စနစ်၏ မူလရင်းမြစ်
Vol. 39 Ch. 540
ရှေးဟောင်းအနောက်နန်းတော်၏ ခန်းမဆောင်ထဲတွင် ကျန်းလန်က “ကု” ပြောပြသည့် ဇာတ်လမ်းကို တိတ်တဆိတ်နားထောင်နေသည်။
သူ တွေးမိသည်တစ်ခုရှိသော်လည်း သူက “ကု” ကို မနှောက်ယှက်ဘဲ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။ ဇာတ်လမ်းက အတော်ရှည်မည်ဖြစ်သည့်အတွက် အချိန်ကြာရှည်စွာ နားထောင်ရမည်ပင်။
နတ်ဘုရားရာထူးက ကျန်းလန်၏ ခန္ဓာကိုယ်ထက် သက်ဆင်းလာပြီဖြစ်သော်လည်း ဘိုးဘေးနှင့်စကားပြောနေစဉ်တွင် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်းကို ရပ်တန့်ထားသည်။ ရည်ရွယ်ချက်ရှိရှိ ရပ်တန့်နေခြင်း ဖြစ်နိုင်သည်။
“မိုးကောင်းကင်တာအိုပြိုကျပြီးတဲ့နောက် သူတော်စင်တွေလည်း ပျက်စီးသွားခဲ့ကြတယ် ၊ သူတော်စင်အဆင့်အောက်ရှိတဲ့ ကျင့်ကြံသူတွေကတော့ လွတ်မြောက်ခဲ့ကြတယ် ၊ ဒါပေမဲ့ သူတို့က ကမ္ဘာပျက်ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ကြရတယ် ၊ သူတော်စင်တွေမရှိတော့တဲ့နောက် တာအိုအင်မော်တယ်တွေဟာ အမြင့်မားဆုံးတန်ခိုးစွမ်းအားရှင်တွေ ဖြစ်လာတယ် ၊ ဒါပေမဲ့ သူတော်စင်အဆင့်အောက် ဘယ်အဆင့်မဆို ပုရွက်ဆိတ်တွေလိုပါပဲ ၊ သူတော်စင်တွေအကုန် သေကုန်မှတော့ တာအိုအင်မော်တယ်တွေက ဘာလုပ်နိုင်ဦးမှာလဲ”
“ကု” က သက်ပြင်းချလိုက်သည်။
“အဖြစ်အပျက်တွေက အရမ်းမြန်ဆန်တယ် ၊ ဘယ်သူမှ ကြိုတင်ပြင်ဆင်မထားနိုင်ခဲ့ကြဘူး ၊ မျိုးနွယ်စုထောင်ပေါင်းများစွာက တန်ခိုးစွမ်းအားရှင်တွေလည်း မိုးကောင်းကင်တာအိုပြိုကျတာကို ခုခံဖို့နေနေသာသာ ရင်ဆိုင်ဖို့တောင် အတော်လေးကြိုးစားခဲ့ရတယ် ၊ ခဏအတွင်းမှာပဲ ကမ္ဘာကြီးရဲ့တစ်ဝက်ကို မိုးကောင်းကင်တာအိုက ဖုံးလွှမ်းသွားပြီး အစိတ်အပိုင်းတစ်ခုအဖြစ် သိမ်းပိုက်လိုက်တယ်”
“မျိုးနွယ်စုပေါင်းစုံက သူတော်စင်တစ်ပိုင်းတွေနဲ့ တာအိုအင်မော်တယ်တွေ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပေမယ့် ဘယ်လောက် ရုန်းကန်ပါစေ အသုံးမဝင်ဘူး ၊ လူတိုင်း မကျေမနပ်ဖြစ်နေကြပေမယ့် ဘာမှမတတ်နိုင်ကြဘူး ၊ အဆုံးသတ်မှာတော့ ကမ္ဘာကြီးတဖြည်းဖြည်းပျက်စီးသွားတာကို ဒီအတိုင်းစောင့်ကြည့်နေခဲ့ကြရတယ် ၊ ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်တစ်ခဏမှာ တနိုးစွမ်းအားရှင်တွေဟာ ကမ္ဘာကြီးရဲ့ မူလတည်ထောင်ခြင်းဝိညာဉ်ကို နိုးထစေခဲ့ကြတယ် ၊ အဲဒီမူလတည်ထောင်ခြင်းဝိညာဉ်က သူတို့အားလုံးရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါပဲ”
“ဒါပေမဲ့ မူတည်ထောင်ခြင်းဝိညာဉ်က ကမ္ဘာဦးကာလပရမ်းပတာအခြေအနေတွေကို ဖွံ့ဖြိုးတိုးတက်လာစေနိုင်တဲ့ စွမ်းရည်သာလျှင်ရှိတယ် ၊ အဲဒါက မိုးကောင်းကင်တာအိုရဲ့အစွမ်းကို မတွန်းလှန်နိုင်ဘူး ၊ မိုးကောင်းကင်တာအို ပြိုကျခြင်းဟာ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီဆိုတာကို မူလတည်ထောင်ခြင်းဝိညာဉ် နားလည်ခဲ့တယ်”
“နောက်ဆုံးမှာတော့ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုအောက်မှာ မူလတည်ထောင်ခြင်းဝိညာဉ်ဟာ အရာအားလုံးကို ဖြတ်တောက်လိုက်တယ် ၊ ပြီးတော့ မျိုးနွယ်စုတွေအားလုံးရဲ့ မျိုးစေ့တွေကို သယ်ဆောင်ပြီး အဲဒီ ပျက်စီးနေတဲ့ကမ္ဘာကြီးပေါ်က ထွက်ပြေးသွားခဲ့တယ် ၊ ကျန်တဲ့သူတွေက မူလတည်ထောင်ခြင်းဝိညာဉ် ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အချိန်ဆွဲထားပေးကြတယ် ၊ အားလုံးက သူ လွတ်မြောက်သွားနိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်”
