သေခါနီးပြီဆိုရင် ငါလာကယ်မယ်
Vol. 37 Ch. 511
"ကျွန်တော် ဂူထဲဝင်သွားပြီးရင် တစ်ခုခုကို အာရုံစိုက်ဖို့လိုသလား"
ကျန်းလန် မေးလိုက်သည်။
ပထမတောင်ထွတ်မှ ကောင်းကင်ဂူနှင့်ပတ်သက်သည့်မေးခွန်းများကို ကျန်းလန်က ဆရာဒေါ်လေးမြောင်ယွဲ့ကို မေးမြန်းနေခြင်း ဖြစ်သည်။
ကျန်းလန်က အများအမြင်တွင် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်ခဲ့ပြီး ဖြစ်သော်လည်း ပထမတောင်ထွတ်သို့ သွားရောက်ရန် ရက်အနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ အခွင့်အရေးတစ်ခု ရရှိနိုင်ကောင်းမည်ဟု သူ မျှော်လင့်မိ၏။
သူ၏ဆရာနှင့် ပထမတောင်ထွတ်မှ ဆရာဦးလေးတို့ကြား မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်း ကျန်းလန် မသိပေ။ သို့သော် ထို (၂)ယောက် ခပ်တန်းတန်းဖြစ်နေကြကြောင်းကိုတော့ ရိပ်မိသည်။
ထို့ကြောင့် ပထမတောင်ထွတ်မှ ဆရာဦးလေးက သူ့ကိုဖိတ်ကြားခြင်းမှာ ကောင်းသည့်ကိစ္စတော့ မဖြစ်နိုင်ပေ။ တစ်စုံတစ်ခုမူမမှန်သလို ခံစားနေရလေရာ ကြားဝင်ပေးမည့်တစ်စုံတစ်ယောက်ရှိလျှင် သူ့တို့အတွက် ပိုပြီးလွယ်ကူနိုင်သည်။
ဟုတ်ပေ၏။ ကြားဝင်ပေးမည့်သူတစ်ယောက် ရှာဖွေရသည့် အဓိကအချက်ကတော့ ဆရာဖြစ်သူကို ဆရာဒေါ်လေးမြောင်ယွဲ့နှင့် စကားပြောစေချင်သောကြောင့် ဖြစ်သည်။ ဤသည်က သူတို့ (၂)ယောက် အပြန်အလှန်ရင်းနှီးရန် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်သည်။
သို့ပေသိ…
သူ့အတွေးများက အလွန်ကောင်းသည့်တိုင် နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိသည့်အခါ ဆရာဒေါ်လေးမြောင်ယွဲ့ ရောက်နှင့်နေသည်ကို သိလိုက်ရသည်။
သူမက ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်တွင် ကြားလူအဖြစ်ဆောင်ရွက်ပေးရန် ရောက်လာခြင်း ဖြစ်သည်။ ဤအရာများအားလုံးက ဆရာဒေါ်လေးမြောင်ယွဲ့၏ အကြံအစည်များပေပဲလား။
တကယ်တမ်းသာ ထိုသို့ဖြစ်ခဲ့ပါက ဆရာဒေါ်လေးမြောင်ယွဲ့က အနည်းငယ်အန္တရယ်များသည်ဟု ကျန်းလန် ခံစားမိသည်။။ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် သူမ အမှုမဲ့အမှတ်မဲ့ လုပ်ခဲ့သည့် လုပ်ရပ်များနောက်ကွယ်တွင် နက်ရှိုင်းသည့်အဓိပ္ပါယ်များ ရှိနေသည်ကို မည်သူမှ မသိရှိနိုင်ခဲ့ကြပေ။
သူမသာ ဆရာဖြစ်သူ၏ ဇနီးဖြစ်လာမည်ဆိုလျှင် နဝမတောင်ထွတ်တွင် နေထိုင်ရသည်ပင် အနည်းငယ် စိတ်မသက်မသာ ဖြစ်ရပေမည်။
ကျန်းလန်လည်း မည်သို့မှ မတတ်နိုင်ဘဲ ဆရာဖြစ်သူနှင့် ဆရာဒေါ်လေးမြောင်ယွဲ့တို့ စကားပြောနေကြသည်ကို ကြားဝင် နှောက်ယှက်ရတော့သည်။
သတ္တိမွေးကာပင် မေးခွန်းအချို့ မေးမြန်းနေရခြင်းဖြစ်သည်။
မြောင်ယွဲ့က…
"ဘာမှ ဂရုစိုက်နေစရာ မလိုပါဘူး ၊ သူတို့ ခွင့်မပြုတဲ့အရာကို မလုပ်ရင် အားလုံး အဆင်ပြေသွားမှာပါ ၊ အဲဒီနေရာက မရဏဂူနဲ့ သိပ်မကွာပါဘူး"
သူမအသံတွင် ရင်သံစွက်လျှက် ရှိသည်။
ကျန်းလန်က…
"ဒါဖြင့် ကျွန်တော် ဘယ်တော့သွားရမလဲ"
မြောင်ယွဲ့က…
"(၃)လလောက်တော့ မင်းရဲ့ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်လိုက်ပါဦး"
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
"မင်း ပထမတောင်ထွတ်ကိုသွားဖို့ (၃)လအတွင်း ငါ လာခေါ်မယ်"
ထို့နောက် သူမက မော့ကျန်းသုန့်ဘက်လှည့်ကြည့်လိုက်ပြီး…
