ဂိုဏ်းတူမောင်လေး ညအထိစောင့်ရမယ်နော်
Vol. 37 Ch. 515
ကျန်းလန် ခဏမျှ ရပ်တန့်လိုက်မိသည်။ သို့သော် အလျှင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားသည်။
ထို့နောက် လေးစားအားကျသည့်အကြည့်များအောက်တွင် သူ ကောင်းကင်ဂူထဲမှ ထွက်လာခဲ့သည်။ သူက အတော်လေးကို ဆွဲဆောင်အား ကောင်းခဲ့သည်ပင်။
ဘာပဲဖြစ်ဖြစ် ကျောက်ဂူထဲတွင် သူ အဆင်ပြေခဲ့သည်။
သူ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်မည်ဆိုလျှင်တောင်မှ သာယာအေးချမ်းသည့်ဘဝကိုထိခိုက်စေမည့် အာရုံစိုက်ခံရမှုများကို မလိုချင်ခဲ့ပေ။
ပျက်သုဉ်းတစ်စပြင်လောကကြီးသည် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ အနာဂတ်သည် တည်ငြိမ်တော့မည်မဟုတ်ကြောင်း ကျန်းလန် နားလည်သည်။ သို့သော် တန်ခိုးစွမ်းအားမြင့်မားနေသရွေ့ သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းရှိပြီး အေးချမ်းသာယာသောဘဝတွင် ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။
ထိုသို့ဖြစ်လာစေရန် သူ ပြုလုပ်ရမည် ဖြစ်သည်။
သို့သော် စနစ်တွင် မှတ်ပုံတင်၍ မရခဲ့ခြင်းက သူ့ခံစားချက်များကို ဆိုးဝါးစေသည်။
ကောင်းကင်ဂူရှေ့သို့ရောက်သည့်အခါ သူ ထပ်ပြီး စနစ်မှတ်ပုံတင်ကြည့်လိုက်သည်။ ထိုအခါမှာတော့ အောင်မြင်သွားခဲ့ပြီး တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်စဉ်ပညာတစ်ခု ရရှိခဲ့သည်။
အကန့်အသတ်မဲ့ဘေးဆိုးကျင့်စဉ်။
ထိုအရာက တာအိုကျင့်စဉ်တစ်ခု ဖြစ်သည်။
သူက ပထမတောင်ထွတ်တွင် မဟာတာအိုလမ်းကြောင်းရှိမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဘာမှရှိမနေခဲ့ပေ။
အကြောင်းရင်းက ဘာများလဲ။
ကောင်းကင်ဘုံက မဟာတာအို၏ အစိတ်အပိုင်း မဟုတ်သောကြောင့်လား ၊ သို့မဟုတ် အမှောင်ထုက မဟာတာအို၏ အစိတ်အပိုင်း မဟုတ်သောကြောင့်လား။
သို့တည်းမဟုတ်…
အမှောင်ထုထဲမှ တစ်စံတစ်ရာက မဟာတာအိုလမ်းကြောင်းကို ဖျက်စီးပစ်ခဲ့သည်လား။
