အခန်း (၄၉၆-၅၀၀)
Vol. 20 Ch. 496-500
အပိုင်း(၄၉၆) သတင်းဆိုးနဲ့သတင်းကောင်း
ရန်ကိုင် အမူအရာကို ကြည့်ရုံနဲ့တင် အကြီးအကဲခန်းမက ကောင်းတဲ့ကိစ္စကြောင့် ဆင့်ခေါ်လိုက်တာမှန်း ရှင်းလင်း ထင်ရှားနေခဲ့ပါပြီ။ ချူရီမန် စိတ်ထဲ အတွေးသန်းပေါင်းများစွာ ဖြတ်ပြေးသွားခဲ့တယ်။ ဒါပေမယ့် ချက်ချင်းကြီး မမေးမြန်း ရဲပါဘူး။ ရန်ကိုင်နောက်ကနေသာ စံအိမ်ထဲ လိုက်ဝင်သွားခဲ့တယ်။
အဓိကခန်းမထဲမှာတော့ အင်အားစု အသီးသီးရဲ့ လူငယ်ခေါင်းဆောင်တွေ စုဝေးနေခဲ့ကြတယ်။
ရန်ကိုင် ဗဟိုမြို့တော်ဆီ ဆင့်ခေါ်ခံလိုက်ရတဲ့ အကြောင်း သူတို့လည်း ကြားပါတယ်။ ရန်ကိုင်ကို ဗဟိုမြို့တော်ဆီ ဘာလို့ ဆင့်ခေါ်တာလဲ ဆိုတာကို သူတို့အားလုံး သိချင်နေမိခဲ့ကြတယ်။
မျက်ဝန်းပေါင်း ဒါဇင်ကျော်လောက်က ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ပြီး သူစကား ပြောလာမှာကို တိတ်တဆိတ်နဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။ ခန်းမတစ်ခုလုံး အပ်ကျသံတောင် ကြားရလောက်တဲ့အထိ တိတ်ဆိတ်နေခဲ့တယ်။
“သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခု ပါလာတယ်” ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အားလုံးကို ဝေ့ကြည့်လိုက်ကာ “ဘယ်သတင်း အရင် ကြားချင်လဲ”
“ကောင်းတာနဲ့ဆိုးတာ နှစ်ခုစလုံး ရှိနေမှတော့” ဟော်ရှင်းချန်က ပြုံးလိုက်ပြီး ခေါင်းခါရမ်းလိုက်ရင်း “သတင်းဆိုးပဲ အရင်နားထောင်ကြတာပေါ့။ အဲ့သတင်းဆိုးက ငါတို့ ဒီမနက်ကရလိုက်တဲ့ သတင်းလောက်တော့ မဆိုးဘူးမလား”
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့တယ်။ ဟော်ရှင်းချန် ဘာကို ရည်ညွှန်းပြောနေလဲ ဆိုတာကို သူနားမလည်ပေမယ့် ထိုကိစ္စကို ခဏဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ စစ်ပွဲမြို့တော်မှာ အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုခုသာ ဖြစ်ပျက်သွားခဲ့ရင် ချူရီမန်က သူ့ကို ပြောပြီးနေလောက်ပါပြီ။
“သတင်းဆိုးကတော့ အခုကနေစပြီး သခင်လေး တစ်ယောက်ချင်းစီတိုင်း သွေးစစ်သည်တော် နှစ်ယောက်ထက် ပိုထားခွင့် မရှိတော့ဘူးတဲ့။ ကျန်တဲ့ သွေးစစ်သည်တော်တွေ အကုန်လုံးက ဘေးထွက်နေရမယ်တဲ့”
“ဘာ” အားလုံး ထိတ်လန့်တကြား ထအော်လိုက်ကြတယ်။ ချူရီမန်တောင် မျက်မှောင် ကြုံ့သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်တယ် “နင်ဘာပြောချင်နေတာလဲ”
သက်ပြင်းတစ်ချက် ချလိုက်ပြီး ရန်ကိုင်က မိသားစုရဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြလိုက်တယ်။
ရန်ကိုင် ရှင်းပြတာကို နားထောင်ပြီးနောက် ခန်းမထဲမှာ ရှိနေတဲ့လူတွေ အကုန်လုံး ဒေါသထွက်၊ မကျေမနပ် ဖြစ်သွားခဲ့ကြတယ်။
“ငိုးပဲ” ဟော်ရှင်းချန် အော်ဆဲလိုက်တယ် “မင်းတို့ ရန်မိသားစုက အမွေခံတိုက်ပွဲကို ကလေးကစားပွဲတစ်ခုလို့ ထင်နေကြတာလား၊ဟန်။ စည်းမျဉ်းတွေကို သူတို့စိတ်ရှိတိုင်း ပြင်ချင်သလို ပြင်လို့ရတာလား”
“အဲ့ဒါအမှန်ပဲ။ သူတို့ ဘယ်လိုလုပ်ပြီး ဒီလိုတောင် လုပ်ရက်ရတာလဲ”
“အဲ့လိုသာဆိုရင် ငါတို့နဲ့ ကျန်တဲ့သခင်လေးတွေ ကြားက ခွန်အားကွာခြားချက်က အရမ်းကို ကျဉ်းမြောင်း သွားမှာပေါ့”
ခန်းမထဲမှာ ရှိနေတဲ့လူတွေ အကုန်လုံး အကြီးအကဲ ခန်းမကို ပြင်တင်ဆဲဆိုနေကြတယ်။ အေးစက်စက် အလှဂဟေးလေး ဟန်ရှောင်ချီရဲ့ မျက်နှာထက်တောင် ဒေါသအရိပ်အယောင်တို့ကို မြင်တွေ့နေရပါတယ်။
အစတုန်းက ရန်ကိုင်အဖွဲ့ရဲ့ ခွန်အားက အားလုံးထဲမှာ ပြိုင်ဘက်ကင်းလို့ ပြောရလောက်တဲ့ အဆင့်ထိပါ။ သွေးစစ်သည်တော် ခုနှစ်ယောက်နဲ့ဆိုရင် သူ့ပြိုင်ဘက်တွေ အကုန်လုံးကို မြက်ရှင်းသလို ရှင်းပစ်လို့ ရပါတယ်။ ဒါပေမယ့် အခုတော့ အကြီးအကဲခန်းမရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ကြားက ခွန်အားကွာခြားချက်က တော်တော်လေး ကျဉ်းမြောင်းသွားခဲ့ပါပြီ။
“တော်လောက်ပြီ” ချူရီမန် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အော်ဟစ်လိုက်တယ်။ သတင်းကြားကြားချင်း သူမလည်း အသက်ရှူကြပ်လောက်တဲ့အထိ ဒေါသ ထွက်သွားခဲ့ပေမယ့် ရန်ကိုင် စိတ်ငြိမ်အောင် လုပ်ပြီးနောက် ရန်ကိုင်မျက်နှာထက် မကျေနပ်သည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရတာကို ချူရီမန် သတိပြုမိလိုက်တယ်။
ဒီဆုံးဖြတ်ကို ရန်ကိုင် နည်းနည်းလေးတောင် ဂရုမစိုက်မှန်း သူမသိသွားခဲ့ပြီလေ။
“သတင်းကောင်းကကော” ချူရီမန်က ရန်ကိုင်ဘက် လှည့်ပြီး မေးလိုက်တယ်။ “နားထောင်ကြည့်ရအောင်”
လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး အားလုံးရဲ့ အကြည့်က ရန်ကိုင်ဆီ ရောက်ရှိလာခဲ့တယ်။
