သူတော်စင်တစ်ယောက်ဖြစ်လာချင်သည်
Vol. 39 Ch. 533
လုန်ယွိက…
“ဒီကိစ္စက လွယ်ကူတယ်ထင်ရပေမယ့် လုံးဝမဖြစ်နိုင်သလိုပဲ”
ချန်ရှီက အကြမ်းရည်တစ်ခွက်ငှဲ့သောက်လိုက်ရင်း…
“အမှန်ပဲ ၊ တစ်ခါတစ်လေမှာ အချို့ကိစ္စတွေက ဘာမဟုတ်တာလေးနဲ့ ထာဝရခိုင်မြဲနေတတ်တယ်”
သူမက ဆက်ပြောသည်။
“နည်းလမ်းတစ်ခုတော့ ရှိတယ် ၊ မော့ကျန်းသုန့်က ကတိတည်တတ်တဲ့ လူတစ်ယောက်ပဲ ၊ သူ ကတိပေးလိုက်ပြီဆိုရင် အဲဒီကတိကို ဖြစ်အောင်လုပ်ပေးတတ်တယ် ၊ ဒါပေမဲ့ သူ ကတိပေးအောင်လုပ်ဖို့ကလည်း အတော်လေး ခက်တယ် ၊ ဒီတော့ မင်းတို့တွေ တခြားနည်းလမ်း စဉ်းစားတာပဲ ကောင်းလိမ့်မယ်”
ကျန်းလန်က…
"ဒါဖြင့် ဆရာဒေါ်လေးချန်ရှီက ဆရာဒေါ်လေးမြောင်ယွဲ့ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ကြည့်ပေးပါလား"
အကြမ်းပန်းကန်ထဲသို့ အကြမ်းရည်ငှဲ့နေသည့် ချန်ရှီမှာ လက်ချော်ပြီး အကြမ်းရည်များ ဖိတ်စင်ကုန်သည်။
"ငါ မြောင်ယွဲ့ရဲ့ ကံကြမ္မာကို ကြည့်ပြီးပြီ ၊ သူ့ကံကြမ္မာက ပြောင်းလဲသွားတယ် ၊ ဒါပေမဲ့ အဲဒါ အကောင်းလား ၊ အဆိုးလား ငါ မသိဘူး"
ထိုစကားကိုပြောပြီးသည့်နောက် ချန်ရှီက ကျန်းလန်ကို အဓိပ္ပါယ်နက်ရှိုင်းသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"မြောင်ယွဲ့ရဲ့ ကံကြမ္မာပြောင်းလဲသွားတာ မင်းကြောင့်များဖြစ်မလား"
ကျန်းလန် ခေါင်းခါယမ်းလိုက်သည်။ ထိုသို့သောအကြောင်းအရာများကို သူ မခန့်မှန်းတတ်ပေ။ ဟုတ်ကောင်းဟုတ်နိုင်သလို ၊ ဟုတ်ချင်မှလည်း ဟုတ်ပေလိမ့်မည်။ သူ သိရှိနိုင်မည် မဟုတ်ပေ။
သို့သော် သူ ကြိုးစားရမည် ဖြစ်သည်။ မဟုတ်ပါက ဆရာဖြစ်သူ အသက်အရွယ်ကြီးရင့်လာပြီး အနားယူသည့်အခါ တစ်ယောက်တည်း အထီကျန်နေပေလိမ့်မည်။ တာအိုလက်တွဲဖော်တစ်ယောက် အနားတွင်ရှိနေရန် ဆရာဖြစ်သူအတွက် အလွန်အရေးကြီးသည်။
ဆရာဖြစ်သူကတော့ ထိုအချက်ကို သတိထားမိဟန် မရှိပေ။ သူ့ကိုယ်သူငယ်ရွယ်သေးသည်ဟု ထင်နေသော်လည်း မဟာတာအိုလမ်းဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လက်ရှိအချိန်ကာလကို ဆရာဖြစ်သူ၏ နှောင်းပိုင်းနှစ်များဟု ခေါ်ဆိုနိုင်သည် မဟုတ်လား။ ကျန်းလန်ကတော့ နှောင်းပိုင်းအချိန်သို့ မရောက်ရှိသေးပေ။ သူက နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် မျှော်လင့်ချက် ရှိသေးသည်။ သို့ပေသိ သူလည်း ဘာလိုလို့ လိုနေမှန်း မသိသေးပေ။
