တာအိုအင်မော်တယ်
Vol. 37 Ch. 516
ကျန်းလန်နှင့် ရှောင်ယွီတို့ သေရည်ဆိုင်သို့ လမ်းလျှောက်လာခဲ့ကြသည်။
ယခု ခွန်လွန်တောင်အပြင်ဘက်တွင် အတော်လေး သက်ဝင်လှုပ်ရှားလျှက် ရှိသည်။ တန်ခိုးစွမ်းအားရှင်များကလည်း ကောင်းကင်ထက်တွင် ခဏတိုင်း ပျံသန်းလျှက် ရှိ၏။
အချို့သူများသည်လည်း တိုက်ခိုက်လျှက် ရှိကြသည်။ တိုက်ပွဲများက အပြင်းထန်သရွေ့ ခွန်လွန်တောင်က ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ပေ။
ယခု ရောက်ရှိနေကြသူအများစုက ခွန်လွန်တောင်မှတပည့်များ မဟုတ်ပေ။ အများစုမှာ များစွာသော အင်အားကြီးအုပ်စုများနှင့် မျိုးနွယ်စုများမှ ရောက်ရှိနေကြခြင်းဖြစ်ပြီး ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမတိုင်ခင် ကြိုတင်လေ့လာမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
အချို့လူများ၏ မန္တန်ပညာများက တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်ကို ပျက်စီးသွားစေလေသည်။
"ဒါ လုံး၀ တရားမျှတမှုမရှိဘူး ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက ကျုပ်တို့ ချီလင်မျိုးနွယ်တွေကို ခွဲခြာဆက်ဆံတယ်လို့ ခံစားရတယ် ၊ ကျုပ်တို့က မြေကြီးထဲဝင်ပြီး မတိုက်ခိုက်ရဘူးဆိုရင် အားသာချက် မရနိုင်ဘူး"
အသံတစ်သံက ကျန်းလန်နှင့် ရှောင်ယွိ၏ နားထဲသို့ ဝင်ရောက်လာသည်။
ထိုစကားကို ပြောလိုက်သူက သူတို့ဘေးနားမှ ဖြတ်သွားသည့် ချီလင်မျိုးနွယ်တစ်ယောက် ဖြစ်သည်။
အခြားချီလင်မျိုးနွယ် မိန်းမပျိုတစ်ယောက်က…
"လျှောက်ပြောမနေနဲ့ ၊ ကမ္ဘာမြေရဲ့မိခင်တောင်ဘာမှမပြောတာ ၊ ဘာပြဿနာမှမရှိနိုင်ပါဘူး"
ချီလင်မျိုးနွယ်လူငယ်က…
"တစ်ယောက်ယောက်ကို မေးကြည့်ရင် ကောင်းမလား ၊ မဟုတ်ရင် ငါတို့တစ်မျိုးနွယ်လုံး ဒုက္ခရောက်လိမ့်မယ်"
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်က ကမ္ဘာမြေပြင်နှင့် ချိတ်ဆက်နိုင်မလားဆိုသည်ကို ကျန်းလန်လည်း အတော်လေး သိချင်မိသည်။ စင်မြင့်က ကောင်းကင်ဘုံနှင့်ရော မရဏလောကနှင့်ပါ ချိတ်ဆက်ထားသည့်အတွက် ကမ္ဘာမြေနှင့်လည်း ချိတ်ဆက်ကောင်း ချိတ်ဆက်နိုင်ပေလိမ့်မည်။
သို့သော် စဉ်းစားစရာအချက်မှာ ကောင်းကင်ဘုံနှင့် မရဏလောက (၂)ခုလုံးက ခွန်လွန်တောင်တွင် ဝင်ပေါက်တံခါး တည်ရှိသောကြောင့် ချိတ်ဆက်နိုင်ခြင်း ဖြစ်သည်။ ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်နိုင်ခြင်း ရှိချင်မှရှိပေမည်။
သို့သော် ကမ္ဘာမြေ၏မိခင်က အဘယ့်ကြောင့် သဘောတူခဲ့ပါသနည်း။
မည်သို့ပင်ဖြစ်စေ ချီလင်မျိုးနွယ်များက မြေပြင်ထက်တွင် တိုက်ခိုက်မည်ဆိုလျှင် အံ့သြစရာကောင်းလောက်အောင် အားသာချက်ရှိလေရာ ယခု တိုက်ပွဲစင်မြင့်က လေထဲတွင် လွင့်မျောနေသည့်အတွက် သူတို့အတွက် အားသာချက်လျော့နည်းသွားသည်ကတော့ အမှန်ပင်။
ရှောင်ယွိက…
"နဂါးမျိုးနွယ်တွေလည်း ရေမှာတိုက်ခိုက်မယ်ဆိုရင် အားသားချက်ရှိတာပဲ ၊ သူတို့ပြောပုံအရဆိုရင် ကျွန်မတို့အတွက်လည်း ပင်လယ်ရေလိုတာပဲ မဟုတ်လား"
ကျန်းလန်က သူမစကားကို ထောက်ခံလိုက်သည်။
နတ်လူသားမျိုးနွယ်များက လေထဲတွင်တိုက်ခိုက်ရသည်ကို ကျွမ်းကျင်ပြီး ဇာမဏီမျိုးနွယ်များကတော့ မီးကို အသုံးပြုရာတွင် ကျွမ်းကျင်သည်။ ထိုအချက်ကို အခြေခံကြည့်မည်ဆိုလျှင် ချီလင်မျိုးနွယ်သည်လည်း ကမ္ဘာမြေ၏ အကူအညီကို မရယူဘဲ တိုက်ခိုက်သည်မှာ ကျိုးကြောင်းဆီလျော်သည်။
ပြောရမည်ဆိုလျှင် ခွန်လွန်တောင်ကတော့ အားသာချက်အရှိဆုံးဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော ခွန်လွန်တောင်က လူသားကျင့်ကြံသူများ နေထိုင်ရာ ဖြစ်နေသောကြောင့်ပင်။
