အခန်း (၄၃၁-၄၃၅)
Vol. 18 Ch. 431-435
အပိုင်း(၄၃၁) စိတ်ချမ်းချမ်းသားသာနဲ့ မင်းထွက်သွားလို့ ရပြီ
ဗဟိုမြို့တော်ရဲ့ လူဆိုးလူသွမ်းဆိုတဲ့ သူ့ရဲ့ ဂုဏ်သတင်းကြောင့် ဟော်ရှန်းချန်ရဲ့ ကြေညာချက်က အားလုံးစိတ်ထဲ အထင်အမြင် တစ်ခု ရိုက်သွင်းပေးနိုင်ခဲ့တယ်။
ဟော်ရှင်ချန်ရဲ့ ပုံမှန်မဟုတ်တဲ့ အော်ဟစ် ပြောဆိုသံကို ကြားလိုက်တာနဲ့ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ လူအားလုံး သူ့ဆီ လှည့်ကြည့်လိုက်ကြတယ်။ ရန်ကျောင်းနဲ့ ရန်ရှန်းတို့ရဲ့ မျက်နှာတောင် ဆေးခါးကြီး စားလိုက်ရသလို ရှုံ့မဲ့သွားခဲ့ကြတယ်။
ဟော်ရှင်းချန်ရဲ့ တည်ရှိမှုက တိုက်ပွဲထဲ ရှိနေတဲ့ လူအားလုံးရဲ့ လက်တစ်ဖက်ကို နောက်လှန်ကြိုးတုပ် ထားသလို ဖြစ်နေစေခဲ့တယ်။ တိုက်ခိုက်နေတဲ့ လူအားလုံး သူ့ကို မထိခိုက်မိအောင် ရှောင်ရှားဖို့ လိုအပ်ပါတယ်။ အစစ်အမှန်ချီကို သုံးပြီး အဝေးက တိုက်ခိုက်နေတဲ့ လူတွေကလည်း သူတို့ရဲ့ ပစ်ကွင်းထဲ ဟော်ရှင်းချန် ရှိမရှိ ဆိုတာကို သတိထားဖို့ လိုအပ်ပါသေးတယ်။
မဟုတ်လို့ ဟော်ရှင်းချန်ကိုသာ ဒဏ်ရာရအောင် လုပ်မိသွားခဲ့ရင် သူ့ရဲ့ ဆိုးသွမ်းတဲ့ စရိုက်အရ သူတို့ကို အလွယ်တကူနဲ့ လွှတ်ပေးလိမ့်မှာ မဟုတ်ပါဘူး။ အဲ့အချိန်ရောက်ရင် ရန်ကျောင်းနဲ့ ရန်ရှန်းတို့ရဲ့ ကာကွယ်မှုအောက်၌ ရှိနေရင်တောင် ဟော်ရှင်းချန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ လူအနေနဲ့ ကျိန်းသေ ပြန်လက်စား ချေခံရပါလိမ့်မယ်။
အခု ရှိနေတဲ့ လူတွေထဲ မိသားစုကြီး ရှစ်ခုက တိုက်ရိုက် မျိုးဆက်တွေပဲ သူ့ကို တိုက်ခိုက်ဖို့ အရည်အချင်း ရှိကြပါတယ်။ ဒါပေမယ့် တိုက်ပွဲတစ်ခုလုံးက ပရမ်းပတာ ဖြစ်နေတဲ့အတွက် ရန်ကျောင်းနဲ့ ရန်ရှန်းတို့တောင် တိုက်ပွဲထဲ ပြေးဝင်သွားဖို့ စိုးရွံ့နေမိ ခဲ့ကြပါတယ်။
ဟော်ရှင်းချန် စကားသံ ပျောက်ကွယ် မသွားသေးခင်မှာပဲ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ ကျင့်ကြံသူ တစ်ယောက်က ကျုကောင်းရီရဲ့ ရိုက်ချက်ကြောင့် လွင့်စင်ထွက်လာခဲ့ပြီး ဟော်ရှင်းချန်ရဲ့ ပုခုံးကို သွားရောက် ထိမှန်သွားခဲ့တယ်။
သခင်လေးဟော် ချက်ချင်းဆိုသလို ဒေါသပုန် ထသွားခဲ့ပြီး ထိုလူကြီးရဲ့ မျက်နှာကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တယ်။ ပြီးတာနဲ့ လည်ချောင်းကွဲမတတ် အသံကြီးနဲ့ ဒေါသတကြီး အော်ဟစ် ပါတော့တယ် “ငိုးပဲ၊ မင်းပါးပါးကြီးက ဟော်ရှင်းချန်လို့ ပြောနေတာ မကြားဘူးလား။ မင်းမျက်လုံးက ကန်းနေတာလား။ မင်းဦးနှောက် မကောင်းတော့လို့လား… ဟန်။ ဒီသခင်လေးကို တိုက်ခိုက်ပြီး ဒီအတိုင်း ထွက်သွားလို့ ရမယ်လို့ မင်းထင်နေတာလား”
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ကျင့်ကြံသူမှ ကျုကောင်းရီရဲ့ ရိုက်ချက်ကြောင့် သူ့သွေးစွမ်းအင်တွေ မတည်မငြိမ် ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူ့မှာ အသက်တောင် ကောင်းကောင်း မရှူရသေးခင်မှာပဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလို ဟော်ရှင်းချန် ပါးရိုက်တာ ခံလိုက်ရပြန်ပါတယ်။ သူ့ရင်ဘတ် တစ်ခုလုံး ခါးသီးမှု၊ ဒေါသတို့ကြောင့် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူ့ဒေါသတွေကို ဘယ်နေရာ ဖောက်ထုတ်ရမှန်း မသိတဲ့အတွက် နောက်ဆုံး သွေးတစ်ပွက် အန်လိုက်ရပြီး မြေကြီးပေါ် လဲကျသွားခဲ့တယ်။
နေရာမှာတင် သတိလစ်သွားခဲ့လေပြီ။
“သောက်လုံး ကန်းနေတဲ့ ခွေးမသားပဲ” ဟော်ရှင်းချန်က နှာခေါင်းရှုံ့လိုက်တယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကျောင်းနဲ့ ရန်ရှန်းတို့ရဲ့ အမူအရာ ပိုပြီး အရုပ်ဆိုးသွားခဲ့တယ်။ ဟော်ရှင်းချန်က အရမ်းကို အရှက်မဲ့ လွန်းပါတယ်။ သူက လွဲပြီးတော့ ဗဟိုမြို့တော်မှာ ရှိတဲ့ ဘယ်သခင်လေးကများ ဒီလောက် အရှက်မဲ့နိုင်မှာ မို့လို့လဲ။
ရီမိသားစုက ရီရှင်းရို့ရဲ့ နှစ်လိုဖွယ် ကောင်းတဲ့ မျက်နှာလေးကလည်း ခါးသီးလို့ နေခဲ့တယ်။ ချူဇိရိုကတော့ ကူကယ်ရာ မဲ့စွာနဲ့သာ ခေါင်းခါရမ်း နေခဲ့တယ်။
အားလုံးက ထိုနဲ့ ပြောဆိုဆက်ဆံဖို့ရာ ရှက်ရွံ့ နေကြပါတယ်။
ချူရီမန်ကတော့ အဝေးကနေ ရပ်နေရင်း လူဆိုးလေး သခင်လေးဟော်ရဲ့ စွမ်ဆောင်းမှုကို ပြုံးကာ ကြည့်နေခဲ့တယ်။
ဟော်ရှင်းချန် လမ်းလျှောက် သွားလိုက်တဲ့ နေရာတိုင်း ပရမ်းပတာ ဖြစ်သွားခဲ့ရတယ်။ သူ့ကို မြင်လိုက်တဲ့ လူတိုင်း အရင်ဆုံး ကြိုရှောင်ထားခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေကြားထဲ ရပ်နေရင်း ခေါင်းလေးကုတ်ပြီး စိတ်ထိခိုက်နေတဲ့ လေသံလေးနဲ့ “ချူရီမန်၊ ငါပြန်လာလို့ မရဘူးလား။ ဘယ်သူကမှ ငါနဲ့ မတိုက်ခိုက် ချင်ကြဘူး”
သူလုပ်ခဲ့တာကို ကြည့်ပြီး ဘယ်သူကများ သူကို တိုက်ခိုက် ရဲပါတော့မလဲ။ သူ့ရဲ့ အပြုအမူက ဘယ်လောက်ပဲ ရပ်ကား ဆိုးသွမ်း အရှက်မဲ့နေပါစေ၊ သူက ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူပါ။ အခြားမိသာစုတွေလို တိုက်ရိုက်မျိုးဆက် နှစ်ယောက်၊ သုံးလေးငါးယောက်လောက် ရှိတာမျိုး မဟုတ်ပဲ ဟော်မိသားစုမှာ တိုက်ရိုက်မျိုးဆက် ဆိုလို့ ဟော်ရှင်းချန် တစ်ယောက်ပဲ ရှိတာပါ။
“မရဘူး၊ အဲ့မှာပဲနေ” ချူရီမန်က ပြုံးကာ ပြန်ပြောလိုက်တယ်။ သခင်လေးဟော်ကလည်း တော်တော်လေး အသုံးဝင်မှန်း အခုမှပဲ သူမ နားလည်သွားပါတော့တယ်။
“လုပ်စမ်းပါဟာ…” ဟော်ရှင်းချန်က ခါးခါးသီးသီးနဲ့ တောင်းဆိုလိုက်တယ်။
တိုက်ပွဲအပြင်ဘက်၌ ရီရှင်းရို့က ရန်ကျောင်းဆီ လှည့်ပြီး ပျော့ပျောင်းတဲ့ လေသံလေးနဲ့ ပြောလိုက်တယ် “ဒုတိယသခင်လေး၊ သခင်လေးဟော်ကို ကျွန်မကို ကိုင်တွယ်ခွင့် ပြုပါ”
ရီရှင်းရို့က ချူရီမန်လောက် မကျော်ကြားပေမယ့် သူမက ဗဟိုမြို့တော်ရှိ လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်နေတုန်းပါပဲ။ သူမနဲ့ ချူရီမန်ကို ဗဟိုမြို့တော်ရဲ့ ပန်းလေးနှစ်ပွင့် လို့တောင် လူအချို့က တင်စား ထားကြပါသေးတယ်။
သူမရဲ့ ခွန်အားကလည်း မနိမ့်ကျလှပါဘူး။ အမျိုးမျိုးသော သာမန်မဟုတ်တဲ့ လက်နက်တွေရဲ့ အကူအညီနဲ့ သူမက သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူ တစ်ယောက်ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။
ထိုဆန်ကုန်မြေလေး လူဆိုးလေး ဟော်ရှင်းချန်နဲ့ ရင်ဆိုင်ရရင် သူမ အနိုင်ရနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိပါတယ်။ အခြားသူတွေ မလှုပ်ရှားရဲပေမယ့် မိသားစုကြီး ရှစ်ခုက တိုက်ရိုက် မျိုးဆက်တွေ မလှုပ်ရှားရဲဘူးလို့တော့ မဆိုလိုပါဘူး။
ဒါပေမယ့် သူမရဲ့ တောင်းဆိုမှုကို ကြားတဲ့အချိန် ရန်ကျောင်းက ရိုးရိုးရှင်းရှင်းလေးသာ ပြန်ပြီး ခေါင်းခါပြလိုက်တယ်။ သူ့အမူအရာက လေးနက်တည်ကြည် သွားခဲ့ပြီး ရှင်းရှင်းလေးပဲ ပြန်ပြောလိုက်တယ် “မင်းသူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”
ရီရှင်းရို့က ချိုသာစွာ ပြုံးလိုက်ပြီး ပြန်ပြီး ငြင်းခုံလိုက်တယ် “ဒုတိယသခင်လေး စိုးရိမ်စရာ မလိုပါဘူး။ ကျွန်မက အားနည်းပုံ ရပေမယ့် ကျွန်မမှာလည်း အရည်းအချင်း နည်းနည်းပါးပါတော့ ရှိပါတယ်နော်”
ရန်ကျောင်းက အသာအယာလေး ပြုံးလိုက်ပြီး လေးနက်တဲ့ အဓိပ္ပါယ်နဲ့ ပြန်ပြောလိုက်တယ် “နင့်မှာ အရည်အချင်း ရှိတယ်ဆိုတာ ငါနားလည်ထားပြီးသားပါ။ ငါကလည်း နင့်ကို အထင်သေးနေတာမှ မဟုတ်တာ။ ဒါပေမယ့် နင်ကတော့ သခင်လေးဟော်ကို အထင်သေး နေခဲ့တယ်”
နောက်ဆုံးမှာတော့ ရီရှင်းရို့ရဲ့ အမူအရာက ပြောင်းလဲသွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြန်ပြောလိုက်တယ် “ဒုတိယမြောက် သခင်လေး ပြောချင်တာက…”
ရန်ကျောင်းက ရယ်မောလိုက်ပြီး “ရန်မိသားစုက ကလေးတွေ ဗဟိုမြို့တော်ဆီ ပြန်မလာခင်တုန်းက လူငယ်မျိုးဆက် ကြယ်ပွင့် သုံးယောက် ရှိခဲ့တယ်၊ သုံးယောက်ထဲမှာ ဟော်ရှင်းချန်က တတိယလိုက်တယ်။ သူ့ရဲ့ အပျော်အပါး၊ ဆိုးသွမ်းတဲ့ စရိုက်ကြောင့်ပဲ ကျော်ကြားနေတာလို့ နင်ထင်နေတာလား။ ရှင်းရို့၊ နင်က ဟော်မိသားစုရဲ့ အမွေအနှစ်ကို အရမ်း အထင်သေးလွန်း နေခဲ့တာပဲ”
ရီရှင်းရို့ရဲ့ မျက်နှာ တင်းကြပ်သွားခဲ့ပြီး ညင်ညင်သာ သိမ်မွေ့စွာနဲ့ ခေါင်းညိတ်လိုက်ကာ “ဒုတိယ သခင်လေး ပြောတာလည်း ယုတ္တိရှိသားပဲ။ ကျွန်မက သူ့ကို အကောင်း မမြင်နိုင်တော့ သူ့ရဲ့ ခွန်အားကိုပါ တစ်ခါတည်း အထင်သေးမိသွားတာ ဖြစ်လောက်မယ်”
သူတို့ နှစ်ယောက် စကားပြောနေစဉ် ရှန်ချူက သူခေါ်လာခဲ့တဲ့ ကျင့်ကြံသူတွေထဲက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် တစ်ယောက်ကို တိုးတိုးတိတ်တိတ်နဲ့ အချက် ပြလိုက်တယ်။
ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်က ကျုကောင်းရီကို တိုက်ခိုက်ရာကနေ ခွဲထွက်သွားလိုက်ပြီး အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်နေတဲ့ ရှန်ထန်းရှောင်ဆီ ခိုးကြောင်ခိုးဝှက် တိုးသွားလိုက်တယ်။
တိုက်ပွဲကွင်းပြင် တစ်ခုလုံး ပရမ်းပတာတွေ ဖြစ်နေတဲ့အတွက် ဘယ်သူကမှ ဒီလောက်အထိ အသေးစိတ် လိုက်ပြီး ဂရုစိုက်မနေနိုင်ပါဘူး။ ရှန်ထန်းရှောင် ကိုယ်တိုင်တောင် ထိုအခြင်းအရာကို သတိ မပြုမိခဲ့ပါဘူး။
တစ်ခဏကြာပြီးနောက် ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူက ရှန်ထန်းရှောင် ဘေးနား ရောက်လာခဲ့တယ်။ သူ့မျက်ဝန်းထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး မမြင်နိုင်တဲ့ စိတ်စွမ်းအင်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်တယ်။
ဒါပေမယ့် ထိုအချိန်မှာပဲ ဟော်ရှင်းချန်က အကြောင်းပြချက် တစ်ခုခု၊ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို တွန်းလိုက်တာကြောင့်လားတော့ မသိပေမယ့် ဒယီးဒယိုင် နောက်ဆုတ်လိုက်ရပြီး ရှန်ထန်းရှောင်ရှေ့ ရောက်ရှိသွားခဲ့တယ်။
ရှန်ထန်းရှောင်ရှေ့ သူရောက်သွားတဲ့ အချိန်နဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် စိတ်စွမ်းအင်နဲ့ တိုက်ခိုက်လိုက်တဲ့ အချိန်က ကွက်တိ ဖြစ်သွားခဲ့ပါတယ်။
အပြာရောင် အရောင်အဝါ တစ်ခုက ဟော်ရှင်းချန်ကို ရုတ်တရက် ဖုံးအုပ်သွားခဲ့တယ်။ ထိုအရောင်အဝါက သူ့ဆီမှာ ရှိတဲ့ အကာအကွယ် ဝိဥာဉ် လက်နက်ကနေ ထွက်ပေါ်လာခဲ့တာပါ။
သူ့ကိုယ်တစ်ဝိုက် ဝိုင်းပတ်နေတဲ့ အပြာရောင် အရောင်အဝါကို မြင်လိုက်တာနဲ့ ဟော်ရှင်းချန်က ဘယ်ကြည့်၊ ညာကြည့် ကြည့်လိုက်ပြီး သူ့ကို တိုက်ခိုက်လိုက်တဲ့ လူကို လိုက်ရှာပါတော့တယ်။ ခပ်မြန်မြန်ပဲ သူ့မျက်ဝန်းအစုံက ရှန်ထန်းရှောင်ကို တိုက်ခိုက်လိုက်တဲ့ အင်မော်တက်လှမ်းခြင်း အဆင့် ပညာရှင်နဲ့ အကြည့်ချင်း ဆုံသွားခဲ့တယ်။
ထိုလူရဲ့ မဝံ့မရဲ ဖြစ်နေတဲ့ အမူအရာကို မြင်လိုက်တာနဲ့ ဟော်ရှင်းချန်က မကောင်းဆိုးရွား တစ်ကောင်လို သွားပေါ်အောင် ပြုံးလိုက်ပြီး “ခွေးသူတောင်းစားကောင်၊ မင်းကများ ဒီသခင်လေးကို ဝိဥာဉ် ပညာရပ်သုံးပြီး အလစ်ချောင်း တိုက်ခိုက်ရဲတယ်ပေါ့။ မင်း သတ္တိက မသေးပါလား။ ကံဆိုးစွာနဲ့ပဲ ငါ့မှာ အကာအကွယ် ဝိဥာဉ်လက်နက် တစ်ခု ရှိနေတယ်ကွ။ ဘာလဲ၊ ငါ့ကို ချောင်းမြောင်း တိုက်ခိုက်တာ အောင်မြင်သွားတယ်လို့ မင်းထင်နေတာလား”
ဖြစ်ပျက်သွားတာတွေ အားလုံးက သူမျှော်မှန်း ထားတာနဲ့ တစ်ခြားစီ ဖြစ်နေတော့ ထိုလူလည်း တုန်လှုပ်ခြောက်ခြား သွားခဲ့ပြီး ကြောက်ရွံ့မှုကြောင့် နေရာမှာတင် အေးခဲသွားခဲ့ရတယ်။
ဟော်ရှင်းချန်ကို မတော်တဆ ဝင်တိုက်မိတဲ့ လူတောင် မျက်ခွက် ဖြတ်ရိုက်ခံလိုက်ရပါတယ်။ အပြင်လူတွေရဲ့ အမြင်၌ သူက ဟော်ရှင်းချန်ကို ရည်ရွယ်ချက် ရှိရှိနဲ့ ဝိဥာဉ်ပညာရပ်ကို သုံးပြီး ချောင်းမတိုက်ခိုက်ခဲ့တာပါ။ သူ့အဆုံးသတ်က ဘယ်လိုလုပ်ပြီး ကောင်းနိုင်ပါတော့မလဲ။
ချက်ချင်းဆိုသလို ချွေးအေးတို့ ထိုလူနဖူးထက် ရေတံခွန်လို စီးကျလာပါတော့တယ်။ သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းပြလိုက်ပြီး ရှင်းပြဖို့ ကြိုးစားလိုက်တယ် “သခင်လေးဟော်၊ ကျုပ် ရည်ရွယ်ပြီး…”
ဟော်ရှင်းချန်က မကောင်းဆိုးရွား တစ်ကောင်လို ပြုံးလိုက်ပြီး အံတင်းတင်း ကြိတ်ရင်း “မင်းက ရည်ရွယ်ပြီး ဘာလုပ်ချင်လို့လဲ။ မင်းက ငါ့ကို “ရည်ရွယ်ချက် ရှိရှိနဲ့” တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ပြောချင်နေတာလား”
ပြောနေရင်းနဲ့ ဟော်ရှင်းချန်က လက်မြှောက်ပြီး ထိုလူ မျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။
ဟော်ရှင်းချန်ရဲ့ ရိုက်ချက် ကျဆင်းလာတာနဲ့ ထိုပညာရှင်က သူ့လက်ကို အလိုလို ပင့်မြှောက်မိလိုက်တယ်။ လက်မြှောက်ပြီးတော့ မှပဲ အခုလို မလုပ်သင့်မှန်း ထိုပညာရှင် နားလည်သွားခဲ့ကာ သူ့အမူအရာက ပိုပြီး အရုပ်ဆိုးသွားခဲ့တယ်”
“ကျုပ်… ကျုပ် ပြောချင်တာက၊ သခင်လေးဟော်က မြင့်မြတ်တဲ့ လူတစ်ယောက်လေ၊ ကျုပ်လို လူတစ်ယောက်နဲ့ ရင်ဆိုင်ဖို့အတွက်နဲ့ သခင်လေးရဲ့ အဆင့်အတန်းကို မနှိမ့်ချဘူး မလားလို့ပါ”
“သောက်ရေးမပါတဲ့ စကားတွေ လာပြောမနေနဲ့” ဟော်ရှင်းချန်က ရက်စက်တော့မယ့် အမူအရာနဲ့ ပြုံးလိုက်ပြီး “မင်းက ရှန်မိသားစုက ဟုတ်တယ်မလား။ ဒီနေ့ မင်းကိုမှ ကောင်းကောင်း အပြစ်မပေးနိုင်ရင် ဒီသခင်လေးက ဟော်ရှင်းချန် မဟုတ်တော့ဘူးကွ။ အဲ့မှာရပ်နေ… မလှုပ်နဲ့၊ မလှုပ်နဲ့ဆို မလှုပ်နဲ့နော်”
