ဂိုဏ်းတူမောင်လေး ၊ ရှင်က ကျွန်မရဲ့အဝတ်အစားတွေကို စုတ်ဖြဲပစ်မှာမလား
Vol. 37 Ch. 518
အလင်းရောင်က ခွန်လွန်တောင်အထက်တွင် စုစည်းလျှက် ရှိသည်။
နေရောင်အလား တောက်ပသည့် အလင်းရောင်စုစည်းမှုကို လူတိုင်းက စောင့်ကြည့်နေကြသည်။ ၎င်းအလင်းရောင်က ကောင်းကင်ထက်တွင် မြင့်မားစွာ တည်ရှိနေပြီး နေရောင်ထက်ပင် ပိုမိုတောက်ပနေကာ ခွန်လွန်တောင်တစ်ခွင်သို့ ဖြာကျလျှက် ရှိ၏။
ထိုအလင်းရောင်ကို မြင်ရသူတိုင်း ထိတ်လန့်တုန်လှုပ်သွားရပြီး ရိုသေလေးစားမှုများက နှလုံးသားထဲတွင် ပျံ့နှံ့သွားသည်။
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့သည် ထိုအလင်းရောင်ကိုကြည့်ရင်း ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ကြရသည်။ ထိုအလင်းရောင်က သူတို့နှင့် နက်ရှိုင်းသည့်ဆက်နွယ်မှုရှိနေသလိုပင်။
ထိုအလင်းရောင်သည် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားထံမှ ဆင်းသက်လာသည့် အလင်းရောင် ဖြစ်သည်။
"ကောင်လေး ၊ ဟို မြေအောက်နတ်ဆိုးဘိုးဘေးဆိုတဲ့သူ လက်သီးနတ်ဘုရားကို ရန်စခဲ့တာ မင်း သိတယ်မလား"
အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ခပ်တိုးတိုးမေးသည်။
ကောင်ငယ်လေးက ခေါင်းညိတ်လိုက်ရင်း…
"အင်း… ခင်ဗျားပဲ ပြောပြတာလေ ၊ ခင်ဗျားတောင် အဲဒီနတ်ဆိုးဘိုးဘေးအတွက် အမွှေးတိုင်ကြိုပြီးထွန်းပေးထားဦးမယ်လို့ ပြောသေးတာမလား"
သူတို့ (၂)ယောက် ကောင်းင်ထက်မှ အလင်းရောင်ကိုကြည့်ရင်း အံ့သြတုန်လှုပ်ခြင်းကို ခံစားရသည်။
အဋ္ဌမမင်းသားက…
"မြေအောက်နတ်ဆိုးဘိုးဘေးတော့ တကယ့်ကို သနားစရာပါပဲ"
ခွန်လွန်တောင်တစ်ခွင် လင်းထိန်တောက်ပနေစေသည့် မဟာတာအိုအလင်းတန်းက မည်သူ့ထံမှဖြစ်ကြောင်း အခြားသူများကတော့ မသိရှိကြပေ။ အဋ္ဌမမင်းသားနှင့်ကောင်ငယ်လေးတို့သာ သိရှိကြသည်။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသည် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ခဲ့ပြီ ဖြစ်သည်။
အဋ္ဌမမင်းသားက သက်ပြင်းတစ်ချက်ချလိုက်ရင်း စိတ်ထဲမှတွေးလိုက်သည်။
"လွန်ခဲ့နှစ်ပေါင်း (၇၀၀)လောက်က ငါ သူ့ကို ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ဖူးတယ် ၊ အဲဒီတုန်းက သူက လူသားအင်မော်တယ်အဆင့်တက်ဖို့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ခဲ့တယ် ၊ အခု နှစ်ပေါင်း (၇၀၀)ကြာပြီးတဲ့နောက် သူ တာအိုအင်မော်တယ်အဆင့်တက်တာကို ငါ မျက်မြင်တွေ့ရပြန်ပြီ ၊ သူကတော့ ငါ့ရဲ့ ထာဝရစံပြပုဂ္ဂိုလ်ဖြစ်နေမှာပဲ"
ထိုသူလောက် ကျင့်ကြံခြင်းအဆင့် လျှင်မြန်စွာတက်ရောက်နိုင်သူကို သူ တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
***
ခွန်လွန်တောင်အဓိကခန်းမဆောင်တည်ရှိရာ တောင်ထွတ်အစွန်းတွင် လူတိုင်းက ကောင်းကင်ထက်မှ အလင်းရောင်ကို မော့ကြည့်နေကြသည်။
ထိုသူ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ပြီဖြစ်ကြောင်း သူတို့အားလုံး နားလည်လိုက်ကြသည်။ ထိုသူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်သည် အရာအားလုံးကို လွှမ်းခြုံကာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ကျင့်ကြံသူများသည် ကိုယ်ပိုင်တာအိုလမ်းကြောင်းကို စတင်လျှောက်လှမ်းသည်နှင့် တာအိုအင်မော်တယ်အဆင့်သို့ ရောက်ရှိကြသည်။
