ဘေးအန္တရယ်ကပ်ဆိုးကြီးကို မင်းကြောက်နေသလား
Vol. 39 Ch. 537
“မင်း မေးချင်တာ ဘာရှိသေးလဲ ၊ ဒါမှမဟုတ် ဘာအကူအညီလိုသေးလဲ”
ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲတွင် ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို မေးသည်။
အစီအရင်ကားချပ်ကို ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်လိုက်ပြီးနောက် သူမေးချင်သည့်မေးခွန်းကို မေးလိုက်သည်။
“ကျွန်တော့်နတ်ဘုရားရာထူးကို စွန့်လွှတ်လိုက်ပြီဆိုရင် အဲဒါကို အခြားသူတစ်ယောက်ကို ဘယ်လိုလွှဲပေးရမလဲ”
သူက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာမည်ဆိုလျှင် သူလုပ်ရမည့်အလုပ်များကို အပြီးသတ်လုပ်ခဲ့ရန် လိုအပ်သည်။ မဟုတ်ပါက သူ့အနေဖြင့် တစ္ဆေတိုင်းပြည်နှင့် ကံကြမ္မာကို အဆုံးသတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် သိရှိရန် လိုအပ်သည်။
ဧကရာဇ်ရှီးဟယ်က…
“မင်းရဲ့ နတ်ဘုရားရာထူးကို ထားခဲ့တော့မယ်ဆိုရင် မင်း ရွေးချယ်မှုတစ်ခု ပြုလုပ်ရမယ် ၊ အဲဒါက နတ်ဘုရားရာထူးကို တခြားသူတွေကို လက်ဆင့်ကမ်းပေးဖို့အတွက် နတ်ဘုရားရာထူးက ကံကြမ္မာအခွင့်ကောင်းရောင်ဝါအားလုံးကိုပဲ လွှဲပြောင်းပေးမှာလား ၊ ဒါမှမဟုတ် နတ်ဘုရားရာထူးတစ်ခုလုံးကို လွှဲပေးမှာလားဆိုတဲ့အပေါ် မူတည်တယ်”
သူကဆက်ပြောသည်။
“ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အားလုံးကို လွှဲပေးလိုက်မယ်ဆိုရင် နတ်ဘုရားရာထူးက ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှာ အလိုလိုကျန်ရစ်နေခဲ့ပြီး ဧကရာဇ်ယိုတုက ထိန်းချုပ်ထားလိမ့်မယ် ၊ ကျုပ်က သူနဲ့ဆက်သွယ်ပြီး အလျှင်အမြန် အလုပ်လုပ်လိုက်လို့ရတယ်”
ကျန်းလန်က…
“အလယ်ပိုင်းနန်းတော်ကို ရယူပြီးရင် ပျက်သုဉ်းတစ်စပြင်လောကကြီးအတွက် အချိန်ဘယ်လောက် ကျန်နိုင်ဦးမလဲ”
အစကတည်းက ပျက်သုဉ်းတစ်စပြင်လေကကြီးအတွက် အချိန်သိပ်မကျန်တော့ပေ။ ဧကရာဇ်ရှီးဟယ် အလယ်ပိုင်းနန်းတော်ကို ရယူပြီးလျှင် အခြားသူများသည်လည်း နတ်ဘုရားရာထူးများကိုအပြည့်အ၀ ပိုင်ဆိုင်ပေါင်းစပ်နိုင်သွားကြမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် မိုးနဲ့မြေပြိုကျမည့် အချိန်သည်လည်း သုညနီးပါးသာ ကျန်ရှိပေတော့မည်။
နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်ကြောက့် ပျက်သုဉ်းတစ်စပြင်လောကကြီးက အချိန်စောပြီး ဘေးအန္တရယ်ကပ်ဆိုးကြီးနှင့် ကြုံတွေ့ရခြင်း မဟုတ်ပေ။ သူတို့က အန္တရယ်ကိုရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းပင် ဖြစ်သည်။
နတ်ဘုရားရာထူးများကို ကိုယ်ပိုင်ဖြစ်အောင် မပေါင်းစပ်ဘဲနေမည်ဆိုလျှင် အချိန်အလွန်နောက်ကျသွားမည် ဖြစ်သည်။
ဧကရာဇ်ရှီးဟယ်က တိတ်ဆိတ်နေပြီးမှ…
“သိပ်မလိုတော့ဘူး အမှောင်ထုဆင်းသက်လာဖို့ နှစ်ပေါင်း (၃၀၀) လောက် လိုလိမ့်ဦးမယ် ၊ ဒါပေမဲ့ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ ပြုလုပ်လိုက်တဲ့အတွက် အချိန်ထက်ဝက်လောက် စောသွားလိမ့်မယ် ၊ အချိန်ဘယ်လောက်ကျန်မလဲ အတိအကျပြောဖို့ကတော့ အခြားနတ်ဘုရားရာထူးပိုင်ရှင်တွေရဲ့ တိုးတက်မှုအပေါ်မှာ မူတည်ပါတယ်”
ကျန်းလန်က ထပ်မေးလိုက်သည်။
“အကြီးအကဲ ၊ ရှေးဟောင်းဧကရာဇ်နန်းတော်ရဲ့ ရန်သူက ဘယ်သူလဲဆိုတာ သိသလား”
အနှစ် (၃၀၀) ကို ထက်ဝင်ခန့် လျှော့ချလိုက်မည်ဆိုလျှင် နှစ်ပေါင်း (၂၀၀) နီးပါး အချိန်ကျန်သေးသည်ဟု ဆိုနိုင်သည်။ သို့ပေသိ အချိန်က အကုန်မြန်လေသည်။
ထိုအကြောင်းများကြောင့် ကျန်းလန်က စိတ်တုန်လှုပ်ခြင်း မဖြစ်မိပေ။ သူက တန်ခိုးစွမ်းအားမြင့်မားလာစေရန် တစ်ဆင့်ချင်း ထပ်မံကျင့်ကြံသွားမည်ဖြစ်ပြီး ရပ်တန့်မည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“အမှောင်ထုထဲက ရန်သူကို ပြောတာလား ၊ ရှေးဟောင်းအနောက်နန်းတော်ကို ရောက်တဲ့အခါ အဖြေသိရပါလိမ့်မယ် ၊ မင်းက အခြားသူတွေနဲ့မတူဘူး ၊ ရှေးဟောင်းအနောက်နန်းတော်ထဲကို ဝင်လိုက်တာနဲ့ အကျိုးအမြတ်တွေ အများကြီးရလိမ့်မယ် ၊ အနာဂတ်လမ်းနဲ့ ပတ်သက်ပြီးတော့ရောပေါ့…”
ဧကရာဇ်ရှီးဟယ်က ကျန်းလန်ကို နက်ရှိုင်းသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“အနာဂတ်လမ်းနဲ့ပတ်သက်ပြီး အဲဒီမှာ အဖြေတစ်ခု ရချင်ရပါလိမ့်မယ်”
ကျန်းလန် မျက်ခုံးများ တွန့်ချိုးထားသည်။
