ကောင်းကင်ဘုံတံခါးမှာမဟာတာအိုလမ်းကြောင်းမရှိဘူးလား
Vol. 37 Ch. 512
ကျန်းလန် ပထမတောင်ထွတ်ရှိ ကောင်းကင်ဂူထဲသို့ ဝင်ရောက်ခဲ့သည်။ ဤနေရာက မရဏဂူနှင့် ရောင်ဝါ ၊ အသွင်အပြင် အရာအားလုံး ကွဲပြားသည်။
မရဏဂူက တိတ်ဆိတ်အထီးကျန်ပြီး ခမ်းနားသည်။ မရဏအငွေ့အသက်များ စိမ့်ထွက်နေသော်လည်း ဤနေရာတွင်တော့ မည်သည့်အငွေ့အသက်မှ ရှိမနေပေ။
သူ အထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်သွားလေ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားရလေ ဖြစ်သည်။ တစ်စုံတစ်ခုက ဖိနှိပ်နေသည့်အလား ဖြစ်သည်။
ယခင်ကတော့ ကောင်းကင်ဘုံတံခါးသည်လည်း ငရဲတံခါးကဲ့သို့ပင် အငွေ့အသက်များ ပေါက်ကွဲထွက်သည့် အချိန်ရှိနိုင်ပြီး ထိုအချိန်ဆိုလျှင် အလွန်ကောင်းမွန်သည့်အချိန်ဖြစ်မည်ဟု ကျန်းလန် တွေးထင်ခဲ့ဖူးသည်။
သို့သော် ယနေ့တွေ့မြင်ရသည့်အခြေအနေအရ ကောင်းကင်ဘုံတံခါးသည်လည်း ကောင်းသည့်အခြေအနေမရှိပေ။ ဂူထဲတွင် ထွက်ပေါ်နေသည့် ဖိအားက ငရဲတံခါးကိုရင်ဆိုင်ရသည့် အတွေ့အကြုံနှင့် ခြားနားသော်လည်း လူတစ်ယောက်၏စိတ်ကို ဖောက်ပြန်သွားစေရန် လွယ်ကူသည်။
ဖိအားကို ခံနိုင်ရည်မရှိလျှင် လူတစ်ယောက်အနေဖြင့် သိစိတ်လွတ်ကာ ရူးသွပ်သွားနိုင်သည်။ ထိုအချိန်ရောက်လျှင် ဘာဖြစ်သွားမည်ကို မည်သူမှ မသိရှိနိုင်ပေ။
လင်အန်းက…
"ဒီနေရာက သာမန်နေရာတစ်ခု မဟုတ်ဘူး ၊ ဒါကြောင့် ထူးဆန်းတာတစ်ခုခု ကြုံတွေ့ခဲ့ရင် အရမ်း ထိတ်လန့်မသွားပါနဲ့ ၊ ဂိုဏ်းတူညီလေးက စိတ်စွမ်းအားကောင်းတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး ၊ ဂိုဏ်းတူညီလေး အဓိကလုပ်ရမှာက ဒီနေရာမှာ ရှိနေတဲ့ အစီအရင်ကို ပြုပြင်ပေးဖို့ပါပဲ ၊ ဒါကြောင့် တခြားကိစ္စတွေ စိတ်မပူပါနဲ့ ၊ ကျုပ်က ဂိုဏ်းတူညီလေးကို ကာကွယ်ပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို"
ကျန်းလန်က လင်အန်းကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
လင်အန်းက အလေးအနက်လေသံဖြင့်…
"တကယ်လို့ အနီရောင်ရှိတဲ့အရာတွေကို တွေ့ရင် လုံးဝမထိဘဲ ဂူထဲကနေ ချက်ချင်း ထွက်သွားပါ ၊ ကျုပ်တို့ကိုတောင် ခွင့်တောင်းနေစရာမလိုဘူး ချက်ချင်းထွက်သွားရမယ် ၊ အနီရောင်လို့ ထင်ယောင်ထင်မှား ဖြစ်ရင်တောင်မှ ဂူထဲမှာ မနေပါနဲ့"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
အနီရောင်…
ကောင်းကင်ဘုံမှအရောင်လား ၊ ဒါမှမဟုတ် အခြားအရာလား။
