မြောင်ယွဲ့ကအားလုံးစီစဉ်ထားတာပဲ
Vol. 37 Ch. 510
မရဏဂူထဲတွင် ကျန်းလန် ရွှေခန္ဓာကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းက တဖြည်းဖြည်း တိုးတက်လာပြီး ဆက်လက်ကျင့်ကြံရန် လိုအပ်သည်။
မမျှော်လင့်သည့်အဖြစ်အပျက်များ မဖြစ်ခဲ့လျှင် အဋ္ဌမမင်းသားတို့အုပ်စု နောက် (၂)နှစ်အတွင်း ပြန်ရောက်လာကြမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်တော့ အစစအရာရာ ပိုပြီး အသက်ဝင်လာပေလိမ့်မည်။
အရင်က အားလပ်ချိန်များတွင် အဋ္ဌမမင်းသားက နဝမမတောင်ထွတ်သို့ လာရောက်လည်ပတ်လေ့ရှိသည်။ ကျန်းလန် ကျောက်စိမ်းရေကန်သို့ ရောက်နေသည့် နှစ်များတွင် သူလည်း လာရောက်လည်ပတ်ခြင်း မရှိတော့ပေ။
နောက်တစ်ကြိမ် သူ လာရောက်လည်ပတ်လျှင်တော့ ရေစင်ဖြိုခွင်းတောင်တန်းတွင် သူကြုံတွေ့ခဲ့သမျှ အကြောင်းများကို သေချာပေါက် ဖောက်သည်ချကာ ပြောပြပေလိမ့်မည်။
ရှောင်ယွိကတော့ လုန်မန်ပြောသမျှကို အလွန်တရာ စိတ်ဝင်စားပြီး ပြောသမျှကို နားထောင်တတ်သည်။ အထူးသဖြင့် လုန်မန်က အဖြစ်အပျက်များကို ပိုမိုစိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းဆင်တတ်လေရာ သူရဲကောင်းပုံပြင် ဇာတ်လမ်းတစ်ပုဒ်ပမာ နားထောင်၍ ကောင်းလေသည်။
အဋ္ဌမမင်းသားပြောပြည့် ဇာတ်လမ်းများကို နားထောင်ပြီးလျှင် လုန်မန်က တစ်နေ့တခြား တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာသည်ဟု ထင်မြင်မိစမြဲပင်။
ခွန်လွန်တောင်တစ်ခွင် ပစ္စည်းပို့သည့်အလုပ်နှင့် သားရဲများကို ကောင်းကင်ဓားသွားဖြင့် ခုတ်ထစ်ဖြတ်တောက်ကာ အသားကင်ရောင်းချသည့်အလုပ်သာ မလုပ်ဖူးဆိုလျှင် အဋ္ဌမမင်းသား၏ ပုံရိပ်က ပိုမိုကောင်းမွန်မည် ဖြစ်သည်။ နဂါးမင်းသားတစ်ပါးအနေဖြင့် လုန်မန် ထိုသို့အလုပ်လုပ်နေခြင်းက နဂါးမျိုးနွယ်များကို သိက္ခာကျစေသည်။
ရှောင်ယွိကအရေးမစိုက်သော်လည်း နဂါးမျိုးနွယ်များကတော့ အဋ္ဌမမင်းသား၏ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသည်။ သူတို့သာ သိရှိသွားလျှင် အနှီနဂါးမင်းသား သေချာပေါက် အပြစ်ပေးခံရပေလိမ့်မည်။
ကျန်းလန် ထိုအကြောင်းများကို မတွေးတော့ဘဲ ဆက်လက်ကျင့်ကြံနေလိုက်သည်။
***
လပေါင်းများစွာ အချိန်ကြာမြင့်ခဲ့ပြီးသည့်နောက်…
ရေစင်ဖြိုခွင်းတောင်တန်း…။
ကောင်ငယ်လေး ပြန်လည်သက်သာလာချိန်တွင် အဋ္ဌမမင်းသားကတော့ ပင်ပန်းနွမ်းနယ်ကာ အားလျော့လျှက် ရှိသည်။
"ကောင်စုတ်လေး… ဒီလောက် ပြဿနာအကြီးကြီးတက်အောင် မင်း ဘယ်လိုများ လုပ်လိုက်တာလဲ"
ကောင်ငယ်လေးပြဿနာရှာသည့်အတွက် အန္တရယ်ကိုဖြေရှင်းရန် လပေါင်းများစွာ အချိန်ယူခဲ့ရသည် မဟုတ်လား။
လမ်းတစ်လျှောက်တွင် လမ်းပျောက်နေသည့် ချီလင်ကောင်မလေးနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။
သူမက အရိုက်ခံထားရသဖြင့် နီရဲနေသည့် မျက်နှာကို လက်ဖြင့်ကိုင်ရင်း…
"ကျွန်မ အများကြီး ကြိုးစားထားပါတယ် ၊ ညီမလေးဟုန်ယာလည်း အတူတူပါပဲ"
သူမကို ကမ္ဘာမြေက ကာကွယ်ပေးထားသည့်တိုင် သူမခမျာ အရိုက်နှက်ခံခဲ့ရသေးသည်။ ဘာကြောင့်မှန်းမသိ သားရဲများက သူမ၏မျက်နှာကို ရွေးပြီးရိုက်နှက်ခဲ့ကြဟန် ရှိသည်။
ဟုန်ယာ၏ရောင်ဝါကတော့ မတည်မငြိမ်ဖြစ်နေသည်။ သူမက နေရာတစ်ခုတွင်ထိုင်နေပြီး ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်တစ်ခု ယူရဦးမည် ဖြစ်သည်။
ကောင်ငယ်လေးက ခေါင်းကိုကုတ်လိုက်ရင်း…
"ဟဲဟဲ… သူတို့က အရမ်းအန္တရယ်များတယ်လို့ ထင်မိလို့ပါ ၊ အဲဒါကြောင့် ကျွန်တော်က တိုက်ခိုက်လိုက်တာ"
