← Chapters

ပထမဆုံး သူတော်စင်

Vol. 39 Ch. 541

ပထမဆုံး သူတော်စင်

Vol. 39 Ch. 541

“မဟာတာအိုရဲ့လက်ဆောင်” တဲ့လား။

ထိုစကားကို ကြားသည့်အခါ ကျန်းလန် စနစ်မှထွက်ပေါ်လာသည့်စကားသံကို ပြန်စဉ်းစားကြည့်မိသည်။

[စနစ်မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ် ၊ မဟာတာအိုမှပေးအပ်သည့်လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်…]

သို့ဆိုလျှင် စနစ်က သူတော်စင်အခွင့်အရေးကို ဖန်တီးထားသည့် ကမ္ဘာသစ်၏မိုးကောင်းကင်တာအိုဗဟိုမဏ္ဍိုင်လေလား။

ကျန်းလန်က မဟာတာအိုမှ လက်ဆောင်များ အမြဲတမ်း ရရှိခဲ့သည်။ ထိုသို့ဖြစ်ရသည်မှာ စနစ်မှ ကမ္ဘာသစ်၏မိုးကောင်းကင်တာအို အလုပ်လုပ်နေသောကြောင့် ဖြစ်သည်။

ထိုအကြောင်းကို သိရှိလိုက်သည်နှင့် နတ်ဘုရားရာထူးက သူ့ကို ကန့်သတ်ထားနိုင်ခြင်းမရှိသည်မှာ အံ့သြစရာမဟုတ်တော့ကြောင်း သဘောပေါက်လိုက်သည်။ ထို့ပြင် နတ်ဘုရားရာထူးကို လွယ်ကူစွာ ရယူနိုင်ခဲ့ခြင်းမှာလည်း အံ့သြစရာ မဟုတ်တော့ပေ။

တစ္ဆေတိုင်းပြည်၏ဆုတောင်းခြင်းနှင့် ခွန်လွန်တောင်၏ထင်ရှားရှိမှုက နတ်ဘုရားရာထူးကို အလွယ်တကူ ရရှိစေမည် မဟုတ်ပေ။

သူကိုယ်တိုင်က နတ်ဘုရားရာထူးထက်သာလွန်သည့် သူတော်စင်အခွင့်အရေးကို ရရှိထားသည့်အတွက် နတ်ဘုရားရာထူးကို လွယ်ကူစွာ ရရှိခဲ့သလို နတ်ဘုရားရာထူး၏ ကန့်သတ်ခြင်းကိုလည်း မခံခဲ့ရခြင်း ဖြစ်၏။

ပြီးတော့ သူ ရရှိထားသည့် သူတော်စင်အခွင့်အရေးမှာလည်း ရှေးဟောင်းဧကရာဇ်နန်းတော်မှ မိုးကောင်းကင်တာအို၏ သူတော်စင်ရာထူးနေရာဖြစ်သည်။

“ကု” က…

“မင်း ဘာတွေတွေးနေတာလဲ”

ကျန်းလန်က…

“ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ လူတွေအများကြီးရှိတာပဲ ၊ ဘာဖြစ်လို့ ကျွန်တော့်ကိုမှ ရွေးချယ်တာလဲ”

သူတော်စင်အခွင့်အရေးက လူတစ်ယောက်ကို မျှော်လင့်ချက်လည်းပေးသလို ပျက်စီးသွားအောင်လည်း ပြုလုပ်နိုင်သည်။

သူက အရည်အချင်းမြင့်မားသူတစ်ယောက် မဟုတ်ပေ။ သူက စနစ်နှင့် ဆရာဖြစ်သူ၏ အကူအညီကြောင့်သာ အင်မော်တယ် ဖြစ်လာသူ ဖြစ်သည်။

“ကု” က ကျန်းလန်ကို ပြုံးပြီးကြည့်လိုက်သည်။

“ဘာကြောင့်လဲ ဟုတ်လား”

သူက ဆက်ပြောသည်။

“အမှန်ပဲ ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာာ လူတွေအများကြီးရှိတယ် ၊ ဒါပေမဲ့ ဘာလို့ မင်းကိုရွေးချယ်ရတာလဲ ၊ ဒါဖြင့် ခုလို ရွေးချယ်ခံရတာ မင်းကိုယ်မင်း ကံကောင်းတယ်လို့ထင်လား ၊ ကံဆိုးတယ်လို့ ထင်လား”

ကျန်းလန် တိတ်ဆိတ်သွားသည်။

ဤသည်က ကံကောင်းခြင်းလား ၊ ကံဆိုးခြင်းလား။

အလွန်ကံကောင်းသည်ဟု ယူဆသင့်သည်။

“ကု” က…

“မင်းကိုယ်မင်း ကံကောင်းတယ်လို့ယူဆသည်ဖြစ်စေ ၊ ကံဆိုးတယ်လို့ယူဆသည်ဖြစ်စေ ရွေးချယ်စရာ မရှိပါဘူး ၊ ဒါပေမဲ့ မိုးကောင်းကင်တာအိုနဲ့ ရှေးဟောင်းဧကရာဇ်နန်းတော်မှာရော ရွေးချယ်စရာရှိတယ်လို့ မင်းထင်သလား ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးက မရေမတွက်နိုင်တဲ့သူတွေအများကြီးထဲမှာ သင့်တော်တဲ့သူတစ်ယောက် ရှာဖွေဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရတာထက် ခက်ခဲတယ် ၊ ပြီးတော့ လူတစ်ယောက်ရဲ့ အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ အတည်ပြုဖို့လည်း နည်းလမ်းမရှိဘူး”

