အခန်း (၄၈၁-၄၈၅)
Vol. 20 Ch. 481-485
အပိုင်း(၄၈၁) စည်းတံဆိပ်တော် ဘုရားကျောင်း
“သခင်လေး” အနောက်မှ ရင်းဂျုရဲ့ စိုးရိမ်နေတဲ့အသံ ထွက်ပေါ်လာခဲ့တယ်။
“ဘာမှမဖြစ်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး အားနည်းလို့ စိတ်ပျက်နေသည့် အရိပ်အယောင်တို့ သူ့မျက်နှာထက် ဝဲတက်လာခဲ့တယ်။
ရန်ဝေနဲ့ မန်ရှန်းရီတို့ကတော့ ဒီရန်ကိုင် တော်တော် အားကောင်းတာပဲလို့ ထင်နေကြမှာပါ။ လူတစ်ယောက်၊ လက်နက်တစ်ခုတည်းနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေရဲ့ တရစပ်ပူးပေါင်း တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တယ်။ ဒါပေမယ့် တကယ်တော့ ရန်ကိုင်အတွက် အဲ့လိုလုပ်နိုင်ဖို့ အရမ်းကို အားကုန်ခဲ့ရပါတယ်။
အရိုးဒိုင်းက ဆန်းကြယ်အဆင့် လက်နက်တစ်ခု ဖြစ်နေရင်တောင် သာမန်အင်မော်တယ် တက်လှမ်ခြင်း အဆင့်ကျင့်ကြံသူတစ်ယောက် အနေနဲ့ ဒီလို စွမ်းအားမျိုး ထုတ်ပြနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လက်နက်တွေနဲ့ သိုင်းပညာရပ်တွေက အခြေခံအားဖြင့် တူညီကြပါတယ်။ နှစ်ခုစလုံးက အကူပစ္စည်းတွေ သက်သက်ပါ။ ကျင့်ကြံသူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်က သူတို့ရဲ့ ကိုယ်ပိုင် ခွန်အားပါပဲ။
အရိုးဒိုင်းက တကယ်ကို ထူးကဲပါတယ်။ အရိုးဒိုင်းနဲ့ဆိုရင် ဒေါင်ချင်းဟန်လို လူမျိုးတောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅အောက်က ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီလက်နက်ကို အသုံးပြုဖို့အတွက် အစစ်အမှန်ချီ တော်တော်လေး လိုအပ်ပါတယ်။
အစောပိုင်းတုန်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်များစွာရဲ့ တိုက်ခိုက်မှုတွေကို စုပ်ယူနိုင်ဖို့ အတွက် ယန်အရည်စက် ဒါဇင်ကျော်ကို ရန်ကိုင် အသုံးပြုခဲ့ရပါတယ်။
သူနဲ့အဆင့်တူ ကျင့်ကြံသူတစ်ယောက် အနေနဲ့ အဲ့လောက်များပြားတဲ့ အစစ်အမှန်ချီ ပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ဖို့တောင် တော်တော်လေး ခက်ခဲနေခဲ့ပါပြီ။
အရိုးဒိုင်းရဲ့ ကာကွယ်နိုင်စွမ်းနဲ့ စုပ်ယူနိုင်တဲ့ အကန့်အသတ်က အရိုးဒိုင်းထဲ ထည့်သွင်းတဲ့ အစစ်အမှန်ချီ ပမာဏနဲ့ ဆက်စပ်နေပါတယ်။
အရိုးဒိုင်းထဲကို အစစ်အမှန်ချီတွေ ပိုပြီး ထည့်သွင်းလေ၊ အရိုးဒိုင်း စုပ်ယူနိုင်တဲ့ တိုက်ခိုက်မှုတွေကလည်း ပိုပြီး များလာမှာ ဖြစ်ပြီး ကာကွယ်နိုင်စွမ်းကလည်း ပိုပြီး မြင့်မားလာမှာပါ။
အချိန်တစ်ခဏအတွင်း အစစ်အမှန်ချီ များစွာ အသုံးပြုလိုက် ရတဲ့အတွက် ရန်ကိုင်လည်း တော်တော်လေး မောပန်းနေခဲ့တယ်။ ဒါပေမယ့် အဲ့လို လုပ်မှပဲ ရန်ဝေက သူ့ကို မတိုက်ခိုက်မှာပါ။
ငါ့ကျင့်ကြံခြင်းက အရမ်းကို နိမ့်ကျနေသေးတယ် ငါသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်နိုင်မယ် ဆိုရင် အစောပိုင်းတုန်းကလို လုပ်ဖို့က ပိုပြီး လွယ်ကူသွားပြီ
ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ စံအိမ်ဆီပြန်ပြီး အားတက်သရော လေ့ကျင့်ချင်စိတ်တို့ သူ့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့တယ်။
ရန်ကိုင်ရဲ့ မဆိုသလောက်ကလေး ပြောင်းလဲသွားတဲ့ အမူအရာက ရင်းဂျုရဲ့ အကြည့်အောက်ကနေ မလွတ်မြောက် ခဲ့ပါဘူး။ အရိပ်နဲ့တူတဲ့ သွေးစစ်သည်တော်က ရန်ကိုင် ဘာတွေးနေလဲဆိုတာကို နားလည်လိုက်တာနဲ့ ရန်ကိုင်ကို အထင်ကြီးသွားခဲ့တယ်။
သခင်ငယ်လေးက ဖိအားနဲ့ ရင်ဆိုင်ရချိန် ပိုပိုပြီး သန်မာလာတတ်တဲ့ လူစားမျိုး ဖြစ်တဲ့ပုံပါပဲ။
အားကောင်းတဲ့ ပညာရှင်များစွာရဲ့ ပူးပေါင်းတိုက်ခိုက်မှု ခံစားရပြီးတဲ့နောက် သာမန်ကျင့်ကြံသူ တစ်ယောက်သာ ဆိုရင် သူတို့ရဲ့ နှလုံးသားထဲ ကြောက်စိတ်တို့ ကိန်းအောင်းသွားမှာပါ။ အဲ့အချိန်ကျ ပြန်တိုက်ဖို့ကို အသာထား၊ သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာတောင်၊ အတွင်းနတ်ဆိုးတွေရဲ့ အမဲလိုက်ခြင်းကို ကျိန်သေခံရမှာ ဖြစ်ပြီး ထိုစိတ်ဒဏ်ရာကို သူတို့တစ်ဘဝလုံး ဘယ်တော့မှ ကျော်လွှားနိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် သခင်ငယ်လေးရဲ့ နှလုံးသားက သန်မာပြီး သိုင်းတာအို လမ်းစဉ်ရဲ့ အထွတ်အထိပ်ဆီကို တက်လှမ်းချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒက မရွေ့လျားနိုင်တဲ့ ကျောက်စိုင်ကျောက်သားလို ခိုင်မြဲပါတယ်။ ဒီတစ်ကြိမ် အဖြစ်အပျက်က သူ့စိတ်နှလုံးသားကို မယိမ်းယိုင် သွားစေရုံမက သူ့ရဲ့ တိုက်ခိုက်လိုစိတ်ကိုပါ မြှင့်တင်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ဒီလို စိတ်ဆန္ဒနဲ့သာဆိုရင် သူ့ အခွင့်အရေးနဲ့ ပါရမီသာ လုံလောက်နေသရွေ့၊ သခင်ငယ်လေးအနေနဲ့ သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်ဆီ မလျှောက်လှမ်းနိုင်စရာ အကြောင်းမရှိပါဘူး။
ထိုကဲ့သို့ တွေးနေရင်းနဲ့ ရင်းဂျုက သာမန်အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ လှမ်းမေးလိုက်တယ် “ကျုပ်တို့ ပြန်ကြတော့မလား”
ထိုကဲ့သို့ မေးလိုက်ပြီးတာနဲ့ ဒီကနေ့တုန်းက ချူရီမန် ရန်ကိုင်အား အသည်းအသန် တားဆီးခဲ့တဲ့ အဖြစ်အပျက်ကို ရင်းဂျု ပြန်သတိရလိုက်တယ်။ ဒါပေမယ့် သူမအနေနဲ့ ရန်ကိုင်ကို မတားဆီးနိုင်ခဲ့ပါဘူး။ အခု သူမ ကောင်းကောင်းမွန်မွန်နဲ့ စားဝင်အိပ်ပျော် နေနိုင်မှာလား ။
သူတို့ ပြန်သွားမှာပဲ သခင်မလေးချူ စိတ်သက်သာရာ ရနိုင်ပါလိမ့်မယ်။
အမွေခံတိုက်ပွဲ စကတည်းက ချူရီမန်က တောက်လျှောက်ကို အလုပ်များနေခဲ့တာပါ။ နားရတဲ့ အချိန်တောင် နည်းနည်းလေးပဲ ရှိတာပါ။ ထို့ကြောင့် ရင်းဂျုအနေနဲ့ ထိုကိစ္စအား ရန်ကိုင်ကို မပြောနိုင်ပေမယ့် ချူမိသားစု သခင်လေးမကိုလည်း စားမဝင်၊ အိပ်မပျော် မဖြစ်စေချင်ပါဘူး။
“ကျုပ်သွားရမယ့် နေရာတစ်နေရာ ရှိသေးတယ်” ရန်ကိုင်က ကူကယ်ရာမဲ့နေတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
ရင်းဂျုက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပဲ ရန်ကိုင်နောက်ကနေသာ ဒီအတိုင်း လိုက်သွားခဲ့တယ်။
စစ်ပွဲမြို့တော် လမ်းမတွေထက် အချိန်အတော် ကြာအောင် လမ်းလျှောက် နေခဲ့ပြီးနောက် လူသူမရှိတဲ့ အဆောက်အအုံကြီး တစ်ခုရှေ့ သူတို့ ရောက်ရှိလာခဲ့တယ်။ ဧရာမဝင်ပေါက်ကို စောင့်နေတဲ့လူတောင် တစ်ယောက် တစ်လေမှ မရှိပါဘူး။
မသိသာမသိထားရင် ဒီနေရာကို စွန့်ပစ်ထားတဲ့ နေရာတစ်ခုလို့ ထင်မှတ်သွားနိုင်ပါတယ်။
ဒါပေမယ့် မော့ကြည့်လိုက်ပြီးနောက် ရင်းဂျုရဲ့ အမူအရာ တည်ငြိမ်သွားခဲ့တယ်။
ထိုအဆောက်အအုံကြီးက စစ်ပွဲမြို့တော်ရဲ့ ဗဟိုချက်ချာ ဖြစ်တဲ့ စည်းတံဆိပ်တော် ဘုရားကျောင်းပါပဲ။
ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုက စေလွှတ်ထားတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေ နားနေတဲ့ နေရာဆိုရင်လည်း မမှားပါဘူး။
သခင်လေးက ဒီကို ဘာလာလုပ်တာလဲ၊ ရင်းဂျု စိတ်ထဲ သံသယဝင်သွားခဲ့တယ်။
စည်းတံဆိပ်တော် ဘုရားကျောင်းကို ကြည့်ရင်း ရန်ကိုင် စိတ်ဓါတ်ကျသွားခဲ့တယ်။ ရန်ဝေ ခြံဝန်းထဲကနေ ထွက်လာတုန်းက အိုးမင်းနေတဲ့ အသံတစ်သံက ဒီနေရာဆီ လာဖို့ သူ့ကို ပြောခဲ့ပါတယ်။
သူ့ကို ပြောခဲ့တဲ့လူက ရန်မိသားစုရဲ့ အကြီးအကဲချုပ်ပါ။ ရန်ကိုင်လည်း ရွေးချယ်စရာ မရှိတာနဲ့ ဒီကို လာခဲ့ရပါတယ်။
သူ့ဘာသာ ဘယ်လောက်ပဲ ဖုံးဖိဖုံးဖိ၊ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ဒီက ပညာရှင်ရှစ်ယောက်ရဲ့ ထောက်လှမ်းစူးစမ်းမှုကနေ မလွတ်မြောက် နိုင်တဲ့ပုံပါပဲ။
တောက်လျှောက် စောင့်ကြည့်ခြင်း ခံနေရတဲ့ ခံစားချက်က ရန်ကိုင်အား တကယ်ကို အနေရခက်စေပါတယ်။
သူ့စိတ်ခံစားချက် ကောင်းမွန်းမနေသလို သူ့မျက်နှာ အမူအရာကလည်း ကောင်းမွန်နေခြင်း မရှိပါဘူး။
ဘုရားကျောင်းရှေ့ ရောက်တာနဲ့ သူရောက်ရှိကြောင်း မပြောရသေးခင်မှာပဲ ပိတ်နေတဲ့တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားခဲ့တယ်။
အသာအယာလေး မျက်ခွံ့လှန်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ရင်း ရင်းဂျုနဲ့အတူ အထဲကို ဝင်သွားလိုက်တယ်။ သူတို့နှစ်ယောက် ဝင်လာပြီးနောက် တံခါးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားခဲ့တယ်။ တံခါးအဖွင့်အပိတ် ဖြစ်စဉ်အတောအတွင်း ပုံရိပ် တစ်ခုကိုမှ မမြင်တွေ့ခဲ့ရသလို စွမ်းအင်လှုပ်ခတ်သွားတဲ့ အရိပ်အယောင် တစ်စွန်းတစ်စကိုမှလည်း ရန်ကိုင် အာရုံမခံမိပါဘူး။
ထိုအင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေရဲ့ စွမ်းရည်တွေကို ရန်ကိုင် အနည်းငယ် အထင်ကြီးချင်မိသွားခဲ့တယ်။
စည်းတံဆိပ်တော် ဘုရားကျောင်းရဲ့ ကြမ်းပြင်တွေကို အနီရောင်ကော်ဇောတွေနဲ့ ခင်ကျင်းထားခဲ့ပြီး ပတ်ပတ်လည် နံရံတွေကိုတော့ တလက်လက် တောက်ပနေတဲ့ ကျောက်မျက်တွေနဲ့ စီချယ်ထားခဲ့ပါတယ်။ ညအမှောင် ထဲမှာတောင် စင်္ကြန်လမ်းတွေလည်း နေ့အလား လင်းထိန်နေခဲ့ပါတယ်။
များစွာသော ကျောက်တိုင် မျက်နှာပြင်တွေ ထက်မှာတော့ အားကောင်းတဲ့ ရှေးဟောင်း သားရဲတွေကို ထိုးထွင်းထားလို့ပါ။
ထိုကျောက်မျက်တွေနဲ့ သားရဲတွေရဲ့ ကနုတ်လက်ရာတွေကို လေ့လာရင်း ရန်ကိုင် အတွေးနက် သွားခဲ့တယ်။ ထိုအရာတွေက ကြုံသလို စီမံထားခြင်း မဟုတ်ပဲ ထိုအရာတွေထဲ ရှင်းပြမရနိုင်တဲ့ ဆန်းကြယ်မှုတွေ ပါဝင်နေတယ်လို့ ရန်ကိုင် ရေးတေးတေးလေး ခံစားမိနေခဲ့တယ်။
ဒါပေမယ့် ထိုအရာတွေကို ဆက်ပြီး လေ့လာ နေရင်တောင် ဘာဥာဏ်အလင်းမှ သူရလိမ့်မှာ မဟုတ်ပါဘူး။
ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါရမ်းလိုက်ပြီး ရှေ့သာ ဆက်သွားလိုက်တယ်။
စည်တံဆိပ်တော်ထဲက မိုးမြေစွမ်းအင်တွေက သန့်စင်ပြီး သဘာဝဆန်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့တယ်။ အဆောက်အအုံ တစ်ခုထဲ ရောက်နေတယ်ဆိုတာကို သိထားပေမယ့် ဒီမှာရှိနေတဲ့ လေထုနဲ့ အရှိန်အဝါက မိုးမြေစွမ်းအင် ကြွယ်ဝတဲ့ တောင်းတန်းတွေက နေရာမျိုးတွေနဲ့ ယှဉ်လို့ရပါတယ်။ တစ်ခါတစ်ရံ ငှက်သံတွေ၊ အင်းဆက် အော်မြည်သံတွေကို ကြားနေသလို ရန်ကိုင် ခံစားနေခဲ့ရတယ်။
သူသာ မျက်လုံးပိတ်လိုက်ရင် ကြည်လင်တဲ့ စမ်းချောင်းတစ်ချက်ကို ဖြတ်ကျော် တည်ဆောက်ထားတဲ့ တံတားလေးတစ်စင်းပေါ် ဖြတ်သန်း လမ်းလျှောက်နေတဲ့ မြင်ကွင်းကို ပုံဖော်မိနိုင်လောက်မှာပါ။
ဆန်းကြယ်တဲ့ လေထုက နေရာတိုင်းမှာ ရှိနေခဲ့တယ်။
စိတ်ကို ဒုံးဒုံးလွှတ်ချထားပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေတဲ့ ရန်ကိုင်လို မဟုတ်ပဲ ရင်းဂျုက ခါးကို မတ်ထားပြီး ရန်ကိုင်နောက်၌ ရပ်နေရင်း သူ့ဘေးပတ်ဝန်း ကျင်ကို သတိမပြတ် စောင့်ကြည့်စစ်ဆေးနေခဲ့တယ်။
သူတို့ကို လမ်းပြေခေါ်သွားမယ့်လူ ဘယ်သူမှ မရှိပေမယ့် အသံတစ်သံက သူ့ကို ဘယ်လမ်းအတိုင်း သွားရမယ်လို့ ပြောနေသလို ရန်ကိုင် ခံစားနေခဲ့ရတယ်။
အဖြစ်အပျက် တစ်ခုလုံးက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။
ခဏကြာပြီးနောက် သူတို့နှစ်ယောက်ရှေ့ တောက်ပတဲ့ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့တယ်၊ ထိုအလင်းက ဘာမှမရှိတဲ့ လေဟာနယ်ထဲကနေ ထွက်လာတဲ့ ပုံစံမျိုးပါ။
ရန်ကိုင်နဲ့ ရင်းဂျုနဲ့ တုန်ပြန်လိုက်တဲ့ အချိန်မှာတော့ သူတို့ရဲ့ ပန်းတိုင်ဆီ ရောက်ရှိနေတာကို နှစ်ယောက်စလုံး တွေ့ရှိလိုက်ရတယ်။
စည်းတံဆိပ်တော်ရဲ့ အဓိကခန်းမထဲ၌ ဆံဖြူလူအိုကြီး ရှစ်ယောက်က စားပွဲဝိုင်းတစ်ခုကို ပတ်လည်ဝိုင်းကာ ထိုင်နေခဲ့ကြတယ်။ တစ်ယောက်ချင်းစီဆီက ဒီသေမျိုး လောကကြီးရဲ့ အချုပ်အနှောင်တွေကနေ ကင်းလွတ် သွားတဲ့ အရှိန်အဝါကို ပေးစွမ်းနေခဲ့တယ်။ ခန်းမတစ်ခုလုံးရဲ့ အလယ်ဗဟိုဖြစ်တဲ့ စားပွဲရဲ့ အလယ်မှာတော့ လေထဲဝဲနေတဲ့ အလင်းလုံးကြီးတစ်လုံး ရှိနေခဲ့ပါတယ်။
