← Chapters

အမှန် နဲ့ အမှား

Vol. 39 Ch. 545

အမှန် နဲ့ အမှား

Vol. 39 Ch. 545

ရှောင်ယွိက ကျန်းလန်ကို ဖက်ပြီး အချိန်အတန်ကြာ ငိုနေခဲ့သည်။

နောက်ဆုံးတော့ အငိုတိတ်သွားပြီး သူမမှားသည်ဟုလည်း မခံစားရတော့ပေ။

ထို့နောက် သူမက ကျန်းလန်ကိုမော့ကြည့်လိုက်ပြီး ခြေထောက်ဖြင့် ပိတ်ကန်လိုက်သည်။

“ယောကျ်ား… အဲဒါ ရှင့်ကြောင့်ပဲ ၊ ရှင်လုပ်လို့ ကျွန်မကိုယ်ပေါ်မှာ နဂါးအကြေးခွံတွေပေါ်လာတာ”

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ၊ အဲဒါ ကိုယ့်အပြစ်ပါ”

ရှောင်ယွိက ကျန်းလန်ခေါင်းကို ပုတ်လိုက်သည်။

“အင်း… ကိုယ့်အပြစ်ကိုယ် ဝန်ခံတာ ကောင်းပါတယ်”

ထို့နောက် သူမက အထုပ်ထဲမှ ပစ္စည်းများကို မူလနေရာသို့ ပြန်ထားနေလေသည်။

ကျန်းလန်က…

“မင်း မသွားဘူးလား”

ရှောင်ယွိက ခေါင်းမာသည့် မျက်နှာထားဖြင့် ကျန်းလန်ကို လှည့်ကြည့်သည်။

“မသွားဘူး”

“မသွားဘူးဆိုရင် မင်းဘ၀ အရမ်းခါးသက်လိမ့်မယ်”

ကျန်းလန်က ရှောင်ယွိအနားသို့လျှောက်လာပြီး ခေါင်းငုံ့ထားသည်။

သူမသည် သံသယများ ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် လက်ခံရန်ခက်ခဲသည့် အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သည်။ ဤသည်မှာ ဘဝ၏ဒုက္ခနှင့် လူသားတစ်ယောက်၏ စိတ်ထဲမှ ပြဿနာများပင် ဖြစ်သည်။

ရှောင်ယွိကတော့ ထိုဒုက္ခသုက္ခများအားလုံးကို သည်းခံနိုင်ခဲ့သည်။

လူတစ်ယောက်ကို ကြေကွဲစေသည့်အရာမှာ အများအားဖြင့် အကြည့်တစ်ချက် ၊ သို့မဟုတ် စကားတစ်ခွန်းမျှသာ ဖြစ်သည်။

ရှောင်ယွိက ကျန်းလန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းစူလိုက်သည်။

“ဒါပေမဲ့ ကျွန်မတစ်ယောက်တည်း ဒုက္ခမှ မဟုတ်တာ”

ကျန်းလန်က ခေါင်းကိုခါယမ်းလိုက်သည်။

“ကိုယ့်မှာက ခါးသက်စရာမရှိပါဘူး ၊ ဒါပေမဲ့ ကိုယ်ခံစားရတဲ့ ဒုက္ခက မင်းဆီကတစ်ဆင့် ကူးဆက်လာတာ”

ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်၏ မျက်နှာကို အသာထိကိုင်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ကျွန်မ မသွားဘူး”

ကျန်းလန်က ပြုံးလိုက်ပြီး ရှောင်ယွိ၏ မျက်နှာလေးကို အသာပွတ်သပ်လိုက်သည်။

“ဟုတ်ပါပြီ ၊ ဒီတစ်ခါတော့ ကိုယ့်မိန်းမပြောတာကို နားထောင်ပါ့မယ်”

သူ့ရင်ခွင်ထဲတိုးဝင်လာသည့် ရှောင်ယွိကို ကျန်းလန်က တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိလေသည်။

သေမျိုးလူသားလောကက မည်မျှပင် ခါးသီးနေပါစေ သူမကတော့ ခါးသီးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော သူမနှလုံးသားက ကျန်းလန်၏အချစ်များဖြင့် အမြဲတမ်း ချိုမြိန်နေသောကြောင့် ဖြစ်သည်။

***

နောက်တစ်နေ့နံနက်တွင်တော့ ရှောင်ယွိက သူမလက်ပေါ်မှ အကြေးခွံများကိုကြည့်ပြီး အပြင်မထွက်ရဲ ဖြစ်နေသည်။

ကျန်းလန်က လေးကိုကိုင်လိုက်ရင်း…

“ကိုယ် နေ့လည်လောက် ပြန်လာခဲ့မယ် ၊ မင်း အဝတ်လျှော်ချင်တယ်ဆိုရင် ကိုယ်လိုက်ပို့ပေးမယ်လေနော်”