"ဂိုဏ်းတူအစ်ကိုရော လိုက်ခဲ့မလား"
မော့ကျန်းသုန့်က တုံ့ဆိုင်းနေပြီး မျက်ခုံးများကို တွန့်ချိုးထားသည်။
ကျန်းလန်က ဆရာဖြစ်သူ ပထမတောင်ထွတ်သို့ မသွားရောက်လိုကြောင်း သိရှိလိုက်သော်လည်း ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကိုကြည့်ကာ မျက်ရိပ်ပြလိုက်သည့်အတွက် ဘာလုပ်ရမည်ကို ချက်ချင်း နားလည်သွားသည်။
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်အရိုအသေပြုလိုက်ရင်း…
"ဆရာ… တပည့်က တန်ခိုးစွမ်းအားမမြင့်မားသေးဘူး ၊ မတော်တဆထိခိုက်မှုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်"
ကျန်းလန် ပြောလိုက်သည့် စကားအဓိပ္ပါယ်က ရှင်းလင်းသည်။ ဆရာဖြစ်သူကို သူနှင့်အတူ လိုက်ခဲ့ရန် မျှော်လင့်သည်ဟု ဆိုလိုသည်ပင်။
အပေါ်ယံတွင် ဆရာဖြစ်သူက သူ့ကို သိပ်ဂရုမစိုက်ဟု ထင်ရဖွယ်ရှိသော်လည်း တကယ်တမ်းတွင် နက်နက်ရှိုင်းရှိုင်း ဂရုစိုက်သူ ဖြစ်သည်။
မော့ကျန်းသုန့် ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခု နားလည်သွားသည်။
တပည့်ဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပြီး စိတ်စွမ်းအားကလည်း ကောင်းလွန်းသည်။ အကယ်၍ သူ ထိန်းချုပ်နိုင်ခြင်းမရှိသည့် ပြဿနာတစ်ခုခု ဖြစ်ခဲ့သော် အလွန်အန္တရယ်များသည်။
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ရှိသူအတွက် ကောင်းကင်ဘုံသည် လုံခြုံသည့်နေရာတစ်ခု မဟုတ်ပေ။ သို့သော် ရွေးချယ်စရာမရှိ သွားရမည် ဖြစ်သည်။
မော့ကျန်းသုန့်က…
"အင်း… ဒါဆိုလည်း အဲဒီအချိန်က ပထမတောင်ထွတ်ကို လိုက်ခဲ့ချင်လိုက်ခဲ့မယ်"
မော့ကျန်းသုန့်စကားကိုကြားသည်နှင့် မြောင်ယွဲ့က ရယ်မောလိုက်သည်။
ထိုအခါမှ ကျန်းလန်လည်း သက်ပြင်းချလိုက်ပြီး တောင်သခင် (၂)ယောက်ကို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။ သူ့အနေဖြင့် ပထမတောင်ထွတ်သို့ သွားရောက်ရန် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သည်။
နဝမတောင်ထွတ်အစွန်းမှ ပြန်လာပြီးနောက် ကျန်းလန် ခြံဝင်းဆီသို့ လျှောက်လာခဲ့သည်။ ရှောင်ယွိက သူ့ကိုစောင့်နေမည် ဖြစ်သည်။
ကျန်းလန် သိပ်ပြီးနားမလည်သည်မှာ မြောင်ယွဲ့က အလွန်ထက်မြက်သူ ဖြစ်သည်။ အဘယ့်ကြောင့် ဆရာဖြစ်သူနှင့် အခြေအနေက တိုးတက်မလာရပါသနည်း။
သူတို့ (၂)ယောက်၏ ကိုယ်စီရပ်တည်ချက်များကြောင့်လည်း ဖြစ်နိုင်သည်။
သူက တာ့လော်အင်မော်တယ်အဆင့် အောင်မြင်ပြီး ဖြစ်သော်လည်း ဆရာဖြစ်သူ၏ တပည့်ပင် ဖြစ်သည်။ ဆရာဖြစ်သူနှင့် အခြားသောတောင်သခင်များသည် ခွန်လွန်တောင်တွင် အထွတ်ထိပ်အဆင့် ဖြစ်ကြလေရာ သူတို့၏အပြုအမူတိုုင်းက ခွန်လွန်တောင်ကို ကိုယ်စားပြုသည်။
ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အပြုအမူအနေအထိုင်များကို ထိန်းချုပ်ထားကြဟန် ရှိသည်။
ယခုတစ်ကြိမ် ကျန်းလန် ကျင့်ကြံခြင်းအဆင့်တက်ပြီးလျှင်တော့ ဆရာဖြစ်သူကို ပဉ္စမတောင်ထွတ်သို့ သွားရောက်လည်ပတ်စေရန် အရောက်ပို့ပေးရပေမည်။
တာအိုအင်မော်တယ်ဖြစ်လာပြီးနောက် ကျန်းလန်က အစီအရင်ပညာကို ဆက်လက်လေ့လာရန် လိုအပ်သည်။ ထိုအချက်ကိုအကြောင်းပြပြီး ဆရာဒေါ်လေးမြောင်ယွဲ့ထံတွင် အကူအညီတောင်းပေးပါရန် ဆရာဖြစ်သူကို ပဉ္စမတောင်ထွတ်သို့ စေလွှတ်ရမည် ဖြစ်သည်။
