← Chapters

ဂိုဏ်းတူမောင်လေး ၊ ရှင်ဘယ်လိုများ တတ်နိုင်ရတာလဲ

Vol. 38 Ch. 527

ဂိုဏ်းတူမောင်လေး ၊ ရှင်ဘယ်လိုများ တတ်နိုင်ရတာလဲ

Vol. 38 Ch. 527

"အဲဒီအရေးကြီးပုဂ္ဂိုလ်တွေအားလုံးက ကျွန်တော်တို့ကို အနိုင်ယူချင်ကြတာလား"

အဋ္ဌမမင်းသား မေးလိုက်သည်။

ကောင်ငယ်လေးလည်း အခန်းထဲတွင်ရှိနေလေရာ သူလည်း အတော်လေး အံ့အားသင့်သွားသည်။

သူ ဝင်လာစဉ်က လုန်ယွိက သစ်သားဓားကို ဝှေ့ယမ်းကာ အဋ္ဌမမင်းသားကို ထိုးနှက်ရန်ဟန်ပြင်နေသည်ကို တွေ့ရသည်။ တကယ့်ကို ကြေကွဲဖွယ်ရာ မြင်ကွင်းပါပေ။

လုန်ယွိက တံခါးကို ထုလိုက်ရင်း…

"နင် ဘာကိစ္စအတိတ်မေ့သွားရမှာလဲ"

လုန်မန်က…

"အစ်မ ၊ အစ်မ ဘာပြောနေတာလဲ ကျွန်တော် မသိဘူး ၊ ဘာကိုဆိုလိုတာလဲဟင်"

သူ့မျက်နှာအမူအရာက ပုံမှန်ပင် ဖြစ်သည်။

နဂါးက အတိတ်မေ့ချင်ဟန်ဆောင်နေသည်ဟု ကောင်ငယ်လေး သဘောပေါက်သွားသည်။ ဖြစ်နိုင်လျှင် လုန်ယွိလက်ထဲမှ သစ်သားဓားကိုယူပြီး နဂါးခေါင်းကို ခေါက်ပစ်လိုက်ချင်သည်။

ထို့နောက် သူတို့က ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအကြောင်း စတင်ပြောဆိုကြသည်။

ဘေးနားတွင်ထိုင်နေသည့် ကျန်းလန်က…

"အခြားသူတွေက အဲဒါကို ပိုပြီးလိုချင်ကြတယ် ၊ ခွန်လွန်ကတော့ အရေးစိုက်မှာ မဟုတ်ဘူး"

လုန်ယွိကလည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ လက်ထဲတွင်တော့ သစ်သားဓားကို ကိုင်ထားဆဲပင်။

လုန်ယွိ သူ့ဓားဖြင့် သူ့ကိုယ်သူ ပြန်ထိုးမိမည်ကို စိုးရိမ်ပြီး ကျန်းလန်ကတော့ ထိုသစ်သားဓား၏ လှုပ်ရှားမှုကို သတိထားနေသည်။

တစ်ခါတစ်လေ နဂါးမလေးက သတိလက်လွတ်ဖြင့် မိုက်မဲတတ်ကြသည် မဟုတ်လား။

ပထမဆုံးတွေ့ဆုံစဉ်ကတော့ ထိုသို့ဖြစ်သည်ဟု မထင်ခဲ့ပေ။ လုန်ယွိက သူမ၏ ပုံစံအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းကြောင့် ဖြစ်နိုင်သည်။

ကောင်ငယ်လေးက သိချင်စိတ်ဖြင့်…

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားရော အရေးစိုက်လား"

အဋ္ဌမမင်းသားလည်း သိချင်သွားသည်။ သူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ကျန်းလန်က အေးဆေးသည့်လေသံဖြင့်…

"သူ အရေးစိုက်မယ်မထင်ပါဘူး ၊ ဒီအခွင့်အရေးဆိုတာက လူတိုင်းအတွက် အသုံးဝင်တာ မဟုတ်ဘူးလေ"

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲတွင် အနိုင်အရှုံးကိစ္စက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအတွက် အရေးမပါကြောင်း ကောင်ငယ်လေးရော အဋ္ဌမမင်းသားပါ နားလည်သွားသည်။

ကျန်းလန်က ဆက်ပြောသည်။

"ဒါပေမဲ့ အနိုင်ရရင် တိုက်ပွဲဝင်တဲ့သူတွေအတွက် အကျိုးရှိနိုင်တယ် ၊ အဲဒီအကျိုးအမြတ်ကို မလိုချင်ဘူးဆိုရင်တော့ အနိုင်မရလည်း ကိစ္စမရှိပါဘူး"

ကောင်ငယ်လေးက ဇာမဏီမျိုးနွယ်နှင့် တိုက်ခိုက်ရမည် ဖြစ်သည်။ ကောင်ငယ်လေးက ဇာမဏီကောင်မလေးဟုန်ယာကို ပိုးပန်းနေလေရာ တိုက်ပွဲက မည်သို့ရှိမည်ကို ကျန်းလန် သိချင်မိသည်။

မျိုးနွယ်များစွာတွင် သူတို့နည်းသူတို့ဟန်ဖြင့် ခံစားချက်များကို ထုတ်ဖော်ပြသသည့် နည်းလမ်းများ ရှိတတ်ကြသည်။ မျိုးနွယ်စုတစ်ခုနှင့်တစ်ု ခံစားချက်ထုတ်ဖော်ပုံက လူသားများနှင့်မတူညီပေ။

တစ်ယောက်က တစ်ယောက်ကို သဘောကျလျှင် ကောင်းမွန်စွာ ဆက်ဆံမည် ဖြစ်သည်။ အချို့သောမျိုးနွယ်စုများကတော့ တစ်ဖက်လူကို ကိုက်စားဝါးမျိုပစ်ချင်ကြသည်။