ထို့နောက် ကျန်းလန်နှင့်လုန်ယွိ ဆဋ္ဌမတောင်ထွတ်မှ ထွက်ခွာလာခဲ့ကြသည်။ ချန်ရှီက အကြမ်းပန်းကန်လေးကို ပြန်ပေးလိုက်သဖြင့် သူ့နေရာသူပြန်ထားရန် ပြန်ယူလာခဲ့ကြသည်။
ဆရာဒေါ်လေးချန်ရှီကို လာရောက်တွေ့ဆုံရသည်က အရှုံးမရှိခဲ့ပေ။ သူတို့အကြောင်းအရာများစွာကို သိရှိခဲ့ရသည်။ ဆရာဒေါ်လေး ချန်ရှီပဲ ဖြစ်ဖြစ် ဆရာဒေါ်လေး မြောင်ယွဲ့ပဲဖြစ်ဖြစ် ၊ သူတို့၏ အတိတ်အကြောင်းများစွာကို နားလည်ခဲ့ရသည်။
အပြန်လမ်းတွင် လုန်ယွိက ကျန်းလန်ကို မေးသည်။
"ဂိုဏ်းတူမောင်လေး ၊ ဆရာဒေါ်လေးချန်ရှီက ဘာလို့ ဆရာဦးလေးမော့ကျန်းသုန့်ရဲ့ အိမ်ထောင်ရေးကံကို တွက်ချက်မပေးရတာလဲ"
ဆရာဒေါ်လေးချန်ရှီက ရှင်းပြခဲ့သော်လည်း သူမ နားမလည်ပေ။ ကြည့်ရသည်မှာ နက်ရှိုင်းသည့်အဓိပ္ပါယ်တစ်ခုခု ရှိနိုင်ပြီး ထိုအကြောင်းများကို သူမ တွေးတောနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ကျန်းလန် ရှင်းပြနိုင်မည်လားဟု မေးမြန်းကြည့်ခြင်း ဖြစ်သည်။
ကျန်းလန်က လုန်ယွိ၏ လက်ဖျားလေးကို အသာဖျစ်ညှစ်လိုက်ရင်း…
"ဘာလို့လဲဆိုတော့ ဆရာ့ဇနီးဘယ်သူဖြစ်မလဲဆိုတာ ဗေဒင်တွက်ပေးစရာ မလိုလို့ပေါ့"
ကျန်းလန်က ဆက်ပြောသည်။
"ဆရာဒေါ်လေးချန်ရှီ သူ့အကြောင်းပြောပြတော့ သူ့ကို ဆရာဒေါ်လေးမြောင်ယွဲ့က ပစ်မှတ်ထားခဲ့တယ်လို့ ပါတယ်မလား ၊ အဲဒါ ဆရာနဲ့ ပတ်သက်နေတယ်လေ ၊ ဆရာဒေါ်လေးချန်ရှီက ဆရာ့ကို လက်မထပ်စေချင်ပေမယ့် ဆရာဒေါ်လေးမြောင်ယွဲ့နဲ့သာ လက်ထပ်မယ်ဆိုရင် ငြင်းစရာမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ"
"ဆရာဒေါ်လေးမြောင်ယွဲ့က ဆရာနဲ့လည်းခင်သလို ဆရာဒေါ်လေးချန်ရှီနဲ့လည်း ခင်မင်တယ် ၊ ဒါကြောင့် ဆရာနဲ့လက်ထပ်ဖို့အတွက် ဆရာဒေါ်လေးမြောင်ယွဲ့က အသင့်တော်ဆုံးပဲဆိုတာ သူသိတယ် ၊ ဒါကြောင့် သူက ဆရာ့ရဲ့အိမ်ထောင်ရေးကံကြမ္မာကို တွက်မပေးခဲ့တာ"
လုန်ယွိက…
