ရှောင်ယွိကို မိစ္ဆာဟု ထင်မှတ်ကြခြင်း
Vol. 39 Ch. 543
“ဖုန်း” မြို့။
အလွန်တရာ ကြွယ်ဝချမ်းသာသည့် မြို့တစ်မြို့တော့ မဟုတ်ပေ။ လမ်းမက ကျောက်တုံးများခင်းထားပြီး အချိန်ကာလ ကြာမြင့်သည့်အတွက် အနည်းငယ် ပျက်စီးလျှက် ရှိသည်။
မြို့နေလူထုက များပြားသော်လည်း ထမင်းစားရန် ကြိုးကြိုးစားစား အလုပ်လုပ်ကြရသည်။
ဤမြို့သို့ရောက်ရှိရန် ခွန်လွန်တောင်မှ တစ်လခန့် ခရီးနှင်ရသည်။ အင်မော်တယ်များပင် တစ်လခန့် ခရီးနှင်ရသည်ဖြစ်ရာ အတော်လေး ခရီးဝေးသည်ဟု ဆိုနိုင်သည်။
မြို့၏အနီးပတ်ဝန်းကျင်တွင် ရွာပေါင်းများစွာရှိပြီး ရွာများမှ အမဲလိုက်၍ရရှိသည့်သားကောင်များ ၊ စိုက်ပျိုးသီးနှံများကို မြို့ပေါ်တွင် ရောင်းဝယ်ဖောက်ကားကြသည်။
ယနေ့ ရွာထဲမှ လျိုတာ့ကျူးနှင့်အဖွဲ့သည့် “ဖုန်း” မြို့မှ ရွာသို့ပြန်ရောက်သည့်အခါ အံ့အားသင့်စရာကိစ္စတစ်ခုနှင့် တွေ့ကြုံခဲ့ရသည်။
ရွာစွန်တစ်နေရာတွင် အချိန်ကြာမြင့်စွာ လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်အိမ် ရှိသည်။ ယနေ့တော့ ထိုအိမ်တွင် လူများ ရောက်နေကြသည်။
“အာ့ကျူး ၊ ကြည့်စမ်း… အဲဒါ ဆရာ “တု” ရဲ့ အိမ် မဟုတ်လား ၊ ဆရာ “တု” ရွာကထွက်သွားကတည်းက ဒီအိမ်ကလွတ်နေတာလေ ဒီနေ့ ဘာလို့ လူတွေရောက်နေရတာလဲ ၊ သူတို့က အိမ်သန့်ရှင်းရေး လုပ်နေကြတဲ့ပုံပဲ”
လျိုတာ့ကျူးက မေးဖျားကို လက်ဖြင့်ပွတ်ရင်း ညီဖြစ်သူ လျိုအာ့ကျူးကို ပြောလိုက်သည်။ သူ့စိတ်ထဲတွင် ပဟေဠိ ဖြစ်နေမိသည်။
သူ့အသံက ကြမ်းရှရှဖြစ်ပြီး ပတ်ဝန်းကျင်မှ ရွာသူရွာသားများကလည်း ဆရာ “တု” ၏ အိမ်ကို ကြည့်နေကြသည်။ အိမ်ထဲတွင် အလုပ်ရှုတ်နေသည့် လူ (၂)ယောက်ကို တွေ့ရသည်။
လူငယ်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရိုးရှင်းသည့်အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ လူငယ်က သာမန်ရုပ်ရည်ပင်ဖြစ်သော်လည်း စာပေသမားတစ်ယောက်ပမာ အလွန်သိမ်မွေ့ဟန် ရှိသည်။ မိန်းကလေးကတော့ ဆံပင်များကို စည်းနှောင်ထားပြီး ဖြူစင်သည့်အသားအရေဖြင့် အလွန်ချောမောလှပသည်။
“လူငယ်စုံတွဲတွေလား”
လျိုတာ့ကျူးက ခဏမျှတွေးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
“ဒီလင်မယားကို ရွာမှာတစ်ခါမှ မတွေ့ဖူးပါဘူး ၊ ကျုပ်တို့အိမ်ဘေးမှာနေတာတောင် တစ်ခါမှ မတွေ့ဖူးဘူး”
လျိုအာ့ကျူးက…
“တခြားနေရာက အခုမှ ပြောင်းလာတာ ဖြစ်ရမယ် ၊ ကြည့်ရတာ ခိုးပြေးလာကြတာလားမသိဘူး”
အခြားသူများကလည်း ခေါင်းညိတ်လိုက်သည်။ ဤသည်က အမှန်ဖြစ်နိုင်သည်။ ထူးခြားသည့်အခြေအနေမရှိပါဘဲ ရင်းနှီးမှုမရှိသည့် ရွာတစ်ရွာတွင် မည်သူက လာရောက်နေထိုင်ပါမည်နည်း။
အိမ်နီးနားချင်းများနှင့် မိတ်ဆွေအပေါင်းအသင်းများ၏ အကူအညီမရှိဘဲ သူစိမ်းများအလယ်နေထိုင်ရန်မှာ မလွယ်ကူပေ။ ယခု လူငယ်စုံတွဲ (၂)ယောက်တည်း ဖြစ်သည့်အတွက် အဆင်ပြေနေမည်ဖြစ်ော်လည်း ကလေးတစ်ယောက်ရလာလျှင်တော့ စိတ်ဖိစီးမှု များပြားလာမည်ပင်။
လူတစ်ယောက်က…
“ပြန်ကြစို့… ရွာထဲရောက်မှ မေးကြည့်ကြမယ် ၊ ဘာတွေဖြစ်လဲဆိုတာ သိရမှာပေါ့”
လူအုပ်ကြီးထွက်ခွာသွားသည်နှင့် ရှောင်ယွိက ကျန်းလန်ကို လှမ်းအော်ပြောလိုက်သည်။
“ယောကျ်ား ၊ ကျွန်မတို့အကြောင်း သိချင်တဲ့သူတွေအများကြီးရှိတယ်ထင်တယ်”
ထိုလူငယ်စုံတွဲမှာ ကျန်းလန်နှင့် လုန်ယွိ ဖြစ်၏။
လုန်ယွိဆိုသည့်နာမည်က နဂါးမျိုးနွယ်မှန်းသိသာစေသည့်အတွက် လုန်ယွိက သူမနာမည်ကို ရှောင်ယွိဟုသာ သုံးနှုန်းသည်။ ကျန်းလန်ကတော့ နာမည်ရင်းကိုသာ အသုံးပြုပြီး အခြားနာမည်အသုံးပြုရန် မရည်ရွယ်ပေ။
သို့သော် ရှောင်ယွိက မျိုးရိုးနာမည်မရှိ ဖြစ်နေသောကြောင့် ကျန်းလန်၏ မျိုးနွယ်ဖြစ်သည့် “ကျန်း” မျိုးရိုးကိုပင်ယူကာ “ကျန်းရှောင်ယွိ” ဟု အသုံးပြုခဲ့သည်။
သူမက ကျန်းလန်နောက်သို့လိုက်လာသည့် မိန်းမပျိုတစ်ယောက်အဖြစ် ဟန်ဆောင်ထားသည့်အတွက် သူမအသွင်အပြင်က အနည်းငယ် သာမန်ဖြစ်အောင် ဖန်ဆင်းထားခဲ့သည်။ ထိုသာမန်ပုံစံသည်ပင် အတော်လေး ချောမောလှပနေသည်ဖြစ်ရာ ကျောက်စိမ်းရေကန်နတ်ဘုရားမ လုန်ယွိ၏ အလှတရားမျိုးနှင့်ဆိုလျှင် လူတိုင်းရူးသွပ်သွားနိုင်လေသည်။
“အင်း… ဒီရွာမှာ လူတွေနဲ့ ပေါင်းသင်းနေထိုင်ဖို့ လွယ်ပါ့မလား တွေးနေမိတယ်”
ကျန်းလန်က သူ့လေးကို သုတ်ရင်းပြောလိုက်သည်။
ဤရွာက အမဲလိုက်ခြင်းကို အဓိကမှီခိုအားထားသည့်အတွက် သူလည်း အမဲလိုက်သည့်အလုပ်ကိုသာ လုပ်ကိုင်ရမည် ဖြစ်သည်။
သူက လေးနှင့်မြား အသုံးပြုရာတွင် အတွေ့အကြုံမရှိသဖြင့် နောက်ရက်များတွင် ကျင့်သားရစေရန် လေ့ကျင့်ရမည် ဖြစ်သည်။ ရှောင်ယွိကိုတော့ အငတ်ထား၍ မဖြစ်လေရာ အလုပ်လုပ်ရမည် ဖြစ်သည်။
ရှောင်ယွိက…
“သူတို့ကို ဘယ်လိုမိတ်ဆက်ကြမလဲ”
ရှောင်ယွိက ရွာနှင့်မလိုက်ဖက်သည့် ချမ်းသာသောအိမ်တော်မှ သူဌေးသမီးလေးတစ်ယောက်နှင့် ဆင်တူသည်။ သူမက အနည်းငယ်ကြောက်ရွံ့ပြီး စိုးရိမ်နေမိသည်။
နောက်တစ်နေ့…။
ကျန်းလန်အမဲလိုက်ရန် တောင်ပေါ်သို့ ထွက်ခွာသွားသည်။ သူက လေးနှင့်မြားကို မည်သို့အသုံးပြုရမည်ကို မသိသည့်အတွက် အစပိုင်းတွင် သားကောင်များစွာ မရရှိခဲ့ပေ။
ကံကောင်းထောက်မစွာ ညနေပိုင်းတွင်တော့ သားကောင်တစ်ကောင် ရလာခဲ့သည်။
အိမ်ပြန်ရောက်တော့ ခြံဝင်းထဲတွင် မျက်နှာမသာမယာဖြင့် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးနေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
ကျန်းလန်က…
“မိန်းမ… ဘာများဖြစ်လို့လဲ”
ရှောင်ယွိက စိတ်ပျက်လက်ပျက်ဟန်ဖြင့်…
“ရွာကလူတွေက ကျွန်မကို သဘောမကျကြဘူးထင်တယ် ၊ ကျွန်မက အဝတ်တွေဘယ်မှာလျှော်ရမလဲမေးတာကို ရေတွင်းပျက်ကြီးတစ်ခုရှိတဲ့နေရာ ပြောပြတယ်”
ထိုစကားကိုကြားသည့်အခါ ကျန်းလန် အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူတို့ (၂)ယောက်က ရွာနှင့် အလှမ်းဝေးနေသလို ခံစားရသည်။
နောက်တစ်နေ့နံနက်တွင်တော့ ကျန်းလန်နှင့်ရှောင်ယွိတို့ အသားအနည်းငယ်ယူကာ ဘေးအိမ်သို့ ရောက်လာကြသည်။ ဘေးအိမ်ဟုဆိုရသော်လည်း သူတို့နေထိုင်သည့်အိမ်နှင့် သိပ်ပြီးနီးကပ်ခြင်း မရှိပေ။ ပေ (၂၀၀)နီးပါးဝေးကွာလေသည်။
“ဒေါက် ဒေါက်”
ကျန်းလန်က အိမ်တံခါးကို ခေါက်လိုက်သည်။
တံခါးဖွင့်ပေးသူက မုတ်ဆိတ်မွှေးအပြည့်ရှိပြီး ဗလတောင့်တောင်နှင့် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဖြစ်သည်။
ထိုသူက လျိုတာ့ကျူးပင် ဖြစ်သည်။
လျိုတာ့ကျူးက ခဏမျှဇဝေဇဝါဖြစ်သွားပြီးမှ ပြုံးလိုက်ရင်း…
“ဟုတ်ပြီ… မင်းတို့ (၂)ယောက်က ဆရာ “တု” အိမ်ကို ပြောင်းလာကြတဲ့ အသစ်စက်စက် လင်မယားမဟုတ်လား…”
ကျန်းလန်က…
“ကျုပ်နာမည်က ကျန်းလန်ပါ ၊ ဒါကတော့ ကျုပ်မိန်းမ ကျန်းရှောင်ယွိပါ”
ရှောင်ယွိကလည်း ခေါင်းညိတ်ပြလိုက်သည်။
လျိုတာ့ကျူးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားဟန်ဖြင့်…
“ကျုပ်နာမည်ကတော့ လျိုတာ့ကျူးလို့ခေါ်တယ် ၊ ကျုပ်တို့က တောသူတောင်သားဆိုတော့ နာမည်တွေကလည်း မလှဘူးပေါ့ကွာ… ဟား ဟား”
ကျန်းလန်တို့ဇနီးမောင်နှံ၏နာမည်များကိုကြည့်ရသည်ကတော့ တောသူတောင်သားများ ဟုတ်ဟန်မတူပေ။ ချမ်းသာသောမိသားစုမှ သူဌေးသမီးလေးကို ခိုးပြေးလာသည့်စာပေသမားတစ်ယောက် ဖြစ်ဟန်တူသည်။
ကျန်းလန်က ယူလာသည့်အသားတွဲကို လျိုတာ့ကျူးအားပေးလိုက်သည်။
“ဒါက အစ်ကိုကြီးလျိုအတွက် လက်ဆောင်ပါ”
လျိုတာ့ကျူးက…
“အိမ်နီးချင်းတွေပဲကွာ ၊ မလိုပါဘူး ၊ ဒီအသားက ဈေးကြီးလွန်းတယ်”
ရွာတွင် အသားငါးရှားပါးလေသည်။ ယခု တစ်ဖက်လူက သူ့ကိုအသားများစွာပေးနေသည်။
ကျန်းလန်က ရိုးသားပွင့်လင်းသည့်လေသံဖြင့်…
“ကျွန်တော်လည်း အစ်ကိုကြီးလျိုကို အကူအညီတောင်းစရာရှိလို့ပါ ၊ ဒါကြောင့် လက်ဆောင်ကို လက်ခံဖို့ မျှော်လင့်ပါတယ်”
နောက်ဆုံးတော့ လျိုတာ့ကျူးက အသားတွဲကိုလက်ခံလိုက်ပြီး ကျန်းလန်နှင့်ရှောင်ယွိကို အိမ်ထဲသို့ ခေါ်လိုက်သည်။
“မိန်းမရေ… ဧည့်သည်လာတယ်ဟေ့”
အိမ်ထဲမှ ရိုးရှင်းသောအဝတ်အစားကို ဝတ်ဆင်ထားပြီး အနည်းငယ်ဝဖိုင့်သည့် အမျိုးသမီးတစ်ယောက် ထွက်လာသည်။
အမျိုးသမီးကိုမြင်သည့်အခါ ရှောင်ယွိက ခေါင်းညိတ်ပြလိုက်သည်။ ထိုအမျိုးသမီးက မနေ့က သူမကို ရေမရှိသည့် ရေတွင်းပျက်ဆီသို့ လမ်းညွန်ပေးသူ ဖြစ်သည်။
အမျိုးသမီးက တအံ့တသြဖြင့်…
“ဒါက ဟိုဘက်အိမ်ကို အသစ်ပြောင်းလာတဲ့ လင်မယားမဟုတ်လား ၊ ဒါနဲ့ အသားတွေက ဘယ်ကရတာလဲ”
ထို့နောက် စကားစမြည်ပြောကြရင်း ကျန်းလန်က လျိုတာ့ကျူးကို အကူအညီတောင်းသည်။
“အစ်ကိုကြီးလျိုကို ဖုံးကွယ်မနေတော့ပါဘူး ၊ ကျုပ်တို့က ဒီရွာမှာလူသစ်ဆိုတော့ ကိစ္စအတော်များများကို နားမလည်ဘူး ၊ အဲဒါ အစ်ကိုကြီးလျိုက အမဲလိုက်တဲ့အခါများ ကူညီပေးနိုင်မလား မျှော်လင့်မိပါတယ် ၊ ဒါမှ ကျုပ်လည်း အသက်မွေးဝမ်းကျောင်းလို့ရမှာလေဗျာ”
လျိုတာ့ကျူးက…
“ဒါက ပြဿနာမရှိပါဘူးကွာ ၊ နောက်ကျ မင်းကို တခြားသူတွေနဲ့တွေ့ဖို့ ခေါ်သွားပေးမယ် ၊ တစ်ရွာတည်းသားတွေဖြစ်ပြီပဲ ၊ ကူညီရမှာပေါ့”
လျိုတာ့ကျူး၏စကားအရတော့ အရာရာက အဆင်ပြေမည့်ဟန်ပင်။
ထို့နောက် ကျန်းလန်က လျိုတာ့ကျူး၏ မိန်းမအား ရိုးသားသည့်အမူအရာဖြင့်ပင် ကြည့်လိုက်ရင်း…
“ရှောင်ယွိကလည်း ရွာအကြောင်း သိပ်မသိဘူး ၊ အဲဒါ အစ်မကြီးလျိုက ကူညီပေးပါဦးနော်”
အစ်မကြီးလျိုက ပြုံးရယ်လိုက်ရင်း…
“အိုက်ယာ… အိမ်နီးချင်းတွေပဲ ၊ ပြောနေစရာမလိုပါဘူး ၊ ကူညီပေးရမှာပေါ့”
ထို့နောက် ကျန်းလန်နှင့်ရှောင်ယွိက သူတို့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ပြန်ရန် မတ်တတ်ထရပ်လိုက်ကြသည်။
မိုးစင်စင်လင်းသည့်အချိန်တွင်တော့ ကျန်းလန်က လေးနှင့်မြားကိုယူကာ လျိုတာ့ကျူနှင့်အတူ ရွာတံခါးသို့ လိုက်လာခဲ့သည်။ လျိုတာ့ကျူးက ကျန်းလန်ကို အခြားမုဆိုးများနှင့် မိတ်ဆက်ပေးသည်။
ရှောင်ယွိကတော့ အစ်မကြီးလျိုဆီသို့ ထွက်ခွာလာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာခဲ့ကြသည်။ ရှောင်ယွိက မနေ့ကကိစ္စကို စိတ်ထဲမထားတော့သလို အစ်မကြီးလျိုကလည်း မှတ်မိဟန် မပြတော့ပေ။
ကျန်းလန်ကတော့ ရွာသားများနှင့်အတူ တောင်ပေါ်သို့ အမဲလိုက်ထွက်သွားသည်။ အချို့က လူသစ်ကို မခေါ်ချင်ကြသော်လည်း လျိုတာ့ကျူးနှင့် လျိုအာ့ကျူးတို့ညီအစ်ကိုက သဘောတူကြသည့်အတွက် အထွန့်မတက်ဝံ့ဘဲ လက်ခံခဲ့ကြသည်။
လျိုတာ့ကျူးတို့ ညီအစ်ကိုက ရွာတွင် အမဲလိုက်အကျွမ်းကျင်ဆုံး ခေါင်းဆောင်များ ဖြစ်ကြသည်။ အမဲလိုက်ခရီးစဉ်တစ်ခုလုံး ကျန်းလန်က အောက်ခြေအလုပ်များပါမကျန် ကူညီလုပ်ဆောင်ပေးခဲ့သည်။
သူက အသုံးမကျသည်တော့ မဟုတ်ပေ။ သူပစ်သည့်မြားချက်တိုင်းက သားကောင်ကို ထိမှန်သည်။ သို့သော် မြားပစ်ခြင်းက မလွယ်ကူပေ။ လုံလောက်သည့် ခွန်အားကို အသုံးမပြုနိုင်ပါက သားကောင်ကို သေစေနိုင်လောက်သည့် ဒဏ်ရာမျိုး ရရှိစေမည် မဟုတ်ပေ။
နေ့လည်ပိုင်းတွင်တော့ ကျန်းလန် အိမ်သို့ပြန်လာခဲ့သည်။
ရှောင်ယွိက ပြုံးပျော်လျှက် ညနေစာချက်ပြုတ်နေသည်။ ယနေ့ သူမ အလွန်ပျော်ရွှင်နေဟန် ရှိသည်။
ကျန်းလန်က မီးဖိုချောင်ထဲဝင်လာရင်း…
“ကိုယ်ချက်မယ်လေ…”
ရှောင်ယွိက ဟင်းချက်နည်းများကို မသိသဖြင့် ကျန်းလန်သာလျှင် အများဆုံး ချက်ပြုတ်လေ့ရှိသည်။
“ယောကျ်ား ၊ ပြန်လာပြီလား ၊ ဒီနေ့လေ…”
ကျန်းလန်ပြန်လာသည်နှင့် ရှောင်ယွိက ယနေ့ ကြုံတွေ့ခဲ့ရသည်များကို မမောနိုင်မပန်းနိင် ပြောပြသည်။ သူမက ပျော်ရွှင်မှုများကို ကျန်းလန်နှင့် မျှဝေချင်ဟန်ရှိသည်။
ယနေ့ သူမ ရွာထဲမှ မိန်းကလေးအချို့နှင့်သိကျွမ်းခဲ့ပြီး အဝတ်အစားများလျှော်ဖွတ်ရမည့်နေရာကိုလည်း သိရှိခဲ့သည်။ အစ်မကြီးလျိုက စိတ်အားထက်သန်စွာဖြင့် သူမကို အကုန်သင်ပြပေးခဲ့သည်။ သူမပုံစံက မနေ့ကနှင့် လုံးဝမတူလေရာ ရှောင်ယွိမှာ လူမှားသလားပင် သံသယဝင်မိသည်။
ကျန်းလန်ကတော့ ရှောင်ယွိပြောသမျှကို ပြုံးပြီးနားထောင်နေခဲ့သည်။
“ချွတ် ချွတ်”
ထိုအချိန် ခြံဝင်းတံခါးဆီမှ အသံတစ်သံထွက်လာသည်။
ကျန်းလန်နှင့်ရှောင်ယွိ လှမ်းကြည့်လိုက်တော့ တံခါးနားတွင်ရပ်နေသည့် ကလေး (၃)ယောက်ကို တွေ့လိုက်ရသည်။
ကောင်လေးတစ်ယောက်နှင့် ကောင်မလေးနှစ်ယောက် ဖြစ်သည်။ အသက်ကတော့ (၄) (၅)နှစ်မျှသာ ရှိဦးမည်။ မိန်ကလေးများက သန့်ပြန့်သည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ကောင်လေးကတော့ ခပ်ထွားထွားလေးဖြစ်သည်။ ကလေးငယ်များ၏ မျက်ဝန်းများက ဝိုင်းစက်တောက်ပနေကြပြီး ဆံပင်များက ညစ်ပတ်ပွေပွလျှက်ရှိသည်။
ရှောင်ယွိက သူတို့ကိုတွေ့သည့်အခါ အံ့အားသင့်စွာဖြင့် ပြုံးရယ်လိုက်သည်။
“ကလေးလေးတွေပဲ…”
သူမက ချက်ချင်းပင် စားပွဲပေါ်တွင်တင်ထားသည့် သစ်သီး (၃)လုံးကို လှမ်းယူလိုက်ပြီး ကလေး (၃)ယောက်ထံ ဝှေ့ယမ်းပြလိုက်သည်။
“လိုချင်ကြလား”
သူမက ကလေးများကို အရင်က မတွေ့ဖူးခဲ့ပေ။ အထူးသဖြင့် ယခုလို နီးနီးကပ်ကပ် မတွေ့ဆုံဖူးပေ။
ကလေးများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အထဲသို့ ဝင်လာသည်။ သစ်သီးများက သူတို့ကို ဆွဲဆောင်နေဟန် ရှိသည်။
ထို့နောက် ရှောင်ယွိလက်ထဲမှ သစ်သီးများကိုယူကာ ထွက်ပြေးသွားကြတော့သည်။
“ယောကျ်ား ၊ ယောကျ်ားရေ… ကျွန်မလည်း ကလေးတစ်ယောက်လောက် လိုချင်လိုက်တာ”
ရှောင်ယွိက ချက်ချင်းပင် ကျန်းလန်ဘေးနားသို့ပြေးသွားရင်း ပြောလိုက်သည်။
ကျန်းလန် : “……”
တကယ်တော့ သားသမီးရရန်မှာ ရှောင်ယွိအပေါ် မူတည်သည်။ သူ့ဘက်က ပြဿနာမရှိပေ။
ထိုသို့ဖြင့် နေ့ရက်များကုန်လွန်သွားပြီး အချိန် (၁)လခန့် ကြာသွားလေသည်။
ကျန်းလန်သည်လည်း အမဲလိုက်အဖွဲ့နှင့် လုံးလုံးလျားလျား ပေါင်းစည်းခဲ့မိပြီ ဖြစ်သည်။ သူ၏မြားပစ်စွမ်းရည်ကလည်း ပိုပြီးတိကျလာသည်။ သူ၏စွမ်းအားက အမြင့်မားသေးသော်လည်း လက်ခံနိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သို့သော် ကျန်းလန်ကို မလိုလားသူအချို့လည်း ရှိနေကြပြီး ကျန်းလန်၏မြားချက်က သားကောင်ကို သေအောင်မသတ်နိုင်လေတိုင်း သူတို့က မကျေနပ်ကြပေ။
ရှောင်ယွိကတော့ ရွာထဲမှ မိန်းကလေးများနှင့် တစ်နေ့တခြား ရင်းနှီးလာခဲ့သည်။ သူမအိမ်သို့ လာလေ့ရှိသည့် ကလေးများမှာ လျိုတာ့ကျူး၏သားနှင့်သမီးဖြစ်သော လျိုတာ့ဟူနှင့် လျိုရှောင်ရှောင်တို့ ဖြစ်သည်။ နောက်ထပ်ကောင်မလေးတစ်ယောက်တော့ လင်တာ့ကျွမ်း၏အိမ်မှ လင်စီးစီး ဖြစ်သည်။ ထိုနာမည်က မြို့ထဲမှ ဗေဒင်ဆရာတစ်ယောက် ပေးထားသည့် နာမည်ဖြစ်သည်ဟု ဆိုသည်။
ထိုကလေး (၃)ယောက်က ရှောင်ယွိကိုရှာဖွေရန် ကျန်းလန်အိမ်သို့ မကြာခဏလာရောက်ကြသည်။ သူတို့လာတိုင်း ရှောင်ယွိက သစ်သီးများကျွေးသောကြောင့် ဖြစ်သည်။ ကလေးများရောက်လာလျှင် သစ်သီးများမပေးရမည်ကိုစိုးရိမ်သည့်အလား ရှောင်ယွိကလည်း အမြဲတမ်း အဆင်သင့်ပြင်ဆင်ထားတတ်သည်။
ရှောင်ယွိက ကလေးများကို သဘောကျသလို ကလေးများကိုလည်း ချစ်ခင်လေသည်။
ထိုသို့ဖြင့် အချိန် (၃)လ ကြာသွားခဲ့သည်။
ယနေ့ ကျန်းလန်နှင့်ရှောင်ယွိ သားငါးဈေးသို့သွားခဲ့ကြပြီး ရှောင်ယွိက ကလေး (၃)ယောက်အတွက် ဈေးထဲမှ သကြားလုံးများ ဝယ်လာခဲ့သည်။
ကျန်းလန်က…
“ကလေးတွေကို သကြားလုံးတွေအများကြီးမကျွေးနဲ့နော် ၊ သွားတွေပိုးစားကုန်လိမ့်မယ်”
ရှောင်ယွိက သူမဝယ်လာသည့် သကြားလုံးများကို ရေတွက်ရင်း…
“သူတို့ကို တစ်ယောက်တစ်လုံးပေးမယ်လေ ၊ သိပ်မများပါဘူး”
ထို့နောက် သူမက သကြားလုံးတစ်လုံးကို အခွံခွာလိုက်ပြီး ကျန်းလန်ကို ခွံ့ကျွေးလိုက်သည်။
“အာ…”
ကျန်းလန် : “……”
ကျန်းလန် ပါးစပ်ဟပေးလိုက်တော့ ချိုမြိန်သည့်သကြားလုံးလေးက လျှာဖျားထက်ကျရောက်လာသည်။
ကျန်းလန်တို့နှစ်ယောက် ဈေးမှပြန်လာပြီး သိပ်မကြာခင် လျိုတာ့ဟူတို့ကလေး (၃)ယောက် ကျန်းလန်တို့အိမ်ဘက် ပြေးလာကြသည်။
ရှောင်ယွိက သားငါးဈေးမှပြန်လာတိုင်း သူတို့အတွက် တစ်ခုခု ဝယ်လာတတ်လေသည်။ ဒီနေ့လည်း သူတို့က ရှောင်ယွိပြန်အလာကို စောင့်မျှော်နေခဲ့ကြသည်။
ရှောင်ယွိက လျိုရှောင်ရှောင်၏ ညစ်ပတ်နေသည့် ဆံပင်များကို တွေ့လိုက်သည်နှင့် မနေနိုင်ဘဲ ပြောလိုက်သည်။
“ရှောင်ရှောင်… ဒီကိုလာ ၊ ဒေါ်လေး မင်းကို ခေါင်းလျှော်ပေးမယ်”
သူမစကားကြောင့် လျိုရှောင်ရှောင်၏မျက်နှာ ရှုံ့မဲ့သွားသည်။
လျိုတာ့ဟူက…
“ဒေါ်လေးကျန်း ၊ ရှောင်ရှောင်ကို ခေါင်းလျှော်ပေးလည်း အလကားပဲ ၊ သူက ပြန်ညစ်ပတ်မှာ”
လျိုရှောင်ရှောင်က လင်စီးစီး၏ ဆံပင်များကို ညွှန်ပြလိုက်ရင်း…
“သူလည်းညစ်ပတ်တာပဲ”
လင်စီးစီးက သူမ၏ဆံပင်များကို ထိကိုင်လိုက်ရင်း…
“ငါ့ဆံပင်တွေက မညစ်ပတ်ပါဘူး”
လျိုရှောင်ရှောင် စိတ်ညစ်သွားဟန်ဖြင့်…
“ဒါဆို ငါ့ဆံပင်တွေပဲ ညစ်ပတ်နေတာပေါ့”
ရှောင်ယွိက မည်သည့်စကားမှမဆိုဘဲ လျိုရှောင်ရှောင်ကို ခေါင်းလျှော်ပေးလိုက်ပြီး ဆံပင်များကို ခြောက်သွေ့အောင်သုတ်ပေးလိုက်သည်။
ထို့နောက် သူမက ဈေးမှဝယ်လာသည့်အထုပ်လေးကို ကလေးများကို ပြလိုက်ရင်း…
“ဒီနေ့ မင်းတို့အတွက် ဒေါ်လေးဘာဝယ်လာလဲဆိုတာ တွေးကြည့်စမ်း…”
“သစ်သီး…”
“အရုပ်…”
“တုတ်ထိုးသကြားလုံး…”
ရှောင်ယွိက စိတ်လှုပ်ရှားစွာဖြင့် အိတ်ထဲမှ သကြားလုံးများကို ထုတ်ယူလိုက်သည်။
“ဒါက သကြားလုံးတွေပဲ ၊ ဒါပေမဲ့ တစ်ယောက်တစ်လုံးပဲ စားရမယ်နော် ၊ အရမ်းစားလို့မရဘူး”
ကလေးများက ရှောင်ယွိပေးသည့် သကြားလုံးများကို ချက်ချင်းပင် ပါးစပ်ထဲ ပစ်ထည့်လိုက်ကြသည်။
ခဏမျှ သကြားလုံးကိုစုပ်ပြီးနောက် လျိုရှောင်ရှောင်က ပြန်ထွေးထုတ်လိုက်သည်။
ရှောင်ယွိ နားမလည်နိုင်ဖြစ်သွားသည်။
“ဘာလို့ပြန်ထုတ်လိုက်တာလဲ ၊ အရသာ မရှိလို့လား”
“သမီးမှာ သကြားလုံးတစ်လုံးပဲ ရှိတယ် ၊ အခု နည်းနည်းစားပြီး ညကျစားဖို့ အိပ်ကပ်ထဲမှာ သိမ်းထားချင်လို့”
ရှောင်ယွိ : “……”
ရှောင်ယွိမှာ ချက်ချင်းပင် စိတ်ပျောင်းသွားတော့သည်။
“အခုပဲစားလိုက်ပါ ၊ ညနေစားဖို့ ဒေါ်လေးထပ်ပေးလိုက်မယ်”
လျိုတာ့ဟူက…
“မပေးပါနဲ့ ဒေါ်လေးကျန်း ၊ သကြားလုံးတွေက အရမ်းဈေးကြီးတယ် ၊ ဒေါ်လေးကျန်းတို့ မိသားစု ထမင်းစားဖို့ ပိုက်ဆံမရှိဖြစ်နေဦးမယ်”
လင်စီးစီးက…
“ဟုတ်တယ် ဟုတ်တယ် ၊ သကြားလုံးတွေက အရသာရှိပေမယ့် ထမင်းစားဖို့က ပိုအရေးကြီးပါတယ် ၊ ထမင်းမစားရလို့ အဘိုးကဆုံးသွားတာလို့ အမေကပြောဖူးတယ်”
ရှောင်ယွိ : “……”
သူမ မည်သည့်စကားမှ မဆိုနိုင်ဘဲ ကလေးများ၏ခေါင်းများကိုသာ ပုတ်လိုက်မိလေသည်။
***
တစ်နေ့တွင်တော့…
ရှောင်ယွိက အစ်မကြီးလျိုနှင့်အတူ မြစ်ကမ်းဘေးတွင် အဝတ်လျှော်ရန် ထွက်လာခဲ့သည်။ ရွာထဲမှ ရေတွင်းက ခမ်းချောက်နေပြီဖြစ်ရာ မြစ်ကမ်းတွင်သာ အဝတ်လျှော်ကြရသည်။
“ဆောင်းဦးတောင်ပေါက်နေပြီ ၊ မကြာခင် ဆောင်းရာသီရောက်တော့မယ် ၊ ဒီရက်ပိုင်း တို့ယောကျ်ားတွေ သားကောင် ကောင်းကောင်းလေးတွေရရင်ကောင်းမယ်လို့ တွေးမိတယ် ၊ ဒါမှ ဆောင်းတွင်းအတွက် ပြင်ဆင်ထားလို့ရမှာ”
အစ်မကြီးလျိုက အခြားသူများနှင့် စကားပြောနေသည်။
“အမှန်ပဲ ၊ မနှစ်ကဆိုရင် ဘာရိက္ခာမှမရှိခဲ့ဘူး ၊ အတော်လေး စိတ်ပူပန်ခဲ့ရတယ်”
စကားများဆက်ပြောနေကြပြီး ရှောင်ယွိကတော့ နားထောင်ရင်း အဝတ်လျှောက်လျှက် ရှိသည်။
အဝတ်အများစုက ကျန်းလန်၏ အဝတ်အစားများဖြစ်သည်။ သူက တောင်ပေါ်တွင် အမဲလိုက်ရသဖြင့် အဝတ်အစားများ ညစ်ပတ်သည်မှာ မြန်ဆန်သည်။ အချို့အဝတ်အစားများဆိုလျှင် သွေးနံ့များပင် ရလျှက်ရှိလေရာ လျှော်ဖွတ်ရပင် မလွယ်ကူပေ။
ထို့ကြောင့် ရှောင်ယွိက တောင်ပေါ်သွားသည့်အဝတ်အစားနှင့် အိမ်တွင်ဝတ်သည့်အဝတ်အစား (၂)မျိုးခွဲထားသည်။ သို့မှသာ အခြားအဝတ်များပါ ညစ်ပတ်မကုန်မည် ဖြစ်သည်။ ဆောင်းဝင်ခါနီးပြီဖြစ်လေရာ ကျန်းလန်အတွက် နွေးထွေးသည့်အဝတ်အစားအသစ်များလည်း ဝယ်ပေးရန် စဉ်းစားနေသည်။
လောလောဆယ်တွင်တော့ သူမကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားသည့် ထမင်းပွဲဖြင့် ခင်ပွန်းသည်ပြန်အလာကို စောင့်နေချင်မိသည်။
ယခုဆိုလျှင် ရှောင်ယွိက အတော်များများကို လုပ်တတ်ကိုင်တတ် ဖြစ်နေလေပြီ။ သူမက ကျန်းလန်အမဲလိုက်ရာမှရရှိလာသည့် အသားများကို အပိုင်းများခွဲကာ အသားခြောက်လည်း လုပ်တတ်နေပြီ ဖြစ်သည်။ အချို့သောအသားများကို အစ်မကြီးလျိုသို့ မကြာခဏ လက်ဆောင်ပေးတတ်သည်။ ထိုသို့လက်ဆောင်ပေးရသည်ကိုလည်း သူမ အလွန်ပျော်ရွှင်လေသည်။
ထိုစဉ်…
“ဝုန်း”
မြစ်ရေထဲသို့ တစ်စုံတစ်ခု ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာသည်။
ရှောင်ယွိ လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ယောက် အော်ဟစ်သံကြားလိုက်ရ၏။
“လုပ်ကြပါဦး… ယန်မိန်းကလေး မြစ်ထဲ ပြုတ်ကျသွားလို့…”
ထိုစကားကိုကြားသည်နှင့် ရှောင်ယွိက ချက်ချင်းမတတတ်ထရပ်ကာ မြစ်ရေထဲ ခုန်ဆင်းလိုက်သည်။
ယန်မိန်းကလေးမှာ ရှောင်ယွိနှင့် သက်တူရွယ်တူခန့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး လက်ထပ်ထားသည်မှာ မကြာသေးပေ။ သူမက အစကတည်းက မကျန်းမာသူဖြစ်သည့်အတွက် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ကြိုးစားနေထိုင်ခဲ့သည်။
မြစ်ရေထဲတွင် ရုန်းကန်နေသည့် ပုံရိပ်တစ်ခုကိုတွေ့ရပြီး ရှောင်ယွိက သူမထံသို့ ကူးခတ်သွားသည်။ ထို့နောက် သူမက ယန်မိန်းကလေးကို ကမ်းပေါ်သို့ ဆွဲခေါ်လာခဲ့သည်။
သူမက စိုးရိမ်တကြီးဖြင့်…
“မင်း အဆင်ပြေရဲ့လား”
သတိပြန်ရလာသည့် ယန်မိန်းကလေးမှာ ရှောင်ယွိကိုတွေ့သည်နှင့် ထိတ်လန့်သွားပြီး ချက်ချင်းပင်ထပြေးရန် မြေပြင်ကို လက်နှစ်ဖက်ဖြင့်အားယူပြီးထောက်လိုက်သည်။
အစ်မကြီးလျိုနှင့် အခြားသူများကတော့ ရှောင်ယွိကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ သူတို့၏အကြည့်များက ရှောင်ယွိ၏လက်ပေါ်သို့ ကျရောက်နေကြသည်။
ရှောင်ယွိ ချက်ချင်းပင် သူ့လက်များကို ငုံ့ကြည့်လိုက်သည်။ ရေများစိုရွှဲသွားသည့်အတွက် အင်္ကျီလက်များက အပေါ်သို့တက်သွားကာ သူမ၏လက်များထက်မှ အကြေးခွံများကို တွေ့မြင်ကြရသည်။
“မိစ္ဆာ… မိစ္ဆာမပဲ”
အစ်မကြီးလျိုနှင့် အခြားသူများမှာ ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်သွားကြသည်။
ရှောင်ယွိက မသိစိတ်ဖြင့် ချက်ချင်းပင် သူ၏လက်များကို ဖုံးအုပ်လိုက်ပြီး အားကိုးရာမဲ့စွာ ပြာယာခတ်သွားသည်။
“မဟုတ်ဘူး… ကျွန်မ… ကျွန်မက မိစ္ဆာမဟုတ်ဘူး”
သို့သော် သူမ၏စကားကို မည်သူမှ နားမထောင်ကြပေ။ ရှောင်ယွိ ရုတ်တရက် တိုက်ခိုက်လာမည်ကို ကြောက်ရွံ့သည့်အလား နောက်သို့သာ ဆုတ်သွားကြသည်။
သူတို့မျက်ဝန်းများထဲတွင် ကြောက်ရွံ့မုန်းတီးသည့် အကြည့်များကို တွေ့လိုက်သည့်အခါ ရှောင်ယွိ စိတ်မသက်မသာ ခံစားရသည်
သူမကယ်တင်ခဲ့သော ယန်မိန်းကလေးသည်ပင် သူမကို ကြောက်ရွံ့နေဟန် ရှိလေသည်။
အခြေအနေများက ရှောင်ယွိမျှော်လင့်ထားသည်များကို ကျော်လွန်သွားသည်ဖြစ်ရာ မည်သို့ရင်ဆိုင်ရမှန်း မသိတော့ဘဲ နောက်ဆုံးတော့ ခေါင်းငုံ့၍သာ အိမ်ပြန်ခဲ့တော့သည်။
ထိုနေရာတွင် သူမ ဆက်မနေဝံ့တော့ပေ။
***