ဘယ်သူကဇာတ်လမ်းဆင်နေတာလဲ
Vol. 37 Ch. 505
နဝမတောင်ထွတ်သို့ ပြန်ရောက်လာပြီးနောက် ကျန်းလန်ကပုံမှန်အတိုင်း ဆက်လက်ကျင့်ကြံသည်။
သို့သော် အရင်ကလို နေ့ဘက်တွင် စာဖတ် ညဘက်တွင် ကျင့်ကြံခြင်း မဟုတ်တော့ပေ။ နေ့တစ်ဝက်ကျင့်ကြံပြီး နေ့တစ်ဝက်စာဖတ်ခါ ညဘက်တွင်တော့ ရှောင်ယွိကို အဖော်ပြုပေးလေသည်။
ရှောင်ယွိကတော့ နေ့တစ်ဝက်ကျင့်ကြံပြီး ကျန်နေ့တစ်ဝက်ကို အစီအရင်ပညာ လေ့လာသည်။ ညဘက်တွင်လည်း သူမက တစ်ခါတစ်လေတွင် ကျင့်ကြံတတ်သည်။
နဝမတောင်ထွတ်တွင် အချိန် (၃) နှစ်ကြာ နေထိုင်ခဲ့ပြီးသည့်နောက် သူတို့ (၂)ယောက် ကျောက်စိမ်းရေကန်သို့ ထွက်ခွာလာခဲ့သည်။
ကျန်းလန်က ပုံမှန်အတိုင်းပင် ဆက်လက်ကျင့်ကြံခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲစေခဲ့သည်။
တာအိုအင်မော်တယ် ဖြစ်မလာခင် ရှောင်ယွိကို သူ၏ ဉာဏ်အလင်းပွင့်ခြင်းထဲသို့ ဆွဲထည့်ရန်ကိစ္စကတော့ အလျင်လိုစရာ မရှိပေ။
သူမက တတိယတောင်ထွတ်သို့ ရံဖန်ရံခါ သွားရောက်တတ်ပြီး ကျန်းလန်ကတော့ သူမကို လိုက်ပို့လိုက်ကြိုပြုလုပ်ပေးလေ့ ရှိသည်။ တတိယတောင်ထွတ်တွင် ဆရာဒေါ်လေးကျူးချင်မရှိသည့်အချိန်မျာတွင် သူလည်း ရှောင်ယွိနှင့်အတူ တောင်ပေါ်သို့ လိုက်သွားသည်။
ပြီးလျှင်တော့ စာအုပ်ဖတ်လျှင်ဖတ် ၊ အစီအရင်ပညာလေ့လာလျှင်လေ့လာ ၊ မဟုတ်လျှင်လည်း နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာရင်း ရှောင်ယွိကို အဖော်ပြုကာ စောင့်ပေးသည်။
ထိုသို့ဖြင့် နေ့ရက်များက တဖြည်းဖြည်းကုန်ဆုံးသွားပြီး ရှောင်ယွိကတော့ အချိန်တိုင်း ပျော်ရွှင်နေခဲ့လေသည်။
(၃) နှစ် ၊ (၅)နှစ် ၊ (၁၀) နှစ်။
အချိန်များကုန်ဆုံးသွားခဲ့သော်လည်း မည်သည့်အရာမှ ပြောင်းလဲခဲ့ခြင်း မရှိပေ။
ရှောင်ယွိသည်လည်း သူမ၏ နဂါးတစ်ဝက်အသွင်ပြောင်းလဲခြင်းကို မထိန်းချုပ်နိုင်သေးပေ။ သူမက ပိုပြီးသတိထားလေ ပိုပြီး မထိန်းချုပ်နိုင်လေ ဖြစ်ရပြီး အဆုံသတ်တွင်တော့ တိုးတက်မှု သိပ်မရှိခဲ့ပေ။
ရှောင်ယွိကလည်း တစ်နေ့တခြား တန်ခိုးစွမ်းအားများ ပိုပြီး မြင့်မားလာသည်။ နဂါးဧကရီရန်ကျင်းပေးအပ်ခဲ့သည့် နဂါးအမြုတေကြောင့် သူမ၏ ကျင့်ကြံခြင်းက အလွန်လျှင်မြန်လာခဲ့သည်။
