နတ်ဘုရားရာထူးပိုင်ရှင်များဆင်းသက်လာကြပြီ
Vol. 38 Ch. 522
ကျန်းလန်က ဧကရာဇ်ရှီးဟယ်၏ ဆင့်ခေါ်ခြင်းကို တုံ့ပြန်လိုက်သည်နှင့် ယခင်က အစည်းဝေးကျင်းပခဲ့ရာ ကောင်းကင်ဘုံတစ်နေရာသို့ ရောက်ရှိလာသည်။
ယခုတစ်ကြိမ်တော့ အဋ္ဌမမင်းသား မရှိတော့သည့်အတွက် (၁၁)ယောက်သာလျှင် ရောက်ရှိလာသည်။ သို့ပေသိ အဋ္ဌမမင်းသားကို အသုံးပြုထားသောကြောင့်သာ ဤနေရာသို့ လာရောက်နိုင်ကြခြင်ဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။
ယခုတစ်ကြိမ်တော့ မည်သူမှ စကားမပြောကြပေ။ ဤနေရာမှတစ်ဆင့် ခွန်လွန်တောင်သို့ သွားရမည် ဖြစ်သည်။ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲက သူတို့အားလုံးအတွက် မတူညီသော အဓိပ္ပါယ်အသီးသီး ဆောင်ယူထားသည်။
နတ်ဘုရားရာထူး ရရှိထားပြီးနောက် ခရီးဝေးထွက်ကြခြင်းမှာ သူတို့အားလုံးအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့ တွေးတောနေကြသည်မှာ ကန့်သတ်ချက်များကိုကျော်လွန်ပြီး မူရင်းနေရပ်မှ ဤခရီးစဉ်သို့ ခေါ်ယူနိုင်အောင် ခွန်လွန်တောင်မှ မည်သို့သောနည်းလမ်းအသုံးပြုထားပါသနည်း ဟူ၍ ဖြစ်သည်။
ယခုအချိန်အတွင်း သူတို့ သွားချင်သည့်နေရာမှန်သမျှသို့ သွားနိုင်သည်။ သူတို့ (၁၁)ယောက်လုံး ရောက်ရှိလာကြသည်နှင့် ဧကရာဇ်ရှီးဟယ်က စကားဆိုသည်။
"ကျုပ်တို့အားလုံး ဒီနေရာကို ရောက်ကြပြီဆိုတော့ ခွန်လွန်တောင်ကို ဆင်းသက်လိုက်ကြရအောင် ၊ ခင်ဗျားတို့ ခွန်လွန်တောင်ကို ဘယ်လိုရောက်လာနိုင်ကြသလဲဆိုတာကို သိချင်ကြမှာပဲ ၊ ဒါပေမဲ့ သိချင်တာကို သိချင်တာလို့ပဲ မှတ်သားထားကြပါ ၊ မင်းတို့ရဲ့ တန်ခိုးစွမ်းအားတွေကို အလွဲသုံးမယ်ဆိုရင်တော့ ကျုပ်ဘက်က မင်းတို့ကို ပြန်ပို့ဖို့ စဉ်းစားရလိမ့်မယ်"
အားလုံးတိတ်ဆိတ်နေကြသည်။ ကျန်းလန်လည်း မည်သည့်စကားမှ မဆိုပေ။
ကျန်းလန်ကတော့ သိချင်စိတ်လည်းမရှိသလို နတ်ဘုရားရာထူးများကို ဤနေရာသို့ ဆင့်ခေါ်ရန် မည်သို့ပြုလုပ်သည်ကိုလည်း လေ့လာရန် ရည်ရွယ်ချက် မရှိပေ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားရာထူး ပိုင်ဆိုင်သူများထဲတွင် သူတစ်ယောက်သာ အချုပ်အနှောင်မရှိ သွားလိုရာသို့ သွားနိုင်သူ ဖြစ်နေသောကြောင့်ပင်။
"ဒါဖြင့် စလိုက်ကြရအောင် ၊ မင်းတို့ရဲ့ နတ်ဘုရားရာထူးနာမည်တွေက ခွန်လွန်တောင်မှာ ပဲ့တင်ထပ်နေလိမ့်မယ် ၊ ဒါက မင်းတို့အားလုံးကို ကမ္ဘာလောကကြီးနဲ့ ဆက်သွယ်ဖို့ ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးတာပဲ"
