အခန်း (၄၀၆-၄၁၀)
Vol. 17 Ch. 406-410
အပိုင်း(၄၀၆) ခင်ဗျားတို့ ကျုပ်ရန်သူ ဖြစ်ချင်လို့လား
ရန်မိသားစု လူငယ်တိုက်ရိုက် မျိုးဆက်ထဲက လေးယောက်မြောက် အသက်အကြီးဆုံး ဖြစ်တဲ့ ရန်ရှင်းဝူက အပြန်လမ်းမှာ ချုံခိုတိုက်ခိုက် ခံခဲ့ရပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။
သူ့ကို လိုက်ပါစောင့်ရှောက်ခဲ့တဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံးက သွေးရူးသွပ်ခြင်း ပညာရပ်ကို အသုံးပြုခဲ့ကြပေမယ့် ရန်ရှင်းဝူကို အောင်အောင်မြင်မြင်နဲ့ မကာကွယ်နိုင်ခဲ့ပါဘူး။
လွတ်မြောက်သွားတာနဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး ရန်ရှင်းဝူကို မိသားစုဆီ အလျင်စလို ပြန်ခေါ်လာလိုက်ပြီး သူ့ဒဏ်ရာတွေကို ကုသစေဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူ့အခြေအနေက ပိုပိုပြီးတော့သာ ဆိုးရွားလာခဲ့တယ်။ ဘယ်လောက်ပဲ အဖိုးတန်တဲ့ ဆေးတွေကို သုံးပြီး ကုသကုသ ရန်ရှင်းဝူရဲ့ အခြေအနေက နည်းနည်းလေးတောင် တိုးတက်လာခြင်း မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ရက်အနည်းငယ်တုန်းက ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေကြောင့် ရန်ရှင်းဝူ ဘဝတစ်ပါး ကူးပြောင်း သွားခဲ့ရပါတယ်။
အခုအချိန်ထိ ရန်မိသားစုကို ပြန်ရောက်လာတဲ့ ရန်မိသားစုဝင် တွေထဲမှာ ငါးယောက်က ခြုံခိုတိုက်ခိုက် ခံခဲ့ရပါတယ်။ ရန်ကိုင်အပြင် ရန်ဝေ၊ ရန်ခန်းနဲ့ ရန်ရင်တို့လည်း ချုံခိုတိုက်ခိုက် ခံခဲ့ရပါတယ်။ ဒါပေမယ့် လေးယောက်စလုံး ဘေးကင်းကင်းနဲ့ မိသားစုဆီ ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ ရန်ခန်းနဲ့ ရန်ရင်တို့က အသေးအဖွဲ့ ဒဏ်ရာ နည်းနည်းပါးပါးလောက် ရရှိခဲ့ပြီး ရန်ကိုင်နဲ့ ရန်ဝေတို့ကတော့ ဒဏ်ရာ နည်းနည်းလေးတောင် မရခဲ့ပါဘူး။ ကံမကောင်းစွာနဲ့ ရန်ရှင်းဝူကတော့ ကံကြမ္မာလှည့်ကွက်ကြောင့် သေမတတ် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ရပါတယ်။
အမွေခံတိုက်ပွဲ မစရသေခင်မှာပဲ ရန်မိသားစု သခင်လေး တစ်ယောက် ကျဆုံးသွားခဲ့ရပါပြီ။ ဒီလို ကိစ္စမျိုး အရင်တုန်းက တစ်ခါမှ မဖြစ်ပျက် ခဲ့ဖူးပါဘူး။
ထိုအဖြစ်အပျက်ကြောင့် ရန်မိသားစု တစ်ခုလုံး ဒေါသအမျက် ချောင်းချောင်း ထွက်သွားခဲ့ပြီး ရန်မိသားစုဝင် တိုက်ရိုက် မျိုးဆက်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ လူတွေရဲ့ နောက်ကွယ်က လက်မည်ကြီးနဲ့ သူတို့ ဆွေစဉ်မျိုးဆက် ကိုးခုလုံးကို အမြတ်သုတ်သင် ပစ်မယ်လို့ ရန်ကိုင်မိသားစုက ကြုံးဝါးလိုက်တယ်။
ဒီတစ်ကြိမ် တုဖုန်းနဲ့ တန်ယုရှန်းတို့ ရန်ကိုင်ဆီ ရောက်လာရတာက ရန်ဝူရှန်းကို လိုက်ပါစောင့်ရှောက် ခဲ့တဲ့ သွေးစစ်သည်တော် နှစ်ယောက် ကြောင့်ပါပဲ။
“မိသားစုက သူတို့ နှစ်ယောက်ကို ကွပ်မျက်ချင်တာလား” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သူစဉ်းစားမိတဲ့ ဖြစ်နိုင်ချေ တစ်ခုကို မေးလိုက်တယ်။
ဒါပေမယ့် ရန်ရင်ဖုန်းက ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “မိသားစုမှာ အဲ့လိုလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူတို့ နှစ်ယောက်စလုံးက သူတို့ အသက်ကိုပါရင်းပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့တာလေ၊ သူတို့ရဲ့ ဒဏ်ရာတွေဆို ပြင်းထန်လွန်းလို့ အခုအချိန်ထိတောင် မပျောက်သေးဘူး။ သူတို့တွေက သွေးစစ်သည်တော်တွေရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းသွားအောင် လုပ်ခဲ့တာမှ မဟုတ်တာ။ ဒါကြောင့် မိသားစုကလည်း သူတို့ကို သေမိန့်ချမှာ မဟုတ်ဘူး”
သွေးစစ်သည်တော် တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ ရန်မိသားစုအပေါ် သွေးစစ်သည်တော်တွေရဲ့ သစ္စာရှိမှုကလည်း မေးခွန်းထုတ်စရာ မလိုလောက်တဲ့အထိပါပဲ။ အကြီးအကဲခန်းမကသာ စိတ်ရူးမပေါက်သရွေ့ ထိုမတော်တဆ ဖြစ်ရပ်ကြောင့် သွေးစစ်သည်တော် နှစ်ယောက်ကို သေမိန့်ချဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
သူတို့သာ အဲ့လိုလုပ်လိုက်ရင် ကျန်ရှိနေတဲ့ သွေးစစ်သည်တော်တွေ အကုန်လုံးရဲ့ စိတ်ဓါတ်ကို ပျက်ပြားသွားစေ နိုင်ပါတယ်။
“ဒါပေမယ့် တာဝန်ကို ကျေပွန်အောင် မလုပ်နိုင်ခဲ့လို့ အပြစ်ကတော့ ကျိန်းသေးအပေးခံရမှာပဲ” လေးယောက်မြောက် သခင်ကြီးက ခေါင်းခါလိုက်တယ်။
တုဖုန်းက ဆက်ပြောလိုက်တယ် “ကျုပ်တို့ရဲ့ ညီအစ်ကို နှစ်ယောက်စလုံး သူတို့ဒဏ်ရာတွေ ပြန်မသက်သာ နိုင်သေးခင်မှာပဲ ကျာပွတ်ဒဏ် အချက်တစ်ရာ ပေးခံခဲ့ရတယ်။ ဒဏ်ရာတွေက တစ်ခုပေါ် တစ်ခုထပ်ဆင့်သွားလို့ သူတို့ရဲ့ သွေးကြော တော်တော်များများ ပေါက်ပြဲသွားခဲ့တယ်။ သူတို့ရဲ့ အနာဂတ်လမ်းကြောင်းက ဒီမှာတင် ရပ်တန့်သွားဖို့တောင် များတယ်…”
ရန်မိသားစုက အပြစ်ပေးတဲ့ နေရာမှာသုံးတဲ့ ကျာပွတ်က သာမန်ကျာပွတ် တစ်ခုမဟုတ်ပါဘူး။ ထိုကျာပွတ်က အထူးသန့်စင် ထားတဲ့ ကျာပွတ်တစ်ခုပါ။ ကျာပွတ်အချက် တစ်ရာဆိုတာ အကောင်းပတိ ရှိနေတဲ့ သွေးစစ်သည်တော် တစ်ယောက်တောင် တောင့်ခံနိုင်တာ မဟုတ်ပါဘူး၊ သူတို့လိုမျိုး ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သွေးစစ်သည်တော်တွေ ဆိုရင်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။
လွန်ခဲ့တဲ့ အချိန်တစ်ခုတုန်းက ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီး ကျာပွတ်အချက် သုံးဆယ်အရိုက်ခံခဲ့ရကာ အိပ်ရာထဲ လပေါင်းများစွာကြာအောင် လဲလျောင်းနေခဲ့ရပါတယ်။
တုဖုန်း ဘေးနားမှာ ထိုင်နေတဲ့ တန်ယုရှန်းလည်း ဝမ်းနည်းနေခဲ့တယ်။
“လေးယောက်မြောက် သခင်လေးကို ကာကွယ်မပေးနိုင်ခဲ့လို့ စိတ်ဓါတ်ကျနေပါတယ် ဆိုမှ အခုလိုမျိုး ထပ်ဖြစ်သွားတော့ ကျုပ်တို့ရဲ့ ညီအစ်ကို နှစ်ယောက်စလုံး… စိတ်အားငယ်သွားခဲ့ကြပြီ” တုဖုန်းက ခြောက်သွေ့နေတဲ့ သူ့နှုတ်ခမ်းအစုံကို လျှာနဲ့ သပ်လိုက်ရင်း ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။
“ဒီလောက်လေးတောင် မခံနိုင်မှတော့ သွေးစစ်တော်တွေက ဘာသုံးစားလို့ ရဦးမှာလဲ” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“ကိုင်အာ” ရန်ရင်ဖုန်းက အားမာပန်ပါပါနဲ့ အော်ဟစ်လိုက်ပြီး ရန်ကိုင်ကို ခက်ထန်စွာနဲ့ စိုက်ကြည့်နေလိုက်ကာ “သွေးစစ်သည်တော် မိသားစုအပေါ် ဘယ်လောက်တောင် သစ္စာစောင့်သိလဲ ဆိုတာကို မင်းနားမလည် သေးပါဘူး။ သူတို့တွေ စိတ်းပျက်အားလျော့ သွားရတဲ့ အကြောင်းအရင်းက သူတို့ရဲ့ ကျင့်ကြံခြင်း ထပ်မတိုးတက်နိုင်တော့လို မဟုတ်ဘူး။ မင်းရဲ့ လေးယောက်မြောက် သေသွားတာကြောင့်ပဲ သူတို့ စိတ်ပျက်အားလျော့ သွားခဲ့တာ။ သူတို့ကို အားသွန်ခွန်စိုက် လေ့ကျင့်ပျိုး ထောင်လာပေးခဲ့တဲ့ မိသားစုကို စိတ်ပျက်သွားမိခဲ့စေပြီ ဆိုပြီး စိတ်ပျက် အားလျော့သွားခဲ့တာ။ မင်းရဲ့ လေးယောက်မြောက် အစ်ကိုကြီး မသေရင် တော်သေးတယ်၊ ဒါပေမယ့် အခုတော့… ဟူး…”
ရန်ကိုင်က လေးယောက်မြောက် သခင်ကြီးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ “သွေးစစ်သည်တော်တွေရဲ့ သစ္စာစောင့်သိမှုကို ကျွန်တော် အထင်းသေးမိတာပဲ”
ထို့နောက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး လှည့်ကြည့်လိုက်ပြီး မေးလိုက်ပါတယ် “ခင်ဗျားတို့ ကျုပ်ဆီကနေ ဘာတောင်းဆိုချင်တာလဲ။ အဲ့နှစ်ယောက်ကို ကုသပေးစေချင်တာလား။ ကျုပ်မှာ အဲ့လောက်အထိ အရည်အချင်း မရှိဘူး”
“မဟုတ်ဘူး” တုဖုန်းက သူ့ခေါင်းကို အသာအယာလေး ခါယမ်းလိုက်ပြီး “လာမယ့် အမွေခံတိုက်ပွဲကျ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်ကို ရွေးချယ်ပေးဖို့ ကျုပ်နဲ့ ယုရှန်းက သခင်လေးကို တောင်းဆိုချင်တာပါ”
ရန်ကိုင် ကြောင်အသွားခဲ့ပြီး ခပ်မြန်မြန်ပဲ မေးလိုက်တယ် “ဘာလို့လဲ”
တုဖုန်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ဖြေလိုက်တယ် “သူတို့ ပါးစပ်က ထုတ်မပြောပေမယ့် ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာသာ သူတို့ကို ဘယ်သူကမှ မရွေးချယ်ခဲ့ရင် ကျုပ်တို့ ညီအစ်ကို နှစ်ယောက်စလုံး မိသားစုကို တောင်းပန်တဲ့ အနေနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပြီး တောတောင်ထဲ အောင်းနေတော့မယ် ဆိုတာကို ကျုပ်တို့ အားလုံး ခံစားမိနေခဲ့တယ်”
ရန်ရှင်းဝူကို ကာကွယ်မပေးနိုင်တဲ့ သွေးစစ်သည်တော် နှစ်ယောက်ကို ရန်မိသားစု သခင်လေးတွေက အထင်အမြင် ကောင်းမရှိကြပါဘူး။ သူတိုက ဒဏ်ရာရထားတဲ့အပြင် ကျာပွတ် အချက်၁၀၀ပါ ထပ်အရိုက်ခံလိုက်ရတော့ သူတို့ရဲ့ ဒဏ်ရာတွေက ပိုပြီး ဆိုးရွားသွားခဲ့ပါတယ်။ ထို့ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ ဘယ်လောက် အချိန်ယူရမလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ အမွေခံတိုက်ပွဲက စတော့မှာပါ။ ထို့ကြောင့် သူတို့ နှစ်ယောက်စလုံးကို ဘယ်ရန်သခင်လေးကမှ မရွေးချယ်ဖို့ များပါတယ်။
“ဘာမဟုတ်တာတွေလဲကွာ” ရန်ကိုင်က အော်ဟစ်လိုက်တယ် “မိသားစုက အရင်းအမြစ် အများကြီး သုံးပြီး သူတို့ကို ပြုစုပျိုးထောင် ပေးခဲ့ရတာလေ။ အခုတော့ ဘာမဟုတ်တာလေး အတွက်နဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်ချင်တယ်ပေါ့။ သွေးစစ်သည်တော်က ရန်မိသားစုအပေါ် အကြွးမဲ့ သစ္စာရှိတယ် ဆိုမှတော့ သူတို့ရဲ့ ကျင့်ကြံခြင်းကိုလည်း မိသားစု ပိုင်တာပဲလေ။ သူတို့ ဖျက်စီးပစ်ချင်တို့ ဖျက်စီးပစ်လို့ ရတဲ့ အရာမျိုးမှ မဟုတ်တာ”
ထိုစကားလုံးတွေက စူးရှပြင်းထန်ပေမယ့် တုဖုန်းကနော့ စကား နောက်ကွယ်က အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားလိုက်ပြီး စိတ်လှုပ်ရှားသွားခဲ့ကာ “သခင်ငယ်လေးက သူတို့ကို ကူညီတော့မယ်ပေါ့”
တန်ယုရှန်းကလည်း အလျင်စလို ထပ်ပေါင်း ပြောလိုက်တယ် “သူတို့က အသုံးဝင်နေသေးတယ်လို့ ထင်နေသရွေ့ သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်မှာ မဟုတ်တာတော့ အသေအချာပဲ”
“ကျုပ်ဘယ်တုန်းက အဲ့လို ပြောခဲ့လို့လဲ” ရန်ကိုင် မျက်ခုံးလှန်မိလိုက်တယ်။ တုဖုန်းက သူစိတ်ထားထားတာထက် ပိုပြီး အကင်းပါးတယ် ဆိုတာကို ရန်ကိုင် ရုတ်တရက် သတိပြုမိသွားခဲ့တယ်။
ဒါပေမယ့် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် သူ့ကို ဘာလို့ လာရှာလဲ ဆိုတာကို နောက်ဆုံးတော့ ရန်ကိုင် နားလည်သွားခဲ့လေပြီ။ သူတို့သာ လုပ်နိုင်မယ်ဆိုရင် သူ့ကို သေသည်အထိ အလုပ်ကျွေး ပြုချင်တယ်လို့ သူတို့ ဘာလို့ ပြောခဲ့လဲ ဆိုတာကိုလည်း သူနားလည်သွားခဲ့ပါပြီ။
သူသာ တုဖုန်းရဲ့ တောင်းဆိုချက်ကို လိုက်လျော့ခဲ့ရင် ထိုသွေးစစ်သည်တော် နှစ်ယောက်ကိုပဲ သူရွေးချယ် နိုင်ပါလိမ့်မယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကတော့ အခြား သခင်လေးတွေရဲ့ လက်ထဲ ရောက်သွားမှာပါ။
“ဒါက အရှက်ကင်းမဲ့တဲ့ တောင်းဆိုမှု တစ်ခု ဖြစ်ပေမယ်လို့ ကျုပ်နဲ့ တန်ယုရှန်းတို့ ရင်းနှီးတဲ့ သခင်လေးဆိုလို့ သခင်ငယ်လေး တစ်ယောက်ပြ ရှိတာကိုး။ ကျန်တဲ့ သွေးစစ်သည်တော်နဲ့ သခင်လေးတွေက စကားအများကြီး မပြောခဲ့တော့ သူတို့တွေကို အခုလိုမျိုး သွားတောင်းဖို့က မဖြစ်နိုင်ဘူးလေ။ အဲ့ဒါကြောင့်ပဲ သခင်လေးကို ကျုပ်တို့ လာပြီး တောင်းဆိုရတာပါ”
“ဟန့်၊ ခင်ဗျားတို့ သွေးစစ်သည်တော်တွေကို ဘယ်သူက မျက်လုံး ခေါင်းပေါ် တက်ပေါက်ခိုင်းနေလို့လဲ။ ခင်ဗျားတို့ တစ်ယောက်ချင်းစီ ကိုယ့်ကိုယ် သောက်ရမ်း တော်တယ်၊ တတ်တယ် လုပ်နေကြတာကိုး” ရန်ကိုင်က အထင်အမြင် သေးသေးနဲ့ ပြောလိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ တုဖုန်းက ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ် “ကျန်တဲ့ သခင်လေးတွေက ကျုပ်တို့ရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ ထိုက်မှ မထိုက်တန်တာကိုး သခင်လေးရဲ့”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ရင်ဖုန်းနဲ့ ဒေါင်စုကျုတို့ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြတယ်။ သူတို့ မျက်ဝန်းထဲ အပျော်တွေနဲ့ ပြည့်နေခဲ့သလို ထိတ်လန့် အံ့အားသင့်သည့် အရိပ်အယောင်တို့လည်း ပါဝင်နေခဲ့တယ်။
တစ်နည်းဆိုရသော် ရန်ကိုင်က တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ အသိအမှတ် ပြုမှုကို ရပြီးသွားပြီလို့ ဆိုလိုလိုက်တာပေါ့။
“သခင်ငယ်လေး” တုဖုန်းက သူ့လက်ဝါးနှစ်ကို စိုးရိမ်တကြီးနဲ့ ပွတ်သပ်လိုက်ရင်း ရှုပ်ထွေးသည့် အမူအရာနဲ့ ရန်ကိုင်ကို စူးစိုက်ကြည့်နေခဲ့တယ်။ သူ့ဘေးနာက တန်ယုရှန်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ သူမရဲ့ မျက်နှာ လှလှလေး တစ်ခုလုံး အသနားခံသည့် အရိပ်အယောင်တို့နဲ့ ပြည့်နေခဲ့တယ်။
ရန်ကိုင်က ကုလားထိုင် လက်ရန်းကို တတောက်တော် ခေါက်ရင်း ဘာတစ်ခွန်းမှ မပြောပဲ သုန်မှုန်နေတဲ့ မျက်နှာ အမူအရာနဲ့သာ ထိုင်နေခဲ့တယ်။
အခန်းတစ်ခုလုံးကို တိတ်ဆိတ်မှုက ကြီးစိုးနေခဲ့တယ်။ ရန်ကိုင် ဆုံးဖြတ်ချက်ကို စောင့်စားနေရင်း သူတို့ နှလုံးသား တစ်ခုလုံး လည်ချောင်းဝကနေ ခုန်ထွက်တော့မလို တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ခံစားနေခဲ့ကြရတယ်။
