ဒီနေ့ တာအိုအင်မော်တယ်ဖြစ်ပြီ
Vol. 37 Ch. 517
ပထမတောင်ထွတ်။
ကျောက်စိမ်းရေကန်သို့ လှမ်းကြည့်နေသည့် မြောင်ယွဲ့၏မျက်ဝန်းများတွင် အပြုံးရိပ်တစ်ခု ထင်ဟန်သွားသည်။
"သူ ကျောက်စိမ်းရေကန်ကို ထပ်သွားပြန်ပြီလား"
ထို့နောက် သူမ ထွက်ခွာသွားပြီး ဆဋ္ဌမတောင်ထွတ်အရောက်တွင် ပျောက်ကွယ်သွားသည်။
သူမက စမ်းချောင်းလေးအတိုင်း လမ်းလျှောက်သွားပြီးနောက် ချန်ရှီနေထိုင်ရာ ဝါးအိမ်လေးဆီသို့ ရောက်ရှိလာသည်။ ဤနေရာလေးက တစ်နှစ်ပတ်လုံးနွေဦးရာသီဖြစ်နေပြီး ပန်းများက နေရာတိုင်းတွင် ပွင့်လန်းနေသည်။
"ဂိုဏ်းတူညီမလေး ၊ ဘာကိစ္စရောက်လာပြန်တာလဲ"
စမ်းချောင်းလေးနံဘေးတွင် ထိုင်ရင်း ငါးများကို ကြည့်နေသည့် ချန်ရှီက မြောင်ယွဲ့ရောက်လာသည်ကို တွေ့သည်နှင့် မေးမြန်းလိုက်သည်။
မြောင်ယွဲ့က ချန်ရှီ၏ဘေးနားတွင် ထိုင်ချလိုက်ရင်း ငါးများကို ကြည့်လိုက်သည်။
"ကျွန်မ ဂိုဏ်းတူအစ်မကို မေးစရာရှိလို့ပါ"
ချန်ရှီက…
"ဘာလဲ… နဝမတောင်ထွတ်အကြောင်းလား"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ကျွန်မရဲ့ အိမ်ထောင်ရေးကံနဲ့ပတ်သက်ပြီး ဂိုဏ်းတူအစ်မကို မေးချင်လို့ပါ"
ချန်ရှီ : "……"
သူမ ထိုအကြောင်းကို မတွက်ချက်ကြည့်ချင်သော်လည်း အရင်တစ်ခေါက်က တွက်ချက်ပေးပြီးပြီ ဖြစ်သည်။ မြောင်ယွဲ့က အပျိုကြီးဖြစ်မည့်ကံဇာတာပါသည်။
နက္ခတ်ဗေဒင်ဟောပြောခြင်းက အပြည့်အဝမှန်သည်ဟု မဆိုနိုင်သော်လည်း အပျိုကြီးဖြစ်မည့်ကံပါသူတစ်ယောက်က ထိုကံတရားကို ကျော်လွန်နိုင်ရန်မှာ ခက်ခဲမည်ပင်။
ကံကြမ္မာကို မပြောင်းလဲနိုင်ခြင်းတော့မဟုတ်ပေ။ ကံကြမ္မာကိုပြောင်းလဲရန်အတွက် အခွင့်အရေးများရရှိရန် လိုအပ်သည်။
မြောင်ယွဲ့က ပြုံးလိုက်ရင်း…
"ဂိုဏ်းတူအစ်မ ၊ ကျွန်မ အခွင့်အရေးတစ်ခုရတယ်လို့ ခံစားနေရလို့ ၊ ကံကြမ္မာများ ပြောင်းလဲသွားမလားလို့ ထပ်တွက်ကြည့်ပေးပါဦး"
ချန်ရှီ စိတ်ဝင်စားသွားသည်။
"အခွင့်အရေး… ဟုတ်လား ၊ ကြည့်ရတာ ငါ ဗေဒင်တွက်ပေးတာကိုလည်း မင်းအရေးစိုက်တဲ့ပုံမပေါ်ပါဘူး"
မြောင်ယွဲ့က…
"ဂိုဏ်းတူအစ်မ… ဗေဒင်သာ အရင်တွက်ပေးစမ်းပါ… နော်"
ချန်ရှီ မတ်တတ်ထရပ်လိုက်သည်။
သူမဝတ်ထားသည့် အင်မော်တယ်ဝတ်ရုံထက်တွင် နေ ၊ လနှင့် နက္ခတ်တာရာများ ထွန်းလင်းတောက်ပလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မှေးမှိန်သွားသလို ခံဏားလိုက်ရသည်။
ထို့နောက် မြောင်ယွဲ့၏ ခန္ဓာကိုယ်ထက်တွင် မျဉ်းကြောင်းများပေါ်လာသည်။
"ဟမ်…"
ချန်ရှီ အံ့အားသင့်သွားသည်။ သူမမျက်နှာက ချက်ချင်းပင် တည်ကြည်လေးနက်သွား၏။ ထို့နောက် သူမခြေထောက်အောက်မှမြေပြင်သည် ချက်ချင်းပင် ကြယ်စင်ကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ချန်ရှီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ နေနှင့်လက သူမလက်ထဲတွင် ဖြစ်တည်လာသည်။ ပတ်ဝန်းကျင်ရှိ ကြယ်စင်များက မြောင်ယွဲ့၏ ခန္ဓာကိုယဆီသို့ စုစည်းသွားကြပြီး လင်းလက်တောက်ပလျှက် ရှိသည်။
အရာအားလုံးက ချန်ရှီ၏ မျက်ဝန်းများထဲတွင် ပြောင်းလဲသွားလေသည်။
"မင်း ဘယ်လိုများ လုပ်လိုက်တာလဲ ၊ အခွင့်အရေးကိုတော့ ငါ မမြင်ပါဘူး ၊ ဒါပေမဲ့ မင်းရဲ့အိမ်ထောင်ရေးကံက ပြောင်းလဲသွားပြီ ၊ ဘာပြောင်းလဲသွားတာလဲဆိုတာ အတိအကျမသိပေမယ့် အဲဒီမှာ အလင်းရောင်အစက်အပျောက်တစ်ခု ပေါ်လာတယ် ၊ အဲဒါက အရာအားလုံးကို မွှေနှောက်ပစ်နိုင်စွမ်းရှိတယ်…"