ရန်ကိုင်ရဲ့ ရင်းဂျုတို့ ရောက်လာတာက ထိုလူအိုကြီး ရှစ်ယောက်ကို နည်းနည်းလေးတောင် အနှောက်အယှတ် မပေးခဲ့ပါဘူး။ တစ်ယောက်ချင်းဆီက လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ကွက်မျိုးစုံကို ပြုလုပ်နေခဲ့ကြပြီး အချို့က မျက်မှောင်ကြုံ့နေကြတာက အချို့က ကျေကျေနပ်နပ်နဲ့ ပြုံးနေခဲ့ကြတယ်။ အားလုံးက စွမ်းအင်စီးကြောင်း တစ်ခုကို အလင်းလုံးဆီ ညွှန်ကြားနေတဲ့ပုံစံပါပဲ။
ထိုစွမ်းအင်စီးကြောင်းတွေကို စုပ်ယူလိုက်တာနဲ့ အလင်းလုံးလည်း မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့တယ်။ သူတို့ လုပ်နေတဲ့ လက်ကွက်တွေ ဘာကိုဆိုလိုလဲ ဆိုတာကိုတော့ ရန်ကိုင်လည်း မရှင်းမလင်းပါပဲ။
ရန်ကိုင်နဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး အသက်အောင့်ရင် သူတို့ရှေ့မှာ ရှိနေတဲ့ အလင်းလုံးကြီးကို စိုက်ကြည့် နေခဲ့ကြတယ်။ နှစ်ယောက်စလုံး ပညာရှင် ရှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို စူးစိုက်ကြည့်ရင်း ဥာဏ်အလင်း တစ်ခုခုလောက် ရအောင် ကြိုးစား ကြည့်နေခဲ့ကြတယ်။
အချိန်တွေ တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားခဲ့တယ်။
အချိန်တစ်ခုခု ကြာသွားပြီးနောက် သူ့ရှေ့ တစ်ခုခု လက်သွားသလို ခံစားလိုက်ရပြီး ရန်ကိုင်လည်း တွေဝေ မိန်းမောနေရာမှ ပြန်အသိဝင်လာခဲ့တယ်။ အခုမှပဲ လုံးဝကို ကွဲပြားတဲ့ နေရာတစ်ခုစီ ပို့ဆောင်ခြင်း ခံလိုက်ရမှန်း ရန်ကိုင် သတိပြုမိလိုက်တယ်။
အစတုန်းက သူက စားပွဲဝိုင်းနဲ့ မနီးမဝေးမှာ ရပ်နေခဲ့တာပါ။ ဒါပေမယ့် အခုတော့ သူက စိမ်းစိုနေတဲ့ မြက်ခင်းပြင်ထက် မတ်တပ်ရပ်နေခဲ့တာကို ရန်ကိုင် တွေရှိ့လိုက်တယ်။ တိမ်ထူနေတဲ့ အပြာရောင်မိုးသား ကောင်းကင်အောက် သူရပ်နေခဲ့ပြီး လေပြေ လေညင်းလေးကလည်း တသုန်သုန် တိုက်ခတ်လျက် ရှိနေခဲ့တယ်။
မော့ကြည့်လိုက်တဲ့အခိုက် ရန်ကိုင်ရဲ့ အသက်ရှူသံ တည်ငြိမ်သွားခဲ့တယ်။
စားပွဲဝိုင်းထက် ထိုင်နေခဲ့တဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် ရှစ်ယောက်က ကောင်းကင်ထက် ပျံဝဲတိုက်ခိုက် နေခဲ့ကြတယ်။ တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားကွက်တွေက ရှင်းပြရ ခက်ခဲလှပါတယ်။ သူတို့ပုံစံက တိုက်ခိုက်နေတယ်လို့လည်း ပြောလို့မရပါဘူး။ သူတို့ လှုပ်ရှားမှုတွေက လုံးဝကို အစီအစဉ် ကင်းမဲ့နေခဲ့ပြီး လွတ်လပ်စွာ တိုက်ခတ်နေတဲ့ လေညင်း တစ်ခုလိုပါပဲ၊ ရှင်းရှင်းပြောရရင် သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ရန်ကိုင် ဘာဆိုဘာမှ နားမလည်နိုင်ခဲ့ပါဘူး။
ပညာရှင် ရှစ်ယောက်က အနီးကပ် တိုက်ခိုက် နေခဲ့ကြတယ်။ တစ်ယောက်ချင်းစီတိုင်းက ကျန်တဲ့ ခုနှစ်ယောက်ရဲ့ ရန်သူပါ။ ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေ ထိပ်တိုက်တွေ့သွားတိုင်း ကောင်းကင်နဲ့ မြေပြင် လှုပ်ခါသွားခဲ့ပြီး လေပြင်းတွေ တိုက်ခတ်သွားခဲ့တယ်။
“ဟန်” တစ်ယောက်ယောက်က ရန်ကိုင်ကို သတိပြုမိသွားခဲ့တယ်။ အတွေးနက်နေတဲ့ ပုံစံနဲ့ မြက်ခင်းပြင်ထက် ရပ်နေတဲ့ ရန်ကိုင်ကို သတိပြုမိလိုက်တာနဲ့ ထိုလူ အံ့အားသင့်သွားခဲ့တယ်။
ထိုလူရဲ့ ရုတ်တရက် ပြောင်းလဲမှုကို ကျန်တဲ့ ပညာရှင် ခုနှစ်ယောက်စလုံး သတိပြုမိလိုက်ပြီး အားလုံးရဲ့ အာရုံက မြက်ခင်းပြင်ထက် ရပ်နေတဲ့ ရန်ကိုင်ဆီ ရောက်လာခဲ့တယ်။ တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြပြီး အကုန်လုံးက အံ့အားသင့်နေတဲ့ အမူအရာနဲ့ ရန်ကိုင်ကို စူးစိုက် ကြည့်နေခဲ့တယ်။
“ညီအစ်ကိုရန်၊ အဲ့ဂျူနီယာက မင်းတို့ရဲ့ မိသားစုကမလား” အနည်းငယ် ဝတဲ့လူအိုကြီးက မေးလိုက်တယ်။
ရန်လီတင်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစား ငုံကြည့်နေလိုက်တယ်။
“ဂျူနီယာရန်က စီနီယာရှစ်ယောက်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က သူ့အမူအရာကို အလျင်အမြန်ပဲ ပြန်ထိန်းလိုက်ပြီး လေးလေးစားစားနဲ့ ဦးညွှတ်လိုက်တယ်။
“အထင်ကြီးစရာပဲ၊ ငါတို့ရဲ့ စိတ်စွမ်းအင် ကမ္ဘာထဲကိုတောင် ထိုးဖောက်ဝင်ရောက် လာနိုင်တယ် ဆိုတော့၊ ညီအစ်ကိုရန်၊ မင်းရဲ့ ရန်မိသားစုမှာ ဆက်ခံသူတွေ တကယ် မရှားဘူးပဲ” နောက်ထပ် ပုပုလူအိုကြီး တစ်ယောက်က ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။
ရန်လီတင်းက ဘာမှပြန်မပြောခဲ့သလို ခေါင်းတောင် ညိတ်မပြခဲ့ပါဘူး။ သူ့ကို စိုက်ကြည့်နေတဲ့ ရန်မိသားစု အကြီးအကဲချုပ်ရဲ့ မျက်ဝန်းအစုံ တစ်ချက် လက်သွားတာကိုပဲ ရန်ကိုင် ခံစားမိလိုက်တယ်။
“အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်”
“အင်း၊ မင်းနာမည်က ရန်ကိုင်မလား” ရန်လီတင်းက လက်နောက်ပစ်ရင်း လေထဲ မတ်တပ်ရပ်နေခဲ့တယ်။ သူ့ဆံပင်တွေက ဖြူစွတ်နေပေမယ့် သူ့မျက်နှာက အိုမင်းရွံ့တွ မနေပါဘူး၊ သူ့ကြည့်ကလည်း ဘာမှ ထူးခြားမနေခဲ့ပါဘူး။
“ဟုတ်ပါတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ သူ့ရှေ့မှာ ရှိနေတဲ့ ရန်လီတင်းက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် အကြီးအကဲချုပ် တစ်ယောက်ပါ။ မျိုးဆက်အရ ရေတွက်ရင် ထိုလူက အသက်၂၀၀လောက် ရှိနေတဲ့ သူ့ရဲ့ ဘိုးဘေးတစ်ယောက်လို့တောင် ပြောလို့ရနေပါပြီ။
သူတို့ကြား မျိုးဆက်များစွာ ကွာခြားနေတဲ့အပြင် ရန်မိသားစုကိုယ်တိုင်က မိသားစုဝင်တွေကြားက ဆက်ဆံရေးကို အလေးမထားတော့၊ ရန်ကိုင်က ရန်လီတင်းရဲ့ ခွန်အားကို လေးစားကောင်း လေးစားပါလိမ့်မယ်၊ သူ့အပေါ် ရင်းနှီးကျွမ်းဝင်သလို နည်းနည်းလေးမှ မခံစားရပါဘူး။
“ငါမင်းကို ဒီနေရာဆီ ဘာလို့ ခေါ်လိုက်လဲဆိုတာ မင်းသိလား” ရန်လီတင်းက ရန်ကိုင်ကို စမ်းသပ်နေချင်တဲ့ ပုံပါပဲ၊ မေးခွန်းတွေသာမေးပြီး အဖြေတော့ ပြန်မပေးခဲ့ပါဘူး။
“ဂျူနီယာသိပါတယ်” ရန်ကိုင် ပြုံးလိုက်တယ်။
အမွေခံတိုက်ပွဲစတာ တော်တော်လေး ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်မှပဲ ရန်လီတင်းက သူ့ကို ဆင်ခေါ်ခဲ့ပါတယ်။ ထို့ကြောင့် သူ့ကို ဘာလို့ ခေါ်လဲ ဆိုတာ အကြောင်းပြချက်ကို ရန်ကိုင် ကောင်းကောင်း ခန့်မှန်းမိပါတယ်။
စစ်ပွဲမြို့တော်မှာ နတ်ဆိုးအိုကြီး ထွက်ပေါ်လာတာနဲ့ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အားကောင်သည့် နတ်ဆိုးချီက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် ရှစ်ယောက်ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တဲ့ ပုံပါပဲ။
သူတို့ ရှစ်ယောက်စလုံးက အမွေခံတိုက်ပွဲမှာ ဝင်ပါလိမ့်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ တာဝန်က လူငယ်မျိုးဆက်က ကျင့်ကြံသူတွေကို တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့ပါပဲ။ အခု ရန်ကိုင် စံအိမ်မှာ အဆင့်မြင့် နတ်ဆိုးအရှင်သခင် တစ်ယောက် ထွက်ပေါ်လာခဲ့တယ်။ အဲ့ဒါကိုတောင် သူတို့က သူ့ကို မဆင့်ခေါ်မှ ထူးဆန်းနေမှာပါ။
“အဲ့ဒါဆို ငါမင်းကို မေးမယ်၊ အဲ့လူ ဘယ်ကလာတာလဲ” ရန်လီတင်း အပိုစကားတွေ မပြောတော့ပဲ လိုရင်းကိုသာ တိုက်ရိုက်တန်းမေးလိုက်တယ်။ ထိုမေးကို မေးပြီးတာနဲ့ သူ့အကြည့်က ရန်ကိုင်ရဲ့ ဝိဥာဉ်အတွင်းပိုင်းထဲအထိ ထိုးဖောက်သွားတော့မတတ် စူးရှသွားခဲ့တယ်။
Martial Peak
အပိုင်း(၄၈၂) မမျှော်လင့်ထားသည့်ကံကောင်းမှု
ရန်လီတင်း သူ့အား စူးစမ်းနေတာကို သတိပြုမိတာနဲ့ ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။ ဒါပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပဲ တည်တည်ငြိမ်ငြိမ်နဲ့သာ ပြန်ဖြေလိုက်ပါတယ် “သူ့ဘယ်ကလာလဲ ဆိုတာကို ကျုပ်လည်း မသိဘူး”
“မင်းမသိဘူးလား” ရန်လီတင်းရဲ့ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာထက် မကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင်က တစ်ခုခုအား အသည်းအသန် ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ သူခံစားနေရပေမယ့် ရန်ကိုင် လိမ်ညာနေတဲ့ ပုံလည်း မပေါက်ပါဘူး။
တကယ်တမ်း ပြောရရင် နတ်ဆိုးအိုကြီး ဘယ်ကလာတာလဲ ဆိုတာကို ရန်ကိုင် တကယ် မသိတာပါ။ သူတို့ချင်း စတွေ့ခဲ့တဲ့ နေရာက ကောင်းကင် အမွေအနှစ် လိုဏ်ဂူထဲမှာပါ။ အဲ့တုန်းက နတ်ဆိုးအိုကြီးက သူ့မှတ်ဥာဏ်တွေကို မမှတ်မိတော့တဲ့ အားနည်းနေသည့် စိတ်ဝိဥာဉ်တစ်ခုသာသာပါပဲ။ သူ့နာမည်ကိုတောင် မမှတ်မိတဲ့အထိ မှတ်ဥာဏ်တွေ ပျောက်နေခဲ့တာပါ။ အချိန်တွေ ကြာလာတော့ ရန်ကိုင်လည်း နတ်ဆိုးအိုကြီးရဲ့ အတိတ်ကိုမေးဖို့ စိတ်မဝင်စားတော့ပါဘူး။ ထို့ကြောင့် နတ်ဆိုးအိုကြီး ဘယ်ကလာလဲ ဆိုတာကို သူမသိတာပါ။
“သူဘယ်က လာလဲဆိုတာကို ကျုပ်မသိပေမယ့် သူက တိမ်မိစ္ဆာနယ်မြေက လူတစ်ယောက် မဟုတ်ဆိုတာကို ဂျူနီယာ အာမခံရဲပါတယ်” ရန်လီတင်း ဘာကိုစိုးရိမ်နေမှန်း သိတဲ့အတွက် ရန်ကိုင်က ထိုအချက်ကို ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ်။
နေရာမှာပဲ မျက်မှောင်ကြုံ့ ရပ်နေရင်း ရန်လီတင်း ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးတော့မှပဲ ပြန်ပြောလာခဲ့တယ် “အမွေခံတိုက်ပွဲရဲ့ စည်းမျဉ်းတွေအရ ဘယ်သူဘယ်ဝါပဲ ဖြစ်ဖြစ်၊ ဘယ်ကပဲ လာလာ၊ မင်းတို့ ဂျူနီယာတွေနဲ့ ဆက်စပ်နေသရွေ့ အမွေခံတိုက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်လို့ရတယ်။ တကယ်တော့ ဒီတိုက်ပွဲက မင်းတို့မှာ အဆက်အသွယ်ကောင်း ဘယ်လောက်ရှိလဲ ဆိုတာကို စမ်းသပ်တဲ့ တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်လေ။ ဒီလူအိုကြီးသာ သူ့ကို စစ်ပွဲမြို့တော်ကနေ မောင်းထုတ်လိုက်မယ်၊ ဒါမှမဟုတ် သတ်ပစ်လိုက်မယ် ဆိုရင် မင်းတစ်ယောက်တည်းကို တစ်ဖက်သတ် ဖိနှိပ်နေသလို ဖြစ်နေမှာ ဖြစ်တဲ့အတွက် မင်းလည်း ကျေနပ်မှာ မဟုတ်ဘူး။ အဲ့လိုဆိုရင် အမွေခံတိုက်ပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ဖျက်စီးလိုက်သလို ဖြစ်သွားလိမ့်မယ်”
အကြီးအကဲချုပ် ရန်လီတင်း ပါးစပ်ကနေ ထွက်ပေါ်လာတဲ့ စကားတစ်လုံးချင်းစီက ရန်ကိုင်ကို စိတ်မကျေမချမ်း ဖြစ်စေခဲ့တယ်။ အထက်စီးကနေ အပြောခံနေရပေမယ့် မကျေနပ်တာကို စိတ်ထဲမှာ ကြိတ်ပြီး မြိုသိပ်ထားပါတယ်။
“ငါတို့ မင်းကို ဒီနေရာဆီ ဆင့်ခေါ်လိုက်ရတာက အဲ့လူရဲ့ ဇာတ်မြစ်ကို သိရအောင်လို့ပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ခိုင်ပြီး စစ်ပွဲမြို့တော်အတွင်းမှာ နေခွင့်ပြုလိုက်မယ်။ ဒါပေမယ့် ငါတို့ သည်းခံနိုင်တဲ့ အတိုင်းအတာက အကန့်အသတ် ရှိတယ်။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာကို ဒီလူအိုကြီး ရှာတွေ့ခဲ့ရင် သူက မင်းရဲ့ လက်အောက်ငယ်သားပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ သူဒီနေရာကနေ ဘယ်တော့မှ ထွက်သွားလို့ မရစေရဘူး” ရန်လီတင်းက အထက်စီးကနေ ပြောလိုက်တယ်။
“ပြီးတော့ အမွေခံတိုက်ပွဲပြီးတာနဲ့ သူ့ကို ဒီကနေ ချက်ချင်း ထွက်သွားခိုင်းလိုက်၊ မဟုတ်ရင် ဒီလူအိုကြီးက မင်းမျက်နှာကို ထောက်ထားနေမှာ မဟုတ်ဘူး”
“ဂျူနီယာနားလည်ပါတယ်” ရန်ကိုင်က ခံစားချက် မရှိတဲ့ အမူအရာနဲ့ ပြန်တုန့်ပြန်လိုက်တယ်။
သူက ငယ်ရွယ်သေးပေမယ့် သူ့အနာအဂတ်က အကန့်အသတ် မဲ့ပါတယ်။ တစ်နေ့တစ်ချိန်ကျ ကောင်းကင်တစ်ခုလုံးကို လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး မြေပြင်တစ်ခုလုံးကို ဖနောင့်တစ်ချက်နဲ့ ကွဲအက်သွားအောင် လုပ်နိုင်ကောင်း လုပ်နိုင်ပေမယ့် အခုအချိန်၌ သူက အားနည်းတဲ့ ဂျူနီယာတစ်ယောက် လွဲပြီး ဘာမှ မဟုတ်သေးပါဘူး။ သူသာ ရန်လီတင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မယ်ဆိုရင် သူပဲ ခံစားသွားရမှာပါ။
