဲ့ အားလုံးရဲ့ အကြောအချဉ်တွေ ထုံထိုင်းလာခဲ့ကြတယ်။ အားလုံးက အလင်းအကာအရံကိုသာ ငေးကြည့်နေခဲ့ကြပြီး ထိုအကာအရံကြီး ဆက်ပြီး တောင့်ခံနိုင်ပါစေလို့ ဆုတောင်းနေခဲ့ကြတယ်။
အခုအချိန်၌ အလင်းအကာအရံသာ ပျက်စီးသွားခဲ့မယ်ဆိုရင် ရန်ကိုင်က လွဲပြီး ကျန်တဲ့လူတွေ အားလုံး သေရမှာပါ။
ဒုတ်… ဒုတ်…
မိစ္ဆာစိတ်ဝိဥာဉ်စမ်းဆီက ပိုပြီးပြင်းထန်တဲ့ အသံတို့ ထွက်ပေါ်လာခဲ့ပြီး စမ်းဆီမှ မိစ္ဆာချီတို့ စီးထွက်လာတဲ့ နှုန်းကလည်း ပိုပြီးပြင်းထန် မြန်ဆန်လာခဲ့တယ်။ အလင်းအကာအရံထဲ ရှိနေတဲ့ လူအားလုံး နှလုံးခုန်မြန်သွားခဲ့ကြပြီး နောက်ဖြစ်လာမယ့် အရာတွေကို ကြိုတင်မှန်းဆ တွေးတောရင်း တုန်လှုပ်ခြောက်ခြား သွားခဲ့မိကြတယ်။
ခွမ်း… ရုတ်တရက် တစ်ခုခု ပျက်စီးကျိုးပျက်သွားတဲ့ အသံကို အားလုံး ကြားလိုက်ကြရတယ်။
ထိုအသံကို ပထမဆုံး သတိပြုမိလိုက်တဲ့ ကျောင်းရုန်ရဲ့ မျက်နှာက ချက်ချင်းပဲ ဖြူလျော်သွားခဲ့ပြီး ကြောက်လန့်တကြားနဲ့ အော်ပြောလိုက်တယ် “ပထမအလွှာ ကျိုးပျက်သွားပြီ”
“နင်တကယ် ပြောနေတာလား” ချန်ရီရဲ့ မျက်နှာလည်း ဖြူရာမှ စိမ်းသွားခဲ့ကာ ချက်ချင်းပဲ ပြန်ပြီး မေးလိုက်တယ်။
မိစ္ဆာချီက သူတို့ အလင်းအကာရံကို ဖုံးလွှမ်းသွားတာက အချိန်ခဏပဲ ရှိပါသေးတယ်။ ဒါပေမယ့် ပထမ အလွှာက ကျိုးပျက်လို့ သွားခဲ့ပါပြီ။ ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အကာအရံ အလွှာ၂၀လုံး ကျိုးပျက်သွားဖို့ သိပ်ကြာတော့မှာ မဟုတ်ပါဘူး။
“ငါခြောက်နေတာ မဟုတ်ဘူး။ ငါ့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့တာ” ကျောင်းရုန်က တုန်ရီနေတဲ့ အသံနဲ့ အော်ပြောလိုက်တယ်။
တစ်ခါတစ်ရံ ကျတော့လည်း သေရတာက အရမ်း မဆိုးရွားလှပါဘူး။ ဥပမာ ပြောရမယ်ဆိုရင် ရုတ်တရက်ကြီး ဓါးနဲ့ ထိုးသတ်ခံလိုက်ရလို့ သေလို့သေမှန်း မသိသွားတဲ့ အခါမျိုးမှာပေါ့။
သေရတာထက် ပိုပြီး ဆိုးရွားတဲ့ ခံစားချက်က သေမှာကို ထိုင်စောင့်နေရတာပါပဲ။ ထိုကဲ့သို့ ကိုယ်သေမှာကို တွေးပူပြီး ထိုင်စောင့်နေရတဲ့ ခံစားချက်က အရမ်းအရမ်းကို ဆိုးရွားလွန်းလှပါတယ်။
“အကာအရံတွေ အာလုံး ပျက်စီးသွားရင် ဘာဖြစ်သွားမှာလဲဟင်” ချန်ရင်က ငိုတော့မဲ့ မျက်နှာနဲ့ မေးလိုက်တယ်။
