အခန်း (၄၁၆-၄၂၀)
Vol. 17 Ch. 416-420
အပိုင်း(၄၁၆) ဖြစ်ပါစေ
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး သူတို့ကိုယ်သူတို့ လက်အောက်ငယ်သားလို့ သုံးနှုန်းပြီး ရန်ကိုင်ကို လေးလေးစားစားနဲ့ ဆက်ဆံနေတာကို မြင်တော့၊ ဟော်ချင်းရှန် မျက်မှောင် မကြုံ့ပဲ မနေနိုင်အောင် ဖြစ်သွားပြီး သူ့စိတ်ထဲ တစ်ခုခုမှားနေတယ်လို့ ခံစားမိလိုက်တယ်။
ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေက သူတို့ရဲ့ သခင်မဟုတ်တဲ့ လူငယ်လေး တစ်ယောက်ကို ယဉ်ကျေးပြနေတာလား။
“ငါတို့ အလောင်းအစား တစ်ခုလောက် လုပ်ကြမလား” ရန်ကိုင်က ဟော်ရှင်းချန်ဆီ ရုတ်တရက် စောင်းကြည့်လိုက်ပြီး မိစ္ဆာဆန်ဆန် ပြုံးရင်း မေးလိုက်တယ်။
“ဘာကို အလောင်းအစား လုပ်မှာလဲ” အလောင်းအစား ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန် ချက်ချင်း စိတ်ဝင်စားသွားခဲ့တယ်။
“ဒီညကို ငါဖြတ်ကျော်နိုင်၊ မကျော်နိုင်ကို အလောင်းအစား လုပ်ကြမယ်လေ”
ရန်ကိုင်ကို စိုက်ကြည့်လိုက်ရင်း ဗဟိုမြို့တော် မြေခွေးရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။
“ကြောက်နေတာလား” ရန်ကိုင်က ရယ်မောလိုက်ပြီး သူ့အမူအရာက ရေခဲတမျှ အေးစက်သွားခဲ့ကာ ချိုးချိုးဖဲ့ဖဲ့နဲ့ ပြောလိုက်တယ် “ကြောက်နေတယ် ဆိုရင် ငါ့နောက်ကို ဆက်လိုက်နေစရာ မလိုတော့ဘူး။ သတိမထားရင် မင်းအသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။ မင်းက ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူဆို။ မင်းသာ အမွေခံတိုက်ပွဲမှာ သေသွားခဲ့ရင် ဗဟိုမြို့တော် တစ်ခုလုံး ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး”
“ကြောက်ရမှာလား” ဟော်ရှင်းချန်က လူယုတ်မာ တစ်ယောက်လို ပြုံးလိုက်ပြီး “ဒီသခင်လေးက ကြောက်တယ် ဆိုတဲ့စကားလုံရဲ့ အဓိပ္ပါယ်ကိုတောင် သိတာမဟုတ်ဘူး။ မင်းက လောင်းရဲနေမှတော့ ငါက မင်းကို တစ်သက် မမေ့အောင် လုပ်ပေးရမှာပေါ့။ ဒီသခင်လေးက အခုလို ကိစ္စမျိုးတွေမှာ နာမည်ကျော်ကြားတယ် ဆိုတာကို မင်းမသိဘူးလား။ စားတာ၊ သောက်တာ၊ အလောင်းအစား လုပ်တာတွေလေ”
ပြောနေရင်းနဲ့ သူ့မျက်ဝန်းအစုံထဲ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။
“လောင်းကြေးကဘာလဲ” ဟော်ရှင်းချန်က မေးလိုက်တယ်။
ရန်ကိုင်က ဟော်ရှင်းချန်ကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ် “အခုမင်းက ကုန်းကောက်စရာ မရှိတဲ့အထိကို ဆင်းရဲနေတာလေမင်းက ဘာလောင်းကြေး ထပ်နိုင်မှာမို့လို့လဲ”
ဟော်ရှင်းချန် ပါးစပ်တစ်ခုလုံး မဲ့ရွဲ့သွားခဲ့ပြီး ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို ကုတ်လိုက်ရင်း ပြန်ပြောလိုက်တယ် “တော်ရုံသင့်ရုံ လောက်ပဲပေါ့”
“အဲ့လိုဆိုမှတော့ လောင်းကြေးသေးသေးပဲ သွားကြတာပေါ့” ရန်ကိုင်က မိစ္ဆာဆန်ဆန် ရယ်မောလိုက်ပြီး “မင်းရှုံးရင်၊ ငါမင်းဆီက ဘာမှ မလိုချင်ဘူး၊ အဲ့အစား ကိုယ်တုံးလုံး ချွတ်ပြီး စစ်ပွဲမြို့တော်ကို ဆယ်ပတ် ပတ်ပြေးပြရမယ်”
“အာ… ဒါက… မသင့်တော်ဘူးလားလို့။ ညီအစ်ကိုကိုင်…” ရန်ကိုင် ပြောတာကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန် ချက်ချင်း မျက်မှောင် ကြုံ့လိုက်တယ်။ သူသာ ကိုယ်တုံးလုံးနဲ့ စစ်ပွဲမြို့တော်ကို ဆယ်ပတ် ပတ်ပြေးရမယ် ဆိုရင် သူ့မျက်နှာထားစရာ ရှိတော့မှာ မဟုတ်ပါဘူး။
“ဘာဖြစ်လို့လဲ။ မင်းက ဗဟိုမြို့တော် တစ်ခုလုံး နာမည်ဆိုးနဲ့ ကျော်ကြားပြီးသားလေ။ စစ်ပွဲမြို့တော် တစ်ခုလုံးကို ကိုယ်တုံးလုံနဲ့ ဆယ်ပတ်ပတ်ပြေး တာလောက်ကတော့ မင်းအတွက် ထမင်းစား ရေသောက်လောက်ပဲ မဟုတ်ဘူးလား။ အစကတည်းက တစ်ကိုယ်လုံး သန်းထူနေတာကို နည်းနည်းလေး ပိုယားသွားလို့လည်း ကြောက်စရာ ရှိတာမှ မဟုတ်တာကို” ရန်ကိုင်က ခနဲ့တဲ့တဲ့ လေသံနဲ့ လှောင်ပြောင် ပြောဆိုလိုက်တယ်။
ရန်ကိုင် ပြောတာကို ကြားလိုက်တာနဲ့ သူပြောတာလည်း မှန်နေတာပဲလို့ သူ့စိတ်ထဲ တွေးလိုက်မိပြီး ခေါင်းညိတ်လိုက်ကာ “မင်းပြောတာလည်း မှန်တာပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါရှုံးမှာမှ မဟုတ်တာ။ မင်းရှုံးရင် ငါ့ကို ဘာပြန်ပေးမှာလဲ”
ရန်ကိုင်က ချက်ချင်း လေချွန်လိုက်တယ်။ ကျယ်လောင် စူးရှတဲ့ သိမ်းငှက်အော်သံ တစ်သံက သူတို့ခေါင်းထက်ကနေ ထွက်ပေါ်လာခဲ့တယ်။
ချက်ချင်းဆိုသလို ရွှေဝါရောင် အလင်းတန်းတစ်ခုက ကောင်းကင် ထက်ကနေ သူတို့ဆီ ထိုးဆင်းလာခဲ့ပြီး ရန်ကိုင် ပုခုံးပေါ်သို့ ရွှေရောင်ငှက်မွှေး သိမ်းငှက်တစ်ကောင် သက်ဆင်းလာခဲ့တယ်။
“ငါရှုံးရင် မင်းကို ဒီသိမ်းငှက် ပေးမယ်”
ဟော်ရှင်းချန် ရုတ်ချည်း စိတ်လှုပ်ရှားသွားခဲ့တယ်။ ရန်ကိုင်က လက်နက် ဒါမှမဟုတ် အဖိုးတန် ရတနာတစ်ခုခု ပေးမယ်လို့ ပြောရင်တောင် သူစိတ်ဝင်စားမိမှာ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ သူက ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူလေ။ သူလိုချင်တာ အကုန်ရနေတာကို ရန်ကိုဆီကနေ ရမယ့် ရတနာက သူ့အတွက် ဘယ်လောက်များ အသုံးဝင်မှာ မို့လို့လဲ။
ဒါပေမယ့် ရွှေရောင်ငှက်မွှေး သိမ်းငှက်ကတော့ မတူတော့ပါဘူး။ ထိုသိမ်းငှက်က ရန်မိသားစု တစ်ခုတည်းမှာပဲ ရှိတဲ့ သိမ်းငှက်ပါ။ ထိုသိမ်းငှက်က တကယ်ကို အထင်ကြီးရလောက်တာကို အသာထား၊ သိမ်းငှက်ရဲ့ သောက်ရမ်းလန်းတဲ့ ပုံစံနဲ့တင် ထိုသိမ်းငှက်ကို ဟော်ရှင်းချန် တော်တော်လေး လိုချင်နေမိပါပြီ။
သူသာ ထိုသိမ်းငှက်ကို ပုခုံးပေါ်တင်ပြီး အပြင်ထွက်ရင် မျက်နှာပန်း လှသွားမှာ မဟုတ်ပါလား။ အပျော်အပါး မက်တဲ့ သူလို့ သခင်လေး တစ်ယောက်အတွက် ထိုအချက်က သူနဲ့ လုံးဝကို ကီးကိုက်ပါတယ်။
“သဘောတူတယ်” ရန်ကိုင်က သူ့စကား ပြန်ရုတ်သိမ်းမှာကို ကြောက်နေသည့်အလား ဟော်ရှင်းချန်က ချက်ချင်းပဲ သဘောတူလိုက်တယ်။ ဟော်ရှင်းချန်ကို ကြည့်ရင်း သူ့စိတ်ထဲ အူမြူးနေခဲ့ပြီး တိုးတိုးလေးနဲ့ ရေရွတ်လိုက်တယ် “သိမ်းငှက်လေး၊ မင်းရဲ့ မျိုးရိုးနာမည်က ဒီညပဲ ပြောင်းတော့မှာကွ”
ရန်ကိုင်က ပြုံးသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။
ဗဟိုမြို့တော်နဲ့ ကီလိုမီတာ ၁၀၀ အကွာအဝေး၌ စစ်ပွဲမြို့တော် ရှိနေခဲ့တယ်။
ထိုစစ်ပွဲမြို့တော်ကို ရန်မိသားစုက တည်ဆောက်ထားတာပါ။ ဗဟိုမြို့တော်လောက် မကြီးကျယ်၊ မခမ်းနားပေမယ့် တော်တော်လေး ကောင်းတဲ့အထဲတော့ ပါပါတယ်။ ပုံမှန်ဆိုရင် ထိုမြို့လေးက သာမန်မြို့တစ်မြို့သာ ဖြစ်ပေမယ့် အမွေခံတိုက်ပွဲ စပြီဆိုတာနဲ့ မြို့လေး တစ်ခုလုံးက တိုက်ပွဲကွင်းပြင် အဖြစ် ပြောင်းလဲသွားပါတော့တယ်။
စစ်ပွဲမြို့တော်ကို အဠဂံပုံစံ တည်ဆောက်ထောက်ပြီး ထောင့်တစ်ခု စီတိုင်း၌ စံအိမ်တစ်ခုစီ ရှိနေခဲ့တယ်။ ထိုစံအိမ်၈ခုစလုံးက အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်မယ့် သခင်လေး ရှစ်ယောက်အတွက် ပြင်ဆင်ထားတာပါ။
သူတို့တွေက ဒီနေရာမှာ အချိန်အတော်ကြာအောင် တိုက်ခိုက်နေရမှာလေ။
အမွေခံတိုက်ပွဲကို အချိန်တိုတိုလေးနဲ့ နိုင်သွားတယ် ဆိုတာ တကယ်ကို ရှားပါးလွန်းပါတယ်။ အမွေခံတိုက်ပွဲ အများစုက နှစ်နဲ့ချီပြီး ကြလေ့ရှိပါတယ်။ နောက်ဆုံး အောင်နိုင်သူ ထွက်ပေါ်လာဖို့အတွက် ပုံမှန် သုံးနှစ်ကနေ ငါးနှစ်အထိ ကြာလေ့ ရှိပါတယ်။
ရန်မိသားစုရဲ့ သမိုင်းမှတ်တမ်းအရ လွန်ခဲ့တဲ့ နှစ်၁၀၀တုန်းက ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်က အမွေခံတိုက်ပွဲကို နှစ်ဝက်အတွင်း အနိုင်ရသွားခဲ့ဖူးပါတယ်။
ထိုရလဒ်နဲ့ဆိုရင် ဗဟိုမြို့တော်ထဲ ခေါင်းမော့ရင်ကော့ပြီး လမ်းလျှောက်သွားလို့ ရနေပါပြီ။ ဘာလို့လဲ ဆိုတော့ အောင်မြင်မှုနဲ့ နီးကပ်လာတာနဲ့ သူတိုရဲ့ ရန်သူတွေက ပိုပြီး သန်မာလာမှာ မို့လို့ပါပဲ။
ရန်သူထက် သိသိသာသာကို အားကောင်းနေမှပဲ သူတို့ရဲ့ ပြိုင်ဘက်တွေကို အလွယ်တကူနဲ့ အနိုင်ယူနိုင်မှာပါ။
ညီအစ်ကိုတွေ စစ်ပွဲမြို့တော်ထဲ ဝင်လာတာနဲ့ မြို့တော်တစ်ခုလုံး မုန်တိုင်း ထန်သွားခဲ့တယ်။ မြို့ထဲမှာ နေတဲ့လူ အနည်းငယ် ရှိပေမယ့် သူတို့ထဲက တော်တော်များများက ညီအစ်ကိုတွေကြားက တိုက်ပွဲထဲ ပဲလှော်ကြားဆာညှပ်သွားမှာ စိုးတဲ့အတွက် အစောကြီးကတည်းက ထွက်ခွါသွားကြပါပြီ။
မြို့ထဲမှာ ကျန်ရစ်ခဲ့တဲ့ လူအနည်းငယ်ကတော့ သွေးရဲတဲ့ လူတွေချည်းပါပဲ။ သူတို့တွေက မကြာခင်လာတော့မယ် အမွေခံတိုက်ပွဲကို တော်တော်လေး မျှော်လင့်နေမိခဲ့တယ်။
နောက်ဆုံး နှုတ်ဆက်စကား ဆိုပြီးတာနဲ့ ညီအစ်ကိုတွေ အကုန်လုံး ကိုယ့်ရဲ့ ခြံဝန်းအသီးသီးဆီ ထွက်ခွါလိုက်ကြတယ်။
ရန်ကိုင်ရဲ့ စံအိမ်က မြောက်ဘက် အစွန်းဆုံးမှာပါ။ သူ့နေရာရဲ့ ပတ်ဝန်းကျင်ရှုခင်းက သိပ်မကောင်းလှပါဘူး။ နေရာတစ်ခုလုံးက ချောင်းကျပြီး ခြောက်သွေ့နေခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်က ထိုအရာတွေကို စိတ်ထဲ ထားမနေခဲ့ပါဘူး။
မြောက်ဘက်အစွန်ဆုံး ခြံဝန်းဆီသို့ လူလေးယောက် အဖွဲ့ ရောက်ရှိလို့လာခဲ့တယ်။ အစေခံ လှလှလေး နှစ်ယောက်ကတော့ ခြံဝန်းရှေ့ကနေ သူတို့ကို စောင့်ကြိုနေခဲ့တယ်။ စံအိမ်တစ်ခုချင်းစီကို စောင့်ရှောက်မယ့် အစေခံတွေ အသီးသီး ရှိကြပါတယ်။ ထိုအစေခံတွေ အားလုံးက သခင်လေးတွေရဲ့ နေ့စဉ် ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးဖို့ မိသားစုက ပို့ပေးထားတာပါ။ သူတို့တွေ အားလုံးက သာမန် သေမျိုးတွေချည်းပါပဲ။ ထို့ကြောင့် သူတို့ ရှိတာ၊ မရှိတာက အမွေခံတိုက်ပွဲကို နည်းနည်းလေးမှ အကျိုးသက်ရောက်မှု မရှိပါဘူး။
ရန်ကိုင် ရောက်လာတဲ့အခါ ကျော့ရှင်းလှပစွာ ဝတ်စားဆင်ယင် ထားတဲ့ မိန်းမလှလေး နှစ်ယောက်က ယဉ်ယဉ်ကျေးကျေးနဲ့ ခရီးဦးကြို ပြုလိုက်တယ် “သခင်လေးကိုင်ကို နှုတ်ဆက်ပါတယ်”
သူတို့က စိတ်ပါလို့ အခုလို နှုတ်ဆက်နေတာ မဟုတ်ပါဘူး။ တာဝန်အရ မို့လို့သာ နှုတ်ဆက်နေတာပါ။ မိန်းမလှလေး သူမတို့ မျက်နှာ အမူအရာကို ကြည့်ရုံနဲ့တင် နှစ်ယောက်စလုံး စိတ်ဓါတ်ကျနေတယ် ဆိုတာကို ရန်ကိုင်နဲ့ ဟော်ရှင်းချန်တို့ နှစ်ယောက်စလုံး တန်သတိထားမိလိုက်တယ်။
စံအိမ်တွေထဲမှာ ရှိနေတဲ့ အစေခံတွေက အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လူတွေ မဟုတ်ကြပေမယ့် သူတို့တွေက ပိုတော်တဲ့ သခင်လေးတွေကိုပဲ အလုပ်အကျွေး ပြုချင်တာပါ။ အဲ့လိုမှပဲ သူတို့ရဲ့ လုံခြုံရေးကို အာမခံနိုင်ရုံမကလို့ သူတို့ ပြုစုပေးတဲ့ သခင်လေးသာ စိတ်ကျေနပ်ခဲ့သွားခဲ့ရင် ထိုသခင်လေး မိသားစုခေါင်းဆောင် ဖြစ်လာတဲ့အခါကျ သူတို့ရဲ့ အခြေအနေလည်း မြင့်တက်လာနိုင်ချေ ရှိပါတယ်။
ဟော်ရှင်းချန်က ရန်ကိုင်ကို ပြုံးပြလိုက်တယ်။ သူ့အပြုံးက သာမန်လူတွေတောင် မင်းမနိုင်ဘူးလို့ ထင်နေတာကို မင်းကများ ငါနဲ့လာလောင်း ချင်နေသေးတယ်လို့ ပြောနေသယောင်ယောင်။
ရန်ကိုင်ရဲ့ အမူအရာကတော့ ဟော်ရှင်းချန်ရဲ့ ထေ့လုံးငေါ့လုံးကြောင့် နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ အစေခံမလေး နှစ်ယောက်ကို အသာအယာလေးသာ ခေါင်းညိတ်ပြလိုက်ပြီး ကျုကောင်းရီနဲ့ ရင်းဂျုကို ဦးဆောင်ကာ ခြံဝန်းထဲကို ဝင်သွားလိုက်တယ်။
ဟော်ရှင်းချန်က ပြုံးလိုက်ပြီး အစေခံ မိန်းမလှလေး နှစ်ယောက်ကို မေးလိုက်တယ် “မိန်းမပျိုလေးတို့ နှစ်ယောက်၊ နင်တို့ နာမည် ဘယ်လိုခေါ်လဲ”
ဟော်ရှင်းချန် မျက်နှာထက်က မုဒိန်းကောင် အမူအရာကို မြင်လိုက်တာနဲ့ မိန်းကလေး နှစ်ယောက်စလုံး ကြောက်လန့်တကြားနဲ့ နောက်ဆုတ်သွားခဲ့ကြတယ်။
ဗဟိုမြို့တော်ရဲ့ မြေခွေးအကြောင်းကို မိန်းမပျိုလေး နှစ်ယောက်စလုံး ကြားဖူးပါတယ်။ ထို့ကြောင့် သူမတို့ နှစ်ယောက်စလုံး သူ့ရဲ့ အဆိပ်လက်မည်းကြီးတွေ လက်ကနေ မလွတ်မြောက်နိုင်မှာကို မိန်းကလေး နှစ်ယောက်စလုံး တိတ်တဆိတ် ကြောက်လန့်နေကြတာပါ။ ဒါပေမယ့် တစ်ခဏကြာပြီးနောက် ခြံဝန်းအတွင်းပိုင်းထဲကနေ ရန်ကိုင်အသံ ထွက်ပေါ်လာခဲ့တယ် “ငါ့စံအိမ်ထဲမှာ ရှိနေတဲ့ ဘယ်သူ့ကိုမှ ထိပါးဖို့ မကြိုးစားနဲ့”
ဟော်ရှင်းချန်ရဲ့ အမူအရာ ဆေးခါးကြီး စားလိုက်ရသလို ရှုံ့မဲ့သွားခဲ့ပြီး ခါးခါးသီးသီးနဲ့ ပြန်ပြောလိုက်တယ် “ဟေး၊ ရန်ကိုင်၊ မင်း အရမ်း မချုပ်ချယ်လွန်းနေဘူးလား”
အော်ပြောပြီးတာနဲ့ ထိုသုံးယောက်အဖွဲ့ နောက်ကို အလျင်အမြန် ပြေးလိုက်သွားလိုက်တယ်။ ထို့နောက် မကျေမနပ်နဲ့ ပြောလိုက်တယ် “ဒီမှာ မိန်းမလှလေးတွေမှ မရှိတာ၊ ဒီလောက် ပျင်းစရာ အချိန်ကြီးကို မင်းငါ့ကို ဘယ်လို ကုန်ဆုံးစေချင်တာလဲ”
ရန်ကိုင်ကို ဟော်ရှင်းချန်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ် “အဲ့လောက်တောင် ထနေရင် စစ်ပွဲမြို့တော်က ဆောင်ကြာမြိုင် တစ်ခုခုစီ သွားလိုက်လေ။ အဖမ်းခံရမှာ မကြောက်ရင် သွားလို့ရတယ်”
“ကောင်းပြီ။ ကောင်းပြီ” ဟော်ရှင်းချန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး စိတ်မပါ၊တပါနဲ့ ပြောလိုက်တယ်။ အားလုံးရှေ့မှာ ရန်ကိုင်ကို ရွေးချယ်ခဲ့တော့၊ သူ့မှာ ဘယ်လို ရည်ရွယ်ချက်တွေပဲ ရှိနေပါစေ၊ စစ်ပွဲမြို့တော်မှာ ရှိနေတဲ့ လူအားလုံးရဲ့ ရန်သူ ဖြစ်သွားခဲ့ပါပြီ။ ထို့ကြောင့် အခုအချိန်က အလင်းနီနယ်မြေဆီ သွားလို့ကောင်းတဲ့ အချိန်မဟုတ်တောင် သူတောင် သိထားပါတယ်။
