အခန်း (၄၇၁-၄၇၅)
Vol. 19 Ch. 471-475
အပိုင်း (၄၇၁) ဒီလူအိုကြီး ဆာလောင်နေပြီ
စစ်ပွဲမြို့တော်မှ ကီလိုမီတာ၁၀၀၀အကွာမှ စားသောက်ဆိုင် တစ်ဆိုင်ရဲ့ ဒုတိယထပ်၌ ဧည့်သည့်များစွာ ရှိနေခဲ့ပြီး စီးပွါးရေး ကောင်းနေခဲ့ပါတယ်။ စားပွဲ ဒါဇင်ကျော်က သောက်စားနေကြတဲ့ ကျင့်ကြံသူ များစွာတို့နဲ့ ပြည့်နေခဲ့တယ်။
ပြတင်းပေါက်နားက စားပွဲတစ်လုံး၌ မျက်လုံးကျဉ်းကျဉ်း၊ ပိန်သွယ်သွယ် သက်လတ်ပိုင်း လူကြီးတစ်ယောက်က ဘာကိုမှ စိတ်မဝင်စားသည့် အမူအရာမျိုးနဲ့ ထိုင်နေခဲ့တယ်။
သူ့ရှေ့မှာတော့ ဝိုင်ကရားများစွာ ရှိနေခဲ့တယ်။ ဒါပေမယ့် ထိုသက်လတ်ပိုင်း လူကြီးက ဝိုင်ကရားပေါင်းများစွာကို သောက်ပြီးတာတောင် သူ့မျက်နှာက နည်းနည်းလေးမှ နီမနေခဲ့ပါဘူး။
သူက ထိုင်ခုံပေါ်မှာထိုင်ရင်း လမ်းသွားလမ်းလာတွေကို အေးစက်စက် မျက်ဝန်းအစုံနဲ့ စိုက်ကြည့်နေခဲ့တယ်။
အားနည်းနည်းကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်တဲ့ သူ့မျက်ဝန်းထဲ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ လက်သွားခဲ့တယ်။ သူ့ပုံစံက ဆာလောင်နေတဲ့ သားရဲတစ်ကောင်က အသားလတ်လတ် ဆတ်ဆတ်ကြီးကို တွေ့မြင်လိုက်ရလို့ ဖြစ်သွားတဲ့ ပုံစံနဲ့တောင် တူနေပါသေးတယ်။
အဲ့လိုဖြစ်သွားတဲ့ အချိန်တိုင်း သူ့မျက်နှာ အမူအရာက လွန်ဆွဲနေရာမှ တုန့်ဆိုင်း၊ တုန့်ဆိုင်းနေရာမှာ နောက်ဆုံး သက်ပြင်းတစ်ချက်နဲ့အတူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်။ ပြီးတာနဲ့ သူ့ရှေ့မှာ ရှိနေတဲ့ ဝိုင်တစ်ကရားကို တစ်ထိုင်တည်း မော့ချပစ်လိုက်ပါတယ်။
“ဒီလူအိုကြီး ဆာနေပြီ” သက်လတ်ပိုင်း လူကြီးက ခါးခါးသီးသီး ရေရွတ်လိုက်ပြီး ဒုတိယထပ်မှာ ရှိနေတဲ့ ဧည့်သည်တွေကို ဝေ့ကြည့်လိုက်တယ်။ ထိုလူတွေကို ကြည့်ရင်း ထိုသက်လတ်ပိုင်း လူကြီး မျက်နှာထက် လွန်ဆွဲနေသည့် အရိပ်အယောင်တို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ဆိုးရွားလွန်းတဲ့ သူ့ကံကြမ္မာကိုပဲ ကျိန်ဆဲမိလိုက်တယ်။
“ဒါသာ တိမ်မိစ္ဆာနယ်မြေဆိုရင် ငါလုပ်ချင်တာ လုပ်လို့ ရနေမှာကွာ” သက်လတ်ပိုင်းလူကြီး နောက်တစ်ကြိမ် သက်ပြင်းချလိုက်တယ်။
ဆိုင်ဝန်ထမ်းက ဝိုင်ကရားတွေကို ထပ်မံ သယ်ဆောင် လာခဲ့ပြီး စားပွဲဝိုင်းပေါ် ချပေးလိုက်တယ်။ စားပွဲပေါ်က ဝိုင်မရှိတော့တဲ့ ကရားအိုးတွေကို သိမ်းပြီးတာနဲ့ အလျင်စလို ပြန်ထွက်သွားလိုက်တယ်။ အရိုးပေါ် အရေတင် ဖြစ်နေတဲ့ သက်လတ်ပိုင်း လူကြီးနား ရောက်တိုင်း သေမင်းနားရောက်သွားသလို စားပွဲထိုးလေး အမြဲခံစားခဲ့ရတယ်။ သက်လတ်ပိုင်း လူကြီးက ရုတ်တရက် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားသည့် မြင်ကွင်းတို့ကိုလည်း သူ့စိတ်ထဲ အထပ်ထပ် အခါခါ မြင်ယောင်မိခဲ့ပါတယ်။
သက်လတ်ပိုင်းလူကြီးက ဆာလောင်လွန်းလို့ မပျော်မရွှင် ဖြစ်နေတုန်းမှာပဲ သူ့ဘေးနားက စားပွဲဝိုင်းမှ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုကို သူကြားလိုက်ရတယ်။
သူတို့ ပြောနေတာက လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ပျက်သွားခဲ့တဲ့ လက်နက်လုပွဲအကြောင်းပါ။ အချို့လူတွေက ထိုတိုက်ပွဲကို သူတို့ကိုယ်တိုင် မြင်တွေ့ လိုက်ရသည့်အလား မြင်ကွင်းအစုံကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာအောင် အသေအချာ ရှင်းပြပြောဆိုနေခဲ့တယ်။
“မင်းတို့ အခုထိ မသိသေးဘူးလား။ ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင်က လျူမိသားစုရဲ့ လျူချင်းယောင် မဟုတ်တော့ဘူးကွ”
“တစ်ယောက်ယောက်က လျူချင်းယောင်ကို အနိုင်ယူလိုက်တာလို့ မင်းပြောချင်တာလား” အားလုံး ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။
“သူရှုံးသွားတာ မဟုတ်ဘူး၊ ဒါပေမယ့် အစစ်အမှန်ဒြပ်စင် အဆင့်ပဲ ရှိသေးတဲ့ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃ ရောက်နေတဲ့ လျူချင်းယောင်ရဲ့ တိုက်ကွက်နှစ်ခုကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့တယ်ကွ။ သူတို့ ခွန်အား ဒီလောက် ကွာခြားနေတာတောင် ရန်သခင်လေးက လျူချင်းယောင်နဲ့ လက်ရည်တူ ယှဉ်နိုင်ခဲ့တာကွ”
“အဲ့သခင်ငယ်လေးစ, လျူချင်းယောင်နဲ့ အဆင့်တူ ဖြစ်သွားခဲ့ရင် လျူချင်းယောင် ကျိန်းသေရှုံးမှာ”
“တကယ်ပဲ အဲ့လို ဖြစ်ခဲ့တာလား”
“တကယ်ပေါ့ဟ၊ ငါ့အမှန်ကို ပြောနေတာ။ ငါ့မျက်လုံးနဲ့ကို တပ်အပ်မြင်ခဲ့တာ။ သခင်ငယ်လေးက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ။ ငယ်ပေမယ့် ဒီလောက် နက်နဲတဲ့ခွန်အားကို ပိုင်ဆိုင်နေခဲ့ပြီးပြီ။ ပြီးတော့ သူက ပထမအဆင့် အင်အားစု ဒါဇင်ကျော်လောက်ကို မဟာမိတ် ဖွဲ့ထားသေးတယ်ကွ။ ဒီအမွေခံတိုက်ပွဲရဲ့ အောင်နိုင်သူက သခင်ငယ်လေးဆိုတာ မြေကြီးလက်ခတ် မလွဲဘူး”
“မင်းသေချာလို့လား။ အငယ်ဆုံး သခင်လေးမှာ ဘာအဆက်အသွယ်မှ မရှိဘူးဆို”
“ကျားသားစားချင်လို့ ဝက်ယောင် ဆောင်နေတာလေကွာ။ ပထမဆုံး အားနည်းချင်ယောင် ဆောင်ပြီး ရန်သူတွေကို မြှားခေါ်မယ်၊ ပြီးတော့ အစစ်အမှန် ခွန်အားကို ထုတ်ပြပြီး ရန်သူတွေ အားလုံးကို ထိတ်လန့် သွားစေမယ်လေ။ အဲ့လိုမျိုး ဖြစ်သွားရင် ဘယ်သူက မင်းကို ရင်ဆိုင်နိုင်ဦးမှာလဲ”
“ငါမှတ်မိတာသာ မှန်မယ်ဆိုရင် အငယ်ဆုံး သခင်လေးကို ရန်ကိုင်လို့ ခေါ်တယ်ဆို၊ အဲ့ဒါ အမှန်ပဲလား”
“ဟုတ်တယ်၊ မင်းပြောတာ အမှန်ပဲ၊ သခင်လေးကိုင်…”
‘ရန်ကိုင်’ ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ဝိုင်သောက်နေတဲ့ သက်လတ်ပိုင်းလူကြီးက စကားပြောနေတဲ့ လူဆီ ချက်ချင်း လှည့်ကြည့်လိုက်တယ်၊ သူပြောနေတာကို ရုတ်တရက်ကြီး အရမ်း စိတ်ဝင်စားသွားတဲ့ ပုံပါပဲ။
ထိုလူတွေက သူတို့လေသံကို နည်းနည်းလေးတောင် နှိမ့်ပြီး မပြောတဲ့အတွက် ဒုတိယထပ်မှာ ရှိနေတဲ့ လူတွေ အကုန်လုံး သူတို့ပြောတာကို အလွယ်တကူ ကြားသွားပြီး နှာခေါင်းရှုံသံတို့ ထွက်ပေါ်လာခဲ့ကာ “မင်းဘာသိလို့လဲ။ လျူချင်းယောင်က သူ့ခွန်အားအပြည့်ကို ထုတ်မသုံးခဲ့လို့သာ အဲ့ရန်ကိုင် သူ့နှစ်ကွက်ကို ခုခံနိုင်ခဲ့တာ။ ငါလည်း အဲ့မှာ ရှိနေခဲ့ပါတယ်ကွာ၊ ငါ့မျက်လုံးနဲ့ သေချာတပ်အပ် မြင်ခဲ့တာပါ။ နောက်ဆုံးမှာ သခင်လေးလျူ ဘာပြောခဲ့လဲ ဆိုတာ မင်းမကြားလိုက်ဘူးလား”
ရယ်မောလိုက်ရင်း ပြောနေတာကို တစ်ချက် ရပ်တန့်လိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ “သခင်လေးလျူက ‘ရန်ကိုင်၊ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။ မင်းအင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်သွားမှပဲ နောက်တစ်ကြိမ် ထပ်တိုက်ကြတာပေါ့’ ဆိုပြီး ပြောခဲ့တာကွ။ ဗဟိုမြို့တော်ရဲ့ နံပါတစ်လူငယ် ပါရမီရှင်ဆိုတာ အဲ့လိုကို ဖြစ်နေသင့်တာ။ ရန်ကိုင်က သူ့ရဲ့ သာမန်ကာလျှံကာ တိုက်ကွက်နှစ်ကွက်ကိုပဲ ခုခံခဲ့တာ၊ အဲ့ဒါ ဘာများ ကြီးကျယ်နေလို့လဲ”
စကားစပြောခဲ့တဲ့ ကျင့်ကြံသူက မကျေမနပ် ဖြစ်သွားခဲ့ပြီး ပြန်ငြင်းခုံလိုက်တယ် “အဲ့ဒါက လျူချင်းယောင် မောက်မာနေတာ သက်သက်ပဲလေ။ သူတို့သာ သုံးကွက်မြောက်ကို ဖလှယ်ခဲ့ရင် လျူချင်းယောင် အနိုင်ရမှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ။ ရန်ကိုင်က ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင် အသစ်ပဲ”
“ချီးစကားတွေ”
နှစ်ယောက်သား တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ငြင်းခုံနေတာက မကြာခင်မှာပဲ အကန့်အသတ်ကို ကျော်လွန်သွားခဲ့တယ်။ ဟန်မင်းဆက်က ကျင့်ကြံသူတွေ အကုန်လုံးက အမွေခံတိုက်ပွဲကို သေသေချာချာ အနီးကပ်စောင့်ကြည့် နေခဲ့ကြတာပါ။ နောက်ဖြစ်ပျက်လာမယ့် အအကြောင်းအရာတွေနဲ့ ပက်သက်ပြီး လူတိုင်ကိုယ်စီမှာ ကိုယ်ပိုင် အထင်အမြင်တွေ ရှိကြတာ သဘာဝပါပဲ။
ခဏကြာပြီးနောက် နှစ်ယောက်သား ငြင်းခုံနေရာမှ ဒုတိယထပ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး နှစ်ဖွဲ့ ကွဲထွက်သွားခဲ့ပြီး ဆူဆူညံညံနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြိုင်အဆိုင် ငြင်းခုံကြပါတော့တယ်။
ဒုတိယထပ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ငြင်းခုံပွဲမှာ ပါဝင်လာခဲ့ကြပြီး ပြတင်းပေါက်မှာ ထိုင်နေတဲ့ သက်လတ်ပိုင်းလူကြီး တစ်ယောက်ပဲ ဆိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် သူ့မျက်ဝန်းထဲက တလက်လက် တောက်ပနေတဲ့ အလင်းရောင်က အချိန်တွေ ကြာလာတာနဲ့ ပိုပိုပြီး အန္တရာယ်များလာခဲ့တယ်။
အဖွဲ့နှစ်ဖွဲ့က အချိန်အတော်ကြာအောင် ငြင်းခုံစကားမျာနေ ကြပေမယ့် တိကျရေရာတဲ့ အဖြေတစ်ခု ထွက်မလာနိုင်ခဲ့သေးပါဘူး။
ဒီငြင်းခုံပွဲကို စတင်ခဲ့တဲ့လူက တိတ်ဆိတ်နေတဲ့ သက်လတ်ပိုင်းလူကြီးဆီ လှည့်လာလိုက်ပြီး မေးလိုက်တယ် “ဟေး၊ ခင်ဗျားကော ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် သခင်လေးနဲ့ ပက်သက်ပြီး ဘယ်လိုထင်လဲ”
“မင်းက ဒီလူအိုကြီးကို လာမေးနေတာလား” သက်လတ်ပိုင်းလူကြီးက သွားပေါ်အောင် ပြုံးလိုက်ပြီး မေးလိုက်တယ်။
“ဟုတ်တယ်၊ ခင်ဗျားလည်း တစ်ခုခုလောက် ပြောသင့်တယ်လေ။ ခင်ဗျား တစ်ချိန်လုံး တိတ်ဆိတ်နေတယ် ဆိုရင်တောင် ခင်ဗျားမှာလည်း ကိုယ်ပိုင်အထင်အမြင် အချို့ ကျိန်းသေရှိမှာပဲ။ ကျုပ်တို့ အားလုံး ခင်ဗျာပြောတာကို နားထောင်ချင်နေတာ။ ဒါပေမယ့်… ခင်ဗျားလည်း သိတာပဲဗျာ… ခင်ဗျားအသက်ကြီးနဲ့ ကိုယ့်ကိုယ်ကို လူအိုကြီး လို့ ခေါ်နေတာက… ဟားဟားဟားဟား”
ဒီသက်လတ်ပိုင်းလူကြီးက သူ့ရဲ့ အသက်နဲ့ ဥာဏ်ပမာကြီးမားတဲ့ လူအိုကြီးတစ်ယောက်လို ဘာလို့ လာအယောင်ဆောင်နေလဲ ဆိုတာကို စဉ်းစားရင်း အားလုံး ရယ်မောမိလိုက်ကြတယ်။
ဒုတိယတစ်ထပ်လုံး တိတ်ဆိတ်သွားခဲ့ပြီး အားလုံးရဲ့ အကြည့်က သက်လတ်ပိုင်းလူကြီးဆီ ရောက်လာခဲ့ကာ ထိုလူကြီးရဲ့ အထင်အမြင်ကို စောင့်ဆိုင်းနေခဲ့ကြတယ်။
သက်လတ်ပိုင်းလူကြီးက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲခွက်ကို ကုန်အောင် အရင်မော့သောက်လိုက်ကာ ပြတ်ပြတ်သားသား ပြောချလိုက်တယ် “မင်းတို့အားလုံးက ဒီလူအိုကြီးရဲ့ အထင်အမြင်ကို သိချင်နေမှတော့ ငါကလည်း ပြောပြရတော့မှာပေါ့။ ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင်က သခင်လေးရန်ကိုင်က လွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူး။ ဗဟိုမြို့တော်ရဲ့ နံပါတ်လူငယ် ပါရမီရှင်တင် မဟုတ်ဘူး၊ အနာဂတ်ကျ သူက ဒီလောကကြီးရဲ့ အားအကောင်းဆုံး ပညာရှင် တစ်ယောက်လည်း ဖြစ်လာဦးမှာ၊ ကျဲ ကျဲ ကျဲ ကျဲ”
အားလုံး ကြောင်သွားခဲ့တယ်။ ရန်ကိုင်ကို အထင်ကြီးနေတဲ့ လူတွေတောင် သက်လတ်ပိုင်းလူကြီး ပြောတာ အရမ်းကို ပိုလွန်းနေတယ်လို့ ထင်လိုက်ကြကာ အသာအယာ ခေါင်းရမ်းလိုက်ကြတယ်။
ရန်ကိုင်က ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင်လို့ ပြောတာ ချဲ့ကားပြောရာ မရောက်ပါဘူး။ ဒါပေမယ့် သူက ဒီလောကကြီးရဲ့ အားအကောင်းဆုံး ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်တာက အရမ်းကို ချဲ့ကာပြောရာ ရောက်သွားပါပြီ။
“ဒီရူးနေတဲ့ လူအိုကြီး…” လျူချင်းယောင်ကို ထောက်ခံပြောဆို ပေးနေတဲ့ ကျင့်ကြံသူက အထင်အမြင် သေးသေးနဲ့ “ဘာမဟုတ်တာတွေ လာပြောနေတာလဲ မသိပါဘူးကွာ၊ အဲ့ရန်ကိုင်က ဘာကောင်မို့လို့လဲ။ သူကများ ဒီလောကကြီးရဲ့ အားအကောင်းဆုံး ပညာရှင်တစ်ယောက် ဖြစ်လာမယ်လို့ ပြောရ…”
စကားဆုံးအောင် မပြောရသေးခင်မှာပဲ ထိုကျင့်ကြံသူ ရုတ်တရက် အေးခဲသွားခဲ့တယ်။ သူ့လည်ပင်းကို မမြင်နိုင်တဲ့ လက်ကြီးတစ်ဖက်က ဖျစ်ညစ်ထားသည့်အလား ထိုကျင့်ကြံသူမှာ စကားတစ်ခွန်းတောင် မပြောတော့ပါဘူး။
အားလုံး သူ့ဆီ လှည့်ကြည့်မိလိုက်တယ်၊ ဒါပေမယ့် လှည်ကြည့်လိုက်တဲ့ ကျင့်ကြံသူအားလုံးရဲ့ မျက်နှာ ဖြူဆွတ်သွားခဲ့တယ်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ ထိုကျင့်ကြံသူရဲ့ မျက်နှာတစ်ခုလုံး မည်းနက်လာတာကို သူတို့အားလုံး တွေ့လိုက်ရတယ်။ အဆိပ်ခတ်ခံလိုက်ရသည့်အလား သူ့မျက်ဝန်းတွေက နီရဲလာခဲ့ပြီး ဒွါရပေါက် ခုနှစ်ပေါက်ကနေ သွေးတွေ စီးကျလာခဲ့တယ်။
နောက်တစ်ခဏ ကြာပြီးနောက် စွမ်းအင်တစ်ခုက ထိုကျင့်ကြံသူရဲ့ ဦးခေါင်းထက်ကနေ ပျံသန်းထွက်လာခဲ့ပြီး အခန်းတစ်ခုလုံးကို လှည့်ပတ် ပျံသန်းနေခဲ့တယ်။ လူကြီးရဲ့ မျက်ဝန်းတွေကတော့ တလက်လက် တောက်ပလို့ နေခဲ့ပါတယ်။
သက်လတ်ပိုင်းလူကြီးက သူ့ပါစပ်ကို ဟလိုက်ပြီး ထိုစွမ်းအင်ကို သူ့ကိုယ်ထဲ တိုက်ရိုက်စုပ်ယူလိုက်တယ်။