ကျန်းလန်လည်း မသိရှိပေ။ သို့သော် ထိုသို့ဖြစ်ရခြင်းက ရှေးဟောင်းဧကရာဇ်နန်းတော် ရင်ဆိုင်ရသည့်ရန်သူနှင့် တစ်စုံတစ်ခုပတ်သက်နေကြောင်း ကျန်းလန် ရိပ်မိသည်။ စွန့်ပစ်နယ်မြေများဆီသို့ ဆိုးရွားသောဘေးဆိုးကြီး ယူဆောင်လာသည့်အရာသည် မဟာတာအို၏ အစိတ်အပိုင်းမဟုတ်သည်မှာ လက်ခံနိုင်ရန် မခက်ခဲပေ။
သို့သော် ခွန်လွန်ဘိုးဘေး "ကု" ချန်ထားခဲ့သည့် စကားများအရ…
သူ့ကိုတွေ့ရှိရန်အတွက် ရှေးဟောင်းအနောက်နန်းတော်သို့ သွားချင်သည်ဆိုလျှင် ရှေးဟောင်းအနောက်နန်းတော်တွင် နတ်ဘုရားရာထူးပိုင်ဆိုင်ထားရန် လိုအပ်သည်။
အချိန်တစ်ခုကြာပြီးနောက် သူက ရှေးဟောင်းအနောက်နန်းတော်မှ နတ်ဘုရားရာထူးကို ရရှိမည်ဖြစ်သည်။ သို့ဆိုလျှင် သူ ဘိုးဘေး "ကု" ကို တွေ့ဆုံရနိုင်သည်လား။
သူက အနိမ့်ပိုင်းနန်းတော်ကို အခြားတစ်ယောက်ကို ပေးမည်ဆိုလျှင် အခြားသူများအနေဖြင့် စစ်သူကြီး ချင်းစန်းကို တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ် အနောက်နန်းတော်သို့ မဝင်ရောက်မှသာ ခွန်လွန်ဘိုးဘေးကို ကျန်းလန် တွေ့မြင်ရမည် ဖြစ်သည်။ မဟုတ်ပါက အခွင့်အရေးရှိနိုင်ရန် ခက်ခဲပေမည်။
သူ့အတွက် အခွင့်အရေးပင် ရရှိတော့မည် မထင်ပေ။ ဖြစ်နိုင်လျှင်တော့ ကျန်းလန်က ခွန်လွန်ဘိုးဘေး "ကု" ကို တွေ့ဆုံချင်ပြီး သူ့ထံမှ ပညာများရယူလိုသည်။ သို့ပေသိ ခွန်လွန်ဘိုးဘေးက သူ့ကို မတိုက်ခိုက်စေရန်လည်း ကာကွယ်ထားရမည် အမှန်ပင်။
ခွန်လွန်ဘိုးဘေးအဆင့်ရှိသူတစ်ယောက်တွင် အရံအစီအစဉ်များ မထားရှိဘူးဟု မည်သူမှ မသိနိုင်ပေ။ ထို့ပြင် သူ့ကို အမှောင်ထုနောက်ကွယ်မှ တစ်စုံတစ်ရာက ထိန်းချုပ်ထားလျှင် မည်သို့ရှိမည်နည်း။
ကျန်းလန်ကတော့ အမြဲတမ်း သတိရှိနေမည် ဖြစ်သည်။
ယခု သူလုပ်ရမည့်အလုပ်မှာ နောက်ဆုံးအဆင့် ဉာဏ်အလင်းပွင့်ခြင်းဆီသို့ လုန်ယွိကို ခေါ်ဆောင်သွားရန် ဖြစ်လေသည်။
***
ကျန်းလန်ထွက်ခွာသွားသည်ကို ပထမတောင်ထွတ်မှလူအများက လေးစားအားကျမှုများနှင့် ကြည့်နေခဲ့ကြသည်။ သူက အမှန်တကယ်ပင် စွမ်းအား မြင့်မားလွန်းသည်။
အမှောင်ထုကို နောက်သို့ပြန်လည်ဆုတ်ခွာသွားစေရန် ပြုလုပ်နိုင်သူကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။
"လင်အန်း ၊ ဒီ ဂိုဏ်းတူညီလေးက ခွန်လွန်တောင်ရောက်တာ ဘယ်လောက်ကြပြီလဲ"