“နင်က မိန်းမလှလေးတစ်ယောက်ကို ရှာနေတာဆိုတော့ ငါဆိုရင်ကော အဆင်ပြေမလား” စံအိမ်ရဲ့ အရှေ့ဝင်ပေါက်ကနေ မိန်းမတစ်ယောက်ရဲ့ အသံ ရုတ်ချည်း ထွက်ပေါ်လာခဲ့တယ်။
ထိုအသံကို ကြားလိုက်တာနဲ့ ရန်ကိုင် ကြောင်အသွားခဲ့တယ်။ ဟော်ရှင်းချန်ကတော့ လည်ပင်းလေး ကျုံ့သွားခဲ့ပြီး အရှေ့ကို ငိုတော့မယ့်ရုပ်နဲ့ စူးစိုက်ကြည့်နေခဲ့တယ်။
သူ့ရှေ့မှာတော့ တောက်ပတဲ့ မျက်ဝန်းအစုံနဲ့ ကျောက်စိမ်းသားလို ချောမွတ်တဲ့ နှင်းဖြူရောင် အသားအရေကို ပိုင်ဆိုင်ထားပြီး ခရမ်းပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက် ရှိနေခဲ့တယ်။ နွေဦးစမ်းရေအလား ကြည်လင်လှသည့် အပြုံးတစ်ခုကို ဆင်မြန်းရင်း စံအိမ်ထဲကနေ လမ်းလျှောက် ထွက်လာခဲ့တယ်။
လက်နှစ်ဖက်ကို သူမ ရင်ဘတ်ရှေ့ ပိုက်ထားတဲ့အတွက် မို့မောက်ပြီး အရည်ရွှမ်းနေတဲ့ နှင်းဖြူရောင် မက်မွန်းသီးကြီး နှစ်သီးလုံးကို အသာလေး ပင့်တင်ပေးထားသလို ဖြစ်နေခဲ့တယ်။ သူမရှေ့က ကြက်သေသေနေတဲ့ လူငယ်လေး နှစ်ယောက်ကို ကြည့်ရင်း မိန်းမပျိုလေးက ယဲ့ယဲ့လေး ရယ်နေခဲ့တယ်။
“ချူရီမန်လား” ဟော်ရှင်းချန်က ထိတ်လန့်တကြားနဲ့ အော်ဟစ်လိုက်တယ်။
“ဘယ်သူကများ မိန်းမလှလေးတွေကို ရှာနေလဲလို့ ငါစဉ်းစားနေတာ။ လတ်စသတ်တော့ သခင်လေးဟော် ဖြစ်နေပါလား” ချူရီမန်က ဟော်ရှင်းချန်ကို ရင်းနှီးနွေးထွေးစွာ ပြုံးပြရင်း ကြည့်နေခဲ့တယ်။ ဟော်ရှင်းချန်ကတော့ ချူရီမန်ကို ခါးခါးသီးသီးနဲ့သာ ပြန်စိုက်ကြည့်နေခဲ့တယ်။
သူမကို ဒီနေရာမှာ လာတွေ့ရအောင် စီစဉ်ပေးထားတဲ့ သူ့ရဲ့ ကံကြမ္မာဆိုးကြီးကို စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေခဲ့တယ်။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ချက် လက်သွားခဲ့ပြီး ချူရီမန်ကို ထိတ်လန့်တကြားနဲ့ စူးစိုက်ကြည့်လိုက်တယ်။
“နင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ” ရန်ကိုင် မျက်ခုံးကြော တွန့်ကွေးသွားခဲ့ပြီး ချူရီမန်ကို မေးလိုက်တယ်။
ဒီနေ့တစ်နေ့လုံး အံ့အားသင့်စရာတွနဲ့ချည်းပဲ ပြည့်နေခဲ့ပါတယ်။ အကြောင်းပြချက် ရေရေရာရာ မရှိပဲ ဟော်ရှင်းချန်က သူ့မဟာမိတ် ဖြစ်လာခဲ့တယ်။ အခုတော့ ချူရီမန်ကလည်း သူ့စံအိမ်ဆီ ကြိုရောက်လို့ နေခဲ့ပြန်ပါတယ်။
“နင့်ရဲ့ ချူမိသားစုက ငါ့ရဲ့ ခြောက်ယောက်မြောက် အစ်ကို ထောက်ခံတာ မဟုတ်ဘူးလား” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။
တောင်ပိုင်း မြို့ဂိတ် အပြင်ဘက်မှာတုန်းက ချူမိသားစုက ချူဇိရိုက အားလုံးရှေ့မှာ ရန်ရှန်းဘက် သွားပေါင်းခဲ့ပါတယ်။ ထိုအချိန်တုန်းက ချူမိသားစု ခေါင်းဆောင် ချူရှို့ချန်လည်း ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ အပြုအမူက ချူမိသားစုက ရန်ကိုင်ရဲ့ ခြောက်ယောက်မြောက် အစ်ကိုကို ထောက်ခံတယ်လို့ အတိအလင်း ကြေညာလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပါပြီ။
ချူမိသားစုက ရန်ရှန်းအား ထောက်ခံပြီးတာကို ချူရီမန်က သူခြံဝန်းဆီ ဘာလို့ ရောက်နေတာလဲ ဆိုတာကို ရန်ကိုင် မစဉ်းစားနိုင်အောင် ဖြစ်နေခဲ့တယ်။ သူမက အစကတည်းက ဒီနေရာမှာ ကြိုစောင့်နေတဲ့ ပုံစံပါပဲ။
“ချူမိသားစုက ချူမိသားစု၊ ငါကငါပဲ” ချူရီမန်က တောက်ပစွာနဲ့ ပြုံးလိုက်ပြီး ခေါင်းလေးစောင်းလိုက်ကာ ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ရင်း ပြောလိုက်တယ် “ဘာလို့လဲ၊ ငါ့ကို မကြိုဆိုချင်လို့လား”
“အလှလေး၊ နင့်မိသားစုက နင့်ကို စွန့်ပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်” ဟော်ရှင်းချန်က သူ့ထင်ရာကို ကောက်မေးလိုက်တယ်။
“နင်ဘာပြောချင်နေတာလဲ၊ ငါ့ကို သေသေချာချာ ရှင်းရှင်းလင်းလင်း ပြော” ရန်ကိုင်က ဟော်ရှင်းချန်ရဲ့ မဟုတ်တရုတ် မေးခွန်းကို လျစ်လျူ ရှုထားလိုက်ပြီး သိချင်စိတ်နဲ့ ချူရီမန်ကို ပြောလိုက်တယ်။
“နင့်ကို ကူညီဖို့ ငါဒီနေရာကို ရောက်နေတာ။ ဒါက အမွေခံတိုက်ပွဲ မဟုတ်ဘူးလား။ ဘာတွေကို နားလည်ဖို့ ဒီလောက် ခက်နေလို့လဲ။ အခုကနေစပြီး ငါတို့တွေက မဟာမိတ်တွေပဲ” ချူရီမန်က သူမရဲ့ နှင်းဖြူရောင်သွားလေးတွေ ပေါ်လာတဲ့အထိ ပြုံးလိုက်တယ်။ ရန်ကိုင် စိတ်ရှုပ်နေတဲ့ ပုံစံကို မြင်ရတာ သူမကို တော်တော်လေး ပျော်သွားစေခဲ့ပါတယ်။
ဘေးနားမှာ ရှိနေတဲ့ ဟော်ရှင်းချန်က လှောင်ပြုံးပြုံးလိုက်ပြီး “ဆောင်းဦးမိုးစက်ခန်းမလား၊ အဲ့ခန်းမက မသန်မစွမ်း ကျင့်ကြံသူတွေကို ပြုစုတဲ့ ခန်းမတစ်ခု မဟုတ်ဘူးလား။ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် ဆောင်းဦးမိုးစက်ခန်းမမှာ လူ၂၀ပဲ ရှိတာမလား”
“အင်း၊ ဆောင်းဦးနှင်းစက်ခန်းမက ဒဏ်ရာရနေတဲ့ ကျင့်ကြံသူတွေကို စောင့်ရှောက်တဲ့ခန်းမတစ်ခုပဲ” ချူရီမန်က ဟော်ရှင်းချန်ကို သောက်မြင်ကတ်တဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
ချူမိသားစု ကျင့်ကြံသူတွေထဲ၌၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ပြန်ကောင်းဖို့ အလားအလာ မရှိတဲ့ လူအားလုံးကို ဆောင်းဦးမိုးစက်ခန်းမဆီ ပို့ကြပါတယ်။ ခန်းမ တစ်ခုလုံးမှာမှ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ရှိပါတယ်။ ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း အရမ်းကြီး မမြင့်လှပါဘူး။
ချူရီမန် ခေါ်လာတဲ့ လူလေးနည်းနည်းက ရန်ကိုင် ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို နည်းနည်းလေးတောင် မဖြေရှင်းနိုင်ပါဘူး။
“လာပြီးပြီ ဆိုမှတော့ လာပြီးပြီပဲပေါ့။ လူနည်းနည်းရှိတာက တစ်ယောက်မှ မရှိတာထက်တော့ ပိုကောင်းသေးတယ်လေ” ရန်ကိုင်က ချူရီမန်ကို ကြည့်ကာ ပြုံးကာ ခေါင်းညိတ်လိုက်တယ်။
ချူရီမန်က တောက်ပစွာနဲ့ ပြန်ပြုံးပြလိုက်ပြီး ပြောလိုက်တယ် “နင့်ငါ့ကို စိတ်မပျက်စေဖို့ ငါမျှော်လင့်ပါတယ်”
“နင်သူကို ဘာလို့ ဒီလောက် အကောင်းမြင်နေရတာလဲ” ဟော်ရှင်းချန်က သူ့ခေါင်းကို အသာအယာလေး ရမ်းလိုက်တယ်။ နှစ်ယောက်စလုံး အမွေခံတိုက်ပွဲကို ဘာလို့ နည်းနည်းလေးမှ စိတ်မပူတာလဲ ဆိုတာကို သူမစဉ်းစားနိုင် ဖြစ်နေခဲ့တယ်။ လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး “ကူညီပေးဖို့ ဘာစွမ်းအားမှ မရှိတဲ့ မဟာမိတ်တစ်ယောက်၊ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ သွေးစစ်သည်တော် နှစ်ယောက်၊ ပြီးတော့ မသန်မစွမ်းတွေကို ပြုစုတဲ့ လူတစ်သိုက်ကို ခေါ်လာတဲ့ သခင်မလေး တစ်ယောက်၊ မျှော်လင့်ချက်ကို မရှိတော့တာ။ ရန်ကိုင်၊ အခုကတည်းက မင်းလက်လျှော့လိုက်ရင် ကောင်းမယ်နော်”
Martial Peak
အပိုင်း(၄၁၇) သူက ဆောင်းရာသီကို ဖြတ်ကျော်ပြီးသွားတဲ့ နှံကောင် တစ်ကောင်နဲ့ ဘာမှမခြားတော့ဘူး
ဟော်ရှင်းချန်က ရန်ကိုင်ဆို နည်းနည်းလေးတောင် အကောင်း မမြင်နိုင်တာပါ “မင်းအမေက ဒေါင်မိသားစုက လာတာ မဟုတ်ဘူးလား။ သူတို့ကို တောင်ဘက်ဂိတ်မှာ ငါဘာလို့ မတွေ့ခဲ့ရတာလဲ။ သူတို့ မင်းကို ဂရုမစိုက်တော့ဘူးလား”
အခုအချိန်၌ ရန်ကိုင့်မှာသာ ပထမအင်အားစုတစ်ခုရဲ့ အကူအညီ ရှိနေခဲ့ရင် သူ့အခြေအနေက ဒီလောက်အထိ စိုးရိမ်နေစရာ လိုနေမှာ မဟုတ်ပါဘူး။
“သူတို့လာလိမ့်မယ်” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး “ဒီနေ့တော့ မဟုတ်သေးဘူး”
“နင်ဘာပြောချင်တာလဲ” ဒီတစ်ကြိမ်တော့ ချူရီမန်လည်း ကြောင်သွားခဲ့ရလေပြီ။ ရန်ကိုင် အပြုံးကို တွေ့လိုက်တာနဲ့ သူတစ်ခုခုကို ကြံစည်နေတယ် ဆိုတာကို သူမ ချက်ချင်း တန်းသိလိုက်တယ်။ ဒါပေမယ့် သူမလို ဥာဏ်ကောင်းတဲ့ လူတစ်ယောက်တောင် ရန်ကိုင် ဘာဥာဏ်နီဥာဏ်နက်တွေ ထုတ်နေလဲ ဆိုတာကို မဖော်ထုတ်နိုင်ခဲ့ပါဘူး။
“မင်းတို့အားလုံး ကိုယ့်ကိစ္စကိုယ် အာရုံစိုက်လို့ ရပြီ။ ဒီနေ့နဲ့ ပက်သက်ပြီး မင်းတို့ ဘာမှ စိုးရိမ်နေစရာ မလိုဘူး။ ယောကျာ်းတွေက ရန်သူတွေကို တားဆီး ပိတ်ဆို့ပြီး ကမ္ဘာမြေကြီးက ရေထုကို တားဆီးပေးလိမ့်မယ်” ရန်ကိုင်က ဂရုမထားသည့် ပုံစံနဲ့ ပြောလိုက်ပြီး ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်ကို စံအိမ်ထဲသို့ ဦးဆောင်ခေါ်သွားလိုက်တယ်။
“ဘာလို့နင်…” ချူရီမန်လည်း ရန်ကိုင်နောက်ကနေ တစ်လှမ်း၊ နှစ်လှမ်းလောက်အထိ လိုက်သွားလိုက်ပါသေးတယ်။ ဒါပေမယ့် ရန်ကိုင်က အနောက်ကို တစ်ချက်ကလေးတောင် ပြန်လှည့်မကြည့်ပဲ ရှေ့ကိုသာ ဦးတည်သွားနေတာ မြင်တော့ သူမ တော်တော်လေး စိတ်ပျက်သွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကိုလည်း ဘာမှ လုပ်လို့ မရတဲ့အတွက် ဒေါသတကြီး ခြေဆောင့်ပြီး အံကြိတ်ရုံသာ တတ်နိုင်ခဲ့ပါတယ်။
ရန်ကိုင် တစ်ခုခုကို စီစဉ်နေတယ် ဆိုတာ အခုသူမ ပိုသေချာ သွားခဲ့ပါပြီ။ ဒါပေမယ့် ရန်ကိုင်က သူမကို နည်းနည်းလေးတောင် ရှင်းပြဖို့ မကြိုးစားခဲ့တော့ ချူရီမန်လည်း စိတ်ပျက်သွားခဲ့ရတာပေါ့။
ရန်ကိုင်နဲ့ ရင်ဆိုင်ရတဲ့ အကြိမ်တိုင်း ထိုသကောင့်သားက သူမကို အမြဲတမ်း နှာတစ်ဖျားအသာနဲ့ ဦးဆောင်သွားခဲ့တာ ချည်းပါပဲ။ သူနဲ့ ရင်ဆိုင်လိုက်တိုင်း သူမက အမြဲတမ်း အောက်စည်းကပဲ နေခဲ့ရပါတယ်။ သူဘာတွေ တွေးနေလဲ၊ နောက် သူဘာလုပ်မလဲ ဆိုတာကို သူမ လုံးဝကို မခန့်မှန်း နိုင်ခဲ့ပါဘူး။
မြွေခွေးတစ်ကောင်လို ဥာဏ်များလွန်းတယ် ချူရီမန်က စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေခဲ့တယ်။
တစ်နေရာတည်းမှာပဲ ခါးသီးတဲ့ အမူအရာနဲ့ မတ်တပ်ရပ်နေပြီး နောက်ဆုံးမှာတော့ ချူရီမန်က နှာခေါင်းရှုံ့လိုက်ပြီး သူမရဲ့ ဆောင်းဦးနှင်းစက်ခန်းမ အဖွဲ့သားတွေကို ကိုင်တွယ်ညွှန်ကြားဖို့ ထွက်သွားလိုက်တယ်။ ဆောင်းဦးနှင်းစက်ခန်းမမှာ ပညာရှင်တွေ မရှိပေမယ့် ဒီနားပတ်လည်တစ်ဝိုက်၌ ထောင်ချောက်တွေတော့ ချခိုင်းထားလို့ ရပါသေးတယ်။
-----------------------------------------------------------------
စစ်ပွဲမြို့တော်၊ မူလဘူတ စားသောက်ဆိုင်…
စားသောက်ဆိုင် တစ်ခုလုံးက ကြက်ပျံမကျ စည်ကားနေခဲ့တယ်။ လူတွေ ဝင်လိုက်ထွက်လိုက်နဲ့ စားသောက်ဆိုင် တစ်ခုလုံး မြူးကြွ အသက်ဝင်နေခဲ့ပြီး စားပွဲထိုးတွေလည်း ဖင်မထိုင်နိုင်အောင် မအားလပ်နိုင် ဖြစ်နေခဲ့ကြတယ်။
အမွေခံတိုက်ပွဲ မစခင်ကတည်းက ဒီစားသောက်ဆိုင်ဆီ လူတော်တော် များများ ရောက်လာခဲ့ပါတယ်။ ဒီနေရာက ရန်မိသားစု သခင်လေးတွေရဲ့ တိုက်ပွဲကွင်းပြင်ပါ။ ထို့ကြောင့် ဒီနေရာကို ရန်မိသားစု သခင်လေးတွေ မရောက်ခင်ကတည်းက လာကြိုစောင့်နေတဲ့ လူတွေ အများကြီး ရှိနေတာ သဘာဝပါပဲ။
ပြင်းတင်းပေါက်နားက စားပွဲခုံတစ်ခု၌ အသက်၂၆နှစ်လောက် ရှိမယ့် ဝတုတ်တုတ် ကောင်းလေး တစ်ယောက်က ဝိုက်သောက်ရင်း အရသာရှိတဲ့ ဟင်းလျာတွေကို စားသောက်နေခဲ့တယ်။
သူ့ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာတော့ လူအိုကြီး နှစ်ယောက် ရှိနေခဲ့ပြီး အဝေးတစ်နေရာကို စိုက်ကြည့်နေခဲ့တယ်။ လူအိုကြီး နှစ်ယောက်စလုံးက နည်းနည်းလေးတောင် လှုပ်ရှားမှု မရှိတဲ့အတွက် ကျောက်ရုပ်ကြီးတွေနဲ့တောင် တူနေပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျီးကန်းတောင်းမှောက် မျက်လုံးတွေက ဆိုင်ထဲမှာ ရှိနေတဲ့ ဧည့်သည့်တွေ အားလုံးကို စစ်ဆေးနေခဲ့တယ်။
စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေက သောက်စားနေရင်း ဒီကနေ့ တောင်ဘက်ဂိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို စားမြုံပြန်နေခဲ့ကြတယ်။
မတ်တပ်ရပ်နေတဲ့ လူအိုကြီး နှစ်ယောက်နဲ့ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ လူငယ်လေးက ထိုလူတွေ ပြောတာကို နားထောင် နေခဲ့ကြတယ်။ အချိန်အတော်ကြာ သွားပြီးတဲ့နောက်မှာတော့ လူအိုကြီး နှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်တယ် “သခင်လေး၊ သူတို့ပြောတာသာ အမှန် ဖြစ်မယ်ဆိုရင် သခင်လေး ရန်ကိုင်ရဲ့ အခြေအနေက စိတ်ပူစရာ ကောင်းနေပြီ”
ဟော်မိသားစုက ဘာစွမ်းအားမှ ပေးမထားတဲ့ ဟော်ရှင်းချန် တစ်ယောက်တည်းနဲ့သာ ဆိုရင်တော့ ရန်ကိုင်က လုံးဝကို စိုးရိမ်ရတဲ့ အခြေအနေထဲ ရောက်နေတယ်လို့ ပြောလို့ရပါတယ်။
“အင်း” ကျန်တဲ့ လူအိုကြီး တစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ပြီး “ကျုပ်တို့ သူ့ကို သွားမကူညီကြဘူးလား”
“ကျုပ်လည်း သွားချင်တာပေါ့” အနည်းငယ် ဝပုံရတဲ့ လူငယ်လေးက ဒေါသတကြီး ညည်းတွားလိုက်တယ်။ ထို့နောက် ကူကယ်ရာမဲ့နေတဲ့ အမူအရာနဲ့ “ဒါပေမယ့် အဲ့ကောင်စုတ်လေးက ဒီကနေ့ ကိစ္စတွေမှာ ဝင်မရှုပ်ပဲ ဘေးကနေပဲ အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေဖို့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကျုပ်ဆီ စာပို့အကြောင်းကြားတယ်ဗျ”
