ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကအစ်မများလား
Vol. 38 Ch. 525
ကောင်းကင်နဂါးဓားထွက်ပေါ်လာပြီး နဂါးဟိန်းသံကြီးက မိုးကောင်းကင်ကိုပင် တုန်ခါသွားစေသည်။
နဂါးမျိုးနွယ်များ၏ သွေးများ ဆူပွက်လာသည်။ သူတို့ အဋ္ဌမမင်းသားကို ကြည့်လိုက်ပြီး သူ့နောက်သို့ လိုက်ပါလိုစိတ်များ ဖြစ်လာကြသည်။
ထိုဓားက နဂါးမျိုးနွယ်များအားလုံးကို စုစည်းနိုင်သည့် ဓားတစ်လက်ဖြစ်ပြီး ယခု သူတို့အားလုံးရှေ့တွင် ရှိနေလေသည်။
နဂါးမျိုးနွယ်များကို အသာထား ၊ အခြားသူများသည်ပင် နဂါးဓားသိုင်း၏ အံ့ဖွယ်စွမ်းည်ကို ခံစားမိကြသည်။
ထိုဓားသိုင်းက ပြိုင်ဘက်ကင်းဖြစ်၏။
"အဋ္ဌမမင်းသားက နဂါးဓားသိုင်းကို ဘယ်လိုလုပ်တတ်သွားရတာလဲ"
ကျိုးကျုန်းထျန်းက တအံ့တသြဖြင့်မေးရင်း သေရည်တစ်ငုံသောက်လိုက်သည်။
မော့ကျန်းသုန့်က ခပ်ပေါ့ပေါ့လေသံဖြင့်…
"တစ်ယောက်ယောက်က သင်ပေးလိုက်တာနေမှာပေါ့"
ဘယ်သူသင်ပေးလိုက်လဲ သူသိလေသည်။
အခြားတစ်ဖက်တွင်တော့ ကျူးချင်က မြောင်ယွဲ့ကို ကြည့်လိုက်သည်။
"ဂိုဏ်းတူအစ်မ ၊ အဋ္ဌမမင်းသားအသုံးပြုနေတဲ့ဓားသိုင်းက နဂါးဓားသိုင်းလို့ ဘယ်လိုလုပ်သိတာလဲ"
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
"ရန်ကျင်းက သူ့သားအကြောင်း ကောင်းကောင်းသိမှာပေါ့ ၊ သူ့ကိုမေးကြည့်လေ"
နဂါးဧကရီရန်ကျင်းက သူတို့ (၂)ယောက်ကို ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုပေ။
သို့သော် သူမတွင် ခန့်မှန်းချက်များစွာ ရှိနေလေသည်။
***
တိုက်ပွဲစင်မြင့်ထက်တွင် ရှိနေသည့် နတ်ဘုရားရာထူးပိုင်ရှင်များအားလုံး အံ့သြမှင်တက်သွားကြသည်။
ထိုဓားသိုင်းက သူတို့မျှော်လင့်မထားသည့် ဓားသိုင်း ဖြစ်သည်။ မကြာသေးခင်က လူတစ်ယောက် ထိုဓားသိုင်းပညာကို အသုံးပြုခဲ့သည်ဟု ကောလဟလသတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုဓားသိုင်းက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ဓားသိုင်းပညာတစ်ခု ဖြစ်သည်။
သို့သော် ထိုဓားသိုင်းပညာကို တတ်ကျွမ်းသူကို မည်သူမှ မသိရှိကြပေ။
ဘိုးဘေးနဂါးက ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး မေးခွန်းထုတ်သည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက နဂါးမျိုးနွယ်တစ်ယောက်လား"
ကျန်းလန် ပြန်မဖြေခင် ဧကရာဇ်ယိုတုက ဝင်ပြောလိုက်သည်။
"ဘယ်ကလာ ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ကျုပ်မိတ်ဆွေပဲ ၊ ကျုပ် သူ့အကြောင်း ကောင်းကောင်းသိတယ် ၊ သူက အရမ်းဉာဏ်များတယ် ၊ အကြင်နာတရားလည်းကင်းမဲ့တယ် ၊ စက်ဆုပ်ဖို့ကောင်းတယ် ၊ ဘယ်လိုလုပ် နဂါးမျိုးနွယ်ဖြစ်နိုင်မလဲ"