လေးယောက်မြောက် သခင်ကြီးက လက်ဖက်ရည် တစ်ငုံ စုပ်သောက်လိုက်တယ်။ သူ့အမူအရာက တစ်ခွန်းတစ်လေတောင် ဝင်ပြောမယ့် ပုံမပေါက်ပါဘူး။ ဒေါင်စုကျုက ခေါင်းလေးငုံ့ထားရင်း သူမရဲ့ လက်ကလေး နှစ်ချောင်းကို ဟိုယှတ်ဒီယှတ် လုပ်နေခဲ့တယ်။
မိဘနှစ်ပါးစလုံးက ရန်ကိုင်ကိုယ်တိုင်ကိုသာ ဆုံးဖြတ်စေချင်တဲ့ ပုံပါပဲ။
လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်က စားပွဲခုံအား တတောက်တောက် လုပ်နေတာကို ရပ်တန့်လိုက်ကာ မျက်ခုံးပင့်လိုက်လျက် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်တယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး လေအေး တစ်ရှိုက် ရှုသွင်းလိုက်မိကြတယ်။
“ကျုပ်သူတို့ကို မသုံးချင်ဘူးလို့ ပြောရင်ကော” ရန်ကိုင်က ထိုနှစ်ယောက်ကို စူးစိုက်ကြည့်ရင်း မေးလိုက်တယ်။
တုဖုန်းက ခါးခါးသီးသီးနဲ့ ပြန်ပြောလိုက်ပြီး တုန့်ဆိုင်းခြင်း မရှိ ပြန်ပြောလိုက်တယ် “သခင်ငယ်လေး စားနာထောက်ထား ပေးတာနဲ့တင် လုံလောက်နေပါပြီ။ အနည်းဆုံးတော့ သခင်ငယ်လေးက ကျုပ်တို့ နှစ်ယောက် တာဝန် ထမ်းဆောင်ပေးမှာကို သခင်ငယ်လေး ပိုပြီး နှစ်သက်တယ် ဆိုတာကို ကျုပ်တို့ သိလိုက်ရတာပေါ့။ ဒါက ကျုပ်တို့ နှစ်ယောက်စလုံးအတွက် ဂုဏ်ယူဖွယ်ရာတောင် ကောင်းနေပါသေးတယ်”
တန်ယုရှန်းကလည်း ခိုင်မြဲစွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမ မျက်နှာတစ်ခုလုံး ရန်ကိုင်ကို ကျေးဇူးတင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။
ရန်ကိုင် မျက်ဝန်းအစုံက သိမ်းငှက်မျက်ဝန်းတွေအလား ထက်ရှသွားခဲ့ပြီး လေသံ တိုးတိုးလေးနဲ့ မေးလိုက်တယ် “ခင်ဗျားတို့ ကျုပ်ရန်သူ ဖြစ်လာချင်လို့လား”
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးရဲ့ အမူအရာ ရုတ်ချည်း တည်ငြိမ်သွားခဲ့ပြီး ပြန်ပြောလိုက်တယ် “အဲ့လိုနေ့မျိုး ဘယ်တော့မှ ရောက်မလာဖို့ ကျုပ်တို့ နှစ်ယောက်စလုံး မျှော်လင့်မိပါတယ်”
“ကျုပ်ရဲ့ ညီအစ်ကိုတွေ ခင်ဗျားတို့ နှစ်ယောက်ကို ရွေးမသွား ပါစေနဲ့လို့သာ ဆုတောင်းထားပေါ့” ရန်ကိုင်က ပြုံးလိုက်ပြီး ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ် “ဒါပေမယ့် ကျုပ်ရဲ့ ညီအစ်ကိုတွေက ခင်ဗျားတို့ နှစ်ယောက်ကို ရွေးချယ်သွားမယ် ဆိုရင်တောင် ကျုပ်က ခင်ဗျားတို့ကို ကျိန်းသေပြန်ခေါ်မှာပဲ”
ရန်ကိုင်စကားကို ကြားလိုက်တာနဲ့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ပျော်သွားခဲ့ကြတယ်။ ထိုင်ခုံကနေ အလျင်စလို ကုန်းရုန်း ထလိုက်ပြီး “သခင်လေးက ကူညီချင်တယ်လို့ ပြောလိုက်တာလား”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြန်ပြောလိုက်တယ် “တကယ်တော့… ကျုပ်က အဲ့နှစ်ယောက်စလုံးကို မတွေ့ဖူးတော့ သူတို့နှစ်ယောက်ကို မရွေးချင်ဘူး။ ဒါပေမယ့် ခင်ဗျာတို့ နှစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လာပြီး တောင်းဆိုမှတော့ ကျုပ်ကလည်း ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို လက်ခံပေးရတော့မှာပေါ့”
“သွေးစစ်သည်တော် ခန်းမတစ်ခုလုံး ကိုယ်စား သခင်လေးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်” တုဖုန်းက အော်ပြောလိုက်တယ်။
“သခင်ငယ်လေးကို ကျေးဇူးတင်ပါတယ်” တန်ယုရှန်း မျက်နှာလေး အနည်းငယ် ရှက်သွေးဖြာသွားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် ပြုံးရင်း ပြန်ပြောလိုက်တယ်။
“ပြန်တော့၊ မနက်ဖြန်ကျရင် အကြီးအကဲ ခန်းမက ကိစ္စတွေကို ကျုပ်ကိုင်တွယ်လိုက်မယ်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။
“ဟုတ်ကဲ့ပါ” နှစ်ယောက်စလုံး သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မဖုံးနိုင်၊ မဖိနိုင် ဖြစ်နေခဲ့ရတယ်။ သူတို့ နှစ်ယောက်စလုံး ထိုသတင်းကောင်းကို သွေးစစ်သည်တော် ခန်းမဆီ ပြန်ပြောဖို့ အရမ်းကို စိတ်လှုပ်ရှားနေတဲ့ ပုံစံပါပဲ။ ရန်ကိုင်က ပြန်တော့လို့ ပြောလိုက်တာနဲ့ အလျင်အမြန်ပဲ အခန်းထဲကနေ ထွက်သွားလိုက်တယ်။
တံခါးနား ရောက်တဲ့အချိန်၌ တုဖုန်းက ရုတ်တရက် ပြန်လှည့်ပြီး ပြောလိုက်တယ် “သခင်လေး၊ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သခင်လေးကို အများကြီး မကူညီပေးနိုင်ဘူး ဆိုပေမယ့် … သူတို့ နှစ်ယောက်စလုံးရဲ့ အရည်အချင်းက အမြင့်စားတွေချည်းပဲ”
“အို၊ ခင်ဗျားတို့နဲ့ ယှဉ်ရင်ကော” ရန်ကိုင်က စိတ်ဝင်တစားနဲ့ မေးလိုက်တယ်။
“သူတို့ နှစ်ယောက်စလုံးက ကျုပ်တို့ထက် ပိုသာပါတယ်” တုဖုန်းက လေးလေးစားစားနဲ့ ပြန်ပြောလိုက်တယ် “သူတို့မှာသာ လုံလောက်တဲ့ အခွင့်အရေးရှိရင် နှစ်ယောက်စလုံး အင်မော်တယ် တက်လှမ်ခြင်း အထက်အဆင့်ကို ချိုးဖျက်နိုင်ချေ ရှိတယ်လို့တောင် ခန်းမသခင်ကတောင် ပြောခဲ့သေးတယ်”
“အင်း၊ ကျုပ်နားလည်ပြီ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ သူ့မျက်နှာက အံ့အားသင့်သည့် အရိပ်အယောင် မတွေ့ရသလို တစ်ခုခုကို မျှော်လင့်နေသည့် အရိပ်အယောင်တို့ကိုလည်း မတွေ့ရပါဘူး။
တုဖုန်း ခေါင်းညိတ်လိုက်ပြီး တန်ယုရှန်းနဲ့ အတူ လှည့်ထွက်သွားလိုက်တယ်။
အိမ်ထဲ၌ သားအမိ သုံးယောက်ပဲ ကျန်တော့တဲ့ အချိန်မှ ရန်ရင်ဖုန်းက ပြောလိုက်တယ် “သူတို့ နှစ်ယောက် နာမည်ကို ငါလည်း ကြားဖူးတယ်။ သွေးစစ်သည်တော် ခန်းမ တစ်ခုလုံးမှာ သူတို့က ပါရမီ အမြင့်ဆုံးပဲတဲ။ ဒီအဖြစ်အပျက်လေးကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပြီး တောတောင်တွေထဲမှာသာ သွားအောင်းခွင့် ပြုလိုက်ရင် မိသားစုအတွက် တော်တော်လေး နစ်နာသွားမှာ”
လွန်ခဲ့တဲ့ နှစ်အတောအတွင်း သွေးစစ်သည်တော် ခန်းမက ခန်းမသခင် တစ်ယောက်သာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပါတယ်။ အခုအချိန်၌ ထိုလူက ရန်မိသားစုရဲ့ အကြီးအကဲချုပ် တစ်ယောက် ဖြစ်နေပြီး တော်တော်လေး လွှမ်းမိုးနိုင်စွမ်းလည်း ရှိပါတယ်။
ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းယမ်းလိုက်ပြီး “အဖေ၊ အဖေ့စကားတွေက နည်းနည်း များနေတယ်၊ ရန်မိသားစုက တစ်ခုခု ဆုံးရှုံးသွားမယ် ဆိုရင်တော့ အဲ့ကိစ္စက ကျုပ်နဲ့ နည်းနည်းလေးမှ မသက်ဆိုင်ဘူး”
ရန်ရင်ဖုန်းက အရှက်ပြေ ရယ်မောလိုက်ပြီး “ငါနားလည်ပါတယ်”
ရန်မိသားစုရဲ့ ခွန်အားက တအား ကြီးမားလွန်းနေတာ ကြောင့်ပဲ မိသားစုဝင်တွေ ကြားက ဆက်ဆံရေးက အရမ်းကို လျော့လျဲပြီး သူတို့တွေက မိသားစုဝင် ဖြစ်တယ်ဆိုတဲ့ စိတ်တွေ လျော့ပါးကုန်တာပေါ့။ အဲ့ကိစ္စကြောင့်သာ မဟုတ်ရင် အပြင်ဘက်ကနေ အတွေ့အကြုံရှာပြီး ပြန်လာတာနဲ့ ညီအစ်ကို အချင်းချင်း အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်နေစရာ လိုမှာ မဟုတ်ပါဘူး။
“ဒါပေမယ့် ကိုင်အာ၊ ဒီတစ်ကြိမ်တော့ သာတော်တော်လေး အမြတ်ထွက်သွားပြီ” ရန်ရင်ဖုန်းက ကျေကျေနပ်နပ်ကြီး ပြုံးရင်း ပြောလိုက်တယ်။
ရန်ကိုင်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး “အဲ့ဒါ အမှန်ပဲ။ ဒါပေမယ့် အချိန်ကျလာရင် တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး ကျွန်တော့်နောက်လိုက်ဖို့ မျှော်လင့်မိတယ်။ တကယ်တော့ သူတို့နဲ့ ကျွန်တော်က ကျန်တဲ့လူတွေထက် ပိုပြီး ရင်းနှီးနေကြတာလေ”
“အမြတ် ထွက်သွားတာလား၊ ဘာအမြတ် ထွက်သွားတာလဲ၊ အဖေနဲ့ သားနှစ်ယောက်စလုံး အရမ်းကို ဆန်းကြယ်ပြနေတာပဲ” ဒေါင်စုကျုက နဝေတိမ်တောင်နဲ့ ရုတ်တရက် ဝင်မေးလိုက်တယ် “ငါတို့သားက အရှုံးကြီး ရှုံးသွားခဲ့တာ မဟုတ်ဘူးလား”
ဒဏ်ရာရနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကာ ရန်ကိုင် အတွက် အရှုံးကြီး ရှုံးသွားတယ်လို့တောင် ပြောလို့ရပါတယ်။ သူတို့ နှစ်ယောက်စလုံး အချိန်မှီ ပြန်သက်သာလာနိုင်တယ် ဆိုရင်တောင် ဒဏ်ရာကနေ နလန်ထူကာစ ဖြစ်တဲ့အတွက် တုဖုန်းနဲ့ တန်ယုရှန်းတို့လောက် ရန်ကိုင်ကို အကူအညီ ပေးနိုင်မှာမဟုတ်ဘူး။ ထို့ကြောင့် ရေတိုတွက်ရင်တော့ ရန်ကိုင် အရှုံးကြီး ရှုံးသွားခဲ့ရပါတယ်။
ရန်ကိုင်နဲ့ လေးယောက်မြောက် သခင်ကြီးကို တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး ပြုံးလိုက်ကြတယ်။ ထို့နောက် ရန်ကိုင်က ဖြေးဖြေးချင်း ထလိုက်ပြီး ပြောလိုက်တယ် “အမေ့ကို ရှင်းပြလိုက်ပါဦး၊ မနက်ဖြန်ကျ အကြီးအကဲ ခန်းမဆီ သွားဖို့ ကျွန်တော် သွားပြင်ဆင်ရဦးမယ်”
“ကောင်းပြီ၊ သွားသာသွား” ရန်ရင်ဖုန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရန်ကိုင် နောက်ကျောကို ငေးကြည့်ရင်း ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တို့က သူ့ရင်ထဲ လှိမ့်တက်လာခဲ့တယ်။
သူကြီးပြင်း လာခဲ့ပြီပဲ၊ ငါ့သား တကယ်ကို ကြီးပြင်းလာခဲ့ပြီပဲ
Martial Peak
အပိုင်း (၄၀၇) မင်းနောင်တရနေပြီလား
ရန်မိသားစု အကြီးအကဲခန်းမ
ခန်းမက ကြီးမားပြီး ကျယ်ပြောပါတယ်။ ကြမ်းပြင်ကို ကျော့ရှင်းသပ်ရပ်တဲ့ ကော်ဇောဖြင့် ခင်းကျင်းထားခဲ့ပြီး များစွာသော လှပသက်ဝင်လှတဲ့ ရှုခင်း ပန်းချီကားတွေကို နံရံထက် ချိတ်ဆွဲထားခဲ့ပါတယ်။ ခန်းမအလယ်၌ မွှေးရနံ့အိုး တစ်ခု ရှိနေခဲ့ပြီး ထိုမွှေးရနံ့အိုးကနေ ထွက်ပေါ်နေတဲ့ သင်းရနံ့တို့ကြောင့် လေထုတစ်ခုလုံး မွှေးပျံ့တဲ့ ရနံ့တို့ဖြင့် ပြည့်နေခဲ့တယ်။ အမိုးတစ်ခုလုံးကို အဆင့်အမြင့်ဆုံး အဖိုးတန် ကျောက်မျက်တွေနဲ့ စီခြယ်ထားတဲ့အတွက် တလက်လက် တောက်ပနေတဲ့ ကြယ်တွေနဲ့တောင် တူနေပါသေးတယ်။
ရိုးရှင်းတဲ့ ဝတ်ရုံတွေကို ဝတ်ဆင်ထားကြတဲ့ မီးခိုးရောင်ဆံပင်နဲ့ လူအိုကြီး အနည်းငယ်ထဲက အချို့က မတ်တပ်ရပ်နေခဲ့ကြပြီး အချို့က ထိုင်နေခဲ့ကြတယ်။ အမျိုးမျိုးသော ကျမ်းစာလိပ်တွေကို လေ့လာနေခဲ့ကြပြီး အချို့က အမျိုးမျိုးသော ကျင့်စဉ်တွေကို လေ့ကျင့်နေခဲ့ကြကာ သိုင်းတာအိုကို ဆင်ခြင်နေခဲ့ကြတယ်။
လူအိုကြီး တစ်ယောက်ချင်းစီက အပြင်ပန်းမှာတော့ သာမန် လူတစ်ယောက်နဲ့ ဘာမှမခြားနားပါဘူး။ သူဆို့ဆီကနေ စိတ်စွမ်းအင် အဆီအနှစ် နည်းနည်းလေးမှာ အာရုံခံလို့ မရနိုင်ပါဘူး။ ထို့ကြောင့် ထိုလူအိုကြီးတွေ အကုန်လုံးက လမ်းမပေါ်မှာ ရှိနေတဲ့ သာမန် လူအိုကြီးတွေနဲ့ ဘာမှ မခြားနားပါဘူး။ ဒါပေမယ့် သူတို့ တစ်ယောက်ချင်းစီ တိုင်းက ထင်ရှားကျော်ကြားတဲ့ ပညာရှင်တွေပါ။
ခန်းမထိပ်ပိုင်း၌ ရန်ကျန်းက ကုလားထိုင်တစ်ခုပေါ်၌ ထိုင်နေခဲ့တယ်။ သူ့ပုံစံက အသက်ကြီးပုံပြီး ဆံပင်တွေက ကျိုးတိုးကျဲတဲ ဖြစ်နေပေမယ့် သူ့မျက်ဝန်းတွေကတော့ အာမန်ပါ တက်ကြွနေခဲ့ ပါသေးတယ်။
အကြီးအကဲခန်းမက ခေါင်းဆောင် တစ်ယောက် ဖြစ်သည့် အပြင် လူအိုကြီး တစ်ယောက်လည်း ဖြစ်နေတဲ့အတွက် သူ့အနေနဲ့ ဟိုသွားလိုက်၊ ဒီသွားလိုက် လျှောက်လုပ်နေလို့ အဆင်မပြေပါဘူး။ လူငယ်မျိုးဆက်တွေ မဟုတ်ပဲ ရန်မိသားစုအတွက် အကျိုးဆောင် ပေးနိုင်ဖို့ သူ့အနေနဲ့ ဟိုပြေးလိုက်၊ ဒီပြေးလိုက် လုပ်နေလို့ မရပါဘူး။ ထိုကြောင့် ရန်ကျန်းက ကိစ္စအထွေထွေကို ကိုင်တွယ်စီမံ ဖို့အတွက် အကြီးအကဲခန်းမမှာပဲ တစ်နှစ်ပတ်လုံး ထိုင်နေလေ့ ရှိပါတယ်။
အခုအချိန်၌ ရန်ကျန်းရဲ့ မျက်ခုံးတွေက အနည်းငယ် မှေးစင်းနေခဲ့တယ်။ သူ့လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထိုးထည့်ထားပြီး လက်ပိုက်ထားသည့် ပုံစံမျိးနဲ့ သူ့ရှေ့က လူငယ်လေး ပြောတာကို နားထောင်နေခဲ့တယ်။
တစ်ခဏကြာပြီးနောက် လူငယ်လေး စကားပြောနေတာ ပြီးဆုံးသွားခဲ့တယ်။ ထို့နောက် ရန်ကျန်းကို စိုးရိမ်နေတဲ့ မျက်ဝန်းအစုံနဲ့ လှမ်းကြည့်လိုက်တယ်။
ရန်ကျန်းက သူ့မျက်ဝန်းအစုံကို ဖြေးဖြေးချင်း ဖွင့်လိုက်တယ်။ ဘာကိုမှ စိတ်ဝင်စားပုံ မရသည့် ရန်ကျန်းရဲ့ မျက်ဝန်းအစုံက တစ်ချက် လက်သွားခဲ့ပြီး သုန်မှုန်နေတဲ့ အမူအရာနဲ့ သူ့ရှေ့က လူငယ်လေးကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်တယ်။
“အမှိုက်ပဲ” ရန်ကျန်းက အော်ဟစ်လိုက်တယ် “အပြင်မှာ ဒီလောက် နှစ်တွေ အကြာကြီး နေခဲ့တာတောင် ဒီအမှိုက်ပစ္စည်းတွေပဲ မိသားစုဆီ ပြန်သယ်လာနိုင်ခဲ့တာလား။ အဲ့အမှိုက်တွေနဲ့ မင်းကို ကူညီဖို့အတွက် သွေးစစ်သည်တော် တစ်ယောက်နဲ့ လဲလှယ်ချင်တယ်ပေါ့။ အသက်ကြီးလာလို့ ငါက ဘာကိုမှ သေချာ မစဉ်းစားတတ်တော့ဘူးလို့ မင်းထင်နေတာလား’
ရန်ကျန်းရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရတဲ့ လူငယ်လေး မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့တယ်။
“ပြန်သွားလိုက်တော့။ မင်းပြန်သယ်လာခဲ့တဲ့ ပစ္စည်းတွေကို ငါမှတ်ထားမယ်။ ဒါပေမယ့် အဲ့ပစ္စည်းတွေက သွေးစစ်သည်တော် တစ်ယောက်ကို အကူအညီတောင်းဖို့ မလုံလောက်သေးဘူး ဆိုတာကိုတော့ မင်းသေချာ မှတ်ထားလိုက်” ရန်ကျန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး စိတ်မရှည်သည့် ဟန်ပန်နဲ့ ပြောလိုက်တယ် “မင်းမှာ လုံလောက်တဲ့ အကျိုးဆောင်မှတ် ရှိတော့မှပဲ ပြန်လာခဲ့။ အဲ့အချိန်ကျမှပဲ ငါတို့ ဆွေးနွေးကြတာပေါ့။ ဒါပေမယ့် အမွေခံတိုက်ပွဲက စတော့မှာ ဆိုတော့ မင်းမှာ ပြင်ဆင်ချိန် လုံလုံလောက်လောက် မရှိတော့မှာပဲ ငါစိုးရိမ်မိတယ်။ ဒီအမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ပြီး ကိုယ့်ကိုယ်ကို အရှက်ရအောင် လုပ်မယ့်အစား မင်းအနေနဲ့ လက်လျှော့လိုက်တာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်”
