လမ်းပိတ်ထားတဲ့နဂါးမျိုးနွယ်များ
Vol. 37 Ch. 507
သူ့လူများ လိုက်လံချောင်းမြောင်းခံနေရသည်ကို သိလိုက်သည့်အခါ ကျန်းလန်ခေါင်းထဲသို့ အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။
သာမန်အခြေအနေဆိုလျှင် လူပေါင်းများစွာက အဋ္ဌမမင်းသား၏ လျှို့ဝှက်ချက်များကို သိရှိလိုကြပေလိမ့်မည်။ ထို့ကြောင့် အဋ္ဌမမင်းသားကို လျှို့ဝှက်ထောက်လှမ်းကြသည်မှာ ထူးဆန်းသည်ဟု မဆိုသာပေ။
ထို့အတူ ကောင်ငယ်လေးသည်လည်း လျှို့ဝှက်ထောက်လှမ်းခံရနိုင်သည်ဟု ကျန်းလန် မျှော်လင့်ထားသည်။ ကောင်ငယ်လေးကြောင့် သူက အလယ်ပိုင်းလွင်ပြင်ဒေသတွင် တစ်ကြိမ်ထွက်ပေါ်လာခဲ့ရသည် မဟုတ်လား။
သို့သော် ချင်းမုကတော့ အခြားသူများနှင့်မတူပေ။ သူက တစ္ဆေတိုင်းပြည်မှဖြစ်ပြီး နာမည်ကြီးတစ်ယောက်လည်း မဟုတ်ပေ။ ထို့ကြောင့် ချင်းမု၏ လျှို့ဝှက်ချက်များကို မည်သူကမှ သိရှိလိုကြမည် မဟုတ်ပေ။
နတ်ဘုရားရာထူးပိုင်ဆိုင်သူများအားလုံး တွေ့ဆုံကြသည့်အစည်းအဝေးကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်း ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်က သူ့လက်အောက်တွင်ရှိရမည့်လူများကို ကြေငြာပေးခဲ့သည်။ ထို့ကြောင့် ထိုသူများမှတစ်ဆင့် ကျန်းလန်၏ လျှို့ဝှက်ချက်များကို လျှို့ဝှက်စုံစမ်းမှုများ ဖြစ်လာခဲ့သည်။
ချီလင်ကောင်မလေးနှင့် ဇာမဏီကောင်မလေးတို့က သူနှင့် တိုက်ရိုက်ဆက်နွယ်မှု မရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက်မှတစ်ဆင့် သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်ရန်မှာ မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ ကောင်ငယ်လေး ၊ လုန်မန်နှင့် ချင်းမုတို့ကို လျှို့ဝှက်ထောက်လှမ်းနေရသည့် အကြောင်းရင်းမှာ သူ့အကြောင်း သိရှိလိုသောကြောင့်သာ ဖြစ်လေသည်။
"ဒါပေမဲ့ ဘယ်သူက အားစိုက်ထုတ်ပြီး ဒီအလုပ်ကို လုပ်နေရတာလဲ ၊ နတ်လူသားမျိုးနွယ်တွေလား ၊ ဒါမှမဟုတ် မြေအောက်နတ်ဆိုးတွေလား"
ကျန်းလန် ချက်ချင်း အဖြေရှာမရနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော ထိုသူက သူ့ကို တိုက်ရိုက်ထိုးဖောက်ကြည့်ရှုနေခြင်းမဟုတ်ဘဲ သူနှင့်သက်ဆိုင်သူ (၃)ယောက်မှတစ်ဆင့် ထိုးဖောက်ကြည့်ရှုနေခြင်းဖြစ်လေရာ ထိုသူ၏ တည်နေရာကို ကျန်းလန် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
သို့ပေသိ သူ့အနေဖြင့် ဘာမှအလျှင်စလို စရာမရှိပေ။ လုန်မန် ၊ ကောင်ငယ်လေးနှင့် ချင်းမုတို့မှာ သာမန်လူများ မဟုတ်ကြလေရာ အန္တရယ်ကြုံလာလျှင်ပင် ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။ တစ်ဖက်မှစေလွှတ်မည့်သူက တန်ခိုးစွမ်းအား မည်မျှရှိသည်အပေါ်တွင် မူတည်သည်။