ဤသို့ဖြင့် ဆရာဖြစ်သူအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ဆရာဖြစ်သူ အထီးကျန်တော့မည် မဟုတ်ပေ။
သို့မဟုတ် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ပြုစုပေးရန် ဆရာဖြစ်သူကို အလုပ်ပေးရပေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းက ကိုယ့်ကိုယ်ကိုယ် မပျင်းရိရအောင် ကျင့်ကြံခြင်းနှင့် တူညီသည်။
ခြံဝင်းထဲသို့ ပြန်ရောက်သည့်အခါ ရှောင်ယွိက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို စားပွဲပေါ်တင်ထားသည်ကို တွေ့လိုက်ရသည်။ သူမက မေးကိုလက်ဖြင့်ထောက်ရင်း ထိုအရာလေးများကို စိတ်ဝင်တစား ကြည့်နေ၏။
ကျန်းလန်က သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်တွင်ချထားသည့် သစ်သားဓားကို ကောက်ယူလိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ ဘာတွေကြည့်နေတာလဲ"
ရှောင်ယွိက ကျန်းလန်ကိုမကြည့်ဘဲ သားရဲဥလေးကိုသာ ကြည့်နေသည်။
"ဂိုဏ်းတူမောင်လေး ၊ သားရဲဥလေးက အကောင်မပေါက်တော့ဘူးလို့ ဘာလို့ထင်တာလဲ"
"ဘာဖြစ်လို့လဲဆိုတာ ဂိုဏ်းတူအစ်မ သိလို့လား"
ဘာကြောင့်မှန်းမသိသော်လည်း အကောင်မပေါက်သည်က အန္တရယ်ကင်းသည်ဟု ခံစားရသည်။
အစပိုင်းတွင်တော့ ဝိညာဉ်သားရဲလေးတစ်ကောင်မွေးထားနိုင်ပြီး အိမ်ကိုစောင့်ရှောက်ပေးကာ သူ့ကိုလည်း အဖော်ပြုပေးမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်တော့ ဥလေးကသာ အဆင်ပြေသည်ဟု တွေးမိသည်။
အကောင်ပေါက်လာပါက အစာကျွေးမွေးခြင်းများအပြင် ထိုသတ္တဝါ၏ စိတ်နေစိတ်ထားပြောင်းလဲမှုများအတွက် စိတ်ပူနေရပေဦးမည်။ ယခုတော့ တစ်ခါတစ်လေ ဝိညာဉ်ဆေးရည်လောင်းပေးရန်သာ လိုအပ်သည်။
ရှောင်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…
"မသိပါဘူး ၊ ဒါပေမဲ့ ဒီဥကို ဖောက်ကြည့်ဖို့ မစဉ်းစားကြည့်ဘူးလား"
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ ဘာလို့ ဒီလိုတွေးမိရတာလဲ"
ဥခွံကို ဖောက်လိုက်ခြင်းက အလွန်အန္တရယ်များသည်။ အကောင်ပေါက်လေးက အထဲတွင် ပိတ်မိနေသည်ဆိုလျှင် ပြဿနာ မရှိပေ။ သို့သော် အထဲတွင် အကောင်မဖြစ်သေးလျှင် ထိုအရာလေး ထိခိုက်သွားမည် ဖြစ်သည်။
ရှောင်ယွိက သူမဝမ်းဗိုက်ကို တစ်ချက်ထိကိုင်လိုက်ရင်း…
"ကျွန်မက ဂိုဏ်းတူမောင်လေးအတွက် ဥမွေးပေးရင် ဘယ်လိုလုပ်မလဲ"
ကျန်းလန် : "……"
ဒီ စိတ်ပုတ်တဲ့ နဂါးမလေးကတော့…။
"ရေသဖန်းပင်လေးနဲ့ သားရဲဥလေးက အတူတူရှိနေတာ လိုက်ဖက်ညီပါတယ်ကွာ ၊ သူတို့က ဘာပြဿနာမှ မရှိပါဘူး ၊ တစ်ခါတစ်လေ အသက်ဓာတ်စွမ်းအား အပြောင်းအလဲရှိတတ်ပေမယ့် ကျန်တဲ့အချိန်တွေကတော့ ပုံမှန်ပါပဲ"
ကျန်းလန်က ရှင်းပြလိုက်သည်။
သူက အစကတည်းက သားရဲဥလေးကို ကောင်းစွာမွေးမြူထားခဲ့ပြီး ဘာမှထူးထူးခြားခြား မပြုလုပ်ခဲ့ပေ။ ထိုသားရဲဥလေးက အစကတည်းက အကောင်မပေါက်နိုင်သည့် ဥလေးလည်း ဖြစ်နိုင်သည်။
ရေသဖန်းပင်လေးကလည်း ဆရာဖြစ်သူ ရှာဖွေပေးထားသည့် အပင်လေးဖြစ်သည်။ ထို့ကြောင့် ထိုအရားလေးများကို ကျန်းလန် ဘာမှမလုပ်ဘဲ ဒီအတိုင်းလေးပင် ပြုစုပျိုးထောင်ထားခဲ့သည်။
"ဒေါင် ဒေါင်"
