မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီးနှင့်တိုက်ခိုက်ခြင်
Vol. 38 Ch. 523
ကျန်းလန်က ထိုသူများ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်သွားသည်ကို ကြည့်နေသည်။ သူကတော့ သူ၏ နတ်ဘုရာထူး အနေအထားကြောင့် အနောက်ဘက်တွင်ကျန်ရစ်ခဲ့ပြီး နောက်ဆုံးမှသာ ဆင်းသက်သွားခဲ့သည်။
ဧကရာဇ်ရှီးဟယ်ကတော့ တိတ်တဆိတ်ဆင်းသက်သွားပြီး သူ၏အမည်နာမကို ဖော်ပြခြင်း မရှိပေ။ နာမည်အတုဖြစ်သည့် ဧကရာဇ်လွန်လင်ဆိုသည့်နာမည်ကိုတောင် အသုံးမပြုခဲ့ပေ။
သူ မရှိသကဲ့သို့ပင် တိတ်တဆိတ်ဟန်ဆောင်ထားခဲ့သည်။
သူ၏ နတ်ဘုရားရာထူးနာမည်ကို မကြေငြာခြင်းက သူဆွဲထားသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရသည်။ မဟုတ်ပါက သူ့အနေဖြင့် တမင်သက်သက် ဖုံးကွယ်ထားစရာမလိုပေ။
ဤသည်က ကျန်းလန်၏ အတွေးများသာ ဖြစ်သည်။
ထို့နောက် သူက ဧကရာဇ်ရှီးဟယ်အကြောင်းမတွေးတော့ဘဲ အခြားသူများကို လှမ်းကြည့်လိုက်သည်။
အားလုံးက သူတို့၏ တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်ချင်နေကြသည်။ သူတို့အားလုံး၏ တန်ခိုးစွမ်းအားက အထွတ်ထိပ်အဆင့် အသုံးမပြုနိုင်ကြသော်လည်း ကျန်းလန်ကဲ့သို့ အားနည်းသူတစ်ယောက်ကို အသုံးချကာ စမ်းသပ်ချင်နေကြသည်။
ထိုရည်ရွယ်ချက်ကို အထင်ရှားဆုံး ပြသခဲ့သူကတော့ မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိပင် ဖြစ်သည်။ သူက ကျန်းလန်ကို စတွေ့ကတည်းက သူက ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
မြေအောက်နတ်ဆိုးဘိုးဘေးက ကျန်းလန်ကိုကြည့်ရင်း ရယ်မောလိုက်သည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက မင်းရဲ့ရုပ်သွင်းအစစ်အမှန်ကို မပြချင်ဘူးလား
အခြားသူများကတော့ သူတို့ (၂)ယောက်ကို ကြည့်ရုံသာကြည့်နေပြီး မည်သည့်စကားမှ မပြောကြပေ။
သို့သော် ဧကရာဇ်ယိုတုက ဝင်ပြောလေ၏။
"အားလုံးက မင်းလို အရှက်မရှိဘူးလို့ ထင်နေလား"
ကျန်းလန် : "……"
ထိုစကားကြောင့် တစ္ဆေတိုင်းပြည်မှ သူရရှိသော ခင်မင်မှုသည် အဆိပ်အတောက်များဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။
ကျန်းလန်က ဧကရာဇ်ယိုတုကို အရေးမစိုက်ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မြေအောက်နတ်ဆိုးဘိုးဘေးကို ကြည့်လိုက်သည်။
ထိုခဏတွင် အလင်းရောင်များတောက်ပလာပြီး အလင်းရောင်ထဲတွင် လမ်းကြောင်း (၁၂)ခု ပေါ်လာကာ အလယ်ဗဟိုသို့ ပျံ့နှံ့သွားသည်။ ထို့နောက် အလယ်ဗဟိုတွင် ကြီးမားသည့် စင်မြင့်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုစင်မြင့်ကြီးက ကွင်းပြင်တစ်ခုအလား ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်သွားသည့် ပြောင်းလဲမှုက အောက်မှလူအများကို အံ့အားသင့်သွားစေသည်။
ကောင်းကင်ထက်တွင် တစ်ခုခု ဖြစ်နေသည်လား။
မြေအောက်နတ်ဆိုးဘိုးဘေးက ကျန်းလန်ကိုကြည့်လိုက်သည်။ သူ့စိတ်ထဲမှအတွေးများ မည်သို့ရှိမည်ကို မသိနိုင်ပေ။
စက္ကန့်ပိုင်းမျှကြာပြီးနောက်…
ကျန်းလန်က ကြီးမားသည့် အလင်းရောင်ကွင်းပြင်ကြီးထက်တွင် မတ်တတ်ရပ်နေသည်။
သူက မြေအောက်နတ်ဆိုးဘိုးဘေးကို စိုက်ကြည့်လိုက်ရင်း…
"လာလေ… လာတိုက်…"
သူစကားက ရိုးရိုးရှင်းရှင်းနှင့် ခပ်ရိုင်းရိုင်းပင် ဖြစ်သည်။
ရုတ်တရက်ပြောင်းလဲမှုက လူတိုင်းကို အံ့အားသင့်သွားစေသည်။ ဤသို့ကြီးကျယ်သည့်တန်ခိုးစွမ်းအားရှင်များက အချင်းချင်းတိုက်ခိုက်ကြမည်တဲ့လား။
အောက်ဘက်တွင် ရှိနေကြသူများမှာ အန္တရယ်ကျရောက်တော့မည်ဟု ခံစားလိုက်ကြရသည်။ နတ်ဘုရားရာထူးပိုင်ဆိင်သူများ တိုက်ခိုက်ကြမည်ဆိုလျှင် ပတ်ဝန်းကျင်တစ်ခုလုံး အကြီးအကျယ် ထိခိုက်မည် ဖြစ်သည်။
မြောင်ယွဲ့က ကောင်းကင်ထက်သို့ကြည့်လိုက်ပြီး စိတ်ဝင်စားစရာတစ်ခုခုကို တွေ့မြင်လိုက်ရသည့်အလား မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