အဋ္ဌမမင်းသားမှာ ပင်ပန်းလွန်းသဖြင့် ကောင်ငယ်လေးနှင့် ရန်မဖြစ်နိုင်သေးပေ။ သူ ပြန်လည်သက်သာလာမှ လူတစ်ယောက်၏ မှန်ကန်သည့်တန်ဖိုးအကြောင်းကို ကောင်ငယ်လေးအား သင်ပြပေးရန် ဆုံးဖြတ်ထားသည်။ ယခုတော့ ကောင်ငယ်လေး၏တန်ဖိုးမှာ ပျက်စီးသွားလေပြီ။
"ငါတို့မှာ အန္တရယ်ရှိမှန်း မင်းက ဘယ်လိုလုပ်သိတာလဲ"
ဟုန်ယာက ရုတ်တရက် မေးလိုက်သည်။
ထိုအကြောင်းကို သူမ တွေးနေသည်မှာ ကြာပြီ ဖြစ်သည်။
ထိုအချိန်က အဋ္ဌမင်းသားက ကောင်ငယ်လေးကိုကယ်တင်ရန် အလျှင်အမြန် ပြေးလာခဲ့သည်။ အခြေအနေကို ကြိုသိနေကြဟန်ပင်။
အဋ္ဌမမင်းသားက…
"လက်သီးနတ်ဘုရားက အဲဒီအကြောင်း ပြောပြတာလေ ၊ ကောင်လေး ဒဏ်ရာအပြင်းအထန်ရသွားတော့ လက်သီးနတ်ဘုရား သိသွားတာပေါ့"
သူက လိမ်ပြောခြင်း မဟုတ်ပေ။
လက်သီးနတ်ဘုရား၏ တည်ရှိမှုကို သူတို့အားလုံး သိရှိကြပြီး ဖြစ်သည့်အတွက် ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ယန်ရှီးယွင်က အံ့သြတကြီးဖြင့်…
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ကျွန်မတို့မှာ အန္တရယ်ရှိတာကို သိတယ် ဟုတ်လား"
ဟုန်ယာလည်း အနည်းငယ် အံ့အားသင့်သွားသည်။ လက်သီးနတ်ဘုရားအနေဖြင့် အန္တရယ်နှင့်ပတ်သက်ပြီး သိကောင်းသိနိုင်သော်လည်း သူတို့နှင့်ထပ်တူ သိရှိနေရန်မှာ မဖြစ်နိုင်ပေ။ ဘိုးဘေးဇာမဏနတ်ဘုရားပင် ထိုသို့ မပြုလုပ်နိုင်ပေ။
အဋ္ဌမမင်းသားက…
"ကျုပ်တို့အားလုံးတော့မဟုတ်ဘူးပေါ့ ၊ သူက ကျုပ်နဲ့ ကောင်လေးကိုပဲ သိနိုင်တာ"
သူက ဆက်ရှင်းပြသည်။
"ကျုပ်တို့က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနဲ့ တိုက်ရိုက်ဆက်နွယ်နေတော့ သူလည်း သတိထားမိတာပေါ့ ၊ ပြီးတော့ ကျုပ်တို့ အန္တရယ်ရှိလာရင် သူ လျစ်လျူရှုမထားတာက ပုံမှန်ပါပဲ"
ဟုန်ယာက…
"ဒါပေမဲ့ သာမန်ဆိုရင် နတ်ဘုရားရာထူးပိုင်ဆိုင်ထားတဲ့ ကြီးမြတ်သူတွေက ကျွန်မတို့ကို အဲဒီလိုကြည့်နေလို့ မရဘူးလေ ၊ ဟုတ်တယ်မလား"
အဋ္ဌမင်းသားက ကောင်ငယ်လေးကိုကြည့်လိုက်ရင်း
"လက်သီးနတ်ဘုရားက တခြားသူတွေနဲ့ မတူဘူး ၊ ကောင်လေးကို မေးကြည့်ရင် သိလိမ့်မယ်"
ကောင်ငယ်လေးက…
"ဟုတ်တယ် ၊ တခြားသူတွေတော့ မပြောတတ်ဘူး ၊ ဒါပေမဲ့ လက်သီးနတ်ဘုရားကတော့ သေချာပေါက် ငါတို့ကို ကြည့်နေနိုင်တယ် ၊ အလယ်ပိုင်းလွင်ပြင်ဒေသမှာ သူ့ကိုခေါ်တုန်းကလည်း ငါ့ကို သေသေချာချာ စောင့်ကြည့်ပေးတဲ့အပြင် တန်ခိုးစွမ်းအားတွေကိုတောင် ပေးသေးတယ် ၊ ဒါကြောင့် စစ်မြေပြင်ကို ဖြတ်ကျော်နိုင်ခဲ့တာပေါ့"
ထိုစကားကိုကြားသည့်အခါ ဟုန်ယာ၏ မျက်နှာအမူအရာ ပြေင်းလဲသွားသည်။
ယန်ရှီးယွင်က ဟုန်ယာကို လှမ်းကြည့်လိုက်ပြီး…
"ဘာဖြစ်လို့လဲ ညီမလေး"
ဟုန်ယာ၏မျက်နှာအမူအရာက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး…
"ဘာမှမဖြစ်ပါဘူး"
ထိုမျှ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်က အသေးအဖွဲကိစ္စလေးများကို အဘယ့်ကြောင့် ဂရုစိုက်ရကြောင်း သူမ စဉ်းစားနေမိသည်။
အဋ္ဌမမင်းသားက…
"အားလုံးပဲ အနားယူပြီးရင် ပြန်ကြရအောင် ၊ ခွန်လွန်ပြန်ပြီး အသားကင်ရောင်းနေတာ ကျုပ်အတွက် အဆင်အပြေဆုံးပဲ"
***
အချိန် (၁)နှစ်ကျော်ကြာခဲ့ပြီးနောက်…
ကျန်းလန်သည် ငရဲတံခါးကို တစ်ချက်ငုံ့ကြည့်ပြီးနောက် မရဏဂူထဲမှ ထွက်လာခဲ့သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှု ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် မရဏဂူထဲတွင် ဆက်လက်ကျင့်ကြံနေရန် မလိုအပ်တော့ပေ။