ဧကရာဇ်ယိုတုက အားလုံးကို ဆန့်ကျင်ရန် တွေးထားလေသလားဟု ကျန်းလန် စိတ်ထဲမှ မေးခွန်းထုတ်မိသည်။ သို့မဟုတ် ဧကရာဇ်ရှီးဟယ်နှင့် အခြားသူများက ဝေးနေသည့်အတွက် အနားတွင်ရှိနေသည့် သူ့ကိုပဲ နှိပ်ကွပ်နေခြင်းလား။
ဤမျိုးနွယ်များကြားတွင် လူသားမျိုးနွယ်ကို ကိုယ်စားပြုသူဆို၍ ခွန်လွန်တောင်သာလျှင် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ခွန်လွန်တောင်တွင် လူသားများသာလျှင် နေထိုင်ကြသောကြောင့်ပင်။
ထို့ကြောင့် ခွန်လွန်တောင်အပေါ် သူတို့၏ အထင်အမြင်မှာ လူသားများအပေါ် သူတို့၏ အထင်အမြင်ပင် ဖြစ်သည်။
အခြားသူများ၏ မျက်လုံးထဲတွင် ခွန်လွန်တောင်မှ တောင်သခင်များသည် ဉာဏ်များသည် ၊ အကြင်နာတရားကင်းမဲ့သည် ၊ စက်ဆုပ်ဖွယ်ဖြစ်သည်ဟု သိမြင်ထားကြသည်။
ထိုသို့ထင်မြင်ကြသည်မှာ ဆရာဒေါ်လေးမြောင်ယွဲ့ကြောင့်ဖြစ်ကြောင်း ကျန်းလန် သိရှိသည်။
ကမ္ဘာမြေ၏မိခင်က…
"သူက လူသားတစ်ယောက်ပဲ"
ကျန်းလန်၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်ရှုနိုင်စွမ်း မရှိသည့်တိုင် ချီလင်မျိုးနွယ်များ၏ ကမ္ဘာမြေ၏မိခင်တွင် အခြားတန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားသည်။
သူမအနေဖြင့် ကျန်းလန်က လူသားတစ်ယောက်ဖြစ်ကြောင်းကိုတော့ အတည်ပြုနိုင်သည်။ အခြားအရာများကိုတော့ သေသေချာချာ မသိရှိနိုင်ပေ။
ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။
အဋ္ဌမမင်းသားကို ကျန်းလန်က နဂါးဓားသိုင်းသင်ပေးခဲ့သည်ဟု သူတို့ သံသယဝင်နေကြသည်လား။
ချန်ယွမ်နဂါးမင်းသည် အဋ္ဌမမင်းသားအကြောင်း အကြမ်းဖျင်းသိရှိထားသည်။ လုန်မန်အနေဖြင့် နဂါးဓားသိုင်းနှင့် ပတ်သက်ဆက်နွယ်စရာ အကြောင်းမရှိပေ။
သူ မမြင်နိုင်သည့်လူတစ်ယောက်သာရှိပြီး ထိုသူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဖြစ်သည်။ ထို့ကြောင့် လက်သီးနတ်ဘုရားကို သံသယဝင်သည်မှာ ဆီလျော်သည်။
သို့သော် ထိုသူက နဂါးမျိုးနွယ်မဟုတ်သည့်အတွက် သံသယများ ပျောက်ကွယ်သွားခဲ့သည်။ နဂါးမျိုးနွယ်မဟုတ်ဘဲ နဂါးဓားသိုင်း (၃)ကွက်ကို သင်ယူရန်မှာ မဖြစ်နိုင်ပေ။
အထူးသဖြင့် နဂါးမျိုးနွယ်များ၏ သွေးများကို ဆူပွက်လာအောင်လုပ်ဆောင်နိုင်သူသည် နဂါးမျိုးနွယ်တစ်ယောက်ကသာ လုပ်ဆောင်နိုင်သည့်အရာဖြစ်သည်။
ဧကရာဇ်ရှီးဟယ်က…
"ပြိုင်ပွဲရလဒ်ထွက်ပေါ်လာတော့မယ်"
နတ်လူသားမျိုးနွယ်ယွင်ရှောင်းက ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့် တိုက်ပွဲစင်မြင့်ဆီသို့ ငုံ့ကြည့်လိုက်ရင်း…
"သူက ဓားသိုင်းကို နားလည်တာ သိပ်နောက်ကျသွားတယ်"
