← Chapters

ဘ၀ ၊ အထီးကျန်မှု ၊ နာခြင်း ၊ သေခြင်း

Vol. 40 Ch. 547

ဘ၀ ၊ အထီးကျန်မှု ၊ နာခြင်း ၊ သေခြင်း

Vol. 40 Ch. 547

“ဒါဖြင့် ကျုပ်တို့ဘာလုပ်ကြမလဲ အစ်ကိုအာ့ကျူး”

ကျန်းလန်တို့လင်မယားအပေါ် ရွာမှလူများ တဖြည်းဖြည်း အမြင်ပြောင်းလဲသွားကြသည့်အတွက် သူတို့အားလုံး အနည်းငယ် စိတ်မသက်မသာ ခံစားကြရသည်။

လက်ရှိတွင်တော့ ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု တွေးနိုင်ခဲ့ကြသည်။

လျိုအာ့ကျူးက အခြားသူများကို လေးနက်သောမျက်နှာထားဖြင့် ကြည့်လိုက်ရင်း…

“အခု ရွာမှာ ဘာတွေဖြစ်နေလဲတော့ မသိဘူး ၊ ကျန်းအိမ်က ဇနီးက သေမျိုးလောကက ဆင်းသက်လာတဲ့ အင်မော်တယ်လို့ ပြောနေကြတယ် ၊ အချို့ကကျတော့ ချမ်းသာတဲ့မိသားစုက သမီးတစ်ယောက်ဖြစ်တယ်လို့ ပြောကြပြန်တယ် ၊ အခုဆို ရွာမှာ ဘာမှမဖြစ်ဘူးဆိုတော့ သူပေးတဲ့အစားအသောက်တွေ လက်ခံတဲ့သူတွေတောင် ရှိနေပြီ ၊ သူ မိစ္ဆာ ဟုတ် မဟုတ် ဘယ်သူမှ အရေးမစိုက်ကြတော့ဘူး”

သူက ဆက်ပြောသည်။

“မိန်းမတွေ ပြေလည်သွားပေမယ့် ငါတို့ကတော့ ကျန်းလန်နဲ့ သောက်ပြဿနာတွေတက်ပြီး ကျန်ခဲ့တယ် ၊ တခြားသူတွေသာ ငါတို့ခုလို သိမ်ငယ်နေရတာသိရင် လှောင်ရယ်ကြလိမ့်မယ်”

“ဝူ” မျိုးနွယ်ပိုင်ရှင် အမျိုးသားက…

“ကျုပ်မှာ မိသားစုဝင်တွေအများကြီးပဲလေ ၊ အရင်က “ကျန်း” အိမ်က ကျုပ်တို့ကို အများကြီး ကူညီဖူးတယ် ၊ သူတို့ကို မိစ္ဆာလို့ထင်ကြတော့ အိမ်ကမိန်းမက သူတို့ကို နှိမ့်ချဆက်ဆံတယ် ၊ အခုတော့လည်း မဟုတ်တော့ပြန်ဘူးဆိုတော့ ဘယ်သူကမှားလို့ ဘယ်သူက မှန်နေမှန်း မသိတော့ပါဘူး”

“ကျိုး” မျိုးနွယ် အမျိုးသားက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“တကယ်တော့ ညီလေးကျန်းက ကျုပ်တို့ကို ဘာမှလုပ်ခဲ့တာ မရှိပါဘူး ၊ ကျုပ်တို့ကသာ သူ့ကို ဝိုင်းပယ်ခဲ့ကြတာ ၊ အစ်ကိုကြီးလျိုတာ့ကျူးက သူတို့အမဲလိုက်လို့ သားကောင်ရလာတိုင်း ကျုပ်တို့ကို ခွဲဝေပေးလည်း သူက ဘာမှ ပြောတာမဟုတ်ဘူး ၊ ဒါပေမဲ့ ကျုပ်တို့ဘက်က သားကောင်ရလာရင်တော့ သူ့ကို ဘယ်တုန်းကပေးကြသလဲ ၊ ဒါကိုကြည့်ရုံနဲ့ ကျုပ်တို့တွေ ပြန်သင့်မြတ်နိုင်ပါဦးမလား ခံစားရတယ်”

လျိုအာ့ကျူးက…

“အိမ်ကမိန်းမတွေကြောင့်ပဲဟေ့ ၊ သူတို့မကောင်းဘူးလို့ ပြောလို့လည်း မဖြစ်ပြန် ၊ ခုတော့ ကျုပ်တို့တွေ ကိုယ့်ကိစ္စကိုယ် ပြေလည်အောင် ဖြေရှင်းကြတာပေါ့”

လူငယ်တစ်ယောက်က…

“ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ အစ်ကိုအာ့ကျူး”

“တစ်ဖက်ဖက်ကတော့ အလျှော့ပေးမှ ရမှာပေါ့”

“ဒါဆို ဘယ်သူက အလျှော့ပေးမှာလဲ”

“ကျုပ်တို့က အမှားလုပ်တဲ့သူတွေပဲ ၊ ကျုပ်တို့က ကြမ်းတမ်းတဲ့သူတွေဆိုပေမယ့် ကျန်းလန်ကို သွားတောင်းပန်ဖို့ကျတော့လည်း အရှက်မဲ့သလို ခံစားရတယ်”

“အမှန်ပဲ ၊ မျက်နှာတော့ တော်တော်ပူစရာကောင်းတယ်”

“ဒါဆို ဘာလုပ်ကြမလဲ”

သူတို့အားလုံး မျက်နှာပူနေကြသော်လည်း ဤပြဿနာကို တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းချင်ကြသည်။ သိက္ခာလည်းမကျဘဲ မည်သို့ဖြေရှင်းနိုင်မည်လည်း စဉ်းစားကြရသည်။  သူတို့က ပညာလည်းသိပ်မတတ်သည့်အတွက် တကယ်ပင် တွေးရခက်နေကြသည်။

“ကျုပ်မှာ နည်းလမ်းတစ်ခုတော့ရှိတယ်”

လျိုအာ့ကျူးက ရုတ်တရက် ပြောလိုက်သည်။

အခြားသူများက လျိုအာ့ကျူးကို လှမ်းကြည့်လိုက်ကြပြီး သူ့ထံမှ အကြံကောင်းကို စောင့်မျှော်နေကြသည်။

လျိုအာ့ကျူးက ပတ်ဝန်းကျင်မှလူများကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