ထိုဇာတ်လမ်းကို နားထောင်ပြီးနောက် မျှော်လင့်ထားသည့်အတိုင်းပင် “ကု” ၏ ဇာတ်လမ်းများမှ အချို့အရာများကို သင်ယူနိုင်ခဲ့ပြီး အချို့အရာများကို ပိုမိုလေ့လာနိုင်ကြောင်း ကျန်းလန် တွေးမိသည်။
သို့သော်လည်း ကျန်းလန်က နောက်ထပ်အကြောင်းအရာများကို မျှော်လင့်နေမိသည်။
“အဲဒီအချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ပရမ်းပတာဖြစ်နေပြီး ဗဟိုဆုံချက်ကနေ ပေါက်ကွဲထွက်လာတယ်”
ပလ္လင်ထက်တွင်ထိုင်နေသည့် “ကု” သည် ဝမ်းနည်းမှုကို ခံစားနေရသည့်အလား မျက်နှာက မှုံမှိုင်းနေသည်။
“နောက်ဆုံးတော့ မျိုးနွယ်စုထောင်ပေါင်းများစွာနဲ့ သာယာတဲ့ကမ္ဘာကြီးဟာ လုံး၀ ပျက်စီးသွားခဲ့ပြီး ဖရိုဖရဲအရှုတ်အထွေးတွေသာ ကျန်ရစ်ခဲ့တယ် ၊ မိုးကောင်းကင်တာအိုရဲ့ နာကျည်းမှုအမျက်ဒေါသတွေ ၊ သူတော်စင်တွေရဲ့ အမုန်းတရားနဲ့ ဘဝပေါင်းများစွာဟာ ပုံပျက်ပန်းပျက် ဖြစ်ကုန်တယ် ၊ မူလတည်ထောင်ခြင်းဝိညာဉ်က တစ်နေ့နေ့မှာ ဒီအကြောင်းကို သိရှိသွားခဲ့တယ် ၊ သူက ကမ္ဘာအသစ်တစ်ခု ပေါ်ထွန်းလာအောင်ကြိုးစားပြီး တန်ခိုးစွမ်းအားရှင်အသစ်တွေ မွေးထုတ်ပေးချင်ခဲ့တယ် ၊ ကမ္ဘာဟောင်းက သက်ရှိတွေ ပုံပျက်ပန်းပျက်နဲ့ ပြိုလဲနေတာကို တွန်းလှန်ဖို့အတွက် အသစ်မွေးဖွားလာတဲ့ကမ္ဘာက တန်ခိုးစွမ်းအားရှင်တွေမှာ လုံလောက်တဲ့ ကြံ့ခိုင်မှုရှိဖို့ လိုအပ်တယ်”
“ကု” က ကျန်းလန်ကို ကြည့်လိုက်သည်။ သူ၏အကြည့်ထဲတွင် မေးခွန်းထုတ်ချင်သည့်ဆန္ဒများပါဝင်နေသည်။
ထို့နောက် သူ၏မျက်လုံးများက ပြန်လည်ငြိမ်သက်သွားပြီး စကားဆက်ပြောသည်။
“မူလတည်တောင်ခြင်းဝိညာဉ်ဟာ ဗလာနယ်ထဲမှာ ကမ္ဘာဦးကာလ ပရမ်းပတာနယ်မြေဖန်ဆင်းပြီး သူ့ခန္ဓာကိုယ်ထဲမှာ မိုးကောင်းကင်တာအိုအသစ်တစ်ခုကို ထပ်မံမွေးဖွားလာစေတယ် ၊ သူက ပြင်ဆင်မှုတွေအားလုံးပြုလုပ်ပြီး ကမ္ဘာအသစ်တစ်ခုကို တိတ်တဆိတ် သူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်စေတယ် ၊ အဲဒီနောက်မှာ ကမ္ဘာဦးကာလ ပရမ်းပတာနယ်မြေဟာ တဖြည်းဖြည်းစတင်ကျယ်ပြန့်လာတယ်”
“သူ့ရဲ့ဦးခေါင်းက ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ် ၊ ခန္ဓာကိုယ်က ခုခံခြင်းစက်ယန္တယားတစ်ခုအဖြစ် အရင် ကမ္ဘာဟောင်းကို ခုခံကာကွယ်ထားတယ် ၊ သူကိုယ်တိုင်က ကျယ်ပြန့်တဲ့လောကတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သက်ရှိတွေအားလုံးကို ပြုစုပျိုးထောင်ပေးတယ် ၊ မိုးနဲ့မြေမှာ တန်ခိုးစွမ်းအားရှင်တွေကို ထပ်မံမွေးဖွားလာစေတယ် ၊ ဒါပေမဲ့ သူက ကမ္ဘာဟောင်းက အငွေ့အသက်တွေကို ထားရစ်ခဲ့တယ် ၊ အဲဒီအငွေ့အသက်တွေ ပါဝင်လာရင် ကမ္ဘာအသစ်ရဲ့အခြေအနေက ကွဲပြားသွားနိုင်တယ် ၊ ဒါကြောင့် သူက နောက်ထပ်ကမ္ဘာတစ်ခုကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာဟောင်းက အငွေ့အသက်တွေကို ချန်ထားခဲ့တယ်”