အခြားသူများ၏ အတွေးအမြင်များကို ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။ မွေးဖွားသည့်အချိန်မှ သေဆုံးသည့်အချိန်ထိ လူတစ်ယောက်၏ အတွေးအမြင်များကို ပြောင်းလဲရန်မှာ ခက်ခဲသည်။

အမှားအမှန်ကို ပိုင်းခြားရန် နည်းလမ်းပေါင်း ထောင်ချီရှိခဲ့သည်။ သို့ပေသိ လူတစ်ယောက်က မှားသည်ဟု သတ်မှတ်ထားသည့်အရာကို ဘယ်တော့မှ မှန်သည်ဟု ပြုပြင်၍ မရပေ။ မှားသည့်အရာက မှန်နေလျှင်တောင်မှ လက်ခံရန် ခက်ခဲမည် ဖြစ်သည်။ ဤသည်က လူ့သဘာဝပဲ ဖြစ်သည်။

ထိုစက်ဝိုင်းအတွင်းမှ မည်သူမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ မသိနားမလည်လေ ၊ မိမိကိုယ်ကိုယ်မှန်သည်ထင်ကာ အကြောက်အရွံ့မရှိ စုံလုံးကန်း ယုံကြည်လေပဲ ဖြစ်သည်။

ကျန်းလန်သည်လည်း သူ့အတွေးများမှန်သည်ဟု ယုံကြည်၍ မဖြစ်ပေ။ သူ သေမျိုးလူသားလောကကို ဘယ်တုန်းက လေ့လာခဲ့ဖူးပါသနည်း။ သူ့အတွေးအခေါ်များသည်လည်း ဘောင်ခတ်ထားသည့်အတွေးအခေါ်များသာ ဖြစ်ခဲ့သည်။

ရှောင်ယွိက ကျန်းလန်အနားရောက်လာသည်။

“ဒါဆို ဒီနေ့ စောစောပြန်လာမှာပေါ့”

ကျန်းလန်က အင်္ကျီလက်အောက်မှ ရှောင်ယွိ၏ အကြေးခွံများကို အသာထိကိုင်လိုက်ရင်း…

“အင်း… တတ်နိုင်သမျှ စောစောပြန်လာမယ် ၊ ဒီအကြေးခွံတွေနဲ့ပတ်သက်ပြီး မကောင်းတာမရှိပါဘူး”

ရှောင်ယွိက ပြုံးလိုက်ရင်း…

“ယောကျ်ား ၊ ရှင်တော့ မိစ္ဆာလှည့်စားတာခံရပြီထင်တယ် ၊ မင်းရဲ့အတွေးတွေက လွဲနေပြီ”

ထို့နောက် ကျန်းလန်က လေးကိုကိုင်ပြီး လျိုတာ့ကျူးနေအိမ်သို့ လျှောက်သွားလိုက်ပြီး တံခါးခေါက်လိုက်သည်။

“ဒေါက် ဒေါက်”

လျိုတာ့ကျူးက တံခါးလာဖွင့်ပေးသည်။

“ညီလေးကျန်း ၊ အမဲလိုက်ထွက်ဖို့ အရမ်းစောနေသေးတယ်”

ကျန်းလန်က…

“အစ်ကိုကြီးလျိုကို အနှောက်အယှက်ပေးရတာ တောင်းပန်ပါတယ် ၊ ဒါပေမဲ့ ကျုပ်က အစ်ကိုကြီးနဲ့တိုင်ပင်စရာရှိလို့ပါ”

လျိုတာ့ကျူးက…

“ညီလေးကျန်း ပြောပါ”

ကျန်းလန် တိုင်ပင်မည့်ကိစ္စကို လျိုတာ့ကျူး ရိပ်မိလေသည်။

အရင်ကတော့ အမဲလိုက်အဖွဲ့တွင် ပြဿနာမရှိသော်လည်း လွန်ခဲ့သည့်ရက်ပိုင်းကတော့ လျိုအာ့ကျူကိုယ်တိုင် ကျန်းလန်ကို လိုလိုလားလားမရှိတော့ပေ။

အဖွဲ့ထဲတွင် ပဋိပက္ခပိုကြီးလာပြီး ကျန်းလန်က အကြိမ်အနည်းငယ် ရှင်းပြသော်လည်း အသုံးမဝင်ခဲ့ပေ။ ကျန်းလန်ကို ဝိုင်းပယ်ထားကြပြီး လှောင်ပြောင်ခြင်းပင် ခံခဲ့ရသည်။

ကျန်းလန်က သူ့မိန်းမကိုခေါ်ကာ ရွာထဲမှ ထွက်သွားရန် စိတ်ကူးမိသည်အထိပင် ဖြစ်သည်။

သို့သော် လျိုတာ့ကျူးက ကျန်းလန်ကို တားဆီးခဲ့သည်။ ရွာမှထွက်ခွာမည်ဆိုလျှင်တောင်မှ ဆောင်းကုန်မှထွက်ခွာရန် ပြောခဲ့သည်။