နဂါးမျိုးနွယ်များကတော့ ပြောရခက်သည်။ လုန်ယွိက သူ့ကို မူမမှန်သည့် ဆက်ဆံမှု တစ်ခါမှ မပြုလုပု်ခဲ့ပေ။

သို့သော် ဇာမဏီမျိုးနွယ်ကတော့…

သူတို့က အခြားသူများနှင့် လုံး၀ ခြားနားသည်။ ဟုန်ယာကိုကြည့်ရသည်မှာ အချစ်နှင့်ပတ်သက်သည့်ခံစားချက် လုံးဝရှိဟန် မတူပေ။

အဋ္ဌမမင်းသားက သက်ပြင်းချလိုက်ရင်း…

"ကျွန်တော် နိုင်လုနီးနေပြီဗျာ ၊ နှမျောစရာကောင်းလိုက်တာ"

ယခုတော့ သူရှုံးနိမ့်ခဲ့ပြီဖြစ်ရာ သူ့ကို ကောင်ငယ်လေးက နှစ်ပေါင်းများစွာ လှောင်ပြောင်နေတော့မည် ဖြစ်သည်။ ထို့ကြောင့် ကောင်ငယ်လေးလည်း ပထမဆုံးပွဲတွင် သူ့လိုပင် ရှုံးနိမ့်ပါစေဟု ဆုတောင်းနေမိသည်။ ထိုသို့ဆိုလျှင် တစ်ယောက်ကိုတစ်ယောက် လှောင်ရယ်နိုင်တော့မည် မဟုတ်ပေ။

အဋ္ဌမမင်းသားနှင့် လုန်ယွိတို့ စကားပြောနေသဖြင့် ကျန်းလန်လည်း အခန်းထဲတွင် အချိန်ကြာကြာ ထိုင်နေခဲ့ရသည်။

ကောင်ငယ်လေး ဇာမဏီကောင်မလေးကိုလိုက်ရန် မည်သို့သင်ပြပေးပုံနှင့် ယန်ရှီးယွင်ကို အမဲလိုက်တတ်ရန် သင်ပေးပုံများ လုန်မန်က လုန်ယွိကို ပြောပြနေသည်။

သို့သော် သူက ကောင်ငယ်လေးကို သင်ပေးသည့်အကြောင်းပြောသည့်အခါ ကောင်ငယ်လေးက တူးတူးခါးခါး ငြင်းဆန်သည်။ ထို့နောက် သူတို့ (၂)ယောက် ရန်ဖြစ်ကြတော့သည်။

နောက်ဆုံးတော့ သူတို့က ကျန်းလန်ကို မည်သူမှားသည် ၊ မှန်သည်ကို ဆုံးဖြတ်ခိုင်းကြသည်။ ကျန်းလန်က တန်ခိုးစွမ်းအားမြင့်မားအောင်လုပ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ထုံးစံအတိုင်း ပြန်ဖြေသည်။

ဇာမဏီကောင်မလေးကို မည်သို့လိုက်ရမည်ကို သူလည်း မသိရှိပေ။

ထို့ပြင် ကောင်မလေးများကို လိုက်သည့်ကိစ္စတွင် သူက အတွေ့အကြုံ မရှိပေ။ သူနှင့် လုန်ယွိက တစ်ယောက်နှင့်တစ်ယောက် အချိန်အတန်ကြာ အပြန်အလှန် ရင်းနှီးခဲ့ကြပြီး မေတ္တာမျှခဲ့ကြခြင်း ဖြစ်သည်။ အခြေအနေမှန်သည်ဆိုလျှင် နီးစပ်ပြီး ချစ်သူများဖြစ်သွားနိုင်သည်ပဲ ဖြစ်သည်။ ဤသည်က ကံတရားနှင့်လည်း သက်ဆိုင်သည်။

ထို့နောက် ကျန်းလန်နှင့် လုန်ယွိ ပြန်သွားကြသည်။ သူတို့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်သို့ သွားကြည့်ရန် စဉ်းစားထားသည်။

အနိုင်ရသူများသည် ကောင်းကင်ဘုံနှင့် မရဏလောကို မည်သို့ ချိတ်ဆက်သည်ကို သူ သိချင်နေသည်။

ခဏကြာပြီးနောက်…

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်အောက်ရှိ အနက်ရောင်တိုင်လုံးကြီးများနံဘေးတွင် လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရသည်။

မရဏအငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို ဝန်းရံနေပြီး သူ့ထံသို့ အရှိန်အဟုန်နှင့် ဝင်ရောက်နေသည်။ ထိုသူက အဋ္ဌမင်းသားနှင့်တိုက်ခိုက်ခဲ့သည့် နတ်မိစ္ဆာဖိန်ချန် ဖြစ်သည်။

လုန်ယွိက…

"မရဏအငွေ့အသက်တွေ သူ့ခန္ဓာကိုယ်ထဲဝင်နေတာပဲ ၊ အဲဒါ အန္တရယ်များတယ် မဟုတ်ဘူးလား"

"မဟုတ်ဘူး"

ကျန်းလန်က ဖိန်ချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ မရဏအငွေ့အသက်များကို ကြည့်ရင်း ငြင်းဆိုသည်။

"သူက အဲဒါကို နတ်ဘုရားရာထူးပိုင်ရှင်ဆီကို ပေးပို့နေတာ ၊ ပြီးတော့ အဲဒီအငွေ့အသက်တွေက တစ်ခုခုမှားနေသလိုပဲ ၊ ငရဲတံခါးက စိမ့်ထွက်လာတဲ့ မရဏအငွေ့အသက်တွေနဲ့ လုံးဝမတူဘူး ၊ ဒီအငွေ့အသက်တွေထဲမှာ တာအိုသဲလွန်စတွေ ပါနေတယ်"