မော့ကျန်းသုန့်ကတော့ ဣန္ဒြေရစွာပင် ငြိမ်သက်စွာကြည့်နေ၏။
ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း မော့ကျန်းသုန့်ကို လှည့်မေးသည်။
"ဘယ်သူအနိုင်ရမယ်လို့ မင်း ထင်လဲ"
မော့ကျန်းသုန့်က…
"ဆက်ကြည့်ရင် သိမှာပေါ့"
တိုက်ပွဲစင်မြင့်ထက်မှလူအများလည်း အံ့အားသင့်သွားကြသည်။
ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များတိုက်ခိုက်တော့မည်ဆိုလျှင် သူတို့အားလုံးအတွက် အန္တရယ်ရှိလေသည်။ အဋ္ဌမမင်းသားကတော့ မြေအောက်နတ်ဆိုးဘိုးဘေးကိုကြည့်လိုက်ပြီး "ဘိုးတော်တော့ ကိစ္စတုံးတော့မည်" ဟု တွေးမိသည်။
နဂါးမျိုးနွယ်ဖြစ်စေ ၊ လူသားဖြစ်စေ မည်သူမဆို သိုသိုသိပ်သိပ်နေထိုင်သင့်သည်ဟု ယောက်ဖက သူ့ကို မကြာခဏ သတိပေးလေ့ရှိသည်။ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသည် သိုသိုသိပ်သိပ်ဖြင့်ပင် ရန်သူကို အနိုင်ယူပြပေလိမ့်မည်။
ချင်းမုကတော့ ပြိုင်ဘက်ကင်း လက်သီးနတ်ဘုရားကို လေးစားမှုများစွာဖြင့် ကြည့်နေလေတော့၏။
***
ကျန်းလန်က စတင်တိုက်ခိုက်ရန် စိန်ခေါ်လိုက်သည်ကို တွေ့သည့်အခါ မြေအောက်နတ်ဆိုးဘိုးဘေး အနည်းငယ် အံ့အားသင့်သွားသည်။
ထို့နောက် သူ ရှေ့ထွက်လိုက်သည်။
"မင်းကိုကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပုံပဲ ၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀၀)က မင်းက အစစ်အမှန်အင်မော်တယ်အဆင့်ပဲရှိသေးတယ်လို့ ကျုပ် သတင်းကြားတယ် ၊ ပြီးတော့ မင်းရရှိထားတဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဘွဲ့က တစ္ဆေတိုင်းပြည်က ဆင်းသက်လာတာပဲ"
မြေအောက်နတ်ဆိုးဘိုးဘေးက အလင်းရောင်ကွင်းပြင်ဆီသို့ လှမ်းဝင်လာပြီး ကျန်းလန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ထူးဆန်းသောအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
တစ်ဖက်လူထံမှ အလင်းရောင်က သူ့ကို ပစ်မှတ်ထားတိုက်ခိုက်လာသည်ကို ကျန်းလန် ရိပ်မိလိုက်သည်။ သူ့ကိုတိုက်ခိုက်ရန် အတော်လေး ကြိုတင်ပြင်ဆင်ထားခဲ့သည်ပဲ။
သူတို့ (၂)ယောက် မျက်လုံးချင်းဆုံသွားသည်။ မည်သူမှ စတင်မတိုက်ခိုက်ကြသေးသော်လည်း တာအိုစွမ်းအားဖြင့် မမြင်ရသည့်အသံတိတ်တိုက်ပွဲတစ်ခု တိုက်ခိုက်နေကြခြင်းပင်။
တစ်ချိန်တည်းမှာပင် မြေအောက်နတ်ဆိုးဘိုးဘေး၏စကားကြောင့် အောက်ဘက်ရှိလူများ တုန်လှုပ်သွားကြသည်။ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက လွန်ခဲ့သော အနှစ် (၆၀၀)က အစစ်အမှန်အင်မော်တယ်တစ်ယောက်တဲ့လား။
ဆိုတော့…
ယခု သူက မိုးကောင်းကင်အင်မော်တယ်အဆင့်မျှသာ ရှိသေးသည်လား။
ကောလဟလများအတိုင်း နတ်ဘုရားရာထူး ပိုင်ဆိုင်သူများထဲတွင် အားနည်းသူတစ်ယောက် အမှန်တကယ် ရှိနေခဲ့သည်။
ထိုအတွေးက အားလုံးကို ရင်ခုန်သွားစေသည်။ နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများထဲတွင် တန်ခိုးစွမ်းအားနည်းပါးသူတစ်ယောက်ပါဝင်နေသည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ ထို့ပြင် ထိုသူက တစ္ဆေတိုင်းပြည်မှ နတ်ဘုရားရာထူးကို ရယူထားသည်။
လူတိုင်းစိတ်ထဲ အတွေးကိုယ်စီရှိကြသည့်တိုင် မည်သူမှ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်မပြောရဲကြပေ။ အခြေအနေကိုသာ ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန် ကောင်းကင်ယံမှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘုန်း"
ခဏအတွင်း ကောင်းကင်ထက်မှ နေနှင့်လသည်ပင် မှေးမှိန်သွားသလို ထင်မှတ်ရသည်။
မိုးမြေတစ်ခုလုံးကို တန်ခိုးစွမ်းအား (၂)ခုက သိမ်းပိုက်ထားလိုက်သည်။ တစ်ဖက်တွင် အလွန်ကြီးမားသည့် ပုံရိပ်ကြီးတစ်ခု ရှိနေပြီး ထိုပုံရိပ်ကြီး၏ ပတ်ပတ်လည်တွင် အနက်ရောင်တန်ခိုးစွမ်းအားများ လှည့်ပတ်လျှက် ရှိသည်။