လျိုတာ့ကျူးက ကျန်းလန်ကို ယုံကြည်ပေးပြီး အစွမ်းကုန် ကူညီပေးခဲ့သူပင်။

သူက ခေါင်းမာသူတစ်ယောက်ဖြစ်ပြီး ကျန်းလန်တို့ ဇနီးမောင်နှံတွင် ဆိုးရွားသည့် ရည်ရွယ်ချက်မရှိကြောင်း အမြဲလိုလို ခံစားရသည်။

ကျန်းလန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“ကျုပ်ကြောင့် အမဲလိုက်အဖွဲ့မှာ ပြဿနာတက်ရတယ် ၊ ဒါကြောင့် ဒီနေ့ကစပြီး တစ်ယောက်တည်းပဲ အမဲလိုက်ချင်ပါတယ် ၊ ဒီရက်ပိုင်း အစ်ကိုကြီးလျို ကျုပ်ကို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ”

လျိုတာ့ကျူး၏ စိတ်စေတနာကို ကျန်းလန် ခံစားနိုင်သည်။ ရှောင်ယွိက မိစ္ဆာတစ်ကောင်ဟု သတင်းများပျံ့နှံ့နေသည့်တိုင် သူ့စိတ်ထားက ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

ထို့ကြောင့် သူ အမဲလိုက်အဖွဲ့မှ ထွက်ခွာသည့်အခါ လျိုတာ့ကျူးကိုတော့ လေးစားသမှုဖြင့် အသိပေးရန် လိုအပ်သည်။

သူတစ်ယောက်တည်းအမဲလိုက်မည်ဆိုလျှင် သူပြန်ချင်သည့်အချိန်တွင်ပြန်နိုင်ပြီး ရှောင်ယွိကို ရွာထဲသွားချင်လျှင် လိုက်ပို့နိုင်မည် ဖြစ်သည်။ အခြားသူများ၏ အတွေးများကို မပြောင်းလဲနိုင်သည့်တိုင် သူ အနားတွင်ရှိနေပါက ရှောင်ယွိ အနည်းငယ် စိတ်အေးလက်အေးရှိနိုင်သည်။

လျိုတာ့ကျူးက ခဏမျှငြိမ်သက်ကာ စဉ်းစားနေသည်။

ပြီးမှ…

“အဲဒါ မကောင်းဘူး ၊ ပြီးတော့ မင်း ကျုပ်ကို ယုံတယ်မလား”

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

“အစ်ကိုကြီးလျိုကို ယုံပါတယ်”

လျိုတာ့ကျူးက…

“မင်း ရွာတံခါးကို ကျုပ်နဲ့လိုက်ခဲ့ ၊ အဲဒီအကြောင်းကို လူတိုင်းသိအောင် ပြောရမယ် ၊ ဒါပေမဲ့ စိတ်မပူနဲ့ ၊ ကျုပ်ပြောမယ့်ကိစ္စက မင်းမိန်းမနဲ့ မဆိုင်ဘူး ၊ ကျုပ်တို့အားလုံးက တစ်ရွာတည်းနေကြတဲ့သူတွေလေကွာ ၊ မင်းတစ်ယောက်တည်း အမဲလိုက်ချင်တယ်လို့ ပြောလို့မရဘူး ၊ ဒါဆိုရင် နောက်ပိုင်း ပိုပြီးဆက်ဆံရေးတွေ ပျက်ပြားကုန်ကြလိမ့်မယ် ၊ အခုက မင်းအတွက် လွယ်ကူတဲ့အချိန် မဟုတ်ပေမယ့် နောက်ပိုင်း နားလည်မှုလွဲတာတွေ ပြေလည်သွားတဲ့အချိန်ရောက်ရင်ရော ၊ ဘယ်လိုလုပ်မလဲ ၊ အနာဂတ်ကို စဉ်းစားရမယ် ၊ မင်းတစ်ယောက်တည်း ခွဲထွက်သွားမယ်ဆိုရင် နောက်ပိုင်းကျ မင်းတို့မိသားစုအကုန်လုံး ရွာနဲ့ သီးခြားဖြစ်သွားလိမ့်မယ်”

ကျန်းလန်က မျက်ခုံးများကို တွန့်ချိုးထားရင်း ငြိမ်သက်နေသည်။

နောက်ဆုံးတွင်တော့…

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလျို ၊ ကျုပ် အစ်ကိုကြီးလျိုစကားကို နားထောင်ပါ့မယ်”

ခဏအကြာတွင်တော့ ကျန်းလန်နှင့် လျိုတာ့ကျူးတို့ ရွာတံခါးသို့ ရောက်ရှိလာကြသည်။

မကြာမီ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ကျန်းလန်ကိုတွေ့သည့်အခါ မည်သည့်စကားမှ မဆိုကြသော်လည်း မျက်နှာမကောင်းကြပေ။

လူစုံသည့်အခါ လျိုတာ့ကျူးက စကားစပြောသည်။

“လူစုံပြီဆိုတော့ ကျုပ် စကားတစ်ခု ပြောချင်တယ်”

