အခန်း (၄၃၆-၄၄၀)
Vol. 18 Ch. 436-440
အပိုင်း(၄၃၆) လူမိသားစုက လူတွေရောက်ရှိလာခြင်း
ချူရီမန်သာမက အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး စိတ်ရှုပ်ထွေး နေခဲ့ပြီး ထိုအခွင့်ကောင်းကို ရန်ကိုင် ဘာလို့ ဆုပ်ကိုင်ဖို့ မကြိုးစားလဲ ဆိုတာကို အကုန်လုံး နားမလည်နိုင် ဖြစ်နေခဲ့တယ်။
အခုအချိန်၌ ရန်ကိုင် မှာရှိနေတဲ့ ခွန်အားက ရန်ချွမ်ကို တိုက်ခိုက် အနိုင်ယူနိုင်တာထက်ကို ပိုပါတယ်။
“ဒီလို အချိန်မျိုးမှာတောင် ညီအစ်ကို ဆက်ဆံရေးကို ထည့်စဉ်းစားနေတုန်းလား” ချူရီမန်က လှောင်ပြောင် ပြောဆိုလိုက်တယ် “မနေ့ညတုန်းက နင့်ရဲ့ ညီအစ်ကို နှစ်ယောက်က နင့်ကို ပူးပေါင်းပြီး တိုက်ခိုက်ဖို့ကို နည်းနည်းလေးတောင် တုန့်ဆိုင်းမနေခဲ့ဘူး ဆိုတာကိုလည်း နင်မမေ့နဲ့ဦး။ အမွေခံတိုက်ပွဲမှာ ညီအစ်ကို သံယောဇဉ်အကြောင်း ပြောနေတာ လုံးဝကို အပိုပဲ။ ဒီနေရာမှာ တောတွင်းဥပဒေကိုပဲ ကျင့်သုံးကြတာပါ။ နင့်ရဲ့သွေး၊ အရိုးနဲ့ အခြားမိသားစုက ကျင့်ကြံသူတွေကို အသုံးပြုပြီး နင့်တက်လမ်းကို နင်ကိုယ်တိုင် ဖန်တီးရမှာ”
ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင် ကြုံသွားခဲ့တယ်။ ချူရီမန် ပြောတာ အမှန်တရား ဆိုပေမယ့် ထိုစကားက အခုလိုမျိုး ပြောချင်တိုင်း ပြောသင့်တဲ့ စကားမျိုး မဟုတ်ပါဘူး။
ချူရီမန်က ရန်ကိုင်ရဲ့ ပြောင်းလဲသွားတဲ့ အမူအရာကို မြင်လည်း မမြင်မိသလို ဂရုလည်း မစိုက်ပါဘူး။ သူမ ပြောရမယ့် အကြောင်းအရာကိုသာ ဆက်ပြောလိုက်တယ် “ရန်ချွမ်ကို နင်မတိုက်ရင်တောင် အနှေ့နဲ့အမြန်တော့ တစ်ယောက်ယောက်က သွားတိုက်မှာပဲ။ ဒီလို အခွင့်အရေးကို အခြားသူတွေကို ပေးမယ့်အစား နင်ကိုယ်တိုင်ပဲ ယူလိုက်တာ ပိုမကောင်းဘူးလား”
“ဂျူနီယာမောင်လေးက ဒါကို သိပြီးသား ဖြစ်လောက်မှာပါ။ အဲ့ဒါကိုတောင် ငြင်းဆန်နေသေးတယ် ဆိုတော့ ဂျူနီယာမောင်လေးမှာ အကြောင်းပြချက် တစ်ခုခု ရှိနေမှာပေါ့၊ ဟုတ်တယ်မလား” လန်ချူးတျယ်က ရုတ်တရက် ဝင်ပြောလိုက်တယ်။ သူမ မျက်ဝန်းအစုံက ညင်သာသည့် အလင်းရိပ်တို့ဖြင့် တလျှပ်လျှပ် တောက်ပနေခဲ့တယ်။
သူမပြောနေရင်း ကြားဖြတ် ပြောခံလိုက်ရလို့ပဲလား၊ လန်ချူးတျယ်ရဲ့ ပျော့ပျောင်းတဲ့ လေသံကြောင့်ပဲလားတော့ မသိပေမယ့် ချူရီမန် နှလုံးသားထဲက ခါးသီးတဲ့ ခံစားချက်က ရုတ်တရက်ကြီး ဆောင့်တက်လာခဲ့ပြီး အသာအယာလေး နှာခေါင်းရှုံ့ရင်း ပြောလိုက်တယ် “ကဲ၊ အဲ့လိုဆို အကြောင်းပြချက်လေး ပြောပါဦး”
“နင့်ဘာသာနင်တွေးလေ၊ သခင်မလေးချူက တော်ပါတယ်၊ အရိပ်ပြတာနဲ့ ဘာကောင်းမှန်း တန်းခန့်မှန်းနိုင်တဲ့ဂျီးနီးယပ် တစ်ယောက်ပဲလေ။ မဟုတ်ဘူးလား” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်တယ်။
ချူရီမန်က ရန်ကိုင်ကို ကြည့်လိုက်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်တယ်။ လှိုင်းထန်နေတဲ့ သူမ စိတ်ခံစားချက်လေး ရုတ်တရက် တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့တယ်။ အစောပိုင်းတုန်းက သူမ အရမ်း စိတ်စောသွားလွန်းခဲ့တယ်။
သူမ ဘာအကြံပဲ ပေးပေး ရန်ကိုင်က သူမရဲ့ ထင်မြင်ချက်ကို ဘယ်သောအခါမှ လက်မခံခဲ့တာ ကြောင့်လည်း ပါတာပေါ့။ ထို့ကြောင့် သူမ စိတ်ပျက်သလို ခံစားသွားခဲ့ရတာပါ။ ရန်ကိုင်က လန်ချူးတျယ်ရဲ့ ရင်ဘတ်ကိုပဲ စိုက်ကြည့်နေတော့ သူမ သိမ်ငယ်စိတ် ဝင်သွားသလို ဖြစ်သွားခဲ့ရတာပေါ့။
သူမမှာလည်း မိန်းမလှ တစ်ယောက် ရှိသင့်တာ ရှိပါတယ်၊ အရမ်းကြီး မကြီးတာလေးပဲ ရှိတာပါ။
နောက်ဆုံးမှာတော့ ချူရီမန်က ချူရီမန်ပါပဲ။ သူမစိတ် ငြိမ်သွားပြီးလို့ အချက်အလက်တွေကို အားလုံးကို သေသေချာချာ ဆက်စပ်စဉ်းစား ကြည့်လိုက်ရင် ရန်ကိုင်ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းဖို့ရာ သူမအတွက် မခက်လှပါဘူး။
အခန်းထဲရှိ လေထုက အနည်းငယ် တင်းမာနေတာကို ဒေါင်ချင်းဟန် ခံစားမိပါတယ်။ ဝင်မရှုပ်ရဲတာနဲ့ ဘာမှ မသိလိုပဲ ဟန်ဆောင်နေလိုက်ပါတော့တယ်။
အပ်ကျသံတောင် ကြားရလောက်တဲ့အထိ အခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ ချူရီမန်က ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်ရင်းနဲ့ ပြန်ပြောလိုက်တယ် “ငါနားလည်သွားပြီ”
“နင်သိသွားပြီ ဆိုမှတော့ ဒီအကြောင်းကို ထပ်မပြောတော့နဲ့” ရန်ကိုင် ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်းပြီ၊ နင်လို့ ပညာရှင်ကြီး ရှေ့မှာ ငါဘယ်တော့မှ လူတတ်ကြီး လုပ်ဖို့ မကြိုးစားတော့ဘူး” ချူရီမန်က စိတ်ဓါတ်ကျနေတဲ့ ပုံစံလေးနဲ့ ပြောလိုက်တယ်။
“ဟဲဟဲ၊ မိန်းမကောင်း တစ်ယောက်ဆိုတာ ဒါမျိုး ဖြစ်နေသင့်တာ” ရန်ကိုင်က သူမကို တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်တယ်။
ရန်ကိုင် စကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန် သောက်လက်စ ရေသီးသွားခဲ့ရတယ်။ လေးငါးကြိမ်လောက် ပြင်းပြင်းထန်ထန် ချောင်းဆိုးနေလိုက် ရပြီးနောက် ရန်ကိုင်ရဲ့ သတ္တိကို သူလေးစားမိသွားခဲ့တယ်။
ဘယ်သူကများ ချူရီမန်ကို အခုလိုမျိုး သွားပြောရဲမှာလဲ။ ဗဟိုမြို့တော်ရှိ မိသားစုကြီး ရှစ်ခုက ဘယ်သခင်လေးကမှ ချူရီမန်ကို အခုလိုစကားမျိုး သွားမပြောရဲသလို သွားပြောဖို့လည်း အရည်အချင်း မရှိပါဘူး။ သူ့ဝမ်းကွဲ တစ်ယောက်ပဲ အခုလိုမျိုး ပြောရဲတာပါ။
ဒီလိုသတ္တိ… ဒါပေမယ့် အံ့အားသင့်စရာ အကောင်းဆုံးကတော့ ချူရီမန်က နည်းနည်းလေးတောင် ပြန်လည် ခုခံငြင်းဆိုခြင်း မလုပ်တာပါပဲ။
အနားမှာ ရှိနေတဲ့ လန်ချူးတျယ်ကတော့ ဇဝေဇဝါ ဖြစ်နေခဲ့တယ်။ အကြောင်းပြချက်က ဘာလဲလို့ မေးချင်ပေမယ့် မေးရမှာကိုလည်း ရှက်နေခဲ့တယ်။
လေနဲ့တိမ် အစောင့်အကြပ်ကတော့ ခဏလောက် စဉ်းစားတွေးတော လိုက်ပြီးနောက် ငါသိသွားပြီး ဆိုတဲ့ပုံစံမျိုးနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
“အန်း… ငါမေးခွန်း တစ်ခုလောက် မေးလို့ရမလား” သိချင်စိတ်ကို မအောင့်အည်း နိုင်တော့တဲ့အဆုံး ဒေါင်ချင်းဟန်က ကောက်မေးလိုက်တယ် “မင်းတို့ ပြောနေတဲ့ အကြောင်းပြချက်က ဘာလဲ၊ ငါနားမလည်လို့ ရှင်းပြပါဦး”
ချူရီမန်က ရယ်မောလိုက်ပြီး လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ကို ကြည့်လိုက်ကာ “စီနီယာတို့ နှစ်ယောက် နားလည်သွားရင် ရှင်တို့ရဲ့ သခင်လေးဒေါင်ကို ရှင်းပြလိုက်ပါဦး။ သူ့မှာ သိချင်နေတာ တစ်ပိုင်းကို သေနေပြီ”
တိမ်အစောင့်အကြပ်က လေအစောင့်အကြပ်နဲ့ ခပ်မြန်မြန်ပဲ အကြည့်ချင်း ဖလှယ်လိုက်ပြီး စပြောလိုက်တယ် “ဒီလူအိုကြီးက အကြောင်းပြချက် တစ်ခုကိုပဲ တွေးလို့ ရခဲ့တယ်။ ကျုပ်ရှင်းပြတာမှာ လိုအပ်တာလေးရှိရင် သခင်လေးကိုင်နဲ့ သခင်မလေးချူတို့ နှစ်ယောက် ထောက်ပြပေးမယ်လို့ မျှော်လင့်ပါတယ်”
တစ်ချက်လောက် ရပ်တန့်လိုက်ပြီး တိမ်အစောင့်အကြပ်က ဆက်ပြောလိုက်တယ် “အခုအချိန်မှာ သခင်လေးကိုင်ကို အားလုံးလိုလိုက အာရုံစိုက်နေတာ။ အခုလောလောဆယ် လက်ကျန် သခင်လေး၇ယောက်ထဲက ဘယ်သခင်လေးကမှ သခင်လေးကိုင်လောက် ကျော်ကြား မနေဘူး။ အပြင်ပိုင်းကနေ ကြည့်ပြီး ပြောရမယ် ဆိုရင်တော့ အခုအချိန်က သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ချဲ့ထွင်ပြီး ပြတ်ပြတ်သားသား လှုပ်ရှားဖို့ အချိန်ကောင်းပေါ့။ မနေ့ညတုန်းက ကျန်တဲ့ သခင်လေးတွေ အကုန်လုံး ကြီးကြီးမားမား ဆုံးရှုံးခဲ့တဲ့အတွက် သူတို့အနေနဲ့ သခင်လေးကိုင်ကို အာရုံစိုက်အားနေမှာ မဟုတ်ဘူး။ အကြီးဆုံး အစ်ကိုကြီး တစ်ယောက် ဖြစ်တယ်ဆိုတဲ့ သူ့အဆင့်အတန်းကြောင့် မနေ့ညက မလှုပ်ရှားခဲ့တဲ့ အကြီးဆုံး သခင်လေး ရန်ဝေ တစ်ယောက်က လွဲလို့ပေါ့။ ဒါပေမယ့် သခင်လေးကိုင်သာ ဒီည ရန်ချွမ်ကို တိုက်ခိုက်မယ် ဆိုရင် အကြီးဆုံး သခင်လေးရဲ့ စရိုက်အရတော့ သူက သခင်လေးကိုင်ကို အနောက်ကနေ အကွက်ချ ကြံစည်မှာ မဟုတ်ဘူး။ အဲ့အစား သခင်လေးကိုင်နဲ့ တိုက်ရိုက်ပူးပေါင်းပြီး အကျိုးအမြတ်ကို နှစ်ယောက် ခွဲယူလိမ့်မယ်”
“ဒါပေမယ့် အဲ့လိုလုပ်လိုက်မယ် ဆိုရင် အချိန်တိုအတွင်း သခင်လေး နှစ်ယောက်ကို ထုတ်ပယ်လိုက်တဲ့ မှတ်တမ်းကို သခင်လေးကိုင် ရရှိသွားလိမ့်မယ်။ အဲ့လို ဖြစ်သွားတာနဲ့ သခင်လေးကိုင် ပိုပြီး ကျော်ကြားလာလိမ့်မှာ သံသယ ရှိစရာ မလိုဘူး။ ဒါပေမယ့် အဲ့လို ကျော်ကြားလာတာကြောင့် သခင်လေးကိုင်က အားလုံး အာရုံစိုက်တာကို ပိုပြီး ခံရလာနိုင်ချေ ရှိတယ်။ သူတို့ရဲ့ ခွန်အားတွေကို စုဆောင်းလို့ ပြီးသွားတာနဲ့ ကျန်တဲ့သခင်လေး ငါးယောက်စလုံး သခင်လေးကိုင်ကို သူတို့ရဲ့ အကြီးမားဆုံး ရန်သူအဖြစ် သတ်မှတ်ကြလိမ့်မယ်။ အဲ့အခါက သူတို့အားလုံး အတူပူးပေါင်း လက်တွဲပြီးတော့တောင် သခင်လေးကိုင်ကို ရှင်းထုတ်ပစ်ဖို့ ကြိုးစားလာနိုင်တယ်”
လေအစောင့်အကြပ်က ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဝင်ပြောလိုက်တယ် “အပင်မြင့်လေ လေတိုက်ခံရလေပဲလေ”
သူတို့ နှစ်ယောက် ရှင်းပြတာကို နားထောင်ပြီးတော့မှပဲ ရန်ကိုင်က ချူရီမန်ရဲ့ အကြံပေးချက်ကို ဘာလို့ ငြင်းပယ်လိုက်မှန်း သူတို့ နားလည်သွားတော့တယ်။
လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်ရဲ့ ဆန်းစစ် သုံးသပ်ချက်က တကယ်ကို ဖြစ်နိုင်ချေ ရှိပါတယ်… မဟုတ်ဘူး၊ လုံးဝကို ဖြစ်နိုင်လုနီးပါးပါ။
ကျန်တဲ့ ရန်သခင်လေး ငါးယောက်သာ ပူးပေါင်းပြီး ရန်ကိုင်ကို ဆန့်ကျင်လာခဲ့ရင် ရန်ကိုင် အနေနဲ့ အမှောင်နေ့ရက်တွေကို ရင်ဆိုင်ရတော့မှာပါ။
ကိုးယိုးကားယား အမူအရာနဲ့ ခေါင်းလေးကုတ်ရင်း ရန်မိသားစုထဲ မွေးမလာမိတာကို ဒေါင်ချင်းဟန် စိတ်ထဲ ကြိတ်ပျော်နေခဲ့တယ်။ သူသာ ရန်ကိုင်နှင့် သူ့ရဲ့ ဥာဏ်နီဥာဏ်နက် များတဲ့ညီအစ်ကိုတွေ့နဲ့သာ ယှဉ်ပြိုင်ရလို့ သူရှုံးနိမ့်သွားခဲ့ရင်တောင် ဘာလို့ ရှုံးနိမ့်သွားမှန်း သိလိမ့်မှာ မဟုတ်ပါဘူး။
လေနဲ့တိမ် အစောင့်အကြပ် နှစ်ယောက်စလုံး ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ကြပြီး တစ်ယောက်က ပြောလိုက်တယ် “ဒီလူအိုကြီး ဒီလောက်အထိပဲ စဉ်းစားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့ အကြောင်းပြချက်တွေ ရှိနေသေးတယ် ဆိုရင်တော့ သခင်လေးကိုင်ကိုပဲ ဒီလူအိုကြီး နားလည်အောင် ရှင်းပြပေးဖို့ တောင်းဆိုရပါတော့မယ်”
“ဒီအကြောင်းပြချက် တစ်ခုနဲ့တောင် မလုံလောက် သေးဘူးလား” ဒေါင်ချင်းဟန် စိတ်ရှုပ်သွားပြန်တယ်။ တကယ်တော့ တိမ်အစောင့်အကြပ် ပြောသွားခဲ့တဲ့ အကြောင်းပြချက် တစ်ခုနဲ့တင် လုံလောက်နေပါပြီ။
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြန်ပြောလိုက်တယ် “နောက်ထပ် အကြောင်းပြချက် တစ်ခု တကယ်ပဲ ရှိသေးတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ ခင်ဗျားတို့ကို ကျုပ်မပြောပြ နိုင်သေးဘူး။ မဟုတ်ရင် ကျုပ်က သွေးနားထင် ရောက်နေတယ် ဆိုပြီး အားလုံး ထင်ကုန်ကြလိမ့်မယ်။ ရက်နည်းနည်းလောက် ကြာရင် ခင်ဗျားတို့ နားလည် သွားမှာပါ”
လေအစောင့်အကြပ်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “သခင်လေးကိုင်မှာ ချင့်ချိန်စရာတွေ ရှိသေးတယ် ဆိုတော့ နောက်ထပ် ရှင်းပြစရာ မလိုတော့ပါဘူး။ နောက်ထပ် အကြောင်းပြချက်က ဘာလဲ ဆိုတာကို ကျုပ်တို့ဘက်ကပဲ စောင့်ကြည့်ရတော့မှာပေါ့”
ချူရီမန်က နောက်ထပ် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပြီး “နင်နဲ့ အနေပိုကြာလာလေ၊ နင့်ကို ပိုပိုပြီး နားမလည်နိုင် ဖြစ်လာလေပဲ… သိလား”
ရန်ကိုင် တိုက်ခိုက်ဖို့ ငြင်းပယ်ရတဲ့ ဒုတိယ အကြောင်းပြချက်ကို သူမကိုယ်တိုင်တောင် မသိပါဘူး။ ဒါမမဟုတ် သူ့မှာ တတိယ အကြောင်းပြချက် ရှိနေနိုင် သေတာလည်း ဖြစ်နိုင်သေးတာပါပဲ။
သူတို့ လူအုပ် စကားပြောဆွေးနွေးလို့ ပြီးသွားတဲ့ အချိန်မှာပဲ ရှန်ထန်းရှောင် ရောက်ရှိလာခဲ့ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ လက်သီးဆုပ် နှုတ်ဆက်လိုက်ကာ “သခင်လေးကိုင်၊ တစ်ယောက်ယောက် သခင်လေးနဲ့ ပူးပေါင်းချင်လို့တဲ့”
“မင်းပြောတဲ့ တစ်ယောက်ယောက်က ငါနဲ့သိတဲ့ လူလား၊ မသိတဲ့ လူလား” ရန်ကိုင်က မျက်မှောင်ကြုံ့ရင်း ပြန်မေးလိုက်တယ်။
“သခင်လေးကို သူတို့သိတယ်လို့ သူတို့ ခေါင်းဆောင်က ပြောတယ်” ရှန်ထန်းရှောင်က ပြန်ပြောလိုက်တယ်။
“ဘယ်သူလဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့ရတယ်။
“လူမိသားစုပါ”
ရန်ကိုင်နဲ့ ချူရီမန်တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး သွားပေါ်အောင် ပြုံးဖြီးလိုက်ကြတယ်၊ ထိုလူက လူလျန် ပို့လိုက်တဲ့ လူမှန်း သူတို့ သိတာပေါ့။
“သူတို့က ရောက်လာမှာတော့ ဝင်ခိုင်းလိုက်ပေါ့” ရန်ကိုင်က အမိန့်ပေးလိုက်တယ်။ သူ့အမူအရာက နည်းနည်းလေးမှ ရွှင်ရွှင်ပြပြ ရှိမနေခဲ့ပါဘူး။ ထိုလူတွေက လူမိသားစုကနေ လက်ဆောင်ကောင်းတွေ တော်တော် များများ ယူလာခဲ့ပါလိမ့်မယ်။