ခဏနားပြီးမှ သူက ဆက်ပြောသည်။
"ကဲ… ဒီနေရာကထွက်ခွာပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးထဲကို ဝင်လိုက်ကြရအောင်"
အခြားသူများအားလုံး အံ့သြသွားကြသော်လည်း မည်သည့်စကားမှ မဆိုကြပေ။ ယခုအချိန်တွင် အရာအားလုံး သတ်မှတ်ထားပြီး ဖြစ်လေရာ မေးမြန်းနေ၍လည်း အကျိုးထူးမည် မဟုတ်ပေ။
***
ခွန်လွန်တောင်အပြင်ဘက်။
ပွဲကြည့်ပရိတ်သတ်များအတွက် ပြုလုပ်ပေးထားသည့် စင်မြင့်ထက်တွင် အင်အားကြီးအုပ်စုများနှင့် ဂိုဏ်းပေါင်းစုံမှ လူအများအပြား ရောက်ရှိနေကြသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နာမည်ကျော်ကြားသည့် ဂိုဏ်းအချို့ဖြစ်သော အလယ်ပိုင်းလွင်ပြင်ဒေသမှ "ပု" အိမ်တော်ကဲ့သို့ နေရာမျိုးမှ လူများပင် ရောက်ရှိလာကြသည်။
နဝမတောင်ထွတ်မှတပည့်ကိုသတ်ဖြတ်ရန် တစ်ချိန်က ရောက်လာဖူးကြသည့် နန်အိမ်တော်မှ နန်ရှင်းနှင့် ပုအိမ်တော်မှ ပုချင်တို့လည်း ရောက်နေကြသည်။
ထိုစဉ်က နန်ရှင်းက ကျန်းလန်ကို အချိန်အတန်ကြာ စောင့်ကြည့်ပြီးနောက် လုပ်ကြံသတ်ဖြတ်ရမည့်တာဝန်ကို စွန့်လွှတ်ကာ အလယ်ပိုင်းလွင်ပြင်ဒေသသို့ ပြန်လာခဲ့သည်။
ပုချင်ကတော့ စိတ်ရှုတ်ထွေးနေခဲ့ပြီး လက်လျှော့ရန်ဆန္ဒမရှိသော်လည်း အဆုံးသတ်တွင် နန်ရှင်း၏စကားကို နားထောင်ကာ သူမသည်လည်း တာဝန်ကို စွန့်လွှတ်ခဲ့သည်။
ထို့နောက်တွင်တော့ ကျန်းလန်ကို သတ်ဖြတ်ရန် စေလွှတ်သူမှန်သမျှ အောင်မြင်သည့်သတင်း တစ်ခါမှ မကြားခဲ့ရပေ။
ပုချင်က ဆီစိမ်းစက္ကူထီးလေးကိုကိုင်ထားရင်း…
"ဒီနေ့ အဲဒီလူကို မတွေ့မိပါလား ၊ ဒါနဲ့ ရှင့်ကိုမေးတိုင်း ရှင်က အဲဒီလူမှာ ထူးခြားချက်ရှိတယ်လို့ အမြဲပြောတတ်တယ်နော် ၊ ဒါပေမဲ့ အဲဒီထူးခြားချက်က ဘာလဲဆိုတာ တစ်ခါမှ ပြောမပြဘူး"
လက်ရှိတွင် သူတို့ (၂)ယောက်လုံး အစစ်အမှန်အင်မော်တယ်များ ဖြစ်နေကြပြီ ဖြစ်သည်။ တန်ခိုးစွမ်းအားများလည်း မြင့်မားကြပြီး ကျင့်ကြံခြင်းအဆင့်တူသူများထဲတွင် သူတို့ကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိနိုင်သည်။
သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ပုချင်က နမတောင်ထွတ်မှတပည့်ကို သတ်ဖြတ်ရမည့်တာဝန်ကို စွန့်လွှတ်ခဲ့ရသည့်အကြောင်း နန်ရှင်းကို ပြော၍မဆုံးသေးပေ။
ထိုသူကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီးမှ နန်ရှင်းက ရုတ်တရက်ကြီး နောက်ဆုတ်လိုက်ရသည့် အကြောင်းရင်းကို ပုချင် နားမလည်နိုင်ပေ။