လူငယ်လေး စိတ်တစ်ခုလုံး ဗလာကျင်းသွားခဲ့တယ်။ မောလျနေတဲ့ ပုံစံနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ တောင်းဆိုလိုက်တယ် “အကြီးအကဲ၊ ဒီပစ္စည်းတွေ အကုန်သုံးပြီး သွေးစစ်သည်တော် တစ်ယောက်လေးနဲ့တောင်…”
သူပြောလို့ မပြီးသေးခင်မှာပဲ ရန်ကျန်းက လေသံအကျယ်ကြီးနဲ့ ဖြတ်ပြောလိုက်တယ် “မရဘူးဆို မရဘူးပဲ။ ထွက်သွားစမ်းကွာ… အချိန်တွေပုပ်တယ်”
ထိုဒေါသတကြီး အော်ဟစ်သံနှင့်အတူ မမြင်နိုင်တဲ့ အားတစ်ခုလုံးက လူငယ်လေးကို အကြီးအကဲခန်းမ အပြင်ဘက်ဆီ တစ်ခါတည်း တန်းပို့ပေးလိုက်တယ်.။
လက်ကျန်ဖိအားကြောင့် အဆောက်အအုံ တစ်ခုလုံး အက်ကြောင်းရာတွေနဲ့ ပြည့်လာခဲ့တယ်။ ဒါပေမယ့် ဆံဖြူအကြီးအကဲတွေထဲက ဘယ်သူမှ မလှုပ်ရှားခဲ့ပါဘူး၊ မသိရင် သူတို့တွေကို ကျောက်တုံးတွေနဲ့ လုပ်ထားတာလားလို့တောင် ထင်မှတ်သွားနိုင်ပါတယ်။
ခန်းမအပြင်ဘက် တွန်းပို့ခံလိုက် ရတာနဲ့ လူငယ်လေးက ကုန်းရုန်းထလိုက်ပြီး နီမြန်းနေတဲ့ မျက်နှာနဲ့ လက်သီးတင်းတင်း ဆုပ်ရင်း ဒေါသတကြီး ထွက်ခွါသွားခဲ့တယ်။
အခုလေးတင်ပဲ ခန်းမရှေ့ကို ရောက်လာတဲ့ ရန်ကိုင် ထိုမြင်ကွင်းကို မြင်ပြီး သူ့စိတ်ထဲ အနည်းငယ် ခါးသီးမိသွားခဲ့တယ်။
ခန်းမကနေ ငြင်းပယ်ခံလိုက်ရတဲ့ လူငယ်လေးက ရန်ကိုင်ရဲ့ တတိယမြောက် အစ်ကိုကြီး ရန်ထိုက်ပါ။
အကြီးအကဲ ခန်းမက လာမယ့် အမွေခံတိုက်ပွဲမှာ သွေးစစ်သည်တော် တွေကို ဝင်ပါခွင့် ပြုလိုက်တယ်လို့ ကြေညာလိုက်တာနဲ့ သခင်လေးတွေ အကုန်လုံးက လွန်ခဲ့တဲ့ နှစ်အတွင်း သူတို့ ရှာဖွေလို့ ရခဲ့တဲ့ ပစ္စည်းတွေနဲ့ အကြီးအကဲခန်းမဆီ လာရောက် လဲလှယ်ကြပါတယ်။
ကြည့်ရတာ ရန်ကိုင်က လွန်ခဲ့တဲ့ နှစ်တွေအတွင်း အရမ်းတန်ဖိုးရှိတဲ့ ဘာပစ္စည်းမှ မရရှိခဲ့တဲ့ ပုံပါပဲ။
“တတိယညီလေးမှာ ပစ္စည်း လုံလုံလောက်လောက် မရှိတဲ့ ပုံစံပဲ” နောင်တ အရိပ်အယောင်တို့ ရောစွက်နေတဲ့ အသံတစ်သံက ရန်ကိုင် ဘေးနားကနေ ထွက်ပေါ်လာခဲ့တယ်။
ရန်ကိုင်လည်း အသံလာရာကို လှည့်ကြည့်လိုက်အခိုက် ဝမ်းနည်းနေတဲ့ အမူအရာနဲ့ ပျောက်ကွယ်သွားတဲ့ ရန်ထိုက်ရဲ့ ကျောပြင်ကို ကြည့်ရင်း ခေါင်းတရမ်းရမ်း လုပ်နေတဲ့ ရန်ကျောင်းကို တွေ့လိုက်ရတယ်။
“ဒုတိယအစ်ကို” ရန်ကိုင်က သွားပြီး နှုတ်ဆက်လိုက်တယ်။
“ညီလေးကိုင်ပါလား” ရန်ကျောင်းက ယုံကြည်ချက်အပြည့်နဲ့ ပြုံးပြလိုက်တယ်။
ရန်ကိုင်က ရန်ကျောင်းဘေးနားမှာ ရှိနေတဲ့ လူကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ထိုလူငယ်လေးရဲ့ ကိုယ်က ဓါးတစ်စင်းလို့ ဖြောင့်တန်းနေခဲ့ပြီး သူ့ဆီကနေ ကောင်းကင်နဲ့ မြေပြင်တစ်ခုလုံး ပြိုကျပျက်စီး သွားရင်တောင် မယိမ်းယိုင်သွားမယ့် အရှိန်အဝါတို့ကို ပေးစွမ်းနေခဲ့တယ်။ ရန်ကျောင်းက ရန်ကိုင်နာမည်ကို ခေါ်လိုက်တော့မှပဲ ထိုလူငယ်လေးက ရန်ကိုင် ရှိရာဆီ လှမ်းကြည့်လိုက်တယ်။
“အစ်ကိုကြီးပါလား” ထိုလူငယ်လေးက ဘယ်သူလဲ ဆိုတာ ရန်ကိုင် မျက်မှန်းတန်းသိလိုက်တယ်။
ရန်မိသားစု လူငယ်မျိုးဆက်ထဲမာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ရောက်နေတဲ့ လူတစ်ယောက်ပဲ ရှိပါတယ်။ ထိုလူက ရန်ကိုင်ရဲ့ အစ်ကို အကြီးဆုံး ဖြစ်တဲ့ ရန်ဝေပါ။
“ညီလေးကိုင်လား” ရန်ဝေ မျက်ဝန်းအစုံထဲ ထိတ်လန့်သွားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင် သူ့ကို နှုတ်ဆက်လိုက်တဲ့အချိန် သူ့ရဲ့ အစစ်အမှန် လှုပ်ခါသွားတာကို ရန်ဝေ ခံစားမိလိုက်တယ်။ ပြိုင်ဘက်တစ်ယောက် ဆီကနေ ဖိအားခံစားရမှ အခုလိုမျိုး ဖြစ်လာတတ်တာပါ။
ကောင်းကင် စိတ်အာရုံကို သုံးပြီး ရန်ကိုင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်တဲ့အခါ ရန်ကိုင်က အစစ်အမှန် ဒြပ်စင်အဆင့်၈ကိုပဲ ရောက်သေးတာကို ရန်ဝေ တွေ့ရှိလိုက်ရတယ်။ ဒါပေမယ့် သူ မျက်မှောင် ကြုံ့မိတုန်းပါပဲ။ သူ့စိတ်ထဲ သံသယစိတ်တို့ ကြီးထွားလာခဲ့ရတယ်။ တစ်ခဏလေး ဆိုရင်တောင် ရန်ကိုင်ဆီက ဖိအားကို သူကျိန်းသေ ခံဏားမိလိုက်ပါတယ်။
“မတွေ့ရတာ နှစ်တွေကြာသွားတော့ မင်းတောင် ဒီအတိုင်းအတာအထိ ကြီးပြင်းလာခဲ့ပြီပဲ” ရန်ကိုင်ဝေက အသာအယာလေး ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
ထိုစကားကို ပြောပြီးလိုက်တာနဲ့ သူ့စိတ်တစ်ခုလုံး ဓါတ်လိုက်သလို ဖြစ်သွားခဲ့တယ်။
လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်တုန်းက သူ့ရှေ့မှာ ရပ်နေတဲ့ သူ့ရဲ့ ညီငယ်လေးက ကျင့်ကြံလို့တောင် မရပါဘူး။ ထိုအချိန်တုန်းက ရန်ကိုင်ဆိုတာ သာမန်လူတစ်ယောက်နဲ့ ဘာမှ မခြားနားပါဘူး။ ဒါပေမယ့် အခုတော့ အချိန်အနည်းငယ်လေး အတွင်းမှာပဲ သူက အစစ်အမှန်ဒြပ်စင်အဆင့်၈သို့ ရောက်ရှိနေခဲ့လေပြီ။
ရန်ကိုင် ကျင့်ကြံခြင်း အဆင့်က သူ့ထက် နိမ့်ကျနေသေးတယ် ဆိုပေမယ့် ရန်ကိုင် လေ့ကျင့်ခဲ့ရတဲ့ အချိန်က သူ့ထက် ၈နှစ်၊ ဒါမှမဟုတ် အဲ့ထက်တောင် ပိုနည်းပါတယ်။ ရန်ကိုင်နဲ့ အချိန်ခဏလောက် ခွဲခွါလိုက်ပြီးနောက် သူ့ညီငယ်လေး ဒီလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လို့ ရန်ဝေ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။
သူ့ရဲ့ ညီငယ်လေးဆီကနေ ဘာလို့ ဖိအား ခံစားလိုက်ရလဲ ဆိုတာကို နောက်ဆုံးတော့ ရန်ဝေ နားလည်သွားခဲ့လေပြီ။ ဒီကျင့်ကြံခြင်း အမြန်နှုန်းနဲ့ ဆိုရင် သူ့ကို အချိန်အချို့သာ ထပ်ပေးကြည့်လိုက်၊ ရန်ကိုင်က သူ့ကို ကျိန်းသေ ကျော်တက်သွားမှာပါ။
“ညီငယ်လေးလည်း အကျိုးအမှတ်တွေ လဲလှယ်ဖို့ လာခဲ့တာလား” ရန်ကျောင်းက ရန်ကိုင်ကို ကြည့်ရင်း ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။ ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ခါးခါသီးသီးနဲ့ “ရွေးစရာမှာ မရှိတာ။ မိသားစုက လာဖို့ပြောမှတော့ ကျုပ်ကလည်း လာရတော့တာပေါ့”
“ဟားဟား” ရန်ကျောင်းက ရယ်မောလိုက်ပြီး ရန်ကိုင် ပုခုံးကို ရယ်ရယ်မောမောနဲ့ ပုတ်လိုက်ပြီး “မိသားစုရဲ့ သိုလှောင်ခန်းထဲမှာ အဖိုးတန် ပစ္စည်းတွေ အများကြီး ဘာလို့ ရှိနေလဲလို့ မင်းထင်လဲ။ အဲ့ဒါတွေ အားလုံးက ငါတို့ အပြင်ကနေ ခိုးယူလာခဲ့တာပဲလေ”
“မိသားစု ပိုင်ဆိုင်တဲ့ အရာမှန်သမျှကို တစ်နေ့ကျ မင်းကိုယ်တိုင်အတွက် အသုံးပြုနိုင်မှာပါ” ရန်ဝေက ရေခဲမျက်နှာနဲ့ မွေးဖွားလာတဲ့ ပုံပါပဲ။ ရန်ကိုင် မှတ်ဥာဏ်အရဆို ရန်ဝေ ရယ်မောတာ သူတစ်ခါမှ မမြင်ဖူးသလို စကားအများကြီးလည်း မပြောဖူးပါဘူး။ သူက အားလုံးကို လျစ်လျူရှုတတ်တဲ့ သဘော ရှိပါတယ်။ ဒါပေမယ့် သူ့အပြုအမူတွေက အားမန်ပါပြီး ပြတ်သားပါတယ်။
သူပြောတာကို နားထောင်ပြီးနောက် ရန်ကျောင်းနဲ့ ရန်ဝေတို့ နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် စနောက် စကား ပြောနေတာကို ရပ်တန့်လိုက်ကြတယ်။
“မင်းကို ပြန်ခေါ်လာတဲ့ သွေးစစ်သည်တော်တွေနဲ့ သွားလဲလှယ်ဖို့လား။ ငါမြင်သလောက်တော့ သူတို့က မင်းအပေါ် တော်တော်လေး ကောင်းတဲ့ပုံပဲ” ရန်ကျောင်းက အမှုမဲ့အမှတ်မဲ့ ပုံစံနဲ့ မေးလိုက်တယ်။
ဒါပေမယ့် ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “ကျုပ်စိတ်ထဲမှာ ခေါ်ရမယ့်လူ ရှိပြီးသား”
ရန်ကျောင်း အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်မိသွားခဲ့တယ်။ ရန်ကိုင်က တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို ဘာလို့ မရွေးလဲ ဆိုတာကို သူမစဉ်းစားနိုင်အောင် ဖြစ်မိနေခဲ့တယ်။
ဒါပေမယ့် ရန်ကိုင်ကလည်း ထိုအကြောင်းကို ရှင်းပြလိမ့်မှာ မဟုတ်ပါဘူး။ အဲ့အစား ခပ်မြန်မြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်တယ် “ငါးယောက်မြောက် အစ်ကိုရော၊ ငါးယောက်မြောက် အစ်ကိုက ဒုတိယအစ်ကိုနဲ့ ဘာလို့ အတူ ရှိမနေရတာလဲ”
ရန်ကျောင်းနဲ့ ရန်ခန်းတို့ဆိုတာ ညီအစ်ကိုအရင်းတွေပါ။ ပုံမှန်ဆိုရင် သူတို့ နှစ်ယောက်က အမြဲတပူးပူး တတွဲတွဲနဲ့ပါ။
ဘေးနားမှာ ရှိနေတဲ့ ရန်ဝေက အသံကျယ်ကျယ်နဲ့ ဝင်ပြောလိုက်တယ် “ငါဒီမှာ ရှိနေမှတော့ သူပေါ်လာရဲဦးမယ်လို့ မင်းထင်နေတာလား”
ရန်ကျောင်းနဲ့ ရန်ကိုင်တို့ နှစ်ယောက်စလုံး လည်ပင်းကိုယ်စီ ကျုံ့သွားခဲ့ကြပြီး ခပ်မြန်မြန်ပဲ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူတို့ရဲ့ ရေခဲတုံး အစ်ကို ရန်ကိုင်တို့ ကြောက်တာ မဟုတ်ပါဘူး။ ရန်မိသားစုရဲ့ လူငယ်မျိုးဆက်ဝင်တွေ အကုန်လုံးက သူနဲ့ ရင်မဆိုင်ချင်တာမျိုးပါ။
ဒါက ရန်ဝေက အကြီးဆုံး ဖြစ်နေတာနဲ့လည်း မသက်ဆိုင်ပါဘူး။
“ငါသွားနှင့်ပြီ” ရန်ကိုင်က သာမန်ကာလျှံကာ ပုံစံနဲ့ ပြောလိုက်ပြီး အကြီးအကဲခန်းမဆီ ယုံကြည်ချက် အပြည့်နဲ့ လျှောက်သွားလိုက်တယ်။
တစ်ခဏကြာပြီးနောက် အကြီးအကဲခန်းမဆီကနေ သူပြန်ထွက်လာခဲ့တယ်။ စကားတစ်ခွန်းမှ မပြောခဲ့ပဲ ဒီအတိုင်းပဲ လျှောက်ထွက်သွားလိုက်တယ်။
ရန်ကျောင်းက ခေါင်းခါယမ်းလိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်တယ် “ကျန်တဲ့ ညီအစ်ကိုတွေ အကုန်လုံးက သူနဲ့ နီးကပ်ချင်ပေမယ့် အကြီးဆုံး အကိုကြီး စကားအများကြီး မပြောပဲ နေတုန်းပဲ”
“အဲ့ဒါက သူ့ရဲ့ စရိုက်ပဲလေ” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ရန်ဝေရဲ့ စရိုက်ကို သူတကယ်ပဲ နှစ်သက်ပါတယ်။ အပိုအလိုတွေမရှိ၊ လှည့်စားမှုမရှိ၊ ကြိတ်ကြံတာမျိုးမရှိ၊ စိတ်ထဲရှိတာကို တိုက်ရိုက်ပြောတယ်၊ စိတ်ထဲရှိတဲ့အတိုင်း လုပ်တယ်၊ သူကြည်နူးပျော်မွေ့သလို နေတယ်။
“ကဲ၊ ဒုတိယအစ်ကို သွားနှင့်ရတော့မှာပေါ့၊ ဒီမှာ ခဏစောင့်နေလိုက်ဦး”
“သွားနှင့်လိုက်ပါ”
တစ်ခဏကြာပြီးနောက် ရန်ကျောင်းက အပြုံးကြီး ပြုံးရင်း ထွက်လာခဲ့တယ်။ ရလဒ်နဲ့ ပက်သက်ပြီး သူတော်တော်လေး ကျေနပ်နေတဲ့ ပုံစံပါပဲ။ သူထွက်လာပြီးနောက် အကြီးအကဲ ခန်းမဆီ ရန်ကိုင် ဝင်သွားလိုက်တယ်။
ရန်ကိုင် ဝင်လာတာကို မြင်လိုက်တာနဲ့ ရန်ကျန်းက ထက်ရှတဲ့ မျက်ဝန်းအစုံနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ ရန်ကိုင်က ရန်ကျန်းဆီ လမ်းလျှောက်သွားလိုက်ပြီး လေးလေးစားစားနဲ့ ဦးညွှတ်လိုက်ကာ “ကောင်စုတ်လေး၊ ငါမင်းကို မှတ်မိတယ်၊ မင်းက ဟိုတစ်ခါတုန်းက ဆန်းကြယ်အဆင့် သိုင်းပညာရပ်နဲ့ ရွှေရောင်ငှက်မွှေးသိမ်းငှက်ကို လာလဲခဲ့တဲ့ လူမလား”
“ဟုတ်ပါတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ အရင်အကြိမ်တုန်းက ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို ရဖို့အတွက် အကြီးအကဲ ခန်းမဆီ သူလာဖူးပါတယ်။ ထိုအချိန်တုန်းက သူနဲ့ စကားပြောခဲ့တဲ့ လူကလည်း ရန်ကျန်းပါပဲ။ ရန်ကျန်းကပဲ ဒူချန်းဘိုင်ဆီ ကျောက်စိမ်းပြား ပေးခိုင်းလိုက်တာပါ။ ထို့ကြောင့် ရန်ကျန်း သူ့ကို မှတ်မိနေခဲ့တာပါ။
ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရန်ကျန်းက မေးလိုက်တယ် “နောင်တရနေပြီလား။ ဟားဟားဟားဟား၊ မင်း နောင်တရနေမယ် ဆိုတာ ဒီလူအိုကြီး သိတယ်။ ဆန်းကြယ်အဆင့် သိုင်းပညာရပ် တစ်ခုနဲ့ မင်းအတွက် နည်းနည်းလေးပဲ အသုံးဝင်မယ့် သားရဲ တစ်ကောင်ကို လဲလိုက်တာဆိုတော့ မင်းတော်တော်လေး နစ်နာသွားမှာပဲ။ အဲ့သိုင်းပညာရပ်က သွေးစစ်သည်တော် တစ်ယောက်ကို မင်းဆီမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့ လုံလောက်နေပြီကွ”
ရန်ကိုင် နေမထိထိုင်မထိ ဖြစ်နေတဲ့ ပုံစံကို ကြည့်ရတာ ဒီလူအိုကြီး အတွက် အရမ်းကို ပျော်စရာ ကောင်းနေတဲ့ ပုံစံပါပဲ။
ကံမကောင်းစွာနဲ့ပဲ ရန်ကိုင်က ခေါင်းသာ ခါရမ်းလိုက်ပြီး နားမလည်နိုင်တဲ့ အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ပြန်ပြောလိုက်တယ် “ကျုပ်နောင်တ မရဘူး။ ကျုပ်နောင်တ ရရင်တောင် ဘာမှ ပြောင်းလဲသွားမှာမှ မဟုတ်တာ။ အကြီးအကဲကိုပဲ ပိုပြီး ပြဿနာ ဖြစ်စေမှာပေါ့”
ရန်ကျန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “ကိုယ်မှားတာ ဝန်ခံရမှာကိုတောင် ခေါင်းမာနေတဲ့ ကောင်ပဲ”
ရန်ကိုင်က အပြင်ပိုင်းမှာသာ ဘာမှမဖြစ်တဲ့ပုံစံ ဟန်ဆောင်ပြီး စိတ်ထဲမှာ ဆန်းကြယ်အဆင့် သိုင်းပညာရပ် တစ်ခုကို အကျိုးသိပ်မရှိတာ အတွက် လဲလှယ်လိုက်ရလို့ ယူကြုံးမရ ဖြစ်နေတယ်လို့ အကြီးအကဲက ထင်နေတာပါ။
“ကောင်းပြီလေ၊ ဒီတစ်ကြိမ် မင်းဘာယူလာလဲ ဆိုတာ ငါကြည့်ရတာပေါ့။ ဒီတစ်ကြိမ်လည်း ငါ့ကို အံ့အားသင့်စေ နိုင်ဖို့ ငါမျှော်လင့်မိပါတယ်” ရန်ကျန်းက သူ့လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ထားတုန်းဖြစ်ပြီး ဘာကိုမှ ပူပန်ခြင်းမရှိတဲ့ အမူအရာနဲ့ “ကဲ၊ မင်းသွေးစစ်သည်တော် ဘယ်နှစ်ယောက် လိုချင်လဲပြော”
“နှစ်ယောက်၊ နှစ်ယောက်ပဲ ရနိုင်မှတော့ ကျုပ်က နှစ်ယောက်ပဲ ယူရတော့မှာပေါ့”
