အခန်း (၄၅၁-၄၅၅)
Vol. 19 Ch. 451-455
အပိုင်း (၄၅၁) စိတ်စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်
ရန်ကိုင် ဖြေးဖြေးချင်း မျက်လုံးဖွင့်လိုက်ပြီး ထုံကျင်နေတဲ့ သူ့ခန္ဓာကိုယ်က အကြောအချဉ်တွေကို ဖြေလျှော့ လိုက်ပြီးနောက် သူ့လက်မောင်းထဲမှာ ရှိနေတဲ့ စီနီယာမမလေးကို ငုံ့ကြည့်လိုက်တယ်။ နှစ်ယောက်သားက ဒီပုံစံအတိုင်း တစ်ချိန်လုံး ထိုင်နေခဲ့တာပါ။
သူ့ရဲ့ စီနီယာမမလေးက သူသင်ကြားပေးခဲ့တဲ့ ဆေးပညာဆိုင်ရာ အသိပညာတွေကို ကြေညက်အောင် လေ့လာနေတုန်းပဲ ရှိပါသေးတယ်။
အစစ်အမှန် ဆေးပညာ နည်းလမ်းနဲ့ ပက်သက်ပြီးတော့ သူသိသလောက် တတ်သလောက် အကုန်လုံးကို သူ့စီနီယာမမလေးအား သင်ကြားပေး ပြီးသွားခဲ့ပါပြီ။ သူအနေနဲ့ သူမကို အစစ်အမှန် ဆေးပညာ နည်းလမ်းထဲက ကျန်တဲ့အပိုင်းတွေ ဆက်သင်ပေးချင်သေးတယ် ဆိုရင်တော့ ဆက်ပြီး စောင့်မှပဲ ရပါလိမ့်မယ်။
ညင်သာသိမ်မွေ့လှတဲ့ မျက်နှာထက် ဇာပုဝါ ဝတ်ဆင်ထားသည့် သူ့ရဲ့ စီနီယာမမလေးကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေရင်း ရန်ကိုင်က သူမရဲ့ နဖူးကို အသာအယာလေး အနမ်းပေးလိုက်ပြီးနောက် ရှနင်းချန်ကို အိပ်ရာထက် ဖြေးဖြေးလေး ချပေးလိုက်ကာ မတ်တပ်ရပ်လိုက်တယ်။
မောပန်းအားအင် ချိနဲ့စွာနဲ့ သူ့နဖူးကို ပွတ်သပ်ရင်း အခန်းတံခါးကို ဖွင့်လိုက်တယ်။
ရှနင်းချန်ရဲ့ အသိစိတ်ပင်လယ်ထဲ နေပြီး သူမနဲ့ အစစ်အမှန် ဆေးပညာနည်းလမ်းအကြောင်း ဆွေးနွေးဖို့အတွက် စိတ်စွမ်းအင် များစွာကို သူအသုံးပြုခဲ့ရပါတယ်။
အခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် အပြင်မှာ ရပ်နေတဲ့ ငယ်ရွယ်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အစေခံမလေး တစ်ယောက်ကို သူတွေ့လိုက်ရတယ်။ ရန်ကိုင် ထွက်လာတာကို မြင်လိုက်တာနဲ့ အစေခံမလေးက အငွေ့တထာင်းထောင်း ထွက်နေတဲ့ ခွက်တစ်လုံး တင်ထားတဲ့ လင်ဗန်းတစ်ချပ်ကို ကိုင်ရင်း ရန်ကိုင်ဆီ အလျင်အမြန် ပြေးလာလိုက်တယ်။
“သခင်လေး နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ” အစေခံမလေးက ရန်ကိုင်ကို ကြည့်ကာ အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ခင်ဗျားဘာလို့ ဒီကို ရောက်နေရတာလဲ” ရန်ကိုင်က မဆိုသလောက်ကလေး မျက်မှောင်လေး ကြုံရင်း ပြန်မေးလိုက်တယ်။
“ဒါက သခင်မလေးချူ ပေးခိုင်းလိုက်တာပါ။ သခင်လေးရဲ့ ခွန်အားပြန်ဖြည့်ဖို့ အတွက် တစ်ခုခု စားဖို့ လိုအပ်တယ်လေ”
ချူရီမန် ဘာစိတ်ရူးထဖောက်ပြီး အခုလိုမျိုးတွေ လုပ်နေလဲ ဆိုတာကို ရန်ကိုင် စဉ်းစားမရ ဖြစ်နေခဲ့တယ်။ သူ့ရှေ့က အငွေ့တထောင်းထောင်း ထနေတဲ့ ပန်ကန်းလုံးကို ကြည့်ရင်း တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “ဒါဘာလဲ”
ကောင်မလေးရဲ့ မျက်နှာ ရှက်သွေးလေး ဖြာသွားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်တယ် “ကျွန်မလည်း သေချာမသိဘူး။ ဒါက သခင်လေးရဲ့ အသက်စွမ်းအားနဲ့ သက်လုံအတွက် ကောင်းတယ်လို့ သခင်မလေးချူက ပြောတာပဲ…”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။ ချူရီမန်က ဒါကို လုပ်လိုက်တာ… သူမဘာပြောချင်နေတာလဲ။
“ဟဲဟဲ၊ သခင်လေး ဖြေးဖြေးချင်း သုံးဆောင်ပါနော်။ ကျွန်မ ဒါကို အကြိမ်ပေါင်းများစွာ ပြန်နွေးထားပါတယ်” အစေခံမလေးက ပြောပြီးတာနဲ့ လင်ဗန်းကို ရန်ကိုင်လက်ထဲ ထိုးထည့်ပေးလိုက်တယ်။ ရန်ကိုင်က မသိစိတ်အရ လင်ဗန်းကို ကိုင်ထားမိလိုက်ပြီး တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့ အစေခံမလေးက အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့ပါပြီ။
သူ့လက်ထဲက သက်လုံစွမ်းအား ပြန်ကောင်းစေတဲ့ စွပ်ပြုတ်ကို ကြည့်ရင်း ရန်ကိုင် အမူအရာ ရှုပ်ထွေးသွားခဲ့တယ်။
ရုတ်တရက် ဘေးဘက် အခန်းတံခါး ပွင့်ထွက်သွားခဲ့ပြီး သုန်မှုန်နေတဲ့ မျက်နှာနဲ့ မန်ဝူရ ထွက်လာခဲ့ကာ ရန်ကိုင်ကို မိုးပြိုတော့မယ် မျက်နှာနဲ့ စိုက်ကြည့်လိုက်တယ်။
ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး သူ့လက်ထဲက စွပ်ပြုတ်ကို မော့သောက်လိုက်ပြီးနောက် မန်ဝူရကို ပြန်နှုတ်ဆက်လိုက်တယ် “ဘဏ္ဏာထိန်းမန်”
မန်ဝူရက သုန်သုန်မှုန်မှုန်နဲ့ ခေါင်းပြန်ညိတ်ပြလိုက်ပြီး ရန်ကိုင်ကို သူ့အခန်းထဲ ဦးဆောင်ခေါ်သွားခဲ့တယ်။.
သူတို့ နှစ်ယောက် အခန်းထဲ ဝင်လာပြီး ထိုင်ခုံအသီးသီး ယူထိုင်လိုက်ကြပြီးနောက် မန်ဝူရက ရန်ကိုင်ကို မေးခွန်းထုတ်လိုသည့် မျက်ဝန်းအစုံနဲ့ စိုက်ကြည့်လိုက်ကာ “မင်းရဲ့ ကောင်းကင်စိတ်အာရုံကိုပဲ အသုံးပြု နေနိုင်တာလား၊ ဒါမှမဟုတ် လက်နက်တစ်ခုခုကို အားကိုးနေတာလား”
ရန်ကိုင်က ကောင်းကင် စိတ်အာရုံသုံးပြီး မန်ဝူရကို သတင်းစကား ပြန်ပို့လိုက်တဲ့အတွက် အချို့သော ထူးခြားချက်တွေကို မန်ဝူရ သတိပြုမိသွားခဲ့ပါတယ်။ ထို့ကြောင့် မန်ဝူရက ရန်ကိုင်ကို တွေ့တွေ့ချင်း ကောင်းကင် စိတ်အာရုံအကြောင်း တန်းမေးခဲ့တာပါ။
“ကျုပ်ရဲ့ ကိုယ်ပိုင် ကောင်းကင် စိတ်အာရုံပဲလေ” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်တယ်။ ဒီခေါင်းစဉ်နဲ့ ပက်သက်တဲ့ အကြောင်းအရာအချို့ မန်ဝူရကို မေးမြန်းချင်နေတဲ့အတွက် သူကောင်းကင် စိတ်အာရုံ အသုံးပြုနေနိုင်တဲ့ အချက်ကို ဖုံးကွယ်ထားဖို့ မကြိုးစားခဲ့ပါဘူး။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” မန်ဝူရလို အတွေ့အကြုံ ရင့်ကျက်ပြီး အားကောင်းတဲ့ လူတစ်ယောက်တောင် မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။ ရန်ကိုင်က ကောင်းကင်စိတ်အာရုံကို အသုံးပြုနေနိုင်ပြီလို့ သူ့စိတ်ထဲ ကြိုတင်ခန့်မှန်း ထာခဲ့ပေမယ့် ရန်ကိုင် ကိုယ်တိုင် ဝန်ခံလာတဲ့ အချိန်မှာတော့ သူ့အနေနဲ့ မယုံနိုင် ဖြစ်နေခဲ့ရပါသေးတယ် “ကောင်စုတ်လေး၊ ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ ငါ့ကို ရိုးရိုးသားသား ပြောစမ်း”
“ကျုပ်လည်း သေချာမသိဘူး” ရန်ကိုင်က မလုံမလဲ ပြုံးလိုက်ပြီး “အခွင့်ကောင်း တစ်ချို့ ကြုံတွေ့ခဲ့ပြီး ကျုပ်ရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုလို့ ရသွားခဲ့တာ”
ရန်ကိုင်က သူ့အတွေ့အကြုံရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောဖို့ တုန့်ဆိုင်းနေတာကို ကြည့်ရင်း မန်ဝူရ မျက်လုံး မှေးကျဉ်းလိုက်တယ်။ ဒါပေမယ့် ထိုကိစ္စအကြောင်း ဆက်ပြီး မမေးမြန်းခဲ့ပါဘူး။ အားလုံးမှာ လျှို့ဝှက်ချက် ကိုယ်စီဆိုတာ ရှိကြစမြဲပဲလေ။
“ဒါပေမယ့် မင်းရဲ့ ကောင်းကင် စိတ်အာရုံက နည်းနည်း ထူးဆန်းနေတယ်”
“ဘယ်လိုထူးဆန်းတာလဲ” ရန်ကိုင်က အလျင်စလို ပြန်မေးလိုက်တယ်။
“မင်းရဲ့ ကောင်းကင် စိတ်အာရုံက အရမ်းကို အားကောင်းလွန်းနေတယ်” မန်ဝူရက အလေးအနက်ထား ပြောလိုက်တယ်။ မျက်မှောင်ကြုံနေလိုက်ရင်း ဆက်ပြောလိုက်တယ် “အမှန်တကယ်ဆို ဒီလောက်အထိ အားကောင်းမနေသင့်ဘူး။ မင်းက အစစ်အမှန် ဒြပ်စင်အဆင့်ပဲ ရောက်သေးပေမယ့် မင်းရဲ့ ကောင်းကင် စိတ်အာရုံက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်ပညာရှင် တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံ နဲ့တောင် နှိုင်းယှဉ်လို့ ရနေပြီ။ မင်းသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ခဲ့မယ် ဆိုရင် မင်းရဲ့ ကောင်းကင်စိတ်အာရုံက ဘယ်လောက်တောင် အားကောင်းလာမလဲ ဆိုတာကို စဉ်းသာ စဉ်းစားကြည့်ပေတော့”
“ဒီကိစ္စနဲ့ ပက်သက်ပြီး ကျုပ်ကလည်း ဘဏ္ဏာထိန်းမန်ကို မေးချင်နေတာ” ရန်ကိုင်လည်း မျက်မှောင် ကြုံ့လိုက်ပြီး “ကျုပ်ရဲ့ ကောင်းကင် စိတ်အာရုံကို အသုံးပြုနေနိုင်ပေမယ့် ကျုပ်မှာ အသိစိတ်ပင်လယ် မရှိဘူး ဖြစ်နေတယ်”
ထိုစကားကို ကြားလိုက်တာနဲ့ မန်ဝူရက ပြန်ပြီး လှောင်ပြောင်လိုက်ပါတယ် “မင်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်မှ မရောက်သေးတာ၊ အသိစိတ်ပင်လယ်ကို ဘယ်လိုလုပ်ပြီး ဖွင့်လို့ ရဦးမှာလဲ ငတုံးကောင်ရဲ့။ အသိစိတ်ပင်လယ် ဆိုတာက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ရဲ့ အမှတ်သညာ တစ်ခုပဲလေ”
“ကောင်းကင်စိတ်အာရုံ ကျတော့ကော”
မန်ဝူရက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “မဟုတ်ဘူး၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်မှ ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်တယ် ဆိုတာမျိုး မရှိဘူး။ ဒီလူအိုကြီး သိထားသလောက် ဆိုရင် မင်းလိုမျိုး ရှားပါးတဲ့ လူအချို့လည်း ရှိခဲ့ဖူးတယ်။ သူတို့လည်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်ရောက်မှ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်ကြတာ”
“ကျုပ်လိုမျိုး လူတွေလည်း ရှိသေးတာလား” ရန်ကိုင် အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေပြီ။ သူ့မှာ ဝိဥာဉ် ကြာပန်း ရှိနေခဲ့လို့ပဲ ကောင်းကင် စိတ်အာရုံကို ဆက်ပြီး လေ့ကျင့်လို့ ရနေခဲ့တာပါ။ အခြား ဘယ်နည်းလမ်းတွေများ ရှိသေးလို့လဲ။
“ဟုတ်တယ်၊ အများကြီးတော့ မရှိပေမယ့် မင်းလို့မျိုး ကောင်းကင်စိတ်အာရုံကို အစစ်အမှန်ဒြပ်စင် အဆင့်နဲ့တင် အသုံပြုနိုင်တဲ့ လူတစ်ယောက်ကို ဒီလူအိုကြီး သိတယ်” မန်ဝူရရဲ့ အမူအရာထက် အတိတ်ကို ပြန်အောင်းမေ့ သတိရသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး နောက်ဆုံးမှာတော့ ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ရင်း “အဲ့ဒါက ဟိုးအချိန်အကြာကြီး တုန်းက မတော်တဆ အဖြစ်အပျက် တစ်ခုပဲ။ ပြီးတော့ ခဏလေးပဲ ဖြစ်ပျက်သွားခဲ့တာ။ ငါတို့ ကျင့်ကြံသူတွေက ယွမ်ချီကို ငါတို့ဒန်တန်နဲ့ သွေးကြောတွေထဲ စုဆောင်းပြီး စတင် ကျင့်ကြံကြရတယ်။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်သွားတာနဲ့ အစစ်အမှန်ချီကို လေ့ကျင့်ဖို လိုအပ်လာရုံ မကလို့ ငါတို့ရဲ့ စိတ်စွမ်းအင်နဲ့ ကောင်းကင်စိတ်အာရုံကိုလည်း လေ့ကျင့်ဖို လိုအပ်လာခဲ့ပြီ။ အစစ်အမှန်ချီလိုပဲ ကောင်းကင် စိတ်အာရုံကိုလည်း သိုလှောင်ဖို့ နေရာတစ်ခု လိုအပ်တယ်။ အဲ့နေရာက ငါတို့ရဲ့ အသိစိတ်ပင်လယ်ပဲ”
“အသိစိတ်ပင်လယ် မရှိပဲနဲ့ ကောင်းကင်စိတ်အာရုံကို လေ့ကျင့်နိုင်ခဲ့ရင်တောင် မနက်ခင်းပိုင်းက အရည်ပျော်နေတဲ့ နှင်းတွေလို ရက်နည်းနည်းလောက် ကြာသွားတာနဲ့ အဲ့ကောင်းကင် စိတ်အာရုံက ပျောက်ကွယ်သွားမှာပဲ။ ဒါကြောင့်ပဲ အဲ့လူရဲ့ အခြေအနေက ခဏလေးပဲ ခံခဲ့တယ်လို့ ဒီလူအိုကြီး ပြောခဲ့တာပေါ့။ ဒါပေမယ့် မင်းရဲ့ အခြေအနေက သူနဲ့မတူဘူး။ မင်းရဲ့ ကောင်းကင် စိတ်အာရုံက အရမ်းကို အားကောင်းပြီး တည်ငြိမ်နေတယ်၊ မင်းရဲ့ ကောင်းကင် စိတ်အာရုံကို လေ့ကျင့်လာခဲ့တာ တစ်ရက်၊ နှစ်ရက် ကျိန်းသေ မကတော့တာ သေချာတယ်”
မန်ဝူရက ပြုံးလိုက်ကာ ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး “ဘယ်လို လျှို့ဝှက်ချက်တွေကို မင်းဖုံးကွယ်ထားလဲ ဆိုတာကို ဒီလူအိုကြီး မသိပေမယ့် မင်းရဲ့ ကောင်းကင်စိတ်အာရုံကို မပျောက်ကွယ်အောင် ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်း တစ်ခုခုကို မင်းရှာတွေ့ထားတယ် ဆိုတာကိုတော့ ဒီလူအိုကြီး ကျိန်းသေ အတပ်ပြောနိုင်တယ်”
ရန်ကိုင်က လေးစားမှုအပြည့်နဲ့ တိတ်တဆိတ် ခေါင်းညိတ်လိုက်တယ်။
မန်ဝူရလို အဆင့်ရောက်နေတဲ့ ပညာရှင် အတွက်တော့ မြင်ရုံနဲ့တင် ထိုကိစ္စရဲ့ နောက်ကွယ်က အမှန်တရား အချို့ကို ဆွဲထုတ်သွားနိုင်ခဲ့ပါတယ်။ ဝိဥာဉ်ကြာပန်းရဲ့ တည်ရှိမှုကို သူမသိပေမယ့် သူပြောသွားတာလည်း မမှားပါဘူး။
ရန်ကိုင်မှာ သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို သိုလှောင်ထားဖို့အတွက် ကျိန်းသေ နေရာတစ်ခု ရှိနေခဲ့ပါတယ်… ထိုနေရာက သူ့စိတ်ထဲက ငါးရောင်ခြယ် ကြာပန်းပါပဲ။
“မင်းက ကောင်းကင် စိတ်အာရုံကို အသုံးပြုနေနိုင်ပြီ ဆိုမှတော့ ဝိဥာဉ်ပညာရပ်တွေကိုကော အသုံးပြု တတ်ပြီလား” မန်ဝူရက ရန်ကိုကို စိတ်ဝင်တစား စိုက်ကြည့်ရင်း မေးလိုက်တယ်။
“အသုံးပြုနိုင်တယ်၊ ဒါပေမယ့် တစ်ခုပဲ အသုံးပြုနိုင်တယ်”
“တစ်ခုနဲ့တင် လုံလောက်နေပြီ။ ဝိဥာဉ်ပညာရပ်တွေက သိုင်းပညာရပ်တွေလို မဟုတ်ဘူး။ အားနည်းတဲ့ လူတွေက သူတို့ စွမ်းအားကို ထုတ်ဖော်နိုင်ဖို့ နည်းလမ်း အမျိုးမျိုး လိုအပ်တာ။ အဆင့်တစ်ခုကို မင်းရောက်သွားပြီ ဆိုတာနဲ့ သိုင်းပညာရပ်၊ ဒါမှမဟုတ် ဝိဥာဉ်ပညာရပ် တစ်ခုချင်းစီကို လိုက်ပြီး မှီခိုနေစရာ မလိုတော့ဘူး။ လူတစ်ယောက်က အခြေအနေကို လိုက်ပြီး ပြောင်းလဲတတ်ရုံမကလို့ သူတို့ရဲ့ ခွန်အားကိုပါ နေရာမရွေး လွတ်လွတ်လပ်လပ်နဲ့ ထုတ်ဖော် ပြသနိုင်မှ အဲ့လူကို သန်မာတယ်လို့ ပြောလို့ရတယ်”
