သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှတုံ့ပြန်မှု
Vol. 37 Ch. 506
"ပထမတောင်ထွတ်ကလူတွေ နဝမတောင်ထွတ်မှာ ပိတ်မိနေတယ် ၊ ဟုတ်လား"
ကျန်းလန် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ဘာတွေ ဖြစ်နေသည်လဲ။
ခဏအကြာတွင်တော့ သူ အသေးစိတ်အကြောင်းအရာများကို သိလိုက်ရသည်။ ကျန်းလန် ဆရာဒေါ်လေးမြောင်ယွဲ့လက်ချက်လားဟု ချက်ချင်း သံသယဝင်သွားမိသည်။
ဆရာဒေါ်လေးမြောင်ယွဲ့ နဝမတောင်ထွတ်သို့သွားပြီး ပထမတောင်ထွတ်မှလူများကို ခေါ်ထုတ်သည်ဟု သတင်းကြားသည့်အခါ ကျန်းလန်၏ သံသယက ပိုပြီး ခိုင်မာသွားသည်။
ကျန်းလန် : "……"
ကြည့်ရသည်မှာ နဝမတောင်ထွတ်တွင် ဝင်ထွက်သွားလာနိုင်ရန် ဆရာဒေါ်လေးမြောင်ယွဲ့သည် နှစ်ပေါင်းများစွာ အစီအစဉ်ဆွဲခဲ့ဟန် ရှိသည်။ သူမက မည်သို့စောင့်ဆိုင်းရမည်ကိုလည်း သိရှိဟန်တူသည် ။
သို့သော် ဤအချက်ကိုကြည့်ခြင်းအားဖြင့် ဆရာဒေါ်လေးမြောင်ယွဲ့သည် ဆရာဖြစ်သူအပေါ် အလေးအနက်ထားကြောင်း သိသာစေသည်။ နောက်မှ ဆရာဖြစ်သူ၏ သဘောထားကို မေးမြန်းကြည့်ရပေမည်။
သူသည်လည်း ကျောက်စိမ်းရေကန်တွင် နေထိုင်သည်မှာ နှစ်ပေါင်း (၃၀)နီးပါး ရှိပြီ ဖြစ်သောကြောင့် ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။ ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားနှင့်ပတ်သက်ပြီး သူ၏ လေ့လာမှုများကလည်း ပိုပြီး တိုးတက်လာသည်။ သို့ပေသိ အသေးစိတ်ကျကျ သိရှိရန်တော့ မလိုအပ်ပေ။
ယခုဆိုလျှင် ဂိုဏ်းဝင်သည်မှာ နှစ်ပေါင်း (၇၆၇) နှစ် ရှိပြီဖြစ်ပြီး နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။ ထိုအချိန် မရဏဂူထဲတွင် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြပ်နေရန် လိုအပ်သည်။
တစ်ချိန်တည်းမှာပင် တာ့လော်အင်မော်တယ်အဆင့်၏ နောက်ဆုံးအံအတားကို မြန်နိုင်သမျှမြန်မြန် ချိုးဖျက်ပြီး တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ရန် ကြိုးပမ်းရပေမည်။
လက်ရှိမှာတော့ အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ် ၊ အောင်မြင်ထားသည့်အဆင့် ဖြစ်သည်။ ကျောက်စိမ်းရေကန်၏ အကူအညီဖြင့် အစစ်အမှန်အင်မော်တယ်အဆင့်သို့ နှစ်အနည်းငယ်အတွင်း အဆင့်တက်ရန် ချိန်ညှိပေးရပေမည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့်အချိန်တွင် သူလည်း အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရပေလိမ့်မည်။
တကယ်တမ်းတွင်တော့ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ရန် ပြင်ဆင်ရပေမည်။
ထို့ပြင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့ စောစီးစွာ ရောက်ရှိလာကြသည့်သတင်းကို ကျန်းလန် ကြားသိရသည်။ သူတို့ ရောက်လာကြသည်မှာ အတော်လေး အချိန်စောနေသည်။
တိုက်ပွဲက အချိန်မသတ်မှတ်ရသေးသော်လည်း အကြမ်းဖျင်းအားဖြင့် နှစ်ပေါင်း (၄၀)ခန့် လိုသေးသည်။ နဂါးမျိုးနွယ်များက ဘာကြောင့်မှန်းမသိ ခွန်လွန်တောင်တွင် နေထိုင်ချင်နေကြသည်။