“ဝင်မရှုပ်ဖို့လား” ပထမဆုံး စကားစပြောလိုက်တဲ့ လူအိုကြီး စိတ်ရှုပ်သွားခဲ့ပြီး ပြန်မေးလိုက်တယ် “နောက်ထပ် ကူညီမယ့်လူမပါပဲ သူ့မှာ ရှိနေတဲ့ လူသက်သက်နဲ့တင် ဒီညကို ကျော်လွှားနိုင်မယ်လို့ သူထင်နေတာလား။ ကျုပ်တို့ ဒေါင်မိသားစုနဲ့ ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးက လက်ထပ်ထိမ်းမြားပြီး ရတနာလမ်း ဖောက်ထားတာလေ။ သခင်လေးနဲ့ သခင်လေးကိုင်ဆိုတာလည်း ဝမ်းကွဲတွေပဲ။ အခု သူဒုက္ခရောက်နေတဲ့ အချိန် ကျုပ်တို့ သွားကူညီသင့်တယ်မလား၊ မဟုတ်ဘူးလား”
ထိုသခင်လေးက ဒေါင်မိသားစုက သခင်လေး ဒေါင်ချင်းဟန် ဖြစ်ပြီး သူ့နားက လူနှစ်ယောက်ကတော့ ဒေါင်မိသားစုရဲ့ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ပါပဲ။
ဒေါင်ချင်းဟန်က အသာအယာလေး ခေါင်းခါရမ်းလိုက်ပြီး “အဲ့ကောင်စုတ် ဘာတွေလုပ်ဖို့ ကြံနေတယ် ဆိုတာကို ကောင်းကင်ကြီးပဲ သိလိမ့်မယ်။ သူနဲ့အတူ ပါသွားတဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သူတို့ခွန်အား အပြည့်ရဲ့ တစ်ဝက်ကိုတောင် ထုတ်သုံးနိုင်သေးတာ မဟုတ်ဘူး။ ကျုပ်လည်း သူ့ဆီ ပြေးသွားတွေ့ချင်ပါတယ်။ ဒါပေမယ့် သူက ကျုပ်ကို စောင့်နေဖို့ ပြောထားမှတော့ ကျုပ်ဘက်ကလည်း စောင့်နေရုံပဲ ရှိတော့တာပေါ့”
လေအစောင်အကြပ် မျက်မှောင် ကြုံ့လိုက်ပြီး “ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေ အကုန်လုံး ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားကြတယ်။ ရန်ကိုင်နားမှာ ရှိနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်အကြောင်း ဒီလူအိုကြီး နည်းနည်းပါးပါးတော့ သိထားတယ်။ နှစ်ယောက်စလုံး အကောင်းဆုံးတွေထဲက အကောင်းဆုံး ဆိုတာကိုလည်း ဒီလူအိုကြီး သိထားသေးတယ်”
ဒေါင်ချင်းဟန်လည်း ရုတ်တရက် စိတ်ဝင်စားလာခဲ့ပြီး ပြုံးကာ မေးလိုက်တယ် “ခင်ဗျားတို့နှစ်ယောက်သာ သူတို့ နှစ်ယောက်နဲ့ သူသေကိုယ်သေ ရှင်တိုက်မယ်ဆိုရင် နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လောက်မလဲ”
လေနဲ့ တိမ်အစောင့်အကြပ် နှစ်ယောက်စလုံး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ကျုပ်တို့ လူအိုကြီး နှစ်ယောက်စလုံးရဲ့ ကျင့်ကြံခြင်းအဆင့်က သူတို့ နှစ်ယောက်ထက် တစ်ဆင့်စီ နိမ့်တယ်။ သူတို့သာ အထွတ်အထိပ်မှာ ရှိနေမယ်ဆိုရင် နှစ်ယောက်တောင် မလိုဘူး၊ တစ်ယောက်တည်းနဲ့တင် သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးပြီး တိုက်ခိုက်တာနဲ့ ကျုပ်တို့ လူအိုကြီး နှစ်ယောက်စလုံးကို လက်ခုံလက်ဖဝါး လှန်လိုက်သလို အသာလေး သတ်ပစ်လို့ရတယ်။ ဒါပေမယ့် အခုတော့… တစ်ယောက်ချင်းသာ ဆိုရင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မယ်လို့ ဒီလူအိုကြီး ယုံကြည်ချက် အပြည့်ရှိတယ်”
ဒေါင်ချင်းဟန် သက်ပြင်းတစ်ချက် ရှိုက်လိုက်တယ်၊ သူ့အမူအရာထဲ အံအားသင့် လေးစားသည့် အရိပ်အယောင်တို့ ရောထွေးနေခဲ့ပြီး အသာအယာလေး ခေါင်းညိတ်လိုက်ရင်း “ရန်မိသားစုက သူတို့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ။ သွေးရူးသွပ်ခြင်း ပညာရပ်ကိုကို ဘေးဖယ်ထားရင်တောင် ဘယ်သူကများ သူတို့ကို အနိုင်ယူနိုင်မှာ မို့လို့လဲ”
လေအစောင့်အကြပ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “သွေးရူးသွပ်ခြင်း ပညာရပ်ကို တကယ်ကို ကြောက်ဖို့ကောင်းတာ မှန်တယ်။ ဒါပေမယ့် အဲ့ပညာရပ်ကို အသုံးပြုဖို့အတွက် သူတို့ရဲ့ အသက်စွမ်းအားကို စတေးပစ်ရတယ်။ အဲ့ဒါကြောင့်ပဲ ရန်မိသားစုရဲ့ သွေးစစ်သည်တော် တော်တော်များများ အသက်ရှည်ရှည် မနေရတာ။ ဒါက ရန်မိသား သွေးစစ်သည်တော် ခန်းမအတွက် ဝမ်းနည်းဖွယ်ရာ အချက်တစ်ချက်ပေါ့”
တိမ်အစောင့်အကြပ်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်တယ်။
“အဲ့အကြောင်းကို မေ့လိုက်တော့၊ အဲ့ကိစ္စအကြောင်း ဆက်ပြီး မဆွေးနွေးချင်တော့ဘူး။ ကောင်စုတ်လေးက ကျုပ်ကို ဝင်မရှုပ်စေချင်ဘူး ဆိုမှတော့ သူ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိလို့ နေမှာပေါ့။ ကျုပ်တို့ ဒီည ဒီကနေပဲ စောင့်ကြတာပေါ့။ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို မနက်ဖြန်မှန်ပဲ သူ့ဆီ သွားမေးတော့မယ်” ဒေါင်ချင်းဟန်က ပေါ့ပေါ့ပါးပါး လေသံနဲ့ ပြောလိုက်တယ်။ ရန်ကိုင် ဒီညကို ကျော်ဖြတ်နိုင်၊ မကျော်ဖြတ်နိုင်မှာကို သူနည်းနည်းလေးတောင် မစိုးရိမ်တဲ့ ပုံပါပဲ။
လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်စလုံး အံ့အားသင့်သွား မိခဲ့ကြတယ်။ သူတို့သခင်လေးဆီ ရန်ကိုင် ရေးပို့လိုက်တဲ့ စာထဲမှာ ဘာတွေများ ရေးထားလို့ သူတို့သခင်လေးက ရန်ကိုင် အောင်မြင်နိုင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေတာလဲ ဆိုတာကို သူတို့ နားမလည်နိုင် ဖြစ်နေခဲ့တယ်။
အခြားစားသောက်ဆိုင် တစ်ခုရဲ့ တတိယထပ်၌
လူငယ်လေး တစ်ယောက်က ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ရင်း ထိုင်နေခဲ့တယ်။ ထိုလူငယ်လေးက အ သက်၂၃နှစ် လောက်သာ ရှိသေးသည့် ရုပ်ချောချာ ကောင်လေး တစ်ယောက်ပါ။ အခုအချိန်၌ သူက ဒေါင်ချင်းဟန်လိုပဲ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေကို တဝတပြဲ ဝါးမြိုနေခဲ့တယ်။ ဒါပေမယ့် ဒေါင်ချင်းဟန်လို့ ကူကယ်ရာမဲ့နေတာမျိုး မဟုတ်ပဲ သူ့မျက်နှာတစ်ခုလုံး အပြုံးပန်းတို့နဲ့ ဝေဆာနေခဲ့ပါတယ်။
“သခင်လေး၊ ဒီလူတွေနဲ့ ပစ္စည်းတွေကို ရန်ကိုင်ဆီ ပို့ပေးဖို့ ခေါင်းဆောင်က မှာလိုက်တယ်။ အခု ကျုပ်တို့ စစ်ပွဲမြို့တော်ဆီ ရောက်ပြီဆိုတော့ သူ့ကို သွားမတွေ့သင့်ဘူးလား” လူငယ်လေးရဲ့ အစောင့်အကြပ်က တိုးတိုးလေး မေးလိုက်တယ်။
ဒါပေမယ့် လူငယ်လေးက ပြုံးမြဲပြုံးနေရင်းနဲ့သာ ပြန်ပြောလိုက်တယ် “ကျုပ်တို့ ဘာလို့ သူ့ဆီ သွားသင့်တာလဲ။ ရန်ကိုင် ဒီညပဲ ထွက်ရလိမ့်မယ်လို့ စားသောက်ဆိုင်လူတွေ ပြောနေတာ ခင်ဗျား မကြားဘူးလား။ ဒီတစ်ကြိမ် ကျုပ်လူဆောင်း ယူလာတာတွေက အဖိုးမတန်ဘူး ဆိုပေမယ့် ပစ္စည်းကောင်းတွေ ဖြစ်နေတုန်းပဲ။ ဒီပစ္စည်းတွေကိုသာ သူ့ဆီ သွားပေးလိုက်ရင် ခွေးကို အသားပေါက်စီ သွားကျွေးတာနဲ့ အတူတူပဲ ဖြစ်နေမှာပေါ့။ ကျုပ်တို့ ယူလာတဲ့ ပစ္စည်းတွေ အကုန်လုံး အလကား ဖြစ်ကုန်မှာပေါ့”
“သခင်လေးဆောင်း ပြောချင်တာက…” သူတို့ သခင်လေး ပြောတာက မသင့်တော်ဘူး ဆိုပေမယ့် သူ့အနေနဲ့ မေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။
လူဆောင်းက လူမိသားစုရဲ့ အကြီးဆုံး သခင်လေး ဖြစ်ပြီး လူမိသားစုရဲ့ ဆက်ခံသူဆိုလည်း မမှားပါဘူး။ အရင်တစ်ခါ တုန်းက ရန်ကိုင် လူမိသားစုဆီ သွားခဲ့ပါတယ်။ ဒါပေမယ့် လူမိသားစုကနေ ထွက်ပြီး သိပ်မကြာခင်မှာပဲ အလစ်ချောင်း ချုံခို တိုက်ခိုက် ခံခဲ့ရတယ်။ ထိုမတော်တဆ ဖြစ်ရပ်နဲ့ပက်သက်ပြီး ရန်ကိုင်ကို ကြေရာကြေကြောင်း တောင်းပန်ဖို့အတွက် ဒီတစ်ကြိမ် လူလျန်ရဲ့ အမိန့်အရ လူဆောင်းက လက်ဆောင်များစွာကို ဗဟိုမြို့တော်က ရန်ကိုင်ဆီ ပေးဖို့အတွက် သယ်ဆောင် လာခဲ့ရပါတယ်။
ဖြစ်ပျက်ခဲ့တာတွေ အားလုံးက လူမိသားစုနဲ့ ဘာမှ မသက်ဆိုင်သလို ကျန်တဲ့ ရန်မိသားစုက သခင်လေးတွေလည်း လမ်းတစ်ဝက်မှာ လုပ်ကြံခံခဲ့ရပေမယ့် လူလျန်အနေနဲ့ ထိုစော်ကားမှုကို နှာခေါင်းပိတ် မျိုချရုံသာ တတ်နိုင်ခဲ့ပါတယ်။ ရန်ကိုင်ကို လူမိသားစုမှာ ဘယ်သူက ရက်ပေါင်းများစွာ နေခိုင်းခဲ့လို့လဲ။
လူမိသားစုအနေနဲ့ ပဲလှော်ကြား ဆားညှပ် အဖြစ်ရောက်ခဲ့ပေမယ့် ငြိမ်ခံရုံသာ တတ်နိုင်ခဲ့ပါတယ်။
ချူရီမန်ဆီက သတင်းစကား ရလိုက်တာနဲ့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ကြေအေးပေးဖို့အတွက် သူ့သားကို လက်ဆောင်တွေနဲ့အတူ ဗဟိုမြို့တော်ဆီ ပို့လိုက်တာပါ။
လူဆောင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “အဲ့ရန်ကိုင်က အရမ်းကို သောက်ကျင့် ယုတ်တာပဲ။ သူလုပ်ကြံခံရတာက ကျုပ်တို့ လူမိသားစုနဲ့ ဘာမှမဆိုင်ဘူးလို့ သိနေတာတောင် ကျုပ်တို့ လူမိသားစုကို ငွေညစ်ခြိမ်းခြောက် သွားသေးတယ်။ ခင်ဗျားပြောလေ၊ ကျုပ်တို့ မိသားစုက ပိုင်တဲ့ ပစ္စည်းတွေကို အခုလိုမျိုး ဈေးပေါပေါနဲ့ သူ့ဆီ ပေးလိုက်ရမှာလား”
“သခင်လေး ပြောတာ မှန်ပါတယ်” အစောင့်က ထိုအခွင့်အရေးကို အမိအရ ဖမ်းကိုင်ပြီး သူ့ဒေါသတွေကို ဖွင့်ထုတ်ပါတော့တယ် “ရန်မိသားစုက သခင်လေး ရန်ကိုင်ဆိုတဲ့လူက တကယ်ကို အကျင့်ယုတ်လွန်းတယ်။ လူမိသားစုက သူ့ကို လက်ဆောင်တွေ ပေးစေချင်လို့ ချူမိသားစုက ပထမသခင်မလေး ချူရီမန်ကို ကျုပ်တို့ဆီ စာပို့ခိုင်းလိုက်တယ်”
“အဲ့ဒါအမှန်ပဲ၊ ဒါပေမယ့် အခုအခြေအနေရတော့ ဒီလက်ဆောင်တွေကို သူ့ဆီ သွားပို့စရာတောင် မလိုတော့ဘူးနဲ့ တူတယ်။ အခု သူ့အခြေအနေက ဆောင်းရာသီကို ဖြတ်သန်းပြီးသွားတဲ့ နှံကောင်နဲ့ ဘာမှ မခြားတော့ဘူး။ ဟားဟားဟား၊ ဒီညတော့ ကျုပ်တို့ ပြပွဲကောင်းတစ်ခုခုကို ကြည့်ရတော့မှာပဲ” လူဆောင်းက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြုံးလိုက်ပြီး “သူရှုံးသွားခဲ့ရင် ကျုပ်သူ့ကို ငွေဒင်္ဂါးတစ်ပြားတောင် ပေးမှာမဟုတ်ဘူး”
ထိုစကာကို ကြားလိုက်တာနဲ့ သခင်လေးဆောင်းရဲ့ သက်တော်စောင့်က မျက်မှောင်ကြုံ့ကာ ဝင်ကန့်ကွက်လိုက်တယ် “ဒါပေမယ့် သခင်လေးဆောင်း၊ အမွေခံတိုက်ပွဲမှာ ရန်ကိုင် ဘယ်လိုပဲ စွမ်းဆောင်ခဲ့ပါစေ၊ ဒီလက်ဆောင်တွေကို သူ့ဆီ ပေးဖြစ်အောင် ပေးရမယ်လို့ ကျုပ်တို့ မထွက်ခွါခင်တုန်းက မိသားစုခေါင်းဆောင်က အတန်တန် မှာခဲ့ပါတယ်”
သူ့သားက မောက်မာပြီး အမြင်ကျဉ်းတဲ့ လူစားတစ်ယောက်မှန်း သိထားတဲ့အတွက် လူလျန်က သူ့သားမသွားခင် အတန်တန် မှာကြားခဲ့တာပါ။
ထိုစကားကို ကြားလိုက်တာနဲ့ လူဆောင်း ချက်ချင်း မျက်မှောင် ကြုံ့လိုက်တယ်။
ရန်ကိုင် တိုက်ခိုက် ခံခဲ့ရတယ်ဆိုတဲ့ စကား သူတို့ မိသားစုဆီ ရောက်ရှိလာတဲ့အချိန်မှာပဲ လူမိသားစုရဲ အကြီးအကဲချုပ်ဖြစ်တဲ့ လူစီ တိမ်ဖုံးတောင်ထွတ်ဆီကနေ လူမိသားစုဆီ ပြန်ရောက်လာခဲ့တယ် ဆိုတာကို သူမသိခဲ့ပါဘူး။
Martial Peak
အပိုင်း(၄၁၈) နင်ဘယ်လိုရွေးမှာလဲ
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက လူစီ တိမ်ဖုံးတောင်ထွတ်ဆီ သွားခဲ့ပြီး ရန်ကိုင် ပေးလိုက်တဲ့စာကို ရှောင်ဖူချန်းဆီ ပေးခဲ့တယ်။ ရှောင်ဖူချန်းက သူလိုအပ်နေတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးကို ချက်ချင်းဆိုသလိုပဲ သန့်စင်ပေးခဲ့ပါတယ်။ ဆေးလုံးထဲက စွမ်းအင်တွေကို သန့်စင်ပြီးနောက် ဒဏ်ရာရနေတဲ့ သူ့သွေးကြောတွေ အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပြီး လူစီလည်း အစစ်အမှန် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တယ်။
မိသားစုကို ပြန်ရောက်လာပြီးနောက် လူစီက လူလျန်ကို ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်ချက် အချို့ကို လူလျန်အား ရှင်းပြခဲ့တယ်။
အကြီးအကဲချုပ် လူလျန်ကို ဘာပြောခဲ့လဲ ဆိုတာကို မိသားစုထဲက ဘယ်သူမှ မသိခဲ့ပါဘူး။ ဒါပေမယ့် အကြီးအကဲချုပ် ပြန်ရောက်လာပြီး နောက်ပိုင်း ရန်ကိုင်အပေါ် လူလျန် အထင်အမြင် အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ် ဆိုတာကိုတော့ လူမိသားစု အကြီးအကဲတွေ အကုန်လုံး သတိပြုမိကြပါတယ်။ အကြီးအကဲချုပ် ပြောခဲ့တာတွေ ကြောင့်ပဲ လူလျန်က လက်ဆောင်များစွာကို ရန်ကိုင်ဆီ သွားပို့ပေးဖို့ သူ့သား လူဆောင်းအား အမိန့်ပေးခဲ့တာပါ။
လူဆောင်းက အထိုအလှည့်အပြောင်းတွေ အားလုံးကို သတိမမူမိသလို သူ့အဖေက အခုလို အမိန့်မျိုးကို ဘာလို့ ပေးခဲ့မှန်းလည်း အခုထိ နားမလည် သေးပါဘူး။
“အဲ့ဒီရန်ကိုင်သာ အမွေခံတိုက်ပွဲကနေ အစောကြီး ထွက်ရမယ်ဆိုရင် ဒီပစ္စည်းတွေကို သူ့ကိုသွားပေးတာ ဘာအကျိုးရှိတော့မှာလဲ” လူဆောင်းက စိတ်ပျက်ပျက်နဲ့ ခေါင်းရမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “အကုန်လုံး အလကားဖြစ်ကုန်မှာပေါ့”
နောက်ဆုံးမှာတော့ သူ့ဘေးနားမှာ ရှိနေတဲ့ အစောင့်အကြပ်က စပြောလာခဲ့တယ် “သခင်လေး၊ ကျုပ်တို့ အချိန် နည်းနည်းလောက် ယူပြီး ရန်ကိုင် အခြေအနေကို စောင့်ကြည့်ရင်ကော ။ မိသားစုခေါင်းဆောင်က ဒီပစ္စည်းတွေကို ရန်ကိုင်ဆီ ပို့ပေးရမယ်လို့ပဲ ပြောခဲ့တာလေ။ ဘယ်အချိန် မတိုင်ခင် ပို့ပေးရမယ်လို့မှ မပြောခဲ့တာ။ သူက တစ်ရက်တောင်မှ တောင့်မခံနိုင်ရင် ဒီပစ္စည်းတွေ သူ့ကိုသွားပေးလို့လည်း အလဟဿပဲ ဖြစ်သွားမှာ။ ကျုပ်တို့ သခင်လေးရဲ့ အစီအစဉ်အတိုင်း လှုပ်ရှားကြတာပေါ့။ သူသာ ဒီညကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် မိသားစု ခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ဒီပစ္စည်းတွေကို သူ့ဆီ သွားပို့ပေးမယ်”
“ကောင်းပြီလေ၊ ကျုပ်တို့ အဲ့လိုပဲ လုပ်ကြတာပေါ့” လူဆောင်းက ထောက်ခံသည့် အမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး “သူက ပထမနေ့မှာတင် ထွက်ရမယ်ဆိုရင်တော့ ရန်မိသားစုထဲက သူ့အနာဂတ်က ကောင်းမွန်နေတော့မှာ မဟုတ်ဘူး။ အဲ့လိုလူမျိုးကို ကျုပ်တို့ လူမိသားစုက ကြောက်ရွံ့နေဖို့ မလိုဘူး”
“သခင်လေးပြောတာ အမှန်ပဲ” ဘေးနားမှာ ရှိနေတဲ့ အစောင့်အကြပ်ကလည်း ခေါင်းညိတ်လိုက်တယ်။
စစ်ပွဲမြို့တော်ရဲ့ မြောက်ဘက် အစွန်ဆုံးအရပ်၊ ရန်ကိုင်ရဲ့ စံအိမ်တော်….
