← Chapters

ပညာရှိကျမ်းစာသည် သူတော်စင်ဖြစ်လာရန် လမ်းကြောင်းတစ်ခုလား

Vol. 38 Ch. 530

ပညာရှိကျမ်းစာသည် သူတော်စင်ဖြစ်လာရန် လမ်းကြောင်းတစ်ခုလား

Vol. 38 Ch. 530

ကျန်းလန် နေရာမှ ထွက်ခွာလာခဲ့ပြီးနောက် နတ်ဘုရားရာထူးကို အသက်သွင်းလိုက်ပြီး ချင်းမုပိုင်ဆိုင်သည့် အလင်းရောင်အစက်အပျောက်လေးကို ကြည့်လိုက်သည်။

တစ်ဖက်လူ၏ အခြေအနေက အလွန်ကောင်းသည်။ သူက သူ၏ အင်မော်တယ်ခန္ဓာကို ဆက်လက်ကျင့်ကြံနေ၏။

ချင်းမုတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အနည်းငယ် ရှိလေရာ အစစ်အမှန်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ တက်ရောက်ပြီး မကြာမီ မိုးကေင်းကင်အင်မော်တယ် ဖြစ်လာနိုင်သည်။

မိုးကောင်းကင်အင်မော်တယ်ဖြစ်လာလျှင်တော့ ရွှေခန္ဓာကျင့်ကြံရမည်ဖြစ်ပြီး တိုက်ခိုက်မှုစွမ်းအားသည်လည်း ပိုမိုအားကောင်းလာမည် ဖြစ်သည်။ နတ်ဘုရားရာထူး၏ အကူအညီဖြင့်ဆိုလျှင် အလွန်လျှင်မြန်စွာ တိုးတက်လာနိုင်သည်။

အဆုံးသတ်တွင် ချင်းမု မည်မျှဝေးဝေးသို့ လျှောက်လှမ်းနိုင်မလဲဆိုသည်ကတော့ သူ့အပေါ်တွင်သာ မူတည်သည်။ အနာဂတ်တွင် ပိုပြီးဝေးဝေးလျှောက်လှမ်းချင်သည်ဆိုလျှင်တော့ တာအိုကို နားလည်ရန် လိုအပ်သည်။

တစ္ဆေတိုင်းပြည်၏ တာအိုက ရှုတ်ထွေးခြင်းမရှိလေရာ နက်ရှိုင်းစွာစဉ်းစားနေစရာ မလိုပေ။ နားလည်ရုံမျှဖြင့် လုံလောက်သည်။ ဦးနှောက်မရှိခြင်းက များစွာတွေးတောနေစရာမလိုလေရာ တစ်ခါတစ်ရံ ကောင်းသည့်အချက်ဖြစ်သည်ဟု ဆိုရမည်။

ထိုသို့တွေးပြီးသည်နှင့် ကျန်းလန်က ချင်းမုကို ကိုယ်စားပြုသည့်အလင်းစက်လေးကို ထိကိုင်လိုက်သည်။ သူက စကားပြောနိုင်ရန် မျှော်လင့်သည်။

ချက်ချင်းပင် ကျန်းလန် ကြီးမားသည့်တောင်ကြီးတစ်တောင်ရှေ့သို့ ရောက်ရှိလာသည်။

ကျန်းလန် ချင်းမု၏ စိတ်အာရုံထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တောင်ခြေတွင် လက်သီးသိုင်းလေ့ကျင့်နေသည့် လူငယ်တစ်ယောက် ရှိသည်။

သူက လက်သီးမလေ့ကျင့်ခင် ဆုတောင်းတစ်ခုကို ရွတ်ဆိုသည်။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးကို ကာကွယ်ပေးပါ ၊ ရန်သူတွေကိုတိုက်ခိုက်ဖို့ စွမ်းအားပေးပါ"

"တစ်နေ့မှ လက်သီးနတ်ဘုရား သေဆုံးသွားခဲ့ရင် ကျွန်တော်က လက်သီးနတ်ဘုရားအသစ် ဖြစ်လာရမယ်"

ထိုစကားကို ကြားသည့်အခါ ကျန်းလန် အနည်းငယ် မှင်တက်သွားသည်။

ချင်းမုက အစကတည်းက သူ့နေရာကိုယူရန် ဆန္ဒရှိနေသည်ပဲ။ ယခုတော့ သူက ချင်းမု၏ ဆုတောင်းများကို ဖြည့်ဆည်းပေးရတော့မည်။

