← Chapters

အဋ္ဌမမင်းသားသိသွားသည့် အမှန်တရား

Vol. 38 Ch. 526

အဋ္ဌမမင်းသားသိသွားသည့် အမှန်တရား

Vol. 38 Ch. 526

ရှောင်ယွိက တောင်နှင့်ပင်လယ်ကြေးမုံမှန်ကိုကြည့်ရင်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ယနေ့ သူမ သက်ပြင်းခဏခဏ ချနေရသည်။

အစောပိုင်းတွင် ကျန်းလန်က အခြားသော တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သည်။ ယခု သူမ၏ မောင်ငယ်က တိုက်ခိုက်နေပြန်သည်။

အမှန်တော့ သူမက တန်ခိုးစွမ်းအားမြင့်မားသူများအလယ်တွင်ရောက်နေသည့် ကျန်းလန်ကို ပိုပြီး စိတ်ပူမိ၏။

ကံကောင်းသည်မှာ ကျန်းလန်က ထိုတန်ခိုးစွမ်းအားရှင်ကို အသေထိုးသတ်နိုင်ခဲ့သည်။ ကျန်းလန်ကိုကြည့်ရသည်မှာ ရန်သူကိုအနိုင်တိုက်ခိုက်ရန် သူ၏ လက်သီးကို အသုံးပြုခဲ့ဟန် တူသည်။

ဤသည်က သူတို့ တွေ့ဆုံခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သလို မှော်ရုံနယ်မြေထဲတွင်လည်း ကျန်းလန်က ထိုသို့ပင် ကြောက်မက်ဖွယ်ရာစွမ်းအားဖြင့် သူမအသက်ကို ကယ်တင်ပေးခဲ့သည်။

ယခု ကျန်းလန်၏ လက်သီးစွမ်းအားကို လူအများတွေ့မြင်ကြရသည့်အခါ ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။

လုန်မန်အတွက်ကတော့ သိပ်ပြီး ပြောစရာမရှိပေ။ တိုက်ပွဲတွင် ရှုံးနိမ့်တော့မည့်ဟန်ရှိသော်လည်း နဂါးဓားသိုင်းကို နားလည်သွားခြင်းက ပျော်ရွှင်စရာ ဖြစ်သည်။

အမေနှင့် အခြားသူများ သေချာပေါက် ပျော်ရွှင်သွားကြပေမည်။

"ဂိုဏ်းတူအစ်မ ၊ ကြည့်နေတုန်းလား"

ရှောင်ယွိဘေးနားမှ ကျန်းလန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ရှောင်ယွိ ချက်ချင်းခေါင်းမော့ကြည့်လိုက်ရာ ကျန်းလန် ပြန်လည်နိုးထလာသည်ကို တွေ့လိုက်ရ၏။

သူမက နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်ထိုင်နေသည့်နေရာသို့ မကြည့်ရဲပေ။ သူမ ကြည့်နေကြောင်း ရှာဖွေတွေ့ရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းလန် ထိုနေရာမှ ပျောက်ကွယ်သွားပြီး နဝမတောင်ထွတ်သို့ ပြန်လာသည်ကို မသိရှိခဲ့ပေ။

သူမက…

"ဂိုဏ်းတူမောင်လေး ၊ ဘာလို့ ရန်သူတွေကို လက်သီးသိုင်းနဲ့ပဲ တိုက်ခိုက်ရတာလဲ"

"ဘာလို့လဲဆိုတော့ လက်သီးနဲ့မှ ရန်သူတွေက သေလို့ပေါ့"

ထိုစကားက ကျန်းလန် စိတ်ထဲမှ ပြောလိုက်ခြင်း ဖြစ်သည်။

သူက…

"မန္တန်တွေ ၊ တန်ခိုးစွမ်းအားတွေ သုံးနေရတာက အရမ်းနှေးတယ်လေ"

လုန်ယွိက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ကျန်းလန်၏ဝမ်းဗိုက်ကို နှစ်ချက်မျှထိုးလိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မလည်း လက်သီးသိုင်းသင်တော့မယ်"

"ဒီနဂါးမလေးက နဂါးလက်သီးသိုင်းသင်မှာလား" ဟု ကျန်းလန်တွေးလိုက်သည်။

ထို့နောက်သူက တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို တစ်ချက်ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မကြည့်နေတာကို တစ်ယောက်ယောက် သတိထားမိသွားသေးလား"

ရှောင်ယွိက ခေါင်းခါယမ်းရင်း…

"ဘယ်သူမှ သတိမထားမိပါဘူး"

