အခန်း (၄၂၁-၄၂၅)
Vol. 17 Ch. 421-425
အပိုင်း(၄၂၁) မြေခွေးနဲ့ ရကွန်းလိုပဲ
ရှန်ထန်းရှောင် ထိုသိုင်းပညာရပ်ကို လေ့ကျင့်လာခဲ့တာ တော်တော်လေး ကြာသွားခဲ့ပါပြီ။ မိုးကြိုးနဲ့လျှပ်စီးအပေါ် သူ့ရဲ့ နားလည်မှုတွေကိုပါ ထိုသိုင်းပညာရပ်ထဲ ပေါင်းထည့်ထားခဲ့ ပါသေးတယ်။ ထို့ကြောင့် မိသားစုက ပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကိုလည်း ခံခဲ့ရတာပေါ့။
သူ့ရဲ့ အားအကောင်းဆုံး အသေသတ် တိုက်ကွက် ဖြစ်တဲ့ အခုတိုက်ကွက်ကို အားအကောင်းဆုံး ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာပဲ သူသုံးလေ့ ရှိပါတယ်။ ဒီတိုက်ကွက်ကပဲ သူနိုင်မလား၊ ရှုံးမလားဆိုတာကို အဆုံးအဖြတ် ပေးသွားလေ့ ရှိတာပါ။
သူတို့ရဲ့ ဒုတိယသခင်းလေး ထိုတိုက်ကွက်အား အသုံးပြုလိုက်တာကို မြင်လိုက်တာနဲ့ သူတကယ် ဒေါသထွက်နေပြီမှန်း ရှန်မိသားစုရဲ့ ကျင့်ကြံသူတွေ အားလုံး သိလိုက်ကြတယ်။ မဟုတ်ရင် သူ့ဆီကနေ ဒီလောက် အားကောင်းတဲ့ သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်နေမှာ မဟုတ်ပါဘူး။
မင်းဘယ်လို ကာကွယ်မလဲ ဆိုတာကို ကြည့်ရသေးတာပေါ့
ရှန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူက စိတ်ထဲကနေ လှောင်ပြောင်လိုက်တယ်။ သူတို့ရဲ့ ဒုတိယသခင်လေး ရန်ကိုင်ကို အနိုင်ယူပြီးတာနဲ့ ဒီနေရာကနေ တစ်ခါတည်း ထွက်သွားဖို့ စီစဉ်ထားပြီးသားပါ။
တကယ်တော့ ရန်ကိုင်ရဲ့ အခြေအနေက အရမ်းကို သနားစရာ ကောင်းနေတာလေ။ ဒီညကိုတောင် ကျော်ဖြတ်နိုင်၊ မကျော်ဖြတ်နိုင် မသေချာ၊ မရေရာ ဖြစ်နေတဲ့ လူတစ်ယောက်ကို သူတို့က ဘာလို့ ထောက်ပံ့ပေးနေရဦးမှာလဲ။
သေတ္တာတွေက နန်မိသားစုက ပေးလိုက်တဲ့ ပစ္စည်းတွေ ဖြစ်လို့ ချန်ထားရစ်ခဲ့လည်း ဘာမှ မဖြစ်ပါဘူး။
ချူရီမန်လည်း အံ့အားသင့်မိသွားခဲ့တယ်။ ရှန်မိသားစု ဒုတိယ သခင်လေးရဲ့ ခွန်အားက ဒီလောက်အထိ အားကောင်းနေမယ်လို့ သူမ မထင်ထားမိခဲ့သလို ဒီလောက် အားကောင်းတဲ့ အသေသတ် တိုက်ကွက်တစ်ခုကို လေ့ကျင့်ထားလိမ့်မယ်လို့လည်း သူမ မထင်ထားမိခဲ့ပါဘူး။
ထိုတိုက်ကွက်ကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက်မှာ ရှိနေတဲ့ ဘယ်ကျင့်ကြံသူမှ တောင့်ခံနိုင်လိမ့်မှာ မဟုတ်ဘူးလို့တောင် ချူရီမန် တွေးမိလိုက်ရတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ကို ရောက်နေတဲ့ သူမတောင် ထိုတိုက်ကွက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုပဲ ရှောင်ရှားပြီးတော့သာ တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားမှာပါ။
ထိုတိုက်ကွက်ကို ရန်ကိုင် ခုခံနိုင်မလား၊ မခုခံနိုင်မလား ဆိုတာကို သူမ သေချာမသိပါဘူး။ ရန်ကိုင် ဘယ်လောက် အားကောင်းတယ် ဆိုတာကို သူမ တွေ့မြင်ဖူးပေမယ့် မြင်ခဲ့တဲ့ အချိန်ကလည်း တော်တော်လေး ကြာသွားခဲ့ပါပြီ။ အခု သူဘယ်လောက်ထိ သန်မာလာလဲ ဆိုတာကို သူမ မသိရသေးပါဘူး။
ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ပညာရှင်တစ်ယောက်ကို တစ်ယောက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ အကြောင်းကို ပြန်တွေးလိုက်မိတဲ့ အချိန်မှာတော့ ချူရီမန် စိတ်အေးသွားခဲ့ရတယ်။
ရှန်ထန်းရှောင်က သာမန် အစစ်အမှန်ဒြပ်စင်အဆင့်၉ ကျင့်ကြံသူထက် ပိုပြီး အားကောင်းနေရင်တောင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ ကျင့်ကြံသူတစ်ယောက်ထက် ဘယ်လိုမှ ပိုအားမကောင်းနိုင်ပါဘူး။
ရှန်ထန်းရှောင်ရဲ့ ဆေးဘားဓါးဆီမှ အလင်းရောင်တို့ တောက်ပလာခဲ့ပြီး ဓါးသွားထိပ်က တောက်ပနေတဲ့ အပြာရောင် အလင်းလုံးက ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ကာ လျှပ်စီပိုက်ကွန်း တစ်ခုသဖွယ် ၁၀မီတာ ပတ်လည် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
မြောက်မြားစွာသော လျှပ်စီးကြောင်းတွေက သေးငယ်လှတဲ့ စိတ်ဝိဥာဉ် မြွေတွေလို လေထုထဲ ကူးခတ်နေခဲ့တယ်။ လျှပ်စီးကြောင်း တစ်ခုချင်းစီထဲ၌ ရှန်ထန်းရှောင်ရဲ့ ထက်ရှပြီး ပြိုင်ဘက်ကင်း သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေခဲ့ကာ ထိုလျှပ်စီးကြောင်းတွေ အကုန်လုံးက ရေကာတာတစ်ခု ကျိုးပေါက်သွားသလို ရန်ကိုင်ဆီ တရဟော တိုးဝင်သွားနေခဲ့တယ်။
ဟော်ရှင်းချန်ရဲ့ ထီမထင်ဟန် အမူအရာတောင် အနည်းငယ် လေးနက်လာခဲ့ပြီး သူ့မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့တယ်။
ဒါပေမယ့် ရန်ကိုင်ကတော့ ရှေးဟောင်းရေခဲ မြစ်ကြီးတစ်ခုလို အေးစက်စက် အမူအရာဖြင့် လှုပ်ရှားမှုကင်မဲစွာနဲ့ နေရာမှာပဲ ရပ်နေဆဲပါ။ သူ့ကို ဝိုင်းရံထားတဲ့ လျှပ်စီးကြောင်းတွေကို ဂရုမစိုက်ဟန်ဖြင့် တိတ်တဆိတ် စူးစမ်းနေခဲ့တယ်။
ရှန်ထန်းရှောင်ရဲ့ မျက်ဝန်းတွေက ရန်ကိုင်ကိုသာ အာရုံစိုက်ထားပေမယ့် သူ့ပါးစပ်ထောင့်စွန်းကတော့ လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်လို့ နေခဲ့တယ်။
သူနိုင်သွားခဲ့ပြီ… အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက်မှာ ရှိနေတဲ့ ဘယ်ကျင့်ကြံသူမဆို သူ့ရဲ့ မိုးကြိုးဆေးဘားဓါး ခုတ်ပိုင်းချက်ကို ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာကို ရှန်ထန်းရှောင် လုံးဝဥဿုံ ယုံကြည်နေခဲ့တယ်။
ထိုအဖြူရောင် အလင်းတန်းက တောက်ပလွန်းလို့ ကြည့်နေတဲ့ လူတွေတောင် အကြည့်လွှဲလိုက်ရတဲ့ အထိပါပဲ။ ဒါပေမယ့် သူတို့သာ ကြည့်နေခဲ့ရင်တော့ ရှန်ထန်းရှောင်ရဲ့ တိုက်ခိုက်မှုက ပစ်မှတ်ကို ထိတော့မယ့် အချိန်မှာပဲ ရန်ကိုင်ပုံရိပ်က ဝေဝါး ပျောက်ကွယ်သွားတာကို သတိထားမိခဲ့ပါလိမ့်မယ်။
နောက်တစ်ခဏ အတွင်းမှာပဲ လျှပ်စီးမုန်တိုင်း ထဲကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့တယ်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမတတ် ကြီးမားလှသည့် လက်ဝါးကြီးတစ်ခုက ရှန်ထန်းရှောင်ရဲ့ မြင်ကွင်းတစ်ခုလုံးကို ဖုံးကွယ်သွားခဲ့တယ်။ သူဘယ်လိုပဲ ခုခံခုခံ၊ ရှောင်တိမ်းရှောင်တိမ်း ထိုလက်ဝါးကြီးရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ရှန်ထန်းရှောင် ခံစားနေခဲ့ရတယ်။
ဝမ်နည်းဖွယ် အော်ညည်းသံနှင့်အတူ ရှန်ထန်းရှောင်ရဲ့ မိုးကြိုးဆေးဘားဓါးခုတ်ပိုင်းချက်မှာ စက္ကူတစ်ရွက်လို ဖျက်စီးခံလိုက်ရတယ်။ သူ့တစ်ကိုယ်လုံး လေထဲ လွင့်ပျံ ကွေးတက်သွားခဲ့ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရတယ်။
“ဒုတိယသခင်လေး” အခြေအနေက သူထင်ထားသလို ဖြစ်မလာမှန်း သတိပြုမိလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ပညာရှင်ရဲ့ မျက်နှာအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး သူ့သခင်လေး ပြုတ်ကျလာမယ့် နေရာဆီ တစ်ဟုန်ထိုး ပြေးသွားလိုက်တယ်။
ဖုန်တွေ ရှင်းသွားခဲ့အခါကျ ရန်ကိုင်က သူ့နေရာကနေ နည်းနည်းလေးတောင် ရွေ့မသွားသည့်အလား မူရင်းနေရာမှာပဲ ရပ်နေမြဲ ရပ်နေခဲ့တာကို အားလုံး တွေ့လိုက်ရတယ်။ သူ့အမူအရာက ကန်ရေပြင်တစ်ခုလို တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့တယ်။
ဟော်ရှင်းချန် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အံတင်းတင်း ကြိတ်လိုက်တယ်။ သူနဲ့ ရင်ဆိုင်တုန်းက ရန်ကိုင်က သူ့ခွန်အားကို ထိန်ချန်ထားခဲ့မှန်း အခုမှပဲ သူနားလည်သွားခဲ့တော့တယ်။
ရှန်မိသားစုက ကျင့်ကြံသူတွေလည်း သူတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေခဲ့ကြတယ်။
ရှန်ထန်းရှောင် သွေးအန်လိုက်ရပြီး သူ့ကို ထူမပေးခဲ့တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်ရဲ့ အကူအညီကို ငြင်းပယ်ကာ သူ့အားသူကိုးပြီး ဒယီးဒယိုင်နဲ့ မတ်တပ်ရပ်လိုက်တယ်။ သူ့မျက်ခုံးကြောတွေက တွန့်ကွေးနေခဲ့ပြီး သူ့မျက်ဝန်းအစုံကလည်း လက်မခံနိုင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။
ရန်ကိုင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပြီးနောက် သူ့မျက်ဝန်းထဲက မလိုလားသည့် အရိပ်အယောင်တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး စိတ်ဓါတ်ကျနေသည့် အလင်းရောင်တို့က အစားထိုး ဝင်ရောက်လာခဲ့တယ်။
အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေထဲမှာ သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို နင်ခြေပစ်နိုင်တဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ရှန်ထန်းရှောင် အိမ်မက်တောင် မမက်ဖူးပါဘူး။ သူက ရှန်မိသားစုရဲ့ ဂျီးနီးယပ် တစ်ယောက်ပါ။ သူ့ပါရမီက ရှန်မိသားစုက မိသားစုခေါင်းဆောင်အဖြစ် မြေတောင် မြှောက်ပေးနေတဲ့ သူ့ရဲ့ အစ်ကိုကြီးထက်တောင် ပိုမို သာလွန်ပါသေးတယ်။ အသက်ငယ်ငယ်လေး ရှိနေသေးတာတောင် သူက အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မဲ့တယ် ဆိုတာ ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။
တိုက်ပွဲမှာ သူကပဲ သူ့ရန်သူတွေကို အမြဲချေမှုန်း ပစ်ခဲ့တာပါ။ သူ့တစ်ဘဝလုံး တစ်ကြိမ်တစ်ခါမှ အခုလိုမျိုး ပိုးစိုးပက်စက် မရှုံးနိမ့်ခဲ့ဖူးပါဘူး။
သူ့ရဲ့ အားအကောင်းဆုံး အသေသတ်တိုက်ကွက်က ပြိုင်ဘက်ရဲ့ အင်္ကျီစလေးကိုတောင် ထိမသွားနိုင်ခဲ့ပါဘူး။ သူ့မာနတစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ရိုက်ချိုးဖျက်စီး ခံလိုက်ရသလို ရှန်ထန်းရှောင် ခံစားလိုက်ရတယ်။
“ဒုတိယသခင်လေး…” အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူက အခုရလဒ်ကြောင့် သူတို့ သခင်လေး စိတ်ဒဏ်ရာ ရသွားပြီး သိမ်ငယ်စိတ် ဝင်သွားကာ သူ့ရဲ့ သိုင်းတာအို လမ်းစဉ်ကို ဆုံးရှုံးသွားမှာ စိုးတဲ့အတွက် အလျင်အမြန်ပဲ နှစ်သိမ့်ပေးလိုက်တယ် “တိုက်ပွဲ တစ်ခုမှာ ရလဒ်တစ်ခုကို ပုံသေတွက်ချက်လို့မှ မရတာ။ ဒီအရှုံးရလဒ်ကြောင့် သခင်လေးရဲ့ နှလုံးသားကို မယိမ်းယိုင်သွားပါစေနဲ့”
ရှန်ထန်းရှောင်က ညင်ညင်သာသာလေး ခေါင်းညိတ်လိုက်ပြီး သက်ပြင်း အရှည်ကြီး တစ်ချက် ချလိုက်တယ်။ မှိုင်တေတေ သူ့အမူအရာက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်နေရင်း သူ့မျက်နှာထက် တိုက်ပွဲဝင်လိုစိတ်တို့ ထွက်ပေါ်လာခဲ့တယ်။
ရန်ကိုင်က ထိုအခြင်းအရာကို ကြည့်ရင်း တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်တယ်။
ဒီရှန်ထန်းရှောင်က တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ။ သူ့ကိုသာ အချိန်လုံလုံလောက်လောက် ပေးခဲ့ရင် သူ့ရဲ့ အောင်မြင်မှုက မိသားစုကြီး ရှစ်ခုက ဆက်ဆံသူတွေအောက် နိမ့်ကျလိမ့်မှာ မဟုတ်ဘူး။
ချူရီမန်ရဲ့ နှုတ်ခမ်းလေး ကွေးတက်သွားခဲ့ပြီး သူမရဲ့ မျက်နှာလှလှလေးထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ကာ ဟော်ရှင်းချန်ကတော့ ခေါင်းသာ ခါရမ်းရင်း သက်ပြင်း ချလိုက်တယ် “သူဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။ ငါ့လခွမ်း… ဒီကောင်က ဘယ်လိုများ ကျင့်ကြံထားရတာလဲကွာ”
“ချူရီမန်၊ သူတို့အတွက် နေစရာတစ်ခု စီစဉ်ပေးလိုက်ဦဂ၊ ဆောင်းဦးမိုးစက်ခန်းမက လူတွေကိုတော့ အပြင်မှာ ရှိနေတဲ့ သေတ္တာတွေကို သယ်လာခိုင်းလိုက်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ အမိန့်ပေးပြီးတာနဲ့ ရှန်ထန်းရှောင်ကို တစ်ချက်ကလေးတောင် မကြည့်ပဲ စံအိမ်ထဲ ပြန်ဝင်သွားခဲ့တယ်။
ဒါပေမယ့် သူမသွားခင်လေး၊ အဝေးတစ်နေရာဆီကို အမှုမဲ့အမှတ်မဲ့ ပုံစံနဲ့ တစ်ချက် ကြည့်သွားခဲ့တယ်။
သူလှမ်းကြည့်လိုက်တဲ့ နေရာ၌ အလွန်အမင်း အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ကျင့်ကြံသူ နှစ်ယောက် ရှိရပ်နေခဲ့တယ်။
နှစ်ယောက်ထဲက တစ်ယောက်က ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ပြီး သံသယမကင်းတဲ့ ပုံစံနဲ့ ရေရွတ်လိုက်တယ် “သခင်လေးကိုင် ငါတို့ကိုများ သတိပြုမိသွားတာလား”
ကျန်တဲ့ ပညာရှင်က မျက်မှောင်ကြုံ့လိုက်ပြီးနောက် ခေါင်းခါရမ်းလိုက်ကာ “မဖြစ်နိုင်ဘူး၊ ငါတို့က ဒီလောက် လုံလုံခြုံခြုံနဲ့ ပုန်းနေတာလေ။ ရန်လိုတဲ့ အရိပ်အယောင် နည်းနည်းလေးတောင် မထုတ်ဖော်ပဲ ဒီအတိုင်းပဲ စူးစမ်းလေ့လာနေတာ။ သူငါတို့ကို ဘယ်လိုလုပ်ပြီး တွေ့နိုင်မှာလဲ”
“အဲ့လိုဆိုရင် ငါတို့ရှိတဲ့နေရာဆီ သူဘာလို့ လှမ်းကြည့်လိုက်ရတာလဲ”
“ထူးဆန်းတယ်…” အရပ်ရှည်ရှည်နဲ့ တစ်ယောက်က တိုးတိုးလေး ပြောလိုက်တယ် “သူ့ကို စိတ်ထဲမထားနဲ့တော့။ မိသားစုက ရန်ကိုင်ရဲ့ စွမ်းဆောင်ရည်ကို လော့လာဖို့ပဲ အမိန့်ပေးထားတာ။ သူသာ အမွေခံတိုက်ပွဲကနေ ဒီည ထွက်ရမယ်ဆိုရင် ငါတို့ သခင်လေးကို ပြန်ခေါ်သွားရမယ်။ သခင်လေးကို ဒီအလားအလာ မရှိတဲ့ သခင်လေးကိုင်နဲ့ ဘယ်သူက သွားပူးပေါင်းခိုင်းလို့လဲ”
“ဒါပေမယ့် အရှိအရှိအတိုင်း ပြောရမယ်ဆိုရင် ဒီသခင်လေးကိုင်ရဲ့ တိုက်ပွဲစွမ်းရည်ကို တကယ်ကို ကြောက်စရာ ကောင်းတယ်ကွ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ခြေချရုံပဲ ရှိသေးတဲ့ ဘယ်ကျင့်ကြံသူမဆို သူ့ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ပါဘူး”
ဝင်ပေါက် အပြင်ဘက်မှာတော့ ချူရီမန်က ရှန်မိသားစု ကျင့်ကြံသူတွေကို အသာအယာလေး ပြုံးပြလိုက်တယ်။
သူမ အဆင့်အတန်းကို သိသွားတာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူက လေးလေးစားစားနဲ့ လက်သီးဆုပ် နှုတ်ဆက်လိုက်တယ် “ရှန်မိသာစုရဲ့ ရှန်ဖေးက သခင်မလေးချူကို နှုတ်ဆက်ပါတယ်”
တစ်ချိန်တည်းမှာပဲ သူ့မျက်ဝန်းထဲ သံသယ အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့တယ်။ ချူမိသားစုက ရန်မိသားစုရဲ့ ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းကို ထောက်ခံမယ်လို့ လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ သူတို့လည်း ကြားခဲ့ပါတယ်။ ဒါဆိုရင် ချူမိသားစုရဲ့ ပထမသခင်မလေး ချူရီမန်က ဘာလို့ ရန်ကိုင်နဲ့ အတူရှိနေရတာလဲ။ ပြီးတော့ ရန်ကိုင့် အပြုအမူအရ သူမပ ရန်ကိုင်ရဲ့ အမိန့်အောက်မှာ ရှိနေတဲ့ ပုံပါပဲ။ ပိုပြီး ထိတ်လန့် အံ့အားသင့်စရာ ကောင်းတာက ဗဟိုမြို့တော်တစ်ခွင် နာမည် ကျော်ကြားနေတဲ့ သခင်မလေးချူက ရန်ကိုင် အမိန့်ကို နည်းနည်းလေးတောင် အထွန့်မတက်ပဲ တည်တည်ငြိမ်ငြိမ်နဲ့သာ သူ့အမိန့်တွေကို လိုက်နာနေခဲ့တာပါ။
ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ငါတကယ်ကို နားမလည်နိုင်တော့ဘူး
ရှန်ထန်းရှောင်က လှံတစ်စင်းလို ဖြောင့်တန်းစွာ မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်လိုက်တယ်။
သူတို့တွေရဲ့ လေးလေးစားစား ပြုမူဆက်ဆံပုံကို မြင်လိုက်တာနဲ့ ချူရီမန်က ဖွဖွလေး ရယ်မောလိုက်ပြီး ပြောလိုက်တယ် “အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး။ အခုကနေစပြီး ကျွန်မတို့ အားလုံးက အတူတူ အလုပ်လုပ်ရတော့မှာပဲကို”
ရှန်ဖေးက ခိုင်မြဲတဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်ပြီး “သခင်လေးကိုင်က ကျုပ်တို့ မိသားစုရဲ့ ဒုတိယသခင်လေးကို အနိုင်ယူခဲ့မှတော့ ကျုပ်တို့တွေကလည်း ကတိအတိုင်း ဖြည့်ဆည့်ပေးရတာပေါ့။ သခင်လေးကိုင်သာ မရှုံးနိမ့်သေးသရွေ့ ကျုပ်တို့ကလည်း သခင်လေးကိုင်ကို အကောင်းဆုံး ထောက်ပံ့ပေးမှာပါ”
ချူရီမန်က ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။
“တစ်ခုပဲ…သခင်မလေးချူ၊ သခင်မလေးက ဘာလို့…” ရှန်ဖေးက မနေနိုင်တော့ပဲ ကောက်မေးလိုက်တယ်။
“ကျွန်မကလည်း သူ့ရဲ့ မဟာမိတ်ပဲလေ၊ ဟဲဟဲ” ချူရီမန်က ပြုံးလိုက်ပေမယ့် ဘာမှ ထပ်ပြီး ရှင်းပြမနေခဲ့ပါဘူး။
ဘယ်သူကမှ အကောင်းမမြင်နိုင်တဲ့ သခင်လေးကိုင်က မိသားစုကြီး ရှစ်ခုက သခင်လေး နှစ်ယောက်နဲ့ မဟာမိတ်ဖွဲ့ထားတာကို အခုမှပဲ သူတို့ သတိပြုမိသွားခဲ့တယ်။ ဒါက ရန်မိသားစု သခင်လေး ရှစ်ယောက်ကြားထဲမှာတော့ တော်တော်လေး ထူးခြားနေခဲ့ပါတယ်။
“အထဲအရင်သွားကြတာပေါ့။ ကျွန်မ ရှင်တို့အတွက် နေစရာ တစ်ခုစီစဉ်ပေးမယ်” ချူရီမန်က အသာအယာလေး ပြောလိုက်ပြီးနောက် ခေါင်းလေး ခါလိုက်ကာ မဲ့ပြုံးပြုံးလိုက်ရင်း “ဒီကို ရောက်လာတာနဲ့ အိမ်တော်ထိန်း တစ်ယောက်ရဲ့ တာဝန်ကို ယူရလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားခဲ့မိဘူး…”
ရှန်မိသားစုဝင်တို့ အထဲဝင်သွားတာနဲ့ ယပ်တောင်လေး တရမ်းရမ်း လုပ်နေတဲ့ ဟော်ရှင်းချန်က ရှန်ထန်းရှောင်နား ရောက်လာပြီး တရင်းတနှီးနဲ့ သူပုခုံးကို ဖက်လိုက်ကာ “ငါတို့ ညီအစ်ကို နှစ်ယောက်စလုံးက ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေတာ ဆိုတော့ တစ်ခွက်တစ်ဖလားလောက် သောက်ကြတာပေါ့”
ရှန်ထန်းရှောင် ကြောင်သွားခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ကောင်းပြီလေ”
“သောက်ပြီးတာနဲ့ ငါမင်းကို ဒီစစ်ပွဲမြို့တော်မှာ ရှိတဲ့ ဆောင်ကြာမြိုင် တစ်ခုစီ ခေါ်သွားပေးမယ်”
“မလိုပါဘူး”
…….
