← Chapters

အခန်း (၄၅၆-၄၆၀)

Vol. 19 Ch. 456-460

အခန်း (၄၅၆-၄၆၀)

Vol. 19 Ch. 456-460

အပိုင်း (၄၅၆) ရန်မိသားစု ကိုယ်စားလှယ်

ဒီမှာ ရှိနေတဲ့ လူအားလုံး ရောက်ရောက်ခြင်းပဲ အလျင်စလို ပြန်လည် ထွက်ခွါသွားခဲ့ကြတယ်။ ခဏကြာပြီးနောက် အားလုံးက အခြေအနေ အလုံးစုံကို ချူရီမန်အား ပြန်လည်တင်ပြလာခဲ့ကြတယ်။

“ဘာဆုံးရှုံးမှုမှ မရှိခဲ့ဘူး” ချူရီမန်က အနည်းငယ် သုန်မှုန်နေတဲ့ အမူအရာနဲ့ ပြောလိုက်တယ်။ ဘာဆုံးရှုံးမှုမှ မရှိခဲ့တဲ့ ဝမ်းသာစရာ ဆိုပေမယ့် လူတစ်ယောက်က ဒီလောက်တောင် အစောင့်အကြပ် ထူထဲတဲ့ နေရာဆီ ဘယ်လိုလုပ်ပြီး ခိုးဝင်လာနိုင်ခဲ့တာလဲ။

ဟုတ်တာပေါ့၊ သစ္စာဖောက် တစ်ယောက်တော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လိုမျိုးက ဖြစ်နိုင်ချေ မရှိတာပါ။ သူ့စံအိမ်ထဲမှာ ရှိနေတဲ့ လူတွေကို ရန်ကိုင် နည်းနည်းလေးတောင် သံသယမဝင်ပါဘူး။

ဒါပေမယ့် အဲ့လို စဉ်းစားလိုက်တာနဲ့ လူတစ်ယောက်က ကိုယ့်အားကိုယ်ကိုးပြီး ဆေးဖော်စပ်ခန်းမ ဝန်းကျင်ဆီ အားလုံးမသိအောင် ခိုးဝင်လာနိုင်ခဲ့တာလို့ပဲ ကောက်ချက် ချရပါတော့မယ်။ ထိုကဲ့သို့ စဉ်းစားမိလိုက်တာနဲ့ ချူရီမန် မျက်နှာလေး ဖြူလျော်သွားခဲ့တယ်။

ရန်ကိုင်က အားကောင်းတဲ့ ပညာရှင်များစွာကို စုစည်းထားခဲ့တာပါ၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကို ရောက်နေတဲ့ ကျင့်ကြံသူတွေတောင် မနည်းများပါတယ်။ ရန်ကိုင့် ခြံဝန်းတစ်ခုလုံးမှာ ဆေးဖော်စပ်ခန်း နေရာက အစောင့်အကြပ် အထူထပ်ဆုံးပါပ။ ဒါပေမယ့် ထိုလျှိူ့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်က လူမသိသူမိအောင် ခိုးဝင်လာနိုင်ခဲ့ပါတယ်။ ထိုပညာရှင် ဘယ်လောက်တောင် သန်မာနေခဲ့တာလဲ။

ဒါပေမယ့် ဆေးဖော်စပ်ခန်း ဝန်းကျင်ဆီ ရောက်အောင် ခိုးဝင်လာပြီးမှပဲ ဘာလို့ သူ့ကို ရှာတွေ့သွားခဲ့ရတာလဲ။ ဘာတွေများ တကယ် ဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို ချူရီမန် နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

“ရင်းဂျု၊ သူဘယ်လိုပုံစံ ရှိလဲ ဆိုတာကို ခင်ဗျား မြင်လိုက်လား” ရန်ကိုင်က မျက်မှောင်ကြုံ့ရင်း မေးလိုက်တယ်။

အရိပ်ထဲက ရင်းဂျုရဲ့ ပြန်ပြောသံ ထွက်ပေါ်လာခဲ့တယ် “ကျုပ်တောင်းပန်ပါတယ် သခင်လေး။ ဒါပေမယ့် ဒီလက်အောက်ငယ်သားက ကျူးကျော်သူရဲ့ ကျင့်ကြံခြင်း အဆင့်ကိုအသား၊ အဲ့လူက ယောကျာ်းလား၊ မိန်းမလား ဆိုတာကိုတောင် မသိပါဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး သက်ပြင်း ရှိုက်လိုက်ကြတယ်။ လုပ်ကြံသတ်ဖြတ်တဲ့ နေရာနဲ့ ပုန်းကွယ်တဲ့ နေရာမှာ အကျွမ်းကျင်ဆုံး ဖြစ်တဲ့ ရင်းဂျုလို ပညာရှင်ကတောင် ထိုလုပ်ကြံသူနဲ့ ပက်သက်တဲ့ သဲလွန်စ နည်းနည်းလေးကိုမှ သတိမပြုမိနိုင်ခဲ့ပါဘူး။ ထိုကျူးကျော်သူက တကယ်ကို ဆန်းကြယ်လွန်းပါတယ်။

“ဒါပေမယ့် ဒီလက်အောက်ငယ်သား ထင်တာသာ မမှားရင် အဲ့လူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကြီး မမြင့်လောက်ဘူး။ မဟုတ်ရင် ကျုပ်ရဲ့ လေခုန်ခွင်း အရိပ်ဓါးချက် ထိမှန်ခံလိုက်ရမှာ မဟုတ်ဘူး” ရင်းဂျုက ပြောလိုက်တယ်။

ကျူးကျော်သူက သူတို့လက်ကနေ ထွက်ပြေးသွားနိုင် ခဲ့ပေမယ့် သူဒါမှမဟုတ်သူမ ဒဏ်ရာရသွားခဲ့ပါတယ်။ ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ သွေးကွက်က အကောင်းဆုံး မျက်မြင် သက်သေပါပဲ။

ရန်ကိုင်က အချိန်အတော်ကြာအောင် စဉ်းစားခန်း ဝင်နေပြီး နောက်ဆုံးမှာတော့ အခုလိုမျိုး ကောက်ချက် ဆွဲလိုက်တယ် “သူက အားကောင်းတဲ့ လက်နက်တစ်ခုခု၊ ဒါမှမဟုတ် ပုန်းအောင်းတဲ့ အထူးကျင့်စဉ် အချို့ကို လေ့ကျင့်ထားတာ ဖြစ်ရမယ်။ စိတ်ဝင်စားစရာပဲ၊ ငါ့အစ်ကိုတွေထဲက ဘယ်သူကများ ဒီလိုမျိုး ပညာရှင် တစ်ယောက်ကို သူတို့ဘက် ဆွဲခေါ်နိုင်ခဲ့တာလဲ မသိဘူး”

ဒီတစ်ကြိမ် သူနဲ့ ဘဏ္ဏာထိန်းမန် သတိပြုမိ သွားလို့သာပေါ့။ မဟုတ်ရင် ကျုကျော်သူက သူ့ရဲ့ တာဝန်ကို အောင်မြင်ခဲ့ပြီး လောက်ပါပြီ။

ဆေးဖော်စပ်ခန်းရဲ့ ဘေးပတ်ဝန်းကျင်ဆီ ခိုးဝင်လာကတည်းက ထိုကျူးကျော်သူ ဘာလုပ်ချင်နေလဲ ဆိုတာ လယ်ပြင်ထဲ ဆင်းသွားသည့်အလား ရှင်းလင်း နေခဲ့ပါပြီ။ ထိုလူက ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေအပေါ် လှုပ်ရှားချင်နေတာပဲ ကျိန်းသေပါတယ်။ ဆေးဘုရင်တောင်ကြားက လူတွေသာ ဒဏ်ရာ ရသွားခဲ့ရင် ရန်ကိုင်ကို ပြဿနာတွေ ပတ်ချာလည် ဝိုင်းလာတော့မှာပါ။

“ဂျူနီယာညီလေးရန်၊ ဘာမှ မဖြစ်သွားဘူး ဆိုမှတော့ ငါပြန်သွားတော့မယ်” ချင်ကျဲက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ သူ့ပုံစံက သေရေးရှင်းရေး အခြေအနေကနေ လွတ်မြောက်လာခဲ့တဲ့ လူတစ်ယောက်ရဲ့ ပုံစံနဲ့ နည်းနည်းလေးတောင် မတူပါဘူး။

“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ်။

ချင်ကျဲထွက်သွားတာနဲ့ ရန်ကိုင်က ရှောင်ရှန်ကို လှမ်းအော်ခေါ်လိုက်တယ်။

“ရောက်ပါပြီ သခင်လေး” သာမန်လူထက် ခေါင်းတစ်လုံးစာ ပိုပုတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင်တစ်ယောက် လူအုပ်ကြီးထဲကနေ ထွက်လာခဲ့တယ်။

ထိုလူက ရန်ချွမ် ထွက်သွားရပြီးနောက် ရန်ကိုင်ဆီ ရောက်လာခဲ့တဲ့ ရန်မိသားစုရဲ့ သွေးစစ်သည်တော်ပါ။ ရောက်လာတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရထား ခဲ့ပေမယ့် ရန်ကိုင်ရဲ့ ဆန်းကြယ်တဲ့ ဆေးလုံးတွေရဲ့ အကူအညီကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်ကတည်းကပဲ အပြည့်အဝ ပြန်လည် သက်သာလာခဲ့ပါတယ်။

“ဒီကနေစပြီး ဆေးဖော်စပ်ခန်းရှေ့မှာ ခင်ဗျား စောင့်ကြပ်နေလိုက်”

ရှောင်ရှန်က ခေါင်းညိတ်ပြလိုက်ပြီး “သခင်လေး စိတ်အေးအေး ထားလို့ရပါတယ်၊ ကျုပ်သာ အသက်ရှိနေသေးသရွေ့ ဆေးဖော်စပ်ခန်းဆီ ဘယ်သူမှ ချဉ်းကပ်မလာစေရပါဘူး”

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင် ထွက်ပြေးသွားတဲ့ အရပ်ဆီ ငေးကြည့်လိုက်တယ်။ ရက်စက်တဲ့ အပြုံးတစ်ခုက သူ့မျက်နှာထက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့တယ်။

ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ ရှိနေတာက သူ့ ညီအစ်ကိုတွေကို စိတ်စနိုးစနောင့် ဖြစ်နေစေတုန်းပဲနဲ့ တူပါတယ်။ မဟုတ်ရင် သူတို့နဲ့ ရင်ဆိုင်ဖို့အတွက် ဒီလောက် အားကောင်းတဲ့ ပညာရှင် တစ်ယောက်ကို စေလွှတ်ခဲ့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုမျိုးလုပ်ဖို့ ဘယ်သူကပဲ အမိန့်ပေးပေး၊ အမိန့်ပေးခဲ့တဲ့ လူရဲ့ သတ္တိကတော့ တကယ်ကို လေးစားစရာပါ၊ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေကိုတောင် တိုက်ခိုက်ဖို့ ကြိုးစားရဲတယ် ဆိုတော့လေ။

အရှေ့အရပ်မှ ဖြည်းဖြည်းချင်း နေထွက်လာခဲ့ပြီး ကောင်းကင်လည်း တဖြည်းဖြည်းနဲ့ လင်းလာခဲ့တယ်။

ကျူးကျော်သူတစ်ယောက် ဆေးဖော်စပ်ခန်း အနီးအနား ဝန်းကျင်ဆီ ခိုးဝင်လာတဲ့ ကိစ္စကြောင့် ဘယ်သူကမှ စိတ်အေးလက်အေး မနေနိုင်ကြတော့ပါဘူး။ ချူရီမန်က ခြံဝန်းတစ်ခုလုံးရဲ့ ကာကွယ်ရေးပုံစံကို ချက်ချင်းပဲ အစကနေ ပြန်လည်ပြင်ဆင်ပါတော့တယ်။ ထို့ကြောင့် ရန်ကိုင် ခြံဝန်းထဲမှာ ရှိနေတဲ့လူတွေအကုန်လုံး မအားလပ်နိုင်အောင်ကို ဖြစ်သွားခဲ့ကြရတယ်။

ရန်ကိုင်က ထိုနေရာမှာပဲ ရပ်နေရင်း ကြမ်းပြင်ထက်က သွေးကွက်ကို ငေးစိုက်ကြည့်နေစဉ် ထိုကျူးကျော်သူကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ရှာတွေ့ခဲ့တဲ့ မြင်ကွင်းကို ပြန်လည် စဉ်းစားကြည့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ကူကယ်ရာ မဲ့စွာနဲ့သာ ခေါင်းခါရမ်း မိလိုက်တယ်။ ထိုလူ ဘာရည်ရွယ်ချက်နဲ့ ဒီကို ရောက်လာခဲ့တယ် ဒါမှမဟုတ် ထိုလူက ယောကျ်ားလား မိန်းမလား ဆိုတာကို သူမဆုံးဖြတ်နိုင်ခဲ့ပါဘူး။

ထိုလျှို့ဝှက်ဆန်းကြယ်တဲ့လူ အားကိုးအားထား ပြုခဲ့တဲ့ ကျင့်စဉ် ဒါမှမဟုတ် လက်နက်က တကယ်ကို အံ့အားသင့်စရာ ကောင်းလှပါတယ်။

ရုတ်တရက် ခြေသံတွေကို ကြားလိုက်ရတဲ့အတွက် ရန်ကိုင်လည်း အတွေးထဲ နစ်မြောနေရာမှ အသိပြန်ဝင် လာခဲ့တယ်။ ခြေသံကြားရာဆီ လှည့်ကြည့်လိုက်တဲ့အခါ သူ့ဆီ ပြေးလာနေတဲ့ ဆောင်းဦးမိုးစက်ခန်းမက အဖွဲ့ဝင် တစ်ယောက်ကို တွေ့လိုက်ရတယ်။ ထိုကျင့်ကြံသူက သူ့ရှေ့ ရောက်တာနဲ့ လက်သီးဆုပ်ကာ ပြောလိုက်တယ် “သခင်လေးကိုင်၊ ရန်မိသားစု ကိုယ်စားလှယ် တစ်ယောက် ရောက်နေပါတယ်”

“ရန်မိသားစုရဲ့ ကိုယ်စားလှယ်လား” ရန်ကိုင် ရေရွတ်လိုက်တယ်။

“ဟုတ်ပါတယ်၊ သူက ရန်မိသားစုက အကြီးအကဲ ခန်းမရဲ့ ထုတ်ပြန်ချက်ကို သယ်လာခဲ့တာပါ။ အခု အဲ့လူက အဓိကခန်းမမှာ စောင့်နေပါတယ်။ သူက သခင်လေးကိုင်ကို ချက်ချင်း လာခဲ့ဖို့ ပြောနေတယ်”

“ငါနားလည်ပြီ”

ထိုလူကို ပြန်လွှတ်လိုက်ပြီး ခဏလောက် သက်ပြင်း ချနေလိုက်ပြီးနောက် ရန်ကိုင်က ရုတ်တရက် သက်ပြင်း ချလိုက်တယ် “အားလုံး ပြင်ဆင်ထားသင့်တယ်၊ ဒီနေ့ ပွဲတော်ကြီး တစ်ခုနွှဲရတော့မယ်”

“ဟားဟား၊ နောက်ဆုံးတော့ လာပြီပေါ့”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီရက်အတောအတွင်း ဘာမှလုပ်စရာ မရှိလို့ ကျင့်ကြံတာချည်းပဲ လုပ်နေခဲ့ရတာ။ ငါ့မှာ သေချင်စော်ကိုနံလို့”

“ရန်ကိုင်၊ ဒီတစ်ကြိမ် မင်းဘာလုပ်ဖို့ ဆုံးဖြတ်ဆုံးဖြတ်၊ ငါတို့ကိုပါ တစ်ခါတည်း ခေါ်သွားဖို့ မမေ့နဲ့တော်”

လူငယ်တွေနဲ့ မိန်းမပျိုလေးတို့ တစ်သိုက်က အင်္ကျီစကို လိပ်တင်ရင်း အားတက်သရောနဲ့ ကျွတ်ကျွတ်ညံသွားအောင် တောင်းဆိုလိုက်တယ်။

“အလျင်မလိုနဲ့ဦးလေ။ ငါလည်း အသေးစိတ် အချက်အလက်ကို သိရသေးတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ စပြီဆိုတာနဲ့ အဆင်သင့်ဖြစ်နေအောင် မင်းတို့အားလုံး ကြိုတင် ပြန်ပြင်ဆင် ထားသင့်တယ်” ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်ပြီး အဓိကခန်းမဘက် ခြေဦးလှည့်လိုက်တယ်။

ချူရီမန်က သူ့ကိုမှီအောင် ပြေးလိုက်လာခဲ့ပြီး မယုံသင်္ကာနဲ့ မေးလိုက်တယ် “ဒီနေ့ တစ်ခုခု ဖြစ်လိမ့်မယ်မှန်း နင်ဘယ်လိုလုပ်ပြီး သိနေတာလဲ”

ရန်ကိုင်က ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ် “ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် မိသားစုက အမွေခံတိုက်ပွဲရဲ့ အခြေအနေကို အရှိန်မြှင့်စေချင်တာ ဖြစ်လောက်တယ်။ ငါ့ညီအစ်ကို နှစ်ယောက် ထုတ်ပယ်ခံရပြီးကတည်းက ကျန်တဲ့ ညီအစ်ကို ခြောက်ယောက်စလုံး ကိုယ့်ကိစ္စတွေနဲ့ပဲ အလှုပ်ရှုပ်နေခဲ့တာ တစ်လတောင် ကြာသွားခဲ့ပြီလေ။ ဒီလို ငြိမ်းချမ်းတဲ့ မြင်ကွင်းမျိုးကို မိသားစုက မြင်ချင်နေတာ မဟုတ်ဘူး”

“ရန်မိသားစုက နင့်ကို စတိုက်ဖို့ အမိန့်ပေးမယ်လို့ နင်ထင်နေတာလား”

“အကြီးအကဲခန်းမက အခုလိုမျိုး ပွင့်လင်းတဲ့ ညွှန်ကြားမှုမျိုးကို လုပ်လိမ့်မှာ မဟုတ်ဘူး။ သူတို့ အခြားတစ်ခုခု စီစဉ်ထားလောက်တယ်” ရန်ကိုင် မျက်မှောင် ကြုံ့လိုက်တယ်။ မိသားစုက ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာကို သူလည်း စဉ်းစားနေခဲ့တာပါ။ ဒါပေမယ့် ဟိုကိုယ်စားလှယ် ပြောတာကို နားထောင်ပြီးမှပဲ အကြောင်းစုံ သိရပါတော့မယ်။

နှစ်ယောက်သား စကားတပြောပြောနဲ့ အဓိကခန်းမဆီ ရောက်ရှိလာခဲ့တယ်။

ခန်းမထဲမှာတော့ တစ်ယောက်ယောက်က လက်နောက်ပစ်ရင်း ရန်ကိုင့်ကို ရပ်စောင့်နေခဲ့တယ်။

တစ်ချက် ကြည့်လိုက်ပြီးနောက် ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။ ပြီးတာနဲ့ အလျင်စလို နှုတ်ဆက်လိုက်တယ် “အဖေလား”

ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီး နောက်လှည့်ကြည့်လိုက်တဲ့အချိန်၊ သူ့သား ခြေလှမ်းကျဲကျဲနဲ့ လမ်းလျှောက် လာနေတာကို မြင်တော့ သူ့မှာ မပြုံးမနေနိုင် ဖြစ်သွားခဲ့ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

ချူရီမန်လည်း အလျင်အမြန်ပဲ တုန့်ပြန်လိုက်ပါတယ်။ တင့်တယ် ကျက်သရေရှိလှတဲ့ ပုံစံလေးနဲ့ ခါးလေးကို ကွေးညွှတ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ် “ချူမိသားစုရဲ့ ချူရီမန်က ရန်မိသားစုရဲ့ လေးယောက်မြောက် သခင်ကြီးကို နှုတ်ဆက်ပါတယ်”

ရန်ရင်ဖုန်းက ချူရီမန်ကို ခဏကြာတဲ့အထိ စိုက်ကြည့်နေလိုက်ပြီးနောက် ပြန်ပြုံးပြလိုက်ကာ “သခင်မလေးချူက အရမ်းယဉ်ကျေး လွန်းနေတာပဲ။ သမီးက ကိုင်အာကို ထောက်ပံ့ဖို့ ရွေးချယ်ထားမှတော့ ဦးတို့က မိသားစုတွေပဲပေါ့”

တစ်ခဏလောက် ရပ်တန့်လိုက်ပြီးနောက် “ကိုင်အာနဲ့ အတူရှိနေရတော့ သမီးအတွက် တော်တော်လေး ခက်ခဲပင်ပန်းခဲ့ရမှာပဲ”

“ဦးလေး အနေနဲ့ သမီးကို အပြင်လူတစ်ယောက်လို ဆက်ဆံစရာ မလိုပါဘူး။ ရန်ကိုင်ကို ကူညီဖို့ ဆုံးဖြတ်လိုက်တာက တူမလေးရဲ့ ဆုံးဖြတ်ချက်ပါ။ သမီးအတွက် နည်းနည်းမှ မခက်ခဲရပါဘူး”