ရှန်ထန်းရှောင်က ခေါင်းညိတ်ပြလိုက်ပြီး အသစ်ရောက် လာတဲ့လူတွေကို လက်ခံ ကြိုဆိုဖို့ ပြန်ထွက်သွားလိုက်တယ်။
တစ်ခဏကြာပြီးနောက် လူဆောင်းက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ကျင့်ကြံသူ နှစ်ယောက်ကို ဦးဆောင်ရင်း စံအိမ်ရဲ့ အဓိကခန်းမထဲ ဝင်လာခဲ့တယ်။
လူဆောင်းအနေနဲ့ ထိုလက်ဆောင်တွေကို ရန်ကိုင်ဆီ တကယ်ကို ယူမလာချင်တာပါ။ သူ့စိတ်ထဲမှာတော့ ရန်ကိုင် ဆိုတာ ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးတစ်ကောင်ပါ။ မဟုတ်ရင် သူ့အနေနဲ့ လုပ်ကြံခံရတဲ့ ကိစ္စထဲ နည်းနည်းလေးတောင် ပါဝင်မပက်သက်တဲ့ သူတို့ လူမိသားစုကို ဘာလို့ ငွေညစ်ခြိမ်းခြောက် ခဲ့မှာလဲ။
ဒီလောက် အရှက်မဲ့တဲ့ လူမျိုး သူတစ်ခါမှ မမြင်ခဲ့ဖူးသလို ကြားလည်း မကြားဖူးခဲ့ပါဘူး။
ဖြစ်သာဖြစ်နိုင်ရင် သူ့အနေနဲ့ ဒီလက်ဆောင်တွေ အကုန်လုံးကို အခြားရန်သခင်လေး တစ်ယောက်ဆီပဲ ယူသွားလိုက်ချင်တာပါ။ ဒါပေမယ့် မနေ့ညက ရန်ကိုင် ဘယ်လိုတွေ အစွမ်းပြခဲ့လဲ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ သူ့အနေနဲ့ ဒီလက်ဆောင်တွေကို အခြားသခင်လေးတွေဆီ ယူသွားလို့ မရတော့မှန်း လူဆောင်း သိလိုက်ပါတယ်။
အမွေခံတိုက်ပွဲမှာ ရန်ကိုင်ရဲ့ စွမ်းဆောင်ရည်က ဘယ်လိုပဲ ဖြစ်နေပါစေ ဒီလောက်ဆောင်တွေကို ရန်ကိုင်ဆီ ပေးကိုပေးရမယ်လို့ သူ့အဖေက မှာကြားထားခဲ့ပါတယ်။ အခုအချိန်၌ မနေ့ညက စွမ်းဆောင်မှုကြောင့် ရန်ကိုင်က ရန်သခင်လေးတွေကြား အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် ဖြစ်နေခဲ့ပါပြီ. ။
ဒီလက်ဆောင်တွေကိုသာ ရန်ကိုင်ဆီ မပေးပဲ အခြား သခင်လေးတစ်ယောက်ဆီ သွားပေးခဲ့မယ် ဆိုရင် အိမ်ပြန်ရောက်တာနဲ့ သူ့အဖေက သူ့ကို ကောင်းကောင်း ဆုံးမ အပြစ်ပေးလိမ့်မှာပါ။
ဒီလက်ဆောင်တွေနဲ့ လူတွေကို လူမိုက်ကောင် ရန်ကိုင်ဆီ ပေးလိုက်ရတော့မယ့် အကြောင်း စဉ်းစားမိလိုက်တာနဲ့ သူ့ဝမ်းဗိုက်တစ်ခုလုံး ပူလောင်လာသလို လူဆောင်း ခံစားလိုက်ရတယ်။
လူမိသားစုက လူအင်အား တော်တော်များများ ပို့လွှတ်ပေးခဲ့ပါတယ်။ လူဆောင်းကို စောင့်ရှောက်ဖို့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ပညာရှင် နှစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၄တစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ နှစ်ယောက်နဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ အယောက်၂၀ စေလွှတ်ပေးခဲ့ပါတယ်။
တစ်ယောက်ယောက်သာ ဒီလောက် အားကောင်းတဲ့ လူအင်အားနဲ့ ရောက်လာမယ် ဆိုရင် ဘယ်ရန်သခင်လေး မဆို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုဆိုကြမှာပါ။ ဒါပေမယ့် ဒီရန်ကိုင်ကတော့ သူ့လက်အောက်ငယ်သား တစ်ယောက်ကိုပဲ သူ့ကိုယ်စား ထွက်ကြိုစေခဲ့ပါတယ်။ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လာကြိုဖို့ အတွေးလေးတောင် မရှိပါဘူး။
ဒါကြောင့်ပဲ ရန်ကိုင်ကို လူဆောင်း ပိုပြီး အစာမကြေ ဖြစ်လာခဲ့ရတယ်။
ခန်းမထဲကို ဝင်လာလာချင်းတုန်းက သူ့အမူအရာက အတင်းအကြပ် ဖိအားပေးခံရလို့ လာရတဲ့ ရုပ်မျိုးနဲ့ပါ။ ဒါပေမယ့် ချူရီမန်ကို တွေ့တာနဲ့ သူမဆီ ခပ်မြန်မြန်ပဲ လမ်းလျှောက်သွားလိုက်ပြီး လက်သီးဆုပ်ကာ “လူဆောင်းက ဝမ်းကွဲကို နှုတ်ဆက်ပါတယ်”
ချူရီမန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “အင်း၊ နင်အလုပ်ကြိုးစားခဲ့တာပဲ”
လူဆောင်းက ပြုံးကာ ပြန်ပြောလိုက်တယ် “ဝမ်းကွဲက အရမ်းယဉ်ကျေးနေတာပဲ။ ဒါက လက်ဆောင်လေး လာပို့တာပဲလေ။ ဒီလောက်ကြီး ခက်ခဲတာမှ မဟုတ်တာ”
ချူရီမန်နဲ့ ပြောလို့ဆိုလို့ ပြီးတာနဲ့ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးလိုက်တယ် “သခင်လေးကိုင်က ဘယ်သူပါလဲ”
ရန်ကိုင်က ပြောင်းလဲခြင်း မရှိတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်တယ် “ငါပဲ”
လူဆောင်းအကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့တယ်။ သူ့ နှုတ်ခမ်းက ရန်စသည့် အပြုံးတစ်ခုပုံစံ ကွေးတက်သွားခဲ့ပြီး ရယ်ရယ်မောမောနဲ့ “သခင်လေးကိုင်ကို နှုတ်ဆက်ပါတယ်၊ ဒီလူဆောင်းက သခင်လေးရဲ့ ဂုဏ်သတင်းကို ကြားခဲ့ဖူးတာ ကြာပါပြီ”
ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန်နဲ့ မျက်ဝန်းအစုံ အလိုလို မှေးကျဉ်းသွားခဲ့တယ်၊ လူဆောင်းရဲ့ လေသံထဲ ယဉ်ကျေးသည့် အရိပ်အယောင် နည်းနည်းမှ မပါသည့်အပြင် သူ့လေသံက ရိုင်းပြသည့်ဘက်တောင် ရောက်နေပါသေးတယ်။
လူလျန်ကို ရန်ကိုင် လုပ်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး လူမိသားစုက သခင်လေးက သူ့ကို အကောင်းမြင်နေမှသာ ထူးဆန်းနေမှာပါ။ ထို့ကြောင့် ရန်ကိုင်က ထိုကိစ္စကို ဆက်ပြီး ဂရုစိုက်မနေတော့ပါဘူး။ တကယ်တော့ လူဆောင်းမှာ သူ့ကို မကျေနပ်ရသည့် အကြောင်းပြချက် လုံလုံလောက်လောက် ရှိနေခဲ့တယ်လေ။
ရန်ကိုင်က ဘာမှပြန်မပြောပဲ နေလိမ့်မယ်လို့ လူဆောင်း မထင်ထားခဲ့ပါဘူး။ ထို့ကြောင့် ရန်ကိုင်ကို ဆက်ပြီး ရန်စဖို့ ကြိုးစားမနေတော့ပဲ လာရင်းကိစ္စကိုပဲ တိုက်ရိုက် ပြောလိုက်တယ် “ဒီလက်ဆောင်တွေ အားလုံးကို သခင်လေးဆီ ပေးပေးဖို့ အိမ်ကမှာလိုက်ပါတယ်။ ကျုပ်နဲ့ လိုက်ပါလာတဲ့ လူတွေကိုလည်း သခင်လေးကိုင် အလိုရှိသလို အသုံပြုနိုင်ပါတယ်။ သူတို့တွေက သခင်လေးကိုင်ကို ဒီအမွေခံတိုက်ပွဲမှာ ကူညီပေးနိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့် ပါတယ်”
“ငါနားလည်ပြီ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “စံအိမ်ထဲ လွတ်လွတ်လပ်လပ် အနားယူကြပါ။ ဒီနေရာက တော်တော်လေး ကျယ်တယ်လေ။ ချူရီမန်က မင်းတို့အတွက် နေစရာတစ်ခု စီစဉ်ပေးလိမ့်မယ်။ မင်းတို့ လိုအပ်တာရှိရင် ငါအကောင်းဆုံး ပြင်ဆင်ပေးပါ့မယ်”
လူလျန်ရဲ့ ပြောင်းလဲသွားတဲ့ ဆက်ဆံပုံက ရန်ကိုင်ကို နည်းနည်းလေးမှ အံ့အားသင့်မသွား စေခဲ့ပါဘူး။ ဒါပေမယ့် လူဆောင်း ခေါ်လာတဲ့ လူအုပ်ကိုလည်း သူအရမ်းကြီး ဂရုစိုက်မနေခဲ့ပါဘူး။
သူထင်ထာသာ မမှားရင် လူဆောင်းက စစ်ပွဲမြို့ကို ရောက်နေတာ ကြာလောက်ပါပြီ။ ဒါပေမယ့် မနေ့တုန်းက ပေါ်မလာခဲ့ပဲ ဒီနေ့မှ ရောက်လာခဲ့ပါတယ်။ မနေ့ညတုန်းက သူထုတ်ပယ်ခံရမလား၊ မခံရဘူးလား ဆိုတာကို ထိုကောင် စောင့်ကြည့်နေတာ ဖြစ်လောက်ပါတယ်။
သူထင်တာ မှန်လား၊ မှားလား ဆိုတာကို ဝါးထုံးဂိုဏ်းကို စုံးစမ်း စစ်ဆေးခိုင်းလိုက်ရင် အဖြေထွက်သွားမှာပါ။
ဒီလို မဟာမိတ်မျိုးကို ဒေါင်မိသားစု၊ ချူရီမန်တို့နဲ့ တစ်တန်းတည်း ထာပြီး မဆက်ဆံနိုင်ပါဘူး။
ချူရီမန်က ပြုံးလိုက်ပြီး လူဆောင်းတို့ ခေါ်လာတဲ့ လူတွေကို နေရာချပေးဖို့ လုပ်နေတုန်းမှာပဲ ရှန်ထန်းရှောင်က ခန်းမထဲ ပြေးဝင်လာပြီး ပြောလိုက်တယ် “သခင်လေးကိုင်၊ အပြင်မှာ လူတွေရောက်နေတယ်…”
“ဘယ်သူလဲ”
“ခရမ်းဖန်းတောင်ကြားက လူတွေပါ”
ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောလိုက်တယ် “ရှောင်မန်တို့ပဲ ဖြစ်ရမယ်”
ပြောပြီးတာနဲ့ ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်တယ် “မနေ့တုန်းက ရှောင်မန်က နင်တို့ကို မကူညီချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် နင်လည်း သိတာပဲလေ။ ရှောင်မန်က မိန်းကလေး တစ်ယောက်ဆိုတော့ သူမအဆင့်အတန်းက မြင့်ပေမယ့် တကယ့်အရေးကြီးတဲ့ ကိစ္စတွေနဲ့ ပက်သက်လာရင် သူမမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူးလေ။ သူမအနေနဲ့ နင့်ဆီ လူတွေခေါ်လာဖို့အရေး သူမတော်တော်လေး အားထုတ်ခဲ့ရလောက်တယ်။ သူမကို သေသေချာချာ ကျေးဇူးတင်လိုက်ဦးနော်”
Martial Peak
အပိုင်း(၄၃၇) လူတွေ ပိုပိုပြီး ရောက်လာခဲ့ပြီ
လော့ရှောင်မန်ရဲ့ အဖြစ်အပျက်က ချူရီမန်နဲ့ တူနေခဲ့ပါတယ်။ သူမတို့ နှစ်ယောက်စလုံးက အဆင့်အတန်း မြင့်တဲ့ လူတွေချည်းပါပဲ။ ဒါပေမယ့် သူမတို့တွေက မိန်းမတွေ ဖြစ်နေတဲ့အတွက် တကယ့် အရေးကြီးတဲ့ ကိစ္စတွေကျရင် ဘေးထုတ်ခံထားရတတ်ပါတယ်။
“စိတ်မပူပါနဲ့၊ ငါသူမကို ကျေးဇူး ကောင်းကောင်း တင်လိုက်မှာပါ” ရန်ကိုင်က ဖြည်းဖြည်းလေး ခေါင်းညိတ်လိုက်ပြီး “သူမကို ငါကိုယ်တိုင် သွားတွေ့လိုက်မယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ရုတ်တရက် ဆိုသလို ချူရီမန် မျက်နှာထက် ပန်းပေါင်းတစ်ထောင်တို့ ပွင့်လန်းလာခဲ့ပြီး ပြောလိုက်တယ် “နင့်မှာ အသိစိတ်တော့ ရှိသေးတာပဲ”
ထိုင်ရာကနေ ထလိုက်ပြီး ရန်ကိုင်က လူတစ်ဖွဲ့ကို ဦးဆောင်ကာ အပြင်ကို ထွက်သွားလိုက်တယ်။ ချူရီမန်က ခန်းမထဲကနေ မထွက်သွားခင် လူဆောင်းဘက် လှည့်ပြီး ပြောလိုက်တယ် “ဒီမှာ ခဏစောင့်နေဦး၊ ပြီးတာနဲ့ နင်တို့အတွက် ငါလာပြီး ပြင်ဆင်ပေးမယ်”
လူဆောင်းက မထူးခြားနားဟန်နဲ့ ခေါင်းညိတ် လိုက်ပေမယ့် သူ့စိတ်ထဲ အရှက်ခွဲခံလိုက်ရသလို ခံစား နေခဲ့ရတယ်။ ဘာလို့လဲ ဆိုတော့ သူလာတုန်းက ရန်ကိုင်က သူကိုယ်တိုင် ထွက်မကြိုခဲ့ဘူးလေ။
အိမ်အပြင်ဘက်၌ လော့ရှောင်မန် ဦးဆောင်သည့် ခရမ်းဖန်း တောင်ကြားအဖွဲ့က တိတ်တဆိတ်နဲ့ မတ်တပ်ရပ် စောင့်နေခဲ့တယ်။
ခဏကြာပြီးနောက် ရန်ကိုင်က ချူရီမန်နဲ့ အတူ စံအိမ်ထဲကနေ ထွက်လာခဲ့တယ်။ သူ့နောက်ကနေ ဒေါင်ချင်းဟန်နဲ့ လန်ချူးတျယ်တို့ လိုက်ပါလာခဲ့တယ်။
“အစ်မချူ” လော့ရှောင်မန်က ချူရီမန်ကို တွေ့တာနဲ့ ပျော်ရွှင်စွာနဲ့ အော်ခေါ်လိုက်ပြီး ရှေ့ကို ပြေးထွက်လာခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို မြင်လည်း မြင်ရော သူမရဲ့ ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွားခဲ့ပြီး လည်ပင်လေး ကျုံသွားခဲ့ကာ ရှေ့ဆက်မတိုးရဲ ဖြစ်သွားခဲ့တယ်။
ရန်ကိုင်ကို အရိုးထဲ၊ အသည်းထဲကနေ သူမ ကြောက်ရွံ့တာပါ။ ရန်ကိုင်ကို ဘာလို့ ကြောက်မှန်း သူမကိုယ်တိုင်လည်း နားမလည်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ကိုင်က လူဆိုးတစ်ယောက် မဟုတ်မှန်း သူမ သိနေရင်တောင် ရန်ကိုင်ကို မြင်တာနဲ့ သူမစိတ်ထဲ သူ့ကို အလိုလို ကြောက်ရွံ့နေမိပါတယ်။
ဒီတစ်ကြိမ် ချူရီမန် ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုတာ ကြောင့်သာ မဟုတ်ရင် သူမအနေနဲ့ အမွေခံတိုက်ပွဲကို ရန်ကိုင်ဘက်ကနေ ရပ်တည်ပြီး ဝင်ပြိုင်ရဲမှာ မဟုတ်ပါဘူး။
“ရှောင်မန်” သူမရဲ့ ညီမလေးက သတ္တိနည်းတဲ့ လူတစ်ယောက်မှန်း သိထားတဲ့အတွက် ချူရီမန်က လော့ရှောင်မန်ဆီ သွားလိုက်ပြီး သူမရဲ့ လက်ကလေးကို ကိုင်ထားပေးလိုက်တယ်။
ရန်ကိုင်က လော့ရှောင်မန်ကို အပြုံးလေးနဲ့ တစ်ချက် ကြည့်လိုက်တယ်။ ထို့နောက် ဒေါင်ချင်းဟန် ဘေးနား ရပ်နေတဲ့ လန်ချူးတျယ်ကို တစ်ချက် ပြန်ကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာတော့ ဒီနှစ်ယောက်စလုံးက တစ်ပုံစံတည်းပဲလို့ တွေးနေခဲ့လေရဲ့။
ဟုတ်တာပေါ့… သူပြောနေတာက သူတို့ရဲ့ တောင်ပို့တောင်စိုင်ကြီးနှစ်လုံးကို ပြောတောပါ။ နှစ်ယောက် စလုံးက အရပ်မရှည်ကြပါဘူး။ သူမတို့ နှစ်ယောက်စလုံးကို ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်နဲ့ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးတွေလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် သူမတို့ ပိုင်ဆိုင်ထားတဲ့ မဟာထွတ်မြတ်တော် တောင်နှစ်လုံးကတော့ လူကောင်နဲ့ မလိုက်အောင် ကြီးမားလှပါတယ်။
နှစ်ယောက်သားကြား ဒီဘက်ကြည့်လိုက်၊ ဟိုဘက် ကြည့်လိုက် လုပ်နေရင်း ရန်ကိုင် ရုတ်တရက် မိန်းမောသွားခဲ့တယ်။
ရန်ကိုင်ရဲ့ အကြည့်ကို သတိပြုမိတာနဲ့ လန်ချူးတျယ် ရှက်သွေးဖြာသွားခဲ့တယ်။
“ခရမ်းဖန်းတောင်ကြားက ဖန်ဟောင်၊ သခင်လေးကိုင်ကို နှုတ်ဆက်ပါတယ်” ခရမ်းတောင်ကြား အဖွဲ့ထဲကနေ လူငယ်တစ်ယောက် ရှေ့ထွက်လာခဲ့ပြီး ပြုံးပြရင်း လက်သီးဆုပ် နှုတ်ဆက်လိုက်တယ်။
“ညီအစ်ကိုဖန်က သူစိမ်းမှ မဟုတ်တာကို၊ အခုလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က အသာအယာလေး ပြန်ခေါင်းညိတ်ပြလိုက်တယ်။
ဖန်ဟောင်က ကိုးယိုးကားယားနဲ့ အသာအယာလေး ပြန်ပြုံးပြလိုက်ပြီး “ကောင်းကင်စံအိမ်မှာ တွေ့ဆုံခဲ့တုန်းက ဒီဖန်ရိုင်းပြခဲ့တာ ရှိခဲ့ရင် သခင်လေးကိုင် အနေနဲ့ ဗွေမယူဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ကစလို့ ဖန်ဟောင်က သခင်လေးဘက်ကနေ ရပ်တည်ပြီး တတ်စွမ်းသမျှ သခင်လေးကိုင်ကို ကူညီပေးမှာပါ”
ရန်ကိုင် မျက်ဝန်း မသိမသာလေး လက်သွားခဲ့တယ်။ သူ့ရဲ့ ဆက်ဆံပုံ အမူအရာကလည်း ပိုပြီး ပေါ့ပါးသွားခဲ့ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ကာ “ညီအစ်ဖန်က ဒီလောက် အဝေးကြီးလာပြီး ငါ့ကို ထောက်ပေးတာနဲ့တင် ငါ့အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ။ အရင်ကိစ္စတွေကတော့၊ အဲ့တုန်းက ဖြစ်ပျက်ခဲ့တာတွေက ဘာမဟုတ်တဲ့ ကိစ္စလေးတွေပဲလေ။ အဲ့အကြောင်းတွေကို ငါတောင် မေ့တေ့တေ့ ဖြစ်နေပြီ”
