← Chapters

ခွန်လွန်တောင်မှ ထွက်ခွာခြင်း

Vol. 39 Ch. 542

ခွန်လွန်တောင်မှ ထွက်ခွာခြင်း

Vol. 39 Ch. 542

ပျောက်ကွယ်သွားသည့် “ကု” ကိုကြည့်ရင်း ကျန်းလန် လေးစားစွာပင် ဦးညွှတ်လိုက်သည်။

ထိုပုဂ္ဂိုလ်က ခွန်လွန်ဘိုးဘေးဖြစ်လေရာ သူ ရိုင်းပျစွာ မပြုမူရဲပါပေ။

ပျက်သုဉ်းတစ်စပြင်လောကကြီး ယခုအချိန်ထိ ရှင်သန်နေနိုင်သည်မှာ “ကု” နှင့် အခြားသူများ၏ စွန့်လွှတ်အနစ်နာခံမှုကြောင့်ဟု ပြောနိုင်သည်။ သူတို့က လိုလိုလားလားပင် ပေးဆပ်ခဲ့သည်ဆိုသော်ငြား သူကတော့ အသိအမှတ်မပြုဘဲ မနေနိုင်ပေ။

ယခုတော့ ခွန်လွန်ဘိုးဘေးထမ်းရွက်ထားသည့် လေးလံသောတာဝန်ကို သူ လက်ခံယူရတော့မည် ဖြစ်သည်။ အောင်မြင်နိုင်မလားဆိုသည်ကို ကျန်းလန် အရေးမစိုက်ပေ။ အစွမ်းကုန်ကြိုးစားရန်သာ ဆုံးဖြတ်ထားသည်။

ဘိုးဘေးများက သူ့အတွက် ကောင်းချီးလက်ဆောင်များ မထားခဲ့ဘူးဆိုလျှင်တောင်မှ သူက အန္တရယ်ကို ရင်ဆိုင်မည်ဖြစ်သည်။

သူက တတ်နိုင်သမျှ သိုသိုသိပ်သိပ်ဖြင့် ပုန်းအောင်းနေခဲ့သူတစ်ယောက် ဖြစ်သော်လည်း သူရင်ဆိုင်ရမည့်အရာများအတွက် နောက်ပြန်လှည့်တတ်သူတစ်ယောက် မဟုတ်ပေ။ သူ လုပ်စရာရှိသည်များကိုလုပ်ရင်း တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်မည်။

“ကု” ပျောက်ကွယ်သွားပြီးနောက် ကျန်းလန် နေရာမှာပင် ခေတ္တမျှ မတ်တတ်ရပ်နေခဲ့သည်။

ထို့နောက် သူလည့်ထွက်လာခဲ့သည်။ သူ ရရှိသင့်သည့် ကောင်းချီးလက်ဆောင်ကို ရရှိပြီးဖြစ်သလို သူ၏နတ်ဘုရားရာထူးနာမည်ကိုလည်း ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

သူ ပြန်ရန် အချိန်တန်ပြီ။

သူက သူတော်စင်တစ်ယောက်ဖြစ်လာရန် လမ်းကြေင်းကို ရှာဖွေချင်ပြီး သေမျိုးလောက၏ ဒုက္ခတရားများကိုလည်း တွေ့ကြုံခံစားချင်သည်။

သို့သော် ရှေးဟောင်းအနောက်နန်းတော်မှ ထွက်လာသည်နှင့် အသံများစွာကို ကြားလိုက်ရသည်။

တစ္ဆေတိုင်းပြည်မှ ဆုတောင်းအော်ဟစ်နေကြသည့်အသံများ ဖြစ်သည်။

ကျန်းလန်က သူ၏နတ်ဘုရားရာထူးမှ ချင်းမုကို ကိုယ်စားပြုသည့် အလင်းစက်လေးကို အသုံးပြုကာ အခြေအနေကို လေ့လာကြည့်လိုက်သည်။ တစ္ဆေတိုင်းပြည်မှလူအများမှာ တိုင်းပြည်အနှံ့ ယာဇ်ပူဇော်ပွဲများ ပြုလုပ်နေသည်ကို တွေ့မြင်လိုက်ရသည်။

“ကောင်းကင်ဘုံအရှင်” ဟု ခေါ်ဆိုနေသံများကိုလည်း ရံဖန်ရံခါ ကြားရသည်။

နတ်ဘုရားရာထူးနာမည်က အတော်လေးရှည်လျားသည်ဟု ခံစားရသည်။ တကယ်တော့ “ရှေးဟောင်းအနောက်နန်းတော်မှ ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်” လောက်ဆိုလျှင် အတော်ပဲ ဖြစ်၏။

ထို့နောက် ကျန်းလန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ရှေးဟောင်းအနောက်နန်းတော်မှ တန်ခိုးစွမ်းအားကို အသုံးပြုကာ တစ္ဆေတိုင်းပြည်တွင် မိုးရွာသွန်းစေခဲ့သည်။ တစ္ဆေတိုင်းပြည်မှ ပူဇော်မှုအတွက် တုံ့ပြန်လိုက်ခြင်းဖြစ်၏။