အားလုံးက အံ့အားသင့်သွားကြပြီး လျိုတာ့ကျူးပြောမည့်စကားကို နားထောင်နေကြသည်။

လျိုတာ့ကျူးက ကျန်းလန်ဘက်က ကာကွယ်ပြီး ပြောဆိုပေးဦးမည်လား။ ထိုသို့တွေးမိသည့်အခါ လူတိုင်း စိတ်မချမ်းမသာ ဖြစ်သွားကြသည်။

လျိုအာ့ကျူးက…

"အစ်ကိုကြီး ဘာပြောချင်တာလဲ"

လျိုတာ့ကျူးက…

“ဆောင်းတွင်းက မလွယ်ကူဘူးဆိုတာ လူတိုင်းသိပါတယ် ၊ ဒီရက်ပိုင်း သားကောင်လည်း များများစားစား မရတဲ့အခါကျတော့ နည်းလမ်းတစ်ခု စဉ်းစားမိတယ်”

မျှော်လင့်မထားသည့်ကိစ္စကို ပြောလိုက်သည့်အတွက် အခြားသူများ အံ့သြသွားကြသည်။ ထို့နောက် ဆောင်းတွင်းအတွက် အစီအစဉ်ဖြစ်သောကြောင့် သူတို့အားလုံး တက်ကြွလာကြသည်။

လူတစ်ယောက်က…

“ဆောင်းဝင်ရင် အမဲလိုက်လို့မရတော့ဘူး ၊ ပြီးတော့ သီးနှံအထွက်ကလည်းမကောင်းတော့ ဘာမှလုပ်လို့မရဘူး ၊ အစ်ကိုကြီးလျိုမှာ ဘာအကြံကောင်းတွေ ရှိလို့လဲ”

နောက်တစ်ယောက်က…

“အမှန်ပဲ ၊ ကျုပ်တို့အတွက် ဆောင်းတွင်းက နှစ်တိုင်းခက်ခဲတာပဲ”

လျိုတာ့ကျူးက လျိုအာ့ကျူးနှင့် ကျန်လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ကျုပ်တို့ အုပ်စုခွဲဖို့ စီစဉ်ထားတယ် ၊ တစ်ဖွဲ့က အနောက်ဘက်မှာ အမဲလိုက်မယ်၊ ကျန်တဲ့တစ်ဖွဲ့က အရှေ့ဘက်မှာ အမဲလိုက်မယ် ၊ အာ့ကျူးနဲ့ ကျုပ်က တစ်ဖွဲ့စီကို ဦးဆောင်ကြမယ် ၊ တကယ်လို့ ကျုပ်တို့အနိုင်မယူနိုင်တဲ့ သားရဲကြီးတွေနဲ့ တွေ့တယ်ဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကူအညီတောင်းလို့ရတယ် ၊ ဒါဆို ခါတိုင်းထက် သားကောင်ပိုပြီးရရှိနိုင်တယ်”

လျိုအာ့ကျူးက…

“အစ်ကိုကြီး ၊ အသေးစိတ် ဘယ်လိုစီစဉ်ထားလဲ”

သူက အံ့အားသင့်နေမိသည်။ အခြားသူများသည်လည်း သူ့လိုပင် ခံစားရပြီး ခံစားချက်က အကောင်းအဆိုး ရောထွေးနေသည်။

လျိုတာ့ကျူးက…

“ညီလေးကျန်းနဲ့ ညီလေးယန်က ကျုပ်နဲ့အတူ အနောက်ဘက်မှာ အမဲလိုက်ထွက်မယ် ၊ အာ့ကျူးက ကျန်တဲ့လူတွေနဲ့အတူ အရှေ့ဘက်ကိုသွားပါ ၊ ထူးခြားအခြေအနေတွေရှိရင် ပူးပေါင်းဆောင်ရွက်မယ် ၊ ဒီလိုလုပ်ရတာ နည်းနည်းတော့ အဆင်မပြေဘူးဆိုပေမယ့် ဆောင်းတွင်းမှာ အဆင်ပြေအောင် လုပ်ရတာပဲ”

အားလုံး ငြိမ်သက်သွားကြသည်။

သို့သော် မည်သူမှ သဘောမတူနိုင်စရာမရှိဘဲ လိုက်နာခဲ့ကြသည်။ ကျန်းလန်နှင့်တစ်ဖွဲ့တည်းအမဲမလိုက်ရတော့သဖြင့် အစီအစဉ်က ကောင်းသည်ဟု ဆိုနိုင်သည်။

နောက်ဆုံးတွင်တော့ ရွာသားများ၏ အမဲလိုက်အဖွဲ့ (၂)ဖွဲ့ကွဲသွားလေသည်။ တစ်ဖွဲ့ကို လျိုအာ့ကျူးက ဦးဆောင်ပြီး ကျန်တစ်ဖွဲ့ကို လျိုတာ့ကျူးက ဦးဆောင်ခဲ့သည်။