သူတို့နှစ်ယောက် နောက်ဆုံအကြိမ် တွေ့ခဲ့တဲ့ အကြိမ်က ဒေါင်မိသားစုက ဒေါင်ချင်းဟန်၊ ဘိုင်မိသားစုက ဘိုင်ယွမ်ဖုန်းနဲ့ ခရမ်းဖန်းတောင်ကြားက ဖန်ဟောင်တို့ ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေ့ကို လာရောက်ခေါ်ဆောင်တဲ့ အကြိမ်တုန်းကပါ။ ရန်ကိုင်က ဆန်းကြယ်အဆင့် ပညာရပ်တစ်ခု ရလိုက်မှန်း သူတို့ သုံးယောက် သိလိုက်တာနဲ့ ရန်ကိုင်ရဲ့ နောက်ခံကို မသိတဲ့ သူတို့နှစ်ယောက်က ရန်ကိုင်ကို မလှိမ့်တပတ်နဲ့ နှပ်ချဖို့ ကြိုးစားခဲ့ကြပါတယ်။
ရန်ကိုင်ရဲ့ ဝမ်းကွဲဖြစ်တဲ့ ဒေါင်ချင်းဟန်သာ ရန်ကိုင်ဆီက ဆန်းကြယ်အဆင့် ပညာရပ်ကို ရယူဖို့ မကြိုးစားခဲ့တာပါ။ မသိနားမလည်တဲ့ ဘိုင်ယွမ်ဖုန်းကတော့ ရန်ကိုင်နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့အထိ ပြဿနာတက်ခဲ့ပါတယ်။ နောက်ပိုင်းကျ ဘိုင်ယွမ်ဖုန်းက တိမ်မိစ္ဆာနယ်မြေထဲရှိ ပင့်ကူအမေကြီးရဲ့ အသိုက်ထဲ သေဆုံးသွားခဲ့ရပါတယ်။
ထိုအချိန်တုန်းက ရန်ကိုင်ကို ဖန်ဟောင် ဆက်ဆံတဲ့ ပုံစံက မကောင်းလှဘူး ဆိုပေမယ့် ဘိုင်ယွမ်ဖုန်းလို့တော့ အရမ်းကြီး လွန်ကဲမနေခဲ့ပါဘူး။ ထို့ကြောင့် ဖန်ဟောင်ကို လက်စားပြန်ချေဖို့ ရန်ကိုင် ဘယ်တုန်းကမှ မကြိုးစားခဲ့တာပါ။
ရန်ကိုင် ပြောတာကို ကြားလိုက်တော့မှပဲ ဖန်ဟောင် စိတ်သက်သာရာ ရသွားခဲ့တယ်။
“အထဲသွားပြီး လက်ဖက်ရည်လေး သောက်ရင်း စကားလေး ဘာလေး ပြောကြတာပေါ့” ရန်ကိုင်က နွေးထွေးပျူငှာစွာနဲ့ ပြောလိုက်တယ်။
ခရမ်းဖန်းတောင်ကြားက ခေါ်လာတဲ့ လူအရေအတွက်က များလည်း မများသလို နည်လမ်း မနည်းပါဘူး။ သူတို့ရဲ့ ခွန်အားက လူမိသားစုက ပို့လိုက်တဲ့ လူအင်အားနဲ့ တူညီလုနီးပါး ရှိပါတယ်။ အမွေခံတိုက်ပွဲက လူငယ်မျိုးဆက်ကြားက တိုက်ပွဲတစ်ခု ဖြစ်တဲ့အတွက် ထိုအထဲက လူတော်တော် များများက ဖန်ဟောင်နဲ့ လော့ရှောင်မန်တို့ အရွယ်လောက်ပဲ ရှိကြပါတယ်။
အခက်အခဲများစွာကို ရင်ဆိုင် ကျော်ဖြတ်ပြီးတဲ့ နောက်ပိုင်း လော့ရှောင်မန်နဲ့ ချူရီမန်တို့ နှစ်ယောက်စလုံး ခွဲမရတဲ့အထိ တပူးတွဲတွဲ ဖြစ်လာခဲ့တယ်။
ခရမ်းဖန်းတောင်ကြားက လော့ရှောင်မန်ရဲ့ အမိန့်တွေကို နာနာခံခံနဲ့ လိုက်နာပါလိမ့်မယ်။ ထပ်ပြီး အကျယ်ဖြန့် ပြောရမယ် ဆိုရင်တော့ သူတို့တွေက ချူရီမန်ရဲ့ အမိန်ကို လိုက်နာကြပါလိမ့်မယ်။ ရန်ကိုင် ထိုကဲ့သို့ တွေးနေခဲ့တာပါ။
စံအိမ်ထဲ ပြန်ရောက်လာတဲ့ အခါမှာတော့ ရန်ကိုင်က အင်အားစု အသီးသီးက သခင်လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးလိုက်ကြတယ်။
အစကတော့ လူဆောင်းရဲ့ အမူအရာက အရမ်းကြီး မကောင်းလှပါဘူး။ ဒါပေမယ့် ရန်ကိုင် ပြန်လာပြီး လော့ရှောင်မန်ကို မိတ်ဆက်ပေးတဲ့ အချိန်မှာတော့ သူ့အကြည့်က ပျော့ပျောင်းသွားခဲ့ပြီး သူ့ရင်ထဲက ဒေါသတို့လည်း ပျောက်ကွယ်သွားခဲ့ရတယ်။ ရှေးခတ် အချိန်တွေကတည်း သူရဲကောင်းတွေက မိန်းမလှလေးတွေကို မြတ်နိုးကြတယ်လေ။ ဒီလောက် နှစ်လိုဖွယ် ကောင်းတဲ့ မိန်းကလေးက သူ့ကို လာကူညီပေးမှတော့ ရန်ကိုင် ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုတာက နားလည်ပေးလို့ ရသွားပါပြီ။
လော့ရှောင်မန်နဲ့ လန်ချူးတျယ်တို့ကို တိတ်တဆိတ် ခိုးကြည့်ရင်း လူဆောင်းစိတ်ထဲ အတွေးမျိုးစုံတို့ ဖြတ်ပြေးသွားခဲ့တယ်။
အစကတုန်းက လော့ရှောင်မန်က အရမ်းကို ဇွတ်တရွတ် နိုင်ပါတယ်။ ဒါပေမယ့် တိမ်မိစ္ဆာနယ်မြေထဲ ရောက်ပြီး ကတည်းက သူမစရိုက် ပြောင်းလဲသွားခဲ့ရတယ်။ သူမရဲ့ သတ္တိက ကြွက်တစ်ကောင်ထက်အောင် ပိုပြီး သေးငယ်လာခဲ့ပါတယ်။ ထို့ကြောင့် လူဆောင်းရဲ့ အကြည့်ကို ခံစားမိလိုက်တာနဲ့ သူမစိတ်ထဲ မသက်မသာ ခံစားလိုက်ရကာ နောက်ဆုံးမှာတော့ ချူရီမန်နောက် ရောက်သွားခဲ့ရတယ်။ လန်ချူးတျယ်ကတော့ နည်းနည်းလေးတောင် အကြောက်အလန့် မပြပဲ ထိုရိုင်းပြတဲ့ လူငယ်လေးကို သူမရဲ့ ထက်ရှတဲ့ မျက်ဝန်းအစုံနဲ့ ပြန်ပြီး စိုက်ကြည့်လိုက်တယ်။ သူမရဲ့ အပြုံးကလည်း တဖြည်းဖြည်းနဲ့ အေးစက် လာခဲ့တယ်။
သူမရဲ့ စူးရှတဲ့ အကြည့်နဲ့ အေးစက်တဲ့ အပြုံးကို ခံစားမိလိုက်တာနဲ့ လူဆောင်းက သူ့အကြည်ကို အလျင်အမြန်ပဲ ပြန်ရုတ်သိမ်းလိုက်တယ်။
ရန်ကိုင်က ဖန်ဟောင်၊ ဒေါင်ချင်းဟန်တို့နဲ့ စကားပြောနေပေမယ့် ခန်းမထဲမှာ ရှိနေတဲ့လူတွေကိုလည်း အာရုံစိုက်ထားပါသေးတယ်။ ထို့ကြောင့် လူဆောင်းရဲ့ သိမ်ဖျင်းတဲ့ အပြုအမူကို သတိပြုမိလိုက်တာနဲ့ သူ့စိတ်ထဲ တိတ်တဆိတ် လှောင်ပြောင်လိုက်တယ်။
စီနီယာအစ်မလန်ဆိုတာ အနိုင်ကျင့်လို ကောင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ သူမက စိတ်စွမ်းအား ကောင်းသလို ဥာဏ်လည်း ကောင်းပါတယ်။ လူဆောင်းရဲ့ ဆိုးသွမ်းတဲ့ အပြုအမူကို သူမ ဘယ်လိုလုပ်ပြီး အလွယ်တကူနဲ့ လွှတ်ပေးပါ့မလဲ။
စကားအများကြီး မပြောရသေးခင်မှာပဲ ရှန်ထန်းရှောင် ထပ်ပေါ်လာခဲ့တယ်။
သူပြောမှာကို စောင့်မနေတော့ပဲ ရန်ကိုင်ကပဲ အရင်စမေးလိုက်တယ် “ဒီတစ်ကြိမ်ကကော ဘယ်သူလဲ”
“လူငယ်လေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ပဲ။ သူတို့ရဲ့ ခွန်အားက အစစ်အမှန်ဒြပ်စင် အဆင့်၇လောက် ရှိလိမ့်မယ်” ရှန်ထန်းရှောင်က အသေးစိတ်ကျကျက ပြောပြလိုက်တယ် “သူတို့တွေက သခင်လေးရဲ့ မိတ်ဆွေဟောင်းတွေလို့ ပြောတယ်။ သူတို့နာမည်က ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတဲ့”
“သူတို့ပဲ” ရန်ကိုင် အံ့အားသင့်သွားခဲ့တယ်။
“နင်သူတို့ကို သိလို့လား” ချူရီမန်က အံ့အားသင့်နေတဲ့ အမူအရာလေးနဲ့ ပြောလိုက်တယ်။
“သိတာပေါ့” ရန်ကိုင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အတိတ်အကြောင်း ပြန်စားမြုံ့ပြန်လိုက်တယ် “ငါအတွေ့အကြုံ ရှာထွက်ခဲ့တုန်းက သူတို့နဲ့ တွေ့ခဲ့တာ။ သူတို့ နှစ်ယောက်က လရောင်ပြန်ဂိုဏ်းနဲ့ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမ စုံတွဲပဲ”
“လရောင်ပြန်ဂိုဏ်းလား…” ချူရီမန် မျက်မှောင် ကြုံ့လိုက်ပြီး “ငါမှတ်မိသာ မှန်တယ်ဆိုရင် လရောင်ပြန်ဂိုဏ်းက ဒုတိယအဆင့် အင်အားစု တစ်ခုပဲမလား”
“အင်း၊ ဒုတိယအဆင့် အင်အားစုတစ်ခုပဲ” ရန်ကိုင် ခေါင်းညိတ်ပြလိုက်တယ်။
ရှန်ထန်းရှောင်က ထပ်ပြောလိုက်တယ် “သခင်လေးကိုင်၊ ကျုပ်မြင်သလောက်တော့ သူတို့ နှစ်ယောက်ပဲ ရောက်လာခဲ့တာနဲ့ တူတယ်။ သူတို့နဲ့အတူ ပညာရှင် တစ်ယောက်မှ ပါမလာခဲ့ဘူး။ သခင်လေး ဘယ်လို လုပ်ချင်လဲ”
အစစ်အမှန်ဒြပ်စင်အဆင့်၇ ကျင့်ကြံသူ နှစ်ယောက် သက်သက်နဲ့ အမွေခံတိုက်ပွဲမှာ ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ပါဘူး။ အမွေခံတိုက်ပွဲမှာ ပါဝင်ချင်တဲ့ ဘယ်အင်အားစုမဆို လူအင်အား၊ ဒါမဟုတ် ပစ္စည်းအကူအညီ ပို့ပေးကြတာ များပါတယ်။ ဘယ်မိသားစု၊ ဘယ်ဂိုဏ်းကမှ အစစ်အမှန်ဒြပ်စင်အဆင့်၇ပဲ ရှိတဲ့ လူငယ်လေး နှစ်ယောက်ကို ကိုယ်စားပြုအနေနဲ့ လွှတ်လိုက်မှာ မဟုတ်ပါဘူး။
ရှန်ထန်းရှောင် ဒီမေးခွန်းကို မေးလိုက်ရတဲ့ အကြောင်းအရင်က ထိုနှစ်ယောက်က သူတို့ရဲ့ မိတ်ဆွေဟောင်း သံယောဇဉ်ကို သုံးပြီး သူ့တောင်ပံအောင် ခိုဝင်နားချင် နေတယ်လို့ သွယ်ဝိုက် သတိပေးလိုက်ချင်လို့ပါပဲ။
“ရန်ကိုင်၊ သူတို့က မင်းရဲ့ မိတ်ဆွေဟောင်းတွေ ဆိုရင်တောင်၊ သူတို့ရဲ့ သဘောထားက သိပ်ပြီး မသင့်လျော်ဘူးကွ။ မင်းသူတို့ကို ငြင်းလိုက်သင့်တယ်” ဝမ်းကွဲတစ်ယောက် ဖြစ်တာနဲ့အညီ ဒေါင်ချင်းဟန်က ဝင်သတိပေးလိုက်တယ်။
သူတို့သာ စုံလုံမှိတ်ပြီး လက်ခံလိုက်မယ် ဆိုရင် သူရဲ့ ကျန်တဲ့ မဟာမိတ်တွေကို မကျေမနပ် ဖြစ်သွားစေပါလိမ့်မယ်။ တကယ်တော့ သူသာ အမွေခံတိုက်ပွဲကို နိုင်သွားခဲ့ရင် လရောင်ပြန်ဂိုဏ်းကို အကျိုးအမြတ်တစ်ချို့ ဖဲ့ဝေပေးရဦးမှာကိုး။
ဒါပေမယ့် သူတို့နှစ်ယောက်ကသာ စိတ်ရင်းအမှန်နဲ့ ကူညီပေးချင်လို့ ရောက်လာခဲ့တာဆိုရင် သူတို့ လူအရေအတွက် ဘယ်လောက်ပဲ ရှိပါစေ၊ သူတို့ကို ရက်ရက်စက်စက်နဲ့ မငြင်းဆန်လိုက်သင့်ပါဘူး။
“မလိုဘူး” ရန်ကိုင်က ခေါင်းခါပြီး ထလိုက်တယ်။ သူ့အဝတ်အစားကို သပ်ရပ်အောင် လုပ်လိုက်ပြီး “ဒီမှာ ခဏစောင့်နေဦး၊ ငါသူတို့နဲ့ သွားစကားပြောလိုက်မယ်”
ချူရီမန် ဇဝေဇဝါ ဖြစ်သွားခဲ့တယ်။ ဒုတိယအဆင့် အင်အားစုတစ်ခုနဲ့ တွေ့ရမှာကို သူဘာလို့ ဒီလောက် လေးလေးနက်နက်နဲ့ ပြုမူနေမှန်း ချူရီမန် နားမလည်နိုင် ဖြစ်နေခဲ့တယ်။ လော့ရှောင်မန်ရဲ့ ခရမ်းဖန်းတောင်ကြားက အဖွဲ့တွေနဲ့ တွေ့တုန်းကတောင် သူဒီလောက် မပျော်ခဲ့ပါဘူး။
ဒါပေမယ့် ထိုအကြောင်းကို တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ချူရီမန်ကို တခစ်ခစ်နဲ့ ရယ်မောလိုက်တယ်။
လူဆောင်းဆီ လှမ်းကြည့်လိုက်တဲ့အချိန် လူဆောင်းရဲ့ မျက်နှာက ဘီလူးသံပုရာသီး ကိုက်ထားသလို ဖြစ်နေတာကို ချူရီမန် တွေ့လိုက်ရတယ်။
လူဆောင်းပုံစံကို မြင်လိုက်တာနဲ့ ချူရီမန် မျက်မှောင် ကြုံ့မိလိုက်တယ်။ ရန်ကိုင်က သူ့ကို အခြားလူတွေနဲ့ တန်းတူမဆက်ဆံခဲ့လို့ လူဆောင်း ရန်ကိုင်ကို အစာအကြေ ဖြစ်နေမှန်း သူမသိပါတယ်။ ထို့ကြောင့် သူမ သက်ပြင်းတစ်ချက် ချလိုက်မိတယ်။ လူလျန် အနေနဲ့ သူ့သားကို အမွေခံတိုက်ပွဲဆီ ပို့လိုက်တာက အမှားကြီး တစ်ခုကို ကျူးလွန်လိုက်တာပါပဲ။
ချူရီမန်က လူမိသားစု သခင်လေးနဲ့ အများကြီး မပြောဆို၊ မဆက်ဆံဖူးတဲ့အတွက် သူ့စရိုက်ကို နားမလည်ပါဘူး။ ဒါပေမယ့် အခုတော့ သူ့ဝမ်းကွဲက ဒီမှာ ရှိနေဖို့အထိ မရင့်ကျက်သေးမှန်း သူမ နားလည်သွားပါပြီ။
ရုတ်တရက် အပြုံးလေးတစ်ခုကို ဆင်မြန်းလိုက်ရင်း လူဆောင်းဘက်လှည့်ကာ ပြောလိုက်တယ် “လူဆောင်း၊ အဲ့အကြောင်း အများကြီး တွေးမနေနဲ့။ သူတို့ နှစ်ယောက်က ရန်ကိုင်ရဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့အတွက် သူကိုယ်တိုင် ထွက်တွေ့တာ အံ့အားသင့်စရာ မဟုတ်ဘူး။ သူတို့ ရောက်လာတဲ့အထိသာ စောင့်နေလိုက်၊ ရောက်လာတော့မှပဲ သူတို့ကို ပြန်ပို့လိုက်ကြမယ်။ ဘာမဟုတ်တဲ့ ဒုတိယအဆင့် အင်အားစုတစ်ခုက တပည့်နှစ်ယောက်က ဒီမှာရှိနေဖို့ အရည်အချင်း မရှိပါဘူး”
ဒေါင်ချင်းဟန်က ချူရီမန်ကို ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်တယ်။ ဒီသခင်မလေးချူက အရမ်းကို အမြင်ကျဉ်းပြီး ပေါင်းသင်းဆက်ဆံရ ခက်လိမ့်မယ်လို့ သူတစ်ခါမှ မတွေးခဲ့ဖူးပါဘူး။
လူဆောင်း အစက စိတ်ညစ်နေခဲ့တာပါ။ ဒါပေမယ့် ချူရီမန်ရဲ့ စကားကို ကြားလိုက်တာနဲ့ သူ့မျက်နှာက နေတစ်စင်းလို ဝင်းပသွားခဲ့ပြီး ချူရီမန်က သူ့ကို ထောက်ခံ့ပေးနေတယ်လို့ ထင်မှတ်လိုက်ကာ ခပ်မြန်မြန် ခေါင်းညိတ်လိုက်ပြီဂ “ဝမ်းကွဲပြောတာ အမှန်ပဲ။ ဒီခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးက အနည်းဆုံး ပထမအဆင့် အင်အားစုတွေချည်းကပဲ လာတာမလား။ အဲ့လရောင်ပြန်ဂိုဏ်းက တကယ်ကို စိတ်ဝင်စားစရာပဲ။ ဘာမှမဟုတ်တဲ့ ဒုတိယအဆင့် အင်အားစု တစ်ခုကများ တပည့်လေး နှစ်ယောက်လွှတ်ပြီး အမွေခံတိုက်ပွဲကို ဝင်ပြိုင်ချင်နေတယ်ဆိုတော့ … ဟာသပဲ။ ဒီနေရာကို လက်ဗလာနဲ့ လာရဲလောက်တဲ့အထိ အဲ့နှစ်ယောက် ဘယ်လောက်တောင် အရေထူမလဲ ဆိုတာကို ကျုပ်ကြည့်ချင်သေးတယ်”
ချူရီမန်က အဓိပ္ပါယ်ပါပါသာ ပြုံးလိုက်ပြီး ဘာမှ ဆက်ပြောမနေခဲ့ပါဘူး။ ချူရီမန်က သူ့ကို အားပေးအားမြှောက် ပြုထားတဲ့အတွက် လုဆောင်းက ခါးမတ်လိုက်ပြီး ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ အခန်းထဲ ဝင်လာမှာကို စောင့်နေလိုက်တယ်။
စံအိမ်အပြင်ဘက်မှာတော့ ယောကျာ်းလေး တစ်ယောက်နဲ့ မိန်းမငယ်လေး တစ်ယောက်က စိုးရိမ်ပူပန်မှု၊ မျှော်လင့်စောင့်မှုတို့ အပြည့်နဲ့ ဘေးဘီဝဲရာကို ဟိုကြည့်ဒီကြည့် လုပ်နေခဲ့တယ်။
ဝင်ပေါက်ကို အချိန်အတော်ကြာအောင် စိုက်ကြည့် နေပေမယ့် ရန်ကိုင် ပေါ်လာတာ မမြင်တော့ စုရှောင်းယုက သူမရဲ့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းလေးကို လျှာနဲ့သပ်လိုက်ပြီး ပြောလိုက်တယ် “စီနီယာအစ်ကို၊ ဒီရန်ကိုင်က ကျွန်မတို့သိတဲ့ ရန်ကိုင်ရော ဟုတ်လို့လား။ ကျွန်မတို့ရဲ့ နာမည်ကို ပြောပြီးတာတောင် ဘယ်သူမှ ကျွန်မတို့ကို လာမတွေ့ရင်ရော”
ထိုစကားကို ကြားလိုက်တာနဲ့ ချန်ယွဲ့ရှုက ခါးခါးသီးသီး ပြုံးလိုက်ပြီး “ဂျူနီယာညီမလေး၊ နင်လူမှားပြီး မေးနေတယ်လို့ မထင်ဘူးလား။ ဒီညီအစ်ကိုရန်က ငါတို့သိခဲ့တဲ့ ညီအစ်ကိုရန် ဟုတ်မဟုတ်ကို ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ လောကကြီးက အကျယ်ကြီးပဲ ဆိုတော့ နာမည်တူတွေ မရှားဘူး ဂျူနီယာညီမလေရဲ့”