သူ သေဆုံးသွား၍တော့ မဟုတ်ပေ။ နတ်ဘုရားရာထူး အပြောင်းအလဲကြောင့် ဖြစ်သည်။

ခြေသံပေါ့ပေါ့ဖြင့် ကျန်းလန် ချင်းမုအနားသို့ ရောက်လာသည်။ မကြာမီ သူရောက်လာသည်ကို ချင်းမု သတိထားမိသွားသည်။

ချက်ချင်းပင် လက်သီးသိုင်းလေ့ကျင့်နေသည်ကို ရပ်လိုက်ပြီး ကျန်းလန်ကို လှည့်ကြည့်လာသည်။ သို့သော် ကျန်းလန်၏ ပုံသဏ္ဌအမှန်ကိုတော့ မတွေ့မြင်ရပေ။

သူ တွေ့မြင်ရသည်က မှုံဝါးဝါး ပုံရိပ်တစ်ခုသာ ဖြစ်သည်။ လက်သီးနတ်ဘုရား၏ ပုံသဏ္ဌန်အတိအကျကို မည်သူမှ မတွေ့မြင်နိုင်ပေ။

ချင်းမုက…

"ခင်ဗျားက… ဘယ်သူလဲ"

ကျန်းလန်က ချင်းမုကို ကြည့်လိုက်ရင်း…

"မင်းပဲ မင်းရဲ့လက်သီးချက်တွေကို ကာကွယ်ပေးဖို့ ကျုပ်ကို အမြဲတမ်းဆုတောင်းနေတာ မဟုတ်ဘူးလား"

စိတ်ရှုတ်ထွေးနေဟန်ရှိသည့် ချင်းမု၏မျက်နှာထက်တွင် ချက်ချင်းပင် ရိုသေလေးစားဟန် ထွက်ပေါ်လာသည်။

"ခင်ဗျားက လက်သီးနတ်ဘုရားလား ၊ ဟုတ်ပြီ ဟုတ်ပြီ ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာတုန်းကလည်း ဒါကို ခံစားမိတယ်"

အတော်လေးတော့ ယုံလွယ်တာပဲဟု ကျန်းလန် တွေးလိုက်သည်။

သူသာဆိုလျှင် ယုံကြည်မည်မဟုတ်ဘဲ အရင်ဆုံး မေးခွန်းထုတ်မည် ဖြစ်သည်။ သို့ပေသိ သူက ချင်းမုနှင့်ပတ်သက်ခဲ့သူဖြစ်လေရာ ချင်းမုအနေဖြင့် လက်သီနတ်ဘုရား အမှန်တကယ် ဟုတ် မဟုတ်ကို အာရုံခံမိနိုင်သည်ပဲ ဖြစ်သည်။

သူကတော့ ဧကရာဇ်ရှီးဟယ်ကို မေးခွန်းထုတ်ခဲ့သည်။

ထို့ပြင် သူ၏နတ်ဘုရားရာထူးပြောင်းလဲရန် ကူညီပေးခြင်းက ဧကရာဇ်ရှီးဟယ်အတွက်လည်း အကျိုးရှိနိုင်သော်လည်း ထိုကိစ္စနောက်ကွယ်တွင် ထောင်ချောက်တစ်ခု ရှိ မရှိ ပြောရန်ခက်သည်။

ထို့ကြောင့် ကျန်းလန် သတိတစ်ချက် မလွတ်ရဲပေ။

ကျန်းလန်က…

"မင်း လက်သီးနတ်ဘုရား ဖြစ်ချင်သလား"

ချင်းမုက အမြန်ခေါင်းညိတ်လိုက်ရင်း…

"ဖြစ်ချင်တယ် ၊ ဒါပေမဲ့ ခင်ဗျား အသက်ရှင်နေသေးတော့ ကျုပ် လက်သီးနတ်ဘုရား ဖြစ်လာနိုင်မှာ မဟုတ်သေးဘူး"

ကျန်းလန် : "……"

ထိုစကားက အမှန်တရားဖြစ်သော်လည်း ကြားရသည်က နားထဲကန့်လန့်ကြီး ဖြစ်နေသည်။

ဒီလို ပြောပေါက်ဆိုပေါက်များဖြင့် တစ္ဆေတိုင်းပြည်ကလူများက အခြားနေရာများတွင် မိတ်ဆွေရော ဖွဲ့လို့ရကြပါ့မလား။

