နတ်ဘုရားရာထူးအသစ်ကို တစ္ဆေတိုင်းပြည်ကကြိုဆို
Vol. 39 Ch. 538
ကျန်းလန် အတွေးထဲတွင် နစ်မြုပ်နေခဲ့သည်။
ကောင်ငယ်လေးနှင့် ဇာမဏီကောင်မလေးတို့ သူ့စိတ်အာရုံထဲဝင်ရောက်ရန် ကြိုးစားခဲ့ကြသော်လည်း အချိန်ခဏကြာပြီးနောက် စွန့်လွှတ်ခဲ့ကြသည်။ ကျန်းလန် သေရည်ဆိုင်သို့ မကြာခဏလာမည်ဆိုလျှင်တော့ သူတို့အတွက် အခွင့်အရေးပိုမိုရရှိမည် ဖြစ်သည်။
ကောင်ငယ်လေးကို ကူညီပေးချင်သော်လည်း သေရည်ဆိုင်သို့ မကြာခဏလာရောက်ရန် ကျန်းလန်တွင် အချိန်မရှိပေ။ နောက်ပိုင်းအားလပ်လျှင်တော့ မကြာခဏ လာရောက်ကောင်း လာရောက်နိုင်ပေမည်။
အချိန်အတန်ကြာပြီးနောက် ကျန်းလန်၏စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ခြေလှမ်းတစ်လှမ်းချင်း လမ်းလျှောက်လာသည့် ပုံရိပ်တစ်ခု ဖြစ်၏။ ထိုပုံရိပ်က သေရည်ဆိုင်ရှင်အဘိုးအို၏ ပုံရိပ်ဖြစ်ပြီး သူက ကျန်းလန်နှင့် အပြိုင်ကမ္ဘာတစ်ခုတွင် လမ်းလျှောက်နေသည့်အလား ထင်မှတ်ရသည်။
သေရည်ဆိုင်ရှင်အဘိုးအို။
ပုံရိပ်ကိုကြည့်နေရင်း သေရည်ဆိုင်ရှင်အဘိုးအို မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း ကျန်းလန် နားလည်လိုက်သည်။
အနည်းငယ်အိုမင်းနေဟန်ရှိသော ထိုပုံရိပ်သည် မိုးကောင်းကင်ကိုပင် ထမ်းထားနိုင်ပုံရသည်။ ထိုအဘိုးအိုက ဆရာဖြစ်သူထက် အဆင့်မနိမ့်သည့် တာအိုအင်မော်တယ်တစ်ယောက် ဖြစ်သည်။
သို့သော် သေရည်ဆိုင်ပိုင်ရှင်၏ တာအိုက အလွန်ထူးဆန်းသည်။ သူက အပြိုင်ကမ္ဘာတစ်ခု၏နောက်ကွယ်တွင် တစ်စုံတစ်ခုကို ကျင့်ကြံနေသည့်အလား ထင်မှတ်ရသည်။
ထို့နောက် သေရည်ဆိုင်ရှင်အဘိုးအို ကောင်တာတွင် မတ်တတ်ရပ်နေသည်ကို ကျန်းလန် တွေ့လိုက်ရသည်။ သူ အနည်းငယ်အံ့အားသင့်သွားသည့်တိုင် လျှင်မြန်စွာပင် စိတ်သက်သာရာ ရသွား၏။
အဘိုးအို၏လက်ထဲတွင် သေရည်အိုးတစ်အိုးကိုင်ထားပြီး ကျန်းလန်ဆီသို့ လှုပ်ယမ်းပြလိုက်သည်။ အကောင်းစားသေရည် ရရှိပြီ ဖြစ်သည်။
ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်ချိန် ကောင်တာတွင် မတ်တတ်ရပ်နေသည့် ဆိုင်ရှင်ကိုတွေ့ရသည်။ သူက ကောင်တာသို့ လျှောက်သွားလိုက်သည်။
အဘိုးအိုက သေရည်အိုးကို ကျန်းလန်ရှိရာသို့ တွန်းပို့လိုက်ရင်း…
“မော့ကျန်းသုန့်ကတော့ မင်းရဲ့အောင်မြင်မှုတွေအတွက် အရမ်းပျော်နေမှာပဲ ၊ ဟုတ်တယ်မလား”
ကျန်းလန်က သေရည်အိုးကိုယူကာ ဝိညာဉ်ကျောက်တုံးတစ်ထုပ် ပေးလိုက်သည်။
“ဆရာကတော့ တစ်ခါမှ သူပျော်တယ်လို့ ထုတ်မပြောဖူးဘူး”
သေရည်ဆိုင်ပိုင်ရှင်က ဘာမှမပြောတော့ဘဲ ပြုံးနေပြီး ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်သည်။
ကျန်းလန်က ရိုးရှင်းသည့်လေသံဖြင့်…
“နောက်ဆုံးတစ်ခေါက်က သေရည်ဆိုင်မှာ စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘိုး”
သေရည်ဆိုင်ပိုင်ရှင်က…
“ကိစ္စမရှိပါဘူး ၊ အဆင်ပြေပါတယ် ၊ မင်းရဲ့ဆရာလည်း အဲဒီအတွက် တန်ဖိုးပေးပြီးပါပြီ”
ကျန်းလန် : “……”
သေရည်ဆိုင်တွင် ထိုင်မိရုံလေးဖြင့် တန်ဖိုးတစ်ခုပေးဆပ်ရလိမ့်မည်ဟု ကျန်းလန် ထင်မထားခဲ့ပေ။ ထို့နောက် ကျန်းလန် သေရည်ဆိုင်ပိုင်ရှင်ကို နှုတ်ဆက်စကားဆိုကာ ပြန်ခဲ့တော့သည်။