ထိုသို့ဖြင့် နှစ်ပေါင်း (၂၀) တိတိ အချိန်ကြာမြင့်သွားခဲ့သည်။
ကျန်းလန်က ရှောင်ယွိနှင့်အတူ ကျောက်စိမ်းရေကန်တွင် နေထိုင်နေဆဲပင်။ သူက ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားကို တွေ့မြင်လိုက်သည်ဟု ခံစားလိုက်ရသည်။
ထိုတန်ခိုးစွမ်းအားက ရှောင်ယွိပိုင်ဆိုုင်ထားသည့် ခွန်လွန်တောင် တန်ခိုးစွမ်းအားနှင့် ဆင်တူသည်။ ကျန်းလန်က ထိုတန်ခိုးစွမ်းအားကို နားမလည်ချင်သော်လည်း တန်ခိုးစွမ်းအား၏ သန္ဓေတည်ပုံသဏ္ဌန်ကို သူ၏ တာအိုနယ်မြေထဲသို့ ထည့်သွင်းချက်သည်။
သို့ဆိုလျှင် သူ၏တာအိုနယ်မြေ ပိုပြီး ကြီးမားကောင်း ကြီးမားလာနိုင်သည်။ ထို့ကြောင့် တန်ခိုးစွမ်းအား၏ သန္ဓေတည်ပုံဏ္ဌန်ကို သူ့မျက်လုံးထဲ စွဲစွဲမြဲမြဲ မှတ်သားထားလိုက်သည်။ ကျောက်စိမ်းရေကန်တွင် နေထိုင်ရသည်က သူ့အတွက် အမှန်တကယ်ပင် အထောက်အကူပြုလသေည်။
ယခုဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၇၆၀) ရှိပြီ ဖြစ်သည်။ နောက်ထပ် အချိန် (၁၀)နှစ်ဆိုလျှင် နဝမတောင်ထွတ်သို့ပြန်ရန် စီစဉ်ထားသည်။
နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ရန်က တစ်ချက်ဖြစ်သော်လည်း အဓိကအချက်ကတော့ ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းကို စောင့်ကြည့်ရန် ဖြစ်သည်။
ယခုတော့ ကျောက်စိမ်းရေကန်ရှိ မက်မွန်ပင်အောက်တွင်ထိုင်ရင်း ခွန်လွန်တောင်တန်းကြီးကို ငေးမျှော်ကြည့်ကာ အတွင်းထဲတွင် ဖုံးကွယ်ထားသည့် တန်ခိုးစွမ်းအားကို ခံစားကြည့်နမေိသည်။
ခွန်လွန်တောင်အတွင်းမှ တစ်စုံတစ်ခုကို ထိုးထွင်းသိမြင်နိုင်မည်ဆိုပါက ကျန်းလန် နောက်ဆုံး ဉာဏ်အလင်းပွင့်သည့်အချိန်တွင် ရှောင်ယွိသည်လည်း အနည်းနှင့်အများ အကျိုးကျေးဇူး ပိုမိုရရှိမည် ဖြစ်သည်။
"ဂိုဏ်းတူမောင်လေး... ကျွန်မ အဲဒါကို နားလည်သွားပြီ"
ကျန်းလန်ကို ကျောမီပြီးထိုင်နေသည့် ရှောင်ယွိက ရုတ်တရက် ပြောလိုက်သည်။
ကျန်းလန်က ခွန်လွန်တောင်တန်းကြီးကို ကြည့်နေရင်းဖြင့်…
"ဂိုဏ်းတူအစ်မ ၊ ဘာနားလည်သွားတာလဲ"