ရှောင်ယွိက သားရဲဥလေးကို အသာခေါက်လိုက်ပြီး အထဲမှ သတ္တဝါလေးနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်။ သူမသာ ဥမှတစ်ဆင့် ကလေးမွေးခဲ့လျှင် အခွင့်ကောင်းတစ်ခုအနေဖြင့် လေ့ကျင့်နေခြင်း ဖြစ်သည်။
သို့ပေသိ ယခုအချိန်ထိ ကျန်းလန်နှင့် ချစ်ကျွမ်းဝင်လေတိုင်း နဂါးတစ်ဝက်အသွင်မပြောင်းစေရန် ထိန်းချုပ်မရနိုင်သေးပေ။
ကျန်းလန်က သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်စတင်ထည့်သွင်းပေးလိုက်သည်။ သစ်သားဓားလေးထဲတွင် ဓားိညာဉ်ထည့်သွင်းပေးနေသည်မှာ အချိန်ကာလာအလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့တိုင် သူကတော့ ပေါ့ပေါ့ပါးပါး ဆက်လက်ပြုလုပ်ပေးနေဆဲပင်။
အမှန်တော့ ဓားဝိညာဉ်ဆက်လက်ထည့်သွင်းမပေးလျှင်ပင် ဤဓားက သာမန်သစ်သားဓားတစ်လက် မဟုတ်တော့ပေ။ ရှောင်ယွိကို အန္တရယ်မဖြစ်စေသော်လည်း အခြားနဂါးများကိုတော့ သေစေနိုင်လောက်သောအန္တရယ်ရှိသည်။
သစ်သားဓားက ရှောင်ယွိကို ထိခိုက်နိုင်မည်လားဆိုသည်ကို သူ အလွန်သိချင်နေမိသေးသည်။
"ဂိုဏ်းတူအစ်မ ၊ လက်သည်းညှပ်ပေးရမလား"
ကျန်းလန်က မေးလိုက်သည်။
သစ်သားဓားက ရှောင်ယွိ၏လက်ကို ရှစေနိုင်သလား သူ စမ်းသပ်ကြည့်ချင်သည်။
ရှောင်ယွိက သူမ၏လက်များကို ကြည့်လိုက်သည်။ လက်သည်းလည်းမရှည်ပါဘဲ အဘယ့်ကြောင့် ကျန်းလန်က လက်သည်းညှပ်ဖို့ ပြောရပါသနည်း။
သို့သော် သူမက လက်ကို ကျန်းလန်ရှေ့သို့ ဆန့်တန်းပေးလိုက်ပြီး ကျန်းလန် ဓားဖြင့်ခုတ်နိုင်ရင် အသင့်ပြုလုပ်ပေးလိုက်သည်။
"ရော့ ဂိုဏ်းတူမောင်လေးအတွက် ကျွန်မရဲ့လက်"
ကျန်းလန်က ရှောင်ယွိ၏ သွယ်လျသောလက်လေးများကို ကြည့်ရင်း ငြိမ်သက်နေ၏။
လက်သွယ်သွယ်လေးများကို ဓားဖြင့် မခုတ်ရက်လေရာ ရှောင်ယွိကို နဂါးအသွင်ပြောင်းပေးရန် တောင်းဆိုရမည်လားဟု တွေးနေမိ၏။
သို့မှသာ အကျိုးသက်ရောက်မှုကိုလည်း အတိအကျ သိရှိနိုင်မည် ဖြစ်သည်။ နဂါးလက်သည်းက ထက်ရှသည့်အတွက် သစ်သားဓား၏အစွမ်ကို ကောင်းကောင်းစမ်းသပ်ကြည့်နိုင်သည်။
နဂါးလက်က တိုပြီးထူသော်လည်း ရှောင်ယွိ၏ လက်သွယ်သွယ်လေးကတော့ အနည်ငယ် ထူးဆန်းနေသည်။
သို့ဆိုလျှင် ခြေထာက်ကို ဓားဖြင့်ခုတ်မည်ဆိုလျှင်ရော…
နောက်ဆုံးတော့ မဖြစ်နိုင်မှန်း သိရှိလိုက်ပြီး လက်သည်းပွတ်သည့် ကျောက်တုံးလေးကိုသာ ထုတ်ယူပြီး ရှောင်ယွိ၏ လက်သည်းလေးများကို ညှိပေးလိုက်လေတော့သည်။
ရှောင်ယွိ နဂါးအသွင်ပြောင်းလဲသွားမှ အခွင့်အရေးရှာပြီး သစ်သားဓားအစွမ်းကို စမ်းသပ်ကြည့်ရပေမည်။
***
ထိုသို့ဖြင့် အချိန် (၃)လ ကြာသွားခဲ့သည်။
ကျန်းလန် လုန်ယွိကို နဝမတောင်ထွတ်အစွန်းသို့ ခေါ်လာခဲ့သည်။
တောင်ထွတ်အစွန်းတွင် ဆရာဖြစ်သူကို မတွေ့ရပေ။
ဆရာဖြစ်သူက စောစီးစွာပင် ပထမတောင်ထွတ်သို့ ထွက်ခွာသွားခဲ့သည်လား။ ဆရာ့အတွက် ပထမတောင်ထွတ်သို့ သွားရောက်ရသည်မှာ လွယ်ကူသည့်ကိစ္စ ဟုတ်ဟန်မတူပေ။
သို့ပေသိ ပထမတောင်ထွတ်က နဝမတောင်ထွတ်အား အကူအညီတောင်းသည်မို့ အခြေအနေဆိုးသည်ဟုတော့ မဆိုသာပေ။
လုန်ယွိက...
"ကျွန်မတို့ ဆရာဒေါ်လေးမြောင်ယွဲ့ကို စောင့်ရမှာလား"
ပထမတောင်ထွတ်သို့ သွားမည်ဆိုလျှင် ရှောင်ယွိအသွင်ဖြင့် သွားရောက်၍ မသင့်တော်ပေ။
ထို့ကြောင့် လုန်ယွိပုံစံဖြင့် သွားရောက်ခြင်းကသာ အသင့်တော်ဆုံး ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း...
