← Chapters

အခန်း (၄၂၆-၄၃၀)

Vol. 18 Ch. 426-430

အခန်း (၄၂၆-၄၃၀)

Vol. 18 Ch. 426-430

အပိုင်း(၄၂၆) အလံကို ရယူခြင်း

ခဏကြာပြီးနောက် မုန်တိုင်းထန်နေတဲ့ စွမ်းအင်တို့ ပြန်လည် ငြိမ်ကျသွားခဲ့တယ်။

ဖုန်တွေ ရှင်းလင်းသွားတဲ့ နောက်မှာတော့ ရန်ထိုက် အဖွဲ့သားတွေ ပစ်လွှတ်လိုက်တဲ့ မြှားခုနှစ်ချောင်းက ရန်ထိုက် ခြံဝန်းရဲ့ တစ်ဝက်လောက်ကို လုံးလုံးလျားလျား ပျက်စီးသွားစေခဲ့တာကို အားလုံး တွေ့မြင်လိုက်ရတယ်။

မြင်လေရာအနှံ့ တွင်းချိုင့်ကြီးတွေ ရှိနေခဲ့ပြီး လူပေါင်းများစွာက ထိုတွင်းပေါက်ကြီးတွေထဲကနေ ကုန်းရုန်းတက်လာနေခဲ့ကြတယ်။ မြေပြင်တစ်ခုလုံး ခြေပြတ်လက်ပြတ်တွေ၊ သွေးစွန်းနေတဲ့ အသားစတွေနဲ့ ပြည့်နေခဲ့တယ်။

အမွေခံတိုက်ပွဲက အပျော်တမ်း ကစားပွဲတစ်ခု မဟုတ်တဲ့အတွက် လူအသေအပျောက် ရှိတာ သဘာဝပါပဲ။

ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ သေကြေပျက်စီးသွားတဲ့ ကျင့်ကြံသူတွက ထိုရက်စက်တဲ့ အမှန်တရားကို မီးမောင်းထိုးပြ နေခဲ့ပါတယ်။

ရန်ထိုက်ခြံဝန်းထဲ၌ ရှိနေသည့် ကျင့်ကြံသူတွေ အကုန်လုံး တိတ်ဆိတ်သွားခဲ့ကြတယ်။ သို့ပေမယ့် နာကျင်စွာ အော်သည်းသံတွေကတော့ ရံဖန်ရံခါ ထွက်ပေါ်လို့ နေခဲ့ပါတယ်။

ပွဲကြည့်သူတွေထဲမှာ ရှိနေတဲ့ မိန်းကလေး ကျင့်ကြံသူများစွာက ချက်ချင်းပဲ အကြည့်လွှဲလိုက်ကြပြီး ပါးစပ်လေးကို လက်လေးနဲ့ ပိတ်လိုက်ရင်း ကုန်းထိုင်လိုက်ကာ အော့အန်ကြပါတော့တယ်။

ရန်ထိုက်ကတော့ အပျက်အစီးပုံထဲ ထူးမခြားနားဟန်ဖြင့် မတ်တပ်ရပ်နေခဲ့တယ်။ သူ့မျက်နှာထက် မည်သည့် စိတ်ခံစားမှုကိုမှ မမြင်တွေ့ရပါဘူး။

ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး အလောင်းကောင် တစ်ကောင်လို ဖြူလျော်သွားခဲ့တယ်။ အောက်စီး ရောက်နေတဲ့ အခြေအနေမျိုးမှာတောင် သူတို့ရဲ့ တတိယမြောက် အစ်ကိုကြီး အခုလို ကြောက်မက်ဖွယ်ရာ အလစ်ချောင်းတိုက်ခိုက်မှု တစ်ခုကို ပြင်ဆင်ထားလိမ့်မယ်လို့ သူတို့ နှစ်ယောက်စလုံး မထင်ထားခဲ့ကြပါဘူး။

ထိုနံရံတွေနောက် ပုန်းကွယ်နေတဲ့ ကျင့်ကြံသူတွေကို သူတို့ နှစ်ယောက်စလုံး အာရုံခံမိခဲ့ပါတယ်။ ဒါပေမယ့် ထိုလူတွေရဲ့ ခွန်အားက မပြောပလောက်တဲ့အပြင် သူ့တို့မှာ ကြောက်မက်ဖွယ် သတ်ဖြတ်ရေး လက်နက်တွေ ရှိနေလိမ့်မယ်လို့ စိတ်တောင် မကူးဖူးတဲ့အတွက် သခင်လေး နှစ်ယောက်စလုံး ထိုလူတွေကို လျစ်လျူရှုထားခဲ့ကြတာပါ။

ကြယ်တာရာဖြိုခွင်ခြင်းလေး… မြေကမ္ဘာအထွတ်အထိပ် အဆင့် လက်နက်တစ်ခုသာ ဖြစ်ပေမယ့် ကျင့်ကြံသူတစ်ယောက်ရဲ့ အစစ်အမှန်ချီကို အကန့်အသတ်မရှိ စုပ်ယူနိုင်ပြီး စုပ်ယူလို့ရတဲ့ စွမ်းအင်တွေ အားလုံးကို စုစည်းကာ ပစ်လွှတ်နိုင်ပါတယ်။

ပစ်လွှတ်လိုက်ပြီဆိုတာနဲ့ လေးတစ်ခုလုံး အက်ကွဲသွားပါလိမ့်မယ်။ ဒါပေမယ် အပစ်ခံရတဲ့လူလည်း မသက်သာပါဘူး။

မြှားက လေးကြိုးကနေ ထွက်သွားတာနဲ့ ကြယ်တာရာဖြိုခွင်ခြင်းလေးတွေ အကုန်လုံး အက်ကွဲပျက်စီး သွားခဲ့တယ်။ လေးကို အသုံးပြုခဲ့တဲ့ ကျင့်ကြံသူတွေလည်း ဘေးထွက်ဆိုးကျိုးကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး သူ့တို့ တစ်ကိုယ်လုံး သွေးတွေနဲ့ စိုရွှဲသွားခဲ့တယ်။

ဒါပေမယ့် ရန်ထိုက်ကတော့ သူလုပ်ချင်တာကို လုပ်သွားနိုင်ခဲ့ပါတယ်။

ရန်ခန်း ဒါမှမဟုတ် ရန်ရင်တို့ နှစ်ယောက်စလုံးရဲ့ တိုက်ခိုက်မှုကို သူမခုခံနိုင်ပါဘူး။ ဒါပေမယ့် သူမရှုံးနိမ့်ခင်လေး သူ့ရန်သူတွေထဲက အချို့ကိုပါ တစ်ခါတည်း ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။

ရှုံးနိမ့်မှာကတော့ အသေအချာပါပဲ။ ဒါပေမယ့် သူ့ကို အနိုင်ယူချင်တယ် ဆိုရင်တော့ တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရပါလိမ့်မယ်။ ကြယ်တာရာဖြိုခွင်းခြင်းမြှားရဲ့ တိုက်ခိုက်မှုနဲ့ သူဆိုလိုချင်တာကို ရအောင် လုပ်ဆောင်ပြီးသွားခဲ့ပါပြီ။

မြှားခုနှစ်ချောင်းရဲ့ တိုက်ခိုက်မှုအောက်၌ ရန်ခန်းနဲ့ ရန်ရင်တို့ရဲ့ မဟာမိတ်ဒါဇင်ကျော် သေဆုံးသွားခဲ့ပြီး သေဆုံးသွားခဲ့တဲ့ နှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေပါ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့လူ ၂၀ကျော် ရှိနေခဲ့ပြီး အသေးစား ဒဏ်ရာတွေ ရသွားတဲ့လူကတော့ မရေမတွက် နိုင်အောင်ပါပဲ။

အမွေခံတိုက်ပွဲ စစခြင်းမှာပဲ ဒီလောက် သေဆုံးသွားတယ် ဆိုတာက ပေါ့သေးသေး ပမာဏတော့ မဟုတ်ပါဘူး။

ရန်ခန်းနဲ့ ရန်ရန်တို့ နှစ်ယောက်စလုံး အခု မပျော်နိုင်တော့ပါဘူး။ အောက်ဘက်က ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း နှစ်ယောက်စလုံး အံ့တင်းတင်း ကြိတ်လိုက်ပြီး‌ ဒေါသတကြီးနဲ့ လက်သီးတင်းတင်း ဆုပ်လိုက်ကြတယ်။

“သူတို့ အားလုံးကို သတ်ပစ်လိုက်” ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ဒေါသထွက်ထွက်နဲ့ ပြိုင်တူ အော်ဟစ် အမိန့်ပေးလိုက်ကြတယ်။ သူတို့ရဲ့ အော်ဟစ်အမိန့်ပေးသံနှင့်အတူ တစ်ခဏတာ တိတ်ဆိတ်မှု ပြိုကွဲသွားခဲ့တယ်။ မြှားတွေ ပစ်လွှတ်လိုက်တဲ့ ကျင့်ကြံသူတွေ အားလုံး တစ်ခဏအတွင်းမှာပဲ အဝိုင်းခံလိုက်ရတယ်။ သူတို့ရဲ့ ကံကြမ္မာကို ရှောင်လွှဲလို့ မရတော့ပါဘူး။

ထိုကျင့်ကြံသူတွေ အားလုံးက တွမ့်မူမိသားစုကပါ။ တွမ့်မူ မိသားစုက အားကောင်းတဲ့ လက်ရွေးစင် ကျင့်ကြံသူ များစွာကို ပိုင်ဆိုင်ထားတဲ့ ပထမအဆင့် အင်အားစု တစ်ခုဖြစ်ပေမယ့် သူတို့ရဲ့ အင်အားစုတစ်ခုလုံးကို အမွေခံတိုက်ပွဲစီ မပို့လွှတ်နိုင်ပါဘူး။

ပြီးတော့ ရန်ထိုက်မှာ ဒီအမွေခံတိုက်ပွဲကို နိုင်နိုင်ချေ လုံးဝ မရှိပါဘူး။ ထို့ကြောင့် တွမ့်မူမိသားစုက လူအင်အား တော်တော်များများ ပို့ပေးလိုက်ပေမယ့် အများဆုံးမှ မျက်နှာမပျက်ရအောင် လုပ်ရုံလောက်ပါပဲ။ တကယ်တော့ တွမ့်မူမိသားစုက ထိုကျင့်ကြံသူ ခုနှစ်ယောက်စလုံးက စတေးဖို့ ဆုံးဖြတ်ပြီးသားပါ။

ထို့ကြောင့် ထိုလူခုနှစ်ယောက်စလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပေမယ့် ကျန်တဲ့လူတွေကတော့ တစ်ချက်ကလေးတောင် မျက်မှောင်မကြုံ့ခဲ့ပါဘူး။

“ခုနှစ်ယောက်မြောက်ညီလေး၊ ငါတို့ တတိယမြောက်အစ်ကိုနဲ့ အရင် ရင်ဆိုင်ရင်ကောင်းမယ်၊ မင်းဘယ်လိုထင်လဲ” ရန်ခန်းက မိုးပြိုတော့မယ့် မျက်နှာနဲ့ သူနဲ့ မနီးမဝေးမှာ ရပ်နေတဲ့ ရန်ရင်ကို လှမ်းကြည့်ပြီး မေးလိုက်တယ်။

“ငါလည်း မင်းလိုပဲ တွေးနေတာ” ရန်ရင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

“ခုနှစ်ယောက်မြောက်ညီလေး၊ အလံကို ဘယ်သူရမယ်၊ မရဘူး ဆိုတာကတော့ ကိုယ့်အရည်အချင်းပေါ်မှာပဲ မူတည်တယ်နော်” ရန်ခန်က နှာခေါင်းရှုံ့လိုက်ပြီး ရန်ထိုက်ရဲ့ လက်ကျန် အင်အားစုတွေကို တိုက်ခိုက်ဖို့ သူ့ရဲ့ မဟာမိတ်တွေကို တိတ်တဆိတ် အချက်ပြလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရန်ရင်ကလည်း သူ့အင်အားစုတွေကို စတိုက်ဖို့ အမိန့်ပေးလိုက်တယ်။

ချက်ချင်းပဲ ရန်ခန်နဲ့ ရန်ရင်တို့နဲ့ အတူလိုက်ပါလာတဲ့ အင်အားစုတွေက ရန်ထိုက်နဲ့ တွမ့်မူမိသားစုက ကျင့်ကြံသူတွေကို စတင်တိုက်ခိုက်ကြပါတော့တယ်။

တွမ့်မူမိသားစုက ပို့လိုက်တဲ့ ကျင့်ကြံသူတွေထဲ၌ အားအကောင်းဆုံက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ကျင့်ကြံသူ နှစ်ယောက်ပါ။ ထို့ကြောင့် တိုက်ပွဲစတာနဲ့ ရန်ထိုက်တို့အဖွဲ့ ချက်ချင်း အောက်စည်း ရောက်သွားခဲ့တယ်။ ကြယ်တာရာဖြိုခွင်းလေးတွေက အစွမ်းကောင်းကောင်း ပြသနိုင်ခဲ့ပေမယ့် အဲ့လိုပြသနိုင်ခဲ့တာက အလစ်ချောင်း တိုက်ခိုက်ခဲ့လို့ပါ။ အခုလို တိုက်ရိုက်ရင်ဆိုင်ရတဲ့ အချိန်အမျိုးမှာတော့ သူတို့နှစ်ယောက်စလုံး နည်းနည်းလေးတောင် အသာစီး မရတော့ပါဘူး။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ကျင့်ကြံသူ နှစ်ယောက်က ရန်ထိုက်ကို ကာကွယ်ရင်း ဖြေးဖြေးချင်း နောက်ပြန် ဆုတ်သွားခဲ့ကြတယ်။

တစ်ချိန်တည်းမှာပဲ ရန်ခန်နဲ့ ရန်ရင်တို့ အဖွဲ့သားတွေထဲ တစ်ယောက်ချင်းစီက တိုက်ပွဲကနေ ခွဲထွက်သွားလိုက်ပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်လိုက်ရင်း ရန်ထိုက်ရဲ့ စံအိမ်ထဲ ပြေးဝင်သွားခဲ့တယ်။

သူတို့ရှေ့မှာတော့ ရန်ထိုက်ရဲ့ အလံ ရှိနေခဲ့ပါတယ်။

ထိုနှစ်ယောက်ကို ရန်ထိုက် မြင်ခဲ့ပေမယ့် သူလုပ်နိုင်တာ ဘာမှမရှိတော့ ကူကယ်ရာမဲ့စွာနဲ့ ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

“အဆင်သင့်ပြင်ထားတော့” အချိန်အတော်ကြာအောင် တိတ်တဆိတ်နဲ့ စောင့်ကြည့်နေခဲ့ပြီးနောက် ရန်ကိုင်က လေနဲ့တိမ်‌ အစောင့်အကြပ် နှစ်ယောက်ကို သူစလှုပ်ရှားတော့မည် ဖြစ်ကြောင်း သတိပေးလိုက်တယ်။

သူ့နောက်မှာရှိနေတဲ့ စီနီယာနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး “စီနီယာနှစ်ယောက်က အားမနည်းဘူးဆိုပေမယ့် ဒီလို အနီးကပ်တိုက်ပွဲမျိုးမှာတော့ စီနီယာနှစ်ယောက်စလုံး ထူးထူးခြားခြား မလုပ်နိုင်မှာကို ကျုပ်စိုးရိမ်မိတယ်”

လေအစောင့်အကြပ်က ခေါင်းညိတ်လိုက်ပြီး “သခင်လေး ပြောတာ အမှန်ပဲ။ ဒီမှာ ရှိနေတဲ့ လူတွေထဲမှာ ကျုပ်တို့နှစ်ယောက်အောက် ခွန်အား မနိမ့်ကျတဲ့ လူတော်တော် များတယ်။ အချို့ဆိုရင် ကျုပ်တို့ ထက်တောင် ပိုပြီး သန်မာသေးတယ်။ ဒါပေမယ့် သခင်လေးကိုင် ဘာကိုပဲ ညွှန်ကြားညွှန်ကြား ကျုပ်တို့ဘက်က အတတ်နိုင်ဆုံး ကူညီပေးမှာပါ”

“ကောင်းပြီလေ၊ ကျုပ်နောက်က လိုက်ခဲ့။ တိုက်ပွဲထဲကို ကျုပ်တို့ တိတ်တိတ်လေး ခိုးဝင်သွားမယ်။ ဝင်သွားပြီးတာနဲ့ အခြေအနေ တစ်ခုလုံးပိုပြီး ပရမ်းပတာ ဖြစ်အောင် လုပ်လိုက်။ ဒါပေမယ့် ခင်ဗျားတို့ကိုယ်တိုင် အဲ့အရှုပ်အထွေးထဲ ဝင်မပါမိစေနဲ့နော်။ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ချက်ချင်း ထွက်လာခဲ့လိုက်” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်တယ်။

လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်စလုံးက ဒေါင်မိသားစုက ဖြစ်ပြီး နှစ်ယောက်စလုံးက ဒေါင်ချင်းဟန်နောက်ကို သစ္စာရှိရှိနဲ့ နှစ်ပေါင်းများစွာ ကြာအောင် လိုက်လာခဲ့တာပါ။ သူတို့ နှစ်ယောက်သာ ဒီမှာ သေသွားခဲ့ရင် ဒေါင်ချင်းဟန် ဝမ်းနည်းပက်လက် ဖြစ်ရပါလိမ့်မယ်။

ရန်ကိုင်က သူတို့ နှစ်ယောက်ကို ခွေးနှစ်ကောင် ကိုက်နေချိန် အမြတ်ဝင်ထုတ်ဖို့ ခေါ်လာခဲ့တာပါ။ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးကိုတော့ ဒုက္ခမရောက်စေချင်ပါဘူး။

“အင်း” ရန်ကိုင် ပြောတာကို နားထောင်ပြီးနောက် လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး ခေါင်းညိတ်ပြလိုက်ကြတယ်။

သူတို့ အတွက်တော့ အခုလို ပရမ်းပတာ ဖြစ်နေတဲ့ အခြေအနေထဲ ခိုးဝင်သွားဖို့က အရမ်းကြီး မခက်ခဲပါဘူး။ ဒါပေမယ့် ဂရုစိုက်ဖို့တော့ လိုအပ်ပါသေးတယ်။ သူတို့ စိုးရိမ်ရမယ့်လူက ရန်မိသားစုက သွေးစစ်သည်တော် နှစ်ယောက်ပါ။ ဒါပေမယ့် ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်ကို သူတို့ သွားမတိုက်ခိုက် သရွေ့ ထိုနှစ်ယောက်ကလည်း သူတို့ကို စပြီး တိုက်ခိုက်လိမ့်မှာ မဟုတ်ပါဘူး။

“ပြီးတော့၊ ခင်ဗျားတို့ သွားတဲ့အချိန် ရန်ရင့်လူတွေကို ကူပြီး ရန်ခန်းဘက်က လူတွေကို တိုက်ပေးလိုက်။ နှစ်ဖက်စလုံးကနေ ဝင်ကူဖို့ မလုပ်ကြနဲ့”

သူတို့နှစ်ယောက်သာ ရန်ရင်ကို ကူညီပေးလိုက်ရင်၊ ရန်ရင်ဘက်ကနေ နောက်ထပ် စစ်ကူတွေ ရောက်လာတယ်လို့ ရန်ခန်း ထင်သွားပါလိမ့်မယ်။ ဒါပေမယ့် သူထင်သလို မဟုတ်ဘူး ဆိုတာကို ခပ်မြန်မြန်ပဲ ပြန်ပြီး ရှာတွေ့သွားလိမ့်မှာပါ။ ခဏလေးပဲ ဆိုပေမယ့် ထိုအချိန်အတိုင်းအတာက ရန်ကိုင်အတွက် ထွက်ပြေးဖို့ လုံလောက်သွားပါပြီ။

နှစ်ဖက်စလုံးကိုသာ ကူညီပေးမယ် ဆိုရင်တော့ အချိန်လည်း၊ အကျိုးလည်း မရှိ ဖြစ်သွားမှာပါ။

ရန်ထိုက်ရဲ့ စံအိမ်ထဲကနေ အင်မော်တယ် တက်လှမ်းခြင်းအင့်၅ ကျင့်ကြံသူ နှစ်ယောက် ပြေးထွက်လာခဲ့တယ်။ တစ်ယောက်က ရန်ခန်းဘက်ကဖြစ်ပြီး ကျန်တစ်ယောက်က ရန်ရင်ဘက်ကပါ။ အခုအချိန်၌ တစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ အလံကိုကိုင်ရင်း ရှေ့ကနေ ပြေးနေခဲ့ပြီး ကျန်တစ်ယောက်ကတော့ နောက်ကနေ အလျင်စလို ပြေးလိုက်နေခဲ့တယ်။

ရန်ခန်းက ထိုနှစ်ယောက်ကို မြင်လိုက်တာနဲ့ တိုက်ပွဲ အခြေအနေကို ဆက်ပြီး ဂရုစိုက်မနေတော့ပဲ ခပ်မြန်မြန် လှမ်းအော်လိုက်တယ် “ဒီကိုလာခဲ့”

အလံကိုင်ထားတဲ့ ပညာရှင်က ရန်ခန်းဆီ အလျင်စလို ပြေးသွားလိုက်တယ်။ အလံကို ရန်ခန်းလက်ထဲ ထည့်ပေးလိုက်နိုင်တာနဲ့ တန်ယုရှန်းရဲ့ အကူအညီနဲ့ဆို သူ့လက်ထဲက အလံကို ဘယ်သူကမှ လုယူနိုင်တော့မှာ မဟုတ်ပါဘူး။

“အိမ်မက်ပဲ မက်နေလိုက်” ရန်ရင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ ချက်ချင်းပဲ အလံကိုင်ထားတဲ့ လူဆီ ပြေးဝင်သွားလိုက်တယ်။

“ခုနှစ်ယောက်မြောက် ညီလေးက ဘာလို့ ဒီလောက်တောင် လောနေရတာလဲ” ရန်ခန်းက ရယ်ကာမောကာနဲ့ ရန်ရင်ကို ဖြတ်တားလိုက်တယ်။