နဂါးဧကရီရန်ကျင်းကတော့ အဋ္ဌမမင်းသားကို လမ်းညွှန်ပြသပေးရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သော်လည်း အခြားသောနဂါးမျိုးနွယ်များကတော့ အခြားအကြောင်းမရှိဘဲ ဤမျှလောက် စောစီးစွာ ရောက်ရှိလာရန် မလိုအပ်ပေ။
အဋ္ဌမမင်းသားကို ဘိုးဘေးနဂါးနှင့် ဆက်သွယ်ပေးချင်၍လား ၊ သို့တည်းမဟုတ် ချန်ယွမ်နဂါးမင်း ရောက်ရှိလာသည်နှင့် အဋ္ဌမမင်းသားကို အသုံးချပြီး အခွင့်အရေးများ ရရှိစေလိုသောကြောင့် ပြင်ဆင်မှုများ ပြုလုပ်ချင်၍လား မပြောတတ်ပေ။
ထိုသို့ဆိုရပါလျှင် ဇာမဏီမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များသည်လည်း ခွန်လွန်တောင်သို့ စောစီးစွာပင် ရောက်ရှိနေကြလေသည်။
သူသင်ပေးသည့် နဂါးဓားသိုင်းပညာကိုတော့ အဋ္ဌမင်းသားက အနည်းနဲ့အများ သဘောပေါက်နေပြီ ဖြစ်သည်။ ကောင်ငယ်လေးသည်လည်း ထိုအတိုင်းပင် ဖြစ်လေရာ သူတို့ (၂)ယောက်လုံး၏ တိုးတက်မှုက အတူတူပင် ဖြစ်သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကောင်ငယ်လေး မည်မျှကြောက်စရာကောင်းသည်ကို သိမြင်နိုင်သည်။ မွေးရာပါအင်မော်တယ်တစ်ယောက်ဖြစ်သည့် အဋ္ဌမမင်းသားကိုပင် ကောင်ငယ်လေးက ကောင်းကောင်းယှဉ်နိုင်ခဲ့သည်။
အချိန် (၃)နှစ်ကြာမြင့်ခဲ့ပြီးနောက်…
ကျန်းလန်နှင့် ရှောင်ယွိ နဝမတောင်ထွတ်သို့ ပြန်လာခဲ့ကြသည်။
သူတို့ (၂)ယောက် ကျောက်စိမ်းရေကန်တွင် နှစ်ပေါင်း (၃၀)ခန့်နေထိုင်ခဲ့ကြလေရာ ဆရာဖြစ်သူနှင့် အခြားသူများက မည်သို့တွေးထင်ကြမည်ကို ကျန်းလန် သိချင်မိသည်။ တစ်စုံတစ်ခု ကြိုးစားလုပ်ဆောင်နေကြသည်ဟု ထင်မှတ်ကောင်း ထင်မှတ်ကြပေလိမ့်မည်။
နဝမတောင်ထွတ်သို့မပြန်မီ ကျန်းလန်က ရှောင်ယွိကို တတိယတောင်ထွတ်သို့ လိုက်ပို့ပေးသည်။
ကျန်းလန်ကတော့ ရှောင်ယွိကို လိုက်ပို့ပေးပြီးသည်နှင့် တတိယတောင်ထွတ်တွင် မနေတော့ဘဲ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။ သူက နဝမတောင်ထွတ်၏ တောင်ခြေတွင် ဆင်းသက်လိုက်ပြီး တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်တက်လာခဲ့၏။
နှစ်ပေါင်းများစွာ လူသွားလူလာမရှိသဖြင့် လမ်းတစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လျှက် ရှိသည်။
"နောက်မှပဲ ရှင်းလင်းရတော့မယ်"
ကျန်းလန် ရေရွတ်လိုက်သည်။
ခြံဝင်းထဲသို့ ပြန်ရောက်သည့်အခါ ခြံဝင်းသည်လည်း ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေသည်ကို တွေ့ရသည်။ သို့သော် နေရာကျဉ်းသည့်အတွက် လျှင်လျှင်မြန်မြန်ပင် ရှင်းလင်းပြီးစီးသွားသည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကတော့ အခြေအနေမကောင်းတော့ပေ။ ညှိုးနွမ်းခြောက်သွေ့လျှက် ရှိကြသည်။ သူတို့ကို ဝိညာဉ်ဆေးရည်များ လောင်းမပေးဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေပြီ။