သို့သော် တစ္ဆေတိုင်းပြည်ကိုကြည့်ရှုရန်အတွက် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို မလိုအပ်ကြောင်း သဘောပေါက်ခဲ့သည်။ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခြင်းကြောင့်လား ၊ နတ်ဘုရားရာထူးနာမည် ပြောင်းလဲသွားသောကြောင့်လား မသိနိုင်ပေ။

အမှန်တော့ သူက သူတော်စင်အခွင့်အရေးကို ရရှိထားသူဖြစ်သောကြောင့် နတ်ဘုရားရာထူးနှင့် ပေါင်းစပ်နိုင်မည် မဟုတ်ပေ။ နတ်ဘုရားရာထူးထက် သူတော်စင်အခွင့်အရေးက မယှဉ်နိုင်လောက်အောင် မြင့်မားသည်။

ထို့နောက် ကျန်းလန်က ရှေးဟောင်းအနောက်ပိုင်းနန်းတော်မှ ထွက်ခွာလာခဲ့ပြီး နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။

မျက်လုံးများဖွင့်ကြည့်လိုက်တော့ သူ့ကိုကြည့်နေသည့် ရှောင်ယွိကို တွေ့ရသည်။

ရှောင်ယွိက…

“ယောကျ်ား ၊ ရှင့်ရဲ့ နတ်ဘုရားရာထူးနာမည်ကလည်း အရမ်းရှည်တာပဲ”

ကျန်းလန်က…

“အဲဒီနာမည်ပေးတဲ့သူက ကိုယ်မဟုတ်ဘူး”

အဘယ့်ကြောင့် ထိုမျှရှည်လျားသည့်နာမည်ကို ရရှိရပါသလဲ။

“ကု” ၏ စိတ်ထဲ ဘာတွေးနေသည်ကို ကျန်းလန် မသိနိုင်ပေ။ သူ့နာမည်က အလွန်ရှည်လျားနေသည့်အတွက် အဆင်မပြေသည်ကတော့ အမှန်ပင် ဖြစ်သည်။ ပြီးတော့ သူ့ပုံစံနှင့်လည်း မကိုက်ညီပေ။ ဘာပဲဖြစ်ဖြစ် ရယူထားပြီးမှတော့ သိပ်ပြီး အရေးစိုက်စရာ မရှိတော့ပေ။

ရှောင်ယွိက…

“ဂိုဏ်းတူမောင်လေး ၊ ရှင် တံခါးပိတ်ကျင့်ကြံတော့မှာလား”

နတ်ဘုရားရာထူးနာမည်ပြောင်းလဲစဉ်တွင် အကျိုးအမြတ်များ ရရှိမည်ဖြစ်ကြောင်း ကျန်းလန်က သူမကို ပြောပြခဲ့သည်။ သူ့အနေဖြင့် ရှေ့ဆက်ရန် ခြေတစ်လှမ်းလှမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူမက မေးမြန်းကြည့်ခြင်း ဖြစ်သည်။

ကျန်းလန်က ခေါင်းခါယမ်းလိုက်သည်။

“မကျင့်ကြံသေးဘူး ၊ နောက်ပိုင်းနှစ်တွေကျမှ ကျင့်ကြံမယ်”

သူက အနောက်နန်းတော်မှ ကောင်းချီးလက်ဆောင်ကို ရရှိထားသော်လည်း ချက်ချင်းအသုံးပြုရန် ရည်ရွယ်ချက် မရှိသေးပေ။ ထိုကောင်းချီးလက်ဆောင်က အရင်က ရရှိခဲ့သည့် ကောင်းချီးလက်ဆောင်များနှင့် မတူညီပေ။ ကျန်းလန်က ထိုကောင်းချီးလက်ဆောင်ကို ဖြည်းဖြည်းချင်း စုပ်ယူကျင့်ကြံရန် စီစဉ်ထားသည်။

ရှောင်ယွိက အံ့အားသင့်စွာဖြင့် မတ်တတ်ထရပ်လိုက်ရင်း…

“တံခါးပိတ်မကျင့်ကြံဘူး ဟုတ်လား ၊ ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံရင် ကျွန်မကလည်း တံခါးပိတ်ကျင့်ကြံမလို့ စဉ်းစားထားတာ”

ရှောင်ယွိ၏စကားများက ကျန်းလန်၏စိတ်ကို မပြောင်းလဲစေနိုင်ပေ။

သူက ရှောင်ယွိကို မော့ကြည့်ကာ ပြုံးလိုက်သည်။

“ဂိုဏ်းတူအစ်မ ၊ နောက်နှစ်ရက်လောက်နေရင် တောင်ပေါ်ကဆင်းရအောင်”

ရှောင်ယွိ ခဏမျှ အံ့အားသင့်သွားပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။

“ကောင်းပြီ”

ကျန်းလန်တောင်ပေါ်က ဆင်းမည်ဆိုသည့်စကားက ထူးခြားသည်။

သူတို့ သာမန်ဘဝနှင့်နေထိုင်ရန်အတွက် သေမျိုးလူသားများ၏လောကသို့ သွားရောက်ကြမည် ဖြစ်သည်။ ကျန်းလန်က သာမန်လူသားများအလယ်တွင်ကျင့်ကြံမည်ဖြစ်ရာ သူမသည်လည်း သူနှင့်အတူ လိုက်ပါသွားရမည် ဖြစ်သည်။