ယခုတစ်ကြိမ်တော့ မည်သည့်ပြဿနာမှ မရှိခဲ့ပေ။ သို့သော် အရင်တစ်ခေါက် ငရဲတံခါးလမ်းခွဲပြုလုပ်ခဲ့ကြသည့်နတ်မိစ္ဆာများ သက်ရှိထင်ရှားရှိနေကြသေးသည့်အတွက် သူ ဂရုမစိုက်ဘဲ မနေနိုင်ပေ။ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စတင်တော့မည် ဖြစ်သောကြောင့် နတ်မိစ္ဆာများက ပြဿနာမရှာနိုင်ဟု ယူဆရသော်လည်း ထိုအချက်ကြောင့် သတိတစ်ချက်လွတ်သွား၍ မဖြစ်ပေ။
မထင်မှတ်သည့်အချိန်တွင် ရုတ်ချည်းတိုက်ခိုက်မှု ပြုလုပ်ရန်အတွက် တစ်ဖက်လူက အနားယူရင်း စောင့်ဆိုင်းနေပေလိမ့်မည်။
မရဏဂူထဲမှ ထွက်လာချိန် လေအေးများကြောင့် အေးစိမ့်မှုကို ကျန်းလန် ခံစားလိုက်ရသည်။
ဆောင်းရာသီရောက်ရှိပြီ ဖြစ်လေသည်။
သူ (၁၀)နှစ်ကြာ တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၇၈၀) ရှိပြီ ဖြစ်သည်။ ယခု သူ၏ အများအမြင်ကျင့်ကြံခြင်းအဆင့်ကို ချိန်ညှိပြီး အဆင့်တက်ရန် အချိန်တန်ပြီ ဖြစ်သည်။
အနည်းငယ်မြန်နေသော်လည်း ယခုနှစ်များအတွင်း ရင်းမြစ်ပစ္စည်းများစွာ ကျန်းလန် ရရှိခဲ့သည်။ ဘိုးဘေးနဂါးပေးအပ်သည့် ကောင်းချီးလက်ဆောင် ၊ ဆရာဖြစ်သူနှင့် ပြင်ပလောကသို့ ထွက်ခွာစဉ်က ရရှိခဲ့သည့် ဖန်ဆင်းခြင်းသစ်ပင်မှတန်ခိုးစွမ်းအား ၊ သေရည်ဆိုင်မှ တာအိုသစ်သီးနှင့် ရှောင်ယွိပေးထားသည့် ကျောက်စိမ်းရေကန်မှ ရေပုလဲတို့ ဖြစ်သည်။
ထို့ကြောင့် အနှစ် (၂၀) ၊ (၃၀) ခန့် ပိုမိုမြန်ဆန်နေခြင်းမှာ ပြဿနာ မရှိပေ။
သူ ဖန်ဆင်းခြင်းသစ်ပင်မှ တန်ခိုးစွမ်းအားများ ရရှိခဲ့ကြောင်း ဆရာဖြစ်သူက အခြားသူများကို ပြောပြထားလေရာ အတော်များများ သိရှိထားကြသည်။ အများအမြင်တွင်ရှိနေသည့် ကျင့်ကြံခြင်းအဆင့် တန်ခိုးစွမ်းအားကို မကျော်လွန်သရွေ့ ထိုတန်ခိုးစွမ်းအားကို အသုံးပြု၍ ရနိုင်လေသည်။
ယခုတော့ ကျန်းလန်သည် အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံခြင်းများကို ချိန်ညှိပြီးနောက် ကျန်းလန်၏ ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ်အောင်မြင်သည့်အဆင့်တွင် ရှိနေပြီး တောင်သခင်များနှင့် အကြီးအကဲများအမြင်တွင်တော့ အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကောတ့ တာ့လော်အင်မော်တယ်အဆင့်ဖြစ်ပြီး နောက်ထပ် အနှစ် (၂၀)မှ (၃၀)အတွင်း တာအိုအင်မော်တယ်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။
တာအိုအင်မော်တယ်အဆင့်အောင်မြင်သွားပါက နှစ်ပေါင်း (၈၀၀)ကျော်ဖြင့် တာအိုအင်မော်တယ်ဖြစ်လာသည်ဟု ဆိုနိုင်သည်။ ခွန်လွန်တောင်တွင် ကျင့်ကြံခြင်းအဆင့်တက်ခြင်းတွင် ကျန်းလန်လောက် လျှင်မြန်သူ တစ်ယောက်မှ မရှိပေ။
တာအိုအင်မော်တယ်အဆင့်သို့ လျှင်မြန်စွာ တက်ရောက်ခြင်းသည် လူတစ်ယောက်၏ စိတ်စွမ်းအားကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်သည် စိတ်စွမ်းအားမကောင်းသည့်အတွက် တာအိုအင်မော်တယ်အဆင့်၏ တန်ခိုးစွမ်းအားကို ခံနိုင်ရည်မရှိပါက လမ်းလွဲသို့ ရောက်သွားနိုင်သည်။
အဘယ်ကြောင့်ဆိုသော် တန်ခိုးစွမ်းအားသည် အသိဉာဏ်ကို ပျောက်ကွယ်စေပြီး လျှောက်ရမည့်လမ်း ပျောက်ဆုံးတတ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ကျန်းလန်က ရွှေခန္ဓာစွမ်းအားကို ကျင့်ကြံသည့်အခါ အရေးပါသည့် အချက်များကို တစ်ခုမကျန် ကျင့်ကြံခဲ့သလို စိတ်စွမ်းအားကောင်းစေရန်လည်း အာရုံစိုက်ခဲ့သည်။ အသစ်ရရှိမည် တာအိုအင်မော်တယ်တန်ခိုးစွမ်းအားကို ဘေးကင်းစွာဖြင့် ခံနိုင်ရည်ရှိရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်၏။
သို့မှသာ ပြတ်သားသောစိတ်ဓာတ်ဖြင့် ရပ်တည်နိုင်ပြီး တည်ငြိမ်သောဘဝကို ပိုင်ဆိုင်ကာ မိုးနဲ့မြေတွင် မားမားမတ်မတ် ရပ်တည်နိုင်မည် ဖြစ်သည်။