“အာ…” စုရှောင်ယု လမ်းပျောက်သလို ဖြစ်သွားခဲ့ပြီး “ဒီရန်ကိုင်သာ ကျွန်မတို့ သိခဲ့တဲ့ ရန်ကိုင် မဟုတ်ရင် အငြင်းခံရပြီးတော့ပဲ လာလမ်းအတိုင်း လှည့်ပြန်ရတော့မှာပေါ့။ အဲ့လိုသာ အငြင်းခံလိုက်ရရင် တော်တော်လေး ရှက်ဖို့ကောင်းမှာ”
“မျက်နှာပျက်လည်း ပျက်ပါစေပေါ့။ လရောင်ပြန်ဂိုဏ်းက ဒုတိယအဆင့် အင်အားစုဖြစ်ပြီး အားသိပ်မကောင်းလို့ ဆရာက အစကကတည်းက ငါတို့ကို အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်စေချင်တာ မဟုတ်ဘူး။ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်လိုက်လို့ ဂိုဏ်းအတွက် အကျိုးအမြတ် မရှိတဲ့အပြင် ဂိုဏ်းကိုတောင် ဒုက္ခရောက်သွား စေနိုင်သေးတယ်။ ရန်ကိုင်က ငါတို့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်တယ်လို့ ပြောခဲ့လို့သာ ဆရာငါတို့ကို လာခွင့်ပေးလိုက်တာ။ စံအိမ်ပိုင်ရှင်က ငါတို့သိတဲ့ ရန်ကိုင်မဟုတ်လို့ ငြင်းဆန်ခံလိုက်ရလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ငါတို့ ဒီကနေ လုံလုံခြုံခြုံနဲ့ ပြန်ထွက်သွားလို့ ရတယ်လေ”
“သူက ကျွန်မတို့ သိတဲ့ တစ်ယောက်လို့ ထင်တယ်” စုရှောင်းယုက ရုတ်တရက် ပြောလိုက်တယ် “သီးခြားကမ္ဘာထဲမှာ ရှိတုန်းက သူဘယ်လိုတွေ လုပ်ပြခဲ့ဆိုတာ ရှင်မှတ်မိလား။ တန်းလန်မင်းဆက်က လူတွေတောင် သူကစားတာ ခံခဲ့ရတာလေ။ ပြီးတော့ သူက ကျွန်မတို့ အားလုံးရဲ့ အသက်ကိုတောင် ကယ်သွားနိုင်ခဲ့တာနော်။ ဗဟိုမြို့တော်က ရန်မိသားစုလွဲပြီး ဘယ်အင်အားစုကများ ဒီလောက် ထူးချွန်တဲ့ လူမျိုးကို လေ့ကျင့်ပေးနိုင်မှာ မို့လို့လဲ”
သီးခြားကမ္ဘာထဲမှာတုန်းက သူတို့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်အမှတ်ရလိုက်တာနဲ့ ချန်ယွဲ့ရှု ယဲ့ယဲ့လေး ပြုံးလိုက်တယ်။ ရန်ကိုင်ကြောင့်သာ မဟုတ်ရင် ဟန်မင်းဆက်က ကျင့်ကြံသူတွေ အကုန်လုံး အသတ်ခံရလောက်ပါပြီ။
“သူဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို မကြာခင် ငါတို့ သိရမှာပါ”
Martial Peak
အပိုင်း(၄၃၈) ရန်စခြင်း
စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေးတို့ စကားပြောနေစဉ်မှာပဲ စံအိမ်ထဲကနေ ရန်ကိုင် ထွက်လာတာကို သူတို့ ရုတ်တရက် တွေ့လိုက်ရတယ်။
“အစ်ကိုချန်၊ ဂျူနီယာညီမလေးဆု၊ မင်းတို့ နေကောင်းကြတယ်မလား” ရန်ကိုင် ပြုံးကာ နွေးနွေးထွေးထွေး ဖော်ဖော်ရွေရွေ နဲ့ နှုတ်ဆက်လိုက်တယ်။
သူတို့သိတဲ့ ရန်ကိုင်က ဗဟိုမြို့တော်က ရန်ကိုင် ဖြစ်လိမ့်မယ်လို့ သူတို့ နှစ်ယောက်စလုံး ကြိုတင် ခန့်မှန်းထားပေမယ့် သူတို့ ရင်းနှီးနေတဲ့ မျက်နှာကို ပြန်တွေ့လိုက်ရတဲ့ အချိန်မှာတော့ နှစ်ယောက်စလုံး ပြန်ဖြေဖို့ကိုတောင် မေ့လျော့နေကြပြီး ရန်ကိုင်ကိုသာ ငေးကြောင့်ကြည့်နေမိပါတော့တယ်။
အခုအချိန်၌ သူတို့စိတ်တွေ ဘာလို့ ဒီလောက် တင်းကြပ်နေမှန်း နှစ်ယောက်စလုံး နားမလည်နိုင်ခဲ့ပါဘူး။ ရန်ကိုင်လို လူတစ်ယောက်နဲ့ ပူးပေါင်းအလုပ်လုပ်ကိုင်လို့ ရမယ့် အခွင့်အရေး ရသွားလို့ စိုးရိမ်ပူပန်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“ငါ့မျက်နှာမှာ ပန်းတွေ ပွင့်နေလို့လား” သူတို့ နှစ်ယောက် တုန့်ဆိုင်းနေတာကို မြင်တော့ ရန်ကိုင်က မပျော်မရွှင်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
ရန်ကိုင်က စနောက်ကို ကြားလိုက်ရတော့မှပဲ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမတို့ နှစ်ယောက်စလုံး အသိပြန်ဝင်လာခဲ့တယ်။
ချန်ယွဲ့ရှုကစပြီး နှုတ်ဆက်စကား ပြောလိုက်တယ် “ဂျူနီယာညီလေးရန်၊ ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”
စုရှောင်းယုက အသာအယာလေး ပြုံးလိုက်ရင်း ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “ဘာလို့လဲ၊ နင်က ဗဟိုမြို့တော်က လူတစ်ယောက်မှန်း ငါတို့တောင် မသိခဲ့ရပါလား။ နင်ငါတို့ မပြောခဲ့ပဲ ထားရက်ခဲ့တယ်နော်”
“ဂျူနီယာညီမလေး” ချန်ယွဲ့ရှုက စုရှောင်းယုရဲ့ အင်္ကျီလက်ကို ဆွဲရင်း ပြန်ပြောလိုက်တယ် “ရန်မိသားစုမှာ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်။ သူတို့ရဲ့ တိုက်ရိုက် မျိုးဆက်တွေ အပြင်သွား အတွေ့အကြုံ ရှာထွက်တဲ့အချိန် သူတို့ ဘယ်သူဘယ်ဝါကို ဖော်ပြခွင့် မရှိဘူး။ ဂျူနီယာညီလေးက ငါတို့ကို တမင်သက်သက် ဖုန်းကွယ်ထားတာမှ မဟုတ်တာ”
“ငါသိပါတယ်” စုရှောင်းယုက ပြုံးကာ လျှာလေး တစ်လစ်တစ်လစ် ထုတ်လိုက်ပြီး “ငါလည်း အံ့အားသင့်သွားလို့ပါ”
“အခု သိဖို့ နောက်မကျသေးဘူးလေ။ လာ… အထဲဝင်ခဲ့ကြလေ” ရန်ကိုင်က ဖော်ဖော်ရွေရွေနဲ့ ပြောလိုက်ပြီး သူတို့ကို စံအိမ်ထဲသို့ ဦးဆောင် ခေါ်သွားခဲ့တယ်။
လမ်းတစ်လျှောက် စုရှောင်းယုက သာလိကာလေးလိုပဲ မေးခွန်းတွေချည်းပဲ တရစပ် မေးမြန်းခဲ့တယ်။ သူမက ဒုတိယအဆင့် အင်အားစုက လာခဲ့တာပါ။ ထို့ကြောင့် သူမက လရောင်ပြန်ဂိုဏ်းရဲ့ အနာဂတ် ထောက်တိုင်ကြီးတစ်ခု ဆိုပေမယ့် ဗဟိုမြို့တော်မှ မဟာအင်အားစုကြီး တွေရဲ့ သခင်လေး၊ သခင်မလေးတွေကို အသာထား၊ ပထမအဆင့် အင်အားစုက လူတွေနဲ့ ယှဉ်လိုက်ရင်တောင် သူမရဲ့ အတွေ့အကြုံက မရှိသလောက်ပါပဲ။ ထိုကဲ့သို့ အသိုင်းအဝိုင်းထဲ ရုတ်တရက်ကြီး ရောက်ရှိလာခဲ့တော့ သူမစိတ်ဝင်စားမိတာလည်း သဘာဝပါပဲ။
အထူးသဖြင့် သူမတို့ကို ဦးဆောင်ခေါ်သွား ပေးနေတဲ့လူက သူမတို့ သိနေတဲ့ တစ်စုံတစ်ယောက် ဖြစ်ပြီး သူမတို့နဲ့ ဆက်ဆံရေးကောင်း ရှိနေတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက်ပေါ့။
မြို့ရောက်လာတဲ့ တောသားတစ်ယောက်လို မြင်မြင်သမျှက သူမအတွက် အသစ်အဆန်းတွေ ချည်းပါပဲ။
ရန်ကိုင်ကတော့ ထိုနှစ်ယောက်ကို စံအိမ်ထဲ ဦးဆောင် ခေါ်သွားနေရင်း စုရှောင်းယု မေးလာသမျှ မေးခွန်းကို ဒိုင်ခံပြန်လည် ဖြေဆိုပေးနေခဲ့ပြီး ချန်ယွဲ့ရှုကတော့ ပြုံးပြီးတော့ ခေါင်းခါရမ်းနေခဲ့တယ်။
“ရှင်တို့ ရန်မိသားစုက မဟာအင်အားစုကြီး တစ်ခုဆို။ ရန်မိသားစုက ဗဟိုမြို့တော်ရဲ့ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားပြီး ရန်မိသားစုရဲ့ ပိုင်နက်ကို ဖြတ်သန်းသွားဖို့ ဆိုရင် မြင်းနဲ့သွားရင်တောင် သုံးရက်သုံးည ကြာတယ်ဆို၊ အဲ့ဒါ အမှန်ပဲလား” စုရှောင်းယုက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။
ဒါပေမယ့် ရန်ကိုင်က ပြန်ဖြေဖို့ လုပ်နေစဉ်မှာပဲ ရုတ်တရက် လှောင်ပြောင် ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။
လှောင်ပြောင်သံကို ကြားလိုက်တာနဲ့ စုရှောင်းယုက သူမရဲ့ ဘေးဘီဝဲရာကို လှည့်ပတ်ကြည့်မိလိုက်တယ်။ အခုမှပဲ သူမတို့တွေ လူများစွာ စုဝေးနေတဲ့ ခန်းမကြီးတစ်ခုထဲ ရောက်နေမှန်းကို စုရှောင်းယု သတိပြုမိလိုက်တယ်။
အဓိကစားပွဲကြီး ပတ်လည် ထိုင်နေကြတဲ့ သခင်လေး၊ သခင်မလေးတွေ အကုန်လုံးက ဈေးကြီးတဲ့ အဝတ်အစား မျိုးစုံကို ဝတ်ဆင်ထားခဲ့ကြပြီး အကုန်လုံးက ခံ့ခံ့ညားညားနဲ့ ရှိနေခဲ့ကြတယ်။ တစ်ယောက်ချင်း ဘေးတွင် သက်တော်စောင့် ကိုယ်စီ ရှိနေခဲ့ကြပြီး အားလုံးက အဆင့်မြင့်လက်နက် ကိုယ်စီနဲ့ပါ။
သူမနဲ့ ချန်ယွဲ့ရှုက ကိုယ်ပိုင်လက်နက်တွေ ရှိကြပြီး တောသားတစ်ယောက်လို မဝတ်စားထားဘူး ဆိုပေမယ့် ထိုသခင်လေးတွေနဲ့ ယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးတမျှ ကွာခြားလှပါတယ်။
သူမကို လှောင်ပြောင်လိုက်တဲ့ လူငယ်လေးက စားပွဲပတ်လည်မှာ ထိုင်နေတဲ့ လူတွေထဲက တစ်ယောက်ပါ။ အခု ထိုလူငယ်လေးက သူမတို့ နှစ်ယောက်ကို မြို့ရောက်လာတဲ့ တောကြိုအုံကြားက လူတွေလို စူးစိုက် ကြည့်နေခဲ့တယ်။
စုရှောင်းယု ပါးလေး ရဲရဲနီသွားခဲ့တယ်။ သူမမှာ ရှက်လွန်းလို့ တွင်းတစ်တွင်းလောက် တူးပြီး ထိုတွင်းထဲသာ ဝင်အောင်းနေချင်မိပါတော့တယ်။
ရန်ကိုင်က အသာအယာလေး မျက်မှောင် ကြုံ့လိုက်ပြီး နွေးထွေးတဲ့ အပြုံးကို ထပ်မံဆင်မြန်းလိုက်ရင်း “အပြင်က ကောလဟာလတွေကို နားထောင်မနေနဲ့၊ ရန်မိသားစုရဲ့ စွမ်းအားက မသေးပေမယ့် ချဲ့ကားပြေားထားတာတွေ လောက်တော့လည်း မဟုတ်သေးပါဘူး”
“အင်း” စုရှောင်းယုက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တယ်။ ရန်ကိုင်က သူမကို ကာကွယ်ပေးခဲ့ပေမယ့် သူမကတော့ ရှက်ရွံ့ နေဆဲပါ။ ချန်ယွဲ့ရှုက စုရှောင်းယုရဲ့ လက်ကို ညင်ညင်သာသားလေး ကိုင်လိုက်ပြီး သူမအား နှစ်သိမ့်ပေးလိုက်တယ်။
ဒီနေရာမှာ အဆင့်အတန်းမြင့်တဲ့ သခင်လေးတွေ အများကြီး စောင့်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ကြိုသာ သိခဲ့ရင် အခုလိုမျိုး ရူးကြောင်ကြောင် မေးခွန်းတွေကို မေးခဲ့မှာ မဟုတ်တာ သေချာပါတယ်။
သူမ ဒီလောက်ကကြီးအကြောင်း များများစားစား မသိဘူးဆိုတာ အမှန်ပါ။ ဒါပေမယ့် အပြင်လောကထဲ ရောက်သွားခဲ့ရင် ဘာပြောရမယ်၊ ဘာလုပ်ရမယ် ဆိုတာကိုတော့ သူမသိထားပါတယ်။ ရန်ကိုင်နဲ့ သူမတို့ကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့်သာ သူမက စိတ်လွတ်ကိုယ်လွတ်နဲ့ ပြောဆိုနေခဲ့တာပါ။ သူမက သာမန်ဒုတိယအဆင့် အင်အားစုက တပည့်တစ်ယောက်သာ ဖြစ်ပြီး အခုလိုမျိုး သာမန်ထက် ထူးကဲတဲ့ အခြေအနေထဲ ရောက်ရှိသွားခဲ့တာကြောင့် စုရှောင်းယုက သူမ သိချင်တဲ့ မေးခွန်းမှန်သမျှကို စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ရွှင်ရွှင် မေးနေခဲ့တာပါ။ ဒါပေမယ့် သူမမေးတဲ့ မေးခွန်းတွေကို အခြားလူတွေ ကြားသွားမှာကိုတော့ မလိုလားပါဘူး။
“ဝင်ခဲ့ကြလေ၊ ငါမင်းတို့ကို မိတ်ဆက်ပေးမယ်…” ရန်ကိုင်က ထိုကိုးယိုးကားယား လေထုကို ဖြိုခွဲလိုက်ပြီး စကားစလိုက်တယ် “ဒါက သီးခြားကမ္ဘာထဲ သွားတုန်းက ငါနဲ့ဆုံခဲ့တဲ့ မိတ်ဆွေ နှစ်ယောက်ဖြစ်တဲ့ လရောင်ပြန်ဂိုဏ်းက ချန်ယွဲ့ရှုနဲ့ စုရောင်းယုပဲ”
သီးခြားကမ္ဘာတုန်းက ချန်ယွဲ့ရှုဆီကနေ ညွှန်ကြားပြသမှု များစွာကို ရန်ကိုင် ရရှိခဲ့ပါတယ်။ ထိုစီနီယာနဲ့ ဂျူနီယာ စုံတွဲက သူ့အား အတူသွားမလားလို့တောင် ဖိတ်ခေါ်ခဲ့ပါ သေးတယ်။
ထိုအချိန်တုန်းက နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင် အဆင့်၃ ကျင့်ကြံသူတွေ ဖြစ်ကြပြီး ရန်ကိုင်ကတော့ ချီပြောင်းလဲခြင်း အဆင့်၇ ကျင့်ကြံသူသာ ဖြစ်ပါသေးတယ်။ သူ့အဆင့် နိမ့်ကျနေတဲ့အတွက် ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ နှစ်ယောက်က သူ့ကို စောင့်ရှောက်ကာကွယ် ပေးချင်ခဲ့တာပါ။
ဒီအကြောင်းကြောင့်ပဲ ရန်ကိုင်က ထိုစုံတွဲနှစ်ယောက်နဲ့ အရမ်းကို ခင်မင်နှစ်သက်တာပါ။
ချန်ယွဲ့ရှုက ပြုံးကာ ခေါင်းခါလိုက်ပြီး “ဂျူနီယာညီလေးရန်က အရမ်းကို ယဉ်ကျေးလွန်းနေတာပဲ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဂျူနီယာညီလေးရန်ကပဲ ငါနဲ့ငါရဲ့ ဂျူနီယာညီမလေးကို ကယ်တင်ပေးခဲ့တာလေ။ ဂျူနီယာညီလေးရန်ကြောင့်သာ မဟုတ်ရင် အခုအချိန်လောက်ဆို ငါတို့ နှစ်ယောက်စလုံး အလောင်းကောင်တွေ ဖြစ်နေလောက်ပြီ။ ငါတို့ကပဲ ဂျူနီယာညီလေးကို အသက်ကြွေး တင်နေခဲ့တာပါ”
“မင်းတို့က ရန်ကိုင်ရဲ့ သူငယ်ချင်း ဆိုမှတော့ ဒီဒေါင်ချင်းဟန်ရဲ့ သူငယ်ချင်းပဲပေါ့” ဒေါင်ချင်းဟန်က ပြုံးကာ လက်သီးဆုပ် နှုတ်ဆက်လိုက်တယ်။ ရန်ကိုင်ရဲ့ မိတ်ဆွေလို့ ခေါ်တဲ့လူတွေက အကျိုးအမြတ်ကြောင့် သူနဲ့ ပေါင်းသင်းနေတာ မဟုတ်မှန်း ဒေါင်ချင်းဟန် သိပါတယ်။
ထိုလူတွေကို ရန်ကိုင်က အခြားလူတွေထက် ပိုပြီး မျက်နှာသာ ပေးပါတယ်။ ယေဘုယျကျကျ ပြောရမယ် ဆိုရင်တော့ အင်အားစုကြီးတွေက သခင်လေးတွေမှာ ဘုံပြဿနာတစ်ခုစီ ရှိကြပါတယ်။ အခြားလူတွေက သူတို့ဆီ ချဉ်းကပ်လာကြတဲ့အခါ ထိုလူတွေက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့များ ရောက်လာတာလား၊ သူတို့တွေက ဘာအကျိုးအမြတ် ပေးစွမ်းနိုင်လဲ ဆိုတာကို အရင်ဆန်းစစ် ကြပါတယ်။
ထို့ကြောင့် ဒေါင်ချင်းဟန်က ထိုလူနှစ်ယောက်ကို လေးလေးနက်နက်နဲ့ ဆက်ဆံနေတာပါ။
“ဒီတော့ ဒါက သခင်လေးဒေါင်ပေါ့” ချန်ယွဲ့ရှုက ဒေါင်ချင်းဟန်ရဲ့ နာမည်ကို ကြားခဲ့ဖူးတဲ့ ပုံပါပဲ။ လက်သီးဆုပ်ကာ ခပ်မြန်မြန်ပဲ ပြန်နှုတ်ဆက်လိုက်တယ်။
“ခရမ်းဖန်းတောင်ကြားက ဖန်ဟောင်”
“ညီအစ်ကိုဖန်ကို နှုတ်ဆက်ပါတယ်”
“ချူမိသားစုက ချူရီမန်ပါ” ချူမိသာူစုရဲ့ ပထမသခင်လေးက ယဲ့ယဲ့လေး ပြုံးလိုက်တယ်။ သူမက မြင့်မြတ်ပြီး ကျက်သရေရှိတဲ့ အရှိန်အဝါကို ပေးစွမ်းလို့ နေခဲ့တယ်။
ချန်ယွဲ့ရှုက ရုတ်တရက် ကြက်သေသေသွားခဲ့ပြီး စုရှောင်းယုကတော့ အံ့အားသင့်တကြီးနဲ့ ချူရီမန်ကို ငေးစိုက် ကြည့်နေခဲ့တယ်။
“ဒီတော့ ဒီက သခင်မလေးချူပေါ့၊ ကျုပ်တို့ သခင်မလေးချူရဲ့ နာမည်ကို ကြားခဲ့ဖူးတာ ကြပါပြီ။ သခင်မလေးချူကိုလည်း လေးစားနေခဲ့တာပါ” ဒါက ဖားယားပြောနေတာ မဟုတ်ပါဘူး။ သူ့စိတ်ထဲက လာတဲ့အတိုင်း ချန်ယွဲ့ရှု ပြောနေခဲ့တာပါ။
ချူရီမန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။ သူမအကြည့်ကတော့ နင်သာ ငါ့ကို အမှုမထားတာ၊ ဒီလောကကြီး တစ်ခုလုံးမှာ ငါ့ကို လေးစားနေတဲ့ လူတွေမှ အများကြီးလို့ ပြောနေသယောင်ယောင်။
