ဆရာဖြစ်သူ၏ အိမ်ထောင်ရေးကံ
Vol. 38 Ch. 531
ကျန်လန်၏ စိတ်အာရုံပင်လယ်ပြင်ထဲတွင် "ပညာရှိကျမ်းစာ" ထွက်ပေါ်လာသည်။
ဤကျမ်းစာကို သူရရှိထားသည်မှာ အချိန်ကာလအလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုစဉ်ကတန်ခိုးစွမ်းအားမြင့်မားလာသည့်တစ်နေ့တွင် ဤစာအုပ်ကို ဖတ်ရှုလေ့လာမည်ဟု တွေးခဲ့ဖူးသည်။ နောက်ပိုင်းတွင်တော့ ထိုစာအုပ်ကို ထိတွေ့ရန်ပင် ကြောက်ရွံ့လာခဲ့သည်။
ထိုလမ်းစဉ်က သာမန်လမ်းစဉ်တစ်ခု မဟုတ်လေရာ ထိလိုက်မိသည်နှင့် လွတ်လမ်းမရှိတော့ကြောင်း သိရှိနေခဲ့သည်။ ထိုလမ်းစဉ်က သူတော်စင်ဖြစ်လာရန် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ထိုကျမ်းစာကို ဖတ်ရှုလိုက်သည်နှင့် သူတော်စင်ဖြစ်လာရန် အခွင့်အရေးတစ်ခု သေချာပေါက် ရရှိမည်ဖြစ်သည်။
သို့သော် လောလောဆယ်တွင် သူ မလုပ်နိုင်သေးပေ။
"ငါ့မှာ အချိန်မကျန်တော့ရင် ၊ နောက်ဆုံးမှာ သူတော်စင်ဖြစ်ဖို့ လိုအပ်လာခဲ့ရင် ဒီ ပညာရှိကျမ်းစာကို ငါ ကျင့်ကြံရမလား"
ကျန်းလန်တွေးလိုက်သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူတော်စင်တစ်ယောက်မှ မရှိပေ။ ရှေးဟောင်းဧကရာဇ်နန်းတော်က အနိုင်မယူနိုင်ခဲ့သောရန်သူများကို သူတော်စင်များသာလျှင် တွန်းလှန်နိုင်မည်ဖြစ်သည်။ အမှောင်ထုနောက်ကွယ်တွင် ပုန်းအောင်းနေသည့်အရာကို တာအိုအင်မော်တယ်များသည်လည်း တွန်းလှန်နိုင်မည် မဟုတ်ပေ။
ကျန်းလန် သူတော်စင်တစ်ယောက်ဖြစ်လာရန် လိုအပ်သည်။ သို့ပေသိ ပညာရှိကျမ်းစာက သူလျှောကလှမ်းချင်သည့် လမ်းစဉ် မဟုတ်ပေ။
ပညာရှိကျမ်းစာကို ကျင့်ကြံလိုက်မိလျှင် မည်သည့်အရာများ ဆက်ဖြစ်မည်ကို မသိနိုင်သော်လည်း သူတော်စင်ဖြစ်လာရန် နည်းလမ်းတစ်ခုတော့ သိရှိရမည် ဖြစ်သည်။
လက်ရှိတွင် ထိုအကြောင်းများကို သူ မစဉ်းစားချင်သော်လည်း အချိန်သိပ်မကျန်တော့သည့်အတွက် စဉ်းစားရမည် ဖြစ်သည်။
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြီးဆုံးတော့မယ် ၊ နဂါးမျိုးနွယ်တွေလည်း ပြန်တော့မယ်ဆိုတော့ ဂိုဏ်းတူအစ်မ အမေနဲ့ သွားတွေ့ချင်သေးလား"
ကျန်းလန်က စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။