ဂိုဏ်းတူအစ်ကိုတစ်ယောက်က မေးလိုက်သည်။
အခြားသူများကလည်း လင်အန်းကိုကြည့်လိုက်ကြသည်။
"ဂိုဏ်းတူညီလေးကျန်းက အရမ်းငယ်ပါသေးတယ် ဂိုဏ်းတူအစ်ကိုချန်"
လင်အန်းအသံက မကျယ်လောင်သော်လည်း အားလုံးကြားလိုက်ကြသည်။
လင်အန်းက ဆက်ပြောသည်။
"ကျွန်တော်စုံစမ်းကြည့်တာတော့ အမှတ်မမှားဘူးဆိုရင် သူ တောင်ပေါ်ရောက်တာ ဒီနှစ်မှ နှစ်ပေါင်း (၇၉၀) ပဲ ရှိသေးတယ်"
တပည့်တစ်ယောက်က တုန်လှုပ်သွားဟန်ဖြင့်…
"တောင်ပေါ်ရောက်တာ နှစ်ပေါင်း (၈၀၀)တောင် မပြည့်သေးဘဲ အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် ရောက်နေပြီ ဟုတ်လား ၊ ဟုတ်ရောဟုတ်ရဲ့လားကွာ"
"အရင်ကတော့ သူက သိပ်ပြီး အရည်အချင်းမရှိဘူးလို့ မင်းပဲပြောတာလေ"
"ကျုပ်ရဲ့ ကျင့်ကြံခြင်းကို အသာထား ၊ ကျုပ်ဂိုဏ်းထဲရောက်တာ နှစ်ပေါင်း (၃၀၀၀) ရှိပြီ ၊ ကျုပ်အစီအရင်ပညာကို လေ့လာနေတာလည်း အချိန်အတော်ကြာပြီ ၊ သူ့လိုမျိုး ခုချိန်ထိ မလုပ်နိုင်သေးဘူး"
လူတိုင်း သက်ပြင်းချလိုက်ကြသည်။
ကျန်းလန်သည် ငယ်ငယ်ရွယ်ရွယ်နှင့် အစစ်အမှန်အင်မော်တယ်အဖြစ် လျှင်မြန်စွာ အဆင့်တက်နိုင်ခဲ့သလို အစီအရင်ပညာတွင်လည်း ဆရာတစ်ဆူဖြစ်လာသည်။ ထို့ပြင် ကျောက်စိမ်းရေကန်နတ်ဘုရားမကိုလည်း လက်ထပ်ခွင့်ရခဲ့ပြီး အေးအေးဆေးဆေးဘဝကို ဖြတ်သန်းနေထိုင်နိုင်သည်။
သူကိုယ်တိုင်က အရည်အချင်းရှိသလို ကံကလည်းကောင်းလွန်းပေစွ။
***
ကောင်းကင်ဂူအပြင်ဘက်ရှိ ညို့မှိုင်းနေသောကောင်းကင်ယံသည် ချက်ချင်းပင် လင်းလက်လာသည်။ တိမ်ညိုများ လွင့်ပြယ်သွားကြသည်။
"ဂိုဏ်းတူမောင်လေး"
လုန်ယွိ ကျန်းလန်ရှေ့သို့ ချက်ချင်းရောက်လာသည်။
သူမက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခေါင်းလေးကို ငဲ့စောင်းကာ ကျန်းလန်ကို ကြည့်နေသည်။ ရှားပါးထူးဆန်းသည့်အရာတစ်ခုကို ကြည့်နေသည့်အလား ထင်ရ၏။
"ကောင်းကင်က အုံ့မှိုင်းနေတာ ၊ နေထွက်လာမလားလို့ ကျွန်မ စောင့်နေတာ ၊ဒါပေမဲ့ နေမင်းကြီးထက်အရင် ဂိုဏ်းတူမောင်လေးကို တွေ့လိုက်ရတာပဲ"
လုန်ယွိက ပြုံးလိုက်ရင်း စကားဆိုသည်။
ကျန်းလန်က လုန်ယွိမျက်နှာထက်မှ အပြုံးလေးကို ငေးစိုက်ကြည့်လိုက်ရင်း...