"ဒါက နတ်ဘုရားရာထူးပိုင်ရှင်အတွက် ကြားလူတစ်ယောက်က မရဏလောကကို လမ်းဖောက်ပြီး မရဏအငွေ့အသက်တွေကို ရယူပေးတဲ့သဘောပဲ ၊ သူတို့ရဲ့ အင်မော်တယ်ခန္ဓာ ၊ ဒါမှမဟုတ် ရွှေခန္ဓာအတွက်လည်း အရမ်း အကျိုးရှိတယ်"

လုန်ယွိ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကျန်းလန်၏ ခေါင်းကို အသာပုတ်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက တော်လိုက်တာ ၊ ပြောတာအားလုံးမှန်တယ်"

ကျန်းလန် : "……"

တကယ်တော့ မရဏလောကနှင့် ကောင်းကင်ဘုံကို ပျက်သုဉ်းတစ်စပြင်လောကကြီးနှင့်ချိတ်ဆက်လျှက် ရှိသည်။ သို့သော် တစ်ချိန်တည်းမှာပင် လုံး၀ ကွဲပြားခြားနားလျှက် ရှိသည်။ ထိုနေရာ (၂)ခုက မည်သည့်အချိန်တွင် ထွက်ပေါ်လာမည်လဲ မသိနိုင်ပေ။

သူ ဖတ်ထားသည့်စာအုပ်များနှင့် သစ်ပင်ရှေ့ရွာမှ ရရှိခဲ့သော်အချက်အလက်များတွင် ကောင်းကင်ဘုံနှင့် မရဏလောကက ပျက်သုဉ်းတစ်စပြင်လောကကြီးနှင့် ချိတ်ဆက်နေသည်ကို သိရသည်။

ရွာအကြီးအကဲက သူတို့မည်သို့ပေါ်လာသည်ကို မပြောခဲ့သလို ဖန်ဆင်းခြင်းသစ်ပင်က ကောင်းကင်ဘုံနှင့် မရဏလောကကို မည်သို့ချိတ်ဆက်ထားသည်ကိုလည်း ပြောမပြခဲ့ပေ။

ဤအချက်များက သူနှင့် ဝေးကွာလွန်းသေးရာ ခပ်ပေါ့ပေါ့သာ တွေးလိုက်ပြီး အဖြေရှာရန်လည်း ရည်ရွယ်ချက် မရှိပေ။

မကြာခင် ပွဲကြည့်ပရိတ်သတ်စင်မြင့်သို့ သူတို့ရောက်ရှိလာကြပြီး အခြားသောဂိုဏ်းတူမောင်နှမများနှင့်ေ တွ့ဆုံခဲ့ကြသည်။

ထိုနေရာတွင် ဂိုဏ်းတူအစ်ကိုလုကျန်း ၊ ဂိုဏ်းတူညီမလေး လင်စီးယာနှင့် ဂိုဏ်းတူညီမလေး ဟန်ချီတို့ ရှိနေကြသည်။ ဂိုဏ်းတူညီမလေးမေလိကိုတော့ မတွေ့ရပေ။ ကြည့်ရသည်မှာ သူမက ခင်ပွန်းသည်နှင့်အတူတူ အဖော်ပြုပေးနေဟန် ရှိသည်။

သူမတွင် တာအိုလက်တွဲဖော်တစ်ယောက် ရှိနေသည်ကိုသိရတော့ ကျန်းလန်လည်း အံ့အားသင့်မိသည်။ ခွန်လွန်တောင်တပည့်များတွင် မည်သူမှ တာအိုလက်တွဲဖော်မရှိကြဟု သူက ထင်မှတ်ခဲ့သည်ပင်။

သူသိသည့်လူများထဲတွင် ဂိုဏ်းတူညီမလေးမေလိတစ်ယောက်သာ တာအိုလက်တွဲဖော်ရှိပြီး အခြားသူများတွင် မရှိကြပေ။ ကျိုးစူးနှင့်လုချန်တို့ (၂)ယောက်နှင့်လည်း ဆုံခဲ့ကြသည်။ ကျန်းလန် သူတို့ (၂)ယောက်နှင့် မဆုံဖြစ်သည် ကြာပြီဖြစ်သည်။

ဂိုဏ်းတူမောင်နှမများနှင့်ခဏမျှ စကားပြောပြီး သူတို့ပြန်လာခဲ့ကြသည်။

လုန်ယွိက…

"ဂိုဏ်းတူမောင်လေး ၊ အဲဒီတုန်းက သေရည်ဆိုင်မှာ ရှင်နဲ့အတူ အလုပ်ကူလုပ်ပေးနေတဲ့ကောင်မလေးက ကျွန်မဆိုတာကို ကျိုးစူးနဲ့လုချန်တို့က မသိကြဘူးထင်တယ်နော် ၊ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက ကျွန်မလည်း ဘာမှမမှားဘဲ သူတို့ ဘာလို့ စိတ်ဆိုးဒေါသထွက်ကြတာလဲဟင်"

ကျန်းလန်က…

"သူတို့က အဲဒီတုန်းက ခွန်လွန်တောင်ကို ရောက်စပဲ ရှိသေးတာလေ ၊ ဒီကအကြောင်းတွေကို ဘယ်နားလည်ပါ့မလဲ"

