လျှောက်ရမည့်လမ်း
Vol. 38 Ch. 529
ချင်းမု၏ ဆုတောင်းစကားက အခြားသူများကို အလွန်ပင် နားလွယ်မှုလွဲမှားသွားစေနိုင်သည်။ သို့သော် ထိုဆုတောင်းစကားသံကို ကျန်းလန်ကတော့ အရင်ကပင် ကြားခဲ့ဖူးသည်။
သို့သော် ဧကရာဇ်တုန်းချင်က သူ့ကို လှမ်းအကဲခတ်လိုက်၏။
လက်သီးနတ်ဘုရားများ ချင်းမုဘက်မှ တကယ်ပဲ ကူညီတိုက်ခိုက်တော့မလားဟု သူက စိတ်ပူပန်နေဟန်ရှိသည်။ အခြားနတ်ဘုရားရာထူးပိုင်ရှင်များ ဤနေရာတွင် ရှိကြသော်လည်း ကိုယ့်လူများကို အကာအကွယ်ပေးသည့်အခါ အကန့်အသတ်များရှိကြသည်။
သို့ပေသိ ခွန်လွန်တောင်တွင် အကန့်အသတ်မရှိသူမှာ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသာလျှင် ဖြစ်သည်။
သူက ချင်းမု၏လက်သီးချက်ကို တကယ်ပဲ အားဖြည့်ပေးနိုင်စွမ်းရှိသည်။ လူတိုင်းလုပ်နိုင်သည့်ကိစ္စဆိုလျှင် ပြဿနာမရှိသော်လည်း ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားတစ်ယောက်တည်း အားသာချက်ရှိနေလျှင်တော့ ပြဿနာရှိသည်။
"ဘုန်း"
အောက်ဘက်တွင် တန်ခိုးစွမ်းအား ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ချင်းမုတွင် အခြားအတွေးများနှင့် အစီအစဉ်များမရှိပေ။ သူက လက်သီးစွမ်းဖြင့်သာ တိုက်ခိုက်မည် ဖြစ်သည်။
သူ၏ သံမဏိလက်သီးများဖြင့် ရန်သူကို ထိုးသိပ်လိုက်ချင်သည်။ ယနေ့တော့ သူက တစ္ဆေတိုင်းပြည်တွင် နံပါတ် (၁) လက်သီးသိုင်းသမားအဖြစ် ကျော်ကြားလာတော့မည်ပင်။
"ဟူး…"
လေကိုထိုးခွင်းသွားသည့် လက်သီးချက်က လီချင်းစန်းထံသို့ ဝင်ရောက်လာသည်။
လီချင်းစန်းက ရှောင်တိမ်းခြင်းမရှိပေ။ သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
သူက ချင်းမု၏လက်သီးချက်ကို လက်သီးဖြင့်ပင် တုံ့ပြန်လိုက်သည်။
"ဘန်း"
လက်သီးချက် (၂)ခု ထိခတ်သွားသည်နှင့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ (၂)ယောက် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်သည်။
"ဘန်း"
"ဘန်း"
ချင်းမုက လက်သီးကို အဆက်မပြတ် ဝှေ့ယမ်းနေသည်။ ထို့နောက်သူက လီချင်းစန်း၏ နံဘေးကို ကန်ချလိုက်ပြီး လက်သီးဖြင့် ထပ်မံထိုးနှက်သည်။
ချင်းမု၏လက်သီးချက်က အလွန်လျှင်မြန်သည်။ ပြင်းထန်လှသည့်စွမ်းအားများက တစ်ဖက်လူ၏ခန္ဓာကိုယ်ထက် ဒဏ်ရာများ ထင်ကျန်ရစ်စေသည်။
လက်သီးချက်များက တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာပြီး အရိုးကျိုးသံများကိုလည်း ကြားနေရသည်။ ထိုအသံများက လီချင်းစန်း၏ အရိုးများ ကျိုးကျေသည့်အသံဖြစ်သည်။
"ဘန်း"
ချင်းမုခန္ဓာကိုယ်ထက်မှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လီချင်းစန်း လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများက သွေးများစီးကျနေကြောင်း တွေ့မြင်ရသည်။
သို့သော် လီချင်းစန်းက သူ့ကိုယ်သူတည်ငြိမ်အောင် ချက်ချင်းပြန်ကြိုးစားသည်။ သူ့ခန္ဓာကိုယ်မှ ထွက်နေသည့်သွေးများတိတ်သွားပြီးနောက် သူက စကားတစ်ခွန်းမဆိုဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ရွှေရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ထက်တွင် စုစည်းလာသည်။
ချင်းမုက သူ့ကို ထပ်မံတိုက်ခိုက်သည်။
"ဘုန်း"
"ဟူး…"
တန်ခိုးစွမ်းအားများ ပျံ့နှံ့သွားပြီး အလင်းတန်းများကကာကွယ်ထားသဖြင့် လီချင်းစန်း မည်သည့်ဒဏ်ရာမှ မရတော့ပေ။
လီချင်းစန်းက…
"ဒီတစ်ခါတော့ ကျုပ်အလှည့်ပဲ"
ထို့နောက် ဘီလူးဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး တိုက်ပွဲစင်မြင့်တစ်ခုလုံးကို သိမ်းပိုက်သွားသည်။ ထို့နောက် ချင်းမုထံသို့ လက်သီးချက်တစ်ချက် ကျရောက်လာသည်။
"ဘုန်း"
"ဘုန်း"