ထိုစွမ်းအင်ကို မြိုချပြီးတာနဲ့ အရိုးပေါ် အရေတင် ဖြစ်နေတဲ့ သက်လတ်ပိုင်းလူကြီးရဲ့ ခန္ဓာကိုယ်က ရုတ်တရက် အသားတွေနဲ့ ပြန်ပြည့်ဝလာခဲ့တယ်။ သူ့ကိုယ်က ပိန်နေသေးပေမယ့် အရင်ကလိုမျိုး ပလေရိုး မဟုတ်တော့ပါဘူး။
ဘုတ်ဆိုတဲ့ မြည်သံနဲ့အတူ မျက်နှာတစ်ခုလုံး မည်းနက်နေတဲ့ ကျင့်ကြံသူ ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ သူသေသွားခဲ့လေပြီ။
အားလုံးရဲ့ နှလုံးသားထဲ ကြောက်ရွံ့မှုတို့ ကိန်းအောင်း လာခဲ့တယ်။ ဒုတိယထပ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ရေခဲလိုဏ်ဂူတစ်ခုခဲ ရောက်သွားသလို ခံစားလိုက်ရတယ်။
ထိုလူကြီး ဘယ်လို သေသွားခဲ့လဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် အခုလက်ရှိ အဖြစ်အပျက်တွေအရ ထိုလူကြီးကို သတ်သွားတဲ့ လက်သည် တရားခံက ထိုထိတ်လန့် ချောက်ချားဖွယ် ကောင်းတဲ့ သက်လတ်ပိုင်း လူကြီးမှန်း အားလုံး သိနေခဲ့ကြပါတယ်။
ချောက်ချားမှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှုတို့က ယှတ်သိုင်းနေတဲ့ လေထုက ဒုတိယထပ်တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့တယ်။
သက်လတ်ပိုင်းလူကြီးက ခေါင်းငုံ့လိုက်တယ်၊ ပြီးနောက် ချောက်ချားစရာ ရယ်မောသံကြီး တစ်သံက သူ့လည်ချောင်းဆီကနေ ထွက်ပေါ်လာခဲ့တယ်။ ထိုရယ်သံကြီး ထွက်ပေါ်လာတာနဲ့ ဘေးပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးရဲ့ သွေးစွမ်းအားတို့ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ပြီး သူတို့သွေးတွေလည်း ဆူပွက်လာနေသလို ခံစားလိုက်ရတယ်။
“ကျဲ ကျဲ ကျဲ ကျဲ…”
စိုးထိတ်စရာ ရယ်သံကြီးက တဖြည်းဖြည်းနဲ့ ပိုပို ကျယ်လောင်လာခဲ့တယ်။
“ဒီလူအိုကြီးက ဆာလောင်နေခဲ့တာ၊ မင်းတို့က ကိုယ့်ကိုယ်ကို လာပြီး ပေးကမ်းနေမှတော့ ဒီလူအိုကြီးကလည်း ယဉ်ကျေးမနေတော့ဘူး။ အခုလိုမျိုး ဖြစ်သွားလို့ သခင်လေး မေးရင်တောင် ဒီလူအိုကြီးမှာ အကြောင်းပြချက် ကောင်းကောင်း ရှိသွားခဲ့ပြီ” သက်လတ်ပိုင်း လူကြီးက ထိုင်ခုံမှာပဲ ထိုင်နေရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
ရုတ်တရက်ဆိုသလို ဒုတိယထပ်၌ သွေးပန်းများစွာတို့ ပွင့်လန်းလာခဲ့ပြီး များစွာသော ကျင့်ကြံသူတွေရဲ့ ကိုယ်လုံးတွေလည်း သွေးမြူတွေအဖြစ် ပေါက်ကွဲ ထွက်သွားခဲ့တယ်။
ကိုယ်တွင်းအင်္ဂါတွေ ကြမ်းပြင်ထက် ပြန့်ကျဲနေခဲ့ပြီး နံရံတွေဆိုရင်လည်း သွေးတွေနဲ့ ရဲနေခဲ့တယ်။ အလောင်းတစ်ခုချင်းစီကနေ စွမ်းအင်လုံးလေး တစ်ခုစီ ထွက်ပေါ်လာခဲ့ပြီး ထိုစွမ်းအင်လုံးလေးတွေ အကုန်လုံးကို သက်လတ်ပိုင်းလူကြီးက အလျင်အမြန်ပဲ ဝါးမြိုပစ်လိုက်တယ်။
သက်လတ်ပိုင်းလူကြီးရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပြည့်ဖြိုးလာခဲ့တယ်၊ မကြာခင်မှာပဲ လူကြီးက တောင့်တင်းကြံ့ခိုင်ပြီး ရုပ်ချောချာ လူတစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့တယ်။ မပြောင်းလဲပဲ ကျန်ခဲ့တဲ့ တစ်ခုတည်းသော အရာဆိုလို့ သူ့ရဲ့ အေးစက်ပြီး စူးရှတဲ့ မျက်ဝန်းတစ်စုံပဲ ရှိပါတော့တယ်။
တဒင်္ဂအတွင်းမှာပဲ ဒုတိယထပ်တစ်ခုလုံးက ငရဲခန်းတစ်ခု အသွင်ပြောင်းလဲ သွားခဲ့ပြီး ကျင့်ကြံသူနှစ်ဆယ်မက သေဆုံးသွားခဲ့တယ်။
အသက်ရှင်နေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကတော့ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ကြတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ ထွက်ပြေးဖို့ မကြိုးစား ရဲခဲ့ပါဘူး။ ပြန်ခံတိုက်ဖို့ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။ အားလုံးက သွေးပျက်ချောက်ချား ကြောက်လန့်မှု အပြည့်နဲ့သာ သက်လတ်ပိုင်းလူကြီးကို ငေးစိုက်ကြည့်နေခဲ့ကြတယ်။
“မလုံလောက်သေးဘူး” သက်လတ်ပိုင်းလူကြီးက သူ့ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး ဗိုက်မဝသေးတဲ့ အမူအရာမျိုးနဲ့ အသက်ရှင်ကျန်ရစ်နေတဲ့ လူတွေကို ဝေ့ကြည့်လိုက်တယ်။
သူ့မျက်ဝန်းအစုံက လူအုပ်ကြီး တစ်ခုလုံးကို ဝေ့ကြည့်သွားတာနဲ့ ထိုကျင့်ကြံသူတွေ အကုန်လုံး ချက်ချင်း ဒူးထောက်ချလိုက်ပြီး အသက်ချမ်းသားပေးဖို့ ကြောက်အားလန့်အားနဲ့ တောင်းပန်ကြပါတော့တယ်။
သက်လတ်ပိုင်းလူကြီးလည်း တုန့်ဆိုင်းသွားခဲ့တယ်။ ထို့နောက် အကြောင်းပြချက် အချို့ကြောင့် ထိုလူတွေကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တယ်။ သူ့ခန္ဓာကိုယ်က အနက်ရောင် မြူခိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ် သွားခဲ့တယ်။
သူထွက်သွားပြီတာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျင့်ကြံသူတွေ အကုန်လုံး တစ်ယောက်ကို တစ်ယောက် အံ့အားသင့်တကြီး ငေးစိုက်ကြည့်လိုက်ကြတယ်။ သူတို့တွေကို ဘာလို့ လွှတ်ပေးလိုက်မှန်း သူတို့ထဲက ဘယ်သူမှ နားမလည်ခဲ့ကြပါဘူး။
ထိုလူအိုကြီးရဲ့ ရက်စက်တဲ့ နည်းလမ်းတွေအရက သူက လူဒါဇင်လောက်ကို မျက်တောင် တစ်ချက်တောင် မခတ်ပဲ သတ်မယ့်လူမျိုးပါ။ ဒါပေမယ် ထိုလူကြီးက သူတို့ကို ဒီအတိုင်း လွှတ်ပေးခဲ့ပါတယ်။
ကျင့်ကြံသူတွေ သူတို့အချင်းချင်း ပြန်စစ်ဆေးကြည့် ကြတဲ့အခါ အသက်ချမ်းသာရ ရခဲ့တဲ့လူတွေ အကုန်လုံးက ရန်ကိုင်ကို ထောက်ခံခဲ့တဲ့ လူတွေ ဖြစ်နေတာကို သူတို့တွေ တွေ့ရှိလိုက်ရတယ်။ လျူချင်းယောင်ကို ထောက်ခံခဲ့တဲ့ လူတွေအကုန်လုံးကတော့ ငရဲမင်းနဲ့ သွားတွေ့နေခဲ့ရပါပြီ။
ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ သူတို့အားလုံး ကောင်းကင်ဘုံကို ကျေးဇူးတင်မဆုံး ဖြစ်နေခဲ့တယ်။
အခုမှပဲ ကြမ်းပြင်ပေါ်နဲ့ သူတို့ကိုယ်ပေါ် စွန်းထင်းကပ်ပေ နေတဲ့ သွေးတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို သတိပြုမိသွားခဲ့ပြီး ကျင့်ကြံသူတွေ အကုန်လုံး စားပြီးသမျှ အကုန် ပြန်အန်ထုတ်ကြပါတော့တယ်။
ထိုကျင့်ကြံသူတွေက အခုလိုသွေးလွှမ်းတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြတဲ့ အတွေ့အကြုံ မရှိတဲ့ လူတွေ မဟုတ်ကြပါဘူး၊ ဒါပေမယ့် ဒီလောက် သွေးပျက် ချောက်ချားဖွယ်ကောင်းတဲ့ မြင်ကွင်းမျိုးကိုတော့ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။
ကြမ်းပြင်တစ်ခုလုံး အသားစတွေနဲ့ ပြည့်နေခဲ့ပါတယ်…
စားသောက်ဆိုင် အပြင်ဘက်၌ အနက်ရောင် မြူခိုးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သက်လတ်ပိုင်း လူတစ်ယောက်ဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။ ကီလိုမီတာတစ်ထောင် အကွာအဝေးမှာ ရှိနေတဲ့ စစ်ပွဲမြို့တော်ဆီ လှမ်းငေးကြည့်လိုက်ရင်း သွားပေါ်အောင် ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “ဒီလောက် အချိန်ကြာသွားတော့၊ ငါ့ရဲ့ ရုပ်ရည်အသစ်ကို မြင်လိုက်တာနဲ့ သခင်လေး အံ့ဩသွားမလား မသိဘူး”
ပြောပြီးတာနဲ့ သူ့အမူအရာ သုန်မှုန်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “နောက်ကျလို့ သခင်လေး ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ရတာပဲ။ အစောကြီး ကတည်းကသာ သိခဲ့ရင် ဒီလူအိုကြီး တိမ်မိစ္ဆာနယ်မြေမှာ အရမ်းအကြာကြီး နားမနေခဲ့ပါဘူးကွာ…”
Martial Peak
အပိုင်း(၄၇၂)
သူ့သခင်လေး အကြောင်းတွေးရင်း သက်လတ်ပိုင်း လူကြီးရဲ့ အမူအရာ ရှုပ်ထွေးလာခဲ့တယ်။
တကယ်တမ်း ပြောရရင် သူနဲ့သူ့သခင်လေးကြားက ဆက်ဆံရေးက အရမ်းကြီး ကောင်းမွန်တယ်လို့ ပြောလို့ မရပါဘူး။ သူတို့ စတွေ့တဲ့ အချိန်တုန်းက သူက သူ့သခင်လေးရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ် အပိုင်သိမ်းတာ ရှုံးနိမ့်သွားခဲ့ရုံမက သူ့သခင်လေး ဆိုသူရဲ့ အစေခံတောင် ဖြစ်သွားခဲ့ရပါသေးတယ်။
ဒီလိုနဲ့ သက်လတ်ပိုင်းလူကြီးက အစေခံဘဝ ရောက်သွားခဲ့ပါတယ်။ အစေခံဘဝ ရောက်သွားခဲ့တဲ့ အချိန်အတွင်း သက်လတ်ပိုင်းလူကြီးက နာနာခံခံနဲ့ သစ္စာရှိရှိ ပြုမူနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သခင်လေးဆိုတဲ့ သူလက်ကနေ လွတ်မြောက်နိုင်ပြီး သူ့လွတ်လပ်မှုကို ပြန်ရနိုင်မယ့် နည်းလမ်းတစ်ခုကို အမြဲတစေ ရှာဖွေ နေခဲ့တာပါ။
ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ သူ့ရဲ့ သခင်လေးက ဘယ်လောက်တောင် အလားအလာ ကြီးမားကြောင်း၊ ပါရမီ ကြီးမားကြောင်းကို သိလာခဲ့တယ်။ သူ့မှတ်ဥာဏ်တွေ အကုန်အစင်ကို ပြန်မရသေးပေမယ့် သူ့ရဲ့ လူတွေကို ထိုးထွင်းမြင်နိုင်စွမ်းက ထက်ရှနေတုန်းပါပဲ။
သခင်လေးက သာမန်လူတွေနဲ့ လုံးဝကို မတူပါဘူး။ သခင်လေး တစ်ကိုယ်လုံးက ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နေတာပါ။ သူ့သခင်လေးနောက် နေ့ရော၊ညပါ လိုက်ပါနေခဲ့တာတောင် ထိုလျှို့ဝှက်ဆန်းကြယ်မှုတွေကို ထိုးဖောက် မမြင်နိုင်ခဲ့ပဲ ပိုပိုပြီးတော့သာ စိတ်ရှုပ်ထွေး လာခဲ့ရပါတယ်။ ဒီလိုနဲ့ သူ့သခင်လေး ဘယ်အတိုင်းအတာထိ တိုးတက်ကြီးထွားလာမလဲ ဆိုတာကို သူ့မသိစိတ်က သိချင်မိလာခဲ့တယ်။
နောက်ပိုင်း ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေမှာ မိစ္ဆာအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက် သူ့သခင်လေးက သူ့ဝိဥာဉ်ကို ထိုခန္ဓာကိုယ်အား အပိုင်းသိမ်းခွင့် ပေးခဲ့ပါတယ်။
ရိုးရိုးသားသား ပြောရရင် ထိုအချိန်တုန်းက သူ့သခင်လေးက သူ့အကြံအစည်တွေကို သံသယ ဝင်သွာပြီး သူ့အား ထိုခန္ဓာကိုယ်ကို အပိုင်သိမ်းခွင့် မပေးမှာကို သက်လတ်ပိုင်းလူကြီး စိုးရိမ်နေခဲ့ရပါသေးတယ်။
ကံကောင်းစွာနဲ့ပဲ သခင်လေးက သူ့ကို ခွင့်ပြုပေးခဲ့ပါတယ်။
သခင်လေးရဲ့ အပြုအမူကြောင့် သူ့စိတ်ထဲ သခင်လေးကို ကျေးဇူးတင်မိသွားခဲ့တယ်။
ထိုအကြောင်းကို ပြန်တွေးမိရင်း သခင်လေးက သူ့အပေါ် တော်တော်လေး သဘေားထားကြီး ပေးခဲ့တာပဲလို့ သက်လတ်ပိုင်း လူကြီးတွေးလိုက်တယ်။ မိစ္ဆာအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို ရယူနိုင်ခဲ့တာက သူ့ကို တော်တော်လေး အကူအညီ ဖြစ်စေပါတယ်။ တကယ်တော့ သူ့ရဲ့ ဝိဥာဉ် သက်သက်နဲ့သာ ဆိုရင် သူ့သခင်လေးကို ဆန့်ကျင်မိရင် ဟိုက သူ့ကိုသတ်ဖို့ အတွေးတစ်ချက်ပဲ လိုတာလေ။
စိတ်ဒုံးဒုံး ချလိုက်ပြီးနောက် သက်လတ်ပိုင်း လူကြီးရဲ့ အမူအရာက တည်ငြိမ်သွားခဲ့ပြီး ဆက်ပြီး တုန့်ဆိုင်းမနေတော့ပါဘူး။
ဒါပေမယ့်… သူ့ဘာသာ ဒီအတိုင်း ပြန်သွားရင် သိပ်ပြီး မသင့်တော်ပါဘူး။ သခင်လေးက အရင်အချိန်တွေတုန်းက ခင်ဗျားဘာလုပ်နေခဲ့တာလဲလို့ မေးလာခဲ့ရင် သူဘယ်လို ပြန်ဖြေရမှာလဲ။ တိမ်မိစ္ဆာနယ်မြေမှာ ပျော်ပါးနေရင်း သခင်လေးနဲ့ ထားခဲ့တဲ့ ကတိကို မေ့သွားခဲ့တာပါလို့ ပြန်ပြောလို့လည်း မဖြစ်ပါဘူး၊ ဟုတ်တယ်မလား။
မျက်မှောင် ကြုံ့လိုက်ပြီး ခဏလောက်ကြာအောင် စဉ်းစားလိုက်တယ်။ ခဏကြာပြီးနောက် သက်လတ်ပိုင်း လူကြီးက သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို အလျင်အမြန်ပဲ ဖြန့်ကျက်လိုက်တယ်။
အနီးအနားမှာ ဆင်ခြေပေးလို့ ရမယ့် အရာတစ်ခုခု၊ ဒါမှမဟုတ် လူတစ်ယောက်ယောက်လောက် ရှိမလားဆိုတာကို သိချင်လို့ အခုလို လုပ်လိုက်တာပါ။ ဒါပေမယ့် အနီးအနာတစ်ဝိုက်ကို သူ့ရဲ့ ကောင်းကင် စိတ်အာရုံနဲ့ ဖြန့်ကျက်ကြည့်လိုက်တဲ့အခိုက် သက်လတ်ပိုင်း လူကြီးရဲ့ ဝိဥာဉ် အနည်းငယ်လောက် တုန်ခါသွားခဲ့တယ်။ အဝေးတစ်နေရာကနေ ရင်းနှီးနေတဲ့ ဝိဥာဉ်လှိုင်း လှုပ်ခါမှုတွေကို သူလှမ်းခံစားမိလိုက်ပါတယ်။
“အန်” သက်လတ်ပိုင်း လူကြီးရဲ့ မျက်နှာထက် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ဝိဥာဉ်လှိုင်း လှုပ်ခတ်မှု ထွက်ပေါ်လာတဲ့ နေရာဆီ လှမ်းကြည့်လိုက်တယ်။
မကြာခင်မှာပဲ တစ်ခုခုကို သတိရသွားလိုက်ကာ သူ့မျက်နှာထက် ဥာဏ်များသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ဝိဥာဉ်လှိုင်း ထွက်ပေါ်လာတဲ့ အရပ်ဆီ ပျံသန်းသွားလိုက်တယ်။
ကီလိုမီတာ၁၀၀ အကွာအဝေးမှာတော့ အဖွဲ့တစ်ဖွဲ့က ထွက်ပြေးနေခဲ့တယ်။
ထိုအဖွဲ့မှာ လူများများစားစား မရှိပါဘူး။ စုစုပေါင်း ၃၀လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ထိပ်ဆုံးက ဦးဆောင်နေတဲ့ လူမှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပြီး ကျန်တဲ့ လူတွေကတော့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေပဲ ဖြစ်ကြပါတယ်။
သူတို့ ပတ်လည်၌ လူများစွာ ရှိနေခဲ့ပြီး ထိုလူတွေက သူတို့နောက် လိုက်ဖမ်းနေရင်း ဖြည်းဖြည်းချင်း စက်ဝိုင်းပုံစံ အဖြစ် ပြောင်းလဲနေခဲ့ကြတယ်။ ထိုလူတွေက ချက်ချင်း တိုက်ခိုက်မယ့် အရိပ်အယောင် မပြပဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့ကြတယ်။
