ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်
Vol. 39 Ch. 539
ဧကရာဇ်ရှီးဟယ်က အစီအစဉ်များအားလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးသွားပြီ ဖြစ်သည်။
အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များအနေဖြင့် လက်မခံချင်သည့်တိုင် လက်ခံကြရမည်ပဲ ဖြစ်သည်။ ခွန်လွန်တောင်သည် အစကတည်းက အလယ်ပိုင်းနန်းတော်အတွက် ကြိုတင်ကြံစည်နေမှန်း သူတို့အားလုံး သဘောပေါက်ပြီးသား ဖြစ်၏။
နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး ခွန်လွန်တောင်က နားအလည်ဆုံးဖြစ်သည်။ မဟုတ်ပါက သူတို့အနေဖြင့်လည်း ရှေ့ဆက်လျှောက်လှမ်းနိုင်ကြမည် မဟုတ်ပေ။
ကမ္ဘာမြေ၏မိခင်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူမက အကြည့်မလွှဲဘဲ စူးစိုက်ကြည့်နေသည်။
“သူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားရဲ့ အကူအညီကို ယူခဲ့တာပဲ ၊ သူ အောင်မြင်မှုရတာ မအံ့သြတော့ပါဘူး”
ယခုဆိုလျှင် ရှေးဟောင်းအနောက်နန်းတော်မှ နတ်ဘုရားရာထူးက လစ်လပ်သွားပြီ ဖြစ်သည်။ ခွန်လွန်တောင်မှ မည်သူက ထိုနတ်ဘုရားရာထူးကို ရယူပါမည်နည်း။ ယခုအချိန်မှ အနောက်နန်းတော်၏ နတ်ဘုရားရာထူးကို ရယူမည်ဆိုလျှင် နောက်ကျနေမည်လား။
လမ်းတစ်ခုကို နောက်ကျမှ လျှောက်လှမ်းခြင်းသည် အလွန်အန္တရယ်များလသည်။ အဘယ်ကြောင့်ဆိုသော် အမှောင်ထုထဲမှ အန္တရယ်က ထွက်ပေါ်လာတော့မည် ဖြစ်သောကြောင့်ပင်။
ယခုဆိုလျှင် နတ်ဘုရားရာထူးပိုင်ဆိုင်ထားသူများက ခပ်မြန်မြန်လျှောက်လှမ်းနေကြပြီး သူတို့နောက်တွင် နောက်ကျကျန်ခဲ့သော မြေအောက်နတ်ဆိုးဘိုးဘေးသည်ပင် သူတို့နှင့် အရှိန်အဟုန်တူညီလုနီးပါး ဖြစ်နေလေပြီ။ သူတို့အနေဖြင့်လည်း မြေအောက်နတ်ဆိုးဘိုးဘေး လိုက်မီလာစေရန် စောင့်ဆိုင်းနေခဲ့ကြသည်။
သူတို့အားလုံး အရှိန်အဟုန်တူညီမှသာ အမှောင်ထုထဲမှအန္တရယ်ကို အကောင်းဆုံးခုခံနိုင်မည် ဖြစ်၏။ ဤသည်က သူတို့အားလုံးအတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
ဘယ်အချိန်တွင် ဘာဖြစ်မည်ကို မည်သူမှမသိနိုင်ပေ။ သို့ပေသိ နတ်ဘုရားရာထူးပိုင်ရှင်များ၏ ဟန်ချက်ညီမှုက တည်ရှိပြီးဖြစ်သည်။ ထို့ကြောင့် အနောက်နန်းတော်မှ နတ်ဘုရားရာထူးကို ယခုမှရယူမည့်လူသစ်တစ်ယောက်ကို စောင့်ဆိုင်းရန် သူတို့ အချိန်မဖြုန်းချင်တော့ပေ။ ထိုသို့ပြုလုပ်ခြင်းက သူတို့အားလုံးအတွက် အကျိုးအမြတ်မရှိသည့်အပြင် အန္တရယ်ပင်များသေးသည်။
အခြားသောနတ်ဘုရားရာထူးပိုင်ရှင်များကလည်း ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။ အနောက်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို ရယူသူ မည်သူဖြစ်မည်ကို သူတို့ သိချင်နေကြသည်။
သူတို့သာလျှင်မဟုတ်ပေ။ ခွန်လွန်တောင်မှ တောင်သခင်များသည်လည်း မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်နေကြသည်။ နောက်ထပ်ဘာဆက်ဖြစ်မည်ကို သူတို့ သိချင်နေကြသည်။