သူ မည်သည့်လမ်းအား လျှောက်လှမ်းမည်ကို ဧကရာဇ်ရှီးဟယ် သိနေခဲ့သည်လား။ သို့မဟုတ် သူ့ထံမှ စကားနှိုက်ရန် ကြိုးစားနေခြင်းလား။ ဧကရာဇ်ရှီးဟယ်က တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်ပြီး နည်းလမ်းပေါင်းစုံကို နားလည်သူ ဖြစ်သည်။
သတိမထားလျှင် လွယ်လွယ်နှင့် လှည့်စားခံရနိုင်သည်။ ထို့ကြောင့် ကျန်းလန်က မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေ၏။
ဧကရာဇ်ရှီးဟယ်က ကျန်းလန် တိတ်ဆိတ်နေသည်ကို စိတ်ထဲမထားဘဲ ထပ်မံ မေးမြန်းလိုက်သည်။
“ဒါနဲ့ စကားမစပ် မင်းက ဘယ်တောင်ထွတ်ကလဲ”
ကျန်းလန်က မဖြေဘဲ ထပ်မံတိတ်ဆိတ်နေပြန်ရာ သူက မေးခွန်းတစ်ခု ပြောင်းမေးလိုက်သည်။
“မင်းရဲ့ နတ်ဘုရားရာထူးနာမည် အသစ်ကိုရော စဉ်းစားပြီးပြီလား”
ကျန်းလန်က အသာအယာ ခေါင်းခါယမ်းပြလိုက်သည်။
သူက ထိုအကြောင်းများကို ခေါင်းထဲများစွာမထည့်သလို နတ်ဘုရားရာထူးနာမည်ကိုလည်း အရေးမစိုက်ပေ။ သူ့စိတ်ထဲတွင် စဉ်းစားနေသည်က သူရင်ဆိုင်ရမည့် အခြားသောကိစ္စများသာလျှင် ဖြစ်သည်။
ဧကရာဇ်ရှီးဟယ်က…
“ပြဿနာမရှိပါဘူး ၊ ကျုပ် အခု သွားပြီး ပြင်ဆင်ရတော့မယ် ၊ နောက် (၃)ရက်ကနေ (၅)ရက်အတွင်း ကျုပ်ဆီက သတင်းကြားလိမ့်မယ် ၊ အချိန်ကျရင် အသေးစိတ်တွေ သိရပါလိမ့်မယ် ၊ ဒါကြောင့် မင်းအနေနဲ့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှာ အစီအရင်ကို (၃)ရက်အတွင်း အပြီးပြုလုပ်ထားပါ ၊ ပြဿနာရှိမလား”
ကျန်းလန်က…
“ပြဿနာမရှိပါဘူး”
သူက အစီအရင်ပညာကို ကျွမ်းကျင်ပြီးသားဖြစ်လေရာ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။ ထိုအစီအရင်ကို နားလည်ရန် အချိန်အများကြီးယူရမည်မဟုတ်ပေ။ ခဏမျှသာ လေ့လာရမည်ဖြစ်သည်။
ထိုခဏတွင် ပြန်ရန်ဟန်ပြင်နေသည့် ဧကရာဇ်ရှီးဟယ်က ရုတ်တရက် မေးလာသည်။
“ဘေးအန္တရယ်ကပ်ဘေးကြီးလာတော့မယ် ၊ မင်း ကြောက်နေသလား”
ကျန်းလန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
“ကျွန်တော် မသိပါဘူး”
သူက အစစအရာရာ သတိရှိနေမည်ဖြစ်ပြီး အကောင်းဆုံးကြိုးစားသွားမည် ဖြစ်သည်။
ကြောက်ရွံ့သည်လားဆိုသည်ကတော့…
ကြောက်ရွံ့ကောင်းကြောက်ရွံ့မည်ဖြစ်သလို မကြောက်ရွံ့ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သူက ဘေးအန္တရယ်ကပ်ေးကြီးကို ရင်ဆိုင်မည်ဖြစ်ပြီး နောက်ပြန်ဆုတ်မည် မဟုတ်ပေ။ ဤသည်က သူ ထမ်းဆောင်ရမည့်တာဝန်ဖြစ်လေရာ ရှောင်တိမ်းနေမည် မဟုတ်ပေ။