ဝိုင်းထားတဲ့ ကျင့်ကြံသူတွေက အဖွဲ့တစ်ခုတည်းက မဟုတ်ဘဲ အဖွဲ့ပေါင်းများစွာက လာခဲ့ကြတဲ့ ပုံပါပဲ။ တစ်ဖွဲ့ချင်းစီက အခြားအဖွဲ့တွေကို သတိချပ်ပြီး စောင့်ကြည့်နေခဲ့ကြတယ်။
“အဲ့လူတွေက တဝီဝီလုပ်နေတဲ့ ယင်ကောင်တွေလိုပဲ၊ ဘယ်လိုမှကို မျက်ခြေဖျတ်လို့ မရဘူး။ အဲ့သေနာကောင်တွေ ငါတို့နောက် လိုက်နေတာ ဆယ်ရက်တောင် ရှိနေပြီ” လူအုပ်ထဲက မိန်းမလှလေး တစ်ယောက်က ခါးခါးသီးသီးနဲ့ စောဒက တက်လိုက်တယ်။
“ဟုတ်တယ်၊ စိတ်ပျက်စရာကောင်းတဲ့ ပြဿနာကောင်တွေပဲ” သူမဘေးနာမှာ ရှိနေတဲ့ လူက မဲ့ပြုံးပြုံးကာ ပြောလိုက်တယ် “ဒီအတိုင်းသာ ဆက်ဖြစ်နေမယ် ဆိုရင် ငါတို့ စစ်ပွဲမြို့တော်ဆီ ရောက်တော့မှာ မဟုတ်ဘူး”
“တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းကြတာပေါ့” ထိုလူမှာလည်း အကြံးကောင်း တစ်ခုခုလောက် မရှိတဲ့ပုံပါပဲ။ ထို့ကြောင့် သူ့ရှေ့က အကြီးအကဲနောက်ကိုသာ လိုက်နေခဲ့ပါတယ်။
လမ်းလျှောက်နေစဉ် အေးစက်စက် အမူအရာနဲ့ နောက်ထပ် မိန်းမငယ်လေး တစ်ယောက် သူတို့ဘေးနားကို ရောက်လာခဲ့တယ်။ ထိုမိန်းမငယ်လေးက တင့်တယ်လှပသည့် ခါးကျဉ်ကျဉ်လေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ ပုံစံအသွင်အပြင် ကလည်း အချိုးအစား ပြီးပြည့်စုံစွာ ထုဆစ်ထားတဲ့ ပန်းပုရုပ်လေး တစ်ရုပ်နှယ် တကယ်ကို ကြည့်ကောင်း လှပါတယ်။ ထိုမိန်းမငယ်လေးကလည်း ရှားပါးတဲ့ အလှဂဟေး တစ်ယောက်ပါပဲ၊ ဒါပေမယ့် သူမရဲ့ လက်တွေကို အဝတ်စနဲ့ စီးနှောင် ထားတဲ့အတွက် သူမလက်တွေက ဘယ်လိုဘယ်ပုံစံ ရှိလဲဆိုတာကို မမြင်နိုင်တော့ပါဘူး။
သူမသာမက၊ အဖွဲ့ထဲက လူတော်တော်များများရဲ့ လက်တွေကို အဝတ်စတွေနဲ့ စည်းနှောင် ထားကြပါတယ်။ သူတို့ရဲ့ လက်တွေနဲ့ ပက်သက်ပြီး ထုတ်ဖော်ပြသလို့ မရတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတဲ့ပုံပါပဲ။
“စီနီယာအစ်ကိုထောင်၊ မလွှတ်မြောက်နိုင်တော့ရင် ငါတို့ကို ခွဲသွားကြမယ်လေ” မိန်းမပျိုလေးရဲ့ မျက်ဝန်းအစုံက အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။ ဒီရက်အတောအတွင်း ခွေးလိုနွားလို တရစပ် ပြေးနေရတာကြောင့် သူမတိုရဲ့ စိတ်ရှည်မှု အတိုင်းအတာလည်း ကုန်ဆုံးသွားခဲ့ပါပြီ။
“အဲ့လူတွေရဲ့ ပစ်မှတ်က ငါတို့ တစ္ဆေဘုရင် တောင်ကြားပဲလေ။ ငါတို့သာ ခွဲသွားရင် နင်တို့ရဲ့ ရတနာဂိုဏ်းကို သူတို့ ပြဿနာရှာကြမှာ မဟုတ်ဘူး”
ဒါပေမယ့် ထောင်ရန်က ခေါင်းရမ်းကာ ပြန်ပြောလိုက်တယ် “ဂျူနီယာညီမလန်၊ နင့်အတွေးတွေက အရမ်းကို ရိုးရှင်းလွန်းတယ်။ အဲ့လူတွေက နင်တို့ တစ္ဆေဘုရင်တောင်ကြားက လူတွေကြောင့် ငါတို့နောက် လိုက်နေတာလို့ နင်ထင်နေတာလား”
“ငါတို့ တစ္ဆေဘုရင်တောင်ကြား ကြောင့်ချည်း မဟုတ်ပေမယ့် ငါတို့ကြောင်လည်း ပါတယ်လေ” လန်ရှန်းက ကိုးယိုးကားယား အမူအရာနဲ့ ပြန်ပြောလိုက်တယ်။ သူမက အရူးတစ်ယောက် မဟုတ်တဲ့အတွက် ထိုလူတွေက သူမတို့နောက် တောက်လျှောက်လိုက်ပြီး မကြာခဏ ခြိမ်းခြောက် နေကြပေမယ့် သူတို့ကို မတိုက်ခိုက်ရတဲ့ အဓိကအကြောင်းပြချက်က ရတနာဂိုဏ်းကို ရန်စမိသွားမှာ ကြောင့်မှန်း သူမ သိထားပါတယ်။
တစ္ဆေဘုရင်တောင်ကြားက သူတို့ရဲ့ လက်ရှိ အပြုအမူကို တရားမျှတဟန် ပေါက်သွားအောင်လို့ ပေးတဲ့ ဆင်ခြေ တစ်ခုသက်သက်ပါပဲ။
ဒီတစ်ကြိမ်တော့ ငါတို့ အမှားကြီးတစ်ခု လုပ်မိလိုက်ပြီးနဲ့ တူတယ်
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက အမွေခံတိုက်ပွဲ စပြီ ဖြစ်တဲ့သတင်းတွေ တိမ်မိစ္ဆာနယ်မြေဆီ ပြန့်လာခဲ့ပါတယ်။ တစ္ဆေဘုရင်တောင်ကြားက လူတွေလည်း ထိုသတင်းကို ကြားလိုက်ရပါတယ်။
ချန်ယွဲ့ရှုလိုပဲ ရန်ကိုင်နာမည်ကို လန်ရှန်း ကြားလိုက်တဲ့ အချိန် သူမလည်း သံသယမကင်း ဖြစ်သွားခဲ့ပါတယ်။ အဲ့ရန်သခင်လေးက သူမတို့နဲ့ ရင်းနှီးခဲ့တဲ့ ရန်ကိုင် ဟုတ်မဟုတ် သူမလည်း မသေချာပါဘူး။
နောက်ပိုင်း ထပ်ခါထပ်ခါ စုံးစမ်းပြီးနောက် ထိုရန်သခင်လေးက သူမတို့ သိတဲ့ ရန်ကိုင်မှန်း လန်ရှန်း သိလိုက်တယ်။
တစ္ဆေဘုရင်တောင်ကြားရှိ လန်ရှန်းရဲ့ အဆင့်အတန်းက မနိမ့်ကျပါဘူး။ ထို့ကြောင့် ဂိုဏ်းက အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး အမွေခံတိုက်ပွဲမှာ သွားယှဉ်ပြိုင်ခွင့်ပေးဖို့ အကြီးအကဲဂူလီကို သွားတောင်ဆိုခဲ့ပါတယ်။
သူမရဲ့ တောင်းဆိုချက်ကို ဂူလီချက်ချင်းပဲ ငြင်းဆန်ခဲ့ပါတယ်။
တစ္ဆေဘုရင်တောင်ကြားက တိမ်မိစ္ဆာနယ်မြေက ဂိုဏ်းတစ်ခုပါ။ ထိုတပည့်တွေ အနေနဲ့ ကိုယ်နေမြေကို ကျော်ပြီး ထွက်သွားခဲ့ရင် အဆုံးအသတ် ကောင်းလိမ့်မှာ မဟုတ်ပါဘူး။ ဗဟိုမြို့တော်ဆီ သွားပြီး အမွေခံတိုက်ပွဲမှာ သွားယှဉ်ပြိုင်ဖို့ကိုတော့ လုံးဝကို ခွင့်မပြုနိုင်ပါဘူး။
လန်ရှန်းရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ရုံသာမက သူမကိုပါ အကျယ်ချုပ် ချထားလိုက်ပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ရောက်မှာ သူမကို လွှတ်ပေးမယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။
မကြာခင်မှာပဲ သူမရဲ့ စီနီယာအစ်ကို ချန်ရီနဲ့ ချန်ရင်တို့က သူမကို တိုးတိုးတိတ်တိတ် လွှတ်ပေးခဲ့တယ်။ ပြီးတာနဲ့ သူမတို့ သုံးယောက်က မိစ္ဆာလိုဏ်ဂူအတွင်း ရန်ကိုင်ရဲ့ အကူအညီကို ရရှိခဲ့တဲ့ တပည့်တွေကို ဦးဆောင်ပြီး တစ္ဆေဘုရင်တောင်ကြားကနေ ခိုးထွက်ကာ ဗဟိုမြို့တော်ဆီ စတင် ခရီးထွက်ပါတော့တယ်။
အားလုံးက ရန်ကိုင်ကို အသက်ကြွေး တင်ထားတဲ့ အတွက် တစ်နည်းနည်းနဲ့ ပြန်ပြီး ပေးဆပ်ချင်တာပါ။ မိစ္ဆာလိုဏ်ဂူမှာတုန်းက ရန်ကိုင်ကြောင့်သာ မဟုတ်ရင် သူတို့အားလုံး အကြိမ်တစ်ထောင်လောက်တောင် သေပြီးနေ လောက်နေပါပြီ။
ကံမကောင်းစွာနဲ့ တစ္ဆေဘုရင်တောင်ကြား အဖွဲ့သားတွေရဲ့ ပုံစံက အရမ်းကို သိသာလွန်းနေခဲ့ပါတယ်။
သူတို့ လက်တွေက တစ္ဆေတစ်ကောင်ရဲ့ လက်တွေလို သွေးမရှိပဲ ဖြူစွတ်နေခဲ့ပါတယ်။ ထို့ကြောင့် သူတို့ကို မြင်လိုက်တာနဲ့ သူတို့တွေက မိစ္ဆာဂိုဏ်းကမှန်း အားလုံး တန်သိသွားကြမှာပါ။ အဲ့လိုသာ ဆိုရင် အမဲလိုက်သလို အလိုက်ခံရပြီး ရက်ရက်စက်စက် အသတ်ဖြတ် ခံရမယ့် ကံကြမ္မာကနေ ရှောင်လွှဲလို့ ရနိုင်လိမ့်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် တစ္ဆေဘုရင်တောင်ကြား တပည့်တွေ အကုန်လုံးက သူတို့ရဲ့ လက်တွေကို အဝတ်ဖြူတွေနဲ့ စည်းထားခဲ့ကြပါတယ်။ ထို့ကြောင့် သူတို့ပုံစံက နည်းနည်း ထူးဆန်းနေပေမယ့် သူတို့ ဘယ်ကလာလဲ ဆိုတာကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။
လန်ရှန်းတစ်ယောက်ကလွဲပြီး သူတို့ထဲက ဘယ်သူမှ တိမ်မိစ္ဆာနယ်မြေကနေ မထွက်ခွါဖူးပါဘူး။ ထို့ကြောင့် တိမ်မိစ္ဆာနယ်မြေက ထွက်လာပြီး ဟန်မင်းဆက်ထဲ ဝင်လာတာနဲ့ သူတို့တွေ အကုန်လုံး ခေါင်းမပါတဲ့ ယင်ကောင်တွေလို ဖြစ်ကုန်ကြပါတယ်။
နောက်ဆုံး ခေါင်းခြောက်အောင် စဉ်းစားပြီးနောက် ရတနာဂိုဏ်းဆီ သွားပြီး ထောင်ရန်ကို သွားရှာဖို့ ချန်ရီ ဆုံးဖြတ်လိုက်တယ်။ ပြီးတာနဲ့ ရတနာဂိုဏ်းရဲ့ နာမည်ကို အခွင့်ကောင်းယူပြီး ဗဟိုမြို့တော်ဆီ သွားမယ်ပေါ့။
ရတနာဂိုဏ်းက ထောင်ရန်နဲ့ ကျန်တဲ့လူတွေက ရန်ကိုင်ကို ကျိန်းသေ သွားကူညီကြလိမ့်မယ်လို့ သူတို့ အားလုံး တွေးမိလိုက်ကြတယ်။
ရန်ကိုင်ရဲ့ ဆတ်သားဆီကနေ ထောင်ရန် စာရခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဂိုဏ်းက အကြီးအကဲတွေကို မစည်းရုံးနိုင် ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် ရန်ကိုင်ကို သွားထောက်ပံ့ကူညီ ချင်တယ်ဆိုရင် သူရဲ့ ဂိုဏ်းတူ တပည့်တွေကိုပဲ အားကိုးရပါတော့မယ်။
တစ္ဆေဘုရင်တောင်ကြား အဖွဲ့ ရတနာဂိုဏ်းဆီ ရောက်လာတဲ့အချိန်က ထောင်ရန် စိတ်ညစ် နေတဲ့အချိန်ပါ။ ထို့ကြောင့် လန်ရှန်းနဲ့ ချန်ရီတို့ ရောက်လာတာကို မြင်လိုက်တာနဲ့ ထောင်ရန် ပျော်သွားခဲ့ပြီး သူတို့အတွက် ပုန်းစရာနေရာ တစ်နေရာ ခပ်မြန်မြန်ပဲ ပြင်ဆင် ပေးလိုက်ပါတယ်။
ရတနာဂိုဏ်းမှာ နေနေတဲ့ အချိန်အတောအတွင်း လန်ရှန်းနဲ့ ထောင်ရန်တို့ အဖွဲ့သားတွေက ရတနာဂိုဏ်းက အကြီးအကဲတွေကို နည်းမျိုးစုံသုံးပြီး စည်းရုံးသိမ်းသွင်း ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ထိုအကြီးအကဲတွေကို သူမတို့ စည်းရုံးလို့ ရသွားခဲ့ပါတယ်။
အဲ့နောက် သူတို့အားလုံး ထွက်ခွါလာလိုက်ကြတယ်။
ဒါပေမယ့် ရတနာဂိုဏ်းကထွက်ပြီး သိပ်မကြာခင်မှာပဲ သူတို့နောက်ကို လူပေါင်းများစွာ နောက်ယောင် ခံလိုက် နေတာကို သူတို့ အာရုံခံမိလိုက်တယ်။
ရတနာဂိုဏ်းက ဆေးဘုရင်တောင်ကြားလိုပဲ အရမ်းကို စည်ကြားလှပါတယ်။ နေ့စဉ်နေ့တိုင်း ရတနာဂိုဏ်းဆီ ဝင်ထွက်သွားလာနေတဲ့ ကျင့်ကြံသူများစွာ ရှိကြပါတယ်။ ဒါပေမယ့် ထိုလူအဖွဲ့ကတော့ ကွဲပြားပါတယ်။ သူတို့တွေက သူတို့သွားတဲ့နောက်ကိုသာ လိုက်နေခဲ့ပြီး တစ်ခါမှ အနီးကပ် မလာခဲ့သလို့ သူတို့နဲ့လည်း တစ်ခါမှ စကား လာမပြောခဲ့ပါဘူး။
တစ်ရက်လောက် ကြာပြီးနောက် ရတနာဂိုဏ်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က မနေနိုင်တော့ပဲ တိုက်ရိုက် ကောက်မေးလိုက်တယ်။ အဲ့တော့မှပဲ ထိုလူတွေကို ဗဟိုမြို့တော်က ရန်သခင်လေးတွေ လွှတ်လိုက်တာမှန်း သူတို့ သိလိုက်ရတယ်။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေက ရန်ကိုင်ကို ထောက်ခံပေးမယ့်လို့ ကြေညာပြီးသွားပါပြီ။ ထို့ကြောင့် လက်နက်သန့်စင်တဲ့ ရတနာဂိုဏ်းကို သူတို့ဘက် အပါဆွဲခေါ်ရပါတော့မယ်။
ရန်ကျောင်း၊ ရန်ခန်း၊ ရန်ရှန်း၊ ရန်ရင်နဲ့ အကြီးဆုံး အစ်ကိုဖြစ်တဲ့ ရန်ဝေ အပါအဝင် သခင်လေး တစ်ယောက်ချင်းစီက အဖွဲ့တစ်ခုစီ စေလွှတ်ခဲ့ကြတယ်။
ဒါပေမယ့် ထောင်ရန်နဲ့ ကျန်တဲ့လူတွေက သူတို့ ဖိတ်ခေါ်တာကို ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာလဲ။
ငြင်းဆန်လိုက်ပေမယ့် ထိုလူတွေက သူတို့နားကနေ ထွက်မသွားခဲ့ကြပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သတိမပြတ် စောင့်ကြည့်ရင်း သူတို့နောက်ကိုသာ ဒီအတိုင်း လိုက်လာ နေခဲ့ကြပါတယ်။
ရက်အနည်းငယ် ကြာပြီးနောက် သူတို့အတွက် အခွင့်အရေး တစ်ခု ထွက်ပေါ်လာခဲ့တယ်။
တစ္ဆေဘုရင်တောင်ကြားက တပည့်တစ်ယောက်က သူ့ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မတော်တဆ ထုတ်ဖော်မိသွားခဲ့ပါတယ်။
“ပညာရှင်ဝူ၊ ခင်ဗျားသာ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို လက်လွှဲပေးသရွေ့ ခင်ဗျားတို့ရဲ့ ဂိုဏ်းကို အရှက်မရေစေဘူလို့ ကျုပ်အာမခံတယ်။ တကယ်တော့ လက်နက် သန့်စင်တယ် ဆိုာ ရှာပါးတဲ့ ပညာရပ်တစ်ခုပဲလေ။ ခင်ဗျားတို့ကို ဒုက္ခရောက်အောင် ကျုပ် ကျိန်းသေ လုပ်မှာ မဟုတ်ပါဘူး” လူအုပ်ကြီးထဲကမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ကျင့်ကြံသူတစ်ယောက်က အပြုံးလေးနဲ့ ပြောလိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ ကျန်တဲ့ အဖွဲ့သားတွေ အကုန်လုံး ခေါင်းညိတ် ထောက်ခံလိုက်ကြတယ်။ ခင်ဗျားတို့သာ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို လက်လွှဲပေးသရွေ့ ကျုပ်တို့ကလည်း ခင်ဗျားတို့ မိစ္ဆာဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းနေတာကို ထုတ်ဖော်မှာ မဟုတ်ဘူးလို့ ထိုလူက သွယ်ဝိုက်ပြောလိုက်တာပါ။
ရတနာဂိုဏ်းက တပည့်တွေကို ဦးဆောင်လာတဲ့ ဝူရန်က ပြန်ပြီးတော့သာ နှာခေါင်းရှုံ့လိုက်တယ်။
ထိုလူတွေ ဘာလုပ်ချင်နေလဲ ဆိုတာကို သူမသိပဲ ဘယ်နေပါ့မလဲ။ ထိုလူရဲ့ ရည်ရွယ်ချက်ကို နားလည်ထားလို့ပဲ သူက ပြန်ဖြေဖို့ကို မကြိုးစားခဲ့တာပါ။
“ထောင်ရန်၊ ဒီကိုလာဦး” ဝူရန် လုံးဝကို ဒေါသထွက်နေခဲ့တယ်။ ဒေါသကို ဖွင့်ထုတ်ဖို့ နေရာကလည်း မရှိ ဖြစ်နေတာနဲ့ သူ့ဂျူနီယာကို ဒေါသတကြီး အော်ခေါ်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။
ထောင်ရန် လည်ပင်လေး ပုဝင်သွားခဲ့ပြီး ချက်ချင်းပဲ ရှေ့ကို ပြေးတက်သွားလိုက်ကာ လေးလေးစားစားနဲ့ မေးလိုက်တယ် “ဦးလေး ဘာပြောချင်လို့လဲ”
ဝူရန်က အပြုံးမဟုတ်တဲ့ အပြုံးတစ်ခုကို ဆင်မြန်းရင်း မေးလိုက်တယ် “ကောင်စုတ်လေး၊ မင်းသတ္တိက မသေးပါလား၊ ဟန့်။ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ ကိုတောင် ခိုလှုံခွင့်ပေးထားရဲတယ် ဆိုတော့ ကဲ ဒီကိစ္စနဲ့ ပက်သက်ပြီး မင်ငါ့ကို ဘယ်လို အကြောင်းပြချက် ပေးဖို့ စီစဉ်ထားလဲ”