“ဒါကြောင့် သင့်တော်တယ် ၊ မသင့်တော်ဘူးဆိုတာ ကံတရားအတိုင်းပဲ ၊ ရှေးဟောင်းဧကရာဇ်နန်းတော်ပဲ ဖြစ်ဖြစ် ၊ သူတော်စင်တွေပဲဖြစ်ဖြစ် ၊ ရှေ့အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမမြင်နိုင်ကြဘူး ၊ ဒါက အလောင်းအစားတစ်ခုလိုပါပဲ ၊ ပြီးတော့ မင်းက လောင်းကြေးဖြစ်သွားခဲ့တာပေါ့”

“ကု” က ကျန်းလန်ကိုကြည့်ပြီး ဆက်ပြောသည်။

“အချို့အရာတွေက မဟာတာအိုကတောင် ပြောင်းလဲမပေးနိုင်ဘူး ၊ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင် ၊ စိတ်နေစိတ်ထား ၊ ခံယူချက် ၊ ဒါတွေကို မဟာတာအိုကတောင် ပြောင်းလဲပေးလို့မရဘူး ၊ မင်းမှာ ဒီ (၃)မျိုး ဘယ်လောက် ပြည့်စုံသလဲ”

ကျန်းလန် တိတ်ဆိတ်နေသည်။

လူတစ်ယောက်၏ အခြေခံဖြစ်တည်မှုကို မဟာတာအိုသည်ပင် ပြောင်းလဲပေးနိုင်ခြင်း မရှိပေ။

ဟုတ်ပေ၏။ စနစ်မှရရှိသည့် မှော်ဝင်ပစ္စည်းများ ၊ ဆေးဝါးများက သူ၏ကျင့်ကြံခြင်းကိုသာ တိုးမြှင့်ပေးနိုင်သော်လည်း သူ၏ အခြေခံဖြစ်တည်မှုကို မပြောင်းလဲနိုင်ခဲ့ပေ။

စိတ်တည်ငြိမ်စေရန် ကျင့်စဉ်အချို့ကိုတော့ စနစ်မှ ရရှိခဲ့သည်။ တာအိုနားလည်ခြင်းလက်ဖက်ခြောက်က  လူတစ်ယောက်၏ ခံယူချက်ကို ပြောင်းလဲနိုင်ရန် ပံ့ပိုးပေးနိုင်ခဲ့သော်လည်း အဆုံးသတ်တွင် လူတစ်ယောက်၏ အခြေခံအနှစ်သာရကို ပြောင်းလဲမပေးနိုင်ခဲ့ပေ။

“မင်း ဂိုဏ်းထဲမှာ ကျင့်ကြံနေတာ ဘယ်နှစ်နှစ်ရှိပြီလဲ”

“ကု” က ရုတ်တရက် မေးလိုက်သည်။

ကျန်းလန်က…

“အနှစ် (၈၅၀)”

“ကု” က…

“နှစ်ပေါင်း (၈၅၀)လောက်နဲ့ မင်းက တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်ကို ရောက်နေတယ် ဟုတ်လား ၊ တခြားသူတွေ ဒီအဆင့်ရောက်ဖို့ ဘယ်လောက်ကြာတယ်ဆိုတာ သိတယ်မလား ၊ သူတော်စင်အခွင့်အရေးကို ပိုင်ဆိုင်ထားတဲ့သူတောင် တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်ရောက်ဖို့ နှစ်ပေါင်း (၃၀၀၀)ကျော် အချိန်ယူရတယ် ၊ မင်းက နှစ်ပေါင်း (၈၅၀) ဆိုတော့…”

“ကု” က ကျန်းလန်ကို သံသယမျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်သည်။

“မင်းရဲ့ထူးခြားချက်က ဘာလဲ”

သို့ပေသိ “ကု” က ကျန်းလန်ကို အကြောင်းပြန်ခွင့်မပေးဘဲ စကားဆက်ပြောသည်။

“မဟာတာအိုရဲ့ လက်ဆောင်ကို ရယူခဲ့တယ်ဆိုရင် ရှေ့ဆက်ရမယ့်လမ်းကြောင်း (၂)ခု ရှိတယ် ၊ တစ်ခုကတော့ ရှေးဟောင်းဧကရာဇ်ဟာ သူ့ကိုယ်သူ သူတော်စင်ဖြစ်လာဖို့ အသုံးပြုခဲ့တဲ့ သူတော်စင်ပလ္လင်ပဲ ၊ ကျုပ်တို့မှာ အဆင်သင့်ရှိပြီးသားဖြစ်တဲ့ သူတော်စင်ပလ္လင်ထက်ကို မင်း လျှောက်လှမ်းလာဖို့ပဲလိုတယ် ၊ အဲဒီလမ်းကြောင်းကိုတော့ မင်း သိတယ်မဟုတ်လား”

“ကု” ၏ စကားဆုံးသွားသည်နှင့် ကျန်းလန်၏ စိတ်အာရုံထဲမှ ပညာရှိကျမ်းစာက တောက်ပလာသည်။ ထိုကျမ်းစာက အမှန်တကယ်ပင် သူတော်စင်ဖြစ်လာရန် လမ်းစတစ်ခုပင်။

ထိုကျင့်စဉ်က ကမ္ဘာသစ်၏မိုးကောင်းကင်တာအိုနောက်ကွယ်တွင် တည်ရှိသော သူတော်စင်ရာထူးနေရာဆီသို့ ဦးတည်သွားစေနိုင်မည် ဖြစ်သည်။ သို့သော် ကျန်းလန်လိုချင်သည်က ထိုအရာ မဟုတ်ပေ။

ကျန်းလန်က…

“ဒုတိယလမ်းကြောင်းက ဘာများလဲ”

“ကု” က အနောက်သို့ အသာဆုတ်လိုက်သည်။ သူ၏ စကားသံက ပိုပြီး တည်ကြည်လေးနက်လာသည်။

“ဒုတိယလမ်းကြောင်းကလား…”