“အဲဒီတုန်းက အစ်ကိုကြီးပြောတာ သားကောင်ကြီးတစ်ကောင်တွေ့ရင် သူတို့နဲ့ပူးပေါင်းပြီး ဖမ်းလို့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား ၊ လွန်ခဲ့တဲ့ရက်က ကျုပ်တို့တွေ သားကောင်ကြီးတစ်ကောင် တွေ့ထားတယ် မဟုတ်လား”

“ဝူ” မျိုးနွယ်က…

“ဒါပေမဲ့ ဒီလောက်ကြီးလည်း မဟုတ်ဘူးလေ ၊ အဲဒါက ကျုပ်တို့ဖမ်းနိုင်တဲ့ သားကောင်ပဲ”

“ဖမ်းတော့ဖမ်းနိုင်ပေမယ့် “လင်” အိမ်က ကောင်လေး လေးပစ်တာကိုပဲ အားကိုးလို့ရမှာလေ ၊ သူက သားရဲရဲ့မျက်လုံးကို မြားနဲ့ပစ်နိုင်မှ အဆင်ပြေမှာ ၊ ဒါဆိုရင် တိုက်ပွဲတစ်ဝက်ပြီးနေပီ ၊ ဒါပေမဲ့ ကျုပ်တို့ထဲမှာ လေးစွမ်းထက်တာ “လင်” အိမ်က ကောင်လေးပဲ ရှိတယ် ၊ ပြီးတော့ ဟိုဘက်အဖွဲ့ထဲက ညီလေးကျန်းရောပေါ့”

ထိုစကားကိုပြောပြီးသည်နှင့် လျိုအာ့ကျူးက သူ့ဘေးနားမှလူငယ်အား ရည်ရွယ်ချက်ရှိရှိဖြင့် ကြည့်လိုက်သည်။

“တကယ်လို့ “လင်” အိမ်ကကောင်လေးရဲ့လက်မှာ ဒဏ်ရာရသွားတယ် ဆိုပါတော့ ၊ ဒါဆို ဟိုဘက်အဖွဲ့ကို သားကောင်ဖမ်းဖို့ အကူအညီလိုတယ်လို့ ပြောလိုက်ရင် ကျုပ်တို့ ညီလေးကျန်းနဲ့ ပြန်အဆင်ပြေဖို့ ထွက်လမ်းရမယ်မဟုတ်လား ၊ ပြီးတာ့ အတူတူ အမဲလိုက်ရင်း သူ့ကိုတောင်းပန်လို့ရတယ်”

“ဒီအကြံကောင်းတယ် ၊ ဒါဆို ကျုပ်တို့လည်း သိပ်ပြီးမျက်နှာပျက်မှာ မဟုတ်တော့ဘူး”

“ဒီအကြံကကောင်းပေမယ့် “လင်” အိမ်ကကောင်လေးက ဘာဒဏ်ရာမှ မရဘူးလေ”

ထို့နောက် သူတို့အားလုံး “လင်” အိမ်မှကောင်လေးကို ကြည့်လိုက်ကြသည်။

“လင်” အိမ်မှကောင်လေး : “……”

“လင်” အိမ်မှကောင်လေး အနည်းငယ် စိုးရိမ်သွားသည်။

“မလုပ်နဲ့နော် ၊ ကျုပ်အိမ်မှာ လူကြီးတွေရောလူငယ်တွေရော ကျုပ်ကိုပဲ မှီခိုနေရတာ”

***

နောက်တစ်နေ့နံနက်။

ကျန်းလန်က လျိုတာ့ကျူးနှင့်အတူ ရွာမှထွက်လာပြီး အမဲလိုက်ရန် တောင်ပေါ်သို့သွားကြသည်။ နောက်ရက်အနည်းငယ်ဆိုလျှင် ဆောင်းတွင်းရောက်တော့မည်ဖြစ်ရာ အမဲလိုက်နိုင်ရန် ရက်အနည်းငယ်သာ ကျန်တော့သည်။

ယခုရက်ပိုင်းက မုဆိုးများအားလုံးအတွက် အမဲလိုက်နိုင်သည့် နောက်ဆုံးရက်များ ဖြစ်ကြ၏။

“ယန်” အိမ်မှ လူငယ်က သက်ပြင်းချလိုက်ရင်း…

“ဒီရက်ပိုင်း ရာသီဥတုက အရမ်းအေးလာတယ် ၊ ကျုပ်တို့မိသားစုလည်း ပြင်ဆင်မှုတွေလုပ်ထားလို့ တော်သေးတယ်လို့ ပြောရမယ် ၊ ဒီဆောင်းတွင်းတော့ ပြဿနာ မရှိလောက်ပါဘူး ၊ ရှည်လျားတဲ့ ဆောင်းရာသီ မဟုတ်ရင်ပေါ့လေ”

တစ်ခါတစ်ရံ ဆောင်းရာသီက ထင်မှတ်ထားသည်ထက် (၁၀)ရက် ၊ ရက် (၂၀) ခန့် ပိုမိုရှည်လျားသွားတတ်သည်။ ထိုမျှလောက် ရက်ပိုင်းလေးက သိပ်မကြာဟု ထင်ရသော်လည်း သက်ရောက်မှုက ကြီးမားသည်။

လျိုတာ့ကျူးက ပြုံးလိုက်ရင်း…

“ဒီတစ်ခေါက်ဆေင်းတွင်းက ရက်မရှည်လောက်ပါဘူး ၊ နောက်ရက်ပိုင်းကျ ကျုပ်တို့တွေ ဝယ်စရာရှိတာဝယ် ၊ ရောင်းစရာရှိတာရောင်းဖို့ မြို့ကိုတက်ကြမယ်လေ”

“ယန်” အိမ်မှလူငယ်က ပြုံးလိုက်သည်။ ဆောင်းရာသီတွင် အန္တရယ်ကင်းပြီး အစားအသောက်ဖူလှုံရန်လိုအပ်သည်။ ထို့ပြင် ဆောင်းရာသီတွင် ဇနီးဖြစ်သူ ယန်မိန်းကလေး ကလေးမွေးခဲ့လျှင် နောက်နှစ်တွင် ပြုစုစောင့်ရှောက်ရမည့် သားသမီးတိုးလာမည် ဖြစ်သည်။

“ယန်” လူငယ်လေးက ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…

“အစ်ကိုကျန်းရော ဒီနှစ် ကလေးယူဖို့ စီစဉ်ထားလား”

ကျန်းလန် : “……”

ကျန်းလန်က အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့်…

“အဲဒါက ကံတရားအပေါ် မူတည်တယ်”