ထိုစကားကိုကြားတော့ ရှောင်ယွိက မျက်ခုံးများကို တွန့်ချိုးကာ တိတ်ဆိတ်နေ၏။ သူမက အမေဖြစ်သူကို တွေ့ချင်သော်လည်း အမေကတော့ သူမကို လုံး၀ မတွေ့ချင်ပေ။
သူမ ကျန်းလန်နှင့်လက်ထပ်ပြီးသည့်နောက် နဂါးမျိုးနွယ်များနှင့် ဘာမှမဆိုင်တော့သလို ခံစားရသည်။ ထို့ကြောင့် မိခင်ဖြစ်သူက သူမနှင့် မတွေ့ဆုံလိုလျှင် သူမကလည်း သွားတွေ့စရာ အကြောင်းမရှိတော့ပေ။
သူမက နဂါးမျိုးနွယ်များအတွက် အသုံးမဝင်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ သူမက နဂါးမျိုးနွယ်များက သူမကို အသုံးချစရာ မရှိတော့ခြင်းသာ ဖြစ်သည်။ သူမသည် နဂါးမင်းသမီးတစ်ပါးပင် မဟုတ်နိုင်တော့ပေ။
လုန်မန်တစ်ယောက်သည်ပင် သူမကို အစ်မအဖြစ် အသိအမှတ်ပြုသည်။
ဦးလေးလုန်ရဲ့နှင့်လည်း အဆင်ပြေလေသည်။ သူက သေရည်မူးမှသာ ပတ်ရမ်းတတ်သူ ဖြစ်သည်။ သေရည်မူးသည်နှင့် လုန်ရဲ့က ကျန်းလန်ကို သူ့အသက်ကိုကယ်တင်ခဲ့သည့် ညီအစ်ကိုအဖြစ် ထင်မှတ်သွားတော့သည်။ ထို့နောက် ခွေးချေးတွေ အတူတူစား ၊ မြင်းသေးများအတူတူသောက်ရင်း မိန်းမများနှင့် အတူတူပွေရှုတ်ခဲ့သည်ဟု ပြောဆိုလေ့ ရှိသည်။ သူတို့ (၂)ယောက်က နာမည်ဆိုးနှင့်ကျော်ကြားသည့် စွန့်စားခန်းများကို အတူတူလုပ်ခဲ့ကြသည်ချည်းပင်။
ရှေင်ယွိက ခေါင်းခါယမ်းလိုက်ရင်း…
"ထားလိုက်ပါတော့…"
ကျန်းလန်က ရှောင်ယွိကို ငုံ့ကြည့်လိုက်သည်။
"ကိုယ်တို့ လျှောက်ရမယ့်လမ်းက ရှည်လျားပါတယ် ၊ မင်းနဲ့ မင်းအမေရဲ့ ဆက်ဆံရေးက အနာဂတ်မှာ ပိုကောင်းလာနိုင်မှာပါ"
တကယ်တော့ လုန်ယွိက ငယ်စဉ်ကပင် သူမအမေနှင့် ဆက်ဆံရေး မကောင်းခဲ့ပေ။ သူမ ကြီးပြင်းလာပြီးနောက်တွင်လည်း မိခင်ဖြစ်သူနှင့် ရင်းနှီးရန်ခက်ခဲခဲ့ပြီး ယခုလို အခြေအနေသို့ ရောက်ရှိသွားရခြင်း ဖြစ်သည်။
ရှောင်ယွိက…
"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲကပြီးသွားပြီဆိုတော့… ဂိုဏ်းတူမောင်လေး ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားလဲ"
ကျန်းလန်က…
"ဆရာ့ကို မိန်းမပေးစားဖို့…"
ပြောသာပြောလိုက်ရသည် ကျန်းလန် ယုံကြည်ချက် မရှိလှပေ။
သူက တာအိုအင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သောကြောင့် ကျင့်ကြံခြင်းအဆင့် ထပ်တက်စရာမရှိဘဲ လက်ရှိအဆင့်ကိုသာ ခိုင်မာအောင် ကျင့်ကြံရတော့မည် ဖြစ်သည်။