သို့သော် ယခုပုဂ္ဂိုလ်ကတော့ အလွန်ထူးခြားသည်။ တာအိုအင်မော်တယ်အဆင့်မတက်လှမ်းခင် တာ့လော်အင်မော်တယ်အဆင့်မှာပင် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့ပြီး သူ တာအိုအင်မော်တယ်အဆင့် တက်လှမ်းချိန်တွင် သူ၏ကိုယ်ပိုင်တာအိုလမ်းစဉ်က ပြီးပြည့်စုံနေပြီ ဖြစ်သည်။
ထိုသူ တာအိုအင်မော်တယ်အဆင့်တက်သည်ကို အခြားသောတာအိုအင်မော်တယ်များက စောင့်ကြည့်နေကြသည။
နဂါးဧကရီရန်ကျင်းကလည်း အလင်းရောင်ကို လှမ်းမျှော်ကြည့်လျှက်ရှိသည်။ တာအိုအင်မော်တယ်အဆင့်တက်ရောက်သည့်အချိန်တွင် ယခုကဲ့သို့ ကိုယ်ပိုင်တာအိုလမ်းစဉ် ပြီးပြည့်စုံသည့်အခြေအနေမျိုးကို မည်သူမှ မကြုံတွေ့ဖူးခဲ့ကြပေ။
ရန်ကျင်းက မြောင်ယွဲ့နှင့် အခြားတောင်သခင်များကို လှမ်းကြည့်လိုက်ရင်း…
"အဲဒီလူက ဘယ်သူလဲ"
ရောက်လာသူများအားလုံးက ထိုသူ မည်သူဖြစ်ကြောင်း သိချင်နေကြသည်။ ဤသို့ပြင်းထန်လှသည့် ဖိအားများကို ထုတ်လွှတ်နေသည်မှာ သာမန်ကျင့်ကြံသူ မဟုတ်သည်ကတော့ သေချာသေည်။
မြောင်ယွဲ့က ရန်ကျင်းကို လှမ်းကြည့်လိုက်ရင်း ရယ်မောလိုက်၏။
"ရှင့်အနေနဲ့ ကျွန်မတို့ ခွန်လွန်တောင်ကို ဂုဏ်ပြုရမှာ မဟုတ်ဘူးလား"
နဂါးဧကရီရန်ကျင်းက…
"အင်း… နောက်ထပ်တာအိုအင်မော်တယ်တစ်ယောက် ထွက်ပေါ်လာတဲ့အတွက် ခွန်လွန်တောင်ကို ဂုဏ်ပြုပါတယ်"
အခြားသူများကလည်း အံ့သြတုန်လှုပ်လျှက်ပင် ဂုဏ်ပြုစကားဆိုလိုက်ကြသည်။
မြောင်ယွဲ့က မည်သည့်စကားမှမဆိုတော့ပေ။ သူတို့အားလုံး ခွန်လွန်တောင် ၊ အဓိကခန်းမဆေင်နံဘေးတွင် မတ်တတ်ရပ်ရင်း ကောင်းကင်ထက်မှ အလင်းရောင်ကိုသာ မျှော်ကြည့်နေကြသည်။
လေပြေက တိုက်ခတ်နေသည့်အတွက် သူတို့အဝတ်အစားများမှ လေထဲတွင် လွင့်မျောလျှက် ရှိ၏။
လက်ရှိ ခွန်လွန်တောင်တွင် တာအိုအင်မော်တယ် (၁၀)ယောက် ရှိပြီး ယနေ့ ထပ်မံထွက်ပေါ်လာသည့်တစ်ယောက်နှင့်ဆိုလျှင် တာအိုအင်မော်တယ် (၁၁)ယောက် ရှိပြီ ဖြစ်သည်။
***
ခွန်လွန်ဝတ်ကျောင်းတော်။
မီးတောက်ပမာနီရဲသည့် အနားသတ်များပါဝင်သော ဝတ်ရုံကို ဝတ်ဆင်ထားသော လူရွယ်သည် ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ပြုံးလိုက်လေသည်။
"အိမ်း… အချိန် (၁၀)နှစ်ပဲ ရှိသေးတယ် ၊ ကျုပ်တို့ သိပ်ကိုကောင်းမွန်တဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ကြရပြန်ပြီ ၊ ဒီလူငယ်ကတော့ ကျုပ်ရဲ့ နားလည်နိုင်စွမ်းကို အကြိမ်ကြိမ် ချိုးဖျက်နေတော့တာပဲ ၊ သိပ်ကို အထင်ကြီးစရာကောင်းပါပေတယ်"
သူ့ပခုံးထက်ရှိ မိစ္ဆာနဂါးငယ်လေးက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို စောင်းလိုက်သည်။
"လောကကြီးမှာ လမ်းကြောင်းအသစ်တစ်ခုကို လျှောက်လှမ်းချင်သူတွေရှိကြသလို နတ်ဘုရားရာထူးကို လိုချင်သူတွေလည်း အများကြီးရှိကြတယ် ။ အဲဒီမှာ အားနည်းတဲ့သူကတော့ ပစ်မှတ်ထား ခံရမှာပဲ ၊ ဒါကြောင့်လည်း မတရားမှုနဲ့ အငြင်းပွားမှုတွေ ဖြစ်လာကြတာပေါ့"
"ကာလတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ မတရားမှုတွေနဲ့ အငြင်းပွားမှုတွေဟာ တန်ခိုးစွမ်းအားကွာဟချက် ကြီးမားကြလို့ပဲ ၊ တစ်ယောက်နဲ့တစ်ယောက်သာ တန်ခိုးစွမ်းအားတူညီနေရင် ဒီလိုဖြစ်ရပ်တွေ ဖြစ်လာဖို့ မလွယ်နိုင်ပါဘူး"
"အိမ်း… ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြီးဆုံးရင်တော့ ခွန်လွန်တောင်ဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခွင်မှာ ဂုဏ်သတင်းထွန်းလင်းလာဦးတော့မှာပဲ"
သက်လတ်ပိုင်းလူရွယ်၏ မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ရှိနေသည်။ ထိုနေ့သည် များမကြာမီရောက်လာပေတော့မည်။
သို့သော်…