ဟော်ရှင်းချန်က မလှုပ်နဲ့လို့ ပြောမှတော့ သူကကော ဘယ်လိုလုပ်ပြီး လှုပ်ရဲပါ့မလဲ။ အရှိတရားကို လက်ခံပြီး ကူကယ်ရာ မဲ့စွာနဲ့ ရပ်နေရုံပဲ တတ်နိုင်ပါတော့တယ်။
သူ့ပါးစပ်ထဲက ခါးသီးမှုက တကယ်ကို သည်းမခံနိုင် လွန်းပါဘူး။
ဟော်ရှင်းချန်က လှည့်လိုက်ပြီး အလောင်းတစ်လောင်း ဆီကနေ ဓါးတစ်ချောင်းကို ကောက်ယူလိုက်တယ်။ အကြိမ် အနည်းငယ်လောက် ဝှေ့ရမ်းလိုက်ပြီးနောက် ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။ ထိုလူရှေ့ မတ်တပ်ရပ်လိုက်ပြီး ခေါင်းအစ ခြေအဆုံး သေချာကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းအစုံက အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။
“မင်းဆုံးဖြတ်၊ ငါပဲ လုပ်ပေးရမလား၊ မင်းဘာသာမင်းပဲ လုပ်မလား”
ထိုပညာရှင်က မုန်တိုင်း အသွယ်သွယ်ကို ဖြတ်ကျော် ဖူးပေမယ့် ဟော်ရှင်းချန်ရဲ့ စကားတွေကို ကြားလိုက်တဲ့အချိန် ကြောက်လန့် တုန်လှုပ်သွားခဲ့ပြီး အကူအညီ ရလိုရငြား ရှန်ချူဆီ လှမ်းကြည့်လိုက်တယ်။
ဒါပေမယ့် ရှန်ချူက သူ့အား ကိုးယိုးကားယားနဲ့သာ ပြန်ပြီး စိုက်ကြည့်နေခဲ့ပါတယ်။ သူက ရှန်မိသားစုရဲ့ ဆက်ခံသူ ဖြစ်ပေမယ့် ရှန်မိသားစုက ပထမအဆင့် အင်အားစု တစ်ခုသာသာပါပဲ။ ဟော်မိသားစုကို ဘယ်လိုလုပ်ပြီး ရန်စ စော်ကားနိုင်မှာလဲ။
ဆိုးသွမ်းတဲ့ အကျင့်စာရိုက်ကြောင့် ကျော်ကြားနေတဲ့ ဟော်ရှင်းချန်ကို သူရန်မစ ရဲပါဘူး။
ရှန်ချူ မျက်နှာထက်က အပြုံးခါးခါးကြီးကို မြင်တွေ့လိုက်တာနဲ့ ဒီနေ့ ဒီကြမ္မာဆိုးကနေ မလွတ်မြောက် နိုင်တော့မှန်း ထိုပညာရှင် သိလိုက်တယ်။ အံတင်းတင်း ကြိတ်လိုက်ပြီး စိတ်ဓါတ်ကျနေတဲ့ လေသံနဲ့ ရေရွတ်လိုက်ပါတယ် “သခင်လေးဟော်၊ ကိုယ်တိုင် လုပ်လို့ ရပါတယ်”
“ကောင်းပြီလေ၊ မင်းက အမှိုက်လုံးလုံး ဖြစ်နေသေးတာတော့ မဟုတ်ဘူးပဲ” ထိုလူက နည်းနည်းလေးတောင် ခုခံငြင်းဆန်ဖို့ မကြိုးစားတဲ့အတွက် ဟော်ရှင်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့ရတယ်။
ပြောပြီးတာနဲ့ ဓါးရောင်တစ်ချက် လက်သွားခဲ့တယ်။
ရွှတ်ဆိုတဲ့ အသံနှင့်အတူ ဟော်ရှင်းချန်ရှေ့ မတ်တပ်ရပ်နေတဲ့ ပညာရှင် လက်တစ်ဖက် ပြတ်သွားခဲ့ပြီး သူ့ပုခုံးရင်းမှ ရေတံခွန်အား သွေးတွေ ပန်းထွက်လာခဲ့တယ်။
ထိုလူမှာ အလွန်အမင်း မကျေမနပ် ဖြစ်နေပေမယ့် မခုခံရဲခဲ့ပါဘူး။ အစစ်အမှန်ချီကို ဖြေးဖြေးချင်း လှည့်ပတ်ပြီးတော့သာ သွေးတိတ်အောင် လုပ်လိုက်တယ်။ အံတင်းတင်းကြိတ်ပြီး ဖြူဖတ်ဖြူလျော် မျက်နှာနဲ့ ပြန်ပြောလိုက်တယ် “ဒီတစ်ယောက်ရဲ့ အသက်ကို ချမ်းသာပေးတဲ့ အတွက် သခင်လေးဟော်ကို ကျေးဇူးတင်ပါတယ်”
ဟော်ရှင်းချန်က အမှုမထားသည့် ဟန်နဲ့ ပြန်ပြောလိုက်တယ် “မင်းတို့ ရှန်မိသားစုက လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခဲ့တယ်။ နန်မိသားစုလည်း အတူတူပဲ။ အမွေခံတိုက်ပွဲမှာ ဆက်ပြီး ပါဝင်ယှဉ်ပြိုင် နေဦးမယ် ဆိုရင်တော့ ဒီသခင်လေးက မင်းတို့ တစ်ယောက်ချင်းစီရဲ့ လက်မောင်းတစ်ဖက်စီကို ဖြတ်ပစ်ရလိမ့်မယ်။ အဲ့ကျ၊ မင်းတို့ မိသားစု နာမည်တွေကို လက်မောင်းတစ်ဖက် ရှန်မိသားစုနဲ့ လက်မောင်းတစ်ဖက် နန်မိသားစုဆိုပြီး ပြန်ပြောင်းရလိမ့်မယ်၊ ဟားဟားဟား”
ဟော်ရှင်းချန်ရဲ့ လှောင်ပြောင် စကားကြောင့် ရှန်ချူနဲ့ နန်ရှန်းတို့ရဲ့ မျက်နှာတွေ နီရာမှာ ပြာနှမ်းသွားရပါတယ်။
ဟော်ရှင်းချန်က ရန်ကိုင်ကြောင့် လက်မောင်းတစ်ဖက်စီ ဆုံးရှုံးသွားခဲ့ရတဲ့ သူတို့မိသားစုက ပညာရှင် လေးယောက်ကို လှောင်ပြောင် ပြောဆိုနေတာပါ။
ဒါက ရှန်မိသားစုနဲ့ နန်မိသားစုတို့အတွက် ဖျောက်ဖျက် မရနိုင်တဲ့ အမဲစက်ကြီး တစ်စက်ပါပဲ။
အခုအချိန်၌ ရှန်ချူဖြစ်ဖြစ်၊ နန်ရှန်း ဖြစ်ဖြစ် နှစ်ယောက်စလုံး လက်သီးတင်းတင်း ဆုပ်ထားခဲ့ကြတယ်။ ရန်ကိုင်ကို လက်စား ချေနိုင်ဖို့အတွက် ရန်ကျောင်းနောက် သူတို့ လိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက် အချိန်အကြာကြီး တိုက်ခိုက်ပြီးတာတောင် ရန်ကိုင်ရဲ့ အရိပ်ကို မမြင်ရသေးပါဘူး။ ရန်ကိုင်ကိုသာ မမြင်ရေးသေးပေမယ့် ဗဟိုမြို့တော်ရဲ့ လူဆိုးလူသွမ်း ဟော်ရှင်းချန်ရဲ့ ရန်စစော်ကားခြင်းကို ခံနေခဲ့ရပါတယ်။
ဒါက သူတို့ မျက်နှာကို ဖြတ်ရိုက်လိုက်တာထက် ပိုပြီးတော့တောင် ရှက်စရာ ကောင်းနေပါသေးတယ်။
“ဒုတိယမြောက်သခင်လေး၊ ကျုပ်တို့အတွက် တရားမျှတမှု ရှာပေးဖို့ တောင်းဆိုပါတယ်” ရှန်ချူက အံ့ကြိတ်ပြီး ရန်ကျောင်းကို တောင်းဆိုလိုက်တယ်။ သူ့လေသံထဲ ဒေါသနဲ့ အမုန်းတရားတို့ကို အထင်းသား ခံစားမိနိုင်ပါတယ်။
သူလုံးဝကို ဒေါသထွက်သွားခဲ့ပါပြီ.
ရန်ကျောင်းလည်း အသာအယာလေး မျက်မှောင် ကြုံ့မိလိုက်တယ်။ ရိုးရိုးသားသား ပြောရရင် သူ့အနေနဲ့ အခုအချိန်မှာ အောက်ဆင်းပြီး သွားမတိုက်ခိုက် ချင်သေးပါဘူး။ ကျုကောင်းရီက မုန်ယိုနေတဲ့ သားရဲတစ်ကောင်လို ရူးသွပ်စွာနဲ့ တိုက်ခိုက်နေခဲ့တာပါ။ သူ့ဆီကနေ ထုတ်လွှတ်နေတဲ့ စွမ်းအင်လှိုင်တွေက တိုက်ပွဲကွင်းပြင် အနှံ့ ပြန့်နေတဲ့အတွက် သူ့လိုကျင့်ကြံခြင်း အဆင့် သခင်လေးတွေ အတွက် မလုံခြုံသေးပါဘူး။ ဒါပေမယ့် ပိုအရေးကြီးတဲ့ အချက်က ရန်ကိုင် အခုထိ ထွက်မလာသေးတာပါပဲ။ ရန်ကိုင်က ဝှက်ဖဲကို ဖုံးကွယ်ထားပြီး ကျားသားစားချင်လို့ ဝက်ယောင် ဆောင်နေတာလို့ သူထင်နေတာပါ။
ဒါပေမယ့် ရှန်နဲ့နန်မိသားစုက သူ့ကို ကြီးကြီးမားမား ထောက်ပံ့ ထားပါတယ်။ သူက အခုအချိန် ရှေ့မထွက်ပေးရင် သူ့မဟာမိတ်တွေလည်း သူ့အပေါ် ယုံကြည်ကိုးစားချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။
တစ်ခဏတာလောက် လွန်ဆွဲနေပြီး နောက်ဆုံးမှာတော့ ရန်ကျောင်းက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ၊ ဟော်သခင်လေးကို ဒီသခင်လေး ကိုယ်တိုင်ပဲ ရင်ဆိုင်ရတော့မှာပေါ့”
ထိုစကားကို ကြားလိုက်တာနဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး ပျော်ရွှင်စွာနဲ့ ပြုံးလိုက်ကြတယ်။
ရန်ကျောင်းက သူ့ရဲ့ သွေးစစ်သည်တော် နှင့်အတူ တိုက်ပွဲ ကွင်းပြင်ဆီ သက်ဆင်းလာခဲ့တယ်။
ရန်ကျောင်း ပေါ်လာတာနဲ့ ဟော်ရှင်းချန်က လုပ်လက်စ အလုပ်ကို ရပ်တန့်လိုက်ပြီး လေးနက်တည်ကြည်စွာနဲ့ ပြောလိုက်တယ် “ဒုတိယမြောက် သခင်လေးက ဟန်ပန် အမူအရာက အမြဲတမ်းလို ရည်မွန်ကျော့ရှင်း နေတာပါလား”
ရန်ကျောင်းက အသာအယာလေး ရယ်မောလိုက်ပြီး “ဘယ်သူကမှ သခင်လေးဟော်ကို မထိရဲမှတော့ ကျုပ်ကိုယ်တိုင်ပဲ သခင်လေးဟော်ကို အဖော်ပြုရတော့မှာပေါ့”
ဟော်ရှင်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “အဲ့လိုလား”
ချူရီမန်ဆီ ပြန်လှည့်ကြည့်လိုက်ပြီး ဟော်ရှင်းချန်က အော်ဟစ် အကူအညီ တောင်းလိုက်တယ် “အလှလေး၊ ငါ့ကို ကယ်နိုင်မယ့် နည်းလမ်းလေး တစ်ခုလောက် စဉ်းစားပါဦး။ မဟုတ်ရင် ဒုတိယမြောက် သခင်လေးက ငါ့ကို အပြတ်တွယ်တော့မှာ။ ရန်ကိုင်ကို ရှုံးစေချင်ပေမယ့် ငါကိုယ်တိုင်တော့ အဖမ်းမခံချင်ဘူးဟ။ အဲ့လို အဖမ်းခံရတာ အရမ်းကို ရှက်စရာကောင်းတယ်”
ချူရီမန်က ပြန်ပြုံးပြလိုက်တယ်။ ထို့နောက် စားပွဲပေါ်က အသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ဟော်ရှင်းချန် ထိုင်ခဲ့တဲ့ ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ကာ “ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် နင်ဒီမှာ ရှိရှိ၊ မရှိရှိ ဘာမှ ထူးခြားသွားတာမှ မဟုတ်တာ။ နင်စိတ်ချမ်းချမ်း သာသာနဲ့ ထွက်သွားလို့ရတယ်”
“နင် ဘာလို့ ဒီလောက်တောင် အကြင်နာတရား ခေါင်းပါးရတာလဲ”
“အိုး၊ ဒီလောက်ကကြီးမှာ အဆိပ်အပြင်းဆုံးက မိန်းမတွေပဲလေ။ ဗဟိုမြို့တော်ရဲ့ မြေခွေးက ဒီအခြေခံ အမှန်တရားလေး ကိုတောင် နားမလည်တာလား” ချူရီမန်က ရယ်ကာမောကာနဲ့ ပြန်ပြောလိုက်တယ်။
ဟော်ရှင်းချန် ဆွံ့အသွားခဲ့ရလေပြီ။
Martial Peak
အပိုင်း(၄၃၂) လက်ဆောင်လေး ပေးပါရစေ
“သတိထားနော်၊ သခင်လေးဟော်” ရန်ကျောင်းက ရယ်မောလိုက်ပြီး “ကြင်ကြင်နာနာ”နဲ့ သတိပေးလိုက်တယ်။ ထို့နောက် ဖြေးဖြေးချင်း ရှေ့တိုးသွားလိုက်တယ်။
ရုတ်တရက် မြေကြီးတစ်ခုလုံး အက်ကွဲရာတွေနဲ့ ပြည့်သွားခဲ့ပြီး ဟော်ရှင်းဆီသို့ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတစ်ခု တိုးဝင်လာခဲ့တယ်။
မိစ္ဆာမြေနဂါးစိတ်ဝိဥာဉ် ပညာရပ်… ထိုပညာရပ်က ရန်ကျောင်း ကျွမ်းကျင်တဲ့ ကောင်းကင် အထွတ်အထိပ်အဆင့် သိုင်းပညာရပ် တစ်ခုပါ။
ထိုနဂါးပုံရိပ် တစ်ခုချင်းစီက အဆင့်ငါး မိစ္ဆာသားရဲ တစ်ကောင်ချင်းစီရဲ့ ဝိဥာဉ်ကနေ ဖန်တီးထားတာပါ။ ထိုနဂါး ပုံရိပ်တွေကို သူ့ကိုယ်ထဲ အဆီအနှစ်တွေ စွမ်းအင်တွေနဲ့ တောက်လျှောက် အားဖြည့်ပေးလာခဲ့တာပါ။ ထိုနဂါးပုံရိပ်တွေက အလျင်အမြန် လှုပ်ရှားနိုင်တော့ တိုက်ခိုက်ရာမှာကော၊ ခုခံရာမှာပါ အသုံးပြုလို့ ရပါတယ်။
ပြီးတော့ ရန်ကျောင်း ထိန်းချုပ်နိုင်တဲ့ မြေနဂါး အရေအတွက်က ခုနှစ်ကောင်ပါ။ ထို့ကြောင့် အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါတိုင်း သူကိုယ်တိုင်တောင် လှုပ်ရှားစွာမလိုပဲ အနိုင်ရသွားတာ များပါတယ်။
ဟော်ရှင်းချန်က လှုပ်ရှားမှု ပညာရပ် တစ်ခုကို သုံးပြီး ချက်ချင်းပဲ ဘေးဘက်ကို ခုန်ရှောင်တိမ်းလိုက်တယ်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မှိန်ဖျဖျ ကြာပန်းပုံရိပ်တစ်ခု ထင်ကျန်ရစ်ခဲ့တယ်။ ထိုကြာပန်းတွေ အကုန်လုံး ရုတ်ချည်း ပွင့်လန်းသွားခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့ မြေနဂါးတွေကို ပိတ်လှောင် တားဆီး ထားလိုက်တယ်။
လဖုံးကြာပန်းခြေလှမ်း… ဒါက ရန်ကျောင်းရဲ့ မိစ္ဆာမြေနဂါး စိတ်ဝိဥာဉ် ပညာရပ်ကို ပြီးပြည့်စုံစွာ တန်ပြန်နိုင်တဲ့ ကောင်းကင် အထွတ်အထိပ်အဆင့် ပညာရပ် တစ်ခုပါ။
ခြေခုနှစ်လှမ်းလောက် နောက်ဆုတ် ပြီးတော့မှပဲ ဟော်ရှင်းချန် အသက်ကောင်းကောင်း ရှူနိုင်တော့တယ်။ သူ့စိတ်ထဲက တုန်လှုပ်မှုကို ဖိနှိပ်ထားလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်တယ်။ ထို့နောက် နဖူးထက် စိုရွှဲနေတဲ့ကို ချွေးတွေကို သုတ်ကာ ရန်ကျောင်းဆီ လှမ်းကြည့်လိုက်ပြီး ရယ်ကာမောကာနဲ့ ပြောလိုက်တယ် “ဒုတိယမြောက် သခင်လေး၊ မင်းငါ့ကို အရှက်ရအောင် လုပ်ရမှ ကျေနပ်မှာလား။ ငါတို့တွေက ရင်းနှီးတယ်လေကွာ။ နောက်ဆုံးအကြိမ် အနီအလင်းနယ်မြေဆီ ငါသွားတုန်းကဆို မင်းလည်း ငါ့ကို ဖိတ်ခဲ့တာပဲ မဟုတ်ဘူးလား…”
“မဟုတ်တာတွေ လျှောက်ပြောမနေနဲ့” ရန်ကျောင်းက ဟော်ရှင်းချန်ကို ဆုံးအောင် ပြောခွင့်မပေးပဲ ချက်ချင်းပဲ ကြားဖြတ် ဝင်ပြောလိုက်တယ်။ ချက်ချင်းပဲ အေးစက်စက် မျက်နှာထားနဲ့ နှာခေါင်းရှုံ့လိုက်ပြီး “မင်းက ကျားသားစားချင်လို့ ဝက်ယောင် ဆောင်နေတာပဲ”
“ဒုတိယသခင်လေး ဘာပြောချင်နေတာလဲ၊ ငါနားမလည်ဘူး။ ဟဲဟဲ၊ ဒါပေမယ့် ဒုတိယမြောက် သခင်လေးက လှုပ်ရှားဖို့ ဆုံးဖြတ်ထားမှတော့ ဒီသခင်လေးကလည်း ဒုတိယသခင်လေးကို အဖော်ပြုပေးရတာပေါ့” ပြောနေရင်းနဲ့ ဟော်ရှင်းချန်က သူ့လက်နှစ်ဖက် စလုံးကို ပင့်မြှောက်လိုက်တယ်။
လက်တစ်ဖက်ထဲ လေချီဓါတ်တို့ ရှိနေခဲ့ပြီး ကျန်တစ်ဖက်မှာတော့ မိုးကြိုးချီဓါတ်တို့ ရှိနေခဲ့တယ်။
လေတွေ တဝှီးဝှီးနဲ့ တိုက်ခတ်လာခဲ့ပြီး မိုးချိန်းသံတို့ မြည်ဟည်းလာခဲ့တယ်။ စွမ်းအင်နှစ် လျင်မြန်စွာနဲ့ ပေါင်းစပ် သွားခဲ့ပြီး ဟော်ရှင်းချန်က သူ့လက်ဝါး နှစ်ဖက်ကို ရန်ကျောင်းဆီ တွန်းထုတ်လိုက်တယ်။
လေမိုးကြိုးမဟာလက်ဝါးတံဆိပ်တော်…
ဒါက ဟော်မိသားစုရဲ့ ဆန်းကြယ်အဆင့်နိမ့် ပညာရပ်တွေထဲက တစ်ခုပါ။ လေနဲ့မိုးကြိုး အတူတကွ ပေါင်းစည်း သွားခဲ့ရာ တစ်ခု အင်အားကို တစ်ခုက မြှင့်တင်ပေးသလို ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် ရန်ကျောင်းက ထိတ်လန့်သည့် အရိပ်အယောင် နည်းနည်းလေးမှ မပြပါဘူး။ အဲ့အစား ပေါ့ပေါ့ပါးပါး အမူအရာနဲ့သာ ဟော်ရှင်းချန်ကို ပြုံးပြီး စိုက်ကြည့်နေခဲ့တယ်။
“သူ့ကိုဖမ်းလိုက်” လေမိုးကြိုး မဟာလက်ဝါးတံဆိပ်တော်က သူ့ရှေ့ရောက်လာတာနဲ့ ရန်ကျောင်းက ရုတ်တရက် အော်ပြောလိုက်တယ်။
ဟော်ရှင်းချန်ရဲ့ မျက်နှာ ရုတ်ချည်း ရှုံ့မဲ့သွားခဲ့ပြီး ပြန်အော်ပြောလိုက်တယ် “ဒုတိယသခင်လေး၊ ဒီလို လုပ်လို့ မသင့်တော်ဘူးနော်”
ရန်ကျောင်း ကတော့ ပုခုံးသာ တွန့်ပြလိုက်ပြီး ရယ်ရယ် မောမောနဲ့ ပြန်ပြောလိုက်တယ် “လူညစ်တွေမှာ လူညစ်တွေကို ရင်ဆိုင်နိုင်မယ့် ကိုယ်ပိုင်နည်းလမ်းတွေ ရှိကြတယ်လေ”
သူတို့ နှစ်ယောက် စကားပြောနေစဉ် ရန်ကျောင်းဘေးမှာ ရှိနေတဲ့ သွေးစစ်သည်တော်က စတောင် လှုပ်ရှားနေခဲ့ပါပြီ။
အမွေခံတိုက်ပွဲရဲ့ စည်းမျဉ်း တွေကြောင့် သွေးစစ်သည်တော် တွေက အရင် စတိုက်လို့ မရပါဘူး။ ဒါပေမယ့် ဟော်ရှင်းချန်က ရန်ကျောင်းကို တိုက်ခိုက် လာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သွေးစစ်သည်တော် ကလည်း တန်ပြန်တိုက်ခိုက်လို့ ရသွားပါပြီ။
ရန်ကျောင်းက အစကတည်းက သွေးစစ်သည်တော်ကို သုံးပြီး ဟော်ရှင်းချန်ကို ဖမ်းဖို့ စီစဉ်ထားတဲ့ ပုံပါပဲ။ ထို့ကြောင့် ဟော်ရှင်းချန်ရဲ့ သိုင်းပညာရပ်ကို တားဆီ၊ ရှောင်ရှားဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့တာပါ။