ညနေလည်းစောင်းပြီဖြစ်လေရာ လုန်ယွိကိုလည်း သွားကြိုရဦးမည် ဖြစ်၏။
တောင်ပေါ်ပြန်ရောက်လျှင် ဧကရာဇ်ရှီးဟယ်ပေးလိုက်သည့် အစီအရင်ကို လေ့လာရဦးမည်ဖြစ်ပြီး ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့လည်း တစ်ခေါက်သွားရဦးမည် ဖြစ်သည်။
ဆိုင်ရှင်အဘိုးအိုကတော့ ကျန်းလန် ထွက်ခွာသွားသည်ကိုကြည့်ရင်း မည်သို့မှမနေနိုင်စွာ သက်ပြင်းချလိုက်သည်။
“သူ့ကိုကြည့်ပြီး ငါ့မြေးကိုကြည့်လိုက်ရင် ငါ့မြေးက ဒီကောင်လေးရဲ့ (၁)ရာခိုင်နှုန်းတောင် မယှဉ်နိုင်ဘူးလို့ ခံစားရတယ် ၊ ငါ သူ့ကို ပိုပြီးလေ့ကျင့်ပေးရမယ်”
ပြောရင်း အဘိုးအိုက ကောင်ငယ်လေး ရှိရာသို့ လှမ်းကြည့်လိုက်သည်။
အဋ္ဌမမင်းသားနှင့်တိုက်ခိုက်နေသည့် ကောင်ငယ်လေးမှာ ကြောက်မက်ဖွယ်ရာတစ်စုံတစ်ယောက် အနားသို့ ချဉ်းကပ်လာသည့်အလား ကျောရိုးတစ်ခုလုံးစိမ့်သွားသလို ခံစားလိုက်ရလေ၏။
***
ခွန်လွန်သို့ ပြန်လာစဉ် အဋ္ဌမမင်းသားနှင့် အပြင်းအထန်တိုက်ခိုက်နေသည့် ကောင်ငယ်လေးကို ကျန်းလန် တွေ့လိုက်ရသည်။
သူူတို့ကို နှုတ်ဆက်မနေတော့ဘဲ တိုက်ပွဲတွင် မည်သူအနိုင်ရမည်ကိုသာ ခန့်မှန်းကြည့်လိုက်သည်။
လုန်မန်က မိုးကောင်းကင်အင်မော်တယ်ဖြစ်သော်လည်း ကောင်ငယ်လေးနှင့် တိုက်ခိုက်သည့်အတွက် ကျင့်ကြံခြင်းအဆင့်ကို လျှော့ချကာ အစစ်အမှန်အင်မော်တယ်အဆင့်ဖြင့်ပင် တိုက်ခိုက်နေသည်။ ထို့ကြောင့် ကောင်ငယ်လေးအနေဖြင့် တိုက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်းရှိသည်။
ဟုန်ယာသည်လည်း တိုက်ပွဲကိုကြည့်နေပြီး ကောင်ငယ်လေးအနိုင်ရနိုင်သည်ဟု တွေးမိသည်။
သို့သော် လက်ရှိမှာတော့…
အဋ္ဌမမင်းသားက အသာစီးရနေလေသည်။
ညနေခင်းအချိန်။
ကျန်းလန် တတိယတောင်ထွတ်သို့ ရောက်လာသည်။ ယခုတစ်ကြိမ် သူ့ကို မှတ်မိသူတစ်ယောက်နှင့် လာဆုံရသည်။
“ဂိုဏ်းတူအစ်ကိုကျန်းလန် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမကို လာကြိုတာလား”
ရွှေပြဒါးအမြုတေအဆင့်သာရှိသေးသည့် ဂိုဏ်းတူညီမလေးတစ်ယောက်က ပြုံးရယ်ရင်း နှုတ်ဆက်စကားဆိုသည်။ သူမက တတိယတောင်ထွတ် တောင်တံခါးတွင် စောင့်ကြပ်ရန် တာဝန်ကျနေသူ ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“အင်း”
ထိုမိန်းကလေးက အလွန်ဖော်ရွေသူဖြစ်ရာ ကျန်းလန်သည်လည်း ယဉ်ကျေးမှုအရ စကားပြန်ပြောရသည်။ တစ်ဖက်လူက သူ့ကို စေတနာထားလျှင် သူကလည်း စေတနာအတွက် ပြန်လည်တုံ့ပြန်ရမည် ဖြစ်၏။
ကျန်းလန် တောင်ပေါ်တက်သွားသည်ကိုကြည့်ရင်း တောင်တံခါးကိုစောင့်နေသည့် တပည့်မိန်းမပျို (၂)ယောက် စကားပြောရင်း ကျန်ရစ်ခဲ့ကြသည်။
ကျန်းလန်ကို နှုတ်ဆက်စကားဆိုသည့် မိန်းမပျိုက…
“ကျောက်စိမ်းရေကန်နတ်ဘုရားမက တစ်ယောက်တည်းဆိုရင် အရမ်းအေးစက်တည်ငြိမ်တာပဲနော် ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကျန်းလန်နဲ့အတူဆိုရင်တော့ အေးစက်တာတွေအကနု်ပျောက်ပြီး မျက်နှာလေးက ပြုံးပျော်နေတာပဲ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပြုံးလိုက်ရင် အရမ်းချောတာပဲ”
အခြားမိန်းမပျိုက…