တစ္ဆေဘုရင်တောင်ကြား တပည့်တစ်ယောက်ရဲ့ လက်ကို မြင်လိုက်ခဲ့ရတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်ကမှပဲ ထိုလူတွေ ဘယ်သူတွေလဲ ဆိုတာကို ဝူရန် သိသွားခဲ့တာပါ။
သူသာ အစေားကြီးကတည်းက ကြိုသိနေခဲ့ရင် လန်ရှန်းနဲ့ ကျန်တဲ့လူတွေကို ရတနားဂိုဏ်းမှာ နေခိုင်းခဲ့ပါ့မလား။ ဘယ်နေခိုင်းပါ့မလဲ။
ထောင်ရန်က ငြင်းဆန်ဖို့ မကြိုးစားခဲ့ပဲ ရယ်ရယ်မောမော နဲ့သာ ပြန်ပြောလိုက်တယ် “ဦးလေးဝူ၊ သူတို့တွေ အကုန်လုံးက ကျုပ်သွေးသောက် ညီအစ်ကိုတွေလေဗျာ။ ကျွန်တော်ရယ်၊ ဂျူနီယာညီမကျောင်းရုန်ရယ်၊ ကျုပ်ရဲ့ ဂျူနီယာညီလေးရယ်၊ မိစ္ဆာလိုဏ်ဂူဆီ သွားခဲ့တုန်းက သူတို့တွေက ကျွန်တော်တို့ကို ကူညီပေးခဲ့တယ်။ မဟုတ်ရင် အခုအချိန်လောက်ဆို ကျွန်တော်တို့တွေ အကုန်လုံး တမလွန်ကို ခရီးထွက်နေရလောက်ပြီ”
ဝူရန်က မျက်တောင်ပုတ်ခတ် ပုတ်ခတ်နဲ့ ပြန်မေးလိုက်တယ် “အဲ့တုန်းက ရန်ကိုင်ကပဲ မင်းတို့တွေ အကုန်လုံးကို ကူညီပေးခဲ့တာလို့ မင်းပြောခဲ့တာ မဟုတ်ဘူး။ အခုကျမှ တစ္ဆေဘုရင်တောင်ကြား အဖွဲ့တွေ ဘယ်လိုလုပ်ပြီး ဖြစ်သွားရတာလဲ။ မင်းပြောတာ ဘယ်ဟာအမှန်လဲ”
“သူတို့တွေ အကုန်လုံးဆီက ကျွန်တော်တို့ကို ကူညီပေးခဲ့တာလေ။ အကုန်လုံးနော်” ထောင်ရန်က သာမန်ကာလျှံကာ အမူအရာနဲ့ “ဘာပဲဖြစ်ဖြစ် ဦးလေးဝူရာ၊ ကျွန်တော်တို့ရဲ့ ရတနာဂိုဏ်းက ဆေးဘုရင်တောင်ကြားလိုပဲ စီးပွါးရေးကိုပဲ ဂရုစိုက်ကြတာလေ။ ကျွန်တော်တို့ရဲ့ ဧည့်သည့်တွေက အမှန်တရား လမ်စဉ်ဘက်က လူတွေဖြစ်ဖြစ်၊ မိစ္ဆာဖြစ်ဖြစ် ဘာတွေကို ဂရုစိုက်နေစရာ လိုလို့လဲ။ အဲ့ဒါတွေက ကျွန်တော်တို့အတွက် ဘာမှ ထူးခြားတာမှ မဟုတ်တာ”
“ဟန့်၊ ဘာပဲဖြစ်ဖြစ် အခုလို ဖြစ်လာရတာ မင်းအပြစ်ကြောင့်ပဲ။ ဒီအခြေအနေကို ဖြေးရှင်းပေးဖို့ နည်းလမ်းတစ်ခုခု ရှာထားပေတော့၊ မဟုတ်ရင် ပြန်ရောက်တာနဲ့ ဂိုဏ်းကနေ မင်းကို ငါကိုယ်တိုင် မောင်းထုတ်ပစ်မယ်”
“အဲ့လို မပြောပါနဲ့ ဦးလေးဝူရာ၊ ကျွန်တော်လည်း အတတ်နိုင်ဆုံး နည်းလမ်းတစ်ခု ရှာနေတာပဲကို” ထောင်ရန်က စိတ်ဓါတ်ကျနေတဲ့ အမူအရာလေးနဲ့ ပြန်ပြောလိုက်တယ်။
“နည်းလမ်းတစ်ခုလောက် တွေ့ပါစေလို့သာ မင်းဆုတောင်းထားပေတော့”
Martial Peak
အပိုင်း(၄၇၃)
ထောင်ရန်လည်း နည်းလမ်း ရှာမရ ဖြစ်နေခဲ့တယ်။
တစ္ဆေဘုရင်တောင်ကြားက လူတွေ အကုန်လုံးက ဂျူနီယာတွေချည်းပါပဲ။ ရတနာဂိုဏ်းမှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ရောက်နေတဲ့ အကြီးအကဲ တော်တော် များများ ပါလာခဲ့ပါတယ်။ သူတို့ သယ်ဆောင်ထားတဲ့ အမျိုးမျိုးသော လက်နက်တွေ အားကောင်းတယ် ဆိုပေမယ့် ရတနာဂိုဏ်းက တိုက်ခိုက်ရာမှာ မကျွမ်းကျင်ကြပါဘူး။ ထို့ကြောင့် တကယ်တမ်း တိုက်ခိုက်ကြမယ် ဆိုရင် သူတို့တွေ အကုန်လုံး ထိုလူတွေရဲ့ ပြိုင်ဘက် မဖြစ်နိုင်ကြပါဘူး။
သူတို့သာ ရန်ကိုင်ဆီ တိတ်တဆိတ် သတင်းပို့နိုင်ခဲ့ရင် ရန်ကိုင်က သူ့အဖွဲ့သားတွေကို ခေါ်လာပြီး သူတို့ကို ကျိန်းသေ လာကူညီလိမ့်မယ်လို့ ထောင်ရန် လုံးဝကို ယုံကြည်ချက် ရှိပါတယ်။ အဲ့လိုသာ ဆိုရင် စစ်ပွဲမြို့တော်ကို သွားဖို့ကလည်း ပိုပြီး လွယ်ကူသွားခဲ့ပါပြီ။
ဒါပေမယ့် အခုလက်ရှိ အခြေအနေကနေ ရန်ကိုင်ဆီ သွားသတင်းပို့နိုင်မယ့် လူတစ်ယောက်မှ ရှိမနေခဲ့ပါဘူး။
“စီနီယာအစ်ကိုထောင်၊ ကျွန်မတို့ကြောင့် စီနီယာတို့ကိုပါ ဒုက္ခရောက်စေမိပြီ” လန်ရှန်းက အားတုံ့အားနာ အမူအရာလေးနဲ့ ပြောလိုက်တယ်။ သူမနဲ့ ချန်ရီက ထောင်ရန်ဆီကနေ အကူအညီ တောင်းဖို့ကိုပဲ စဉ်းစားနေခဲ့တာပါ။ မိစ္ဆာလိုဏ်ဂူက အဖြစ်အပျက် ပြီးနောက် ထောင်ရန်နဲ့ သူ့အဖွဲ့သားတွေက တစ္ဆေဘုရင်တောင်ကြားမှာ တစ်ခဏလောက်ကြာအောင် နေထိုင်ခဲ့ပါတယ်။ ထို့ကြောင့် အားလုံးက တစ်ယောက်နဲ့ တစ်ယောက် တော်တော်လေး ရင်းနှီးသွားခဲ့ကြပြီး သူတို့တွေက ရန်သူတွေ ဖြစ်နေတယ် ဆိုတဲ့အချက်ကိုပါ မေ့လျော့သွားခဲ့ကြတယ်။
“စိတ်ပူမနေပါနဲ့။ ဦးလေးဝူက ဒေါသထွက်နေတုန်း မို့လို့ပါ။ ငါ့ကို ဂိုဏ်းထဲကနေ တကယ်နှင်ထုတ်မှာ မဟုတ်ဘူး” ထောင်ရန်က သူ့လက်ကို ဝေ့ရမ်းလိုက်ပြီး သာမန်ကာ လျှံကာ လေသံနဲ့ ပြောလိုက်တယ်။
ရတနာဂိုဏ်းရဲ့ တပည့်အရေအတွက်က အရမ်းကို နည်းပါးလှပါတယ်။ စုစုပေါင်းမှ ၁၀၀လောက်ပဲ ရှိတာပါ။ တပည့်လက်ခံပြီ ဆိုရင်လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးမှ လက်ခံလေ့ရှိတာပါ၊ သူတို့ရဲ့ စမ်းသပ်စစ်ဆေးမှုက ဆေးဘုရင်တောင်ကြားထက်တောင် ပိုပြီး တင်းကြပ်တယ်ပါသေးတယ်။
ထို့ကြောင့် ရတနာဂိုဏ်းက တပည့်တွေက လက်နက် သန့်စင်ရာမှာ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းနဲ့ ပါရမီကို ပိုင်ဆိုင်ထားကြပါတယ်။ ထောင်ရန်က ရတနာဂိုဏ်း လူငယ်မျိုးဆက်ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။
ရတနာဂိုဏ်းက သူတို့ရဲ့ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ထောင်ရန်ကို အားကိုးနေရတာပါ။ ထို့ကြောင့် ဝူရန်က ထောင်ရန်ကို ဘယ်လိုလုပ်ပြီး နှင်ထုတ်ရက်မှာလဲ။
ပြောပြီးတာနဲ့ ထောင်ရန်ရဲ့ အမူအရာ သုန်မှုန်သွားခဲ့တယ်။ အဖွဲ့ငါးဖွဲ့က သူတို့ကို ပဉ္စဂံပုံစံအတိုင်း ဝန်းရံထားကြပါတယ်။ မသိရင် သူတို့ကို လိုက်ပါ စောင့်ရှောက်နေတဲ့ သက်တော်စောင့်တွေပေါ့၊ ဒါပေမယ့် အစစ်အမှန်မှာတော့ သူတို့အားလုံး ချောင်ပိတ်မိနေခဲ့တာပါ။
တိုက်ခိုက်ဖို့လား၊ မဖြစ်နိုင်ဘူး။ စကားပြောဖို့လား၊ ဒါလည်း မဖြစ်နိုင်ဘူး။ သူတို့က ငါတို့ပြောတာကို နားထောင်မှာ မဟုတ်ဘူး
ပြီးတော့ စစ်ပွဲမြို့တော်နဲ့ နီးကပ်လာလေ သူတို့ရဲ့ သည်းခံနိုင်စွမ်းလည်း ကုန်ဆုံးလာခဲ့ပါတယ်။ သူတို့ မျက်ဝန်းထဲက အကြည့်တွေက ပိုပိုပြီး အန္တရာယ် များလာခဲ့ပါတယ်။
ရတနာဂိုဏ်းရဲ့ ဂုဏ်သတင်းက ဆေးဘုရင် တောင်ကြားလောက် မမြင့်မားပါဘူး။ ဆေးဘုရင် တောင်ကြား အဖွဲ့သားတွေ အပြင်ထွက်ရင် သူတို့ကို ဘယ်သူကမှ ရန်မစရဲပါဘူး။
ရတနာဂိုဏ်းက ဂုဏ်သတင်း ကြီးမားတယ် ဆိုပေမယ့် သူတို့ကို မျက်လုံးထဲ မထည့်တဲ့ လူအချို့ ရှိပါသေးတယ်။
ဒီနှစ်တွေအတွင်း ရတနာဂိုဏ်းကို တိုက်ခိုက် သိမ်းပိုက်ချင်နေတဲ့ အင်အားစု အရေအတွက်ကို ရေတောင် မရေတွက် နိုင်ပါဘူး။ အချို့က စေ့စမ်းညှိနှိုင်းချင်ကြသလို၊ အချို့က ကမ်းလှမ်းတောင်းဆိုကြတယ်၊ အချို့ကတော့ ပရိယာမာယာတွေ၊ လှည့်ကွက်တွေကို အသုံးပြုကြပြီး အချို့ကတော့ ပြောင်ပြောင်တင်းတင်းပဲ ခြိမ်းခြောက် ကြပါတယ်။
ကံကောင်းစွာနဲ့ ရတနာဂိုဏ်းမှာ အဆက်အသွယ် အများကြီး ရှိနေခဲ့လိုပေါ့။ အဲ့ဒါကြောင့်ပဲ သူတို့ ဂိုဏ်းဆက်ပြီး တည်ရှိနေနိုင်သေးတာပါ။
ဒါပေမယ့် ဒီအတိုင်း ရေရှည်ဆက်သွားလို့ မဖြစ်ပါဘူး။ သူတို့ဂိုဏ်း ဆက်လက် ရပ်တည်နိုင်ဖို့ဆိုရင် အားကောင်းတဲ့ အင်အားစု တစ်ခုခုရဲ့ အရိပ်အောက်ကို ခိုဝင်ဖို့လိုပါတယ်။
ဒီအကြောင်းကြောင့်ပဲ ရတနာဂိုဏ်းရဲ့ အကြီးအကဲတွေက ထောင်ရန်တို့အဖွဲ့ကို အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ခွင့် ပြုလိုက်တာပါ။ သူတို့သာ ရန်ကိုင်နဲ့ နည်းနည်း ပါးပါး ညှိနှိုင်းနိုင်သရွေ့ ဒီကပ်ဆိုးကို မဖြေရှင်းနိုင်ပဲ မနေပါဘူး။
သူတို့အဖွဲ့ နောက်ထပ် နာရီဝက်လောက်ကြာအောင် ပျံသန်းနေခဲ့ပြီးနောက် အခုဆို စစ်ပွဲမြို့တော်နဲ့ ကီလိုမီတာ၈၀၀လောက်ပဲ ကွာဝေးပါတော့တယ်။
အခုအချိန်၌ ရန်သခင်လေး ငါးယောက် လွှတ်လိုက်တဲ့ အဖွဲ့ငါးဖွဲ့လည်း စိတ်ရှည်တော့တဲ့ပုံ မရတော့ပါဘူး။ အားလုံးက တိတ်တဆိတ်နဲ့ အကြည့်ချင်း ဖလှယ်နေခဲ့ကြတယ်။
ရတနာဂိုဏ်းနဲ့ တစ္ဆေဘုရင်တောင်ကြားက လူတွေလည်း ထိုအချက်ကို သတိပြုမိတဲ့အတွက် ချက်ချင်းပဲ ထိုလူတွေရဲ့ လှုပ်ရှားမှုကို သတိထား စောင့်ကြည့်နေလိုက်တယ်။
ဟုတ်ပါတယ်၊ ထိုလူတွေ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ အစောပိုင်းတုန်းက စကားပြောခဲ့တဲ့ ဘယ်ဘက်အစွန်ဆုံး အဖွဲ့မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ကျင့်ကြံသူက အေးစက်စက်နဲ့ လှမ်းအော်ဟစ် လိုက်တယ် “ဆရာဝူ၊ ခင်ဗျားတို့ဂိုဏ်းက ဒီမိစ္ဆာဂိုဏ်းသား တွေနဲ့ ဆက်ပြီး ပူးပေါင်းချင်နေတဲ့ပုံပဲ။ ဆရာဝူက သူတို့ကို ကျုပ်တို့လက် မအပ်ချင်ဘူး ဆိုမှတော့ ကျုပ်တို့လည်း ရွေးချယ်စရာ မရှိတော့ဘူးပေါ့။ ကျုပ်တို့ဘက်က လွန်သွားခဲ့တာများ ရှိခဲ့ရင် ဆရာဝူတို့ဘက်ကပဲ သဘောထား ကြီးပေးဖို့ မျှော်လင့်ပါတယ်”
ထိုစကားကို ဝူရန် ကြားလိုက်တာနဲ့ သူ့အမူအရာ ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့ပြီး “မင်းဘာလုပ်ချင်နေတာလဲ”
ထိုလူက ရယ်မောလိုက်ပြီး “အကောင်းနဲ့အဆိုး ဆိုတာ ယှဉ်တွဲနေထိုင်လို့ မရဘူးလေ။ ကျုပ်က အဲ့မိစ္ဆာတွေကို အပြစ်ပေးချင်ရုံ သက်သက်ပါ။ ဆရာဝူ၊ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေချင်ရင် ခင်ဗျားတို့ အဖွဲ့သားတွေ ဘေးဖယ်နေရင် ကောင်းလိမ့်မယ်”
ဝူရန်က လှောင်ပြောင်လိုက်တယ် “ငါ့နောက်မှာ ရှိနေတဲ့ လူအားလုံးက မိစ္ဆာအဖွဲ့သားတွေလို့ မင်းပြောချင် နေတာတော့ မဟုတ်ဘူးမလား။ သူတို့ ပြန်တိုက်တိုက်၊ မတိုက်တိုက်၊ မင်းတို့က သူတို့အကုန်လုံး ဖမ်းခေါ်သွားမှာပဲလေ၊ မဟုတ်ဘူးလား”
“ကျုပ် အဲ့လို ဘယ်လိုလုပ်ပြီး လုပ်ရဲမှာလဲ” ထိုလူက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အနည်းဆုံးတော့ ထောင်ရန်က ခင်ဗျားတို့ဂိုဏ်းက လူမှန်း ကျုပ်သိတယ်လေ။ ကျန်တဲ့လူတွေကတော့ စစ်ဆေးကြည့်ပြီးရင် သိလာမှာပေါ့”
ထိုစကားကို ကြားလိုက်တာနဲ့ ထိုလူက တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို ဖမ်းဆီးဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အားလုံးကို ဖမ်းဆီးဖို့ ကြိုးစားနေချင်နေတာကို ဆိုတာကို အားလုံး သိလိုက်ကြတယ်။ ဘယ်သူ့ကိုမှ မသတ်ပဲ ဒီအတိုင်း ဖမ်းချုပ်ထားသရွေ့ ထိုအဖိုးတန်တဲ့ လက်နက် ပညာရှင်တွေကို သူတို့ဂိုဏ်းဆီ ပြန်ခေါ်သွားနိုင်တယ်။
ပိုဆိုးတာက တိုက်ပွဲ ဖြစ်လာခဲ့ရင် သူတို့ဘက်က ဘာမှ လုပ်ဆောင်လို့ မရပါဘူး။ ထောင်ရန်နဲ့ ကျန်တဲ့ လူတွေက ဘေးကနေ ရပ်ကြည့်နေရမှာပါ။ သူတို့သာ ဝင်ပါလိုက်ရင် သူတို့ရဲ့ အပြုအမူအတွက် အကြောင်းပြချက် ကောင်းကောင်း ရအောင် သွားလုပ်ပေးလိုက်သလို ဖြစ်နေပါလိမ့်မယ်။
သူတို့လုပ်လိုက်တဲ့ ကွဲပြားခြားသည့် အပြုအမူတွေက တစ်ခုတည်းသော ရှောင်ရှားမရနိုင်တဲ့ တစ်ခုဆီပဲ ဦးတည်းသွားနေခဲ့ပါတယ်။
ဝူရန်ရဲ့ အမူအရာသုန်မှုန်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “ဒီကပ်ဆိုးကို ငါတို့ ရတနာဂိုဏ်းက ရှောင်လွှဲလို့ မရနိုင်တော့တဲ့ ပုံပဲ။ တိုက်ပွဲစတဲ့ အချိန်ထိ စောင့်လိုက်၊ တိုက်ပွဲစတာနဲ့ ထွက်ပြေးဖို့ နည်းလမ်း တစ်ခုရှာ၊ မထွက်ပြေးနိုင်ရင် မခုခံနဲ့။ သူတို့ မင်းတို့ကို သတ်မှာ မဟုတ်ဘူး။ ထောင်ရန်၊ မင်းစစ်ပွဲမြို့တော်ဆီကိုသွားပြီး ရန်ကိုင်ကို သွားရှာလိုက်။ ပြီးရင် အခုဒီမှာ ဖြစ်ပျက်နေတဲ့ အကြောင်းကို သူ့ဆီ ပြောပြပြီး အကူအညီ တောင်းလာလိုက်”
“တပည့်ရဲ့ တာဝန်ကို မကျရှုံးစေရပါဘူး” ထောင်ရန်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်တယ်။
“ပြီးတော့ သူ့ကို ထပ်ပြောလိုက်၊ ငါတို့ ရတနာဂိုဏ်းက တပည့်တစ်ယောက် ဆုံးရှုံးသွားခဲ့ရင် ဒီလူအိုကြီးကို သူ့ဘဝတစ်လျှောက်လုံး လက်နက်တစ်ခုတောင် သန့်စင်ပေးဖို့ မမျှော်လင့်တော့နဲ့လို့” ဝူရန်က ထပ်ပြောလိုက်တယ်။
“ဆရာဝူ၊ ခင်ဗျား ဆုံးဖြတ်ပြီးသွားပြီလား” ထိုလူက လှောင်ပြောင်လိုက်ပြီးနောက် လှမ်းအော်ပြောလိုက်တယ် “အဲ့လို ဆိုမှတော့ ကျုပ်တို့ရဲ့ အပြုအမူအတွက် ခွင့်လွှတ်ပေးပါလို့ပဲ တောင်းဆိုရတော့မှာပေါ့”
သူ့အသံ ပျောက်ကွယ်သွားတာနဲ့ အဖွဲ့ငါးဖွဲ့မှာ ရှိနေတဲ့ လူတွေအကုန်လုံး တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက အဖွဲ့သားတွေဆီ ပြေးဝင်သွားလိုက်တယ်။
ဒီတစ်ကြိမ် ရတနာဂိုဏ်းက လူနှစ်ဆယ်ကျော်ကို စေလွှတ်လိုက်ပါတယ်။ လက်နက်သန့်စင်တဲ့ ပညာရှင် အယောက်၂၀ဆိုတဲ့ အရေအတွက်က မသေးလှပါဘူး။ ရန်သခင်လေး တစ်ယောက်ချင်းစီက အနည်းဆုံး လူသုံး၊လေး၊ငါးယောက်လောက် ရနိုင်ပါတယ်။
ရတနာဂိုဏ်းနဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ အကုန်လုံး သူတို့ဆီ ပြေးဝင်လာနေတဲ့ လူအုပ်ကြီးကို ကြည့်ရင်း အနည်းငယ် စိုးထိတ်သွားခဲ့ကြတယ်။ ဝူရန်ရဲ့ ညွှန်ကြားချက်အတိုင်း ထွက်ပြေးဖို့ လုပ်နေတုန်းမှာပဲ ပုံရိပ်တစ်ခုက အားလုံးရဲ့ ခေါင်းထက် ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