ဥပမာဆိုရသော် ဧကရာဇ်ယိုတုတွင်လည်း မိတ်ဆွေအပေါင်းအသင်းတစ်ယောက်မှ မရှိပေ။

တစ္ဆေတိုင်းပြည်၏ မိတ်ဆွေဖြစ်သော ကျန်းလန်မှလွဲပြီး အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များက ဧကရာဇ်ယိုတုနှင့် ခပ်ဝေးဝေး နေကြသည်။  သူတို့က ဧကရာဇ်ယိုတုကို မကြာခဏ ကန်ထုတ်ချင်ခဲ့ကြသည်။

တစ္ဆေတိုင်းပြည်က လိမ်ညာစကားများမသုံးတတ်ဘဲ တည့်ထိုးပင် အမှန်အတိုင်းပြောတတ်သည်။ ဤသည်က အခြားသူများနားထဲတွင် ကန့်လန့်ကြီးဖြစ်နေတတ်သည်။

"ကျုပ် ထွက်ခွာသွားတော့မယ် ၊ ဒါဆိုရင် ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ရာထူးနေရာက လစ်လပ်သွားမယ်"

ကျန်းလန်က သူရောက်လာရသည့်အကြောင်းရင်းကို တည့်တည့်ပင် ပြောလိုက်သည်။

"ကျုပ်က မင်းကို လက်သီးနတ်ဘုရားရာထူးကို ယူစေချင်တယ်"

ချင်းမု မှင်တက်သွားသည်။

"ကျွန်တော်… ကျွန်တော်က လက်သီးနတ်ဘုရား ဖြစ်လာမယ်… ဟုတ်လား ၊ ဒါဖြင့် ခင်ဗျားကရော… ၊ ခင်ဗျားက ဘယ်ကိုသွားမှာလဲ ၊ သေမှာမို့လို့လား"

"ကျုပ် နားလည်ရမှာတွေ အများကြီးရှိတယ် ၊ အချိန်ကျလာရင် ကျုပ်ရဲ့ အမည်နာမအသစ်ကို မင်းကြားသိရမှာပါ"

ကျန်းလန်က ရှင်းပြသည်။

ချင်းမု၏ ရိုင်းစိုင်းမှုကို သူက စိတ်ထဲမထားပေ။ ဧကရာဇ်ယိုတုက သူ့ထက် ဆယ်ဆမကပင် ရိုုင်းပြသေးသည် မဟုတ်ပါလား။

တစ္ဆေတိုင်းပြည်က ထိုသို့ပင်ဖြစ်ကြောင်း ကျန်းလန် နားလည်နေပြီ ဖြစ်သည်။

ချင်းမုက…

"ဒါဖြင့် အနာဂတ်မှာ ကျွန်တော် လက်သီးနတ်ဘုရားကို ကိုးကွယ်နိုင်ပါတော့မလား"

"အနာဂတ်မှာ ကျုပ်က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား မဟုတ်တော့ဘူး ၊ နောက်ထပ် နာမည်တစ်ခုနဲ့ ရပ်တည်လိမ့်မယ်"

ကျန်းလန်က ဆက်ရှင်းပြသည်။

"ဒီလိုဖြစ်လာဖို့ နှစ်အနည်းငယ် လိုသေးတယ်ဆိုတော့ မင်း ကျုပ်နာမည်ကို ခေါ်လို့ရပါသေးတယ်"

ထိုအခါမှ ချင်းမုက စိတ်သက်သာရာရသွားဟန် ရှိသည်။

သူက လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း…

"ဒါဖြင့် ကျွန်တော် ကြိုးစားကျင့်ကြံမယ် ၊ ကျွန်တော်က တစ္ဆေတိုင်းပြည်ရဲ့ နံပါတ် (၁) လက်သီးသိုင်းပညာရှင် ဖြစ်လာရမယ် ၊ ပြီးတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ နံပါတ် (၁) ဖြစ်လာမယ် ၊ ဒါဆို ကျွန်တော်လည်း ခင်ဗျားလို ကြီးမြတ်တဲ့ လက်သီးနတ်ဘုရား ဖြစ်လာမှာပဲ မဟုတ်လား"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

သူက အများကြီးရှင်းမပြသလို နတ်ဘုရားရာထူးကို မည်သို့ပေးအပ်မည်ကိုလည်း ပြောမပြခဲ့ပေ။

ထိုကိစ္စက ဧကရာဇ်ယိုတုလုပ်ရမည့်ကိစ္စဖြစ်လေရာ ချင်းမုကို ပြောပြလျှင်လည်း နားလည်မည် မဟုတ်ပေ။