စားပွဲဝိုင်းမှာ ထိုင်နေတဲ့ လူအားလုံးကို ရန်ကိုင် မျက်နှာကြောင့် ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ နှစ်ယောက်ကို ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။ လူဆောင်း တစ်ယောက်သာ အထင်အမြင် သေးတဲ့ အမူအရာနဲ့ ထိုင်ရာကနေ တစ်ချက်ကလေးတောင် မကြွပဲ ထိုင်နေမြဲ ထိုင်နေခဲ့တာပါ။
ဒါပေမယ့် ချန်ယွဲ့ရှုက လူဆောင်းဘက် လှည့်ပြီး ဆက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ် “ဒီကသခင်လေး နာမည်ကိုများ မေးလို့ရမလား…”
ထိုလူက သူနဲ့သူ့ရဲ့ ဂျူနီယာညီမလေးကို ရွံရှာနေတယ် ဆိုတာကို သူသတိထားမိပါတယ်။ ခန်းမထဲ ဝင်လာခဲ့တုန်းက သူ့ဂျူနီယာညီမလေးကို လှောင်ပြောင်လိုက်တဲ့ လူကလည်း သူပါပဲ။ ဒါပေမယ့် ဒုတိယအဆင့်က လာခဲ့တဲ့ လူတစ်ယောက်ကို ပထမအဆင့် အင်အားစုက သခင်လေး တစ်ယောက်က အထင်အမြင်သေးတာ ဘာမှ မထူးဆန်းမှန်း သူသိပါတယ်။ ထိုကြောင့် အခြားလူတွေရဲ့ သဘောထားနဲ့ ပက်သက်ပြီး သူ့စိတ်ထဲ မကျေမနပ် မဖြစ်မိတာပါ။
တကယ်တော့ ဒီနေရာမှာ ရှိနေတဲ့ လူအားလုံးက နောက်ပိုင်းကျ အတူတူ ပူးပေါင်း အလုပ်လုပ်ရ တော့မှာလေ။ အဖွဲ့သား အချင်းချင်းသာ အချင်းများနေခဲ့ရင် ဒီနေရာရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရန်ကိုင်ကိုပဲ ပြဿနာများစေမှာပါ။
ချန်ယွဲ့ရှုက ကိုယ့်ကိုယ်ကို နိမ့်ချပြီး ယဉ်ယဉ်ကျေးကျေးနဲ့ သွားနှုတ်ဆက်သော်လည်း လူဆောင်းကတော့ တစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။ ဘာမှ မကြားသည့်အလား သူ့လက်ဖက်ရည်ကိုသာ အထင်အမြင် သေးသေးနဲ့ ဆက်ပြီး စုပ်သောက်နေခဲ့တယ်။
ထိုမြင်ကွင်းကို ကြည့်နေတဲ့ ရန်ကိုင် နှုတ်ခမ်းအစုံက အေးစက်စက် အပြုံးတစ်ခု အဖြစ်သို့ ကွေးတက်သွားခဲ့တယ်။
ချက်ချင်းဆိုသလို ချူရီမန်ကို သူလှမ်းကြည့်လိုက်တယ်။
သူ့အထင်အမြင်အရ လူဆောင်းက ချူရီမန်ရဲ့ ဝမ်းကွဲ ဖြစ်နေတုန်းပါပဲ။ သူ့အိမ်မှာ သူလုပ်ချင်သလို လာပြုမူဖို့ လူဆောင်းကို ဘယ်သူကမျာ သတ္တိတွေ ပေးလိုက်တာလဲလို့ ရန်ကိုင်က မေးချင်နေတာပါ။
ချူမိသားစုက ပထမသခင်မလေးနဲ့ အကြည့်ချင်း ဆုံသွားတဲ့အချိန်မှာတော့ ချူရီမန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့မျက်ဝန်းထဲက အေးစက်မှုတို့ကလည်း ပိုပြီး ပြင်းထန်လာခဲ့တယ်။
ချန်ယွဲ့ရှုက တစ်ခဏလောက် ကြာအောင် စောင့်နေခဲ့ပေမယ့် လူဆောင်းကတော့ စကားတစ်ခွန်းတောင် အဖက်လုပ် ပြန်မပြောခဲ့ပါဘူး။ ထို့ကြောင့် သူ့စိတ်ထဲ ရှက်လာခဲ့ပြီး စိတ်ရှည်ရှည်နဲ့ နောက်တစ်ကြိမ် ထပ်မေးလိုက်တယ် “ဒီကညီအစ်ကိုကို ကျုပ်စော်ကားရန်စ မိတာများ ရှိခဲ့လို့လား။ ရှိခဲ့တယ် ဆိုရင် ဒီက သခင်လေးကပဲ စိတ်သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ကျုပ်ဘက်က တောင်းဆိုပါတယ်”
ထိုစကားကို ကြားလိုက်တာဲ့ စုရှောင်းယု မျက်ရည် ဝဲသွားခဲ့တယ်။ သူမမှာ ငိုချင်စိတ်ကို မနည်းအောင့်အည်း ထိန်းနေခဲ့ရပါတယ်။
ချန်ယွဲ့ရှုက သူမရဲ့ စီနီယာအစ်ကိုဆိုလည်း ဟုတ်၊ ချစ်ရတဲ့ ဘဝလက်တွဲဖော် တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ လူဆောင်းရဲ့ အခုလိုမျိုး လှောင်ပြောင်ခြင်း ခံရတာနဲ့တင် သူမမျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားနေရပါပြီ။ အခု သူ့မ ချစ်ရတဲ့သူက ခေါင်းကိုယ်ငုံ့၊ ကိုယ်ကိုညွတ်ကိုင်းပြီး တောင်းပန်နေတာကို မြင်တော့ သူမစိတ်မကောင်းမဖြစ်ပဲ ဘယ်နေပါ့မလဲ။
အထူးသဖြင့် တစ်ဖက်လူက သူမတို့ကို အကြောင်းပြချက် မရှိပဲ လျစ်လျူရှုနေတဲ့ အခါမျိုးမှာပေါ့။
မျက်ရည်လေး ဝဲတဲတဲနဲ့ စုရှောင်းယုက ရန်ကိုင်ဘက် လှည့်ပြီး အသနားခံလိုက်တယ်။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး စကားအချို့ကို တိုးတိုးလေး ပြောလိုက်တယ်။ ရန်ကိုင် ဘာပြောလိုက်လဲ ဆိုတာကို သူမ မသိပေမယ့် သူ့မျက်ဝန်းထဲက အဓိပ္ပါယ်ကိုတော့ သူမ နားလည်ပါတယ်။
“စိတ်မပူနဲ့” ရန်ကိုင်က ဘေးကနေပဲ ငြိမ်ကြည့်နေမှာ မဟုတ်မှန်း သိလိုက်တာနဲ့ စုရှောင်းယု စိတ်အေးသွားခဲ့တယ်။ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး မျက်ခမ်းထောင့်က မျက်ရည်တွေကို သုတ်လိုက်ကာ တိတ်တိတ်လေး ငြိမ်နေလိုက်တယ်။
ချန်ယွဲ့ရှုက ဒုတိယအကြိမ် မေးလာတဲ့ အခါမှတော့ လူဆောင်းက သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အထက်စီးဆန်ဆန်နဲ့ ခေါင်းခါလိုက်ကာ “ဘာမှ ဒီလောက် လေးနက်နေစရာ မလိုပါဘူး။ မင်းငါ့ကို ရန်စခဲ့တာလည်း မရှိပါဘူး။ ငါက လူတွေနဲ့ သိပ်ပြီး ဆက်ဆံရေး မကောင်းတာ တစ်ချက်ပဲ ရှိတာပါ။ အထူးသဖြင့် ကိုယ်နေရာကိုယ်မသိတဲ့ လူတွေနဲ့ပေါ့”
ချန်ယွဲ့ရှုရဲ့ အမူအရာ တောင့်တင်းသွားခဲ့ပေမယ့် ဆက်ပြီးတော့သာ ပြုံးနေလိုက်ပြီး ပြန်ပြောလိုက်တယ် “အဲ့လိုလား၊ ဒီချန်က အရမ်းကို ရဲတင်းလွန်းသွားခဲ့တာပဲ”
နောက်ဆုံးမှာတော့ လူဆောင်းက မေးမော့လိုက်ပြီး ချန်ယွဲ့ရှုကို ငုံ့ကြည့်လိုက်ကာ ရယ်မောကာ မေးလိုက်တယ် “မင်းက လရောင်ပြန်ဂိုဏ်းကမလား”
“ဟုတ်ပါတယ်၊ ကျုပ်တို့ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမ နှစ်ယောက်က လရောင်ပြန်ဂိုဏ်းကနေ လာခဲ့တာပါ”
“အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မင်းတို့နဲ့အတူ လူဘယ်နှစ်ယောက် ခေါ်လာခဲ့လဲ”
ချန်ယွဲ့ရှုမျက်နှာ ခွတီးခွကျ ဖြစ်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြန်ပြောလိုက်တယ် “အခု လောလောဆယ်တော့ ကျုပ်နဲ့ ကျုပ်ရဲ့ ဂျူနီယာညီမလေးတို့ပဲ ရှိပါသေးတယ်။ ဒါပေမယ့်…”
သူပြောလို့ မပြီးသေးခင်မှာပဲ လူဆောင်းက ကြားဖြတ် လှောင်ပြောင်လိုက်တယ်။
လူမိသားစု သခင်လေးက မတ်တပ်ရပ်လိုက်ပြီး လက်နောက်ပစ်ရင်း မေးလေးမော့ကာ အထက်စီးဆန်ဆန် ဂုဏ်ယူဝံ့ကြွားသည့် အမူအရာမျိုးနဲ့ “မင်းတို့ နှစ်ယောက်စလုံးက… အစစ်အမှန်ဒြပ်စင်အဆင့်၇ ကျင့်ကြံသူတွေပဲ မလား။ ဒီလို သေးနုပ်တဲ့ ခွန်အားလေးနဲ့ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ဖို့ ထိုက်တန်တယ်လို့ မင်းတို့ ထင်နေတယ်ပေါ့။ ဒါက ကလေးကစားပွဲတစ်ခုလို့ မင်းတို့ ထင်နေတာလား”
ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်းကြီး လှောင်ပြောင်တာ ခံလိုက်ရတဲ့ အခါမှာတော့ ချန်ယွဲ့ရှုလည်း တိတ်ဆိတ် သွားခဲ့တယ်။ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာတစ်ခုလုံး ရဲရဲနီလာခဲ့တယ်။
လူဆောင်းက ယုံကြည်ချက်အပြည့်နဲ့ ချူရီမန်ဆီ တစ်ချက် လှမ်းကြည့်လိုက်တယ်။ ချူမိသားစု သခင်မလေးက ထောက်ခံသည့် ပုံစံမျိုးနဲ့ သူ့အား ပြန်ပြုံးနေတာကို တွေ့လိုက်ရတော့ လူဆောင်း ပိုပြီး ရဲတင်းသွားခဲ့ပြီး သံကို ပူနေတုန်း ထုရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါတို့လူမိသားစုက ဒီအမွေခံတိုက်ပွဲအတွက် ဘယ်လောက်တောင် ရင်းနှီးခဲ့ရလဲ ဆိုတာကို မင်းတို့သိလား” လူဆောင်းက ချန်ယွဲ့ရှုကို အထင်တသေး ကြည့်လိုက်ပြီး “အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ပညာရှင် နှစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၄ တစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ နှစ်ယောက်၊ အစစ်အမှန် ဒြပ်စင်အဆင့် အယောက်၂၀ကျော်နဲ့ မရေမတွက်နိုင်တဲ့ အထောက်အပံ့တွေကို ရင်းခဲ့တာကွ”
Martial Peak
အပိုင်း(၄၃၉) ထွက်သွားစမ်း
ခန်းမတစ်ခုလုံး လူဆောင်းအသံနဲ့ပဲ ညံနေခဲ့တယ်။
ဒေါင်ချင်းဟန်နဲ့ ဖန်တောင်ဆို့ နှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြတယ်။ သူတို့နှစ်ယောက်စလုံးက လူဆောင်းလို မရူးကြပါဘူး။ သူတို့ တစ်ခုခုကို နားလည်သွားခဲ့ပါပြီ။ ဒါပေမယ့် ချူရီမန်ရော၊ ရန်ကိုင်ပါ ဘာတစ်ခွန်းမှ မပြောသေးတဲ့အတွက် သူတို့လည်း ဝင်ရှုပ်ဖို့ မစဉ်းစားခဲ့ပါဘူး။ အဲ့အစား ဘေးကနေပဲ ရပ်ကြည့်နေဖို့ ဆုံးဖြတ်လိုက်တယ်။
ချူရီမန် မျက်လုံးထဲက ချီးကျူပ်ရိပ်တို့ကို သတိပြုမိ လိုက်တာနဲ့ လူဆောင်းက ပိုပြီး မာန်တက်သွာခဲ့ပြီး စော်ကားမော်ကားနဲ့ ပြောဆိုလိုက်တယ် “အကျိုးအမြတ် လိုရင်ချင် မင်းတို့ဘက်ကနေ အရင်ဆုံး လုံလုံလောက်လောက် ရင်းနှီးမြှပ်နှံရမှာပေါ့ကွ။ ဒီလောက် လူအင်အားနဲ့ အရင်းအမြစ်တွေတောင် ယူမလာနိုင်ဘူးလား။ အိုး၊ ငါတောင်းပန်ပါတယ်၊ မင်းတို့ ဒုတိယအဆင့် အင်အားစုတစ်မှန်း ငါမေ့သွားခဲ့တယ်။ မင်းတို့မှာ ဒီလောက်ခွန်အား ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့ လူမိသားစုရဲ့ တစ်ဝက်လောက်ကိုတော့ မင်းတို့ ခေါ်လာ၊ သယ်လာသင့်တာပေါ့။ ဒီလောက်လေးတောင် မလုပ်နိုင်ရင် ဒီကနေ လေးဘက်ထောက်ပြီး ပြန်သွားဖို့ပဲ ငါမင်းတို့ကို အကြံပေးလိုက်ချင်တယ်”
“သခင်လေး” လူမိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ပညာရှင်ရဲ့ နဖူးထက် ချွေးအေးတို့ သီးကျနေခဲ့လေပြီ။ သူက လူဆောင်းလို ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိတဲ့ လူတစ်ယောက် မဟုတ်တဲ့အတွက် အခြေအနေတွေက မမှန်တော့ဘူး ဆိုတာကို အလျင်အမြန်ပဲ တွေ့ရှိသွားခဲ့ပါတယ်။ အထူးသဖြင့် ရန်ကိုင် မျက်ဝန်းထဲက အေးစက်မှုနဲ့ မကျေနပ်မှုတို့ကို ခံစားမိလိုက်တဲ့ အချိန်မှာပေါ့။
သူတို့ မိသားစုရဲ့ သခင်လေးက တစ်ဖက်လူ အိမ်ကိုလာပြီး ထင်ထိုင်းကြဲနေခဲ့ကာ ရန်ကိုင်ရဲ့ မိတ်ဆွေကိုလည်းလည်း တစ်ဖက်သား မျက်ရည် ကျလောက်တဲ့အထိ ဖိနှိပ် အနိုင်ကျင့်နေခဲ့ပါတယ်။ ဒါက ရန်ကိုင် မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ပါဘူးလား။
ပိုဆိုးသွားတာက ရန်ကိုင်က ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ကို မိတ်ဆက်ပေးတဲ့ အချိန်တုန်းက သူ့လေသံက လုံးကို ညင်သာနေခဲ့တာပါ။
ထိုနှစ်ယောက်က အားမကောင်းလှသလို သူတို့ရဲ့ အဆင့်အတန်းကလည်း မြင့်မားခြင်း မရှိပေမယ့် ရန်ကိုင်က ထိုနှစ်ယောက်ကို တော်တော်လေး တန်ဖိုးထားပါတယ်။
သူသာ လူဆောင်းကို သူ့စိတ်ထင်ရာ ဆက်ပြောခိုင်းနေမယ် ဆိုရင် အခြေအနေတွေက ပိုပြီး ဆိုးရွားလာဖို့ပဲ ရှိပါတော့တယ်။
“သခင်လေး ပြောတာ စကားပြောရတာ တော်တော် များသွားပြီ ဆိုတော့ လက်ဖက်ရည်လေး သောက်ပြီး ပြန်အနားယူလိုက်ပါလား” အားလုံးရဲ့ အကြည့်ရှေ့ တိုက်ရိုက်ကြီး မပြောနိုင်တဲ့အတွက် လူဆောင်ကို သွယ်ဝိုက်ပြီး သတိပေးဖို့ပဲ တတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် လူဆောင်းက သူ့ရဲ့ သက်တော်စောင့် အချက်ပြနေတာကို မမြင်ခဲ့ပါဘူး။ ချန်ယွဲ့ရှုနဲ့ စုရှောင်းယုတို့ နှစ်ယောက်ကိုသာ အထင်တသေးနဲ့ စော်ကားမော်ကား ပြောဆိုဆက်ခံ နေခဲ့ပါတယ်။
ချန်ယွဲ့ရှုရဲ့ မျက်နှာ အရုပ်ဆိုးသထက် ဆိုးလာခဲ့တယ်။
“လူဆောင်း” ရန်ကိုင်က လူမိသားစု သခင်လေးကို စိုက်ကြည့်ပြီး အေးစက်စက်လေသံနဲ့ ရုတ်တရက် အော်ခေါ်လိုက်တယ်။
“သခင်လေးကိုင်က ဘာများ ညွှန်ကြားချင်လို့ပါလဲ မသိဘူး” လူဆောင်းက ပြောနေတာကို ချက်ချင်း ရပ်လိုက်ပြီး ရန်ကိုင်ကို ခပ်မြန်မြန်ပဲ ပြန်မေးလိုက်တယ်။ ချန်ယွဲ့ရှုကို ပြဿနာရှာရဲပေမယ့် ရန်ကိုင်ကိုတော့ တိုက်ရိုက်ကြီး သွားပြဿနာ မရှာရဲပါဘူး။
“ထွက်သွားတော့”
“အန်” လူဆောင်း အမူအရာရှံ့မဲ့သွားခဲ့ပြီး ရန်ကိုင်ကို နားမလည်နိုင်သည့် ဟန်နဲ့ စိုက်ကြည့်နေလိုက်တယ်။
“မင်းကို အသက်သုံးဆယ်ရှိုက်စာ အချိန်ပေးမယ်။ အဲ့အချိန်အတွင်း ငါ့အိမ်ကနေ ထွက်မသွားသေးဘူး ဆိုရင်တော့ ငါမင်းကို ဒီနေရာမှာ တစ်သက်လုံး နေရအောင် လုပ်ပေးလိုက်မယ်” ရန်ကိုင်က အလွန်အမင်း လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ အေးစက်ကာ သတ်ဖြတ်ချင်သည့် အရိပ်အယောင်တို့ကလည်း သူ့မျက်ဝန်းထဲ တလျှပ်လျှပ် ဖြတ်ပြေးနေခဲ့တယ်။
လူဆောင်း လုံးဝကို ကြောင်အသွားခဲ့ရလေပြီ။ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူ့အိမ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးပါဘူး။ ရန်ကိုင် စကားက ရှင်းပါတယ်၊ ဒါပေမယ့် ထိုစကားကပဲ သူ့ကို ပိုပြီး နားမလည်နိုင် ဖြစ်သွားစေခဲ့တာပါ။ သူ နှင်ထုတ်နေတဲ့ လူက လရောင်ပြန်ဂိုဏ်းက ကပ်ပါးနှစ်ကောင် မဟုတ်ပဲ သူ့ကို ဖြစ်နေခဲ့ပါတယ်။
“သခင်လေးကိုင် နောက်နေတာလား” လူဆောင်းပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး သူ့မျက်နှာ တဖြည်းဖြည်း နီမြန်းလာခဲ့တယ်။ သူသာ လူအများရှေ့မှာ ရန်ကိုင် မောင်းထုတ်တာကို ခံလိုက်ရမယ်ဆိုရင် သူ့မျက်နှာ ဘယ်သွားထားရ တော့မှာတုန်း။