“ဒုတိယလမ်းကြောင်းကတော့ မိုးနဲ့မြေက ထိန်းချုပ်မထားနိုင်တဲ့ လမ်းကြောင်းတစ်ခုပဲ ၊ အဲဒါကတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူတော်စင်ဖြစ်လာဖို့ပဲ ၊ အဲဒါက ကမ္ဘာဟောင်းက တန်ခိုးစွမ်းအားနဲ့ ကမ္ဘာဟောင်းကို ဖျက်စီးပစ်နိုင်တဲ့ နည်းလမ်းပဲ”

ကျန်းလန်က…

“အဲဒါက ဖြစ်နိုင်ပါ့မလား”

“ကု” က ခါးသက်စွာပြုံးလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ စိတ်မကောင်းဖြစ်နေဟန် ရှိသည်။

“မဖြစ်နိုင်ဘူး”

“အဲဒီလမ်းကို ဘယ်သူမှ မသိဘူး ၊ အဲဒီလမ်းက တကယ်တည်ရှိရဲ့လားဆိုတာတောင် ဘယ်သူမှ သေသေချာချာ မသိဘူး ၊ အဲဒီလမ်းကိုလျှောက်ရင် ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားလာမလဲဆိုတာလည်း ဘယ်သူမှ မသိနိုင်ဘူး ၊ အောင်မြင်သွားရင်တောင်မှ ကမ္ဘာဟောင်းပြိုကျတာကို တွန်းလှန်နိုင်မလားဆိုတာ မသေချာဘူး ၊ ဒါတွေအားလုံးက မှန်းဆချက်သက်သက်ပါပဲ”

ထိုလမ်းကို လျှောက်ဖူးသူ မည်သူမှမရှိကြောင်း ကျန်းလန် နားလည်သွားသည်။ သူလည်း လျှောက်လှမ်းနိုင်ပါ့မလားဟု တွေးတောမိသည်။

လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုရှာဖွေရမည်ဖြစ်ပြီး အဆုံးသတ်တွင် အောင်မြင်နိုင်မည်လား မည်သူမှ မသိနိုင်ပေ။

ပထမဆုံသူတော်စင်ဆိုသည့် ဘွဲ့အမည် လောကတွင် မရှိခဲ့ပေ။

သို့သော် ကျန်းလန်ကတော့ ကြိုးစားကြည့်ချင်သည်။ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ ပထမဆုံးသူတော်စင် ဖြစ်လာသည်ဖြစ်စေ ၊ ဖြစ်မလာသည်ဖြစ်စေ တတ်နိုင်သမျှ ကြိုးစားရမည် ဖြစ်သည်။

သို့မှသာ နောက်ဆက်တွဲပြောင်းလဲမှုများကို တွန်းလှန်နိုင်စွမ်းရှိမည်ဖြစ်၏။

တာအိုအင်မော်တယ်ဖြစ်ခြင်းက…

လုံလောက်မှု မရှိပေ။

"ဒါဆို ဇာတ်လမ်းပြန်ဆက်ရအောင်"

“ကု” က ကျန်းလန်ကိုကြည့်ပြီး ပြောလိုက်သည်။

“ရှေးဟောင်းဧကရာဇ်နန်းတော်နဲ့ ကမ္ဘာသစ်ရဲ့မိုးကောင်းကင်တာအိုက အလောင်းအစားတစ်ခုကို အကြီးအကျယ် လုပ်ခဲ့တယ် ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေအားလုံး မင်းအပေါ် ထားခဲ့တယ် ၊ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ မင်းက အဲဒီအလောင်းအစားရဲ့ ရလဒ်ဖြစ်လာခဲ့တယ် ၊ အရင်တုန်းက မင်းဟာ စစ်တုရင်ခုံပေါ်က နယ်ရုပ်တစ်ရုပ်ပဲ ၊ မင်းမှာ ရွေးချယ်စရာမရှိဘူး ၊ ဒါပေမဲ့ အခု မင်းက စစ်တုရင်ကစားသမားဖြစ်လာပြီ ၊ ရွေးချယ်ပိုင်ခွင့် ရှိလာပြီ ၊ ဆိုတော့… မင်းမှာ ရွေးချယ်စရာ (၂)ခု ရှိတယ်”

“အခုဆိုရင် အနောက်နန်းတော်ရဲ့ နတ်ဘုရားရာထူးက မင်းဆီကိုရောက်ရှိနေပါပြီ ၊ မင်းရဲ့နတ်ဘုရားရာထူးနာမည်ကို မင်းကိုယ်တိုင်ပေးချင်သလား ၊ ဒါမှမဟုတ် ကျုပ်တို့အပ်နှင်းတဲ့ ဘွဲ့နာမည်ကို ယူချင်သလား ၊ ကျုပ်တို့ အပ်နှင်းတဲ့ ဘွဲ့နာမည်ကိုယူမယ်ဆိုရင် ကောင်းချီးလက်ဆောင်တစ်ခု ရရှိတာနဲ့ ညီမျှတယ် ၊ အဲဒီကောင်းချီးလက်ဆောင်က မင်းကို သူတော်စင်တစ်ယောက် ဖြစ်လာစေမှာ မဟုတ်ပေမယ့် သူတော်စင်လမ်းကြောင်းကို ရှာဖွေတဲ့နေရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ် ၊ ကိုးကားချက်အဖြစ် အသုံးပြုနိုင်လိမ့်မယ်”