သို့သော် ခွန်လွန်တောင်က အားသာချက်ရှိနေလျှင်ပင် အခြားမျိုးနွယ်စုများကလည်း အရေးစိုက်မည် မဟုတ်ပေ။ ခွန်လွန်တောင်က တိုက်ပွဲကို စီစဉ်ခဲ့သူဖြစ်ပြီး ဧကရာဇ်ရှီးဟယ်သည်လည်း အနိုင်အရှုံးကို လုံး၀ အရေးမစိုက်သည်မှာ ထင်ရှားသည်။
သူက ဤတိုက်ပွဲကိုအကြောင်းပြုပြီး သူလိုချင်သည့်အရာကို ရယူလိုခြင်း ဖြစ်၏။
ဤသူများအားလုံးက ရိုးရှင်းမှုမရှိကြောင်း ကျန်းလန် ခံစားရသည်။ နှစ်ပေါင်း (၈၀၀)နီးပါးမျှသာ ကျင့်ကြံခဲ့သည့် ကျန်းလန်သည် ထိုသူများနှင့် ယှဉ်လျှင် ထောင်ချောက်အတွင်း သေချာပေါက် ကျရောက်မည် ဖြစ်သည်။
သူ့အနေဖြင့် အဆက်မပြတ် သတိရှိနေရန် လိုအပ်သည်။
"ဘုန်း"
လမ်းလျှောက်လာရင်း ကျန်းလန်နှင့် ရှောင်ယွိ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရသည်။ ထို့နောက် ဓားအလင်းတန်းများနှင့် ဓားရိပ်များထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုဓားအလင်းတန်းများက သေရည်ဆိုင်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ရှောင်ယွိက…
"တစ်ယောက်ယောက်တော့ သေရည်ဆိုင်မှာ ပြဿနာရှာနေပြီလား မသိဘူး"
သူမ သေရည်ဆိုင်ကို ပထမဆုံးအကြိမ် စတင်ရောက်ရှိကတည်းက မရိုးရှင်းကြောင်း ခံစားမိသည်။ သေရည်ဆိုင်ပိုင်ရှင်သည်လည်း အလွန်ထူးခြားသူတစ်ယောက် ဖြစ်၏။
သေရည်သွားဝယ်လျှင်ပင် သူမသည် အဘိုးအိုကို မယဉ်မကျေး မပြုမူရဲပေ။ သာမန်သေရည်ဆိုင်ဆိုလျှင်တော့ သူမက ထိုသို့ အလေးအနက်ထားမည် မဟုတ်ပေ။
ဓားရောင်ကိုတွေ့သည်နှင့် မည်သူတိုက်ခိုက်နေကြောင်း ကျန်းလန် သိလိုက်သည်။
"ပြဿနာဖြစ်နေတာ မဟုတ်လောက်ဘူး"
မကြာမီ သူတို့ သေရည်ဆိုင်နားသို့ ရောက်ရှိလာသည်။
ထိုအခါ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး ဓားသိုင်းလေ့ကျင့်တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။ (၂)ယောက်လုံးက ဓားများကိုဆုပ်ကိုင်ထားပြီး အကျအန ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။
ယန်ရှီးယွင်ကတော့ ဘေးနားတွင်ပုန်းအောင်းရင်း သူတို့ (၂)ယောက်ကို ကြည့်နေ၏။
ကျန်းလန်နှင့်ရှောင်ယွိကိုတွေ့သည်နှင့် ယန်ရှီးယွင်က ပြေးလာပြီး နှုတ်ဆက်သည်။
"အစ်ကိုကြီးနဲ့ မမ"
ရှောင်ယွိက…
"လုန်မန်တို့ (၂)ယောက် ဘာလုပ်နေကြတာလဲ"
သူတို့ (၂)ယောက် မကြာခဏတိုက်ခိုက်သည်ကို တွေ့ဖူးသော်လည်း ယခုလို အကျအန တိုက်ခိုက်နေသည်ကို တစ်ခါမှ မတွေ့မြင်ဖူးပေ။
ယန်ရှီးယွင်က…
"အစ်ကိုကြီးနဲ့ မောင်ငယ်လေးက ဓားသိုင်းကို စမ်းသပ်လေ့ကျင့်နေကြတာပါ ၊ အဲဒီဓားသိုင်းကို အတူတူသင်ယူပြီးတဲ့နောက် သူတို့ (၂)ယောက် သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လေ"
ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။
ကြည့်ရသည်မှာ ကောင်ငယ်လေးက နဂါးမျိုးနွယ်မဟုတ်သော်လည်း ဓားသိုင်းကို သူနှင့်သင့်တော်အောင် ညှိနှိုင်းပြုပြင်ပြီး နားလည်သဘောပေါက်သွားဟန် ရှိသည်။
ကျန်းလန် သူတို့ (၂)ယောက်တိုက်ခိုက်နေသည်ကို တစ်ချက်ကြည့်လိုက်သည်။
အဋ္ဌမမင်းသား၏ ဓားသိုင်းလှုပ်ရှားဟန်က အလွန်ချောမွေ့နေသည်။ ကောင်ငယ်လေးသည်လည်း ဓားသိုင်းကို ချေမွေ့စွာကစားနိုင်သည့်အပြင် သိမ်မွေ့သောအပြောင်းအလဲများကို ထည့်သွင်းထားကြောင်း တွေ့ရသည်။ သူနှင့် လိုက်ဖက်ညီအောင် ပြုပြင်ထားခြင်းပင်။
"ဒါဆို ဓားသိုင်းအနှစ်သာရကို သူတို့ကို သင်ပေးရတော့မယ်ထင်တယ်"
ကျန်းလန်တွေးလိုက်သည်။
ဓားသိုင်းကို ပိုမိုကွဲပြားသွားစေရန်အတွက် အနှစ်သာရကိုလည်း အနည်းငယ်ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ ဤနည်းအားဖြင့် ကောင်ငယ်လေးအတွက်လည်း နားလည်ရန် အဆင်ပြေမည် ဖြစ်သည်။
ကောင်ငယ်လေးက အရည်အချင်းရှိသူတစ်ယောက် ဖြစ်သည်။ အဋ္ဌမမင်းသားရော ကောင်ငယ်လေးပါ ကြောက်စရာကောင်းသည့် ပါရမီရှင်များဖြစ်သည်ဟု ကျန်းလန် ခံစားရသည်။