တိုက်ပွဲစင်မြင့်တစ်ခုလုံး တုန်လှုပ်လျှက် ကျယ်လောင်သည့်အသံများ ထွက်ပေါ်နေသည်။ ကြီးမားသော စွမ်းအားတစ်ခုက ချင်းမုကို မြေပြင်ထက် ဖိနှိပ်ထားပြီး ချင်းမု၏ခန္ဓာကိုယ်မှ သွေးများစီးကျလာသည်။
လီချင်းစန်း ချင်းမုကို အနိုင်ယူခါနီးတွင် ချင်းမု၏ လက်သီးက လီချင်းစန်း၏ ကြီးမားသောလက်သီးချက်ကြီးကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ မဟာတာအို၏ အရှိန်အဝါ ကျယ်ပြန့်လာသည်နှင့်အမျှ လက်သီးချက်များမှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
"ကျုပ် ရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကျုပ်က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနာမည်အောက်မှာ နံပတ် (၁) လက်သီးသိုင်းသမားပဲ ၊ တစ္ဆေတိုင်းပြည်နဲ့ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ နံပါတ် (၁)ပဲ"
ချင်းမု မတ်တတ်ထရပ်လိုက်သည်။ သူ၏လက်သီးအရိပ်များက မုန်တိုင်းပမာဖြစ်ပြီး သူ၏ တိုက်ခိုက်မှုဝိညာဉ်က ကောင်းကင်ယံထက် အော်မြည်ပျံသန်းနေသည့်အလား ထင်မှတ်ရသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်တွေကို ကာကွယ်ပေးပါ ၊ တိုက်ခိုက်နိုင်တဲ့စွမ်းရည်နဲ့ ရန်သူတွေကို သတ်ဖြတ်နိုင်စွမ်း ပေးသနားပါ"
သူ၏လက်သီးချက်များ ပြင်းထန်လာပြီး စွမ်းအားများလည်း တိုးလာသည်။
လင်ချင်းစန်းကလည်း ကြောက်ရွံ့ဟန် မပြပေ။ သူ၏ ဘီလူးဝိညာဉ်စွမ်းအားက မြင့်တက်လာပြီး မဟာတာအို၏ သဲလွန်စများပင် တွေ့မြင်ရသည်။
သူက ချင်းမုကို လက်သီးချက်ဖြင့် ထိုးချလိုက်သည်။
"ဘုန်း"
"ဘန်း"
လက်သီးနှစ်ခု ထိခတ်မိသွားပြီး စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
"ခရက်…"
သူတို့၏ လက်သီးများမှ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။
"ဘန်း"
တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူတို့၏ လက်များမှ သွေးများ ပန်းထွက်လာကာ နှစ်ယောက်လုံး လွင့်ထွက်သွားကြသည်။
လူတိုင်းက ကြည့်နေကြသည်။ ဤတိုက်ပွဲကတော့ ရိုးရှင်းလေသည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လက်သီးနှင့်သာ ထိုးနှက်နေကြခြင်းသာ ဖြစ်သည်။
ကျန်းလန် သူတို့ (၂)ယောက်ကို လှမ်းကြည့်လိုက်သည်။ နှစ်ယောက်လုံး မြေပြင်ထက်ပက်လက်လန်ကာ မထနိုင်ကြတော့ပေ။
ခဏအကြာတွင်တော့ ချင်းမုက ခက်ခက်ခဲခဲ အားယူပြီး ထလာ၏။ သူ၏ တိုက်ခိုက်လိုသည့် အငွေ့အသက်များက လျော့ကျမသွားသေးပေ။
နတ်လူသားမျိုးနွယ်ယွင်ရှောင်းက ချီးကျူးစကားဆိုလိုက်သည်။
"အထင်ကြီးလောက်စရာပါပဲ"
ဧကရာဇ်တုန်းချင်က…
"ပထမဆုံးအကြိမ် တိုက်ပွဲအနိုင်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါ…"
ဧကရာဇ်ယိုတုက…
"ကျေးဇူးတင်စကားပြောတာ လူသားတွေရဲ့ သောက်ပိုအလုပ်…"
ကျန်းလန် : "……"
တစ္ဆေတိုင်းပြည်က သူနှင့် မိတ်ဆွေဆိုသည်မှာ ဟုတ်ရောဟုတ်ရဲ့လားဟု ကျန်းလန် ယုံရခက်လာသည်။
ထိုခဏတွင် ချင်းမုသည် စင်မြင့်အောက်ရှိ တိုင်လုံးများ နံဘေးတွင် သူ၏ အင်မော်တယ်ခန္ဓာကို စတင်ကျင့်ကြံနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ မရဏလောကလမ်းကြောင်းဖောက်ပြီး မရဏအငွေ့အသက်များကို ကျန်းလန်ထံသို့ လွှဲပြောင်းပေးနေသည်။
သူ့အတွက် အသုံးမဝင်သော်လည်း မရဏလောက၏ အစစ်အမှန်အငွေ့အသက်များကို သူ ပထမဆုံး ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုအငွေ့အသက်များက ငရဲတံခါးမှထွက်ပေါ်နေသည့် မရဏအငွေ့အသက်များနှင့် အမှန်တကယ်ပင် ကွာခြားသည်။
ထိုအငွေ့အသက်ထဲတွင် စိတ်ဆန္ဒစွမ်းအားတစ်ခုပါဝင်နေသည်။ ထိုစိတ်ဆန္ဒစွမ်းအားက မရဏလောက၏ စိတ်ဆန္ဒစွမ်းအားပင် ဖြစ်၏။