“နင်မြင်လိုက်တယ်ပေါ့လေ”
“အင်း… ဟိုအရင်တစ်ခေါက်တုန်းက မြင်လိုက်တာ ၊ ဂိုဏ်းတူအစ်ကိုကျန်းလန်ကို ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ မတန်ဘူးလို့ လူတွေက ပြောကြပေမယ့် သူတို့ကိုကြည့်ရတာတော့ တစ်ယောက်နဲ့တစ်ယောက် အတော်လေးချစ်ကြတဲ့ပုံပဲ”
“ငါလည်းတွေ့ချင်လိုက်တာ ၊ သူတို့ အခု တောင်ပေါ်က ဆင်းလာရင် တွေ့ရမလား မသိဘူးနော်”
“ဘယ်လိုလုပ်တွေ့ရမှာလဲ ၊ သူတို့ တောင်ပေါ်ကဆင်းလာရင် အများစုက တွေ့ခွင့်မရကြဘူးတဲ့”
သူတို့ (၂)ယောက်လုံးက အင်မော်တယ်များ ဖြစ်ကြသည်။ သေးငယ်သည့် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများအနေဖြင့် သူတို့ကို တွေ့မြင်ရန် အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။
ကျန်းလန် တောင်ပေါ်တက်သွားစဉ်က သူတို့တွေ့မြင်ခွင့်ရသည်မှာ ကျန်းလန်၏ ယဉ်ကျေးဖွယ်ရာ အပြုအမူဖြင့် သူ့ကို တွေ့မြင်ခွင့်ပေးသောကြောင့်သာ ဖြစ်လေသည်။
***
“ဂိုဏ်းတူမောင်လေး ၊ ဆရာက ကျွန်မ အကြမ်းပန်းကန်တွေ ခိုးသေးလားပဲ မေးနေတာပဲ ၊ နှစ်တွေဒီလောက်ကြာနေပြီ ၊ သူက မှတ်ထားနေတယ် ၊ ကြည့်ရတာ ဆရာလည်း အသက်ကြီးလာလို့ ဗျစ်တောက်ဗျစ်တောက်ပြောတတ်နေတာလား မသိဘူး ၊ ကြည့်ရတာ သူ့ကိုလည်း တာအိုလက်တွဲဖော် ရှာပေးရတော့မယ်ထင်တယ်”
ရှောင်ယွိကို ကြိုပြီးနောက် ကျန်းလန် အံ့သြစရာစကားကို ကြားလိုက်ရသည်။ ရှောင်ယွိသည် တစ်နေ့တခြားပိုပြီး မိုက်မဲလာသည်။
သူမအတွက် မိုက်မိုက်မဲမဲ အတွေးများကို တွေးတောရုံသာမက သူမ၏ဆရာဖြစ်သူအတွက်လည်း မိုက်မဲသည့်အတွေးများကို တွေးတောနေသည်။
တာအိုအင်မော်တယ် ခင်ပွန်းတစ်ယောက် ရထားသည့်အတွက် ထိုသို့မိုက်မဲသွားခြင်းများလား။
ကျန်းလန်က…
“ဂိုဏ်းတူအစ်မ ၊ ဆရာဒေါ်လေးကို အိမ်ထောင်ချပေးဖို့ စိတ်ကူနေတာ ဆရာဒေါ်လေးကို မကြောက်ဘူးလား”
ရှောင်ယွိက…
“ဒါဖြင့် ဂိုဏ်းတူမောင်လေးရော ဆရာဦးလေးကို မကြောက်ဘူးလား”
ကျန်းလန် : “……”
သူက နဝမတောင်ထွတ်၏ တောင်သခင်နေရာကို ဆက်ခံနိုင်သည့်အရည်အချင်းရှိသည့်အတွက် ဆရာဖြစ်သူကို မိန်းမပေးစားရန် ကြံစည်နေခြင်း ဖြစ်သည်။ သူ တောင်သခင်ဖြစ်လာလျှင် ဆရာဖြစ်သူ အေးအေးဆေးဆေး အနားယူနိုင်ပြီ ဖြစ်သည်။
သို့သော် ဆရာဒေါ်လေးကျူးချင် အိမ်ထောင်ပြုမည်ဆိုပါက တတိယတောင်ထွတ်၏ တောင်သခင်နေရာကို မည်သူက အစားထိုးနေရာယူနိုင်ပါမည်နည်း။ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သည့်တိုင် ရှောင်ယွိသည်လည်း တာဝန်ယူနိုင်မည် မဟုတ်ပေ။ သူမက တောင်သခင်ဖြစ်ရလောက်အောင် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။
ထို့နောက် သူတို့ (၂)ယောက် လက်ချင်းတွဲကာ နဝမတောင်ထွတ်သို့ ပြန်ခဲ့ကြသည်။
ရှောင်ယွိက တစ်လမ်းလုံး စကားများလာခဲ့ပြီး ကျန်းလန်ကတော့ နားထောင်သူဖြစ်သည်။ နေရောင်ခြည်က သူတို့အပေါ်ဖြာလင်းလျှက်ရှိသည်။
ရှောင်ယွိက…
“ဂိုဏ်းတူမောင်လေး ၊ ကျွန်မ အစီအရင်ပညာတွေ လေ့လာထားတယ် သိလား ၊ နောက်တစ်ခါ အစီအရင်တွေ ပြုပြင်ရင် ကျွန်မလုပ်ပေးမယ်နော်”
ကျန်းလန်…
“မရဘူး…”
“ဒါဆို ကျွန်မ အိပ်ဆောက်ပေးမယ်လေ”
