အခန်း (၄၈၆-၄၉၀)
Vol. 20 Ch. 486-490
အပိုင်း(၄၈၆) သခင်ငယ်လေး၊ နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ
အခုလို လေထဲရပ်နေရင်း တစ်ကမ္ဘာလုံးကို အထက်စီးကနေ ငုံ့ကြည့်နေရသလို ချူရီမန် ရုတ်တရက် ခံစားလိုက်ရတယ်။
အခုအချိန်၌ အောင်မြင်မှုက သူမတို့ လက်ထဲ ရောက်နေပြီ လို့တောင် ပြောလို့ရပါတယ်။ ရန်ကိုင် ရှိနေဖို့တောင် မလိုပါဘူး။ ဒါပေမယ့် ရန်ကိုင် ရှိနေရင်တော့ အကျအဆုံး သက်သာသွားမှာပေါ့။
အဲ့သူတောင်းစားကောင် ဘယ်သွားနေတာလဲ မသိဘူး။ အခုလို အရေးကြီးတဲ့ အခြေအနေမျိုးမှာတောင် ဘယ်သဝေထိုးလို့ ထိုးနေမှန်း မသိဘူး
ချူရီမန်က သူမစိတ်ထဲ ကြိတ်ပြီး ဆူဆဲနေတုန်းမှာပဲ ရှောင်ရှန်က ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်မိပြီး သွားပေါ်အောင် ပြုံးလိုက်ကာ “သခင်မလေးချူ၊ သခင်လေး လာနေပြီ”
ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန်လည်း ရှောင်ရှန် ကြည့်နေတဲ့အရပ်ဆီ လှမ်းကြည့်လိုက်တယ်။ ပုံရိပ်တစ်ခုက သူမတို့ဆီ အလျင်အမြန် ပျံသန်းလာနေတာကို သူမတကယ်ပဲ တွေ့လိုက်ရပါတယ်။ ခဏကြာပြီးနောက် ရန်ကိုင်ပုံရိပ်က သူမရှေ့ ထွက်ပေါ်လာခဲ့တယ်။
တိုက်ပွဲအခြေအနေက သူထင်ထားတာနဲ့ တစ်ပုံစံတည်း ဖြစ်နေတဲ့ပုံပါပဲ။
“နင်မလာတော့ဘူးလို့တောင် ငါထင်နေတာ” ချူရီမန်က စူတူတူမျက်နှာပေးနဲ့ ပြောလိုက်တယ်။
“စောင့်မရတဲ့ တစ်ခုခု ရောက်လာလို့ပါဟ” ရန်ကိုင်က ပုံမှန်လေသံနဲ့ပဲ ပြန်ပြောလိုက်တယ်။
“ဘာကများ အဲ့လောက်အရေးပါ…” ချူရီမန်က စောဒက တက်ဖို့ လုပ်နေတုန်းမှာပဲ ရန်ကိုင်ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါ ပြောင်းလဲသွားတာကို သတိပြုမိလိုက်ပြီး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။ ငေးကြောင်နေတဲ့ အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်နေရင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်မေးလိုက်တယ် “နင်… နင် နောက်တစ်ဆင့် ချိုးဖျက်သွားတာလာ”
ချူမိသားစုရဲ့ ပထမသခင်မလေးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ပညာရှင် တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် သူမရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုနေနိုင်ပါပြီ။ ထို့ကြောင့် ရန်ကိုင်က ရည်ရွယ်ချက် ရှိရှိနဲ့ မဖုန်းကွယ်ထားသရွေ့ သူ့ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာကို သူမ အလွယ်တကူ သတိပြုမိနိုင်ပါတယ်။
ရန်ကိုင် ဘာလို့နောက်ကျနေမှန်း နောက်ဆုံးတော့ သူမနားလည်သွားခဲ့လေပြီ။ သူသာ အဆင့်ချိုးဖျက်နိုင်မယ့် အခွင့်အရေးတစ်ခုကို ရုတ်တရက် ကြုံတွေ့ခဲ့ရင် အခြားဘာကိုမှ ဂရုစိုက်လိမ့်မှာ မဟုတ်ပါဘူး။ ထိုအချက်ကို နားလည်လိုက်တာနဲ့ အစောပိုင်းတုန်းက မကျေနပ် စိတ်လေးတွေ နေလာနှင်းပျောက်သလို အရည်ပျော်ကျ သွားကုန်ပြီး ရန်ကိုင်အတွက်တောင် ပျော်သွားပါသေးတယ်။
“အင်း” ရန်ကိုင် အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရွရွလေး လက်သီးဆုပ်လိုက်တယ်။ အစစ်အမှန်ဒြပ်စင် အဆင့်၉… အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကနေ ခြေတစ်လှမ်းပဲ ကွာတော့တဲ့အဆင့်။ အခုအချိန်၌ သူ့ကိုယ်ထဲ စီးဆင်းနေတဲ့ စွမ်းအင်တွေက အရင်ကထက် လုံးဝကို ပိုပြီး အားကောင်းလာခဲ့ပါပြီ။
“နောက်ဘာဆက်လုပ်မလဲ ဆိုတာကို နင်ကိုယ်တိုင်ပဲ ဆုံးဖြတ်တော့” ချူရီမန်က ပြုံးလိုက်ပြီး လက်ရှိ တိုက်ပွဲအကြောင်း ခေါင်းစဉ်ပြောင်းလိုက်တယ်။ ရန်ကိုင် ဘာမှမပြောရသေးခင်မှာပဲ ချူရီမန်က သူမတွေးမိထားတဲ့ အကြံဥာဏ်တွေ အကုန်လုံးကို အရင်ပြောပြလိုက်တယ် “သူတို့ဆီ ရက်ရက်စက်စက်နဲ့ တိုးတင်သွားတာက လက်တွေ့မဆန်ဘူးလို့ ငါထင်တယ်။ ရှောင်ရှန်နဲ့ ရင်းဂျုကို ဦးဆောင်ပြီး ရန်ခန်းကို သွားဖမ်းတဲ့နည်းလမ်းက အကောင်းဆုံးလို့ ငါထင်တာပဲ။ ရန်ခန်းကို ဖမ်းပြီးတာနဲ့ အလံကို သွားလုယူလိုက်၊ ပြီးရင် အသက်ရှင် ကျန်ရစ်နေတဲ့ ကျင့်ကြံသူတွေကို နင့်ဘက်ကို ဆွဲသွင်းလိုက်လေ”
ဒါပေမယ့် ရန်ကိုင်က ဖြည်းဖြည်းချင်းသာ ခေါင်းရမ်းပြလိုက်ပြီး “သူတို့တွေကို ငါ့ဘက် ဆွဲခေါ်မှာ မဟုတ်ဘူး”
“အဲ့ထက် ပိုခက်ခဲမယ်မှန်း ငါသိတယ်၊ ဒါပေမယ့် နင်မကြိုးစားရင်ကြည့် ဘယ်တော့မှ သိမှာ မဟုတ်ဘူးလေ” ချူရီမန်ရဲ့ မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေး သွားခဲ့တယ်။ ရန်ကိုင်က သူမရဲ့ အထင်အမြင်ကို နည်းနည်းလေးတောင် လက်မခံပဲ သူဆုံးဖြတ်ချင်တဲ့ အတိုင်းသာ အမြဲတမ်း ဆုံးဖြတ်ပါတယ်။
အသက်ရှင်ကျန်ရစ်နေတဲ့ ကျင့်ကြံသူတွေကို သူ့ဘက် ဆွဲသွင်းဖို့က တော်တော်လေး ခက်ခဲပါတယ်။ တကယ်တော့ နှစ်ယောက်စလုံးက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သတ်ဖြတ်နေကြတာလေ။ ပြီးတော့ သူ့အဖွဲ့သားတွေရဲ့ လက်ထဲမှာ သူတို့ ရဲဘော်ရဲဘက်တွေရဲ့ သွေးတွေလည်း စွန်းထင်းနေတာကိုး။
“ငါ့ဘက် ဆွဲမခေါ်ဘူးဆို ဆွဲမခေါ်ဘူးပဲ” ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ ပြောချပစ်လိုက်တယ်။
ချူရီမန်လည်း ထိုအကြောင်း ဆက်မပြောတော့ပါဘူး၊ အဲ့အစား ရန်ကိုင်ကိုသာ ခါးခါးသီးသီးနဲ့ စိုက်ကြည့် နေလိုက်တယ်။ တကယ်ဆိုရင် ဒီအချက်နဲ့ ပက်သက်ပြီး သူမရဲ့ သဘောထားကလည်း ရန်ကိုင်နဲ့ အတူတူပါပဲ၊ ဒါပေမယ့် အနည်းဆုံးတော့ ဒီအကြောင်းကို သူမ မပြောပဲ မနေနိုင်လို့ကို ပြောလိုက်တာပါ။
တွမ့်မူမိသားစုက ပညာရှင် ငါးယောက်လိုပဲ၊ ရန်ခန်းနဲ့ ရန်ရင်တို့က သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုတွေကို သတ်ဖြတ်ပြီး ထိုပညာရှင် ငါးယောက်ကို သူတို့ဘက်ပါဖို့ စည်းရုံးရင် ထိုပညာရှင် ငါးယောက်က လက်ခံပါ့မလား။ အဖြေကတော့ လုံးဝကို လက်ခံမှာ မဟုတ်ပါဘူး။
ဒီညတိုက်ပွဲပြီးတာနဲ့ သူတို့ကြား ကြေအေးမရနိုင်တဲ့ ရန်ငြိုးတို့ ဖြစ်တည်သွားမှာပါ။ ထို့ကြောင့် သူတို့အနေနဲ့ ရန်ကိုင်ဆီ ပေါင်းဝင်လာဖို့က အခြေခံကျကျ ပြောရရင် လုံးဝကို မဖြစ်နိုင်ပါဘူး။
သူတို့ဘက်က ခြေတစ်လှမ်း နောက်ဆုတ်ပေးပြီး ရန်ကိုင်ဘက်ပါဖို့ သဘောတူလိုက်ရင်တောင် ရန်ကိုင် အဖွဲ့သားတွေနဲ့ သူတို့တွေ အဆင်ပြေနိုင်ပါ့မလား။ အခုအချိန်ကတည်းက သူတို့တွေက ရန်သူတွေ ဖြစ်နေခဲ့ပါပြီ။ သူတို့တွေကိုသာ ရန်ကိုင်အဖွဲ့ထဲ ဆွဲခေါ်လိုက်ရင် ပြဿနာကို လက်ယပ်ခေါ်လိုက်သလို ဖြစ်သွားမှာပါ။
ရန်ကိုင်ရဲ့ ပုံမှန်မဟုတ်တဲ့ ဆွဲဆောင်အားနဲ့တောင် သူတို့ ညီအစ်ကိုတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေရဲ့ သွေးကြေးကို ကြေအေးပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
“နင့်ဘက်ပါအောင် ဆွဲသွင်းမရမှတော့ ခပ်မြန်မြန် အဆုံးသတ်လိုက်ရင် အကောင်းဆုံးပဲ” ချူရီမန်က သက်ပြင်း အရှည်ကြီးချလိုက်တယ်၊ သူမ မျက်နှာထက် ကူကယ်ရာ မဲ့နေသည့် အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ်နေခဲ့တယ်။
အခု ရန်ကိုင် ရောက်လာပြီဖြစ်တဲ့အတွက် သူ့အနေနဲ့ ရင်းဂျုနဲ့ ရှောင်ရှန်ကို ဦးဆောင်ပြီး သူ့ရဲ့ ငါးယောက်မြောက် အစ်ကိုကို အလျင်အမြန်ပဲ သွားဖမ်းလို့ရပါပြီ။ သူ့မှာ ရှိနေတဲ့ လူအင်အားနဲ့ဆိုရင် ရန်ခန်းအား ပုရွက်ဆိတ် တစ်ကောင်ကို နင်းခြေသလို နင်းခြေပစ်လို့ ရနေပါပြီ။
ဒါပေမယ့် သူမထင်ထားတာနဲ့ ဆန့်ကျင်ဘက် ဆိုသလို၊ ရန်ကိုင်က ရက်စက်တဲ့ အမူအရာနဲ့ ရယ်မောလိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်ရင်း “မြန်မြန်ဆန်ဆန် အဆုံးသတ်ရမှာလား၊ ဒါပေမယ့် ငါက အခုလေးတင်ပဲ ရောက်လာခဲ့တာလေ”
“…နင်ဘာလုပ်ချင်နေတာလဲ” ချူရီမန်က သိချင်စိတ်နဲ့ ပြန်မေးလိုက်တယ်။
“သူတို့ အကုန်လုံးကို စိတ်ပျက်ချောက်ချား သွားစေချင်တာ” ရန်ကိုင် အမူအရာက အေးစက်တည်ငြိမ် သွားခဲ့ပြီး ချူရီမန်ရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ကာ “မမေ့နဲ့ဦးလေ၊ သူတို့စိတ်ထဲကိုသာ အကြောက်တရား ရိုက်မသွင်းပေးလိုက်ရင် ငါ့ကို ဆန့်ကျင်ဖို့ စဉ်းစားနေကြဦးမှာပဲ။ အဲ့အခါကျ ငါ့ကို လက်စားပြန်ချေ နိုင်ဖို့အတွက် ငါ့ရန်သူတွေဆီ သွားပူးပေါင်းကြလိမ့်မယ်”
အဲ့လို ဖြစ်သွားခဲ့ရင် သူတို့သွားပေါင်းမယ့်လူက ရန်ကျောင်းက လွဲပြီး အခြားမရှိပါဘူး။
ဒါနဲ့ ပက်သက်ပြီး မေးစရာတောင် မလိုတော့ပါဘူး၊ ဘာလို့လဲ ဆိုတော့ ရန်ကျောင်းနဲ့ ရန်ခန်းတို့က သွေးရင်း ညီအစ်ကိုတွေလေ။
ရန်ကိုင်ရဲ့ အေးစက်စက် မျက်ဝန်းအစုံကို စိုက်ကြည့်နေရင်း သူမတစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားခဲ့တယ်။ သူ့အကြည့်ထဲ တောင်လို ပုံထပ်နေတဲ့ အလောင်းတွေ၊ မြစ်တစ်စင်းပမာ စီးဆင်းနေတဲ့ သွေးတွေကို သူမ မြင်တွေ့လိုက်ရသလို ချူရီမန် ခံစားလိုက်ရတယ်။
ရန်ကိုင် ဒီလောက်အထိ ရက်စက်တတ်မှန်း သူမ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး။
ရန်ကိုင် ရောက်ရှိလာတာကို ရန်ခန်းလည်း သတိပြုမိပါတယ်။ ရန်ခန်းက မီးတောက်မတတ် မျက်ဝန်း အစုံနဲ့ ရန်ကိုင်ဆီ လှည့်လာလိုက်ပြီး ဒေါသတကြီး အော်ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေး”
ရန်ကိုင် အမူအရာက ရုတ်ချည်း နွေးထွေးရင်းနှီးတဲ့ ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပုံမှန်လေသံလေးနဲ့ လှမ်းနှုတ်ဆက်လိုက်တယ် “မင်္ဂလာညနေခင်းပါ၊ ငါးယောက်မြောက် အစ်ကို”
ရန်ကိုင်ရဲ့ ဘဝင်ခိုက်၊ အထက်စီးဆန်းတဲ့ သဘောထားကို တွေ့မြင်လိုက်ပြီးနောက် ရန်ခန်း သွေးအန်လုမတတ် ဖြစ်သွားခဲ့ရတယ်။ လက်သည်းတွေ အသားထဲ စိုက်ဝင်သွားတဲ့ အထိ လက်သီးတင်းတင်း ဆုပ်လိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ ကိုးယောက်မြောက် ညီလေးရဲ့ နည်းလမ်းတွေကို တကယ်ကို ကြမ်းတမ်းတာပဲ၊ ငါးယောက်မြောက် အစ်ကိုကြီး ကောင်းကောင်း မြည်းစမ်းလိုက်ခဲ့ရပြီ”
ရန်ကိုင် မျက်နှာထက်က အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “ရှောင်ရှန်၊ ရင်းဂျု၊ ကျုပ်နောက်လိုက်ခဲ့”
ရှောင်ရှန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ရင်းဂျုက အရိပ်ထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။
အောက်တစ်ချက် ငုံ့ကြည့်လိုက်ပြီး ကျပန်းနေရာ တစ်ခုစီရွေးကာ တစ်ဟုန်ထိုး ထိုးဆင်းသွားလိုက်တယ်။
ရန်ခန်းအဖွဲ့သားတွေက အစကတည်းက ဖရိုဖရဲတွေ ဖြစ်နေခဲ့တာပါ။ ရန်ကိုင်ကပါ သွေးစစ်သည်တော် နှစ်ယောက်ကို ဦးဆောင်ပြီး တိုက်ပွဲထဲ ဝင်လာတော့ အခြေအနေတွေက ပိုပြီး ဆိုးရွားသွားတော့တာပေါ့။
ရန်ခန်းအဖွဲ့သားတွေ အကုန်လုံး ရန်ကိုင်ရဲ့ တိုက်ခိုက်မှုတွေကို မတုန့်ပြန်ပဲ မနေနိုင်တဲ့အတွက် ပြန်လည် တုန်ပြန်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့က ရန်ကိုင်ကို ပြန်တိုက်ခိုက်လည်း တိုက်ခိုက်ရော၊ ရန်ကိုင်နားမှာ ရှိနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်နဲ့ ရင်ဆိုင်ရာပါရော။ ပြီးတော့ ရန်ကိုင်ရဲ့ ကိုယ်ပိုင်ခွန်အားကလည်း သေးလှတာ မဟုတ်ပါဘူး။ သာမန် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတောင် သူ့တိုက်ခိုက်မှုတွေကို လျစ်လျူမရှုဝံ့ပါဘူး။
ရန်ကိုင် သွားတဲ့နေရာတိုင်း မုန်တိုင်းတစ်ခု ဖြတ်သန်း သွားသည့်အလား အပျက်အစီးနဲ့ အလောင်း ခန္ဓာကိုယ် တွေသာ ကျန်ရစ်ခဲ့တယ်။
ရပ်တန့်မရနိုင်တဲ့ ထိုးဖောက်သွားနေတဲ့ မဟာလှံတံ တစ်စင်းအလား၊ သူ့ရန်သူတွေ ဘယ်လိုပဲ တားဆီးနေပါစေ၊ ဘယ်သူကမှ မခုခံ မတားဆီးနိုင်ခဲ့ပါဘူး။
သွေးစည်တော်တွေအပေါ် ချမှတ်ထားတဲ့ ရန်မိသားစုရဲ့ စည်းမျဉ်းတွေအရ၊ ရန်ကိုင် လုပ်နေတဲ့ပုံစံက လူလိမ်နည်းကို အသုံးပြုနေတာနဲ့တောင် တူနေပါသေးတယ်။ အနည်းဆုံးတော့ သူ့အပြုအမူက လူယုတ်မာတစ်ယောက် လုပ်နေတာနဲ့ တူနေခဲ့ပါပြီ။
ရန်ကိုင် သူတို့ဆီ ပြေးဝင်လာနေပြီ ဆိုတာကို မြင်လိုက်တဲ့ လူတိုင်း သွေးဆုတ်ဖြူလျော် ကုန်ကြပြီး ကမန်းကတန်း ထွက်ပြေးကြပါတော့တယ်။
ရန်ခန်းရဲ့ ဒေါသထွက်နေတဲ့ အမူအရာက စိတ်ရှုပ်ထွေးနေသည့် အမူအရာအဖြစ်သို့ အလျင်အမြန်ပဲ ပြောင်းလဲသွားခဲ့တယ်။ ရန်ကိုင် ဘာလုပ်ချင်နေမှန်း သူတကယ်ကို နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။ ရန်ကိုင်ဘက်က လုံးဝကို အသာကြီးပါ။ ဒါပေမယ့် ထိုကောင်က သူ့ကိုလည်း မတိုက်သလို၊ အလံကိုလည်း မယူပဲ၊ သွေးစစ်သည်တော် နှစ်ယောက်ကို ဦးဆောင်ပြီး သူ့အဖွဲ့သားတွေကိုသာ လိုက်လံ သတ်ဖြတ်နေခဲ့ပါတယ်။
ထိုကစဉ့်ကလျား အခြေအနေထဲ ကျင့်ကြံသူ တစ်ယောက်က ရန်ခန်းရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