ရန်ရင်နောက်မှာ ရှိနေတဲ့ သွေးစစ်သည်တော်က သူ့ရဲ့ စိတ်စွမ်းအင်ကို ခပ်မြန်မြန်ပဲ ထုတ်လွှတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ တန်ယုရှန်းကလည်း သူမရဲ့ ဝိဥာဉ်ပညာရပ်ကို ထုတ်သုံးလိုက်တယ်။

ရန်ခန်းနဲ့ ရန်ရင်တို့ကြားက တိုက်ပွဲ စတင်လာခဲ့တဲ့ တစ်ချိန်တည်းမှာပဲ သွေးစစ်သည်တော် နှစ်ယောက်ကြားက တိုက်ပွဲလည်း စတင်လာခဲ့တယ်။

ရန်ကိုင်က လေနဲ့တိမ် အစောင့်အကြပ်ကို ဦးဆောင်ပြီး ထိုရှုပ်ထွေးနေသည့် ပရမ်းပတာ တိုက်ပွဲထဲသို့ ခိုးကြောင်ခိုးဝှက်နဲ့ ဝင်ရောက်လာခဲ့တယ်။

အကြည်ပေါင်းများစွာက ရန်ခန်းနဲ့ ရန်ရင်တို့ကြားက တိုက်ပွဲကို အာရုံစိုက်ကြည့်နေတာ ဖြစ်လို့ လူအချို့က ရန်ကိုင်တို့ သုံးယောက်ကို သတိပြုမိခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက အပျော်လာကြည့်တာ ဖြစ်တဲ့အတွက် ရန်ကိုင်တို့ သုံးယောက်ရဲ့ လှုပ်ရှားမှုကို သတိပြုမိတယ် ဆိုရင်တောင် ရန်ခန်းနဲ့ ရန်ရင်တို့ကို လှမ်းအော်ပြီး သတိပေးမှာ မဟုတ်ပါဘူး။ သူတို့ စိတ်ဝင်စားနေတာက ထိုသုံးယောက်က ဘယ်သူလဲ ဆိုတာကိုပါ။

ရန်မိသားစုက သခင်လေး နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ရင်း အလုပ်ရှုပ်နေခဲ့ကြသလို သွေးစစ်သည်တော် နှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရင်း မအားလပ်နိုင်အောင် ဖြစ်နေခဲ့ကြတယ်။ အလံကို သွားလုတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ နှစ်ယောက်လည်း တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေခဲ့ကြတယ်။ ရန်ထိုက်နဲ့ တွမ့်မူမိသားစုက ကျင့်ကြံသူတွေကတော့ အဖမ်းမခံမိအောင် ကြိုးစားရင်း အစွမ်းကုန် ပြန်လည်တိုက်ခိုက် နေခဲ့ကြတယ်။

စစ်ပွဲမြို့တော်ရဲ့ အရှေ့မြောက် အစွန်ဆုံးအပိုင်း တစ်ခုလုံး တိုက်ပွဲကွင်းပြင်လေးခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

တွမ့်မူမိသားစုရဲ့ ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေခဲ့ကြပြီး အခုဆို လေးယောက်၊ ငါးယောက်လောက်ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ထိုလေးယောက်၊ ငါးယောက်နဲ့ အသည်းအသန် ပြန်လည် ခုခံတိုက်ခိုက် နေတုန်းပါပဲ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ကျင့်ကြံသူ နှစ်ယောက်တောင် ဒဏ်ရာများစွာ ရရှိထားခဲ့ပါတယ်။

ရန်ကိုင်က လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ကို တိုးတိုးတိတ်တိတ်နဲ့ ပြောဆိုညွှန်ကြားပြီးတာနဲ့ ချက်ချင်းပဲ အလံအတွက် တိုက်ပွဲဖြစ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ဆီ ပြေးဝင်သွားလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်စွမ်းအင်တစ်ခုကက စံအိမ်ကွင်းပြင် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့တယ်။

ထိုကြောက်မက်ဖွယ် ကောင်းကင် စိတ်အာရုံက ရန်ထိုက်ရဲ့ ခြံဝန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တယ်။ သူတို့ရင်ဘတ်ဆီ အလွန်လေးလံတဲ့ တောင်ကြီးတစ်လုံး ပိကျလာသလို အားလုံး ခံစားလိုက်ရတယ်။

တိုက်ခိုက်နေတဲ့ လူအားလုံးရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ တစ်ယောက်ချင်းစီက သူတို့ရဲ့ ပတ်ဝန်းကျင်ကို သတိမပြတ် စစ်ဆေးလိုက်ကြတယ်။

အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ စိတ်စွမ်းအင်လား။

သွေးစစ်သည်တော် နှစ်ယောက်စလုံး တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြပြီး သူတို့ သခင်လေးတွေဆီ ချက်ချင်း ပြန်ဆုတ်သွားလိုက်ကြပည သတိအပြည့်နဲ့ ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို သေသေချာချာ စစ်ဆေးကြည့်လိုက်တယ်။

အလံအတွက် တိုက်ခိုက်နေကြတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကတော့ ဖိအားဒဏ်ကို ပိုပြီး ခံစားလိုက်ရတဲ့အတွက် မြေကြီးပေါ် လဲကျလုမတတ် ဖြစ်သွားခဲ့ရတယ်။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်က ငါတို့ကို စိုက်ကြည့်နေတာလားလို့ တွေးမိလိုက်တာနဲ့ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူ နှစ်ယောက်စလုံး ထိတ်လန့်ချောက်ချား သွားခဲ့ကြတယ်။ ရုတ်တရက် ဆိုသလို အနက်ရောင် အရိပ်တစ်ခုက သူတို့ဆီ ပြေးဝင်လာတာကို နှစ်ယောက်စလုံး သတိထားမိလိုက်ကြတယ်။

နှစ်ယောက်စလုံးက မာန်သွင်းလိုက်ပြီး တန်ပြန် တိုက်ခိုက်ဖို့ လုပ်လိုက်တယ်။

ဒါပေမယ့် သူတို့ဘက်က စတောင် မတိုက်ခိုက်ရသေးခင်မှာပဲ မှိန်ဖျဖျ ခရမ်းရောင် လှိုင်းတွန့်လေးတွေက သူ့နှစ်ယောက်စလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

“ဝိဥာဉ်ပညာရပ်လား” လူကြီးနှစ်ယောက်စလုံး ထိတ်လန့်တကြား အော်လိုက်ကြတယ်။ ဒါပေမယ့် သူတို့ မတုန့်ပြန် နိုင်သေးခင်မှာပဲ သင်းပျံ့တဲ့ ရနံ့တစ်ခုက သူတို့နှာခေါင်းထက် ရစ်ဝဲလာခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေသည့် သွေးနီရောင် ပွင့်ချပ်များစွာက သူတို့နှစ်ယောက်စလုံးကို ဖုံးအုပ်သွားခဲ့တယ်။

အလစ်အငိုက် ချောင်းတိုက်ခိုက် ခံလိုက်ရတာ ဖြစ်တဲ့အတွက် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်စလုံး တစ်ပြိုင်တည်းလိုလို နောက်ပြန်ဆုတ်လိုက်ကြပြီး သူတို့ ကိုယ်ထဲ စိမ့်ဝင်လာတဲ့ အအေးဓါတ်တွေကို အလျင်စလို ထုတ်ပယ်ကြပါတော့တယ်။ သူတို့ ကျောပြင်တစ်ခုလုံးကတော့ ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့တာပေါ့။

ထိုပညာရှင် နှစ်ယောက်စလုံး အားမနည်းကြပါဘူး။ ရန်ကိုင့် ဝိဥာဉ်ပညာရပ်ရဲ့ တိုက်ခိုက်မှုကို ခံရပြီးတာတောင် နှစ်ယောက်စလုံးရဲ့ အသိစိတ်ပင်လယ်က တည်ငြိမ်နေနိုင်သေးပါတယ်။ ဒါပေမယ့် ဝိဥာဉ်ပညာရပ် တိုက်ခိုက်မှုပြီးတာနဲ့ သွေးနီရောင်ပွင့်ချပ် တိုက်ခိုက်မှုက တဆက်တည်း တန်းရောက်ရှိလာခဲ့တဲ့ အတွက် ပညာရှင် နှစ်ယောက်စလုံး ဟန်ချက် ပျက်သွားခဲ့ရတယ်။

ထိုဟာကွက်ကို အခွင့်ကောင်းယူကာ ရန်ကိုင်က အလံကိုင်ထားတဲ့ ကျင့်ကြံသူဆီ ပြေးဝင်သွားလိုက်ပြီး နတ်ဆိုးဆန်ဆန် ပြုံးလိုက်တယ်။

ထိုလူ မော့ကြည့်လိုက်တဲ့အခိုက် ရန်ကိုင် မျက်နှာကို တွေ့သွားခဲ့ပြီး ရုတ်တရက် အေးခဲကြောင်အသွားခဲ့ရတယ်။

အသိပြန်ဝင်လာတဲ့ အချိန်မှာတော့ သူ့လက်ထဲက အလံက ရန်ကိုင်ကလက်ထဲ ရောက်နေခဲ့ပါပြီ။

“မင်း…” အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်မှာ သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်သွားခဲ့ရတယ်။ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ရန်မိသားစု သခင်လေး ရှစ်ယောက်စလုံးရဲ့ မျက်နှာတွေကို သူတို့ မြင်ဖူးကြပါတယ်။ ဒါပေမယ့် အငယ်ဆုံး ရန်သခင်လေးက သူ့ရှေ့မှာ ရုတ်တရက်ကြီး ထွက်ပေါ်လာလိမ့်မယ်လို့တော့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။

ထိုအချိန်တစ်ခဏအတွင်း သူ့ကိုယ်သူ အိမ်မက်မက်နေတယ်လို့ ခံစားလိုက်ရတယ်။ ပြီးတော့ ပုံရိပ်ယောင် တစ်ခုထဲများ ကျသွားတာလားလို့တောင် သူ့ကိုယ်သူ သံသယဝင်လာမိခဲ့တယ်။

ရန်ကိုင်က ထိုပညာရှင်အား တုန့်ပြန်ချိန်တောင် မပေးပဲ ပွင့်ချပ်တစ်ထောင် သွေးပန်းနဲ့ တရစပ် တိုက်ခိုက်လိုက်တယ်။ ထို့နောက် သူ့လက်ထဲက အလံကို လေပေါ် ပစ်တင်လိုက်တယ်။

ညအမှောင်ထုထဲ ရွှေရောင်အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ခြေသည်းနှစ်ခုက ရန်ကိုင်ရဲ့ အလံကို ဖမ်းယူလိုက်ကာ အဝေးတစ်နေရာဆီ တစ်ဟုန်ထိုး ပျံသန်းထွက်ပြေးသွားခဲ့တယ်။

ထိုထွက်ခွါသွားတဲ့ ပုံရိပ်ဆီကနေ တောင်ပံခတ်သံတို့ ထွက်ပေါ်လာခဲ့တယ်။

ရွှေရောင်ငှက်မွှေးသိမ်းငှက်…

“အရူး၊ မင်းဘာလုပ်နေတာလဲ” ရန်ခန်းက အလံလုခံလိုက်ရတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်ကို အကျယ်ကြီး အော်ဟစ်ဆဲဆိုလိုက်တယ်။ ရန်ကိုင်က လမ်းလေးလျှောက်ပြီး သူ့ရန်သူဆီကနေ အလံကို အသာအယာလေး ယူသွားခဲ့တယ်လို့ပဲ ရန်ခန်း မြင်နေတာပါ။ ဒါပေမယ့် အခုအချိန်၌ အလံလုခံလိုက်ရတဲ့ ပညာရှင် ဘယ်လောက်တောင် ထိတ်လန့်နေလဲ ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။

“အဲ့ဒါ…. အဲ့ဒါ… မဟုတ်ဘူး ဒါပေမယ့်… သူ…. သူ…” သူအထင်လွဲသွားခံလိုက်ရပြီမှန်း ထိုပညာရှင် သိလိုက်တယ်။ ဒါပေမယ့် အခုအခြေအနေကို သူဘယ်လို ရှင်းပြရလို့ ရှင်းပြရမှန်း မသိဖြစ်နေခဲ့တယ်။

ရန်ခန်းဘေးနားမှာ ရပ်နေတဲ့ တန်ယုရှန်းကတော့ ရွှေရောင်ငှက်မွှေး သိမ်းငှက် ပျံသန်းသွားတဲ့ အရပ်ဆီ ကြည့်ရင်း မျက်မှောင်လေး ကြုံ့နေခဲ့တယ်။ တစ်ခဏကြာပြီးနောက် သူမရဲ့ မျက်နှာလှလှလေးထက် တောက်ပံ့တဲ့ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ခမောက်ဆောင်းထားတဲ့ ရန်ကိုင်ဆီ အကြည့်ရောက်သွားတဲ့ အချိန်မှာတော့ သူမအကြည့်က ညင်သာသိမ်မွေ့လို့ သွားခဲ့လေရဲ့။

Martial Peak

အပိုင်း(၄၂၇) သူ့ကို ဖမ်းထားလိုက်

ရထားတဲ့အလံက ရုတ်တရက်ကြီး လုယူသွားခံလိုက် ရတဲ့အတွက် အလံရလို့ အူမြူးနေတဲ့ ရန်ခန်း မျက်နှာတစ်ခုလုံး ရုတ်ချည်း ရှုံ့မဲ့သွားခဲ့တယ်။

ပြီးတော့ ထိုအမည်အသိလူက အလံကို လုယူသွားပြီးတာနဲ့ ချက်ချင်း လေထဲ ပစ်တင်လိုက်ပါတယ်။ လေထဲရောက်သွားတာနဲ့ အလံလည်း အစအနေရှာမရအောင် ပျောက်ကွယ်သွားခဲ့ပါတယ်။

ရန်ခန်က‌ ဒေါသတကြီး အော်ဟစ်လိုက်ပေမယ့် အလျင်စလို မလှုပ်ရှားရဲခဲ့ပါဘူး။

အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ရဲ့ အလွန်အမင်း အားကောင်းသည့် စိတ်စွမ်းအင် ရန်ထိုက် ခြံဝန်းတစ်ဝိုက် တရစ်ဝဲဝဲနေပါသေးတယ်။

ရန်ခန် မလှုပ်ရှားရဲရုံမကလို့ ခြံဝန်းထဲမှာ ရှိနေတဲ့ လူအားလုံးလည်း အလျင်စလို မလှုပ်ရှားရဲခဲ့ပါဘူး။

ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည့် ပညာရှင်တစ်ယောက် အနီးအနားမှာ ပုန်းအောင်းနေတာက သူတို့အားလုံးကို နေမထိထိုင်မထိ ဖြစ်နေစေခဲ့ပါတယ်။ ထိုလူ ဘယ်သူလဲ ဆိုတာကို သူတို့ထဲက တစ်ယောက်မှ မသိကြပါဘူး။ ဒါပေမယ့် ထိုပညာရှင်က သူတို့ထဲက မဟုတ်ဘူးဆိုတာကိုတော့ အားလုံး သိထားကြပါတယ်။

ထိုကြောက်မက်ဖွယ် ကောင်းကင် စိတ်အာရုံကြောင့်ပဲ အစက ဖိအားပေးခံနေရတဲ့ ရန်ထိုက်နဲ့ တွမ့်မူမိသားစုက လက်ကျန် ပညာရှင်တွေ အနားယူသွားနိုင်ခဲ့ကြတယ်။

လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်သာ ချွင်းချက်ပါ။ ထိုလူအိုကြီး နှစ်ယောက်က သူတို့ရဲ့ သိုင်းပညာရပ်တွေကို သုံးကာ ရန်ခန်ရဲ့ မဟာမိတ်တွေကို တိုက်ခိုက်နေခဲ့ကြပါတယ်။ ထိုလူအိုကြီး နှစ်ယောက်ကို သိပ်မရင်းနှီးဘူးလို့ ရန်ရင်ခေါ်လာတဲ့ လူတွေ ခံစားမိပေမယ့် ငါတို့စတွေ့တာ တစ်ရက်ပဲ ရှိသေးတာတော့ လူစုံတက်စုံကို မတွေ့ရသေးတာ ဖြစ်မယ်လို့ တွေးပြီး ထိုလူအိုကြီး နှစ်ယောက်အကြောင်းကို ခေါင်းထဲကနေ ထုတ်ထားလိုက်ကြတယ်။ ထို့ကြောင့် လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်က တိုက်ပွဲထဲ လွတ်လွတ်လပ်လပ် စိတ်ကြိုက် သောင်းကျန်း နေနိုင်ခဲ့တယ်။

တစ်ခဏကြာပြီးနောက် လေနဲ့တိမ် အစောင့်အကြပ်နှစ်ယောက် ရန်ထိုက်ရှေ့ ရောက်ရှိလာခဲ့တယ်။

အခြေအနေ မကောင်းတော့မှန်း သတိပြုမိလိုက်တာနဲ့ ရန်ခန်း ထအော်လိုက်တယ် “မင်းတို့ ဘာလုပ်နေကြတာလဲ။ ငါရဲ့ တတိယမြောက် အစ်ကိုကို မြန်မြန် သွားဖမ်းကြလေ”

အလံက လုယူသွားခံရပြီဖြစ်လို့ လူပဲ ရှိပါတော့တယ်။ လူပါ ထပ်ဆုံးရှုံးလိုက်ရမယ် ဆိုရင်တော့ ဖွတ်မရ ဓါးမဆုံးဘဝ ရောက်ရှိသွားပါလိမ့်မယ်။

ရန်ခန်းရဲ့ အော်သံကြောင့် ကြောင်အနေတဲ့ လူအားလုံး အသိပြန်ဝင်လာခဲ့တယ်။ ချက်ချင်းပဲ လူတိုင်းလူတိုင်းက သူတို့ရဲ့ သိုင်းပညာရပ်တွေကို သုံးပြီး စတင်တိုက်ခိုက်ကြပါတော့တယ်။

ရန်ရင်ကလည်း အော်ဟစ်လိုက်တယ် “သူတို့တွေကို တားထားကြ”

နှစ်ဖက်ကျင့်ကြံသူတွေကြားက လုံးထွေးသတ်ပုတ်ပွဲကြီး နောက်တစ်ကြိမ် စတင်လာခဲ့ပြန်လေပြီ။

လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက် ရန်ထိုက်နား ရောက်ရှိလာတဲ့ အခါ ရန်ရင့် မဟာမိတ်တွေရဲ့ အကူအညီကြောင့် တွမ့်မူမိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်နှစ်ယောက်ကို‌ အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်ပြီး ရန်ထိုက်ကို အလွယ်တကူ ဖမ်းလိုက်နိုင်ခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ရင်က ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ပြီး “ခင်းဗျားတို့ နှစ်ယောက် လုပ်တာ တော်တယ်။ သူ့ကို ကျုပ်ဆီ ခေါ်လာခဲ့တော့”

“ဟုတ်ကဲ့ပါ” လေအစောင့်အကြပ်က အသံအကျယ်ကြီးနဲ့ ပြန်အော်ပြောလိုက်တယ်။

“မြန်မြန်”

“ဖမ်းလိုက်”

ပြောနေရင်းနဲ့ ရန်ထိုက်ကို လူအုပ်ကြီးထဲကနေ လှမ်းပစ်လိုက်တယ်။

ဒါပေမယ့် နောက်ဖြစ်ပျက်သွားတဲ့ အရာက ရန်ရင်ကို ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားစေခဲ့တယ်။ အခုလေးတင်ပဲ အလံကို လုယူသွားခဲ့တဲ့ အမည်မသိ လူက လေထဲခုန်တက်လာခဲ့ပြီး ရန်ထိုက်ကို လှမ်းဖမ်းလိုက်ကာ တစ်ခါတည်း တန်းထွက်ပြေး ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ လေနဲ့တိမ် အစောင့်အကြပ်ကလည်း လေထဲခုန်တက်လိုက်ပြီး ရန်ကိုင်နဲ့အတူ အမှောင်ယံ ညကောင်းကင်အောက် ထွက်ပြေးပျောက်ကွယ် သွားပါတော့တယ်။

“ငါးယောက်မြောက်အစ်ကိုနဲ့ ခုနှစ်ယောက်မြောက်အစ်ကိုတို့ ကျေးဇူးပဲ” ရင်းနှီးနေတဲ့ အသံက အဝေးကနေ ပျံ့လွင့်လာခဲ့တယ်။

ရန်ခန်းရဲ့ ရန်ရင်တို့ရဲ့ မျက်နှာထက် ထိတ်လန့် အံ့ဩမှုနှင့် ဒေါသ အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ထိတ်လန့်တကြားနဲ့ အော်ပြောလိုက်တယ် “ကိုးယောက်မြောက်ညီလေး”

ညီအစ်ကိုနှစ်ယောက်ရဲ့ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်တာနဲ့ ဘေးကနေ စောင့်ကြည့်နေကြတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အံ့အားသင့်သွားခဲ့ကြတယ်။

ကိုးယောက်မြောက် ညီလေးလား…ကြည့်ရတာကတော့ အခုပေါ်လာတဲ့ တစ်ယောက်က ရန်မိသားစုရဲ အငယ်ဆုံး သခင်လေး ရန်ကိုင် ဖြစ်တဲ့ပုံပါပဲ။

အစောပိုင်းတုန်းက ရန်ကျောင်းနဲ့ ရန်ရှန်းတို့က သူတို့ အင်အားစု အသီးသီးကို ခေါ်ပြီး ရန်ကိုင်ရဲ့ စံအိမ်ဆီ သွားနေတယ်လို့ ရန်ခန်း ပြောခဲ့ပါတယ်။ ကနေ့အစောပိုင်းတုန်းက ရန်ကိုင်ရဲ့ စွမ်းဆောင်ရည်နဲ့ အင်အားစု တစ်ခုကိုတောင်မှ မစုဆောင်းနိုင်တဲ့ အချက်ကိုပါ ထည့်ပေါင်းတွက်လိုက်ရင် သူ့အခြေအနေက ရန်ထိုက်ထက် ပိုသာတယ် ဆိုပေမယ့် သူလည်းပဲ ဒီည ထွက်ရမှာ သေချာသလောက် ရှိပါတယ်။