နာမည်အရ ရန်လီတင်းက ရန်မိသားစုရဲ့ အကြီးအကဲချုပ် တစ်ယောက်ဖြစ်ပြီး ရန်ကိုင်က သူ့ရဲ့ မျိုးဆက် တစ်ယောက် ဆိုပေမယ့် သူတို့ချင်း တစ်ခါမှ မတွေ့ဖူး၊ မဆက်ဆံဖူး ကြပါဘူး။ ထို့ကြောင့် အခြေခံကျကျ ပြောရရင် သူတို့ နှစ်ယောက်စလုံးက လူစိမ်းတွေပါပဲ။ ထို့ကြောင့် ရန်လီတင်းရဲ့ စကားလုံးတိုင်းက မေခွန်းပြန်ထုတ်မရနိုင်တဲ့ သတိပေးချက် တစ်ခုနဲ့ ဘာမှ မကွာခြားပါဘူး။ အထက်အရာရှိ တစ်ယောက်က လက်အောက်ငယ်သား တစ်ယောက်ကို သတိပေးနေတဲ့ ပုံစံမျိုးပါ။
“မင်းသွားလို့ရပြီ” ပြောပြီးတာနဲ့ ရန်လီတင်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ကောင်းကင်ပေါ် ပြန်တက်သွားလိုက်ကာ ကျန်တဲ့ ခုနှစ်ယောက်နဲ့ တိုက်ပွဲကို တစ်ဖန်ပြန်လည် စတင်လိုက်တယ်။
အားလုံးကို တွေ့ကြုံပြီးနောက် ရန်ကိုင်စိတ်ထဲ ရှူးသိုးသိုး ဖြစ်နေခဲ့တယ်။ သူထွက်သွားချင်ပေမယ့် ထွက်ပေါက်ရှာမရပဲ တိုင်ပတ်နေခဲ့တယ်။
သူဘယ်လို ရောက်လာခဲ့လဲ ဆိုတာကိုတောင် ရန်ကိုင် သိတာမဟုတ်ပါဘူး။
တော်တော်ကြာတဲ့အထိ ထွက်ပေါက် ရှာမတွေ့သေးတာနဲ့ ဘယ်လိုထွက်ရမလဲ ဆိုတာကို မေးဖို့ လုပ်နေစဉ်မှာပဲ ဗုန်းပေါက်သလို ပြင်းထန်လှတဲ့ အသံတစ်သံ သူ့နားထဲ တိုးဝင်လာခဲ့တယ် “မင်းဘာလို့ ထွက်မသွားသေးတာလဲ”
ထိုအသံနဲ့အတူ ပြင်းထန်လှတဲ့ အားတစ်ခုက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လာခဲ့တယ်။ နည်းနည်းလေးတောင် မခုခံနိုင်ခဲ့ပဲ ထိုရိုက်ခတ်မှုကြောင့် ရန်ကိုင် လွင့်ပျံထွက်သွားခဲ့ရကာ သူ့ပတ်ဝန်းကျင်က မြင်ကွင်းအဖုံဖုံလည်း ပျောက်ကွယ်လို့ သွားခဲ့တယ်။
ဘေးဘီဝဲရာကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ အရင်နေရာ ပြန်ရောက်နေတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်က စားပွဲဝိုင်းပတ်လည်၌ ထိုင်နေဆဲဖြစ်ပြီး အလင်းလုံးကြီးကလည်း သူနဲ့ မနီးမဝေးမှာ ရှိနေခဲ့ပါတယ်။ ပညာရှင် ရှစ်ယောက်စလုံးက ဘာမှ မဖြစ်ပျက်ခဲ့သည့်အလား သူတို့ရဲ့ လက်ကွက်တွေကိုသာ ဆက်ပြီး လုပ်ဆောင်နေခဲ့တယ်။
ရပ်နေတဲ့ရန်ကိုင်က နောက်သို့ ဒယီးဒယိမ်နဲ့ ဆုတ်သွားခဲ့တယ်။ ရင်းဂျု ထိတ်လန့် သွားခဲ့ပြီး ရန်ကိုင်ကို ပြေးကူပေးလိုက်ရတယ်။
တည်တည်ငြိမ်ငြိမ်နဲ့ ရပ်လိုက်နိုင်ပြီးနောက် သူ့ရဲ့ အစစ်အမှန်ချီတွေ မတည်မငြိမ် ဖြစ်နေတာကို ရန်ကိုင် တွေ့ရှိလိုက်တယ်။ သူ့စိတ်ဝိဥာဉ် ဆိုရင်လည်း အပ်ပေါင်းတစ်ထောင်နဲ့ ထိုးစိုက်ခံနေရသည့်အလား အရမ်းကို နာကျင်နေခဲ့ရပါတယ်။
သွေးတစ်ပွက် အန်လိုက်ပြီးမှပဲ ခံစားရ သက်သာသွားခဲ့တယ်။
ရန်ကိုင် သွေးအန်လိုက်တာကို မြင်လိုက်တာနဲ့ ရင်းဂျုရဲ့ အမူအရာ ပြောင်းလဲသွားခဲ့တယ်။ ဘာတွေ ဖြစ်ပျက်ခဲ့လို့ ရန်ကိုင် အခုလိုမျိုး ဒဏ်ရာရသွားခဲ့တာလဲ… ရင်းဂျု မတွေးတတ် ဖြစ်နေခဲ့တယ်။
ဒီကို ရောက်လာတည်းက ရန်ကိုင်က စကားတစ်ခွန်းမှ မပြောပဲ နေရာမှာသာ ဒီအတိုင်း မတ်တပ်ရပ်နေခဲ့တာပါ။။ ရင်းဂျုက တိတ်တဆိတ်နဲ့ စောင့်ဆိုင်းနေခဲ့တာပေါ့။ ဒါပေမယ့် မတ်တပ်ရပ်နေတဲ့ ရန်ကိုင်က ရုတ်တရက်ကြီး ဒဏ်ရာရသွားတော့ ရင်းဂျူ စိတ်ရှုပ်သွားတာလည်း မထူးဆန်းပါဘူး။
“သွားကြမယ်” ရန်ကိုင်က သူ့ပါးစပ်က သွေးတွေကို သုတ်လိုက်ပြီး စားပွဲဝိုင်းပတ်လည်၌ ထိုင်နေသည့် လူအိုကြီးတွေကို မျက်လုံးမှေးစဉ်း ကြည့်လိုက်ပြီးနောက် ရင်းဂျုကို ဦးဆောင်ကာ ထွက်သွားလိုက်တယ်။
စိတ်စွမ်းအင် ကမ္ဘာကြီးထဲ၌၊ ပညာရှင် ရှစ်ယောက်က တိုက်ခိုက်နေတာကို ယာယီ ရပ်တန့်ထားလိုက်ကြပြီး ခုနှစ်ယောက်က ရန်လီတင်းကို ခေါင်းတရမ်းရမ်းနဲ့ ငေးကြည့်နေခဲ့ကြတယ်။ အစောပိုင်းတုန်းက စကားပြောခဲ့တဲ့ အနည်းငယ်ဝပုံရသည့် လူအိုကြီးက “ညီအစ်ကိုရင်၊ မင်းရဲ့ ဂျူနီယာကို အခုလိုဆက်ဆံလိုက်တာ နည်းနည်း မလွန်ဘူးလား”
“ဟုတ်တယ်၊ သူကြည့်တဲ့ပုံစံက နည်းနည်း မောက်မာတဲ့ ပုံစံပေါက်နေပေမယ့် သူက လူငယ်တစ်ယောက် ဖြစ်နေတုန်းပဲလေ။ လူငယ်မျိုးဆက်ထဲက ဘယ်သူတွေကများ မမောက်မာလို့လဲ။ ပြီးတော့ သူက မင်းကို မလေးမစား လုပ်နေတာလည်း မဟုတ်ဘူး”
“မင်းသာ သူ့ကို ဒီအတိုင်း ဆက်ပြီး ဆက်ဆံနေဦးမယ် ဆိုရင်တော့ သူမင်းကို အငြိုးထားမှာ အသေအချာပဲ။ အဲ့ကောင်စုတ်လေးက တော်တော် တော်တာ၊ နောက်ပိုင်းကျ မင်းတို့ ရန်မိသားစု သူ့အပေါ် အားကိုးရင် အားကိုးနေရမှာ၊ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး။ မင်းသူ့ကို မောင်းထုတ်လိုက်ရင် မင်းတို့အတွက် အကြီးကြီး ဆုံးရှုံးသွားမှာနော်”
လူအိုကြီး ခုနှစ်ယောက်စလုံး တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြတယ်၊ ရန်လီတင်း တစ်ယောက် ကိုယ့်ဂျူနီယာကိုတောင် ဘာလို့ အခုလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေမှန်း သူတို့ထဲက ဘယ်သူမှ နားမလည်နိုင်ခဲ့ပါဘူး။
ရန်လီတင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ကာ “သူထွက်သွားတော့ရော ဘာဖြစ်လဲ။ ငါတို့ရန်မိသားစု အခြားဆက်ခံသူတွေ မရှိတာကျလို့။ ဒီလူအိုကြီး သူ့ကို စကားပြောနေတဲ့ အချိန်တုန်းက အဲ့ကောင်က ငါ့ပြောနေတာကို ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ။ ဒါက သတိပေးတာပဲ ရှိသေးတယ်။ ဒီလူအိုကြီးရဲ့ စကားကို အလေးထားရမယ် ဆိုတာကို အခုလောက်ဆို သူသိသွားလောက်ပြီပေါ့”
“အဲ့လိုဆိုရင်တောင်၊ ညီအစ်ကိုရန်၊ မင်းလုပ်တာ တော်တော်လေး လွန်သွားတယ်။ ကလေးတစ်ယောက်နဲ့ ဘာလို့ ကပ်ဖဲ့ရန်ဖြစ် နေရတာလဲကွာ”
“ဟုတ်တယ်၊ ဒီအစ်ကြိမ် ညီအစ်ကိုရန်ရဲ့ အပြုအမူက တကယ်ကို လွန်သွားတာ။ ငါတို့ရဲ့ စိတ်စွမ်းအင် ကမ္ဘာထဲ ချိုးဖျက်ဝင်ရောက် လာနိုင်တာကို ကြည့်ရုံနဲ့တင် သူ့က ထူးချွန်တဲ့ လူတစ်ယောက် ဆိုတာကို သက်သေပြနေပြီ။ မင်းတို့ ရန်မိသားစု လူငယ်မျိုးဆက်ထဲမှာ သူ့လိုလုပ်နိုင်တဲ့ လူကော ရှိလို့လား။ မင်းရဲ့ ဂျူနီယာတွေ မပြောနဲ့၊ ငါတို့မိသားစုကြီး ခုနှစ်ခုမှာတောင် သူ့လိုလုပ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး”
“တော်လောက်ပြီ၊ ငါတို့မိသားစု ကိစ္စကို ဒီလူအိုကြီး ဘယ်လိုပဲကိုင်တွယ်ကိုင်တွယ်၊ အဲ့ဒါ မင်းတို့စိုးရိမ်နေရမယ့် ကိစ္စမဟုတ်ဘူး။ မင်းတို့ အခုလိုပဲ ဆက်ပြီး နားပူနားဆာ လုပ်နေမှာလား၊ ဆက်မတိုက်ကြတော့ဘူးလား”
ရန်လီတင်းက မပျော်မရွှင်နဲ့ ပြန်ပြောလိုက်တယ်။ ကျန်တဲ့ လူအိုကြီး ခုနှစ်ယောက်က သူ့ကို အဆက်မပြတ် အပြစ်တင်နေတော့ သူလည်း ဘယ်ပျော်ပါ့မလဲ။
“တိုက်မှာပေါ့ဟ။ အဲ့ကောင်စုတ်လေး ထွက်သွားတဲ့ နေ့အထိ စောင့်နေလိုက်၊ အဲ့နေ့ကျမှ မင်းနောင်တရ၊မရ ငါစောင့်ကြည့်နေမယ်။ ဟားဟားဟား”
“အန်၊ ဘာလဲဟ၊ တစ်ခုခု မှားနေလားလို့” ချူမိသားစုရဲ့ အကြီးအကဲချုပ် ချူတောက်ရန်က အံ့အားသင့်တကြီးနဲ့ ရုတ်တရက် ကောက်ပြောလိုက်တယ်။
ကျန်တဲ့လူအိုကြီး ခုနှစ်ယောက်လည်း အံ့အားသင့် သွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြတယ်။
“မမျှော်လင့်ထားတဲ့ ကံကောင်းမှုပဲ”
“ညီအစ်ကိုရန်၊ ဒီလိုမျိုးဖြစ်အောင်လို့ မင်းရည်ရွယ်ပြီး လုပ်လိုက်တာတော့ မဟုတ်ဘူးမလား” ကျန်တဲ့ လူအိုကြီး ခုနှစ်ယောက်က ရန်လီတင်းကို ဇဝေဇဝါ အကြည့်နဲ့ ဝိုင်းကြည့်လိုက်ကြတယ်။
ရန်လီတင်းက ဖြည်းဖြည်းချင်းသာ ခေါင်းခါရမ်း ပြလိုက်ပြီး သူ့မျက်ခုံးကြောတို့ မသိမသာလေး တွန့်ကွေးသွားခဲ့တယ်။ သူတို့ နှစ်ယောက်ကြားက ကွာခြားချက်ကို သိသွားအောင်လို့ ရန်ကိုင်ကို အပြစ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာပါ။
ဒါပေမယ့် သူလုပ်လိုက်တဲ့ အပြုအမူကနေ ထိုကောင်စုတ်လေး အမြတ်ထွက်သွားလိမ့်မယ်လို့ ရန်လီတင်း မထင်မှတ်ထားခဲ့ပါဘူး။
ထူးဆန်းတယ် ရန်လီတင်း မျက်မှောင် ကြုံ့နေခဲ့တယ်။ တိုက်ခိုက် ခံရပြီးတာတောင် ထိုကောင်စုတ်က သူ့နှလုံးသားထဲက အတားအဆီးကို ကျော်လွှားလိုက်နိုင်ခဲ့ပြီး နောက်တစ်ဆင့်ချိုးဖျက်ဖို့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့တယ်။
စည်းတံဆိပ်တော် ဘုရားကျောင်းထဲရှိ စင်္ကြန်လမ်းထဲ၌၊ ရန်ကိုင်… သွားနေရင်း ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့အမူအရာက လေးနက်သွားခဲ့ကာ သူ့မျက်နှာထက် မသက်မသာ ဖြစ်နေသည့် အရိပ်အယောင်တို့ ယှတ်သန်းလာခဲ့တယ်။
ရင်းဂျုလည်း ထိုအချက်ကို သတိပြုမိလိုက်ပြီး ရန်ကိုင်က သူတွေးမိတာထက် ပိုပြီး ဒဏ်ရာရသွားတယ်လို့ ထင်မှတ်သွားကာ အလျင်အမြန်ပဲ မေးလိုက်တယ်။
ရန်ကိုင်ကတော့ သူ့လက်ကိုသာ ပြန်ဝှေ့ရမ်းပြလိုက်ပြီး ပြောလိုက်တယ် “ပြန်သွားပြီး ချူရီမန်ကို ပြောလိုက်၊ ငါတို့ ဆွေးနွေးထားတဲ့အတိုင်း ဆက်လုပ်မယ်လို့။ အကုန်လုံးကို သူမကပဲ တာဝန်ယူထားရလိမ့်မယ်လို့လည်း ပြောလိုက်ဦး”
“သခင်လေး၊…”
“ကျုပ်ဒီမှာ လုပ်မှဖြစ်မယ့် လုပ်စရာတစ်ခုခု ရှိသေးတယ်” ပြောပြီးတာနဲ့ ရန်ကိုင်က အခန်းလွတ်တစ်ခန်း ရှာလိုက်ကာ ခပ်မြန်မြန်ပဲ ထိုအခန်းထဲ ဝင်သွားလိုက်တယ်။
ရင်းဂျု တစ်ခဏတာလောက် ကြာက်သေသေသွားခဲ့ပြီး နောက် တုန့်ဆိုင်းမနေတော့ပဲ စည်းတံဆိပ်တော် ဘုရားကျောင်းထဲကနေ လှည့်ထွက်သွားလိုက်တယ်။
စည်းတံဆိပ်တော် ဘုရားကျောင်းက အရမ်းကို ကျယ်ဝန်းပေမယ့် အထဲမှာ လူရှစ်ယောက်ပဲ ရှိပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ ရှစ်ယောက်ရဲ့ နေ့စဉ်ဆောင်တာတွေကို လုပ်ဆောင်ပေးမယ့် လူ မလိုအပ်တဲ့အတွက် စည်းတံဆိပ်တော် ဘုရားကျောင်းထဲ အစေခံတွေ တစ်ယောက်မှ ရှိမနေခဲ့ပါဘူး။
အခန်းထဲကို ရောက်တာနဲ့ ချင်းချင်း တင်ပလင်ခွေ ထိုင်ချလိုက်တယ်။
ရန်ကိုင်က နောက်တစ်ဆင့်ကို ချိုးဖျက်တော့လု နီးပါး ဖြစ်နေပေမယ့် သူ့ကျင့်ကြံခြင်းရဲ့ အကန့်အသတ်ကို မရောက်ရှိသေးခဲ့ပါဘူး။ သူ့အကန့်အသတ်ကိုသာ ရောက်ရှိမယ်ဆိုရင် အဆင့်ချိုးဖျက်တဲ့ ဖြစ်စဉ်က လွယ်ကူချောမွေ့နေမှာပါ။
ဒါပေမယ့် ရန်ကိုင်ရဲ့ လက်ရှိအခြေအနေက နည်းနည်းလေး ထူးခြားနေခဲ့ပါတယ်။ သူဆီကနေ နောက်တစ်ဆင့် ချိုးဖျက်တော့မယ့် အရိပ်အယောင် နည်းနည်းလေးမှ မပြခဲ့ပါဘူး။ ဒါပေမယ့် ရန်လီတင်းရဲ့ ဖိအားအောက်၌ သူ့ရဲ့ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်က ခုခံတုန့်ပြန် လာခဲ့ပါတယ်။
အဲ့လိုနဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုကို ဖန်တီးလိုက်မိပြီး ရန်ကိုင်လည်း အစစ်အမှန်ဒြပ်စင် အဆင့်ကိုးရဲ့ အတားအဆီးကို ထိတွေ့မိသွားခဲ့တယ်။
အဆင့်ချိုးဖျက်ဖို့က ခြေတစ်လှမ်းပဲ လိုပါတော့တယ်။
မနက်ညတိုက်ပွဲကို ပိုပြီး အားကောင်းတဲ့ ကျင့်ကြံခြင်းနဲ့ သွားတိုက်ခိုက်ရဖို့ ရန်ကိုင် မျှော်လင့်နေခဲ့တယ်။
သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့အတွေးတွေကို စုစည်းလိုက်ပြီးနောက် အစစ်အမှန် ယန်ကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်တယ်။ ပြီးတာနဲ့ မျက်လုံးပိတ်လိုက်ပြီး စိတ်စွမ်းအင် ကမ္ဘာထဲမှာ တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းအဖုံဖုံကို ပြန်မြင်ယောင် ကြည့်လိုက်တယ်။
အများကြီး မမြင်လိုက်ရပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက် ချင်းစီတိုင်းရဲ့ လှုပ်ရှားမှုတွေက ကောင်းကင်နဲ့ တစ်သားတည်း ကျနေခဲ့ပြီး လှုပ်ရှားမှုတိုင်းမှာ သိုင်းတာအိုအပေါ် သူတို့ရဲ့ နားလည် သဘောပေါက်မှုတို့ ပါဝင်နေခဲ့တယ်။
အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး ရန်ကိုင်ရဲ့ စိတ်အခြေအနေ လည်း တဖြည်းဖြည်းနဲ့ တည်ငြိမ်သွားခဲ့တယ်။ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို အထပ်ထပ် အခါခါ ပြန်မြင်ယောင်နေရင်း စည်းတံဆိပ်တော် ဘုရားကျောင်းထဲ ဝင်ရောက်လာတုန်းက ကြားလိုက်ရတဲ့ လျှို့ဝှက်ဆန်းကြယ်သည့် အသံကို နောက်တစ်ကြိမ် သူပြန်ကြားလိုက်ရတယ်။
ကြည်လင်နေတဲ့ တောင်ကျမြစ်ရေ၊ ညင်သာစွာ တိုက်ခတ်နေတဲ့ တောင်လေညင်း၊ မြင်ကွင်းအဖုံဖုံက သဘောဝရဲ့ အလှနဲ့ အနှစ်သာရကို အပြည့်အဝ ခံစားမိစေနိုင်တဲ့ သုခဘုံကြီး တစ်ခုပမာ။
……..