နိယာမကျကျဆိုရသော် ထိုအရာက ကောင်းကင်ဘုံကို ခြိမ်းခြောက်အန္တရယ်ပေးသည့်အရာ ဖြစ်နိုင်သည်။ ကောင်းကင်ဘုံမှ တန်ခိုးစွမ်းအားဖြန့်ကျက်ခြင်းလား ၊ မျိုးစိတ်တစ်ခု၏ အစိတ်အပိုင်းလား မပြောတတ်ပေ။
ထို့နောက် ကျယ်ဝန်းသည့် ဂူကြီးတစ်ခုဆီသို့ ကျန်းလန် ရောက်ရှိလာသည်။ သို့သော် ထိုဂူကြီးက မည်သည့်အရာမှမရှိဘဲ ဗလာဖြစ်နေပြီး ကျောက်ဂူအပေါ်ဘက်က အလင်းရောင်လုံ၀ မရှိဘဲ အမှောင်ထုအတိ ဖုံးလွှမ်းနေသည်။
သူ၏ တာ့လော်အင်မော်တယ် အောင်မြင်သည့်အဆင့် ဖြင့်ပင် အမှောင်ထု၏နောက်ကွယ်တွင် တည်ရှိနေသည့်အရာကို တွေ့မြင်ရခြင်း မရှိပေ။
ကျန်းလန်က အမှန်တရားမျက်လုံးကို အသုံးပြုကာ ကြည့်ချင်သော်လည်း ရပ်တန့်လိုက်သည်။
အမှောင်ထု။
ထိုအမှောင်ထုသည် ကောင်းကင်ဘုံဆီမှ အမှောင်ထုနှင့် အတူတူပင် ဖြစ်နိုင်သည်။
သူက တာ့လော်အင်မော်တယ်ဖြစ်သည့်အတွက် အမှန်တရားမျက်လုံးကို အသုံးပြုမည်ဆိုလျှင် အမှောင်ထုအတွင်းသို့ အနည်းငယ် တွေ့မြင်ရနိုင်သည်။ သို့ပေသိ အမှောင်ထု၏နောက်ကွယ်မှအရာကို သူ တွေ့မြင်လိုက်သည်နှင့် ရန်သူကလည်း သူ့ကို တွေ့မြင်သွားပေလိမ့်မည်။
ထိုအခါ…
မည်သူမှမကယ်တင်နိုင်သည့် အန္တရယ်တစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
အမှောင်ထု၏နောက်ကွယ်တွင်ရှိနေသည့် တည်ရှိမှုကို ကျန်းလန်အနေဖြင့် တွန်းလှန်ရန် စွမ်းအား မရှိသေးပေ။ ထိုအရာက ရှေးဟောင်းဧကရာဇ်နန်းတော်တစ်ခုလုံးကိုပင် ဖျက်စီးပစ်နိုင်သည့်အရာ ဖြစ်သည်။
တစ်ဖက်က စတင်တိုက်ခိုက်လိုက်သည်နှင့် ခွန်လွန်တောင်တစ်ခုလုံးပင် တားဆီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းလန်က အမှောင်ထုကို ထိုးဖောက်ကြည့်ပြီး ရန်သူကို ဆွဲဆောင်မည်မဟုတ်ပေ။
လင်အန်းက…
"အမှောင်ထုထဲမှာ ဘာမှ မမြင်ရဘူးဆိုပေမယ့် အကြာကြီး မကြည့်စေချင်ဘူး ၊ မင်းရဲ့စိတ်တွေ တုန်လှုပ်လာလိမ့်မယ်"
ကျန်းလန်ခေါင်းညိတ်လိုက်ရင်း…
"ကောင်းပါပြီ"
ထို့နောက် ကောင်းကင်ဂူအတွင်းရှိ အစီအရင်ရှေ့တွင် သူတို့ မတ်တတ်ရပ်လိုက်ကြသည်။ ထိုအစီအရင်က အမှောင်ထုကို တွန်းလှန်ရန်ကြိုးစားနေပြီး တောက်ပလျှက် ရှိ၏။
"ဒီအစီအရင်က ဟိုးအရင်ကတည်းက ရှိနေခဲ့တာ ၊ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေ အတော်များများက ပြုပြင်ထိန်းသိမ်းဖြည့်စွက်ခဲ့ကြတယ် ၊ ဒါပေမဲ့ ဒီအစီအရင်ကို အမှောင်ထုက အဆက်မပြတ် ဖုံးလွှမ်းလာတယ် ၊ အခုတော့ ဂိုဏ်းတူမောင်လေးက အစီအရင်ပညာနဲ့ ဒီအစီအရင်ကို ဖြည့်စွက်ပြုပြင်ပေးပါ ၊ အစီအရင်ကို အမှောင်ထုဖုံးလွှမ်းနေတဲ့ အပိုင်းတွေကို ပြုပြင်ပြီး အမှောင်ထုကို တွန်းထုတ်နိုင်ရင်တော့ အကောင်းဆုံးပဲ"