ထိုခဏတွင် အဋ္ဌမင်းသားသည် ကောင်းကင်နဂါးဓားကို ဆုပ်ကိုင်ထားသည်။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားတီထွင်ထားသည့် သာမန်ဓားသိုင်းကို သူ လေ့ကျင့်ခဲ့ခြင်းမဟုတ်ဘဲ နဂါးမျိုးနွယ်၏ ကာလရှည်ကြာပျောက်ဆုံးနေခဲ့သော နဂါးဓားသိုင်းကို လေ့ကျင့်နေခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်သွားသည်။
ထိုအချိန်တွင် သူ့ကိုယ်သူ အနန္တတန်ခိုးရှင်တစ်ယောက်ပမာ ခံစားလိုက်ရသည်။
ဓားကိုဝှေ့ယမ်းလိုက်သည်နှင့် လေနှင့်တိမ်များ ချက်ချင်း လှည့်ပတ်သွားသည်။
သူက ဖိန်ချန်၏ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ တစ်ဖက်လူကို သူ၏ဓားသိုင်းဖြင့် နှိမ်နင်းပစ်ချင်သည်။ ယခု သူ၏သွေးများဆူပွက်နေပြီး သူ့ကို မည်သူမှ မယှဉ်နိုင်ဟု ခံစားရသည်။
နဂါးဓားသိုင်းကို တွေ့မြင်လိုက်ရသော်လည်း ဖိန်ချန်က အနည်းငယ်ပင် ကြောက်ရွံ့သွားခြင်း မရှိပေ။ သူက နဂါးမင်းသား၏ဓားချက်ကို သူ၏ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက ထိုနဂါးမင်းသားကို အနိုင်ယူမည် ဖြစ်၏။
"ဝှစ်"
ဖိန်ချန်၏ဓားရှည်နှင့် ကောင်းကင်နဂါးဓား ထိခိုက်မိသွားသည်။
"ဘုန်း"
"ဘုန်း"
ပြင်းထန်လှသည့်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ပေါက်ကွဲသံများ ကောင်းကင်ယံထိတိုင် ပဲ့တင်ထပ်လာပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။
"ခရက်"
"ဘန်း"
ဖိန်ချန်၏လက်ထဲမှ ဓားရှည်က အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ သို့သော် ဓားဝိညာဉ်က ပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်လက်ထိုးခုတ်နေဆဲ ဖြစ်၏။
"ဘုန်း"
အဋ္ဌမမင်းသားကလည်း လုံး၀ ကြောက်ရွံ့ခြင်း မရှိပေ။
အရာအားလုံးက တန်ခိုးစွမ်းအားယှဉ်ပြိုင်မှုဖြစ်ပြီး သူ၏ တာအိုတရားကို ယုံကြည်မှုရှိသည်။
"ဘန်း"
ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး သူတို့ (၂)ယောက်လုံး လွင့်ထွက်သွားသည်။
ဤတိုက်ခိုက်မှုကြောင့် သူတို့၏ ရွှေခန္ဓာပင် ပျက်စီးဒဏ်ရာရသွားခဲ့ကြသည်။
သူတို့ ထပ်မံတိုက်ခိုက်နိုင်ခြင်း မရှိကြတော့ပေ။
ထို့နောက် သူတို့ (၂)ယောက်လုံး ခွန်အားများ ဆုတ်ယုတ်သွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျသွားကြသည်။
"သွားပြီ… ငါတော့ ရှုံးပြီ"
လုန်မန်တွေးလိုက်သည်။
အဋ္ဌမမင်းသား မြေပြင်ထက်မှ ထရန်ကြိုးစားသော်လည်း ဒဏ်ရာက ပြင်းထန်လွန်းသဖြင့် မထနိုင်တော့ပေ။ စောစောက နဂါးဓားသိုင်းက သူ၏သွေးများကို ဆူပွက်စေခဲ့သော်လည်း ယခုတော့ စွမ်းအားမဲ့ ဖြစ်သွားရသည်။
သူ၏ အမြင်အာရုံများမှာလည်း ဝေဝါးလျှက် ရှိသည်။
သူ လုံးဝမထနိုင်တော့ဘဲ တဖြည်းဖြည်း သတိလစ်မေ့မျောလုနီးပါး ဖြစ်လာသည်။