တံခါးအပြင်ဘက်က ခြေသံတွေကို ကြားလိုက်တာနဲ့ ရန်ကိုင်က မျက်လုံးလေး ပင့်လိုက်ပြီး ပြောလိုက်တယ် “ဝင်လာခဲ့”
အခန်းတံခါး ပွင့်သွားခဲ့ပြီး ချူရီမန်ရဲ့ ကျက်သရေ ရှိလှတဲ့ ပုံရိပ်လေးက သင်းပျံ့တဲ့ လေညင်းကို သယ်ဆောင်လာရင်း အခန်းထဲကို လမ်းလျှောက် ဝင်လာခဲ့တယ်။ ရောက်တာနဲ့ စားပွဲပေါ်က လက်ဖက်ရည် တစ်ခွက်ကို အရင် မော့သောက်လိုက်ပြီး သူမလည်ချောင်းလေးကို စိုစွတ်သွားအောင် လုပ်လိုက်တယ်။ သူမ နောက်မှာတော့ ဆောင်းဦးမိုးစက် ခန်းမက လူတွေက သေတ္တာကြီးလေးလုံးကို သယ်လာရင်း လိုက်လာခဲ့ကြတယ်။ သေတ္တာတွေကို အခန်းထောင့် တစ်နေရာရာမှာ ချထားလိုက်ပြီးနောက် အလျိုုလျို ပြန်ထွက်သွားလိုက်ကြတယ်။
ချူရီမန်ကတော့ အခန်းထဲမှာပဲ ကျန်ရစ်နေခဲ့ပြီး ထိုင်ခုံတစ်ခုံ ယူထိုင်လိုက်တယ်။ ထို့နောက် ရန်ကိုင်ကို ကျော့ရှင်းတင့်တယ်စွာ ပြုံးပြလိုက်ပြီး မေးလိုက်တယ် “ရှန်မိသားစုနဲ့ နန်မိသားစုကို အခုလို အခြေအနေမျိုး ရောက်သွားအောင် ဘယ်အချိန်လောက်တုန်းက နင်လုပ်ခဲ့တာလဲ”
“နင်နဲ့လော့ရှောင်မန်တို့ဆီကနေ ခွဲထွက်လာပြီး သုံးလလောက် အကြာတုန်းကလေ”
“အဲ့အချိန်တုန်းက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ငါ့ကို ပြန်ပြောပြပါလား။ ရှန်ထန်းရှောင်ကို မေးခဲ့ပေမယ့် သူကိုယ်တိုင်လည်း သေချာ မသိဘူးဖြစ်နေတယ်။ သူရဲ့ အစ်ကိုကြီးနဲ့ ဝမ်းကွဲက နင့်ကို သေလောက်အောင် မုန်းနေတယ် ဆိုတာကိုပဲ ငါ့ကို ပြောခဲ့တယ်။ ပြီးတော့ နင်က နန်မိသားစုက အကြီးအကဲ နှစ်ယောက်ရဲ့ လက်မောင်း နှစ်ဖက်ကို ဖြတ်ခိုင်းခဲ့ရုံ မကလို့ သူတို့ သခင်လေးရဲ့ လက်ချောင်းနှစ်ချောင်းကိုပါ ဖြတ်ခိုင်းခဲ့တယ်တဲ့။ နင် အရမ်း ရက်စက်တာပဲ။ ပထမအဆင့် အင်အားစုတစ်ခုရဲ့ အမွေဆက်ခံသူကိုတောင် အခုလို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် လုပ်ခဲ့တယ်”
“သူတို့ ကံကြမ္မာ သူတို့ ဖန်တီးတာပဲလေ” ရန်ကိုင်က အထင်အမြင် သေးစွာနဲ့ နှာခေါင်းရှုံ့လိုက်ပြီး ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြလိုက်တယ်။
သူပြောတာကို နားထောင်နေရင်း ချူရီမန်ရဲ့ မျက်ဝန်းအစုံက ကြယ်စဉ်တွေအလား တောက်ပသွားခဲ့တယ်။ သူမမျက်နှာထက် အထင်အမြင် သေးသည့်၊ မကျေနပ်သည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ အထူးသဖြင့် ရန်ကိုင်က ထိုပထမအဆင့် အင်အားစုနှစ်ခုကို ဘယ်လို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်ခဲ့တယ် ဆိုတာကို နားထောင်နေတဲ့အချိန် သူမပုံစံက အရမ်းကျေနပ် အားရတဲ့ ပုံစံပေါက်နေခဲ့တယ်။
“အဲ့လိုသာဆိုရင်၊ သူတို့ အရှက်ခွဲခံရတာကို ဘာလို့ မျိုသိပ်ထားတာလဲ ဆိုတာကို နားလည်လို့ ရသွားပြီ။ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားတာက သာမန်ကိစ္စ တစ်ခုမှ မဟုတ်တာ။ အထူးသဖြင့် နင့်ရဲ့ လေးယောက်မြောက် အစ်ကို သေသွားပြီးတဲ့ နောက်ပိုင်းပေါ့။ သူတို့သာ ရန်မိသားစု သခင်လေးတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိစ္စမှာ ဝင်ပါနေတယ်ဆိုပြီး သံသယရှိခံရရင် ရှန်မိသားစုနဲ့ နန်မိသားစု နှစ်ခုလုံး ဇာတ်သိမ်းပြီပဲ”
“ငါ့ကို ရှန်မိသားစုအကြောင်း ပြောပြပါလား။ အထူးသဖြင့် ရှန်ထန်းရှောင်နဲ့ ရှန်ချူကြားက ဆက်ဆံရေးကိုပေါ့” ရန်ကိုင်က ထိုင်ရာကနေ ထလိုက်ပြီး သေတ္တာလေးလုံးထဲမှာ ပါတဲ့ ပစ္စည်းတွေကို သွားစစ်ဆေးနေရင်း ကြုံရာ မေးခွန်းတစ်ခု ကောက်မေးလိုက်တယ်။
“သူတို့တွေက မြေခွေးနဲ့ ရကွန်းလိုပဲ” ချူရီမန်က အထင်အမြင် သေးစွာနဲ့ ပြောလိုက်တယ်။
ရန်ကိုင်က ရယ်မောလိုက်ပြီး “အဲ့တုန်းက ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို ရှန်ချူက သူ့ ညီလေးကို နည်းနည်လေးမှ မပြောခဲ့ဘူး။ သူသာ ပြောပြခဲ့ရင် ရှန်ထန်းရှောင်က အခုလိုမျိုး ငါ့ကို လာစိန်ခေါ်လိမ့်မှာ မဟုတ်ဘူး။ အစ်ကိုကြီးက အဖြစ်မှန်ကို ဖုံးကွယ်ပြီး သူ့ ညီငယ်လေးကို အကွက်ချ ကြံစည်တယ်၊ ဒီညီအစ်ကို နှစ်ယောက်ကြားက ဆက်ဆံရေးက ကောင်းမွန်တဲ့ပုံမပေါက်ပါဘူး။ ဒါကိုမှ မမြင်သေးရင် ငါကန်းနေလို့ပဲ ဖြစ်ရမယ်”
Martial Peak
အပိုင်း(၄၂၂) အဲ့မှာ လူအိုကြီးနှစ်ယောက် ရှိနေတယ်
ထိုအချိန်တုန်းက သုံးလအတွင်း ရှန်နဲ့ နန်မိသားစုရဲ့ စိတ်ရင်းမှန်ကို သိချင်တယ်လို့ ရန်ကိုင်က ရှန်နဲ့နန် သခင်လေး နှစ်ယောက်စလုံးကို ပြောပြီး လွှတ်ပေးခဲ့တယ်။
နန်မိသားစုက ပစ္စည်းမျိုးစုံ ထည့်ထားတဲ့ သေတ္တာလေးလုံး ပို့ပေးလိုက်တာက နားလည်နိုင်ပါတယ်။ ဒါပေမယ့် ရှန်မိသားစုကနေ ဒုတိယသခင်လေး ဦးဆောင်တဲ့ ကျင့်ကြံသူ တစ်သိုက်ကို ပို့လိုက်တာကိုတော့ သူနားမလည်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ရှန်ထန်းရှောင်နဲ့ လက်ရည်ဖလှယ် ပြီးတဲ့နောက် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ရေးတေးတေးတော့ သူခန့်မှန်းမိသွားပါပြီ။ ထို့ကြောင့် ချူရီမန်ရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ဖို့ပဲ သူဆုံးဖြတ်လိုက်တယ်။
ဒီသခင်မလေးက သူနဲ့ မတူပါဘူး။ သူမက မွေးကတည်းက ဗဟိုမြို့တော်မှ နေလာခဲ့တာဆိုတော့ ဗဟိုမြို့တော်နဲ့ အင်အားစု အသီးသီးအကြောင်း တော်တော်လေး နှံ့နှံ့စပ်စပ် သိထားပါတယ်။ ချူမိသားစုရဲ့ အမွေအနှစ်နဲ့ နည်းလမ်းတွေအရ ရှန်မိသားစုရဲ့ အတွင်းရေး ပြဿနာနဲ့ ပက်သက်တဲ့ ကောလဟာလတွေ အကြောင်းကိုလည်း သူမကြားထားလောက်ပါတယ်။
ရန်ကိုင်မှတ်ချက်ကို ကြားလိုက်တာနဲ့ ချူရီမန် ခါးခါးသီးသီးနဲ့ ရယ်မောမိလိုက်တယ်။ ထိုကောင်ရဲ့ အမြင်အာရုံက သူမတောင် တုန်လှုပ်ခြောက်ခြား ရလောက်တဲ့အထိ ထက်ရှလွန်းပါတယ်။
“ရှန်မိသားစုရဲ့ ရှန်ချူကို နင်တွေ့ပြီးသွားပြီလေ။ သူ့ကို ရှန်မိသာစုရဲ့ တရားဝင်မယားကြီးကနေ မွေးလာခဲ့တာ။ သူက ရှန်မိသားစုရဲ့ လက်ရှိ အမွေခံဆက်ခံသူအဖြစ် လျာထားခံရတဲ့ လူဆိုလည်း မမှားဘူး။ ဒုတိယသခင်လေးကိုတော့ ကိုယ်လုပ်တော် တစ်ယောက်ကနေ မွေးလာခဲ့တာ။ ဒါကြောင့် မိသားစုထဲက သူ့အဆင့်အတန်းက သူ့အစ်ကိုကြီးလောက် မမြင့်ဘူး။ ဒါပေမယ့် ရှန်ထန်းရှောင်ရဲ့ အရည်အချင်းနဲ့ အလားအလာက အရမ်း ကောင်းလွန်းတယ်။ သူက ရှန်မိသားစု ဆယ်စုနှစ်သမိုင်းရဲ့ အထူးချွန်ဆုံး ဂျီးနီးယပ် တစ်ယောက်ပဲ။ နင်လည်း သူနဲ့ တိုက်ခိုက်ခဲ့ပြီးပြီ ဆိုတော့ သူ့ ခွန်အားအကြောင်း ရေးတေးတေးတော့ ခန့်မှန်းမိမှာပေါ့။ ဒါပေမယ့် ဒီလောက် အသက်ငယ်ငယ်နဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ရောက်နေတယ် ဆိုတဲ့ အချက်နဲ့တင် သူ့က တော်တော်လေး ထူးချွန်နေပြီလို့ ပြောလို့ရတယ်”
“အင်း” ရန်ကိုင်က ထောက်ခံသည့် အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ရန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာတောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ ရောက်နေတဲ့ လူအများကြီး မရှိပါဘူး။ ဒါပေမယ့် ထိုကဲ့သို့ မရောက်ရတာက မိသားစုရဲ့ အကူအညီ မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး လေ့ကျင့်ခဲ့ရတာကြောင့်လည်း ပါပါတယ်။
အဲ့လိုဆိုရင်တောင် ရှန်ထန်းရှောင်ရဲ့ အရည်အချင်းက တော်တော်လေး ထူးချွန်တယ်လို့ ပြောလို့ ရနေပါပြီ။
ပထမအဆင့် အင်အားစုတွေထဲမှာ ဂျီးနီးယပ်များစွာ ရှိကြပါတယ်။ ဥပမာပြောရရင် သီးခြားကမ္ဘာထဲမှာ သူတွေ့ခဲ့တဲ့ ကြယ်ဓါးကိုးချောင်းဂိုဏ်းက ဝူချန်းရီကလည်း အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ကို ရောက်နေခဲ့ပါပြီ။ သူသာ အခုထိ အသက်ရှင်နေဦးမယ်ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ပြီးသွားလောက်ပါပြီ။ ဒါပေယ့် ဝူချန်းရီက ရှန်ထန်းရှောင်ထက် အသက်ပိုကြီးပါတယ်။
“ရှန်ချူက လှည့်ကွက်တွေ၊ ပရိယာယ်တွေ သုံးရတာကို ပိုသဘောကျတယ်။ ဒါပေမယ့် သူ့ညီလေး ရှန်ထန်ရှောင်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ပဲ။ လုံးဝကို ပွင့်လင်းရိုးသားတဲ့ လူစားမျိုး ဖြစ်ပြီး တည့်တိုးဆန်တဲ့ ပင်ကိုယ်စရိုက် ရှိတယ်။ သူရဲ့ ထူးချွန်လှတဲ့ အရည်အချင်းကြောင့် မိသားစုထဲက အကြီးအကဲ တော်တော်များများက သူ့ကို အလေးပေးကြတယ်” ချူရီမန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ဒီတော့၊ အခုကိစ္စကို နင်နားလည်လောက်ပြီပေါ့”
“သူတို့ထဲက ဘယ်သူက အမွေဆက်ခံသူ ဖြစ်မလဲ ဆိုတာကိုလား” ရန်ကိုင်က အသာအယာလေး မျက်မှောင်ကြုံ့လိုက်တယ်။
“အင်း၊ အင်အားစုကြီးတွေထဲမှာ နင်တို့ ရန်မိသားစုကပဲ အမွေခံတိုက်ပွဲ ကျင်းပပြီး မိသားစုခေါင်းဆောင်သစ်ကို ရွေးချယ်တာ။ မိသားစုကြီး ရှစ်ခုနဲ့ ကျန်တဲ့ အင်အားစုတွေကတော့ အကြီးဆုံးသားကိုပဲ အမွေဆက်ခံသူအဖြစ် ရွေးလေ့ရှိကြတယ်” ထိုအကြောင်းကို ပြောလိုက်တာနဲ့ ချူရီမန် မျက်နှာထက် စိတ်ပျက်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့တယ်။
ဒါပေမယ့် သူမ အမူအရာကို အလျင်အမြန်ပဲ ပြန်ထိန်းလိုက်ပြီး တစ်ချက်ကလေးတောင် မနားပဲ ဆက်ပြောလိုက်တယ် “အကြီးဆုံးသားရဲ့ အရည်အချင်းက အရမ်းကြီး ဆိုးရွားမနေသရွေ့ သူ့ရဲ့ ရာထူးက တည်မြဲနေမှာပဲ။ ဘာလို့လဲဆိုတော့ မိသားစုခေါင်းဆောင် ဆက်ခံမယ့်လူက အားအကောင်းဆုံးလူ ဖြစ်နေစရာ မလိုလို့ပဲ။ အဲ့အစား မိသားစု တစ်ခုလုံးကို နိုင်နိုင်နင်နင်းနဲ့ စီမံကိုင်တွယ်နိုင်မယ့် လူကိုပဲ လိုအပ်တာ။ လူလျန်က အကောင်းဆုံး ဥပမာပဲလေ။ သူ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ပဲ ရှိသေးတယ်။ လူမိသားစု အကြီးအကဲတွေထဲမှာ သူ့ထက် သန်မာတဲ့ အကြီးအကဲတွေ အများကြီး ရှိတယ်။ ဒါပေမယ့် သူက မိသားစု ခေါင်းဆောင် ဖြစ်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ သူက လူမိသားစုရဲ့ အကြီးဆုံးသား ဖြစ်နေခဲ့လို့ပဲ။ ငါတို့ ချူမိသားစုလည်း အတူတူပဲ…”
“အဟမ်း၊ ရှန်မိသားစု အတွက် ဆိုရင်တော့ ရှန်ချူက မိသားစုခေါင်းဆောင်သစ် ဖြစ်လာမယ့်လူပဲ။ ဒါပေမယ့် ရှန်ထန်းရှောင်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်က သူ့ကို ဖိအားပေးနေခဲ့တယ်။ ဒါကြောင့် ငါကြားခဲ့တာက…အင်း၊ ကြားပဲ ကြားခဲ့တာနော်၊ ရှန်ချူက သူ့ရဲ့ ဖအေတူ မအေကွဲ ညီလေးအပေါ် မကြာခဏ အကွက်ချကြံစည်တယ်တဲ့။ ရှန်ထန်းရှောင်ကတော့ သူဘာလုပ်လုပ် ဂရုကို မစိုက်တာတဲ့။ သူက မိသားစုခေါင်းဆောင် ရာထူးကို အစကတည်းက စိတ်မဝင်စားတဲ့ပုံပဲ”
သူမပြောတာကို နားထောင်ရင်း သူခန့်မှန်းချက်က မှန်ကန်တယ် ဆိုတာ ပိုပြီး သေချာလာခဲ့တယ်။ အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ရှန်ချူရဲ့ စရိုက်နဲ့ဆိုရင် အခုလိုမလုပ်မှပဲ ထူးဆန်းနေမှာ”
“ဟုတ်တယ်၊ ဒါကြောင့် အခုလက်ရှိ အခြေအနေကို ချင့်တွက်ပြီး သုံးသပ်မယ်ဆိုရင် ရှန်ထန်းရှောင် နင့်တံခါးရှေ့ ဘာလို့ ပေါ်လာတယ် ဆိုတာကို နင်နားလည်လောက်ပြီပေါ့” ချူရီမန်က အပြုံးလေးပြုံးရင်း မေးလိုက်တယ်။
“အင်း၊ ငါနားလည်သွားပြီ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်။
ရှန်ချူက သူ့ ညီလေးရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းကို ကြောက်လန့်နေခဲ့တယ်။ ထို့ကြောင့် ရန်ကိုင်က သူ့ကို ခြိမ်းခြောက်ခဲ့တဲ့အခါ အမွေခံတိုက်ပွဲမှာ ရန်ကိုင်ဘက်ကနေ ကူတိုက်ပေးဖို့ သူ့ ညီလေးကို ရန်ကိုင်ဆီ စေလွှတ်ခဲ့တယ်။
ပထမ အချက်အနေနဲ့ ရန်ကိုင်က ဒီအမွေခံတိုက်ပွဲမှာ တကယ်ပဲ အကူအညီ လိုနေခဲ့ပါတယ်။ ထိုကြောင့် ရန်ကိုင်ဆီကို လူအင်အား ပို့ပေးခဲ့တာနဲ့ ပက်သက်ပြီး ဘာမှ မှားယွင်းမနေခဲ့ပါဘူး။ အခုလို လူအင်အား ပို့ပေးလိုက်တာ နန်မိသားစုလို ပစ္စည်းအမျိုးမျိုး ထည့်ထားတဲ့ သေတ္တာလေးလုံး ပို့ပေးလိုက်တာထက်တောင် ပိုပြီး အသုံးဝင်နေပါသေးတယ်။