"ဘုန်း"
"ဘုန်း"
"ဘုန်း"
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့သည် မြေပြင်ထက်တွင် တိုက်ခိုက်နေရာမှ ကောင်းကင်ထက်သို့ ပျံသန်းရောက်ရှိသွားကြသည်။
အစပိုင်းတွင် သူတို့က ဓားသိုင်းပညာယှဉ်ပြိုင်နေခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လုန်မန်က ကောင်ငယ်လေးကို တစ်ဖက်သတ်ရိုက်နှက်တိုက်ခိုက်နေတော့သည်။
"ရပ်လိုက်…"
ကောင်ငယ်လေးက အော်ဟစ်လိုက်၏။
လုန်မန်က…
"ကျုပ်တို့ ကောင်းကောင်းတိုက်ခိုက်နေတာပဲ မဟုတ်ဘူးလား"
သူ့လက်ထဲတွင် ကောင်းကင်နဂါးဓားမရှိတော့ဘဲ လှံရှည်တစ်လက် ပြောင်းလဲရောက်ရှိနေသည်။ သူ့တစ်ကိုယ်လုံး လျှပ်စီးတန်ခိုးစွမ်းအားများဖြင့် ဖုံးလွှမ်းလျှက် ရှိ၏။
ကောင်ငယ်လေးက အဋ္ဌမမင်းသားကို စိုက်ကြည့်လိုက်ရင်း…
"မင်းက ပုဂ္ဂိုလ်ရေးအာဃာတတွေအတွက် ဒီအခွင့်အရေးကို အသုံးချပြီး ကျုပ်ကို တိုက်ခိုက်နေတာလား"
လုန်မန်က သူ့ကို ရိုက်နှက်ရန် တမင်သက်သက် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုနေပြီး ဓားသိုုင်းပညာယှဉ်ပြိုင်နေခြင်း အဆုံးသတ်သွားပြီ ဖြစ်သည်။
အဋ္ဌမမင်းသားက…
"မဟုတ်ဘူး… မင်း ဟိုဇာမဏီကောင်မလေးကို မွှန်နေလို့ ကျုပ်က ရိုက်နှက်ပြီး သတိပေးချင်တာ ၊ ကျုပ်က မင်းကို အသိစိတ်ပြန်ဝင်အောင် ကယ်တင်နေတာ ၊ မင်း ဘယ်လောက်ချစ်ချစ် အဲဒီကောင်မလေးက ပြန်ကြိုက်မှာ မဟုတ်ဘူး ၊ ဒီတော့ မင်း သူ့ကို လှံနဲ့ရိုက်ပစ်မှ မင်းကို ပြန်သဘောကျလာမှာ"
ကောင်ငယ်လေးက…
"ဒါပေမဲ့ အစ်ကိုကြီးက သူ့မိန်းမကို ခင်ဗျားပြောသလို လှံနဲ့ရိုက်ပြီး မြေကြီးထဲ မြှုပ်မထားဘူး"
အဋ္ဌမမင်းသားက…
"မင်း ဘာနားလည်လို့လဲ ၊ ကျုပ်အစ်မက ယောက်ဖကို ချစ်တယ်ကွ ၊ သူတို့က လိုက်ဖက်ညီတဲ့ စုံတွဲတွေပဲ ၊ မင်းနဲ့ ဇာမဏီကောင်မလေးက ဘာတွေလဲ ၊ အဲဒီလိုမှ မဟုတ်တာ ၊ အဲဒီကောင်မလေးက မြင့်မြတ်တယ်ဆိုရင်တောင်မှ မင်းက သူ့ထက်ပိုမြင့်တဲ့နေရာမှာ ရပ်တည်နေတဲ့သူပဲ ၊ ဒါပေမဲ့ မင်းက မြေပြင်ပေါ်မှာ မတ်တတ်ရပ်ပြီး သူ့ကို မော့ကြည့်နေတယ်"
"ကောင်စုတ်လေး ၊ မော့မကြည့်ဘဲ ငုံ့ကြည့်လိုက်စမ်းပါ ၊ မင်း အခု မော့ကြည့်နေတဲ့သူတွေက မင်းခြေထောက်အောက်ကလူတွေဆိုတာ မင်း သိလာလိမ့်မယ် ၊ ဒါက ယောက်ဖ ကျုပ်ကို သင်ပေးလိုက်တဲ့အရာပဲ"
ထိုစကားကိုကြားသည့်အခါ ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
သူမအကြည့်က "ရှင် လုန်မန်ကို ဘာတွေသင်ပေးလိုက်တာလဲ" ဟု မေးမြန်းနေသည့် အဓိပ္ပါယ်ပင်။
ကျန်းလန်က…
"ကိုယ် သူ့ကို ဘာမှသင်မပေးပါဘူး ၊ ဓားသိုင်းနည်းနည်းပါးပါးပဲ သင်ပေးခဲ့တာပါ"
ထိုစကားကိုကြားတော့ ယန်ရှီးယွင်က ရိုက်နှက်ခံရမည်ကို ကြောက်ရွံ့ပြီး ရှောင်ယွိဘေးတွင် ပုန်းအောင်းနေလေသည်။ လူကိုမည်သို့ရိုက်နှက်ရမည်ကို အဋ္ဌမမင်းသားကို သင်ပြပေးသူမှာ ကျန်းလန်ဖြစ်သည်ဟု သူမက ထင်မှတ်သွားသည်။
လုန်မန်နှင့် ကောင်ငယ်လေးတို့ တိုက်ပွဲပြီးဆုံးသွားကြောင်းတွေ့ရှိသည်နှင့် ရှောင်ယွိက သူတို့ကို လက်လှမ်းပြလိုက်သည်။
သူက လုန်မန်နှင့်တွေ့ဆုံချင်သဖြင့် လာရောက်လည်ပတ်ခြင်း မဟုတ်ပါလား။
***
"နင်က မိုးကောင်းကင်အင်မော်တယ်အဆင့်ရောက်နေပြီလား"
ရှောင်ယွိက လုန်မန်ကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်သည်။
သူမ၏ မောင်ငယ်က ကျင့်ကြံခြင်းအဆင့်တက်သည်မှာ အလွန်လျှင်မြန်သည်။
ကျန်းလန်ကတော့ အံ့သြခြင်း မရှိပေ။ အဋ္ဌမမင်းသားက ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၆)ခုကို ပိုင်ဆိုင်ထားပြီး မွေးရာပါအင်မော်တယ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သာမန်ကျင့်ကြံသူများထက် အဆင့်တက်ခြင်း ပိုမိုမြန်ဆန်မည်မှာ သဘာဝကျသည်။