ရန်ကိုင်စံအိမ်၊
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ဖယောင်းတိုင်မီးရောင်ကို ကြည့်ရင်း ချူရီမန် စိုးရိမ်သထက် စိုးရိမ်လာနေခဲ့တယ်။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း စားပွဲခုံထက် ထိုင်နေခဲ့လျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ စံအိမ်ထဲက လှုပ်ရှားမှု မှန်သမျှကို သတိထား စောင့်ကြည့်နေခဲ့တယ်။
တစ်ယောက်ယောက် သူမအခန်းဆီ ချဉ်းကပ်လာတာနဲ့ ချူရီမန် စိတ်လှုပ်ရှားသွားခဲ့ပြီ ထိုချဉ်းကပ်လာတဲ့လူကို သေသေချာချာ စစ်ဆေးလိုက်တယ်။ ဒါပေမယ့် အမြဲတမ်း စိတ်ပျက်ရတာချည်းနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။
ဒီနေ့တုန်းက ရန်ကိုင်က သူဘယ်သွားမယ် ဆိုတဲ့ အကြောင်း ချူရီမန်ကို လာပြောခဲ့ပါတယ်။ ကြားကြားချင် ချူရီမန် ရန်ကိုင်တားဖို့ အသည်းအသန် ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ထိုကောင်စုတ်က သူမကို နည်းနည်းလေးတောင် မျက်နှာသာ မပေးပဲ သူမလက်ကနေ အတင်း ရုန်းထွက်သွားခဲ့ပါတယ်။
ညနေပိုင်း ရောက်တဲ့အခါက ရန်ကိုင်က အိမ်ထဲကနေ ဘယ်သူမှမသိအောင် ခိုးထွက်သွားခဲ့ပါတယ်။ ထိုကောင်စုတ် ထွက်သွားကတည်းက သူမမှာ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေခဲ့ရတာပါ။ အဲ့လောက်တောင် ထွက်သွားချင်နေတာ ဒီညပြန်မလာနိုင်ပါစေနဲ့ ဆိုပြီး ကျိတ်ပြီးတော့တောင် ကျိန်ဆဲနေလိုက်ပါသေးတယ်။
ငါ့ပုံစံက ညဘက် အပြင်ထွက်သွားတဲ့ ယောကျာ်း ပြန်လာမှာကို စောင့်နေတဲ့ စွန့်ပစ်ခံ မိန်းမတစ်ယောက် နဲ့တောင် တူနေသလိုပဲ။
ထိုကဲ့သို့ စဉ်းစားမိလိုက်တာနဲ့ ချူရီမန်မျက်နှာ ရဲတက်သွားခဲ့ပြီး သူမရဲ့ ကိုယ်အပူချိန်လည်း မြင့်တက်လာခဲ့တယ်။ အဆက်မပြတ် ခေါင်းခါရမ်းလိုက်ပြီး ထိုအတွေးတွေကို ခေါင်းထဲကနေ အတင်း ဖယ်ထုတ်လိုက်ရတယ်။
ရုတ်တရုတ် တံခါးခေါက်သံ တစ်သံကို သူမ ကြားလိုက်ရတယ်။ ချူရီမန် မျက်မှောင် ကြုံ့လိုက်ပြီး ပြန်မေးလိုက်တယ် “ဘယ်သူလဲ”
“သခင်မလေးချူ” ရင်းဂျုအသံ ထွက်ပေါ်လာခဲ့တယ်။
ချူရီမန် ချက်ချင်းပြုံးလိုက်တယ်၊ ထိုင်ရာကနေ ထလိုက်ပြီး အခန်းတံခါးကို သွားဖွင့်ပေးလိုက်တယ်၊ ဒါပေမယ့် သူမ မြင်တာဆိုလို့ အမှောင်ထဲမှာ တလက်လက် တောက်ပနေတဲ့ ရင်းဂျုရဲ့ မျက်ဝန်းတစ်စုံပဲ ရှိနေခဲ့ကာ သူ့နောက်မှာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါဘူး။
“အဲ့အစုတ်ပလုတ်ကောင်က ရှင်နဲ့အတူ ရှိနေတာ မဟုတ်ဘူးလား”
ရင်းဂျု ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။
“ဘာတွေ ဖြစ်ခဲ့တာလဲ” ချူမိသားစု ပထမသခင်မလေးရဲ့ မျက်နှာ ဖြူလျော်သွားခဲ့တယ်။
ရင်းဂျုက အမြဲလိုလို ရန်ကိုင်နဲ့ အတူတူ ရှိနေတာပါ။ ဒါပေမယ့် အခု ရင်းဂျုက သူမဆီ တစ်ယောက်တည်း ရောက်လာခဲ့တယ်။ ရန်ကိုင်ကိုတော့ ဘယ်မှာမှ မတွေ့ရပါဘူး။ ဖြစ်နိုင်တာက…
ချူရီမန် ဆက်မတွေးရဲတော့။
Martial Peak
အပိုင်း(၄၈၃) သူရူးနေတာလား
“သခင်လေးက လုပ်စရာရှိသေးလို့ စည်းတံဆိပ်တော် ဘုရားကျောင်းမှာ ကျန်နေရစ်ခဲ့တယ်” ရင်းဂျုက ရိုးရိုးသားသားပဲ ပြန်ပြောလိုက်တယ်။
“စည်းတံဆိပ်တော် ဘုရားကျောင်းလား” ချူရီမန်က ကတုန်ကရင် အလန့်တကြား လေသံနဲ့ ရေရွတ်လိုက်တယ်။
စည်းတံဆိပ်တော် ဘုရားကျောင်းကို သူမလည်း သိပါတယ်။ စည်းတံဆိပ်တော် ဘုရားကျောင်းက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ နားနေတဲ့နေရာပါ။ စစ်ပွဲမြို့တော်မှာ ရှိနေတဲ့လူတိုင်း အနည်းဆုံး ဒီလောက်ကိုတော့ နားလည်ထားကြပါတယ်။
ထိုရှစ်ယောက် မဆင့်ခေါ်ပဲနဲ့ အဲ့နေရာဆီ ဘယ်သူမှ မသွားနိုင်ကြပါဘူး။
ဒါဆိုရင် ရန်ကိုင်က စည်းတံဆိပ်တော် ဘုရားကျောင်းဆီ ဘာလို့ သွားရတာလဲ။ ပညာရှင် ရှစ်ယောက်က သူနဲ့ တစ်ခုခုကို ဆွေးနွေးချင်လို့လား။
ထိုကိစ္စအကြောင်း ခဏလောက် စဉ်းစားပြီးနောက် ချူရီမန်က ရုတ်တရက် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ် “ကျွန်မ နားလည်ပြီ”
သူက စည်းတံဆိပ်တော် ဘုရားကျောင်းထဲမှာ နေနေမှတော့ သူ့ရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး လုံးဝကို စိုးရိမ်စရာ မလိုပါဘူး။
သက်ပြင်းလေး တစ်ချက်ချလိုက်ပြီး ချူရီမန်က ဆက်ပြောလိုက်တယ် “မနက်ဖြန်ည အကြောင်းကော…”
“အားလုံးကို သခင်မလေးချူဆီ အပ်ထားခဲ့မယ်လို့ သခင်လေးငယ်လေးက ပြောခိုင်းလိုက်တယ်”
ချူရီမန် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး အံတင်းတင်းကြိတ်ရင်း ကျိန်ဆဲပါတော့တယ် “ညစ်တီးညစ်ပတ် ကောင်စုတ်၊ ရှိသမျှ အလုပ်တွေ အကုန်လုံးကို ငါ့ခေါင်းပေါ်ပဲ ထပ်ပြီး ပုံချလိုက်ပြန်ပြီ”
“သခင်လေးရဲ့ သတင်းစကားကို ပြောပြီးသွားပြီ ဆိုတာ့ ရင်းဂျု သွားပါတော့မယ်” ပြောပြီးတာနဲ့ ရင်းဂျု အရိပ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။
အခန်းထဲ ပြန်ရောက်တဲ့အခါ သူမ မောပန်းနေတာ လေးတွေတောင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိ ဖြစ်သွားခဲ့တယ်။ စာရွက်နဲ့ စုတ်တံတစ်ချောင်းကို ခပ်မြန်မြန်ပဲ ထုတ်ယူလိုက်ပြီး ရန်သူနဲ့ သူမဘက်မှာ ရရှိနိုင်တဲ့ လူအင်အားကို ချရေးလိုက်တယ်… အင်အားစု တစ်ခုချင်းစီက ပိုင်ဆိုင်တဲ့ လူအင်အားနဲ့ သူမ စဉ်းစားရသမျှ မနက်ဖြန်ည ဖြစ်ပျက်လာနိုင်တဲ့ အခြေအနေ မျိုးစုံကိုပေါ့။
နောက်တစ်နေ့မနက်၊ ကျင့်ကြံသူများစွာ တံခါးတွင်းပိတ် လက်နက်သန့်စင်နေရာမှ ထွက်လာကြပြီး သူတို့ သန်စင်ပြီးတဲ့ လက်နက်အသစ်တွေရဲ့ စွမ်းအားတွေကို စတင် စမ်းသပ်ကြပါတော့တယ်။
ထိုလက်နက်တွေက ပိုကျင်းရေကန်ကနေ ရလာခဲ့တဲ့ လက်နက်တွေပါ။ လက်နက်တွေ အကုန်လုံးကို ချူရီမန်က ညီတူမျှတူ အားလုံးဆီ ခွဲဝေပေးခဲ့တာပါ။ ထို့ကြောင့် ဒီရက်အတောအတွင်း အားလုံးက သူတို့ရဲ့ လက်နက်တွေကို သန့်စင်ရင်းနဲ့ပဲ အလုပ်ရှုပ်နေခဲ့ကြပါတယ်။
ညတုန်းက တစ်ခဏလေးတောင် မအိပ်ခဲ့ရတဲ့ ချူရီမန်က အင်အားစုအသီးသီးက ခေါင်းဆောင်တွေကို စုဝေးလိုက်ပြီး ဒီကနေ့ညတိုက်ပွဲအတွက် ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ပါတယ်။
အသေးစိတ် အချက်အလက်တွေကို သူမ မပြောခဲ့ပါဘူး။ သင့်တော်တဲ့ ခေါင်းဆောင်တွေကို သူတို့လူတွေကို ကြိုတင် ပြင်ဆင်ထားစေဖို့အတွက် အချက်အလက် အချို့သာ ပြောကြားခဲ့ပြီး ဒီညတိုက်ပွဲနဲ့ ပက်သက်တဲ့ သတင်း အချက်အလက် အချို့ကိုတော့ ထိန်ချန်ထားခဲ့ပါတယ်။
တိုက်ပွဲဆိုတဲ့ အကြောင်းကြားလိုက်တာနဲ့ အားလုံးကို အားမာန်တက်ကြွစွာဖြင့် လာမယ့်တိုက်ပွဲအတွက် အားတက်သရော ပြင်ဆင်ကြပါတော့တယ်။
“နင်တို့ ဟူညီအစ်မ နှစ်ယောက်လည်း ဒီညတိုက်ပွဲမှာ ပါရလိမ့်မယ်” ချူရီမန်က ဟူကျောင်းအာနဲ့ ဟူမေးအာကို ပြုံးကာ ပြောလိုက်တယ်။
ဟူကျောင်းအာက ချက်ချင်းပဲ ခေါင်းပြန်ညိတ်ပြလိုက်တယ် “ကောင်းပြီ”
သွေးတိုက်ပွဲဂိုဏ်းက လူအများကြီး ခေါ်မလာတာရယ်၊ ပညာရှင်တွေ ဆိုရင်လည်း လုံးဝ နည်းနည်းလေးပဲ ပါလာတာရယ်၊ ထိုနှစ်ချက်စလုံးကို သူမတို့ သိထားပါတယ်။ ချူရီမန်က သူမတို့နှစ်ယောက်ကို ဒီညတိုက်ပွဲမှာ ဝင်ပါခိုင်းတာက ရန်ကိုင်အတွက် အကျိုးဆောင်ပေးနိုင်ဖို့ အခွင့်အရေးတစ်ခု ပေးလိုက်တာနဲ့ အတူတူပါပဲ။
လန်ရှန်းက အားတုံ့အားနာ အမူအရာနဲ့ “ဒီတစ်ကြိမ်တော့၊ ငါတို့ တစ္ဆေဘုရင်တောင်ကြားက ဝင်ပါနိုင်ဦးမှာ မဟုတ်သေးဘူး။ ငါတို့ အသုံးပြုနိုင်တဲ့ အဓိက သိုင်းပညာရပ်ကြီးက လုံးဝကို ချိတ်ပိတ်ထားခံရတာ ဆိုတော့လေ”
“အဲ့လိုဆိုရင် အိမ်ကိုပဲ စောင့်ခိုင်းရတော့မှာပေါ့” ချူရီမန်က အားလုံးကို ကြိုတင်ပြင်ဆင် ပြီးသွားပါပြီ။
“ကျေးဇူးပါ” လန်ရှန်းက ကျေးဇူးတင်တင်နဲ့ ပြန်ပြောလိုက်တယ်။
တစ်ခဏကြာပြီးနောက် ဘယ်အင်အားစုတွေ ကျန်ခဲ့မယ်၊ ဘယ်အင်အားစုတွေက တိုက်ပွဲထဲမှာ ဝင်ပါရမယ် ဆိုတာကို စီမံခန့်ခွဲလို့ ပြီးသွားခဲ့တယ်။ ချူရီမန်က အင်အားစု တစ်ခုချင်းစီရဲ့ အခြေအနေကို ထည့်တွက်ပြီး သူတို့ စိတ်ကျေနပ်စေလောက်မယ့် အစီအစဉ်တစ်ခုကို ဆွဲခဲ့ပါတယ်။
မကြာခင်ပဲ ခေါင်းဆောင်တွေ အကုန်လုံး သူတို့နေထိုင်ရာ ခြံဝန်းအသီးသီးဆီ ပြန်သွားလိုက်ကြတယ်။
အချိန်က တဖြည်းဖြည်းနဲ့ ကုန်ဆုံသွားခဲ့ပြီး မကြာခင်မှာပဲ ညအချိန်သို့ ရောက်ရှိလာခဲ့တယ်။
ပိုကျင်းရေကန် တိုက်ပွဲပြီးလို့ မကြာသေးခင်မှာပဲ တိုက်ပွဲကြီးတစ်ပွဲ ထပ်မံဖြစ်ပွါးလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားလိမ့်မှာ မဟုတ်ပါဘူး။
စစ်ပွဲမြို့တော် အရှေ့ဘက်ခြမ်းရှိ စံအိမ်အတွင်း၌၊ မန်ရှန်းရီက ရန်ဝေအခန်းဆီ လမ်းလျှောက်သွားလိုက်ပြီး အခန်းတံခါးကို အသာအယာလေး ခေါက်လိုက်ကာ “အကြီးဆုံးသခင်လေး၊ စနေပြီ”
အခန်းတံခါး ပွင့်သွားခဲ့ပြီး အခန်းထဲကနေ ရန်ဝေ လမ်းလျှောက် ထွက်လာခဲ့တယ်။ သူ့မျက်ဝန်းအစုံက ယုံကြည်ချက် အရိပ်အယောင်တို့ဖြင့် လင်းလက်နေခဲ့ပြီး အသာအယာလေး ခေါင်းညိတ်လိုက်ကာ “ငါတို့လည်း ထွက်ကြတာပေါ့”
“အကြီးဆုံးသခင်လေး၊ ဒီညအစီအစဉ်နဲ့ ပက်သက်ပြီး တစ်ခုခုက ငါ့ကို တော်တော်လေး ခေါင်းစားအောင် လုပ်နေတယ်ဟ”
“ဘာလဲ”
“ကိုးယောက်မြောက် သခင်လေးက ငါးယောက်မြောက် သခင်လေးကို တိုက်တော့မယ်၊ ငါတို့က ဒုတိယသခင်လေးကို ထိန်းထားပေးရမယ်။ ဒါပေမယ့် ခြောက်ယောက်မြောက်နဲ့ ခုနှစ်ယောက်မြောက် သခင်လေးကကော။ သူတို့သာ ငါးယောက်မြောက် သခင်လေး တိုက်ခိုက်ခံရတဲ့ အကြောင်းကြားလိုက်တာနဲ့ ဒီအတိုင်း ငြိမ်ပြီး ထိုင်နေရာမှာ မဟုတ်လောက်ဘူးလားလို့”
“သူတို့သာ အရူးတွေမဟုတ်သရွေ့ သူတို့လည်း လှုပ်ရှားမှာပေါ့” ရန်ဝေက အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ်။
“အဲ့လိုဆိုရင်၊ ကိုးယောက်မြောက် သခင်လေးရဲ့…” မန်းရှန်းရီ ရေရွတ်လိုက်တယ်။ ပြောနေရင်းနဲ့ ရပ်တန့်သွားခဲ့ပြီး သူ့မျက်နှာ အမူအရာက ရုတ်တရက်ကြီး ရွှင်ပြသွားခဲ့ကာ “အဲ့လိုသာဆိုရင်၊ ကိုးယောက်မြောက် သခင်လေးက ငါးယောက်မြောက် သခင်လေးကို တိုက်ခိုက်နေတဲ့အချိန် သူ့ခြံဝန်းက မီးစွဲပြီပေါ့”
ရန်ဝေက မန်ရှန်းရီကို ထူးထူးဆန်းဆန်း အကြည့်နဲ့ စိုက်ကြည့်လိုက်ပြီး ပြန်မေးခွန်း ထုတ်လိုက်တယ် “ရှန်းရီ၊ မင်းက အဲ့လို ဖြစ်စေချင်တဲ့ပုံထောက်ရင် ငါ့ရဲ့ ကိုးယောက်မြောက် ညီလေးကို မင်းကြောက်နေတာလား”
မန်ရှန်းရီ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေလိုက်တယ် “အကြီးဆုံး သခင်လေးကော၊ သူ့ကို မစိုးရိမ်ဘူးလား”
“စိုးရိမ်နေလို့ ဘာရမှာလဲ။ ငါသဘောတူထားတဲ့ဟာကို ငါလုပ်ရမှာပဲ၊ အခြေအနေတွေက ဆိုးဆိုးရွားရွား ဖြစ်သွားရင်တောင် အဲ့ကိစ္စတွေ အကုန်လုံးက ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး” ရန်ဝေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေးသာ ခြောက်ယောက်မြောက်နဲ့ ခုနှစ်ယောက်မြောက် ညီလေးတို့ တုန့်ပြန်ချိန်တောင် မရတဲ့အထိ မြန်မြန် လှုပ်ရှားနိုင်မယ် ဆိုရင် သူလိုချင်တဲ့ ပန်းတိုင်ကို ရယူနိုင်လိမ့်မယ်။ သူကသာ အရမ်းနှေးနေခဲ့ရင်တော့… ဆုံးရှုံးမှု နည်းနည်းပါးပါးနဲ ရင်ဆိုင်ရလိမ့်မှာပေါ့”
မန်ရှန်းရီက ရန်ဝေကို ကြည့်ရင်း သူပြောခဲ့တာကို သေသေချာချာ စဉ်းစားကြည့်လိုက်တယ်။ ရန်ဝေ ပြောတာက ရန်ကိုင်သာ လှုပ်ရှားတာ နှေးခဲ့ရင် အများဆုံးမှ အနည်းအကျဉ်း လောက်ပဲ ဆုံးရှုံးမယ်၊ လုံးဝကို ရှုံးနိမ့်မှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
အကြီးဆုံးသခင်လေးက ကိုးယောက်မြောက် သခင်လေးကို ဒီလောက်တောင် မြင့်မြင့် မျှော်မှန်းထားတာလား
ဒါပေမယ့် ထိုအကြောင်းကို တွေးကြည့်ပြီးနောက် ရင်းဂျုနဲ့ အရိုးဒိုင်း ရှိနေမှတော့ ရန်ကိုင်အနေနဲ့ ရန်ခန်းကို မြန်မြန်ဆန်ဆန် မဖမ်းနိုင်တာတော့လည်း မဟုတ်ပြန်ပါဘူး။
တည်ငြိမ်အေးချမ်းလှတဲ့ ညအချိန်အခါ၌၊ ထူးဆန်းတဲ့ တင်းကြပ်မှုတစ်ခုက အလျင်အမြန်ပဲ ပျံ့နှံ့လို့လာခဲ့တယ်။
ရန်ခန်း ခြံဝန်း…
ရန်ခန်းက သူအသစ်ရထားတဲ့ ဆန်းကြယ်အဆင့် လက်နက် အသစ်ကို သန့်စင်ရာမှာ အာရုံစိုက်နေခဲ့တယ်။ လွန်ခဲ့တဲ့ ရက်တွေအတွင်း သူက ဒီဆန်းကြယ်အဆင့် လက်နက်ကို တောက်လျှောက် သန့်စင်နေခဲ့တာပါ။ အခြေအနေကလည်း မဆိုးပါဘူး။
နောက်ထပ် ၅ရက်၊ ၆ရက်လောက် ကြာရင် ဒီဆန်းကြယ်အဆင့် လက်နက် အသစ်ကို သူ့အနေနဲ့ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပါလိမ့်မယ်။ အဲ့အချိန်က သူ့ရဲ့ ခွန်အားက နောက်ထပ် အဆင့်တစ်ခုအထိကို လုံးဝ မြင့်တက်သွားပါလိမ့်မယ်။
ဆန်းကြယ်အဆင့် လက်နက်နဲ့ဆိုရင် သာမန် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် တစ်ယောက်ကို ရင်ဆိုင်ရရင်တောင် လက်ရည်တူ ယှဉ်တိုက်နိုင်ပါလိမ့်မယ်။ ပိုကျင်းရေကန်မှာ ဖြစ်ပွါးခဲ့တဲ့ လက်နက်လုတိုက်ပွဲက ရန်သခင်လေး တစ်ယောက်ချင်းစီ တိုင်းရဲ့ တိုက်ပွဲစွမ်းရည်ကို အဆင့်တစ်ခုအထိ တိုးတက်သွားစေခဲ့ပါတယ်။
အခန်းထဲမှာ ငြိမ်သက်စွာနဲ့ ထိုင်နေရင်း ဆန်းကြယ်အဆင့် လက်နက်ကို သန့်စင်နေတုန်း ပိတ်ထားတဲ့ အခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့တယ်။
ရန်ခန်း အနည်းငယ် ကြောင်သွားခဲ့ရတယ်။ ဒါပေမယ့် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နားမလည် နိုင်သေးခင်မှာပဲ ပိန်ပိန်ပါးပါး အရိပ်တစ်ခုက သူ့ဆီ ပြေးဝင်လာခဲ့ပြီး တောက်ပတဲ့ ဓါးရောင်တစ်ချက် လက်သွားခဲ့တယ်။ အေးစက်စက်တဲ့ အလင်းတို့ဖြင့် တောက်ပနေတဲ့ ဓါးမြှောင် နှစ်ချောင်းက သူ့ဆီ တစ်ဟုန်ထိုး ပြေးဝင်လာနေတဲ့ပုံပါပဲ။