ချန်ရှီ မျက်မှောင်များကြုတ်ထားသည်။
"ဒါပေမဲ့…"
မြောင်ယွဲ့က စိတ်ထဲပျော်ရွင်သွားဟန်ဖြင့် ရယ်မောလိုက်ရင်း…
"ဒါပေမဲ့… ဘာဖြစ်တာလဲ"
ချန်ရှီက…
"နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာ ငါ မမြင်နိုင်ဘူး ၊ ငါတို့မှာ အချိန်မရှိဘူး ၊ ဒါပေမဲ့ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း သိချင်တယ်ဆိုရင်တော့ ဂိုဏ်းချုပ်ကို သွားမေးမှပဲရမယ်"
ဂိုဏ်းချုပ်ကတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်းသိမြင်မည်ဖြစ်သည်။
မြောင်ယွဲ့က…
"ဂိုဏ်းတူအစ်မက အခု ဘာမြင်လို့လဲ"
ချန်ရှီက ခေါင်းခါယမ်းလိုက်ရင်း…
"ငါလည်း နားမလည်ဘူး"
မြောင်ယွဲ့က ချန်ရှီကို နက်ရှိုင်းသည့်အကြည့်ဖြင့်သာ ကြည့်နေပြီး မည်သည့်မေးခွန်းမှ ထပ်မမေးတော့ပေ။ ထို့နောက် သူမက ဝါးအိမ်လေးရှေ့မှ စားပွဲငယ်ဆီသို့ လျှောက်သွားရင်း အကြမ်းရည်တစ်ခွက် ငှဲ့သောက်လိုက်သည်။
သူမတို့ (၂)ယောက် အကြမ်းရည်သောက်ရင်း ခဏမျှ စကားစမြည်ပြောဆိုကြပြီးနောက် မြောင်ယွဲ့ပြန်သွားလေသည်။
မြောင်ယွဲ့ပြန်သွားသည်ကိုကြည့်နေပြီးမှ ချန်ရှီ မျက်လုံးများကို မှိတ်လိုက်သည်။
"ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်တော့မယ်"
ထိုအချိန်တွင် သူမ သေဆုံးသွားခဲ့လျှင် မည်သို့ရှိမည်နည်း။ အသက်ရှင်ချိန်တွင် သူမ၏ဂိုဏ်းတူအစ်ကိုများနှင့် ရင်းနှီးစွာ ပြန်လည်နေထိုင်သင့်သလားဟု တွေးမိသည်။
သို့သော် မြောင်ယွဲ့ကြောင့် ဘာမှန်းမသိသည့် အလင်းရောင်အစက်တစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုအရာက မျှော်လင့်မထားသည့် အကျိုးသက်ရောက်မှုတစ်ခုကို ထုတ်လွှတ်နေသည့်အလား ထင်မှတ်ရသည်။
မြောင်ယွဲ့ လက်ထပ်ရန်ကတော့…
ဘေးအန္တရယ်ကပ်ဆိုးကြီးတွင် မော့ကျန်းသုန့် အသက်ရှင်သန်နိုင်မည်ဆိုလျှင် မျှော်လင့်ချက်ရှိလေသည်။
သူ ကျဆုံးခဲ့လျှင်တော့…
ထို့ကြောင့် နက္ခတ်ဗေဒင်ပညာဆိုသည်ကလည်း အရာအားလုံးကို မှန်ကန်သည်ဟု မဆိုနိုင်ခြင်း ဖြစ်သည်။
ထို့နောက် သူမက အကြမ်းရည်တစ်ခွက်ငှဲ့သောက်လိုက်ရင်း အဋ္ဌမတောင်ထွတ်မှ ကျိုးကျုန်းထျန်းနှင့်အတူ သေရည်သွားသောက်သင့်သလားဟု တွေးနေမိသည်။ ထို့နောက် ကျိုးကျုန်းထျန်းကိုခေါ်ကာ နဝမတောင်ထွတ်သို့သွားပြီး မော့ကျန်းသုန့်နှင့်ပါ အတူတူသောက်မည်။ ပြီးတော့ ပထမတောင်ထွတ်မှ ဖုန်းယီရှောက်ကိုလည်း သွားခေါ်လိုက်ဦးမည်။
ဂိုဏ်းတူအစ်ကိုလျိုကျင်းကတော့ တည်ကြည်သူဖြစ်ပြီး သူမ သေရည်သောက်တိုင်း ဆူပူလေ့ရှိသည်။
ဤသည်က သူတို့ငယ်စဉ်က အတူတကွ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည့် အခြေအနေများပင် ဖြစ်၏။
ချန်ရှီ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ငေးမောကြည့်လိုက်သည်။
"ဒါပေမဲ့ ဘာကိစ္စ အဲဒီလိုနေရမှာလဲ"
ထိုသို့ နေထိုင်ရန်မှာ သူမ ခင်မင်သည့် ဂိုဏ်းတူအစ်ကိုများ သူမဘေးတွင်ရှိနေရန်သာ အကြောင်းပြချက် ဖြစ်တော့၏။
***
အချိန်များ ကုန်ဆုံးသွားပြီး ခွန်လွန်တောင်ကတော့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် အလုပ်များလျှက် ရှိသည်။