ရန်ကိုပါးစပ်စွန်းနှစ်ဖက် ဖြည်းဖြည်းချင်း ကွေးတက်သွားခဲ့ပြီး အပြုံးကြီးပြုံးလိုက်ရင်း “သတင်းကောင်းက မင်းတို့နဲ့ ဘာမှမသက်ဆိုင်ဘူး။ အမွေခံတိုက်ပွဲနဲ့တောင် ဘာမှမဆိုင်ဘူး။ ငါတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တာ”
“အခုကနေစပြီး ဒီမှာ ရှိနေတဲ့ သွေးစစ်သည်တော်တွေ အကုန်လုံး ငါ့တစ်ယောက်တည်းကိုပဲ သစ္စာရှိရတော့မယ်”
ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး အေးခဲသွားခဲ့ပြီး ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် တစ်ခဏလောက်လောက် တွေးတောစဉ်းစားပြီးနောက် ဒီအချက်က ရန်ကိုင်အတွက် ဘယ်လောက်တောင် အကျိုးများလဲ ဆိုတာကို သူတို့အလျင်အမြန်ပဲ နားလည်သွားခဲ့ကြတယ်။
“တကယ်ကြီးလား” ဒေါင်ချင်းဟန် စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့တယ်။ လုံးဝကို မယုံကြည်နိုင်သည့် အမူအရာနဲ့ “ရန်မိသားစုက အဲ့လို တကယ်ပဲ သဘောတူခဲ့တာလား”
“အင်း”
“ငါ့လခွမ်း” ဟော်ရှင်းချန် အံ့ဩမှင်သက်သွားခဲ့တယ်။
ချူရီမန် မဲ့ပြုံးပြလိုက်ပြီး ခေါင်းလေးတရမ်းရမ်းနဲ့ “ရန်ကိုင်၊ နင်ဒီတစ်ကြိမ်တော့ အချီကြီး မြတ်သွားခဲ့ပြီ”
သွေးစစ်သည်တော်များစွာက ရန်ကိုင် တစ်ယောက်တည်းကိုပဲ သစ္စာရှိတော့မှာဆိုတော့ အမွေခံတိုက်ပွဲကို သူနိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ၊ ရန်မိသားစုထဲက သူ့အဆင့်အတန်းက နိမ့်ကျလိမ့်မှာ မဟုတ်တော့တာ အသေအချာပါပဲ။
သွေးစစ်သည်တော်များစွာကို နောက်လိုက်အဖြစ် ရရှိထားမှတော့ သူ့အဆင့်အတန်းက မမြင့်မားပဲ ဘယ်နေလိမ့်ပါ့မလဲ။ အနည်းဆုံးတော့ ထိပ်တန်းအဆင့် အကြီးအကဲတွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ရန်မိသားစုရဲ့ အကြီးအကဲ၊ ဒီလို ဂုဏ်ပုဒ်မျိုးက ပထမအဆင့် အင်အားစုတစ်ခုရဲ့ မိသားစုခေါင်းဆောင် ရာထူးနဲ့သွားယှဉ်လို့ ရပါတယ်။
“အခြားသင့်တော်မယ့် အဖြေပြန်မပေးတတ်တော့လို့ မိသားစုက သဘောတူလိုက်ရတာ” ရန်ကိုင်က ရယ်ရယ်မောမောနဲ့ “သူတို့ ဝင်ရှုပ်တာကြောင့်သာ မဟုတ်ရင် ငါလည်း အခုလိုမျိုး ငါးအကြီးကြီး ဖမ်းမိလိမ့်မှာ မဟုတ်ပါဘူး”
ချူရီမန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ရေတိုအတွက်တော့ ဒါက သတင်းဆိုးပဲ။ ဒါပေမယ့် ရေရှည်ကြည့်မယ် ဆိုရင်တော့ ဒါက နင့်အတွက် လုံးဝကို အကျိုးရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ နင့်အတွက် ဂုဏ်ယူပါတယ်”
ခန်းမထဲမှာ ရှိနေတဲ့ လူတွေအားလုံး ရန်ကိုင်အတွက် ဂုဏ်ပြုစကားဆိုလိုက်တယ်။
ရန်ကိုင် ပြန်ပြုံးပြလိုက်ပြီး စကားပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ အားလုံးရဲ့ မျက်နှာထက် ဖုံးကွယ်ထားသည့် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင် ရေးတေးတေးလေးကို သူအာရုံခံမိလိုက်တယ်။ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး မေးလိုက်တယ် “မနေ့ညတုန်းက တစ်ခုခု ဖြစ်ခဲ့လို့လား”
သူတစ်ညလေးပဲ ထွက်သွားခဲ့တာပါ။ သူ့မဟာမိတ်တွေရဲ့ အမူအရာက အရင်လို ရွှင်ရွှင်ပြပြ ရှိမနေတော့ပါဘူး၊ သူထွက်သွားခဲ့တဲ့ညမှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ရပါမယ်။
သူ့မေးခွန်းကို ကြားလိုက်တာနဲ့ အခန်းထဲမှာ ရှိနေတဲ့ လူအားလုံး ကိုးယိုးကားယား အမူအရာနဲ့ ချောင်းဟန့်လိုက်ကြပြီး ချက်ချင်းပဲ အကြည့်လွှဲဖယ် သွားလိုက်ကြတယ်။
ချူရီမန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး “နင့်အကြည့် အောက်ကနေ ဘာကိုမှ ဖုံးကွယ်လို့ မရပါလားနော်။ ငါလည်း အခုပဲ အဲ့အကြောင်း နင့်ကို ပြောတော့မလို့”
ပြီးတာနဲ့ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပြီး ချူရီမန် ဆက်ပြောလိုက်တယ် “နင့်လိုပဲ၊ ငါ့မှာ သတင်းဆိုးနဲ့ သတင်းကောင်းရှိတယ်၊ နင်ဘယ်သတင်းကို အရင်နားထောင်ချင်လဲ”
“သတင်းဆိုးကိုပဲ အရင်ပြော” ရန်ကိုင် ချက်ချင်း ပြန်ပြောလိုက်တယ်။
“ရန်ရင်… နုတ်ထွက်သွားပြီ”
“ဘယ်လို” ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။
“နင်ကြားတာ အမှန်ပဲ။ နင့်ရဲ့ ခုနှစ်ယောက်မြောက်အစ်ကို ရန်ရင် ပြိုင်ပွဲကနေ နုတ်ထွက်သွားပြီ”
“ဘာတွေ ဖြစ်ခဲ့တာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။ အခုလိုမျိုး ဖြစ်လာမယ်လို့ သူနည်းနည်းလေးတောင် မျှော်လင့်မထားခဲ့ပါဘူး။
သူမထွက်သွားခင်တုန်းက အမွေခံတိုက်ပွဲမှာ သခင်လေး လေးယောက်ပဲ ကျန်ပါတော့တယ်။