ထို့နောက် ကျန်းလန်က လက်ကိုဆန့်ထုတ်လိုက်ပြီး ချင်းမု၏ မျက်ခုံးနှစ်ခုကြားကို ထိလိုက်သည်။ သူ၏ လက်သီးသိုင်းပညာကို ချင်းမုစိတ်အာရုံထဲသို့ ထည့်သွင်းပေးလိုက်သည်။ ဤသည်က ချင်းမုအတွက် သူပေးအပ်သည့် လက်ဆောင်ပင် ဖြစ်၏။

"လက်သီးနတ်ဘုရားဖြစ်လာဖို့ဆိုတာ သိပ်အန္တရယ်များတယ် ၊ စွမ်းအားမြင့်မားလာအောင် အပြင်းအထန် ကြိုးစားပါ"

ကျန်းလန်က သိမ်မွေ့စွာဆိုသည်။

တကယ်တော့ ကျန်းလန်က လက်သီးသိုင်းပညာအကြောင်း သိပ်မသိပေ။ သူက နွားရိုင်းကိုးကောင်စွမ်းအားနှင့် အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုခြင်း ဖြစ်သည်။

ဤအရာများက သင်ပြပေး၍မရပေ ၊ သိမြင်အောင် ထည့်သွင်းပေး၍သာရသည်။

ထိုအရာက လက်သီးသိုင်းပညာကို သူနားလည်သည့် ရိုးရှင်းသည့်နည်းလမ်းလည်း ဖြစ်သည်။

ဤစွမ်းအားများက လက်သီးသိုင်းပညာ မဟုတ်သော်လည်း ချင်းမု နတ်ဘုရားရာထူး ပိုမိုလျှင်မြငန်စွာ ရရှိနိုင်ရေး ကူညီပေးနိုင်သည်။

ထို့နောက် ကျန်းလန် ချင်းမု၏ စိတ်အာရုံထဲမှ ထွက်ခွာသွားသည်။ ယခုအချိန်မှစပြီး ချင်းမုအနေဖြင့် ကိုယ့်အားကိုယ် ကိုးရတော့မည် ဖြစ်သည်။

သို့သော် နတ်ဘုရားရာထူးအသစ်ဆီသို့ သူနှင့်သက်ဆိုင်သည့် အလင်းစက်များအားလုံး ယူဆောင်သါားနိုင်မည်ဖြစ်ရာ အနာဂတ်တွင် ထိုကောင်လေးသည် သူ့ထံ ဆုတောင်းဆက်သွယ်နိုင်ဦးမည် ဖြစ်သည်။

သူသည်လည်း ချင်းမုကို လေ့လာနေနိုင်သည်။ သူ့ဆုတောင်းသံကို နားထောင်ပြီး တုံ့ပြန်နိုင်သေးသည်။

သူ မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ သားရဲဥလေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးနေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

အေးစိမ့်သည့်လေက တိုက်ခတ်နေ၏။

ကျန်းလန်က အဆုံးမဲ့ ကောင်းကင်ပြာဆီ မော့ကြည့်လိုက်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိစ္စအချို့ သူလုပ်ခဲ့သည်။

ယခုတော့ အရာအားလုံးက စီစဉ်ပြီးပြီ ဖြစ်လေရာ နောက်ဆက်တွဲ အပြောင်းအလဲများကိုသာစောင့်ဆိုင်းရန် လိုအပ်သည်။

ထို့ပြင် နတ်ဘုရားရာထူးပိုင်ရှင်များက သူတို့၏နတ်ဘုရားရာထူးများနှင့် ပေါင်းစပ်သွားသည့်အခါ ကောင်းကင်ဘုံ၏ နောက်ဆုံးအတားအဆီး အက်ကွဲပြိုကျသွားမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် ကောင်းကင်ဘုံတွင် တည်ရှိနေသည့်အရာကို လူတိုင်းရင်ဆိုင်ကြရပေမည်။

မကြာမီ မိုးနဲ့မြေ ပြိုကျပေတော့မည်။

အချိန်များစွာ မကျန်တော့လေရာ သူ့အနေဖြင့် နောက်ထပ်ခြေတစ်လှမ်းတိုနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

သို့သော် သူ့အနေဖြင့် သူတော်စင်ဖြစ်လာရန် ၊ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ရောက်ရန် မဖြစ်နိုင်သေးပေ။