အခန်းတစ်ခန်း၌ ရန်ကိုင်က ပျင်းရိစွာဖြင့် ဇိမ်ကျကျ ထိုင်နေခဲ့တယ်။ အစေခံ လှလှလေး တစ်ယောက်က သူ့ကို လက်ဖက်ရည် ငှဲ့ပေးနေခဲ့တယ်။ လက်ဖက်တစ်ငုံ စုပ်သောက်ပြီးနောက် ရန်ကိုင်က အစေခံမလေးကို ထွက်သွားဖို့ အချက်ပြလိုက်တယ်။
အစေခံမလေး မထွက်သွားခင် ကောင်မလေးက ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်ကို ကြောက်ရွံ့မှုအပြည့်နဲ့ ကြည့်သွားခဲ့တယ်။
လွန်ခဲ့တဲ့ ရက်အတောအတွင်း သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အခြေအနေက ပိုပိုဆိုးရွားလာခဲ့တယ်။ အထူးသဖြင့် တောင်ပိုင်းမြို့ ခရိုင်က အင်အားစုတွေကို သိမ်းသွင်းဖို့ သူတို့ နှစ်ယောက်ကို အမိန့်ပေးပြီးတဲ့ အချိန်ကတည်းကပေါ့။ သူတို့ရဲ့ အသက်စွမ်းအင်က လျင်မြန်စွာ ယုတ်လျော့လာခဲ့ပြီး သူတို့ရဲ့ ဒဏ်ရာတွေကလည်း မြင်သာလောက်တဲ့အထိကို ဆိုးရွားလာခဲ့တယ်။ ရန်မိသားစုရဲ့ အထူးကုသရေး ဆေးလုံးတွေကို အသုံးပြုမယ်ဆိုရင်တောင် ဆေးစွမ်းက နည်းနည်းလေးပဲ ပြနိုင်ပါတော့မယ်။
သူတို့ရဲ့ အခြေခံတွေလည်း တဖြည်းဖြည်း ယိုင်နဲ့လာခဲ့တယ်။
ထိုအကြောင်းနဲ့ ပက်သက်ပြီးတော့ ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး သေသေချာချာ သိထားကြပါတယ်။ သူတို့ရဲ့ အခြေခံတွေ ထိခိုက်ပျက်စီးသွားခြင်း မရှိသရွေ့၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ သွေးစွမ်းအားနဲ့ ဆိုရင် နှစ်ယောက်စလုံး ပြန်လည် သက်သာနိုင်ချေ ရှိပါသေးတယ်။
အခုအချိန်၌ သွေးစစ်သည်တော် နှစ်ယောက်စလုံးရဲ့ အသားအရေက စက္ကူတစ်ရွက်လို ဖြူစွတ်နေခဲ့ပြီး သူ့တစ်ကိုယ်လုံး ချွေးစေတွေနဲ့ စိုရွှဲနေခဲ့တယ်။ အလွန်အမင်း ပြင်ထန်လှသည့် နာကျင်မှုကို သူတို့ တောင့်ခံနေခဲ့ရတယ်။ နှစ်ယောက်စလုံးရဲ့ မျက်နှာက ခက်ထန်တစ်လှည့်၊ ကြမ်းကြုတ် တစ်လှည့်ဖြစ်နေပြီး နာကျင်မှုက ပြင်းထန်းလွန်းလို့ နဖူးထက် သွေးကြောကြီးတွေတောင် ထောင်တက်လို့နေခဲ့တယ်။
သာမန်လူသာ သူတို့ကို မြင်လိုက်တာနဲ့ ချက်ချင်း ဆိုသလို ကြောက်လန့်သွားမှာပါ။
သို့ပေမယ့် နှစ်ယောက်စလုံးကတော့ ရန်ကိုင်နောက်၌ ခါးကိုကော့ပြီး လှုပ်ရှားမှုကင်းမဲ့စွာနဲ့ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေခဲ့ပါတယ်။
ရန်ကိုင်က ထိုနှစ်ယောက်ကို လေးစားမှုအပြည့်နဲ့ ကြည့်လိုက်တယ်။
သူကိုယ်တိုင်ကလည်း စိတ်စွမ်းအား အားကောင်းတဲ့ လူတစ်ယောက်ပါ။ သူ့စရိုက်က တော်တော်လေးကို ပြတ်သားပါတယ်။ ဒါပေမယ့် ထိုသွေးစစ်သည်တော် နှစ်ယောက်လိုမျိုးသာ သူခံစားနေရမယ်ဆိုရင် သူကိုယ်တိုင်လည်း ထိုနှစ်ယောက်ထက် ပိုကောင်းအောင် မလုပ်နိုင်ဘူးဆိုတာကို ရန်ကိုင် နားလည်ထားပါတယ်။
အနည်းဆုံးတော့ ကိုယ့်တို့ကို လူလိုမမြင်ပဲ ကိုယ့်ဆီကနေ ရနိုင်သမျှ ညစ်ထုတ်ဖို့ ကြိုးစားနေတဲ့ သခင်လေးတစ်ယောက်ကို ကာကွယ် စောင့်ရှောက်ရတာမျိုးကို ရန်ကိုင် ဘယ်သောအခါမှ လက်ခံလိမ့်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ရန်မိသားစုအပေါ်ထားတဲ့ သူတို့ရဲ့ သစ္စာရှိမှုကြောင့် အခုလိုမျိုး ခံစားနေရပေမယ့် နည်းနည်းလေးတောင် အထွန့်မတက် ခဲ့ပါဘူး။ နည်းနည်းလေးတောင် အထွန့်မတက်ခဲ့ရုံ မကလို့ မကျေနပ်သည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပဲ သူတို့ရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ထမ်းဆောင် နေတုန်းပါပဲ။
ရန်ကိုင်အကြည့် သူတို့ပေါ် ရောက်ရှိလာတာနဲ့ ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး သူ့တို့ကိုယ်ကို အတတ်နိုင်ဆုံး မတ်လိုက်တယ်။
အချိန်အတော် ကြာသွားပြီးနောက် ရန်ကိုင်က ရယ်မောလိုက်ပြီး “ခင်ဗျားတို့ နှစ်ယောက်ထဲမှာ ဘယ်သူက ကျုကောင်းရီလဲ”
ရိုးရိုးသားသား ပြောရမယ်ဆိုရင် နှစ်ယောက်ထဲမှာ ဘယ်သူက ကျုကောင်းရီ၊ ဘယ်သူက ရင်းဂျုမှန်း သူမသိပါဘူး။ ဘာလို့လဲ ဆိုတော့ သွေးစစ်သည်ခန်းမက ပြန်ရောက်ပြီးကတည်းက ထိုနှစ်ယောက်နဲ့ စကားတစ်ခွန်းတောင် မပြောဖြစ်ခဲ့လို့ပါပဲ။
ထိုမေးခွန်းကို ကြားလိုက်ပေမယ့် သွေးစစ်သည်တော် နှစ်ယောက်စလုံးရဲ့ အမူအရာ နည်းနည်းလေးတောင် ပြောင်းလဲ မသွားခဲ့ပါဘူး။ နှစ်ယောက်ထဲက ရင်အုပ်ကျယ်ကျယ်နဲ့ အရပ်နည်းနည်း ပိုရှည်တဲ့ တစ်ယောက်က ခပ်မြန်မြန် လက်သီးဆုပ်လိုက်ပြီး “လက်အောက်ငယ်သားက ကျုကောင်းရီပါ”
“ဒီတော့ ခင်ဗျားက ရင်းဂျုပေါ့” ရန်ကိုင်က ကျန်တဲ့တစ်ယောက်ကို ကြည့်လိုက်တယ်။
ရင်းဂျုက အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ သွေးစစ်သည်တော် နှစ်ယောက်ထဲ၌ ရင်းဂျုက ပိုပြီး ကွဲပြားပါတယ်။ သူ့က ယောကျာ်း တစ်ယောက် ဖြစ်ပေမယ့် သူ့ကိုယ်လုံးကိုယ်ပေါက်က သွေးသွယ်ပြီး ပိန်သွယ်ပါတယ်။ သူ့မျက်နှာထက်က နှုတ်ခမ်းမွှေး တိုတိုလေးတွေက သူက ပါးနပ်တဲ့ လူစားတစ်ယောက် ဖြစ်ကြောင်း ပြောနေခဲ့တယ်။ သူ့က နှုတ်ဆိတ်နေတာကို သဘောကျပြီး သူ့ပုံစံက ရန်ကိုင်ရဲ့ အကြီးဆုံး အစ်ကိုကြီး ရန်ဝေနဲ့ နည်းနည်း သွားဆင်နေခဲ့ပါတယ်။
ရန်မိသားစု လေးယောက်မြောက် သခင်ကြီးဆီကနေ ထိုသွေးစစ်သည်တော် နှစ်ယောက် ဘယ်လို တိုက်ခိုက်ရတာကို ကျွမ်းကျင်ကြလဲ ဆိုတာကို ရန်ကိုင် နားလည်ထားပါတယ်။
ကျုကောင်းရီက အဆက်မပြတ် ပေါက်ကွဲနေတဲ့ စွမ်းအားတွေနဲ့ တရစပ်တိုက်ခိုက်တတ်တဲ့ လူစားမျိုးပါ။ အမွှေးတိုင်တစ်ချောင်းစာ အချိန်အတွင်းမှာပဲ သူ့ရဲ့ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်တွေကို အပြည့်အဝ ချဲ့ထွင်နိုင်ပါတယ်။ စတိုက်ပြီ ဆိုတာနဲ့ ရန်သူကို အသက်ရှုချိန်တောင် မပေးပဲ တရစပ် တိုက်ခိုက်တာပါ။ အမွှေးတိုင်တစ်ချောင်းစာ အချိန်အတွင်း အဆင့်တူအတွင်းမှာ သူဟာ ပြိုင်ဘက်ကင်းပါပဲ။
ဝုန်းဒိုင်းပေါက်ကွဲပြီး တိုက်ခိုက်တတ်တဲ့ နေရာမှာတော့ သွေးစစ်သည်တော် ခန်းမတစ်ခုလုံး၌ သူ့ထက် အားကောင်းတဲ့လူ မရှိပါဘူး။ ကျုကောင်းရီက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူ တစ်ယောက် သာဆိုပေမယ့် သူအနိုင်ယူခဲ့တဲ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူ အရေအတွက်က အများကြီးပါ။
သွေးစစ်သည်တော် ခန်းမတစ်ခုလုံးနဲ့ ယှဉ်ရင်တောင် သူ့ခွန်အားက တော်တော်လေး မြင့်တဲ့အထဲ ပါပါတယ်။
ရင်းဂျုတိုက်ခိုက်တဲ့ ပုံစံက ကျုကောင်းရီနဲ့ လုံးဝကို ကွဲပြားပါတယ်။ ရင်းဂျုက လျင်မြန်မှုနဲ့ ချောင်းမြောင်း တိုက်ခိုက်တဲ့ နေရာမှာ ကျွမ်းကျင်ပါတယ်။ သူ့ကိုယ်သူ အရိပ်တွေထဲ ဖုံးကွယ်ပြီး ရန်သူ အကာအကွယ် အမဲ့ဆုံးအချိန်မှာ ချောင်းမြောင်း တိုက်ခိုက်တာပါ။ သူရှိနေတဲ့တာကို သတိမပြုမိခင်မှာပဲ သူသတ်ဖြတ်တာကို ခံလိုက်ရတဲ့ ရန်သူတွေ အများကြီးပါပဲ။
သွေးစစ်သည်တော်ခန်းမမှာ ကိုင်တွယ်ရ အခက်ဆုံးလူက ခန်းမသခင် ဖုန်းရှန်လည်း မဟုတ်သလို လက်ထောက်ခန်းမ သခင် ကျိုးဖုန်းလည်း မဟုတ်ပါဘူး။ တကယ့် ကိုင်တွယ်ရ အခက်ဆုံးလူက အရိပ်လူ ရင်းဂျုပါပဲ။
သူသတ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဘယ်သူမဆို ဒီလောကအဆုံး ထွက်ပြေးမယ် ဆိုရင်တောင် သူ့လက်က မလွတ်နိုင်ပါဘူး။
သူတို့နှစ်ယောက် အတူပူးပေါင်းတိုက်ခိုက်တဲ့ အချိန် တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်စွက်ပြီး တွဲဖက်ညီညီ တိုက်ခိုက်နိုင်တဲ့အတွက် သတ်ဖြတ်သူနှစ်ယောက်လို့တောင် သွေးစစ်သည်တော်တွေကြား နာမည် ကြီးနေပါသေးတယ်။
ရန်မိသားစု လေးယောက်မြောက် သခင်လေး ရန်ရှင်းဝူကို ရန်မိသားစုဆီ လိုက်ပါစောင့်ရှောက် တုန်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ များစွာရဲ့ ချောင်းမြောင်း ဝိုင်းရံတိုက်ခိုက်ခြင်းကို သူတို့ ခံခဲ့ရပါတယ်။ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ရန်သူ အရေအတွက်က ရန်ကိုင်တို့ ရင်ဆိုင်ခဲ့ရတဲ့ ရန်သူ အရေအတွက်ထက်တောင် ပိုများနေပါသေးတယ်။
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး အားကုန်ထုတ်သုံးပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ပေမယ့် ရန်ရှင်းဝူရဲ့ ကိုယ်ပိုင်ခွန်အားက နိမ့်ကျနေခဲ့တဲ့အတွက်ကြောင့်သာ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရတာပါ။
ရန်ကိုင်က သူတို့ နှစ်ယောက်ကို ရုတ်တရက်ကြီး စကားပြောလာတဲ့အတွက် ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး စိတ်ရှုပ်သွားခဲ့တယ်။ သခင်ငယ်လေး ဘာတွေများ ထပ်ပြီး ညွှန်ကြားမှာလဲ ဆိုတာကို တွေးတောရင် ရန်ကိုင်ဆီမှ အမိန့်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
“ကျုပ်နဲ့ ပက်သက်ပြီး ခင်ဗျားတို့ စိတ်ထဲ မကျေမနပ်တာ ရှိလား” ရန်ကိုင်က သူတို့ကို အမိန့်မပေးပဲ ရုတ်တရက်ကြီး မေးခွန်းတစ်ခု ကောက်မေးလိုက်တဲ့အတွက် နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့တယ်။
ပြောပြီးတာနဲ့ ရန်ကိုင်က ပြုံးလိုက်ပြီး ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်တယ်။
ကျုကောင်းရီက အလျင်အမြန်ပဲ ပြန်ပြောလိုက်တယ် “သခင်လေးကို ဒီလက်အောက် ငယ်သားက ဘယ်လိုလုပ်ပြီး မကျေမနပ် ဖြစ်ရဲပါ့မလဲ”
“ခင်ဗျားတို့ ပြောချင်တာ တကယ်ပဲ ဘာမှ မရှိတာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး “ကျုပ်အမှန်ကို ကြားချင်တယ်”
ကျုကောင်းရီက အနည်းငယ် ရှက်ရွံ့နေသည့် အမူအရာနဲ့ ရင်းဂျုကို လှမ်းကြည့်လိုက်တယ်။ သူတို့ နှစ်ယောက်စလုံး ဘာပြောလို့ ပြောရမယ်မှန်း မသိ ဖြစ်နေခဲ့တယ်။
သွေးစစ်သည်တော် ခန်းမမှာတုန်းက သူတို့ရဲ့ သခင်ငယ်လေးက ဘယ်လောက်တောင် တော်တာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကြင်ကြင်နာနာနဲ့ ဘယ်လို ဆက်ဆံတာ စတဲ့ အကြောင်းအရာ တွေကို တုဖုန်းနဲ့ တန်ယုရှန်းတို့ဆီက နားမဆံအောင် သူတို့ ကြားခဲ့ရပါတယ်။ ရက်နည်းနည်းလောက် ကြာပြီးတဲ့ အချိန်မှာတော့ သူတို့ နှစ်ယောက်ကို လာမယ့် အမွေခံတိုက်ပွဲမှာ သခင်လေးက အသုံးပြုမယ်လို့ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက် ဝမ်းပန်းတသာနဲ့ သူတို့ကို လာပြောပြခဲ့ပါတယ်။
တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ အမွှမ်းတင် ချီးကျူးစကားတွေနဲ့ ရန်ကိုင်က သူတို့ကို လိုလိုလားလားနဲ့ ထောက်ပံ့ပေးခဲ့တာကြောင့် ရန်ကိုင်ကို သူတို့ နှစ်ယောက်စလုံး အရမ်းကျေးဇူးတင်မိသွားခဲ့ပြီး သူ့ကို အကောင်းဆုံး ထောက်ပံ့ပေးမယ်လို့ နှစ်ယောက်စလုံး စိတ်ထဲကနေ တိတ်တဆိတ် ဆုံးဖြတ်ခဲ့တယ်။ သူတို့ရဲ့ အသက်ကို ဆုံးရှုံးမယ် ဆိုရင်တောင်မှ နှစ်ယောက်စလုံး တုန့်ဆိုင်းနေမှာ မဟုတ်ပါဘူး။
ရန်ကိုင် နောက်သလို့ ရက်တော်တော်များများကြာအောင် လိုက်လာခဲ့ပြီးနောက် ရန်ကိုင်က သူတို့ကို တစ်ချက်ကလေးတောင် ဂရုမစိုက်ခဲ့ပါဘူး။ သူတို့ကို အလွန်အမင်း အေးစက်စက်နဲ့ ဆက်ဆံရုံမကလို့ နှစ်ယောက်စလုံးအား သူတို့ ဒဏ်ရာတွေကို ပြန်ကုသဖို့ အချိန်လေးတောင် မပေးခဲ့ပါဘူး။
သွေးစစ်သည်တော်တွေက ရန်မိသားစုအပေါ် အကြွင်းမဲ့ သစ္စာရှိတယ် ဆိုပေမယ့် သူတို့တွေက လူသားတွေ ဖြစ်နေတုန်းပဲလေ။ သူတို့ အသက်ကိုတောင် ပဓါန မထားပဲ ရန်မိသားစုအပေါ် အကြွင်းမဲ့ သစ္စာရှိတာပါ။ ဒါပေမယ့် ရန်ကိုင်က သူတို့ကို အခုလို ဆက်ဆံနေတော့ သူတို့ကိုစိတ်ထဲ သက်သောင့်သက်သာ မရှိသလို ခံစားလာခဲ့ရတယ်။
“လွတ်လွတ်လပ်လပ် သာပြော” ရန်ကိုင်က လက်ဖက်ရည် ခွက်ထဲကနေ နောက်တစ်ငုံ သောက်လိုက်ပြီး နှစ်ယောက်စလုံးကို လေးလေးနက်နက်နဲ့ စိုက်ကြည့်လိုက်တယ်။