ထိုလူက တော်တော်လေးကို ထူးဆန်းပါတယ်။ သူဘယ်လို ပေါ်လာလဲ ဆိုတာကို ဘယ်သူမှ သတိမပြုမိပါဘူး။ သူက ဒီမှာတစ်ချိန်းလုံး ရှိနေခဲ့ပြီး အခုမှ ကိုယ်ထင်ပြလာခဲ့တဲ့ ပုံပါပဲ။
ထိုလူပေါ်လာတာနဲ့ ကြောက်မက်ဖွယ် စိတ်စွမ်းအင် တစ်ခုက လူအုပ်တစ်ခုလုံးပေါ် သက်ဆင်းလာခဲ့တယ်။
အဖွဲ့ငါးဖွဲ့မှာ ရှိနေတဲ့ လူတွေအကုန်လုံး ဒယီးဒယိုင် ဖြစ်ကုန်ကြပြီး တစ်ယောက်ချင်းစီက မှင်သက်နေတဲ့ အမူအရာနဲ့ သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်ပြီး ကြောက်မက်ဖွယ်ဖိအားကို ခပ်မြန်မြန်ပဲ ခုခံလိုက်ရတယ်။ အားလုံး တုန်ရီနေခဲ့ကြပြီး ကြောက်ကြောက်လန့်လန့်နဲ့ ရုတ်တရက် ထွက်ပေါ်လာခဲ့တဲ့ လူရိပ်ကို ငေးကြည့်နေခဲ့ကြတယ်။
ရတနာဂိုဏ်းနဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ အကုန်လုံး စိတ်ရှုပ်သွားခဲ့ကြတယ်။
အထူးသဖြင့် လန်ရှန်းပေါ့၊ ထိုလူထွက်ပေါ်လာတဲ့ အချိန်မှုပဲ သူမစိတ်ထဲ တလှပ်လှပ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဘာဖြစ်သွားလို့သွားမှန်း မသိရသေးခင်မှာပဲ ထိုတလှပ်လှပ် ခံစားချက်က ချက်ချင်းပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။
လေထဲဝဲနေတဲ့ သက်လတ်ပိုင်းလူကြီးကို သင်္ကာမကင်းတဲ့ အမူအရာနဲ့ ငေးကြည့်ရင်း လန်ရှန်း မျက်မှောင် ကြုံ့မိလိုက်တယ်။
တစ်ဖက်လူက သူမဆီ တစ်ချက် လှည့်ကြည့် လာလိုက်ပြီး ရင်းရင်းနှီးနှီး ပြုံးပြလိုက်ပြီးနောက် ချက်ချင်းပဲ အကြည့်လွှဲသွားခဲ့တယ်။
နောက်… အေးစက်၊ ရက်စက်၊ သွေးဆာတဲ့ အရှိန်အဝါ တစ်ခုက သက်လတ်ပိုင်းလူကြီးဆီကနေ ပေါက်ကွဲ ထွက်လာခဲ့ပြီး ခပ်ညစ်ညစ် အမူအရာနဲ့ ရယ်မောလိုက်ရင်း “လူအများကြီးက နည်းနည်းလေးကို အနိုင်ကျင့်နေတာ၊ တကယ်ကို စိတ်ဝင်စားစရာပဲ”
သူ့သဘောထားက သာမန်ဆန်ပါတယ်၊ ရင်းနှီးမှုလည်း မရှိသလို ရန်လိုသည့် အမူအရာမျိုးလည်း မပြပါဘူး။ သူ့ပုံစံက လမ်းကြုံဖြတ်သွားရင်း ပြပွဲကောင်းတစ်ခုကို တွေ့လိုက်ရလို့ လမ်းကြုံဝင်ကြည့်တဲ့ မဟာညာရှင် တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။
ဘယ်သူမှ ပြန်မပြောရဲခဲ့ပါဘူး၊ ထိုရက်စက်ပြီး သွေးဆာမှုတွေ ပြည့်နေတဲ့ ဖိအားနဲ့ ရင်ဆိုင်နေရချိန် နည်းနည်းလောက် အာရုံစူးစိုက်မှု ကင်းမဲ့သွားတာနဲ့ ဆိုးရွားလွန်းတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။
ဝရုန်းသုန်းကား ဖြစ်တော့မယ့် မြင်ကွင်းက ရုတ်တရက် တည်ငြိမ်သွားခဲ့တယ်။ အဖွဲ့ငါးခုမှာ ရှိနေတဲ့ လူတွေအကုန်လုံးရဲ့ မျက်နှာအမူအရာ အရုပ်ဆိုးနေခဲ့တယ်။ အားလုံးက လေပေါ်ဝဲနေတဲ့ သက်လတ်ပိုင်းလူကြီးကို ကြောက်ရွံ့တုန်လှုပ်မှု အပြည့်နဲ့ ငေးစိုက်ကြည့်နေခဲ့ကြတယ်။ ချွေးအေးတို့ကလည်း သူတို့ နဖူးထက်ကနေ ရေတံခွန်အလား တောက်လျှောက်ကို စီးကျနေလို့ပါ။
“မင်းတို့အားလုံး နားပင်းနေကြတလား” သက်လတ်ပိုင်းလူကြီးရဲ့ အမူအရာ သုန်မှုန်သွားခဲ့ပြီး အကျယ်ကြီး အော်ဟစ်လိုက်တယ်။
ထိုအော်သံက မိုးချိန်းသံတစ်ခုအလား၊ ကြားလိုက်ရတဲ့ လူတိုင်းရဲ့ နားဆီကနေ သွေးတွေစီးကျသွားစေခဲ့တယ်။ အားလုံး ဒယိမ်းဒယိမ် နောက်ဆုတ်လိုက်ကြပြီးတော့မှပဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မတ်တပ်ရပ်လိုက် နိုင်ခဲ့တယ်။ အခု အားလုံးက ထိုသက်လတ်ပိုင်းလူကြီးကို ပိုပြီး ထိတ်လန့် ကြောက်ရွံ့သွားခဲ့ပါပြီ။
သူတို့ထဲက ဘယ်သူမှ စကားမပြောပဲ အားလုံးကသာ အအတွေလို လုပ်နေခဲ့ရင် အခြေအနေက ပိုပြီး ဆိုးရွားသွားနိုင်တယ် ဆိုတာကို အားလုံး သိလိုက်ကြတယ်။
အဖွဲ့ငါးခုထဲက အားအကောင်းဆုံး လူငါးယောက်က တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အစောပိုင်းတုန်းကပဲ စကားပြောခဲ့တဲ့ လူက တုန်တုန်ရီရီနဲ့ ရှေ့တက်လိုက်ပြီး လေးလေးစားစားနဲ့ မေးလိုက်တယ် “စီနီယာရဲ့ နာမည်တော်ကို သိလို့ရပါမလား။ ဒီနိမ့်ကျတဲ့ တစ်ယောက်က ဆိတ်ငြိမ်အလင်းဂိုဏ်းက လဲ့ကျုတ်…”
သူ့ကိုယ်သူ ပြီးအောင် မိတ်မဆက် ရသေးခင်မှာပဲ သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုံ့ရင်း စိတ်ပျက်နေတဲ့ လေသံနဲ့ ကြားဖြတ်ပြောလိုက်တယ် “ဆိတ်ငြိမ်အလင်းဂိုဏ်း၊ တစ်ခုမှ မကြားဖူးဘူး”
ဆိတ်ငြိမ်အလင်းဂိုဏ်းက ပထမအဆင့် အင်အားစု တစ်ခုပါ၊ ဒါပေမယ့် တည့်တိုးကြီး အထင်လာသေး ခံနေရတော့ လဲ့ကျုတ်လည်း မပျော်မရွှင် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ထိုရက်စက်တဲ့ လူကြီးရဲ့ ရှေ့မှာ ဒေါသထွက်တဲ့ အရိပ်အယောင် နည်းနည်းလေးမှ မပြရဲပါဘူး။ ကိုးယိုးကားယား ရယ်မောလိုက်ပြီးတော့သာ ဆက်ပြောဖို့ ကြိုးစားလိုက်တယ် “ဗဟိုမြို့တော် ရန်မိသားစုက ဒုတိယ သခင်လေးကို ထောက်ပံ့ပေးဖို့အတွက် ကျုပ်တို့ ဒီကို ရောက်နေခဲ့တာပါ”
သက်လတ်ပိုင်းလူကြီးရဲ့ ခွန်အားက ကြောက်မက်ဖွယ် ကောင်းတဲ့အပြင် ထိုလူကြီး ရိုင်းစိုင်းပြီး မောက်မာတယ် ဆိုတာကို လဲကျုတ် နားလည်ထားပါတယ်။ ထိုလူက မျက်လုံး ခေါင်းပေါ် တက်ပေါက်နေတဲ့ လူစားမျိုးပါ။ ဒါပေမယ့် ဆိတ်ငြိမ်အလင်းဂိုဏ်းကိုတောင် ထိုလူကြီးက မျက်လုံးထဲ မထည့်တာ ဗဟိုမြို့တော်က ရန်မိသားစုဆိုရင်ရော ဘယ်လိုနေမလဲ။
ထိုလူကြီးကို နောက်ဆုတ် သွားစေချင်တဲ့အတွက် ဒုတိယရန်သခင်လေးကို ရည်ရွယ်ချက် ရှိရှိနဲ့ စကားထဲ ထည့်ပြောလိုက်တာပါ။
“ဒုတိယသခင်လေးလား” ထိုစကားကို ကြားလိုက်တာနဲ့ သက်လတ်ပိုင်းလူကြီး မျက်နှာထက် စိတ်ဝင်စားသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ပြီး “ရန်မိသားစုရဲ့ ဒုတိယသခင်လေးက ဘယ်သူလဲ”
“ရန်ကျောင်းပါ” ထိုလူကြီးက ပြုံးပြီး ပြန်ပြောလိုက်တယ်။ ရန်မိသားစုကို စကားထဲ ထည့်ပြောလိုက်တာ မှန်သွားတယ်လို့ တွေးကာ လဲ့ကျုတ် စိတ်သက်သာရာ ရသွားခဲ့တယ်။
“မင်းတို့ကကော” သက်လတ်ပိုင်းလူကြီးက အခြား အဖွဲ့တွေဆီ လှည့်ကြည့်လိုက်ပြီး မေးလိုက်တယ်။
အားလုံးက အလျင်အမြန် ရှေ့တက်လာခဲ့ပြီး သူတို့ ထောက်ခံထားတဲ့ သခင်လေး အသီးသီးရဲ့ နာမည်တွေကို ထုတ်ပြောလိုက်ကြပါတယ်။
ထိုရန်သခင်လေး နာမည်အမျိုးမျိုးကို ကြားလိုက် ရပြီးနောက် သက်လတ်ပိုင်းလူကြီးရဲ့ ပြုံးနေတဲ့ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာခဲ့တယ်။ မုန်တိုင်း မလာခင် မိုးတိမ်မည်းတွေ စုဝေးလာသလို သက်လတ်ပိုင်း လူကြီးရဲ့ အမူအရာက တဖြည်းဖြည်းနဲ့ အေးစက်လာခဲ့တယ်။
မကောင်းတော့ဘူး… သက်လတ်ပိုင်း လူကြီးရဲ့ အမူအရာကို မြင်လိုက်တာနဲ့ အားလုံး တုန်ရီသွားခဲ့ပြီး သူတို့ကျောပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲသွားခဲ့တယ်။
“မင်းတို့လူတွေထဲ ရန်ကိုင်ကို ထောက်ပံ့ပေးနေတဲ့ လူတစ်ယောက်မှ မရှိကြဘူးပဲ” သက်လတ်ပိုင်းလူကြီးရဲ့ နှုတ်ခမ်းအစုံက လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့ပြီး သူ့မျက်ဝန်းထဲ ထက်ရှတဲ့ အလင်းတို့ လက်သွားခဲ့တယ်။
“စီနီယာ၊ ကျုပ်တို့က ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ သွားနေကြတာပါ” ထောင်ရန်က ရဲရဲဝံ့ဝံ့နဲ့ ရှေ့တက်လိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်တယ်။
“အန်” သက်လတ်ပိုင်းလူကြီးက ထောင်ရန်ကို လှည့်ကြည့်လိုက်တယ်။ သုန်မှုန်နေတဲ့ သူ့အမူအရာက ရုတ်ချည်း တောက်ပသွားခဲ့ပြီး ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ် “ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ မင်းတို့ အမြင်ရှိသားပဲ။ အရမ်းကောင်းတယ်၊ ရန်ကိုင်ကိုသာ ကောင်းကောင်း ထောက်ပံ့ပေးလိုက်၊ မင်းတို့ ကျိန်းသေ နောင်တ မရစေရဘူး”
“စီနီယာရဲ့ ချီးကျူးစကားအတွက် ကျေးဇူးအများကြီး တင်ပါတယ်” ထောင်ရန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြောလိုက်တယ်။
ဝူရန်က ထောင်ရန်ကို မကျေမချမ်းနဲ့ စူးစူးဝါးဝါး လှမ်းကြည့်လိုက်တယ်။ သူ့ပထမတပည့် လုပ်နေတဲ့ ပုံစံက သေမှာကို ကြောက်လို့ လုပ်နေတဲ့ လူတစ်ယောက်ရဲ့ ပုံစံနဲ့အတူတူပါပဲ။
သူ့အပြုအမူက သူတို့ ရတနာဂိုဏ်းကို တော်တော်လေး မျက်နှာပျက်သွားစေခဲ့လေပြီ။
“အင်း၊ မင်းတို့က ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ သွားနေတာ ဆိုတော့ ဒီလူအိုကြီးကလည်း ဒီအတိုင်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါတော့မလဲ” သက်လတ်ပိုင်းလူကြီးက အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “မင်းတို့ရဲ့ လုံခြုံရေးက ဒီလူအိုကြီးရဲ့ တာဝန်ပဲ”
ထိုစကားကို ကြားလိုက်တာနဲ့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ အကုန်လုံး ပျော်သွားခဲ့တယ်။ သေရေးရှင်ရေး အခြေအနေကို ရောက်နေတဲ့အချိန် ထိုကဲ့သို့ အာကောင်းတဲ့ ပညာရှင်တစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့ပြီး သူတို့ကို ကာကွယ်ပေးလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ စိတ်မကူးခဲ့ကြဖူးပါဘူး။ တစ်ယောက်ချင်းစီက လက်သီးဆုပ်ပြီး သက်လတ်ပိုင်းလူကြီးကို ကျေးဇူးတင်စကား ဆိုလိုက်တယ်။
သူတို့က ပျော်နေပေမယ့် အဖွဲ့ငါးဖွဲ့က လူတွေကတော့ မပျော်နိုင်တော့ပါဘူး။ ထိုလူရဲ့ ကြောက်မက်ဖွယ် စိတ်စွမ်းအင်ကို ခံစားမိပြီးနောက် ထိုသက်လတ်ပိုင်း လူကြီးက သူတို့ ရန်စလို့မရတဲ့ လူမှန်း အားလုံး သိလိုက်ကြတယ်။
လဲ့ကျုတ်က လက်သီးဆုပ်ပြီး အပြုံးတစ်ခုကို အားတင်းဖျစ်ညစ် ပြုံးလိုက်ရင်း “စီနီယာက ဝင်ပါလာမှတော့ ကျုပ်တို့ဘက်ကပဲ နောက်ဆုတ်ပေးရတော့မှာပေါ့။ နှုတ်ဆက်ပါတယ်”
ပြောပြီးတာနဲ့ သက်လတ်ပိုင်း လူကြီးကို မျက်နှာမူပြီး နောက်ပြန်ဆုတ်သွားလိုက်တယ်။
Martial Peak
အပိုင်း(၄၇၄)
အဖွဲ့ငါးဖွဲ့ကလူတွေ ခြေတစ်လှမ်း လှမ်းပြီးရုံပဲရှိသေး ခြောက်ကပ်ကပ် ရယ်သံကြီးတစ်သံက သူတို့ နားထဲ ပျံ့လွင့်လာခဲ့တယ်။
“ဒီလူအိုကြီးက မင်းတို့ကို သွားခိုင်းလို့လား” သက်လတ်ပိုင်းလူကြီးရဲ့ မျက်ဝန်းထဲ အေးစက်စက် အန္တရာယ်များသည့် အလင်းရောင်တို့ လက်သွားခဲ့ပြီး သူ့လေသံကလည်း သိသိသာသာကို တိုးကျသွားခဲ့တယ်။ ညို့မှိုင်းသည့် အရှိန်အဝါ တစ်ခုက သူ့ဆီကနေ ထွက်ပေါ်လာခဲ့ပြီး အားလုံးရဲ့ ကျောရိုးတစ်လျှောက်ကို စိမ့်တက်သွားစေခဲ့တယ်။
ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူတွေအကုန်လုံး သူတို့ရဲ့ ခြေလှမ်းတွေကို ချက်ချင်းပဲ ရပ်တန့်လိုက်ကြတယ်။ အကုန်လုံးရဲ့ မျက်နှာကြီးတွေ ဆိုရင် ရှုံ့မဲ့လို့ကို နေလို့ပါ။
“စီနီယာ ဘာများ ညွှန်ကြားချင်လို့ပါလဲ မသိဘူးဗျ” လဲ့ကျုတ်က အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်ရင်း မျက်မှောင်ကြုံ့ကာ ပြန်မေးလိုက်တယ်။
“ဒီလူအိုကြီးက ဒီနေ့စိတ်ကောင်းဝင်နေတော့ မင်းတို့ကို သတ်ရမှာ အရမ်းပျင်းနေတယ်” သက်လတ်ပိုင်းလူကြီးက ညစ်ပြုံး ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာနဲ့ “ဒါပေမယ့် မင်းတို့မှာ မျက်လုံးတွေ ရှိပေမယ့် မမြင်တတ်တော့ မျက်လုံးကန်းနေတဲ့ အရူးတွေကို အသက်ရှင်လျှက် ထားလို့ မရဘူးကွ။ မင်းတို့အားလုံးက လူရွေးမှားသွားပြီ ဆိုမှတော့ ဒီလူအိုကြီးကလည်း မင်းတို့ကို လျစ်လျူရှုထားလို့ မရတော့ဘူးလေ”
ထိုစကားကို ကြားလိုက်တာနဲ့ အဖွဲ့ငါးဖွဲ့က လူတွေ ပိုပြီး အရုပ်ဆိုးသွားခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ကျုပ်ဘာသာ ဘယ်သူ့ကို ရွေးရွေး ခင်ဗျားအပူပါလို့လား။ စီနီယာ၊ ခင်ဗျား သန်မာတယ် ဆိုတာ မှန်တယ်။ ဒါပေမယ့် ကျုပ်တို့ အများကြီးကို ခင်ဗျား တစ်ယောက်တည်းနဲ့ ရင်ဆိုင်ချင်တယ် ဆိုရင် ခင်ဗျားလည်း သက်သာမယ်လို့ ကျုပ်မထင်ဘူး။ စီနီယာအနေနဲ့ ရက်ရက်စက်စက် ပြုမူရမှကို ကျေနပ်မှာလား”
ထိုလူပြောလို့ ပြီးသွားတာနဲ့ အဖွဲ့ငါးဖွဲ့က လူတွေအကုန်လုံး တစ်စုတစ်ဝေးတည်း ဖြစ်သွားခဲ့ကြပြီး သက်လတ်ပိုင်းလူကြီးကို လေးနက်တဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်ကြတယ်။
ထိုကဲ့သို့ အားကောင်းလှတဲ့ ပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အချိန် သူ့တို့အနေနဲ့ အခုလို မလုပ်လို့ကို မရတော့ပါဘူး။ သက်လတ်ပိုင်းလူကြီးဘက်ပဲ နောက်ပြန် ဆုတ်သွားဖို့ သူတို့အားလုံး မျှော်လင့်နေခဲ့ကြတယ်။
ဒါပေမယ့် သက်လတ်ပိုင်းလူကြီးမျက်နှာထက် တုန့်ဆိုင်းနေသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ သူ့အကြည့်က ပိုပြီး စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်လာခဲ့ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ နောက်ဆုံးတော့ သတ်ဖြတ်ဖို့ ပစ်မှတ် လုံံလုံလောက်လောက် ရှိသွားခဲ့ပြီ”