“မင်း ရူးနေတာလား” လူဆောင်းက ရန်ကိုင်က မယုံသင်္ကာနဲ့ စိုက်ကြည့်လိုက်ရင်း ပြန်အော်လိုက်တယ် “ငါရဲ့ လူမိသားစုက မင်းအမွေခံတိုက်ပွဲ အနိုင်ရဖို့ ဒီလောက် ရင်းနှီးပေးထားခဲ့ရတာကို မင်းက ငါ့ကို မောင်းထုတ် ချင်နေတာလား။ ငါတို့ရဲ့ အထောက်အပံ့ကို မလိုချင်တော့တာလား”
ရန်ကိုင်က ပြန်မဖြေခဲ့ပဲ အေးစက်စက်နဲ့သာ ဆက်ပြီး စိုက်ကြည့်လိုက်တယ်။
ရန်ကိုင်ရဲ့ အေးစက်စက် အကြည့်ကြောင့် လူဆောင်း မသိမသာလေး တုန်ရင်သွားခဲ့တယ်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်မေးလိုက်တယ် “ငါရဲ့ ဝမ်းကွဲက မင်းကို ကူညီဖို့ ဒီနေရာကို ရောက်လာခဲ့တာနော်။ သူမက မင်းရဲ့ အထောက်အပံ့ကြီးတွေထဲက တစ်ခုဆိုလည်း ဟုတ်တယ်။ ငါ့ကို မောင်းထုတ်လိုက်လို့ သူမပါ လိုက်ထွက်သွားမှာကို မင်းမကြောက်ဘူးလား”
“သူမက မင်းကို ထောက်ပံ့ပေးတဲ့အထိ ရူးမိုက်နေရင်လည်း တစ်ခါတည်း ထွက်သွား၊ အေးတာပဲ’ ရန်ကိုင်က ခပ်ပြင်းပြင်းလေး လှောင်ပြောင်လိုက်တယ် “အသက်၂၀ရှိုက်စာ”
အခုအချိန်၌ ချူရီမန်က မျက်ခွံလေးသာ လှန်ထားခဲ့တယ်။
“ဝမ်းကွဲ…” နောက်ဆုံးမှာတော့ လူဆောင်း ထိတ်လန့် ချောက်ချားလာခဲ့ပြီး အပိုစကားတွေ အများကြီး ပြောခဲ့မိတာကို နောင်တရလာခဲ့ကာ ချူရီမန်ဆီ လှမ်းကြည့်လိုက်ပြီး အကူအညီ တောင်းခံလိုက်တယ်။
ဒါပေမယ့် ချူရီမန်ကတော့ သက်ပြင်းသာ ချလိုက်ပြီး “လူဆောင်း၊ နင်ထွက်သွားသင့်တယ်။ သူက ပြောတဲ့အတိုင်း လုပ်တဲ့ လူပဲ။ ငါကူပြောပေးလို့လည်း ဘာမှ ထူးသွားမှာ မဟုတ်ဘူး။ နင်သူနဲ့ဆက်ပြီး ကပ်ဖဲ့ပြောနေဦးမယ်ဆိုရင် ငါတောင် နင့်ကို ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး”
“ဒါပေမယ့်…”
“၁၅” ရန်ကိုင်က သတိပေးလိုက်တယ်။
“သခင်လေး၊ သွားကြစို့” ထိုစကားကို ပြောလိုက်ပြီးတာနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၇ ကျင့်ကြံသူက အံတင်းတင်းကြိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။ လူဆောင်းက ဒီအဖြစ်အပျက် နောက်ကွယ်က ရည်ရွယ်ချက်ကို မသိပေမယ့် သူကတော့ သိပါတယ်။ ဆက်ပြီး ပြောနေလို့လည်း ဘာမှ ထူးလာမှ မဟုတ်ပါဘူး။ မြန်မြန် ထွက်သွားလိုက်တာကပဲ ပိုပြီး ကောင်းမွန် ပါလိမ့်မယ်။
လူဆောင်း ကူကယ်ရာမဲ့စွာနဲ့ အရှက်ခွဲခံရတာကို ကြည့်ရင်း စုရှောင်းယု အလွန်အမင်း စိတ်လှုပ်ရှား သွားခဲ့ပြီး လက်သီးတင်းတင်း ဆုပ်လိုက်မိတယ်။
သူမ စော်ကားလှောင်ပြောင် ခံခဲ့ရတာကို ဆယ်ဆပြန်ပေးလိုက်ရသလိုမျိုး ရန်ကိုင်ကို ကျေးဇူးတင်တင်နဲ့ လှမ်းကြည့်လိုက်တယ်။
စံအိမ်အပြင်ဘက်၌ လူဆောင်းက စိတ်ဆိုး ဒေါသထွက်ထွက်နဲ့ ဆဲဆိုလိုက်တယ် “ခွေးသူတောင်းစား၊ ငါက သူ့အတွက် လူတွေနဲ့ အထောက်အပံ့ ပစ္စည်းတွေ သယ်လာခဲ့ပေးတာကို သူက လူအများကြီးရှေ့မှာ စံအိမ်ထဲကနေ ငါ့ကို မောင်းထုတ်ခဲ့တယ်။ မင်းက ဒီလိုဆိုမှတော့ ငါကလည်း မင်းဇာတ်အတိုင်း လိုက်ကပေးရမှာပေါ့။ မင်းဒီနေ့ လုပ်ခဲ့တဲ့ အကြောင်းကို ငါသတင်းပြန်ဖွပြမယ်။ မင်းဆီ ဘယ်သူလာပေါင်းရဲမလဲ ကြည့်ရသေးတာပေါ့”
ခန်းမှာထဲမှာတော့ ချူရီမန်က ခေါင်းခါလိုက်ပြီး ခါးခါးသီးသီးနဲ့ ပြုံးလိုက်တယ်။ လူဆောင်းရဲ့ ဆိုးရွားလွန်းလှတဲ့ စွမ်းဆောင်ရည် ကြောင့်သာ မဟုတ်ရင် သူမလည်း သူ့ကို ဒီအနေအနေထိရောက်အောင် ကြိုးဆွဲခဲ့မှာ မဟုတ်ပါဘူး။ လူမိသားစုက ချူမိသားစုရဲ့ လက်အောက်ခံ အင်အားစု တစ်ခုဖြစ်နေသေးတဲ့အတွက် သူတို့ကို မျက်နှာသာပေးဖို့ လိုအပ်ပါသေးတယ်။ မျှော်လင့်ချက်သာ ရှိနေရင် ချူရီမန်က လူဆောင်းကို ဒီမှာ နေခိုင်းခဲ့မှာပါ။
ဒါပေမယ့် လူဆောင်းက နောင်တရမရတဲ့အပြင် ရန်ကိုင်ကိုပါ ပြန်ပြီး ခြိမ်းခြောက်သွားခဲ့တာကို မြင်တော့ ချူရီမန်လည်း ငါဆုံးဖြတ်တာ မှန်သွားတယ်လို့ စိတ်ထဲကနေ တိတ်တဆိတ် တွေးတောမိလိုက်တယ်။ သူ့ကို အခုနေ ထွက်သွားခိုင်းရအောင် လုပ်လိုက်တာက သူ့အတွက် မျက်နှာပျက်ရုံပဲ ရှိမှာပါ။ ဒါပေမယ့် သူ့ကိုသာ ဒီမှာ ဆက်နေခိုင်းခဲ့ရင် နောက်ဆုံး ရန်ကိုင် သတ်တာ ခံရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
“နင်ဘာလို့ သူ့ကို အားပေးအားမြှောက် ပြုခဲ့တာလဲ” ရန်ကိုင်က ချူရီမန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ လူဆောင်းက တကယ်ကို သောက်ငတုံး တစ်ကောင်ပါ။ ဒါပေမယ့် ချူရီမန်သာ သူ့ကို အားပေးအားမြှောက် မပြုခဲ့ရင် သူလည်း အခုလိုမျိုး လုပ်ရဲခဲ့မှာ မဟုတ်ပါဘူး။
သူ့ရဲ့ ဘယ်သူကိုမှ သောက်ဂရုမစိုက်ပဲ ပြုမူနေပုံကို ထောက်ရင်တော့ စုရှောင်းယုနဲ့ ချန်ယွဲ့ရှုတို့ကို သူသွားကြိုနေတုန်း ချူရီမန်က လူဆောင်းကို မြှောက်ပေးလိုက်တာပဲ ဖြစ်ရပါမယ်။
“အင်း၊ ငါ့သူ့ကို စကားလေး တစ်ခွန်း၊ နှစ်ခွန်းလောက် ပြောခဲ့တာလေ” ချူရီမန်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် သူထွက်သွားတာ မကောင်းဘူးလား။ နင်လည်း သူ့ကို ဒီမှာ နေစေချင်တာ မဟုတ်ဘူးမလား”
“ဟုတ်တယ်၊ ငါက သူ့ကို ထွက်သွား စေချင်နေတာ။ ဒါပေမယ့် သူက လက်ဆောင်ကောင်းတွေ အများကြီး သယ်လာတော့ ငါ့မှာလည်း သူ့ကို ထွက်သွားဖို့ ပြောရခက် ဖြစ်နေခဲ့တာ” ရန်ကိုင်က အပြုံးလေး ပြုံးရင်း ပြောလိုက်တယ်။
“ဒါဆို နင်ငါ့ကိုတောင် ကျေးဇူးတင်သင့်သေးတယ်။ မဟုတ်ဘူလား” ချူရီမန်က ပြန်ပြုံးပြလိုက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။
ရန်ကိုင်နဲ့ စကားပြောတဲ့အခါ သူမအနေနဲ့ ယဉ်ကျေးနေစရာ မလိုပါဘူး။ ထိုလူက အရမ်းကို အကင်းပါးပြီး အားကောင်းလှပါတယ်။ သူမ သူ့ကိုမပြောလည်း သူက သိပြီးသားပါ။
ရန်ကိုင်က သူမပြောတာကို မကြားသလို ဟန်နဲ့ ချန်ယွဲ့ရှုဘက်လှည့်ပြီး ပြောလိုက်တယ် “ညီအစ်ကိုချန်ကို ဒုက္ခရောက်အောင် လုပ်မိလိုက်သလို ဖြစ်သွားခဲ့ပြီ”
ချန်ယွဲ့ရှုက ရှက်ရွံ့နေတဲ့ ဟန်နဲ့ ခေါင်းလေး ကုတ်လိုက်တယ်။ ရန်ကိုင်နဲ့ ချူရီမန်တို့ရဲ့ စကား အသွားအလာအရ သူက ပဲလှော်ကြား ဆားညှပ်ခဲ့ရတဲ့ လူတစ်ယောက် ဖြစ်သွားတဲ့ပုံပါပဲ။
ဒါပေမယ့် ထိုကိစ္စကို သူစိတ်ထဲမထားပါဘူး။ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြုံးပြလိုက်ပြီး “ဂျူနီယာညီလေးရန်ကို ကူညီပေးနိုင်တာနဲ့တင် ဒီက စီနီယာအစ်ကိုအတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ။ ဒီက စီနီယာအစ်ကိုက နားကလောစရာကောင်းတဲ့ စကားလေးတွေပဲ နားထောင်ခဲ့ရတာပါ။ ထုတ်ပြောနေစရာတောင် မလိုပါဘူး”
မျက်မှောင်လေး ကြုံ့လိုက်ပြီး ချန်ယွဲ့ရှုက ထပ်ပြောလိုက်တယ် “ဒါပေမယ့် သူ့ကို ဒီအတိုင်း မောင်းထုတ်လိုက်တာက ဂျူနီယာညီလေးရန်ရဲ့ ဂုဏ်သတင်းကို မထိခိုက်သွားစေဘူးလား”
ရန်ကိုင်က ဘာမှအရေးမကြီးကြောင်း လက်ဝှေ့ရမ်းပြလိုက်ပြီး ပြန်ပြောလိုက်တယ် “သူဒီမှာ ရှိနေရင် ပိုပြီး ပြဿနာတက်မှာ။ သူ့ရဲ့ ပင်ကိုယ်စရိုက်က အရမ်းကို ဆိုးလွန်းတယ်။ သူက စီနီယာအစ်ကိုကို အခု ပစ်မှတ်မထားဘူး ဆိုရင်တောင် နောက်ပိုင်းကျ ကျန်တဲ့ လူတွေနဲ့ ကျိန်းသေ ပြဿနာတက်လိမ့်မယ်။ ငါခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သွားနိုင်တဲ့ အဖြစ်မျိုး မရောက်စေဖို့ အဲ့ငါးခုံးမကို အရင်ဆုံး ရှင်းထုတ်ထားနိုင်ရင် အကောင်းဆုံးပဲလေ။ သူက ချူရီမန်ရဲ့ ဝမ်းကွဲဆိုပေမယ့် သူမကိုယ်တိုင်တောင် သူ့ကို ဒီမှာရှိစေချင်တာ မဟုတ်ဘူး”
ချူရီမန်က အထင်အမြင် သေးစွာနဲ့ ပြန်ခွန်းတုန့် ပြန်လိုက်တယ် “ငါ့ကို လာဆွဲမထည့်နဲ့။ ငါက ရက်စက်ပြီး ကောက်ကျစ်တဲ့ မြေပွေးတစ်ကောင်လို့ နင်ထင်နေတာလား။ နောက်ဆုံး သူ့ကို မောင်းထုတ်ခဲ့တဲ့လူက နင်ကိုယ်တိုင်ပဲလေ။ အခု လူလျန်ဆီ ငါပြန်ပြီး ရှင်းပြရတော့မယ်… ဟူး… ငါ့ရဲ့ အခက်အခဲတွေကို လူလျန် နားလည်နိုင်ဖို့ မျှော်လင့်ရတာပဲ။ အခြားတစ်ယောက်ကို မလွှတ်ပဲ သူ့လို ဆန်ကုန်မြေလေး တစ်ယောက်ကို ဘာလို့ လွှတ်လိုက်ရတာလဲ မသိဘူး…”
ချူရီမန် ရင်ဆိုင်နေတာကို နားထောင်ရင်း အားလုံး တိတ်ဆိတ်နေခဲ့တယ်။
ထိုအချိန်မှာပဲ အပြင်ဘက်က အစစ်အမှန်ချီ မငြိမ်မသက် ဖြစ်လာခဲ့ပြီး တိုက်ပွဲဖြစ်သည့် အသံတို့ ထွက်ပေါ်လာခဲ့တယ်။
ရုတ်တရက်ကြီး ဘာလို့ တိုက်ပွဲဖြစ်နေမှန်း နားမလည်တဲ့အတွက် အားလုံး အံ့အားသင့်သွားခဲ့ရတယ်။ ရန်ကိုင်က သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို ခပ်မြန်မြန်ပဲ ထုတ်လွှတ်လိုက်ပြီး အပြင်မှာဘာတွေ ဖြစ်နေလဲ ဆိုတာကို စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူ့အမူအရာ ပြန်လည် တည်ငြိမ်သွားခဲ့တယ်။ ချူရီမန်ဆီ လှမ်းကြည့်လိုက်ပြီး “လူဆောင်းကို ဒီလောက် မြန်မြန် မောင်းထုတ်နိုင်အောင် နင်ကူညီပေးခဲ့တာကို ငါတကယ်ပဲ ကျေးဇူးတင်သွားပြီ..သိလား”
“အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ” ချူရီမန်က တအံ့တဩနဲ့ ပြန်မေးလိုက်တယ်။
ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံးလည်း စိတ်ရှုပ်သွားခဲ့တယ်။
“လုံးဝ ရန်မစသင့်တဲ့ လူတစ်ယောက်ကိုမှ သွားရန်စတာလေ” ရန်ကိုင်က ထပ်ပြီး လှောင်ပြောင် ပြောဆိုလိုက်တယ် “ဒီလိုပုံစံမျိုးနဲ့ ဒီလောက်ကြာအောင် သူဘယ်လို အသက်ရှင်ခဲ့လဲ ဆိုတာကို ငါတကယ် သိချင်မိသား”
ရန်ကိုင် ပြောလို့ပြီးတဲ့ အချိန်မှာပဲ အပြင်ဘက်က တိုက်ပွဲသံတို့ တစ်ဖန်ပြန်လည် ငြိမ်ကျသွားခဲ့တယ်။ ထို့နောက် လူဆောင်းရဲ့ နာနာကျင်ကျင် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့တယ်။
“အပြင်မှာ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ” ချူရီမန်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ လူဆောင်းရဲ့ နာနာကျင်ကျင် အော်သံကြီးကို ကြားလိုက်တာနဲ့ ချူရီမန် ဖင်ငြိမ်အောင် မထိုင်နိုင်တော့ပါဘူး။ တကယ်တော့ လူဆောင်းက သူမရဲ့ ဝမ်းကွဲတစ်ယောက် ဖြစ်နေတုန်းပဲလေ။
“ငိုးမ၊ ခွေးသူတောင်းစား၊ မင်းကများ ငါ့အဖေရဲ့ ပစ္စည်းတွေကို လာပြီး မျက်စိကျရဲတယ်” သူတို့ ရင်းနှီးနေတဲ့ အသံတစ်သံ အပြင်ကနေ ထွက်ပေါ်လာခဲ့တယ်။ မကြာခင်မှာပဲ ဟော်ရှင်းချန်က ဒေါသထွက်နေတဲ့ ပုံစံနဲ့ ဆဲရေးတိုင်းထွာရင်း ခန်းမထဲကို လမ်းလျှောက် ဝင်လာခဲ့တယ် “ဒီသခင်လေးက ဘယ်သူမှန်းတောင် သူမသိဘူးလား။ အဲ့ခွေးကောင်ရဲ့ သတ္တိက မသေးပါလား”
အထဲဝင်လာပြီးနောက် ဟော်ရှင်းချန်က အော်လိုက်တယ် “ဟေးရန်ကိုင်၊ အဲ့ခွေးသူတောင်းစားနဲ့ ပက်သက်ပြီး ဘာမှားနေတာလဲ။ အဲ့ကောင် ငါ့ကို မြင်တာနဲ့ စကားတစ်ခွန်းတောင် မပြောပဲ လာပြီး ဓါးပြတိုက်ဖို့ ကြိုးစားနေတယ်ကွ”
“မင်းကို ဘာများ ဓါးပြတိုက်စရာ ရှိလို့လဲ” ရန်ကိုင် စိတ်ရှုပ်သွားခဲ့တယ်။ ကောင်းကင် စိတ်အာရုံသုံးပြီး စစ်ဆေးကြည့်ခဲ့ပေမယ့် ယေဘုယျ အခြေအနေကိုပဲ သိခဲ့ရပြီး ဘာတွေ တကယ် ဖြစ်နေလဲ ဆိုတာကိုတော့ မသိခဲ့ရပါဘူး။
“ဒီသခင်လေးရဲ့ ရတနာတွေလေ” ဟော်ရှင်းချန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အော်ဟစ်လိုက်တယ် “အားလုံးကို သယ်လာခဲ့”
ချက်ချင်းဆိုသလို လူတစ်အုပ်က သေတ္တာများစွာကို သယ်လာပြီး ကြမ်းပြင်ပေါ် ချထားလိုက်တယ်။
ထို့နောက် ဟော်ရှင်းချန်က ခါးထောက်လိုက်ပြီး အထင်အမြင် သေးသေးနဲ့ ပြောလိုက်တယ် “ဒီပစ္စည်းတွေကို ငါ့ဆီကနေ လာဓါးပြတိုက်ချင်နေတယ် ဆိုတော့ အဲ့ခွေးသူတောင်းစား ရူးနေတာပဲ ဖြစ်ရမယ်”
ချူရီမန်က ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်း ချလိုက်ပြီး အလျင်စလို မေးလိုက်တယ် “နင်သူ့ကို ဘာလုပ်လိုက်လဲ”
“နံရိုး နှစ်ချောင်းသုံးချောင်းလောက် ချိုးပြီး အပြင်ကို လွှင့်ပစ်လိုက်တယ်လေ” ဟော်ရှင်းချန်က မထူးခြားနားဟန်ဖြင့် ပြန်ပြောလိုက်တယ်။
နဖူးလေး ပွတ်လိုက်ရင်း ချူရီမန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး မဲ့ပြုံးပြုံးကာ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။
လူဆောင်းက သူယူလာခဲ့တဲ့ ပစ္စည်းတွေ အကုန်လုံး ဆုံးရှုံးခဲ့ရတဲ့အတွက် ဒေါသထွက်သွားနေတဲ့ အချိန်မှာပဲ ဟော်ရှင်းချန်နဲ့ တည့်တည့်သွားတိုးခဲ့တယ်။ ဟော်ရှင်းချန်က ပစ္စည်းကောင်းများစွာ သယ်လာတော့ သူဆုံးရှုံးခဲ့ရတာတွေ အတွက် ဟော်ရှင်းချန်ဆီက သူဓါးပြတိုက်ချင်ခဲ့တယ်။ သူ့ဘက်မှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ကျင့်ကြံသူ နှစ်ယောက် ရှိနေခဲ့ပေမယ့် ဟော်ရှင်းချန်မှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူ နှစ်ယောက်ပဲ ပါလာခဲ့တယ်။ ထို့ကြောင့် ဟော်ရှင်းချန်ဆီက ပစ္စည်းတွေကို အလွယ်တကူ ဓါးပြတိုက်လို့ ရမယ်လို့ လူဆောင်း ထင်မှတ်သွားခဲ့တာပါ။
ဒါပေမယ့် ဟော်ရှင်းချန်နဲ့ အတူ ပါလာတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူ နှစ်ယောက်က သာမန်ထက် ပိုပြီး ထူးကဲတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေ ဖြစ်နေလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် သူနားလည်သွားတဲ့ အချိန်မှာတော့ အရမ်းကို နောက်ကျသွားခဲ့ပါပြီ.