လုံးဝ ဥဿုံရှုံးနိမ့်တော့မယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် ရန်ခန်းက အလောတကြီးနဲ့ ပြန်မေးလိုက်တယ် “ငါ့ရဲ့ ဒုတိယအစ်ကို ဘာလို့ မလာသေးတာလဲ”
သူ့အိမ် တိုက်ခိုက်ခံရတာနဲ့ ရန်ခန်းက သူ့အစ်ကိုဆီ ချက်ချင်း လှမ်းအကူအညီ တောင်းခဲ့ပါတယ်။ အခု သူလွှတ်လိုက်တဲ့လူ ပြန်ရောက်လာခဲ့ပါပြီ။
ထိုကျင့်ကြံသူက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ငါးယောက်မြောက် သခင်လေး၊ ဒုတိယသခင်လေး လှုပ်ရှားလို့ မရဘူး”
“ဘာ” ရန်ခန်း အသက်မရှူနိုင် ဖြစ်သွားခဲ့ပြီး စိုးရိမ်တကြီးနဲ့ ပြန်မေးလိုက်တယ် “ဘာတွေ ဖြစ်နေလို့လဲ”
“အကြီးဆုံးအစ်ကိုကြီးက သူ့အင်အားစုတွေကို ခေါ်လာပြီး ဒုတိယသခင်လေးကို တားဆီးထားပါတယ်။ ဒါကြောင့် သူဘက်က အကူအညီ မပို့ပေးနိုင်တာပါ”
ရန်ခန်း ရူးသွပ်တော့မတတ် ဖြစ်သွားခဲ့ရကာ ဒယီးဒယိုင်နဲ့ နောက်ဘက်သို့ အလိုလို ဆုတ်သွားရင်း ပါးစပ်ကနေလည်း တိုးတိုး တိုးတိုးနဲ့ ရေရွတ်နေခဲ့တယ် “ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်သွားခဲ့ရတာလဲ”
ကိုးယောက်မြောက် ညီလေး တိုက်ခိုက်တာနဲ့ အကြီးဆုံးအစ်ကိုကြီးက ဒုတိယမြောက်အစ်ကိုကို သွားနှောင့်ယှတ်တာက လုံးဝ တိုက်ဆိုင်တာ မဟုတ်ပါဘူး။ ကိုးယောက်မြောက်ညီလေးနဲ့ အကြီးဆုံးအစ်ကိုကပဲ ပူးပေါင်းထားကြတာလား”
“ငါးယောက်မြောက်သခင်လေး၊ ဒုတိယသခင်းက စကားတစ်ခွန်း ပြောခိုင်းလိုက်ပါတယ်” ထိုကျင့်ကြံသူက သူ့ပါးစပ်ကို ဟလိုက်ပြီး ပြောဖို့လုပ်လိုက်ပေမယ့် စကားလုံးတွေက လည်ချောင်းဝ တစ်ဆို့နေသည့်အလား တုန့်ဆိုင်းနေခဲ့တယ်။
“ဘာလဲ” ရန်ခန်းမျက်ဝန်းအစုံ လက်သွားခဲ့တယ်။ မျှော်လင့်ချက် မျှင်မျှင်လေး ရှိနေရင်တောင် ထိုမျှော်လင့်ချက်ကို သူအသည်းအသန် ဖမ်းဆွဲဖို့ ကြိုးစားမှာပါ။
“ဒုတိယသခင်လေးက ပြောလိုက်တယ်…” ထိုကျင့်ကြံသူရဲ့ နဖူးထက် ချွေးစေးတို့ဖြင့် စိုးရွှဲနေခဲ့ပြီး နောက်ဆုံး အားတင်းဖျစ်ညစ်ကာ ထိုစကားတွေကို ပြောထုတ်လိုက်တယ် “အရှုံးပေးလိုက်ပါတဲ့၊ ကိုးယောက်မြောက် ညီလေးက ငါးယောက်မြောက် သခင်လေးကို သတ်မှာ မဟုတ်ပါဘူးတဲ့”
ပြောနေရင်နဲ့ ရပ်တန့်လိုက်ပြီး ခပ်မြန်မြန်ပြ ထပ်ပေါင်းပြောလိုက်တယ် “ဒါက ဒုတိယသခင်လေး ပြောခိုင်းလိုက်တာပါ”
“အရှုံးပေးရမှာလား” ရန်ခန်းက ထိုစကားကို ထပ်ခါထပ်ခါ ရေရွတ်နေခဲ့ပြီးနောက် ရုတ်တရက်ကြီး အော်ဟစ်ရယ်မောလိုက်ကာ “ငါလား၊ အရှုံးပေးရမှာလား။ ဒီရန်ခန်းက ဘယ်လိုလုပ်ပြီး အရှုံးပေးရမှာလဲကွ”
မျှော်လင့်ချက် ဆိတ်သုဉ်းနေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရချိန်၊ နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုးမျှင်လေးပါ အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရတဲ့ အခါ ရန်ခန်း ကယောင်ချောက်ချား ဖြစ်သွားခဲ့ပြီး အော်ဟစ်လိုက်တယ် “ကိုးယောက်မြောက်ညီလေး”
သူ့အော်သံက စစ်ပွဲမြို့တော် တစ်ဝက်လောက် အထိကို ပျံ့နှံ့သွားခဲ့တယ်။ ထိုစကားကို ကြားလိုက်တဲ့ လူတိုင်း ထိုလေသံထဲ လက်လျှော့ အရှုံးမပေးနိုင်တဲ့ တိုက်ခိုက်လိုစိတ် တို့ဖြင့် ပြည့်နေတယ် ဆိုတာကို သတိပြုမိလိမ့်ကြမှာပါ။
ရန်ခန်းရဲ့ အော်သံကို ကြားတာနဲ့ ရန်ကိုင်လည်း သွားနေရင်း ရပ်တန့်လိုက်တယ်။ ထို့နောက် လေထဲဝဲနေရင်း ရန်ခန်းကို ငုံ့ကြည့်လိုက်တယ်။
“ကိုးယောက်မြောက်ညီလေး၊ အားလုံးက မင်းကို အထင်သေးခဲ့တာပဲ။ ငါးယောက်မြောက်အစ်ကိုကြီးလည်း မင်းကို တကယ်ပဲ အထင်သေးခဲ့မိတယ်။ ဒါပေမယ့် ငါးယောက်မြောက် အစ်ကိုကြီးက အခုထိ မရှုံးနိမ့်သေးဘူးကွ။ မင်းငါ့ကို အနိုင်ယူချင်တယ် ဆိုရင် တစ်ယောက်ချင်း ယှဉ်တိုက်ပြီး အနိုင်ယူရဲလား” ရန်ခန်း မျက်ဝန်းအစုံက အဆုံးမရှိတဲ့ ဒေါသမီးတောက်တို့ဖြင့် လောင်ကျွမ်းနေခဲ့တယ်။ ဒါက ရှုံးနိမ့်မှုကို လက်ခံထားတဲ့ လူတစ်ယောက်ရဲ့ အကြည့်မျိုး မဟုတ်ပါဘူး။ အောင်မြင်မှုကို ရယူနိုင်ဖို့အတွက် သွေးရူးသွေးတန်းနဲ့ အသည်းအသန် ကြိုးစားနေတဲ့ လူတစ်ယောက်ရဲ့ အကြည့်မျိုးပါ။
“ကောင်းပြီလေ” ရန်ကိုင်က ပြုံးလိုက်ပြီး ရန်ခန်းရဲ့ တောင်းဆိုချက်ကို လွယ်လင့်တကူပဲ လက်ခံလိုက်တယ်။ ဒါပေမယ့် ရန်ကိုင်က ဆက်ပြောလိုက်ပါသေးတယ် “ဒါပေမယ့် ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်”
“ပြော” ရန်ခန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ့စိတ်ခံစားချက်တွေကို တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။
“ဒီညပြီးတာနဲ့ မင်းအိမ်က အသက်ရှင် ကျန်ရစ်နေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး စစ်ပွဲမြို့တော်ကနေ ထွက်သွားရလိမ့်မယ်”
ရန်ခန်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့တယ်။ ရုတ်တရက် ရန်ကိုင်ရည်ရွယ်ချက်ကို နားလည်သွားလိုက်ပြီး ပြန်ပြီး လှောင်ပြောင်လိုက်တယ် “သူတို့တွေက ဒုတိယအစ်ကိုနဲ့ သွားပေါင်းမှာကို မင်းကြောက်နေတာလား”
“မင်းဘယ်လိုထင်လဲ” ရန်ကိုင် အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။
သူမကြောက်ပါဘူး၊ ဒီလောက် အသာရနေတာကို ထိုလူတွေအကုန်လုံး ပေါင်းပင်ရှင်းသလို အသာလေး ရှင်းထုတ်ပစ်လိုက်လို့ ရပါတယ်။ သူသာ သဘောမတူ လိုက်ရင် ရန်ကိုင်က ဒီမှာရှိနေတဲ့ အင်အားစုတွေ အကုန်လုံးကို သတ်ပစ်လိမ့်မယ် ဆိုတာကို ရန်ခန်း နားလည်ထားပါတယ်။
မလိုလားအပ်တာတွေ မဖြစ်ရအောင်လို့ မြွေကိုသတ်ရင် လုံးဝကို သေတဲ့အထိ သတ်ပစ်ရပါမယ်၊ ဖမ်းမိတဲ့ ကျားကိုလည်း ပြဿနာထပ်မရှာအောင်လို့ တောထဲ ပြန်မလွှတ်ပေးသင့်ပါဘူး။
ဒီလူတွေကိုသာ အခုလို မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေထဲကနေ ထွက်ပေါက်တစ်ခု ပေးခဲ့ရင် နောက်ပိုင်း သူ့ကို ဆန့်ကျင်မယ်ဆိုရင်တောင် သူ့အပေါ် ရက်စက်ဖို့ တုန့်ဆိုင်းနေကြမှာပါ။
ရန်ကိုင် အခုလို ဆုံးဖြတ်ချက် ချလိုက်ရတာက လူအစုလိုက်အပြုံလိုက် မသတ်ဖြတ်ချင်လို့ပါပဲ။
“ကောင်းပြီလေ၊ ငါသဘောတူတယ်” ရန်ခန်း ခေါင်းညိတ်လိုက်တယ်။ ခါးကိုမတ်လိုက်ပြီး တန်ယုရှန်းနဲ့အတူ ကောင်းကင်ပေါ် ခုန်တက်သွားလိုက်တယ်။
သူက ရှုံးနိမ့်ဖို့ကံကြမ္မာပါလာမှတော့ နောက်ဆုံး တစ်ချက်တော့ ကြိုးစားကြည့်ချင်သွားပါသေးတယ်။ အလံဖြူထောင်ပြပြီး အလွယ်တကူ အဖမ်းခံလိုက်တာမျိုးက ရန်မိသားစုရဲ့ ပုံစံမဟုတ်ပါဘူး။
တန်ယုရှန်းက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရန်ခန်းရှေ့ ပိတ်ရပ်လိုက်တယ်။ သူမရဲ့ ပျော့ပျောင်းနူးညံ့လှတဲ့ ခန္ဓာကိုယ်ဆီမှ မှိန်ဖျဖျအလင်းတို့ကို ထုတ်လွှတ်နေခဲ့ပြီး ခါးခါးသီးသီး ပြုံးလိုက်ရင်း ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “သခင်ငယ်လေး၊ နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီပဲ”
ကျုကောင်းရီနဲ့ ရင်းဂျုတို့ကြောင့်သာ မဟုတ်ရင် အခုအချိန်လောက်ဆို တန်ယုရှန်းနဲ့ တုဖုန်းတို့က ရန်ကိုင် ဘေးမှာ ရပ်ရင်း အောင်မြင်မှု အသီးအပွင့်တွေကို တစ်ကြိမ်ပြီးတစ်ကြိမ် စားသုံးနေရမှာပါ။
ဒါပေမယ့်… လုံးဝကို ဆန္ဒမရှိရင်တောင်၊ တန်ယုရှန်း အနေနဲ့ အခုအချိန်၌ ရန်ကိုင်ကို ရန်သူအဖြစ် မြင်မှ ရပါမယ်။
“ယုရှန်း၊ ခင်ဗျား ဒီတစ်ကြိမ် ဝင်ပါစရာ မလိုပါဘူး၊ ဒီတိုက်ပွဲက ကျုပ်နဲ့ ကိုးယောက်မြောက် ညီလေးကြားက တိုက်ပွဲသက်သက်ပဲ” တန်ယုရှန်းနဲ့ ရန်ကိုင်ကြားက ဆက်ဆံရေးကို ရန်လည်း နားလည်ထားပါတယ်၊ ထို့ကြောင့် အသာအယာလေးသာ ခေါင်းခါရမ်းလိုက်တယ်။
“ငါးယောက်မြောက်သခင်လေး” တန်ယုရှန်း ပြုံးလိုက်တယ်၊ အပြုံးလေးနဲ့ လိုက်ဖက်စွာ သူမပါးထက်က ပါးချိုင့်လေးတွေက အရမ်းကို နှစ်လိုဖွယ် ကောင်းနေခဲ့တယ် “သွေးစစ်သည်တော်တွေက သူတို့တာဝန်ကို ဘယ်တော့မှ မစွန့်ပစ်ဘူး၊ ကျွန်မတို့ သွေးစစ်သည်တော်တွေ အမွေခံတိုက်ပွဲမှာ ပါဝင်ရတဲ့ အကြောင်းအရင်း သခင်လေးတို့ကို ကာကွယ်ပေးဖို့ပဲ။ ဒါကြောင့် သခင်လေး ခွင့်မပြုရင်တောင် ကျွန်မကတော့ပါကို ပါရမှာပဲ”
ရန်ခန်း နှလုံးသား လှုပ်ရှားသွားခဲ့ရလေပြီ.
တုဖုန်းနဲ့ တန်ယုရှန်းကို သူရွေးလိုက်ရတဲ့ အကြောင်းအရင်းက ရန်ကိုင်ကို စိတ်အနှောက်အယှတ် ပေးဖို့ပါ။ ပြီးတော့ လွန်ခဲ့တဲ့လအချိန် အတောအတွင်း သူက တုဖုန်းနဲ့ တန်ယုရှန်းတို့ နှစ်ယောက်ရဲ့ သစ္စာစောင့်သိမှုကို သံသယဝင်နေခဲ့တာပါ။ ရန်ကိုင်နဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့ အခါကျ သူတို့ရဲ့ စွမ်းအားအကုန်ကို ထုတ်သုံးပြီး မတိုက်ခိုက်မှာကို သူစိုးရိမ်နေခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ သူထင်ထားတွေ အကုန်လုံး မှားယွင်းနေခဲ့ပြီနဲ့ တူပါတယ်။ ဒီလို မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမျိုးမှာတောင် တန်ယုရှန်းက သွေးစစ်သည်တော် တစ်ယောက် လုပ်ရမယ့် တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်နေတုန်းပါပဲ။
“ဒီလိုဆိုရင် ငါနင့်ကို အဖော်ပြုပေးမယ်၊ ယုရှန်း” ရင်းဂျု ရုတ်တရက် ပေါ်လာခဲ့ပြီး ပြောလိုက်တယ်။
Martial Peak
အပိုင်း(၄၈၇) ဆန်းကြယ်အဆင့် လက်နှက်နှစ်ခု ထိပ်တိုက်တွေ့ခြင်း
သွေးစစ်ည်တော် နှစ်ယောက် တွေ့တွေ့ချင်း တည်ငြိမ်နေတုန်းပါပဲ၊ ရုတ်တရက် သူဆို့ဆီကနေ အစစ်အမှန်ချီစွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့တယ်။
မကြာခင်မှာပဲ တုဖုန်းနဲ့ တန်ယုရှန်းတို့ရဲ့ သွေးစွမ်းအင်က အစစ်အမျန်ချီနဲ့တကွ အဆင့်တစ်ခုအထိ တိုးမြင့်သွားခဲ့တယ်။
သွေးရူးသွပ်ခြင်း ပညာရပ်… နှစ်ယောက်စလုံး အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်နဲ့တူညီတဲ့ ခွန်အားကို ပိုင်ဆိုင်သွားခဲ့ပါပြီ။
ရွှစ်… ရွှစ်…
ပုံရိပ်နှစ်ခုက တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားခဲ့ပြီး အနီရောင်အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲသွားကာ ညကောင်းကင်ယံထက် တစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့သွားခဲ့တယ်။
အောက်မှာ ရှိနေတဲ့ နတ်ဆိုးအိုကြီးက ထိုစွမ်းအင်လှိုင်း တွေကို ခံစားမိလိုက်တာနဲ့ ကောင်းကင်ပေါ် မော့ကြည့်လိုက်ပြီး သူ့အမူအရာက လေးနက်တည်ကြည် သွားခဲ့ကာ “သူတို့တွေက တကယ်ကို အားကိုးထိုက်တဲ့ ပညာရပ်တွေ ရှိနေတာပဲ”
သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားရင်တောင် ထိုနှစ်ယောက်ထဲက ဘယ်သူ့ကိုမဆို နတ်ဆိုးအိုကြီး အနိုင်ယူနိုင်ပါတယ်၊ ဒါပေမယ့် အဲ့လို အနိုင်ယူနိုင်ဖို့အတွက် အချိန်တော့ ယူရပါလိမ့်မယ်။
တန်ယုရှန်းကို ရင်းဂျုက တားဆီးထားပါတယ်၊ တုဖုန်းက ချီချုပ်နှောင် ချိတ်တံဆိပ်ကြောင့် တိုက်ခိုက်လို့ မရသေးပါဘူး။ ဒါကြောင့် အခုအချိန်၌ ရန်ခန်းကို ဘယ်သူမှ ကာကွယ်မပေးနိုင်တော့ပါဘူး။
“ငါးယောက်မြောက်အစ်ကို၊ ငါတို့အလှည့်ပဲနော်” ရန်ကိုင်က မထူးခြားနားဟန်ဖြင့် ရန်ခန်းကို စိုက်ကြည့် နေလိုက်တယ်။
ရန်ခန်းအမူအရာ ရှုံ့မဲ့သွားခဲ့ပြီး သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်တယ်၊ သူ့မျက်ဝန်းအစုံ အေးစက်သွားခဲ့ပြီး အသက်ရှူနှုန်း တည်ငြိမ်သွားခဲ့ကာ သူ့အရှိန်အဝါက ထက်ရှလာခဲ့တယ်။
မဆိုးဘူး ရန်ကိုင် တွေးလိုက်တယ်။
သူ့ရဲ့ ငါးယောက်မြောက်အစ်ကိုက မြင်ရသလိုမျိုး သူ့စိတ်သူ မထိန်းချုပ်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ လူငယ်မျိုးဆက်ထဲမှာ ဆိုရင် သူ့ကို လက်ရွေးစင် တစ်ယောက်လို့တောင် ပြောလို့ရနေပါပြီ။
တိုက်ပွဲတစ်ခုကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ အခါကျ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ရင် အမှားတွေ လုပ်မိတတ်ပါတယ်။
ကျင့်ကြံသူတွေ တိုက်ခိုက်တဲ့အခါ ကျင့်ကြံခြင်း၊ နည်းလမ်းတွေ၊ သိုင်းပညာရပ်တွေ၊ ဒါမှမဟုတ် အတွေ့အကြုံထက် ပိုအရေးကြီးတာက မိမိရဲ့ စိတ်အခြေအနေပါ။
တိုက်ခိုက်နေတဲ့ အချိန်အတွင်း စိတ်လှုပ်ရှားနေရင် သူတို့ရဲ့ ခွန်အား အပြည့်အဝကို မထုတ်သုံး နိုင်တော့တဲ့ အပြင်၊ အမှားတွေပါ လုပ်မိတတ်ပြီး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားနိုင်ပါတယ်။
တိုက်ပွဲထဲ ဒေါသတကြီးနဲ့ ပြေးဝင်သွားတဲ့ ကျင့်ကြံသူ တစ်ယောက်က ဘာကိုမှ သေသေချာချာ မစဉ်းစားတတ်တော့ပဲ လုပ်မိလုပ်ရာ စွတ်လုပ်တဲ့အတွက် သူတို့အသက်ကိုတောင် ပေးလိုက်ရနိုင်ပါတယ်။
ရန်ခန်းက မတိုက်ခိုက်ခင် သူ့စိတ်ကို အရင် တည်ငြိမ်အောင် လုပ်ခဲ့ပါတယ်။ ဒါကမှ ပညာရှင် တစ်ယောက် တိုက်ခိုက်တဲ့ ပုံစံမျိုးပါ။ သူ့ကိုသာ နောက်ထပ် နှစ်၂၀ပေးခဲ့ရင် ဒီလောကကြီးရဲ့ အားအကောင်းဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့် အခုတော့ သူက အရမ်းငယ်ပါသေးတယ်။