“ယန်” အိမ်မှလူငယ်က ယောကျ်ားလေးတစ်ယောက် ၊ မိန်းကလေးတစ်ယောက် တစ်ပြိုင်တည်းအမွှာလေးမွေးလျှင်ကောင်းမည်ဟု ပြောရန်ဟန်ပြင်ဆဲတွင် သူတို့အုပ်စု ခြေလှမ်းများ ရပ်တန့်လိုက်ကြသည်။

တစ်ခုခု မှားယွင်းနေပြီဟု သူတို့ ခံစားလိုက်ကြရ၏။

အဘယ်ကြောင့်ဆိုသော် လျိုအာ့ကျူးတို့အုပ်စု သူတို့ထံသို့ ရောက်ရှိလာကြသောကြောင့် ဖြစ်သည်။

လျိုတာ့ကျူးက…

“အာ့ကျူး ၊ မင်းတို့အုပ်စု ဘာဖြစ်လို့လဲ”

လျိုအာ့ကျူးက အကျပ်ရိုက်နေဟန်ဖြင့်…

“အစ်ကိုကြီး ပြောသလိုပဲလေ ၊ သားကောင်ကြီးတစ်ကောင်မိရင် ပူးပေါင်းပြီး ဖမ်းမယ်ဆုတာ ၊ ကျုပ်တို့ ဝက်ဆင်တစ်ကောင်တွေ့ထားတယ်ဗျ ၊ အဲဒါ မိလုနီးပါး ဖြစ်နေပြီ ၊ ဒါပေမဲ့ အရေးကြီးတဲ့အချိန်ကျမှ “လင်” အိမ်ကကောင်လေးက လက်မှာ ဒဏ်ာရသွားတယ် ၊ အဲဒါ ဝက်ဆင်ရဲ့မျက်လုံးကို လေးနဲ့ပစ်ပေးဖို့ လေးသမားတစ်ယောက်လိုနေတာ ၊ အဲဒါ ညီလေးကျန်းက မြားပစ်တော်တာ သတိရသွားလို့ ၊ အဲဒါ…  အကူအညီတောင်းချင်လို့ လာရှာတာပါ”

အခြားသူများက ကျန်းလန်ကိ မျက်နှာမပြရဲဘဲ ခေါင်းညိတ်လိုက်ကြသည်။

“လင်” အိမ်မှကောင်လေးက…

“ကျွန်တော် ပြုတ်ကျသွားတာနဲ့ လက်မှာ ဒဏ်ရာရသွားတယ် ၊ ဒါပေမဲ့ နည်းနည်းလောက်တော့ ကူညီနိုင်ပါသေးတယ်”

သူ့လက်ကို အဝတ်စတစ်စဖြင့်ရစ်ပတ်ထားပြီး သွေးများ စွန်းထင်းလျှက် ရှိသည်။ ဒဏ်ရာအတု ပြုလုပ်ထားခြင်းပင် ဖြစ်၏။

လျိုတာ့ကျူးက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…

“ကျုပ်တို့အားလုံး တစ်ရွာတည်းသားတွေပဲ ၊ ကူညီရမှာပေါ့ ၊ ညီလေးကျန်း မင်း ဘယ်လိုထင်လဲ”

ကျန်းလန်က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။

“အစ်ကိုကြီးလျိုပြောတာ မှန်ပါတယ်”

“ဒါဖြင့် ညီလေးကျန်းကို တကယ်ကျေးဇူးတင်ပါတယ်ကွာ”

“ညီလေးကျန်း ၊ ကျုပ်တို့ကို အာဃာတမထားဖို့ မျှော်လင့်ပါတယ် ၊ ကျုပ်တို့တွေက တောသူတောင်သားဆိုတော့ တစ်ခါတစ်လေ သိပ်ပြီး မတွေးခေါ်တတ်ကြဘူး”

“ဟုတ်ပဗျာ ၊ ကျုပ်တို့တွေ ဒီလိုဖြစ်ရာ အိမ်ကမိန်းမတွေကြောင့်ပဲ ၊ ဒီညတော့ အိမ်ပြန်ရောက်ရင် အိမ်ကမိန်းမကို ကောင်းကောင်းပညာပေးရမယ်”

ထို့နောက်တွင်တော့ ရွာတွင် အရင်ကလိုပင် အမဲလိုက်အဖွဲ့တစ်ဖွဲ့သာ ကျန်ရစ်တော့သည်။

ကျန်းလန်လည်း ထိုသူများနောက်သို့လိုက်ပါသွားပြီး ဘဝ၏အတက်အကျနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်သွားခဲ့ရသည်။

ဆောင်းရာသီရောက်ခဲ့ပြီ ဖြစ်သည်။

ဆောင်းတွင်းအချိန်တွင် နှင်းများက ဆက်တိုက်ကျဆင်းနေပြီး ရွာသားများလည်း အပြင်မထွက်ကြတော့ပေ။ ရှောင်ယွိသည်လည်း အိမ်တွင်းအောင်းကာ အဝတ်အစားချုပ်လုပ်နည်းများကို သင်ယူနေသည်။ သူမက ပိတ်စအချို့ဝယ်ယူကာ ကျန်းလန်အတွက် အဝတ်အစားများ စတင်ချုပ်လုပ်သည်။ မည်သို့အဝတ်ချုပ်ရမည်ကိုတော့ အစ်မကြီးလျိုနှင့် ယန်မိန်းကလေးက သူမကို သင်ပြပေးသည်။

ရှောင်ယွိက ဆောင်းတွင်းတစ်ခုလုံး ပျော်ရွှင်နေခဲ့သည်။ ရံဖန်ရံခါ ကလေး (၃)ယောက်အတွက် အရသာရှိသည့် အစားအသောက်များ ချက်ပြုတ်ပေးသည်။

ကလေး (၃)ယောက်ကလည်း မကြာခဏ ကျန်းလန်တို့အိမ်သို့ လာတတ်ကြသည်။ အဓိကအချက်မှာ အစားအသောက် ကောင်းကောင်းစားရသောကြောင့်ဖြစ်သည်။

လျိုတာ့ကျူးတို့မိသားစုက ကလေးများကို တားဆီးခြင်းမရှိခဲ့ပေ။ သူတို့က ကျန်းလန်နှင့်လုန်ယွိကို ကလေးများအတွက် စားစရာများကို အလွန်အကျွံမဖြုန်းတီးပစ်ရန်သာ မှာကြားသည်။

ဆောင်းတွင်းတစ်လျှောက် နှင်းများက ဆက်လက်ကျဆင်းလျှက် ရှိသည်။ ကျန်းလန်ကတော့ သစ်သားများ ၊ ထင်းများ များစွာ ခုတ်ထစ်ထားသည်။ အိမ်ထဲတွင်နေရသည်မှာ ငြီးငွေ့စရာကောင်းတိုင်း သူက ထင်းများသာလျှင် ခုတ်နေတတ်၏။