အေးစိမ့်သည့် ဆောင်းလေအေးကို ရင်ဆိုင်ရင်း ကျန်းလန် ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။
ကျန်းလန်က ခြံဝင်းကို သေသေချာချာ ပြင်ဆင်ထားလေသည်။ ယခု ရှောင်ယွိက ငါးမျှားချင်သည်ဆိုသဖြင့် ရေကန်လေးထဲတွင် ငါးအချို့ မွေးပေးထားရသည်။ ငါးများက သာမန်ငါးများ မဟုတ်ပေ။ မရဏအငွေ့အသက်များကို ခံနိုင်ရည်ရှိသည့် ထူးခြားသောဝိညာဉ်ငါးများ ဖြစ်ကြသည်။
ခြံဝင်းဆီရောက်သည်နှင့် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်ဖြင့် လောင်းပေးလိုက်သည်။
သူ၏ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်း (၁၀၀၀) ပြည့်သည့်အချိန်တွင် ထိုအရာလေးများသည်လည်း သက်တမ်း (၁၀၀၀) ပတ်ဝန်းကျင် ရှိလာပေလိမ့်မည်။ ထိုအချိန်ထိ အသက်ရှင်နေဦးမည်ဆိုလျှင်တော့ အထင်ကြီးလောက်စရာပင်။
နှစ်ပေါင်း (၁၀၀၀)ဆိုလျှင် နတ်မိစ္ဆာတစ်ယောက်ပင်လျှင် အင်မော်တယ် ဖြစ်နေလောက်ပြီ ဖြစ်သည်။
ကျန်းလန်က သားရဲဥလေးကို ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။
"အကောင်ပေါက်လာဦးမလားဆိုတာ ငါ တော်တော်သိချင်နေတယ်"
ရေသဖန်းပင်လေးကတော့ သားရဲဥလေးလို အကောင်ပေါက်လာနိုင်မည် မဟုတ်ပေ။ အပွင့်ပွင့်ပြီး အသီးသီးလာမည်လားဟုသာ မျှော်လင့်နိုင်သည်။
"ဒေါင်… ဒေါင်"
ကျန်းလန်က ဥခွံကို လက်ဖြင့်နှစ်ခါ ခေါက်လိုက်သည်။
"ဥခွံက ပိုထူလာသလိုပဲ ၊ ရှောင်ယွိ ဝိညာဉ်ဆေးရည်တွေ အများကြီးလောင်းထားတာလားမသိဘူး"
ရှောင်ယွိက ထိုအရာလေးများကို မည်သို့ပြုစုပျိုးထောင်ပေးရမည်ကို နားမလည်ပေ။ အမြဲတမ်း တစ်ခုခုမှားနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ရေသဖန်းပင်လေးသည်လည်း ယခုအချိန်ထိ ရှင်သန်နေဆဲပင်။ အခြားသစ်ပင်များဆိုလျှင် အသိစိတ်ဝင်လာပြီး ကျင့်ကြံမှုပြုလုပ်နိုင်တော့မည် ဖြစ်သည်။ သို့သော် ထိုအပင်လေးကတော့ ဒီအတိုင်းပင် ငြိမ်ငြိမ်သက်သက် ရှိနေသည်။
ထိုအရာလေးများ ရှေ့ဆက်ရှင်သန်နိုင်ပါမည်လားဟု ကျန်းလန် တွေးမိသည်။
ထို့နောက် ကျန်းလန် စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။ ဆရာဖြစ်သူပေးထားသည့် စာအုပ်များအပြင် အခြားသောစာအုပ်များကိုလည်း ရှာဖွေဖတ်ရှုရမည် ဖြစ်သည်။ တာအိုအင်မော်တယ်အဆင့်တက်ရန်အတွက် ပြင်ဆင်ရတော့မည် ဖြစ်၏။
ပြီးတော့ သူ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း အခြားသူများကိုလည်း အသိပေးရန် လိုအပ်သည်။ သို့မှသာ ပထမတောင်ထွတ်သို့ သွားရောက်နိုင်မည် ဟုတ်လား။
ဆရာဖြစ်သူကို ပြောပြရမည်လား ။
သို့မဟုတ် ဆရာဒေါ်လေးမြောင်ယွဲ့ကို ပြောပြသည်က ပိုကောင်းမည်လား။
နဝမတောင်ထွတ်စာကြည့်တိုက်က နဝမတောင်ထွတ်ရင်ပြင်တွင် တည်ရှိလေသည်။ ယခုအချိန် ရှောင်ယွိတစ်ယောက် ရင်ပြင်တွင် ရှိနေပုံရသည်။
အစီအရင်များက အနည်းငယ် ဖရိုဖရဲဖြစ်နေသည်ကို ကျန်းလန် သတိထားလိုက်မိသည်။ ရှောင်ယွိ အစီအရင်ပညာကို လေ့လာနေသည်လား ၊ သို့မဟုတ် အစီအရင်ပညာကိုလေ့လာရန် အခြားသူများ ရောက်ရှိနေကြသည်လား။
ကျန်းလန် ရင်ပြင်ဆီရောက်လာသည့်အခါ မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်ယွိနှင့် ပဉ္စမတောင်ထွတ်မှ ဂိုဏ်းတူညီမ (၃)ယောက် အစီအရင်ပညာလေ့လာနေကြသည်ကို တွေ့ရသည်။
တတိယတောင်ထွတ်မှ လင်စီးယာလည်း ရောက်နေပြီး ရင်ပြင်တစ်နေရာတွင် ကျင့်ကြံနေ၏။
"ဂိုဏ်းတူမောင်လေး"
ကျန်းလန်ရောက်လာသည်ကို ရှောင်ယွိက ချက်ချင်းသတိပြုလိုက်မိသည်။
သူမက ချက်ချင်းပင် ကျန်းလန်ရှေ့သို့ ခုန်ပေါက်ရောက်ရှိလာပြီး ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြောလိုက်သည်။