အစောပိုင်းတုန်းက ဟော်ရှင်းချန်က အရှက်မဲ့တဲ့ နည်းလမ်းတွေ သုံးပြီး သူ့ရန်သူတွေ အကုန်လုံးကို ကစဉ့်ကလျား ဖြစ်သွားအောင် လုပ်ခဲ့ပါတယ်။ အခု ရန်ကျောင်းကလည်း ညစ်ပတ်တဲ့ နည်းလမ်းနဲ့ပဲ ဟော်ရှင်းချန်ကို ပြန်ပြီး ရင်ဆိုင်လိုက်ပါတယ်။ ဒါက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာပါ။
သူ့လက်တစ်ဖက် ဝှေ့ရမ်းရုံနဲ့တင် သွေးစစ်သည်တော်က လေမိုးကြိုး တံဆိပ်တော်ကို အလွယ်လေး ဖျက်စီးပစ်လိုက်တယ်။
ဆန်းကြယ်အဆင့်နိမ့် သိုင်းပညာရပ် ဖြစ်နေရင်တောင် ဟော်ရှင်းချန် အသုံးပြုလိုက်တာ ဖြစ်လို့ အရမ်းကြီး အားကောင်း မနေခဲ့ပါဘူး။
လေမြိုးကြိုး မဟာလက်ဝါး တံဆိပ်တော်ကို ဖျက်စီးပစ်ပြီး တာနဲ့ သွေးစစ်သည်တော်က တုန့်ဆိုင်း မနေပဲ ဟော်ရှင်းချန်ကို လှမ်းဖမ်းလိုက်တယ်။
သခင်လေးဟော်ရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ ရန်ကျောင်းက အခုလို အရှက်မဲ့တဲ့ နည်းလမ်းသုံပြီး သူ့ကို ရင်ဆိုင်လိမ့်မယ်လို့ သူတကယ်ကို မထင်ထားခဲ့ပါဘူး။
ဒါပေမယ့် ဟော်ရှင်းချန်ကို ဖမ်းမိတော့မယ့် အချိန်မှာပဲ အရိပ်ထဲကနေ အနက်ရောင် အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူနှစ်ယောက် ထွက်ပေါ်လာခဲ့ပြီး တစ်ယောက်က လူဆိုးလူသွမ်း သခင်လေးကို ကာကွယ်နေတဲ့ အချိန် ကျန်တစ်ယောက်က သွေးစစ်သည်တော်ဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တယ်။
သွေးစစ်သည်တော်ရဲ့ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး အစစ်အမှန်ချီကို ရူးသွပ်စွာ လှည့်ပတ်လိုက်ရင်း သူ့တိုက်ခိုက်မှုရဲ့ စွမ်းအားကို တိုးမြှင့်လိုက်တယ်။
ဘုန်းခနဲ မြည်သံနှင့်အတူ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားတဲ့ လူမှာ ခြေလှမ်း အနည်းငယ်လောက် နောက်ဆုတ်သွားရပြီး သွေးစစ်သည်တော်ကတော့ နေရာမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်နေနိုင်ခဲ့တယ်။
တစ်ကွက်တည်းနဲ့တင် နှစ်ယောက်သားကြားက ခွန်အားကို ခန့်မှန်းလို့ ရသွားပါပြီ။
သွေးစစ်သည်တော်က ပိုပြီး သန်မာပါတယ်၊ ဒါပေမယ့် အနက်ရောင် အဝတ်အစား ဝတ်ထားတဲ့ လူနှစ်ယောက်ကလည်း အားမနည်းလှပါဘူး။
“သူ့မှာ ဒီလောက်တောင် အားကောင်းတဲ့ အကူအညီတွေ ရှိနေခဲ့တာလား” ရန်ကျောင်းရဲ့ အမူအရာ တည်ကြည် သွားခဲ့တယ်။ ရန်ကိုင် စံအိမ်ထဲမှာ ပုန်းအောင်းနေတဲ့ အဆင့်မြင့် ပညာရှင် များစွာ ရှိနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
ကျုကောင်းရီနဲ့ ရင်းဂျုနဲ့တင် သူနဲ့ ရန်ရှန်းရဲ့ လူတော်တော် များများ လှုပ်မရ ဖြစ်နေခဲ့ပါပြီ။ ကျုကောင်းရီက မီးစားကုန်တော့မယ့် မြှားတစ်စင်းလို့ ဖြစ်နေတဲ့အတွက် အနိုင်ရလဒ်က သူတို့ရဲ့ လက်ခုပ်ထဲမှာ ရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ရုတ်တရက်ကြီး သွေးစစ်သည်တော်တွေထက် အားမနည်းတဲ့ ပညာရှင်နှစ်ယောက် ဘယ်ကမှန်းမသိ ပေါက်ချလာခဲ့ပါတယ်။
ဆိုလိုတာက ရန်ကိုင်ရဲ့ စံအိမ်ကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင် လေးယောက် စောင့်ကြပ်နေတယ်ပေါ့။
ချူမိသားစုရဲ့ ဆောင်းဦးမိုးစက်ခန်းမ၊ ရှန်မိသားစုနဲ့ ဟော်ရှင်းချန်တို့လည်း ရှိပါသေးတယ်။
ရန်ကျောင်းနဲ့ ရန်ရှန်တို့ နှစ်ယောက်ပေါင်းရဲ့ ခွန်အားက ရန်ကိုင် စံအိမ်ရဲ့ ခွန်အားထက် အားမနည်းသည့်အပြင် အနည်းငယ်လေးတောင် ပိုသာတဲ့ပုံရပေမယ့် သူတို့ရဲ့ သွေးစစ်သည်တော် နှစ်ယောက်က အရင်စပြီး တိုက်ခိုက်လို့ မရတဲ့အတွက် ဒီနေရာကို အပိုင်သိမ်း ချင်တယ်ဆိုရင်တော့ စိတ်ကူးယဉ်ရုံပဲ ရှိပါလိမ့်မယ်။
ဒီလောက် အားကောင်းတဲ့ မဟာမိတ်တွေကို ကိုးယောက်မြောက် ညီလေး ဘယ်ကနေ ခေါ်ထားတာလဲ မသိဘူး
ရန်ကျောင်းရဲ့ မျက်ဝန်းအစုံ ရဲရဲနီသွားခဲ့တယ်။
“ငါ့လခွမ်း” ဟော်ရှင်းချန်က ဗြုန်းစားကြီး ထွက်ပေါ်လာတဲ့ အနက်ရောင် အဝတ်အစားတွေ ကိုယ်အပြည့် မျက်နှာပါမကျန် ဝတ်ဆင်ထားတဲ့ ပညာရှင် နှစ်ယောက်ကို ငေးကြောင် ကြည့်နေခဲ့တယ်။
ထိုလူနှစ်ယောက် ဘယ်သူလဲ ဆိုတာကို ရန်ကျောင်း မသိပေမယ့် သူသိပါတယ်။
ထိုနှစ်ယောက်က သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့တာ ဖြစ်တဲ့အတွက် မျက်စိမှိတ်ထားခိုင်းပြီး မေးရင်တောင် ထိုလူနှစ်ယောက် ဘယ်သူလဲ ဆိုတာကို သူမှတ်မိပါတယ်။ ထိုပညာရှင် နှစ်ယောက် သူတို့ မျက်နှာကိုပါ ဖုံးထားတဲ့အတွက် အပြင်လူတွေ အနေနဲ့ ထိုနှစ်ယောက် ဘယ်သူမှန်း မသိနိုင်ပေမယ့် ထိုနှစ်ယောက်က သူ့နောက်ကို လိုက်ပါစောင့်ရှောက် ကာကွယ်ပေးနေတဲ့ သက်တော်စောင့် လူအိုကြီး နှစ်ယောက်မှန်း ဟော်ရှင်းချန် သိနေခဲ့ပါတယ်။
တစ်ခဏတာလောက် ဟော်ရှင်းချန်နဲ့ ရန်ကျောင်းတို့ နှစ်ယောက်စလုံး ကြက်သေသေနေခဲ့ကြတယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဟော်ရှင်းချန်ရဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ချူရီမန်လေး ပျော်ရွှင်စွာနဲ့ ရယ်မောနေမိခဲ့တယ်။ သူမ လောင်းလိုက်တဲ့ အလောင်းအစားကို အနိုင်ရသွားတဲ့ ပုံပါပဲ။
ရန်ရှန်း မျက်နှာကတော့ မဟူညတစ်ညလို မဲမှောင်နေခဲ့တယ်။
နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် အချိန် တော်တော် ကြာအောင် တိုက်ခိုက်ပြီးပြီ ဖြစ်တဲ့အတွက် ရန်ကျောင်းက အံ့ကြိတ်ပြီး လေသံကျယ်ကျယ်နဲ့ အော်ဟစ် အမိန့်ပေးလိုက်တယ် “ပြန်ကြမယ်”
ရန်ကိုင်စံအိမ်က အလံကို မရယူနိုင်တော့မှတော့ ဆက်နေလို့လည်း အပိုပါပဲ။ ရန်ကျောင်းက ရက်စက်ပြတ်သားတဲ့ လူတစ်ယောက်ပါ။
သူ့ရဲ့ အမိန့်ပေးသံကို ကြားလိုက်တာနဲ့ ကျုကောင်းရီကို ဝိုင်းတိုက်နေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ချက်ချင်း ပြန်ဆုတ်လာ လိုက်ကြတယ်။ ကျုကောင်းရီ တစ်ကိုယ်လုံး သွေးသံ တရဲရဲနဲ့ ဖြစ်နေပြီး အမောတကော အသက်ရှူနေခဲ့ရတယ်။ ထို့ကြောင့် ထိုလူတွေကို ရပ်တန့်ဖို့ သူမကြိုးစားခဲ့ပါဘူး။ အဲ့အစား ဆုတ်သွားတဲ့ ရန်သူတွေကိုသာ စူးစိုက် ကြည့်နေခဲ့တယ်။
ဆောင်းဦးမိုးစက်ခန်းမနဲ့ ရှန်ထန်းရှောင်ရဲ့ လူတွေလည်း တိုက်ပွဲကွင်းပြင်ကနေ ပြန်ဆုတ်လာလိုက်ကြပြီး ခံစစ် အနေအထား ပြန်ပြင်ဆင်လိုက်ကြတယ်။
“ခြောက်ယောက်မြောက် သခင်လေး၊ ဒီလိုလုပ်တာ အဆင်ပြေပါ့မလား” ချူဇိရိုက ဆက်ပြီး တိုက်ခိုက်နေချင်သေးတဲ့ ပုံပါပဲ။
သူက သူ့အရည်အချင်းကို ပြသဖို့အတွက် ရန်ကိုင်ကို အားလုံးထက် ပိုပြီး အနိုင်ယူချင်နေတာပါ။ ထို့ကြောင့် ရန်ကျောင်းက ဆုတ်ခွါဖို့ အမိန့်ပေးလာတော့ သူက အင်တင်တင်နဲ့ ဖြစ်နေခဲ့တာပေါ့။
“မင်းက ဘာဆက်လုပ်ချင်သေးလို့လဲ” ရန်ရှန်းက ဒေါမာန်အပြည့်နဲ့ ပြန်အော်လိုက်တယ်။ သူ့ရင်ဘတ် တစ်ခုလုံး မကျေနပ်မှုတွေနဲ့ ပြည့်နေခဲ့ပြီး ဘယ်နားဖေါက်ထုတ်လို့ ဖောက်ထုတ်ရမှန်း သမိ ဖြစ်နေခဲ့ပါတယ်။
ဒီညတိုက်ပွဲ၌ သူက ရန်ကျောင်းထက် ပိုပြီး အဆုံးအရှုံး များခဲ့ပါတယ်။ ထို့ကြောင့် သူ့စိတ်က သိပ် ကြည်နေတာ မဟုတ်ပါဘူး။
ပြောပြီးတာနဲ့ ရန်ရှန်က သက်ပြင်းချလိုက်ပြီး ရန်ကျောင်းနဲ့ အတူ ထွက်ခွါဖို့ လုပ်နေတုန်းမှာပဲ အပြင်ဘက်ကနေ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ထိုလူက အသံအကျယ်ကြီးနဲ့ အော်ပြောလိုက်တယ် “မင်းတို့က ဒီလိုပဲ ထွက်သွားမယ် ဆိုရင် ကိုးယောက်မြောက် ညီလေးက ဧည့်ဝတ်မကျေတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့။ ဒုတိယ အစ်ကိုကြီးနဲ့ ခြောက်ယောက်မြောက် အစ်ကိုကြီးတို့ကို အပြန်လက်ဆောင်လေး ထည့်ပေးလိုက်ပါရစေ”
ပြောလို့ ပြီးတာနဲ့ ကြောက်မက်ဖွယ် ဓါးလှိုင်းတစ်ခုက ကောင်းကင်ထက်ကနေ ကျဆင်းလာခဲ့တယ်။
ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ ဆန်းကြယ်အဆင့် သိုင်းပညာရပ် တစ်ခုဖြစ်တဲ့ ဓါးတစ်သောင်းခုတ်ချက်…
ထိုဓါးလှိုင်းတွေကြားမှ ခရမ်းရောင် ရောင်ခြည်စက်ကွင်း တစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး အေးစက်စက် ဝိဥာဉ် ပညာရပ် တစ်ခုက အောက်ဘက်ရှိ ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ကျားဟိန်းသံနဲ့ နွားသိုးအော်သံတို့ ထွက်ပေါ်လာခဲ့ပြီး လူအုပ်ကြီးဆီ ပြေးဝင်သွားခဲ့တယ်။
ဓါးသွားတွေအလား ထက်ရှသည့် တစ်ထောင်သော သွေးနီရောင် ပွင့်ချပ်တွေက နှင့်ပွင့်လေးတွေလို လေထဲပျံဝဲရင်း သွေးနဲ့ထွင်းတဲ့ လမ်းတစ်ခုကို ဖောက်လုပ်သွားခဲ့ကြတယ်။
ထိုတိုက်ခိုက်မှု အလုံးစုံက ရန်ကျောင်းနဲ့ ရန်ရှန်းတို့ အင်အားစုတွေရှေ့ တစ်ပြိုင်တည်းလိုလို ရောက်ရှိလာခဲ့တယ်။ တည်ငြိမ်သွားရုံ ရှိသေးတဲ့ လေထုက သိပ်သည်းတဲ့ သတ်ဖြတ်လိုစိတ်တိုဖြင့် ရုတ်တရက်ကြီး ပြည့်နှက်သွားခဲ့ပြန်တယ်။
“သခင်လေး၊ သတိထား” အော်သံတစ်သံ ထွက်ပေါ်လာခဲ့တယ်။
သွေးစစ်သည်တော် နှစ်ယောက်က ရန်ကျောင်းနဲ့ ရန်ရှန်းကို ကာကွယ်ပေးနေခဲ့ပြီး ရှန်မိသားစု၊ နန်မိသားစု၊ ချူမိသားစုနဲ့ ရီမိသားစုက ပညာရှင်တွေကတော့ သူတို့ သခင်လေး၊ သခင်မလေးတို့ကို ကာကွယ်ပေးနေခဲ့တယ်။
မို့နဲ့မြေကြားက စွမ်းအင်တို့ ကစဉ့်ကလျား ဖြစ်ကုန်ပြီး အစစ်အမှန်ချီကို ကြမ်းကြမ်းတမ်းတမ်း ပေါက်ကွဲ ထွက်လာခဲ့တယ်။
တစ်ခဏကြာပြီး မြေကမ္ဘာတစ်ခုလုံး လှုပ်ခါသွားစေနိုင်တဲ့ တိုက်ခိုက်မှု တည်ငြိမ်ပျောက်ကွယ် သွာခဲ့တယ်။ ရန်ကိုင်စံအိမ်ကို လာတိုက်ခိုက်ခဲ့တဲ့ လူတွေထဲမှ အခုတိုက်ခိုက်မှုကြောင့် ခုနှစ်ယောက် ထပ်မံ သေဆုံးသွားခဲ့ပြီး ကျန်ရှိနေတဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ဒဏ်ရာရသွားခဲ့ကြပါတယ်။
ရန်ကျောင်းက ကြယ်တာရာ ကောင်းကင်ထက်ဆီ အေးစက်စက် မျက်ဝန်းအစုံနဲ့ မော့ကြည့်လိုက်တယ်။ ရန်ကိုင်က သွေးနီရောင် ဓါးတစ်ချောင်းကို လက်ထဲ ကိုင်ဆွဲရင်း လေထဲ ဝဲနေခဲ့ပြီး ရန်ကျောင်းက ပြန်ပြုံးပြလိုက်ကာ တည်တည်ငြိမ်ငြိမ်နဲ့ နှုတ်ဆက်စကား ဆိုလိုက်တယ် “မင်္ဂလာ ညနေခင်းပါ၊ ငါ့ရဲ့ အစ်ကိုတို့။ ကိုးယောက်မြောက် ညီလေးက အပြင်မှာ အလုပ်ကိစ္စလေး ရှိနေတော့ ဒုတိယမြောက် အစ်ကိုနဲ့ ခြောက်ယောက်မြောက် အစ်ကိုပေါ် ဧည့်ဝတ် မကျေသလို ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဒီလို ကိစ္စလေးတွေက ကျုပ်တို့ကြားက ညီအစ်ကို သံယောဇဉ်ကို မထိခိုက်စေနိုင်ဘူးမလား”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကျောင်း မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ရန်ရှန်းကတော့ မယုံကြည်နိုင်တဲ့ လေသံနဲ့ ပြန်အော်မေးလိုက်တယ် “ကိုးယောက်မြောက် ညီလေး၊ ဒီတစ်ချိန်လုံး မင်းအပြင်မှာပဲ ရှိနေခဲ့တာလား”
သူတို့ ရောက်လာတုန်းက ရန်ကိုင် အိမ်မှာ မရှိဘူးလို့ ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ နှစ်ယောက်စလုံး ပြောခဲ့ပါတယ်။ ရန်ကိုင်က အဖမ်းခံရမှာ ကြောက်လို့ စံအိမ်ထဲ ပုန်းအောင်းနေတယ်လို့ စိတ်ထဲကနေ တွေးရင်း သူတို့ ပြောတာကို မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် အခု ရန်ကိုင် အပြင်ကနေ ပြန်လာတာကို တွေ့လိုက်ရမှတော့ သူတို့ အနေနဲ့ မယုံချင်ရင်တောင် မယုံလို့ မရတော့ပါဘူး။
“ဟုတ်တယ်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ညလေက သာယာတော့ ငါက တတိယမြောက် အစ်ကိုကြီးရဲ့ စံအိမ်ဆီ သွားလည်နေခဲ့တာ။ ငါ့အိမ်မှာလည်း ဧည့်သည့်တွေ ရောက်နေမယ်လို့ မထင်ထားမိခဲ့ဘူး။ အဲ့လိုမှန်းသာ သိခဲ့ရင် ဒုတိယမြောက် အစ်ကိုနဲ့ ခြောက်ယောက်ကို အစ်ကိုကို စံအိမ်ကနေ ထိုင်စောင့်ပြီး သေသေချာချာလေး ဧည့်ခံပေးလိုက်ပါတယ်ဗျာ”
“တတိယအစ်ကိုရဲ့ စံအိမ်လား…” ရန်ကျောင်း မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။ အခုမှပဲ သူ့ရဲ့ ကိုးယောက်မြောက် ညီလေး ဘယ်လောက်တောင် သွေးရဲမှန်း သူနားလည် သွားတော့တယ်။ ရန်ကိုင်ရဲ့ သတ္တိကိုလည်း လေးစားမိသွားခဲ့တယ်။
အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ရန်ကျောင်းက မေးလိုက်တယ် “တတိယအစ်ကို ဘာဖြစ်သွားလဲ”
“တတိယအစ်ကို ရှုံးနိမ့်သွားတယ်လေ” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါးယောက်မြောက် အစ်ကိုနဲ့ ခုနှစ်ယောက်မြောက် အစ်ကိုတို့ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်မှတော့ တတိယအစ်ကိုက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ”
“တတိယအစ်ကို မတောင့်ခံနိုင်တာက အံ့ဩစရာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုးယောက်မြောက် ညီလေးကတော့ ဒုတိယအစ်ကိုကို အံ့ဩစရာ လက်ဆောင်းအကြီးကြီး ပေးခဲ့တယ်နော်။ ကိုယောက်မြောက် ညီလေးက မခုတ်တတ်တဲ့ ကြောင်လို ဟန်ဆောင်နေခဲ့တာပဲ။ ဒုတိယအစ်ကို တကယ် အထင်ကြီးသွားပြီ”
“ဒုတိယအစ်ကိုက အရမ်း မြှောက်နေတာပဲ” ရန်ကိုင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြောလိုက်တယ်။
“ဒီတော့ အလံနဲလူကို ဘယ်သူတွေ ရသွားကြလဲ”
“ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မနက်ဖြန်ကျရင် သိရမှာပေါ့၊ ဒုတိယအစ်ကိုက အရမ်း လောတာပဲ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ်။
ရန်ကျောင်း ဆက်ပြီး မမေးတော့ပါဘူး။ အဲ့အစား အသာအယာလေး ခေါင်းညိတ်လိုက်ပြီး အပြုံးယဲ့ယဲ့လေးကို ဆင်မြန်းရင်း “ဘာပဲဖြစ်ဖြစ် ဒုတိယမြောက် အစ်ကို အရင်သွားလိုက်ဦးမယ်။ ဒီအကြွေးကို နောက်မှ ရှင်းတာပေါ့။ အဲ့အချိန်ကျ ဒုတိယအစ်ကို ကောင်းကာင်း ပြင်ဆင်ထားလိုက်ပါ့မယ်။ ကိုးယောက်မြောက် ညီလေးလည်း ဒုတိယအစ်ကိုကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