လင်အန်းက ရှင်းပြသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အစီအရင်က အလွန်လေးနက်ကြောင်း ကျန်းလန် ပြောနိုင်သည်။ သို့သော် အစီအရင်၏ဗဟိုမဏ္ဍိုင်ကိုတော့ အမှောင်ထုက နည်းနည်းချင်း ဝါးမျိုထားပြီး ဖြစ်သည်။ ကျန်းလန်က အစီအရင်ကို ဖြည့်စွက်ပြုပြင်ပေးလျှင်တောင်မှ အမှောင်ထုဖုံးလွှမ်းခြင်းကို နှေးကွေးသွားအောင်သာ ပြုလုပ်နိုင်ပြီး ရပ်တန့်သွားစေရန် တတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တစ်နေ့တွင် ဤကျောက်ဂူတစ်ခုလုံးအမှောင်ဖုံးသွားမည်မှာ သေချာသည်။
ဤကောင်းကင်ဘုံတံခါးကို ဖွင့်လှစ်ခဲ့သူမှာ ခွန်လွန်ဘိုးဘေးဖြစ်သည့်အတွက် အစီအရင်ကို ပြုလုပ်ခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နိုင်သည်။
နောက်ထပ်ပြုပြင်ထားသည့် အစီအရင်အစိတ်အပိုင်းအချို့ကလည်း အလွန်ပင် လက်ရာကောင်းလှသည်။ ထိုသူက သူ့ထက်ပင် အစီအရင်ပညာ ကျွမ်းကျင်သေးသည်။
ဆရာဒေါ်လေးမြောင်ယွဲ့များလား။
ဆရာဒေါ်လေးမြောင်ယွဲ့ တာအိုအင်မော်တယ် အဖြစ်ခင်က ဤနေရာသို့ ဝင်ရောက်ခဲ့ဟန် ရှိသည်။ ယခုတော့ သူမ ဝင်ရောက်၍ မရတော့ဘူးလား။
တာအိုအင်မော်တယ်အဆင့်ဆိုလျှင် အမှောင်ထုနောက်ကွယ်မှ တစ်စုံတစ်ယောက်က သတိပြုမိသွားနိုင်သောကြောင့် ဖြစ်နိုင်သည်။
သို့သော် ဤနေရာက များစွာသောအပိုင်းအခြားများဖြင့် ပိုင်းခြားထားသည်။ အစစ်အမှန်အင်မော်တယ်နေသင့်သည့်နေရာ ၊ လူသားအင်မော်တယ်အဆင့် ဝင်ရောက်နိုင်သည့်နေရာ စသည်ဖြင့် ဖြစ်သည်။
ထို့ထက်အဆင့်မြင့်သူများအတွက်လည်း ဝင်ရောက်နိုင်သည့်နေရာများ ရှိကောင်းရှိနိုင်သည်။
ကျန်းလန်က…
"ကျုပ် ကြိုးစားကြည့်ပါ့မယ်"
သူလည်း သိပ်တော့ အာမမခံရဲပေ။ ဤသို့သော အစီအရင်တစ်ခုနှင့် ထိတွေ့ခွင့်ရခြင်းက ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ဘာဖြစ်မည်ကို မည်သူမှ မသိနိုင်ပေ။
အနည်းငယ်ထူးဆန်းသည်မှာ သူ ကောင်းကင်ဂူထဲဝင်ရောက်ခဲ့သည့်တိုင် စနစ်မှ တုံ့ပြန်သံမကြားခဲ့ရပေ။ ပုံမှန်ဆိုလျှင် ဤနေရာတွင် မဟာတာအိုလမ်းကြောင်းတစ်ခု ရှိသင့်သည် မဟုတ်လား။
ကျန်းလန် သိပ်မစဉ်းစားတော့ဘဲ အစီအရင်၏ဖွဲ့စည်းမှုကို အရင်ဆုံး လှည့်ပတ်ကြည့်ရှုလိုက်သည်။ လင်အန်းက ကျန်းလန်ကို မနှောက်ယှက်တော့ဘဲ အစွန်းတစ်နေရာတွင်ပင် ရပ်နေလိုက်သည်။
သို့သော် မမျှော်လင့်သည့် အခြေအနေများကို အာရုံစိုက်ရမည်ဖြစ်သောကြောင့် သတိတော့ မလွတ်ခဲ့ပေ။
ကျန်းလန်ရောက်လာကြောင်း သတင်းရသည်နှင့် ကျောက်ဂူထဲရောက်နေသည့် အခြားသောတပည့်များလည်း စုဝေးရောက်ရှိလာကြသည်။