ထို့ပြင် သူက လောကကြီး၏ အပြောင်းအလဲများကို ကြည့်ရှုပြီး ကွဲပြားသည့် ရှုထောင့်မှ တွေးမြင်နိုင်ရန် ကြိုးစားရမည်။ အသိအမြင်အသစ်များက သူ့ကို သူတော်စင်တစ်ယောက် ဖြစ်လာစေရန် လမ်းကြောင်းရှာဖွေပေးနိုင်သည်။
ရှောင်ယွိက ခဏမျှ စဉ်းစားလိုက်ရင်း…
"ဒါဖြင့် ကျွန်မတို့ ဆရာဒေါ်လေးမြောင်ယွဲ့နဲ့ သွားတွေ့ကြမလား"
သူမက သက်ပြင်းချရင်း ဆက်ပြောသည်။
"ဒါပေမဲ့ ဆရာဒေါ်လေးမြောင်ယွဲ့က အရာအားလုံးကို သိနေပြီး ကျွန်မတို့ကို လှည့်စားနေတယ်လို့ ခံစားရတယ်"
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ရှောင်ယွိနှင့်ထပ်တူ ခံစားရသည်ပင်။
ဆရာဒေါ်လေး မြောင်ယွဲ့က ထိုသို့ပင် ဖြစ်သည်။ သူမကို ချဉ်းကပ်လေ လှည့်စားသလို ခံစားရလေ ဖြစ်သည်။ အခြားသောတောင်သခင်များသည်လည်း သူမကြောင့် ခေါင်းကိုက်နေကြရသည်ပင်။
ကျန်းလန်က ရှေင်ယွိကို လှမ်းကြည့်ရင်း…
"ဒါပေမဲ့ တို့တွေ ဆရာဒေါ်လေးချန်ရှီကို မေးကြည့်လို့ရတယ်လေ ၊ သူက ပိုကောင်းတဲ့အကြံဉာဏ်တွေ ပေးနိုင်မလားပဲ"
ဆရာဒေါ်လေးချန်ရှီနှင့် တွေ့ဆုံချင်သည်ဆိုလျှင်တော့ ရှောင်ယွိအကူအညီ ယူရမည် ဖြစ်သည်။ ဆရာဒေါ်လေးချန်ရှီက ဆရာဒေါ်လေးကျူးချင်ကို အလွန်တရာ မျက်နှာသာပေးသူ ဖြစ်သည်။
ထို့ကြောင့် ဆရာဒေါ်လေးကျူးချင်၏ အချစ်ဆုံးတပည့်ဖြစ်သော ရှောင်ယွိကိုလည်း မျက်နှာသာ ပေးလေ့ရှိသည်။
ရှောင်ယွိက…
"ဒါဖြင့် နောက်ရက်ပိုင်းကျ ကျွန်မတို့ သွားကြမယ်လေ"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
အဆုံးသတ်တွင် ဆရာဒေါ်လေးမြောင်ယွဲ့ကို ရှာဖွေရမည်ဖြစ်သော်လည်း အရင်ဆုံး ဆရာဒေါ်လေးချန်ရှီကို သွားရောက်ရှာဖွေသည်က ပိုကောင်းနိုင်သည်။
ဆရာဖြစ်သူထံမှ အဖြေမရနိုင်သည်က သေချာနေသလို အခြေအနေတွင် ပါဝင်ပတ်သက်နေသူများကလည်း မရိုးရှင်းပေ။ ဆရာဖြစ်သူက သူ့ကိုယ်သူ နားမလည်ခြင်းလည်း ဖြစ်နိုင်သည်။ ထိုအကြောင်းများကို အခြားတောင်သခင်များကို မေးမြန်းခြင်းက ပိုမိုသိရှိနိုင်မည် ဖြစ်သည်။
ကျန်းလန် တာအိုအင်မော်တယ် ဖြစ်လာပြီးနောက်ပိုင်း သူ့တွင် တာဝန်များ ပိုမိုများပြားလာသည်။ သို့တိုင် ဆရာဖြစ်သူကို မိန်းမပေးစားရမည့်တာဝန်ကိုတော့ လက်မလွှတ်နိုင်ပေ။