အမှန်တော့ သူတို့ (၂)ယောက်က အတွေးအမြင်မရှိသလို မောက်လည်းမောက်မာလွန်းသည်။ ထို့ပြင် ခွန်လွန်တောင်တွင် တန်ခိုးစွမ်းအားရှင်များစွာရှိသည်ကိုလည်း ထိုစဉ်က မသိခဲ့ကြပေ။

သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံခြင်းအခြေခံကို တည်ဆောက်နိုင်ခဲ့ကြပြီး အင်မော်တယ်ဖြစ်ရန် နီးကပ်နေကြပေပြီ။ သူတို့က တန်ခိုးစွမ်းအား မြင့်မားသူများအဖြစ် သတ်မှတ်နိုင်သည်။

ညနေခင်းအချိန်တွင်တော့ ကျန်းလန်နှင့် လုန်ယွိ နဝမတောင်ထွတ်သို့ ပြန်ရောက်လာကြသည်။

သူမက နဂါးတစ်ဝက်အသွင်ပြောင်းလိုက်ပြီး ခြံဝင်းထဲတွင် မတ်တတ်ရပ်နေသည်။ သူမ၏လက်သည်းများ မည်မျှထက်ရှသည်ကို စမ်းသပ်နေဟန် ရှိသည်။

သူမ၏မျက်နှာနှင့် လက်မောင်းများ ၊ ခြေသလုံးများထက်တွင် နဂါးအကြေးခွံများတွေ့မြင်နိုင်သလို ဦးခေါင်းတွင်လည်း နဂါးဦးချိုထွက်ပေါ်လျှက် ရှိ၏။

ကျန်းလန်ကတော့ သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးနေပြီး လုန်ယွိ ဘာလုပ်နေကြောင်းကို နားမလည်ခဲ့ပေ။ သူက ကြည့်နေခဲ့ပြီးနောက် လုန်ယွိ၏ နဂါးလက်သည်းများကို လက်ထဲမှသစ်သားဓားဖြင့် ဖြတ်တောက်ကြည့်လျှင် ကောင်းမည်လားဟု တွေးနေခဲ့သည်။

လုန်ယွိက ကျန်းလန်နံဘေးတွင် ထိုင်လိုက်သည်။

သူမက သူမခန္ဓာကိုယ်ထက်မှ နဂါးအကြေးခွံများကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ရှင်ဘယ်လိုများ တတ်နိုင်ရတာလဲ ၊ ကျွန်မတို့ ဟိုကိစ္စလုပ်ကြတိုင်း အချို့နေရာတွေကလွဲရင် ကျွန်မတစ်ကိုယ်လုံး နဂါးအကြေးခွံတွေ ဖုံးလွှမ်းနေခဲ့တာ"

ကျန်းလန် လုန်ယွိကို ကြည့်လိုက်ပြီး စကားမပြောနိုင် ဖြစ်သွားသည်။

ဒီ နဂါးမလေးကတော့ ၊ အကောင်းအဆိုးလည်းနားမလည် ၊ ဘာတွေလျှောက်မေးနေမှန်းမသိ။

***

နောက်တစ်နေ့။

ကျန်းလန်က တိုက်ပွဲကြည့်ရှုရန်အတွက် လုန်ယွိကို ခေါ်လာခဲ့သည်။

တိုက်ပွဲတွင် သူတို့နှင့် ရင်းနှီးသူများ မပါဝင်ပေ။ အခြားဘက်တွင်တော့ ခွန်လွန်တောင်မှတစ်ယောက် တိုက်ခိုက်နေသည့် သတ္တမတောင်ထွတ်မှ ဂိုဏ်းတူအစ်မတစ်ယောက်က သူ၏ပြိုင်ဘက်နှင့် တိုက်ခိုက်နေသည်။

အဆုံးသတ်တွင်တော့ တစ်ဖက်လူက အနိုင်ရသွားသည်။ ထို ဂိုဏ်းတူအစ်မက အရှုံးပေးလိုက်ရခြင်း ဖြစ်၏။

တတိယမြောက်နေ့တွင်တော့ ကျန်းလန် နတ်ဘုရားရာထူးပိုင်ရှင်များနေရာသို့ ရောက်ရှိလာရပြန်သည်။ ကောင်ငယ်လေးရော ယန်ရှီးယွင်ပါ တိုက်ပွဲဝင်မည်ဖြစ်သဖြင့် သူရောက်လာရခြင်းပင်။

မနက်ဖန် ဟုန်ယာ၏တိုက်ပွဲတွင်လည်း သူလာရောက်ရဦးမည် ဖြစ်သည်။ သဘက်ခါတော့ အားနေမည်ဖြစ်ပြီး ဆဋ္ဌမမြောက်နေ့တွင်တော့ ချင်းမု တိုက်ခိုက်မည် ဖြစ်သည်။

ကျန်းလန်က သူ၏နတ်ဘုရားရာထူးနေရာတွင်ထိုင်ရင်း တိုက်ပွဲစင်မြင့် အမှတ် - ၂ ကို လှမ်းကြည့်လိုက်သည်။ သေရည်ဆိုင်မှ ကောင်ငယ်လေးနှင့် ဇာမဏီမျိုးနွယ်မှ ဟုန်ကျောင်းတို့ တိုက်ခိုက်ရမည် ဖြစ်သည်။

ဘိုးဘေးဇာမဏီနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်ရင်း…

"ဒီကောင်လေးက နာမ်ဝိညာဉ်သေရည်ဆိုင်က ကောင်လေးမဟုတ်လား"

ကမ္ဘာမြေ၏မိခင်က…

"ကြည့်ရတာ ဒီတစ်ခေါက် ဇာမဏီမျိုးနွယ်တွေ ရှုံးတော့မယ်ထင်တယ်"