တိုက်ပွဲစင်မြင့်ထက်တွင်လည်း ပြောင်းလဲမှုအသစ်များဖြစ်ပေါ်လာပြီး အစက တိုက်ပွဲစင်မြင့် တစ်ခုသာ ရှိသော်လည်း ယခုတော့ (၃)ခု ရှိနေပြီ ဖြစ်သည်။
အားလုံးကို ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်၏။
တိုက်ပွဲစင်မြင့်တစ်ဝိုက်တွင် သာမန်ကြည့်ရှုသူများအတွက်နေရာနှင့် တန်ခိုးစွမ်းအားရှင်များအတွက် နေရာများလည်း ထည့်သွင်းထားသည်။
တိုက်ပွဲစင်မြင့်အပြင်ဘက်တွင် စင်မြင့်ငယ် (၁၂)ခု ရှိပြီး ပင်မစင်မြင့်ကြီးကိုတော့ ကောင်းကင်ဘုံနှင့်ရော မရဏလောကနှင့်ပါ ချိတ်ဆက်ထားသည့် တိုင်လုံးကိုးလုံးဖြင့် ထောက်ပံ့ထားသည်။ လေထုသည်ပင် လှိုင်းထနေသည့်အလား ထင်မှတ်ရသည်။
"အမယ်… ဟိုလူတွေက စင်မြင့်ပေါ်တောင် တက်ကြည့်နေကြပြီ ၊ ကျုပ်တို့ရော တက်ကြည့်ကြမလား"
လမ်းတွင် ကောင်ငယ်လေးက အဋ္ဌမမင်းသားကို မေးသည်။
အဋ္ဌမမင်းသားက…
"ကျုပ်က လက်သီးနတ်ဘုရားသင်ပေးတဲ့ ဓားသိုင်းအနှစ်သာရအကြောင်းစဉ်းစားနေတာ ၊ ကျုပ်နားလည်တာက မင်းနားလည်တာနဲ့ လုံး၀ မတူဘူးဖြစ်နေတယ် ၊ ဒါပေမဲ့ မင်းနားလည်တာက ကျုပ်အတွက် အတော်လေးခက်တယ် ၊ ကျုပ်နားလည်တာက အရမ်းလွယ်နေတယ် ၊ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ"
လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)ခန့်က ကျန်းလန် သတိပေးသည့်အတွက် သူတို့ လက်သီးနတ်ဘုရားကို တစ်ကြိမ် ဆက်သွယ်ခဲ့ကြသည်။ လက်သီးနတ်ဘုရားက သူတို့ကို ဓားသိုင်းအနှစ်သာရအကြောင်း သင်ပြပေးခဲ့သည်။
သို့သော် ထိုဓားသိုင်းအနှစ်သာရက အတော်လေး ထူးဆန်း၏။ သူတို့ (၂)ယောက်သည် လုံး၀ မတူခြားနားသည့်လမ်းကြောင်း (၂)ခုဖြင့် ဆုံမှတ်တစ်ခုဆီသို့ သွားနေသည့်အလား ဖြစ်သည်။
ကောင်ငယ်လေးက…
"ဘာလဲ ၊ ခင်ဗျားရဲ့အရည်အချင်းက ကျုပ်ထက်ပိုပြီး ထူးခြားတယ်လို့ ပြောနေတာလား ၊ ဒါဆို ခင်ဗျား ဓားသိုင်းကို ဓားသိုင်းအနှစ်သာရနဲ့ ပေါင်းစပ်အသုံးပြုနိုင်နေပြီလား"
ဓားသိုင်းအနှစ်သာရကို သင်ပေးပြီးပြီဖြစ်သော်လည်း လက်တွေ့တွင် ဓားသိုင်းနှင့်ပေါင်းစပ်အသုံးပြုနိုင်ရန် အခွင့်အရေးတစ်ခု ၊ သို့မဟုတ် ပြင်းထန်သောတိုက်ပွဲတစ်ခု လိုအပ်သည်ဟု ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက မှာကြားခဲ့သည်။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုစေလိုဟန် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုတိုက်ပွဲက သေချာပေါက် ပြင်းထန်မည် ဖြစ်သောကြောင့်ပင်။
ယခုအချိန်တွင် သူတို့ (၂)ယောက်လုံး ဓားသိုင်းရော ဓားသိုင်းအနှစ်သာရကိုပါ ကျွမ်းကျင်နေပြီဖြစ်သော်လည်း ပေါင်းစပ်အသုံးပြုနိုင်ခြင်း မရှိသေးပေ။ အကြောင်းမှာ တွန်းအားပေးမည့် ပြင်ပဖိအားတစ်ခု လိုအပ်နေသောကြောင့် ဖြစ်သည်။
သူတို့ အခွင့်အရေးကို ဆက်လက်စောင့်ဆိုင်းနေကြရသည်။
အဋ္ဌမမင်းသားက…
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအထိ စောင့်နေစရာ မလိုပါဘူး ၊ မင်း နားလည်ချင်ရင် ဟို ဇာမဏီကောင်မလေးကို လက်ထပ်ခွင့်တောင်းလိုက်ကွာ ၊ အဲဒါဆို မင်းပိုပြီး စိတ်အားထက်သန်ပြီး ဓားသိုင်းကို နားလည်သွားလိမ့်မယ်"
ကောင်ငယ်လေးက အလေးအနက် စဉ်းစားလိုက်သည်။