ထိုအငွေ့အသက်များက နတ်ဘုရားရာထူးများနှင့်လည်း ချိတ်ဆက်ထားသည်ကို ခံစားရသည်။ နတ်ဘုရားရာထူးမှတစ်ဆင့် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းန်းတော်သို့ ကူးဆက်သွားသည်ကိုလည်း သိနေရသည်။
ထို့နောက် ကျန်းလန်က ဧကရာဇ်ယိုတုကို ကြည့်လိုက်သည်။
"ခင်ဗျား အားလား…"
ဧကရာဇ်ယိုတုက…
"မင်း ကျုပ်ကို ဘာလျှို့ဝှက်ချက် ပြောပြမလို့လဲ"
ကျန်းလန် : "……"
ထို့နောက် သူတို့ (၂)ယောက် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ထွက်ခွာလာကြသည်။ ဧကရာဇ်ရှီးဟယ်၏ အကူအညီဖြင့် ဧကရာဇ်ယိုတုက ကျန်းလန်ရှိနေသည့် အနိမ့်ပိုင်းနန်းတော် ခန်းမဆီသို့ ရောက်ရှိလာသည်။
ဧကရာဇ်ယိုတုက…
"မိတ်ဆွေလေး ၊ ကျုပ်ကို ဘာများပြောစရာရှိလို့လဲ"
ကျန်းလန်က…
"ခင်ဗျားရဲ့ နတ်ဘုရားရာထူးနာမည်က ကိုယ့်ဟာကိုယ် ပေးထားတာလား"
ဧကရာဇ်ယိုတုက…
"ခွန်လွန်တောင်ကတစ်ယောက် ပေးထားတာ ၊ မင်းတို့လူသားတွေက သောက်မြင်ကပ်ဖို့ကောင်းပေမယ့် နာမည်လှလှလေးတွေတော့ ပေးတတ်တယ်လေ"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
ယိုတုဆိုသည့်ကောင်က တကယ့်အဆိပ်ကောင်ဖြစ်သည်။ နာမည်ကိစ္စကတော့ ဧကရာဇ်ရှီးဟယ်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းလား ကျန်းလန် မသိရှိပေ။ သို့သော် ဧကရာဇ်ယိုတုနှင့် သူ၏ခင်မင်မှုကတော့ အမှန်တကယ်ပင် အဆိပ်သင့်ခဲ့သည်။
ကျန်းလန်က…
"ကျုပ်ရရှိထားတဲ့ နတ်ဘုရားရာထူးက တစ္ဆေတိုင်းပြည်ကြောင့် ရရှိခဲ့တာပဲ ၊ အဲဒါကို ခင်ဗျားသိတယ်မဟုတ်လား"
စကားပြောရင်း ကျန်းလန်က အနိမ့်ပိုင်းနန်းတော်အပြင်ဘက်သို့ မသိလိုက်မသိဘာသာဖြင့် လှမ်းကြည့်မိသည်။ မည်သည့်အရာကိုမှ မမြင်ရသော်လည်း ဖော်မပြနိုင်သော ကြောက်ရွံ့မှုတစ်ခုကို ခံစားရသည်။
အပြင်ဘက်တွင် တစ်စုံတစ်ခု ရှိနေသည်ဟု ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က သူ့ကို သတိပေးနေသည်။ ထို့ကြေင့် ကျန်းလန် နန်းတော်အပြင်ထွက်မည်ဆိုလျှင်ပင် အရင်ကလို ပေါ့ပေါ့ဆဆ ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။
ရန်သူကို တွေ့မြင်ရခြင်းမရှိစေရန် မျက်လုံးမှိတ်ပြီးမှ ထွက်သွားကောင်းထွက်သွားနိုင်မည်။ မဟုတ်ပါက အမှောင်ထုထဲမှ တစ်စုံတစ်ခုကို သူ တွေ့မြင်ရမည် ဖြစ်သည်။ ထိုအရာကို သူ သိမြင်ချင်သော်လည်း ထိုသို့ပြုလုပ်လိုက်ခြင်းက အန္တရယ်ဆိုးကို ခေါ်ဆောင်သည်နှင့် အတူတူပင် ဖြစ်၏။
အခြားသူများသည်လည်း ထိုအန္တရယ်ကို ခံစားသိမြင်နိုင်သော်လည်း ထိုသူများအားလုံးက သက်ဆိုင်ရာနန်းတော်များမှ အပြင်သို့မထွက်နိုင်ကြပေ။ ကျန်းလန်တစ်ယောက်တည်းသာလျှင် လွတ်လပ်စွာ သွားလာနိုင်သူ ဖြစ်သည်။
သို့ဖြစ်ရာ ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကယ်တင်ရန် အလွန်တရာခက်ခဲသလို ဖျက်စီးပစ်ရန်ကတော့ အလွန်လွယ်ကူကြောင်း သူ ခံစားမိသည်။
သူ နန်းတော်အပြင်ထွက်ကာ အမှောင်ထုထဲမှ အန္တရယ်ကို ကြည့်မြင်လိုက်သည်နှင့် ပျက်သုဉ်းတစ်စပြင်လောကကြီး တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
ဧကရာဇ်ယိုတုက…
"မင်းရသွားပြီဆိုကတည်းက အဲဒီနတ်ဘုရားရာထူးက မင်းပိုင်သွားပြီပဲ မဟုတ်ဘူးလား"
"ကျုပ် ပိုင်ဆိုင်တာတော့ ဟုတ်တယ် ၊ ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး ၊ တကယ်တော့ တစ္ဆေတိုင်းပြည်ကို အခြေခံခဲ့တဲ့အတွက် ခင်ဗျားတို့ တစ္ဆေတိုင်းပြည်က ပိုင်ဆိုင်နေပါတယ် ၊ အခု ကျုပ် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က ထွက်ခွာဖို့ အခွင့်အလမ်းရခဲ့ပြီ ၊ ဒါကြောင့် ဒီနတ်ဘုရားရာထူးကို ခင်ဗျားကို ပြန်ပေးမယ် ၊ ဒါက ကျုပ်အတွက်လည်း အကျိုးရှိတဲ့ ကိစ္စပါ"
သူက နတ်ဘုရားရာထူးကို ပြန်ပေးလိုက်ပြီး တစ္ဆေတိုင်းပြည်နှင့် ကံကြမ္မာကို ဖြတ်တောက်ချင်သည်။
ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားရာထူးကို စွန့်လွှတ်ရခြင်းအတွက် သူ နှမျောတသမဖြစ်မိဘူးလား။
မနှမျောဘူးဟု ပြောမည်ဆိုလျှင် လိမ်လည်ရာရောက်မည်။ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဆိုသည့် ရာထူးနာမည်သည် သူနှင့် အချိန်အကြာကြီး ရှိနေခဲ့သည်။ သူ၏ အစောပိုင်းအင်မော်တယ်ကာလများမှအစပြုကာ လက်ရှီအချိန်ထိ ဖြစ်သည်။ သူနှင့်အတူ နှစ်ပေါင်းရာနှင့်ချီပြီး အတူတူ ရှိနေခဲ့သည်။
စွန့်လွှတ်ရခြင်းအတွက် မခံစားရခြင်း အဘယ်မှာ ရှိပါမည်နည်း။ သို့သော် သူ စွန့်လွှတ်ရပေမည်။ အရာရာက အဆုံးသတ်ရန်အချိန်တန်ပြီဖြစ်လေရာ သူ လက်လွှတ်ရတော့မည် ဖြစ်သည်။
တစ်စုံတစ်ခုနှင့် ကံကြမ္မာအဆုံးသတ်သွားလျှင် နောက်တစ်ခုက ထပ်မံစောင့်ကြိုနေမည်ပဲ ဖြစ်သည်။ ထိုအရာက သူနှင့်တစ္ဆေတိုင်းပြည်ကြား ကောင်းမွန်သည့် ကံတရားဖြစ်လာနိုင်သည်။
ဧကရာဇ်ယိုတု၏ ခင်မင်မှုက အနည်းငယ် ထူးဆန်းသော်လည်း တစ္ဆေတိုင်းပြည်သည် သူ့ကို ဘယ်တုန်းကမှ အန္တရယ် မပြုခဲ့ပေ။
ဧကရာဇ်ယိုတုက…
"ပြဿနာမရှိပါဘူး ၊ မင်းက ဦးနှောက်ရှိတော့ မင်းဆုံးဖြတ်တဲ့အတိုင်း လုပ်ရုံပေါ့ ၊ ဒါနဲ့ အဲဒီနတ်ဘုရားရာထူးကို ဘယ်လိုပြန်ပေးမှာလဲ"
ကျန်းလန်က…
"အဲဒီအချိန်ကျရင် ကျုပ်ရဲ့နတ်ဘုရားရာထူးနေရာမှ အစားထိုးဖို့ လူတစ်ယောက် ရှာရမှာပေါ့ ၊ သူက အခု အရမ်းအားနည်းနေသေးတယ် ၊ ဒါကြောင့် သူ့ကို ခင်ဗျားနဲ့အတူ အရင်ဆုံးထားသင့်တယ်"
ဧကရာဇ်ယိုတု၏ရောင်ဝါက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်အား သိမ်းပိုက်လုနီးပါး ဖြစ်လေရာ နတ်ဘုရားရာထူးတစ်ခုက သူနှင့်အတူရှိနေလျှင် အဆင်ပြေနိုင်သည်။ နတ်ဘုရားရာထူး၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကိုလည်း ထိန်းသိမ်းထားနိုင်သည်။
ယခင်က ကျန်းလန်သည်ပင် နတ်ဘုရားရာထူးမရခင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အရင်ဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ယိုတုက…
"မိတ်ဆွေလေး ၊ မင်းက နတ်ဘုရားရာထူးကို ဘယ်သူ့ကိုပေးချင်တာလဲ"
ကျန်းလန်က ချက်ချင်းဖြေလိုက်သည်။
"ချင်းမု"
"သူက အသင့်တော်ဆုံးလူလို့ ကျုပ်ထင်တယ် ၊ တော်လည်းတော်တယ် ၊ ခင်ဗျားမှာ တခြားပေးချင်တဲ့သူရှိရင်လည်း ပြောကြည့်လေ"
ဧကရာဇ်ယိုတုက လက်ဝှေ့ယမ်းလိုက်ရင်း…
"ရတယ် ရတယ် ၊ မင်းတို့က ဦးနှောက်ရှိတဲ့သူတွေပဲ ၊ မင်းမှန်ပါတယ် ။ ချင်းမုက အသင့်တော်ဆုံးပဲ"
ထူးဆန်းသည်ဟု ကျန်းလန်တွေးလိုက်သည်။
ဒါက တစ်ဖက်သားက တကယ်တွေးနေတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါက ထူးဆန်းတယ်လို့ သူခံစားရတယ်။
တစ္ဆေတိုင်းပြည်နှင့် မိတ်ဆွေဖြစ်ရန်မှာ တော်ရုံမလွယ်ကူသလို ရန်သူဖြစ်ရန်လည်း မလွယ်ကူပေ။ မိတ်ဆွေနှင့်ရန်သူဖြစ်ခြင်းကြားတွင်လည်း ကြီးမားသည့် ခြားနားချက် မရှိပေ။
ဧကရာဇ်ယိုတုက…
"ဒါဖြင့် ကျုပ်က ဘာလုပ်ရမှာတုန်း…"
ဤသူက ဦးနှောက်မရှိသည့်အတွက် ဘာလုပ်ရမည်ကို မသိသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ကျန်းလန်က…
"အချိန်တန်ရင် သိလာပါလိမ့်မယ်"
အချိန်တန်လျှင် အမှားအယွင်းမရှိစေရန်အတွက် ဧကရာဇ်ရှီးဟယ်က ဧကရာဇ်ယိုတုကို သင်ပေးမည်ပဲ ဖြစ်သည်။
ဧကရာဇ်ယိုတုက…
"မိတ်ဆွေလေး ၊ မင်းမှာ နတ်ဘုရားရာထူး မရှိတော့ဘူးဆိုရင် နောက်ကျ စကားပြောချင်ရင် ဘယ်လိုပြောကြမလဲ"
"စကားလည်းမပြောချင်တော့ပါဘူး" ဟု ကျန်းလန် စိတ်ထဲမှ ပြန်ဖြေလိုက်သည်။
သို့သော် သူက အကြမ်းဖျင်းတော့ ရှင်းပြလိုက်သည်။
"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်က ထွက်ခွာသွားပေမယ့် ကျုပ်မှာ နတ်ဘုရားရာထူး မရှိတော့တာ မဟုတ်ပါဘူး ၊အနာဂတ်မှာ ခင်ဗျား နားလည်လာပါလိမ့်မယ်"
ဧကရာဇ်ယိုတုက...