အမတမှော်ဆရာက ကောင်ငယ်လေးကို စိုက်ကြည့်လိုက်ရင်း…

"ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေရှိတယ် ၊ သူ့ကို လူသားတစ်ယောက်က ပျိုးထောင်လာခဲ့ပေမယ့် ၊ သူ့ပုံစံကလည်း လူသားအသွင်အပြင်ဆိုပေမယ့် သူ့ကို မွေးဖွားပေးခဲ့တဲ့သူက လူသားမဟုတ်ဘူး"

ဧကရာဇ်ရှီးဟယ်က…

"မဟုတ်ဘူး ၊ သူ့ကို မွေးဖွားခဲ့တာက တကယ်တော့ လူသားဇနီးမောင်နှံ (၂)ယောက်ပါပဲ ၊ ဒါပေမဲ့ အဲဒီ မိန်းကလေး ကိုယ်ဝန်ဆောင်စဉ်မှာ မျှော်လင့်မထားတာ တစ်ခုဖြစ်ခဲ့တယ် ၊ နောက်ဆုံးတော့ အဲဒီ ဇနီးမောင်နှံက ပေးဆပ်လိုက်ရတယ် ၊ ကောင်ငယ်လေးကို ချုန်ချီသားရဲတစ်ကောင်က ပျိုးထောင်လာခဲ့တယ် ၊ နောက်ပိုင်းကျမှ သေရည်ဆိုင်ပိုင်ရှင်က သူ့ကိုသွားခေါ်လာခဲ့တာ"

ဧကရာဇ်တုန်းချင်က…

"ကြားရတာတော့ ပုံမှန်လိုပါပဲ ၊ ဒါပေမဲ့ လူသားတစ်ယောက်ကို ချုန်ချီသားရဲက ပျိုးထောင်ပေးခဲ့တယ်ဆိုတာ့ ဒီကလေးက ချုန်ချီသားရဲစွမ်းအားတွေကို စုပ်ယူထားပြီး တစ်ပိုင်းဖြစ်နေပြီပေါ့ ၊ ဒီတော့ သူက သာမန်လူတစ်ယောက်လို့ ပြောလို့မရဘူး"

ကျန်းလန်က မည်သည့်စကားမှမဆိုပေ။

ကောင်ငယ်လေးက ထူးခြားသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် နတ်ဘုရားရာထူးပိုင်ရှင်များ ထူးခြားချက်ကို မှန်းဆနိုင်ရလောက်အောင် ထူးခြားသည်ဟု မမျှော်လင့်ခဲ့ပေ။

ဟုတ်ပေ၏။ အရေးကြီးဆုံးကတော့ သေရည်ဆိုင်ပိုင်ရှင် ဖြစ်သည်။

ဤလူများက ကောင်ငယ်လေးအကြောင်း သိချင်ကြသည်။ သို့သော် မည်သူမှ သူ့ကို မမေးရဲကြပေ။ သူတို့အားလုံးက သေရည်ဆိုင်ပိုင်ရှင်ကို ကြောက်ရွံ့ကြသည်။

နာမ်ဝိညာဉ်ရောင်ပြန်ပညာက သေရည်ဆိုင်ပိုင်ရှင်ကို ကိုယ်စားပြုသည့် ဝိသေသပင် ဖြစ်၏။ ပြီးတော့ ကျန်းလန်လည်း ထိုပညာကို သင်ယူခဲ့သည်။

ကြည့်ရသည်ျွှာ ဆရာဖြစ်သူက သူတွေးထင်ထားသည်ထက် ပိုမိုကြီးမားသည့် တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရဟန် ရှိသည်။ ကံကောင်းသည်မှာ သူက ဆရာဖြစ်သူကို ဘယ်တုန်းကမှ စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

နတ်လူသားမျိုးနွယ်ယွင်ရှောင်းက…

"တိုက်ပွဲစနေပြီ"

ယွင်ရှောင်းက ယနေ့ သူ့လက်အောက်မှလူများ တိုက်ပွဲမဝင်ကြသည့်အတွက် ကောင်ငယ်လေးကို အာရုံစိုက်နေသည်။

ဧကရာဇ်ချုန်းကိုးက…

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ကိုယ်စားပြုတဲ့သူတွေအကုန်လုံးက အာရုံစိုက်စရာကောင်းတဲ့သူတွေချည်းပဲ"

ဧကရာဇ်ယိုတုက ဝင်ပြောစရာစကားတွေ့သွားပုံရသည်။

"ဘာလဲ ၊ မကျေနပ်ဘူးလား ၊ မကျေနပ်ရင် သွားတိုက်လေ"

ဧကရာဇ်ချုန်းကိုး : "……"

ကျန်းလန် : "……"

ဒီပုဂ္ဂိုလ်နဲ့ မိတ်ဆွေဖြစ်ရသည်ကတော့ တကယ့်အဆိပ်အတောက်ပင်။

သို့သော် သူက ဧကရာဇ်ယိုတုကို အရေးမစိုက်တော့ဘဲ တိုက်ပွဲဆီသို့သာ ငုံ့ကြည့်လိုက်သည်။

စင်မြင့်ထက်တွင်မတ်တတ်ရပ်ရင်း ကောင်ငယ်လေးက လှံရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ သူ့ထံမှ မြင့်မားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာ၏။

နှစ်ဖက်စတင်တိုက်ခိုက်ကြသည်။

တိုက်ပွဲစင်မြင့်ထက်မှ မြေမျက်နှာသွင်ပြင်ကတော့ ဇာမဏီမျိုးနွယ်များဘက်မှ အားသာချက်အဖြစ် မီးတောင်တစ်တောင် ပါဝင်နေသည်။

"ဘုန်း"