ရန်ရင်ဖုန်းက ပိုပြီး ပျော်သွားခဲ့ပြီး ရယ်ရယ်မောမောနဲ့ ခေါင်းညိတ်ကာ ပြောလိုက်တယ် “ကိုင်အာက ငယ်ရွယ်တော့ သမီးကို ရန်စမိတာတွေ ရှိခဲ့ရင် သမီးဘက်ကနေ သဘောထားကြီးပေမယ့် ဦးလေး တောင်းဆိုပါတယ်။ သမီး မတရားခံရတာ ရှိရင်၊ ဦးကိုသာ လာပြောလိုက်၊ ဦးဒီကောင့်ကို ကောင်းကောင်း သင်ခန်းစာ ပေးလိုက်မယ်”

“ဦးလေးကို ကျေးဇူးတင်ပါတယ်” ချူရီမန်က ချိုသာစွာ ပြုံးပြလိုက်ပြီး “အဲ့လိုမျိုး ဖြစ်လာခဲ့ရင် တူမလေးက ဦးလေးရဲ့ စကားတွေအပေါ် မှီခိုရတော့မှာပေါ့” ပြောပြီးတာနဲ့ ချူရီမန်က ရန်ကိုင်ဆီ အကြည့်လိုက်တယ်။ သူမအကြည့်က ‘နင်သာ ငါ့ကိုအနိုင်ကျင့်ရဲ ကြည့်ကြည့်၊ ဦးလေးနဲ့ တိုင်ပြောမှာ’လို့ ပြောနေသယောင်ယောင်။

သူ့အဖေနဲ့ ချူရီမန်တို့ ယဉ်ကျေးသိမ်မွေ့တဲ့ သူစိမ်းနှစ်ယောက် စကားပြောနေတဲ့ ပုံစံမျိုးမှ မိသားစုဝင်တွေ အချင်းချင်း ရင်းရင်းနှီးနှီး ပြောနေတဲ့ ပုံစံမျိုး ပြောင်းလဲသွားတာကို ကြည့်ရင်း ဘေးနားမှာ ရှိနေတဲ့ ရန်ကိုင်ရဲ့ မျက်နှာ မည်းမှောင်သွားခဲ့တယ်။ ထို့ကြောင့် ချက်ချင်းပဲ စကားဝိုင်းကို လိုရင်းအချက်ဆီ ပြန်ပြောင်းလိုက်ရတယ် “အဖေ ဒီကို ဘာလာလုပ်တာလဲ”

“မိသားစုကိုယ်စား လာပြောတာလေ” ရန်ရင်ဖုန်းရဲ့ အမူအရာက ချက်ချင်း လေးနက်သွားခဲ့ပြီး အကြီးအကဲခန်းမက ပေးလိုက်တဲ့ စာလွှာကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်ပြီး ခပ်မြန်မြန်ပဲ ရှင်းပြလိုက်တယ် “နှစ်နာရီကြာရင်၊ စစ်ပွဲမြို့တော်နဲ့ ကီလိုမီတာ၅၀ အကွာမှာ ရှိတဲ့ ပိုကျင်းရေကန်မှာ လက်နက်တွေ ထွက်ပေါ်လာလိမ့်မယ်။ အဲ့လက်နက်တွေကို ရတဲ့သူမှန်သမျှ ကိုယ့်အပိုင်အဖြစ် ယူထားလို့ရတယ်”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ချူရီမန်လည်း စိတ်လှုပ်ရှား သွားခဲ့တယ်။

ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားကို အဆုံးအဖြတ်ပေးတဲ့ အရေးအကြီးဆုံး အချက်က သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ပါ။ ကျင့်ကြံခြင်းအဆင့်အပြင် သူတို့ရဲ့ ခွန်အားကို တစ်နည်းတစ်ဖုံ သက်ရောက်တာကတော့ သူတို့ အားကိုးအားထား ပြုတဲ့ ပြင်ပအကူအညီတွေပါပဲ။

ပြင်ပအကူအညီ သုံးမျိုးရှိပါတယ်… တစ်ခုက ဆေးလုံးတွေ၊ ဒုတိယတစ်ခုက လက်နက်တွေ ဖြစ်ပြီး နောက်ဆုံးက ကျင့်စဉ်တွေ ဒါမှမဟုတ် သိုင်းပညာရပ်တွေပဲ ဖြစ်ပါတယ်။

ဆေးလုံးတွေနဲ့ ပက်သက်ပြီး ရန်ကိုင် အနေနဲ့ နှစ်ခါပြန် တွေးနေစရာတောင် မလိုပါဘူး။ ရှနင်းချန်နဲ့ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် ရှိနေတဲ့ အတွက် ဆေးလုံးကိစ္စမှာ သူက အရေးသာပြီးသားပါ။

ကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေက သူအလွယ်တကူ ရနိုင်တဲ့ အရာမျိုးတွေ မဟုတ်တဲ့အတွက် ရန်ကိုင်က လက်နက်တွေ ရဖို့ကိုသာ အာရုံစိုက်ထားလိုက်ပါတယ်။

သိုင်းပညာရပ်တွေ အသုံးပြုတာနဲ့ စာရင် လက်နက်တွေကို သုံးပြီး ခွန်အား တိုးတက်အောင် လုပ်တာက ပိုပြီး ရိုးရှင်းသလို ပိုပြီးလည်း တိုက်ရိုက်ဆန်ပါတယ်။

အခုအချိန်၌ လက်နက်ဆိုတာ ရန်ကိုင်ရဲ့ အားနည်းချက် ဖြစ်နေခဲ့တယ်။ သူ့အိမ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အသုံးပြုတဲ့ လက်နက်တွေ အကုန်လုံးက သူတို့ရဲ့ ကိုယ်ပိုင် အင်အားစုတွေဆီကနေ သယ်လာခဲ့ကြတာပါ။ ပြီးတော့ သူတို့မှာ အများဆုံးမှ တစ်ခုစ၊ နှစ်ခုစလောက်ပဲ ရှိကြတာပါ။ သူသာ လက်နက်အပြုံးလိုက်ကြီး ရလိုက်မယ် ဆိုရင် သူ့ကို ထောက်ပံ့ပေးနေတဲ့ ကျင့်ကြံသူတွေရဲ့ စုစုပေါင်းခွန်အားက တော်တော်လေး မြင့်တက်သွား နိုင်ပါတယ်။

ချူရီမန်ဆီ လှမ်းကြည့်လိုက်တဲ့အခိုက် နှစ်ယောက်စလုံး တစ်ယောက် ရည်ရွယ်ချက်ကို တစ်ယောက် နားလည်လိုက်ကြတယ်။

“အကြီးအကဲခန်းမရဲ့ ထုတ်ပြန်ချက်ကို ပို့ပေးပြီးသွားပြီ ဆိုတော့ သွားတာ၊ မသွားတာက မင်းတို့ လူငယ်တွေ ကိစ္စပဲ” ရန်ရင်ဖုန်းက ပြုံးလိုက်တယ်။

“ဘာလို့မသွားရမှာလဲ” ရန်ကိုင်က တက်တက်ကြွကြွနဲ့ ပြောလိုက်တယ်၊ ရုတ်တရက် တစ်ခုခုကို တွေးမိသွားလိုက်ပြီး “လက်နက်တွေက မိသားစုရဲ့ လက်နက်တွေမလား”

“မဟုတ်ဘူး၊ ရန်မိသားစုတင် မဟုတ်ဘူး၊ ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခုက လက်နက်တွေလည်း ပါတယ်။ ဒါပေမယ့် အများစုက ငါတို့ ရန်မိသားစုဆီကပဲ။ ကျန်တဲ့မိသားစု ခုနှစ်ခုက နာမည်ပါတယ် ဆိုရုံလောက်ပဲ”

“ဘယ်လောက်တောင်လဲ”

“စုစုပေါင်း လက်နက်အခုတစ်ထောင် ရှိလိမ့်မယ်” ရန်ရင်ဖုန်းက လက်တစ်ချောင်း ထောင်ပြကာ ပြောလိုက်တယ်။

ရန်ကိုင်နဲ့ ချူရီမန်တို့က အတွေ့အကြုံမရှိတဲ့ လူငယ်တွေ မဟုတ်ကြပါဘူး။ နှစ်ယောက်စလုံးက လူငယ်မျိုးဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေကြတဲ့ လူတွေပါ။ ဒါတောင် လက်နက် အခု၁၀၀၀ ဆိုတာကို ကြားလိုက်တာနဲ့ နှစ်ယောက်စလုံး အသက်မရှူနိုင် ဖြစ်သွားခဲ့ကြပါတယ်။

လက်နက်အခု၁၀၀၀၊ အခု သူ့စံအိမ်မှာ လူ၃၀၀လောက်ပဲ ရှိတာပါ။ ထိုလက်နက်တွေ အကုန်လုံးကိုသာ ရနိုင်ခဲ့ရင် ဒီမှာရှိနေတဲ့ လူအားလုံး တစ်ယောက်ကို လက်နက်သုံးခုကနေ လေးခုအထိ ကိုင်ဆောင် အသုံးပြုလို့ ရလိမ့်မယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်ပါလား။ ဟုတ်တာပေါ့၊ ဒါက လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ် သက်သက်ပါပဲ။

“ရှစ်ဆယ် ရာခိုင်နှုန်းက မြေကမ္ဘာအဆင့် လက်နက်တွေပဲ၊ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းရဲ့ အများစုကတော့ ကောင်းကင် အဆင့်တွေပေါ့၊ ဆန်းကြယ်အဆင့် လက်နက်အချို့လည်း ပါသေးတယ်”

“ဒီအကြောင်းပြချက်ကြောင့် မသွားလို့ကို မရတော့ဘူး” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်တယ်။

ဆန်းကြယ်အဆင့် လက်နက်တွေက တကယ်ကို အစွမ်းထက်လွန်းပါတယ်။ ထိုလက်နက်တွေကို သူမယူရင် သူ့အစ်ကိုတွေက ယူသွားမှာပါ။

လက်နက်အခု၁၀၀၀ကို တစ်ခါတည်း တန်းထုတ်ပေး နိုင်တာကို ကြည့်ရုံနဲ့တင် ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခု ဘယ်လောက် ကြွယ်ဝချမ်းသာလဲ ဆိုတာကို ခန့်မှန်း ကြည့်နိုင်ပါတယ်။ အများစုက အဆင့်အရမ်း မမြင့်ပေမယ့် အရေအတွက်ကတော့ တကယ်ကို ကြောက်စရာကြီးပါ။

“ဦးလေး၊ အခြား သတင်းတွေကော ရှိသေးလား” ချူရီမန်က ပြုံးကာ မေးလိုက်တယ်။ ရန်ရင်ဖုန်းဆီကနေ နောက်ထပ် သတင်းထပ်နှိုက်ချင်သေးတဲ့ ပုံပါပဲ။

ဥပမာ လက်နက်တွေ ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာမျိုးပေါ့။ အဲ့လို သတင်းမျိုးကိုသာ ကြိုသိထားရင် လက်နက်တွေကို ရယူတဲ့အခါ ပိုပြီး လွယ်ကူသွားနိုင်ပါတယ်။

“မေးမနေနဲ့၊ မိသားစုက ငါ့အဖေကို ဒီလောက်ပဲ ပေးသိလိုက်တာ။ သူတို့ မသိစေချင်တဲ့ အချက်အလက်တွေကို ငါ့အဖေကို ပြောပြလိမ့်မှာ မဟုတ်ဘူး” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။

ရန်ရင်ဖုန်းက သူ့သားကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ “ဟုတ်တယ်၊ ဦးလေးလည်း ဒီလောက်ပဲ သိထားတာ။ ကျန်တဲ့ ကိုယ်စားလှယ်တွေ အကုန်လုံးလည်း ဒီလောက်အထိပဲ သိထားကြတာ။ ဂျူနီယာတွေ အကုန်လုံးရဲ့ စမှတ်က အတူတူပဲ။ ကိုယ်ဘယ်လောက် ရအောင် ယူနိုင်မလဲ ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေလိမ့်မယ်”

“သမီးက မေးကြည့်ရုံပါ” ချူရီမန်က ညင်ညင်သာသာလေး ခေါင်းခါလိုက်တယ်။ ဘာကြောင့်မှန်း သူမကိုယ်တိုင်လည်း နားမလည်နိုင်ပေမယ့် ရန်ရင်ဖုန်းရှေ့မှာ သူမရဲ့ အပြုအမူကို အရမ်းအထူး ဂရုပြုမိနေခဲ့ပါတယ်။

“အဲ့လိုဆိုရင်၊ ငါတို့ သွားပြင်ထားကြတာပေါ့” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်တယ်။ သူ့မျက်နှာထက် ယုံကြည်ချက်တို့ဖြင့် ပြည့်လျှံနေခဲ့ပြီး သူ့မျက်လုံးတွေကလည်း မီးဟုန်းဟုန်း တောက်နေခဲ့ပါတယ်။

“အဖေ့မှာ ဘာမှလုပ်စရာ မရှိရင် ဒီမှာ ရက်နည်းနည်းလောက် နားသွားလိုက်လေ” ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်တယ်။

ဒါပေမယ့် ရန်ရင်ဖုန်းက ခေါင်းခါလိုက်ပြီး မဲ့ပြုံးပြုံးလိုက်ရင်း “ဒီကိစ္စပြီးတာနဲ့ သူ့ဆီ ချက်ချင်း ပြန်လာပြီး မင်းအခြေအနေ ဘယ်ရှိလဲ ဆိုတာကို ပြန်ပြောဖို့ မင်းအမေ ငါ့ကို မှာထားတယ်ကွ”

“အဲ့ဒါဆိုလည်း ပြီးရော၊ အဖေလည်း ဂရုစိုက်ဦး”

“အင်း၊ ငါသွားပြီ” ပြောပြီးတာနဲ့ ရန်ရင်ဖုန်းက သူ့လက်ကို ဝှေ့ရမ်းပြလိုက်ပြီး ထွက်သွားခဲ့တယ်။

Martial Peak

အပိုင်း(၄၅၇) ဒါက ငါတို့ရန်မိသားစုရဲ့ စင်မြင့်ပဲ

ပိုကျင်းရေကန်မှာ လက်နက်ပေါင်းတစ်ထောင် ထွက်ပေါ်လာမယ့် သတင်းက စစ်ပွဲမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မြို့တော်တစ်ခုလုံးကို လှိုင်းထန်သွားစေခဲ့တယ်။

ရန်မိသားစု သခင်လေး၆ယောက်လည်း ပြင်ဆင်စရာ ရှိတာတွေကို ခပ်မြန်မြန်ပဲ ပြင်ဆင်လိုက်ကြပြီး စတင် ထွက်ခွါကြပါတော့တယ်။

ချမ်းသားတဲ့ သခင်လေးတွေ ဖြစ်စေ၊ ဆင်းရဲတဲ့ ဂိုဏ်းလေးတွေ ဖြစ်စေ၊ ထိုသတင်းကို ရလိုက်တဲ့လူအားလုံး ပြပွဲကောင်း ကြည့်နိုင်ရန်အလို့ငှာ ပိုကျင်းရေကန်ဆီ ခြေကုန်သုတ် ပြေးကြပါတော့တယ်။

စံအိမ်ထဲမှာတော့ ရန်ကိုင်က နဖူးလေးကိုပွတ်ရင်း သာလိကာလို စကားများနေကြတဲ့ သူ့အဖွဲ့သားတွေကို ကြည့်နေခဲ့တယ်။ တွမ့်မူမိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ငါးယောက်ကလွဲလို့ ကျန်တဲ့လူတွေ အားလုံးက သူတို့ကိုပါ ခေါ်ဖို့ ရန်ကိုင်ကို ပြင်းပြင်းထန်ထန် တိုက်တွန်းနေခဲ့ကြတယ်။

စကားမပြောပဲ ငြိမ်နေတဲ့ တွမ့်မူမိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်ငါးယောက်ရဲ့ မျက်လုံးတွေတောင် တိုက်ပွဲစာလောင်စိတ်တို့ဖြင့် ပြည့်နေခဲ့တယ်။

ဟိုတစ်ပေါက် ဒီတစ်ပေါက် ပြောနေရာမှ သိပ်မကြာခင်မှာပဲ ခန်းမတစ်ခုလုံး အင်အားစု အသီးသီးက အဖွဲ့သားတွေရဲ့ စကားသံတွေနဲ့ ညံသွားခဲ့တယ်။

ချူရီမန်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဒီမှာ ရှိနေတဲ့ လူအများစုတွေက ရန်ကိုင်ရဲ့ မိတ်ဆွေတွေပါ၊ ထို့ကြောင့် သူတို့တွေက ကျန်တဲ့ သခင်လေးတွေရဲ့ မဟာမိတ်တွေလိုမျိုး လက်အောက် ငယ်သားအဖြစ် သွားပြီး အမိန့်ပေးလို့ မကောင်းပါဘူး။

“ဘာပဲဖြစ်ဖြစ်၊ ဒီသခင်လေးက ဒီတစ်ကြိမ် ကျိန်းသေကိုလိုက်မှာ။ ငါ့လခွမ်း၊ ငါဟော်ရှင်းချန်က ဒီလို အဖြစ်အပျက်ကြီး ဘယ်လိုလုပ် လွဲချော်လို့ ဖြစ်မလဲကွ” ဟော်ရှင်းချန်က ‘မင်းငါ့ကို မခေါ်လည်း ရတယ်၊ ငါ့ဘာသာ သွားမယ်’ ဆိုတဲ့ မျက်နှာထားနဲ့ အော်ပြောလိုက်တယ်။

ချူရီမန်က သူမလည်း သွားချင်ကြောင်း ပြောဖို့ လုပ်လိုက်ပေမယ့် ရန်ကိုင် အခြေအနေကို မြင်ပြီး သူ့ကို ဖိအားထပ်မပေးချင်တဲ့ အတွက် သူပြောလာမယ့် စကားကိုသာ ငြိမ်ငြိမ်လေး စောင့်နေလိုက်တယ်။

စိတ်အားထက်သန်နေတဲ့ သူ့ရဲ့ မဟာမိတ် အဖွဲ့ဝင်တွေကို ကြည့်ရင်း ရန်ကိုင် မပြုံးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။

သူတို့ ပိုကျင်းရေကန်ဆီ သွားချင်တာက သူတို့ ပြောနေသလို ပျင်းနေတာကြောင့်လည်း မဟုတ်သလို ရတနာတွေကို တပ်မက်လို့လည်း မဟုတ်ပါဘူး။ အဲ့အစား ရန်ကိုင်ဆီက ထူးကဲကောင်းမွန်တဲ့ ဆေးလုံးတွေကို လက်ခံထားခဲ့တဲ့အတွက် ရန်ကိုင့်အတွက် တစ်ခုခု ပြန်လုပ်ပေးချင်ကြလို့ပါ။

အားလုံးက သူ့ကို လာပြီး ထောက်ပံ့ပေးကြတာပါ။ အခု အခွင့်အရေးက ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ဘယ်သူကများ လက်လျှော့ပေးချင်မှာလဲ။

“မဲနှိုက်ကြမယ်” နောက်ဆုံးမှာတော့ ရန်ကိုင် ပြောလိုက်ပါပြီ။ သူတို့ကို ဒီအတိုင်း ဆက်ပြီး ငြင်းခုံခိုင်းနေမယ့် အစား အရိုးရှင်းနည်းဆုံး နည်းလမ်းကို သုံးပြီးတော့ပဲ လူရွေးလိုက်ပါတော့မယ်။

ခန်းမထဲ ဆူညံသံတွေ ရုတ်ချည်း တိတ်ကျသွားခဲ့ပြီး အားလုံးက အံ့အားသင့်နေတဲ့ အမူအရာနဲ့ ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ကြတယ်။ ရန်ကိုင်က ဒီလောက် ရိုးရှင်းတဲ့ နည်းလမ်းကို ထုတ်ဖော်ပြောလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။

ဒါပေမယ့်… ဒီနည်းလမ်းနဲ့ ပက်သက်ပြီး ဘာမှလည်း မှားယွင်းမနေခဲ့ပါဘူး။

“ကောင်းတယ်။ ဘယ်သူ သွားရမလဲ၊ ဘယ်သူ ကျန်နေရစ်ခဲ့ရမလဲ ဆိုတာကို ကံတရားကပဲ ဆုံးဖြတ်ပေးလိမ့်မယ်” ဟန်ရှောင်ချီက ပြုံးကာ အရင်ဆုံး စသဘောတူလိုက်တယ်။

“ဟုတ်တယ်၊ ငါတို့ မဲနှိုက်ကြတာပေါ့” ဒေါင်ချင်းဟန် ကလည်း ခေါင်းညိတ်ပြလိုက်တယ်။

“ဒီသခင်လေးမှာလည်း ကန့်ကွက်စရာ မရှိဘူး” ဟော်ရှင်းချန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်တယ်။

မျှမျှတတ ဖြစ်ဖို့အတွက် ရန်ကိုင်ကိုယ်တိုင် မဲနှိုက်ပေးခဲ့လိုက်တယ်။ မကြာခင်မှာပဲ ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။