"ဟေ့အေး ၊ ကျုပ် နားမလည်ဘူး ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်က ဦးနှောက်မှ မရှိတာ"
ကျန်းလန် : "......"
ထို့နောက် သူတို့ အသေးစိတ်အချက်အလက်အနည်းငယ် ပြောဆိုခဲ့ကြပြီး ချင်းမုကို ကာကွယ်ပေးရန် ကျန်းလန်က တောင်းဆိုပြီးနောက် နှုတ်ဆက်ထွက်ခွာခဲ့ကြသည်။
ဧကရာဇ်ယိုတုနှင့် ညှိနှိုင်းအဆင်ပြေသွားပြီ ဖြစ်သောကြောင့် ချင်းမုကိုသာ အကြောင်းကြားရန် လိုတော့သည်။
ကျန်းလန် ချင်းမုနှင့် တွေ့ဆုံရန် လိုအပ်သည်။
ခွန်လွန်တောင်တွင်တော့ ဆုံဖြစ်ကြမည် မဟုတ်လေရာ ချင်းမု၏ စိတ်အာရုံထဲသို့သာ ဝင်ရောက်စကားပြောရမည် ဖြစ်သည်။
နတ်ဘုရားရာထူးအကြောင်း ကောင်လေးကို ပြောပြရမည် ဖြစ်သည်။ ကြိုတင်သိရှိထားမှသာ ပြင်ဆင်မှုများ ပြုလုပ်နိုင်မည် မဟုတ်လား။
ဘယ်အချိန် ချင်းမုကို စကားပြောရမည်လဲ။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲများအားလုံး ပြီးဆုံးသွားမှသာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။
တိုက်ပွဲပထမအကျော့ပြီးဆုံး၍ (၂)ရက်အကြာတွင် ဒုတိယအကျော့တိုက်ပွဲများ စတင်မည် ဖြစ်သည်။
အဋ္ဌမမင်းသားတို့အုပ်စုက နောက်ထပ်တိုက်ပွဲများကို စောင့်မျှော်နေခဲ့ကြသည်။ ပထမတစ်ပွဲတွင် ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ရသည်ဖြစ်ရာ သိက္ခာပြန်ဆည်လိုကြသည်။
သို့သော်...
အဋ္ဌမမင်းသားက လုကျန်းနှင့်တိုက်ခိုက်ရန် အလှည့်ကျသည်။
လုန်မန်ကိုယ်တိုင် သူ၏ ကံတရားကို အံ့သြမှင်တက်သွားရသည်။
နောက်ဆုံးတော့ နဂါးဓားသိုင်းဖြင့်ပင် လုကျန်းကို မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသည်။
လုကျန်းက...
"မင်း ကျုပ်ကို အသားကင်တွေရောင်းမယ်ဆိုရင် ခုလို ရှုံးမှာမဟုတ်ဘူး"
အဋ္ဌမမင်းသား ရင်ဘတ်ထဲအောင့်သွား၏။
"ဒါဖြင့် စောစောက ပြောပါတော့လား"
ထို့ထက်ပိုပြီး နာကျင်စရာမှာ ကောင်ငယ်လေးက နဂါးမျိုးနွယ်နှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့အုပ်စုထဲတွင် ပထမဆုံး အနိုင်ရသွားခြင်းပင်။
ဟုန်ယာသည်လည်း မြေအာက်နတ်ဆိုးမျိုးနွယ်နှင့် ရင်ဆိုင်ခဲ့ရပြီး အနိုင်ရခဲ့သည်။
ယန်ရှီးယွင်ကတော့ မှော်ဝိညာဉ်တောင်မှ မှော်ဆရာတစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ဖက်လူက မည်သို့တိုက်ခိုက်မှန်းပင် မသိလိုက်ဘဲ ရှုံးနိမ့်သွားရသည်။
ချင်းမုကတော့ သူအားကိုးယုံကြည်သည့် လက်သီးသိုင်းပညာကိုသာ တစ်စိုက်မတ်မတ် အသုံးပြုတိုက်ခိုက်ခဲ့သည်။
သူက ဇာမဏီမျိုးနွယ်တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရပြီး ဒုတိယပွဲစဉ်တွင်လည်း ထပ်မံအနိုင်ရခဲ့သည်။
(၂)ရက် အနားယူကြပြီးနောက် တတိယအကျော့တိုက်ပွဲစတင်သည်။
ယခုတစ်ခါတော့ အဋ္ဌမင်းသားက မည်သူ့ကိုမှ မကြောက်တော့ပေ။ လုကျန်းနှင့် ရင်ဆိုင်ခဲ့ပြီးသည့်နောက် တတိယတိုက်ပွဲကို သူ စောင့်နေခဲ့သည်။
ဤရက်များအတွင်း နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည့်သူ့ကို ကောင်ငယ်လေးက လွန်ကဲစွာ လှောင်ပြောင်နေခဲ့သည်။
သူ နောက်တစ်ပွဲတော့ ရှုံးနိမ့်၍ မဖြစ်တော့ပေ။ မဟုတ်ပါက တစ်ဘဝလုံး သူ့အတွက် အစွန်းအထင် ဖြစ်သွားပေမည်။
ကျန်းလန်ကတော့ ထိုအုပ်စုကို ဘာပြောရန်မှန်းပင် မသိတော့ပေ။
သူနာမည်အောက်တွင် လူအနည်းငယ်သာ ရှိလေရာ အတော်များများက သတိထားမိကြသည်။
သူ့လူများ အသုံးမကျသည့်အတွက် အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များက သူ့ကို လှောင်ရယ်လေ့ရှိကြသည်။
မကြာခင် ယှဉ်ပြိုင်ရမည့်လူစာရင်း ထွက်လာသည်။
အဋ္ဌမမင်းသား တိုက်ခိုက်ရမည့်သူမှာ နဂါးမျိုးနွယ်တစ်ယောက် ဖြစ်နေခဲ့သည်။
လုန်မန် : "......"