"ဟုန်ယာက သဘောတူမှာတဲ့လား ၊ ဒါမှမဟုတ် အဘိုးကို မေးကြည့်ရင်ရော"
အဋ္ဌမမင်းသားက…
"သူ သဘောတူချင်တူမှာပေါ့ ၊ အင်း… မင်း အဘိုးကို မေးကြည့်ရင်လည်း မေးကြည့်ပေါ့"
ထို့နောက် ကောင်ငယ်လေးက သံသယဝင်သွားပြီး…
"နဂါးစုတ်… ခင်ဗျားစကားကို မယုံဘူး ၊ နောက်မှ အစ်ကိုကြီးကို မေးကြည့်မယ်"
"ယောက်ဖက မအားဘူး ၊ ကျုပ်အစ်မကို အဖော်ပြုပေးနေတယ် ၊ တောင်သခင်တွေက သူတို့ကို တာဝန်တစ်ခုပေးထားတယ်လို့ သတင်းကြားတယ်"
"ဘာတာဝန်လဲ"
"ကျုပ်ကို ဦးလေးတစ်ယောက် ဖြစ်လာစေမယ့်တာဝန်ပေါ့ အဟက်ဟက် ၊ တူလေး တူမလေးတွေရလာရင် ကျုပ်ရဲ့သိမ်းထားတဲ့ဥခွံနဲ့ ချပ်ဝတ်တန်ဆာလုပ်ပြီး လက်ဆောင်ပေးရမယ်"
"ဒါဆို ကျုပ်လည်း ဘာလက်ဆောင်ပေးရမလဲ ၊ မြေပဲကိုပဲ လက်ဆောင်ပေးရမလား မသိ"
စကားပြောရင်း သူတို့ (၂)ယောက် တိုက်ပွဲစင်မြင့်ဆီသို့ ရောက်လာကြသည်။ တိုက်ပွဲမစခင် ဤနေရာကို လေ့လာထားရန် လိုအပ်လေသည်။
သို့သော် လမ်းတစ်ဝက်အရောက်တွင် သူတို့အနောက်ဆီမှာ အလင်းရောင်တစ်ခု လင်းလက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်သည့်အခါ ထူးခြားဆန်းကျယ်သည့် တိမ်တိုက်တစ်ခု ကောင်းကင်ထက်မှဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထို့နောက် သူတို့ပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်သွားပြီး သူတို့ဘေးနားမှ လူတစ်စု ဖြတ်သွားလေသည်။
ထိုသူများက ယနေ့ည ညစာဘာစားသောက်ရမည်ကို ပြောဆိုသွားကြလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသဖြင့် အဋ္ဌမမင်းသားက ချက်ချင်းပင် သတိအနေအထားပြင်ဆင်ကာ လှံရှည်ကို ဆွဲထုတ်လိုက်သည်။ ကောင်ငယ်လေးသည်လည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
သို့သော် သူတို့ပတ်ဝန်းကျင်မှ လူများအားလုံးသည် သာမန်သေမျိုးလူသားများသာ ဖြစ်ကြပြီး ကျင့်ကြံသူများ မဟုတ်ကြပေ။
အဋ္ဌမမင်းသားက…
"အဲဒါ ဘာဖြစ်တာလဲ ၊ ပုံရိပ်ယောင်တွေလား"
ကောင်ငယ်လေးက…
"မဟုတ်ဘူး ၊ အဘိုးရဲ့ နာမ်ဝိညာဉ်ရောင်ပြန်ပညာနဲ့နည်းနည်းဆင်တူတယ်လို့ ခံစားရတယ်"
နာမ်ဝိညာဉ်ရောင်ပြန်ပညာနှင့်ဆင်တူသော်လည်း အနည်းငယ်ကွဲပြားသည်။
သူတို့ (၂)ယောက် ရင်ဆိုင်လိုက်ရသည့် ဖြစ်စဉ်မျိုးကို ခွန်လွန်တောင်တစ်ခုလုံး ခံစားလိုက်ကြရခြင်း ဖြစ်သည်။ နေရာတိုင်းတွင် သာမန်သေမျိုးလူသားများ ရှိနေလေသည်။
သူတို့အားလုံး ထင်ယောင်ထင်မှားဖြစ်နေကြသည်ဟု လူတိုင်းက သံသယဝင်နေကြသော်လည်း မည်သည့်အရာဖြစ်ပျက်နေကြေငာ်း မည်သူမှ မပြောနိုင်ကြပေ။
ထို့နောက်…
အရှေ့အရပ်ဆီမှ နေဝန်းအသစ်တစ်ခု ထွက်ပေါ်လာသည်။ နေဝန်းထွက်ပေါ်လာသည်နှင့် ရာသီဥတုကလည်း နွေဦးရာသီအဖြစ် ပြောင်းလဲသွားသည်။
နေဝန်းထွက်ပေါ်လာသည်နှင့်…
အချို့လူများက ဟင်းလျာများစတင်ချက်ပြုတ်ကြပြီး အချို့ကတော့ စိုက်ပျိုးရန် လယ်ထဲဆင်းကြသည်။ အချို့ကလေးငယ်များက ကိုယ်ခံပညာလေ့ကျင့်ရန် အိပ်ယာမှထလာကြသည်။
ဤသည်က အခြားသောကမ္ဘာသစ်တစ်ခုကို ပုံဖော်နေသည့်အလားပင်။
ထိုအချိန် တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်ကြံသူများသည်ပင် လောကအသစ်ကို စတင်ခံစားလာကြရသည်။
ဤသည်က…
ကြီးမားသည့် မဟာတာအို ဖြစ်စဉ်တစ်ခုပင် ဖြစ်၏။