မန်ဝူရရဲ့ လေသံက ခိုင်မာပြီး ပြတ်သားပါတယ်၊၊ သူပြောလိုက်တဲ့ စကားလုံးတိုင်းက တစ်ချိန်းတုန်းက ထိုအမြင့်မှာ သူရပ်တည်ခဲ့ဖူးတဲ့ ခံစားချက်ကို ပေးစွမ်းနေခဲ့ပါတယ်။ တစ်ခဏလောက် ရပ်တန့်လိုက်ပြီးနောက် ရယ်မောလိုက်ရင်း ဆက်ပြောလိုက်တယ် “ဒါပေမယ့် မင်းရဲ့ လက်ရှိ အခြေအနေနဲ့ ဝိဥာဉ် ပညာရပ် တစ်ခုခုကို ထုတ်သုံးလိုက်တဲ့ အခါ တစ်ခုခု လိုအပ်နေတယ်လို့ မင်းမခံစားရဘူးလား”
“မှန်လိုက်တာမှ ကွက်တိပဲ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ကျုပ်လည်း ဒီအကြောင်းကိုပဲ ခင်ဗျားနဲ့ ဆွေးနွေးချင်နေတာ”
“အဲ့လိုမျိုး အားနည်းတယ်လို့ ခံစားရတာ သဘာဝပဲလေ။ မင်းရဲ့ ကောင်းကင်စိတ်အာရုံက အသိစိတ်ပင်လယ်ထဲမှာ ရှိနေတာ မဟုတ်ပဲ အခြားတစ်နေရာမှာ ရှိနေတာလေ။ မင်းရဲ့ ကောင်းကင်စိတ်အာရုံကို တိုက်ပွဲတစ်ခုမှာ အသုံးပြုတော့မယ် ဆိုရင် အဲ့သိုလှောင်ထားတဲ့ နေရာကနေ အရင်ဆုံးအပြင်ကို ထုတ်ယူရမယ်၊ ပြီးတော့မှ မင်းရဲ့ ဝိဥာဉ်ပညာရပ်ကို အသုံးပြုလို့ရမယ်။ အရမ်းကို အချိန်ကုန် အလုပ်လည်း ရှုပ်တယ်။ ကံကောင်းစွာနဲ့ပဲ အဲ့အတွက် အဖြေက အရမ်းကို ရိုးရှင်းနေခဲ့တယ်။ မင်းလုပ်ဖို့ လိုတာက အသိစိတ်ပင်လယ်ကို ဖွင့်လှစ်လိုက်ဖို့ပဲ။ အဲ့လိုဆိုရင် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်”
မန်ဝူရ ရှင်းပြတာကို ကြားပြီးတော့မှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားတော့တယ်။ သူကိုယ်တိုင်လည်း ထိုအတိုင်း ခန့်မှန်းထားခဲ့တယ် ဆိုပေမယ့် ခန့်မှန်းထားရုံပဲ ရှိပါသေးတယ်၊ ဟုတ်မဟုတ် မသိသေးပါဘူး။ အခု သူခန့်မှန်းတာ မှန်နေပြီ ဖြစ်ကြောင်း သိလိုက်ရတော့ သူ့စိတ်ထဲ တော်တော်လေး ပေါ့သွားခဲ့တာပေါ့။
“ဘဏ္ဏာထိန်းမန်၊ ခင်ဗျားမှာ စိတ်စွမ်းအင်ကျင့်စဉ် တစ်ခုခုလောက် မရှိဘူးလား” ရန်ကိုင်က မျှော်လင့်ရိပ်တို့ သန်းနေတဲ့ မျက်ဝန်းအစုံနဲ့ မန်ဝူရကို စိုက်ကြည့်လိုက်ရင်း မေးလိုက်တယ်။ အခုက သူက အစစ်အမှန် ဆေးပညာနည်းလမ်းကို သုံးပြီး စိတ်စွမ်းအင်ကို လေ့ကျင့်နေခဲ့တာပါ။ ဒါပေမယ့် ထိုနည်းလမ်းက သူ့စိတ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် စိတ်ဝိဥာဉ်ဆေးလုံး အလုံအလောက် မရှိပဲနဲ့ သူ့တိုးတက်မှုက အရမ်း နှေးကွေးနေတယ်လို့ ရန်ကိုင် ခံစားနေခဲ့ရပါတယ်။
သူ့မှာသာ စိတ်စွမ်းအင် ကျင့်စဉ်တစ်ခုလောက်သာ ရှိနေခဲ့ရင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် စိတ်စွမ်းအင် ကျင့်စဉ်တွေကလည်း အရမ်းကို ရှားပါးလွန်းပါတယ်။ ရန်မိသားစုမှာလည်း စိတ်စွမ်းအင် ကျင့်စဉ်တစ်ခု ရှိမှန်း သူသိပါတယ်။ ဒါပေမယ့် ထိုစိတ်စွမ်းအင်ကျင့်စဉ်က သူလက်လှမ်းမှီတဲ့ အရာတစ်ခု ဟုတ်မနေခဲ့ပါဘူး။ ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးတောင် ထိုစိတ်စွမ်းအင်ကျင့်စဉ်ကို လေ့ကျင့်ခွင့် မရှိပါဘူး။
ပြီးတော့ သူသိထားတာကတော့ ထိုကျင့်စဉ်က သိပ်ပြီး အစွမ်းမထက်လှဘူး ဆိုတာပါပဲ။
ကျင့်ကြံသူ တစ်ယောက်သာ သူတို့ရဲ့ စိတ်စွမ်းအင်ကို ပြန်ဖြည့်ချင်တယ် ဆိုရင် အနာယူရင်ယူ ဒါမှမဟုတ်ရင် ဆေးလုံးတွေအပေါ်ပဲ အားကိုးအားထား ပြုရပါမယ်။
ရန်ကိုင် တောင်းဆိုချက်ကို ကြားတဲ့အခါ မန်ဝူရက ပြန်ပြီး လှောင်ပြောင်လိုက်ပါတယ် “ငါ့မှာ မရှိတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျင့်ကြံရာမှာ လောလို့ မကောင်းဘူကွ။ ကျင့်ကြံရာမှာ ဖြတ်လမ်းလိုက်ရင် မင်းလုံးဝကို အမှားကြီးမှားသွား…”
“ကျေးဇူးပြုပြီး ကျုပ်ကို သင်ပေးပါ” ရန်ကိုင်က ပြုံးကာ ကြားဖြတ်ပြောလိုက်တယ်။
မန်ဝူရ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ကူကယ်ရာမဲ့စွာနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ရင်း နောက်ဆုံမှာတော့ သက်ပြင်းလေး တစ်ချက် ချလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ၊ ဒီလူအိုကြီးက မင်းကို မသင်ပေးရင်တောင် မင်းစရိုက်နဲ့ဆိုရင် ပိုပြီး အန္တရာယ်များတဲ့ နည်းလမ်းတွေကို ရှာကြံပြီး မင်းစိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်မယ်မှန်း ငါသိတယ်”
ပြောပြီးတာနဲ့ မန်ဝူရက အထူးနည်းလမ်း တစ်ခုကိုသုံးပြီး ထိုစိတ်စွမ်းအင်ကျင့်စဉ်ကို ရန်ကိုင်စိတ်ထဲ လွှဲပြောင်းပေးလိုက်တယ်။
ကျင့်စဉ်ကို ရလိုက်တာနဲ့ ရန်ကိုင်က ထိုကျင့်စဉ်ကို တစ်ချက်လောက် အပေါ်လျှပ်လေ့လာ ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ အမူအရာလေးနဲ့ “ဒီကျင့်စဉ်က ကျုပ်ရဲ့ စိတ်စွမ်းအင် ပြန်ပြည့်နှုန်းကို ဘယ်လောက်အထိ မြှင့်တင်ပေးနိုင်လဲ”
“၂၀ရာခိုင်နှုန်း” မန်ဝူရက အမှုမထားသည့် လေသံနဲ့ ပြန်ပြောလိုက်တယ်။
“နည်းလိုက်တာ…” ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။ သူ့စိတ်ထဲမှာတော့ မန်ဝူရဆီက ရတဲ့ ကျင့်စဉ်တစ်ခုက ဒီလောက် မဆိုးရွားလောက်ပါဘုူ၊ ဒါပေမယ့် နှစ်ဆယ် ရာခိုင်နှုန်းဆိုတာကြီးက အရမ်းကို နည်းလွန်းမနေဘူးလား လို့တွေးနေခဲ့တာပါ။
မန်ဝူရက ပြန်ပြီး လှောင်ပြောင်ပြောဆိုလိုက်တယ် “လောလကြီးလွန်းမနေနဲ့၊ ဒီစိတ်စွမ်းအင် ကျင့်စဉ်က ရှားပါပြီး အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုကွ၊ မင်းတို့ ရန်မိသားစုနဲ့ ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုမှာ ကိုယ်ပိုင် စိတ်စွမ်းအင် ကျင့်စဉ်တွေ ရှိမှန်း ငါသိတယ်။ ဒါပေမယ့် အဲ့အမှိုက်တွေက ဒီလူအိုကြီးပေးတဲ့ ကျင့်စဉ်ရဲ့ ခြေဖျားကိုတောင် မှီတာ မဟုတ်ဘူး။ သူတို့ရဲ့ ကျင့်စဉ်တွေက စိတ်စွမ်းအင် ပြန်ပြည့်နှုန်းကို ဆယ်ရာခိုင်နှုန်းပဲ တိုးစေတာကွ”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် အမူအရာ ဝင်းပသွားခဲ့တယ်။ စိတ်စွမ်းအင်ကျင့်စဉ်နဲ့ ပက်သက်ပြီး များများစားစား မသိထားတဲ့အတွက် ဒီကျင့်စဉ်ရဲ့ တန်ဖိုးကို သူတော်တော်လေး လျှော့တွက်မိသွားခဲ့ပါတယ်။
သူမှတ်မိတာသာ မှန်မယ်ဆိုရၕင် ရန်မိသားစုရဲ့ စိတ်စွမ်းအင် ကျင့်စဉ်က ဆန်းကြယ် အထွတ်အထိပ် အဆင့်ကျင်စဉ် တစ်ခုပါ။
ဆန်းကြယ် အထွတ်အထိပ်အဆင့် ကျင့်စဉ်တွေ ဆိုတာ ဒီလောကကြီးရဲ့ အဆင့်အမြင့်ဆုံး ကျင့်စဉ်တွေလို့ ပြောလို့ရပါတယ်။ ဒါတောင်မှ အဲ့ကျင့်စဉ်တွေက ဆယ်ရာခိုင်နှုန်းပဲ တိုးတက်သွားအောင် လုပ်ဆောင် ပေးနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါသာ အမှန်ဖြစ်မယ် ဆိုရင် ထိုဆန်းကြယ် အထွတ်အထိပ်အဆင့် ကျင့်စဉ်တွေထက် နှစ်ဆအစွမ်းထက်တဲ့ ဒီကျင့်စဉ်က… ဘယ်အဆင့်များ ဖြစ်နေမလဲ။
ထိုအချက်တွေ အားလုံးကို နားလည်သွားတာနဲ့ ရန်ကိုင် ဒီကျင့်စဉ်ကို နည်းနည်းလေးတောင် လျှော့မတွက် ရဲတော့ပါဘူး။ မန်ဝူရကိုသာ သိချင်စိတ်အပြည့်နဲ့ ငေးကြည့်နေလိုက်တယ်။
မန်ဝူရနဲ့ အဆက်အသွယ်များလေး ထိုလူကြီးက ပိုပြီး ဆန်းကြယ်လာလေပါပဲ။
ဆန်းကြယ်အဆင့် အထက်မှာ စိတ်ဝိဥာဉ်အဆင့် ရှိပါတယ်၊ အဲ့လိုဆိုရင် စိတ်ဝိဥာဉ် အဆင့် အထက်မှာရော ဘာအဆင့်ရှိမလဲ။ ရန်ကိုင်လည်း ဆက်ပြီး နားမလည်နိုင် ဖြစ်သွားခဲ့ကာ မန်ဝူရကို မေးဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူကိုယ်တိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်တောင် မရောက်သေးတဲ့အပြင် အများကြီး သိထားတာက သူ့အတွက် ကောင်းကျိုးဖြစ်မှာ မဟုတ်မှန်း နားလည်လိုက်တဲ့အတွက် ဆက်ပြီး မေးဖိုးအတွေးကို ခဏဘေးဖယ် ထားလိုက်တယ်။
“အဲ့ကျင့်စဉ်ကို လေ့လာချင်ရင် အခြားတစ်နေရာသွား။ နင်းချန်ရဲ့ အခန်းထဲမှာ အချိန်အကြာကြီး နေမနေတော့နဲ့” မန်ဝူရက ခါးခါးသီးသီး ပြောထုတ်လိုက်တယ်။
“ဘယ်လောက်တောင် ကြာသွားလို့လဲ”
“ငါးရက်ရှိသွားပြီ”
ရန်ကိုင် ဆွံ့အသွားခဲ့တယ်။ သူ့ရဲ့ စီနီယာမမလေးနဲ့ အစစ်အမှန် ဆေးပညာနည်းလမ်း အကြောင်း ဆွေးနွေးနေတုန်းက အချိန် ဘယ်လောက် ကုန်လို့ ကုန်သွားမှန်း သူမသိခဲ့ပါဘူး။ သူမအခန်းထဲ ရောက်နေတာ ငါးရက်ရှိနေပြီ ဆိုတာကိုတောင် ရန်ကိုင် နားမလည်ခဲ့ပါဘူး။ သူ့သက်လုံကို အားဖြည့်ပေးဖို့ စွပ်ပြုတ်တစ်ခွက်ကို ချူရီမန်က အစေခံမလေးနဲ့ သူ့ဆီ ပို့ခိုင်းလိုက်တာ မထူးဆန်းတော့ပါဘူး။
သူ့စီနီယာမမလေးရဲ့ အခန်းထဲမှာ ငါးရက်ဆက်တိုက် နေခဲ့တာက အခြားလူတွေ နားလည်မှုလွဲသွားဖို့အတွက် လုံလောက်တာကို ပိုနေခဲ့ပါပြီ။
ဒါပေမယ့် ဒီငါးရက် အတောအတွင်း တစ်ခုခု ကျိန်းသေ ဖြစ်သွားခဲ့ရပါမယ်။ သူမျှော်လင့်ထားသလိုသာ ဖြစ်လာခဲ့မယ် ဆိုရင် အခုအချိန်လောက်ဆို အနည်းဆုံး သူ့ရဲ့ ညီအစ်ကို နောက်တစ်ယောက် ထပ်ထွက်ရလောက်ပါပြီ။ မန်ဝူရကို ကျေးဇူးတင်ပြီးတာနဲ့ အခန်းထဲကနေ အမြန်အဆန် ထွက်သွားလိုက်ပြီး အဓိကခန်းမဆီ ကတိုက်ကရိုက် ပြေးသွားလိုက်တယ်။
Martial Peak
အပိုင်း(၄၅၂) ဘယ်သူ အများဆုံး မြတ်သွားလဲ
လမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ လူတွေ အကုန်လုံးက ပြုံးစိပြုံးစိနဲ့ သူ့ကို နှုတ်ဆက်သွားခဲ့ကြတယ်။ အထူးသဖြင့် ပန်းပေါင်းတစ်ထောင် နန်းတော်က မိန်းကလေး လေးယောက်ပါ။ ကောင်မလေး တစ်ယောက်ချင်းစီက သူ့ကို ဝေဖန်အပြစ်တင်လိုတဲ့ အမူအရာနဲ့ ကြည့်သွားခဲ့ကြတယ်။
လန်ချူးတျယ်တောင် ထူးခြားသည့် အနက်အဓိပ္ပါယ်တို့ ပါဝင်နေသည့် အပြုံးနဲ့ သူ့ကို ပြုံးပြသွားခဲ့ပါတယ်။
ရန်ကိုင်ကတော့ နည်းနည်းလေးတောင် ဟန်မပျက် သွားခဲ့ပါဘူး။ တစ်ယောက်ချင်းစီကိုသာ လိုက်ရှင်းပြနေရင် လေကုန်တာသာ အဖတ်တင်ပါလိမ့်မယ်၊ သူတို့က ယုံလိမ့်မှာ မဟုတ်ပါဘူး။ သူပိုရှင်းပြလေ အခြေအနေက ပိုပြီး ဆိုးရွာလေ ဖြစ်သွားမှာပါ။
“သခင်လေးကိုင်က ဒီရက်အတောအတွင်း တော်တော်လေး အလုပ်ကြိုးစားခဲ့တာပဲ။ မင်း နည်းနည်းလောက်တောင် အနားယူဖို့ မလိုတော့ဘူးလား” ဟော်ရှင်းချန်က တစ်နေရာရာကနေ ရုတ်တရက် ထွက်ပေါ်လာပြီး ပြုံးဖြီးဖြီးလုပ်ရင်း မေးလိုက်တယ် “ဒီတော့ အခြေအနေ ဘယ်လိုလဲ”
“မင်းဘာပြောချင်တာလဲ” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြန်မေးလိုက်တယ်။
“ဟဲဟဲ၊ မင်း မသိချင်ယောင် ဆောင်နေစရာ မလိုပါဘူးကွာ” သခင်လေးဟော်က နှုတ်ခမ်းလေးကို သပ်လိုက်ရင်း အယုတ်တမာကောင် အမူအရာမျိုးနဲ့ “ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းတစ်ခန်းထဲမှာ ငါးရက်ငါးည တိတိအတူ နေခဲ့တာကို မင်းတို့ကြားမှ ဘာမှ မဖြစ်ခဲ့ဘူးလို့ ငါ့ကို ပြောချင်နေသေးတာလား”
“မင်းဘာပြောချင် နေတာလဲ ငါနားမလည်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး တုံးအချင်ယောင် ဆောင်နေလိုက်တယ်။
“မေ့လိုက်တော့၊ မင်ခံစားချက်ကို ငါနားလည်ပါတယ်၊ ဒါပေမယ့် ငါ့ပြောကို ပြောရဦးမယ်၊ ဒီသခင်လေးက မင်းကို တကယ်ပဲ လေးစား သွားခဲ့ပြီကွာ။ မရေမတွက်နိုင်တဲ့ မိန်းမတွေနဲ့ ပျော်မြူးခဲ့ဖူးပေမယ့် ငါ့ရက်အထိတော့ ငါဘယ်တော့မှ မရောက်ခဲ့ဖူးဘူးကွ။ ဒီလို အပိုင်းမှာ မင်းငါ့ထက် အများကြီး ပိုသာတဲ့ပုံပဲ။ အဲ့လောက် ကြာအောင် လုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းလေး၊ ဘာလေးများ ရှိရင် ငါ့ကို ပြောပြစမ်းပါလား” ဟော်ရှင်းချန်က စိတ်အားတက်ကြွစွာနဲ့ ပြောလိုက်တယ်။
“မင်းသောက်ပါးစပ်ကြီးကို ပိတ်ထားလိုက်ရင် ပိုကောင်းမယ်” ရန်ကိုင်က အထင်အမြင် သေးသေးနဲ့ ပြန်ပြောလိုက်တယ်။
“အို၊ နင်တို့ ဘာအကြောင်းတွေ ပြောနေတာလဲ” ချူရီမန်က သူတို့နှစ်ယောက်ဆီ လမ်းလျှောက်လာရင်း မေးလိုက်တယ်။ ရန်ကိုင်ကို မြင်ပြီးနောက် ခါးခါးသီးသီးနဲ့ သက်ပြင်းတစ်ချက် ချလိုက်ပြီး စတင်ပြီး ပြစ်တင်ပြောဆို ပါတော့တယ် “အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ သခင်လေး တစ်ယောက်အနေနဲ့ ရန်ကိုင်ရေ၊ နင့်အနေနဲ့ ဒီတိုက်ပွဲကို သေသေချာချာလေး အာရုံစိုက်မယ်လို့ ငါမျှော်လင့်ပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းတဲ့ အိမ်တော်တွေက သူရဲကောင်းတွေရဲ့ သင်္ချိုင်းဆိုတဲ့ အချက်ကို နင်ငါ့ထက် ပိုသိလောက်မှာပါ”
ရန်ကိုင့် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး လေသံမာမာနဲ့ ပြန်ပြောလိုက်တယ် “ငါသိတယ်၊ ငါ့ကို လာပြီး သင်ပေးနေစရာ မလိုဘူး”
ချူရီမန်က ပါးစပ်ဟပြီး ဆက်ပြောဖို့ လုပ်လိုက်ပေမယ့် နောက်ဆုံးမှာတော့ သူမပြောမယ့် စကားတွေကို ပြန်ပဲ မျိုးချလိုက်ပါတယ်။ ရန်ကိုင်စိတ်နဲ့ စရိုက်ကို သူမ သိပြီးသားပါ။ ထို့ကြောင့် အခုလိုမျိုး သူမကို ပြန်ဟောက်လိုက်လို့ ချူရီမန် ရန်ကိုင်ကို အပြစ်မတင်ပါဘူး။ အနည်းဆုံးတော့ သူမ သူ့အတွက် စိုးရိမ်နေမှန်း ရန်ကိုင် နားလည်သွားခဲ့တယ်လေ။ သူမသာ လက်မလျှော့ပဲ အတင်းပေကပ်ပြီး ဆက်ပြောနေဦးမယ် ဆိုရင်တော့ ထိုကောင်စုတ် ဒေါသထွက်ပြီး သူမကို အမြင်မကြည် ဖြစ်လာနိုင်ပါတယ်။