“နင့်ရဲ့ သောကျက်သရေ မရှိတဲ့ ပါးစပ်ကို ပိတ်ထားရင် ဘာဖြစ်မှာ မို့လို့လဲ” လန်ရှန်က အသံကုန် အော်ဟစ်ကာ ကျိန်းမောင်းလိုက်တယ်။
ချက်ချင်း ဆိုသလို အားလုံးရဲ့ အကြည့်က ရန်ကိုင့်ထံ ရောက်ရှိသွားခဲ့တယ်။
ရန်ကိုင်က နောက်ထပ် ဆန်းကြယ်မှု တစ်ခုကို ဖန်တီးပြီး သူတို့အားလုံးကို ဒီအန္တရာယ်ဆိုးကြီးကနေ ကယ်ထုတ်သွားနိုင်ဖို့ အားလုံး မျှော်လင့်နေခဲ့ကြတာပါ။
ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ပြောလိုက်တယ် “နောက်ထပ် အလင်းအကာအရံတွေ ငါထပ်ဖန်တီး ပေးလို့ ရသေးတယ်”
ထိုစကားကို ကြားလိုက်တော့မှပဲ အားလုံး စိတ်သက်သာရာ ရသွားခဲ့တော့တယ်။ ချန်ရီက ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ပြီး “ကြည့်၊ ညီအစ်ရန်မှာ အစီအစဉ် တစ်ခု ရှိလိမ့်မယ်လို့ မင်းတို့ကို ငါမပြောဘူးလား၊ ဟား ဟား ဟာ။ အကာအရံတွေသာ ရှိနေမယ်ဆိုရင် ငါတို့ ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး”
အလင်းအကာအရံ နောက်မှာ ပုန်းနေသရွေ့ သူတို့ အသက်တွေက လုံခြုံနေမှာပါ။
ဒါပေမယ့် ထောင်ရန်က မျက်မှောင်ကြုံ့ရင်း တွေးတွေးတောတောနဲ့ ရန်ကိုင်ကို မေးလိုက်တယ် “နောက်ထပ် အကာအရံ ဘယ်လောက်များများ ညီအစ်ကိုရန် ဖန်တီးနိုင်သေးလဲ”
သူ့ဒန်ထဲက ယန်အရည်စက် ပမာဏကို စစ်ဆေးလိုက်ပြီးနောက် ရန်ကိုင်က အသာအယာလေး ပြန်ပြောလိုက်တယ် “အလွှာ၅၀လောက်က ပြဿနာမရှိဘူး”
ထိုစကားကို ကြားလိုက်တာနဲ့ ထောင်ရန် တံတွေးသီးကာ အဆက်မပြတ် ချောင်းဆိုးလိုက်ရပြီး ရန်ကိုင်အား ထူးထူးဆန်းဆန်း မွန်းစတား တစ်ကောင်ကို ကြည့်နေသလို ကြည့်နေလိုက်တယ်။
ထိုအကာအရံ တစ်ခုမှ ပါဝင်တဲ့ စွမ်းအင်ပမာဏက အရမ်းကို များပြားလှပါတယ်။ ဒါပေမယ့် နောက်ထပ် အလွှာ၅၀ကိုတောင် ထပ်ပြီး ဖန်တီးနိုင်သေးတယ် ဆိုတော့… ရန်ကိုင် ကိုယ်ထဲမှာ အစစ်အမှန် ချီစွမ်းအင်တွေ ဘယ်လောက်တောင် ရှိနေလဲ ဆိုတာကို ထောင်ရန် မစဉ်းစားတတ်တော့ပါဘူး။