နန်ရှင်းက တိုးလျသည့်လေသံဖြင့်…
"အဲဒါက အရေးကြီးလို့လား ၊ အရေးကြီးတာက ကျုပ်တို့ အခုချိန်ထိ အသက်ရှင်သန်နိုင်ပြီး ချောချောမောမာနဲ့ ကျင့်စဉ်လမ်းကို လျှောက်နေနိုင်တာ မဟုတ်ဘူးလား ၊ နဝမတောင်ထွတ်ကတပည့်ကို လုပ်ကြံသတ်ဖြတ်ဖို့က ကျုပ်အတွက် စိတ်ဖိစီးမှုအရမ်းများတယ် ၊ အဲဒီတာဝန်ကို စွန့်လွှတ်လိုက်တာ မှန်ကန်ပါတယ်"
နန်ရှင်းက သူ၏ရွေးချယ်ခဲ့မှုအတွက် အစမှအဆုံးတိုင် နောင်တရခဲ့ခြင်း မရှိပေ။
သူက…
"မင်း စုံစမ်းကြည့်လိုက်လေ ၊ အဲဒီတုန်းက ကျုပ်တို့နဲ့အတူ သူ့ကို သတ်ဖို့ကြံစီနေတဲ့သူတွေအကုန် သေသွားကြပြီ ၊ သူလည်း ကျုပ်တို့နဲ့အတူတူ အစစ်အမှန်အင်မော်တယ်အဆင့်ကို ရောက်နေပြီ မဟုတ်လား"
ပုချင်က…
"ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ သူက ဒီလောက် တန်ခိုးစွမ်းအား မမြင့်မားသေးပါဘူး"
နန်ရှင်းက ပုချင်ကို လှည့်ကြည့်လိုက်ရင်း…
"မင်းကို နတ်လူသားမျိုးနွယ်တွေက သတ်ချင်တယ်ဆိုရင် မင်း အင်မော်တယ်ဖြစ်ရင်တောင် အသက်မရှင်နိုင်ဘူး"
ခဏနားပြီးမှ သူက ဆက်ပြောသည်။
"ကျုပ် သူ့ကို မသတ်နိုင်ဘူး ၊ မလုပ်နိုင်တဲ့အလုပ်ကို အတင်းအကျပ်လုပ်မယ်ဆိုရင် ကျုပ်ရဲ့ တာအိုစိတ်ထား ပျက်စီးသွားပြီး ကျင့်ကြံခြင်းအဆင့်တက်တာ နှေးကွေးသွားနိုင်တယ် ၊ ပြီးတော့ သူက အစစ်အမှန်အင်မော်တယ်အဆင့်တက်သွားတာ ပါရမီရှင်တွေထက်တောင် ပိုပြီး လျှင်မြန်သေးတယ် ၊ သူက ရိုးရှင်းတယ်လို့ မင်းထင်သလား ၊ ကျုပ်ထင်တာ မမှားဘူးဆိုရင် သူက အဲဒီအချိန်ထဲက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ် ၊ ကျုပ်တို့ မသိခဲ့လို့သာ…"
ပုချင်က…
"ဒါက ရှင့်ရဲ့ ခန့်မှန်းချက်ပဲလေ ၊ မှန်တယ်လို့ တစ်ထစ်ချပြောလို့မှ မရတာ"
နန်ရှင်းက သူမကို အရေးမစိုက်တော့ပေ။
"အဲဒီတုန်းက သူ့ကိုရှင်းပစ်ဖို့ ကျုပ် လက်လျှော့လိုက်ပေမယ့် မင်းကိုတော့ ကျုပ် မတားခဲ့ပါဘူး ၊ အခြေအနေဘယ်လိုလဲ သုံးသပ်ဖို့လောက်ပဲ ပြောပြခဲ့တာလေ"
ပုချင်ပါးစပ်ပိတ်သွားသည်။
အခြားတစ်ဖက်တွင်တော့ ကျင်းထင်နှင့် အခြားသူများသည်လည်း တိုက်ပွဲစင်မြင့်ပတ်ဝန်းကျင်သို့ ရောက်ရှိလာကြသည်။
ကျင်းထင်က…
"ဂိုဏ်းတူညီလေးကျန်းလန် မတွေ့မိပါလား"
မုရှိုးက လင်စီးယာကို လှည့်ကြည့်လိုက်ရင်း…
"ကျောက်စိမ်းရေကန်နတ်ဘုရားမလည်း မတွေ့ဘူးနော် ၊ ဘာလို့ သူတို့မလာကြတာလဲ ဂိုဏ်းတူညီမ'လင်' သိလား"