တစ်နေ့တွင်တော့ ရှောင်ယွိတစ်ယောက် ရွာထဲမှ ပြန်ရောက်လာသည်။

သူမကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန်ရှိသလို စိတ်ပျက်နေဟန်လည်း ရှိသည်။

သူမက ကျန်းလန်ကို ဝမ်းနည်းပက်လက်အမူအရာဖြင့်ကြည့်လိုက်ရင်း…

“ယောကျ်ား ၊ ယန်မိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီ သိလား ၊ သူက အမေဖြစ်လာတော့မယ် ၊ ဒါပေမဲ့ ကျွန်မကတော့ ခုထိ ကလေးမရသေးဘူး”

ကျန်းလန်က ရယ်မောလိုက်ပြီး ရှောင်ယွိခေါင်းလေးကို အသာပုတ်လိုက်သည်။

“ကံကောင်းပါစေ မိန်းမရေ”

“ဟွန့်”

ထို့နောက် ရှောင်ယွိက ကျန်းလန်ကို အရေးမစိုက်တော့ဘဲ ကလေးများအတွက် လက်ဆောင်များ ပြင်ဆင်နေတော့သည်။ ဆောင်းရာသီက ခက်ခဲသည့်တိုင် တစ်ရွာလုံးမှလူများက ကြိုးစားဖြတ်သန်းနေကြဆဲပင်။

နွေဦးရောက်သည့်အခါမှာတော့ အရာအားလုံးက  ပြန်လည်အဆင်ပြေလာခဲ့သည်။ ကျန်းလန်သည် ရွာကိုကိုကြည့်ရင်း ဆောင်းတွင်းက မည်မျှကြမ်းတမ်းသည်ကို ပထမဆုံးအကြိမ် နားလည်လိုက်သည်။

ရှောင်ယွိကတော့ သူမကို မိစ္ဆာဟုသတ်မှတ်ကာ ရွာမှနှင်ထုတ်မည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။

သို့သော် နေ့ရက်များစွာ ကြာမြင့်သွားသည့်တိုင် မည်သည့်ထူးခြားချက်မှ မရှိခဲ့ပေ။ ဤသည်က ရှောင်ယွိကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားစေသည်။ ရွာက သူမကို လက်ခံသွားပြီ မဟုတ်ပါလား။

နွေဦးရာသီလျှင်မြန်စွာကုန်ဆုံးသွားပြီး နွေရာသီရောက်သည့်အခါမှာတော့ ရွာတွင် မင်္ဂလာပွဲတစ်ခု ကျင်းပလေသည်။ ထိုသူက တစ်ဖက်ရွာမှ မိန်းကလေးငယ်တစ်ယောက်ကို လက်ထပ်ယူလာသည့် လောင်ချန် ဖြစ်သည်။ သူမက ယန်မိန်းကလေးထက်ပင်ငယ်ရွယ်သော်လည်း ယန်မိန်းကလေးလောက်တော့ နူးညံ့သိမ်မွေ့ခြင်း မရှိပေ။

ရှောင်ယွိကတော့ မင်္ဂလာပွဲကိုကြည့်ပြီး ပျော်ရွှင်လျှက် ရှိသည်။

သူမက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…

“ယောကျ်ား ၊ ကျွန်မတို့မင်္ဂလာဆောင်တုန်းကတော့ ကျွန်မတို့နှစ်ယောက် ဘာမှလည်း မစားလိုက်ရဘူးနော်”

“ဒါကတော့ ကိုယ့်ဟာကိုယ် မစားတာပဲလေ”

ဟု ကျန်းလန်ကတွေးလိုက်သည်။

နောက်လအနည်းငယ်တွင်တော့ ရှောင်ယွိက ကလေး (၃)ယောက်အတွက် အဝတ်အစားအသစ်များ ဝယ်ပေးသည်။ လှပသည့်အဝတ်အစားများကိုကြည့်ရင်း လျိုရှောင်ရှောင်နှင့် လင်စီးစီးတို့ အလွန်ပျော်ရွှင်နေကြသည်။

လင်စီးစီးက ဝယ်လာသည့် အဝတ်အစားများနှင့်ပန်းများကိုကြည့်ရင်း…

“ဒါတွေကို ဒေါ်လေးကျန်းဝယ်လာတာလား ၊ အရမ်းလှတာပဲ”

ရှောင်ယွိက ပြုံးကာခေါင်းညိတ်လိုက်ပြီး လျိုရှောင်ရှောင်ကို ခေါင်းလျှော်ပေးကာ အဝတ်အစားအသစ်များ ဝတ်ဆင်ပေးလိုက်သည်။

အဝတ်အစားအသစ်များရရှိသည့်အတွက် လျိုရှောက်ဟူသည်လည်း ပျော်ရွှင်နေ၏။ သို့သော် သူက ကလေးမ (၂)ယောက်လောက်တော့ ဆတ်ဆလူးခါမနေခဲ့ပေ။ သူ့ကိုကြည့်ရသည်မှာ အစ်ကိုကြီးတစ်ယောက်၏ ဟန်ပန်အပြည့်နှင့်ဖြစ်သည်။

သို့သော် ကျန်းလန်က လျိုရှောက်ဟူအတွက် သစ်သားဓားတစ်လက် လုပ်ပေးလိုက်သည့်အခါမှာတော့ ကောင်လေးသည် ပျော်ရွှင်မှုကို ထိန်းမရနိုင်တော့ပေ။

ကလေးများပျော်ရွှင်သည်ကိုကြည့်ပြီး ရှောင်ယွိသည်လည်း ပျော်ရွှင်နေခဲ့သည်။

အမှန်တော့် သူမ အဝတ်အစားချုပ်လျှင် ဘယ်တော့မှ အဆင်ပြေပြေနှင့် လှပသည်ဟူ၍ မရှိပေ။ သူမ၏ခင်ပွန်းသာလျှင် သူမချုပ်ပေးသည့် မလှမပအဝတ်များကို ဝတ်ဆင်လေသည်။ ထို့ကြောင့် သူမက ကလေးများအတွက် ကိုယ်တိုင်ချုပ်မပေးဘဲ ဝယ်ပေးရခြင်း ဖြစ်သည်။