တာအိုအင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း အဆက်မပြတ် ကျင့်ကြံနေရန် မလိုအပ်တော့ပေ။ ယင်းအစား လက်ရှိအဆင့်ကိုသာ ခိုင်မာအောင် ပိုမိုကြိုးစားရန် လိုအပ်သည်။
သူ၏ တာအိုတွင် လုန်ယွီကို အတူခေါ်ဆောင်လာခဲ့ခြင်းက သူ၏ ကျင့်ကြံခြင်းကို အကျိုးပြုသည်။ အန္တရယ်က ပိုမိုများပြားလာသည့်အတွက် ခွန်လွန်တောင်မှ ထွက်ခွာသွားရန် မဖြစ်နိုင်သေးပေ။
ပြီးတော့ ခွန်လွန်တောင်တွင်နေထိုင်ရသည်က ပိုပြီး သက်သောင့်သက်သာရှိသည်။ လက်ရှိတွင် နတ်လူသားမျိုးနွယ်များကလည်း ပြတ်ပြတ်သားသား လှုပ်ရှားခြင်း မရှိသေးပေ။
နတ်လူသားမျိုးနွယ်တာအိုအင်မော်တယ်တစ်ယောက်ကို ဆရာဖြစ်သူ သတ်ဖြတ်လိုက်ပြီးသည့်နောက် နတ်လူသားမျိုးနွယ်များ ငြိမ်သက်သွားခဲ့သည်။
ယခုအချိန်တွင် ကျန်းလန်က မည်သည့်နတ်လူသားမျိုးနွယ်ကိုမှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။ မည်သူ့ကိုမဆို တိုက်ခိုက်သတ်ဖြတ်ပစ်ရန် သူက အရည်အချင်းပြည့်မှီနေပြီ ဖြစ်သည်။
သို့သော် ရန်သူက သူတော်စင်တစ်ပိုင်းဖြစ်မည်ဆိုလျှင်တော့ ပြောရခက်သည်။ သူတော်စင်တစ်ဝက် ကျင့်ကြံသူသည် မည်မျှ တန်ခိုးစွမ်းအားမြင့်မားမည်လဲ ကျန်းလန် မသိလေရာ အခြေအနေက မှန်းဆ၍ မရပေ။
ထိုသို့သောလူမျိုးနှင့်တွေ့လျှင်တော့ တတ်နိုင်သမျှ ရှောင်တိမ်းရမည်ဖြစ်ပြီး သူကိုယ်တိုင် ပိုမိုတန်ခိုးစွမ်းအား မြင့်မားသည်အထိ စောင့်ရပေမည်။
***
အချိန်များက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်လေရာ ခွန်လွန်တောင်သို့ ရောက်ရှိနေသူများ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန် (၃)လ ကြာမြင့်သွားခဲ့ပြီး ခွန်လွန်တောင်သည်လည်း ပြန်လည်ငြိမ်သက်သွားသည်။ နဂါးမျိုးနွယ်များသည်လည်း ပြန်သွားကြပြီ ဖြစ်သည်။
ကျန်းလန်နှင့် ရှောင်ယွိက နဂါးမျိုးနွယ်များကို လိုက်ပို့ခဲ့ကြသည်။ ရှောင်ယွိက မိခင်ဖြစ်သူကို စကားတစ်ခွန်းပြောခဲ့သည်။ စကားတစ်ခွန်းနှင့်ပင် လုံလောက်လေသည်။
အဋ္ဌမမင်းသားကတော့ ခွန်လွန်တောင်တွင် ဆက်လက်နေထိုင်မည် ဖြစ်သည်။ ခွန်လွန်တောင်မှ သူ့ကို ခေါ်ထုတ်သွားရန်မှာ အလွန်ပင် တန်ဖိုးကြီးမြင့်နေသည်။ ဟုန်ယာနှင့် ယန်ရှီးယွင်တို့သည်လည်း ခွန်လွန်တောင်တွင် ဆက်လက်နေထိုင်သည်။