သို့သော် ဤမျှ လက်တွေ့ကျသည့် မဟာတာအိုဖြစ်စဉ်မျိုးကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိကြပေ။ ထိုအရာကို ပုံရိပ်ယောင်တစ်ခုဟုပင် သူတို့အားလုံး ထင်မှတ်မိကြသည်။
အတန်ကြာပြီးနောက် ခွန်လွန်တောင်တွင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ထပ်မံထွက်ပေါ်လာပြီဖြစ်ကြောင်း သူတို့အားလုံး နားလည်လိုက်ကြသည်။
***
နဝမတောင်ထွတ်။
မော့ကျန်းသုန့်သည် သာမန်ပတ်ဝန်းကျင် ၊ သာမန်လမ်းများနှင့် သာမန်လူများ လှုပ်ရှားသွားလာနေခြင်းနှင့် သာမန်အရာများ ဖြစ်ပျက်ပြောင်းလဲနေခြင်းကို ကြည့်ရှုနေသည်။
ထို့နောက် သူ့မျက်နှာတွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"အရင်တစ်ခေါက် မဟာတာအိုဖြစ်စဉ်လောက် စွမ်းအားမကြီးမားပေမယ့် ဒီတစ်ခေါက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြီးပြည့်စုံတယ် ၊ ဒီဖြစ်စဉ်နှစ်ခုက ကမ္ဘာခြားနေတာပဲ ဟား..ဟား..ဟား…"
မော့ကျန်းသုန့် မနေနိုင်ဘဲ ရယ်မောလိုက်မိပြီးမှ ချက်ချင်းပြန်တည်လိုက်သည်။
ထို့နောက် ခွန်လွန်တောင်အဓိကခန်းမဆောင်သို့ ထွက်ခွာသွားလေသည်။ ယခုတစ်ကြိမ်လည်း ကျန်းလန်က တောင်သခင်များကို ထပ်မံနိုးကြားစေခဲ့ပြန်လေပြီ။
"အင်း… သူက ငါ့အတွက် ဂုဏ်ယူရတဲ့ တပည့်ပါပဲ"
လမ်းတွင် မော့ကျန်းသုန့်တွေးလိုက်သည်။
ယခုနှစ်များအတွင်း ခွန်လွန်တောင်တွင် ကြီးမားသည့် မဟာတာအိုဖြစ်စဉ် (၂)ခု ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး အားလုံးက သူ့တပည့်ထံမှ ဖြစ်သည်။
သူ့ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင် နောက်တစ်ကြိမ် သူ့တပည့်နှင့် ပြန်လည်ဆုံတွေ့သည့်ခါ သူတို့ ဆရာတပည့် ကျင့်ကြံခြင်းအဆင့် တူညီနေမည် ဖြစ်၏။
တပည့်ကတော့ ဆရာ့ကို အမီလိုက်လာလေပြီ။ သို့သော် ဤသည်က မကောင်းသည့်အချက် မဟုတ်ပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးက အန္တရယ်များလေရာ တာအိုအင်မော်တယ်ဖြစ်လာမှသာ ကျန်းလန်အတွက် အန္တရယ်ကင်းမည် ဖြစ်သည်။
မော့ကျန်းသုန့် ခွန်လွန်တောင်အဓိကခန်းမဆောင်သို့ ရောက်လာခဲ့သည်။
သူရောက်ရှိလာချိန်တွင် လူပင်အတော်စုံနေလေပြီ။ တောင်သခင်များက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်တည်ရှိရာ တောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်နေကြပြီး ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို တိတ်ဆိတ်စွာဖြင့် ကြည့်နေကြသည်။
မည်သူမှ စကားမပြောဖြစ်ကြဘဲ မဟာတာအိုဖြစ်စဉ်ကိုသာ ကြည့်ရှုနေခဲ့ကြသည်။
နေထွက်ချိန် ၊ နေဝင်ချိန် ၊ ပန်းများပွင့်လန်းလာပြီးနောက် ကြွေကျသွားကြပြီး နွေဦးမိုးရေစက်များနှင့် ဆောင်းရာသီနှင်းပွင့်များ။
ခွန်လွန်တောင်တစ်ခုလုံးသည် ထိုတာအိုလောကကြီး၏ ထောင့်တစ်နေရာတွင် တည်ရှိနေသည့်အလားဖြစ်ပြီး ခမ်းနားသည့် အသက်ဓာတ်အတွေ့အကြုံကို သိမြင်ခံစားနေသည်။
တာအိုလောကထဲတွင် လူတိုင်းက ကိုယ့်ဘဝလမ်းကြောင်း ကိုယ်စီရှိကြသည်။
လယ်သမားများ ၊ အမျိုးသမီးများ ၊ စာပေပညာရှင်များနှင့် ချမ်းသာသောမိသားစုများမှ သားသမီးများပါဝင်သည်။ အမျိုးသမီးများကို အရှက်ရစေမည့် လူရမ်းကားများလည်း ပါဝင်သလို ထိုလူရမ်းကားများကို သတ်ဖြတ်နှိမ်နင်းပစ်ခဲ့သည့် သူရဲကောင်းအမျိုးသမီးများလည်း ပါဝင်သည်။