ထိုသို့ဖြင့် (၈)လပိုင်းသို့ ရောက်လာခဲ့သည်။

ကျန်းလန်သည် “ယန်” မိသားစု အိမ်အဝင်ဝတွင် တိတ်တဆိတ်မတ်တတ်ရပ်လျှက် စောင့်ဆိုင်းနေသည်။

"ဘာလို့ ကလေး မထွက်သေးတာလဲ"

ကျန်းလန်ဘေးနားတွင်တော့ “ယန်” အိမ်မှလူငယ်က  စိုးရိမ်တကြီးဖြင့် လှည့်ပတ်လမ်းလျှောက်ကာ ရေရွတ်နေပြီး အိမ်ထဲသို့လည်း မကြာခဏ လှမ်းကြည့်နေသည်။

ယနေ့က သူ့မိန်းမဖြစ်သော ယန်မိန်းကလေး ကလေးမီးဖွားမည့်နေ့ ဖြစ်လေရာ သူ ဂဏာမငြိမ် ဖြစ်နေရသည်။

ရှောင်ယွိနှင့် အစ်မကြီးလျိုတို့က ယန်မိန်းကလေးကို ကူညီရန်အိမ်ထဲတွင်ရှိနေကြသည့်အတွက် ကျန်းလန်သည်လည်း “ယန်” အိမ်သို့ လိုက်ပါလာခြင်း ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် အိမ်ထဲမှ ကလေးငိုသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

အစ်မကြီးလျို၏အသံသည်လည်း အိမ်ထဲမှ ထွက်ပေါ်လာသည်။

“မွေးပြီဟေ့ ၊ မွေးပြီ… ၊ ၀၀တုတ်တုတ်နဲ့ ယောကျ်ားလေးတော်”

ကျန်းလန်နှင့် ယန်လူငယ်လေးလည်း ကလေးကိုကြည့်ရန် ချက်ချင်းပင် အိမ်ပေါ်သို့ တက်သွားကြသည်။

ရှောင်ယွိက အစ်မကြီးလျိုလက်ထဲမှ ကလေးကိုကြည့်ရင်း အော်ပြောလိုက်သည်။

“ယောကျ်ားရေ ၊ ကြည့်ပါဦး ၊ ကလေးလေးက လှုပ်နေတယ်…”

ကျန်းလန် : “……”

အချိန်အတန်ကြာပြီးနောက် ကျန်းလန် သူ့ကိုယ်သူ အရှက်ကွဲခြင်းမှ ကာကွယ်ရန်အတွက် ရှောင်ယွိကို ဆွဲခေါ်ကာ အိမ်ပြန်လာခဲ့တော့သည်။ သူနှင့် ရှောင်ယွိကတော့ ယခုချိန်ထိတိုင်း သားသမီး မရကြသေးဘူး မဟုတ်လား။

“ယန်” အိမ်မှ ကလေးငယ် အသက် (၁)လပြည့်မွေးနေ့တွင်တော့ ယန်မိန်းကလေးက သူတို့သားလေးကို နာမည်ပေးပါရန် ကျန်းလန်ထံတွင် လာရောက်အကူအညီတောင်းသည်။

ရှောင်ယွိနှင့်ကျန်းလန်က လျိုရှောက်ဟူနှင့် အခြားကလေးများကို စာရေးစာဖတ်သင်ပေးထားသည့်အတွက် ကျန်းလန်က စာပေတတ်မြောက်ကြောင်း လူတိုင်းသိရှိကြသည်။

ထို့ကြောင့် ကျန်းလန်မှာ ချမ်းသာသောမိသားစုမှ သူဌေးသမီးကို ခိုးပြေးလာသည့် စာပေပညာရှင်တစ်ယောက်ဟု အားလုံးက ထင်မှတ်ထားကြသည်။ ကျန်းလန်က ဘာမှမပြောသည့်တိုင် ရါာထဲတွင် ထိုကိစ္စကို အမှန်တရားပမာ လက်ခံလာကြသည်။

ရှောင်ယွိလက်မှ အကြေးခွံများကိစ္စကိုလည်း တဖြည်းဖြည်းမေ့ပျောက်သွားကြပြီဖြစ်ကာ မည်သူမှ အစဖော်ကာ စကားမဆိုကြတော့ပေ။

ကျန်းလန်က ယန်မိန်းကလေးပွေ့ချီထားသည့် ၀၀ကစ်ကစ် ကောင်ငယ်လေးကိုကြည့်လိုက်ရင်း…

“သူ့ကို ယန်စုမင်လို့ ခေါ်ရင်မကောင်းဘူးလား”

“ယန်စုမင်”

ထိုနာမည်ကိုကြားသည့်အခါ “ယန်” အိမ်မှလူငယ်လေးက စိတ်လှုပ်ရှားသွားဟန်ရှိသည်။

“ယန်စုမင် ၊ ကောင်းတယ် ကေင်းတယ် ၊ ကြားလိုက်တာနဲ့ကို ယဉ်ကျေးမှုရှိတဲ့ နာမည်တစ်ခုလို့ပြောလို့ရတယ် ၊ အရမ်းကောင်းတာပဲ”

ကျန်းလန် : “……”

နောက်ဆုံးတော့ “ယန်” အိမ်မှ ကလေးငယ်သည် ယန်စုမင်ဟု အမည်တွင်ခဲ့လေသည်။

နောက်ထပ်ဆောင်းတွင်းဝင်ရောက်သည့်အခါ အနီးအပါးမှရွာများကို မိစ္ဆာများဖျက်စီးပစ်သည်ဆိုသည့် သတင်းများကိုကြားရသည်။ ထိုသတင်းက ရွာသူရွာသားများကို ထိတ်လန့်စေပြီး ဆောင်းတွင်းတစ်ခုလုံး ရွာပြင်သို့ မထွက်ရဲကြတော့ပေ။

လျိုရှောက်ဟူနှင့် ကောင်မလေး (၂)ယောက်ကတော့ ကျန်းလန်တို့အိမ်သို့ လာရောက်လည်ပတ်ကြဆဲ ဖြစ်သည်။

“ရွာပြင်ကိုလုံး၀ မသွားရဘူးနော် ၊ မိစ္ဆာတွေက အရမ်းအန္တရယ်များတယ် ၊ သူတို့က ကလေးတွေကိုစားတယ်”

ရှောင်ယွိက ကလေးများကို ထိုစကားဖြင့် အမြဲတမ်းသွန်သင်သည်။ အကောင်းအဆိုး နားမလည်ကြသည့်ကလေးများအနေဖြင့် မိစ္ဆာများလှည့်စားခံရမည်ကို သူမ အလွန်စိုးရိမ်သည်။