“သခင်လေးကိုင်ကို နှုတ်ဆက်ပါတယ်” ချူရီမန်ဘေးနားကမှ ရုပ်ချောချောနဲ့ နူးညံ့သိမ်မွေ့ဟန် ရတဲ့ လူငယ်တစ်ယောက် ရှေ့ထွက်လာပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ရန်ကိုင်ကို နှုတ်ဆက်လိုက်တယ်။
“ဒါက….” ရန်ကိုင်က ထိုလူငယ်လေးကို သင်္ကာမကင်း အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ကို လာနှုတ်ဆက်တဲ့ လူငယ်လေးကို ရန်ကိုင် ရင်းနှီးမနေခဲ့ပါဘူး။
“ဒါက သခင်လေးလျူဖေးရှန်လေ၊ ငါနင့်ကို ပြောခဲ့တဲ့ ရှန်းယွမ်မြို့တော်ရဲ့ သခင်လေးဆိုတာ သူပေါ့” ချူရီမန်က ရှင်းပြလိုက်တယ်။
လျူဖေးရှန်က ပြုံးရုံလေး ပြုံးပြလိုက်ပြီး မမောက်မာလွန်း၊ မနှိမ့်ချလွန်းတဲ့ အမူအရာမျိုးနဲ့ ပြောလိုက်တယ် “သခင်လေးကိုင်နဲ့အတူ ပူးပေါင်းခွင့်ပေးတဲ့ အတွက် ရှန်းယွမ်မြို့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”
ရန်ကိုင်က ထိုလူငယ်လေးကို ကြည့်လိုက်ပြီး ယဲ့ယဲ့လေး ခေါင်းညိတ်ပြလိုက်ရင်း “မင်းနဲ့ ဗဟိုမြို့တော်က လျူမိသားစုကြားမှာ ဆက်ဆံရေး တစ်ခုခုရှိလား”
“ဘယ်လိုလုပ်ပြီး ရှိရဲ့ပါ့မလဲ” လျူဖေးရှန်က မဲ့ပြုံးပြုံးလိုက်တယ်။
ချူရီမန်က ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ် “သူတို့ကြားမှ အရမ်းကြီး နက်နဲတဲ့ ဆက်ဆံရေး ရှိတယ်လို့ မဆိုနိုင်ပေမယ့် ဆက်ဆံရေးကတော့ ရှိတယ်။ ဒီနှစ်ပေါင်းများစွာ အတွင်း မိသားစုကြီး ရှစ်ခုမှာ မရေမတွက်နိုင်တဲ့ အင်အားစုခွဲလေးတွေ အနည်းနဲ့အများ ရှိခဲ့တယ်လေ။ သခင်လေးလျူရဲ့ မိသားစုကလည်း လူမိသားစုကြီးရဲ့ အခွဲတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် အကြောင်းပြချက် အချို့ကြောင့် လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ် လောက်တုန်းက သူတို့ လျူမိသားစုကနေ ထုတ်ပယ်ခံခဲ့ရတယ်”
လျူဖေးရှန်ရဲ့ ပြုံးနေတဲ့ အမူအရာလေး ဟိုးအောက် ထိုးကျသွားခဲ့ပြီး စိတ်ဓါတ်ကျနေတဲ့ လေသံလေးနဲ့ “ကျုပ်တို့ကလန်က လျူမိသားစုကြီးနဲ့ ဆွေမျိုးတော်စပ်တယ်လို့ မဆိုရဲပါဘူးဗျာ။ ဒီနှစ်တွေ အတာအတွင်း လူမိသားစုကြီးဆီ ပြန်နိုင်ဖို့အရေး လုံးပန်းကြိုးစားနေခဲ့ရတာ။ ဒါပေမယ့် အခု ကျုပ်အဖေ ကလန်ခေါင်းဆောင် ဖြစ်လာပြီးတဲ့အထိတောင် ကျုပ်တို့ရဲ့ ရည်မှန်းချက် မဖြစ်မြောက်နိုင်သေးခဲ့ဘူး”
ဟော်ရှင်းချန်က မေးလေးကိုပွတ်ရင်း ခေါင်းလေးညိတ်ကာ ပြုံးပြီး ပြောလိုက်တယ် “မင်းသာ သခင်လေး ရန်ကိုင်နောက် လိုက်ရင် အခွင့်အရေး ရနိုင်တယ်။ မင်း အမွေခံတိုက်ပွဲကို နိုင်ခဲ့မယ်ဆိုရင် လျူမိသားစုက မင်းတို့မိသားစုကို ပြန်ခေါ်ကောင်း ခေါ်နိုင်လောက်ပါတယ်”
ထိုစကားကို ကြားလိုက်တာနဲ့ လျူဖေးရှန် မျက်နှာက်ထက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး လက်သီးဆုပ်ကာ ပြောလိုက်တယ် “အဲ့လိုဆိုရင် သခင်ဟော်ပြောခဲ့တဲ့ စကားအတိုင်း ဖြစ်လာစေဖို့ မျှော်လင့်ရတော့မှာပဲ။ ကျုပ်တို့ ရှန်းယွမ်မြို့တော်က သခင်လေးရန်ကိုင်ကို တတ်စွမ်းသလောက် အစွမ်းကုန် ကူညီ ထောက်ပံ့ပေးမှာပါ”
ရန်ကိုင်က အသာအယာလေးသာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။ အဲ့အစား ချူရီမန်ဘက် လှည့်လိုက်ပြီး မေးလိုက်တယ် “ငါ့ရဲ့ ရှစ်ယောက်မြောက် အစ်ကို ထွက်သွားရပြီလား”
ချူရီမန်က ရန်ကိုင်ကို လေးစားမှုအပြည့်နဲ့ ပြန်ကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်ရင်း “နင်သိတာင် သိနေပြီလား”
“ဒါက ဘာခက်လို့လဲ။ ဆေးဘုရင်တောင်ကြားက လူတွေသာ ပေါ်မလာခဲ့ရင် ငါ့အစ်ကိုတွေက နည်းနည်းလောက် ထပ်ပြီး အချိန်ဆွဲနေဦးမှာ။ ဒါပေမယ့် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အုပ်လိုက်ကြီး ရောက်ရှိလာခဲ့တာက ငါ့အစ်ကိုတွေကို ဘေးကြပ်နံကြပ် ဖြစ်သွားစေခဲ့မှာ အသေအချာပဲ။ သူတို့သာ အောင်မြင်မှုလေး နည်းနည်းပါးပါးလောက် မယူပြရင် ဘယ်သူကမှ သူတို့ဆီ သွားပြီး မပူးပေါင်းတော့မှာတောင် ဆိုးရတယ်”
“ဟုတ်တယ်၊ နင်ပြောခဲ့သလိုပဲ ရန်ချွမ် ထွက်သွားခဲ့ရပြီ”
“ဘယ်တုန်းကလဲ”
“မနေ့ညတုန်းက”
ချူရီမန်က အသေးစိတ်ကို ဆက်ပြီး ရှင်းပြလိုက်တယ်။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အယောက်၃၀ ထွက်ပေါ်လာခဲ့တာက ရန်သခင်လေးတွေကို တကယ်ပဲ တုန်လှုပ်ချောက်ချား သွားစေခဲ့ပါတယ်။ သူတို့ရဲ့ ဂုဏ်သတင်းကို ထိန်းထားနိုင်ဖို့အတွက် အောင်ပွဲတစ်ပွဲကို အဆောတလျင် လိုအပ်နေခဲ့ပါတယ်။
ထို့ကြောင့် မနေ့ညတုန်းက ရန်ကျောင်း၊ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ လေးယောက်စလုံး ရန်ချွမ်ဆီ ဓါးဦးညွှန်ခဲ့ကြပါတယ်။
ရန်ချွမ်မှာ သူ့ကို ကာကွယ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၈ သွေးစစ်သည်တော် တစ်ယောက်ပဲ ရှိပါတယ်။ ပြီးတော့ ရန်ချွမ်အမေဘက်က အင်အားစုက ဒုတိယအဆင့် အင်အားစု တစ်ခုသာသာပဲ ဖြစ်နေပါသေးတယ်။
ထိုသခင်လေး လေးယောက်ထဲက တစ်ယောက်တည်းရဲ့ အင်အားကိုတောင် ခုခံနိုင်ဖို့ မသေချာတာကို လေးယောက်ပူးပေါင်းပြီး လာရောက်တိုက်ခိုက်တော့ ရန်ချွမ် နည်းနည်းလေးတောင်မှ မတောင့်ခံနိုင်ခဲံပါဘူး။
တိုက်ပွဲပြီးနောက် ရန်ကျောင်းက အလံကို ရခဲ့ပြီး ရန်ရှန်းက ရန်ချွမ်ကို ဖမ်းသွားခဲ့တယ်။ အစကနေ အခုအချိန်ထိ အမွေခံတိုက်ပွဲကနေ သခင်လေး နှစ်ယောက် ထွက်သွားခဲ့ရပါပြီ။
“အဲ့ညတုန်းက တိုက်ပွဲက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသား” ချူရီမန်က သွားပေါ်အောင် ပြုံးလိုက်ပြီး “ပထမလှိုင်းမှာတင် နင့်ရှစ်ယောက်မြောက် အစ်ကိုရဲ့ အင်အားစုတွေ အကုန် ရှင်းထုတ်ပစ်ခံလိုက်ရတယ်။ သူ့ကို ကာကွယ်ပေးနေခဲ့တဲ့ သွေးစစ်သည်တော် တစ်ယောက်က လွဲလို့ပေါ့။ အဲ့တိုက်ပွဲကို ပြောရရင် လုံးဝကို အမြစ်ပြတ်ချေမှုန်းပစ်တာလို့ပဲ ပြောရမယ်”
“အဲ့တိုက်ပွဲပြီးတာနဲ့ ညီအစ်ကိုလေးယောက် စလုံး နှစ်ယောက် တစ်ဖွဲ့နဲ့ အချင်းချင်း ပြန်တိုက်ကြပြန်ရော၊ လေးယောက်စလုံး အနည်းနဲ့အများတော့ ဆုံးရှုံးသွားခဲ့တယ်။ ရန်ကျောင်းနဲ့ ရန်ခန်းက သွေးရင်းညီအစ်ကိုတွေ ဖြစ်သလို ရန်ရှန်းနဲ့ ရန်ရင်တို့ကလည်း သွေးရင်း ညီအစ်ကိုတွေပဲ။ ပြောစရာ မလိုအောင်ကို သွေးရင်းညီအစ်ကို နှစ်ယောက် ချင်းစီက တစ်ယောက်တစ်ဖက်စီ တိုက်ခိုက်ကြတာလေ” ပြောနေရင်းနဲ့ ရပ်လိုက်ပြီး ချူရီမန်က ရန်ကိုင်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ကာ မေးလိုက်တယ် “ဒါပေမယ့် ဒီတိုက်ပွဲကနေ ဘယ်သူ အများဆုံး အမြတ်ထွက်သွားလဲ ဆိုတာ နင်သိလား”
ဟော်ရှင်းချန်က မင်းမသိပါဘူးကွာ ဆိုတဲ့ပုံစံနဲ့ ရန်ကိုင် ပြန်ဖြေမှာကို စောင့်နေခဲ့တယ်။
ဒါပေမယ့် ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး နှစ်ယောက်စလုံး စိတ်ပျက်သွားစေမယ့် အဖြေကို ပြန်ပြောလိုက်တယ် “ငါ့ရဲ့ ဒုတိယအစ်ကိုက အလံကို ရသွားပြီး ငါ့ရဲ့ ခြောက်ယောက်မြောက် အစ်ကိုက လူကို ရသွားခဲ့တယ်။ ဒါပေမယ့် သူတို့ ရတဲ့အကျိုးအမြတ်က ဆုံးရှုံးသွားတာနဲ့ ကာမိရုံလောက်ပဲ ရှိမှာ။ သူတို့ ရရှိခဲ့တဲ့ တစ်ခုတည်းသော အကျိုးအမြတ်က သခင်လေး တစ်ယောက်ကို ရှင်းထုတ်ပစ်နိုင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတည်းပဲ ရှိတယ်။ ဘယ်သူက အများဆုံး အမြတ်ထွက်သွားလဲ သိချင်နေတယ် ဆိုရင်တော့ ငါကလွဲပြီး… ဘယ်သူ ရှိရဦးမှာလဲ”
ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ မျက်နှာထက်က မရိုးသားသည့် ဟန်ပန် အမူအရာ အပြုံးတို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်ကို ထိတ်လန့်အံ့အားသင့်စွာနဲ့ ငေးကြည့်နေလိုက်တယ်။ ရန်ကိုင်က ဘာတွေ ဖြစ်ပျက်ခဲ့တယ် ဆိုတာကို အစောကြီးကတည်းက သိနေတာ သေချာသွားပါပြီ.
ဘေးနားမှာ ရပ်နေတဲ့ လျူဖေးရှန်လည်း တုန်လှုပ်အံ့ဩ သွားခဲ့တယ်။ ရန်ကိုင်ကို ကြည့်ရင်း သူ့စိတ်ထဲ ကြောက်ရွံ့ သွားမိခဲ့တယ်။ ရန်ကိုင်ရဲ့ စွမ်းရည်ကို တတ်နိုင်သလောက် အမြင့်ဆုံး မျှော်မှန်းထားခဲ့ပေမယ့် ရန်ကိုင်ရဲ့ အစစ်အမှန် စွမ်းရည်က သူထင်မှတ် ထားတာထက်ကို ကျော်လွန်နေခဲ့ပါသေးတယ်။
“နင်သိပြီးသားလား” ချူရီမန်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “နင်ဘယ်လို သိသွားတာလဲ’
“နင်ပြောကြည့်လေ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်တယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရန်ချွမ်ကို သွားတိုက်ဖို့ သူမ အကြံပေးတုန်းက ရန်ကိုင် ငြင်းပယ်ခဲ့တာကို ချူရီမန် ပြန်သတိရလိုက်ပြီး အဖြေကို ရုတ်တရက် နားလည်သွားခဲ့တယ်။ ရန်ချွမ်ကို သွားမတိုက်ချင်တဲ့ နောက်ထပ် အကြောင်းပြချက် သူ့မှာ ရှိနေသေးတယ်လို့ ရန်ကိုင် ပြောခဲ့ပါတယ်။ ထိုအချိန်တုန်းက ထိုအကြောင်းပြချက်ကို သူထုတ်မပြောချင်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ သူသာ ထုတ်ပြောလိုက်တာနဲ့ မင်းသောက်ရမ်း မောက်မာနေပါလား ဆိုပြီး အားလုံးက သူ့ကို မိုးမွှန်အောင် ဝိုင်းဝေဖန်ပြောဆိုကြမှာပါ။ ထို့ကြောင့်ပဲ ရက်နည်းနည်းလောက် ကြာရင် သိလာရပါလိမ့်မယ် ဆိုပြီးတော့သာ သူပြောခဲ့ပါတယ်။
လတ်စသတ်တော့ ရန်ကိုင်က အခုလို ဖြစ်လာမယ်မှန်း ကြိုတင်ခန့်မှန်း ထားခဲ့ပြီးသားပဲကိုး။
“နင်သာ အခန်းထဲမှာ ငါးရက်ကြာအောင် ရှိနေခဲ့မှန်း ငါမသိခဲ့ရင် တစ်ယောက်ယောက်က နင့်ကို ကြိုပြောထားတယ်လို့ ငါထင်နေမိဦးမှာ” ချူရီမန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်ရင်း “နင်… နင်လူတွေကို အရမ်း အားကုန်အောင် လုပ်တာပဲ။ နင်ပြောတာ အမှန်ပဲ၊ ဒီအဖြစ်အပျက်ကနေ အကျိုးအမြတ် အများဆုံး ရသွားတဲ့လူက နင်ပဲ။ အလံနဲ့လူကို နင်မရခဲ့ပေမယ့် နင်ကိုယ်တိုင် အဲ့တိုက်ပွဲကို ဝင်မတိုက်ခဲ့ပဲနဲ့ သွေးစစ်သည်တော် တစ်ယောက်ကို အချောင်ရလိုက်တယ်လေ”
“ရန်ချွမ် ထွက်သွားရတာနဲ့ သူ့ကို စောင့်ရှောက်ပေးနေတဲ့ သွေးစစ်သည်တော်က နင့်ဆီ ချက်ချင်းရောက်ခဲ့တာ သိလား” ချူရီမန်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ဒီသွေးစစ်သည်တော်ရဲ့ ခွန်အားက တုဖုန်းနဲ့ တန်ယုရှန်းတို့အောက် မနိမ့်ကျဘူး”
“သူဒဏ်ရာ ရထားသေးလား။ သူအခု ဘယ်မှာလဲ” ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြန်မေးလိုက်တယ်။
သွေးစစ်သည်တော်က အကြွင်းမဲ့ သစ္စာရှိတဲ့ အစောင့်အကြပ်တွေပါ။ ရန်ချွမ်း ထွက်သွားရပြီ ဆိုမှတော့ သူ့ကို ကာကွယ်ပေးခဲ့တဲ့ သွေးစစ်သည်တော်လည်း ဒဏ်ရာမရပဲ မနေလောက်ပါဘူး။ အခုအချိန်၌ ထိုသွေးစစ်သည်တော် တိုက်ခိုက်နိုင်လိမ့်မှာ မဟုတ်လောက် သေးပါဘူး။
“သူ့ဒဏ်ရာတွေက တော်တော် ပြင်းတယ်ဟ။ အခု လောလောဆယ်တော့ သူ့ဒဏ်ရာတွေကို ပြန်ကုသနေတုန်းပဲ။ ဒီတစ်လ၊ နှစ်လအတွင်း သူ့စွမ်းအား အပြည့်အဝကို ထုတ်သုံးဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒါပေမယ့် နင့်ရဲ့ မှော်ဆန်တဲ့ ကုသနည်းတွေနဲ့ ဆိုရင်တော့ သူ့ရဲ့ ဒဏ်ရာလောက်က စာမဖွဲ့လောက်ဘူးမလား” ချူရီမန် နှာခေါင်းရှုံ့လိုက်တယ်။ ဘယ်လိုအဖိုတန်း ဆေးလုံး၊ ဆေးပင်တွေကိုများ ကျွေးလိုက်လို့ သေခါနီးဆဲဆဲ ဖြစ်နေတဲ့ ကျုကောင်းရီနဲ့ ရင်းဂျုတို့ တစ်ရက်အတွင်း ပြန်ကောင်းလာနိုင်လဲ ဆိုတာကို သူမအခုထိ မသိသေးပါဘူး။
အမွေခံတိုက်ပွဲရဲ့ ပထမညမှာ ကျုကောင်းရီ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ မနက်လည်း ရောက်ရော ထိုသွေးစစ်သည်တော်က သူ့အခန်းထဲကနေ အကောင်းအတိုင်း ပြန်ထွက်လာခဲ့ပါတယ်။
သူမကို စိတ်ရှုပ်စေတဲ့ တစ်ခုတည်းသော အချက်တဲ့ ထိုမှော်ဆန်တဲ့ ကုသရေးဆေးလုံးတွေက အရမ်းအရမ်းကို အဖိုးတန်လောက်မှာပါ။ ရန်ကိုင်က အဲ့လို တန်ဖိုးကြီးတဲ့ အဖိုးတန် ဆေးလုံးတွေကို သွေးစစ်သည်တော်တွေ အတွက် နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ဘာလို့ အသုံးပြုခဲ့ရတာလဲ။
“ကောင်းပြီ။ ငါအခုပဲ သူ့ကို သွားတွေ့လိုက်မယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
“ဘာလို့လဲ ဆိုတာ ငါ့ကို ပြောပြလို့ ရမလား”
“ဘာ ဘာကို ပြောပြခိုင်းချင်တာလဲ”
“အဲ့သွေးစစ်သည်တော်က နင့်ရဲ့ အခြားညီအစ်ကိုတွေဆီ မသွားပဲ နင့်ဆီပဲ ဘာလို့ တိုက်ရိုက် တန်းလာခဲ့ရတာလဲ။ ရန်ချွမ်း ထွက်သွားတာနဲ့ သူ့ကို ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော်က နင်နဲ့ လာပူးပေါင်း လိမ့်မယ်လို့ နင့်ဘက်က ဘာလို့ အရမ်းယုံကြည်ချက် ရှိနေခဲ့တာလဲ။ အကြောင်းပြချက် မရှိတာတော့ လုံးဝ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါ” ချူရီမန်က မေးခွန်းတစ်ခုပြီးတစ်ခု ဆက်မေးလိုက်တယ်။