အခြားတစ်ဖက်တွင်တော့ ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုနှင့် ဆင်တူသည့် တန်ခိုးစွမ်းအားများထွက်ပေါ်နေသည်။ ထိုတန်ခိုးစွမ်းအားအလယ်တွင် မိုးနဲ့မြေကို ဖိနှိပ်ထားသည့်အလား မားမားမတ်မတ်ရပ်တည်နေသူ တစ်ယောက် ရှိသည်။
မဟာတာအိုတန်ခိုးစွမ်းအားများက ပြင်းထန်စွာ ပဲ့တင်ထပ်လျှက် ရှိလေရာ မြေပြင်ထက်တွင် မည်သူမှ ရပ်တည်နိုင်ခြင်း မရှိကြတော့ပေ။
အင်အားကြီးမားလွန်းသည့် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားတစ်ခုက သူတို့ကို အချိန်မရွေး အမှုန့်ချေပစ်တော့မည့်အလား သူတို့အားလုံးထက်သို့ ဖိနှိပ်ထားသည်။
"အသူရာချောက်နက်တန်ခိုးစွမ်းအား"
မြေအောက်ဘိုးဘေး၏ နက်ရှိုင်းသည့်အသံထွက်ပေါ်လာပြီး အနက်ရောင်တန်ခိုးစွမ်းအားများက ချောက်နက်ကြီးတစ်ခုပမာ ကျန်းလန်ထံ ဝင်ရောက်လာသည်။ ထိုချောက်နက်ကြီးက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စုပ်ယူပစ်လိုက်သည်။
ကျင့်ကြံခြင်းအဆင့် မလုံလောက်သူတစ်ယောက် ထိုချောက်နက်ကြီးကို ကြည့်လိုက်ရုံဖြင့်ပင် အထဲသို့ ကျုံးသွင်းခံရပြီး အသက်သေဆုံးရမည် ဖြစ်သည်။ ထို့ကြောင့် မြေပြင်ထက်မှ လူများမှာ ထိုချောက်နက်ကြီးကို မကြည့်ဝံ့ကြဘဲ မြေပြင်ထက် ပြားပြားဝပ်လျှက် ရှိကြတော့၏။
ကျင့်ကြံသူအတော်များများက တာအိုအင်မော်တယ်တစ်ယောက် ၊ သို့မဟုတ် နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူတစ်ယောက်၏ တန်ခိုးစွမ်းအားမျိုးကို တွေ့မြင်ဖူးခြင်း မရှိကြပေ။
ယခုတော့ အလွန်ဝေးကွာသည့်နေရာမှ တွေ့မြင်ရသည့်တိုင် သေရတော့မည်ဟု သူတို့အားလုံး ခံစားနေကြရသည်။
ထိုအချိန် နောက်ထပ်အသံတစ်သံထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်။
"အကန့်အသတ်မဲ့ဘေးဆိုးတန်ခိုးစွမ်းအား"
ထိုခဏတွင် ချောက်နက်ကြီးတစ်ခုအတွင်း စုပ်ယူခံရတော့မည့်အလား ခံစားနေကြရသည့် အောက်ဘက်မှ ကျင့်ကြံသူများမှာ ဘေးအန္တရယ်ဆိုးကြီးတစ်ခု ကျရောက်လာသည်ကိုပါ ခံစားလိုက်ကြရသည်။
ဘေးအန္တရယ်ကပ်ဆိုးကြီးကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အလား သူတို့အားလုံး ခံစားလိုက်ကြရသည်။
ကြောက်မက်ဖွယ်ရာစွမ်းအားများက သူတို့ကို ခြိမ်းခြောက်လျှက် ရှိသည်။
"ဝှစ်…"
ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရပြီး ကြောက်ရွံ့တုန်လှုပ်နေကြသည့် မြေပြင်ထက်မှ ကျင့်ကြံသူများအားလုံး စိတ်သက်သာရာရသွားကြသည်။
သူတို့ ခေါင်းမော့ကြည့်လိုက်သည့်အခါ နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်မှ အချို့သူများက သူတို့ကို ကာကွယ်ပေးနေကြောင်း တွေ့လိုက်ရသည်။
ထို့နောက် ကောင်းကင်ထက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီလိုအဆင့်တိုက်ပွဲမျိုးဆိုတာ တွေ့ရခဲပါတယ် ၊ ရှင်းရှင်းလင်းလင်းမြင်အောင် ကြည့်ရှုကြပါ ၊ နောင်မှာ ဒီလိုတိုက်ပွဲမျိုးကို ထပ်မံတွေ့မြင်နိုင်တော့မှာ မဟုတ်ပါဘူး"
ထိုအသံက ဧကရာဇ်ရှီးဟယ်၏ အသံဖြစ်သည်။
ထိုအခါမှ အောက်ဘက်မှလူများမှာ တိုက်ပွဲကို ရဲရဲဝံ့ဝံ့ ခေါင်းမော့ကြည့်ရဲကြတော့သည်။ စောစောက ကြောက်ရွံ့လွန်းသဖြင့် မည်သူမှ ခေါင်းမထောင်ရဲကြပေ။
လူကြီးများရန်ဖြစ်သည့်အခါ ကလေးများ ဒုက္ခရောက်ရသည့်အလားပင် ဖြစ်၏။
ယခုတော့ တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရပြီ ဖြစ်သည်။ သူတို့အားလုံး ဧရာမအနက်ရောင်ပုံရိပ်ကြီးတစ်ခုနှင့် သူနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသည့် မြူခိုးများဖုံးလွှမ်းနေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ကြရသည်။
ထိုသူ (၂)ယောက်က တစ်ယောက်နှင့်တစ်ယောက် အကြိတ်အနယ် တိုက်ခိုက်နေသည်။
သူတို့အားလုံး ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား၏တိုက်ခိုက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ကြရသည်။