ထိုသူရဲကောင်းအမျိုးသမီးများကို လက်ထပ်ယူခဲ့ကြသည့် ဖြောင့်မတ်သောအမျိုးသားများလည်း ရှိကြသလို လမ်းခွဲခဲ့ကြသည့် ငယ်သူငယ်ချင်းများလည်း ရှိကြသည်။
အချို့ချစ်သူများက ချစ်ခြင်းမေတ္တာကိုလက်ခံပြီး လက်ထပ်ကာ တစ်ဘဝလုံးပျော်ရွှင်စွာပေါင်းဖက်ကြသလို အချစ်အတွက် အသက်ပေးကြသူများလည်း ရှိသည်။ ထို့ပြင် မိဘပေးစားသည့် ဘဝလက်တွဲဖော်ကို လက်ထပ်ခဲ့ကြသည့် သာမန်လူများလည်းရှိခဲ့ကြသည်။
ထိုလောကထဲတွင် အားလုံးက သာမန်လူသားများသာ ဖြစ်သည်။ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံပင် ဖြစ်သည်။
ကျူးချင်က…
"ဒီလူတွေထဲမှာ အထူးခြားဆုံးတစ်ယောက်ယောက်ကိုများ တွေ့ကြသလား"
ဤသည်က တာအိုလောက ၊ တာအိုနယ်မြေတစ်ခု ဖြစ်သည်။ ပုံမှန်အရဆိုလျှင် ထိုလောကထဲတွင ်တာအိုကို နားလည်သိမြင်သူ၏ ပုံရိပ်ကို တွေ့မြင်နိုင်သည်။
အခြားသူများက သူမ၏မေးခွန်းကို ပြန်မဖြေဘဲ ကြည့်ရုံသာ ကြည့်နေကြသည်။
ထိုအချိန် ချီလင်မျိုးနွယ် ၊ နဂါးမျိုးနွယ်နှင့် ဇာမဏီမျိုးနွယ်များမှ အကြီးအကဲများသည်လည်း ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်သို့ ရောက်ရှိလာကြသည်။
မဟာတာအိုလမ်းကြောင်းအသစ်ကို သိမြင်နားလည်သွားသူမှာ မည်သူဖြစ်ကြောင်း သူတို့အားလုံး သိရှိချင်ကြသည်။ တာအိုအင်မော်တယ် နောက်တစ်ယောက်ထွက်ပေါ်လာခြင်းသည် သေးငယ်သည့်ကိစ္စ မဟုတ်ပေ။
လျိုကျင်းက သူတို့အားလုံးကို ကြည့်လိုက်ရင်း…
"မင်းတို့လည်း မဟာတာအိုဖြစ်စဉ်ကိုကြည့်ဖို့ ရောက်လာကြတာလား"
ဇာမဏီမျိုးနွယ်မှ အကြီးအကဲ တန်ရွှင်က…
"ခွန်လွန်တောင်မှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိတာပဲ"
သူ့မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နက်နေသည်။ ထို့ပြင် ခွန်လွန်တောင်တွင် တာအိုအင်မော်တယ်များစွာ အဘယ့်ကြောင့် စုဝေးနေကြသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
တန်ခိုးစွမ်းအားရှင်များသည် လူသားမျိုးနွယ်များထဲမှ အဆက်မပြတ်ထွက်ပေါ်နေသည်ဟု ခံစားရသည်။ လက်ရှိ (၁၀)ယောက်နှင့်ပင် မလုံလောက်ဘဲ နောက်တစ်ယောက် ထပ်မံထွက်ပေါ်လာပြန်လေပြီ။
မြောင်ယွဲ့က…
"ဒါက ရှင်ထင်တာထက်တောင် ပိုနိုင်ပါတယ်"
ထို့နောက် မည်သူမှ စကားမပြောကြတော့ပေ။
သူတို့အားလုံး မဟာတာအိုဖြစ်စဉ်နှင့် နောက်ဆက်တွဲအပြောင်းအလဲများကိုသာ ကြည့်ရှုနေခဲ့ကြသည်။
***
ခွန်လွန်ဝတ်ကျောင်းတော်။
ခွန်လွန်ဝတ်ကျောင်းတော်အစွန်းတွင် အနီရောင်တောက်ပနေသည့်အနားသတ်များပါရှိသော တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ရှိနေသည်။ သူ့မျက်နှာက ပြုံးလျှက်ရှိ၏။
"အံ့သြစရာပဲ ၊ အံ့သြစရာပဲ ၊ ဒါက တကယ့်ကို အံ့သြစရာကောင်းတယ်"
"ဆွေမျိုးသားချင်း ၊ မိတ်ဆွေအပေါင်းအဖော်တွေနဲ့ ပျော်ရွှင်စရာလောကကြီးတစ်ခုပဲ ၊ ဒီလူငယ်က သူများတွေနဲ့ မတူဘူးပဲ ၊ နတ်လူသားမျိုးနွယ်က ပါရမီရှင်လူငယ်နဲ့လည်း မတူဘူး ၊ သူတို့ (၂)ယောက် ရွေးချယ်တဲ့လမ်းက လုံး၀ ကွဲပြားတယ် ၊ ဒီလူငယ်ရဲ့ တိုက်ခိုက်တဲ့နည်းလမ်းက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြစ်နေလို့ ခံစားချက်တွေကို ဖြတ်တောက်ပစ်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့ ထင်ခဲ့တာ ၊ သူ့ကို ဒီလို စိတ်ကူးယဉ်ဆန်တဲ့လူတစ်ယောက်ဖြစ်မယ်လို့ ထင်မထားမိဘူး"