ရန်ကိုင်နဲ့ သွေးစစ်သည်တော်ခန်းမကြား ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာတွေကို ရန်မိသားစုရဲ့ ခေါင်းဆောင်ပိုင်းက လူတွေနဲ့ သခင်လေးတွေပဲ သိထားကြပါတယ်။ အပြင်လူတွေ၊ ချူရီမန်ပါ အပါအဝင်၊ ဘယ်သူမှ ထိုကိစ္စကို မသိထားကြပါဘူး။
ရန်ကိုင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်ကို အရဲစွန့်ပြီး ရွေးချယ်ခဲ့လို့ သွေးစစ်သည်တော် ခန်းမတစ်ခုလုံးရဲ့ လေးစားမှုအား ရရှိခဲ့တာကို ချူရီမန် ဘယ်လိုလုပ်ပြီး သိပါ့မလဲ။
သွေးစစ်သည်တော် ခန်းမဝင် တစ်ယောက်ချင်းစီတိုင်းက သစ္စာစောင့်သိမှုနဲ့ လေးစားမှုကို သူတို့ အသက်ထက်တောင် တန်ဖိုးထားကြပါတယ်။ ထို့ကြောင့် သူတို့ ကာကွယ်ပေးနေတဲ့ သခင်လေးတွေ ထုတ်ပယ်ခံလိုက်ရတာနဲ့ ရန်ကိုင်ဆီ မသွားလို့ ဘယ်သူဆီ သွားရမှာလဲ။
“မပြောဘူး” ရန်ကိုင်က အားပါးတရ ပြုံးလိုက်ပြီး “ဒါပေမယ့် ငါနင့်ကို ပြောနိုင်တာတော့ တစ်ချက်ရှိတယ်၊ အခုကနေစပြီး တာဝန်ကနေ ကင်းလွတ်သွားတဲ့ သွေးစစ်သည်တော် မှန်သမျှ ငါ့ဆီ ရောက်လာလိမ့်မယ်”
သူ့လေသံထဲ ယုံကြည်မှုတို့ထဲ မောက်မာမှုတို့ အထင်းသား ပါဝင်နေခဲ့တယ်။
ရှုံးနိမ့်သွားတဲ့ သခင်လေးတွေ ထွက်သွားတာနဲ့ သူတို့ကို ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော်တွေ ရန်ကိုင် ခြံဝန်းဆီ တစ်ယောက်ပြီး တစ်ယောက် ရောက်လာတာကို မြင်ယောင်ရင်း အမွေခံတိုက်ပွဲကို ရန်ကိုင် အနိုင်ရလိမ့်မယ် ဆိုတဲ့ သူမရဲ့ ယုံကြည်ချက်တို့ ပိုပြီး မြင့်တက်သွားခဲ့ရတယ်။
ဒီလိုမျိုး အရင်တုန်းက တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးပါဘူး။ အရင်မျိုးဆက်က ဘယ်ရန်သခင်လေးမှ သွေးစစ်သည်တော် တွေရဲ့ လေးစားမှုကို မရရှိခဲ့ဖူးပါဘူး။
အခြေအနေတွေက ရန်ကိုင် ပြောတဲ့အတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ အဲ့ဒါဟာ မှော်ဆန်ဆန် ဖြစ်ရပ်တစ်ခုလို့ပဲ ပြောရပါတော့မယ်။ ထွက်သွားခဲ့ရသမျှ သခင်လေးတွေရဲ့ သွေးစစ်သည်တော်တွေက သူနဲ့ လာပြီးပူးပေါင်း နေမှတော့ ရန်ကိုင် ဘယ်လိုလုပ်ပြီး ရှုံးနိုင်တော့မှာလဲ။ ထိုအခြေအနေမျိုးက ပြိုင်ဘက်ကင်း နေတာမျိုးနဲ့ ဘာမှ မခြားပါဘူး။ ကျန်ရှိနေတဲ့ ရန်သူတွေ အားလုံးက ရန်ကိုင် သူတို့ကို လာမတိုက်ပါစေနဲ့လို ဆုတောင်းရင်း ဘုရားတနေဖို့ပဲ ရှိပါတော့တယ်။
“နင့်ရဲ့ ညီအစ်ကိုတွေတောင် ရုတ်တရက်ကြီး ငါသနားမိချင်သွားတယ်။ ဒါက မျှတတဲ့ တိုက်ပွဲတစ်ခုမှ မဟုတ်တော့တာ” ချူရီမန် မဲ့ပြုံးပြုံးလိုက်တယ်။
“အမွေခံတိုက်ပွဲက ဘယ်တုန်းကမှ မမျှတခဲ့ဖူးဘူး။ အမွေခံတိုက်ပွဲကသာ မျှတခဲ့ရင် ရန်ထိုက်နဲ့ ရန်ချွမ်တို့ အစောကြီး ထွက်ခဲ့ရမှာ မဟုတ်ဘူး”
Martial Peak
အပိုင်း (၄၅၃) ဆန်းကြယ်အဆင့်နိမ့် အခြေတည်ဆေးလုံး
အမွေခံတိုက်ပွဲဆိုတာ ကိုယ်ပိုင်အင်အားကို စစ်ဆေးတဲ့ ပြိုင်ပွဲတစ်ခုတင် မဟုတ်ပါဘူး၊ သခင်လေး တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ကြွယ်ဝချမ်းသာမှုကို စစ်ဆေးတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ စစ်ပွဲအတွင်း အချို့သခင်လေးတွေက အထောက်အပံ့ နည်းနည်းပဲ စုဆောင်းနိုင်ကြပေမယ့် အချို့သခင်လေးတွေကတော့ အများကြီး စုဆောင်းနိုင်ကြပါတယ်။
ရန်မိသားစု သွေးစစ်သည်တော်တွေကိုတောင် တစ်ယောက်ကို နှစ်ယောက်စီ မျှမျှတတပေးခဲ့တာ မဟုတ်ပါဘူး။ အဖိုးတန် ပစ္စည်းများများကို ရန်မိသားစုဆီ ပေးအပ်နိုင်မှ ကိုယ်လိုချင်တဲ့ သွေးစစ်သည်တော်တွေကို ရရှိနိုင်မှာပါ။ ဘာမှမရှိရင် တစ်ယောက်မှ ရမှာမဟုတ်ပါဘူး..ဥပမာ ရန်ထိုက်ပေါ့။
အမွေခံတိုက်ပွဲမှာ အားလုံးက တောတွင်းဥပဒေကိုပဲ ကျင့်သုံးကြတာပါ။
“နင်သိသင့်တဲ့ နောက်တစ်ချက်လည်း ရှိသေးတယ်” ချူရီမန် တုန့်ဆိုင်းနေခဲ့ပြီး မျက်မှောင် ကြုံ့နေလိုက်တယ်။ သူမပုံစံအရ စိုးရိမ်စရာ တစ်ခုခု ရှိနေတဲ့ပုံစံပါပဲ။
“ပြောလေ”
“ငါပြောမယ့် အရာက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေနဲ့ ပက်သက်တယ်။ ရန်ကျောင်းနဲ့ နင့်ရဲ့ ကျန်တဲ့ ညီအစ်ကိုသုံးယောက် အတူပူးပေါင်းပြီး ချင်ကျဲကို အမွေခံတိုက်ပွဲမှာ ပါဝင်ခွင့်မပေးဖို့ အကြီးအကဲခန်းမကို တောင်းဆိုခဲ့တယ်”
“တုံးအလိုက်တာ” ချူရီမန် ပြောတာကို ကြားလိုက်ပေမယ့် ရန်ကိုင် မျက်နှာထက် စိုးရိမ်သည့် အရိပ်အယောင် နည်းနည်းလေးတောင်မှ မတွေ့ရပါဘူး။
ချူရီမန်က အသာအယာလေး ပြုံးလိုက်ပြီး “အမွေခံတိုက်ပွဲ ပုံစံအရ အကြီးအကဲခန်းမက ရန်ကျောင်းနဲ့ ကျန်တဲ့ သခင်လေးသုံးယောက်ကို ထောက်ခံ့ဖို့အတွက်နဲ့ ဆေးဘုရင်တောင်ကြားနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်လိမ့်မှာ မဟုတ်ဘူးလို့ ငါလည်း ထင်ပေမယ့် ဒီကိစ္စကို ကြိုတင်ဆွေးနွေး ထားရင်းကောင်းမလားလို့။ နင်သာ ရန်မိသားစု အကြီးအကဲခန်းမရဲ့ အဖွဲ့ဝင်တစ်ယောက် ဆိုရင် နင့်ညီအစ်ကိုတွေရဲ့ တောင်းဆိုမှုကို လက်ခံမှာလား”
“ဘာလို့ လက်ခံရမှာလဲ” ရန်ကိုင်က ပြတ်ပြတ်သားသားကို ငြင်းဆန်လိုက်ပြီး “အမွေခံတိုက်ပွဲက သခင်လေး တစ်ယောက်ရဲ့ အဆက်အသွယ်တွေကို စမ်းသပ်တဲ့ ပြိုင်ပွဲတစ်ခုလေ။ ဆေးဘုရင်တောင်ကြားနဲ့ ဆက်ဆံရေးကောင်း တစ်ခုကို တည်ဆောက်နိုင်တာကိုတောင် အကြီးအကဲခန်းမက သဘောကျနေမှာ၊ သူတို့ ဘာလို့ ဝင်ရှုပ်ရမှာလဲ”
“နင်ပြောတာလည်း ဟုတ်တာပဲနော်။ ဒါပေမယ့် ရန်ကျောင်းရဲ့ စရိုက်အရဆိုရင် အကျိုးမရှိမှန်း သိသိကြီးနဲ့ ဒီလိုမျိုး တောင်းဆိုမှုကို သူလုပ်လိမ့်မှာ မဟုတ်ဘူး။ သူ့မှာ အခြားရည်ရွယ်ချက် တစ်ခု ရှိနေတာပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို နင်နည်းနည်း အားရုံစိုက်ထားသင့်တယ်”
“အခြားရည်ရွယ်ချက်လား…” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်ပြီး တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် အသာအယာလေး ခေါင်းညိတ် ပြလိုက်တယ်။
“ကောင်းပြီလေ၊ ဒါတွေက ဒီရက်အတွင်း နင်လွဲချော်သွားခဲ့တဲ့ ကိစ္စကြီးတွေပဲ။ နောက်ထပ် ကိစ္စတစ်ခုက ချင်ကျဲနဲ့ သူ့လူတွေက ဆေးဖော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို စပြီးတောင်းဆိုနေကြပြီ။ ဒါကြောင့်…”
“ဆေးဖော်စပ်ဖို့ အခန်း အဆင်သင့်ဖြစ်ပြီလား”
“ဆေးဖော်စပ်ဖို့ အခန်းကို ပြင်ဆင်ပြီးသွားပြီ။ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကိုလည်း ကြိုတင်နေရာချထားပြီးသွားပြီ။ ဒါပေမယ့် ဆေးဘုရင်တောင်ကြားက အဲ့ဆေးပညာရှင်တွေမှာ ကိုယ်ပိုင် ဆေးမီးဖိုတွေ ရှိနေကြတာဆိုတော့ ငါတို့ စီစဉ်ပေးထားတဲ့ ပစ္စည်းတွေကို သုံးလောက်မှာ မဟုတ်ဘူး”
ရန်ကိုင်က ထောက်ခံသည့် ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်ပြီး “ကောင်းတယ်၊ ဆေးအမယ်တွေကို ငါကိုယ်တိုင် သွားပို့လိုက်မယ်။ နင်လုပ်စရာရှိတာကိုသာ ဆက်လုပ်နေလိုက်”
ချူရီမန်က ပြုံးပြီး လမ်းလျှောက် ထွက်သွားလိုက်တယ်။ လျူဖေးရှန်ကလည်း လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ချူရီမန်နောက် အလျင်အမြန် ပြေးလိုက်သွားလိုက်တယ်။
“သခင်လေးကိုင်၊ အဲ့ရှန်းယွမ်မြို့တော် သခင်လေးက ချူရီမန်ကို ကြိတ်ကြိုက်နေတဲ့ပုံပဲ။ ဒီကို ရောက်လာကတည်းက အဲ့သကောင့်သားက ချူရီမန်နောက်ပဲ တကောက်ကောက် လိုက်နေတာ” ဟော်ရှင်းချန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “သခင်လေးကိုင် ဒီကိစ္စနဲ့ပက်သက်ပြီး ဘာအတွေးမှ မရှိဘူးလား”
“သူမနား လိုက်ကပ်နေရုံနဲ့ သူမကို ရနိုင်မယ်သာဆိုရင် သူမက ချူရီမန် မဟုတ်တော့လို့ပဲ” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းခါရမ်းလိုက်ပြီး “မင်းဘာလို့ ဒီအကြောင်းတွေ လာပြောနေရတာလဲ”
“ဘာလို့မှန်း မသိပေမယ့် ဒီလျူဖေးရှန်ဆိုတဲ့ ကောင်ကို ငါသိပ်ကြည့်မရဘူး ဖြစ်နေတယ်” ဟော်ရှင်းချန်က အထင်အမြင် သေးသေးနဲ့ “အဲ့ကောင်စုတ်လေးက ဒီသခင်လေးထက် ပိုပြီး ချောနေတယ်တဲ့ကွာ။ တောက်… ဒီကမ္ဘာကြီးမှာ တရားမျှတမှု ဆိုတာ ရှိကောရှိသေးရဲ့လား မသိဘူး။ ဘာပဲဖြစ်ဖြစ်၊ ငါသွားကျင့်ကြံတော့မယ်။ ငါ့ကို လာမနှောင့်ယှတ်နဲ့ဦး”
ဟော်ရှင်းချန် ပြောတာနားထောင်ပြီး ရန်ကိုင်က လှည့်ထွက်သွားတဲ့ သခင်လေးဟော်ရဲ့ ကျောပြင်ကို ငေးကြောင်ကြောင် ကြည့်နေမိလိုက်တယ်။ ဒီသခင်လေး ဘယ်တုန်းကများ ဒီလောက်တောင် ကြိုးစားသွားတာလဲ ဆိုတာကို သူနားလည်ရ အခက် ဖြစ်နေခဲ့တယ်။
ဒီရောက်တော့မှပဲ ဟော်ရှင်းချန် ဖိအားအချို့ စတင်ခံစား လာခဲ့ရတယ်လို့ ရန်ကိုင် ကောက်ချက် ချလိုက်တယ်။ သူ့ကို လာထောက်ပံ့ကြတဲ့ လူအားလုံးက ဂိုဏ်းအသီးသီးရဲ့ လူငယ်မျိုးဆက် ခေါင်းဆောင်တွေ ဖြစ်ကြသလို သူတို့ရဲ့ အရည်အချင်းကလည်း အကောင်းတကာ့ အကောင်းဆုံး တွေချည်းပါပဲ။ ဟော်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်တဲ့ ဟော်ရှင်းချန်က ထိုလူတွေအောက် မနိမ့်ကျချင်တဲ့ အတွက် ကြိုးစားပမ်းစားနဲ့ စတင်လေ့ကျင့်လာတာ ဖြစ်နိုင်ပါတယ်။
ဆေးဖော်စပ်တဲ့ အခန်းဆီ ရောက်သွားတာနဲ့ အခန်းထဲ ဝင်သွားလိုက်ပြီး သူစုဆောင်းထားတဲ့ ဆေးအမယ်တွေ အကုန်လုံးကို ထုတ်ပေးလိုက်တယ်။
ထိုဆေးအမယ် အပုံလိုက်ကြီးကို မြင်လိုက်တာနဲ့ ချင်ကျဲနဲ့ကျန်တဲ့ ဆေးပညာရှင်တွေ အကုန်လုံး ပြုံးလိုက်ကြပြီး အင်္ကျီလက်စကို စတင်လိပ်တင် ကြပါတော့တယ်။
“စီနီယာအစ်ကိုချင်၊ ဒီခက်ခဲတဲ့ ကိစ္စကို စီနီယာစီပဲ အပ်ခဲ့မယ်နော်”
“မဟုတ်တာတွေ” ချင်ကျဲက ပြုံးလိုက်ပြီး “ဆရာဒေါ်လေးရှဆီကနေ ဆေးပညာကို လေ့လာသင်ယူ နိုင်နေမှတော့ ဒီကိစ္စက ဘယ်လိုလုပ်ပြီး ခက်ခဲတဲ့ ကိစ္စ ဖြစ်ရတော့မှာတုန်း”
ရှနင်းချန်က ရှောင်ဖူချန်းနဲ့တောင် ယှဉ်နိုင်တဲ့ အဆင့်မြင့် ဆေးပညာရှင် တစ်ယောက်ပါ။ ချင်ကျဲနဲ့ သူ့ရဲ့ ရောင်းရင်း တပည့်တွေ အကုန်လုံး ရှောင်ဖူချန်း ဆေးဖော်စပ်တာကို တွေ့မြင်ရဖို့ကို အသာထား၊ သူနဲ့တောင် စကားတစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ပြောခဲ့ဖူးတာပါ။ အခု ရှောင်ဖူချန်း အဆင့်ရှိတဲ့ ရှနင်းချန်နဲ့ အတူတူ အလုပ်တွဲလုပ်ရတော့မှာ ဆိုတော့ သူတို့ကို ဆေးလုံးဘယ်လောက်ပဲ ဖော်စပ်ခိုင်း၊ ဖော်စပ်ခိုင်း အားလုံးက ဝမ်းပန်းတသာနဲ့ ကူညီဖော်စပ်ပေးကြမှာပါ။
“စီနီယာမမလေးက လောလောလတ်လတ်ကမှ သူမ ရရှိထားတဲ့ ဆေးပညာဆိုင်ရာ အသိပညာ အသစ်တွေကို ကြေညက်အောင် လေ့လာနေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် နောက်တစ်ရက်၊ နှစ်ရက်လောက်နေမှပဲ ရောက်လာလိမ့်မယ်။ အခုတော့ စီနီယာတို့ သက်သက်ပဲ ဒီနေရာနဲ့ အရင်ရင်းနှီးအောင် လုပ်ထားလိုက်ကြပါဦး” ရန်ကိုင်က အနည်းငယ် ထူးဆန်းနေတဲ့ အမူအရာလေးနဲ့ ပြောလိုက်တယ်။
သူတို့ တစ်ယောက်ကို တစ်ယောက် ခေါ်နေတဲ့ နာမည်က လုံးဝကို ရှုပ်ထွေးနေခဲ့ပါတယ်။ ချင်ကျဲက ရှနင်းချန်ကို ဆရာဒေါ်လေးလို့ ခေါ်ပြီး သူက ချင်ကျဲကို စီနီယာအစ်ကိုလို့ ခေါ်နေခဲ့ပါတယ်။
“ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီချင်ဆီသာ အပ်ထားလိုက်၊ ဂျူနီယာညီလေး စိုးရိမ်နေစရာ မလိုပါဘူး။ လုပ်စရာ ရှိတာသာ သွားလုပ်နေလိုက်လို့ရတယ်” ပြောပြီးတာနဲ့ ချင်ကျကဲ ကျန်တဲ့ ဆေးပညာရှင်တွေနဲ့အတူ ဆေးအမယ် အပုံလိုက်ကြီးကို စတင်ပြီး စီစစ်စာရင်း ခွဲပါတော့တယ်။
အဲ့ဒါပြီးနောက် ရန်ကိုင်ကို ဘယ်သူမှ အာရုံ မစိုက်ကြတော့ပါဘူး။
ရန်ကိုင်လည်း ယဲ့ယဲ့လေး ရယ်ရင်းနဲ့သာ လှည့်ထွက်သွားလိုက်တယ်။
ရန်ကိုင် ခန့်မှန်းခဲ့သလိုပဲ နှစ်ရက်ကြာပြီးနောက် ရှနင်းချန် သူမအခန်းထဲကနေ ထွက်လာခဲ့ပါတယ်။ အစစ်အမှန် ဆေးပညာနည်းလမ်းကနေ ရရှိခဲ့တဲ့ အသိပညာ အသစ်တွေကို သူမ မြန်မြန်လေး လက်တွေ့ စမ်းသပ်နေချင် မိနေခဲ့ပါပြီ။
စံအိမ်ထဲမှာတော့ မရေမတွက်နိုင်တဲ့ မျက်ဝန်းအစုံက ဆေးဖော်စပ်ခန်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တယ်။ ရန်ကိုင် ခြံဝန်းအတွင်း၌ ဆေးဘုရင်တောင်ကြားက အင်အားစုတွေ အပြင် အခြားအင်အားစု ၁၁ခုပါ ရှိနေပါသေးတယ်။ ထိုလူတွေ အားလုံးက အမွေခံတိုက်ပွဲမှာ ရန်ကိုင်ကို ထောက်ပံ့ကူညီပေးဖို့ ရောက်လာခဲ့တာ ဖြစ်တဲ့အတွက် သူတို့ လိုအပ်တဲ့ဆေးလုံးတွေနဲ့ လက်နက်တွေကို ထောက်ပံ့ပေးဖို့ ရန်ကိုင်မှာ တာဝန်ရှိပါတယ်။ အဲ့လိုမှပဲ နောင်ဖြစ်လာမယ့် တိုက်ပွဲကိုတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်မှာပါ။
အခု ဆေးဖော်စပ်ခန်းက ဆေးလုံးတွေကို စတင်ပြီး ဖော်စပ်နေခဲ့ပါပြီ။ ထို့ကြောင့် အင်အားစုတိုင်းက ပထမ အသုတ်မှာ ဘယ်လိုဆေးလုံးတွေ ထွက်လာမလဲ၊ ထိုပထမအသုတ် ဆေးလုံးတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရမလဲ၊ တစ်ယောက်ကို ဘယ်နှစ်လုံးစီ ရနိုင်မလဲ ဆိုတာကို အားလုံး သိချင်နေမိခဲ့ကြပါတယ်။