"အင်း ၊ ဆရာဒေါ်လေးမြောင်ယွဲ့ မကြာခင် ရောက်လာမယ်ထင်တယ်"
မကြာာမီ အလင်းတန်းတစ်ခု တောင်ထွတ်အစွန်းသို့ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
မျက်နှာကို ဖုံးအုပ်ထားသည့် ဆရာဒေါ်လေးမြောင်ယွဲ့ပင် ဖြစ်သည်။
"ဆရာဒေါ်လေးကို ဂါရဝပြုပါတယ်"
"ဆရာဒေါ်လေးကို ဂါရဝပြုပါတယ်"
နှစ်ယောက်သား ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
မြောင်ယွဲ့က သူတို့ကို ကြည့်လိုက်ရင်း မျက်ဝန်းများက ပြုံးသွားသည်။
"ပထမတောင်ထွတ်ကို သွားကြစို့ ၊ ပထမတောင်ထွတ်ကို ရောက်တာနဲ့ မင်း အချိန်တော့အတော်လေး ယူရလိမ့်မယ်"
ကျန်းလန်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤကိစ္စက သူမ တားဆီးနိုင်သည့်ကိစ္စမဟုတ်ဘဲ ကျန်းလန် ပထမတောင်ထွတ်တွင် အချိန်အတန်ကြာနေထိုင်ရမည်ကို နားလည်ခဲ့သည်။
ကောင်းကင်ဂူထဲတွင် ကျန်းလန် အချိန် မည်မျှကြာအောင် နေထိုင်ရမည်ကို လုန်ယွိ မသိရှိပေ။
သူမ ပထမတောင်ထွတ်တွင် ကျန်းလန်ကို စောင့်ဆိုင်းနေရန် မဖြစ်နိုင်ပါက တတိယတေင်ထွတ် ၊ သို့မဟုတ် ကျောက်စိမ်းရေကန်သို့ ပြန်ရမည် ဖြစ်သည်။
လမ်းတွင် မြောင်ယွဲ့က ကျန်းလန်ကို မေးသည်။
"ပထမတောင်ထွတ်က မင်းကို ဘာလို့ ဖိတ်ခေါ်ရလဲဆိုတာ သိချင်လား"
ကျန်းလန် သိချင်စိတ်ရှိသော်လည်း မေးမြန်းကြည့်လိုစိတ်တော့ မရှိပေ။
မေးမြန်းမိပါက ဆရာဒေါ်လေးမြောင်ယွဲ့၏ ထောင်ချောက်ထဲသို့ ကျသွားမည်ဟု ခံစားနေရသည်။
သိချင်စိတ်က ကြောင်တစ်ကောင်ကို သေစေသည်ဟု စကားပုံရှိသည်မဟုတ်လား။
"ဆရာဒေါ်လေးမြောင်ယွဲ့ စီစဉ်ပေးလို့ဆိုတာပဲသိထားပါတယ်"
ကျန်းလန်က ထိုမျှသာ ပြန်ပြောလိုက်သည်။
မြောင်ယွဲ့ကလည်း ကျန်းလန်၏ အဖြေကို အရေးမစိုက်ဘဲ စကားဆက်ပြောသည်။
"ဒီတစ်ခေါက် အကျိုးအမြတ်အများဆုံးရတဲ့သူက ဘယ်သူဖြစ်မယ်ထင်လဲ ၊ ပထမတောင်ထွတ်လား ၊ ပဉ္စမတောင်ထွတ်လား ၊ နဝမတောင်ထွတ်လား"
ကျန်းလန်က…
"ဆရာဒေါ်လေးပဲ မဟုတ်နိုင်ဘူးလား"
မြောင်ယွဲ့က လုန်ယွိကို လှမ်းကြည့်လိုက်ရင်း…
"ရှောင်ယွိလေး ၊ မင်းရော ဘယ်လိုထင်လဲ"
လုန်ယွိ၏ အမြင်ကတော့ ကျန်းလန်နှင့်မတူပေ။
"အကျိုးအမြတ်အများဆုံးရတဲ့သူက နဝမတောင်ထွတ်ပဲ ဖြစ်မှာပေါ့ ဆရာဒေါ်လေး"
မြောင်ယွဲ့က…
"ဒါဆို အရှုံးထွက်သွားတဲ့သူက ဘယ်သူဖြစ်မလဲ"
ကျန်းလန်က စဉ်းစားနေပြီး အဖြေမပေးနိုင်ဖြစ်နေသည်။
လုန်ယွိလည်း အတူတူပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ဖြစ်စဉ်တစ်ခုလုံးတွင် မည်သူအရှုံးထွက်သွားကြောင်း မခန့်မှန်းနိုင်သောကြောင့် ဖြစ်၏။
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ဘာလဲ အရှုံးထွက်တဲ့သူ မရှိဘူးလား"
ကလေးများကို စ နောက် ရသည်မှာ အလွန်ပျော်စရာကောင်းသည်ဟု သူမခံစားရသည်။
သူမက ဆက်မေးသည်။
"ဒါဆိုရင်… ပထမတောင်ထွတ် ၊ ပဉ္စမတောင်ထွတ်နဲ့ နဝမတောင်ထွတ်တွေက ဘာတွေအကျိုးအမြတ်ရရှိမယ်လို့ ထင်လဲ"
လုန်ယွိက…
"ပထမတောင်ထွတ်က အရင်စပြီးတော့ ဂိုဏ်းတူမောင်လေးကို ကောင်းကင်ဂူထဲ ဖိတ်ခေါ်တာဆိုတော့ သူတို့က သေချာပေါက် အရှုံးမရှိလောက်ပါဘူး"
လုန်ယွိစကားဆုံးသွားသည်နှင့် မြောင်ယွဲ့က ဆက်ပြောသည်။