ဒုတိယအချက် အနေနဲ့ ရှန်ထန်းရှောင်သာ ရန်ကိုင်နဲ့အတူတူ ရှိနေခဲ့ရင် သူသာ အခြားသခင်လေး တစ်ယောက်နဲ့ ပေါင်းပြီး ရန်ကိုင်ကို အနိုင်ယူလိုက်သရွေ့၊ သူက သူ့ညီလေးထက် ပိုပြီး အရည်အချင်း ရှိတယ်ဆိုတာကို ပြသပြီးသား ဖြစ်သွားပါပြီ။ အဲ့လိုဆိုရင် မိသားစုထဲက သူ့ရာထူးနဲ့ပက်သက်ပြီး စိုးရိမ်ပူပန် နေစရာ မလိုတော့ပါဘူး။
ရှန်ချူက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပါ။
ထို့ပြင် သူက ရှန်ထန်းရှောင်ရဲ့ နောက်လိုက်တွေကိုပါ တစ်ခါတည်း အပြတ်ရှင်းပစ်နေချင်တဲ့ ပုံပါပဲ။ ဘာလို့လဲ ဆိုတော့ ဒီလူတွေကို ရှန်ထန်းရှောင်ကို သစ္စာရှိတဲ့ လူတွေ မို့လို့ပါပဲ။
“သူအသုံးဝင်မယ်လို့ နင်ထင်လား” ရန်ကိုင်က ချူရီမန်ကို ကြည့်ပြီး မေးလိုက်တယ်။
ရန်ကိုင်က သူမဆီကနေ အကြံဥာဏ် တောင်းလာတဲ့ အတွက် ချူရီမန် ပျော်သွားခဲ့ပြီး ပြုံးကာ ပြန်ပြောလိုက်တယ် “သူက အသုံးဝင်လောက်တယ်။ ဒါပေမယ့် သူ့ကို သုံးမယ်၊ မသုံးဘူး ဆိုတာကိုတော့ နင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေါ့”
“သူတို့ကို အခုတော့ ခဏလောက် ဘေးဖယ်ထားလိုက်ဦးမယ်” ရန်ကိုင်က ပြောလိုက်တယ်။ ဒုတိယသခင်လေးက သူ့ကို တကယ်ပဲ စိတ်ရင်းအမှန်နဲ့ ကူညီချင်တာလား ဆိုတာ မသေချာသေးပါဘူး။ ရန်ကိုင်က သတိကြီးတဲ့ လူတစ်ယောက်ပါ။ လူစိမ်းတစ်ယောက်က သူကြားခဲ့ရတဲ့ ကောလဟာလအချိုနဲ့ စကားလေး နည်းနည်းကြောင့် ယုံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လူနှစ်ယောက်ရဲ့ နှလုံးသားကို ဖြတ်မြင်နိုင်ဖို့ဆိုတာ မြင်းတစ်ကောင်ရဲ့ ခွန်အားကို စမ်းသပ်သလိုပါပဲ။ တော်တော်လေး ကြာညောင်းပါတယ်။
“အင်း” ရန်ကိုင် အခုလို ပြောလာမယ်မှန်း ကြိုသိထားသည့်အလား ချူရီမန်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “ဒါပေမယ့် ရှန်ထန်းရှောင်ဆီကနေ နင့်အတွက် အရေးကြီးလောက်မယ့် သတင်းဆိုး တစ်ခုကို ငါသိခဲ့ရတယ်။ နင်သိချင်လား”
“အို၊ ဘယ်လို သတင်းမျိုးမို့လို့လဲ”
“သူ့ရဲ့ အစ်ကိုကြီးနဲ့ နန်မိသားစု သခင်လေးတို့ နှစ်ယောက်စလုံး စစ်ပွဲမြို့တော်မှာ ရှိနေတယ်တဲ့” ချူရီမန်က ပြုံးကာ ပြောလိုက်တယ်။
ရန်ကိုင်မျက်နှာထက် အံ့အားသင့်သွားသည့် အရိပ်အယောင် နည်းနည်းလေးတောင် မတွေ့ရပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ အမှုမထားသည့် အမူအရာဖြင့်သာ ပြန်မေးလိုက်တယ် “သူတို့ ဘယ်သူ့ကို ရွေးခဲ့တာလဲ”
“နင့်ရဲ့ ဒုတိယအစ်ကို ရန်ကျောင်းပဲ”
“ကောင်းကောင်း ရွေးသွားတာပဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး “ဒီညတော့ ပျော်စရာတွေ အများကြီး ကြုံရဦးမယ်နဲ့ တူတယ်”
ချူရီမန်လည်း လိုက်ပြုံးလိုက်တယ်။ သူမမျက်နှာထက် စိတ်တင်းကြပ်နေသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရတော့ပါဘူး။ ရန်ကိုင်က သူမကို ပြပွဲကောင်းတစ်ခုကို ကြည့်စေချင်တယ် ဆိုမှတော့ သူမက ဘာလို့ သူ့အတွက် စိုးရိမ်နေစရာ လိုဦးမှာလဲ။
“သခင်လေးကိုင် လိုအပ်တာများ ရှိသေးလားရှင့်။ မရှိတော့ရင် ဒီနိမ့်ကျတဲ့ အစေခံ အရင်သွားနား လိုက်ပါတော့မယ်နော်” ချူရီမန်က စနောက်ကျီစယ်တဲ့ အသံနေအသံထားနဲ့ ပြောလိုက်တယ်။
ရန်ကိုင်က သူမကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး “ငါ့ကို လာစမနေနဲ့၊ နင်စနောက်တာကို ခံနိုင်တဲ့ စွမ်းရည် ငါ့မှာ မရှိဘူး”
ရန်ကိုင် မျက်မှောင်ကြုံနေတာ မြင်တော့ ချူရီမန်က ပိုပြီး အားရကျေနပ်စွာနဲ့ ပြုံးလိုက်ပါတယ်။
“ဒါပေမယ့် ငါ့မှာ နင့်ကို လုပ်ခိုင်းစရာ တစ်ခုခု တကယ်ပဲ ရှိနေတယ်” ရန်ကိုင်က ချူရီမန်ဆီ တည့်တည့် ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“အို၊ ဘာများ ခိုင်းစရာ ရှိလို့လဲ”
“အိမ်အပြင်ဘက် မီတာတစ်ထောင် အကွာမှာရှိတဲ့ ညောင်ပင်တစ်ပင်ပေါ်မှာ လူအိုကြီး နှစ်ယောက် ရှိတယ်။ ငါနင့်ကို သူတို့ဆီ တစ်ယောက်ယောက်လွှတ်ပြီး ဝိုင်နှစ်အိုး သွားပို့ပေးစေချင်တယ်”
ချူရီမန် တစ်ခဏလောက် ငေးကြောင်သွားခဲ့ပြီး “လူအိုကြီး နှစ်ယောက်လား။ သူတို့က ဘယ်သူလဲ”
“ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင်တော့ အဲ့လူအိုကြီး နှစ်ယောက်က ဟော်ရှင်းချန်ကို တိတ်တဆိတ် လိုက်ပါစောင့်ရှောက်ဖို့ ဟော်မိသားစုက လွှတ်လိုက်တဲ့ ပညာရှင်နှစ်ယောက်ပဲ ဖြစ်ရမယ်”
ချူမိသားစုရဲ့ ပထမသခင်မလေး ချူရီမန်က မျက်လုံးမှေးစဉ်းလိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ ထိုနေရာမှာ လူနှစ်ယောက် ရှိနေမှန်း သူဘာလို့ ဒီလောက် သေချာနေမှန်း သူမ နားမလည်နိုင် ဖြစ်နေခဲ့တယ်။
ပြီးတော့ ထိုလူအိုကြီး နှစ်ယောက်က ဟော်ရှင်းချန်ကို ကာကွယ်ဖို့ လာခဲ့တာ ဆိုရင် ထိုနှစ်ယောက်က ဗဟိုမြို့တော် မြေခွေးနောက် အမြဲတမ်းလိုက်ပါနေတဲ့ ပညာရှင် နှစ်ယောက်ပဲ ဖြစ်ရပါမယ်။ ဒါပေမယ့် ထိုနှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတွေလေ။
အဲ့ဒါကို ရန်ကိုင်က သူတို့ ပုန်းနေတာကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားခဲ့ရတာလဲ။
သူ့ရဲ့ ဆန်ကုန်မြေလေးသားကြောင့် ဟော်ရှန်း သေလုမတတ် ဒေါသထွက်ခဲ့ရပေမယ့် ဟော်ရှင်းချန်က ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်နေတုန်းပါပဲ။ ကံဆိုးကောင် ရန်ကိုင် နောက်ကို တစ်ယောက်တည်း လိုက်သွားတာဆိုတော့ ဟော်ကျန်းက သူ့ကို စောင့်ရှောင်ဖို့ ထိုလူအိုကြီးနှစ်ယောက်ကို တိတ်တဆိတ် စေလွှတ်လိုက်တာ နားလည်လို့ ရပါတယ်။
ချူရီမန်က သူမရဲ့ သံသယတွေကို ပြန်သိမ်းထားလိုက်တယ်။ တစ်ခဏလောက် မျက်မှောင် ကြုံ့နေလိုက်ပြီးနောက် ဝိုင်နှစ်အိုးကိုင်ကာ သူမကိုယ်တိုင် ရန်ကိုင် ပြောတဲ့နေရာဆီ လမ်းလျှောက်သွားလိုက်တယ်။
ရန်ကိုင် စံအိမ်အပြင်က မီတာတစ်ထောင် အကွာ၌ ရှိနေသည့် ညောင်ပင်ထက်မှာတော့ …
အုံခဲနေတဲ့ ညောင်ရွက်တွေက ဟော်မိသားစု ပညာရှင်နှစ်ယောက်ကို ဖုံးကွယ်ထားခဲ့တယ်။ သူတို့ နှစ်ယောက်စလုံး အသက်မရှူနေဘူးလို့ ထင်ရလောက်တဲ့အထိ သူတို့ရဲ့ အသံရှူသံကို ထိန်းချုပ်ထားခဲ့ကြပြီး သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေကိုလည်း မခံစားမိနိုင်လောက်တဲ့အထိ ဖုံးကွယ်ထားခဲ့ကြကာ မှိန်ဖျော့ဖျော့ အရောင်အဝါ တစ်ခုက သူတို့နှစ်ယောက်ဆီကနေ ထွက်ပေါ်နေခဲ့ပါတယ်။ ထိုနည်းစနစ်တွေ အားလုံးကို စုပေါင်း အသုံးပြုထားတဲ့အတွက် သာမန် အမြင်အာရုံနဲ့ သူတို့ကို သတိပြုမိနိုင်မှာ မဟုတ်ပါဘူး။
တစ်ယောက်ယောက်က သစ်ပင်အောက်မှာ လာရပ်နေပြီး အပေါ်ကို မော့ကြည့်မယ်ဆိုရင်တောင် သူတို့နှစ်ယောက်ကို သတိပြုမိလိမ့်မှာ မဟုတ်ပါဘူး။ အားကောင်းတဲ့ ကောင်းကင် စိတ်အာရုံနဲ့ စစ်ဆေးကြည့်မှပဲ သူတို့ နှစ်ယောက်ကို သတိပြုမိနိုင်မှာပါ။
အခုအချိန်၌ လူအိုကြီး နှစ်ယောက်က ပျင်းရိငြီးငွေ့စွာနဲ့ သစ်ပင်ပင်စည်ကို မှီပြီး တင်ပလင်ခွေ ထိုင်နေခဲ့ကြတယ်။
သူတို့ရဲ့ မမြင်နိုင်တဲ့ ကောင်းကင်စိတ်အာရုံက ရန်ကိုင်ရဲ့ ခြံဝန်းတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့အတွက် လေတိုက်တာနဲ့ မြက်တွေ လှုပ်ရှားနေတာကအစ သူတို့ရဲ့ မြင်ကွင်းအောက်ကနေ ပြေးမလွတ်ခဲ့ပါဘူး။ ထိုကြောက်မက်ဖွယ် ကောင်းကင်စိတ်အာရုံနဲ့ ရန်ကိုင်ရဲ့ ခြံဝန်းတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့အတွက် တစ်ခုခု မူမမှန်တာနဲ့ နှစ်ယောက်စလုံး ချက်ချင်း သတိပြုမိမှာပါ။
ဒီနေရာမှာ ပုန်းနေပေမယ့် တစ်ယောက်ယောက်က သူတို့ သခင်လေးကို ဒုက္ခပေးမှာကို သူတို့ မစိုးရိမ်ပါဘူး။
နှစ်ယောက်စလုံးက သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို ပေါ်ပေါ်တင်တင် ထုတ်ဖော်ထားခဲ့တာ ဖြစ်တဲ့အတွက် ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်လည်း သူတို့ ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်နေတာ မဟုတ်တဲ့အတွက် သွေးစစ်သည်တော် နှစ်ယောက်က သူတို့ ဒဏ်ရာတွေကိုပဲ ဆက်ပြီး ကုသနေခဲ့ပါတယ်။ ကုသနေရင်းနဲ့လည်း သူတို့ နှစ်ယောက်ကိုလည်း သတိမပြတ် စောင့်ကြည့်နေခဲ့ပါသေးတယ်။
ရုတ်တရက် သူတို့နှစ်ယောက်ဆီ လာနေတဲ့ ခြေသံတွေကို လူအိုကြီး နှစ်ယောက် ကြားလိုက်ရတယ်။ အစကတော့ ထိုခြေသံတွေကို လူအိုကြီး နှစ်ယောက် ဂရုစိုက် မနေခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်ပွဲမြို့တော်မှာ လူပေါင်းသောင်းနဲ့ချီ ရှိနေခဲ့ပါတယ်။ ရန်ကိုင် နေရာက ချောင်းကျပြီး ခြောက်ကပ်တယ် ဆိုပေမယ့် ဖြတ်သွားဖြတ်လာ လူ့အချို့တော့ ရှိနိုင်ပါသေးတယ်။
ဒါပေမယ့် ခြေသံတွေက တဖြည်းဖြည်း ပိုပြီး နီးကပ်လာတာနဲ့ လူအိုကြီး နှစ်ယောက်လည်း မနေနိုင်တော့ပဲ မျက်လုံးဖွင့်ကာ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။
ထိုခြေသံတွေ… သူတို့နှစ်ယောက်ဆီ လာနေတဲ့ ပုံပါပဲ။
ငုံ့ကြည့်လိုက်တဲ့အခိုက် လူအိုကြီး နှစ်ယောက်စလုံး ထိတ်လန့် သွားခဲ့ရတယ်။
ချူမိသားစုရဲ့ ပထမသခင်မလေးက သာမန် အစေခံမလေး တစ်ယောက်လို ဝိုင်နှစ်အိုးကို လက်မှာကိုင်ရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ သူတို့ဆီ လမ်းလျှောက်လာနေတာကို လူအိုကြီးနှစ်ယောက် တွေ့လိုက်ရပါတယ်။
သစ်ပင်အောက် ရောက်တဲ့အထိ လမ်းလျှောက် လာပြီးတဲ့နောက် ချူရီမန်က သစ်ပင်ပေါ်ကို မော့ကြည့်လိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ငါတို့ပုန်းနေတာကိုများ သိသွားတာလားလို့ တွေးရင်း လူအိုကြီး နှစ်ယောက်စလုံး နှလုံးခုန် မြန်သွားခဲ့တယ်။ ဒါပေမယ့် ချက်ချင်းပဲ ထိုအတွေးကို ထုတ်ပယ်ပစ်လိုက်ပါတယ်။ သူတို့ရဲ့ သိုင်းပညာရပ်က ကျိန်းသေ အလုပ်လုပ်နေပါသေးတယ်။ ချူရီမန်က သူတို့ဆီကို တည့်တည့် စူးစိုက်ကြည့်နေတာ မဟုတ်ပါဘူး။ သူမက သစ်ပင်ပေါ်ကိုပဲ မော့ကြည့်လိုက်တာပါ။
သူမ ငါတို့ကို မမြင်နိုင်ပါဘူး
“အခုလို ပူအိုက်ခြောက်သွေ့တဲ့ ရာသီဥတုကြီးမှာ စီနီယာတို့ နှစ်ယောက်က ဒီမှာ အကြာကြီး လာထိုင်နေရတော့ ကျိန်းသေ ရေဆာနေလောက်မှာပဲ။ စီနီယာတို့ နှစ်ယောက် ရေဆာနေမှာစိုးလို့ ကျွန်မက ဒီဝိုင်နှစ်အိုးကို လက်ဆောင်အဖြစ် ယူလာခဲ့ပါတယ်။ ကျေးဇူးပြုပြီုး မငြင်းပယ်လိုက်ပါနဲ့”
သူမပြောတာကို ကြားလိုက်တဲ့အချိန် ဟော်မိသားစုက ပညာရှင် နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာနဲ့ ငေးကြည့်မိလိုက်ကြတယ်။ ပြီးတာနဲ့ သူတို့ လက်ကို ဝှေ့ရမ်းလိုက်ပြီး သူတို့ရဲ့ ကိုယ်ယောင်ဖျောက် ပညာရပ်ကို ချက်ချင်းပဲ ဖယ်ရှားလိုက်တယ်။
လေဟာနယ်ထဲ လှိုင်းလေးတွေ လှုပ်ခါသွားခဲ့ပြီး ချူရီမန်ရဲ့ မြင်ကွင်းထဲ လူအိုကြီးနှစ်ယောက် ထွက်ပေါ်လာခဲ့တယ်။
ပုန်းတာ ပေါ်သွားခဲ့လို့ ဆက်ပြီး မသိချင်ယောင် ဆောင်နေဖို့ လူအိုကြီး နှစ်ယောက် အရမ်းကို ရှက်နေခဲ့ပါပြီ။ ပြီးတော့ ချူရီမန်ရဲ့ အဆင့်အတန်းကလည်း သာမန်မှ မဟုတ်တာ။ သူမကို မျက်နှာသာ ပေးရဦးမယ်လေ။
သူတို့ နှစ်ယောက် ပေါ်လာတာကို မြင်လိုက်ပေမယ့် ချူရီမန်ရဲ့ မျက်နှာ အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူမစိတ်ထဲမှာတော့ ရန်ကိုင်ကို ကြိတ်ပြီး ချီးကျူးနေခဲ့တယ်။
ဟော်မိသားစု ပညာရှင်နှစ်ယောက် သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာလိုက်ပြီး ချူရီမန်ရှေ့ မတ်တပ်ရပ်ကာ “အခုလို လက်ဆောင် လာပေးတဲ့အတွက် သခင်မလေးချူကို ကျေးဇူးတင်ပါတယ်”
ပြောပြီးတာနဲ့ တစ်ယောက် ဝိုင်တစ်အိုးဆီ ယူလိုက်ကြတယ်။
“အေးအေးဆေးဆေးနဲ့ အနားယူ သောက်သုံးလိုက်ပါဦး” ချူရီမန်က ပြုံးလိုက်ပြီး ဦးညွှတ်လိုက်ကာ လှည့်ထွက်ဖို့ လုပ်လိုက်တယ်။
“သခင်မလေးချူ၊ ခဏလောက် နေပါဦး” လူအိုကြီး နှစ်ယောက်ထဲက တစ်ယောက် ချူရီမန်ကို လှမ်းတားလိုက်တယ်။
“အန်” ချူရီမန်က နောက်ပြန်လှည့်လိုက်ပြီး သူမကို လှမ်းတားလိုက်တဲ့ လူအိုကြီးကို သိချင်စိတ်နဲ့ ကြည့်လိုက်တယ်။
ထိုလူအိုကြီးက အချိန်အတော်ကြာအောင် မျက်မှောင်ကြုံနေခဲ့ပြီး နောက်ဆုံး စမေးလာခဲ့တယ် “ကျုပ်တို့ နှစ်ယောက် ဒီမှာ ရှိနေတယ်ဆိုတာကို သခင်မလေးချူ ဘယ်လို သိသွားလဲ ဆိုတာ ပြောပြလို့ရမလား။ ရန်မိသားစုက သွေးစစ်သည်တော် နှစ်ယောက်ကပဲ ပြောခဲ့တာလား”
