မဟာတာအိုလမ်းကြောင်းကို ပြီးပြည့်စုံစေမည့်အခွင့်အရေး
Vol. 36 Ch. 503
ချင်းချန်မြို့။
လမ်းတစ်လျှောက်လုံးတွင် ကျန်းလန်က ထုံးစံအတိုင်း အထီးကျန်မန္တန်ကို အသက်သွင်းလာခဲ့သည်။
လုန်ယွိက လမ်းမထက် လျှောက်သွားနေသည်ဖြစ်ရာ ကျောက်စိမ်းရေကန်နတ်ဘုရားအနေဖြင့် သူမကို အလွယ်တူ မှတ်မိသွားကြမည် ဖြစ်သည်။
သို့သော် သူ၏ အထီးကျန်မန္တန်က ပျံ့နှံ့သွားသည့်အခါ အခြားသူများက သူတို့၏တည်ရှိမှုကို သိမြင်ကြသည့်တိုင် ပုံပန်းသဏ္ဌန်ကို ရိပ်မိနိုင်ကြတော့မည် မဟုတ်ပေ။
သို့ဖြစ်ရာ လမ်းမထက်တွင် ပုံမှန်အတိုင်း သွားလာနိုင်မည် ဖြစ်သည်။
လုန်ယွိက တုတ်ထိုးသကြားလုံးရောင်းနေသူကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ကြေးပြား (၁၀) ပြားလောက် ပေးပါ"
ကျန်းလန်ထံမှ ပိုက်ဆံရသည်နှင့် သူမက တုတ်ထိုးသကြားလုံးရောင်းသူထံပြေးသွားလေသည်။
"ဦးလေး ၊ တုတ်ထိုးသကြားလုံးတစ်ချောင်း"
တုတ်ထိုးသကြားလုံးတစ်ချောင်းလျှင် ကြေးပြား (၇)ပြား ဖြစ်သည်။
ဈေးကတော့ အများကြီးတက်မလာခဲ့ပေ။
သို့သော် လုန်ယွိက အသက် (၈၀၀) ကျော်နေပြီဖြစ်ပြီး တုတ်ထိုးသကြားလုံးရောင်းသူက အသက် (၅၀)ခန့်သာ ရှိသေးသည်။ သို့တိုင် လုန်ယွိက ထိုသူကို ဦးလေးဟု ခေါ်နေလေသည်။
တုတ်ထိုးသကြားလုံးဝယ်ယူပြီးနောက် သူမက တစ်ကိုက်ကိုက်စားလိုက်ရင်း ကျန်းလန်အနားပြန်ရောက်လာသည်။
ထို့နောက် ပိုနေသည့် ကြေးပြား (၃)ပြားကို ကျန်းလန်ထံပြန်ပေးလိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ဒါက ပိုတဲ့အကြွေ"
ကျန်းလန် : "……"
နောက်ဆုံးတော့ သူမပေးသည့် ကြေးပြား (၃)ပြားကို ပြန်ယူလိုက်သည်။
လုန်ယွိက တုတ်ထိုးသကြားလုံးအနည်းငယ်စားပြီးနောက် ကျန်းလန်ဆီသို့ ပေးထားလိုက်သည် သူမက ဈေးဆိုင်တန်းများမှ အရာအတော်များများကို တွေ့မြင်ပြီး စိတ်လှုပ်ရှားလျှက် ရှိသည်။
သူမက အရာအားလုံးကို သိချင်စိတ်ဖြင့် စပ်စုလျှက်ရှိသည်။ နှစ်ပေါင်းများစွာ တစ်ယောက်တည်းနေခဲ့ရပြီး ယခုတော့ သူမ အပြင်သို့ထွက်ကာ လျှောက်လည်နိုင်ပြီ ဖြစ်သည်။