အခြားသူများ မလုပ်နိုင်သည့်အရာကို ခွန်လွန်တောင်က လုပ်နိုင်နေသည်မှာ ကောင်းသည့်အချက်တော့ မဟုတ်ခဲ့ပေ။
***
ကျောက်စိမ်းရေကန်။
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူမ ပထမဆုံးတွေ့မြင်ရသည်က လုန်ယွိ၏မျက်နှာလေး ဖြစ်လေသည်။
လုန်ယွိသည် ကျန်းလန်နိုးထာလာမည်ကို စောင့်ဆိုင်းနေသည့်အလား မျက်နှာထက်တွင် အပြုံးရိပ်တို့ ယှက်သန်းလို့နေသည်။ တစ်စုံတစ်ခုကိုလည်း ပြောချင်နေဟန် ရှိ၏။
တကယ်တော့ သူမ အရမ်းပြောချင်နေခဲ့ခြင်း ဖြစ်သည်။
"ဂိုဏ်းတူမောင်လေး ၊ တာအိုနယ်မြေထဲမှာ ရှင် လူရမ်းကားလုပ်ပြီး ကျွန်မကို စော်ကားဖို့ကြံစည်တော့ စိတ်ထဲမှာ ဘာတွေတွေးနေတာလဲဟင်"
ကျန်းလန် မျက်လုံးများ ဖွင့်လာသည်နှင့် လုန်ယွိက ချက်ချင်း မေးမြန်းလိုက်သည်။
ကျန်းလန် : "……"
သောက်ကျိုးနဲ ၊ အကြောင်းအရာတွေ အများကြီးထဲမှာ ဒီနဂါးမလေးက ဒီကိစ္စတစ်ခုတည်း မှတ်မိနေတာလား။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မသာ ရှင့်ကို သတ်မပစ်ရင် ရှင်က ကျွန်မရဲ့အဝတ်အစားတွေကို စုတ်ဖြဲပစ်မှာမလား"
လုန်ယွိက ကျန်းလန်အနားတိုးကပ်လာရင်း မေးသည်။
ကျန်းလန် : "……"
***
နောက်တစ်နေ့နံနက်။
ကျန်းလန် မက်မွန်ပင်အောက်တွင်ထိုင်ရင်း သူ့ခန္ဓာကိုယ်ထက်မှ ကုတ်ခြစ်ရာများကို ကြည့်လိုက်သည်။ လက်သည်းရာများက အရင်ကထက်ပင် ပိုမိုရှည်လျားသေးသည်။
ထို့ပြင် ထိုနဂါးမလေးသည် သူ့မျက်နှာကိုပင် များစွာ ကုတ်ခြစ်ထားသည်။ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ကုတ်ထားခြင်း ဖြစ်နိုင်သည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ တမင်သက်သက် ကုတ်တာမဟုတ်ပါဘူး ၊ ဟိုတုန်းကအကြောင်းတွေပါတွေးမိပြီး စိတ်ရိုင်းတွေဝင်လာလို့ပါ"
လုန်ယွိက ကျန်းလန်နောက်တွင်မတ်တတ်ရပ်ရင်း ခေါင်းကိုငုံ့ကာ ဆိုသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို ကြည့်ချင်လား"
မနေ့ညက အဖြစ်အပျက်များကို သူ စိတ်ထဲမထခဲ့ပေ။
ဤနဂါးမလေးက မာနကြီးပြီး မိုက်မဲသည်ဖြစ်လေရာ သူမနှင့် ပြိုင်ငြင်းနေ၍ မဖြစ်ပေ။
ရှောင်ယွိက ကျန်းလန်ဘေးနားတွင် ဝင်ထိုင်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေးရော ကြည့်မှာလား"
ကျန်းလန်က…
"ကိုယ်က ကြည့်ရမှာလေ ၊ ဒါပေမဲ့ ပြိုင်ပွဲစင်မြင့်မှာ သွားကြည့်ရမှာ"
သူက ပရိတ်သတ်အနေဖြင့်ကြည့်ရမည် မဟုတ်ဘဲ နတ်ဘုရားနေရာ (၁၂)ယောက်နေရာတွင် ပါဝင်ရမည် ဖြစ်သည်။
ထို့ပြင် သူ့ကို မြေအောက်နတ်ဆိုးဘိုးဘေးက တိုက်ခိုက်ရန် အခွင့်အလမ်း မြင့်မားသည်။ တစ်ဖက်လူက တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်လဲ သူ သိချင်မိသည်။ သူ့အနေဖြင့် ပြင်ဆင်မှုအချို့ ပြုလုပ်ရန်လည်း လိုအပ်သည်။
ရှောင်ယွိက…
"ကျွန်မ ဂိုဏ်းတူမောင်လေးဘေးမှာ လိုက်ကြည့်လို့ မရဘူးလား"
ကျန်းလန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ဖဝါးထက်တွင် ကြေးမုံမှန်တစ်ချပ်ပေါ်လာသည်။
"ဒီ ကြေးမုံမှန်ကနေတစ်ဆင့် မင်း ကြည့်လို့ရတယ်"
ရှောင်ယွိက ကျန်းလန် လက်ဖဝါးထက်မှ တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ယူလိုက်ပြီး အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ထိုကြေးမုံမှန်က မည်သို့သောမှော်ဝင်ပစ္စည်းဖြစ်ကြောင်း သူမ မသိခဲ့ပေ။
နဂါးမျိုးနွယ်တစ်ယောက်အနေဖြင့် သူမက ဗဟုသုတနှင့် ပြည့်စုံသူ ဖြစ်သည်။ သို့သော် ဤကြေးမုံမှန်ကတော့ ထူးခြားသည်ဆိုခြင်းမှလွဲပြီး ဘာမှ မပြောနိုင်ခဲ့ပေ။