ရန်ကိုင် စံအိမ်တစ်ခုလုံး ငြိမ်သက်နေခဲ့ပါတယ်။ စစ်ပွဲမြို့တော် တစ်ခုလုံးလည်း ငြိမ်သက်နေခဲ့ပါတယ်။ ရန်သခင်လေး နှစ်ယောက် ထုတ်ပယ်ခံလိုက် ရပြီးနောက် စစ်ပွဲမြို့တော်ထဲက မုန်တိုင်းတွေ ခေတ္တရပ်စဲလို့ နေခဲ့ပါတယ်။
သခင်လေးတွေ အားလုံးက အထောက်အပံ့တွေ၊ ဆေးပညာရှင်တွေ၊ လက်နက် ပညာရှင်တွေကို ရနိုင်သမျှ စုဆောင်းနေခဲ့ကြပါတယ်။ ဟန်မင်းဆက်တစ်ခုလုံးမှာ ရှိနေတဲ့ ဆေးအမယ်တွေ၊ လက်နက်သန့်စင်ဖို့အတွက် အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်း အရေအတွက်က တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး ရရှိနိုင်သေးတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လို့ လာခဲ့ပါတယ်။ ဗဟိုမြို့တော်က ပစ္စည်းဈေးနှုန်းတွေတောင် တရိပ်ရိပ်နဲ့ ထိုးတက်လာနေခဲ့ပါပြီ။
ပန်ချီနဲ့ မူနန်းတုံ့တို့က အရင်အချိန် အတောအတွင်း ကုန်ကြမ်းပစ္စည်းများစွာကို စုဆောင်းထားနိုင်ခဲ့ပြီး ထိုပစ္စည်းတွေ အကုန်လုံးကို ညအမှောင်ကို အားကိုးကာ ရန်ကိုင်ဆီ အခြား သခင်လေတွေ မသိအောင် တိုးတိုးတိတ်တိတ်နဲ့ ပို့ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အခုလိုမျိုး တစ်ကြိမ်လောက်ပဲ ကံကောင်းနိုင်ပါတယ်။ နောက်တစ်ကြိမ်သာဆို လက်တစ်ဝက်မှာတင် ကြားဖြတ် လုခံ၊တိုက်ခိုက်ခံ ရနိုင်ပါတယ်။
ရန်ကိုင်လည်း ရန်ထိုက်ရဲ့ အလံကို သုံးပြီး မိသားစုဆီကနေ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများစွာကို ဝယ်ယူလိုက်ကာ ဆေးဖော်စပ်ခန်းဆီ ပို့ပေးလိုက်တယ်။
အားလုံးက ချော့ချော့မွေ့မွေ့နဲ့ အဆင်ပြေနေပေမယ့် ရန်ကိုင်ကတော့ စိုးရိမ်ပူပန်နေဆဲပါ။ သူမျှော်လင့်ထားတဲ့ နောက်ထပ် လူတစ်အုပ်က အခုထိ သူ့ကို လာမကူသေးခဲ့ပါဘူး။ ထို့ကြောင့် တစ်ခုခုကများ ထိုလူတွေကို နှောင့်နှေးကြန့်ကြာနေစေတာလား ဆိုတာကိုတွေးရင်း ရန်ကိုင်စိတ်ထဲ စိုးရိမ်ပူပန် နေခဲ့တယ်။
နောက်ဆုံးမှာတော့ လဝက်ကြာပြီးနောက် ဆေးဖော်စပ်ခန်းက ပထမအသုတ် ဆေးလုံးကို ဖော်စပ်လို့ ပြီးသွားခဲ့တယ်။
အင်အားစု အသီးသီးရဲ့ အမျိုးမျိုးသော ကိုယ်စားလှယ် ခေါင်းဆောင်တွေက ခန်းမထဲ စီတန်းရပ်နေခဲ့ပြီး ရန်ကိုင် ကြေညာမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။
တွမ့်မူမိသားစုကလွဲလို့ ခန်းမထဲ ရှိနေတဲ့ လူတွေအားလုံးက ရုပ်ချောချော လူငယ်၊ ဒါမှမဟုတ် မိန်းမလှလေးတွေ ချည်းပါပဲ။
ဒါက လူငယ်တွေရဲ့ စင်မြင့်ပါ။
“သခင်လေးကိုင်၊ ဒီတစ်သုတ်မှာ ငါတို့ ဟော်မိသားစု အတွက်ကောပါလား” ဟော်ရှင်းချန်က ရယ်ရယ်မောမောနဲ့ မေးလိုက်တယ် “မလောက်ဘူးဆိုရင်၊ ငါတို့ နောက်တစ်ကြိမ်မှ ယူလည်း ရပါတယ်။ ငါ့ရဲ့ ဟော်မိသားစုက ဆေးလုံးတွေကို သုံးရဖို့ ဒီလောက်အထိ အလျင်မလိုပါဘူး”
“နင်ပြောတဲ့အတိုင်း အဆင်ပြေပါ့မလား၊ အဆင်ပြေမှ ပြောနော်” ချူရီမန်ကို ဟော်ရှင်းချန်ကို ကြည့်လိုက်ရင်း အဓိပ္ပါယ်ပါပါ ပြုံးကာ ပြောလိုက်တယ်။
“ငါဘာလို့ အဆင်မပြောရမှာလဲ” ဟော်ရှင်းချန်က ပြန်ခံပက်လိုက်တယ် “ချူရီမန်၊ ဒီဟော်ရှင်းချန်ကို နင်အထင်မသေးသင့်ဘူး။ ငါ့ရဲ့ ဟော်မိသားစုကလည်း မိသားစုကြီး ရှစ်ခုထဲက တစ်ခု ဆိုတာကိုလည်း မမေ့နဲ့ ဦး။ ငါမရနိုင်တဲ့ ဆေးလုံး ဘယ်မှာရှိလို့လဲ။ အခုလောလောဆယ် ငါ့အဖေဆီကနေ အလွယ်တကူ အကူအညီ တောင်းလို့မရသေးတာပဲ ရှိတာ”
“ငါတို့ ဒေါင်မိသားစုကလည်း ဒီတစ်လှည့် ချန်နေရစ်ခဲ့လို့ ရတယ်။ အားလုံးက အဝေးကနေ လာကြတာဆိုတော့ သူတို့ကိုပဲ ဦးစားပေးလိုက်ပါ” ဒေါင်ချင်းဟန် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောလိုက်တယ်။ ဆေးဖော်စပ်ခန်းက စတင်လည်ပတ်တာ လဝက်ပဲ ရှိသေးတာ ဖြစ်တဲ့အတွက် ဆေးဖော်စပ်တဲ့ ဆေးပညာရှင်တွေက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ ဖြစ်နေပြီး သူတို့မှာ ဆေးအမယ်တွေ လုံလုံလောက်လောက် ရှိနေမယ် ဆိုရင်တောင် ဒီမှာ ရှိနေတဲ့ အင်အားစုအားလုံးကို အလုံအလောက် ဖြန့်ဝေပေးနိုင်မယ့် ဆေးလုံး ပမာဏကို သူတို့ ဖော်စပ်နိုင်လိမ့်မှာ မဟုတ်ဘူး ဆိုတာကို ဟော်ရှင်းချန်နဲ့ ဒေါင်ချင်းဟန်တို့ နှစ်ယောက်စလုံး နားလည်ထားကြပါတယ်။
ဒေါင်မိသားစုက ရန်ကိုင်အမေရဲ့ အင်အားစုပါ။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ရန်ကိုင်က သူတို့ကို ကျိန်းသေ လျစ်လျူရှုထားလိမ့်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ် စွပ်ပြုတ် မသောက်လိုက်ရလို့လည်း သူတို့အတွက် ကိစ္စမရှိပါဘူး။
ဒေါင်ချင်းဟန် ပြောလို့ ပြီးသွားတာနဲ့ ကျန်တဲ့ သခင်လေး၊ သခင်မလေး အသီးသီးကလည်း အခြားသူတွေကိုသာ ဦးစားပေးလိုက်ပါ၊ သူတို့ ဒီတစ်လှည့် မယူသေးလို့လည်း ရပါတယ်ဆိုပြီး ပြောကြပါတော့တယ်။
ထိုမြင်းကွင်းကို ကြည့်ရင်း ချူရီမန် မျက်နှာထက် နွေးထွေးသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ထိုလူတွေနဲ့ ရက်တော်တော်များများ နေလာခဲ့ပြီးနောက် ရန်ကိုင်အိမ်မှာ စုဝေးနေတဲ့ လူငယ်ခေါင်းဆောင်တွေ အားလုံးက အင်အားစုကြီးတွေက သခင်လေးတွေ၊ သခင်မလေးတွေလို မဟုတ်မှန်း သူမ သိလာခဲ့ပါတယ်။ သူတို့ အားလုံးက တစ်ယောက်နဲ့ တစ်ယောက်နဲ့ ပလဲပနံသင့်အောင် အကောင်းဆုံး ကြိုးစားကြပါတယ်။ သူတို့ရဲ့ ဂျူနီယာတွေကြား အချင်းများကြရင်တောင် ရှေ့ထွက်ပြီး ဝင်ဖြန်ဖြေ ပေးကြပါတယ်။ အားလုံးက ရန်ကိုင်အတွက် ပြဿနာတွေ ဖြစ်မလာစေချင်တဲ့ပုံပါပဲ။
ထိုအသေးစိတ် အချက်တွေက ထိုလူငယ်မျိုးဆက် ခေါင်းဆောင်တွေအပေါ် ရန်ကိုင် ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိလဲဆိုတာကို ပြသနေခဲ့ပါတယ်။ ရန်ကိုင်ကိုသာ မလေးစားရင် ဂျူနီယာတွေ ကြားက ကိစ္စတွေကို အသာထား၊ သူတို့ကိုယ်တိုင်တောင် ဒီလောက် နှိမ့်နှိမ့်ချချနဲ့ ပြုမူနေမှာ မဟုတ်ပါဘူး။
အားလုံးက ရန်ကိုင် ဒီမှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
“အားလုံး၊ ငြိမ်ပေးကြပါ” ချူရီမန်က ပြုံးပြီး ပြောလိုက်တယ် “အားလုံးအတွက် ဆေးမလုံလောက်ဘူးလို့ ထင်နေကြတာလား။ ရန်ကိုင်က ရှင်တို့အားလုံးကို ဒီမှာ စုစည်းခိုင်းလိုက်တာလေ။ ရှင်တို့ တစ်ယောက်ချင်းစီအတွက် ဝေစုမရပဲ ရန်ကိုင်က ရှင်တို့အကုန်လုံးကို ဘယ်လိုလုပ်ပြီး ဒီနေရာမှာ စုဝေးခိုင်းလိုက်ပါ့မလဲ”
ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး အံ့အားသင့်သွားခဲ့ကြတယ်။
ရှန်ထန်းရှောင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်တယ် “ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ ဆိုတဲ့အတိုင်း ပါလား။ သူတို့ရဲ့ ဆေးဖော်စပ်တဲ့ အမြန်နှုန်းက အခြား ဆေးပညာရှင်တွေနဲ့ ယှဉ်နိုင်တဲ့ အမြန်နှုန်းမဟုတ်ဘူးပဲ”
ကျိုးဖန်ကလည်း အကျယ်ကြီး အော်ရယ်မောလိုက်ရင်း “ဒီကျိုးတောင် ဆေးဘုရင်တောင်ကြားက တပည့်တွေ ဖော်စပ်တဲ့ ဆေးလုံးတွေကို အသုံးပြုနိုင်တော့မှာ ဆိုတော့ ညီအစ်ကိုရန်ကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့”
ခန်းမထဲမှာ ရှိနေတဲ့ လူအားလုံး ပြုံးလိုက်ကြပြီး ရန်ကိုင်ကို လာထောက်ပံ့ဖို့ ရွေးချယ်လိုက်တာ မှန်သွားတယ်လို့ အားလုံး တွေးလိုက်ကြတယ်။ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ သူတို့မှာသာ ဆေးလုံး အလုံအလောက် ရှိနေသရွေ့ သူတို့ရဲ့ ခွန်အားတွေက တရိပ်ရိပ်နဲ့ တိုးတက်နေမှာပါ။
ရန်ကိုင်က မဲ့ပြုံးပြုံးသာ ပြုံးလိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။
ပထမအသုတ် ဆေးလုံးတွေကို ဆေးဘုရင် တောင်ကြားက ဆေးပညာရှင်တွေ ဖော်စပ်ခဲ့တာ မဟုတ်ပါဘူး။ ထိုဆေးလုံးတွေ အကုန်လုံးကို ရှနင်းချန် တစ်ယောက်တည်းကပဲ ဒိုင်ခံဖော်စပ်ခဲ့တာပါ။ ဆေးဘုရင် တောင်ကြား တပည့်တွေက ရှနင်းချန်ဆီကနေ ဆေးပညာကို လေ့လာနေတုန်းပဲ ရှိပါသေးတယ်။ နောက်ထပ် ရက်နည်းနည်းလောက် ကြာမှပဲ သူတို့ စဖော်စပ်လိမ့်မှာပါ။
သူတို့ရဲ့ ဆေးပညာ အရည်အချင်းက မကောင်းတာ မဟုတ်ပါဘူး။ ရှနင်းချန် ရောက်ရှိနေတဲ့ အမြင့်ကပဲ အရမ်း မြင့်လွန်းနေခဲ့တာပါ။ သူမဆီကနေ တိုက်ရိုက် သင်ယူမယ် ဆိုရင်တောင် သူမရဲ့ နည်းလမ်းတွေကို သိနားလည်ဖို့ အချိန်ပမာဏ တစ်ခုတော့ သူတို့ လိုပါလိမ့်မယ်။
“ချူရီမန်၊ ဆေးလုံးတွေကို ဝေပေးလိုက်” ရန်ကိုင်က ပြောလိုက်တယ်။
လက်ခုပ်တစ်ချပ် တီးလိုက်ပြီး ချူရီမန်က ဆောင်းဦးမိုးစက် အဖွဲ့သားတွေကို ဆင့်ခေါ်လိုက်တယ်။ ထိုလူတွေ တစ်ယောက်ချင်းစီက ဆေးနှစ်ပုလင်းစီပါတဲ့ လင်ဗန်းတစ်ချပ်စီကို သယ်လာခဲ့ကြပါတယ်။
“အင်အားစုတစ်ခုကို ဆေးနှစ်ပုလင်းဆိုတော့ များလှချည်လား” ဟော်ရှင်းချန်က ထိုဆေးပုလင်းတွေကို အံ့အားသင့်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ ဒီအချိန်တိုလေး အတွင်း အင်အားစုတစ်ခုကို ဆေးတစ်ပုလင်း ရရင်တောင် တော်ကာရာကျနေပြီလို့ သူတွေးနေခဲ့တာပါ။ ဒါပေမယ့် တကယ့်ရလဒ်က သူမျှော်မှန်းထားတာထက် ပိုကောင်းနေလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
ဒါပေမယ့်… ဆေးလုံးက အများကြီးဆိုတော့ ဆေးလုံးအဆင့်က အရမ်းကြီး မမြင့်လောက်ပါဘူး။
ဟုတ်တယ်၊ အဲ့ဆေးလုံးတွေက ကောင်းကင်အဆင့် ဆေးလုံးတွေ ဖြစ်လောက်မယ် သခင်လေးဟော် တိတ်တဆိတ် တွေးလိုက်တယ်။
ဆေးပုလင်းနှစ်ပုလင်းစီ လက်ခံရရှိပြီးနောက် အားလုံးက ပိုပြီး ပျော်ရွှင်စွာနဲ့ ပြုံးလိုက်ကြတယ်။ ထိုဆေးလုံးတွေ အကုန်လုံးက ကောင်းကင်အဆင့် ဆေးလုံးတွေ ဖြစ်ကြပေမယ့် မကျေနပ်တဲ့လူ ဘယ်သူမှ မရှိပါဘူး။
ကောင်းကင်အဆင့် ဆေးလုံးတွေကလည်း အဆင့်မနိမ့်ပါဘူး။ လူအများကြီးကို ထောက်ပံ့ပေးရတယ် ဆိုတဲ့ အချက်ကို ထည့်စဉ်းစားဖို့လည်း လိုသေးတယ်လေ။
“ဆေးနှစ်ပုလင်းလုံးထဲမှာ ကျင့်ကြံဖို့အတွက် အခြေတည်ဆေးလုံးတွေ ရှိတယ်” ချူရီမန်က ပြုံးကာ ထပ်ပြောလိုက်တယ် “ဆေးလုံးတွေ အကုန်လုံးက ဆန်းကြယ်အဆင့်နိမ့် အခြေတည်ဆေးလုံးတွေနော်”
Martial Peak
အပိုင်း (၄၅၄) အလွန်အမင်း ထူးဆန်းနေခြင်း
ခန်းမ တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့တယ်။ အားလုံးရဲ့ မျက်နှာထက်၌ အပြုံးတွေကတော့ ရှိနေဆဲပါပဲ၊ ဒါပေမယ့် အားလုံးက ရန်ကိုင်နဲ့ ချူရီမန်ကို ထူးထူးဆန်းဆန်းနဲ့ စိုက်ကြည့်နေခဲ့ကြတယ်။ သူတို့ရဲ့ အကြည့်တွေထဲ သင်္ကာမကင်းသည့် အရိပ်အယောင် တစ်စွန်းတစ်စတို့ ပါဝင်နေခဲ့ပါသေးတယ်။ သူတို့ပဲ နားကြားမှားသွားတာလား၊ ချူရီမန်ကပဲ မှားပြောခဲ့တာလား ဆိုပြီး အားလုံး ခေါင်းရှုပ်နေခဲ့ကြတယ်။
“သခင်မလေးချူက ဒီလို ဟာသတွေလည်း ပြောတတ်တာပဲနော်” ဟော်ရှင်းချန်က ရုတ်တရက် ရယ်မောလိုက်တယ်။
ခန်းမထဲမှာ ရှိနေတဲ့လူအားလုံး အံ့အား သင့်သွားခဲ့ကြတယ်။ ချူရီမန်တောင် အခုလိုမျိုး ဟာသလုပ်တတ် လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး။
ဒါပေမယ့် ဒီပျက်လုံးကြီးက ရယ်စရာ မကောင်းပါဘူး။ ပြီးတော့ ဟော်ရှင်းချန်က လွဲပြီး ဘယ်သူမှ မရယ်မောခဲ့ပါဘူး။ ချူရီမန်ကို အရှက်ရအောင် လုပ်မိမှာ စိုးတဲ့အတွက် အားလုံးက ဟန်မပျက် အမူအရာနဲ့သာ ရှိနေခဲ့ကြတယ်။
ချူရီမန်ကတော့ လူအုပ်ကြီးကို အမှုမထားဟန်ဖြင့် စိုက်ကြည့်လိုက်တယ်။ သူမရဲ့ လှပတဲ့ မျက်ဝန်းအစုံက လူတစ်ယောက်ချင်းစီတိုင်းရဲ့ မျက်နှာထက် လျှပ်ပြေးသွားခဲ့တယ်။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ချူရီမန်က ပြန်မေးလိုက်တယ် “ရယ်စရာကောင်းတာ တကယ်ပဲလား”
ကိုးယိုးကားယား ချောင်းဟန့်သံ သဲ့သဲ့လေးသာ ထွက်ပေါ်ခဲ့ပါတယ်။ အားလုံးက သူတို့ရုပ်ကို တည်ထားရင်း ခါးကိုအလိုလို မတ်ထားလိုက်ကြတယ်။
“ကျွန်မ နောက်နေတယ်လို့ ရှင်တို့ ထင်ရင် ထင်နေမှာပေါ့။ ဒါပေမယ့် ကျွန်မ အမှန်ကို ပြောနေခဲ့တာ။ အဲ့အခြေတည် ဆေးလုံးတွေ အကုန်လုံးက ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးတွေချည်းပဲ။ ဆေးလုံးက ရှင်တို့ လက်ထဲရောက်နေပြီလေ။ မယုံရင် အဖုံးဖွင့်ပြီး ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်လိုက်” ချူရီမန်က ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဟော်ရှင်းချန်က ချူရီမန် ပြောတာကို လုံးဝ မယုံနိုင်ခဲ့ပါဘူး။ ခေါင်းကိုသာ ခါရမ်းနေရင်း ဆက်ပြောလိုက်တယ် “အခြေတည်ဆေးလုံးက ကောင်းကင်အဆင့် ဆေးလုံးတစ်လုံးပဲ။ ငါကိုယ်တိုင် အခြေတည်ဆေးလုံးတွေ အများကြီးကို စားသုံးလာခဲ့တာ ဖြစ်လို့ အဲ့အချက်ကို ငါကောင်းကောင်း သိတယ်။ အခုကျမှ ဒီအခြေတည်ဆေးလုံးတွေက ဘယ်လိုလုပ်ပြီး ဆန်းကြယ်အဆင့် ဖြစ်သွားခဲ့ရတာလဲ”