လျိုရှောက်ဟူက…

“အင်းပါ ဒေါ်လေးကျန်းရဲ့ ၊ သားတို့ ရွာပြင်လျှောက်မသွားပါဘူး ၊ ဒေါ်လေးကျန်းအိမ်သွားမယ်ဆိုတာ အမေ့ကိုလည်း ပြောခဲ့ပါတယ်”

လျိုရှောင်ရှောင်ကလည်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဟုတ်တယ်”

လင်စီးစီးက…

“သမီးက အိမ်ကိုတောင် မပြောခဲ့ရဘူး ၊ အစ်ကိုဟူအတင်းခေါ်လာတာနဲ့ပဲ လိုက်တာလာ”

ဆောင်းရာသီကုန်ဆုံးသွားချိန် အနီးအနားရွာများတွင်လည်း မိစ္ဆာများမရှိကြတော့သဖြင့် တစ်ရွာလုံး စိတ်သက်သာရာရသွားကြသည်။ သူတို့ရွာလေး အနည်းနဲ့အများတော့ အန္တရယ်ကင်းခဲ့သည် မဟုတ်လား။

(၃)နှစ်ဆိသည့်အချိန်က ခဏလေးဖြင့် ကုန်ဆုံးသွားသည်။

လျိုရှောက်ဟူက အသက် (၈)နှစ်ရှိပြီဖြစ်ပြီး မိသားစုအတွက် ကူညီကာ စတင်အလုပ်လုပ်နေပြီ ဖြစ်သည်။ သူက အစကတည်းက ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသူဖြစ်သည့်အတွက် သူ၏အကူအညီက မိသားစုအတွက် အလွန်အသုံးဝင်သည်။

လင်စီးစီးသည်လည်း အသက် (၈)နှစ်ရှိပြီဖြစ်ရာ သူမနိုင်သလောက် အိမ်အလုပ်များကို စတင်ကူညီပေးနေရပြီ ဖြစ်သည်။

အသက် (၇)နှစ်အရွယ် လျိုရှောင်ရှောင်တစ်ယောက်သာ အရင်ကလို ညစ်ပတ်ပေတေစွာဖြင့် (၃)နှစ်အရွယ် ယန်စုမင်ကိုခေါ်ကာ ကျန်းလန်တို့အိမ်သို့ ရောက်လာလေ့ ရှိသည်။

“ရှောင်မင်က လမ်းလျှောက်တာာ အရမ်းနှေးတာပဲ ခစ်ခစ်”

ပေတလူဖြစ်နေသည့် လျိုရှောင်ရှောင်က ယန်စုမင်ကို လှောင်ပြောင်သည်။

ရှောင်ယွိကတော့ ရွာထဲတွင် ဒီအတိုင်းကြီးပြင်းလာကြသည့် ကလေးငယ်များအတွက် စိုးရိမ်ပူပန်မိသည်။ သူမက သားငါးဈေးမှပြန်လာတိုင်း ကလေးများအတွက် စားစရာများဝယ်လာတတ်ပြီး ယခုတော့ ယန်စုမင်လေးအတွက်ပါ အစားအသောက်များ ပိုမိုဝယ်ယူရသည်။

အချိန် (၁)နှစ်ကုန်သွားပြီးသည့်နောက် “ယန်” အိမ်တွင် နောက်ထပ် သမီးရတနာလေးတစ်ယောက် ထွန်းကားလာသည်။  ရွာမှလူငယ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက်အိမ်ထောင်ကျကာ သားသမီးများ ရရှိလာကြသည်။

ကျန်းလန်နှင့်ရှောင်ယွိကတော့ ယခုအချိန်ထိ သားသမီးမရကြသေးပေ။ ရှောင်ယွိကတော့ သူမတို့ သားသမီးမရသည်မှာ ကျန်းလန်၏အမှားဖြစ်သည်ဟု ခံယူထားသည်။

အချိန် (၇)နှစ်ကြာသွားပြီးသည့်နောက် ကျန်းလန်က အသက် (၃၀) ရှိပြီး ရှောင်ယွိကတော့  အသက် (၂၉)နှစ်ခန့် ရှိပြီဖြစ်သည်။

ယခုနှစ်တွင်တော့ လင်စီးစီးနှင့် လျိုရှောက်ဟူတို့ အသက် (၁၅)နှစ် ရှိကြပြီ ဖြစ်သည်။ လင်စီးစီးက သွယ်လျပြေပြစ်ချောမောသည့် မိန်းမပျိုလေးဖြစ်လာပြီး လျိုရှောက်ဟူကတော့ တောတောင်ထဲတွင် အမဲလိုက်နိုင်သည့် မုဆိုးတစ်ယောက်ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူတို့ (၂)ယောက်လုံး လက်ထပ်ရမည့်အသက်အရွယ်သို့ ရောက်ရှိပြီ ဖြစ်လေသည်။

တစ်နေ့တွင်တော့ ရွာအနီးပတ်ဝန်းကျင်မှ အိမ်တစ်အိမ်က လင်စီးစီးကို လက်ထပ်ရန်အတွက် အောင်သွယ်လွှတ်ကာ တောင်းဆိုသည်။ ထိုအကြောင်းကို လျိုရှောက်ဟူသိရှိသွားသည်နှင့် ချက်ချင်းပင် “လင်” အိမ်သို့ အပြေးထွက်ခွာသွားပြီး လင်စီးစီးကို လက်ထပ်မည်ဟု ပြောဆိုလေသည်။

အောင်သွယ်မပါ ဘာမပါ ကလေးတစ်ယောက်က လာပြောခြင်းဖြစ်လေရာ “လင်” အိမ်ကလည်း မည်သို့လုပ်ရမှန်းမသိဘဲ လျိုရှောက်ဟူကို နှင်ထုတ်လိုက်၏။

လျိုရှောက်ဟူမှာ လင်စီးစီးအခြားတစ်ယောက်နှင့်လက်ထပ်သွားမည်ကို စိုးရိမ်ပူပန်လျှက် ရှောင်ယွိထံသို့ ရောက်လာသည်။

နောက်ဆုံးတော့ ရှောင်ယွိက “လင်” အိမ်က ရွာနီးချုပ်စပ်မှအိမ်မှစေလွှတ်လိုက်သည့် အောင်သွယ်ကို ငြင်းဆိုထားပြီဖြစ်ကြောင်း လူငယ်လေးကို ပြောပြကာ လျိုရှောက်ဟူကိုယ်စား “လင်” အိမ်သို့ သွားရောက် အောင်သွယ်ပေးရတော့သည်။

“လင်” အိမ်သို့ရောက်သည့်အခါ စိတ်လှုပ်ရှား ၊ စိတ်ရှုတ်ထွေးနေသည့် လျိုရှောက်ဟူကိုကြည့်ရင်း ရှောင်ယွိသည့် ကျန်းလန်၏လက်မောင်းကို အသာပွေ့ဖက်ရင်း မရပ်မနား ရယ်မောမိတော့သည်။

လင်စီးစီးကတော့ ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်ပြီး…

“ဘယ်သူက အစ်ကိုဟူကို လက်ထပ်မယ်လို့ ပြောလို့လဲ”

လျိုရှောက်ဟူက စိုးရိမ်တကြီးဖြင့်…

“မနေ့ကပဲ နင်ပြောခဲ့တာ မဟုတ်ဘူးလား”

ပေတလူလေး လျိုရှောင်ရှောင်က နှုတ်ခမ်းများကို မဲ့ရွဲ့လိုက်ရင်း..