ကျန်းလန်က တိုက်ခိုက်ရင်းဖြင့် မြေအောက်နတ်ဆိုးဘိုးဘေး၏ လျှို့ဝှက်ချက်များကို စတင်လေ့လာနေသည်။ သူက အချိန်ဆွဲလိုခြင်း မရှိပေ။ အချိန်ဆွဲထားလေ သူ့အတွက် ပိုဆိုးလေဖြစ်ပြီး ပြင်းထန်သည့် ထိုးနှက်ချက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။
မြေအောက်နတ်ဆိုးဘိုးဘေး၏ လျှို့ဝှက်ချက်များကို အတန်ငယ်လေ့လာပြီးသည်နှင့် ကျန်းလန်က ရှေ့သို့ခြေတစ်လှမ်းတိုးကာ တစ်ဖက်လူရှိရာသို့ လျှောက်သွားလိုက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် နွားရိုင်းကိုးကောင်စွမ်းအား ထွက်ပေါ်လာပြီး အန္တရယ်ကိုးသွယ်စွမ်းအားသည်လည်း ကောင်းကင်ယံတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းပင် မြေပြင်တစ်ခုလုံး တုန်ခါလာပြီး ကျယ်လောသည့် အော်မြည်သံကြီး ထွက်ပေါ်လာ၏။ တောင်နှင့်မြစ်ရေများမှာ တစ်စုံတစ်ယောက်က နင်းချေလိုက်သည့်အလား ပြိုကျပျက်စီးကုန်ကြသည်။
ကျန်းလန်က အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး မျက်စိတ်တစ်မှိတ်အတွင်းမှာပင် ကြီးမားသည့် ပုံရိပ်ကြီးရှေ့သို့ ရောက်ရှိလာသည်။ အကန့်အသတ်မဲ့ဘေးဆိုးတန်ခိုးစွမ်းအားကို ဆက်လက်အသုံးမပြုတော့ဘဲ ရပ်တန့်လိုက်ကာ လက်သီးကို ဝှေ့ယမ်းလိုက်သည်။
ကျန်းလန်က အကန့်အသတ်မဲ့ဘေးဆိုးတန်ခိုးစွမ်းအားကို ရှေ့ထွက်ဟန်ပြအဖြစ်သာအသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ပြင်းထန်လှသည့် နွားရိုင်းကိုးကောင်စွမ်းအားက ဧရာမပုံရိပ်ကြီးထံသို့ ပျံ့နှံ့ဝင်ရောက်သွားသည်။
မြေအောက်နတ်ဆိုးဘိုးဘေးကလည်း သေရမည်ကို ထိုင်စောင့်နေသူ မဟုတ်ပေ။ မြေအောက်နတ်ဆိုးဘိုးဘေး၏ အသူရာချောက်နက်ကြီးထဲတွင် မျက်လုံးတစ်လုံးထါက်ပေါ်လာပြီး ကျန်းလန်ကို စိုက်ကြည့်လိုက်သည်။ ထိုချောက်နက်ကြီးက ကျန်းလန်ကို စုပ်ယူပစ်တော့မည့်အလားပင်။
ကျန်းလန်၏ နွားရိုင်းကိုးကောင်စွမ်းအားက အန္တရယ်ကိုးသွယ်စွမ်းအားအထွတ်ထိပ်သို့ ပြောင်းလဲသွားသည်။
"ခရက်…"
"ဘန်း"
ခဏအတွင်းမှာပင် မြေပြင်နှင့်လေထုတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။
အလွန်ကြီးမားလှသည့် နွားရိုင်းကြီး (၂)ကောင်သည် တောင်နှင့်မြစ်ရေများကို နင်းဖြတ်လာပြီး လေထုကိုကျော်ဖြတ်ကာ တန်ခိုးစွမ်းအားအပြည့်ဖြင့် ရောက်ရှိလာကြသည်။
ထို့နောက် နွားရိုင်းကြီးများသည် မြေအောက်နတ်ဆိုးဘိုးဘေးအား ကိုယ်စားပြုသော ကြီးမားသည့်ပုံရိပ်ကြီးထံသို့ ဝင်ရောက်သွားကြတော့၏။
မြေအောက်နတ်ဆိုးဘိုးဘေးထံ ဝင်ရောက်သွားသည်က လက်သီးတစ်ချက်သာ ဖြစ်သည်။
"ဘုန်း"
ကြီးမားသည့် ပုံရိပ်ကြီး၏ ဦးခေါင်းတစ်ခုလုံး အက်ကွဲသွားပြီး ခန္ဓာကိုယ်သည်လည်း ပြိုကွဲသွားသည်။ တစ်ချိန်တည်းမှာပင် သူဖန်တီးထားသည့် အသူရာချောက်နက်သည်လည်း ပေါက်ကွဲထွက်သွား၏။
"ဘုန်း"
"ဘုန်း"
မြေအောက်နတ်ဆိုးဘိုးဘေး၏ တန်ခိုးစွမ်းအားများအားလုံးပျက်စီးသွားပြီး သူပိုင်ဆိုင်သည့် တာအိုစွမ်းအားတစ်ခုလုံး လက်သီးတစ်ချက်တည်းဖြင့် ဖျက်စီးခံလိုက်ရသည်။
လက်သီးစွမ်းအားက လေထုကို ဖြတ်ကျော်သွားပြီး မြေအောက်နတ်ဆိုးဘိုးဘေး၏ နတ်ဘုရားရာထူးနေရာကိုပါ ထိမှန်သွားသည်။
"ခရက်"
မြေအောက်နတ်ဆိုးဘိုးဘေး ထိုင်ရမည့် နတ်ဘုရားရာထူးနေရာတစ်ခုလုံး အက်ကွဲကြောင်းများနင့် ပြည့်နက်သွားသည်။
"ဘန်း"
နေရာတစ်ခုလုံးပျက်စီးသွားခဲ့သည်။
ထို့နောက် ကျန်းလန်က သူ့လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်စွာပင် ရပ်နေသည်။
လေထုထဲမှ တန်ခိုးစွမ်းအားများ ပျောက်ကွယ်သွားပြီး ယခင်က တိုက်ခိုက်သူ (၂)ယောက် ရှိနေသော်လည်း ယခုတော့ ကျန်းလန် တစ်ယောက်သာ ရှိတော့သည်။
မူလ နတ်ဘုရားရာထူး (၁၂) နေရာတွင်လည်း ယခုတော့ (၁၁) နေရာသာကျန်တော့ည်။
မြေအောက်နတ်ဆိုးဘိုးဘေး၏ ကြီးမားသည့် ပုံရိပ်ကြီးမှာ ယခုအခါ အခိုးအငွေ့လေးမျှသာ ကျန်ရစ်တော့သည်။
သူက ကျန်းလန်ကို မယုံကြည်နိုင်စွာကြည့်ရင်း...