ရန်ကိုင်က ရန်ခန်းထက် ပိုငယ်ပေမယ့် သူက ရန်ခန်းထက် ပိုပြီး အတွေ့အကြုံ ကြွယ်ဝပါတယ်။ အမျိုးမျိုးသော ကွဲပြားသည့် ဘဝအတွေ့ကြုံက လူတစ်ယောက်ကို အမျိုးမျိုးသော အမြန်နှုန်းဖြင့် ရင့်ကျက် လာစေပါတယ်။
“ကိုးယောက်မြောက်ညီလေး၊ လျူချင်းယောင်ရဲ့ တိုက်ကွက်နှစ်ကွက်ကို ခုခံနိုင်ခဲ့လို့ ငါမင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်တာ အသေအချာပါပဲ” ရန်ခန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ သူ့အနေနဲ့ အခုလိုမျိုး ဝန်ခံလိုက်လို့ နည်းနည်းလေးတောင်း ရှက်နေတဲ့ပုံ မပေါ်ပါဘူး။ “ဒါပေမယ့် မင်းငါ့ကို အနိုင်ယူချင်တယ်ဆိုရင် တန်ဖိုးတစ်ခုကိုတော့ ပြန်ပေးရလိမ့်မယ်”
ပြောနေရင်းနဲ့ သူ့လက်ထဲ သံလိုက်အိမ်မြှောင်နဲ့တူတဲ့ လက်နက်တစ်ခု ထွက်ပေါ်လာခဲ့တယ်။
ထိုသံလိုက်အိမ်မြှောင် မြင်တွေ့လိုက်တာနဲ့ ရန်ကိုင့် အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး မျက်မှောင်ကြုံရင်း ရန်ခန်းကို လှမ်းမေးလိုက်တယ် “ဘာလို့ အလုပ်ရှုပ် ခံနေသေးတာလဲ”
“ငါက ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်လေ။ မင်းလည်း ရန်မိသားစုဝင်တွေရဲ့ စိတ်နေစိတ်ထားကို သတိထားမိမှာပေါ့” ရန်ခန်း ပြန်ပြီး လှောင်ပြောင်ပြောဆိုလိုက်တယ်၊ ဒါပေမယ့် သူ့အမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။
သံလိုက်အိမ်မြောင်ကနေ လျှပ်စီးအရိပ်အယောင်တို့ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရန်ခန်းနားမှာ ရှိနေတဲ့ လေဟာနယ် အက်ကွဲသွားတော့မယ် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ကာ ကြောက်မက်ဖွယ် အန္တရာယ်များတဲ့ အရှိန်အဝါတစ်ခုက သူ့ဆီကနေ အဘက်ဘက်သို့ ပြန့်နှံ့သွားခဲ့တယ်။
ရန်ကိုင် ချက်ချင်း လှုပ်ရှားလိုက်တယ်၊ လျှပ်စီးတန်း တစ်ခုအလား မြန်ဆန်ပြတ်သားလှသည့် လက်ဝါး တစ်ချက်ကို ရန်ခန်းတည့်တည့်ဆီ ရိုက်ချလိုက်တယ်။ သူရိုက်လွှတ်လိုက်တဲ့ လက်ဝါးချက်က ရဲရဲနီနေခဲ့ပြီး အစစ်အမှန်ယန်ယွမ်ချီတို့ဖြင့် ပြည့်နေခဲ့တယ်။
ရန်ခန်းက ထိုလက်ဝါးချက်ကို တည်တည်ငြိမ်ငြိမ်နဲ့ စိုက်ကြည့်နေခဲ့ပြီး ရှောင်တိမ်းမယ့် အရိပ်အယောင် နည်းနည်လေးမှ မပြခဲ့ပါဘူး။
ဖုန်…
ရန်ကိုင် သွေးအန်လိုက်ပြီး နောက်ဆုတ်သွားခဲ့ရတယ်၊ ဒါပေမယ့် သူ့မျက်နှာထက် အပြုံးတစ်ခု တွဲလွဲခိုနေတုန်းပါပဲ။ အားရပါးရ အော်ရယ်မောလိုက်ပြီး “ကိုးယောက်မြောက် ညီလေး၊ ဒီဆန်းကြယ်အဆင့် လက်နက်ရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်ပါဦး”
သူ့လက်ထဲက သံလိုက်အိမ်မြှာင်က သူ့ကိုယ်ထဲမှာ ရှိနေသည့် အစစ်အမှန်ချီတွေ အကုန်လုံးကို ချက်ချင်း စုပ်ယူသွားခဲ့ပြီး တောက်ပတဲ့ အလင်းတစ်ခုက သိပ်သည်းလှတဲ့ စွမ်းအင်လှိုင်းတို့နဲ့အတူ သံလိုက်အိမ်မြှောင်ကနေ ပေါက်ကွဲ ထွက်လာခဲ့တယ်။
ယောကျာ်းပေါင်လုံး တစ်လုံးစာလောက် ထူထဲသည့် လျှပ်စီးတန်းတစ်ခုကို သံလိုက်အိမ်မြှောင်ကနေ ရုတ်တရက် ပစ်လွှတ်လိုက်တယ်။ ထိုလျှပ်စီးတန်းက မီတာပေါင်းများစွာ ရှည်လျားသည့် ဦးချိုနှစ်ချောင်းပါ ဧရာမနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သားကောင်ဆီ ပြေးဝင်သွားသလို ရန်ကိုင်ဆီ ပြေးဝင်သွားခဲ့တယ်။
ရန်ကိုင် အလျင်အမြန်ပဲ ပြန်ဆုတ်လိုက်တယ်၊ သူ့ပုံရိပ်က ပေါ်လိုက်ပျောက်လိုက် ဖြစ်သွားခဲ့ပြီး တစ်ခဏအကြာမှာတော့ မီတာရာပေါင်းများစွာ အကွာ၌ ပြန်ပေါ်လာခဲ့တယ်။
လျှပ်စီးနဂါးရဲ့ ပထမရိုက်ချက် ပြီးဆုံးသွားတာနဲ့ ထိုနဂါးက ညအာကာယံထက် ပျံတက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမယ့် သူ့ကျောရိုး တစ်လျှောက် စိမ့်တက်သွားသလို ရန်ကိုင် ခံစားနေရတုန်းပါပဲ။ တုန့်ဆိုင်းနေခြင်းမရှိပဲ ပွင့်ချပ်တစ်ထောင် သွေးပန်းကို ဆင့်ခေါ်လိုက်ပြီး ပွင့်ချပ်ပေါင်းတစ်ထောင်ကို သူ့ကိုယ်ပတ်လည် ဝန်းရံထားစေလိုက်တယ်။
ခုဏလေးတင်က ပျောက်ကွယ်သွားခဲ့တဲ့ လျှပ်စီးနဂါးက ရန်ကိုင်နား ရုတ်တရက် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တယ်။
ပွင့်ချပ်တွေ တဖျပ်ဖျပ် လှုပ်ခါသွားခဲ့ပြီး လျှပ်စီးနဂါး ယိမ်းထိုးသွားခဲ့တယ်၊ သူတို့နှစ်ခု ထိပ်တိုက်တွေ့သွားတဲ့ အခိုက် ပြင်းထန်လွန်းလှတဲ့ ပေါက်ကွဲသံကြီး မြည်ဟည်းသွားခဲ့တယ်။
လျှပ်စီးနဂါးရဲ့ ရစ်ပတ်ထားခြင်း ခံနေရသည့် ရန်ကိုင်ကို ကြည့်ရင်း ရန်ခန်း ပြုံးလိုက်တယ်။ တိုက်ခိုက်တဲ့ အချိန်တုန်းက ဘာအလှပြကွက်ကိုမှ သူအသုံးမပြုခဲ့ပါဘူး။ တစ်ချက်တည်းမှာပဲ သူ့မှာ ရှိသမျှ စွမ်းအင်အကုန်အစင်ကို ထုတ်သုံးပြီး တိုက်ခိုက်ခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကိုးယောက်မြောက်ညီလေးရဲ့ တိုက်ပွဲစွမ်းရည်ကို သူကောင်းကောင်း သိထားလို့ပါပဲ။ ဒါက သူ့ရဲ့ နောက်ဆုံးအကြိမ်နဲ့ တစ်ကြိမ်တည်းသော အခွင့်အရေးပါ။
လက်နက်ကို တစ်ဝက်လောက်ပဲ သန့်စင်လို့ပြီးသွားတာ ဆိုးတာပဲ
ထိုသံလိုက်အိမ်မြှောင်က ပိုကျင်းရေကန်မှာ သူရရှိခဲ့တဲ့ ဆန်းကြယ်အဆင့် လက်နက်တစ်ခု ဖြစ်ပါတယ်။ ထိုသံလိုက်အိမ်မြှောင်ထဲ ဆန်းကြယ်ပြီး အားကောင်းသည့် လျှပ်စီးတန်းတစ်ခု ရှိနေခဲ့ပါတယ်။ သူသာ ဒီလက်နက်ကို အပြည့်အဝ သန့်စင်ပြီးစီးခဲ့ရင် ဒီဆန်းကြယ်အဆင့် လက်နက်ကို အားကိုးပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်မယ်လို့ ရန်ခန်း ခံစားခဲ့ရပါတယ်။
ကံကောင်းစွာနဲ့ ကံကြမ္မာက ရန်ခန်းကို အဲ့လို အခွင့်အရေးမျိုး မပေးခဲ့ပါဘူး။
နောက်ဆုံး ကြိုးစားမှုအနေဖြင့် ရန်ခန်းအနေနဲ့ တစ်ဝက်တစ်ပျက်သာ သန့်စင်ပြီးသေးတဲ့ ဆန်းကြယ်အဆင့် လက်နက်ကို ထုတ်သုံးခဲ့ရပါတယ်။
သူပြန်ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကလည်း မသေးပါဘူး။
ထိုလက်နက်ကို အပြည့်အဝ သန့်စင်လို့ မပြီးသေးပဲနဲ့ လက်နက်ကို ရန်ခန်း ကောင်းကောင်း မထိန်းချုပ်နိုင်ပါဘူး။ လျှပ်စီးနဂါး ထွက်ပေါ်လာတဲ့အချိန်မှာ သူလည်း ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကို ခံစားလိုက်ရပါတယ်။ ထိုနည်းတူစွာပဲ သူကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့လို လျှပ်စီးနဂါးလည်း သူ့ခွန်အား အပြည့်အဝကို ထုတ်မသုံး နိုင်ခဲ့ပါဘူး။
အဆိုးဆုံးကတော့ ဒီလက်နက်ကို ထပ်ပြီး အသုံးပြုလို့ မရတော့တာပါပဲ။ လက်နက်သန့်စင်တဲ့ ပညာရှင် တစ်ယောက်ကိုခေါ်ပြီး ဒီလက်နက်ကို ပြန်ပြင်ခိုင်းမှ သံလိုက်အိမ်မြှောင်က အနီးအနားဝန်းကျင်မှ ရှိတဲ့ လျှပ်စီးတွေကို စုပ်ယူပြီး နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလို့ ရပါလိမ့်မယ်။
တစ်ဝက်တစ်ပျက်ပဲ သန့်စင်ပြီးသေးတဲ့ လက်နက်ကို ထုတ်သုံးလိုက်တာက ကျင့်ကြံသူကိုရော၊ လက်နက်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်၊ ထို့ကြောင့် ဘယ်ကျင့်ကြံသူကမှ အခုလိုမျိုး အလွယ်တကူ လုပ်လေ့ မရှိပါဘူး။
ဟုတ်တာပေါ့၊ သူ့အခြေအနေက လျူချင်းယောင် လောက်တော့ ဘယ်ဆိုးပါ့မလဲ၊ လျူချင်းယောင်တုန်းက သူ့ရဲ့ ဆန်းကြယ်အဆင့် လက်နက်ဖြစ်တဲ့ လလှိုင်းပြာဝတ်ရုံကို စတေးခဲ့ရပါတယ်။ ထိုဆန်းကြယ်အဆင့် လက်နက်က လုံးဝ ပျောက်ကွယ်သွားခဲ့တာပါ၊ နောက်တစ်ကြိမ် ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါပေမယ့် လျူချင်းယောင်က ရန်ခန်းလို ဘာဘေးထွက်ဆိုးကျိုးကိုမှ မခံစားခဲ့ရပါဘူး။
ဒါပေမယ့်… ရန်ခန်း ကျေနပ်ပါတယ်။
သူ့ရဲ့ ကိုးယောက်မြောက်ညီလေးက အရမ်းကို သန်မာနေရင်တောင် ဆန်းကြယ်အဆင့် လက်နက်တစ်ခုရဲ့ အားအပြည့်ရိုက်ချက်ကို ခုခံနိုင်မှာလား။ သူသာ ရန်ကိုင်ကို ဒဏ်ရာရအောင် လုပ်နိုင်သရွေ့ ရန်ခန်း ကျေနပ်ပါတယ်၊ သူရှုံးနိမ့်ခဲ့ရင်တောင် သူ့ရန်သူကို တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရအောင် လုပ်နိုင်ခဲ့ပါတယ်။
ရန်ကိုင်တစ်ကိုယ်လုံးကို လျှပ်စီးနဂါး ဖုံးအုပ်သွားတာကို မြင်လိုက်တာနဲ့ ချူရီမန်လည်း စိုးရိမ်သွားခဲ့တယ်။ လျှပ်းစီးနဂါးရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို ခံစားမိလိုက်တာနဲ့ သူမနဖူးထက်ကနေ ချွေးစေးတွေတောင် စီးကျလာခဲ့ပါတယ်။ ထိုတိုက်ကွက်ကို ရန်ကိုင် ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလား ဆိုတာကို သူမလည်း မသေချာပါဘူး။
ဒါပေမယ့် ရှောင်ရှန်ရဲ့ မထူးခြားနားတဲ့ အမူအရာကို သတိပြုမိလိုက်တော့ ချူရီမန်လည်း စိတ်သက်သာရာ ရသွားခဲ့တယ်။
ရန်ကိုင့် အသက်အန္တရာယ် ရှိနေခဲ့ရင် ရှောင်ရှန် ဒီအတိုင်း ရပ်နေမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရန်ကိုင်ရဲ့ လုံခြုံရေးက အရေးအကြီးဆုံးပါ။
ရန်ကိုင်ကို ဖုံးလွှမ်းထားတဲ့ သွေးနီရောင်ပွင့်ချပ်တွေ ရုတ်တရက် ပြိုပျက်သွားခဲ့တယ်။
ပွင့်ချပ်တစ်ထောင် သွေးပန်းရဲ့ အကာအကွယ်… ပြိုပျက်သွားခဲ့လေပြီ။
ချူရီမန်လည်း အလန့်တကြား ထအော်လိုက်တယ်။ ဒါပေမယ့် သူမ အသက်တောင် မရှူရသေးခင်မှာပဲ ကြောက်မက်ဖွယ်စုပ်အားတစ်ခုက ရန်ကိုင်နေရာကနေ ထွက်ပေါ်လာခဲ့တယ်။
ကြောက်မက်ဖွယ် ဝဲကတော့တစ်ခုက လေထဲမှာ ထွက်ပေါ်လာပြီး ဘေးပတ်လည်မှာ ရှိနေတဲ့ လျှပ်စီးတန်း အားလုံးကို စုပ်ယူပစ်လိုက်သလို၊ လျှပ်စီးနဂါးက အပြင်းအထန် ရုန်းကန်ခဲ့ပေမယ့် စုပ်ယူဝါးမြိုခံရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။
မကြာခင်မှာပဲ လျှပ်စီးနဂါး ပျောက်ကွယ်သွားခဲ့ပြီး နည်းနည်းလေးတောင် ဒဏ်ရာရထားခြင်း မရှိတဲ့ ရန်ကိုင် ထွက်ပေါ်လာခဲ့တယ်။ အခုအချိန်၌ စားပွဲခုံတစ်လုံးစာလောက် ရှိတဲ့ အရိုးဒိုင်းတစ်ခု သူ့လက်ထဲ ရှိနေခဲ့တယ်၊ အရိုးဒိုင်းရဲ့ မျက်နှာပြင်ထက် ဧရာမပါးစပ်ကြီးတစ်ခု ရှိနေခဲ့ပါတယ်။
ပါးစပ်ဝမှာတော့ လျှပ်စီးအစအနေလေးတွေ ရှိနေသေးပါတယ်။
“ဆန်းကြယ်အဆင့်လက်နက်တွေက တကယ်ကို အံ့အားသင့်စရာပဲ” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။ ပွင့်ချပ်တစ်ထောင် သွေးပန်းက ဆန်းကြယ်အဆင့် သံလိုက်အိမ်မြှောင်ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့တဲ့အတွက် အရိုးဒိုင်းကို ထုတ်ယူပြီး ထိုလျှပ်စီးနဂါးကို စုပ်ယူပစ်ခဲ့ရပါတယ်။
“ငိုးမပဲ” ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ခန်း ဆဲဆိုလိုက်တယ်။ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့ပြီး သူ့ခန္ဓာကိုယ်လည်း ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့တယ်။
သံလိုက်အိမ်မြှောင်က သူ့အစစ်အမှန်ချီ အကုန်အစင်ကို စုပ်ယူသွားခဲ့တဲ့အတွက် ရန်ခန်း ထပ်ပြီး မတိုက်ခိုက် နိုင်တော့ပါဘူး။ သူ့ရဲ့ အားအကောင်းဆုံးတိုက်ကွက်က ရန်ကိုင်ကို ဒုက္ခရောက်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်နေခဲ့တာပါ။ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ရင် ပိုတောင်ကောင်းတာပေါ့။
ရန်ကိုင်ကို သတ်ဖို့ကတော့ ရန်ခန်း ထိုဖြစ်နိုင်ချေကို ထည့်မတွက်ခဲ့ပါဘူး။ ရန်ကိုင်ရဲ့ လက်ရှိခွန်အားအရ သူ့အနေနဲ့ ရန်ကိုင်ကို သတ်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ သူ့မှာ လုံလောက်တဲ့ခွန်အား ရှိနေခဲ့ရင်တောင် ရန်ကိုင်ကိုသတ်ဖို့ မစဉ်းစားရဲပါဘူး။ တကယ်တော့ သူတို့ နှစ်ယောက်စလုံးက ညီအစ်ကိုတွေ ဖြစ်နေတုန်းပဲလေ။
ဒါပေမယ့် ရန်ကိုင်လက်ထဲရှိ အရိုးဒိုင်းက သူ့ရဲ့ တစ်ကွက်တည်းသော အားကုန်သုံး တိုက်ခိုက်မှုအား စုပ်ယူသွားတာကို မြင်တွေ့လိုက်ရချိန်မှာတော့ ရန်ခန်း စိတ်ဓါတ်ကျသွားခဲ့ရတယ်။
ရှောင်ရှန်က ရန်ကိုင်ကို လှမ်းကြည့်လိုက်ပြီး ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ရှောင်ရှန်လည်း ပြေးထွက်သွားခဲ့ပြီး လေထဲကနေ ပြုတ်ကျနေတဲ့ ရန်ခန်းကို ဖမ်းလိုက်ကာ မြေကြီးပေါ် အသာအယာ ချပေးလိုက်ပြီးနောက် ပြောလိုက်တယ် “ငါးယောက်သခင်လေး၊ မင်းရှုံးသွားခဲ့ပြီ”
“ခင်းဗျား ဘာတွေလာဂုဏ်ယူပြနေတာလဲ” ရန်ခန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ခါးခါးသီးသီးနဲ့ ပြန်ပြောလိုက်တယ် “ကျုပ်ကို အနိုင်ယူခဲ့တာ ခင်ဗျားမှ မဟုတ်တာ”
ရန်ခန်း မျက်နာက မည်းအိုးသုတ်ခံထားရသလို အနည်းငယ် မည်းနေခဲ့ပြီး သူ့ဆံပင်တွေလည်း မီးကျွမ်း နေခဲံပါတယ်။ လျှပ်စီးနဂါးကို ထုတ်လွှတ်လိုက်တဲ့ အချိန်တုန်းက သူလည်းပဲ ထိခိုက်သွားခဲ့ရပါတယ်။ ဒါကြောင့် သူ့ပုံစံက အခုလိုမျိုး ဖြစ်နေခဲ့ရတာပါ။
အားတင်ပြုံးပြလိုက်ပြီး ရှောင်ရှန်က ခေါင်းညိတ်ပြလိုက်ကာ “ဒေါသမထွက်ပါနဲ့ ငါးယောက်မြောက် သခင်လေး၊ ဗဟိုမြို့တော်စီ မြန်မြန်ပြန်ပြီး သခင်လေးရဲ့ ဒဏ်ရာတွေကို အရင်သွားကုသင့်တယ်”