အဋ္ဌမမင်းသားက အနည်းငယ်ရှက်ရွံ့သွားသော်လည်း ယခုတစ်ကြိမ်တော့ အရှုံးပေး၍ မဖြစ်ပေ။
မျိုးနွယ်တူဖြစ်နေသည့်အတွက် နဂါးမျိုးနွယ်အချင်းချင်း ရှုံးနိမ့်ခြင်းက ပြဿနာမရှိပေ။ သို့သော် လုန်မန်ကတော့ ဒီတစ်ပွဲ ရှုံးနိမ့်၍ မဖြစ်တော့ပေ။
ထိုသို့ဖြင့် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး အဋ္ဌမမင်းသားက ပြိုင်ဘက်နဂါးမျိုးနွယ်ကို အလဲထိုးနိုင်ခဲ့သည်။
ကမ္ဘာမြေ၏မိခင်က...
"ချန်ယွမ်နဂါးမင်းမှာ ခုလို အစွမ်းထက်တဲ့ မျိုးဆက်တွေရှိနေတာ ဂုဏ်ယူပါတယ်ရှင်"
လွန်ခဲ့သည့် ရက်အနည်းငယ်က ယန်ရှီးယွင်ကြောင့် သူမ အဆက်မပြတ် လှောင်ရယ်ခံခဲ့ရသည်။ ယခု အခွင့်အရေးရသည်နှင့် သူမက ပြန်လည်ထိုးနှက်ခြင်း ဖြစ်၏။
ဘိုးဘေးဇာမဏီနတ်ဘုရားက...
"အဋ္ဌမမင်းသား အနိုင်ရတယ်ဆိုပေမယ့် နဂါးမျိုးနွယ်တွေကတော့ ရှုံးသွားပြီ ၊ ချန်ယွမ်နဂါးမင်း ဘယ်လိုခံစားရလဲ သိချင်လိုက်တာ"
ဧကရာဇ်ယိုတုက ချန်ယွမ်နဂါးမင်းကို လှမ်းကြည့်ရင်း အလွန်ဆီလျော်သည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
"ကျုပ်သာ မင်းဆိုရင်တော့ ဒီလူတွေကို ထရိုက်မိမှာပဲ"
ချန်ယွမ်နဂါးမင်း : "......"
ကျန်းလန်ကတော့ တိုက်ပွဲစင်မြင့်ကို ဆက်ကြည့်နေသည်။
ကောင်ငယ်လေး တိုက်ခိုက်ရဦးမည်ဖြစ်သည်။
ကောင်ငယ်လေးကတော့ ဒုတိယတိုက်ပွဲတွင် ခွန်လွန်တောင်မှ လင်အန်းနှင့် ယှဉ်ပြိုင်ရသည်။
ဂိုဏ်းတူအစ်ကိုလင်အန်းက မကြာမီ အစစ်အမှန်အင်မော်တယ် ၊ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
လင်အန်းက လုကျန်းလောက် တိုက်ရည်ခိုက်ရည်မကောင်းသော်လည်း ကောင်ငယ်လေးကိုတော့ ကောင်းကောင်းအနိုင်ယူနိုင်သည်။
အဆုံးသတ်တွင်တော့ ကောင်ငယ်လေး ရှုံးနိမ့်သွားခဲ့လေသည်။
လင်အန်း၏ တိုက်ခိုက်မှုက ပြင်းထန်သည့်အပြင် ကောင်ငယ်လေးကို ထောင်ချောက်ဆင်ရန်လည်း အစီအရင်များ မန္တန်များကို အသုံးပြုခဲ့သည်။
ကောင်ငယ်လေးက ခံနိုင်ရည်ရှိသူဖြစ်သော်လည်း တစ်ဖက်လူ၏ ထိန်းချုပ်တိုက်ခိုက်မှုများကို မခံနိုင်တော့ဘဲ တဖြည်းဖြည်း မောပန်းလာတော့သည်။
နောက်ဆုံးတော့ ကူရာကယ်ရာမဲ့စွာ ဒေါသတကြီးဖြင့် အရှုံးကို လက်ခံလိုက်ရတော့၏။
နောက် (၂)ရက်တွင်တော့ ဟုန်ယာနှင့် ယန်ရှီးယွင်တို့ အလှည့်ရောက်လာသည်။
ဟုန်ယာက တစ္ဆေတိုင်းပြည်မှ တစ္ဆေကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရပြီး အဆုံးသတ်တွင်တော့ တစ်ဖက်လူ၏ လက်သီးချက်ကို မခံနိုင်ဘဲ ရှုံးနိမ့်သွားရသည်။
ယန်ရှီးယွင် ရင်ဆိုင်ရသူကတော့ ဘီလူးဝိညာဉ်မျိုးနွယ်ဖြစ်၏။
သို့သော်…
ယခုတစ်ကြိမ်တွင် တိုက်ပွဲစင်မြင့်၏ အားသာချက်က ကမ္ဘာမြေဖြစ်နေခဲ့သည်။ ထို့ကြောင့် ယန်ရှီးယွင်က ကမ္ဘာမြေ၏ အကာအကွယ်ကို အသုံးပြု တိုက်ခိုက်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်တော့ ကမ္ဘာမြေ၏မိခင်သည်လည်း ဝမ်းသာသွား၏။
ယန်ရှီးယွင်က အခြားသူများနှင့်မတူပေ။ သူမက ကမ္ဘာမြေမှပေးအပ်သည့် ကောင်းချီးကို ရရှိထားသူ ဖြစ်သည်။
တိုက်ပွဲတွင် ယန်ရှီးယွင် အနိုင်ရခဲ့လေသည်။