ဟုန်ယာက စိတ်ဓာတ်မာသော်လည်း ယန်ရှီးယွင်ကတော့ သူမလူမျိုးများနှင့် ပြန်လိုက်မသွားရသည့်အတွက် ငိုယိုလျှက် ရှိသည်။
သူ့လူမျိုးများက အတူတူပြန်ကြမည်ဟု သူမကို နှစ်သိမ့်ခဲ့ကြပြီး နောက်တော့ မည်သည့်အချိန် ပြန်သွားကြမှန်းပင် မသိခဲ့တော့ပေ။ ထို့ကြောင့် သေရည်ဆိုင်မှ မြေပဲများကို ရိက္ခာအဖြစ်တောင်းကာ သူမတစ်ယောက်တည်း ပြန်သွားရန် ပြင်ဆင်ခဲ့သည်။
ဟုန်ယာက ယန်ရှီးယွင်ကို အခြေအနေများနှင့်ပတ်သက်ပြီး ရှင်းပြခဲ့ခြင်း မရှိပေ။ သူမကို မည်သူမှ မတားဆီးခဲ့ကြပေ။ ခွန်လွန်တောင်က ကန့်သတ်ထားသည့်အတွက် ယန်ရှီးယွင်သည် ခွန်လွန်တောင်မှ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။
သေရည်ဆိုင်မှလူများကတော့ ပုံမှန်အတိုင်း သူတို့လုပ်စရာရှိသည်များကို လုပ်နေကြပြီ ဖြစ်သည်။
ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအကြောင်း သူတို့ ပြန်လည်ပြောဆိုခဲ့ကြသည်။ လူတိုင်း၏ အောင်မြင်မှုရလဒ်များက အတူတူပင် ဖြစ်သည်။
ဟုန်ယာကတော့ အလုပ်လည်းကြိုးစားသလို ကျင့်ကြံခြင်းကိုလည်း အားစိုက်နေသည်။ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲတွင် သူမက အခြားသူများထက် ပိုမိုကြိုးစားခဲ့သည့်တိုင် အဆုံးသတ်တွင် သူမ၏ အောင်မြင်မှုက အခြားသူများနှင့် အတူတူပင် ဖြစ်နေခဲ့သည်။
ယန်ရှီးယွင်ကတော့ အများကြီးကြိုးစားခြင်းမရှိပေ။ သူမအနေဖြင့် ပိုကြိုးစားသင့်သည်ဟု ဟုန်ယာက တွေးမိသည်။
ခွန်လွန်တောင်တစ်ခုလုံးသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး ကျန်းလန်သည်လည်း သူ၏ ရည်မှန်းချက်အသစ်များကို စတင်နေသည်။
ယနေ့တော့ ကျန်းလန်နှင့် လုန်ယွိတို့ ဆရာဒေါ်လေးချန်ရှီနှင့်တွေ့ဆုံရန် ဆဋ္ဌမတောင်ထွတ်သို့ ရောက်လာခဲ့ကြသည်။
ရှောင်ယွိက သူမ၏ ဆရာထံမှ ခိုးယူလာသည့် အကြမ်းပန်းကန်လေးကို ဆရာဒေါ်လေးချန်ရှီအား ပေးလိုက်သည်။ သို့သော် ချက်ချင်းပင် ဆရာဒေါ်လေးချန်ရှီ၏ အမြစ်ဒေါသနှင့် ရင်ဆိုင်လိုက်ရသည်။
"ဒါ ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ဂိုဏ်းတူညီမလေးကျူးချင်ကို ငါပေးခဲ့တဲ့ပစ္စည်းပဲ ၊ မင်းတို့ ခိုးလာကြတာလား"