ရန်ကျန်း မျက်နှာထက်က အပြုံး ဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက်နဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ကာ သူ့မျက်ဝန်းအစုံကတော့ လေးနက်လို့ နေခဲ့တယ်။ ကျန်တဲ့ ဆံဖြူအကြီးအကဲအိုကြီး တွေတောင် သူတို့ရဲ့ လုပ်လက်စ အလုပ်တွေကို ရပ်ထားလိုက်ကြပြီး ရန်ကိုင်ဘက် လှည့်ကာ နားလေး စွင့်ထားလိုက်ကြတယ်။
တစ်ခဏအတွင်းမှာပဲ ခန်းမအတွင်းမှာ ရှိနေတဲ့ လူအားလုံးရဲ့ အကြည့်က ရန်ကိုင်ဆီ ရောက်ရှိလာခဲ့တယ်။ လူအိုကြီး အားလုံးက သိချင်စိတ် ပြင်းပြတဲ့ အမူအရာတွေနဲ့ ရန်ကိုင်ကို စူးစိုက် ကြည့်နေခဲ့ကြတယ်။
ရန်မိသားစုရဲ့ သခင်လေးတွေ အကုန်လုံးက ပထမအဆင့် အင်အားစုတွေဆီ အတွေ့အကြုံ သွားရှာကြတာပါ။ ပထမအဆင့် အင်အားစုတွေရဲ့ အမွေအနှစ်က အရမ်းကြီး မနက်နဲပါဘူး။ ပြီးတော့ ဒီလောက် အချိန်လေး အတွင်း၌ ရန်သခင်လေးတွေက ပထမအဆင့် အင်အားစုမှာ ရှိနေတဲ့ အရာအားလုံးကို သိမ်းကျုံး ယူလာနိုင်မှာ မဟုတ်ပါဘူး။
သွေးစစ်သည်တော် တစ်ယောက်ရဲ့ အကူအညီကို ရယူနိုင်ဖို့အတွက် အနိမ့်ဆုံး လိုအပ်ချက်က ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခု ဒါမှမဟုတ် ကောင်းကင် အထွတ်အထိပ်အဆင့် သိုင်းပညာရပ် ဒါမှမဟုတ် ကျင့်စဉ် သုံးခုပါ။
အရင်အကြိမ်တုန်းက ရန်ကိုင်က အကြီးအကဲခန်းမဆီ လာပြီး ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခုနဲ့ ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို လာလဲခဲ့ဖူးပါတယ်။ ဒါကိုတောင် သူက သွေးစစ်သည်တော် နှစ်ယောက်ကို လိုချင်တယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောနေပါသေးတယ်။
သူ့မှာ နောက်ထပ် ဆန်းကြယ်အဆင့် သိုင်းပညာရပ် နှစ်ခု ရှိနေသေးတာလား။
ဒါက လုံးဝကို မဖြစ်နိုင်ပါဘူး။ သိုင်းပညာရပ်တွေနဲ့ ကျင့်စဉ်တွေကိုသာ ဈေးထဲမှာ ရောင်းတဲ့ ဂေါ်ဖီထုပ်တွေလို အလွယ်တကူ ရနေမယ်ဆိုရင် ဒီလောက်အထိ အဖိုးတန်နေတော့မှာ မဟုတ်ပါဘူး။
ရန်ကိုင် ဒီလောက်အများကြီး ကမ်းလှမ်းနိုင်လိမ့်မယ်လို့ အခန်းထဲမှာ ရှိနေတဲ့ ဘယ်သူကမှ ထင်မထားခဲ့ကြပါဘူး။ ရန်ကိုင်က သူ့ကိုယ်သူ အရမ်း အထင်ကြီးနေတယ်လို့သာ အားလုံးက ထင်နေကြတာပါ။
ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းက ပြပွဲကောင်းတစ်ခုကို ကြည့်ရဖို့ ပြင်ဆင်ထားခဲ့ကြပါတယ်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကျန်းက သွားပေါ်အောင် ပြုံးလိုက်ပြီး ပြောလိုက်တယ် “အဲ့တော့ မင်းပေးမယ့် အရာတွေအကြောင်း ပြောရအောင်၊ မင်းယူလာတဲ့ ပစ္စည်းတွေက သွေးစစ်သည်တော် နှစ်ယောက်ကို ခေါ်ယူနိုင်ဖို့ လုံလောက်လား၊ မလုံလောက်ဘူးလား ဆိုတာကို ဒီလူအိုကြီး တွက်ချက်ပေးမယ်”
ရန်ကိုင်က ယုံကြည်အပြည့်နဲ့ ခေါင်းညိတ်လိက်ပြီး သူ့အင်္ကျီလက်ထဲကနေ ကျောက်စိမ်းပြားနှစ်ပြားကို ထုတ်ယူလိုက်ကာ ရန်ကျန်းရှေ့က စားပွဲခုံပေါ် တင်ထားပေးလိုက်တယ်။
ရန်ကျန်း မျက်မှောင် ကြုံ့လိုက်ပြီး သူ့မျက်နှာထက် စိတ်မရှည်ဟန်ရသည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ကာ အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ထို့နောက် အင်္ကျီလက်ထဲက သူ့လက်ကို ဆွဲထုတ်လိုက်ပြီး ကျောက်စိမ်းပြားကို ကောက်ယူလိုက်ကာ ကောင်းကင်စိတ်အာရုံကို သုံးပြီး အထဲမှာပါဝင်တဲ့ အရာကို ဖတ်ကြည့်လိုက်တယ်။
Martial Peak
အပိုင်း (၄၀၈) စိတ်ဝိဥာဉ် အစီအရင်ပြား နှစ်ခု
စကားနဲ့ ဖော်ပြဖို့ရာ ခက်ခဲတဲ့ အချက်အလက်တွေကို အစစ်အမှန်ချီကို သုံးပြီး ကျောက်စိမ်းပြားထဲ ရေးထွင်းရတာက အရမ်းကို ခက်ခဲလှပါတယ်။ အစစ်အမှန်ချီကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်တဲ့ လူတွေပဲ ထိုကဲ့သို့ လုပ်နိုင်တာပါ။
ထို့ကြောင့် ရန်ကိုင်က ကျောက်စိမ်းပြား နှစ်ပြားကို ထုတ်ယူလိုက်တာနဲ့ ထိုထဲမှာ မှတ်တမ်းတင်ထားတာတွေက အရမ်းကို အဖိုးတန်မယ် ဆိုတာကို ရန်ကျန်း သိလိုက်တယ်။
သူ့ရဲ့ ကောင်းကင်စိတ်အာရုံက ကျောက်စိမ်းပြားထဲ စိမ့်ဝင်သွားခဲ့ပြီး အတွင်းပိုင်းကို သေချာ စစ်ဆေးကြည့်လိုက်တယ်။
ရုတ်တရက် ရန်ကျန်း မျက်မှောင် ကြုံ့လိုက်ပြီး သူ့အမူအရာက လေးနက် တည်ကြည်သွားခဲ့တယ်။ ခဏကြာပြီးနောက် သူ့မျက်ဝန်းတွေက သံယသတွေနဲ့ ပြည့်လာခဲ့တယ်။ သံသယတွေက ထိတ်လန့်မှုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး ထိုမှတစ်ဆင့် အံ့ဩမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ရန်ကျန်း မျက်ဝန်းထဲက မြန်ဆန်လှတဲ့ ပြောင်းလဲမှုတွေနဲ့ အတူ သူ့အမူအရာကလည်း စိတ်လှုပ်ရှားသည့် ဘက်သို့ ကူးပြောင်းသွားခဲ့တယ်။
ပြပွဲကောင်းကို စောင့်မျှော်နေတဲ့ လူအိုကြီးတွေက ရန်ကိုင်ရဲ့ သုံးရာသီ မျက်နှာထားကို သတိပြုမိလိုက်တာနဲ့ စိတ်ဝင်စားမိသွားခဲ့ကြတယ်။ ကျောက်စိမ်းပြားထဲမှာ ဘာတွေများ ရှိနေလို့ ရန်ကျန်း အခုလို ဖြစ်နေရလဲ ဆိုတာကို သူတို့ အတွေးနယ်ချဲ့ နေခဲ့ကြတယ်။
တစ်ခဏကြာပြီးနောက် ရန်ကျန်းက အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး ကျောက်စိမ်းပြားထဲက သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်တယ်။ ထို့နောက် ရန်ကိုင်ဆီ တစ်လှမ်းကြည့်လိုက်ပြီး ကျန်တဲ့ ကျောက်စိမ်းပြားတစ်ပြားကို ကောက်ယူလိုက်တယ်။
ထိုကျောက်စိမ်းကို စစ်ဆေးလိုက်တာနဲ့ တူညီတဲ့ ဗီဒီယိုကားကြီးကို ပြန်ကြည့်နေရသည့်အလား ရန်ကျန်း အမူအရာက အရင်ပုံစံနဲ့ ထပ်တူညီလုနီးနီးပုံစံအတိုင်း ပြောင်းလဲနေခဲ့တယ်။
ဆံဖြူအကြီးအကဲတွေလည်း သူတို့ရဲ့ သိချင်စိတ်ကို မအောင့်အည်း ထားနိုင်ကြတော့ပါဘူး။ သူတို့ထဲက တော်တော်များများက အခြားသူတွေ သတိမပြုမိခင် ထိုင်ရာကနေ တိုးတိုးတိတ်တိတ် ထရပ်လိုက်ကြတယ်။
ခဏလေးအတွင်းမှာပဲ ရန်ကိုင်က သူ့နေရာကနေ တွန်းဖယ်ခြင်း ခံလိုက်ရပြီး အကြီးအကဲတွေ အကုန်လုံးက သူ့နေရာကို လုယူလိုက်ကြတယ်။ အားလုံးက ကျောက်စိမ်းပြားထဲကနေ ရန်ကျန်း သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်မယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
“အထဲမှာ ဘာတွေကိုများ မှတ်တမ်း တင်ထားတာလဲ မသိဘူး” ရန်ကျန်း ဒီလောက်အထိ အာရုံစိုက်ရအောင် ရန်ကိုင် ယူလာတဲ့ ကျောက်စိမ်းပြားထဲမှာ ဘာတွေကိုများ မှတ်တမ်းတင်ထားလဲ ဆိုတာကို အကြီးအကဲတစ်ယောက်က တွေးတောမိလိုက်တယ်။ ပြောနေရင်းနဲ့ စားပွဲပေါ်မှာ ရှိနေသည့် ကျန်ရှိနေတဲ့ ကျောက်စိမ်းပြား တစ်ခုကို လှမ်းယူဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။
ဒါပေမယ့် ကျောက်စိမ်းပြားကို မယူရသေးခင်မှာပဲ ရန်ကျန်းက ထိုကျောက်စိမ်းပြားကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ထိုအကြီးအဲကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။
“ကောင်စုတ်လေး၊ ဒီကိုလာခဲ့” ရန်ကျန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ဘေးနားကနေ အုံခဲနေတဲ့ အကြီးအကဲတွေကို တွန်းဖယ်လိုက်တယ်။
“တပည့်လာပါပြီ” ရန်ကိုင်က တုန့်ဆိုင်းခြင်း မရှိ ရှေ့တက်သွားလိုက်တယ်။ မျိုးဆက်အရ ပြောရမယ် ဆိုရင် ရန်ကျန်းက ရန်ကိုင်အဘိုးနဲ့ မျိုးဆက် အတူတူပဲလို့တောင် ပြောလို့ရပါတယ်။ ထို့ကြောင့် သူတို့အချင်းချင်း စီနီယာ ဂျူနီယာလို့ ခေါ်ဝေါ်သုံးစွဲသင့်ကြပေမယ့် သူတို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိတဲ့အတွက် ရာထူးအမြင့်အလိုက်ပဲ ခေါ်ဝေါ်ကြပါတယ်။
ကျောက်စိမ်းပြား နှစ်ခုကို ကိုင်ထားရင်း ရန်ကျန်းက မျက်မှောင်ကြုံ့ကာ အနည်းငယ် နီမြန်းနေတဲ့ မျက်နှာနဲ့ အော်မေးလိုက်တယ် “ဒါတွေက ဘာတွေလဲ’
“မင်းက ဘာတွေမှန်း မသိတာတောင် စိတ်ဝင်စားနေတယ်ပေါ့” ဆံဖြူအကြီးအကဲ တစ်ယောက်က လွှတ်ခနဲ ပြောချလိုက်တယ်။ ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး ဖြေးဖြေးချင်း ခေါင်းယမ်းလိုက်ကြတယ်။ သူတို့ရဲ့ မျှော်လင်ချက်တွေ အကုန် ကျိုးပျက်သွားခဲ့ရလေပြီ။
“စိတ်ဝိဥာဉ်အစီအရင် နှစ်ခု”
“မင်းကြီးတော် အစီအရင် နှစ်ခုလိုက်ပါလား” ရန်ကျန်းက နှာခေါင်း ရှုံ့လိုက်ပါလား “ဒီလူအိုကြီးက အရူးတစ်ယောက် မဟုတ်ဘူးကွ။ ဒါက စိတ်ဝိဥာဉ် အစီအရင်တွေမှန်းတော့ ငါသိတာပေါ့။ ဒီစိတ်ဝိဥာဉ် အစီအရင်တွေကို ဘာအတွက် သုံးတာလဲလို့ မင်းကို မေးနေတာကွ”
ပြောနေရင်းနဲ့ ရန်ကျန်းမျက်နှာ ပိုပြီး နီမြန်းလာခဲ့တယ်။
သူက နှစ်ပေါင်းများစွာ အသက်ရှင်လာတဲ့ လူအိုကြီး တစ်ယောက်ပါ။ ပစ္စည်းတော်တော် များများ အကြောင်းကိုလည်း သူသိထားပါတယ်။ ဒါပေမယ့် အခုအချိန်၌ ဂျူနီယာတစ်ယောက် သူ့ဆီ ယူလာခဲ့တဲ့ ပစ္စည်းနှစ်ခုကို သူမခွဲခြားနိုင်ဘူး ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် ဆံဖြူအိုကြီး အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရတာပါ။
ရန်ကိုင်က ကိုးယိုးကားယား အမူအရာနဲ့ နှာခေါင်းလေးကို ပွတ်လိုက်ပြီး ပြန်ပြောလိုက်တယ် “ဆေးပညာအတွက် အသုံးပြုတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေလေ”
ရန်ကျန်း ကြောင်သွားခဲ့ပြီး “ဒီနှစ်ခုစလုံးက ဆေးပညာအတွက် အသုံးပြုတာလား”
ထပ်တလဲလဲ ခေါင်းခါရင်း ရန်ကျန်းက ဆက်ပြောလိုက်တယ် “ဆေးပညာမှာ စိတ်ဝိဥာဉ် အစီအရင်း အများကြီး သုံးမှန်း ဒီလူအိုကြီး သိတယ်။ ဒီလူအိုကြီး ကိုယ်တိုင်လည်း အများကြီး မြင်ဖူးတယ်။ ဒါပေမယ့် ငါမြင်ဖူးခဲ့တဲ့ စိတ်ဝိဥာဉ် အစီအရင်တွေ အကုန်လုံး မင်းယူလာတဲ့ နှစ်ခုလောက် မရှုပ်ထွေးကြဘူး။ ဒီစိတ်ဝိဥာဉ် အစီအရင်ကိုသာ ဆေးမီးဖိုပေါ်မှာ ခင်းကျင်းလိုက်မယ် ဆိုရင် ပိုပြီး အလုပ်ရှုပ်နိုင်သလို ဆေးပညာရှင်ရဲ့ စိတ်စွမ်းအားနဲ့ အစစ်အမှန်ချီလည်း ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ ကုန်ဆုံးသွားနိုင်တယ်။ ဒီနှစ်ခုက တကယ်ပဲ အသုံးဝင်တယ် ဆိုတာ မင်းသေချာရဲ့လား”
“လုံးဝကို သေချာတယ်”
“ကဲ ရှင်းပြစမ်းပါဦး။ ဒီစိတ်ဝိဥာဉ် အစီအရင်ကို ဘာအတွက် အသုံးပြုလဲ ဆိုတာ” ရန်ကျန်း မျက်မှောင် ကြုံ့လိုက်တယ်။ ဆေးပညာကို သူနားမလည်တဲ့အတွက် ထိုစိတ်ဝိဥာဉ် အစီအရင်တွေရဲ့ ဆန်းကြယ်းမှုကို သူနားမလည် နိုင်ပါဘူး။ ရန်ကိုင် ယူလာတဲ့ စိတ်ဝိဥာဉ် အစီအရင် နှစ်ခုစလုံးက အရမ်းကို ရှုပ်ထွေးပြီး ဆန်းကြယ်ဆိုတာကိုပဲ သူသိထားပါတယ်။ နှစ်ခုစလုံးက ပစ္စည်းကောင်းတွေ ဆိုပေမယ့် ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။
“တစ်ခုက ဆေးသန့်စင်တဲ့ အောင်မြင်နိုင်ချေကို တိုးမြှင့်ပေးနိုင်တယ်” ရန်ကိုင်က တုံးတိတိနဲ့ ပြောချလိုက်တယ် “အခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ ဆေးပညာရှင် တစ်ယောက်က ဆေးတစ်လုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ချေ ၆၀ရာခိုင်နှုန်း ရှိတယ်ဆိုရင် စိတ်ဝိဥာည် အစီအရင်ကို ခင်းကျင်းပြီး သန့်စင်လိုက်တာနဲ့ အောင်မြင်နိုင်ချေက ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားလိမ့်မယ်”
ရန်ကိုင့် ရှင်းပြချက်ကို ကြားလိုက်တာနဲ့ ရန်ကျန်း ထိုင်ရာကနေ ထခုန်လုမတတ် ဖြစ်သွားခဲ့တယ်။
၉၀ရာခိုင်နှုန်း၊ ဆေးပညာတာအိုကို နားမလည်ပေးမယ့် ဆေးတစ်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချော ၉၀ ရာခိုင်နှုန်း ရှိတယ်ဆိုတာ မဖြစ်နိုင်လု နီးပါးပါပဲ။ သာမန်ဆေးပညာရှင်တွေမှာ ၆၀ကနေ ၇၀ရာခိုင်နှုန်းအထိ အောင်မြင်နိုင်ချေ ရှိပါတယ်။ ဆေးဆယ်စုံစာ ဖော်စပ်မယ် ဆိုရင် ၆စုံ၊ ၇စုံစာပဲ အောင်မြင်မယ်လို့ ဆိုလိုတာပါ။
လက်ရွေးစင် ဆေးပညာရှင်တွေကတော့ ၈၀ရာခိုင်နှုန်းအထိ အောင်မြင်နိုင်ချေ ရှိပြီး ဆေးဘုရင်တောင်ကြားက တပည့်တွေကလည်း ဒီရာခိုင်နှုန်း ပတ်လည်လောက်ပါပဲ။ ဒါပေမယ့် အခုတော့ ဒီစိတ်ဝိဥာဉ် အစီအရင်က အောင်အောင်မြင်မြင် ဆေးဖော်စပ်နိုင်တဲ့ နှုန်းကို ၉၀ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်တယ်လို့ ရန်ကိုင်က ပြောနေပါတယ်။ လက်ရွေးစင် ဆေးပညာရှင် တစ်ယောက်သာ ဒီစိတ်ဝိဥာဉ် အစီအရင်ကို သုံးပြီး ဆေးဖော်စပ်မယ်ဆိုရင် ၁၀၀ရာခိုင်နှုန်း အောင်မြင်နိုင်ချေ ရှိတယ်လို့ ဆိုလိုလိုက်တာပဲ မဟုတ်ပါလား။
အဲ့လိုသာဆိုရင် လတွေ၊ နှစ်တွေ ကြာသွားတာနဲ့ ပစ္စည်းတော်တော်များများကို စုဆောင်းထားနိုင် ပါလိမ့်မယ်။ အချိန်ကော ဘယ်လောက်တောင် အကုန် သက်သာသွားလိမ့်မလဲ။ စွမ်းအင်ကော ဘယ်လောက်တောင် သက်သာသွားနိုင်မလဲ။
ရန်ကိုင် ယူလာတဲ့ စိတ်ဝိဥာဉ် အစီအရင်က ဘယ်လောက်တောင် အဖိုးတန်လဲ ဆိုတာကို ရန်ကျန်း ချက်ချင်းပဲ နားလည်လိုက်တယ်။
ဒါက ရန်ကိုင် ပြောတာပဲ ရှိပါသေးတယ်၊ တကယ် ဟုတ်မဟုတ်ကတော့ ဘယ်သူမှ မသိသေးပါဘူး။
“ကျန်တဲ့တစ်ခုကကော” ရန်ကျန်းက သူ့စိတ်ထဲက ထိတ်လန့်မှုတွေကို ဖိနှိပ်ထားလိုက်ပြီး သူ့လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်ကာ မေးလိုက်တယ်။
“အဲ့တစ်ခုက ဆေးလုံးရဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်ချေ ရှိတယ်” ရန်ကိုင်က အသာအယာလေး ပြောလိုက်တယ်။
“မင်းဘာပြောချင်တာလဲ” ရန်ကျန်းက မျက်မှောင်ကြုံ့လိုက်ရင်း စိုးရိမ်စွာနဲ့ မေးလိုက်တယ်။ သူ့အသက်ရှုသံက တဖြည်းဖြည်း မြန်ဆန်လာခဲ့တယ်။ သူနားလည်တာသာ မှန်မယ်ဆိုရင် ဒုတိယတစ်ခုက ပထမတစ်ခုထက်တောင် ပိုပြီးတန်ဖိုး ကြီးနိုင်ပါတယ်။