"ကိုယ်လည်း ဂိုဏ်းတူအစ်မရဲ့ အပြုံးလေးကို အရမ်းလွမ်းနေတာ"
ပြောပြီးမှ အခြားသူများ ရှိနေမည်ကို စိုးရိမ်သွားပြီ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သို့သော် ပတ်ဝန်းကျင်တွင် မည်သူ့ကိုမှ မတွေ့ရပေ။
"ဆရာနဲ့ အခြားတောင်သခင်တွေရော"
အခြားတောင်သခင်များနှင့် ဆရာဖြစ်သူသည် အနီးပတ်ဝန်းကျင်တွင် ရှိမနေခဲ့ပေ။
"ဂိုဏ်းတူမောင်လေး အခြေအနေကောင်းတယ်ဆိုတာ သိလိုက်ရတော့ အားလုံးပဲ ပြန်သွားကြတယ်လေ ၊ သူတို့အားလုံးက ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် ပြင်ဆင်ကြရဦးမှာ မဟုတ်လား ၊ နောက် အနှစ် (၃၀) ၊ (၄၀) လောက်ဆိုရင် တိုက်ပွဲစတင်တော့မှာလေ"
ကျန်းလန်က စကားပြောနေသည့် လုန်ယွိ၏ နီထွေးသည့် နှုတ်ခမ်းလေးများကို ငေးကြည့်နေသည်။
သူမက ဆက်ပြောသည်။
"ဂိုဏ်းတူမောင်လေး ၊ ရှင် ကောင်းကင်ဂူထဲဝင်သွားတာ အချိန် (၁၀)နှစ်ရှိပြီ ၊ သိလား"
ကျန်းလန်က ဘာမှပြန်မပြောခင် လုန်ယွိက သူမဦးခေါင်းထက်မှ ဖုံမှုန့်များကို ခါလိုက်သည်။
"ကျွန်မလည်း ရှင့်ကို ဒီမှာစောင့်နေတာ (၁၀) နှစ်ရှိပြီ ၊ လူတောင် ဖုံတက်နေပြီ ဟွန့်"
ကျန်းလန်က…
"ဂိုဏ်းတူအစ်မကို စိတ်အနှောက်အယှက် ဖြစ်စေမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"
ပြောရင်းဖြင့် သူမက လုန်ယွိ ဆံပင်များတွင်ပေနေသည့် ဖုံမှုန့်များကို ကူပြီးခါပေးလိုက်သည်။
"ဂိုဏ်းတူမောာင်လေး ၊ ကျွန်မက ရှင့်ဇနီး မဟုတ်ဘူးလား ၊ ရှင့်ကို စောင့်ရမှာပေါ့"
“လူမဟုတ်သည့် ဇနီးသည်နဂါးမလေး“
ဟု ကျန်းလန် စိတ်ထဲက ပြောလိုက်သော်လည်း အပြင်သို့ ထုတ်ဖော်မပြောခဲ့ပေ။
လုန်ယွိက ကျန်းလန်ခေါင်းကို တစ်ချက်ပုတ်လိုက်ရင်း...
"လွန်ခဲ့တဲ့ (၁၀)နှစ်က ဆရာလည်း ကျွန်မဘေးမှာ ရှိတယ်လေ ၊ သူက ပထမတောင်ထွတ်က ဆရာဦးလေးနဲ့ နဝမတောင်ထွတ်က ဆရာဦးလေးတို့ကို အကဲခတ်နေတာ ကျွန်မ ရိပ်မိတယ် ၊ ကြည့်ရတာ သူတို့ (၂)ယောက် ပြန်ပြီးအဆင်ပြေနိုင်မလား မသိဘူး“
ကျန်းလန်လည်း ထိုအချက်ကို စိတ်ဝင်စားသည်။
"ဒါဆို ဆရာနဲ့ ဆရာဦးလေးတို့ စကားပြောကြသေးလား"
လုန်ယွိက စိတ်မကောင်းသလို ခံစားလိုက်ရသည်။
"မပြောကြပါဘူး ၊ သူတို့က ခန်းမထဲမှာ ဒီအတိုင်းမတ်တတ်ရပ်နေကြတာ ၊ ဆရာဒေါ်လေးမြောင်ယွဲ့လည်း ရှိတယ်လေ ၊ အမလေး စကားနည်းတာမှ ဂိုဏ်းတူမောင်လေးထက်တောင် နည်းကြသေးတယ်"