ဒါပေမယ့် ချက်ချင်းပဲ နောက်တစ်ကြိမ် မျက်မှောင်ကြုံ့လိုက်ပြီး စိုးရိမ်စွာနဲ့ ပြောလိုက်တယ် “အဓိက ပြဿနာက မိစ္ဆာစိတ်ဝိဥာဉ်စမ်းက မိစ္ဆာချီတွေ ထွက်ပေါ်လာနေတာ ဘယ်အချိန်မှ ရပ်မလဲ ဆိုတာပဲ။ ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ညီအစ်ကိုရန်ရဲ့ အလွှာ၅၀ အကူအညီနဲ့တောင် အများဆုံးမှ နောက်ထပ်နာရီဝက်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ်။ နောက်ထပ် နာရီဝက် ကြာတဲ့အထိ မိစ္ဆာချီတွေက ဆက်ပြီး မြင့်တက်နေရဦးမယ် ဆိုရင်…”
ရန်ကိုင်လည်း မျက်မှောင်ကြုံ့မိလိုက်လေပြီ။ ထိုကိစ္စကိုပဲ သူလည်း စိုးရိမ်နေတာပါ။
သူ့ရဲ့ လုံခြုံမှုကို စိုးရိမ်စရာ မလိုဘူးဆိုပေမယ့် ဟူညီအစ်မနှစ်ယောက်က ဒီနေရာမှာ ရှိနေခဲ့ပါတယ်။ သူမတို့နှစ်ယောက် သေတော့မှာကို သူက ဒီအတိုင်း ထိုင်ကြည့်နေရမှာလား၊ လုံးဝကို မဖြစ်နိုင်ပါဘူး။
သူအားနည်းပြီး အခြားသူတွေ အထင်အမြင် သေးတာကို ခံခဲ့ရတဲ့ အချိန်တုန်းကက ထိုညီအစ်မ နှစ်ယောက်က သူ့အပေါ် အရမ်း ကောင်းခဲ့ပါတယ်။ အခုအချိန်ထိလည်း ကောင်းနေတုန်းပါပဲ။ ထို့ကြောင့် သူမတို့က သူ့နှလုံးသားထဲ အထူးနေရာ တစ်ခုမှာ ရှိနေတယ် ဆိုတာ မေးခွန်း ထုတ်စရာ မလိုပါဘူး။
အလွှာ၅၀ဆိုတာ မယုတ်မလွန် တွက်ချက်ထားတာပါ။
အရမ်းကို အရေးကြီးတဲ့ အခြေအနေကို ရောက်လာပြီ ဆိုရင်တော့ ရန်ကိုင်က ကျန်ရှိတဲ့ အစစ်အမှန် ယန်ယွမ်ချီနဲ့ ထိုညီအစ်မ နှစ်ယောက်ကို ကာကွယ်ပြီး ဒီနေရာကနေ ပျံသန်းထွက်သွားမှာပါ။
သူဒီမှာ နေဖို့ ကျန်ရစ်ခဲ့တာက တစ္ဆေဘုရင်တောင်ကြားနှင့် ရတနာဂိုဏ်းက တပည့်တွေနဲ့ ဆက်ဆံရေး ကောင်းကောင်း ထူထောင်ချင်လို့ပါ။
ဒါပေမယ့် အမှန်အတိုင်း ပြောရမယ်ဆိုရင် သူတစ်ယောက်တည်းနဲ့ ဒီမှာ ရှိနေတဲ့ လူအားလုံးရဲ့ လုံခြုံမှုကို တာဝန်မယူပေးနိုင်ပါဘူး။ ပြီးတော့ ထိုလူတွေ အားလုံးကလည်း သူနဲ့ အရမ်းရင်းနှီးတဲ့ လူတွေ မဟုတ်ပါဘူး။ အခြေအနေတွေက သူမထိန်းချုပ်နိုင်တဲ့အထိ ရောက်လာပြီ ဆိုရင်တော့ ရန်ကိုင်လည်း ကိုယ်လွတ်ရုန်း ပြေးရတော့မှာပါ။ အဲ့အချိန်ကျ သူနဲ့ ပိုပြီး ရင်းနှီးတဲ့ လူတွေကိုပဲ ဦးစားပေး ရွေးချယ်ရမှာပါ။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာတာနဲ့ စင်မြင်ထက်ရှိ လူတွေရဲ့ စိတ်နှလုံးအစုံက အေးစက် တောင့်တင်းလာခဲ့တယ်။