စာအုပ်ဆိုင်တစ်ဆိုင်တွင် စာအုပ်ရွေးနေသည့် လုန်ယွိကိုကြည့်ရင်း အချိန်နောက်ကျနေပြီဟု ကျန်းလန် နားလည်လိုက်သည်။
သူသာ ယခင်ကကဲ့သို့ တန်ခိုးစွမ်းအား နည်းပါးသူ ဖြစ်နေလျှင် အလွန်ပင် အန္တရယ်များသည့် အနေအထား ဖြစ်၏။
မကြာခင်ကပင် သူက ဖန်ဆင်းခြင်းသစ်ပင်၏ အမြုတေဖြင့် ပေါင်းစပ်ကျင့်ကြံနိုင်ခဲ့သည့်အတွက် အန္တရယ်ကြုံတွေ့ပါက လွတ်အေင်ပြေးနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ့အနေဖြင့် စိုးရိမ်စရာ မရှိတော့ပေ။
"ဂိုဏ်းတူမောင်လေး ၊ ဟိုတလောက ဂိုဏ်းတူညီမလေးလင်စီးယာက ဒီလိုစာအုပ်မျိုး ဖတ်နေတာထင်တယ်"
လုန်ယွိက စာအုပ်တစ်အုပ်ယူလာပြီး ကျန်းလန်ကို ပြသည်။
စာအုပ်နာမည်မှာ -
"ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်မိမယ်လေး"
ခဏမျှလှန်ကြည့်ပြီးနောက် ထိုစာအုပ်က ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။
သေမျိုးလူသားလောကတွင် အလိုလိုနေရင်း နတ်သမီးနှင့်တွေ့ချင်နေသည့် စိတ်ကူးယဉ်တတ်သူများစွာ ရှိလေသည်။
ကျန်းလန်ကတော့ လက်တွေ့မကျသည့်စိတ်ကူးယဉ်ဝတ္ထုများကို သဘောမကျတတ်ပေ။
လက်တွေ့ဘဝက စိတ်ကူးယဉ်မဆန်လှပေ။ လူ (၂)ယောက်ကြားမှ ခြားနားချက် အလွန်ကြီးမားမည်ဆိုလျှင် စိတ်ချမ်းသာခြင်းထက် ဒုက္ခများသာ တွေ့ကြုံရမည် ဖြစ်သည်။
လုန်ယွိနှင့် စပြီးစေ့စပ်စဉ်ကလည်း ထိုသို့ပင် သူ တွေးထင်ခဲ့သည်။
အစပိုင်းတွင် လုန်ယွိက သူ့ကို သေချာပေါက် မုန်းတီးနေမည်ဟု ထင်မှတ်ခဲ့သည့်အတွက် အချိန်တစ်ခုကြလျှင် စေ့စပ်ပွဲကို ဖျက်သိမ်းရန်ပင် သူက တွေးထားခဲ့သည်။
သို့သော်...
ယခုတော့ ကလေးယူရန်ပင် စဉ်းစားနေကြပေပြီ။
ထို့ပြင် လုန်ယွိက သူ့ဘဝတွင် သူမျှော်လင့်ထားသည်ထက်ပင် အရေးပါလာခဲ့သည်။
လန်ုယွိက ကျန်းလန်ကို စိုက်ကြည့်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ကျွန်မ ရှင်းရှင်းပဲ ပြောမယ်နော် ၊ ဈေးဝယ်ထွက်လာတာ ဈေးဝယ်ထွက်တဲ့ကိစ္စပဲလုပ်ရအောင် ၊ အဲဒီမှာပဲရပ်နေပြီး မူမမှန်တာတွေ တစ်ခုခုလုပ်ဖို့ စဉ်းစားမနေနဲ့"
ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း...