လုန်ယွိသည်လည်း အတူတူပင် ဖြစ်သည်။ ကျန်းလန်၏ နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲမည်ကို သူမ သိရှိသည်။ သို့သော် “ဧကရာဇ်ရှီးဟယ်” ဆိုသည့်နာမည်ကတော့ သေချာပေါက် ကျန်းလန် မဟုတ်ပေ။
အဋ္ဌမမင်းသားနှင့် အခြားသူများသည်လည်း အပြင်သို့ထွက်လာကြသည်။
ထိုနာမည်ကို သူတို့ သိရှိလေသည်။ ထိုသူက နဂါးငိုကျွန်းတွင် သူ့ကိုကူညီရန် ဆင်းသက်လာသည့် ခွန်လွန်တောင်မှ တန်ခိုးစွမ်းအားရှင်ဖြစ်သည်။ ထိုသူက အလွန်မှ တန်ခိုးစွမ်းအား ကြီးမားလွန်းသည်။
သို့သော် ထိုသူက သေချာပေါက် သူ့ယောက်ဖမဟုတ်ပေ။ သူ့ယောက်ဖသည်လည်း ယနေ့ နတ်ဘုရားရာထူးနာမည်ကို ပြောင်းလဲမည် ဖြစ်၏။
ယန်ရှီးယွင်က…
“ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလည်း နာမည်ပြောင်းမှာလား”
ကောင်ငယ်လေးက…
“အင်း… ငါတို့ကြားတာ အဲဒီအတိုင်းပဲလေ ၊ ကြည့်ရတာ လောကကြီးက တန်ခိုးစွမ်းအားရှင်တွေ အပြောင်းအလဲလုပ်တာနေမယ်”
ဟုန်ယာက…
“ဒါဖြင့် စောင့်ကြည့်ကြတာပေါ့”
သူမလည်း အခြေအနေများကို သိချင်နေသည်။ နတ်ဘုရားရာထူးနာမည်အသစ်ကို သူမလည်း ကြားကောင်းကြားရနိုင်သည်။
အပြင်သွားခါနီး ဆိုင်ထဲမှထွက်လာသည့် ဆိုင်ရှင်အဘိုးအိုက သူတို့ (၄)ယောက်ကို လှမ်းကြည့်လိုက်ရင်း…
“မင်းတို့တွေ ဘာကြည့်နေကြတာလဲ”
ကောင်ငယ်လေးက…
“ဘိုးဘိုး ၊ ကျွန်တော်တို့ ကောင်းကင်ပေါ်က အပြောင်းအလဲတွေကို နားထောင်နေကြတာ”
“မင်းကြားတာ မြင်တာတွေက ငါတို့ဆိုင်ကို ဘာထိခိုက်သွားစေနိုင်သလဲ ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အလကား လျှောက်လုပ်နေတယ်”
အဘိုးအိုက ဆူပူလိုက်သည်။
ကောင်ငယ်လေး : “……”
ထို့နောက် သူတို့ (၄)ယောက် ကုတ်ချောင်းချောင်းဖြင့် သေရည်ဆိုင်ထဲ ပြန်ဝင်သွားကြသည်။
အဘိုးအိုက ခေါင်းခါယမ်းရင်း ထွက်ခွာသွားသည်။ မည်သည့်အကြောင်းအရာများ ဖြစ်ပျက်နေသည်ကို နတ်ဘုရားရာထူးပိုင်ရှင်များမှလွဲပြီး အခြားသူများ သိမြင်နိုင်မည် မဟုတ်ပေ။
ကောင်ငယ်လေးတို့အုပ်စုအနေဖြင့် အသံမျှသာ ကြားနိုင်မည် ဖြစ်သည်။
အဘိုးအို၏ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ကောင်ငယ်လေးတို့ (၄)ယောက် သေရည်ဆိုင်ထဲမှ ချက်ချင်းပင် အပြေးအလွှား ပြန်ထွက်လာကြသည်။
သေရည်ဆိုင်အတွင်းမှလည်း အသံကြားနိုင်သည့်တိုင် ဘာကြောင့်မှန်းမသိ သူတို့ ကောင်းကင်ထက်သို့ ကြည့်ချင်နေကြသည်။
“ဟူး”
နတ်ဘုရားရာထူးပိုင်ရှင်များက နတ်ဘုရားရာထူးနေရာကို အစားထိုးရန် လူသစ်တစ်ယောက်ရှိမည်ဟု တွေးထင်ထားသကဲ့သို့ပင် တံတားက ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်ကြရသည်။
တံတားက အလယ်ပိုင်းနန်းတော်မှ ဆင်းသက်လာသည်။ အလယ်ပိုင်းနန်းတော်မှ တံခိုးစွမ်းအားကိုသာ အသုံးမပြုထားလျှင် ဧကရာဇ်ရှီးဟယ်အနေဖြင့် တံတားကို လွယ်လွယ်ကူကူ ရွေ့လျားနိုင်မည် မဟုတ်ပေ။
အလယ်ပိုင်းနန်းတော်သို့ ဦးတည်ရာတံတားက ပျောက်ကွယ်သွားပြီး အနိမ့်ပိုင်းနန်းတော်တွင် တဖြည်းဖြည်း ပြန်ပေါ်လာသည်။