“ဒါကြောင့် မူလတည်ထောင်ခြင်းဝိညာဉ်ဟာ ကမ္ဘာအဟောင်း ၊ ကမ္ဘာအသစ် ၊ ကမ္ဘာဟောင်းကအငွေ့အသက်တွေချန်ထားခဲ့တဲ့ကမ္ဘာဆိုတဲ့ ကမ္ဘာ (၃)ခုလုံးနဲ့ ချိတ်ဆက်နေတယ် ၊ ကမ္ဘာသစ်မွေးဖွားလာတယ်ဆိုပေမယ့် အဲဒါက အရမ်းငယ်သေးသလို အဆက်မပြတ် ကျယ်ပြန့်လာဖို့လည်း လိုအပ်တယ် ၊ အထွတ်ထိပ်အဆင့် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သက်ရှိတွေအားလုံး ပြန်လည်နလန်ထူလာဖို့ လိုအပ်တယ် ၊ မိုးကောင်းကင်တာအိုအသစ်က ကမ္ဘာသစ်မှာ ပြီးပြည့်စုံခြင်းမရှိသေးပေမယ့် ကျင့်စဉ်လမ်းကတော့ ချောမွေ့နေဆဲ ဖြစ်တယ် ၊ ကမ္ဘာသစ်က အလျှင်အမြန် ကြီးထွားလာခဲ့တယ် ၊ ရာပေါင်းများစွာသော မျိုးနွယ်စုတွေ ပြန်လည်ထွက်ပေါ်လာပြီး ပေါင်းစည်းနေထိုင်မှုပုံစံ ဖြစ်ပေါ်လာတယ် ၊ ဒီသက်ရှိတွေ ကမ္ဘာသစ်ကို စတင်သိမ်းပိုက်လိုက်တဲ့အခါ အဲဒီကမ္ဘာသစ်ကို “ပျက်သုဉ်းတစ်စပြင်လောကကြီး” လို့ ခေါ်ဆိုကြတယ် ၊ ပြီးတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ အထက်ကမ္ဘာကို ကောင်းကင်ဘုံလို့ခေါ်ပြီး ကိုယ်တွင်းမိစ္ဆာမွေးဖွားပေးနိုင်တဲ့ အောက်ကမ္ဘာကိုတော့ မရဏလောကလို့ ခေါ်တယ် ၊ အထက်ကမ္ဘာဟာ ကမ္ဘာဟောင်းဖြစ်ပြီး အောက်ကမ္ဘာကတော့ ကမ္ဘာဟောင်းရဲ့ အငွေ့အသက်တွေကို ချန်ထားရစ်ခဲ့တဲ့ကမ္ဘာဖြစ်တယ်”
“အဲဒီလောက (၃)ခုကို ဆက်သွယ်ပေးထားတဲ့ မူလတည်ထောင်သူဝိညာဉ်ရဲ့ ကျောရိုးကတော့ သစ်ပင်ကြီးတစ်ပင်အဖြစ်နဲ့ ကြီးထွားလာခဲ့တယ် ၊ အဲဒီသစ်ပင်က ပျက်သုဉ်းတစ်စပြင်လောကကြီးကို ဗဟိုပြုထားပြီး ဖန်ဆင်းခြင်းသစ်ပင်လို့ ခေါ်ဆိုကြတယ်”
စကားဆုံးသွားသည်နှင့် “ကု” က ကျန်းလန်ကို ကြည့်လိုက်သည်။
“မင်း အံ့သြသွားသလား”
ကျန်းလန်က…
“ဟုတ်… နည်းနည်းပေါ့”
အစကတည်းက ထိုသို့ဖြစ်မည်ဟု မှန်းဆထားသော်လည်း ကိုယ်တိုင်ကိုယ်ကျ ကြားသိလိုက်ရခြင်းက အနည်းငယ် စိတ်ကူးယဉ်ဆန်သလို ခံစားရသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးသည် ရှေးယခင်ကတည်းက တည်ရှိခဲ့သည့် ကမ္ဘာတစ်ခု ဖြစ်မည်ဟု အစက ကျန်းလန် ထင်ခဲ့သည်။ ယခုကဲ့သို့ ဇာစ်မြစ်များရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။
သို့ပေသိ ဤအဆင့်သို့တိုင် ရောက်လာခဲ့ပြီး နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်ထဲမှ တစ်ယောက်ဖြစ်လာပြီးသည့်နောက်ပိုင်း ဤကိစ္စများက မထူးဆန်းတော့သလို ခံစားရသည်။
အရာအားလုံး၏ နောက်ကွယ်တွင် ယေဘူယျအမှန်တရားက ရှိစမြဲပင်။ အရင်းအမြစ်ကို ခြေရာခံနိုင်သလို ဇာစ်မြစ်ကိုလည်း သိရှိသင့်သည်။
“ကု” ရှင်းပြနေသည့် ဇာတ်လမ်းက ပျက်သုဉ်းတစ်စပြင်လောကကြီး ဖြစ်ပေါ်လာပုံအကျဉ်းချုံ့ ဖြစ်သည်။ သို့သော် မူလတည်ထောင်ခြင်းဝိညာဉ်၏ တန်ခိုးစွမ်းအားက ကျန်းလန်ကို အတော်လေး အံ့အားသင့်စေခဲ့သည်။ သူဆိုလျှင် ထိုသို့သောအလုပ်မျိုးကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
ပြီးတော့…
ရှေးဟောင်းဧကရာဇ်နန်းတော် ရင်ဆိုင်ခဲ့ရသည့်ရန်သူမှာ မည်သူဖြစ်ကြောင်း ရိပ်မိသွားသည်။ ထိုရန်သူက အနာဂတ်တွင် သူရင်ဆိုင်ရမည့်ရန်သူ ဖြစ်လာပေမည်။
သူတော်စင်တစ်ယောက်မဖြစ်လာဘဲ ရန်သူကို ရင်ဆိုင်ရန် နည်းလမ်းရှိမည် မဟုတ်ပေ။
ဧကရာဇ်ရှီးဟယ်သည်လည်း အလယ်ပိုင်းနန်းတော်ကို သိမ်းပိုက်ကာ သူတောင်စင်တစ်ယောက်ဖြစ်လာရန် ကြံစည်နေသည်မှာ အံ့သြစရာမရှိပေ။
သူတော်စင်အဆင့်အောက် ကျင့်ကြံသူများက ကမ္ဘာဟောင်းပြိုလဲခြင်းစွမ်းအားကို မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။
“ကု” က ကျန်းလန်ကိုကြည့်ကာ ပြုံးလိုက်သည်။