Martial Peak
အပိုင်း(၄၂၃) ငါလည်း သွားချင်တယ်
သူတို့ ပုန်းနေတဲ့ နေရာကို ရန်မိသားစုက သွေးစစ်သည်တော် နှစ်ယောက်က ထုတ်ဖော်လိုက်တယ်လို့ ဟော်မိသားစုက ပညာရှင် နှစ်ယောက် ထင်နေတာပါ။
ဒါပေမယ့် ချူရီမန်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်ရင်း “သွေးစစ်သည်တော် နှစ်ယောက်က သူတို့ ဒဏ်ရာတွေကို ပြန်ကုနေရင်း အလုပ်ရှုပ်နေတာ၊ အခုလို ကိစ္စလေးကို ဝင်စွက်ဖက်ဖို့ သူတို့မှာ အချိန်မရှိဘူး။ ဒါပေမယ့် သူတို့ကို ရှာတွေ့ခဲ့တာက ကျွန်မလည်း မဟုတ်ဘူး။ ကျွန်မ အဲ့လောက်အထိ မထူးချွန်ဘူး”
“အဲ့လိုဆို…”
“ဟဲဟဲ၊ ဂျူနီယာ သွားလိုက်ပါဦးမယ်နော်” ချူရီမန်က ထပ်ပြီး မပြောတော့ပဲ တောက်ပစွာ ပြုံးရင်း လှည့်ထွက်သွားလိုက်တယ်။
ချူမိသားစုရဲ့ အကြီးဆုံးသမီးက ချောမောလှပသဘောက် အရမ်းလည်း ပါးပါတယ်။ ပြီးတော့ အခြားသူတွေကို အရူးတစ်ပိုင်း ဖြစ်အောင် လုပ်ရာမှာလည်း အရမ်းကို ကျွမ်းကျင်ပါတယ်။ ရန်ကိုင်ရှေ့မှာသာ ဖိနှိပ်ခံရတာ၊ အခြားသူတွေ့ ရှေ့မှာတော့ ရန်ကိုင် ရှေ့မှာလိုမျိုး ဖြစ်မယ်လို့ ဘယ်သူကပြောလဲ။
သူမ ထွက်သွားတဲ့အချိန်က တိကျရေရာတဲ့ အဖြေတစ်ခုကိုမှ ပြောမသွားခဲ့ပါဘူး။ ဟော်မိသားစုက ပညာရှင် နှစ်ယောက်ကို အခုလိုမျိုး မေးခွန်းတွေနဲ့ ချန်ရစ်ခဲ့တာက ရန်ကိုင်အတွက် ပိုပြီး အကျိုးအမြတ် ရှိနိုင်ပါတယ်။
ချူရီမန် ထွက်သွားပြီးနောက် လူအိုကြီး နှစ်ယောက် သူတို့လက်ထဲက ဝိုင်အိုးတွေကို ကြည့်လိုက်ပြီး သက်ပြင်း ချလိုက်တယ်။
ချူရီမန်ကို ဝိုင်နှစ်အိုး ဘယ်သူ ပို့ခိုင်းလိုက်လဲ ဆိုတာ သူတို့လည်း သိသွားပါပြီ။ ဒါပေမယ့် ရန်ကိုင် သူတို့ကို ဘယ်လို ရှာတွေ့သွားခဲ့လဲ ဆိုတာကိုတော့ လူအိုကြီး နှစ်ယောက်စလုံး လုံးဝ မစဉ်းစားနိုင် ဖြစ်နေခဲ့ပါတယ်။
“ငါတို့ အခုဘာလုပ်ကြမလဲ” နှစ်ယောက်ထဲက တစ်ယောက်က မျက်မှောင်ကြုံရင်း ရေရွတ်လိုက်တယ်။
ကျန်လူအိုကြီးရဲ့ မျက်နှာက ဘီလူး သံပုရာသီး ကိုက်ထားသလို ဖြစ်နေပြီး ခေါင်းလေး တရမ်းရမ်းနဲ့သာ ပြန်ပြောလိုက်တယ် “ဟူး… ငါတို့ နှပ်ချခံလိုက်ရတာပဲ။ အခု ဝိုင်နှစ်အိုးကို လက်ခံထားပြီးသွားပြီ ဆိုတော့ ဒီည…”
“ဒီသခင်လေးကိုင်က အရမ်းကို ဥာဏ်များတာပဲ”
ဒါက လက်ဆောင်ပေးပြီး တစ်ဖက်သားရဲ့ အားနည်းချက်ကို အပိုင် အသုံးချတယ်လို့ ခေါ်ပါတယ်။ ဝိုင်နှစ်အိုးပဲ ဆိုပေမယ့် ဒီဝိုင်နှစ်အိုးကို သခင်မလေးချူကိုယ်တိုင် သူတို့ဆီ လာပေးထားတာလေ။ နည်းနည်းပေးပြီး များများယူတယ် ဆိုတာ ဒါမျိုးကို ပြောတာပေါ့။ တစ်ဖက်သူရဲ့ လက်ဆောင်ကို လက်ခံပြီးမှတော့ ရန်ကိုင် ဒုက္ခရောက်နေတဲ့အချိန် သူတို့ကကော ဒီအတိုင်း ထိုင်ကြည့်နေနိုင် ပါဦးမလား။
ဒီဝိုင်နှစ်အိုးကို အခြားတစ်ယောက်သာ သူတို့ဆီ လာပေးခဲ့မယ်ဆိုရင်၊ ရန်ကိုင် ကိုယ်တိုင် လာပေးခဲ့မယ် ဆိုရင်တောင် သူတို့ ငြင်းပယ်လိုက်မှာပါ။ ဒါပေမယ့် လာပေးတဲ့ လူက ချူရီမန် ကိုယ်တိုင် ဖြစ်နေတော့ သူတို့မှာ ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်ပါ့မလဲ။
“ဒါပေမယ့် မိသားစုခေါင်းဆောင်က ငါတို့ကို အမွေခံတိုက်ပွဲမှာ အခုအချိန်ထိ ဝင်ပါခိုင်းထားတာ မဟုတ်သေးဘူးလေ။ အမွေခံတိုက်ပွဲ သမိုင်းကြောင်းတစ်လျှောက် အင်အားစု အသီးသီးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊ အဆင့်၈ ကျင့်ကြံသူတွေကို စေလွှတ်ခဲ့တယ်။ အချို့ဆို အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူတွေကိုတောင် စေလွှတ်ခဲ့တယ်။ ဒါပေမယ့် မိသားစုကြီး ခုနှစ်ခုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ထက် မြင့်တဲ့ ဘယ်ကျင့်ကြံသူကိုမှ အမွေခံတိုက်ပွဲထဲ စေလွှတ်ခဲ့တာ မဟုတ်ဘူးလေး။ ငါတို့သာ ဝင်ပါလို့ တစ်ယောက်ယောက်က ငါတို့ကို မှတ်မိသွားခဲ့ရင်…. ငါတို့ ဟော်မိသားစု မျက်နှာထားစရာ နေရာ ရှိတော့မှာ မဟုတ်ဘူး”
“ငါတို့ ဒီဝိုင်အိုးတွေကို ပြန်ပို့လိုက်သင့်လား” လူအိုကြီး နှစ်ယောက်ထဲက တစ်ယောက်က အကြံပေးလိုက်တယ်။
ကျန်တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး “ပြန်ပို့လိုက်တာ ကောင်းမယ်၊ မင်းသွားပို့လိုက်ပါလား”
“မင်းကြီးတော်ကို သွားပို့ခိုင်းလိုက်ပါလား”
ဒီဝိုင်းအိုးတွေကို သွားပြန်ပို့လိုက်တာက မိန်းကလေးချူရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပါပဲ။ ဘယ်သူက ဒီဝိုင်အိုးတွေကို သွားပို့ရလောက်အောင် တုံးအနေပါ့မလဲ။
“ဟူး…” ခေါင်းလေးရမ်းလိုက်၊ သက်ပြင်းလေး ချလိုက် လုပ်နေရင်း သူတို့လက်ထဲက ဝိုင်းအိုးနှစ်လုံးက ဝိုင်းအိုးတွေ မဟုတ်တော့ပဲ သံပူးတုံးကြီး နှစ်တုံးလို့ လူအိုကြီး နှစ်ယောက် ခံစားလာခဲ့ရတယ်။
မစဉ်းစားတတ်တော့တာနဲ့ နှစ်ယောက်စလုံး ဝိုင်းအိုးနှစ်အိုးကို တစ်ထိုင်တည်း မော့သောက် ပစ်လိုက်ကြတယ်။ ဝိုင်ကို သောက်လိုက်ပေမယ့် ဝိုင်ကို သောက်နေတယ်လို့ မခံစားရပဲ အလွန်အမင်း ခါးလွန်းတဲ့ ဆေးခါးရည်ကြီးကို သောက်နေရသလို လူအိုကြီး နှစ်ယောက်စလုံး ခံစားနေခဲ့ကြရတယ်။
အချိန်တွေ ကုန်ဆုံးလာခဲ့ပြီး မှောင်ရီပျိုးစ ပြုလာခဲ့တယ်။ တောက်ပတဲ့ ကြယ်စဉ်အချို့ မှောင်ရီပျိုးနေတဲ့ ကောင်းကင်ယံထက် ထွက်ပေါ်လာခဲ့ပြီး မြင်သူတကာ အကြည့်မလွှဲနိုင်တဲ့ သဘာဝ ပန်ချီကား တစ်ချပ်ကို ရေးခြယ်လို့ နေခဲ့တယ်။
စစ်ပွဲမြို့တော်အတွင်းရှိ ဆူညံ့သံတို့ တဖြည်းဖြည်း တိုးလျပျောက်ကွယ်သွားခဲ့ပြီး တိတ်ဆိတ်မှုက စတင်ကြီးစိုး လာခဲ့တယ်။
မျက်လုံးပေါင်း တစ်သောင်းကျော်လောက်က သခင်လေး ရှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြလေရဲ့။
အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံ ရှစ်ခုက စစ်ပွဲမြို့တော် တစ်ခုလုံးကို ဖြန့်ကျက်စစ်ဆေး နေခဲ့တယ်။ ထိုအားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းလှတဲ့ ကောင်းကင်စိတ်အာရုံတွေက အမွေခံတိုက်ပွဲရဲ့ အခြေအနေကို လေ့လာစောင့်ကြပ်ဖို့ တာဝန်ယူထားတဲ့ ပညာရှင်တစ်သိုက်ရဲ့ ကောင်းကင်စိတ်အာရုံ တွေပဲ ဖြစ်ပါတယ်။
စစ်ပွဲမြို့တော်ရဲ့ အလယ်ဗဟိုရှိ စည်းတံဆိပ်တော်ဘုရားကျောင်း…
ဒီကြီးကျယ်မြင့်မြတ်တဲ့ နန်းတော်ထဲရှိ အဠဂံပုံစံ စားပွဲခုံတစ်ခု ပတ်ပတ်လည်၌ ဆံဖြူလူအိုကြီး ရှစ်ယောက် ထိုင်နေခဲ့တယ်။
တစ်ယောက်ချင်းစီက ရှေးဟောင်းရေကန်တစ်ခုစီ အလား အကြွင်းမဲ့ တည်ငြိမ်နေခဲ့ပြီး သူတို့ရဲ့ ကျင့်စဉ်တွေကို ဖြည်းဖြည်းချင်း လှည့်ပတ်နေခဲ့ကြတယ်။ အသံဗလံတွေနဲ့ ဆူညံနေတဲ့ နေရာတွေလို မဟုတ်ပဲ လူအိုကြီး ရှစ်ယောက် ရှိနေတဲ့ နေရာက လုံးဝကို တိတ်ဆိတ်အေးချမ်း နေခဲ့တယ်။ လူအိုကြီးရှစ်ယောက်လုံး ဒီအတိုင်း ထိုင်နေပုံသာ ပေါက်နေပေမယ့် သူတို့ရဲ့ ကောင်းကင် စိတ်အာရုံတွေက စစ်ပွဲမြို့တော် တစ်ခုလုံးကို ဖြန့်ကျက်စစ်ဆေးနေခဲ့ပါတယ်။
ထိုလူရှစ်ယောက်က ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေပဲ ဖြစ်ကြပါတယ်။
ရန်မိသားစု အမွေခံတိုက်ပွဲ စတင်တဲ့အချိန် စစ်ပွဲမြို့တော်ဟာ ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာရှိတဲ့ လူငယ်လက်ရွေးစင် ပါရမီရှင်တွေ စုဝေးတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ထိုလူငယ် ပါရမီရှင်တွေ အကုန်လုံးကလည်း သူတို့ အင်အားစု အသီးသီးရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်တွေဆိုလည်း မမှားပါဘူး။
ထို့ကြောင့် အမွေခံတိုက်ပွဲ စတဲ့အချိန်တိုင်း မိသားစုကြီး ရှစ်ခုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် တစ်ယောက်ဆီကို စစ်ပွဲမြို့တော်ဆီ စေလွှတ်ကြပါတယ်။ ပထမအချက်က အမွေခံတိုက်ပွဲရဲ့ အခြေအနေကို စူးစမ်းလေ့လာဖို့ ဖြစ်ပြီး ဒုတိယအချက်က အမွေခံတိုက်ပွဲမှာ လာရောက်ပါဝင် ယှဉ်ပြိုင်ကြတဲ့ လူငယ်မျိုးဆက် ပါရမီရှင်တွေကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။
ထိုပညာရှင်တွေသာ မရှိလို့ အမွေခံတိုက်ပွဲ စနေတုန်း တိမ်မိစ္ဆာနယ်မြေက ပညာရှင်တစ်ယောက်သာ စစ်ပွဲမြို့တော်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့ရင် ဟန်မင်းဆက်ရဲ့ လူငယ်ပါရမီရှင်တွေ အတုံးအရုန်း သေဆုံးကုန်ကြမှာပါ။
ထိုလူရှစ်ယောက်စလုံးက အသက်၁၀၀ကျော်တွေ ချည်းပါပဲ။ ထိုလူအိုကြီးတွေထဲက အသက်အကြီးဆုံးလူဆိုရင် အသက်၂၀၀တောင် ပြည့်နေပါပြီ။ သင်္ချိုင်းကုန်းကို ခြေတစ်ဖက် လှမ်းနေပြီလို့ ပြောရင်တောင် မမှားပါဘူး။ ထိုလူအိုကြီးတွေက မိသားစု အရေးကိစ္စတွေမှာ ဝင်မပါတော့သလို ကျင့်ကြံခြင်း လောကထဲက အရေးကိစ္စတွေထဲမှာလည်း ပါဝင်မပက်သက်တော့ပါဘူး။ သူတို့တွေက သိုင်းတာအိုကို ပိုပြီး နက်နက်နဲနဲ နားလည်နည်ဖို့သာ စိတ်နှစ်ထားကြတာပါ။
သူတို့တွေက ဒီမှာ ရှိနေပေမယ့် အမွေခံတိုက်ပွဲကို ဝင်ရှုပ်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ တာဝန်က အမွေခံတိုက်ပွဲရဲ့ အခြေအနေကို ကြီးကြပ်စစ်ဆေးဖို့နဲ့ စစ်ပွဲမြို့တော်ကို ပြင်ပ ဘေးအန္တရာတွေကနေ ကာကွယ်ပေးဖို့ပါပဲ။
ဘယ်သူနိုင်နိုင်၊ ဘယ်သူ ရှုံးရှုံး၊ သူတို့ရဲ့ အလုပ်မဟုတ်ပါဘူး။
သူတို့ရဲ့ အသက်နဲ့ ကျင့်ကြံခြင်းအဆင့် ရောက်တာနဲ့ အားလုံးလိုလိုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ရဲ့ ဆန်းကြယ်မှုတွေကို ဖော်ထုတ်ဖို့ပဲ အာရုံစိုက်ပါတော့တယ်။
သခင်လေးရှစ်ယောက်ရဲ့ စံအိမ်အသီးသီး၌၊ အချို့က လှုပ်ရှားဖို့ စိတ်အား ထက်သန်နေကြသလို အချို့ကတော့ စိုးရိမ်ပူပန်နေခဲ့ကြတယ်။ အချို့က ဘေးကနေသာ ထိုင်ကြည့်ဖို့ ဆုံးဖြတ်ထားကြပေမယ့် အချို့ကတော့ တံငါသည်ရဲ့ အကျိုးအမြတ်ကို ရိတ်သိမ်းဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်။
ခွန်အား ကွာခြားမှုကြောင့် စိတ်အခြေအနေတွေလည်း ကွဲပြားသွားခဲ့ကြတယ်။
နောက်ဆုံး နေဝင်သွားခဲ့ပြီး ညအမှောင်ထုက ပိုပြီး နက်ရှိုင်းလာခဲ့တယ်။ ဒါပေမယ့် သခင်လေး ရှစ်ယောက်စလုံး ငြိမ်သက်နေကြပါသေးတယ်။ ဘေးကနေ စောင့်ကြည့်နေတဲ့ ပွဲကြည့်ပရိတ်သတ် တွေကတော့ ဖြစ်ပေါ်လာမယ့် အမျိုးမျိုးသော တိုက်ပွဲတွေကို စောင့်မျှော်ရင်း ရင်တမမ ဖင်တကြွကြွ ဖြစ်နေခဲ့ကြလေရဲ့။
ရန်ကိုင်ကတော့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဓါးတစ်ချောင်းလို ဖြောင့်တန်းစွာနဲ့ ကျောကို မတ်ကာ စံအိမ်ရှေ့ မတ်တပ်ရပ်နေခဲ့ကြတယ်။ သူ့အကြည့်က စံအိမ်ရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေတဲ့ အလံတစ်ခုဆီ ရောက်နေလို့ပေါ့။
သခင်လေး တစ်ယောက်ကို အမွေခံတိုက်ပွဲကနေ ထုတ်ပယ်နိုင်တဲ့ နည်းနှစ်နည်း ရှိပါတယ်။
တစ်ခုက ကိုယ်ထုတ်ပယ်ချင်တဲ့ သခင်လေးကို တိုက်ရိုက် ဖမ်းဆီးဖို့ပါပဲ။ အဲ့လို ဖမ်းဆီးလိုက်တာနဲ့ ထိုသခင်လေးက အမွေခံတိုက်ပွဲမှာ ဆက်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။
ဒုတိယတစ်ချက်က ဒီအလံနဲ့ ဆက်စပ်နေပါတယ်။
တစ်ယောက်ယောက်က ထိုအလံကို ယူသွားလိုက်တာနဲ့ ထိုအလံနဲ့ ဆက်စပ်နေတဲ့ သခင်လေးက အမွေခံတိုက်ပွဲကို ဆက်ပြီး ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။
ပြီးတော့ အလံကို ကိုယ်နေတဲ့ စံအိမ်ရဲ့ အမြင့်ဆုံးနေရာမှာသာ စိုက်ထူထားရပြီး ကိုယ်နဲ့မကွာ သယ်ဆောင်သွားလို့ မရပါဘူး။
ရန်မိသားစုက ထိုစည်းမျဉ်းတွေကို အမွေခံတိုက်ပွဲ အစဉ်အဆက် ကျင့်သုံးလာခဲ့ကြတာပါ။ ထိုစည်းမျဉ်းကြောင့် တစ်ယောက်ကို တစ်ယောက် အနိုင်ယူနိုင်မယ့် နည်းလမ်းတစ်ခု ပိုတိုးသွားသလို အမွေခံတိုက်ပွဲရဲ့ ခက်ခဲမှုကလည်း ပိုတိုသွားခဲ့ပါတယ်။ ထို့ကြောင့်ပဲ သခင်လေးတွေ အနေနဲ့ အမွေခံတိုက်ပွဲမှာ နောက်ဆုံး အောင်နိုင်သူ ဖြစ်ချင်ရင် အားကောင်းဖို့ လိုအပ်ရုံသာမက ဥာဏ်ပေးဖို့လည်း လိုအပ်ပါတယ်။