သေမျိုးလူသားလောကတွင် ဆယ်စုနှစ်အတန်ကြာ သူတို့ (၂)ယောက် နေထိုင်ကြမည် ဖြစ်၏။

***

နောက်တစ်နေ့…

ကျန်းလန်နှင့်လုန်ယွိတို့ နဝမတောင်ထွတ်အစွန်းသို့ ရောက်လာခဲ့ကြသည်။

သူတို့က ခရီးထွက်မည်ဖြစ်သောကြောင့် ဆရာဖြစ်သူအား နှုတ်ဆက်စကားဆိုရန် ရောက်လာကြခြင်းပင်။

ကျန်းလန်၏စကားကိုနားထောင်ပြီးနောက် မော့ကျန်းသုန့်က ဆိုလိုရင်းကို နားလည်လိုက်သည်။

“ဒီတော့ မင်းတို့ အပြင်လောကမှာ ခဏလောက်နေကြမယ်ဆိုပါတော့”

တပည့်ဖြစ်သူက ရှေ့ဆက်ခြေတစ်လှမ်းတိုးတော့မည်ကို သူ သိရှိသည်။ ရှေ့ဆက်ရန်အတွက် အပြင်လောကတွင် အခွင့်အရေးတစ်ခု ရှာဖွေရန် လိုအပ်သည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်… ဒီတစ်ခေါက် နည်းနည်းကြာမယ်ထင်တယ်”

လုန်ယွိကလည်း ခေါင်းညိတ်လိုက်သည်။ သူမက ကျန်းလန်ဘာလုပ်လုပ် နောက်ကလိုက်မည့်သူ ဖြစ်သည်။

မော့ကျန်းသုန့်ကလည်း တပည့်ဖြစ်သူ၏ တောင်းဆိုမှုကို မငြင်းဆန်းခဲ့ပေ။

“ကောင်းပြီ… ကျောက်စိမ်းရေကန်နတ်ဘုရားမကို သေသေချာချာ ဂရုစိုက်ဖို့ မှာချင်တယ်”

သူက ကျန်းလန်အတွက ်စိတ်မပူသော်လည်း အစစ်အမှန်အင်မော်တယ်အဆင့်မျှသာ ရှိသေးသော လုန်ယွိအတွက် စိတ်ပူမိသည်။ သူမက အနည်းနှင့်အများ အန္တရယ်ကြုံရနိုင်သည်။

ကျန်းလန်က…

“တပည့် နားလည်ပါပြီ”

ထို့နောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ကျန်းလန်က ဆက်ပြောသည်။

“ဆရာ… အစီအရင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကတော့ ဆရာဒေါ်လေးမြောင်ယွဲ့ဆီ အကူအညီတောင်းမှ ဖြစ်မယ်ထင်တယ်”

သူ ခရီးထွက်သည်က ကြာမြင့်မည်ဖြစ်ရာ ဆရာဖြစ်သူ မိန်းမရရန်အတွက် အခွင့်အရေးများလည်း ဖန်တီးပေးခဲ့ရဦးမည် ဖြစ်သည်။ မဟုတ်ပါက ဆရာနှင့် ဆရာဒေါ်လေးမြောင်ယွဲ့အခြေအနေက တိုးတက်မည် မဟုတ်ပေ။

ထို့ကြောင့် နဝမတောင်ထွတ်မှ အစီအရင်များကို ထိန်းသိမ်းစောင့်ရှောက်ပေးရန် ဆရာဒေါ်လေးမြောင်ယွဲ့အား အကူအညီတောင်းပါရန် ဆရာဖြစ်သူကို အကြံပေးလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် အစီအရင်များကို ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိပါက နဝမတောင်ထွတ်တစ်ခုလုံး အစီအရင်များ ပရမ်းပတာဖြစ်နေရန် မသင့်တော်ပေ။

အခြားတောင်ထွတ်မှတပည့်များ နဝမတောင်ထွတ်တွင် လာရောက်ကျင့်ကြံလျှင် ၊ သို့မဟုတ် အစီအရင်လာရောက်လေ့လာသူများရှိလျှင် တောင်ထွတ်တစ်ခုလုံး ပရမ်းပတာဖြစ်နေပါက  ဆရာဖြစ်သူ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်မည် ဖြစ်သည်။ နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့်မရှိသည့်အခါ တောင်ထွတ်တစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ဟု ကွယ်ရာတွင် အတင်းတုပ်ကြပေလိမ့်မည်။

မည်သူမှ အတင်းမတုပ်ကြာလျှင် ကောလဟလဖြန့်ရန် အဋ္ဌမမင်းသားကို အကူအညီတောင်းမည် ဖြစ်သည်။ လုန်မန်က မလုပ်ချင်လျှင်တောင်မှ သူက အတင်းအကျပ် လုပ်ခိုင်းမည် ဖြစ်သည်။

မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

သူပြောသည့်စကားများကို ဆရာဖြစ်သူ မေ့သွားမည်လား ၊ သူပြောမည့်အတိုင်း လုပ်ပါမည်လားဆိုသည်ကိုတော့ ကျန်းလန် အရေးမစိုက်ပေ။

ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုပြီးနောက် သူတို့ (၂)ယောက် တတိယတောင်ထွတ်သို့ ထွက်လာကြသည်။

ခရီးစဉ်က တစ်ရက်နှစ်ရက် ခရီးစဉ်မဟုတ်ဘဲ ဆယ်စုနှစ်နှင့်ချီပြီးကြာမည်ဖြစ်ရာ ရှောင်ယွိ၏ ဆရာကိုလည်း နှုတ်ဆက်စကားဆိုရမည် ဖြစ်သည်။ ထို့ပြင် ကျောက်စိမ်းရေကန်နတ်ဘုရားမ ဆယ်စုနှစ်များစွာ တောင်ပေါ်မှ ထွက်ခွာသွားခြင်းက အသေးအဖွဲကိစ္စ မဟုတ်ပေ။

တတိယတောင်ထွတ်။

ကျူးချင်က ကျန်းလန်နှင့်လုန်ယွိကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“နှစ်ပေါင်းတစ်ရာလောက်ကြာမယ် ဟုတ်လား ၊ ဒါနည်းနည်းနောနောမှ မဟုတ်ဘဲ”

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“လိုရမယ်ရ နှစ်တစ်ရာလို့ ပြောတာပါ ၊ တကယ်က ဆယ်စုနှစ်နည်းနည်းလောက်ပဲ ကြာမှာပါ”

ကျူးချင်က…

“မင်းတို့ ဘာသွားလုပ်ကြမှာလဲ”

ကျန်းလန်က ဖုံးကွယ်မထားခဲ့ပေ။

“သာမန်လူတစ်ယောက်လို အချိန်အတိုင်းအတာတစ်ခုလောက်အထိ နေချင်လို့ပါ”

ကျူးချင် မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းလန် ဘာလုပ်ချင်မှန်း သူမ သေသေချာချာ မသိပေ။

လုန်ယွိက…

“ဆရာ… ကျွန်မတို့ကို သွားခွင့်ပြုပါ”

ကျူးချင်က လုန်ယွိကိုကြည့်လိုက်ရင်း…

“အိမ်ထောင်ကျပြီးတာနဲ့ မင်းရဲ့ပင်ကိုယ်စရိုက်ကလည်း ပြောင်းလဲလာပါလား”

သူမ၏ ပင်ကိုယ်စရိုက်ပြောင်းလဲလာသည်သာမက မိုက်မဲသူလည်း ဖြစ်လာသည်။ သူမက ဆရာဖြစ်သူ၏ အကြမ်းပန်းကန်ကိုလည်း ခိုးယူတတ်လာသည်။ သူမ ဖိနပ်ကိုခိုးသွားသည့် ဝိညာဉ်သားရဲကိုလည်း ကန်ကျောက်တတ်လာသည်။

သို့သော် ကျူးချင်က ရှောင်ယွိကို ဘယ်တုန်းကမှ မမုန်းတီးခဲ့ပေ။ သူမက ချစ်စရာကောင်းသည်ဟုသာ အမြဲတွေးခဲ့သည်။

လုန်ယွိက…

“ဒါတွေအားလုံးက ဆရာ့ကြောင့်ပဲ”

ကျူးချင်က ဒေါသထွက်စွာဖြင့်ပင် ရယ်မောလိုက်သည်။

“ငါ့ကြောင့် ဟုတ်လား”

တကယ်ဆို ရှောင်ယွိကို ပြောင်းလဲပေးလိုက်သူမှာ သူမ မဟုတ်ဘဲ ကျန်းလန်သာ ဖြစ်သင့်သည် မဟုတ်လား။

ရှောင်ယွိကို ကျန်းလန်နှင့် လက်ထပ်ပေးလိုက်သည်မှာ မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း သူမ ရုတ်တရက် တွေးမိသွားသည်။ သူမသည် မှားယွင်းသည့်ယောကျ်ားတစ်ယောက်ကို လက်ထပ်ခဲ့ခြင်း မဟုတ်ပေ။

သို့ရာတွင် တောင်ပေါ်မှ နှစ်ပေါင်း (၁၀၀)ခန့်ထွက်ခွာသွားမည့်ကိစ္စကတော့ သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်ပေ။ ဤကိစ္စက သူမဆုံးဖြတ်ရ၍ရသည့် ကိစ္စ မဟုတ်ပေ။

ကျူးချင်က ကျန်းလန်ကိုကြည့်လိုက်ရင်း…

“မင်းရဲ့ ဆရာကရော သဘောတူလား”

ကျန်းလန်က…

“ဟုတ်ကဲ့… ဆရာက သဘောတူပါတယ်”

အမှန်တော့ ဂိုဏ်းတူအစ်ကိုမော့ကျန်းသုန့်က တပည့်ဖြစ်သူကို အလွန်ပင် အလိုလိုက်သည်။ သူက ဘာကိုမှအရေးမစိုက် ၊ အခြားသောတောင်သခင်များကိုလည်း မတိုင်ပင်ဘဲ တပည့်ဖြစ်သူ လုပ်ချင်သည်ကို လုပ်ခွင့်ပြုလေ့ရှိသည်။