“ဂိုဏ်းတူအစ်မက အိမ်ဆောက်တဲ့အလုပ် လုပ်ရမှာမဟုတ်ဘူး ၊ အိမ်ဖျက်တဲ့အလုပ် လုပ်ရမှာ”
“ဂိုဏ်းတူမောင်လေး ၊ ရှင်က အရမ်းမိုက်ရိုင်းပါလား ၊ ဂိုဏ်းတူအစ်မတစ်ယောက်အနေနဲ့ ဒါလေးတောင်းဆိုတာကို မလိုက်လျောနိုင်ဘူးလား”
ကျန်းလန် : “……”
***
ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်။
နဝမတောင်ထွတ်သို့ ပြန်ရောက်ပြီး (၂)ရက်ခန့်အကြာတွင် ကျန်းလန် ဤနေရာသို့ ရောက်လာခဲ့သည်။ သူက ဧကရာဇ်ရှီးဟယ်ပေးသည့် အစီအရင်ကို လေ့လာတွက်ချက်ပြီးသည့်နောက် မည်သည့်ပြဿနာမှမရှိကြောင်း သိလိုက်သည်။
သို့ပေသိ ဧကရာဇ်ရှီးဟယ်၏ အစီအရင်ပညာက အလွန်တရာ မြင့်မားလွန်းသည်။ သူလုပ်ရမည့်အလုပ်မှာ ထိုအစီအရင်ကို ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် ရေးထွင်းရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ရန် မခက်ခဲလေရာ နေ့ဝက်ခန့်သာ အချိန်ပေးရနိုင်သည်။
ကျန်းလန် ဖြည်းညင်းစွာပင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တံခါးသို့ ရောက်ရှိလာပြီး အစီအရင်ကို ဖြည်းဖြည်းချင်း ရေးထွင်းသည်။
နေ့ဝက်ခန့်ကြာပြီးသည့်နောက်…
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် ရှုတ်ထွေးသည့် အစိအရင်တစ်ခု ရေးထိုးပြီးစီးသွားသည်။ ထိုအစီအရင်ကို (၂)ကြိမ်မျှစမ်းသပ်ပြီးသည့်နောက် ကျန်းလန် ပြန်ရန်ဟန်ပြင်လိုက်သည်။
အလုပ်အားလုံးပြီးဆုံးခဲ့ပြီ မဟုတ်လား။
ဘာဆက်လုပ်ရမည်ကို ဧကရာဇ်ရှီးဟယ် ဆက်သွယ်လာသည့်အချိန်ထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
“ဘုန်း”
ထိုခဏတွင် ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သာမက နန်းတော်များအားလုံးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်စုံတစ်ခုက နန်းတော်များကို ထုနှက်လိုက်သည့်အလားပင်။
“ဝှစ်…”
ရုတ်တရက် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းတန်းက အချိန်မရွေးကောင်းကင်ထက် ပျံသန်းထွက်ခွာသွားတော့မည့်အလားထင်မှတ်ရသည်။
“ဒါကို ဧကရာဇ်ရှီးဟယ် လုပ်တာလား”
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ အပြောင်းအလဲကိုကြည့်ရင်း ကျန်းလန် ဧကရာဇ်ရှီးဟယ်အကြောင်း တွေးမိသည်။
ဧကရာဇ်ရှီးဟယ်က အစစအရာရာ ပြင်ဆင်ထားဟန်ရှိပြီး မနက်ဖန် ၊ သဘက်ခါတွင် သူ့ထံသို့ ဆက်သွယ်လာနိုင်သည်။
နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန်က သူ၏ နတ်ဘုရားရာထူးတွင်ရှိနေသည့် အလင်းရောင်အစက်များကိုကြည့်လိုက်သည်။ သူ့အနေဖြင့် နတ်ဘုရားရာထူးနာမည်ပြောင်းလဲမည့်အကြောင်းကို သူနှင့်ပတ်သက်နေသူများကို အကြောင်းကြားရမည် ဖြစ်သည်။
***
သေရည်ဆိုင်အနောက်ဘက်တွင် ကောင်ငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် သေရည်ချက်နေ၏။
“နောက်ပိုင်း အဘိုးလိုသာ အကောင်းစားသေရည်လုပ်ရမယ်ဆိုရင် ကျွန်တော်တော့ အပြင်ထွက်ရတော့မယ်”
အဘိုးဖြစ်သူက အကောင်းစားသေရည်ပြင်ဆင်ပေးနိုင်ရန် မကြာခဏ ဆိုင်မှထွက်ခွာရသည်။ သူ့အလှည့်ရောက်လာလျှင်လည်း နေ့တိုင်းအပြင်ထွက်ရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် သူ ဟုန်ယာကို လိုက်နိုင်တော့မည် မဟုတ်ပေ။