မည်သူမှ မရိပ်မိရအောင် သူမ အလွန်ဂရုစိုက်ခဲ့သည်ပင်။

"အဋ္ဌမမင်းသား ဒဏ်ရာရသွားတယ် ၊ ကိုယ်တို့ သွားကြည့်ကြမလား"

ခဏမျှတွေးပြီးနောက် ကျန်းလန်က ဆိုသည်။

ပထမတော့ ကျန်းလန်က ယနေ့ အပြင်မသွားတော့ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော် အဋ္ဌမမင်းသား ဒဏ်ရာရသွားလေရာ ရှောင်ယွိအနေဖြင့် သတင်းမေးချင်မည် ဖြစ်သည်။

ရှောင်ယွိ ခဏမျှ တုံ့ဆိုင်းသွားသည်။

ထို့နောက် သူမက ခေါင်းညိတ်လိုက်၏။

"ဂိုဏ်းတူမောင်လေးက ကျွန်မကို ကာကွယ်ပေးဖို့ မမေ့ပါနဲ့"

ကျန်းလန် တအံ့တသြဖြင့် ရှောင်ယွိကို ကြည့်လိုက်သည်။

"ဒီနဂါးမလေး ဘာဖြစ်နေတာလဲ ၊ ရာသီဥတုလည်း မပူပါဘဲ စိတ်ဖောက်ပြန်သွားလေသလား"

သို့သော် ကျန်းလန် ချက်ချင်း သဘောပေါက်သွားသည်။

နဂါးဧကရီရန်ကျင်းသည်လည်း လုန်မန်ဆီသို့ ရောက်ရှိကောင်းရောက်ရှိနေနိုင်သည်။ ကျန်းလန်အနေဖြင့် သူမကို အဖော်ပြုပေးခြင်းက သူမကို ကာကွယ်ပေးခြင်းပင် ဖြစ်သည်။

ကျန်းလန်က…

"ကိုယ်က ဂိုဏ်းတူအစ်မကို အကောင်းဆုံးကာကွယ်ပေးပါ့မယ်"

ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်ကို ငုံ့ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေး အန္တရယ်ကျရောက်မှာကိုတော့ မပူပါနဲ့ ၊ ဂိုဏ်းတူအစ်မဖြစ်တဲ့ ကျွန်မတာဝန် ထားလိုက်ပါ"

ကျန်းလန် မတ်တတ်ရပ်လိုက်ပြီး ရှောင်ယွိ၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။

"ဒါဖြင့် သွားကြရအောင်"

သူတို့ (၂)ယောက် ခြံဝင်းထဲမှ ထွက်လာခဲ့ကြသည်။

ကျန်းလန်က သူမ၏လက်ကိုကိုင်လိုက်သည်နှင့် ရှောင်ယွိက ချက်ချင်းပင် လုန်ယွိအသွင် ပြောင်းလဲသွားသည်။

သူတို့ခွန်လွန်တောင်အပြင်ဘက်သို့ရောက်သည့်အခါ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ပတ်ဝန်းကျင်တွင် လူပေါင်းများစွာ ရှိနေပြီး နောက်ပိုင်းတိုက်ပွဲများကို ဆက်လက်ကြည့်ရှုနေကြသည်ကို တွေ့ရသည်။

ကျန်းလန်နှင့် ရှောင်ယွိကတော့ ထိုတိုက်ပွဲများကို အာရုံမစိုက်တော့ပေ။ ယနေ့ ယှဉ်ပြိုင်သူများထဲတွင် သူတို့နှင့် သိရှိသူ တစ်ယောက်မှ မပါဝင်တော့လေရာ တိုက်ပွဲကို ဆက်ကြည့်ရန် မလိုအပ်တော့ပေ။

သူတို့ (၂)ယောက် သေရည်ဆိုင်သို့ ထွက်လာခဲ့ကြသည်။ အဋ္ဌမမင်းသား ထိုနေရာတွင် ရှိမည်လားဆိုသည်ကတော့ မသေချာပေ။

သူတို့ သေရည်ဆိုင်သို့ ရောက်ရှိသည်နှင့် နဂါးမျိုးနွယ်များစွာ ရောက်နေကြသည်ကို တွေ့လိုက်ရသည်။

"ကြည့်ရတာ အဋ္ဌမမင်းသား သေရည်ဆိုင်မှာပဲ ရှိနေမယ်ထင်တယ်"

ကျန်းလန်တွေးလိုက်သည်။

ယခုဆိုလျှင် အဋ္ဌမမင်းသားက နဂါးသုတ်သင်ဓားသိုင်းကို တတ်ကျွမ်းသွားပြီ ဖြစ်သည်။ ဤသည်က နဂါးမျိုးနွယ်များအတွက် အလွန်အရေးကြီးသည့်ကိစ္စဖြစ်လေရာ လုန်မန်ကို ကာကွယ်ပေးရန် လိုအပ်ပေသည်။