ဆန်းကြယ် အဆင့်နိမ့်အဆင့်နဲ့ ကောင်းကင် အထွတ်အထိပ် အဆင့်တို့ကြား အဆင့်လေးတစ်ဆင့်သာ ကွာခြားတယ် ဆိုပေမယ့် ထိုအဆင့်ဆေးလုံး နှစ်လုံးရဲ့ တန်ဖိုးက အများမှအများကြီးကို ကွာခြားလှပါတယ်။ ဆန်းကြယ်အဆင့်အောက် ဆေးလုံးတွေက သာမန်ဆေးလုံးတွေသာ ဖြစ်ပြီး ဆန်းကြယ်အဆင့်နဲ့ အထက် ဆေးလုံးတွေကတော့ ရတနာတွေပါ။
ဆန်းကြယ်အဆင့် ဆေးလုံးကို ရရှိဖို့ မလွယ်ကူပါဘူး။ ဆန်းကြယ်အဆင့် ဆေးလုံးတွေရဲ့ ဆေးအမယ်တွေက ရှာရမလွယ်ကူပါဘူး။ ပြီးတော့ ဆေးအမယ်တွေ စုံနေရင်တောင် ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့အတွက် အချိန်နဲ့အင်အား အရမ်း စိုက်ထုတ်ရပါတယ်။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ ရောက်တာ လဝက်လောက်ပဲ ရှိပါသေးတယ်။ ပြီးတော့ ထိုဆေးပညာရှင်တွေရဲ့ အဆင့်ကိုလည်း သူတို့အားလုံး သိထားကြပါတယ်။
ထိုဆေးပညာရှင်တစ်သိုက်သာ ကောင်းကင် အထွတ်အထိပ်အဆင့် ဆေးလုံးတွေကို အချိန်တိုအတွင်း သန့်စင်ဖော်စပ် နိုင်ခဲ့ရင် သူတို့ရဲ့ လေးစားမှုကို ရရှိဖို့ လုံလောက်တာထက် ပိုနေပါပြီ။
ဒါပေမယ့် ထိုအခြေတည် ဆေးလုံးတွေ အကုန်လုံးက ဆန်းကြယ်အဆင့် ဆေးလုံးတွေလို့ ချူရီမန်က သူတို့ကို လာပြောနေခဲ့ပါတယ်။ ထို့ကြောင့် အားလုံးက ယုံရခက် ဖြစ်နေခဲ့ကြတာပေါ့။ ဆန်းကြယ်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့ ဆေးပညာရှင် မလုံလောက်တဲ့ အချက်ကို အသာထား၊ အခြေတည်ဆေးလုံးက ကောင်းကင်အဆင့် ဆေးလုံးပါ၊ ဆန်းကြယ်အဆင့် မဟုတ်ပါဘူး။
ပြောပြီးတာနဲ့ ဟော်ရှင်းချန်က ဆေးပုလင်း အဖုံးကို ဖွင့်လိုက်ပြီး သူ့လက်ထဲသို့ ဆေးတစ်လုံးကို သွန်ချလိုက်တယ်။ အဲ့လိုလုပ်ပြီးတာနဲ့ သူ့လက်ထဲက ဆေးလုံးကို ငေးစိုက်ကြည့်နေရင်း ဟော်ရှင်းချန် မျက်နှာထက်က မြောက်ကြွမြောက်ကြွ အမူအရာလည်း ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။
ဆေးလုံးကို ထုတ်ယူကြည့်ပြီးတာနဲ့ အားလုံးထက်က အကြည့်တို့ ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား အော်ဟစ်သံတို့ ခန်းလုံးပြည့်လျှံသွားခဲ့တယ်။
“ရှင်တို့ရဲ့ ဂိုဏ်းထဲမှာဆိုရင် ရှင်တို့တွေက အဆင့်အတန်း နိမ့်ကျတဲ့သူတွေ မဟုတ်တဲ့အတွက် အခြေတည် ဆေးလုံးတွေကို သောက်သုံးဖူးကြမှာပဲ။ ဒါကြောင့် ရှင်တို့ လက်ထဲမှာ ရှိနေတဲ့ ဆေးလုံးကို ကောင်းကောင်း နားလည် နိုင်လောက်မယ်လို့ ထင်ပါတယ်” ချူရီမန်က အသာအယာလေး ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပါဘူး။
ဒီနေ့မနက် ထိုဆေးလုံးတစ်သုတ်ကို သူမ မြင်ခဲ့တုန်းကလည်း ဟော်ရှင်းချန်တို့လိုပဲ ဖြစ်သွားခဲ့တာပါ။ ရန်ကိုင်က သူမကို လာနောက်နေတယ်လို့တောင် ထင်ခဲ့တဲ့အထိပါ။ ဒါပေမယ့် သူမရဲ့ မျက်စိနဲ့ တပ်အပ် စစ်ဆေးပြီးတော့မှပဲ ထိုဆေးလုံးတွေက ဆန်းကြယ် အဆင့်နိမ့် အခြေတည်ဆေးလုံးတွေ ဖြစ်မှန်း ချူရီမန် လက်ခံလိုက်ရတယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဟော်ရှင်းချန်က ကိုယ့်ဖင်ကိုယ်ကြားလောက်တဲ့ အသံလေးနဲ့ ပြောလိုက်တယ်။ ဆန်းကြယ်အဆင့် အခြေတည်ဆေးလုံးတွေ ရှိမှန်း သူတစ်ခါမှ မကြားဖူးခဲ့ပါဘူး။
ဟော်မိသားစု သခင်လေးက ဆေးပုလင်းထဲက ဆေးလုံးတွေ အကုန်လုံးကို ထုတ်ယူလိုက်ပြီး တစ်လုံးချင်းစီ တိုင်းကို သေချာ စစ်ဆေးကြည့်ပါတော့တယ်။ ဆေးလုံးတွေ အကုန်လုံးက ဆန်းကြယ်အဆင့်ဆေးလုံးတွေ ဖြစ်နေတာကို သူအလျင်အမြန်ပဲ တွေ့ရှိလိုက်ရတယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” တတိယမြောက် အကြိမ်အဖြစ် ဟော်ရှင်းချန် ထပ်မံ ရေရွတ်လိုက်ပြန်တယ်။ သူ့စိတ်တစ်ခုလုံး လုံးဝကို ရှုပ်ထွေးနေခဲ့ပြီး အိပ်ပျော်နေရင်း အိမ်မက်မက်ပြီး ယောင်ယမ်း ရေရွတ်နေသလို ထိုမေးခွန်းကိုပဲ ထပ်ခါတလဲလဲ ရေရွတ်နေပါတော့တယ်။
“အာ၊ ကြည့် ကြည့်… ဆေးလုံးတွေပေါ်မှာ မျဉ်းကြောင်းလေးတွေ ရှိနေတယ်” အရမ်းကို ထူးခြားဖွယ်ရာ တစ်ခုခုကို ရှာတွေ့သွားသည့်အလား လူအုပ်ကြီးထဲက တစ်ယောက်က ရုတ်တရက် ထအော်လိုက်တယ်။
“ဆေးသွေးကြောတွေလား”
“ဘုရားရေ၊ ငါ့ပုလင်းထဲမှာလည်း ဆေးသွေးကြောတွေ ပါတဲ့ ဆေးလုံးတွေ ပါတယ်ဟ”
“ငါ့လည်း အတူတူပဲ။ လေးလုံးတောင်… ဟားဟားဟား… ဆေးလုံးတွေမှာ ဆေးသွေးကြောတွေ ရှိတဲ့အကြောင်း ကြားပဲကြားဖူးခဲ့တာ။ မျက်စိနဲ့ တပ်အပ်မြင်ရလိမ့်မယ်လို့ အိပ်မက်တောင် မက်ခဲ့ဖူးတာ မဟုတ်ဘူး”
ပြီးတော့ ထိုဆေးသွေးကြောတွေက ဆန်းကြယ်အဆင့် ဆေးလုံးတွေမှာ ရှိနေခဲ့တာပါ။ ဆေးလုံးတွေ အကုန်လုံးထဲမှာမှ တစ်လုံး၊ နှစ်လုံးတည်း ကွက်ပြီး ရှိနေတာ မဟုတ်ပါဘူး။ ၂၀ ရာခိုင်းနှုန်းကနေ ၃၀ ရာခိုင်းနှုန်းလောက်မှာ ဆေးသွေးကြောတွေ ပါပါတယ်။
အားလုံး ထိတ်လန့်သွားခဲ့ကြတယ်။ သူတို့ မျက်နှာထက် မယုံကြည်နိုင်သည့် အရိပ်အယောင်တို့ အထင်သား ထွက်ပေါ်နေခဲ့ပါတယ်။
ဆေးပညာရှင်တစ်ယောက် ဆေးလုံးဖော်စပ်တဲ့အခါ သူတို့ရဲ့ ဆေးပညာ အရည်အချင်းက လုံလောက်အောင် မြင့်မားနေခဲ့ရင် ဆေးလုံးတွေ ဖြစ်ပေါ်လာတဲ့အခါ ထိုဆေးလုံးတွေမှာ ဆေးသွေးကြောတွေ ပါလာနိုင်ချေ ရှိပါတယ်။
ဆေးသွေးကြော ရှိတဲ့ ဆေးလုံးတစ်လုံး ထွက်ပေါ်လာတာနဲ့ ထိုဆေးလုံးရဲ့ တန်ဖိုးက မိုးထောင်တက်သွားမှာပါ။ ဘာလို့လဲ ဆိုတော့ ဆေးလုံးချင်း တူရင်တောင် ဆေးသွေးကြောပါတဲ့ ဆေးလုံးက ဆေးသွေးကြော မပါတဲ့ ဆေးလုံးထက် အများကြီး ပိုစွမ်းလို့ပါပဲ။ ပြီးတော့ ဆေးသွေးကြော ပါတဲ့ ဆေးလုံးကို အချိန်ဘယ်လောက်ပဲ ကြာအောင် သိမ်းထားပါစေ ဆေးလုံးရဲ့ အာနိသင်က နည်းနည်းလေးတောင် လျော့ပါးမသွားပါဘူး။ အချိန်တွေ အများကြီး ကုန်ဆုံးသွားရင်တောင် ဆေးလုံးရဲ့ အာနိသင်က အရင်အတိုင်းပဲ ရှိနေမှာပါ။
ဆေးသွေးကြောရဲ့ အထက်မှာတော့ ဆေးတိမ်တိုက် ရှိနေခဲ့ပါတယ်။ ဆေးတိမ်တိုက်ရှိတဲ့ ဆေးလုံးရဲ့ အစွမ်းအာနိသင်က ဆေးသွေးကြောရှိတဲ့ ဆေးလုံးရဲ့ အစွမ်းအာနိသင်ထက် အများကြီး ပိုအစွမ်းထက်တယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ဒါတွေက ကောလဟာလတွေနဲ့ ဒဏ္ဏာရီ ယုံတမ်းစကားတွေပဲ ရှိပါသေးတယ်။ ဒီမှာ ရှိနေတဲ့ လူတွေအကုန်လုံးက အဆင့်အတန်း နိမ့်ကျတဲ့ လူတွေ မဟုတ်ကြပေမယ့် သူတို့တောင် ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို မြင်ရခဲပါတယ်။ သူတို့ရဲ့ ဂိုဏ်းတွေက ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို မဝယ်နိုင်တာ မဟုတ်ပါဘူး၊ အဲ့အစား သာမန်ဆေးပညာရှင်တွေကပဲ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို အရမ်းတကာ အရမ်း ကံကောင်းလွန်းနေမှသာ ဖော်စပ်နိုင်စွမ်း ရှိကြလို့ပါ။
ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာနေတဲ့ ဆေးပညာရှင်တွေတောင် ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို တစ်ခါတစ်ရံမှပဲ ဖော်စပ်နိုင်စွမ်း ရှိကြပါတယ်။ အဲ့ဒါတောင် ကံကောင်းမှပါ။
ဆေးလုံးအဆင့်မြင့်လေ၊ ဆေးသွေးကြော ထွက်ပေါ်လာနိုင်ချေ ပိုနည်းလေးပါပဲ။
ဆေးသွေးကြော ပါလာပြီ ဆိုကတည်းက ထိုဆေးလုံးကို ဖော်စပ်လိုက်တဲ့ ဆေးပညာရှင်က ထိပ်တန်းအဆင့် ဆေးပညာရှင်လို့ ရည်ညွှန်းနေတာနဲ့ အတူတူပါပဲ။ ဆေးသွေးကြောတွေက အကောင်းဆုံး ဆေးလုံးတွေရဲ့ အမှတ်သင်္ကေတဆိုလည်း မမှားပါဘူး။
ဒါပေမယ့် အခုတော့ အားလုံး လက်ထဲမှာ ရှိနေတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးရဲ့ ၂၀ရာခိုင်းနှုန်းလောက်က ဆေးသွေးကြောတွေပါတဲ့ ဆေးလုံးတွေ ဖြစ်နေခဲ့ကြပါတယ်။
ထိုဆေးသွေးကြောပါတဲ့ ဆေးလုံးတွေက မည်သည့် ရတနာထက်မဆို ပိုပြီး အံ့အားသင့်ဖွယ် ကောင်းလှပါတယ်။
ခန်းမထဲမှာ ရှိနေတဲ့ လူတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အော်ဟစ် ရယ်မောနေခဲ့ကြတယ်။
ရှန်းယွမ်မြို့တော်ရဲ့ သခင်လေး လျူဖေးရှန်ဆို ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့ပါသေးတယ်။ ဆန်းကြယ်အဆင့် ဆေးလုံးတွေပါတဲ့ ဆေးပုလင်း နှစ်ပုလင်းကို လက်ထဲကိုင်ထားရင်း သူ့မျက်နှာ တစ်ခုလုံး နီးမြန်းလာခဲ့ပြီး သူ့ရဲ့ ဝင်သက်ထွက်သက် လေတွေတောင် ပူနွေးလာခဲ့တယ်။
သူ့စိတ်ထဲမှာတော့ ရန်ကိုင်ကို လာထောက်ပံ့ပေးဖို့ ဆုံးဖြတ်လိုက်တာက သူလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်လို့တောင် တွေးနေခဲ့ပါတယ်။ တိုက်ပွဲမဖြစ်ခင် အချိန်မှာတောင် အင်အားစုတစ်ခုစီက ဆန်းကြယ်အဆင့် ဆေးနှစ်ပုလင်းစီ ရခဲ့ပါတယ်။ ထို့ကြောင် နောက်ပိုင်း အခုလို အကျိုးအမြတ်တွေ မရနိုင်မှာကို စိတ်ပူနေစရာ လိုပါဦးပါ့မလား။
အခုအချိန်၌ ပန်းပေါင်းတစ်ထောင် နန်းတော်က မိန်းမလှလေးတွေတောင် ပျော်ပျော်ရွှင်ရွှင်နဲ့ တခစ်ခစ် ရယ်မောနေခဲ့ကြပါတယ်။ ဟန်ရှောင်ချီတစ်ယောက်ပဲ အနည်းငယ်လေး ထိန်းထိန်းသိမ်းသိမ်းနဲ့ နေနိုင်ခဲ့ပါတယ်။ သူမလည်း အရမ်း စိတ်လှုပ်ရှားနေပေမယ့် စီနီယာအစ်မကြီး တစ်ယောက်ဆိုတဲ့ ဟန်ပန်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် ရန်ကိုင်ဆီကို လှမ်းကြည့်လိုက်ပြီး သူ့အား ကျေးဇူးတင်တင်နဲ့ ပြုံးပြလိုက်ပါတယ်။
ရီဟန်က အစကတည်းက ပျော်ပျော်နေတတ်တဲ့ ကောင်မလေး တစ်ယောက် ဖြစ်တဲ့အတွက် ဆေးလုံးတစ်လုံး ချင်းစီကို စစ်ဆေးနေရင်း ဆေးသွေးကြောပါတဲ့ ဆေးလုံး တစ်လုံးတွေ့တာနဲ့ ထထအော်နေတဲ့ အတွက် ဟန်ရှောင်ချီရဲ့ တိတ်တဆိတ် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရပါသေးတယ်။
“စီနီယာချင်က အရမ်းကို အံ့ဩဖို့ ကောင်းတာပဲ။ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေက တကယ်ကို အခြားတစ်ဆင့်မှာပဲ” စိတ်လှုပ်ရှားနေရာကနေ မဆိုသလောက်ကလေး အသိပြန်ဝင်လာခဲ့ပြီးနောက် ငှက်မွှေးပျံနန်းတော်ရဲ့ ချူကျင်းရှန်က ချီးကျူးစကား ဆိုလိုက်တယ်။
“အမှန်ပဲ၊ စီနီယာချင်မှာ ဒီလိုအရည်အချင်းတွေ ရှိနေမှတော့ ဂရမ်းမာစတာရှောင်နဲ့တောင် ပုခုံးချင်း ယှဉ်ရပ်နေနိုင်မလား မသိဘူး” ရေလခန်းမက ဖန်ချင်းဟန်က ပြောလိုက်တယ်။
ဟော်ရှင်းချန်ကတော့ အခြားလူတွေနဲ့ မတူစွာပဲ မျက်မှောင်သာ ကြုံ့နေခဲ့ပါတယ်။ သူ့လက်ထဲက ဆန်းကြယ်အဆင့် ဆေးပုလင်းကို သေသေချာချာ ဆုပ်ကိုင်ထားရင်း ရန်ကိုင်ကိုသာလှမ်းပြီး ငေးစိုက် ကြည့်နေခဲ့တယ်။
ပထမအဆင့် အင်အားစုတွေက လာတဲ့ လူတွေနဲ့ မတူညီစွာပဲ ဟော်ရှင်းချန်က အရမ်းကြီး ဗဟုသုတ မကြွယ်ဝပေမယ့် သူကြုံတွေ့ခဲ့ဖူးတဲ့ အရာတွေက ထိုလူတွေ ကြုံတွေ့ခဲ့ဖူးတဲ့ အရာတွေထက် အဆင့်တစ်ဆင့် ပိုမြင့်နေမှာ သံသယ ရှိစရာ မလိုပါဘူး။
ဟော်မိသားစုမှာလည်း ဆန်းကြယ်အဆင့် ဆေးပညာရှင် တစ်ယောက် ရှိပါတယ်။ တကယ်တမ်း ပြောရရင် တစ်ယောက်ထက် မကတောင် ရှိနေပါတယ်။ ဟော်ရှင်းချန် သိသလောက်ဆိုရင် ထိုဆေးပညာရှင် တွေတောင် ဆန်းကြယ်အဆင့် ဆေးလုံးများစွာကို အခုလိုမျိုး အချိန်တိုအတွင်း မဖော်စပ်ပေးနိုင်ပါဘူး။ ဆေးသွေးကြောပါတဲ့ ဆေးလုံးများစွာကို အချိန်ဆယ်နှစ်ပေးပြီး ဖော်စပ်ခိုင်းရင်တောင် သူတို့ ဖော်စပ်နိုင်ကြမှာ မဟုတ်ပါဘူး။
ချင်ကျဲက ဆေးဘုရင်တောင်ကြားရဲ့ တောင်ကြား သခင်လေးတစ်ယောက် ဖြစ်နေရင်တောင် သူက ဆန်းကြယ်အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက် ဖြစ်လာခဲ့တာ ဘယ်လောက်မှ မကြာသေးပါဘူး။ ဒီဆေးလုံးတွေကို ဖော်စပ်ခဲ့တဲ့လူက တကယ်ပဲ သူဖြစ်နိုင်လို့လား။
ချူရီမန်က လူအုပ်ကြီးကို ဝေ့ကြည့်နေတုန်း ဟော်ရှင်းချန်နဲ့ အကြည့်ချင်း ဆုံသွားခဲ့တယ်။ မဟာအင်အားကြီး မိသားစုနှစ်ခုက လူငယ်လေး နှစ်ယောက်စလုံး တစ်ယောက်အကြည့်ထဲ သံသယကို အပြန်အလှန် သတိပြုမိလိုက်ကြတယ်။
အဖြစ်အပျက် တစ်ခုလုံးက အရမ်းကို ထူးဆန်းနေခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးတော့လည်း ထိုဆန်းကြယ်အဆင့် ဆေးလုံးတွေကို ရရှိသွားခဲ့ပြီ ဖြစ်တဲ့အတွက် အားလုံးက သူတို့နေထိုင်ရာ ခြံဝန်းဆီ ပြန်ပြီး ကျင့်ကြံဖို့ရာ အရမ်းကို စိတ်အား ထက်သန်နေခဲ့ကြပါတယ်။ ဒီလို ဆေးလုံးတွေနဲ့ ဆိုရင် သူတို့ရဲ့ ခွန်အားကို မြှင့်တင်နိုင်ဖို့ အချိန်ပဲ လိုအပ်ပါတယ်။
အားလုံးက ရန်ကိုင်ကို ကျေးဇူးတင် နှုတ်ဆက်စကား ပြောပြီးတာနဲ့ ခန်းမထဲက အလျှိုလျှို ထွက်ခွါသွားခဲ့ကြပါတယ်။ ဟော်ရှင်းချန်တောင် မစောင့်နိုင်တော့ပဲ သူနေထိုင်ရာ ခြံဝန်းဆီ ပြန်ပြီး ထိုဆေးလုံးတွေရဲ့ အာနိသင်ကို အလျင်အမြန် သွားစမ်းသပ်ပါတော့တယ်။
အားလုံး ထွက်သွားပြီးနောက် ချူရီမန်ကို ရန်ကိုင်ကို အဓိပ္ပါယ်ပါတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပြီး မေးလိုက်တယ် “ဒီတော့၊ ဒီဆေးလုံးတွေကို ဘယ်သူ ဖော်စပ်ခဲ့လဲ ဆိုတာကို ငါ့ကို မပြောပြချင်ဘူးလား”