ရှောင်ယွိသည်လည်း မိခင်ဖြစ်သူပေးအပ်ထားသည့် နဂါးအမြုတေအပြင် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားနှင့် ကျောက်စိမ်းရေကန်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူမ ကျင့်ကြံခြင်းအဆင့်တက်သည်မှာ နှေးကွေးသည်ဟု မဆိုနိုင်ပေ။
သို့ပေသိ ရှောင်ယွိ၏ ကျင့်ကြံခြင်းသက်တမ်းက နှစ်ပေါင်း (၈၅၀)ခန့်ရှိပြီဖြစ်သည့်တိုင် သူမက အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်သာ ရှိသေးသည်။
အဋ္ဌမမင်းသားကတော့ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀၀)ခန့်ကမှ မွေးဖွားသူဖြစ်သော်လည်း မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျင့်ကြံသူများထဲတွင် သူ့လောက်လျှင်မြန်သူ မရှိနိုင်ပေ။ မွေးရာပါအင်မော်တယ်ဖြစ်နေခြင်းက အခြားသူများထက် နှစ်ပေါင်း (၆၀၀)ကျော် အသာစီရခဲ့သည် မဟုတ်လား။
အဋ္ဌမမင်းသားက…
"ဟုတ်တယ် ၊ ကျွန်တော် အခုမှကျင့်ကြံခြင်းအဆင့်တက်ပြီးကာစပဲ ရှိသေးတယ် ၊ ဒီအဆင့်နဲ့ ကျွမ်းဝင်အောင် ကျင့်ကြံရဦးမယ်"
လုန်မန်က စိတ်မကောင်းဟန်ဖြင့် ဆက်ပြောသည်။
"တကယ်လို့ အစစ်အမှန်အင်မော်တယ် အောင်မြင်ထားတဲ့အဆင့်ဆိုရင်တောင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ ကိုယ်နဲ့အဆင့်တူတဲ့သူကို သေချာပေါက် အနိုင်ယူနိုင်ဦးမယ် ၊ အခုတော့ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ကျင့်ကြံခြင်းအဆင့်ကို ကျွမ်းဝင်အောင်မလုပ်ရသေးရန် နိုင်ပါ့မလားတောင် မသိဘူး ၊ တစ်ဖက်လူက ကိုယ့်ထက်သာနေ ဘယ်လိုလုပ်မလဲ"
ကောင်ငယ်လေးက မြေပဲများကို စားနေရင်း လှမ်းပြောလိုက်သည်။
"နဂါးငကြွား"
နှစ်ပေါင်း (၇၀၀)လောက်ဖြင့် မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့် တက်ရောက်နိုင်သူတစ်ယောက်အနေဖြင့် ကြွားမည်ဆိုလျှင်လည်း ကြွားလောက်ပေသည်။
ရှောင်ယွိက ပြုံးလိုက်ရင်း ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
နှစ်ပေါင်း (၇၀၀)နှင့် မိုးကောင်းကင်အင်မော်တယ်အဖြစ် အဆင့်တက်နိုင်သည်က အမှန်တကယ် အံ့သြလောက်စရာဖြစ်သော်လည်း…
သူမ၏ကျန်းလန်ကို မမီသေးပေ။
"အစ်ကိုကြီး ၊ ကျွန်တော်တို့ရဲ့ ဓားသိုင်းက တစ်ခုခုလွဲနေတယ်လို့ ထင်လား"
ကောင်ငယ်လေးက အဋ္ဌမမင်းသား၏ ဘေးနားတွင် ဝင်ထိုင်ရင်း ကျန်းလန်ကို မေးခွန်းထုတ်သည်။
ကျန်းလန်က…
"အင်း… ဟုတ်တယ်"
အဋ္ဌမမင်းသားက…
"ဒါဆို ဘယ်လိုလေ့လာရမလဲ ၊ ဒီဓားသိုင်းက အတော်တော့ထူးခြားတယ်လို့ ခံစားရတယ် ၊ ဒါပေမဲ့ ကောင်လေးနဲ့ကျုပ်က အမြင်မတူဘူး ဖြစ်နေတယ်"
ယောက်ဖဖြစ်သူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို သိရှိသူဖြစ်ကြောင်း သူတို့ ရိပ်မိကြသည်။ ထို့ကြောင့် ဤကိစ္စများကို ကျန်းလန်ကို ပြောပြခြင်းက အမှားမရှိနိုင်ပေ။
ကျန်းလန်က…
"မှန်ကန်တဲ့အချိန်ကိုရောက်အောင် စောင့်ရမယ်ထင်တယ်"
ကျန်းလန်၏စကားကို အဋ္ဌမမင်းသား နားလည်သည်။ ဓားသိုင်းကို သင်ယူနိုင်သော်လည်း နားလည်တတ်ကျွမ်းရန်အတွက် သင့်တော်သည့်အခွင့်အရေးကို စောင့်ရမည် ဖြစ်သည်။ ထိုအခွင့်အရေးက ဘယ်တော့ရရှိမည်ကို မည်သူမှ မသိနိုင်ကြပေ။
ရှောင်ယွိကတော့ တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားလျှက် ရှိသည်။
ဓားသိုင်းပညာ။
ထို့နောက် သူမက ဓားပွဲထက်တွင်တင်ထားသည့် ကောင်းကင်နဂါးဓားကို လှမ်းကြည့်လိုက်သည်။ လုန်မန်နှင့် ကောင်ငယ်လေးကို ဓားသိုင်းသင်ပေးနေသူမှာ သူမ၏ကျန်းလန်သာလျှင် ဖြစ်ရပေမည်။
"ဒါနဲ့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက နောက် အနှစ် (၃၀) ကနေ (၄၀)အတွင်း စတင်တော့မယ်တဲ့နော်"