“ဒုတိယမြောက် အစ်ကို စိတ်ကျေနပ်စေဖို့ ကျုပ်ဘက်ကနေ အကောင်းဆုံး ကြိုးစားပေးမှာပါ”
“သွားကြစို့” ရန်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး သူ့မဟာမိတ်တွေကို ခေါ်ပြီး ခပ်မြန်မြန်ပဲ ထွက်သွားလိုက်တယ်။
ရှန်ချူနဲ့ နန်ရှန်းတို့လည်း မသွားခင်းလည်း ရန်ကိုင်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်သွားခဲ့တယ်။ ထိုက်ဖန်း တောင်မှာ တွေ့ပြီးခဲ့တဲ့ အချိန်ကစပြီး ရန်ကိုင်ကို မြင်လိုက်တိုင်း သူ့တို့ စိတ်ထဲ ကြောက်လန့် နေမိခဲ့ပါတယ်။ လက်စားချေမယ်လို့သာ ပါးစပ်ကနေ တဖွဖွ ရွတ်နေပေမယ့် ရန်ကိုင်နဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့ အချိန်မှာတော့ နှစ်ယောက်စလုံး အသံတောင် မထွက်ရဲတော့ပါဘူး။
ရန်ကျောင်း ထွက်သွားတာနဲ့ ရန်ရှန်းလည်း တစ်ခါတည်း လိုက်ထွက်သွားလိုက်ပါတယ်။ ကျဆုံးသွားတဲ့ အပေါင်းအပါတွေရဲ့ အလောင်းတွေကို ပြန်ကောက်ခဲ့ဖို့ အမိန့်ပေးပြီးတာနဲ့ ညအမှောင်ထုထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။
ဒီလိုနဲ့ပဲ အမွေခံတိုက်ပွဲရဲ့ ပထမည အဆုံးသတ် သွားခဲ့ပါတယ်။
စည်းတံဆိပ်တော် ဘုရားကျောင်းမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အကြီးအကဲချုပ် ရှစ်ယောက်စလုံး ဖြေးဖြေးချင်း မျက်လုံး ဖွင့်လိုက်တယ်။ သူတို့ရဲ့ ကောင်းကင် စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး စစ်ပွဲမြို့တော်ရဲ့ အဝေးတစ်နေရာဆီ အနည်းငယ် အံ့ဩနေသည့် အမူအရာတွေနဲ့ လှမ်းကြည့်လိုက်ကြတယ်။
သူတို့ အသက်နဲ့ အဆင့်ကို ရောက်နေတဲ့ လူတွေကို စိတ်လှုပ်ရှားနိုင်အောင် လုပ်နိုင်တဲ့အရာ နည်းပါးလွန်းလှပါတယ်။
ဒါပေမယ့် ဒီညမှာတော့ တစ်ယောက်ယောက်က သူတို့ကို အံ့အားသင့်အောင် လုပ်သွားခဲ့ပါတယ်။
Martial Peak
အပိုင်း(၄၃၃) အရမ်းကို ဥာဏ်နီဥာဏ်နက် များတာပဲ
တစ်ခဏလောက် တိတ်ဆိတ်နေပြီးနောက် ဆံဖြူ လူအိုကြီး တစ်ယောက်က အားအင်ချိနဲ့ဟန် ရသည့် လေသံလေးနဲ့ မေးလိုက်တယ် “အနောက်မြောက် ထောင့်စွန်းမှာ ရန်မိသားစုက ဘယ်ဂျူနီယာ ရှိနေတာလဲ”
တစ်ခဏလောက် တွေးတော စဉ်းစားပြီးနောက် လူအိုကြီးတွေထဲက တစ်ယောက်က ပြန်ပြောလိုက်တယ် “အငယ်ဆုံး တစ်ယောက်နဲ့ တူတယ်”
အားလုံးက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ရင်း “ရှေးခေတ် အချိန်တွေ ကတည်းက သူရဲကောင်းတွေ ဆိုတာ လူငယ်မျိုးဆက်ထဲကပဲ အမြဲတမ်း ထွက်ပေါ်လာခဲ့တာလေ”
စည်းတံဆိပ်တော် ဘုရားကျောင်းသို့ ရန်မိသားစုကိုယ်စား ရောက်ရှိလာတဲ့ ရန်မိသားစုရဲ့ အကြီးအကဲချုပ် ရန်လီတင်းက သည်းလှိုက်အူလှိုက် ရယ်မောလိုက်တယ်။ သူက အပြင် လောကကြီးရဲ့ အရေးကိစ္စတွေကို ဆက်ပြီး အာရုံ မစိုက်တော့သလို သူ့နှလုံးသားကလည်း လှိုင်းထန်ခြင်း မရှိတဲ့ ကန်ရေပြင် တစ်ခုလို တည်ငြိမ်နေတယ် ဆိုပေမယ့် ရန်ကိုင်ရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ ခဲ့ရပြီးနောက် ဒီရန်မိသားစု ဆက်ခံသူရဲ့ အနာဂတ်ကို တွေးရင်း သူ့စိတ်ထဲ အနည်းငယ် ရွှင်ပျမိနေခဲ့တယ်။
ချူမိသားစုရဲ့ အကြီးအကဲချုပ် ချူတောင်းရန်ကလည်း ထောက်ခံသည့်ဟန်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး “ဒီလို သတ္တိ၊ ခွန်အားနဲ့ ဆိုရင် သူမှာ ပြောစရာ အပြစ်အနာအဆာကို မရှိတာ။ ဒါပေမယ့် အမွေခံတိုက်ပွဲကို အနိုင်ချင်တယ် ဆိုရင် ဒီနှစ်ချက်တည်းနဲ့တင် မလုံလောက်သေးဘူး။ သူ့မှာ မဟာမိတ် ဘယ်လောက် များများ ရှိသေးလဲ ဆိုတဲ့အချက် ပေါ်မှာလည်း မူတည်သေးတယ်”
“သူ့ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး အာရုံစိုက်ရတော့မယ်နဲ့ တူတယ်။ ဒီတစ်ကြိမ် အမွေခံတိုက်ပွဲက အရင်တစ်ကြိမ်ကထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ”
ထိုစကားကိုတော့ အားလုံးက တစ်ချိန်တည်း ခေါင်းညိတ် ထောက်ခံလိုက်ကြတယ်။
မိသားစုကြီး ရှစ်ခုမှာတောင် ဂုဏ်သရေရှိ ဘိုးဘေးတွေအဖြစ် ဆက်ဆံခံရတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ ရှစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံတွေက သခင်လေး ရှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရန် အလို့ငှာ စစ်ပွဲမြို့တော် နေရာအနှံ့ ရောက်ရှိလို့ နေခဲ့ပါတယ်။
ရန်ကိုင်ရဲ့ အပြုအမူတွေကိုလည်း ထိုလူအိုကြီး ရှစ်ယောက်စလုံး သတိပြုမိကြပါတယ်။
ဆံဖြူလူကြီး ရှစ်ယောက် နားမလည်နိုင်တဲ့ တစ်ခုတည်းသော အချက်က အားကောင်းလှတဲ့ စိတ်စွမ်းအင်ကို ထုတ်လွှတ်နိုင်ဖို့ ရန်ကိုင်က ဘယ်လို နည်းလမ်းကို အသုံးပြုခဲ့လဲ ဆိုတာကိုပါပဲ။
သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် ကောင်းကင် စိတ်အာရုံကို အသုံးပြုလို့ ရဦးမှာ မဟုတ်ပါဘူး။ ထို့ကြောင့် တစ်ခုတည်းသော ရှင်းပြချက်က ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးဆီမှာ အရမ်းအဆင့်မြင့်တဲ့ ဝိဥာဉ် လက်နက် တစ်ခု ရှိနေလို့ပဲ ဖြစ်ရပါမယ်။ ထိုလက်နက်ကို သုံးပြီး အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ခဲ့တာလို့ပဲ ကောက်ချက်ချဖို့ ရှိပါတော့တယ်။
အကြီးအကဲ ရှစ်ယောက်က ရန်ကိုင်ကို ပိုပြီး စိတ်ဝင်စားသွား ခဲ့ပေမယ့် ပိုပြီး စိတ်ဝင်စားသွားခဲ့ရုံပဲ ရှိတာပါ။ ထိုလူအိုကြီး ရှစ်ယောက်စလုံး အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိမ့်မှာ မဟုတ်သလို သခင်လေးတွေကြားက တိုက်ပွဲကိုလည်း ကြားဝင် နှောက်ယှတ်လိမ့်မှာ မဟုတ်ပါဘူး။ ရန်ကိုင် နိုင်ရင် သူတို့ ပျော်ပါလိမ့်မယ်၊ ဒါပေမယ့် သူရှုံးသွားခဲ့ရင်တော့ သူတို့ ဂရုစိုက်လိမ့်မှာ မဟုတ်ပါဘူး။ ရန်မိသားစုက ရန်လီတင်းတောင် ထိုအတိုင်းပါပဲ။
အကြီးအကဲ ရှစ်ယောက်က ပင်လယ်ပြင်တမျှ ကျယ်ပြောတဲ့ သူတို့ရဲ့ ကောင်းကင် စိတ်အာရုံတွေကို ပြန်ရုတ်သိမ်း လိုက်တော့မှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့မျက်နှာထက်က သတိထားနေသည့် အရိပ်အယောင် အချို့လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ရန်ကိုင်က စည်းတံဆိပ်တော် ဘုရားကျောင်း ရှိနေတဲ့ နေရာဆီ အလိုလို တစ်ချက် လှမ်းကြည့် မိလိုက်တယ်။
တစ်ယောက်ယောက်က ဒီတစ်ညလုံး သူ့ကို တောက်လျှောက် စောင့်ကြည့်နေတာကို ရန်ကိုင် ခံစားမိပါတယ်။ တစ်ခါတစ်လေကျ တစ်ယောက်တောင် မကပါဘူး။
ဒါပေမယ့် ထိုလူတွေရဲ့ ကောင်းကင် စိတ်အာရုံတွေက အားကောင်းလွန်းတဲ့ အတွက် သူဘယ်လိုပဲ ကြိုးစားကြိုးစား ထိုကောင်းကင် စိတ်အာရုံတွေရဲ့ ထောက်လှမ်းမှုကနေ မလွတ်မြောက်နိုင် ဖြစ်ခဲ့ရပါတယ်။ အမွေခံတိုက်ပွဲနဲ့ ပက်သက်တဲ့ သူစုဆောင်း ရရှိထားသည့် သတင်းတွေအရ သူ့ကို ဘယ်သူက စောင့်ကြည့် ထောက်လှမ်းနေလဲ ဆိုတာကို ရန်ကိုင် ခပ်မြန်မြန်ပဲ နားလည်သွားခဲ့တယ်။
ငါအင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို မြန်နိုင်သမျှ မြန်မြန် ချိုးဖျက်မှပဲ ဖြစ်တော့မယ် အသိစိတ် ပင်လယ်ကို ဖွင့်လှစ်ပြီးနောက် ဝိဥာဉ်ကြာပန်း အကူအညီနဲ့ဆိုရင် ထိုလူအိုကြီးတွေရဲ့ ထောက်လှမ်းမှု အောက်ကနေ ရှောင်ပုန်းနိုင်လိမ့်မယ်လို့ ရန်ကိုင် ခံစားမိနေခဲ့တယ်။
တောက်လျှောက် စောင့်ကြည့်ခံရတဲ့ ခံစားချက်က သူ့ကို နေမထိထိုင်မထိ ဖြစ်စေပါတယ်။ သူတို့က သူ့ကို ဘာမှလုပ်မှာ မဟုတ်ဘူးလို့ သိနေရင်တောင် ရန်ကိုင်ကတော့ အခုလို စောင့်ကြည့် ခံရတာကို မနှစ်ခြိုက်ပါဘူး။
တကယ်တော့ သူ့မှာ အခြားသူတွေ သိလို့မရတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်လေ။
“ရန်ကိုင်” ချူရီမန်က ထိုင်ခုံကနေ ထလိုက်ပြီး စိတ်အား တက်ကြွစွာနဲ့ အော်ခေါ်လိုက်ရင်း နွေးထွေးစွာနဲ့ နှုတ်ဆက်လိုက်တယ်။
သူ့ရှေ့က မြင်ကွင်းကို ကြည်ရင်း ရန်ကိုင်က ခပ်မြန်မြန်ပဲ အမိန့်ပေးလိုက်တယ် “ဒီနေရာက သွေးတွေနဲ့ အလောင်းကို တစ်ယောက်ယောက်ကို သန့်ရှင်းခိုင်းလိုက်ဦး”
မြေကြီးပေါ်မှာ ရှိနေတဲ့ အလောင်းတွေက သူ့အဖွဲ့သားတွေရဲ့ အလောင်းတွေပါ။ ရန်သူ့ အလောင်းတွေကိုတော့ ရန်ကျောင်းနဲ့ ရန်ရှန်းတို့က ပြန်ယူသွားခဲ့ပါပြီ။ ချူရီမန်ရဲ့ ဆောင်းဦးမိုးစက်ခန်းမမှ လူ၆ယောက် သေဆုံးခဲ့ပြီး ရှန်ထန်ရှောင် ဦးဆောင်တဲ့ ရှန်မိသားစုမှ လူ၇ယောက် သေဆုံးခဲ့ပါတယ်။ ထိုလူ၁၃ယောက်ရဲ့ အလောင်းတွေ အပြင် မြေကြီးတစ်ခုလုံးကလည်း သွေးတွေနဲ့ ပေကျံစွန်းထင်း နေခဲ့ပါသေးတယ်။
အမိန့်ပေးပြီးတာနဲ့ သူ့အရိပ်က လစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ကျုကောင်းရီရှေ့ ရောက်ရှိသွားခဲ့တယ်။
အစောပိုင်းတုန်းက တိုက်ပွဲအတွင်း ကျုကောင်းရီက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁၀ယောက်လောက်ကို တစ်ယောက်တည်း ခံချခဲ့တာပါ။ ထိုထဲက တော်တော်များများ ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇၊ အဆင့်၈ကိုတောင် ရောက်နေခဲ့ပါတယ်။
ကျုကောင်းရီကြောင့်သာ မဟုတ်ရင် ဒီညတိုက်ပွဲရဲ့ ရလဒ်က ခန့်မှန်းဖို့ ခဲယဉ်းသွားလိမ့်မှာကို လုံးဝ သံသယ ရှိစရာ မလိုပါဘူး။
ကျုကောင်းရီက အရင်က ဒဏ်ရာတွေကနေ ပြန်သက်သာလာရုံပဲ ရှိသေးတဲ့အချိန် အခု နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ထပ်ပြီး ဒဏ်ရာ ရသွားခဲ့ပြန်ပါပြီ။ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ စိုရွှဲနေခဲ့ပြီး သွေးအချို့က သူ့ဒဏ်ရာတွေကနေ ထွက်လာတဲ့ သွေးတွေဖြစ်ကာ အခြားသွေးတွေကတော့ သူ့ရန်သူရဲ့ သွေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဆီကနေ ထွက်ပေါ်နေတဲ့ ဖိနှိပ်ဖွယ်ရာ အရှိန်အဝါက မပျောက်ကွယ် သေးတဲ့အတွက် ကျုကောင်းရီရဲ့ ပုံစံက တော်တော်လေး ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါတယ်။
“လက်အောက်ငယ်သားက ကံကောင်းပြီးတော့ သခင်ငယ်လေး ကို စိတ်မပျက်စေမိခဲ့ဘူး” ကျုကောင်းရီက အံ့ကြိတ်ပြီး ခပ်မြန်မြန် ပြောလိုက်တယ်။
“အင်း၊ ခင်ဗျား ကောင်းကောင်း လုပ်ခဲ့တယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
ရန်ကိုင်ရဲ့ ချီးကျုးစကားကို ကြားလိုက်တာနဲ့ ကျုကောင်းရီ သွားပေါ်အောင် ပြုံးလိုက်တယ်။ ပြီးတာနဲ့ သူ့ရဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ကိုယ်လုံးကြီး အနည်းငယ် တုန်ရင်သွားခဲ့ပါတယ်။
အရိပ်ထဲကနေ ရင်းဂျုက တစ္ဆေတစ်ကောင်အလား ထွက်ပေါ်လာခဲ့ပြီး ကျုကောင်းရီကို တွဲမထားပေးလိုက်တယ်။
“သူ့ကို အနားယူဖို့ ပြန်ပို့ပေးလိုက်တော့” ရန်ကိုင်က ရင်းဂျုကို ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ” ရင်းဂျုက ခေါင်းညိတ်လိုက်ပြီး ကျုကောင်းရီကို စံအိမ်ထဲ ပြန်ခေါ်သွားခဲ့တယ်။
ပြီးတာနဲ့ ရန်ကိုင်က တစ်ကိုယ်လုံး အနက်ရောင် အဝတ်အစားတွေနဲ့ ဖုံးအုပ်ထားတဲ့ လူနှစ်ယောက်ဆီ လှည့်ကြည့်လိုက်ပြီး ရယ်မောလိုက်ရင်း “စီနီယာတို့ နှစ်ယောက်ရဲ့ အကူအညီအတွက် ကျေးဇူး အများကြီး တင်ပါတယ်”
ထိုလူနှစ်ယောက်က ဘာမှ ပြန်မပြောခဲ့ပါဘူး။ အဲ့အစား ရန်ကိုင်ကို လက်သီးဆုပ် နှုတ်ဆက်တဲ့ ပုံစံသာ လုပ်ပြလိုက်ပြီး အမှောင်ထုထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။
ဟော်ရှင်းချန်ကတော့ ထိုလူနှစ်ယောက်အိုကြီး နှစ်ယောက် ပျောက်သွားတဲ့အထိ ငေးစိုက်ကြည့်နေခဲ့တယ်။ သူ့မျက်ဝန်းအစုံက ထိုလူကြီး နှစ်ယောက်ရဲ့ ကျောပြင်ကို အကြည့်နဲ့တင် ထိုးဖောက်ချင်နေလား မသိရအောင် ရဲရဲနီနေခဲ့တယ်။
သူတို့ နှစ်ယောက် ထွက်သွားတာနဲ့ ဟော်ရှင်းချန်က အသိစိတ် ကင်းမဲ့နေတဲ့ ပုံစံမျိုးနဲ့ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး အံတင်းတင်း ကြိတ်ကာ တိုးတိုးလေး ရေရွတ်ပြောဆိုလိုက်တယ် “မင်းအရမ်း လွန်လွန်းတယ်။ ဒီသခင်လေးတောင် မင်းရဲ့ ပွန်းရုပ် ဖြစ်ခဲ့ရတယ်လို့ကွာ၊ ငါ့ချီးမှပဲ”
ရန်ကိုင်က သူနဲ့ မဆိုင်သလို ပြုံးပြလိုက်ပြီး ခေါင်းခါရမ်းလိုက်ရင်း “သူတို့ မရှိရင်တောင် ဒီနေရာက လုံခြုံနေဦးမှာပဲ။ အများဆုံးမှ မင်းအဖမ်းခံသွားရတာပဲ ရှိမှာလေ”
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ဒီသခင်လေး မင်းနဲ့ ဆက်ပြီး ပြိုင်ငြင်းမနေတော့ဘူး” ရန်ကိုင် အမှန်ကို ပြောနေမှန်း ဟော်ရှင်းချန်လည်း သိထားပါတယ်။ ရင်းဂျုက ဒဏ်ရာမရပဲ အမှောင်ထဲမှာ ပုန်းအောင်းနေသရွေ့ ရန်ကျောင်းနဲ့ ရန်ရှန်းတို့ နှစ်ယောက်စလုံး အလျင်စလို လှုပ်ရှားရဲမှာ မဟုတ်ပါဘူး။ သူတို့ နှစ်ယောက်သာ စိတ်ရင်းအမှန် ပူးပေါင်းလုပ်ဆောင်ပြီး သူတို့ရဲ့ သွေးစစ်သည်တော် တစ်ယောက်နဲ့ ရင်းဂျုကိုထိန်း၊ ကျန်တစ်ယောက်နဲ့ အလံကို သွားယူမယ် ဆိုရင်တော့ သူတို့ အောင်မြင်ကောင်း အောင်မြင် နိုင်ပါသေးတယ်။
ဒါပေမယ့် သူတို့က တစ်ယောက်နဲ့ တစ်ယောက် ယုံယုံကြည်ကြည် ပူးပေါင်းနိုင်မှာလား။
နှစ်ယောက်စလုံးက ပြိုင်ဘက်တွေ ဖြစ်နေတုန်းပဲလေ။ နှစ်ယောက်စလုံးအတွက် အကျိုးအမြတ် ရှိမယ် ဆိုရင်တော့ သူတို့ ပူးပေါင်းချင် ပူးပေါင်းမှာပေါ့။ ဒါပေမယ့် အခုက တစ်ယောက်ပဲ အကျိုးအမြတ် ရမှာဆိုတော့ ကိုယ့်ရဲ့ အကျိုးအမြတ်ကို အခြား တစ်ယောက်ဆီ ဘယ်သူက ခွဲဝေပေးချင်မှာလဲ။
ရန်ကိုင်က ထိုအချက်ကို နားလည်ထားပါတယ်။ ထို့ကြောင့်ပဲ သူ့စံအိမ်ကနေ ထွက်ပြီး ရဲရဲတင်းတင်းနဲ့ ပြဿနာသွားရှာ ရဲတာပါ။