“လေကုန်ခံပြီး မေးမနေနဲ့၊ ငါနင့်ကို ပြောပြမှာ မဟုတ်ဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းခါရမ်းလိုက်တယ်။ ဒီကိစ္စက သူ့ရဲ့ စီနီယာမမလေးနဲ့ ဆက်စပ်နေတဲ့ အတွက် ရန်ကိုင်က ထိုကိစ္စကို ဘယ်သူ့ကိုမှ ပြောပြလိမ့်မှာ မဟုတ်ပါဘူး။
ပြီးတော့ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေနဲ့ ရန်ကိုင်မှလွဲပြီး ဆေးဖော်စပ်ခန်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့် မပြုထားခဲ့ပါဘူး။ ချူရီမန်တောင် ဆေးပညာရှင်တွေ ဆေးဖော်စပ်နေတာကို အနှောင့်အယှတ် ဖြစ်သွားမှာ စိုးတဲ့အတွက် ဆေးဖော်စပ်ခန်းထဲ မဝင်သွားရဲခဲ့ပါဘူး။ ထို့ကြောင့် ဒီတစ်သုတ် ဆေးလုံးတွေကို ဘယ်သူ ဖော်စပ်ခဲ့လဲ ဆိုတာကို သူမ တကယ်မသိခဲ့တာပါ။
မျက်ခွံလေးလှန်လိုက်ပြီး ချူရီမန်က ရေရွတ်လိုက်တယ် “နင်မပြောရင်တောင် ငါသိတယ်၊ ဒီဆေးလုံးတွေက နင့်ရဲ့ စီနီယာမမလေး ဖော်စပ်ခဲ့တာမလား”
ချူမိသားစုရဲ့ ပထမသခင်မလေးက အရမ်းကို ဥာဏ်ပြေးလွန်းပါတယ်။ ချင်ကျဲမှာ ဒီဆေးလုံးတွေကို ဖော်စပ်နိုင်စွမ်း မရှိမှန်း သူမသိထားပါတယ်။ ဆေးဘုရင်တောင်ကြားက တပည့်တွေနဲ့ ရန်ကိုင် အပြင်ကိုမှ ဆေးဖော်စပ်ခန်းထဲ ထွက်နေတဲ့လူဆိုလို့ ရှနင်းချန် တစ်ယောက်သာ ရှိပါတယ်။ ထိုအရာတွေကို မှီငြမ်းပြီး ကောက်ချက်ချရမယ် ဆိုရင် ဒီဆေးလုံးတွေကို ဘယ်သူ ဖော်စပ်ခဲ့လဲ ဆိုတာ သူမအတွက် ခန့်မှန်းရ လွယ်ကူသွားခဲ့ပါပြီ။
“လက်လွတ်စပယ် လျှောက်ပြောမနေနဲ့။ သက်သေကို ဖျောက်ဖျက်ဖို့ နင့်ကို တိတ်တဆိတ် နှုတ်ပိတ်မိမှာကို နင်သေချာ သတိထားသင့်တယ်” ရန်ကိုင်က ချူရီမန်ကို စိုက်ကြည့်လိုက်တယ်။ သူ့အကြည့်ထဲ သတိပေးနေသည့် အဓိပ္ပါယ်တို့ ပါဝင်နေခဲ့ပါတယ်။
ချူရီမန်ရဲ့ မျက်နှာလှလှလေး မဆိုသလောက်ကလေး ဖြူလျော်သွားခဲ့တယ်။ သူမ လုံးဝကို ကြောင်အနေခဲ့ရလေပြီ။ အခု သူမက ဒီအတိုင်း ကောက်ခန့်မှန်းလိုက်တာပါ၊ ဒါပေမယ့် ရန်ကိုင်ရဲ့ ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ အပြုအမူအရ ဒီတစ်သုတ်ဆေးလုံးတွေကို ဖော်စပ်ခဲ့တဲ့လူက သူ့ရဲ့ စီနီယာမမလေး ဖြစ်နေတဲ့ပုံပါပဲ။
ရှနင်းချန်ရဲ့ ရန်ကိုင်ရဲ့ မိန်ကလေး သက်သက်တင် မဟုတ်ဘူးဆိုတာကို အခုမှပဲ ချူရီမန် နားလည်သွား ခဲ့တော့တယ်။
ဇာပုဝါတပ်ထားတဲ့ အတွက် အခြားလူတွေထက် နည်းနည်းလေး ထူးခြားနေတာကလွဲလို့ သူမမှာ ဘာထူးခြားတာမှ ရှိမနေခဲ့ပါဘူး။ သူမရဲ့ ကျင့်ကြံခြင်းက သူမအသက်နဲ့ ယှဉ်ရင် တော်တော်လေး မြင့်နေတယ်လို့ ပြောလို့ရပေမယ့် ထိုဆေးလုံးတွေကို သူမကိုယ်တိုင် ဖော်စပ်ခဲ့တာ တကယ်ပဲ ဖြစ်နေခဲ့တာလား။
ချူရီမန် ခေါင်းခါရမ်းလိုက်ရင်း မဲ့ပြုံးပြုံးလိုက်ပြီး ထိုမဖြစ်နိုင်တဲ့ အတွေးကို သူမခေါင်းထဲကနေ ဖယ်ထုတ်လိုက်တယ်။
သူမ အသိပြန်ဝင်လာလို့ ဘေးဘီဝဲရာကို လှည့်ပတ် ရှာကြည့်လိုက်တဲ့အချိန် ထိုသကောင့်သားက ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပါပြီ။
“တစ်နေ့၊ တစ်နေ့ကျ နင့်လျှို့ဝှက်ချက်တွေ အကုန်လုံးကို ငါတူးထုတ်ပြမယ်” ချူရီမန်က အနည်းငယ်လေး စိုးရိမ်နေတဲ့ လေသံလေးနဲ့ ရေရွတ်လိုက်တယ်။
ရန်ကိုင်ရဲ့ အမျိုးမျိုးသော ဆန်းကြယ်မှုတွေကြောင့် သူမမှာ သူ့ကို အထူးအလေးပေး ဂရုပြုထားခဲ့ပါတယ်။ အခုတော့ သူတင်မကလို့ သူ့ဘေးမှာ ရှိနေတဲ့ မိန်းကလေးမှာတောင် မယုံနိုင်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတဲ့ပုံပါပဲ။ ထိုကြောင့် ချူရီမန် သိချင်စိတ် ပြင်းပြသွားတာလည်း အထူးအဆန်း တစ်ခုမဟုတ်ပါဘူး။
ထိုအချိန်၌ ရန်ကိုင်က သူ့စီနီယာမမလေးရဲ့ အခန်းဆီ သွားနေခဲ့တယ်။ လွန်ခဲ့တဲ့ လဝက်အတွင်း ရှနင်းချန်က တောက်လျှောက် ဆေးဖော်စပ်နေခဲ့တဲ့အတွက် သူမမှာ သူနဲ့စကားပြောဖို့ အချိန်မရှိတာကို အသာထား ကိုယ်ပိုင်နားချိန်လေးတောင် မရှိခဲ့ပါဘူး။
အခန်းတံခါးဖွင့်ပြီး အထဲဝင်လိုက်တဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရန်ကိုင် အမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ရတယ်။
အခန်းထဲမှာတော့ ရှနင်းချန်သာမက လန်ချူးတျယ်ပါ ရှိနေခဲ့ပါတယ်။ မိန်းကလေး နှစ်ယောက်က ရစ်မူးဖွယ် အပြုံးလေးတွေကို ဆင်မြန်းရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ စကားစမြည် ပြောနေခဲ့ကြတယ်။
ရန်ကိုင် ဝင်လာတာကို သတိပြုမိလိုက်တာနဲ့ မိန်းကလေး နှစ်ယောက်စလုံးရဲ့ အကြည့်က တစ်ပြိုင်တည်းလို သူ့ဆီ ရောက်ရှိလာခဲ့တယ်။
“စီနီယာအစ်မ နှစ်ယောက်ကို ကြည့်ရတာ ပျော်နေတဲ့ပုံပဲ။ ဘာအကြောင်းတွေ ပြောနေကြတာလဲဟင်” ရန်ကိုင်က ဝင်ပေါက်ရှေ့မှာတင် ရပ်မနေခဲ့ပဲ အထဲကို လမ်းလျှောက် ဝင်သွားခဲ့တယ်။
ရှနင်းချန်နဲ့ လန်ချူးတျယ်လို့ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နှစ်ယောက်စလုံး သွားပေါ်အောင် ပြုံးလိုက်ကြတယ်။
“မိန်းမရေးရာ မိန်းမကိစ္စတွေ အကြောင်း ပြောနေတာ၊ နင်သိဖို့ မလိုပါဘူး” လန်ချူးတျယ်က ရန်ကိုင်ကို ကြည့်ပြီး ပြောလိုက်တယ်။
“ဒီမှာ အပြင်လူမှ မရှိတာကို၊ ပြောသာပြောစမ်းပါ၊ ကိစ္စမရှိပါဘူး” ရန်ကိုင်က ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ လန်ချူးတျယ် စိတ်ထဲ ပျော်သွားခဲ့ရတယ်။
Martial Peak
အပိုင်း(၄၅၅) ကျူးကျော်ခံရခြင်း
ပြောပြီးတာနဲ့ ရန်ကိုင်က ရှနင်းချန် ထိုင်နေတဲ့ နေရာဆီ သွားလိုက်ပြီး သူရဲ့ စီနီယာမမလေးကို မချီလိုက်တယ်။ ရှနင်းချန်ရဲ့ အထိတ်တလန့် အော်သံလေးကို လျစ်လျူရှုထားလိုက်ပြီး သူမကို သူ့ပေါင်ပေါ် ထိုင်ခိုင်းလိုက်ကာ လန်ချူးတျယ်ဘက်လှည့်ပြီး သူမပြန်ပြောလာမှာကို စောင့်နေလိုက်တယ်။
“ဂျူနီယာမောင်လေး…” ရှနင်းချန်က ဟိုရုန်းဒီရုန်း လုပ်နေရင်း အားတုံ့အားနာ လေသံလေးနဲ့ ပြောလိုက်တယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ လက်မောင်းနှစ်ဖက် သူမအား တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားတဲ့အတွက် ရှနင်းချန်မှာ ရန်ကိုင်ရဲ့ ထွေးပိုက်မှုကနေ ရုန်းမထွက်နိုင် ဖြစ်နေခဲ့ရတယ်။ ချက်ချင်းဆိုသလို သူမရဲ့ မျက်နှာလေးက ရဲရဲနီလာခဲ့ပြီး ကျော့ရှင်းလှတဲ့ မျက်ခမ်းလေးတွေ ဆိုရင်လည်း တဆတ်ဆတ် တုန်ခါနေပါတော့တယ်။ လန်ချူးတျယ်ကို မကြည့်ရဲတော့တဲ့အတွက် ရန်ကိုင် ရင်ထဲကိုသာ အတင်းခေါင်းတိုး တော့လေရဲ့။
“ဒီလောက် ရှက်နေစရာ မလိုပါဘူး၊ ကျွန်တော် ပြောခဲ့ပြီးသားပဲလေ၊ ဒီနေရာမှာ ရှိနေတဲ့လူတွေက အပြင်လူတွေမှ မဟုတ်တာလို့” ရန်ကိုင်က ပြုံးလိုက်ပြီး ရိသဲ့သဲ့ အမူအရာလေးနဲ့ ပြောလိုက်တယ်။
လန်ချူးတျယ် မျက်နှာထက် ကြည်နူးပျော်ရွှင်နေတဲ့ အပြုံးလေးက အလျင်အမြန်ပဲ ပြန်လည် ပျောက်ကွယ် သွားခဲ့တယ်။ ကိုးယိုးကားယား အပြုံးတစ်ခုကို အားတင်း ဖျစ်ညစ်ပြုံးလိုက်ရင်း “နင်တို့ နှစ်ယောက်ကို ငါဆက်မနှောင့်ယှတ်တော့ဘူး”
ပြောပြီးတာနဲ့ ထိုင်ရာကနေ ချက်ချင်း ထထွက်သွားလိုက်တယ်။
ရှနင်းချန်လည်း ထဖို့ ကြိုးစားလိုက်ပေမယ့် ရန်ကိုင်က သူမကို အသာအယာလေး ကလိထိုးလိုက်တယ်။ ရှနင်းချန် ကိုယ်လုံးလေး ကျုံသွားခဲ့ပြီး ရန်ကိုင် လက်မောင်းထဲကနေ ရုန်းထွက်ဖို့ အတွေးကို ချက်ချင်း စွန့်ပယ်လိုက်ရတယ်။ သူမရဲ့ ဆတ်ဆတ်ထိမခံနိုင်တဲ့ နေရာလေး ဖြစ်တဲ့ ခါးလေးကို ရန်ကိုင်က ကလိထိုးလိုက်တာပါ။
လန်ချူးတျယ်ရှေ့ အခုလိုလုပ်ခဲ့ရတာက သူမကို ထွက်သွားစေချင်လို့ပါ။ အချိန်က အဖိုးတန်ပါတယ်၊ သူ့ရဲ့ စီနီယာမမလေးနဲ့တောင် အချိန်အကြာကြီး မဖြုန်းနိုင်တာက အခြားသူတွေက သူတို့နှစ်ယောက်ရဲ့ အဖိုးတန် အချိန်လေးအား လာနှောင့်ယှတ်တာကို ရန်ကိုင်က ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်ပါ့မလဲ။
အခန်းအပြင်ဘက်မှာတော့ လန်ချူးတျယ်က တောင့်တင်းပြီး ခါသီးလှတဲ့ အပြုံးကို ဆင်မြန်းရင်း ရပ်နေခဲ့တယ်။ ရန်ကိုင်ရဲ့ ဆိုလိုရင်း သူမ နားမလည်ပဲ ဘယ်နေပါ့မလဲ။ သူက အရမ်းကြီး သိသာအောင် လုပ်ခဲ့လို့ပဲ သူမအတွက် အရမ်းခါးသီး ခဲ့ရတာပါ။
သူမနဲ့ ရှနင်းချန်တို့ နှစ်ယောက်စလုံးက ရန်ကိုင်ရဲ့ စီနီယာအစ်မတွေ ချည်းပါပဲ။ နှစ်ယောက်စလုံးကလည်း မရင်းနှီးရာမှ ရင်းနှီးရာသလို့ ကူးပြောင်းသည့် အချိန်ကာလကို ဖြတ်ကျော်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ ရန်ကိုင် နှလုံးသားထဲမှာ ရှနင်းချန်နဲ့ သူမရဲ့ တန်ဖိုးက မိုးနဲ့မြေပမာ ကွာခြားသွားခဲ့ပါပြီ။
ဘဝခရီးလမ်းတစ်လျှောက် ကိုယ်အမှုမဲ့အမှတ်မဲ့ ပြုလိုက်တဲ့ ရွေးချယ်မှုကတစ်ခုက ကိုယ့်ရဲ့ ကံတရားကို လုံးဝ ပြောင်းလဲသွားစေနိုင်ပါတယ်။ ထိုအကြောင်းကို တွေးရင်း သူမ အသာအယာလေး ခေါင်းရမ်းလိုက်တယ်။ သူမရဲ့ တော်တော်လေး ပါလှသည့် အဝတ်အစားကို ငုံ့ကြည့်လိုက်ရင်း ဆောင်းရောက်လို့ အေးစက်စပြုလာပြီပဲလို့ လန်ချူးတျယ် ရုတ်တရက် တွေးလိုက်မိတယ်။
အပြင်ဘက်က အသံတွေကို နားထောင်နေပြီး လန်ချူးတျယ် ထွက်သွားပြီမှန်း သတိပြုမိလိုက်တာနဲ့ ရှနင်းချန်က ခြင်အော်သံလို တိုးညင်းသည့် လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တယ် “ဂျူနီမောင်လေး၊ နင်လွှတ်လို့ရပြီနော်…”
“သက်သောင့်သက်သာ မရှိလို့လား” ရန်ကိုင်က ရှနင်းချန်ရဲ့ မျက်ဝန်းအစုံကို စိုက်ကြည့်ရင်း အပြုံးလေးနဲ့ ပြန်မေးလိုက်တယ်။
“အွန်း…” ရှနင်းချန်က အသာအယာလေး ပြန်ပြောလိုက်တယ်။ သူမ ပါးနှစ်ဖက်စလုံး မီးဖုတ်ထားသည့် အလား ရဲရဲနီမြန်းနေခဲ့ပါတယ်။
“စီနီယာမမလေး ကျွန်တော့်ကို ကြိုက်လားဟင်” ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး ရှနင်းချန်ကို စလိုက်တယ်။
ရှနင်းချန်က ပြန်မဖြေရဲတဲ့အတွက် တိတ်တိတ်လေးသာ နေလိုက်တယ်။ သူမရဲ့ နှလုံးသားလေးကတော့ စစ်ချီဗုံသံတွေ အလား မရပ်မနား မြည်ဟည်းနေခဲ့တယ်။
“ဒီတော့ ကျွန်တော့်ကို မကြိုက်ဘူးပေါ့” ရန်ကိုင်က စိတ်ပျက်အားလျော့နေတဲ့ လေသံ၊ အမူအရာလေးနဲ့ သက်ပြင်းချလိုက်တယ်။
“မ..မဟုတ်ဘူး၊ မဟုတ်ဘူး…” ချက်ချင်းဆိုသလို ရှနင်းချန်မှာ ပျာယာခတ်သွားခဲ့ပြီး သူမရဲ့ လက်ကို ကမန်းကတန်း ဝှေ့ရမ်းလိုက်လိုက်ရင်း စိုးရိမ်မှုတွေနဲ့ မျက်ဝန်းအစုံနဲ့ အလျင်စလို ပြန်ပြောလိုက်တယ်။
သူမရဲ့ ပုံစံလေးကို ကြည့်ရင်း ရန်ကိုင် မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး အားပါးတရ ရယ်ချလိုက်ပါတယ်။
ဘေးဘက်အခန်းမှာ ရှိနေတဲ့ ဘဏ္ဏာထိန်းမန်ကတော့ လက်သီးတင်းတင်း ဆုပ်ထားခဲ့ရင်း သူ့ရင်ထဲ အမျက်ဒေါသ တခြောင်းခြောင်း ထွက်နေခဲ့တယ်။ တစ်ဖက်ခန်းစီ ပြေးသွားပြီး ရန်ကိုင်ကို သူ့အမေ မမှတ်မိတော့တဲ့အထိ ရိုက်နှက်ပစ်ချင်တဲ့ စိတ်ကို မနည်းအောင့်အည်း ထိန်းချုပ်နေခဲ့ရတယ်။
ကောင်စုတ်လေး… ခွေးသူတောင်းစားလေး… မင်းကများ ဒီလူအိုကြီးရဲ့ ရိုးသား အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတဲ့ အဖိုးတန် ရတနာတုံးလေးကို အနိုင်ကျင့်ရဲတယ်ပေါ့… သောက်ရှက်မဲ့လိုက်တဲ့ကောင်။ မင်း ဒီလူအိုကြီးကို ဒေါသ မထွက်ထွက်အောင် လုပ်နေတာလား၊ ခွေးသူတောင်းစားရဲ့။
“ဂျူနီယာမောင်လေး၊ နင့်ငါ့ကို စနေတာလား” ရှနင်းချန်က မကျေမနပ် ဖြစ်နေတဲ့ပုံစံလေးနဲ့ ပါးလေးနှစ်ဖက်ကို ဖောင်းထားရင်း ပြန်မေးလိုက်တယ်။
ရှနင်းချန်ကို ကြည့်လိုက်တဲ့အချိန် ရန်ကိုင် မျက်ဝန်းအစုံ သိမ်မွေ့နူးညံ့ သွားခဲ့ရတယ်။ စီနီယာမမလေးကို ကြည့်ရရုံနဲ့တင် ဒီအတောအတွင်းက သူပင်ပန်း နွမ်းနယ်ခဲ့ရတာတွေ အကုန်လုံး နတ်ရေစင် သောက်လိုက်ရသလိုမျိုး အရှင်းပျောက်ကွယ် သွားခဲ့တယ်။
ရှနင်းချန် ဂနာမငြိမ် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ရန်ကိုင် လက်ထဲကနေ ရုန်းမထွက်နိုင်မှန်း သိနေတာနဲ့ တစ်ဖက်ဆီ ခေါင်းလှည့်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်တယ် “ဂျူနီယာမောင်လေး၊ နင့်ကြည့်ရတာ စီနီယာအစ်မလန်ကို မနှစ်သက်တဲ့ ပုံပဲနော်”
ရန်ကိုင့် မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့ပြီး ခဏလောက် စဉ်းစားပြီးမှပဲ ပြန်ပြောလိုက်တယ် “သူမကို မကြိုက်တာမျိုး မဟုတ်ဘူး၊ သူမနဲ့ သိပ်ပြီး အဆက်အသွယ် မလုပ်ရင် ပိုကောင်းမယ်လို့ ခံစားနေရရုံပဲ”
“ဘာလို့လဲ၊ ငါ့မြင်သလောက်ဆိုရင် စီနီယာအစ်မလန်က နင့်ကို တော်တော်လေး ဂရုစိုက်တယ်လေ။ ငါ့ဆီ လာတွေ့တုန်းကတောင် နင့်အကြောင်း အများကြီး ပြောသွားခဲ့တာ”
“အဲ့ဒါကြောင့်ပဲပေါ့” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “ကျွန်တော်သာ ရန်မိသားရဲ့ ကလေး တစ်ယောက် ဒါမှမဟုတ် ကောင်းကင်စံအိမ်ရဲ့ တပည့်တစ်ယောက် မဟုတ်တော့ရင်၊ စီနီယာမမလေး ကျွန်တော့်အပေါ် သဘောထား ပြောင်းသွားမှာလား”
“ဘာလို့ ပြောင်းရမှာလဲ။ ဂျူနီယာမောင်လေး ဘယ်သူပဲ ဖြစ်လာဖြစ်လာ၊ ဂျူနီယာမောင်လေးက ငါ့ရဲ့ ဂျူနီယာမောင်လေးပဲ ဖြစ်နေမှာပဲ”