ဟူမေးအာက ရန်ကိုင် မျက်နှာကို လှမ်းကြည့်လိုက်ပေမယ့် သူ့မျက်နှာထက် စိုးရိမ်ပူပန်သည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့လိုက်ရတဲ့ အခါမှာတော့ ရန်ကိုင်ဆီ အလိုလို မှီမိလိုက်တယ်။
ဟူကျောင်းအာက သူမ ညီမလေးရဲ့ အတွေးတွေကို သတိပြုမိတာနဲ့ ပြုံးလိုက်ပြီး အခြားတစ်နေရာဆီ လှမ်းကြည့်လိုက်တယ်။
“ဟုတ်ပြီ၊ ငါမေးရဦးမယ်၊ ငါ့ရဲ့ ဆရာဖိုးဖိုးနဲ့ ပက်သက်တဲ့ သတင်းတွေ နင်တို့ ကြားမိသေးလား” အခုအခြေအနေနဲ့ ပက်သက်ပြီး သူအနေနဲ့ စိုးရိမ်ပူပန်စရာ မလိုတဲ့အတွက် ရန်ကိုင်က သူစိုးရိမ်နေတာကို ဟူမေးအားတို့ ညီအစ်မနှစ်ယောက်အား မေးဖို့ ဆုံးဖြတ်လိုက်တယ်”
“နင့်ရဲ့ ဆရာဖိုးဖိုးလား” ဟူမေးအာက ရန်ကိုင်ကို စိတ်ရှုပ်ရှုပ်နဲ့ ကြည့်လိုက်တယ်။ ဒါပေမယ့် သူမမျက်နှာက ရန်ကိုင်မျက်နှာနဲ့ အရမ်းနီးကပ်နေမှန်း သတိပြုမိလိုက်တဲ့ အခါမှာတော့ ရှက်သေး ဖြာသွားခဲ့ပြီး ချက်ချင်းပဲ အခြားတစ်ဖက်ဆီ အကြည့်လွှဲလိုက်တယ်။
“လင်းတိုင်ရှု”
“အို” ဟူမေးအာက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး တစ်ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်တယ် “ငါတို့လည်း နင့်ရဲ့ ဆရာဖိုးဖိုးနဲ့ ပက်သက်ပြီး အများကြီး သိမထားဘူး။ အဲ့ညတုန်းက ကောင်းကင်စံအိမ်မှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွါးခဲ့တယ်။ ချူမိသားစု အဖွဲ့က နင်တို့ ကောင်းကင်စံအိမ်ကို ထိန်းချုပ်ဖို့ ကြိုးစားလို့ တိုက်ပွဲဖြစ်ခဲ့တဲ့ ပုံပဲ။ ဂိုဏ်းချုပ်လင်းက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားပြီလို့ ငါ့အဖေက ပြောခဲ့တာပဲ။ ဂိုဏ်းချုပ်လင်းက အရမ်းကို အံအားသင့်စရာ ကောင်းတာပဲ”
“တိုက်ပွဲ ရလဒ်ကကော” ရန်ကိုင်က စိုးရိမ်တကြီး မေးမြန်းလိုက်တယ်။
“ဂိုဏ်ချုပ်လင်းရဲ့ မယုံနိုင်လောက်ဖွယ် ခွန်အားနဲ့ အကြီးအကဲ လေးယောက်ပူးပေါင်းပြီး ချူမိသားစုက ပညာရှင်တွေ အားလုံးကို အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမယ့် အဲ့တိုက်ပွဲ ပြီးသွားတဲ့ နောက်ပိုင်းတော့ ဂိုဏ်းချုပ်လင်းနဲ့ အကြီးအကဲ လေးယောက်စလုံးကို မတွေ့ရတော့ဘူး”