ဂိုဏ်းတူအစ်မ မြောင်ယွဲ့သာ သိရှိပါက နဝမတောင်ထွတ်သို့သွားရောက်ပြီး သူ့ကို ဝေဖန်ပြစ်တင်မည် ဖြစ်သည်။

ကျူးချင်က ကျန်းလန်ကိုကြည့်လိုက်ရင်း…

“ရှောင်ယွိ နှစ်တစ်ရာလောက်တောင်ပေါ်က ဆင်းသွားမယ်ဆိုတာ တကယ့်ကိစ္စကြီးလေ ၊ ဒါကြောင့် ဒီကိစ္စကို အခြားတောင်သခင်တွေနဲ့ဆွေးနွေးရမယ် ၊ ဒါပေမဲ့ အရမ်းတော့ စိတ်မပူပါနဲ့ ၊ တောင်သခင်တွေအားလုံးက မင်းတို့ တောင်ပေါ်ကဆင်းတာကို သဘောတူကောင်းတူမှာပါ ၊ ထုံးစံအတိုင်း လုပ်စရာရှိတာတွေတော့ လုပ်ရမှာပေါ့ ၊ ဒါမှ မင်းတို့နှစ်ယောက် ပြန်လာရင် အပြစ်ပေးမခံရမှာပေါ့”

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

ဤသည်က သဘာဝကျသည့်ကိစ္စပင်။

ဆရာဖြစ်သူ၏ခွင့်ပြုချက်တစ်ခုတည်းဖြင့် တောင်ပေါ်မှဆင်းသွားပါက အခန့်မသင့်လျှင် လမ်းတစ်ဝက်တွင် တောင်သခင်များက သူတို့ကို ရှာတွေ့သွားနိုင်သည်။ မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီတောင်ပေါ်ကဆင်းရမည်ဆိုလျှင် ပိုမိုကောင်းမွန်မည်သာ ဖြစ်သည်။

ထို့နောက် ကျူးချင်က အခြားသောတောင်သခင်များကို ခွန်လွန်တောင်အဓိကခန်းမဆောင်တွင် အစည်းအဝေးစတင်ရန် ဆင့်ခေါ်လိုက်သည်။

ခဏအကြာတွင်တော့…

ပထမ ၊ ဒုတိယ ၊ တတိယ ၊ ပဉ္စမ ၊ ဆဋ္ဌမ ၊ အဋ္ဌမနှင့် နဝမတောင်ထွတ်မှ တောင်သခင်များ ခွန်လွန်တောင်အဓိကခန်းမဆောင်သို့ ရောက်ရှိလာကြသည်။

လျိုကျင်းက ကျူးချင်ကို ကြည့်လိုက်ရင်း…

“ဂိုဏ်းတူညီမလေး ၊ ဘာကိစ္စရှိလို့ အစည်းအဝေးခေါ်တာလဲ”

တောင်သခင်တစ်ယောက် အစည်းအဝေးခေါ်ဆိုရခြင်းမှာ ခိုင်မာသည့်အကြောင်းပြချက် ရှိရမည် ဖြစ်သည်။ မည်သူမှ အကြောင်းပြချက်မရှိဘဲ အစည်းအဝေးခေါ်မည် မဟုတ်ပေ။

ကျူးချင်က…

“ရှောင်ယွိက ကျန်းလန်နဲ့အတူ တောင်ပေါ်က နှစ်တစ်ရာလောက် ဆင်းသွားမလို့တဲ့ ၊ အဲဒါ ရှင်တို့အားလုံးရဲ့ ထင်မြင်ချက်တွေ သိချင်လို့ပါ”

အခြားသောတောင်သခင်များက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ကြသည်။

မော့ကျန်းသုန့်က…

“ကျုပ်က သဘောတူပါတယ်”

အခြားသူများ : “……”

ကျိုးကျုန်းထျန်းက…

“တောင်ပေါ်ကနေ ဘာကိစ္စ နှစ်ပေါင်းတစ်ရာလောက် ထွက်ခွာသွားရတာလဲ”

မြောင်ယွဲ့က ရယ်မောလိုက်ရင်း…

“ကလေးရအောင် ကြိုးစားကြမလို့များလား”

ထိုအချက်က ဖြစ်နိုင်သည်ဟု ခံစားရသည်။

ကျူးချင်က…

“သာမန်လူသားဘဝကို တွေ့ကြုံခံစားဖို့လို့ပြောတယ်”

ချန်ရှီက…

“ဒါဖြင့် တာအိုကိုနားလည်ဖို့ သေမျိုးလူသားလောကကို သွားချင်တယ်ဆိုပါတော့”

ထိုကိစ္စက ပိုပြီးဖြစ်နိုင်ချေရှိသည်ဟု ခံစားရသည်။

ကျူးချင်လည်း ဇဝေဇဝါ ဖြစ်သွားသည်။

“အဲဒါ ဖြစ်နိုင်တယ်”

မြောင်ယွဲ့က အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ဒါဆို မဲခွဲဆုံးဖြတ်ကြမယ် ၊ အခု ကျွန်မတို့ (၇)ယောက် ရှိတယ် ၊ မဲများတဲ့ဘက်က အနိုင်ရမယ် ၊ ဘယ်လိုလဲ ၊ ကဲ… ကျွန်မကစပြီး မဲထည့်မယ် ၊ ကျွန်မက သူတို့ကို သွားခွင့်ပြုဖို့ သဘောတူတယ်”