"နဝမတောင်ထွတ်တစ်ခုလုံးကို ကျွန်မ သန့်ရှင်းရေးလုပ်ပြီးသွားပြီ သိလား ၊ ဂိုဏ်းတူညီမလေးတွေကိုလည်း ကူညီပေးဖို့ ခေါ်သွားသေးတယ်"
ဟန်ချီတို့ (၃)ယောက်ကလည်း ချက်ချင်းမတ်တတ်ထရပ်လိုက်ပြီး ကျန်းလန်ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ ကျန်းလန်က ခေါင်းတစ်ချက်ညိတ်ရင်း အသိအမှတ်ပြုလိုက်၏။
ထို့နောက် ကျန်းလန်၏ ခြေထောက်အောက်တွင် အစီအရင်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အစီအရင်များနှင့် ပဲ့တင်ထပ်ကာ နဝမတောင်ထွတ်တစ်ခုလံးရှိ အစီအရင်များမှ အလင်းရောင်များ ထွက်ပေါ်လာသည်။
ဟန်ချီတို့ (၃)ယောက်ကတော့ ထိတ်လန့်တုန်လှုပ်သွားပြီး အလင်းရောင်များထွက်ပေါ်လာသည့် အစီအရင်များကို ကြည့်လိုက်ကြသည်။ နောက်ဆုံးတော့ နဝမတောင်ထွတ်ရှိ အစီအရင်များ၏ ပိုင်ရှင်အစစ်အမှန်က ကျန်းလန်ဖြစ်ကြောင်း သူတို့ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရသည် မဟုတ်လား။
နဝမတောင်ထွတ်မှ အစီအရင်များအားလုံးကို ကျန်းလန်က ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်သည်။ အစီအရင်ပညာတွင် ကျန်းလန်၏ အောင်မြင်မှုကို သူတို့ (၃)ယောက် မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။
အစီအရင်များပဲ့တင်ထပ်ကာ အလင်းရောင်ထွက်ပေါ်လာပြီးနောက် ကျန်းလန်က အစီအရင်များအားလုံးကို စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် အလင်းရောငများ မှေးမှိန်သွားပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။
ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း…
"အစီအရင် (၁၆၄)ခု ပျက်စီးသွားပြီ"
ရှောင်ယွိ : "……"
ဟန်ချီတို့ (၃)ယောက်မှာလည်း ကျန်းလန်ကို တည့်တည့်မကြည့်ရဲတော့ဘဲ ခေါင်းများငုံ့နေကြသည်။
နဝမတောင်ထွတ်ကို ရှောင်ယွိ သန့်ရှင်းရေးလုပ်သည်ကို သူတို့က အများကြီး ကူညီပေးခဲ့ကြသည်။ သို့သော် အစီအရင်များကိုတော့ ဖျက်စီးမပစ်ခဲ့ကြပေ။
အစီအရင်များကို ဖျက်စီးသူမှာ ရှောင်ယွိဖြစ်သော်လည်း သူတို့မှာလည်း တာဝန်ရှိလေသည်။
ရှောင်ယွိက ကျန်းလန်ကို ကြည့်ရင်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"ဂိုဏ်းတူမောင်လေး… ရှင် အစစ်အမှန်အင်မော်တယ် ဖြစ်လာပြီလား"
ကျန်းလန် : "……"
ဒီ နဂါးမလေးကတော့ သူပြောသည့်စကားကို အရေးမစိုက်ဘဲ စကားလမ်းကြောင်း ပြောင်းပစ်ပြန်ပြီ။
သို့သော် သူ၏ ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်ကို ရှောင်ယွိ မသိမြင်နိုင်ကြောင်း ကျန်းလန် သိရှိသည်။ အခြားသောတပည့်များအနေဖြင့် သူ့ကို လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသည်ဟုသာ သိမြင်ကြမည် ဖြစ်သည်။ ရှောင်ယွိကတော့ သူ၏ကျင့်ကြံခြင်းအဆင့်ကို မှန်းဆကြည့်နိုင်သည်မှာ မဆန်းပေ။
သူ အစစ်အမှန်အင်မော်တယ်ဖြစ်သွားသည်ကို ရှောင်ယွိသိသွားလျှင် ဤနေရာသို့ ရောက်နေသည့် အခြားသောဂိုဏ်းတူညီမလေးများလည်း သိရှိသွားကြမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သတင်းက အလိုလိုပြန့်သွားမည်ဖြစ်ပြီး သူ့အနေဖြင့် ဆရာဒေါ်လေးမြောင်ယွဲ့ကို သွားရောက်ရှာဖွေရန် မလိုအပ်တော့ပေ။
သူ့သတင်းကို ပထမတောင်ထွတ်က ကြားသိသည်နှင့် ကောင်းကင်ဘုံတံခါးကို လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်မည် ဖြစ်သည်။ ရှောင်ယွိ မေးလိုက်သည့်မေးခွန်းက အကူအညီပင် ရသေးသည်။
ထို့နောက် ဟန်ချီတို့ (၃)ယောက် မေးမြန်းကြသည့် အစီအရင်နှင့်ပတ်သက်သည့် မေးခွန်းအချို့ကို ဖြေဆိုပြီး ကျန်းလန် ရှောင်ယွိကိုစာကြည့်တိုက်ထဲသို့ ခေါ်လာခဲ့သည်။