ရန်ဝေ၊ ရန်ကျောင်း၊ ရန်ကိုင်နဲ့ ရန်ရင်တို့ပါ။ လေးယောက်ထဲမှာ ရန်ကိုင်က အားကောင်းတဲ့ ပညာရှင် အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားပါတယ်။ သွေးစစ်သည်တော် ခုနှစ်ယောက်နဲ့ထက် ကျန်တဲ့ သခင်လေး သုံးယောက်စလုံးရဲ့ အထက်မှာ သူရပ်နေနိုင်ပါပြီ။ ဒါတောင် နတ်ဆိုးအိုကြီးနဲ့ မန်ဝူရကို ထည့်မတွက်ထားသေးပါဘူး။
တစ်ဖက်၌ ရန်ရင်က အင်အားစု အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားကာ သူ့မှာ ရှိနေတဲ့ စုစုပေါင်း လူရေအတွက်ကို ကျန်တဲ့ သခင်လေး သုံးယောက်စလုံး မမှီကြပါဘူး။
ရန်ကိုင် ရန်ရှန်းခြံဝန်းကို အလစ်ချောင်းတိုက်ခိုက်ပြီး အလံကို အောင်အောင်မြင်မြင်နဲ့ ရယူနိုင်ခဲ့ပြီးနောက် ရန်ရှန်းရဲ့ မဟာမိတ်တွေအကုန်လုံး၊ သွေးစစ်သည်တော် နှစ်ယောက်ကလွဲ့လို့၊ အကုန်လုံး ရန်ရင်ဆီ ပူးပေါင်းသွားခဲ့ကြပါတယ်။
တစ်နည်းဆိုရသော် ရန်ရင်ပိုင်ဆိုင်ထားတဲ့ လက်ရှိ အင်အားစု အရေအတွက်က သခင်လေး နှစ်ယောက်ပေါင်း အင်အားစုနဲ့ တူညီနေပါတယ်။
ဘယ်လိုပဲ ကြည့်ကြည့်၊ ရန်ရင်က လေးယောက်ထဲ အားအနည်းဆုံး မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ သူက ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် အဲ့ကိစ္စက မနေ့ည ရန်ကိုင် စစ်ပွဲမြို့တော်မှာ ရှိမနေတဲ့အချိန် တကယ်ပဲ ဖြစ်ပျက်သွားခဲ့ပါတယ်။
“ငါလည်း အသေးစိတ်အချက်အလက်တွေကို သေချာ မသိသေးဘူး” ချူရီမန်က ခေါင်းခါရမ်းလိုက်တယ်။ သူမလည်း ဒီမနက်မှ သတင်းကြားတာပါ “မနေ့ညတုန်းက နင့်ရဲ့ ဒုတိယအစ်ကိုက ရန်ရင်ရဲ့ ခြံဝန်းဆီ တစ်ယောက်တည်း သွားခဲ့ပြီး နှစ်ယောက်သား သီးသန့်စကားပြောခဲ့တယ်ဆိုပဲ။ အရမ်းကို ရက်ရောများပြားလွန်းတဲ့ အကျိုးအမြတ်တွေ ပေးမယ်လို့ ကတိပေးခဲ့လို့ပဲ ရန်ရင်နုတ်ထွက်သွားတာ ဖြစ်ရမယ်”
ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး အလျင်အမြန်ပဲ နားလည်သွားခဲ့ကာ “ဒါဆိုရင် ခုနှစ်ယောက်မြောက် အစ်ကိုရဲ့ အင်အားစုတွေ အကုန်လုံးက…”
“သူတို့တွေ အကုန်လုံးက ရန်ကျောင်းနဲ့ ပူးပေါင်းသွားခဲ့ပြီ” ချူရီမန် မဲ့ပြုံးပြုံးကာ ပြောလိုက်တယ်။
ရန်ရင်အိမ်က လူတွေ ပူးပေါင်းဝင်ရောက် လာပြီးနောက် ရန်ကျောင်းရဲ့ ခွန်အားက မယုံကြည်နိုင်ဖွယ်ရာ အဆင့်တစ်ခုထိ ရောက်ရှိသွားခဲ့ပါပြီ။ အဲ့ဒါက ရန်ကိုင်နဲ့ ကွဲပြားပါတယ်။ အခုအချိန်၌ ရန်ကျောင်းက ညီအစ်ကိုတွေထဲ အားအကောင်းဆုံးလို့တောင် ပြောလို့ရနေပါပြီ။
“မနေ့ညက တကယ်ပဲ မုန်တိုင်းတွေကို သယ်လာခဲ့တာပဲ” ရန်ကိုင် မျက်ဝန်းအစုံ လက်သွားခဲ့ပြီး သူ့မျက်နှာထက် လှောင်ပြောင်လို့သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။
ငါတစ်ညလေးပဲ ထွက်သွားလိုက်တာနဲ့ စစ်ပွဲမြို့တော်မှာ ဒီလို ကိစ္စကြီးကြီးမားမား ဖြစ်သွားခဲ့တယ်။ ဒုတိယအစ်ကိုရဲ့ နည်းလမ်းတွေက တကယ်ကို အထင်ကြီးစရာပါပဲလား
အကြီးအကဲခန်းမရဲ့ ဆင့်ခေါ်မှုကြောင့်သာ မဟုတ်ရင် မနေ့ညကတည်းက သူ့သွေးစစ်သည်တော်တွေ အကုန်လုံးကို ဦးဆောင်ပြီး ခုနှစ်ယောက်မြောက် အစ်ကိုရန်ရင်ကို သူသွားတိုက်နှင့်ပါပြီ။
ဒါပေမယ့် အခုတော့ သူစုဆောင်းထားခဲ့တဲ့ အားသာချက်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့ပြီး ဒုတိယအစ်ကိုရဲ့ လှုပ်ရှားမှုကြောင့် သူ့အခြေအနေက ခံစစ်အနေအထားသို့ ကျရောက်သွားခဲ့ရပါတယ်။
အခြေအနေတွေက လက်ခုံလက်ဖဝါး မှောက်လှန် လိုက်သလို အပြောင်းကြီး ပြောင်းလဲသွားခဲ့ပါတယ်။
အကြီးအကဲခန်းမက မနေ့ညနေတုန်းက သူ့ကို ဆင့်ခေါ်ခဲ့တယ်။ အဲ့ညမှာပဲ သူ့ရဲ့ ဒုတိယအစ်ကိုက အကွက်အကြီးကြီး ရွှေ့လိုက်တယ်။ တိုက်ဆိုင်တာပဲလား၊ ကြိုတင်ကြံစည်ထားတာပဲလား ဆိုတာကိုတော့ သူလည်း နားမလည်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် အခုတော့ အမွေခံတိုက်ပွဲရလဒ်က တရားသေ မဟုတ်တော့ပါဘူး။ အနည်းဆုံးတော့ ရန်ကျောင်းက တစ်ထိုင်တည်း ဝါးစားပစ်လို့မရတဲ့ အရိုးမာတစ်ချောင်း ဖြစ်သွားခဲ့ပါပြီ။ အကြီးဆုံးအစ်ကိုကြီးမှာလည်း ဖုံးကွယ်ထားတဲ့ အင်အားတွေ အများကြီး ရှိနေပါသေးတယ်။
ညီအစ်ကိုသုံးယောက်ထဲ နောက်ဆုံးဖလားကို ဘယ်သူသိမ်းမလဲ ဆိုတဲ့ မေးခွန်းက ဒီကျင့်ကြံခြင်း လောကကြီးတစ်ခုလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေအတွက် အဖြေထုတ်ရခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
“သတင်းကောင်းကကော” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်တယ်။
“ဒီသတင်းကောင်းက နင့်အတွက် သီးသန့်ပဲ” ချူရီမန် မျက်နှာထက် ကူကယ်ရာမဲ့နေတဲ့ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး လက်ခုပ်လေး တီးလိုက်တယ် “ဝင်လာခဲ့”
မကြာခင်မှာပဲ ခန်းမထဲကို လူနှစ်ယောက် လမ်းလျှောက် ဝင်လာခဲ့တယ်။
ထိုနှစ်ယောက်ကို တွေ့လိုက်တာနဲ့ ချူရီမန် ဘာပြောနေတာလဲ ဆိုတာကို သူချက်ချင်းပဲ နားလည်လိုက်တယ်။