ကျန်းလန်က ချက်ချင်းပင် ထိုအရာလေးများကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်သည်။ ရက်အနည်းငယ်အကြာတွင် ပြန်လည် အသက်ဝင်ရှင်သန်လာကြပေလိမ့်မည်။
ထိုအရာလေးများသည်လည်း အသက်ရှင်သန်နေသည်မှာ နှစ်ပေါင်း(၈၀၀)နီးပါးရှိပြီဖြစ်ပြီး ထိုမျှအသက်ရှည်သည်မှာ အလွန်အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
အများကြီးမစဉ်းစားတော့ဘဲ ကျန်းလန်က ပန်းပင်လေးများကို စတင်ရေလောင်းပေါင်းသင်ပေးလိုက်သည်။ အိမ်သည်လည်း ပြိုတော့မည်ဖြစ်လေရာ နောက်ထပ်နှစ်အနည်းငယ်အတွင်း ပြုပြင်ရန် လိုအပ်၏။
ထိုအချိန် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့ သူ၏နတ်ဘုရားရာထူးနာမည်ကို ခေါ်နေသံ ကြားလိုက်ရသည်။ သူတို့အား ဒုတိယဓားသိုင်းကွက်လည်း သင်ပေးထားပြီး ဖြစ်လေရာ အဘယ့်ကြောင့် သူ့နာမည်ကို ထပ်မံခေါ်ဆိုနေရပါသနည်း။
မကြာခင် အကြောင်းရင်းကို ကျန်းလန် သိရှိသွားသည်။
"လက်သီးနတ်ဘုရား ၊ ကျွန်တော်တို့ (၄)ယောက် အတွေ့အကြုံရှာဖို့ ခရီးထွက်ကြမလို့ပါ"
ထိုအသံက ကောင်ငယ်လေး၏ အသံဖြစ်သည်။
အတွေ့အကြံရှာရန် ခရီးထွက်ကြမည်တဲ့လား။
ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။ သူတို့ ခရီးထွက်ကြသည်ကို သူ့ကို တင်ပြနေဖို့ လိုလို့လား။
ကျန်းလန် ကြည့်လိုက်သည့်အခါ သူတို့ (၄)ယောက် ဦးတည်ချက်မတူညီသည့် နေရာ (၄)ခုသို့ ထွက်ခွာသွားကြသည်ကို တွေ့မြင်လိုက်ရသည်။ အန္တရယ်တစ်စုံတစ်ခုကြုံလျှင် သူတို့ကို အကူအညီပေးရန် လာရောက်အကြောင်းကြားသွားခြင်းဖြစ်ကြောင်း ကျန်းလန် နားလည်သွားသည်။ သူက စောင့်ရှောက်ပေးနေလျှင် သူတို့အနေဖြင့် အန္တရယ်ကင်းပေလိမ့်မည်။
တကယ်တော့ ကောင်ငယ်လေးက သူ့အတွက် စိတ်ပူခြင်း မဟုတ်ပေ။ ဟုန်ယာအတွက် စိတ်ပူပန်ခြင်းသာ ဖြစ်သည်။
ကောင်ငယ်လေး၏ စကားအရဆိုလျှင် သူတို့ (၄)ယောက်က အနောက်ဘက်စွန့်ပစ်နယ်မြေ၏ တောင်ဘက်ဖြစ်သော ရေစင်ဖြိုခွင်းတောင်တန်းသို့ သွားရောက်ကြမည် ဖြစ်သည်။ ၎င်းဒေသတွင် ကြောက်မက်ဖွယ်ရာ သားရဲသတ္တဝါကြီးများ ကျက်စားလေသည်။ ထို့ပြင် နတ်မိစ္ဆာများ ၊ မြေအောက်နတ်ဆိုးများလည်း ကျင်လည်ကြသည်။
သူတို့ (၄)ယောက်လုံးက အစစ်အမှန်အင်မော်တယ်များ ဖြစ်ကြလေရာ တန်ခိုးစွမ်းအားမြင့်မားကြသဖြင့် ပြဿနာတော့ မရှိနိုင်ပေ။
ထို့နောက် ကျန်းလန် သူတို့ကို အရေးမစိုက်တော့ပေ။
နဂါးမျိုးနွယ်များ ၊ ဇာမဏီမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်ရှိနေကြသည်ကို သူ သိရှိလေသည်။ အဋ္ဌမမင်းသားတို့အုပ်စုကို ပြင်ပလောကတွင် အတွေ့အကြုံသွားရောက်ရှာဖွေရန် ထိုသူများက စီစဉ်ခြင်းလည်း ဖြစ်နိုင်သည်။
သူတို့ (၄)ယောက်က ကိုယ့်မျိုးနွယ်စုကို ကိုယ်စားပြုယှဉ်ပြိုင်ရမည်မဟုတ်သော်လည်း ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲတွင် သူတို့အနိုင်ရခဲ့လျှင် သူတို့နှင့်သက်ဆိုင်သည့် မျိုးနွယ်စုများအနေဖြင့်လည်း အကျိုးအမြတ်ရရှိနိုင်သည်။