ကျန်းလန်ကို ဆရာဖြစ်သူက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းကြားထားလေရာ သူက အစီအရင်ကို မည်သို့အပြောင်းအလဲပြုလုပ်မည်ကို အလွန်သိချင်နေကြသည်။ အနည်းငယ်တော့ အကျိုးသက်ရောက်မှု ရှိမည်ထင်ရ၏။
သို့သော် ကျန်းလန်က ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်သာ ပြုလုပ်နေပြီး မည်သည့်အလုပ်မှ မလုပ်သေးပေ။
"ဒီဂိုဏ်းတူညီလေးက ခုမှ စဉ်းစားနေတုန်းလား"
"ဒါ မှန်တာပဲလေ ၊ သူက အခုမှ အစီအရင်ကို တွေ့မြင်ဖူးတာ ၊ ပေါ့ပေါ့ဆဆ ဘယ်လုပ်ရဲပါ့မလဲ"
"သူ့အနားက အစီအရင်ကို အရင်ဆုံး စမ်းမကြည့်သင့်ဘူးလား"
"မသိဘူးလေ ၊ စွမ်းအားမြင့်မားသူတွေရဲ့လောကအကြောင်း ကျုပ် နားမလည်ဘူး"
"ဒါမှမဟုတ် သူက ငယ်သေးတော့ မလုပ်ရဲမကိုင်ရဲနဲ့ သတိထားနေတာ ဖြစ်နိုင်တယ်"
တီးတိုးပြောဆိုကြရင်း အားလုံးက စောင့်ဆိုင်းနေကြလေသည်။
အချိန်များက တဖြည်းဖြည်းကုန်ဆုံးသွားသည်။
တစ်ရက် နှစ်ရက်... ဆယ်ရက်။
"ဆယ်ရက်တောင်ရှိပြီ မဟုတ်လား ၊ ဒီဂိုဏ်းတူညီလေးက ဘာတွေလျှောက်ကြည့်နေသေးတာလဲ"
"အခြေအနေကိုပိုပြီးကြာကြာလေး စောင့်ကြည့်ဖို့လိုလို့ဖြစ်မှာပေါ့"
"အရမ်းကြာမနေဘူးလား ၊ အစွန်းပိုင်းတစ်ခုလောက်ကနေ စလုပ်လို့မရဘူးလား ၊ ဒါမှမဟုတ် သူနားမလည်လို့လား"
"ကြည့်လိုက်… သူ စ နေပြီ"
ထိုခဏတွင် ကျန်းလန်က အစီအရင်ကို ဖြည့်စွက်ပြုပြင်တော့မည်ဖြစ်ကြောင်း သူတို့အားလုံး တွေ့မြင်လိုက်ကြသည်။ သို့သော် ကျန်းလန်က အစီအရင်၏ အစွန်းတစ်ဖက်တွင် အင်းသင်္ကေတတစ်ခု ဆွဲနေသည်ကိုသာ သူတို့ တွေ့မြင်ကြရသည်။ ထို့နောက် သူက နေရာပြောင်းသွားပြီး အခြားအစွန်းတစ်ဖက်တွင် အင်းသင်္ကေတတစ်ခု ထပ်ဆွဲပြန်သည်။
နောက်ဆုံးတော့ အစီအရင်၏ အစွန်း (၉)ခုလုံးတွင် ကျန်းလန်က အင်းသင်္ကေတများရေးဆွဲနေသည်ကို သူတို့ တွေ့မြင်လိုက်ကြရသည်။
ထို့နောက် ကျန်းလန်က လှုပ်ရှားမှုမပြုတော့ဘဲ အစီအရင်ထဲတွင် မတ်တတ်ရပ်နေခဲ့သည်။ သူဘာလုပ်နေကြောင်း မည်သူမှ နားမလည်ခဲ့ကြပေ။
"သူလုပ်နေတာတွေကို နားလည်တဲ့သူ ရှိသလား"
"တည်နေရာကို အရင်ကြည့်ရအောင် ၊ ပြီးမှ ဘယ်လိုအင်းသင်္ကေတအမျိုးအစားတွေလဲဆိုတာ မြင်ရမှာ"
"ဘာမှကြည့်မနေနဲ့ ၊ သူ ဆွဲထားတာ သာမန်အင်းသင်္ကေတတွေပဲ"
"ဒါဆို အဲဒီဂိုဏ်းတူညီလေးက ဘာလုပ်ချင်တာလဲ"
"မသိဘူးလေ ၊ စောင့်ကြည့်ကြတာပေါ့"
သို့သော် ထိုအချိန်မှစတင်ပြီး ကျန်းလန်သည် အစီအရင်ထဲတွင် မလှုပ်မယှက်မတ်တတ်ရပ်နေသည်ကို တွေ့ရှိခဲ့ကြရသည်။ တစ်စုံတစ်ယောက်က အနားကပ်ကြည့်သည့်အခါ ကျန်းလန်က မျက်လုံးများမှိတ်ထားပြီး အိပ်ပျော်နေသည့်အလားပင် ထင်မှတ်ရသည်။
