← Chapters

ဂိုဏ်းတူမောင်လေး ၊ ကျွန်မပြောမယ့် ဖြေရှင်းချက်ကို နားထောင်ပါ

Vol. 38 Ch. 520

ဂိုဏ်းတူမောင်လေး ၊ ကျွန်မပြောမယ့် ဖြေရှင်းချက်ကို နားထောင်ပါ

Vol. 38 Ch. 520

ကျန်းလန် ရှောင်ယွိနှင့်အတူ လမ်းမကြီးအတိုင်း လမ်းလျှောက်လာသည်။

တိုက်ပွဲအချိန်က ရောက်ရှိလာပေတော့မည်။ ထိုအချိန်သို့ရောက်ရှိလျှင် တုံ့ပြန်မှုများမရှိလျှင် ၊ သို့မဟုတ် သိသာသည့် သဲလွန်စများ မရှိလျှင်တောင်မှ သူက ပြင်ဆင်ထားရမည် ဖြစ်သည်။

အချိန်ကျလျှင် သူက နတ်ဘုရားရာထူး (၁၂)နေရာတွင် ရပ်တည်ရမည်ဖြစ်ပြီး သူ၏ တန်ခိုးစွမ်းအားသည်လည်း အခြားသူများထက် ပိုမိုပြီးပြည့်စုံနေပေလိမ့်မည်။

မြေအောက်နတ်ဆိုးဘိုးဘေးအဓိကပတိ၏ တန်ခိုးစွမ်းအားက သေချာပေါက် သူ့ထက်သာလွန်မည် မဟုတ်ပေ။ သူတို့တိုက်ခိုက်မည်ဆိုလျှင် တရားမျှတမှု ရှိဟန်မတူပေ။ သို့သော် အစကတည်းက သူတို့က ပြိုင်ဘက်များ ဖြစ်ကြလေရာ တရားမျှတခြင်းကို အဘယ့်ကြောင့် အရေးစိုက်နေရပါမည်နည်း။

အချိန်အတန်ကြာလမ်းလျှောက်လာကြပြီးနောက် ကျန်းလန် ရုတ်တရက် တစ်ခုခုကို တွေးမိသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မက နဂါးတစ်ဝက်အသွင် အမြဲတမ်း ပြောင်းလဲနေတာ ၊ အသားမကျသေးဘူးဆိုတော့… အဲဒီအချိန်ကျရင် နဂါးတစ်ဝက်အသွင်ပြောင်းလဲမယ်လို့ တွေးမိသလား"

ရှောင်ယွိက…

"အဲဒါက ဘာအသုံးဝင်မှာလဲ"

ကျန်းလန်က…

"အဲဒီလိုတွေးလိုက်ရင် အတင်းထိန်းချုပ်နေတာထက်ဆာရင် စိတ်အခြေအနေပြေလျော့သွားနိုင်မလားလို့ ၊ ဒါဆိုရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အသားကျနိုင်မှာပေါ့"

ရှောင်ယွိက ချက်ချင်းပင် ကျန်းလန်ရှေ့သို့ ခုန်ပျံရောက်ရှိလာပြီး သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"ကျွန်မကို နဂါးအသွင်မပြောင်းအောင် ဒီလောက်ကြိုးစားခိုင်းနေတာ ဂိုဏ်းတူမောင်လေးက လူသားတွေကို သဘောကျတာ မဟုတ်လား"

ကျန်းလန် : "……"

ဤနဂါးမလေးသည် မာနကြီးပြီး မသိနားမလည်မှုများနောက်တွင် အတွေးအခေါ်များပင် လမ်းလွဲနေပေပြီ။

ညနေပိုင်းတွင်တော့  ကျန်းလန်တို့ (၂)ယောက် သေရည်ဆိုင်မှ အကောင်းစားသေရည်ကိုယူကာ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲနှင့်ပတ်သက်ပြီး တစ်နေကုန် လေ့လာမှုများအားလုံး ပြုလုပ်ပြီးပြီ ဖြစ်လေရာ ထပ်မံလေ့လာစရာ မရှိတော့ပေ။