"အမှန်ပဲ ၊ ဒါတင်မကဘူးလေ ၊ ပထမတောင်ထွတ်က တပည့်တွေတောင် နဝမတောင်ထွတ်က အစီအရင်တွေကို လေ့လာဖို့ ရောက်လာသေးတယ် မဟုတ်လား ၊ ပြီးတော့ အရင်က ပထမတောင်ထွတ်ရဲ့ တောင်သခင်က နဝမတောင်ထွတ်ကို ကိုယ်တိုင်လာပြီး ကျန်းလန်ကို ဖိတ်ကြားဖို့ပဲ ၊ ဒါပေမဲ့ ငါက ဒီတာဝန်ကို ကြားဝင်ယူပေးလိုက်တော့ သူ့အနေနဲ့ နဝမတောင်ထွတ်ကို လာစရာမလိုတောဘူးလေ ၊ ဒါတွေက သူတို့အတွက် အမြတ်ထွက်တာတွေပဲပေါ့"
ခဏနားပြီးမှ မြောင်ယွဲ့က ဆက်မေးသည်။
"ဒါဆို ပဉ္စမတောင်ထွတ်ကရော… ဘာအမြတ်ထွက်မလဲ"
ပဉ္စမတောင်ထွတ်ဆိုသည်က မြောင်ယွဲ့ကို ဆိုလိုခြင်း ဖြစ်သည်။
လုန်ယွိက…
"ဆရာဒေါ်လေးက နဝမတောင်ထွတ်ကိုလာပြီး ဆရာဦးလေးမော့ကို တွေ့ဆုံဖို့ အကြောင်းပြချက်ရတယ်လေ"
မြောင်ယွဲ့က မျက်လုံးများကို အသာမှေးစင်းလိုက်ရင်း…
"မှန်တယ် ၊ ဒါဖြင့် နဝမတောင်ထွတ်ကရော ဘာအကျိုးအမြတ်ရသလဲ"
လုန်ယွိက အဖြေပေးရန် ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
ကျန်းလန်က ပထမတောင်ထွတ်မှ ကောင်းကင်ဂူထဲသို့ဝင်ရောက်ချင်သည်ကို သူမ သိရှိသည်။ အစပိုင်းတွင် ဆရာဦးလေးမော့ကျန်းသုန့်ကိုယ်တိုင်ပင် ပထမတောင်ထွတ်ကို အကူအညီတောင်းရန် ရည်ရွယ်ထားခဲ့သည်။ သို့ပေသိ ပထမတောင်ထွတ်ကစတင်ပြီး အကူအညီတောင်းခံရန် ဖြစ်လာခဲ့သည်။
သို့ရာတွင် ထိုအချက် ကျန်းလန်၏ လျှို့ဝှက်ချက်များနှင့် ပတ်သက်နေလေရာ သူမအတွက် အဖြေပေးရန် ခက်ခဲနေသည်။
မြောင်ယွဲ့က ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"ပထမတောင်ထွတ်နဲ့ ပဉ္စမတောင်ထွတ်က ဒီကိစ္စမှာ အကျိုးအမြတ်တွေရတယ်ဆိုတာ ထင်ရှားပါတယ် ၊ ငါ ကြားဝင်ဆောင်ရွက်ပေးလိုက်တဲ့အတွက် အကျိုးအမြတ်အရဆုံးဖြစ်သွားတာက နဝမတောင်ထွတ်ဆိုတာ သိသာပါတယ်လေ ၊ ဟုတ်တယ်မလား"
သူမ၏ စကားနောက်ကွယ်တွင် လေးနက်သည့်အဓိပ္ပါယ်တစ်ခု ရှိပုံရသည်။
ကျန်းလန် : "……"
နဝမတောင်ထွတ်က အကျိုးအမြတ်ရရှိသည်ကို လူတိုင်းသိရှိသွားကြလျှင် အားလုံးက ကျန်းလန်ကို သံသယဝင်လာကြပေလိမ့်မည်။ ထိုအချက်က သူ့အတွက် ကောင်းသည့်အချက် မဟုတ်ပေ။
လုန်ယွိက တိတ်ဆိတ်နေခဲ့သည်။
ယခုတော့ ကျန်းလန်သည်လည်း ဖုံးကွယ်ဟန်ဆောင်ထား၍ မရတော့ဟန် ရှိသည်။
ကလေးများ အခက်မတွေ့စေရန်အတွက် မြောင်ယွဲ့က စကားလမ်းကြောင်းပြောင်းလိုက်သည်။
"မင်းရဲ့ဆရာလည်း ပထမတောင်ထွတ်ကိုသွားတယ်လေ"
ထိုစကားကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားပြီး ဆရာဒေါ်လေးမြောင်ယွဲ့၏စကားကိုလည်း နားမလည်နိုင်ဖြစ်သွားသည်။
မြောင်ယွဲ့က ကျန်းလန်နှင့်လုန်ယွိကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"ပထမတောင်ထွတ်နဲ့ နဝမတောင်ထွတ်က တောင်သခင် (၂)ယောက်က ဆက်ဆံရေးမကောင်းတာ မင်းတို့ သိကြတယ် မဟုတ်လား"
လုန်ယွိက…
"အရင်က ဆရာပြောတာတော့ ကြားဘူးတယ် ၊ ဒါပေမဲ့ ဘာ့ကြောင့်လဲဆိုတာတော့ ဆရာက ပြောမပြဘူး"
မြောင်ယွဲ့က သက်ပြင်းချလိုက်ရင်း…
"ဟုတ်တယ် ၊ တကယ်တော့ အကြောင်းပြချက် ဘာမှ ကြီးကြီးမားမား မရှိပါဘူး ၊ နှစ်ယောက်လုံးက မာနကြီးကြတာလေ ၊ သူတို့ (၂)ယောက်လုံးက တန်ခိုးစွမ်းအားမြင့်မားကြပြီး ဘဝင်ကိုင်ကြတာကလည်း ကောင်းကင်လောက်ထိရောက်တယ်"
"ခွန်လွန်တောင်မှာ သူတို့ (၂)ယောက် မျက်နှာချင်းဆိုင်စကားပြောအောင် ဘယ်သူမှလုပ်မပေးနိုင်ကြဘူး ၊ ဂိုဏ်းချုပ်တောင်မတတ်နိုင်ဘူး ၊ ဆိုတော့…"