ထိုသွေးစစ်သည်တော် နှစ်ယောက်က ခုနှစ်ယောက်မြောက် အစ်ကိုဆီမှာ တာဝန်ထမ်းဆောင် နေတဲ့ သွေးစစ်သည်တော် နှစ်ယောက်ပဲ ဖြစ်ပါတယ်။
အခုတော့ ရန်ရင်က ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီ ဖြစ်တဲ့အတွက် သူတို့ ရန်ကိုင်ဆီ ရောက်လာခဲ့တာပါ။
ဒါပေမယ့် အကြီးအကဲခန်းမနဲ့ ရန်ကိုင်ကြား သဘောတူညီချက် အရ ထိုနှစ်ယောက်က အမွေခံတိုက်ပွဲမှာ ပါဝင်လို့ ရတော့မှာ မဟုတ်ပါဘူး။
“ဝူကျူးနဲ့ ဖူချုန်းက သခင်ငယ်လေးကို နှုတ်ဆက်ပါတယ်”
ရန်ကိုင် အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ကျုပ်တို့ ပြောခဲ့တဲ့ အကြောင်းအရာ အားလုံးကို ခင်ဗျားတို့ ကြားခဲ့လိမ့်မယ်ထင်တယ်”
“လက်အောက်ငယ်သားတို့ တကယ်ပဲ ကြားခဲ့ပါတယ်” နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး ပြုံးကာ ပြန်ပြောလိုက်တယ် “အခုကနေစပြီး လက်အောက်ငယ်သား တို့နှစ်ယောက်စလုံး သခင်ငယ်လေးကိုပဲ သစ္စာရှိသွားပါမယ်”
“ငါလည်း မင်းတို့အပေါ် အားကိုးရဦးမှာပေါ့”
“လက်အောက်ငယ်သားတို့ သွားလိုက်ပါဦးမယ်” နှဏ်ယောက်စလုံး ရန်ကိုင်ကို တွေ့ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားလိုက်တယ်။
“နင်အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ” သွေးစစ်သည်တော် နှစ်ယောက် ထွက်သွားတဲ့အထိ စောင့်ပြီးတာနဲ့ ချူရီမန်က အသာအယာလေး မေးလိုက်တယ်။
“အခြေအနေကို အရင်စောင့်ကြည့်မယ်” ရန်ကိုင်လည်း ကူကယ်ရာမဲ့နေခဲ့တယ်။ သူစုစည်းထားတဲ့ အင်အားစုတွေက အားမနည်းပေမယ့် သွေးစစ်သည်တော်တွေ အကုန်လုံးကို အသုံးမပြုနိုင်ရင် သူ့အင်အားက တော်တော်လေးကို လျော့ကျသွားမှာပါ။ ပြီးတော့ အခုအချိန်မှာ ရန်ကျောင်းရဲ့ အင်အားက ကြောက်မခန်းလိလိ မြင့်တက်သွားခဲ့ပါပြီ။
ပြောင်းလဲမှုကြီးတွေက တစ်ညလေးအတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့ပါတယ်။ ဒါဟာ လောကကြီးရဲ့ မမြဲခြင်းနိယာမပါလား။
အားလုံး ရန်ကိုင်အတွက် အကြီးအကဲခန်းမကို ဒေါသထွက်နေကြပေမယ့် ထိုသွေးစစ်သည်တော်တွေ အကုန်လုံးက ရန်ကိုင် တစ်ယောက်တည်းကိုပဲ သစ္စာစောင့်သိရတော့မှာကို သိလိုက်တာနဲ့ သူတို့အားလုံး ဒေါသပြေသွားခဲ့ကြတယ်။
သူတို့အားလုံး ထွက်သွားပြီးတာနဲ့ တစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့ ခြံဝန်းဆီ ပြန်သွားလိုက်ကြတယ်။
အခြားအခန်းတစ်ခန်း၌ ရန်ကိုင်က သွေးစစ်သည်တော်တွေ အကုန်လုံး စုဝေးလိုက်တယ်။
အသစ်ရောက်လာတဲ့ နှစ်ယောက်ပါထည့်တွက်ရင် ရန်ကိုင်မှာ စုစုပေါင်းသွေးစစ်သည်တော် ၉ယောက် ရှိနေခဲ့ပါပြီ။ တကယ်ကို အံ့အားသင့်စရာ ကောင်းလှတဲ့ အရေအတွက်ပါ။
ရင်းဂျုနဲ့ တန်ယုရှန်း ပြောပြထားလို့ အကြီးအကဲခန်းမရဲ့ ဆုံးဖြတ်ချက်အကြောင်းကို အားလုံး ကြားပြီးသွားကြပါပြီ။
သူ့ရှေ့မှာ ရှိနေတဲ့ ပညာရှင်တွေကို ကြည့်ရင်း ရန်ကိုင်က ပြောလိုက်တယ် “ခင်ဗျားတို့ ကိုးယောက်ထဲ ကျုပ်နဲ့အတူ အမွေခံတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နှစ်ယောက်ကိုပဲ ရွေးလို့ရလိမ့်မယ်။ ရင်းဂျုက ကျုပ်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ ပုန်းကွယ်ပြီး လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ ဒါကြောင့် သူ့ကို ကျုပ်ရွေးခဲ့တယ်။ တန်ယုရှန်းကျတော့၊ သူ့ဝိဥာဉ် ပညာရပ်တွေက သွေးစစ်သည်တော်တွေထဲမှာ အားအကောင်းဆုံး ဖြစ်တာမို့ သူ့ကိုလည်း ရွေးခဲ့တယ်။ ခင်ဗျားတို့ ကန့်ကွက်စရာ မရှိဘူးမလား”
“မရှိပါဘူး သခင်ငယ်လေး” အားလုံးက ချက်ချင်းပဲ ပြန်ဖြေလိုက်ကြတယ်။
“ခင်းဗျားတို့မှာ မရှိမှန်း ကျုပ်သိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “တကယ်တော့ ယုရှန်းကို ရွေးရတဲ့ နောက်ထပ်အကြောင်းပြချက် တစ်ခု ရှိသေးတယ်…”
ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး သိချင်စိတ် ပြင်းပြသွားခဲ့ကြတယ်။
ရန်ကိုင်က သွားပေါ်အောင် ပြုံးရင်း “ဘာလို့လဲ သိလား။ မိန်းမလှလေး တစ်ယောက်ကို ကျုပ်နားမှာ ခေါ်ထားချင်လို့လေ”
တည်ငြိမ်ရင့်ကျက်တဲ့ တန်ယုရှန်းတောင် ရန်ကိုင် စကားကြောင့် ရှက်သွေးဖြာသွားခဲ့ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ “သခင်ငယ်လေး…”
ရန်ကိုင် ပြောမှာကို စိတ်ဝင်တစားနဲ့ နားစွင့်နေကြတဲ့ သွေးစစ်သည်တော်တွေ အကုန်လုံးရဲ့ မျက်နှာ သံပုရာသီး ကိုက်လိုက်ရသလို ရှုံ့မဲ့သွားခဲ့ကြတယ်။
ရန်ကိုင် ယဲ့ယဲ့လေး ရယ်မောလိုက်ပြီး အပြောင်အပျက်တွေ ဆက်မပြောတော့ပဲ လေးနက်တဲ့ အမူအရာနဲ့ “ခင်ဗျားတို့ အားလုံး အမွေခံတိုက်ပွဲမှာ ဝင်မပြိုင်နိုင်တော့ပေမယ့် စံအိမ်ထဲမှာ ရှိနေတဲ့ လူတွေကို ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး ညွှန်ကြားပြသပေးလို့ ရသေးတယ်လေ”