သူ့ရင်ဘတ် တစ်ခုလုံး တင်းကြပ်သွားခဲ့ပြီး သေခြင်းတရားနဲ့ နီးကပ်သွားသလို ခံစားလိုက်ရတယ်။
“ငါးယောက်မြောက်သခင်လေး၊ သတိထား” တန်ယုရှန်းရဲ့ ကြည်လင်တဲ့ အသံက သူ့နားထဲ ပျံလွင့်လာခဲ့ပြီး အားကောင်းတဲ့ စိတ်စွမ်းအင်တစ်ခုက ချဉ်းကပ်လာနေတဲ့ အရိပ်ဆီ တိုးဝင်သွားခဲ့တယ်။
ထိုပိန်ပိန်ပါးပါး ပုံရိပ်က ရန်ခန်းကို ဆက်ပြီး မတိုက်ခိုက်တော့ပဲ တံခါးပေါက်ဆီသာ ပြန်ဆုတ်သွားလိုက်တယ်။
မှိန်ဖျော့ဖျော့ လရောင်အောက်၊ သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လူရဲ့ပုံစံကို ရန်ခန်း မြင်တွေ့လိုက်ရတယ်။ သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ကိုယ်အနှံ့က အမွှေးအမျှင်တွေ အကုန်လုံး ထောင်တက်သွားခဲ့တယ်။
“ရင်းဂျု”
ရင်းဂျုက သွားပေါ်အောင် ပြုံးဖြီးပြလိုက်ပြီး သူ့ပုံရိပ်က အမှောင်ထုထဲ အလျင်အမြန်ပဲ တိုးဝင် ပျောက်ကွယ် သွားခဲ့တယ်။
ချက်ချင်းဆိုသလိုပဲ တန်ယုရှန်းရဲ့ ပုံရိပ်က ရန်ခန်းနား ထွက်ပေါ်လာခဲ့ပြီး မေးလိုက်တယ် “ငါးယောက်မြောက် သခင်လေး၊ ရှင်အဆင်ပြေရဲ့လား”
တစ်ခဏကြာတဲ့အထိ ရန်ခန်း မတုန့်ပြန်နိုင်ခဲ့။ သူ့နှလုံးသားထဲက ကြောက်စိတ်ကို ဖိနှိပ်လိုက်ပြီးတော့မှပဲ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ကျုပ်အဆင်ပြေပါတယ်၊ ယုရှန်း အချိန်မှီ သတိပြုမိ သွားလို့သာပေါ့”
တန်ယုရှန်းက သူမရဲ့ ဝိဥာဉ်ပညာရပ်ကို အလျင်အမြန် ထုတ်သုံးလိုက်တာကြောင့်သာ မဟတ်ရင် ရင်းဂျုရဲ့ ခွန်အားအရ၊ သူ့အနေနဲ့ ရန်ခန်းကို ဖမ်းမိသွားလောက်ပါပြီ။
ထိုအရိပ်သွေးစစ်သည်တော်က ပုန်းကွယ်ပြီး သတ်ဖြတ်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။ သူက အမြဲတမ်း အမှောင်ထဲကနေသာ ပုန်းအောင်းပြီး တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ရင်းဂျုဆိုတဲ့ သွေးစစ်သည်တော်က တကယ်ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့တာပါ။
ဒါပေမယ့် ခုဏတုန်းက ရင်းဂျုက နောက်တစ်ကြိမ် ထပ်တိုက်မယ်ဆိုရင် တိုက်လို့ရပါတယ်။ ဒါဆိုရင် သူဘာလို့ လက်လျှော့ခဲ့လိုက်တာလဲ။ ပြီးတော့ သူထွက်မသွားခင်က ပြုံးပြတဲ့အပြုံး၊ အဲ့အပြုံးက တစ်ခုခုတော့ တစ်ခုခုပါပဲ။
တစ်ခဏကြာပြီးနောက် ရန်ခန်း ရုတ်တရက် နားလည်သွားခဲ့ကာ စားပွဲခုံကို ရိုက်ချလိုက်ပြီး ဒေါသတကြီး ပြောလိုက်တယ် “သူငါ့ကို သက်သက် လာရှုပ်တာပဲ”
အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ သွေးစစ်သည်တော် တွေကို အရင်စတိုက်ခိုက်ခြင်းမှ တားမြစ်ထားပါတယ်။ သူတို့ အနေနဲ့ ခုခံပြီး တန်ပြန်တိုက်ခိုက်လို့ပဲ ရပါတယ်။ ရင်းဂျု သူ့ကို လာလုပ်ကြံတုန်းက၊ သူ့ဘက်ကနေ လုံးဝ မခုခဲ့ရင်တောင် သူဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။
အစောပိုင်းတုန်းက တိုက်ခိုက်မှုက ဟန်ပြသက်သက်ပါ။ ရင်းဂျုက သူ့ကို တကယ်တိုက်ခိုက်ဖို့ မရည်ရွယ် ထားပါဘူး။ သူ့မျက်နှာထက်က အပြုံးကတော့ ရင်းဂျုက သူ့ရဲ့ ကြောက်လန့်တကြား ဖြစ်နေတဲ့ပုံစံကို လှောင်ရယ်နေတာပဲ ဖြစ်ရပါမယ်။
“ရင်းဂျုက ဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရနေတာလဲ” အစောပိုင်းတုန်းက အချိန် တစ်ခဏလေးအတွင်း ပုံမှန်မဟုတ်တာကို တစ်ခုကို တန်ယုရှန်း သတိပြုမိလိုက်ပြီး မျက်မှောင်ကြုံရင်း အတွေးထဲ နစ်မြောသွားခဲ့တယ်။
ပိုးကျင်းရေကန်က တိုက်ပွဲမှာတုန်းက သွေးစစ်သည်တော် ခြောက်ယောက်က ချီချုပ်နှောင် ချိတ်တံဆိပ် ထိမှန်တာ ခံလိုက်ရပြီး သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်မသုံးနိုင်ဖြစ်ခဲ့ရပါတယ်။ ချီချုပ်နှောင် ချိတ်တံဆိပ် ထိမှန်းခြင်း ခံလိုက်ရတဲ့ သွေးစစ်သည်တော် ခြောက်ယောက်ထဲ ပါဝင်တဲ့ ရင်းဂျုက လုံးဝကို အပြည့်အဝ ပြန်ကောင်းနေတဲ့ပုံပါပဲ။
“ကိုးယောက်မြောက် ညီလေးးးး” ရန်ခန်းရဲ့ အမူအရာ ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့တယ်။ ရင်းဂျုရဲ့ ထူးခြားမှုကို နည်းနည်းလေးတောင် သတိမပြုမိပဲ ရန်ကိုင်ကိုသာ အမုန်းတရားအပြည့်နဲ့ အော်ဟစ်နေခဲ့တယ်။
အဲ့အချိန်မှာပဲ တန်ယုရှန်းရဲ့ အမူအရာ ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီး ရန်ခန်းကို အော်ဟစ်သတိပေးလိုက်တယ် “ငါးယောက်မြောက် သခင်လေး၊ ဒီကို လူအများကြီး ချဉ်းကပ်လာနေတယ်”
“ဘာ” ရန်ခန်း အေးခဲသွားခဲ့ပြီး “ဘယ်သူတွေ လာနေတာလဲ”
“ရှောင်ရှန်ရဲ့ အရှိန်အဝါကို အာရုံခံမိသလိုပဲ။ ပြီးတော့ ပညာရှင်တွေ အများကြီး၊ အားလုံးက သခင်ငယ်လေးရဲ့ မဟာမိတ် အင်အားစုတွေပဲ။ ကြည့်ရတာ… သခင်ငယ်လေးက ငါးယောက်မြောက် သခင်လေးကို လာတိုက်တာနဲ့ တူတယ်”
“သူရူးနေတာလားဟ” ရန်ခန်း ဒီအတိုင်း ငြိမ်ပြီး ထိုင်မနေနိုင်တော့ပါဘူး၊ ခပ်မြန်မြန်ပဲ ထိုင်ရာကနေ ခုန်ထလိုက်ပြီး အလျင်စလို ပြေးထွက်သွားလိုက်တယ်။
ကိုးယောက်မြောက်ညီလေးက အခုအချိန်ကြီး ဘာထဖောက်နေတာလဲ။ အားလုံးက ပိုကျင်းရေကန်မှာ ဖြစ်ပွါးခဲ့တဲ့ ဆုံးရှုံးမှုတွေကို ပြန်ပြီး အားဖြည့်ရင်ဖြည့်၊ မဖြည့်ရင် အသစ်ရလာတဲ့ လက်နက်အသစ်တွေကို သန့်စင်ဖို့ အလုပ်ရှုပ်နေကြတာလေ။ ဒါကို သူက ဒီအတိုင်း ငြိမ်ငြိမ် ထိုင်မနေပဲ အခြားသူတွေကို လာပြဿနာရှာတယ်ပေါ့။
အခုအချိန်ကြီး တိုက်ပွဲကို စတင်လိုက်တာက လက်နက် အသစ်တွေကို သန့်စင်နေတဲ့ သူ့ရဲ့ မဟာမိတ်တွေကို အနှောင့်အယှတ် ပေးလိုက်သလို ဖြစ်သွားနိုင်ရုံမက သူ့ရဲ့ ကိုယ်ပိုင်ဆန်းကြယ်အဆင့် လက်နက်ကို သန့်စင်ရာမှာလည်း နှောင့်နှေးသွားနိုင်ပါတယ်။ အခုအချိန်ကြီး တိုက်ပွဲစလိုက်လို့ သူဘာအကျိုးအမြတ် ရမှာလဲ။
သူတို့ နှစ်ဖွဲ့က အမြင်မကြည်ရင်တောင် ကိုးယောက်မြောက် ညီလေးအနေနဲ့ အခုလိုမျိုး မဆင်မခြင် လှုပ်ရှားစရာ မလိုပါဘူး။ ရန်ခန်း ဝန်မခံချင်ရင်တောင် သူဝန်ခံရမှာ တစ်ချက် ရှိပါသေးတယ်။ အားလုံးက သူတို့ရထားတဲ့ လက်နက်အသစ်တွေကို သန့်စင်ပြီးသွားခဲ့ရင် ကိုးယောက်မြောက်ညီလေးက လူအင်အား၊ လက်နက် အင်အားနဲ့ အရင်အမြစ်ပိုင်းမှာ အားလုံးထက် အသာရထားပါတယ်။
အခန်းထဲကနေ ပြေးထွက်သွားတာနဲ့ အော်ဟစ်သံတွေ၊ တိုက်ခိုက်သံတွေကို သူကြားလိုက်ရတယ်။ လက်နက်တွေနဲ့ သိုင်းပညာရပ်တွေဆီကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေက ရန်ကိုင် သူ့ကိုတကယ်ပဲ လာရောက် တိုက်ခိုက်နေပြီမှန်း ရန်ခန်းအား နားလည်သွားစေလိုက်တယ်။
သူထင်ထားသလို လှည့်ကွက် တစ်ခုမဟုတ်ခဲ့ပါဘူး။
သူ့အိမ်ဆီ ရောက်လာတဲ့လူက စကားတစ်ခွန်းတောင် မဆိုပဲ ချက်ချင်းလက်ငင်း တန်းတိုက်ခိုက်ခဲ့ပါတယ်။
စံအိမ်အပြင်ဘက်ရှိ ကောင်းကင်ထက်၌ အယောက် ၂၀၀နီးပါးရှိတဲ့ လူအုပ်က ချူရီမန်ကို အလယ်မှာထားပြီး ရပ်နေခဲ့ကြတယ်။
ရန်ကိုင်ရဲ့ လက်ရှိ မဟာမိတ် အင်အားစုအရေအတွက်က စုစုပေါင်း ၁၄ခုပါ။ ဒါက အထူးအင်အားစု နှစ်ခုဖြစ်တဲ့ ဆေးဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းကို ထည့်မတွက်ပဲ ရေတွက်ထားတာပါ။
ချူမိသားစုနဲ့ ဟော်မိသားစုက ကျင့်ကြံသူတွေအပြင်၊ သွေးတိုက်ပွဲဂိုဏ်း၊ ဒေါင်မိသားစု၊ ခရမ်းဖန်းတောင်ကြား၊ သန့်စင်နှလုံးသားနန်းတော်၊ ရှန်းယွမ်မြို့၊နဲ့ တွမ့်မူ မိသားစုက ကျင့်ကြံသူတွေ အကုန်လုံး ပါလာခဲ့ကြပါတယ်။
ဒီမှာ ရှိနေတဲ့ ချူမိသားစုရဲ့ အင်အားစုတွေက အဲ့လောက်ကြီး အားမကောင်းပါဘူး။ တကယ်တော့ ဆောင်းဦးမိုးစက် ခန်းမက ကျင့်ကြံသူတွေက မတိုက်ခိုက်နိုင်၊ ဒဏ်ရာရထားတဲ့ ဒုက္ခိတလို ဖြစ်နေတဲ့ ကျင့်ကြံသူတွေကို ပြုစုထားဖို့သက်သက် အတွက်ပဲ ဖွဲ့စည်းထားတာလေ။
ဟော်မိသားမှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူနှစ်ယောက်ပဲ ပါလာခဲ့ပြီး သွေးတိုက်ပွဲဂိုဏ်းမှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် မရှိသလောက်ပါပဲ။ သူတို့ကလွဲပြီး ကျန်တဲ့ အင်အားစုတွေ အကုန်လုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် လေးယောက်၊ ငါးယောက်လောက်ပဲ ခေါ်လာခဲ့ကြတာပါ။
အားလုံးကို ခြုံငုံပြီး ပြောရရင် သူတို့မှာ ရှိတဲ့ ကျင့်ကြံသူ အရေအတွက်နဲ့ ခွန်အားက ရန်ခန်းခြံဝန်းမှာ ရှိနေတဲ့ ကျင့်ကြံသူတွေအောက် နိမ့်ကျနေခဲ့ပါတယ်။
ဒါပေမယ့်… ဒီတိုက်ပွဲကို နိုင်လိမ့်မယ်လို့ ချူရီမန် ယုံကြည်မှု အပြည့်ရှိပါတယ်။
ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ် သွေးစစ်သည်တော် နှစ်ယောက်ကို သူမခေါ်လာခဲ့တယ်လေ၊ ပြီးတော့ ရက်စက် ကြမ်းကြုတ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင် တစ်ယောက်ဖြစ်တဲ့ … နတ်ဆိုးအိုကြီး ဆိုတဲ့လူလည်း ရှိပါသေးတယ်။
နတ်ဆိုးအိုကြီး ဘယ်လောက်အထိ အားကောင်းလဲ ဆိုတာကို ချူရီမန် တိတိကျကျ နားမလည်ထားပါဘူး။ ဒါပေမယ့် နတ်ဆိုးအိုကြီးက ဘယ်သွေးစစ်သည်တော် ထက်မဆို ပိုပြီးအားကောင်းတယ် ဆိုတာကိုတော့ ချူရီမန် လုံးဝကို သေချာသိနားလည်ထားပါတယ်။
ထိုသုံးယောက် ဒီမှာ ရှိနေမှတော့ ရန်ခန်းတို့ကို အနိုင်ယူဖို့အတွက် အချိန်ပဲ လိုအပ်ပါတယ်။
အနိုင်ရမယ်မှန်း သေချာနေပြီ ဖြစ်တဲ့အတွက် နှုတ်ဆက်စကားတောင် မပြောတော့ပဲ ရောက်တာနဲ့ တန်းတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာပါ။
များစွာသော သိုင်းပညာရပ်တွေနဲ့ လက်နက်တွေရဲ့ တိုက်ခိုက်မှုတွေ ရုတ်တရက် တိုးဝင်လာတဲ့အချိန် ရန်ခန်း ခြံဝန်းမှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး သတိလက်လွတ် ဖြစ်နေခဲ့ကြတယ်။ အချိန်ခဏလေး အတွင်းမှာပဲ ရန်ခန်းတို့ဘက်က လူဒါဇင်ကျော် ဆုံးရှုံးသွားခဲ့ရပါပြီ။
ထိတ်လန့်နေရာမှာ အသိပြန်ဝင်လာပြီးနောက် ရန်ခန်းရဲ့ အဖွဲ့သားတွေက အလျင်စလို ပြန်လည် ခုခံတိုက်ခိုက် ကြပါတော့တယ်။ ဒါပေမယ့် သူတို့အားလုံးက ထိတ်လန့် တုန်လှုပ်နေတဲ့အတွက် ထိထိရောက်ရောက် ပြန်လည် မတိုက်ခိုက်နိုင် ဖြစ်နေခဲ့ပါတယ်။
ရန်ခန်း မထွက်ပေါ်လာသေးတဲ့ အတွက် သူတို့ကို ဦးဆောင်အမိန့်ပေးဖို့ ခေါင်းဆောင် မရှိဖြစ်နေခဲ့ကာ ကောင်းမိသားစုက ကောင်းရန်ဖုန်းကလည်း အခြေအနေ တစ်ခုလုံးကို ကောင်းကောင်း မထိန်းချုပ်နိုင် ဖြစ်နေခဲ့တယ်။
“သခင်လေးမချူ၊ ကျုပ်တို့ လူအိုကြီး ငါးယောက်ကိုလည်း ဝင်ရောက် တိုက်ခိုက်ခွင့်ပေးပါ” တွမ့်မူမိသားစုက ပညာရှင်တစ်ယောက်က ပြောလိုက်တယ်၊ သူ့လေသံထဲ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။
Martial Peak
အပိုင်း(၄၈၄) မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ရအောင်
အစတုန်းက တွမ့်မူမိသားစု ကျင့်ကြံသူတွေက ရန်မိသားစု တတိယသခင်လေး ရန်ထိုက်ရဲ့ အဖွဲ့သားတွေပါ။ ဒါပေမယ့် အမွေခံတိုက်ပွဲရဲ့ ပထမညမှာပဲ ရန်ထိုက် ထွက်ခဲ့ရပါတယ်။ ထိုတိုက်ပွဲ၌ တွမ့်မူမိသားစုက ဒီပညာရှင် ငါးယောက်ကလွဲလို့ ကျန်တဲ့ ကျင့်ကြံသူတွေ အကုန်လုံး သေဆုံးသွားခဲ့ရပါတယ်။
ရန်ခန်းအဖွဲ့သားတွေက ရန်ထိုက်ကို အရင်စပြီး တိုက်ခိုက်ခဲ့လူတွေပါ။ ထို့ကြောင့် အခုလို အခွင့်အရေး ရတုန်း သူတို့ရဲ့ ကျဆုံးသွားခဲ့တဲ့ ရဲဘော်ရဲဘက်တွေအတွက် ပြန်ပြီး လက်စားချေချင်တာ သဘာဝပါပဲ။
“အလျင်မလိုနဲ့လေ” ချူရီမန်က ပြုံးလိုက်ပြီး ဖြည်းဖြည်း ခေါင်းခါရမ်းလိုက်ရင်း “အခြေအနေကို အရင်ဆုံး တစ်ချက် စောင့်ကြည့်ရမယ်”
ရန်ခန်းရဲ့ အဖွဲ့သားတွေက သတိလက်လွတ် ဖြစ်နေတဲ့ အချိန် တိုက်ခိုက်ခံခဲ့ရတယ် ဆိုပေမယ့် သူတို့တွေက ခုခံတဲ့ အင်အားစုတွေ ဖြစ်နေသေးသည့်အပြင် အရေအတွက်နဲ့ သူတို့ရဲ့ ခံစစ်နေရာဆိုတဲ့ အားသာချက်တွေ ရှိထားပါသေးတယ်။ တစ်ဖက်အနေနဲ့ ရန်ကိုင် အဖွဲ့သားတွေက စုစုပေါင်းထဲကမှ တစ်ဝက်လောက်ပဲ ရောက်လာခဲ့တာပါ။ သူတို့သာ မဆင်မခြင် လှုပ်ရှားလိုက်မယ် ဆိုရင် အကျအဆုံး များသွားနိုင်ပါတယ်။
ချူရီမန်ရဲ့ ဗျူဟာက ရိုးရှင်းပါတယ်… ရန်ကိုင် ရောက်တဲ့အထိ စောင့်ဖို့ပါ။ ရန်ကိုင် ရောက်တော့မှပဲ သူ့ရဲ့ အင်အားစုတွေအကုန်လုံး တရဟော တိုးဝင် တိုက်ခိုက်ကြမှာပါ။
ရန်ခန်းရဲ့ ခြံဝန်းက တိုက်ပွဲသံတို့ဖြင် ဆူညံနေခဲ့တယ်။ ချူရီမန် ခေါ်လာခဲ့တဲ့ လူတွေက ရန်ခန်း အဖွဲ့သားတွေနဲ့ ဘယ်တော့မှ အနီးကပ်မတိုက်ခိုက်ကြပါဘူး။ သူတို့တွေက လေထဲဝဲနေပြီး အဝေးပစ် တိုက်ခိုက်မှုတွေနဲ့သာ တရစပ် တိုက်စစ်ဆင်နေခဲ့ကြတယ်။
တစ်ခဏလေးအတွင်းမှာပဲ ရန်ခန်းခြံဝန်းထဲက အဆောက်အအုံများစွာ ပြိုကျပျက်စီး သွားခဲ့တယ်။ အခုအချိန်၌ သူ့ခြံဝန်းတစ်ခုလုံ အပျက်အစီးပုံကြီး တစ်ခုလို ဖြစ်နေပြီး ခုခံကာကွယ်နေတဲ့ ကျင့်ကြံသူတွေလည်း ပုန်းကွယ်စရာ အကာအကွယ်တွေ မရှိတော့တဲ့အတွက် ခေါင်းမပါတဲ့ ယင်ကောင်တွေလို ဟိုပြေးရှောင်လိုက်၊ ဒီပြေးရှောင်လိုက်သာ လုပ်နေခဲ့ကြရတယ်။
သူတို့ဘက်က အကျအဆုံး အရမ်းမများပေမယ့် အခုပုံစံက သူတို့အတွက် အရမ်းကို အရှက်ရစရာ ကောင်းလှပါတယ်။
နောက်ဆုံးမှာတော့ ရန်ခန်း အဖွဲ့သားတွေ ဆက်ပြီး သည်းမခံနိုင်တော့ပဲ အချို့တွေက ကောင်းကင်ပေါ်တက်ပြီး အနီးကပ်တိုက်ခိုက်ဖို့ ကြိုးစားကြပါတော့တယ်။
ကောင်းရန်ဖုန်း ထိုအခြင်းအရာကို မြင်လိုက်ပေမယ့် အဲ့လိုမလုပ်ဖို့ လှမ်းတောင်မအော်ရသေးခင်မှာပဲ ထိုလူကျင့်ကြံသူတွေ အကုန်လုံး ချူရီမန်ရဲ့ အမိန့်ပေးမှု အောက်မှာရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးရဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် လွင့်ပျံထွက်ကုန်၊ သေဆုံးကုန် ကြပါတော့တယ်။