သို့သော်…

အဋ္ဌမမင်းသားက ခွန်လွန်တောင်မှာပင် ဆက်လက်နေထိုင်ရဦးမည် ဖြစ်သည်။

"နဂါးမျိုးနွယ်တွေက အဋ္ဌမမင်းသားအတွက် တန်ဖိုးတစ်ခုပေးဆပ်ဖို့ တတ်နိုင်ကြပါတော့မလား"

သေရည်ဆိုင်ထဲသို့ လှမ်းဝင်ရင်း ကျန်းလန် တွေးလိုက်သည်။

အရင်က အဋ္ဌမမင်းသားတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြိုးမျှင် (၆)ခုကို ပိုင်ဆိုင်ခဲ့သည်။ ထို့နောက် နတ်ဘုရားရာထူးများ အချင်းချင်း ချိတ်ဆက်မှု၏ ဗဟိုချက် ဖြစ်လာခဲ့သည်။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအပြီးတွင် သူ၏ တန်ဖိုးက မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်။

သို့သော် နဂါးဓားသိုင်းကို တတ်ကျွမ်းနားလည်သွားပြီးသည့်နောက် သူ၏တန်ဖိုးက နဂါးမျိုးနွယ်များအတွက် အလွန်တိုးပွားလာခဲ့ပြီး တန်ဖိုးကျဆင်းသွားခြင်း မရှိပေ။ နဂါးမျိုးနွယ်များအနေဖြင့် အဋ္ဌမမင်းသားကို ပိုပြီးလိုအပ်လာကြပေလိမ့်မည်။

သို့သော် အဋ္ဌမမင်းသားက နဂါးဓားသိုင်းပညာကို အခြားနဂါးများကို သင်ကြားပေးခြင်းကတော့ အပေးအယူတစ်ခု ရှိပေလိမ့်မည်။

ထိုဓားသိုင်းကို အခြားနဂါးများ သင်ယူနိုင်သရွေ့ အဋ္ဌမမင်းသား၏ တန်ဖိုးသည် သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။

သို့သော် ကောင်းကင်နဂါးဓားက အခြားသောနဂါးများကို အသိအမှတ်ပြုပါမည်လားဆိုသည့်အချက်ကို ကျန်းလန် မသိရှိပေ။

ထို့ပြင် နဂါးဓားသိုင်း (၃)ကွက်ကလည်း သင်ရလွယ်ကူသည့် ဓားသိုင်းပညာ မဟုတ်ပေ။

သင်ရလွယ်သည့်ပညာဆိုလျှင် အဘယ်မှာ တိမ်မြုပ်ပျောက်ကွယ်သွားပါမည်နည်း။ နဂါးမျိုးနွယ်တိုင်းက အဋ္ဌမမင်းသား မဟုတ်ပေ။

အဋ္ဌမမင်းသားကဲ့သို့ မွေးရာပါ အရည်အချင်းပိုင်ဆိုင်ထားသူ သိပ်များများစားစား မရှိပေ။

"အမေ…"

လုန်ယွိက လေးလးစားစားပင် နှုတ်ဆက်စကားဆိုလိုက်သည်။

ကျန်းလန်ကြည့်လိုက်တော့ သူတို့ရှေ့တွင် နဂါးဧကရီရန်ကျင်းကို တွေ့လိုက်ရသည်။ သူလည်း ယောက္ခမဖြစ်သူကို ဦးညွှတ်အရိုအသေပေးလိုက်ရ၏။

"အမေ…"

နောက်ဆုံးတစ်ခေါက် သူတို့ တွေ့ဆုံစဉ်က ရန်ကျင်းက သူမကို အမေဟုပင်ခေါ်ပါရန် ကျန်းလန်ကို တောင်းဆိုခဲ့သည်။ ထိုကိစ္စက ပြဿနာမရှိသဖြင့် ကျန်းလန်ကလည်း နားထောင်ခဲ့သည်။

ထိုအရာက ဘာမှမဟုတ်ပေ။

သူက လုန်ယွိကို လက်ထပ်ခဲ့သည်။ ထို့ကြောင့် လုန်ယွိ၏ မိခင်ကို အမေဟုခေါ်သည်က ဆီလျော်သည်ဟု ဆိုရမည်။