သူ အသုံးပြုခဲ့သည့် ဓားချက်တွင် ရှိသမျှစွမ်းအားအကုန် ထည့်သွင်းထားသည်။ ဤသည်မှ သူ အနိုင်မရလျှင် အရှုံးကိုလက်ခံရုံသာ ရှိတော့သည်။
သို့သော် သူ သတိလစ်မသွားခင် အံ့အားသင့်စွာဖြင့် နားလည်လိုက်သည်မှာ သူ နဂါးဓားသိုင်းကို တတ်ကျွမ်းသွားပြီဟူ၍။
ထိုဓားသိုင်းက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား သင်ပေးခြင်း ဖြစ်သည်။
သို့ဆိုလျှင် နဂါးငိုကျွန်းတွင် ထိုဓားသိုင်းအသုံးပြုခဲ့သူသည် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားပင် ဖြစ်ရပေမည်။ ဖိအားများအောက်တွင် သူက နဂါးဓားသိုင်း အနှစ်သာရကို နဂါးဓားသိုင်း (၃)ကွက်နှင့် ပေါင်းစပ်အသုံးပြုနိုင်ခဲ့သည်။
လက်သီးနတ်ဘုရားက သူ့အပေါ်အစကတည်းက အလွန်ကောင်းခဲ့သည်။
သူနှင့် ပတ်သက်ဆက်နွယ်သူမဟုတ်ဘဲ နဂါးမျိုးနွယ်များအတွက် အရေးပါဆုံးဖြစ်သည့် နဂါးဓားသိုင်းကို သင်ပေးမည် မဟုတ်ပေ။
ဆိုတော့…
ဖြစ်နိုင်သည် ၊ မဖြစ်နိုင်သည် အသာထား ၊ အဖြေကတော့ အံ့သြစရာကောင်းနေပြီး အမှန်တရားနှင့်နီးစပ်သည်။
လက်သီးနတ်ဘုရားသည် သူ့အစ်မ လုန်ယွိ ဖြစ်နိုင်သည်။
နဂါးငိုကျွန်းတွင် သူမ နဂါးဓားသိုင်းကို သင်ယူခဲ့ပြီး သူ့ကို ဂရုစိုက်ပေးခဲ့သည်။ ပြီးတော့ သူမက ယောက်ဖနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။
ထိုသို့ပင် ဖြစ်ရပေမည်။
အတွေးများ အဆုံးသတ်သွားပြီးနောက် အဋ္ဌမမင်းသား သတိလစ်သွားတော့သည်။
နတ်မိစ္ဆာဖိန်ချန်၏အခြေအနေကတော့ လုန်မန်ထက်ပိုမိုကောင်းမွန်သည်ဟု ဆိုရမည်။ ခန္ဓာကိုယ်လှုပ်ရှားနိုင်ခြင်း မရှိတော့သော်လည်း အနည်းဆုံးတော့ သူက သတိလစ်မသွားခဲ့ပေ။
"အဋ္ဌမမင်းသား ရှုံးသွားပြီ"
နတ်လူသားမျိုးနွယ်ယွင်ရှောင်းက အောက်သို့ငုံ့ကြည့်ရင်း ပြောလိုက်သည်။
နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်ရသွားသော်လည်း လုန်မန်က သတိလစ်သွားပြီး ဖိန်ချန်က သတိလစ်မသွားခဲ့ပေ။
ဧကရာဇ်ချုန်းကိုးက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
"မင်း ဘယ်လိုထင်လဲ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
ကျန်းလန်က…
"ပထမဆုံးပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ် ဧကရာဇ်ချုန်းကိုး"
အရှုံးက အရှုံးပဲ ဖြစ်သည်။ သူ့အနေဖြင့် ဝန်မခံနိုင်စရာ အကြောင်းမရှိပေ။
အဋ္ဌမမင်းသား နဂါးဓားသိုင်းကို နားလည်သွားခြင်းကတော့ အမြတ်ဖြစ်၏။ ကျန်းလန်အနေဖြင့် ကောင်းကင်ဘုံ ၊ မရဏလောကတို့နှင့် ချိတ်ဆက်ရန် မလိုအပ်ပေ။
ပြီးတော့ နောက်တစ်ပွဲတွင်လည်း လုန်မန် အနိုင်ရနိုင်သေးသည် မဟုတ်လား။
ဧကရာဇ်ချုန်းကိုးက…
