ဦးလေးဖြစ်ဖို့ကို ဘယ်သူကတားဆီးနေတာလဲ
Vol. 38 Ch. 519
တစ္ဆေတိုင်းပြည်မှချင်းမု။
ထိုလူငယ်သည် ကျန်းလန်၏ နတ်ဘုရားရာထူးတွင် ပထမဆုံးထွက်ပေါ်လာသည့် အလင်းစက်လေး ဖြစ်သည်။ သူ နတ်ဘုရားရာထူးရရှိခဲ့သည်ကလည်း ထိုလူငယ်ကြေင့် ဖြစ်ပြီး သူနှင့် ထိုလူငယ်က ကြီးမားသည့်ပတ်သက်ဆက်နွယ်မှုရှိသည်။ ကျန်းလန် ပထမဆုံးတုံ့ပြန်ကူညီပေးခဲ့သူကလည်း ချင်းမုကိုပင် ဖြစ်သည်။
ချင်းမုကလည်း လက်သီးသိုင်းကို တစ်ချိန်လုံး လေ့ကျင့်နေခဲ့ဟန် ရှိသလို တန်ခိုးစွမ်းအားကလည်း မဆိုးလှပေ။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
ချင်းမုက အံ့သြစရာကောင်းလောက်အောင် သန်မာသူတစ်ယောက်လည်း ဖြစ်သည်။
ဤသို့ဖြစ်ရသည်က သူ၏အရည်အချင်းကြေင့်လား ၊ အခြားအကြောင်းတစ်ခုကြောင့်လား မပြောနိုင်ပေ။ သူ၏သက်တမ်းကလည်း အနှစ် (၁၀၀၀)အောက်သာ ရှိသေးရာ အသက်မကြီးသေးဟု ဆိုနိုင်သည်။
ချင်းမုက အဋ္ဌမမင်းသားနှင့် မယှဉ်နိုင်သလို အခြားသူများနှင့် တန်းတူရည်တူပင် အရည်အချင်းရှိသူ ဖြစ်သည်။ သို့သော် သူက အခြားသူများထက် ပိုပြီးသန်မာသူ ဖြစ်သည်။
"ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြောင့် ဖြစ်မယ်ထင်တယ် ၊ သူရရှိထားတဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါက အရမ်းထူးခြားတယ်"
ကျန်းလန် တွေးလိုက်သည်။
ချင်းမုရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက ကျန်းလန် နတ်ဘုရားရာထူး မရရှိခင်ကပင် စတင်ဖြစ်တည်နေခြင်း ဖြစ်သည်။ ထိုရောင်ဝါ အခြားသူများနှင့်မတူညီဘဲ ထူခြားသည်။
သို့ပေသိ ချင်းမု၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေသည့်အတွက် နတ်ဘုရားရာထူးကို လွှဲပြောင်းယူရန်က ခက်ခဲနေသည်။
ကျန်းလန်သည်လည်း အစစ်အမှန်အင်မော်တယ်အဆင့်တွင် နတ်ဘုရားရာထူးကို ရရှိခဲ့သူ ဖြစ်သည်။ သို့သော် သူ့တွင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားပိုင်ဆိုင်သည့်အတွက် မည်သူမှမသိအောင် ပုန်းအောင်းနေနိုင်စွမ်း ရှိသည်။
ချင်းမုကတော့ နတ်ဘုရားရာထူးကို သိမ်းပိုက်လိုက်သည်နှင့် တစ္ဆေတိုင်းပြည်တွင် ခြေချုပ်မိသွားမည်ဖြစ်သလို သူ့ကို ချောင်းမြောင်းလုပ်ကြံသူများလည်း ရှိလာမည် ဖြစ်သည်။ ဧကရာဇ်ယိုတုက သူ့ကို အပြည့်အ၀ ကာကွယ်ပေးရန် လိုအပ်သည်။