ထိုခဏတွင် သူတို့အားလုံး နားလည်လိုက်သည်မှာ အနောက်နန်းတော်မှ နတ်ဘုရားရာထူးနေရာကို အစားထိုးရယူမည့်သူမှာ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ဖြစ်သည်ဆိုသည့်အချက်ပင် ဖြစ်သည်။
အံ့သြစရာကောင်းသော်လည်း သာမန်ပင်လျှင် ဖြစ်သည်။ ဤသည်က ကော်းသည့်အချက်ပင်ဖြစ်သည်။ အနည်းဆုံးတော့ အနောက်နန်းတော်က သူတို့အားလုံးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တော့မည် မဟုတ်ပေ။
အနိမ့်ပိုင်းနန်းတော်တွင်တော့ ဧကရာဇ်ယိုတုရှိနေသည့်အတွက် အသစ်သော နတ်ဘုရားရာထူး ထွက်ပေါ်လာလျှင်လည်း ပြဿနာကြီးကြီးမားမား မရှိပေ။ အနိမ့်ပိုင်းနန်းတော်တွင် နတ်ဘုရားရာထူး (၂)ခုရှိသော်လည်း နန်းတော်တစ်ခုတည်းဖြစ်နေလေရာ အဆင်ပြေလေသည်။
ကျန်းလန်က ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် မတ်တတ်ရပ်လျှက် ရှိသည်။ ဧကရာဇ်ရှီးဟယ်ကို ကူညီစဉ် သူ့ခန္ဓာကိုယ်ထက်ကျရောက်လာသည့် ဖိအားများသည်လည်း တဖြည်းဖြည်းလျော့နည်းသွားသည်။ ကံကောင်းစွာပင် အပြောင်းအလဲများစွာ မရှိခဲ့ပေ။
ဧကရာဇ်ရှီးဟယ်က ရှေ့ဆက်နာမည်သာ ပြောင်းလဲသွားပြီး သူ၏နာမည်ကို ပြောင်းလဲခဲ့ခြင်း မရှိပေ။ ယခု အလယ်ပိုင်းနန်းတော်တွင် အလင်းရောင်များပိုမိုတောက်ပလာသည်။ ဧကရာဇ်ရှီးဟယ်က နတ်ဘုရားရာထူးဖြင့် ပေါင်းစပ်နေဟန် ရှိသည်။
ဧကရာဇ်ရှီးဟယ်၏ တန်ခိုးစွမ်းအားဖြင့်ဆိုလျှင် အခြားသူများထက် နှေးကွေးမည် မဟုတ်ပေ။ ဘယ်လောက်အထိ လျှောက်လှမ်းနိုင်မည်လဲဆိုသည်ကတော့ မသိရှိနိုင်ပေ။
အလယ်ပိုင်းနန်းတော်တွင် အလင်းရောင်များ တောက်ပလာစဉ် ကျန်းလန်၏ရှေ့တွင် တံတားတစ်စင်းပေါ်လာသည်ကို တွေ့ရသည်။ အနောက်နန်းတော်နှင့် အလယ်ပိုင်းနန်းတော် ချိတ်ဆက်ပေးသည့်တံတားက ကျန်းလန်ရှေ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဧကရာဇ်ရှီးဟယ်က ကတိတည်စွာဖြင့် ကျန်းလန် အနောက်နန်းတော်သို့ သွားရောက်နိုင်ရန် အမှန်တကယ် ကူညီပေးခဲ့သည်။
အခြားသူများကလည်း တားဆီးလိုဟန် မရှိပေ။ အန္တရယ်များသည့်တိုင် ဧကရာဇ်ရှီးဟယ်က လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။
တံတားက အနိမ့်ပိုင်းနန်းတော်နှင့် အနောက်နန်းတော်ကို အပြည့်အဝချိတ်ဆက်ပြီးသည်နှင့် ကျန်းလန်က အစီအရင်ကို စတင်အသက်သွင်းလိုက်သည်။ နတ်ဘုရားရာထူးက အစီအရင်နှင့် ပဲ့တင်ထပ်သွားပြီး သူနှင့် တဖြည်းဖြည်း ကွဲကွာသွားသည်။ အနည်းငယ်နှေးကွေးသည့်တိုင် ပြဿနာတစ်စုံတစ်ရာ မရှိပေ။
အချိန်အတိုင်းအတာတစ်ခု ကြာမြင့်သည့်အခါ နတ်ဘုရားရာထူးကို အခြားတစ်ောက်နှင့် အစားထိုးနိုင်တော့မည်ဟု ခံစားရသည်။ သူ့ရှေ့တွင် အလင်းတန်းတစ်ခုပေါ်လာပြီး ထိုအလင်းတန်းက ချင်းမု၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အလင်းတန်း ဖြစ်သည်။
ကျန်းလန်က ချင်းမုကို နတ်ဘုရားရာထူးနှင့်သက်ဆိုင်သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ပေးအပ်ခဲ့သည်။ ထို့နောက် အနိမ့်ပိုင်းနန်းတော်မှ နတ်ဘုရားရာထူးကို စွန့်လွှတ်ကာ တံတားထက်သို့ ခြေချလိုက်သည်။