ပတ်ဝန်းကျင်မှလူများ ပို၍ပင် စိတ်ရှုတ်ထွေးကုန်ကြသည်။
အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားလေသည်။
(၁) ရက် ၊ (၅)ရက် ၊ (၁၀)ရက် ၊ (၁)လ ၊ (၆)လ။
(၁)နှစ် ၊ (၃) နှစ် ၊ (၅)နှစ်။
ကျန်းလန်ကို စောင့်ကြည့်နေကြသူများလည်း အနည်းငယ်သာ ကျန်ရှိတော့သည်။
အချို့သူများက ဆက်လက်စောင့်ကြည့်ရန် အချိန်မရှိတော့သဖြင့် ထွက်ခွာသွားကြပြီး အချို့ကတော့ စိတ်ပျက်သွားကြသောကြောင့် ဖြစ်သည်။
အစီအရင်ပညာရှင်တစ်ယောက် ဤနေရာသို့ ရောက်ရှိလာခြင်းက ပညာရစေမည်ဟု သူတို့ ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် အချိန် (၅)နှစ်ကြာအောင် ပြောင်းလဲမှုလုံး၀ မရှိခဲ့ခြင်းက စိတ်ပျက်စရာကောင်းလှသည်။
ဘာမှ အာရုံစိုက်စရာမရှိတော့ပေ။ သို့သော်လည်း အားအားယားယား ကျန်းလန်ကို အာရုံစိုက်စောင့်ကြည့်နေသူများလည်း ရှိကြသေးသည်။
ကျန်းလန်ရောက်လာကြောင်း သိရှိသည့်အခါ ကုချီလည်း ဤနေရာသို့ ရောက်လာသည်။ သူလည်း ကျန်းလန်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေခဲ့သည်။
သူက ပတ်ဝန်းကျင်တွင် အန္တရယ်ရှိလာလျှင်လည်း ခုခံပေးနိုင်စွမ်းရှိသည်။ ကျန်းလန်အပေါ်အန္တရယ်ကျရောက်လာလျှင်လည်း သူက ကူညီပေးနိုင်လေသည်။
ကျန်းလန်ကတော့ ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်သည်။ သူက အစီအရင်ကို လေ့လာကြည့်ပြီးနောက် အပေါ်ယံအရာများက အသုံးမဝင်ကြောင်း နားလည်လိုက်သည်။ သူ အဘယ်မျှကြိုးစားပါစေ အကျိုးသက်ရောက်မှု များစွာရှိမည်မဟုတ်ပေ။
အစီအရင်နှင့်အမှောင်ထုကို ကောင်းကောင်းနားလည်မည်ဆိုလျှင် ပြုပြင်ပေးနိုင်မည် ဖြစ်သည်။ သို့သော် သူက အမှောင်ထုကို တိုက်ရိုက်နားလည်အောင် မကြိုးစားဝံ့ပေ။ ထိုအရာကို တိုက်ရိုက်ထိုးဖောက်ကြည့်ရန်လည်း မလုပ်ရဲပေ။
သို့သော် သူက အစီအရင်ဖွဲ့စည်းပုံမှတစ်ဆင့် အမှောင်ထုကို နားလည်အောင် ကြိုးစားနိုင်သလို အမှောင်ထုကို တွန်းလှန်ထားသည့် အစီအရင်ကိုလည်း သိရှိစေနိုင်သည်။
ပြုလုပ်ထားသည့် အစီအရင်၏ အစိတ်အပိုင်းအားလုံးကို ခွဲခြမ်းစိတ်ဖြာလေ့လာရန်မှာ ဤနေရာတွင် အချိန်အတော်ကြာ မတ်တတ်ရပ်နေသည့်တိုင် လုံလောက်မည် မဟုတ်ပေ။
အမှောင်ထုအောက်တွင် ဖုံးကွယ်နေသည့် အစီအရင်အစိတ်အပိုင်းများကိုလည်း နားလည်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းလန်က အစီအရင်၏ အစိတ်အပိုင်းအတော်များများကို နားလည်ရန်အတွက် သူ့ခြေထောက်အောက်ရှိ အစီအရင်ကို စတင်ချဲ့ထွင်ပြီး ကြိုးစားကြည့်ရန်သာ ရှိသည်။
***