သူ့ကို ထောက်ခံသည့် အင်အားစု ၁၁ခုထဲမှ၊ ဟော်မိသားစု၊ တွမ့်မူမိသားစု၊ ဒေါင်မိသားစု၊ ပန်းပေါင်းတစ်ထောင်နန်းတော်၊ လရောင်ပြန်ဂိုဏ်းနဲ့ ရှန်းယွမ်မြို့တော်မှ အင်အားစုတွေက ရန်ကိုင်နဲ့အတူ လိုက်ခွင့်ရခဲ့ပြီး ကျန်တဲ့လူတွေကတော့ အိမ်စောင့်အဖြစ် ကျန်နေရစ်ခဲ့ရပါတယ်။

“ကန့်ကွက်ချင်တာ ရှိလား” ရန်ကိုင်က အားလုံးကို ဝေ့ကြည့်ပြီး မေးလိုက်တယ်။

“ကောင်းပြီလေ၊ ဒီတစ်ကြိမ်တော့ ငါအိမ်စောင့် လုပ်ပေးရတာပေါ့” ချူရီမန်က တခစ်ခစ် ရယ်မောလိုက်ပြီး ပြုံးလိုက်တယ်။

“ကောင်းပြီ၊ သွားကြမယ်” ရန်ကိုင် အမူအရာ လေးနက်သွားခဲ့ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ရင်း ရှေ့ကနေ ဦးဆောင်သွားလိုက်တယ်။ အင်အားစု၆ခုကလည်း သူ့နောက်ကနေ ပြေးလိုက်သွားခဲ့ကြတယ်။

အင်အားစု ခြောက်ခုအနက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ပညာရှင်နှစ်ယောက် ခေါ်ဆောင် လာခဲ့တဲ့ ဟော်မိသားစုကလွဲလို့ ကျန်တဲ့ အင်အားစုတွေ အကုန်လုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် ၅ယောက်စီ ခေါ်လာခဲ့ကြပါတယ်။ ထိုပညာရှင် ငါးယောက်အနက် လေးယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင်တွေ ဖြစ်ကြပြီး ကျန်တဲ့ တစ်ယောက်ကတော့ တစ်သမတ်တည်း မရှိကြပါဘူး။ ဒါပေမယ့် အားလုံးက အားနည်းခြင်း မရှိကြပါဘူး။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အယောက်၃၀နီးပါးနှင့် များစွာသော အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက ပိုကျင်းရေကန်ဆီ အပြေးချီတက်နေခဲ့ကြတယ်။

ရန်ကိုင် စံအိမ်မှာ တစ်ကီလိုမီတာ ကွာဝေးတဲ့ တည်းခိုခန်းတစ်ခု၌ ယောကျ်ားတစ်ယောက်နဲ့ မိန်းမနှစ်ယောက် အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့ကြတယ်။ သူတို့ သုံးယောက်စလုံး လူငယ်တွေ ဖြစ်ကြပြီး နှစ်ယောက်က အမွှာတွေပါ။

ထိုအမွှာနှစ်ယောက်စလုံး မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကြပြီး ကျော့ရှင်းလှပတဲ့ ပုံပန်းသွင်ပြင်၊ နှစ်လိုစွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာ၊ သွယ်လျတဲ့ခါး၊ မို့မောက်တဲ့ ရင်စုံနဲ့ ကျောက်စိမ်းလို ချောမွေ့ပြီး နှင်းလို ဖြူဖွေးတဲ့ အသားအရေကို ပိုင်ဆိုင်ထားကြတယ်။ ထိုနေရာမှာ ဒီအတိုင်းလေး ထိုင်နေရုံနဲ့တင် စားသောက် ဆိုင်ထဲက လူတွေရဲ့ အာရုံစိုက်မှုကို ရရှိနေခဲ့တယ်။

မဟာလှဧကရီရှင်တွေက ရှားပါးလှပါတယ်၊ အလှထိပ်ခေါင် အမွှာစုံတွဲလေးက ပိုလို့တောင် ရှားပါသေးတယ်။

ဒါပေမယ့် ထိုပန်းလေးနှစ်ပွင့်စလုံး မျက်နှာအမူအရာ မကောင်းကြပါဘူး။ တစ်ယောက် ကူကယ်ရာမဲ့ စိတ်ဓါတ်ကျနေခဲ့ပြီး အခြားတစ်ယောက်ကတော့ မထူးခြားနားဟန်နဲ့ပါ၊ ဒါပေမယ့် သူမရဲ့ မျက်နှာထက် မကျေမနပ် မကျေမချမ်း ဖြစ်နေသည့် အရိပ်အယောင် တစ်စွန်းတစ်စတို့ကို မြင်တွေ့နေခဲ့ရပါတယ်။

လူငယ်လေးလည်း ပျော်နေတဲ့ပုံ မရပါဘူး။ ကူကယ်ရာ မဲ့စွာနဲ့ ပြုံးလိုက်ရင်း ထပ်တလဲလဲ သက်ပြင်း ချနေခဲ့ကာ “အစ်မကြီး၊ ငါတို့ဒီရောက်တာ တစ်လ ရှိသွားပြီလေ၊ နင်အခု မသွားချင်သေးဘူးလား”

စိတ်ဓါတ်ကျနေတဲ့ အလှလေးကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်တယ် “သူပြောတာ အမှန်ပဲ အစ်မ။ ညီမတို့ ဒီမှာ နေနေလို့ ဘာမှထူးမှာမှ မဟုတ်ဘူး။ ဒီကို ရောက်လာမှတော့ သူ့ကို သွားတွေ့လိုက်တာ ပိုမကောင်းဘူလား”

“နင်ဘာလို့ သူ့ကို သွားရှာချင်နေတာလဲ” နောက်ဆုံး တစ်ယောက်က ဒေါသတကြီး ကန့်ကွက် ပြောဆိုလိုက်တယ် “ငါတို့ ဒီကို လာတာ သူ့ကို ရှာဖို့မဟုတ်ဘူး၊ ငါတို့…”

“ငါတို့ ဆော့ကစားဖို့ ထွက်လာခဲ့တာ၊ ငါသိပြီ။ ငါသိပြီ” ထိုလူက သူနားမဆံ့အောင် ကြားခဲ့ရတဲ့ စကားလုံးတွေကို ပြန်ရွတ်ပြလိုက်တယ် “ဒါပေမယ့် အခု ဒီစစ်ပွဲမြို့က ပရမ်းပတာ ဖြစ်နေတာလေ။ နင်တို့ ညီအစ်မနှစ်ယောက် ဒီမှာ နေနေတာက အနှေးနဲ့အမြန်တော့ မလိုလားအပ်တဲ့ ပြဿနာတွေကို ဆွဲခေါ်လာလိမ့်မယ်။ အခုနောက်ပိုင်း နင်တို့နှစ်ယောက်ကို လူတွေ ပိုပိုပြီး စိုက်ကြည့်လာတာကို သတိမထားမိ ကြဘူးလား”

“ငါသွားမှာမဟုတ်ဘူး” နှစ်လိုဖွယ် ကောင်းတဲ့ မိန်းမပျိုလေးက နောက်မဆုတ်မယ့် လေသံမျိုးနဲ့ “သွားချင်ရင် နင်တို့ဘာသာသွား။ နင်တို့ ထွက်သွားတာနဲ့ ငါက အခန်းထဲမှာ ပုန်းနေလိုက်ရုံပဲလေ။ အဲ့လိုဆို ပြဿနာက ပြေလည်သွားလိမ့်မယ်”

လူငယ်လေးက ခေါင်းခါရမ်းလိုက်ပြီး နောက်တစ်ကြိမ် သက်ပြင်း ထပ်ချလိုက်ကာ “သူဘယ်သူလဲ ဆိုတာကို ဖုံးကွယ်ထားရုံလေးပဲလေဟာ။ ပြီးတော့ သူက နင့်ကို လှည့်စားဖို့ ကြိုးစားနေခဲ့တာမှ မဟုတ်တာ။ ရန်မိသားစုရဲ့ စည်းမျဉ်းတွေကကို သူဘယ်သူလဲ ဆိုတာကို ထုတ်ဖော်ခွင့် မပြုတာလေ။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး နင်ဘာလို့ အခုထိ စိတ်မပြေ နိုင်သေးတာလဲ”

မိန်းမျိုလေးက စိတ်ကောက်နေတဲ့ မျက်နှာထားလေးနဲ့ နှုတ်ခမ်းဆူနေလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။

ထိုလူငယ်လေးနဲ့ မိန်းမပျိုလေးတို့ စကားပြောနေစဉ်မှာပဲ ရန်ကိုင်ဦးဆောင်တဲ့ လူအုပ်တစ်ခုက ထိုတည်းခိုခန်းကို ဖြတ်ပြီး အရှေ့အရပ်ဆီသို့ ဦးတည် ပျံသန်းသွားခဲ့ကြတယ်။

ပျံသန်းနေတဲ့ ရင်းနှီးနေသည့် ပုံရိပ်ကို ကြည့်ရင်း အမွှာမိန်းကလေး နှစ်ယောက်ရဲ့ မျက်ဝန်းအစုံ အသာအယာလေး တောက်ပသွားခဲ့ပြီး ရုတ်တရက် ဆိုသလို ချက်ချင်း ပြန်မှိန်ကျသွားခဲ့တယ်။

“လှုပ်ရှားမှုတွေ ရှိနေတဲ့ ပုံပဲ” လူငယ်လေးက ပြောလိုက်တယ်။ ရန်ကိုင် ဒီလောက် လူအများကြီး ခေါ်ပြီး ထွက်လာခဲ့တာက တစ်ခုခု ကြီးကြီးမားမား ဖြစ်နေလို့ပဲ ဖြစ်ရပါမယ်။ သူ့ရှေ့မှာ ရှိနေတဲ့ အမွှာညီအစ်မ နှစ်ယောက်ဆီ ကြည့်လိုက်ပြီး လူငယ်လေးက ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ငါသွားကြည့်လိုက်ဦးမယ်၊ နင်တို့ကော လိုက်မှာလား”

“အစ်မ၊ ငါလည်း သွားချင်တယ်” အမွှာမိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်တယ်။

“ငါ…”

“နင်တို့ လုပ်ချင်တာသာလုပ်၊ ဒါပေမယ့် ဆုံးဖြတ်ဖို့ အချိန်အကြာကြီး ယူမနေနဲ့ဦး၊ ငါသွားပြီ” လူငယ်လေးက အလျင်စလို ပြောလိုက်ပြီး တည်းခိုခန်းထဲက‌နေ ပြေးထွက်သွားလိုက်တယ်။

ညီအစ်မ နှစ်ယောက် ခဏ ကြာတဲ့အထိ တစ်ယောက်နဲ့ စိုက်ကြည့် နေလိုက်ပြီးနောက် တုန့်ဆိုင်းမနေတော့ပဲ တည်းခိုခန်းထဲကနေ ပြေးထွက်သွားလိုက်တယ်။

စစ်ပွဲမြို့ အပြင်ဘက် ရောက်တာနဲ့ ရန်ကိုင် ဘေးနား၌ နောက်ထပ် အဖွဲ့တစ်ဖွဲ့ အလျင်အမြန်ပဲ ထွက်ပေါ်လာခဲ့တယ်။ နှစ်ဖက်အင်အားစုတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သတိပြုမိသွားတဲ့ အချိန်မှာတော့ သူတို့ကြားက လေထုက ရုတ်တရက် တင်းမာလာခဲ့တယ်။

ထိုအဖွဲ့ က ရန်ကျောင်းရဲ့ အင်အားစုတွေပါ။ လွန်ခဲ့တဲ့ တစ်လတုန်းက ရန်ကိုင်ရဲ့ အင်အားက ရန်ကျောင်းကို ကျော်ဖြတ်သွားခဲ့ပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ ရန်ကျောင်းက တဖြည်းဖြည်းနဲ့ လူသူအင်အား စုမိဆောင်းမိ ဖြစ်လာတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ သူခေါ်လာခဲ့တဲ့ လူအရေအတွက်က ရန်ကိုင် ခေါ်လာခဲ့တဲ့ လူအရေအတွက်အောက် နိမ့်ကျမနေခဲ့ပါဘူး။ သူနဲ့ အတူပါလာတဲ့ လူတွေထဲ အားကောင်းတဲ့ ပညာရှင် တော်တော်များများလည်း ပါနေခဲ့ပါသေးတယ်။

နှစ်ဖက် အင်အားစုတွေကြားက အကွာအဝေးက မီတာ၃၀၀တောင် မရှိတတ်ပါဘူး။ ဒါပေမယ့် နှစ်ဖက်စလုံးကလည်း ရှေ့ဆက်တိုးခြင်း မပြုခဲ့ပါဘူး။

“ကိုးယောက်မြောက်ညီလေးရဲ့ လှုပ်ရှားမှု ပညာရပ်က တကယ်ကို အထင်ကြီး လေးစားစရာ ကောင်းတာပဲ” ရန်ကျောင်းက ရုတ်တရက် ရယ်ရယ်မောမောနဲ့ ကောက်ပြောလိုက်တယ် “တတိယအစ်ကိုကို မင်းလုယူသွားနိုင်ခဲ့တာလည်း မထူးဆန်းတော့ပါဘူးလေ”

“ဒုတိယအစ်ကိုက အရမ်းချီးကျူးနေတာပဲ” ရန်ကိုင်လည်း အသာအယာလေး ပြန်ပြုံးပြလိုက်တယ်။

“ဒီတစ်ကြိမ် ဒုတိယအစ်ကိုက လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး”

“ဒုတိယအစ်ကို အချိန်မရွေး တိုက်ခိုက်လို့ ရတယ်၊ ကိုးယောက်မြောက် ညီလေးက ဒုတိယအစ်ကိုနဲ့ အဖာ်ပြုပေးမှာပါ။ အခု ကစားချင်ရင်တောင် ကစားလို့ရတယ်နော်”

ရန်ကျောင်းရဲ့ ပြုံးနေတဲ့ မျက်နှာလေး ရုတ်ချည်း တောင့်တင်းသွားခဲ့တယ်။ ရန်ကိုင်ရဲ့ တက်ကြွထက်သန် နေတဲ့ သဘောထားက သူ့ကို တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေပါတယ်။ ဒါပေမယ့် သူ့ဟန်ပန် အမူအရာကို အလျင်အမြန်ပဲ ပြန်ထိန်းလိုက်နိုင်ပြီး ခေါင်းခါရမ်းလိုက်ရင်း “နောက်တစ်ကြိမ်မှပေါ့၊ ငါတို့ ညီအစ်တွေ အချင်းချင်း ပြိုင်ဆိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိသေးတာပဲလေ”

“အဲ့ဒါကတော့ အမှန်ပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရန်ကျောင်းကို ဆက်ပြီး ရန်မတော့ပါဘူး။

ညီအစ်ကို နှစ်ယောက် စကားပြောနေစဉ် လေကို ဖြတ်တောက်သွားတဲ့ အသံတစ်သံ သူတို့ နောက်ကနေ ရုတ် ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်တော် လူတစ်ယောက်က သူတို့အဖွဲ့နှစ်ဖွဲ့ကို ကျော်တက်သွားခဲ့ကာ ပိုကျင်းရေကန်ဆီ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့တယ်။

ရန်ကိုင်ရော၊ ရန်ကျောင်းရော ထိုလူငယ်လေးရဲ့ ကျောပြင်ကို ငေးကြောင် ကြည့်နေမိခဲ့ကြတယ်။

“လျူချင်းယောင်” ဟော်ရှင်းချန်က အထိတ်တလန့်နဲ့ အော်ပြောလိုက်ပြီး အံတင်းတင်း ကြိတ်ရင်း “အဲ့ငနဲကောင်က အရမ်းမောက်မာလွန်းတယ်”

ဒေါသတကြီး ပြောလိုက်ပေမယ့် သူ့လေသံထဲ ကူကယ်ရာမဲ့သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့ပါတယ်။ တကယ်တော့ လျူချင်းယောင်က သူ့ထက် အများကြီး ပိုသန်မာတယ် ဆိုတာကို ဟော်ရှင်းချန် အနေနဲ့ ဝန်မခံချင်ရင်တောင် ဝန်ခံရပါမယ်။

ဒါပေမယ့် အဖွဲ့နှစ်ဖွဲ့စလုံးရဲ့ ခေါင်းပေါ်ကနေ စကားတစ်ခွန်းတောင် မပြောပဲ ဖြတ်သန်းသွားလိုက်တယ် ဆိုကတည်းက သူ့ဆိုလိုရင်းက ရှင်းနေပါပြီ။ သူက ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်ဘူးလို့ ပြောလိုက်တာပါ။

ဟော်ရှင်းချန်ရဲ့ ထိတ်လန့်တကြား‌ အော်သံကို ကြားလိုက်တာနဲ့ ရန်ကိုင် မျက်မှောင် ကြုံ့မိလိုက်တယ်။

လျူချင်းယောင် နာမည်ကို ကြားသာ ကြားဖူးပြီး ဒီနေ့ မတိုင်ခင်အထိ လူကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။

အမွေခံတိုက်ပွဲ စတင်ကတည်းက လျူချင်းယောင်ကလည်း စစ်ပွဲမြို့တော် အတွင်းကနေသာ ပွဲကြည့်ပရိသတ် လုပ်နေခဲ့ပြီး ဘယ်ရန်သခင်လေးကိုမှ မကူညီသလို ဘယ်သူ့ကိုမှလည်း ဆန့်ကျင်ဘက် မပြုခဲ့ပါဘူး။

ဘယ်သူကမှ သူရဲ့ပူးပေါင်းမှုနဲ့ မထိုက်တန်ဘူလို့ ထိုငတိက ဘဝင်လေဟပ်နေတာပါ။

ဒီတော့ သူက လျူချင်းယောင်ပေါ့… ဗဟိုမြို့တော်ရဲ့ နံပါတ်လူငယ် ပါရမီရှင်ဆိုတဲ့အတိုင်း တကယ်ကို မောက်မာတာပဲ

ရန်ကျောင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်တယ် “ကိုးယောက်မြောက်ညီလေး၊ ဒါက ငါတို့ ရန်မိသားစုရဲ့ စင်မြင့်လေ။ ငါတို့ရဲ့ ဇာတ်လိုက်နေရာကို အပြင်လူတစ်ယောက် လူလာလုယူဖို့ ကြိုးစားနေတာကို ငါတို့က ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးရမှာလဲ”

ရန်ကိုင်လည်း သွားပေါ်အောင် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “အမှန်ပဲ”

ညီအစ်ကို နှစ်ယောက်စလုံးရဲ့ မျက်နှာထက်က အပြုံးက တစ်ပုံစံတည်းပါပဲ… ချက်ချင်းပဲ နှစ်ယောက်စလုံး သူတို့ရဲ့ အရှိန်ကို ရုတ်ချည်း မြှင့်တင်လိုက်ပြီး ကြယ်ပျံတွေအလား ပျံထွက်သွားလိုက်တယ်။

သူတို့နောက်မှာ ရှိနေတဲ့ အင်အားစု နှစ်ခုထဲက ဘယ်သူမဆို ထိုညီအစ်ကို နှစ်ယောက်ကို ကြည့်ရင်း လေးစားအားကျမှုအပြည့်နဲ့ သက်ပြင်း ရှိုက်လိုက်ကြတယ်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ရန်ကျောင်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁သို့ ချိုးဖျက် ဝင်ရောက် သွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် မလုပ်ရသေးပေမယ့် သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို တကယ်ပဲ ရောက်ရှိနေခဲ့ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ကို ရောက်ရောက်ချင်းမှာပဲ အစောပိုင်းတုန်းက လျူချင်းယောင် ပြသခဲ့တဲ့ အရှိန်နှုန်းထက် ပိုမိုမြန်ဆန်တဲ့ အရှိန်နှုန်းကို ထုတ်ဖော်ပြသနိုင်တယ် ဆိုတာက တကယ်ကို လေးစားချီးကျူးစရာပါ။

ပိုပြီးတော့ အံ့ဩဖို့ ကောင်းတာက ရန်ကိုင်ပါ၊ အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံခြင်းလေးနဲ့ ရန်ကျောင်းအောက် မလျော့တဲ့ အမြန်နှုန်းကို ထုတ်ဖော်ပြသနိုင်တဲ့ လူပေါ့။ သူအသုံးပြုနေခဲ့တဲ့ လှုပ်ရှားမှု ပညာရပ်က တကယ်ကို နက်နဲပြီး မသိရင် ရန်ကိုင်က လေဟုန်စီးနေတယ်လို့ထင် ထင်မှတ်သွားရနိုင်ပါတယ်။

ရန်မိသားစုက ကျားတွေ၊ နဂါးတွေ စုနေတဲ့ မိသားစုဆိုတာ တကယ် မှန်တာပဲ အားလုံးက ခေါင်းခါရမ်းလိုက်ရင်း စိတ်ထဲကနေ တိတ်တဆိတ် တွေးတောလိုက်ကြတယ်။

ရန်ကျောင်းလည်း ရန်ကိုင်ရဲ့ အမြန်နှုန်းကြောင့် အံ့အားသင့်သွားခဲ့ရတယ်။ အထူးပညာရပ် တစ်ခုကို အသုံးပြုထားလို့သာ အခုလို အမြန်နှုန်းကို သူထုတ်ဖော် ထားနိုင်တာပါ။ ပြီးတော့ ဒီအမြန်နှုန်းအတိုင်း ဆက်ထိန်းထား နိုင်ဖို့အတွက် အစစ်အမှန်ချီစွမ်းအင်များစွာကို လိုအပ်ပါတယ်။ တစ်နည်းပြောရရင်တော့ သူ့အနေနဲ့ ဒီအမြန်နှုန်းအတိုင်း အချိန်အကြာကြီး နေနိုင်မှာ မဟုတ်ပါဘူး။