"အင်းပါ ၊ မလုပ်ပါဘူး"
ဤမျှလွယ်လွယ်ကူကူဖြင့် အဘယ်မှာ ဉာဏ်အလင်းပွင့်နိုင်ပါမည်နည်း။ ဈေးဝယ်ထွက်ရင်း ဉာဏ်အလင်းပွင့်သည်ဆိုခြင်းမှာ မဖြစ်နိုင်သည့်ကိစ္စပင်။
ယခင်က ပေါင်းပင်များရှင်းလင်းရင်း ၊ နေထွက်ချိန် နေဝင်ချိန်များကို ကြည့်ရှုရင်း ၊ မြက်ခင်းပြင်ထက်လမ်းလျှောက်ရင်း ဉာဏ်အလင်းပွင့်ခဲ့ခြင်းမှာ ထိုအဆင့်သို့ ရောက်ရှိရန် လုံလောက်သည့် အသိတရားများ စုစည်းထားမိ၍လည်း ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ဈေးဝယ်ရန် ဉာဏ်အလင်းပွင့်ရန်ကတော မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
"ပြီးရော ၊ ဒါဖြင့် ကျွန်မ ဈေးဆက်ဝယ်လိုက်ဦးမယ်"
ပြောပြီးသည်နှင့် သူမက ကျန်းလန်ထံမှ ကြေးပြား (၁၀) ပြားတောင်းယူသွားပြန်သည်။
ထိုကြေးပြားများဖြင့် ဘာဝယ်ဦးမည် မသိပေ။ ကျန်းလန် ခေါင်းများကိုက်လာသည်။
ယနေ့ လုန်ယွိတောင်းသမျှပေးနေရလေရာ သူ့တွင် ကြေးပြားများ သိပ်မကျန်တော့ပေ။ ထပ်မံလဲလှယ်ရန် လိုအပ်နေပြီ ဖြစ်သည်။
သို့သော် လုန်ယွိကို လွှတ်ထား၍မရသဖြင့် သူမနောက်သို့သာ လိုက်သွားရသည်။
ဤနေရာက လူများဖြင့်စည်ကားနေသည့် ဈေးလမ်း ဖြစ်သည်။
စကားသံများ နေရာအနှံ့ဆူညံစွာ ထွက်ပေါ်နေပြီး လုန်ယွိ၏ ရယ်မောသံက သူ့နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာသည်။
ရုတ်ချည်းပင် သူ့ပတ်ဝန်းကျင်တစ်ခုလုံးမှ အသံများပျောက်ကွယ်သွားသည်ကို ကျန်းလန် ခံစားလိုက်ရသည်။
သူ့ ပတ်ဝန်းကျင်မှ အရာအားလုံးက ပိုမိုလျှင်မြန်လာပြီး ကြည့်မြင်နိုင်ရန်ပင် မတတ်နိုင်တော့ပေ။
ခဏအကြတွင် ခံစားချက်က ထပ်မံပြောင်းလဲသွားသည်။
သူက စည်ကားသည့်မြို့ငယ်လေး၏ အစိတ်အပိုင်းတစ်ခုအလား ဖြစ်သွားသည်။
လမ်းတစ်လျှောက်ကလေးငယ်များ ဆော့ကစားနေကြပြီး ဆယ်ကျော်သက်များက စာအုပ်များ ဖတ်နေကြသည်။ လူငယ်များက ဘဝတိုးတက်ရာ သက်မွေးဝမ်းကြောင်းပညာရပ်များကို သင်ယူနေကြသည်။
အမျိုးသမီးများက အိမ်ထောင်တာဝန်ကို ထမ်းဆောင်နေကြပြီး သက်ကြီးရွယ်အိုများကတော့ အရိပ်ထဲတွင် အေးအေးလူလူ အနားယူနေကြသည်။
လမ်းမများထက်တွင်တော့ လှုပ်ရှားစည်ကားလျှက် ဈေးသည်များက ဈေးဝယ်များကို ကုန်စည်ပစ္စည်းများ ရောင်းချနေကြသည်။
ထိုသူများထဲတွင် လုန်ယွိလည်း ပါဝင်လေသည်။
သို့သော် သူမက အခြားသူများနှင့်မတူဘဲ ထူးခြားစွာ တောက်ပနေပြီး ကျန်းလန်က သူမကို ထိတွေ့မိသလို ခံစားလိုက်ရသည်။
သူမက သူထိတွေ့နိုင်စွမ်းရှိသည့် နယ်ပယ်တစ်ခုတွင် ရှိနေသည့်အလားပင်။
ဟုတ်ပေ၏။
လမ်းမများထက်မှ လူသားတိုင်းတွင် ကိုယ့်ဘဝနှင့်ကိုယ်ပိုင်ကမ္ဘာများရှိခဲ့ကြပြီး သူ့ ကမ္ဘာထဲတွင်တော့ လုန်ယွိ ရှိနေခဲ့လေသည်။ တစ်သက်တာလုံး သူတို့ (၂)ယောက် အတူတူ လျှောက်လှမ်းကြမည် ဖြစ်သည်။
သူနှင့် သူ၏ တာအိုတရားကဲ့သို့ပင် ဖြစ်သည်။
"ဟူး"
လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