ပြောပြီးတာနဲ့ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်တယ် “ကောင်းကင်ချုပ်နှောင်ခြင်းသွေးပင်လယ်”
သက်လတ်ပိုင်းလူကြီးရဲ့ နောက်၌ ကြက်သွေးရောင် တစ်ချက် လက်သွားခဲ့ပြီး ရဲရဲနီနေတဲ့ သွေးလှိုင်းလုံးတွေ ထွက်ပေါ်လာခဲ့ကာ အရပ်ရှစ်မျက်နှာဆီ ပြန့်နှံ့သွားခဲ့တယ်။
တုန့်ပြန်ချိန်တောင် မရသေးခင်မှာပဲ ဘေပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးကို သွေးပင်လယ်က ဖုံးအုပ်သွားခဲ့တယ်။
အားလုံး သွေးနီရောင်ကမ္ဘာကြီးတစ်ခုကို မြင်တွေ့လိုက်ရတယ်။ ကောင်းကင်နဲ့ မြေပြင်တစ်ခုလုံး သွေးနီရောင်လှိုင်းလုံးတွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူတို့ ဘေးပတ်လည်၌ တဝဲလည်လည် လည်နေခဲ့တယ်။ သွေးနီရောင်ပူပေါင်းတွေက သူတို့ခြေထောက်အောက်ကနေ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့ပြီး ထိုသွေးပူပေါင်းတွေရဲ့ အနံ့က အရမ်းကို ပျို့အန်ချင်စရာ ကောင်းလှပါတယ်။
အရပ်မျက်နှာ အနှံ့ဆီမှ အဆတ်မပြတ် အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့တယ်။
သူတို့အားလုံး နတ်ဆိုးဆန်လှသည့် ကြေးချွတ်သန့်စင်ရာ ဘုံတစ်ခုထဲသို့ ပစ်ချံလိုက်ရသလို ခံစားနေခဲ့ရတယ်။
“ဒါဘာကြီးလဲ” အဖွဲ့ငါ့ဖွဲ့က လူတွေအကုန်လုံး ရုတ်တရက် ဆိုလို အထိတ်ထိတ် အလန့်လန့်တွေ ဖြစ်ကုန်ကြပါတော့တယ်။ ဒီလိုမျိုးထူးဆန်းတဲ့ သိုင်းပညာရပ် တစ်ခုကို သူတို့တွေ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ သက်လတ်ပိုင်းလူကြီးက သူ့လက်တစ်ဖက်ကိုသာ ဝှေ့ရမ်းလိုက်တာပါ၊ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတယ်။ အားလုံးက သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်ပြီး လှုပ်ရှားမှုပညာရပ်တွေ၊ လက်နက်တွေကို အားအပြည့်ထုတ်သုံးကာ ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
ဒါပေမယ့် သူတို့ ခြေထောက်အောက်ခြေက သွေးရေကန်ကြီးက အနက်ရောင် စုပ်ဝဲတစ်ခုလို ပြင်းထန်တဲ့ ဆွဲငင်အားတို့ကို ထုတ်လွှတ်နေသဖြင့် သူတို့တွေ အကုန်လုံး မလွတ်မြောက်နိုင် ဖြစ်နေခဲ့ရတယ်။
သူတို့ရပ်နေတဲ့ မြေကြီးတစ်ခုလုံး သဲနွံ့တွေ ဖြစ်သွားသည့်အလား သူတို့ ပိုပြီးရုန်းကန်လေ အောက်ကို ပိုပြီးနစ်သွားလေ ဖြစ်နေခဲ့တယ်။
“ကျဲ ကျဲ ကျဲ ကျဲ…” သက်လတ်ပိုင်းလူကြီးဆီကနေ ကြက်သီးမွှေးညင်း ထစေလောက်တဲ့ နတ်ဆိုးဆန်ဆန် ရယ်မောသံကြီး ထွက်ပေါ်လာခဲ့တယ်။ သွေးပင်လယ်ကနေ လွတ်မြောက်ဖို့ သွေးရူးသွေးတန်း ကြိုးစားနေတဲ့ ကျင့်ကြံသူတွေရဲ့ ကူကယ်ရာမဲ့နေတဲ့ အမူအရာကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီးရဲ့ မျက်ဝန်းထဲ ထူးဆန်းပြီး စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။
တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ အကုန်လုံး ကြက်သေသေသွားခဲ့တယ်။ အားလုံးက သွေးပင်လယ်ကို ငေးကြည့်ရင်း ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ကြတယ်။
ရုတ်တရက် ဘယ်ကမှန်းမသိ ထွက်ပေါ်လာတဲ့ သက်လတ်ပိုင်းလူကြီးက အရမ်းကို အားကောင်းမှန်း သူတို့ သိထားပါတယ်၊ ဒါပေမယ့် ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့တော့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။
လက်လေးတစ်ချက် ဝှေ့ရမ်းလိုက်ရုံနဲ့တင် အဖွဲ့ငါးဖွဲ့က လူတွေအကုန်လုံးကို ကူကယ်ရာ မဲ့သွားစေခဲ့ပါတယ်။
တစ္ဆေဘုရင်တောင်ကြား ကိုယ်တိုင်က မိစ္ဆာဂိုဏ်း တစ်ဂိုဏ်းပါ။ သူတို့ လေ့ကျင့်တဲ့ သိုင်းပညာရပ်တွေနဲ့ ကျင့်စဉ်တွေက ရက်စက်တဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမယ့် လန်ရှန်းနဲ့ သူ့အဖွဲ့သားတွေ လေ့ကျင့်ထားတဲ့ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေက သက်လတ်ပိုင်းလူကြီးရဲ့ သိုင်းပညာရပ်တွေနဲ့ သွားယှဉ်လိုက်ရင် ရက်စက်တာခြင်းက မိုးနဲ့မြေလို ကွာခြားသွားခဲ့ပါတယ်။ သူတို့ရှေ့မှာ ရှိနေတဲ့ သွေးပင်လယ်ကြီးနဲ့ နာနာကျင်ကျင် အော်ဟစ်နေတဲ့ ကျင့်ကြံသူတွေကို ကြည့်ရင်း အကုန်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့တယ်။
ရတနာဂိုဏ်းက လူတွေရဲ့ အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားပါတယ်။ သူတို့တွေ အကုန်လုံးရဲ့ မျက်နှာတွေက ကြောက်ရွံ့မှုကြောင့် သွေးမရှိတော့သည့် အလား ဆွတ်ဆွတ်ဖြူနေခဲ့ပါတယ်။ ဝူရန် တစ်ယောက်သာ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်ကြည့်နေနိုင်တာပါ၊ ဒါပေမယ့် သူ့နှလုံးသားကတော့ အသံအမြန်နှုန်းနဲ့ တရစပ် ခုန်နေခဲ့ပါတယ်။ သူ့ရှေ့က မြင်ကွင်းကို ငေးကြည့်နေရင်း သူ့အကြည့်က သက်လတ်ပိုင်းလူကြီးဆီ အလိုလို ရောက်ရှိသွားခဲ့တယ်။
အသက်ဆယ်ရှိုက်စာ ကုန်ဆုံးသွားပြီးနောက် သွေးပင်လယ်ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တယ်။ အားကောင်းတဲ့ လူပဲဖြစ်ဖြစ်၊ အားနည်းတဲ့ လူပဲဖြစ်ဖြစ်၊ မြင့်မားတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့ လူပဲဖြစ်ဖြစ်၊ နိမ့်ကျတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြတဲ့ လူတွေပဲ ဖြစ်ဖြစ်၊ အားလုံးရဲ့ မျက်နှာအသွင်အပြင်က ရက်စက်ကြမ်းကြတ်ဟန် ပေါက်နေခဲ့ပြီး မျက်လုံးတွေ ဆိုရင်လည်း သွေးရောင်လို ရဲရဲနီနေခဲ့ပါတယ်။ သူတို့မျက်နှာထက်က ကြောက်ရွံ့တုန်လှုပ် နေသည့် အမူအရာတို့ ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့ပြီး အဆုံးမရှိတဲ့ ရူးသွပ်မှုနဲ့ သတ်ဖြတ်လိုစိတ်တို့က အစားထိုး ဝင်ရောက်လာခဲ့တယ်။
သွေးပင်လယ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာတဲ့ အရှိန်အဝါက သူတို့ရဲ့ နှလုံးသားတွေကိုပါ လွှမ်းမိုးသွားတဲ့ ပုံပါပဲ။
“သတ်” တစ်ယောက်ယောက်က စတင်အော်ဟစ် လိုက်တယ်။ ထိုလူက သူ့လက်နက်ကို ဆင့်ခေါ်လိုက်ပြီး သိုင်းပညာရပ် တစ်ခုကို ထုတ်သုံးလိုက်ကာ သူ့ဘေးနားမှာ ရှိနေတဲ့ လူတစ်ယောက်ကို တန်းသတ်ပစ်လိုက်တယ်။
သတ်… သတ်… သတ်… သတ်…
အဖွဲ့ငါးဖွဲ့က ကျင့်ကြံသူတွေ အကုန်လုံး သတ်ဖြတ်ခြင်း နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားသည့်အလား သူတို့ရဲ့ အပေါင်းအပါတွေကိုတောင် မမှတ်မိနိုင်တော့ပဲ အချင်းချင်း ပြန်လည် သတ်ဖြတ်ကြပါတော့တယ်။
တစ်ယောက်ပြီးတစ်ယောက်၊ ခန္ဓာကိုယ် တစ်ခုပြီးတစ်ခု လဲကျသွားခဲ့တယ်၊ အလောင်းတွေထဲကနေ စီးကျလာတဲ့ သွေးတွေကြောင့် သွေးပင်လယ်ကြီးက ပိုပြီး နီရဲသွားခဲ့တယ်။
သွေးညှီနဲ့တွေ လှိုင်တက်နေခဲ့တယ်။
သူတို့ အချင်းချင်း ပြန်သတ်ဖြတ်ဖြတ်နေတာကို သက်လတ်ပိုင်းလူကြီးက ဒရမ်းမာပြဇာတ်ကောင်း တစ်ခုကို ကြည့်နေရသည့်အလား ဝမ်းသားပျော်ရွှင်မှု အပြည့်နဲ့ မိန့်မိန့်ကြီး ရပ်ကြည့်နေခဲ့တယ်။
များစွာသော ခြေပြတ်၊လက်ပြတ်တွေ၊ တောင်ပမာ ပုံထပ်နေသည့် အလာင်းတွေ၊ မြစ်ပင်လယ်အလား စီးဆင်းနေသည့် သွေးတွေ။
ထိုမြင်ကွင်းကို ကြည့်ရင်း ရတနာဂိုဏ်းနဲ့ တစ္ဆေဘုရင် တောင်ကြားက မိန်းမကလေး တပည့်များစွာက သူမတို့ရဲ့ ပါးပစ်လေးတွေကို လက်နဲ့အုပ်ပြီး အခြားတစ်ဖက်စီ ပြေးထွက်သွားလိုက်ကာ အော့အန်ကြပါတော့တယ်။
ဒီလောက် ကြောက်မက်ဖွယ် သွေးလွှမ်းသည့် မြင်ကွင်း တစ်ခုကို သူတို့တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။ ဒီမြင်ကွင်းကို သူတို့ စိတ်ပိုင်းဆိုင်ရာ တောင့်ခံနိုင်တာထက်ကို ပိုမို လွန်ကဲနေခဲ့ပါတယ်။
ထိုအခြင်းအရာကို သတိပြုမိလိုက်တာနဲ့ သက်လတ်ပိုင်း လူကြီးက ထိုတပည့်တွေဆီ လှမ်းကြည့်လိုက်တယ်။ တစ်ချက်လောက် ကြိတ်ရယ်လိုက်ပြီး အဖွဲ့ငါးဖွဲ့က ကျင့်ကြံသူတွေဆီ ပြန်အကြည့်ပြောင်းလိုက်တယ်။
လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးနောက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ကျင့်ကြံသူဖြစ်တဲ့ လဲကျုတ်ကလွဲပြီး ကောင်းကင်ချုပ်နှောင်ခြင်း သွေးပင်လယ်ထဲ ပိတ်မိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး သေဆုံးသွားခဲ့ပါတယ်။
အစကတည်းက အဖွဲ့ငါးဖွဲ့ထဲမှာ လဲ့ကျုတ်က အသန်မာဆုံးပါ။ သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ကျင့်ကြံသူ တစ်ယောက်သာ ဆိုပေမယ့် သူံရဲ့ ကျင့်ကြံခြင်းနဲ့ သိုင်းပညာရပ်တွေက ထိုလူတွေထက် အပုံကြီးသာပါတယ်။
သူအသက်ရှင်နိုင်ခဲ့ပေမယ့် လဲ့ကျုတ်က အရင်လဲ့ကျုတ် မဟုတ်တော့ပါဘူး။
သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး သူ့မျက်လုံးတွေက လှောင်အိမ်ထဲ နှစ်ပေါင်းများစွာ ကြာအောင် ပိတ်မိနေတဲ့ သားရဲတစ်ကောင်ရဲ့ မျက်လုံးတွေလို ရဲရဲနီနေခဲ့ပါတယ်။ အသက်ရှူလိုက်တိုင်း လေပူတွေက သူ့ပါးစပ်နဲ့ နှာခေါင်းဆီကနေ ထွက်ပေါ် လာခဲ့တယ်။ သွေးပင်လယ်ထဲ တစ်ယောက်တည်း ရပ်နေရင်း အဆုံးမရှိတဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ဟိုကြည့်ဒီကြည့်လုပ်ကာ သားကောင်အသစ်ကို ရှာဖွေနေခဲ့တယ်။
သူ့မှာ အသိစိတ် မရှိတော့ပါဘူး။ အခုအချိန်၌ သူက လူသတ်ဖို့ကလွဲပြီး ဘာမှ မသိတော့တဲ့ လမ်းလျှောက်နေသည့် အလောင်းကောင် တစ်ကောင်နဲ့ ဘာမှ မခြားတော့ပါဘူး။
“ကောင်းတယ်၊ မင်းက ရှင်သန်နိုင်ခဲ့မှတော့ ဒီလူအိုကြီး မင်းကို မသတ်တော့ဘူး” သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်ပြီး ထူးဆန်းတဲ့ လက်ကွက်တစ်ခုကို လုပ်လိုက်တယ်။ အရောင်တောက်နေသည့် လျှို့ဝှက်ဆန်းကြယ်တဲ့ တံဆိပ်တော်တစ်ခု ဖြစ်တည်လာခဲ့ပြီး လဲ့ကျုတ်ရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားခဲ့တယ်။
ထိုတံဆိပ်တော် သူ့ကို ထိမှန်သွားတာနဲ့ လဲ့ကျုတ်ဆီကနေ အားကောင်းတဲ့ စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့ဘေးပတ်လည်မှာ ရှိနေတဲ့ သွေးတွေအကုန်လုံးကို စုပ်ယူပါတော့တယ်။
ထိုထူးခြားဆန်းကြယ်ပြီး အရိုင်းဆန်တဲ့ မြင်ကွင်းက တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေကို နောက်တစ်ကြိမ် ထိတ်လန့်တုန်လှုပ် သွားစေခဲ့တယ်။
သွေးတွေကို စုပ်ယူနေတာနဲ့အမျှ ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်ရဲ့ ပုံပန်းသွင်ပြင် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်။ သူ့တစ်ကိုယ်လုံးက အရင်ကထက် နှစ်ဆလောက် ဖောင်းတက်လာခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး ကလည်း လေထိုးသွင်းခြင်း ခံရသည့် ပူပေါင်းတစ်လုံးလို ဖောင်းတက်လာခဲ့တယ်။
တစ်ခဏကြာတဲ့အထိ သွေးတွေက သူ့ကိုယ်ထဲ အဆက်မပြတ် စီးဝင်းနေခဲ့တယ်။ ခဏကြပြီးနောက် သူ့ပုံစံက အရင်နဲ့ နည်းနည်းလေးတောင် မတူတော့ပါဘူး။ နည်းနည်းလေး တူဖို့မပြောနဲ့၊ သူ့ပုံစံက လူနဲ့ကို မတူတော့တာပါ။
ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်က သွေးနီရောင် သက်ရှိတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ရဲ့ ရုပ်ဆိုးအကျည်းတန်လှသည့် မျက်နှာထက်က မျက်ဝန်းအစုံကတော့ ရက်စက်ကြမ်းကြတ်သည့် အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပနေခဲ့တယ်။
သက်လတ်ပိုင်းလူကြီးရဲ့ ဆန်းကြယ်သည့် နည်းလမ်းတွေကို ကြည့်ရင်း ဝူရန် လုံးကို မှင်သက် မိနေခဲ့တယ်။ အသစ်ဖြစ်ပေါ်လာတဲ့ မွန်းစတားကို စစ်ဆေးကြည့်လိုက်တဲ့အခါ ထိုမွန်းစတားကောင်ရဲ့ ကျင့်ကြံခြင်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်မှာသာ ရှိနေသေးပေမယ့် ထိုသတ္တဝါရဲ့ အစစ်အမှန်ချီလှိုင်းတွေက အရင်ကထက် ပိုပြီးပြင်းထန်နေခဲ့ပြီး အရှိန်အဝါကလည်း အရင်ကထက် ပိုပြီး ရက်စက်ကြမ်းကြုတ်၊ သွေးဆာနေတာကို တွေ့ရှိလိုက်ရတယ်။
“ဂရား…” အသစ်ဖြစ်တည်လာတဲ့ မွန်းစတားကောင်က ကောင်းကင်ထက် ခေါင်းမော့လိုက်ပြီး ဟိန်းဟောက်လိုက်တယ်။ သူ့ဟိန်းသံကြောင့် လေထုတစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး သူ့ခေါင်းထက် စုဝေးနေသည့် တိမ်စိုင်တိမ်တိုက်တွေလည်း အဘက်ဘက်သို့ လွင့်စင်ထွက်သွားခဲ့ကာ အနီရောင် အလင်းတစ်ခုက သူ့နဖူးထက်က ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့တယ်။
“နည်းနည်းတော့ အသုံးဝင်သားပဲ။ စိတ်မပူနဲ့၊ ဒီလူအိုကြီးက မင်းကို သွေးလတ်လတ်ဆတ်ဆတ်တွေ အများကြီး တိုက်ကျွေးမှာပါ” သက်လတ်ပိုင်းလူကြီးက သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် သူ့လက်ကို နောက်တစ်ကြိမ် ထပ်မံဝှေ့ရမ်းလိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ မွန်းစတားကောင်က သွေးနီရောင်အလင်းတန်း တစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး သက်လတ်ပိုင်း လူကြီးရဲ့ လက်ဝါးထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း အားလုံး ဆွံ့အနေခဲ့ကြတယ်။