ထောင်ချောက်များရှိနေမည်ကို အထူးသတိထားကာ ကျန်းလန်က သတိရှိရှိဖြင့် လမ်းလျှောက်လာသည်။ သူ ဖြည်းဖြည်းမှန်မှန်ခြေလှမ်းများဖြင့်ပင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာလာသည်။
ညကောင်းကင်အောက်တွင် လမ်းလျှောက်နေသည့်တိုင် အမှောင်ထုထဲတွင် မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။
အန္တရယ်တစ်စုံတစ်ခု ကျရောက်ခဲ့လျှင် ချက်ချင်းထွက်ခွာသွားနိုင်ရန် အပြန်လမ်းကိုလည်း ကျန်းလန်က အဆင်သင့် ပြင်ဆင်ထားသည်။
***
တစ္ဆေတိုင်းပြည်။
ကျန်းလန် နတ်ဘုရားရာထူးမှ ထွက်ခွာသွားပြီး အခြားသောနတ်ဘုရားရာထူးတစ်ခုဆီသို့ ဦးတည်နေကြောင်း ချင်းမု ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
လက်သီးနတ်ဘုရား၏ နာမည်အသစ်ကို သူ ကြားသိရတော့မည်လား။ အဘယ့်ကြောင့် သူ ထိုသို့ ခံစားနေရပါသနည်း။ စောစောကပင် တစ်စုံတစ်ခု သူ့အပေါ်ကျရောက်လာကြောင်း သူ ခံစားရသည်။
ထို့နောက်တွင်တော့ သူ အရေးမစိုက်တော့ဘဲ လက်သီးနတ်ဘုရား၏ နာမည်အသစ်ပြောင်းလဲခြင်းကို စောင့်ဆိုင်းနေခဲ့သည်။
သူတစ်ယောက်တည်းမဟုတ်ပေ။ သူ့နံဘေးမှ လူများအားလုံးစောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
လူတစ်ယောက်က…
“ငါတို့ ဘယ်လောက်ကြာကြာစောင့်ရဦးမယ်လို့ထင်သလဲ ၊ သူ ထွက်ပေါ်လာတော့မှာလား”
နောက်တစ်ယောက်က…
“မသိဘူးလေ ၊ သူက ဘယ်တော့ထွက်ပေါ်လာမှာလဲ”
“မသိဘူးလေ ၊ ငါ မသိလို့မင်းကိုမေးတာ”
“ငါလည်း မသိဘူးလို့ ပြောထားပြီးသားလေ”
ချင်းမုကတော့ ထိုသူများနှင့် မတူညီပေ။ နတ်ဘုရားရာထူး တဖြည်းဖြည်းတိုးတက်လာသည်ကို သူ ခံစားနိုင်သည်။ သူ့ကို လက်သီးနတ်ဘုရားပြောခဲ့သည့်အတိုင်းပင် သူက အနာဂတ်တွင် လက်သီးနတ်ဘုရားဖြစ်လာမည့်သူ ဖြစ်သည်။ လက်သီးနတ်ဘုရားဖြစ်လာရန်အတွက် သူလည်း ကြိုးစားကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်သည် အနောက်နန်းတော်သို့ ဆင်းသက်တော့မည့် ကျန်းလန်ကို စောင့်ဆိုင်းနေကြသည်။ သူ့ကိုယ်သူ မည်သို့သော ဘွဲ့နာမည်ပေးအပ်မည်ကို သိချင်နေကြသည်။
အလယ်ပိုင်းနန်းတော်မှ ဧကရာဇ်ရှီးဟယ်က အနောက်နန်းတော်ဆီသို့ လှမ်းကြည့်လိုက်သည်။
အခြားသူများက လက်သီးနတ်ဘုရားသည် သူ့ကိုယ်သူ နတ်ဘုရားရာထူးနာမည်တစ်ခု ပေးအပ်မည်ဟု ထင်မှတ်နေကြသည်။
သို့သော်…
ဧကရာဇ်ရှီးဟယ်ကတော့ မည်သို့သော ဘွဲ့နာမည်ထွက်ပေါ်လာမည်ကို စောင့်မျှော်နေခဲ့သည်။
***
အတန်ကြာလမ်းလျှောက်လာပြီးသည့်နောက် ကျန်းလန် တံတားအဆုံးသို့ ရောက်ရှိလာသည်။ သူက ခြေလှမ်းများကို မြန်လိုက်ခြင်းမရှိဘဲ ဖြည်းဖြည်းမှန်မှန်သာ ချဉ်းကပ်လာသည်။
နောက်ဆုံးခြေတစ်လှမ်းအဆုံးတွင် သူ ရှေးဟောင်းအနောက်နန်းတော် မြေပြက်ထက်သို့ အန္တရယ်ကင်းစွာ ဝင်ရောက်နိုင်ခဲ့သည်။
အနောက်ပိုင်းနန်းတော်သို့ ခြေချမိသည်နှင့် တံတားက ပျောက်ကွယ်သွားပြီး ကျန်းလန်က အဆင်သင့်ရေးထွင်းထားသည့် အစီအရင်အလယ်ဗဟိုတွင် မတ်တတ်ရပ်လိုက်သည်။