“အစ်ကိုဟူက အရမ်းတုံးတာပဲ”

အသက် (၁၀)နှစ်အရွယ် ယန်စုမင်လေးက သူမစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

ယန်စုမင်က လျိုရှောက်ဟူလောက် ကြံ့ခိုင်သန်မာခြင်းမရှိသော်လည်း သူက စာရေးစာဖတ်တတ်လေသည်။ စာတတ်လျှင် မိသားစုအတွက် ဝင်ငွေရှာရန် လွယ်ကူသည်။

“လင်” အိမ်မှ အပြန်လမ်းတွင်တော့ ရှောင်ယွိက စိုးရိမ်တကြီးဖြင့် စကားဆိုသည်။

“ရှောင်ရှောင်လည်း လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ ၊ သူ့အတွက် ဘာလုပ်ပေးသင့်သလဲ”

သို့သော် သူမစဉ်းစားမိသည်မှာ ရှောင်ရှောင်အတွက်သင့်တော်သည့်ခင်ပွန်းလောင်းမှာ ယန်စုမင်ပင်ဖြစ်သည်ဆိုသည့်အချက်ပင်။ သူတို့ (၂)ယောက်က အတော်လေး လိုက်ဖက်သည်။

ကျန်းလန်ကတော့ ထိုကိစ္စများကို စိတ်မဝင်စားပေ။ သူက နောက်ထပ် နှစ်ပေါင်းမည်မျှ အမဲလိုက်နိုင်ဦးမည်နည်းဆိုသည့်အချက်ကိုသာ တွေးတောနေသည်။

နောက်တစ်နှစ်တွင်တော့ လျိုတာ့ဟူနှင့် လင်စီးစီးတို့ လက်ထပ်ခဲ့ကြသည်။

သူမမျက်စိအောက်တွင်ကြီးပြင်းလာသည့် ကလေး (၂)ယောက်၏ လက်ထပ်ပွဲတွင် ရှောင်ယွိသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်မဆည်နိုင်ခဲ့ပေ။ နောက်ဆုံးတော့ သူမချစ်ခင်သော ကလေးများ အရွယ်ရောက်လာကြပြီ ဖြစ်လေသည်။

နောက်ပိုင်းနှစ်များတွင်တော့ အပျိုပေါက်လေးဖြစ်သောလျိုရှောင်ရှောင်တစ်ယောက်ကတော့ ငယ်စဉ်ကလိုပင် ဆံပင်များညစ်ပတ်လျှက် ပေတလူပုံစံဖြင့် ရွာထဲလျှောက်သွားနေဆဲ ဖြစ်သည်။ အစ်မကြီးလျိုကတော့ သမီးဖြစ်သူအတွက် စိုးရိမ်လျှက်ရှိသည်။ ဒီလိုအနေအထိုင်မျိုးဖြင့် မည်သူမှ လျိုရှောင်ရှောင်ကို လာရောက်အောင်သွယ်ကြမည် မဟုတ်ပေ။

နောက်ဆုံးတော့ အောင်သွယ်နှင့်ဆက်သွယ်ကာ တောင်းရမ်းလက်ထပ်ခြင်းများကို စဉ်းစားမနေတော့ဘဲ ဒီအတိုင်းယောကျ်ားပေးစားလိုက်လျှင်ကောင်းမည်ဟု အစ်မကြီးလျိုက စဉ်းစားသည်။ မိန်းကလေးဆိုသည်က အရွယ်လွန်သွားလျှင် မကောင်းဘူးမဟုတ်လား။ သို့သော် ထိုအကြံကို ရှောင်ယွိက သဘောမတူဘဲ အချိန်စောင့်ရန် တိုက်တွန်းခဲ့သည်။

နောက် (၂)နှစ်ကြာသည့်အခါမှာတော့ လျိုတာ့ဟူနှင့် လင်စီးစီးတို့က သားဦးလေးကို မွေးဖွားခဲ့သည်။ ရှောင်ယွိမှာ ကလေးကိုပွေ့ချီရင်း ဝမ်းသာလွန်းသဖြင့် မျက်ရည်များလည်ရပြန်သည်။

အချိန်ကြာလာသည်နှင့်အမျှ ရှောင်ယွိနှင့် ကျန်းလန်သည်လည်း အသက်အရွယ်များ ပိုမိုကြီးရင့်လာကြသည်။

လျိုတာ့ကျူးကတော့ အမဲလိုက်ရင်း လက်တွင်ဒဏ်ရာရသွားပြီး အမဲလိုက်အလုပ်မှ အနားယူလိုက်ရသည်။ လျိုအာ့ကျူးသည်လည်း အမဲလိုက်အလုပ်မှ အနားယူလိုက်ပြီ ဖြစ်သည်။ သူက သားများစွာမွေးထားသူဖြစ်လေရာ အားကိုးနေရပြီဖြစ်သည်။

လျိုတာ့ကျူးနှင့် လျိုအာ့ကျူးတို့ အမဲလိုက်အဖွဲ့မှ အနားယူသွားပြီးနောက် ကျန်းလန်က အမဲလိုက်အဖွဲ့ခေါင်းဆောင် ဖြစ်လာသည်။

သူက လျိုရှောက်ဟူနှင့် လျိုအာ့ဟူတို့ကို အမဲလိုက်ပညာများစွာ သင်ကြားပေးခဲ့သည်။ သူတို့သာမက သင်ကြားနိုင်စွမ်းရှိသည့် မျိုးဆက်သစ်လူငယ်များအားလုံးကို မျက်နှာမလိုက် ၊ ဆရာစားမချန် အကုန်အစင် သင်ကြားပေးခဲ့သည်။