“စီနီယာမမလေး အဲ့လိုပြောမယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် လူတိုင်းက စီနီယာမမလေးလို မဟုတ်ဘူးလေ။ ကျွန်တော်တို့ရဲ့ စီနီယာအစ်မလန်က အဲ့လိုမျိုး မဟုတ်ဘူး။ အခု သူကျွန်တော့်ကို ဂရုစိုက်ပြနေတာက ကျွန်တော်က ရန်မိသားစုရဲ့ သခင်လေး တစ်ယောက် ဖြစ်နေလို့ပဲ။ တစ်နေ့ ကျွန်တော်သာ ရန်မိသားစုဝင် တစ်ယောက် မဟုတ်တော့ရင် ကျွန်တော့်အပေါ် သူရဲ့ ဆက်ဆံတဲ့ ပုံစံက တစ်မျိုး ပြောင်းလဲသွားနိုင်တယ်။ ဒါက ကျွန်တော့်အမြင် သက်သက်ပဲ ဆိုပေမယ့် သူနဲ့ မဆက်ဆံနိုင်သမျှ မဆက်ဆံမိအောင် နေရင် အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော် ခံစားနေရတယ်။ သူလုပ်တဲ့ပုံစံက မှားတယ်လို့ ကျွန်တော် မပြောနိုင်ဘူး၊ တကယ်တော့ အဲ့လိုနည်းလမ်းကပဲ သူအတွက် သင့်တော်ရင် သင့်တော်နေနိုင်တာလေ။ ကျွန်တော်ပြောချင်တာ တစ်ခုက စီနီယာမမလေးက အရမ်း ကောင်းလွန်းတယ်၊ စီနီယာမမလေးနဲ့ သူနဲ့ ယှဉ်စရာ လိုကိုမလိုတာ”
ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး အရမ်းကို ရိုးသားလွန်းတဲ့ သူ့ရဲ့ စီနီယာမမလေးကို ရှင်းပြလိုက်တယ်။
ဒါပေမယ့် သူမစိတ်ထဲမှာတော့ နားလည်ထားမှန်း ရန်ကိုင် သိထားပါတယ်။ စီနီယာမမလေးက ရိုးသားပြီး ချစ်ဖို့ကောင်းပေမယ့် ဒီလောကကြီးက လူ့စရိုက်တွေ အကြောင်း နားမလည်တာတော့ မဟုတ်ပါဘူး။ သူမက အရမ်းကို ကြင်နာတတ်လွန်းနေတဲ့ အတွက် လူတွေရဲ့ မကောင်းဘက်ခြမ်းကို မမြင်ချင်တာပဲ ရှိတာပါ။
“ဟုတ်ပြီ၊ ကျွန်တော့် ဆေးတွေရော” ရန်ကိုင်က မေးလိုက်တယ်။
“အိပ်ရာပေါ်မှာပဲ။ ခဏစောင့်၊ ငါသွားယူပေးမယ်” ရှနင်းချန်က ရန်ကိုင်ပေါင်ပေါ်ကနေ ထလိုက်ပြီး သူမကုတင်ဆီ လမ်းလျှောက်ဿွားလိုက်တယ်။ ထို့နောက် အိတ်လေးတစ်လုံးကို ယူလိုက်ပြီး ရန်ကိုင်ကို ပေးလိုက်တယ်။
အိတ်ကို ဖွင့်ကြည့်လိုက်တာနဲ့ ဆေးပုလင်း ခြောက်ပုလင်းကို ရန်ကိုင် တွေ့လိုက်ရတယ်။
“သုံးပုလင်းက အစစ်အမှန်ချီကို လေ့ကျင့်ဖို့… အားလုံးက ယန်စွမ်းအင် အမျိုးအစား ဆေးလုံးတွေချည်းပဲ။ ကျန်တဲ့ သုံးပုလင်းကတော့ စိတ်စွမ်းအင် ပြန်ဖြည့်ရာမှာ သုံးတဲ့ဆေးလုံးတွေပဲ” ရှနင်းချန်က အနည်းငယ်လေး နောင်တရနေဟန်နဲ့ ပြောလိုက်တယ် “အချိန် အရမ်းနည်းလွန်းနေတာ ဆိုးသွားတယ်၊ မဟုတ်ရင် အဲ့ထက်များများ ပိုဖော်စပ်နိုင်ခဲ့မှာ”
“ဒီဆေးလုံးတွေက လုံလောက်တာထက်တောင် ပိုနေပါပြီ” ရန်ကိုင်က ပြန်ပြောလိုက်တယ်။ ဒီလောက်နဲ့တင် သူကျေနပ်ပါတယ်၊ တကယ်တော့ ဒီဆေးလုံးတွေ အကုန်လုံးက ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးတွေချည်းပဲလေ။
အားလုံးဆီ ဝေပေးခဲ့တဲ့ အခြေတည်ဆေးလုံးတွေ လိုပဲ ဒီဆေးလုံးတွေ အကုန်လုံးက ကောင်းကင်အဆင့်တွေပါ။ ရှနင်းချန်က ထိုကောင်းကင်အဆင့် ဆေးလုံးတွေကို ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးတွေအဖြစ် အဆင့်မြှင့်ထားခဲ့တာပါ။
ဆေးပေါင်းရည်က ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ရုံမက ဆေးဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုမယ် ဆိုရင် ဆေးလုံးရဲ့ အရည်အသွေးကိုပါ တိုးတက်စေနိုင်ပါတယ်။ ဆေးပေါင်းရည်ကို အစစ်အမှန် ဆေးပညာနည်းလမ်းထဲက စိတ်ဝိဥာဉ် အစီအရင်တွေနဲ့ အတူတွဲဖက် အသုံးပြုပြီးနောက် ဒီမဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုက ရှနင်းချန်အတွက် ထမင်းစားရေသောက်ပမာ လွယ်ကူသွားခဲ့တယ်။
ဆေးပေါင်းရည်နဲ့ စိတ်ဝိဥာဉ် အစီအရင်တွေသာ မရှိရင် ရှနင်းချန်ရဲ့ လက်ရှိစွမ်းရည်နဲ့ လဝက်အတွင်း ဒီလောက်များတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ပြီးတော့ သူမအတွက် ဆေးဖော်စပ်ဖို့ ဆန်းကြယ်အဆင့် ဆေးအမယ်တွေလည်း လုံလုံလောက်လောက် ရှိမနေခဲ့ဘူးလေ။
“စီနီယာမမလေး၊ ကိုယ့်ကိုယ်ကို အရမ်းကြီး အပင်ပန်း မခံနဲ့လေ” ရန်ကိုင်က ရှနင်းချန်ကို ကြည့်ပြီး စိုးရိမ်နေတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။
“ငါနည်းနည်းလေးတောင် မမောဘူး။ ဆေးဖော်စပ်နေတဲ့ အချိန် ငါ့ခွန်အားက တရိပ်ရိပ်နဲ့ တိုးတက်လာနေခဲ့တာ။ အမှန်အတိုင်း ပြောရရင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ကို မကြာခင်မှာပဲ ချိုးဖျက်နိုင်တော့မယ်လို့ ငါ့စိတ်ထဲ ခံစားမိနေခဲ့ပြီ။ ဒါကြောင့် ဆေးတွေ အများကြီး ထပ်ဖော်စပ်ဖို့ကိုတောင် ငါမျှော်လင့်နေတာ။ ငါခွန့်အားသာ အလျင်အမြန် တိုးတက်လာခဲ့ရင် ဆရာနဲ့ ဂျူနီယာ မောင်လေးကို ပိုပြီး မြန်မြန် ကူညီပေးနိုင်တာပေါ့” ရှနင်းချန်က ပျော်ရွှင်စွာနဲ့ ပြန်ပြောလိုက်တယ်။
သူမအတွက်တော့ ဆေးဖော်စပ်တာက ကျင့်ကြံခြင်းပါပဲလား။ ထွတ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်က တကယ်ကို ထူးခြားတာပဲ ရန်ကိုင် စိတ်ထဲကနေ တိတ်တဆိတ် တွေးတောလိုက်တယ်။
ရှနင်းချန်နဲ့ စကားစမြည် ပြောလို့ပြီးတာနဲ့ ရန်ကိုင် စတင်ပြီး လေ့ကျင့်ပါတော့တယ်။
ခါတိုင်းလိုပဲ ရန်ကိုင်က ဆေးပုလင်းထဲရှိ ယန်စွမ်းအင် အမျိုးအစား ဆေးလုံးတွေကို အရင်သောက်သုံးလိုက်တယ်။ ပြီးတော့မှပဲ ဆေးစွမ်းအင်တွေကို ယန်အရည်စက်တွေအဖြစ် အသွင်းပြောင်းပါတယ်။ အဲ့ဒါပြီးတဲ့ နောက်မှာတော့ စိတ်စွမ်းအင် အားဖြည်ဆေး သုံးပုလင်းကို သုံးပြီး အစစ်အမှန် ဆေးပညာနည်းလမ်းကို စတင် လေ့လာပါတော့တယ်။
ထို့အပြင် မန်ဝူရ သင်ကြားပေးခဲ့တဲ့ စိတ်စွမ်းအင် ကျင့်စဉ်ကိုပါ လေ့ကျင့်နေလိုက်ပါသေးတယ်။ သူ့စိတ်စွမ်းအင် ပြန်ပြည့်တဲ့နှုန်းက အရင်ကထက် ပိုပြီး မြန်ဆန်လာတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။
ရန်ကိုင် လေ့ကျင့်နေတဲ့အချိန် ရှနင်းချန်က သူ့ဘေးမှာ ငြိမ်ငြိမ်လေးထိုင်ရင်း အားပြန်ဖြည့်ရင်ဖြည့်၊ မဖြည့်ရင် တစ်ရေးတစ်မော မှေးနေတတ်ပါတယ်။
အခုပုံစံက ရစ်ခွေနဂါးစမ်းချောင်း အောက်ဘက်ရှိ ကျောက်လှိုဏ်ဂူလေးထဲမှာ သူတို့နှစ်ယောက် အချိန်အတူတူ ကုန်ဆုံးခဲ့တာလေးကို ရန်ကိုင်အား ပြန်အမှတ် ရသွားစေခဲ့တယ်။
နှစ်ရက်ကြာပြီးနောက် ရှနင်းချန်က ဆေးဖော်စပ်ခန်းဆီ ပြန်သွားလိုက်တယ်။ ရှနင်းချန် မရှိတော့တဲ့အတွက် ရန်ကိုင်စိတ်ထဲ အနည်းငယ် အထီးကျန်သလို ခံစားလိုက်ရတယ်။
အချိန်တွေ ကုန်ဆုံးလာခဲ့ပြီး သူ့ ခွန်အားက တရိပ်ရိပ်နဲ့ တိုးတက်လာနေတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ အစစ်အမှန်ဒြပ်စင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။
မဝေးတော့တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို မျှော်မှန်းရင်း ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့တယ်။
သူသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို တက်လှမ်းသွားနိုင်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ရှစ်ယောက်ရဲ့ စူးစမ်းထောက်လှမ်းမှုကို ဆက်ပြီး စိုးရီမ်နေစရာ မလိုတော့ပါဘူး။
နေမထွက်ခင် အချိန်အနည်းအငယ်အလို… ရန်ကိုင်က အစစ်အမှန် ဆေးပညာနည်းလမ်းကို တိတ်တဆိတ်နဲ့ လေ့လာနေတဲ့အချိန် တစ်ခုခု မူမှန်သလို ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရတယ်။ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုံကာ စံအိမ်တစ်ခုလုံးကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ လွှမ်းခြုံလိုက်တယ်။
တစ်ချိန်းတည်မှာပဲ ဘေးအခန်းမှာ ရှိနေတဲ့ မန်ဝူရလည်း သူ့ရဲ့ ကောင်းကင်စိတ်အာရုံအား ဖြန့်ကျက်လိုက်တာကို ရန်ကိုင် သေသေချာချာ ခံစားမိလိုက်တယ်။ သူ့ရဲ့ ကောင်းကင် စိတ်အာရုံနဲ့ ယှဉ်ရင် မန်ဝူရဲ့ ကောင်းကင် စိတ်အာရုံက မယုံနိုင်လောက်အောင် ညင်သာညက်ညောပြီး အာရုံခံလို့ မရတဲ့အထိပါပဲ။ ဒါပေမယ့် ထိုကောင်းကင် စိတ်အာရုံက အရမ်းကို ကြောက်မက်ဖွယ် ကောင်းတယ် ဆိုတာကိုတာ့ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရပါဘူး။
အားကောင်းတဲ့ ကောင်းကင် စိတ်အာရုံနှစ်ခုက စံအိမ်တစ်ခုလုံးကို ဖြန့်ကျက်သွားခဲ့ပြီး မူမမှန်တာ တစ်ခုခုကို ရှာဖွေလိုက်တယ်။
“သေချင်နေတာပဲ” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သူ့ရဲ့ စိတ်စွမ်းအင်ကို သိပ်သည်းလိုက်ပြီး ထိုကျူးကျော်သူရဲ့ ဝိဥာဉ်ကို တိုက်ခိုက်လိုက်တယ်။
အမှောင်ထုထဲ ခရမ်းရောင် အလင်းဖျဖျလေး တစ်ချက် လက်သွာခဲ့ပြီး အလန့်တကြား အော်ဟစ်သံနှင့်အတူ ဝေးဝါးတဲ့ ပါးလျလျပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
“ဘယ်သူလဲ” စံအိမ်ထဲမှာ ရှိနေတဲ့ အားကောင်းတဲ့ ပညာရှင်တွေ အကုန်လုံး တစ်ခုခု မူမမှန်တာကို ရုတ်ချည်း သတိပြုမိသွားခဲ့ပြီး ရန်ကိုင်စံအိမ် တစ်ခုလုံး ပွတ်လောညံသွားခဲ့တယ်။
လေတိုးသံတွေနဲ့ အတူ မရေမတွက်နိုင်တဲ့ လူများစွာက ကျူးကျော်သူ ထွက်ပေါ်လာတဲ့ နေရာဆီ ပျံသန်းသွားလိုက်ကြတယ်။
ထိုမှုန်ဝါးဝါးနဲ့ ပိန်ပါးတဲ့ ပုံရိပ်က လုံးဝကို မှင်သက်နေခဲ့တယ်။ သူတို့တွေ သတိပြုမိသွားလိမ့်မယ် ဆိုတဲ့အချက်ကို နည်းနည်းလေးတောင် မတွေးတောခဲ့တဲ့ ပုံပါပဲ။
တုန့်ဆိုင်းမနေရဲတော့တာနဲ့ ထိုပုံရိပ်က ရုတ်တရက် ယိမ်းထိုးသွားခဲ့ပြီး ရေစီးကြောင်းတွေကို သူ့အား လွှမ်းခြုံသွားစေခဲ့တယ်။ ထိုရေလှိုင်းလိုက်ကာ ပွင့်လာတာနဲ့ ထိုလူရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ဝေဝါးသွားခဲ့တယ်။
ထိုပုံရိပ် ပျောက်ကွယ်လုလု ဖြစ်နေစဉ်မှာပဲ တစ္ဆေလို ပုံရိပ်တစ်ခုက ထိုလူရိပ်ရဲ့ နောက်ကနေ ထွက်ပေါ်လာခဲ့ပြီး အေးစက်စက် ဓါးရောင်နှစ်ချက် လက်သွားခဲ့ကာ မီတာများစွာ ကျယ်ဝန်းတဲ့ လေဟာနယ်တစ်ခုလုံးကို ခုတ်ပိုင်းသွားခဲ့တယ်။
ရင်းဂျု…
ရွှတ်ခနဲ ဆိုတဲ့အသံနဲ့အတူ ပုံရိပ်တစ်ခုလုံး ပေါက်ကွဲကာ တစ်စစီ ဖြစ်သွားခဲ့တယ်။
ရင်းဂျုက ထိုနေရာတစ်ဝိုက်ကို ဝေ့ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန်ပဲ အရိပ်ထဲ တစ်ဖန်ပြန်ဆုတ်သွားခဲ့ပြီး ကျုးကျော်သူ မတ်တပ်ရပ်နေတဲ့ နေရာကို စူးစိုက်ကြည့်နေလိုက်တယ်။ ဒါပေမယ့် ထိုနေရာ၌ လူသူအရိပ်အခြေ နည်းနည်းလေးတောင်မှ မတွေ့ရတော့ပဲ ရေခိုးရေငွေ့ အချို့ကိုသာ တွေ့ရပါတော့တယ်။
မီတာတစ်ထောင်အဝေးသို့ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ထွက်ပြေးသွားခဲ့သည့် ထိုလူရဲ့ လျှပ်စီးတမျှ အမြန်နှုန်းကို ကြည့်ရင်း ရင်းဂျု မျက်မှောင် ကြုံ့မိလိုက်တယ်။
ဒီလို အမြန်နှုန်း…
ရွှစ် ရွှစ် ရွှစ်… ခဏကြာပြီးနောက် မရေမတွက်နိုင်တဲ့ လူရိပ်တွေ စင်္ကြံလမ်းသို့ ရောက်ရှိလာခဲ့တယ်။ ရန်ကိုင်လည်း ကျုးကျော်သူ ရောက်ရှိလာခဲ့တဲ့ နေရာဆီ ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာရင်း ကြမ်းပြင်ထက်က သွေးစက်တွေကို ငုံ့ကြည့်လိုက်တယ်။ ထို့နောက် ကျုးကျော်သူ ထွက်ပြေးသွားခဲ့တဲ့ အရပ်ဆီ တစ်ဖန် လှမ်းကြည့်လိုက်ပြီး မကျေမချမ်းသံ ပြုလိုက်တယ်။
“ဘာတွေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာလဲ” ဆေးဖော်စပ်ခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့ပြီး ချင်ကဲ မကျေမနပ်နဲ့ မြန်တွန်တောက်တီးရင်း အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဒါပေမယ့် လူများစွာနဲ့ ရန်ကိုင်တို့ စုဝေးနေတာကို သတိပြုမိလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ အမူအရာက လေးနက်သွားခဲ့ပြီး သူ့မျက်ခုံးကြောတို့လည်း တွန့်ကွေးသွားခဲ့တယ်။
အခြေအနေက ပုံမှန်ဟုတ်မနေခဲ့ပါဘူး။
“အခုပဲ တစ်ယောက်ယောက် ခိုးဝင်လာလို့၊ ဆေးဘုရင်တောင်ကြားက တပည့်တွေ ထိခိုက်သွားသေးလား” ရန်ကိုင်က ခပ်မြန်မြန်ပဲ မေးလိုက်တယ်။
“မရပါဘူး” ချင်ကျဲ ခေါင်းခါလိုက်တယ်။
ရန်ကိုင်က သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို ထုတ်လွှတ်ပြီး ဆေးဘုရင်တောင်ကြား တပည့်တွေနဲ့ ရှနင်းချန်ရဲ့ အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။ တစ်ယောက်မှ ဒဏ်ရာမရမှန်း သိလိုက်ရတော့မှပဲ သူစိတ်သက်သာရာ ရသွားခဲ့တယ်။
ဒါပေမယ့်… ဆေးဖော်စပ်ခန်းဆိုတာ သူ့ခြံဝန်းတစ်ခုလုံးမှာ အစောင့်အကြပ် အထူထဲဆုံး နေရာပါ။ ဒါတောင်မှ တစ်ယောက်ယောက်က ဒီအနီးအနားဆီ ခိုးဝင်လာနိုင်ခဲ့ပါတယ်။ ဒီတစ်ချက်တည်းနဲ့ ရန်ကိုင်ကို ထိတ်လန့်သွားစေဖို့ လုံလောက်နေပါပြီ။
ဒါက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပါပဲ။
“စံအိမ်ထဲမှာ အထိအခိုက်၊ အဆုံးအရှုံး တစ်ခုခု ရှိလားဆိုတာကို သွားစစ်ဆေးကြည့်လိုက်” ရန်ကိုင်က ခက်ထန်နေတဲ့ အမူအရာနဲ့ အမိန့်ပေးလိုက်တယ်။ သူ့မျက်နှာက မုန်တိုင်းမစခင် တိမ်ညိုတွေ စုဝေးနေသလိုမျိုး မည်းမှောင်လို့ နေခဲ့ပါတယ်။