အဋ္ဌမမင်းသားကတော့ မျိုးနွယ်စုတိုင်းက အားကိုးရလောက်အောင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို ပိုင်ဆိုင်ထားသည့်အတွက် စိုးရိမ်ရ အနည်းငယ်သာ ရှိသည်။ လုန်မန်တစ်ခုခု ဖြစ်သွားပါက သူ့ကို အန္တရယ်ပြုသူသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး၏ ရန်သူ ဖြစ်သွားနိုင်သည်။
ဇာမဏီကောင်မလေးနှင့် ချီလင်ကောင်မလေးတို့ကတော့ သူနှင့် တိုက်ရိုက်မသက်ဆိုင်သဖြင့် အန္တရယ်ကြုံတွေ့ရန် ရာနှုန်းနည်းပါးသည်။
ချင်းမုကတော့ တစ္ဆေတိုင်းပြည်မှ ဖြစ်သည်။ မည်သူမှ တစ္ဆေတိုင်းပြည်နှင့် ပြဿနာမဖြစ်လိုကြသဖြင့် အန္တရယ်ကင်းနိုင်သည်။
နဂုံးချုပ်ဆိုရသော် အန္တရယ်အရှိဆုံးနှင့် ပစ်မှတ်ထားခံရနိုင်ဆုံးမှာ ကောင်ငယ်လေးသာလျှင် ဖြစ်သည်။
"ငါ ပိုပြီး သတိထားဖို့လိုမယ်ထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
အဋ္ဌမမင်းသားကို အသာထား ၊ ချင်းမုနှင့် ကောင်ငယ်လေးမှတစ်ဆင့် သူ့ကို ထိုးဖောက်ကြည့်ရှုရန်မှာ လွယ်ကူသည်။ သို့သော် မိန်းကလေး (၂)ယောက်ကိုတော့ အာရုံစိုက်ရန် လွယ်ကူမည် မဟုတ်ပေ။
ချီလင်ကောင်မလေးက သူ၏ နတ်ဘုရားရာထူးတွင် ခပ်မှိန်မှိန်အလင်းစက်တစ်ခုအဖြစ်သာ ရှိနေသောကြောင့် ပြတ်သားသည့် တုံ့ပြန်မှုရရှိရန် ခက်ခဲသည်။ ဇာမဏီကောင်မလေးကတော့ သူနှင့် တိုက်ရိုက်ဆက်နွယ်ခြင်း မရှိသည့်အတွက် သူ၏နတ်ဘုရားရာထူးကို မခေါ်ဆိုသရွေ့ သူက ဘာမှ ကူညီပေးနိုင်မည် မဟုတ်ပေ။
ထို့ပြင် မည်သူက အန္တရယ်ပေးသည်ကို သိရှိရမှသာ သူက လှုပ်ရှားနိုင်မည် ဖြစ်လေရာ ရန်သူဘက်မှ စတင်တိုက်ခိုက်လာသည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
ထိုအကြောင်းများကို အရေးမစိုက်တော့ဘဲ ကျန်းလန် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စင်မြင့်ဆီသို့ ချဉ်းကပ်သွားပြီး ခေါင်းကိုမော့ကာ အဆုံးမဲ့ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။
ရုတ်တရက် ကောင်းကင်ထက်တွင် အဆုံးမရှိသည့် သွေးပင်လယ်ကြီးကို မြင်လိုက်ရသည်။ သို့သော် ခဏအတွင်း မြင်ကွင်းက ပျောက်ကွယ်သွားပြီး မည်သည့်အရာမှ မရှိတော့ဘဲ ကောင်းကင်သည် နဂိုအတိုင်း ပြာလွင်ကြည်လင်လျှက်ပင်။
အောက်သို့ ငုံ့ကြည့်လိုက်ပြန်တော့ သူ့အကြည့်များက အသူရာတမျှနက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခုဆီ ထိုးဖောက်ဝင်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ ထိုချောက်နက်ကြီးက သူ၏စိတ်ဝိညာဉ်ကို စုပ်ယူသွားတော့မတတ်ပင်။
ထိုချောက်နက်အတွင်း ကျရောက်သွားမည်ဆိုလျှင် သေချာပေါက် ပျာက်စီးဆုံးရှုံးသွားရပေလိမ့်မည်။
သို့ပေသိ ကျန်းလန်ကိုတော့ လုံး၀ ထိခိုက်နိုင်ခြင်း မရှိပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားကြသည်။
"ဒီနေရာက လုံး၀ မရိုးရှင်းဘူး ၊ တကယ်ပဲ ကောင်းကင်ဘုံရော ၊ မရဏလောကရော နှစ်ခုလုံးနဲ့ ချိတ်ဆက်နေတယ် ၊ ကောင်းကင်ဘုံကတော့ ကြည့်ရတာ…"