ကျန်းလန်က တောင်နှင့်ပင်လယ်ကြေးမုံမှန်ထက်တွင် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ရာ မှန်ထက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ယန်ရှီးယွင်နှင့်အတူ သားကောင်များအမဲလိုက်နေသည့် အဋ္ဌမမင်းသား၏ ပုံရိပ်ဖြစ်သည်။
"အမဲလိုက်တဲ့အလုပ်က ဒီလောက်ရိုးရှင်းတာ မင်း သင်လို့ မတတ်ဘူးလား"
အဋ္ဌမမင်းသားက ယန်ရှီးယွင်ကို မေးလိုက်ခြင်းဖြစ်သည်။
ယန်ရှီးယွင်က…
"ကျွန်မ သင်လို့တတ်ပါတယ် ၊ ဒါပေမဲ့ ကျွန်မ သတ္တဝါတွေကို သတ်ရင် ကမ္ဘာမြေကြီးက ငိုမယ်လို့ ပြောတယ်"
"ဒါဖြင့် ငါကင်တဲ့ အသားကင်တွေကျတောာ့ ဘာလို့ တစ်ဖြဲနှစ်ဖြဲစားနေတာလဲ"
"အဲဒါက အစ်ကိုသတ်ထားတဲ့သတ္တဝါတွေရဲ့အသားကို စားတာလေ ၊ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူး"
လန်မန် : "……"
ထို့နောက် ကျန်းလန်က လက်ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းက ပျောက်ကွယ်သွားသည်။
ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်သည်။
"ဒါဆို ဒီကြေးမုံမှန်ကနေတစ်ဆင့် ကျောက်စိမ်းရေကန်ကို ကြည့်လို့ရလား"
ကျန်းလန်က…
"မရနိုင်ဘူး"
ထို့နောက် ကျန်းလန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်လေရာ ကျောက်စိမ်းရေကန်ထက်တွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထိုအရာက ကျောက်စိမ်းရေကန်ကို ကြည့်ခြင်းဖြစ်သော်လည်း မြူခိုးများဖုံးလွှမ်းနေသည့် နေရာတစ်ခုအဖြစ်သာ တွေ့မြင်ရသည်။
ရှောင်ယွိက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ကျွန်မက ကိုယ့်ကိုယ်ကိုယ် နဂါးတစ်ကောင်အဖြစ် မြင်ရမလားလို့ ထင်နေတာ"
ကျန်းလန် : "……"
ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားထဲတွင်တော့ သူမကို နဂါးပုံစံဖြင့် တွေ့မြင်ရမည် ဖြစ်သည်။
ရှောင်ယွိက ဆက်ပြီး စပ်စုသည်။
"ဒီကြေးမုံမှန်က အရာအားလုံးကို ကြည့်လို့ရတာလား"
ကျန်းလန်က…
"မဟုတ်ဘူး ၊ ကြားခံရှိမှ ကြည့်လို့ရတာ ၊ အဋ္ဌမမင်းသားက ဂိုဏ်းတူအစ်မနဲ့ မောင်နှမတွေဆိုတော့ ကြားခံမလိုဘူးလေ ၊ တခြားသူတွေဆိုရင်တော့ အတိအကျလိုက်ကြည့်လို့ မရနိုင်ဘူး"
တောင်နှင့်ပင်လယ်ကြေးမုံမှန်သည် တောတောင်ရေမြေမျာကို ကြည့်ရှုနိုင်သော်လည်း ကြားခံမရှိပါက တိကျသည့်နေရာကို မကြည့်နိုင်ဘဲ မြေပြင်အနေအထားကိုသာ တွေ့မြင်ရမည် ဖြစ်သည်။
ရှောင်ယွိက…
"ဒါဖြင့် ဆရာ့ကိုကြည့်ရင်ရော ဘာဖြစ်မလဲ"
ကျန်းလန်က တိုက်ရိုက်ပင်ဖြေလိုက်သည်။
"ဂိုဏ်းတူအစ်မ ဒဏ်ရာအပြင်းအထန်ရသွားမှာပေါ့"
ရှောင်ယွိ : "……"
ကျန်းလန်သည်ပင် တောင်သခင်များနှင့် သေရည်ဆိုင်မှ အဘိုးအိုကို ထိုကြေးမုံမှန်အသုံးပြုပြီး မကြည့်ဝံ့ခဲ့ပေ။ ထိုသူများက ချက်ချင်းသိရှိသွားကြမည် ဖြစ်သည်။
သူတို့၏တိုက်ခိုက်မှုကို အချိန်မီ မရှောင်တိမ်းနိုင်လျှင် ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်ပြီး မည်သည့်နေရာက ကြည့်ရှုနေသည်လဲဆိုသည့်အချက်ကိုပင် သိရှိသွားနိုင်သည်။
တာအိုအင်မော်တယ်များအားလုံးတွင် ကိုယ်ပိုင်တာအိုလမ်းစဉ်နှင့် ထူးခြားသည့်တန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားသည်။ သူတို့အားလုံးက ပေါ့သေးသေးမဟုတ်ကြပေ။
အထူးသဖြင့် ကျန်းလန်ကိုယ်တိုင် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ပြီးသည့်နောက် လောကတစ်ခုလုံး သူ့လက်ခုပ်ထဲရောက်နေသလို ခံစားရသည်။
အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားမှုကို ခံစားရပြီး တစ်ယောက်ယောက်က သူ့ကို ကြည့်ရှုနေသည်ဆိုလျှင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုပင် အသုံးပြုစရာမလိုဘဲ ချက်ချင်း သိရှိလေသည်။
ကျင့်ကြံသူတစ်ယောက်၏ စိတ်စွမ်းအားက မခိုင်မာဘူးဆိုလျှင် တာအိုအင်မော်ယ်အဆင့်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ကျန်းလန်က…
"တန်ခိုးစွမ်းအားရှင်တစ်ယောက်ကို သွားပြီးကြည့်ရင်တော့ ပေါ်သွားမှာပဲ"
နောက်ဆုံးတော့ ရှောင်ယွိ လက်လျှော့လိုက်သည်။
"ဒါဆို သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကိုပဲ ကြည့်တော့မယ်"
ထိုအချက်ကတော့ ပြဿနာမရှိပေ။
ရှောင်ယွိ လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည့်အခါ ကြေးမုံမှန်ထဲတွင် နဝမတောင်ထွတ်ရှိ သူတို့ (၂)ယောက်နေထိုင်ရာ ခြံဝင်းပေါ်လာသည်။ ခြံဝင်းထက်တွင် မြူခိုးအလွှာတစ်ထပ်ကာရံထားပြီး မြူခိုးများက လေထဲတွင် ပျံ့လွင်နေသည်။
ကျန်းလန်က…
"ဒါက ခြံဝင်းထဲမှာ ကိုယ်လုပ်ထားတဲ့ အစီအရင်ပဲ"
ရှောင်ယွိက ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လေရာ သူလျှိုများက သူမကို ပစ်မှတ်ထားနိုင်ခြေမြင့်မားသည်။ ကျောက်စိမ်းရေကန်တွင် နေထိုင်ခြင်းက သူမအတွက် ပြဿနာမရှိနိုင်သော်လည်း နဝမတောင်ထွတ်တွင်တော့ သတိမထားပါက ပြဿနာဖြစ်လာနိုင်သည်။ ဖြစ်နိုင်ခြေမမြင့်မားသော်လည်း ပြင်ဆင်ထားရမည် ဖြစ်သည်။
ရှောင်ယွိက တောင်နှင့်ပင်လယ်ကြေးမုံမှန်ကိုကြည့်ရင်း ကျန်းလန်ကို မှီထိုင်လိုက်သည်။ ကျန်းလန်က မက်မွန်ပင်အောက်တွင်ထိုင်ရင်း သူ့ခန္ဓာကိုယ်အတွင်းမှ တန်ခိုးစွမ်းအားများ ငြိမ်သက်သွားအောင် ကျင့်ကြံနေသည်။
မဟာတာအို၏ တန်ခိုးစွမ်းအားက အဆုံးမရှိသည့် သမုဒ္ဒရာတစ်ခုလိုပင် ဖြစ်လေရာ အပြည့်အ၀ ထိန်းချုပ်နိုင်ရန် လိုအပ်သည်။ သို့မှသာ အပြောင်းအလဲများနှင့် အန္တရယ်များအားလုံးကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် နွားရိုင်းကိုးကောင်စွမ်းအား ၊ အန္တရယ်ကိုးသွယ်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားများကိုလည်း ကျင့်ကြံခြင်းဆင့်နှင့် ကျွမ်းဝင်စေရန် ကျင့်ကြံရမည် ဖြစ်သည်။
ပထမတောင်ထွတ်တွင် စနစ်မှတ်ပုံတင်စဉ်က "အကန့်အသတ်မဲ့ဘေးဆိုးကျင့်စဉ်" ကိုလည်း သူ ရရှိခဲ့သေးသည်။
ထိုတန်ခိုးစွမ်းအားများအားလုံးက တာအိုအင်မော်တယ်အဆင့်အတွက် အသုံးဝင်သည်။
နွားရိုင်းကိုးကောင်စွမ်းအားသည် ယခုအချိန်ထိပင် ထိရောက်နေဆဲ ဖြစ်ပြီး သူ၏ အကန့်အသတ်သို့ မရောက်ရှိသေးပေ။ ဤသည်က ကျန်းလန်မျှော်လင့်ထားသည့် အရာလည်း ဖြစ်သည်။
လက်ရှိတွင် ကျန်းလန်သည် ကဏ္ဍပေါင်းစုံတွင် အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့ဆိုလျှင် တာအိုအင်မော်တယ်အဆင့်၏ အထက်တွင် မည်သည့်အဆင့် ရှိပါသေးသနည်း။
ကျန်းလန်မသိရှိသေးသော်လည်း အလျင်လိုခြင်း မရှိပေ။ သူ၏ တန်ခိုးစွမ်းအားများကို အရင်ဆုံး ထိန်းချုပ်ရမည် ဖြစ်သည်။ ပြီးလျှင်တော့ ဆရာဖြစ်သူပေးထားသည့် တာအိုအင်မော်တယ်အဆင့်စာအုပ်ကို ဖတ်ရှုရမည် ဖြစ်သည်။ စာအုပ်ထဲတွင်တော့ တာအိုအင်မော်တယ်အထက်တွင် မည်သည့်အဆင့်ရှိမည်ကို ဖော်ပြကောင်းဖော်ပြထားပေလိမ့်မည်။
သို့ပေသိ…
လွယ်လွယ်နှင့်တော့ ထိုအဆင့်သို့ ရောက်ရှိမည်မထင်ပေ။
အရင်က နတ်ဘုရားရာထူးသည် ထိုအဆင့်သို့ တက်လှမ်းရန် လှေတစ်စင်းပမာဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ဧကရာဇ်ရှီးဟယ်အပါအဝင် နတ်ဘုရားရာထူးပိုင်ဆိုင်ထားသည့် အခြားသောသူများသည် မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားနေပါစေ တာအိုအင်မော်တယ်အဆင့်ကို ကျော်လွန်နိုင်ခြင်း မရှိကြပေ။
