ကျုပ်ကိုတော့ မသတ်နဲ့ပေါ့
Vol. 37 Ch. 508
နဂါးမျိုးနွယ် (၃)ယောက်က သူသွားမည့်လမ်းကို ပိတ်ဆို့ထားသည့်အတွက် ကျန်းလန် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
မြေအောက်နတ်ဆိုးမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များဆိုလျှင်ပင် သူက အံ့သြမိမည် မဟုတ်ပေ။ ထိုသူများသာဆိုလျှင် တစ်ချက်တည်း သေလမ်းပို့ပေးလိုက်မည် ဖြစ်သည်။
သို့ပေသိ…
နဂါးမျိုးနွယ်များကတော့ သူ့ကို အန္တရယ်ပြုစရာအကြောင်း မရှိပေ။
ထို့ကြောင့် သူတို့ (၃)ယောက်ကို ကျန်းလန်က ကွေ့ပတ်ပြီး ထွက်ခွာသွားရန် ကြိုးစားလိုက်ရသည်။ သို့သော် ထို (၃)ယောက်က သူ့ကို တားဆီးထားဆဲပင် ဖြစ်၏။
ကျန်းလန်က သိမ်မွေ့စွာဖြင့်…
"ဘာကိစ္စရှိလို့လဲ"
တစ်ချိန်တည်းမှာပင် အရေးပေါ်အသုံးပြုရန် သူ၏ တန်ခိုးစွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်လိုက်သည်။
သူတို့၏ ကျင့်ကြံခြင်းက ကျန်းလန်၏ အပေါ်ယံကျင့်ကြံခြင်းနှင့် မတိမ်းမယိမ်းဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်မထားဘူးဟု မပြောနိုင်ပေ။ ပြီးတော့ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်မထားဘူးဆိုလျှင်တောင်မှ ကျန်းလန်ကတော့ သတိထားရမည် ဖြစ်သည်။
"မင်းက နဂါးသုတ်သင်ဓားသိုင်းကို တတ်ကျွမ်းတယ်ဆိုတဲ့ ကျန်းလန်လား"
အရပ်အမြင့်ဆုံး နဂါးမျိုးနွယ်က မေးလိုက်သည်။
ထိုသူက အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နဂါးမျိုးနွယ် (၃)ယောက်တွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးမှာ အရပ်ပုပုနှင့် လူငယ် ဖြစ်သည်။
အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် နဂါးမယ်လေးတစ်ယောက်ကတော့ စိုးရိမ်ပူပန်နေဟန် ရှိသည်။
ကျန်းလန်က…
"နဂါးသုတ်သင်ဓားသိုင်းအတွက် မင်းတို့က ကျုပ်ကို တားဆီးနေတာလား"
အစပိုင်းတွင် လုန်ယွိကြောင့် သူ့ကို ပြဿနာရှာသည်ဟု ထင်ခဲ့မိပြီး နဂါးသုတ်သင်ဓားသိုင်းကြောင့် ဖြစ်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို တတ်ကျွမ်းသည်မှန်သော်လည်း နဂါမျိုးနွယ်များကို ထိုဓားသိုင်းဖြင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။
စိန်ခေါ်ပွဲတွင် အဋ္ဌမမင်းသားနှင့်တိုက်ခိုက်စဉ်က အနှီနဂါးမင်းသားက လမ်းတစ်ဝက်တွင် လက်နက်ချသွားသဖြင့် သူ့မှာ နဂါးသုတ်သင်ဓားသိုင်း အသုံးမပြုခဲ့ရပေ။
နဂါးငိုကျွန်းတွင် နဂါးနက်ဖြင့်ရင်ဆိုင်ခဲ့စဉ်ကလည်း နဂါးသုတ်သင်ဓားသိုင်း မသုံးပြု၍ မဖြစ်သည့်အခြေအနေမို့ နဂါးဓားသိုင်းကိုသာ အသုံးပြုတိုက်ခိုက်ခဲ့ရသည်။
အပြာရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် နဂါးမျိုးနွယ် လုန်ဟယ်က…
"ကျုပ်တို့က မင်းကို အနိုင်မကျင့်ပါဘူး ၊ ကျုပ် မင်းကို စိန်ခေါ်ချင်တာပါ ၊ တခြားဓားသိုင်းမသုံးဘဲနဲ့ နဂါးသုတ်သင်ဓားသိုင်းအသုံးပြုပြီး ကျုပ်ကို တိုက်ခိုက်ပါ ၊ ဒီဓားသိုင်းက ထူးခြားတယ်လို့ သတင်းကြားရပေမယ့် ကျုပ် လုံး၀ မယုံဘူး ၊ ကိုယ်တိုင်မျက်မြင်မကြုံသရွေ့ ကျုပ် ယုံမှာ မဟုတ်ဘူး"
သူ့စကားသံက အလွန်လေးနက်သည်။
သူ့ကို နဂါးသုတ်သင်ဓားသိုင်းအသုံးပြုရန် လာရောက်စိန်ခေါ်လေရာ ကျန်းလန်မှာ ကူရာကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
နဂါးမယ်လုန်ချင်က…
"ရှင်… ရှင် ကျေးဇူးပြုပြီး ညှာတာပေးပါနော် ၊ လုန်ဟယ်ကလည်း စိတ်လိုက်မာန်ပါလုပ်တတ်တဲ့သူ မဟုတ်ပါဘူး ၊ ရှင်တို့ တိုက်ခိုက်တာကို ကျွန်မတို့ စောင့်ကြည့်နေမယ်"
သူမက စကားပြောရင်း ပတ်ဝန်းကျင်ကိုလည်း အကဲခတ်နေသည်။ သူတို့ကို တစ်စုံတစ်ယောက် တွေ့မြင်သွားမည်ကို ကြောက်ရွံ့နေဟန်ပင်။
သူတို့က ခိုးထွက်လာကြသူတွေလား။ ထိုသူများက အတော်လေး စိတ်လိုက်မာန်ပါလုပ်တတ်ကြသည်ပဲဟု ကျန်းလန် တွေးမိသည်။ နဂါးမျိုးနွယ်၏ ညွှန်ကြားချက်များကို အရေးမစိုက်ဘဲ သူ့ကို ရန်စကြရန် ဆုံးဖြတ်ထားကြဟန်ရှိသည်။
ကျန်းလန်က လုန်ဟယ်ကို ကြည့်လိုက်ရင်း…
"နဂါးသုတ်သင်ဓားကို ရင်ဆိုင်ချင်ရင် နော်ကဆက်တွဲအကျိုးဆက်ကို မင်း ခံနိုင်ရည်ရှိလား"
သူ့မျက်နှာအမူအရာက တည်ငြိမ်နေပြီး တစ်ဖက်လူကို စေတနာထားသည့်အတွက် သတိပေးလိုက်ခြင်းသာ ဖြစ်သည်။
"ခံနိုင်ရည်ရှိပါတယ်"
ပြောပြီးသည်နှင့် လုန်ဟယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သို့သော် သူ၏ မာနတရားက ကြာရှည်မခံဘဲ စကားတစ်ခွန်းကို ဆက်ပြောခဲ့သည်။
"ကျုပ်ကိုတော့ မသတ်နဲ့ပေါ့"
ကျန်းလန် : "……"
ဒီနဂါးက သေမှာတော့ ကြောက်သားပဲ။
ကျန်းလန်တော့ ထုံးစံအတိုင်း သတိတစ်ချက် မလစ်ပေ။ စကားလုံးများက သူ့စိတ်ကို ပြောင်းလဲသွားစေမည်ဆိုလျှင် သူ့အတွက် အလွန်အန္တရယ်များမည်ပင်။
ထို့နောက် လုန်ဟယ်က နဂါးတစ်ဝက်အဝွင်ပြောင်းလဲလိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
"မင်း အဆင်သင့်ဖြစ်ပြီလား ၊ ကျုပ် တိုက်ခိုက်တော့မယ်"
လုန်ချင်ကတော့ တစ်ခုခု ဖြစ်လာမည်ကို အလွန်ကြောက်ရွံ့နေဟန် ရှိသည်။
ကျန်းလန်က တစ်ဖက်လူကို ကြည့်လိုက်ရင်း…
"မင်း တိုက်လို့ရပြီ"
သူရောက်ရှိနေသည့်နေရာတွင် ပြင်းထန်သည့်စွမ်းအားမျိုးမရှိသလို ပတ်ဝန်းကျင်တွင်လည်း တန်ခိုးစွမ်းအား အငွေ့အသက်များ မရှိပေ။ ထို့ပြင် ပတ်ဝန်းကျင်တွင် အစီအရင်များနှင့် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန် ကြံစည်ထားခြင်းများကိုလည်း မတွေ့ရပေ။