သူတို့အုပ်စုထွက်ခွာသွားသည်နှင့်ကျန်းလန် ခြံဝင်းထဲတွင် သန့်ရှင်းရေး ဆက်လုပ်နေခဲ့သည်။
သို့သော် ခွန်လွန်တောင်အပြင်ဘက်တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ထိုအပြောင်းအလဲက ငရဲတံခါးမှ မရဏအငွေပအသက်များကို ထိခိုက်သွားစေသည်။ ကြည့်ရသည်မှာ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် နေရာတစ်ခု တည်ဆောက်နေခြင်း ဖြစ်နိုင်သည်။
အချိန် (၁)လခွဲခန့်ကြာမြင့်ပြီးနောက် ကျန်းလန် နဝမတောင်ထွတ်တစ်ခုလုံးကို ရှင်းလင်းပြီးစီးသွားသည်။ ယခုတစ်ခါတော့ ရှောင်ယွိကို သူ့သဘောအတိုင်း လုပ်ခွင့်မပေးတော့ဘဲ သူခိုင်းသည့်အရာများသာ ပြုလုပ်ရန် တောင်းဆိုထားသည်။ ထို့ကြောင့် သူမကို ထိန်းမနေရသည့်အတွက် အလုပ်လုပ်ရသည်မှာ လျှင်မြန်လေသည်။
ရှောင်ယွိက မြက်ပင်များကို ရှင်းလင်းနေရင်း…
"အခုရက်တွေအတွင်း မေလိတို့ (၃)ယောက် အစီအရင်တွေ လာပြီးလေ့လာဦးမယ်လို့ပြောတယ် ၊ ပြီးတော့ ဂိုဏ်းတူညီမလေး လင်စီးယာလည်း မရဏအငွေ့အသက်တွေကို အသုံးပြုပြီး အင်မော်တယ်ခန္ဒာကျင့်ကြံဖို့အတွက် နဝမတောင်ထွတ်ကိုလာီးမယ်လို့ပြောတယ်"
ကျန်းလန်က သူမကို လုုပ်ချင်ရာလုပ်ခွင့်မပေးသဖြင့် သူမမှာ ကျန်းလန် ခိုင်းသည့်အတိုင်းသာ ငြိမ်ငြိမ်လေး အလုပ်လုပ်နေရသည်။
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း…
"ဂိုဏ်းတူအစ်မက သူတို့နဲ့ ရင်းနှီးတယ် မဟုတ်လား"
မိန်းကလေးချင်းပင် ဖြစ်သောကြောင့် သူတို့အားလုံးကို ရှောင်ယွိ ဧည့်ခံကြိုဆိုသည်က အဆင်ပြေလေသည်။
ရှောင်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်ပြီး တတိယတောင်ထွတ်၏ တပည့်ရင်းတစ်ယောက် ဖြစ်သော်လည်း နဝမတောင်ထွတ်၏ မိသားစုဝင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် နဝမတောင်ထွတ်ကို ကိုယ်စားပြုနိုင်လေသည်။
ရှောင်ယွိက ရယ်မောရင်း သူမရင်ဘတ်ကို တစ်ချက်ပုတ်လိုက်သည်။
"ကြည့်စမ်း… ကျွန်မသာ မရှိရင် ဂိုဏ်းတူမောင်လေး ဘာလုပ်နေရမလဲ စဉ်းစားကြည့်"
သူမ မရှိလျှင် သူလုပ်ရမည်ပေါ့ဟုသာ ကျန်းလန် စိတ်ထဲက စကားဆိုသည်။
အမှန်တော့ အခြားသူများနှင့် ရန်မများစေရန် သိမ်မွေ့စွာ စကားပြောဆိုတတ်ရန် လိုအပ်သည်။ သို့ပေသိ ယခုတော့ ရှောင်ယွိက ထိုမိန်းကလေးများအားလုံးနှင့် ရင်းနှီးနေသောကြောင့် ပြဿနာသိပ်မရှိနိုင်ပေ။
သူကတော့ ရှောင်ယွိကဲ့သို့ ဂိုဏ်းတူညီမငယ်များဖြင့် ရင်းနှီးခြင်း မရှိပေ။
ထို့နောက်တွင်တော့ ရှောင်ယွိက လင်စီးယာကိုသွားခေါ်ရန် တတိယတောင်ထွတ်သို့ ထွက်သွားသည်။ ကျန်းလန်လည်း အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။ ခွန်လွန်တောင်အပြင်ဘက်တွင် ဘာတွေများ ဖြစ်ပျက်နေသည်လဲ သွားရောက်လေ့လာရန် ဖြစ်သည်။
ယခုဆိုလျှင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲပြုလုပ်မည့် စင်မြင့်သည်လည်း ဆောက်လုပ်နေပြီ ဖြစ်လေရာ သူ သွားရောက်လေ့လာသင့်သည်။ သို့မှသာ အနာဂတ်တွင် အထောက်အကူ ပြုပေမည်။