ကျန်းလန်မှာတော့ လျိုတာ့ကျူး၏ အပြုအမူကိုကြည့်ပြီး ဘာပြောရမှန်းပင်မသိ ဖြစ်ရသည်။

ယန်လူငယ်လေးကတော့ ကျန်းလန်ရှိရာသို့ အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် လမ်းလျှောက်လာပြီး ခေါင်းငုံ့ကာ တောင်းပန်စကားဆိုသည်။

“တောင်း… တောင်းပန်ပါတယ်”

***

ရှောင်ယွိ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ နေမွန်းတည့်နေပြီဖြစ်သည်။

ကျန်းလန် ပြန်လာရန် အချိန်တန်ပြီ ဖြစ်၏။

သူမက လျှော်ဖွတ်ရမည့်အဝတ်အစားများကို အဆင်သင့်ပြင်ဆင်ထားသည်။ ကျန်းလန်ပြန်လာသည့်အခါ အတူတူ မြစ်ကမ်းသို့သွားပြီး အဝတ်လျှော်ကြမည်။

ခြံဝင်းထဲတွင်လည်း သူမက ထင်းအချို့ ခုတ်ထားပေးသည်။ ကျန်းလန်က ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည်ဖြစ်ရာ သူမက နိုင်သလောက်ကူညီထားခြင်း ဖြစ်၏။

ထိုအချိန် ခြံဝင်းထဲသို့ ကလေးများ ဝင်လာကြသည်။ လျိုရှောက်ဟူနှင့် ကောင်မလေးနှစ်ယောက် ဖြစ်သည်။

“ဒေါ်လေးကျန်း”

လျိုရှောက်ဟူနှင့် လင်စီးစီးက ခပ်တိုးတိုးအသံဖြင့် နှုတ်ဆက်လိုက်သည်။ သူတို့ ရှောင်ယွိထံ လာရောက်သည်ကို အခြားသူများသိသွားမည်ကို စိုးရိမ်နေကြသည်။

ရှောင်ယွိက သူတို့ကိုတွေ့တော့ အနည်းငယ်အံ့အားသင့်သွားသည်။

“ဘာလို့လာရတာလဲ ၊ အရမ်းအန္တရယ်များတယ်”

လျိုရှောက်ဟူက ရှောင်ယွိကို ကြည့်လိုက်ရင်း…

“ဒေါ်လေးကျန်း ၊ အမေက ပြောတယ် ၊ ဒေါ်လေးကျန်းက မိစ္ဆာမတဲ့ ၊ အဲဒါ အမှန်ပဲလား”

ထိုမေးခွန်းကိုကြားသည့်အခါ ရှောင်ယွိ ခေါင်းငုံ့ထားပြီး မည်သို့ပြန်ဖြေရမည်ကို မသိခဲ့ပေ။

လင်စီးစီးက…

“ဒေါ်လေးကျန်းက ကလေးတွေကို စားတာလား”

ရှောင်ယွိက ထိတ်လန့်တခြားဖြင့်…

“ဘယ်ကလာ ၊ ဒေါ်လေးက ဘာလို့ ကလေးတွေကိုစားရမှာလဲ”

လျိုရှောက်ဟူက…

“ဒါပေမဲ့ အမေပြောတာတော့ မိစ္ဆာတွေက ဗိုက်ဆာရင် ကလေးတွေကို ကိုက်တတ်တယ်တဲ့”

ရှောင်ယွိမှာ ကလေးများကို မည်သို့ရှင်းပြရမှန်းမသိဘဲ ပါးစပ်အဟောင်းသားဖြစ်လျှက် ရှိသည်။

ထိုစဉ် လျိုရှောင်ရှောင်က ရုတ်တရက် ပြောလိုက်သည်။

“ဒေါ်လေးကျန်း လက်ဝါးဖြန့်လိုက်”

ရှောင်ယွိ အံ့အားသင့်သွားသော်လည်း လက်ဖဝါးကို ဖြန့်လိုက်သည်။

လျိုရှောင်ရှောင်က သူမ၏အိတ်ကပ်ထဲမှ သကြားလုံးကို ထုတ်ယူလိုက်ပြီး ရှောင်ယွိလက်ထဲ ထည့်ပေးလိုက်သည်။

“ဒေါ်လေးကျန်းဗိုက်ဆာရင် ကလေးတွေကို မကိုက်နဲ့နော် ၊ သကြားလုံးစားပါ”

လင်စီးစီးကလည်း ရှောင်ယွိလက်ထဲ သစ်သီးတစ်လုံးထည့်ပေးလိုက်ရင်း…

“သစ်သီးတွေလည်း စားလို့ရတယ်လေ”

လျိုရှောက်ဟူက သူ နှစ်ပေါင်းများစွာ သိမ်းဆည်းထားသည့် သစ်သားမြင်းရုပ်လေးကို ထုတ်ယူလိုက်ပြီး ရှောင်ယွိလက်ထဲ ထည့်ပေးလိုက်သည်။