လင်စီးယာက မုရှိုးအနားသို့ လျှောက်လာရင်း…
"ဂိုဏ်းတူအစ်မ လုန်ယွိက လာမယ်မထင်ဘူး ၊ ဒီတိုက်ပွဲက မရဏဂူနဲ့ဆက်စပ်နေတော့ ဂိုဏ်းတူမောင်လေးကျန်းလန်လည်း မအားဘူးထင်တယ်"
ကျင်းထင်က…
"ဂိုဏ်းတူမောင်လေးကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ အဆင်ပြေနေတဲ့ပုံပဲ"
မုရှိုးက…
"အင်း… သူတို့ တကယ်အဆင်ပြေနေကြတဲ့ပုံပဲ ၊ အဓိကကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ဂိုဏ်းတူမောင်လေးကျန်းလန်အပေါ် အရမ်းကောင်းတယ်လေ"
လင်စီးယာက…
"အမလေး… ဂိုဏ်းတူမောင်လေးကျန်းလန်ကလည်း သူ့ကို အရမ်းအလိုလိုက်ပုံရတယ် ၊ ကျွန်မ နဝမတောင်ထွတ်မှာ သွားပြီးကျင့်ကြံတုန်းကဆိုရင် ဂိုဏ်းတူအစ်မက ဂိုဏ်းတူမောင်လေးရှေ့မှာ ကလေးမလေးတစ်ယောက်လိုပဲ ၊ ပြီးတော့ သူ့ကိုကြည့်ရတာ အရမ်းလှပပြီး သွက်လက်နေတာပဲ"
သူမက ကျန်းလန်နှင့်လုန်ယွိတို့ စုံတွဲကို အလွန်စိတ်ဝင်စားသည်။
ကျင်းထင်က ထိုအကြောင်းများကို အရေးမစိုက်တော့ပေ။ သူက ကောင်းကင်ထက်မှ ဆင်းသက်လာသည့် အလင်းတန်းများကို မော့ကြည့်လိုက်သည်။
"တစ်ယောက်ယောက် ဆင်းလာတော့မယ် ထင်တယ်"
တိုက်ပွဲမစတင်မီ နတ်ဘုရားရာထူးပိုင်ဆိုင်သူများ ဆင်းသက်လာကြမည်ဟု ဆိုထားလေသည်။
လုကျန်းနှင့် အခြားသူများကတော့ တိုက်ပွဲဝင်မည့်သူများနေရာယူရမည့် စင်မြင့်ထက်တွင် မတ်တတ်ရပ်နေကြသည်။ တိုက်ပွဲဝင်မည့်သူများအားလုံး ဤနေရာတွင် စုရုံးနေကြသည်။
လုကျန်းက…
"နတ်ဘုရားရာထူးပိုင်ဆိုင်ထားတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ကျုပ်သိချင်လိုက်တာ"
ပေဖန်းက…
"ကျုပ်တို့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ပြန်တွေ့ရတော့မှာပေါ့"
လင်အန်းက…
"အမှန်ပဲ ၊ သူလည်း လာမှာပဲမဟုတ်လား"
သူတို့ (၃)ယောက်က ခွန်လွန်တောင်ကို ကိုယ်စားပြုပြီး အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် ၊ အလယ်ဆင့်နှင့် မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဟုန်လွမ်ကတော့ တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။ လူရွေးချယ်ပွဲတွင် လင်အန်းကို ရှုံးနိမ့်သွားပြီး ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ဟုန်လွမ်က ကျူးချင်အနားတွင် မတ်တတ်ရပ်နေရင်း မေးလိုက်သည်။
"ဆရာ… နတ်ဘုရားရာထူးပိုင်ရှင်တွေ ရောက်လာကြတော့မှာလား"
ကောင်းကင်ထက်မှ တစ်စုံတစ်ခု ဆင်းသက်လာတော့မည်ကို သူမ ခံစားလိုက်ရသည်။