“ခင်ဗျားကိစ္စသာ ခင်ဗျားအာရုံစိုက်စမ်းပါ” ရန်ခန်း တော်တော်လေး စိတ်ချဉ်ပေါက်နေခဲ့တယ်၊ ရှောင်ရှန်းလည်း ရန်ခန်းကို ဘာမှထပ်မပြောတော့ပဲ ရန်ကိုင်ဘေးသာ သွားရပ်နေလိုက်တယ်။
ရန်မိသားစုဝင် ညီအစ်ကိုနှစ်ယောက်ကြားက တိုက်ပွဲကို တိုက်ကွက်တစ်ကွက်တည်းနဲ့ ဆုံးဖြတ်သွားခဲ့ပါတယ်။ တိုက်ပွဲ ရလဒ်ထွက်ပေါ်လာတာနဲ့ အောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြတယ်။
တကယ်တော့ ရန်ခန်း အဖမ်းခံလိုက်ရတာ သူအမွေခံ တိုက်ပွဲကနေ ထွက်လိုက်ရပြီလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ သူက အမွေခံတိုက်ပွဲကနေ ထွက်သွားရပြီး မှတော့ ဆက်တိုက်နေလို့ကော ဘာအကျိုးရှိဦးမှာလဲ။
အခြားတစ်ဖက်မှာတော့ ကောင်းရုန်ဖုန်းက ဟော်ရှင်းချန်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရင်း ခေါင်းခါ ရမ်းလိုက်ပြီး “သခင်လေးဟော်၊ ငါးယောက်မြောက် သခင်လေး ရှုံးနိမ့်သွားမှတော့ ဆက်ပြီး တိုက်နေစရာ မလိုတော့ပါဘူး”
“ငါတို့ ဘယ်သူနိုင်လဲ ဆိုတာကို မဆုံးဖြတ် ရသေးဘူးလေ။ မင်းဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ သူတို့တွေက သူတို့၊ ငါတို့က ငါတို့ပဲ။ လာစမ်းပါ၊ လာစမ်းပါ၊ ဆက်တိုက်ကြရအောင်” ဟော်ရှင်းချန်က စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ကောင်းရန်ဖုန်းက တုန့်ဆိုင်းတုန့်ဆိုင်နဲ့ အံတင်းတင်းကြိတ်ကာ ပြောလိုက်တယ် “ဒီကောင်း အရှုံးပေးပါတယ်၊ ငါက သခင်လေးဟော်ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး”
တကယ်တမ်း သူလည်း ပြောစရာစကား မဲ့နေခဲ့ပါတယ်။ အပျော်အပါးမက်တဲ့ လူပေလူတေ သခင်လေးဟော်ဆိုတဲ့ လူက ကျင့်ကြံခြင်း အဆင့်တူနေတာတောင် သူ့ကို အလွယ်တကူ ဖိအားပေးနိုင်မယ်လို့ ကောင်းရန်ဖုန်း တစ်ခါမှ မထင်မှတ် ထားခဲ့ပါဘူး။
မဖြစ်နိုင်ဘူး၊ ဟော်ရှင်းချန် ဘယ်တုန်းကများ ဒီလောက်အထိ သန်မာသွားရတာလဲ
“မင်းက အခုလိုပြောလာမှတော့ ငါတို့လည်း ရပ်လိုက်ကြတာပေါ့” ကောင်းရန်ဖုန်း လက်လျှော့လိုက်တာကို တွေ့တော့ ဟော်ရှင်းချန် ရယ်မောလိုက်တယ်။ အခု စိတ်ကောင်းဝင်နေတာ ဖြစ်တဲ့အတွက် ဟော်ရှင်းချန်က ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြောလိုက်တယ် “ညီအစ်ကိုကောင်း၊ ဒီတိုက်ပွဲက ငါတို့ရဲ့ ဆက်ဆံရေးကို မထိခိုက်သွားစေဘူး မလား”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” ကောင်းရန်ဖုန်းက ဟော်ရှင်းချန်ကို တကယ် မနှစ်သက်တာပါ။ နှစ်ယောက်စလုံးက တူညီတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်လို့ ပြောရမှာကိုတောင် ရှက်နေတာပါ။ ပါးစပ်ကသာ ပြောနေပေမယ့် ဟော်ရှင်းချန်နဲ့ သူ့ကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ နည်းနည်းလေးတောင် မတွေးပါဘူး။
“ဟားဟားဟား၊ ကောင်းတယ်၊ နောက်တစ်ခါ ဆောင်ကြာမြိုင်ဆီသွားရင် ညီအစ်ကိုကောင်းကိုပါ တစ်ခါတည်း ဖိတ်ခေါ်ရမယ်” ဟော်ရှင်းချန်က သူ့အသံကို နည်းနည်းလေးတောင် ဖုံးဖိဖို့ မကြိုးစားပဲ အရှက်မဲ့စွာနဲ့ ပြောလိုက်တယ်။
ကောင်းရန်ဖုန်းမျက်နှာ မည်းမှောင်သွားခဲ့ပြီး သူ့မှာ ရှက်လွန်းလို့ ခေါင်းတောင် မဖော်ရဲတော့ပါဘူး။
“ငါနားလည်ပါတယ်ကွာ၊ ငါတို့နှစ်ယောက်စလုံးက ယောကျာ်းတွေပဲဟာကို။ ဒီလောက်လည်း ရှက်မနေပါနဲ့” ဟော်သခင်လေးက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။
Martial Peak
အပိုင်း(၄၈၈) ငါတမင်တကာကို လုပ်ခဲ့တာ
ဖုန်တွေ ရှင်းသွားခဲ့တာ ရန်ခန်း ရှုံးနိမ့်သွားခဲ့ပြီးပါပြီ။
ဒါပေမယ့် တိုက်ပွဲကွင်းပြင်ရဲ့ ထောင့်တစ်နေရမှာတော့ ဒေါင်ချင်းဟန်နဲ့ လူဆောင်းတို့ကတော့ တိုက်ခိုက် နေကြတုန်းပါပဲ။ လူဆောင်းရဲ့ ခွန်အားက မဆိုးလှပါဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒေါင်ချင်းဟန်နဲ့ သူတိုက်ခိုက်ခဲ့ဖူးပါတယ်။ ထို့ကြောင့် နှစ်ယောက်စလုံး တစ်ယောက်ရဲ့ နည်းလမ်းတွေနဲ့ တစ်ယောက် ရင်းနှီးနေခဲ့ကြတယ်။
ဒီညမှာတော့ ဒေါင်ချင်းဟန်က လူဆောင်းကို သီးသန့်ရှာပြီး တစ်ယောက်ချင်း ယှဉ်တိုက်ခဲ့ပါတယ်။
ဒါပေမယ့် ရက်လေး နည်းနည်း ကြာလိုက်တာနဲ့ ဒေါင်ချင်းဟန်ရဲ့ ခွန်အားက တစ်ဟုန်ထိုးတိုးတက် လာလိမ့်မယ်လို့ လူဆောင်း မထင်မှတ်ထားခဲ့ပါဘူး။
နှစ်ကွက်သုံးကွက်လောက် ဖလှယ်ပြီးချိန်၌ လူဆောင်းမှာ ပြန်တောင် မတိုက်နိုင်တော့ပဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။ အခု လူဆောင်းမှာ ဒေါင်ချင်းဟန်လက်ကနေ ခွေးပြေးဝက်ပြေး ထွက်ပြေးနေခဲ့ရပါတယ်။
ဒီကောင် ဒီညဘာတွေ ထဖောက်နေရတာလဲ၊ သူ့ခွန်အားက ဘာလို့ ဒီလောက်အထိ ကြောက်ဖို့ ကောင်းလာရတာလဲကွာ လူဆောင်းက ကြောက်လန့်တကြား ထွက်ပြေးရင်း သူ့ဘာသာ တွေးနေလိုက်တယ်၊ သူ့မျက်နှာ တစ်ခုလုံးကလည်း အညိုအမဲတွေနဲ့ ပြည့်နေခဲ့ပြီး ဖူးရောင်ကိုင်းနေခဲ့ပါတယ်။
“ပြေးစမ်း၊ ဒီသခင်လေးလက်ကနေ လွတ်အောင် ပြေးစမ်း၊ မင်းဘယ်လောက် ပြေးနိုင်မလဲ ကြည့်ရတာပေါ့” ဒေါင်ချင်းဟန်က မုန်းတီးစွာဖြင့် အော်ဟစ်လိုက်တယ်။ သူ့ရဲ့ ခပ်ဝဝခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လူဆောင်းရှေ့ နောက်တစ်ကြိမ် ထပ်ထွက်ပေါ်လာခဲ့ပြီး သူ့မျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။
လူဆောင်းက သူ့လက်ကို ပင့်မြှောက်ပြီး ခုခံဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ဒေါင်ချင်းဟန်က ခပ်မြန်မြန်ပဲ သူ့လက်ရဲ့ လားရာကို ပြောင်းပစ်လိုက်တယ်။
ဖြန်းဆိုတဲ့ မြည်သံနဲ့ သူ့မျက်နှာတစ်ခုလုံး ကျိန်းစပ်သွားသလို လူဆောင်းခံစားလိုက်ရတယ်။
စကားပုံရှိတယ်၊ မင်းရဲ့ အားနည်းချက်ကို ကာကွယ်ဖို့ အခြားသူတွေကို ရိုက်၊ မင်းရဲ့ အားနည်းချက်ကို ဖုံးကွယ်ဖို့ အခြားသူတွေကို ကျိန်ဆဲတဲ့။ ဒေါင်ချင်းဟန်ရဲ့ လူရမ်းကား ဆန်ဆန်အပြုအမူကြောင့် လူဆောင်း သွေးအန်လုမတတ် ဖြစ်နေခဲ့တယ်။ သူကလည်း ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေးတစ်ယောက်ပါ။ ဒီလောက် လူအများကြီးရှေ့မှာ အခြားပထမအဆင့် အင်အားစုတစ်ခုက သခင်လေး တစ်ယောက်ရဲ့ ပါးရိုက်ခြင်းကို ခံရတာ လူဆောင်း မရှက်ပဲ ဘယ်နေပါ့မလဲ။
“ဒေါင်ချင်းဟန်၊ ငါ့ကို အရမ်းတွန်းအား ပေးမလာနဲ့နော်” လူဆောင်းက ဒေါင်ချင်းဟန်ဆီကနေ အကွာအဝေးတစ်ခု ခြားလိုက်ရင်း အော်ပြောလိုက်တယ်။
“တွန်းအားပေးတော့ရော ဘာဖြစ်လဲ၊ မင်းဘာလုပ်နိုင်မှာ မို့လို့လဲ” ဒေါင်ချင်းဟန်က လူဆောင်း မျက်နှာကို နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်တယ်။
ဖြန်း…
ဒေါသက ငယ်ထိပ်ဆောင့်တက် သွားခဲ့ပြီး လူဆောင်း ဘာကိုမှ သေချာမစဉ်းစားနိုင် ဖြစ်သွားခဲ့တယ်၊ ဒါပေမယ့် ဒေါင်ချင်းဟန်ရဲ့ တိုက်ကွက်ကိုမှ သူမတားဆီး နိုင်သေးပါဘူး။ လူဆောင်းမျက်ဝန်းအစုံ ရဲရဲနီနေခဲ့ပြီး ဒေါင်ချင်းဟန်ကတော့ သူ့မျက်နှာကို တစ်ချက်ပြီးတစ်ချက် အားရပါးရ လှိမ့်ရိုက်နေခဲ့တယ်။
“မျက်ကန်းစောက်ရူး၊ စစ်ပွဲမြို့တော်ကနေ ဘာလို့ အခုထိ မထွက်သွားသေတာလဲ” ဒေါင်ချင်းဟန်က အထင်အမြင် သေးသေးနဲ့ ပြောလိုက်ပြီး နောက်တစ်ကြိမ် ထပ်ရိုက်လိုက်ပြန်တယ်။
“ဝမ်းကွဲရေ” ဒေါင်ချင်းဟန်က လေပေါ်ဝဲနေတဲ့ မိန်းမလှလေးဆီ လှမ်းအော်ဟစ် အကူအညီ တောင်းလိုက်တယ်။
“အခုမင်းကို ဘယ်သူမှ မကူနိုင်ဘူးကွ” ဒေါင်ချင်းဟန်က အော်ပြောလိုက်ပြီး လူဆောင်းပါးကို နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်တယ်။
ကောင်းကင်ထက်ဝဲနေတဲ့ ချူရီမန်က ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းခါရမ်းလိုက်ပြီး လူဆောင်းရဲ့ အော်ဟစ် အကူအညီတောင်းခံမှုကို လုံးဝ လျစ်လျူရှုထားလိုက်တယ်။
ရန်ကိုင်အိမ်ကနေ မောင်းထုတ်ခံလိုက်ရပြီးနောက် ချူရီမန်က လူဆောင်းကို စစ်ပွဲမြို့တော်ကနေ ထွက်သွားဖို့ နှစ်ယောက်သား သီးသန့်တွေ့ဆုံ စကားပြောခဲ့ပါတယ်။ ထိုကောင်က မျက်လုံးရှိပေမယ့် မမြင်တတ်ပဲ သူရန်စမသင့်တဲ့ လူတစ်ယောက်ကို ရန်လုံးလုံး သွားစမိပါတယ်။ သူ့လုပ်ရပ်ကြောင့် လူမိသားစုတစ်ခုလုံး ဒုက္ခရောက်သွားမှာစိုးလို့ ချူရီမန်က လူဆောင်းကို အကြင်နာတရား ရှေ့ထားပြီး သတိပေးခဲ့တာပါ။
ဒါပေမယ့် ထိုကောင်စုတ်က သူမ သတိပေးတာကို နည်းနည်းလေတောင် သောက်ဂရုစိုက်ပဲ ရန်ခန်းဆီ သွားပူးပေါင်းခဲ့ပါတယ်။ သူ့ဒဏ်ရာတွေကို ပြန်သက်သာအောင် လုပ်ပြီးတာနဲ့ ရန်ကိုင်က မရမက လိုက်လံနှောင့်ယှတ် ဒုက္ခပေးပါတော့တယ်။
အခုမှ သူမဆီ လာအကူအညီ တောင်းနေတာက… အရမ်းကို နောက်ကျသွားခဲ့ပါပြီ။
ဒေါင်ချင်းဟန်က သူ့ကို သတ်မှာ မဟုတ်ပါဘူး၊ ဒီလိုမျိုး အရှက်တကွဲ အကျိုးနည်းဖြစ်ပြီးနောက်ပိုင်း အမွေခံတိုက်ပွဲ ဆိုတာ သူဝင်ပြိုင်သင့်တဲ့ ပြိုင်ပွဲမျိုးတစ်ခု မဟုတ်ဘူး ဆိုတာကို သူမြင်တတ်သွားလောက်မှာပါ။
မြင်ကွင်းတစ်ခုလုံး ငြိမ်သက်အေးချမ်း သွားခဲ့တယ်။ ရန်ခန်းရှုံးနိမ့်သွားခဲ့ပြီးနောက် အားလုံး တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြတယ်။ ဒေါင်ချင်းဟန် တစ်ယောက်တော့ ချွင်းချက်ပေါ့။ သူက လူဆောင်းကို စိတ်ရှိလက်ရှိနဲ့ အားပါးတရ နှိပ်စက်နေတာပါ။ လူဆောင်းမှာ ဝက်တစ်ကောင်လို အော်မြည်ရင်း အဆက်မပြတ် ထွက်ပြေးနေခဲ့ရတယ်။ သူ့အော်သံကို ကြားလိုက်တဲ့လူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြပါတယ်။
ရန်ခန်းခြံဝန်းရှိ လေထုက ထိုင်းမှိုင်နေခဲ့ပါတယ်။ အခုတိုက်ပွဲ၌ ရန်ခန်းတို့ဘက်မှ အဖွဲ့သား၅၀ ရာခိုင်နှုန်းကျော် ကျဆုံးသွားခဲ့ရပါတယ်။ အခုလောက်အထိ အဆုံးအရှုံး များလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်မှတ်ထားခဲ့ပါဘူး။
ရန်ခန်း စုဆောင်းထားတဲ့ လူအင်အားက အားအကောင်းဆုံး မဟုတ်ပေမယ့် အားအနည်းဆုံးလည်း မဟုတ်ပါဘူး။ တစ်ယောက်ယောက်က သူတို့ကို လာတိုက်ရင်တောင် အခုလိုမျိုး တစ်ဖတ်သတ်ကြီး သတ်ဖြတ်ခံရမှာ မဟုတ်ပါဘူး။
ကံမကောင်းစွာနဲ့ ထိုသွေးလွှမ်းတဲ့ မြင်ကွင်းကို ငေးစိုက်ကြည့်ရင်း အမှန်တရားက သူတို့ကို အသိပြန်ဝင်လာစေခဲ့တယ်။
ဘယ်သူမှ သတိမပြုမိခင်မှာပဲ ရန်ကိုင်က ကျန်တဲ့ ရန်သခင်လေးတွေ အားလုံးသာလွန်တဲ့ အင်အားစုကို ပိုင်ဆိုင်နေနှင့်ပြီးပါပြီ။
ကောင်းကင်ထက်ဝဲနေတဲ့ လူငယ်လေးကို ငေးကြည့်ရင်း အောက်ရှိ လူတော်တော်များများ စွမ်းအားမဲ့သလို ခံစားလိုက်ရတယ်။
“အလံကို သွားယူလိုက်” ရန်ကိုင်က မထူးခြားနားဟန်နဲ့ အမိန့်ပေးလိုက်တယ်။
ရှောင်ရှန်ရဲ့ ပုံရိပ်လက်သွားခဲ့ပြီး ရန်ခန်းစံအိမ်ထဲ တိုးဝင်သွားခဲ့တယ်။ ဘယ်သူမှ သူ့လမ်း ပိတ်ရပ်မနေသလို ဘယ်သူကမှလည်း သူ့ကို မတားဆီးရဲခဲ့ပါဘူး။
အလံကို ဆုံးရှုံးလိုက်ရတာက ရန်ခန်း အမွေခံတိုက်ပွဲ ကနေထွက်လိုက်ရပြီလို့ ကြေညာလိုက်တာနဲ့ အတူတူပါပဲ။
မြေကြီးပေါ်မှာ လဲလျောင်းနေရင်း ရန်ခန်း ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်တယ်။ အခုအချိန်ကနေ စပြီး စစ်ပွဲမြို့တော်မှာ ဖြစ်ပျက်သမျှ အရာတိုင်းက သူနဲ့ ဘာမှမသက်ဆိုင်တော့ပါဘူး။
“ဒီသခင်လေးက မင်းတို့အားလုံးကို အသက်ရှင်ခွင့် ပေးလိုက်မယ်” ရန်ကိုင်က အောက်ဘက်ရှိ အသက်ရှင် ကျန်ရစ်တဲ့ ကျင့်ကြံသူတွေကို ငုံ့ကြည့်ရင်း အော်ပြောလိုက်တယ်။
ရန်ကိုင်ပြောမှာကို အားလုံးက အသက်မရှူတမ်း အာရုံစိုက်နားထောင်နေခဲ့တယ်။
“ငါးယောက်မြောက်အစ်ကိုရဲ့ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို ငါ့ဆီယူလာပေး၊ ပြီးတာနဲ့ စစ်ပွဲမြို့တော်ကနေ ထွက်သွားတော့၊ …မဟုတ်ရင် နောက်တစ်ကြိမ်ကျ ငါကြင်နာနေမှာ မဟုတ်ဘူး”
ဘယ်သူမှ ပြန်မဖြေခဲ့ပါဘူး။ ရန်ကိုင် အပြုအမူက ဓါးပြ တိုက်တယ်လို့ ပြောလို့မရပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒါကအောင်နိုင်သူတစ်ယောက် ရသင့်တဲ့ အကျိုးအမြတ်တွေ ဖြစ်နေတာကြောင့်ပါပဲ။
ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်ပွဲကြီးကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့တဲ့ လူတွေထဲက ဘယ်သူကမှ ဒီနေရာမှာ ဆက်မနေရဲတော့ပါဘူး။ နေချင်ရင်တောင် ရန်ခန်းနဲ့ ရန်ကိုင်တို့ကြားက သဘောတူညီချက် တစ်ခုရှိသေးတယ်လေ။ သူတို့ခေါင်းဆောင်က ရန်ကိုင့် တောင်းဆိုချက်ကို လက်ခံထားပြီးမှတော့ သူ့ရဲ့ အဖွဲ့သားတွေကလည်း သူ့အား အဆုံးထိတိုင် ထောက်ပံ့ပေးရမှာပေါ့။
“ငါပြောတာ ဘယ်သူမှ နားမလည်ကြဘူးလား။ နားမလည်ရင်လည်း ကိစ္စမရှိဘူး၊ အဲ့အကြောင်းနဲ့ ပက်သက်ပြီး ထပ်တွေးနေစရာ မလိုတော့ဘူး။ မင်းတို့အားလုံး ဒီမှာပဲ တစ်သက်လုံးနေသွားတော့” ရန်ကိုင်က အေးစက်စက်လေသံနဲ့ ပြောလိုက်ပြီးနောက် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်တယ်။