"ဘာလို့လဲ ၊ မင်းက ဘာလို့ ဒီလောက် တန်ခိုးစွမ်းအား မြင့်မားနေရတာလဲ"
ကျန်းလန်က သူ့ကို ခဏမျှ ငြိမ်သက်စွာကြည့်နေပြီးမှ စကားဆိုသည်။
"နှစ်ပေါင်း (၆၀၀) ဆိုတာ တာအိုအင်မော်တယ်ဖြစ်ဖို့ မလုံလောက်ဘူးလား"
မြေအောက်ဘိုးဘေးနတ်ဆိုးက ကျန်းလန်ကို စကားမပြောဘဲ ကြည့်နေသည်။
ကျင့်ကြံသူတစ်ယောက်က နှစ်ပေါင်း (၆၀၀)အတွင်း အစစ်အမှန်အင်မော်တယ်အဆင့်မှ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ပါမည်လား။
ဤသည်က ဘယ်လိုလုပ်ဖြစ်နိုင်ပါမည်လဲ။
မြေအာက်နတ်ဆိုးဘိုးဘေး၏ လက်ကျန် အခိုးအငွေ့လေး ပျောက်ကွယ်သွားပြီးကံကြမ္မာအခွင့်ကောင်းတိုက်ပွဲနေရာမှ ထွက်ခွာသွားရတော့သည်။
အောက်ဘက်မှလူများကလည်း အလွန်တုန်လှုပ်သွားကြသည်။
တစ္ဆေတိုင်းပြည်မှလူများကတော့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။
နှစ်ပေါင်း (၆၀၀)အတွင်း အစစ်အမှန်အင်မော်တယ်မှ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်သွားသည်မှာ ဤလောကတွင် အဘယ်မျှ ကြောက်မက်ဖွယ်ရာကောင်းပါသနည်း။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက အားအနည်းဆုံးသူတဲ့လား။
ယခုတော့ သူက အားလုံးထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်နေခဲ့လေပြီ။ ထိုသို့သော အရှိန်အဟုန်ဖြင့် အဆင့်မြင့်တက်လာခြင်းက လူသားတစ်ယောက်အနေဖြင့် လုံးဝမဖြစ်သင့်သည့်ကိစ္စပင်။
မွေးရာပါအင်မော်တယ်များသည်ပင် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ယှဉ်နိုင်ကြမည် မဟုတ်ပေ။
ပျက်သုဉ်းတစ်စပြင်လောကြီးတွင် ယနေ့ ကြုံတွေ့ရသည့်တိုက်ပွဲမျိုး ယခင်က မရှိခဲ့ပေ။
အဋ္ဌမမင်းသားက ကောင်ငယ်လေးအနားသို့ တိုးကပ်လိုက်ရင်း...
"ကောင်လေး ၊ ကျုပ်ပြောတယ်မလား ၊ ခုတော့ မြေအောက်နတ်ဆိုးဘိုးဘေးအတွက် နံ့သာပေါင်းမီးရှို့ရတော့မယ်"
လူငယ်က စိတ်ထဲမထားပေ။
သူက အစကတည်းက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို အားနည်းသည်ဟု တစ်ခါမှ မပြောခဲ့ဘူးပေ။ တန်ခိုးစွမ်းအားမြင့်မားသည်ဟုသာ အမြဲခံစားခဲ့ရသည်။
ပြီးတော့ ထိုသူက သူ့ကိုလည်း ကူညီခဲ့ဖူးသည် မဟုတ်လား။
ဟုန်ယာကတော့ ထိတ်လန့်တုန်လှုပ်လျှက် ရှိသည်။
ဤပုဂ္ဂိလ်က ကျင့်ကြံခြင်းသက်တမ်း နှစ်ပေါင်း (၁၀၀၀) မပြည့်ခင် တာအိုအင်မော်တယ် ဖြစ်လာခဲ့သည်တဲ့လား။
သူမသည်ပင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်တိုင် အစစ်အမှန်အင်မော်တယ် အလယ်ဆင့်မျှသာ ရှိသေးသည်။ နောက်ထပ် အနှစ် (၆၀၀) ဆိုလျှင် အလွန်ဆုံးနေမှ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်မျှသာ ရှိနိုင်သည်။
ဒီလူကတော့ အနှစ် (၆၀၀)အတွင်း တာအိုအင်မော်တယ်အဆင့်သို့ မည်သို့ရောက်ရှိသွားပါသနည်း။
"ဒီကောင်လေးက အတော်ထူးခြားတာပဲ"
ကျိုးကျုန်းထျန်းက မှတ်ချက်ပြုရင်း လက်ထဲမှ သေရည်အိုးကို မော့သောက်လိုက်သည်။
သေရည်က ကုန်နေသည်ဖြစ်ရာ နောက်ထပ်တစ်အိုး အမြန်ထုတ်ယူပြီး မော့သောက်လိုက်၏။
မော့ကျန်းသုန့်ကတော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
သူ့တပည့်က အမှန်တကယ်ပင် ထူးချွန်လွန်းသည်။
မြေအာက်နတ်ဆိုးဘိုးဘေးအဓိပတိကို နှိမ်နင်းပြီးနောက် ကျန်းလန်က အခြားသူများကို ဝေ့ကြည့်လိုက်သည်။ သူ့ကို တိုက်ခိုက်လိုသူ မည်သူမှမရှိကြောင်းတွေ့ရတော့မှ သူအတွက်သတ်မှတ်ထားသည့် နတ်ဘုရားရာထူးနေရာတွင် ဝင်ထိုင်လိုက်၏။
မြေအောက်နတ်ဆိုးဘိုးဘေးကို အနိုင်ယူပြီးသည့်နောက် သူ့အနာဂတ်က ပိုမိုတည်ငြိမ်သွားမည်ဖြစ်သည်။ သူ၏ နတ်ဘုရားရားထူးကို လိုချင်နေသဖြင့် စူးစမ်းနေသူများလည်း အကြံအစည်ကို စွန့်လွှတ်လိုက်ကြမည် ဖြစ်သည်။