ကောင်ငယ်လေးက လှံရှည်ကို ဝှေ့ယမ်းကာ စတင်တိုက်ခိုက်လိုက်သည်။ သို့သော် တစ်ဖက်လူက သူ့ကို တန်ပြန်ပိတ်ဆို့တိုက်ခိုက်လိုက်သည်။ ဟုန်ကျောင်းက သူမ၏ မီးများတောက်လောင်နေသောလှံရှည်ဖြင့် ကောင်ငယ်လေးကို တန်ပြန်တိုက်ခိုက်လိုက်ပြီး တိုက်ခိုက်မှုက အတော်လေး ပြင်းထန်၏။

"ဘန်း"

သူမက ကောင်ငယ်လေးကို ထိုးနှက်တိုက်ခိုက်ရင်း တစ်ဖက်လူက မဖြုံသည်ကို ခံဏားရသည့်အခါ တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်သည်။

"ဘုန်း"

"ဘုန်း"

တိုက်ပွဲက မြန်မြန်ဆန်ဆန် တိုက်ခိုက်နေကြသော်လည်း အများစုကတော့ ကောင်ငယ်လေးချည်း အရိုက်ခံနေရသည်။

"ဘန်း"

ကောင်ငယ်လေး မီးတောင်ဆီသို့ လွင့်ထွက်သွားသည်။

တစ်ဖက်လူ ဒဏ်ရာရသွားမည်ဟု ဟုန်ကျောင်းတွေးလိုက်သော်လည်း ကောင်ငယ်လေးက ဒဏ်ရာမရဘဲ ပြန်ရောက်လာပြန်သည်။

သူက ဖုန်များကို ခါလိုက်ရင်း…

"ကျွန်တော်က ဟုန်ယာနဲ့ ရင်းနှီးပေမယ့် ဒီကံကြမ္မာအခွင့်ကောင်းတိုက်ပွဲစင်မြင့်ပေါ်မှာတော့ ခင်ဗျား ကျွန်တော့်ကို ညှာစရာမလိုပါဘူး ၊ ကျွန်တော်ကလည်း ခင်ဗျားကို ညှာမှာမဟုတ်ဘူး ၊ အစွမ်းကုန်တိုက်မှာ"

ဟုန်ကျောင်း : "……"

ထိုစကားက သူမကို စော်ကားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏အနောက်ဘက်တွင် မီးအတောင်ပံများ ထွက်ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်ထက်တွင်လည်း မီးတောက်များ လောင်ကျွမ်းသွားသည်။ သူမ၏ အရှိန်အဟုန်နှင့် တိုက်ခိုက်မှုကလည်း အဆမတန် ပြင်းထန်လာသည်။

"ဘုန်း"

"ဘုန်း"

"ဘုန်း"

လေထဲတွင် အလင်းရောင်များ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေသည်။ အလင်းရောင်ပေါ်လာတိုင်း ကောင်ငယ်လေး အတီးခံရသည်ချည်းပင်။ မရေမတွက်နိုင်သော တိုက်ခိုက်မှုများနှင့် တန်ခိုးစွမ်းအားများက ကောင်ငယ်လေးဆီသို့ ကျရောက်လျှက် ရှိသည်။

လူတိုင်းက ဇာမဏီမျိုးနွယ်ဘက်မှ အနိုင်ရမည်ဟု သေချာပေါက် တွက်ထားကြသည်။

တိုက်ပွဲကိုကြည့်နေသည့် ဟုန်ယာကတော့ ဟုန်ကျောင်းရှုံးနိမ့်မည်ကို သိရှိနေသည်။ ကောင်ငယ်လေးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလိုသည်ဆိုလျှင် အစစ်အမှန်အင်မော်တယ် ၊ နှောင်းပိုင်းအဆင့် ဟုန်ကျောင်း (၄)ယောက်ရှိမှ ရပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် သူမ အနိုင်ရရန် မလွယ်ကူသေးပေ။

ယန်ရှီးယွင်က…

"ညီမလေး ၊ မောင်ငယ်လေး ရှုံးတော့မှာလား"

ဟုန်ယာက ယန်ရှီးယွင်ကို ကြည့်လိုက်ရင်း…

"ပြောဖို့ မလိုသေးဘူး"

ယန်ရှီးယွင်က စိတ်ပူပန်နေသည်။

"ကျွန်မအလှည့်ရောက်ခါနီးပြီလေ ၊ ကျွန်မတော့ သေမှာလား မသိဘူး"

လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် သူမ အကြိမ်ကြိမ် သေခဲ့ရသည်ပဲ ဖြစ်သည်။ ပြင်ပလောကမှလူများက အဘယ်မျှ အန္တရယ်ကြီးကြောင်း သူမသိသည်။

"ဘုန်း"

ကောင်ငယ်လေး မြေပြင်ထက် ပြုတ်ကျသွားပြီး ပြင်းထန်လှသည့်စွမ်းအားက တောင်ကိုပင် ပြိုကျသွားစေသည်။  ဟုန်ကျောင်းက လေထဲတွင် မတ်တတ်ရပ်နေရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ငုံ့ကြည့်လိုက်သည်။

"ဘယ်လိုဖြစ်လို့ ဒီလောက်တိုက်ရခက်နေရတာလဲ"

သူမ တုန်လှုပ်လျှက် ရှိသည်။ ဒီကောင်လေးက တကယ်ရော အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ဟုတ်ပါရဲ့လား။ သူမ ဒီလောက်ရိုက်နေပါလျှက် အဘယ့်ကြောင့် တစ်ချက်လေးပင် မထိခိုက်ရပါသနည်း။