ကျန်းလန် ကောင်းကင်ထက်သို့ ထပ်မံခေါင်းမော့ကြည့်လိုက်သော်လည်း မည်သည့်အရာမှ မတွေ့မြင်ရတော့ပေ။
စောစောကတော့ သူတွေ့မြင်ရသည်မှာ သွေးပင်လယ်ကြီးတစ်ခု ဖြစ်သည်။ ကောင်းကင်ဘုံသည် အဘယ့်ကြောင့် ထိုသို့သောမြင်ကွင်းမျိုး ဖြစ်ရပါသနည်း။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ စစ်သူကြီးချင်းစန်းကတော့ အမှောင်ထုထဲတွင် ရန်သူများရှိနေသည်ဟု ပြောခဲ့သည်။
အကယ်၍ သူ သွားရောက်စုံစမ်းမည်ဆိုလျှင် ရန်သူများအကြောင်း သိရှိရန် အခွင့်အရေးရှိသော်လည်း သေချာပေါက် ဘေးအန္တရယ် ကျရောက်ပေလိမ့်မည်။
"ဂိုဏ်းတူညီလေးကျန်းလန်"
သူ့နားထဲသို့ ခေါ်သံတစ်သံ ဝင်ရောက်လာသည်။
လုကျန်းပင် ဖြစ်သည်။
ကျန်းလန်က အနည်းငယ် ဦးညွှတ်လိုက်ရင်း…
"ဂိုဏ်းတူအစ်ကိုလုကျန်း"
လုကျန်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်တွင် ဓားဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။ သူ့ပုံစံက အလွန်မှ အထင်ကြီးလေးစားစရာ ကောင်းလှသည်။
လုကျန်း၏ ကျင့်ကြံခြင်းအဆင့်က မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်ဖြစ်သော်လည်း သာမန် မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်များထက် ပိုပြီး တန်ခိုးစွမ်းအားပြင်းထန်သည်ဟု ခံစားရသည်။
လုကျန်းက တာအိုအင်မော်တယ်များအလယ်တွင် အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားသည့် ဆရာဦးလေးကျိုးကျုန်းထျန်းနှင့် အလွန်ဆင်တူသည်။
ဆရာဦးလေးကျိုးကျုန်းထျန်းနှင့် ကျန်းလန်၏ဆရာ ယှဉ်မည်ဆိုလျှင် မည်သူက တန်ခိုးစွမ်းအားပိုမိုမြင့်မားသည်လဲ မသိရှိနိုင်ေ။
လုကျန်းက…
"ဂိုဏ်းတူညီလေးက ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို စိတ်ဝင်စားလို့လား"
ဟု မေးလိုက်သည်။
သူက ကျန်းလန်၏ စိတ်နေစိတ်ထားကို အနည်းနဲ့အများ နားလည်သူ ဖြစ်လေရာ ကျန်းလန်က တိုက်ပွဲကို စိတ်ဝင်စားမည်ဟု မထင်ခဲ့ပေ။
ကျန်းလန်က…
"ဒီ စင်မြင့်က နည်းနည်းထူးဆန်းသလို ခံစားရလို့ တစ်ချက်လောက် လာကြည့်တာပါ"
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ကလည်း အမှန်တကယ်ပင် ထူးခြားသည့်အရာတစ်ခု ဖြစ်သည်။
လုကျန်းက…
"တောင်သခင်တွေက ဒီစင်မြင့်ကို ချက်ချင်းဆောက်လုပ်ခိုင်းတယ်လို့ သတင်းကြားတယ် ၊ ဒါပေမဲ့ အခုတော့ မပြီးသေးလို့ နှစ်ပေါင်းများစွာ ကြာဦးမှာတဲ့ ၊ ဒီလိုသာမဟုတ်ရင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက အခုချိန်ထိ နှောင့်နှေးနေမှာ မဟုတ်ဘူး ၊ တကယ်တော့ တိုက်ပွဲဘယ်တော့စမလဲဆိုတာ ဒီစင်မြင့်ပြီးတဲ့အချိန်အပေါ် မူတည်တယ်လေ"
ကျန်းလန်က ခေါင်းညိတ်လိုက်သည်။