"ဒါဆို ဆရာဒေါ်လေးမြောင်ယွဲ့ အောင်မြင်မှာလား ၊ သူနဲ့ ဂိုဏ်းတူမောင်လေးရဲ့ဆရာနဲ့ လက်ထပ်ရမယ်ဆိုတာ သေချာလို့လား ၊ အဲဒီကိစ္စက နက္ခတ်ပညာမှာ အတည်ပြုပြီး ဖြစ်နေလို့လား"
ကျန်းလန် ကူရာကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
"အင်း… ဟုတ်တယ် ၊ ဒါပေမဲ့ အရမ်းခက်ခဲမယ်ထင်တယ်"
ထို့ကိစ္စနှင့်ပတ်သက်ပြီး ကျန်းလန် အလျှင်လိုစရာမရှိပေ။ အစွမ်းကုန်ကြိုးစားရန်သာ လိုအပ်သည်။ သူ့တပည့်ဖြစ်သူက အရွယ်ရောက်နေပြီဖြစ်ပြီး တောင်သခင်နေရာကို အချိန်မရွေးဆက်ခံတော့မည်ဆိုသည့်အချက်ကို ဆရာဖြစ်သူ စဉ်းစားမိအောင် ပြုလုပ်ပေးရပေမည်။
ထိုသို့သဘောပေါက်သွားလျှင် ဆရာဖြစ်သူအနေဖြင့် အနားယူရန် ပြင်ဆင်မည် ဖြစ်သည်။ အနားယူသည့်အချိန်ရောက်ရှိလျှင် ဆရာဖြစ်သူတစ်ယောက်တည်း အထီးကျန်နေမည်ဖြစ်ရာ အနားတွင် တစ်စုံတစ်ယောက် ရှိနေရန် လိုအပ်သည်။
လုန်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ဆရာဒေါ်လေးချန်ရှီက ခုချိန်ထိ သူ့ကိုယ်သူ ယောကျ်ားလေးလို့ ခံယူထားသေးတာလား ၊ သူက ကျွန်မရဲ့ဆရာနဲ့ လက်ထပ်ဖို့ ဖြစ်နိုင်ပါ့မလား"
ကျန်းလန် : "……"
လုန်ယွိက တွေးတတ်လှသော်လည်း ထိုကိစ္စက ဖြစ်နိုင်မည် မဟုတ်ပေ။
အမှန်တော့ လက်ထပ်ရန်ကိစ္စဆိုသည်က ဆရာဒေါ်လေးမြောင်ယွဲ့မှလွဲပြီး မည်သည့်တောင်သခင်မှ စိတ်မဝင်စားကြပေ။ အရင်က ကျန်းလန်သည်လည်း ထိုကိစ္စများကို စိတ်မဝင်စားခဲ့ပေ။ ယခုတော့ လုန်ယွိနှင့်လက်ထပ်ခဲ့ရပြီး အတွေးအခေါ်များလည်း ပြောင်းလဲလာခဲ့သည်။
ထို့ကြောင့် သူက ဆရာဖြစ်သူနှင့် အခြားတောင်သခင်များနှင့်မတူညီသည့် လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနိုင်ခဲ့သည်။
လုန်ယွိက…
“ကျွန်မ ဆရာ့ကို ပြန်မေးကြည့်သင့်သလား”
ကျန်းလန်က လုန်ယွိကို တအံ့အသြဖြင့် ကြည့်မိသည်။
ဒီနဂါးမလေးလည်း အဋ္ဌမင်းသားနှင့်အပေါင်းမှားပြီး လမ်းလွဲသွားလေပြီလား။ သူမတွင်အဘယ့်ကြောင့် ယခုလိုထူးဆန်းသည့်အတွေးများ ရှိနေရပါသနည်း။
ကျန်းလန်က…
“ဂိုဏ်းတူအစ်မ ၊ အလုပ်တစ်ခုကို မလုပ်ခင် နှစ်ခါစဉ်းစားသင့်ပါတယ်”
***
တတိယတောင်ထွတ်မှ ခိုးလာသည့် အကြမ်းပန်းကန်လေးကို သူ့နေရာသူ ပြန်ထားပြီးနောက် ကျန်းလန်နှင့်လုန်ယွိတို့ နဝမတောင်ထွတ်သို့ ပြန်ခဲ့ကြသည်။