မိမိအလံကို ရန်သူက မခိုးယူသွားစေနိုင်ရန် အလို့ငှာ အလံကို တစ်ယောက်ယောက်က အမြဲစောင့်ကြပ် နေရပါတယ်။ အလံသာ လုယူခံလိုက်ရရင် ပြိုင်ပွဲကနေ ထွက်လိုက်ရတာနဲ့ အတူတူပဲ ဖြစ်သွားပါပြီ။
မိမိအလံကို ကာကွယ်ဖို့ လိုအပ်ရုံသာမက တစ်ဖက်ရန်သူရဲ့ အလံကို လုယူနိုင်မယ့် နည်းလမ်းတွေကိုလည်း စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ အမွေခံတိုက်ပွဲဆိုတာ ဥာဏ်စွမ်းဥာဏ်စချင်း ပြိုင်တဲ့ တိုက်ပွဲတစ်ခု ဆိုလည်း မမှားပါဘူး။
စံအိမ် အမြင့်ဆုံးတစ်နေရာထက် တလူလူ လွင့်နေတဲ့ အလံကို ကြည့်ရင်း ရန်ကိုင် နှုတ်ခမ်းအစုံက လှောင်ပြုံးတစ်ခု အဖြစ် ကွေးတက်သွားခဲ့တယ်။
ရန်ကိုင် နောက်မှာတော့ ချူမိသားစုရဲ့ ပထမသခင်မလေး ချူရီမန်၊ ဗဟိုမြို့တော်မြေခွေး ဟော်ရှင်းချန်နဲ့ ရှန်မိသားစုရဲ့ ဒုတိယသခင်လေး ရှန်ထန်းရှောင်တို့ မတ်တပ်ရပ်နေခဲ့ပါတယ်။
အခုအချိန်၌ ရန်ကိုင်ရဲ့ မဟာမိတ်အားလုံး တစ်နေရာတည်းမှာ စုဝေးနေခဲ့ကြတယ်။
“ညီအစ်ကိုကိုင်၊ မင်းရဲ့ ရွှေရောင်ငှက်မွှေး သိမ်းငှက်ကို ငါ့ဆီပေးဖို့ အဆင်သင့် ဖြစ်နေပြီလား” ဟော်ရှင်းချန်က ရက်စက်တော့မယ့် အမူအရာနဲ့ ပြုံးလိုက်ပြီး သူ့ရဲ့ ခေါက်ယပ်တောင်ကို ဝေ့ရမ်းလိုက်ကာ “အခုကတည်းက ငါကြိုပြောထားမယ်၊ တစ်ယောက်ယောက် မင်းကို လာတိုက်ရင် ငါက အရင်ဆုံး လက်လျှော့ အရှုံးပေးလိုက်မှာနော်။ အဲ့ဒါကြောင့် ငါ့ဆီကနေ အကူအညီ နည်းနည်းလေးတောင် ရဖို့ မျှော်လင့်မနေနဲ့”
ချူရီမန်က ဟော်ရှင်းချန်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး “မဟုတ်တာတွေကိုပဲ ဆက်ပြောနေဦးမယ် ဆိုရင်တော့ နင့်ပါးကို ၁၅ချက်လောက် ရိုက်ပြီး စံအိမ်ထဲကနေ နှင်ထုတ်ပစ်ရလိမ့်မယ်”
“ဟေး ဟေး ဟေး၊ နင်က မိန်းမတစ်ယောက်မလား၊ မိန်းမ တစ်ယောက် ဖြစ်ပြီး ဘာလို့ ဒီလောက် ကြမ်းတမ်းနေရတာလဲ” ဟော်ရှင်းချန်က စိတ်ဓါတ်ကျနေတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
ရှန်ထန်းရှောင်က ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ် “ငါရဲ့ ရှန်မိသားစုက ကျင့်ကြံသူတွေက မင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာ ဆိုတော့ မင်းအစဉ်ပြေသလို ငါတို့ကို နေရာချပေးလို့ရတယ်”
“မင်းကြိုက်သလိုပဲ စီမံလိုက်ပါ” ရန်ကိုင်က ရှန်ထန်းရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး သာမန်ကာ လျှံကာ လေသံနဲ့ ပြန်ပြောလိုက်တယ်။
ရှန်ထန်းရှောင် မျက်မှောင်ကြုံ့လိုက်ပေမယ့် တစ်ခွန်းမှတော့ ပြန်မပြောခဲ့ပါဘူး။ အဲ့အစား သူနဲ့ ခေါ်လာတဲ့ လူတွေကို ကြိုတင်စီမံ နေရာချထားဖို့အတွက် တစ်ယောက်တည်း ထွက်သွားလိုက်တယ်။ သူခေါ်လာတဲ့ လူအင်အားက အရမ်းကြီး မကောင်းလှပါဘူး။ သူ့အဖွဲ့ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ပါတယ် ဆိုပေမယ့် တကယ့် ပညာရှင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါကျ အကြာကြီး တောင့်ခံနိုင်လိမ့်မှာ မဟုတ်ပါဘူး။
ဒီညအတွက် ကောင်းတဲ့အချက်က သခင်လေးတွေမှာ လုံလောက်တဲ့ လူအင်အား ပမာဏ မရှိသေးတာပါပဲ။ ထို့ကြောင့် သူခေါ်လာတဲ့ လူတွေက ရန်ကိုင်အတွက် တော်တော်လေး အကူအညီ ဖြစ်ပါသေးတယ်။
“အခု အရေးကြီးတဲ့ အချိန်ကို ရောက်လာပြီဆိုတော့ နင်ဘာလုပ်ဖို့ စီစဉ်ထားလဲ ဆိုတာ ငါ့ကို ပြောပြသင့်ပြီနဲ့ တူတယ်” ချူရီမန်က အပြုံးလေးနဲ့ မေးလိုက်တယ် “နင့်မှာ ထုတ်ဖော် မပြသရသေးတဲ့ မဟာမိတ်တွေ ရှိသေးလား။ သူတို့ကို ဘယ်အချိန်မှ ထုတ်ပြမှာလဲ”
ဒါပေမယ့် ရန်ကိုင်က ခေါင်းခါ ခါရမ်းပြလိုက်ပြီး “ငါ့မှာ လျှို့ဝှက်ထားတဲ့ ဘာအကူအညီ၊ ဘာမဟာမိတ်မှ မရှိဘူး။ နင်တွေ့နေရတဲ့ လူအားလုံးက ငါ့ရဲ့ လက်ရှိခွန်အားပဲ”
“တကယ်ကြီးလား” ချူရီမန်ရဲ့ မျက်နှာ လှလှလေး ရှုံ့မဲ့သွားခဲ့တယ်။
“ဒီတစ်ကြိမ် ငါနင့်ကို လိမ်နေတာ မဟုတ်ဘူး” ရန်ကိုင်က လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
“အဲ့လိုဆိုရင် ဒီနေရာကို နင်ဘယ်လို ကာကွယ်မှာလဲ” ချူမိသားစုရဲ့ ပထမသခင်မလေး ရုတ်တရက် တုန်လှုပ်ချောက်ချား သွားခဲ့တယ်။ သွေးစစ်သည်တော် နှစ်ယောက်က အရမ်း အားကောင်းတယ် ဆိုပေမယ့် အခုအချိန်၌ သူတို့ ဘယ်လောက် အားကောင်းနိုင်မှာ မို့လို့လဲ။ ရှန်ထန်းရှောင် ခေါ်လာတဲ့ ကျင့်ကြံသူတွေနဲ့ ဆောင်းဦးမိုးစက်ခန်းမက ကျင့်ကြံသူတွေကိုပါ ထည့်တွက်မယ် ဆိုရင်တောင် ဆင်ပါးစပ် နှမ်းပက်သလောက်ပဲ ရှိဦးမှာပါ။
ရန်ကိုင်ရဲ့ ညီအစ်တွေက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ဒါမှမဟုတ် အဆင့်၈ နှစ်ယောက်လောက်ပဲ လွှတ်လိုက်ရုံနဲ့တင် သူ့ဒီနေ့ည ထွက်ရဖို့ သေချာသွားပါပြီ။
“အခုမှ နောင်တရဖို့ အရမ်း နောက်ကျသွားပြီ” ရန်ကိုင်က ချူရီမန်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်တယ်။
ရန်ကိုင့်အကြည့်ကို ခံစားမိလိုက်တာနဲ့ ချူရီမန် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်ပြီး ဖွဖွလေးရယ်မောရင်း ခေါင်းလေး ခါလိုက်ကာ “နင်မှားနေပြီ။ ငါနင့်ကို ယုံကြည်တယ်”
“ဟားဟားဟား၊ ငါကတော့ မင်းကို မယုံပေါင်” ဟော်ရှင်းချန်က အကျယ်ကြီး အော်ရယ်လိုက်ပြီး လမ်းလျှောက်ထွက်သွားရင်းနဲ့ ပြောလိုက်တယ် “ငှက်စားတဲ့ အစာအချို့ ငါကြိုပြီး သွားရှာထားလိုက်ဦးမယ်။ ငါရဲ့ သိမ်းငှက်အသစ်လေး အတွက် လက်ဆောင် ကြိုပြင်ထားဖို့ လိုတယ်”
ပြောပြီးတာနဲ့ အားလုံးရဲ့ မြင်ကွင်းကနေ အလျင်အမြန်ပဲ ပျောက်ကွယ်သွားခဲ့တယ်။
အခု တံခါးပေါက်ရှေ့ ရပ်နေတဲ့ လူနှစ်ယောက်ပဲ ရှိပါတော့တယ်။ ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်တယ် “ငါ အပြင်သွားလိုက်ဦးမယ်”
ချူရီမန် မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “အပြင်သွားဖို့လား၊ နင်ဘာလုပ်ချင်လို့လဲ”
“နင်ဘယ်လိုထင်လဲ”
ချူမိသားစုရဲ့ ပထမသခင်မလေးက ရန်ကိုင်အား မယုံသင်္ကာနဲ့ ကြည့်နေခဲ့တယ်။ သူမရဲ့ ပါးစပ်လေးက အနည်းငယ် ပွင့်အာနေခဲ့ပြီး ရန်ကိုင် နောက်နေတာလို့ပဲ မျှော်လင့်နေခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ တည်ငြိမ်နေတဲ့ အမူအရာကို မြင်လိုက်တာ သူတကယ် ပြောနေတာမှန်း သူမ ချက်ချင်း တန်းသဘောပေါက်လိုက်တယ်။
“နင်တကယ် ပြောနေတာလား”
“တကယ် ပြောနေတာပေါ့။ အမွေခံတိုက်ပွဲမှာ ရန်သူ တစ်ယောက်ကို အနိုင်ယူနိုင်မယ်ဆိုရင် အကျိုးအမြတ် အများကြီး ရနိုင်တယ်လေ။ ဒီညက ပထမနေ့ဆိုတော့ တစ်ယောက်ယောက်ကတော့ ကျိန်းသေ ထွက်ရမှာပါ။ ဒီလောက် အရည်ရွှမ်းနေတဲ့ ရွှေရောင် အခွင့်အရေးကြီးကို ငါက ဘာလို့ လက်လွှတ်ပေးလိုက်ရမှာလဲ”
တစ်ဖက်ရန်သူကို အနိုင်ယူလို့ ဘာအကျိုးအမြတ်မှ မရဘူးသာ ဆိုရင် အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ သခင်လေးတွေ အကုန်လုံး ဘယ်သူကမှ အရင်စလှုပ်ရှားမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဖက်ရန်သူကို သွားတိုက်ခိုက်ရတာက အချိန်လည်းကုန်၊ လူအင်အားလည်း ကုန်သလို ကိုယ့်အလံကို ကာကွယ်နေတဲ့ လူအင်အားကိုလည်း လျှော့ပါးသွားစေလို့ပါပဲ။ အကျိုးအမြတ် မရပဲ ဘယ်သူကမှ မစွန့်စားချင်ပါဘူး။
ဖမ်းမိလာတဲ့ ရန်သခင်လေး၊ ဒါမှမဟုတ် လုယူလို့ ရလာတဲ့ အလံနဲ့ ရန်မိသားစုဆီကနေ အကျိုးအမြတ်နဲ့ ပြန်ပြီး လဲယူနိုင်ပါတယ်။
“နင်ရူးနေတာလား” ချူရီမန်က အံ့အားသင့်နေတဲ့ အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး “ကိုယ့်ခံစစ်ကို ကာကွယ်ဖို့တောင် ခွန်အား မလုံလောက်တာက နင်က အရင်စကပြီး တိုက်ခိုက် ချင်သေးတယ်ပေါ့။ နင်နဲ့အတူ ဘယ်သူ့ကို ခေါ်သွားမှာလဲ။ ဆောင်းဦးမိုးစက်ခန်းမလား၊ ဒါမှမဟုတ် ရှန်မိသားစုက လူတွေလား။ ဒါမှမဟုတ် သွေးစစ်သည်တော် နှစ်ယောက်ကိုပဲလား”
ဆောင်းဦးမိုးစက်ခန်းမ၊ ဒါမှမဟုတ် ရှန်မိသားစုက လူတွေကို သူနဲ့အတူ ခေါ်သွားလို့ ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သွေးစစ်သည်တော် နှစ်ယောက်ကို ခေါ်သွားမယ် ဆိုရင်တော့ အလံကို စောင့်ကြပ်မယ့်လူ ရှိတော့မှာ မဟုတ်ပါဘူး။
“ငါတစ်ယောက်တည်း သွားမှာ” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။
“မသွားရဘူး” ချူရီမန်က အော်လိုက်ပြီး ရန်ကိုင်လက်ကို ဖမ်းဆွဲထားလိုက်တယ်။ သူမရဲ့ ရင်အစုံကတော့ နိမ့်ချည်မြင့်ချည် ဖြစ်နေလို့ပေါ့။
ရန်ကိုင်က ရုတ်တရက် ပြုံးလိုက်ပြီး နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ သူမရဲ့ ရင်အစုံကို စိုက်ကြည့်လိုက်ကာ ယတိပြတ် ပြောချလိုက်တယ် “ငါက နင့်အထင်အမြင်ကို မေးနေတာ မဟုတ်ဘူး၊ ငါ့ဆုံးဖြတ်ချက်ကို ပြောပြနေတာ။ ငါ့ဘာသာ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ ဘယ်သူမှ ငါ့ကို လာပြီး ကန့်ကွက်လို့မရဘူး”
ချူရီမန်ရဲ့ အမူအရာ ရုတ်ချည်း ခါးသီးသွားခဲ့ပြီး ဒေါသတကြီးနဲ့ အံကြိတ်လိုက်တယ်။
အချိန်အတော် ကြားသွားပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်ကာ “ကောင်ပြီလေ။ နင်က အခုလို ဆုံးဖြတ်ထားမှတော့ ငါပြောနေလို့လည်း အပိုပဲ။ ဒီည နင်ထွက်ခဲ့ရရင် ငါချူရီမန်က မျက်လုံးကန်းနေလို့ပဲ နင့်လို လူတစ်ယောက်နောက် လိုက်ခဲ့တယ်လို့ပဲ မှတ်လိုက်တာပေါ့”
“မိန်းမတစ်ယောက်က ဒီလိုမျိုး အလွယ်တကူ နားလည်မှု လွဲနိုင်တဲ့ စကားတွေကို မပြောသင့်ဘူး” ရန်ကိုင်က လှောင်ပြုံးပြုံလိုက်ပြီး “ပြီးတော့၊ ဒီ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ် ဆိုတာကိုလည်း ဆုံးဖြတ်ရသေးတာမှ မဟုတ်တာ”
Martial Peak
အပိုင်း(၄၂၄) လူငှားခြင်း
ညသန်းခေါင်အချိန်၌၊
ဒေါင်ချင်းယန်က တင်ပလင်ခွေ ကျင့်ကြံနေခဲ့ပြီး လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်က သူ့ဘေးနားမှာ ထိုင်စောင့်နေခဲ့တယ်။ လူအိုကြီး နှစ်ယောက်က သူ့ဘေးနားမှာ ထိုင်နေရုံသာ ထိုင်နေတယ် ဆိုပေမယ့် သူတို့ရဲ့ ကောင်းကင် စိတ်အာရုံကတော့ ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက်လွှမ်းခြုံထားခဲ့တယ်။
ဒီညက အမွေခံတိုက်ပွဲရဲ့ ပထမည ဖြစ်တဲ့အတွက် ကျိန်းသေ ငြိမ်းချမ်းနေလိမ့်မှာ မဟုတ်ပါဘူး။ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ သခင်လေးဖြစ်ဖြစ်၊ ခုခံဖို့ပဲ ရည်ရွယ်ထားတဲ့ သခင်လေးပဲ ဖြစ်ဖြစ် သခင်လေးအများစုက ဒီည ကျိန်းသေ လှုပ်ရှားကြပါလိမ့်မယ်။
ဒေါင်ချင်းဟန်က ရန်ကိုင်နဲ့ ပက်သက်ပြီး နည်းနည်းလေးတောင် စိုးရိမ်မနေတဲ့ ကိစ္စနဲ့ပက်သက်ပြီး လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး စိတ်ရှုပ်နေခဲ့ရတယ်။ သူတို့ရဲ့ သခင်လေးက ထပ်မပြောချင်မှတော့ သူတို့ကလည်း ထပ်ပြီး မေးမနေခဲ့ပါဘူး။
ရုတ်တရက် အခန်တံခါး ခေါက်သံကို သူတို့ ကြားလိုက်ရတယ်။
ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို သတိမပြတ် စောင့်ကြပ်နေတဲ့ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး တံခါးပေါက်ဆီ လှမ်းကြည့်လိုက်ကြတယ်။ နှစ်ယောက်စလုံးရဲ့ အမူအရာက ထိတ်လန့်တစ်ဝက်၊ ချောက်ချား တစ်ဝက် ဖြစ်နေခဲ့တယ်။
လူအိုကြီး နှစ်ယောက်စလုံး သူတို့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို အဆက်မပြတ် စစ်ဆေးနေတာတောင် သူတို့တံခါးနား တစ်ယောက်ယောက် ရောက်လာတာကို နှစ်ယောက်စလုံး သတိမပြုမိခဲ့ပါဘူး။
ထိုလူကသာ ရန်သူ တစ်ယောက် ဖြစ်နေခဲ့တယ်ဆိုရင်…
ဘယ်သူမှ သတိမပြုမိအောင် ချဉ်းကပ်လာနိုင်ခဲ့တယ် ဆိုတော့ ထိုလူသာ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဆိုရင် သူတို့ နှစ်ယောက်စလုံးရော၊ သူတို့ သခင်လေးရော အသက်ရှင် နိုင်ပါ့မလား။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး ကြက်သီးမွှေးညင်း ထသွားခဲ့တယ်။ ထိုင်ရာကနေ အလျင်စလို ထလိုက်ပြီး သူတို့ရဲ့ အစစ်အမှန်ချီကို ဒေါသတကြီး စတင်လှည့်ပတ် ထားလိုက်ကြတယ်။
တံခါးခေါက်သံကြားတော့ ဒေါင်ချင်းဟန်လည်း မျက်လုံး ဖွင့်လာခဲ့ပြီး မျက်မှောင်ကြုံကာ လှမ်းမေးလိုက်တယ် “ဘယ်သူလဲ”
