← Chapters

သူတော်စင်ဖြစ်လာရန် လမ်းကြောင်း

Vol. 39 Ch. 534

သူတော်စင်ဖြစ်လာရန် လမ်းကြောင်း

Vol. 39 Ch. 534

"ဂိုဏ်းတူမောင်လေး ၊ လုန်မန်တော့ အနာဂတ်မှာ ဘယ်သူ့ကို လက်ထပ်မယ်ထင်လဲ"

သေရည်ဆိုင်သို့သွားရာလမ်းတွင် လုန်ယွိက မေးသည်။

လုန်မန်သည်လည်း အသက် (၇၀၀) ကျော်နေပြီဖြစ်ရာ မငယ်တော့ကြောင်း သူမ ရုတ်တရက် စဉ်းစားမိသွားသည်။ ကျန်းလန် ခဏမျှ စဉ်းစားလိုက်သည်။ နဂါးမျိုးနွယ်များက နောက်ကျမှ လက်မထပ်တတ်ကြပေ။ ငယ်ရွယ်စဉ်တွင် လက်ထပ်လေ့ရှိကြပြီး အရွယ်လွန်သွားလျှင်လည်း လုံးဝလက်မထပ်ဘဲ နေတတ်ကြသည်။

သူနှင့်လုန်ယွိ လက်ထပ်သည်က ထူးခြားဖြစ်စဉ်ဖြစ်သည့်တိုင် နဂါးသက်တမ်းဖြင့်တွက်ချက်ကြည့်မည်ဆိုလျှင် လုန်ယွိ အရွယ်ရောက်သည်နှင့် ချက်ချင်း လက်ထပ်ခဲ့ကြခြင် ဖြစ်သည်။

ကျန်းလန်က…

"သူက နဂါးမျိုးနွယ်တစ်ယောက်ကိုပဲ လက်ထပ်ရမှာပေါ့”

အဋ္ဌမမင်းသားက ဂုဏ်သိက္ခာမြင့်မားသူ ဖြစ်သည်။ ထို့ကြောင့် သူ လက်ထပ်မည်ဆိုလျှင် သူ့ဆန္ဒသဘောထားအတိုင်း လက်ထပ်နိုင်မည် မဟုတ်ပေ။ လုန်ယွိကဲ့သို့ပင် စီစဉ်ပေးသူနှင့် လက်ထပ်ရမည် ဖြစ်သည်။

"နဂါးမျိုးနွယ်နဲ့လက်ထပ်ရရင်တော့ ဘာကောင်းမှာလဲ"

ဤသည်က စိတ်မကောင်းစရာတစ်ခုပမာ လုန်ယွိ ခံစားရသည်။

ကျန်းလန် လုန်ယွိကို စောင်းကြည့်လိုက်သည်။ သူက နဂါးမယ်လေးနှင့် လက်ထပ်ခဲ့ရသူဖြစ်လေရာ လုန်ယွိက သူမကိုယ်သူမ မကောင်းဘူးဟု ထင်နေသည်လား။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မက ဘာလို့ ဒီလိုပြောရတာလဲ"

လုန်ယွိစိတ်ထဲ အတွေးတစ်ခု ရှိသည့်အတွက်သာ သူမက ထိုသို့သောစကားမျိုးပြောခြင်း ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက  ထိုသို့ပြောမည် မဟုတ်ပေ။

လုန်ယွိက အနည်းငယ်စိတ်လှုပ်ရှားဟန်ဖြင့်…

"ချီလင်မျိုးနွယ်က ယန်ရှီးယွင်ဆိုရင်ရော ၊ လုန်မန်နဲ့လက်ထပ်ဖို့ ဖြစ်နိုင်မလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"မဖြစ်နိုင်ဘူး"