သူကြောက်ရွံ့သည်ဆိုလျှင်တောင်မှ ရှေ့ဆက်ရမည်ပဲ ဖြစ်သည်။ အကြောက်တရားကြောင့် ရပ်တန့်သွားခြင်းမရှိသည့်အရာများ လောကတွင် ဒုနဲ့ဒေးပင်။
ပြီးတော့ ဤလမ်းကို လျှောက်လှမ်းပါမည်ဟု ရှေးဟောင်းဧကကရာဇ်အနိမ့်ပိုင်းနန်းတော်မှလူအများကို သူ ကတိပေးခဲ့သည်။
သူ့တွင် ရည်မှန်းချက်များစွာလည်းမရှိသလို ခမ်းနားသည့် အကြံအစည်များလည်း မရှိခဲ့ပေ။ သူက သူတို့ပေးအပ်သည့် ကောင်းချီးလက်ဆောင်များကို လက်ခံခဲ့သည့်အတွက် ဆက်လက်ထမ်းဆောင်ရမည့်တာဝန်ကိုလည်း လက်ခံယူခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲမှ ထွက်ခွာလာခဲ့သည်။
ကျန်းလန်ထွက်ခွာသွားသည်ကိုကြည့်ရင်း ဧကရာဇ်ရှီးဟယ် တစ်စုံတစ်ခုကို သိချင်လာမိသည်။
“သူ့ရဲ့ လက်ရှိတန်ခိုးစွမ်းအားနဲ့ဆိုရင် ငါ့ကို ဘယ်တောင်ထွတ်ကလဲဆိုတာ ပြောပြရုံနဲ့ ပြဿနာမရှိပါဘူး ၊ တောင်ထွတ်တိုင်းမှာ တပည့်တွေ အများကြီးရှိတာပဲ ၊ ဘယ်လိုလုပ် မှန်းဆကြည့်လို့ရနိုင်မှာလဲ ၊ ဒါပေမဲ့ သူက မပြောခဲ့ဘူး ၊ ဒါကိုကြည့်ရရင် ဘယ်တောင်ထွတ်ကလည်းဆိုတာ ပြောလိုက်တာနဲ့ သူဘယ်သူလဲဆိုတာ သိသွားနိုင်လို့ပဲ ဖြစ်ရမယ် ၊ ဆိုတော့…”
ဧကရာဇ်ရှီးဟယ်က နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“ကိုယ်ရည်ကိုယ်သွေးကို ကြည့်မယ်ဆိုရင် သူက နဝမတောင်ထွတ်ကတပည့်နဲ့ အတော်လေးဆင်တူတယ် ၊ ဟားဟားဟား… အံ့သြစရာပဲ ၊ အံ့သြစရာပဲ”
***
ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်မှ ထွက်ခွာလာပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ခဏမျှ ပျောက်ကွယ်သွားပြီးနောက် သေရည်ဆိုင်အနီးတွင် ပြန်ပေါ်လာပြီး သေရည်ဆိုင်ထဲသို့ ဝင်လိုက်သည်။
ဆိုင်ထဲတွင် နှစ်ပေါင်း (၂၀) ကြာ နေထိုင်ခွင့်ပေးခဲ့သည့်အတွက် ဆိုင်ရှင်အဘိုးကို ကျေးဇူးတင်စကားဆိုရဦးမည် ဖြစ်သည်။ အဘိုးအိုသာ စောင့်ရှောက်ပေးမထားပါက နှစ်ပေါင်း (၂၀)ကြာ အန္တရယ်ကင်းကင်းဖြင့် နေနိုင်မည် မဟုတ်ပေ။ ဆရာဖြစ်သူ၏မျက်နှာရှိသည်မှန်သော်လည်း ဆိုင်ရှင်က မကျေနပ်လျှင် အေးအေးဆေးဆေး နေနိုင်မည် မဟုတ်ပေ။