“ကောင်းကင် အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်နေတယ် ဆိုပါစို့၊ ဒီစိတ်ဝိဥာဉ် အစီအရင်ကိုသာ သုံးပြီး ဆေးဖော်စပ်လိုက်မယ် ဆိုရင် ထွက်ပေါ်လာမယ့် ဆေးလုံးက ကောင်းကင် အထွတ်အထိပ် အဆင့်ဆေးလုံး ဖြစ်သွားလိမ့်မယ်။ အဲ့ဒါကို ပြောချင်တာ” ရန်ကိုင်က စိတ်ရှည်ရှည်နဲ့ ရှင်းပြရင်း ထပ်ပေါင်း ပြောလိုက်တယ် “အဲ့လို ဖြစ်နိုင်ချေက အရမ်းကြီးတော့ မများဘူး။ ဒါပေမယ့် အခွင့်အရေးကတော့ ရှိတုန်းပဲ”
ခန်းမထဲ ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံး လေအေးတစ်ချက် ရှုသွင်းလိုက်ကြတယ်။ ဒီစိတ်ဝိဥာဉ် အစီအရင်ရဲ့ တန်ဖိုးကို အားလုံး နားလည်လိုက်ကြတယ်။
အကြီးအကဲတွေထဲက တစ်ယောက်က စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ မေးလိုက်တယ် “ဒီစိတ်ဝိဥာဉ် အစီအရင်ကို သုံးပြီး ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးလုံးကို ဖော်စပ်မယ် ဆိုရင်ကော”
ရန်ကိုင်က ပုခုံးတွန့်လိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်တယ် “ကံကောင်းရင်တော့ စိတ်ဝိဥာဉ်အဆင့် ဆေးလုံး ရလာနိုင်တာပေါ့”
စိတ်ဝိဥာဉ်အဆင့် … ထိုစကားလုံးက အားလုံးနားထဲ မိုးချိန်းသံလို မြည်ဟည်းသွားခဲ့တယ်။ အကြီးအကဲ တော်တော်များများ ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး ရန်ကိုင်ကို သေသေချာချာ စူးစိုက် ကြည့်လိုက်ကြတယ်။ ရန်ကိုင်ကများ သူတို့ကို လာနောက်နေလားပေါ့။
ဒါပေမယ့် ရန်ကိုင်ကတော့ လုံးဝကို တည်ငြိမ်နေခဲ့ပါတယ်။
ထိုစိတ်ဝိဥာဉ် အစီအရင်နှစ်ခုက အစစ်အမှန် ဆေးပညာ နည်းလမ်းထဲက ရလာတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေပါ။ အစစ်အမှန် ဆေးပညာ နည်းလမ်းထဲက ရလာတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေ ဖြစ်မှတော့ အဖိုးမတန်ပဲ ဘယ်နေပါ့မလဲ။
အကြီးအကဲ ခန်းမတစ်ခုလုံး သုဿန်တစပြင်အလား တိတ်ဆိတ် သွားခဲ့တယ်။ လူအိုကြီးတွေ အားလုံးက နေရာမှာပဲ ငြိမ်သက်စွာနဲ့ ရပ်နေရင်း အချို့က ထိုစိတ်ဝိဥာဉ် အစီအရင်ရဲ့ တန်ဖိုးကို တွက်ချက်နေကာ အချို့ကတော့ ရန်ကိုင် ပြောတာတွေကို ယုံကြည်လို့များ ရရဲ့လား ဆိုတာကို စဉ်းစားခန်းဝင်နေကြတယ်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကျန်း ရုတ်တရက် အသိပြန်ဝင်လာခဲ့တယ်။ ရန်ကိုင်ရှိရာဆီ သုန်မှုန်နေတဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်ပြီး “ကောင်စုတ်လေး၊ အကြီးအကဲ ခန်းမကို လိမ်ညာရင် ဘယ်လို အပြစ်ဒဏ်က မင်းကို စောင့်ကြိုနေလဲ ဆိုတာကို မင်းသိလား။ မင်းက ရန်မိသားစုရဲ့ တိုက်ရိုက် မျိုးဆက် တစ်ယောက် ဖြစ်နေရင်တောင် ငါတို့ကို လိမ်ညာ လှည့်စားရဲရင်တော့ မင်းကို ဒီနေရာ ဒီအချိန်မှပဲ အခေါင်းမရှိပဲ သေသွားရအောင် လုပ်ပေးလိုက်မယ်”
“ကျုပ်လိမ်နေလား၊ မလိမ်ဘူးလား ဆိုတာ တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးကြည့်လိုက်ရင် သိနေပြီပဲ ဟာကြီးကို” ရန်ကိုင်က မဆိုသလောက်ကလေး မျက်မှောင်ကြုံ့လိုက်ရင်း ပြန်ပြောလိုက်တယ်။
“ကောင်းပြီ၊ ကောင်းပြီလေ” ရန်ကျန်းက လှောင်ပြုံးပြုံးလိုက်ပြီး အကြီးအကဲတွေထဲက တစ်ယောက်ဆီ လှည့်လိုက်ပြီး လှမ်းအော်ပြောလိုက်တယ် “ဆေးပညာခန်းမက ချန်ဘိုင်လျန်ကို သွားခေါ်စမ်း”
“အင်း” ဝတုတ်တုတ် အကြီးအကဲ တစ်ယောက် ပြန်ထူးလိုက်ပြီး ခန်းမထဲကနေ ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။
ချန်ဘိုင်လျန်ဆိုတာ ရန်မိသားစုရဲ့ ဆေးပညာရှင် ခေါင်းဆောင်ပါ။ သူကိုယ်တိုင်က ဒီကျင့်ကြံခြင်း လောကကြီးမှာ ကျော်ကြားနေတဲ့ ဂရမ်းမာစတာအဆင့် ဆေးပညာရှင် တစ်ယောက်ပါ။ ဒါပေမယ့် ရှောင်ဖူချန်းနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သူက အနည်းငယ် နိမ့်ကျနေတုန်းပါပဲ။
ရှောင်ဖူချန်းက ဟန်မင်းဆက် တစ်ခုလုံးမှာ တစ်ယောက်တည်းသာ ရှိတဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်ဖြစ်ပြီး ချန်ဘိုင်လျန်ကတော့ ဆန်းကြယ် အလယ်အလတ် အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်ကြားမှာ အဆင့်လေးတစ်ဆင့်ပဲ ကွာခြားတာ ဆိုပေမယ့် ထိုအဆင့်လေး တစ်ဆင့်က ကောင်းကင်နှင့် မြေပြင်အလား ကွာခြားပါတယ်။ ထို့ကြောင့် ချန်ဘိုင်လျန် အနေနဲ့ ရှောင်ဖူချန်းကို လေးစားမှုအပြည့်နဲ့ ခေါင်းမော့ ကြည့်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။
“ကောင်စုတ်လေး၊ အခု နောင်တရဖို့ အရမ်း နောက်ကျသွားပြီ။ ချန်ဘိုင်လျန် ရောက်လာလို့ သူ့ရဲ့ အတည်ပြုချက် ရပြီးသွားရင် ဒီလူအိုကြီးက မင်းကို သက်ညှာပေးမှာ မဟုတ်ဘူး” ရန်ကျန်းက လှောင်ပြုံးပြုံးလိုက်ရင်း ပြောလိုက်တယ်။
ရန်ကိုင် မျက်မှောင် ထပ်ကြုံ့လိုက်မိပြီး မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ် “အကြီးအကဲကျန်း၊ ဒီစိတ်ဝိဥာဉ် အစီအရင် နှစ်ခုကို ယူလာတာ သွေးစစ်သည်တော် နှစ်ယောက်ကို ခေါ်ယူချင်ယုံ သက်သက်နဲ့တင် မဟုတ်ဘူး၊ အဲ့အစီအရင် နှစ်ခုကို ရန်မိသားစုဆီ လိုလိုလားလားနဲ့ ပေးချင်လို့ကို ယူလာခဲ့တာ။ တကယ့်တော့ ရန်မိသားစုဆိုတာ ကျုပ်မွေးဖွားခဲ့တဲ့ နေရာပဲလေ။ ကျုပ်သာ သွေးစစ်သည်တော် နှစ်ယောက်ကို ခေါ်ယူချင်ယုံ သက်သက်ပဲဆိုရင် အစီအရင် နှစ်ခုတောင် ယူလာစရာ မလိုဘူး၊ တစ်ခုနဲ့တင် လုံလောက်နေပြီ။ ဘာလို့ အလုပ်ရှုပ်ခံပြီး နှစ်ခုစလုံး ယူလာနေရဦးမှာလဲ။ ကျုပ်ပြောတာ မှားလား၊ မှန်လား ဆိုတာကို အကြီးအကဲကျန်း နားလည်မယ် ထင်ပါတယ်”
ရန်ကျန်းက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး တစ်ခဏလောက် စဉ်းစား တွေးတောနေလိုက်တယ်။ ထို့နောက် ရန်ကိုင် ပြောတာ ယုတ္တိရှိတယ် ဆိုတာကို ခပ်မြန်မြန်ပဲ သူနားလည်လိုက်တယ်။ သူ့အမူအရာက အနည်းငယ် ပြေလျော့သွားခဲ့ပြီး ခေါင်းညိတ်ရင်း “မင်းမှန်တယ်၊ ဒီလူအိုကြီးက အရမ်း သတိကြီးနေတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါတို့ မကြာခင် သိရတော့မှာပဲလေ။ အစီအရင်နှစ်ခုသာ မင်းပြောတဲ့အတိုင်းဆိုရင် မိသားစုအပေါ် ကြီးကြီးမားမား မင်းအကျိုး ပြုလိုက်တာပဲ။ ပြောတဲ့ အတိုင်းသာ မဟုတ်ဘူး ဆိုရင်တော … ဟဲဟဲ”
ပြောပြီးတာနဲ့ ရန်ကျန်းက မျက်မှောင်ကြုံ့ကာ စားပွဲပေါ်မှာ ရှိနေတဲ့ စိတ်ဝိဥာဉ် အစီအရင် နှစ်ခုကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တယ်။
တစ်နာရီလောက် ကြာပြီးနောက် အကြီးအကဲ ဝဝကြီးက အကြမ်းဖျင်း အသက်၅၀လောက် ရှိမယ့် လူတစ်ယောက်နဲ့ အတူ ပြန်လာခဲ့တယ်။
ခန်းမထဲကို ဝင်လာတဲ့အချိန် ထိုလူကြီးရဲ့ မျက်နှာ တစ်ခုလုံးက သုန်မှုန်နေခဲ့တယ်။
ခန်းမထဲ ရောက်တာနဲ့ ရန်ကျင်းကို စပြောခွင့်တောင့် မပေးပဲ ချန်ဘိုင်လျန်က ဒေါသတကြီး ဟောက်ပါတော့တဘ် “ရန်ကျန်း၊ မင်းဘာလုပ်လိုက်မိပြီလဲ ဆိုတာ မင်းသိလား။ မင်းငါ့ကို ခေါ်လိုက်တဲ့ အချိန်တုန်းက ဒီလူအိုကြီးက ရွှမ်ချင်းဆေးလုံးကို သန့်စင်နေတာကွ။ ဆေးသန့်စင်တာ အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်မှ မင်းတို့က ငါ့ကို လာနှောင့်ယှတ်လိုက်တာကွ။ အဲ့တစ်အိုးစာ တန်ဖိုးကို မင်းငါ့ကို ပြန်ပေးဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် လာမယ့် သုံးလလုံးလုံး မင်းတို့ ရန်မိသားစုအတွက် ဆေးလုံးမှ ငါဖော်စပ်ပေးမှာ မဟုတ်ဘူး”
“ကောင်းပြီ၊ ကောင်းပြီ၊ ငါအလျော်ပေးပါမယ်” ရန်ကျန်း မျက်နှာ မဲမှောင်သွားခဲ့ပြီး စက်ရုပ်တစ်ရုပ်လို ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်တယ်။
သူ့ထက် ငယ်တဲ့ တစ်ယောက်က သူ့ကို နာမည်တပ်ခေါ်ပြီး ဒေါသတကြီး ဆူပူးကြိမ်းမောင်း နေပေမယ့် ရန်ကျန်း သူ့စိတ်ကို ထိန်းထားခဲ့ပါတယ်။ တကယ်တော့ ထိုလူက ရန်မိသားစု ဆေးပညာခန်းမရဲ့ ခေါင်းဆောင် တစ်ယောက်လေ။ မိသားစုက လိုအပ်တဲ့ အဆင့်မြင့်တဲ့ ဆေးလုံးတွေကို သူကပဲ ဖော်စပ် ပေးရတာပါ။ ထို့ကြောင့် သူတို့ ကျင့်ကြံခြင်း အဆင့်နဲ့ အသက်က တော်တော်လေး ကွာခြားနေပေမယ့် ရန်ကျန်း အနေနဲ့ သူ့ဒေါသကို မြိုသိပ်ထားရုံကလွဲပြီး အခြား မရှိပါဘူး။
ဆေးပညာရှင် တစ်ယောက်ကို အလွယ်တကူ သွားရန်မစသင့်ဘူး။ အထူးသဖြင့် အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်ကိုပေါ့။
ချန်ဘိုင်လျန်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ် “ငါဖော်စပ်နေတာက ကောင်းကင် အထွတ်အထိပ်အဆင့် ဆေးလုံးပဲ။ အရမ်းကြီး ဈေးမကြီးပေမယ့် အဲ့ဆေးလုံးကို ဖော်စပ်ဖို့အတွက် ဒီလူအိုကြီး စိတ်ရော၊ လူရော တော်တော်လေး ပင်ပန်းခဲ့ရတာ။ ဒါပေမယ့် မင်းက ပြေရာပြေကြောင်းနဲ့ ပြောနေမှတော့ ၅၀၀၀၀၀လောက်ဆို လုံလောက်ပါပြီ”
ရန်ကျန်း အမူအရာ ပိုပြီး သုန်မှုန်သွားခဲ့တယ်။ သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်ရင်း ခပ်မြန်မြန်ပဲ ခေါင်းစဉ် ပြောင်းလိုက်တယ် “အဲ့အကြောင်း ပြောတာ ရပ်ထားလိုက်ဦး။ မင်းကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကို ဆွေးနွေးရဦးမယ်”
ချန်ဘိုင်လျန်က ခေါင်းညိတ်လိုက်ပြီး အနားမှာ ရပ်နေတဲ့ ရန်ကိုင်ကို တစ်ချက် ကြည့်လိုက်ကာ “အဲ့စိတ်ဝိဥာဉ် အစီအရင် နှစ်ခုကို ဒီကောင်စုတ်လေး ယူလာခဲ့တာဆို”
“ဟုတ်တယ်၊ အဲ့စိတ်ဝိဥာဉ် အစီအရင်တွေက သူပြောသလောက် တကယ်ပဲ အသုံးဝင်လား ဆိုတာကို ငါမင်းကို ကြည့်ခိုင်းချင်တာ” ရန်ကျန်းက ကျောက်စိမ်းပြားနှစ်ခုကို ချန်ဘိုင်လျန်ဆီ ပေးလိုက်တယ်။
ချန်ဘိုင်လျန်က ကျောက်စိမ်းပြား နှစ်ခုကို ရန်ကျန်း လက်ထဲကနေ ယူလိုက်ရင်း လှောင်ပြုံးပြုံးလိုက်ကာ “ဒီလူအိုကြီး ဆေးပညာလမ်းစဉ်ကို လိုက်စားလာတာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ။ စိတ်ဝိဥာဉ် အစီအရင်ပေါင်း များစွာကိုလည်း ဒီလူအိုကြီး လေ့လာခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလောက် မှော်ဆန်တဲ့ စိတ်ဝိဥာဉ် အစီအရင်အကြောင်း ငါတစ်ခါမှ မကြားဖူးဘူး။ မင်းကြည့်ရတာ အသက်တွေ ကြီးလာလို့ ကလေး တစ်ယောက် လှည့်စားတာကိုတောင် အလွယ်တကူ ခံနေရတဲ့ပုံပဲ။ အခုကြည့်၊ ကိုယ့်ဘာသာကိုယ် အလှည့်စား ခံရတာတောင် ဒီလူအိုကြီးကိုပါ တစ်ခါတည်း ဆွဲခေါ်ချင်နေသေးတယ်။ ဒီအကြောင်းသာ ပြန့်သွားခဲ့ရင်း မင်းမှာ မျက်နှာထားစရာကို ရှိတော့မှာ မဟုတ်ဘူး”
“မဟုတ်တာတွေ တော်လောက်ပြီ၊ ကြည့်သာ ကြည့်စမ်းပါ” ချန်ဘိုင်လျန်ရဲ့ ထေ့လုံးငေါ့လုံးကြောင့် ရန်ကျန်း ဒေါသ ထွက်သွားခဲ့တယ်။ ဒါပေမယ့် သူ့ဒေါသကို ဘယ်သူ့ဆီ ဖောက်ထုတ်လို့ ဖောက်ထုတ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ သူ့မျက်နှာ တစ်ခုလုံးကြောင့် ဒေါသကြောင့် ခရမ်းရောင် သန်းလာခဲ့ပြီး ရန်ကိုင်သာ သူ့ကို လိမ်ညာရဲခဲ့ရင် အသာတကြည် လွှတ်ပေးလိုက်မှာ မဟုတ်ဘူးလို့ သူ့စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆိုလိုက်တယ်။
ချန်ဘိုင်လျန်က နေရာတစ်ခုရှာပြီး ကျကျနန ထိုင်လိုက်တယ်။ ပြီးတာနဲ့ ကျောက်စိမ်းပြားထဲ ကောင်းကင် စိတ်အာရုံကို ပို့လွှတ်လိုက်ပြီး သာမန်ကာလျှံကာနဲ့ စစဆေးလိုက်တယ်။
ရန်ကိုင်ကလွဲပြီး အကြီးအကဲခန်းထဲမှာ ရှိနေတဲ့ လူအားလုံးက ချန်ဘိုင်လျန်ကိုသာ အာရုံစူးစိုက်မှု အပြည့်နဲ့ စိုက်ကြည့်နေခဲ့ကြတယ်။
ဒါပေမယ့် ကျောင်စိမ်းပြားထဲက အကြောင်းအရာကို လေ့လာမိလိုက်တာနဲ့ ချန်ဘိုင်လျန် ရုတ်တရက် ထအော်လိုက်တယ်။ ထို့ကြောင့် ထိုင်ထိုင်ပြီးပြီးချင်းပဲ ချက်ချင်း ထခုန်လိုက်သလို ဖြစ်သွားခဲ့ကာ သူ့မျက်နှာတစ်ခုလုံးကလည်း မယုံကြည်နိုင်တဲ့ အရာတစ်ခုကို မြင်လိုက်ရသလို ဖြစ်နေခဲ့တယ်။
ချန်ဘိုင်လျန်ရဲ့ အော်သံကြောင့် အားလုံးလည်း ထိတ်လန့်တကြား ထခုန်မိလိုက်ကြတယ်။ ထို့နောက် အသက်တောင် မရှုနိုင်တော့ပဲ ချန်ဘိုင်လျန်ကို စိုးရိမ်တကြီးနဲ့ စိုက်ကြည့်နေလိုက်တယ်။
Martial Peak
အပိုင်း(၄၀၉) အချိန်ရရင် လက်ဖက်ရည် အတူတူ သောက်ကြတာပေါ့
“ဘာဖြစ်လို့လဲ” ရန်ကျန်းက ချန်ဘိုင်လျန်ကို စိတ်ပျက်နေတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး “ဒီအသက်အရွယ် ရောက်တာတောင် တစ်ချက်ကလေး ကြည့်ပြီး ဒီလောက်အထိ စိတ်လှုပ်ရှား နေရလားကွာ။ ကိုယ့်ကိုယ်ကိုလည်း လေးစားမှုလေး နည်းနည်းပါးပါး ရှိဦးမှပေါ့”
ဒါပေမယ့် ချန်ဘိုင်လျန်က ရန်ကျန်းကို လုံးဝ လျစ်လျူရှုထားခဲ့တယ်။ သူ့အကြည့်က ကျောက်စိမ်းပြား ထက်ဆီကိုသာ မမှိတ်မသုံ ရောက်နေခဲ့ပြီး သူ့မျက်ဝန် တစ်ခုလုံး ထိတ်လန့် အံ့အားသင့်မှုတို့ဖြင့် ပြည့်နေခဲ့ကာ သူ့မျက်နှာတစ်ခုလုံးကတော့ အပျော်တွေနဲ့ ပြည့်နေခဲ့တယ်။
ထို့နောက် သူ့ပုံရိပ်က ဝှစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်ရှေ့၌ တိုက်ရိုက်ပေါ်လာခဲ့တယ်။ ရန်ကိုင် ထွက်ပြေးသွားမှာကို ကြောက်နေသည့်အလား သူ့ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး တုန်ရီနေတဲ့ အသံနဲ့ မေးလိုက်တယ် “ကောင်စုတ်လေး၊ ဒီစိတ်ဝိဥာဉ်အစီအရင်ကို… မင်း…. ဘယ်ကနေ ရလာခဲ့တာလဲ”