မော့ကျန်းသုန့်က…

“ကျုပ်လည်း သဘောတူတယ်”

ကျူးချင်က…

“ကျွန်မလည်း သဘောတူတယ်”

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

“အမယ်… မင်းတို့တွေ တယ်လည်းစိတ်ကောင်းဝင်နေကြပါလား”

သူကတော့ သူ့ရပ်တည်ချက်ကို အလျှင်စလို မပြောသေးပေ။

လျိုကျင်းက မြောင်ယွဲ့ကို လှမ်းကြည့်ရင်း…

“နေပါဦး… ဂိုဏ်းတူညီမလေးမြောင်ယွဲ့က ဘာလို့သဘောတူရတာလဲ”

မော့ကျန်းသုန့်နှင့် ကျူးချင်က သူတို့တပည့်များ ခရီးထွက်ခြင်းအား သဘောတူသည်မှာ နားလည်ပေး၍ရသည်။ သို့ပေသိ မြောင်ယွဲ့သဘောတူသည်မှာတော့ ထူးဆန်းနေသည်။

မြောင်ယွဲ့က…

“ဘာလို့လဲဆိုတော့ ကျွန်မက ကျန်းလန်ကို သဘောကျလို့လေ”

လျိုကျင်းက ဖုန်းယီရှောက်ကို လှမ်းကြည့်လိုက်ပြီး…

“ဒါဆို မင်းရဲ့သဘောထားကရော ဘယ်လိုရှိလဲ ဂိုဏ်းတူညီလေးဖုန်းယီရှောက်”

ဖုန်းယီရှောက်က…

“ဂိုဏ်းချုပ်ကိုမေးကြည့်ကြပါလား”

လျိုကျင်း ခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဂိုဏ်းချုပ်ထံသို့ ဆက်သွယ်လိုက်သည်။

အစကတော့ ဤကိစ္စလောက်နှင့် ဂိုဏ်းချုပ်ကို ဆက်သွယ်ရန် မလိုအပ်သော်လည်း လျိုကျင်း၏စိတ်ထဲတွင် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။ ဖုန်းယီရှောက်သည်လည်း ထိုသို့ပင် ခံစားရသောကြောင့် အကြံပေးလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် ဂိုဏ်းချုပ်ကို မေးမြန်းကြည့်ခြင်းက အဖြေထွက်နိုင်သည်။

ခဏအကြာတွင် ကောင်းကင်ထက်မှ အသံတစ်သံထွက်ပေါ်လာသည်။

“သူတို့သွားပါစေ…”

ထိုအသံမှာ ဂိုဏ်းချုပ်၏အသံဖြစ်သည်။

သာမန်ဆိုလျှင် တောင်သခင်များကြားတွင် ဂိုဏ်းချုပ်က ဝင်ရောက်ပြောဆိုလေ့မရှိပေ။ တောင်သခင်များကို ဆုံးဖြတ်ချက်ချခွင့်ပေးသည်။

ယခုတော့ ဂိုဏ်းချုပ်ကိုယ်တိုင်က ချက်ချင်းပင် သူ၏ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုပြီး ကျန်းလန်နှင့်လုန်ယွိကို ခွန်လွန်မှ ထွက်ခွာခွင့်ပြုလိုက်သည်။

ဟုတ်ပေ၏။ ကျန်းလန်နှင့် လုန်ယွိ တောင်ပေါ်မှ ဆင်းရသည့်အကြောင်းရင်းကို သူသိရှိထားလေသည်။

လျိုကျင်းက…

“ဒါဆို ဆုံးဖြတ်ချက်ချပြီးသွားပြီပေါ့”

ဂိုဏ်းချုပ်က အမှန်တကယ်ပင် သူ၏ထင်မြင်ချက်ကို ပြောပြလိုက်သဖြင့် တောင်သခင်များအားလုံး ထူးဆန်းသလို ခံစားလိုက်ရသည်။  ဂိုဏ်းချုပ်တွင် အကြောင်းပြချက်တစ်ခုခု ရှိကောင်းရှိနိုင်သည်။

အကြောင်းအရာအတိအကျကိုတော့ သူတို့ မသိရှိကြသေးပေ။

မော့ကျန်းသုန့်ကတော့ စိတ်ထဲသိပ်မထားပေ။ သူ့အနေဖြင့် မည်သည့်အရာကိုမှ ဖုံးကွယ်ထားစရာ မရှိပေ။

***

နေ့လည်ခင်းအချိန်။

ကျန်းလန်နှင့် လုန်ယွိတို့ ကျူးချင်အား နှုတ်ဆက်စကားဆိုပြီး ခွန်လွန်တောင်မှ ထွက်ခွာလာခဲ့ကြသည်။

ရှောင်ယွိက…

“ဂိုဏ်းတူမောင်လေး ၊ သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို အတူခေါ်မလာဘူးလား”