ကောင်းကင်ဘုံရော မရဏလောကနှင့်ပါ ချိတ်ဆက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုစင်မြင့်တွင် လျှို့ဝှက်ချက်များ ပါရှိနိုင်သည်။
သူ လမ်းလျှောက်လာစဉ် ခွန်လွန်တောင်လမ်းက ပြောင်းလဲသွားပြန်ပြီဖြစ်ကြောင်း သတိပြုမိသည်။ သို့ရာတွင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ကိုတော့ အဝေးမှပင် လှမ်းမြင်ရ၏။
စင်မြင့်ကြီးက လေထဲတွင် လွင့်ပျံနေပြီး စင်မြင့်အောက်တွင် အနက်ရောင်တိုင်လုံး (၉)ခုက လေထဲတွင်ပင် လွင့်ပျံလျှက် စင်မြင့်ကို ထောက်ပံ့ပေးထားသည်။ စင်မြင့်ထက်တွင်တော့ အဖြူရောင်တိုင်လုံးကြီး (၉)ခုက ကောင်းကင်ထက်တိုင် တည်ရှိနေသည်။
အောက်ဖက်မှ အနက်ရောင်တိုင်လုံးများက မရဏလောကနှင့် ချိတ်ဆက်ထားဟန်ရှိပြီး အထက်ဘက်မှ တိုင်လုံးများက ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထားပုံရသည်။
စင်မြင့်ထက်တွင်တော့ လူ (၁၂)ယောက်အတွက် နေရာတစ်ခုရှိနေသည်။
"ဒီနေရာတွေက နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်အတွက် ဖြစ်ရမယ်"
ကျန်းလန် မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
"ဒါဆို တိုက်ပွဲနေ့ကျရင် ငါကိုယ်တိုင် ဒီနေရာမှာ တက်ရောက်ရမှာပဲ ၊ ဒါဆို ငါ့ရဲ့ အစစ်အမှန်ခန္ဓာနဲ့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို ကြည့်နိုင်မယ် မထင်ဘူး"
သူ တံခါးပိတ်ကျင့်ကြံရန် အကြောင်းပြချက်တစ်ခု ရှာဖွေရပေလိမ့်မည်။
အရာအားလုံး တစ်ယောက်တည်းလုပ်ရန်မှာ မဖြစ်နိုင်ပေ။ ထိုအချိန်ရောက်လျှင် သူက ကောင်းကင်ဘုံနှင့် မရဏလောက၏ ဖိအားကို တွန်းလှန်ရဦးမည် ဖြစ်သည်။
ထို့နောက် ကျန်းလန် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ဆီသို့ လျှောက်လာပြီး လေ့လာကြည့်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ခြေနှစ်လှမ်းခန့် လှမ်းပြီးနောက် ရုတ်တရက် သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှ တုံပြန်မှု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
သူ့ကို တိုက်ရိုက်ထိုးဖောက်ကြည့်ရှုနေခြင်း မဟုတ်သော်လည်း အခြားတစ်ယောက်မတစ်ဆင့် သူ့ကို ကြည့်မြင်နိုင်ရန် ကြိုးစားနေခြင်းပင်။
သူ့အကြောင်းသိရှိရန် သူနှင့်ပတ်သက်သည့် တစ်စုံတစ်ယောက်ကို အသုံးချနေသည်လား။
ကျန်းလန် ချက်ချင်းပင် နတ်ဘုရားရာထူးမှ အလင်းစက်ငယ်လေးများကို ကြည့်လိုက်သည်။
အဋ္ဌမမင်းသား ၊ ကောင်ငယ်လေးနှင့် ချင်းမုတို့ (၃)ယောက်၏ အလင်းစက် (၃)စက် ပြောင်းလဲသွားကြောင်း တွေ့ရသည်။
ထို (၃)ယောက်မှတစ်ဆင့် သူ့ကို ထိုးဖောက်ကြည့်ရှုရန် ကြိုးစားနေသည်လား။
"ရန်သူက ဘာဖြစ်ချင်တာလဲ ၊ ငါ့ကို အားနည်းသွားအောင် ငါ့လူတွေကို ပစ်မှတ်ထားတာလား ၊ ဒါမှမဟုတ် ငါ့ကို ပစ်မှတ်ထားနေတာလား"
***