အခုအချိန်မှာဆိုရင် ရန်ကိုင်က သူ့စံအိမ်ထဲ ပုန်းအောင်းနေသင့်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ရတာလဲ။

ပြီးတော့ သူနဲ့အတူ အားကောင်းတဲ့ ကျင့်ကြံသူ နှစ်ယောက်ကိုပါ ခေါ်လာခဲ့တဲ့ ပုံပါပဲ။

ဒီကောင်က ကောင်းကင်ကိုတောင် မကြောက်ဘူးပဲ

လူအုပ်ကြီးထဲက ဘယ်သူမှ နားမလည်နိုင်ခဲ့ပါဘူး။ ရန်ခန်းရဲ့ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေတဲ့ လေသံက လူအုပ်ကြီးရဲ့ စိတ်လှုပ်ရှားမှုကို ပိုပြီး မြှင့်တင်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

အခုလို မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေက ဘေးကနေ စောင့်ကြည့်နေတဲ့ လူအုပ်ကြီးကို ပိုပြီးရင်ခုန် စိတ်လှုပ်ရှား သွားစေခဲ့တယ်။

တစ်ခဏ ကြာပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်က ရန်ထိုက်ကိုသယ်ပြီး မီတာထောင်ပေါင်း များစွာအကွာသို့ ရောက်ရှိသွားခဲ့ပါပြီ။ အစစ်အမှန်ချီကို အဆုံးစွန်ထိ လှည့်ပတ်ပြီး ပျံသန်းနေတဲ့အတွက် သူ့ရဲ့ ပုံရိပ်တွေသာ ကျန်ရစ်ခဲ့ပြီး အစစ်အမှန် ခန္ဓာကိုယ်ကတော့ ညကောင်းကင်ယံအောက် ပျောက်ကွယ်သွားခဲ့ပါပြီ။

“သခင်ငယ်လေးဆိုတာ ကျိန်းသေပဲ” တန်ယုရှန်းက ပြုံးကာ ရေရွတ်လိုက်တယ်။ ရွှေရောင်အလင်းတန်းကို မြင်လိုက်ကတည်းက ထိုရွှေရောင်အလင်းတန်းက ရွှေရောင်ငှက်မွှေးသိမ်းငှက်လားလို့ သူမ သံသယ ရှိနေခဲ့တာပါ။ အစောပိုင်းလေးတုန်းက ထွက်ပေါ်လာခဲ့တဲ့ ရန်ကိုင်ရဲ့အသံက သူမရဲ့ သံသယတွေကို သေချာသွားအောင် အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

“ခင်ဗျား အစကတည်းက သိနေတာလား” ရန်ခန်းက တန်ယုရှန်းကို မကျေမနပ်နဲ့ ကြည့်လိုက်တယ်။

တန်ယုရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ခေါင်းခါပြီး ပြန်ပြောလိုက်တယ် “အစောပိုင်တုန်းပဲ အထင်ပဲရှိတာ။ အခုမှပဲ သေချာသွားခဲ့တာ”

ရန်ခန်းအမူအရာ ဘီလူးသံပုရာသီး ကိုက်လိုက်ရသလို ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဘာမှတော့ ထပ်မပြောခဲ့ပါဘူး။ တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်က ရန်ကိုင်ကို အလွန်လေးစားကြမှန်း သူသိထားပြီးသားပါ။ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲအတွက် သူက တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ကို ရည်ရွယ်ချက် ရှိရှိနဲ့ ရွေးခဲ့တာက သူတို့ရဲ့ ခွန်အားက အရမ်းကြီး အားကောင်းနေလို့ မဟုတ်ပါဘူး။ အဲ့အစား ရန်ကိုင်ကို အနှောင့်အယှတ် ပေးချင်တာ ကြောင့်ပါပဲ။

ဒါပေမယ့် အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ ကိုယ့်အရှက် ကိုယ်ပြန်ခွဲသလို ဖြစ်သွားလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ပါဘူး။

ရန်ကိုင်က ဘာကိုမှ မဆုံးရှုံးပဲ အလံနဲ့လူကို ရယူသွားနိုင်ခဲ့ပါတယ်။ သူနဲ့ ရန်ရင်ကတော့ အဖွဲ့သား များစွာကို ဆုံးရှုံးခဲ့ရပေမယ့် ဘာမှ မရခဲ့ပဲ ကြက်လည်းဆုံး၊ ဆန်လည်ဆုံး ဖြစ်ခဲ့ရပါတယ်။

အခုအချိန်၌ သူဘယ်လောက်တောင် စိတ်ဓါတ်ကျနေလဲ ဆိုတာကို ခန့်မှန်း ကြည့်နိုင်ပါတယ်။

“လိုက်မယ်” ရန်ခန်းက အံ့ကြိတ်ပြီး ရန်ကိုင်တို့ လေးယောက်နောက် ပျံသန်းလိုက်သွားလိုက်တယ်။

ရန်ရင်ကလည်း သုန်မှုန်နေတဲ့ အမူအရာနဲ့ ရန်ကိုင်တို့နောက် လိုက်သွားလိုက်ကြတယ်။

အဖွဲ့နှစ်ခုစလုံး ကောင်းကင်ပေါ် အလျင်အမြန် ပျံတက်သွားလိုက်ကြတယ်။ အခုအချိန်၌ ရန်ထိုက်ရဲ့ ခြံဝန်းတစ်ခုလုံး ကုန်းကောက်စရာမရှိအောင် စုတ်ပြတ်နေခဲ့ပြီး တွမ့်မူမိသားစုက ခေါ်လာတဲ့ ကျင့်ကြံသူတွေဆိုရင်လည်း ငါးယောက်ပဲ ကျန်ပါတော့တယ်။ ထိုငါးယောက်စလုံးကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလို့ပါ။

ရန်ကိုင်နောက်လိုက်ပြီး ရန်ထိုက်ကို ပြန်လည် ရယူနိုင်ဖို့အတွက် ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ထိုလက်ကျန် တွမ့်မူ မိသားစုက ကျင့်ကြံသူတွေကို အရေးမစိုက်နိုင်တော့ပါဘူး။

ပထမညရဲ့ ပထမဆုံး တိုက်ပွဲက စိတ်ဝင်စားစရာ အလှည့်အပြောင်းတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အခု ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက် အားလုံးက အားလုံး မျှော်လင့်ထားတာနဲ့ တခြားစီ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲကြည့်သူတွေ အားလုံးက စိတ်မပျက်သွားရုံမကလို့ ပိုပြီးတော့ စိတ်လှုပ်ရှား သွားခဲ့ပြီး ချက်ချင်းပဲ ရန်ခန်းနဲ့ ရန်ရင်တို့နောက် ပြေးလိုက်သွားကြတယ်။

အခု လူအားလုံးက လက်ရဲဇက်ရဲရှိတဲ့ ကိုးယောက်မြောက် သခင်လေးရန်ကိုင်ကို တော်တော်လေး စိတ်ဝင်စားနေမိကြပါပြီ။ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးက ဘယ်လိုလူမျိုးလဲ၊ ဘယ်ကနေ ယုံကြည်ချက်တွေ ရလာလို့ သူ့အစ်ကိုနှစ်ယောက် လုနေတဲ့ အစာကို ကြားထဲက ဖြတ်လုရဲတာလဲ ဆိုတာကို အားလုံး သိချင်နေခဲ့ကြတယ်။

သူတို့စိတ်ထဲမှာကို ရန်ကိုင်ကို အဖမ်းမခံရစေချင်ပါဘူး။

သူ့လို လူတစ်ယောက် ရှိနေတဲ့ အမွေခံတိုက်ပွဲက ပိုပိုပြီး ရင်ခုန်စိတ်ဝင်စားစရာ ကောင်းလာမှာ အသေအချာပါပဲ။

ရန်ထိုက်ရဲ့ အပျက်အစီးပုံ ခြံဝန်းထဲမှာ ကျန်ရစ်နေခဲ့ကြတဲ့ တွမ့်မူမိသားစုက ကျင့်ကြံသူ ငါးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ကာ ထိုင်ချလိုက်ပြီး သူတို့ရဲ့ ဒဏ်ရာတွေကို စတင် ကုသပါတော့တယ်။

သူတို့ တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့ပြီးပါပြီ။

ဒီတစ်ကြိမ် တွမ့်မူမိသားစုက လူ၄၀ ပို့လွှတ်ခဲ့ပေမယ့် ငါးယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

လူအင်အားနဲ့ ပက်သက်ရင်း တွမ့်မူမိသားစု တော်တော်ကြီး အထိနာသွားတယ် ဆိုပေမယ့် ဂုဏ်သတင်းကတော့ တော်တော်လေး တက်သွားခဲ့ပါတယ်။ အခုတိုက်ပွဲကို ကြည့်လိုက်ရတဲ့ လူအားလုံး သေမယ်မှန်း သိနေတာတောင် သစ္စာရှိရှိ ရဲရဲဝံ့ဝံ့နဲ့ နောက်မဆုတ်တမ်း တိုက်ခိုက်ခဲ့တဲ့ တွမ့်မူမိသားစုဝင်တွေကို မချီးကျူးပဲ မနေနိုင်ခဲ့ကြပါဘူး။

ဒီလိုမိသားစုမျိုးက မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်ပါတယ်။

ထို့ကြောင့် ရေရှည်ကို ကြည့်ပြီး ပြောရမယ်ဆိုရင်တော့ တွမ့်မူမိသားစု နစ်နာသွားခြင်း မရှိပဲ မြတ်သွားတယ်လို့တောင် ပြောလို့ရပါတယ်။

ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး သူတို့ရဲ့ နောက်လိုက် အသီးသီးနဲ့ ရန်ကိုင်နောက်ကို အလျင်စလို ပျံသန်းလိုက်နေခဲ့ကြတယ်။ အစပိုင်းမှာတော့ ရန်ကိုင်ရဲ့ ဝိုးတဝါး ပုံရိပ်ကို မြင်တွေ့နေရသေးပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ သူ့ရဲ့ အရိပ်ကိုတောင် မျက်ခြေပျက်စ ပြုလာခဲ့ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များစွာက သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို သုံးပြီး ရန်ကိုင်ရဲ့ တည်နေရာကို အမှတ်အသားပြုဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူတို့ရဲ့ ကောင်းကင်စိတ်အာရုံက အဆုံးမဲ့ပင်လယ်ထဲ ကျသွားတဲ့ ကျောက်တုံးတစ်တုံးလို လုံဝ အသုံးမဝင် ဖြစ်သွားခဲ့ရပါတယ်။

ရန်ကိုင်နဲ့ ရန်ထိုက်က လေထဲ အငွေ့ပျံသွားသလိုမျိုး သူတို့ရဲ့ တည်နေရာကို လုံးဝကို အာရုံခံလို့ မရတော့တာပါ။

ထိုအချက်ကြောင့် ရန်ခန်းနဲ့ရန်ရင်တို့ နှစ်ယောက်စလုံးရဲ့ အမူအရာ ပိုပြီး အရုပ်ဆိုးသွားခဲ့ရတယ်။

“ကိုးယောက်မြောက် သခင်လေးကိုင်ရဲ့ အမြန်နှုန်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ” ကောင်းရန်ဖုန်းက အံ့အားသင့်စွာနဲ့ ရေရွတ်လိုက်တယ်။ လူတစ်ယောက်ကို သယ်ရင်းနဲ့တောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် များစွာ လိုက်ဖမ်းတာကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်တယ် ဆိုတော့ သူရဲ့အမြန်နှုန်းကို မွန်းစတားဆန်လွန်းတယ်လို့ပဲ ပြောရပါတော့မယ်။

“သူ့ဘယ်လောက်ပဲ မြန်မြန်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်အများကြီးရဲ့ ကောင်းကင် စိတ်အာရုံကနေ သူ့ရဲ့ တည်နေရာနဲ့ အရှိန်အဝါကို ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားနိုင်တာလဲ” ခန်ကျန်းက ခေါင်းခါရမ်းရင်း နားမလည်နိုင်သည့် အမူအရာနဲ့ ပြောလိုက်တယ်။

ရန်ရင်ရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့ပြီး တန်ယုရှန်းဆီ လှမ်းကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်ရင်း ပြောလိုက်တယ် “ငါးယောက်မြောက်အစ်ကို၊ မင်းခေါ်လာတဲ့ သွေးစစ်သည်တော်က အားကောင်းတဲ့ ဝိဥာဉ်ကို ပိုင်ဆိုင်ထားတယ်ဆို၊ သူမရဲ့ ကောင်းကင်စိတ်အာရုံကတောင် ကိုးယောက်မြောက် ညီလေး ဘယ်ထွက်သွားလဲ ဆိုတာကို အာရုံခံလို့ မရတာလား”

ရန်ရင်ပြောတာကို နားထောင်ရင်း ရန်ခန်းက တန်ယုရှန်းအား မေးခွန်းထုတ်သလို ကြည့်လိုက်တယ်။

ဒါပေမယ့် တန်ယုရှန်းက ခေါင်းခါရမ်းပြီးတော့သာ ပြန်ပြောလိုက်တယ် “ကျွန်မ ကြိုးစားကြည့်ပြီးပြီ။ သခင်ငယ်လေးရဲ့ တည်နေရာကို လုံးဝ ရှာလို့မတွေ့ဘူး”

ရန်ခန်းက မျက်မှောင်ကြုံ့လိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ယုရှန်း၊ ကိုးယောက်မြောက် ညီလေးနဲ့ ခင်ဗျားတို့ကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမှန်း ကျုပ်သိတယ်။ ဒါပေမယ့် ဒါက အမွေခံတိုက်ပွဲဆိုတဲ့ အချက်နဲ့နဲ့ ခင်ဗျားက ရန်မိသားစုက သွေးစစ်သည်တော် ခန်းမရဲ့ သွေးစစ်သည်တော် တစ်ယောက် ဆိုတာကို မမေ့နဲ့ဦး”

တန်ယုရှန်းက ထိုအချက်ကို ကောင်းကောင်း နားလည်ထားပါတယ်။ ထို့ကြောင့် နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ချက်ချင်း ပြန်ပြောလိုက်တယ် “သွေးစစ်သည်တော်က ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အလုပ်ကိစ္စကို ကောင်းကောင်းခွဲတတ်ပါတယ်။ သခင်လေးခန်းက အကျိုးဆောင်အမှတ်တွေ သုံးပြီး တုဖုန်းနဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ အကူအညီကို တောင်းဆိုခဲ့မှတော့၊ အမွေခံတိုက်ပွဲမှာ သခင်လေးခန် မရှုံးနိမ့်သေးသရွေ့ ၊ ကျွန်မတို့ နှစ်ယောက်ကလည်း သခင်လေးကို အပြည့်အဝ ထောက်ပံ့ပေးမှာပါ”

တန်ယုရှန်း ပြောတာကို နားထောင်ပြီးနောက် ထိုကိစ္စအကြောင်း ဆက်မပြောသင့်တော့မှန်း ရန်ခန်း နားလည်လိုက်တယ်။ သူ့အမူအရာကို ပြန်ပြင်လိုက်ပြီး အသာအယာလေး ခေါင်းညိတ်လိုက်ကာ “ခင်ဗျားရဲ့ သစ္စာစောင့်သိမှုကို မေးခွန်း ထုတ်နေတာ မဟုတ်ပါဘူး။ ခင်ဗျားတောင် သူ့ကို မရှာနိုင်မှတော့ ကိုးယောက်မြောက် ညီလေးကို ကူညီပေးနေတဲ့ အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက် ကျိန်းသေ ရှိနေမှာပေါ့”

“မင်းပြောချင်တာက… အဲ့ကောင်းကင်စိတ်အာရုံရဲ့ ပိုင်ရှင်ကို ပြောတာလား” အစောပိုင်းတုန်းက သူတို့အားလုံးကို ဖိနှိပ်ခဲ့တဲ့ ကြောက်မက်ဖွယ် ကောင်းကင် စိတ်အာရုံကို ရန်ရင်ရုတ်တရက် ပြန်အမှတ်ရမိလိုက်တယ်။

“အဲ့တစ်ယောက်ပဲ ဖြစ်ရမယ်။ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပညာရှင်တစ်ယောက်က သူ့ဘေးမှာ ရှိနေမှတော့ ငါတို့ ခြေရာခံလိုက်တာကနေ သူအလွယ်တကူ ပုန်းရှောင်နေနိုင်မှာပဲ” ရန်ခန်းရဲ့ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့ဘာသာ တိုးတို‌လေး ရေရွတ်လိုက်တယ် “ထူးဆန်းတယ်၊ ဒီလောက်တောင် အားကောင်းတဲ့ အကူအညီ တစ်ယောက်ကို ကိုးယောက်မြောက် ညီလေး ဘယ်ကနေများ ရလာခဲ့တာလဲ”

အမွေခံတိုက်ပွဲ၌ အင်အားစုများစွာ ပါဝင်ယှဉ်ပြိုင် ကြပေမယ့် မိသားစုကြီး ရှစ်ခုကတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ထက် ကျော်လွန်တဲ့ ဘယ်ကျင့်ကြံသူကိုမှ စေလွှတ်လေ့ မရှိပါဘူး။

ကျန်တဲ့ ပထမအဆင့် အင်အားစုတွေကလည်း အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေကို စေလွှတ်လေ့ မရှိပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် အများစုရဲ့ အဆင့်အတန်းက အရမ်းကို မြင့်မားပြီး အားလုံးလိုလိုက သက်ကြီးပိုင်းတွေ ဖြစ်တာ များပါတယ်။ ထို့ကြောင့် သူတို့တွေက အမွေခံတိုက်ပွဲလို ပြိုင်ပွဲတွေမှာ ဝင်ပါလေ့မရှိပါဘူး။ ပြီးတော့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေ ဆိုတာ သူတို့အင်အားစုတွေရဲ့ အုတ်မြစ်တွေ ဖြစ်ကြတဲ့အတွက် ထိုပညာရှင်တွေကို အလကားသက်သက် အဆုံးရှုံးမခံနိုင်ကြပါဘူး။

ထို့ကြောင့် ပထမအဆင့် အင်အားစုတွေအတွက် သူတို့ စေလွှတ်လေ့ ရှိတဲ့ အမြင့်ဆုံးအဆင့် ပညာရှင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင်တွေပါပဲ။ ဟုတ်တာပေါ့၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကို ကျော်လွန်နေတဲ့ ကျင့်ကြံသူတွေကို အမွေခံတိုက်ပွဲထဲ စေလွှတ်လို့ မရဘူးဆိုတဲ့ စည်းမျဉ်းတော့ မသတ်မှတ်ထားပါဘူး။ တိုက်ပွဲအရှိန်တက်လာပြီ ဆိုရင်တော့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တွေပါ တစ်ခါတစ်ရံ ပါလာတတ်ကြပါတယ်။

ဒုတိယအဆင့် အင်အားစုတွေမှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ထက် ပိုသန်မာတဲ့ ကျင့်ကြံသူတွေ ရှိတယ်ဆိုတာ ရှားပါတယ်။

သွေးတိုက်ပွဲဂိုဏ်းမှာဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူဆိုလို့ သွေးတိုက်ပွဲဂိုဏ်းခေါင်းဆောင် ဟူမန် တစ်ယောက်ပဲ ရှိပါတယ်။ သူက ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်သလို ဂိုဏ်းရဲ့ ထောက်တိုင်လည်း ဖြစ်တဲ့အတွက် အခုလို အန္တရာယ်များတဲ့ အမွေခံတိုက်ပွဲမျိုးမှာ ဝင်ပါလိမ့်မှာ မဟုတ်ပါဘူး။ မုန်တိုင်စံအိမ် မှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈သို့ ရောက်နေတဲ့ ကျင့်ကြံသူ တစ်ယောက်တောင် မရှိပါဘူး။ ဂိုဏ်းခေါင်းဆောင် ရှောင်ရို့ဟန်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ကိုပဲ ရောက်ပါသေးတယ်။

ဒုတိယအဆင့် အင်အားစုတွေက ပို့လွှတ်လေ့ရှိတဲ့ ပညာရှင်တွေရဲ့ ခွန်အားက အများဆုံးမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆၊ အဆင့်၇လောက်ပဲ ရှိတာပါ။

တတိယအဆင့် အင်အားစုတွေမှာတော့ အင်မော်တယ် တက်လှမ်းခြင်း ရောက်နေတဲ့ ပညာရှင်တွေ မရှိသလောက် နည်းပါးပါတယ်။ ထို့ကြောင့် သူတို့ ပို့လွှတ်တဲ့ လူတွေက ဒုတိယအင်အားစုက ပို့လွှတ်တဲ့ လူတွေထက် ပိုပြီး အားနည်းနေလေ့ ရှိပါတယ်။

အမွေခံတိုက်ပွဲမှာ အသေအပျောက် ရှိတယ်ဆိုတာ သာမန်ကိစ္စတစ်ခုပါပဲ။ ထိုအားနည်းတဲ့ အင်အားစုလေးတွေသာ ကြီးကြီးမားမား ဆုံးရှုံးလိုက်ရမယ်ဆိုရင် သူတို့ရဲ့ အင်အား တော်တော်လေး လျော့ကျသွားနိုင်သလို သူတို့ရဲ့ အုတ်မြစ်ကိုလည်း ထိခိုက်သွားနိုင်ပါတယ်။ ကံဆိုးရင် ဘယ်တော့မှ နလန်ပြန်မထူလာ နိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ထိုအချက်တွေကြောင့်ပဲ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်တဲ့ ဘယ်အင်အားစုမဆို သူတို့ အရှုံးခံနိုင်တဲ့ လူအရေအတွက် လောက်ကိုပဲ စေလွှတ်လေ့ရှိပါတယ်။

အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူကတော့ ဘယ်ရန်သခင်လေးမှာမှ မရှိသေးပါဘူး။

ရန်ကိုင်ကိုသာ အဲ့လိုမျိုး အားကောင်းတဲ့ ပညာရှင်တစ်ယောက်က ထောက်ပံ့ပေးနေမယ် ဆိုရင် သူ့နောက်ကို လိုက်တာတောင် တော်တော်လေး အန္တရာယ်များနေပါပြီ။ သူ့ဆီကနေ ရန်ထိုက်ကို လုယူဖို့ဆိုရင်တော့ ဝေလာဝေးပေါ့။

“ကိုးယောက်မြောက် ညီလေးက ဒီတစ်ကြိမ် အချီကြီး ရလိုက်တဲ့ပုံပဲ” ရန်ရင်က ခေါင်းခါရမ်းလိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်တယ်။

အလံကို သူပဲ လုယူသွားခဲ့လို ရန်ထိုက်ကိုလည်း သူပဲ ဖမ်ခေါ်သွားခဲ့ပါတယ်။ လူတစ်ယောက်၊ အလံတစ်ခုနဲ့ ဆိုရင် မိသားစုကနေ အသုံးဝင်တဲ့ ပစ္စည်းတော်တော်များများကို လဲယူလို့ ရပါတယ်။ လက်နက်တွေ၊ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေ၊ ဆေးလုံးတွေ၊ စိတ်ဝိဥာဉ် ဆေးပင်တွေ၊ လက်နက်သန့်စင်တဲ့ ကုန်ကြမ်းပစ္စည်းတွေက သူ့ရဲ့ ကိုယ်ပိုင်ခွန်အားကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်သလို တစ်ဖွဲ့လုံးရဲ့ ခွန်အားကိုလည်း တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။

“သူဒီည အသက်ရှင်နိုင်ခဲ့ရင်ပေါ့” ရန်ခန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ အခုအချိန်လောက်ဆို သူ့စံအိမ်တစ်ခုလုံး အဝိုင်းခံထားရပြီး လောက်ပါပြီ။ အဲ့ဒါကို သူ့စံအိမ်ကို ကာကွယ်ဖို့ မကြိုးစားပဲ သူတို့ရဲ့ ပစ်မှတ်ကို လာရောက် လုယူသွားခဲ့ပါတယ်။ ကျားပါးစပ်ထဲက အစာကို လုယူလိုက်နိုင်ခဲ့ပေမယ့် ရန်ခန်း အမြင်မှာတော့ ရန်ကိုင် ရလိုက်တာက ပေးဆပ်လိုက်ရတာနဲ့ လုံးဝ မကာမိပါဘူး။

Martial Peak

အပိုင်း(၄၂၈) သူအိမ်မှာ မရှိဘူး

ရန်ကိုင်ကို မဖမ်းလိုက်နိုင်ရုံ မကလို့ သူ့ရဲ့ အရိပ်အယောင်ကိုတောင် ရှာလို့မတွေ့နိုင်ခဲ့ပါဘူး။ ထူးခြားဆန်းကြယ်သည့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူရဲ့ စောင့်ကြည့်ခြင်းကိုပါ ခံနေရတော့ ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး အလွန်အမင်း စိတ်ဓါတ်ကျသွားခဲ့ကြတယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ခန်မိသားစုရဲ့ ခန်ကျန်းက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်တယ် “သခင်လေးတို့ နှစ်ယောက်ရေ၊ မင်းတို့ ကိုးယောက်မြောက် ညီလေးရဲ့ စံအိမ်ဆီ ဘာလို့ သွားမလည်ကြတာလဲ”

ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက် ခန်ကျန်းကို တစ်ခဏလောက် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် သူတို့ရဲ့ မျက်ဝန်းအစုံ ရုတ်ချည်း တောက်ပသွားခဲ့တယ်။

ဟုတ်သားပဲ။ ရန်ကိုင်က သူ့ရဲ့ အားကောင်းတဲ့ မဟာမိတ် နှစ်ယောက်နဲ့ ဘယ်ကမှန်း မသိတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ ခေါ်လာခဲ့တာ ဆိုတော့ အခုအချိန်လောက်ဆို သူ့စံအိမ်ကခံစစ်က လုံးဝကို ဟောင်းလောင်းကြီး ဖြစ်နေမှာပဲ

ပြီးတော့ ရန်ကျောင်းနဲ့ ရန်ရှန်းတို့ နှစ်ယောက်ကလည်း ရန်ကိုင် စံအိမ်ဆီ သွားနေခဲ့ပါတယ်။ သူတို့ပါ ထပ်သွားလိုက်မယ် ဆိုရင် စုစုပေါင်း လေးယောက် ဖြစ်သွားပါပြီ။ လေးယောက်ပေါင်း ခွန်အားနဲ့ ဆိုရင် ရန်ကိုင်ကို လုံးဝ နင်းခြေပစ်လို့ ရသွားပါပြီ။

ညီအစ်ကို နှစ်ယောက်သား အလိုလို အကြည့်ချင်း ဆုံသွားခဲ့ကြတယ်။ နှစ်ယောက်စလုံး တစ်ယောက် အကြည့်ထဲက အဓိပ္ပါယ်ကို တစ်ယောက် သိပြီးသားပါ။

ဒါပေမယ့် ကောင်းရန်ဖုန်းက ခေါင်းခါလိုက်ပြီး ဝင်ကန့်ကွက်လိုက်တယ် “မသွားသင့်ဘူး၊ သခင်လေး နှစ်ယောက်စလုံး ကိုယ့်စံအိမ်ဆီ အမြန်ပြန်တာ အကောင်းဆုံး ဖြစ်မယ်လို့ ငါထင်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် တစ်ယောက်ရဲ့ အကူအညီနဲ့ ဆိုရင် ကိုးယောက်မြောက် သခင်လေးကိုင်က မင်းတို့အလံကို လုယူသွားနိုင်တယ်နော်”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ခန်းနဲ့ ရန်ရင်တို့ရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။

သူတို့နှစ်ယောက်စလုံး တစ်ဖက်သားကို အနိုင်ယူနိုင်မယ့် နည်းလမ်းကိုသာ အာရုံစိုက်နေပြီး ကိုယ့်အခြေအနေကိုယ် မေ့လျော့နေခဲ့ကြတယ်။ ဒီတစ်ကြိမ်၌ အဆီတဝင်းဝင်း အသားတုံးကို ပထမဆုံး စားရနိုင်ရေးအတွက် နှစ်ယောက်စလုံး ခံစစ်မှာရှိတဲ့ အင်အားစု အကုန်လုံးနီးပါးကို ခေါ်ဆောင်လာခဲ့တာပါ။ ထို့ကြောင့် အလံကို စောင့်နေတဲ့ သွေးစစ်သည်တော် တစ်ယောက်အပြင် သူတို့ စခန်း၌ အခြား မယ်မယ်ရရ အားကောင်းတဲ့ ကျင့်ကြံသူ တစ်ယောက်မှ မရှိတော့ပါဘူး။

အခုအချိန်၌ ရန်ကိုင်သာ သူတို့စံအိမ်ကို တိုက်ခိုက်ခဲ့မယ် ဆိုရင် နှစ်ယောက်စလုံး ပြိုင်ပွဲကနေ ထွက်ရပါလိမ့်မယ်။

ထိုအချက်ကို နားလည်လိုက်တာနဲ့ ညီအစ်ကို နှစ်ယောက်စလုံး ရန်ကိုင့် စံအိမ်အား တိုက်ခိုက်မယ့် အကြံကို ပစ်ပယ်ပြီး သူတို့ စံအိမ်ဆီ အူးယားဖားယားနဲ့ ပြန်ပြေးကြပါတော့တယ်။

……

စစ်ပွဲမြို့တော် အပြင်ဘက် ရောက်တာနဲ့ ရန်ကိုင်က ရန်ထိုက်ကို ချပေးလိုက်တယ်။ သူ့သွေးကြောတွေကိုရော၊ အစစ်အမှန်ချီကိုပါ ပိတ်လှောင်မထားခဲ့ပါဘူး။ ချပေးပြီးတာနဲ့ သူ့ခမောက်ကို ချွတ်လိုက်ပြီး ပြုံးကာ “တတိယအစ်ကိုကြီး”

“ကိုးယောက်မြောက် ညီလေးရဲ့ နည်းလမ်းတွေက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ” ရန်ထိုက်က လေးစားမှုအပြည့်နဲ့ ပြောလိုက်တယ်။

ရန်ကိုင်က ပြန်ပြီးတော့သာ ခေါင်းခါပြလိုက်ပြီး “အခွင့်ကောင်းကို အမိအရ အသုံးချလိုက်တာလေးပါပဲ”

ဒီည ရန်ကိုင်က သူ့စံအိမ်ထဲကနေ ထွက်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ ထို့ကြောင့်ပဲ ရန်ခန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ကြိုတင်ကာကွယ်ခြင်း မရှိပဲ စိတ်ရှိလက်ရှိနဲ့ တိုက်ခိုက်နေခဲ့ကြတာပါ။ သူတို့ သတိလွတ်သွားတာကြောင့်သာ မဟုတ်ရင် ရန်ကိုင်အနေနဲ့ ရန်ထိုက်ရဲ့ အလံကို အလွယ်လေး ရယူနိုင်ခဲ့လိမ့်မှာ မဟုတ်ပါဘူး။

သူတို့ ဘေးပတ်ဝန်းကျင်ကို နည်းနည်းလေး ဂရုစိုက်နေရင်တောင် ဒီတစ်ကြိမ် ရန်ကိုင် အောင်မြင်နိုင်ခဲ့လိမ့်မှာ မဟုတ်ပါဘူး။

“ဘာပဲဖြစ်ဖြစ်၊ တတိယအစ်ကိုကြီးက မင်းလက်ထဲ ရောက်လာခဲ့ပြီ ဆိုတော့ ဒါက ကိုးယောက်မြောက် ညီလေးအတွက် ဂုဏ်ယူစရာ တစ်ခုပဲပေါ့” ရန်ထိုက်က ရန်ကိုင်အား စိတ်ဓါတ်ကျနေတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး “သူတို့ နှစ်ယောက်ဖမ်းတာ ခံရမယ့်အစား တတိယညီလေး ဖမ်းတာခံရတာပဲ ပိုကောင်းပါတယ်လေ။ အနည်းဆုံးတော့ တတိယညီလေးက ငါ့ကို စတိုက်ခဲ့တာမှ မဟုတ်တာ”

“တတိယအစ်ကိုကြီးက အရမ်းကို လေးနက်လွန်းနေတာပဲ” ရန်ထိုက်လေသံထဲက အေးစက်ကို ရန်ကိုင် သတိပြုမိပါတယ်။ ပထမဆုံး ထွက်ရတဲ့လူဖြစ်လို့ စိတ်ဓါတ်ကျတာ သဘာဝပါပဲ။ ဒါပေမယ့် ထိုအရာကို စိတ်ထဲမထားပဲ သူ့လက်ကို ဝှေ့ရမ်းပြီးတော့သာ ပြောလိုက်တယ် “တတိယအစ်ကိုကြီးအတွက် ဒီမှာ ဘာမှလုပ်စရာ မရှိမှတော့ ဗဟိုမြို့တော်ဆီပဲ ကိုယ့်ဘာသာကိုယ် ပြန်သွားလိုက်သင့်တယ်”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ထိုက်မျက်ဝန်းတို့ မှေးကျဉ်းသွားခဲ့ပြီး မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်တယ် “မင်းဘာပြောချင်တာလဲ”

“ငါပြောခဲ့သလို့ပဲ။ ငါက တတိယအစ်ကိုကြီးရဲ့ အလံကို ရပြီးသွားပြီပဲလေ” ပြောပြီးတာနဲ့ ရန်ကိုင်က ရန်ထိုက် ပြန်ပြောမှာကို စောင့်မနေတော့ပဲ လေထဲခုန်တက်လိုက်ပြီး စစ်ပွဲမြို့တော်ဆီ ချက်ချင်း ပျံသန်းသွားလိုက်တယ်။

ကိုးယိုးကားယား အမူအရာနဲ့ အချိန်အတော်ကြအောင် မတ်တပ်ရပ်နေပြီး နောက်ဆုံးမှာတော့ ရန်ထိုက်ရဲ့ တောင့်တင်းနေတဲ့ အမူအရာ တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။ ရန်ကိုင် ပျံသန်းသွားတဲ့ ဦးတည်ရာဘက်ဆီ ငေးကြည့်နေရင်း သူ့မျက်နှာထက် ကျေးဇူးတင်သည့် အရိပ်အယောင်တို့နဲ့ ပြည့်နေခဲ့တယ်။

ရန်ကိုင်က သူ့အား မိသားစုဆီ ခေါ်သွားပြီး စစ်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ မလဲလှယ်လိုက်တာက သူ့ကို မျက်နှာသာ ပေးလိုက်တာနဲ့ အတူတူပါပဲ။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း ရန်ထိုက်အနေနဲ့ ဘာထူးခြားတာကိုမှ မရရှိခဲ့သလို့ သူ့အား ထင်ပေါ်ကျော်ကြားစေမယ့် အောင်မြင်မှု တစ်ခုကိုတောင်မှ ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ရှင်းရှင်း ပြောရရင် သူ့ရဲ့ စွမ်းဆောင်ရည်က အမြဲတမ်း သာမန်ပါပဲ။ ဒါပေမယ့် ဘာတွေပဲဖြစ်ဖြစ် သူက ရန်မိသားစုရဲ့ ကလေး တစ်ယောက် ဖြစ်နေတုန်းပါ။ ထို့ကြောင့် ရန်မိသားစုဝင် တစ်ယောက် ဖြစ်တယ်ဆိုတဲ့ မာနက သူ့အရိုးထဲအထိကို စိမ့်ဝင်နေခဲ့ပါတယ်။ ထိုအချက်ကြောင့်သာ မဟုတ်ရင် ရှုံးမယ်မှန်း သိသိကြီးနဲ့တောင် ပြန်ပြီး တိုက်ခိုက်နေမှာ မဟုတ်ပါဘူး။ တိုက်ပွဲမစခင်ကတည်းက လက်လျှော့ပေးလိုက်မှာပါ။

ရန်ကိုင်ကသာ သူ့ကို ဖမ်းပြီး မိသားစုဆီ ပြန်ခေါ်သွားခဲ့မယ် ဆိုရင် အနာဂတ်မှာ သူ့အနေနဲ့ နောက်တစ်ကြိမ် ခေါင်းမော့နိုင်တော့မှာ မဟုတ်ပါဘူး။

အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ကျောက်မျက်လေးတွေလို တလက်လက် တောက်ပနေတဲ့ ကောင်းကင်ယံထက်က ကြယ်လေးတွေကို တစ်ချက် ကြည့်လိုက်ကာ အသာအယာလေး ပြုံးလိုက်ရင်း ဗဟိုမြို့တော်ဘက်ဆီ လှည့်လိုက်တယ်။

ကျန်ရှိနေတဲ့ တိုက်ပွဲတွေက သူနဲ့ ဘာမှ မသက်ဆိုင်တော့ပါဘူး။

ရှုံးနိမ့်သွားတဲ့ သခင်လေးတွေက အမွေခံတိုက်ပွဲမှာ ဆက်ပြီး ပါဝင်ယှဉ်ပြိုင်လို့ မရတော့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ လက်ကျန် မဟာမိတ်တွေကတော့ သခင်လေးအသစ်ကို ရွေးချယ်ပြီး ထောက်ပံ့ပေးလို့ ရပါသေးတယ်။

ရန်ကိုင်က ဥက္ကာပျံတစ်ခုအလား ကောင်းကင်ထက် ပျံသန်းနေခဲ့တယ်။ ပျံသန်းနေရင်း ကောင်းကင်စိတ်အာရုံကိုသုံးပြီး သူ့တစ်ကိုယ်လုံးကို အခြားသူတွေရဲ့ စုံးစမ်းထောက်လှမ်းမှုကနေ ဖုံးကွယ်ထားလိုက်တယ်။

ရန်ထိုက်ကို သွားခွင့်ပေးလိုက်တာ ညီအစ်ကို ဆက်ဆံရေးကြောင့် မဟုတ်ပါဘူး။ သူ့ဝမ်းကွဲတွေအပေါ် ဒီလောက် ခံစားချက် မရှိလှပါဘူး။ ရန်ထိုက်ကို လွှတ်ပေးလိုက်တာက ရှုံးမယ်မှန်း သိသိနဲ့တောင် အလျှော့မပေးပဲ တန်ပြန်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ စိတ်ဓါတ်ကို လေးစား တာကြောင့်ပါ။

ထိုကဲ့သို့ လူတစ်ယောက်ကို အရှက်ခွဲဖို့ မလိုအပ်ပါဘူး။

စစ်ပွဲမြို့တော်၊ အနောက်တောင် ထောင့်စွန်း၊ ရန်ကိုင်ရဲ့ စံအိမ် တည်ရှိနေရာနေရာ၌…

လွန်ခဲ့တဲ့ နာရီဝက်တုန်းက…

ရန်ထိုက်ရဲ့ ခြံဝန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတဲ့အချိန်၌ ရန်ကိုင်ရဲ့ ခြံဝန်းကလည်း စည်ကားလို့ နေခဲ့ပါတယ်။

ရန်ခန်းရခဲ့တဲ့ သတင်းက မမှားပါဘူး။ ဒီည၊ သခင်လေး ရှစ်ယောက်ထဲ၌ သူ့အဆင့်အတန်းကြောင့် မလှုပ်ရှားတဲ့ အကြီးဆုံး သခင်လေး ရန်ဝေကလွဲပြီး ရှစ်ယောက်မြောက် သခင်လေး ရန်ချွမ်တစ်ယောက်ပဲ မလှုပ်ရှားခဲ့တာပါ။

ဒုတိယသခင်လေး ရန်ကျောင်းက သူ့ရဲ့ မဟာမိတ် ရီရှင်းရို့နဲ့ ပညာရှင်များစွာကို ဦးဆောင်ပြီး ရန်ကိုင်စံအိမ်ကို လာတိုက်ခိုက်ခဲ့တယ်။

ဒါပေမယ့် သူတို့ မစရသေးခင်မှာပဲ ခြောက်ယောက်မြောက် သခင်လေး ရန်ရှန်းနဲ့ ချူဇိရိုတို့ ရောက်ရှိလာခဲ့တယ်။ နှစ်ယောက်စလုံး ဝင်ပေါက်အပြင်ဘက်ရှိ လေထဲ ဝဲနေရင်း အချင်းချင်း နှုတ်ဆက်စကားတွေ ဆိုနေခဲ့ကြတယ်။

ဒီည၌ နှစ်ယောက်စလုံး ရန်ကိုင်စံအိမ်ကို တိုက်ခိုက်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဖြစ်နိုင်ရင် အခုအချိန်၌ နှစ်ဖက်စလုံးက အချင်းချင်း မတိုက်ခိုက်ချင်ကြသေးပါဘူး။

စံအိမ်အရှေ့ဘက်ရှိ ခြံဝန်းအလယ်၌ ဟော်ရှင်းချန်က သက်သောင့်သက်သာ ရှိဟန်ရသည့် ကုလားထိုင်တစ်ခုထက် ယပ်တောင်လေး တခတ်ခတ်နဲ့ အငြိမ့်သား ထိုင်နေခဲ့တယ်။ သူ့ဘေးမှာတော့ သူ့အား ဝိုင်ငှဲ့၊ စပျစ်သီး ခွံ့ကျွေးပေးနေတဲ့ အစေခံမလေး နှစ်ယောက် ရှိနေခဲ့တယ်။ ဟော်ရှင်းချန်က လုံးဝကို ဇိမ်ကျကျနဲ့ နေနေတာပါ။

ရန်ကျောင်းနဲ့ ရန်ရှန်းတို့ ရောက်ရှိလာတာက သူ့ကို နည်းနည်းလေးတောင် စိတ်အနှောင့်အယှတ် ဖြစ်မသွားစေခဲ့ပါဘူး။

ရန်ကျောင်းဘေးမှာတော့ ရီရှင်းရို့က တိတ်တိတ်လေး မတ်တပ်ရပ်နေခဲ့တယ်။ သူမရဲ့ ကျောက်စိမ်းသားလို ဖြူဖွေချောမွတ်နေတဲ့ အသားအရေ၊ ကျက်သရေရှိလှတဲ့ ဟန်ပန်အမူအရာ၊ နှစ်လိုဖွယ် အပြုံးနဲ့ သူမရဲ့ ကောက်ကြောင်း အဖြာဖြာတို့ကြောင့် ရီရှင်းရို့ဆီကနေ ဖော်ပြမရနိုင်သည့် ညို့ငင်ဆွဲဆောင်မှုတို့ ထွက်ပေါ်နေခဲ့တယ်။ ရီမိသားစုရဲ့ ပထမသခင်မလေး ရီရှင်းရို့က ချူရီမန်လောက် မကျော်ကြားပေမယ့် သူမက လူငယ်မျိုးဆက်ထဲ ဂုဏ်ကြီးမားတဲ့ လူတစ်ယောက် ဖြစ်နေတုန်းပါပဲ။

ရန်ကျောင်း နောက်မှာတော့ ရှန်မိသားစုက ရှန်ချူနဲ့ နန်မိသားစုက နန်ရှန်းတို့ ရှိနေခဲ့ပြီး နှစ်ယောက်စလုံးက အောက်မှာရှိနေတဲ့ စံအိမ်အား ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြတယ်။

အထူးသဖြင့် နန်ရှန်းပါ၊ တုံးတိဖြစ်နေတဲ့ သူ့ရဲ့ လက်နှစ်ချောင်း ပွတ်သပ်ရင်း ရက်စက်ကောက်ကျစ်တဲ့ အရိပ်အယောင်တို့က သူ့မျက်ဝန်းထဲ ယှတ်ပြေးနေခဲ့တယ်။