“ပျင်းရင်လည်း အရုပ်တွေနဲ့ ကစားလို့ရတယ်လေ ၊ ဒါဆို ဒေါ်လေးကျန်းက သားတို့ကို မစားဘူးဆိုတာ အမေ တဖြည်းဖြည်းနားလည်သွားလိမ့်မယ် ၊ ဒါဆို အမေလည်း စိတ်ပူစရာမလိုတော့သလို သားတို့လည်း ဒေါ်လေးကျန်းဆီ လာလို့ရပြီ”

ရှောင်ယွိက သူမလက်ထဲမှ ပစ္စည်းများကိုကြည့်ပြီး ကလေး (၃)ယောက်ကို ကြည့်လိုက်သည်။

ထို့နောက် သူမ မျက်ရည်များဝဲလာတော့သည်။

“ကောင်းပြီ ၊ ဒါဆို ဒေါ်လေးလက်ခံမယ် ၊ နောက်တစ်ခါလည်း ကလေးတို့အတွက် အရသာရှိတဲ့ အစားအသောက်တွေ ဝယ်ထားမယ်နော်”

ကလေးသုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြပြီး လက်ဝါးချင်းရိုက်လိုက်ကြသည်။ သို့သော် ကျယ်လောင်စွာ မရယ်ဝံ့ကြပေ။

လျိုရှောင်ရှောင်က…

“ဒေါ်လေးကျန်း ၊ ဒေါ်လေးကျန်း ၊ မိစ္ဆာတွေအားလုံးက ဒေါ်လေးကျန်းလို ရုပ်ချောပြီး ချစ်စရာကောင်းသလားဟင် ၊ နောက်တစ်ခါ မိစ္ဆာနဲ့တွေ့ရင်ရော သမီး သူတို့နဲ့ ဆော့လို့ရမလား”

ထိုမေးခွန်းကြောင့် ရှောင်ယွိ ထိတ်လန့်သွားပြီး ချက်ချင်း ခေါင်းခါယမ်းလိုက်သည်။

“မရဘူး ၊ မိစ္ဆာတွေအနားကို ဘယ်တော့မှမကပ်နဲ့ ၊ သူတို့ကိုတွေ့တာနဲ့ ချက်ချင်းပြေး ၊ သမီးတို့သားတို့ ရှိနေတာကို မိစ္ဆာတွေ ဘယ်တော့မှ မသိစေနဲ့”

လင်စီးစီးက…

“ဒါပေမဲ့ ဒေါ်လေးကျန်းက သမီးတို့အပေါ်ကောင်းတယ်လေ ၊ တခြားမိစ္ဆာတွေက ဒေါ်လေးကျန်းလို မဟုတ်ဘူးလား”

ရှောင်ယွိစိတ်ထဲ ရုတ်တရက် အေးခဲသွားသည်။

“မဟုတ်ဘူး ၊ တခြားမိစ္ဆာတွေက လူတွေကိုစားတယ် ၊ မင်းတို့ လုံး၀ အနားကပ်လို့ မဖြစ်ဘူး”

ထိုခဏမှာပင် ရှောင်ယွိသည် အစ်မကြီးလျို၏ အတွေးများကို ခံစားနားလည်သွားလေသည်။

လူသားမစားသည်မှာ သူမတစ်ယောက်တည်းသာ ဖြစ်သည်။ အခြားသောနတ်မိစ္ဆာများက လူသားစားသည်ကို သူကိုယ်တိုင်လည်း သိရှိလေသည်။ သူမက လူသားမစားခဲ့လျှင်ပင် မိခင်များအနေဖြင့် သူတို့၏ ကလေးများကို အလောင်းအစားလုပ်ဝံ့ကြမည် မဟုတ်ပေ။

အကောင်းနှင့်အဆိုးကြား ခြားနားချက်ကို ကလေးများကို ပြောပြရန် မဖြစ်နိုင်သည့်အတွက် မိစ္ဆာများ၏အဝေးတွင် နေခိုင်းခြင်းကသာ အကောင်းဆုံးနှင့်အသင့်တော်ဆုံးဖြစ်သည်။

ရှောင်ယွိ ချက်ချင်းပင် နားလည်သဘောပေါက်သွားလေတော့၏။

***

ကျန်းလန် ယနေ့ စောစောပြန်လာခဲ့သည်။ ကံကောင်းစွာပင် သားကောင်များစွာလည်း ဖမ်းမိလေသည်။

လျိုတာ့ကျူး ၊ ယန်လူငယ်လေးနှင့် ကျန်းလန်တို့က ရသမျှသားကောင်းများကို သူတို့ချည်းပဲ ခွဲဝေမယူကြပေ။ သူတို့အတွက် ဝေစုအနည်းငယ် ယူကြပြီး ကျန်ရှိသည်များကို လျိုအာ့ကျူးတို့အဖွဲ့သို့ ပေးကမ်းကြသည်။ ကျန်းလန်ကလည်း ကန့်ကွက်ခြင်း မပြုခဲ့ပေ။

အိမ်အပြန်လမ်းတွင် လျိုတာ့ကျူး၏အိမ်ကို ဖြတ်လာသည့်အခါ အစ်မကြီးလျိုက ကလေးနှစ်ယောက်ကို ဆူပူကြိမ်မောင်းနေသည်ကို ကြားလိုက်ရသည်။ သူက တုတ်တစ်ချေင်းဖြင့် ကလေးများ၏တင်ပါးကိုပင် ရိုက်နှက်နေ၏။

“လျိုရှောက်ဟူ ၊ မသွားနဲ့ဆိုတာကို ထပ်သွားတယ်ပေါ့လေ”

ကျန်းလန် အံ့အားသင့်သွားသော်လည်း ဘာမှဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ ကိုယ့်အိမ်သို့သာ ပြန်ခဲ့သည်။

အိမ်ခန်းထဲတွင် ပျော်ရွှင်စွာ ထိုင်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

ကျန်းလန်က…

“ဒီနေ့ ဘာလို့ ပျော်နေတာလဲ”

“ယောကျ်ား ၊ နောက်ဆုံးတော့ ကျွန်မ နားလည်သွားပြီ”

ရှောင်ယွိက ကျန်းလန်ဆီသို့ ပြေးလာရင်း ဝမ်းသာအားရပြောသည်။

ကျန်းလန်က…

“ဘာနားလည်တာလဲ”

“အခြားသူတွေ ကျွန်မကို ဘာလို့ ကြောက်ကြတာလဲဆိုတာ နားလည်သွားပြီ ၊ သူတို့ ဘာကိုကြောက်ကြတယ်ဆိုတာလည်း နားလည်သွားပြီ ၊ လူတိုင်းမှာ ကိုယ်ပိုင်နားလည်မှုတွေနဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိကြတယ် ၊ အဲဒါတွေကို စကားတစ်ခွန်း ၊ ရှင်းပြတာတစ်ခုလောက်နဲ့ ပြောင်းလဲသွားစေမှာ မဟုတ်ဘူး ၊ သူတို့ဘယ်လိုနားလည်သလဲဆိုတာကို ကျွန်မရဲ့ နားလည်မှုနဲ့သွားပြီး ချိန်ညှိလို့ မရနိုင်ဘူး ၊ ဒီကိစ္စမှာဆိုရင် သူတို့က ကျွန်မမှားတယ်လို့ထင်ကြတယ် ၊ ကျွန်မကလည်း သူတို့မှားတယ်လို့ထင်တယ် ၊ လူထောင်ပေါင်းများစွာမှာ ထောင်ပေါ်များစွာသောအတွေးအခေါ်တွေရှိတယ် ၊ သူတို့အများစုက မသိတဲ့အရာတွေအပေါ်မှာ ကြောက်ရွံ့ကြတယ် ၊ အစပိုင်းတုန်းက ဘယ်လောက်တွေးတွေး ကျွန်မ နားမလည်ဘူး ၊ ဒါပေမဲ့ ရှောင်ရှောင်နဲ့ အခြားကလေးတွေက အခြားမိစ္ဆာတွေနဲ့ သူတို့ ဆော့ကစားလို့ရသလားလို့ မေးလိုက်တဲ့အခါ ကျွန်မ ရုတ်တရက် နားလည်သွားတယ်”

ရှောင်ယွိက စိတ်လှုပ်ရှားလျှက် ရှိသည်။

ကျန်းလန်ကတော့ မည်သည့်စကားမှမဆိုဘဲ ရှောင်ယွိကိုကြည့်ကာ ငြိမ်သက်နေသည်။

အချို့သူများသည် မဟာတာအိုကို နားလည်ရန်အတွက် ကျမ်းဂန်များစွာကို ဖတ်ရှုလေ့လာကြသည်။ သို့သော် မဟာတာအို၏ အမှန်တရားကို အပြည့်အ၀ နားလည်နိုင်ကြမည် မဟုတ်ပေ။

အမှန်တော့ မဟာတာအိုလမ်းကြောင်းသည် သေမျိုးလူသားလောကတွင် အနီးစပ်ဆုံး တည်ရှိနေသည်ကို မည်သူမှ မသိနိုင်ခဲ့ကြပေ။

စာပေကျမ်းဂန် ဆယ်သန်းကို ဖတ်ရှုပါစေ မှန်ကန်စွာ နာလည်ခြင်းမရှိပါက  မည်မျှတော်သည့် တာအိုအင်မော်တယ်ဖြစ်နေပါစေ သူတော်စင်လမ်းကြောင်းကို ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။

ကျန်းလန်က…

“ဒါဆို ကိုယ်တို့ ဘာဆက်လုပ်ကြမလဲ”

ရှောင်ယွိက ပြုံးလိုက်ရင်း…

“နားလည်သွားပေမယ့် ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး ၊ ရော့… ဒါက ယောကျ်ားအတွက်”