“လွယ်လွယ်လေးပဲ” တုဖုန်း ခေါင်းညိတ်လိုက်တယ်။
သူတို့ တစ်ယောက်ချင်းစီတိုင်းက ရန်မိသားစု သွေးစစ်သည်တော် ခန်းမရဲ့ ပညာရှင်တွေပါ။ အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊ အဆင့်၈ကို ရောက်ထားကြတဲ့ လူတွေချည်းပါပဲ။ ထို့ကြောင့် စံအိမ်ထဲမှာ ရှိနေတဲ့ သခင်လေးတွေ၊ သခင်မလေးတွေကို ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး ကူညီပေးရမယ့်အလုပ်က သူတို့အတွက်တော့ အရမ်းကို လွယ်ကူလှပါတယ်။
စံအိမ်ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အားလုံး ဒီသတင်းကို ကြားလိုက်တာနဲ့ ဝမ်းသာလုံးတောင် ဆို့သွားနိုင်ပါတယ်။ တကယ်တော့ ဒီလို အခွင့်အရေးမျိုက သာမန်လူတွေ ရနိုင်တာမျိုးမှ မဟုတ်တာ။
Martial Peak
အပိုင်း(၄၉၇) တန်ယုရှန်းရဲ့ သရုပ်ပြမှု
သွေးစစ်သည်တော်တွေနဲ့ ပြောဆိုဆွေးနွေးပြီးနောက် သူတို့တွေကို ပြန်လွှတ်လိုက်တယ်။
တန်ယုရှန်း တစ်ယောက်ပဲ ကျန်နေရစ်ခဲ့တယ်။
သူမတစ်ယောက်တည်းကိုပဲ ဘာလို့ နေရစ်ခိုင်းခဲ့မှန်း မသိတာရယ်၊ ရန်ကိုင် ခုဏလေးတုန်းက လုပ်ခဲ့တဲ့ အပြောင်အပျက်ရယ်ကြောင့် တန်ယုရှန်း ရှက်သွေးဖြာနေ ခဲ့ပါတယ်။
“ယုရှန်း၊ ဘယ်သူကမှ အပြင်လူတွေ မဟုတ်ဘူး။ ကျုပ်မှာ ခင်ဗျားနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုရှိတယ်” ရန်ကိုင်က လေးလေးနက်နက်နဲ့ တိုးတိုးလေး ပြောလိုက်တယ်။
“သခင်ငယ်လေး၊ ပြောချင်တာရှိရင် ပြောလိုက်ပါ။ ယုရှန်း နားထောင်နေပါတယ်” တန်ယုရှန်းက သူမကိုစိတ်ကို တည်ငြိမ်အောင် လုပ်ရင်း ပြန်ပြောလိုက်တယ်။
“ကျုပ်လည်း မသိဘူး၊ ခင်ဗျား ခံစားမိလား” ရန်ကိုင် ပြောပြီးသွားတာနဲ့ အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံ တစ်ခုပေါက်ကွဲ ထွက်လာခဲ့ပြီး တန်ယုရှန်းကို ဖုံးအုပ်သွားခဲ့တယ်။
တန်ယုရှန်း ကိုယ်လုံးလေး တုန်ရင်သွားခဲ့တယ်၊ စိတ်ဝင်စားစရာ ကောင်းသည့် အခြင်းအရာ တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ရန်ကိုင်က မျက်တောင် မခတ်တမ်း စူးစိုက်ကြည့်နေခဲ့တယ်။
“ခံစားမိလား” ရန်ကိုင်က မေးလိုက်တယ်။
တန်ယုရှန်းက အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်ပြီး “သခင်ငယ်လေး၊ ဒါက သခင်ငယ်လေးရဲ့ ကိုယ်ပိုင် ကောင်းကင်စိတ်အာရုံလား”
“မဆိုးဘူး၊ တော်တယ်”
ရန်ကိုင်က ကောင်းကင်စိတ်အာရုံကို အသုံးပြုနေ နိုင်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ထိုအချက်ကို တန်ယုရှန်းနဲ့ တုဖုန်းတို့ မသိထားကြသေးပါဘူး။ သူအခုလို ထုတ်ပြ လိုက်ရတာကလည်း ကောင်းကင်စိတ်အာရုံနဲ့ ပက်သက်ပြီး တန်ယုရှန်းနဲ့ တိုက်ပင်ဆွေးနွေးချင်တာကြောင့်ပါ။
“ကျွန်မသိပြီ… ရန်ထိုက်ရဲ့ ခြံဝန်းတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့တဲ့ ကောင်းကင်စိတ်အာရုံက သခင်လေးရဲ့ဟာမလား” တန်ယုရှန်း ချက်ချင်းပဲ နားလည်သွားခဲ့တယ်။ လပေါင်းများစွာ ကြာပြီးတာတောင် အမွေခံတိုက်ပွဲရဲ့ ပထမညကို သူမ မှတ်မိနေတုန်းပါပဲ။ ထိုအချိန်တုန်းက ရန်ခန်းနဲ့ ရန်ရင်တို့ အဖွဲ့သားတွေရဲ့ မျက်စိအောက်မှာပဲ ရန်ကိုင်က ရန်ထိုက်ကို လုယူသွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အကောင်းတဲ့ ကောင်းကင်စိတ်အာရုံတစ်ခုက ရန်ထိုက် ခြံဝန်းကို လွှမ်းခြုံသွားခဲ့ပြီး အားလုံးကို ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားစေခဲ့တယ်။
ထိုအချိန်တုန်းက ထိုပညာရှင်က ဘယ်သူလဲ ဆိုတာကို သူမသံသယဝင်မိပါသေးတယ်။
“သခင်ငယ်လေး၊ ရှင်က အစစ်အမှန်ဒြပ်စင်အဆင့်၉ပဲ ရှိသေးတာလေ။ ဒါကို ဘယ်လိုလုပ်ပြီး…”
ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ယှဉ်ပြိုင်လို့ ရပါတယ်။ ကောင်းကင်စိတ်အာရုံကို သူလေ့ကျင့်နေခဲ့တာ လနဲ့ချီပြီးတော့သာ ကြာသေးပေမယ့် နှစ်ပေါင်းများစွာ လေ့ကျင့်လာတဲ့ ပညာရှင်တစ်ယောက်ရဲ့ ကောင်းကင် စိတ်အာရုံနဲ့တောင် အလွယ်တကူ အမှတ်မှားနိုင်ပါတယ်။
“ကျုပ်လည်း မသိဘူး” ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး ထပ်မမေးတော့ဖို့ အရိပ်အမြွက်ပြလိုက်တယ် “ခင်ဗျားရဲ့ ဝိဥာဉ်ပညာရပ်တွေက အကောင်းဆုံးထက်ကို ပိုကောင်းတာ ဆိုတော့ ကျုပ်ခင်ဗျားဆီက နည်းနာချင်လို့ပါ”
မန်ဝူရနဲ့ နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံးကလည်း အဆင့်မြင့် ပညာရှင်တွေပါပဲ။ ကောင်းကင် စိတ်အာရုံကို အသုံးပြုတဲ့ နေရာမျိုးမှာ သူတို့နှစ်ယောက်စလုံး တန်ယုရှန်းအောင် မနိမ့်ကျကြပါဘူး။ ဒါပေမယ့် လူတိုင်းမှာ သူတို့ကိုယ်ပိုင် ခွန်အားတွေဆိုတာ ရှိတတ်ကြတယ်လေ။