အများဆုံးမှ အမွှေးတိုင်တစ်ချောင်း စာလောက်ပဲ ဒီအမြန်နှုန်းနဲ့ သူပျံသန်းနိုင်မှာပါ။ အဲ့အချိန်ကျ ပျံသန်းနေတာကို ရပ်တန့်ပြီး အနားယူရမှာပါ၊ မဟုတ်ရင် သူ့ရဲ့ အစစ်အမှန်ချီကို အကုန်အစင် သုံးစွဲမိပြီး ဘေးထွက်ဆိုးကျိုး ခံစားရနိုင်ပါတယ်။

သူ့ရဲ့ ကိုးယောက်မြောက် ညီလေးကတော့ သူလိုမျိုးပုံစံ ဟုတ်မနေခဲ့ပါဘူး။ သူက အထူးပညာရပ်၊ လက်နက် တစ်ခုခုကိုမှ အသုံးပြုထားသည့် ပုံပေါက်မနေခဲ့ပဲ သူ့ရဲ့ ကိုယ်ပိုင် အမြန်နှုန်းနဲ့ ပျံသန်းနေတာလို့ပဲ ထင်ရပါတယ်။ သူ့အနေနဲ့ ထိုအမြန်နှုန်းအတိုင်း ပျံသန်းနိုင်ဖို့အတွက် သူ့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်ထားရုံလောက်ပဲ လိုအပ်ပါတယ်။

ထိုအခိုက်အတန့်၌ ရန်ကျောင်း စိတ်ထဲ မယုံကြည်နိုင်မှု၊ လက်သင့်မခံနိုင်မှုတို့ ထွက်ပေါ်လာခဲ့ပြီး သူ့အရှိန်ကို ထပ်မံ မြှင့်တင်လိုက်တယ်။

ဒါပေမယ့် ရန်ကိုင်နဲ့ သူကြား သိသိသာသာ ကွာခြားမသွား သေးခင်မှာပဲ ရန်ကိုင်က သူ့ကို လိုက်မှီနေခဲ့ပါပြီ။ သူ့အမူအရာက အစောပိုင်းတုန်းကလိုပဲ ထမင်းစားရေသောက် နေရတဲ့ ပုံစံမျိုးနဲ့ “ဒုတိယအစ်ကို၊ ဒီလိုမျိုး လုပ်နေတာက တော်တော်လေး ပင်ပန်းမှာပဲနော်”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကျောင်း မဲ့ပြုံးသာ ပြုံးလိုက်နိုင်ပြီး “လျူချင်းယောင်ကို လိုက်မှီဖို့က အဓိကပဲ၊ အကျိုးဆက်ကိုတော့ နောက်မှပဲ ရှင်းမယ်”

ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်တယ် “ရန်မိသားစုဝင်တွေပဲ ပိုင်သင့်တဲ့ နေရာကို ငါကျိန်းသေ ပြန်ယူပြမယ်။ ဒုတိယအစ်ကို မလိုက်နိုင်ဘူးဆိုရင် ခဏတစ်ဖြုတ်လောက် အနားယူ နေလိုက်သင့်တယ်”

ပြောလို့ ပြီသွားတာနဲ့ ချစ်ချစ်တောက် ပူပြင်းတဲ့ အပှုလှိုင်းတွေ သူ့ဘေးကနေ ရုတ်တရက်ကြီး ထွက်ပေါ်လာတာကို ရန်ကျောင်း ခံစားမိလိုက်တယ်။ အဲ့နောက် ရန်ကိုင်က မီးဘောလုံး တစ်ခုအသွင်ပြောင်းပြီး မိုးကုတ်စက်ဝိုင်းအောက် ပျံသန်းထွက်သွားတာကို ရန်ကျောင်း တွေ့လိုက်ရတယ်။ သူနဲ့ လျူချင်းယောင်ကြားက ကွာဟချက်က ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွားခဲ့ပြီး သူ့ချန်ရစ်ခဲ့တဲ့ လေစီးကြောင်းတွေက ရန်ကျောင်း မျက်နှာကိုတောင် လာရောက် ရိုက်ခတ်နေခဲ့ပါတယ်။

ရန်ကျောင်းရဲ့ မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး “ဒုတိယအစ်ကိုကြီး တစ်ယောက်အနေနဲ့ ငါက နောက်ကျန်ရစ်ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ”

အလင်းစက်ကွင်း တစ်ခုက ရန်ကျောင်းရဲ့ ကိုယ်ကနေ ပွင့်လန်းထွက်ပေါ် လာခဲ့ပြီး သူ့အမြန်နှုန်းက အကန့်အသတ်ထိ ချက်ချင်းပဲ ရောက်ရှိသွားခဲ့တယ်။

သူ့နောက် အမှီလိုက်လာနေတဲ့ လူနှစ်ယောက်ကို သတိပြုမိလိုက်တာနဲ့ လျူချင်းယောင်လည်း နောက်ပြန် လှည့်ကြည့်မိလိုက်တယ်။ ဒါပေမယ့် ဘယ်သူတွေ လိုက်လာနေလဲ ဆိုတာကို သေချာ မမြင်ရသေးခင်မှာပဲ မီးဘောလုံး တစ်ခုက သူ့ကို ဖြတ်သန်းသွားခဲ့ပြီး ထိုမီးဘောလုံးကနေ ထွက်ပေါ်နေတဲ့ အပူလှိုင်းကြောင့် သူတောင် နှလုံးခုန်မြန်သွားခဲ့ရတယ်။

“ဟင်” လျူချင်းယောင် မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး သူ့ပါးစပ်ကနေ အလိုလို ရေရွတ်မိလိုက်တယ် “ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ အစစ်အမှန်ချီလဲ”

“သခင်လေးလျူ၊ ကျုပ်တို့ အရင်သွားနှင့် တော့မယ်နော်” ရန်ကျောင်းက အကျယ်ကြီး အော်ရယ်ရင်း လျူချင်းယောင်ကို ဖြတ်ကျော် ပျံသန်းသွားခဲ့တယ်။

Martial Peak

အပိုင်း(၄၅၈) လျူချင်းယောင်

ထိုနှစ်ယောက်ရဲ့ ကျောပြင်ကို ကြည့်ရင်း လျူချင်းယောင်ရဲ့ မျက်ခုံးကြောတို့ မသိမသာလေး တွန့်ကွေးသွားခဲ့တယ်။ သူ့အမူအရာက တဖြည်းဖြည်း မှုန်ကျသွားခဲ့ကာ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ရင်း “ပြင်ပအကူအညီတွေက တကယ့် ခွန်အား အစစ်အမှန် မဟုတ်ဘူးကွ”

ထိုစကားကို ပြောပြီးတာနဲ့ သူ့အမြန်နှုန်းက ရုတ်ချည်း မြင့်တက်သွားခဲ့တယ်၊ နောက်မှာ ကျန်ရစ်ခဲ့တာမျိုး လုံးဝ မဖြစ်ခံနိုင်တဲ့ပုံပါပဲ။

ကီလိုမီတာ ငါးဆယ်ဆိုတာ အရမ်းကြီး မဝေးလှပါဘူး။ ထို့ကြောင့် အမွေဂတိုင်တစ်ချောင်းစာ မပြည့်ခင်လေးမှာပဲ လူငယ်သုံးယောက်စလုံး ပိုကျင်းရေကန်ဆီသို့ ရောက်ရှိလာခဲ့တယ်။

ရန်ကိုင်က ရေကန်ရဲ့ အရှေ့အရပ်မှာ ဆင်းသက်လိုက်ပြီး ရန်ကျောင်းက အနောက်အရပ်မှာ ဆင်းသက်လိုက်ကာ လျူချင်းယောင်ကတော့ အလယ်ဗဟိုမှာ ဆင်းသက်လိုက်တယ်။

အခုမှပဲ ဗဟိုမြို့တော်တစ်ခုလုံးရဲ့ နံပါတ်တစ်လူငယ် ကြယ်ပွင့်ကို ရန်ကိုင် သေသေချာချာ ကြည့်မိလိုက်တယ်။

ဈေးလည်းမကြီးသလို ဈေးလည်း မပေါတဲ့ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အသက်ကလည်း အရမ်းမကြီးသေးတဲ့ ပုံပါပဲ။ အများဆုံးမှာ ၂၇လောက်ပဲ ရှိသေးကာ သူ့ကိုယ်နေဟန်ထားက ဓါးတစ်စင်းလို ဖြောင့်တန်းနေခဲ့ပါတယ်။ သူ့ကိုယ်လုံးကိုယ်ပေါက်က ထွားကြိုင်းတဲ့အထဲ မပါပေမယ့် သူ့ကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေကတော့ လျစ်လျူရှုထားလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ သူ့အမူအရာက ဘာကိုမှ စိတ်ဝင်စားမှု မရှိတဲ့ ပုံစံပေါက်နေပေမယ့် သူ့မျက်ဝန်းတွေက ဘာကိုမှ သောက်ဖက်မလုပ်တဲ့ အာဏာရှင်ဆန်ဆန် မောက်မာဝံ့ကြွားမှုတို့ကို အထင်းသား လှစ်ထုတ်ပြနေခဲ့တယ်။

ထိုကဲ့သို့ မောက်မာဝံ့ကြွားမှုက မာနနဲ့လည်း မဆိုင်သလို ဟန်ထုတ်ပြီး မောက်မာပြနေတာမျိုးလည်း မဟုတ်ပါဘူး။ ထိုမောက်မာ ဝံ့ကြွားမှုမျိုးက သူ့ရဲ့ အရိုးထဲအသားထဲမှာ ကိန်းအောင်းနေတဲ့ မောက်မာမှုမျိုးပါ၊ လောကကြီးရဲ့ ထိပ်ဆုံးမှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့ပြီးတဲ့ လူတစ်ယောက် ပိုင်ဆိုင်တဲ့ အရှိန်အဝါမျိုးပါ။ တိမ်တွေထက်ကနေ အရာအားလုံးကို စီးမိုးကြည့်နေတဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးဆိုလည်း မမှားပါဘူး။

သူက တည်သီး ပျော့ပျော့ မဟုတ်ဘူးပဲ ထိုအချက်တွေကနေ လျူချင်းယောင် ဘယ်လိုလူစားမျိုးလဲ ဆိုတာကို ရန်ကိုင် နားလည်သွားခဲ့တယ်။

သူ့ကျင့်ကြံခြင်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃မှာပဲ ရှိနေသေးတယ် ဆိုပေမယ့် လျူချင်းယောင်ရဲ့ တိုက်ပွဲစွမ်းရည်က သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုအားကောင်းပါတယ်။ ဒါပေမယ့် သူဘယ်လောက် အားကောင်းလဲ ဆိုတာကိုတော့ တိုက်ကြည့်မှပဲ သိနိုင်ပါလိမ့်မယ်။

လျူချင်းယောင် ထုတ်ပြန်ခဲ့တဲ့ သူရဲကောင်းဆန်ဆန် ကြေညာချက်ကို ပြန်စဉ်းစားမိလိုက်တဲ့ အချိန်မှာတော့ ရန်ကိုင် ပြုံးစိစိ ဖြစ်သွားခဲ့တယ်။ ထိုမသိသာလှတဲ့ လှုပ်ရှားမှုက လျူချင်းယောင်ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တယ်။ အေးစက်ပြီး စူးရှလှတဲ့ အကြည့်တစ်စုံက ရန်ကိုင်ဆီ ရောက်ရှိလာခဲ့ပြီး တစ်ချိန်တည်းမှာပဲ အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံ လှိုင်းတစ်ခုက ရန်ကိုင်ကို လွှမ်းခြုံသွားခဲ့တယ်။

ရန်ကိုင် မျက်မှောင် မကြုံ့ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး သူ့စိတ်ထဲလည်း မကျေမချမ်း ဖြစ်သွားခဲ့တယ်။

သူ့ပြိုင်ဘက်ရဲ့ အပြုအမူက သူ့ကို ခြိမ်းခြောက်တာ မဟုတ်သလို သူ့အပေါ် မကောင်းကြံချင်တဲ့ အကြံအစည်နဲ့ လှုပ်ရှားလိုက်တာ မဟုတ်ပေမယ့် ကောင်းကင် စိတ်အာရုံကို သုံးပြီး သူ့အား တိုက်ရိုက် လာပြီး ထောက်လှမ်းနေတာက ရမ်းကားတဲ့ အပြုအမူ တစ်ခုလို့ ဆိုနိုင်ပါတယ်။

ထိုအပြုအမူမျိုးက မလိုလားအပ်တဲ့ အငြင်းပွါးမှုတွေနဲ့ တိုက်ပွဲတွေကို အလွယ်တကူ ဖြစ်လာစေနိုင်တဲ့ အတွက် လူအများစုက အဲ့လိုမျိုး လုပ်လေ့လုပ်ထ မရှိကြပါဘူး။ လျူချင်းယောင် အခုလိုမျိုး လုပ်လိုက်တာက ရန်ကိုင်ကို နည်းနည်းလေးတောင် သောက်ဂရု မစိုက်ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။

ကောင်းကင်စိတ်အာရုံ သုံးပြီးစစ်ဆေးပြီးသွားတာနဲ့ လျူချင်းယောင်က ရန်ကိုင်ကို ဆက်ပြီး ဂရုစိုက်မနေတော့ပါဘူး။ သူ့နေရာမှာပဲ တိတ်တိတ်လေး မတ်တပ်ရပ်နေခဲ့တယ်။

ဒီတစ်ကြိမ် သူဘာလို့ ရောက်လာမှန်း ဘယ်သူမှ မသိကြပါဘူး။

ပိုကျင်းရေကန်ဆီသို့ အဖွဲ့တစ်ဖွဲ့က ကြိုပြီး ရောက်နှင့်နေခဲ့ပါပြီ။ ထိုအဖွဲ့က အကြီးဆုံးသခင်လေး ရန်ဝေရဲ့ အဖွဲ့ပါ။ ရန်ကိုင်ရဲ့ ရန်ကျောင်းတို့ ရောက်ရှိလာတာကို တွေ့မြင်လိုက်ပြီးနောက် ရန်ဝေက သူတို့ နှစ်ယောက်ကို အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်၊ ထို့နောက် လျူချင်းယောင်ဆီ လှမ်းကြည့်လိုက်တယ်။ ထိုကဲ့သို့ လှမ်းကြည့်လိုက်တဲ့အချိန် သူ့မျက်ဝန်းအစုံက မှေးကျဉ်းသွားခဲ့ပြီး သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အစစ်အမှန်ချီ စွမ်းအင်တွေတောင် မတည်မငြိမ် ဖြစ်သွားခဲ့တယ်။

ရန်ဝေ ဗဟိုမြို့တော်ဆီ ပြန်ရောက်တုန်းက လျူချင်းယောင်နဲ့ တစ်ပွဲတစ်လမ်း နွှဲခဲ့တယ်လို့ ကောလဟာလတွေ ထွက်ခဲ့ပါတယ်၊ ဒါပေမယ့် နောက်ဆုံး ရလဒ်ကိုတော့ ဘယ်သူမှ မသိခဲ့ရပါဘူး။

အခု သူတို့နှစ်ယောက် နောက်တစ်ကြိမ် ထပ်တွေ့ပြန်ပြီ ဆိုတော့ သူတို့ကြား မီးပွင့်အချို့ ထွက်ပေါ်လာတာ သဘာဝပါပဲ။

“အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂တောင် ရောက်သွားပြီပေါ့၊ အကြီးဆုံး သခင်လေးရဲ့ ကျင့်ကြံနှုန်းက‌ တော်တော်လေး မြန်လှပါလား” လျူချင်းယောင်က အရင်စပြီး ရန်ဝေကို သွားနှုတ်ဆက် စကားပြောလိုက်တယ်။ ဒါက တကယ်ကို အံ့အားသင့်စရာပါပဲ။

“သခင်လေးလျူရဲ့ အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ အဲ့တိုက်ပွဲက ငါ့ကို တော်တော်လေး ကူညီပေးနိုင်ခဲ့တယ်လေ” ရန်ဝေက ရုပ်သေကြီးနဲ့ ပြန်ပြောလိုက်တယ်။

လျူချင်းယောင်က အသာအယာလေး ခေါင်းညိတ်ကာ ပြန်ပြောလိုက်တယ် “ထပ်ပြီး နားလည်ချင်သေးတယ် ဆိုရင် ဒီလျူက အမြဲတမ်းအဆင်သင့်ပဲနော်”

ရန်ကျောင်းနဲ့ ရန်ကိုင်တို့ မျက်နှာအမူအရာတွေ ရုတ်တရက် ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ရတယ်။ နှစ်ယောက်သား ကန်ရေပြင်ကို ဖြတ်၍ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက် အကြည့် တစ်ယောက် အပြန်အလှန် နားလည်လိုက်ကြတယ်။

ထိုနှစ်ယောက်က စကားနည်းနည်းလေးသာ ပြောသွားခဲ့ပေမယ့် ထိုစကားတွေထဲက အဓိပ္ပါယ်ကတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

သူတို့ နှစ်ယောက်တိုက်ပွဲမှာ ရန်ဝေ ရှုံးနိမ့်ခဲ့တယ်ဆိုတာ အမှန် ဖြစ်နေတဲ့ပုံပါပဲ။ ပြီးတော့ ရှုံးတာက အချေအတင် တိုက်ပြီးမှ ရှုံးနိမ့်ခဲ့တာ မဟုတ်ပဲ ဆိုးဆိုးဝါးဝါးကို ရှုံးနိမ့်ခဲ့တဲ့ပုံပါ။ မဟုတ်ရင် လျူချင်းယောင် အနေနဲ့ ဒီလောက် မောက်မာဝံ့ကြွားတဲ့ စကားတွေကို ထုတ်ပြောလာခဲ့မှာ မဟုတ်ပါဘူး။

လျူချင်းယောင်ရဲ့ မောက်မာတဲ့ ပုံစံကြောင့် ရန်ဝေ နည်းနည်းလေးမှ ဒေါသမထွက်သွားခဲ့ပါဘူး၊ ရန်ဝေက ပြောင်းလဲခြင်းမရှိသည့် အမူအရာက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ငါကျိန်းသေ ထပ်လာဦးမှာပါ၊ အဲ့အချိန်ကျ သခင်လေးလျူလည်း အရမ်းအံ့အားမသင့်ဖို့ မျှော်လင့်ပါတယ်”

လျူချင်းယောင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ငါအံ့အားသင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲ ဆိုတော့ မင်းက ငါ့ပြိုင်ဘက်မှ မဟုတ်တာ”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ဝေနောက်မှာ ရှိနေတဲ့ အင်အားစုတွေ အကုန်လုံး မခံမရပ်နိုင် ဖြစ်သွားခဲ့ပြီး လျူချင်းယောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြတယ်။

သူတို့ရှေ့မှာတင် ရန်ဝေကို ပုတ်ခတ် စော်ကားလိုက်တာက သူတို့ကို အရှက်ရှအောင် လုပ်လိုက်တာနဲ့ အတူတူပါပဲ။

ရန်ဝေကတော့ ထိုစကားကြောင့် နည်းနည်းလေးတောင် ဒေါသထွက်မသွားခဲ့ပါဘူး။ ပွစိပွစိနဲ့ ဆူညံ့နေတဲ့ သူ့နောက်က လူအုပ်ကြီး တိတ်တိတ်နေဖို့ လက်မြှောက် အချက်ပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ် “ငါအခု မင်းပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာက အနာဂတ်မှာလည်း ဖြစ်မလာနိုင်ဘူးလို့ မဆိုလိုဘူးလေ။ အနာဂတ်မှာတောင် ငါက မင်းပြိုင်ဘက် မဖြစ်နိုင်သေးရင် ငါတို့ ရန်မိသားစုမှ မင်းပြိုင်ဘက် မဖြစ်နိုင်တဲ့ လူတစ်ယောက်မှာ ရှိမနေဘူးလို့ ဆိုလိုလိုက်တာ မဟုတ်သေးဘူး။ သခင်လေးလျူ၊ ရန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ ငါက အားအကောင်းဆုံး မဟုတ်သေးဘူးကွ။ ဒါပေမယ့် လျူမိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ မင်းက အားအကောင်းဆုံး ဆိုတာကိုတော့ ငါသိထားတယ်။ မင်းတို့ လျူမိသားစုရဲ့ အကန့်အသတ်က မင်းပဲ၊ ဒါပေမယ့် ငါတို့ ရန်မိသားစုရဲ့ အကန့်အသတ်က ငါမဟုတ်သေးဘူး”

နောက်ဆုံးမှာတော့ လျူချင်းယောင်ရဲ့ အမူအရာ ပြောင်းလဲသွားခဲ့ပါပြီ။ စိတ်ဝင်စားနေတဲ့ အမူအရာလေးနဲ့ “ရန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ မင်းထက် သန်မာတဲ့လူ ရှိလို့လား”

ပြောနေရင်းနဲ့ တစ်ချက် ရပ်လိုက်ပြီး ရန်ကျောင်းဆီ အကြည့်လှည့်လိုက်ကာ “ဒုတိယသခင်လေးကို ပြောချင်နေတာလား”