ဆောင်းဦးမိုးစက်ခန်းမနဲ့ ရှန်မိသားစုကလူတွေ အလောင်း ကောက်နေတဲ့အချိန်၌ ရန်ကိုင်က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်တယ် “ဒါက အမွေခံတိုက်ပွဲပဲ။ ဝင်ပြိုင်တာ၊ မပြိုင်တာက မင်းတို့ ကိစ္စ၊ ဝင်ပြိုင်ရင်တော့ အသေအပျောက်ကတော့ ရှိမှာပဲ။ အဲ့ဒါကြောင့် မင်းတို့ရဲ့ စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုလိမ့်မယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ဆောင်းဦးမိုးစက်ခန်းမနှင့် ရှန်မိသားစုက လူတွေအကုန်လုံး မျက်မှောင် ကြုံ့လိုက်ကြတယ်။ ရန်ကိုင်က အရမ်းကို စာနာစိတ် ကင်းမဲ့တာပဲလို့ သူတို့ ရုတ်တရက် တွေးလိုက်ကြတယ်။ သူတို့တွေက ရန်ကိုင် အမွေခံတိုက်ပွဲ နိုင်အောင်လို့ လာကူညီပေးနေတာပါ။ ဒါကိုတောင် သူက သူတို့ရဲ့ သေသွားတဲ့ အပေါင်းအပါတွေအတွက် နှစ်သိမ့်စကား တစ်ခွန်းတောင်မှ မပြောခဲ့ပါဘူး။
မင်းက ရန်မိသားစုက သခင်လေးတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ၊ ဒီက သေသွားတဲ့ လူတွေရဲ့ အသက်က လမ်းဘေးက ဂေါဖီထုပ်တွေ မဟုတ်ဘူး၊ မင်းအတွက်ကြောင့်ပဲ သူတို့တွေ သေသွားခဲ့ရတာကွ
ထိုလူတွေ အမူအရာ ပြောင်းသွားတာကို သတိမပြုမိသည့် အလား ရန်ကိုင်က တည်ကြည်တဲ့ လေသံနဲ့ ဆက်ပြောလိုက်တယ် “ဒီကနေ့ သေသွားတဲ့ လူတွေကို ငါမှတ်ထားမယ်။ နောင်ကျ မင်းတို့ရဲ့ ဆုံးရှုံးမှုအတွက် အဆပေါင်းများစွာ ငါပြန်ပြီး လျော်ပေးမယ်။ ဒါပေမယ့် အခုတော့ မင်းတို့ စိတ်ရှည်ရှည်နဲ့ စောင့်ပါဦးလို့ပဲ ပြောထားရဦးမယ်”
ချူရီမန်ရဲ့ မဆိုသလောက်လေး မှုန်ကုတ်သွားတဲ့ အမူအရာလေး ပြေလျော့သွားခဲ့တယ်။
ထိုရိုးရှင်းပုံရတဲ့ ကတိနဲ့အတင် သူမအတွက် အဆင်ပြေ သွားပါပြီ။ သူမ ရန်ကိုင်နဲ့အတူ ကုန်ဆုံးခဲ့တဲ့ အချိန်က များလည်း မများသလို၊ နည်းလည်း မနေည်းပါဘူး။ ဒါပေမယ့် အခုလိုမျိုး သူကတိပေးတာ သူမ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးပါဘူး။
ကတိစကား တစ်ခွန်းကို လွယ်လွယ် မပေးတတ်တဲ့ ယောကျာ်း တစ်ယောက်က ပြောတဲ့အတိုင်း လုပ်တဲ့ ယောကျာ်း တစ်ယောက် ဆိုတာကိုတော့ သူမ သိထားပါတယ်။
အခု အနာဂတ်ကို မျှော်ကြည့်ရင်း ချူရီမန် စိတ်ထဲ မျှော်လင့်ချက်တွေနဲ့ ပြည့်လို့ပါ။
သူ့တစ်ဘဝ တစ်ခုလုံးကို ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ ဆိုးပေ့ပေ့၊ ကောင်းပေ့ပေ့၊ သူဘေးကနေ ထွက်ခွါမသွားပဲ သူနဲ့အတူ လက်တွဲပြီး ကြံလာသမျှ အန္တရာယ်တွေကို ရင်ဆိုင်ပေးမယ့် မဟာမိတ်မျိုးကိုပဲ လိုချင်တာကို ရန်ကိုင် ပြောခဲ့ဖူးတာကို သူမ မမေ့သေးပါဘူး။ အကျိုးအမြတ်ကိုပဲ စိတ်ဝင်စားတယ် ဆိုရင်တော့ သူ့နား မလာတာ အကောင်းဆုံးပါပဲ။
အခု သူ့အခြေအနေက အရေးပေါ် ဖြစ်နေတာတောင် ဒီလူတွေက သူ့ကို လာရောက် ကူညီပေးခဲ့ပါတယ်။ သူတို့မှာ ဘာအကြောင်းပြချက်တွေ ရှိနေလို့ပဲ ဖြစ်ဖြစ်၊ သူ့ကို လာကူညီပေးတဲ့ တစ်ချက်တည်းနဲ့တင် သူ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ပါပြီ။
အမွေခံတိုက်ပွဲမှာ စောစောပူးပေါင်းလေ၊ အောင်မြင်တဲ့ အခါကျ ရနိုင်တဲ့ အကျိုးအမြတ်က ပိုများလေပါပဲ။
လူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ချင်ရင် သူ့အားနည်း နိမ့်ကျနေတဲ့ အချိန်မှာ မိတ်ဆွေဖွဲ့ပါ။ သူအားကောင်း ကြီးထွားလာတော့မှ မိတ်ဆွေသွားဖွဲ့မယ် ဆိုရင်တော့ အခွင့်အရေး ရလိမ့်တော့မှာ မဟုတ်ပါဘူး။
ငါ မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါလားလို့ ချူရီမန် စိတ်ထဲကနေ တွေးမိနေခဲ့တယ်။ ထိုလူငယ်လေးက အားလုံးက မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ အရာတွေကိုမှ လုပ်ပြတတ်တဲ့ လူစားမျိုးပါ။
အစောပိုင်းတုန်းက တိုက်ပွဲကြောင့် ရန်ကိုင် ခြံဝန်း တော်တော်လေး ပျက်စီးသွားခဲ့ရတယ်။ ထိုကြောင့် အလာင်းတွေသိမ်း၊ သွေးတွေ သန့်ရှင်းလို့ ပြီးသွားတာနဲ့ တစ်ပြိုင်နက် ဆောင်းဦးမိုးစက်ခန်းမနဲ့ ရှန်မိသားစုက ကျင့်ကြံသူတွေ အကုန်လုံး တစ်ချက်ကလေးတောင် အနားမယူရပဲ ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင် ခဲ့ရပါတယ်။
ချူရီမန်က အိမ်တော်ထိန်း တစ်ယောက်ပီပီ သူမတာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ပါတယ်။
ဟော်သခင်လေးကတော့ ပျောက်ချက်သား ကောင်းနေခဲ့ပါတယ်။ သူဘယ်ရောက်နေလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။
စစ်ပွဲမြို့တော် အပြင်ဘက်… ဟော်ရှင်းချန်က ၁၀ ကီလိုမီတာလောက် မြောက်ကြွ၊ မြောက်ကြွနဲ့ လမ်းလျှောက် လာပြီးနောက်မှာတော့ ဖြေးဖြေးချင်း ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်တယ် “ထွက်လာခဲ့တယ်၊ ခင်ဗျားတို့ ဘာတွေ ပုန်းဖို့ လုပ်နေသေးတာလဲ”
သူအော်ပြောလို့ ပြီးသွားတာနဲ့ တစ်ပြိုင်နက် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူနှစ်ယောက် အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့ပြီး ဟော်ရှင်းချန်ကို လေးလေးစားစားနဲ့ ပြန်ပြီး အော်ဟစ် နှုတ်ဆက်လိုက်တယ် “သခင်လေး”
ဟော်ရှင်းချန်က ထိုလူနှစ်ယောက်ကို တစ်ခဏကြာတဲ့အထိ စိုက်ကြည့်နေခဲ့တယ်။ သူ့အမူအရာက တော်တော်လေး ရှုပ်ထွေးနေလို့ပေါ့။ အချိန်အတော် ကြာသွားပြီးတော့မှပဲ သူစကား ပြန်ပြောလာခဲ့တယ် “ကျုပ်ကို စောင့်ကြည့်ဖို့ အဖေက ခင်ဗျားတို့ နှစ်ယောက်ကို ပို့လိုက်တာလား”
လူအိုကြီး နှစ်ယောက်ထဲက တစ်ယောက်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်တယ် “ဟုတ်ပါတယ်၊ ဒီည သခင်လေး ဒုက္ခရောက်မှာ စိုးလို့ မိသားစု ခေါင်းဆောင်က သခင်လေးကို စောင့်ကြည့် ကာကွယ်ပေးဖို့ ဆိုပြီး ကျုပ်တို့ နှစ်ယောက်ကို လွှတ်လိုက်တာပါ”
ဟော်ရှင်းချန်က ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူပါ။ ဟော်ကျန်း ဘယ်လောက်ပဲ စိတ်ဆိုး ဒေါသထွက်နေပါစေ၊ ရန်ကိုင်ကို ရွေးချယ်ပြီး အားလုံးရှေ့မှာပဲ သူ့ကို တိုက်ရိုက် ဆန့်ကျင်ခဲ့တယ် ဆိုရင်တောင် သူ့သား အန္တရာယ်တောထဲ ရောက်နေတာကို ဟော်ကျန်းက စိတ်အေးအေးနဲ့ ဘယ်ထိုင်ကြည့် နေနိုင်ပါ့မလဲ။ ထို့ကြောင့် သူဘက်ကလည်း သူ့သား လုံခြုံဖို့ရာ ကြိုတင်ပြင်ဆင် ထားရတာတွေ ရှိတာပေါ့။
“ဟတ်… ကျုပ်ကို အရိပ်ထဲကနေ ပုန်းကွယ် စောင့်ရှောက် ကာကွယ်ပေးဖို့လား” ဟော်ရှင်းချန်က အံ့ကြိတ်လိုက်ပြီး “ကျုပ်ကို တိတ်တဆိတ် ကာကွယ်ပေးတာက ဘယ်လိုမျိုးလဲ ဆိုတာကိုကော ခင်ဗျားတို့ သိရဲ့လား။ ဒီလောက် ရိုးရှင်းတာလေးကိုတောင် ခင်ဗျားတို့ နှစ်ယောက် နားမလည် ကြဘူးလား…ဟန်။ ခင်ဗျားတို့သာ နားလည်တယ် ဆိုရင် ကိုယ့်ဘာသာကိုယ် ဘာလို့ ခုန်ထွက် လာကြတာလဲ။ အဲ့ရန်ကျောင်းရဲ့ သွေးစစ်သည်တော်က ကျုပ်ကို သတ်ရဲတာ မဟုတ်ဘူး။ အများဆုံးမှ ဖမ်းရုံလေးပဲ ရှိမှာ။ အဖမ်းခံလိုက်ရလို့ ဒီသခင်လေးရဲ့ ဆံပင်တစ်မွှေးတောင် ဆုံးရှုံးသွားမှာ မဟုတ်ဘူး။ ဒါကိုတောင် ခင်ဗျားတို့ နှစ်ယောက် တကယ်ပဲ… အဝတ်မဲတွေ စည်းပြီး အရှက်မဲ့မဲ့နဲ့ ပြေးထွက်လာရဲ တယ်ပေါ့။ ခင်ဗျားတို့ နှစ်ယောက် ဒီသခင်လေးကို ဒုက္ခရောက်အောင် လုပ်နေတာပဲ။ ခင်ဗျားတို့ နှစ်ယောက် ကိုယ့်ကိုယ်ကို ဖုံးကွယ်ပြီး အဲ့သွေးစစ်သည်တော်နဲ့ တစ်ကွက်လောက်ပဲ တိုက်ခိုက်ခဲ့တာ ကံကောင်းသွားတယ်။ ဒါကြောင့် ခင်ဗျားတို့ နှစ်ယောက် ဘယ်သူလဲ ဆိုတာ သူတို့ မသိသွားခဲ့တာ။ မဟုတ်ရင်တော့ ဒီတစ်ကြိမ် ကျုပ်တို့ ဟော်မိသားစု လုံးဝ မျက်နှာ ပျက်ရပြီပဲ”
ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခု အမွေခံတိုက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ပညာရှင်တွေကို စေလွှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေက လွဲပြီး သူတို့ စေလွှတ်ခဲ့တဲ့ အားအကောင်းဆုံး ပညာရှင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျွမ်းကျင်သူတွေပါပဲ။ အခု ဟော်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင် နှစ်ယောက်ကို အမွေခံတိုက်ပွဲဆီ စေလွှတ်ခဲ့တယ် ဆိုတဲ့ အဖြစ်မှန်သာ ပေါက်ကြား သွားလို့ကတော့ ဟော်မိသားစု အနေနဲ့ အားလုံးရဲ့ လှောင်ပြောင်ရယ်မောခြင်းကို ကျိန်းသေ ခံရမှာပါ။
ထိုပညာရှင် နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်က ခါးခါးသီးသီးနဲ့ ကြည့်လိုက်ပြီး အစောပိုင်းတုန်းက စကားပြောခဲ့တဲ့ ပညာရှင်ကပဲ ရှင်းပြဖို့ ကြိုးစားလိုက်တယ် “သခင်လေး၊ ကျုပ်တို့မှာလည်း ကိုယ်ပိုင် အခက်အခဲတွေ ရှိနေလို့ပါ”
“အခက်အခဲတွေလား၊ ဘာအခက်အခဲတွေ မို့လို့ပဲ ပြောစမ်းပါ၊ ကျုပ်လည်း ကြားကြည့်ချင်တာပေါ့” ဟော်ရှင်းချန်က သူ့ရှေ့က ပညာရှင် နှစ်ယောက်ကို မျက်စိမှေးစဉ်းပြီး ကြည့်လိုက်တယ်။
လူအိုကြီး နှစ်ယောက် သက်ပြင်း အရှည်ကြီး တစ်ချက် ချလိုက်ပြီး ဒီကနေ့ အစောပိုင်းက ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ရှင်းပြလိုက်ပါတေယ်။
နားထောင်နေတဲ့ ဟော်ရှင်းချန်ရဲ့ မျက်နှာ အမူအရာက ပိုပို အရုပ်ဆိုးသွားခဲ့ပြီး နောက်ဆုံးမှာတော့ မနေနိုင်တော့ပဲ ဒေါသထွက်ထွက် ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပြီး “ဝိုင်လေး နှစ်အိုးအတွက်နဲ့ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ရောင်းစားခဲ့တယ်ပေါ့။ အဲ့လိုသာ ဆိုရင် ချူမိသားစု ဒါမှမဟုတ် ရန်မိသားစုဆီပဲ သွားလိုက်ပါတော့လား။ ဘာလို့ ကျုပ်တို့ ဟော်မိသားစုမှာ နေနေသေးလဲ”
“သခင်လေးရယ်၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး” လူအိုကြီး နှစ်ယောက်က အလျင်စလို ပြောလိုက်ပြီးတာနဲ့ ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်တယ် “ဝိုင်ကို လာပို့တဲ့လူက သခင်မလေးချူ ကိုယ်တိုင် ဖြစ်နေတော့ ကျုပ်တို့ လူအိုကြီး နှစ်ယောက်လည်း မငြင်းပယ်တတ် ဖြစ်သွားခဲ့ရတာပါ”
ဟော်ရှင်းချန်က အထင်အမြင် သေးစွာနဲ့ တံတွေး ထွေးထုတ်လိုက်ပြီး လူအိုကြီး နှစ်ယောက်ကို စိုက်ကြည့်လိုက်တယ်။ သွားတွေ ကျိုးကြေလုမတတ် အံတင်းတင်း ကြိတ်ရင်း ဟော်ရှင်းချန်က တိုးတိုးလေး ရေရွတ်လိုက်တယ် “အဲ့အပြုံးလင်မယား အယုတ်တမာ နှစ်ကောင်က အရမ်းကို ဥာဏ်နီဥာဏ်နက် များတာပဲ။ ကိုယ့်ဘာသာကိုယ် လုံအောင် မပုန်းနိုင်တဲ့ ခင်ဗျားတို့ အရူးနှစ်ယောက်ရဲ့ အပြစ်လည်း ပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့တွေ ခင်ဗျားတို့ နှစ်ယောက် ရှိနေတဲ့ နေရာကို တွေ့သွားခဲ့တာပေါ့”
Martial Peak
အပိုင်း(၄၃၄) ဗဟိုမြို့တော်တစ်ခွင် ကျော်ကြားခြင်း
ဟော်မိသားစု ပညာရှင် နှစ်ယောက်စလုံး ကိုးယိုးကားယား အခြေအနေထဲ ရောက်ရှိနေခဲ့တယ်။ သခင်လေးရယ်၊ ကျုပ်တို့လည်း အကောင်းဆုံး ပုန်းကွယ်ခဲ့တာပဲ၊ သူ့ကိုက ရှာတွေ့သွားတာလို့ ပြောချင်ပေမယ့် ပါးစပ်ကနေတော့ စကားတစ်ခွန်းမှ ထွက်မလာခဲ့ပါဘူး။
အခုအချိန်ထိ ရန်ကိုင် သူတို့ကို ဘယ်လို ရှာတွေ့လို့ ရှာတွေ့သွားမှန်း သူတို့ နားမလည်သေးပါဘူး။ ထို့ကြောင့် သူတို့ အနေနဲ့ ဟော်ရှင်းချန် ဆူပူနေတာကို တိတ်တိတ်လေး ငြိမ်ခံနေရုံပဲ ရှိပါတော့တယ်။
“ဟူး…ဒီသခင်လေးရဲ့ အဆုံးသတ်က ဆိုးရွားလိုက်ပါလား။ ကောင်းကင်ဘုံကိုတောင် မသွားနိုင်တော့ပဲ အခေါင်းမပါပဲ သေရတော့မယ့် ဘဝပါလား” ဟော်ရှင်းချန်က သက်ပြင်းချလိုက်ရင်း ခေါင်းခါရမ်း လိုက်တယ်။
“ဘာတွေ ဖြစ်ခဲ့လို့လဲ သခင်လေး” ပညာရှင် နှစ်ယောက် စလုံး ထိတ်လန့် သွားခဲ့တယ်။ ဟော်ရှင်းချန်နောက် လိုက်လာခဲ့တဲ့ နှစ်ပေါင်းများစွာ လုံးလုံး သူအခုလိုမျိုး အလေးအနက်နဲ့ ပြောခဲ့တာကို တစ်ခါမှ မကြားဖူးပါဘူး။
သူပြောလိုက်တဲ့အချိန် နှစ်ယောက်စလုံး ဟော်ရှင်းချန်ရဲ့ ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်တယ်။ ဟော်ရှင်းချန်သာ တစ်ခုခု ဖြစ်နေတယ် ဆိုရင် သူတို့ မစိုးရိမ်ပဲ ဘယ်နေနိုင်ပါ့မလဲ။
“ဒီသခင်လေးက ကိုယ်လုံးတီးနဲ့ မြို့ကို ဆယ်ပတ် ပတ်ပြေးရတော့မယ်ကွ… အဲ့တာက သေသွားတာနဲ့ ဘာများ ကွာခြားသွားမှာ မို့လို့လဲ” ဟော်ရှင်းချန်က ခါးခါးသီးသီးနဲ့ သက်ပြင်း ချလိုက်တယ်။
ပညာရှင် နှစ်ယောက်စလုံးရဲ့ မျက်နှာ ရှုံ့မဲ့သွားခဲ့တယ်။ သူတို့ စိတ်ထဲမှာတော့ သခင်လေးက အသောက်အစား၊ အလောင်းအစားနဲ့ မိန်းမကိစ္စတွေနဲ့ ပက်သက်လို့ ကျော်ကြားပေမယ့် သူ့မှာ ဒီလိုထူးခြားတဲ့ ဝါသနာ မရှိခဲ့ပါဘူး။ အခုကျမှ ဘာထဖြစ်တာလဲ မသိဘူး လို့ တွေးနေခဲ့ပါတယ်။
ဟော်ရှင်းချန် ကိုယ်လုံးတီးနဲ့ မြို့ထဲ ပတ်ပြေးနေတဲ့ ပုံစံကို လူအိုကြီး နှစ်ယောက် ပုံဖော်ကြည့်လိုက်တယ်။ သူကို မြင်တဲ့ မိန်းကလေးတိုင်း ထိတ်လန့်တကြား၊ ကြောက်လန့် တကြားနဲ့ အော်ဟစ် ကြပါလိမ့်မယ်။
လူအိုကြီး နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့တယ်၊ ရယ်လည်း ရယ်ချင်ပေမယ့် ရယ်ရင်လည်း သောက်ဆဲ ခံရမှာစိုးတဲ့အတွက် မရယ်ရဲပဲ ရယ်ချင်စိတ်ကို မနည်း ချုပ်တည်းထားခဲ့ရတယ်။
သူတို့ အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်ပြီး သူတို့ထဲက တစ်ယောက်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “သခင်လေး၊ ဘာတွေ ဖြစ်လာရတာလဲ။ သခင်လေးက ဘယ်လိုလုပ်ပြီး အခုလိုမျိုးတွေ လုပ်ချင်… အဟမ်း… ကျုပ်ပြောချင်တာကလေ၊ သခင်လေး အခုလိုမျိုး ဘာလို့ လုပ်ဖို့လိုတာလဲ။ တစ်ယောက်ယောက်က သခင်လေးကို တွန်းအား ပေးနေလို့လား”