ချက်ချင်းပင် နတ်ဘုရားရာထူးတစ်ခုက သူ့ကို လွှမ်းမိုးလာပြီး သူ့အပေါ်သို့ ဖြည်းညင်းစွာသက်ဆင်းလာသည်။
ပထမဆုံး ဆင်းသက်လာသည်မှာ နတ်ဘုရားရာထူး၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများဖြစ်ပြီး နတ်ဘုရားရာထူးက နောက်မှလိုက်ပါလာသည်။
ထို့နောက် ယခင်နတ်ဘုရားရာထူးနှင့် ချိတ်ဆက်ထားသည့် အလင်းစက်လေးများ ပြန်လည်ထွက်ပေါ်လာသည်။ ထိုအလင်းစက်လေးများက နတ်ဘုရားရာထူးအသစ်နှင့် စတင်ပေါင်းစပ်နေသည်။
သို့သော် နတ်ဘုရားရာထူးနာမည်ကတော့ ထွက်ပေါ်လာခြင်း မရှိသေးပေ။
နတ်ဘုရားရာထူးနာမည်။
နတ်ဘုရားရာထူးနာမည်အသစ်တစ်ခုအား နတ်ဘုရားရာထူးမှ တောင်းဆိုခြင်းကို ကျန်းလန် မခံစားရပေ။ ထို့ကြောင့် နတ်ဘုရားရာထူး သူ့ခန္ဓာကိုယ်ထက်သက်ဆင်းလာသည်နှင့် အနောက်နန်းတော်တံခါးဆီသို့ လျှောက်သွားလိုက်သည်။
နတ်ဘုရားရာထူး သူ့ခန္ဓာကိုယ်ထက် သက်ဆင်းလာသည်နှင့် အနောက်နန်းတော်ထဲသို့ ဝင်ရောက်ရန် ဧကရာဇ်ရှီးဟယ်က မှာကြားထားသည်။
သူ၏နတ်ဘုရားရာထူးနာမည်ထွက်ပေါ်မလာမီ နတ်ဘုရားရာထူးနှင့် အပြည့်အဝပေါင်းစပ်ရန် စောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုအချိန်အတွင်း အနောက်နန်းတော်ထဲတွင်ရှိသော “ကု” နှင့် သွားရောက်တွေ့ဆုံရပေမည်။
ထိုအရာသည် ထောင်ချောက် ဟုတ် မဟုတ် ကျန်းလန် မသိရှိပေ။ အထဲသို့ ဝင်ကြည့်ရုံသာ တတ်နိုင်သည်။ ယခုအချိန်မှ ဆုတ်ခွာရန်မှာ မဖြစ်နိုင်ပေ။
နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် အနောက်နန်းတော်တစ်ခုလုံး ယိုယွင်းပျက်စီးနေသည်ကို တွေ့မြင်ရသည်။ နန်းတော်ရင်ပြင်တစ်ခုလုံး အပျက်အစီးများဖြင့် ရှုတ်ပွနေသဖြင့် ခြေချရန်ပင် နေရာမရှိပေ။
ကျန်းလန်ကတော့ လှေကားထစ်များအတိုင်း ဆက်လျှောက်လာခဲ့သည်။
လှေကားထစ်အစွန်းတွင် ခန်းမဆောင်တစ်ခု ရှိနေသော်လည်း အမိုးအကာမရှိဘဲ နံရံများလည်း ကျိုးပဲ့လျှက် ရှိသည်။ တိုင်လုံးကြီး (၄)တိုင်သည်လည်း အက်ကွဲလျှက် ရှိ၏။
ခန်းမဆောင်ရှေ့သို့ ကျန်းလန် ဖြည်းညင်းစွာ ရောက်ရှိလာသည်။ ခန်းမဆောင်ထဲတွင် မည်သူမှ မရှိသည့်တိုင် ခန်းမဆောင်အဝင်ဝတွင် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေဟန်ရှိသည့် ရုပ်တုတစ်ခု ရှိနေသည်။
“ခန်းမဆောင်ထဲမှာ ရုပ်တုမရှီဘဲ ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ”
ကျန်းလန် ဇဝေဇဝါဖြင့် ရုပ်တုရှိရာသို့ လျှောက်သွားပြီး မျက်နှာမူကာ ကြည့်လိုက်သည်။
သိပ်မကြာခင် နန်းတော်ထဲတွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားပြီး တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာကာ ရုပ်တုမျက်နှာပြင်ထက်တွင် အက်ကြောင်းများ ပေါ်လာသည်။
“ခရက်…”
“ဘန်း”
ကျောက်တုံးက ဖြည်းဖြည်းချင်း ပြုတ်ကျသွားပြီး အတွင်းထဲတွင် တာအိုဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။