ရှောင်ယွိက စေတနာဖြင့် သတိပေးလိုက်သည်။
အဋ္ဌမမင်းသားက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ကျွမ်းဝင်စေရန် နှစ်အနည်းငယ် အချိန်ရနိုင်သေးသည်ပဲ။
ကောင်ငယ်လေး ၊ ယန်ရှီးယွင်နှင့် ဟုန်ယာတို့ကတော့ မည်သို့မှ မခံစားကြရပေ။
လက်သီးနတ်ဘုရားကလည်း သူတို့ကို မည်သည့်အရာမှ မတောင်းဆိုလေရာ ဖိအားများကို မခံစားခဲ့ကြရပေ။
သို့ပေသိ လက်သီးနတ်ဘုရားက ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားကို တန်ဖိုးထားကြောင့် အားလုံးနားလည်ကြလေသည်။
နေ့လည်ပိုင်းတွင်တော့ အကောင်းစားသေရည်ဝယ်ယူပြီး ရှောင်ယွိနှင့် ကျန်းလန်တို့ နဝမတောင်ထွတ်သို့ ပြန်သွားကြသည်။
ကျန်းလန်က မပြန်ခင် လက်သီးနတ်ဘုရားကို သွားရှာရန် သတိပေးခဲ့သည်။
အဋ္ဌမမင်းသား ချက်ချင်းသဘောပေါက်သွားသည်။ လက်သီးနတ်ဘုရားကို သွားရောက်ရှာဖွေခြင်းဖြင့် ဓားသိုင်းအကြောင်း ပိုမိုသိရှိရမည်ဖြစ်သည်။
ယခု သူတို့က လက်သီးနတ်ဘုရားကို သွားမတွေ့ဘဲ ကိုယ့်သဘောနှင့်ကို လေ့ကျင့်နေကြသည့်အတွက် အလွဲလွဲအချော်ချော် ဖြစ်နေခဲ့သည်။
တကယ်တော့ ကျန်းလန်ကလည်း သူတို့ကို သင်ပေးချင်နေပြီ ဖြစ်သည်။
အကြောင်းမှာ နောက်လအနည်းငယ်ဆိုလျှင် လုန်ယွိနှင့်အတူ ကျောက်စိမ်းရေကန်သို့ သွားရောက်ရန် စီစဉ်ထားသည်။
နောက်ဆုံး ဉာဏ်အလင်းပွင့်ခြင့်အဆင့်သို့ ဝင်ရောက်ရန် သူ ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနေပြီ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် တာ့လော်အင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး တာအိုအင်မော်တယ်အဆင့်ကို တက်လှမ်းတော့မည် ဖြစ်သောကြောင့် နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ခု သေချာပေါက် ဖြစ်ပေါ်လာဦးမည် ဖြစ်သည်။
သို့သော် စိတ်ပူစရာတော့ မလိုပေ။ သူ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်သူမှာ ကျန်းလန်ဖြစ်သည်ဟု မည်သူမှ ရိပ်မိကြမည် မဟုတ်ပေ။
သူ တာအိုအင်မော်တယ်အဆင့်တက်သွားသည်ကို သိရှိသည့်တိုင် မြေအာက်နတ်ဆိုးဘိုးဘေးအဓိပတိနှင့် အခြားသူများက သူ့ကို တိုက်ခိုက်ကြဦးမည်ပင် ဖြစ်သည်။ ထိုကိစ္စများက အပြောင်းအလဲရှိမည် မဟုတ်ပေ။
"ဂိုဏ်းတူမောင်လေး ၊ သူတို့ကို ဓားသိုင်းအနှစ်သာရာ သင်ပေးမလို့လား"
အပြန်လမ်းတွင် ရှောင်ယွိက ကျန်းလန်ကို မေးသည်။
ကျန်းလန်က...
"ဟုတ်တယ် ၊ ဒါပေမဲ့ ဓားသိုင်းအနှစ်သာရကို နည်းနည်းတော့ အပြောင်းအလဲ လုပ်ပေးရမယ် ၊ ပြီးတော့ သူတို့ အနေနဲ့ ဓားသိုင်းကို အလွယ်တကူတော့ အသုံးပြုနိုင်ဦးမှာ မဟုတ်ဘူး ၊ သင်ယူတာနဲ့ နားလည်တာက မတူဘူးလေ ၊ နားလည်ဖို့က အချိန်ပေးရတယ်"
ကျန်းလန်က နဂါးဓားသိုင်းအနှစ်သာရထဲတွင် ကွဲလွဲချက်တစ်ခုကို ထည့်သွင်းပေးထားမည် ဖြစ်သည်။ တိကျသည့် ဓားသိုင်းသတ်မှတ်ချက်မဟုတ်ပါက ကောင်ငယ်လေးအနေဖြင့် သူနှင့်ကိုက်ညီအောင် ညှိယူပြီး နားလည်နိုင်မည် ဖြစ်သည်။
အဋ္ဌမမင်းသားကတော့ နဂါးဓားသိုင်း၏ ပထမဓားကွက်နှင့် ဒုတိယဓားကွက်ကို လွတ်လပ်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ သို့ပေသိ နောက်ဆုံးဓားကွက်နှင့် ဓားသိုင်းအနှစ်သာရတွင်တော့ သူကိုယ်တိုင် သဘောပေါက်နားလည်သွားစေရန် အခွင့်အရေးပေးထားသည်။
တိုက်ရိုက်သင်ပြေပေးသည်ထက် ကိုယ်တိုင်စဉ်းစားနားလည်နိုင်စေရန် ပြုလုပ်ပေးသည်က ပိုမိုကောင်းမွန်သည်။
သူတို့ (၂)ယောက်၏ နားလည်နိုင်စွမ်းဖြင့်ဆိုလျှင် အဆုံးသတ်တွင် ကိုယ်နှင့်သက်ဆိုင်သည့် မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းသွားနိုင်ပေလိမ့်မည်။
ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း...