“ဘယ်သူမှ ကျုပ်ကို တွန်းအား ပေးနေတာ မဟုတ်ဘူး။ အဲ့နေ့တုန်းက ဒီသခင်လေးက သေသေချာချာ မစဉ်းစားခဲ့ပဲ ခွေးသူတောင်းစားလေး ရန်ကိုင်နဲ့ သွားပြီး အလောင်းအစား လုပ်မိခဲ့တာလေ” ဒီနေ့ မနက်တုန်းက ရန်ကိုင်နဲ့ အလောင်းအစား လုပ်ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားမိလိုက်တာနဲ့ ဟော်ရှင်းချန်ရင်ထဲ ဒေါသတို့ အလိပ်လိုက် အလိပ်လိုက် ထွက်လာခဲ့တယ်။
ထိုခွေးကောင်လေး ရန်ကိုင်က ဒီညရဲ့ ရလဒ်ကို ကြိုသိနေလို့သာ ဒီညကို မကျော်လွန်နိုင်တော့မယ့် ပုံစံမျိုး ဟန်ဆောင်ပြီး သူ့ကို တစ်ဖက်လှည့်နဲ့ ထောင်ချောက်ထဲ ရိုက်သွင်းခဲ့တာပါ။ ရွှေရောင်ငှက်မွှေး သိမ်းငှက် တစ်ကောင်ကို မက်မောမိလို့ ဟော်သခင်လေး ဒုက္ခရောက်နေခဲ့ရလေပြီ။
ထိုအချိန်တုန်းက ဒီရန်ကိုင်ဆိုတဲ့ကောင်က အရမ်းကို တုံးအပြီး မိုက်မဲပါလားလို့ သူတွေးနေခဲ့တာပါ။ ဒါပေမယ့် အခုတော့ တုံးအနေတဲ့လူက ရန်ကိုင် မဟုတ်ပဲ သူကိုယ်တိုင် ဖြစ်နေခဲ့ပါတယ်။
ရန်ကိုင်နဲ့ သူ့ကြားက အလောင်းအစား အကြောင်း အကျဉ်းချုံး ရှင်းပြပြီးသွားတာနဲ့ ဟော်မိသားစု ပညာရှင် နှစ်ယောက် ပြောစရာစကား မဲ့သွားခဲ့ရတယ်။
နှစ်ယောက်စလုံး သူတို့ သခင်လေးရဲ့ စရိုက်ကို ကောင်းကောင်း သိထားပါတယ်။ ဟော်ရှင်းချန်က အသောက်အစား မက်တယ်၊ တဏှာကြီးတယ်၊ မိန်းမ ပွေရှုပ်တယ်လို့ အပြင်မှာ သတင်းတွေ ပျံ့နေပေမယ့် သူက ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့ လူစားမျိုးပါ။
တစ်နည်း ပြောရရင်တော့ အလောင်းအစားနဲ့ ပက်သက်လာရင် ဟော်ရှင်းချန်က ဖြောင့်မတ် မှန်ကန်တယ်လို့ ပြောလို့ ရပါတယ်။ သူက လူပေလူတေ တစ်ယောက် ဖြစ်ပေမယ့် ဘယ်သူ့အပေါ်မှာမှ အကြွေး မတင်ခဲ့ဖူးပါဘူး။
ရန်ကိုင်ကို ပေးဖို့ သူ့မှာ ငွေအလုံအလောက် မရှိတဲ့အတွက် အလင်းဂိုဏ်းကို ရန်ကိုင် လက်ထဲ တစ်ခါတည်း တန်းအပ်လိုက်တဲ့ အဖြစ်အပျက်က အကောင်းဆုံ ဥပမာပါပဲ။ ထိုအဖြစ်အပျက်ကို ကြည့်ရုံနဲ့တင် ဟော်ရှင်းချန်က ပြတ်သားပြီး တစ်ဖက်သားအား အကြွေးတင်ရတာကို အထင်အမြင် သေးတဲ့ လူတစ်ယောက်မှန်း တန်းသိနိုင်ပါတယ်။
အလောင်းအစား ရှုံးသွားပြီ ဖြစ်တဲ့အတွက် သူ့ပင်ကိုယ် စရိုက်အရ သူ့မှသာ ဖြေရှင်းဖို့ အခြားနည်းလမ်း တစ်ခုမရှိရင် ကိုယ်တုံးလုံး ချွတ်ပြီး မြို့ကို ဆယ်ပတ် ကျိန်းသေ ပတ်ပြေးပါလိမ့်မယ်။
ထိုသတင်းသာ ဟော်မိသားစုနား ပေါက်ကြား သွားခဲ့ရင် ဟော်ကျန်း သွေးအန်ပြီး ရူးသွပ်သွားနိုင်ပါတယ်။
“ဒီကပ်ဆိုးကြီးကနေ ဒီသခင်လေး လွတ်မြောက်နိုင်မယ့် နည်းလမ်းကောင်းလေး၊ ဘာလေးများ ခင်ဗျားတို့မှာ မရှိဘူးလား။ ရှိရင် ပြောကြစမ်းပါဗျာ” ဟော်ရှင်းချန်က အနားမှာ ရှိတဲ့ ကျောက်တုံးကြီး တစ်တုံးဆီ လမ်းလျှောက် သွားလိုက်ပြီး ထိုင်ချလိုက်ရင်း ပြောလိုက်တယ်။
ပညာရှင် နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်ထဲက တစ်ယောက်က အသာအယာလေး ချောင်းဟန့်ရင်း ပြောလိုက်တယ် “သခင်လေး၊ ကျုပ်အထင်အရ ဆိုရင်လေ သခင်လေး ရန်ကိုင်က သခင်လေး ကိုယ်တုံးလုံးလုံးနဲ့ စစ်ပွဲမြို့ကို ဆယ်ပတ်ပတ်ပြေးမှာကို တကယ်မြင်ချင်တာ မဖြစ်လောက်ဘူး။ ဘယ်လိုတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ သခင်လေးက သူရဲ့ မဟာမိတ်တစ်ယောက် ဖြစ်နေတုန်းပဲလေ။ ဒါကြောင့် သူက သခင်လေးကို မျက်နှာသာ ပေးမှာ အသေချာပဲ။ သခင်လေးသာ သူ့ကို သွားရှင်းပြမယ် ဆိုရင် သူက ကြီးတဲ့ ကိစ္စကိုငယ်အောင်၊ ငယ်တဲ့ ကိစ္စကို ပပျောက်အောင် ဆောင်ရွက်ပေးလောက်ပါတယ်”
“လျှာအရိုးမရှိတိုင်း လျှောက်ပြော မနေနဲ့” ဟော်ရှင်းချန်က နှာခေါင်းရှုံ့လိုက်ပြီး “ဒီသခင်လေးက အဲ့ကောင်စုတ်ကို သိတာ မကြာသေးပေမယ့်၊ သူ့စရိုက်ကို ကျုပ်ကောင်းကောင်း သိတယ်။ ဒီကောင်က ကျုပ်ထက်တောင် ပိုပြီး ရက်စက်၊ ခေါင်းမာ၊ ပြတ်သားတဲ့ လူတစ်ယောက်ဗျ။ ကျုပ်သာ သူ့ကို ကျေနပ်စေလောက်မယ့် နည်းလမ်းတစ်ခု ရှာမတွေ့ရင် သူက ကျုပ်ကို ကိုယ်လုံးလုံးနဲ့ မြို့ကို ဆယ်ပတ် ပတ်ပြေးခိုင်းမှာ အသေအချာပဲ။ အခုဆို ကျုပ်ကိုတောင် သူရှာနေလောက်ပြီ”
ပြောပြီးတာနဲ့ ဟော်ရှင်းချန်က အံ့တင်းတင်း ကြိတ်လိုက်ပြီး “ငါ့လခွမ်းပဲ၊ အဲ့ခွေးသားလေးရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ ကောင်းလွန်းနေတာ ဆိုးသွားတယ်။ မဟုတ်ရင် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အဲ့ကောင်ကို ကျုပ်စိတ်ကျေနပ်တဲ့အထိ သွားသမလိုက်ပါတယ်”
ရှန်ထန်းရှောင် မရှုမလှ ရှုံးနိမ်းသွားခဲ့တဲ့ မြင်ကွင်းကို ပြန်စဉ်းစား မိလိုက်တာနဲ့ ဟော်ရှင်းချန် ကူကယ်ရာ မဲ့သွားခဲ့တယ်။
နှစ်ယောက်စလုံးက မိသားစုကြီး ရှစ်ခုက သခင်လေးတွေချင်း အတူတူ ဖြစ်နေတာကို သူက သူ့ထက် ဘာလို့ အများကြီး ပိုအားကောင်းနေရတာလဲ။
“သခင်လေး သူ့ကို ဘယ်လို နှစ်သိမ့်ကျေနပ် စေချင်လဲ” ဟော်ရှင်းချန်ရဲ့ စကားကို ကြားတော့ လူအိုကြီး နှစ်ယောက်ထဲက တစ်ယောက်က မနေနိုင်ပဲ မေးလိုက်တယ်။
“ကျုပ်လည်း မသိလို့ပေါ့ဟ၊ သိရင် ခင်ဗျားတို့ကို မေးနေပါဦးမလား” ဟော်ရှင်းချန်က ကူကယ်ရာ မဲ့နေတဲ့ အမူအရာနဲ့ ပြန်ဟောက်လိုက်တယ်။
ခဏလောက် စဉ်းစားလိုက်ပြီးနောက် လူအိုကြီး နှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်တယ် “အဲ့လိုသာဆိုရင်၊ ဆိုးဆိုးကောင်းကောင်း၊ မိသားစု ခေါင်းဆောင်က အကူအညီ မပေးဘူးလို့ ပြောပြီး ကန့်ကွက်နေတဲ့ ကြားထဲကမှ သခင်လေးက ရန်ကိုင်ရဲ့ မဟာမိတ် အဖြစ် ကြေညာခဲ့တယ်။ အခုအချိန်မှာ ရန်ကိုင် အလိုအပ်ဆုံးက ပစ္စည်းအင်အားနဲ့ လူအင်အားပဲ။ ဒါပေမယ့် ကျုပ်တို့ ဟော်မိသားစုမှာ လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ လူအင်အား ရှိနေခဲ့တယ်လေ။ သခင်လေးရဲ့ အဖေကိုသာ ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ ဆွဲဆောင်နိုင် အကောင်းဆုံးလို့ ကျုပ်ထင်တယ်။ အဲ့နည်းနဲ့သာဆိုရင် သခင်လေးရဲ့ လောင်းကစား အကြွေးကိုလည်း ကြေအေးခိုင်းလိုက်လို့ ရသွားပြီ”
လူအိုကြီးရဲ့ အကြံပေးချက်ကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန်နဲ့ အုံဆိုင်းနေတဲ့ မျက်နှာထက်က တိမ်မည်းတွေ ချက်ချင်း ဆိုသလို ကင်းစင် ပျောက်ကွယ်သွားခဲ့ပြီး “ဟုတ်သွားပြီ။ အဲ့စကားတွေကို ကျုပ်ပြောတာ မဟုတ်ဘူး၊ ခင်ဗျား ပြောတာနော်။ ကျုပ် စကားတစ်ခွန်းတောင် မပြောခဲ့ဘူးနော်။ ဒါကြောင့် အိမ်ပြန်သွားတာနဲ့ ကျုပ်ရဲ့ လူအိုကြီးကို ဒီအကြောင်း ပြန်ပြောလိုက်တယ်။ ခင်ဗျား ပြောတာပဲ ဖြစ်ပါစေနော်၊ ကျုပ်နဲ့ နည်းနည်းမှ မဆိုင်ဘူးနော်။ နားလည်တယ်မလား”
ဟော်ရှင်းချန် ပြောတာကို နားထောင်ရင်း လူအိုကြီး ကြောင်အသွားခဲ့တယ်။ ဒါပေမယ့် ဟော်ရှင်းချန် ဘာတွေ စီစဉ်နေလဲ ဆိုတာကို သူနားလည်ပါတယ်။ မဲ့ပြုံးပြုံးလိုက်ရင်း ဟော်ရှင်းချန်က ဒီအကြံကို အစကတည်းက တွေးထားမှန်း လူအိုကြီး အခုမှပဲ နားလည်သွားတော့တယ်။ ဒါပေမယ့် ဟော်ရှင်းချန်က သူ့အကြံကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ဒီအကြောင်းကို သူ့အဖေသိအောင် ပြောရပါမယ်။
သူ့အဖေ မေးလာတဲ့အခါ သူ့အနေနဲ့ မသိချင်ယောင် ဆောင်နေလိုက်ရုံပါပဲ။
ဟော်ကျန်းက သူ့သားရဲ့ ဆုံးဖြတ်ချက်ကို အလွန်အမင်း စိတ်ပျက်သွားတဲ့အတွက် သူ့ကို အကူအညီ နည်းနည်းမှ ပေးလိမ့်မှာ မဟုတ်ဘူးဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် လူအိုကြီး နှစ်ယောက်သာ သူ့အဖေကို ရန်ကိုင် ကောင်းကြောင်းတွေ ကူပြောပေးခဲ့ရင် သူ့အဖေက ရန်ကိုင်ကို လူအင်အား၊ ပစ္စည်းအင်အားနဲ့ ထောက်ပံ့ပေးကောင်း ပေးနိုင်ပါတယ်။
“ကောင်းတယ်၊ အခုသွားတော့။ မနက်ဖြန် နေမထွက်ခင် ဒီကိစ္စကို အပြီးသတ်နိုင်ဖို့ လိုအပ်တယ်နော်။ အဲ့လိုမှပဲ ဒီသခင်လေးက ကတိမတည်ဘူးဆိုပြီး အဲ့ခွေးကောင်လေး ပြောလို့ မရမှာ” ဟော်ရှင်းချန်က လက်နောက်ပစ်ရင်း ဟိတ်ကြီးဟန်ကြီးနဲ့ ဗဟိုမြို့တော်ဆီ လမ်းလျှောက် သွားလိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် နှစ်ယောက်လည်း သူ့နောက်ကနေ ခပ်မြန်မြန်ပဲ လိုက်သွားခဲ့တယ်။
ဘယ်သူမှ မရှိတော့တဲ့ အချိန်ကျ ဟော်ရှင်းချန်ရဲ့ ရွှတ်တွတ်တွတ်၊ နောက်တောက်တောက် အမူအရာက လေးနက် တည်ကြည်သည့် အမူအရာသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။
ဒီညတိုက်ပွဲအတွင်း ရန်ကိုင့် သွေးစစ်သည်တော် နှစ်ယောက်ကြောင့် လူတိုင်း အံ့အား သင့်သွားခဲ့ရသလို ရန်ကိုင်ရဲ့ သတ္တိကိုလည်း လူတိုင်း လေးစား မိသွားခဲ့တယ်။ သေခါနီးဆဲဆဲ ဖြစ်နေတဲ့ သွေးစစ်သည်တော် နှစ်ယောက်က တစ်ရက်တောင် မရှိတဲ့ အချိန်လေး အတွင်းမှာပဲ အပြည့်အဝ ပြန်ကောင်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာ အမှန်ပါ။
သူရန်ကိုင်ကို အထင်သေးမိသွားခဲ့တယ် ဆိုတာကို ဟော်ရှင်းချန် ကိုယ်တိုင်လည်း ဝန်ခံရပါမယ်။ ဒီည မတိုင်ခင်တုန်းက ရန်ကိုင် ဒီညမှာ ကျိန်းသေကို ထွက်ရမယ်လို့ ။ မထွက်ရဘူး ဆိုရင်တောင် သူ့အခြေအနေက ထွက်ရတာနဲ့ မခြားတဲ့ အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်လို့ သူတွက်ထားခဲ့တာပါ။
ဒါပေမယ့် ဖြစ်ပျက်သွားခဲ့ တာတွေကတော့ ယုန်တောင်ပြေး ခွေးမြောက်လိုက် သလိုပါပဲ။ ရန်ကိုင်က သူ့အစ်ကိုနှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့ရုံ မကလို့ သူ့တတိယမြောက် အစ်ကိုကြီးရဲ့ စံအိမ်ဆီကို သွားပြီး ပြဿနာတောင် ရှာနေလိုက်ပါသေးတယ်။
ဒီရန်သခင်လေးက တကယ်ကို စိတ်ဝင်စားစရာပါပဲ။
သူသာမက၊ ရန်မိသားစုရဲ့ အခြားသခင်လေးတွေ အကုန်လုံးကလည်း ရန်စလို့ ကောင်းတဲ့ လူတွေ မဟုတ်ပါဘူး။
အစကတော့ အမွေခံတိုက်ပွဲကို အပျင်းပြေ ဝင်ပြိုင်ကြည့်ဖို့ပဲ စဉ်းစားထားခဲ့တာပါ။ ဒါပေမယ့် အခုတော့ သူကိုယ်တိုင်လည်း အနည်းငယ် စိတ်ပါလာခဲ့ပါပြီ။ ဘယ်လို အလှည့်အပြောင်းတွေများ ဖြစ်လာဦးမလဲ၊ ရန်ကိုင်ပဲ အနိုင်ယူခံလိုက်ရမလား၊ ဒါမှမဟုတ် အောင်နိုင်သူ တစ်ယောက်ပဲ ဖြစ်သွားမလား ဆိုတာကိုလည်း သူတော်တော်လေး သိချင်နေမိပါပြီ။
ညအမှောင်ထုထဲကို စူးစိုက်ကြည့်ပြီး ဟော်မိသားစုဆီ ပြန်နေရင်း ဟော်ရှင်းချန်က အကြောင်းအရာ များစွာကို စဉ်းစားသွားခဲ့တယ်။
ပထမည၌ တိုက်ပွဲနှစ်ခု ဖြစ်ပွါးခဲ့ပါတယ်။ တစ်ခုက တတိယမြောက် သခင်လေးရဲ့ စံအိမ်မှာ ဖြစ်ပြီး နောက်တစ်ခုကတော့ ကိုးယောက်မြောက် သခင်လေး ရန်ကိုင်ရဲ့ စံအိမ်မှာပဲ ဖြစ်ပါတယ်။
တိုက်ပွဲနှစ်ခုရဲ့ နောက်ဆုံးရလဒ်က မြင်တွေ့ရလိုက် သူတိုင်းကို အကြီးအကျယ် တုန်လှုပ် အံ့အားသင့်သွား စေခဲ့တယ်။
တိုက်ပွဲ နှစ်ခုစလုံးကို လူတစ်ယောက်ထဲက ကြီးစိုးချယ်လှယ် သွားခဲ့ပါတယ်။ ထိုလူကတော့ ရန်ကိုင်ပါပဲ။
ရန်ထိုက် ခြံဝန်းက တိုက်ပွဲမှာတော့ အလံကော၊ လူကိုပါ ရန်ကိုင် တစ်ယောက်တည်းက ရယူသွားခဲ့ပါတယ်။ သူမရှိတဲ့ သူ့ခြံဝန်းကလည်း ရန်ကျောင်းနဲ့ ရန်ရှန်းတို့ နှစ်ယောက်ပေါင်းရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို အသာအယာလေး ခုခံသွားခဲ့နိုင်ပါတယ်။
တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ။
ထိုသတင်းကို ကြားလိုက်တဲ့ လူတိုင်း သူတို့နားသူတို့ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ကြားရပါများလာတော့ ထိုသတင်းက အမှန်ဆိုတာကို မယုံချင်ရင်တောင် ယုံလိုက်ရပါတော့တယ်။
တစ်ချိန်တည်းမှာပဲ နောက်ထပ် အံ့အားသင့်စရာ သတင်းတစ်ခုပါ ထပ်မံ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင်မှာ ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဟော်ရှင်းချန်ကို မဟာမိတ်အဖြစ် ရှိရုံမကလို့ ဗဟိုမြို့တော်ရဲ့ ကျော်ကြားမှုစာရင်း၌ နံပါတ်နှစ် လိုက်နေသည့် ချူရီမန်ကပါ သူမမိသားစုကနေ ယာယီခွဲထွက်ပြီး ရန်ကိုင်နဲ့ သွားရောက် ပူးပေါင်းနေခဲ့ပါတယ်။
ဟော်ရှင်းချန် ရန်ကိုင်နဲ့ ပူးပေါင်းလိုက်တာက ကိစ္စကြီး တစ်ခု မဟုတ်ပါဘူး။ သူက ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် လူဆိုးလူသွမ်းလေး တစ်ယောက် ဖြစ်တဲ့အတွက် ရန်မိသားစု သခင်လေးတွေထဲက ကြုံရာ သခင်လေး တစ်ယောက်ကို ကောက်ရွေးလိုက်တာလို့ပဲ အားလုံးက မှတ်ယူလိုက် လိုက်ပါတယ်။ အဓိကက ချူရီမန်ပါ။ ချူရီမန်က သူမမိသားစုက ယာယီခွဲထွက်ပြီး ဘာလို့ ရန်ကိုင်ကို သွားထောက်ပံ့ ပေးနေရတာလဲ။
ချူရီမန်က ဗဟိုမြို့တော် မှာသာက ဟန်မင်းဆက် တစ်ခုလုံးမှာပါ သူမရဲ့ ချင့်ချိန် အကဲဖြတ်စွမ်းရည်ကြောင့် ကျော်ကြားပါတယ်။ ထို့ကြောင့် ချူရီမန်ကို လူတော်တော် များများက မယားတော်ချင်နေကြတာပါ။
ဟော်မိသားစု သခင်လေးသာမက ချူရီမန်ပါ သူ့ကို ထောက်ပံ့ပေးနေတဲ့အတွက် ရန်ကိုင် နာမည်က စစ်ပွဲမြို့တော်မှာသာမက ဗဟိုမြို့တော်မှာပါ ကျော်ကြားသွားခဲ့ပါတယ်။
အခုလောလောဆယ် အချိန်၌ ရန်ကိုင်က လူငယ်မျိုးဆက်ရဲ့ ရေပန်းအစားဆုံး လူငယ်တစ်ယောက် ဆိုတာ သံသယရှိစရာ မလိုပါဘူး။
ညကုန်ဆုံးသွားခဲ့ပြီး ရောင်နီပျိုးလာခဲ့တယ်။
ခြံဝန်း အရှေ့ပိုင်း၌ ရန်ကိုင်က နေထွက်ရာဘက် မျက်နှာမူပြီး ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို လေ့ကျင့်နေတဲ့ အချိန်က ချူရီမန်က မောလျပန်းနွယ်နေတဲ့ မျက်နှာလေးနဲ့ သူ့ဆီ ရောက်လာခဲ့တယ်။