ကျန်းလန်က စင်မြင့်ထက်မှချင်းမုကို တစ်ချက်မျှ ကြည့်လိုက်ပြီး အရေးမစိုက်တော့ပေ။ ချင်းမုက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနှင့်ပတ်သက်နေသူဖြစ်ရာ သူက ထင်ထင်ပေါ်ပေါ် ပြုလုပ်၍ မဖြစ်ပေ။ မဟုတ်ပါက သံသယဝင်သွားနိုင်သည်။
ပြဿနာဖြစ်မည်ကို ကျန်းလန်က မစိုးရိမ်သော်လည်း အေးအေးဆေးဆေးရှိသည်က ပိုမိုကောင်းမွန်သည် မဟုတ်ပါလား။
ချင်းမုက ကြိုးစားသလို လုံ့လဝီရိယလည်းရှိသည်။ နတ်ဘုရားရာထူးကို ဆက်ခံရန် လိုအပ်ချက်များကို အနည်းနှင့်အများ ပြည့်စုံသူဖြစ်၏။
ချင်းမုအတွက် ကျန်းလန် အများကြီး စဉ်းစားပေးရမည်ဖြစ်သည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ဘယ်လိုသဘောရလဲ"
ကျန်းလန်က ရှောင်ယွိနှင့်အတူ အခြားစင်မြင့်တစ်ခုဆီသို့ လျှောက်သွားလိုက်ရင်း…
"လောလောဆယ်တော့ ဘာပြဿနာမှ မရှိပါဘူး ၊ နောက်မှ တခြားသူတွေကို မေးကြည့်ရမှာပေါ့"
နောက်ထပ်စင်မြင့်တစ်ခုတွင်တော့ လေ့ကျင့်နေသူ အများအပြားကို တွေ့ရပြီး အချို့ဆိုလျှင် တိုက်ပွဲစင်မြင့်ကိုပင် ဖျက်စီးနေကြသည်။
ဘာပဲဖြစ်ဖြစ် စင်မြင့်ပျက်စီးသွားလျှင်လည်း သူတို့အနေဖြင့် လျော်ကြေးပေးရန်မလိုအပ်ပေ။ ပျက်စီးလွယ်သည့် စင်မြင့်ကို ဆောက်လုပ်ထားသည့်အတွက် ခွန်လွန်တောင်သည်ပင် လှောင်ရယ်ခံရမည် ဖြစ်၏။
တစ်ဖက်တွင်လည်း ခွန်လွန်တောင်က ထိုအချက်ကို စိတ်မဝင်စားပေ။ တိုက်ပွဲမတိုင်ခင် တိုက်ပွဲစင်မြင့်၏ အားနည်းချက်ကို သိရှိရခြင်းက ပိုမိုကောင်းမွန်သည်။
ကျန်းလန်အနေဖြင့် နတ်ဘုရားရာထူးနာမည် ပြောင်းလဲမည်ဖြစ်ကြောင်း ရှောင်ယွိ သိရှိသည်။ သူမ အများကြီးနားမလည်သော်လည်း ကျန်းလန်၏ နတ်ဘုရားရာထူးကို ဆက်ခံသူရှာရမည်ဆိုသည့်အချက်ကိုတော့ သိရှိလေသည်။
ထို့ကြောင့် သူမက မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်၏။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ ကိုယ် သူ့ကိုလေ့လာနေတာ ဘယ်လိုလုပ်သိတာလဲ"
သူ၏နတ်ဘုရားရာထူးကို ဆက်ခံမည့်သူတစ်ယောက် ရှိရမည်ဖြစ်ကြောင်း ရှောင်ယွိ သိရှိသော်လည်း ချင်းမုအကြောင်းကိုတော့ သိရှိခြင်း မရှိပေ။
ရှောင်ယွိက…