ရန်ကျင်းက သူတို့ (၂)ယောက်ကို အသိအမှတ်ပြုဟန် ခေါင်းတစ်ချက်ညိတ်ပြသည်။ ထို့နောက် သူမက ကျန်းလန်နှင့် လုန်ယွိကို အတန်ကြာကြည့်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် ခန့်မှန်းမှုများ ၊ သံသယများဖြင့် ပြည့်နက်နေသည်။

အဆုံးတွင်တော့ သူမက အများကြီး တွေးမနေခဲ့သလို မေးခွန်းများ မေးမြန်းခြင်းလည်း မရှိခဲ့ပေ။

သူမ ပြောလိုက်သည်က…

"မင်းတို့ လုန်မန်ကို လာတွေ့ကြတာလား"

လုန်ယွိ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

သူမသည် အလွန်နာခံတတ်သည့် သမီးအလိမ္မာလေးပမာပင်။

ရန်ကျင်းက…

"သူ သက်သာလာပါပြီ ၊ မင်းတို့ ဝင်သွားကြပါ"

လုန်မန်၏အခန်းသို့ သွားရာလမ်းတွင် ကျန်းလန်က အံ့အားသင့်နေသည်မှာ ရန်ကျင်း၏ ထူးဆန်းသည့်အကြည့်များဖြစ်သည်။

သူမ တစ်စုံတစ်ခုကို သိရှိနေသည့်အလား ဖြစ်ပြီး သူနှင့်လုန်ယွိ တစ်ယောက်ယောက်ကို သံသယဝင်နေသည်လား မပြောတတ်ပေ။

"သံသယဝင်စရာ တစ်ခုခုများ ရှိသွားလို့လား ၊ ကြည့်ရတာ နဂါးဓားသိုင်းကြောင့် ဖြစ်မယ်ထင်တယ်"

ကျန်းလန်တွေးလိုက်သည်။

ပုံမှန်ဆိုလျှင် လုံလောက်သည့်သဲလွန်စမရှိဘဲ သူ့ကို သံသယဝင်စရာအကြောင်း မရှိပေ။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက အဋ္ဌမမင်းသားကို နဂါးဓားသိုင်းသင်ပေးခဲ့သည်။ သူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနှင့် ရင်းနှီးသူဟု လုန်မန် သိထားသည်။

ဤအချက်က သံဝယဝင်စရာ ဖြစ်နေခဲ့သည်။

ထိုအချက်ကို မသိလျှင် သံသယဝင်ရန် မဖြစ်နိုင်ပေ။

ဆိုတော့ အဋ္ဌမမင်းသားက မိခင်ဖြစ်သူကို ပြောပြလိုက်သည်လား။ သို့မဟုတ် ရန်ကျင်းက အခြားအကြောင်းများကြောင့် ခန့်မှန်းမိသည်လား။

မည်သို့ပင်ဖြစ်စေ ရန်ကျင်းက မေးမြန်းခဲ့ခြင်းမရှိလေရာ သူကလည်း အများကြီးတွေးနေစရာ မလိုပေ။

ထို့နောက် သူတို့ သေရည်ဆိုင်အပေါ်ထပ်မှ လုန်မန်၏ အခန်းသို့ ရောက်လာခဲ့သည်။ ဤအခန်းက လွန်ခဲ့သည့် နှစ်ပေါင်းရာချီကတည်းကအတိုင်း မပြောင်းမလဲပင် တည်ရှိသည်။

လုန်မန်အေးအေးဆေးဆေး အနားယူနိုင်ရန် ရန်ကျင်းက လူရှင်းပေးထားသဖြင့် အခန်းထဲတွင် လုန်မန်မှလွဲပြီးတစ်ယောက်မှ ရှိမနေပေ။

လုန်ယွိက လုန်မန်အိပ်ယာနံဘေးတွင် သာထိုင်လိုက်ရင်း…

"မောင်လေး… ဘာမှမဖြစ်ပါဘူးနော်"

လုန်မန်က သတိရနေပြီ ဖြစ်သည်။

သူက လုန်ယွိကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်ရင်း…

"အစ်မ… အစ်မ ကျွန်တော် နားလည်သွားပြီ"

လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…

"အင်း… နင် နဂါးဓားသိုင်းအသုံးပြုနိုင်သွားပြီဆိုတဲ့အကြောင်း ငါ ကြားပါတယ်"

သူမ လုန်မန်အတွက် အလွန်ပျော်ရွှင်မိသည်။ တကယ်တော့ နဂါးဓားသိုင်း (၃)ကွက်က သာမန်ဓားကွက်များ မဟုတ်ပေ။

ထိုအရာကို သင်ယူပြီးသည့်နောက် သူ့အတွက် သေရေးရှင်ရေးကြုံတွေ့သည့်အခါ ဝှက်ဖဲအဖြစ် အသုံးပြုနိုင်သည်။