"သေချာပါတယ် ၊ သူ့ကို အနောက်နန်းတော်ကို ဝင်ခွင့်ပေးလိုက်တာ အကောင်းဆုံးရွေးချယ်မှုပါပဲ ၊ ဟက်… သူ နာမည်အသစ်ဘယ်လိုပေးမလဲဆိုတာကိုတော့ စောင့်နေရတော့မယ်"
***
ကျန်းလန် ကျောက်စိမ်းရေကန်သို့ ရောက်ရှိပြီးနောက် ပြင်ဆင်မှုအချို့ပြုလုပ်ကာ နောက်ဆုံးအဆင့် ဉာဏ်အလင်းပွင့်ခြင်းစတင်ရန် လုန်ယွိကို ခေါ်ဆောင်ရမည် ဖြစ်သည်။ ဤဖြစ်စဉ်က အချိန်ကာလကို မေ့လျော့သွားသည်အထိ ရှည်လျားမည် ဖြစ်သည်။
ကျန်းလန်က လုန်ယွိ၏ လက်ကို ကိုင်ထားလိုက်ပြီးနောက် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။
ကျန်းလန်က သူ၏တာအိုနယ်မြေတွင် လျှောက်လှမ်းနေကြသူများကို ဖန်တီးခဲ့ပြီး အမှတ်တရများကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းခဲ့သည်။ သူနှင့် လုန်ယွိသည်လည်း တာအိုနယ်မြေထဲတွင် တစ်ယောက်နှင့်တစ်ယောက် ဘဝ၏ အရေးပါသည့် အစိတ်အပိုင်းများ ဖြစ်လာခဲ့ကြသည်။
ထိုနေ့က ကျန်းလန် ပြန်ရောက်လာခဲ့သည်။
ပျက်စီးနေသောခြံဝင်းဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းဝင်လာစဉ် ရိုးရှင်းသောအဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရသည်။
သူပြန်လာသည်ကို မိန်းမပျိုက လှမ်းကြည့်လေသည်။ သူတို့မျက်လုံးချင်းဆုံမိသည်နှင့် အမှတ်တရများအားလုံးကို ပြန်လည်သတိရလိုက်မိကြသည်။
မိန်းမပျိုက မတ်တတ်ထရပ်လိုက်ပြီး တောက်ပသည့်အပြုံးဖြင့် ပန်းပွင့်လေးတစ်ပွင့်ပမာ ပြုံးပြလေသည်။
"ယောကျ်ား ၊ ပြန်တာတာကို ကြိုဆိုပါတယ်"
ကျန်းလန်ကလည်း သူမကိုကြည့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် သူမ၏လက်များကို အသာဆွဲကိုင်ရင်း တောင်ထိပ်ဆီသို့ အတူတူ လမ်းလျှောက်သွားကြလေသည်။
လမ်းတစ်လျှောက်တွင် စကားများစွာပြောကြသည်။ သူ့ဘဝက ခါးသီးလွန်းသည့်အတွက် စာမေးပွဲအောင်ရန်ပင် မနည်းကြိုးစားခဲ့ရသဖြင့် သူမက သူ့ကို အနစ်နာခံကာ စောင့်နေခဲ့ရသည်။ သူက သူမကို ကျေးဇူးတင်စကားဆိုခဲ့သည်။
ယခု သူမ ပင်ပန်းခဲ့ရသည့်အတွက် သေးသွယ်ရှည်လျားသည့် လက်ချောင်းများသည်ပင် ကြမ်းတမ်း၍ နေခဲ့ပြီ။
သူက သူမကို တစ်ဘဝလုံး ငြိမ်းချမ်းစေရန် စောင့်ရှောက်ပေးမည် ၊ အနာဂတ်တွင် သူမအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးခဲ့သည်။
သူက ကတိပေးထားသည်များကို သေချာပေါက် ဖြည့်ဆည်းပေးမည်ဖြစ်သည်။
တောင်ထိပ်သို့ရောက်သည့်အခါ မိန်းမပျိုက ကျန်းလန်ကို ကြည့်လိုက်သည်။ ဤသူသည် သူမဘဝတစ်လျှောက်လုံး ဂရုစိုက်ခဲ့သူဖြစ်ပြီး သူမမျက်နှာထက်တွင် အပြုံးရိပ်ကို တွေ့မြင်ရသည်။
ထို့နောက် သူမက စကားဆိုသည်။
"ကျွန်မ ရှင့်ကို ကြည့်နေချင်တယ် ၊ ရှင့်ကို အမြဲတမ်း ကြည့်နေချင်တယ်"
"ဒီအဆုံးမဲ့ လူအုပ်ကြီးထဲက မိန်းမပျိုက ကျွန်မပဲလေ ၊ အမွေဆက်ခံခဲ့တဲ့ မိန်းကလေးကလည်း ကျွန်မဘဲ ၊ အရှက်ကွဲခဲ့တဲ့မိန်းကလေးကလည်း ကျွန်မပဲ ၊ လူရမ်းကားကို သတ်ဖြတ်ခဲ့တဲ့မိန်းကလေကလည်း ကျွန်မပဲ ၊ လက်ထပ်ခဲ့တဲ့ မိန်းကလေးကလည်း ကျွန်မပဲ ၊ ငယ်ချစ်ဦးပြန်လာမှာကို စောင့်နေတဲ့သူကလည်း ကျွန်မပဲ ၊ အိမ်ကပေးစားတဲ့သူနဲ့လက်ထပ်ခဲ့တာလည်း ကျွန်မပဲ ၊ အချစ်အတွက် အသက်စွန့်ခဲ့တဲ့သူကလည်း ကျွန်မပဲလေ"