ကျူးချင်က…
"ဟုတ်တယ် ၊ သူတို့က ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ အထွတ်ထိပ်အဆင့် ကိုယ်စားပြုတယ် ၊ သူတို့မှာ အမြင့်မားဆုံးကျင့်ကြံခြင်းအဆင့် ၊ ကံကြမ္မာအခွင့်ကောင်းရော်ဝါတွေနဲ့ အတော်ဆုံးအရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတယ်"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ကြည့်ရတာ သူတို့လည်း တိုက်ခိုက်ကြတော့မယ် ထင်တယ်"
ဟုန်လွမ်က သိပ်နားမလည်သော်လည်း ထိုသူများသည် နှစ်လိုဖွယ်တော့ရှိမည်မဟုတ်ဟု ခံစားမိသည်။
ထိုအချိန် အခြားတစ်နေရာတွင် ရှိနေသည့် လုန်မန်သည်လည်း ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
"သူတို့ ရောက်လာကြတော့မယ်"
အခြားသူများ မည်သို့တွေးထင်ပါစေ သူ့လောက်တော့ ရှင်းရှင်းလင်းလင်း သိရှိနိုင်ကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူက နတ်ဘုရားရာထူးများအားလုံး၏ ပေါင်းကူးတံတားသဖွယ်အသုံပြုခံခဲ့ရသူ ဖြစ်လေရာ ထိုသူများအကြောင်းကို အသိဆုံး ဖြစ်သည်။
ကောင်ငယ်လေး ၊ ဟုန်ယာနှင့် ယန်ရှီးယွင်တို့သည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ချင်းမုသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။
သူတို့အားလုံးက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား၏အမည်နာမအောက်တွင် တိုက်ပွဲဝင်ကြရမည်ကို သူ သိရှိသည်။ သူ့အရည်အချင်းက အဋ္ဌမမင်းသားတို့အုပ်စုနှင့် ကောင်းကောင်းယှဉ်နိုင်ကြောင်း ချင်းမု သိရှိသည်။ သူတို့နှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် သူ မရှုံးနိမ့်နိုင်ပေ။
သို့သော် ထိုအုပ်စုက သူ့ကို မုန်းတီးဟန်မပြသည့်တိုင် အရေးလည်း မစိုက်ကြပေ။ သူက တစ္ဆေတိုင်းပြည်မှဖြစ်သည့်အတွက် လျစ်လျူရှုခံရခြင်းများလားဟု ချင်းမု တွေးမိသည်။
"ဘုန်း…"
နတ်ဘုရားရာထူး (၁၂)ခုအနက် အရှေ့ပိုင်းနန်းတော်တည်ရှိရာနေရာမှ အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
လူတိုင်းက ကောင်းကင်ထွက်မှထွက်ပေါ်လာသည့်အလင်းတန်းများကို လှမ်းမျှော်ကြည့်လိုက်ကြ၏။
ထို့နောက် ကောင်းကင်ထက်၌ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေသည့် မိန်းမပျိုတစ်ယောက် ပေါ်လာသည်။ သူမ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံမှ အသံတစ်သံလည်း ထွက်ပေါ်လာသည်။