"ဂိုဏ်းတူမောင်လေးရဲ့ဆရာ ဘာလို့ မိန်းမမရတာလဲဆိုတဲ့အကြောင်းလေ…"
"အင်း… ဘာ ဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ သူ့မှာ ကျွန်မတို့ကို စေ့စပ်ပေးသလို စေ့စပ်ပေးတဲ့ အကြီးအကဲတွေမှ မရှိတာ"
ရှောင်ယွိက ဆရာဖြစ်သူ မိန်းမယူရေးအတွက် တွေးပေးနေသည်။
သူတို့ (၂)ယောက်လုံး ဆရာဖြစ်သူကို တိတ်တဆိတ်လေ့လာခဲ့ပြီး ကျန်းလန်က စီစဉ်မှုအချို့ ပြုလုပ်ခဲံသည်။ သို့သော် အောင်မြင်မှုမရခဲ့ကြပေ။
ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးမြောင်ယွဲ့ဘက်မှ ပြဿနာမရှိသော်လည်း ဆရာဖြစ်သူက ပြဿနာ ရှိနေသည်။
မော့ကျန်းသုန့်က နေ့စဉ်နေ့တိုင်း နဝမတောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်နေတတ်သည်။ သူ အပြင်ထွက်လျှင်လည်း သူသွားတွေ့သည့် တစ်ယောက်တည်းသောသူမှာ အဋ္ဌမတောင်ထွတ်မှ ဆရာဦးလေး ကျိုးကျုန်းထျန်းသာ ဖြစ်သည်။
သို့ဖြစ်ရာ အဘယ်မှာ မိန်းမရနိုင်ပါတော့မည်နည်း။
ရှောင်ယွိပြောသလို ဆရာဖြစ်သူကို စေ့စပ်ပေးရန်ကတော့ မဖြစ်နိုင်ပေ။
"ကျွန်မ နည်းလမ်းတစ်ခု စဉ်းစားထားတယ်"
ရှောင်ယွိ၏အသံက ကျန်းလန် နားထဲဝင်ရောက်လာသည်။
သို့သော် ဤနဂါးမလေးက မည်သည့်အကြံကောင်းမှ ပေးနိုင်မည်မဟုတ်ဟု တွေးမိသည်။
"ဘာနည်းလမ်းလဲ"
ရှောင်ယွိက ကျောက်တုံးထက်မှ ခုန်ဆင်းလိုက်ပြီး ကျန်းလန်ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
"ကျွန်မတို့က တပည့်တွေဆိုတော့ အကြီးအကဲတွေရဲ့ စကားကိုပဲ နားထောင်ရတယ် ၊ အကြီးအကဲတွေကတော့ ကျွန်မတို့ရဲ့ စကားကို နားထောင်မှာ မဟုတ်ဘူး ၊ ဒီတော့ ကျွန်မတို့လုပ်နိုင်တဲ့အရာတွေက အကန့်အသတ်ရှိတယ်"
"ဒါပေမဲ့ ဆရာဦးလေးနဲ့ ဆရာဒေါ်လေးတို့ကကျတော့ အကန့်အသတ်မရှိဘူး ၊ သူတို့က တန်ခိုးစွမ်းအားလည်း မြင့်မားတယ် ၊ ဆိုတော့… ဆရာဦးလေးအခက်တွေ့စေမဲ့ ကိစ္စတစ်ခုခုကို ဖန်တီးလိုက်ပြီး ဆရာဒေါ်လေး အကူအညီလာပေးရအောင် စီစဉ်မယ်ဆိုရင် ဘယ်လိုနေမလဲ"
"ဂိုဏ်းတူမောင်လေးရဲ့ဆရာက ဘယ်လိုပညာမျိုးကို မကျွမ်းကျင်ဘူးလဲ"
ရှောင်ယွိ စကားများကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။ ဤအစီအစဉ်ကတော့ မဆိုးလှပေ။