"ဂိုဏ်းတူအစ်မတစ်ယောက်ကို ဂိုဏ်းတူမောင်လေးတစ်ယောက်ကို နားလည်နိုင်တယ်ဆိုတာ သဘာဝပဲလေ ၊ နောက်ဆိုရင် ကျွန်မရှေ့မှာ ရှင့်အတွေးတွေကို ထိန်းချုပ်ထားပေတော့ ၊ ကျွန်မက အကုန်လုံးသိနေတာ"
သူမသည် အမှန်တကယ်ပင် သိရှိနေဟန် ရှိသည်။
ဒီနဂါးမလေး နည်းနည်းတော့ မူမမှန်ဘူးဟု ကျန်းလန်က တွေးလိုက်၏။
ထို့နောက် ရှောင်ယွိက အရှေ့တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်ရင်း…
"ဂိုဏ်းတူမောင်လေး ၊ ဟိုမှာ လုန်မန်နဲ့ကောင်လေး…"
ရှောင်ယွိ ညွှန်ပြရာနေရာသို့ ကျန်းလန် ကြည့်လိုက်သည်။
တိုက်ပွဲစင်မြင့်ထက်တွင် စင်လေးတစ်ခုဖြင့် အသားကင်ရောင်းနေသည့် လုန်မန်နှင့် ကောင်ငယ်လေးကို တွေ့လိုက်ရသည်။
သူတို့ပတ်ဝန်းကျင်တွင်တော့ လူအချို့ တိုက်ခိုက်နေကြပြီး တိုက်ပွဲကြည့်နေသူများက အသားကင်များဝယ်စားကြလေရာ ထို (၂)ယောက်မှာ ဝိညာဉ်ကျောက်တုံး အတော်များများပင် ရရှိနေပြီ ဖြစ်သည်။
ကျန်းလန် : "……"
ရှောင်ယွိ : "……"
ထို (၂)ယောက်က လေ့ကျင့်ရန်အတွက် ဤနေရာသို့ ရောက်ရှိနေခြင်းမဟုတ်ဘဲ အကင်ရောင်းရန် ရောက်ရှိနေခြင်းတဲ့လား။
ရှောင်ယွိက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
"ဒီအနီးပတ်ဝန်းကျင်မှာ နဂါးမျိုးနွယ်တွေ မရှိဘူးထင်တယ်"
အနီးပတ်ဝန်းကျင်တွင် နဂါးမျိုးနွယ်များ ရှိသည်ဆိုလျှင် အကင်ရောင်းရလောက်အောင် လုန်မန်တစ်ယောက် မိုက်မဲမည် မဟုတ်ပေ။
ထိုအချိန် လုန်ရဲ့ရောက်လာပြီး လုန်မန်ရောင်းနေသည့် အကင်များကို ဝယ်ယူကာ ဝိညာဉ်ကျောက်တုံးများ ပေးသွားသည်ကို တွေ့လိုက်ရသည်။
နဂါးမျိုးနွယ်များအနီးပတ်ဝန်းကျင်တွင်ရှိနေလျှင်လည်း လုန်မန်အတွက် ပြဿနာမရှိနိုင်ဟု ကျန်းလန်တွေးလိုက်သည်။
ခဏအကြာတွင်တော့…
ရှောင်ယွိက အဋ္ဌမမင်းသား၏ နောက်သို့တိတ်တဆိတ်တိုးကပ်သွားပြီး…
"အကင်ဝယ်ချင်လို့ ဘယ်လောက်ပေးရမလဲ"
အဋ္ဌမမင်းသားက…
"ကြိုမှာထားတဲ့သူတွေကိုပဲ သီးသန့်ရောင်းတာပါ… အဲ…"
ချက်ချင်းပင် သူ့ကိုမေးနေသူမှာ ရှောင်ယွိဖြစ်ကြောင်း သိရှိသွားသည်။
"အစ်မ… ကျွန်တော့်ကို မခြောက်နဲ့နော် ၊ ဒါနဲ့ အစ်မတာဝန် ပြီးဆုံးသွားလို့ အပြင်ထွက်လာတာလား"
ရှောင်ယွိက တစ်ချက်စဉ်းစားသွားပြီး…
"ဘာတာဝန်လဲ"
အဋ္ဌမမင်းသားက…
"ကျွန်တော် ဦးလေးဖြစ်တော့မယ်ဆို ၊ လက်ဆောင်တွေတောင် ပြင်ဆင်ထားပြီးပြီ"
ရှောင်ယွိ : "……."