လုန်မန်က စိတ်လှုပ်ရှားစွာဖြင့်…

"အဲဒါကိုပြောတာ မဟုတ်ဘူး"

"အစ်မ ၊ အခု ကျွန်တော် နားလည်သွားပြီ ၊ ကျွန်တော့်ရဲ့ အစ်မရင်းက လောကကြီးတစ်ခုလံးမှာ သတ္တိအရှိဆုံး ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဖြစ်နေတယ်ဆိုတာကိုပေါ့ ၊ အစ်မက နှစ်ပေါင်းများစွာ နဂါးဓားသိုင်းကို ကျွန်တော့်ကို သင်ပေးနေပေမယ့် ကျွန်တော်က အဲဒါကို မသိခဲ့ဘူး"

"ဟမ်…"

လုန်ယွိ ခဏမျှ အံ့သြမှင်တက်သွားသည်။

ထို့နောက် လုန်မန်အနားမှထကာ ကျန်းလန်အနားသို့ လျှောက်သွားလိုက်ရင်း…

"ဒဏ်ရာပြင်းထန်လွန်းလို့ လုန်မန်တစ်ယောက် ရူးသွားပြီလားမသိဘူး ဂိုဏ်းတူမောင်လေး"

အဋ္ဌမမင်းသားက…

"အစ်မ ၊ ထပ်ပြီးဟန်ဆောင်မနေပါနဲ့တော့ ၊ ကျွန်တော် အမေ့ကို ဘာမှမပြောလိုက်ပါဘူး ၊ ကျွန်တော်က စိတ်ချရပါတယ်"

လုန်ယွိက မအီမလည်မျက်နှာထားဖြင့်…

"ဒါပေမဲ့ ငါမှ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား မဟုတ်တာ"

အဋ္ဌမမင်းသားက မယုံကြည်ဟန်ဖြင့်…

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"နဂါးငိုကျွန်းမှာလည်း နဂါးဓားသိုင်းကို အသုံးပြုခဲ့တာ အစ်မပဲ မဟုတ်လား ၊ ကျွန်တော် အန္တရယ်ကြုံတော့ ကူညီခဲ့တာလည်း အစ်မပဲ ၊ ကျွန်တော့်ကို နဂါးဓားသိုင်းသင်ပေးခဲ့တာလဲ အစ်မပဲ ၊ တစ်ခါတစ်လေ အစ်မက ယောက်ဖကနေတစ်ဆင့်တောင် ကျွန်တော့်ကို သတင်းစကားတွေပါးသေးတယ်လေ ၊ အစ်မကလွဲပြီး ဘယ်သူရှိမှာလဲ ၊ ဟမ်... အစ်မ မဟုတ်ရင် ယောက်ဖလား"

ထို့နောက် အဋ္ဌမမင်းသား ခဏမျှ တွေဝေသွား၏။

သူ့စိတ်များ စတင်ရှင်းလင်းလာပြီး ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့် အကြောင်းကို ပြန်စဉ်းစားမိသည်။

ထိုသူက အမှန်တကယ် လူသားတစ်ယောက်ပင်။

မိုးကောင်းကင်စမ်းသပ်ခံရခြင်းတွင် သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာကြေကွဲသွားစေသူမှာ သေချာပေါက် လူသားတစ်ယောက်ပင်။ ထို့နောက် ခွန်လွန်တောင်တွင် ယောက်ဖကို ပထမဆုံးတွေ့စဉ်ကလည်း အလိုလိုနေရင်း ကြောက်ရွံ့ပြီး ဒူးများခွေယိုင်လဲမတတ် ဖြစ်ခဲ့ရသည်။

သူ ယောက်ဖနှင် စတွေ့စဉ်က သူမ၏ မွေးရာပါအင်မော်တယ် မူလသိစိတ်က ယောက်ဖက အလွန်အမင်း အန္တရယ်များသူဖြစ်ကြောင်း ခံစားခဲ့ရသည်။

ဆိုတော့…

အဋ္ဌမမင်းသားသည် ငိုတော့မလို မျက်နှာထားဖြင့် လုန်ယွိကို ကြည့်လိုက်သည်။

"အစ်မ…"

"အခုပဲ ကျွန်တော် အဖြစ်မှန်ကို တကယ်သိသွားပြီ ၊ ကျွန်တော် အတိတ်မေ့သွားတော့မလားတောင် မသိဘူး"

လုန်ယွိက ချက်ချင်းပင် သူမ၏ သစ်သားဓားကို ဆွဲထုတ်လိုက်သည်။

လုန်မန် : "……"

***

All Chapters