ဆရာဖြစ်သူ ကောင်းကောင်းမတတ်ကျွမ်းသည့် ပညာ (၂)ခု ရှိသည်ဟု ကျန်းလန် ယူဆသည်။
ပထမတစ်ခုကတော့ ဆရာဖြစ်သူသည် ယောကျ်ားလေးနှင့် မိန်းကလေးကြားမှ ခံစားချက်များကို နားမလည်ပေ။ ထို့ကြောင့်လည်း သူ ရှောင်ယွိနှင့် စေ့စပ်စဉ်က အချစ်ရေးအချစ်ရာနှင့်ပတ်သက်ပြီး မည်သည့်လမ်းညွှန်မှုမှ မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ အစီအရင်ပညာ ဖြစ်သည်။ ဆရာဖြစ်သူက အစီအရင်ပညာတွင် အတော်လေး ညံ့ဖျင်းသည်။
ခဏမျှ စဉ်းစားကြည့်ပြီးသည့်နောက် ရှောင်ယွိပေးသည့် အကြံဉာဏ်သည်လည်း ထင်သလောက်မလွယ်ကြောင်း သဘောပေါက်လိုက်သည်။
"ဆရာက အစီအရင်ပညာ အားနည်းတယ် ၊ ဒီတော့ ဆရာဒေါ်လေးမြောင်ယွဲ့ကို သွားရှာဖို့ ဆရာ့ကို တစ်ခုခု ဒုက္ခပေးသင့်သလား"
"ဒါပေမဲ့ ဆရာ့ကို ဒုက္ခပေးဖို့ နဝမတောင်ထွတ်အစွန်းမှာ အစီအရင်တစ်ခု သွားလုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ၊ ဒါကြောင့် သူ့ကို ဒုက္ခပေးဖို့ မလွယ်ဘူး"
ရှောင်ယွိလည်း မစဉ်းစားတတ်တော့ပေ။
သူမသည် ကျန်းလန်ကို မှီပြီးထိုင်ရင်း ကြွေကျနေသည့် မက်မွန်ပွင့်များကိုသာ ငေးကြည့်နေမိတော့သည်။
***
ပထမတောင်ထွတ်။
တောင်ပေါ်လမ်းတစ်ဝက်တွင် တည်ရှိသည့် ခန်းမဆောင်ဆီသို့ လင်အန်းရောက်ရှိလာလေသည်။
ခန်းမဆောင်ထဲတွင်တော့ ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက် ရှိနေ၏။
လင်အန်းက ဖုန်းယီရှောက်ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"ဆရာ… ဂိုဏ်းတူညီလေးကျန်းလန်က ကျောက်စိမ်းရေကန်ထဲဝင်သွားတာ ပြန်ထွက်မလာသေးဘူး ၊ ဒါကြောင့် လောလောဆယ် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်အဆင့်ရောက်သွားပြီလဲ ကျွန်တော် စုံစမ်းလို့ မရခဲ့ဘူး ၊ ဒါပေမဲ့ တတိယတောင်ထွတ်က တပည့်တွေကို မေးကြည့်တာတော့ သူက အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာတော့မယ်တဲ့"
"ပြီးတော့ မိုးကောင်းကင်ဂူထဲက အခြေအနေကလည်း အတော်လေး အေးဆေးနေပါတယ် ၊ ဒီတော့ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးရဲ့ အစီအရင်ပညာကို စမ်းသပ်ကြည့်ဖို့ နဝမတောင်ထွတ်ကို လူအချို့စေ့လွှတ်သင့်သလား ဆရာ"