အသားများကင်နေသည့် အဋ္ဌမမင်းသားက အလေးအနက်လေသံဖြင့်…
“မင်းရဲ့ အဘိုးခြေရာနင်းနိုင်အောင် ကြိုးစားသင့်တယ် ၊ ဒါမှ ဟုန်ယာက မင်းကို အထင်ကြီးလာမှာ ၊ မိန်းကလေးတစ်ယောက် မင်းကို စိတ်ဝင်စားလာဖို့ဆိုတာ မင်းကို အထင်ကြီးလာမှဖြစ်မှာ ၊ ဥပမာကွာ… မင်း ချက်တဲ့သေရည်အနံ့တစ်ချက်တည်းနဲ့တင် ဟုန်ယာကို မူးမေ့သွားအောင်လုပ်နိုင်ရင် ပြီးပြီပဲ ၊ ပြီးရင် မင်း သူ့အတောင်တွေကို နင်းပြီး မင်းကို သဘောကျလား ၊ မကျဘူးလား အကျပ်ကိုင်လို့ရတယ် ၊ ဒါဆိုရင် သူ့ခေါင်းကို ရိုက်စရာမလိုတော့ဘူး”
ယခုအချိန်မှစပြီး သူတို့က အသားကင်သည့်အလုပ်နှင့် သေရည်ချက်သည့်အလုပ်ကိုသာ လုပ်ကြရန် ဆုံးဖြတ်ထားသည်။ ဤသည်က အနာဂတ်တွင် ငွေရပေါက်ရလမ်း အကောင်းဆုံးပင်။
သူတို့ စကားပြောငြင်းခုံနေကြစဉ်မှာပင် ရုတ်တရက် သူတို့စိတ်အာရုံထဲသို့ သတင်းစကားတစ်ခု ဝင်ရောက်လာသည်။ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားထံမှ သတင်းစကားဖြစ်၏။
ကောင်ငယ်လေးက…
“ဘာလို့လဲ ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ရာထူးနာမည်ပြောင်းမယ်တဲ့”
အဋ္ဌမမင်းသားကလည်း ပဟေဠိဖြစ်နေရင်း…
“ကျုပ်လည်း မသိဘူးလေ”
သို့သော် နောက်ထပ်ကြားသိရသည့် သတင်းစကားကြောင့် သူတို့ စိတ်သက်သာရာ ရသွားကြသည်။
“လက်သီးနတ်ဘုရားက သူ့ရဲ့ နတ်ဘုရားရာထူးအသစ်ဆီကို ကျုပ်တို့ကိုလည်း ခေါ်ဆောင်သွားမယ်တဲ့ ၊ ဒါက ပြဿနာကြီးကြီးမားမား မရှိပါဘူး ၊ နတ်ဘုရားရာထူးနာမည်အသစ်ကို ကြိုဆိုဖို့ပဲလိုတယ်”
ထိုအချိန် ယန်ရှီးယွင် သူတို့အနားသို့ အပြေးရောက်လာသည်။
“အစ်ကိုကြီး ၊ မောင်ငယ်လေး ၊ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားရဲ့ အသံကို ကျွန်မကြားတယ် ၊ နတ်ဘုရားရာထူးနာမည်ပြောင်းမလို့တဲ့”
ဟုန်ယာလည်း အံ့အားသင့်သွားသည်။
သူမကတော့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနှင့် မသက်ဆိုင်သည့်အတွက် သတင်းပို့သည့်အသံကို မကြားခဲ့ရပေ။
***
တစ္ဆေတိုင်းပြည်၏ မြို့တော်တွင် မရေမတွက်နိုင်အောင်များပြားသည့် လူအများစုဝေးကာ ဆုတောင်းပွဲ ပြုလုပ်နေကြသည်။
ရင်ပြင်ထက်ရှိ စင်မြင့်ပေါ်တွင် နတ်ဘုရားရုပ်တု (၃) ခု ရှိနေသည်။
တစ်ခုက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဖြစ်ပြီး နောက်တစ်ခုကတော့ မြင့်မြတ်သည့် ဧကရာဇ်ယိုတု ဖြစ်သည်။ တတိယရုပ်တုကတော့ ပုံသဏ္ဌန်ဝိုးတဝါး ဖြစ်နေသည်။
နတ်ဆရာကြီးက ရင်ပြင်ထက်တွင် မတ်တတ်ရပ်နေပြီး စုရုံးနေကြသည့် တစ္ဆေတိုင်းပြည်မှ လူအများကိုကြည့်ရင်း အော်ဟစ်လိုက်သည်။
“မြင့်မြတ်တဲ့ လက်သီးနတ်ဘုရားက ဒီနှစ်ရက်အတွင်း နတ်ဘုရားရာထူးနာမည် အသစ်ပြောင်းလိမ့်မယ် ၊ ပိုပြီးကြီးကျယ်ခမ်းနားတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ် ၊ နတ်ဘုရားရာထူးအသစ် မွေးဖါားလာတဲ့အချိန်ကို ကျုပ်တို့က စောင့်မျှော်ရင်း ကြိုဆိုကြမယ်”
တစ္ဆေတိုင်းပြည်မှလူအများက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