“နည်းနည်းလောက်ပဲ အံ့သြတာလား”
“ဒါဆို ဆက်နားထောင်ပါ ၊ မင်းကို ပိုပြီး အံ့အားသင့်စေတဲ့ အကြောင်းအရာမျိုး ထပ်ပြောပြမယ်”
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
“ကု” က သူ့ကို ဇာတ်လမ်းများပြောပြနေသော်လည်း ထိုဇာတ်လမ်းများက အတိတ်အကြောင်း အဖြစ်မှန်များ ဖြစ်သည်။ ထိုအကြောင်းများကို “ကု” မည်သို့သိရှိသည်လဲဆိုသည်ကိုတော့ ကျန်းလန် မမေးမြန်းခဲ့ပေ။
နောက်မှ အချိန်ရလျှင် မေးမြန်းကြည့်မည်ဖြစ်ပြီး ယခုတော့ ဇာတ်လမ်းအပြည့်အစုံကိုသာ ဆက်ပြီးနားထောင်ချင်သည်။
“ကမ္ဘာသစ်ကို မွေးဖွားပေးခဲ့တဲ့ မူလတည်ထောင်ခြင်းဝိညာဉ်က အရင်ကမ္ဘာဟောင်းကသက်ရှိတွေကို သတိထားဖို့ ကမ္ဘာသစ်ကို သတိပေးချင်ပေမယ့် အဲဒီအချိန်မှာ ကမ္ဘာသစ်မှာ တန်ခိုးစွမ်းအားရှင်တွေ ထွက်ပေါ်မလာသေးဘူး ၊ တန်ခိုးစွမ်းအားရှင်မဟုတ်တဲ့ သာမန်လူတစ်ယောက်ကို ဒီအကြောင်းတွေ ပြောပြတာက အသုံးမဝင်ဘူး ၊ ဘာလို့လဲဆိုတော့ အချိန်တွေကြာလာတာနဲ့အမျှ သတင်းက ပျက်စီးသွားပြီး ဒဏ္ဍာရီတစ်ခု ဖြစ်သွားနိုင်တယ်လေ”
“အဲဒီလိုနဲ့ ကမ္ဘာအသစ်က ပိုပြီး ကျယ်ပြန့်လာတယ် ၊ တန်ခိုးစွမ်းအားရှင်တွေလည်း စတင်ထွက်ပေါ်လာတယ် ၊ ဒါပေမဲ့ အရင်ကမ္ဘာဟောင်းနဲ့မတူတာက ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်းအဆင့်တက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြရတယ် ၊ ပိုပြီးထူးခြားတာက ကျင့်စဉ်လမ်းအဆုံးကို ရောက်တဲ့အခါ သူတော်စင်အဆင့်ကိုတက်ဖို့ ရှေ့လမ်းကို မမြင်တွေ့နိုင်ကြတာပဲ”
“ကျင့်ကြံသူတွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်အမျိုးမျိုး ရှိခဲ့ပေမယ့် ကမ္ဘာဟောင်းက အန္တရယ်တဖြည်းဖြည်းနီးကပ်လာတာကို ဘယ်သူမှ မသိခဲ့ကြဘူး ၊ ကျင့်ကြံသူတွေက ရှေ့ဆက်ရမယ့်လမ်းကိုရှာဖွေရင်း တစ်စုံတစ်ခုကို နားလည်သွားကြတယ် ၊ အဲဒါကတော့ သူတော်စင်အဆင့်ကို မရောက်နိုင်ရတဲ့ အဓိကအကြောင်းရင်းက ဒီကမ္ဘာသစ်ကြောင့်ဖြစ်တယ်ဆိုတာပါပဲ ၊ ဒီကမ္ဘာက အစကတည်းက သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တဲ့လမ်းစဉ် ပျက်စီးနေခဲ့တယ်”
“အဲဒီအချိန်မှာ လူတစ်ယောက် ထွက်ပေါ်လာခဲ့တယ် ၊ သူက မိုးနဲ့မြေကို ဖြတ်ကျော်ပြီး ကောင်းကင်ဘုံကိုလည်းသွားရောက်ခဲ့သလို မရဏလောကကိုလည်း သွားရောက်ခဲ့တယ် ၊ နောက်ဆုံးမှာတော့ သူဟာ ဖန်ဆင်းခြင်းသစ်ပင်ထက်မှာ ရပ်တန့်လိုက်တယ် ၊ အဲဒီသစ်ပင်ထိပ်မှာ သူ တစ်စုံတစ်ခုကို တွေ့ရှိခဲ့တယ် ၊ အဲဒါက မူလတည်ထောင်ခြင်းဝိညာဉ်ချန်ထားခဲ့တဲ့ သတင်းစကားတစ်ခုပဲ ၊ အဲဒီသတင်းစကားကနေတစ်ဆင့် ဒီကမ္ဘာသစ်ရဲ့ မူလဇာစ်မြစ်နဲ့ ရင်ဆိုင်ရမယ့်အန္တရယ်ကို သိခဲ့တယ်”
“ဒါပေမဲ့ အဲဒီလူက အဲဒီသတင်းစကားကို တန်းပြီးမယုံခဲ့ဘူး ၊ အမှန်တကယ် ဟုတ်မဟုတ် သုံးသပ်ဖို့အတွက် သူ့ကိုယ်ပိုင်တန်ခိုးစွမ်းအားကို အသုံးပြုခဲ့တယ် ၊ အဲဒီမှာ သူက ဖော်မပြနိုင်တဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ် ၊ အဲဒါကတော့ ဗလာနယ်ထဲမှာ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိတဲ့ တစ်စုံတစ်ခု ရှိနေတာပါပဲ ၊ အဲဒီအရာက အမုန်းတရား ၊ ဒေါသတွေနဲ့ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ကမ္ဘာဟောင်းပါပဲ ၊ အဲဒီနောက်မှာတော့ မူလတည်ထောင်ခြင်းဝိညာဉ်ရဲ့သတင်းစကားကို သူ ယုံကြည်သွားခဲ့ပြီး အန္တရယ်ကိုရင်ဆိုင်ဖို့ စတင်ပြင်ဆင်တယ် ၊ ဒါပေမဲ့ သူ့တစ်ယောက်တည်း တန်ခိုးစွမ်းအားနဲ့မရဘဲ အခြားသူတွေရဲ့ အကူအညီလည်း လိုအပ်တယ်”
“ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်စီးပစ်နိုင်တဲ့ တည်ရှိမှုတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ သူတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလေ ၊ သူက တန်ခိုးစွမ်းအားရှင်တွေကို ရှာဖွေစုဆောင်းခဲ့ပြီး သူ့အတွက် သူတော်စင်ဖြစ်လာနိုင်မယ့် လမ်းစဉ်ကိုလည်း ရှာဖွေခဲ့တယ် ၊ အန္တရယ်ကိုရင်ဆိုင်ဖို့က တာအိုအင်မော်တယ်ဖြစ်ရုံနဲ့ မလုံလောက်ဘူး ၊ သူတော်စင်ဖြစ်မှရမယ်လေ ၊ ဒါပေမဲ့ ဒီကမ္ဘာသစ်မှာ သူတော်စင်တွေအတွက် နေရာမရှိဘူး ၊ ဒါကြောင့် သူက ဒီလောကရဲ့ အရာအားလုံးကို အသုံးပြုပြီး သူတော်စင်ပလ္လင်ကိုတည်ဆောက်ခဲ့တယ်”
“သူက ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ပြီး လူပေါင်းများစွာနဲ့ ထူးခြားတဲ့မျိုးနွယ်စုများစွာကို စုစည်းခဲ့တယ် ၊ ဒါတွေအားလုံးက နောက်ဆက်တွဲ ထိပ်တိုက်ရင်ဆိုင်မှုအတွက်ပါပဲ ၊ ဒီတိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားမယ့် တိုက်ပွဲမဟုတ်ဘဲ အဆုံးမဲ့တိုက်ပွဲတစ်ခု ဖြစ်တယ် ၊ အားလုံးပြင်ဆင်ပြီးတဲ့အခါ သူ့နောက်လိုက်တဲ့လူတွေ အများကြီးရှိနေတာ တွေ့လိုက်ရတယ် ၊ သူက ‘ဘာလို့ သူနဲ့အတူ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိတာလဲ’ လို့ အဲဒီလူတွေကို မေးခဲ့တယ် ၊ ဒါပေမဲ့ အဲဒီလူတွေက သူ့မေးခွန်းကို မဖြေဘဲ မေးခွန်းတစ်ခုပြန်မေးတယ် ၊ ‘ဘာလို့ ရှေ့ကဦးဆောင်ရတာလဲ’ တဲ့”
“ဒီမေးခွန်းက အဲဒီလူကို ထိတ်လန့်သွားစေ ၊ သူ ဘာလို့ ဦးဆောင်ခဲ့ရတာလဲ ၊ သူ့ကိုယ်သူ အဲဒီမေးခွန်း ပြန်မေးကြည့်တယ် ၊ ဒါပေမဲ့ အဖြေမရှိဘူး ၊ ဒါကြောင့် သူလည်း ဘာမှမေးခွန်းထပ်မထုတ်တော့ဘဲ အန္တရယ်ကိုရင်ဆိုင်ဖို့ စတင်ခဲ့တယ် ၊ သူ ဒီလိုအလုပ်တွေ လုပ်နေတာဟာ သူ့အတွက်လား ၊ ပျက်သုဉ်းခြင်းတစ်စပြင်လောကကြီးက သက်ရှိတွေအတွက်လားဆိုတာ မသိပေမယ့် သူ ခေါင်းဆောင်လိုက်တာနဲ့ သူ့နောက်ကိုလိုက်မယ့်သူတွေ အများကြီးရှိတယ်ဆိုတာ သိခဲ့ရတယ် ၊ အဲဒီအချက်ကတင် သူ့အတွက် လုံလောက်ခဲ့တယ် ၊ ပြီးတော့ ဒီလောကကြီးက ဘေးအန္တရယ်ကပ်ဆိုးကြီးကို ခံနိုင်ရည်ရှိမှာ မဟုတ်လို့ သူကပဲ တာဝန်ယူပေးရလိမ့်မယ်လို့ နားလည်ခဲ့တယ်”
“ကု” က နောက်သို့အသာပြန်ဆုတ်လိုက်ပြီး စကားဆက်ပြောသည်။
“မျှော်လင့်ထားတဲ့အတိုင်း ဘေးအန္တရယ်ကပ်ဆိုးကြီးက ကျရောက်လာခဲ့တယ် ၊ ကောင်းကင်ဘုံပြိုကျလာပြီး ကမ္ဘာဟောင်းဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးဆီ ဆင်းသက်လာတယ် ၊ ကမ္ဘာကြီးစောင်းသွားပြီး မြေတွေပြိုကျလာတယ် ၊ နောက်ဆုံးအခြေအနေမှာ အဲဒီပုဂ္ဂိုလ်ဟာ အန္တရယ်ကိုတားဆီးဖို့ အခြေအနေထဲကို ဝင်ရောက်လာတယ် ၊ သူက ဒီလောကမှာ မွေးဖွားခဲ့တဲ့ တစ်ဦးတည်းသော သူတော်စင်ပါပဲ”
“သူဟာ ရှေးဟောင်းဧကရာဇ်ဆိုတဲ့နာမည်နဲ့ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ ကျော်ကြားခဲ့တယ် ၊ သူက သူတော်စင်တစ်ယောက်ဖြစ်ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကာကွယ်ပေးတဲ့သူလည်း ဖြစ်တယ် ၊ ရှေးဟောင်းဧကရာဇ် သူတော်စင်ဖြစ်လာပြီးတဲ့နောက်မှာ သူ့နောက်လိုက်တွေဟာလည်း ကျင့်ကြံခြင်းအဆင့်တွေ မြင့်တက်လာကြတယ် ၊ သူတို့က ဘေးအန္တရယ်ကပ်ဆိုးကြီးကို ရပ်တန့်စေခဲ့ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးကို တည်ငြိမ်စေခဲ့တယ်”