ဖုန်းယီရှောက်က ပြုံးလိုက်သည်။
ထို့နောက် ခဏမျှ တွေးတောနေပြီးမှ…
"ဒါဆို နဝမတောင်ထွတ်က အစီအရင်တွေကို လေ့လာဖို့ လူအချို့စေလွှတ်မလား… ဆိုတော့…"
ပြောပြီးသည်နှင့် သူက နဝမတောင်ထွတ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ပဉ္စမတောင်ထွတ်သို့ ရောက်ရှိသွား၏။ သူ့ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိသည်။
လင်အန်းက…
"ဆရာ… တစ်ခုခု ပြဿနာ ရှိလို့လား"
ဖုန်းယီရှောက်က ပဉ္စမတောင်ထွတ်ဆီသို့ လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
"ပြဿနာတော့ မရှိပါဘူး ၊ ဒါပေမဲ့ ကျုပ်တို့ ထောင်ချောက်တစ်ခုထဲ ကျသွားပြီလို့ ခံစားရတယ်"
သူက ဆက်ပြောသည်။
"အကူအညီတွေအားလုံးက ပဉ္စမတောင်ထွတ်က ရောက်လာတာပဲ ၊ ဒီတော့ ပဉ္စမတောင်ထွတ်က နဝမတောင်ထွတ်နဲ့ ပတ်သက်နေတယ်ဆိုရင် အဆုံးသတ်မှာ အကျိုးအမြတ်ရတဲ့သူက ပဉ္စမတောင်ထွတ်လည်း ဖြစ်နိုင်သလို နဝမတောင်ထွတ်လည်း ဖြစ်သွားနိုင်တယ် ၊ ပြီးတော့ တခြားတောင်ထွတ်တွေလည်း အရှုံးမရှိနိုင်ဘူး ၊ ဒါပေမဲ့ သူတို့ ဘာ အကျိုးအမြတ်တွေ ရသွားကြလဲဆိုတာ ကျုပ် မသိနိုင်ဘူး"
လင်အန်းက သိပ်နားမလည်ဟန်ဖြင့်…
"ဆရာ… အဲဒါက ဘယ်လိုဖြစ်မယ်ထင်လဲ"
ကြည့်ရသည်မှာ ဆရာဖြစ်သူသည် ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးကို အတော်ကြောက်ပုံရသည်။ သို့သော် ရန်လိုမုန်းထားခြင်းမျိုးတော့ မရှိပေ။
ဖုန်းယီရှောက်က ကောင်းကင်ထက်သို့မော့ကြည့်လိုက်ရင်း…
"အဲဒါ ဘာလဲဆိုတော့…"
ခဏကြာပြီးမှ…
"ဘယ်သူမှ မသိနိုင်ဘူးလေ"
ပြီးမှ သူက လင်အန်းကို ညွှန်ကြားချက်ပေးလိုက်သည်။
"ဒါဖြင့် နဝမတောင်ထွတ်က အစီအရင်တွေကို လေ့လာဖို့ လူအချို့စေလွှတ်လိုက်ပါ ၊ ဒီလောက်ကိစ္စလေးကတော့ နဝမတောင်ထွတ်ကို အသိပေးပြီး လုပ်လိုက်လို့ရပါတယ်"
လင်အန်း ခေါင်းညိတ်လိုက်ပြီးနောက် ခန်းဆောင်အတွင်းမှ ထွက်ခွာသွားသည်။ နဝမတောင်ထွတ်သို့စေလွှတ်ရန် လူရွေးချယ်ရမည် ဖြစ်သည်။