လုန်မန်နှင့် ယန်ရှီးယွင်က သွားအတူလာအတူ ရင်းနှီးသူများ မဟုတ်ကြပေ။

ထို့ပြင် အဋ္ဌမမင်းသားရော ယန်ရှီးယွင်ရောက အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြသည်။ သူတို့ (၂)ယောက်လုံးက သူတို့မျိုးနွယ်စုအတွက် အရေးပါသူများ ဖြစ်ကြလေရာ သူတို့ (၂)ယောက်လက်ထပ်မည်ဆိုလျှင် (၂)ယောက်လုံး၏ အရေးပါမှုများ လျော့နည်းသွားမည် ဖြစ်သည်။

ထို့ပြင် သူတို့၏သားသမီးမျိုးဆက်သည်လည်း အခက်တွေ့မည်ပင်။ သူတို့ သားသမီးလိုချင်သည်ဆိုလျှင် (၂)ယောက်လုံး လူသားအသွင်ပြောင်းလဲပြီး တူညီသည့်ပုံစံဖြင့်သာ ရရှိနိုင်ကြမည် ဖြစ်သည်။

သို့သော်…

သူတို့ (၂)ယောက်၏ သားသမီးများသည် နဂါးမျိုးနွယ်အတွက်ဖြစ်စေ ၊ ချီလင်မျိုးနွယ်အတွက်ဖြစ်စေ သန့်စင်သည့်သွေးများ ဖြစ်လာကြတော့မည် မဟုတ်ဘဲ သွေးနှောများ ဖြစ်လာကြမည် ဖြစ်သည်။ ထိုအချက်ကို မျိုးနွယ် (၂)ခုလုံးက လက်ခံနိုင်ကြမည် မဟုတ်ပေ။

ထို့ကြောင့် လုန်မန်နှင့် ယန်ရှီးယွင် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ဟု ကျန်းလန်က တွေးမိခြင်း ဖြစ်သည်။

လုန်ယွိက အစကတည်းက နဂါးမျိုးနွယ်များနှင့် ပတ်သက်မှုမရှိသူ ဖြစ်သည်။ သို့မဟုတ် နဂါးမျိုးနွယ်များက အစကကတည်းက သူမကို နဂါးမျိုးနွယ်အဖြစ် စာရင်းသွင်းခဲ့ကြဟန် မတူပေ။

ထို့ကြောင့် သူမက ကျန်းလန်ကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါ အခြေအနေများက ထိုမျှ ရိုးရှင်းမည် မဟုတ်ပေ။ သို့ပေသိ လုန်ယွိဘက်မှ ချွင်းချက်ရှိသည်ဆိုလျှင်တောင်မှ အချိန်တန်လျှင် သူမက ကျန်းလန်နှင့်သာ လက်ထပ်ရမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လက်ထပ်ပွဲမှ ရရှိမည့် အကျိုးအမြတ်က နဂါးမျိုးနွယ်များအတွက်ရော ခွန်လွန်တောင်အတွက်ပါ အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ မျိုးနွယ်စုများနှင့် အင်အားကြီးအုပ်စုများအတွက် အကျိုးအမြတ်ထက် အရေးကြီးသည့်အရာ မရှိပေ။

ကျန်းလန်က…

“ဂိုဏ်းတူအစ်မရဲ့အတွေးအခေါ်တွေက အရမ်းကို လူသားဆန်လွန်းတာပဲ”

အဋ္ဌမမင်းသားနှင့် ယန်ရှီးယွင်တို့ (၂)ယောက်သာ လူသားများဖြစ်မည်ဆိုလျှင် လက်မထပ်နိုင်စရာ မရှိပေ။ သူတို့က အဆင့်အတန်းချင်းလည်းတူသလို မိသားစုများကလည်း ဂုဏ်သရေရှိများ ဖြစ်ကြသည်။

ကံမကောင်းသည်မှာ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လူသားများသာ နေထိုင်သည် မဟုတ်ဘဲ မျိုးနွယ်စုများစွာ နေထိုင်ကြခြင်း ဖြစ်သည်။

လုန်ယွိက…

“ဒါကတော့ ကျွန်မက ဂိုဏ်းတူမောင်လေးအနားမှာ အနေများလို့ ဖြစ်မှာပေါ့”