“ဟားဟား…” ရန်ကျောင်းက ယဲ့ယဲ့လေး ရယ်မောလိုက်ပြီး “သခင်လေးလျူက တကယ်ကို နောက်တတ်တာပဲနော်၊ အကြီးဆုံး အစ်ကိုကြီးနဲ့ ယှဉ်ရင် ဒုတိယညီလေးက စကားထဲ ထည့်ပြောဖို့တောင် မတန်ပါဘူး။ မင်းဘာသာမင်း ဘယ်သူ့ကို ရှာရှာ ငါ့ကိုတော့ လာမကြည့်လိုက်ပါနဲ့နော်”

လျူချင်းယောင်က ရယ်သံသဲ့သဲ့လေးနဲ့ “ဒုတိယသခင်လေး မဟုတ်ဘူးဆိုရင် ဘယ်သူ ဖြစ်ရဦးမှာလဲ။ ရန်မိသားစုရဲ့ တိုက်ရိုက်လူငယ် မျိုးဆက်ထဲမှာ မင်းနဲ့ ဒုတိယသခင်လေးပဲ ငါအာရုံစိုက်တာ ခံရဖို့ ထိုက်တန်တာလေ၊ ကျန်တဲ့လူတွေကတော့…”

ပြောနေရင်းနဲ့ ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ပြီး ရန်ကိုင်နဲ့ အခြားလူတွေကို သာမန်ကာလျှံကာ တစ်ချက် ဝေ့ကြည့်လိုက်ကာ လှောင်ပြုံးပြုံးလိုက်တယ်။

ထိုအခြင်းအရာကို ကြည့်ရင်း အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတဲ့ ရန်ဝေက ရုတ်တရက် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “သခင်လေးလျူ၊ မင်းက သူ့ကို မမြင်နိုင်မှတော့ မင်းက သူ့ထက် အားနည်းနေတယ်လို့ ဆိုလိုလိုက်တာနဲ့ အတူတူပဲပေါ့”

လျူချင်းယောင် အမူအရာ မှုန်ကျသွားခဲ့ပြီး အဝေးတစ်နေရာမှာ ရှိနေတဲ့ ရန်ဝေကို စူးစိုက်ကြည့်လိုက်တယ်။ ရန်မိသားစုရဲ့ အကြီးဆုံး သခင်လေးက ဘာလို့ ဒီလောက် သေချာနေမှန်း လျူချင်းယောင် နားမလည်နိုင် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ ခေါင်းခြောက်အောင် စဉ်းစားစဉ်းစား သူ့ပြိုင်ဘက် ဖြစ်နိုင်တဲ့ ရန်မိသားစု သခင်လေး တစ်ယောက်ကိုမှ သူရှာမတွေ့နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ရန်ဝေပြောတဲ့အတိုင်း ထိုလူသာ တကယ်ရှိနေပြီး သူတောင်မှ ထိုလူရဲ့ သဲလွန်စ အရိပ်အယောင်လေး နည်းနည်းပါပါးကို မမြင်တွေ့နိုင်မှတော့ အဲ့လူက တကယ်ကို ကြောက်စရာကောင်းတဲ့ လူဖြစ်မှာ အသေအချာပါပဲ။

သူသာ ငါ့မျက်လုံးတွေကို တကယ်ပဲ လှည့်စားနိုင်တယ် ဆိုရင် တိုက်စရာ မလိုပဲနဲ့တောင် သူက ငါ့ထက် ပိုသန်မာတာ သေချာနေပြီ လျူချင်းယောင် တွေးလိုက်တယ်။

“အကြီးဆုံးသခင်လေး ပြောတာ မှန်ပါစေလို့ပဲ ကျုပ်မျှော်လင့်ပါတယ်” လျူချင်းယောင်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်တယ်။

“မင်းမြင်ရဖို့ သိပ်မကြာတော့ပါဘူး” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဘေးကနေ ထိုင်ကြည့်နေတဲ့ ရန်ကိုင်က သူတို့ စကားဝိုင်းထဲ စကားတစ်ခွန်းတောင် ဝင်မပြောခဲ့ပါဘူး။ ဒါပေမယ့် ရန်ဝေရဲ့ အကြည့်က သူ့ဆီ အမြဲလိုလို ရောက်နေတာကိုတော့ ရန်ကိုင် ခံစားမိပါတယ်။

အစ်ကိုကြီး ဘာကို သတိပြုမိသွားတာလဲ ရန်ကိုင် သံသယစိတ်နဲ့ သူ့ဘာသာသူ တွေးလိုက်တယ်။

တစ်ခဏကြာပြီးနောက် ဟော်ရှင်းနဲ့ လူများစွာတို့ ရောက်ရှိလာခဲ့ပြီး ရန်ကိုင်နောက် ဆင်းသက်လိုက်ကြတယ်။ ထိုနည်းတူစွာပဲ ရန်ကျောင်းရဲ့လူတွေလည်း သူ့နောက်မှာ ဆင်းသက်လိုက်ကြပါတယ်။

ထိုလူတွေ ရောက်လာတော့မှပဲ ရန်ကျောင်း စိတ်လျှော့ နိုင်တော့တယ်။ ရန်ဝေက သူ့လူတွေ မရောက်သေးတာကို အခွင့်ကောင်းယူပြီး သူ့အား တိုက်ခိုက်လာမှာကို ရန်ကျောင်း စိုးရိမ်နေခဲ့တာပါ။

သူ့ကို စောင့်ကြပ် ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော် တစ်ယောက် ရှိနေပေမယ့် ဒီကို တစ်ယောက်တည်း လာတာက အန္တရာယ် များနေတုန်းပါပဲ။

သိပ်မကြာခင်မှာပဲ ပိုကျင်းရေကန်ဆီသလို့ ရန်ခန်း၊ ရန်ရှန်းနဲ့ ရန်ရင်တို့ ရောက်ရှိလာခဲ့တယ်။

အချိန်အတော်ကြာအောင် လူသူအင်အား စုဆောင်းပြီးနောက် ညီအစ်ကိုခြောက်ယောက် အင်အားစု ဘယ်လောက်များများကို သူတို့ဘက် အပါဆွဲခေါ်နိုင်လဲ ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့တင် တန်းသိနေနိုင်ပါပြီ။

ပထမရောက်လာတဲ့ သုံးယောက်ရဲ့ လူအရေအတွက်နဲ့ အင်အားက အတူတူလောက်ပါပဲ။ ခွန်အား ကွာခြားချက်လေး နည်းနည်းပါးပါး ရှိနေရင်တောင် အရမ်းကြီး မသိသာလှပါဘူး။ ဒါပေမယ့် နောက်ရောက်လာတဲ့ သုံးရောက်ရဲ့ အခြေအနေကတော့ သံသယရှိစရာ မလိုအောင်ပဲ ပိုပြီး ဆိုးရွားလှပါတယ်။ ထိုသခင်လေး သုံးယောက်ကို ထောက်ပံ့ပေးနေတဲ့ မိသားစုကြီး တစ်ခုစီ ရှိနေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင် အဆက်အသွယ်တွေကို အသုံးပြုပြီး လူအင်အား စုဆောင်းဖို့က ခက်ခဲနေတုန်းပါပဲ။

ခွန်အား ကွာခြားချက်ကို သတိပြုမိလိုက်တာနဲ့ ရန်ခန်းနဲ့ နောက်ရောက်လာတဲ့ သခင်လေး နှစ်ယောက်စလုံး မျက်နှာ အရုပ်ဆိုးသွားခဲ့ကြတယ်။

ပထမညမှာတင် ထွက်ရမယ်လို့ အားလုံး ခန့်မှန်းထားတဲ့ ရန်ကိုင်ရဲ့ ခွန်အားက အခု သူတို့ထက် အများကြီး သာလွန်သွားခဲ့ပါပြီ။

ဒီအတိုင်းသာ ဆက်သွားနေဦးမယ် ဆိုရင်တော့ သူတို့ အခြေအနေက ဒီထက် ပိုဆိုးလာဖို့ပဲ ရှိပါတော့တယ်။

ဒီပိုကျင်း ရေကန်ကိစ္စ ပြီးတာနဲ့ လူတွေ ထပ်ခေါ်နိုင်ဖို့ သူတို့ကြိုးစားရမယ်လို့ ညီအစ်ကို သုံးယောက်စလုံး စိတ်ထဲကနေ တွေးလိုက်ကြတယ်။ အနည်းဆုံးတော့ ရန်ကိုင်နောက်မှာ သူတို့ ပြတ်ကျန် မနေချင်ခဲ့ပါဘူး။

ရန်မိသားစု သခင်လေးတွေသာမက စစ်ပွဲမြို့တော်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေလည်း ပိုကျင်းရေကန်ဆီ ရောက်ရှိလာခဲ့ကြတယ်။ အားလုံးက စိတ်ဝင်စားဖွယ် ပြပွဲတစ်ခုကို ကြည့်ရဖို့အတွက် ရောက်လာခဲ့ကြတာပါ။ အခုအချိန်၌ လူများစွာက ပိုကျင်းရေကန်ကို စက်ဝိုင်းပုံစံ ဝိုင်းပတ်ထားခဲ့ကြတယ်။

ဒါပေမယ့် ကန်ရေပြင်နား နီးနီးကပ်ကပ် မသွားသင့်ဘူးဆိုတဲ့ အချက်ကိုတော့ ထိုလူတွေ အကုန်လုံး ကောင်းကောင်း နားလည်ထားပါတယ်။ ထို့ကြောင့် အဖြစ်အပျက် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်မယ့် နေရာတစ်ခုကပဲနေ ရပ်ကြည့်နေခဲ့ကြပါတယ်။

ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့လူ ဘယ်သူမှ မရှိပါဘူး။ ဒီပိုကျင်းရေကန်မှာ အားကောင်းတဲ့ ပညာရှင် များစွာ စုဝေးနေတဲ့အတွက် သူတို့သာ ထိုအရှုပ်အထွေးထဲ မတော်တဆ ဝင်ပါမိလိုက်ရင် ဘယ်လိုသေလို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ပါဘူး။

တည်းခိုခန်းမှာ ထိုင်နေခဲ့တဲ့ ပန်းလေးနှစ်ပွင့်လည်း ပွဲကြည့်ပရိတ်သတ် တွေနဲ့အတူ ရှိနေခဲ့ပါတယ်။ သူမတို့ ရှိနေတဲ့ နေရာက ရန်ကိုင်နဲ့ သိပ်မဝေးပါဘူး။

လအနည်းငယ်လောက် မမြင်လိုက်ရတာနဲ့ သူက အရင်ကထက်တောင် ပိုပြီး သန်မာလာခဲ့ပါပြီ။ သူ့ရဲ့ အဆင့်အတန်း ပြောင်းလဲသွားလို့လား မသိ၊ အခု သူ့ဆီကနေ တည်ကြည်ခံ့ညားပြီး ထည်ဝါတဲ့ အရှိန်အဝါတို့ကို ခံစားနေခဲ့ရတယ်။

မိန်းမပျိုထဲက နှစ်ယောက်က တစ်ယောက်က ရန်ကိုင်ကို စိုက်ကြည့်လိုက်တဲ့ အချိန် သူမမျက်ဝန်းထဲ ထူးဆန်းသည့် အလင်းရောင်တို့ လက်သွားခဲ့တယ်။ သူမရဲ့ နှစ်လိုဖွယ် ကောင်းတဲ့ မျက်နှာလေးက ညင်သာပျော့ပျောင်း သွားခဲ့ပြီး အတိတ်အကြောင်းတွေကို ပြန်စဉ်းစားမိလိုက်တယ်။ သူမရဲ့ ပြောင်းလဲသွားတဲ့ စိတ်အခြေအနေက သူမရဲ့ အစ်မကိုပါ တိုက်ရိုက်အကျိုး သက်ရောက်တဲ့အတွက် သူမ အစ်မရဲ့ နှလုံးခုန်သံလည်း မြန်ဆန်လာခဲ့ရတယ်။

အံတင်းတင်းကြိတ်ရင်း အစ်မကြီးက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး နှလုံးခုန်မြန်နေတာကို တည်ငြိမ်သွားအောင် လုပ်လိုက်တယ်။ ဖြေးဖြေးချင်း ခေါင်းခါရမ်းလိုက်ရင်း ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်တယ်။

ဒါက သူမတို့ ညီအစ်မ နှစ်ယောက် ကျင့်ကြံတဲ့ ကျင့်စဉ်ရဲ့ ရှောင်ရှားမရနိုင်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုပဲ ဖြစ်ပါတယ်။ ထိုကျင့်စဉ်ကြောင့် သူမတို့ စိတ်ချင်း၊ နှလုံးသားချင်း နီးကပ်သွားခဲ့ပါတယ်။ ထို့ကြောင့် သူမရဲ့ ညီမလေးက တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အခါ သူမပါ လိုက်ပြီး ခံစားရတာပါ။

ထိုလူငယ်လေးရဲ့ ပုံရိပ်ကို သူမလည်း တစ်ခါတစ်ရုံ တွေးမိပါတယ်။ တွေးမိလိုက်တဲ့အချိန်တိုင်း သူမညီမလေးကို တစ်ခုခု ပြောရမှာ ရှက်ရွံသွားခဲ့ရတဲ့အတွက် သူမမှာ စိတ်ဓါတ်လည်းကျ၊ ကသိကအောက်လည်း ဖြစ်ခဲ့ရပါတယ်။

စစ်ပွဲမြို့တော်ကို ရောက်ပြီးတာတောင် ထိုလူကို သွားမတွေ့ရဲသေးခဲ့ပါဘူး။ ထို့ကြောင့် သူ့ခြံဝန်းနားက စားသောက်ဆိုင်တစ်ခုမှာသာ ပုန်းအောင်းနေရင်း သူများ ပေါ်လာလေမလား ဆိုပြီး ရံဖန်ရံခါ ပြတင်းပေါက်ဆီ ငေးငေးကြည့်မိပါတယ်။ ဒါပေမယ့် အချိန်အတော် ကြာသွားခဲ့တာတောင် သူပေါ်မလာခဲ့ပါဘူး။

နောက်ဆုံး ဒီကနေ့မှာတော့ သူမ သူ့ကို မြင်တွေ့ခဲ့ရပါပြီ။ သူမသာ ဒီအခွင့်အရေးကို လွဲချော်သွားခဲ့ရင် ဘယ်အချိန်မှ သူနောက်တစ်ကြိမ် ထပ်ပေါ်လာမလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။

သူမ စကားအတိုင်း မလုပ်နိုင်သလို သူမကိုယ် သူမတောင် မရိုးသားနိုင်တာကို စဉ်းစားရင်း ထိုမိန်းမပျိုလေး ခါးခါးသီးသီး ခံစားလိုက်ရတယ်။ သူမအနေနဲ့ အတွေးမှန်သမျှကို ဖုံးကွယ်နေစရာ မလိုပဲ သူမတွေးလိုက်တဲ့ အတွေးတိုင်းကို မျက်နှာထက် ရေးထားသလိုမျိုး နားလည်နိုင်သည့် သူမညီမလေးလိုပဲ ဖြစ်ချင်မိပါတယ်။

“ဟေး၊ ငါတို့ သူ့ကို သွားမကူကြဘူးလား” လူငယ်လေးက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။

“ငါတို့ သူ့ကို သွားကူညီဖို့လား၊ ပညာရှင်တွေ ဒီလောက် အများကြီး ရှိနေတာ ငါတို့ ဘာလုပ်ပေးနိုင်မှာ မို့လို့လဲ”

“ဟူး၊ အဲ့ဒါကြောင့် မိန်းမတွေက ရန်သူတွေထက် ပိုပြီး ရင်ဆိုင်ရခက်တယ်လို့ ပြောကြတာကိုး။ နင်တို့နဲ့အတူ ငါဒီကို မလာသင့်လိုက်ဘူး” ထိုလူငယ်လေးက စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။ ဒီလို အဖြစ်အပျက်ကြီး ဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် တည်ခိုဆောင်မှာ ရှိနေတဲ့ လူအားလုံးကို ခေါ်လာခဲ့လိုက်ပါတယ်။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ဖြစ်တဲ့ သူတို့ သုံးယောက်တည်းနဲ့ ရန်ကိုင်ကို နည်းနည်းလေးမှ ကူညီပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။

အချိန်တွေ ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ပြီး အားလုံက လက်နက်တွေ ထွက်ပေါ်လာမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်။ လူများစွာကတော့ ထိုလက်နက်တစ်ထောင်က ဘယ်နည်း ဘယ်ပုံနဲ့ ထွက်ပေါ်လာမလဲ ဆိုတာကို ကြိုးစား ခန့်မှန်းကြည့်နေခဲ့ကြတယ်။

ရန်ကိုင်က သူ့ရဲ့ ကောင်းကင် စိတ်အာရုံနဲ့ ဘေးဘီဝဲရာကို စူးစမ်းကြည့်နေခဲ့ပြီး လူအုပ်ကြီးမှာ လှုပ်ရှားမှု တစ်ခုခုများ ရှိမလားဆိုပြီး သေသေချာချာ စူးစမ်းလေ့လာနေခဲ့တယ်။

ပွဲကြည့်ပရိတ်သတ်တွေကို စစ်ဆေးနေရင်း လူအုပ်ထဲ ပုန်းအောင်းနေတဲ့ ပညာရှင်များစွာ ရှိနေတာကို ရန်ကိုင် တွေ့ရှိလိုက်ရပါတယ်။ ထိုလူတွေက ဒီနေရာကို ပွဲကြည့်ဖို့ လာခဲ့ကြတဲ့ ပညာရှင်တွေ မဟုတ်ပဲ မိသားစုကြီး ရှစ်ခုက ဒီက အခြေအနေတွေကို စူးစမ်းထောက်လှမ်းဖို့ စေလွှတ်ထားတဲ့ လူတွေမှန်း သူသတိပြုမိလိုက်တယ်။

ပိုကျင်းရေကန် အောက်ခြေရှိ လှုပ်ခတ်နေတဲ့ စွမ်းအင်လှိုင်း ဖျော့ဖျော့လေးတွေကိုလည်း ရန်ကိုင် သတိပြုမိလိုက်တယ်။ ထိုစွမ်းအင်လှိုင်းတွေက အရမ်းကို အားပျော့လွန်းနေတဲ့အတွက် ရန်ကိုင်တောင် သတိပြုမိရုံလေး သတိပြုမိခဲ့တာပါ၊ ကျန်တဲ့သူတွေ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။

ထိုလက်နက်၁၀၀၀ကို ကန်အောက်ခြေမှာ ထားထာတာ ကြာနေပြီနဲ့ တူပါတယ်၊ ထိုလက်နက်တွေက သတ်မှတ်ထားတဲ့ အချိန်မှာပဲ ပေါ်လာမယ့်ပုံပါ။

Martial Peak

အပိုင်း(၄၅၉) ဖြတ်လုခြင်း

ထိုအချက်ကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်တယ်။ ဒါပေမယ့် ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ပါဘူး၊ အခုလောလောဆယ် ဒီလောက် အားသားချက်လေး ရှိနေတာနဲ့တင် သူ့အတွက် လုံလောက်နေပါပြီ။

လက်နက်တွေ ထွက်ပေါ်လာမယ့် အချိန်က မကြာခင်မှာပဲ ရောက်ရှိလာပါတော့မယ်။ ပိုကျင်းရေကန်ဘေး စုဝေးနေတဲ့ လူတွေအားလုံးက အစစ်အမှန်ချီကို ကိုယ်စီကိုယ်စီ တိတ်တဆိတ် လှည့်ပတ်ထားလိုက်ကြပြီး သတိပြုမိတာနဲ့ ချက်ချင်း လှုပ်ရှားဖို့ ပြင်ဆင်ထားခဲ့ကြတယ်။ အဖွဲ့ခြောက်ဖွဲ့က လက်နက်တွေ ထွက်ပေါ်လာမှာကိုပဲ အာရုံစိုက်နေတာ မဟုတ်ပါဘူး၊ သူတို့ ပြိုင်ဘက်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။

လက်နက်တွေ စွဲကိုင်ထားမှတော့ တိုက်ပွဲဆိုတာ ကျိန်းသေ ဖြစ်လာတော့မှာပါ။ တကယ်တော့ ရန်မိသားစုက ဒီနည်းလမ်းကို သုံးပြီး တိုက်ပွဲအရှိန်ကို တိုးမြှင့်ဖို့ ကြိုးစားနေတာလေ။

ရန်ကိုင်က လက်ရှိ အခြေအနေအကြောင်းကို တော်တော်လေး သိနားလည်ထားတယ် ဆိုပေမယ့် သူ့ရဲ့ ညီအစ်ကိုတွေကတော့ ပိုကျင်းရေကန်ဆီ အာရုံစိုက်ပြီး ခန့်မှန်းနေတုန်းပါပဲ။ တစ်ခါတစ်ရံ ကန်စပ်ကို စစ်ဆေးလိုက်၊ အနားတစ်ဝိုက်က တောအုပ်တွေကို စစ်ဆေးလိုက် လုပ်ရင်း သူတို့ရဲ့ အဖွဲ့သားတွေကို တိုးတိုးတိတ်တိတ်နဲ့ အမိန့်တွေ ပေးနေခဲ့ကြတယ်။