တိုက်ပွဲက ဒီအတိုင်း ဆက်လက် ဖြစ်ပွါးနေခဲ့တယ်။ ကောင်းကင်ထက် ဝဲနေသည့် ကျင့်ကြံသူများစွာက အောက်ကို ခုန်ဆင်းပြီး ရန်ခန်းကိုဖမ်းကာ အလံကိုလုယူ၍ အောင်မြင်မှုကို ဆုပ်ကိုင်ဖို့ မစောင့်နိုင်တော့အောင် ဖြစ်နေခဲ့ကြတယ်။
လေထဲဝဲနေရင်း ဟော်ရှင်းချန်က တိုးတိုးလေး ပြောလိုက်တယ် “ချူရီမန်၊ ရင်းဂျုကို ချောင်းတိုက်ခိုင်းတာက ရန်မိသားစု အမွေခံတိုက်ပွဲရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေသလို ဖြစ်မနေဘူးလား”
ချူရီမန်က ခေါင်းခါရမ်းလိုက်ပြီး “ရင်းဂျုက သူဘာလုပ်ရမလဲ ဆိုတာကို သိတယ်။ သူသာ ရန်ခန်းကို တိုက်ခိုက်ချင်ယောင် ဆောင်နိုင်သရွေ့ စည်းမျဉ်းတွေကို ချိုးဖျက်ရာကျမှာ မဟုတ်ဘူး။ သွေးစစ်သည်တော် တစ်ယောက်က ဒီလောက်ရိုးရှင်းတာလေးကိုတောင် ဘာလို့ မလုပ်နိုင်ရမှာလဲ”
“ဒါပေမယ့် အဲ့လိုဆိုရင် သူ့ကို ဘာလို့ သွားခိုင်းနေသေးလဲ။ ရန်ခန်းကို ဖမ်းပြီး အလံကို လုယူလို့ မရမှတော့ သူ့ကို အဲ့လိုမျိုး သွားအယောင်ပြ လုပ်ကြံခိုင်းပြီး နင်ဘာလုပ်ချင်နေတာလဲ” ဟော်ရှင်းချန် နားမလည်နိုင် ဖြစ်နေခဲ့တယ်။
“ရန်ခန်းကို ထိတ်လန့်ကြောက်ရွံ့သွားအောင် လုပ်ဖို့လေ” ချူရီမန်က ပြန်ပြုံးပြလိုက်တယ်။
ဟော်ရှင်းချန်က အထင်အမြင်သေးသေးနဲ့ ပြန်ပြီး နှာခေါင်းရှုံ့ပြလိုက်တယ်။ သူမပြောတာက ယုံစရာကို မရှိတာပါ။ ချူရီမန်က ဒီလောက်အထိ ပျင်းနေမယ့် လူတစ်ယောက် မဟုတ်ပါဘူး။ ထို့ကြောင့် ဟော်ရှင်းချန်က မျက်ခွံသာလှန်နေလိုက်တယ်။ ရန်ကိုင် ဒီမှာ ရှိနေတယ်လို့ ရန်ခန်း ထင်သွားအောင် ချူရီမန် အခုလို လုပ်ခဲ့တာမှန်း ဟော်ရှင်းချန် နားလည်တာပေါ့။
ပြောရမယ်ဆိုရင် ဒီည ရန်ကိုင် ဘယ်ရောက်လို့ ရောက်နေမှန်း သူမသိပါဘူး။ မနေ့တုန်းကလည်း သူ့ကို မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ရင်းဂျုနဲ့ ရန်ကိုင်က အမြဲလိုလို အတူရှိနေတာပါ။ ရင်းဂျုက ထွက်ပေါ်လာမှတော့ ရန်ကိုင်က အကြံအစည် တစ်မျိုးမျိုးကို ထုတ်ဖော်ဖို့အတွက် အနီးအနားက တစ်နေရာရာမှာ ပုန်းအောင်းနေတာပဲ ဖြစ်ရပါမယ်။
ဟော်ရှင်းချန်က ‘ဟုတ်တယ်၊ ဒီလိုပဲဖြစ်ရမယ်’ လို့တွေးရင်း တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်တယ်။ သူ့သုံးသပ်တာ မှန်ကန်ကြောင်း ဟော်ရှင်းချန် ယုံကြည်ချက် အပြည့်ရှိပါတယ်။
“ငါးယောက်မြောက် သခင်လေး” ကောင်းရန်ဖုန်းက စိုးရိမ်တကြီးနဲ့ လှမ်းအော်လိုက်တယ်။ ကောင်းရန်ဖုန်းက ကောင်းမိသားစုရဲ့ ဆက်ခံသူတစ်ယောက်ပါ။ သူက ငယ်လည်း မငယ်သလို၊ အားလည်း မနည်းပေမယ့် အမွေခံတိုက်ပွဲက သူဆိုတာ ဘာမှမဟုတ်ပါဘူး။
အခု တစ်ဖက်ရန်သူတွေက သူတို့ကို တံခါး လာခေါက်နေခဲ့လေပြီ။ ကောင်းရန်ဖုန်းအနေနဲ့ အကာအကွယ် ခံစစ်ကြောင်းကို ခဏတာလောက်ပဲ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ရန်ခန်း ထွက်လာပြီး အခြေအနေတစ်ခုလုံးကို ထိန်းချုပ် မယ့်အချိန်ကို စောင့်ရင်းနဲ့ပေါ့။
“ငါရောက်ပြီ” ရန်ခန်း အမူအရာက ပြိုတော့မယ့်မိုးလို သုန်မှုန်နေခဲ့တယ်။ ပျက်စီးကျိုးပဲ့နေတဲ့ နံရံနောက်ကနေ တန်ယုရှန်းနဲ့အတူ ထွက်လာလိုက်ရင်း ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“ငါးယောက်မြောက် သခင်လေး” ရန်ခန်း ထွက်လာတာကို မြင်လိုက်တော့မှပဲ ကောင်းရန်ဖုန်း သက်ပြင်းချနိုင်တော့တယ်။ ရန်ခန်းဆီ အလျင်စလို ပြေးသွားလိုက်ပြီး စိုးရိမ်တကြီးနဲ့ ရှင်းပြလိုက်တယ် “ချူရီမန်က လူအများကြီး ခေါ်လာပြီး ငါ့တို့ကို တိုက်ခိုက်နေပြီ။ ငါတို့တွေက သတိလက်လွတ် ဖြစ်နေတာ့ တိုက်ပွဲဖြစ်ပြီး မကြာဘူး၊ လူ၂၀လောက် ကျသွားတယ်”
“ငါသိတယ်” ရန်ခန်းက ခက်ထန် သုန်မှုန်နေတဲ့ အမူအရာနဲ့ ခေါင်းပြန်ညိတ်ပြလိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်ကာ အော်ပြောလိုက်တယ် “ကိုးယောက်မြောက်ညီလေး၊ ထွက်လာခဲ့တော့။ ငါတို့ စကားပြောကြရအောင်”
“ငါးယောက်မြောက် သခင်လေး” ချူရီမန်က ဖွဖွလေး ရယ်မောလိုက်ပြီး ရန်ခန်းကို နှုတ်ဆက်လိုက်တယ်။ ထိုနေရာမှာ ရပ်နေစဉ် သူမရဲ့ ပြီးပြည့်စုံလှတဲ့ ကောက်ကြောင်း အဖုံးဖုံက တင်းကြပ်လှတဲ့ ဝတ်စုံကြောင့် အားလုံးရှေ့ ထင်ထင်ရှားရှား ထွက်ပေါ်နေခဲ့တယ်။ ညလေညင်းရဲ့ ကလူကျီစယ်မှုကြောင့် သူမရဲ့ ဝတ်ရုံစက တဖျတ်ဖျတ်လှုပ်ခါနေခဲ့ပြီး နှင်းသားပမာ ဖြူဖွေးချောမွတ်လှတဲ့ ခြေသလုံးသားလေးတွေက အားလုံးရှေ့ ရံဖန်ရံခါ ထွက်ပေါ်လာနေခဲ့တယ်။ တောက်ပတဲ့ လရောင်ရဲ့ ပက်ဖြန်းမှုကြောင့် ချူရီမန်က မြင်သူတကာ ငေးမောသွားစေရလောက်မယ့် လနတ်သမီးလေး တစ်ပါးလို လှပနေခဲ့တယ်။
မီးခိုးတွေ၊ ဖုန်တွေ ဝေနေတဲ့ တိုက်ပွဲကွင်းပြင် ထဲမှာတောင် သူမကို လောဘတကြီး ငေးစိုက်ကြည့်နေတဲ့ ယောကျာ်းသား ကျင့်ကြံသူတွေ မနည်းလှပါဘူး။
မဟာ တောင်ပို့နှစ်လုံးစီကို ပိုင်ဆိုင်ထားတဲ့ လန်ချူးတျယ်နဲ့ လော့ရှောင်မန်တို့ မိန်းကလေး နှစ်ယောက်နဲ့ တကွ ပန်းပွင့်နတ်သမီးလေးတွေကို လှပလှတဲ့ ဟူညီအစ်မ နှစ်ယောက်ကပါ ချူရီမန်နဲ့အတူ ယှဉ်တွဲရပ်နေတော့ သူမတို့ မိန်းကလေးတစ်သိုက်က လူများစွာတို့ရဲ့ မျက်စိပွဲတော် တည်စရာ ဖြစ်သွားခဲ့တယ်။ အောက်မှာ ရှိနေတဲ့ ယောကျာ်းသားအားလုံး ရန်ကိုင်ကို ကြိတ်ပြီး မနာလိုသွားကြတယ်။
ရန်ကိုင်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ မိန်းမလှလေး များစွာ ရှိနေတာကို အခုမှပဲ သူတို့အားလုံး သတိပြုမိသွားခဲ့တယ်။
ချူမိသားစု သခင်မလေးက ရန်ခန်းကို နှုတ်ဆက်နေပေမယ့် အဖွဲ့သားတွေအား ညွှန်ကြားနေတာ နည်းနည်းလေးမှ ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။ သူမနားမှာ ရှိနေတဲ့ ကျင့်ကြံသူတွေက အောက်မှာ ရှိနေတဲ့ ရန်ခန်း အဖွဲ့သားတွေကို အဝေးပစ် တိုက်ကွက်တွေနဲ့ တရစပ် တိုက်ခိုက်နေခဲ့တယ်။
“ကိုးယောက်မြောက်ညီလေး ဘယ်မှာလဲ” ရန်ခန်း မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။ ရန်ကိုင် ကိုယ်တိုင် ထွက်လာပြီး သူနဲ့ဆွေးနွေးသင့်တယ်လို့ ရန်ခန်း ထင်နေတာပါ။ ချူရီမန်ရဲ့ အဆင့်အတန်းက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချဖို့ အရည်အချင်း မပြည့်မှီသေးပါဘူး။
“ကျွန်မကို ခွင့်လွှတ်ပေးပါ၊ သခင်လေးခန်၊ ရန်ကိုင်က အခြားကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေလို့ အခုလောလောဆယ် သခင်လေးခန်နဲ့ စကားပြောနိုင်ဦးမှာ မဟုတ်ဘူး။ ဒီတိုက်ပွဲကို ကျွန်မကပဲ အပြည့်အဝ တာဝန်ယူထားရတာပါ။ ဒါကြောင့် ငါးယောက်မြောက် သခင်လေးရဲ့ အဖွဲ့သားတွေဘက်ကပဲ ညှာတာပေးမယ်လို့ မျှော်လင့်ပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်မတို့က ဒီကကိစ္စကို ခပ်မြန်မြန်ပဲ အဆုံးသတ်ပေးမှာပါ။ အရမ်းကြီး မထိခိုက်စေရပါဘူး” ပြောပြီးတာနဲ့ ချူရီမန်က နှစ်လိုစွဲမက်ဖွယ်ကောင်းစွာ ရယ်မောလိုက်တယ်။
ရန်ခန်းမျက်နှာ မည်းမှောင်သွားခဲ့ပြီး သူ့မျက်နှာ တစ်ခုလုံး မုန်းတီးမှုတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ကိုးယောက်မြောက် ညီလေးက သူ့ရဲ့ ငါးယောက်မြောက်အစ်ကိုကို နည်းနည်းလေးတောင် မျက်လုံးထဲ မထည့်တဲ့ပုံပါပဲ။ အဲ့လိုဆိုမှတော့ ငါးယောက်မြောက် အစ်ကိုကြီးကလည်း သူ့မဟာမိတ်တွေကို ညှာတာပေးဖို့ ပြောနေစရာ မလိုတော့ဘူးပေါ့။ မင်းတို့ အားလုံး လာခဲ့ပြီးမှတော့ ပြန်ထွက်သွားဖို့ စဉ်းစားမနေနဲ့တော့”
ရန်ခန်း လုံးဝကို ဒေါသထွက်သွားခဲ့လေပြီ။
အမွေခံတိုက်ပွဲက ရန်မိသားစုရဲ့ ခေါင်းဆောင်ကို ဆုံးဖြတ်တဲ့ တိုက်ပွဲတစ်ခုပါ။ ညီအစ်ကို တစ်ယောက်ချင်းစီရဲ့ အဆက်အသွယ်နဲ့ အင်အားစုတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းကို ပြိုင်ဆိုင်တဲ့ တိုက်ပွဲတစ်ခုပေါ့။ အခု ကိုးယောက်မြောက်ညီလေးရဲ့ အင်အားစုတွေက သူ့ကို လာတိုက်နေပေမယ့် ကိုးယောက်မြောက် ညီလေးကိုယ်တိုင်က လူလုံးထွက်မပြခဲ့ပါဘူး။
ဒီတစ်ချက်နဲ့ ကိုးယောက်မြောက်ညီလေးက သူ့ကို အထင်သေးနေမှန်း သိသာနေခဲ့ပါပြီ။ သူမက မာနကြီးတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ဒီလိုအထင်သေးတာမျိုးကို ငြိမ်ခံနေမယ့် လူတစ်ယောက် မဟုတ်ပါဘူး။
ရန်ခန်းလည်း ဒေါသထွက်ထွက်နဲ့ သူ့အဖွဲ့သားတွေ အကုန်လုံးကို ရှိရှိသမျှ အကုန်အစင် ထုတ်သုံးပြီး တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။
ရန်ခန်း အမိန့်ပေးတာကို ကြားလိုက်တာနဲ့ ကောင်းရန်ဖုန်း ထိတ်လန့်သွားခဲ့တယ်။ ဒီကို ရောက်လာတဲ့ ရန်ကိုင် အင်အားစုတွေက အရေအတွက်နည်းသလို၊ ခွန်အားလည်း နည်းကြတယ် ဆိုပေမယ့်၊ ရန်ခန်းရဲ့ အင်အားစုတွေက ခုခံတဲ့ဘက်က ဖြစ်နေလို့ အသာရထားတာပါ။
သူတို့သာ ဒီအတိုင်း ဆက်ပြီး ခုခံနေမယ်ဆိုရင် တစ်ဖက်ရန်သူတွေရဲ့ အင်အားကို တဖြည်းဖြည်းနဲ့ လျှော့ချနိုင်ပြီး ပြန်ပြီးအနိုင်ယူနိုင်ချေတောင် ရှိပါသေးတယ်။
ပြီးတော့ ရန်ခန်းရဲ့အိမ် တိုက်ခိုက်ခံနေရတဲ့ အခွင့်အရေးကို ကျန်တဲ့ သခင်လေးတွေက အပြည့်အဝ အသုံးချလိမ့်မှာပါ။ အဲ့ဒါကြောင့် သူတို့ဘက်က လုပ်ဖို့လိုတာက ရန်ကိုင် စံအိမ်တိုက်ခိုက်ခံရတဲ့ အချိန်ထိ အချိန်ဆွဲထားဖို့ပါပဲ။ ရန်ကိုင်စံအိမ်သာ တိုက်ခိုက်ခံလိုက် ရတာနဲ့ သူတို့လည်း နောက်မဆုတ်ပဲနေလို့ မရတော့ပါဘူး။ အဲ့လို ဖြစ်လာတဲ့အခါက ရန်ခန်းသာ တပ်ဆုတ်သွားတဲ့ ရန်ကိုင့် အင်အားစုတွေကို နောက်ကလိုက်တိုက်သရွေ့ ရန်ကိုင်ကို တစ်ချီတည်းနဲ့ တစ်ခါတည်း တန်းအနိုင် ယူနိုင်ပါလိမ့်မယ်။
ကံမကောင်းစွာနဲ့ ရန်ခန်းရဲ့ ဒေါသက သူ့ရဲ့ ဆင်ခြင်နိုင်စွမ်းကို အမှောင်ဖုံးသွားစေခဲ့ပြီး ထိုအချက်တွေကိုတောင် မစဉ်းစားနိုင်တော့တဲ့အထိ ဖြစ်သွားစေခဲ့တယ်။ အခုအချိန်၌ သူမျက်နှာ ပျက်ခဲ့ရတာကို တတ်နိုင်သမျှ ပြန်အဖတ်ဆယ်ချင် နေပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်လိုက်တာနဲ့ သူ့အင်အားစုတွေ ဆိုးဆိုးရွားရွား သေကြေကြကုန်ပါလိမ့်မယ်။
ကောင်းရန်ဖုန်းက အလျင်စလို ရှေ့တက်လိုက်ပြီး ရန်ခန်းကို တားလိုက်တယ် “ငါးယောက်မြောက် သခင်လေး၊ ဒီအတိုင်း ခုခံနေတာက အကောင်းဆုံး ဖြစ်မယ်နော်။ သူတို့ထဲ ထောင်ချောက်ထဲ ကျမသွားစေ…”
သူပြောလို့ မပြီးသေးခင်မှာပဲ ရန်ခန်းက စိတ်မရှည်တဲ့ အမူအရာနဲ့ ဖြတ်ပြောလိုက်တယ် “ဒီတော့ အဲ့ခွေးသူတောင်းစားတွေ ငါ့ခေါ်ပေါ် ချီးတက်ပါနေတာကို ဒီအတိုင်း ငြိမ်ခံနေရမယ်လို့ မင်းပြောချင်နေတာလား။ ငါ့နေရာမှာသာ မင်းဆိုရင် မင်းကော ငြိမ်ခံနေမှာလား”
ရန်ခန်းပြောတာကို ကြားလိုက်တာနဲ့ ကောင်းရန်ဖုန်း နေရာမှာတင် အေးခဲသွားခဲ့တယ်။ ရန်ခန်းပြောတာ မှန်တယ်လို့တောင် သူထင်ချင်မိသွားခဲ့တယ်၊ ဒါပေမယ့် ခပ်မြန်မြန်ပဲ ခေါင်းခါရမ်းလိုက်ပြီး “မတူဘူး…”
ဒါပေမယ့် သူပြောလို့ မပြီးသေးခင်မှာပဲ ရန်ခန်းက သူ့အဖွဲ့သားတွေကို ပြန်တိုက်ဖို့ အမိန့်ပေးလိုက်ပါပြီ။
ချက်ချင်းဆိုသလို မြေပြင်ပေါ်က ကျင့်ကြံသူ များစွာက ကောင်းကင်ပေါ် ပျံတက်သွားလိုက်ပြီး ကျူးကျော်လာတဲ့ ရန်ကိုင် အင်အားစုတွေကို တန်ပြန် တိုက်ခိုက်ပါတော့တယ်။ တလက်လက် တောက်ပနေတဲ့ သိုင်းပညာရပ်တွေ၊ လက်နက်တွေရဲ့ တိုက်ခိုက်မှုကတွေက ချူရီမန်တို့ အဖွဲ့သားတွေဆီ အလျင်အမြန် တိုးဝင်သွားခဲ့တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ဟော်ရှင်းချန် ရယ်မောလိုက်ပြီး “ရန်ခန်းက တကယ်ကို တိုက်ရိုက်ဆန်တာပဲနော်”
ချူရီမန်က ခေါင်းခါရမ်းလိုက်ပြီး “သူက အရေအတွက်ကို အားကိုးနေတာ”
ရန်မိသားစု သခင်လေးတွေထဲ အရူးတွေ မပါပါဘူး။ ရန်ခန်းက အခြားသူတွေထက် စိတ်လိုက်မာန်ပါ ပြုတတ်ရင်တောင် မျှော်လင့်ချက် မဲ့နေတဲ့ အခြေအနေထဲ ရူးရူးမိုက်မိုက်နဲ့ ခုန်ချလိမ့်မှာ မဟုတ်ပါဘူး။
တိုက်ပွဲကွင်းပြင်က သူ့စံအိမ်ဖြစ်ပြီး သူ့အင်အားစုတွေ အကုန်လုံးက ဒီမှာ ရှိနေပါတယ်။ ထို့ကြောင့် ချူရီမန် ခေါ်လာတဲ့အင်အားစုလောက်ကို ကြောက်စရာ မလိုဘူးလို့ သူထင်နေတာပါ။
ပြောနေရင်းနဲ့ ချူရီမန်က သူမရဲ့ အဖွဲ့သားတွေကို တိတ်တဆိတ်နဲ့ ညွှန်ကြားလိုက်တယ်။
ဒေါသထွက်နေတဲ့ ရန်ခန်း အဖွဲ့သားတွေ အကုန်လုံး သူတို့ရဲ့ အစစ်အမှန်ချီကို အဆုံးစွန်ထိ မြှင့်တင်ပြီး ချူရီမန်တို့ အဖွဲ့သားတွေဆီ မဆင်မခြင် တိုးဝင်လာခဲ့တယ်။ ဒါပေမယ့် ချူရီမန်တို့နဲ့ ဆယ်မီတာလောက်ကွဲ ဝေးကွာတော့တဲ့ အချိန်၌ ချူရီမန်နားမှာ ရှိနေတဲ့လူတွေအကုန်လုံး အဘက်ဘက်သို့ ခွဲထွက်သွားခဲ့တယ်။
ထိုရုတ်တရက် ပြောင်းလဲမှုက ပြေးဝင်လာတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို ပစ်မှတ်ပျောက် သွားစေခဲ့တယ်။ သူတို့ရဲ့ ပစ်မှတ်တွေက အဘက်ဘက်ဆီ ခွဲထွက်သွားခဲ့တဲ့အတွက် ဘယ်သူ့နောက်လိုက်လို့ လိုက်ရမှန်း မသိ ဖြစ်ကုန်ပါတော့တယ်။
ခဏကြာပြီး ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ဆိုင်းနေတဲ့ ရန်ခန်း၊ ဘယ်လိုထပ်ညွှန်းကြားလို့ ညွှန်ကြားရမှန်းမသိ ဖြစ်သွားခဲ့တယ်။
တစ်ခဏကြာပြီးနောက် ရန်ခန်းရဲ့ အဖွဲ့သားတွေလည်း ခွဲထွက်သွားလိုက်ပြီး မြင်မြင်ရာ ပစ်မှတ်တွေဆီ ပြေးဝင်သွားလိုက်ကြတယ်။
“အခုပဲ” ချူရီမန် အော်ဟစ်အမိန့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ထွက်ပြေးနေသည့် အဖွဲ့သားတွေ အကုန်လုံး ရုတ်တရက် နောက်ပြန်လှည့်ကာ သူတို့ရဲ့ အားအကောင်းဆုံး သိုင်းပညာရပ်တွေကို ထုတ်သုံးလိုက်ကြပါတယ်။