ကျန်းလန်က လူသားတစ်ယောက်ဖြစ်သည်။ ကျန်းလန်နှင့်လက်ထပ်ပြီးကတည်းက သူမ၏ စိတ်နေစိတ်ထားများသည်လည်း ပြောင်းလဲလာခဲ့သည်။

ကျန်းလန်ကဲ့သို့ အဘိုးကြီးတစ်ယောက်ပမာ နေထိုင်ရန်တော့ အတုမယူနိုင်ပေ။ လူသားဆန်လာသည့်တိုင် လုန်ယွိတွင် သူမ၏ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးများလည်း ရှိနေသေးသည်။

သူမက…

“ဂိုဏ်းတူမောင်လေး ၊ ချင်းချန်မြို့ကို မသွားချင်ဘူးလား ၊ အချိန်ရရင် သွားလည်ရအောင်လေ”

ကျန်းလန်က…

“နောက်တော့ သွားကြတာပေါ့ ၊ ကိုယ် အကြာကြီးမစောင့်ခိုင်းပါဘူး”

နတ်ဘုရားရာထူးနာမည်ပြောင်းလဲပြီးမှ သွားရောက်လည်ပတ်ရန် ကျန်းလန်က စီးစဉ်ထားသည်။ ထိုအချိန်ဆိုလျှင် သူ့အတွက်လည်းပိုပြီး အကျိုးရှိနိုင်သည်။

သာမန်လူများကြားသွားရောက်နေထိုင်ခြင်းက သာမန်ဘဝကို လျှင်မြန်စွာ နားလည်နိုင်မည် ဖြစ်၏။ သေမျိုးလူသားများ၏ လောကအကြောင်းနားလည်နိုင်မှသာ သူတော်စင်ဖြစ်လာမည် ဖြစ်သည်။

သေရည်ဆိုင်သို့ရောက်သည့်အခါ သူတို့ (၂)ယောက် စားပွဲတစ်လုံးတွင် ထိုင်လိုက်ကြသည်။ သူတို့က အခြားအကြောင်းမရှိဘဲ တမင်သက်သက် လမ်းလျှောက်ထွက်လာကြခြင်း ဖြစ်သည်။ ကျန်းလန်ကတော့ သေရည်ဝယ်ယူရန် စီစဉ်ထားသည်။

ထို့ပြင် သူ သေရည်ဆိုင်သို့လာရောက်လျှင် ကောင်ငယ်လေးအနေဖြင့် သူ၏စိတ်အာရုံထဲဝင်ရောက်ရန် ကြိုးစားကြည့်နိုင်သည်။

ကောင်ငယ်လေးက သူ့စိတ်တံခါးကို တွန်းဖွင့်ဝင်ရောက်နိုင်မည်ဆိုလျှင် သူလုပ်ချင်သည့်အရာမှန်သမျှကို လုပ်နိုင်မည် ဖြစ်သည်။ ဤသည်က ကောင်ငယ်လေးကို သေရည်ဆိုင်ရှင်အဘိုးအို တောင်းဆိုထားသည့်အရာဖြစ်ပြီး ကောင်ငယ်လေးကလည်း သဘောတူခဲ့သည်။

လုန်ယိက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကောင်တာတွင် ဟုန်ယာတစ်ယောက်တည်း ရှိနေသည်ကို တွေ့လိုက်ရ၏။

“လုန်မန်တို့ ဘယ်ရောက်နေကြပါလိမ့်”

လုန်မန်ရော ကောင်ငယ်လေးပါ ဆိုင်ထဲတွင် မတွေ့ရသလို ဆိုင်ထဲတွင်လည်း ဧည့်သည်တစ်ယောက်မှ မရှိပေ။

ကျန်းလန်က…

“ဓားသိုင်းလေ့ကျင့်နေကြမှာပေါ့ ၊ ခုတလော သူတို့အသစ်တွေ သင်ယူထားကြတယ်လေ”

ဓားသိုင်းကို ပိုမိုနားလည်စေရန်အတွက် ကျန်းလန်က သူတို့ကို နောက်တစ်ကြိမ် ထပ်မံသင်ပြပေးထားသေးသည်။ ယခုဆိုလျှင် လုန်မန်သည်လည်း နဂါးဓားသိုင်း (၃)ကွက်ကို ပိုမိုရှင်းလင်းစွာ နားလည်လာပြီ ဖြစ်သည်။

နဂါးဓားသိုင်း (၃)ကွက်တွင် တတိယဓားကွက်က အပြင်းထန်ဆုံး ဖြစ်သည်။

ကောင်ငယ်လေးက သူ သင်ယူထားသည့်ဓားသိုင်းမှာ နဂါးဓားသိုင်းဖြစ်သည်ကို သိရှိသွားသော်လည်း ထိုဓားသိုင်းကို နားလည်နိုင်စွမ်းရှိနေသည့်အတွက် အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူက အဋ္ဌမမင်းသားထက်နိမ့်ကျမှုမရှိကြောင်း သက်သေပြနေသည်။ ဘာကြောင့်မှန်းမသိ ထို (၂)ယောက်က တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်း ပြိုင်ဆိုင်နေကြသည်။

ဟုန်ယာက ကျန်းလန်နှင့်လုန်ယွိထိုင်နေသည့်စားပွဲသို့ အစားအသောက်များလာချပေးသည်။

“မြေပဲနဲ့ အမဲကင်ပါ”

ကျန်းလန်က အကောာင်းစားသေရည်မှာထားသည့်အတွက် သေရည်ဆိုင်ရှင်ပြန်ရောက်လာသည်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

လုန်ယွိကပြုံးလိုက်ရင်း…

“ကျေးဇူးပါ ၊ ကောင်းကောင်းစားပါ့မယ်”

များသောအားဖြင့် ကျန်းလန်က အစားအသောက် စားသောက်လေ့မရှိဘဲ သူမကပဲ စားသောက်ရမည်ဖြစ်သည်။

သူမက ကျန်းလန်ကိုကြည့်လိုက်ရင်း…

လုန်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…

“ဂိုဏ်းတူမောင်လေး ၊ ကျွန်မ တစ်ခုသိထားတယ် ၊ ဂိုဏ်းတူမောင်လေးက တခြားကမ္ဘာကလူတစ်ယောက်လိုပဲနော်”

တူကိုကိုင်ကာ အမဲကင်ကို လုန်ယွိပန်းကန်ထဲထည့်ပေးရန် ဟန်ပြင်နေသည့် ကျန်းလန်မှာ အံ့သြမှင်တက်သွားပြီး တူကို စားပွဲထက်သို့ ပြန်ချလိုက်သည်။

သူမ၏စကားက သူ့ကို နိုးထသွားစေသည်။

သူက မိုးနဲ့မြေမှ တစ်စုံတစ်ခုကို နားလည်ရန် ကြိုးစားနေခဲ့သည်။ သူက အရာအားလုံး၏ အပြောင်းအလဲများကို စောင့်ကြည့်ရင်း ထိုးထွင်းသိမြင်မှုကို ရယူလိုသည်။

သို့သော် သူသည် ပြင်ပလူတစ်ယောက်ဖြစ်နေခဲ့ပြီး ဤလောကမှ ခွဲမထွက်ခဲ့သော်လည်း အမြဲတမ်း သီးခြားဖြစ်နေခဲ့သည်။ သူက ဤလောကကို တစ်ချိန်လုံး နားလည်နေဟန်ရှိသည့်တိုင် တကယ်တမ်းတွင် သူသည် သေမျိုးလူသားများ၏လောကအကြောင်း တစ်ခါမှ မလေ့လာခဲ့ဖူးပေ။

ထို့ကြောင့် သူတော်စင်ဖြစ်လာချင်သည်ဆိုလျှင် အစစ်အမှန်တရားကို နားလည်ရန် လိုအပ်သည်။ ပြီးတော့ သူသည်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ လူသားတစ်ယောက်ပေပဲ မဟုတ်လား။

ထိုခဏတွင်…

ကျန်းလန်က တာအိုအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဘေးအန္တရယ်တစ်ခုကို ထပ်မံခံစားလိုက်ရသည်။ ဤလောကကြီးက အလုံပိတ်သော့ခတ်ခံထားရပြီး သူ၏ အနာဂတ်ကို ပိတ်ဆို့ထားသည်။ ထိုအလုံပိတ်ခံထားရသည့်နေရာကို နားလည်ရန်အတွက် တွေ့ကြုံခံစားပြီး လွတ်လမ်းကို ရှာဖွေရပေမည်။

ထိုခဏတွင် ရှေ့သို့ခြေတစ်လှမ်းတိုးမိသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။ ဤသည်က တန်ခိုးစွမ်းအားပြောင်းလဲမှုမဟုတ်ဘဲ စိတ်ထားနှင့် ခံယူချက် ပြောင်းလဲခြင်း ဖြစ်၏။

ထို့နောက် သူ မျက်လုံးများကို မှိတ်လိုက်ပြီး ပြောင်းလဲမှုကို နားလည်ရန် အာရုံခံလိုက်သည်။

လုန်ယွိက ကျန်းလန်ကို အံ့သြတုန်လှုပ်စွာဖြင့်ကြည့်ရင်း…

“ဂိုဏ်းတူမောင်လေး”

ဟု ခေါ်လိုက်သည်။

သူမ မယုံကြည်နိုင်ဖြစ်နေသည်။

နောက်ဆုံးတော့ သူမ အမဲကင်တစ်တုံးကို ပန်းကန်ထဲသို့ထည့်ကာ မကျေမနပ် တူဖြင့်စွနေမိတော့၏။

စကားလေးတစ်ခွန်းမျှဖြင့် ကျန်းလန်က ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်သွားပြီး သူမကို စကားပင်မပြောတော့ပေ။

လုန်ယွိက နှုတ်ခမ်းစူလိုက်ရင်း…

“ဒီလောက် တန်ခိုးစွမ်းအားမြင့်မားတဲ့အဆင့်ရောက်နေတာတောင် ဒီလိုမျိုးတွေက ဖြစ်နေတုန်းလား”

သို့သော် သူမက ချက်ချင်းပင် အစီအရင်တစ်ခု ပြုလုပ်လိုက်ပြီး ပတ်ဝန်းကျင်မှအရာများက ကျန်းလန်ကို အနှောက်အယှက်မပေးစေရန် ကာကွယ်ပေးလိုက်သည်။

ဟုန်ယာကတော့ အတော်လေး အံ့အားသင့်သွားသည်။ ဒီလူက နောက်ထပ် ဉာဏ်အလင်းပွင့်ခြင်းသို့ ဝင်ရောက်ပြန်ပြီလား။

နဝမတောင်ထွတ်မှတပည့်က ပုံမှန်မဟုတ်ဟု သူမ ခံစားလိုက်ရသည်။ သူက ဉာဏ်အလင်းပွင့်ခြင်းများဖြင့် စဉ်ဆက်မပြတ် ကြုံတွေ့နေခဲ့သည်။

လူသားများအားလုံးက ထိုသို့ပင် ဖြစ်လေ့ရှိသည်လား။

ထိုသို့တော့ မဟုတ်နိုင်ပေ။ နှစ်ပေါင်းများစွာကြာခဲ့ပြီးသည့်နောက် ကောင်ငယ်လေး ဉာဏ်အလင်းပွင့်သည်ကို သူမ တစ်ခါမှ မတွေ့မြင်ဖူးပေ။

နဝမတောင်ထွတ်မှတပည့်က အခြားသူများထက် ထူးခြားနေခြင်းပင် ဖြစ်ရပေမည်။

နေ့လည်ခင်းအချိန်တွင်တော့ သေရည်ဆိုင်ရှင်အဘိုးအို ပြန်ရောက်လာသည်။ သူက ဆိုင်ထဲမဝင်ခင် မျက်မှောင်ကြုတ်လိုက်၏။