ထိုအရာလေးများ ခြံဝင်းထဲတွင် သေဆုံးသွားကြမည်ကို လုန်ယွိ စိုးရိမ်နေသည်။

ကျန်းလန်က လုန်ယွိ၏လက်လေးကို အသာဆုပ်ကိုင်လိုက်ရင်း…

“မလိုပါဘူ ၊ အဋ္ဌမမင်းသားနဲ့ အခြားသူတွေကို အချိန်ရရင် ဝိညာဉ်ဆေးရည်လောင်းပေးဖို့ မှာထားခဲ့မယ်လေ ၊ တခြား ဘာပြဿနာမှ မရှိလောက်ပါဘူး”

လုန်ယွိ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ၊ လုန်မန်လည်း အားယားနေတာ ၊ နှစ်တစ်ရာလောက်တော့ အဲဒါလေးတွေကို ဝိညာဉ်ဆေးရည်လောင်းခိုင်းထားလိုက်မယ်”

တောင်ခြေသေရည်ဆိုင်။

“ဘာ… အစ်မနဲ့ယောက်ဖ ခရီးထွက်မလို့ ဟုတ်လား ၊ ဘယ်ကိုသွားကြမှာလဲ”

အဋ္ဌမမင်းသားက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

အစ်မနှင့် ယောက်ဖက ခွန်လွန်တောင်တွင် သူ့ကို ကျောထောက်နောက်ခံပေးထားသူများ ဖြစ်ကြသည်။ သူတို့သာ မရှိတော့လျှင် သူ့အနေဖြင့် သိုသိုသိပ်သိပ် ခပ်ကုပ်ကုပ်နေရပေလိမ့်မည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ခွန်လွန်တောင်တွင်မရှိပါက သူမ၏မောင်ငယ်တစ်ယောက်နေဖြင့် လတ်လျားလတ်လျားနေ၍ မကောင်းတော့ပေ။

ကောင်ငယ်လေးက…

“အစ်ကိုကြီး… ဘာလို့ ရုတ်တရက် ခရီးထွက်ရတာလဲ ၊ ပြန်လာရင် ဟုန်ယာကို ဘယ်လိုလိုက်ရမလဲဆိုတာ သင်ပေးမှာလား”

ယန်ရှီးယွင်က စိတ်ထဲသိပ်မထားသော်လည်း မေးမြန်းလိုက်သည်။

“အစ်ကိုကြီးနဲ့ မမက ဘယ်လောက်ကြာကြာ ခရီးထွက်မှာလဲ”

နှစ်တိုင်းပင် ယန်ရှီးယွင်က သူမမျိုးနွယ်ထဲမှ တစ်စုံတစ်ယောက်ကို တွေ့ဆုံရမည်လားဟု ရှာဖွေလေ့ ရှိသည်။ သို့သော် နှစ်ပေါင်းရာချီကြာမြင့်လာသည့်တိုင် မည်သူ့ကိုမှ သူမ ရှာမတွေ့ခဲ့ပေ။

ဟုန်ယာကတော့ အကြမ်းပန်းကန်များကို အဝတ်ဖြင့်သုတ်နေပြီး မည်သည့်မေးခွန်းမှ မမေးခဲ့ပေ။ သူမက သူတို့နှင့်လည်း သိပ်ပြီးရင်းနှီးသူ မဟုတ်ပေ။

လုန်ယွိက ခေါင်းခါယမ်းရင်း…

“ငါတို့လည်း ဘယ်သွားရမှန်း မသိသေးဘူး”

သို့သော် ကျန်းလန်က နေရာကောင်းတစ်ခု ရှာဖွေနိုင်မည်ဖြစ်သည့်အတွက် စိုးရိမ်ပူပန်ခြင်း သိပ်မရှိပေ။

အဋ္ဌမမင်းသားက…

“ယောက်ဖ ၊ မင်းတို့နေမယ့်နေရာ ကျုပ်ကို ပြောပြထားလေ ၊ ဒါမှ တောကောင်တွေ ပို့ပေးလို့ရမှာ”

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

“မသင့်တော်ပါဘူးကွာ…”

သူက ဆက်ပြောသည်။

“ပြီးတော့ ဒီတစ်ခေါက် ခရီးထွက်တာ အရင်ကနဲ့ မတူဘူး ၊ ဒီကာလအတွင်း အချို့နာမည်တွေကို မခေါ်တာကောင်းလိမ့်မယ် ၊ ခေါ်လည်းဘာသက်ရောက်မှုမှ မရှိနိုင်ဘူး”

အဋ္ဌမမင်းသား တုန်လှုပ်သွားသည်။ ယောက်ဖဆိုလိုသည့်အဓိပ္ပါယ်ကို သူ နားလည်သည်။

ယခုတစ်ကြိမ် ယောက်ဖ အပြင်လောကသို့သွားရောက်ခြင်းသည် သူ့ကို မည်သည့်နည်းနှင့်မှ ဆက်သွယ်နိုင်မည် မဟုတ်တော့ပေ။

ဘာကြောင့်လဲ။

ယောက်ဖက အဘယ့ကြောင့် သာမန်ဘဝနှင့် နေထိုင်ရသည်လဲ။ သူက တကယ်ပဲ သာမန်လူတစ်ယောက် ဖြစ်ချင်လို့လား။

ယန်ရှီးယွင်က…

“အပြင်လောကမှ အစ်ကိုကြီးနဲ့မမကိုတွေ့ရင် ဘယ်လိုလုပ်မလဲ ၊ နှုတ်ဆက်ရမလား”