ကျုကောင်းရီက ကွဲအက်နေတဲ့ သူ့နှုတ်ခမ်းတွေကို လျှာဖြင့် သပ်လိုက်ပြီး စပြောလိုက်တယ် “သခင်ငယ်လေး ကျုပ်တို့ကို လက်လှမ်းကူညီ လိုက်တဲ့အချိန်က ကျုပ်နဲ့ရင်းဂျုတို့ နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို လက်လျှော့ထားလိုက်တဲ့ အချိန်ပါ။ သခင်ငယ်လေးကပဲ ကျုပ်တို့ရဲ့ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ဖို့ နေရာနဲ့ အကြောင်းပြချက် ပေးခဲ့တညပါ။ ဒါကြောင့် ကျုပ်တို့ ဘယ်လိုပဲ ဆက်ဆံခံနေရပါစေ၊ သခင်ငယ်လေးကို နည်းနည်းလေးမှ မကျေမနပ် ဖြစ်မှာ မဟုတ်ပါဘူး။ ကျုပ်တို့… နည်းနည်းလေး စိတ်ပျက်သွားမိရုံလေးပဲ ရှိတာပါ”
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်တယ် “ကျုပ်ပုံစံက တုဖုန်း ပြောခဲ့တာနဲ့ တစ်ခြားစီ ဖြစ်နေတယ်လို့ ခင်ဗျားတို့ ထင်နေတာမလား”
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး အသာအယာလေး ခေါင်းညိတ်လိုက်ကြတယ်။
“ဟုတ်တာပေါ့။ ကျုပ်က ခင်ဗျားတို့ နှစ်ယောက်ကို ကွဲကွဲပြားပြား ဆက်ဆံရမယ်လေ။ ခင်ဗျားတို့ နှစ်ယောက်စလုံးက ကျုပ်နဲ့ သိသေးတာမှ မဟုတ်တာကို” ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး “တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို ကျုပ်ဘက် ခေါ်ချင်တယ်၊ သူတို့ကို ကောင်းကောင်း ဆက်ဆံတယ် ဆိုတာက ကျုပ်တို့တွေက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပြီးသားကိုး”
ထိုစကားကို ကြားလိုက်တာနဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံးရဲ့ အမူအရာ အနည်းငယ် မှိန်ကျသွားခဲ့တယ်။
“ဒါပေမယ့် ခင်ဗျားတို့ နှစ်ယောက်စလုံး ကျုပ်နောက်ကို လိုက်တာနဲ့ အချိန်တော်တော်လေး ကြာသွားပြီဆိုတော့ ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းပါးပါးလောက်တော့ ရင်းနှီးသွားလောက်ပြီပေါ့” ရန်ကိုင်က သွေးစစ်သည်တော် နှစ်ယောက်ကို ကြည့်ကာ ပြုံးလိုက်ပြီး “အနည်းငယ်ဆုံး ခင်ဗျားတို့ စိတ်ထဲ ဘာတွေတွေးနေလဲ ဆိုတာကို ကျုပ်နားလည် သွားခဲ့ရပြီလေ”
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံးရဲ့ အမူအရာ နောက်တစ်ကြိမ် တောက်ပလာခဲ့ပြီး ရန်ကိုင်ကို ငြိမ်သက်စွာနဲ့ ငေးကြည့်နေခဲ့ကြတယ်။ ရန်ကိုင် အခုလို စကားစလာလိုက် ကတည်းက သူတို့နှစ်ယောက် မျှော်လင့်နေတဲ့ အကြောင်းတစ်ခုခုကို သူစပြောတော့မယ် ဆိုတာကို ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး ခန့်မှန်းမိပါတယ်။
“ရန်မိသားစုအပေါ် ခင်ဗျားတို့ရဲ့ သစ္စာစောင့်သိမှု၊ ကျုပ်အပေါ်ရှိတဲ့ ခင်ဗျားတို့ရဲ့ ခံစားချက်တွေကို ကျုပ်နည်းနည်းလေးတောင် သံသယ မဝင်တော့ဘူး” ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်ရင်း “ဒါပေမယ့် တစ်နေ့ကျ ကျုပ်နဲ့ရန်မိသားစုကြား ပြဿနာတွေ ဖြစ်လာခဲ့ရင် ခင်ဗျားတို့ ဘာလုပ်မှာလဲ။ ဘယ်ဘက်ကို ရွေးမှာလဲ၊ ကျုပ်လား ဒါမှမဟုတ် ရန်မိသားစုလား”
လူကြီး နှစ်ယောက်စလုံးရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ ငေးစိုက်ကြည့်နေခဲ့ကြတယ်။
“သခင်လေး နောက်နေတာတော့ မဟုတ်ပါဘူးနော်” ကျုကောင်းရီက မျက်မှောင်ကြုံ့ကာ မေးလိုက်တယ်။
“ဘယ်က နောက်နေရမှာလဲ၊ ကျုပ် အတည်ပြောနေတာ” ရန်ကိုင်က ပြတ်သားတဲ့ အမူအရာနဲ့ ကျုကောင်းရီကို ပြန်စိုက်ကြည့်လိုက်တယ်”
ကျုကောင်းရီက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ပြန်ပြောလိုက်တယ် “အဲ့လိုနေ့မျိုး ဘယ်တော့မှ ရှိမလာဖို့ ကျုပ်မမျှော်လင့်မိပေမယ့် အဲ့လို ဖြစ်လာတဲ့ တစ်နေ့ကျရင်တော့ ကျုပ်နဲ့ရင်းဂျုက သခင်လေးနောက်ပဲ လိုက်မှာပါ”
စကားပြောခဲတဲ့ ရင်းဂျုကတောင် သူ့အထင်အမြင်ကို ဝင်ပြောလာခဲ့ပါတယ် “သခင်ငယ်လေးသာ မရှိခဲ့ရင် အခုအချိန်လောက်ဆို ကျုပ်တို့ နှစ်ယောက်စလုံး ကိုယ့်ကျင့်ကြံခြင်းကို ဖျက်စီးပြီး တောတောင်တွေထဲ သွားအောင်နေလောက်ပါပြီ။ ဒါကြောင့် ကျုပ်တို့ရဲ့ အသက်တွေကို သခင်ငယ်လေး ပိုင်ပါတယ်။ သခင်ငယ်လေးသာ ကျုပ်တို့ကို လိုအပ်တယ်ဆိုရင် ကျုပ်တို့ကလည်း သခင်ငယ်လေးကို ကူညီဖို့ တုန့်ဆိုင်နေမှာ မဟုတ်ပါဘူး”
သူတို့ ပြောတာကို နားထောင်ရင်း ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။
သူတို့ အခုလို ပြောရတဲ့ ပထမ အကြောင်းပြချက်က ရန်ကိုင်က ရန်မိသားစုဝင် တစ်ယောက် ဖြစ်တဲ့အတွက် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားလို့ပါ။ ဒုတိယ အချက်အနေနဲ့ အခုအချိန်မှာ အခုလို ပြောလိုက်လို့ ပြဿနာတွေ မဖြစ်လာနိုင်လို့ပါ။ အကယ်၍ ရန်ကိုင် ပြောသလို နေ့မျိုး ရှိလာခဲ့ရင်တောင် အဲ့အချိန်ကျမှ ဆုံးဖြတ်ရမှာပါ။ အခုဆုံးဖြတ်စရာ မလိုသေးပါဘူး။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူလိုချင်နေတဲ့ အဖြေကို နောက်ဆုံးတော့ ရလိုက်ခဲ့ပြီလေ။
“ကျုပ် ယုရှန်းကို တစ်ကြိမ်ပြောဖူးတယ်၊ ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို သိသွားတဲ့ ဘယ်သူမဆို ကျုပ်လူ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သေလူပဲ ဖြစ်ရမယ်လို့လေ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး “အခု ခင်ဗျားတို့နှစ်ယောက် ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို သိဖို့ အရည်အချင်း ပြည့်မှီသွားပြီ”
ကျုကောင်းရီနဲ့ ရင်းဂျုတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရန်ကိုင်ကို ပြန်လှည့်ကြည့်လိုက်တယ်။ ရန်ကိုင် ဘာပြောချင်နေလဲ ဆိုတာကို သူတို့ နှစ်ယောက်စလုံး နားမလည် နိုင်ခဲ့ပါဘူး။
“ခင်ဗျားတို့ တစ်ယောက်တစ်လုံးစီ သောက်လိုက်” ရန်ကိုင်က သူ့အင်္ကျီလက်ထဲကနေ ဆေးနှစ်လုံးကို သွေးစစ်သည်တော် နှစ်ယောက်ဆီ ပေးလိုက်တယ်။
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး ဆေးလုံးကို ဖမ်းယူလိုက်ပြီး ရန်ကိုင်ကို ကျေးဇူးတင်လိုက်တယ်။ ဒါပေမယ့် သူတို့စိတ်ထဲ ဇဝေဇဝါ ဖြစ်နေတုန်းပါပဲ။
Martial Peak
အပိုင်း(၄၁၉) တစ်ယောက်ယောက်က နင်နဲ့ တွေ့ချင်နေတယ်
တုဖုန်းနဲ့ တန်ယုရှန်းတို့လိုပဲ ရန်ကိုင် ပေးလိုက်တဲ့ဆေးလုံးက မြေကမ္ဘာအထွတ်အထိပ် အဆင့် ဆေးလုံးမှန်း သိလိုက်တဲ့အချိန် သွေးစစ်သည်တော် နှစ်ယောက်စလုံး စိတ်ရှုပ်သွားခဲ့ရတယ်။ ကုသရေးအတွက် အထူးပြုလုပ်ထားတဲ့ ဆေးလုံး ဖြစ်နေရင်တောင် ဒီမြေကမ္ဘာအဆင့်လောက်နဲ့ သူတို့ရဲ့ ဒဏ်ရာတွေကို ဘယ်လောက်များ ပျောက်ကင်းသွားစေနိုင်မှာမို့လို့လဲ။
သူတို့စိတ်ထဲ သံသယတို့ ရှိနေသေးပေမယ့် နှစ်ယောက်စလုံး ဘာအမူအရာမှ မပြခဲ့ကြပါဘူး။
“အချိန် သိပ်မရှိတော့ဘူး။ ဆေးလုံးကိုသောက်ပြီး ခပ်မြန်မြန် သန့်စင်လိုက်။ ဒီညမှာ ခင်ဗျားတို့ နှစ်ယောက် မပါလို့မဖြစ်တဲ့ အခြေအနေတွေ ရှိတယ်” ရန်ကိုင် မျက်ဝန်းထဲက အကြည့်က အသူတရာချောက်လို နက်ရှိုင်းနေခဲ့တယ်။ သူ့ပါးစပ်က လှောင်ပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ပြီး “ငါ့ထွက်ရဖို့ကို ငါ့ရဲ့ ဘယ်ညီအစ်ကိုက စိတ်မရှည်ဆုံး ဖြစ်မလဲ ဆိုတာကို ငါတော်တော်လေး သိချင်နေမိပြီ”
“ဟုတ်ကဲ့ပါ” သွေးစစ်သည်တော် နှစ်ယောက်စလုံး ခိုင်မြဲပြတ်သားစွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီညက မငြိမ်းချမ်းတော့ဘူး ဆိုတာကို သိထားတဲ့အတွက် နှစ်ယောက်စလုံး တုန့်ဆိုင်းမနေတော့ပဲ ဆေးလုံးကို မျိုးချဖို့ လုပ်လိုက်တယ်။ အဲ့အချိန်မှာပဲ ရန်ကိုင် အမူအရာ ရေခဲတမျှ အေးစက်သွားခဲ့ပြီး စံအိမ်ဝင်ပေါက် ရှိရာဆီ လှမ်းကြည့်လိုက်တယ်။ ထို့နောက် သေမင်းတစ်ကောင်လို ပြုံးလိုက်ပြီး “ညတောင် မရောက်သေးဘူး၊ တစ်ယောက်ယောက်က မစောင့်နိုင်တော့ပါလား”
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ စံအိမ် အပြင်ဘက်ကို စစ်ဆေးကြည့်လိုက်တယ်။ စံအိမ်အပြင်ဘက်၌ လူများစွာ စုဝေးနေတာကို သတိပြုမိလိုက်တာနဲ့ နှစ်ယောက်စလုံး ဒေါသထွက်မိသွားခဲ့သလို အံ့လည်း အံ့အားသင့်မိသွားခဲ့တယ်။
ဘာလို့လဲဆိုတော့ ရန်ကိုင်က ထိုလူတွေကို သူတို့တောင် သတိမပြုမိ သေးခင်မှာပဲ သတိပြုမိသွားတာကြောင့်ပါပဲ။
ထိုအဖွဲ့သားတွေကို ရန်ကိုင် ဘယ်လို ရှာတွေ့သွားခဲ့မှန်း ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး နားမလည်နိုင် ဖြစ်နေခဲ့တယ်။
အခုရောက်လာတဲ့ လူအရေအတွက်က အရမ်းကြီး မများသလို သူတို့ရဲ့ ခွန်အားကလည်း အရမ်းကြီး မမြင့်လှပါဘူး။ ဒါပေမယ့် သူတို့အဖွဲ့မှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် များစွာ ရှိနေတုန်းပါပဲ။
“ကျုပ်တို့နှစ်ယောက် သူတို့ကို ပြန်ပို့လိုက်ပါမယ်” ကျုကောင်းရီက စပြောလိုက်တယ်။
“အလျင်လိုစရာ မလိုပါဘူး” ရန်ကိုင်က အသာအယာလေး မျက်မှောင် ကြုံ့လိုက်ပြီး “ချူရီမန် လာနေပြီ”
သူပြောပြီး သိပ်မကြာခင်မှာပဲ ချူမိသားစု ပထမသခင်လေး ချူရီမန်ရဲ့ အသံက အခန်းအပြင်ဘက်ကနေ ထွက်လာခဲ့တယ် “ရန်ကိုင်၊ တစ်ယောက်ယောက် နင့်ကို လာတွေ့တယ်”
ရန်ကိုင်နဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ငေးကြောင် ကြည့်မိလိုက်ကြတယ်။
အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ ချူရီမန်က တံခါးပေါက်ကနေ အသာအယာလေး ပြုံးရင်း စောင့်နေတာကို တွေ့လိုက်ရတယ်။ သွေးစစ်သည်တော်နှစ်ယောက် ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ သူတို့ သခင်ငယ်လေးကို စိတ်ထဲကနေ ချီးကျူးလိုက်တယ်။ ငါတို့ သခင်ငယ်လေးက တယ်ဆန်းပွင့်လှပါလား။ အခုလို အခြေအနေ မျိုးမှာတောင် သူ့ကို ကူညီပေးမယ့် အလှလေး တစ်ယောက် ရှိနေသေးတယ်။
“ဘယ်သူလဲ” ရန်ကိုင်က သင်္ကာမကင်းနဲ့ ပြန်မေးလိုက်တယ်။
ဒါပေမယ့် ချူရီမန်က ခေါင်းသာ ခါလိုက်ပြီး “ငါလည်းမသိဘူး။ သူတို့ကို လူငယ်လေး တစ်ယောက်က ဦးဆောင်လာတာ။ သူက နင်နဲ့စကားပြောချင်တယ်တဲ့။ ဒါပေမယ့် သူ့သဘောထားက နည်းနည်း ထူးဆန်းသလိုပဲ။ နင်သူနဲ့ တွေ့ချင်လား”
“သူတို့ ဘယ်သူလဲ ဆိုတာ နင်မသိဘူးပေါ့” ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။
“သူကမှ ဘာမှမပြောတာ၊ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ” ချူရိမန်က ရန်ကိုင်ကို ပြန်ပြီး စိုက်ကြည့်လိုက်တယ်။
“သူတို့ ခေါင်းဆောင်က ဝလား” ဒေါင်ချင်းဟန်ကို ရန်ကိုင် ရုတ်တရက် စဉ်းစားမိလိုက်တယ်။ ဒါပေမယ့် ဒီနေ့ သူ့ဆီ မလာသေးဖို့ သူ့ဝမ်းကွဲကို လွန်ခဲ့တဲ့ နှစ်ရက်တည်းက စာပို့ပြီး လှမ်းပြောထားခဲ့ပါတယ်။ သူ့စရိုက်နဲ့ဆို ဒေါင်ချင်းဟန်က သူ့တောင်းဆိုတာကို ငြင်းပယ်ပြီး ဒီနေရာကို ရောက်လာလိမ့်မှာ မဟုတ်ပါဘူး။
“မဝဘူး၊ နင်ကိုယ်တိုင်သာ လာကြည့်လိုက်တော့”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး လမ်းလျှောက် ထွက်သွားလိုက်တယ်။ ချုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက် သူ့နောက်လိုက်ဖို့ လုပ်နေတာကို မြင်တော့ ရန်ကိုင်က သူတို့ နှစ်ယောက်ကို တားလိုက်တယ်။
“ခင်ဗျားတို့ ဒဏ်ရာတွေကို အရင် ပြန်ကုသနှင့်ဦး။ ကျုပ်နောက် လိုက်စရာ မလိုသေးဘူး”
“ဒါပေမယ့်…” ကျုကောင်းရီက ငြင်းဆန်ချင်ပေမယ့် ရန်ကိုင်က ချက်ချင်းပဲ ဖြတ်ပြောလိုက်တယ်။
“အဲ့လူတွေရဲ့ ခွန်အားက ကျုပ်ကို အန္တရာယ်ပေးဖို့ မလုံလောက်သေးပါဘူး” ရန်ကိုင်က ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။ ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ရှုပ်နဲ့ ကြည့်ရင်း ကျန်ရစ်ခဲ့ကြတယ်။
ရန်ကိုင်က စကားနည်းနည်းသာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် သူပြောသွားတဲ့ စကားတဲ့ သာမန်မဟုတ်တဲ့ အဓိပ္ပါယ်တို့ ပါဝင်နေခဲ့တယ်။