“ရှေးဟောင်းဧကရာဇ်ဟာ ဖန်ဆင်းခြင်းသစ်ပင်ကို အသုံးပြုပြီး လောကကြီးပြိုလဲမသွားအောင် ထောက်ပံ့ပေးထားတယ် ၊ အခြားသူတွေကလည်း ကုန်းမြေတွေကို ပြန်လည်ပြုပြင်ပေးကြပြီး ကပ်ဆိုးကြီးဆက်မဖြစ်အောင် ကာကွယ်ပေးခဲ့ကြတယ် ၊ နောက်ဆုံးမှာ ရှေးဟောင်းဧကရာဇ်ဟာ သူ့ရဲ့ သူတော်စင်ခန္ဓာကို အသုံးပြုပြီး ပြိုကျလာတဲ့ကောင်းကင်ဘုံကို အထက်ကိုပြန်တွန်းပို့ခဲ့တယ် ၊ ပြီးတော့ ကာလရှည်ကြာ ခံစစ်စည်းတစ်ခုကို တည်ဆောက်ဖို့ ရှေးဟောင်းဧကရာဇ်နန်းတော်ကို တည်ထောင်ခဲ့တယ်”
“အဲဒီအချိန်ကစပြီး ရှေးဟောင်းဧကရာဇ်နန်းတော်ဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ ရှေးတန်းစစ်မျက်နှာ ဖြစ်လာခဲ့တာပါပဲ ၊ ကောင်းကင်ဘုံပြိုကျတာကို ကာကွယ်ပေးတဲ့ စစ်မြေပြင် ဖြစ်လာခဲ့တယ် ၊ အဲဒါဟာ ရှေးဟောင်းဧကရာဇ်နန်းတော် ထွက်ပေါ်လာရတဲ့ အကြောင်းရင်းပါပဲ”
ကျန်းလန် တိတ်ဆိတ်နေသည်။ ထိုအကြောင်းများကို သစ်ပင်ရှေ့ရွာတွင် ရှိစဉ်က သူ ကြားခဲ့ဖူးသည်။ သို့သော် ယခု “ကု” ပြောပြသည်နှင့် အမြင်အနည်းငယ် ကွဲပြားသည်။ သို့သော် ဇာတ်လးမ်ကတော့ တူညီသည့် အမှန်တရားတစ်ခု ဖြစ်သည်။
“ရှေးဟောင်းဧကရာဇ်ဟာ ကမ္ဘာဟောင်းရဲ့ ကျူးကျော်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့တယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးဆီကို ကမ္ဘာဟောင်းပြိုကျလာတာကို ခုခံဖို့ နည်းလမ်းတွေလည်း သူ့မှာရှီတယ် ၊ သူ့နောက်လိုက်တွေကလည်း ကမ္ဘာဟောင်းက ကျူးကျော်လာနိုင်တဲ့ဟာကွက်တွေအကုန်လုံးကို ပိတ်ဆို့ထားခဲ့ကြတယ်”
“ဒါပေမဲ့ သေးငယ်တဲ့ ဟာကွက်လေးတစ်ခုက ရှေးဟောင်းဧကရာဇ်နန်းတော်တစ်ခုလုံးကို အလုံးစုံ ပျက်စီးစေခဲ့တယ် ၊ အချိန်အတန်ကြာတိုက်ပွဲဝင်ပြီးတော့မှ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီဆိုတာကို သဘောပေါက်ခဲ့ရတယ် ၊ အဲဒီမှာ သူက ကောင်းကင်ဘုံကို ပိတ်ထားရတော့မယ်ဆိုတာ သဘောပေါက်လိုက်တယ် ၊ မဟုတ်ရင် ပျက်သုဉ်းတစ်စပြင်လောကကြီး ဒုက္ခရောက်တော့မှာလေ ၊ နောက်ဆုံးတော့ ရှေးဟောင်းဧကရာဇ်က ကောင်းကင်ဘုံကို ပိတ်လိုက်ပြီး သူနဲ့ သူ့နောက်လိုက်တွေအကုန်လုံး စတေးခံခဲ့ကြတယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ တန်ခိုးစွမ်းအားရှင်တွေ ထပ်မံထွက်ပေါ်လာတဲ့အချိန်တစ်ခုအထိ ကောင်းကင်ဘုံကို ပိတ်ထားပြီး အချိန်ဆွဲထားနိုင်မယ်လို့ သူတို့မျှော်လင့်ခဲ့ကြတယ်”
“ဒါကြောင့်ပဲ သူတို့ဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးကနေ ရရှိထားတဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါတွေကို စုစည်းပြီး နတ်ဘုရားရာထူးတွေ ချန်ထားခဲ့ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ် ၊ တကယ်တော့ နတ်ဘုရားရာထူးဆိုတာဟာ တန်ခိုးစွမ်းအားတွေပါပဲ ၊ ကောင်းကင်ဘုံနောက်တစ်ကြိမ်ပြိုလဲကျတဲ့အခါ အဲဒီနတ်ဘုရားရာထူးတွေကသာ ပျက်သုဉ်းတစ်စပြင်လောကကြီးကို ဆက်ပြီးကာကွယ်ပေးနိုင်လိမ့်မယ် ၊ သူတို့ ကောင်းကင်ဘုံကို ပိတ်ဆို့ထားခဲ့ပေမယ့် အချိန်ဘယ်လောက် ကြာကြာခံမလဲ မသိနိုင်ဘူးလေ”