သက်လတ်ပိုင်းလူကြီး အသုံးပြုလိုက်တဲ့ နည်းလမ်းတိုင်းက သူတို့ရဲ့ အတွေးအမြင်ကို ကျော်လွန်နေခဲ့ပါတယ်။ သူ့နည်းလမ်းက ဒီလောကကြီးနဲ့ နည်းနည်းမျှ မသက်ဆိုင်သလိုပါပဲ။
ထိုလူရဲ့ ကြင်နာစိတ်ကင်းမဲ့ပုံကို တွေ့မြင်ရပြီးနောက် တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက လူတွေတို့ရဲ့ စိတ်ထဲ စိုးရိမ်စိတ်တို့ ရုတ်တရက်ဆိုသလို ချင်းနင်း ဝင်ရောက်လာခဲ့တယ်။ အခုပုံစံက ဝံပုလွေ အသိုက်ထဲက လွတ်မြောက်ခဲ့ပေမယ့် ကျားလိုဏ်ဂူထဲ ပြေးဝင်သွားမိခဲ့တဲ့ ပုံစံမျိး ဖြစ်နေခဲ့ပါတယ်။
ထိုလူကြီးက အဖွဲ့ငါးဖွဲ့က ကျင့်ကြံသူတွေကို ပုရွတ်ဆိတ်တွေကို သတ်သလို လက်တစ်ချက် ဝှေ့ရမ်းပြီးတော့ပဲ အလွယ်တကူ သတ်ပစ်ခဲ့တာပါ။ သူသာ သူတို့ကို သတ်ချင်ရင် မျက်တောင်ခတ်စရာတောင် လိုပါ့မလား။
သက်လတ်ပိုင်းလူကြီးက ထိုသွေးနီရောင် အလင်းတန်းကို ရယူပြီးသွားတာနဲ့ မြေကြီးပေါ် ဆင်းလာလိုက်ကာ သူတို့ကို ပြုံးပြလိုက်ပြီး “အင်း၊ ရှုပ်နေတဲ့ ငါးတွေကိုတော့ ရှင်းပြီးသွားပြီ။ သွားကြစို့”
ဘယ်သူမှ မလှုပ်ရှားခဲ့ပါဘူး။ အားလုံးက ကျောက်ရုပ်ကြီး တစ်ရုပ်လိုသာ ထိုနေရာမှာ မတ်တပ်ရပ်နေခဲ့ကြတယ်။
“အန်” တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိလိုက်တာနဲ့ သက်လတ်ပိုင်းလူကြီးက အကျယ်ကြီး အော်ရယ်လိုက်ပြီး “ငါမင်းတို့ကို သတ်မှာကို ကြောက်နေတာလား”
ဝူရန် အသာအယာလေး ချောင်းဟန့်လိုက်ပြီး သူ့အမူအရာကို အတတ်နိုင်ဆုံး ပြန်တည်လိုက်ကာ အလျင်စလိုနဲ့ ပြန်ပြောလိုက်တယ် “ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်ရမှာလဲ။ စီနီယာက ကျုပ်တို့ အသက်ကို ကယ်ခဲ့တာလေ။ ဒီတစ်ယောက်က စီနီယာရဲ့ အသက်ကြွေးကို ဘယ်လိုလုပ်ပြီး သံသယဝင်ရဲပါ့မလဲ”
“စိတ်ချပြီးတော့သာ နေလိုက်။ မင်းတို့က ရန်ကိုင်ကို ထောက်ပံ့ဖို့ လာခဲ့တာ ဖြစ်တဲ့အတွက် ငါမင်းတို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူး။ တကယ်တော့ ငါလည်း ရန်ကိုင်ကို ထောက်ပံ့ပေးဖို့ သူ့ဆီ သွားနေတာလေ၊ ဟားဟားဟား” သက်လတ်ပိုင်းလူကြီးရဲ့ အမူအရာ အနည်းငယ် ပျော့ပျောင်းသွားခဲ့တယ်။ လန်ရှန်းတို့ အဖွဲ့သားတွေလည်း အခုမှပဲ ထိတ်လန့်ကြောက်ရွံ့စိတ် အနည်းငယ်လောက် ပြေပျောက်သွားခဲ့တယ်။ ဒါပေမယ့် သက်လတ်ပိုင်းလူကြီးရဲ့ အမူအရာက ရက်စက်ကြမ်းကြုတ်သည့် အသွင်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး လှောင်ပြုံးပြုံးလိုက်ရင်း “ဒါပေမယ့် မင်းတို့က အခြားသခင်လေး တစ်ယောက်ကို ကူညီဖို့ ရောက်နေတာဆိုရင်တော့ ငါနည်းနည်းလေးတောင် ကြင်နာနေမှာ မဟုတ်ဘူးနော်”
ပြေလျော့သွားတဲ့ လေထုက ရုတ်ချည်း တင်းကြပ်သွားခဲ့ပြန်ပါတယ်။
ဝူရန်က ချက်ချင်းဆိုသလို ကမန်းကတန်းနဲ့ ပြန်ပြောလိုက်တယ် “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျုပ်တို့ အားလုံးက ရန်ကိုင်ကို ထောက်ပံ့ပေးဖို့အတွက် စစ်ပွဲမြို့တော်ဆီ သွားနေကြတာပါ”
ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သံသယစိတ်တို့ဖြင့် ပြည့်နေခဲ့တယ်။ ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးက ဒီလိုလူမျိုးကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ သူ့ရှေ့မှာ ရှိနေတဲ့လူက ဒဏ္ဏာရီလာ နတ်ဆိုးအရှင်သခင်တော့ မဟုတ်လောက်ဘူးမလား။
လူအုပ်ကြီးထဲမှာ ရှိနေတဲ့ လန်ရှန်း တစ်ခဏလောက် ကြာတဲ့အထိ တုန့်ဆိုင်းနေပြီးနောက်မှာတော့ အားတင်းလိုက်ပြီး ရှေ့တက်လိုက်ကာ သက်လတ်ပိုင်း လူကြီးကို မျက်နှာချင်းဆိုင်ပြီး မေးလိုက်တယ် “စီနီယာ၊ ကျွန်မတို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ စီနီယာကို ဘယ်လိုခေါ်ရမလဲ ဆိုတာကို မေးလို့ရမလား”
ဝူရန့်နား တဆတ်ဆတ် တုန်ခါသွားခဲ့ပြီး သူ့အသက်ရှူသံတောင် မြန်ဆန်လာခဲ့ပါတယ်။
“ဒီလူ အို ကြီးကို ဘယ်လို ခေါ်လဲ ဆိုတော့… အင်း၊ ဒီ လူ အို ကြီးရဲ့ မျိုးရိုးနာမည်က ဒဲပဲ”
“ဒီတော့ စီနီယာဒဲပေါ့” လန်ရှန်းက ဒီခေါင်းစဉ်အကြောင်း ဆက်မမေးရဲတော့ပဲ သူမသိချင်နေတဲ့ အကြောင်းအရာ တစ်ခုကို မမေနိုင်ပဲ မေးလိုက်တယ် “စီနီယာဒဲ၊ အရင်တုန်းက ကျွန်မတို့ တစ်နေရာရာမှား တွေ့ခဲ့ဖူးလား”
ချန်ရီနဲ့ ချန်ရင်တို့ နှစ်ယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး လန်ရှန်းကို ဆက်မပြောတော့ဖို့ တိတ်တဆိတ် အချက်ပြလိုက်တယ်။
သက်လတ်ပိုင်းလူကြီးက လူကောင်းတစ်ယောက် မဟုတ်တာ အသေအချာပါပဲ။ သူ့နည်လမ်းတွေက အရမ်းကို ရက်စက်လွန်းပါတယ်။ ပြီးတော့ သူက သူတို့ရဲ့ တစ္ဆေဘုရင်တောင်ကြားထက်ကို အဆပေါင်း တစ်ရာထက်မက ပိုပြီး ရက်စက်ပါသေးတယ်။ သူမရဲ့ ဂျူနီယာညီမလေးသာ ထိုလူကြီးကို စိတ်ပျက်သွားစေ မိခဲ့ရင် သူတို့အကုန်လုံး အပြစ်ပေးခံရတာကနေ လွတ်မြောက် နိုင်လိမ့်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် မျိုးရိုးနာမည်ဒဲနဲ့ သက်လတ်ပိုင်း လူကြီးက သူတို့ကို တကယ်ကြီး ပြန်ပြုံးလာခဲ့ပြီး ခေါင်းညိတ်ပြခဲ့ပါတယ် “ဟုတ်တယ်၊ ငါတို့ တွေ့ခဲ့ဖူးတယ်”
ထိုအဖြေက လန်ရှန်းကို ပိုပြီး ခေါင်းရှုပ် သွားစေခဲ့ပါတယ်။ မျက်မှောင်လေးကြုံံရင်း ဇဝေဇဝါ ဖြစ်နေတဲ့ အမူအရာလေးနဲ့ “ကျွန်မတို့ တွေ့ခဲ့ဖူးတယ် ဆိုရင် စီနီယာဒဲနဲ့ ပက်သက်တဲ့ အကြောင်းအရာ တစ်ခုတစ်လေကိုတောင် ကျွန်မ ဘာလို့ မသိရတာလဲ။ စီနီယာကို နည်းနည်းပါးပါး ရင်းနှီးနေတယ်လို့ ခံစားနေရတာလေး တစ်ချက်ပဲ ရှိတယ်”
Martial Peak
အပိုင်း(၄၇၅) လက်ဆောင်ကြီးတစ်ခု
လန်ရှန်းက တစ္ဆေဘုရင်တောင်ကြားရဲ့ တက်သစ်စ ကြယ်တစ်ပွင့်ပါ။ သူမမှတ်ဥာဏ်က အမှားမရှိနိုင်တာ မဖြစ်နိုင်ပေမယ့် သူမတွေ့ခဲ့ဖူးတဲ့ လူတွေကိုတော့ သေသေချာချာ မှတ်မိနေပါသေးတယ်။
အထူးသဖြင့် စီနီယာဒဲလို လူမျိုးကိုပေါ့။ သူ့လို အားကောင်းတဲ့ ပညာရှင်တစ်ယောက် သူမ မမှတ်မိပဲ ဘယ်နေပါ့မလဲ။
ဒါပေမယ့် ထိုလူကြီးကို သူမ မြင်တွေ့ခဲ့ဖူးတာကို လန်ရှန်း နည်းနည်းလေးတောင် မမှတ်မိနိုင် ဖြစ်နေခဲ့ပါတယ်။
ပြီးတော့ ရင်းနှီးတယ်လို့ ပြောနေတာ မျိုးကလည်း မှတ်ဥာဏ်အရ ရင်းနှီးနေတာမျိုး မဟုတ်ပဲ ခံစားချက် တစ်ခု ပုံစံမျိုးပါ။
ရှင်းပြရရင်… သူမရှေ့မှာ ရှိနေတဲ့ စီနီယာဆီကနေ ရနေတဲ့ ခံစားချက်က တန်းလန်မင်းဆက် ခွေးမကျိမိုဆီကနေ ရနေတဲ့ ခံစားချက်နဲ့ အတူတူပါပဲ။
သူမနဲ့ ကျိမိုတို့ နှစ်ယောက်စလုံးက ရန်ကိုင်ရဲ့ ဝိဥာဉ်အမှတ်အသား ခတ်နှိပ်ထားခြင်း ခံရတဲ့ သူတွေပါ။ ထို့ကြောင့် သူမတို့ နှစ်ယောက်ကြား ရှင်းပြလို့ မရနိုင်တဲ့ ရင်းနှီးကျွမ်းဝင်မှုကို ခံစားရတာပါ။ ဒါပေမယ့် သူမရှေ့မှာ ရှိနေတဲ့ စီနီယာစီကကော ဘာလို့ ထိုခံစားချက်ကို ရနေရတာလဲ။
ထိုစီနီယာဒဲက အရမ်းကို အကောင်းလွန်းပါတယ်။ ထို့ကြောင့် သူမနဲ့ ကျိမိုတို့ ရန်ကိုင်ရဲ့ ဝိဥာဉ် အမှတ်အသား ခတ်နှိပ်ထားခံရသလိုမျိုး သူလည်း ခတ်နှိပ်ထားခံ ရတာတော့ မဟုတ်ဘူးမလား။ လန်ရှန်းက ခေါင်းခါရမ်းလိုက်ပြီး ထိုဖြစ်နိုင်ချေကို ချက်ချင်း ဖယ်ထုတ်လိုက်တယ်။
သူမစိတ်ရှုပ်နေတာကို မြင်တော့ စီနီယာဒဲက လန်ရှန်းကို အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်ပြီး အရွှန်းဖောက်လိုက်တယ် “အရင်တုန်းက ဒီလူအိုကြီး နင့်ကို တွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့် အဲ့တုန်းက နင်ဒီလူအိုကြီးကို မတွေ့ခဲ့ဘူး”
သူပြောလို့တော့မှပဲ လန်ရှန်း ပိုပြီး စိတ်ရှုပ်သွားခဲ့ ပါတော့တယ်။ ဆက်မေးလေ ဆက်ရှုပ်လာလေ ဖြစ်လာမှာ စိုးတဲ့အတွက် လန်ရှန်းလည်း ထိုအကြောင်းအရာနဲ့ ပက်သက်ပြီး ဆက်မမေးတော့ပါဘူး။
“လာခဲ့ကြ၊ လမ်းလျှောက်ရင်း စကားပြောသွား ကြတာပေါ့။ ဒီနေရာက စစ်ပွဲမြို့တော်နဲ့ ကီလိုမီတာ ၈၀၀လောက်ပဲ ကွာဝေးတော့တာ။ ငါတို့သာ အခုသွားရင် မမှောင်ခင် မြို့ဆီ ရောက်နိုင်တယ်” စီနီယာဒဲက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ရှေ့ကနေ ဦးဆောင်သွားလိုက်တယ်။
တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ တစ်ယောက်ကို တစ်ယောက် တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ကြည့်လိုက်ကြတယ်။
ဝူရန်က ပိုပြီးတော့တောင် ခွကျသွားပါသေးတယ်။ တိတ်တဆိတ်နဲ့ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး ခေါင်းညိတ်လိုက်တယ် “သူ့နောက်လိုက်ကြ”
ထိုစီနီယာက အရမ်းကို အားကောင်းလွန်းလှပါတယ်။ သူတို့ကို ဘာအကြောင်းကြောင့်ပဲ ကူညီသည် ဖြစ်ပါစေ၊ ထိုဆရာကြီးသာ သူတို့ကို သတ်ချင်ရင် ငှက်ပျောသီး အခွံနွာစားသလောက်ကို လွယ်ကူပါတယ်။
ဒါက ကောင်းချီးပေးခံရတာပါ၊ ကျိန်စာ တိုက်ခံရတာ မဟုတ်ပါဘူး။ ဒါက ကျိန်စာ တစ်ခုဖြစ်နေရင်တောင် ရှောင်ရှား မရနိုင်တဲ့ ကျိန်စာတစ်ခု ဖြစ်နေမှာပါ။ အခု သူတို့အားလုံး လုပ်နိုင်တာဆိုလို့ ဒီစီနီယာနောက်ကို နာနာခံခံနဲ့ လိုက်သွားဖို့ပဲ ရှိပါတယ်။ စစ်ပွဲမြို့တော်ရောက်တာနဲ့ ဒီကိစ္စရဲ့ အမှန်တရားကို သိရမှာပါ။
မကြာခင်မှာပဲ လူအယောက်သုံးဆယ် အဖွဲ့က ကြောက်မက်ဖွယ် ကောင်းတဲ့ ပညာရှင် စီနီယာဒဲရဲ့ နောက်ကနေ လိုက်သွားခဲ့ကြတယ်။
ရှေ့ရောက်နေတဲ့ သက်လတ်ပိုင်းလူကြီးက သွားနေရင်း ရုတ်တရက် ရပ်လိုက်ပြီး နောက်လှည့်လိုက်ကာ လန်ရှန်းကို လက်ယပ်ခေါ်လိုက်တယ် “ကောင်မလေး၊ ဒီကိုလာခဲ့”
လန်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ရှေ့တက် သွားလိုက်တယ်၊ မသွားခင် ချန်ရီက တိုးတိုးလေး ကပ်ပြောလိုက်တယ် “ဂျူနီယာညီမလေး၊ သတိထားဦးနော်”
“အင်း” လန်ရှန်းက နည်းနည်းလေးတောင် မစိုးရိမ်တဲ့ ပုံစံနဲ့ ပြန်ပြောလိုက်တယ်။ သက်လတ်ပိုင်း လူကြီးဆီ တည်တည်ငြိမ်ငြိမ်နဲ့ လမ်းလျှောက်သွားလိုက်ပြီး လေးလေးစားစားနဲ့ မေးလိုက်တယ် “စီနီယာ ဘာပြောချင်လို့ပါလဲ”
“ဟဲ ဟဲ” သက်လတ်ပိုင်းလူကြီးက လန်ရှန်းကို သွားပေါ်အောင် ပြုံးပြလိုက်ပြီး “စိတ်အေးအေး ထားစမ်းပါ”
ထိုသက်လတ်ပိုင်းလူကြီး ဘာလုပ်ချင်နေလဲလို့ စဉ်းစားနေတဲ့ အချိန်မှာပဲ သက်လတ်ပိုင်းလူကြီးက သူမလက်ကို ရုတ်တရက် ဖမ်းကိုင်လိုက်တယ်။ သူမရဲ့ အစစ်အမှန်ကိုတောင် မစုစည်းရ သေးခင်မှာပဲ သက်လတ်ပိုင်းလူကြီးက သူ့လက်ကို ချက်ချင်း ပြန်ရုတ်လိုက်တယ်။
တရစပ် ထွက်ပေါ်လာခဲ့တဲ့ အော်ကြွေးသံ၊ မြည်ကြွေးသံတွေကို ကြားလိုက်တာနဲ့ လန်ရှန်း မျက်လုံး ကျုံသွားခဲ့ပြီး သူမအမူအရာလည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ်။
သူ့မကိုယ်ထဲရှိ တစ္ဆေဘုရင် တံဆိပ်တော်က သက်လတ်ပိုင်း လူကြီးလက်ထဲ ရောက်နေခဲ့ပါတယ်။ ထိုတံဆိပ်တော်က ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့ပေမယ့် သက်လတ်ပိုင်းလူကြီးရဲ့ လက်ကနေ မလွတ်မြောက် နိုင်ခဲ့ပါဘူး။
တစ္ဆေဘုရင် တံဆိပ်တော်က တစ္ဆေဘုရင်တောင်ကြားရဲ့ အမှတ်အသား သိုင်းပညာရပ် တစ်ခုဖြစ်ပြီး ထိုသိုင်းပညာရပ်ကို တစ္ဆေဘုရင်တောင်ကြား တပည့်တိုင်းက လေ့ကျင့်ထားကြပါတယ်။
ထိုစိတ်ဝိဥာဉ် ခန္ဓာကိုယ်က နှိပ်စက်ညင်းပန်းခံရသည့် ဝိဥာဉ်တွေကနေ မွေးဖွားလာခဲ့တာပါ။ တစ္ဆေဘုရင် တောင်ကြား တပည့်တွေက ထိုစိတ်ဝိဥာဉ်ကို အထူးနည်းလမ်း တစ်ခုကိုသုံးပြီး သူတို့ကိုယ်ထဲမှာ ပြုစုပျိုးထောင်ကြပါတယ်။ သူတို့ရဲ့ စိတ်စွမ်းအင် အဆီအနှစ်နဲ့ ကျွေးမွေးပြုစုရင်း ထိုစိတ်ဝိဥာဉ်ရဲ့ ခွန်အားက သူတို့ ပိုင်ရှင်နဲ့လိုက်ပြီး တိုးတက်လာခဲ့ပါတယ်။
ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရင် တစ္ဆေဘုရင် တံဆိပ်တော်နဲ့ အလစ်ချောင်း တိုက်ခိုက်နိုင်ပါတယ်။
တစ္ဆေဘုရင်တောင်ကြား တပည့်တွေနဲ့ တိုက်ခိုက်တဲ့အခါ ပြိုင်ဘက်နှစ်ယောက်နဲ့ တိုက်ခိုက်နေရတာနဲ့ အတူတူပဲလို့တောင် ပြောလို့ ရပါတယ်။
ဒါပေမယ့် လန်ရှန်းတို့ အဖွဲ့သားတွေက ငယ်ရွယ်သေးတဲ့ အတွက် သူတို့ရဲ့ စိတ်ဝိဥာဉ်က အရွယ်မရောက်သေးပါဘူး။ ထို့ကြောင့် တစ္ဆေဘုရင် တံဆိပ်တော်ရဲ့ စွမ်းအား အပြည့်အဝကို မထုတ်သုံးနိုင် ကြသေးပါဘူး။
သူတို့ကိုယ်ထဲက တစ္ဆေဘုရင် တံဆိပ်တော်ကို ဘယ်သူကမှ အတင်းအကြပ် မထုတ်ယူနိုင်ပေမယ့် မျိုးရိုးနာမည် ဒဲနဲ့ လူကတော့ လွယ်လင့်တကူ ထုတ်ယူသွားနိုင်ခဲ့ပါတယ်။
တကယ်တော့ သူဘယ်လို ထုတ်ယူသွားခဲ့လဲ ဆိုတာကို လန်ရှန်းကိုယ်တိုင်တောင် နည်းနည်လေးမှ သတိမပြုမိခဲ့ပါဘူး။