တောင်ပေါ်ပြန်ပြီး ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကို စောင့်ဆိုင်းနေရုံသာရှိသည်။ ထိုတိုက်ပွဲပြီးဆုံးလျှင် ဧကရာဇ်ရှီးဟယ်က လှုပ်ရှားမည်ဖြစ်ပြီး သူလည်း ဧကရာဇ်ရှီးဟယ် ခိုင်းသည့်အတိုင်း လုပ်ဆောင်ရဦးမည် ဖြစ်၏။

အသေးစိတ်အချက်အလက်များကတော့ အချိန်တန်မှ သိရှိမည် ဖြစ်သည်။

အရင်ဆုံး ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ချောချောမွေ့မွေ့ ပြီးဆုံးသွားရန် လိုအပ်သည်။ သို့မှသာ ကိစ္စအတော်များများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

နဝမတောင်ထွတ်သို့ ပြန်လာပြီးနောက် ကျန်းလန် တောင်ပေါ်လမ်းနှင့် ခြံဝင်းတစ်လျှောက်ကို လေ့လာလိုက်သည်။ မြက်ပင်ပေါင်းပင်များ အလွန်များပြားနေပြီး ရှင်းလင်းရန် လိုအပ်နေပေပြီ။

နောက်လဆိုလျှင်တော့ သူအတော်လေး အလုပ်များပေလိမ့်မည်။ အိမ်ကိုလည်း ပြန်လည်ပြုပြင်ရဦးမည် မဟုတ်လား။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစတင်သည့်အခါ သူက နတ်ဘုရားရာထူးပိုင်ရှင်များနှင့် ထပ်မံတွေ့ဆုံရဦးမည် ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုကိစ္စများတွင် သူ မပါဝင်ချင်ပေ။ သို့ပေသိ အချို့ကိစ္စများက ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်၍ မရပေ။

သူယူရမည့်တာဝန်ကို ယူရမည်ဖြစ်ပြီး ပိုပြီးသိလာလေလေ တည်ငြိမ်လေလေ ၊ ပိုပြီး သန်မာလာလေလေ ဖြစ်သည်။

အမြဲတမ်းတံခါးပိတ်ကျင့်ကြံနေခြင်းက အကျိုးကျေးဇူးများစွာ ရရှိနိုင်သော်လည်း တိုက်ပွဲအတွေ့အကြုံမရှိပါက ရှေ့တန်းတွင် လျှောက်လှမ်းနိုင်မည် မဟုတ်ပေ။

ရှောင်ယွိကို ခြံဝင်းဆီလိုက်ပို့ပေးပြီးနောက် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်လာခဲ့သည်။

ဆရာဖြစ်သူကို အကောင်းစားသေရည်ဖြင့် ဂါရဝပြုသည်က အကြောင်းတစ်ခု ဖြစ်ပြီး အဓိကသိချင်သည်မှာ သူ ကျောက်စိမ်းရေကန်တွင် ရှိနေစဉ် အစီအရင်များကိစ္စနှင့်ပတ်သက်ပြီး ဆရာဒေါ်လေးမြောင်ယွဲ့ထံမှ အကူအညီတောင်းရသေးလားဟု ဆရာဖြစ်သူကို မေးမြန်လိုခြင်း ဖြစ်သည်။

ဆရာဖြစ်သူနှင့် ဆရာဒေါ်လေးမြောင်ယွဲ့တို့ အြခေအနေတိုးတက်မှုရှိလားလည်း သိချင်မိသည်။ မဟုတ်ပါက သူ ရှေ့ဆက်အောင်သွယ်ရာတွင် ခက်ခဲမည် ဖြစ်သည်။

"ဆရာ…"