နဝမတောင်ထွတ်စာကြည့်တိုက်ကို နဝမတောင်ထွတ်မှလူများမှလွဲပြီး အခြားမည်သူမှ မဝင်ရောက်နိုင်ကြပေ။
ကျန်းလန်နှင့်ရှောင်ယွိ စာကြည့်တိုက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့မှ ဟန်ချီတို့ (၃)ယောက်က တုန်လှုပ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
မေလိက သက်ပြင်းတစ်ချက်ချရင်း…
"ဂိုဏ်းတူအစ်ကိုကျန်းလန်က အစစ်အမှန်အင်မော်တယ်တောင် ဖြစ်သွားပြီလား ၊ သူ အဆင့်တက်တာ အရမ်းမြန်တာပဲ ၊ တခြားတောင်ထွတ်တွေမှာ သူ့လောက်မြန်တဲ့သူ မတွေ့ဖူးဘူး ၊ အင်း… ငါတို့မျိုးဆက်မှာလည်း ဘယ်သူမှ သူ့လောက်မြန်နိုင်မယ် မထင်ဘူး ၊ ငါတို့က အခုမှ လူသားအင်မော်တယ်အဆင့်ပဲ ရှိသေးတာ"
အရင်ကဆိုလျှင်…
"နဝမတောင်ထွတ်မှတပည့်က အရည်အချင်း ညံ့ဖျင်းလှသဖြင့် လူသားအင်မော်တယ်ဖြစ်လာလျှင်တောင်မှ ရှေ့ဆက်အဆင့်တက်နိုင်မည်မဟုတ်"
ဟု ဝေဖန်ပြောဆိုသံများ ရှိခဲ့ကြသည်။
ထိုသူများအားလုံးက အမြင်ကျဉ်းမြောင်းသူများ ဖြစ်ကြသည်။ သူတို့၏ဂိုဏ်းတူအစ်ကို မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း ထိုသူများ သိရှိကြဟန် မတူပေ။
ထို့ပြင် အစီအရင်ပညာတွင် အောင်မြင်မှုကလည်း အံ့သြစရာကောင်းလှသည်။ ခွန်လွန်တောင်တစ်ခုလုံးရှိ မျိုးဆက်တူသူများထဲတွင် ဤဂိုဏ်းတူအစ်ကိုထက်သာလွန်သူ အနည်းငယ်သာ ရှိသည်။
ယန်လင်က…
"ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မက တော်တော်ချစ်ကြတဲ့ပုံပဲနော်"
ထိုအချိန် လင်စီးယာက ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။
"ဘာတွေဖြစ်သွားတာလဲ"
သူမက ပတ်ဝန်းကျင်တွင် အပြောင်းအလဲတစ်စုံတစ်ခု ဖြစ်သွားခြင်းကြောင့် ကျင့်ကြံခြင်းအဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
ယန်လင်တို့ (၃)ယောက်က လင်စီးယာကို နှုတ်ဆက်လိုက်ကြသည်။
"ဂိုဏ်းတူအစ်မ ၊ ဂိုဏ်းတူအစ်ကိုကျန်းလန် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီး အစီအရင်တွေကို စစ်ဆေးတာပါ ၊ ပြီးတော့ ကြည့်ရတာ ဂိုဏ်းတူအစ်ကိုက အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်သွားပြီထင်တယ်"
လင်စီးယာ အံ့အားသင့်သွားပြီး…
"အစစ်အမှန်အင်မော်တယ် ဟုတ်လား"
မိန်းကလေး (၃)ယောက်က ခေါင်းညိတ်ပြလိုက်ကြသည်။
လင်စီးယာက စာကြည့်တိုက်သို့ လှမ်းကြည့်လိုက်ရင်း…
"ဂိုဏ်းတူအစ်မနဲ့ ဂိုဏ်းတူမောင်လေးတို့ စာကြည့်တိုက်ထဲ ဝင်သွားကြတာလား"
မိန်းကလေး (၃)ယောက်က ခေါင်းညိတ်ပြလိုက်ကြသည်။
လင်စီးယာစိတ်ထဲတွင် ပုံရိပ်အချို့ကို မြင်ယောင်မှန်းဆကြည့်လိုက်မိသည်။ လုန်ယွိနှင့် ကျန်းလန်၏ ဆက်ဆံရေးက အလွန်ကောင်းမွန်လေရာ ယခုဆိုလျှင် စာကြည့်တိုက်ထဲတွင် ကျန်းလန်နှင့် လုန်ယွိတို့ ချစ်ကျွမ်းဝင်နေကြပြီလားဟု သူမ တွေးနေတော့သည်။
***
"ဂိုဏ်းတူမောင်လေး… ဘာစာအုပ်ရှာနေတာလဲ"
ရှောင်ယွိက စာကြည့်တိုက်ထဲ လှည့်ပတ်သွားနေသည့် ကျန်းလန်နောက်မှ လိုက်လာရင်း မေးသည်။
သူမ စာကြည့်တိုက်သို့ မကြာခဏရောက်သော်လည်း ဤနေရာတွင် သူမအဆင့်ဖြင့် ဖတ်ရှုရန် မသင့်တော်သည့် စာအုပ်များ ရှိနေသည်။ ထိုစာအုပ်များက ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူများအတွက် ရေးသားထားခြင်း ဖြစ်ဟန်တူသည်။
"ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ် ရှာနေတာပါ"
ကျန်းလန်က စာအုပ်စင်တစ်ခုဆီသို့လက်လှမ်းလိုက်ရင်း ဆိုသည်။
ရှောင်ယွိက ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ရင်း...