ကောင်ငယ်လေးက မည်သည့်ဒဏ်ရာမှ မရရှိဘဲ မြေပြင်ထက်မှ ပြန်ထလာသည်။

အလွန်စော်ကားခံရသည်ဟု သူမ ခံစားနေရသော်လည်း ယခုတိုက်ပွဲတွင် အနိုင်ရရန် လိုအပ်သည်။

နောက်ဆုံးတော့ အသံပို့လွှတ်စနစ်ဖြင့် သူမက ကောင်ငယ်လေးကို စကားလှမ်းပြောလိုက်သည်။

"မင်း အရှုံးပေးလိုက် ၊ ဟုန်ယာဘာတွေသဘောကျတတ်သလဲဆိုတာရယ် ၊ သူ ငယ်ငယ်တုန်းက အကြောင်းတွေရယ် မင်းကိုပြောပြမယ် ၊ ဒါမှ မင်း သူ့ကို အပြည့်အ၀ နားလည်နိုင်မှာပေါ့"

ထို့နေက်…

မတ်တတ်ထရပ်လာသည့် ကောင်ငယ်လေးကို ဟုန်ကျောင်း တစ်ချက်အကဲခတ်လိုက်သည်။

ရုတ်တရက် ကောင်ငယ်လေးက သူ့ရင်ဘတ်ကို ဖိနှိပ်ရင်း…

"ဝေါ့…"

သွေးများ ချက်ချင်းအန်ထုတ်လိုက်ပြီး မြေပြင်ထက် လဲကျသတိလစ်သွားလေတော့သည်။

ဟုန်ကျောင်း : "……"

စော်ကားလိုက်တာများ ၊ သူမကို အတော် စော်ကားသည့် သတ္တဝါလေး ဟု ဟုန်ကျောင်း တွေးလိုက်သည်။

တိုက်ပွဲကိုကြည့်နေသည့် ကျန်းလန်မှာ အူကြောင်ကြောင် ဖြစ်သွားရသည်။

သူတင်မဟုတ် ၊ အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များလည်း မှင်တက်သွားကြသည်။

ကောင်ငယ်လေးက ဒီအတိုင်းပဲ လဲကျသွားသည်လား။

ကမ္ဘာမြေ၏မိခင်က ပြုံးလိုက်ရင်း…

"ဇာမဏီမျိုးနွယ်တွေရဲ့ပညာကျင့်စဉ်တွေကတော့ အထင်ကြီးစရာကောင်းလှပါပေတယ်"

ဘိုးဘေးဇာမဏီနတ်ဘုရားက အေးစက်သည့်လေသံဖြင့်…

"တိုက်ပွဲမှာ တရားမမျှတဘူးဆိုတာ မရှိပါဘူး ၊ ဘယ်လိုပဲ တိုက်ခိုက်နိုင်ပါစေ အဆင်ပြေပါတယ်"

ကျန်းလန် ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူ အနည်းငယ် မျှော်လင့်မိသော်လည်း လုံး၀ မမျှော်လင့်ထားသည်က ဖြစ်ပျက်လာခဲ့သည်။

"ဖူး…"

ကျိုးကျုန်းထျန်းမှာ သောက်နေသည့် သေရည်ပင် ဖူးကနဲ ဖြစ်သွားသည်။

သူက တိုက်ပွဲလာကြည့်သည့် သေရည်ဆိုင်ပိုင်ရှင်ကို လှည့်ကြည့်လိုက်ရင်း…

"ခင်ဗျားရဲ့မြေးက အတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ"

သေရည်ဆိုင်ပိုင်ရှင် : "……"

မော့ကျန်းသုန့် အံံ့အားသင့်သွားသော်လည်း သူက အရေးမစိုက်ပေ။ သူ့မျက်နှာက ပုံမှန်အတိုင်းပင် တည်တည်ငြိမ်ငြိမ် ရှိနေသည်။

***

"ဟားဟားဟား… ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်"

အဋ္ဌမမင်းသားက ဗိုက်ကိုနှိပ်လျှက် သေအောင်ရယ်နေ၏။

ဟုန်ယာ : "……"

တိုက်ပွဲက ဘာဖြစ်သွားမှန်းမသိသော်လည်း ဟုန်ကျောင်းအနိုင်ရသွားသည်မှာ သူမနှင့်ဆက်စပ်နေသည်ဟု ပင်ကိုယ်သိစိတ်က ခံစားနေရသည်။

ယန်ရှီးယွင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"မောင်ငယ်လေးလည်း ရှုံးသွားပြီ"

အစ်ကိုကြီးရော မောင်ငယ်လေးရော ရှုံးနိမ့်သည်ဆိုလျှင် သူမ ရှုံးလျှင်လည်း ပြဿနာ မရှိတော့ပေ။ အားလုံးထဲတွင် တစ်ယောက်တည်းရှုံးနေပါက ရှက်စရာကောင်းလှသည်။

ဟုန်ယာက…

"ဟုတ်တယ် ၊ သူ ရှုံးသွားပြီ"

ယန်ရှီးယွင်က ပင့်သက်တစ်ချက်ရှိုက်ရင်း…

"ကျွန်မအလှည့်လာတော့မယ်"

ကောင်ငယ်လေး ထွက်လာသည့်အခါ အဋ္ဌမမင်းသားက သူ့ကို လှောင်ပြောင်နေကြောင်း တွေ့လိုက်ရသည်။

"အမယ်… အတူတူနဲ့အနူနူကို ခင်ဗျားက ဘာရယ်နေတာလဲ"