သေရည်ဆိုင်သို့ရောက်သည်နှင့် ကျန်းလန်က အကောင်းစားသေရည်မှာယူလိုက်သည်။ ထို့နောက် ဆိုင်ရှင်ပြန်ရောက်သည့် နေ့လည်ပိုင်းအထိ စောင့်ဆိုင်းနေလိုက်သည်။ ဆိုင်ရှင်ပြန်ရောက်လာမှသာ သူလည်း ကျေးဇူးတင်စကားဆိုနိုင်မည် ဖြစ်၏။
ဆိုင်ထောင့်တစ်နေရာတွင်ထိုင်ရင်း ကျန်းလန် မျက်လုံးများကို မှေးမှိတ်ထားသည်။ သူက အမြဲတမ်း ထိုသို့သာ နေတတ်သည်ပင်။
ပထမဆုံးအကြိမ် သေရည်ဆိုင်သို့လာစဉ်ကလည်း ထိုသို့ပင်ဖြစ်သလို ယခုအချိန်ထိလည်း ထိုသို့ပင် ဖြစ်သည်။
သူ ပထမဆုံးအကြိမ် သေရည်ဆိုင်ကိုလာသည့်အချိန်ကို အမှတ်ရမိသည်။ ထိုစဉ်က လုန်ယွိနှင့် ဆုံခဲ့လေသည်။ လုန်ယွိက အတော်လေး တည်ငြိမ်အေးစက်လွန်းသည်။ သူမ အလွန်လှကြောင်းကိုတော့ ကျန်းလန် သတိပြုမိခဲ့သော်လည်း အခြားအတွေးများ မရှိခဲ့ပေ။
ထိုအကြောင်းများ စဉ်းစားမိသည့်အခါ ဘာကြောင့်မှန်းမသိ အတိတ်တစ်ချိန်က လုန်ယွိကို ပြန်လည်တမ်းတမိသည်။ သူက လုန်ယွိ၏ တည်ငြိမ်အေးစက်မှုများကို အမှတ်ရခြင်းမဟုတ်ပေ။ သူတို့ဆုံတွေ့ခဲ့သည့်အချိန်ကာလကို ပြန်လည်တမ်းတမိခြင်း ဖြစ်သည်။
ထိုအချိန်ကတော့ သူ လုန်ယွိနှင့်လက်ထပ်ပြီး တစ်ဘဝလုံး အတူတူ နေထိုင်သွားရမည်ဟု တစ်ချက်ပင် မစဉ်စားခဲ့မိပေ။ တွေးနေရင်းဖြင့် ကျန်းလန် ရုတ်တရက် မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်သည်။
“ငါ ဘာဖြစ်တာလဲ ၊ အတိတ်ကိုပြန်ပြီး သတိရတာ အစပြုနေတာလား”
သူ အတော်လေး အံအားသင့်သွားသည်။
ပုံမှန်အားဖြင့် ကျန်းလန်က အတိတ်ကို ပြန်လည်သတိရတတ်ခြင်း မရှိပေ။
ဘေးအန္တရယ်ကပ်ဆိုးကြီးကျရောက်ရန် နှစ်ပေါင်း (၃၀၀) တွင် ထက်ဝက်ခန့် လျော့ကျသွားသည်ဟု ဧကရာဇ်ရှီးဟယ်ပြောခဲ့သည့်စကားကြောင့် သူ့စိတ်ထဲ မသက်မသာဖြစ်နေသောကြောင့် ဟိုတွေးဒီတွေး တွေးနေမိသည်လား။
ဤသည်က ဆိုးဝါးသည့်အချက်တော့ မဟုတ်ပေ။ ဘေးဆိုးကြီးတစ်ခုကို ရင်ဆိုင်ရမည်ဆိုလျှင် မည်သူမဆို စိတ်မသက်မသာ ဖြစ်မည်ပဲ ဖြစ်သည်။
သို့သော်…
သူက ဘေးအန္တရယ်ကပ်ဆိုးကြီးအလယ်တွင် အသက်ရှင်ကျန်ရစ်ခြင်း မရှိမည်ကို စိတ်ပူပန်နေဟန် ရှိသည်။