“ငါပဲ” ရင်းနှီးတဲ့ အသံတစ်သံက တံခါးအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့တယ်။
ထိုအသံကို ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန်ရဲ့ အမူအရာ ထူးဆန်သွားရုံမက လေနဲ့တိမ်အစောင့်အကြပ်တို့ နှစ်ယောက်တောင် တံခါးပေါက်ဆီ ကိုးယိုးကားယား အမူအရာနဲ့ ငေးကြောင် ကြည့်နေမိလိုက်တယ်။
“သခင်လေး၊ လှည့်စားခံရမယ်နော်၊ သတိထားဦး” လေအစောင့်အကြပ်က တိုးတိုးလေး ပြောလိုက်ပြီး တိမ်အစောင့်အကြပ်ကို မျက်စိမှိတ် အချက်ပြလိုက်တယ်။ တစ်ယောက်က ဒေါင်ချင်းဟန် ဘေးနားဆီ ဆုတ်သွားလိုက်ပြီး ကျန်တစ်ယောက်က သတိအပြည့်နဲ့ တံခါးနားဆီ လမ်းလျှောက်သွားလိုက်ပြီး တံခါးကို ဖြေးဖြေးချင်း ဖွင့်လိုက်တယ်။
တံခါးပွင့်သွားတာနဲ့ ဝေဝါးဝါး ပုံရိပ်တစ်ခု အခန်းထဲ ဝင်လာတာကို အားလုံး တွေ့လိုက်ရတယ်။ ထိုလူက အဝိုင်းကျယ် ခမောက်တစ်ခုနဲ့ သူ့မျက်နှာကို ဖုံးအုပ်ထားခဲ့တဲ့အတွက် တံခါးဖွင့်ပေးခဲ့တဲ့ တိမ်အစောင့်အကြပ် တစ်ယောက်သာ တောက်ပတဲ့ မျက်ဝန်းတစ်စုံကို မြင်တွေ့ခဲ့လိုက်ရတယ်။
“ရန်ကိုင်လား” ဒေါင်ချင်းဟန်က မျက်ခုံးပင့်လိုက်ပြီး ချီတုံချတုံနဲ့ မေးလိုက်တယ်။
လေနဲ့တိမ်အစောင့်အကြပ်ရဲ့ အကြည့်အောက်မှာပဲ ထိုလူက သူ့ခမောက်ကို ဖြေးဖြေးချင်း မတင်လိုက်တယ်။ ခမောက်ဖယ်လိုက်ပြီးတာနဲ့ ထိုလူက ဒေါင်ချင်းဟန်ကို သွားဖြီးကာ ပြုံးပြလိုက်တယ်။
ထိုလူ ဘယ်သူလဲ ဆိုတာ သိလိုက်တာနဲ့ ဒေါင်ချင်းဟန်က အကျယ်ကြီး အော်ဆဲလိုက်တယ် “လခွမ်း၊ မင်းပဲဟ”
မိုးဒဏ်လေဒဏ်နဲ့ မုန်တိုင်း အသွယ်သွယ်ကို ကျော်ဖြတ်လာခဲ့တဲ့ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်တောင် သူတို့များ စိတ်ကူးယဉ် အိမ်မက်ထဲ ရောက်နေတာများလား ဆိုပြီး ကိုယ်ကိုယ်ကို ဆိတ်ကြည့်နေမိကြတယ်။
“ဂျူနီယာက စီနီယာနှစ်ယောက်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်ကို ရိုရိုသေသေနဲ့ နှုတ်ဆက်လိုက်တယ်။
“သခင်လေးကိုင်က အရမ်း ယဉ်ကျေးလွန်းတာပဲ” လူအိုကြီး နှစ်ယောက်က သူတို့ အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်ပြီး ကြင်ကြင်နာနာနဲ့ ပြန်ပြောလိုက်တယ်။
“ကောင်စုတ်လေး” ဒေါင်ချင်းဟန်က ထိုင်နေရာကနေ ကုန်းထလိုက်ပြီး ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကို ချက်ချင်း ပြေးပိတ်လိုက်တယ်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို သတိမပြတ် စောင့်ကြည့်နေဖို့ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ကို အချက်ပြလိုက်တယ်။ ပြီးတာနဲ့ ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး မှင်သက်အံ့ဩနေသည့် အမူအရာနဲ့ “ငါဒီမှာရှိနေမှန်း မင်းဘယ်လို သိသွားတာလဲ”
“သတင်းအချက်တွေ စုံစမ်းဖို့ သီးသန့် တာဝန်ယူထားတဲ့ အဖွဲ့တစ်ဖွဲ့ ငါ့မှာရှိတယ်လေ” ရန်ကိုင်က ရှင်းပြလိုက်တယ်။
ဝါးထုံးဂိုဏ်းက အဖွဲ့ဝင်အချို့ကို လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်ကတည်းက စစ်ပွဲမြို့ထဲ ရန်ကိုင် ပို့ထားခဲ့တာပါ။ အခုအချိန်လောက်ဆို ထိုလူတွေအကုန်လုံး စစ်ပွဲမြို့အနှံ့သို့ ထိုးဖောက် ဝင်ရောက်ပြီးလောက်ပါပြီ။ ထို့ကြောင့် ဒေါင်ချင်းဟန် ဘယ်မှာနေနေလဲ ဆိုတာကို စုံးစမ်းဖို့က သူ့အတွက် တော်တော်လေး လွယ်ကူနေခဲ့ပါတယ်။
“ကောင်းပြီ။ ကောင်းပြီ။ ဒါပေမယ့် မင်းအခု ဘာလုပ်နေတယ် ဆိုတာကိုရော မင်းသိရဲ့လား” ဒေါင်ချင်းဟန်က ခေါင်းသာ ရမ်းလိုက်ပြီး ရန်ကိုင်ကို ထိုင်ဖို့ အချက်ပြလိုက်တယ်။
ဒါက အမွေခံတိုက်ပွဲပါ၊ ဂိမ်းတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဝမ်းကွဲလေးက ကိုယ့်ခံစစ်မှာ ကိုယ်မနေပဲ သူ့ကို ရှာဖို့အတွက် အပြင်ကို ထွက်လာခဲ့ပါတယ်…
ဒါပေမယ့် တစ်ခဏလောက် တွေးလိုက်ပြီးနောက် ဒေါင်ချင်းဟန်က စိတ်လှုပ်ရှားသွားခဲ့ပြီး “မင်းက အရင်စတိုက်ချင်တာလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။
“သတ္တိကတော့ မသေးဘူးပဲ” ဒေါင်ချင်းဟန် အားတက်သွားခဲ့ပြီး “မင်းဆိုတဲ့ လူမျိုးက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်မှန်း ငါသိသားပဲ။ ကဲ အဲ့အကြောင်း ပြောကြတာပေါ့၊ အခု မင်း လူဘယ်နှစ်ယောက်ခေါ်လာခဲ့လဲ”
“ငါတစ်ယောက်တည်းပဲ”
ဒေါင်ချင်းဟန် မျက်နှာထက်က စိတ်လှုပ်ရှားမှုလေး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး ကိုက်လိုက်ရသလို အရုပ်ဆိုးသွားခဲ့တယ်။ ရန်ကိုင်ကို လေးလေးနက်နက်နဲ့ စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်တယ် “ငါက မင်းရဲ့ ဝမ်းကွဲလေ၊ ငါ့ကို နောက်စရာ လိုသေးလို့လားကွာ”
ဒါပေမယ့် ရန်ကိုင်က ခေါင်းခါလိုက်ပြီး ရုပ်တည်ကြီးနဲ့ ပြန်ပြောလိုက်တယ် “ငါလိမ်နေတာ မဟုတ်ဘူး၊ ငါတကယ်ကို တစ်ယောက်တည်း လာခဲ့တာ”
ဒေါင်ချင်းဟန်ရဲ့ခါး ရုတ်တရက် ကော့မတ်သွားခဲ့ပြီး သူ့ရဲ့ ဝဖောင်းဖောင်း မျက်နှာလေးက မသိမသာလေး တုန်ရီသွားခဲ့တယ်။ ရန်ကိုင်စကားကို ကြားလိုက်တဲ့အချိန် လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်တောင် မတည်ငြိမ်နိုင်တော့ပါဘူး။
အခုလို နည်းနည်းလေးမှ အမှားခံလို့ မရတဲ့ အချိန်မျိုး၌ ရန်ကိုင်က သူ့စံအိမ်ကနေ တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်။ သူက တုံးပဲတုံးနေတာလား၊ ရူးပဲ ရူးနေတာလား။ ဘာလို့ ဒီလောက် မောက်မာ မိုက်မဲရတာလဲ။ ဒီကျင့်ကြံခြင်း လောကတစ်ခုလုံးမှာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား။
ဒါပေမယ့် ဒီနေရာကို ဘေးကင်းကင်း၊ အနှောင့်အယှတ် ကင်းကင်းနဲ့ ရောက်လာနိုင်တာက တကယ်ကို အံ့အားသင့်စရာ ကောင်းလှပါတယ်။
ရန်ကိုင် လက်ထဲ၌ သတင်းအချက်အလက် စုဆောင်းဖို့ အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့ပါတယ်။ အမွေခံတိုက်ပွဲကို နိုင်ရမယ်လို့ ယတိပြတ် စိတ်ဆုံးဖြတ်ထားတဲ့ သူ့အစ်ကိုကြီးတွေမှာလည်း သတင်းစုံစမ်းပေးမယ့် အဖွဲ့တွေ မရှိဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။
ရန်သခင်လေး ရှစ်ယောက်စလုံးက တစ်ယောက် လှုပ်ရှားမှုကို တစ်ယောက် စောင့်ကြည့်နေတယ်လို့ ပြောရင်တောင် ချဲ့ကား ပြောနေတာ မဟုတ်ပါဘူး။ စေလွှတ်ထားတဲ့ ကင်းထောက်တွေက မသင်္ကာစရာ တစ်ခုခု တွေ့တာနဲ့ သူတို့ ခေါင်းဆောင်တွေဆီ ချက်ချင်း ပြန်သတင်းပို့ကြမှာပါ။
“မင်းဒီကို ဘယ်လို ရောက်လာတာလဲ” ဒေါင်ချင်းဟန်က တုန်လှုပ်နေတုန်းပါပဲ “သွေးစစ်သည်တော် နှစ်ယောက်က မင်းကို ဒီလိုပဲ သွားခွင့်ပြုခဲ့တာလား”
“ငါမင်းဆီ လာတာကို သူတို့ မသိကြဘူး” ရန်ကိုင်က ခေါင်းခါလိုက်တယ်။ စံအိမ်ကနေ သူထွက်လာတာကို ချူရီမ် တစ်ယောက်ပဲ သိထားပါတယ်။ ကျန်တဲ့ ဘယ်သူမှ မသိထားကြပါဘူး။ မဟုတ်ရင် သူဒီလောက်လွယ်လွယ်နဲ့ ထွက်လာနိုင်ခဲ့လိမ့်မှာ မဟုတ်ပါဘူး။
“အဲ့လိုဆိုရင် မင်းရဲ့စံအိမ်က…” ဒေါင်ချင်းဟန် အမူအရာတစ်ခုလုံး စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ ရန်ကိုင် မရှိတဲ့ သူ့စံအိမ်က ခေါင်းဆောင် မရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ အတူတူပါပဲ။
“ငါ့စံအိမ်အကြောင်း စိုးရိမ်နေစရာ မလိုဘူး။ အဲ့အကြောင်း ရပ်ထားလိုက်ကြရအောင်၊ ငါအခု မင်းဆီ လာရတာက လူနည်းနည်းလောက် ငှားချင်လို့ပဲ”
“လူငှားဖို့လား” ဒေါင်ချင်းဟန်က ပြန်မေးလိုက်တယ်။ ရန်ကိုင် ဆိုလိုချင်တာကို ချက်ချင်းပဲ နားလည်သွားလိုက်ပြီး လေနဲ့တိမ်အစောင့်အကြပ်ကို လက်ညိုးထိုးပြလိုက်ကာ “သူတို့လား”
“ဟုတ်တယ်၊ ငါတစ်ယောက်တည်း သွားမယ်ဆိုရင် အဆင်မပြေလောက်ဘူး”
“ဒါပေမယ့် သူတို့နဲ့ဆိုရင်ရော အဆင်ပြေမှာ မို့လို့လား” ဒေါင်ချင်းဟန် မျက်မှောင် ကြုံ့လိုက်တယ်။ လေနဲ့တိမ် အစောင့်အကြပ်နဲ့တောင် ရန်ကိုင်မှာ လူသုံးယောက်ပဲ ရှိပါသေးတယ်။ ဒီလူ နည်းနည်းလေးနဲ့ ကြက်တစ်ကောင်၊ နှစ်ကောင်လောက် ခိုးနိုင်ပေမယ့် လေနဲ့မိုးကို ဆင့်ခေါ်ပြီး မုန်တိုင်းထန်အောင်လုပ်ဖို့ကတော့ လုံးဝကို မလုံလောက်ပါဘူး။
“သေချာပေါက်တော့ မဟုတ်ပေမယ့် အခွင့်အရေး တစ်ခုကတော့ အမြဲရှိနေတာပဲလေ” သူကိုယ်တိုင်တောင် သူရဲ့ နောက်ဆုံး ပန်းတိုင်က ဘာလဲဆိုတာကို သေချာ မသိသေးတဲ့အတွက် ရန်ကိုင် စကားအများကြီး မပြောခဲ့ပါဘူး။
သူသေချာတာ တစ်ခုကတော့ ဒီညအချိန်၌ သူ့ခြံဝန်းလိုပဲ အခြားခြံဝန်း များစွားက စည်ကား အသက်ဝင်နေကြမယ် ဆိုတာကိုပါ။
“လူငှားချင်တယ်ဆိုရင် ငှားလို့ရတယ်” ဒေါင်ချင်းဟန်က ခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “ဒါပေမယ့် ငါလည်း မင်းနဲ့လိုက်ရမှ ဖြစ်မယ်”
“မရဘူး။ မင်းခွန်အားက အရမ်း နိမ့်ကျလွန်းတယ်။ မင်းလိုက်လာရင် ဝန်ထုပ်ဝန်ပိုး တစ်ခုပဲ ဖြစ်နေမှာ” ရန်ကိုင်က ချက်ချင်းပဲ ငြင်းပယ်လိုက်တယ်။
“ငါ…” ဒေါင်ချင်းဟန် ပြောစရာစကားမဲ့သွားခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး ရဲရဲနီသွားခဲ့တယ်။
ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ဒေါင်ချင်းဟန်ရဲ့ ပုခုံးလေးကို ပုတ်ပေးလိုက်ရင်း “ဝမ်းကွဲရေ၊ ငါမင်းကို အထင်သေးတာတော့ မဟုတ်ပေမယ့် အခုလက်ရှိမင်းကို လက်ခုံလက်ဖဝါးမှောက်သလို အလွယ်လေး ငါအနိုင်ယူလို့ရတယ်ကွ၊ ဒါကြောင့် မင်းဒီည စောစောအနားယူ လိုက်တာ ပိုကောင်းလိမ့်မယ်”
လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး ကိုးယိုးကားယား ဖြစ်နေသလို ခံစားနေရပေမယ့် ဘာကန့်ကွက်စကားမှ ဝင်မပြောခဲ့ပါဘူး။
“မနက်ဖြန် ငါ့စံအိမ်ကို လာခဲ့၊ ငါမင်းကို အဲ့အကြောင်း အများကြီး ထပ်ပြောပြမယ်။ အခုတော့ မင်းစီနီယာနှစ်ယောက်ကို ငါခဏလောက် ငှားသွားလိုက်ဦးမယ်နော်” ရန်ကိုင်က ဒေါင်ချင်းဟန်ကို ပြောပြီးတာနဲ့ ချက်ချင်းပဲ မတ်တပ်ရပ်လိုက်တယ်။
“ငှားပြီးရင်လည်း ထွက်သွားတော့ကွာ” ဒေါင်ချင်းဟန်က ခါးခါးသီးသီးနဲ့ အော်ဟစ်လိုက်တယ်။ သူ့မျက်နှာတစ်ခုလုံး ဆေးခါးကြီး စားထားရသလို ရှုံ့မဲ့နေခဲ့တယ်။
ရန်ကိုင်က သက်ပြင်းချလိုက်ပေမယ့် သူ့မျက်နှာထက်မှာတော့ လှောင်းပြုံးတစ်ခု ရှိနေခဲ့ပါတယ်။ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ကို ကြည့်လိုက်ပြီး တံခါးပေါက်ကနေ လမ်းလျှောက် ထွက်သွားလိုက်တယ်။
“အဲ့ခွေးကောင်လေး၊ သူဘယ်လောက်အထိတောင် ကြီးပြင်းလာပြီလဲ မသိဘူး”
ရန်ကိုင်နှင့် လေနဲ့တိမ်အစောင့်အကြပ်တို့ ထွက်သွားပြီးတဲ့နောက် ဒေါင်ချင်းဟန်က သူ့ပုခုံးကို အသာအယာလေး လှုပ်ခါလိုက်ပြီး အကြောအချဉ် ဖြေလျှော့လိုက်တယ်။ ရန်ကိုင် သူ့ပုခုံးကို ပုတ်လိုက်တုန်းက သူ့သွေးကြော တစ်ဝက်လောက် မလှုပ်ရှားနိုင် ဖြစ်သွားခဲ့ရတယ်။ အခုအချိန်၌ ရန်ကိုင်အနေနဲ့ သူ့ကို အနိုင်ယူဖို့က ငှက်ပျောသီး အခွံနွာစားရသလောက် လွယ်ကူနေခဲ့ပါပြီ။ ရန်ကိုင်က ချဲ့ကား ပြောနေခဲ့တာ မဟုတ်ပါဘူး။
သူတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းက ရန်ကိုင်က ဘိုင်ယွမ်ဖုန်းကို နိုင်တယ်ဆိုရုံလေး အနိုင်ယူနိုင်ခဲ့တာပါ။ နှစ်အနည်းငယ်လေး အတွင်းမှာပဲ သူ့ခွန်အားက ဘာလို့ ဒီလောက်အထိ ကြောက်ဖို့ ကောင်းလာရတာလဲ။
“မကောင်းဆိုးရွားပဲ” ဒေါင်ချင်းဟန်က သူ့ဘာသာသူ ရေရွတ်လိုက်တယ်။ သူ့မျက်နှာထက် စိတ်ဓါတ်ကျနေသည့် အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ်နေခဲ့ပါတယ်။
စစ်ပွဲမြို့တော် ခေါင်မိုးတွေထက်၊ အနက်ရောင်ပုံရိပ် သုံးခုက လျင်မြန်စွာ ပျံသန်းသွားလာနေခဲ့တယ်။ မြို့တစ်ခုလုံး လင်းထိန်နေခဲ့ပြီး မရေမတွက်နိုင်တဲ့ ကောင်းကင် စိတ်အာရုံတွေက မြို့တော်တစ်ခုလုံးကို ဖြန့်ကျက်စစ်ဆေးနေပေမယ့် ထိုသုံးယောက်ကိုတော့ ဘယ်သူမှ သတိမပြုမိခဲ့ပါဘူး။