ချန်ရှီက ထိုင်ခုံတွင်ထိုင်လိုက်ရင်း အကြမ်းပန်းကိုကြည့်နေသည်။
ကျန်းလန်က လုန်ယွိကို လှည့်ကြည့်လိုက်သည်။ လုန်ယွိက ကျန်းလန်၏ အကြည့်ကို မသိချင်ယောင်ဆောင်ကာ ခေါင်းငုံ့ထားရင်း သူမ၏ လက်ချောင်းများကိုသာ စိုက်ကြည့်နေသည်။
သူမက ဆရာဖြစ်သူထံမှ ပစ္စည်းတစ်ခုကို ခိုးယူလာခဲ့သည်။ ယခုတော့ ကျန်းလန်ရှေ့တွင် သူမ၏ ဂိုဏ်းတူအစ်မတစ်ယောက်၏ သိက္ခာကျပြီ ဖြစ်လေရာ နဝမတောင်ထွတ်သို့ပြန်ရောက်မှ ကျန်းလန်ကို အပြုအမူများကို ဆင်ခြင်ရန် ပညာပေးရမည် ဖြစ်သည်။
ချန်ရှီက လုန်ယွိနှင့် ကျန်းလန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း…
"ဒါကို ပြန်ယူသွားပြီး သူ့နေရာသူ ပြန်ထားလိုက် ၊ မဟုတ်လို့ကတော့…"
လုန်ယွိက ချက်ချင်းပင် အကြမ်းပန်းကန်လေးကို ပြန်ယူလိုက်သည်။
သူမက…
"ဆရာဒေါ်လေး… ဒီပန်းကန်လေးက အရမ်းတန်ဖိုးကြီးလို့လား"
ချန်ရှီက သူမကို စူးစူးရဲရဲ ကြည့်လိုက်ရင်း…
"တန်ဖိုးကြီးရင် မင်းဘယ်လိုလုပ် ခိုးယူလာလို့ ရမှာလဲ"
ထို့နောက် ချန်ရှီက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဒါနဲ့ မင်းတို့ ဒီနေ့ ငါ့ဆီရောက်လာပြီး ခိုးရာပါပစ္စည်းလက်ဆောင်လာပေးတာ ဘာအကြောင်းရှိလို့လဲ"
သူမကို လာရောက်ရှာဖွေလေ့ရှိသူများသည် တစ်စုံတစ်ခု အကြောင်းရှိသောကြောင့်သာ ဖြစ်သည်။ ကြည့်ရသည်မှာ ဤကလေး (၂)ယောက်သည် သူတို့အနာဂတ်အတွက် ဗေဒင်မေးချင်ဟန် ရှိသည်။
ထို့နောက် ချန်ရှီက အကြမ်းရည်တစ်ခွက် ငှဲ့သောက်လိုက်သည်။ သူမက အကြမ်းရည်သောက်ရသည်ကို နှစ်သက်သည်။
ကျန်းလန်က…
"ကျွန်တော်တို့ တစ်စုံတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံအကြေင်း မေးချင်လို့ပါ"
"ဟမ်…"
ချန်ရှီ အံ့အားသင့်သွားသည်။
စုံတွဲတစ်တွဲက အိမ်ထောင်ရေးကံအကြောင်းလာမေးသည်။ သူတို့ (၂)ယောက် သားသမီး ရနိုင် မရနိုင် လာမေးခြင်း ဖြစ်ပေလိမ့်မည်။
ကျန်းလန်က တည့်ထိုးပင် ပြောလိုက်သည်။
"ကျွန်တော်က ကျွန်တော့်ဆရာရဲ့ အိမ်ထောင်ရေးကံကို မေးချင်လို့ပါ"
"ဖူး…"
ချန်ရှီပါးစပ်ထဲမှ အကြမ်းရည်များ ဖူးကနဲ မှုတ်ထုတ်လိုက်မိသည်။
အလွန်မှ ထူးဆန်းသည့် စကားတစ်ခွန်းကို ကြားလိုက်ရသည့်အလားပင် ဖြစ်သည်။
***