ကောင်ငယ်လေးက မကျေမနပ်ဖြင့် ပြောသည်။

"ကျုပ်က ပြိုင်ဘက်ဒဏ်ရာအပြင်းအထန်ရသွားအောင် တိုက်ခဲ့သေးတယ် ၊ ဒါနဲ့ နေပါဦး ၊ မင်းက ပထမဆုံး လှံရှည်သုံးပြီး တိုက်ခိုက်ဖူးတာလား ၊ တန်ပြန်တိုက်ခိုက်တာတောင်မလုပ်ဘဲ လဲကျသွားတာနော် ဟားဟား…"

အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ဆက်လက်လှောင်ပြောင်နေသည်။

ခဏနားပြီး သူက ဆက်ပြောသည်။

"ပြီးတော့ ကျုပ်က နဂါးဓားသိုင်းကို နားလည်သွားတယ် ၊ မင်းကရော ဘာနားလည်သွားသလဲ ၊ ဘာမှနားမလည်လိုက်ဘူးမလား ၊ မင်း ဘာမှနားမလည်ဘူးဆိုရင် ကျုပ်လည်းမင်းကို ဘာမှ သင်ပေးလို့ မရဘူး"

ကောင်ငယ်လေးက..

"ဒါပေမဲ့ ကျွန်တော် တစ်ခုရလိုက်တယ်"

အဋ္ဌမမင်းသားက စိတ်ပျက်လက်ပျက်ဖြင့်…

"မင်း ဘာရမှာလဲ ၊ ရမယ်ဆိုရင်လဲ ဇာမဏီမျိုးနွယ်တွေဆီက မင်းကောင်မလေးအကြောင်းပဲ ဖြစ်မှာပေါ့ ၊ မိန်းမတစ်ယောက်အတွက်နဲ့များကွာ ၊ တိုက်ပွဲမှာ ဓားတောင်ဆွဲမထုတ်ဘဲ အရှုံးပေးလိုက်ရတယ်လို့  ၊ မင်း ဟုန်ယာအတွက် အရှုံးပေးလိုက်တာဆိုရင်တော့ မင်းရမယ့် အကျိုးအမြတ်လေးတစ်ခုအတွက်နဲ့ မင်းကိုယ်ပိုင်ဆွဲဆောင်မှုတွေကို ဖြတ်တောက်ပစ်လိုက်တာပဲ ၊ ဒါဆို မင်းအဆင့်က သာမန်ပဲ ဖြစ်သွားလိမ့်မယ် ၊ မင်းက ဓားကိုဆွဲထုတ်ပြီးတိုက်ပွဲဝင်မယ်ဆိုရင်တောင် မင်းရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုက ထွက်ပေါ်လာဦးမယ် ၊ ဟုန်ယာကိုလည်း မင်း အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မယ် ၊ မင်းဟာက လှည်းရှေ့မှာမြင်းကိုမထားဘဲ မြင်းရှေ့မှာလှည်းကိုထားသလို ဖြစ်နေပြီကွာ"

ကောင်ငယ်လေးက…

"ဒါပေမဲ့ တိုက်ပွဲရှုံးလို့ ဟုန်ယာကို မဆွဲဆေင်နိုင်ဘူးဆိုရင်တောင် ကျွန်တော် ဟုန်ယာကိုနားလည်ပြီး ရှေ့ဆက်ကြိုးစားမယ်ဆိုရင် တစ်နေ့ကျ တန်ခိုးစွမ်းအားမြင့်မားလာမှာပဲလေ ၊ အဲဒါ မဖြစ်နိုင်ဘူးလား"

အဋ္ဌမမင်းသားက…

"ဒီတော့ဘာလဲ ၊ မင်းက သူသဘောကျအောင် အရာအားလုံး ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ သဘောလား ၊ ဒါက မင်းကိုယ်မင်းဖျက်စီးပစ်တာပဲ ၊ မင်းကို ဘာအတွေးအခေါ် ၊ ဘာကိုယ်ပိုင်အမြင်မှ မရှိတဲ့ကေင်လို့ မင်းကောင်မလေးက ထင်သွားမှာပေါ့ ၊ သူ သဘောကျဦးတော့ သူက မင်းကို မုန်းနေဦးမှာပဲ ၊ ကျုပ်ပြောတာကို ယုံစမ်းပါ ကောင်စုတ်လေးရဲ့ ၊ ဓားကိုဆွဲထုတ် ၊ လှံကို ဝှေ့ယမ်းပြီး အဲဒီ ဇာမဏီကောင်မလေးကို ဒီညပဲ ရိုက်ပစ်လိုက်စမ်းပါ ၊ မင်းနဲ့ ဟုန်ယာက ကျုပ်အစ်မနဲ့ ယောက်ဖလိုမျိုး မဟုတ်ဘူး ၊ သူတို့အခြေအနေနဲ့ မင်းအခြေအနေက မတူဘူး"

သူတို့ (၂)ယောက် ကြိတ်ပြီးစကားပြောနေကြစဉ် ဟုန်ယာ၏ စကားသံထွက်ပေါ်လာသည်။

"ရှီးယွင်ရဲ့ တိုက်ပွဲစတော့မယ် ၊ ရှင်တို့ မကြည့်ကြဘူးလား"

နှစ်ယောက်သား : "သြော်… အင်း ၊ ကြည့်မှာ ကြည့်မှာ"

လုကျန်းနှင့် အခြားသူများကတော့ ကောင်ငယ်လေးနှင့် ဇာမဏီမျိုးနွယ်၏တိုက်ပွဲကိုကြည့်ရင်း အံ့အားသင့်နေကြသည် ။

ဤသည်က ပြောင်ပြောင်တင်းတင်း ဟန်ဆောင်မှုကြီးဆိုသည်မှာ ထင်ရှားနေသည်ပဲ မဟုတ်လား။

All Chapters