ဖြစ်ရပ်ကို သူ နားလည်သွားရ၏။ အခြားမျိုးနွယ်စုအချို့ နှစ်ပေါင်း (၄၀) ကြိုတင်ရောက်ရှိနေကြပြီး စောင့်ဆိုင်းနေကြရသည်မှာ အံ့သြစရာ မရှိတော့ပေ။
တိုက်ပွဲစင်မြင့်ဆောက်လုပ်သည့် လုပ်ငန်းစဉ် အချိန်ကြာလေ ကျန်းလန်အတွက် အချိန်ပိုရရှိလေ ဖြစ်သည်။ တကယ်တမ်း တိုက်ပွဲရင်ဆိုင်ကြလျှင် မည်သည့်အချိန်တွင် မည်သည့်အန္တရယ်ကျရောက်မည်ကို မသိနိုင်လေရာ ပြင်ဆင်မှုများစွာ ပြုလုပ်ထားရမည် ဖြစ်သည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်ကိုရော… တိုက်ပွဲမှာ ပါဝင်မှာလား"
လုကျန်းက ခွန်လွန်တောင်တစ်လျှောက်တွင် ကျော်ကြားသူဖြစ်ပြီး သူ၏တန်ခိုးစွမ်းအားက လူတိုင်းကို အံ့အားသင့်စေသည်။
သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် သူနှင့်ယှဉ်နိုင်သူ မည်သူမှ မရှိပေ။ ထို့ကြောင့် လုကျန်းသာ တိုက်ပွဲတွင်ပါဝင်မည်ဆိုလျှင် မည်သူမှ သူ့ကိုအနိုင်ယူနိုင်မည် မဟုတ်ပေ။ အဋ္ဌမမင်းသား မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည်ဆိုလျှင်ပင် လုကျန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
ယခုဆိုလျှင် အဋ္ဌမမင်းသားသည်လည်း မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်သည်။ လုန်မန်နှင့် လုကျန်း တိုက်ပွဲတွင် ရင်ဆိုင်မတွေ့ပါစေနှင့်ဟုသာ ကျန်းလန် ဆုတောင်းမိသည်။
မဟုတ်ပါက အခြေအနေကောင်းမည် မဟုတ်ပေ။
လုကျန်းက ရယ်မောလိုက်ရင်း…
"အင်း… ဝင်ပြိုင်ရမှာပေါ့ကွ ၊ တိုက်ပွဲဝင်တွေက ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ တန်ခိုးစွမ်းအား အပြင်းထန်ဆုံးလူတွေလို့ သတင်းကြားတယ် ၊ ကျုပ် စမ်းကြည့်ချင်တယ်"
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည့်အတွက် ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
လုကျန်းက…
"ဒါနဲ့… စကားမစပ် ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကြောင့် လူတွေအများကြီး ခွန်လွန်တောင်ကို လာရောက်ကြလိမ့်မယ် ၊ အဲဒါ မင်းအနေနဲ့ သတိထားဖို့ လိုအပ်တယ်"
သူက ဆက်ပြောသည်။
"အဲဒီလူတွေထဲမှာ ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပစ်မှတ်ထားတဲ့သူတွေလည်း ရှိမှာပဲလေ ၊ ဒါကြောင့် ဂိုဏ်းတူညီလေးလည်း ပစ်မှတ်ထားခံလာရနိုင်တယ်"
ထိုသို့ဖြစ်လာရန် ရာနှုန်းနည်းပါးသော်လည်း ကျန်းလန်က လုကျန်းစကားကို သဘောတူသည်။
လုကျန်းက စကားဆက်ပြော၏။
"ဂိုဏ်းတူညီလေးရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်လဲဆိုတာ ဟိုးတလောကပဲ ပထမတောင်ထွတ်က မေးနေသေးတယ် ၊ ကြည့်ရတာ သူတို့ မင်းဆီက အကူအညီတစ်ခုခု လိုနေတယ်ထင်တယ် ၊ တတ်နိုင်တာဆိုရင်လည်း ကူညီပေးပြီး မတတ်နိုင်တာရှိရင်လည်း သူတို့ကို ပြောပြလိုက်လေ… နော်"
ကျန်းလန်က ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ရင်း
"ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို"
သူ မတတ်နိုင်သည်မှာ ဘာမှ မရှိပေ။
သူ့အတွက် လိုအပ်သည်က အချိန်တစ်ခုသာ ဖြစ်သည်။ သူ့အတွက် အချိန်အလုံအလောက် ရှိသည်ဆိုလျှင်တောင်မှ အချိန်ကိုပိုပြီးလိုချင်နေမိသည်။ သို့မှသာ သူ့အတွက် အန္တရယ်ကင်းမည် ဖြစ်သည်။
ထို့နောက် လုကျန်းက သူလုပ်စရာရှိသည်များ ပြုလုပ်ရန် ကျန်းလန်ကို နှုတ်ဆက်ကာ ထွက်သွားတော့သည်။
ကျန်းလန်ကတော့ အချိန်အတန်ကြာအောင် လေ့လာနေခဲ့ပြီးနောက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
သေရည်ဆိုင်ရှေ့သို့ရောက်သည့်တိုင် သေရည်ဝယ်ယူခြင်း မပြုခဲ့ပေ။ ကောင်ငယ်လေးရော အဋ္ဌမမင်းသားပါ ခရီးထွက်သွားသည်ဖြစ်ရာ သေရည်ဆိုင်က ပို၍ပင် တိတ်ဆိတ်နေနိုင်သည်။
"ဂရား…"
ထိုစဉ် သေရည်ဆိုင်ဆီမှ နဂါးအရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"ကြည့်ရတာ ဒီလောက်လည်း ခြောက်သွေ့နေတဲ့ပုံ မရှိပါဘူး"
လုန်ရဲ့နှင့် ဖီရှိုးကောင် တိုက်ခိုက်နေကြပြီကို ကျန်းလန် ချက်ချင်း သိလိုက်သည်။
ထို (၂)ယောက်မှာ နှစ်ပေါင်းရာနှင့်ချီတိုက်ပွဲဝင်ခဲ့ကြသည်။ အဋ္ဌမမင်းသား ရှိနေသရွေ့ လုန်ရဲ့က ခွန်လွန်တောင်တွင်ပင် နေထိုင်ခဲ့သည်။
ယခုတော့ အရက်သမားကြီးလုံးလုံး ဖြစ်နေပေပြီ။ သို့ပေသိ သေရည်ဆိုင်ဖြစ်သည့်အတွက် အရက်သမားမရှိလျှင်လည်း သဘာဝမကျ ဖြစ်ပေလိမ့်မည်။
ပြီးတော့ လုန်ရဲ့က သေရည်မူးနေချိန် သူ့ကိုတွေ့တိုင်း "မြင်းသေးတွေအတူသောက်ခဲ့ကြတဲ့ ငါ့အစ်ကို" ဟု အော်ဟစ်ပြောဆိုလေ့ရှိသည်။
ထိုကိစ္စက အရေးစိုက်စရာကိစ္စမဟုတ်သော်လည်း အနည်းငယ်တော့ ထူးဆန်းနေသည်ပင်။ သူ့ကို ဝေဖန်သူများစွာ ရှိကြသော်လည်း ခွေးချေးအတူတူစားပြီး မြင်းသေးအတူတူသောက်သည်ဟု ပြောဆိုသူမှာ လုန်ရဲ့တစ်ယောက်သာလျှင် ရှိသည်။
ထို့နောက် တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်လာရင်း ကျန်းလန် ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။
ဓားများထက်တွင်စီးနှင်ပျံသန်းနေသူများစွာကို တွေ့မြင်ရပြီး ထိုသူများ၏ ကျင့်ကြံခြင်းအဆင့်များကလည်း မဆိုးလှပေ။ ကျန်းလန်က အထီးကျန်မန္တန်ကို မသုံးပြုမထားသဖြင့် အာရုံစူးစိုက်မှုမခံရစေရန် တိတ်ဆိတ်စွာပင် လမ်းလျှောက်လာခဲ့သည်။
လူအများစုက လေထဲတွင် ပျံသန်းနေကြခြင်းဖြစ်သည့်အတွက် လူအနည်းစုသာလျှင် လမ်းလျှောက်နေသည့်သူ့ကို သတိပြုမိနိုင်သည်။
သို့သော် တစ်နေရာအရောက်တွင် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။ အကြောင်းမှာ သူသွားမည့်လမ်းကို လူ (၃)ယောက်က ပိတ်ဆို့ထားသောကြောင့် ဖြစ်၏။
လူငယ် (၂)ယောက်နှင့် မိန်းမပျို (၁)ယောက်။
လူသားအင်မော်တယ် (၁)ယောက်နှစ် အစစ်အမှန်အင်မော်တယ် (၂)ယောက်။
ထိုသူများက နဂါးမျိုးနွယ်များဖြစ်ကြောင်း ကျန်းလန် ချက်ချင်း သိရှိလိုက်လေသည်။
***