“ဒါပေမဲ့ ကျုပ်တို့ အပ်နှင်းတဲ့ ဘွဲ့နာမည်ကို ရယူလိုက်တာနဲ့ သူတော်စင်ဖြစ်လာမယ့် လမ်းကြောင်း (၂)ခုမှာ မင်းက ဘယ်လမ်းကြောင်းကိုပဲရွေးချယ်ပါစေ ကမ္ဘာဟောင်းရဲ့ ပြိုကွဲမှုအန္တရယ်ကို တွန်းလှန်ရမှာ ဖြစ်တယ် ၊ ဒါပေမဲ့ ကမ္ဘာပျက်ကပ်ဘေးကို ဘယ်တော့မှ လျှော့မတွက်နဲ့ ၊ မင်းက ဒီပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ ပထမဆုံးသူတော်စင်ဖြစ်လာတယ်ဆိုရင်တောင်မှ အနိုင်ယူနိုင်ဖို့ ခဲယဉ်းနေသေးတယ်”

“ဒါကြောင့် အဆုံးသတ်မှာ မင်း ဘယ်လိုနည်းလမ်းနဲ့ သူတော်စင်ဖြစ်လာပါစေ နောက်ဆုံးရလဒ်ကတော့ သွေးထွက်သံယိုတိုက်ပွဲတွေနဲ့ ရင်ဆိုင်ရမှာပါပဲ ၊ မင်း ကြောက်တယ်ဆိုရင် အခုချိန် နောက်ပြန်ဆုတ်လို့ရသေးတယ် ၊ ဒီ ကမ္ဘာပျက်ကပ်ဘေးကြီးကို ရင်ဆိုင်လိုခြင်း ရင်မဆိုင်လိုခြင်းက မင်းရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ် ၊ မင်း ကြောက်တယ်ဆိုရင်လည်း မင်းအစားရင်ဆိုင်ပေးမယ့် အခြားတစ်ယောက် ထွက်ပေါ်လာပါလိမ့်မယ်”

ခဏနားပြီးနောက် “ကု” က ကျန်းလန်ကို ကြည့်လိုက်ပြီး တိုးလျသည့်လေသံဖြင့်မေးသည်။

“မင်းရဲ့ ရွေးချယ်မှုကဘာလဲ”

ကျန်းလန် မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။

သူ့တွင် ရွေးချယ်ခွင့်ရှိပါသလား။

အမှန်တော့ သူ့တွင် ရွေးချယ်ခွင့်မရှိပေ။ သူက အသက်ရှင်သန်နေရုံမျှဖြင့် ကျေနပ်နေမည့်သူတစ်ယောက် မဟုတ်ပေ။ သူ့အစား အန္တရယ်ကိုရင်ဆိုင်ပေးမည့် အခြားတစ်ယောက် ထွက်ပေါ်လာမည်ဆိုသော်လည်း တကယ်တမ်း ထွက်ပေါ်မလာခဲ့လျှင် မည်သို့ရှိမည်နည်း။

အကောင်းဆုံးရွေးချယ်မှုကတော့ ကောင်းကင်ဘုံပြိုကျသည်ကို သူကိုယ်တိုင် ခုခံကာကွယ်ပေးရန်ဖြစ်သည်။ ဤသည်မှာ ရှေးဟောင်းဧကရာဇ် ၊ စစ်သူကြီးချင်းစန်းနှင့် အခြားသောတိုက်ပွဲဝင်ခဲ့သူများအားလုံး ရွေးချယ်ခဲ့သည့်လမ်း ဖြစ်သည်။

သူက ကြီးကျယ်မြင့်မြတ်သူတစ်ယောက် မဟုတ်သော်လည်း ယခုအချိန်ထိ ခရီးပေါက်လာခဲ့ပြီးမှ နောက်ပြန်မလှည့်ချင်တော့သလို နောက်ကြောင်းပြန်လှည့်စရာလည်း လမ်းမရှိတော့ပေ။

သူ့တွင် တာဝန်များစွာရှိနေလေရာ အချောင်ခို၍ မရနိုင်ပေ။ ထို့ကြေင့် “ကု” မေးသည့်မေးခွန်းက ရွေးချယ်စရာတစ်ခုတည်းသာရှိသည့် မေးခွန်းဖြစ်သည်။

ကျန်းလန်က…

“ကျွန်တော် လက်ခံပါတယ်”

အကယ်၍ ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ပထမဆုံးသူတော်စင်ဖြစ်လာရန် လမ်းကြောင်းမရှာဖွေနိုင်ခဲ့ပါက ပညာရှိကျမ်းစာကို အသုံးပြုပြီး ရှေးဟောင်းဧကရာဇ်ချန်ထားခဲ့သည့် သူတော်စင်ပလ္လင်ထက်သို့ တက်ရောက်ကာ သူတော်စင်ရာထူးနေရာကို ဆက်ခံရမည် ဖြစ်သည်။ သို့သော် ထိုနည်းလမ်းကို တတ်နိုင်သမျှရှောင်တိမ်းရန် ကြိုးစားမည် ဖြစ်သည်။

ကျန်းလန် သဘောတူလိုက်သည်ကိုကြားသည်နှင့် “ကု” က ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

သူက ရွှင်မြူးနေသည့်လေသံဖြင့်…

“ကောင်းပြီ ၊ ဒါဆို မင်းအတွက် နတ်ဘုရားရာထူးဘွဲ့နာမည်ကို ကျုပ်ကိုတိုင်ရေးထိုးမယ် ၊ မင်းရဲ့ ဘွဲ့နာမည်ဟာ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ ပဲ့တင်ထပ်စေရမယ်”

“ဘုန်း”

ရုတ်တရက် ရှေးဟောင်းအနောက်နန်းတော်မှ ကျယ်လောင်သည့် အသံကြီးတစ်သံထွက်ပေါ်လာသည်။

ထိုအသံကြီးက ရပ်တန့်သွားခြင်းမရှိဘဲ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးတွင် ပဲ့တက်ထပ်ကာ ပျံ့နှံ့ထွက်ပေါ်လာသည်။

“ဘုန်း”

ခွန်လွန်တောင်ထက်တွင်လည်း ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။ ထိုအသံကြီးက ခမ်းနားပြီး အံ့သြဖွယ်ရာဖြစ်သည်။