ထို့နောက် ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ မျက်လုံးများကို မှေးမှိတ်ထားလိုက်တော့သည်။ သေရည်ဆိုင်မှပြန်လျှင် လုန်ယွိကို တတိယတောင်ထွတ်တွင်သွားကြိုရဦးမည် မဟုတ်လား။
ထိုအချိန် ကောင်ငယ်လေး ဆိုင်ထဲသို့ ဝင်လာ၏။
ကျန်းလန် ဆိုင်ထဲတွင်ထိုင်ရင်း မျက်လုံးမှိတ်ထားသည်ကို တွေ့သည်နှင့် ကောင်ငယ်လေးက ချက်ချင်းပင် ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။ ဟုန်ယာက ဘေးနားသို့ အသာရွှေ့ပေးလိုက်၏။
“ဒီတစ်ခါတော့ အစ်ကိုကြီးရဲ့ စိတ်ထဲကို ဘာပဲဖြစ်ဖြစ် ဝင်နိုင်အောင် ကြိုးစားမယ်”
ကောင်ငယ်လေးက ယုံကြည်မှုအပြည့်ရှိနေဟန်ပင်။
ယခုနှစ်များအတွင်း သူအတော်လေး ကြိုးစားကျင့်ကြံခဲ့သည်ဖြစ်ရာ သေချာပေါက် အောင်မြင်နိုင်သည်။ ဟုန်ယာသည်လည်း ကျန်းလန်၏စိတ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြည့်သည်။ သူမလည်း အောင်မြင်သည်ဆိုလျှင် တစ်စုံတစ်ခုကို တောင်းဆိုနိုင်မည် ဖြစ်သည်။
သို့သော် မကြာမီ သူတို့ (၂)ယောက် ကောင်တာထက်တွင် စိတ်ပျက်လက်ပျက်ဖြင့် မတ်တတ်ရပ်နေကြတော့၏။ ကျန်းလန်ကတော့ နေရာမှာပင် မလှုပ်မယှက်ထိုင်နေသည်။
အဘယ့်ကြောင့် အစ်ကိုကြီး၏စိတ်ထဲသို့ ဝင်ရောက်၍မရနိုင်ရပါသနည်း။ ထိုစဉ် အဋ္ဌမမင်းသား ကောင်တာရှေ့သို့ ရောက်လာပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“မင်းတို့နှစ်ယောက် ရူးနေကြလား”
ဒီနှစ်ယောက်က ယောက်ဖမည်သူဖြစ်ကြောင်း မသိကြဘူးလား။
ယောက်ဖဖြစ်သူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဖြစ်ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးတာအိုအင်မော်တယ်များထဲမှတစ်ယောက် ဖြစ်သည်။
ဒီနှစ်ယောက်က ယောက်ဖကို နှောက်ယှက်၍ ရမည်တဲ့လား။
ဟုတ်ပေ၏။ ယောက်ဖမည်သူဖြစ်ကြောင်း ကောင်ငယ်လေးနှင့် ဟုန်ယာက သိရှိခြင်း မရှိကြပေ။
ကောင်ငယ်လေးက အဋ္ဌမင်းသားကို စိုက်ကြည့်လိုက်ပြီး အလွန်တရာ မြင့်မြတ်ဟန်ရှိသည့် လေသံဖြင့်…
“နဂါးစုတ် ၊ ကျုပ်ကို အပြစ်တင်လို့ရတယ် ၊ ဟုန်ယာကိုတော့ လာမပြောနဲ့”
အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…
“ပြီးရော… ဒါဖြင့် မင်း သောက်ရူးကောင်”
ကောင်ငယ်လေး ဒေါပွသွားသည်။
အဋ္ဌမမင်းသားက…
“မင်းပဲ မင်းကို အပြစ်တင်လို့ရတယ်ဆို…”
***