ကျန်းလန်နှင့် လုန်ယွိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ။ ယန်ရှီးယွင်သည် ခွန်လွန်တောင်တွင်သာ မျက်စိလည်နေပေလိမ့်မည်။ သူမကိုယ်တိုင် ဘယ်ကိုသွားရမှန်းမသိ လမ်းပျောက်နေသည့်အတွက် သူမနှင့်တွေ့ဆုံရန် မဖြစ်နိုင်ပေ။

ကျန်လန်ကလည်း အလွန်ဝေးကွာသည့်နေရာသို့သွားရောက်ရန် ရည်ရွယ်ချက် မရှိပေ။ သူက ခွန်လွန်နယ်မြေအတွင်းမှာသာ နေထိုင်ရန် စီစဉ်ထားသည်။

ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် မြို့ရွာများ များစွာရှိသည်။ သို့တိုင် ခွန်လွန်တောင်မှလူများနှင့် တွေ့ဆုံရန် မလွယ်ကူပေ။

ကျန်းလန်က…

“ကျုပ်တို့ တွေ့ဖြစ်ကြမယ်မထင်ပါဘူး”

ကောင်ငယ်လေးက…

“အနှစ်တစ်ရာအတွင်း ကျွန်တော် ဦးလေးဖြစ်တော့မှာလား”

အဋ္ဌမမင်းသားက ကောင်ငယ်လေးကို စူးစိုက်ကြည့်လိုက်ရင်း…

“မင်းက ဘာကိစ္စ ဦးလေးဖြစ်ရမှာလဲ ၊ ကျုပ်ကမှ ဦးလေးဖြစ်မှာ ၊ ကျုပ်က အစ်မရဲ့မောင်အရင်း ၊ သွေးသားတော်စပ်တယ် ၊ မင်းက ဘာမှမတော်ဘူး”

ကောင်ငယ်လေးက…

“ကျွန်တော်က အစ်ကိုကြီးနဲ့ အစ်မကို မောင်နှမအရင်းတွေလို သဘောထားတယ် ၊ ဘာလို့ ကျွန်တော်က ဦးလေးမဖြစ်နိုင်ရမှာလဲ”

“မင်းလိုအရေထူတဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး ၊ ဟုန်ယာရှေ့ကျ မင်းဘာလို့ အရေမထူရတာလဲ ၊ သူပြောတာဆိုရင် မင်းဘာမှခံမငြင်းဘူးနော်”

“ကျွန်တော့်ကို ပြန်မကြိုက်တာကလွဲရင် ဟုန်ယာက ခင်ဗျားလို မဟုတ်ဘူး”

“……”

လုန်မန်နှင့်ကောင်ငယ်လေး ငြင်းခုန်နေကြသည်ကိုကြည့်ပြီး ကျန်းလန်နှင့် လုန်ယွိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့ သေရည်ဆိုင်မှ ထွက်ခွာလာခဲ့ကြသည်။

အဋ္ဌမမင်းသား လှမ်းကြည့်လိုက်ချိန်တွင် ကျန်းလန်နှင့် လုန်ယွိတို့ (၂)ယောက် လမ်းမကြီးထက်သို့ ထွက်ခွာသွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

***

ကျန်းလန်နှင့်လုန်ယွိ ထွက်ခွာသွားပြီးနောက်…

မော့ကျန်းသုန့်က နဝမတောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်ရင်း ခွန်လွန်တောင်အပြင်ဘက်သို့ လှမ်းကြည့်နေသည်။

နေဝင်သွားခဲ့ပြီဖြစ်သည်။ ကောင်းကင်ထက်သို့မော့ကြည့်လိုက်သည့်အခါ ကောင်းကင်အရောင်က ပြောင်းလဲနေခဲ့သည်။

“သူ ပြန်လာတဲ့အချိန်ကျ အရင်ကနဲ့ မတူလောက်တော့ဘူး… ၊ အဲဒါက…”

ပျက်သုဉ်းတစ်စပြင်လောကကြီးက နောက်ထပ်နှစ်ပေါင်းမည်မျှကြာအောင် ငြိမ်းချမ်းနေပါဦးမည်နည်း။ တပည့်ဖြစ်သူပြန်လာသည့်အချိန်ထိ တောင့်ခံနိုင်ပါ့မလား။

ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၂၅၀) ကြာမြင့်ခဲ့ပြီးနောက် သူ၏တစ်ဦးတည်းသောတပည့်သည့် တောင်ပေါ်မှ ထွက်ခွာသွားခဲ့သည်။

ခဏတာတော့ တကယ့်ကိုအသားမကျသလို မော့ကျန်းသုန့် ခံစားရလေသည်။

အတိတ်တစ်ချိန်က တောင်ပေါ်မှလုံးဝဆင်းမသွားချင်သည့် ကျန်းလန်အကြောင်း မော့ကျန်းသုန့် ပြန်တွေးကြည့်မိသည်။

အခုတော့ တပည့်ဖြစ်သူ ပြောင်းလဲသွားခဲ့ပြီ။

ယခုတော့ နဝမတောင်ထွတ်မှ တပည့်အားလုံး တောင်ပေါ်မှ ဆင်းသွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters