အခက်အခဲများစွာ
Vol. 39 Ch. 544
ယနေ့ တောင်ပေါ်တွင် အမဲလိုက်ရ အဆင်မပြေပေ။ ကျန်းလန်ပြန်လာသည့်အခါ ယုန်တစ်ကောင်သာ ပါလာခဲ့သည်။
လမ်းတစ်လျှောက် ယုန်သားကို အရသာရှိအောင် မည်သို့ချက်ပြုတ်ရမည်ကို စဉ်းစားလာခဲ့သည့် အချိန်အနည်းငယ်စောသေးသည့်အတွက် ညစာချက်ရန် အချိန်မီလေသည်။
ကျန်းလန် ရွာကိုဖြတ်လျှောက်လာစဉ် ထူးဆန်းသည့် အကြည့်အချို့ကို ခံစားလိုက်ရသည်။ သူ့ကို အမျိုးသမီးအချို့က ထိုသို့သောအကြည့်မျိုးဖြင့် ကြည့်နေခြင်း ဖြစ်သည်။
ဘာကြောင့် ထိုသို့အကြည့်ခံရသည်ကို ကျန်းလန် နားမလည်ပေ။
“ဒီနေ့ ငါ့ပုံစံက မူမမှန်လို့များလား”
ကျန်းလန် တွေးလိုက်သည်။
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့လည်း အမှားအယွင်း မတွေ့ရပေ။ သိပ်မတွေးတော့ဘဲ အိမ်သို့သာ တန်းပြန်လာခဲ့သည်။
ခြံထဲသို့ဝင်လိုက်သည့်အခါ ရှောင်ယွိကို မတွေ့ရပေ။ ပုံမှန်ဆိုလျှင် ရှောင်ယွိက သူပြန်လာသည်ကို ခြံတံခါးဝတွင် စောင့်ကြိုနေတတ်သည်။ တစ်ခါတစ်ရံ သီးပင်စားပင်များ ရေလောင်းရင်း စောင့်နေတတ်၏။
ကျန်းလန် သံသယအနည်းငယ်ဖြစ်သွားပြီး အိမ်ထဲသို့ ဝင်လာခဲ့သည်။ ထိုအခါ ထိုင်ခံတစ်ခုထက်တွင်ထိုင်ရင်း သူမ၏လက်များကို လေဖြင့်မှုတ်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။ လက်များထက်တွင် နဂါးအကြေးခွံများပေါ်လျှက် ရှိ၏။
ကျန်းလန်က ယုန်ကို အောက်သို့ချလိုက်ပြီး ရှောင်ယွိ၏ခေါင်းလေးကို အသာပွတ်သပ်လိုက်ရင်း…
“ဘာဖြစ်လို့လဲဟင်…”
ရှောင်ယွိက လက်ကိုမြှောက်ပြီး ကျန်းလန်ကို ပြလိုက်သည်။
“အကြေးခွံတွေ…”
သူမအသံက နာကျည်းမှုများနှင့် ပြည့်နက်နေသည်။
ကျန်းလန်က ရှောင်ယွိဘေးနားတွင် အသာထိုင်လိုက်ပြီး အကြေးခွံများကို ထိကိုင်လိုက်သည်။
“ဘာဖြစ်လို့လဲ ၊ အကြေးခွံတွေကို မီးလောင်သွားလို့လား”
အကြေးခွံများက အလွန်ချောမွေ့နေပြီး ထိခိုက်ဒဏ်ရာရရှိထားဟန် မရှိပေ။
ရှောင်ယွိက စိတ်ပျက်လက်ပျက်ဖြင့်…
“မဟုတ်ဘူး… ၊ ကျွန်မမှာ အကြေးခွံတွေရှိနေတာ သူတို့တွေ့သွားကြတော့ ကျွန်မကို မိစ္ဆာလို့ထင်နေကြတာ”
ကျန်းလန် အံ့အားသင့်သွားသော်လည်း နှစ်သိမ့်စကားဆိုလိုက်သည်။
“ဘာမှမဖြစ်လောက်ပါဘူး ၊ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြမယ်လေ ၊ နောက်ရက်နည်းနည်းလောက် အပြင်မထွက်ဘဲ နေလိုက်နော်”
ယခုမှ ရွာထဲမှ အမျိုးသမီးများ သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေကြသည့်အကြောင်းရင်းကို ကျန်းလန် နားလည်သွားသည်။ သူတို့က ရှောင်ယွိကို မိစ္ဆာတစ်ကောင်ဟု ထင်မှတ်သည့်အတွက် သူ့ကိုပါ သတိထားနေကြခြင်း ဖြစ်သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နတ်မိစ္ဆာများက အဆန်းမဟုတ်သော်လည်း သာမန်လူများကတော့ နတ်မိစ္ဆာများကို မြင်တွေ့ခဲလှသည်။ နတ်မိစ္ဆာများနှင့်တွေ့တိုင်းလည်း အသက်အန္တရယ်ကြုံတွေ့ရသည်ချည်းပင် ဖြစ်သည်။
လူအများကို ဒုက္ခပေးကာ ထိခိုက်ဒဏ်ရာရစေသည့် နတ်မိစ္ဆာငယ်များလည်း အများအပြားရှိကြသည်။ နတ်မိစ္ဆာတစ်ကောင်ကြောင့် ပျက်စီးသွားရသည့် ရွာများမှာ အနောက်ဘက်စွန့်ပစ်နယ်မြေတွင် ဒုနှင့်ဒေး ဖြစ်သည်။ ထို့ကြောင့် ရွာလေးတစ်ရွာမပြောနှင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသည်ပင် နတ်မိစ္ဆာများကို သတိထားကြရသည်။
ထို့ကြောင့် နတ်မိစ္ဆာတစ်ကောင်ကို တစ်ရွာလုံးက ကြောက်ရွ့စိုးရိမ်ကြသည်မှာ အဆန်းမဟုတ်ပေ။ လူသားများနှင့် နတ်မိစ္ဆာများသည် ဘယ်သောအခါမှ လိုက်လျောညီထွေ နေထိုင်နိုင်မည် မဟုတ်ပေ။
အင်မော်တယ်များနှင့် သေမျိုးလူသားများသည် သဘာဝအားဖြင့် ကွဲပြားကြသည့်အတွက် အမြင်များလည်း ကွဲပြားသည်။
ရှောင်ယွိက ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်”
***
လျိုတာ့ကျူး၏နေအိမ်တွင်…
လျိုတာ့ကျူးမှာ ဇနီးဖြစ်သူ၏စကားကိုကြားသည့်အခါ မယုံကြည်နိုင်ဖြစ်သွားသည်။
“မိစ္ဆာ ဟုတ်လား ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မင်း အမြင်မှားတာ နေမှာပါ”
အစ်မကြီးလျိုက…
“လူတိုင်းအမြင်မှားတယ်လို့ ရှင်ပြောလို့မရဘူးလေ ၊ သူက တကယ့်မိစ္ဆာတစ်ကောင်ပဲ”
မိစ္ဆာနေထိုင်သည့်အိမ်မှာ သူမအိမ်နှင့် သိပ်မဝေးသည့်အတွက် အစ်မကြီးလျိုမှာ အမှန်တကယ် ကြောက်ရွံ့လျှက် ရှိသည်။
လျိုတာ့ကျူးကတော့ သေသေချာချာစဉ်းစားပြီး မဖြစ်နိုင်ကြောင်း တွေးမိသည်။
“မဖြစ်နိုင်ပါဘူး ၊ သူတို့မိသားစု ကျုပ်တို့အိမ်နားနေလာတာ ကြာပြီပဲ ၊ သူတို့သာ မိစ္ဆာတွေဆိုရင် ဒီလောက်သာမန်ပုံစံမျိုးနဲ့ ဘယ်လိုလုပ်နေနိုင်မှာလဲ ၊ ပြီးတော့ ကျန်းမိန်းကလေးနဲ့ မင်းကလည်း လွန်ခဲ့တဲ့လတွေက ခင်မင်ခဲ့ကြတာပဲ မဟုတ်လား ၊ သူ့စိတ်ထားဘယ်လိုရှိတယ်ဆိုတာ မင်းသိသင့်ပါတယ် ၊ ပြီးတော့ ညီလေးကျန်းကို ကျုပ် ကောင်းကောင်းနားလည်တယ် ၊ သူက လူဆိုးတစ်ယောက် လုံး၀ မဟုတ်ဘူး”
အစ်မကြီးလျိုက…
“ရှင့်လိုလူကြမ်းကြီးက ဘာသိမှာလဲ ၊ သူက တကယ့်မိစ္ဆာပဲ ၊ မိစ္ဆာတွေဘယ်လောက်အန္တရယ်များလဲဆိုတာ ရှင်လည်းသိတာပဲ ၊ အနီးအနားမှာ မိစ္ဆာတွေကြောင့် ပျက်စီးသွားတဲ့ရွာတွေမှ တစ်ပုံကြီးပဲ”
“ဒါပေမဲ့ ဒီလပိုင်းအတွင်း ရွာမှာ ဘာပြဿနာမှ မရှိခဲ့ဘူးလေ ၊ ညီလေးကျန်းရဲ့ မိန်းမက တခြားရောဂါဝေဒနာတစ်ခုခု ခံစားနေရတာများ ဖြစ်နေမလား ၊ သူ့ကိုတော့ သိပ်မတွေ့ဖူးပေမယ့် ညီလေးကျန်းနဲ့ ကျုပ်နဲ့က…”
လျိုတာ့ကျူးစကားမဆုံးခင် အစ်မကြီးလျိုက စကားဖြတ်ပြောလိုက်သည်။
“တော်ပြီ တော်ပြီ ၊ ဒီအကြောင်း ဆက်မပြောနဲ့တော့ ၊ သူတို့က တကယ် မိစ္ဆာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
လျိုတာ့ကျူးက ငြိမ်သက်ပြီး အတွေးနက်နေစဉ် အစ်မကြီးလျိုက စကားဆက်ပြောနေသည်။
“အိုက်ယာ… လောလောဆယ် ရွာမှာရိက္ခာလည်းမရှိဘူး ၊ ဆောင်းတွင်းတောင် မနည်းရပ်တည်ရမှာ ၊ မိစ္ဆာနှင်ဖို့ အင်မော်တယ်တွေဖိတ်ကြားဖို့ဆိုတာ ဝေလာဝေးပဲ ၊ ကျွန်မတို့ရွာမှ မိစ္ဆာက ရောက်လာရတယ်လို့ ၊ ဒီအတိုင်းဆို ဆောင်းတွင်းမှာတောင် အသက်ရှင်နိုင်ပါတော့မလား မသိဘူး”
ဆောင်းရာသီမတိုင်ခင် မိစ္ဆာအစားခံရတော့မည့်အရေးက ပို၍ ကြောက်မက်ဖွယ်ရာပင်။
ထို့နောက် အစ်မကြီးလျိုက ခဏမျှစဉ်းစားလိုက်ရင်း…
“ကျွန်မတို့ မြို့ကတရားသူကြီးတွေဆီ လှမ်းအကြောင်းကြားရင်ရော”
လျိုတာ့ကျူးက သက်ပြင်းချရင်း…
“ဖုန်းမြို့ပေါ်မှာတွင် ရှင်းရမယ့်အမှုတွေက မကုန်နိုင်ဘူး ၊ တရားသူကြီးက ရွာကို ဘယ်လိုလုပ်လာနိုင်မှာလဲ ၊ ကဲ… ရွာကိုလာပါပြီတဲ့ ၊ သူတို့နှစ်ယောက်က ဘာပြစ်မှုကျူးလွန်ထားလို့ ဖမ်းခိုင်းရမှာလဲ ၊ တရားသူကြီးတွေက အရူးတွေမှ မဟုတ်တာ”
အစ်မကြီးလျိုမှာ မည်သည့်စကားမှ မဆိုတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် ငုတ်တုတ်ထိုင်နေတော့သည်။
လျိုတာ့ကျူးက သူမကို နှစ်သိမ့်လိုက်သည်။
“ခဏလောက် စောင့်ကြည့်ကြရအောင်ပါ ၊ ဒါက တကယ့်ကို နားလွယ်မှုလွဲတာဖြစ်နိုင်တယ် ၊ ပြီးတော့ ညီလေးကျန်းကို ကျုပ်အခုထိ ယုံကြည်နေတုန်းပဲ”
***
နောက်တစ်နေ့။
ကျန်းလန်က ရှောင်ယွိကို နှုတ်ဆက်ပြီး အမဲလိုက်ရန် ထွက်ခွာလာသည်။
ရွာတံခါးသို့ရောက်သည့်အခါ မနေ့ကနှင့်မတူစွာ ထူးဆန်းသည့်အကြည့်များဖြင့် လူအချို့က သူ့ကိုကြည့်နေကြသည်။ ထိုအကြည့်များက မနေ့က ရွာအပြန်တွင် အမျိုးသမီးများကြည့်သည့်အကြည့်နှင့် အတူတူပင် ဖြစ်သည်။ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ရန်လိုမှုများ ရှိနေသည်။
အဖွဲ့ထဲသို့ ကျန်းလန်ရောက်ရှိလာသည်နှင့် လေထုက ချက်ချင်းအေးခဲသွားသည်။ လူတိုင်းက စိတ်ပူပန်နေကြဟန်ရှိပြီး ကျန်းလန်နှင့် ရင်းနှီးခြင်းမရှိတော့ဘဲ ဝေးကွာသွားကြသည်။
“အရမ်းကြီး စိတ်မပူပါနဲ့ ၊ အဆင်ပြေပါတယ်”
လျိုတာ့ကျူးက ကျန်းလန်အနားရောက်လာပြီး ပြောလိုက်သည်။
ထို့နောက် သူတို့အားလုံး အမဲလိုက်ရန် တောင်ပေါ်သို့ထွက်ခွာခဲ့ကြသည်။
အချိန် (၁)ပတ်ခန့်ကြာပြီးနောက် ကျန်းလန် အဖွဲ့ထဲမှ စကားသံအချို့ကို ကြားရသည်။
လူတစ်ယောက်က…
“သူတို့က မိစ္ဆာတွေဆိုရင်လည်း ငါတို့ကို အန္တရယ်မပြုပါစေနဲ့ ၊ သူတို့နဲ့ ငါတို့ကြားမှာ ဘာပတ်သက်မှုမှလည်း မရှိပါဘူး”
နောက်တစ်ယောက်က…
“အေးလေ… နောက်ထပ်နှစ်နှစ်လောက်တော့ အသက်ရှင်ချင်ပါသေးတယ် ၊ အိမ်မှာ သက်ကြီးရွယ်အိုတွေရော ၊ ကလေးတွေရော ငါတစ်ယောက်တည်း ရှာကျွေးနေရတာ”
“ဒီနေရာက အင်မော်တယ်တွေနေတဲ့နေရာနဲ့ သိပ်မဝေးဘူးလို့ကြားတယ် ၊ အင်မော်တယ်တွေ လာကူညီပေးရင် အရမ်းကောင်းမှာပဲ”
“ငါတို့တွေ အတူတူနေလာတာလည်း ကြာပါပြီ ၊ အဲဒီမိစ္ဆာတွေ ငါတို့ကို အလွတ်ပေးရင် ကောင်းမှာပဲ”
အချို့က လိမ္မာပါးနပ်စွာ စကားပြောဆိုကြပြီး အချို့ကတော့ တည့်ထိုးပင် ပြောဆိုကြသည်။
“အဲဒီမိစ္ဆာတွေက လူသားစားကြသလား မသိဘူး ၊ ငါ့ကလေးက ငယ်ငယ်လေးရှိသေးတယ် ၊ ဒုက္ခပါပဲ”
ထိုသူများကို လျိုတာ့ကျူးက ဟောက်လိုက်သည်။
“တော်လောက်ပြီ”
ထိုအခါမှ စကားပြောနေကြသူများလည်း ရပ်တန့်သွားသည်။
လျိုတာ့ကျူးက လေးကိုထမ်းလိုက်ရင်း…
“မင်းတို့တွေ အမဲလိုက်ကြဦးမှာလား ၊ ဒီဆောင်းတွင်းမှာ အစားအသောက်မရှိဘဲ သေသွားချင်ကြသလား ၊ အမဲမလိုက်ချင်ရင် ပြန်ကြတော့”
အခြားသူများ စကားထပ်မပြောရဲကြတော့ပေ။
ကျန်းလန်က တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ သူတို့အားလုံး တောင်ပေါ်တွင် အမဲလိုက်ရန် လိုအပ်သည်။ မဟုတ်ပါက ဆောင်းရာသီကို ဖြတ်ကျော်နိုင်ကြမည် မဟုတ်ပေ။
ကျန်းလန်က အခြေအနေများကို ရှင်းပြရန် စဉ်းစားထားသော်လည်း…
တကယ်တမ်းတွင် မည်သို့ပင်ရှင်းပြပါစေ အသုံးမဝင်နိုင်ပေ။
မိစ္ဆာသည် မိစ္ဆာသာ ဖြစ်သည်။ မိစ္ဆာမဟုတ်ဘူးဆိုလျှင်တောင်မှ သူတို့အားလုံး၏ စိတ်ထဲတွင် မိစ္ဆာဟု အခိုင်အမာ ယုံကြည်ထားပြီ ဖြစ်သည်။
လူတို့၏ စိတ်ဆန္ဒများက အကျဉ်းထောင်နှင့်တူ၏။ သူတို့ယုံကြည်ထားသည့်အရာများထဲတွင် လှောင်ပိတ်မိနေတတ်သည်။
ပြီးတော့ ကျန်းလန်က ရှင်းပြချင်သည်ဆိုလျှင်တောင်မှ…
ရှောင်ယွိသည် အမှန်တကယ် လူသားတစ်ယောက် မဟုတ်ခဲ့ပေ။
သူမက လူသားစားသူမဟုတ်ဟု ရှင်းပြပါကလည်း မိစ္ဆာဖြစ်သည်ဟု ဝန်ခံရာရောက်နေပေမည်။
နောက်ဆုံးတော့ ကျန်းလန်က စကားတစ်ခွန်းပြောလိုက်သည်။
“ရှောင်ယွိက မင်းတို့ထင်သလို မဟုတ်ပါဘူး”
လူတစ်ယောက်က…
“ဒါဆို သူကဘာလဲ”
လျိုတာ့ကျူးက မကျေမနပ်ဖြင့် ကျန်းလန်အနားရောက်လာသည်။
“ညီလေးကျန်း ၊ ရှင်းပြနေစရာ မလိုဘူး”
ကျန်လူများကတော့ ငြိမ်သက်နေကြလေသည်။ သူတို့အားလုံး ဆောင်းတွင်းပြဿနာကို ဖြေရှင်းရန် ပိုပြီးအရေးကြီးသည် မဟုတ်လား။
***
ရှောင်ယွိကတော့ အပြင်မထွက်ဘဲ တစ်ပတ်ခန့် အိမ်တွင်းအောင်းနေခဲ့သည်။ အိမ်ထဲတွင်နေရသည်က မည်သည့်အမှားအယွင်းမှ မရှိခဲ့ပေ။
သို့သော် ကျန်းလန်၏ အဝတ်ဟောင်းများက ပုံနေပြီဖြစ်ရာ အဝတ်လျှော်ရန် မြစ်ဘက်သို့ သွားရမည် ဖြစ်သည်။ သူမက ခြံဝန်းတစ်ခုလုံးကို ကြည့်လိုက်သည်။
မြစ်ကမ်းတွင် လူနည်းပါးသည့်အချိန်ကို ရွေးချယ်ပြီး အပြင်ထွက်ရမည် ဖြစ်သည်။ ခဏအတွင်း သူမ လူများကို တွေ့ဆုံရန် ကြောက်ရွံ့နေကြောင်း ခံစားလိုက်ရသည်။
မြစ်ကမ်းသို့ ရောက်သည်နှင့် လူများရှိနေသည်ကို တွေ့လိုက်သည့်အခါ သူမ ကြောက်လန့်တခြား ပုန်းအောင်းနေမိသည်။
မကြာခင် သူတို့ပြောဆိုနေကြသည့် စကားသံများကို ကြားလိုက်ရသည်။
အမျိုးသမီးတစ်ယောက်က…
“သူက ဘယ်လိုမိစ္ဆာမျိုးလဲ ၊ သူ့ခန္ဓာကိုယ်ပေါ်က အကြေးခွံတွေမြင်လိုက်ရတာ နှစ်ယောက်လောက် အိပ်မက်ဆိုးတွေ မက်သွားတယ်”
နောက်တစ်ယောက်က…
“ဟုတ်ပ ၊ အဲဒီအကြေးခွံတွေက တကယ့်ကို ရွံစရာပဲ ၊ ဒါကြောင့် ဒီရွာကိုပြောင်းလာကတည်းက သူက လက်တွေကို အမြဲတမ်း ဖုံးထားခဲ့တာဖြစ်မယ် ၊ အဝတ်လျှော်နေချိန်မှာတောင် လက်တွေကို ဖုံးထားတယ်လေ ၊ အစကတော့ အိမ်ထောင်ကျပြီးတာတောင် ရှက်နေတတ်တဲ့ ယန်မိန်းကလေးနဲပတူတယ်လို့ ထင်ခဲ့မိတာ ၊ အခု စဉ်းစာကြည့်တော့ သူက မိစ္ဆာပဲ”
“ဒါပေမဲ့ သူကတော်တော်ချောတာနော် ၊ မိစ္ဆာလို့မထင်မိဘူး”
“တော်စမ်းပါ… သူက ဘာစားတာလဲ မသိဘူး ၊ အသားစိမ်းစားတဲ့မိစ္ဆာဆို ဘယ်လိုလုပ်မလဲ”
“သူ ငါတို့ရွာမှာနေတာ မဖြစ်သင့်ဘူးနော် ၊ သူ့ကို ဖယ်ထုတ်ပစ်ဖို့ နည်းလမ်းရှာရမယ်”
“အခု ဆောင်းဝင်တော့မှာလေ ၊ ဘာနည်းလမ်းမှ မရှိတော့ဘူး ၊ ဖြတ်သွားဖြတ်လာအင်မော်တယ်တစ်ယောက်က ငါတို့ဒုက္ခကို တွေ့မြင်ပါစေလို့ ဆုတောင်းရတော့မှာပဲ”
ထိုစဉ် ယန်မိန်းကလေးက စကားဝင်ပြောသည်။
“ဒါပေမဲ့ ညီမလေးရှောင်ယွိက မိစ္ဆာကောင်းတစ်ယောက်ဆိုရင်ရော”
အမျိုးသမီးတစ်ယောက်က…
“ယန်မိန်းကလေး ၊ အလှည့်စားမခံပါနဲ့ ၊ အနီးအနားကရွာတွေ ဘာဖြစ်ကုန်ကြလဲ သိတယ်မလား ၊ မိစ္ဆာက မိစ္ဆာပဲ ၊ အကောင်းအဆိုးခွဲနေစရာမလိုဘူး ၊ လူတွေကိုစားသောက်တော့မယ်ဆိုရင် အဲဒီမိစ္ဆာက လူကောင်းလား လူဆိုးလား ခွဲခြားနေမှာတဲ့လား ၊ အရသာရှိတဲ့သူကို စားမှာပဲ ၊ ယန်မိန်းကလေး… မင်းက နူးနူးညံ့ညံ့လေးဆိုတော့ အရင်ဆုံး အစားခံရနိုင်တယ် ၊ သတိထားပါ”
သူမကို နားလည်မှုလွဲနေကြသည်ဟု ရှောင်ယွိ ခံစားလိုက်ရသည်။
သူမ ကောင်းကောင်းရှင်းပြနိုင်လျှင် နားလည်လာကြမည်ဟုလည်း ခံစားရသည်။ ထို့ပြင် သူမက လူသားများကို ဒုက္ခလည်းမပေးသလို စားသောက်ခြင်းလည်း မရှိခဲ့ပေ။ သူမသည် မိစ္ဆာတစ်ကောင်မဟုတ်ပေ။
ရှောင်ယွိ ပင့်သက်တစ်ချက်ရှိုက်ရင်း သတ္တိများကိုစုစည်းကာ ပုန်းကွယ်နေရာမှ ထွက်လာသည်။ သူမထွက်လာသည်နှင့် အခြားသူများက ချက်ချင်း သတိပြုမိသွားကြသည်။
ကြောက်ရွံ့ခြင်း ၊ စက်ဆုပ်ခြင်း ၊ မုန်းတီးခြင်းများပြည့်နက်နေသည့် အကြည့်များက ရှောင်ယွိထံ ကျရောက်လာပြီး သူမကို စိတ်မသက်မသာ ခံစားရစေသည်။
“ကျွန်မ… ကျွန်မ…”
သူမ ရှင်းမပြနိုင်ခင်မှာပင် အမျိုးသမီးတစ်ယောက်က အော်ဟစ်လိုက်သည်။
“မိစ္ဆာမ…”
“သွားကြမယ်ဟေ့ ၊ ဒီနေ့ မိစ္ဆာမနဲ့တွေ့ရတာ ကတယ်ကံဆိုးတယ်”
ထို့နောက် အမျိုးသမီးများက သူတို့လျှော်ဖွတ်ထားသည့် အဝတ်အစားများကို ယူဆောင်ကာ ထွက်ခွာသွားကြတော့သည်။ ရှောင်ယွိက သူတို့အတွက် ကူးဆက်ရောဂါပိုးတစ်ခုအလား ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
ရှောင်ယွိ မျက်ခုံးများကိုတွန့်ချိုးထားပြီး သူမ၏ထင်မြင်ချက် မှားယွင်းသွားကြော်း သိရှိလိုက်သည်။ ထို့နောက် မြစ်ကမ်းတွင် ကျန်းလန်၏ အဝတ်အစားများကို လျှော်ဖွတ်နေလေတော့သည်။
***
အချိန် (၂)ရက်ခန့်ကြာပြီးနောက်။
ရှောင်ယွိက ခြံဝင်းထဲတွင် အသားခြောက်များကို နေလှန်းရင်း အတွေးထဲ နစ်မျောနေသည်။
အခြားသူများကို သူမ လူသားမစားကြောင်း ပြောပြချင်ခဲ့သည်။ သူမသည်လည်း သူတို့စားသောက်သည့်အတိုင်းပင် စားသောက်သည်ကို သိစေချင်သည်။
ထိုအချိန်…
“ဒေါ်လေးကျန်း”
ခြံဝင်းထဲသို့ ပြေးဝင်လာသည့် လျိုရှောက်ဟူနှင့် ကောင်မလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။
ကလေးများကိုတွေ့သည်နှင့် တွန့်ချိုးထားသည့် ရှောင်ယွိ၏ မျက်ခုံးများ ချက်ချင်းပြေလျော့သွားသည်။ သို့သော် သူမကို မိစ္ဆာဟု ခေါ်မည်ကိုတော့ အနည်းငယ် စိတ်ပူပန်နေခဲ့သည်။
လင်စီးစီးက…
“ဒေါ်လေးကျန်း ၊ သမီးတို့ ခိုးထွက်လာတာ”
သူမ၏ပခုံးထက်တွင်ကျနေသည့် အနက်ရောင်ဆံပင်များက သန့်ရှင်းလျှက် ရှိသည်။
လျိုရှောင်ရှောင်က သူမ၏ဆံပင်များကို လှမ်းဆွဲလိုက်သည်။ ဒီကလေးမ၏ ဆံပင်များကတော့ ညစ်ပတ်နေဆဲပင်။
ရှောင်ယွိက မတ်တတ်ထရပ်လိုက်ရင်း…
“ကလေးတို့ ခဏစောင့်ကြဦးနော်”
ထို့နောက် သူမက အိမ်ထဲမှ အထုပ်တစ်ထုပ်ကိုယူလာရင်း…
“ဒီမှာ သကြားလုံးတွေ ရှိသေးတယ်”
သကြားလုံတစ်လုံးစီရသည့်အခါ ကလေးများ ဝမ်းသာအားရ ဖြစ်သွားကြသည်။
သို့သော် ရှောင်ယွိ၏ခြံဝင်းထဲတွင် ကလေးများရောက်နေသည်ကို အစ်မကြီးလျိုချက်ချင်း သိရှိသွားသည်။ သူမ ထိတ်လန့်သွားပြီး ကလေးများကို ချက်ချင်းလာပြန်ခေါ်တော့သည်။
“နင်တို့သုံးယောက်က တကယ့်ကို မကြောက်မရွံ့နဲ့ ဒီကိုလာရဲကြတယ်လား”
အစ်မကြီးလျိုက ကလေးများကို ဆူူပူကြိမ်းမောင်းပြီး ဆွဲခေါ်သွားသည်။
ရှောင်ယွိက စကားပြောရန် ပါးစပ်ကိုဟလိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာပေ။
အစ်မကြီးလျိုက…
“ရှောင်ရှောင်… သမီး ဘာစားနေတာလဲ”
“ဒေါ်လေးကျန်းပေးတဲ့ သကြားလုံး”
“ဖီ ဖီ… ချက်ချင်းထွေးပစ်စမ်း ၊ ကျန်တဲ့ နှစ်ယောက်ရော သကြားလုံးရှိလား ၊ ရှိရင် မြန်မြန်လွှတ်ပစ်လိုက် ၊ ဒီနေရာကိုလည်း နောက်ထပ်မလာနဲ့”
“သကြားလုံးစားချင်တယ် ၊ သကြားလုံးစားချင်တယ် ၊ ဗြဲ…”
“ငိုရဲငိုကြည့်စမ်း ၊ နင့်အဖေပြန်မလာခင် ခြေထောက်ကျိုးအောင် ရိုက်ပစ်မှာနော်”
ရှောင်ယွိက ခြံဝင်းထဲတွင် မတ်တတ်ရပ်ပြီး ကြည့်နေသည်။
သူမ စိတ်မကောင်းဖြစ်သွားသော်လည်း ခြံဝင်းအပြင်သို့ မထွက်ရဲခဲ့ပေ။ မြေပြင်ထက်လွှင့်ပစ်ခံလိုက်ရသည့် သကြားလုံးများကိုကြည့်ရင်း သူမရင်ထဲ ဝမ်းနည်းသွားရသည်။
အချိန်အတန်ကြာ မတ်တတ်ရပ်နေပြီးနောက် သူမ ပြန်ထိုင်လိုက်ကာ အသားများကို ဆက်ပြီးအခြောက်လှမ်းနေတော့သည်။
နောက်ထပ် (၃)ရက်အကြာတွင်တော့ ရှောင်ယွိက အသားခြောက်များကို (၇)ပုံပုံပြီး ရွာထဲမှ အမျိုးသမီးများကို လက်ဆောင်ပေးရန် စီစဉ်ခဲ့သည်။
ယနေ့က မည်သူမှအဝတ်မလျှော်ကြဘဲ ရွာထိပ်ရှိ မြေကွက်လပ်တွင် အနားယူကြသည့်အချိန်ဖြစ်သည်။ ရှောင်ယွိက အသားခြောက်များကို ယူဆောင်ကာ မြေကွက်လပ်သို့ ထွက်လာခဲ့သည်။
ကြောက်ရွံ့နေသည့်တိုင် ထိုသူများကို သူမအကြောင်း ရှင်းပြသင့်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။ နားလည်မှုလွဲနေသရွေ့ ရှင်းပြခြင်းကသာအကောင်းဆုံးဖြစ်ပေမည်။
များမကြာမီ အမျိုးသမီးများ စုဖွဲ့စကားပြောနေကြသည့် မြေကွက်လပ်သို့ ရှောင်ယွိ ရောက်ရှိလာသည်။
မြေကွက်လပ်တွင် စကားပြောနေကြသည့် အမျိုးသမီး (၆)ယောက်ခန့်ရှိလေသည်။
လက်ထပ်ပြီးခါစ စုံတွဲတစ်တွဲအကြောင်း ၊ မနေ့ညက ဘေးအိမ်မှ ရန်ဖြစ်သည့်လင်မယား ၊ ယောကျ်ားအရိုက်ခံရသည့် မိန်းမတစ်ယောက်အကြောင်း ၊ ဘယ်အိမ်က သားသမီးကတော့ မယဉ်ကျေးဘဲ မိုက်ရိုင်းသည် ၊ စတသည်ဖြင့် အတင်းအဖျင်းပေါင်းစုံ ပြောဆိုနေကြသည်။
ရှောင်ယွိရောက်လာသည်ကိုတွေ့သည်နှင့် ထိုသူများ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ကြသည်။
အစ်မကြီးလျိုက…
“မလာနဲ့ ၊ နင် မလာနဲ့”
ရှောင်ယွိမှာ အလွန်ထိတ်လန့်သွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမက လက်ထဲတွင် ယူဆောင်လာသည့် အသားခြောက်များကို ကိုင်မြှောက်လိုက်ပြီး…
“ကျွန်မ… ကျွန်မက အသားခြောက်တွေ လက်ဆောင်ပေးချင်လို့ပါ”
အမျိုးသမီးတစ်ယောက်က…
“ငါတို့က မိစ္ဆာမဆီက ဘာမှမလိုချင်ဘူး”
ရှောင်ယွိကနူးညံ့သည့်လေသံဖြင့်…
“ကျွန်မတို့အိမ်မှာက အသားခြောက်တွေပိုနေတာပါ ၊ ရှင်တို့မှာက သားသမီးတွေရှိတော့ မလောက်ငှဘူးထင်လို့ လက်ဆောင်လာပေးတာပါ”
အစ်မကြီးလျိုက မြေပြင်ကို လက်ညှိုးညွှန်ပြလိုက်ရင်း…
“ဒါဆို နင်ယူလာတာတွေကို မြေကြီးပေါ်ချခဲ့ ၊ ငါတို့အနားတော့ မလာနဲ့”
ရှောင်ယွိက ငြင်းဆန်ခြင်းမပြုဘဲ ယူလာသည့် အသားခြောက် (၇)ခုကို မြေကြီးပေါ် ချလိုက်သည်။
“ဒါက အစ်မကြီးကျိုးအတွက် ၊ ဒါက အစ်မကြီးလျိုအတွက် ၊ ဒါကတော့ ယန်မိန်းကလေးအတွက်ပါ ၊ သူက ဒီမှာ မရှိဘူးထင်တယ်…”
ရှောင်ယွိက အသားများကို ပုံရင်း ပြောပြသည်။
အမျိုးသမီးတစ်ယောက်က…
"ကောင်းပြီ၊ ငါတို့နားလည်တယ် ၊ တခြားဘာမှ မရှိရင် မင်းပြန်သွားတော့”
ရှောင်ယွိက ခေါင်းငုံ့လိုက်ရင်း…
“ကျွန်မကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်”
ထို့နောက် သူမလှည့်ထွက်လာခဲ့သည်။
သူမနောက်ကျောဘက်မှ စကားသံများက ပျံ့လွင့်လာသည်။
“ရွာမှာ မိစ္ဆာရှိနေတာလည်း တစ်ဒုက္ခပဲ ၊ ဘယ်အချက်ဒုက္ခပေးမလဲ တွေးပူနေရတယ်”
“အေးဟယ်… ကံဆိုးလိုက်တဲ့ဘဝတွေ ၊ ငါ့မှာ တော်တော်ကြောက်သွားတာ”
“သူရောက်လာတော့ ငါ့ကိုစားတော့မယ်ထင်လို့ ငါ့မှာထုရိုက်ဖို့ ကျောက်တုံးပြေးကောက်ရသေးတယ်”
ရှောင်ယွိ သူမနားကို လက်ဖြင့်အုပ်လိုက်ပြီး အလျှင်အမြန်ပင် ထွက်လာခဲ့သည်။ ထို့နောက် စိတ်ညစ်ညစ်ဖြင့် ရွာတစ်ဝိုက်တွင် လျှောက်သွားနေခဲ့သည်။
သို့သော် သူတို့က သူမပေးသည့်အသားများကို လက်ခံသည်ဆိုလျှင် အဆင်ပြေသည်။ နောက်ပိုင်းတွင် သူမက အခြားသူများကို ထိခိုက်စေမည်မဟုတ်ကြောင်း တဖြည်းဖြည်းနားလည်လာပေလိမ့်မည်။ စိတ်ပူစရာ မရှိတော့ပေ။ ထိုအတွေးဖြင့် သူမသည် များစွာစိတ်သက်သာရာရပြီး အိမ်ပြန်ခဲ့သည်။
သို့သော် သူမရွာတံခါးနားသို့ ရောက်သည့်အခါ ခြေလှမ်းများ ရပ်တန့်သွားသည်။
စောစောကပင် သူမပေးခဲ့သည့်အသားများကို ရွာတံခါးနားရှိအမှိုက်ပုံတွင်လာရောက်စွန့်ပစ်ထားသည်ကို တွေ့လိုက်ရသည်။
ဤအသားများက ခင်ပွန်းဖြစ်သူ ပင်ပင်ပန်းပန်း အမဲလိုက်ခြင်းမှ ရရှိခဲ့ပြီး သူမက သေသေချာချာ နေလှန်းအခြောက်ခံထားသည့် အသားများ ဖြစ်သည်။
ရှောင်ယွိ အမှိုက်ပုံနားတွင်ထိုင်လိုက်ပြီး အသာခြောက်များထည့်ထားသည့်အိတ်ကို ကောက်ကိုင်လိုက်သည်။ သူမ ပေးခဲ့သည့်အသားမျာဖြစ်ပြီး တစ်တုံးတစ်လေပင် လျော့နည်းနေခြင်း မရှိပေ။
"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်"
သူမပေးခဲ့သည့် အသားခြောက် (၇)တုံးလုံး လွှင့်ပစ်ခံထားရသည်။
ရှောင်ယွိမျက်ဝန်းတွင် မျက်ရည်များဝဲလာသည့်တိုင် သူမက မည်သည့်စကားမှ မဆိုခဲ့ပေ။ အိတ်ထဲမှ အသားခြောက်များကို ထုတ်ယူလိုက်ပြီး ဖုံမှုန့်များကို ခါလိုက်သည်။ အသားများကို သန့်ရှင်းပြီးသည်နှင့် သူမက အိမ်ပြန်ယူသွားလေသည်။
ခြံဝင်းထဲသို့ရောက်သည့်အခါ လေးနှင့်မြားချထားသည်ကိုတွေ့လိုက်ရသဖြင့် ကျန်းလန်ပြန်ရောက်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။
ရှောင်ယွိက သူမမျက်နှာကိုတစ်ချက်ပွတ်သပ်ရင်း ပျော်ရွှင်ဟန်ဆောင်လိုက်သည်။
ထို့နောက် အိမ်ထဲသို့ ဝင်လိုက်ပြီး…
“ယောကျ်ား ၊ ကျွန်မ ပြန်လာပြီ”
သူမ အိမ်ထဲဝင်လိုက်သည်နှင့် ပစ္စည်းများထုပ်ပိုးသိမ်းဆည်းနေသည့် ကျန်းလန်ကိုတွေ့လိုက်ရသည်။ သူမ အံ့အားသင့်သွားပြီး ငေးကြောင်ကြည့်နေမိသည်။
“ယောကျ်ား ၊ ဘာလုပ်နေတာလဲ”
ကျန်းလန်က ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းနေရင်းမှ ရှောင်ယွိကို ခေါင်းမော့ကြည့်သည်။
ပြီးမှ တိုးလျသည့် လေသံဖြင့်…
“ရှောင်ယွိ ၊ ကိုယ်တို့ ပြောင်းကြရအောင် ၊ ဒီရွာမှာ မနေတော့ဘူး”
ထိုစကားကိုကြားသည့်အခါ ရှောင်ယွိမျက်ဝန်းများနီရဲလာပြီး မျက်ရည်များဝဲလာသည်။
သူမက အသားခြောက်များကို ပစ်ချလိုက်ပြီး ကျန်းလန်ကို ပြေးဖက်လိုက်သည်။ ထို့နောက် သူမက ကျယ်လောင်စွာ ငိုကျွေးတော့သည်။ ယခုရက်ပိုင်းအတွင်းခံစားခဲ့ရသည်များကို အကုန်ဖွင့်ထုတ်ကာ ငိုကျွေးတော့သည်။
“အင့်ဟင့်… ကျွန်မ ဘာမှမမှားခဲ့ပါဘူး ၊ ဒါပေမဲ့ ကျွန်မကို ဘာလို့ ဒီလိုဆက်ဆံရတာလဲ ၊ သူတို့က ကျွန်မကို စကားတစ်ခွန်းမှမပြောကြဘဲ ကွယ်ရာမှမကောင်းပြောကြတယ် ၊ ကျွန်မပေးသမျှကိုလည်း လွှင့်ပစ်ကြတယ် ၊ ကျွန်မလက်နဲ့ထိထားတဲ့အရာဆိုရင် ဘာကိုမှ မစားနိုင်ကြသလိုပဲ”
ကျန်းလန်က ရှောင်ယွိကို ပြန်လည်ပွေ့ဖက်ထားပြီး မည်သည့်စကားမှမဆိုဘဲ ခေါင်းငုံ့ထားသည် ဤသည်မှာ လူသားတို့၏ အမုန်းတရားပင်ဖြစ်ပြိး သေမျိုးလောက၏ ဆင်းရဲဒုက္ခပင် ဖြစ်သည်။
ကျန်းလန်ကတော့ သေမျိုးလောက၏ နာကျင်စရာများကို မခံစားခဲ့ရသော်လည်း ရှောင်ယွိကတော့ နာကျင်စရာများကို အဆက်မပြတ်ခံစားခဲ့ရသည်။
ရှောင်ယွိနာကျင်သည့်အတွက် ကျန်းလန်သည်လည်း နာကျင်ခဲ့ရလေသည်။
***