နဝမတောင်ထွတ်အစွန်းသို့ ရောက်သည်နှင့် ကျန်းလန်က မော့ကျန်းသုန့်ကို လေးစားစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ကောင်းကင်ထက်သို့ မော့ကြည့်နေသည့် မော့ကျန်းသုန့်က ကျန်းလန်၏ အသံကြားတော့ လှည့်ကြည့်လာသည်။

"မင်း ပြန်လာပြီလား"

ကျန်းလန်က အကောင်းစားသေရည်ကို ဆရာဖြစ်သူထံ ကမ်းပေးလိုက်ရင်း…

"ဟုတ်ကဲ့ ဆရာ ၊ ဒါနဲ့ ကျွန်တော် မရှိတုန်း ဆရာဒေါ်လေးမြောင်ယွဲ့ လာသေးလား"

မော့ကျန်းသုန့်က…

"ဒီ နှစ်ခါလောက်တော့ လာတယ် ၊ ပြသနာကြီးကြီးမားမားတော့ မရှိပါဘူး"

ဤသည်က အလွန်ရိုးရှင်းသည်ဟု ကျန်းလန် တွေးလိုက်သည်။

တာအိုလက်တွဲဖော်နှင့်ပတ်သက်ပြီး ဆရာဖြစ်သူ မည်သို့တွေးသည်ကို အလွန်သိချင်မိသည်။

"ဆရာ… ဆရာ ကျင့်စဉ်လမ်းကိုလျှောက်တာ ဒီလောက်နှစ်တွေကြာပြီဆိုတော့ အရင်က ဘေးအန္တရယ်တွေ ဘာတွေများ ကြုံခဲ့ဖူးတာရှိလား"

"ဘေးအန္တရယ်လား…"

မော့ကျန်းသုန့်က ခဏမျှစဉ်းစားလိုက်ရင်း…

"ဆရာတို့ အင်မော်တယ်တွေ ဖြစ်လာပြီး သိပ်မကြာခင်မှာ တခြားကမ္ဘာကမျိုးနွယ်တွေကျူးကျော်လာလို့ တိုက်ခိုက်ခဲ့ကြရတယ် ၊ အဲဒီတုန်းက ဆရာတို့ (၁၀)ယောက် အဖွဲ့ (၂)ဖွဲ့ခွဲပြီး တစ်ဖွဲ့က ရန်သူကို မျှားခေါ်တယ် ၊ ကျန်တဲ့တစ်ဖွဲ့က ရန်သူကို သတ်ဖြတ်ပစ်တယ်"

"နှစ်ပေါင်း (၃၀၀)လောက်ကြာမှ ရန်သူတွေအားလုံးကို နှိမ်နင်းနိုင်ခဲ့တယ် ၊ အဓိကဂုဏ်ထူးဆောင်သူတွေကတော့ ချန်ရှီနဲ့ မြောင်ယွဲ့ပေါ့ ၊ စတ်ယောက်က မိုးကောင်းကင်လျှို့ဝှက်ချက်တွေကို ကြိုတင်ခန့်မှန်းတွက်ချက်ပေးသလို နောက်တစ်ယောက်ကလည်း ရန်သူကို တိုက်ခိုက်တဲ့အခါ အချိန်ရစေဖို့ အစီအရင်ပညာနဲ့ အချိန်ဆွဲထားပေးတယ် ၊ အဲဒါက ဆရာတို့ ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံး ဘေးအန္တရယ်ပဲ"

ကျန်းလန် : "……"

သူက ဆရာဖြစ်သူနှင့် တောင်သခင်များ၏ တိုက်ခိုက်မှုအကြောင်းကို သဘောကျသော်လည်း ထိုသို့သော ဘေးအန္တရယ်ကို မေးမြန်းခြင်း မဟုတ်ပေ။

သူသိချင်သည်က ဆရာဖြစ်သူ၏စိတ်ထဲတွင် စိတ်ဒုက္ခဘေးအန္တရယ်မျိုးများ ခံစားခဲ့ဖူးသလားဟု မေးမြန်းလိုခြင်း ဖြစ်သည်။