နတ်လူသားမျိုးနွယ်ယွင်ရှောင်းက…
"မြေအောက်နတ်ဆိုးဘိုးဘေးမရှိဘဲ မြေအောက်နတ်ဆိုးတွေ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာပါဝင်ရင် အခက်တွေ့မှာ မဟုတ်လား"
ဧကရာဇ်ရှီးဟယ်က ရယ်မောလိုက်ရင်း…
"ဟုတ်တယ် ၊ နတ်ဘုရားရာထူးပိုင်ဆိုင်ထားတဲ့သူတစ်ယောက်က ကောင်းကင်ဘုံနဲ့ မရဏလောကရဲ့ ဖိအားတွေကို ထိန်းညှိဖို့ မကူညီနိုင်ဘူးဆိုရင် တိုက်ပွဲဝင်ဖို့ အခက်တွေ့လိမ့်မယ်"
ယွင်ရှောင်းက မြေအောက်နတ်ဆိုးမျိုးနွယ်များ၏ တာဝန်ခံကို ငုံ့ကြည့်လိုက်ရင်း…
"ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေက တိုက်ပွဲမဝင်ကြဘူးဆိုတော့ ကျုပ်က မင်းတို့ မြေအောကနတ်ဆိုးတွေကို ကူညီပေးမယ် ၊ မင်းတို့အနေနဲ့ ဘယ်လိုသဘောရလဲ"
မြေအောက်နတ်ဆိုးမျိုးနွယ်တဝန်ခံက ယွင်ရှောင်းကို လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
"ဒါဆိုရင်တော့ ကျုပ်တို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ် နတ်လူသားမျိုးနွယ်သခင်"
ကြည့်ရသည်မှာ နတ်လူသားမျိုးနွယ်များနှင့် နတ်ဆိုးမျိုးနွယ်များက လက်ဝါးချင်းရိုက်ထားကြဟန် ရှိသည်။ နတ်လူသားမျိုးနွယ်ယွင်ရှောင်းက ကူညီမည်ဖြစ်ကြောင်း မြေအောက်နတ်ဆိုးများက ကြိုပြီးသိနေသလိုပင်။
အားလုံးနေရာယူပြီးနောက် ဧကရာဇ်ရှီးဟယ်က ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်များထက်တွင် ရပ်နေကြသည့် တိုက်ပွဲဝင်မည့်သူများကို လှမ်းကြည့်လိုက်သည်။
"ဒါဆို စလိုက်ရအောင်"
ဧကရာဇ်ရှီးဟယ်စကားဆုံးသွားသည်နှင့် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်များထက်မှ တိုက်ပွဲဝင်မည့်သူများထံမှ အလင်းတန်းတစ်ခုစီထွက်ပေါ်လာသည်။
ထိုအလင်းတန်းများက လေထဲတွင်လှည့်ပတ်နေပြီး တိုက်ပွဲဝင်မည့်သူများကို ကျဘမ်းတွဲဖက်ပေးနေသည်။
ခဏအကြာတွင်တော့ အလင်းတန်းများ ရပ်တန့်သွားပြီး လေထဲတွင် စကားလုံးများ ဆက်တိုက်ထွက်ပေါ်လာသည်။
ပထမနေ့ရက်၏ တိုက်ပွဲအစီအစဉ်က ရှေ့ဆုံးတွင်ပေါ်လာသည်။
ပထမနေ့၊ ပထမတိုက်ပွဲ။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကိုယ်စားပြုသူ လုန်မန်နှင့် ဧကရာဇ်ချုန်းကိုးကိုယ်စားပြုသူ နတ်မိစ္ဆာဖိန်ချန် (ကျင့်ကြံခြင်းအဆင့် - မိုးကောင်းကင်အင်မော်တယ် ကနဦးအဆင့် ၊ တိုက်ပွဲစင်မြင့် အမှတ် -၁)
မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကိုယ်စားပြုသူ မြေအောက်နတ်ဆိုမျိုးနွယ် ကျောက်ခိုင်နှင့် ကမ္ဘာမြေ၏မိခင်ကိုယ်စာပြု ချီလင်မျိုးနွယ် ယန်ထျန်း (အစစ်အမှန်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့် ၊ တိုက်ပွဲစင်မြင့် အမှတ် - ၂)
ချန်ယွမ်နဂါးမင်းကိုယ်စားပြုသူ နဂါးမျိုးနွယ် ကွေ့လင်နှင့် ဧကရာဇ်ယိုတုကိုယ်စားပြုသူ တစ္ဆေတိုင်းပြည်မှ ရှန်းပေ့ (မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့် ၊ တိုက်ပွဲစင်မြင့် အမှတ် - ၃)
ပထမနေ့ ၊ ဒုတိယတိုက်ပွဲ။
စသည်ဖြင့် အစဉ်အတိုင်း အမည်စာရင်းများ ကြေညာသွားသည်။
***
တစ်နေ့လျှင် တိုက်ပွဲ (၆)ကြိမ်။
ပထမအကျော့တိုက်ပွဲ အပြီးသတ်ရန် အချိန် (၈)ရက် လိုအပ်ပြီး (၈)ရက်ကုန်ဆုံးပြီးနောက် ဒုတိယအကျော့တိုက်ပွဲ စတင်မည် ဖြစ်သည်။ တိုက်ပွဲဝင်တစ်ယောက်လျှင် စုစုပေါင်း တိုက်ပွဲ (၃)ခု တိုက်ခိုက်ရမည်။
ထိုအကြောင်းများကို ကျန်းလန်အရေးမစိုက်ပေ။ သူအရေးစိုက်သည်က ယနေ့ အဋ္ဌမမင်းသား တိုက်ခိုက်ရမည်ဆိုသည့် အချက်ဖြစ်သည်။
အဋ္ဌမမင်းသား၏ ပွဲစဉ်ပြီးလျှင်တော့ သူ ဤနေရာမှထွက်သွားပြီး လုန်ယွိကိုခေါ်ကာ ပွဲစဉ်များကို လာကြည့်ကောင်းကြည့်နိုင်သည်။