လက်သီးနတ်ဘုရားက ပိုပြီးမြင့်မြတ်သည့် နတ်ဘုရားရာထူးအသစ်သို့ တက်လှမ်းသည်ကို သူတို့က ပျော်ရွှင်နေကြသည်။ လူအုပ်ထဲတွင် ချင်းမုလည်း ရှိနေပြီး အလွန်စိတ်လှုပ်ရှားလျှက် ရှိသည်။
မနက်ဖန် ၊ သို့မဟုတ် သဘက်ခါဆိုလျှင် လက်သီးနတ်ဘုရားရာ နာမည်ပြောင်းလဲတော့မည် ဖြစ်သည်။
လူတစ်ယောက်က…
“နတ်ဘုရားရာထူးအသစ်နာမည်က ဘယ်လိုဖြစ်မယ်ထင်လဲ”
နောက်တစ်ယောက်က…
“မင်းက ဘယ်လိုထင်လို့လဲ”
“ငါ သိရင် မင်းကိုမေးမလားကွ”
“မင်း မသိရင် ငါက ဘယ်လိုလုပ်သိမှာလဲ”
ချင်းမုသည် သူ့လည်ပင်းတွင်ဆွဲထားသည့် သစ်သားပြားလေးကို ကိုင်ထားသည်။ နတ်ဘုရားနာမည်ပြောင်းသွားလျှင် သူ သစ်သားပြားအသစ် ထပ်မံထွင်းထုရမည် ဖြစ်သည်။
“အမေ ၊ ကျွန်တော် အနာဂတ်မှာ ဒီထက်ပိုပြီး ကြိုးစားလေ့ကျင့်ရမယ် ၊ ကျွန်တော်က လက်သီးနတ်ဘုရားအသစ် ဖြစ်လာချင်တယ် ၊ လက်သီးနတ်ဘုရားက ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးကို အောင်နိုင်ပြီး ဘိုးဘေးများဆီမှာ ဘုန်းတော်ထင်ရှားစေမယ်”
ချင်းမုက သူ့ဘေးနားမှ အမျိုးသမီးကို ပြောလိုက်သည်။
အမျိုးသမီးက ရုတ်တရက် မေးလိုက်သည်။
“ဒါဖြင့် မင်းအဖေကရော”
ချင်းမု အံ့အားသင့်သွားသည်။
“ဟင်… အဖေက ဘာဖြစ်လို့လဲ”
သူ့အဖေ ပျောက်ဆုံးနေသည်လား။
***
ပဉ္စမမြောက်နေ့။
ကောင်းကင်ထက်တွင် ရုန်းရင်းဆန်ခတ်တစ်စုံတစ်ခုဖြစ်သည်ကို ကျန်းလန် ခံစားလိုက်ရသည်။ မကြာမီ ရုန်းရင်းဆန်ခတ်ဖြစ်မှုများက စည်းစနစ်ကျလာပြီး သူ့ကို ဧကရာဇ်ရှီးဟယ် ဆင့်ခေါ်သည်ကို ခံစားလိုက်ရသည်။
နတ်ဘုရားရာထူး အပြောင်းအလဲပြုလုပ်ရန် အချိန်ကျပြီ ဖြစ်၏။
ကျန်းလန်က လုန်ယွိကို ကြည့်လိုက်ရင်း…
“ဂိုဏ်းတူအစ်မ ၊ ကိုယ် ခဏသွားရမယ် ၊ မင်းက ကိုယ့်ကို ဂရုစိုက်ပေးပါ”
ထို့နောက် ကျန်းလန်က လုန်ယွိ၏ မျက်ခုံး (၂)ခုကြားကို လက်နှစ်ချောင်းဖြင့် အသာထောက်လိုက်သည်။
“ဒါဆိုရင် ကောင်းကင်ပေါ်က အသံတွေကို မင်းကြားရလိမ့်မယ်”
လုန်ယွိက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
“ပြဿနာတစ်ခုခုရှိရင် ဂိုဏ်းတူမောင်လေးရဲ့ ဆရာကိုပဲဖြစ်ဖြစ် ၊ ကျွန်မရဲ့ ဆရာကိုပဲဖြစ်ဖြစ် သွားရှာလိုက်မယ်နော်”
ကျန်းလန်က လုန်ယွိခေါင်းလေးကို အသာပွတ်သပ်လိုက်ရင်း…
“မစိုးရိမ်နဲ့ ၊ ဘာပြဿနာမှ မရှိလောက်ပါဘူး”
လုန်ယွိကလည်း ကျန်းလန်ခေါင်းကို ပြန်လည်ပွတ်သပ်လိုက်ရင်း…
“ဟုတ်ပါပြီ ၊ ဂိုဏ်းတူမောင်လေးလည်း မစိုးရိမ်ပါနဲ့ ၊ အရာအားလုံး အဆင်ပြေသွားမှာပါ”
ကျန်းလန် မည်သည့်စကားမှမဆိုဘဲ လုန်ယွိကို ပြုံးပြလိုက်သည်။
ထို့နောက် စက္ကန့်ပိုင်းအတွင်း ကျန်းလန် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ရောက်ရှိလာသည်။
နန်းတော်ထဲတွင် တောက်ပလင်းထိန်နေသည့်အလင်းရောင်ကို သူ မြင်တွေ့ရသည်။ သို့သော် အလင်းရောင်က အနည်းငယ် ထူးဆန်းသည်။ အလွန်တောက်ပနေသည့်တိုင် အမှောင်ထုကိုတော့ ထိုးခွင်းနိုင်စွမ်း မရှိပေ။
မကြာမီ ထိုအလင်းရောင်က ကျန်းလန်ထံ လာရောက်ချိတ်ဆက်သည်။ ကျန်းလန်၏ မျက်ဝန်းထဲတွင် မြင်ကွင်းများ ပြောင်းလဲသွားသည်။