ရန်ကိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အဆင့်လေးတစ်ဆင့်ပဲ လိုပါတော့တယ်။ ထို့ကြောင့် သူကြိုတင်ပြီး ပြင်ဆင် ထားချင်ပါတယ်၊ အထူးသဖြင့် လာမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်အတွက်ပေါ့။
အစစ်အမှန်ဒြပ်စင်အဆင့်က ယွမ်ချီကို အစစ်အမှန်ယွမ်ချီအဖြစ် ပြောင်းလဲရတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။ ထိုအဆင့်မှာ မိမိရဲ့ အစစ်အမှန်ချီက ပိုမိုသန့်စင်လာပြီး ပိုပြီးများပြားသိပ်သည်း လာပါလိမ့်မယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကလည်း ကုန်းမြေ နှစ်ခုကို ခြားထားတဲ့ မြစ်တစ်စင်းလိုပါပဲ။ ကျင့်ကြံသူတွေက သူတို့ရဲ့ အသိစိတ်ပင်လယ်ကို အရင်ဖွင့်လှစ်ပါတယ်၊ ပြီးမှပဲ ကောင်းကောင် စိတ်အာရုံကို ကျင့်ကြံကြပါတယ်။
“သခင်ငယ်လေး ဘာမေးချင်တာလဲ” စိတ်ငြိမ်အောင် လုပ်ပြီးနောက် တန်ယုရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်မေးလိုက်တယ်။
တစ်ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် “ခင်ဗျားရဲ့ အသိစိတ်ပင်လယ်ကို ဘယ်လို ဖွင့်ခဲ့တာလဲ”
“ကျွန်မရဲ့ ကောင်းကင်ဝိဥာဉ်အတွက် အဖိုးတန် ရတနာ အချို့ကို အသုံးပြုခဲ့ရတယ်” တန်ယုရှန်းက အရင် အကြောင်းအရာ တွေကို ပြန်စဉ်းစားရင်း ဖြည်းဖြည်း ပြန်ပြောပြလိုက်တယ် “သေချာတော့ မမှတ်မိတော့ဘူး။ သခင်ငယ်လေး၊ ဒီလက်အောက် ငယ်သားကို လက်တွေ့ ပြခွင့်ပြုပါ။ အဲ့တုန်းက အခြေအနေကိုတော့ ကျွန်မ မှတ်မိသေးတယ်”
“လက်တွေ့ပြဖို့လား… ဘယ်လိုမျိုးလဲ”
“သခင်ငယ်လေး ကျွန်မရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်ကြည့်လိုက်လေ” တန်ယုရှန်းက ပြန်ပြောလိုက်တယ်။ ပြီးတာနဲ့ သူမအသိစိတ်ပင်လယ်က အကာအကွယ်ကို ဖယ်ရှားလိုက်တယ်။
“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို တန်ယုရှန်းစိတ်ထဲ တိုးဝင်သွားစေလိုက်တယ်။
ဘေးပတ်ပတ်လည်ကို လှည့်ပတ်စူးစမ်း ကြည့်လိုက်တဲ့အခါ တိမ်ယံကင်းစင်တဲ့ အဆုံးမဲ့ ကောင်းကင်နဲ့ ကျယ်ပြန့်လှတဲ့ အဆုံးမဲ့ သမုဒ္ဒရာပြာကြီးကို တွေ့လိုက်ရတယ်။ အဆုံးမဲ့ပင်လယ်ကြီးထဲ၌ တန်ယုရှန်းရဲ့ ကောင်းကင်ဝိဥာဉ် ရှိနေခဲ့ပါတယ်။ ရန်ကိုင်လည်း အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
အခုတန်ယုရှန်းပါ အပါဆို လူသုံးယောက်ရဲ့ အသိစိတ်ပင်လယ်ထဲ ရန်ကိုင် ဝင်ရောက်ခဲ့ဖူးပြီးပါပြီ။
ပထမတစ်ယောက်၊ ရှန်ချင်းလော့၊ ဒုတိယ တစ်ယောက်က သူ့ရဲ့ စီနီယာမမလေးဖြစ်ပြီး တတိယ တစ်ကောင်က တန်ယုရှန်းပဲ ဖြစ်ပါတယ်။ (သုံးယောက်စလုံးက မိန်းကလေးတွေချည်းပဲ…)
တစ်ယောက်ယောက်ရဲ့ အသိစိတ် ပင်လယ်ထဲ ချိုးဖျက်ဝင်ရောက်တဲ့အခါ သူတို့ စိတ်ထဲ တွေးသမျှ အရာမှန်သမျှကို ခံစားသိနိုင်ပါတယ်။ ဒါက အရမ်းကို သိမ်မွေ့တဲ့ ခံစားချက်လေးပါ၊ သူတို့စိတ်ထဲမှာ တွေးနေသမျှ အရာမှန်သမျှကို ဖုံးကွယ်ထားလို့ မရပါဘူး။
ထို့ကြောင့် နှစ်ယောက်သားကြားက ဆက်ဆံရေးက အထူးကောင်းမွန်မနေခဲ့ရင် ကျင့်ကြံသူတွေက သူတို့ အသိစိတ်ပင်လယ်ထဲသို့ အခြားတစ်ယောက်ကို ပေးဝင်လေ့ မရှိပါဘူး။
သုံးယောက်စလုံးရဲ့ အသိစိတ်ပင်လယ်တွေကနေ ကွဲပြားခြားနားတဲ့ ခံစားချက် အမျိုးမျိုးကို ရန်ကိုင် ရရှိခဲ့ပါတယ်။
ရှန်ချင်းလော့ရဲ့ အသိစိတ်ပင်လယ်ထဲ အရမ်းကို စွဲမက်ဖွယ်ကောင်းတဲ့ သွေးဆောင်ဖြာယောင်မှုတို့ ပါဝင်နေပါတယ်။ ကျယ်ပြန့်လှတဲ့ ကောင်းကင်စိတ်အာရုံက ရန်ကိုင်ရဲ့ ဝိဥာဉ်ကိုတောင် စုပ်ယူသွားနိုင်သယောင် ထင်ရကာ သူမ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်လာတဲ့ လူတိုင်းကို ပြန်ထွက်မခွါချင်အောင် ဖြစ်စေခဲ့ပါတယ်။
စီနီယာမမလေးရဲ့ အသိစိတ်ပင်လယ်ကျတော့ သစ်လွင်လန်းဆန်းပြီး သဘာဝဆန်တဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။ သူမအသိစိတ်ပင်လယ်ထဲ နေလိုက်တာနဲ့ ခံစားခဲ့ရသမျှ အခက်အခဲတွေ၊ စိုးရိမ်ပူပန်နေရသမျှ ပြဿနာတွေ အကုန်လုံးကို မေ့လျော့သွားစေနိုင်ပါတယ်။ သူမရဲ့ အသိစိတ်ပင်လယ်က အရမ်းကို ငြိမ်းချမ်းလှပါတယ်။
တန်ယုရှန်းက တော်တော်လေး ရင့်ကျက်ပါတယ်။ သူမ အသိစိတ်ပင်လယ်ထဲက လေညင်းက ဖွံ့ထွားလှသည့် မိန်းမတစ်ယောက်ရဲ့ ရင်အစုံလို ရန်ကိုင်ကို ရစ်ပတ်လွှမ်းခြုံ ထားခဲ့တယ်။
အခုအချိန်၌ တန်ယုရှန်းရဲ့ ဝိဥာဉ်ခန္ဓာကိုယ်က ရန်ကိုင်နဲ့ မနီးမဝေးမှာ ရှိနေခဲ့တယ်။
သူတို့အောက်ခြေရှိ သမုဒ္ဒရာက တဖြည်းဖြည်းနဲ့ လှိုင်းထန်လာနေခဲ့ပြီး မိုးသားယံကင်းစင်တဲ့ ကောင်းကင် မှာတော့ မုန်တိုင်းလာတော့မယ့်အလား တိမ်ညိုတွေ စုဝေးလာနေခဲ့ပါတယ်။