ရန်ကိုင်က သူ့လက်နှစ်ချောင်းကို အတင်းအကြပ် ဖြတ်ခိုင်းလိုက်တဲ့ အချိန်ကစပြီး သူနဲ့ ရန်ကိုင်ကြား ချေဖျက်တို့ မရတဲ့ အမုန်းရန်ငြိုးတို့ ဖြစ်တည်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့လအတွင်း ရန်ကိုင်ကို ဘယ်လို လက်စားချေရမလဲ ဆိုတဲ့ အကြောင်းကိုပဲ အချိန်မပြတ် သူစဉ်းစားနေခဲ့တာပါ။

ရန်ကျောင်းအဖွဲ့က အားကောင်းပြီး လူအင်အားကလည်း များပြားပါတယ်။ ရန်ရှန်းကလည်း သူ့အောက် မနိမ့်ပါဘူး။

ချူဇိရိုရဲ့ အကူအညီနဲ့ ရန်ရှန်းက အကူအညီ တော်တော်များများ စုဆောင်းထားနိုင်ခဲ့ပါဘူး။ ရန်ကျောင်းနဲ့ တိုက်ခိုက်ရင်တောင် ရေတိုအနေနဲ့ သူ့အတွက် ပြဿနာ မရှိနိုင်ပါဘူး။

ရန်ကိုင်စံအိမ်ရှေ့ အသာအယာလေး ညိမ့်နေတဲ့ ဗဟိုမြို့တော် မြေခွေးအပြင် ချူရီမန်နဲ့ ရှန်ထန်းရှောင်တို့ပါ ထပ်မံ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ထိုလူငယ်လေး သုံးယောက်ကလွဲပြီး စံအိမ်ရှေ့၌ ကျောက်တောင်တစ်တောင်လို မားမားမတ်မတ် ရပ်နေတဲ့ ကျုကောင်းရီတစ်ယောက်ပဲ ရှိနေခဲ့ပါတယ်။

ရင်းဂျုကို ဘယ်နေရာမှာမှ မတွေ့ရပဘူး။

ဒါပေမယ့် ထိုရင်းဂျုဆိုတဲ့ သွေးစစ်သည်တော်က အရိပ်ထဲမှာ ပုန်းအောင်းနေပြီး သားကောင်ကို ချောင်းမြောင်းနေမှန်း အားလုံး သိထားကြပါတယ်။

ချူရီမန်နဲ့ ချူဇိရိုတို့ အကြည့်ချင်း ထိပ်တိုက်တွေ့သွားခဲ့တယ်။ ချူရီမန်က ယုံကြည်ချက်အပြည့်နဲ့ ပြုံးနေခဲ့ပြီး ချူဇိရိုကတော့ အလိုလို လည်ပင်းလေး ကျုံ့သွားမိခဲ့တယ်။ ဒါပေမယ့် သူ့အစ်မကြီးရှေ့ အားနည်းတဲ့ဟန် မပြချင်တဲ့အတွက် ချက်ချင်းပဲ စူးစူးရဲရဲနဲ့ ပြန်စိုက်ကြည့်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရှန်ချူနဲ့ ရှန်ထန်းရှောင်တို့ မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့သွားခဲ့တယ်။ ရှန်ချူက ကန်ရေပြင်တစ်ခုလို တည်ငြိမ်နေခဲ့ပြီး ရှန်ထန်းရှောင်ကတော့ ရေခဲတုံးတစ်တုံးလို အေးစက်စက် အမူအရာနဲ့ ရှိနေခဲ့တယ်။

“ခြောက်ယောက်မြောက်ညီလေး၊ ညီလေးကိုင်နဲ့ ပက်သက်ပြီး မင်းဘာလုပ်ချင်နေတာလဲ” ရန်ကျောင်းက ပြုံးကာ ရုတ်တရက် ကောက်မေးလိုက်တယ်။

ရန်ရှန်းက ပြုံးကာ ပြန်ပြောလိုက်တယ် “ဒုတိယအစ်ကိုက အသားစားမှတော့ ဒီက ညီလေးကိုလည်း စွပ်ပြုတ် နည်းနည်းတော့ တိုက်သင့်တာပေါ့၊ မဟုတ်ဘူးလား။ ဒုတိယမြောက် အစ်ကိုက တစ်ယောက်တည်း အကုန်အပိုင်သိမ်းချင်နေတာတော့ မဟုတ်ပါဘူးနော်”

“ဘယ်ဟုတ်ပါ့မလဲ” ရန်ကျောင်းက ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြန်ပြောလိုက်တယ် “အဲ့လိုဆိုရင်၊ ဒုတိယမြောက်အစ်ကိုက ညီလေးကိုင်ကို ယူမယ်၊ ခြောက်ယောက်မြောက် ညီလေးကတော့ အလံကိုယူပေါ့၊ ဘယ်လိုလဲ၊ အပေးအယူ မျှတယ်မလား”

“အင်း၊ ဒုတိယမြောက်အစ်ကိုက အရမ်းကို ကြင်နာတတ်တာပဲ” ရန်ရှန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။ သူ့ကြည့်ရတာ ရန်ကျောင်းရဲ့ အကြံဥာဏ်ကြောင့် တော်တော်လေး ကျေနပ်နေတဲ့ ပုံပါပဲ။ သူ့အကြည့်က ရှန်ချူနဲ့ နန်ရှန်းဆီ အလိုလိုရောက်သွားခဲ့ပြီး အထင်အမြင် သေးသေးနဲ့ နှာခေါင်းရှုံ့လိုက်တယ်။

ရန်ကိုင်နဲ့ ရှန်နဲ့နန်မိသားစုကြားက ရန်ကြွေးကို သူတို့ အားလုံး သိထားကြပါတယ်။

ရန်ကျောင်းက အလံအစား လူကို ဘာလို့ ရွေလိုက်တယ်ဆိုတာ ရှင်းပြဖို့ မခက်ပါဘူး။ ရှန်နဲ့နန်မိသားစုကြောင့် ရန်ကျောင်းရဲ့ ခွန်အားက တော်တော်လေး တိုးတက်လာခဲ့ရပါတယ်။ ထို့ကြောင့် သူ့အနေနဲ့ ထိုမိသားစုနှစ်ယောက်ကို ပြန်ပြီး ကောင်းပြဖို့ လိုပါတယ်။

ရန်ကိုင် ဖမ်ပြီး သူ့ကို မျက်နှာပျက်အောင် လုပ်လိုက်တာက ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်ကို ကျေနပ်သွားစေနိုင်ပြီး သူ့အပေါ်လည်း ပိုပြီး သစ္စာရှိလာစေနိုင်ပါတယ်။

“ဟေး၊ မင်းတို့နှစ်ယောက် အဲ့မှာ ရပ်နေပြီး စကားပြောရတာ မပင်ပန်းဘူးလား။ ဘာလို့ အရင်ဆင်းမလာကြတာလဲ” ဟော်ရှင်းချန်က ရုတ်တရက် လှမ်းအော်ပြောလိုက်တယ်။

ရန်ကျောင်းက ခေါင်းခါရမ်းလိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်ကာ “မလိုပါဘူး ညီအစ်ကိုဟော်၊ ကျုပ်က ညီလေးကိုင်နဲ့ပဲ အရင်စကားပြောချင်နေတာ၊ ကျုပ်က သူ့ကို အရမ်း အရှက်ရအောင် မလုပ်ချင်ဘူးလေ”

“ရန်ကိုင်လား” ဟော်ရှင်းချန်က လှောင်ပြုံးပြုံးလိုက်ပြီး “သူအခု စံအိမ်မှာ မရှိဘူး”

“အိမ်မှာ မရှိဘူးလား” ဟော်ရှင်းချန်က သူ့ကို လာနောက်တယ်ထင်ပြီး ရန်ကျောင်း မျက်မှောင် ကြုံ့မိလိုက်တယ် “စံအိမ်မှာ မရှိဘူးဆိုရင် သူဘယ်ကို သွားတာလဲ”

“သူဘယ်သွားသွား၊ ငါနဲ့ ဘာမှမဆိုင်ဘူးလေ။ ဟဲဟဲ” ဟော်ရှင်းချန်က လှောင်ပြုံးပြုံးလိုက်ရင်း သူ့ခေါက်ယပ်တောင်လေးကို ဖွင့်လိုက်ကာ ကုလားထိုင်ပေါ် ပြန်မှီလိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ အခုလောလောဆယ် သူအိမ်မှာ မရှိဘူး။ မင်းမယုံရင် ချူရီမန်ကို မေးလို့ရတယ်။ ရန်ကိုင် ဘယ်သွားလဲ ဆိုတာကိုတော့ သူမ သိလောက်မှာပေါ့”

ဟော်ရှင်းချန် ပြောတာ ကြားလိုက်တာနဲ့ ရန်ကျောင်းက ချူရီမန်ကို လှမ်းကြည့်လိုက်တယ်။ ချူရီမန်က ပြုံးပြလိုက်ပြီး သူမဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ရင်း ညင်သာတဲ့ လေသံလေးနဲ့ ပြန်ပြောလိုက်တယ် “သူဘယ်သွားလဲ ဆိုတာကို ကျွန်မ မသိဘူးလို့ ပြောရင် သခင်လေးကျောင်း ယုံမှာလား”

ချူရီမန်က ဒွိဟဖြစ်စေတဲ့ စကားကို ပြောလာတော့ ရန်ကျောင်း မျက်မှောင် ကြုံ့မိသွားခဲ့တယ်။ ရန်ကိုင်က သူတို့ကို နောက်ပြောင် ဆော့ကစားနေတာလို့ သူ့စိတ်ထဲ ခံစားမိလာခဲ့တယ်။

ဒါပေမယ့် မကြာခင်မှာပဲ အမူအရာက တစ်ဖန်ပြန်လည် တည်ကြည်သွားခဲ့ပြီး ချူရီမန်ရဲ့ အမေးကို ပြန်ဖြေလိုက်တယ် “ငါမယုံဘူး”

အခုလို အချိန်မျိုးမှာ ရန်ကိုင်က သူ့စံအိမ်ကို စွန့်ခွါပြီး ထွက်သွားတယ် ဆိုတာကို ရန်ကျောင်း ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး။ သူက ကိုယ်ထင်မပြရဲလို့ တစ်နေရာရာမှာ ပုန်းအောင်းနေတာပဲ ဖြစ်ရပါမယ်။

“အဲ့လိုဆိုရင်လည်း သခင်လေးတို့နှစ်ယောက် ရှာကြည့်လိုရပါတယ်။ သခင်လေးတို့ နှစ်ယောက် သူ့ကို ရှာတွေ့ရင်လည်း ရှာတွေ့နိုင်မှာပေါ့” ချူရီမန်က ကျော့ရှင်းစွာနဲ့ ပြုံးလိုက်ပေမယ့် စိတ်ထဲမှာတော့ တိတ်တဆိတ် ကျိန်ဆဲနေခဲ့တယ်။

မသွားခင်လေး သူအပြင်သွားတော့မယ်လို့ ရန်ကိုင်က သူမကို ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် သူမကတော့ သဘောတူခဲ့တာ မဟုတ်ပါဘူး။ တကယ်ဆိုရင် သူဘယ်သွားလဲ၊ သူအခု ဘာလုပ်နေလဲ ဆိုတာကို သူမလုံးဝ မသိပါဘူး။

“မလိုပါဘူး” ရန်ကျောင်းမျက်နှာထက် စိတ်မရှည်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး လှမ်းအော်ပြောလိုက်တယ် “ညီလေးကိုင်၊ မင်းဘာသာမင်း ထွက်လာခဲ့ပါ။ ဒုတိယမြောက် အစ်ကိုကြီးက မင်းကို အရှက်ရအောင် မလုပ်ပါဘူးလို့ ကတိပေးတယ်”

နှစ်ကြိမ်တိုင်တိုင် အော်ခေါ်ခဲ့ပေမယ့် ပြန်ထူးသံလေး တစ်ကြိမ်တောင် မကြားခဲ့ရပါဘူး။ ရန်ကိုင်ကိုလည်း ဘယ်နေရာမှာမှ မတွေ့ရပါဘူး။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ နန်ရှန်းက လှောင်ပြောင်လိုက်တယ် “ဒုတိယသခင်လေးရေ၊ ခင်ဗျားရဲ့ ညီလေးက ခင်ဗျားကို နည်းနည်းလေးတောင် မျက်နှာသာ မပေးချင်တဲ့ပုံပဲ။ သူ့ဘက်က ဒီလို တုန့်ပြန်လာမှတော့ ကျုပ်တို့ဘက်ကလည်း အရေမရ၊ အဖတ်မရ စကားတွေ ပြောနေစရာ မလိုတော့ဘူးထင်တယ်။ တိုက်ရိုက်ပဲ တိုက်ခိုက်လိုက်တာ ပိုကောင်းလိမ့်မယ်။ သူ့ဘက်က ကျိန်းသေ ခုခံနိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်ကို သူဘယ်လောက်တောင် အနိုင်ယူ၊ အရှက်ခွဲချင်နေလဲ ဆိုတာကို အားလုံး မြင်တွေ့နေခဲ့ရပါတယ်။ နန်ရှန်းက ရန်ကျောင်း မျက်နှာသာရမရကို နည်းနည်းလေးတောင် ဂရုမစိုက်ပဲ အတိတ်တုန်းက ခံစားခဲ့ရတာတွေအတွက်သာ လက်စားပြန်ချေချင်နေတာပါ။

“ဒါက ငါတို့ ညီအစ်ကိုတွေကြားက ကိစ္စ၊ မင်းအပူ နည်းနည်းလေးမှ မပါဘူး” ရန်ကျောင်းက နှာခေါင်းရှုံ့လိုက်တယ်။

နန်ရှန်း အမူအရာ ရှုံ့မဲ့သွားခဲ့ပြီး အံ့သာကြိတ်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

နန်ရှန်းရဲ့ ကြိုးပမ်းမှု မအောင်မြင်မှန်း တွေ့လိုက်ပေမယ့် ရှန်ချူက နောက်ဆုတ်ဖို့ မကြိုးစားပဲ ပြုံးပြီးတော့တောင် ဝင်ပြောလိုက်ပါသေးတယ် “ဒုတိယသခင်လေး၊ တိုက်ရိုက် တိုက်ခိုက်တာက အကောင်းဆုံး ဖြစ်မယ်လို့ ကျုပ်လည်း ထင်တယ်။ ဒီနေရာက ခုခံနိုင်စွမ်းကလည်း အရမ်းကြီး ကောင်းတာမဟုတ်ဘူး။ ခြောက်ယောက်မြောက် သခင်လေးပါ ရှိနေတယ်ဆိုတော့ ကျုပ်တို့ ပိုပြီး လက်ရဲဇက်ရဲသင့်တယ်လို့ ထင်ပါတယ်။ သခင်လေးက ယဉ်ယဉ်ကျေးကျေး ပြောဆိုပြီးသွားပြီလေ။ ဒါပေမယ့် သူ့ဘက်က ကျေးဇူးမတင် ဖင်လှန်ပြနေမှတော့ ….ဟဲဟဲ…”

Martial Peak

အပိုင်း(၄၂၉) အမှောင်ထဲက လုပ်ကြံသတ်ဖြတ်သူ

တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ရန်ကျောင်း ဘာတွေတွေးနေလဲ ဆိုတာ ရှန်ချူ တန်းသိလိုက်တယ်။ သူက နန်ရှန်းကို ဟောက်လိုက်ပေမယ့် သူကိုယ်တိုင်က နန်ရှန်း ပြောတဲ့အတိုင်း လုပ်ချင်နေတာပါ။ ဒါပေမယ့် သူ့ပုံရိပ်ကို ထိန်းသိမ်းဖို့ လိုသေးတဲ့အတွက် ထိုကဲ့သို့ ပြန်ပြီး တုန့်ပြန်လိုက်တာပါ။

အခုအချိန်၌ တစ်ယောက်ယောက်က မီးလောင်ရာ လေပင့်ဖို့ လိုအပ်ပါတယ်၊ အဲ့လိုမှပဲ ရန်ကျောင်းက သူလုပ်ချင်လို့ လုပ်တာ မဟုတ်ပဲ သူ့မဟာမိတ်တွေ တွန်းအားပေးလို့ လုပ်ရတဲ့ ပုံစံမျိုး ပေါက်သွားမှာပေါ့။ ဒီလို လုပ်မှပဲ သူ့ ညီငယ်လေးကို အနိုင်ကျင့်တယ် ဆိုပြီး နောင်ကျ အခြားသူတွေက သူ့ကို မစွပ်စွဲမှာပါ။

ဒါကြောင့်ပဲ ရှန်ချူက အခုအကြောင်းကို ဆက်ပြီး ပြောဆို ဆွေးနွေးရဲတာပါ။

ဒီသခင်လေးကလည်း မြွေဟောက်တစ်ကောင် ပါပဲလား သူကိုယ်တိုင်ကလည်း ဥာဏ်ကစားရတာ ကြိုက်တဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ရန်ကျောင်း ဘာတွေတွေးနေမှန်း သူနားလည်တာပေါ့။

ဟုတ်တာပေါ့၊ ရန်ကျောင်းက ဆုံးဖြတ်ရ ခက်ခဲနေတဲ့ ပုံစံလေးနဲ့ စဉ်းစားနေတဲ့ ပုံစံလေး လုပ်နေလိုက်ပြီး ခဏအကြာမှာတော့ ဖြေးဖြေးချင်း ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ၊ ညီအစ်ကိုရှန် ပြောတာလည်း ဟုတ်တာပဲ။ အစ်ကိုကြီး တစ်ယောက်အနေနဲ့ ကိုးယောက်မြောက် ညီလေးကို အတတ်နိုင်ဆုံး မျက်နှာသာ ပေးပြီးသွားပြီ။ ဒါပေမယ့် ကိုးယောက်မြောက် ညီလေးက ငါ့ကို မျက်နှာသာ မပေးချင်မှတော့ ဘာမှထပ်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူးပေါ့”

ရန်ရှန်းဆီကို လှမ်းကြည့်လိုက်ပြီး ရန်ကျောင်းက ပြုံးကာ ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေးက လူလုံးမပြချင် မှတော့ ခြောက်ယောက်မြောက် ညီလေး အလံကို သွားယူလို့ ရပြီနော်”

ပြပွဲကောင်း တစ်ခု ကြည့်ရတော့မယ် ဆိုပြီး ကြိတ်ပျော်နေတဲ့ ရန်ရှန်း၊ ရန်ကျောင်းရဲ့ စကားကို ကြားလိုက်တာနဲ့ တိုးတိုးလေး ကြိတ်ပြီး ကျိန်ဆဲပါတော့တယ်။

ဒုတိယမြောက် အစ်ကိုကြီးရဲ့ ထောင်ချောက်ထဲ လမ်းလျှောက် ဝင်သွားမိလိုက်ပြီးမှန်း ချက်ချင်းပဲ သူနားလည်သွားလိုက်တယ်။ ဒါပေမယ့် နောင်တရဖို့က အရမ်းကို နောက်ကျသွားခဲ့ပါပြီ။

ရန်ကျောင်းက လူယူမယ်၊ သူက အလံယူမယ်ဆိုတဲ့ သဘောတူညီချက်ကို အားလုံး ရှေ့မှာပဲ ပြုလုပ်ခဲ့တာပါ။

အခု ရန်ကိုင် ပေါ်မလာသေးတဲ့အတွက် အလံကို ယူဖို့ပဲ ရှိပါတော့တယ်။ ထိုကြောင့် အလံကို သူယူမယ်လို့ ပြောထားမှတော့ အလံကို သွားယူရမယ့် တာဝန်ကလည်း သူ့တာဝန်ပဲ ဖြစ်သွားတာပေါ့။

ရန်ကျောင်းရဲ့ ရည်ရွယ်ချက်ကို သိလိုက်တာနဲ့ ရန်ရှန်း မျက်နှာထက်က အပြုံးက ဖြေးဖြေးချင်း‌ ပျောက်ကွယ် သွားခဲ့ပြီး သူ့အမူအရာက လေးနက်တည်ကြည်လို့ သွားခဲ့တယ်။

ရန်ကျောင်းကတော့ ပြုံးနေရင်းနဲ့ပဲ ဆက်ပြောလိုက်တယ် “အေးအေးဆေးဆေးသာ သွားယူစမ်းပါ။ ဒုတိယအစ်ကိုကြီး ဝင်မရှုပ်ဘူးလို့ ကတိပေးတယ်”

လူအများကြီး ရှေ့မှာ ပြောခဲ့တာ ဆိုတော့ ရန်ကျောင်း တကယ် မလုပ်လောက်ပါဘူး။ ဒါပေမယ့် ရန်ရှန်းကတော့ တစ်ခဏကြာတဲ့အထိ မျက်မှောင်ကြုံ့နေလိုက်ပြီး နောက်ဆုံး ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ၊ ဒုတိယ အစ်ကိုကြီးကို ကျေးဇူးအများကြီး တင်ပါတယ်”

သူခေါ်လာတဲ့ ကျင့်ကြံသူတွေဘက် လှည့်လိုက်ပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူ တစ်ယောက်ကို လက်ညိုးထိုးကာ ပြောလိုက်တယ် “ခင်ဗျား၊ အလံကို သွားယူလိုက်”

ထိုလူက ပထမအဆင့် အင်အားစုဖြစ်တဲ့ ရန်ရှန်း အမေဘက်က လာတဲ့ ကျင့်ကြံသူ တစ်ယောက်ပါ။ သူ့ခွန်အားက အားနည်းတယ် လို့လည်း ပြောလို့မရသလို အားကောင်းတယ် လို့လည်း ပြောလို့ မရပါဘူး။ ရန်ရှန်းက သူ့ကို ရွေးလိုက်တာနဲ့ သူ့အမူအရာက ရုတ်တရက် ခါးသီးသွားခဲ့တယ်။ မသိလိုက် မသိဘာသာနဲ့ သူ့အကြည့်က စံအိမ်ရှေ့ ရပ်စောင့်နေတဲ့ ကျုကောင်းရီဆီ ရောက်ရှိ သွားခဲ့တယ်။