ကျန်းလန်လက်ထဲသို့ သကြားလုံးတစ်လုံးရောက်လာသည်။

သကြားလုံးကိုထုပ်ထားသည့် စက္ကူက အနည်းငယ်ညစ်ပတ်နေသော်လည်း ကျန်းလန်က သကြားလုံးကိုဖောက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ထိုအချိန် ရှောင်ယွိက…

“ယောကျ်ား ၊ ကျွန်မကိုလည်း ကျွေးဦး”

ကျန်းလန် : “……”

နောက်ဆုံးတော့ ကျန်းလန်က သူ့ပါးစပ်ထဲမှသကြားလုံးကိုထုတ်ကာ ရှောင်ယွိ ပါးစပ်ထဲ ခွံ့ပေးလိုက်ရသည်။

ရှောင်ယွိက သကြားလုံးကို ပျော်ရွှင်စွာ စားနေရင်း…

“အဲဒါ ရှောင်ရှောင်ပေးတဲ့ သကြားလုံးပဲ”

ဒါကြောင့်သကြားလုံးက ညစ်ပတ်နေတာကိုးဟု ကျန်းလန် သဘောပေါက်သွားသည်။

***

အချိန်များ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားသည်။

ယနေ့မှာတော့ ရှောင်ယွိက ကျန်းလန်၏ စုတ်ပြဲနေသည့် အဝတ်အစားများကို ချုပ်ပေးရန် ကြံစည်ခဲ့သည်။ သို့သော် သူ မက အပ်မချုပ်တတ်ပေ။

ထို့ကြောင့် သက်ပြင်းတစ်ချက်ချရင်း အဝတ်အစားများကိုယူကာ အစ်မကြီးလျို၏အိမ်သို့ ထွက်လာခဲ့သည်။

“ဒေါက် ဒေါက်”

ရှောင်ယွိက တံခါးခေါက်လိုက်သည်။

အိမ်ထဲမှ အသံတစ်သံထွက်လာသည်။

“လာပြီ”

တံခါးပွင့်သွားလေသည်။ သို့သော ်ရှောင်ယွိကိုတွေ့သည့်အခါ အစ်မကြီးလျို အံ့အားသင့်သွားသည်။

“ဝုန်း”

ရှောင်ယွိ စကားပြောရန်ဟန်ပြင်လိုက်စဉ် တံခါးက ချက်ချင်းပြန်ပိတ်သွားသည်။

“အစ်မကြီး ၊ တခြားကိစ္စမရှိပါဘူး ၊ ကျွန်မယောကျ်ားရဲ့အင်္ကျီတွေ စုတ်ပြဲနေလို့ ချုပ်ပေးချင်တာ ၊ မချုပ်တတ်လို့ သင်ပေးနိုင်မလားလို့ပါ ၊ တံခါးမဖွင့်ဘဲ သင်ပေးရင်လည်း ရပါတယ်”

“မသင်ပေးနိုင်ဘူး ၊ နင် ပြန်တော့”

“အစ်မကြီးလျို”

“ပြန်ပါတော့”

ရှောင်ယွိ မျက်ခုံးများကို တွန့်ချိုးထားရင်း လှည့်ထွက်သါားသည်။

အခြား မည်သူ့ထံမှ အကူအညီတောင်းနိုင်မည်လဲဟု ရှေင်ယွိ တွေးနေမိသည်။ သူမက ရွာထဲတွင် အစ်မကြီးလျိုနှင့်သာ အရင်းနှီးဆုံး ဖြစ်သည်။

သို့သော် သူမရှေ့သို့ မိန်းကလေးတစ်ယောက် ရောက်လာလေသည်။

သူမဝတ်ဆင်ထားသည့်အဝတ်အစားမျာက နူးညံ့ပြီး ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနှင့် အလွန်ချောမောလှပသည်။ သူမ၏မျက်နှာကသိမ်မွေ့လျှက်ရှိပြီး အိမ်ထောင်သည်မိန်းကလေးတစ်ယောက် ဖြစ်ဟန်တူလေသည်။

သူမက တစ်စုံတစ်ခုကို ကြောက်ရွံ့သည့်အလား သူမ၏အင်္ကျီလက်များကို ဆုပ်ခြေနေပြီး ရှောင်ယွိရှေ့တွင် မတ်တတ်ရပ်ရန် အတော်လေး အားယူထားရဟန် ရှိ၏။

ရှောင်ယွိက သူမကိုတွေ့တော့ အံ့အားသင့်သွားသည်။

“ယန်မိန်းကလေး”

ယန်မိန်းကလေးက ရှောင်ယွိကိုကြည့်နေရင်း စကားပြောရန် အားယူနေသည်။

အချိန်အတန်ကြာပြီးမှ သူမ ကြိုးစားပြီး အသံထွက်လာသည်။

“ကျွန်မ… ကျွန်မ သင်ပေးမယ်”

***

All Chapters