“ကျုပ်တို့နားလည်ပါတယ်၊ ကိုးယောက်မြောက် သခင်လေး စိတ်အေးအေးထားပါ၊ ကျုပ်တို့ နားလည်ပါတယ်” တစ်ယောက်ယောက်က ထအော်လိုက်တယ်။ ရန်ကိုင်က စိတ်မရှည်ပဲ သူတို့အားလုံးကို ထသတ်မှာကို ထိုလူတွေ ကြောက်နေခဲ့တာပါ။
“အင်း” ရန်ကိုင်က အသာအယာလေး ပြန်ခေါင်းညိတ်ပြလိုက်တယ်။
“ငါတို့ မြန်မြန်ပြန်သင့်တယ်” ချူရီမန်က တည်ကြည် လေးနက်တဲ့လေသံနဲ့ တိုးတိုးလေး ပြောလိုက်ရင်း သတိထားကာ အရိပ်အမြွက်ပြလိုက်တယ် “ဒီကိစ္စကို မြန်မြန်အဆုံးသတ်ရင် ကောင်းမယ်၊ နင်ဒီမှာ ရှိနေတာ တော်တော်လေး ကြာနေပြီ။ စံအိမ်မှာ လူအများကြီး ကျန်ခဲ့တာ မဟုတ်ဘူး။ နင်ရန်ခန်းကို လာတိုက်တဲ့ အကြောင်းကို ရန်ရှန်း ဒါမှမဟုတ် ရန်ရင် ကြားသွားခဲ့ရင် သူတို့ ဘယ်လိုတွေလုပ်မလဲ ဆိုတာကို ဘယ်သူသိမှာလဲ”
ရန်ကိုင် စံအိမ်မှာရှိတဲ့ အင်အားစုက စုစုပေါင်း အင်အားရဲ့ တစ်ဝက်တောင် မရှိလှပါဘူး။ ရန်ရှန်းနဲ့ ရန်ရင်တို့သာ သူရန်ခန်းကို လာတိုက်နေတဲ့အကြောင်း သတင်းကြားလိုက်တာနဲ့ သူတို့ရဲ့ အင်အားစုတွေကို ခေါ်ပြီး သူ့စံအိမ်ကို သွားတိုက်မှာပါ။
ကျုကောင်းရီ ရှိနေရင်တောင် သူတို့နှစ်ယောက်ပေါင်းရဲ့ ခွန်အားကို ခုခံဖို့ တော်တော်လေး ခက်ခဲမှာပါ။
“ငါရည်ရွယ်ချက် ရှိရှိနဲ့ကို လုပ်ခဲ့တာ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်တယ်။
“နင်ဘာပြောချင်တာလဲ”
“ခြောက်ယောက်မြောက် အစ်ကိုနဲ့ ခုနှစ်ယောက်မြောက် အစ်ကိုက သူတို့ရဲ့ အင်အားစုတွေကို ခေါ်ပြီး ငါ့စံအိမ်ဆီ သွားနေလောက်ပြီ” ရန်ကိုင် ဂရုမထားတဲ့ပုံစံနဲ့ ပြန်ပြောလိုက်တယ်။
“နင်သူတို့ လှုပ်ရှာပြီဆိုတာ နင်သေချာလား” ချူရီမန်ရဲ့ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့တယ်။
“သေချာတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။
“ဒါဆိုရင် နင်ဘာလို့ နည်းနည်းလေးတောင် စိတ်မပူရတာလဲ” ချူရီမန် အော်ပြောလုမတတ် ဖြစ်သွားခဲ့တယ်။ ရန်ရှန်းနဲ့ ရန်ရင်တို့ သူ့စံအိမ်ကို သွားတိုက်အောင် ရန်ကိုင်ဘာလို့ အချိန်ဆွဲနေမှန်း သူမ နားလည်ကိုမလည်နိုင်ပါဘူး။
“အဲ့ကိစ္စနဲ့ပက်သက်ပြီး စိတ်ပူမနေပါနဲ့၊ အလံက အဆင်ပြေမှာပေါ” ရန်ကိုင်က အသာအယာလေး ခေါင်းခါရမ်းလိုက်တယ်။ ကျုကောင်းရီနဲ့ အလံလုံခြုံရေးကို အာမမခံနိုင်ပေမယ့် မန်ဝူရလည်း အိမ်မှာ ရှိနေတယ်လေ။
အမွေခံတိုက်ပွဲမှာ ဝင်ပါမှာမဟုတ်ဘူးလို့ သူပြောခဲ့ပေမယ့် ရန်သူတွေက အိမ်တံခါးလာခေါက်တဲ့ အခါကျ သူက ဒီအတိုင်း ထိုင်ကြည့်နေမှာတဲ့လား။ ရန်ကိုင် မန်ဝူရအပေါ် ယုံကြည်ချက် အပြည့်ရှိပါတယ်။
“ဒီညက ရှားရှားပါးပါး အခွင့်အရေး တစ်ခုပဲ” ရန်ကိုင်က ရယ်မောလိုက်ပြီး “ခြောက်ယောက်မြောက်အစ်ကိုရဲ့ နေရာက ပိုနီးတယ်ဆိုတော့ ငါတို့ သူ့စံအိမ်ဆီပဲ သွားကြတာပေါ့”
ချူရီမန် တစ်ကိုယ်လုံး တောင့်တင်သွားခဲ့ပြီး ရန်ကိုင်ကို ကြောင်အမ်းအမ်းနဲ့ ငေးစိုက်ကြည့်နေခဲ့တယ် “ဒီညကို နင်ဘယ်လောက်များများနဲ့ အဆုံးသတ်ချင်နေတာလဲ”
“များနိုင်သလောက်ပေါ့” ရန်ကိုင်က သာမန်ကာလျှံကာ ပုံစံနဲ့ ပြန်ပြောလိုက်တယ်။
ဒီညက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးကြီး တစ်ခုပါ။
ရန်ကိုင်က ဆန်းကြယ်အဆင့် လက်နက်ကို အခြားသခင်လေးတွေက ရက်များစွာအရင် ကြိုတင် သန့်စင်ပြီးစီးခဲ့ပါတယ်။ ပြီးတော့ နတ်ဆိုးအိုကြီးရဲ့ ရောက်ရှိလာမှုနဲ့ ရင်းဂျုရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှုတို့ကြောင့် သူ့ရဲ့ ခွန်အားက ကျန်တဲ့ ရန်သခင်လေးတွေထက် ပိုပြီး သာလွန်နေခဲ့ပါတယ်။
ဒီအားသာချက်တွေကို တစ်ကြိမ်ပဲ ထုတ်ဖော်လို့ ရပါမယ်။ နောက်တစ်ကြိမ်ဆိုရင် သူ့ညီအစ်ကိုတွေက ကောင်းကောင်း ပြင်ဆင်ထားကြတော့မှာ ဖြစ်တဲ့အတွက် အခုလောက် အကျိုးသက်ရောက်မှု ရှိတော့မှာ မဟုတ်ပါဘူး။
ရန်ကျောင်းအိမ်…
ရန်ကျောင်းက မဲ့ပြုံးပြုံးရင်း အင်အားစုတစ်ခုကို ဦးဆောင်ကာ သူ့ခြံဝန်းရှေ့မှာ ရှိနေတဲ့ ရန်ဝေ အင်အားစုတွေနဲ့ သွားတွေ့လိုက်တယ်။
ညီအစ်ကိုနှစ်ယောက်က စကားလေး အနည်းငယ်သာ ပြောခဲ့ပြီး ဒီအတိုင်း မတ်တပ်ရပ်နေခဲ့ကြတယ်၊ ဘယ်သူ့ဘက်ကမှ စမတိုက်ခဲ့ကြပါဘူး။
သူ့ရဲ့ အစ်ကိုအကြီးဆုံးက ဒီကို နှောင့်ယှတ်သက်သက် ရောက်လာခဲ့တယ် ဆိုတာကို ရန်ကျောင်း သိထားပါတယ်။
ရုတ်တရက် တစ်ယောက်ယောက် ပြေးဝင်လာခဲ့ပြီး၊ ရန်ကျောင်း နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ်။ ရန်ကျောင်းရဲ့ အမူအရာလည်း သုန်မှုန်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ရန်ဝေလည်း ရန်ကျောင်းနဲ့ တူညီနဲ့ သတင်းအချို့ကို ရလိုက်တယ်။
တစ်ခဏကြာပြီးနောက် ညီအစ်ကိုနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး ရန်ကျောင်းက ရန်ဝေဆီ လှမ်းကြည့်လိုက်ကာ “အစ်ကိုကြီး၊ ကိုးယောက်မြောက် ညီလေး လက်ရှိခွန်အားကို မင်းသိလား”
“နည်းနည်းပါးပါးပဲ သိတယ်၊ ဒါပေမယ့် ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” ရန်ဝေက ပုခုံးတွန့်ပြလိုက်တယ်။
ရန်ခန်းထုတ်ပယ်ခံရမယ်လို့ သူတို့ နှစ်ယောက်လုံး မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ရန်ကိုင်က ရန်ခန်းကို အနိုင်ယူနိုင်ဖို့အတွက် လူအင်အားဘယ်လောက်မှ မဆုံးရှုံးခဲ့တာက သူတို့ကို အံ့အားသင့်သွားစေခဲ့ပါတယ်။
ရန်ကိုင်အနေနဲ့ ရန်ခန်းကို အနိုင်ယူချင်တယ်ဆိုရင် တန်ဖိုးတစ်ခုကို ပေးဆပ်ပြီးမှ အနိုင်ရလိမ့်မယ်လို့ ရန်ဝေရော၊ ရန်ကျောင်းရော ထင်နေခဲ့ကြတာပါ။ တကယ်တော့ တစ်ဖက်က လာတိုက်တာ၊ တစ်ဖက်ကာ ခုခံတာ၊ တိုက်ခိုက်တဲ့ ဘက်က အင်အား အကုန်အစင်ကို ခေါ်မလာနိုင်တဲ့အပြင် ခုခံဘက် မြေနေရာအားသာချက် အပိုင်ရထားပါတယ်။
ဒါပေမယ့် တိုက်ပွဲအကြောင်း သတင်းတွေ ကြားလိုက်ရတာနဲ့ နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ပြီး သူတို့မျက်နှာထက် စိုးရိမ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။
“အစ်ကိုကြီး၊ ငါတို့ နှစ်ယောက် ပူးပေါင်းကြရင် ဘယ်လိုလဲ။ ကိုးယောက်မြောက်ညီလေးက အရမ်းကို အားကောင်းနေပြီ။ ဒီတစ်ကြိမ် ငါးယောက်မြောက် ညီလေးကို သူအလွယ်တကူ အနိုင်ယူနိုင်ခဲ့တယ်။ ငါတို့သာ ဘာမှမလုပ်ပဲ ဒီအတိုင်း ထိုင်ကြည့်နေမယ်ဆိုရင် ကိုးယောက်မြောက် ညီလေးက ပိုပိုပြီး အားကောင်းလာမှာ။ အဲ့လို ဖြစ်သွားတာနဲ့ ငါတို့နှစ်ယောက် ပူးပေါင်းရင်တောင် သူ့ကို အနိုင်ယူနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်”
ရန်ဝေ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး ချက်ချင်း ပြန်မဖြေခဲ့ပါဘူး။
ရန်ကျောင်းက ပြုံးပြီး ဆက်ပြောလိုက်တယ် “အစ်ကိုကြီးကလည်း၊ ဘာတွေ တုန့်ဆိုင်းနေရတာတုန်း။ ကိုးယောက်မြောက်ညီလေးက အခုဆို တော်တော်လေး သန်မာနေပြီနော်။ ငါထင်တာသာ မှန်ရင် သူ့ရဲ့ နောက်ပစ်မှတ်က ခြောက်ယောက်မြောက် ဒါမှမဟုတ် ခုနှစ်ယောက်မြောက် ညီလေးပဲ။ သူတို့ နှစ်ယောက်စလုံးက အနိုင်ယူပြီးတာနဲ့ ကိုးယောက်မြောက်ညီလေးရဲ့ မြှားဦးက ငါတို့ဘက် လှည့်လာတော့မှာ။ ငါတို့ကြားက ထိပ်တိုက်တွေ့ဆုံရမှာကို ရှောင်လွှဲလို့ မရတော့မှတော့ ငါတို့နှစ်ယောက် အတူပူးပေါင်းပြီး သူ့ကို ဘာလို့ မရှင်းပစ်ရတာလဲ”
ဒါပေမယ့် ရန်ဝေက ခေါင်းသာခါရမ်းလိုက်ပြီး “ငါဒီည သူနဲ့ပူးပေါင်းခဲ့ရတာက တစ်ကြိမ် အကျိုးအမြတ်ကြောင့်ပဲ။ ဒါပေမယ့် သူ့အနေနဲ့ ခြောက်ယောက်မြောက်ညီလေးနဲ့ ခုနှစ်ယောက်မြောက် ညီလေးကို အနိုင်ယူချင်တယ်ဆိုရင် အချိန်ယူရဦးမယ်လို့ ငါထင်တယ်။ သူငါတို့ဘက် မြှားဦးလှည့်လာရင် အဲ့ကျမှ ငါတို့ပူးပေါင်းလို့လည်း နောက်မကျသေးပါဘူး”
ရန်ကျောင်း တစ်ခဏတာလောက် တုန့်ဆိုင်းသွားခဲ့ပြီး ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ”
“ငါ့ကိစ္စပြီးမှတော့ ငါအရင်ပြန်နှင့်တော့မယ်” ရန်ဝေ ဘာမှထပ်မပြောတော့ပဲ သူ့အင်အားစုတွေကို ဦးဆောင်ပြီး ချက်ချင်း ပြန်ဆုတ်သွားခဲ့တယ်။
ရန်ဝေရဲ့ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ပုံရိပ်ကို ကြည့်ရင်း ရန်ကျောင်း မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “ကိုးယောက်မြောက်ညီလေး အို ကိုးယောက်မြောက်ညီလေး၊ ဘယ်လို မွန်းစတားတွေကိုများ စုဆောင်းထားနိုင်လို့ အခုလိုများ မင်းလုပ်နိုင်နေရတာလဲ”
တစ်ခဏကြာပြီးနောက် ရန်ကျောင်းက သူ့အား သတင်းလာပို့တဲ့လူကို ရန်ခန်းနဲ့ ရန်ကိုင်တို့ ကြားက တိုက်ပွဲအကြောင်း သေသေချာချာ မေးမြန်းလိုက်တယ်။
နတ်ဆိုးအိုကြီးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်း တွေကို သတိပြုမိလိုက်တာနဲ့ ရန်ကျောင်း ထိတ်လန့်တုန်လှုပ် သွားခဲ့ရတယ် “သူက နတ်ဆိုးတစ်ကောင် မဟုတ်ဘူးလား”
“ဒီလက်အောက်ငယ်သား မြင်ရသလောက်လို သူက တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ။ ငါးယောက်မြောက် သခင်လေးရဲ့ အဖွဲ့သားတွေက အဲ့နတ်ဆိုးကြောင့် ဒုက္ခရောက်ခဲ့ရတာ။ အဲ့နတ်ဆိုးသာမရှိရင် ငါးယောက်မြောက် သခင်လေး အခုလို ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရမှာ မဟုတ်ဘူး”
လက်နက်လုတိုက်ပွဲ မတိုင်ခင်တုန်းက ညီအစ်ကို ခြောက်ယောက်ကြားက အကြမ်းဖျင်း အတူတူလောက်ပါပဲ။ သူတို့ကြားမှာ ကွာခြားချက်တွေ ရှိနေတယ် ဆိုရင်တောင် ကွာခြားချက်က အရမ်းကြီး မကြီးမားလှပါဘူး။ ထို့ကြောင့် ဘယ်သူကမှ အရင်တိုက်ပွဲ မစခဲ့ပါဘူး။ ကိုယ်ကောက်ပြီး ကျောက်တုံး ကိုယ့်ခြေထောက်ပေါ် ပြန်ပြုတ်ကျမှာကို ဘယ်သူမှ မလိုလားပါဘူး။
ဒါပေမယ့် ပိုကျင်းရေကန် တိုက်ပွဲပြီးနောက် ရန်ကိုင်နဲ့ သူ့ညီအစ်ကိုတွေကြားက ခွန်အားကွာခြားချက်က တော်တော်လေးကို ကြီးမားသွားခဲ့ရပါတယ်။
အဲ့သွေးဆာနေတဲ့ နတ်ဆိုးက တကယ်ပဲ ဘယ်သူလဲ။ ထိုလူအကြောင်း တစ်ကြိမ်တစ်ခါလေးတောင် သူဘာလို့ မကြားခဲ့ဖူးရတာလဲ။
“ရှင်းရို့” ရန်ကျောင်းက တည်တည်ငြိမ်ငြိမ် အော်ခေါ်လိုက်တယ်။
“ဒုတိယသခင်လေး ဘာများညွှန်ကြားချင်လို့ပါလဲ” ရီရှင်းတို့ သိမ်မွေ့ကျော့ရှင်းစွာနဲ့ လမ်းလျှောက်လာလိုက်ပြီး ချိုသာတဲ့လေသံလေးနဲ့ မေးလိုက်တယ်။
“လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်အကြောင်း ဘာသတင်းမှ မရသေးဘူးလား”
ရီရှင်းရို့က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “အခုထိ မရသေးဘူး။ ပိုကျင်ရေကန်မှာ ပေါ်လာပြီးကတည်း အခုထိ တစ်ခါမှ ထပ်ထွက်မပေါ်လာသေးဘူး’
“ဆက်ရှာနေလိုက်” ရန်ကျောင်း မျက်မှောင် ကြုံ့လိုက်ပြီး “အဲ့လူကို ရအောင်ရှာပြီး ငါတို့ဘက်ကို မရရအောင် ဆွဲခေါ်ရမယ်”
ပိုကျင်းရေကန်မှာ ထွက်ပေါ်လာခဲ့တဲ့ ဆန်းကြယ်အဆင့် ပညာရှင်က ရှစ်ခုမြောက် ဆန်းကြယ်အဆင့် လက်နက်ကို လုယူသွားခဲ့ပါတယ်။ ရန်ကိုင်သာ သူမဘယ်သူလဲ ဆိုတာကို သိချင်နေတာ မဟုတ်ပဲ ရန်ကျောင်းလည်း သူမဘယ်သူလဲ ဆိုတာကို သိချင်နေခဲ့ပါတယ်။
ထိုကဲ့သို့ အားကောင်းတဲ့ ပညာရှင် တစ်ယောက်ကိုသာ သူဘက် ဆွဲခေါ်ထားနိုင်ခဲ့ရင် ရန်ကျောင်း ရန်ကိုင်ကို ကြောက်နေစရာ လိုဦးပါ့မလား။ ထိုကဲ့သို့ စဉ်းစား မိလိုက်တာနဲ့ ရန်ကျောင်း ထိုဆန်းကြယ်တဲ့ ပညာရှင်ကို အပူတပြင်း ရှာဖွေပါတော့တယ်။ ကံမကောင်းစွာနဲ့ ရက်ပေါင်းများစွာ ကြာပြီးတာတောင် ထိုလျှို့ဝှက် ဆန်းကြယ်တဲ့ ပညာရှင်နဲ့ ပက်သက်သည့် သတင်းအစအန နည်းနည်းလေးကိုမှ သူမရရှိသေးသပါဘူး။
Martial Peak
အပိုင်း(၄၈၉) မဟာအရှုံးသမား
ဒီည ရန်ကိုင်က ရန်ခန်းကို ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး အကြီးဆုံးသခင်လေး ရန်ဝေက သူ့လူတွေကိုခေါ်ကာ ရန်ကျောင်းကို သွားတားခဲ့တယ်။ သူတို့ နှစ်ယောက်ကြောင့် တိုက်ပွဲကွင်းပြင် နှစ်ခုလုံး မီးခိုးတလူလူ ဖြစ်သွားခဲ့တယ်။
သတင်းကြားလိုက်တာနဲ့ ရန်ရှန်းလည်း အခွင့်ကောင်း တစ်ခုရပြီဆိုပြီး ရန်ရင်ဆီ လှမ်းသတင်း ပို့လိုက်တယ်။ နှစ်ယောက်စလုံး သူတို့ရဲ့ အင်အားစုတွေကို ဦးဆောင်ပြီး ရန်ကိုင်စံအိမ်ဆီ ချီတက်သွားခဲ့ကြတယ်။
အနိုင်သေချာဖို့အတွက် ရန်ရှန်းနဲ့ ရန်ရင်တို့ နှစ်ယောက် စလုံး သူတို့ရဲ့ သွေးစစ်သည်တော်တွေနဲ့တကွ စုစုပေါင်း အင်အားရဲ့ ၇၀ရာခိုင်နှုန်းကိုပါ ခေါ်ဆောင်သွားခဲ့ပါတယ်။
ရန်ကိုင် ခံစစ်ကို မြန်နိုင်သမျှ မြန်မြန်ချိုးဖျက်ပြီး သူ့ရဲ့ အလံကို သူတို့ လုယူချင်နေမိပါပြီ။
ရည်မှန်းချက်ကြီးမားတဲ့ ရန်ရှန်းကို အသာထား၊ ဒီလိုအခွင့်အရေးမျိုးရတဲ့ လူတိုင်း အခုလို ဆုံးဖြတ်ချက်မျိုး ချကြမှာပါ။
ဒါက သူတို့အတွက်တော့ တကယ်ကို ရှားပါတဲ့ အခွင့်အရေးကြီးတစ်ခုပါ။
ဒါပေမယ့် ရန်ရှန်းက အခြေအနေကို လုံးဝလွဲမှားစွာ တွက်ချက်မိခဲ့ပါတယ်။
ရန်ကိုင်နဲ့ ရန်ခန်းတို့ တိုက်ခိုက်နေတဲ့အချိန် သူနဲ့ရန်ရင်က ရန်ကိုင်စံအိမ်က အလံကို အလွယ်တကူ ရယူနိုင်မယ်လို့ ရန်ရှန်း တွေးနေခဲ့တာပါ။