"ကျေးဇူးတင်ပါတယ် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
တိုက်ပွဲတွင် အနိုင်ရခြင်းက အခြားသူများထက် ခြေတစ်လှမ်းသာသွားသည်ဆိုသည့် အဓိပ္ပါယ်ပင်။
ဧကရာဇ်ရှီးဟယ်က…
"လက်သီးနတ်ဘုရား ၊ ဒီနေ့ရော မနက်ဖန်ရော မင်းနဲ့သက်ဆိုင်တဲ့တိုက်ပွဲ မရှိတော့ဘူးဆိုတော့ မင်း ပြန်ချင်ရင် ပြန်လို့ရပါပြီ"
ထို့နောက် သူက အခြားသူများကိုလည်း သတိပေးလိုက်သည်။
"အားလုံး အတူတူပါပဲ ၊ သွားချင်တယ်ဆိုရင် သွားလို့ရပါတယ်"
အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များကတော့ ထွက်ခွာသွားရန် ရည်ရွယ်ချက်မရှိကြပေ။ ဤနေရာတွင်သာ စကားစမြည်ပြောဆိုနေထိုင်ရန် ဆုံးဖြတ်ထားကြသည်။ ထွက်ခွာသွားမိ၍ အခက်အခဲတစ်စုံတစ်ရာရင်ဆိုင်ရကာ ပိတ်မိနေလျှင် ပြဿနာရှိနိုင်သည်။
ကျန်းလန်ကတော့ ထိုသူများနှင့်မတူညီပေ။ သူက လွတ်လပ်သူ ဖြစ်သည်။ ထို့ပြင် ခွန်လွန်တောင်ကလည်း သူ မည်သူမည်ဝါဖြစ်ကြောင်း မသိသည့်အတွက် သွားချင်သည့်နေရာ လျှောက်သွားနိုင်သည်။
အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များကို နှုတ်ဆက်စကားဆိုပြီးနောက် ကျန်းလန် နေရာမှထွက်ခွာကာ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
လက်သီးနတ်ဘုရားထွက်ခွာသွားတော့မှ အခြားသူများက ဧကရာဇ်ရှီးဟယ်ကို ကြည့်လိုက်ကြသည်။
"ရှင်တို့ခွန်လွန်တောင်ကလူတွေက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဘယ်သူလဲဆိုတာ မသိကြဘူးလား"
ထိုမေးခွန်းကို မေးလိုက်သူက ကမ္ဘာမြေ၏မိခင် ဖြစ်သည်။
ဧကရာဇ်ယိုတုက…
"လူသားတွေက ယုတ်မာတယ် ၊ ဘယ်သူလဲသိရင်တောင်မှ မင်းကို ပြောပြမှာ မဟုတ်ဘူး ၊ ပြောတယ်ဆိုလည်း အမှန်အတိုင်းပြောမှာ မဟုတ်ဘူး ၊ ညာပြောမှာ"
ကမ္ဘာမြေ၏မိခင် : "……"
ဒီလူက စကားအကောင်းပြောလို့ မရဘူးလား။
ဧကရာဇ်တုန်းချင်က…
"မင်းတို့ တစ္ဆေတိုင်းပြည်ကဟာတွေက ဦးနှောက်ကိုမရှိဘူး ၊ လိမ်ပြောလား အမှန်အတိုင်းပြောလားဆိုတာ ကျုပ်တို့က ပိုင်းခြားတတ်ပါတယ်"
ဧကရာဇ်ယိုတုက…
"အေးလေ… ကျုပ်တို့က အစကတည်းက ဦးနှောက်မရှိပါဘူးလို့ ဝန်ခံထားပြီးသားပဲ ၊ မင်းမှာ ဦးနှောက်ရှိတယ်ဆိုရင်တော့ မင်းပြောတာ မှန်ချင်မှန်မှာပေါ့"
ဧကရာဇ်တုန်းချင် : "……"
ဒီလူကို ကန်ထုတ်ခွင့်ရလျှင် ကောင်းပေစွ။
ဘိုးဘေးဇာမဏီနတ်ဘုရားက...
"ဘာလို့ ဦးနှောက်မရှိတဲ့သူတွနဲ့ ပြိုင်ပြီး ပြောနေရတာလဲ"
ဧကရာဇ်ယိုတုက...
"ဇာမဏီနတ်ဘုရားပြောတာမှန်တယ် ၊ မင်းတို့ကောင်တွေက ဦးနှောက်ရှိနေတော့ ကျုပ်နဲ့ ပြိုင်ငြင်းဖို့ မတန်ဘူး"
ကမ္ဘမြေ၏မိခင်နှင့် ဧကရာဇ်တုန်းချင်တို့ ဇာမဏီနတ်ဘုရားကို လှမ်းကြည့်လိုက်ကြသည်။
ဇာမဏီနတ်ဘုရား : "......"
***