ထို့နောက် သူတို့နှစ်ယောက် ပထမတောင်ထွတ်မှ ဘေးချင်းယှဉ်လျှက် ထွက်ခွာလာကြသည်။
သို့သော် ခြေလှမ်း (၂)လှမ်းခန့် လှမ်းပြီးနောက် ကျန်းလန်က လုန်ယွိ၏ လက်လေးများကို ဆုပ်ကိုင်လိုက်သည်။
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက စတင်တော့မယ်လို့ ဂိုဏ်းတူအစ်မ ပြောတယ်နော် ၊ တိုက်ပွဲစင်မြင့်လည်း တည်ဆောက်ပြီးသွားပြီပေါ့"
လုန်ယွိက ကျန်းလန်ဆုပ်ကိုင်ထားသည့် သူမလက်လေးကို ကြည့်လိုက်ရင်း လှပစွာ ပြုံးလိုက်သည်။ ထို့နောက် ကျန်းလန်ဘေးနားတွင် ပျော်ရွှင်စွာ လမ်းလျှောက်လိုက်ပါလာခဲ့သည်။
"အင်း လုန်မန်လာတုန်းကတော့ စင်မြင့်က ပြီးခါနီးပြီလို့ ပြောတာပဲ ၊ ဂိုဏ်းတူမောင်လေး သွားကြည့်ချင်လို့လား"
တိုက်ပွဲစင်မြင့်က ဘယ်လိုပုံစံရှိသည်ကို ကျန်းလန်လည်း သိချင်မိသည်။ ထို့ကြောင့် သွားကြည့်ချင်လေသည်။
တိုက်ပွဲစင်မြင့်ကို တွေ့မြင်ရမှသာ သူ့အနေဖြင့် လှုပ်ရှားရန် သင့်တော်သည့်နေရာ ဟုတ် မဟုတ် ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အားသာချက်ကို မည်သို့ ချဲ့ထွင်ရမည်ကို တွက်ချက်လေ့လာနိုင်မည် ဖြစ်၏။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစတင်သည့်အခါ မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိက သူ့ကို ပစ်မှတ်ထားမည်မှာ သေချာသည်။ နတ်လူသားမျိုးနွယ် ယွင်ရှောင်းသည်လည်း အတူတူပင် ဖြစ်သည်။
ထို့အတူ နတ်မိစ္ဆာမျိုးနွယ်မှ ဧကရာဇ်ချုန်းကိုးကိုလည်း သတိထားရမည် ဖြစ်သည်။
ထိုသူများမှလွဲပြီး အခြားသူများကတော့ သူ့အပေါ် ရန်ငြိုးလည်းမရှိသလို ပစ်မှတ်လည်းမထားသော်လည်း ပြဿနာဖြစ်လာလျှင် ကူညီမည်မဟုတ်ပေ။
ခွန်လွန်တောင် ပိုင်နက်တွင်ဖြစ်သည့်အတွက် အန္တရယ်တော့ သိပ်မရှိသော်လည်း ပြဿနာဖြစ်လာလျှင် ကိုယ်တိုင်ဖြေရှင်းသည်က အကောင်းဆုံး ဖြစ်သည်။
ထိုသို့ဆိုလျှင် အနာဂတ်တွင် ဖြစ်လာမည့် ပြဿနာများကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။ အနည်းဆုံးတော့ သူ့ကို မည်သူမှ ထပ်ပြီး ပြဿနာရှာရဲတော့မည် မဟုတ်ပေ။
လောကကြီးက အားနည်းသူများကို အနိုင်ကျင့်တတ်ကြသည်။ သူက အားနည်းသူတစ်ယောက်မဟုတ်ကြောင်း သက်သေပြနိုင်ပါက အခြားသူများသည်လည်း သူ့ကို တန်းတူရည်တူသဘောထားကာ ဆက်ဆံလာကြမည် ဖြစ်၏။