ခွန်လွန်တောင်မှ လူတိုင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ယနေ့ ရာသီဥတုကကြည်လင်ပြီး တိမ်များကင်းစင်လျှက် ရှိသည်။ ဤမိုးခြိမ်းသံကြီးက မည်သည့်နေရာက ထွက်ပေါ်လာရပါသနည်း။

“ဘုန်း”

ကျယ်လောင်သည့်အသံကြီးက ထပ်မံထွက်ပေါ်လာပြန်သည်။

မြေပြင်ထက်ရှိလူသားအားလုံးကို ကောင်းကင်ထက်သို့မော့ကြည့်ကြရန် တောင်းဆိုနေသည့်အလား ဖြစ်သည်။

“ဘာဖြစ်တာလဲ”

ပထမတောင်ထွတ်ရှိ စုဝေးကျင့်ကြံခြင်းရင်ပြင်ထက်တွင်ရှိနေသည့် ကျင်းထင်က ကောင်းကင်ထက်သို့မော့ကြည့်ရင်း ရေရွတ်လိုက်သည်။ ကောင်းကင်ထက်မှာ အပြောင်းအလဲတစ်ခု ဖြစ်နေသည်လား။ ပြီးတော့ ထိုအပြောင်းအလဲက သူနားမလည်နိုင်သည့် အပြောင်းအလဲတစ်ခု ဖြစ်သည်။

ကျင်းထင်ဘေးတွင်ရှိနေသည့် လင်အန်းမှာလည်း အနည်းငယ် ပဟေဠိဖြစ်သွားသည်။ တုန်လှုပ်မြည်ဟည်းနေသည့်အသံကြီးက အလွန်ကျယ်လောင်လွန်းပြီး မိုးကောင်းကင်ပြိုကျတော့မည့်အလား ထင်မှတ်ရသည်။

လင်အန်းက…

“ကျုပ်လည်း မသိဘူး ၊ ဆရာ့ကိုသွားမေးရမယ်”

ထို့နောက် လင်အန်းသည် တောင်ပေါ်လမ်းတစ်ဝက်မှ အဆောင်ငယ်ဆီသို့ ထွက်ခွာသွားသည်။

ဒုတိယတောင်ထွတ်မှ ပေဖန်းသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ အဖြစ်အပျက်များကို နားမလည်နိုင်ဘဲ ကော်းကင်ထက်မှ တစ်စုံတစ်ခု ထွက်ပေါ်လာတော့မည်ဟု ခံစားလိုက်ရသည်။

တတိယတောင်ထွတ်တွင်တော့ လင်စီးယာနှင့် ဟုန်လွမ်တို့ (၂)ယောက်က ကျူးချင်အနားတွင် ရှိနေကြသည်။ ထို့ကြောင့် ဘာဖြစ်သည်ကို မေးမြန်းကြည့်ကြသည်။

“ဆရာ ဘာဖြစ်တာလဲ”

ကျူးချင် ကောင်းကင်ထက်မော့ကြည့်လိုက်သည်။ သို့သော် သူမ၏ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။

“နတ်ဘုရားရာထူးကို အခြားတစ်ယောက်က ဆက်ခံလိုက်တာပဲ ၊ ဒါပေမဲ့ သူက အခြားသူတွေနဲ့ နည်းနည်းကွဲလွဲနေတယ် ၊ ခဏစောင့်လိုက်ရင် မင်းတို့ အသံကြားရလိမ့်မယ်”

လင်စီးယာနှင့် ဟုန်လွမ်တို့မှာ နားမလည်နိုင်ဘဲ စိတ်ရှုတ်ထွေးစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် နတ်ဘုရားရာထူးနှင့်ပတ်သက်၍တော့ သူတို့အနည်းငယ် သိရှိထားကြသည်။

ပဉ္စမတောင်ထွတ်တွင်တော့ မြောင်ယွဲ့က မျက်လုံးများကို အသာမှေးစင်းလိုက်သည်။

“ဘယ်လောက်ခမ်းနားလိုက်သလဲ”

ဟု သူမက ရေရွတ်လိုက်သည်။

အဋ္ဌမတောင်ထွတ်တွင်တော့ လုကျန်း အံ့အားသင့်စွာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

ဒီနေ့ ဘာတွေများဖြစ်နေတာလဲ။

ထွက်ပေါ်လာသည့်အသံကြီးက ကြောက်မက်ဖွယ်ရာကောင်းလေရာ သူ့လက်ထဲတွင်ဆုပ်ကိုင်ထားသည့်ဓားသည်ပင် လွတ်ကျလုမတတ်ဖြစ်သွားသည်။

နဝမတောင်ထွတ်တွင်လည်း မော့ကျန်းသုန့် ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ အပြောင်းအလဲသည် မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။

ကျန်းလန်၏ရုပ်ခန္ဓာဘေးနားတွင်ထိုင်နေသည့် လုန်ယွိကတော့ နားနှစ်ဖက်ကိုအုပ်ထားသည်။ ကျယ်လောင်လွန်းသည့်အသံကြောင့် တုန်လှုပ်ချောက်ချားစွာဖြင့် စိတ်ဝိညာဉ်သည်ပင် ကွဲကြေလုမတတ် ခံစားလိုက်ရသည်။

“ဒါက ဂိုဏ်းတူမောင်လေး နာမည်ပြောင်းတာလား”

သူမ ထိတ်လန့်စွာဖြင့် တွေးလိုက်သည်။

ကျန်းလန်ကတော့ တကယ့်ကို စွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်သည်။

***

ထိုအချိန် သေရည်ဆိုင်မှ အဋ္ဌမမင်းသားတို့ (၄)ယောက်မှာ သူတို့သာမက အခြားသူများသည်လည်း ထိုအသံများကို ကြားနိုင်ကြောင်း သိလိုက်ရသည်။ ကျယ်လောင်သည့်အသံကြီးက အလွန်ပင် ကြောက်စရာကောင်းသည်။