ကံကောင်းစွာနဲ့ ရန်ကိုင် ခြံဝန်းအတွင်းမှာ လူသတ်ရင် ရန်ကိုင် ဂုဏ်သတင်းကို ထိခိုက်မှာ စိုးတဲ့အတွက် ဟော်ရှင်းချန်က လူဆောင်းကို အသက်ချမ်းသာ ပေးလိုက်ပါတယ်။
ချူရီမန် အကျဉ်းချုံး ရှင်းပြတာကို နားထောင်ပြီးနောက် ဟော်ရှင်းချန်က နားလည်သွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး “အဲ့တော့ အဲ့ကောင်စုတ်က နင့်ဝမ်းကွဲ ဖြစ်နေတာပေါ့။ ငါ့သူ့ကို သက်ညှာပေးလိုက်တာ ကံကောင်းသွားတယ်၊ မဟုတ်ရင် သူသေနေလောက်ပြီ။ ချူရီမန်၊ နင့်မှာ ဒီလို ရူးနှမ်းနေတဲ့ ဝမ်းကွဲတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေတာလဲ”
“အဲ့အကြောင်း ပြောတာ တော်လောက်ပြီ၊ မနေ့ညတုန်းက နင်ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။ အခုအထိ နင်ဘယ်ရောက်နေခဲ့တာလဲ ဆိုတာကိုလည်း မပြောရသေးဘူးနော်” ချူရီမန်က ခပ်မြန်မြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်တယ်။
ဟော်ရှင်းချန်ရဲ့ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး လေသံတိုးတိုးနဲ့ ပြန်ပြောလိုက်တယ် “အိပ်ပြန်ပြီး လူအိုကြီး ဆီကနေ လူနဲ့အထောက်အပံ့အချို့ သွားတောင်းတာလေ”
“နင့်အဖေက မိသားစုက ပညာရှင်တွေနဲ့ အရင်းအမြစ် တွေကို နင့်ဆီ တကယ်ပဲ ပေးလိုက်တယ်ပေါ့” ချူရီမန်က ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။ ဟော်မိသားစုသာ ရန်ကိုင်ကို ထောက်ပံ့ပေးမယ် ဆိုရင် သူ့ခွန်အားက တော်တော်လေး တိုးတက်သွားမှာပါ။
“သူမထောက်ပံ့ချင်ရင်တောင် ထောက်ပံ့ရမှာပဲလေ” ဟော်ရှင်းချန်က အနည်းငယ် ရှက်နေတဲ့ ပုံစံလေးနဲ့ ပြောလိုက်တယ်။ ထို့နောက် သေတ္တာတွေ ရှိရာဆီ လမ်းလျှောက် သွားလိုက်ပြီး သေတ္တာအဖုံးတွေကို ဖွင့်လိုက်ပြီးနောက် ရန်ကိုင်ဘက်လှည့်ကာ ပြောလိုက်တယ် “မင်းဘာသာမင်းကြည့်တော့၊ ဆေးပစ္စည်းတွေ ပါတဲ့ သေတ္တာတစ်လုံး၊ လက်နက်သန့်စင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ပါတဲ့ သေတ္တာတစ်လုံး။ အားလုံးက အနည်းဆုံး ကောင်းကင် အဆင့်တွေချည်းပဲ။ ဆန်းကြယ်အဆင့် နည်းနည်းတောင် ပါသေးတယ်။ ပြီးတော့ ဖော်စပ်ပြီးသား ဆေးလုံးတွေ ပါတဲ့ သေတ္တာတစ်လုံး၊ ဆေးသေတ္တာတွေထဲမှာ ကုသရေးဆေးလုံးတွေ၊ ကျင့်ကြံဖို့အတွက် အသုံးပြုတဲ့ ဆေးလုံးတွေ၊ အစစ်အမှန်ချီ ပြန်ဖြည့်အတွက် အသုံးပြုနိုင်တဲ့ ဆေးလုံးတွေ အကုန်ပါတယ်။ ပြီးတော့ လက်နက်တွေ ပါတဲ့ သေတ္တာတစ်လုံးလည်း ရှိသေးတယ်။ အင်း… လက်နက် အဆင့်က အရမ်းကြီး မမြင့်ပေမယ့် မြေကမ္ဘာအဆင့် လက်နက်တွေ ဆိုတော့ မင်းရဲ့ လူတွေအတွက်တော့ အသုံးဝင်လောက်မှာပါ”
သေတ္တာထဲမှာ ပါတဲ့ ပစ္စည်းအားလုံးကို ရှင်းပြပြီးနောက် ဟော်ရှင်းချန်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ် “သေတ္တာလေးလုံး ဒါမှမဟုတ် ဒီသခင်လေး၊ မင်းကြိုက်တာရွေးလိုက်”
Martial Peak
အပိုင်း(၄၄၀) နောက်ရောက်လာမယ့် လူများ
ဟော်မိသားစု သခင်လေးက တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်တယ်။
သူ့စကားကို ကြားလိုက်တာနဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ အကြည့်က သူနဲ့ရန်ကိုင်ဆီ ရောက်ရှိလာခဲ့တယ်။ ဟော်ရှင်းချန်နဲ့ ရန်ကိုင်ကြား ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး တစ်ခုခု ရှိနေတဲ့ ပုံပါပဲ။
ရင်းသားကြီးတဲ့ မိန်းမနှစ်ယောက် ဖြစ်တဲ့ လန်ချူးတျယ်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံး အလွန်အမင်း အံ့အားသင့်သွားခဲ့ကြပြီး ပါးစပ်လေးကို လက်လေးနဲ့အုပ်ရင်း ရန်ကိုင်ကိုကြည့်လိုက်၊ ဟော်ရှင်းချန်ကို ကြည့်လိုက် လုပ်နေခဲ့ကြတယ်။
ရန်ကိုင် အမူအရာ မည်းမှောင်သွားခဲ့တယ်။ ဟော်ရှင်းချန် ပြောလိုက်တဲ့ စကားကြောင့် အားလုံး နားလည်မှု လွဲသွားတာကို မြင်တော့ ရန်ကိုင်က အကျယ်ကြီး ပြန်အော်ပြောလိုက်တယ် “သေသေချာချာ ရှင်းပြလိုက်”
သူပြောလိုက်တဲ့ စကားနဲ့ ပက်သက်ပြီး တစ်ခုခု မှားယွင်းနေမှန်း ဟော်ရှင်းချန်လည်း နားလည်လိုက်တယ်။ ထို့ကြောင့် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး ပြန်ရှင်းပြလိုက်တယ် “နားလည်မှု မလွဲကြပါနဲ့လို့၊ မနေ့တုန်းက ညီအစ်ကိုရန်နဲ့ငါ အလောင်းအစား လုပ်ခဲ့ကြတယ်၊ မနေ့ညကို သူကျော်ဖြတ်နိုင်၊ မကျော်ဖြတ်နိုင် ဆိုတာကိုပေါ့။ ဒါပေမယ့် ဒီသခင်လေးရဲ့ မျက်လုံးတွေက အမြင်မစူးရှတော့ ရန်ကိုင်နဲ့ အလောင်းအစားကို ရှုံးနိမ့်ခဲ့ရတယ်လေ”
“လောင်းကြေးတွေကဘာလဲ” ချူရီမန် ရုတ်တရက် စိတ်ဝင်စားသွားခဲ့တယ်။ ရန်ကိုင်နဲ့ ဟော်ရှင်းချန်တို့ ဘာတွေကို လောင်းကြေးထပ်ခဲ့လဲ သူမလည်း သိချင်မိသွားခဲ့တယ်။
“ငါရှုံးရင်၊ ငါ့ရဲ့ ရွှေရောင်ငှက်မွှေး သိမ်းငှက်က သူ့အပိုင် ဖြစ်သွားလိမ့်မယ်။ သူရှုံးသွားခဲ့ရင်တော့…ဟဲဟဲ” ရန်ကိုင်က ပြုံးဖြီးဖြီးနဲ့ ဟော်ရှင်းချန်ကို ကြည့်လိုက်ကာ “ဟော်မိသားစု သခင်လေးက ကိုယ်တုံးလုံးချွတ်ပြီး စစ်ပွဲမြို့တော်ကို ဆယ်ပတ် ပတ်ပြေးရမယ်”
တစ်ခဏတာ တိတ်ဆိတ်သွားခဲ့ပြီး အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး ပွဲကျသွားခဲ့ကြတယ်။ မိန်းမငယ်လေးတွေ ဆိုရင်လည်း ရှက်သွေးဖြန်းဖြန်း ဖြာလို့ပေါ့။ ဟော်မိသားစု သခင်လေးက မွေးလာတုန်းကလိုမျိုး ကိုယ်တုံးလုံးနဲ့ စစ်ပွဲမြို့တော်ထဲ ပတ်ပြေးနေတဲ့ပုံစံကို တွေးရင်း အားလုံး မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြတယ်။
“ရှုံးတာက ရှုံးတာပဲလေ။ ကြော်ညာနေစရာ မလိုပါဘူး” ဟော်ရှင်းချန်က အလွန်အမင်း စိတ်ဓါတ်ကျနေတဲ့ လေသံနဲ့ ပြောလိုက်တယ်။ ရုတ်တရက် သူ့လေသံက လေးနက်သွားခဲ့ပြီး ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “ရန်ကိုင်၊ မင်းရွေး၊ ဒီပစ္စည်းတွေကို လိုချင်တယ် ဆိုရင် ငါတို့ကြားက အလောင်းအစား ကြေအေးပေးရလိမ့်မယ်။ မင်းက ငါ့ကို ကိုယ်တုံးလုံးနဲ့ ပြေးစေချင်သေးတယ် ဆိုရင်တော့ ဒီသခင်လေးက ဒီမှာပဲ အဝတ်တွေ ချွတ်ပြီး စစ်ပွဲမြို့တော်ကို ဆယ်ပတ် ပတ်ပြေးပြမယ်။ ဒါပေမယ့် ဒီပစ္စည်းတွေ၊ ဒီလူတွေနဲ့ ဒီသခင်လေးကိုယ်တိုင်ပါ ဒီနေရာကနေ အပြီးတိုင် ထွက်ခွါသွားမှာ”
ထိုကဲ့သို့ ပြောပြီးတာနဲ့ ဟော်ရှင်းချန်က သူ့ရဲ့ ခေါက်ယပ်တောင်လေးကို ထုတ်လိုက်ပြီး ဟိတ်ဟန်တကြီးနဲ့ ယပ်ခပ်လိုက်ရင်း “ဒီသခင်လေးက အလောင်းအစား လုပ်ရဲမှာတော့ ငါ့စကားကို ငါတည်မှာကို မယုံမရှိနဲ့”
ပြောနေတဲ့ အချိန်အတွင်း သူ့အမူအရာက လုံးဝကို ပေါ့ပေါ့ပါးပါးပါပဲ။ နည်းနည်းလေးတောင် စိုးရိမ်နေတဲ့ပုံ မပေါက်ပါဘူး။ ရန်ကိုင်က သူခေါ်လာတဲ့ လူတွေနဲ့ ယူလာတဲ့ ပစ္စည်းတွေကို ရွေးလိမ့်မယ်လို့ ဟော်ရှင်းချန် အပိုင်တွက်ပြီးသားပါ။
စစ်ပွဲမြို့တော်ကို သူကိုယ်တုံးလုံးနဲ့ ဆယ်ပတ်ပတ်ပြေးလို့ ရန်ကိုင်အတွက် ဘာမှ အကျိုးမရှိသွားပါဘူး။ ဒါပေမယ့် သူယူလာတဲ့ ပစ္စည်းတွေနဲ့ လူတွေက ရန်ကိုင်အား အမွေခံတိုက်ပွဲကို နိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီပေးနိုင်ပါတယ်။ ရန်ကိုင်က အရူးမဟုတ်တဲ့အတွက် ဘာကိုရွေးသင့်လဲ ဆိုတာကို သူသိပါတယ်။
ရန်ကိုင်က နွေးနွေးထွေးထွေးနဲ့ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်တယ် “အဲ့လိုဆိုမှတော့၊ သခင်လေးဟော်.. ကျေးဇူးပြုပြီး အဝတ်အစားတွေကို ချွတ်လိုက်ပါ”
ဟော်ရှင်းချန် အမူအရာ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားခဲ့တယ်။ ယပ်တောင်ခတ်နေတဲ့ သူလက်လည်း ဖြည်းဖြည်းချင်း တန့်သွားခဲ့ပြီး ခါးခါးသီးသီးနဲ့ ပြန်ပြောလိုက်တယ် “သခင်လေးကိုင်… အဲ့လိုမျိုး မလုပ်နဲ့လေ… ငါတို့ကြားမှာ ရန်ကြွေး ရှိတာလည်း မဟုတ်ပဲနဲ့၊ မင်းဘာလို့ ငါ့ကို ဒီလောက်တောင် ရက်စက်ချင်ရတာလဲကွာ”
အနားမှာ ရှိနေတဲ့ ချူရီမန်က တခစ်ခစ်နဲ့ ရယ်မောနေခဲ့တယ်။
ဟော်ရှင်းချန် ချူရီမန်ဘက် လှည်ပြီး လှမ်းအကူအညီ တောင်းလိုက်တယ် “ချူရီမန်၊ ငါ့အစား စကားလေး တစ်ခွန်း၊ နှစ်ခွန်းလောက် ကူပြောပေးပါဦး။ ငါဒုက္ခရောက်နေတာကို နင်ဒီအတိုင်း ထိုင်ကြည့်ဖို့ပဲ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်”
ဒါပေမယ့် ချူရီမန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး လေးလေးနက်နက်နဲ့ ပြန်ပြောလိုက်တယ် “ဒီလူကို ငါလည်း ကူပြောမပေးနိုင်ဘူး။ နင်လည်း သူ့အကြောင်း သိပြီးသားပဲလေ”
ဟော်ရှင်းချန်က လူအုပ်ကြီးကို အရူးအမူး ဝေ့ပတ်ကြည့်လိုက်ပြီး နောက်ဆုံး သူ့အကြည့်က အနီးအနားမှာ ထိုင်နေတဲ့ ဒေါင်ချင်းဟန်ဆီ ရောက်ရှိသွားခဲ့တယ်။ ချက်ချင်းပဲ ဒေါင်ချင်းဟန် ပြေးသွားလိုက်ပြီး အကူအညီ တောင်းဖို့ ကြိုးစားပြန်ပါတယ် “ဒီက ဝတုတ်အစ်ကိုကြီး၊ မင်းက ရန်ကိုင်နဲ့ ရင်းနှီးတယ်မလား။ ငါ့ကို နည်းနည်းပါးပါးလောက် ကူပြောပေးပါဦးလားကွာ…”
ဒေါင်ချင်းဟန် အမူအရာ ရှုံ့မဲ့သွားခဲ့တယ်။ ဝတုတ်အစ်ကိုကြီး ဆိုတဲ့စကားကို ကြားလိုက်တဲ့အချိန် ဆေးခါးကြီး တစ်ခုကို စားလိုက်ရသလို ဒေါင်ချင်းဟန် ခံစားလိုက်ရတယ်။ ဒါပေမယ့် ဟော်ရှင်းချန်ရဲ့ အခေါ်အဝေါ်နဲ့ ပက်သက်ပြီး မကျေနပ်ဘူး ဆိုရင်တောင် တစ်ဖက်လူရဲ့ အဆင့်အတန်းကြောင့် သူ့အနေနဲ့ ဟော်ချင်းရန်ကို ပိတ်တီးလို့ မရတဲ့အတွက် ခါးသီးတဲ့ အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ် “သခင်လေးဟော်၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဒီလို ကိစ္စတွေနဲ့ ပက်သက်လာရင် ဒီတစ်ယောက်ရဲ့ စကားက သိပ်ပြီး အကျုံးမဝင်တော့ဘူး သခင်လေးဟော်ရဲ့…”
သူက အကြောင်းပြချက် ရှာဖို့ ကြိုးစားစဉ် ဟော်ရှင်းချန်က သူ့ဘေးနားက လန်ချူးတျယ်ကို စိုက်ကြည့်နေတာကို မြင်တော့ ဒေါင်ချင်းဟန် ပိုပြီး စိတ်ညစ်သွားခဲ့ရတယ်။ ဗဟိုမြို့တော် မြေခွေး မျက်လုံးထဲက အတိတ်နိမိတ် မကောင်းတဲ့ အရိပ်အယောင်ကို မြင်လိုက်ရတာနဲ့ ဒေါင်ချင်းဟန်လည်း မနေနိုင်တော့ပဲ ချောင်းဟန့်လိုက်တယ်။
“လှလိုက်တာ” ဟော်ရှင်းချန်က တုန့်ဆိုင်းခြင်းမရှိ ချီးကျူးလိုက်တယ်။ ထို့နောက် ဘေးဘီဝဲရာကို လှည့်ပတ် ကြည့်လိုက်တဲ့အချိန် လော့ရှောင်မန်ကိုပါ သူထပ်တွေ့ သွားခဲ့တယ်။ သူ့မျက်ဝန်းထဲ အလင်းရောင်က ပိုပြီး အားကောင်းလာခဲ့ပြီး သူ့နှာခေါင်းပေါက်ကနေ လေပူတွေ ထွက်လာတော့မလားတောင် ထင်ရပါတယ်။
လော့ရှောင်မန်က ဖန်ဟောင်နောက် ခပ်မြန်မြန်ပဲ ဝင်ပုန်းလိုက်တယ်။
ဒီလိုမျိုး အားလုံးရှေ့ ပေါ်တင်ဘူးထတဲ့ လူမျိုး သူမတစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ သူလို့လူမျိုးက ရန်ကိုင်ထက်တောင် ပိုပြီး အရှက်မဲ့ပါသေးတယ်။
“ရန်ကိုင်၊ ဒီလူတွေက မင်းရဲ့ မဟာမိတ်တွေလား” ဟော်ရှင်းချန်က ရုတ်တရက် ကောက်မေးလိုက်တယ်။
“ဟုတ်တယ်၊ သူတို့အားလုံး ဒီနေ့ပဲ ရောက်လာခဲ့တာ”
ဟော်ရှင်းချန်ရဲ့ မျက်နှာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး ရန်ကိုင်ရှေ့ဆီ လမ်းလျှောက် သွာလိုက်ကာ လက်သီးဆုပ်လျက် ပြောလိုက်တယ် “သခင်းကိုင်၊ အစောပိုင်းတုန်းက အလောင်းအစားက ငါဟော်ရှင်းချန် အမြင်မရှိလို့ ဖြစ်ခဲ့ရတာပါ။ သခင်လေးကိုင် မင်းက ငါ့တို့ အားလုံးရဲ့ ခေါင်းဆောင် ဖြစ်တော့ ဒီလို ဘာမှမဟုတ်တဲ့ ကိစ္စတွေကို စိတ်ထဲမထားဖို့ ငါတောင်းဆိုပါရစေ။ တကယ်တော့ ငါက လူဆိုးလူသွမ်း သခင်လေး တစ်ယောက်ပဲလေ။ မင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ မနေ့ညတုန်းက၊ ငါ့အမှားတွေကို သေချာ ပြန်စဉ်းစားခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ဗဟိုမြို့တော်ဆီ အပြေးပြန်ပြီး ငါ့အိမ်က လူအိုကြီး ဆီကနေ မင်းကို ထောက်ပံ့ပေးဖို့ ပစ္စည်းအင်အားရော၊ လူရော မရမက တောင်းလာခဲ့တာပေါ့။ အခုကနေစပြီး ငါဟော်ရှင်းချန်က မင်းပေးတဲ့ အမိန့်တွေကို လိုလိုလားလားနဲ့ နာခံပါံမယ်။ ကောင်းကင်ဘုံး တစ်ခုလုံးကို မုန်တိုင်း ထန်အောင် လုပ်ပြီး ငရဲတံခါးဂိတ်ဆီ စစ်ချီရမယ် ဆိုရင်တောင် မင်းငါ့ကို မစွန့်ပစ်ခဲ့ဖို့ပဲ တောင်းဆိုပါတယ်”