မနေ့ညက သူမ ကောင်းကောင်း မအိပ်ခဲ့ရပါဘူး။ ဘာလို့လဲ ဆိုတော့ မနေ့က တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ ခြံဝန်းတစ်ခုလုံးအား ပြန်လည် ပြင်ဆင်ဆောက်လုပ်ရတဲ့ ကိစ္စကို သူမကိုယ်တိုင် စီမံ ညွှန်ကြားနေခဲ့ရလို့ပါပဲ။ ရန်ကိုင်နဲ့ ခြေလှမ်း ဒါဇင်ကျော်လောက် အကွာ၌ ရပ်တန့်လိုက်ပြီး ရန်ကိုင်အား သံသယ မကင်းသည့် အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်။
ထိုကဲ့သို့ ထိုးလိုက်၊ ကန်လိုက် အကွက်တွေအား ရန်ကိုင် လေ့ကျင့်နေတာကို သူမတွေ့မြင်ရတာ ပထမဆုံး အကြိမ် မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီကနေ့ထိတိုင်အောင် ရန်ကိုင်ရဲ့ လက်သီးချက်၊ ခြေကန်ချက်တွေထဲက နက်နဲတဲ့ သဘောတရားကို သူမ မဖမ်းဆုပ်နိုင်သေးပါဘူး။ သူမ အထင်အမြင် အရဆိုရင် ရန်ကိုင်ရဲ့ လက်သီးချက်၊ ခြေကန်ချက်တွေကို သူမတောင် အသာလေး တုပလို့ ရပါတယ်။
ရန်ကိုင်က ထိုလေ့ကျင့်ခန်း လုပ်ရတာကို ဘာလို့ ဒီလောက် ကြိုက်နှစ်သက်နေမှန်း သူမ နားကို မလည်နိုင်ပါဘူး။ မနက်နေထွက်တိုင်း လာကြည့်လိုက်၊ ရန်ကိုင် လေ့ကျင့်ခန်း လုပ်နေပါပြီ။
“ဘာကိစ္စလဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။
“နင့်ဝမ်းကွဲ ရောက်နေတယ်” ချူရီမန်က သူမ နဖူးလေးကို အသာအယာလေး ပွတ်ရင်း ပြန်ပြောလိုက်တယ်။
“သူက ဝလား”
“အင်း၊ ဝတယ်”
“သူ့ကို နေရာတစ်ခု အရင်စီစဉ် ပေးထားလိုက်။ နောက်မှပဲ ငါသူ့ကို သွားတွေ့လိုက်မယ်”
“ကောင်းပြီ” ချူရီမန်က ခေါင်းညိတ်လိုက်ပြီး ပြန်ထွက်သွားလိုက်တယ်။ ဒါပေမယ့် ခြေတစ်လှမ်း၊ နှစ်လှမ်းလောက် လှမ်းပြီးတဲ့ အချိန်မှာပဲ နောက်လှည့်ပြီး ပြန်ပြောလိုက်တယ် “အို၊ ဟုတ်သားပဲ၊ ငါနင့်ကို ပြောဖို့ မေ့နေတာ။ နင်ဒီနေ့ အိမ်မှာ နေသင့်တယ်နော်”
“အန်၊ ဘာလို့လဲ”
“ဒီနေ့ နင့်ကိုတွေ့ဖို လူအများကြီး ရောက်လာလိမ့်မယ်”
“ငါမသိတဲ့ လူတွေဆိုရင် ပြန်သာလွှတ်လိုက်” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး လက်သီး ဆုပ်လျက်သားနဲ့ ပြန်ပြောလိုက်တယ်။
ဒီနေ့ သူ့ဆီ လူတွေ ရောက်လာရတဲ့ အကြောင်းအရင်းက မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အကြောင်း သတင်းတွေ ပျံ့သွားခဲ့လို့ပါပဲ။ ထိုနေ့တုန်းက ဗဟိုမြို့တော် တောင်ဘက်ဂိတ် အပြင်ဘက်၌ အင်အားစုများစွာက သူတို့ ထောက်ပံ့ချင်တဲ့ ရန်သခင်လေး အသီးသီးကို ရွေးချယ် ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် ပုန်းကွယ်ပြီး စူးစမ်းလေ့လာနေတဲ့ အင်အားစုတွေလည်း ရှိပါသေးတယ်။ သူတို့တွေက သခင်လေးတွေရဲ့ ပထမည စွမ်းဆောင်ရည်ကို ကြည့်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချကြမှာပါ။
မနေ့ညက ရန်ကိုင် ပြသခဲ့တဲ့ စွမ်းဆောင်ရည်က အာကာပြင်ထက် ထွန်းလင်းနေတဲ့ နေတစ်စင်းလို တလက်လက် တောက်ပနေခဲ့ပါတယ်။ ထို့ကြောင့် သူ့ကို ဖားယားကြမယ့် လူတွေ ရှိနေတာလည်း မထူးဆန်းပါဘူး။
ရန်ကိုင် အဖြေကို ကြားလိုက်တဲ့အချိန် ချူရီမန်က မလိုလို ပြန်ပြောလိုက်ချင်မိတယ်၊ ဒါပေမယ့် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ၊ အခုရောက်လာမယ့် လူအားလုံးက အကျိုးအမြတ်ကိုပဲ စိတ်ဝင်စားလို့ ရောက်လာကြတဲ့ လူတွေချည်းပဲ”
ချူရီမန်က ရန်ကိုင် စရိုက်ကို ကောင်းကောင်း နားလည်ထားပါတယ်။ ထိုကောင်က သူ့ကို တစ်ချက် လာရိုက်ရင်၊ အဲ့တစ်ချက်ကို ပြန်ရိုက်လိုက်ရမှ ကျေနပ်တဲ့ လူစားမျိုးပါ။ သူက ထမင်းပျော့ကိုသာ စားချင်ပြီး ထမင်းအမာကို ငြင်းဆန်မယ့် လူစားမျိုးဆိုလည်း မမှားပါဘူး။ သူမနဲ့ သူ့ကြားက အခုလို ဆက်ဆံရေးမျိုး ဖြစ်တည်လာခဲ့ဖို မလွယ်ခဲ့ပါဘူး။ ထို့ကြောင့် ဘာမှမဟုတ်တဲ့ အမှားလေး တစ်ခုအတွက်နဲ့ သူတို့ကြားက ဆက်ဆံရေးကို ဘာလို့ ပျက်ပြားသွားစေရမှာလဲ။
သက်ပြင်း တစ်ချက်ချလိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။
နာရီဝက် ကြာပြီးနောက် သူ့ရဲ့ တစ်မနက်တာ လေ့ကျင့်ခန်း ပြီးဆုံးလို့ သွားခဲ့တယ်။ ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို မနက်တိုင်း သူလေ့ကျင့်ပါတယ်။ သာမန် လေ့ကျင့်ခန်းလို့သာ ထင်ရတဲ့ ထိုခန္ဓာသန့်စင်ခြင်း မှတ်တမ်းက သူ့စိတ်ရော၊ ခန္ဓာကိုယ်ကိုပါ အကန့်အသတ်ထိ ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။
ခန္ဓာသန့်စင်ခြင်း မှတ်တမ်းထဲက လှုပ်ရှားမှုတွေကို သူပိုကျွမ်းကျင်လာလေ၊ သူခံစားရတဲ့ ဖိအားက ပိုပြီး တိုးများလာလေပါပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ ခွန်အားအရ ခန္ဓာသန့်စင်ခြင်း မှတ်တမ်းတဲ့ တစ်ဝက်လောက်ကိုပဲ သူလေ့ကျင့် နိုင်ပါတယ်။
ခန္ဓာသန့်စင်ခြင်း မှတ်တမ်းထဲမှာ ဖော်ပြထားတဲ့ လှုပ်ရှားမှု အားလုံးကို လုပ်ဆောင်နိုင်ဖို့အတွက် အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်ဖို့ လိုတယ်လို့ ရန်ကိုင် တွေးလိုက်မိတယ်။
Martial Peak
အပိုင်း(၄၃၅) မိတ်ဆွေဟောင်းတွေ တွေ့ဆုံခြင်း
ရန်ကိုင် စံအိမ်ထဲက အခန်းတစ်ခန်းထဲ၌ ဒေါင်ချင်းဟန် လက်ဖက်ရည် ထိုင်သောက် နေခဲ့တယ်။ လက်ဖက်ရည် သောက်နေရင်း မနေ့ညက သူ့ရဲ့ ယုံကြည်ထိုက်တဲ့ သက်တော်စောင့် နှစ်ယောက် ပြန်လာတုန်းက ပြန်ပြောပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားနေခဲ့တယ်။ အခုမှပဲ ထိတ်လန့် အံ့အားသင့်တာ အနည်းငယ် သက်သာ သွားတော့တယ်။
ထိုအချိန်တုန်းက သူကိုယ်တိုင် ရှိမနေခဲ့ပေမယ့် လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက် ရှင်းပြတာကို နားထောင်ပြီး ရန်ကိုင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းမှန်း သူနားလည် သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း သူ့ရဲ့ ဝမ်းကွဲလေးက ဘယ်သူမှ ထင်မထားသည့် အမြန်နှုန်းနဲ့ ကြီးထွားအားကောင်း လာခဲ့ပါတယ်။ ဒေါင်ချင်းဟန်တောင် ရန်ကိုင်ကို မနာလိုမိသွားခဲ့တယ်။
တစ်ခဏလောက် ကြာအောင် စောင့်ဆိုင်းနေပြီးနောက် ရန်ကိုင်က ချွေးသံတရွှဲရွှဲနဲ့ သူ့ဆီ ရောက်လာခဲ့တယ်။ ရန်ကိုင်ရဲ့ ယဉ်ကျေးမှု မရှိတဲ့ ပုံစံနဲ့ ပက်သက်ပြီး ဒေါင်ချင်းဟန် စိတ်ထဲမထားပါဘူး။ ကလေးဘဝတုန်းက ဆိုရင် ဒီထက်ပိုဆိုးတဲ့ အခြေအနေကို သူမြင်ခဲ့ဖူးပါတယ်။ ရန်ကိုင်လည်း အတူတူပါပဲ။ ဘာမဟုတ်တဲ့ ဒီလို အရာလေးတွေက သူတို့ရဲ့ ညီအစ်ကို သံယောဇဉ်ကို မထိခိုက် စေနိုင်ပါဘူး။
“ကောင်စုတ်လေး” ဒေါင်ချင်းဟန်က ထိုင်ရာကနေ မထခဲ့။ အဲ့အစား ရန်ကိုင်ကိုသာ မျက်စိလေး စွေစောင်းပြီး အဓိပ္ပါယ်ပါပါနဲ့ ကြည့်လိုက်ရင်း “မင်းမှာ အရည်အချင်းတော့ ရှိသားပဲ။ ငါ့ကို ဂရုစိုက်မနေနဲ့။ ဒီလူအိုကြီး နှစ်ယောက်ကို ခေါ်သွားလိုက်”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်တယ် “အခြေအနေတွေ မမှန်သေးရင် မလှုပ်ရှားတာ ကောင်းတယ်။ သူတို့ နှစ်ယောက် အနေနဲ့ ဒီည အလုပ်လုပ်စရာ မလိုသေးပါဘူး”
ရန်ကိုင်က ထိုလူအိုကြီး နှစ်ယောက်ကို တော်တော်လေး ရိုသေလေးစားပါတယ်။ သူတို့က ဒေါင်ချင်းဟန်ရဲ့ သက်တော်စောင့်တွေ ဖြစ်နေလို့ပဲ မဟုတ်ပါဘူး။ ကောင်းကင် စံအိမ် အန္တရာယ်ထဲ ရောက်နေတုန်းက သူတို့ နှစ်ယောက်က ချူမိသားစုတို့ အဖွဲ့ထက် စောအောင်လာပြီး သူတို့ကို လာသတိပေးခဲ့လို့ပါပဲ။ ထို့ကြောင့် ဂိုဏ်းရဲ့ အဓိက အဖွဲ့သားတွေ လုံလုံခြုံခြုံနဲ့ ထွက်ပြေး နိုင်ခဲ့တာပါ။
လေအစောင့်အကြပ် အချိန်မှီ ရောက်လာခဲ့တာ ကြောင့်သာ မဟုတ်ရင် ကောင်းကင်စံအိမ် အဖွဲ့သား တော်တော်များများ သေဆုံးခဲ့ရမှာပါ။ အဲ့လိုသာ ဆိုရင် သူနဲ့ ချူရီမန်ကြားက ဆက်ဆံရေးက အခုလိုမျိုး ငြိမ်းအေးနေတော့မှာ မဟုတ်ပါဘူး။
လေအစောင့်အကြပ်က ပြုံးကာ ခေါင်းခါလိုက်ပြီး “ကျုပ်နဲ့ လူအိုကြီးတိမ်က နည်းနည်းလေး ပိုရှုပ်ထွေးအောင်ပဲ လုပ်ခဲ့တာပါ။ မနေ့ညက လှုပ်ရှားမှု အောင်မြင်ခဲ့တာရဲ့ အဓိက အကြောင်းအရင်းက သခင်လေး ရန်ကိုင်ရဲ့ စွမ်းဆောင်ရည် ကြောင့်ပါပဲ”
တိမ်အစောင့်အကြပ်ကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်တယ်။ ရန်ကိုင်ကို ကြည့်တဲ့ လူအိုကြီး နှစ်ယောက်ရဲ့ အကြည့်ထဲ လေးစားရိပ်တို့ ထင်ဟပ် နေခဲ့တယ်။
လူငယ်မျိုးဆက်က ဘယ်သူကမှ သူတို့ကို ဒီလောက် အံ့အားသင့်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ သူတို့ မိသားစုရဲ့ သခင်လေးက လူမျိုးဆက်ထဲမှာ မဆိုးဘူးလို့ ပြောလို့ ရပေမယ့် ရန်ကိုင်နဲ့ ယှဉ်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။
ရန်ကိုင် ဘယ်လောက်အထိ တိုးတက် အားကောင်းလာမလဲ ဆိုတာကို လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး သိချင်နေမိခဲ့ကြတယ်။
“ဒီတစ်ကြိမ် ငါနဲ့အတူ လူ၃၀ကို ခေါ်လာခဲ့တယ်။ လေနဲ့တိမ် အစောင့်အကြပ် အပြင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ရောက်နေတဲ့ အခြား ကျင့်ကြံသူ ငါးယောက် ရှိသေးတယ်။ ကျန်တဲ့လူတွေထဲမှာ အားအနည်းဆုံးက အစစ်အမှန်ဒြပ်စင်အဆင့်၅ ကျင့်ကြံသူတွေပဲ” ဒေါင်ချင်းဟန်က ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်တယ် “အနည်းဆုံးတော့ ငါ့အဖေက အထောက်အပံ့ ကောင်းကောင်းနဲ့ ငါ့ကိုလွှတ်လိုက်တယ်လေ။ အများဆုံးကတော့ ဖော်စပ်ပြီးသား ဆေးလုံးတွေပဲ။ အခြားပစ္စည်းတွေလည်း ရှိသေးတယ်။ အများကြီးတော့ မဟုတ်ပေမယ့် နည်းတော့လည်း မနည်းဘူးကွ”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ “ဦးလေးက အရမ်း တွေးတတ်တာပဲ”
ဒေါင်မိသားစုက ဒေါင်စုကျုရဲ့ မိသားစုပါ။ ရန်ကိုင်က ဒေါင်စုကျုရဲ့ သားတစ်ယောက် ဖြစ်ပါတယ်။ ပထမအဆင့် အင်အားစု တစ်ခုအနေနဲ့ ဒေါင်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ၇ယောက်အပြင် ဆေးလုံးအများကြီး ထောက်ပံ့ပေးတာက တော်တော်လေး ရက်ရောတယ်လို့ ပြောလို့ ရပါတယ်။
တကယ်တော့ အမွေခံတိုက်ပွဲမှာကို ရန်ကိုင် နိုင်နိုင်ချေက သုညနား ကပ်နေခဲ့တယ်လေ။
ဒီလောက် လူအများကြီးနဲ့ ဆေးလုံးတွေကို ပို့လိုက်ကတည်းက ဒေါင်မိသားစုက ထိုလူတွေအားလုံးနဲ့ ပစ္စည်းတွေ အားလုံးကို စတေးဖို့ ကြိုတင်ပြင်ဆင် ထားတယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီလောက် များပြားတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေ အကုန်လုံးသာ သေဆုံးသွားခဲ့ရင် ဒေါင်မိသားစုလည်း တော်တော်လေး အထိနာသွားမှာပါ။
ဒေါင်မိသားစုက သူ့ကို အခုလိုမျိုး ထောက်ပံ့ပေးခဲ့တဲ့ အတွက် ရန်ကိုင်လည်း ဒေါင်မိသားစုရဲ့ ကျေးဇူးကို အမှတ်ရနေလိမ့်မှာပါ။
“ပေးစရာရှိတာ အားလုံးကို မင်းရဲ့ စံအိမ်ထိန်းနဲ့ သူမလူတွေဆီ ပေးပြီးသွားပြီ” ဒေါင်ချင်းဟန်က စိတ်မချမ်းမသာ ဖြစ်နေတဲ့ မျက်နှာ အမူအရာလေးနဲ့ ပြောလိုက်တယ်။
“ချူရီမန်ကို ပြောတာလား” ရန်ကိုင်က ကြောင်အမ်းအမ်း ဖြစ်နေတဲ့ ပုံစံလေးနဲ့ ပြန်မေးလိုက်တယ်။
“သူမကလွဲပြီး ဘယ်သူရှိရဦးမှာလဲ။ ကောင်းစုတ်လေး၊ မင်းက တိုက်ပွဲမှာလည်း အောင်မြင်၊ ဆန်းကလည်း ပွင့်၊ မင်းဘဝက တကယ်ကို နေချင်စရာ ကောင်းတာပဲ” ဒေါင်ချင်းဟန်က မနာလိုနေတဲ့ လေသံလေးနဲ့ ပြောလိုက်တယ် “ပြီးတော့ မင်းမှာလေ နတ်မိမယ်လေး တစ်ယောက်လို ရိုးသားအပြစ် ကင်းစင် လှပချစ်ဖို့ကောင်းပြီး မင်းအကြောင်းကို နေ့ရောညပါ တွေးနေတဲ့ မိန်းကလေး တစ်ယောက် ရှိသေးတယ်လို့ ငါ့ညီမ ငါ့ကို ပြောခဲ့တယ်”
ပြောလေပြောလေ၊ သူ့မျက်နှာကကြီးက ပိုပို ရှုံ့မဲ့လာခဲ့ကာ သူ့လေသံထဲက မနာလိုနေသည့် အရိပ်အယောင်တို့ကလည်း ပိုပြီး ထင်ရှားလာခဲ့တယ်။
ဒေါင်ချင်းဟန်ကလည်း ပထမအဆင့် အင်အားစုက သခင်လေး တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ ကံကောင်းမှုက ရန်ကိုင်နဲ့ ယှဉ်ရင် အရမ်းကို ကွာခြားနေတယ်လို့ သူခံစား နေခဲ့ရတယ်။
သူ့ဝမ်းကွဲ အခုလို ပြောလာတာ ကြားတော့ ရန်ကိုင်က ပြန်ပြောဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ ချူရီမန်က အပြုံးကြီးပြုံးရင်း အခန်းထဲ ဝင်လာခဲ့ပြီး မေးလိုက်တယ် “နင်တို့ ညီအစ်ကိုနှစ်ယောက် ဘာအကြောင်းတွေ ပြောနေတာလဲ။ ငါ့အကြောင်း မကောင်းကြောင်း ပြောနေတာ ငါကြားလိုက်သလားလို့”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဒေါင်ချင်းဟန်က ထိုင်ခုံကနေ ခပ်မြန်မြန်ပဲ ထလိုက်ပြီး အလေးအနက်နဲ့ ပြန်ပြောလိုက်တယ်။ ရန်ကိုင်နဲ့ တွေ့တဲ့အချိန်ကျ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား ပြောဆိုနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူနဲ့ရန်ကိုင်ကြား ရင်းနှီးမှုက ရန်ကိုင်နဲ့ သူ့အစ်ကိုတွေကြားက ရင်းနှီးကျွမ်းဝင်မှုထက်တောင် ပိုနေ့လို့ပါပဲ။ ဒါပေမယ့် ချူရီမန် ရှေ့မှာတော့ ဒေါင်ချင်းဟန် အနေနဲ့ သူ့စိတ်ရှိသလို လွတ်လွတ်လပ်လပ် မနေရဲပါဘူး။
ရန်ကိုင်က ရယ်မောလိုက်ပြီး ခေါင်းခါလိုက်တယ်။ ချက်ချင်းဆိုသလို သူ့မျက်ဝန်းအစုံကို ချူရီမန် ဘေးမှာ ရှိနေတဲ့ မိန်းကလေးက ဆွဲဆောင်သွားခဲ့တယ်။
ထိုမိန်းကလေးက ရှားပေ့လှပေ့ ဆိုတဲ့ အလှလေးပါ။ သူမနောက်ကျောထက် ရေတံလို စီးဖြာကျနေတဲ့ ပိတုန်းရောင် နက်မှောင်တဲ့ ဆံကေသာတွေ၊ ပြီးပြည့်စုံစွာ ကွေးညွှတ်ထားတဲ့ မျက်ခုံးလေးတွေ၊ ဖြောင့်းစင်းနေတဲ့ လှလှလေးနဲ့ ဆွဲစုပ်နမ်းရှိုက် ပစ်ချင်စရာ ကောင်းလှတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ။ သူမ အသားအရေက နှင်းပွင့်လေးတွေလို ဖြူဖွေးနေခဲ့ပြီး သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း အပြစ်ဆိုဖွယ် မရှိအောင် ပြီးပြည့်စုံလှပါတယ်။ သူဆီကနေ ထွက်ပေါ်နေတဲ့ အပျိုစင် မိန်းကလေး တစ်ယောက်ရဲ့ ပြိုင်ဘက်ကင်း အရှိန်အဝါက မြင်သူပုရိသ ယောကျ်ားအပေါင်းတို့ကို လည်ပြန်ငေးမော သွားစေ ရလောက်တဲ့အထိပါ။