ဤသည်က လက်သီးနတ်ဘုရား၏ နတ်ဘုရားရာထူး ပြောင်းလဲခြင်းလား။ အလွန်မှ ကြီးကျယ်လွန်းသည်ဟု သူတို့ ခံစားလိုက်ရသည်။

သူတို့သာ မဟုတ်ပေ။ နတ်ဘုရားရာထူးပိုင်ရှင်များသည်လည်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး အမှန်တကယ်ပင် ကြီးကျယ်လွန်းသည်ဟု ခံစားကြရသည်။

အနောက်နန်းတော်မှ နတ်ဘုရားရာထူးနာမည်သည် အဘယ့်ကြောင့် ထိုမျှ ကြီးကျယ်နေရပါသနည်း။ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသို့ပင် အဘယ့်ကြောင့် ပဲ့တင်ထပ်နေရပါသနည်း။

“ဘုန်း”

“ဘုန်း”

ခွန်လွန်တောင်သာမက ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးပင် တုန်လှုပ်သွားခဲ့သည်။ ထိုအသံကြီးများက ကျင့်ကြံသူအားလုံးကို စောင့်မျှော်ကြည့်နေရန် သတိပေးနေသကဲ့သို့ပင်။

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား နာမည်ပြောင်းလဲခြင်းသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးကို အဘယ့်ကြောင့် သက်ရောက်မှု ရှိရပါသနည်း။

ဧကရာဇ်ချုန်းကိုးမျက်မှောင်ကြုတ်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

ကမ္ဘာမြေ၏မိခင်က…

“နတ်ဘုရားရာထူးနာမည်တစ်ခုက ပေါ့ပေါ့တန်တန် ပေးလို့ရတာမဟုတ်ဘူး ၊ သူက ဘယ်လိုနာမည်မျိုးကို အသုံးပြုမလို့လဲ”

သူမသည်ပင် နတ်ဘုရားရာထူးနာမည်တွင် “အရှေ့ဘက်စွန့်ပစ်နယ်မြေ” ဟု ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုသို့အသုံးပြုသည်က အမြင့်မားဆုံးအဖြစ် သတ်မှတ်နိုင်သည့်တိုင် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်ခဲ့ပေ။

ယခု လက်သီးနတ်ဘုရားက ဤမျှကြီးမားသည့်အပြောင်းအလဲကြီး ဖြစ်ပေါ်လာအောင် မည်သို့ပြုလုပ်ခဲ့ပါသနည်း။

သို့ပေသိ ထိုမျှ ကြီးကျယ်ခမ်းနားသည့်အသံကြီးထွက်ပေါ်လာသည်ကို ထိတ်လန့်ကြောက်ရွံ့မသွားကြသူများလည်း ရှိကြသည်။ သူတို့က ထိတ်လန့်ခြင်းမရှိသည့်အပြင် ဝမ်းသာအားရပင် အော်ဟစ်နေကြသည်။ ထိုသူများသည်ကား တစ္ဆေတိုင်းပြည်မှ စုရုံးယာဇ်ပူဇော်ပွဲ ကျင်းပနေကြသူများပင် ဖြစ်သည်။

လက်သီးနတ်ဘုရားသည် ပိုမိုကြီးကျယ်သော တည်ရှိမှုတစ်ခု အဖြစ် ထွက်ပေါ်လာတော့မည်။ နတ်ဘုရားရာထူးအသစ် ထွက်ပေါ်လာမည်ကို သူတို့ စောင့်ဆိုင်းနေကြသည်။

“အားလုံးပဲ… လက်သီးနတ်ဘုရားက ပိုမိုကြီးမြတ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာတော့မယ် ၊ ကျုပ်တို့ သူ့ကို ဘယ်လိုကိုးကွယ်ဆည်းကပ်လဲဆိုတာ ချက်ချင်းသိစေရမယ်”

ရင်ပြင်ထက်မှ နတ်ဆရာကြီးက အော်ဟစ်လိုက်သည်။

“ဟေး… ဟေး…”

အောက်မှလူများကလည်း တစ်ပြိုင်တည်းကြွေးကျော်အော်ဟစ်လိုက်ကြသည်။

အချို့က လက်သီးနတ်ဘုရားထံ စတင်ဆုတောင်းနေကြပြီး အချို့တော့ အော်ဟစ်အားပေးနေကြသည်။ သူတို့အားလုံး ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား၏ နာမည်အသစ်ကို ကြိုဆိုစောင့်မျှော်နေကြသည်။

“ဘုန်း”

ထိုအချိန် တစ္ဆေတိုင်းပြည်အထက် ကောင်းကင်ယံတွင် ပိုမိုကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး လူတိုင်းက ခေါင်းမော့ကြည့်လိုက်ကြသည်။

လက်သီးနတ်ဘုရား၏ နာမည်အသစ်ထွက်ပေါ်လာတော့မည်ကို လူတိုင်းရိပ်မိကြသည်။ ချင်းမုသည်လည်း ထိုအချက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

“ရှေးဟောင်းအနောက်နန်းတော်”

“ဘုန်း”

ရှေးဟောင်းအနောက်နန်းတော်ဆိုသည့်အသံ အဆုံးသတ်သွားသည်နှင့် မိုးကြိုးတစ်စင်းပစ်ချလိုက်သည်။ ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခုက ရင်ပြင်ထက်ရှိ လက်သီးနတ်ဘုရားရုပ်တုကို ထိမှန်သွားသည်။

“ဘန်း”