"ဂရား"
နဂါးဟိန်းသံတစ်သံထွက်ပေါ်လာပြီး လုန်ဟယ်က စတင်တိုက်ခိုက်လိုက်သည်။
ကျန်းလန်က လုန်ဟယ်၏တိုက်ခိုက်မှုကို လျှော့မတွက်ခဲ့ပေ။ လုန်ဟယ်သည် အရွယ်ရောက်ပြီး နဂါးတစ်ကောင်ဖြစ်ကာ သူ၏လက်သည်းများက ဓားရှည်များပမာ ထက်ရှလွန်းသည်။
နဂါးလက်သည်းများက ကျန်းလန်ကို ထိုးစိုက်ကုတ်ဆွဲချလိုက်သည်။
ခဏအကြာတွင်…
ကျန်းလန် ခွန်လွန်တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားလေသည်။
သူ့အနောက်ဘက်တွင်တော့ ပြတ်ကျနေသည့် လက်မောင်းနေရာကို အုပ်ကိုင်ထားပြီး နာကျင်မှုကို အောင့်ခံကာ ကျန်ရစ်ခဲ့သည့် လူငယ်တစ်ယောက် ရှိသည်။
ထိုလူငယ်က ကျန်းလန်ကို စိန်ခေါ်ခဲ့သည့် လုန်ဟယ်ပင် ဖြစ်ပြီး သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နက်လျှက် ရှိ၏။
လုန်ချင်က လုန်ဟယ်၏လက်မောင်းမှဒဏ်ရာကို သွေးမထွက်စေရန် မန္တန်ပညာဖြင့် ကုသပေးရင်း…
"သူ့ကို သွားမနှောက်ယှက်ဖို့ ငါ ပြောပါတယ် ၊ နင်က ဘာလို့ နဂါးသုတ်သင်ဓားသိုင်းကို စမ်းသပ်ကြည့်ချင်ရတာလဲ"
သူမပုံစံက ငိုတော့မည့်ဟန်ပင်။
နောက်ထပ် နဂါးမျိုးနွယ်လူငယ်တစ်ယောက်ဖြစ်သည့် လုန်ကျီကတော့ ကျန်းလန်ထွက်သွားသည်ကို ကြည့်ရင်း ချွေးစေးများပျံလျှက် ရှိသည်။
"သူ့ဓားချက်က ငါတို့ (၃)ယောက်လုံးကို သတ်ပစ်နိုင်စွမ်းရှိတယ်လို့ ခံစားရတယ်"
လုန်ဟယ်က မျက်ခုံးများကို တွန့်ချိုးထားရင်း နာကျင်မှုကို အောင့်ခံလျှက် ရှိသည်။
သူက…
"အဋ္ဌမမင်းသားရဲ့ ခံစားချက်ကို ငါ နားလည်သွားပြီ"
လုန်ကျီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"အမှန်ပဲ ၊ ဒီလူက ကောလဟလတွေနဲ့ လုံးဝမတူဘူး ၊ မညံ့ဖျင်းရုံသာမက အံ့သြစရာကောင်းလောက်အောင် တော်နေတယ် ၊ ကျင့်ကြံခြင်းကလည်း အားကောင်းသလို စိတ်စွမ်းအားကလည်း ထူးခြားတယ် ၊ တိုက်ပွဲအတွေ့အကြုံလည်း များတဲ့ပုံပဲ ၊ ပိုပြီး ကြောက်စရာကောင်းတာက ခွန်လွန်တောင်မှာ သူ့ကို အသုံးမကျဘူးလို့ ဝေဖန်ခံနေရတာကို လုံး၀ အရေးမစိုက်တာပဲ ၊ ပထမဆုံးသူနဲ့ဆုံတွေ့ရတာဆိုပေမယ့် ငါတို့ဘက်က မောက်မောက်မာမာ မရှိခဲ့လို့ တော်သေးတယ်လို့ ပြောရမယ်"
ဟုတ်ပေ၏။
ယခုအခြေအနေတွင် ကျန်းလန်က သူတို့ (၃)ယောက်လုံးကို သတ်ဖြတ်ပစ်လိုက်လျှင်ပင် ဘာမှ တာဝန်ခံစရာ မလိုပေ။ အကြောင်းမှာ ဤနေရာက ခွန်လွန်တောင်ဖြစ်သောကြောင့် ဖြစ်၏။
လုန်ချင်က…
"ငါတို့တော့ သေချာပေါက် အပြစ်ပေးခံရတော့မယ် ၊ နင်တို့တွေက ဘာတွေကို ဝေဖန်သုံးသပ်နေသေးတာလဲ"
လုန်ဟယ်ကတော့ စိတ်ထဲထားဟန် မရှိပေ။
"ပြန်ကြစို့…"