"လုန်မန် ပြန်ရောက်နေပြီ သိလား ၊ အတွေ့အကြုံတွေအများကြီးရခဲ့ပြီး တန်ခိုးစွမ်းအားတွေလည်း ပိုပြီးမြင့်မားလာတယ်လို့ပြောတယ် ၊ အခုတော့ စားဖိုမှူးဖြစ်ချင်လို့တဲ့ ၊ ချက်နည်းပြုတ်နည်းတွေ သင်နေတယ် ၊ သူက ကျွန်မအမြင် ဘယ်လိုရှိလဲဆိုတာတောင် မေးနေသေးတယ်"
အဋ္ဌမမင်းသားက အမှန်တကယ် အချက်အပြုတ်ပညာကို စိတ်ဝင်စားသည်ပဲဟု တွေးတောရင်း ကျန်းလန် သက်ပြင်းချလိုက်သည်။
သို့ပေသိ မီးဖိုချောင်ထဲတွင် ဟင်းချက်ရန်အတွက် နဂါးလက်က မတိုလွန်းဘူးလား။
ကျန်းလန်က ရှောင်ယွိနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း...
"လုန်မန်က မေးတော့ ဂိုဏ်းတူအစ်မက ဘာပြန်ပြောလိုက်လဲ"
ရှောင်ယွိက ဒေါသတကြီးဖြင့်...
"သူ့အကြံကို ကျွန်မ သဘောမတူပါဘူး ၊ သားရဲတွေဖမ်းပြီး အကင်ရောင်းနေတာတောင် တော်တော်လွန်နေပြီ ၊ ဒါပေမဲ့ စားဖိုမှူးလုပ်တာထက်ဆာရင် အဲဒါကမှ သက်သာသေးတယ်လေ"
လုန်မန်က မည်သည့်အရာကိုမှ မကြောက်ရွံ့ဘဲ သူလုပ်ချင်ရာကို လုပ်သူ ဖြစ်သည်။
သူက မွေးရာပါအင်မော်တယ်ဖြစ်ပြီး နဂါးနန်းတော်မှ အဋ္ဌမင်းသား ဖြစ်သည်။ ထို့ပြင် အသရေတင့်တယ်သည့် ကောင်းကင်နဂါးဓားပိုင်ရှင်လည်း ဖြစ်သည်။
ဦးလေးလုန်ရဲ့က အရေးမစိုက်သော်လည်းနဂါးမျိုးနွယ်မှ အကြီးအကဲများသာ ဤအကြောင်းများကို သိရှိပါက သေချာပေါက် ဒေါသထွက်ကြပေလိမ့်မည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...
"အင်း ၊ ဒါလည်း ဟုတ်တာပဲ"
အဋ္ဌမမင်းသားက သားရဲများကို ခုတ်ထစ်ရန် ကောင်းကင်နဂါးဓားကို အသုံးပြုရင်း နဂါးဓားသိုင်းကို လေ့ကျင့်လျှက် ရှိသည်။
ထိုသို့ပြုလုပ်သည့်နဂါးဆို၍ လုန်မန်က ပထမဆုံးဖြစ်ပေလိမ့်မည်။
ရှောင်ယွိက မေးကို လက်နှစ်ဖက်ဖြင့် ထောက်ရင်း...
"ဒါနဲ့ စကားမစပ် ၊ ဟိုတုန်းက လုန်မန်ပြောတာကြားဖူးတယ် ၊ တစ္ဆေတိုင်းပြည်က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက သူ့ကို ကယ်တင်ခဲ့တာဆို ၊ သူ့နာမည်အပြည့်အစုံကို ဂိုဏ်းတူမောာင်လေး သိလား"
ကျန်းလန်က စာအုပ်ဖတ်နေရင်းမှ...
"အင်း သူတောင် မကြာခင် နာမည်ပြောင်းတော့မယ်တဲ့"
သူက ပေါ့ပေါ့ပါးပါပင် ပြောလိုက်ခြင်းဖြစ်ပြီး ရှောင်ယွိရိပ်မိသွားလျှင်လည်း ပြဿနာမရှိပေ။ သူ့အနေဖြင့် သူမကိ ဖုံးကွယ်ထားစရာ အကြောင်း မရှိပေ။
ထိုစကားကိုကြားတော့ ရှောင်ယွိက ချက်ချင်း ကျန်းလန်ဘေးနားရောက်လာသည်။
ကျန်းလန် : "......"
ဒီ နဂါးမလေး ဘာလုပ်နေတာလဲ။
ကျန်းလန်က...