သခင်ငယ်လေးက ထိုအဖွဲ့ကို သူတို့ထက် စောတွေ့ခဲ့ရုံ မကလို့ ထိုလူတွေရဲ့ ခွန်အား အတိအကျကိုပါ သိနေခဲ့ပါတယ်။
သူဘယ်လို သိသွားခဲ့တာလဲ။ သူ့ကျင့်ကြံခြင်း အဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်မှာပဲ ရှိသေးတာလေ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကိုတောင် ရောက်သေးတာမဟုတ်ဘူး။ ဒါဆိုရင် အဲ့လူတွေကို ကောင်းကင်စိတ်အာရုံကို မသုံးပဲနဲ့ သူဘယ်လို တွေ့သွားခဲ့ရတာလဲ။
သူတို့ရဲ့ အသိပညာနဲ့ဆိုရင် ထိုလူတွေကို ရန်ကိုင် ဘယ်လိုတွေ့သွားလဲ ဆိုတာကို ခန့်မှန်းဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
ပြီးတော့ ထိုလူတွေရဲ့ ခွန်အား အတိအကျကို သိနေရင်တောင် သူတို့ခွန်းအားက ကျုပ်ကို အန္တရာယ်ပေးဖို့ မလုံလောက်သေးဘူး ဆိုတာ ဘာကို ပြောချင်တာလဲ။ ရန်ကိုင်ဆီကနေ ထုတ်လွှတ်နေခဲ့တဲ့ ရှင်းပြမရနိုင်တဲ့ ယုံကြည်ချက်က ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံးကို ဝေခွဲမရ ဖြစ်သွားစေခဲ့တယ်။
ထိုအဖွဲ့ထဲ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် များစွာ ရှိနေတယ် ဆိုတာကို သူတို့ နှစ်ယောက်စလုံး သိထားပြီးပါပြီ။
ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက် ထိတ်လန့် အံ့အားသင့်စွာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။
ရန်ကိုင် ထွက်လာတာနဲ့ ချူမိသားစုရဲ့ ပထမသခင်လေးက အသာအယာလေး ပြုံးရင်း ပြောလိုက်တယ် “နင့်ပုံစံ ကြည့်ရတာ နည်းနည်းလေးတောင် အလျင်လိုနေတဲ့ပုံ မပေါက်ပါလား”
“ဘာတွေ အလျင်လိုစရာ ရှိလို့လဲ” ရန်ကိုင်က သူမကို ပြန်ကြည့်လိုက်တယ်။
“နင် မအူမလည် ဆက်လုပ်ချင်သေးတာလား” ချူရီမန် မျက်နှာထက်က အပြုံး ပျောက်ကွယ်သွားခဲ့ပြီး အံကြိတ်လိုက်ရင်း ရန်ကိုင်ရဲ့ အင်္ကျီလက်စကို လှမ်းဆွဲကာ ပြောလိုက်တယ် “နင်ငါ့ကို ရှင်းရှင်းလင်းလင်း မပြောသင့်ဘူးလား”
“ဘာကို ရှင်းရှင်းလင်းလင်း လုပ်ရဦးမှာလဲ။ နင်ဘာပြောနေတာလဲ ငါနားမလည်ဘူး” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။
“နင့်မှာ အဆက်အသွယ် ဘယ်လောက်လောက် ရှိလဲ၊ ဘယ်အင်အားစုတွေက နင့်ကို လာကူညီမှာလဲ။ ပြီးတော့ ဒီညမုန်တိုင်းကို နင်ဘယ်လို ကျော်ဖြတ်မှာလဲ” ချူရီမန်က ပွင့်ပွင့်လင်းလင်း ကောက်မေးလိုက်တယ်။ သူမသာ အခုလို မမေးဘူးဆိုရင် ရန်ကိုင်က ဟိုကွေ့ပတ်၊ ဒီကွေ့ပတ်ပြီးတော့ပဲ ပြောနေဦးမှာပါ။ သူမရဲ့ လေသံကို ပျော့ပျောင်းသွားစေလိုက်ပြီး ချူရီမန်က ဆက်ပြောလိုက်တယ် “အခု ငါက နင့်ရဲ့ မဟာမိတ် ဖြစ်နေပြီလေ။ ငါက ချူမိသားစုကို ကိုယ်စား မပြုနိုင်သလို နင့်ကိုလည်း အကူအညီ များများစားစား မပေးနိုင်ပေမယ့် ငါနင့်အတွက်နဲ့ ဒီအထိတောင် ရောက်လာခဲ့ပြီးပြီလေ။ နင်ဘာလို့ ငါ့ကို သတင်းအမှောင် ချထားချင်သေးရတာလဲ။ ငါက နင်နဲ့ ရိုးရိုးသားသား ဆက်ဆံဖို့အတွက် မထိုက်တန်သေးလို့လား။
“ရိုးရိုးသားသား ဆက်ဆံတာလား” ရန်ကိုင်က ထူးထူးဆန်းဆန်း ပြုံးလိုက်ပြီး ချူရီမန်ကို အထက်အောက်စုံဆန် သိမ်းကျုံးကြည့်လိုက်တယ်။ ထို့နောက် ရမက်လွှမ်းသည့် အရိပ်အယောင်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့ပြီး “နင်က ငါ့နဲ့ ဘယ်လိုမျိုး ရိုးရိုးသားသား ဆက်ဆံချင်လို့လဲ”
ရန်ကိုင် မျက်ဝန်းထဲက အကြည့်နဲ့ သူ့စကားထဲက သွယ်ဝိုက်အဓိပ္ပါယ်ကို နားလည်လိုက်တာနဲ့ ချူရီမန် မျက်နှာ နီမြန်းသွားခဲ့ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် အလျင်အမြန်ပဲ လုပ်လိုက်ကာ “နင်ငါ့ကို နည်းနည်းလေးတောင် ယုံကြည်ပေးလို့ မရဘူးလား။ နင့်မှာ ပြဿနာတွေ ရှိတယ်ဆိုရင် ငါ့ကို ဖွင့်ပြောလို့ရတယ်။ ငါတို့ အချင်းချင်း ဆွေးနွေးလို့ ရတာပေါ့”
“မလိုဘူး။ ငါက မိန်းမတွေနဲ့ ချစ်စကား၊ ကြိုက်စကားပဲ ပြောတာ။ အခုလို အကြောင်းအရာတွေကို မိန်းမတစ်ယောက်နဲ့ ဆွေးနွေးတာမျိုးက ငါ့စရိုက် မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါလိုက်ပြီး လေးလေးနက်နက်နဲ့ ပြန်ပြောလိုက်တယ်။
“ဘာလို့နင်…နင်… နင်ဘာလို့ ငါ့ကို အမြဲစကား အကောင်း မပြောရတာလဲ။ နင်ငါ့ကို အဲ့လောက်တောင် အမြင်ကတ် နေတာလား” ချူရီမန်က ခါးခါးသီးသီးနဲ့ ပြန်ပြောလိုက်တယ်။ သူမရဲ့ အသက်ရှုသံတောင် အနည်းငယ် ကြမ်းတမ်းလာခဲ့ပြီး ခေါင်းမာမာနဲ့ ပြန်အော်လိုက်တယ် “နင်က တကယ်ကို အံ့ဩစရာကောင်းတယ်၊ ငါတွေ့ခဲ့ဖူးတဲ့ လူငယ်မျိုးဆက်ထဲမှာ ဆိုရင်လည်း အထူးချွန်ဆုံး ဆိုတာကိုလည်း ငါဝန်ခံတယ်။ ဒါပေမယ့် အဲ့ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မနဲ့ ငါ့ကို လာယှဉ်နေဖို့ မလိုဘူးလေဟာ။ သူ့မပြိုင်ဘက် မဟုတ်မှန်း ငါ့ကိုယ်ငါ ကောင်းကောင်းသိပါတယ်”
“ငါနင့်ကို အမြင်ကတ် ကြည့်မရတာ မဟုတ်ဘူး။ နင်ကကို အရမ်း ပါးနပ်လွန်းနေတာ။ နင့်နားမှာ ရှိတဲ့အခါတိုင်း ငါ့မှာ သေသေချာချာကို ဂရုစိုက်ပြီး လှုပ်ရှားရတယ်” ရန်ကိုင်က သူမကို အေးစက်စက်နဲ့ ပြန်စိုက်ကြည့်လိုက်တယ်။
ချူရီမန် ကြောင်သွားခဲ့တယ်။ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေခဲ့ပြီးနောက် ရုတ်တရက်ကြီး ကောက်ပြုံးလိုက်ကာ “အဲ့တော့ ငါနင့်ကို ဖိအားပေးနိုင်တယ်လို့ နင်ပြောလိုက်တာပေါ့နော်။ နင့်နားမှာရှိတိုင်း ငါကပဲ အမြဲတမ်း ဖိအားခံစားရတယ်လို့ ထင်နေတာ”
“နင့်ကိုယ်နင် အရမ်းလျှော့ပေါ့ပြီး တွေးနေတာပဲ”
“ဘာလို့လဲ မသိပေမယ့် ငါ့စိတ်ထဲ အများကြီး ပိုနေလို့ ကောင်းလာသလို ငါခံစားလိုက်ရတယ်” ချူရီမန် ပျော်ရွှင်စွာနဲ့ ပြုံးလိုက်တယ်။ ရန်ကိုင်ကို သတိချပ်အောင် လုပ်နိုင်တာကို သူမ တော်တော်လေး ပျော်နေတဲ့ ပုံပါပဲ။
“ဒီညတော့ ငါနင့်ကို ဘာမှ ပြောဦးမှာမဟုတ်ဘူး၊ စောင့်သာ စောင့်ကြည့်နေ” ရန်ကိုင်က ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်တယ်။
“အဲ့တော့ နင်က အကုန်လုံးကို ကြိုတင် ပြင်ဆင်ပြီးသွားပြီပေါ့” ချူရီမန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး “မလိုအပ်ပဲ ငါက အစိုးရိမ်လွန်နေတဲ့ပုံပဲ”
သူမက နောက်ပြောနေတာမှန်း သိတဲ့အတွက် ရန်ကိုင်က ဘာမှ ပြန်ပြောမနေခဲ့ပါဘူး။ အဲ့အစား စံအိမ်ဝင်ပေါက်ဆီသာ လမ်းလျှောက်သွားလိုက်တယ်။
ရန်ကိုင် နားမလည်သေးခင်မှာပဲ ဟော်ရှင်းချန်က ခေါက်ယပ်တောင်လေး တစ်ချောင်းကိုင်ရင်း တစ်နေရာရာကနေ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်နဲ့ ချူရီမန်နောက်လိုက်ရင်း ပြုံးကာ မေးလိုက်တယ် “ဘယ်လိုလုပ်ပြီး အပြင်ကနေ အသံတွေ ကြားနေရတာလဲ”
“နင့်အကြားအာရုံက တကယ်ကို ထက်ရှတာပဲ” ချူရီမန်က ဟော်ရှင်းချန်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်တယ်။
ဟော်ရှင်းချန်က အဓိပ္ပါယ်ပါပါနဲ့ ပြန်ပြုံးပြလိုက်ပြီး “ငါက စည်စည်ကားကားရှိတဲ့ မြင်ကွင်းတွေကို အမြဲတမ်း နှစ်သက်တာ၊ အထူးသဖြင့် ရန်သူအချင်းချင်း တွေ့ဆုံခန်းတွေလိုမျိုးပေါ့။ ငါ့ကို ပြောစမ်းပါဦး၊ ဘယ်သူက သူ့ကို လာပြီး ပြဿနာရှာတာလဲ”
“သူတို့တွေက ပြဿနာရှာဖို့ လာတဲ့ ပုံစံနဲ့ မတူဘူး” လက်ရှိအခြေအနေ အကြောင်း စကားရောက်သွားတဲ့ အခါမှာတော့ ချူရီမန်အကြည့် လေးနက်သွားခဲ့ပြီး “သူတို့ ခေါင်းဆောင်ရဲ့ သဘောထားက တကယ်ကို ထူးဆန်းတယ်။ သူက ရန်ကိုင်နဲ့ ပူးပေါင်းဖို့ လာခဲ့ပေမယ့် ရန်ကိုင်နဲ့ မပူးပေါင်းချင်နေပြန်ဘူး။ သူ့နောက်မှာ လူတွေအများကြီးနဲ့ သေတ္တာတွေလည်း ရှိနေသေးတယ်”
“အိုး၊ လခွမ်းပဲ” ဟော်ရှင်းချန် အသံဗြဲကြီးနဲ့ ကျိန်ဆဲလိုက်တယ်။ မယုံကြည်နိုင်စွာနဲ့ ရန်ကိုင်ကို ငေးကြည့်နေရင်း “အခုလိုမျိုး မျှော်လင့်ချက် မဲ့နေတဲ အခြေအနေထဲ ရောက်နေတာတောင် သူနဲ့ပူးပေါင်းချင်တဲ့လူ ရှိသေးတယ်ပေါ့။ သူတို့တွေက မျက်လုံးပဲ ကန်းနေတာလား၊ သူ့ကိုပဲ ကြိုက်နေတာလား”
“နင့်ပါးစပ်ကို ပိတ်ထားစမ်း” ချူရီမန်က အေးစက်စက်လေသံနဲ့ အော်ဟစ်လိုက်တယ်။ ဟော်ရှင်းချန်က သခင်မလေးချူကို အနည်းငယ် လန့်နေတဲ့ ပုံစံပါပဲ။ ချူရီမန်က အော်လိုက်တာနဲ့ သူ့ဘာသာ ယပ်တောင်လေး ခတ်နေလိုက်ပြီး ချက်ချင်း ပါးစပ်ပိတ်သွားခဲ့တယ်။
“သတိလည်း ထားဦး၊ ဒါက ထောင်ချောက် ဖြစ်နေနိုင်တယ်” ချူရီမန်က ရန်ကိုင်ကို သတိပေးလိုက်တယ် “ဘာမဟုတ်တဲ့ ကိစ္စလေးကြောင့် နင်ရှုံးသွားမှာကို ငါမမြင်ချင်ဘူး”
ရန်ကိုင်ကို ထောက်ခံဖို့အတွက်နဲ့ ချူရီမန်က သူမမိသားစုကို ဆန့်ကျင်ခဲ့ရပါတယ်။ ဘာမဟုတ်တဲ့ အမှားလေး တစ်ခုကြောင့် သူရှုံးနိမ့်သွားခဲ့ရမယ် ဆိုရင်တော့ သူမ အမြင်မှားသွားတယ်လို့ပဲ မှတ်လိုက်ရမှာပေါ့။
စံအိမ်အပြင်ဘက်၌ ကြံ့ခိုင်တောင့်တင်းနဲ့ ခန္ဓာကိုယ်နဲ့ လူငယ်လေး တစ်ယောက်က လက်ပိုက်ထားလျှက် ရပ်နေခဲ့တယ်။ သူ့နောက်မှာတော့ လူ၂၀ကျော်မက ရှိနေခဲ့တယ်။ လေးယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပြီး အားအကောင်းဆုံး လူကတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ပါ။
ပထမအဆင့် အင်အားစု တစ်ခုအတွက် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက အားမနည်းလှပေမယ့် အရမ်းကြီး အားကောင်းလှရယ်လို့တော့လည်း မဟုတ်ပါဘူး။
အဓိက မှတ်သားစရာက သူတို့ နောက်မှာရှိနေတဲ့ သေတ္တာကြီးတွေပါ။
ထိုသေတ္တာတွေထဲ ဘာတွေ ရှိနေတယ်ဆိုတာ သူတို့ မသိပါဘူး။ အချို့သေတ္တာတွေက ပေါ့ပြီး အချို့သေတ္တာတွေက လေးကာ အချို့ သေတ္တာတွေကနေတော့ ဆေးရနံ့တွေ ရနေခဲ့ပါတယ်။
စုစုပေါင်း သေတ္တာလေးလုံးရှိပြီး လေးလုံးစလုံးကို ဂိတ်ပေါက်ဘေးနားမှာ ကျကျနန စီတန်းထားခဲ့ပါတယ်။
အဖွဲ့ကို ဦးဆောင်လာတဲ့ လူငယ်လေးရဲ့ အမူအရာက ငြိမ်သက်နေတဲ့ ကန်ရေပြင်ပမာ တည်ငြိမ်နေခဲ့တယ်။ လူအယောက်၂၀ စလုံးက ကောင်လေးနောက် ငြိမ်သက်စွာနဲ့ မတ်တပ်ရပ်နေရင်း ရန်ကိုင် ထွက်လာမှာကို မထူးခြားနားသည့် အမူအရာနဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်က ချူရီမန်နှင့် ဟော်ရှင်းချန်တို့နဲ့ အတူ စံအိမ်ထဲကနေ ထွက်လာခဲ့တယ်။
လူငယ်လေးက သုံးယောက်အတွဲကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ ရန်ကိုင်နဲ့ ဟော်ရှင်းချန်တို့ စံအိမ်ထဲကနေ အတူတူ ထွက်လာတာကို မြင်လိုက်တာနဲ့ သူ့မျက်ဝန်းထဲ စိတ်ရှုပ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။ ထိုနှစ်ယောက်ထဲမှာ ဘယ်သူက ရန်ကိုင်မှန်း သူမပြောနိုင် ဖြစ်နေခဲ့တယ်။
ရန်ကိုင်လည်း စိတ်ရှုပ်နေခဲ့တယ်။ အခုရောက်လာတဲ့ လူက သူ့ဝမ်းကွဲလို့ တွေးနေခဲ့တာပါ။ ဒါပေမယ့် တစ်ချက် ကြည့်လိုက်ရုံနဲ့တင် သူ့ရှေ့က လူငယ်လေးက သူ့ဝမ်းကွဲ မဟုတ်မှန်း တစ်ခါတည်း တန်းသိလိုက်တယ်။ သူ့ကို ပိုပြီး စိတ်ရှုပ်သွားစေတာက… သူ့ရှေ့က လူငယ်လေးက ဘယ်သူလဲ ဆိုတာကို သူမသိတာပါပဲ။ -
သူမသိတဲ့ လူတစ်ယောက်နဲ့ သူနဲ့ မဟာမိတ်ဖွဲ့ချင်လို့ ဆိုပြီး ရောက်လာတာက သိပ်တော့ အဓိပ္ပါယ်မရှိဘူးမလား။
အခုလက်ရှိ အမွေခံတိုက်ပွဲရဲ့ အခြေအနေအရက အမြင်နည်းနည်း ရှိတဲ့လူတောင် သူ့မှာ နိုင်နိုင်ချေ လုံးဝ မရှိဘူးဆိုတာကို လက်တန်း ပြောနိုင်ပါတယ်။ ဒီညကို ကျော်ဖြတ်နိုင်မယ့် အခွင့်အရေးတောင် သိပ်ပြီး မများလှပါဘူး။
ထို့ကြောင့် ထိုလူတွေ အခုအချိန်ကြီး သူ့ဆီ ရောက်လာတာက နည်းနည်း ဆန်းကြယ်လို့ နေပါတယ်။
ဒါပေမယ့် သူနဲ့ လာပူးပေါင်းတာ မဟုတ်ဘူးဆိုရင် ဂိတ်ပေါက်နားမှာ စီထားတဲ့ သေတ္တာကြီးလေးလုံးကို ဘာလို့ သယ်လာရတာလဲ။
တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ပြီး ထိုလူငယ်လေး သူ့ဆီ ဘာလုပ်ချင်လို့ လာလဲ ဆိုတာကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့တယ်။