အဖွဲ့တွေကြားက လေထုက တဖြည်းဖြည်း တင်းမာလာခဲ့တယ်။

ရုတ်တရက် ကန်ရေပြင် အလယ်ဗဟိုဆီမှ အလင်းတန်း တစ်ခု ထိုးထွက်လာခဲ့ပြီး အားကောင်းတဲ့ စွမ်းအင်လှိုင်းတွေ ပေါက်ကွဲ ထွက်လာခဲ့တယ်။ မကြာခင်မှာပဲ ကြည်လင်နေတဲ့ ကန်မျက်နှာပြင်ကနေ တောက်ပတဲ့ စွမ်းအင်မျဉ်းကြောင်းတို့ ထွက်ပေါ်လာခဲ့ပြီး ကန်ရေပြင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဆန်းကြယ်တဲ့ စိတ်ဝိဥာဉ် အစီအရင် တစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့တယ်။

ကောင်းကင်နဲ့ မြေပြင်ကြားမှ အရှိန်အဝါတို့ လှုပ်ရှားစီးဆင်းမှု ရပ်တန့်သွားခဲ့တယ်။

“အချိန်ကျပြီ” လူအုပ်ကြီးထဲကနေ ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းက လည်ပင်း ရှည်ရှည်ဆန့်ရင်း ပိုကျင်းရေကန်ဆီ လှမ်းကြည့်လိုက်ကြတယ်။

ရွှစ်… ရွှစ်… ရွှစ်…

ပိုကျင်းရေကန် အောက်ခြေမှ အလင်းတန်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့တယ်။ ထိုတလက်လက် တောက်ပနေတဲ့ အလင်းတန်းတွေထဲ လက်နက်တစ်ခုစီ ရှိနေခဲ့ပါတယ်။ အမျိုးမျိုးသော အရောင်၊ အရွယ်အစားနဲ့ ပုံသဏ္ဏာန်တွေက လူအုပ်ကြီးရဲ့ အာရုံကို ဆွဲဆောင်သွားပြီး သူတို့ရင်ထဲက လောဘမီးတောက်တွေကို လောင်စာဖြည့်ပေးလိုက်သမျိုး တဟုန်းဟုန်း တောက်လောင်သွားစေခဲ့တယ်။

ချက်ချင်းဆိုသလိုပဲ တစ်ရာနီးပါး ရှိတဲ့ အလင်းတန်းတွေက ရေကန်ထဲနေ ငါးပွက်သလိုမျိုး ထွက်ပေါ်လာခဲ့ကြပြီး မရေမတွက်နိုင်တဲ့ ရေစက်တွေက မိုးစက်တွေအလား လွင့်စင်ကျလာခဲ့တယ်။

အားလုံက ဆာလောင်နေတဲ့ မြေခွေးတွေလို ထိုအလင်းတန်း အခုတစ်ရာကို စူးစိုက်ကြည့်နေခဲ့ကတြယ်။

ကောင်းကင်ထက် မီတာတစ်ရာလောက် မြင့်တက်သွားပြီးတာနဲ့ ထိုအလင်းတန်းမျိုးစုံ ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့တယ်။ ရုတ်တရက် ထိုလက်နက်တွေ အကုန်လုံးက ဥက္ကာခဲမိုးတွေအလားက ဘေးပတ်လည် အနှံ့ကို လွင့်စင်ထွက်လာခဲ့တယ်။

“သခင်လေးကိုင်” ဟော်ရှင်းချန်က ရန်ကိုင်က လှည့်ပြီး စိုးရိမ်တကြီး တိုက်တွန်းလိုက်တယ်။

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

နောက်တစ်ခဏ အတွင်းမှာပဲ အဖွဲ့၆ခုရဲ့ ငါးဆယ်ရာခိုင်နှုန်းသော လူတွေက သူတို့နဲ့ အနီးဆုံး လက်နက်တွေ ရှိရာဆီ အလုအယက် ပျံသန်းသွားလိုက်ကြတယ်။ ကျင့်ကြံသူများစွာက လက်နက်တွေကို ဆုပ်ကိုင်ထားရင်း ပျော်ပျော်ရွှင်ရွှင် အော်ရယ်နေခဲ့ကြတယ်။

လူငယ်မျိုးဆက်ရဲ့ ခေါင်းဆောင်တွေကတော့ မလှုပ်ရှားခဲ့ကြပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း ပညာရှင် အများစုကလည်း ဒီအတိုင်းပဲ ရပ်နေခဲ့ကြတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃အောက် သာမန်လူတွေပဲ လက်နက်တွေကို သွားလုခဲ့ကြတာပါ။

ဒါက ရန်ကိုင် တစ်ဖွဲ့တည်းတင် မဟုတ်ပါဘူး။ ကျန်တဲ့ အဖွဲ့တွေ အကုန်လုံးလည်း အဲ့အတိုင်းပါပဲ။

ပထမတစ်သုတ်မှာ ထွက်ပေါ်လာမယ့် လက်နက်တွေက အရမ်းကြီး အဆင့်မြင့်မယ် မဟုတ်မှန်း သိထားတဲ့အတွက် အများစုက မလှုပ်ရှားချင်ကြသေးတာပါ။

ပထမတစ်သုတ် လက်နက်တွေက ဘေးပတ်လည် အနှံ့ဆီ ပြန့်ကျဲသွားတာ ဖြစ်တဲ့အတွက် သူတို့ရှေ့ကို တည့်တည့်ပို့ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားခဲ့ပါတယ်။ ထို့ကြောင့် သူတို့ရဲ့ ပြိုင်ဘက်တွေ အနေနဲ့ ထိုလက်နက်တွေကို သူတို့ လက်ထဲကနေ လုယူနိုင်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဟိုပြေးဒီပြေးလုပ်ရင်း လက်နက်တွေကို လိုက်ဖမ်းနေစရာလည်း မလိုတော့ပါဘူး။

ဒါပေမယ့် အပျော်သက်သက် လာကြည့်တဲ့ ကျင့်ကြံသူတွေရဲ့ မျက်ဝန်းတွေကတော့ အလွန်အမင်း ပူလောင်လာခဲ့ကြပါတယ်။ တံတွေး တစ်လုတ်ပြီးတစ်လုတ် မျိုချရင်း တလက်လက် တောက်ပနေတဲ့ အလင်းတန်းတွေကို လောဘတကြီး ငေးစိုက်ကြည့်နေခဲ့တယ်။

အပျော်သက်သက် ပွဲကြည့်ဖို့ပဲ လာခဲ့တာ ဖြစ်တဲ့အတွက် အများစုရဲ့ ခွန်အားက နိမ့်ကျကြပါတယ်။ ထို့ကြောင့် လက်နက်များစွာ တစ်ပြိုင်တည်း ထွက်ပေါ်လာတာကို မြင်တွေ့လိုက်တဲ့ အချိန် သူတို့ စိတ်မလှုပ်ရှားပဲ မနေနိုင်ခဲ့တာပါ။

သခင်လေး၆ယောက်က သူတို့နဲ့အတူ စုစုပေါင်း လူ၈၀၀နီးပါးကို ခေါ်လာခဲ့တာပါ။ ထို့ကြောင့် ထိုလူတွေထဲက တစ်ဝက်လောက်ပဲ လှုပ်ရှားမယ် ဆိုရင်တောင် အချို့လူတွေက လက်ဗလာနဲ့ ကျေနပ်ကြရမှာပါ။

ဘယ်လက်နက်မှ ပိုကျင်းကန်စပ်ကို မဖြတ်ကျော် နိုင်ခဲ့ပါဘူး။ လမ်းတစ်ဝက်မှာတင် ကျင့်ကြံသူတွေရဲ့ ဖြတ်ယူခြင်းကို ခံလိုက်ရပါတယ်။

ထိုလက်နက်တွေ အကုန်လုံးကို ဖမ်းယူပြီးတာနဲ့ ထိုကျင့်ကြံသူတွေက အပြုံးကြီးပြုံးရင်း သူတို့ အဖွဲ့သားတွေဆီ ပြန်သွားလိုက်ကြတယ်။

ပထမလက်နက် တစ်သုတ်ကို အဖွဲ့၆ခုကြား ညီတူမျှတူ လောက်ပဲ ရသွားခဲ့ကြပါတယ်။ သူတို့ကြား မည်သည့် တိုက်ပွဲမှ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ထို့ကြောင့် သခင်လေး တစ်ယောက်ချင်းစီက ရလိုက်တဲ့ လက်နက် အရေအတွက်က အတူတူလောက်ပဲ ရှိခဲ့ပါတယ်။

“အားလုံးက မြေကမ္ဘာအဆင့်နိမ့် လက်နက်တွေချည်းပဲ” ဟော်ရှင်းချန်က လက်နက်တွေကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် အထင်အမြင် သေးသေးနဲ့ လှောင်ပြောင် သရော် ရှုံ့ချလိုက်တယ် “မိသားစုကြီး ရှစ်ခုက အရမ်းကို ကပ်စေနည်းတာပဲ”

ထိုစကားတွေကို ကြားလိုက်တာနဲ့ ဟန်ရှောင်ချီရဲ့ အမူအရာ ရှုံမဲ့သွားခဲ့ပြီး ဟော်ရှင်းချန်ကို ပြန်ပြောလိုက်တယ် “သခင်လေးဟာ်က မိသားစုကြီးတစ်ခုက လာခဲ့တာဆိုတော့ ကျွန်မတို့လို့ အဆင့်နိမ့်နိမ့်နဲ့ မွေးဖွားလာခဲ့ရတဲ့ ကျင့်ကြံသူတွေရဲ့ အခက်အခဲတွေကို ဘယ်နားမလည်ပါ့မလဲ။ ဒီလက်နက်တွေက သခင်လေးအတွက် ဘာမှ မဟုတ်ပေမယ့် ကျွန်မတို့တွေ အတွက်တော့ အဖိုးတန်ရတနာတွေပဲ”

ဟော်ရှင်းချန်က သူမကို အဓိပ္ပါယ်ပါပါ ပြုံးကြည့်လိုက်ပြီး “နင်ပြောတာ ယုတ္တိရှိတယ်။ မိန်းမလှလေး၊ ငါက ဟော်မိသားစုဝင် တစ်ယောက်ဆိုပေမယ့် အခု ငါတို့အားလုံးက မဟာမိတ်တွေပဲလေ။ ဒါကြောင့် ကိစ္စရှိရင် လွတ်လွတ်လပ်လပ်နဲ့ ဆွေးနွေးသင့်တာပေါ့၊ ဟုတ်တယ်မလား။ ဒီကိစ္စပြီးရင် အချိန်တစ်ခုလောက် ရှာပြီး ငါတို့နှစ်ယောက်တည်း သီးသန့် စကားပြောကြမလား”

ဟန်ရှောင်ချီ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့တယ်။ ဒီအစုတ်ပလုတ်ကောင် ဟော်ရှင်းချန်ကို ရန်ကိုင် ဝင်တားပေးဖို့ သူမစိတ်ထဲ ကြိတ်ပြီး ဆုတောင်းနေခဲ့တယ်။

ဒါပေမယ့် ထိုအချိန်၌ ရန်ကိုင်က မျက်မှောင်ကြီး ကြုံးထားရင်း ပိုကျင်းရေကန် အောက်ခြေရှိ စိတ်ဝိဥာဉ် အစီအရင်ကို စူးစိုက်ကြည့်နေခဲ့ကာ တစ်ခုခုကို အာရုံစိုက် တွေးတောနေခဲ့တယ်။

ထိုတလက်လက် တောက်ပနေတဲ့ ပုံစံကွက်တွေက နည်းနည်းလေးတောင် မှိန်ကျသွားခြင်း မရှိပဲ အရင်လို တလက်လက် တောက်ပနေတုန်းပါပဲ။ ဟော်ရှင်းချန် ပြောလို့ပြီးတာနဲ့ ချက်ချင်းဆိုသလို ကန်မျက်နှာပြင် ထက်ကနေ နောက်ထပ် အလင်းတန်း အခုတစ်ရာနီးပါး ထပ်မံထွက်ပေါ် လာခဲ့ပြန်ပါတယ်။

ဟော်ရှင်းချန်က ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပေမယ့် ရန်ကိုင်က စိတ်ဝိဥာဉ် အစီအရင်ကိုသာ အာရုံစိုက်နေမှန်း တွေ့လိုက်ရတော့ သက်ပြင်းတစ်ချက် ချလိုက်ပြီး အော်ဟစ်လိုက်တယ် “သွားလုကြ”

စေားနလေးတင်ကပဲ အချီကြီး ရိတ်သိမ်းလာခဲ့တဲ့ လူတွေက နောက်တစ်ကြိမ် ထပ်မံထွက်ခွါသွားခဲ့ ပြန်ပါတယ်။

“သတိထား” ရန်ကိုင်က ရုတ်တရက် လှမ်းအော်လိုက်တယ်။

အားလုံးက လက်နက်တွေကို လုယူရေးမှာသာ ပျော်မြူးနေတကြတာ ဖြစ်တဲ့အတွက် ရန်ကိုင်က ရုတ်တရက်ကြီး ဘာလို့ လှမ်းအော် သတိပေးနေမှန်း အချို့လူတွေ နားမလည်ခဲ့ကြပါဘူး။ ဒါပေမယ့် ထိုလက်နက်တွေ သွားနေတဲ့ လမ်းကြောင်းကို သတိပြုမိလိုက်တာနဲ့ သူတို့အားလုံး ခပ်မြန်မြန်ပဲ သတိချပ်လိုက်ကြတယ်။

ဒုတိယတစ်သုတ် လက်နက်တွေက ပထမတစ်သုတ် လက်နက်တွေနဲ့ မတူတော့ပါဘူး။ ဒီတစ်သုတ် လက်နက်တွေက ပထမတစ်သုတ် လက်နက်တွေလို ဘေးပတ်ပတ်လည်သို့ ပြန့်ကျဲမသွားခဲ့ပဲ ပိုကျင်းရေကန် အလယ်မှာသာ စုဝေးနေခဲ့ကြပါတယ်။

အားလုံးရဲ့ ကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး သိုင်းပညာရပ်တွေ၊ လက်နက်တွေရဲ့ အလင်းရောင် မျိုးစုံတို့ ထွက်ပေါ်လာခဲ့တယ်။

ချက်ချင်းဆိုသလို တိုက်ပွဲကြီးတစ်ခု ဖြစ်သွားခဲ့တယ်။

အဖွဲ့၆ခုမှ လူ၄၀၀လောက် ထွက်လာခဲ့ကြပါတယ်။ ထိုလူတွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပေမယ့် အဆင့်နိမ့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် တော်တော်များများလည်း ပါနေပါသေးတယ်။

လူပေါင်းများစွာက ပိုကျင်းရေကန်အလယ်ဆီ ဦးတည်ပြေးဝင် သွားခဲ့ကြတဲ့အတွက် မြင်ကွင်းတစ်ခုလုံးက ရုတ်တရက် ပရမ်းပတာတွေ ဖြစ်ကုန်ပါတယ်။

လက်နက်တစ်ခုကို ဖမ်းယူလိုက်မိရုံပဲ ရှိသေး၊ ထိုလူကို ရန်သူလေးငါး ခြောက်ယောက်လောက်က ဝိုင်းနေခဲ့ကြပါပြီ။ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ မသိရသေးခင်မှာပဲ လောကကြီးနဲ့ အဆက်အသွယ် ပျက်သွားခဲ့ရပါတယ်။ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်တွေက ကောင်းကင် ထက်ကနေ ကန်ထဲသို့ ပြုတ်ကျလာခဲ့ကြပြီး ကြည့်လင်နေတဲ့ ကန်ရေပြင်တစ်ခုလုံးကို ရဲရဲနီသွားစေခဲ့တယ်။

ထိုမြင်ကွင်းကို ကြည့်ရင်း ပွဲကြည့် ပရိတ်သတ်တွေကြား ပွက်ပွက်ညံသွားခဲ့တယ်။

သူတို့ စောင့်နေတာ ဒါမျိုး မြင်ကွင်းပါ။

အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာပဲ လူနှစ်ဆယ်ကျော် အသတ်ခံရပြီးသွားပါပြီ။ ပြီးတော့ သေဆုံးနေတဲ့ လူအရေအတွက်ကလည်း တရိပ်ရိပ်နဲ့ တိုးလာနေတုန်းပါပဲ။

အင်အားစုတွေ အကုန်လုံး အထိအခိုက် များခဲ့တာပါ။ ထို့ကြောင့် အင်အားစု အသီးသီးက လူငယ်ခေါင်းဆောင်တွေ အကုန်လုံးရဲ့ မျက်နှာက ခဲမှန်ထားသလို ဖြစ်နေခဲ့ကြကာ သူတို့ရှေ့က မြင်ကွင်းကို လက်သီးတင်းတင်းဆုပ်ပြီး မျက်တောင်မခတ် စူးစိုက်ကြည့်နေခဲ့ကြတယ်။

ဒါပေမယ့် ရန်သခင်လေးတွေ အမိန့်မပေးသေးသရွေ့၊ သူတို့ လှုပ်ရှားချင်တယ် ဆိုရင်တောင် သူတို့ လုပ်နိုင်တာဆိုလို့ ဘေးကနေ ရပ်စောင့်ကြည့်နေဖို့ပဲ ရှိပါတယ်။

ဒါက အချိုပွဲပဲ ရှိသေးမှန်း အားလုံး သိထားကြပါတယ်။ ဒုတိယအသုတ် လက်နက်နဲ့တင် သူတို့တွေ အကုန်လုံး ပရမ်းပတာ ဖြစ်နေမယ် ဆိုရင်တော့ နောက်တစ်ခေါက်ကျ သူတို့ ကြီးကြီးမားမား ဆုံးရှုံးကြမှာပါ။

တဖြည်းဖြည်းနဲ့ ဒုတိယအသုတ်က လက်နက်တွေ အကုန်လုံး ပိုင်ရှင်ကိုယ်စီ ရှိသွားခဲ့ကြပြီး လက်နက် ကိုင်ထားတဲ့ လူတွေ အကုန်လုံးက ဘာမှ မရထားတဲ့ လူတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာခဲ့တယ်။ အဖွဲ့တွေရှိရာဆီ ပျံသန်းနေတဲ့အချိန် သူတို့ရဲ့ ဆိုင်ရာအဖွဲ့သားတွေက သူတို့ကို ကာကွယ်ပေးရင်း လမ်းဖောက်သွားခဲ့ကြတယ်။

လည်တဲ့လူတွေကတော့ လက်နက်တွေ ရတာနဲ့ သူတို့ ရန်သခင်လေးတွေ ရှိရာဆီ လှမ်းပစ်လိုက်ပြီး အခြားသူတွေဆီက လက်နက်ကို သွားလုကြပါတယ်။

ထိုတိုက်ပွဲကြီး အဆုံးသတ်သွားတာနဲ့ အဖွဲ့၆ခုက လူတွေအကုန်လုံး သူတို့အဖွဲ့သားတွေ ရှိရာဆီ ပြန်သွားလိုက်ကြတယ်။

အားလုံးက ရှုံးလည်းရှုံး မြတ်လည်း မြတ်ခဲ့ကြပါတယ်။

သလင်းကျောက်လို ကြည်လင်ခဲ့ဖူးတဲ့ ပိုကျင်းကန်ရေပြင်ဟာ ဆိုရင်ဖြင့် အခုအချိန်၌ သွေးရောင်လွှမ်းနေခဲ့ပြီး အသက်မရှိတော့သည့် ခန္ဓာကိုယ် အခု၅၀လောက်က ကန်မျက်နှာပေါ် ပေါလော မျောနေခဲ့ကြပါတယ်။

“မင်းတို့ ရန်မိသားစုရဲ့ နည်းလမ်းတွေက တကယ်ကို ရက်စက်တာပဲ” သူ့ရှေ့က အနိဠာရုံမြင်ကွင်းကို ငေးကြည့်ရင်း ဒေါင်ချင်းဟန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်တယ်။ ပြီးတာနဲ့ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။

စစ်ပွဲမြို့တော် တစ်ခုလုံး ငြိမ်သက်အေးချမ်းနေတာ ၁လလောက် ရှိသွားခဲ့ပါပြီ။ ဒါပေမယ့် ရန်မိသားစုရဲ့ အကြီးအကဲခန်းမဆီမှ ထုတ်ပြန်ကြေညာချက် တစ်ခုကြောင့် ငြိမ်သက်အေးချမ်းနေတဲ့ အခြေအနေလေး ပြိုကွဲသွားခဲ့ပြီး သခင်လေး၆ယောက်စလုံး အချင်းချင်း စတင် တိုက်ခိုက်ကြပါတော့တယ်။

“ငှက်တွေက အစာကြောင့် သေသလို လူတွေက ကြွယ်ဝချမ်းသာမှုကြောင့် သေကြတာ သဘာဝပဲလေ” ဟော်ရှင်းချန်က လှောင်ပြောင် ပြောဆိုလိုက်တယ် “ရန်မိသားစုက အဲ့အချက်ကို အစကတည်းက မြင်ပြီးသား”