"ဂိုဏ်းတူအစ်မ ၊ ဘာကြည့်နေတာလဲ"
ထို့နောက် သူမက ကျန်းလန်၏ပါးကို လိမ်ဆွဲလိုက်ရင်း ထိတ်လန့်တခြားဖြင့် စကားဆိုသည်။
"လက်စသတ်တော့ တန်ခိုးစွမ်းအားရှင်တွေဆိုတာ ဒီလိုပုံစံမျိုးကိုး"
"ဒီ နဂါးမလေးကတော့ အရေးကြီးတဲ့နတ်ဘုရားတစ်ပါးကိုတောင် မယဉ်မကျေးဆက်ဆံနေပါလား ၊ တစ်နေ့တခြားပိုပြီး မောက်မာလာတယ်"
ကျန်းလန် တွေးလိုက်သည်။
ရှောင်ယွိက မည်သည့်စကားမှ မဆိုတော့ဘဲ ကျန်းလန်ကို မှီကာထိုင်ရင်း စာအုပ်တစ်အုပ်ထုတ်ဖတ်လိုက်သည်။
***
ရက်အတန်ကြာပြီးနောက်။
ပထမတောင်ထွတ်၏ တောင်ပေါ်လမ်းတစ်ဝက်ရှိ ခန်းမဆောင်တွင် ဖုန်းယီရှောက် ထိုင်နေလေသည်။
အဝေးတစ်နေရာတွင် ဆောက်လုပ်နေသည့် ကံကြမ္မာအခွင့်ကောင်း တိုက်ပွဲစင်မြင့်ကို သူက လှမ်းကြည့်နေသည်။
သူက တိတ်ဆိတ်စွာဖြင့်ပင် အတန်ကြာ ကြည့်နေလေသည်။
ပြီးမှ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ လင်အန်းက သူ့ကို အနှောက်အယှက်မပေးဘဲ အနောက်တွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဖုန်းယီရှောက်က...
"ဘာအကြောင်းထူး ရှိလို့လဲ"
လင်အန်းက...
"ဆရာ ၊ နဝမေတောင်ထွတ်က ဂိုဏ်းတူညီလေးကျန်းလန် အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်သွားပါပြီ"
ဖုန်းယီရှောက်က အံ့အားသင့်သွားပြီး...
"အတော်မြန်တာပဲ"
လင်အန်းက...
"ကျွန်တော်ကြားတာတော့ သူက ဖန်ဆင်းခခြင်းသစ်ပင်က တန်ခိုးစွမ်းအားကိုလည်း ရရှိခဲ့တယ်တဲ့ ၊ နောက်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမကလည်း သူ့အတွက် ရေပုလဲတစ်လုံးပေးခဲ့တယ်လို့ ပြောတယ်"
ကျန်းလန်၏ တိုးတက်မှုများက ပါရမီရှင်တစ်ယောက်ထက်ပင် လျှင်မြန်နေသည်ဟု လင်အန်း ခံစားရသည်။
ယခုတော့ ကျန်းလန်သည် ပါရမီရှင်များအလယ်တွင် တကယ့်ပါရမီရှင်တစ်ယောက်ပမာ ဖြစ်နေလေပြီ။
သို့သော် ကျန်းလန်က အစီအရင်ပညာတော်သည်သာမက ကျင့်ကြံခြင်းတွင်လည်း ထူးချွန်သည်ကို မည်သူမှ မသိကြပေ။
ဖုန်းယီရှောက်က ပေါ့ပေါ့ပါးပါးလေသံဖြင့်...
"အင်း သိပ်ကို ဆီလျော်ပါတယ်"
ဘာကိုဆီလျော်သည်ဟု ပြောမှန်း နားမလည်သဖြင့် လင်အန်း မေးမြန်းရန် ဟန်ပြင်လိုက်စဉ် ဖုန်းယီရှောက်က စကားဆက်ပြောလာသည်။
"ဆိုတော့ နဝမတောင်ထွတ်ကို သွားကြတာပေါ့"
သူ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထိုအလင်းတန်းက ပဉ္စမတောင်ထွတ်မှ ထွက်ပေါ်လာသည့် အလင်းတန်း ဖြစ်၏။
လင်အန်း အံ့အားသင့်သွားသည်။
မည်သူရောက်ရှိလာကြောင်း သူ ကောင်းစွာ သိရှိသည်။ သူ့ဆရာကို တိုက်ရိုက်လာရောက်တွေ့ဆုံဝံ့သူမှာ ပဉ္စမတောင်ထွတ်၏တောင်သခင်မ မြောင်ယွဲ့သာလျှင် ဖြစ်သည်။
မျက်နှာကို ဇာမပုဝါဖြင့် ဖုံးအုပ်ထားသော မိန်းမပျိုတစ်ယောက် ခန်းမဆောင်ရှေ့သို့ ဆင်းသက်လာပြီး ဖုန်းယီရှောက်ကို နှုတ်ဆက်စကားဆိုလိုက်သည်။
"ဂိုဏ်းတူအစ်ကို ၊ မတွေ့တာကြာပြီနော်"
ဖုန်းယီရှောက်က...
"ဂိုဏ်းတူညီမလေး ၊ ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း...
"ကျွန်မ သတင်းကြားတာ ဂိုဏ်းတူအစ်ကိုက နဝမတောင်ထွတ်ကိုသွားပြီး ကောင်းကင်ဂူထဲမှာ အခြေအနေတည်ငြိမ်အောင်လုပ်ပေးဖို့ ကျန်းလန်ကို အကူအညီတောင်းမလို့ဆို ၊ နဝမတောင်ထွတ်နဲ့ ပထမတောင်ထွတ်က သိပ်ပြီး မရင်းနှီးကြတာ သတိထားမိလို့ ကျွန်မက ကြားဝင်ဆောင်ရွက်ပေးရင်ကောင်းမလားလို့ စဉ်းစားမိလို့ ရောက်လာရတာပါ"
ဖုန်းယီရှောက်က မြောင်ယွဲ့ကို ကြည့်လိုက်ရင်း...
"ဂိုဏ်းတူညီမလေးက ကျုပ်အတွက် အများကြီး စဉ်းစားပေးထားတာပဲ"
မြောင်ယွဲ့က ထပ်မံရယ်မောလိုက်ရင်း...
"ဒါဖြင့် ကျွန်မ သွားတော့မယ်နော် ၊ ခုလို ကူညီခွင့်ပေးတာ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို"
***