သွေးစစ်သည်တော် တစ်ယောက် ရှိနေတာက သူ့ကို တော်တော်လေး ထိတ်လန့် နေမိစေခဲ့ပါတယ်။

“ခင်ဗျား ဘာတွေ ကြောက်နေတာလဲ” ရန်ရှန်းက နှာခေါင်း ရှုံ့လိုက်ပြီး “ကိုးယောက်မြောက် ညီလေးဆီမှာ တာဝန် ထမ်းဆောင်နေတဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံးက ပြင်းပြင်း ထန်ထန် ဒဏ်ရာရထားကြတာ။ သူတို့ရဲ့ ခွန်အား သုံးဆယ် ရာခိုင်နှုန်းလောက်ကိုတောင် ထုတ်သုံးနိုင်တော့တာ မဟုတ်ဘူး။ ပြီးတော့ ရန်မိသားစုရဲ့ စည်းမျဉ်းတွေကြောင့် သူတို့ဘက်က အရင်စတိုက်လို့ မရဘူး။ ခင်ဗျားသာ သူတို့ နှစ်ယောက်ကို ရန်မစသရွေ့ သူက ခင်ဗျားကို တိုက်ခိုက်မှာ မဟုတ်ဘူး”

“ဒီတော့ ကျုပ်အလံကို သွားယူရင်တောင် သူတို့က ကျုပ်ကို တိုက်ခိုက်မှာ မဟုတ်ဘူးပေါ့” အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူရဲ့ မျက်နှာ ချက်ချင်း ဝင်းပသွားခဲ့တယ်။ သွေးစစ်သည်တော်တွေသာ သူ့ကို မတိုက်ခိုက်ဘူးဆိုရင် သူ့အတွက် ဘာစိုးရိမ်စရာ လိုသေးလို့လဲ။

“အဲ့လိုမျိုးတော့ လုံးဝ မဖြစ်နိုင်ဘူး” ရန်ကျောင်းက ခေါင်းခါလိုက်ပြီး ပြန်ရှင်းပြလိုက်တယ် “သူတို့တွေက တန်ပြန်တိုက်ခိုက်လို့ပဲ ရတယ်။ ဒါပေမယ့် ခင်ဗျားက အလံကို သွားလုမယ် ဆိုရင်တော့ သူတို့ကလည်း ခင်ဗျားကို တားမှာပေါ့။ ဒါကြောင့် ခင်ဗျားသာ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်မယ်ဆိုရင် အလံကို လုယူပြီး ချက်ချင်း ပြန်ပြေးလာလို့ ရတယ်လေ။ သူတို့ရဲ့ လက်ရှိ အခြေအနေနဲ့ ဆိုရင် ခင်ဗျားကို တားနိုင်လိမ့်မှာ မဟုတ်ဘူး”

“ခင်ဗျား ဘာကို စောင့်နေသေးတာလဲ၊ မြန်မြန် သွားတော့လေ” ရန်ရှန်း စိတ်မရှည် ဖြစ်သွားခဲ့ပြီး ထိုကျင့်ကြံသူကို အော်ပြောလိုက်တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူမှာ ကူကယ်ရာမဲ့စွာနဲ့ပဲ လူအုပ်ကြီးထဲကနေ လမ်းလျှောက် ထွက်သွား လိုက်ရတယ်။ သွားနေရင်းနဲ့ ကျုကောင်းရီကို အထိတ်တလန့်နဲ့ ကြည့်လို့ကြည့်၊ ကောင်းကင် စိတ်အာရုံကို အကန့်အသတ်ထိ ထုတ်သုံးပြီး ရင်းဂျုရဲ့ တည်နေရာကို ရှာကြည့်လို့ကြည့် လုပ်သွားခဲ့တယ်။

ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား ရင်းဂျုရဲ့ တည်နေရာကို ရှာမတွေ့နိုင် ဖြစ်နေခဲ့တယ်။ ထိုသွေးစစ်သည်တော် ရင်းဂျုရဲ့ ပုန်းအောင်းနိုင်စွမ်းက ကိုယ်ပျောက်စွမ်းရည် နီးပါးအဆင့်ကို ရောက်ရှိနေခဲ့ပါတယ်။

ဟော်ရှင်းချန်ကတော့ ယပ်တောင်လေး တခတ်ခတ် လုပ်နေပြီး ချူရီမန်ရဲ့ မျက်နှာလှလှလေး ကတော့ အစကနေ အဆုံးထိ ပြုံးမြဲ ပြုံးနေခဲ့တယ်။ သူမရဲ့ လှပတဲ့ မျက်ဝန်းအစုံနဲ့ အလံဆီ သွားနေတဲ့ လူဆီ ပေါ့ပေါ့ပါးပါးနဲ့ လှမ်းကြည့်လိုက်တယ်။ သူမရဲ့ အကြည့်ထဲ ကျေနပ်အားရနေသည့် အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ် နေခဲ့ပါတယ်။

ချူရီမန်ရဲ့ စိုက်ကြည့်ရင်း ခံနေရတဲ့အတွက် ထိုလူစိတ်ထဲ စိုးရိမ်စိတ်တို့ ဝင်လာခဲ့တယ်။

တစ်လှမ်းချင်း၊ တစ်လှမ်းချင်း ရှေ့ဆက်သွား နေခဲ့ရင်း ထိုလူက သူ့ခွန်အားကို တိတ်တဆိတ် စုစည်းထားလိုက်တယ်။ ဟော်ရှင်းချန်နဲ့ ချူရီမန်တို့နား ဖြတ်သွားစဉ် သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကြိုတင် ကာကွယ်ထားခဲ့တယ်။ နောက်ဆုံး ကျုကောင်းရီရှေ့ ရောက်လာတဲ့ အချိန် သူ့နဖူးထက်မှာ ချွေးအေးတို့ တဒီးဒီး ကျဆင်းနေခဲ့တယ်။

“ဟွန့်” ကျုကောင်းရီက ရုတ်တရက် နှာခေါင်း ကောက်ရှုံ့ လိုက်တယ်။ ထိုလူမှာ သေးထွက်မတတ် ကြောက်လန့်သွားခဲ့ပြီး တန်ပြန် တိုက်ခိုက် လုမတတ် ဖြစ်သွားခဲ့ရတယ်။

သူသာ တိုက်ခိုက် လိုက်တာနဲ့ ကျုကောင်းရီက သူ့ကို တန်ပြန် တိုက်ခိုက်လို့ ရသွားပါပြီ။

“ဟား ဟား ဟား ဟား” ထိုမြင်ကွင်းကို ကြည့်ရင်း ဟော်ရှင်းချန် အူလှိုက်သည်းလှိုက် ရယ်မောပါတော့တယ်။ ချူရီမန်တောင် တခစ်ခစ် တခစ်ခစ်နဲ့ ရယ်မောနေလေရဲ့။

ထိုလူရဲ့ အပြုအမူက ရန်ရှန်း မျက်နှာကို အိုးမဲ သုတ်သလို ဖြစ်သွားခဲ့တယ်။

ထိုလူရဲ့ မျက်နှာ တစ်ခုလုံး ရဲရဲနီနေခဲ့ပြီး အစောပိုင်းတုန်းက အပြုအမူကြောင့် သူ့မှာ အလွန်အမင်း ရှက်ရွံ့ နေခဲ့ရတယ်။ လက်သီး တင်းတင်း ဆုပ်လိုက်ပြီး ခန်းမထဲ ကမူးရှူးထိုး ပြေးဝင် သွားလိုက်တယ်။ သူ မကြောက်ဘူး ဆိုတာကို ပြသချင်နေတဲ့ ပုံပါပဲ။

ခန်းမထဲကို ရှောရှောရှူရှူ ဝင်သွားနိုင်ခဲ့ပြီး ဘာအတားဆီးမှ သူ မကြုံတွေ့ ခဲ့ရပါဘူး။

ခန်းမထဲ တိုးဝင် ပျောက်ကွယ် သွားပြီး ခဏအကြာ၌ ထိုလူက အလံကို လက်ထဲကိုင်ရင်း အပြုံးကြီး ပြုံးကာ ခန်းမထဲကနေ ပြန်ပြေး ထွက်လာခဲ့တယ်။

“ခြောက်ယောက်မြောက် သခင်လေး၊ ကျုပ်…”

စကားတောင် ဆုံးအောင် မပြောရသေးခင်မှာပဲ အမှောင်ရိပ်ထဲမှ ခရမ်းရောင် လှိုင်းတွန့်လေးတွေ ထွက်ပေါ်လာခဲ့ပြီး… နောက် တိတ်ဆိတ် သွားခဲ့တယ်။

အလံကို ကိုင်ထားတဲ့ လူက တံခါးနားမှာ မတ်တပ်ရပ်နေ တုန်းပါပဲ။ ဒါပေမယ့် သူ့ကိုယ် တစ်ဝက်ကတော့ အပြင်ကို ရောက်နေခဲ့ပါပြီ။ သူ့အနေနဲ့ နောက်ဆုံး ခြေလှမ်းကို ဘယ်တော့မှ ဆက်လှမ်းနိုင်တော့မှာ မဟုတ်ပါဘူး။

ရန်ကျောင်းနဲ့ ရန်ရှန်းတို့ရဲ့ မျက်နှာ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး သူတို့ နောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အားလုံးလည်း ဖြူလျော် သွားခဲ့ကြတယ်။

“သူသေသွားပြီ” ရန်ကျောင်း ဘေးနားမှာ ရှိနေတဲ့ သွေးစစ်သည်တော်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။ တံခါးပေါက်နားဆီ လှမ်းကြည့်လိုက်ပြီး ရှင်းပြလိုက်တယ် “အဲ့ဒါက ရင်းဂျုရဲ့ လေဟုန်ခွင်း အရိပ်ဓါးချက်ပဲ”

“မြန်လိုက်တာ” ရန်ကျောင်း အလိုလို ရေရွတ်မိလိုက်တယ်။ ထို့နောက် တိုးတိုးလေး မေးလိုက်တယ် “ရင်းဂျု ဘယ်မှာ ပုန်းနေလဲ ဆိုတာကို ခင်ဗျား ရှာလို့တွေ့လား”

“မတွေ့ဘူး” သွေးစစ်သည်တော်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “ရင်းဂျုက ပုန်းကွယ်ပြီး လုပ်ကြံသတ်ဖြတ်တဲ့ နယ်ပယ်မျိုးမှာ အထူးကျွမ်းကျင်တယ်။ အဲ့လို နယ်ပယ်မျိုးမှာ သွေးစစ်သည်တော် ခန်းမမှာ ရှိတဲ့ ဘယ်သူမှ သူ့ကို မမှီကြဘူး။ ခန်းမသခင်နဲ့ လက်ထောက် ခန်းမသခင်တောင် သူပုန်းနေတဲ့ နေရာကို လွယ်လွယ်နဲ့ ရှာမတွေ့နိုင်ကြဘူး။ ခန်းမသခင်လို လူမျိုးတောင် မရမှတော့ ကျုပ်ကတော့ ပြောစရာတောင် မလိုတော့ဘူး”

ပြောနေရင်းနဲ့ တစ်ချက် ရပ်တန့်လိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ “အခုအချိန် ရင်းဂျုအနေနဲ့ သူ့ဒဏ်ရာတွေ ပြန်မသက်သာ သေးလောက်ဘူး။ ဒါဆိုရင် ဒီပညာရပ်ကို ဘယ်လိုလုပ်ပြီး သူအသုံပြု နေနိုင်ရတာလဲ”

“သူ့ဒဏ်ရာတွေ ပြန်သက်သာ သွားတာကော မဖြစ်နိုင်ဘူးလား” ရန်ရှန်းက စိတ်ဓါတ်ကျနေတဲ့ လေသံနဲ့ မေးလိုက်တယ်။ သူ့ မဟာမိတ်တွေထဲက တစ်ယောက် သေသွားတော့ သူစိတ်ဓါတ် ကျနေတာ သဘာဝပါပဲ။

“မဖြစ်နိုင်ဘူး” ရန်ရှန်းရဲ့ သွေးစစ်သည်တော်က ပြတ်ပြတ် သားသားကို ငြင်းဆန်လိုက်ပြီး ခေါင်းခါရမ်းလိုက်ရင်း “ကျုကောင်းရီနဲ့ ရင်းဂျုတို့ ရထားတဲ့ ဒဏ်ရာတွေက သေးတာ မဟုတ်ဘူး။ ဒီနေ့ မနက်ပိုင်းတုန်းက သူတို့ နှစ်ယောက်ကို တွေ့တုန်းကတောင် နှစ်ယောက်စလုံးရဲ့ သွေးစွမ်းအာက မတည်မငြိမ် ဖြစ်နေခဲ့တာ။ တစ်ရက်တောင် မပြည့်သေးတဲ့ အချိန် အတွင်းမှာပဲ သူတို့ရဲ့ ဒဏ်ရာတွေ ပြန်သက်သာလာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

“သွေးရူးသွပ်ခြင်း ပညာရပ်ကို သုံးထားတာပဲ ဖြစ်ရမယ်” ရန်ကျောင်းက ယုံကြည်ချက် အပြည့်နဲ့ ဝင်ပြောလိုက်တယ်။

အစောပိုင်းတုန်က ပြောလိုက်တဲ့ သွေးစစ်သည်တော်တွေက တိတ်တိတ်လေး ခေါင်းညိတ်လိုက်တယ်၊ သို့ပေမယ့် သူတို့ မျက်နှာထက် ပူဆွေးနောင်တရနေသည့် အရိပ်အယောင် အချို့တော့ ရှိနေခဲ့ပါတယ်။

ရင်းဂျု သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးလိုက်တာက သူ့ရဲ့ လက်ကျန် အသက်စွမ်းအင်ကို လောင်ကျွမ်း လိုက်တာနဲ့ အတူတူပါပဲ။ ဒီည ကျော်လွန်သွားတာနဲ့ ဒီလောကကြီးမှာ ရင်းဂျု ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

သွေးစစ်သည်တော် နှစ်ယောက်စလုံး ဝမ်းနည်း သွားခဲ့ကြတယ်။ အပြင်ကို ထုတ်မပြောပေမယ့် သူတို့အချင်းချင်းက ညီအစ်ကို အရင်းတွေလို ရင်းနှီး ချစ်ခင်ကြတာပါ။ သူတို့ အားလုံးက သူတို့ ညီအစ်ကိုရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ သူတို့ အသက်ကိုတောင် စွန့်လွှတ်နိုင်ကြတဲ့ လူတွေ ချည်းပါပဲ။

“သူ့သွေးရူးသွပ်ခြင်း ပညာရပ်က ဘယ်လောက်လောက် ကြာနိုင်လဲ” ရန်ကျောင်းက မေးလိုက်တယ်။

မဖြေချင်ပေမယ့် ပြတ်ပြတ်းသားသားနဲ့ကို ပြန်ဖြေ ပေးလိုက်ပါတယ် “နာရီဝက်ပဲ၊ နာရီဝက် ကြာသွားတာနဲ့ သူ့ အသက်စွမ်းအင် ကုန်ဆုံးသွားလိမ့်မယ်”

“အဲ့လိုဆိုမှတော့ ကျုပ်တို့ စောင့်ကြတာပေါ့။ နာရီဝက် ပြည့်တာနဲ့ နောက်တစ်ကြိမ် ထပ်စမ်းကြမယ်” ရန်ကျောင်းက အတိအလင်း ကြေညာလိုက်တယ်။

သူ့ပါးစပ်က ထိုစကားတို့ ထွက်သွားတာနဲ့ ရန်ကိုင်ရဲ့ အရှေ့ဝင်ပေါက် တစ်ခုလုံး နောက်တစ်ဖန် ပြန်လည် တိတ်ဆိတ် သွားခဲ့တယ်။ ဟော်ရှင်းချန် တစ်ယောက်သာ လေလေးတစ်ချွန်ချွန်နဲ့ ယပ်တောင်လေး ခတ်ရင်း အေးအေးဆေးဆေးနဲ့ သောက်စား နေနိုင်တာပါ။ သူ့ပုံစံကို ကြည့်ရင်း ဘေးနားက လူတွေ အကုန်လုံး အံတကြိတ်ကြိတ်နဲ့ ဖြစ်နေခဲ့ကြတယ်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ရှည်ကြာတဲ့ တိတ်ဆိတ်မှုကတော့ သည်းခံဖို့ ခက်ခဲလှချေရဲ့။

နာရီဝက် ကြာပြီးနောက် ရန်ကျောင်းက ခေါင်းညိတ်လိုက်ပြီး “အချိန်ပြည့်ပြီ”

ရန်ရှန်း မျက်ဝန်းထဲ ပြတ်သားသည့် အလင်းရောင်တို့ ဖြတ်ပြေး သွားခဲ့ပြီး ချူဇိရို့ဘက် လှည့်ကာ ပြောလိုက်တယ် “ညီအစ်ကိုချူ၊ ဒီတစ်ကြိမ်တော့ မင်းတို့ ချူမိသားစုက ပညာရှင် နှစ်ယောက်ကို စေလွှတ်ပေးပါ။ ညီလေးကိုင်ရဲ့ အလံကို ဒီတစ်ကြိမ် မရနိုင်ဘူးလို့ ငါမယုံဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ ချူဇိရိုက ပြုံးလိုက်ပြီး “ကောင်ပြီလေ၊ ကျုပ်တို့ကလည်း ခြောက်ယောက်မြောက် သခင်လေးရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ရမှာပေါ့”

ပြောပြီးတာနဲ့ ချူဇိရိုက ချူမိသားစုက ခေါ်လာတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူ နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်တယ်။ ခဏအကြာမှာပဲ နှစ်ယောက်စလုံး ရှေ့ထွက်လာခဲ့တယ်။

ခြံဝန်းထဲကို ဝင်ဖို့ လုပ်နေတုန်းမှာပဲ ချူရီမန်က ရုတ်တရက် ကောက်ပြောလိုက်တယ် “မောင်လေးရေ၊ ငါသာ နင့်နေရာမှာ ဆိုရင် သူတို့ နှစ်ယောက်စလုံးရဲ့ အသက်ကို လမ်းဘေးက ဂေါ်ဖီထုတ်တွေလို ပေါ့ပေါ့တန်တန်နဲ့ ဆက်ဆံမှာ မဟုတ်ဘူး၊ သိလား။ နင့်ဆုံးဖြတ်ချက်က အရမ်းကို မဆင်မခြင် နိုင်လွန်းတယ်”

ချူဇိရိုက တစ်ခဏလောက် မျက်မှောင် ကြုံ့သွားခဲ့ပြီး နောက် ပြန်ပြီး လှောင်ပြောင်လိုက်တယ် “အစ်မကြီး၊ ကျုပ်ကို လာလှည့်စားဖို့ ကြိုးစားမနေနဲ့။ ရန်ကိုင်က ဒီည ကျိန်းသေ ထွက်ရတော့မှာ။ အစ်မကြီးက လူတွေကို ဖတ်တဲ့ နေရာမှာ အမြဲတမ်း ထူးချွန်တာမလား။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ အစ်မကြီး မှားသွားခဲ့ပြီ။ ကျုပ်တို့ဘက်က လူအများကြီးကို အစ်မကြီးတို့ဘက်က လူနည်းနည်းလေးနဲ့ ဘယ်လိုများ ခုခံချင်နေရတာလဲ”

“ခေါင်းမာနေတဲ့ အရူးတစ်ကောင်ပဲ” ချူရီမန်က စိတ်ပျက်ပျက်နဲ့ ခေါင်းခါလိုက်ပြီး သူမ မောင်လေးကို နားချဖို့ ဆက်ပြီး ကြိုးစား မနေတော့ပါဘူး။

ရန်ရှန်းက ထိုဝမ်းကွဲနှစ်ယောက် စကားပြောလို့ ပြီးတဲ့အထိ စောင့်ဆိုင်းလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “မင်းတို့ အားလုံး သွားလိုက်၊ တစ်ဝက်က ကျုကောင်းရီကို ထိန်းထားပြီး ကျန်တစ်ဝက်က အလံကို ငါ့ဆီ ယူလာခဲ့ကြ”

ဝှစ်… ဝှစ်… ဝှစ်… လေတိုးသံတွေနဲ့အတူ လူဒါဇင်ကျော်လောက် ကောင်းကင် ထက်ကနေ ဆင်းသက်လာခဲ့တယ်။ သူတို့ထဲ တစ်ဝက်လောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ဖြစ်ကြပြီး အားအကောင်းဆုံးကတော့ အင်မော်တယ် တက်လှမ်းခင်း အဆင့်၈ ရောက်နေတဲ့လူပဲ ဖြစ်ပါတယ်။

လူဒါဇင်ကျော်ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူက အားကောင်းတဲ့ ကျင့်ကြံသူ ငါးယောက်နဲ့အတူ ကျုကောင်းရီဆီ ပြေးဝင်သွားလိုက်ပြီး သူ့ကို ဝိုင်းထားလိုက်ကြတယ်။

သူတို့ထဲက ဘယ်သူမှ တိုက်ခိုက်ခြင်း မပြုခဲ့ပဲ ဝိုင်းရုံလေးသာ ဝိုင်းထားခဲ့တာပါ။

သူတို့ ဝိုင်းထားတဲ့ လူက ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရထားပေမယ့် ထိုပထမအဆင့် အင်အားစုက ကျင့်ကြံသူတွေက သွေးစစ်သည်တော် တစ်ယောက်ကို အရင်စပြီး မတိုက်ခိုက် ရဲသေးပါဘူး။

ကျုကောင်းရီကတော့ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် အသွယ်သွယ်ကို ကြံ့ကြံ့ခံ ရပ်တည်လာခဲ့တဲ့ ရှေးဟောင်း တောင်ကြီး တစ်လုံးလို မားမာမတ်မတ်နဲ့ ရပ်နေခဲ့ပြီး သူ့အား ဝိုင်းထားသည့် လူတွေကို မထူးခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့တယ်။