ကျန်းလန်သည် အသိဉာဏ်ပညာနှင့်ပြည့်စုံပြီး တည်ကြည်သည့် လူကြီးတစ်ယောက်ဖြစ်ကြောင်း လူငယ်တိုင်း ခံစားသိရှိကြသည်။

လျိုရှောက်ဟူနှင့် လျိုအာ့ဟူတို့က မိသားစု၏ အကြီးဆုံးသားများ ဖြစ်ကြသည့်အတွက် မိသားစုတာဝန်များအားလုံးကို ထမ်းရွက်ကြရသူများဖြစ်လေရာ အကောင်းဆုံးကြိုးစားသင်ယူခဲ့ကြသည်။ အထူးသဖြင့် လျိုရှောက်ဟူက ပိုပြီးကြိုးစားလေသည်။

နောက်ထပ် နှစ်အနည်းငယ် ကြာပြီးနောက် လျိုရှောက်ဟူက အမဲလိုက်အဖွဲ့၏ခေါင်းဆောင်ဖြစ်လာပြီး ကျန်းလန်ကတော့ အနားယူခဲ့သည်။ လျိုရှောက်ဟူကတော့ ဦးလေးကျန်းနှင့် ဒေါ်လေးကျန်းကို သူ ရှာဖွေကျွေးမွေးမည်ဟု ကတိပေးသည်။

နောက်တစ်နှစ်ကုန်သွားသည့်အချိန်တွင်တော့ လျိုရှောင်ရှောင်တစ်ယောက် အသက် (၁၈)နှစ် ပြည့်ပြီ ဖြစ်သည်။ အစ်မကြီးလျိုက သူမကို အိမ်ထောင်ချပေးရန် မစောင့်နိုင်တော့ပေ။ မဟုတ်ပါက ပေပေတေတေ ကောင်မလေး ဒီတစ်သက် ယောကျ်ားမရတော့လျှင် မည်သို့ရှိမည်နည်း။

သူမ စိတ်ပူပန်နေစဉ်မှာပင် “ယန်” အိမ်က လျိုရှောင်ရှောင်ကို လာရောက်တောင်းရမ်းလေးသည်။

ယန်စုမင်က လျိုရှောင်ရှောင်ကို လက်ထပ်မည်တဲ့။ အစ်မကြီးလျိုမှာ အလွန်ပင် အံ့အားသင့်မှင်တက်သွားခဲ့သည်။

ယန်စုမင်က စာပေလည်းတတ်မြောက်သလို မြို့ပေါ်တွင် အလုပ်အကိုင်ကောင်းကောင်းရရှိနေသူတစ်ယောက် ဖြစ်သည်။ သူမ၏ ပေပေတေတေသမီးငယ်ကို အဘယ့်ကြောင့် ရွေးချယ်ရပါသနည်း။

“ယန်” အိမ်မှလူများကလည်း ထိုအကြောင်းကို အလွန်သိချင်ကြသော်လည်း ယန်စုမင်က လျိုရှောင်ရှောင်မှ လျိုရှောင်ရှောင်ဖြစ်နေသည့်အတွက် နောက်ဆုံးတွင် သားဖြစ်သူစိတ်တိုင်းကျ သဘောတူလိုက်ရကြခြင်း ဖြစ်၏။

နောက်တစ်နှစ်တွင်တော့ ယန်စုမင်နှင့် လျိုရှောင်ရှောင်တို့ လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီးသည်နှင့် လျိုရှောင်ရှောင်သည် အရင်ကလို ပေပေတေတေ ညစ်ညစ်ပတ်ပတ်လေးမဟုတ်တော့ဘဲ ပြင်ပြင်ဆင်ဆင်နှင့် ချောမောလှပပြီး လိမ္မာပါးနပ်သူလေး ဖြစ်လာသည်။

လျိုရှောင်ရှောင် ပြောင်းလဲသွားခြင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

အစ်မကြီးလျိုကတော့ သူမ၏သမီးငယ်သည် တေတေပေပေ တုံးတုံးအအ ဟန်ဆောင်ပြီး ယန်စုမင်ကြီးပြင်းလာသည်အထထိ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း ရိပ်မိသွားသည်။

ရှောင်ယွိက ထိုအကြံအစည်မှာ သူမအကြံအစည်ဖြစ်ကြောင်း ရယ်ရယ်မောမောနှင့် ဝန်ခံသည့်အခါ အစ်မကြီးလျို ဒေါပွတော့၏။ အမေဖြစ်သူကိုပင်မပြောဘဲ အဆီမလျော်ကိစ္စကို အဘယ့်ကြောင့် ကလေးနှင့်ပေါင်းပြီး ကြံစီရပါသနည်းဟု သူမက ရေရွတ်ပြောဆိုလျှက် ရှိသည်။

ရှောင်ယွိကတော့ ပြုံးနေခဲ့လေသည်။

သို့သော်…

နောက် (၃)နှစ်အကြာတွင် အစ်မကြီးကျိုးဆုံးပါးသွားသည့်နောက် ရှောင်ယွိအပြုံးများ ပျောက်ကွယ်သွားရတော့သည်။

နာရေးသတင်းကိုကြားသည့်အခါ ရှောင်ယွိ အံ့အားသင့်သွားသည်။ သူမသည် ဘဝ၏ ပထမတစ်ဝက်တွင် ပျော်ရွှင်မှုများစွာ ခံစားခဲ့ရသည်။ သူမစောင့်ရှောက်ခဲ့သည့် ကလေးငယ်များကြီးပြင်းလာကာ အိမ်ထောင်ရက်သားများကျခဲ့သည်။ သားသမီးများထွန်းကားကြပြီး ဘဝသည် ပျော်ရွှင်စရာတို့ဖြင့် ပြည့်နေခဲ့သည်။

သို့သော် သူမ၏နောက်ထပ်ဘဝတစ်ဝက်တွင် တွေ့ကြုံရသည်က ဘဝ၏အိုမင်းနွမ်းနယ်လာခြင်းများသာလျှင် ဖြစ်သည်။ သူမဘဝ၏ အချိုးအကွေ့တစ်ခု စတင်ခဲ့ပြီ ဖြစ်သည်။

သူမနှင့် သိကျွမ်းရင်းနှီးသူများသည် တစ်ယောက်ပြီးတစ်ယောက် လူ့လောကမှ ထွက်ခွာသွားသည်ကို ရှောင်ယွိတစ်ယောက် ဘာမှမတတ်နိုင်စွာဖြင့် ကြည့်ရှုနေရတော့သည်။

***

All Chapters