သူတို့ဘဝက ပုံမှန်အတိုင်းပဲဖြစ်သည်။ ယခုအချိန်ထိ အရေးတကြီး လုပ်စရာကိစ္စဆို၍ ဘာမှမရှိသေးရာ ကျန်းလန်၏ဘဝသည်လည်း တိတ်ဆိတ်အေးချမ်းလျှက်ရှိသည်။ သူက ကောင်းမွန်သည့်ဘဝတွင် နေထိုင်ရင်း ဝေးကွာသည့်အရာများကို မတွေးတောဘဲ နေထိုင်ချင်သည်။ မည်သည့်ပြဿနာများ မရှိလျှင်တော့ အကောင်းဆုံး ဖြစ်သည်။
ကျန်းလန် အနေဖြင့် ကျင့်ကြံခြင်းများကို စုစည်းပြီး ပိုမိုနားလည်စေရန်ကြိုးစားရမည်ဖြစ်သော်လည်း အတင်းအကျပ် ကြိုးစားရန် မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ ယခုရက်ပိုင်းအတွင်း ကျန်းလန်နှင့် လုန်ယွိ အတူတူ သစ်ပင်စိုက်ကြသည် ၊ အစီအရင်များကို အဆင့်မြှင့်တင်ကြပြီး တောင်ထွတ်တစ်ခွင်သန့်ရှင်းရေးလုပ်ကြသည်။
တစ်ခါတစ်လေ ချင်းချန်မြို့ထဲလျှောက်လည်ကြသည်။ မြို့ထဲမှ လူဦးရေက အတော်လေးများပြားလာပြီး မြို့သစ်နယ်မြေများကိုပင် တိုးချဲ့ထားရသည်။ အချိန်ကြာလာသည်နှင့်အမျှ လူဦးရေ များပြားလာသည်မှာ သဘာဝပင်ဖြစ်သည်။
လူသားများ၏ဘဝများသည်လည်း ပိုမိုကောင်းမွန်လာဟန်ရှိပြီး မြို့နေလူအများက ကြွယ်ဝလာကြကာ သဘာဝဘေးအန္တရယ်များလည်း မရှိသလို လူများကြောင့်ဖြစ်ပေါ်ဖြစ်ပေါ်ရသည့် ဘေးအန္တရယ်များလည်း မရှိပေ။
အခြားနေရာဒေသများတွင်လည်း ဘေးအန္တရယ်များကြုံတွေ့ရသည်ဟု မကြားရပေ။ ကျိုးစူးတို့နေထိုင်ရာဒေသတွင်ပင် ထိုအကြောင်းများကို မကြားရတော့ပေ။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နတ်ဘုရားရာထူးရရှိရန် တိုက်ခိုက်ကြသည့်တိုက်ပွဲများပြီးဆုံးသွားသဖြင့် သဘာဝဘေးအန္တရယ်များလည်း ရပ်တန့်သွားခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ သက်ရှိများသည်လည်း အေးချမ်းစွာ နေထိုင်နိုင်ပြီ ဖြစ်သည်။ သို့ပေသိ ဤသည်က ယာယီမျှသာ ဖြစ်သည်။ ယာယီဟုဆိုရာတွင် ကျင့်ကြံသူများအတွက်သာ ယာယီဖြစ်ပြီး သာမန်လူသားများအတွက်တော့ အေးအေးဆေးဆေးပင် ရှိကြပေလိမ့်မည်။
သာမန်လူသားများ၏သက်တမ်းက အနှစ် (၁၀၀) သာလျှင် ရှိသည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အသက်ရာကျော်နေကြသည့် သာမန်လူသားဆို၍ အနည်းငယ်သာ ရှိသည်။ ကြီးမားသည့် အပြောင်းအလဲများက နောက်ထပ် နှစ်ပေါင်းရာနှင့်ချီမှ ထပ်မံဖြစ်ပေါ်လာမည်ဖြစ်လေရာ သေမျိုးလူသားများ၏ သက်တမ်းနှင့်ဆိုလျှင် ဘဝပေါင်းများစွာ ကြာမြင့်မည် ဖြစ်သည်။