"ရှေးဟောင်းအရှေ့နန်းတော် ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေမှ ကမ္ဘာမြေ၏မိခင်"
"ဟာ… အဲဒါ ကျွန်မတို့ ဘိုးဘေးပဲ"
ယန်ရှီးယွင်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
ကမ္ဘာမြေ၏မိခင်သည် သူမတို့၏ မျိုးနွယ်ဖြစ်သည်။ ယန်ရှီးယွင်မှာ သူမနှင့် မျိုးနွယ်တူများနှင့် မတွေ့ဆုံရသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
အခြားသူများမှာလည်း အံ့သြတုန်လှုပ်သွားကြသည်။ သူတို့အနေဖြင့် နတ်ဘုရားရာထူးနာမည် အပြည့်အစုံကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
ထို့နောက် ကောင်းကင်၏တောင်ဘက်ပိုင်းမှ အလင်းရောင်များ တောက်ပလာပြီး အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့်လူရွယ်တစ်ယောက် ထွက်ပေါ်လာသည်။
"ရှေးဟောင်းတောင်ပိုင်းနန်းတော် ၊ မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီး"
မြောက်ဘက်ကောင်းကင်ယံမှလည်း နေရောင်ကဲ့သို့တောက်ပနေသည့် လူရွယ်တစ်ယောက် ထွက်ပေါ်လာသည်။
"ရှေးဟောင်းမြောက်ပိုင်းနန်းတော်က ဧကရာဇ်ချုန်းကိုး"
ထိုသို့ဖြင့် နတ်ဘုရားရာထူးပိုင်ရှင်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ အမည်နာမများနှင့်အတူ ထွက်ပေါ်လာကြသည်။
နတ်ဘုရားရာထူး (၁၂)ခု၏ အမည်နာမများသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် စတင်အက္ခရာတင်ခြင်း ခံခဲ့ရသည်။
နောက်ဆုံးတွင်တော့…
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်၏ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
ဆိုသည့် အမည်နာမ ထွက်ပေါ်လာသည်။
ထို့နောက် မြူခိုးများ ဖုံးကွယ်ထားသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မတွေ့မြင်ရသည့် လူတစ်ယောက် ကောင်းကင်ထက်မှ ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။
ကောင်းကင်ထက်မှ ဆင်းသက်လာသူ နတ်ဘုရားရာထူးပိုင်ရှင်များကို တွေ့မြင်ကြရပြီး သူတို့၏ ဘွဲ့အမည်များကိုလည်း ကြားသိခဲ့ရသည်။
ဧကရာဇ်ရှီးဟယ်ကတော့ အမည်မဖော်ဘဲ တိတ်ဆိတ်စွာပင် ဆင်းသက်လာခဲ့သည်။ နာမည်ခေါ်ဆိုခြင်းမရှိသော်လည်း အထက်မှဆင်းသက်လာသည့် ဖိအားကို ခံစားကြရသည်။
ထိုအချက်က လူအတော်များများကို အံ့အားသင့်စေသော်လည်း မည်သူမှ ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိကြပေ။
ဤအရေးကြီးပုဂ္ဂိုလ်များကြား တွေ့ဆုံမှုသည် အနည်းငယ်တော့ စိမ်းသက်လွန်းလှသည်။
***