ပိုမိုမြင့်မားသည့်အဆင့်သို့ တက်ရောက်လိုလျှင် အသက်ပေးဆပ်ရဖွယ်ရှိသည်။
ကျန်းလန် ကျောက်စိမ်းရေကန်တွင် နှစ်အနည်းငယ်ကြာအောင် နေထိုင်ခဲ့သည်။ ထိုနှစ်များအတွင်း တာအိုအင်မော်တယ်အငဆ့်နှင့် ကျွမ်းဝင်လာစေရန် ကျင့်ကြံခဲ့သည်။
လုန်ယွိ၏ ကျင့်ကြံခြင်းနှင့်ပတ်သက်၍လည်း သူက ကြည့်ရှုသင်ပြပေးသည်။ ရံဖန်ရံခါတော့ သူမကို နဂါးတစ်ဝက်အသွင်ပြောင်းအောင် ကူညီပေးရသေးသည်။
သူတို့လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သည့်တိုင် တိုးတက်မှုကတော့ နှေးကွေးနေသေးသည်။
ယခုဆိုလျှင် ကျန်းလန် တောင်ပေါ်ရောက်သည်မှာ နှစ်ပေါင်း (၈၁၉)နှစ် ရှိခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် (၉)နှစ်က ကျန်းလန် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ခဲ့ပြီး ဖြစ်သည်။
လုန်ယွိနှင့် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်း (၂၀၀)ခန့် ရှိပြီ ဖြစ်သည်။
"ကြည့်ရတာ နောက်ထပ် အနှစ် (၂၀၀)လောက်ဆိုရင်လည်း နဂါးတစ်ဝက်အသွင်ပြောင်းနေဦးမှာပဲထင်တယ် ၊ ဂိုဏ်းတူအစ်မက အသားမကျနိုင်လောက်သေးဘူး"
ကျောက်စိမ်းရေကန်နံဘေးတွင် မတ်တတ်ရပ်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ နောက်ကွယ်မှာ အခုလိုအတင်းပြောတာဟာ ရိုင်းစိုင်းလွန်းတယ် မထင်ဘူးလား"
ရှောင်ယွိ ချက်ချင်းပြေးလာပြီး ကျန်းလန်ကို ပညာပေးရန် သူမ၏ သစ်သားဓားကို ကိုင်မြှောက်လိုက်သည်။
ကျန်းလန်က သူမ၏ သစ်သားဓားကို အသာဆုပ်ကိုင်လိုက်ရင်း…
"ဂိုဏ်းတူအစ်မ ၊ ကိုယ်တို့ အပြင်ထွက်ချိန်ရောက်ပြီ"
နောက်နှစ်ဆိုလျှင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စတင်ပြီဖြစ်လေရာ သူတို့ (၂)ယောက် ကျောက်စိမ်းရေကန်မှ ထွက်ခွာရမည်ဖြစ်သည်။
"ဝှစ်…"
ကျန်းလန် ဓားပေါ်သို့ တက်လိုက်သည်နှင့် ရှောင်ယွိက သူမ၏ဓားကိုစီးနှင်ကာ ပျံသန်းထွက်ခွာသွားသည်။
ကျောက်စိမ်းရေကန်တွင် အနှစ် (၃၀)တိတိ နေထိုင်ခဲ့ပြီးနောက် သူမ အပြင်သို့ ထွက်ရပြီ ဖြစ်သည်။ ကျန်းလန်အတွက်သာမဟုတ်လျှင် သူမ ထိုမျှအချိန်ကြာကြာ ကျောက်စိမ်းရေကန်တွင် နေထိုင်မည် မဟုတ်ပေ။
သို့သော် လွန်ခဲ့သည့်နှစ်များတစ်လျှောက် တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် သားရဲဥလေးနှင့် ရေသဖန်းပင်လေးတို့ကို မငြီးမငွေ့ ကြည့်နေခဲ့သည်။
ထိုအရာလေးများက အနည်းငယ် ညှိုးနွမ်းသွားဟန်ရှိသည့်တိုင် အပြောင်းအလဲမရှိဘဲ အသက်ရှင်သန်နေဆဲ ဖြစ်သည်။ ရေသဖန်းပင်လေး လန်းဆန်းလာသည်ကို သူမ မတွေ့မြင်ဖူးသလို သားရဲဥလေး လှုပ်ရှားလာသည်ကိုလည်း မတွေ့မြင်ဖူးခဲ့ပေ။
"ကျွန်မတို့ အိမ်ပြန်ကြမှာလား"
လမ်းတွင် ရှောင်ယွိက မေးသည်။
ကျန်းလန်က…
"အိမ်မပြန်ခင် အပြင်ခဏထွက်ကြမယ်လေ ၊ ဆရာ့အတွက်လည်း အကောင်းစားသေရည် ဝယ်ချင်လို့"
ဆရာဖြစ်သူကို ဂါရဝမပြုရသည်မှာ နှစ်ပေါင်း (၃၀) ဖြစ်သည်။ ထို့ကြောင့် အကောင်းစားသေရည်ဖြင့် ဂါရဝပြုရပေမည်။ တစ်ချိန်တည်းမှာပင် တိုက်ပွဲစင်မြင့်ကိုလည်း လေ့လာရမည်ဖြစ်သည်။ ယခုဆိုလျှင် ထိုနေရာတွင် လူပေါင်းများစွာ ရောက်ရှိနေပေလောက်ပြီ။
နောက်ထပ် လ အနည်းငယ်ဆိုလျှင် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စတင်တော့မည် ဖြစ်လေရာ အဋ္ဌမမင်းသားနှင့် အခြားသူများကိုလည်း တွေ့ဆုံရမည် ဖြစ်သည်။ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း မေးမြန်းရပေမည်။ ထို့ကြောင့် သေရည်ဆိုင်သို့ သွားရောက်ရန် လိုအပ်သည်။