လမ်းမတစ်ခုလုံးကို အမည်မသိစွမ်းအားတစ်ခုက ဆွဲခေါ်သွားပြီး ကျန်းလန်ပိုင်ဆိုင်သည့် ကမ္ဘာနှင့် ပဲ့တင်ထပ်သွားကာ ငြိမ်သက်နေသည့်ကမ္ဘာက စတင်လှုပ်ရှားလာသည်။
သို့သော် မကြာမီ အရာအားလုံး ပျောက်ကွယ်သွားသည်။
ကျန်းလန်၏မျက်လုံးထဲတွင် ဈေးလမ်းကပုံမှန်အတိုင်းပင် ဖြစ်ပြီး ဆူညံသံများ သူ့နားထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
အရာအားလုံးက ပုံမှန်ပင် ဖြစ်၏။
ဟိုဟိုဒီဒီလျှောက်ကြည့်နေသည့် လုန်ယွိက တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် ကျန်းလန်ကို လှည့်ကြည့်လာသည်။
ကျန်းလန် ပြုံးနေသည်ကို တွေ့သည့်အခါ လုန်ယွိ ပိုပြီး စိတ်ရှုတ်ထွေးသွားသည်။
သူမက ကျန်းလန်အနားလျှောက်လာပြီး မေးခွန်းထုတ်သလို စူးစိုက်ကြည့်လိုက်သည်။
"ကိုယ် အခွင့်အရေးတစ်ခု တွေ့သွားလို့ပါ"
လုန်ယွိ၏ မေးခွန်းထုတ်သည့်အကြည့်ကို ကျန်းလန်က ထိုမျှသာ ရှင်းပြနိုင်ခဲ့လေသည်။
အမှန်တကယ်လည်း အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ သူ၏တာအိုတရား ပြီးပြည့်စုံစေမည့် အခွင့်အရေးတစ်ခုကို သူ ရှာတွေ့ခဲ့လေသည်။
နှစ်အနည်းငယ်အတွင်း ဤအခွင့်အရေးကို အသုံးချပြီး လုန်ယွိကို သူ၏တာအိုနယ်မြေသို့ ခေါ်ဆောင်ရမည် ဖြစ်သည်။ သို့မှသာ သူ၏တာအိုလမ်းစဉ် ပြီးပြည့်စုံပေလိမ့်မည်။
နောက်ဆုံး ဉာဏ်အလင်းပွင့်ခြင်းအဆင့်ကို ဖြတ်ကျော်ပြီးပါက သူသည် တာအိုအင်မော်တယ်အဆင့်သို့ ပြီးပြည့်စုံစွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။
လုန်ယွိက ကျန်းလန်ကို လှည့်ပတ်ကြည့်လိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ရှင်က ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဆိုတာ ခွန်လွန်တောင်က ဘာလို့မသိရတာလဲ"
ကျန်းလန်က...
"ကိုယ်က ဝိညာဉ်စွမ်းအားတွေ စုပ်ယူကျင့်ကြံတာ နည်းပါးလို့ ဖြစ်နိုင်တာပေါ့"
သူက ရှောင်ယွိ ဝယ်ထားသည့်ပစ္စည်းများကို ကူသယ်ပေးရင်း ဆက်ပြောသည်။
"တခြားအကြောင်းတွေလည်း ရှိတာပေါ့လေ"
လုန်ယွိက သူ့စကားများကို အရေးမစိုက်တော့ဘဲဆက်လက် ဈေးဝယ်နေလေတော့သည်။
***
ပထမတောင်ထွတ်။
တောင်တက်လမ်းတစ်ဝက်ရှိ ခန်းဆောင်တစ်ခုထဲတွင် ဖုန်းယီရှောက် ရှိနေလေသည်။
သူ့နံဘေးတွင်တော့ ထုံးစံအတိုင်း လင်အန်း ရှိနေ၏။
ဖုန်းယီရှောက်က လင်အန်းကို မေးလိုက်သည်။
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ မင်း ပါဝင်မှာလား"
လင်အန်းက ခေါင်းညိတ်ရင်း...
"ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော် ကြိုးစားမယ်ဆိုရင် အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်နေရာက ကိုယ်စားပြုပြီး တိုက်ပွဲဝင်နိုင်မယ်ထင်တယ်"
ဖုန်းယီရှောက်က တောင်ပေါ်ရှိ ခမ်းနားသည့် တံခါးကြီးကို လှမ်းကြည့်လိုက်ရင်း...