ထို့နောက် သူမက ဤကိစ္စက ကျန်းလန်အမှားဖြစ်သည်ဟု အပြစ်တင်သည့်သဘောဖြင့် ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။ သို့သော် တွေးကြည့်ပြန်တော့ သူမ နဂါးတစ်ဝက်အသွင်ပြောင်းနေသရွေ့ သားသမီးရရန် ခက်ခဲနေဦးမည်ဟု ကျန်းလန်က ပြောဖူးသည်။
ရှောင်ယွိ ရှက်ကိုးရှက်ကန်းဖြင့် အဋ္ဌမမင်းသားကို ခြေထောက်ဖြင့်ကန်လိုက်ပြီး ကျန်းလန်အနားသို့ ပြန်သွားကာ သူ့ကို အရေးမစိုက်ဘဲ နေလိုက်သည်။
လုန်မန် : "……"
သူက မသိဟန်ဖြင့် အပြစ်ကင်းသလို ဟန်ဆောင်နေလေသည်။
ကျန်းလန်ကတော့ မည်သည့်စကားမှ မဆိုပေ။ လုန်ယွိက နဂါးတစ်ဝက်အသွင်ပြောင်းနေသည့်အတွက် သားသမီရရှိရန် မည်သို့ပြုလုပ်ရမည် မသိပေ။ ဤအတိုင်းဆိုလျှင် သူ့ကလေးများက နဂါးများလိုဥခွံမှ မွေးဖွားမည်လား ၊ လူသားများလိုပင်မွေးဖွားမည်လား မခန့်မှန်းနိုင် ဖြစ်နေရသည်။
ကောင်ငယ်လေးက…
"အစ်ကိုကြီး ၊ ဒီကိုဘာလို့ရောက်လာရတာလဲ ၊ မြေပဲစားဦးမလား"
ပြောရင်း ကျန်းလန်ထံသို့ မြေပဲလက်တစ်ဆုပ်ကမ်းပေးလာသည်။
ကျန်းလန်က မြေပဲများကို လှမ်းယူလိုက်ရင်း…
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် နောက်ဆက်တွဲတိုက်ပွဲစည်းမျဉ်းတွေ ထပ်ထွက်လာသေးလား"
သူက ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို နားလည်ရန်နှင့် တိုက်ပွဲစင်မြင့်ကို အနီးကပ်လေ့လာရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် နတ်ဘုရားရာထူးများကို ကောင်းကင်ဘုံက ကန့်သတ်ထိန်းချုပ်ထားဆဲ ဖြစ်သည်။ အခြားနတ်ဘုရားရာထူးပိုင်ရှင်များ ရောက်ရှိလာကြလျှင်လည်း သူတို့တွင် အတားအဆီးများ သေချာပေါက် ရှိပေလိမ့်မည်။
ဆိုလိုသည်မှာ သူတို့ရောက်ရှိလာကြသည့်တိုင် သူတို့၏ တန်ခိုးစွမ်းအားများက အထွတ်ထိပ်ဆင့်တွင် ရှိနေနိုင်မည် မဟုတ်ပေ။ ကျန်းလန်ကတော့ နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသည့်တိုင် နေရာဒေသအကန့်အသတ် မရှိလေရာ အထွတ်ထိပ်အဆင့် တန်ခိုးစွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
သူ့တွင် အားသာချက်ရှိသည့်တိုင် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်သည့်အချိန်က တိုတောင်းသေးရာ အားနည်းချက်များလည်း ရှိနိုင်သည်။ သို့ပေသိ တကယ်တမ်းရင်ဆိုင်ကြမည်ဆိုလျှင် သူ့ဘက်က အနိုင်ရရန် အခွင့်အရေးများသည်။