တစ်ခုခုကို သတိပြုမိလိုက်သည့်အလား ရန်ကိုင် မျက်ခုံး တွန့်ကွေးသွားခဲ့ပြီး ပြန်ပြောလိုက်တယ် “ဆေးဘုရင်တောင်ကြား၊ တိမ်ဖုံးတောင်ထွတ်”
ထိုစကားကို ကြားလိုက်တာနဲ့ ချန်ဘိုင်လျန် တစ်ကိုယ်လုံး တုန်ရင်သွားခဲ့တယ်။ မိုးကြီးထိမှန်ခြင်း ခံလိုက်ရသည့်အလား နေရာမှာတင် အေးခဲနေခဲ့ပြီးနောက် ခေါင်းညိတ်လိုက်ကာ ထပ်ခါထပ်ခါ ရေရွတ်နေလိုက်တယ် “ငါသိနေတယ်၊ ငါသိနေတယ်…”
ပြောနေရင်းနဲ့ ရန်ကိုင်ကို ပြန်ကြည့်လိုက်ပြီး အလျင်စလိုနဲ့ ထပ်မေးလိုက်တယ် “ဂရမ်းမာစတာရှောင်နဲ့ မင်းနဲ့ ဘယ်လို ပက်သက်လဲ”
“ဘာမှ မပက်သက်ပါဘူး။ ကျုပ်က တိမ်ဖုံးတောင်ထွတ်မှာ နှစ်လလောက် နေခဲ့တာပဲ ရှိတာ” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး နှိမ့်ချတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
ချန်ဘိုင်လျန်ရဲ့ အကြည့်က ရုတ်ချည်း အေးစက် သွားခဲ့ပြီး ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ သူ့မျက်ဝန်းထဲက အေးစက်မှုက ဓါးသွားအလား ထက်ရှသွားခဲ့ပြီး ရေခဲတမျှ အေးစက်နေတဲ့ လေသံနဲ့ ပြောလိုက်တယ် “ဒီတော့ ဒီစိတ်ဝိဥာဉ် အစီအရင်ကို မင်းခိုးလာခဲ့တာပေါ့”
ရန်ကိုင်က ခေါင်းခါရမ်းလိုက်ရင်း ပြန်ပြောလိုက်တယ် “ဂရမ်းမာစတာရှောင် ကိုယ်တိုင် သင်ပေးခဲ့တာ”
ဂရမ်းမာစတာရှောင်နဲ့ ဘာမှ မဆက်နွယ်တဲ့ လူငယ်လေး တစ်ယောက်ကို ဂရမ်းမာစတာရှောင်က ဒီစိတ်ဝိဥာဉ် အစီအရင် နှစ်ခုကို သင်ပေးမယ်လို့ ချန်ဘိုင်လျန် မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်မှာပဲ ပြန်ပြုံးလိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ဆေးပညာ နည်းစနစ်တွေဆိုတာ ခိုးယူလို့ မရဘူး။ လုံးဝကို မရတာ။ ဒါပေမယ့် ဂရမ်းမာစတာက မင်းကို သင်ပေးခဲ့မှတော့ အားလုံးက အဆင်ပြေသွားပြီပေါ့”
ရှောင်ဖူချန်းနဲ့ သူ့ကြားက ဆက်ဆံရေးကို လူသိရှင်ကြား မထုတ်ဖော်တာက သူ့မှာ ကိစ္စအချို့ ရှိနေတာကြောင့်လို့ပဲ ချန်ဘိုင်လျန် တွေးလိုက်ပါတယ်။
သူတို့ကြား စကားနည်းနည်းလေးသာ ပြောသွားခဲ့ပေမယ့် ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲတွေက တစ်ခုခုကို သိလိုက်ရပါတယ်။
ရန်ကျောင်း မခွဲခြားနိုင်တဲ့ စိတ်ဝိဥာဉ် အစီအရင်နှစ်ခုရဲ့… နောက်ခံက တော်တော်လေး ကြီးမားပါတယ်။
“စီနီယာက ဒီစိတ်ဝိဥာဉ် အစီအရင်ကို သိလို့လား” ရန်ကိုင်က သိချင်စိတ်နဲ့ မေးလိုက်တယ်။ ဒီစိတ်ဝိဥာဉ် အစီအရင် အကြောင်း ချန်ဘိုင်လျန် မသိရင် သူအခုလိုမျိုး ပြင်းပြင်းထန်ထန် တုန့်ပြန်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ထိုစိတ်ဝိဥာဉ် အစီအရင်နှစ်ခုကို အစစ်အမှန် ဆေးပညာနည်းလမ်း တွေထဲက သူရခဲ့တာပါ။ ချန်ဘိုင်လျန် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
ရန်ကိုင် မေးခွန်းကို ကြားလိုက်တာနဲ့ ရန်ကျန်းနဲ့ ကျန်ရှိနေတဲ့ အကြီးအကဲ အားလုံးရဲ့ အကြည့်က ချန်ဘိုင်လျန်ဆီ ရောက်ရှိသွားခဲ့တယ်။ ချန်ဘိုင်လျန်က ခေါင်းသာခါရမ်းလိုက်ပြီး အတိတ်က အကြောင်းအရာ တစ်ခုခုကို လွမ်းမောတသ ဖြစ်နေတဲ့ အမူအရာနဲ့ ပြုံးလိုက်တယ်။
“လခွမ်း၊ ငါတို့ကို ပြောစမ်းပါဆိုကွာ” ရန်ကျန်း သူ့သိချင်စိတ်ကို မအောင့်အည်း နိုင်တော့တဲ့အတွက် ချန်ဘိုင်လျန်ကို အော်ဟစ် ဆဲဆိုအမိန့်ပေးလိုက်တယ်။
အခြားအချိန်တွေမှာဆို ရန်မိသားစုရဲ့ ဆေးပညာရှင် ခေါင်းဆောင်က အခုလိုမျိုး အချိန်အကြာကြီး တိတ်ဆိတ်နေလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်၌ သူ့ကြည့်ရတာ သူ့ကိုယ်ပိုင် အတွေးရေယာဉ်ထဲ နစ်မြောနေတဲ့ ပုံစံပါပဲ။ အချိန်အတော် ကြာအောင် တိတ်ဆိတ်နေပြီးမှပဲ စကား ပြန်ပြောလာခဲ့တယ် “လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် ပြိုင်ပွဲမှာ စိတ်ဝိဥာဉ် အစီအရင်တစ်ခုကို လေ့လာဖို့ ငါအခွင့်အရေး ရခဲ့တယ်။ ဒါပေမယ့် အဲ့စိတ်ဝိဥာဉ် အစီအရင်က တစ်ဝက်တစ်ပျက်ကြီး ဖြစ်နေခဲ့တယ်”
ရန်ကိုင် မျက်ခုံးတွေ့ကွေးသွားခဲ့ပြီး ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာကို ရုတ်တရက် နားလည်သွားခဲ့တယ်။
“အဲ့ဆေးပညာရှင် ပြိုင်ပွဲမှာ ဂျီးနီးယပ် များစွာက တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်ခဲ့ကြတယ်။ ဒီလူအိုကြီးက စမ်းသပ်မှု များစွာကို ကျော်ဖြတ်ပြီး ပြိုင်ဘက်ဒါဇင်ကျော်ကို အနိုင်ယူခဲ့တယ်။ အဲ့လိုနဲ့ နောက်ဆုံး အဆင့်ကို ငါရောက်သွားခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ရှောင်ဖူချန်းဆိုတဲ့ လူတစ်ယောက်ကို ငါရှုံးနိမ့်သွားခဲ့ရတယ်” ချန်ဘိုင်လျန်က ရန်ကိုင်ကို ပြုံးကာ ကြည့်လိုက်ပြီး “ဂရမ်းမာစတာရှောင်က ဂျီးနီးယပ် တစ်ယောက်ပဲ၊ သူက ဆေးပညာလမ်းစဉ်ကို လိုက်စားဖို့ မွေးဖွားလာခဲ့တဲ့ လူတစ်ယောက်ဆိုလည်း မမှားဘူးကွ။ သူ့ကို ရှုံးနိမ့်ခဲ့ရတာ ငါ့အတွက် နည်းနည်းလေးတောင် ရှက်စရာ မကောင်းခဲ့ဘူး”
ရန်ကျန်းက လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ သိုင်းတာအို လမ်းစဉ်ကို လိုက်စားတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ဆေးပညာလမ်းစဉ်ကို သူနားမလည်သလို အမြင့်တန်း ဆေးပညာရှင်တွေကြားက စိတ်ချင်း သဘောပေါက် နားလည်မှုနဲ့ လေးစားမှု ဆိုတာကိုလည်း သူနားမလည်ပါဘူး။
“ဆေးပညာရှင် ပြိုင်ပွဲမှာ အကောင်းဆုံး လက်စွမ်းပြနိုင်တဲ့ ဆေးပညာရှင်တွေက ဆေသူတော်စင် တောင်ထွတ်မှာ ရှိတဲ့ ဆေးသူတော်စင်ရုပ်ထုတော်နဲ့ အစစ်အမှန် ဆေးပညာ နည်းလမ်းတွေကို လေ့လာခွင့်ရခဲ့တယ်” ချန်ဘိုင်လျန်က သူ့အတိတ် မှတ်ဥာဏ်တွေထဲ နစ်မြောနေရင်း ပြောလိုက်တယ် “ရှောင်ဖူချန်းနဲ့ ငါတို့ နှစ်ယောက် ဆေးသူတော်စင် တောင်ထွတ်ဆီ အတူတူ သွားခဲ့တာပေါ့။ အဲ့တောင်ထွတ်မှာ ဆေးသူတော်စင် ရုပ်ထုဆီကနေ တစ်ပိုင်းတစ်စ စိတ်ဝိဥာဉ် အစီအရင် တစ်ခုကို ငါတို့ ရရှိခဲ့တယ်။ ဒီလူအိုကြီးရဲ့ အကြီးမားဆုံး နောင်တက အဲ့စိတ်ဝိဥာဉ် အစီအရင်ရဲ့ ပြီးပြည့်စုံတဲ့ ပုံစံကို မမြင်တွေ့လိုက်ရတာပဲ”
“အဲ့နောက်ပိုင်း ငါက ရန်မိသားစုဆီ လာခဲ့ပြီး ရှောင်ဖူချန်းက ဆေးဘုရင်တောင်ကြားဆီ ဝင်သွားခဲ့တယ်၊ ဟဲဟဲ”
ချန်ဘိုင်လျန်က ပြုံးကာ ဆက်ပြောလိုက်တယ် “လွန်ခဲ့တဲ့ နှစ်သုံးဆယ် အတွင်း ရှောင်ဖူချန်းနဲ့ငါ မကြာခဏ တွေ့ဆုံလေ့ရှိတယ်။ အားတဲ့အချိန်တိုင်း ဆေးဘုရင်တောင်ကြားဆီ သွားပြီး အဲ့တစ်ဝက်တစ်ပျက် စိတ်ဝိဥာဉ် အစီအရင်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ဖို့အတွက် သွားလေ့လာလေ့ရှိတယ်။ ဒါပေမယ့် နှစ်ပေါင်း သုံးဆယ် ကြာခဲ့တာတောင် ငါ မအောင်မြင်နိုင်ခဲ့ဘူး”
“တိမ်မိစ္ဆာနယ်မြေက ဆေးဘုရင်တောင်ကြားကို တိုက်ခိုက်ခဲ့တယ်လို့ ငါကြားလိုက်တုန်းက ငါ့တစ်ဘဝလုံး ပြီးပြည့်စုံတဲ့ စိတ်ဝိဥာဉ် အစီအရင်ကို ဘယ်တော့မှ ပြန်မမြင်နိုင်တော့ဘူးလို့ ထင်ခဲ့တာ၊ ငါဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး…ဟား… ဟားဟား…. ဟားဟားဟား”
ချန်ဘိုင်လျန်က အပေါ်ကို မော့ကြည့်ရင်း ပျော်လည်းပျော်၊ ခါးလည်း ခါးသီးနေတဲ့ အမူအရာနဲ့ “ရှောင်ဖူချန်းကတော့ တကယ်ကို ရှောင်ဖူချန်းပါပဲ။ ဒီလူအိုကြီးထက် အမြဲတမ်း ခြေတစ်လှမ်း စောနေတယ်။ ဒီစိတ်ဝိဥာဉ် အစီအရင်ကို ပြီးပြည့်စုံအောင် သူလုပ်နိုင်ခဲ့လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဒီလူအိုကြီးက ဒီလောကကြီး တစ်ခုလုံးရဲ့ အကောင်းဆုံး ဆေးပညာရှင်နဲ့ တကယ်ကို မယှဉ်ပြိုင်နိုင်ဘူး။ အတော်ဆုံး ဆေးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်တာပဲ”
သူယူလာတဲ့ စိတ်ဝိဥာဉ် အစီအရင်မှာ အခုလို စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ရှိနေခဲ့လိမ့်မယ်လို့ ရန်ကိုင် မထင်ထားခဲ့ပါဘူး။ ရှောင်ဖူချန်းလို လူမျိုးတောင် ဆေးသူတော်စင် ရုပ်ထုဆီကနေ ဒီအစီအရင်တစ်ဝက်ကိုပဲ ရရှိနိုင်ခဲ့တယ်ဆိုတော့ အစစ်အမှန် ဆေးပညာနည်းလမ်းက ဘယ်လောက်တောင် နက်နဲ ဆန်းကြယ်မလဲ ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒီစိတ်ဝိဥာဉ် အစီအရင် ထွက်ပေါ်လာမှုက ဒီလောက်ကကြီးရဲ့ အကောင်းဆုံး ဆေးပညာရှင် နှစ်ယောက်ကို ခေါင်းရှုပ်အောင် လုပ်ခဲ့တဲ့ ပဟေဠိကို ဖြေရှင်းပေးနိုင်ခဲ့တယ်။
နားလည်မှုလွဲတာလေးတွေ ရှိနေပေမယ့် ရန်ကိုင်က နည်းနည်းလေတးတောင် ဝင်ပြောဖို့ မစဉ်းစားထားပါဘူး။ အစကတည်းက ဒီစိတ်ဝိဥာဉ် အစီအရင်တွေကို ရှောင်ဖူချန်းဆီကနေ ရခဲ့တယ်လို့ ပြောဖို့ စီစဉ်းပြီးသားပါ။
“ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းပြောတာ လုံလောက်သွားပြီ။ အခု ဒီစိတ်ဝိဥာဉ် အစီအရင်နှစ်ခုက အသုံးဝင်လား၊ မဝင်ဘူးလား ဆိုတာကိုပဲ ငါတို့ကို ပြောတော့” ရန်ကျန်း စိတ်မရှည်နိုင်တော့ပဲ လိုရင်းကို တိုက်ရိုက်မေးလိုက်တယ်။
“အသုံးဝင်လား ဟုတ်လား” ချန်ဘိုင်လျန်က နှာခေါင်းရှုံ့လိုက်ပြီး “ဒီစိတ်ဝိဥာဉ် အစီအရင်နှစ်ခုက ဘယ်လိုလုပ်ပြီး အသုံးမဝင်ရမှာလဲ။ ဒါတွေက ဆေးသူတော်စင်ရုပ်ထုက စိတ်ဝိဥာဉ် အစီအရင်တွေကွ။ ဆေးသူတော်စင်ကိုယ်တိုင် ချန်ရစ်ခဲ့တဲ့ ရတနာက အသုံးမဝင်ပဲ နေမလားဟ”
“အဲ့ဒါဆိုရင် အဲ့နှစ်ခုရဲ့ တန်ဖိုးက” ရန်ကျန်းက စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ မေးလိုက်တယ်။
“တိုင်းတာလို့ မရဘူး” ချန်ဘိုင်လျန်က လေးနက်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံး ခွတီးခွကျ ဖြစ်ကုန်ပါတော့တယ်။ ဒီတစ်ကြိမ် ရန်ကိုင် ပေးအပ်ခဲ့တဲ့ ပစ္စည်းနှစ်ခုရဲ့ တန်ကြေးက အရမ်းကို မြင့်မားလွန်းလို့ ရန်ကိုင်ကို ဘယ်လောက်အထိ ဆုချသင့်လဲ ဆိုတာကို ရန်ကျန်းတောင် မဆုံးဖြတ်နိုင်တဲ့အထိ ဖြစ်သွားခဲ့တယ်။
“ဒီစိတ်ဝိဥာဉ် အစီအရင်နှစ်ခုကို ကျုပ်ယူသွားလိုက်မယ်။ ဒီလူအိုကြီးက ဒီနှစ်ခုကို သေသေချာချာ လေ့လာရမယ်” ချန်ဘိုင်လျန်ရဲ့ သုန်မှုန်နေတဲ့ မျက်နှာထက် အပြုံးပန်း တစ်ထောင်တို့ ပွင့်လန်းနေခဲ့တယ်။ ကျောက်စိမ်းပြား နှစ်ချပ်ကို ပျောက်သွားမှာ စိုးနေသည့်အလား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။
“ကောင်းတယ်၊ မင်းနဲ့အတူ ယူသွားလိုက်။ ဒါပေမယ့် အပြင်ကို မပေါက်ကြားစေရဘူး ဆိုတာကိုတော့ သေချာမှတ်ထားနော်၊ ရန်မိသားစုရဲ့ စည်းမျဉ်းတွေကို မင်းသိတယ်မလား” ရန်ကျန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
ချန်ဘိုင်လျန်က မျက်ခွံ့လှန်လိုက်ပြီး “ဒီလူအိုကြီး ရန်မိသားစုမှာ နေလာတာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာသွားပြီ။ ရန်မိသားစုရဲ့ စည်းမျဉ်းတွေကို ငါဘယ်လိုလုပ်ပြီး မသိပဲ နေပါ့မလဲ”
ရန်ကိုင်က ကျေနပ်နေတဲ့ အမူအရာနဲ့ အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
ချန်ဘိုင်ချန်က ရန်ကိုင်ဘက် လှည့်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ မေးလိုက်တယ် “ကောင်လေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ”
ရန်ကိုင်က ပေါ့ပေါ့ပါးပါးနဲ့ပဲ သူ့နာမည်ကို ပြန်ပြောလိုက်တယ်။
ချန်ဘိုင်လျန်က ရန်ကိုင်ပခုံးကို ရင်နှီးနေတဲ့ သူငယ်ချင်းတွေလို ပုတ်လိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်။ ဒီလူအိုကြီး မင်းကို မှတ်ထားမယ်။ ငါအားလို့ရှိရင် မင်းကို အိမ်ခေါ်ပြီး လက်ဖက်ရည်လေး၊ ဘာလေး တိုက်ရတာပေါ့”
ပြောပြီးတာနဲ့ ချန်ဘိုင်လျန်က အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ပြီး စိတ်အားတက်ကြွစွာနဲ့ အခန်းထဲကနေ ထွက်သွားလိုက်တယ်။
ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံး ထိတ်လန့် အံ့အားသင့်သွား ခဲ့ရပြန်တယ်။ အချို့ဆိုရင် သူတို့ကိုယ် သူတို့ အိမ်မက်မက်နေတာလား လို့တောင် ထင်နေရတဲ့အထိပါ။
ချန်ဘိုင်လျန်က ဂျူနီယာတစ်ယောက်ကို တကယ်ပဲ သူ့အိမ်ဆီ လက်ဖက်ရည်သောက် ဖိတ်ခေါ်ခဲ့တယ်။
ရန်မိသားစုရဲ့ ဆေးပညာရှင် ခေါင်းဆောင်က ထိုလူအိုကြီး တော်တော်များများကို လက်ဖက်ရည်သောက် ဖိတ်ခေါ်ဖို့ အသာထား၊ စကားကိုတောင် ချိုချိုသာသာနဲ့ ပြောတာ မဟုတ်ပါဘူး။
လူငယ်မျိုးဆက်သာမက လူကြီးမျိုးဆက်မှာပါ ချန်ဘိုင်လျန်ရဲ့ လက်ဖက်ရည်သောက် ဖိတ်ခေါ်ခြင်းကို ခံရတယ်ဆိုတာ တကယ်ကို အခွင့်အလမ်းကြီး တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားမယ် ဆိုရင် ဗဟိုမြို့တော် တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားနိုင်ပါတယ်။
ချန်ဘိုင်လျန် ထွက်သွားပြီး ခဏအကြာမှာတော့ လူအိုကြီးတွေ အကုန်လုံး တိတ်တဆိတ်နဲ့ ခေါင်းရမ်းလိုက်တယ်။ သူ့တို့ စိတ်ထဲမှာတော့ ရန်ကိုင်ရဲ့ ကံကောင်းမှုကို ကြိတ်ပြီး မနာလို ဖြစ်နေမိခဲ့ကြတယ်။ ထိုကောင်က ရှောင်ဖူချန်းလို လူမျိုးနဲ့ ဆက်ဆံရေး တစ်ခု ထူထောင်ထားနိုင်တဲ့ အပြင် ရှောင်ဖူချန်းရဲ့ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသခြင်းကိုလည်း ခံခဲ့ရပါတယ်။
“အကြီးအကဲကျန်း” ရန်ကိုင်က လှမ်းခေါ်လိုက်တယ်။ “ကျုပ်ပေးခဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို ဆုံးဖြတ်ပြီးသွားပြီ ဆိုတော့ သွေးစစ်သည်တော် နှစ်ယောက်နဲ့ လဲလှယ်လို့ ရပြီပေါ့နော်”