ကောင်းကင်တစ်ခုလုံး နေ့အလား လင်းထိန်သွားခဲ့တယ်။ အလင်းရောင်က မျက်စိကျိန်းလွန်းလို့ အချို့လူတွေဆို မျက်စိမဖွင့်နိုင် ဖြစ်သွားခဲ့ရတဲ့ အထိပါပဲ။ ထိုပရမ်းပတာ အခြေအနေထဲ နာကျင်စွာနဲ့ အော်ဟစ်သံတို့ ပဲ့တင်ထပ်နေခဲ့ပြီး သွေးမိုးတို့ ကောင်းကင်ကနေ ဖြိုင်ဖြိုင် ရွာကျလာခဲ့တယ်။
သူ့နှလုံးသား တစ်ခုလုံး လည်ချောင်းကနေ ခုန်ထွက်တော့မလို ဖြစ်သွားခဲ့ပြီး သူ့လှည့်စား ခံလိုက်ရပြီးမှန်း ရန်ခန်းနားလည်လိုက်တယ်။
ဒါပေမယ့် သူကိုယ်တိုင်လည်း ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ ချူရီမန်ခေါ်လာတဲ့လူတွေ သူ့အဖွဲ့သားတွေကို သတ်ဖြတ်နေတာကိုပဲ ရန်ခန်း ရင်နာနာနဲ့ ငေးကြည့်နေခဲ့ရတယ်။
ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…
ခန္ဓာကိုယ်တွေ တစ်ခုပြီးတစ်ခု ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ အဆက်မပြတ် ပြုတ်ကျလာနေခဲ့တယ်။
လက်ဖက်ရည် ခွက်တစ်ဝက်စာ အချိန်အတွင်းမှာပဲ ထိုထိပ်တိုက်တွေ့ဆုံတဲ့ တိုက်ပွဲကြီး အဆုံးသတ် သွားခဲ့တယ်။
ရန်ခန်းရဲ့ အင်အားစု တော်တော်များများ သေဆုံးသွားခဲ့ကြရတယ်။
“သခင်မလေးချူ၊ ဒီလောက်အထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး” ချူရီမန် ဘေးနား ရပ်နေတဲ့ နတ်ဆိုးအိုကြီးက ခေါင်းခါရမ်းရင်း ပြောလိုက်တယ် “ဒီတိုက်ပွဲကို နိုင်ဖို့အတွက် အဲ့ကောင်စုတ်လေးကို သွားဖမ်းလိုက်ရုံပဲမလား”
“အမှန်ပဲ” ချူရီမန်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
“အဲ့လိုဆိုရင် ဒီလူအိုကြီးပဲ လုပ်လိုက်မယ်လေ။ သူ့နားမှာ ရပ်နေတဲ့ မိန်းမက အားကောင်းပေမယ့် ကျုပ်ကို ရပ်တန့်နိုင်မှာ မဟုတ်ဘူး”
ချူရီမန်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ခေါင်းခါရမ်းလိုက်ကာ “စီနီယာ၊ ဒီဂျူနီယာက စီနိယာရဲ့ ခွန်အားကို နည်းနည်းလေးတောင် သံသယမဝင်ပါဘူး။ ဒါပေမယ့် ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေက ထူးခြားတယ် စီနီယာရဲ့။ သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးလိုက်တာနဲ့ သူ့တို့ရဲ့ ခွန်အားကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်တယ်။ အဲ့လိုမျိုး ဖြစ်သွားတဲ့အခါကျ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ကျင့်ကြံသူ တစ်ယောက် ဖြစ်နေရင်တောင် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ယှဉ်တိုက်နိုင်တယ်။ သူ့ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မယ်လို့ စီနီယာ ယုံကြည်ချက်ရှိလား”
“ဟန်… အဲ့လိုဆိုရင် နည်းနည်းတော့ ခက်ပြီ” နတ်ဆိုးအိုကြီး ကြားလိုက်ရတဲ့ သတင်းကြောင့် အံ့အားသင့်သွားခဲ့ပြီး တန်ယုရှန်းက အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်မှန်း နားလည်လိုက်တယ်။ အခုအချိန်၌ သူ့ခွန်အားက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်ပညာရှင်တစ်ယောက်ရဲ့ ခွန်အားနဲ့ တူညီပါတယ်၊ သူမနဲ့ ယှဉ်တိုက်မယ်ဆိုရင် တန်ယုရှန်းက သူ့ပြိုင်ဘက် မဟုတ်တာ လုံးဝကို သေချာပါတယ်။ ဒါပေမယ့် သူမသာ သူ့ကို နှောင့်နှေးချင်တယ်ဆိုရင်တော့ အဲ့ဒါက ပြဿနာတစ်ခု မဟုတ်ပါဘူး။
ရန်ကိုင်မရှိပဲနဲ့ ရှောင်ရှန်းနဲ့ ရင်းဂျုတို့လည်း လှုပ်ရှားလို့ ရမှာ မဟုတ်ပါဘူး။ ထို့ကြောင့် နတ်ဆိုးအိုကြီးက တန်ယုရှန်းကို ထိန်းချုပ်ထားနိုင်ရင်တောင် လက်ကျန် လူအင်အားနဲ့ ရန်ခန်းကို ဖမ်းဆီးဖို့က တော်တော်လေး ခက်ခဲပါလိမ့်မယ်။
အဲ့အစုတ်ပလုတ်ကောင် ဘာလို့ အခုထိ မထွက်လာရ သေးတာလဲ ချူရီမန် စိတ်ထဲ တနုံ့နုံ့နဲ့ ဒေါသထွက် နေပေမယ့် သူမမျက်နှာ အမူအရာကတော့ နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။
ရန်ကိုင်သာ ဒီမှာရှိနေခဲ့ရင် အားလုံးက လုံးဝကို လွယ်ကူသွားပါပြီ။ သူ့အနေနဲ့ ရှောင်ရှန်းနဲ့ ရင်းဂျုကို ဦးဆောင်ပြီး ရန်ခန်းကို သွားတိုက်တာနဲ့ အားလုံး ပြီးဆုံးသွားပါပြီ။
“ဘာပဲဖြစ်ဖြစ်၊ စီနီယာ လှုပ်ရှားပေးဖို့ကိုပဲ တောင်းဆို ရတော့မယ်နဲ့ တူတယ်” ချူရီမန် အစီအစဉ် ပြောင်းလိုက်ရလေပြီ။ ရန်ကိုင်က ဒီမှာ ရှိမနေမှတော့ နတ်ဆိုးအိုကြီးကိုပဲ တိုက်ခိုက်ခိုင်းရတော့မှာပေါ့။ အစကတော့ နတ်ဆိုးအိုကြီးကို ဝှက်ဖဲအဖြစ် ချန်ထားဖို့ပါ။ တကယ်ကို့ အရေးကြုံမှပဲ ထုတ်သုံးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အခုတော့ အဲ့လိုလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ရန်ခန်းက အခုလေးတင်ပဲ တော်တော်လေး နာနာကျင်ကျင် ခံစားထားရတာပါ။ အစောပိုင်းတုန်းကလိုမျိုး သူ့ကို ထပ်လှည့်စားလို့ ရတော့မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ရှိပါတော့တယ်။
“ကိစ္စမရှိပါဘူး သခင်မလေးချူ၊ ဘယ်သူ့ကို တိုက်ခိုက်ရမလဲ ဆိုတာကိုပဲ ပြောလိုက်” နတ်ဆိုးအိုကြီးက အပြုံးကြီးပြုံးဖြီးလိုက်တယ်။
“ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး လိုက်တိုက်စရာ မလိုပါဘူး။ သူတို့ အဖွဲ့သားတွေကို ပရမ်းပတာ ဖြစ်သွားအောင်ပဲ လုပ်စေချင်တာ။ ဖြစ်နိုင်ရင်၊ အဆင့်မြင့်တဲ့ ပညာရှင်အချို့ကို ထုတ်ပယ်ပေးပေါ့၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈လို ပညာရှင်မျိုးတွေပေါ့”
“အလွယ်လေးပဲ” နတ်ဆိုးအိုကြီးက လူမိုက်ဆန်ဆန် ရယ်မောလိုက်ပြီး သူ့ကိုယ်ကနေ အနက်ရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။
Martial Peak
အပိုင်း(၄၈၅) နတ်ဆိုးအိုကြီး လှုပ်ရှားပြီ
နတ်ဆိုးအိုကြီးကိုယ်ကနေ ထွက်ပေါ်လာတဲ့ အနက်ရောင် အလင်းက မကြာခင်မှာပဲ ပျစ်ခဲနေတဲ့ သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။
ထိုအလင်းပြန့်သွားတာနဲ့ သွေးဆာ၊ သုန်မှုန်ပြီး ပြင်းထန်တဲ့ ဖိအားတစ်ခုက ရန်ခန်းအဖွဲ့သားတွေအပေါ် စီးမိုးကျဆင်းလာခဲ့တယ်။ ရန်ခန်း အဖွဲ့သားတွေရဲ့ မျက်နှာ အမူအရာတွေ ရှုံ့မဲ့ကုန်ကြပြီး ထိုဖိအားကို ခုခံဖို့ အသည်းအသန် ကြိုးစားကြပါတော့တယ်။
ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သူတို့ထဲက ဘယ်သူကမှ ထိုဆန်းကြယ်တဲ့ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ကြပါဘူး။
ဘုန်းဆိုတဲ့ မြည်သံန့အတူ အနက်နီရောင် အလင်းက မြေပြင်ပေါ် ကျဆင်းသွားခဲ့ပြီး တွင်းပေါက်ကြီး တစ်ပေါက် ဖြစ်သွားစေခဲ့တယ်။
“ဂရား…” ကြောက်မက်ဖွယ် ဟိန်းသံတစ်သံနှင့်အတူ ပြင်းထန်တဲ့ အရှိန်အဝါတစ်ခုက ခြံဝန်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ကြားလိုက်တဲ့လူတိုင်းကို တုန်ရီသွားစေခဲ့တယ်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ခန်း အဖွဲ့သားတွေ အကုန်လုံး ကြက်သေသေနေခဲ့ကြတယ်။
တွင်းပေါက်ကြီးထဲ နှာခေါင်းမရှိသည့် ထူးဆန်းတဲ့ မျက်နှာနဲ့ လူသားပုံစံ ပုံရိပ်တစ်ခု ရှိနေခဲ့တယ်။ ထိုသတ္တဝါရဲ့ မျက်လုံးနဲ့ ခန္ဓာကိုယ်က ကြက်သွေးရောင်ရဲနေခဲ့ပြီး သွေးဆာတဲ့ အရှိန်အဝါကို ပေးစွမ်းနေခဲ့တယ်။
ထိုကောင်က အဆက်မပြတ် ဟိန်းဟောက်နေခဲ့ပြီး သွေးနီရောင် ပူပေါင်းတွေက သူ့ခြေထောက်အောက်ကနေ စတင် ထွက်ပေါ်လာပါခဲ့တယ်။
ဖောက်… ဖောက်….
ထိုပူးပေါင်းလေးတွေ ပေါက်ကွဲ ထွက်သွားခဲ့ပြီး မြေပြင်ကို သွေးရောင်ဆိုးလိုက်တယ်၊ မကြာခင်မှာပဲ ဟိုးကမ္ဘာမြေ အောက်ဆုံးကနေ စိမ့်ထွက်လာပုံရတဲ့ ထူထည်းပြီး စေးကပ်တဲ့ သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို မနှေးမမြန်တဲ့ အရှိန်နဲ့ ပျံ့နှံ့သွားခဲ့တယ်။
“ဘာကြီးလဲဟ” ထိုကောင်ကို မြင်လိုက်ရတဲ့ လူတိုင်းရဲ့ အကြောအချဉ်တွေ တောင့်တင်းသွားခဲ့ပြီး ထိတ်လန့်တကြား ထအော်ကြပါတော့တယ်။ ဒါပေမယ့် ထိုအရာ ဘာလဲဆိုတာကို ဘယ်သူမှ သိကြတဲ့ပုံမပေါ်ပါဘူး။ လူနဲ့ တူပေမယ့် လူလည်း မဟုတ်ပြန်ပါဘူး။ သူ့မျက်လုံးတွေထဲ ခံစားချက်၊ အသိစိတ်တို့ ကင်းမဲ့နေခဲ့ပြီး အဆုံးမရှိတဲ့ သတ်ဖြတ်လိုစိတ်တို့နဲ့သာ ပြည့်နေခဲ့ပါတယ်။
အဲ့ကောင်ကို လူမဟုတ်ဘူးလို့ ပြောရင် မှန်နိုင်ပါတယ်။ ဒါပေမယ့် ထိုသတ္တဝါရဲ့ ထူးဆန်းတဲ့ မျက်နှာနဲ့ သူ့နဖူးထက် ထိုးထွက်နေတဲ့ ဘုလုံးကြီးကလွဲလို့ ကျန်တဲ့ အစိတ်အပိုင်း အားလုံးက လူနဲ့ဆင်ပါတယ်။
“စီနီယာ အဲ့ဒါဘာကြီးလဲ” ချူရီမန်ရဲ့ မျက်နှာလည်း မဆိုသလောက်ကလေး ဖြူလျော်သွားခဲ့တယ်။ ဒီနတ်ဆိုးအိုကြီးက လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ သူမရဲ့ မသိစိတ်က ပြောနေပေမယ့် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် နတ်ဆိုးအိုကြီးရဲ့ နတ်ဆိုးဆန်တဲ့ သဘာဝကို အရမ်းထင်သေးမိနေမှန်း ချူရီမန် နားလည်သွားခဲ့တယ်။
တဖြည်းဖြည်း ကျယ်ပြန့်လာနေတဲ့ သွေးအိုင်ကို ကြည့်ရင်း သူမကျောရိုးတစ်လျှောက် အနည်းငယ် အေးစိမ့်သွားသလို ချူရီမန် ခံစားလိုက်ရတယ်။
“ဟဲ ဟဲ… အဲ့ကောင်က ဒီလူအိုကြီး မကြာသေးခင်ကပဲ သန့်စင်ခဲ့တဲ့ သွေးနတ်ဆိုးရုပ်သေးရုပ်လေ” နတ်ဆိုးအိုကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်ပြောလိုက်တယ်။ သူ့ရဲ့ လက်ရာနဲ့ ပက်သက်ပြီး တော်တော်လေး ကျေနပ်နေတဲ့ ပုံပါပဲ။
ထိုသွေးနတ်ဆိုးအို ရုပ်သေးရုပ်ကို ငေးကြည့်ရင်း ချူရီမန် မျက်ခုံးကြောတို့ တွန့်ကွေ့သွားခဲ့တယ်။ ဒါပေမယ့် ဥာဏ်ပညာရှိရှိနဲ့ပဲ ဆိတ်ဆိတ်နေခဲ့ပါတယ်။
သွေးနတ်ဆိုးရုပ်သေးရုပ်က စတင်တိုက်ခိုက် နေခဲ့ပါပြီ။ သူ့ခြေထောက်အောက်က သွေးအိုင်မှာ ပညာရှင်တိုင်းကို ပစ်မှတ်ထား ချုပ်နှောင်နိုင်တဲ့ ဆွဲအားတစ်ခု ပါရှိနေတဲ့ ပုံပါပဲ၊ အဲ့ထဲ ချုပ်နှောင်ထားနိုင်တဲ့အထိတော့ ကံမကောင်းခဲ့ပါဘူး။
ရူးသွပ်စွာ အော်ြမည်လိုက်ရင်း၊ သွေးနတ်ဆိုး ရုပ်သေးရုပ်က အနားမှာ ရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်ဆီ ပြေးဝင်သွားလိုက်ပြီး သူ့ရဲ့လက်နဲ့ ခုတ်ချလိုက်တယ်။ တိုက်ခိုက်ခံရတဲ့ ကျင့်ကြံမှာ သွေးမြူတစ်ခု အဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးနတ်ဆိုးရုပ်သေးရုပ်ရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတယ်။ ထိုကဲ့သို့ စုပ်ယူပြီးသွားတာနဲ့ သွေးနတ်ဆိုး ရုပ်သေးရုပ်ရဲ့ ခွန်အားက အနည်းငယ် တိုးတက်သွားတဲ့ ပုံပါပဲ။
အနီရောင်ပုံရိပ်က လူအုပ်ကြီးကြားထဲ ဟိုသွားလိုက်၊ ဒီသွားလိုက် လုပ်နေခဲ့ကာ အသက်ရှူစာ အချိန်ဆယ်ရှိုက်စာ အတွင်းမှာပဲ သွေးအိုင်ထဲ ဖမ်းမိခဲ့တဲ့ ကျင့်ကြံသူတွေ အကုန်လုံး အသတ်ခံလိုက်ရပါတယ်။
သွေးနတ်ဆိုးက ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး။ ဘယ်နေရာဆီ သွားသွား သွေးအိုင်က ပျံ့နှံ့လာခဲ့ပြီး သွေးအိုင်ထဲ မိသွားပြီဆိုတာနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅အောက် ဖြစ်နေခဲ့ရင် ထိုသွေးအိုင်ထဲကနေ ချိုးဖျက်ထွက်ပြေးဖို့ မျှော်လင့်ချက် နည်းနည်းလေးတောင် မရှိတော့ပါဘူး။ သွေးအိုင်ထဲမှာပဲ ရပ်ပြီး သေမယ့်အချိန်ကို စောင့်နေဖို့ပဲ ရှိပါတော့တယ်။
“အဲ့ကောင်ကိုသတ်” သွေးနတ်ဆိုးရဲ့ အဖျက်စွမ်းအားကို သတိပြုမိလိုက်တာနဲ့ ထိုကောင်အား သွားတိုက်ဖို့ ရန်ခန်းက သူ့အဖွဲ့သားတွေကို အလျင်အမြန်ပဲ အမိန့်ပေးလိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆၊ အဆင့်၇ ပညာရှင်တွေတောင် သွေးနတ်ဆိုးနား မကပ်ရဲကြပေမယ့် သူတို့ထဲက တော်တော်များများက သူတို့ရဲ့ လက်နက်နဲ့ သိုင်းပညာရပ်တွေကို သုံးကာ အဝေးကနေ တိုက်ခိုက် ကြပါတယ်။
သွေးနတ်ဆိုးက လျင်မြန်ပြီး တိုက်ခိုက်မှု များစွာကို ရှောင်တိမ်းနိုင်ပေမယ့် ပညာရှင်များစွာရဲ့ တိုက်ခိုက်မှု တွေကိုတော့ အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ထိုပညာရှင်တွေရဲ့ တရပ်စပ် တိုက်ခိုက်မှုအောက်မှာပဲ သွေးနတ်ဆိုး ခြေထောက်တွေ ပေါက်ကွဲထွက်သွားခဲ့ပြီး သူ့ကိုယ်ပိုင် သွေးအိုင်ထဲ လဲကျသွားခဲ့တယ်။
“အပေါစား လှည့်ကွက်တွေပဲ” ထိုမြင်ကွင်းကို မြင်လိုက်တာနဲ့ ရန်ခန်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့ပေမယ့် သူ့ပါစပ်ကနေ လှောင်ပြောင်ဖို့ကိုတော့ မမေ့ခဲ့ပါဘူး။ ဒီလိုမွန်းစတား တစ်ကောင်ကိုသာ တိုက်ပွဲမြေထဲ လုပ်ချင်တိုင်း လုပ်ခွင့်ပေးလိုက်ရင် သူ့အဖွဲ့သားတွေ တော်တော်များများ အထိနာနိုင်ရုံမက သူတို့ရဲ့ တိုက်ခိုက်လိုစိတ်ကိုပါ လျှော့ကျသွားစေနိုင်ပါတယ်။
“စီနီယာ…” ချူရီမန် စိုးရိမ်သွားခဲ့တယ်။ နတ်ဆိုးအိုကြီး ဆင့်ခေါ်လိုက်တဲ့ အရမ်းကို ကြောက်မက်ဖွယ် ကောင်းပုံရသည့် မွန်းစတားက ဒီလောက်အလွယ် အနိုင်ယူ ခံလိုက်ရမယ်လို့ သူမ မထင်ထားခဲ့ပါဘူး။
ဒါပေမယ့် နတ်ဆိုးအိုကြီးက ခနဲ့တဲ့တဲ့ပြုံးကာ ပြန်ပြောလိုက်တယ် “စောင့်ကြည့်နေလိုက်”
ပြောပြီးတာနဲ့ သွေးနတ်ဆိုးက သူ့လက်နှစ်ဖက်နဲ့ ထောက်ကန်ပြီး သူ့ဘာသာ ပြန်ထလာခဲ့တယ်။ ပြီးတာနဲ့ သွေးအိုင်ထဲက သွေးတွေကို စတင်စုပ်ယူပါတော့တယ်။
သွေးတွေကို စုပ်ယူနေရင်းနဲ့ ပျက်စီးသွားတဲ့ ခြေထောက်နေရာက တဖြည်းဖြည်း ဖောင်းတက်လာခဲ့တယ်။ ခဏကြာပြီးနောက် ခြေထောက်အသစ် နှစ်ချောင်း တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့တယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” တစ်ယောက်ယောက်က ထိတ်လန့်တကြား ထအော်လိုက်တယ်။ ရန်ခန်းဘက်က ကျင့်ကြံသူတွေသာ ထိတ်လန့်သွားရုံ မကလို့ ချူရီမန်နဲ့ သူမနားက မဟာမိတ်တွေတောင် ကြက်သေသေသွားခဲ့တယ်။
ပျက်စီးသွားတဲ့ ခြေထောက်ကို ကိုယ့်ဘာသာ ပြန်ပေါက်လာအောင် လုပ်နိုင်တာလား… ဒါကို လူလို့ကော ပြောလို့ရဦးပါ့မလား။