ဆရာဖြစ်သူက အချစ်ရေးအချစ်ရာကို နားမလည်သည့်အတွက် ထိုကိစ္စကို ဘေးအန္တရယ်ဟု သတ်မှတ်ကောင်း သတ်မှတ်နိုင်သည် မဟုတ်လား။ အမှန်တော့ သူ့ဆရာက ထိုအကြောင်းများကို သိပ်ပြီး တွေးတောလေ့ရှိသူ မဟုတ်ပေ။

ခဏမျှ စဉ်းစားပြီးမှ ကျန်းလန်က ဆက်မေးသည်။

"ဆရာ… ဆရာ ငယ်ငယ်က ကျွန်တော့်လိုမျိုး စေ့စပ်ပေးတာတွေဘာတွေနဲ့ရော ကြုံဘူးလား"

မော့ကျန်းသုန့် မျက်မှောင်ကြုတ်လိုက်သည်။

"စေ့စပ်တာ ဟုတ်လား ၊ မရှိပါဘူး"

"နေပါဦး ၊ ဒါတွေလာမေးနေတာ မင်း ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ပြဿနာတစ်ခုခု တက်လို့လား ၊ အဲဒါဆိုရင်တော့ ပဉ္စမတောင်ထွတ်နဲ့ တတိယတောင်ထွတ်က ဆရာဒေါ်လေးတွေကို မေးကြည့်လေ ၊ သူတို့က ကျောက်စိမ်းရေကန်နတ်ဘုရားမကို ပိုပြီးနားလည်နိုင်ကြမယ်ထင်တယ်"

ကျန်းလန်က လက်မလျှော့ပေ။ သူက မေးခွန်းထပ်မေးပြန်သည်။

"ကျွန်တော်မေးချင်တာက ဆရာ စိတ်ထဲမှာ ခံစားချက်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခု တစ်ခါမှ မကြုံဖူးဘူးလား"

မော့ကျန်းသုန့်က တပည့်ဖြစ်သူကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်ပြီး ခေါင်းခါယမ်းပြလိုက်သည်။

ကြည့်ရသည်မှာ ဆရာဖြစ်သူသည် အမှန်တကယ်ပင် စိတ်ခံစားချက်များမရှိခဲ့ဖူးသည်မှာ သေချာသည်။ သို့သော် ဆရာဖြစ်သူ၏စိတ်ထဲတွင် အနည်းငယ် သဘောကျမိသည့် မိန်းကလေးတစ်ယောက် ရှိလား ၊ မရှိဘူးလားဆိုသည်ကတော့ ပြောရန်ခက်ခဲသည်။ ထပ်ပြီးမေးကြည့်ပြန်လျှင်လည်း အဖြေရမည်မထင်ပေ။

သို့ပေသိ ဆရာဖြစ်သူက ခံစားချက်များကို ထိန်းချုပ်နိုင်သူ ဖြစ်လေရာ ချစ်သူမရှိခဲ့သည်ကတော့ သေချာလွန်း၏။

ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ကာ နဝမတောင်ထွတ်အစွန်းမှ ပြန်လာခဲ့သည်။

သူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာဖြစ်သူကို အမှန်တကယ် ချစ်ခင်မြတ်နိုးပြီး သူ့ကို အောင်သွယ်လုပ်ခိုင်းသည်ဆိုလျှင်…

သူက အတိတ်အကြောင်းများကို ဆရာဖြစ်သူထံ မေးမြန်းနေစရာမလိုဘဲ ဆရာဒေါ်လေးမြောင်ယွဲ့ကို မေးမြန်းကြည့်လျှင် ရမည်မဟုတ်လား။