"အောင်သွယ်နဲ့ကမ်းလှမ်းလို့ လက်ထပ်ခဲ့ရတဲ့ မိန်းကလေးကလည်း ကျွန်မပဲလေ ၊ ကျွန်မ ရှင့်ကို အဖော်ပြုပေးမယ် ၊ ရှင့်ရဲ့တာအိုတရားကို ပြီးပြည့်စုံစေမယ် ၊ ရှင့်ရဲ့ တာအိုလမ်းစဉ်အတွက် ကျွန်မက လမ်းခင်းပေးပါ့မယ်"
ကျန်းလန်က သူ့ရှေ့မှ မိန်းမပျိုကိုကြည့်ပြီး စကားပြန်ပြောလိုက်သည်။
"ကိုယ်ကလည်း အမွေဆက်ခံသူမိန်းမပျိုကို သဘောကျခဲ့တဲ့သူ ၊ မိန်းမပျိုကိုစော်ကားခဲ့တဲ့ဓားပြ ၊ သူရဲကောင်းကိုသတ်ခဲ့တဲ့ လူရမ်းကား ၊ ပြီးတော့ သူရဲကောင်းမိန်းမပျိုကိုလက်ထပ်ခဲ့တဲ့သူရဲကောင်းကလည်း ကိုယ်ပဲလေ"
"မင်း စောင့်မျှော်နေတဲ့ ငယ်ချစ်ကလည်း ကိုယ်ပဲ ၊ အိမ်ကပေးစားလို့ ယူခဲ့ရတဲ့သူကလည်း ကိုယ်ပဲ ၊ အောင်သွယ်က ကမ်းလှမ်းတဲ့သူကလည်း ကိုယ်ပဲ ၊ မင်းက ကိုယ့်အတွက် တာအိုလမ်းကြောင်းကို ဖွင့်ပေးခဲ့သူပါ ၊ ဒီတော့ ကိုယ် မင်းကို စွန့်ပစ်သွားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းလန် သူ့ရှေ့မှ မိန်းမပျိုကို ပွေ့ဖက်လိုက်သည်။
သူတို့ (၂)ယောက် ပွေ့ဖက်လိုက်သည်နှင့် လောကကြီးတစ်ခုလုံး လင်းထိန်သွားသလို ခံစားလိုက်ရသည်။ သူတို့ (၂)ယောက်ကို ခွဲခွာနိုင်မည့်အရာ မည်သည့်အရာမှ မရှိနိုင်ပေ။
မဟာတာအိုက သူတို့ (၂)ယောက်ကြောင့် တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
တစ်ချိန်တည်းမှာပင် ကျန်းလန်က မိန်းမပျို၏ နားနားသို့ကပ်ကာ တိုးလျသည့်လေသံဖြင့် ပြောလိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ ကိုယ် ဒီနေ့တာအိုအင်မော်တယ် ဖြစ်သွားပြီ"
"ဘုန်း"
ထိုအချိန်…
ခွန်လွန်တောင် အပြင်ဘက်တွင် မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
နေနှင့်လ တစ်လှည့်စီထွန်းလင်းပြီး ကြယ်စင်များက ရွေ့လျားလှည့်ပတ်နေသည်။ အရာအားလုံးက အလင်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် စုရုံးလာသည်။
သူ့ဘဝက ပြီးပြည့်စုံသွားပြီဖြစ်သလို သူ၏ မဟာတာအိုသည်လည်း ပြီးပြည့်စုံသွားလေသည်။
မိုးနဲ့မြေတွင် အလင်းရောင်များစုဝေးသွားပြီး နှောင်ကြိုးများအားလုံး ပြတ်တောက်သွားသည်။ ထိုအလင်းရောင်သည် တာအိုအင်မော်တယ် အလင်းရောင်ပင် ဖြစ်သည်။
ယနေ့တွင် တစ်စုံတစ်ယောက်သည် တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ မဟာတာအို၏ တန်ခိုးစွမ်းအားသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။
ထိုမြင်ကွင်းကို တွေ့မြင်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ခွန်လွန်တောင် အဓိကခန်းမဆောင်တွင်မတ်တတ်ရပ်နေသူများအားလုံး ထိုတာအိုအင်မော်တယ် မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင်း သဘောပေါက်ခဲ့ကြသည်။
ထိုသူသည် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်၏။
သူတို့အားလုံးသည် တာအိုအင်မော်တယ်များ ဖြစ်ကြသည့်တိုင် နှလုံးသားထဲတွင် ကြောက်ရွံ့မှုအရိပ်အငွေ့ကို ခံစားခဲ့ကြရသည်။
ထိုသူက တကယ်ပဲ တာအိုအင်မော်တယ်လား။ ထို့ထက်များ အစွမ်းထက်နေလေသလား။
"သူ့ရဲ့ မဟာတာအိုလမ်းစဉ်က ပြီးပြည့်စုံသွားပြီပဲ"
မော့ကျန်းသုန့်က ကောင်းကင်ထက်သို့ကြည့်ရင်း တိုးလျစွာ ရေရွတ်လိုက်သည်။
***