ရန်ကျန်းက မျက်ခွံလေး လှန်ရင်း တိုးတိုးလေး ပြောလိုက်တယ် “ရတယ်။ ဒါပေမယ့် မင်းကို သတိပေးစရာ ရှိသေးတယ်။ သွေးစစ်သည်တော်ရဲ့ ခွန်အားပေါ် မူတည်ပြီး မင်းလိုအပ်တဲ့ အကျိုးဆောင်မှတ် ပမာဏကလည်း ကွဲပြားသွားလိမ့်မယ်”
“အဲလိုဆိုရင်…. ကျုပ်ရဲ့ လက်ရှိအကျိုးဆောင် အမှတ်နဲ့ ဘယ်လို သွေးစစ်သည်တော်များ ရလောက်လဲ”
“အဟန့်… အဟန့်” ရန်ကျန်းက အသာအယာလေး ချောင်းဟန့်လိုက်ပြီး “သွေးစစ်သည်တော် ခန်းမထဲက မင်းကြိုက်တဲ့ သွေးစစ်သည်တော်ကို ရွေးလို့ရတယ်၊ ခန်းမသခင်နဲ့ လက်ထောက် ခန်းမသခင်ကိုပါ ရွေးလို့ရသေးတယ်”
“ခန်းမသခင်နဲ့ လက်ထောက်ခန်းမသခင်လား” ရန်ကိုင်က အံ့ဩတကြီး ရေရွတ်လိုက်တယ်။
“ဟုတ်တယ်၊ နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်မှာ ရှိနေတာ” ရန်ကျန်းက ခေါင်းညိတ်လိုက်ပြီး “သူတို့ နှစ်ယောက်သာ မင်းကို စောင့်ကြပ်ပေးမယ် ဆိုရင် ဒီအမွေခံတိုက်ပွဲမှာ ဘယ်သူကမှ မင်းနား ကပ်နိုင်တော့မှာ မဟုတ်ဘူး”
ဒီတစ်ကြိမ် ရန်ကိုင် ရလိုက်တဲ့ အကျိုးဆောင်အမှတ်က တော်တော်လေး များတဲ့ပုံပါပဲ။ ထို့ကြောင့် ရန်ကျန်းက သူ့အကျိုးဆောင် အမှတ်တွေကို မြန်မြန် ကုန်သွားအောင် လုပ်ချင်နေတာ ဖြစ်လောက်ပါတယ်။ ထို့ကြောင့်ပဲ ခန်းမသခင်နဲ့ လက်ထောက်ခန်းမသခင်တို့ကိုပါ ရွေးလို့ရတယ်လို့ ရန်ကျန်းက ရန်ကိုင်ကို အကြံပေးခဲ့ခြင်းပါ။
ကံမကောင်းစွာနဲ့ပဲ ရန်ကိုင်က ရန်ကျန်းရဲ့ အကြံပြုချက်ကို ပယ်ချလိုက်တယ် “ကျုပ်သူတို့ကို မလိုချင်ဘူး”
ရန်ကိုင် ပြောတာကို ကြားလိုက်တော့မှပဲ ရန်ကျန်း တိတ်တဆိတ် သက်ပြင်း ချလိုက်နိုင်ခဲ့တယ်။ ထို့နောက် ခေါင်းညိတ်ပြလိုက်ပြီး “သူတို့ကို မလိုချင်ဘူးဆိုရင် ဘယ်သူတွေကို မင်းလိုချင်တာလဲ”
“ကျူကောင်းရီနဲ့ ရင်းဂျု” ရန်ကိုင် လေးယောက်သခင်လေး ရန်ရှင်းဝူကို ကာကွယ်ပေးခဲ့တဲ့ သွေးစစ်သည်တော် နှစ်ယောက်ရဲ့ နာမည်ကို ပြောလိုက်တယ်။
ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲ အားလုံးရဲ့ မျက်နှာ အမူအရာ တစ်မျိုးတစ်မည် ထူးဆန်းသွားခဲ့တယ်။ အားလုံးက အံ့အားသင့်နေတဲ့ အကြည့်တွေနဲ့ ရန်ကိုင်ကို အထူးအဆန်း တစ်ယောက်ကို ကြည့်နေသလို ဝိုင်းကြည့်နေခဲ့ကြတယ်။
ကျူကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်က သွေးစစ်သည်တော် ခန်းမမှာ ပါရမီအရှိဆုံး သွေးစစ်သည်တော် နှစ်ယောက်ပါ။ အကြီးအကဲတွေ အားလုံးကလည်း သူတို့ နှစ်ယောက်ကို တော်တော်လေး မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ရန်ရှင်းဝူ ကိစ္စကြောင့် မိသားစုရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး သူတို့ နှစ်ယောက်ရဲ့ အဆင်းအတန်းကလည်း သိသိသာသာကို ထိုးကျသွားခဲ့တယ်။
ထိုသွေးစစ်သည်တော် နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး အကြီးအကဲတွေ တော်တော်လေး စိတ်မကောင်း ဖြစ်သွားခဲ့မိတယ်။ ဒါပေမယ့် ရန်မိသားစုရဲ့ စည်းမျဉ်းတွေက ဘယ်သူမှ ချိုးဖျက်လို့ မရတဲ့ အကြွင်းမဲ့ သံမဏိ စည်းမျဉ်းတွေ ဖြစ်တဲ့အတွက် ထိုနှစ်ယောက်ကို သူတို့တွေ အပြစ်ပေးခဲ့ရပါတယ်။
ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ သူတို့ နှစ်ယောက်စလုံးကို ဘယ်သူကမှ ရွေးချယ်တော့လိမ့်မှာ မဟုတ်ဘူးလို့ အကြီးအကဲတွေ ထင်နေခဲ့ကြတာပါ။ ဒါပေမယ့် သခင်လေးတွေထဲက အငယ်ဆုံးဖြစ်တဲ့ ရန်ကိုင်က ထိုနှစ်ယောက်ကို ရွေးလိုက်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။
ခန်းမသခင်နဲ့ လက်ထောက်ခန်းမသခင်တို့ကို လိုချင်တယ်လို့ ပြောရင်တောင် အကြီးအကဲတွေ အကုန်လုံး ဒီလောက် အံ့အားသင့်နေမှာ မဟုတ်ပါဘူး။
အားအကောင်းဆုံး သွေးစစ်သည်တော် နှစ်ယောက်ကို မရွေးချယ်ပဲ အိပ်ရာထက် လဲလုနီးပါး ဖြစ်နေတဲ့ သွေးစစ်သည်တော် နှစ်ယောက်ကို ရွေးလိုက်တယ် ဆိုတော့ ဒီရန်ကိုင်က အရူး တစ်ယောက် ဟုတ်ရင်ဟုတ်… မဟုတ်ရင်…. သူတစ်ခုခုကို အစီအစဉ် ချနေတာပဲ ဖြစ်ရပါမယ်။
ရန်ကျန်းက ရန်ကိုင်ကို စိုက်ကြည့်ရင်း နက်နက်နဲနဲ တွေးတောလိုက်ပြီးနောက် ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “နှစ်ယောက်စလုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာနော်၊ မင်းသူတို့ကို လိုချင်တယ် ဆိုတာ သေချာလား”
“အင်း”
“စိတ်ဝင်စားစရာပဲ” ရန်ကျန်းက ပြုံးလိုက်ပြီး “မင်းရဲ့ အာသီသက အရမ်းကို ကြီးမားတာပဲ”
ခဏလေးအတွင်းမှာပဲ ရန်ကိုင် အတွေးတွေကို ရန်ကျန်း ထိုးဖောက် မြင်သွားတဲ့ ပုံပါပဲ။ ရန်ကိုင်ကတော့ အမှုမထားသည့် ဟန်ပန်နဲ့ ပုခုံးသာ တွန့်ပြလိုက်တယ်။
“မင်းက လိုချင်နေတယ် ဆိုမှတော့ ငါကလည်း မပေးလို့ ဘယ်ဖြစ်ပါ့မလဲ” ရန်ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး “အဲ့နှစ်ယောက်ကို သုံပြီး အမွေခံတိုက်ပွဲကို ဘယ်လို မုန်တိုင်းထန်အောင် လုပ်မလဲ ဆိုတာကို ငါကောင်းကောင်း ကြည့်ချင်သေးတယ်။ ကို့ယ့်အတက် ကိုယ်ပြန်စူးမယ့် အလုပ်မျိုး လုပ်နေတာ မဟုတ်ဖို့တော့ ငါမျှော်လင့်ပါတယ်။ ဟားဟား၊ နောက်ကျမှ နောင်းတမရနဲ့ဦး”
“ဘာလို့ ရရမှာလဲ။ ကျုပ်ကိစ္စနဲ့ ပက်သက်ပြီး အကြီးအကဲကျန်း စိုးရိမ်ပေးစရာ မလိုပါဘူး”
ရန်ကျန်းက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး အဆင့်မြင့် စာရွက်တစ်ရွက်ကို အကြီးအကဲခန်းမ တံဆိပ် ရိုက်နှိပ်ပေးလိုက်ကာ ရန်ကိုင်ဆီ ပစ်ပေးလိုက်တယ်။
ရန်ကိုင်က စာရွက်ကို ဖမ်းယူလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်တယ်။ ပြီးတော့မှပဲ ကျေနပ်နေတဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောလိုက်တယ် “အကြီးအကဲကျန်းကို ကျေးဇူးအများကြီး တင်ပါတယ်”
“ကောင်းပြီ။ သွေးစစ်သည်တော် နှစ်ယောက်ကို ရွေးပြီးသွားပေမယ့် မင်းမှာ အကျိုးဆောင် အမှတ်တွေ အများကြီး ကျန်သေးတယ်။ အဲ့အကျိုးဆောင် အမှတ်တွေကို မင်းဘာနဲ့ လဲလှယ်ချင်လဲ” ရန်ကျန်းက မျက်ခုံးပင့်လိုက်ပြီး မေးလိုက်တယ် “အမွေခံတိုက်ပွဲအတွက် မင်းအရမ်းကြီး ပြင်ဆင်ထားမှာ မဟုတ်ဘူး”
“ကျုပ်မှာ အကျိုးဆောင်မှတ် ဘယ်လောက်တောင် ကျန်သေးတာလဲ” ရန်ကိုင်က သိချင်စိတ်နဲ့ မေးလိုက်တယ်။
“အများကြီးပဲ” ရန်ကျန်းက မရေမရာနဲ့ ပြောလိုက်တယ်။ ရန်ကိုင့် အကျိုးဆောင် အမှတ်က များလွန်းလို့ သူကိုယ်တိုင်အောင် ရန်ကိုင်မှာ ဘယ်လောက် ကျန်နေသေးလဲ ဆိုတာကို မသိတဲ့အထိ ဖြစ်နေခဲ့ပါတယ်။
“အဲ့အမှတ်တွေ အားလုံးကို အနည်းဆုံး ကောင်းကင်အဆင့်၊ ဖြစ်နိုင်ရင် ဆန်းကြယ်အဆင့် ဆေးအမယ်တွေနဲ့ လက်နက်သန့်စင်တဲ့ ကုန်ကြမ်းတွေနဲ့ လဲလှယ်ပေးပါ”
Martial Peak
အပိုင်း (၄၁၀) သွေးစစ်သည်တော် ခန်းမ
ရန်ကိုင် ပြောတာကို နားထောင်ရင်း ရန်ကျန်း ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိတယ်။ ရန်ကိုင် တောင်းဆိုချက်က ဒီလောက်အထိ ရိုးရှင်းလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ ထို့ကြောင့် ခေါင်းညိတ်ရင်း ပြန်ပြောလိုက်တယ် “မင်းလိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီး မင်းအိမ်ဆီ ပို့ပေးလိုက်မယ်”
“အကြီးအကဲကျန်းရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ တပည့် သွားလိုက်ပါဦးမယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ခန်းမထဲကနေ လှည့်ထွက်သွားလိုက်တယ်။
“ကောင်ဆိုးလေး၊ အမွေခံတိုက်ပွဲမှာ အစောကြီး ရှုံးမသွားစေနဲ့ဦးနော်” ရန်ကျန်းက နောက်ကနေ အော်ပြောလိုက်တယ်။
“အကြီးအကဲကျန်း စိုးရိမ်နေစရာ မလိုပါဘူး၊ အေးအေးဆေးဆေးသာ စောင့်ကြည့်နေပါ”
ပြောပြီးတာနဲ့ ရန်ကိုင်က အားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်။
“သွေးနားထင် ရောက်နေတဲ့ ကောင်စုတ်လေးပဲ” ရန်ကျန်း နှာခေါင်းရှုံ့လိုက်တယ်။
ချန်ဘိုင်လျန်ကို သွားခေါ်တဲ့ အကြီအးကဲ ဝဝက မျက်မှောင်ကြုံ့ကာ တိုးတိုးလေး ပြောလိုက်တယ် “ရန်ကျန်း၊ အဲ့ကောင်စုတ်လေးက အလောင်းအစား အကြီးကြီး လုပ်လိုက်တာပဲ၊ အလောင်းအစားသာ မနိုင်ရင် သူ့တော့ ကံအကြီးကြီး ဆိုးပြီပဲ”
“အမွေခံတိုက်ပွဲ တစ်ခုလုံးက အလောင်းအစားပဲလေ။ ကျန်တဲ့ ကလေးတွေကကော ဒီအခွင့်အရေးကို မမြင်ဘူးလို့ မင်းထင်နေတာလား။ သူတို့ မမြင်တာ မဟုတ်ဘူး၊ အခုလိုမျိုး ဆုံးဖြတ်ချက်ကို သူတို့ မချရဲတာ။ သူတစ်ယောက်ပဲ လုပ်ရဲတယ်” ရျန်ကျန်း မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး အသာအယာလေး ခေါင်းညိတ်လိုက်တယ် “ရေတိုမှာတော့ ဘာမှ ဖြစ်မလာနိုင်ပေမယ့် အနည်းဆုံးတော့ သွေးစစ်သည်တော် ခန်းမဆီ အားလုံးထက် ခေါင်းတစ်လုံး သာသွားနိုင်ခဲ့ပြီလေ။ လေးယောက်မြောက် အစ်ကိုရဲ့ အိမ်က ကောင်စုတ်လေးက တကယ်ကို လက်ရဲဇက်ရဲတာပဲ။ ရန်မိသားစုဝင်ဆိုတာ သူ့လိုမျိုး ဖြစ်နေသင့်တာ”
ထိုသွေးစစ်သည်တော် နှစ်ယောက်ကို ရန်ကိုင် ရွေးလိုက်တဲ့ အကြောင်းအရင်းကို ထိုမြွေခွေးအိုကြီးတွေ နားမလည်ပဲ ဘယ်နေပါ့မလဲ။ အမွေခံတိုက်ပွဲမှာသာ အစောကြီး ရှုံးနိမ့်မသွားခဲ့ရင် ထိုရွေးချယ်မှုကြောင့် သူ့အနာဂတ်က ပိုပြီး တောက်ပလာမှာပါ။ တစ်ခုတည်းသော မေးခွန်းက ဒဏ်ရာရနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်နဲ့ အစပိုင်းမှာ တောင့်ခံနိုင်မှာလား ဆိုတာပါပဲ။
သွေးစစ်သည်တော် ခန်းမ…
ဒီနေရာက ရန်မိသားစုရဲ့ အထူးနေရာ တစ်ခုဖြစ်တဲ့ သွေးစစ်သည်တော်တွေ အားလုံးရဲ့ နားနေရာ တစ်ခုဖြစ်တဲ့ ဌာနချုပ်ပါပဲ။ မီတာဒါဇင်အကွာကတောင် သွေးစစ်သည်တော် ခန်းမတစ်ဝိုက် ရစ်သိုင်းနေတဲ့ တိုက်ခိုက်လိုစိတ်ကို ခံစားမိနိုင်ပါတယ်။
ထိုမမြင်နိုင်တဲ့ အားက ထိတွေ့ကိုင်တွယ်လို့ ရလုနီးပါး ဖြစ်နေပြီး ထက်ရှတဲ့ ဓါးတစ်စင်းလို ကောင်းကင်တစ်ခုလုံး နှစ်ပိုင်းခွဲပစ်နိုင်ပါတယ်။
သွေးစစ်သည်တော်တွေက မွေးရာပါ တိုက်ခိုက်ရေး သမားတွေပါ။ သူတို့ရဲ့ အရည်အချင်းက တိုက်ခိုက်ဖို့အတွက် အထူးသီးသန့်ပါ။ သူတို့ရဲ့ ပြင်းပြတဲ့ တိုက်ပွဲဝင်လိုစိတ်က ရန်မိသားစုရဲ့ အမှတ်သညာပါ။ မတိုက်ခိုက်ပဲ နေရင်တောင် သွေးစစ်သည်တော်တွေရဲ့ သတ်ဖြတ်လိုစိတ်က အရမ်းကို ပြင်းထန်လှကာ သွေးစစ်သည်တော် ခန်းမတစ်ခုလုံးကို လွှမ်းခြုံနေခဲ့ပါတယ်။
သွေးစစ်သည်တော် ခန်းမနား နီးကပ်လာတာနဲ့ ခန်းမဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဟုန်ကြောင့် ရန်ကိုင်တောင် ထိတ်လန့် အံ့အားသင့်သွားခဲ့ရတယ်။ သူ့အမူအရာက ချက်ချင်းဆိုသလို လေးနက် တည်ကြည်သွားခဲ့တယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သွေးစစ်သည်တော် ခန်းမအပြင်ဘက်၌ လေးလေးစားစားနဲ့ မတ်တပ်ရပ်နေရင်း ရန်ကိုင် ရောက်လာမှာကို စောင့်နေခဲ့တယ်။ သူတို့ရှေ့မှာတော့ လက်နှစ်ဖက်ကို နောက်ပစ်ထားတဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ သက်လတ်ပိုင်းလူကြီး တစ်ယောက် ရှိနေခဲ့တယ်။ ထိုလူကြီးက ရိုးရှင်းတဲ့ အနက်ရောင် စစ်သည်တော် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူ့မျက်နှာက လုံးဝကို တည်ငြိမ်နေခဲ့ပါတယ်။ ဆံပင်တွေက သူ့ပခုံးထက် ဖြန့်ကျဲကျနေခဲ့ပြီး သူ့မျက်ဝန်းအစုံးက အေးစက်တဲ့ ကြယ်တစ်စင်းလို တောက်ပနေခဲ့တယ်။
သူက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ဖြစ်တဲ့ သွေးစစ်သည်တော် ခန်းမရဲ့ ခန်းမသခင် ဖုန်းရှန်ပါ။ သူ့သာ သွေးရူးသွပ်ခြင်း ပညာရပ်ကို သုံးပြီး တိုက်ခိုက်မယ်ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေကိုပါ လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက် နိုင်တယ်လို့ ပြောကြပါတယ်။
ထိုလူရဲ့ နာမည်က ဗဟိုမြို့တော်တစ်ခုလုံး ကျော်ကြားကာ အသက်ရှင်လျက် ရှိနေသေးတဲ့ အားအကောင်းဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။
တုဖုန်းနဲ့ တန်ယုရှန်းတို့ ပြန်လာတုန်းက ပြောပြတာကို နားထောင်ပြီးနောက် သခင်ငယ်လေး ဆိုတဲ့လူကို ဖုန်းရှန် နည်းနည်း စိတ်ဝင်စားမိသွားခဲ့တယ်။ ကျုကောင်းရီနဲ့ ရင်းဂျုက သူ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်ပါတယ်။ သွေးစစ်သည်တော် ခန်းမရဲ့ ခန်းမသခင် တစ်ယောက် အနေနဲ့ သူရဲ့ လက်အောက်ငယ်သားတွေကို သူဂရုစိုက်တာ ပုံမှန်ပါပဲ။
ကျုကောင်းရီနဲ့ ရင်းဂျုကို အသုံးပြုမယ့် သခင်ငယ်လေးက ဘယ်လိုမျိုးလဲ ဆိုတာကို သူလည်း မြင်ချင်မိပါတယ်။
ဒီနေ့၌ သွေးစစ်သည်တော် ခန်းမဆီ သခင်လေး များစွာ ရောက်လာခဲ့ပေမယ့် သခင်ငယ်လေး ဆိုတဲ့လူက အခုထိ ရောက်မလာသေးခဲ့ပါဘူး။ ဒါပေမယ့် ဖုန်းရှန် မျက်နှာထက် အလျင်စလိုနေသည့် အရိပ်အယောင်ကို နည်းနည်းလေးမှ မတွေ့ရပါဘူး။ နေရာမှာပဲ တိတ်တဆိတ်နဲ့ မတ်တပ်ရပ်နေခဲ့တယ်။
တုဖုန်းကတော့ ရင်တမမ ဖြစ်နေခဲ့တယ်။ မနေ့တုန်းက ရန်ကိုင်က သူနဲ့တန်ယုရှန်းတို့ နှစ်ယောက်ကို ကတိပေးခဲ့ပေမယ့်၊ ရန်ကိုင်ရဲ့ စကားကို နည်းနည်းလေးမှ သံသယမရှိပေမယ့်၊ ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်နဲ့ လဲလှယ်ဖို့ အကျိုးဆောင်အမှတ် လုံလုံလောက်လောက် ရန်ကိုင်မှာ မရှိမှာကို သူစိုးရိမ်နေခဲ့ပါတယ်။