"ကုချီရော အစစ်အမှန်အင်မော်တယ် ဖြစ်သွားပြီလား"
လင်အန်းက...
"ဟုတ်ကဲ့ ၊ ဖြစ်သွားပါပြီ ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေးကုချီက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို စိတ်မဝင်စားဘူးလို့ ပြောတယ် ၊ ဒါကြေင့် သူ ပါဝင်မှာ မဟုတ်ဘူး"
"ပြီးတော့ သူက ဂူထဲမှာနေရာတကို သဘောကျပုံရတယ် ၊ သူက သူ့အခြေအနေကိုလည်း စိတ်ပူနေပုံရတော့ ခပ်လောလောတော့ မလုပ်ဆောင်တတ်ဘူး"
လင်အန်းသည်လည်း ကုချီကို သဘောကျမိလေသည်။
ကုချီက အခြားသူများနှင့် လုံးဝမတူညီဘဲ ကွဲပြားသူ ဖြစ်သည်။
ပါရမီရှင်တစ်ယောက်ဖြစ်သည်မှန်သော်လည်း ပါရမီရှင်များထဲမှာပင် ထူးခြားသူတစ်ယောက်ဖြစ်လေသည်။
စိတ်နေစိတ်ထား ၊ အရည်အချင်း ၊ ဉာဏ်ပညာ ၊ ရဲစွမ်းသတ္တိ ၊ သတ်ဖြတ်လိုသည့်စိတ်များ သူ့နှလုံးသားထဲတွင် တည်ရှိလေသည်။
ဖုန်းယီရှောက်က ခေါင်းညိတ်လိုက်သည်။
အတန်ကြာငြိမ်သက်နေပြီးမှ...
"ဂူထဲက အခြေအနေက ဘယ်လိုရှိလဲ"
လင်အန်းက...
"ပြီးခဲ့တဲ့တစ်ခေါက်ကတော့ ပဉ္စမတောင်ထွတ်က ဂိုဏ်းတူညီမလေး (၃)ယောက် လာပြီး ကူညီပေးသွားတယ် ၊ အခြေအနေက ပိုဆိုးမလာတာကလွဲရင် ကောင်းပါတယ်"
အခြေအနေက ပိုဆိုးမလာဘူးဆိုသည်မှာ အကောင်းဆုံးသတင်းမဟုတ်ပေ။ အခြေအနေပိုဆိုးလာပါက သေချာပေါက် ဆိုးရွားမှုများ ဖြစ်လာပေမည်။
ဖုန်းယီရှောက်က လင်အန်းကို လှည့်ကြည့်လိုက်ရင်း...
"အခြေအနေက ပိုဆိုးမလာခင် ကျုပ်တို့ အချိန်ဘယ်လောက်ကြာကြာ ရနိုင်ဦးမလဲ"
လင်အန်းက တစ်ချက်မျှစဉ်းစားလိုက်ရင်း...
"နှစ်ပေါင်း (၁၀၀) လောက်တော့ အချိန်ရဦးမယ်ထင်တယ်"
"ကျွန်တော် စုံစမ်းကြည့်သလောက် နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကျန်းလန်က အနှစ် (၁၀၀)အတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်လာတော့မယ် ၊ ပြီးတော့ သူက အစီအရင်ပညာလည်းတော်တော့ ပြဿနာတွေနဲ့ ဖိအားတွေကို သက်သာစေနိုင်မှာပါ"
ဖုန်းယီရှောက်က နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ပဉ္စမတောင်ထွတ်ရှိရိရာသို့ ကြည့်လိုက်ပြန်သည်။
ပြီးမှ မျက်လုံးများကိ မှေးမှိတ်လိုက်ရင်း...
"ဂူထဲကကိစ္စတွေကို မင်း ပိုပြီး အာရုံစိုက်လိုက်ပါ ၊ ကျန်းလန် အစစ်အမှန်အင်မော်တယ်ဖြစ်လာတဲ့အခါ ကျုပ်ကိုယ်တိုင် သူ့ဆရာကို သွားတွေ့လိုက်မယ်"
***