သူဘာမှ မပြောရသေးခင်မှာပဲ ဟော်ရှင်းချန်က သူ့ယပ်တောင်ကို ဖွင့်လိုက်ပြီး အသာအယာလေး ယပ်ခပ်လိုက်ရင်း ပြုံးကာ မေးလိုက်တယ် “မင်းက ဘယ်အင်အားစုက တပည့်လဲ”
သူစကားစလိုက်တာနဲ့ အဖွဲ့ကို ဦးဆောင်လာတဲ့ လူငယ်လေးက ဟော်ရှင်းချန်ကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်တယ်။ ဒါပေမယ့် ဟော်ရှင်းချန်ရဲ့ အပျော်အပျက် ပုံစံကို မြင်လိုက်တာနဲ့ သူ့မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အေးစက်စက် အမူအရာနဲ့ ပြန်မေးလိုက်တယ် “မင်းက ရန်မိသားစုရဲ့ အငယ်ဆုံးသခင်လေး ရန်ကိုင်လား”
ဟော်ရှင်းချန်ရဲ့ အပြုအမူက သူ့ကို ချက်ချင်းပဲ စိတ်ပျက်သွားစေခဲ့တယ်၊ ထို့ကြောင့် သူကလည်း စကားပြောရာမှာ နည်းနည်းလေးတောင် ယဉ်ကျေးမနေတော့ပါဘူး။
ထိုလူရဲ့ မေးခွန်းကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန် မျက်နှာ မည်းမှောင်သွားခဲ့ပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း “မင်းပုံအရတော့ မင်းက ဘာဆိုဘာမှမသိတဲ့ ငှက်ဦးနှောက်နဲ့ ကောင်ပဲ ဖြစ်ရမယ်။ ဒီသခင်လေးက အချိန်နည်းနည်းပေးပြီး မင်းကို အကြံဥာဏ်လေး၊ ဘာလေး နည်းနည်းလောက် ပေးလိုက်မယ်”
တစ်ဖက်လူ ပြန်ပြောတာကိုတောင် စောင့်မနေပဲ ဟော်ရှင်းချန်က ဆက်ပြောလိုက်တယ် “ဒီညပြီးတာနဲ့ ဒီစံအိမ်ပိုင်ရှင်က ပြောင်းလဲသွားတော့မှာ။ အဲ့တော့ သေချာနားထောင်ထား ငှက်ဦးနှောက်နဲ့ကောင်။ မင်းသွားချင်တဲ့နေရာဆီ သွားလို့ရတယ်။ ဒါပေမယ့် တစ်နေရာရာဆီ မသွားခင် မင်းမျက်လုံးကို အရင်ဖွင့်ထားသင့်တယ်။ သခင်လေး ရှစ်ယောက် ရှိတဲ့ အထဲမှာမှ ဒီနေရာက သခင်လေးက လုံးဝကို မျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေထဲ ရောက်နေတာ”
Martial Peak
အပိုင်း(၄၂၀) ဒီကောင် ဆေးမမှီတော့ဘူး
ရန်ကိုင် စံအိမ်ရှေ့၌ ဟော်ရှင်းချန်က သူပြောချင်ရာကို စွတ်ပြောသွားခဲ့တယ်။ သူ့ပြောခဲ့တဲ့ စကားတွေကြောင် ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်ရုံမကလို့ တစ်ဖက်က နားထောင်နေတဲ့လူပါ မပျော်မရွှင် ဖြစ်သွားခဲ့ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
ဟော်ရှင်းချန်ကတော့ သူတို့ရဲ့ အမူအရာတွေကို နည်းနည်းလေးတောင် ဂရုစိုက်မနေခဲ့ပါဘူး။ အဲ့အစား အပြုံးကြီး ပြုံးလိုက်ပြီး နောက်ထပ်ပြောဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူစကားတစ်ခွန်းတောင် မပြောရသေးခင်မှာပဲ ရန်ကိုင်က သူ့အင်္ကျီစကို ဆွဲကိုင်ပြီး ဘေးတစ်နေရာဆီ လွှင့်ပစ်လိုက်တယ်။
လေထဲ သုံးလေးငါးကြိမ်လောက် ကျွမ်းပစ်လိုက်ရပြီးနောက် မြေကြီးပေါ် မျက်နှာမူလျက်သား ပြုတ်ကျသွားခဲ့တယ်။ ကိုးယိုးကားယား အမူအရာနဲ့ နှာခေါင်းလေးကို ပွတ်လိုက်ပြီး နည်းနည်းလေးတောင် အထွန့်မတက်ရဲပဲ သူ့ကို တိုက်ခိုက်ခဲ့တဲ့ လူကိုသာ ခါးခါးသီးသီးနဲ့ စိုက်ကြည့်နေလိုက်တယ်။
အခြင်းအရာကို မြင်လိုက်တာနဲ့ လူငယ်လေးရဲ့ အကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့တယ်။ သူ့နောက်မှာ ရပ်နေတဲ့ ကျင့်ကြံသူတွေကလည်း ထိုမြင်ကွင်းကို ကြည့်ရင်း အချင်းချင်း တွတ်ထိုးနေခဲ့ကြတယ်။
“ငါက မင်းရှာနေတဲ့လူပဲ” ရန်ကိုင်က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မထူးခြားနားဟန်နဲ့ ပြောလိုက်တယ်။
အဖွဲ့ခေါင်းဆောင် လူငယ်လေး ကြောင်သွားခဲ့တယ်။ အထင်သေး မောက်မာသည့် အရိပ်အယောင်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်အား မိုက်ကြည့်ကြည့်လိုက်တယ်။ ဦးလည်းမညွှတ်၊ လက်သီးလည်း မဆုပ်ပဲ ခပ်ပြတ်ပြတ်လေသံနဲ့ ပြောလိုက်တယ် “သခင်လေးကိုင်ကို နှုတ်ဆက်ပါတယ်”
“မင်းဘယ်သူလဲ” အခြေအနေက အနည်းငယ် စိတ်ဝင်စားစရာ ကောင်းလာတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ ထိုလူရဲ့ သဘောထားက ထူးဆန်းတယ်လို့ ချူရီမန် ပြောခဲ့တာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူး။ ထိုလူရဲ့ ပြုမူ ပြောဆိုဆက်ဆံပုံနဲ့ ပက်သက်ပြီး အနည်းငယ် ပြဿနာရှိနေပါတယ်။
သူ့ပုံစံအရတော့ ထိုလူငယ်လေးက သူနဲ့ မဟာမိတ်ဖွဲ့ဖို့ လာခဲ့တာပါ။ သူနဲ့အတူ ကျင့်ကြံသူများစွာကို ခေါ်လာခဲ့သလို သေတ္တာကြီးလေးလုံးကိုလည်း သယ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့အမူအရာက အတင်းတွန်းအား ပေးခံရတဲ့ပုံ ပေါက်နေခဲ့ပါတယ်။ ရန်ကိုင်ဆီ လာရတာက သူ့အတွက် အပြစ်ပေးခံနေရတဲ့ ရုပ်မျိုးပါ။
ပြီးတော့ ဒီလူကို ဘယ်နေရာမှာ သူတွေ့ခဲ့ဖူးလဲ ဆိုတာကို ရန်ကိုင် မစဉ်းစားနိုင်ခဲ့ပါဘူး။
“ရှန်ထန်းရှောင်” လူငယ်လေးက လေသံပြတ်ပြတ်နဲ့ ပြန်ပြောလိုက်တယ်။
“ရှန်ထန်းရှောင်…” ထိုနာမည်ကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခုကို ပြန်စဉ်းစားလိုက်တယ်။ ထို့နောက် သူ့မျက်နှာထက် အပြုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အထင်အမြင်သေးတဲ့ လေသံနဲ့ “ရှန်ချူကမင်းနဲ့ ဘာတော်လဲ”
ရှန်ချူက ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေး တစ်ယောက် ဖြစ်ပြီး ထိုက်ဖန်းတောင်မှာ ရန်ကိုင် တွေ့ခဲ့တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ရှန်မိသားစုရဲ့ မိသားစုခေါင်းဆောင် နေရာကို ဆက်ခံမယ့် လူဆိုလည်း မမှားပါဘူး။
ထိုအချိန်တုန်းက ရှန်ချူက နန်ရှန်းနဲ့ပေါင်းပြီး သူ့ကို သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အခိုက်အတန့် ရောက်နေခါမှ ရန်မိသားစုရဲ့ သွေးစစ်သည်တော် နှစ်ယောက် ပေါက်ချလာခဲ့ပါတယ်။ ရန်ကိုင်က ရွှေရောင်ငှက်မွှေးသိမ်းငှက်ကနေ ငှက်မွှေးနှစ်ချောင်းကို ဆွဲနှုတ်ပြီး နန်ရှန်းအပေါ် အပြစ်ပုံချခဲ့ပါတယ်။ ထို့အကြောင်းကြောင့် နန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်နှစ်ယောက် လက်မောင်းနှစ်ဖက် ဆုံးရှုံးခဲ့ရပြီး နန်ရှန်းလည်း လက်ချောင်းနှစ်ချောင်း ဆုံးရှုံးခဲ့ရပါတယ်။
ရှန်ချူနဲ့ နန်ရှန်းဆို့ရဲ့ အဆင့်အတန်းက နိမ့်ကျခြင်း မရှိတဲ့အတွက် ရန်ကိုင်မှာ သူတို့နှစ်ယောက်ကို မသတ်နိုင်ခဲ့ပဲ လွှတ်ပေးခဲ့လိုက်ရပါတယ်။ ဒါပေမယ့် ဒီအတိုင်းတော့ လွှတ်မပေးခဲ့ပါဘူး။ အဲ့အစား သုံးလအတွင်း သူတို့ ရိုးသားကြောင်း ပြတာကို လိုချင်တယ်လို့ ပြောပြီးမှပဲ လွှတ်ပေးခဲ့ပါတယ်။
ရှန်ချူနဲ့ ရှန်ထန်းရှောင်တို့က သွေးချင်း ဆက်စပ်နေတယ်ဆိုတာ သိသာပါတယ်။ ထိုကျင့်ကြံသူတွေ ဘယ်ကရောက်လာတယ်၊ ထိုပစ္စည်းတွေ ဘယ်က ရောက်လာတယ် ဆိုတာလည်း အားလုံး ရှင်းသွားခဲ့ပါပြီ။
“သူက ငါ့ရဲ့ အစ်ကိုကြီးပဲ” ရှန်ထန်းရှောင်က စိတ်မပါ့တပါနဲ့ ပြန်ပြောလိုက်တယ်။
သူထင်တာ မှန်သွားပါပြီ။ ရန်ကိုင် အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရှန်ထန်းရှောင်နောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေကို ပြုံးကာ ကြည့်လိုက်ရင်း “ဒါက မင်းတို့ ရှန်မိသားစုက ရိုးသားကြောင်း ပြတဲ့သဘောပေါ့။ ကောင်းတယ်၊ ငါတော်တော်လေး ကျေနပ်သွားပြီ”
ဒါပေမယ့် ရှန်ထန်းရှောင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “မင်းအဲ့လောက်အထိ စိတ်ကြီး ဝင်မနေသင့်ဘူး။ ကျင့်ကြံသူတွေကိုပဲ ငါတို့ ရှန်မိသားစုက ပို့လိုက်တာ။ သေတ္တာတွေကတော့ နန်မိသားစုက ပို့ပေးလိုက်တဲ့ ပစ္စည်းတွေပဲ”
“ကောင်းပြီလေ။ အဲ့ဒါနဲ့ ပက်သက်ပြီး ငါစိတ်ထဲ မထားပါဘူး။ မင်းနဲ့ ပါလာတဲ့ လူတွေရဲ့ ခွန်အားက နည်းနည်း နိမ့်ကျပေမယ့် ဒီပစ္စည်းတွေနဲ့ ဆိုရင်တော့ သူတို့တွေက နည်းနည်းလောက်တော့ အသုံးဝင်မှာပါ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။
ပထမအဆင့် အင်အားစုနှစ်ခုအနက် တစ်ခုက ရန်ကိုင်အား လူအင်အား ထောက်ပံ့ခဲ့ပြီး ကျန်တဲ့တစ်ခုက ပစ္စည်းအင်အား ထောက်ပံ့ခဲ့တယ်။ ထိုအစီအစဉ်က လက်သင့်ခံနိုင်စရာ ကောင်းပါသေးတယ်။ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်အား သူတို့ သတ်ဖို့ ကြိုးစားခဲ့တာနဲ့ ပက်သက်ပြီး ရန်မိသားစုက သူတို့အား ပြဿနာလာရှာမှာ စိုးတဲ့အတွက်ကြောင့်သာ အခုလိုမျိုး လက်ဆောင်များစွာ ပို့ပေးလိုက်တာဖြစ်မှန်း ရန်ကိုင် ခန့်မှန်းမိလိုက်တယ်။
ရှန်ထန်းရှောင်ရဲ့ မျက်ဝန်းထဲ ဒေါသအလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့ နှုတ်ခမ်းက အထင်အမြင်သေးသည့် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့ကာ “သခင်လေးကိုင်ရဲ့ လေသံက ကောင်းကင်ထက်တောင် ပိုမြင့်နေသေးတာပဲ။ သခင်လေးနဲ့ ငါ့အစ်ကိုကြီးကြား ဘယ်လို ရန်ညိုးတွေ ရှိခဲ့တယ်ဆိုတာကို မေးဖို့ ငါစိတ်မဝင်စားဘူး။ ဒါပေမယ့် ဒီအမွေခံတိုက်ပွဲမှာ ရှန်မိသားစုရဲ့ အကူအညီကို လိုချင်တယ် ဆိုရင်တော့ သခင်လေး အနေနဲ့ အရင်ဆုံး ကိုယ့်ကိုယ်ကို သက်သေပြဖို့ လိုအပ်တယ်လေ”
“ဟားဟား၊ မင်းသူနဲ့ တိုက်ချင်နေတာလား” ဟော်ရှင်းချန်က ရှန်ထန်းရှောင်အား သနားသည့်အကြည်နဲ့ ကြည့်ရင်း ရုတ်တရက်ကြီး ဝါးလုံးကွဲ ရယ်မောပါတော့တယ်။ သူ့မျက်ဝန်းအစုံထဲ စိတ်ဝင်စားသည့် အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးနောက် ဖြေးဖြေးချင်း ခေါင်းယမ်းလိုက်ကာ “မင်းက ရှန်မိသားစုရဲ့ ဒုတိယသခင်လေး ဖြစ်နေရင်တောင် မင်းနိုင်ချေ အဲ့လောက် မမြင့်ဘူး။ သူနဲ့ ကစားဖို့ ဆုံးဖြတ်လိုက်တာက ဥာဏ်ရှိတဲ့ ဆုံးဖြတ်ချက် တစ်ခုတော့ မဟုတ်ဘူးနော်”
ဘေးနားမှာ ရှိနေတဲ့ ချူရီမန်ကလည်း တခစ်ခစ် ရယ်မောလိုက်ပြီး ရှန်ထန်းရှောင်အား ထူးထူးဆန်းဆန်း အကြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။
နှစ်ယောက်စလုံး ရန်ကိုင်နဲ့ တိုက်ခိုက် ခဲ့ဖူးပါတယ်။ ဒါပေမယ့် ချူရီမန်နဲ့ ရန်ကိုင်တို့ တိုက်ခိုက်တုန်းက ရန်ကိုင်က အစစ်အမှန်ဒြပ်စင်အဆင့်၃မှာပဲ ရှိပါသေးတယ်။ ထိုအချိန်တုန်းက သူ့ ခွန်အားအကုန်ကို ထုတ်မသုံးပဲနဲ့တောင် သူမနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့ပါတယ်။ အခု ရန်ကိုင်က အစစ်အမှန်ဒြပ်စင် အဆင့်၈သို့ ရောက်နေခဲ့ပါပြီ။ ချူရီမန်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ရန်ကိုင်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ သူမ မတွေးရဲပါဘူး။
ဟော်ရှင်းချန် အတွက်ကတော့ ထိုနေ့ညက အဖြစ်အပျက်က အိမ်မက်ဆိုးတစ်ခုလို သူ့အား ခြောက်လှန့်နေတုန်းပါပဲ။
အားလုံး ခြုံငုံပြီး ပြောရမယ် ဆိုရင်တော့ သူက မိသားစုကြီး ရှစ်ခုထဲက တစ်ခုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက် ဖြစ်နေသည့် အပြင်ကိုမှ တစ်ဦးတည်းသော အမွေဆက်ခံသူလည်း ဖြစ်ပါတယ်။ သူက အသောက်အစား၊ အပျော်အပါး မက်တယ် ဆိုပေမယ့် ကျင့်ကြံရာမှာ လစ်လပ်သွားတယ် ဆိုတာတော့ မရှိပါဘူး။ ထို့အပြင် ကျင့်ကြံရာမှာလည်း သူ့ခွန်အား တိုးလာစေဖို့အတွက် အဖိုးတန် အရင်းအမြစ် များစွာကိုလည်း အသုံးပြုခဲ့ပါတယ်။ ပြီးတော့ သူ့နဲ့အတူ သွားလေရာကို သယ်ဆောင်သွားတဲ့ အဖိုးတန် ရတနာတွေလည်း ရှိပါသေးတယ်။
ဒါပေမယ့် ထိုကဲ့သို့ အခြေခံနဲ့ နောက်ခံ ရှိနေတာတောင် တုန့်ပြန်ချိန်တောင် မရလိုက်ပဲ ရန်ကိုင်ရဲ့ ဓါးစာခံအဖြစ် ဖမ်းဆီးခြင်းကို ခံခဲ့ရပါသေးတယ်။ ထိုတစ်ချက်တည်းနဲ့တင် ရန်ကိုင် ဘယ်လောက် ကြောက်ဖို့ကောင်းတယ် ဆိုတာကို သူနားလည် သွားခဲ့ပါပြီ။
လူငယ်မျိုးဆက်ထဲမှာ လျူမိသားစုက လျူချင်းယောင် တစ်ယောက်ပဲ ရန်ကိုင်နဲ့ လက်ရည်တူ ယှဉ်တိုက်ကောင်း ယှဉ်တိုက်နိုင်ပါလိမ့်မယ်။ သူကလွဲပြီးတော့ ဘယ်သူကမှ ရန်ကိုင်နဲ့ ယှဉ်တိုက်ဖို့ အရည်အချင်း မရှိပါဘူး။