"ဒါကြောင့် လုန်မန်က နဂါးဓားနဲ့ သားရဲတွေကို သတ်ဖြတ်ခုတ်ထစ်နေတာ ဓားသိုင်းလေ့ကျင့်နေတာကိုး"
ကောင်းကင်နဂါးဓားသည် အမှန်တကယ်ပင် သားလှီးဓားတစ်လက် ဖြစ်နေပေပြီ။
***
နဝမတောင်ထွတ်ရှိ နာမ်ဝိညာဉ်ခြံဝင်းထဲတွင် လုန်ယွိသည် ပုစဉ်းရင်ကွဲများဖြင့် ဆော့ကစားနေလေသည်။
ရေခဲပုစဉ်းရင်ကွဲများက မကြာခဏသူမနဖူးကို လာရောက်တိုက်ခိုက်ကြသည်။
ကျန်းလန်က လက်ထဲတွင် သစ်သားဓားကိုကိုင်ထားရင်း သူမကို လှမ်းကြည့်သည်။
"ဂိုဏ်းတူအစ်မ ဒီလိုမျိုးလုန်ယွိပုံစံနဲ့ ဆော့ကစားနေတာကို မြင်ရတာ တွေ့ရခဲတဲ့ အခြေအနေပဲနော်"
လုန်ယွိက...
"ဒီလိုဆိုရင် ကျွန်မ ပိုပြီး အသားကျလာမလားလို့"
ကျန်းလန်ကတော့ လှပချောမောလွန်းသည့် လုန်ယွိကိုကြည့်ရင်း အသားကျရန်ကတော့ မလွယ်ကူကြောင်း နားလည်လိုက်သည်။
ဘာပဲဖြစ်ဖြစ် လုန်ယွိသာ မရှိခဲ့လျှင် သူ့ဘဝက ယခုလိုဖြစ်လာမည် မဟုတ်ပေ။
သူက ခံစားချက်ကင်းမဲ့စွာဖြင့် မိုးမြင့်ထက်တွင် မတ်တတ်ရပ်နေသည့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်နေပေလိမ့်မည်။
ထိုသို့သောဘဝမျိုးက ပြီးပြည့်စုံသည့်ဘဝတစ်ခု မဟုတ်ပေ။ သာမန်လူများကဲ့သို့ နေထိုင်ခြင်းကပင် အမှန်တကယ် ပြီးပြည့်စုံသည့်ဘဝကို ရရှိစေမည် ဖြစ်သည်။
ဆွေမျိုးသားချင်း ၊ မိသားစုနှင့် ချစ်ရသူကို စွန့်ပယ်ကာ ကျင့်စဉ်လမ်းကို လျှောက်လှမ်းမည်ဆိုလျှင် တန်ခိုးစွမ်းအားက တစ်နေ့တခြား ပိုမိုမြင့်မားလာပေလိမ့်မည်။
သို့သော် အဆုံးသတ်တွင် အတိတ်မှ ရုန်းထွက်နိုင်မည် မဟုတ်ပေ။ အတိတ်ကို ပြန်စဉ်းစားမိလေတိုင်း နောင်တတရားကို မခံစားရသည့်တိုင် ဆုံးရှုံးမ၍ကိုတော့ သေချာပေါက် ခံစားရမည် ဖြစ်သည်။
အရာအားလုံးကို လက်ခံပြီး စွန့်လွှတ်ခြင်းမပြုပါက ထိုအရာများက သေချာပေါက် အားနည်းချက်ဖြစ်လာပြီး အနာဂတ်ကျင့်စဉ်လမ်းကို ထိခိုက်စေမည်က အမှန်ပင် ဖြစ်သည်။
သို့ပေသိ...
လူရယ်လို့ဖြစ်လာလျှင် လူသားဆန်စွာ တာဝန်ကျေပွန်ရမည်သာပင်။
စိုးရိမ်စိတ်ကင်းစင်ပြီး အထီးကျန်စွာ လျှောက်လှမ်းရမည့် ကျင့်စဉ်လမ်းနှင့် စိုးရိမ်စိတ်များရှိသည့်တိုင် တာအိုလက်တွဲဖော်တစ်ယောက်နှင့် သာယာသည့်ဘဝကို ထူထောင်ကာ ကျင့်စဉ်လမ်းကို လျှောက်လှမ်းရခြင်းတွင် မည်သည့်လမ်းကြောင်းက ပိုမိုကောင်းမွန်ပါသနည်း။
အမှန်တော့ လမ်းကြောင်း (၂)ခုလုံးတွင် အားနည်းချက် အားသာချက် ရှိသည်သာပင်။ ကိုယ့်ရွေးချယ်မှုအပေါ်တွင်သာ မူတည်သည်။
ကျန်းလန်ကတော့ တာဝန်ကျေပွန်ရန် ၊ သာမန်စိတ်ခံစားချက်များထားရှိရန်နှင့် လုန်ယွိနှင့်အတူတူ ဘဝတစ်ခုတည်ဆောက်ရန် ရွေးချယ်ခဲ့သည်။
လုန်ယွိကလည်း သူ့ကို ရွေးချယ်ခဲ့သည်ပဲ မဟုတ်လား။
ထို့ကြောင့်ပင် သူတို့နှစ်ယောက်၏ ဘဝသည်လည်း ပြောင်းလဲသွားခဲ့သည်။
ဘဝဆိုသည်က မုန်တိုင်းကြုံတွေ့ရမည်ပဲ ဖြစ်ပြီး မုန်တိုင်းပြီးလျှင် အရာရာက ပုံမှန်အတိုင်းပင် ကျန်ရစ်ခဲ့မည်ပင်။
လုန်ယွိက ခြေထောက်ဗလာဖြင့် စားပွဲထက်သို့ ခုန်တက်လိုက်ပြီး ကျန်းလန်၏ ခေါင်းကို ပုတ်လိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ဘာတွေတွေးနေတာလဲ"
ထို့နောက် သူမက ကျန်းလန်၏ မျက်နှာကို အနီးကပ် စေ့စေ့ကြည့်လိုက်သည်။
ကျန်းလန်က လက်ကိုဆန့်တန်းက လုန်ယွိ၏ မျက်နှာလေးကို အသာထိကိုင်လိုက်သည်။
"ဂိုဏ်းတူအစ်မကိုသာ လက်ထပ်ခွင့်မရခဲ့ရင် ကိုယ့်ဘ၀ ဘယ်လိုမျိုးဖြစ်နေမလဲဆိုတာ တွေးနေတာ"
လုန်ယွိက...