ရန်ကိုင့်မှာသာ အကျိုးဆောင်အမှတ် လုံလုံလောက်လောက် မရှိခဲ့ရင် ဘယ်လိုတွေ ဖြစ်ကုန်မှာလဲ။
သူ့စိတ်ထဲ အတွေးပေါင်း သောင်းခြောက်ထောင်တို့ ပြေးလွှားနေစဉ်မှာပဲ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့ ပုံရိပ်တစ်ခုက အားလုံးရဲ့ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့တယ်။ ထိုပုံရိပ်က သူတို့သုံးယောက် ရှိနေတဲ့နေရာဆီ တုန့်ဆိုင်းခြင်းမရှိ လမ်းလျှောက်လာနေခဲ့တယ်။
“သူလား” ဖုန်းရှန်က မေးလိုက်တယ်။
“သူပဲ၊ သခင်ငယ်လေးပဲ” တုဖုန်းက ပြောလိုက်တယ်။ အခုမှပဲ သူ့ရင်ထဲက ကျောက်တုံးကြီး ကျသွားခဲ့ရတော့တယ်။ ချက်ချင်း ဆိုသလို စိတ်သက်သာရာ ရသွားခဲ့ပြီး တန်ယုရှန်းနဲ့ အကြည့်ချင်း ဖလှယ်လိုက်ကာ နှစ်ယောက်သား ပြုံးမိလိုက်ကြတယ်။
သခင်ငယ်လေးက သူ့စကား သူတည်ခဲ့တာပဲ။ ကံမကောင်းစွာနဲ့ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲမှာ သူတို့ နှစ်ယောက်စလုံး ရန်ကိုင် ဘက်ကနေ ကူပြီး မတိုက်ပေးနိုင်တော့ပါဘူး။ ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ နှစ်ယောက်စလုံး နောင်တရမိလိုက်ကြတယ်။
သွေးစစ်သည်တော် သုံးယောက်ဆီသို့ လမ်းလျှောက်လာလိုက်ရင်း ရန်ကိုင်ရဲ့ အာရုံက ချက်ချင်းဆိုသလို ဖုန်းရှန်ဆီ ရောက်ရှိသွားခဲ့တယ်။
ထက်ရှတဲ့ အလင်းတန်းတို့ ဖြာထွက်နေသယောင် ထင်ရတဲ့ မျက်ဝန်းတစ်စုံ၊ သိပ်သည်းလှတဲ့ သတ်ဖြတ်လိုသည့် အရှိန်အဝါ၊ ပြိုင်ဘက်ကင်း စွမ်းအားတွေကို ဖုံးကွယ်ထားတဲ့ ခန္ဓာကိုယ်တစ်ခု။
အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်
ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့တယ်။ ထိုလူရဲ့ ခွန်အားကို နားလည်ဖို့ အကြည့်တစ်ချက်ပဲ သူလိုအပ်ပါတယ်။ သူသာ ထိုကဲ့သို့ ပညာရှင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် တစ်ဖက်လူရဲ့ သာမန်ကာလျှံကာ လက်ဝါးတစ်ချက်ကတင် သူ့ကို သတ်ဖို့ လုံလောက်နေပါပြီ။ ဒီကျင့်ကြံခြင်း အဆင့် ကွာခြားမှုက လက်နက်တွေနဲ့ သူ့ကိုယ်ထဲမှာ ရှိနေတဲ့ ရွှေရောင်အရိုးခြောက်ရဲ့ နတ်ဆိုးချီတွေကတောင် ဖာထေးပေးနိုင်တာမျိုး မဟုတ်ပါဘူး။
ထိုလူက ကျင့်စဉ်တစ်ခုခုကို မလှည့်ပတ်ပဲ နေရာမှာသာ တည်တည်ငြိမ်ငြိမ်နဲ့ မတ်တပ်ရပ်နေပေမယ့် မိုးမြေစွမ်းအင် တွေက သူ့ကိုယ်ထဲ ညင်ညင်သာသာနဲ့ စီးဝင်နေတာကို ရန်ကိုင် သေသေချာချာ ခံစားမိပါတယ်။
ဒါက သွေးစစ်သည်တော်ခန်းမရဲ့ အားအကောင်းဆုံး ကျင့်ကြံသူပေါ့။
ရန်ကိုင် တိတ်တဆိတ် ခေါင်းညိတ်လိုက်တယ်။ ဗဟိုမြို့တော်ရဲ့ အထွတ်အထိပ်မှာ ရန်မိသားစု ရပ်တည်နေနိုင်တာ အကြောင်းပြချက် မရှိတာတော့လည်း မဟုတ်ပါဘူး။
ရန်ကိုင်က ဖြစ်သလိုသာ ဝတ်ဆင်ထားခဲ့တယ်။ ဈေးကြီးသည့် အဝတ်အစား တစ်ခုကိုမှ မဝတ်ဆင်ထားသလို သူ့ဝတ်ဆင် ထားတဲ့ အဝတ်အစားတွေက သာမန်မိသားစုက သခင်လေးတွေ ဝတ်ဆင်တဲ့ အဝတ်အစားတွေထက်တောင် ပိုပြီး ရိုးရှင်းနေပါသေးတယ်။ သူက အရမ်းကို ငယ်ပါတယ်၊ ၁၈နှစ်တောင် မကျော်သေးတဲ့ ပုံပါ။ ဒါပေမယ့် သူ့ကျင့်ကြံခြင်း အဆင့်က အစစ်အမှန်ဒြပ်စင် အဆင့်၈ကို ရောက်နေခဲ့ပါပြီ။ အရေးအကြီးဆုံးကတော့ သူ့ပုံစံက တည်ငြိမ်နေတာပါ။ သူ့မျက်ဝန်းတွေက သာမန်လို့သာ ထင်ရပေမယ့် ထက်ရှတဲ့ အလင်းတန်းတွေက သူ့မျက်ဝန်းထဲ တစ်ခါတစ်ရံ လင်းလက် သွားလေ့ရှိပါတယ်။
ရန်ကိုင်ကို ကြည့်နေရင်း ဖုန်ရှန်း မျက်လုံး မှေးစဉ်းမိလိုက်တယ်။ သူ့အကြည့်ထဲ အသိအမှတ်ပြုသည့် အရိပ်အယောင် အချို့ ပါဝင်နေခဲ့တယ်။
ရန်ကိုင်ဆီကနေ ပြင်းထန် သိပ်သည်းတဲ့ သတ်ဖြတ်လိုသည့် အရှိန်အဝါကို သူခံစားမိပါတယ်။
သတ်ဖြတ်လို့သည့် အရှိန်အဝါ … ဖုန်းရှန်မှာလည်း သတ်ဖြတ်လိုသည့် အရှိန်အဝါ ရှိပါတယ်။ တစ်ခုတည်းသော ခြားနားချက်က သူ့အရှိန်အဝါက ရန်ကိုင်ထက် အများကြီး ပိုကောင်းနေတာပါ။ ထိုကဲ့သို့ အရှိန်အဝါမျိုးက ကျင့်ယူလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး၊ လူပေါင်းများစွာကို သတ်ဖြတ်ပြီးတော့မှပဲ ရလာနိုင်တာပါ။
သခင်ငယ်လေးက ငယ်ပေမယ့် လူပေါင်းများစွာကို သတ်ဖြတ်ပြီးပြီ။ သူက ရန်သူဖွဲ့လို့ ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဖုန်းရှန် မှတ်သားထားလိုက်တယ်။
ဖုန်းရှန်ကို ပိုပြီး သိလိုစိတ် ပြင်းပြသွားစေတာက ရန်ကိုင့် ကိုယ်ထဲ ပုန်းကွယ်နေတဲ့ ထူးဆန်းတဲ့ အားတစ်ခုပါ။ ထိုအားက သူ့ရဲ့ သတ်ဖြတ်လိုသည့် အရှိန်အဝါကိုတောင် လာပြီး သက်ရောက် နေခဲ့ကာ သူ့တစ်ကိုယ်လုံးကို ကြက်သီးမွှေးညင်း ထသွားစေခဲ့တယ်။ ထိုအားက သူ့နှလုံးသားတစ်ခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းယိုင် သွားစေခဲ့ပါတယ်။
ဒါပေမယ့် သေသေချာချာ စူးစမ်းကြည့်တာတောင် ထိုခံစားချက်က တော်တော်လေး ဝေဝါးနေခဲ့ပါတယ်။ သူ အသေအချာကို ခံစားမိတာ ဆိုလို့ ထိုကောင်လေးရဲ့ အစစ်အမှန်ချီက… အရမ်းကို သန့်စင်တယ် ဆိုတာပါပဲ။
တိတ်တဆိတ် ခေါင်းယမ်းလိုက်ပြီး ဖုန်းရှန် နဖူးကြောတို့ တွန့်ကွေး သွားခဲ့တယ်။
တစ်ချက် ကြည့်ရုံနဲ့ ထိုသခင်ငယ်လေး ဆိုတဲ့လူက ထင်သလောက် မရိုးရှင်းမှန်း ဖုန်းကျန် နားလည်လိုက်တယ်။ ဒါပေမယ့် ထိုအကြောင်းနဲ့ ပက်သက်ပြီး အရေးတယူ လုပ်မနေခဲ့ပါဘူး။ အဲ့အစား အသံထွက်ပြီးတော့သာ မေးလိုက်တယ် “သခင်လေးကိုင်လား”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို ကြည့်လိုက်တယ်။
နှစ်ယောက်စလုံး အလျင်အမြန် ရှေ့ထွက်လာလိုက်ပြီး တုဖုန်းက စပြောလိုက်တယ် “သခင်လေး၊ ဒါက ကျုပ်တို့ရဲ့ ခန်းမသခင် ဖုန်းရှန်ပါ”
“ဒီတော့ ဒါက ခန်းမသခင်ပေါ့” ရန်ကိုင်က နှုတ်ဆက်လိုက်တယ်။
“သခင်လေး၊ သွေးစစ်သည်တော်တွေကို ရယူဖို့အတွက် အကြီးအကဲ ခန်းမက ပေးလိုက်တဲ့ အထောက်အထား စာရွက် ပြဖို့ လိုပါတယ်” ဖုန်းရှန်က သူ့လက်ကို ဆန့်ထုတ်ပြီး ပြောလိုက်တယ်။ ရန်ကိုင်က အကြီးအကဲ ခန်းမဆီကနေ ယူလာတဲ့ စာရွက်ကို အလျင်အမြန်ပဲ ထုတ်ပေးလိုက်တယ်။
တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းရှန် ဖြေးဖြေးလေး ခေါင်းညိတ်လိုက်တယ်။ နောက်ဆုံးမှာတော့ ရှေးဟောင်းရေကန်တစ်ခုလို တည်ငြိမ်နေတဲ့ သူ့မျက်နှာထက် လှိုင်းတွန့်လေးတွေ ဖြစ်လာခဲ့လေပြီ “သခင်လေးကိုင်၊ ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ”
ရန်ကိုင်က ခန်းမထဲ လမ်းလျှောက်ဝင်သွားလိုက်တယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးက သူ့နောက်ကနေ ခပ်မြန်မြန် လိုက်သွားလိုက်ကြတယ်။
ဖုန်းရှန်ကတော့ ဝင်ပေါက်မှာသာ ဓါးတစ်ချောင်းလို ဖြောင့်စင်းစွာနဲ့ ရပ်ကျန်နေခဲ့တယ်။
သွေးစစ်သည်တော် ခန်းမထဲ ရောက်တာနဲ့ တုဖုန်းက သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “သခင်လေး၊ ခန်းမသခင် ဒီလောက် စကားအများကြီး ပြောတာ ကျုပ်တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ သခင်လေးတွေ အများကြီး လာခဲ့ပေမယ့် စကားပြောဖို့ အသာထား ခန်းမသခင်က သူတို့ကို တစ်ချက်ကလေးတောင် ကြည့်တာ မဟုတ်ဘူး။ ခန်းမသခင်လေးက သခင်လေးအပေါ် အကောင်းမြင်စိတ် ရှိတဲ့ပုံပဲ”
တန်ယုရှန်းကလည်း အံ့ဩစရာ တစ်ခုခုကို မြင်တွေ့လိုက်သလို ပုံစံနဲ့ ခေါင်းညိတ်ပြနေခဲ့တယ်။
“ကျုပ်ရဲ့ ပင်ကိုစရိုက်က နည်းနည်း ချီးကျူးစရာ ကောင်းတဲ့ပုံပဲ” ရန်ကိုင် အရေးမကြီးတဲ့ ပုံစံနဲ့ ရယ်မောလိုက်တယ်။
သို့ပေမယ့်လို့ တုဖုန်းက ခေါင်းခါလိုက်ပြီး “နည်းနည်လေး မဟုတ်ဘူး သခင်လေး။ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်ကို လိုလိုလားလားနဲ့ အသုံးပြုပေးလိုက်တာကြောင့် သွေးစစ်သည်တော် ခန်းမတစ်ခုလုံးက သခင်လေးကို ကျေးဇူးတင်နေတာပါ”
“အဲ့လောက်ကြီး လိုလို့လား” ရန်ကိုင်က အသာအယာလေး ရယ်မောလိုက်တယ်။
ဒါပေမယ့် ထိုစကားကို ပြောပြီးရုံရှိသေး အရှေ့ဘက်ကို ငေးကြောင်ကြည့်နေရင်း နေရာမှာပဲ အေးခဲနေခဲ့တယ်။
သူ့ရှေ့မှာတော့ သွေးစစ်သည်တော် အယောက်နှစ်ဆယ်ကျော်က စီတန်း ရပ်နေခဲ့တယ်။ အားလုံးရဲ့ မျက်ဝန်းထဲ သူ့ကို ကျေးဇူးတင်နေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နိုင်ပါတယ်။
သူနဲ့ အနီးဆုံးမှာ ရပ်နေတဲ့ လူက နောက်ထပ် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်တဲ့ သွေးစစ်သည်တော်ခန်းမရဲ့ လက်ထောက်ခန်းမသခင် ကျိုးဖုန်းပါ။
ကျန်ရှိနေတဲ့ သွေးစစ်သည်တော်တွေကို ကြည့်ရင်း ရန်ကိုင် စိတ်ထဲ အံ့အားသင့်မိနေခဲ့တယ်။
တစ်ယောက်ချင်းစီတိုင်းက အရမ်းကို အားကောင်းလှပြီး သူတို့ဆီကနေ မမြင်နိုင်တဲ့ အရှိန်အဝါတို့ ဖြာထွက်နေခဲ့တယ်။ ယောကျ်ားတွေနဲ့ မိန်းမတွေ အကုန်လုံးက အားကောင်းလှတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြပြီး သူတို့ထဲက အနိမ့်ဆုံးလူဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅မှာ ရှိနေပါတယ်။
ဒါပေမယ့် ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူတွေက ပထမအဆင့် အင်အားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတွေအောက် မနိမ့်ကျပါဘူး။
ရန်မိသားစု သွေးစစ်သည်တော်ခန်းမက တကယ်ကို အားကောင်းလှတာပဲ။
နှစ်ဆယ်ကျော်တဲ့ မျက်ဝန်းအစုံကို ကြည့်နေရင်း ရုတ်တရက် ဖိအားတစ်ခုကို ရန်ကိုင် ခံစားလိုက်ရတယ်။ ထိုဖိအားက သွေးစစ်သည်တော်က ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ဖော်လိုက်တဲ့ ဖိအားမဟုတ်ပါဘူး။ အဲ့အစား တိုက်ပွဲပေါင်းများစွာကို ဆင်နွဲတိုက်ခိုက် လာပြီးမှာ သူ့တို့ကိုယ်ထဲ စုဆောင်းမိလာခဲ့တဲ့ အရှိန်အဝါ သက်သက်ပါ။
အားနည်းတဲ့လူက အားကောင်းတဲ့လူကို ရင်ဆိုင်လိုက်တိုင်း ထိုကဲ့သို့ ဖိအားမျိုးကို ကြုံရစမြဲပါ။
အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်လိုက်တော့မှပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။
သွေးစစ်သည်တော် အားလုံးရဲ့ အမူအရာ မသိမသာလေး တောက်ပသွားခဲ့တယ်။
ကျိုးဖုန်း စိတ်ထဲလည်း အံ့အားသင့်မိသွားခဲ့တယ်။ အံ့အားသင့်သွားသည့် အမူအရာကို သူ့မျက်နှာထက် မဖော်ပြပဲ လေးနက်တည်ကြည်နေတဲ့ အမူအရာနဲ့ လက်သီးဆုပ်ကာ ပြောလိုက်တယ် “ကျိုးဖုန်းက သွေးစစ်သည်တော် ခန်းမ တစ်ခုလုံးရဲ့ ကိုယ်စား သခင်လေးကိုင်ကို အရိုအသေပေးပါတယ်”
မိုးချိန်သံတမျှ ကျယ်လောင်တဲ့ အသံက သွေးစစ်သည်တော် ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့တယ် “သခင်လေးကိုင်ကို ကျေးဇူးအများကြီး တင်ပါတယ်”
ရန်ကိုင် အမူအရာ တည်ငြိမ်လာခဲ့တယ်။ တုဖုန်း ချဲ့ကား ပြောနေတာ မဟုတ်မှန်း အခုမှပဲ သူသိသွားတော့တယ်။
သွေးစစ်သည်တော်ခန်းမ ဆီကနေ အထောက်အပံ့ နည်းနည်းလောက် ရယူဖို့ မျှော်လင့်ထားခဲ့ပေမယ့် ရလဒ်က ဒီလောက်အထိ ဖြစ်နေလိမ့်မယ်လို့တော့ သူမမျှော်လင့်ထားခဲ့ပါဘူး။
“ကျုပ်လုပ်စရာ ရှိတာကိုပဲ လုပ်ခဲ့တာပါ။ ကျေးဇူးတင်စရာ မလိုပါဘူး” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ကျိုးဖုန်းကို တစ်ချက်ကြည့်လိုက်တယ်။ ထို့နောက် သူ့နောက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။
နှစ်ယောက်စလုံးက အသက်၄၀ မပြည့်ကြသေးပါဘူး။ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကို ရောက်နေခဲ့ပါပြီ။ နှစ်ယောက်စလုံးရဲ့ အမူအရာက ခန်းမထဲမှာ ရှိနေတဲ့ အခြားသွေးစစ်သည်တော် တွေထွက် ပိုပြီး လေးနက်နေခဲ့ပါတယ်။ သူတို့ရဲ့ အကြည့်တွေက ထက်ရှပြီး သေမှာကို မကြောက်တဲ့ လူတစ်ယောက်ရဲ့ အကြည့်မျိုးပါ။
ရပ်နေရင်း မခံစားနိုင်လောက်တဲ့ နာကျင်မှုကို တောင့်ခံ နေရတာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်တွေက အနည်းငယ်လေး တုန်ရင်နေခဲ့တယ်။ သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေဆိုရင် ဒဏ်ရာတွေကနေ စိမ့်ထွက်လာတဲ့ သွေးတွေကြောင့် သွေးနီရောင် စွန်းထင်းနေခဲ့ပါတယ်။
တောက်လျှောက် စီးကျနေတဲ့ သွေးတွေကြောင့် သူတို့ ခြေရင်း၌ သွေရေကန်းလေး တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက ခါးမတ် ရင်ကော့ပြီး မတ်တပ်ရပ်နေတုန်းပါပဲ။ ကျန်တဲ့ သွေးစစ်သည်တော်တွေကလည်း ထိုသွေးကွက်ကို အာရုံစိုက် မနေခဲ့ပါဘူး။
“ခင်ဗျားတို့ နှစ်ယောက်က ကျုကောင်းရီနဲ့ ရင်းဂျုလား” ရန်ကိုင်က ထိုနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်တယ်။
ထိုလူနှစ်ယောက်က အမြန်အဆန်ပဲ ရှေ့တက်သွားလိုက်ပြီး ဒူးထောက်လိုက်တယ်။
“လက်အောက်ငယ်သား ကျုကောင်းရီ သခင်လေးကို နှုတ်ဆက်ပါတယ်”
“လက်အောက်ငယ်သား ရင်းဂျု သခင်လေးကို နှုတ်ဆက်ပါတယ်”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ထတော့၊ ခင်ဗျားတို့ နှစ်ယောက်စလုံး ကျုပ်လူ ဖြစ်သွားပြီ ဆိုမှတော့ ကျုပ်ရွေးချယ်မှု မမှားယွင်းခဲ့ကြောင်း ခင်ဗျားတို့ကို အလုပ်နဲ့ သက်သေပြခိုင်းရလိမ့်မယ်”
နှစ်ယောက်စလုံး စကားတစ်ခွန်းမှ မပြောခဲ့ကြပါဘူး။ တိတ်တိတ်လေး နေပြီးတော့သာ မတ်တပ်ရပ်လိုက်တယ်။ ဒါပေမယ့် သူတို့ မျက်ဝန်းအစုံကတော့ ကောင်းကင်ကြီး ပြိုကျလာရင်တောင် ယိမ်းယိုင်သွားမှာ မဟုတ်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တို့နဲ့ ပြည့်နေခဲ့တယ်။