စားသောက်ဆိုင် အပြင်ဘက် ရောက်တာနဲ့ အရမ်းကို အားကောင်းလှတဲ့ စိတ်စွမ်းအင်တစ်ခုက သူ့နှစ်ယောက်အား ဖုံးလွှမ်းသွားတာကို လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး ခံစားမိလိုက်ကြတယ်။ ထိုစိတ်စွမ်းအင်က သူတို့ရဲ့ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားပေးတဲ့ အတွက် သူတို့ဘယ်မှာ ရှိနေလဲဆိုတာကို အခြားလူတွေ သိနိုင်တော့မှာ မဟုတ်ပါဘူး။
ထိုစိတ်စွမ်းအင်က သူတို့ရဲ့ စိတ်စွမ်းအင်ထက်တောင် ပိုပြီး အားကောင်းနေပါသေးတယ်။ ဒီလောက် အားကောင်းတဲ့ စိတ်စွမ်းအင်နဲ့ လွှမ်းခြုံခံရမှတော့ ဘယ်သူတွေ ကြားဝင်နှောက်ယှတ်တာကို သူတို့ ခံရပါ့မလဲ။
သူတို့ နှစ်ယောက်အနေနဲ့ ရန်ကိုင် နောက်ကနေ တိုးတိုးတိတ်တိတ်နဲ့ လိုက်သွားပြီး ကိုယ့်ကိုယ်ကို မထုတ်ဖော်မိသရွေ့ အခြားလူတွေက သူတို့ကို သတိပြုမိလိမ့်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားတာက ရန်ကိုင်ရဲ့ ကိုယ်ပိုင်ကောင်းကင် စိတ်အာရုံ ဖြစ်တယ်ဆိုတာကိုတော့ နှစ်ယောက်စလုံး မသိခဲ့ကြပါဘူး။ ရန်ကိုင်က အဆင့်မြင့်တဲ့ ဝိဥာဉ်လက်နက် တစ်ခုသုံးပြီး သူတို့ရဲ့ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ပေးထားတယ်လို့ပဲ လူအိုကြီးတို့နှစ်ယောက် ထင်နေခဲ့တာပါ။
သိပ်မကြာခင်မှာပဲ ရန်ကိုင်က သွားနေတာကို ရပ်လိုက်ပြီး အဆောက်အအုံ တစ်ခုထဲ ချက်ချင်း ပြေးဝင်ပုန်းရှောင် လိုက်တယ်။ လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်လည်း ရန်ကိုင် နောက်ကနေ အလျင်အမြန် လိုက်ဝင်သွားခဲ့တယ်။ ရန်ကိုင် ဘာလို့ ရုတ်တရက်ကြီး ဒီလောက် သတိထားနေရလဲ ဆိုတာကို လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး နားမလည်နိုင် ဖြစ်နေခဲ့တယ်။
သူတို့ မေးဖို့ လုပ်လိုက်စဉ်မှာပဲ ရန်ကိုင်က တိုးတိုးနေဖို့ သူတို့နှစ်ယောက်ကို အချက်ပြလိုက်တယ်။
သိပ်မကြာခင်မှာပဲ လေတိုက်လို့ အင်္ကျီစ တဖျတ်ဖျတ် လှုပ်ခါသည့် အသံတို့ကို သူတို့ ကြားလိုက်ရတယ်။ ကြားပြီးပြီးချင်း သိပ်မကြာခင်မှာပဲ မြန်နှုန်းမြင့်ကာ ရှေ့တည့်တည့်ဆီသို့ ပျံသန်းလာနေတဲ့ လူများစွာကို လူအိုကြီး နှစ်ယောက် တွေ့လိုက်ရတယ်။
လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံးရဲ့ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်။ ရန်ကိုင်က သတိကြီးလွန်းနေတာ မဟုတ်ပဲ ထိုလူတွေ ချဉ်းကပ်လာနေမှန်း သတိပြုမိလိုက်လို့ ချက်ချင်း ပုန်းရှောင်လိုက်တာမှန်း သူတို့ နှစ်ယောက်စလုံး အခုမှပဲ နားလည်သွားကြတော့တယ်။
စူးရှလိုက်တဲ့ အမြင် နှစ်ယောက်စလုံးရဲ့ စိတ်ထဲ အံ့အားသင့်မိနေခဲ့ကြတယ်။ သူတို့ရဲ့ ကောင်းကင် စိတ်အာရုံကို မထုတ်လွှတ်ထားပေမယ့် နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်မြင့်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေကြတုန်းပါပဲ။ သူတို့ကတောင် ထိုလူတွေကို အာရုံမခံမိတာကို ရန်ကိုင်က ထိုလူတွေ လာနေတာကို သတိပြုမိတယ်ဆိုတော့ တကယ်ကို အထင်ကြီး လေးစားစရာပါပဲ။
ပျံသန်းသွားတဲ့ လူရိပ်တွေကို ကြည့်ရင်း ရန်ကိုင် နှုတ်ခမ်း ကွေးတက်သွားခဲ့တယ်။
အခုရောက်လာတဲ့ အဖွဲ့က ပုန်းကွယ်ဖို့ မကြိုးစားခဲ့သလို သူတို့ ဘယ်သူဘယ်ဝါ ဆိုတာကို ဖုံးကွယ်ထားဖို့ကိုလည်း နည်းနည်းလေးတောင် မကြိုးစားခဲ့ပါဘူး။
အဖွဲ့ခေါင်းဆောင်က သူ့ရဲ့ ငါးယောက်မြောက်အစ်ကို ရန်ခန်းပါ။ သူ့နဲ့အတူ တန်ယုရှန်းပါ လိုက်ပါလာခဲ့ပြီး တုဖုန်းကိုတော့ ဘယ်နေရာမှာမှ မတွေ့ခဲ့ရပါဘူး။
တုဖုန်းကို အလံစောင့်ကြပ်ဖို့ ချန်ခဲ့တာပဲ ဖြစ်ရပါမယ်။
အလံကို ကာကွယ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ ထို့ကြောင့် အားကောင်းတဲ့ သွေးစစ်သည်တော် တစ်ယောက်ကို အလံအား အမြဲလိုလို စောင့်ကြပ်ခိုင်းထားရပါတယ်။ ရန်ခန်းအနေနဲ့ အလံကို မကာကွယ်ပဲ ထွက်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
ပြီးတော့ ရန်ခန်းနောက်မှာ ကျင့်ကြံသူများစွား လိုက်ပါလာပါသေးတယ်။ ထိုလူတွေထဲက ဘယ်သူကမှ ပျော့တီးပျော့ဖတ် လူညံ့တွေ မဟုတ်ကြပါဘူး။ ထိုလူတွေ အားလုံးက စစ်ပွဲမြို့တော်ရဲ့ အရှေ့မြောက်အရပ်ဆီ အလျင်အမြန် ပျံသန်းနေခဲ့ကြပါတယ်။
သူတို့သွားနေတဲ့ နေရာရဲ့ ရန်ကိုင်ရဲ့ တတိယမြောက်အစ်ကို ရန်ထိုက် ရှိနေတဲ့နေရာပါ။
ရန်ခန်းတို့ အဖွဲ့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အိမ်ခေါင်းမိုးထက် လူရိပ်တစ်ခုပြီး တစ်ခု ဖြတ်ပြေးသွားခဲ့ကာ ရန်ခန်းတို့ အဖွဲ့ ထွက်သွားတဲ့နောက် ပြေးလိုက်သွားခဲ့ကြတယ်။
ထိုလူတွေ အားလုံးက ပြပွဲကောင်းတစ်ခုကို ကြည့်ဖို့အတွက် လာခဲ့ကြတာပါ။
ဒီည တိုက်ပွဲကို သောင်းပေါင်းများစွားသော မျက်ဝန်းတွေက စောင့်ကြည့်နေကြမှာပါ။ သူတို့တွေ အားလုံးက ရန်မိသားစု လူငယ်မျိုးဆက်ကြားက အားပြိုင်ပွဲကို ကြည့်ချင်လို့ စစ်ပွဲမြို့တော်ဆီ လာခဲ့တာလေ။ ဒရမ်မာကားကောင်းက စတော့မှာကို သူတို့က ဘယ်လိုလုပ်ပြီး လက်လွှတ်ခံနိုင်ပါ့မလဲ။
ထိုလူအုပ်ကြီးကို တွေ့လိုက်တာနဲ့ ရန်ကိုင်လည်း ပျော်သွားခဲ့တယ်။ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ကို မျက်စိမှိတ် အချက်ပြလိုက်ပြီး လူအုပ်ကြီးနဲ့ ရောကာ ရန်ခန်းတို့နောက် လိုက်သွားခဲ့ကြတယ်။
Martial Peak
အပိုင်း(၄၂၅) ပထမဆုံးတိုက်ပွဲ
လူပေါင်းများစွာက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရန်ခန်းတို့ ထွက်သွားတဲ့ အရှေ့မြောက်အရပ်ဆီ ပျံသန်းနေခဲ့ကြတယ်။
စစ်ပွဲမြို့တော်ရဲ့ အကျယ်အဝန်းက ဗဟိုမြို့တော်နဲ့ မယှဉ်နိုင်ပေမယ့် ကျန်တဲ့ မြို့ကြီးတွေနဲ့ ယှဉ်လို့ရပါတယ်။ အဲ့လိုမှ မဟုတ်ရင် ရန်မိသားစု အနေနဲ့ ဒီမြို့မှာ အမွေခံတိုက်ပွဲ ကျင်းပလိမ့်မှာ မဟုတ်ပါဘူး။
တိုက်ပွဲကွင်းပြင် ကျယ်ကျယ်ဝန်းဝန်းသာ မရှိရင် အမွေခံတိုက်ပွဲက ရန်သခင်လေးတွေရဲ့ စွမ်းရည်အစစ်အမှန်ကို စစ်းဆေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။
ရန်ခန်းအဖွဲ့နဲ့ ပွဲကြည့်မယ်လူတွေ အားလုံး အလျင်မလိုကြပါဘူး။ သူတို့အားလုံးက ပန်းခြံထဲ လမ်းလျှောက် ထွက်နေသည့်အလား ရယ်ရယ်မောမောနဲ့ အချင်းချင်း စကားစမြည် ပြောဆိုနေခဲ့ကြတယ်။
နာရီဝက်ကြာပြီးနောက် စစ်ပွဲမြို့တော်ရဲ့ အရှေ့မြောက် အရပ်ဆီ သူတို့ ရောက်ရှိလာခဲ့တယ်။
ရန်မိသားစု တတိယသခင်လေး ရန်ထိုက်ရဲ့ စံအိမ်ရှေ့ ရောက်တာနဲ့ ရန်ခန်းနဲ့ သူ့အဖွဲ့သားတွေ အားလုံး မြေကြီးပေါ် တည်တည်ငြိမ်ငြိမ်နဲ့ ဆင်းလိုက်ကြတယ်။ သူ့နောက်က လိုက်လာတဲ့ ပွဲကြည့်သူတွေ အကုန်လုံးကလည်း အူးယားဖားယားနဲ့ ပွဲကြည့်ဖို့ နေရာကောင်းတစ်ခု အသည်းအသန် ရှာကြ၊ လုကြပါတော့တယ်။
ရန်ကိုင်နှင့် လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ကတော့ ရန်ခန်းတို့နဲ့ မနီးမဝေး တစ်နေရာမှာ ဆင်းလိုက်ကြပြီး ပွဲစမှာကို တည်တည်ငြိမ်ငြိမ်နဲ့ စောင့်နေခဲ့ကြတယ်။
“တတိယအစ်ကိုကြီး၊ ငါးယောက်မြောက် ညီလေး လာပြီလေ” ရန်ခန်းက စံအိမ်အပြင်ဘက်မှာ ရပ်နေရင်း အပြုံးလေးနဲ့ အော်ခေါ်လိုက်တယ်။
“မင်းရောက်လာမှတော့ ဘာလို့ ဝင်မလာသေးတာလဲ” စံအိမ်ထဲကနေ ရန်ထိုက်ရဲ့ အသံ ထွက်ပေါ်လာခဲ့တယ်။
ရန်ခန်းရဲ့ အပြုံးက ပိုပြီး ပီပြင်လာခဲ့ပြီး သူ့နောက်လိုက်တွေနဲ့ အတူ ရန်ထိုက်ခြံဝန်းထဲကို တုန့်ဆိုင်းခြင်းမရှိ ဝင်သွားခဲ့တယ်။ ရန်ကိုင်ရဲ့ အသံက လူမမာတစ်ယောက်ရဲ့ အသံလိုမျိုး အားနည်းမနေခဲ့ပါဘူး။ ဒါပေမယ့် သူ့လေသံထဲ စိတ်ပျက်မှုတွေ၊ ခါးသီးမှုတွေ ဖုံးကွယ်ထားတယ် ဆိုတာကို ကြားလိုက်တဲ့လူတိုင်း ပြောနိုင်ပါတယ်။
အပြင်လောကြီးအတွင်း အတွေ့အကြုံ ရှာထွက်ရာမှ ပြန်လာပြီးနောက် မိသားစုအတွက် ဘာအကျိုးဆောင်မှုမှ သူမပြုလုပ်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် သွေးစစ်သည်တော် တစ်ယောက်ကိုတောင် သူမငှားရမ်းနိုင် ဖြစ်ခဲ့ရတယ်။ သူ့မှာ သွေးစစ်သည်တော် တစ်ယောက်တောင် မရှိတဲ့အတွက် အခြားအင်အားစုတွေလည်း သူဆီ မပူးပေါင်းရဲ ဖြစ်ခဲ့ရတယ်။ ထို့ကြောင့် သူ့အမေဘက်က အကူအညီတွေပေါ်မှာသာ သူအားကိုးအားထား ပြုရပါတော့တယ်။
ချူရီမန်ရဲ့ ခန့်မှန်းချက်က အကြမ်းဖျင်းမှန်းကန် သွားခဲ့ပါတယ်။ တတိယသခင်လေး ရန်ထိုက်က အရင်ထွက်ရမယ့် ကံကြမ္မာပါလာခဲ့ပါတယ်။
ခြံဝန်းထဲ၌ ရန်ထိုက်က ဓါးတစ်စင်းလို ဖြောင့်တန်းစွာရပ်နေခဲ့တယ်။ သူ့နောက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇နဲ့ အခြား အားနည်းပုံမရတဲ့ ပညာရှင်တွေ ရှိနေခဲ့တယ်။ ထိုလူတွေ အကုန်လုံးက ရန်ထိုက် အမေ မိသားစုဖြစ်တဲ့ တွမ့်မူ မိသားစုက လာခဲ့ကြတာပါ။
ရန်ထိုက်မှာ အကူအညီဆိုလို့ တွမ့်မူမိသားစု တစ်ခုပဲ ရှိပါတယ်။
ရန်ထိုက် ဒီညမုန်တိုင်းကို ကျော်ဖြတ်နိုင်မှာလား၊ မကျော်ဖြတ် နိုင်ဘူးလား ဆိုတာက တွမ့်မူမိသားစုရဲ့ ခွန်အားအပေါ်မှာ မူတည်နေပါတယ်။
ရန်ခန်းနောက်မှာတော့ ဝိဥာဉ်ပညာရပ်တွေမှာ ကျွမ်းကျင်တဲ့ သွေးစစ်သည်တော် တစ်ယောက်အပြင် မိသားစုကြီး ရှစ်ခုထဲက တစ်ခုဖြစ်တဲ့ ကောင်းမိသားစုရဲ့ အဖွဲ့ဝင်တွေလည်း ရှိနေခဲ့ပါတယ်။ ကောင်းရန်ဖုန်းက သူနဲ့အတူ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူတွေကို ခေါ်ဆောင်လာခဲ့ပါတယ်။
မိသားစုကြီး ရှစ်ခုက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူတွေကို ပေါ့သေးသေး သွားမမှတ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ အစစ်အမှန် ခွန်အားက အပြင်လောကကြီးမှာ ရှိနေတဲ့ သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူ တစ်ယောက်ရဲ့ ခွန်အားနဲ့ အတူတူမို့လို့ပါပဲ။
ထိုလက်ရွေးစင်တွေအပြင် အခြားအင်မော်တယ် တက်လှမ်းခြင်းအဆင့် ငါးယောက်၊ ခြောက်ယောက်လောက်နဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ ဒါဇင်ကျော်လောက်ကိုလည်း ရန်ခန်း ခေါ်လာခဲ့ပါတယ်။
သူ့လူတစ်ဝက်လောက် လွှတ်လိုက်ရုံနဲ့တင် ရန်ထိုက်တို့ တစ်ဖွဲ့လုံးကို ရန်ခန်း အသာအယာလေး ဖိနှိပ်ထားနိုင်ပါတယ်။ လူကိုဖမ်းဖမ်း၊ အလံကိုယူယူ သူ့အတွက် အလွယ်လေးပါပဲ။
ရန်ထိုက်က ရန်ခန်းကို စူးစိုက်ကြည့်နေခဲ့ပြီး ရန်ခန်းကတော့ မထူးခြားနားဟန်ဖြင့် ဖြေးဖြေးချင်း ရှေ့တိုးသွားခဲ့တယ်။
ရန်ခန်းက ရန်ထိုက်နဲ့ မီတာတစ်ဒါဇင်ကျော် အကွာအလောက်၌ ရပ်တန့်လိုက်တယ်။ တစ်ယောက်ကို တစ်ယောက် အချိန်ခဏကြာအောင် စူးစိုက် ကြည့်နေခဲ့ပြီးနောက် ရန်ခန်းက ပြုံးကာ ပြောလိုက်တယ် “တတိယမြောက် အစ်ကိုကြီး၊ ငါတို့တွေက မိသားစုတွေပဲလေ။ ငါ့အကြံပေးချက်ကို နားထောင်ပြီး ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် ပိုမကောင်းဘူးလား”
သူက ရန်ကိုင်ကို လက်လျှော့ အရှုံးပေးစေချင်တာပါ။ ဒါပေမယ့် သူက အသာစီးရနေတော့ သူ့မှာ ဒီလိုပြောဖို့ အခွင့်အရေး ရှိပါတယ်။
ဒါပေမယ့် ရန်ထိုက်ကတော့ ခေါင်းသာ ခါရမ်းလိုက်ပြီး ဆုံးဖြတ်ထားတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ် “ငါကလည်း ရန်မိသားစုဝင် တစ်ယောက်ပဲ။ ရန်မိသားစုဝင် တစ်ယောက်အနေနဲ့ ငါကို အနိုင်ယူလို့ ရတယ်။ ငါကတော့ အရင်စပြီး အရှုံးပေးမှာ မဟုတ်ဘူး။ မင်းက ငါ့ညီလေး ဆိုရင်တောင် ဒီအမှန်းတရားက ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”
“ကောင်းတယ်၊ မင်းအခုလို ပြောလာမယ်ဆိုတာကို ငါကြိုသိပြီးသား” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “မင်းနေရာမှာ ငါဆိုရင်လည်း မင်းလိုပဲ လုပ်မိမှာ။ အခုလို ဖြစ်လာမှတော့ မင်းရဲ့ ငါးယောက်မြောက် ညီလေးက မညှာတာဘူးဆိုပြီး အပြစ်မတင်နဲ့ပေါ့”
“မင်းကြိုက်သလိုသာလုပ်” ရန်ထိုက်ရဲ့ အမူအရဦက ရုတ်ချည်း အေးစက်သွားခဲ့တယ်။
သူ့နောက်မှာ ရှိနေတဲ့ တွမ့်မူမိသားစုက ကျင့်ကြံသူတွေလည်း သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်ထားလိုက်ကြပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြတယ်။