သို့သော် သူက တစ်စုံတစ်ခုကို သတိရသွားပြီး လုန်ချင်ကို အလျှင်အမြန် ပြောလိုက်သည်။
"ငါ့လက်ကို ယူခဲ့ဖို့ မမေ့နဲ့နော် ပြန်ဆက်လို့ရတယ်"
***
နဝမတောင်ထွတ်။
တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်လာရင်း အပြင်ထွက်သည်နှင့် ပြဿနာတစ်ခုခု ကြုံတွေ့ရန်က လွယ်ကူသည်ဟု ကျန်းလန် ခံစားရသည်။
ယခုဆိုလျှင် ကျင့်ကြံခြင်းအဆင့်မြင့်သူများစွာလည်း ထွက်လာကြသဖြင့် ပို၍ သတိထားရသည်။ ယခင်ကဆိုလျှင် အပြင်ထွက်လာသူများထဲတွင် အများစုက လူသားအင်မော်တယ်များသာ ဖြစ်ကြသည်။ ယခုတော့ အစစ်အမှန်အင်မော်တယ်များနှင့် မိုးကောင်းကင်အင်မော်တယ်များပင် ရှိနေကြသည်။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကြောင့် ကျင့်ကြံသူများ ထွက်လာကြခြင်းပင် ဖြစ်၏။
တကယ်တော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ဆောက်လုပ်ရန်အတွက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများ လိုအပ်သည်။ လူသားအင်မော်တယ်များပင်လျှင် ထိုစင်မြင့်ကိုဆောက်လုပ်ရန် အရည်အချင်း မပြည့်မီကြပေ။ အစစ်အမှန်အင်မော်တယ်နှင့် မိုးကောင်းကင်အင်မော်တယ်များသာ ထိုအရာကို ဆောက်လုပ်နိုင်ကြသည်။ တာ့လော်အင်မော်တယ် အနည်းငယ်ပင် ပါဝင်နေကြသည်။
တာ့လော်အင်မော်တယ်…
ခွန်လွန်တောင်တွင် တောင်သခင်များဖြစ်သည့် တာအိုအင်မော်တယ်များကို မကြာခဏတွေ့မြင်ရသော်လည်း တာ့လော်အင်မော်တယ်များကို ကျန်းလန် မတွေ့မြင်ဖူးပေ။
ယခုအချိန်ထိ သူသိရှိထားသည့် တာ့လော်အင်မော်တယ်မှာ သူကိုယ်တိုင်သာ ဖြစ်သည်။
ယခုတော့ နဂါးမျိုးနွယ်များသည်လည်း ခွန်လွန်သို့ ရောက်ရှိနေကြလေရာ သူနှင့် လုန်ယွိအနေဖြင့် နဂါးဧကရီရန်ကျင်းကို သွားရောက်တွေ့ဆုံရဦးမည် ဖြစ်သည်။ သူမက လုန်ယွိ၏ မိခင်ဖြစ်လေရာ လုပ်သင့်သည့်အလုပ်ကို ပြုလုပ်ရပေမည်။ သူမက သူတို့ လာရောက်သည်ကို ကြိုဆိုမည်တော့ မဟုတ်ပေ။
ခြံဝင်းထဲပြန်ရောက်သည်နှင့် ကျန်းလန် မန္တန်စာအုပ်တစ်အုပ်ကို စတင် ဖတ်ရှုလိုက်သည်။
ဆရာဖြစ်သူပေးသည့် စာအုပ်များကို ဖတ်ရှုပြီးပြီဖြစ်သော်လည်း တာအိုအင်မော်တယ်အဆင့်နှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ကိုတော့ မဖတ်ရသေးပေ။ အချိန်အတန်ကြာမှ ဖတ်ရှုရန် စဉ်းစားထားသည်။
ညနေခင်းအချိန်။
ကျန်းလန် လုန်ယွိကို ကြိုရန်အတွက် တတိယတောင်ထွတ်သို့ ထွက်လာခဲ့ပြီး တောင်ခြေတွင် စောင့်နေလိုက်သည်။
ခဏအကြာတွင် လုန်ယွိ သူ့ဘေးနားရောက်လာ၏။
"ဂိုဏ်းတူမောင်လေး"
သူမသည် လုန်ယွိအသွင် သာမန်ပုံစံဖြင့် ဖြစ်သော်လည်း စိတ်ပျော်ရွှင်နေဟန် ရှိသည်။
ကျန်းလန်က သူမကို ကြည့်လိုက်ရင်း...