တာအိုအင်မော်တယ်အဆင့်တက်ပြီးနောက် နတ်ဘုရားရာထူးအခြေအနေက မည်သို့ရှိသည်ကိုတော့ လောလောဆယ်တွင် မသိရသေးပေ။
ဧကရာဇ်ရှီးဟယ်ကလည်း သူ့ကို မဆက်သွယ်သေးပေ။ အချိန်များစွာ ရှိသေးလေရာ အလျှင်လိုစရာတော့ မရှိပေ။
အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များကတော့ ဧကရာဇ်ရှီးဟယ်ကို စကားပြောရန်နေနေသာသာ သူတို့နေထိုင်ရာဒေသမှပင် ထွက်ခွာနိုင်ခြင်း မရှိကြပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ဧကရာဇ်ရှီးဟယ်ကို သိရှိသူ အနည်းငယ်သာ ရှိသည်။
ရှောင်ယွိက ဓားကို စီးနှင်ရင်း ခွန်လွန်တောင်အပြင်ဘက်သို့ ရောက်ရှိလာသည်။ သို့သော် သူမ ဓားကို မြန်မြန်စီးနှင်နိုင်ခြင်း မရှိပေ။ အကြောင်းမှာ ခွန်လွန်အပြင်ဘက်တွင် ရောက်ရှိနေသူ အလွန်များသည့်အတွက် အခြားသူများနှင့် မတိုက်မိစေရန် အာရုံစိုက်နေရသောကြောင့် ဖြစ်၏။
ခွန်လွန်တောင်အပြင်ဘက်သို့ ရောက်သည်နှင့် ကောင်းကင်ဘုံနှင့် မရဏလောကကို ချိတ်ဆက်ထားသည့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ကို တွေ့မြင်လိုက်ရသည်။ တာအိုအင်မော်တယ်ဖြစ်လာပြီးသည့်နောက် ထိုစင်မြင့်၏ ဖွဲ့စည်းပုံကို ပိုပြီး ရှင်းရှင်းလင်းလင်းသိမြင်လာသည်။
စင်မြင့်ပတ်ဝန်းကျင်တွင် မိုးနဲ့မြေ၏ တန်ခိုးစွမ်းအားများ လှည့်ပတ်နေသော်လည်း အနားသို့ ချဉ်းကပ်လာသူမျာကို ထိခိုက်စေခြင်း မရှိပေ။ ထိုစွမ်းအားများအားလုံးကို တိုက်ပွဲစင်မြင့်က ထိန်းချုပ်ထားသည်။
တာအိုအင်မော်တယ်ဖြစ်လာသည်ဆိုသော်လည်း ကျန်းလန်သည် ထိုသို့သော်စင်မြင့်တစ်ခုကို ဆောက်လုပ်နိုင်စွမ်း မရှိပေ။ ဧကရာဇ်ရှီးဟယ်သည် အလွန်တရာ တန်ခိုးစွမ်းအားကြီးမားသူ ဖြစ်၏။
အင်မော်တယ်လမ်းစဉ်အဆုံးထိ လျှောက်လှမ်းနိုင်ခဲ့ကြသူများထဲတွင် ကိုယ်ပိုင်ထူးချွန်မှုတစ်ခုစီ ရှိကြသည်။ ကျန်းလန်ကတော့ အစီအရင်ပညာအနည်းငယ် ထူးချွန်ပြီး အခြားပညာရပ်များတွင်တော့ အကြမ်းဖျင်းမျှသာ နားလည်သည်။ သူ၏ အသိပညာအများစုကို စာအုပ်များဖတ်ရှုခြင်းမှ ရရှိခဲ့ခြင်းပင်။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်တည်ဆောက်ခြင်းကဲ့သို့သောအရာများက စာအုပ်များထဲတွင် ရေးသားထားခြင်း မရှိပေ။ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အရာတစ်ခုကို မပြုလုပ်မီ လေ့ကျင့်မှုများစွာ လိုအပ်သည်။
လမ်းတစ်ဝက်အရောက်တွင် ရှောင်ယွိက မြေပြင်ထက်သို့ ဆင်းသက်လိုက်ပြီး လမ်းလျှောက်သွားရန် ရွေးချယ်လိုက်သည်။ ကောင်းကင်ထက်တွင ်ပျံသန်းနေကြသူများ အလွန်များပြားသောကြောင့် ဖြစ်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေးက ဓားစီးရတာ သဘောမကျဘူး မဟုတ်လား"
ကျန်းလန်က…
"အင်း… လမ်းလျှောက်ရတာက သူများတွေ အာရုံမစိုက်မိဘူးလေ"
သူတို့ (၂)ယောက် သေရည်ဆိုင်သို့ လမ်းလျှောက်လာကြသည်။ သေရည်ဆိုင်တွင် အကောင်းစားသေရည်မှာထားပြီးမှ တိုက်ပွဲစင်မြင့်ကို နောက်တစ်ခေါက် လာကြည့်ရန် စဉ်းစားထားကြသည်။
သေရည်ဆိုင်တွင် သေရည်ဆိုင်ပိုင်ရှင်ပြန်လာချိန်အထိ စောင့်ဆိုင်းရမည် မဟုတ်ပါလား။
ယခုတော့ သေရည်ဆိုင်တွင် လူကျလျှက် ရှိပြီး စကားသံများကလည်း ဆူညံနေသည်။ ဟုန်ယာက ဆိုင်ကောင်တာတွင် အလုပ်များနေပြီး ဟုန်ယီက သူမကို ကူညီပေးနေသည်။
ရှောင်ယွိက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည့်အခါ လုန်မန်နှင့် ကောင်ငယ်လေးကို မတွေ့ရပေ။