ထိုထူးဆန်းတဲ့ မြင်ကွင်းကို ကြည့်ရင်း အကုန်လုံး ကြက်သေသေနေခဲ့ကြတယ်။
“ဒီလူအိုကြီးလည်း တိုက်ပွဲထဲဝင်ပြီး ပျော်စရာ ရှာလိုက်ဦးမယ်” နတ်ဆိုးအိုကြီးက လှောင်ပြုံးပြုံးရင်း အနက်ရောင်အလင်းတန်းဖြစ် ပြောင်းလဲသွားခဲ့ပြီး တိုက်ပွဲထဲ ထိုးဆင်းသွားခဲ့တယ်။
အချိန်အတော်ကြာအောင် မပေါ်လာခဲ့တဲ့ ဝိဥာဉ်ဖျက်စီးခြင်းအရိုးက နတ်ဆိုးအိုကြီးရဲ့ လက်ထဲမှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့တယ်။
ဝိဥာဉ်ဖျက်စီးခြင်းအရိုးက ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း တွေကို ထုတ်လွှတ်ရင်း နတ်ဆိုးအိုကြီးရဲ့ ပုခုံးထက် အသာအယာလေး လွင့်မျော့နေခဲ့တယ်။
ဝိဥာဉ်ဖျက်ဆီးခြင်း အရိုးက ဆန်းကြယ်အဆင့် လက်နက်တစ်ခုလောက်အထိ အစွမ်းထက်နေခဲ့ပါပြီ။
နတ်ဆိုးအိုကြီးဆီကနေ ထွက်ပေါ်နေတဲ့ ထူးဆန်တဲ့ အရှိန်အဝါနဲ့ ကြောက်မက်ဖွယ် ဖိအားကို ခံစားမိလိုက်တာနဲ့ ရန်ခန်း အဖွဲ့သားတွေ ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။ တန်ယုရှန်းရဲ့ အမူအရာတောင် လေးနက်တည်ကြည် သွားခဲ့ပြီး ရန်ခန်းကို တိုးတိုးလေး ကပ်ပြောလိုက်တယ် “ငါးယောက်မြောက် သခင်လေး၊ ကျွန်မနားကနေ ထွက်မသွားနဲ့နော်”
ရန်ခန်း ပါးစပ်တစ်ခုလုံး ခြောက်ကပ်နေခဲ့ပြီး အလိုလို ခေါင်းညိတ်လိုက်မိတယ်၊ ရုတ်တရက် ကြောက်ရွံ့မှုနဲ့ ကူကယ်ရာမဲ့မှုတို့ သူ့စိတ်ထဲ တိုးဝင်လာခဲ့တယ်။
သူ့မှာ ရှိတဲ့ သွေးစစ်သည်တော် နှစ်ယောက်အနက်၊ တုဖုန်းက တိုက်ခိုက်လို့ မရသေး၊ အမိန့်ပေးခိုင်းစေဖို့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်မှလည်း မရှိ၊ ထိုကြောက်စရာကောင်းတဲ့ ပညာရှင်ကို သူဘယ်လိုလုပ်ပြီး ခုခံနိုင်ဦးမှာလဲ။
တန်ယုရှန်း တစ်ယောက်တည်းနဲ့ ထိုလူကို တစ်ခဏလောက် အချိန်ဆွဲထားနိုင်ပါတယ်၊ ဒါပေမယ့် သူမက ထိုလူကို သွားတားဆီးနေရင် သူ့ကို ဘယ်သူက ကာကွယ်ပေးမှာလဲ။
ထိုလူကြီးကို စိုက်ကြည့်နေရင်း သူ့ဝိဥာဉ် တဖြည်းဖြည်းနဲ့ စုပ်ယူခံနေရသလို ရန်ခန်း ခံစားလိုက်ရတယ်။
ရန်ခန်းက စိတ်ငြိမ်အောင် ကြိုးစားနေတုန်းမှာပဲ နတ်ဆိုးအိုကြီးက စပြီး လှုပ်ရှားပြီးနေပါပြီ။ နတ်ဆိုးဆန်ဆန် ပညာရပ်မျိုးစုံကို ထုတ်လွှတ်ရင်း ဝိဥာဉ်ဖျက်စီးခြင်း အရိုးက တိုက်ပွဲကွင်းပြင်ထဲ ဟိုမှသည်သို့ လူးလာလှုပ်ရှားနေခဲ့တယ်။ သူသွားလိုက်တဲ့နေရာတိုင်းမှာ ရှိနေတဲ့ ရန်ခန်း အဖွဲ့သားတွေ အကုန်လုံး တုန်လှုပ်ချောက်ချား သွားခဲ့ကြတယ်။
စိတ်ကြိုက်သောင်းကျန်းနေတဲ့ သွေးနတ်ဆိုး ရုပ်သေးရုပ်ပါ ထပ်ပေါင်းထည့်လိုက်တော့ ရန်ခန်း အင်အားစုတွေ အကုန်လုံး တုန်လှုပ်ချောက်ချား သွားခဲ့ပြီး ကောင်းကောင်း မခုခံနိုင်တော့သလို ဖြစ်ကုန်ပါတော့တယ်။
“သူတို့သက်သက်နဲ့တင် ဒီတိုက်ပွဲကို အဆုံးသတ် နိုင်တယ်လို့… ငါဘာလို့ ထင်နေရတာလဲ” နတ်ဆိုးအိုကြီးနဲ့ သွေးနတ်ဆိုး ရုပ်သေးရုပ်ရဲ့ တစ်ဖက်သတ် လူသတ်ပွဲကြီးကို ကြည့်ရင်း ဟော်ရှင်းချန် အနည်းငယ် တောင့်တင်းသွားခဲ့တယ်။
နှစ်ယောက်စလုံးက အရမ်းကို ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ သွေးနတ်ဆိုးကတော့ ပြောစရာ မလိုအောင်ကို မသေမျိုးလို့တောင် ပြောလို့ရနေပါပြီ။ အချိန်တစ်ခဏလေး အတွင်းမှာပဲ သွေးနတ်ဆိုး အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသွားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဒဏ်ရာတွေ ပြင်းထန်ပါစေ ချက်ချင်းဆိုသလို ပြန်ကောင်း လာတာချည်းပါပဲ။
နတ်ဆိုးအိုကြီးကတော့လား… သူ့ခွန်အားက ပြောစရာ မလိုအောင်ကို ကြောက်မက်ဖွယ် ကောင်းတာပါ။ ဘယ်သူကမှ သူ့ဆီက တိုက်ကွက်သုံးကွက်ထက် ပိုပြီး မခုခံနိုင်ခဲ့ပါဘူး။ သူသွားခဲ့တဲ့ လမ်းကြောင်းတစ်လျှောက် အလောင်းတွေ၊ သွေးတွေနဲ့ ပုံထပ်နေခဲ့ပါတယ်။
ဒါပေမယ့် တစ်ခဏကြာအောင် စောင့်ကြည့် နေခဲ့ပြီးနောက် ချူရီမန် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ် “သူတို့ နှစ်ယောက်တည်းနဲ့ ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူး”
နတ်ဆိုးအိုကြီးနဲ့ သွေးနတ်ဆိုးက အရမ်းကြမ်းတာ မှန်ပါတယ်၊ ဒါပေမယ့် လက်နှစ်ဖက်က လက်သီးလေးလုံးကို မကာကွယ်နိုင်ဘူးလေ။ ကျားတွေတောင် ဝံပုလွေအုပ်နဲ့ တွေ့ရင် ရှုံးနိမ့်ရတာပဲကို၊ ပြီးတော့ ရန်ခန်းမှာ ပညာရှင်တွေ ကင်းမဲ့နေတာလည်း မဟုတ်ပါဘူး။
သွေးနတ်ဆိုးရဲ့ အားနည်းချက်ကို ထိုပညာရှင်တွေ ရှာတွေ့သွားခဲ့ပါပြီ။
အံ့အားသင့်ဖွယ် ပြန်လည်ကုသခြင်း စွမ်းရည်ကို ထုတ်သုံးနိုင်ဖို့အတွက် သွေးနတ်ဆိုး အနေနဲ့ သူ့ခြေထောက် အောက်ရှိ သွေးကန်ထဲက သွေးတွေကို စုပ်ယူဖို့ လိုပါတယ်။
ထိုအချက်ကို သတိပြုမိလိုက်တာနဲ့ ရေခဲ ဒါမှမဟုတ် မီးကျင့်စဉ်ကို ကျင့်ကြံကြတဲ့ ပညာရှင်များစွာက သွေးနတ်ဆိုး ခြေထောက်အောက်ရှိ သွေးအိုင်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကြပါတော့တယ်။ သွေးအိုင်ကို တဖြည်းဖြည်းနဲ့ အေးခဲ၊ လောင်ကျွမ်းအောင် လုပ်နေတဲ့အတွက် သွေးနတ်ဆိုးရဲ့ ပြန်လည်ကုစားခြင်း စွမ်းရည်ကို ဖြတ်တောက် ပစ်လိုက်သလို ဖြစ်သွားခဲ့တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ နတ်ဆိုးအိုကြီးက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး သွေးနတ်ဆိုးကို ပြန်ခေါ်လိုက်တယ်။
“ငါတို့အလှည့်ပဲ” ချူရီမန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
အခုအချိန်၌ ရန်ခန်း အဖွဲ့သားတွေ အကုန်လုံး ဖရိုဖရဲတွေ ဖြစ်နေခဲ့ကြပါတယ်၊ အခုအချိန်က ရန်သူတွေရဲ့ အာသားချက်ကို ဖိနှိပ်ပြီး ရန်ခန်း အင်အားစုတွေကို အနိုင်ယူဖို့ အကောင်းဆုံး အချိန်ပါပဲ။
“အရမ်းကြာသွားခဲ့ပြီ” ဟော်ရှင်းချန်က သွားပေါ်အောင် ပြုံးလိုက်ပြီး အောက်ဘက်ဆီ ထိုးဆင်သွားလိုက်တယ်။ သူ့ကို တိုက်ခိုက်မယ့်လူ ဘယ်သူ့ကိုမှ မတွေ့တာနဲ့ ကောင်းရန်ဖုန်းဆီ တိုက်ရိုက် ပျံသန်းသွားလိုက်ပြီး လှမ်းအော်ပြောလိုက်တယ် “ညီအစ်ကိုကောင်း၊ လက်ရည်ဖလှယ်ကြမယ်”
ကောင်းရန်ဖုန်းရဲ့ အမူအရာ သုန်မှုန်သွားပြီး ပြန်ပြီး လှောင်ပြောင်လိုက်တယ် “ညီအစ်ကိုဟော်၊ မင်း ငါ့ပြိုင်ဘက် ဖြစ်မယ်လို့ ထင်နေတာလား”
သူတို့ချင်း တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေမယ့် ဟော်ရှင်းချန်လို လူပေလူတေ တစ်ယောက်က သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ကောင်းရန်ဖုန်း ထင်နေခဲ့ပါတယ်။
“ငါမင်းပြိုင်ဘက် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို တိုက်ကြည့်မှပဲ သိမှာလေ” ဟော်ရှင်းချန်က ပြုံးလိုက်ပြီး သူ့ရဲ့ ခေါက်ယပ်တောင်ကို ပြန်သိမ်းထားလိုက်တယ်။
“မင်းဆန္ဒအတိုင်းပဲပေါ့” ကောင်းရန်ဖုန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
ချက်ချင်းပဲ ဗဟိုမြို့တော် မိသားစုကြီး နှစ်ခုက သခင်လေးချင်း ထိပ်တိုက် တွေ့သွားခဲ့တယ်။ သူ့တို့ရဲ့ သက်တော်စောင့် အင်မော်တယ် တက်လှမ်ခြင်း အဆင့်၅ ပညာရှင်လေးယောက်လည်း အချင်းချင်း တိုက်ခိုက် နေခဲ့ကြပါပြီ။
မနီးမဝေး တစ်နေရာ၌၊ နတ်ဆိုးအိုကြီးဆီကနေ ဂရုတစိုက် ရှောင်တိမ်းနေတဲ့ လူဆောင်းက ဒေါင်ချင်းဟန်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံနေခဲ့ရတယ်။
သူတို့နှစ်ယောက် လက်နက်လုပွဲမှာတုန်းက တွေ့ခဲ့ဖူးပါတယ်။ ထိုတိုက်ပွဲတုန်းက လူဆောင်းက ဒေါင်ချင်းဟန်ကို တမင်သက်သက်ကို လိုက်လံ တာဆီးနှောင့်ယှတ်ခဲ့ပါတယ်။ သူလိုက်နှောင့်ယှတ်လို့ ဒေါင်ချင်းဟန်မှာ ကောင်းကင် အထွတ်အထိပ်အဆင့် ဝိဥာဉ်အမျိုးအစား လက်နက်ကို ဆုံးရှုံးရမလိုတောင် ဖြစ်သွားခဲ့ရပါသေးတယ်။
ထိုအချိန်တုန်းက အခြေအနေ အရပ်ရပ်ကြောင့် ဒေါင်ချင်းဟန်က လူဆောင်နဲ့ ထိပ်တိုက် မရင်ဆိုင်ပဲ ရှောင်ရှားဖို့သာ ကြိုးစားခဲ့ရပါတယ်။
ဒါပေမယ့် အခုအခြေအနေက အရင်အခြေအနေနဲ့ မတူတော့ပါဘူး။ ထို့ကြောင့် ဒေါင်ချင်းဟန်က လူဆောင်းနဲ့ သူ့ကြားက မကျေနပ်ချက်တွေကို ရှင်းလင်းပြီး ထိုသောက်ရူးကောင်ကို စစ်ပွဲမြို့တော်ကနေ မောင်းထုတ်ဖို့ စီစဉ်ထားပါတယ်။
ဟူညီအစ်မနှစ်ယောက်နဲ့ ကွမ့်ချီလဲ့လည်း တိုက်ပွဲကွင်းပြင်ထဲ ဆင်းသက်လာခဲ့တယ်။ အမွှာပန်းလေး နှစ်ပွင့်ရဲ့ ခန္ဓာကိုယ်ကနေ ညင်သာတဲ့ အရောင်အဝါတွေ တောက်ပလာခဲ့တယ်။ ထိုဆန်းကြယ်တဲ့ အခြေအနေထဲ ဝင်ရောက်သွားတာနဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းက အစစ်အမှန်ဒြပ်စင်အဆင့်၈ပဲ ဖြစ်နေရင်တောင် သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေကိုတောင် ယှဉ်တိုက်နိုင်ပါတယ်။
တိုက်ပွဲအခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ ချူရီမန်က ထိုအခြင်းအရာကို မြင်တွေ့လိုက်တာနဲ့ သူမရဲ့ မျက်ဝန်းအစုံ လက်သွားခဲ့တယ်။ ဒီအမွှာညီအစ်မ နှစ်ယောက်က ပုံမှန်မဟုတ်မှန်း သူမနာလည်သွားခဲ့လေပြီ။
ခရမ်းဖန်းတောင်ကြားက ဖန်ဟောင်နဲ့ သန့်စင်နှလုံးသား နန်းတော်က ကျိုးဖန်တို့ကလည်း သူတို့ရဲ့ အင်အားစုတွေကို ဦးဆောင်ပြီး တိုက်ပွဲထဲ ပြေးဝင်သွားခဲ့ကြတယ်။
တွမ့်မူမိသားစုက ပညာရှင်ငါးယောက်က အကြမ်းတမ်း ဆုံးပါပဲ။ ငါးယောက်က အတိုင်အဖောက်ညီညီနဲ့ သူတို့ရဲ့ ခွန်အားကို နည်းနည်းလေးတောင် ထိန်ချန်မထားပဲ လမ်းမှာ လာပိတ်နေသမျှ ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ဖြတ်သွားခဲ့တယ်။ သူတို့အတွက်တော့ ဒီတိုက်ပွဲက လက်စားချေတဲ့ တိုက်ပွဲတစ်ခုပါပဲ။
“သခင်မလေးချူ၊ ဒီမထိုက်တန်နဲ့ တစ်ယောက်ကို သခင်မလေးရဲ့ လုံခြုံရေးအတွက် အစောင့်အကြပ် လုပ်ခွင့်ပြုပါ” လျူဖေးရှန်က ပြောလိုက်တယ်။ သူ့မျက်နှာထက် အရူးစွဲလန်းနေတဲ့ အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ်နေခဲ့တယ်။ ရန်ကိုင်စံအိမ်ကို ရောက်ကတည်းက လျူဖေးရှန်က ချူရီမန်ရဲ့ ကိုယ်ပိုင် သက်တော်စောင့် တစ်ယောက်အလား သူမနား တစ်ကောက်ကောက် လိုက်နေခဲ့တာပါ။
အခုတော့ ချူရီမန်ကို လျူဖေးရှန် အရူးအမူ နှစ်သက်စွဲလန်းနေမှန်း အားလုံး နားလည်သွားခဲ့ပါပြီ။
ချူမိသားစုရဲ့ ပထမသခင်မလေးက ပါးပါးနပ်နပ်နဲ့ပဲ သူ့ဆီကနေ ခွါနေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လျူဖေးချန်က ထိုအချက်ကို နားလည်း နားမလည်ခဲ့သလို ဂရုလည်း မစိုက်ပါဘူး။ သူမနဲ့ အနေနီးဖို့သာ အမြဲတမ်း ကြိုးစားနေခဲ့ပါတယ်။ သူက ရန်ကိုင်ရဲ့ မဟာမိတ် အဖွဲ့ဝင် တစ်ယောက် ဖြစ်နေတဲ့အတွက် ချူရီမန်အနေနဲ့ အကြမ်းနည်း သုံးပြီး သူ့ကို ရှင်းထုတ်လို့ မရဖြစ်နေခဲ့ပြန်ပါတယ်။ ထို့ကြောင့် သူသဘောအတိုင်း နေဖို့ကိုပဲ ကူကယ်ရာမဲ့စွာနဲ့ ခွင့်ပြုလိုက်ရတယ်။
ဒါပေမယ့် သူ့ကို ရှောင်ရှားနိုင်မယ့် အခွင့်အရေး တစ်ခုရှာတွေ့တာနဲ့ ထိုအခွင့်အရေးကို အမိအရ အသုံးချပြီး သူ့ဆီကနေ ချက်ချင်း ရှောင်ထွက်သွားပါတယ်။
“မလိုပါဘူး၊ ရှောင်ရှန်နဲ့တင် လုံလောက်နေပြီ” ချူရီမန်က ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြရင်း လျူဖေးရှန်ရဲ့ တောင်းဆိုမှုကို ပြန်ပြီး ငြင်းပယ်လိုက်တယ်။
“သခင်မလေးချူ သဘောပါ” လူဖေးရှန် တဒင်္ဂလောက် တုန့်ဆိုင်းနေခဲ့ပြီးနောက် ခေါင်းပြန်ညိတ်ပြလိုက်ကာ ရှန်းယွမ်မြို့က အင်အားစုတွေကို ဦးဆောင်ပြီး တိုက်ပွဲဆီ ပြေးဝင်သွားလိုက်တယ်။
အခု လေထဲ၌ ချူရီမန်၊ လော့ရှောင်မန်နဲ့ သွေးစစ်သည်တော် နှစ်ယောက်သာ ကျန်ပါတော့တယ်။
ရန်ကိုင်က ဒီမှာ ရှိမနေတဲ့အတွက် ရှောင်ရှန်နဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး ဘာမှ မလုပ်နိုင်ပါဘူး။ အခုနေ တစ်ယောက်ယောက်က ချူရီမန်နဲ့ လော့ရှောင်မန်ကို လာတိုက်ရင်တောင် သူတို့အနေနဲ့ ဒီအတိုင်း ရပ်ကြည့်နေရုံ ကလွဲပြီး ဘာမှလုပ်လို့ မရပါဘူး။
တကယ်တော့ ချူရီမန်နဲ့ လော့ရှောင်မန်တို့က သူတို့ရဲ့ သခင်တွေ မဟုတ်ပါဘူး၊ နှစ်ယောက်စလုံးက ရန်ကိုင်ရဲ့ မဟာမိတ်သက်သက်ပါပဲ။
နတ်ဆိုးအိုကြီးနဲ့ သွေးနတ်ဆိုးတို့ ဖန်တီးခဲ့တဲ့ အရှုပ်အထွေးကြောင့် ရန်ခန်းအဖွဲ့သားတွေ အကုန်လုံးက ဖရိုဖရဲတွေ ဖြစ်နေခဲ့ကြပါတယ်။ ထို့ကြောင့် ဒေါင်ချင်းဟန်နဲ့ ကျန်တဲ့သူတွေ တိုက်ပွဲထဲ ဝင်လာကြတဲ့အခါ အခြေအနေက တစ်ဖွဲ့ချင်း ယှဉ်တိုက်တဲ့တိုက်ပွဲတွေ အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။
ဒါက ချူရီမန် မြင်ချင်နေတာနဲ့ ကွက်တိပါပဲ။
တစ်ဖက်အဖွဲ့မှာ လူပိုများပြီး မြေနေရာ အနေအထား အားသာချက်လည်း ပိုင်ဆိုင်ထားပါတယ်။ သူတို့သာ လက်ဦးမှုရယူပြီး တစ်ဖက် အဖွဲ့သားတွေကို ကစဉ့်ကလျား ဖြစ်သွားအောင် မလုပ်နိုင်ခဲ့ရင် ရန်ခန်းတို့အဖွဲ့ကို တိုက်ခိုက်ဖို့ ဆိုတာ တော်တော်လေး ခက်ခဲမှာပါ။ တစ်ဖွဲ့ချင်း ယှဉ်တိုက်မယ် ဆိုရင်တော့ ဘယ်အင်အားစုကမှ သူတို့ကို အနိုင်မယူနိုင်ဘူးလို့ ချူရီမန် ယုံကြည်ချက် အပြည့်ရှိပါတယ်။
ဆေးဖော်စပ်ခန်းမကနေ ထုတ်ပေးတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးတွေကို ရန်ကိုင် အဖွဲ့သားတွေက နေ့စဉ်တိုင်းနီးပါး သောက်သုံးနေကြတာပါ။ သူမရဲ့ ကျင့်ကြံခြင်းနဲ့ တိုက်ပွဲ စွမ်းရည်နှစ်ခုလုံး ခုန်ပေါက်ပြီး တိုးတက်လာတာကို ချူရီမန် ခံစားမိပါတယ်။ ဒါတောင် သူမမှာ ကျင့်ကြံဖို့ အချိန်မရှိသလောက်ပါပဲ။ သူမက တစ်ချိန်လုံးနီးပါး အလုပ်တွေနဲ့ပဲ တိုင်ပတ်နေတာပါ။ သူမရဲ့ ခွန်အားတောင် ဒီလောက်အထိ တိုးတက်လာခဲ့ရင် ကျန်တဲ့လူတွေရဲ့ ခွန်အားကကော ဘယ်လောက်တောင် တိုးတက်လာမှာလဲ။