"မနက်ဖန် ကိုယ်တို့ မင်း အမေကို သွားတွေ့ကြမယ်လေ"
လုန်ယွိက...
"သူက ကျွန်မတို့ကို မတွေ့ချင်ရင် ဘယ်လိုလုပ်မလဲ"
ကျန်းလန်က...
"ကိုယ်တို့ တွေ့မှ ဖြစ်မှာပေါ့"
သူတို့ သေချာပေါက် တွေ့ဆုံရမည် ဖြစ်သည်။
ယနေ့ သူ့ကို နဂါးမျိုးနွယ်များက ရန်စသည်ဖြစ်လေရာ နဂါးဧကရီကို သွားရောက်တွေ့ဆုံခြင်းက လုန်ယွိအတွက်သီးသန့် တွေ့ဆုံခြင်းဟု သူတို့ဘက်မှ ထကင်မှတ်တော့မည် မဟုတ်ပေ။
ရန်ကျင်းနှင့် တွေ့ဆုံရန် အကြောင်းပြချက်ကောင်းကောင်းရသွားသဖြင့် ယနေ့ လာရောက်တိုက်ခိုက်သည့် နဂါးမျိုးနွယ်များကိုပင် ကြံဖန်ကျေးဇူးတင်ရပေမည်။
နောက်တစ်နေ့။
ကျန်းလန်နှင့် လုန်ယွိတို့ နဂါးဧကရီရန်ကျင်းနှင့် သွားရောက်တွေ့ဆုံကြသည်။
ထူးထူးခြားခြားစကားများ မပြောဖြစ်ကြသော်လည်း လုန်ယွိအတွက်ကတော့ လုံလောက်လေသည်။
ထို့နောက် တောင်ပေါ်သို့ ပြန်လာခဲ့ကြပြီး ပုံမှန်အတိုင်းပင် ကျင့်ကြံခြင်း ပြုလုပ်သည်။
ငရဲတံခါးက စတင်ပေါက်ကွဲထွက်နေပြီ ဖြစ်သောကြောင့် ကျန်းလန်က အချိန်အများစုကို မရဏဂူထဲတွင်ပင် ကုန်ဆုံးစေခဲ့သည်။
အချိန် (၈)နှစ်အတွင်း ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှုက အထွတ်ထိပ်သို့ ရောက်ရှိခဲ့သည်။
ကျန်းလန်သည် ငရဲတံခါးအဝတွင် မတ်တတ်ရပ်ရင်း အသက်ရှူသလိုရှိနေသည့် အမှောင်ထုအထဲသို့ ငုံ့ကြည့်လိုက်သည်။ အတွင်းထဲမှ တစ်စုံတစ်ယောက်ကလည်း သူ့ကို စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။
ထိုသူက မရဏလောကမှ တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်နိုင်သည်။ သူက ကြည့်ရုံသာကြည့်နေနိုင်ပြီး ဒီဘက်ခြမ်းသို့ ဖြတ်ကျော်လာနိုင်ခြင်း မရှိပေ။
ငရဲတံခါးပွင့်သွားလျှင် ကောင်းကင်ဘုံသည်လည်း ပြိုကျလာမည် ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ မရဏလောကနှင့် ကောင်းကင်ဘုံတစ်စုံတစ်ခု ဆက်စပ်နေဟန်ရှိသော်လည်း မည်သို့ဆက်စပ်နေကြောင်း ကျန်းလန် မသိရှိပေ။
တစ်ဖက်က အန္တရယ်မေပးနိုင်ကြောင်း သတိပြုမိသည့်အခါ ကျန်းလန်က မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ရွှေခန္ဓာကျင့်စဉ်ကို ဆက်လက်ကျင့်ကြံလိုက်သည်။
သို့သော် သူ စတင်ကျင့်ကြံစဉ်မှာပင် နတ်ဘုရားရာထူးမှ အချက်ပြမှုတစ်ခု ရှိလာခဲ့သည်။
ကောင်ငယ်လေး တစ်စုံတစ်ခု ဖြစ်နေပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။
ကောင်ငယ်လေးကို ကိုယ်စားပြုသည့် အလင်းစက်ကို ကြည့်လိုက်သည့်အခါ နည်းငယ် မှေးမှန်နေသည်ကို တွေ့လိုက်ရသည်။
ဒီကောင်လေး ဒဏ်ရာအပြင်းအထန် ရရှိထားသည်လား။
***