သို့ပေသိ ဆရာဒေါ်လေးမြောင်ယွဲ့က အန္တရယ်များလွန်းသည်။ သူလုပ်သမျှကို တွက်ချက်နေသည်ဟု သူ ခံစားမိသည်။ ဆရာဖြစ်သူက အရေးမစိုက်သော်လည်း သူက ဆရာနှင့်မတူပေ။

ရှောင်ယွိနှင့်တိုင်ပင်ပြီးလျှင်တော့ လိုအပ်ပါက ဆရာဒေါ်လေးမြောင်ယွဲ့ကို အတူတူသွားတွေ့သင့်လျှင် တွေ့ရပေမည်။

သို့သော်…

ခြံဝင်းထဲရောက်သည်နှင့် အပျက်အစီးများကြားတွင် မတ်တတ်ရပ်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

အိမ်ပြိုကျပြန်ပြီ ဖြစ်လေ၏။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မပြောမယ့် ဖြေရှင်းချက်ကို နားထောင်ပါ"

"အင်း… ဂိုဏ်းတူအစ်မ ပြောလေ"

ရှောင်ယွိ : "……"

တကယ်တော့ ဖြေရှင်းချက်ကို သူမ မစဉ်းစားရသေးဘူးပဲ။

ရှောင်ယွိ ကျန်းလန်ကို ရယ်ပြလိုက်သည်။

ကျန်းလန်က အပျက်အစီးများကိုကြည့်လိုက်ရင်း ခြံဝင်းထဲတွင် ယာယီတဲတစ်လုံးဆောက်လုပ်သင့်သည်ဟု တွေးလိုက်သည်။

အိမ်အသစ်ပြန်ဆောက်ရန်မှာ (၃)လခန့် အချိန်ယူရမည် ဖြစ်လေရာ ထိုကာလများတွင် သူနှင့်ရှောင်ယွိ ခြံထဲတွင်ထိုင်နေ၍ မဖြစ်နိုင်ပေ။

လက်မထပ်ခင်ကဆိုလျှင် ကိစ္စမရှိသော်လည်း ယခုတော့ မဖြစ်နိုင်တော့ပေ။

ကျန်းလန်က…

"အရင်ဆုံး သစ်သားအိမ်လေးတစ်လုံးလောက် အရင်ဆောက်ကြတာပေါ့"

ရှောင်ယွိက ချက်ချင်းသဘောတူလိုက်သည်။

"ကောင်းတယ် ကောင်းတယ် ဂိုဏ်းတူမောင်လေး"

ထို့နောက် သူတို့ တောင်ပေါ်တွင်လျှောက်သွားရင်း အိမ်ဆောက်ရန် သစ်ပင်များရှာဖွေကြသည်။

နဝမတောင်ထွတ်တွင် သစ်ပင်များစွာရှိလေရာ အနည်းအကျဉ်းကို ခုတ်ပစ်ရခြင်းက ပြဿနာမရှိပေ။ အချိန်အတန်ကြာပြီးနောက် ကျန်းလန် ခုတ်လာသည့် သစ်သားများကို ခြံဝင်းထဲတွင် ချထားလိုက်သည်။

ကျန်းလန် သစ်သားအိမ်လေးစတင်ဆောက်လုပ်နေချိန်တွင် ရှောင်ယွိကလည်း သူ့ကို ကောင်းကောင်းအကူအညီပေးလေသည်။

ရှောင်ယွိက သစ်သားတစ်ချောင်းကို လက်ညှိုးညွှန်ပြလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ဒီသစ်တုံးပေါ်မှာ စာထွင်းလို့ရမလား"

ကျန်းလန်က…

"မရဘူး"

"ဒီဘက်ကဟာရော"

"မရဘူး"

"ဒါဆို ဒီတစ်ခုအပေါ်မှာရော ၊ စာမထွင်းဘဲ ပုံဆွဲလို့မရဘူးလား"

ကျန်းလန် ရှောင်ယွိကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

"ရတယ် ၊ အဲဒါဆို ပုံဆွဲ"