နွေဦးရာသီကို ဖြတ်ကျော်ပြီး ဆောင်းဦးရာသီ ရောက်ခဲ့ပြန်လေပြီ။ ပန်းများက တိတ်တဆိတ်ပွင့်လန်းလာကြသည်။ နှင်းစက်လေးများက ပန်းပွင့်ဝတ်ဆံများကို နမ်းရှိုက်ဆွတ်ခြွေသွားကြသည်။
ရှောင်ယွိက နဝမတောင်ထွတ်တွင် (၁၀)နှစ်တိတိ ကျန်းလန်နှင့်တူ နေထိုင်ခဲ့သည်။ သို့သော် အချိန်ကြာလာလျှင် မရဏအငွေ့အသက်များ၏ လွှမ်းမိုးခံရမည်ကို စိုးရိမ်သည့်အတွက် ယုတော့ ကျောက်စိမ်းရေကန်သို့ ပြန်သွားခဲ့သည်။
ကျန်းလန်က အားလပ်ချိန်များတွင် ရှောင်ယွိ ဆော့ကစားနိုင်ရန်အတွက် နာမ်ဝိညာဉ်အိမ်ခြံဝင်းကို အဆင့်မြှင့်တင်ပေးထားသည်။ သူမက မကြာခဏ ထိုအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်လေ့ ရှိသလို ကျန်းလန်ကလည်း သူမကို တားဆီးခြင်း မရှိပေ။
လွန်ခဲ့သည့် (၁၀)နှစ်အတွင်း ကျန်းလန်က ပန်းများပွင့်လန်းခြင်း ၊ နေဝင်ဆည်းဆာအချိန်နှင့် သစ်ပင်များ ညှိုးချောက်ကာ သစ်ရွက်များကြွေလွင့်သည့် မြင်ကွင်းများကို ကြည့်ရှုခံစားခဲ့သည်။ ကမ္ဘာမြေတွင် ရာသီလေးလီ ပြောင်းလဲသွားခဲ့ပြီး တိမ်တိုက်များထက်တွင်တော့ နေနဲ့လက တစ်လှည့်စီထွန်းလင်းလျှက် ရှိသည်။ ကျန်းလန်သည်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပိုမို သိမြင်လာခဲ့သည်။
အချို့သောအကြောင်းအရာများကို နားလည်လာခဲ့သည့်တိုုင် သူတော်စင်ဖြစ်လာရန်တော့ လုံလောက်ခြင်း မရှိသေးပေ။ သူက သေခြင်းရှင်ခြင်းကြားမှ ခြားနားမှုကို တွေ့မြင်ခဲ့ပြီး ခံစားချက် (၇)ခုနှင့် ဆန္ဒ (၆)ခုမှတစ်ဆင့် သက်ရှိများအားလုံးကို နားလည်ခဲ့သည်။
လုန်ယွိနှင့်အတူ ချင်းချန်မြို့သို့ သွားရောက်လည်ပတ်ချိန်တွင်လည်း လူ့လောကအကြောင်းများကို ကြည့်မြင်နိုင်ခဲ့သည်။ သို့ပေသိ သူ့အနေဖြင့် အလျှင်လိုစရာမရှိပေ။
ယခု ကျန်းလန်သည် ခွန်လွန်တောင်ရောက်ရှိသည်မှာ နှစ်ပေါင်း (၈၃၀) ရှိခဲ့ပြီ ဖြစ်ပြီး သူတော်စင်ဖြစ်လာရန်အတွက် လမ်းကြောင်းတစ်ခုကို စတင်ရှာဖွေနေပြီ ဖြစ်သည်။