အဆုံးမရှိ ကျယ်ပြန့်သည့် ဗလာနယ်၏ အလယ်ဗဟိုတွင် နန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုနန်းတော်ကြီးကို ဆင်တူနန်းတော် (၄)ခုက ဝန်းရံထားပြီး ထိုနန်းတော် (၄)ခု အပြင်ဘက်တွင် နောက်ထပ် နန်းတော် (၄)ခု ရှိနေသည်။ စုစုပေါင်း နန်းတော် (၈)ခုက အလယ်ပိုင်းနန်းတော်ကို ဝန်းရံထား၏။
ကျန်းလန်က အပြင်ဘက်ရှိ နန်းတော် (၄)ခုမှ တစ်ခုတွင် ရှိနေသည်။ သူရောက်ရှိနေသည့်နန်းတော်က ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော် ဖြစ်သည်။
ကျန်းလန်က ခေါင်းမော့ပြီး ညအမှောင်ကို မော့ကြည့်လိုက်သည်။ သူ့ကို ချိတ်ဆက်ထားသည့် အလင်းတန်းက အခြားသော နတ်ဘုရားရာထူးများနှင့်လည်း ချိတ်ဆက်နေသည်ကို တွေ့ရသည်။
သို့ပေသိ ကျန်းလန်မှလွဲပြီး အခြားသူများက အကန့်အသတ်ရှိနေသည်။ ထိုသူများအနေဖြင့် ဆန္ဒရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အလင်းရောင်က သူတို့ကို ချိတ်ဆက်နေသည်။ နတ်ဘုရားရာထူးနှင့် ပေါင်းစပ်ထားခြင်း ဖြစ်သောကြောင့် နန်းတော်များအကြားဆက်သွယ်မှုကို ရပ်တန့်မရနိုင်ပေ။
ထို့ပြင် ချိတ်ဆက်မှုကို တွန်းလှန်မိပါက သူတို့ရရှိထားသည့် တန်ခိုးစွမ်းအားများအားလုံး ယုတ်လျော့သွားမည် ဖြစ်သည်။
ဤသည်က ဧကရာဇ်ရှီးဟယ်ဖြစ်ချင်သည့် နောက်ဆုံးပန်းတိုင်ဖြစ်ပြီး ပြင်ဆင်မှုများအားလုံးလည်း ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်သည်။
မကြာမီ ရှေးဟောင်းအနောက်နန်းတော်နှင့် အလယ်ပိုင်းနန်းတော်ကြားတွင် တံတားတစ်စင်း ဖြစ်တည်လာသည်ကို တွေ့လိုက်ရသည်။
ဧကရာဇ်ချုန်းကိုးက မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်ရင်း…
“ဒါက မင်း အလယ်ပိုင်းနန်းတော်ကို ဘယ်လိုသိမ်းပိုက်သလဲဆိုတဲ့ ပုံစံပေါ့”
သူက အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ခဲ့သည့်တိုင် အလယ်ပိုင်းနန်းတော်သို့ ဝင်ရောက်ရန် နည်းလမ်းရှာမတွေ့ခဲ့ပေ။
ကမ္ဘာမြေ၏မိခင်က…
“ကြည့်ရတာ သူ့မှာ လုံလောက်တဲ့စွမ်အား မရှိသလိုပဲ ၊ သူ ကျရှုံးမှာ မစိုးရိမ်ဘူးလား မသိဘူး”
သူမက အရှေ့နန်းတော်တွင် ရှိနေသည့်အတွက် အဖြစ်အပျက်များကို ပိုပြီးခံစားနိုင်စွမ်း ရှိသည်။
ဧကရာဇ်ရှီးဟယ်၏ လျှို့ဝှက်တန်ခိုးစွမ်းအားနှင့် နန်းတော် (၄)ခု၏ စွမ်းအားများပေါင်းစည်းလျှင်တောင်မှ အလယ်ပိုင်းနန်းတော်သို့ သွားရောက်ရန် တံတားကို ဖြတ်သန်းနိုင်မည် မဟုတ်ပေ။
ထိုအချိန် အနောက်နန်းတော်သည် အောက်နန်းတော်ရှိရာသို့ မျက်နှာမူလာသည်ကို ကျန်းလန် တွေ့လိုက်ရသည်။
အလယ်ပိုင်းနန်းတော်ဆီသွားမည့်တံတားတစ်စင်းထွက်ပေါ်လာသော်လည်း လွယ်ကူသည် မဟုတ်ပေ။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နန်းတော် (၄)ခုမှ တန်ခိုးစွမ်းအားများကို ချေးယူအသုံးပြုထားရခြင်း ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် တံတားက အပြည့်အဝတည်ဆောက်ပြီးစီးသွားသည်။
ကျန်းလန်က ဧကရာဇ်ရှီးဟယ် အချက်ပြမည်ကို စောင့်ဆိုင်းနေသည်။