ထိုလူရိပ်က ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် ကျန်းလန် တွေ့မြင်ခဲ့သည့် စစ်သူကြီးချင်းစန်းနှင့် မတူခြားနားသည်။
“ဘုန်း”
ရုပ်တုကျောက်တုံးများက အရှိန်ပြင်းပြင်းဖြင့် ပေါက်ကွဲသွားပြီး ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။
ကျန်းလန် နောက်သို့ ခြေ (၂)လှမ်းဆုတ်လိုက်သည်။ ရုပ်တုကြီး၏ အနေအထားတိုုင်းမတ်တတ်ရပ်နေသည့် လူရွယ်တစ်ယောက်ကို ကျန်းလန် တွေ့လိုက်ရသည်။
ထိုသူက တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်ထက်မှ တာအိုရောင်ဝါများထွက်ပေါ်နေသည်။ သူ့မျက်နှာထက်တွင်တော့ အပြုံးတစ်ခု ရှိနေသည်။
“ဒီနေရာကို ရောက်လာတဲ့သူ မရှိနိုင်ဘူးလို့ ကျုပ် ထင်နေခဲ့တာ ၊ နောက်ဆုံးတော့ တစ်ယောက် ရောက်လာခဲ့ပြီပေါ့ ၊ ကောင်းကင်ဘုံအတွက်လည်း အချိန်သိပ်မကျန်တော့ဘူး မဟုတ်လား ၊ ကြည့်ရတာ မင်းတို့အားလုံးအတွက် နောက်ဆုံးအခြေအနေကို ရောက်နေပြီ ၊ ဒါလည်း ကောင်းပါတယ် ၊ စောလည်းမစောသလို နောက်လည်း မကျနိုင်ပါဘူး ၊ ဒါနဲ့…”
သက်လတ်ပိုင်းလူရွယ်က ကျန်းလန်ကိုကြည့်ရင် အလေးအနက်ဆိုသည်။
“မင်းက ခွန်လွန်တပည့်လား”
ကျန်းလန်က ထိုသူကို အကဲခတ်လိုက်သည်။ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။ သို့သော် ဘာကြောင့်မှန်းမသိ ထိုသူ၏ အခြေအနေကို ကျန်းလန် နားမလည်နိုင်ပေ။
ထိုသူက အသက်ရှင်နေသေးသည်လား။
မဖြစ်နိုင်ပေ။ သေချာပေါက် မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။ သို့ပေသိ သေဆုံးသွားပြီဟု ပြောပြန်လျှင်လည်း မှားယွင်းနေပေမည်။ ထိုသူ၏ အခြေအနေက အလွန်ထူးဆန်းသည်။
သို့သော် ထိုသူသည် ပထမတောင်ထွတ်ရှိ ကောင်းကင်ဘုံတံခါးတွင် တွေ့မြင်ခဲ့ရသည့် အလင်းတန်းထဲမှ လူဖြစ်ကြောင်း ကျန်းလန် မှတ်မိနေသည်။
ကျန်းလန်က ထိုသူကို လေးစားစွာပင် ဦးညွှတ်လိုက်ရင်း…
“ကျွန်တော်က နဝမတောင်ထွတ်က ဆက်ခံသူတပည့် ကျန်းလန်ပါ ၊ အကြီးအကဲကို ဂါရဝပြုပါတယ်”
ကျန်းလန်က သူ၏ ယခင်နတ်ဘုရားရာထူးနာမည်ကိုပင် မပြောခဲ့ဘဲ အမည်ရင်းကိုသာ ပြောခဲ့သည်။ သူ ရယူမည့်တာဝန်ကို အမည်ရင်းအသုံးပြုကာ ပွင့်ပွင့်လင်းလင်းပင် လက်ခံချင်သည်။
သက်လတ်ပိုင်းလူရွယ်က ကျန်းလန်ကိုကြည့်လိုက်ရင်း…
“နဝမတောင်ထွတ်ကတပည့် ဟုတ်လား ၊ ဒါဆို ကျုပ်ဘယ်သူလဲဆိုတာ မင်းသိမှာပေါ့”
ကျန်းလန်က…
“ခွန်လွန်တောင်ရဲ့ တည်ထောင်သူဘိုးဘေး ‘ကု’ ပါ…”
“ကု” က…
“မင်းက တာအိုအင်မော်တယ်ဖြစ်နေတာတောင် ခွန်လွန်မှာ တပည့်တစ်ယောက်ပဲ ဖြစ်နေသေးတာလား”
လူငယ်၏ တန်ခိုးစွမ်းအားက ထင်ရှားသည်။ သူက တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း “ကု” ခန့်မှန်းမိသည်။
သို့သော် ခွန်လွန်တောင်တွင် တပည့်တစ်ယောက်အဆင့်သာ ရှိနေသေးရာ ခွန်လွန်တောင်က အတော်လေး အဆင့်မြင့်နေပြီလား။
ကျန်းလန်က…
“ကျွန်တော်တို့ နဝမတောင်ထွတ်မှာတော့ တာအိုအင်မော်တယ်တွေပဲ ရှိတယ်”
“ကု” က…
“နဝမတောင်ထွတ်မှာ လူဘယ်နှစ်ယောက်ရှိလဲ”
ကျန်းလန်က…
“ကျွန်တော်နဲ့ ကျွန်တော့်ဆရာ နှစ်ယောက်ပဲ ရှိတယ်”