မြောင်ယွဲ့က မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။
"အခု နဝမတောင်ထွတ်က တောင်သခင်က ပထမတောင်ထွတ်ကိုသွားတယ်ဆိုတော့ တောင်သခင်တွေအားလုံးက အခြေအနေ စောင့်ကြည့်နေကြတယ် ၊ အဲဒီမှာ ဘာဖြစ်မလဲဆိုတာ သူတို့အားလုံး အာရုံစိုက်နေကြတယ် ၊ ပြီးတော့ ဒီကိစ္စကိုစတင်တဲ့သူက ငါ မဟုတ်လား ၊ ဟက်… ငါ့ကိုတော့ ဂိုဏ်းတူအစ်ကိုအစ်မတွေ မေတ္တာပို့ကြတော့မှာပဲ"
"ဆရာဒေါ်လေးက ဆရာဦးလေးမော့နဲ့ ပထမတောင်ထွတ်မှာ အချိန်ကြာကြာနေချင်လို့ ဒီလိုလုပ်လိုက်တာ မဟုတ်ဘူးလား"
လုန်ယွိက လွှတ်ခနဲ မေးလိုက်မိသည်။
မြောင်ယွဲ့က လုန်ယွိကို လှမ်းကြည့်လိုက်ပြီး အလေးအနက်ဆိုသည်။
"သူတို့ရဲ့မျက်လုံးထဲမှာ အချစ်ဆိုတာ အလကားပဲ ၊ မဟုတ်ရင် ဘာလို့ အခုထိ တာအိုလက်တွဲဖော်မရှိဘဲ နေကြမှာလဲ ၊ အင်းလေ… ငါဖြစ်ချင်တဲ့ဆန္ဒက အရေးမကြီးပါဘူး ၊ ဒီကိစ္စမှာ အရေးကြီးဆုံးကတော့ နဝမတောင်ထွတ်က တောင်သခင်က ပထမတောင်ထွတ်ကို သွားတယ်ဆိုတဲ့အချက်ပဲ ၊ ပြီးတော့ နှိမ့်နှိမ့်ချချနဲ့သွားတာမဟုတ်ဘူး ၊ တပည့်ကိုလိုက်ပို့တာဆိုတဲ့အထာနဲ့သွားတာ ၊ ပြီးတော့ ပထမတောင်ထွတ်က တောင်သခင်က နဝမတောင်ထွတ်ကတပည့်ကို အရင်ဆုံးအကူအညီစတောင်းတာလေ ၊ ဒိတော့ ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်ဘက်က သိက္ခာကျစရာလည်း မရှိဘူးမဟုတ်လား"
"ဒါကြောင့် ဒီတစ်ခေါက် တကယ်အမြတ်ထွက်တာက နဝမတောင်ထွတ်ကလို့ ပြောတာပေါ့ ၊ ပြောရရင် ပထမတောင်ထွတ်က အကြီးမားဆုံး ဆုံးရှုံးခဲ့တာပဲ ၊ သူတို့ဘက်က သိက္ခာကျတယ်လေ ၊ ဒါကို အားလုံးခံစားမိကြပါတယ်"
မြောင်ယွဲ့က ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန် နားလည်သွားသည်။ ဆရာဒေါ်လေးမြောင်ယွဲ့က တစ်စုံတစ်ခုကို သိရှိခဲ့ဟန်ရှိသည်။
ပထမတောင်ထွတ်က ကျန်းလန်ကို ဖိတ်ကြားသည့်အခါ လူအများ၏ အာရုံစိုက်မှုကို အနည်းနှင့်အများ ခံရမည် ဖြစ်သည်။ သို့သော် ဆရာဖြစ်သူက ပထမတောင်ထွတ်သို့ သွားရောက်သည့်အခါ လူတိုင်းက ထိုကိစ္စကို ပိုပြီးစိတ်ဝင်စားသွားမည် ဖြစ်သည်။
ဤသည်က ကျန်းလန်ကို ကာကွယ်ပေးခြင်းပင် ဖြစ်သည်။
ကျန်းလန် : "……"
ထိုအတိုင်းသာ ဖြစ်ခဲ့ပါမူ ဆရာဒေါ်လေးမြောင်ယွဲ့က အလွန်ပင် ကြောက်စရာကောင်းသည်ပင်။
သူမ၏လုပ်ရပ်က ပထမတောင်ထွတ် ၊ ပဉ္စမတောင်ထွတ်နှင့် နဝမတောင်ထွတ်သာမက ခွန်လွန်တောင်တစ်ခုလုံးကိုပါ လှုပ်လှုပ်ရှားရှား ဖြစ်စေကာ အကျိုးအမြတ်လည်း ရရှိစေမည် ဖြစ်သည်။ အခြားစကားဖြင့်ပြောရလျှင် နဝမတောင်ထွတ်က အကျိုးအမြတ်အများဆုံး ဖြစ်ပေလိမ့်မည်။
ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာဖြစ်သူကို တကယ်ပဲ မေတ္တာရှိနေသည်လား။ သို့မဟုတ် အခြားအကြောင်းတစ်ခု ရှိနေသည်လား။
ကျန်းလန် စိတ်ရှုတ်ထွေးသွားသည်။
မြောင်ယွဲ့က…
"မင်းရဲ့ဆရာနဲ့ ငါ့ကိုအောင်သွယ်ပေးဖို့ မင်းကိုပဲ အားကိုးနေရသေးတာနော် ကျန်းလန် ၊ ငါ့အစွမ်းငါ့အစနဲ့ ဘာမှမတတ်နိုင်ဘူး"
ကျန်းလန် : "……"
လုန်ယွိ : "……"
ဆရာဒေါ်လေးမြောင်ယွဲ့က သူမကိုယ်သူမရော အောင်သွယ်မလုပ်နိုင်ဘူးလား။