“အဲ့ဒါကောင်းတယ်” အခုမှပဲ ရန်ကိုင်နှလုံးသားလေး အနည်းငယ် ပေါ့ပါးသွားခဲ့ရတယ်။ လင်းတိုင်ရှုရဲ့ ခွန်အားနဲ့ဆိုရင် မိသားစုကြီးတွေက ခေါင်းဆောင် အဆင့်တွေ မလာသရွေ့ အလွယ်လေး ပြေးလို့ လွတ်ပါတယ်။ ဒါပေမယ့် ဒီလောက် ကြာပြီးတာတောင် လင်းတိုင်ရှုနဲ့ ပက်သက်တဲ့ သတင်း နည်းနည်းပါးပါးလေးတောင် မကြားရတော့ ရန်ကိုင် စိုးရိမ်မိသွားခဲ့ပြန်ပါတယ်။
“နင်တို့ ကောင်းကင်စံအိမ်က လူတွေ ပြေးလို့ လွတ်ပေမယ့် ငါတို့သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လူတွေကတော့ အဲ့လောက်အထိ ကံမကောင်းခဲ့ဘူး” ဟူမေးအာရဲ့က ငိုသံလေးနဲ့ ပြောလိုက်တယ်။
“ဘာဖြစ်ခဲ့လို့လဲ”
“နတ်ဆိုးအရှင်သခင်က ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာခဲ့တော့ ချူမိသားစုက နင်တို့ ကောင်းကင်စံအိမ်ကို ထိန်းချုပ်ဖို့အတွက် လူတွေ လွှတ်လိုက်တယ်၊ ဒါပေမယ့် အဲ့လို လွှတ်လိုက်တုန်းက သူတို့ မိသားစုက အရမ်းကို အရေးကြီးတဲ့ လူတစ်ယောက် ပါသွားခဲ့တယ်။ အဲ့အရမ်း အရေးကြီးတဲ့က တိုက်ပွဲဖြစ်တဲ့ နေ့ကတည်းက ပျောက်သွားခဲ့တာ အခုအချိန်ထိ အဲ့လူအကြောင်း သတင်းနည်းနည်းတောင် မရသေးဘူးလေ။ ဒါကြောင့်ပဲ ချူမိသားစုက ပျောက်သွားတဲ့ လူအကြောင်း စုံစမ်းဖို့ နောက်တစ်ဖွဲ့ ထပ်လွှတ်လိုက်တယ်။ ဒါပေမယ့် နင်တို့ ကောင်းကင်စံအိမ်က လူတွေကို မတွေ့လည်း မတွေ့ရော၊ ငါတို့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်ကို လာပြီး အပြစ်တင်တယ်။ အဲ့လိုနဲ့ပဲ ငါတို့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က အဖွဲ့သားတွေ တိမ်မိစ္ဆာနယ်မြေနဲ့ စစ်ဖြစ်နေတဲ့ ရှေ့တန်းနေရာဆီ ပို့ခံလိုက်ရတယ်။ အဲ့လို အပို့ခံရတာကြောင့်သာ မဟုတ်ရင် အစ်မကြီးနဲ့ ငါက ဘာလို့ ဒီနေရာကို ရောက်နေရမှာလဲ” ဟူမေးအာက ညင်သာစွာနဲ့ ပြန်ပြောလိုက်တယ်။
သူမ ပြောတာကို နားထောင်ရင်း ထိုညီအစ်မ နှစ်ယောက် တိမ်မိစ္ဆာနယ်မြေမှာ ဘာလို့ ပေါ်လာရတာလဲ ဆိုတာကို ရန်ကိုင် နားလည်သွားခဲ့တယ်။
“ငါနောက်နေတာပါ၊ နင်တို့ ကောင်းကင်စံအိမ်ကိုလည်း ဒီအတွက်နဲ့ အပြစ်မတင်ပါဘူး။ အဲ့ချူမိသားစုကပဲ အကြောင်းပြချက်မရှိ သူတို့စိတ်ထင်တိုင်း လုပ်နေတာ” ရန်ကိုင်က တိတ်ဆိတ်သွားတာ မြင်တော့ သူများ စိတ်ပျက်၊ စိတ်ညစ် သွားတာလား ဆိုပြီး ကမန်းကတန်းနဲ့ အလျင်စလို ရှင်းပြပါတော့တယ်။