“ဟားဟား…”
သူ့ရှေ့မှ လူငယ်က အတော်ရယ်ရတာပဲဟု “ကု” တွေးလိုက်သည်။ သို့သော် တောင်ထွတ်တစ်ခုတွင် တာအိုအင်မော်တယ် (၂)ယောက်ရှိသည်မှာ အလွန်ပင် အထင်ကြီးစရာ ကောင်းနေပေပြီ။
“ကု” က နန်းတော်အဝင်တံခါးသို့ လှမ်းကြည့်လိုက်သည်။
“အခု ခွန်လွန်တောင်က အားကောင်းနေပြီလား”
ကျန်းလန်က…
“ခွန်လွန်တောင် တောင်ထွတ် (၉)ခုက တောင်သခင် (၉)ယောက်က တာအိုအင်မော်တယ်တွေပါ ၊ ဂိုဏ်းချုပ်နဲ့ ကျွန်တော် အပါအဝင်ဆိုရင် တာအိုအင်မော်တယ် (၁၁)ယောက် ရှိပါတယ် ၊ အဲဒီထဲက တစ်ဝက်က အထွတ်ထိပ်အဆင့် တာအိုအင်မော်တယ် ဖြစ်နေပါပြီ ၊ ဂိုဏ်းချုပ်ကတော့ ပညာရှိတစ်ပိုင်းအဆင့် ရောက်နေပြီထင်ပါတယ်”
ဘိုးဘေး “ကု” က…
“မင်းက ဘာလို့အနောက်နန်းတော်ကို ရောက်လာရတာလဲ”
“ဂိုဏ်းချုပ်က အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်တဲ့အတွက် ကျွန်တော်က အနောက်နန်းတော်ကို ရောက်လာတာပါ”
ဧကရာဇ်ရှီးဟယ်မှာ ခွန်လွန်ဂိုဏ်းချုပ်ဖြစ်ရမည်ဟု ကျန်းလန် သံသယဝင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ကု” က ရယ်မောလိုက်ရင်း…
“အင်း… မဆိုးပါဘူး”
ထို့နောက် သူ့ရှေ့မှ “ကု” က ပျောက်ကွယ်သွားသည်။
“ဒါပေမဲ့ သူလုပ်တာ မှန်တယ် ၊ ကျုပ်ကို လာတွေ့ဖို့ မင်းကိုစေလွှတ်ခဲ့တယ်”
“ကု” ၏ အသံက ခန်းမဆေင်ထိပ်ရှိ ပလ္လင်ထက်မှ ထွက်ပေါ်လာသည်။ ကျန်းလန်လှမ်းကြည့်လိုက်တော့ ပလ္လင်ထက်တွင်ထိုင်နေသည့် “ကု” ကို တွေ့လိုက်ရသည်။
သူပြောသည့်စကားကို နားမလည်သည့်အတွက် ကျန်းလန်က တိတ်ဆိတ်နေလိုက်သည်။
“ကု” က…
“ဘာလို့ အနောက်ပိုင်းနန်းတော်ကို ခွန်လွန်တောင်ကသာ ရရှိနိုင်သလဲ မင်းသိလား ၊ ပြီးတော့ ကျုပ်က ဘာလို့ ဒီနေရာကို ရောက်နေရသလဲဆိုတာရောပေါ့”
ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…
“ဒီတပည့် မသိပါဘူး”
သူက “ကု” ၏ တည်ရှိမှုကိုသာ သိရှိပြီး အခြားအကြောင်းများကို အမှန်တကယ် သိရှိခြင်း မရှိပေ။ ကျန်သည့်အရာများက သူ နကန်းတစ်လုံးပင်မသိသည့် ကိစ္စများ ဖြစ်သည်။
“ဘာလို့လဲဆိုတော့ ကျုပ်က ခွန်လွန်တောင်အပေါ် လုံး၀ မျက်နှာသာပေးခဲ့လို့ပဲ ၊ ကျုပ်က နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပေမယ့် တစ်ခါမှ ဘက်လိုက်ခဲ့တယ်ဆိုတာ မရှိဘူး ၊ ဒါပေမဲ့ ခွန်လွန်တောင်အပေါ်မှာတော့ ဘက်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ် ၊ ဒါကြောင့် မင်းတို့အားလုံးအတွက် အနောက်နန်းတော်မှာ နတ်ဘုရားရာထူးတစ်ခု ချန်ထားခဲ့တာပဲ”
“ဒါပေမဲ့ ခွန်လွန်တောင်ကလူတွေကလည်း ကျုပ်မျှော်လင့်ထားတာထက် ပိုတော်ကြပါတယ် ၊ မင်းတို့ထဲကတစ်ယောက်က အနောက်နန်းတော်ကို ရောက်လာပေမယ့် နန်းတော်ထဲကို မဝင်ခဲ့ဘူး ၊ သူက အလယ်ပိုင်းနန်းတော်ကို သွားခဲ့တယ် ၊ ပြီးတော့ မင်းရောက်လာတယ် ၊ အနောက်နန်းတော်က မင်းအတွက် အသုံးဝင်မယ်လို့ ထင်သလား”
“ကု” က ကျန်းလန်ကိုကြည့်ရင်းဆိုသည်။
“မင်းက ထူးခြားသူတစ်ယောက်ဖြစ်တယ်ဆိုတာ မင်းကိုယ်တိုင် သိတယ်မဟုတ်လား”