သူမက ဟုန်ယာကို မေးလိုက်သည်။
"မင်း တစ်ယောက်တည်းလား"
"သူတို့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ဆီကိုသွားကြတယ် ၊ သူတို့ (၂)ယောက်ပဲ ဟုန်ယီကို ကူညီပေးဖို့ ခေါ်ထားတာလေ"
ဟုန်ယာက ဆိုသည်။
သူမက ထိုမျှအလုပ်များသည် မဟုတ်ပေ။ ဟုန်ယီတစ်ယောက်သာလျှင် ပြေးလိုက်လွှားလိုက်ဖြင့် အလုပ်များနေသည်။
ဟုန်ယီက ဧည့်သည်များအတွက် သေရည်ယူရန် ရောက်လာရင်း ကျန်းလန်နှင့် ရှောင်ယွိကို နှုတ်ဆက်လိုက်သည်။ သူမကိုကြည့်ရသည်မှာ ပျော်ရွှင်ဟန်မတူပေ။
ကြည့်ရသည်မှာ လုန်မန်နှင့် ကောင်ငယ်လေးက အနိုင်ကျင့်ပြီး အတင်းအကျပ် အလုပ်လုပ်ခိုင်းထားခြင်း ဖြစ်ဟန်တူသည်။
ဟုန်ယာက…
"ရှီးယွင်ကတော့ လမ်းပျောက်ပြီးလို့ လမ်းပြန်တွေ့ရင် ဆိုင်ကို ရောက်လာပြီး ကူညီရှာပါတယ် ၊ ဒီအချိန်အတွင်းမှာတော့ ဟုန်ယီပဲ အလုပ်များရတာပေါ့"
ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။
ကောင်ငယ်လေးက သေရည်ဆိုင်ကို စိတ်မဝင်စားတော့ပေ။ အဋ္ဌမမင်းသားသည်လည်း သားကောင်များကိုဖမ်းပြီး အကင်ရောင်းချသည့်လုပ်ငန်းကို ရပ်နားထားသည်။
ကြည့်ရသည်မှာ ဝီရိယာရှိရှိဖြင့် ကျင့်ကြံနေကြသည်လား။
ထိုစဉ်…
"အဋ္ဌမမင်းသား အကင်ရောင်းနေတာကို နဂါးမျိုးနွယ်ထဲက အကြီးအကဲတစ်ယောက် တွေ့သွားတယ်တဲ့ ၊ အဲဒါ အပြစ်ပေးခံလိုက်ရလို့ အခု မရောင်းတော့ဘူးလို့ ကြားတယ် ၊ ဒါပေမဲ့ တိတ်တိတ်လေးတော့ ခိုးရောင်းတယ်တဲ့ ၊ ဒါကြောင့် အမြည်းမရှိတော့ သေရည်သောက်ရတာ အရသာမရှိဘူး"
ဆိုင်ထဲမှ ခွန်လွန်တပည့်အချို့ ထွက်ခွာရင်း ပြောဆိုသွားကြခြင်းပင်။
ကျန်းလန် : "……."
ရှောင်ယွိကတော့ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားသည်။ အကင်ရောင်းသည့်ကိစ္စကို အကြီးအကဲများသိသွားပါက အပြစ်ပေးခံရမည်ဟု အစကတည်းက သူမ လုန်မန်ကို သတိပေးထားပြီး ဖြစ်သည်။
ယခုတော့ အမေကိုယ်တိုင် ခွန်လွန်တောင်ရောက်နေသည်ကိုပင် ထိုနဂါးမင်းသားက အကင်ရောင်းရဲနေသေးသည်။ ခံရသည်ပင် နည်းသေးတော့၏။
ပြီးတော့ အသားခုတ်ရန်ပင် ကောင်းကင်နဂါးဓားနှင့် နဂါးဓားသိုင်းကို အသုံးပြုနေသေးသည်။ ထိုကိစ္စကိုသာ အမေသိလျှင် စကားမပြောနိုင်လောက်အောင် ဒေါသထွက်မည်ပင်။
အကောင်းစားသေရည်မှာကြားပြီးနောက် ကျန်းလန်နှင့် ရှောင်ယွိတို့ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို ရှာဖွေရန် ထွက်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း တိုက်ပွဲစင်မြင့်နှင့် ကျွမ်းဝင်မှုရှိအောင် လေ့လာရမည် ဖြစ်သည်။
တိုက်ပွဲစင်မြင့်ကို ခဏမျှလေ့လာပြီးနောက်…
"ဘာမှတော့ သိပ်မထူးခြားပါဘူး"
ကျန်းလန်ရေရွတ်လိုက်သည်။
ထို့နောက် အဋ္ဌမမင်းသားကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူတို့ ထွက်ခွာခါနီးတွင် လေထုကို ထိုးခွင်းသံတစ်သံ ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က ဓားကိုစီးနှင်ပျံသန်းသွားသည့်အသံ မဟုတ်ပေ။
စင်မြင့်ထက်တွင် လူငယ်တစ်ယောက် လက်သီးသိုင်းလေ့ကျင့်နေခြင်း ဖြစ်သည်။ လူငယ်ထိုးနှက်လိုက်သည့် လက်သီးချက်တိုင်းတွင် ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာလေ့ရှိသည်။
ထိုလူငယ်သည် တစ္ဆေတိုင်းြည်မှ လူငယ်တစ်ယောက် ဖြစ်သည်။
သူ့ကိုကြည့်ရသည်မှာ လက်သီးသိုင်းကို အလွန်အလေးအနက်ထားကာ လေ့ကျင့်ခဲ့ဟန်ရှိသည်။
ထိုလူငယ် မည်သူဖြစ်ကြောင်း ကျန်းလန် ချက်ချင်းမှတ်မိသွားသည်။
"တစ္ဆေတိုင်းပြည်က ချင်းမု"
***