ချင်းမုကတော့ မှော်ဝိညာဉ်တောင်မှ မှော်ဆရာတစ်ယောက်နှင့် ရင်ဆိုင်ရ၏။ မည်သူနှင့်ပင် ရင်ဆိုင်ရပါစေ သူ၏ ယုံကြည်ချက်က ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။
နောက်ဆုံးတော့ ဘိုးဘေးများဂုဏ်ယူနိုင်ရန်အတွက် (၃)ပွဲဆက်တိုက်အောင်ပွဲခံနိုင်ခဲ့သည်။
အိမ်ပြန်ခရီးတွင် (၃)ပွဲဆက်တိုက် အနိုင်ရခဲ့သူအဖြစ် မိဘကို ကြွားဝါနိုင်တော့မည်။ သူ့လို (၃)ပွဲဆက်တိုက်အနိုင်ရသူ အနည်းငယ်သာ ရှိသည်။
ခွန်လွန်တောင် တပည့်များထဲတွင် လုကျန်းသာလျှင် ထိုသို့ အောင်မြင်ခဲ့သည်။
ထိုသို့ဖြင့်...
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။
အဋ္ဌမမင်းသား ၊ ကောင်ငယ်လေး ၊ ဟုန်ယာနှင့် ယန်ရှီးယွင်တို့သည့် တိုက်ပွဲ (၃)ခုတွင် တစ်ပွဲစီသာအနိုင်ရပြီး (၂)ပွဲစီ ရှုံးနိမ့်ခဲ့ကြသည်။
အလွန်ဆိုးသည်ဟု ဆိုနိုင်သည်။
ကျန်းလန်ကတော့ သူတို့ နိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ အရေးမစိုက်ပေ။
သူက ချင်းမုကို ကြည့်လိုက်သည်။ သူ ယနေ့ ချင်းမုနှင့် တွေ့ဆုံစကားပြောရန် အချိန်တန်ပြီ ဖြစ်သည်။
ဧကရာဇ်ရှီးဟယ်က လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ကောင်းပြီ ၊ အခုဆိုရင် ကံကြမ္မာအခွင့်ကေင်းတိုက်ပွဲက ပြီးဆုံးသွားပါပြီ ၊ လူတိုင်းလည်း မရဏလောကနဲ့ ချိတ်ဆက်နိုင်ပြီး ကိုယ်လိုချင်တာကို ရရှိပြီလို့ ထင်ပါတယ် ၊ ကိုယ့်ဒေသကိုယ် ပြန်ရောက်တဲ့အခါ အခု ရရှိတဲ့ အကျိုးအမြတ်ကို စုပ်ယူနိုင်ဖို့ တံခါးပိတ်ကျင့်ကြံနိုင်ကြပါတယ် ၊ အဲဒီအချိန်ကျရင် မင်းတို့ဟာ နတ်ဘုရားရာထူးနဲ့ အပြည့်အ၀ ပေါင်းစပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ချန်ယွမ်နဂါးမင်းက...
"ကျုပ်တို့ နတ်ဘုရားရာထူးနဲ့ ပေါင်းစပ်ပြီးတာနဲ့ ကျုပ်တို့ နတ်ဘုရားရာထူးနာမည်ရှေ့ကနေ ချုပ်နှောင်ထားတဲ့ ရှေးဟောင်းနန်းတော်ရဲ့ ရှေ့ဆက်နာမည်တွေကို ဖယ်ထုတ်လို့ ရမှာလား"
ထိုအကြောင်းကို အခြားသူများကလည်း သိချင်ကြသည်။
ဧကရာဇ်ရှီးဟယ်က...
"ရတယ် ၊ အဲဒီ ရှေ့ဆက်နာမည်တွေကို ဖယ်ထုတ်ချင်လည်းရသလို ပြောင်းလဲပစ်ချင်ရင်လည်းရတယ် ၊ လုပ်ချင်တာလုပ်လို့ ရနိုင်ပါတယ်"
ထို့နောက် သူက လူတိုင်းကိုကြည့်ရင်း ဆက်ရှင်းပြသည်။
"ဒါပေမဲ့ မင်းတို့သိထားရမှာ တစ်ခုရှိတယ် ၊ နတ်ဘုရားရာထူးတွေကို ကိုယ်ပိုင်ဖြစ်အောာင် ပေါင်းစပ်ပြီးရင်တော့ ရှေးဟောင်းဧကရာဇ်နန်းတော် ပြိုကျလိမ့်မယ် ၊ ဆိုလိုတာက နောက်ဆုံးသောအရံအတား ပြိုကျတော့မယ်ဆိုတဲ့ သဘောပဲ ၊ အဲဒီအချိန်ကျ အမှောင်ထုထဲက ဖြစ်တည်မှုလည်း ထွက်ပေါ်လာလိမ့်မယ် ၊ အချိန်က သိပ်မကျန်တော့တဲ့အတွက် ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်း နားလည်ရမယ် ၊ ဒါပေမဲ့ မင်းတို့ရဲ့ နတ်ဘုရားရာထူးတွေကို မင်းတို့ကိုယ်ပိုင်အဖြစ် မပေါင်းစည်းဘူးဆိုရင် မင်းတို့အတွက်လည်း အချိန်ကျန်မှာ မဟုတ်တော့ဘူး"
အားလုံးက တိတ်ဆိတ်သွားကြပြီး ထိုကိစ္စကို ထပ်မံပြောဆိုခြင်း မရှိကြတော့ပေ။
အမတမှော်ဆရာက အားလုံးကို နှုတ်ဆက်စကားဆိုသည်။
"ကျုပ်တို့ နောက်တစ်ကြိမ်ပြန်ဆုံကြတဲ့အခါ ရန်သူတွေဖြစ်နေမှာ စိုးရိမ်မိပါတယ်"
ဧကရာဇ်ယိုတုက...