“အဲဒီအချိန်မှာ ရှေးဟောင်းဧကရာဇ်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ် ၊ သူ့ဝိညာဉ်တစ်ပိုင်းတစ်စကို ခွဲထုတ်ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားစေခဲ့တယ် ၊ သူက အဲဒီကိုယ်ခွဲကနေတစ်ဆင့် သူတော်စင်ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်ခဲ့တယ် ၊ ပြန်လည်မွေးဖွားလာတဲ့ ရှေးဟောင်းဧကရာဇ်ရဲ့ ဝိညာဉ်အပိုင်းအစဟာ ငယ်ငယ်ကတည်းက သူ့ကိုယ်သူ “ကု” လို့ နာမည်ပေးခဲ့တယ်လေ”
“သူက ပျက်သုဉ်းတစ်စပြင်လောကကြီးကို ခရီးဆန့်ခဲ့ပြီး ကျင့်ကြံခြင်းကလည်း လျှင်မြန်စွာ မြင့်တက်လာခဲ့တယ် ၊ လောကကိုထိုးထွင်းသိမြင်ခဲ့ပြီး အရာများစွာကိုလည်း ဖန်တီးခဲ့တယ် ၊ မန္တန်ပညာတွေ ၊ ကျင့်စဉ်တွေနဲ့ အခြားအကြောင်းအရာတွေ အတော်များများကို ဖန်တီးခဲ့တယ် ၊ ဒါပေမဲ့ သူတော်စင်ဖြစ်လာဖို့ နည်းလမ်းကိုတော့ ရှာမတွေ့ခဲ့ဘူး ၊ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံမှာ ရှိနေတဲ့အရာနဲ့ပတ်သက်ပြီး သူ အကြံတစ်ခုရခဲ့တယ် ၊ အလှည့်အပြောင်းအတန်ကြာပြီးတဲ့နောက် သူက တောင်တန်းတစ်ခုဆီကို ရောက်ရှိလာတယ် ၊ အဲဒီနေရာမှာ တောင်ထွတ် (၉)ခု ထွက်ပေါ်လာအောင် ဆွဲထုတ်ခဲ့ပြီး အဲဒီတောင်တန်းကို ခွန်လွန်လို့ အမည်တွင်စေတယ်”
“အဲဒီနောက်မှာ နဝမတောင်ထွတ်ကတစ်ဆင့် မရဏလောကကို သွားခဲ့တယ် ၊ အဲဒါ သူသွားချင်တဲ့နေရာ မဟုတ်ခဲ့ဘူး ၊ နောက်ဆုံးတော့ ပထမတောင်ထွတ်ကနေ ကောင်းကင်ဘုံတံခါးကို ရှာတွေ့ခဲ့ပြီး ကောင်းကင်ဘုံကို ရောက်သွားခဲ့တယ် ၊ အဲဒီအချိန် ရှေးဟောင်းဧကရာဇ်နန်းတော်ဟာ ရှုံးနိမ့်လုနီးပါး ဖြစ်နေပြီ ၊ ကြိုးစားခုခံနေကြတဲ့သူ အနည်းငယ်ပဲ ရှိတော့မယ် ၊ အဲဒီမှာ “ကု” ဟာ အဖြစ်အပျက်တွေကို နားလည်အောင်ကြိုးစားခဲ့ပြီး အဲဒီလူတွေကို ကူညီတိုက်ခိုက်ပေးခဲ့တယ် ၊ ဒါပေမဲ့ သူ ဝင်တိုက်ပေးတာဟာလည်း အရေးမပါတော့ပါဘူး ၊ သူ ဒဏ်ရာအပြင်းအထန်ရပြီး ခွန်လွန်တောင်ကို ပြန်ရောက်လာတယ် ၊ အဲဒီနောက်တော့ ခွန်လွန်စိတ်ကျမ်းအပါအဝင် စာအုပ်စာပေတွေကို စတင်ရေးသားတယ် ၊ မှော်ဝင်ပစ္စည်းများစွာကိုလည်း ချန်ထားခဲ့ပြီး တပည့်အနည်းငယ်လည်း မွေးခဲ့တယ်”
“ပြင်ဆင်မှုတွေအားလုံး ပြုလုပ်ပြီးတဲ့နောက်မှာ သူ ကောင်းကင်ဘုံကို ထပ်ပြီးသွားခဲ့တယ် ၊ သူ့အတွက် သူတော်စင်လည်း ဖြစ်လာနိုင်ခြေမရှိတော့ဘူး ၊ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အဲဒီနေရာမှာ သူ့ကိုယ်သူ စတေးခံလိုက်ဖို့ပါပဲ”
“နောက်ဆုံးအချိန်ထိ သူ ကောင်းကင်ဘုံမှာပဲ နေခဲ့တယ် ၊ ရှေးဟောင်းအနောက်နန်းတော်က သူတည်းခိုနေထိုင်ခဲ့တဲ့ နေရာပဲ ၊ အဲဒီနေရာကို ခွန်လွန်တောင်အတွက် သူက ပြင်ဆင်ပေးထားခဲ့တယ် ၊ “ကု” က ခွန်လွန်တောင်ရဲ့ စွမ်းအားကို အခိုင်အမာယုံကြည်တယ် ၊ ပြီးတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးက အရည်အချင်းရှိသူတွေအကုန်လုံး ခွန်လွန်တောင်မှာ လာရောက်စုဝေးဖို့ ထောင်ချောက်တစ်ခုလည်း ဆင်ထားခဲ့တယ် ၊ သူက ခွန်လွန်တောင်မှာ တန်ခိုးစွမ်းအားအမြင့်မားဆုံးလူတွေ စုစည်းနေစေဖို့ ရည်ရွယ်ခဲ့တယ်လေ… ၊ အဲဒီနောက်မှာတော့…”
“အခု မင်း ကျုပ်ကို လာတွေ့တဲ့အချိန်ကို ရောက်လာတာပါပဲ”
"ကျောက်စိမ်းရေကန်ကရော ဘယ်လိုလဲ"
ကျန်းလန်က ရုတ်တရက် မေးလိုက်သည်။