ထိုအခိုက်အတန့်မှာပဲ ရန်ခန်းဘေး၌ တစ်ချိန်လုံး ရှိနေခဲ့တဲ့ တန်ယုရှန်းရဲ့ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ရန်ခန်းကို တိုးတိုးလေး ပြောလိုက်တယ်။
တန်ယုရှန်း ပြောတာကို ကြားလိုက်တာနဲ့ ရန်ခန်း မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အနောက်ကို ပြန်လှည့်ကြည့်လိုက်ကာ သက်ပြင်းချလိုက်ရင်း “ခုနှစ်ယောက်မြောက် ညီလေး၊ မင်းရောက်လာပြီ ဆိုမှတော့ ဘာလို့ ထွက်မလာသေးတာလဲ”
ရယ်မောသံ တစ်သံနှင့်အတူ လူတစ်ဖွဲ့က ညကောင်းကင်ယံထက် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ခြံဝန်းထဲ ဖြေးဖြေးချင်း ဆင်းလိုက်ရင်း ရန်ခန်းတို့အဖွဲ့နဲ့ ရင်ပေါင်တန်း ရပ်နေလိုက်တယ်။
ထိုအဖွဲ့ကို ဦးဆောင်လာတဲ့ လူက ရန်မိသားစုရဲ့ ခုနှစ်ယောက်မြောက် သခင်လေး ရန်ရင်ပါပဲ။
ရန်ခန်းမှာ မဟာမိတ်အဖြစ် ကောင်းမိသားစုရဲ့ ကောင်းရန်ဖုန်း ရှိသလို ရန်ရင်မှာတော့ မဟာမိတ်အဖြစ် ခန်မိသားစုရဲ့ ခန်ကျန်း ရှိနေခဲ့ပါတယ်။ နှစ်ယောက်စလုံးကိုလည်း သွေးစစ်သည်တော် တစ်ယောက်စီက စောင့်ရှောက်နေခဲ့ပါတယ်။ ထို့ကြောင့် နှစ်ဖက်စလုံးရဲ့ ခွန်အားက တူညီနေခဲ့ပါတယ်။
ဘေးကနေ စောင့်ကြည့်နေတဲ့ လူအုပ်ကြီး တစ်ခုလုံး စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ် အားပေးလိုက်ကြတယ်။ ရန်မိသားစုရဲ့ သခင်လေး သုံယောက် စုံပြီဆိုမှတော့ ပွဲကြီးပွဲကောင်း တစ်ခုကိုတော့ သူတို့ ကျိန်းသေ ကြည့်ရပါတော့မယ်။ သူတို့ မသေချာတာတစ်ခုရ ရန်ထိုက်ဆိုတဲ့ အဆီတဝင်းဝင်းနဲ့ အသားတုံးကို ဘယ်သူ ရသွားမလဲ ဆိုတာပါပဲ။ ရန်ခန်းလား ရန်ရင်လား။
“တတိယမြောက် အစ်ကို၊ ငါးယောက်မြောက် အစ်ကို၊ ညီငယ်လေးခုနှစ်က မရိုမသေ ပြုမိပြီ” ရန်ရင်က မြေပေါ်ရောက်တာနဲ့ ဖွဖွလေး ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်တယ်။
“ခုနှစ်ယောက်မြောက် ညီလေးက အရမ်းကို အပုန်းကောင်းတာပဲ။ ယုရှန်းကြောင့်သာ မဟုတ်ရင် အစ်ကိုကြီးငါးက ညီငယ်လေးခုနှစ်ကို သတိပြုမိမှာတောင် မဟုတ်ဘူး” ရန်ခန်းက ပြန်ပြုံးပြလိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်။
“အဲ့လို မပြောနဲ့လေ အစ်ကိုကြီးငါးရဲ့။ အမွေခံတိုက်ပွဲမှာ အောင်မြင်မှု ရဖို့အတွက် ကြိုက်တဲ့နည်းလမ်းကို အသုံးပြုလို့ရတယ်လေ။ ညီငယ်လေးခုနှစ်က ခဏလောက်ပဲ ပုန်းနေခဲ့တာပါ။ ဒါပေမယ့် လူအုပ်ထဲမှာ ပုန်းနေတဲ့ နောက်ထပ် ညီအစ်ကိုတွေ ရှိရင် ရှိနေနိုင်သေးတယ်”
ပြောပြီးတာနဲ့ ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကြတယ်။
ရန်ကိုင်က ခမောက်ကိုသုံးပြီး သူ့မျက်နှာ မပေါ်အောင် အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့တယ်။ လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး သူတို့အသားကို အပ်နဲ့ဆွနေသလို ခံစားလိုက်ရတယ်။
“ဘယ်သူမှ ထပ်မလာလောက် တော့ပါဘူး” ရန်ခန်းက ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ပြီး “အစ်ကိုကြီးက သူ့ ညီလေးတွေကို လေးစားတဲ့အနေနဲ့ ဒီနေ့ စလှုပ်ရှားလိမ့်မှာ မဟုတ်ဘူး။ ဘာပြဿနာပဲ ဖြစ်ဖြစ် သူဝင်ရှုပ်လိမ့်မှာ မဟုတ်ဘူး။ ဒီညတော့ အကြီးဆုံးအစ်ကိုကြီးက ခုပဲခုခံလိမ့်မယ်။ တိုက်ခိုက်မှာတော့ မဟုတ်ဘူး”
သူတို့ရဲ့ ရှစ်ယောက်မြောက် ညီလေး ရန်ချွမ်ကျတော့ သူ့မှာ သွေးစစ်သည်တော် တစ်ယောက် ရှိတာမှန်ပေမယ့် သူ့အမေဘက်က အင်အားစုက ဒုတိယအဆင့် အင်အားစု တစ်ခုသာသာပါပဲ။ ပြီးတော့ ထို့နေ့တုန်းက ဘယ်အင်အားစုကိုမှ သူ့ဘက်ပါအောင် မဆွဲခေါ်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ အခြားသူတွေကို အရင်စတိုက်လိမ့်မှာ မဟုတ်ပါဘူး။
သူ့မှာ သွေးစစ်သည်တော် တစ်ယောက်ပဲ ရှိနေတယ် ဆိုရင်တောင် သူ့ကို အနိုင်ယူဖို့က မလွယ်ကူပါဘူး။ ထို့ကြောင့် ဒီနေ့မှာတော့ ဘယ်သူကမှ သူ့ကို ပစ်မှတ်ထားလိမ့်ဦးမှာ မဟုတ်သေးပါဘူး။
“ဒုတိယမြောက် အစ်ကိုကြီးနဲ့ ခြောက်ယောက်မြောက် ညီလေးကတော့ အခြားလွယ်ကူတဲ့ ပစ်မှတ်တစ်ခုစီ ရောက်နေလောက်ပြီ။ ဒါကြောင့် ဒီနေရာမှာ ငါတို့သုံးယောက်ပဲ ပေါ်လာခဲ့တာ”
နောက်ဆုံးစကားကို ကြားလိုက်တဲ့အချိန် ရန်ကိုင်မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး နောက် သူ့မျက်နှာထက် မိစ္ဆာဆန်ဆန် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။
သူတို့ ပြောနေတဲ့ လွယ်ကူတဲ့ ပစ်မှတ်ဆိုတာ ရန်ကိုင် စံအိမ်ကို ပြောနေတာပါ။
သူ့စံအိမ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို သူလည်း နည်းနည်းတော့ သိချင်နေမိခဲ့တယ်။
ရန်ခန်း ပြောပြီးသွားတာနဲ့ ရန်ရင်က ရယ်မောလိုက်ပြီး ပြန်ပြောလိုက်တယ် “ငါးယောက်မြောက် အစ်ကိုကြီးမှာ သတင်းအချက်အလက် တော်တော် စုံတာပဲ။ ညီငယ်လေးခုနှစ် တကယ်ကို လေးစားသွားပြီ”
ထိုစကားကို ကြားလိုက်တဲ့အခါ ရန်ခန်းက ခေါင်းသာ ခါရမ်းလိုက်ပြီး “ဒီအကြောင်း ပြောတာ တော်လောက်ပြီ။ ဒီမှာ ရှိနေတဲ့ တတိယမြောက် အစ်ကိုကြီးရဲ့ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို အရင်ဆွေးနွေးကြတာပေါ့”
“အို… ငါးယောက်မြောက် အစ်ကိုကြီးက ဘာပြောချင်တာလဲ”
“အလံနဲ့လူ၊ တစ်ယောက် တစ်ခုစီ ယူကြတာပေါ့။ မင်းဘယ်လိုထင်လဲ” ရန်ခန်းက ပြုံးပြီး မေးလိုက်တယ်။ သူက သူ့ရဲ့ တတိယမြောက်အစ်ကိုကို နည်းနည်းလေးတောင် မျက်လုံးထဲ မထည့်ပါဘူး။ တတိယမြောက် အစ်ကိုကြီးကို သူနဲ့ရန်ရင်တို့ နှစ်ယောက် ဝေမျှစားသောက်ရမယ့် အသားတုံး တစ်ခုထက် ပိုမမြင်တဲ့ပုံပါပဲ။
ရန်ထိုက်မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး တွမ့်မူမိသားစုက ကျင့်ကြံသူတွေ အကုန်လုံးလည်း ဒေါသထွက်သွားခဲ့ကြတယ်။
ရန်ရင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ငါးယောက်မြောက်အစ်ကို၊ ညီငယ်လေးခုနှစ်ကို အပြစ်မတင်ပါနဲ့၊ ဒီက ညီငယ်လေးက တော်တော်လေး လောဘကြီးတာ။ ညီငယ်လေးက တတိယမြောက် အစ်ကိုကြီးကိုရော၊ အလံကိုရော ၊ နှစ်ခုစလုံး လိုချင်နေတာ”
ထိုစကားကို ကြားကြားချင် ရန်ခန်း ကြောင်အသွားခဲ့ပေမယ့် ချက်ချင်းပဲ ပြန်ပြီး လှောင်ပြောင်လိုက်တယ် “ခုနှစ်ယောက်မြောက် ညီလေးက တကယ်ကို လောဘကြီးတာပဲနော်၊ ဒါပေမယ့် ကျားပါးစပ်ကအစာကို လုယူနိုင်မယ့် အရည်အချင်း ရှိမရှိဆိုတာလည်း ရှိသေးတယ်လေ”
ရန်ရင် မျက်နှာထက်က အပြုံးက တဖြည်းဖြည်း အေးစက်သွားခဲ့တယ်။
ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့ကြပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်တဲ့အထိ တိတ်ဆိတ်နေခဲ့တယ်။
မုန်တိုင်းတစ်ခု အစပြုလာခဲ့ပြီး လမ်းကြောင်းတစ်လျှောက်မှာ ရှိသမျှ အရာအားလုံးကို ခြိမ်းခြောက်နေခဲ့တယ်။
ရွှစ်… ရွှစ်... ရွှစ်…
စိတ်စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့တယ်။ ရန်ခန်းနဲ့ ရန်ရင်တို့ ခေါ်လာတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အကုန်လုံး ဇာတ်တိုက်ထားသည့်အလား သူတို့ရဲ့ ဝိဥာဉ်ပညာရပ်တွေကို တစ်ပြိုင်တည်း ထုတ်သုံးလိုက်ကြတယ်။
မမြင်နိုင်တဲ့ အားအချင်းချင်း ထိပ်တိုက်တွေ့သွားခဲ့ပြီး အချို့လူတွေက အော်ဟစ်ကာ နောက်ပြန်ဆုတ်လိုက်ကြရတယ်။ အချို့ကတော့ ရှေ့တိုးကာ အဖျက်စွမ်းအား ပြင်းထန်တဲ့ တိုက်ကွက်တွေကို တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်တယ်။
သိုင်းပညာရပ်မျိုးစုံ၊ လက်နက်မျိုးစုံတို့ ထုတ်ဖော်လာတဲ့ အခိုက် ခြံတန်းတစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းရောင်တို့ဖြင့် တောက်ပသွားခဲ့တယ်။
တန်ယုရှန်းက ရန်ခန်းကို တိုက်ပွဲကွင်းပြင်ကနေ ချက်ချင်း ခေါ်ထုတ်သွားခဲ့လိုက်သလို ရန်ရင်ခေါ်လာတဲ့ သွေးစစ်သည်တော်ကလည်း ထိုနည်းအတိုင်းပဲ လုပ်သွားခဲ့တယ်။
ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် နှစ်ယောက်က မီတာရာပေါင်းများစွာ အကွာကနေ တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲနဲ့ အပြန်အလှန် စိုက်ကြည့်နေခဲ့ကြတယ်။
အမွေခံတိုက်ပွဲရဲ့ အဓိကပါဝင်သူတွေ ဖြစ်တဲ့အတွက် ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ရွေးချယ်စရာ မရှိတော့တဲ့ အခါမှလွဲ၍ ဘယ်တော့မှ ကိုယ်တိုင် ဝင်တိုက်ခိုက်လိမ့်မှာ မဟုတ်ပါဘူး။
ရန်မိသားစုရဲ့ စည်းမျဉ်းကြောင့် သွေးစစ်သည်တော်တွေ အနေနဲ့ အရင်ဆုံး စတိုက်ခွင့် မရှိပါဘူး။
သူတို့က တန်ပြန်တိုက်ခိုက်လို့ပဲ ရပါတယ်။ ထို့ကြောင့် သူတို့ သခင်လေးဘက်က ရှုံးနေမယ် ဆိုရင်တောင် တစ်ဖက်က သူတို့ကို၊ ဒါမှမဟုတ် သူတို့သခင်လေးကို လာမတိုက်သရွေ့ သူတို့အနေနဲ့ ဘေးကနေပဲ ရပ်ကြည့်နေရပါမယ်။
ရန်ခန်းနဲ့ ရန်ရင်တို့ ခေါ်လာတဲ့ လူအင်အားက အကြမ်းဖျင် တူညီနေတဲ့အတွက် တိုက်ပွဲရဲ့ ချိန်ခွင်လျှာကလည်း တစ်ဖက်သို့ မယိမ်းနိုင် ဖြစ်နေခဲ့တယ်။
ဒီပြပွဲရဲ့ စီစဉ်တင်ဆက်သူတွေ ဖြစ်တဲ့ ရန်ထိုက်နဲ့ တွမ့်မူမိသားစုကတော့ ပွဲ့ကြည့်ပရိသတ်ဘဝ ရောက်သွားခဲ့ပြီး ဘယ်သူကမှ သူတို့ကို လာပြီး စမတိုက်ခိုက်သေးပါဘူး။
ထိုမြင်ကွင်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရန်ထိုက်က နှာခေါင်းရှုံ့လိုက်တယ် “မင်းရဲ့ တတိယအစ်ကိုကြီးက ဘာမှ မပြင်ဆင်ထားဘူလို့ တွေးထားရင်တော့ မင်းတို့ အမှားကြီး မှားသွားပြီပဲ။ မြှားတွေ ပြင်လိုက်တော့”
ရွှစ်… ရွှစ်… ရွှစ်…
ရှေ့ခြံဝန်းကို ဝန်းရံထားတဲ့ နံရံထက်ကနေ လေးရှည်ကြီးတွေကို ကိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့တယ်။
လေးတွေအားလုံးကို တစ်ပုံစံတည်း ပြုလုပ်ထားခဲ့ကြပြီး တစ်ချက် ကြည့်ရုံနဲ့တင် ထိုလေးတွေက အဆင့်မနိမ့်မှန်း တန်းသိနိုင်ပါတယ်။
လေးတွေ ကိုင်ထားတဲ ကျင့်ကြံသူတွေထဲ အားအနည်းဆုံးက အစစ်အမှန်ဒြပ်စင်အဆင့်၈ ဖြစ်ကြပြီး သူတို့ထဲက တစ်ယောက်၊ နှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပါတယ်။
အစစ်အမှန်ချီကို ရူးသွပ်စွာ လှည့်ပတ်လိုက်ပြီး လေးရှည်ကြီးတွေကို ပင့်မြှောက်လိုက်တယ်။ တစ်ခဏအတွင်းမှာ သူတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ မျက်နှာတွေ ဖြူလျော်သွားခဲ့ကြတယ်။ ထိုလေးကို ပစ်ဖို့အတွက် သူတို့ရဲ့ ခွန်အား အကုန်အစင်ကို အသုံးပြုလိုက်ရတဲ့ ပုံပါပဲ။
မြှားတံတွေ ထွက်ပေါ်လာတာနဲ့ ပစ်မှတ်ထားခံလိုက်ရတဲ့ လူအားလုံး အန္တရာယ်ကို ချက်ချင်း ခံစားမိလိုက်ကြတယ်။
ထိုမြှားတံတွေထဲ ပါဝင်နေတဲ့ ပြင်းထန်တဲ့ စွမ်းအင်တွေကို အဝေးကနေ ကြည့်နေတဲ့ လူအုပ်ကြီးတောင် ခံစားမိနေခဲ့ပါတယ်။ ရန်ခန်းနဲ့ ရန်ရင်တို့ရဲ့ လူတွေကတော့ သူတို့ ဦးရေပြားတစ်ခုလုံး ကျိန်းစပ်သွားခဲ့ပြီး ကျောရိုးတစ်လျှောက်လုံး စိမ့်တက်သွားခဲ့ကြတယ်။ ကြောက်မက်ဖွယ်ရာ သားရဲအုပ်ကြီးတစ်အုပ် ထွက်ပေါ်လာခဲ့ပြီး သူတို့တွေကို စူးစိုက်ကြည့်နေသလို အားလုံး ခံစားလိုက်ရတယ်။
ရွှစ်…
ရွှစ်… ရွှစ်…
ကြယ်ပျံတွေအလား မြှားတံတွေက လုံးထွေးသတ်ပုတ်နေတဲ့ ကျင့်ကြံသူတွေဆီ ကျဆင်းလာခဲ့တယ်။
မြှားတံတွေက မလွတ်မြောက်နိုင်တဲ့ ပိုက်ကွန်တစ်ခုလို ရန်ခန်းနဲ့ ရန်ရင်တို့ရဲ့ မဟာမိတ်တွေ အကုန်လုံးကို လွှမ်းခြုံသွားခဲ့တယ်။
ဘုန်းခနဲ မြည်သံနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့တယ်။ သွေးတိမ်တိုက်တွေ၊ ခြေပြတ်၊ လက်ပြတ်တွေ ဘေးပတ်ပတ်လည်သို့ လွင့်စင်ထွက်လာခဲ့တယ်။
အားလုံးရဲ့ နားစည်တွေ တုန်ခါသွားခဲ့ကြပြီး အနီးအနားမှာ ရှိနေသူ အားလုံးရဲ့ အကြားအာရုံကို တစ်ခဏတာ ထုံထိုင်းသွားစေခဲ့တယ်။
သူတို့ရှေ့က ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်တွေကို ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ငေးကြောင် ကြည့်နေခဲ့ကြတယ်။
တန်ယုရှန်းနဲ့ အခြားသွေးစစ်သည်တော် တစ်ယောက်က သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး ရန်ခန်းနဲ့ ရန်ရင်တို့ကို လွင့်စင်ထွက်လာတဲ့ အားလှိုင်းတွေကနေ ကာကွယ်ပေးထားလိုက်ကြတယ်။