ထိုသို့ဆိုလျှင် အခြားသူများလည်း သံသယမဝင်နိုင်တော့လေရာ မဆိုးဘူးဟု ဆိုရမည်။ သိသာလွန်းသည်ဟု ထင်မှတ်သွားနိုင်လျှင်လည်း မနက်ဖန်မှ ပွဲစဉ်များ လာရောက်ကြည့်ရှုနိုင်သည်။
လျိုကျင်းက စင်မြင့်ထက်မှ ကျယ်လောင်သည့်အသံဖြင့် စကားစတင် ပြောဆိုသည်။
"တိုက်ပွဲဝင်မည့်သူများ ကိုယ်တိုက်ခိုက်ရမယ့် တိုက်ပွဲအချိန်နဲ့ နေ့ရက်တွေကို မှတ်သားထားပါ ၊ အခုလောလောဆယ်တော့ တိုက်ပွဲမှာ မပါဝင်တဲ့သူတွေ ပွဲကြည့်ပရိတ်သတ်စင်မြင့်ထက်ကို သွားနိုင်ပါတယ် ၊ ပထမဆုံး တိုက်ခိုက်ရမယ့် (၆)ယောက်ကတော့ တိုက်ပွဲစင်မြင့်ထက်မှာ ကျန်ရစ်ခဲ့ရပါတယ်"
ထို့နောက် တိုက်ပွဲစင်မြင့်များထက်တွင် တိုက်ပွဲဝင်မည့်သူများ၏ နာမည်များ ထွက်ပေါ်လာသည်။
ကောင်ငယ်လေးက…
"နဂါးစုတ်… ခင်ဗျား ဒီပွဲရှုံးရင်တော့ အရှက်ကွဲပြီနော် ၊ ခင်ဗျားအမေ ခင်ဗျားကို ထပ်အပြစ်ပေးလိမ့်မယ်"
လုန်မန်၏မျက်နှာ ရှုံ့မဲ့သွားပြီး…
"ကိုယ့်အတွက်ကိုယ်ပဲ အရေးစိုက်စမ်းပါ ၊ မင်းရှုံးရင် ဇာမဏီကောင်မလေးရှေ့မှာ အရှက်ကွဲပြီး ဟိုက မင်းကို ပြန်ကြိုက်မှာ မဟုတ်တော့ဘူး ၊ အဲဒီကျမှ ယောက်ဖဆီမှာ အကူအညီတောင်းပေးပါလို့ ကျုပ်ကို လာမပြောနဲ့"
ယန်ရှီးယွင်ကတော့ အဋ္ဌမမင်းသားကို အားပေးလိုက်၏။
"ကံကောင်းပါစေ အစ်ကိုကြီး"
ထို့နောက် သူတို့အားလုံး အဋ္ဌမမင်းသားကို ချန်ထားခဲ့ကာ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ထက်မှ ထွက်လာခဲ့ကြသည်။
ခဏအကြာတွင် မသက်ဆိုင်သူအားလုံး တိုက်ပွဲစင်မြင့်များမှ အသီးသီးထွက်ခွာသွားကြပြီး တိုက်ပွဲဝင်မည့်သူ (၆)ယောက်သာလျှက် ကျန်ရစ်ခဲ့သည်။
ကျန်းလန်က တိုက်ပွဲစင်မြင့် အမှတ် - ၁ ကို ငုံ့ကြည့်လိုက်သည်။
လုန်မန်နှင့် လူရွယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူရွယ်က နတ်မိစ္ဆာမျိုးနွယ်ဖြစ်ပြီး မျက်နှာထက်တွင် အနက်ရောင်အမွှေးအမျှင်များ ရှိနေကာ နှာခေါင်းက ငှက်တစ်ကောင်အလား ကောက်နေသည်။ ကြည့်ရသည်မှာ ငှက်မျိုးနွယ် နတ်မိစ္ဆာတစ်ယောက် ဖြစ်နိုင်သည်။
ထိုသူက တန်ခိုးစွမ်းအားအလွန်မြင့်မားသည်။ မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်သို့ ရောက်ရှိသည်မှာ အချိန်အတန်ကြာခဲ့ဟန်ရှိပြီး သူ၏ရွှေခန္ဓာသည်ပင် အတော်လေး ပြီးပြည့်စုံနေကာ မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ မကြာမီ တက်လှမ်းတော့မည် ဖြစ်သည်။
အဋ္ဌမမင်းသားက မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်ရောက်သည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည်။
ထို့ကြောင့် သူတို့ (၂)ယောက်ကြားတွင် ခြားနားချက်က သိသာထင်ရှားသည်။
ပထမတိုက်ပွဲတွင် ခွန်လွန်တောင်တပည့်များ မပါဝင်သော်လည်း ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ခွန်လွန်တောင်မှ ဖြစ်သည်။
မြောင်ယွဲ့နှင့် အခြားသောတောင်သခင်များက ထွက်ခွာမသွားကြဘဲ တိုက်ပွ့ို ဆက်ကြည့်နေကြသည်။
ကျူးချင်က…
"ဂိုဏ်းတူအစ်မ ၊ ဘယ်တိုက်ပွဲကို အာရုံစိုက်နေတာလဲ"
မြောင်ယွဲ့က…
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ငါတို့ခွန်လွန်တောင်ကပဲလေ ၊ ဒီတော့ အဋ္ဌမမင်းသားရဲ့တိုက်ပွဲကို အာရုံစိုက်ရမယ်"
ထို့နောက် သူမက နဂါးဧကရီရန်ကျင်းဘက်သို့ လှည့်ကြည့်လိုက်ရင်း…
"အဋ္ဌမမင်းသား အနိုင်ရမယ်လို့ ရှင်ထင်သလား ရန်ကျင်း"
ရန်ကျင်းက မြောင်ယွဲ့ကို လှည့်ကြည့်လိုက်ရင်း…
"ရှင်ကရော ဘယ်လိုထင်လဲ မြောင်ယွဲ့"
ထို့နောက် မြောင်ယွဲ့က ကျူးချင်းကိုကြည့်လိုက်ရင်း…
"မင်းရော ဘယ်လိုထင်လဲ ဂိုဏ်းတူညီမလေး"
ကျူးချင်က ခဏမျှ စဉ်းစားလိုက်ရင်း...