နဝမတောင်ထွတ်သို့ သွားရောက်လေ့လာရန်က လျှင်မြန်မည် မဟုတ်သော်လည်း ပထမတောင်ထွတ်တွင် အစီအရင်ပညာ ကျွမ်းကျင်သူ အချို့ ရှိကြလေသည်။
လွန်ခဲ့သည့် (၃)နှစ်က ထိုသူများ အတော်လေး တိုးတက်လာကြပြီး မိုးကောင်းကင်ဂူထဲမှ အခြေအနေများကို အတိုင်းအတာတစ်ခုအထိ ငြိမ်သက်အောင် ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။
ထို့နောက် လင်အန်းက သင့်တော်သည့်တပည့်များကို ရွေးချယ်ပြီး နဝမတောင်ထွတ်ရှိ မက်မွန်တောထဲသို့ စေလွှတ်လိုက်လေသည်။
ထိုသို့ဖြင့်…
အချိန် (၅)နှစ်ကြာသွားပြီးနောက်…
လင်အန်းတစ်ယောက် တောင်ပေါ်လမ်းတစ်ဝက်မှ ခန်းမဆောင်အတွင်းသို့ အပြေးအလွှား ရောက်ရှိလာသည်။ သူက အလျှင်လိုနေဟန်ရှိသော်လည်း ဣန္ဒြေပျက်အောင် မတည်မငြိမ် ဖြစ်နေခြင်းတော့ မဟုတ်ပေ။
"ဆရာ… တစ်ခုခုတော့ ဖြစ်ပြီ…"
လင်အန်းကိုတွေ့တော့ ဖုန်းယီရှောက်က တွန့်ချိုးထားသည့် မျက်ခုံးများကို ဖြေလျှော့လိုက်သည်။
မြေခွေးတစ်ကောင်ကတော့ ဇာတိရုပ် ထွက်ပေါ်လာခဲ့ပြီလား။
ဖုန်းယီရှောက်က…
"ဘာ ထူးခြားလို့လဲ"
လင်အန်းက…
"နဝမတောင်ထွတ်က မက်မွန်တောထဲကို ဝင်သွားတဲ့ ဂိုဏ်းတူအစ်ကိုတွေ အခုထိ ပြန်ထွက်မလာနိုင်ကြဘူး ဆရာ ၊ ကျွန်တော်ကြားတာ တခြားသူတွေလည်း အဲဒီအတိုင်းပဲတဲ့ ၊ ပဉ္စမတောင်ထွတ်က ဂိုဏ်းတူညီမလေး (၃)ယောက် ပြောတာတော့ အဲဒီ မက်မွန်တောက နဝမတောင်ထွတ်မှာ ဒုတိယအဆင့်ရှိတဲ့ အစီအရင်တဲ့ ၊ ဝင်ပြီးတာနဲ့ ပြန်ထွက်ဖို့ အရမ်းခက်တယ်တဲ့"
မည်သည့်အရာများ ဖြစ်ပျက်သည်ကို လင်အန်း နားမလည်ပေ။
သူ စေလွှတ်လိုက်သည့် ဂိုဏ်းတူအစ်ကိုများက အလောတကြီးလုပ်ဆောင်တတ်သူများ မဟုတ်ကြပေ။ ပညာရှင်များ ဖြစ်ကြသည့်အတွက် မက်မွန်တောထဲသို့ဝင်ရောက်ရာတွင် အရမ်းကာရော မလုပ်ဆောင်ကြပေ။
သူတို့က သာမန်အားဖြင့် အလုပ်လုပ်သည့်အခါ အလွန်ဂရုစိုက်သူများ ဖြစ်ကြသည်။ မဟုတ်ပါက မိုးကောင်းကင်ဂူထဲတွင် ကျင့်ကြံနိုင်မည်မဟုတ်သလို ဂူကိုလည်း အခြေအနေငြိမ်သက်အောင် ထိန်းသိမ်းထားနိုင်ကြမည် မဟုတ်ပေ။
ဖုန်းယီရှောက်က...
"ဒါဆို မက်မွန်တောအုပ်က အစီအရင်ကို ချိုးဖျက်နိုင်တဲ့သူ ဘယ်သူတွေ ရှိနိုင်လဲ"
လင်အန်းက...
"နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးရယ် ၊ ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးမြောင်ယွဲ့ရယ် ၊ ပဉ္စမတောင်ထွတ်က အကြီးအကဲချန်ရယ် ရှိပါတယ် ၊ အကြီးအကဲချန်ကတော့ တာအိုကို နားလည်ဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတယ် ၊ တခြား ဘယ်သူရှိသေးလဲဆိုတာတော့ ကျွန်တော် မသိပါဘူး"
ခွန်လွန်တွင် ရှိနေသည့် အစီအရင်ပညာ ကျွမ်းကျင်သူများအားလုံးကို သိရှိရန်မှာ မဖြစ်နိုင်ပေ။
အချို့ကလည်း ပညာလျှိုထားကြပြီး အချို့ကလည်း ပညာတော်ကြောင်း အခြားသူများရှိအောင် ပွင့်ပွင့်လင်းလင်းပင် ပြသကြသည်။
သူ တောင်ပေါ်တွင် စုံစမ်းကြည့်သည့်အခါ နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးကျန်းလန်၏ အစီအရင်ပညာက ခွန်လွန်ရှိ ထိပ်တန်း (၁၀)ယောက် ၊ သို့မဟုတ် ထိပ်တန်း (၅)ယောက်ထဲတွင် ပါဝင်ကြောင်း သိခဲ့ရသည်။
ဤသည်က…
သူ လုံး၀ ထင်မထားသည့် ကိစ္စပင်။
ကျန်းလန်က အလွန်ပင် လျှို့ဝှက်လွန်းသည်။
ယခုတော့ ကျန်းလန်က ကျောက်စိမ်းရေကန်တွင် ရောက်ရှိနေသည်ဖြစ်ရာ သူ့အနေဖြင့် အစီအရင်ကို ချိုးဖျက်ပေးပါရန် အကူအညီတောင်း၍ မရနိုင်ပေ။
ဖုန်းယီရှောက်က တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး လင်အန်းကို ပေးလိုက်သည်။
"ပဉ္စမတောင်ထွတ်ကိုသွားပြီး မြောင်ယွဲ့ဆီက အကူအညီတောင်းပါ"
လင်အန်း အနည်းငယ် ထိတ်လန့်သွားပြီး...
"ဆရာ ကျွန်တော်သွားရမှာလား"
ပဉ္စမတောင်ထွတ်၏တောင်သခင်ကို ကိုယ်တိုင်သွားတွေ့ရန် လင်အန်း မဝံ့ရဲပေ။
"ပထမတောင်ထွတ်ကလူတွေ နဝမတောင်ထွတ်မှာ ပိတ်မိနေတယ်လို့ ပြောပြီး သူ့ကို အကူအညီတောင်းလိုက်ပါ ၊ သူ ငြင်းမယ်မထင်ပါဘူး"
ဖုန်းယီရှောက်က တည်ငြိမ်စွာဖြင့် ဆိုသည်။
လင်အန်းက ဆရာဖြစ်သူ၏စကားကို မနာခံဘဲ မနေဝံ့ပေ။ ထို့ကြောင့် အထွန့်မတက်ရဲတော့ပေ။
ဖုန်းယီရှောက်က ပဉ္စမတောင်ထွတ်သို့ စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်ရင်း...
"ဒီကိစ္စကို လုပ်နေတာ သူတို့အုပ်စုထဲက တစ်ယောက် ဖြစ်ရမယ် ၊ တခြားသူတွေတော့ မသိပေမယ့် နဝမတောင်ထွတ်က ဘာအကျိုးအမြတ်ရမလဲဆိုတာ မသိနိုင်ဘူး ၊ ကြည့်ရတာ လျှို့ဝှက်ချက်တွေ တော်တော်များတာပဲ"
နဝမတောင်ထွတ်တွင် လူ (၂)ယောက်သာ ရှိသော်လည်း ဖုန်းယီရှောက်က ထိုကိစ္စကို ဆက်လက်စုံစမ်းရန် ဆန္ဒမရှိခဲ့ပေ။
***