အပြစ်ဆိုစရာ မရှိလောက်အော် လှပတဲ့ အသွင်အပြင် အပြင် သူမရဲ့ ပင်ကိုယ်ဟန်ပန် အမူအရာကလည်း ချူရီမန်အောက် နိမ့်ကျခြင်း မရှိပါဘူး။
ဒါပေမယ့် သူမကို မြင်လိုက်တဲ့လူတိုင်း အရင်ဆုံး ငေးမောသွားရမှာက ထိုအရာတွေ တစ်ခုမှမဟုတ်ပါဘူး။ မြင်သူပုရိသတွေကို မကြည့်ရမနေအောင် ဖြစ်စေနိုင်တာက သူမရင်ဘတ်ထက်က မို့မောက်နေတဲ့ မဟာတောင်ထွတ်ကြီး နှစ်လုံးပါပဲ။
သူမရင်ဘတ်ထက်က ကျောင်းစိမ်းတောင်မို့မို့ နှစ်လုံးက စည်းတုပ်နှောင်ထားတဲ့ အင်္ကျီထဲကနေ အတင်းရုန်းထွက် နေချင်တဲ့ပုံပါပဲ။ တကယ်ကို အံ့ဩဘနန်း ချရလောက်တဲ့အထိ လှပသက်ဝင်လွန်းလှတဲ့ မဟာတောင်ထွတ် နှစ်လုံးပေတည်း။
ပြီးပြည့်စုံတဲ့ ကျောက်စိမ်း တောင်နှစ်လုံးကို ထောက်တည် ပေးထားတာကတော့ ရွေမြွေလေးလို သွယ်လျပြီး ပိုးသားလို နူးညံ့လှတဲ့ ခါးသွယ်သွယ်လေး တစ်ခုပါ။ ထိုကနေမှတစ်ဆင့် အောက်ကို ထပ်မံ ဆင်းသွားမယ် ဆိုရင်တော့ ယောကျာ်းသားတိုင်း၏ အကြည့်ကို ဆွဲငင်ညို့ယူနေသော လမ်းလျှောက်လိုက်တိုင်း ကချေသည်မလေးလို အသာအယာလေး လှုပ်ရမ်းနေသည့် လုံးဝိုင်းစွံ့ကားလှပါသော တင်းပါးမို့မို့ နှစ်ခုကို မြင်တွေ့ရမှာပါ။
ရန်ကိုင်က သူ့အကြည်ကို ဖုံးကွယ်ဖို့ မကြိုးစားပဲ ရဲရဲတင်းတင်းနဲ့ ကောင်မလေးရဲ့ ရင်ဘတ်ကို စူးစိုက် ကြည့်နေခဲ့တယ်။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ချူရီမန် နှုတ်ခမ်းလေး ဆူလိုက်ပြီး အလိုလို ရှေ့ကို ကိုင်းမိလိုက်တယ်။
အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ရန်ကိုင်ရဲ့ အကြည့်က ထိုမိန်းကလေးရဲ့ ကျော့ရှင်းသည့် မျက်းဝန်းအစုံဆီ ရောက်ရှိသွားခဲ့တယ်။
သူမအကြည့်ထဲ နောင်တ၊ စိတ်လှုပ်ရှားမှု၊ ရှက်ရွံ့မှု၊ ပျော်ရွှင်မှု စသဖြင့် အမျိုးမျိုးသော ခံစားချက်တို့ ရောပြွမ်းပါဝင်နေခဲ့တယ်။
ရန်ကိုင် နှုတ်ခမ်းတွေက အပေါ်ဘက်သို့ အသာအယာလေး ကွေးတက်သွားခဲ့ပြီး ထိုမိန်းကလေးကို ပြုံးပြလိုက်တယ်။
“ရန်ကိုင်၊ သူမကို နင်မှတ်မိလား” ဒေါင်ချင်းဟန်က ပြုံးဖြီးဖြီလုပ်ရင်း မေးလိုက်တယ်။
“ငါမှတ်မိတာပေါ့” ရန်ကိုင်က သူရှေ့မှာရှိနေတဲ့ မိန်းကလေးကို ခေါင်းညိတ်ပြလိုက်ပြီး “စီနီယာအစ်မလန်၊ မတွေ့ရတာတောင် ကြာပြီနော်”
“အင်း၊ ငါတို့ နောက်ဆုံးအကြိမ် တွေ့ခဲ့တာ သုံးနှစ်၊ လေးနှစ်ယောက်တောင် ရှိသွားခဲ့ပြီ” မိန်းကလေးက အနည်းငယ်က ရှုပ်ထွေးပုံရသည့် လေသံလေးနဲ့ ပြန်ပြောလိုက်တယ်။
ထိုမိန်းမပျိုလေးက ကောင်းကင်စံအိမ်က လန်ချူးတျယ်က လွဲပြီး ဘယ်သူဖြစ်ရဦးပါ့မလဲ။
တစ်ခါတုန်းက သူမဆီကနေ အစေနှစ်စေ့ကို ရန်ကိုင် ဝယ်ခဲ့ဖူးသလို သူမနဲ့အတူ အချိန်တစ်ခုကြာအောင် ကောင်းကင်အမွေအနှစ်လိုဏ်ဂူကိုလည်း စူးစမ်း လေ့လာခဲ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းကင် အမွေအနှစ် လိုဏ်ဂူထဲ အတူသွားလာနေချိန် သူမရဲ့ ဦးဆောင်ပုံကို မကြိုက်တဲ့အတွက် နောက်ပိုင်း လမ်းခွဲလိုက်ကြပါတယ်။
မကြာခင်မှာပဲ ကောင်းကင် အမွေအနှစ်လိုဏ်ဂူက ကောင်းကင်စံအိမ်နား ထွက်ပေါ်လာခဲ့ပြီး ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေ တော်တော်လေး အကျိုးအမြတ် ရခဲ့တယ် ဆိုတဲ့ သတင်း ပထမအင်အားစုများစွာရဲ့ နားသို့ ပေါက်ကြား သွားခဲ့တယ်။ ထို့ကြောင့် ပထမအဆင့် အင်အားစုက သခင်လေးတွေ ရောက်ချလာပြီး မက်လုံးပေးကာ အမွေအနှစ်လိုဏ်ဂူထဲ အကျိုးအမြတ် ရလာသည့် တပည့်တွေကို လာရောက် ခေါ်ဆောင် သွားခဲ့ပါတယ်။
ထိုအချိန်မှာပဲ လန်ချူးတျယ်က ဒေါင်မိသားစုဆီ ဝင်ရောက်သွားခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း ကောင်းကင် အမွေအနှစ်လိုဏ်ဂူထဲ အကျိုးအမြတ် တော်တော်များများ ရရှိခဲ့ပါတယ်။
သူမကို နောက်ဆုံး အကြိမ်တွေ့ခဲ့တုန်းက လန်ချူးတျယ်က ချီအသွင်ပြောင်းခြင်းအဆင့်၇မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ သူမက အစစ်အမှန်ဒြပ်စင် အဆင့်၆သို့ ရောက်ရှိနေခဲ့ပါပြီ။
ထိုစီနီယာအစ်မကို သူ့အမြင်ဘက်က ပြောရမယ်ဆိုရင် အမြင်မကြည်တာလည်း မဟုတ်သလို အမြင်ကောင်း ရှိတာလည်း မဟုတ်ပါဘူး။ အဲ့အစား သူမက အကျိုးအမြတ်ကို ကြည့်ပြီးတော့ပဲ ဆုံးဖြတ်တတ်တဲ့ လူတစ်ယောက်လို့ သူထင်ပါတယ်။ တစ်ခုခုကို မဆောင်ရွက်ခင် ပေးရမှာနဲ့ ရရမှာ ကာမိရဲ့လား၊ သူမ ဘယ်လောက်မြတ်မလဲ ဆိုတာကိုပဲ သူမအရင် စဉ်းစားဆုံးဖြတ်လေ့ ရှိပါတယ်။
အချိန်တွေ အများကြီး ကြာသွားပြီးတဲ့ နောက်ပိုင်း ထိုဘာမဟုတ်တဲ့ ကိစ္စလေးတွေကို ရန်ကိုင် ဆက်ပြီး ဂရုစိုက် မနေတော့ပါဘူး။ ကောင်းကင်စံအိမ်မှာတုန်းက ရန်ချူးတျယ်က ခိုကိုးရာမဲ့နေတဲ့ တစ်ကောင်ကြွက်ပါ။ သူမမှာ အားကောင်းတဲ့ နောက်ခံတွေ ဘာတွေလည်း မရှိပါဘူး။ ပြီးတော့ သူမက မိန်းမသား တစ်ယောက်လည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ အကျိုးအမြတ်ကို သေချာချင့်တွက်ပြီး ဆုံးဖြတ်တဲ့ သူမရဲ့ သဘောသဘာဝကလည်း ဘာမှ မှားယွင်းမနေခဲ့ပါဘူး။
အထူးသဖြင့် သူမကိုယ်တိုင်က ရှားပါးတဲ့ အလှဂဟေး တစ်ယောက် ဖြစ်နေတဲ့အတွက် ယောကျ်ားသားပေါင်း များစွာရဲ့ အာရုံကို ဆွဲဆောင်ထားသလို ဖြစ်နေခဲ့ပါတယ်။ သူမလို မိန်းမတစ်ယောက်က ရနိုင်သမျှ နည်းလမ်းအကုန် သုံးပြီး သူမကိုယ်သူမ အားကောင်းအောင် မလုပ်ဆောင်ခဲ့ရင် သူမဘဝက ယောကျာ်းတို့ရဲ့ ကစားစရာ အဖြစ်သို့ ရောက်ရှိသွားမှာပါ။
လူတိုင်းမှာ ကိုယ်စီကိုယ်စီ အခက်အခဲတွေ ရှိကြပါတယ်။ ရန်ကိုင် ထိုအချက်ကို ကောင်းကောင်း နားလည်ထားပါတယ်။
“စီနီယာအစ်မက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ။ နှစ်နည်းနည်းလေးပဲ ရှိသေးတယ်၊ စီနီယာအစ်မရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီအထိတောင် ရောက်နေခဲ့ပြီ” ထိုအတွေးတွေ သူ့ခေါင်းထဲ ဖြတ်ပြေးသွားတာနဲ့ ရန်ကိုင်က သူ့ရဲ့ ဂိုဏ်းတူစီနီယာအစ်မ ဖြစ်ခဲ့ဖူးသူကို ချီးကျူးစကား အနည်းငယ်လောက် ပြောဖို့ တုန့်ဆိုင်းမနေတော့ပါဘူး။
“ငါက ဂျူနီယာမောင်လေးရန်နဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲလို့” လန်ချူးတျယ်က မဲ့ပြုံးပြုံးလိုက်ပြီး “ငါ့ရဲ့ ဂျူနီယာမောင်လေးတွေထဲက တစ်ယောက်က ဗဟိုမြို့တော် ရန်မိသားစုက သခင်လေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ စီနီယာအစ်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး။ အဲ့တုန်းကသာ သိခဲ့မယ်ဆိုရင် အဲ့အစေ့နှစ်စေ့ကို ရောင်းမယ့်အစား ဂျူနီယာမောင်လေးကို အလကား ပေးလိုက်တယ် “
သူမကိုယ်သူမ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ပြောနေခဲ့ပေမယ့် သူဖုန်းစားဘဝကနေ ဘုရင်အဖြစ် ရောက်ရှိသွားတဲ့ ရန်ကိုင် အခြေအနေက သူမကို အနည်းငယ် မသက်မသာ ဖြစ်နေစေခဲ့ပါတယ်။
ရန်ကိုင်ကို ကြည့်လိုက်၊ လန်ချူးတျယ်ကို ကြည့်လိုက် လုပ်နေရင်း ထိုစီနီယာအစ်မနဲ့ ဂျူနီယာမောင်လေး ကြားက ဆက်ဆံရေးက သိပ်ပြီး ပြေပြေပြစ်ပြစ် မရှိလှဘူးလို့ ချူရီမန် ခံစားမိလိုက်တယ်။ နှစ်ယောက်သား နှုတ်ဆက်စကား ပြောနေတဲ့ ပုံစံက မတွေ့ရတာကြာတဲ့ ဂျူနီယာနဲ့ စီနီယာတို့ နှစ်ယောက်လိုမျိုး ဖော်ဖော်ရွေရွေ မရှိလှပါဘူး။ ဘာကြောင့်လဲ မသိပေမယ့် သူတို့ ပြောနေတဲ့ အကြောင်းအရာ တွေအရ အချက်အလက် အချို့ကို သူမသိလိုက်ရပါတယ်။
ဒေါင်ချင်းဟန်က ပြုံးကာ ဝင်ပြောလိုက်တယ် “ရန်ကိုင်၊ ညီအစ်မလန်က ဒေါင်မိသားစု လူငယ်မျိုးရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်နေပြီနော်။ မိသားစုထဲမှာ သူမကို လေစားအားကျတဲ့ လူတွေဆိုရင်လည်း တစ်ပြုံတစ်ခေါင်းကြီးပဲ”
“အဲ့လိုတောင်လား” ရန်ကိုင်က အနည်းငယ် အံ့အားသင့်နေတဲ့ လေသံလေးနဲ့ ပြန်ပြောလိုက်တယ်။
“ကျင့်ကြံနှုန်းကလည်း မြန်၊ ရုပ်ကလည်း ချောပေ့လှပေ့ ဆိုတော့ သူမကို တိတ်တဆိတ် နှစ်ခြိုက်စွဲလန်းနေတဲ့ လူငယ်ယောကျာ်းလေးတွေ ဘယ်လောက်တောင် ရှိနေမလဲ ဆိုတာကို ငါတောင် မသိတော့ပါဘူးကွာ” ဒေါင်ချင်းဟန် ရည်ရွယ်ပြီးပဲ ပြောလိုက်တာလား၊ မရည်ရွယ်ပဲ ပြောလိုက်တာလားတော့ ဘယ်သူမှ မသိပါဘူး။
လန်ချူးတျယ် ပါးနှစ်ဖက် နီမြန်းသွားခဲ့ပြီး ဒေါင်ချင်းဟန်ကို ကြည့်ကာ ပြန်ပြောလိုက်တယ် “သခင်လေးဒေါင်၊ ကျေးဇူးပြုပြီး အဲ့လိုတွေ မပြောပါနဲ့”
ပြောနေရင်းနဲ့ ရန်ကိုင်ရဲ့ တုန့်ပြန်မှုကို မသိမသာလေး တစ်ချက်လောက် လှမ်းကြည့်လိုက်တယ်။ ရန်ကိုင်က သူနဲ့ဘာမှ မဆိုင်သလို ပြုမူနေတာကို တွေ့လိုက်တော့ သူမစိတ်ထဲ တစ်ခုခုကို ဆုံးရှုံးသွားလိုက်သလို ခံစားလိုက်ရတယ်။
“ကောင်းပြီး ကောင်းပြီ” ချူရီမန်က လက်ခုပ်လေးတီးပြီး အရေမရ၊ အဖတ်မရ စကားဝိုင်းထဲ ကြားဝင် ဖြတ်ပြောလိုက်တယ် “နင်တို့သုံးယောက် ဒီအကြောင်းတွေကို နောက်မှ ဆွေးနွေးတော့၊ အခု အဲ့လူတွေက စုဝေးဖို့ ပြင်ဆင်နေကြပြီ။ ရန်ကိုင် ဒီရက်အတွင်း နင်ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲဂ
“ဘာလုပ်ဖို့ စဉ်းစားရမှာလဲ” ရန်ကိုင်က ကြောင်အမ်းအမ်း အမူအရာနဲ့ ချူရီမန်ကို ပြန်စိုက်ကြည့်လိုက်တယ်။
ချူရီမန် မျက်လုံး အသာအယာလေး မှေးစင်းသွားခဲ့ပြီး ဆက်ပြောလိုက်တယ် “နင်က ဒီနေရာရဲ့ ပိုင်ရှင်လေ၊ မနေ့က နင်တိုက်ပွဲကြီးတစ်ခု အောင်နိုင်ခဲ့တယ်။ ဒီရက်အတွင်း ဘယ်လိုတွေ အကွက်ရွေ့မယ်ဆိုတာကို နင်လုံးဝ မစဉ်းစားထားဘူးလား”
“နင်ဘာပြောချင်လို့လဲ” ရန်ကိုင်က ပြုံးကာ ပြန်မေးလိုက်တယ်။
“နင့်ရဲ့ ရှစ်ယောက်မြောက် အစ်ကိုကို သွားတိုက်ခိုက်လို့ ရတယ်လေ။ ငါသိသလောက်ဆိုရင် ရန်ချွမ်မှာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ ရောက်နေတဲ့ သွေးစစ်သည်တော် တစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် အဲ့တစ်ယောက်ပဲ ရှိတာနော်။ နင့်ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် သူ့ကို အသာလေး အနိုင်ယူလို့ ရပါတယ်။ ကျုကောင်းရီ၊ ဒါမှမဟုတ် ရင်းဂျုနဲ့ သူ့ရဲ့ သွေးစစ်သည်တော်ကို ထိန်းထားပြီး သူ့ရဲ့ အလံကို အသာလေး သွားယူလို့ ရတယ်လေ”
“ငါ့ရဲ့ ညီအစ်ကိုတွေကို သူတော်ကောင်းကြီးတွေလို့ နင်ထင်နေတာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်းလိုက်ပြီး “ရှစ်ယောက်မြောက် အစ်ကိုကို ငါသွားတိုက်ခိုက်ရင် သူတို့က ကြားဝင်မနှောက်ယှတ်ပဲ ဒီအတိုင်း ထိုင်ကြည့်နေလိမ့်မယ်လို့ နင်ထင်နေတာလား”
“မထင်ပါဘူး… ဘာလို့ ထင်ရမှာလဲ၊ သူတို့တွေက အသီးအရွက်ပဲ စားတဲ့ ကောင်တွေမှ မဟုတ်တာ။ ဖြစ်နိုင်ချေ အများဆုံးကတော့ နင့်ညီအစ်ကိုတွေက ကျားနှစ်ကောင် တိုက်ခိုက်နေတာကို တောင်ပေါ်ကနေ ထိုင်ကြည့်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတွေလေ… အထူးသဖြင့် နင်က စတင်ပြီး လှုပ်ရှားတဲ့ လူဆိုရင်ပေါ့။ ဒါပေမယ့် မနေ့ညတုန်းက နင့်ရဲ့ အကြီးဆုံးအစ်ကို ရန်ဝေကလွဲပြီး ကျန်တဲ့ညီအစ်ကိုတွေ အကုန်လုံး သူတို့လူအင်အား တော်တော်လေး ဆုံးရှုံးခဲ့ရတယ်လေ။ ဒါကြောင့် နောက်သုံး၊လေး၊ ငါးရက်လောက် အထိ သူတို့ လှုပ်ရှားဦးမှာ မဟုတ်သေးဘူး။ သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ လူအင်အားကို ပြန်ဖြည့်တင်းတို့ ဘာတို့ပဲ လုပ်နေဦးမှာ။ နင်လှုပ်ရှားလို့ သူတို့ ကြာဝင်နှောက်ယှတ်မယ် ဆိုရင်တောင် အယောင်ပြလောက်ပဲ ရှိမှာ၊ တကတယ် တိုက်ခိုက်ကြမှာ မဟုတ်ဘူး။ နင်သာ ပိုပြီး ပြတ်သားခဲ့မယ် ဆိုရင် ဒီနေ့ညမှာပဲ နင့်ရဲ့ ရှစ်ယောက်မြောက် အစ်ကိုကို ဖယ်ထုတ်နိုင်ဖို့ များတယ်”
“နင်က တော်တာ် ရည်မှန်းချက် ကြီးပါလား” ရန်ကိုင်က ချူရီမန်ကို ကြည့်လိုက်ပြီး ခေါင်းညိတ် ထောက်ခံလိုက်ကာ “နင်ပြောတာ အမှန်ပဲ ဆိုပေမယ့် ငါကတော့ ရှစ်ယောက်မြောက် အစ်ကိုကို တိုက်ခိုက်မှာ မဟုတ်ဘူး”
“ဘာလို့လဲ” ချူရီမန်က သင်္ကာမကင်းနဲ့ မေးလိုက်တယ် “ဒီအခွင့်အရေးကို လွဲသွားခဲ့ရင် နောက်တစ်ကြိမ် ထပ်ရတော့မှာ မဟုတ်ဘူးနော်”
ဒေါင်ချင်းဟန်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်လိုက်ပြီး ကြားဝင်ထောက်ခံလိုက်တယ် “မိန်းကလေးချူ ပြောတာ အမှန်ပဲ။ မင်းဒီည လှုပ်ရှားသင့်တယ်လို့ ငါလည်းထင်တယ်”
ဒေါင်ချင်းဟန် အနေနဲ့ မနေ့ညက တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရပါဘူး။ သူများ ပြောတာပဲ ကြားခဲ့ရတာပါ။ ထို့ကြောင့် သူ့အနေနဲ့ သူ့ဝမ်းကွဲ တိုက်ခိုက်တာကို ကိုယ်တိုင်ကိုယ်ကျ မြင့်တွေ့ဖို့ မစောင့်နိုင်တော့အောင် ဖြစ်နေတာပါ။
“အမွေခံတိုက်ပွဲရဲ့ သဘောသဘာဝတွေ အကြောင်း နင်းကောင်းကောင်း နားမလည်သေးတာလား။ နင်ရဲ့ ရှစ်ယောက်မြောက် အစ်ကိုကို အနိုင်တိုက်နိုင်ခဲ့ရင် သူစုဆောင်းထားတဲ့ အင်အားစုတွေကို နင့်အပိုင်အဖြစ် သိမ်းနိုင်ဖို့ အခွင့်အရေး ရှိတယ်လေ။ ဒီလို အခွင့်ကောင်းကြီးက နင့်ရှေ့တည့်တည့် ရောက်နေတာကို နင်က ဘာတွေ စောင့်နေချင်သေးတာလဲ” ရန်ကိုင်ရဲ့ ဆုံးဖြတ်ချက်ကို ချူရီမန် နားလည်ဖို့ရာ ခက်ခဲနေခဲ့တယ်။ သူမသာ သူ့နေရာမှာဆိုရင် ထိုအကြောင်း နှစ်ခါတွေးနေမှာ မဟုတ်ပါဘူး။ သံပူတုန်း တစ်ခါတည်း ထုရိုက်ထားလိုက်မှာပါ။
ထို့ကြောင့် ရန်ကိုင်က သူမရဲ့ အကြံပေးချက်ကို ငြင်းပယ်တဲ့အခါ ချူရီမန် စိတ်ရှုပ်သွားခဲ့ရတာပါ။