“ငါနားလည်ပါတယ်” ရန်ကိုင်က ပြန်ပြောလိုက်ပြီးနောက် ရုတ်တရက် ကောက်မေးလိုက်တယ် “စုယန်ရော၊ စုယန် အကြောင်း နင်တို့ သတင်းတွေ၊ ဘာတွေ ကြားမိသေးလား”
“ဟင့်အင်း” ဟူမေးအာက အသာအယာလေး ခေါင်းခါရမ်းလိုက်တယ်။ စုယန်က ကောင်းကင်စံအိမ်က အဖွဲ့သားတွေနဲ့အတူ လေဟာနယ် လျှောက်လမ်းကို ကျော်ဖြတ်ပြီး ကီလိုမီတာပေါင်း သောင်းကျော် အကွာအဝေးဆီသို့ လွတ်မြောက်သွားတာကို ဟူမေအာ မသိသေးတဲ့ ပုံပါပဲ။
“နင်တို့ရဲ့ ကောင်းကင်စံအိမ်က တပည့်တွေနဲ့ အကြီးအကဲတွေ အကြောင်း ဘာသတင်းမှ မကြားရသလို ချူမိသားစုက အရေးကြီးတဲ့ လူကလည်း ပျောက်နေသေးတယ် ဆိုတော့ ချူမိသားစုကနေ နောက်ထပ် ရောက်လာတဲ့ အဖွဲ့ ဒေါသထွက်ထွက်နဲ့ နင်တို့ ကောင်းကင်စံအိမ်တစ်ခုလုံး ဖျက်စီးပစ်လိုက်တယ်၊ … အခု နင်တို့ ကောင်ကင်စံအိမ် တစ်ခုလုံးက အပျက်အစီး ပုံကြီး ဖြစ်နေခဲ့ပြီ”
ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး ခေါင်းညိတ်လိုက်တယ် “ကောင်ပြီ”
“အန်… အဲ… အဲ့ကိစ္စကို စိတ်ထဲထားမနေပါနဲ့” ဟူမေးအာ အနေနဲ့ ရန်ကိုင် စိတ်ဓါတ်ကျနေတာကိုလည်း မကြည့်ရက်၊ ဘယ်လို နှစ်သိမ့်ပေးရမှန်းလည်း မသိတော့ ရန်ကိုင်ကိုယ်လေးကို မှီလိုက်ပြီး သူ့လက်လေးကိုသာ ကိုင်ထားပေးလိုက်တယ်။
ရန်ကိုင်လည်း သူမကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိတယ်။
ဟူမေးအာက ခေါင်းလေး ငုံ့လိုက်ပြီး စိတ်ထဲ၌ တွေးတောလိုက်တယ်။
ငါတို့က သေရတော့မှာပဲကို၊ ငါနင့်နားမှာ အမြဲရှိနေချင်ခဲ့တာ ဆိုတော့ ဒီတစ်ကြိမ်တော့ ငါနင့်ကို လွှတ်ပေးတော့မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ အခု မဟုတ်သေးဘူးပေါ့။ အမွှာစိတ်ဝိဥာဉ်ချီကို လေ့ကျင့်ပြီးတဲ့ နောက်ပိုင်း အစ်မကြီးရဲ့ စိတ်သဘောထားနဲ့ နေထိုင်တဲ့ပုံစံတွေက ငါ့ကို လွှမ်းမိုးလာတယ်။ အာ.. အရင်တုန်းက သူ့ကို တွေ့တွေ့ချင်း သွားပြီး ဆွဲဆောင်ဖြာယောင်းမိတာကို ကိုယ့်ကိုယ်ကို အခုထိ မယုံကြည်နိုင်သေးဘူး၊ အခုဆို အဲ့အကြောင်း ပြန်တွေးမိလိုက်တာနဲ့တင်ကို ရှက်တတ်လာနေခဲ့ပြီ