သူဘာလုပ်ချင်နေတာလဲ မေးဖို့ လုပ်နေစဉ်မှာပဲ သက်လတ်ပိုင်း လူကြီးက အနက်ရောင်မြူတစ်ခုကို ထွေးထုတ်လိုက်ပြီး ထိုအနက်ရောင်မြူက တစ္ဆေဘုရင် တံဆိပ်တော်ထဲ ချက်ချင်း တိုးဝင်သွားခဲ့တယ်။
ပြင်းပြင်းထန်ထန် ရုန်းကန်နေတဲ့ တစ္ဆေဘုရင် တံဆိပ်တော်က အနက်ရောင်မြူကနေ အကူအညီ အကြီးကြီး ရလိုက်သည့်အလား ခပ်မြန်မြန်ပဲ ငြိမ်ကျသွားခဲ့ကာ ဆက်ပြီး ရုန်းကန်မနေတော့ပါဘူး။ ထိုစိတ်ဝိဥာဉ်ရဲ့ မရေရာတဲ့ မျက်နှာထက် ပျော်ရွှင်ကြည်နူး နေသည့် အရိပ်အယောင် တို့ကိုတောင် တွေ့မြင်နေရပါတယ်။
လန်ရှန်း ကြောင်အသွားခဲ့ပြီး ပြောဖို့လုပ်နေတဲ့ စကားလုံးတွေကို ချက်ချင်း ပြန်မျိုချပစ်လိုက်တယ်။
“သွားတော့” သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်ပြီး တစ္ဆေဘုရင် တံဆိပ်တော်ကို ပြန်လွှတ်ပေးလိုက်တယ်။ သက်လတ်ပိုင်း လူကြီးရဲ့ လက်ထဲကနေ လွတ်သွားတာနဲ့ တစ္ဆေဘုရင်တံဆိပ်တော်က လန်ရှန်းကိုယ်ထဲ အလျင်အမြန်ပဲ ပြန်လည် တိုးတင်သွားခဲ့တယ်။
“ဂျူနီယာညီမလေး” ထိုမြင်ကွင်းကို ကြည့်နေတဲ့ ချန်ရီ မျက်နှာထက် ဒေါသထွက်နေသည့် အရိပ်အယောင်တို့ ယှတ်ပြေးသွားခဲ့ပြီး လန်ရှန်းဆီ ပြေးဝင်သွားလိုက်ကာ သက်လတ်ပိုင်းလူကြီးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။
“မင်းသတ္တိက မသေးပါလား” သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလိုက်တယ်။
လန်ရှန်းက ချန်ရီလက်ကို အလျင်စလို ဖမ်းကိုင်လိုက်ပြီး “ငါအဆင်ပြေတယ်။ စီနီယာအစ်ကို၊ နင်အထင်လွှဲနေပြီ။ ဒီက စီနီယာက ငါ့ကို ကူညီပေးလိုက်တာ”
ပြောနေရင်း သူမအသံက ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့တယ်။
“နင်ဘာပြောချင်နေတာလဲ” ချန်ရီက သိချင်စိတ်နဲ့ ပြန်မေးလိုက်တယ်။
“ငါ့ရဲ့ တစ္ဆေဘုရင် တံဆိပ်တော် အိပ်ပျော်သွားပြီ” လန်ရှန်းက ပြန်ရှင်းပြလိုက်တယ်။
“ဘယ်လို” ချန်ရီ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့တယ်။
တစ္ဆေဘုရင် တံဆိပ်တော်က ပိုင်ရှင်ရဲ့ ခွန်အားနဲ့ လိုက်ပြီး ကြီးထွားတာပါ။ မြေအရေခွံလဲသလိုပါပဲ၊ တစ္ဆေဘုရင် တံဆိပ်တော် တစ်ကြိမ်အိပ်ပျော်ပြီးလို့ ပြန်နိုးလာတာနဲ့ စိတ်ဝိဥာဉ် ခွန်အားကလည်း တစ်ဟုန်ထိုး တိုးတက်လာမှာပါ။
လန်ရှန်းရဲ့ တစ္ဆေဘုရင် တံဆိပ်တော်က သုံးကြိမ်တိုင်တိုင် အိပ်ပျော်ခဲ့ပြီးသွားပါပြီ။ နောက်တစ်ကြိမ် အိပ်ပျော်မယ့် အချိန်က သူမ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်သွားတဲ့ အချိန်မှပါ။ အဲ့အချိန်က တစ္ဆေဘုရင် တံဆိပ်တော်ရဲ့ ခွန်အားက သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် တစ်ယောက်အောက် နိမ့်ကျနေတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ အချိန် တစ်နှစ်၊ နှစ်လောက် ယူသင့်တဲ့ ဖြစ်စဉ်က တဒင်္ဂလေးအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့ပါတယ်။
ဒါတွေ အားလုံက စီနီယာဒဲရဲ့ အနက်ရောင် မြူခိုးကြောင့်ပါ။
“စီနီယာဒဲကို ကျေးဇူးအများကြီး တင်ပါတယ်” လန်ရှန်းက စီနီယာဒဲကို ကျေးဇူးတင်စကား ဆိုလိုက်တယ်။
“ယဉ်ကျေးနေစရာ မလိုပါဘူး… ရန်ကိုင်ကို လာကူညီပေးလို့ ဆုလာဒ်တစ်ခုအဖြစ်ပဲ သဘေားထားလိုက်ပါ။ အဲ့ကောင် နိုးလာတဲ့အခါကျရင် အသိစိတ် ရှိသွားပြီး နင့်ရဲ့ သစ္စာအရှိဆုံး ကူဖော်လောင်ဖက် တစ်ယောက် ဖြစ်လာလိမ့်မယ်” စီနီယာဒဲက ကျောင်းတော်သား တစ်ယောက်ပုံစံနဲ့ ပြောလိုက်တယ်။
“အသိစိတ်ရှိတာလား…” တစ္ဆေဘုရင်တောင်ကြား တပည့်ရှစ်ယောက်စလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး သူတို့နား သူတို့မယုံအောင် ဖြစ်သွားခဲ့ကြတယ်။
တစ္ဆေဘုရင်တံဆိပ်တော် အသိစိတ် ပိုင်ဆိုင်တယ် ဆိုတာမျိုးက စိတ်ကူးယဉ်အိမ်မက် သက်သက်တင် မဟုတ်ပါဘူး။ တစ္ဆေဘုရင်တောင်ကြားရဲ့ သမိုင်းမှတ်တမ်းထဲမှာ အခုလို ဖြစ်ပျက်ခဲ့ဖူးတဲ့ အကြောင်းကို မှတ်တမ်းတင်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တုန်းက ဂိုဏ်းကအကြီးအကဲ တစ်ယောက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်သွားတုန်းက သူ့ရဲ့တစ္ဆေဘုရင် တံဆိပ်တော်က အသိစိတ် ပိုင်ဆိုင်သွားခဲ့ပါတယ်။
လက်ရှိတစ္ဆေဘုရင်တောင်ကြားရဲ့ ဂိုဏ်းချုပ်ရဲ့ တစ္ဆေဘုရင် တံဆိပ်တော်မှာတောင် အသိစိတ် မရှိသေးပါဘူး။
ထိုလက်ဆောင်က ဘယ်လောက်တောင် အဖိုးတန်လဲ ဆိုတာကို အားလုံး နားလည်သွားခဲ့ကြတယ်။
လန်ရှန်းရဲ့ မျက်ဝန်းအစုံက စိတ်လှုပ်ရှားမှုနဲ့ တလက်လက် တောက်ပသွားခဲ့ပြီး နှုတ်ခမ်းလေးကို ကိုင်ရင်း ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ အချိန်ခဏ ကြာပြီးနောက် ညင်သာသိမ်မွေ့တဲ့ လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တယ် “စီနီယာနဲ့ ရန်ကိုင်က ဘယ်လို ပက်သက်နေတာလဲဟင်”
“သူက ငါ့ရဲ့….အဟမ်း၊ သခင်လေးပါ” သက်လတ်ပိုင်း လူကြီးက အသာအယာလေး ချောင်းဟန့်လိုက်ပြီး မပြောသင့်တာကို ပြောမိတော့မလို ဖြစ်သွားခဲ့တယ်။
“ဒီတော့၊ စီနီယာက ရန်မိသားစုက လူတစ်ယောက်ပေါ့” လန်ရှန်းက ခေါင်းလေးစောင်းပြီး မေးလိုက်တယ်။
“အင်၊ အဲ့လို ပြောချင် ပြောလို့ရပါတယ်” သက်လတ်ပိုင်း လူကြီးက မရေမရာနဲ့ ပြန်ပြောလိုက်တယ်။
“စီနီယာ၊ စီနီယာ…” ချန်ရီက ပြုံးလိုက်ပြီး သက်လတ်ပိုင်း လူကြီးနား လမ်းလျှောက်သွားလိုက်တယ်။ သူ့လက်နှစ်ဖက်ကို အချင်းချင်း ပွတ်တိုက်နေလိုက်ရင်း စိုးရိမ်နေတဲ့ လေသံနဲ့ အပြုံးကြီးပြုံးရင်း “ခင်ဗျား မြင်သလိုပဲ၊ ကျုပ်တို့တွေကလည်း ဂျူနီယာညီမလေးလို့ပဲ ရန်ကိုင်ကို ကူညီဖို့ သွားနေတာလေ။ ဒီတော့…”
သက်လတ်ပိုင်းလူကြီးက ချန်ရီကို ကြည့်လိုက်ပြီး ပြန်ပြီးတော့ လှောင်ပြောင်လိုက်တယ် “စိတ်ဝိဥာဉ် တစ်ခုကို ဆင့်ကဲပြောင်းလဲသွားအောင် လုပ်ရတာ အဲ့လောက် ရိုးရှင်းတယ်လို့ မင်းထင်နေတာလား။ အဲ့လို လုပ်လိုက်တိုင်း ဒီလူအိုကြီးရဲ့ ခွန်အားကို ထိခိုက်စေတယ်ကွ”
ချန်ရီရဲ့ အမူအရာ မည်းမှောင်သွားခဲ့ပြီး ရှက်လွန်းလို့ တွင်းတစ်တွင်း တူးပြီးတော့သာ ထိုတွင်းထဲ ပြေးပုန် နေချင်မိပါတော့တယ်။ ဒီလို အခွင့်အရေးကို လက်လွှတ်လိုက်ရမှာ သူအရမ်းကို နှာမြောမိပါတယ်။
သူကိုယ်တိုင်သာ ကြိုးကြိုးစားစားနဲ့ လေ့ကျင့်မယ် ဆိုရင် သူ့ရဲ့ စိတ်ဝိဥာဉ် အသိစိတ်ပိုင်ဆိုင်လာနိုင်တဲ့ အခွင့်အရေးက စိတ်ကူးယဉ် အိမ်မက်တစ်ခုပဲ ဖြစ်နေမှာပါ။ ဒီလောက် ကြီးမားတဲ့ အခွင့်အရေးကြီး သူ့ရှေ့ရောက်နေတာတောင် ဖမ်းဆုပ်ဖို့ နည်းနည်းလေးမှ မကြိုးစားခဲ့ရင် သူ့တစ်ဘဝလုံးကို နောင်တ တရားတွေနဲ့ ဖြတ်သန်း သွားရတော့မှာပါ။
ဒါပေမယ့် ဒီလို အကူအညီကြီးကို သွားတောင်းရပြန်တာကလည်း ချန်ရီကို တော်တော်လေး ကိုးယိုးကားယား ဖြစ်စေပါတယ်။
ဒါပေမယ့် သက်လတ်ပိုင်းလူကြီးက ရုတ်တရက် ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ် “ကဲ၊ ဒီနေ့ ဒီလူအိုကြီး စိတ်ကောင်းဝင်နေလို့ မင်းတို့ ကောင်စုတ်လေးတွေကို ကူညီပေးလိုက်မယ်”
ချန်ရီမှာ စိတ်လှုပ်ရှားလွန်းလို့ ထခုန်ပြီး လေး၊ငါး ပတ်လောက်သာ ကျွမ်းထိုးပစ်ချင်သွားတဲ့ အထိပါပဲ။ စီနီယာဒဲကို ခပ်မြန်မြန်ပဲ ကျေးဇူးတင်လိုက်ပြီး သူ့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကလို လက်ဝှေ့ရမ်းပြကာ လှမ်းခေါ်လိုက်တယ် “အားလုံး မြန်မြန်လာခဲ့ကြဟေ့၊ မြန်မြန်နော်”
ကျန်ရှိနေတဲ့ တစ္ဆေဘုရင်တောင်ကြား တပည့်တွေ အကုန်လုံး ပါးစပ် နားရွက်တက်ချိတ်တော့မတတ် ပြုံးရင်း ခပ်မြန်မြန်ပဲ ပြေးလာလိုက်ကြတယ်။ ရောက်တာနဲ့ သက်လတ်ပိုင်းလူကြီးကို သကာရည်လောင်းထားတဲ့ အပြောချိုချိုးလေးတွေနဲ့ အသည်းအသန် ဖားယား မြှောက်ပင့်ပြောဆိုကြပါတော့တယ်။
စီနီယာဒဲက သူ့စကား သူတည်ပါတယ်။ သူတို့ ကိုယ်ထဲက တစ္ဆေဘုရင် တံဆိပ်တော်တွေကို အလျင်အမြန်ပဲ ထုတ်ယူလိုက်ပြီး အနက်ရောင်မြူနဲ့ ပေါင်းစပ်ပေးလိုက်တယ်။
တစ်ခဏကြာပြီးနောက် ထိုဖြစ်စဉ် ပြီးဆုံးသွားခဲ့တယ်။
တစ္ဆေဘုရင်တောင်ကြားက တပည့်ရှစ်ယောက်စလုံးရဲ့ မျက်ဝန်းထဲ ဖုံးဖိမရနိုင်တဲ့ စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တို့ဖြင့် ပြည့်လျမ်းနေခဲ့တယ်။
ဒီတစ်ကြိမ် သူတို့ အချီကြီး မြတ်သွားခဲ့ပါတယ်။ ပြီးတော့ စစ်ပွဲမြို့တော်သွားပြီး ရန်ကိုင်နဲ့တောင် သွားမတွေ့ရသေးပါဘူး။ စစ်ပွဲမြို့တော်ဆီ ရောက်လို့ ဒီစီနီယာနဲ့သာ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်နိုင်ခဲ့ရင် စီနီယာက သူတို့ကို ပိုပြီးကောင်းမွန်တဲ့ အကြံဥာဏ်ကောင်းတွေ ပေးလာနိုင်ပါသေးတယ်။
တစ္ဆေဘုရင်တောင်ကြား တပည့်တွေရဲ့ ကံကောင်းမှုကို ကြည့်ရင်း ရတနာဂိုဏ်းက တပည့်တွေရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့တယ်။
ထောင်ရန်က ရဲဆေးတင်လိုက်ပြီး သက်လတ်ပိုင်း လူကြီးဆီ ပြေးသွားလိုက်ကာ အပြုံးကြီးပြုံးရင်း “စီနီယာ၊ စီနီယာ၊ ကျုပ်တို့ကလည်း ရန်ကိုင်ကို ကူညီပေးဖို့ သွားနေတာ ဆိုတော့၊ ကျုပ်တို့ကိုလည်း… ဟဲဟဲ…”
“မင်းဘာလိုချင်တာလဲ” သက်လတ်ပိုင်းလူကြီး ဒေါသ ထွက်မသွားခဲ့ပါပြီ။ အဲ့အစား ထောင်ရန်ကို ပြုံးကာ ပြန်မေးလိုက်တယ်။
ထောင်ရန်ရဲ့ အမူအရာ တောက်ပသွားခဲ့ပြီး မေးလိုက်တယ် “ကျုပ်တို့ရဲ့ အစစ်အမှန်ချီကို သန့်စင်ပေးနိုင်တဲ့ နည်းလမ်းလေး ဘာလေးများ စီနီယာစီမှာ မရှိဘူးလား။ ကျုပ်တို့ရဲ့ အစစ်အမှန်ချီကို အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက် တိုးတက်သွားအောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့”
လက်နက်သန့်စင်ဖို့၊ ဒါမှမဟုတ် ဆေးဖော်စပ်ဖို့အတွက် သန့်စင်မှုမြင့်မားပြီး သိပ်သည်းလှတဲ့ အစစ်အမှန်ချီကို လိုအပ်ပါတယ်။ ထောင်ရန်က တစ္ဆေဘုရင်တောင်ကြား တပည့်တစ်ယောက် မဟုတ်တဲ့အတွက် သူတို့နဲ့ တူညီတဲ့ အကျိုးအမြတ် မရနိုင်တာကြောင့် အခုလိုမျိုး တောင်းဆိုလိုက်ရတာပါ။
သူတောင်းဆိုတာကို နားထောင်ရင်း သက်လတ်ပိုင်းလူကြီးက လှောင်ပြုံးပြုံးလိုက်တယ် “အဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ ဒီလူအိုကြီးလည်း မင်းကို မကူညီနိုင်ဘူး။ အဲ့လို ကိစ္စမျိုးက ကိုယ့်ကြိုးစားမှုအပေါ်မှာပဲ မူတည်တာ”
“အဲ့တော့ နည်းလမ်း မရှိဘူးပေါ့” ထောင်ရန်က စိတ်ပျက်သွားခဲ့တယ်။
“ဒါပေမယ့်… မင်းတို့က ရတနာဂိုဏ်းကလို့ ဟိုလူတွေ ပြောခဲ့တာကို ငါကြားလိုက်တယ်၊ အဲ့ဒါ အမှန်ပဲလား”
“အမှန်ပါပဲ”
“လက်နက်သန့်စင်တာနဲ့ ပက်သက်ရင်တော့ ဒီလူအိုကြီးက နည်းလမ်းတစ်ခု၊ နှစ်ခုလောက် မင်းကို ညွှန်ကြားပေးနိုင်တယ်၊ မင်းနားထောင်ချင်လား ၊ မထောင်ချင်ဘူးလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်, ဟဲဟဲ”
ထိုစကားကို ကြားလိုက်တာနဲ့ ဝူရန် စိတ်ထဲ ကြိတ်ပြီး လှောင်ပြောင်လိုက်တယ်။
သက်လတ်ပိုင်းလူကြီးက အရမ်းကို အားကောင်းပြီး ထူးဆန်းတဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားပေမယ့် လက်နက်သန့်စင်တာနဲ့ ပက်သက်ရင်တော့ ဒီလောကကြီးမှာ သူတို့ ရတနာဂိုဏ်းကို ယှဉ်နိုင်တဲ့လူ မရှိသေးပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေ ဆိုရင်တောင်မှပေါ့။
ထို့ကြောင့် သက်လတ်ပိုင်းလူကြီး ပြောလိုက်တဲ့ စကားကို လေးလေးနက်နက် မတွေးပဲ ပြန်ပြီးတော့တောင် အထင်အမြင်သေး ရှုံ့ချလိုက်တာပါ။
“စီနီယာလည် လက်နက်သန့်စင်တာနဲ့ ရင်းနှီးတာလား” ထောင်ရန်ရဲ့ မျက်နှာ ဝင်းပသွားခဲ့တယ်။
စီနီယာဒဲက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “လက်နက်သန့်စင်တာနဲ့ ပက်သက်ပြီး ဒီလူအိုကြီး နည်းနည်းပါပါးလောက်တော့ သိထားတယ်၊ အရမ်းကြီး နက်နဲတာတွေဘာတွေ မပါဘူး။ ဒါပေမယ့် အဲ့လောက်နဲ့တင် မင်းရဲ့ အသိအမြင်ကို တိုးချဲ့ပေးဖို့ လုံလောက်နေပါပြီ။
ဒီတစ်ကြိမ်မှာတော့ ထောင်ရန် အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ကာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့တယ်။
ရတနာဂိုဏ်းသားတွေရှေ့မှာ သူတို့ရဲ့ လက်နက်သန့်စင်တဲ့ အသိပညာကို ထုတ်ဖော်ပြသရဲတဲ့ လူတစ်ယောက် တကယ်ပဲ ရှိနေခဲ့ပါတယ်။
ဒါပေမယ့် တစ်ဖက်လူရဲ့ ရက်စက်တဲ့ စရိုက်က သူသာ ထိုစီနီယာကို မျက်နှာပျက်အောင် လုပ်မိခဲ့ရင် တစ်ဖက်လူ ဒေါသထွက်သွားမလား၊ ဒါမှမဟုတ် သူ့ကိုတောင် ထသတ်မလား ဆိုတာကို မပြောနိုင်ပါဘူး။ ထိုအချက်ကို နားလည်လိုက်တာနဲ့ ထောင်ရန်က ခေါင်းလေး ကုတ်လိုက်ပြီး နှိမ့်နှိမ့်ချချနဲ့ စီနီယာရဲ့ အကြံပေးချက်ကို တောင်းခံလိုက်ပါတယ်။ သူဘာပြောပြော စီနီယာကို မလေးမစား မလုပ်မိဖို့ကိုလည်း အတတ်နိုင်ဆုံး ထိန်းထားခဲ့ပါတယ်။