သူ့စိတ်ထဲတွင်တော့ ကြိုတင်ပြင်ဆင်မှုများနှင့် အစီအစဉ်များ ချမှတ်ထားပြီး ဖြစ်သည်။ နောက်မှ လိုအပ်သည်များကို ထပ်မံပြင်ဆင်ရပေမည်။
ရှောင်ယွိကတော့ သူမအတွက် အသားများကင်ပေးရန် အဋ္ဌမမင်းသားကို ပြောဆိုနေ၏။
ကောင်ငယ်လေးက ခဏမျှစဉ်းစားလိုက်ရင်း…
"တခြားတော့ ဘာမှမရှိပါဘူး"
"တိုက်ပွဲမှာ ကျင့်ကြံခြင်းအဆင့်တူတဲ့သူနဲ့ပဲတိုက်ခိုက်ရမယ် ၊ ပါဝင်ယှဉ်ပြိုင်သူက တိုက်ခိုက်ဖို့ အခွင့်အရေး (၃)ကြိမ်ရမယ် ၊ ဒါပေမဲ့ တစ်ကြိမ်ယှဉ်ပြိုင်ဖူးတဲ့ တူညီနေတဲ့သူနဲ့ ထပ်မပြိုင်ရဘူး ၊ ဘယ်တိုက်ပွဲစင်မြင့်မှာ ယှဉ်ပြိုင်ရမလဲဆိုတာကတော့ ကျဘမ်းရွေးချယ်မှာလို့ပြောတယ်"
ကောင်ငယ်လေးက ဆက်ပြောသည်။
"တစ်ယောက်က ရေနဲ့ပတ်သက်တဲ့တိုက်ခိုက်မှု ကျွမ်းကျင်မယ်ဆိုရင် အခြားတစ်ယောက်က မြေကြီးနဲ့ ဆက်သွယနိုင်တာမျိုးရှိမယ်လေ ၊ ပြီးတော့ မီးတောက်လူသားမျိုးလည်း ရှိနိုင်တာပဲလေ"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
တိုက်ခိုက်ရမည့်စင်မြင့်နှင့်ပတ်ဝန်းကျင်ကို ကျဘမ်းသတ်မှတ်ထားခြင်းမှာ မတရားသော်လည်း တကယတမ်းတွင် တရားမျှတသည်ဟု ဆိုနိုင်သည်။ ထိုကိစ္စကို မည်သူမှ ဝေဖန်ရဲမည် မဟုတ်ပေ။
ကံတရားသည် တစ်ခါတစ်လေ တိုက်ပွဲ၏အစိတ်အပိုင်း ဖြစ်လာတတ်သည်။
တိုက်ပွဲဝင်မည့်သူတိုင်းက (၃)ကြိမ် တိုက်ခိုက်နိုင်သည်ဖြစ်လေရာ တိုက်ပွဲ (၃)ခုစလုံးတွင် ကျဘမ်းရရှိမည့်ပတ်ဝန်းကျင်က ရန်သူ့ဘက်ကိုအားသာနေမည်ဆိုလျှင်တော့ ကံတရားဟုပင် ဆိုရပေမည်။
သို့ပေသိ ရန်သူတွင် အားသာချက်ရှိနေခြင်းက အောင်ပွဲရခြင်း မဟုတ်ပေ။ တန်ခိုးစွမ်းအားကသာ အရေးကြီးဆုံး ဖြစ်သည်။ ရန်သူတွင် အားသာချက်ရှိနေသည့်အတွက် တိုက်ပွဲတွင် အနိုင်ရမည်ဟု မဆိုလိုပေ။
ရှောင်ယွိက အဋ္ဌမမင်းသားကို မေးလိုက်သည်။
"နင် အကင်ရောင်းတာ ဘယ်လိုလုပ် မိသွားတာလဲ"
အဋ္ဌမမင်းသားက သက်ပြင်းချလိုက်ရင်း…
"ဂိုဏ်းတူအစ်ကို လုကျန်းကြောင့်လေ ၊ အဲဒီတုန်းက အမေနဲ့ လမ်းလျှောက်နေတာ ၊ ဂိုဏ်းတူအစ်ကိုလုကျန်းက ရောက်လာပြီး အသားကင်တွေဝယ်ချင်တယ်လို့ လာပြောတာ ၊ အမယ် အသားကင်တွေကို ကောင်းကင်နဂါးဓားနဲ့ ခုတ်ပေးနော်လို့တောင် ပြောလိုက်သေးတယ် ၊ အဲဒီမှာ အမေဒေါသထွက်ပြီး အပြစ်ပေးတာ ခံရတော့တာပဲ ၊ အခုတော့ အမေသိမှာကြောက်လို့ အသားကင်ကို ပုန်းလျှိုးကွယ်လျှိုးရောင်းနေရတယ် ၊ ကျွန်တော် ဘယ်လိုပဲ ရှင်းပြပါစေ အမေက လက်မခံတော့ဘူးလေ"