ရှောင်ယွိက စိတ်လှုပ်ရှားသွားဟန်ဖြင့်…

"ကောင်းပြီ ၊ ဒါဖြင့် ကျွန်မ ပုံဆွဲမယ်"

အချိန်တစ်ညအတွင်း သာမန်ပျဉ်ထောင်အိမ်လေးတစ်လုံး ဆောက်လုပ်ပြီးစီးသွားသည်။ ကျန်းလန်က ပိုနေသည့်သစ်သားများဖြင့် ပရိဘောဂများကိုပင် ပြုလုပ်လိုက်သေး၏။

ထို့နောက် ကျန်းလန်က…

"နဝမတောင်ထွတ်ကို အရင်ဆုံး သန့်ရှင်းရေးလုပ်ကြရအောင် ၊ ပြီးမှ အိမ်အသစ်ဆောက်ကြမယ်"

ရှောင်ယွိက ကန့်ကွက်ခြင်းမပြုဘဲ ကျန်းလန်နှင့်အတူ နဝမတောင်ထွတ်ကို စတင်သန့်ရှင်းရေးလုပ်ကြသည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ရန်က အချိန်မကြာသော်လည်း လိုက်ရှုတ်နေသည့် ရှောင်ယွိကြောင့် အချိန် (၂)လခန့်ကြာသွားခဲ့သည်။

အိမ်အသစ်ဆောက်လုပ်ခြင်းက (၃)လခန့် ကြာမြင့်သည်။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး ၊ သစ်သားအိမ်လေးက ချစ်စရာလေးနော် ၊ နောက်တစ်လုံးလောက် ထပ်ဆောက်ပေးပါလား"

ကျန်းလန် ငြင်းလိုက်ချင်သော်လည်း နောက်ဆုံးတော့ သဘောတူလိုက်ရ၏။

"အင်း အင်း… အိမ်အနောက်ဘက်မှာ တစ်လုံးဆောက်ပေးမယ်"

ထိုသို့ဖြင့် အိမ်ကိုအပြီးသတ်ဆောက်လုပ်ပြီး ကိစ္စများအားလုံး ပြီးစီးသည့်အခါ နှစ်ဝက်ခန့် အချိန်ကြာသွားခဲ့သည်။

နွေဦးပေါက်ခဲ့ပြီ ဖြစ်သည်။

တစ်နည်းဆိုရသော် လွန်ခဲ့သည့်တစ်နှစ်ကုန်သွားပြီဖြစ်ရာ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစတင်တော့မည် ဖြစ်သည်။

"ဟူး"

ခွန်လွန်တောင်အပြင်ဘက်တွင် ရုတ်တရက် အသံများ ထွက်ပေါ်လာသည်။

မှော်ဝင်ပစ္စည်းများစွာ ခွန်လွန်ဆီသို့ ပျံသန်းလာကြသည်ကို တွေ့ရသည်။

ဧရာမယဉ်ပျံကြီးများ ၊ ရက်စက်ကြမ်းတမ်းသည့်သားရဲကြီးများ ၊ ကျောက်ဆောင်များ ၊ စက်ဝိုင်းပုံသဏ္ဌန် မှော်ဝင်ပစ္စည်းများ များစွာပင် ဖြစ်သည်။

"ဟားဟား ကျုပ်တို့ နောက်ကျနေပြီလား"

ကျန်းလန် ခြံဝင်းထဲတွင် မတ်တတ်ရပ်နေစဉ် ပျံသန်းလာသည့်မှော်ဝင်ပစ္စည်းတစ်ခုထံမှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

မကြာမီ ခွန်လွန်တောင်မှ တစ်စုံတစ်ယောက်က စကားပြန်ပြောသည်ကို ကြားလိုက်ရ၏။

"အချိန် (၁၀)ရက်တောင်လိုသေးတယ် ၊ သိပ်နောက်မကျသေးပါဘူး"

***

All Chapters