မဟုတ်ပါက နတ်ဘုရားရာထူးပိုင်ဆိုင်ထားကြသူများကြားတွင် အားအနည်းဆုံးဖြစ်သော သူ့ကို ပစ်မှတ်ထားရန်မှာ လွယ်ကူမည် ဖြစ်သည်။
ခွန်လွန်တောင်အပြင်ဘက်သို့ ရောက်သည်နှင့် ကောင်းကင်တစ်ဝက်ခန့်ကို နေရာယူထားသည့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ကြီးကို တွေ့လိုက်ရသည်။
တိုက်ပွဲစင်မြင့်ပတ်ပတ်လည်တွင် ပရိတ်သတ်များကြည့်ရှုရန် နေရာများ ရှိနေပြီး အဝေးတစ်နေရာတွင်လည်း ပရိတ်သတ်များအတွက် နေရာများ ရှိနေသည်။
ကောင်းကင်အမြင့်တစ်နေရာတွင် အဆုံးမဲ့ကောင်းကင်နှင့် ချိတ်ဆက်ထားသည့် နေရာ (၁၂)ခု ရှိနေသည်။ ထိုနေရာက နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်အတွက် ပြင်ဆင်ပေးထားသည့် နေရာဖြစ်သည်။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်နှင့်သက်ဆိုင်သည့်နေရာာတွင် သူက နေရာယူရမည် ဖြစ်သည်။
သို့သော် သူ နားလည်လိုက်သည်မှာ နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်အတွက် နေရာ အရင်ကထက်ပိုပြီး ကြီးမားကျယ်ပြန့်နေသလို တိုက်ပွဲစင်မြင့်ထက်လည်း ကြီးမားနေသည်။
ယခုမှ သတိပြုမိသည်မှာ တိုက်ပွဲစင်မြင့်က တစ်ခုတည်း မဟုတ်တော့ပေ။
တိုက်ပွဲစင်မြင့် (၃)ခု တည်ဆောက်ထားပြီ ဖြစ်သည်။ သို့မှလည်း တိုက်ပွဲကြာချိန်ကို လျှော့ချနိုင်မည် မဟုတ်ပါလား။
ကျန်းလန်က လုန်ယွိကို လှမ်းကြည့်လိုက်ချိန် သူမက ရှောင်ယွိအသွင်သို့ ပြောင်းလဲလိုက်သည်။
"ဒီ တိုက်ပွဲစင်မြင့်တွေက အရမ်းခမ်းနားတာပဲ ၊ လုန်မန်လည်း ဝင်တိုက်မှာဆိုတော့ သူ အနိုင်ရမယ်လို့ ဂိုဏ်းတူမောင်လေး ထင်လားဟင်"
ကျန်းလန်က...
"ဂိုဏ်းတူအစ်မ ၊ ဘာလို့ ပုံစံပြောင်းလိုက်တာလဲ"
ရှောင်ယွိက...
"ဘာလို့ ဂိုဏ်းတူမောင်လေးက ကျွန်မရင်ဘတ်ကို ကြည့်နေရာတလဲ ၊ ဒီတော့ အသွင်ပြောင်းလိုက်ရတာပေါ့ ၊ ဟွန်း အခု မဟုတ်ဘူးနော် ၊ ညအထိရောက်အောင် စောင့်ဦး"
ကျန်းလန် : "……"
အမှန်တော့ ကျန်းလန်က ဒီတိုင်းသာ သူမကို လှမ်းကြည့်မိခြင်းဖြစ်ပြီး အခြားအတွေးများလည်း မရှိခဲ့ပါ။
ညဘက်ဆိုလျှင် လုန်ယွိက နဂါးလက်သည်းဖြင့် ကုတ်ခြစ်လွန်းခြင်းကိုလည်း ယခု အတော်လေး ခံနိုင်ရည် ရှိခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် အသက် (၁၅)နှစ်အရွယ် ရှောင်ယွိလေးကို ပိုပြီး သဘောကျမိသည်ဆိုကြောင်းကိုတော့ ရှောင်ယွိကို ပြောပြမနေတော့ဘဲ သက်ပြင်းသာ ချလိုက်မိလေတော့၏။
***