သူက အခြားသူများထက် အရှေ့သို့သာလွန်ရောက်ရှိနေပြီဖြစ်ရာ စိတ်ပူပန်စရာအကြောင်းမရှိပေ။
တစ်ဆင့်ပြီးတစ်ဆင့်သွားရမည်ဖြစ်ပြီး သူ၏တန်ခိုးစွမ်းအားများလည်း ပိုမိုမြင့်မားလာမည်ဖြစ်ရာ ကိုယ်ပိုင်လမ်းစဉ်ကို ပိုမိုခိုင်မာလာစေမည် ဖြစ်သည်။ သို့မှသာ သူ ပိုပြီး ဝေးဝေးသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်ရှိ အစီအရင်များကို အဆင့်မြှင့်တင်ပေးနေချိန် အဆုံးမဲ့ကောင်းကင်ထက်မှ တုန်လှုပ်အော်မြည်သံကြီးတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“ဘုန်း”
ကောင်းကင်ထက်တွင် အပြောင်းအလဲတစ်စုံတစ်ခု ဖြစ်ပေါ်နေဟန်ရှိပြီး ကောင်းကင်ဘုံမှ အရံအတားကလည်း တဖြည်းဖြည်းအားနည်းနေပြီ ဖြစ်သည်။
“ကြည့်ရတာ နတ်ဘုရားရာထူးပိုင်ရှင်တွေက နတ်ဘုရားရာထူးတွေကို ကိုယ်ပိုင်အဖြစ် ပေါင်းစပ်နေကြပြီ ၊ သူတို့ရဲ့ တိုးတက်မှုတွေက အရမ်းမြန်ဆန်ကြတယ် ၊ ဒီအတိုင်းဆိုရင် ရှေးဟောင်းဧကရာဇ်နန်းတော် မကြာခင်ပြိုကျဆင်းသက်လာတော့မယ် ၊ ပြီးတော့ အမှောင်ထုနောက်ကွယ်ကအရာတွေလည်း ထွက်ပေါ်လာတော့မယ်”
ကျန်းလန် တွေးလိုက်သည်။
အရာအားလုံးဖြစ်ပျက်လာတော့မည်ကို ကျန်းလန် သိရှိနေပြီး သူ့အနေဖြင်း တားဆီးနိုင်မည်လည်း မဟုတ်လေရာ ရင်ဆိုင်ရန်သာ ရှိသည်။
သူက များစွာရယူထားသူဖြစ်လေရာ ပေးဆပ်ရမည့် ဝတ္တရားလည်း များစွာရှိသည်။ ထိုအချက်ကို သူ့အနေဖြင့် ရှောင်ရှားနိုင်မည် မဟုတ်ပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးမှ မည်သူမဆို ဤသည်ကို ရှောင်ရှားနိုင်မည် မဟုတ်ပေ။
ထို့နောက် ကျန်းလန်က အေးဆေးသည့်ဘဝမှာပင် ဆက်လက်နေထိုင်သည်။ ဤနှစ်များက သူ့ဘဝတွင် အအေးချမ်းဆုံးကာလများဟု ဆိုနိုင်သည်။
မရဏဂူထဲသို့လည်း သွားရောက်ကျင့်ကြံစရာ မလိုတော့ပေ။
ရံဖန်ရံခါ သူက နဝမတောင်ထွတ်တွင် နေထွက်ချိန်ကို စောင့်ကြည့်တတ်ပြီး လုန်ယွိနှင့်အတူတူ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးတတ်သည်။
ဘဝက အလွန်မှ အေးဆေးလွယ်ကူပြီး ကျန်းလန်သည်လည်း ဘဝကို ဤအတိုင်းလေးပင် ရှေ့ဆက်ချင်သည်။
သို့သော်…
သူတော်စင်တစ်ယောက်ဖြစ်လာရန်အတွက် သူ လမ်းကြောင်းရှာဖွေရပေဦးမည်။
***