မကြာမီ အနောက်နန်းတော်ဆီမှ စူးရှသည့်အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းအနောက်နန်းတော်မှ နတ်ဘုရားရာထူးနေရာလစ်လပ်သွားကြောင်း အားလုံး ခံစားလိုက်ရသည်။
ဧကရာဇ်ရှီးဟယ်သည် အနောက်နန်းတော်မှ နတ်ဘုရားရာထူးကို စွန့်လွှတ်ခဲ့ပြီ ဖြစ်ပြီး အလယ်ပိုင်းနန်းတော်သို့ ထွက်ခွာတော့မည် ဖြစ်သည်။
သို့သော် တံတားတည်ဆောက်ရသည်နှင့်ပင် တစ်ဖက်လူ၏တန်ခိုးစွမ်းအားများ လျော့နည်းနေပြီဖြစ်ရာ အလယ်ပိုင်းနန်းတော်သို့ မည်သို့ သွားရောက်နိုင်ပါတော့မည်နည်း။
“လက်သီးနတ်ဘုရား ၊ မင်း ခံစားမိတယ်မဟုတ်လား ၊ အခု ကျုပ်ကို တွန်းပို့ပေးလို့ရပြီ”
ရုတ်တရက်ထွက်ပေါ်လာသည့်အသံက ကျန်းလန်နားထဲဝင်ရောက်လာပြီး နန်းတော် (၈)ခုမှ တန်ခိုးစွမ်းအားများက သူ့ထံ စုစည်းလာသည်ကို ခံစားရသည်။ သူ လုပ်ဆောင်ရမည်မှာ ဤတန်ခိုးစွမ်းအားများကို စုစည်းပြီး ဧကရာဇ်ရှီးဟယ်ကို တွန်းအားပေးရမည် ဖြစ်သည်။
ကျန်းလန် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ နန်းတော် (၈)ခုမှ တန်ခိုးစွမ်းအားများက အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသည်။
ထိုခဏတွင် ဖိအားများကို ခံစားလိုက်ရပြီး တန်ခိုးစွမ်းအားများ အဆုံးမရှိစုစည်းလာကာ ကျန်းလန်ကိုပင် ကျေမွပျက်စီးသွားစေနိုင်သည်။
သူက တန်ခိုးစွမ်းအားမြင့်မားပြီး ထူးခြားသူတစ်ယောက် ဖြစ်သောကြောင့်သာ ဤသို့ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ တန်ခိုးစွမ်းအားလုံလောက်ကြောင်း အတည်ပြုပြီးနောက် ကျန်းလန်က လက်သီးကို ထိုးစိုက်ချလိုက်သည်။ ဖိအားများ မြင့်တက်လာပြီး လက်သီးချက်ကို ဖွင့်ထုတ်ပစ်လိုက်သည်။
“ဘုန်း”
လက်သီးချက် ထိုးစိုက်ချလိုက်သည်နှင့် ရှေးဟောင်းအနောက်နန်းတော်ဆီသို့ တန်ခိုးစွမ်းအားများ စီးဆင်းဝင်ရောက်လာပြီး အလင်းတန်းများ လင်းလက်လာသည်။
ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို နတ်ဘုရားရာထူးပိုင်ရှင်များအားလုံး တွေ့မြင်လိုက်ကြရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုတန်ခိုးစွမ်းအားက အနိမ့်ပိုင်းနန်းတော်မှ အနောက်နန်းတော်သို့ ရောက်ရှိသွားသည်။ ထို့နောက် အနောက်နန်းတော်မှ အလယ်ပိုင်းနန်းတော်သို့သွားရောက်ရာ တံတားဆီသို့ ရောက်ရှိသွားသည်။
တန်ခိုးစွမ်းအားအရှိန်အဟုန်က အလွန်လျှင်မြန်ပြီး မကြာမီ ထိုတန်ခိုးစွမ်းအားက အလယ်ပိုင်းနန်းတော်အတွင်းဝင်ရောက်သွားသည်ကို တွေ့မြင်လိုက်ရသည်။
ထိုအချိန် ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“ဘုန်း”
နတ်ဘုရားရာထူးနှင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိသူတိုင်း ထိုအသံကြီးကို ကြားကြရသည်။
သေရည်ဆိုင်ထဲမှ ဟုန်ယာ ၊ ကောင်ငယ်လေး ၊ ယန်ရှီးယွင်နှင့် အဋ္ဌမမင်းသားတို့အားလုံး ချက်ချင်းပင် ခေါင်းထောင်ကြည့်လိုက်ကြသည်။
အလွန်ကျယ်လောင်သည့် အသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာသည်။
“ရှေးဟောင်းအလယ်ပိုင်းနန်းတော်မှ ဧကရာဇ်ရှီးဟယ်”
ဧကရာဇ်ရှီးဟယ်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူ၏အမည်ကို ပထမဆုံးအကြိမ် လူအများသိကြားစေခဲ့လေသည်။
***