ရုပ်တုပေါက်ကွဲသွားပြီး အပိုင်းအစများက တတိယရုပ်တုဆီသို့ ရွေ့လျားသွားသည်။ ထို့နောက် ရုပ်တုအသစ်တွင် နတ်ဘုရားတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အသရေထွန်းလင်းလာသည်။

ထို့နောက် ကောင်းကင်ထက်မှ အသံက ဆက်လက်ထွက်ပေါ်လာသည်။ ထိုအသံက ကြီးကျယ်ခမ်းနားပြီး လူသားတိုင်း၏စိတ်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

“ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်အရှင်သခင်”

ခွန်လွန်တောင်မှလူအများသည်လည်း ထိုအသံများကို ကြားနေရသည်။

အရင်ကနှင့်မတူသည့်အတွက် အဋ္ဌမမင်းသားနှင့် အခြားသူများသည်လည်း အံ့သြမှင်တက်လျှက် ရှိကြသည်။

“အဆုံးမဲ့ကမ္ဘာဖျက်ကပ်ဘေး၏ကယ်တင်ရှင်”

ထိုစကားသံကိုကြားသည်နှင့် အလယ်ပိုင်းလွင်ပြင်ဒေသမှ နတ်လူသားမျိုးနွယ် ယွင်ရှောင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူက နောက်ထပ်ထွက်ပေါ်လာမည့်အသံကို နားထောင်နေ၏။

“အရှင်သခင် မီလော့”

လုန်ယွိကတော့ နတ်ဘုရားရာထူးနာမည်ကို နားထောင်ရင်း ကျန်းလန်၏ရုပ်ခန္ဓာဘေးနားတွင် ငြိမ်သက်စွာ ထိုင်နေသည်။

“အထွတ်ထိပ်ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်”

“ရှေးဟောင်းအနောက်နန်းတော် ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်အရှင်သခင် ၊ အဆုံးမဲ့ကမ္ဘာဖျက်ကပ်ဘေး၏ကယ်တင်ရှင် အရှင်သခင်မီလော့ ၊ အထွတ်ထိပ်ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်"

နတ်ဘုရားရာထူးနာမည် ကြေငြာခြင်းအဆုံးသတ်သွားသည်နှင့် ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ လူတိုင်း လူတိုင်း ထိတ်လန့်သွားကြရသည်။

နတ်ဘုရားရာထူးအကြောင်း သိရှိသူများကတော့ ထိုနာမည်အား မယုံကြည်နိုင်စရာကောင်းသည်ဟု ယူဆကြသည်။

“အဆုံးမဲ့ကမ္ဘာဖျက်ကပ်ဘေး၏အရှင်သခင်တဲ့ ၊ ဒီလိုနာမည်မျိုးက သူကိုယ်တိုင်တောင် ခံနိုင်ရည်ရှိပါ့မလား”

မြေအောက်နတ်ဆိုးဘိုးဘေးက မယုံကြည်စွာဖြင့် ပြောလိုက်သည်။

သူတင်မဟုတ် ၊ အခြားသူများလည်း ထိုသို့ပင်တွေးကြသည်။ လက်သီးနတ်ဘုရားက ဒီလိုနာမည်မျိုးကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

အလယ်ပိုင်းနန်းတော်တွင်ရှိနေသည့် ဧကရာဇ်ရှီးဟယ်ကတော့ အနောက်နန်းတော်ကို လှမ်းကြည့်ရင်း ပြုံးလျှက် ရှိသည်။

“အံ့သြစရာပဲ ၊ အံ့သြစရာပဲ ၊ ငါသာ အလယ်ပိုင်းနန်းတော်က နတ်ဘုရားရာထူးကို ယူခဲ့တယ်ဆိုတာ မသိကြရင် အဲဒီနာမည်ကို ငါပေးတယ်လို့ ထင်ကြမလားပဲ”

အနောက်နန်းတော်ထဲမှ ဘိုးဘေး “ကု” က မည်သို့မည်ပုံလုပ်လိုက်သည်မသိ ၊ ယခုကဲ့သို့ ခမ်းနားရှည်လျားသည့် နာမည်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် ထိုနာမည်က ခွန်လွန်အတွက် အကျိုးအမြတ်များစွာရှိသည့်အတွက် ပြဿနာမရှိပေ။

***

တစ္ဆေတိုင်းပြည်။

နတ်ဘုရားရာထူးနာမည်အသစ်ကိုကြားသည်နှင့် လူတိုင်းအံ့အားသင့်သွားကြသည်။ ပါးစပ်အဟောင်းသားဖြစ်နေကြပြီး စကားလည်းတစ်ခွန်းမှ မဆိုနိုင်ကြတော့ပေ။

ထိုအချိန် ရင်ပြင်ထက်မှ နတ်ဆရာကြီးက လေးလေးစားစား ဒူးထောက်ဂါရဝပြုလိုက်သည်။

“လက်သီးနတ်ဘုရားရဲ့ နတ်ဘုရားရာထူးနာမည်အသစ်အတွက် ဂုဏ်ပြုပါတယ်”

လူအများက အော်ဟစ်လိုက်ကြသည်။

“ကောင်းကင်ဘုံအရှင်”

“ကောင်းကင်ဘုံအရှင်”

သူတို့ ထိုမျှသာ အော်ဟစ်နိုင်ကြသည်။ နာမည်က ရှည်လျားလွန်းသဖြင့် နာမည်တစ်ခုလုံးကို အော်ဟစ်နိုင်ခြင်း မရှိပေ။

“ရှည်လျားတဲ့နာမည်နဲ့ ကောင်းကင်ဘုံအရှင်”

တစ်ယောက်က အော်ဟစ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် နတ်ဘုရားရာထူးအသစ် ကြိုဆိုပွဲကို တစ္ဆေတိုင်းပြည်တွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပလျှက် ရှိတော့၏။