ယခုတော့ အမေဖြစ်သူရှေ့တွင် သူ့ကို အရောက်ပို့သွားသည့် ဂိုဏ်းတူအစ်ကိုလုကျန်းကို အသားကင်မရောင်းတော့ရန် ဆုံးဖြတ်ထားသည်။
သူ အသားကင် အေးအေးဆေးဆေးရောင်းချရင်း စီးပွားရေးလုပ်နိုင်ရန် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ အမြန်ပြီးဆုံးသွားစေရန် မျှော်လင့်မိသည်။ မိခင်ဖြစ်သူ နဂါးနန်းတော်သို့ ပြန်သွားမှသာ သူလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မည် မဟုတ်ပါလား။
ရှောင်ယွိက…
"မိသွားတာ ကောင်းတာပဲ ၊ နင်လုပ်နေတာက နဂါးမျိုးနွယ်တစ်ခုလုံးကို အရှက်ရစေတယ်လေ"
လုန်မန် : "……"
ထို့နောက် သူက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…
"ဒါတွေအားလုံးက ဒီကောင်လေးကြောင့်ပဲ ၊ အမေ့ကိုခေါ်ပြီး လမ်းလျှောက်ထွက်ပါလားလို့ ကျွန်တော့်ကို အကြံပေးတယ်လေ"
ကောင်ငယ်လေးက မကျေမနပ်ဖြင့်…
"ကျုပ်နဲ့ ဘာဆိုင်လို့လဲ နဂါးစုတ်ရဲ့ ၊ ခင်ဗျား ဟုန်ယာကို ရိုက်ပစ်ဖို့ ကျုပ်ကို အကြံပေးတာ ကျုပ် လိုက်လုပ်ခဲ့သလား ၊ ခင်ဗျားဟာခင်ဗျား ကံမကောင်းလို့ ဖြစ်တဲ့ကိစ္စကို"
"မင်း အဲဒီကောင်မလေးခေါင်းကို ရိုက်မပစ်လို့ သူက မင်းကို ပြန်မချစ်တာ"
"ဘာအကြောင်းရှိလို့ သူ့ခေါင်းကို သွားရိုက်ရမှာလဲဗျ ၊ အစ်ကိုကြီးကို မေးကြည့်စမ်းပါ ၊ သူရော ဒီ အစ်မရဲ့ ခေါင်းကို ရိုက်သလားလို့"
ကျန်းလန် : "……"
ကျန်းလန်က ရှောင်ယွိခေါင်းကို ရိုက်လေ့ရှိသူဖြစ်လေရာ ငြိမ်နေလိုက်သည်။
ထို့နောက် သူတို့ (၂)ယောက် အကင်ရောင်းနေသည်ကို မနှောက်ယှက်တော့ဘဲ ထွက်လာခဲ့ကြ၏။
လုန်မန်နှင့် ကောင်ငယ်လေးတို့ နဂါးဓားသိုင်း အနှစ်သာရကို နားလည်နေကြပြီဖြစ်ကြောင်း ကျန်းလန် သိရှိသည်။
ဓားသိုင်းနှင့် ဓားသိုင်းအနှစ်သာရပေါင်းစပ်ရန်သာ လိုအပ်တော့သည်။
နဂါးဓားသိုင်းက ကောင်ငယ်လေးအတွက်တော့ သိပ်ပြီး မလွယ်ကူနိုင်သော်လည်း အဋ္ဌမမင်းသားအတွက်တော့ ပိုမိုလွယ်ကူနိုင်သည်။ သို့သော် ကောင်းကင်နဂါးဓားဖြင့် နဂါးဓားသိုင်းကို အသုံးပြုကာ နဂါးမျိုးနွယ်များကို ထိန်းချုပ်နိုင်မည်လားဆိုသည်ကတော့ ပြောရခက်သည်။
တစ်ခါတစ်ရံ အချို့ကိစ္စများက တွင်းနက်ကြီးတစ်ခုပမာ ကွာဟချက် ကြီးမားတတ်သည် မဟုတ်ပါလား။
***