သူနဲ့ရန်ရင်တို့ နှစ်ယောက်သား ရန်ကိုင်စံအိမ်က အလံကို ကိုင်ပြီး အောင်မြင်မှုအသီးအပွင့်ကို စားသောက်နေတဲ့ အချိန် ရန်ကိုင်နဲ့ ရန်ခန်းတို့ နှစ်ယောက်စလုံး စိတ်ဓါတ်ကျကျနဲ့ အမွေခံတိုက်ပွဲကနေ ထွက်ရတဲ့မြင်ကွင်းကိုတောင် သူကြိုတင် မြင်ယောင်ပြီးနေပါပြီ။
အဖွဲ့နှစ်ခုက မကြာခင်မှာပဲ ရန်ကိုင်ခြံဝန်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့တယ်။
တိုက်ကွက် အနည်းငယ်လောက် ဖလှယ်ပြီးနောက် ရန်ကိုင်စံအိမ်မှာ စောင့်ကြပ်နေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး နောက်ပြန်ဆုတ်လိုက်ရတယ်။
စံအိမ်မှာကျန်ခဲ့တဲ့ အင်အားစုတွေက ပန်းပေါင်းတစ်ထောင်နန်းတော်၊ ငှက်မွှေးပျံအိမ်တော်၊ ရှန်မိသားစု၊ လရောင်ပြန်ဂိုဏ်း၊ သွေးတိုက်ပွဲဂိုဏ်းနဲ့ တစ္ဆေဘုရင်တောင်ကြား အင်အားစုတွေပါ။ သူတို့ လူအင်အားလေးနဲ့ ရန်ရင်နဲ့ရန်ရှန်းတို့ နှစ်ယောက်ပေါင်း အင်အားစုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။
ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ နှစ်ယောက်စလုံး စံအိမ်မှာ ရှိမနေခဲ့ပါဘူး။ ထို့ကြောင့် အားလုံးက ခေါင်းမဲ့နေတဲ့ ယင်ကောင်တွေလိုပါပဲ။ ဒါပေမယ့် ပန်းပေါင်းတစ်ထောင် နန်းတော်က စီနီယာအစ်မကြီး ဟန်ရှောင်ချီကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေနိုင်ခဲ့ပါတယ်။
သူမရဲ့ ညွှန်ကြားချက်အောက်မှာပဲ ကျန်တဲ့အင်အားစုတွေ အကုန်လုံးက တဖြည်းဖြည်းနဲ့ အခြေကျ တည်ငြိမ်သွားခဲ့တယ်။
ကံမကောင်းစွာနဲ့ သူတို့ကြားက ခွန်အား ကွာခြားချက်ကြောင့် သူမတို့မှာ ရန်ရှန်းနဲ့ ရန်ရင်တို့ အင်အားစုတွေကို မခုခံနိုင်ဖြစ်ခဲ့ကြရပါတယ်။
ရန်ရှန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး အပျော်လွန် သွားခဲ့ပြီး အလံကို လုယူဖို့ အဓိကခန်းမထဲ အလျင်အမြန် ပြေးဝင်သွားခဲ့ကြတယ်။
အလံကို စောင့်ကြပ်နေတဲ့ ကျုကောင်းရီက သွေးရူးသွပ်ခြင်းပညာရပ်ကို တုန့်ဆိုင်းခြင်းမရှိ ထုတ်သုံးခဲ့ပြီး လူအုပ်ကြီးတစ်ခုလုံးကို သူတစ်ယောက်တည်းနဲ့ ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ ကျုကောင်းရီကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေတာနဲ့ ရန်ရှန်းနဲ့ရန်ရှန်တို့ နှစ်ယောက်စလုံး စိုးရိမ်လာလာခဲ့ကြတယ်။
အဲ့အချိန်မှာပဲ သူတို့အဖွဲ့သားတွေထဲက တစ်ယောက်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခုကို သယ်ဆောင်လာခဲ့တယ်။
ရန်ခန်း ရှုံးနိမ့်သွားခဲ့ပြီတဲ့။
ရန်ခန်း ပိုးစိုးပက်စက်ကို ရှုံးနိမ့်သွားခဲ့တာပါ။ သူ့အနေနဲ့ ရန်ကိုင်အင်အားစုတွေကို နည်းနည်းလေးတောင် ခုခံနိုင်ခြင်း မရှိပဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာပါ။ ရန်ကိုင်က သူ့အင်အားစုတွေကို ဦးဆောင်ပြီး ရန်ခန်း ခြံဝန်းဆီကနေ ပြန်ထွက်ခွါလာနေခဲ့ပါပြီ။
ရန်ရှန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး ထိတ်လန့် သွားခဲ့ကြပြီး တုန့်ဆိုင်းမနေတော့ပဲ သူတို့ရဲ့ သွေးစစ်သည်တော်တွေကို ဦးဆောင်ကာ တိုက်ပွဲထဲ တိုးဝင်သွားခဲ့ကြတယ်။ ရန်ကိုင် ပြန်ရောက်မလာခင် ဒီက ကိစ္စတွေကို မြန်မြန် အဆုံးသတ်ရပါမယ်။
ကျုကောင်းရီရဲ့ ခွန်အားက တကယ်ကို အံ့အားသင့်ဖွယ် ကောင်းလှပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူက တစ်ယောက်တည်းပဲ ရှိတာလေ။ ရန်ရှန်း ဒါမှမဟုတ် ရန်ရင်ရဲ့ ဘယ်သွေးစစ်သည်တော်မဆို သူ့ကို တားဆီးထားလို့ ရပါတယ်။
ရန်သခင်လေး နှစ်ယောက်ရဲ့ သွေးစစ်သည်တော်တွေပါ တိုက်ပွဲထဲ ဝင်ပါလာတဲ့အခါမှာတော့ ကျုကောင်းရီလည်း ထိုလူတွေကို မတားဆီးနိုင်တော့ပါဘူး။
အလံက သူတို့လက်ထဲ ရောက်တော့မယ့် အချိန်မှာပဲ ဆံဖြူအဖိုးကြီးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ အဖိုးကြီးရဲ့ မျက်နှာက မလုပ်ချင်တဲ့ အလုပ်ကို အတင်းလုပ်နေရသည့်အလား ဆေးခါးကြီး စားထာသလို ရှုံ့မဲ့နေခဲ့ပါတယ်။ ဒါပေမယ့် ထိုဆံဖြူ အဖိုးအိုကြီးက အလံကို လုယူဖို့ သွားနေတဲ့ ကျင့်ကြံသူကို အလွယ်တကူပဲ တားဆီးခဲ့ပါတယ်။
ရန်ရှန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံးရဲ့ မျက်ဝန်းတွေ သွေးရောင်ရဲသွားခဲ့တယ်။ အောင်မြင်မှုက လက်တစ်ကမ်း အလိုရောက်နေတဲ့ အချိန်မှာပဲ ဘယ်ကနေမှန်းမသိ အဖိုးကြီး တစ်ယောက်ပေါ်လာပြီး သူတို့အားလုံးကို တားဆီးသွားခဲ့တယ်။
ဒီအလို အခြေအနေမျိုး ရောက်နေမှတော့ သူတို့ကကော လက်လျှော့ချင်ပါ့မလား။ ဘယ်လျှော့ချင်ပါ့မလဲ။ နှစ်ယောက်စလုံး သူတို့ခေါ်လာတဲ့ ပညာရှင်တွေ အကုန်လုံးကို ထိုလူအိုကြီးအား တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။
ထိုလူအိုကြီးရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ ကောင်းမှန်း မကြာခင်မှာပဲ သူတို့ တွေ့ရှိသွားခဲ့ရတယ်။ ထိုလူအိုကြီးရယ်၊ ကျုကောင်းရီရယ်နဲ့ ရန်ကိုင်စံအိမ်မှာ ကျန်ရစ်ခဲ့တဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေရယ်၊ အားလုံးပေါင်းလိုက်တော့ အလံကို ကာကွယ်ထားတဲ့ ခံစစ်က ခြစ်တစ်ကောင်တောင် ဖြတ်မဝင်နိုင်တဲ့အထိ တောင့်တင်းခိုင်မာ သွားခဲ့တယ်။
ရန်ရှန်းနဲ့ ရန်ရင်တို့ နှစ်ယောက်စလုံး အချိန်အတော် ကြာအောင် အသည်းအသန် ကြိုးစား တိုက်ခိုက်ခဲ့တယ်။
ဒါပေမယ့် အချိန်အတော် ကြာပြီးတာတောင် ရန်ကိုင် ပြန်မလာသေးခဲ့ပါဘူး။
ထိုထူးထူးဆန်းဆန်း အခြေအနေကို စဉ်းစားရင်း အရမ်းကို အံ့အားသင့်ဖွယ် ဖြစ်နိုင်ချေတစ်ခုကို သူတို့ ရုတ်တရက် စဉ်းစားမိလိုက်တယ်။ သူတို့ဘာဆိုဘာမှ မပြောရသေးခင်မှာပဲ သူတို့အဖွဲ့သားတွေထဲက တစ်ယောက်က တုန်လှုပ်ချောက်ချားစွာနဲ့ အော်ပြောလိုက်တယ် “ခြောက်ယောက်မြောက် သခင်လေး၊ မကောင်းတော့ဘူး။ ကိုးယောက်မြောက် သခင်လေးက သူ့လူတွေကို ဦးဆောင်ပြီး သခင်လေးရဲ့စံအိမ်ကို သွားတိုက်နေပြီ’
ထိုစကားကို ကြားလိုက်တာနဲ့ ရုတ်တရက်ကြီး ရေခဲကန်ထဲ ပစ်ချခံလိုက်ရသလို ရန်ရှန်း ခံစားလိုက်ရတယ်။
ရန်ကိုင်စံအိမ် အားနည်းနေတာကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တာပါ။ ရန်ကိုင်က ရန်ခန်းကို အနိုင်ယူပြီးတာနဲ့ သူ့လိုမျိုး စဉ်းစာနေလိမ့်မယ်လို့ ရန်ရှန်း ဘယ်လိုလုပ်ပြီး ထင်ထားပါ့မလဲ။
“ခြောက်ယောက်မြောက်အစ်ကို…” ရန်ရင်က တုန်လှုပ်ချောက်ချားစွာဖြင့် ရန်ရှန်းဆီ လှမ်းကြည့်လိုက်တယ်။
“ပြန်ဆုတ်မယ်” ရန်ရှန်း ချက်ချင်း အမိန့်ပေးလိုက်တယ်။ သူဘယ်လိုလုပ်ပြီး တုန့်ဆိုင်းနေရဲပါတော့မလဲ။ ဒီမှာ ဆက်နေနေလို့လည်း အလံကို လုလို့ရမှာမှ မဟုတ်တာ။ သူ့ခြံဝန်းက မီးစွဲနေခဲ့ပြီ။ ရန်ရှန်း ဒီမှာ ဆက်ပြီး အချိန်ကုန်ခံနေလို့ မဖြစ်တော့ပါဘူး။
ရန်ရင်က အံတင်းတင်းကြိတ်ပြီး ဆံဖြူလူအိုကြီးကို မုန်းတီးစွာနဲ့ စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ ထို့နောက် ပြန်ဆုတ်ဖို့ သူ့အင်အားစုတွေကို အမိန့်ပေးလိုက်တယ်.
လမ်းတစ်ဝက်ရောက်တဲ့ အချိန်မှာပဲ ရင်းနှီးနေတဲ့ ကျင့်ကြံသူတွေနဲ့ ရန်ရှန်း သွားတိုးခဲ့ကာ သူ့မျက်နှာ တစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့တယ်။
“ခြောက်ယောက်မြောက်သခင်လေး” ရန်ရှန်းနဲ့ ရန်ရင်ကို တွေ့တာနဲ့ ထိုကျင့်ကြံသူတွေက သူတို့နှစ်ယောက်ဆီ အလျင်အမြန် ပြေးသွားလိုက်ကြတယ်။ ခါးခါးသီးသီး ရှိုက်ငိုကြွေးရင်း “ကိုးယောက်မြောက် သခင်လေးက အရမ်း အရှက်မဲ့တာပဲ။ သူ့ရဲ့ အင်အားစုတွေနဲ့ စံအိမ်ထဲ တိုးဝင်လာပြီး ကျုပ်တို့ လူတော်တော်များများကို သတ်ဖြတ်သွားခဲ့တယ်။ စံအိမ်ထဲမှာ ရှိနေတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ယူသွားသေးတယ်။ ကျုပ်… ကျုပ်တို့လည်း အလံကို မကာကွယ်နိုင်ခဲ့ပဲ လက်လွှတ်လိုက်ရတယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ရှန်း မြေကြီးပေါ် ပြုတ်ကျသွားခဲ့တယ်။ သူ့မျက်နှာထက် ကြီးစွာသော ဝမ်းနည်းမှု၊ နောင်တတရားတို့ဖြင့် ပြည့်နေခဲ့တယ်။
သူက ဒီညရဲ့ မဟာအရှုံးသမားကြီး တစ်ယောက် ဖြစ်သွားခဲ့လေပြီ။
ရန်ခန်းကို ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက် တိုက်ခိုက်ခဲ့ပါတယ်။ ရန်ခန်းက သူ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပဲ ပြတ်ပြတ်သားသားကို ရှုံးနိမ့်ခဲ့ရပေမယ့် ရန်ခန်းက တန်ပြန် တိုက်ခိုက်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူကျတော့ကော။ သူ့ကိုယ်တော် လူတော်ကြီးထင်ပြီး အခြေအနေကို အခွင့်ကောင်း ယူဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် တစ်ဖက်သူရဲ့ လှည့်ကွက်ထဲ ကျဆင်းသွားခဲ့ရပြီး ခုခံဖို့ အခွင့်အရေးတောင် မရပဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။
ရန်ကိုင်နဲ့ ရန်ခန်းတို့ကြားက တိုက်ပွဲက ဒီလောက်မြန်မြန်နဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ သူလုံးဝကို မထင်ထားခဲ့တာပါ။ ပြီးတော့ ရန်ကိုင်စံအိမ်ရဲ့ ခံစစ်က ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့လည်း သူမထင်ထားခဲ့ပါဘူး။
တစ်ချက်ကလေး မှားယွင်းသွားခဲ့လို့ အားလုံး ရေစုန်မျောသွားခဲ့ရလေပြီ။
“ခြောက်ယောက်မြောက်အစ်ကို…” ရန်ရင့်စကား အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့တယ်၊ ရန်ရှန်းကို ဘယ်လိုနှစ်သိမ့်ပေးရမှန်း မသိတဲ့အတွက် သူ့နာမည်ကိုသာ ညင်သာသိမ်မွေ့စွာနဲ့ပဲ ခေါ်ထွက်နိုင်လိုက်တယ်။
ရန်ရှန်း ရုတ်တရက် အလွန်အမင်း တည်ငြိမ်သွားခဲ့ပြီး တည်ကြည်လေးနက်တဲ့ လေသံနဲ့ပြောလိုက်တယ် “ခုနှစ်ယောက်မြောက်ညီလေး၊ ငါ့ကို မိသားစုဆီ ခေါ်သွားပြီး အထောက်အပံ့ ပစ္စည်းအချို့နဲ့ လဲလှယ်လိုက်။ ပြီးတော့ ငါ့မှာ ကျန်ရှိနေသေးတဲ့ လက်ကျန် ကျင့်ကြံသူတွေကိုပါ မင်းနဲ့အတူ ခေါ်သွားလိုက်”
“ခြောက်ယောက်မြောက်အစ်ကို” ရန်ရင်က ထိတ်လန့် တကြားနဲ့ ထအော်လိုက်ပြီး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အော်သာအော်လိုက်ပြီး ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ သူတို့ နှစ်ယောက်က ညီအစ်ကိုအရင်းတွေပါ၊ အမွေခံတိုက်ပွဲမှာ တစ်ယောက်ကို တစ်ယောက် ကူညီကြတာ သဘာဝပါပဲ။
အခု သူ့အလံကို ဆုံးရှုံးလိုက်ရပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပြီ ဖြစ်တဲ့အတွက် ရန်ရှန်းလည်း ရန်ရင်ရဲ့ ခွန်အားကို တတ်နိုင်သမျှ တောင့်တင်းသွားအေင် လုပ်ပေးချင်တာ သဘာဝပါပဲ။
“မင်းဘာရပ်လုပ်နေသးတာလဲ။ ကိုးယောက်မြောက် ညီလေးက ဒီလောက်နဲ့တင် တင်းတိမ်ချင်မှ တင်းတိမ်မှာ။ ငါ့စံအိမ်ကို တိုက်ခိုက်ပြီး မင်းရဲ့စံအိမ်ဆီလည်း သွားတိုက်ခိုက်ရင် သွားတိုက်ခိုက်ဦးမှာ။ အခုချက်ချင်း ပြန်တော့” ရန်ရှန်းက အော်ပြောလိုက်တယ်။
ရန်ရှန်းရဲ့ အော်သံက ရန်ရင်ကို ကြောင်အနေရာမှ အသိပြန်ဝင်လာစေခဲ့တယ်။ ရန်ရှန်းကို ခေါင်းညိတ်ပြလိုက်ပြီး သူ့အင်အားစုတွေကိုခေါ်ကာ သူ့စံအိမ်ဆီ အလျင်စလို ပြန်ပြေးပါတော့တယ်။
“ခြောက်ယောက်မြောက် သခင်လေး၊ ခင်ဗျား ထွက်ရပြီ ဆိုမှတော့ ဒီလော့ဟိုက် ထွက်သွားပါတော့မယ်” ရန်ရှန်းဘေးနားမှာ ရှိနေတဲ့ သွေးစစ်သည်တော်က ရုတ်တရက် ပြောလိုက်တယ်။
ရန်ရှန်းက ထိုသွေးစစ်သည်တော်ကို ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်ရင်း “ခင်ဗျားက ကိုးယောက်မြောက်ညီလေးဆီ သွားမလို့မလား”
လော့ဟိုက် ခေါင်းသာ ညိတ်ပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။
“ခင်ဗျား ဒီနေ့ရောက်လာမှာကို ဟိုးကတည်းက စောင့်နေခဲ့တာမလား” ရန်ရှန်းက ပြန်ပြီး လှောင်ပြောင်လိုက်တယ်၊ သူတော်တော်လေး ဒေါသထွက်နေခဲ့ပါပြီ။
လော့ဟိုက်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။
“ခင်ဗျားတို့ သွေးစစ်သည်တော်တွေ အကုန်လုံးက ကိုးယောက်မြောက်ညီလေးကိုပဲ ဘာလို့ ထောက်ပံ့ပေးချင် နေရတာလဲ။ ခင်ဗျားတို့အားလုံး လိုလိုလားလားနဲ့ အခုလိုမျိုး တာဝန်ထမ်းဆောင် ပေးရလောက်တဲ့အထိ သူ့မှာ အရည်အချင်းကောင်းကြီးတွေ ရှိနေလို့လား” ရန်ရှန်းက မနာလိုအားကျစွာဖြင့် ပြောလိုက်တယ်။
“ကျုပ်တို့ သွေးစစ်သည်တော်တွေက ကိုးယောက်မြောက် သခင်လေးကိုပဲ ဘာလို့ ထောက်ပံ့ ပေးချင်ရတာလဲဆိုတာကို ခြောက်ယောက်မြောက် သခင်လေး နားလည်မှာပါ” လော့ဟိုက်က ပြန်ပြောလိုက်တယ်။
“ကျုကောင်းရီနဲ့ ရင်းဂျုတို့ကို သူရွေးလိုက်လို့လား။ ဒီလိုကိစ္စလေးအတွက်နဲ့ ခင်ဗျားတို့အားလုံက သူ့ကို အရမ်းကျေးဇူးတင်သွားတယ်ပေါ့”