"သူ အနိုင်ရဖို့ အခွင့်အရေး မရှိလောက်ဘူး"
အဋ္ဌမမင်းသားက အထင်ကြီးစရာကောင်းပြီး တိုက်ပွဲအတွေ့အကြုံလည်းများသည်။
သို့ပေသိ သူ ရင်ဆိုင်နေရသူက အလွန်စွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည်။ သူ့အစွမ်းက အဋ္ဌမမင်းသားထက်နိမ့်ကျခြင်း လုံး၀ မရှိပေ။ ထိုသူ၏ ရွှေခန္ဓာက အဋ္ဌမမင်းသားထက်ပင် ပိုမိုသန်မာသည်။
မြောင်ယွဲ့က ရန်ကျင်းကို လှည့်ကြည့်လိုက်သည်။
"ရှင်ရော ဘယ်လိုထင်လဲ ရန်ကျင်း"
လုန်စီးစီး မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
"ရှင်က ဟိုလူ့မေးလိုက် ဒီလူ့မေးလိုက်နဲ့ ရှင့်မှာ ကိုယ်ပိုင်အမြင်မရှိဘူးလား"
ခွန်လွန်တောင်တွင် သူတို့အားလုံးကို စိတ်အနှောက်အယှက် အပေးဆုံးလူမှာ မြောင်ယွဲ့ ဖြစ်သည်။
မြောင်ယွဲ့က ခပ်ပေါ့ပေါ့ ရယ်မောလိုက်သည်။
"ကျွန်မကတော့ အဋ္ဌမမင်းသား အနိုင်ရမယ်လို့ ထင်တယ်"
ထိုစကားက ရန်ကျင်းနှင့် အခြားသူများအားလုံးကို အံ့အားသင့်သွားစေသည်။
ကျူးချင်က...
"ဘာဖြစ်လို့လဲ"
ကျူးချင်၏အနော်ကဘက်တွင်ရပ်နေသည့် ဟုန်လွမ်ကလည်း ထိုအကြောင်းကို အလွန်သိချင်နေသည်။ တောင်သခင်များစကားပြောနေချိန် ဝင်ပြော၍ မကောင်းသောကြောင့်သာ ငြိမ်နေရခြင်း ဖြစ်သည်။ သူမက တိတ်တဆိတ်နားစွင့်နေ၏။
မြောင်ယွဲ့က ရယ်မောလိုက်ရင်း...
"အဋ္ဌမမင်းသားက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ကိုယ်စားပြုတယ်လေ ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဒီလောက်အစွမ်းထက်တာ ၊ သူ့ကို ကိုယ်စားပြုတဲ့သူက မညံ့သင့်ဘူးပေါ့ ၊ ဒါကြောင့် အနိုင်ရနိုင်တယ်လို့ ကျွန်မက ပြောတာပါ"
နဂါးမျိုးနွယ်များမှာ အလှည့်စားခံလိုက်ရသလို ခံစားလိုက်ရသည်။
မြောင်ယွဲ့က ကွေ့ပတ်ပြောဆိုနေခြင်းမှာ နောက်ဆုံးတော့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို အမွှန်းတင်လိုနေခြင်း ဖြစ်သည်။
ကျူးချင်က မြောင်ယွဲ့ကို စိုက်ကြည့်နေ၏။
မြောင်ယွဲ့က...
"ဂိုဏ်းတူညီမလေး ၊ ဘာပြောချင်လို့ ကြည့်နေတာလဲ"
ကျူးချင်က...
"ဂိုဏ်းတူအစ်မက ဒီလိုကိစ္စမျိုးကို ဟာသလုပ်နေတာတော့ မဟုတ်ပါဘူးနော်"
"အိုက်ယာ... ဂိုဏ်းတူညီမလေးက ခန့်မှန်းတာ အရမ်းတော်တာပဲ"
ကျူးချင် : "......"
ထို့နောက် အစောပိုင်းတွင် တိုက်ပွဲကို စိတ်မဝင်စားသည့် ကျူးချင်သည် ချက်ချင်းပင် တိုက်ပွဲကို အာရုံစိုက်လိုက်လေတော့၏။
***