ဟော်ရှင်းချန်နဲ့ ချူရီမန်တို့ရဲ့ အမူအရာက ရှန်ထန်းရှောင်ရဲ့ အကြည့်အောက်ကနေ မလွတ်မြောက်ခဲ့ပါဘူး။ သူတို့ အမူအရာကြောင့် သူပိုပြီး စိတ်ဝင်စားလာခဲ့ရတယ်။
ထိုနှစ်ယောက်ရဲ့ ခွန်အား ဘယ်လောက် ရှိလဲ ဆိုတာကို သူကောင်းကောင်း မြင်တွေ့နိုင်ပါတယ်။ ထိုနှစ်ယောက်က ဘယ်သူတွေလဲ ဆိုတာကို သူမသိပေမယ့်လို့ သူတို့ရဲ့ ကျင့်ကြံခြင်းနဲ့ မောက်မာတဲ့ အမူအရာအရ နှစ်ယောက်စလုံးက မိသားစုကြီး ရှစ်ခုက သားသမီးတွေ ဖြစ်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ သူတို့ နှစ်ယောက်စလုံး စကား အများကြီး မပြောခဲ့ဘူး ဆိုရင်တောင်မှ သူတို့ရဲ့ အသံနေအသံထားနဲ့ သဘောထားအရ သူတို့ရဲ့ အထင်အမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသွားပါပြီ။
ဒီရန်ကိုင်က အဲ့လောက်တောင် အားကောင်းလို့လား”
ရန်ကိုင်ကို သေသေချာချာ စူးစိုက်ကြည့်လိုက်ရင်း ရှန်ထန်းရှောင် ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။ ရန်ကိုင်ရဲ့ အနက်ကို သူမမြင်နိုင်ခဲ့ပါဘူး။ ရန်ကိုင် သူ့ရှေ့မှာ ရပ်နေခဲ့ပေမယ့် သူ့ဆီကနေ ဘာအရှိန်အဝါကိုမှ သူမခံစားမိခဲ့ပါ။ သူ့ရဲ့ အစစ်အမှန်ချီက ရှေးဟောင်း ရေတွင်းတစ်တွင်းလို တည်ငြိမ်နေခဲ့ပြီး သူ့ရဲ့ စိတ်စွမ်းအင်ကလည်း အရှိန်အဝါ နည်းနည်းလေးတောင် ဖြာထွက်ခြင်း မရှိပဲ တည်ငြိမ်နေခဲ့တယ်။ သူ့ရဲ့ ထိန်းချုပ်မှုကို ကြည့်ရုံနဲ့တင် ရန်ကိုင်က အရမ်းကို အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက် ဒါမှမဟုတ် ရတနာတစ်မျိုးမျိုးကို သုံးပြီး သူ့ခွန်အားကို ဖုံးကွယ်ထားတာလို့ သူပြောနိုင်ပါတယ်။
ဒါက သူ့ရဲ့ အစွမ်း အစစ်အမှန်လား၊ အယောင်ပြသက်သက်လား ဆိုတာကို ရှန်ထန်းရှောင် မပြောနိုင်ပါဘူး။ ရန်ကိုင် ခွန်အား အစစ်အမှန်ကို နားလည်ချင်ရင် သူနဲ့ တိုက်ခိုက်ဖို့ပဲ ရှိပါတော့တယ်။
အားလုံးက ဒီအခြေအနေထိ ရောက်လာပြီး ဆိုမှတော့ ရှန်ထန်းရှောင်လည်း နောက်ဆုတ်လို့ မရတော့ပါဘူး။ ထို့ကြောင့် ရန်ကိုင်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ် “သွေးစစ်သည်တော် နှစ်ယောက်ပေါ် မှီခိုပြီး ငါ့အစ်ကိုကြီးကို ဖိနှိပ်ခဲ့တာ ဆိုရင်တော့ ငါကို သိမ်းသွင်းဖို့ စဉ်းကို မစဉ်းစားနဲ့။ မင်းကို ရိုးရိုးသားသားနဲ့ ကူညီပေးစေချင်ရင် မင်းကိုယ်တိုင် ငါ့ကို အနိုင်ယူမှပဲ ရလိမ့်မယ်”
ရှန်ထန်းရှောင် ပြောတာကို ကြားပြီးနောက် ဟော်ရှင်းချန် သက်ပြင်း တစ်ချက် ချလိုက်တယ်။ ထို့နောက် ချူရီမန်ရှိရာဆီ သွားလိုက်ပြီး တိုးတိုးတိုးတိုးနဲ့ ပြောလိုက်တယ် “ဒီကောင် ဆေးမမှီတော့ဘူး”
ချူရီမန်ကလည်း ထောက်ခံသည့် အမူအရာနဲ့ အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
သူတို့ ပြောတာကို နားထောင်ရင်း ရှန်ထန်းရှောင် ဒေါသထွက်လာခဲ့တယ်။ သူ့နောက်မှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်လေးယောက်တောင် ဟော်ရှင်းချန်ကို မနှစ်မြို့တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။ ငါတို့ရဲ့ ဒုတိယ သခင်လေးကို ဒီလောက်အထိ အထင်မသေးသင့်ဘူးကွလို့ သူတို့ စိတ်ထဲကနေ မကျေမနပ်နဲ့ ပြောနေခဲ့တယ်။
ရန်ကိုင် မျက်ဝန်းထဲ အဓိပ္ပါယ်ပါသည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့ပြီး အသာအယာလေး မျက်မှောင် ကြုံ့လိုက်ကာ “ကြည့်ရတာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို မင်းအစ်ကိုကြီးက မင်းကို နည်းနည်းလေးတောင် ပြန်မပြောခဲ့ဘူးနဲ့တူတယ်”
ရှန်ထန်းရှောင်ရဲ့ စကားအရ အချက်အလက် အချို့ကို ရန်ကိုင် အလျင်အမြန်ပဲ နားလည်သွားခဲ့တယ်။
“မင်းအစ်ကိုကြီး မပြောပြခဲ့တာတော့ ဟုတ်ပါပြီ။ မင်းရဲ့ ဝမ်းကွဲ နန်ရှန်းကကော ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို အရိပ်အမြွက်လေးတောင် မင်းကို ပြောမသွားခဲ့ဘူးလား” ရန်ကိုင်က မြွေပွေးတစ်ကောင်လို ပြုံးလိုက်ပြီး အဓိပ္ပါယ်ပါပါ မေးလိုက်တယ်။
ချူရီမန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့တယ်။ အပြင်မှာ ပြန့်နေတဲ့ ကောလဟာလ အချို့ကို သတိရလိုက်ပြီး ရှန်ထန်းရှောင်ကို ကြည့်နေတဲ့ သူမရဲ့ အကြည့်ထဲ ဂရုဏာရိပ်တို့ သန်းလာခဲ့တယ်။
ရှန်ထန်းရှောင်က ခိုင်မာပြတ်သားတဲ့ အမူအရာနဲ့ အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ် “ကြားရရုံနဲ့ ယုံကြည်လို့ မရဘူး၊ ကိုယ့်မျက်စိနဲ့ တပ်အပ် မြင်ရမှာ ယုံကြည်လို့ရတာ။ မင်းငြင်းမယ်ဆိုလည်း ငြင်းလို့ရတယ်။ ကိစ္စမရှိဘူး၊ ငါဒီအတိုင်းပဲ ထွက်သွားလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖစ် ဒီလူတွေနဲ့ ပစ္စည်းတွေကတော့ ဒီမှာပဲ ကျန်နေခဲ့လိမ့်မယ်။ ဒီကိစ္စပြီးသွားတာနဲ့ မင်းနဲ့ ငါတို့ ရှန်မိသားစုကြားက ကိစ္စအားလုံး ကြေအေးသွားပြီလို့ ပြောလို့ ရတာပေါ့”
ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်ပြီး “ငါက ခေါင်းမပါတဲ့ မြွေကို လိုချင်တာ မဟုတ်ဘူး။ မင်းစိန်ခေါ်တာကို ငါလက်ခံတယ်”
ရှန်မိသားစု ဒုတိယသခင်လေးရဲ့ ဦးဆောင်မှု မရှိပဲနဲ့ ထိုလူတွေက သူ့ကို ဘာများ အကူအညီ ပေးနိုင်မှာ မို့လို့လဲ။ တစ်ချက် ကြည့်ရုံနဲ့တင် ထိုလူတွေ အားလုံးက ရှန်ထန်းရှောင်ကို တော်တော်လေး သစ္စာရှိတယ်ဆိုတာ သူမြင်နိုင်ပါတယ်။
ပြောပြီးတာနဲ့ ရန်ကိုင်က အရှေ့တက်လိုက်ပြီး ရှန်ထန်းရှောင်ကို စတိုက်ဖို့ အချက်ပြလိုက်တယ်။
ရန်ကိုင် မျက်နှာထက်က အထင်အမြင်သေးတဲ့ အမူအရာကို ကြည့်ရင်း ရှန်ထန်းရှောင် ပိုပြီး ဒေါသထွက်သွားတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး လှိုင်းထန်းနေတဲ့ သူ့ခံစားချက်တွေကို ပြန်တည်ငြိမ်အောင် လုပ်ဆောင်လိုက်တယ်။
တစ်ခဏအတွင်းမှာပဲ ရှန်ထန်းရှောင်ရဲ့ အသက်ရှုသံ တည်ငြိမ်သွားခဲ့ပြီး ရန်ကိုင်ကို လေးလေးနက်နက်နဲ့ စိုက်ကြည့်လိုက်တယ်။
ရန်ကိုင်လည်း ရှန်ထန်းရှောင်ကို အနည်းငယ် အထင်ကြီးမိ သွားခဲ့တယ်။ ရန်သူ တစ်ယောက်နဲ့ ရင်ဆိုင်နေချိန် အကြီးမားဆုံး မလုပ်သင့်တာက ကိုယ့်စိတ်ခံစားချက်တွေကို လွှတ်မပေးလိုက်သင့်တာပါ။ ထို့ကြောင့် အားကောင်းတဲ့ ကျင့်ကြံသူ အချင်းချင်း ရင်ဆိုင်ရတဲ့ အခါကျ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဒေါသထွက်အောင် လုပ်ကြတာပါ။ ဒေါသထွက်ပြီး မူးမူးရူးရူးနဲ့ တိုက်ခိုက်တော့ ဘာကိုမှ သေချာ မစဉ်းစား၊ မဆုံးဖြတ် နိုင်တော့တဲ့အတွက် သူတို့ တိုက်ကွက်တွေထဲ အမှားပါလာတာပေါ့။
ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်မှပဲ ကျင့်ကြံသူ တစ်ယောက်က သူ့ရဲ့ ခွန်အား အပြည့်ကို ထုတ်သုံးနိုင်မှာပါ။ သူတို့ရဲ့ အကန့်အသတ်ထက်ကို ကျော်လွန်တဲ့ ခွန်အားတွေကိုတောင် ထုတ်ဖော်လာနိုင်ပါတယ်။
သူ့စိတ်ခံစားချက်ကို အလျင်အမြန်ပဲ ထိန်းချုပ်လိုက် နိုင်တာကိုက ရှန်ထန်းရှောင်ဆိုတဲ့ သူက အတွေ့အကြုံမရှိတဲ့ လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို ပြသလို့ နေခဲ့ပါတယ်။
“ဒုတိယသခင်လေး၊ သတိထား” ရှန်မိသားစုက ကျင့်ကြံသူတွေ အလျင်စလို နောက်ဆုတ်လိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူက နောက်ဆုတ်နေရင်း လှမ်းသတိပေးလိုက်တယ်။
“ကျုပ်သိတယ်” ရှန်ထန်းရှောင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်အော်ပြောလိုက်တယ်။
ပြောပြီးတာနဲ့ သူ့လက်ထဲ အပြာရှောင်ဆေးဘားဓါးရှည်တစ်ချောင်း ထွက်ပေါ်လာခဲ့တယ်။
ကောင်းကင်အဆင့် လက်နက်…
ဆေးဘားဓါး ထွက်ပေါ်လာတာနဲ့ ရှန်ထန်းရှောင်ရဲ့ အရှိန်အဝါ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ အခုအချိန်၌ ဘာကမှ သူ့ကို မဟန့်တားနိုင်တော့သလို ရှန်ထန်းရှောင် ခံစားနေခဲ့ရတယ်။ သူ့ကို လာတားတဲ့ ဘယ်သူ့ကိုမဆို သူ့ဆေးဘားဓါးနဲ့ နှစ်ပိုင်းပိုင်းပစ် နိုင်တယ်လို့လည်း သူခံစားနေခဲ့ရတယ်။
စကားတစ်ခွန်းမှ မပြောခဲ့သလို အချက်လည်း မပြခဲ့ပဲ၊ သူ့လက်နက်ကို ဆင့်ခေါ်ပြီးတာနဲ့ ဓါးကို ကောင်းကင်ထက် ပင့်တင်လိုက်တယ်။ အားကောင်းတဲ့ လေပြင်းတွေ သူ့ဓါးကို ဝိုင်းပတ်လာခဲ့ပြီး ရန်ကိုင်တည့်တည့်ဆီ ခုတ်ပိုင်းချလိုက်တယ်။
“ဒါကို ချောင်းတိုက်တာလို့ ပြောလို့ရလား” ဟော်ရှင်းချန်က မေးလိုက်တယ်။
ချူရီမန်က ပြန်ဖြေဖို့ အရမ်းပျင်းရိနေခဲ့ပါတယ်။ ရန်ကိုင်က သူ့ရဲ့ စိတ်ခေါ်မှုကို လက်ခံပြီးသွားပြီလေ။ ဘာတွေများ ထပ်ပြောစရာ လိုသေးလို့လဲ။ ရှန်ထန်းရှောင်က တိုက်ရိုက်ဆန်တဲ့ လူစားမျိုး တစ်ယောက် ဖြစ်တဲ့အတွက် သူတို့ကြား ဘာစကားမှ ပြောနေဖို့ မလိုတော့ပါဘူး။
ပြီးတော့ သူ့ ခွန်အားက မနိမ့်ကျပါဘူး၊ ရှန်ထန်းရှောင်က အစစ်အမှန်ဒြပ်စင်အဆင့်၉ လက်ရွေးစင် ကျင့်ကြံသူ တစ်ယောက်ပါ။
ထိုတိုက်ကွက်ကို ရန်ကိုင် ဘယ်လို ခုခံမလဲ ဆိုတာကို ချူရီမန် တော်တော်လေး သိချင်နေမိခဲ့တယ်။ ရန်ကိုင်က အရမ်း အားကောင်းတယ် ဆိုတာကို သူမ သိထားပေမယ့်လို့ သူနဲ့ တိုက်ခိုက်ခဲ့တာ အချိန်တော်တော် ကြာသွားခဲ့ပါပြီ။ ထိုအချိန်ကတည်းကနေ အခုအချိန်ထိ သူ့ ခွန်အား ဘယ်လောက်အထိ တိုးတက်လာခဲ့လဲ ဆိုတာကို သူမလည်း သိချင်နေမိပါတယ်။
မုန်တိုင်းထန်တဲ့ ဓါးချက်တစ်ခုက သူ့ဆီ တိုးဝင်လာနေပေမယ့်လို့ ရန်ကိုင် အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပဲ နေမြဲအတိုင်းသာ နေရာမှာပဲ ရပ်နေခဲ့တယ်။ ရှောင်ရှားဖို့ အရိပ်အယောင် နည်းနည်းလေးတောင် မပြပဲ ကျဆင်းလာနေတဲ့ ဓါးချက်ဆီကိုသာ သူ့လက်တစ်ဖက် ဆန့်ထုတ်လိုက်တယ်။
သူ့လက်ဝါးထက်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဧရာမလက်ဝါးကြီးက ရှန်ထန်းရှောင်ရဲ့ ဓါးချက်နဲ့ ထိပ်တိုက်တွေ့သွားခဲ့တယ်။
ဘုန်း…
ပေါက်ကွဲသံကြီး မြည်ဟည်းသွားခဲ့ပြီး ဘေးပတ်ပတ်လည်သို့ စွမ်းအင် လှိုင်လုံးတွေ ပြန့်လွင့်သွားခဲ့တယ်။
ဓါးမုန်တိုင်းနဲ့ လက်ဝါးချက်တို့ ထိပ်တိုက်တွေ့သွားခဲ့ပြီး တစ်ခုကိုတစ်ခု ချေဖျက်သွားခဲ့ကြတယ်။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖုန်တွေကို အကာအကွယ်ယူကာ ရှန်ထန်းရှောင်က ရန်ကိုင်ဆီ တိုးဝင်သွားလိုက်တယ်။ ပြင်းထန်တဲ့ အစစ်အမှန်ချီတို့ သူ့ကိုယ်ကနေ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့ဆေးဘားဓါးထိပ်ကနေ အပြာရောင် အလင်းတို့ တောက်ပလာခဲ့တယ်။ ထိုကျောချမ်းဖွယ် အပြာရောင် အလင်းရောင်က မြင်သူတိုင်းရဲ့ အသည်းနှလုံးကို လည်ချောင်းထွက် ခုန်ထွက်လုမတတ် ဖြစ်သွားစေနိုင်ပါတယ်။
အပြာရောင်အလင်းက ပန်ကန်ပြားတစ်ချပ်စာလောက် ကြီးမားပြီး ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီး စွမ်းအားတွေနဲ့အတူ ပြင်းထန် ကြမ်းတမ်းသည့် သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့တယ်။
ဒြပ်စင်လျှပ်စီး စွမ်းအားကို အသုံးပြုလိုက်တာနဲ့ ရှန်ထန်းရှောင်ရဲ့ အမြန်နှုန်းက တစ်ဟုန်ထိုး ထိုးတက်သွားခဲ့ပြီး သူ့နောက်ဘက်၌ ဝေဝါးဝါး ပုံရိပ်တွေသာ ကျန်ရစ်ခဲ့တော့တယ်။
မိုးကြိုးသွားဆေးဘားဓါးခုတ်ပိုင်းချက်…
ဒါက ရှန်ထန်းရှောင်ရဲ့ အားအကောင်းဆုံး အသေသတ် တိုက်ကွက် တစ်ခုပါ။ ဒီတိုက်ကွက်က တစ်ကြိမ်တစ်ခါမှ မကျရှုံးခဲ့ဖူးပါဘူး။ ဒီတိုက်ကွက်နဲ့ပဲ သူ့ပြိုင်ဘက် များစွာကို အနိုင်ယူခဲ့တာပါ။
ရှန်မိသားစုက ကျင်ကြံသူတွေအားလုံး ယဲ့ယဲ့လေး ပြုံးလိုက်ကြတယ်။ ထို အသေသတ်တိုက်ကွက် အောက်မှာ ရန်ကိုင် ဘယ်လို မရှုမလှ ခံစားသွားရမလဲ ဆိုတာကို သူတို့ အားလုံး မြင်ချင်နေမိကြပါတယ်။