ပြောပြီးတာနဲ့ ကြမ်းပြင်ပေါ် ရုတ်တရက် ထိုင်ချလိုက်ပြီး ပြောလိုက်တယ် “ဘာပဲဖြစ်ဖြစ်၊ ငါက ဒီကိုတောင် ရောက်နေပြီ ဆိုမှတော့ ငါ့ကို နှင်ထုတ်စရာ မလိုတော့ပါဘူး”
ချူရီမန်က ခေါင်းခါရမ်းလိုက်ပြီး သက်ပြင်းလေး ချရင်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကာ ပြောလိုက်တယ် “သူ့ကို ထွက်သွားခိုင်းတာကမှ ပိုပြီး ကောင်းဦးမယ်နဲ့တူတယ်။ သူသာ ရှိနေရင် ဒီမှာ ရှိနေတဲ့ ဘယ်မိန်းကလေးမှ စိတ်အေးနိုင်မှာ မဟုတ်ဘူး”
ရန်ကိုင်က ချက်ချင်းပဲ ခေါင်းညိတ်လိုက်ပြီး “ငါလဲ အဲ့လိုပဲ တွေးနေတာ”
“သခင်လေးကိုင်၊ သခင်မလေးချူ၊ ငါဘာအမှားမှ မလုပ်ခဲ့ဖူးလေ။ မင်းတို့ ငါ့ကို ဘာလို့ ဒီလောက်တောင် ရက်စက်ရက်တာလဲကွာ” ဟော်ရှင်းချန်က မတရားခံရတဲ့ ပုံစံမျိုးနဲ့ ပြန်မေးလိုက်တယ်။ မရေမတွက်နိုင်တဲ့ မိန်းမများစွာနဲ့ သူဆော့ကစား ဖူးပေမယ့် လန်ချူးတျယ်နဲ့ ချူရှောင်မန်လို အဆင့်ရှိတဲ့ မိန်းမတွေကို တွေ့ဖို့က တကယ်ကို ရှားပါလွန်းပါတယ်။ သူတွေ့ခဲ့တဲ့ မိန်းမတွေ အားလုံးကလည်း သူ့ရဲ့အဆင့်အတန်းနဲ့ ပိုက်ဆံကို မက်တာ သက်သက်ကြောင့်ပါပဲ။
“ကောင်းပြီ ကောင်းပြီ” ရန်ကိုင် သက်ပြင်းချလိုက်တယ်။ ထိုကောင်နဲ့ ဒီကိစ္စအကြောင်း ဆက်ပြောရမှာ သူအရမ်းကို ပျင်းရိလွန်းနေပါပြီ။ ထို့ကြောင့်ပဲ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်တယ် “ပစ္စည်းတွေကို သိုလှောင်ခန်းဆီ မင်းလူတွေကို သယ်သွားခိုင်းလိုက်”
ဒီလောက် များပြားတဲ့ လူတွေနဲ့ ပစ္စည်းတွေ သယ်လာဖို့ကို အသာထား၊ ဟော်ရှင်းချန်က သူ့ကို အတည်ပေါက်ကြီး ထောက်ပံ့ပေးမယ်လို့ကိုတောင် ရန်ကိုင် တစ်ခါမှ မျှော်လင့်ထားခဲ့တာ မဟုတ်ပါဘူး။
ဟော်ရှင်းချန်လို အထိန်းအကွပ် မရှိတဲ့ လူမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သူ့ကို အရင်ဆုံး ခံစားသွားရအောင် လုပ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် နောင်ပိုင်းကျ သူဘယ်တော့မှ နာနာခံခံနဲ့ ရှိလိမ့်မှာ မဟုတ်ပါဘူး။
သူမျှော်လင့်နေတဲ့ စကားတွေကို ကြားလိုက်ရတဲ့ အခါမှာတော့ ဟော်ရှင်းချန် အူမြူးသွားခဲ့ပြီး ကြမ်းပြင်ပေါ်ကနေ ခပ်မြန်မြန် ကုန်းထလိုက်ကာ သူ့နဲ့အတူ လိုက်လာတဲ့ လူတွေကို လှမ်းအော်ပြောလိုက်တယ် “မင်းတို့ ဘာတွေလုပ်နေတာ၊ ပစ္စည်းတွေကို သိုလှောင်ခန်းဆီ ယူသွားလိုက်လေ။ ပြီးတော့ တစ်ခုခုလုပ်မယ်ဆို သေချာ စဉ်းစားပြီးတော့မှ လုပ်နော်။ ဟော်မိသားစုက ဖြစ်လို့ အခြားသူတွေကို အနိုင်ကျင်လို့ ရမယ်ဆိုပြီး တွေးမနေနဲ့။ ဒီနေရာမှာ ရှိတဲ့လူအားလုံးက မဟာမိတ်တွေပဲ နားလည်လား”
“နားလည်ပါတယ်” ဟော်မိသားစုက လူတွေက တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြပြီး ပစ္စည်းတွေကို သယ်ကာ အလျင်စလို ထွက်သွားလိုက်ကြတယ်။
သူ့ကိစ္စပြီးသွားတာနဲ့ သခင်လေးဟော်က ပါးစပ် နားရွက်တက်ချိန်မတတ် ပြုံးလိုက်ပြီး လော့ရှောင်မန်ဆီ သွားလိုက်ကာ ရယ်ရယ်မောမောနဲ့ မေးလိုက်တယ် “မိန်းမလှလေး၊ နင့်နာမည် ငါသိလို့ရမလား”
လော့ရှောင်မန် ကြောက်လန့်သွားခဲ့ပြီး ချက်ချင်း ဆိုသလိုပဲ ချူရီမန်ဆီ ပြေးသွားလိုက်ကာ သူမရဲ့ အင်္ကျီလေးကို ကိုင်ရင်း “အစ်မချူ…”
ကံမကောင်းစွာနဲ့ လော့ရှောင်မန်ရဲ့ ကူကယ်ရာမဲ့၊ ကြောက်လန့်နေတဲ့ အမူအရာလေးက ဟော်ရှင်းချန်ရဲ့ ရမက်မီးကို ပိုပြီး တောက်လောင် သွားစေခဲ့ပါတယ်။
သူမ ညီမလေး အနိုင်ကျင့်ခံရတာကို မမြင်ရက်တာနဲ့၊ ချူရီမန်က သူမရဲ့ လက်လေးကို ပုတ်ပေးလိုက်ပြီး ဟော်ရှင်းချန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ လှောင်ပြောင်လိုက်တယ် “ငါ့ညီမအကြောင်း နည်းနည်းလေးတောင် မစဉ်းစားနဲ့နော်၊ မဟုတ်ရင် နင့်အဆုံးသတ်က မတွေးရဲစရာ ဖြစ်သွားရလိမ့်မယ်”
ဟော်ရှင်းချန်က အသက်မပါရတဲ့ ရယ်သံနဲ့ ရယ်မောလိုက်ရင်း ခေါင်းညိတ်လိုက်ကာ “ဒီတော့ ဒီက သခင်မလေးမှာ နောက်ခံကောင်းကောင်း ရှိနေတာပဲ။ စိတ်ချပါ၊ နင်က ချူရီမန်ရဲ့ ညီမလေး ဆိုမှတော့ ငါနင့်အပေါ် အကွက်မရွှေ့ဘူးလို့ ကတိပေးပါတယ်”
ဟော်ရှင်းချန်က သူ့နောက်ပစ်မှတ်နား မချဉ်းကပ်ရ သေးခင်မှာပဲ လန်ချူးတျယ်က လမင်းတစ်စင်းလို တောက်ပစွာ ပြုံးလိုက်ပြီး ပြောလိုက်တယ် “ငါက ရန်ကိုင်ရဲ့ စီနီယာအစ်မနော်”
ထိုစကားကို ကြားလိုက်တာနဲ့ ဟော်ရှင်းချန် ခလုတ်လိုက် လဲကျလုမတတ် ဖြစ်သွားခဲ့တယ်။
“ပြဿနာ ရှာဖို့ လုပ်မနေနဲ့” ချူရီမန် နှာခေါင်းရှုံ့လိုက်တယ်။ “နင်နှာကြီးမှန်း ငါတို့သိတယ်။ ဒါပေမယ့် ဒီအတိုင်းအတာထိတော့ နင်နှာမထသင့်ဘူး။ ပြီးတော့ နင့်ရဲ့ ဟော်မိသားစု သခင်လေးဆိုတဲ့ အဆင့်အတန်းနဲ့ ဆိုရင် နင်ကြိုက်တဲ့ မိန်းမလှလေးကို ရှာယူလို့ ရတယ်လေ။ ဒီလို အပေါစား နည်းလမ်းတွေပဲ သုံးနေဦးမယ် ဆိုရင်တော့ နင့်အရှက်နင်ခွဲနေသလိုပဲ ဖြစ်နေလိမ့်မယ်”
ဟော်ရှင်းချန်က ခေါင်းကို ကုတ်လိုက်ပြီး ကိုးယိုးကားယား အမူအရာနဲ့ ပြုံးကာ ပြောလိုက်တယ် “သူတို့ငါ့ကို အရှက်မရှိဘူးလို့ပဲ မြင်မြင်၊ ငါ့မကောင်းကြောင်းတွေပဲ ပြောပြော၊ ငါ့အသားပဲ့ပါသွားတာမှ မဟုတ်တာ”
ပြောပြီးတာနဲ့ ပုခုံးတွန့်လိုက်ပြီး အနားမှာ ရှိတဲ့ ထိုင်ခုံတစ်ခုံကို ယူထိုင်လိုက်တယ်။ သူ့မျက်နှာထက်က အထက်စီးဆန်ဆန် မောက်မာသည့် အမူအရာက တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့ပါတယ်။
သူစိတ်ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ ချူရီမန်က အသာအယာလေး ပြုံးပြီး ပြောလိုက်တယ် “ရန်ကိုင်၊ နင့်အိမ်ကို ဘယ်လို စီမံမလဲ ဆိုတာနဲ့ပက်သက်ပြီး နင်အစီအစဉ် စဆွဲသင့်ပြီလို့ ငါထင်တယ်။ ဒီအိမ်ကြီးက နောက်ပိုင်းဆိုရင် ပိုပိုပြီး စည်းကားလာတော့မှာ။ မနေ့တုန်းကတော့ ဒီစံအိမ်တစ်ခုလုံးက ခြောက်ကပ်ပြီး ချောက်ချားစရာ ကောင်းနေခဲ့တာ။ ဒါပေမယ့် ဒီနေ့လည်းကျရော အင်အားစုကြီး သုံးခုက နင့်ဆီ လာပူးပေါင်းခဲ့တယ်။ ကျန်တဲ့ သခင်လေးတွေတောင် နင့်လောက် ဆွဲဆောင်အား မကောင်းဘူး။ လူအများကြီး မရှိသေးပေမယ့် အများစုက အချင်းချင်း သိပ်ပြီး ရင်းနှီးကြတာ မဟုတ်ဘူး။ လူတွေသာ ပိုပိုပြီး ရောက်လာခဲ့လို့ သူတို့ကိုသာ သေသေချာချာ နေရာချထား မပေးရင် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တယ်နော်”
ရန်ကိုင်က ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းကာ ပြောလိုက်တယ် “နင်ရှိနေမှတော့ ဒီလိုကိစ္စတွေကို ငါဝင်ပါစရာ လိုသေးလို့လား”
ချူရီမန်ရဲ့ မျက်ဝန်းအစုံ မသိမသာလေး မှေးကျဉ်းသွားခဲ့ပြီး “နင်ငါ့ကို အိမ်တော်ထိန်း တစ်ယောက် အဖြစ် လုပ်စေချင်နေတာလား”
“သခင်မလေးချူက လွဲပြီး အခြားတစ်ယောက် လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး” ဒေါင်ချင်းဟန်က ဝင်ပြောလိုက်တယ် “ချူမိသားစုရဲ့ ပထမသခင်မလေးသာ အိမ်တော်ထိန်း လုပ်မယ်ဆိုရင် ကျုပ်တို့ ဒေါင်မိသားစုဘက်က ကန့်ကွက်စရာ မရှိပါဘူး”
“ခရမ်းဖန်းတောင်ကြားလည်း အတူတူပါပဲ” ဖန်ဟောင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
နှစ်ယောက်စလုံးက အင်းအားတူတဲ့ ပထမအဆင့် အင်အားစု နှစ်ခုကို ကိုယ်စားပြုပေမယ့် ချူရီမန် ရှေ့မှာတော့ နှစ်ယောက်စလုံး ယဉ်ယဉ်ကျေးကျေးနဲ့ပါ။ ဒီမိန်းမပျိုလေးက ဗဟိုမြို့တော် လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ရုံမကလို့ သူမရဲ့ အမြင်စူးရှမှုနဲ့ ခွန်အားကလည်း မေးခွန်းထုတ်စရာ မလိုတဲ့အထိပါပဲ။ ရှိနေတဲ့ လူတွေ အားလုံးထဲမှာ သူမတစ်ယောက်သာ အိမ်တော်ထိန်း ဖြစ်ဖို့ အသင့်တော်ဆုံးပါ။
“ပြောရမှာ ရှက်ပေမယ့် ကျုပ်တို့ စီနီယာအစ်ကိုနဲ့ ဂျူနီယာညီမလေးတို့ အတွဲကလည်း သခင်မလေးချူရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အဆင့်သင့်ပါပဲ။ နောက်ရောက်လာမယ့် လူတွေပဲ အတူတူပဲ ဖြစ်မယ်လို့ ကျုပ်ယုံကြည်ပါတယ်” ချန်ယွဲ့ရှုက ယဉ်ယဉ်ကျေးကျေးနဲ့ ပြောလိုက်တယ်။
“ဘယ်သူတွေ ရောက်လာဦးမှာလဲ” ချူရီမန်ရဲ့ အမူအရာ တောက်ပသွားခဲ့တယ်။
ရန်ကိုင်လည်း ချန်ယွဲ့ရှုကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်တယ်။
ချန်ယွဲ့ရှုက ပြုံးပြီး ပြန်ပြောလိုက်တယ် “ဒီမှာ ရှိနေတဲ့ ရန်ကိုင်က ကျုပ်တို့ သိခဲ့တဲ့ ရန်ကိုင်လားဆိုတာ မသေချာတဲ့အတွက် အခြေအနေကို အရင်စစ်ဆေး ကြည့်ဖို့ က ကျုပ်တို့ နှစ်ယောက်ပဲ အရင်ထွက်လာခဲ့လိုက်တာ။ ဒီမှာ ရှိနေတဲ့ လူက သခင်လေးကိုင်သာ ဆိုရင် ကျုပ်တို့ လရောင်ပြန်ဂိုဏ်းက အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူမှာပါ။ မဟုတ်ရင်တော့ ကျုပ်တို့ လရောင်ပြန်ဂိုဏ်းက ဝင်ပြိုင်လိမ့်မှာ မဟုတ်ပါဘူး”
“ဒီတော့ အဲ့လိုကိုး။ ရှင်ရဲ့ ဂိုဏ်းတူညီအစ်ကို၊ ညီအစ်မတွေ ရောက်လာဖို့ ဘယ်လောက်လောက် ကြာမလဲ’ လရောင်ပြန်ဂိုဏ်းက ဒုတိယအဆင့် အင်အားစုတစ်ခုဖြစ်လို့ ချူရီမန်က အထင်သေးရှုံ့ချခြင်း မပြုတဲ့အတွက် ချန်ယွဲ့ရှု ပျော်သွားခဲ့တယ်။
“သူတို့က လမ်းမှာ ရောက်နေပြီဆိုတော့ နောက်သုံးရက်လောက်ဆို ရောက်လာပါလိမ့်မယ်။ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ရမလား၊ မပြိုင်ရဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့အတွက် သူတို့က ကျုပ်တို့ရဲ့ ပြန်စာကို စောင့်နေတာပါ” ချန်ယွဲ့ရှုက ပြုံးလိုက်ပြီး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကာ “ငါတို့ လရောင်ပြန်ဂိုဏ်းတင် မဟုတ်ဘူး၊ ညီအစ်ကိုရန်နဲ့ အတူခရီးသွားခဲ့တဲ့ လူတွေ တော်တော်များများလည်း လာဦးမှာ”
“အို၊ ဘယ်သူတွေလဲ” ရန်ကိုင် နည်းနည်း အံ့အားသင့်သွားခဲ့တယ်။
“မိတ်ဆွေဟောင်းတွေ အများကြီးလေ” ချန်ယွဲ့ရှုက ပြုံးပြီး ပြန်ပြောလိုက်တယ် “လရောင်ပြန်ဂိုဏ်းအပြင်၊ ရေလခန်းမ၊ သန့်စင်နှလုံးသားနန်တော်၊ ငှက်မွှေးပျံ အိမ်တော်နဲ့ ပန်းပေါင်းတစ်ထောင်နန်းတော်က အဖွဲ့သားတွေလည်း ရှိသေးတယ်လေ”
“ပန်းပေါင်းတစ်ထောင်နန်းတော်က အဖွဲ့သားတွေပါ အမွေခံတိုက်ပွဲမှာ လာပြီး ဝင်ရောက် ယှဉ်ပြိုင်မှာလား” ချူရီမန် ထိတ်လန့် အံ့အားသင့်သွားခဲ့တယ်။ ဟော်ရှင်းချန်ကတော့ အသံအကျယ်ကြီး အော်ရယ်လိုက်ပြီး “စိတ်ဝင်စားစရာပဲ။ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတာပဲ။ ဒီမှာနေဖို့ ဆုံးဖြတ်လိုက်တာ မှန်သွားပြီးနဲ့ တူတယ်”
ပန်းပေါင်းတစ်ထောင် နန်းတော်က အရမ်းကို ထူးခြားတဲ့ အင်အားစုတစ်ခုပါ။ ထိုပန်းပေါင်းတစ်ထောင် နန်းတော်က ပထမအဆင့် အင်အားစု တစ်ခုဖြစ်ပြီး အဖွဲ့သားတွေ အကုန်လုံးက အမျိုးသမီးတွေ ချည်းပါပဲ။ သူတို့တွေက အရမ်းကို ထူးထူးခြားခြားကြီး အားမကောင်းလှပေမယ့် ပန်းပေါင်းတစ်ထောင်နန်းတော်က အမွေခံတိုက်ပွဲကို တစ်ကြိမ်တစ်လေတောင် ပါဝင်ယှဉ်ပြိုင်ဖူးတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပန်းပေါင်းတစ်ထောင် နန်းတော်က ရန်ကိုင်ကို ထောက်ပံ့ပြီး အမွေခံတိုက်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
“အင်း၊ အဲ့ဂိုဏ်းတွေ အကုန်လုံး တိမ်မိစ္ဆာနယ်မြေနဲ့ တိုက်ပွဲမှာ လူအင်အား တော်တော်လေး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့်ပဲ သူတို့တွေက အမွေခံတိုက်ပွဲကို ဝင်မပြိုင်ဖို့ လုပ်ထားခဲ့တာ။ ဒါပေမယ့် ရန်မိသားစု သခင်လေးတွေထဲက တစ်ယောက်က ရန်ကိုင်ဆိုတဲ့ လူတစ်ယောက်မှန်းလည်း သိရော၊ အင်အားစုတိုင်းက အခြေအနေကို အရင်စုံးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်” ချန်ယွဲ့ရှုက ရှင်းပြလိုက်တယ်။