“တကယ်ကို ဝမ်းနည်းစရာပဲ” ချန်ယွဲ့ရှုက တိုးတိုးလေး ရေရွတ်လိုက်တယ်။ စစ်ပွဲမြို့တော်ဆီ ရောက်ပြီးကတည်းက ဒါက သူပါဝင်ဆင်နွှဲတဲ့ ပထမဆုံးတိုက်ပွဲပါ။ လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာချိန်မှာပဲ လူငါးဆယ် သေဆုံးသွားခဲ့ပါပြီ။ သူ့လရောင်ပြန်းဂိုဏ်းမှာလည်း အဆုံးအရှုံးတွေ ရှိခဲ့တဲ့အတွက် ချန်ယွဲ့ရှု စိတ်မသက်မသာ ဖြစ်နေတာ မထူးဆန်းပါတယ်။

“ဒါက အရမ်းကို ရိုးရှင်းတယ်” ရန်ကိုင်က မျက်ဝန်း မှေးစဉ်းလိုက်ရင်း ပြောလိုက်တယ်။

“အရမ်းရိုးရှင်းတာလား” လျူဖေးရှန်က ရန်ကိုင်ကို ကြောက်လန့်တကြား ငေးကြည့်လိုက်ပြီး ကျန်တဲ့ လူတွေအားလုံးလည်း သင်္ကာမကင်း ဖြစ်သွားခဲ့ကြတယ်။

ရန်ကိုင်က သူတို့ပြောတာတွေကို ပြန်မတုန့်ပြန်ခဲ့ပဲ ရန်ကျောင်းနဲ့ ရန်ဝေတို့ နှစ်ယောက်ဆီကိုသာ လှမ်းကြည့်လိုက်တယ်။ သူ့ ညီအစ်ကို နှစ်ယောက်စလုံး မျက်မှောင်ကြီးတွေ ကြုံ့ရင် အတွေးပင်လယ်ထဲ နစ်မြောနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ ရန်ကိုင် သူတို့ကို ကြည့်နေမှန်း သတိပြုမိလိုက်တာနဲ့ ရန်ကျောင်းနဲ့ ရန်ဝေတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို ပြန်လှည့် ကြည့်လိုက်ကြတယ်။

ထိုအကြည့်တစ်ချက်နဲ့တင် ရန်ကျောင်းနဲ့ ရန်ဝေတို့ နှစ်ယောက်စလုံး လက်ရှိအခြေအနေကို သံသယဝင်နေမှန်း ရန်ကိုင် နားလည်လိုက်တယ်။

ဒီအတိုင်းလေးပဲ လက်နက်လုယူ ရမယ်ဆိုရင် ဒီအဖြစ်အပျက်က အရမ်းကို ရိုးစင်းလွန်းနေပါတယ်။ ရန်မိသားစုက ဒီအတိုင်းလေးပဲ စီစဉ်ထားလိမ့်မှာ မဟုတ်ပါဘူး။ အခုအချိန်၌ အကြီးအကဲခန်းမက သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်စေချင်နေတာပါ။ လူပိုသေလေ သူတို့အတွက် ပိုကောင်းလေပါပဲ။ အဲ့လိုဆိုရင် လက်နက်တစ်ထောင်လုံးက ဒီပုံစံအတိုင်းပဲ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာနိုင်ပါ့မလဲ။

အခုအချိန်၌ ရန်ကိုင်၊ ရန်ဝေနဲ့ ရန်ကျောင်းတို့ သုံးယောက်စလုံး ထိုအချက်ကို နားလည်ထားကြပါတယ်။ ထို့ကြောင့် သူတို့ သုံးယောက်စလုံး နောက်ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကို စဉ်းစားနေကြတာပါ။

အမွေခံတိုက်ပွဲက ဥာဏ်ကစားတဲ့ တိုက်ပွဲတစ်ခုလည်း ဟုတ်ပါတယ်၊ ရဲရင့်ပြီး သတ္တိရှိရုံနဲ့ အနိုင်ရနိုင်တဲ့ ပြိုင်ပွဲတစ်ခု မဟုတ်ပါဘူး။

သူတို့ရဲ့ အဖွဲ့ဝင်တွေ သေဆုံးသွားခဲ့တဲ့အတွက် အဖွဲ့၆ခုကြားက လေထုက တင်းမာလာခဲ့တယ်။ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် အေးစက်စက် မျက်ဝန်းတွေနဲ့ အပြန်အလှန် စူးစိုက်ကြည့်နေခဲ့ကြတယ်။ နောက်တစ်သုတ်ကျရင်း မင်း သေပြီသာမှတ် ဆိုတဲ့ ရုပ်မျိုးတွေနဲ့ပေါ့။

“ဒီတစ်သုတ် လက်နက်တွေရဲ့ အဆင့်က နည်းနည်း ပိုမြင့်လာပြီ။ ဒါပေမယ့် အကောင်းကြီး မဟုတ်သေးဘူး” ဟော်ရှင်းချန်က အဖွဲ့သားတွေ ပြန်သယ်လာတဲ့ လက်နက်တွေကို စစ်ဆေးပြီးနောက် နောက်တစ်ကြိမ် ထပ်မံ ခေါင်းခါရမ်းလိုက်တယ်။

ဟော်မိသားစု သခင်လေးရဲ့ မျက်လုံးထဲမှာတော့ ကောင်းကင်အဆင့်နဲ့ ဆန်းကြယ်အဆင့် လက်နက်တွေက လွဲလို့ ကျန်တဲ့အဆင့် လက်နက်တွေ အကုန်လုံးက အမှိုက်တွေ ချည်းပါပဲ။ ကောင်းကင် အဆင့်ဆိုရင်တောင် အနည်းဆုံး အလယ်အလတ် အဆင့်လောက် ရှိမှ ဟော်ရှင်းချန် မျက်လုံးထဲ အရာဝင်တာပါ။

“နောက်တစ်သုတ်ကို ငါတို့ ဝင်မပြိုင်ဘူး” ရန်ကိုင်က ရုတ်တရက် ပြောလိုက်တယ်။

“ဘာလို့လဲ” ဟော်ရှင်းချန်က ရန်ကိုင်ကို ငေးကြောင် ကြည့်နေလိုက်ပြီး “ဝင်မပြိုင်ဘူးလား”

ရန်ကိုင်က ဟော်ရှင်းချန်ဘက် လှည့်လိုက်ပြီး သခင်လေးဟော်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ရင်း “မင်းသောက်သံကြီးကို တိုးတိုပြော၊ အခြားလူတွေ ကြားကုန်မယ်”

ဟော်ရှင်းချန် ခေါင်လေး ပုဝင်သွားခဲ့ပြီး တိုးတိုးလေး မေးလိုက်တယ် “ငါတို့ ဘာလို့ ဝင်မပြိုင်ရတာလဲ။ အဲ့လက်နက်တွေကို ငါတို့ မယူရင် မင်းညီအစ်ကိုတွေ လက်ထဲပဲ ရောက်ကုန်မှာလေ”

ဟော်ရှင်းချန်သာ စိတ်ရှုပ်နေရုံမက ပန်းပေါင်း နန်းတော်က မိန်းကလေးတွေလည်း ဇဝေဇဝါ ဖြစ်နေခဲ့ကြတယ်။ အစောပိုင်းတုန်းက တိုက်ပွဲမှာ သူမတို့ ပန်းတစ်ထောင်နန်းတော် အဖွဲ့သားတွေလည်း သေဆုံးခဲ့ပါတယ်။ ထို့ကြောင့် သေဆုံးသွားတဲ့ သူတို့ အဖွဲ့သားတွေအတွက် အားလုံက လက်စား ပြန်ချေချင် နေကြတာပါ။ ဒါကြောင့်ပဲ နောက်တစ်သုတ်မှာ ရန်ကိုင်က သူတို့ ဝင်မပြိုင်တော့ဘူးလို့ ပြောလာတာကို ကြားလိုက်တဲ့အချိန် အားလုံးက ဘာလို့မှန်း နားလည်ရ ခက်ခဲနေခဲ့ကြတာပါ။

“အခြေအနေကို အရင် ဆန်းစစ်ကြည့်ချင်သေးတယ်” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ရင်း “ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် နောက်လက်နက်တစ်သုတ်က အများဆုံးမှ မြေကမ္ဘာအထွတ်အထိပ်အဆင့် လောက်ပဲ ရှိဦးမှာ။ ဒါကြောင့် ငါတို့ သွားမယူရင်တောင် အရမ်းကြီး ဆုံးရှုံးသွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါတို့သာ ဝင်နွှဲလိုက်မယ်ဆိုရင် ခန့်မှန်းမရနိုင်တဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့သွားရနိုင်တယ်”

သူရှင်းပြတာကို နားထောင်ရင်း အားလုံးစိတ်ထဲ သံသယတို့ ရှိနေသေးပေမယ့် ဘယ်သူကမှ မကန့်ကွက်ခဲ့ပါဘူး။

Martial Peak

အပိုင်း(၄၆၀) သွေးမြစ်

တစ်ခဏကြာပြီးနောက် ကန်အောက်ခြေရှိ စိတ်ဝိဥာဉ် အစီအရင် နောက်တစ်ကြိမ် လင်းလက်လာခဲ့ပြန်ပါတယ်။

နှစ်ကြိမ်တိုင်တိုင် အတွေ့အကြုံ ရှိပြီးသွားပြီ ဖြစ်တဲ့အတွက် တတိယအသုတ် လက်နက်တွေ ထွက်ပေါ်လာမယ်မှန်း အားလုံး သိလိုက်ကြတယ်။ တိုက်ပွဲလာတော့မယ်မှန်း သိလိုက်တာနဲ့ ပွဲကြည့်နေရာ ကောင်းကောင်း တစ်ခုရဖို့အတွက် အားလုံး အလုအယက်တွေ ဖြစ်ကုန်ကြပါတော့တယ်။

ရန်ကိုင်က ဝင်မပါဖို့ ပြောထားတဲ့အတွက် သူ့အဖွဲ့သားတွေက ရေကန်အောက်ခြေကိုသာ စိတ်အားထက်သန်စွာနဲ့ ငေးစိုက်ကြည့်နေခဲ့တယ်၊ ဘာလှုပ်ရှားမှုမှတော့ မပြုခဲ့ပါဘူး။

ရန်ခန်းနဲ့ ကျန်တဲ့လူတွေကတော့ လက်သီး တင်းတင်းဆုပ်ရင်း စထွက်ဖို့ ပြင်လိုက်ကြတယ်။

ရွှစ်… ရွှစ်… ရွှစ်…

အလင်းတန်းတွေ ပေါက်ကွဲထွက်လာခဲ့ပြီး လက်နက်အသစ်တွေ ထွက်ပေါ်လာခဲ့တယ်။

“သွားတော့၊ မင်းတို့ လမ်းကို ပိတ်ရဲတဲ့လူ မှန်သမျှ အကုန်သတ်ပစ်လိုက်” ရန်ခန်းက အားမာန်အပြည်နဲ့ အော်ဟစ်လိုက်တယ်။ သူ့နားမှာ ရှိနေတဲ့ လူအားလုံး ကန်ရေပြင်ဆီ အလျင်အမြန်ပဲ ပျံသန်းသွားလိုက်ကြတယ်။

တစ်ချိန်တည်းမှာပဲ ရန်ရှန်းနဲ့ ရန်ရင်တို့လည်း တူညီတဲ့ အမိန့်တွေကို ထုတ်ပြန်လိုက်ကြတယ်။ ကမ္ဘာမကြေ ရန်သူတွေကို ရင်ဆိုင်နေရသည့်အလား သူတို့ရဲ့ အမူအရာတွေက ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ဒါပေမယ့် ထိုအဖွဲ့သုံးခု ကန်ရေပြင်ဆီ ပြေးထွက်သွားတဲ့အချိန် လှုပ်ရှားခြင်းမရှိတဲ့ အဖွဲ့နှစ်ခု ရှိနေတာကို အားလုံး အံ့အားသင့်စွာ တွေ့ရှိလိုက်ရတယ်။

တစ်ဖွဲ့ ရန်ကိုင်တို့အဖွဲ့ ဖြစ်ပြီး ကျန်တစ်ဖွဲ့ကတော့ ရန်ဝေဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။

အကြီးဆုံးသခင်လေးက ရသလောက်နဲ့ ကျေနပ်သွားပြီး ဆက်ပြီး တိုက်ခိုက်ဖို့ မကြိုးစားချင်တော့တဲ့ ပုံပါပဲ။

“သူတို့ ဘာလုပ်နေကြတာလဲ။ သူတို့ဘာလုပ် မလှုပ်ရှားကြသေးတာလဲ” ပွဲကြည့်သူတွေက သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေခဲ့ကြတယ်။ အဖွဲ့၆ခုကြားက တိုက်ပွဲက တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ဒါပေမယ့် အဖွဲ့နှစ်ခုက ဘေးထွက် ရပ်နေတဲ့အတွက် အရင်လောက် စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။

“သူတို့ ကြောက်နေတာတော့ မဖြစ်နိုင်ဘူးမလား။ ဒီလောက်တောင် ကြောက်နေရင် အမွေခံတိုက်ပွဲကို ဘာလို့ လာပြိုင်နေကြသေးလဲ မသိဘူး”

“လုပ်စမ်းပါကွာ၊ မင်းတို့ ဘာလုပ်နေကြတာလဲ ဝက်ငတုံးတွေရဲ့။ တိုက်ကြ၊ သေကြလေကွာ”

“ငိုးပဲ၊ ဒီလောက် အခွင့်ကောင်းကြီးကို သူတို့ဘာလို့ လက်လွှတ်လိုက်ကြတာလဲ မသိဘူး။ ငါသာ အားကောင်းတဲ့ ဂိုဏ်းတစ်ခုက ဖြစ်နေပြီး သခင်လေးတွေထဲက တစ်ယောက်နဲ့သာ အတူပူးပေါင်း တိုက်ခိုက်ခွင့်ရခဲ့ရင်၊ အဲ့လက်နက်တွေကို ငါသွားပြေးယူးလိုက်တာ ကြာနေပြီ”

……

လူအုပ်ကြီးရဲ့ လှောင်ပြောင်သရော်သံတွေကို လျစ်လျူ ရှုထားလိုက်ပြီး ရန်ကိုင်က ရန်ဝေဆီ လှမ်းကြည့်လိုက်တယ်။ ရန်ဝေ မျက်နှာထက် ရှားပါးသည့် အပြုံးတစ်ခု ရှိနေခဲ့ပြီး ‘ငါလည်း သိနေပါတယ်’လို့ ပြောနေသယောင်ယောင်။

“ပြန်လာခဲ့” ရန်ကျောင်းက မျက်မှောင်ကြုံ့ပြီး သူ့အဖွဲ့သားတွေကို ပြန်ခေါ်လိုက်တယ်။

စိတ်လှုပ်ရှားတကြီးနဲ့ သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျင့်ကြံသူတွေက ကန်အလယ်ဆီ ရောက်ဖို့ လမ်းတစ်ဝက်လောက်ပဲ လို ရန်ကျောင်း ပြန်ခေါ်နေတာကို ကြားလိုက်တဲ့အတွက် သူတို့အားလုံး စိတ်ရှုပ်သွားခဲ့ရတယ်။

အချို့လူတွေက ရန်ကျောင်းရဲ့ ခေါ်သံကို ကြားလိုက်တာနဲ့ သူ့ဆီ ခပ်မြန်မြန်ပဲ ပြန်သွားလိုက်ကြတယ်။ အချို့ကတော့ ထိုအခွင့်အရေးကို လက်လျှော့ဖို့ တုန့်ဆိုင်းနေခဲ့ပြီး လောဘတကြီးဖြင့် သူတို့နဲ့ အနီးဆုံးမှာ ရှိတဲ့ လက်နက်တွေကို လှမ်းဖမ်းယူလိုက်တယ်။

နောက်အခိုက်အတန့် အတွင်းမှာပဲ ကြောက်မက်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့တယ်။ လေပေါ်ဝဲနေတဲ့ လက်နက်တွေကို လှမ်းဖမ်းကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကန်ရေပြင်အလယ်ဗဟို တစ်ခုလုံး တွန့်လိမ်သွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့တယ်။

ဘုန်း…

မီးတောက်တွေ လောင်ကျွမ်းသွားခဲ့တယ်၊ လျှပ်စီးတန်းတွေ လက်သွားခဲ့တယ်၊ ဘေးပတ်လည် တစ်ခုလုံး အေးခဲသွားခဲ့ပြီး ဓါးချီလှိုင်းတွေက လေထုတစ်ခုလုံးကို ပိုင်းဖြတ်သွားခဲ့ကာ မျက်စိကျိန်းမတတ် အလင်းရောင်တို့ ပေါက်ကွဲထွက်လာခဲ့တယ်။ ပိုကျင်း ကန်အလယ်ဗဟို တစ်ခုလုံး သေစေလောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ပြီး ပြေးဝင်လာနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို ထိမှန်သွားခဲ့တယ်။

အားလုံး ကြက်သေသေသွားခဲ့တယ်။

ရန်ကိုင်နဲ့ ရန်ဝေတို့ကို သူရဲဘော‌ကြောင်တဲ့ ကောင်တွေ၊ ငကြောက်တွေလို့ ကျိန်ဆဲနေတဲ့ ပွဲကြည့်သူတွေ အကုန်လုံး ရေအေးနဲ့ လောင်းချခံလိုက်ရသလို တိတ်ကျသွားခဲ့တယ်။

လက်နက်တွေဆီ ပြေးဝင်သွားတဲ့ ကျင့်ကြံသူတွေ အကုန်လုံးက ပြိုင်ဘက် အင်အားစုတွေကိုသာ အာရုံစိုက်နေခဲ့တာ ဖြစ်တဲ့အတွက် မမျှော်လင့်ထားတဲ့ တစ်နေရာကနေ တိုက်ခိုက်ခံလိုက်ရတဲ့ အချိန်မှာတော့ အားလုံး မကူနိုင်မကယ်နိုင် ဖြစ်သွားခဲ့ပြီး ထိတ်လန့်တကြား ထအော်ကြပါတော့တယ်။

အများစုက အစစ်အမှန် ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ဖြစ်ကြပြီး ဒီလို ဖြစ်လာလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပါဘူး။

တကယ်တမ်း ပြောရမယ်ဆိုရင် ထိုတိုက်ခိုက်မှုတွေက တော်တော်လေးကို ကသောင်းကနင်း နိုင်ပါတယ်။ တိုက်ခိုက်မှု တစ်ခုချင်းစီက အရမ်းကြီး အားမကောင်းလှပါဘူး။ ဒါပေမယ့် ထိုတိုက်ခိုက်မှုတွေကြောင့် သွေးအန်သွားခဲ့ရတဲ့ လူတွေကတော့ အများကြီးပါပဲ။

သဲပွင့်များစွာ စုပေါင်းပြီး တိုက်အိမ်တစ်အိမ် ဆောက်နိုင်သလို ရေစက်များစွာ စုဆောင်းလာတဲ့ အခါ မြစ်တစ်စင်း ဖြစ်လာနိုင်ပါတယ်။ တိုက်ခိုက်မှုတွေက အားနည်းပေမယ့် များပြားလွန်းလှတဲ့အတွက် ထိုတရစပ် တိုက်ခိုက်မှုတွေကို အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်ပါ့မလဲ။

မျက်တောင် တစ်ခတ်အတွင်းမှာပဲ ကန်ရေပြင် အလယ်ဗဟို၌ စုဝေးနေကြတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အပြောင်ရှင်းခံလိုက်ရတယ်။ ခြေပြတ်လက်ပြတ်တွေ၊ အသားစတွေနဲ့ သွေးတွေက မိုးစက်တွေအလား ပြန့်ကျဲ လွင့်စင်ကျလာခဲ့တယ်။

မီတာ၂၀လောက် အချင်းရှိတဲ့ အက်ကြောင်းကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထိုဧရိယာအတွင်း ရှိနေတဲ့ အရာမှန်သမျှကို မမြင်နိုင်တဲ့ အနက်ရောင် စုပ်ဝဲတစ်ခုလို စုပ်ယူသွားခဲ့တယ်။

ထိုတိုက်ခိုက်မှုကနေ အသက်ရှင်လျှက် လွတ်မြောက် နိုင်ခဲ့တဲ့ လူတွေကတော့ သူတို့ အဖွဲ့သားတွေရှိရာသို့ ကျားလိုက်ခံရသလို အူးယားဖားယားနဲ့ ပြန်ပြေးကြပါတော့တယ်။ ထိုနေရာမှာ နည်းနည်းလေးတောင် ဆက်မနေရဲတော့ပါဘူး။ ပြန်ပြေးနေရင်းနဲ့ နောက်ကို ငေးကြည့်ငေးကြည့် လုပ်သွားခဲ့ကြပါသေးတယ်။ သူတို့ မျက်နှာတွေက သွေးဆုတ်ဖြူလျော် နေခဲ့ကြပြီး အခုလို အသက်ရှင်ခွင့်လေး ပေးခဲ့တဲ့အတွက် ကောင်းကင်ဘုံကို တိတ်တဆိတ် ကျေးဇူးတင်နေခဲ့တယ်။

ပိုကျင်းရေကန် ပတ်လည်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး အသားစတွေ ပြုတ်ကျနေတဲ့ အသံတွေကိုသာ ကြားနေခဲ့ရတော့တယ်။