"အထီးကျန်ပြီး တိတ်ဆိတ်နေမယ် ၊ ခြံဝင်းထဲမှာ ဘာသံမှ ကြားရမှာမဟုတ်ဘူး ၊ ဒီနေရာမှာ ဂိုဏ်းတူမောင်လေးတစ်ယောက်တည်းထိုင်ပြီး ကောင်းကင်ကြီးကို ကြည့်နေရလိမ့်မယ် ၊ ပြီးတော့ တစ်ယောက်တည်းနေတတ်တဲ့ လူအိုကြီး ဖြစ်လာမှာပေါ့"
ကျန်းလန်က...
"ဒါဖြင့် ကိုယ်နဲ့လက်မထပ်ခဲ့ရင် ဂိုဏ်းတူအစ်မရော ဘယ်လိုမျိုး ဖြစ်နေမလဲ"
လုန်ယွိက အဖြေမပေးခင် ခဏမျှ တိတ်ဆိတ်သွားသည်။
ပြီးမှ...
"ကျွန်မလည်း အထီးကျန်နေမှာပေါ့ ၊ ကျွန်မ ပြုံးရယ်တတ်လာမှာ မဟုတ်ဘူး ၊ လူတွေကိုလည်း အရေးမစိုက်ဘူး ၊ ပျော်ရွှင်အောင် ဘယ်လိုနေရမလဲဆိုတာ နားမလည်ဘူး ၊ ကျွန်မနှလုံးသားထဲမှာလည်း ဘယ်သူမှ ရှိမှာ မဟုတ်ဘူး ၊ အာ... ကျွန်မဘဝက ဂိုဏ်းတူမောင်လေးထက်တောင်ဆိုးနေဦးမယ်"
ကျန်းလန်က လုန်ယွိကို မော့ကြည့်လိုက်ပြီး သူမ နှုတ်ခမ်းလေးများကို နမ်းရှိုက်ရန် ကြိုးစားလိုက်သည်။
လုန်ယွိက မည်သည့်စကားမှ မဆိုတော့ဘဲအနမ်းများကို ခံယူရန် ကျန်းလန်ရင်ခွင်ထဲ ခွေဆင်းလာသည်။
သို့သော်...
"ခွပ်"
"အား"
ကျန်းလန်၏ ခေါင်းကို တစ်စုံတစ်ခုဖြင့် ရိုက်မိသွားသဖြင့် ကျန်းလန် နာကျင်စွာ အော်လိုက်သည်။
လုန်ယွိ နောက်သို့ အသာပြန်ဆုတ်လိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ဘာဖြစ်တာလဲ"
နဂါးဦးချိုများထွက်နေသည့် လုန်ယွိကို ကျန်းလန် လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းတူအစ်မရဲ့ နဂါးဦးချိုက ကိုယ့်ကို ရိုက်တာ"
"ဘာ"
လုန်ယွိ သူမနဖူးထက်မှ နဂါးဦးချိုများကို ထိကိုင်ကြည့်လိုက်သည်။
ဘယ်လိုဖြစ်လို့ ဒီဦးချိုတွေက ထွက်လာရပါလိမ့်။
ထို့နောက် သူမက ရှက်ရမ်းရမ်းကာ ကျန်းလန်ကို ဒေါသတကြီးလက်ညှိုးထိုးလိုက်ရင်း...
"ဂိုဏ်းတူမောင်လေး ၊ ဒီလိုစကားမျိုးပြောတာ ရှင်က အရမ်းရိုင်းစိုင်းတာပဲ"
ကျန်းလန် : "……"
ဒီ နဂါးမလေးက သူ့ကိုတော့ ရိုင်းစိုင်းသည်ဟု ဆိုသည်။ သူမ စားပွဲပေါ် ဖိနပ်မစီးပဲတက်လာတာကျတော့ သူက ရိုင်းစိုင်းသည်ဟု မပြောရဘူးလား။
ထားလိုက်တော့။
ထိုနဂါးမလေးကို လျစ်လျူရှုထားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
***
အချိန် (၁)လကြာပြီးနောက်...
ခွန်လွန်တောင်က ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကာလကို တရားဝင်ကြေညာခဲ့သည်။
နောက်ထပ်အနှစ် (၃၀)အကြာတွင် စတင်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ကျန်းလန် ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အနှစ် (၃၀)သာ အချိန်ရပေတော့မည်။
အနှစ် (၃၀)အတွင်း နောက်ဆုံး ဉာဏ်အလင်းပွင့်ခြင်းသို့ ဝင်ရောက်ရန် လိုအပ်သည်။ သို့ပေသိ အချိန်လုံလောက်လေသည်။
ယခုတစ်ကြိမ်တွင် ဉာဏ်အလင်းပွင့်ခြင်းသို့ ဝင်ရောက်ရမည်ဖြစ်သလို တာအိုအင်မော်တယ်အဖြစ်လည်း အဆင့်တက်ရမည်ဖြစ်လေရာ ခါတိုင်းထက် ပိုမိုအချိန်ကြာမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အနှစ် (၃၀)ကတော့ လုံလောက်လေ၏။
ယနေ့တော့ ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိလာသည်။
လုန်ယွိကတော့ ကျောက်စိမ်းရေကန်သို့ ပြန်သွားနှင့်ပြီ ဖြစ်သည်။ သူကတော့ ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုပြီးမှ လိုက်ပါသွားရန် စီစဉ်ထားသည်။
မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ရင်း...