"မင်းနဲ့ ကျုပ်တို့က အခုရော မိတ်ဆွေတွေ ဟုတ်နေလို့လား ၊ ဒီလောက်ဈေးပေါလား"
အမတမှော်ဆရာ : "......"
ကျန်းလန်က မည်သည့်စကားမှ မဆိုပေ။
ရန်သူလား ၊ မိတ်ဆွေလားဆိုသည်က ပဋိပက္ခတစ်စုံတစ်ရာ ရှိမရှိ ဆိုသည့်အပေါ်တွင် မူတည်သည်။
လက်ရှိအချိန်တွင် နတ်ဘုရားရာထူးပိုင်ရှင်များ အတော်လေး သဟဇာတဖြစ်နေသည်ဟုဆိုနိုင်သော်လည်း အရာအားလုံးက ယာယီသာဖြစ်သည်။
အသက်ရှင်နေသမျှ ကာလပတ်လုံး ပဋိပက္ခများဖြစ်နေမည် ဖြစ်ပြီး အဆီလျော်ဆုံး အသက်ရှင်သန်ရန်သာ လိုအပ်သည်။
မပြန်ခင် ဧကရာဇ်တုန်းချင်က ကျန်းလန်ကို ပြုံးပြ နှုတ်ဆက်သည်။
"မင်းကြောင့် မြေအောက်နတ်ဆိုးဘိုးဘေး ကျုပ်အနားမရှိတော့တာ ကတယ့်ကို ပျော်စရာကောင်းတယ် ၊ နောက်မှ တွေ့ကြမယ်"
ယွင်ရှောင်းက ကျန်းလန်ကို ကြည့်လိုက်ရင်း...
"မဝေးတော့တဲ့အနာဂတ်ကို မြင်နေရပေမယ့် အဲဒါက ကျုပ်မြင်ချင်တဲ့အရာ ဟုတ်မနေခဲ့ပါဘူး"
နတ်ဘုရားရာထူးပိုင်ရှင်များ အသီးသီးထွက်ခွာသွားကြသည်။
အားလုံးတွင် ကိုယ်ပိုင်အတွေးအမြင်နှင့် လုပ်ဆောင်ချက်များ ရှိကြပြီး အားနည်းသူနှင့် မသိနားမလည်သူများ တစ်ယောက်မှ မပါဝင်ပေ။
ဧကရာဇ်ယိုတုမှ လွဲ၍ ဖြစ်သည်။
ဧကရာဇ်ယိုတုကတော့ အားနည်းသူတစ်ယောက်မဟုတ်သော်လည်း ဦးနှောက်မရှိသူဖြစ်သည်။
ချန်ယွမ်နဂါးမင်းကလည်း မပြန်ခင် ကျန်းလန်ကို နှုဆက်စကားဆိုသည်။
"အဋ္ဌမမင်းသားကို စောင့်ရှောက်ပေးပါကွာ ၊ မင်းလက်ပဲ အပ်ခဲ့တော့မယ်"
နောက်ဆုံးတော့ ဧကရာဇ်ယိုတု ၊ ဧကရာဇ်ရှီးဟယ်နှင့် ကျန်းလန်တို့သာ ကျန်ရစ်တော့သည်။
ဧကရာဇ်ယိုတုက မပြန်ခင် စိတ်အားထက်သန်စွာဖြင့် ဧကရာဇ်ရှီးဟယ်နှင့် ကျန်းလန်ကို စကားဆိုသည်။
"မင်းတို့ ဘာပဲလုပ်လုပ် ကျုပ် မင်းတို့နဲ့ ပူးပေါင်းမယ် သိလား ၊ ကျုပ် မင်းတို့ကို မဆန့်ကျင်နိုင်ဘူးဆိုတာ မင်းတို့လည်း သိပါတယ်လေ"
ဧကရာဇ်ယိုတု ထွက်ခွာသွားမှ ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို စကားဆိုသည်။
"မင်းရဲ့ နတ်ဘုရားရာထူးနာမည်ပြောင်းတာက နှစ်ပေါင်း (၃၀) လောက်တော့ အချိန်ကြဦးမယ် ၊ ဒီကြားထဲ မင်း လိုအပ်တာတွေ ပြင်ဆင်ထားပါ ၊ အနောက်နန်းတော်ကို ရောက်ပြီဆိုတာနဲ့ မင်း အတော်များများကို သိလာလိမ့်မယ်"
ထိုစကားကိုပြောပြီးသည်နှင့် ဧကရာဇ်ရှီးဟ်လည်း ပျောက်ကွယ်သွားသည်။
နောက်ဆုံးတော့ ကျန်းလန်လည်း ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။
နတ်ဘုရားရာထူးနာမည် ပြောင်းလဲရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရင်း စောင့်ဆိုင်းရမည် ဖြစ်သည်။
သို့တည်းမဟုတ် ၊ သူက အလယ်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို ရရှိရန်အတွက် ဧကရာဇ်ရှီးဟယ်နှင့် ယှဉ်ပြိုင်ရန် စောင့်နေခြင်းလည်း ဖြစ်နေနိုင်သည်။
***