ဆိုင်ထဲသို့ရောက်သည်နှင့် သူ၏မျက်နှာအမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

ဒီ ကျန်းလန်ဆိုတဲ့ ကောင်လေးပဲ ထပ်ပြီး ဉာဏ်အလင်းပွင့်ပြန်ပြီလား။

“မယုံနိုင်စရာပဲ ၊ မော့ကျန်းသုန့် ဒီလိုတပည့်မျိုး ဘယ်ကရှာထားပါလိမ့်”

သေရည်ဆိုင်ရှင်အဘိုးအိုသည် တစ်ခါမှ ကျန်းလန်ကို လျှော့မတွက်ခဲ့ပေ။ သို့သော် ယခုလို ဉာဏ်အလင်းပွင့်ခြင်းများကို တွေ့မြင်ခဲ့ပြီးသည့်နောက် သူသည် ကျန်းလန်ကို လျှော့တွက်နေမိဆဲဖြစ်သည်ဟု ခံစားလာရသည်။

ထို့ကြောင့် သူက ဟုန်ယာကို မေးမြန်းကြည့်လိုက်၏။

“ဒီတစ်ခေါက်ကရော ဘယ်လိုဖြစ်လို့ ဉာဏ်အလင်းပွင့်သွားရပြန်တာတုန်း”

ဟုန်ယာက…

“ကျောက်စိမ်းရေကန်နတ်ဘုရားမက ဂိုဏ်းတူမောင်လေးက တခြားကမ္ဘာကလူတစ်ယောက်လိုပဲနော်လို့ပြောလိုက်တဲ့စကားကြားပြီး အဲဒီလိုဖြစ်သွားတာပဲ”

အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း အမှန်ပင် ဖြစ်သည်။

သေရည်ဆိုင်ပိုင်ရှင် : "……"

ဤသည်က ပုံမှန်ဟုဆိုနိုင်သော်လည်း ကျန်းလန်က တာအိုကိုနားလည်နေပြီး ကြောက်မက်ဖွယ်ရာအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုလိုသည်။

ကျန်းလန် မည်သည့်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း အဘိုးအို ရုတ်တရက် သိချင်သွားသည်။ သူက စုံစမ်းနေခြင်း မပြုတော့ဘဲ ချက်ချင်းပင် မော့ကျန်းသုန့်ကို အကြောင်းကြားလိုက်၏။

အလျှင်အမြန်ရောက်လာသည့် မော့ကျန်းသုန့်မှာလည်း အတော်လေး အံ့အားသင့်လျှက် ရှိသည်။ ကျန်းလန်က ကျင့်စဉ်လမ်း အဆုံးသို့ရောက်ရှိနေပြီဖြစ်ရာ အဘယ့်ကြောင့် ထပ်ပြီး ဉာဏ်အလင်းပွင့်ရပါသနည်း။

သို့ပေသိ မကြာမီ သူ အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ ကျန်းလန်က ပိုမိုဝေးကွာသည့် လမ်းစဉ်တစ်ခုကို လျှောက်လှမ်းတော့မည်လား။

ထိုအချိန် ကျိုးကျုန်းထျန်းသည်လည်း သေရည်ဆိုင်သို့ ရောက်လာ၏။

သူက သေရည်ဆိုင်ပိုင်ရှင်ကိုကြည့်ရင်း…

"အကောင်းစားသေရည်ပေးစမ်းပါ"

ထို့နောက် သူက မော့ကျန်းသုန့်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

သူတို့ (၂)ယောက် အတူတူ သေရည်သောက်ကြာမည်လားဟု လုန်ယွိ တွေးမိသည်။

ဆရာဒေါ်လေးချန်ရှီ၏ စကားအရဆိုလျှင် ဤ (၂)ယောက်က မကြာခဏ သေရည်အတူတူသောက်လေ့ရှိကြသည် မဟုတ်ပါလား။

***

All Chapters