“ဟုတ်တယ်” လော့ဟိုက်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ရှန်းက သက်ပြင်း အရှည်ကြီးချလိုက်ပြီး အနည်းငယ် စိတ်ပျက်သွားခဲ့တယ်၊ သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “သွားတော့၊ ခင်ဗျားလည်း ခင်ဗျားတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခဲ့ပြီးပြီပဲ။ အားလုံးအတွက် ကျေးဇူးပါပဲ”
လော့ဟိုက်က ယဉ်ယဉ်ကျေးကျေးနဲ့ လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး လှည့်ထွက်သွားလိုက်တယ်။
လော့ဟိုက်ရဲ့ တိုးမှိန်ပျောက်ကွယ်နေတဲ့ ပုံရိပ်ကို ကြည့်ရင်း ရန်ရှန်း မဲ့ပြုံးပြုံးလိုက်တယ်။ သူ့မှာလည်း ကျုကောင်းရီနဲ့ ရင်းဂျုတို့ နှစ်ယောက်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။ သူသာမဟုတ်ပါဘူး၊ ရန်သခင်လေးတွေ အကုန်လုံးမှာ အဲ့လိုအခွင့်အရေးမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ ထိုအခွင့်အရေးကို မဆုပ်ကိုင်နိုင်ခဲ့ပါဘူး။ ကိုးယောက်မြောက် သခင်လေးတစ်ယောက်သာ အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
သူသာ ကျုးကောင်းရီနဲ့ ရင်းဂျုကို သူ့ဘက် ဆွဲခေါ်နိုင်ခဲ့ရင် အခုဆို သွေးစစ်သည်တော်တွေ အကုန်လုံးက သူ့ကိုထောက်ပံ့ပေးဖို့ပဲ ရွေးချယ်ကြမှာပါ။ အဲ့ဒါက လုံးဝကို သေချာပါတယ်၊ ဒါပေမယ့် အဲ့လိုဖြစ်လာနိုင်ဖို့ သူ့အနေနဲ့ နောက်ဆုံးအချိန်ထိ ဆက်လက်ကျန်ရစ်နိုင်ဖို့ လိုသေးတယ်လေ။
ထိုအချိန်တုန်းက ကျုကောင်းရီနဲ့ ရင်းဂျုတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့တာပါ။ သူတို့ ခွန်အားကရဲ့ ၃၀ရာခိုင်နှုန်းလောက်ကိုတောင် ထုတ်သုံးနိုင်တာ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့်ပဲ ကိုးယောက်မြောက် သခင်လေးကလွဲပြီး သူတို့ထဲက ဘယ်သူကမှ ထိုသွေးစစ်သည်တော်တွေကို သူတို့ရဲ့ အစောင့်အကြပ် အဖြစ် မရွေးချယ်ရဲခဲ့တာပါ။
အခုအချိန်ထိတောင် သူ့ရဲ့ ကိုးယောက်မြောက် ညီလေးက ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းတွေကို သုံးပြီး သေမင်းခံတွင်းဝ ရောက်နေတဲ့ သွေးစစ်သည်တော်တွေကို ညတွင်းချင်း အပြည့်အဝ ပြန်ကောင်းသွားအောင် ကုသပေးလိုက်လဲ ဆိုတာကို သူမသိသေးသလို အားနည်းဆုံး အခြေအနေကနေ ကျန်သခင်လေးတွေ အကုန်လုံးရဲ့ အထက်ကို ဘယ်လို တက်လှမ်းသွားလဲ ဆိုတာကိုလည်း သူနားမလည် နိုင်သေးပါဘူး။
ရန်ရှန်းရဲ့အိမ်၌…
လူတစ်အုပ်က ရန်ရှန်းရဲ့ သိုလှောင်ရုံထဲက ပစ္စည်းတွေကို စိတ်လှုပ်ရှားစွာနဲ့ အမျိုးအစားခွဲနေခဲ့တယ်၊ အားလုံးက ပါးစပ်နားရွက် တက်ချိတ်တော့မတတ် ပြုံးရင်း သေတ္တာတွေ တစ်လုံးပြီးတစ်လုံးကို သယ်ထုတ်နေခဲ့ကြတယ်။
ရန်ရှန်းက သူ့အင်အားစု စုစုပေါင်းရဲ့ ၇၀ရာခိုင်နှုန်း လောက်ကို သူနဲ့အတူ ခေါ်သွားခဲ့တာပါ။ ထို့ကြောင့် ရန်ကိုင်က ရန်ရှန်းစံအိမ်က အလံကို အလွယ်တကူပဲ ရယူနိုင်ခဲ့ပါတယ်။
ရန်ရှန်းစံအိမ်ကို သိမ်းပိုက်ခဲ့တဲ့ ကြာချိန်က အရမ်းကို မြန်ဆန်လှပါတယ်။
စံအိမ်ထဲက ကျင့်ကြံသူတွေ ထွက်ပြေးသွားတဲ့အခါ ရန်ကိုင်ကို ထိုလူတွေကို လိုက်မဖမ်းတော့ပါဘူး။ စံအိမ်ထဲက ပစ္စည်းတွေကိုပဲ သယ်ထုတ်လာဖို့ သူ့လူတွေကို အမိန့်ပေးခဲ့ပါတယ်။
“ရန်လင်းရှင်က သခင်ငယ်လေးကို နှုတ်ဆက်ပါတယ်” မျက်နှာထက် တင်းတိပ်တို့ ပေါက်နေတဲ့ တုတ်ခိုင်သန်မာတဲ့ လူကြီးတစ်ယောက်က ရန်ကိုင်ကို ယဉ်ယဉ်ကျေးကျေးနဲ့ လာနှုတ်ဆက်လိုက်တယ်။
ရန်ကိုင်က ထိုလူကြီးကို ကြည့်လိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
ထိုလူက လက်နက်လုပွဲတုန်းက ရန်ရှန်းကို ကာကွယ်ပေးခဲ့တဲ့ သွေးစစ်သည်တော်ပါ။ တုဖုန်းလိုပဲ သူလည်း ချီချုပ်နှောင်ချိတ်တံဆိပ်စာကို မြည်းလိုက်ရတဲ့လူပါ၊ ထို့ကြောင့် သူ့ရဲ့ အစစ်အမှန်ချီတွေက ပိတ်လှောင်ထားခြင်း ခံရပြီး သူ့မှာ ဘာတိုက်ပွဲစွမ်းရည်မှ မရှိတော့တာပါ။
အခုအချိန်၌ သူက အားကောင်းလှတဲ့ ပြင်ပခွန်အားကို ပိုင်ဆိုင်ထားတာက လွဲပြီး သာမန်လူတစ်ယောက်နဲ့ မခြားပါဘူး။
ရန်ရှန်းစံအိမ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ထွက်ပြေးသွားခဲ့ပေမယ့် သူတစ်ယောက်သာ နေရစ်ခဲ့တာပါ။
“ဒီလက်အောက်ငယ်သားက သခင်လေးနောက် လိုက်ပါပြီး အတူလက်တွဲ တိုက်ခိုက်ချင်ပါတယ်။ သခင်လေးဘက်က မငြင်းပယ်ဖို့ ကျုပ်မျှော်လင့်ပါတယ်” ရန်လင်းရှင်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။
“အင်း”
ထိုစကားကို ကြားလိုက်တာနဲ့ ရန်လင်းရှင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်တယ်။
ချူရီမန်က ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်လေး တရမ်းရမ်းနဲ့သာ ပြုံးနေလိုက်တယ်။
ရန်မိသားစုရဲ့ အမွေခံတိုက်ပွဲနဲ့ ပက်သက်တဲ့ မှတ်တမ်းမှတ်ရာ တော်တော်များများကို သူမဖတ်ခဲ့ဖူးပါတယ်။ အရင်တုန်း အမွေခံတိုက်ပွဲတွေ တုန်းက သခင်လေး တစ်ယောက်က အခြားသခင်လေး တစ်ယောက်ကို အနိုင်ယူလိုက်တာနဲ့ ရှုံးနိမ့်သွားတဲ့ သခင်လေးဘက်က သွေးစစ်သည်တော်က အနိုင်ရသွားတဲ့ သခင်လေးဘက်ဆီ ပူးပေါင်းသွားလေ့ရှိပါတယ်။
ဒါပေမယ့် အခုတော့ လွတ်လပ်သွားတဲ့ သွေးစစ်သည်တော်တိုင်းက ရန်ကိုင်နောက် လိုက်ဖို့ကိုသာ ရွေးချယ်ခဲ့ကြပါတယ်။
သွေးစစ်သည်တော် ခန်းမတစ်ခုလုံးရဲ့ သစ္စာရှိမှုကို ရရှိလောက်အောင် ထိုကောင်စုတ်က ဘယ်လို ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားလဲ ဆိုတာကို ချူရီမန် နားမလည်နိုင်ခဲ့ပါဘူး။
ဒီမြင်ကွင်းကိုသာ ရန်ဝေ၊ ရန်ကျောင်း၊ ဒါမှမဟုတ် အခြားရန်သခင်လေး တစ်ယောက်သာ မြင်ခဲ့ရင် မနာလိုလွန်းလို့ သူတို့ မျက်လုံးတွေ ရဲတက်သွားနိုင်ပါတယ်။
“ရန်ကိုင်၊ အခုငါတို့ ဘယ်သွားကြမလဲ” ချူရီမန်က ထိုအကြောင်းကို ဆက်မတွေးချင်တော့တဲ့အတွက် ရိုးရိုးလေးပဲ မေးလိုက်တယ်။
“အိမ်ကိုပဲ ပြန်တော့မှာပေါ့၊ ဘယ်သွားစရာ ရှိသေးလို့လဲ” ရန်ကိုင်က ချူရီမန်ကို ကြည့်ပြီး ပြုံးပြလိုက်တယ်။
ရန်ကိုင်မျက်နှာထက် ဘဝင်ခိုက်နေတဲ့ အမူအရာကို မြင်လိုက်တာနဲ့ ချူရီမန်မှာ ထိုသကောင့်သားကို နာရင်းထရိုက်ချင်စိတ်တို့ ပေါက်သွားခဲ့ကာ “မသိဘူးလေး၊ ငါက နင်ရန်ရင်စံအိမ်ကိုပါ ထပ်ပြီး သွားတိုက်ခိုက်ဦးမယ်လို့ ထင်နေတာ”
သူမရဲ့ ထေ့ငေါ့စကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “အခုလောလောဆယ်တော့ အဲ့လို အစီအစဉ်မျိုး မရှိသေးဘူး။ ခုနှစ်ယောက်မြောက် အစ်ကိုက သူအင်အားစုတွေနဲ့ ခြောက်ယောက်မြောက် အစ်ကိုရဲ့ အင်အားစုတွေကိုပါ စုစည်းပြီး သူ့စံအိမ်ဆီ ပြန်လာနေလောက်ပြီ။ အခုအချိန်လောက်ဆို သူ့အိမ်ကိုတောင် ပြန်ရောက်ရင် ရောက်နေလောက်ပြီ။ ငါတို့သာ သူတို့ကို သွားတိုက်ရင် အကျအဆုံးက အရမ်း များသွားလိမ့်မယ်။ ရက်နည်းနည်းလောက် စောင့်ပြီးတော့မှပဲ ဒီအကြောင်း ထပ်ပြောကြတာပေါ့။ ဒီညတော့… ငါတို့ ရထားတာက လုံလောက်နေပြီပဲကို”
“အို၊ အရမ်းကို မဝင့်ကြွားတတ်ပါလားနော်” ချူရီမန်က နှာခေါင်းရှုံ့လိုက်တယ်။
ဒီတစ်ကြိမ် ရလိုက်တဲ့ အကျိုးအမြတ်က ‘လုံလောက်တယ်’ ဆိုတာထက် အများကြီး ပိုနေပါပြီ။
ရန်ခန်းကို အနိုင်ယူပြီး သူ့အလံကို ရယူလိုက်နိုင်တယ်၊ သူ့စံအိမ်က ပစ္စည်းတွေ အကုန်လုံးကိုလည်း သိမ်းယူနိုင်ခဲ့တယ်။ တုဖုန်းနဲ့ တန်ယုရှန်းတို့ကိုလည်း အဖွဲ့ထဲ ဆွဲခေါ်နိုင်ခဲ့တယ်။
ရန်ရှန်းကိုလည်း အနိုင်ယူပြီး သူ့အလံနဲ့ ပစ္စည်းတွေ အကုန်လုံးကို ရယူနိုင်ခဲ့တယ်။ ရန်လင်းရှင်နဲ့ လော့ဟိုက်ကိုလည်း သူ့အဖွဲ့ထဲ ဆွဲခေါ်နိုင်ခဲံပါတယ်။
တစ်ညတည်းနဲ့တင် ရန်ကိုင်အဖွဲ့ရဲ့ အင်အားက ခုန်ပေါက် တိုးတက်သွားခဲ့ပါပြီ။ ပြီးတော့ သူ့လက်ဝယ် ရှိနေတဲ့ ပစ္စည်းအရေအတွက်ကလည်း အရင်ကထထက် နှစ်ဆ ဖြစ်သွားခဲ့ပါပြီ။
Martial Peak
အပိုင်း(၄၉၀) သတင်းကောင်းနဲ့ သတင်းဆိုး
အားယာယံထက် အသူရာနေမင်း ထွန်းလင်း နေခဲ့တယ်။
ရန်ကိုင် စံအိမ်ဟာ ဆိုရင်ဖြင့် နှစ်သစ်ကူးနေသည့် အလား စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လျမ်းနေခဲ့တယ်။ ဟိုးသွားဒီလာ လုပ်နေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ပြုံးပျော်နေခဲ့ကြတယ်။
မနေ့ညတုန်းက ရန်ကိုင်က တစ်ဦးတည်းသော အောင်နိုင်သူ ဖြစ်လုနီးပါး ဖြစ်သွားခဲ့တာဆိုတော့ သူ့အဖွဲ့သားတွေလည်း ပျော်ရွှင်နေတာ သဘာဝပါပဲ။
ခြံဝန်းထဲ၌ ဆေးအမယ်တွေနဲ့ လက်နက်သန်စင်ဖို့ ကုန်ကြမ်းပစ္စည်းမျိုးစုံကို သေသေချာချာ စီစဉ်ထားခဲ့တယ်။
ထိုပစ္စည်းတွေ အကုန်လုံးက ရန်ခန်းနဲ့ ရန်ရှန်းတို့ စံအိမ်တွေဆီကနေ ရလာခဲ့တာပါ။
အမွေခံတိုက်ပွဲ မစခင်ကတည်းက ရန်ကိုင်က ဆေးအမယ်တွေနဲ့ လက်နက်သန့်စင်ဖို့ ကုန်ကြမ်း ပစ္စည်းတွေကို စုဆောင်းနေခဲ့တာပါ။ ကျန်တဲ့ သခင်လေးတွေလည်း သူလို့ပဲ စုဆောင်းနေခဲ့ကြပါတယ်။ တိုက်ပွဲလည်း စရော ရန်ခန်းနဲ့ ရန်ရှန်းတို့ကို ထောက်ခံတဲ့ လူတွေက သူတို့နဲ့အတူ အရင်းအမြစ် ပစ္စည်းများစွာကို ထပ်မံ သယ်ဆောင်လာခဲ့ကြပါတယ်။
သူတို့ လအနည်းငယ်လောက်ကြာအောင် စုဆောင်း ထားခဲ့တဲ့ ပစ္စည်းတွေနဲ့ ထပ်ပေါင်းထားလိုက်တော့ သခင်လေးတိုင်းက အံ့အားသင့်စရာ ပစ္စည်းပမာဏ များစွာကို စုဆောင်းထားနိုင်တယ်လို့တောင် ပြောလို့ရပါတယ်။
ရန်ခန်းနဲ့ ရန်ရှန်း စံအိမ်မှာ ရှိနေတဲ့ ပစ္စည်းအားလုံးကို ရန်ကိုင် အပြတ်ရှင်းထုတ်ခဲ့ပြီးပါပြီ။ ထိုပစ္စည်းတွေ အကုန်လုံးက အခု သူ့အပိုင် ဖြစ်နေခဲ့ပါပြီ။
သေတ္တာတစ်လုံးချင်းစီထဲ၌ ရှိနေတဲ့ ပစ္စည်း တစ်ခုချင်းစီ တိုင်းကို နာမည်၊ သက်တမ်း၊ စသဖြင့် သေချာမှတ်တမ်း တင်ထားပါတယ်။
စုဝေးနေတဲ့ အင်အားစုအားလုံးရဲ့ ခေါင်းဆောင်တွေ မျက်နှာတွေက စိတ်လှုပ်ရှားမှုနဲ့ ပြုံးဖြီးနေခဲ့ကြတယ်။
“ကျင့်ကြံခြင်းအတွက် အသုံးပြုလို့ ရမယ့် ပစ္စည်းတွေကို မင်းတို့ဘာသာ ကြည့်ကြည့်။ သင့်တော်မယ်ထင် ယဉ်ကျေးနေစရာ မလိုပါဘူး။ ယူသွားလို့ရတယ်” ရန်ကိုင် ပြောလိုက်တယ်။ သူ့စကားလုံးတွေက ဘာမှ ပြန်ပြောစရာ မရှိတဲ့ သူ့နောက်လိုက်တွေကို စိတ်လှုပ်ရှားသွားစေခဲ့တယ်။ အားလုံးက ထိုပစ္စည်းပုံထဲ ခေါင်းတိုးပြီး လိုအပ်တဲ့ အရင်းအမြစ်တွေကို စတင်ရှာဖွေကြပါတော့တယ်။
မိန်းမတွေက အစကတော့ ရှက်ရှက်နဲ့ အင်တင်တင် ဖြစ်နေကြပါသေးတယ်။ ဒါပေမယ့် ဟော်ရှင်းချန်နဲ့ ကျန်တဲ့ လူတွေက သူတို့လက်ထဲ ပစ္စည်းတွေ တစ်ပုံကြီး ထိုးထည့်နေတာကိုလည်း မြင်ရော၊ သူမတို့လည်း ရှက်မနေနိုင်ကြတော့ပါဘူး။ အံတင်းတင်းကြိတ်ပြီးတော့သာ ကိုယ်လိုအပ်တဲ့ပပစ္စည်းတွေကို ပစ္စည်းပုံထဲ သွားရှာကြပါတော့တယ်။
တစ်ခဏအတွင်းမှာပဲ အားလုံးက သူတို့အတွက် အသုံးဝင်မယ့် ပစ္စည်းအသီးသီးကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။ ချူရီမန်တောင် ပုလဲနဲ့တူတဲ့ ပစ္စည်းတစ်ခုကို ရခဲ့ပြီး သူမအင်္ကျီထဲ သေသေချာချာ ထည့်သိမ်းထားခဲ့ပါတယ်။
“နင်ဘာရှာနေတာလဲ” ချူရီမန်က ရန်ကိုင်ကို ကြည့်ပြီး မေးလိုက်တယ်။
“ဒါတွေ အားလုံးက ငါ့အပိုင်လေ။ အဲ့ဒါကို ငါက ဘာလိုက်ရှာနေရဦးမှာလဲ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်တယ် “အဲ့ပစ္စည်းတွေကို အမျိုးအစား ခွဲပြီးတဲ့အထိစောင့်၊ အမျိုးအစား ခွဲပြီးတာနဲ့ ဆေးဖော်စပ်ခန်းမနဲ့ လက်နက်သန့်စင်ရုံဆီ သွားပို့လိုက်”
“ငါသိတယ်” ချူရီမန်က နည်းနည်းလေးတောင် အထွန့် မတက်ပဲ ရန်ကိုင်ပေးသမျှ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်သွားခဲ့ပါတယ်။ ရုတ်တရက် ချူရီမန်က ရန်ကိုင်ဘက်လှည့်ပြီး မေးလိုက်တယ် “နောက်ထပ် ဘယ်သူ့ကို ပစ်မှတ်ထားဖို့ စဉ်းစားထားလဲ”
“အဲ့အကြောင်း နောက်မှပြောကြတာပေါ့”
လွန်ခဲ့တဲ့ညက အရင်းအမြစ် ပစ္စည်းများများ စုဆောင်းရိတ်သိမ်း နိုင်ခဲ့ရုံမကလို့ နောက်ထပ် သွေးစစ်သည်တော် လေးယောက်ပါ ထပ်ရခဲ့ပါတယ်။
တုဖုန်း၊ တန်ယုရှန်း၊ လော့ဟိုက်၊ ရန်လင်းရှင်။ အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင်တွေချည်းပါပဲ။
ဒါပေမယ့် တုဖုန်းနဲ့ ရန်လင်းရှင်တို့က ချီချုပ်နှောင် ချိတ်တံဆိပ်စာ မိထားတာကြောင့် မန်ဝူရဆီ သွားအကူအညီ တောင်းခဲ့ရပါတယ်။
တန်ယုရှန်းနဲ့ ရင်းဂျုတို့ နှစ်ယောက်စလုံး အလွန်အမင်း အားကုန်နေခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တိုက်ခိုက်ကြတုန်းက တစ်ယောက်မှ ခွန်အား မထိန်ချန် ထားခဲ့ပါဘူး။ နှစ်ယောက်စလုံးက သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးခဲ့ပြီး အစွမ်းကုန် တိုက်ခိုက် ခဲ့ကြတာပါ။
မနေ့ညက မန်ဝူရ ထွက်မလာခင် အချိန်ထိ ရန်သူတွေ အကုန်လုံးကို ကျုကောင်းတစ်ယောက်တည်းလိုလို ခုခံခဲ့ရတာပါ။ ထို့ကြောင့် သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထား ခဲ့ပါတယ်။
ထို့ကြောင့် အခုအချိန်၌ ရန်ကိုင်စံအိမ်က အရမ်းကို အားကောင်းတယ်လို့ ထင်ရပေမယ့် တကယ် အသုံးပြုလို့ ရသေးတဲ့ သွေးစစ်သည်တော်တွေဆိုလို့ ရှောင်ရှန်နဲ့ လောဟိုက်တို့ပဲ ရှိပါတယ်။