ထိုအကြောင်းများကို သူ ဘာမှနားမလည်သေးပေ။

ယောင်ဝါးဝါးဖြစ်နေသော်လည်း ရှေ့ဆက်သွားနိုင်သေးသည်ဟု ခံစားမိသော်လည်း မည်သို့ရှေ့ဆက်ရမည်ကို မသိနိုင်သေးပေ။ သူ့အတွက် ဉာဏ်အလင်းပွင့်ခြင်း သို့မဟုတ် အခွင့်အရေးတစ်ခု လိုအပ်နေသည်။

ရှောင်ယွိက ကျန်းလန်ဘေးနားတွင်ဝင်ထိုင်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ဘာတွေစဉ်းစားနေတာလဲ"

ကျန်းလန် ရှောင်ယွိကို လှည့်ကြည့်လိုက်သည်။

"အနာဂတ်အတွက် စဉ်းစားနေတာ"

ရှောင်ယွိ စိတ်ရှုတ်ထွေးသွားသည်။

"အနာဂတ် ဟုတ်လား"

ကျန်းလန်က…

"အင်း ဟုတ်တယ် ၊ အနာဂတ်မှာ ကိုယ်က ဂိုဏ်းတူအစ်မကို အကောင်းဆုံးကာကွယ်ပေးသွားမယ်"

သူက နောက်ထပ်လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းမည်ဖြစ်ပြီး လိုအပ်သောတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရင်း လုန်ယွိကိုလည်း ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်သည်။

ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။

"ဒါဖြင့် ကိုယ့်စကားကိုယ်တည်နော် ၊ ဒါနဲ့ ရှင့်စကားက ဘယ်နေ့အထိ ကာကွယ်ပေးမှာလဲဆိုတာ ရှိသလား"

ကျန်းလန် အံ့အားသင့်သွားသည်။ ဒီနဂါးမလေး အရင်ကလို မမောက်မာတော့ပါလား။ ဂိုဏ်းတူအစ်မ နေမှကောင်းရဲ့လား။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မက အကြီးဆိုတာ ရှင်သိတယ်နော် ၊ ကျွန်မက အစပိုင်းမှာ ရှင့်ကို လိုက်မမီပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရှင် ကျွန်မနောက်မှာ ကျန်ခဲ့မှာပဲ ၊ ဒီတော့ ရှင် ကျွန်မကို ကာကွယ်ပေးတယ်ဆိုတာ ဘယ်နေ့အထိလဲဆိုတာကို ရက်သတ်မှတ်ဖို့လိုတယ် ၊ အဲဒီရက်ရောက်တာနဲ့ ကျွန်မက ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးမယ် ၊ ဘယ်လိုမုန်တိုင်းမျိုးမှ ဂိုဏ်းတူမောင်လေးအပေါ် မကျရောက်စေရဘူး"

ရှောင်ယွိက ကျန်းလန်ကိုကြည့်ကာ အလေးအနက် ပြောနေခြင်း ဖြစ်သည်။

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ…"

သူလည်း တကယ်တော့ လုန်ယွိပေးသည့် အကာအကွယ်ကို လိုအပ်သည်ပဲ။ လုန်ယွိ သူ့အနားရှိနေခြင်းက သူ့ကို ကာကွယ်ပေးနေခြင်းပင် ဖြစ်သည်။

သူမရှိနေမှသာ သူလျှောက်သည့်လမ်းမှ သွေဖယ်မသွားဘဲ အဆုံးသတ်ထိ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

သို့မှသာ သူ၏တာအိုက လောကတစ်ခွင် ပျံ့နှံ့ပြီး အရာအားလုံးတွင် ပါဝင်နိုင်မည် ဖြစ်သည်။

လုန်ယွိသာ သူ့အနားရှိမနေလျှင် ပညာရှိကျမ်းစာကို မလေ့လာခဲ့ဘူးဆိုလျှင်တောင်မှ သူ့ဘဝက ပညာရှိကျမ်းစာကို ကျင့်ကြံထားသည့်အလား ခံစားချက်ကင်းမဲ့နေမည် ဖြစ်သည်။

ပညာရှိကျမ်းစာဟု တွေးမိသည့်အခါ ကျန်းလန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

ပညာရှိကျမ်းစာသည် သူတော်စင်ဖြစ်လာရန် လမ်းကြောင်းတစ်ခုများ ဖြစ်နေလေမလား။

***

All Chapters