အားလုံးက စံအိမ်ဝင်ပေါက်ဆီ အဆောတလျင်နဲ့ ပြေးလွှား နေခဲ့ကြတယ်။ အားလုံးက အလံကိုင်ထားတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ အလောင်းဆီ ပြေးနေကြတာပါ။

အောင်မြင်ကို ရယူပြီးသည့် လူတွေအလား အားလုံးရဲ့ မျက်နှာတွေက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရင်းဂျုက ဆက်ပြီး တိုက်ခိုက်လို့ မရတော့ပါဘူး။ ထို့ကြောင့် အလံဆီ အရင်ရောက်တဲ့လူက အလံကို ရနိုင်မှာပါ။ အလံကိုသာ ရယူပေးနိုင်ခဲ့ရင် ရန်ရှင်းက သူတို့ကို ကောင်းကောင်း ဆုချမှာလေ။ ထို့ကြောင့် အလောင်းလက်ထဲက အလံက သူတို့ အမြင်မှာတော့ ရန်ရှန်းဆီက ရမယ့် ဆုလာဒ်တစ်ခုနဲ့ မခြားပါဘူး။

ကျင့်ကြံသူ ရှစ်ယောက်က သွေးရူးသွေးတန်းနဲ့ ပြေးသွား လိုက်ကြပြီး တစ်ယောက်ချင်းဆီက အလံဆီ သူ့ထက်ငါ အရင်ဦးအောင်လို့ လက်လှမ်းလိုက်ကြတယ်။

ဒါပေမယ့် အဲ့အချိန်မှာပဲ…

အစောပိုင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ ခရမ်းရောင် လှိုင်းတွန့်လေးတွေ အရိပ်ထဲကနေ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ပိန်ပါးပါး ပုံရိပ်တစ်ခုက သူတို့ရှေ့ ရုတ်ချည်း ရောက်ရှိလာခဲ့တယ်။ ထိုလူက ဓါးမြှောင် နှစ်ချောင်းကို လက်ထဲ ကိုင်ထားပြီး သူ့တစ်ကိုယ်လုံးက အမှောင်ထုနဲ့ တစ်သားတည်း ကျလုနီးပါး ဖြစ်နေခဲ့တယ်။ လူရှစ်ယောက် မျက်နှာထက်က စိတ်လှုပ်ရှားမှုတွေက ချက်ချင်းဆိုသလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ပြီး တုန်လှုပ်ချောက်ချားမှုတို့က စိတ်လှုပ်ရှားမှု နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တယ်။

ထိုပိန်ပါးပါး ပုံရိပ်က နောက်တစ်ကြိမ် ဝေဝါးသွားခဲ့ပြီး ဒါဇင်ကျော်တဲ့ ပုံရိပ်တွေအဖြစ် ခွဲထွက်သွားခဲ့တယ်။ ပုံရိပ် တစ်ခုချင်းစီက ထက်ရှတဲ့ ဓါးတစ်ချောင်းလိုမျိုး အမှောင်ကျပြီး အေးစက်တဲ့ ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့တယ်။

လေဟုန်ခွင်း အရိပ်ဓါးချက် …

ထိတ်လန့်တကြား အော်ဟစ် သံတွေနှင့် သွေးတွေ ပန်းထွက်သွားခဲ့တယ်။

ကျင့်ကြံသူ ရှစ်ယောက်စလုံးက အလံကို ရယူဖို့ အရေးကိုသာ အာရုံစိုက်နေတဲ့ အတွက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ရောက်နေတဲ့ သွေးစစ်သည်တော် တစ်ယောက်ရဲ့ ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်မှုကို နည်းနည်းလေးတောင် မခုခံနိုင်ခဲ့ပါဘူး။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ လူသုံးယောက် မြေကြီးပေါ် လဲကျသွားခဲ့တယ်။

ကျန်ရှိနေတဲ့ ကျင့်ကြံသူ ငါးယောက်စလုံး အလံကို ရယူဖို့ လုပ်နေသည့် လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ပြီး မြန်နိုင်သမျှ မြန်မြန် နောက်ပြန် ဆုတ်လိုက်ကြတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ ဒဏ်ရာရတာကနေ မလွတ်မြောက် နိုင်ခဲ့ပါဘူး။

တစ်ခဏကြာပြီးနောက် ဖုန်တွေ ရှင်းသွားတဲ့အချိန် တိတ်ဆိတ်မှုက ခြံဝန်း တစ်ခုလုံးကို နောက်တစ်ကြိမ် ကြီးစိုး သွားခဲ့ပြန်တယ်။

ရင်းဂျုကတော့ အမှောင်ထုထဲက တစ္ဆေတစ်ကောင်လို ဓါးမြှောင် နှစ်ချောင်ကို ကိုင်ရင်း ထိုနေရာမှာပဲ တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့တယ်။ နောက် စံအိမ် ဝင်ပေါက်သွားလိုက်ပြီး အလံကို ကောက်ယူလိုက်ကာ ခန်းမထက်ပေါ် ပြန်ပြီး ပစ်တင်လိုက်တယ်။

လုပ်စရာရှိတာ လုပ်ပြီး သွားတာနဲ့ သူ့ပုံရိပ်က ဘယ်တော့မှ မထွက်ပေါ်လာခဲ့သည့် အလား နောက်တစ်ကြိမ် ပျောက်ကွယ် သွားခဲ့တယ်။ ပြန့်ကျဲနေတဲ့ အလောင်းတွေကလွဲလို့ ရင်းဂျု အရိပ်အယောင် နည်းနည်းလေးတောင် မတွေ့ရတော့ပါဘူး။

သွေးရူးသွပ်ခြင်း ပညာရပ် ထုတ်သုံးလိုက်ပြီးနောက် ထွက်ပေါ်လာတဲ့ လက္ခာတွေက အရမ်းကို သိသာပါတယ်။ ဒါပေမယ့် ရင်းဂျုမှာတော့ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။

“ဒုတိယအစ်ကိုကြီး” ရန်ရှန်းက ဒေါနဲ့မောနဲ့ လှမ်းအော်လိုက်တယ်။ ရန်ကျောင်းကို ယုံစားမိခဲ့လို့ သူ့ရဲ့ မဟာမိတ် များစွာ သေဆုံးခဲ့ရလေပြီ။ ထို့ကြောင့် သူဒေါသ ထွက်တာလည်း မထူးဆန်းပါဘူး။

ရန်ကျောင်းက ရန်ရှန်းကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး မျက်မှောင် ကြုံ့ကာ “ဒါက ဒုတိယမြောက်အစ်ကိုရဲ့ ခန့်မှန်းချက် မှားယွင်း သွားခဲ့လို့ပဲ”

“အဲ့လိုဆိုရင် ငါဆုံးရှုံး သွားတာတွေက…” ရန်ရှန်း ဆက်ပြောဖို့ တုန့်ဆိုင်း နေခဲ့တယ်။ သူ့ မဟာမိတ်တွေ သေသွားလို့ ရန်ကျောင်းဆီ သွားအလျော်တောင်းတာက ယုတ္တိမဆန်တဲ့ လုပ်ရပ်မှန်း သူလည်း သိထားပါတယ်။ အခုလို‌ ဖြစ်ရတာ အားလုံးက ကိုယ့်ဘာသာကိုယ် နည်းနည်းလေးတောင် မတွေးတောပဲ ရန်ကျောင်းပြောတာကို စုံလုံးမှိတ် ယုံပြီး ဆူးပုံနင်းလို့ ဖြစ်သွားခဲ့ရတာပါ။

Martial Peak

အပိုင်း(၄၃၀) မင်းလည်းသွား

ရင်းဂျုက တစ္ဆေတစ်ကောင်လို စံအိမ်ရှေ့ ရုတ်တရက် ထွက်ပေါ်လာပြီး လူသုံးယောက်ကို သတ်သွားခဲ့တယ်။ ပြီးတာနဲ့ အရိပ်ထဲ တစ်ဖန်ပြန်လည်း တိုးဝင် ပျောက်ကွယ် သွားခဲ့ပါတယ်။ ထိုအဖြစ်အပျက်ကြောင့် ရန်ရှန်းရဲ့ မဟာမိတ်တွေ စံအိမ်ထဲကို နောက်တစ်ကြိမ် အလျင်စလို တိုးမဝင် သွားရဲတော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်နေခဲ့ကြပြီး သုန်မှုန်နေတဲ့ သူတို့ရဲ့ အမူအရာတွေက စကားနဲ့ ဖော်ပြနိုင်တာထက် ပိုသည့်အဓိပ္ပါယ်ကို အထင်အရှား ဖော်ပြနေခဲ့တယ်။

ရန်ရှန်း မျက်နှာ စူပုပ်နေခဲ့ပြီး သူ့ရင်ဘတ် တစ်ခုလုံး မကျေနပ်ချက်၊ နာကျည်းချက်တို့ဖြင့် ပြည့်နေခဲ့တယ်။ ဒါပေမယ့် နောက်ထပ် ဘာအမိန့်မှ ထပ်မပေးသေးပါဘူး။

ရန်ကျောင်းလည်း မျက်မှောင် ကြုံ့လိုက်ပြီး သန်းပေါင်း များစွာသော မေးခွန်းတို့ သူ့စိတ်ထဲ ဖြတ်ပြေး သွားခဲ့တယ်။

ရင်းဂျုက သွေးရူးသွပ်ခြင်း ပညာရပ်ကို အသုံး မပြုထားပါဘူး။ ဒါပေမယ့် သူပြသခဲ့တဲ့ ခွန်အားက အရမ်းကို ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ သူသာ ကနေ့ မနက်ပိုင်းတုန်းကလို ဒဏ်ရာ ရနေတုန်းပဲဆိုရင် အရမ်းကြီး ကိစ္စမရှိလှပါဘူး။

ဒီကို မလာခင်ကတည်းက ရန်ကျောင်းက သတင်းတွေ စုံစမ်း ခဲ့ပြီးသားပါ။ ကျုကောင်းရီနဲ့ ရင်းဂျုက သွေးစစ်သည်တော် ခန်းမရဲ့ လက်ရွေးစင်တွေပါ။ သူတို့သာ ပြင်းပြင်းထန်ထန် ရထားသေးတယ် ဆိုရင် ဘယ်အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ကျင့်ကြံသူမဆို သူတို့ကို အသာလေး အနိုင်ယူလို့ ရပါတယ်။

သူ့ဒဏ်ရာတွေ တကယ်ပဲ ပြန်ကောင်း နေပြီလား။

ဒါမှမဟုတ် အထူးနည်းလမ်း တစ်ခုခုကို သုံးပြီးတော့ပဲ သူတို့ရဲ့ ဒဏ်ရာတွေကို ဖိနှိပ်ထားခဲ့တာလား။

စိတ်ရှုပ်ရှုပ်နဲ့ ရန်ကျောင်းက ဖြစ်နိုင်သမျှတွေကို တွက်ချက် စဉ်းစားနေခဲ့တယ်။

အစကနေ အဆုံးထိ ကျုကောင်းရီက စကား တစ်ခွန်းတောင် မပြောခဲ့သလို တစ်ချက်ကလေးမှလည်း မလှုပ်ရှားခဲ့ပါဘူး။ လှုပ်ရှားခဲ့တာ ဆိုလို့ သူ့မျက်လုံးတွေပဲ ရှိပါတယ်။ အသက်ရှုနေသေးတာ ကြောင့်သာ မဟုတ်ရင် သူသေနေပြီလို့တောင် ထင်သွားကြမှာပါ။

လူငါးယောက် ဝိုင်းတာ ခံနေရပေမယ့် သူ့အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲ မသွားခဲ့ပါဘူး။ ရုပ်တည်ကြီးနဲ့သာ ရှိနေခဲ့ပါတယ်။

ရန်ကျောင်း ခေါင်းကိုက် ချင်လာခဲ့တယ်။

ရန်ကျောင်းနဲ့ ရန်ရှန်းတို့ ခေါ်လာတဲ့ လူအင်အားက မသေးလှပေမယ့် သွေးစစ်သည်တော် နှစ်ယောက်ရဲ့ စောင့်ကြည့်မှု အောက်ကနေ အလံကို လုယူချင်တယ် ဆိုရင်တော့ သူတို့ ကြီးကြီးမားမား စတေးပြီးမှပဲ ရပါလိမ့်မယ်။

သူအသိချင်ဆုံး မေးခွန်းက ထိုသွေးစစ်သည်တော် နှစ်ယောက် သူတို့ ခွန်အားရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကို ပြန်သုံးနိုင်နေပြီလဲ ဆိုတာကိုပါ။

သူတို့က လှည့်စားဖို့သာ ကြိုးစားနေတယ် ဆိုရင်တော့ ရန်ရှန်းနဲ့တင် ကိစ္စပြတ်ပါတယ်။ ဒါပေမယ့် မဟုတ်ခဲ့ရင်တော့…

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကျောင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ် “ခြောက်ယောက်မြောက် ညီလေး၊ ကြည့်ရတာတော့ အလံကို မင်းတစ်ယောက်ထဲ မယူနိုင်တော့တဲ့ ပုံပဲ”

ရန်ရှန်းကတော့ အေးစက်စက် အမူအရာနဲ့ပဲ ရှိနေခဲ့ပြီး ရန်ကျောင်း စကားကို အဖက်လုပ် ပြန်လည် ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

“ဒီလိုဆိုမှတော့ ဒုတိယမြောက် အစ်ကိုကြီးက မင်းကို ကူညီပေးရတော့မှာပေါ့” ရန်ကျောင်းက အောက်ကို ငုံ့ကြည့်လိုက်ပြီး အလျင်မလိုသည့်ဟန်ဖြင့် ပြောလိုက်တယ်။

ဒီညလိုမျိုး အခွင့်အရေးက တကယ်ကို ရှားပါးပါတယ်။ သူ့ မျက်စိ ရှေ့တည့်တည့် ရောက်နေတဲ့ အခွင့်အရေးကို ဒီအတိုင်းကြီး ရန်ကျောင်း လက်မလွှတ်လိုက်ချင်ပါဘူး။ သူ့ဆုံးဖြတ်ချက်က စွန့်စားရမယ် ဆိုရင်တောင် သူ့ရဲ့ မသိစိတ်ကတော့ သူဆုံးဖြတ်ချက်က မှန်တယ်လို့ ပြောနေခဲ့ပါတယ်။

“ဒုတိယမြောက် အစ်ကိုကြီးက ကျုပ်ကို ကူညီပေးမယ်ဆိုရင် အလံက…” ရန်ရှန်းက အခုလေးတင်ပဲ လူတော်တော်များများ ဆုံးရှုံးသွားခဲ့တာဆိုတော့ ဒီတစ်ကြိမ်မှာတော့ သူပိုပြီး စဉ်းစားချင့်ချိန်တွေးတတ် လာခဲ့ပါပြီ။ ထို့ကြောင့် မလှုပ်ရှားခင် အရင်ဆုံး ကြိုသေချာအောင် မေးထားလိုက်ပါတယ်။

“အဲ့အကြောင်း နောက်မှ ဆွေးနွေးကြတာပေါ့” ရန်ကျောင်းက အကျိုးအမြတ် မရတဲ့ အလုပ်တစ်ခုကို အရှုံးခံပြီး လုပ်ပါ့မလား။ အခု ရန်ကိုင်က ဘယ်ရောက်လို့ ရောက်နေမှန်း သူသိသေးတာလည်း မဟုတ်ပါဘူး။ အလံကိုသာ ရန်ရှန်းဆီ ပေးဖို့ သဘောတူလိုက်ရင် သူ့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးက သဲထဲရေသွန်လိုက်သလို ဖြစ်ကုန်မှာပေါ့။

ရန်ရှန်း မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။ ဒါပေမယ့် ရန်ကျောင်း သဘောတူထားတာကို ပြန်ရုပ်သိမ်းတာလေး အတွက်နဲ့ ရန်ကျောင်းနဲ့ သူမတိုက်ခိုက် ချင်သေးပါဘူး။ ထို့ကြောင့် နောက်ဆုံး ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်တယ် “ကောင်းပြီလေ”

သူ့ဘက်က လေးယောက် အသတ်ခံလိုက်ရပါပြီ။ ထို့ကြောင့် လူလေးယောက် ဆုံးရှုံးလိုက်ရတာနဲ့ တန်အောင် ရန်ကိုင်ဆီက အလံကို သူရအောင် ယူကိုယူရပါမယ်။

“အဲ့လိုဆိုတော့လည်း စကြတာပေါ့” ရန်ကျောင်းက ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။

ရီရှင်းရို့နောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်နဲ့ ရှန်နဲ့နန်မိသားစု ပညာရှင်တွေ ရှေ့တက်လိုက်ကြတယ်။ ရန်ရှန်းကလည်း သူခေါ်လာတဲ့ လူတွေကို အဆင်သင့်ပြင်ထားဖို့ တိတ်တဆိတ် အချက်ပြလိုက်တယ်။

အခု ညီအစ်ကိုနှစ်ယောက် ပူးပေါင်းပြီး ရန်ကိုင် စံအိမ်ကို တိုက်ခိုက် လာခဲ့ပါပြီ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် ဒါဇင်ကျော်က အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူ အဖွဲ့လိုက်နဲ့အတူ ရန်ကိုင် ခြံဝန်းဆီ ပျံသန်းဆင်းလာခဲ့တယ်။

“ဟဲ ဟဲ၊ ငါအရင်ဆုံး ရှင်းအောင် ပြောထားမယ်။ မင်းတို့ ကစားလို့ ရတယ်။ ဒါပေမယ့် ငါ့ကို လာဆွဲမထည့်နဲ့နော်။ ဒီသခင်လေးက ပွဲကြည့်ပရိတ်သတ် သက်သက်ပဲ” ဟော်ရှင်းချန်က ရယ်မောလိုက်ပြီး အရင်ဆုံး ခြေတစ်လှမ်းဆုတ် ပေးလိုက်တယ်။

ဟော်ရှင်းချန် ပြောတာ ကြားလိုက်တာနဲ့ ချူရီမန်က လှောင်ပြုံး ပြုံးလိုက်ပြီး သူ့ဖင်ကို ဆောင့်ကန်လိုက်တယ်။ ထိုကန်ချက်ကြောင့် ဟော်ရှင်းချန်မှာ ကြမ်းပြင်နဲ့ မိတ်ဆက်လုမတတ် ဖြစ်သွားခဲ့ပြီး ရှန်ထန်းရှောင်ကတော့ တွန့်ဆုတ်မနေပဲ ရှေ့တက်လိုက်တယ်။

ဆောင်းဦးမိုးစက်ခန်းမက လူတွေနဲ့ ရှန်ထန်းရှောင် ခေါ်လာတဲ့ လူတွေအကုန်လုံး ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ခံစစ်ပိုင်းကို ဖြည့်တင်းလိုက်ကြတယ်။ ကံဆိုးစွာနဲ့ပဲ သူတို့ အရေအတွက်က များနေခဲ့ပေမယ့် သူတို့ရဲ့ ခွန်အားက မြင့်မားခြင်း ရှိမနေခဲ့ပါဘူး။

ရန်ကျောင်းနဲ့ ရန်ရှန်းတို့ ခေါ်လာတဲ့ ပညာရှင်တွေက ထိုလူတွေကို နည်းနည်းလေးတောင် မကြောက်ပါဘူး။ ထို့ကြောင့် သူတို့ အရှိန်ကို နည်းနည်းလေးတောင် လျှော့ချလိုက်ခြင်း မရှိပဲ စံအိမ်ဝင်ပေါက်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်တယ်။

ရှေးဟောင်း ကျောက်တောင် တစ်ခုလို တစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့တဲ့ ကျုကောင်းရီက ရုတ်တရက် အော်ဟစ် မာန်သွင်းလိုက်ပြီး အစစ်အမှန်ချီတို့ သူ့ကိုယ်ကနေ ပေါက်ကွဲ ထွက်လာခဲ့ကာ ခြံဝန်းထဲမှာ ရှိနေတဲ့ လူအားလုံး ပြင်းထန်တဲ့ ဖိအားကို ခံစားမိလိုက်ကြတယ်။ ထို့နောက် မိုးချိန်းသံတမျှ ကျယ်လောင်တဲ့ အသံကြီးနဲ့ အတိအလင်း ကြေညာလိုက်တယ် “စံအိမ်ထဲကို ဝင်ချင်တယ် ဆိုရင် ငါ့ကို အရင်ကျော်ဖြတ် သွားနိုင်မှပဲ ရလိမ့်မယ်”

ကျုကောင်းရီ တစ်ကိုယ်လုံး စွမ်းအင်တို့နဲ့ ပြည့်ဝနေခဲ့ပြီး ဒဏ်ရာရထားတဲ့ပုံ နည်းနည်းလေးမှ ပေါက်မနေခဲ့ပါဘူး။

ဘယ်အရိပ်တွေကနေ ရင်းဂျု ချောင်းမြောင်းနေလဲ ဆိုတာကိုပဲ အာရုံစိုက်နေတဲ့ ရန်ကျောင်းနဲ့ ရန်ရှန်းတို့ရဲ့ လူအားလုံး ရုတ်တရက် အေးခဲသွားခဲ့ကြတယ်။ ကျုကောင်းရီ ပြောတာကို ကြားလိုက်တဲ့ အချိန် သူတို့တွေ အကုန်လုံး ဘေးကြပ်နံကျပ် ဖြစ်သွားခဲ့တယ်။ ဘယ်သူ့ကို ရွေးရင် ပိုဆိုးမယ်မှန်း မသိတာနဲ့ လူများစွာက ကျုကောင်းရီကိုပဲ ရွေးလိုက်ကြတယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ထောင်ထောင် မောင်းမောင်းနဲ့ သွေးစစ်သည်တော်က ရက်စက်ပြုံး ပြုံးလိုက်တယ်။