ထိုသွေးစစ်သည်တော် နှစ်ယောက်ရယ်၊ နတ်ဆိုးအိုကြီးရယ်၊ အဲ့သုံးယောက်တည်းနဲ့ ကျန်တဲ့ သခင်လေးတွေကို သွားတိုက်ဖို့ဆိုတာ ဥာဏ်ရှိတဲ့ ဆုံးဖြတ်ချက် တစ်ခုမဟုတ်ပါဘူး။
အထူးသဖြင့် ရန်ရင်မှာ ရန်ရှန်းရဲ့ နောက်လိုက်တွေပါ ရှိနေခဲ့ပါပြီ။ ရန်မိသားစု သခင်လေးတွေထဲ အဖွဲ့သား အများဆုံးကို ပိုင်ဆိုင်ထားတဲ့လူက ရန်ရင် ဖြစ်သွားခဲ့ပါပြီ။ စုစုပေါင်းခွန်အားအရ ဆုံးဖြတ်ရမယ်ဆိုရင် ရန်ရင်ရဲ့ ခွန်အားက ထိပ်ဆုံးထဲမှာပါပါတယ်။
ပြီးတော့ အကြီးဆုံးသခင်လေးရန်ဝေက အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေခဲ့ပါတယ်။ ရန်ကျောင်းကို သွားထိန်းထားတုန်းက သူ့ခွန်အား နည်းနည်း ပါးပါးလောက်ကိုပဲ ခေါ်သွားခဲ့တာမှန်း ရန်ကိုင် ခန့်မှန်းမိပါတယ်။
စစ်ပွဲမြို့တော်ထဲမှာ ရှိနေတဲ့ ရန်သခင်လေးတွေထဲ ရန်ကျောင်းက အလျှို့ဝှက်ဆုံးပါ။ သူက ရန်ရင်ထက်တောင် ပိုပြီး ရင်ဆိုင်ရခက်နိုင်ပါတယ်။
ထို့ကြောင့် အခုလောလောဆယ်တော့ ရန်ကိုင်က ထပ်ပြီး လှုပ်ရှားဖို့ မစဉ်းစားထားသေးပါဘူး။ ရန်ကိုင် စံအိမ်မှာ ရှိနေတဲ့ သူ့မဟာမိတ်တွေလည်း ကျင့်ကြံပြီး သူတို့ခွန်အားကို တိုးမြှင့်ဖို့ လိုအပ်သေးတယ်လေ။ ဒုတိယ အနေနဲ့ သူကိုယ်တိုင်လည်း အစစ်အမှန်ဒြပ်စင် အဆင့်၉ ကျင့်ကြံခြင်းကို အခြေတည်ငြိမ်သွားအောင် လုပ်ရပါဦးမယ်။
သွေးစစ်သည်တော်တွေ အားပြန်ပြည့်လာတဲ့အထိ အားလုံး စောင့်ဆိုင်းရပါမယ်။ သူတို့ ပြန်ကောင်းလာတဲ့ အချိန်မှာပဲ မုန်တိုင်းစမှာပါ။
မနေ့ညတိုက်ပွဲက ဗဟိုမြို့တော်နဲ့ စစ်ပွဲမြို့တော်ကို အမြန်အဆန်ပဲ ပျံ့နှံ့သွားခဲ့တယ်။
ရန်ကိုင်က တစ်ညတည်းနဲ့ သူ့ညီအစ်ကို နှစ်ယောက်ကို အနိုင်ယူခဲ့တဲ့ သတင်းက အားလုံးကို ထိတ်လန့် အံ့အားသင့် သွားစေခဲ့တယ်။ နတ်ဆိုးအိုကြီးရဲ့ ရက်စက်တဲ့ နည်းလမ်း တွေကို လူတွေက ပိုပိုပြီး ချဲ့ကားပြောဆိုကြပါတယ်။ ထို့ကြောင့် ရန်ကိုင်ရဲ့ နောက်လိုက်တွေထဲမှာ နတ်ဆိုး တစ်ကောင် ရှိနေတယ်ဆိုတာကို အားလုံး သိသွားခဲ့တယ်။
ရန်ကိုင်လည်း ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေခဲ့ရတယ်။
ဗဟိုမြို့တော်က မိသားစုကြီးရှစ်ခုနဲ့ တိမ်မိစ္ဆာနယ်မြေက အမြဲတမ်း မတည့်ကြတာပါ။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းကပဲ မိသားစုကြီးရှစ်ခုနဲ့ တိမ်မိစ္ဆာနယ်မြေတို့ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ပါတယ်။ ရန်မိသားစုခေါင်းဆောင်ဖြစ်တဲ့ ရန်ရင်ဟောင်က ယင်တစ္ဆေဘုရင်နဲ့ အဆိပ်ဘုရင်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါတယ်။ ရန်ရင်ဟောင်က ဒဏ်ရာကို ထိန်းချုပ်ဖို့အတွက် သူ့သက်တမ်း အနှစ်၃၀ကို အသုံးပြုခဲ့ရပါတယ်။
အခုလို အချိန်မျိုးမှာ ရန်ကိုင်က နတ်ဆိုးတစ်ကောင်နဲ့ ပူးပေါင်းရဲတာက တကယ်ကို ရဲတင်းတယ်လို့ ဆိုနိုင်ပါတယ်။
ဒီသတင်းသာ သူ့ရန်သူတွေဆီ ပေါက်ကြားသွားခဲ့ရင် မခန့်မှန်းနိုင်တဲ့ ပြောင်းလဲမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။
အံ့အားသင့်စရာ ကောင်းတာ တစ်ချက်က နတ်ဆိုးအိုကြီး စစ်ပွဲမြို့တော်ဆီ ဝင်လာတုန်းက စည်းတံဆိပ်တော် ဘုရားကျောင်းရှိ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် ရှစ်ယောက်စလုံး သူ့ကို မတားဆီ ခဲ့ကြတာပါ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်က နတ်ဆိုးအိုကြီးရဲ့ အပြုအမူတွေကို မျက်လုံးမှိတ် မသိချင်ယောင် ဆောင်နေတာလားလို့တောင် ရန်ကိုင် တွေးမိခဲ့ပါသေးတယ်။
မနေ့ညက တိုက်ပွဲရလဒ်ကို ပြန်သုံးသပ်ကြည့်ပြီးနောက် ရန်မိသားစုက ရန်ကိုင်အား အပြစ်တင်ဆုံးမရမှာကို ဝန်လေးနေမှန်း အားလုံးသိလိုက်ကြတယ်။ တကယ်တော့ ရန်ကိုင်က သူမတူတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့တာလေ။
ရန်မိသားစုက တိုက်ပွဲတိုးတက်နှုန်း လေးလံနှေးကွေး နေတာကို စိတ်ညစ်လာတဲ့ အတွက် လက်နက်တစ်ထောင်ကို တည်ကြက်အဖြစ် အသုံးပြုပြီး တိုက်ပွဲစတင် စေလိုက်ပါတယ်။ ထို့အပြင် ချီချုပ်နှောင်ချိတ်တံဆိပ်ကိုပါ အသုံးပြုပြီး သွေးစစ်သည်တော် ခြောက်ယောက်ကိုပါ တိုက်ခိုက်လို့ မရအောင် လုပ်ခဲ့ပါတယ်။
သွေးစစ်သည်တော် ခြောက်ယောက်သာ မရှိတော့ရင် အမွေခံတိုက်ပွဲရဲ့ တိုးတက်နှုန်းက သံသယရှိစရာ မလိုအောင်ကို မြန်ဆန်လာမှာပါ။
ဒါပေမယ့် ရင်းဂျုက မန်ဝူရဲ့ အကူအညီနဲ့ ချီချုပ်နှောင် ချိတ်တံဆိပ်ကို ချိုးဖျက်နိုင်ခဲ့တော့ ရန်ကိုင်မှာ အခြားသခင်းလေးတွေထက် သွေးစစ်သည်တော် တစ်ယောက် ပိုရှိသွားခဲ့ပါတယ်။ ထိုအကြောင်းကြောင့်ပဲ ရန်ကိုင်ရဲ့ ခွန်အားက ကျန်တဲ့သခင်လေးတွေအထက်သို့ ရောက်ရှိသွားခဲ့ပါတယ်။
ထိုလူနှစ်ယောက် မရှိပဲနဲ့ မနေ့ညတုန်းက စွမ်းဆောင်ရည်မျိုး ရန်ကိုင် ပြသနိုင်လိမ့်မှာ မဟုတ်ပါဘူး။
တစ်နည်းပြောရရင် ပိုကျင်းရေကန်တိုက်ပွဲက ရန်ကိုင်အား မနေ့ညတိုက်ပွဲကို နိုင်အောင် သွယ်ဝိုက်ပြီး ကူညီပေးလိုက်သလို ဖြစ်သွားခဲ့တယ်။
ကံကြမ္မာလမ်းကြောင်းက အကွေ့အကောက် အလှည့်အပြောင်း များတဲ့ လမ်းတစ်ခုလိုပါပဲ။ ဒါပေမယ့် သမိုင်းမှတ်တမ်း တစ်လျှောက် အရာရာကို အားလုံးနီးပါး ကြိုတင်ခန့်မှန်းနိုင်ပြီး အခြေအနေ အရပ်ရပ်ကို အကွက်ကျကျ စီမံထိန်းချုပ်သွားနိုင်တဲ့ ဂျီးနီးယပ်တွေလည်း ရှိခဲ့ဖူးပါတယ်။
ဒီတိုက်ပွဲပြီးနောက် ရန်ကိုင်အဖွဲ့ စွမ်းအားက ကျန်သခင်လေးတွေထက် အပြတ်အသတ်ကို သာလွန်သွားခဲ့ပါတယ်။ အမွေခံတိုက်ပွဲမှာ နောက်ဆုံး ရယ်ရမယ့်လူက ရန်ကိုင်မှန်း အားလုံး သိနေကြပါတယ်။
ရန်ကိုင် စံအိမ်အတွင်း၌၊ အားလုံးက ကိုယ်လိုအပ်တဲ့ ပစ္စည်းတွေကို တွေ့ရှိသွားပြီးနောက် တံခါးပိတ် ကျင့်ကြံဖို့ သူတို့ကိုယ်ပိုင် နေရာအသီးသီးဆီ ပြန်သွားလိုက်ကြတယ်။ ရန်ကိုင်ကတော့ စိတ်ပင်ပန်း၊ လူပင်ပန်းတာကို ဖြေဖျောက် သက်သာစေဖို့ သူ့စီနီယာမမလေးကို သွားရှာဖို့ လုပ်နေခဲ့တယ်။
သွားရှာရင်းနဲ့ သူ့ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ ဆေးလုံးအချို့ကိုပါ တောင်းဖို့ တစ်ခါတည်း စီစဉ်ထားပါတယ်။ ဒါပေမယ့် သူမကို သွားမတွေ့ရ သေးခင်မှာပဲ သတင်းစကားတစ်ခုက အပြင်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
“ကိုးယောက်မြောက် သခင်လေး၊ လူလျန်က သခင်လေးနဲ့ တွေ့ချင်လို့ပါတဲ့။ သခင်လေး အနေနဲ့ သူ့ကို စကားပြောဖို့ အခွင့်အရေး တစ်ခုလောက် ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့”
“လူလျန်လား” ရန်ကိုင်က မျက်မှောင်ကြုံ့ရင်း ချူရီမန်ဆီ လှမ်းကြည့်လိုက်ကာ “နင့်ဦးလေး ဒီရောက်နေတယ်”
ချူရီမန်က ရန်ကိုင်ကို ပြန်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့ကာ “လူဆောင်း လုပ်ခဲ့တာတွေ ကြောင့်နဲ့ တူတယ်”
“နင်ကိုယ်တိုင်ပဲ သွားကြည့်လိုက်တော့၊ ငါမှာ လုပ်စရာရှိသေးတယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။
“မရဘူး၊ အဲ့လူတွေက နင့်ကို လာတွေ့တာလေ။ နင်သူတို့ကို ရှောင်နေရင် နင့်ကို သံသယဝင်ကုန်လိမ့်မယ်”
“ဘာမှားနေလို့လဲ။ သူက လူဆောင်းရဲ့ အပြုအမူအတွက် တောင်းပန်ဖို့ ဒီကို ရောက်လာတာပဲ မဟုတ်ဘူးလား။ အဲ့ဒါက ငါ့က ကျိန်းသေကြီးကို ထွက်တွေ့မှ ရမှာလား။ သွားတော့ပြီးတော့ ငါကကော ဘာပြောရမှာလဲ။ ဒါပေမယ့် နင်တို့က ဝမ်းကွဲတွေလေ။ နင့်ကိုယ်တိုင် လမ်းစ ဖွင့်ပေးလိုက်ပြီး နင့်စိတ်ထဲရှိတာကို ပြောလိုက်လို့ ဘာမှမှားယွင်းနေတာမှ မဟုတ်တာ။ အဲ့ဒါပဲ၊ ငါသွားပြီ” ရန်ကိုင် ပြောလို့ ပြီးသွားတာနဲ့ ချူရီမန် ပြန်ပြောမှာကို စောင့်မနေတော့ပဲ ခန်းမနောက်ဘက်ဆီ လမ်းလျှောက် ထွက်သွားလိုက်တယ်။
ချူရီမန် သက်ပြင်းချလိုက်ပြီး ရန်ကိုင် ပြောတာလည်း ဟုတ်တာပဲလို့ တွေးလိုက်တယ်။ ခြံဝန်းထဲမှာ ရှိနေတဲ့ ပစ္စည်းတွေကို ဆေးဖော်စပ်ခန်းနဲ့ လက်နက်သန့်စင်ရုံဆီ သွားပို့ပေးဖို့ သူမဘေးမှာ ရှိနေတဲ့ ကျင့်ကြံကို ညွှန်ကြားလိုက်ပြီးနောက် ကူကယ်ရာမဲ့နေသည့် အမူအရာနဲ့ ထွက်သွားလိုက်တယ်။ လူလျန် ဘာလို့ လာတွေ့လဲ ဆိုတာကို သူမခန့်မှန်းမိပါတယ်။ ခန့်မှန်းမိတာကြောင့်ပဲ သူမ ကူကယ်ရာ မဲ့နေခဲ့ရတာပါ။
တံခါးပေါက်ရောက်တာနဲ့ တံခါးနားမှာ မတ်တရပ် ရပ်နေတဲ့ လူလျန်ကို ချူရီမန် တွေ့လိုက်ရတယ်။ သူ့နောက်မှာတော့ ဝက်မျက်နှာလို ဖူးရောင်ကိုင်းအောင် ရိုက်ခံထားရတဲ့ လူဆောင်း ရှိနေခဲ့တယ်။
မနေ့ညတုန်းကတိုက်ပွဲ၌ ဒေါင်ချင်းဟန်က လူဆောင်းကို ကောင်းကောင်း သင်ခန်းစာပေးခဲ့ပါတယ်။ ထိုရက်စက် ကြမ်းကြုတ်တဲ့ ဝတုတ်အကြောင်း တွေးမိလိုက်တာနဲ့ လူဆောင်း တုန်ရီမိချင်သွားခဲ့တယ်။ ဒါပေမယ့် သူနှလုံးသား တစ်ခုလုံးကတော့ မုန်းတီးမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။
သူဘယ်လောက် မုန်းတီးနေလဲ ဆိုတာကို သူ့မျက်နှာ ကနေတောင် လှမ်းမြင်နိုင်ပါတယ်။ ထိုအချက်ကို မြင်လိုက်တာနဲ့ ချူရီမန် တိတ်တဆိတ် ခေါင်းခါ ရမ်းလိုက်တယ်။ ဒီကောင်ရဲ့ နှလုံးသားက လုံးကို ကူကယ်ပေးလို့ မရတော့တဲ့အထိကို ပုပ်သိုးနေခဲ့ပါပြီ.
လူလျန် အလွန်အမင်း ရှက်ရွံ့နေခဲ့တယ်။ အမွေခံတိုက်ပွဲ ဆိုတာ သခင်လေးတွေကြားက ပြိုင်ပွဲတစ်ခုပါ။ လူမိသားစု ခေါင်းဆောင်ဖြစ်တဲ့ လူလျန်အနေနဲ့ ရန်ကိုင်ဆီ ကိုယ်တိုင် လာမတွေ့သင့်ပါဘူး။ ဒါပေမယ့် သူ့သား လုပ်ရပ်ကြောင့် မလာသင့်ရင်တောင် လာခဲ့ရပါတယ်။
တံခါးနား ရောက်တာနဲ့ တံခါးစောင့် နှစ်ယောက်ရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ တံခါးစောင့်နှစ်ယောက်က ဒေါင်မိသားစုလူတွေ ဖြစ်နေခဲ့တယ်။
လူဆောင်းကို ကြည့်တဲ့ ထိုနှစ်ယောက်ရဲ့အကြည့်ထဲ လှောင်ရိပ်တို့ သန်းနေခဲ့တယ်။ နှစ်ယောက်စလုံးက လူဆောင်းကို ကြက်သရေမရှိတဲ့ကောင်လို့ ပြောချင်နေတဲ့ ပုံပါပဲ။ လူလန်မှာ ကူကယ်ရာမဲ့စွာနဲ့သာ ဖွဖွလေး ရယ်မောလိုက်တယ်။
ထိုနှစ်ယောက်ကို သူသွားသမလို့ မရပါဘူး။ သူ့မှာ အဲ့လိုလုပ်ဖို့ ခွန်အားရှိနေရင်တောင်၊ သူသာ တကယ်ပဲ အဲ့လိုလုပ်ခဲ့ရင် အကျိုးဆက်က ပြင်းထန်သွားနိုင်ပါတယ်။ ရန်ကိုင် စံအိမ်တစ်ခုလုံးက ပညာရှင်တွေနဲ့ ပြည့်နေတာပါ။
“ဦးလေး” ချူရီမန်က အပြုံးလေးနဲ့ ရည်မွန်သိမ်မွေ့စွာနဲ့ နှုတ်ဆက်လိုက်ကာ လူဆောင်းကို အရှက်ပြယ်သွားအောင် ကူပေးလိုက်တယ်။
“သခင်လေးချူ နှုတ်ဆက်တာကို မခံယူရဲပါဘူး။ ဒီအကြီးအကဲ တော်တော်လေး အားနာမိနေပါပြီ” လူလျန်က ဦးနိမ့်ရင်း နှိမ့်နှိမ့်ချချနဲ့ ပြန်ပြောလိုက်တယ်။ နှုတ်ဆက်နေစဉ် လူဆောင်းကို လှကြည့်ပြီး ပြောလိုက်တယ် “သခင်မလေးချူကို မြင်တာတောင် နှုတ်မဆက် သေးဘူးလား”
လူဆောင်းက အင်တင်တင်နဲ့ပါ၊ ဒါပေမယ့် လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်ပါသေးတယ် “ဝမ်းကွဲ”
ချူရီမန်က ပြုံးရုံသာ ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ လူဆောင်းကို ဆက်ပြီး ဂရုစိုက်မနေတော့ပဲ “အထဲဝင်ခဲ့လေ”
သူမပြောတာကို ကြားတော့မှပဲ လူလျန် အနည်းငယ် စိတ်သက်သာရ ရသွားခဲ့တယ်။ ချူရီမန် သူ့ကို ကြိုဆိုခဲ့ပါတယ်။ သူမက သူတို့ မိသားစု နှစ်ခုကြားက ဆက်ဆံရေးကို ထောက်ထားတဲ့ အတွက်ကြောင့်သာ ပြဿနာကို အရင် မမေးခဲ့တာပါ။
ဒါက အခုပြဿနာကို ဖြေရှင်းဖို့ အခွင့်အရေးတစ်ခု ရှိသေးတယ်လို့ ဆိုလိုက်တာနဲ့ အတူတူပဲ မဟုတ်ပါလား။
အဓိကခန်းမထဲ ချူရီမန်က အစေခံတွေကို လက်ဖက်ရည် ငှဲ့ခိုင်းလိုက်ပြီး တစ်ငုံလောက် သောက်ပြီးနောက် ပြောလိုက်တယ် “ဦးလေး စစ်ပွဲမြို့တော်ဆီ ဘာလို့ လာခဲ့တာလဲ”
လူလျန်းက အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး “သခင်မလေး၊ ဒီတစ်ကြိမ်တော့ ဒီအကြီးအကဲကို အရေထူတယ်လို့ ပြောချင်လည်း ပြောပါ။ လူမိသားစုရဲ့ အနာဂတ်နဲ့ ယှဉ်လိုက်ရင် ဒီလူအိုကြီးရဲ့ မျက်နှာကို ဘာလို့ဂရုစိုက်နေရဦးမှာလဲ။ ဒီအသုံးမကျတဲ့ ကောင်ကြောင့်သာ မဟုတ်ရင် ဒီအကြီးအကဲလည်း ဒီကို လာခဲ့ရမှာမဟုတ်ဘူး”
လူလျန်က အော်ဟစ်လိုက်တယ် “ဒူးထောက်စမ်း”
လူဆောင်း ကြောင်သွားခဲ့တယ်၊ သူ့ရဲ့ ဖူးရောင်နေတဲ့ မျက်နှာတစ်ခုလုံး ဆူပုပ်သွားခဲ့ပြီး ပြန်မေးလိုက်တယ် “ဘာလို့လဲ”
လူလျန် ဒေါသထွက်သွားခဲ့ပြီး “ဒီလူအိုကြီးက ခိုင်းနေတာ မို့လို့ပဲ”
လူဆောင်းက လူလျန်ကို ပြန်ကြည့်လိုက်ပြီး “ကျုပ် ဒူးထောက်မှာ မဟုတ်ဘူး။ ကလေးကတည်းက ဘယ်သူ့ကိုမှ ဒူးထောက်ခဲ့တာ မဟုတ်ဘူး”
“ဒူးမထောက်ဘူးဆိုရင် ငါမင်းခြေထောက်တွေကို ရိုက်ချိုးပစ်မှာ”
“ချိုးချင်ချိုးပစ်လိုက်၊ ကျုပ်ကြောက်လိမ့်မယ် ထင်နေတာလား” လူဆောင်းက နည်းနည်းလေးတောင် စိုးရိမ်မနေပါဘူး။ ငယ်ငယ်ကတည်းက အရမ်းကို အလိုလိုက်ခံထားရပြီး သူ့အဖေက သူ့ကို တစ်ကြိမ်တစ်လေတောင် ရိုက်ဖူးတာ မဟုတ်ပါဘူး။ လူလျန်က သူ့သားကို အရမ်းချစ်ပါတယ်။