"ကျောက်စိမ်းရေကန်ကို လိုက်သွားမလို့လား"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
အခြားကိစ္စများကို သူက ဘာမှရှင်းမပြခဲ့ပေ။
မော့ကျန်းသုန့်ကလည်း မေးမြန်းခြင်းမရှိပေ။ သို့သော် သူ့စိတ်ထဲထူးခြားမှုတစ်စုံတစ်ခုကိုတော့ ခံစားနေရသည်။
"ပထမတောင်ထွဝ်ကနေ ဘာအတွေ့အကြုံတွေ ရခဲ့သေးလဲ"
မော့ကျန်းသုန့်က ပထမတောင်ထွတ်အကြောင်း မေးမြန်းလိုက်သည်။
ယခုရက်များအတွင်း ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ အချိန်သတ်မှတ်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန် လိုအပ်သည်များကို ပြုလုပ်နေရသည့်အတွက် အလုပ်များနေခဲ့ရသည်။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲသည် အင်အားစုအသီးသီးအတွက် အလွန်အရေးပါသည့် တိုက်ပွဲတစ်ခု ဖြစ်လေရာ တရားမျှတမှုရှိရန် လိုအပ်သည်။
ယခုလည်း သူတို့ဆွဲထားသည့် အစီအစဉ်က အတော်လေးတရားမျှတာလေသည်။
ထိုကိစ္စများကြောင့် မော့ကျန်းသုန့်မှာ ကျန်းလန်ကို ပထမတောင်ထွတ်ကိစ္စ မေးမြန်းရန် အချိန်မရှိဖြစ်နေခဲ့ရသည်။
"ငါ တစ်ခုတော့ တွေ့ကြုံခံရတယ် ၊ မေးစရာတွေ ရှိပေမယ့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲပြီးမှ မေးရင်ကောင်းမလား"
ကျန်းလန် ခဏမျှ တုံ့ဆိုင်းရင်း စဉ်းစားနေသည်။
နောက်ဆုံးတော့ ဆရာဖြစ်သူကို မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ဆရာ ၊ ပထမတောင်ထွတ်က ကောင်းကင်ဂူထဲမှာ ခွန်လွန်ဘိုးဘေးချန်ထားခဲ့တဲ့သတင်းစကားကို တစ်ယောက်ယောက်များ ကြုံတွေ့ဖူးသလား"
"ဂိုဏ်းချုပ်သိတယ်လေ"
ကျန်းလန်၏မေးခွန်းကို မော့ကျန်းသုန့်က ချင်းချင်းပင် အဖြေပေးသည်။
ထို့နောက် သူက ဆက်ပြောသည်။
"ဒါပေမဲ့ ဂိုဏ်းချုပ်က သူ့လမ်းသူလျှောက်ချင်တဲ့အတွက် မတုံ့ပြန်ခဲ့ဘူး"
ကျန်းလန် သဘောပေါက်သွားသည်။
ဧကရာဇ်ရှီးဟယ် စွန့်လွှတ်ခဲ့သည့်အတွက် သူက အခွင့်အရေးရရှိခဲ့ခြင်း ဖြစ်သည်။ သူက ခွန်လွန်တောင်မှ တပည့်တစ်ယောက် ဖြစ်သောကြောင့် ရှေးဟောင်းအနောက်နန်းတော်မှ နတ်ဘုရားရာထူးကို အမွေဆက်ခံခြင်းမှာ သဘာဝကျပါသည်။
ယခု ဆရာဖြစ်သူ၏စကားအရဆိုလျှင် ရှေးဟောင်းအနောက်နန်းတော်မှ ကောင်းချီးလက်ဆောင်များက ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။ သူ့အနေဖြင့် ခွန်လွန်ဘိုးဘေး "ကု" နှင့် ဆုံတွေ့ခွင့်ရနိုင်သေးသည်။
ထိုအချက်က ကံကောင်းခြင်းလား ၊ ကံဆိုးခြင်းလား မသေချာပေ။ သူ သိရှိသည့်အရာများလေလေ ၊ သူ ရရှိသည့်အရာများလေလေ အဆုံးသတ်တွင် သူ ထမ်းရွက်ရမည့်တာဝန်၏ ဝန်ထပ်ဝန်ပိုးက ပိုမိုလေးလံလေပဲ ဖြစ်ပေလိမ့်မည်။
ထို့နောက် ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ပြီး ကျောက်စိမ်းရေကန်သို့ ထွက်ခွာလာခဲ့သည်။
သူ ကျောက်စိမ်းရေကန်သို့ မသွားခင် နဝမတောင်ထွတ်မှ အစီအရင်များကို ဖွင့်ထားခဲ့လေသည်။ ဆရာဖြစ်သူ ပြဿနာတစ်ခုခုကြုံလျှင် ဆရာဒေါ်လေးမြောင်ယွဲ့ထံ အကူအညီတောင်းလေမလား မျှော်လင့်မိသည်။
သူ ယခုကဲ့သို့ပြုလုပ်ခဲ့ခြင်းက ဆရာဖြစ်သူ အနာဂတ်တာအိုလက်တွဲဖော်ရရှိရန် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အကူအညီအနည်းအပါးတောင်းခြင်းကတော့ ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာ့ထံမှ တန်ဖိုးတစ်ခု တောင်းဆိုမည် မဟုတ်ပေ။
သူ့လုပ်ရပ်က ဆရာဖြစ်သူကို အခက်တွေ့နိုင်သော်လည်း ဆရာ့ဘဝကောင်းစားရေးဖြစ်သောကြောင့် ဆရာဖြစ်သူ နားလည်နိုင်မည်ဟုသာ မျှော်လင့်မိသည်။
ကျန်းလန် ဓားကို စီးနှင်ရင် ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထွတ်သို့ ချဉ်းကပ်လာသည်။
သူ၏ ဆံပင်များနှင့် အဝတ်အစားများသည် တဟူးဟူးတိုက်ခတ်နေသည့် လေထဲတွင် လွင့်ပျံလျှက် ရှိသည်။ ယခု သူက တာ့လော်အင်မော်တယ်အဆင့် အောင်မြင်ထားသူ ဖြစ်သည်။
သူ ကျောက်စိမ်းရေကန်မှ ပြန်ထွက်လာသည့်အချိန်တွင် တာအိုအင်မော်တယ်တစ်ယောက် ဖြစ်နေပေတော့မည်။
***