မိသားစု စည်းမျဉ်းတွေကြောင့် သွေးစစ်သည်တော်တွေ အနေနဲ့ တန်ပြန် တိုက်ခိုက်ခွင့်ပဲ ရှိပါတယ်။ တစ်ဖက်က သူတို့ကို စမတိုက်ရင် သူတို့ကလည်း စတိုက်လို့ မရပါဘူး။ ဒါပေမယ့် အခုအချိန်၌ တစ်ဖက်ရန်သူက သူ့ကို စတိုက်ခိုက်ဖို့ လုပ်လာပြီ ဖြစ်တဲ့အတွက် ကျုကောင်းရီကလည်း တန်ပြန်တိုက်ခိုက်ခွင့် ရသွားပါပြီ။

သူ့ပုံရိပ်က မိုးပြာရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပြီး ရန်သူအုပ်ကြားထဲ ထွက်ပေါ်လာခဲ့တယ်။

သွေးစစ်သည်တော် ခန်းမရဲ့ စွမ်းအားတွေကို ပေါက်ကွဲစေပြီး တိုက်ခိုက်တတ်တဲ့ သွေးစစ်သည်တော် တစ်ယောက်လို့ လူသိများ ကျော်ကြားတာနဲ့အညီ ကျုကောင်းရီက ထိပ်တိုက်ယှဉ်ပြီး တရစပ် တိုက်ခိုက်ရာမှာ အထူးကျွမ်းကျင် ပါတယ်။

သူ့ရဲ့ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်ကို အမွှေးတိုင်း တစ်ချောင်းစာ အတွင်းမှာပဲ အပြည့်အဝ လောင်ကျွမ်း ပစ်နိုင်ပါတယ်။ ထိုအချိန် အတောအတွင်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်အတွင်း၌ သူဟာ ပြိုင်ဘက်ကင်းပါပဲ။

သာမန် မျက်စိနဲ့တောင် မြင်နိုင်လောက်လုနီးပါး ထူထဲလှတဲ့ စိတ်စွမ်းအင်တို့ ကျုကောင်းရီ စိတ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းသည့် ဝိဥာဉ်ပညာရပ် တစ်ခုက ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို သိမ်းကျုံးတိုက်ခိုက် သွားခဲ့တယ်။ ထိုဝိဥာဉ် ပညာရပ်နဲ့အတူ သေစေနိုင်လောက်တဲ့ သိုင်းပညာရပ် တိုက်ခိုက်မှုတွေကပါ တစ်သီတစ်တန်းကြီး လိုက်ပါလာခဲ့တယ်။

ချက်ချင်းဆိုသလို ခြံဝန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့တယ်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတယ်လို့ သူတို့ ထင်နေတဲ့ သွေးစစ်သည်တော်က သူတို့ဆီ ပြေးဝင်လာခဲ့ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်လိမ့်မယ်လို့ တစ်ယောက်မှ မထင်ထားခဲ့ပါဘူး။ သူရဲ့ တိုက်ကွက် တစ်ခုချင်းစီတိုင်းမှာ ခွန်အား နည်းနည်းလေးတောင် ထိန်ချန် မထားခဲ့ပါဘူး။ ကျုကောင်းရီက မုန်ယိုနေတဲ့ သားရဲတစ်ကောင်လို သည်းကြီးမည်းကြီး တိုက်ခိုက်နေခဲ့ပြီး သူ့ခံစစ်ကိုတော့ လုံးလုံးလျစ်လျူ ရှုထားခဲ့တယ်။

အသက် သုံးရှိုက်စာ ကုန်ဆုံးပြီးနောက် လူတစ်ယောက် မြေကြီးပေါ် လဲကျ သေဆုံးသွားခဲ့တယ်။ နောက်တစ်ယောက်က လေထဲ လွင့်ပျံထွက်သွားခဲ့ပြီး သွေးမြူတွေအဖြစ် ပေါက်ကွဲ ထွက်သွားခဲ့တယ်။ သူ့အရိုးတွေတောင် ဖုန်တွေ ဖြစ်သွားခဲ့ပါတယ်။

သူတို့ရှေ့က သွေးပျက်ဖွယ် မြင်ကွင်းကြောင့် လူငယ်မျိုးဆက်ရဲ့ ပါရမီရှင်တွေအဖြစ် လူသိများ ကျော်ကြားတဲ့ ရန်ကျောင်း၊ ရန်ရှန်း၊ ရှန်ချူ၊ နန်ရှန်း၊ ချူဇိရိုနဲ့ အခြားသခင်လေးတွေ အကုန်လုံး တုန်ယင်သွားခဲ့ကြတယ်။

တိုက်ပွဲက ဒီလောက်အထိ ပြင်းထန် သွားလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မျှော်လင့် မထားခဲ့ပါဘူး။

ရန်မိသားစု သခင်လေးနောက် လိုက်လာတဲ့ သွေးစစ်သည်တော် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်ကြတယ်။

သူတို့ရဲ့ အမြင်အာရုံနဲ့ ကျုကောင်းရီရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းသွားပြီ ဆိုတာကို သူတို့ မသိပဲ ဘယ်နေပါ့မလဲ။ သူသာ အပြည့်အဝ ပြန်မကောင်းသေးရင် အခုလိုမျိုး ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားကို ထုတ်ဖော်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

သူတို့ သိချင်တာက သူ့ခွန်အားရဲ့ ဘယ်လောက်လောက်ကို ပြန်ရပြီးပြီလဲ ဆိုတာပါပဲ။ ဒီကမနက်တုန်းက နှစ်ယောက်စလုံးက သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းထားရတဲ့ ပုံစံမျိုးနဲ့ ရှိနေခဲ့တာပါ။ တစ်ရက်တောင် မကြာသေးခင်မှာပဲ ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းတဲ့ အခြေအနေကနေ ဘယ်လိုလုပ်ပြီး ပြန်ကောင်းလာနိုင် ခဲ့တာလဲ။ ထိုအချက်ကို သွေးစစ်သည်တော် နှစ်ယောက် လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့တာပါ။

ကျုကောင်းရီရဲ့ ရက်စက်ကြမ်းကြုတ်မှုက သူ့ရန်သူတွေ အကုန်လုံးကို ကြက်သီးဖြန်းဖြန်း ထသွားစေခဲ့တယ်။ လူနှစ်ယောက် သေပြီးသွားတာနဲ့ ကျန်တဲ့ လူတွေအကုန်လုံး နောက်ပြန် ဆုတ်သွားခဲ့ကြတယ်။ ဘယ်သူကမှ ထိုမွန်းစတား ကောင်ကြီးဆီ ပြေးမဝင် သွားရဲတော့ပါဘူး။

“ခင်ဗျားတို့ ဘာတွေ ကြောက်နေတာလဲ။ ဒီလောက် လူအများကြီးနဲ့ သွေးစစ်သည်တော် တစ်ယောက်ကိုတောင် မထိန်းချုပ် ထားနိုင်ဘူးလား” အခြေအနေ မကောင်းတော့တာကို သတိပြုမိလိုက်တာနဲ့ ရန်ကျောင်းက ဒေါသတကြီး အော်ဟစ်လိုက်တယ်။

အခုက သူက တိုက်ပွဲကို စတင်လိုက်ပြီ ဖြစ်တဲ့အတွက် နောက်ပြန် ဆုတ်လို့ မရတော့ပါဘူ။ ရှေ့ဆက်တိုးဖို့ပဲ ရှိပါတော့တယ်။ ရှေ့မှာတော့ အနိုင်နဲ့ အရှုံးပဲ ရှိပါတော့တယ်။

ရန်ကိုင် အလားအလာကို သူကောင်းကောင်း သိထားပါတယ်။ သူသာ သူ့ရဲ့ ကိုးယောက်မြောက် ညီလေးကို ဒီညမှာ အပြတ်မရှင်းနိုင်ဘူး ဆိုရင် အနာဂတ်ကျရင် သူ့ရဲ့ အငယ်ဆုံး ညီငယ်လေးက ရင်ဆိုင်ရအခက်ဆုံး ပြိုင်ဘက် တစ်ယောက် ဖြစ်လာမှာပါ။ သူ့အစ်ကိုကြီး ရန်ဝေထက်တောင် ပိုပြီး ရင်ဆိုင်ရ ခက်တဲ့ ပြိုင်ဘက် တစ်ယောက်ပေါ့။

ဒီညမှာပဲ အားလုံးကို အဆုံးသတ်ရမယ် ရန်ကျောင်းက သူ့စိတ်ထဲ တိတ်တဆိတ် ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်တယ်။

သူ့စကားကြောင့် သူ့အဖွဲ့သားတွေ စိတ်အားတက်ကြွ သွားခဲ့တယ်။ ကျုကောင်းရီနဲ့ တိုက်ခိုက်နေတဲ့ လူတွေက ကျုကောင်းရီရဲ့ ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်ကြောင့် ကြောက်သလို ဖြစ်သွားခဲ့တာပါ။ ဒါပေမယ့် သူတို့ ပြန်တည်ငြိမ်သွားတဲ့အခါ ဒီသွေးစစ်သည်တော်က ပြိုင်ဘက် ကင်းမနေဘူး ဆိုတာကို သူတို့ တွေ့ရှိလိုက်ရတယ်။

ကျုကောင်းရီက တိုက်စစ်ကိုသာ ဦးစားပေးထားခဲ့ပြီး သူ့ခံစစ်ကို လုံးလုံး လျစ်လျူရှုထားခဲ့ပါတယ်။ ထို့ကြောင့် သူက သူတို့ အားလုံးကို နောက်ပြန်တွန်းပို့ နိုင်ခဲ့ပြီး သူတို့ထဲက နှစ်ယောက်ကို သတ်ပစ်လိုက်နိုင်ပေမယ့် သူကိုယ်တိုင်လည်း ဒဏ်ရာ နည်းနည်းပါးပါး ရသွားခဲ့ပါတယ်။

ပြီးတော့ သူတို့မှာ အရေအတွက် အားသာချက် ရှိပါတယ်။ သူတို့သာ ကျုကောင်းရီရဲ့ အသေသတ် တိုက်ကွက်ကို ရှောင်ရှားနိုင်သရွေ့ သွေးစစ်သည်တော် တစ်ယောက်ကို ထိန်းချုပ်ထားရာမှာ ပြဿနာရှိလိမ့်မှာ မဟုတ်ပါဘူး။

ဟုတ်တာပေါ့ သွေးရူးသွပ်ခြင်း ပညာရပ်ကိုတော့ ဘယ်ထည့်တွက် ထားပါ့မလဲ။ သူ့ကို အချိန်ဆွဲထားပေမယ့် လူမရှိတဲ့အတွက် ကျုကောင်းရီလည်း သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးနိုင်လိမ့်မှာ မဟုတ်ပါဘူး။

တစ်ခဏလောက် စဉ်းစား ချင့်တွက်ပြီးနောက် နောက်ပြန်ဆုတ်သွားတဲ့ လူအားလုံး သူတို့ရဲ့ ယုံကြည်ချက်တို့ ပြန်ရလာခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင် သိုင်းပညာရပ် အမျိုးမျိုး၊ လက်နက် အမျိုးမျိုးကို သုံးကာ ကျုကောင်းရီကို စတင် တိုက်ခိုက် ပါတော့တယ်။

တစ်ခဏအတွင်းမှာပဲ တိုက်ခိုက်မှု များစွာက အဘက်ဘက် ကနေ ကျုကောင်းရီဆီ တိုးဝင်လာခဲ့တယ်။

ထိုကဲ့သို့ အမျိုးမျိုးသော တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရချိန်၌ ကျုကောင်းရီက လက်ရွေးစင် သွေးစစ်သည်တော် တစ်ယောက် ဖြစ်နေရင်တောင် သူ့ကိုယ်ထက် ဒဏ်ရာဒဏ်ချက် များစွာတို့ ထပ်တိုးလာခဲ့တယ်။

ဒါပေမယ့် ညည်းသံ တစ်ချက်ကလေးတောင် မထွက်ခဲ့ပါဘူး။ သူ့ရဲ့ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်ကိုသာ အစွမ်းကုန်ထုတ်သုံးကာ ဆက်လက် တိုက်ခိုက် နေခဲ့တယ်။

ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် ကျုကောင်းရီ ကျိန်းသေ သေဆုံးသွားရပါလိမ့်မယ်။ ဒါပေမယ့် ရန်ကျောင်းနဲ့ ရန်ရှန်းတို့ရဲ့ မဟာမိတ် တစ်ဝက်လောက်ပါ သူနဲ့လိုက်ပါ သေဆုံးသွားရ ပါလိမ့်မယ်။

ချူရီမန်ရဲ့ အမူအရာ တင်းကြပ်သွားခဲ့တယ်။ စံအိမ်ဝင်ပေါက်ဆီ အလျင်အမြန် လှမ်းကြည့်လိုက်ပြီးနောက် ရန်ကျောင်းနဲ့ ရန်ရှန်းတို့ နှစ်ယောက်ဆီ ပြန်လှည့်ကြည့်လိုက်တယ်။ သူ့မရဲ့ ဦးနှောက်ကို အလျင်အမြန် အလုပ်လုပ်ခိုင်းနေခဲ့ရလေပြီ။

ရင်းဂျုက သူ့နေရာကနေ ထွက်သွားလို့ မရပါဘူး။ သူ့နေရာကနေ စွန့်ခွါလိုက်တာနဲ့ ရန်ကျောင်းနဲ့ ရန်ရှန်းတို့က သွေးစစ်သည်တော် နှစ်ယောက်ရဲ့ အကာအကွယ်နဲ့ အလံကို အလွယ်တကူ လုယူသွားပါလိမ့်မယ်။

အမှောင်ထဲမှာ ပုန်းနေတာက ရန်ကျောင်းနဲ့၊ ရန်ရှန်းနဲ့ သူတို့ရဲ့ မဟာမိတ်တွေအတွက် အကောင်းဆုံး အဟန့်အတားပါပဲ။

ရင်းဂျုလည်း ထိုအချက်ကို သတိပြုမိပါတယ်။ ထို့ကြောင့် ကျုးကောင်ရီက သေရေးရှင်ရေး အခြေအနေထဲ ရောက်နေ တာတောင် သူက ဒီအတိုင်းပဲ ရပ်ကြည့်နေခဲ့တာပါ။

ဒါပေမယ့် ရင်းဂျုရဲ့ အကူအညီ မပါပဲနဲ့ ကျုကောင်းရီ တစ်ယောက်တည်းနဲ့ သူ့ရန်သူတွေ အကုန်လုံးကို အနိုင်ယူ ဟန့်တားထားဖို့ မဖြစ်နိုင်ပါဘူး၊ ထိုအချက်ကို ချူရီမန် ကောင်းကောင်း နားလည်ထားပါတယ်။

“သွားကူပေးလိုက်” ခဏကြာအောင် စဉ်းစားပြီးနောက် ချူရီမန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်တယ်။

ဆောင်းဦးမိုးစက် ခန်းမရဲ့ အဖွဲ့ဝင်တွေ ချက်ချင်းပဲ ပြေးထွက်သွားလိုက်ကြတယ်။ ရှန်ထန်းရှောင်နဲ့ ရှန်မိသားစုက ကျင့်ကြံသူတွေလည်း ဆောင်းဦးမိုးစက် ခန်းအဖွဲ့သားတွေ နောက်ကနေ ပြေးလိုက်သွားခဲ့ကြတယ်။ ရှန်ထန်းရှောင်ရဲ့ ဦးဆောင်းမှုနှင့် အတူ အားလုံးက လက်နက်ကိုယ်စီ ဆွဲကိုင်ကာ တိုက်ပွဲထဲ ပြေးဝင်သွားလိုက်ကြတယ်။

ရှန်ထန်းရှောင်ရဲ့ ခွန်အားက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို စိန်ခေါ်ဖို့ မလုံလောက် သေးပါဘူး။ ဒါပေမယ့် ရန်ကျောင်းနဲ့ ရန်ရှန်းတို့ ခေါ်လာတဲ့ လူတွေထဲမှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် ဒါဇင်ကျော်လောက်ပဲ ပါတာလေ။ ထို့ကြောင့် ရှန်ထန်းရှောင်က ကျန်တဲ့ အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင် တိုက်ခိုက်လို့ ရပါသေးတယ်။

ထိုလူတွေက ရှန်ထန်းရှောင်ရဲ့ လက်ရှိ ဦးစားပေးပါ။

ရန်သူ တစ်ယောက်ကို သတ်လိုက်နိုင်ရင် ရန်သူ အဖွဲ့ထဲ တစ်ယောက် လျော့သွားတာနဲ့ အတူတူပါပဲ။

ရှန်ထန်းရှောင် တိုက်ပွဲထဲ ပြေးဝင်လာတာကို မြင်လိုက်တာနဲ့ ရှန်ချူက အထင်အမြင် သေးစွာနဲ့ ကြိတ်ရယ်လိုက်တယ်။

သူ့ရဲ့ ဝမ်းကွဲညီငယ်လေးရဲ့ အရည်အချင်းက အရမ်းကို ထူးချွန်ပြီး သူ့ရဲ့ ပွင့်လင်းတဲ့ ပင်ကိုစရိုက်ကြောင့် မိသားစုထဲက အကြီးအကဲတွေရဲ့ မျက်နှာသာပေးခြင်းကို ခံရပါတယ်။ ဒါပေမယ့် သူက ထူးချွန်တဲ့ စစ်သည်တော် တစ်ယောက် ဖြစ်နေမယ် ဆိုရင်တောင် ရှန်မိသားစု ခေါင်းဆောင် ဘယ်တော့မှ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။

တိုက်ပွဲထဲကို အရင် ပြေးဝင်သွားလိုက်တာက သူ့မှာ မိသားစုခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း မရှိဘူးလို့ ဆိုလိုက်တာပါပဲ။

ဘေးကနေ ထိုင်ကြည့်ခွင့် ရှိနေတာတောင် မိသားစု ခေါင်းဆောင် တစ်ယောက်က တိုက်ပွဲထဲ အရင်ဆုံး ပြေးဝင်သွားမှာလား။ အဲ့လိုသာ ဆိုရင်တော့ ဒီလောက်ကကြီးမှာ ရှိတဲ့ မိသားစုတွေ အကုန်လုံး နေ့စဉ်နဲ့အမျှ မိသားစုခေါင်းဆောင် ပြောင်းနေရမှာပါ။

မိသားစုခေါင်းဆောင်မှာ မိသားစုခေါင်းဆောင် ဆိုတဲ့ ဟန်ပန် အမူအရာမျိုး ရှိဖို့ လိုအပ်ပါတယ်။ နောက်ကနေ စောင့်ကြည့်ပြီး အခြေအနေ တစ်ခုလုံးနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ရမှာပါ မိသားစု ခေါင်းဆောင် တစ်ယောက်ရဲ့ တာဝန်ပါပဲ။

အခုလိုမျိုး ဘာကိုမှ ဂရုမစိုက်ပဲ ရူးရူးမူးမူးနဲ့ တိုက်ပွဲထဲ ပြေးဝင်သွားတာက လူရိုင်းတွေရဲ့ လုပ်ရပ်ပါ။

ရှန်ထန်းရှောင်ရဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်း ရှန်ချူရဲ့ အကြည့်က တဖြည်းဖြည်း အေးစက်သွားခဲ့ပြီး သူ့မျက်ဝန်းထဲ ရက်စက် ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

“နင်လည်းသွား” ချူရီမန်က တိုက်ပွဲကို အပြုံးကြီးပြုံးရင်း အငြိမ့်သား ထိုင်ကြည့်နေတဲ့ ဟော်ရှန်းချန်ကို လှမ်းပြောလိုက်တယ်။

“ငါလည်း သွားရမှာလား” ဟော်ရှင်ချန် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားခဲ့တယ်။

“နင်လည်း သွားရမှာပေါ့၊ အရူးရဲ့။ နင်က ဟော်မိသားစုရဲ့ သခင်လေးလေ။ ဘယ်သူက နင့်ကို သတ်ရဲမှာ မို့လို့လဲ” ချူရီမန်က ဒေါနဲ့မောနဲ့ ပြောလိုက်ပြီး ဟော်ရှင်းချန်ကို အင်္ကျီကော်လာ ကနေ ဆွဲကိုင်လိုက်ကာ ပရမ်းပတာဖြစ်နေတဲ့ တိုက်ပွဲထဲ ပစ်ထည့်ပေးလိုက်တယ်။

ဟော်ရှင်းချန်က ကြယ်ပျံတစ်ခုအလား လူအုပ်ကြီးကြားထဲ ကျဆင်းသွားခဲ့ပြီး နာနာကျင်ကျင်နဲ့ အော်ဟစ်လိုက်တယ်။ ဘုန်းခနဲ အသံနှင့်အတူ မြေကြီးပေါ် ပြုတ်ကျသွားခဲ့ပြီး လေးငါးပတ်လောက် လှိမ့်သွားခဲ့တယ်။

ချူရီမန်က အားရကျေနပ်စွာနဲ့ ပြုံးလိုက်ပြီး ပျားသကာလို ချိုသာတဲ့ လေသံလေးနဲ့ “ဒီမှာ ရှိနေတဲ့ လူတွေထဲမှာ ဘယ်သူမှ နင့်ကို မသတ်ရဲဘူး။ အများဆုံးမှ နင့်ကို နည်းနည်းလေး နာကျင်သွားအောင် လုပ်ရုံပဲ ရှိမှာ”

“နံဟောင်ပုပ်ပွနေတဲ့ မိန်းမ” ဟော်ရှန်းချန်က ခါးသီးစွာနဲ့ အော်ဟစ်ဆဲဆို လိုက်ပြီး ဒယီးဒယိုင်နဲ့ ကုန်းထလိုက်တယ်။ တည်တည်ငြိမ်ငြိမ် မတ်တပ် ရပ်နိုင်သွားတာနဲ့ အံတင်းတင်း ကြိတ်ပြီး ခေါင်းမော့ကာ အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်တယ် “ငါ့ကို တိုက်ခိုက်ဖို့ မကြိုးစားနဲ့နော်။ ငါအခုတည်းက ပြောထားမယ်၊ ငါက ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်တဲ့ ဟော်ရှင်းချန်ပဲ။ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ လူမှန်သမျှ ငါ့ရန်သူ ဖြစ်ပြီသာမှတ်”

All Chapters