“ကျောက်စိမ်းရေကန်ရဲ့ တည်ရှိမှုက အလွန်ထူးခြားတယ် ၊ အဲဒါက တောင်ထွတ် (၉)ခုလုံးကို စွမ်းအားတွေ ပေးဝေနိုင်စွမ်းရှိသလို ခွန်လွန်တောင်ရဲ့ စွမ်းအားကိုလည်း ပေါင်းစည်းနိုင်တယ် ၊ လောကရဲ့ အမာခံဓာတ်တည်ရှိရာနေရာပဲ ၊ အဲဒါက ဘာအတွက် တည်ရှိနေရတာလဲဆိုတော့ ခွန်လွန်တောင်ကို ဖိနှိပ်ထားဖို့ပဲ ၊ ခွန်လွန်တောင်မှာ ငရဲတံခါးရှိနေတာကြောင့် ဖိနှိပ်ထားဖို့ လိုအပ်တယ်လေ”
“ကု” က ရှင်းပြသည်။
ကျန်းလန် တိတ်ဆိတ်နေသည်။ သူ အရင်ကလည်း ဤအကြောင်းအရာများကို ကြားသိခဲ့ဖူးသည်။ သို့သော် “ကု” ကတော့ အရာအားလုံးကို ချိတ်ဆက်ပေးနိုင်သည်။
အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း နားမလည်သေးသည့်တိုင် အများစုကိုတော့ နားလည်လာပြီ ဖြစ်သည်။
သို့သော် “ကု” သည် ရှေးဟောင်းဧကရာဇ်၏ ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်နေခြင်းက အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ သူက သူတော်စင်တစ်ယောက်အဖြစ် ရပ်တည်ချင်ခဲ့သော်လည်း နည်းလမ်းရှာဖွေ၍ မရနိုင်ခဲ့ပေ။
“ဒီဇာတ်လမ်းက ပြီးသွားပြီထင်သလား”
ပလ္လင်ထက်မှ “ကု” ၏ အသံက ထွက်ပေါ်လာသည်။
ကျန်းလန်က…
“နောက်ထပ် ရှိသေးတာလား”
“ကု” က ကျန်းလန်ကို ကြည့်လိုက်ရင်း…
“မင်းက ထူးခြားမှုရှိတဲ့သူဖြစ်လို့ ဒီဇာတ်လမ်းကို ဆက်ပြောပြမယ် ၊ ဒီဇာတ်လမ်းက စောစောက ပြောပြခဲ့တဲ့ဇာတ်လမ်းတွေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ”
ကျန်းလန်က မည်သည့်စကားမှမဆိုဘဲ နောက်ထပ်ပြောလာမည့်စကားများကိုသာ စောင့်မျှော်နေခဲ့သည်။ ယခု သူ ကြားရမည့်စကားများက သူ့အတွက် အရေးပါသည်ဟုလည်း ခံစားနေရသည်။
“ကု က သူတော်စင်ဖြစ်လာဖို့ မျှော်လင့်ချက် မရှိခဲ့ပါဘူး ၊ ပြီးတော့ ကောင်းကင်ဘုံပြိုလဲတော့မှာ ဖြစ်လို့ အမှောင်ထုထဲက အန္တရယ်ကို အသက်ပေးပြီးကာကွယ်ရင်တောင် အသုံးမဝင်တောဘူး ၊ ဘာလို့လဲဆိုတော့ ပြဿနာရဲ့ ရင်းမြစ်ကို မဖြေရှင်းနိုင်ခဲ့လို့ပဲ ၊ ရှေးဟောင်းဧကရာဇ် ကျဆုံးခါနီးမှာ ကမ္ဘာသစ်ရဲ့ မိုးကောင်းကင်တာအိုကလည်း အန္တရယ်ကိုဆက်ထိန်းထားဖို့ စွမ်းအားမဲ့သွားခဲ့တယ် ၊ ဒါကြောင့် ရှေးဟောင်းဧကရာဇ်နဲ့ ကမ္ဘာသစ်ရဲ့ မိုးကောင်းကင်တာအို ပူးပေါင်းပြီး နောက်ဆုံးတိုက်ပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်”
“ကု” က ကျန်းလန်ကိုကြည့်နေသည်။ သူ့အကြည့်များက တစ်စုံတစ်ခုကို ထိုးဖောက်သိမြင်နေသည့်အလား ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် သိမြင်နိုင်ခြင်း မရှိခဲ့ပေ။
သူက ဆက်ပြောသည်။
“ကမ္ဘာသစ်ရဲ့ မိုးကောင်းကင်တာအိုဟာ သူ့ရဲ့ဗဟိုမဏ္ဍိုင်ကို အသုံးပြုပြီး သူတော်စင်အခွင့်အရေးအသစ်တစ်ခုကို ဖန်တီးဖို့ အသုံးပြုခဲ့တယ် ၊ အဲဒါဟာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ် ၊ နောက်ဆုံးမှာ သူတော်စင်အခွင့်အရေးနဲ့အတူ မိုးကောင်းကင်တာအိုရဲ့ ဗဟိုမဏ္ဍိုင်ဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးထဲကို ရောက်ရှိသွားခဲ့တယ်”
ကျန်းလန် မယုံကြည်နိုင်ဖြစ်သွားသည်။ သူ တစ်ခုခုကို မှန်းဆလိုက်မိသည်။
မကြာခင် “ကု” ၏ နှုတ်ဖျားမှ အဖြေတစ်ခု ထွက်လာသည်။
“အဲဒီ သူတော်စင်အခွင့်အရေးကို ရရှိတဲ့သူဟာ မဟာတာအိုရဲ့လက်ဆောင်ကို ရရှိလိမ့်မယ်”
***