ကောင်းကင်ဘုံအရှင်သည် လက်သီးနတ်ဘုရားဘွဲ့ကို သူတို့အား ပြန်လည်ပေးအပ်ထားခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံအရှင်က သူတို့ကို ပေးအပ်သည့် လက်ဆောင်ဖြစ်၏။

သူတို့အားလုံး ကောင်းကင်ဘုံအရှင်၏ ဘုန်းတန်ခိုးကို အစဉ်အမြဲ သတိရနေကြမည် ဖြစ်လေသည်။

***

နတ်ဘုရားရာထူးနာမည်အသစ်ကိုနားထောင်ရင်း ကျန်းလန် အံ့အားသင့်သွားသည်။ နာမည်က အနည်းငယ်ရှည်လျားနေသည်။

“ဘယ်လိုလဲ အဆင်ပြေလား”

“ကု” က ကျန်းလန်ကို မေးလိုက်သည်။

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"ကျွန်တော် အဲဒီနာမည်နဲ့ အသားမကျသေးဘူး"

သူ့အစွမ်းသူ့အစက ထိုနာမည်နှင့် မယှဉ်နိုင်ဟု ခံစားရသည်။ လက်သီးနတ်ဘုရားနာမည်နှင့်ပတ်သက်ပြီး မည်သည့်ဖိအားမှမခံစားရသော်လည်း ကောင်းကင်ဘုံအရှင်ဆိုသည့် နာမည်ကတော့ အနည်းငယ် ထူးခြားနေသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ ထိုနာမည်နှင့် လိုက်ဖက်ညီစေရန် သူ ကြိုးစားနိုင်မည် ဖြစ်သည်။

သို့သော် နတ်ဘုရားရာထူးနာမည်အသစ်ကို လက်ခံလိုက်သည်နှင့် ကောင်းချီးလက်ဆောင်တစ်ခုကိုပါ တစ်ပါးတည်း လက်ခံရရှိခဲ့သည်။ ထိုကောင်းချီးလက်ဆောင်က အရာအားလုံးအတွက် လုံလောက်လေသည်။

“ကု” က ပင်ပန်းသွားဟန်ဖြင့် ပလ္လင်ထက်တွင် ပြန်ထိုင်လိုက်ရင်း…

“ဒါနဲ့ စကားမစပ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ မင်းလို့ ကျင့်ကြံခြင်းအဆင့် မြန်မြန်တက်သွားတဲ့ အခြားတစ်ယောက် ရှိသေးလား”

ကျန်းလန် ခေါင်းခါယမ်းလိုက်သည်။

“မရှိဘူးထင်တယ်”

ထိုသို့သောလူမျိုးရှိသည်ကို ကျန်းလန် တစ်ခါမှ မကြားဖူးခဲ့ပေ။

“ကု” က…

“နောက်တစ်ယောက် ရှိသင့်တယ် ၊ အဲဒီတုန်းက ရှေးဟောင်းဧကရာဇ်က သူ့ရဲ့ တာအိုတရားတွေကို ပေါင်းစပ်ပြီး တာအိုသစ်သီးအဖြစ်ဖန်ဆင်းတယ် ၊ ပြီးတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးထဲကို ပစ်ချခဲ့တယ် ၊ အခု သူတော်စင်အခွင့်အရေးရရှိထားတဲ့ မင်းက ထွက်ပေါ်လာပြီဆိုတော့ အဲဒီလူလည်း ထွက်ပေါ်လာသင့်တယ်”

“သူက မင်းနဲ့မတူဘူး ၊ ရှေးဟောင်းဧကရာဇ်ရဲ့လမ်းစဉ်ကို လျှောက်လှမ်းမယ့်သူပဲ ၊ သူတော်စင်တစ်ယောက် ဖြစ်မလာနိုင်ပေမယ့် တာအိုအင်မော်တယ် အထွတ်ထိပ်အဆင့်ကို အလျှင်အမြန်ရောက်လာလိမ့်မယ် ၊ အဲဒီလူက ပညာဉာဏ်နဲ့အတူ မွေးဖွားလာသူလည်း ဖြစ်လိမ့်မယ်”

ကျန်းလန်က…

“သူက လျှို့ဝှက်ထားတာ ဖြစ်နိုင်တယ်”

သူလည်းအတူတူပင် ဖြစ်သည်။ တန်ခိုးစွမ်းအား မည်မျှမြင့်မားနေပါစေ ဖုံးကွယ်ကာ လျှို့ဝှက်နေထိုင်ခဲ့သည်။ သို့မှသာ လျှောက်လှမ်းရမည့်လမ်းက ချောမွေ့ပြီး အန္တရယ်ကင်းဝေးမည် ဖြစ်သည်။

“ကု” က ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ကျန်းလန်ကို ကြည့်လိုက်သည်။

“ကဲ… လုပ်စရာရှိတာလည်း လုပ်ပြီးပြီ ၊ မင်းကိုလည်း ကောင်းချီးလက်ဆောင် ပေးလိုက်ပြီ ၊ ကျန်တာကတော့ မင်းရဲ့ ကိုယ်ပိုင်ဉာဏ်အပေါ်မူတည်တယ် ၊ အနာဂတ်မှာ မင်းက ပထမဆုံးသူတော်စင်ဖြစ်လာမလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး ၊ မအောင်မြင်ခဲ့ဘူးဆိုရင် ဘာဆက်လုပ်ရမယ်ဆိုတာ မင်း သိပါတယ်လေ”

ကျန်းလန် တိတ်ဆိတ်နေသည်။

“ဒါဆို ကျုပ် ပျောက်ကွယ်သွားရတော့မယ် ၊ အားလုံးကို မင်းလက်ထဲအပ်ခဲ့ပြီ”

ထို့နောက်ကျန်းလန်ကို ကြည့်နေရင်းဖြင့်ပင် ကု၏ ပုံရိပ်က တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။

***

All Chapters