ကျန်းလန် တိတ်ဆိတ်နေသည်။ သူက အဘယ့်ကြောင့် ထူးခြားသူတစ်ယောက် ဖြစ်နေရကြောင်း သိရှိသည့်တိုင် ထုတ်ဖော်ပြောဆိုရန် မရည်ရွယ်ခဲ့ပေ။
ကျန်းလန် တိတ်ဆိတ်နေသည်ကို ဘိုးဘေးက စိတ်ထဲ မထားပေ။
သူက စကားဆက်ပြောသည်။
“ကျုပ်မင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ် ၊ ဟိုးရှေးဟောင်းအချိန်အခါက ဇာတ်လမ်းတစ်ပုဒ်ပေါ့”
ကျန်းလန်က လေးစားစွာပင် ခေါင်းညိတ်လိုက်သည်။
ထိုဇာတ်လမ်းက မည်သည့်ဇာတ်လမ်းဖြစ်မည်ကို မသိသော်လည်း သူနှင့်ဘာမှမသက်ဆိုင်သည့် အကြောင်းအရာတစ်ခုတော့ ဟုတ်မည်မထင်ပေ။ သူ့အတွက် အလွန်အရေးကြီးသည့်ဇာတ်လမ်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
“ကု” က ပလ္လင်ထက်တွင်ထိုင်ရင်း ပျက်စီးနေသည့် ခေါင်မိုးကြားမှ အဆုံးမဲ့ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ထက်တွင် အမှောင်ထုက ဖုံးလွှမ်းလျှက် ရှိသည်။
“ကြာခဲ့ပါပြီ… ၊ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ၊ အဲဒီအချိန်တုန်းက ဝိညာဉ်စွမ်းအားတွေ ကြွယ်ဝပေါများပြီး သက်ရှိတွေအားလုံး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်နေကြတဲ့ ကမ္ဘာတစ်ခု ရှိခဲ့တယ် ၊ အဲဒီကမ္ဘာမှာ မျိုးနွယ်စုပေါင်း ထောင်နဲ့ချီပြီး ရှိခဲ့တယ် ၊ တန်ခိုးစွမ်းအားရှင်တွေဟာလည်း မရေမတွက်နိုင်အောင် ပေါများတယ် ၊ တာ့လော်အင်မော်တယ်တွေနဲ့ တာအိုအင်မော်တယ်တွေဆိုတာ သိပ်ကိုများပြားခဲ့တာပေါ့ ၊ သူတော်စင်ဖြစ်လာဖို့ အခွင့်အလမ်းတွေနဲ့ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်သူတွေလည်း အနည်းငယ် ရှိခဲ့ကြတယ် ၊ အဲဒီကမ္ဘာကြီးဟာ အရမ်းကိုအားကောင်းပြီး အဆုံးမရှိ ကျယ်ပြန့်တယ် ၊ ကျင့်ကြံသူတွေရဲ့ ခရီးဟာလည်း သိပ်ကိုရှည်လျားခဲ့တယ် ၊ ဒါပေမဲ့…”
“ကု” သက်ပြင်းချလိုက်သည်။
“ကျင့်ကြံသူတွေ အရမ်းအားကောင်းလာတဲ့အခါ မိုးကောင်းကင်တာအိုက ခံနိုင်ရည် မရှိတော့ဘူး ၊ တာအိုဆိုတာက အရာအားလုံး ဟန်ချက်ညီစေဖို့ အဓိကကျတယ် ၊ ဒါပေမဲ့ ထောင်ပေါင်းများစွာသော မျိုးနွယ်စုတွေကနေ သူတော်စင်တွေ ၊ တာအိုအင်မော်တယ်တွေနဲ့ တာ့လော်အင်မော်တယ်တွေ အများအပြားထွက်ပေါ်လာတဲ့အခါ မျိုးနွယ်စုတွေကြားက ပြိုင်ဆိုင်မှုတွေကြောင့် မညီမျှမှုတွေ ဖြစ်ပေါ်လာခဲ့တယ် ၊ နောက်ဆုံးမှာ တာအိုဟာ ဟန်ချက်ပျက်သွားပြီး မိုးကောင်းကင်တာအို ပြိုလဲသွားခဲ့တယ် ၊ သူတော်စင်တွေက တာအိုနဲ့တူ လျှောက်လှမ်းကြသူတွေ ဖြစ်တယ် ၊ မိုးကောင်းကင်တာအိုပြိုလဲသွားတာနဲ့ သူတို့ဟာ ဒုက္ခလှိုင်းတံပိုးတွေကို ထမ်းပိုးပြီး မိုးကောင်းကင်တာအိုကို ရင်ဆိုင်ခဲ့ကြတယ် ၊ ဒါပေမဲ့ မိုးကောင်းကင်တာအို ပြိုကျတဲ့အခါ ဘာဖြစ်သွားလဲသိလား ၊ တာအိုနဲ့အတူ လျှောက်လှမ်းကြတဲ့ သူတော်စင်တွေဟာ တစ်ညအတွင်း အားလုံး ပျက်စီးကုန်ကြတယ် ၊ အဖျက်တရားဟာ ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဘယ်သူမှ တားဆီးလို့ မရခဲ့ပါဘူး”
***