သူမ၏စကားကို လုန်ယွိကတော့ ယုံကြည်သည်လား ၊ မယုံကြည်သည်လား မသိပေ။ သို့သော် ကျန်းလန်ကတော့ အစစအရာရာ သတိထားသည်က ပိုကောင်းသည်ဟု ခံစားရသည်။
"ဟားဟား…"
လုန်ယွိနှင့် ကျန်းလန်၏ မတူညီသော မျက်နှာအမူအရာများကိုကြည့်လိုက်ပြီး မြောင်ယွဲ့က ရယ်မောလိုက်သည်။
"ကဲ… ပထမတောင်ထွတ်ကိုရောက်ပြီ ၊ သွားကြရအောင်"
ကျန်းလန်က မည်သည့်စကားမှမပြောဘဲ ပထမတောင်ထွတ်၏ တောင်ပေါ်လမ်းတစ်နေရာတွင် ဆရာဒေါ်လေးမြောင်ယွဲ့နှင့်အတူ ဆင်းသက်လိုက်သည်။
ခန်းမဆောင်ထဲတွင် ဆရာဖြစ်သူနှင့် ပထမတောင်ထွတ်၏တောင်သခင်တို့ ရှိနေကြသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား စကားမပြောကြဘဲ ခန်းမထဲတွင် မတ်တတ်ရပ်နေကြခြင်း ဖြစ်၏။
"ဆရာနဲ့ ဆရာဦးလေးကို ဂါရဝပြုပါတယ်"
"ဆရာဦးလေးတို့ကို ဂါရဝပြုပါတယ်"
ကျန်းလန်နှင့် လုန်ယွိတို့က ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
မော့ကျန်းသုန့်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။
"လုပ်ဆရာရှိတာ သွားလုပ်ပါ ၊ ဆရာ မင်းကို ဒီမှာစောင့်နေမယ်"
ကျန်းလန်က ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်ဂူထဲသို့ မဝင်ခင် လုန်ယွိကို နှုတ်ဆက်စကားဆိုလိုက်သည်။
ထိုအချိန် ဆရာဒေါ်လေး ကျူးချင်ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သူမရောက်ရှိလာသည့်အတွက် လုန်ယွိ ပျော်ရွှင်သွားမည် ဖြစ်လေသည်။
ကျူးချင်က လုန်ယွိ အဆင်ပြေစေရန် လာရောက်အဖော်ပြုပေးခြင်း ဖြဟန်တူသည်။
သို့သော်…
လေထုထဲတွင် တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ တောင်သခင်များကိစ္စက သူ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိသည်မှာ သေချာသည်။ သူလုပ်ပေးနိုင်သည့်အရာမှာ ဆရာဖြစ်သူအတွက် အောင်သွယ်ပေးခြင်းပင် ဖြစ်၏။
ထို့နောက် ကျန်းလန် ကောင်းကင်ဂူထဲဝင်ရောက်သွားလေတော့သည်။
မည်သည့်အရာကိုမှ မသိရှိရလျှင်တောင် ဂူထဲဝင်ခွင့်ရသည်က အမြတ်ဖြစ်သည် မဟုတ်ပါလား။
***
အဋ္ဌမတောင်ထွတ်တွင်တော့ ကျိုးကျုန်းထျန်းက သေရည်သောက်ရင်း ပထမတောင်ထွတ်ရှိရာသို့ လှမ်းမျှော်ကြည့်ရှုနေသည်။
သူ ပထမတောင်ထွတ်သို့ အတော်လေးသွားချင်သော်လည်း မည်သည့်အကြောင်းပြချက်ဖြင့် သွားရမည်မသိ ဖြစ်နေသည်။
ကျူးချင်ကတော့ သူမတပည့်ရောက်နေသည်ကို အကြောင်းပြပြီး သွားရောက်ခွင့်ရသွားသည်။ သို့သော် သူကတော့ မည်သို့လုပ်ရမည် မသိပေ။
ထိုစဉ် လုကျန်းရောက်လာသည်။
"ဆရာ… ကျွန်တော့်ကို ရှာနေတယ်ဆို"
ကျိုးကျုန်းထျန်းက လုကျန်းကို တစ်ချက်ကြည့်လိုက်ရင်း…
"မင်း မိုးကောင်းကင်အင်မော်တယ် ဖြစ်နေပြီလား"
လုကျန်းက…
"ဟုတ်ကဲ့ ဆရာ ၊ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် ရောက်ပါပြီ"
ကျိုးကျုန်းထျန်းက…
"ငါ သတင်းကြားတာ ပထမတောင်ထွတ်က မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားတဲ့ တပည့်တစ်ယောက်က ငါတို့ အဋ္ဌမတောင်ထွတ်ကို မလေးမစားလုပ်တယ်ဆိုပဲ ၊ အဲဒီကောင်ကို မင်း သွားပြီး စိန်ခေါ်လိုက်"
"ခင်ဗျာ…"
ဆရာဖြစ်သူ မူးများနေသည်လား။
"စိတ်မပူနဲ့ ၊ မင်း အဲဒီကောင်ကို မနိုင်လို့ သေခါနီးပြီဆိုရင် ငါလာကယ်မယ်"
"ဆရာ…"
"ပြောတဲ့အတိုင်းလုပ် ၊ ပထမတောင်ထွတ်ကို အခုသွား…"
လုကျန်း : "……"
***