“တကယ်ကို ကောက်ကျစ်တာပဲ” ရန်ကိုင်က လေအေးတစ်ရှိုက် ရှူထုတ်လိုက်ပြီး တိုတိုးလေး ပြောလိုက်တယ်။

ထိုရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်တွေက ကျင့်ကြံသူတွေဆီ လာခဲ့ကြတာ မဟုတ်ပါဘူး၊ တစ်ရာသော လက်နက်တွေဆီက လာခဲ့ကြတာပါ။

တတိယတစ်သုတ် လက်နက်တွေထဲမှာ ချိတ်ပိတ်ထားတဲ့ အားကောင်းတဲ့ ပညာရှင်တွေရဲ့ အစစ်အမှန်ချီတွေ ရှိနေခဲ့ပါတယ်။ ကျင့်ကြံသူ တစ်ယောက်က ထိုလက်နက်ကို ဖမ်းကိုင်လိုက်တာနဲ့ စည်းတံဆိပ် ပွင့်သွားကာ တိုက်ခိုက်မှုက ထွက်ပေါ်လာခဲ့မှာပါ။ ဒါကြောင့်ပဲ ကျင့်ကြံသူတွေအားလုံး မကာကွယ်နိုင် ဖြစ်သွားခဲ့ကြတာပါ။

တတိယတစ်သုတ် လက်နက်တွေ ထောင်ချောက်တွေပါ။ အားလုံးကို ပိုကျင်းရေကန်မှာ လက်နက်တစ်ထောင် ထွက်ပေါ်လာလိမ့်မယ်လို့ ပြောလိုက်ကတည်းက ရန်မိသားစုက အခုလို ထောင်ချောက်တွေကို စီစဉ်ထားခဲ့တာပါ။

ပထမလက်နက် နှစ်သုတ်က ကျင့်ကြံသူတွေကို သတိလျှော့ပေါ့သွားအောင် လုပ်ဖို့ပါ၊ တတိယတစ်သုတ် ထဲမှာမှ အသေသတ် တိုက်ကွက်ကို ဖုံးကွယ်ထားခဲ့တာပါ…

“ငါတို့လူတွေသာ ပြေးထွက်သွားခဲ့ရင်…” စုရှောင်းယုရဲ့ မျက်နှာလေး ဖြူလျော်သွားခဲ့တယ်။ လူတွေ သေတာကို သူမ မမြင်ဖူးတာ မဟုတ်ပါဘူး။ သီခြားကမ္ဘာထဲ အတွေ့အကြုံ ရှာထွက်တုန်းက သူမကိုယ်တိုင် လူသတ်ခဲ့ဖူးပါတယ်။ အဲ့အကြောင်းကို မပြောရင်တောင် ဒုတိယအသုတ်တုန်းက လူငါးဆယ် သေသွားတာကို သူမ မြင်တွေ့ခဲ့ရပါသေးတယ်။

ဒါပေမယ့် လူပေါင်းများစွာမှာ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးထဲ တစ်စစီ ပိုင်းဖြတ်ခံလိုက်ရပြီး သေဆုံးသွားရတဲ့ မြင်ကွင်းက သူမအတွက်တော့ တကယ်ကို ချောက်ချားစရာ ကောင်းနေခဲ့ပါတယ်။

“သခင်လေးကိုင်၊ အသွေးထဲအသားထဲကနေ ငါမင်းကို လေးစားသွားပြီ” ဟော်ရှင်းချန်က ရှုံ့မဲ့နေတဲ့ အမူအရာနဲ့ လှမ်းအော်ပြောလိုက်တယ်။ ရန်ကိုင်က ဒီတစ်သုတ်ကို ဝင်မပြိုင်ဘူးလို့ ပြောခဲ့တုန်းက ရန်ကိုင်က အရမ်း သံသယကြီးလွန်းတယ်လို့ သူတွေးနေခဲ့တာပါ။ ဒါပေမယ့် ရန်ကိုင်က သတိကြီးလွန်း နေခဲ့တာမဟုတ်ပဲ ထိုထောင်ချောက်ကို အစကတည်းက သတိပြုမိနေတာ ဖြစ်မှန်း အခုမှပဲ သူနားလည်သွားခဲ့တယ်။

သူတို့ လူတွေသာ အရင်တုန်းကလို ပြိုင်ဘက် အင်အားစုတွေကိုပဲ အာရုံစိုက်ပြီး လက်နက်တွေဆီ အလောတကြီး ပြေးဝင်သွားခဲ့ရင် အခုအချိန်လောက်ဆို အားလုံး မရဏလမ်း မြန်းနေရလောက်ပါပြီ။

ထိုအချက်ကို နားလည်လိုက်တာနဲ့ ဟော်ရှင်းချန်မှာ ရန်ကိုင်ကို မလေးစားပဲ မနေနိုင် ဖြစ်သွားခဲ့ရတယ်။ ဟော်မိသားစု သခင်လေးသာမက၊ ရန်ကိုင်ရဲ့ မဟာမိတ်တွေ အကုန်လုံးကလည်း သူ့ကို အားကျလေးစားသည့် အကြည့်တွေနဲ့ ငေးကြည့် နေခဲ့ကြတယ်။

“အကြီးဆုံးသခင်လေး၊ မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ…” ထိုမြင်ကွင်းကို ကြည့်ရင်း မန်ရှန်းရီ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ဝေကို တိုးတိုးလေး ကပ်မေးလိုက်တယ်။

ဒါပေမယ့် ရန်ဝေက ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်းလိုက်ပြီး “ငါမသိခဲ့ဘူး၊ ဒါပေမယ့် ကိုးယောက်မြောက် ညီလေးသာ မလှုပ်ရှားသရွေ့ ငါတို့လည်း လှုပ်ရှားမှာ မဟုတ်ဘူး။ မင်းတို့အားလုံး သူလုပ်တဲ့အတိုင်း လိုက်လုပ်ဖို့ပဲ လိုတယ်”

“မင်းပြောချင်တာက၊ ရန်ကိုင် မလှုပ်ရှားတာ မြင်တော့…”

“ဟုတ်တယ်” ရန်ဝေက ခေါင်းညိတ်လိုက်ပြီး “ကိုးယောက်မြောက် ညီလေး သတိချပ်ပြီး လှုပ်ရှားခဲ့တာ ကံကောင်းသွားတယ်။ သူ့ကြောင့်သာ မဟုတ်ရင်…”

မန်ရှန်းရီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး ရန်ကိုင်ကို ဆက်ပြီး အထင်မသေး ရဲတော့ပါဘူး။ ကျန်တဲ့ ရန်မိသားစု သခင်လေးတွေမှာတော့၊ ရန်ကျောင်း အမူအရာထဲ ကြောက်ရွံ့မှုနဲ့ စိတ်သက်သာရသွားသည့် အရိပ်အယာင်တို့ ရောယှတ်နေခဲ့တယ်။ ကံကောင်းပြီး သူ့လူတွေကို ပြန်ဆုတ်ဖို့ အချိန်မှီ အမိန့်ပေးလိုက် နိုင်လို့ပေါ့၊ အဲ့ဒါကြောင့်ပဲ သူ့ဘက်က လူသုံးယောက်ပဲ ဆုံးရှုံးသွားခဲ့ရတာပါ။ ရန်ခန်းနဲ့ ကျန်တဲ့ သခင်လေး နှစ်ယောက်ရဲ့ မျက်နှာတွေကတော့ ပြိုတော့မယ့် မိုးလို မည်းမှောင် နေခဲ့တယ်။

ဒီတစ်ကြိမ်မှာ ရန်ရှန်း၊ ရန်ခန်းနဲ့ ရန်ရင်တို့ တော်တော်လေး အထိနာသွားခဲ့ပါတယ်။ တတိယအသုတ် လက်နက်တွေ ထွက်ပေါ်လာတုန်းက သူတို့ လူတွေကို မြန်နိုင်သမျှ မြန်မြန် လွှတ်ခဲ့တာပါ၊ ထို့ကြောင့် ကန်ရေပြင်ရဲ့ အလယ်ဗဟို တစ်ခုလုံး သူတို့လူတွေနဲ့ပဲ ပြည့်နေခဲ့ပါတယ်။

သူတို့ တစ်ယောက်ချင်းစီက လူဒါဇင်ကျော် ဆုံးရှုံးသွားခဲ့ကြပါတယ်။ အသက်ရှင်လျက် လွတ်လာတဲ့ လူတွေဆိုရင်လည်း အကုန်လုံးက ဒဏ်ရာကိုယ်စီနဲ့ပါ၊ ဒဏ်ရာ အနည်းနဲ့အများပဲ ကွာသွားခဲ့တာပါ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်နိမ့် ပညာရှင်တွေပါ ဒဏ်ရာရထားခဲ့ကြပါတယ်။

ပိုဆိုးတာက သူတို့ရဲ့ မဆင်မခြင် အပြုအမူကြောင့် ရန်ဝေနဲ့ ရန်ကိုင်တို့နဲ့ ယှဉ်ရင် သူတို့က ညံ့ဖျင်းရာ ရောက်သွားခဲ့ရပါတယ်။ ဒါက သူတို့ကို တော်တော်လေး ဒေါသထွက်သွားစေခဲ့ပါတယ်။

ကောင်းကင်ထက် ဝဲနေတဲ့ လက်နက်တွေ အကုန်လုံး အစောပိုင်းတုန်းက တစ်ချက်တည်းမှာပဲ သိုလှောင်ထားတဲ့ စွမ်းအင်တွေ အကုန်လုံးကို သုံးလိုက်တဲ့ပုံပါပဲ။ ထို့ကြောင့် ထိုလက်နက်တွေက အခုအချိန်၌ အရင်ကထက် အရောင် တောက်မနေတော့ပါဘူး။ ကျင့်ကြံသူတွေအားလုံးက ကန်စပ်ဆီ ပြန်ဆုတ်သွားကြတဲ့ အချိန် ထိုလက်နက်တွေကလည်း ရေကန်ထဲကို တစ်ဖန် ပြန်လည် ကျဆင်းသွားခဲ့တယ်။

ဒါပေမယ့် တစ်ကြိမ်ခံစားလိုက်ရပြီးနောက် ထိုလက်နက်တွေနား ဘယ်သူမှ ထပ်မကပ်ရဲတော့ပါဘူး။

“မင်းတို့ အခုသွားယူလို့ ရပြီ” ရန်ကိုင်က မျက်လုံး မှေးစဉ်းလိုက်ပြီး လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။

“မင်းတို့ ဘာတွေ စောင့်နေကြသေးတာလဲ” ဟော်ရှင်ချန်းက ချက်ချင်း ဟောက်လိုက်တယ်။

ရန်ကိုင် အဖွဲ့ဆီမှာ အားလုံးလိုလို ပြေးထွက်သွားခဲ့ကြပြီး လူငယ်ခေါင်းဆောင်တွေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် အချို့သာ ကျန်ရစ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရန်ဝေလည်း သူ့အဖွဲ့သားတွေကို အမိန့်ပေးလိုက်ပါတယ်။ ရန်ကိုင် လုပ်တဲ့အတိုင်း လိုက်လုပ်ဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချထားတဲ့ပုံပါပဲ။

ကျန်တဲ့ အဖွဲ့တွေကလည်း ထိုနှစ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို သတိပြုမိပါတယ်။ ဒါပေမယ့် အစောပိုင်းတုန်က အိမ်မက်ဆိုးကြီးရယ်၊ သူတို့ သခင်လေးတွေက အမိန့်မပေးသေးတာ ကြောင့်ရယ်၊ ဘယ်သူမှ အလျင်စလို မလှုပ်ရှားရဲခဲ့ပါဘူး။

ရန်ခန်းနဲ့ ကျန်တဲ့ သခင်လေးတွေက တစ်ခဏလောက် လွန်ဆွဲနေပြီး နောက်ဆုံးမှာတော့ ဒီတစ်လှည့် နားနေလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

လက်နက်တွေ ကန်ထဲ ပြန်မကျသေးခင်မှာပဲ အဖွဲ့နှစ်ဖွဲ့က ကျင့်ကြံသူတွေ အကုန်လုံး လက်နက်တွေနား ရောက်ရှိသွားခဲ့ပြီး လက်နက်တွေ အကုန်လုံးကို လွယ်လွယ်ကူကူနဲ့ ရယူလိုက်ကြတယ်။ ဘာရုတ်တရက် တိုက်ခိုက်မှုမှ သူတို့ မကြုံတွေ့ခဲ့ရပါဘူး။

အဖွဲ့နှစ်ဖွဲ့က နည်းနည်းလေးမှ ထိခိုက်ဆုံးရှုံးခြင်း မရှိပဲ သူတို့ အဖွဲ့သားတွေ ရှိရာဆီ အကျိုးအမြတ် ကြီးကြီးနဲ့ ပြန်လာနိုင်ခဲ့ကြတယ်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ခန်းနဲ့ ကျန်တဲ့ သခင်လေးတွေ အကုန်လုံး နောင်တ အကြီးကြီး ရသွားခဲ့တယ်။ ရန်ကျောင်းရဲ့ အမူအရာလည်း တော်တော်လေး အရုပ်ဆိုးနေခဲ့ပါတယ်။ သူသာ တုန့်ဆိုင်းမနေခဲ့ရင် သူလည်း ဝေစုနည်းနည်းလောက် ရခဲ့မှာပါ။

“သခင်လေးကိုင်ရေ၊ ငါတို့ လက်နက်၅၄ခုတောင် ရလိုက်တယ်ကွ” ဟော်ရှင်းချန်က လက်နက်တွေကို ရေတွက်ပြီးတာနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ရန်ကိုင်ကို ပြန်ပြောလိုက်တယ် “ပြီးတော့ လက်နက်တွေ အကုန်လုံးက မြေကမ္ဘာအထွတ်အထိပ်အဆင့် လက်နက်တွေ ချည်းပဲ”

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ဝေဆီ လှည့်ကြည့်ကာ ပြောလိုက်တယ် “အကြီးဆုံး အစ်ကိုကြီးရဲ့ လူတွေ ဟိုမှာရှိတယ်၊ နောက်အခါကျ သူတို့ လူတွေကို မတိုက်ခိုက်ကြနဲ့”

“နားလည်ပါပြီ” လူအုပ်ကြီးက ခေါင်းညိတ်လိုက်တယ်။

လက်နက်တွေကို သွားလုယူတုန်းက သူ့လူတော်တော် များများက ရန်ဝေရဲ့ မဟာမိတ်တွေကို တိုက်ခိုက်ခဲ့ပေမယ့် ထိုလူတွေက ပြန်မတိုက်ပဲ ခုခံရုံသာ ခုခံခဲ့တာကို ရန်ကိုင် တွေ့ခဲ့ရပါတယ်။ သူတို့တွေကို ပြန်မတိုက်ဖို့ ရန်ဝေ ညွှန်ကြားထားတဲ့ ပုံပါပဲ။

ထိုအကြောင်းကြောင့်ပဲ သူ့လူတွေက ရန်ဝေ လူတွေထက် လက်နက်ပိုများများ ရယူလာနိုင်ခဲ့တာပါ။

ဒါက သူ့အစ်ကိုကြီးရဲ့ တိတ်တဆိတ် ပူးပေါင်းတဲ့ နည်းလမ်းနဲ့ တူပါတယ်၊ မဟုတ်ရင် အခုလိုမျိုး အမိန့် ပေးထားခဲ့မှာ မဟုတ်ပါဘူး။

“သခင်လေးကိုင်၊ ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဒီအတိုင်း ထိုင်ပြီး ဘေးထွက်ကြည့်နေဦးမှာလား” ဟော်မိသားစု သခင်လေးက အပြုံးကြီးပြုံးရင်း မေးလိုက်တယ်။

ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “သူတို့တွေက အရူးမဟုတ်ဘူး။ တစ်ကြိမ် ခံရပြီးပြီ ဖြစ်လို့ တူညီတဲ့ အမှားကိုပဲ နောက်တစ်ကြိမ် ထပ်လုပ်ကြမှာ မဟုတ်ဘူး။ နောက်တစ်သုတ်ကျ ငါတို့လည်း ဝင်ပြိုင်မယ်၊ ခြားနားသွားတာ တစ်ခုတည်းက မင်းတို့အနေနဲ့ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို သတိချပ်ထားဖို့ လိုသလို လက်နက်တွေရ့ တိုက်ခိုက်မှုတွေကိုလည်း သတိမပြတ်ဖို့ လိုတယ်။ ကိုယ့်လုံခြုံရေးက အရေးအကြီးဆုံးပဲ၊ မင်းတို့ကိုယ် မင်းတို့ ကာကွယ်နိုင်ဖို့အတွက် ကိုယ့်မှာရှိတဲ့ ဘယ်သိုင်းပညာရပ်၊ လက်နက်ကိုမဆို အသုံးပြုကြ၊ အရမ်းကြီး မြန်မြန် မသေကြနဲ့”

ရန်ကိုင်ရဲ့ ညွှန်ကြားချက်ကို ကြားပြီးနောက် အားလုံး ခေါင်းညိတ်လိုက်ကြတယ်။

တတိယအသုတ် လက်နက်တွေ လူပေါင်းများစွာ သတ်ဖြတ်နိုင်ခဲ့တဲ့ အကြောင်းအရင်းက ဘာလို့လဲ ဆိုတော့ လူတိုင်းက ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေကိုသာ သတိမပြတ် စောင့်ကြည့်နေခဲ့ပြီး လက်နက်တွေက တန်ပြန်တိုက်ခိုက် လိမ့်မယ်လို့ မမျှော်လင့်ထားလို့ပါပဲ။ ထို့ကြောင့် မသေသင့်သလောက် သေသွားခဲ့ကြတာပါ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေတောင် တော်တော်လေး ခံရလိုက်ပါတယ်။

ဒါက တတိယအသုတ် လက်နက်တွေပဲ ရှိပါသေးတယ်။ ဒါပေမယ့် ပိုကျင်းရေကန်မှာ အလောင်းတစ်ရာလောက် ရှိနေခဲ့ပါပြီ။ လက်နက်တစ်ထောင်လုံး ထွက်ပေါ်လာပြီးတဲ့ အချိန် အလောင်းတွေ ဘယ်လောက်တောင် ပုံထပ်နေမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

ထိုကြောင်းကို တွေးမိလိုက်တာနဲ့ ပွဲကြည့်နေတဲ့ ကျင့်ကြံသူတွေနဲ့ သခင်လေး၆ယောက် အဖွဲ့ထဲက ကျင့်ကြံသူတွေ အကုန်လုံးရဲ့ ရင်ထဲ အနည်းငယ် အေးစက်သွားခဲ့တယ်။

ဒီတစ်ကြိမ် ရန်မိသားစုနဲ့ မိသားစုကြီး၇ခုက ရွံစရာကောင်းတဲ့ ထောင်ချောက်တစ်ခုကို တကယ်ပဲ ထောင်ထားခဲ့ပါတယ်။

“သခင်လေးကိုင်၊ ဒီလက်နက်တွေကို ငါတို့ ဘာလုပ်ကြမလဲ။ လက်နက်တွေက တော်‌တော်လေး များတယ်ဟ” ဟော်ရှင်းချန်က အထက်စီးဟန်ပန်နဲ့ နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်၊ ဒါပေမယ့် သူ့ကို မြင်တဲ့လူတိုင်း ဟော်ရှင်းချန် ဟန်ဆောင်ပြုံးနေတယ် ဆိုတာကို တန်းသတိပြုမိပါလိမ့်မယ်။

“တွမ့်မူမိသားစုက ပညာရှင်ငါးယောက်ကို စောင်ကြပ်ထားခိုင်းလိုက်” ရန်ကိုင်က ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်တယ်။

သူတို့ ရထားတဲ့ လက်နက်တွေက အချိန်တွေ ကြာလာတာနဲ့ ပိုပိုတိုးလာဖို့ပဲ ရှိပါတယ်။ ထိုလက်နက်တွေက အရွယ်အစားနဲ့ ပုံသဏ္ဏာန် အမျိုးမျိုး ရှိကြပြီး အချို့က သေးကာ အချို့က ကြီးကြပါတယ်။ အသေးဆုံး လက်နက်တွေက လက်စွပ်နဲ့ နားကပ် အရွယ်အစားလောက် ရှိကြပြီး အကြီးဆုံး လက်နက်တွေကတော့ ဓါးနဲ့ပုဆိန် အရွယ်အစားလောက် ရှိကြပါတယ်။ ပိုကြီးတဲ့ လက်နက်တွေကို တစ်ချိန်လုံး ကိုင်ထားလို့ မဖြစ်ပါဘူး။ ထို့ကြောင့် တစ်ယောက်ယောက်ကို စောင့်ရှောက်ခိုင်း ထားတာကပဲ အကောင်းဆုံး အဖြေတစ်ခုပါ။

ဒါကြောင့်ပဲ ထိုလက်နက်တွေကို ကာကွယ်ဖို့အတွက် ပညာရှင် အဖွဲ့တစ်ဖွဲ့လောက်တော့ လိုပါလိမ့်မယ်။ ရန်ကိုင် တစ်ယောက်တည်းသာ ထိုအတိုင်း လုပ်တာ မဟုတ်ပါဘူး။ သူ့ရဲ့ ကျန်တဲ့ ညီအစ်ကိုတွေလည်း အဲ့အတိုင်းပဲ လုပ်ကြတာပါ။

All Chapters