ရန်ကိုင် ကြက်သေသေသွားခဲ့တယ်။
“ကျွန်မ အသိစိတ်ပင်လယ်ထဲ တစ်ယောက်ယောက် ဝင်လာဖူးတာ ပထမဆုံးအကြိမ်ဆိုတော့ အသား မကျသေးလို့ပါ သခင်ငယ်လေး” တန်ယုရှန်းက တောင်းပန်လိုက်တယ်။
အသိစိတ်ပင်လယ်ရဲ့ အခြေအနေက သူမရဲ့ အတွေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အခုအချိန်၌ တန်ယုရှန်း ရင်ခုန်စိတ်လှုပ်ရှားနေတာ အသေအချာပါပဲ။ တကယ်တော့ သူမရဲ့ လျှို့ဝှက်ချက်ကြီးတွေက ရန်ကိုင် မျက်မှောက်ရှေ့မှာ ရောက်နေခဲ့တာပါ၊ ဒီလို အဖြစ်မျိုးနဲ့ ကြုံတွေ့ရတဲ့ မိန်းမသားတိုင်းက ရှက်ရွံ့ကြမှာပဲလေ။
ရန်ကိုင်သာ အသိစိတ်ပင်လယ်ထဲ ဆက်ပြီး တိုးဝင်သွားခဲ့ရင် သူမ ကဘေးဘဝက အကြောင်းအရာ တွေကိုပါ ချောင်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် သူအဲ့လို မလုပ်ခဲ့ပါဘူး။
သူမပြောတာကို နားထောင်ပြီးနောက် ရန်ကိုင်က ပြန်ပြီးတော့သာ ခေါင်းညိတ်ပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရပ်စောင့်နေခဲ့တယ်။
ဟုတ်သွားပါပြီ၊ တစ်ခဏကြာပြီးနောက် ပင်လယ်ပြင်က တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့တယ်။
“သခင်ငယ်လေး သေသေချာချာ ကြည့်ထားနော်၊ ကျွန်မ လက်တွေ့ပြတော့မယ်” တန်ယုရှန်းက တိုးတိုးလေး ပြောလိုက်တယ်။ မကြာခင်မှာပဲ ရန်ကိုင်ရဲ့ အမြင်အာရုံ မှောင်ကျသွားခဲ့တယ်။
အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ အဆုံးမဲ့ပင်လယ်မှ တိမ်ယံကင်းစင်တဲ့ ကောင်းကင်ကြီးက စလို့၊ လေညင်းလေးပါအပါ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ အခု အမှောင်ထုပဲ ကျန်ရှိပါတော့တယ်။
ဗလာနတ္ထိက သူ့ကို ဝန်းရံထားခဲ့ပြီး သူ့တစ်ကိုယ်လုံး ပရမ်းပတာ ဖြစ်နေသလို ထင်ရတယ်။
တန်ယုရှန်းက သူမရဲ့ အသိစိတ်ပင်လယ် ဘယ်လို ဖြစ်ပေါ်လာတာကို ပြသနေမှန်း သိတဲ့အတွက် ရန်ကိုင်လည်း သေချာအာရုံစိုက်ထားလိုက်တယ်။
ဒီဗဟာနတ္ထိထဲ အချိန်ဘယ်လောက်ကြာအောင် ရောက်နေမှန်း ရန်ကိုင် မသိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လွတ်လပ်တဲ့ စွမ်းအင်တစ်ခု၊ နှစ်ခု စတင်မွေးဖွားဖြစ်တည် လာခဲ့တယ်။ ကောင်းကင်နဲ့မြေပြင်ရဲ့ ပထမဆုံး သက်ရှိ တစ်ခု ဖြစ်သည့်အလား ထိုအရာက အသက်စွမ်းအင်နဲ့ များပြားလှတဲ့ စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့တယ်။
တန်ယုရှန်းရဲ့ ကောင်းကင်ဝိဥာဉ်အမျှင်တန်း…
ထိုစွမ်းအင်နှစ်ခုက မိုးထဲလေထဲ ရောက်နေတဲ့ ဖယောင်းတိုင် မီးတောက်လေးလို၊ နေရောင်အောက် ရောက်နေတဲ့ နှင်းတွေလို ကစဉ့်အလျား နယ်မြေထဲ ကူးခတ် သွားလာနေခဲ့တယ်။
အစပိုင်းမှာတော့ ထိုဝိဥာဉ်အမျှင်တန်းလေးတွေ ပျက်စီးသွားခဲ့ပြီး ပုံစံတစ်ခုတောင် ဖြစ်မလာနိုင်ခဲ့ပါဘူး။ အချို့ပျက်စီးသွားတဲ့ ဝိဥာဉ်အမျှင်တန်းတွေက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စတင်ပြီး အသွင်သဏ္ဍာန် ဖွဲ့တည်လာခဲ့ပါပြီ။
ဒီလိုနဲ့ ရှင်သန်လာတဲ့ ကောင်းကင် ဝိဥာဉ်အမျှင်တန်း တွေက ပိုပိုပြီး များလာခဲ့တယ်။
တဖြည်းဖြည်း ဘာဆိုဘာမျှမရှိတဲ့ ဗလာနတ္ထိ ကစဉ့်ကလျား နယ်မြေကြီးထဲ ကြယ်တာရာတို့ဖြင့် လင်းလက် နောက်ပနေတဲ့ ညကောင်းကင်ယံတစ်ခု ဖြစ်တည်လာခဲ့တယ်။
ဗလာနတ္ထိကမ္ဘာကြီးထဲ စမ်းချောင်းလေးတစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့တယ်။ ထိုစမ်းချောင်းလေးက ဗဟာနယ်ပယ်ကြီးကို ဖြတ်သန်းစီးဆင်းနေခဲ့တယ်။
စမ်းချောင်းလေးက တဖြည်းဖြည်းနဲ့ ပိုပြီးကြီးမား ရေးစီးသန်လာခဲ့ပြီး မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ မြစ်ကနေမှတစ်ဆင့် အဆုံးမဲ့ပင်လယ်၊ အဆုံးမဲ့ပင်လယ်မှတစ်ဆင့် အရပ်ရပ်ကို ခွဲထွက်စီးဖြာသွားခဲ့တယ်။
ကောင်းကင်နဲ့မြေပြင် အက်ကွဲသွားခဲ့ပြီး ကစဉ့်ကလျား ကမ္ဘာကြီးလည်း ပျောက်ကွယ်သွားခဲ့တယ်။
အမှောင်ထုတ် ဆိတ်သုဉ်းသွားခဲ့ပြီး ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့တယ်။
လေညင်းတွေ တိုက်ခတ်နေခဲ့ပြီး ရေတွေက တသွင်သွင် စီးဆင်းနေခဲ့တယ်။ တန်ယုရှန်းကတော့ ရန်ကိုင်ရှေ့၌ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်နေလို့ပေါ့။ သူမရဲ့ ဝိဥာဉ်ခန္ဓာကိုယ် မျက်နှာထက် ပင်ပန်းနွယ်နယ်နေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရပါတယ်။
အစောပိုင်းတုန်းက ဖြစ်ရပ်တွေကို ပြသဖို့အတွက် သူမတော်တော်လေး အားအင်ကုန်ခမ်း သွားခဲ့ရပါတယ်။
“သခင်ငယ်လေး နားလည်လားဟင်”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ပြန်မဖြေခဲ့ပါဘူး။ ဗလာနတ္ထိကနေ သာယာလှပတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်တည်လာတဲ့ ဖြစ်စဉ်ထဲ ရန်ကိုင် ဈာန်ဝင်နေခဲ့တယ်။
အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ရတာ ကမ္ဘာကြီးတစ်ခုကို ဖွင့်လှစ်ရသလိုပါပဲ။ ကိုယ်တစ်ယောက်တည်းကိုသာ ပိုင်ဆိုင်တဲ့ ကမ္ဘာတစ်ခုပေါ့။
တန်ယုရှန်းရဲ့ သရုပ်ဖော်ပြသမှုက သူ့ကို တော်တော်လေး အကူအညီပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းကျ အသိစိတ် ပင်လယ်ကို ဘယ်လိုဖွင့်လှစ်ရမလဲ၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ဘယ်လို တက်လှမ်းရမလဲ သူတော်တော်လေး နားလည်သွားခဲ့ပါပြီ။
သူ့သာ လုံလောက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားခဲ့ရင် အသိစိတ်ပင်လယ်ကို ဖွင့်လှစ်တဲ့အခါ ပိုပြီးမြန်ဆန် လိမ့်မယ်လို့ ရန်ကိုင် ယုံကြည်ထားပါတယ်။
“တကယ်တော့၊ သခင်လေး ကောင်းကင် စိတ်အာရုံကို သန့်စင်ချင်ရင် ကျွန်မ အကြံတစ်ခုပေးချင်တယ်”
“အို” ရန်ကိုင်က တန်ယုရှန်းကို ကြည့်လိုက်တယ်။
“သခင်ငယ်လေး အဖော်တစ်ယောက် ရှာလို့ရတယ်… အဟမ်း၊ နှစ်ယောက်သား အတူစုံတွဲ ကျင့်ကြံတဲ့အခါ…” ပြောနေရင်းနဲ့ တန်ယုရှန်းရဲ့ မျက်နှာ ပိုပိုပြီး နီရဲလာခဲ့တယ်။
တန်ယုရှန်းရဲ့ ပုံစံကိုကြည့်ရင်း ရန်ကိုင် ရယ်မောလိုက်ပြီး “ဝိဥာဉ်ပေါင်းစပ်တာကို ပြောချင်တာလား”
“အင်း”
“အဲ့လိုနည်းလမ်းက ကိုယ်ရဲ့ပင်ကိုယ်စရိုက်ကို ပြောင်းလဲပစ်နိုင်ချေ များတယ်တဲ့” ရန်ကိုင်က ထူးထူးဆန်းဆန်း ပြုံးလိုက်တယ်။
ဝိဥာဉ်ပေါင်းစည်းခြင်း… လူနှစ်ယောက် သူတို့ရဲ့ ဝိဥာဉ်တွေကို ပေါင်းစည်းတဲ့အခါ အသားချင်းထိတွေ့ရင်း ခံစားရတဲ့ ကြည်နူးမှုထက် အဆတစ်ထောင်လောက် ပိုသာတဲ့ ကြည်နူးမှုကို ခံစားရပါလိမ့်မယ်။ ကြည်နူးမှုက အရမ်းကို စွဲမက်ဖွယ်ကောင်းပေမယ့်၊ ဝိဥာဉ်ပေါင်းစပ်ခြင်းက လူနှစ်ယောက်ရဲ့ မှတ်ဥာဏ်တွေကို ပေါင်းစည်း သွားစေနိုင်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပင်ကိုယ်စရိုက်ကို ဆုံးရှုံးသွားနိုင်ပြီး မိမိကိုယ်တိုင်က ကိုယ်ကိုယ်တိုင် မဟုတ်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
“အခြားသူတွေကသာ အဲ့လိုဖြစ်နိုင်တာ၊ သခင်လေး ကတော့ အဲ့လိုမဖြစ်နိုင်ဘူးလေ။ သခင်လေးမှာ သန်မာတဲ့ နှလုံးသားနဲ့ စိတ်ဆန္ဒကို ပိုင်ဆိုင်ထားတာပဲ မဟုတ်ဘူးလား။ သခင်လေးဆိုရင် အဆင်ပြေမှာပဲ” ပြောနေရင်းနဲ့ တစ်ချက်ရပ်လိုက်ပြီး တန်ယုရှန်း ဆက်ပြောလိုက်တယ် “လုံးဝကို ပြဿနာရှိမှာ မဟုတ်ပါဘူး”
“သေချာလှချည်လား” ရန်ကိုင် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ကျုပ်စဉ်းစားကြည့်လိုက်ပါမယ်”
သူ့စိတ်ထဲ လူတစ်ယောက်ရှိပေမယ့် အခုလောလောဆယ် ထိုလူ ဘယ်ရောက်နေလဲ ဆိုတာကို သူမသိသေးပါဘူး။
စုယန်နဲ့ သူလေ့ကျင့်နေတဲ့ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်က ဒုတိယအဆင့်ကို ရောက်နေခဲ့ပါပြီ။ တတိယအဆင့်က နှလုံးသားထဲမှာပါ။ တတိယအဆင့်က သူတိုရဲ့ ကောင်းကင်ဝိဥာဉ်တွေကို ပေါင်းစည်းတာနဲ့ အတူတူပါပဲ။
ထိုနည်းလမ်းကို အသုံးပြုပြီး သူတို့နှစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကို တိုးတက်အောင် လုပ်တာလည်း ဆိုးတဲ့အကြံတစ်ခုတော့ မဟုတ်ပါဘူး။
“အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးပါပဲ” ရန်ကိုင်က တည်ကြည်လေးနက်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။
“သခင်ငယ်လေးက ယဉ်ကျေးနေတာပဲ။ ဒီလို ကိစ္စလေးကို လက်အောက်ငယ်သားက လုပ်ပေးသင့်တာပါ” တန်ယုရှန်းက ပြုံးပြီး ပြန်ပြောလိုက်တယ်။
ရန်ကိုင် အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို တန်ယုရှန်းရဲ့ အသိစိတ် ပင်လယ်ထဲကနေ ပြန်ရုတ်ဖို့ လုပ်နေတုန်းမှာပဲ သူ့အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လိုက်တယ်။ သူ့နဖူးကြောတွေလည်း တွန့်ကွေးသွားခဲ့တယ်။
“ဘာဖြစ်လို့လဲ သခင်လေး” တန်ယုရှန်းက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
“လှုပ်ရှားမှုရှိတယ်” ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ တန်ယုရှန်းရှေ့ကနေ ပျောက်ကွယ် သွားခဲ့တယ်။
တန်ယုရှန်းလည်း ကြက်သေသေသွားခဲ့ပြီး သူမရဲ့ အသိစိတ်ပင်လယ်ထဲကနေ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။
မျက်ခုံးဖွင့်ကြည့်လိုက်တာနဲ့ ရန်ကိုင်က အလျင်စလို ကုန်းထပြီး ထွက်သွားတာကို တန်ယုရှန်း တွေ့လိုက်ရတယ်။
တစ်ချိန်တည်းမှာပဲ စံအိမ်တစ်ခုလုံး ချောက်ချားဖွယ် ရယ်သံကြီးနဲ့ ပဲ့တင်ထပ်သွားခဲ့တယ် “ရောက်လာမှာတော့ ဘာလို့ ပုန်းနေသေးတာလဲ။ လူလုံးထွက်ပြတော့လေ”
ချက်ချင်းဆိုသလို စံအိမ်အတွင်းက နေရာတစ်ခုမှ မြေကမ္ဘာတစ်ခုလုံးကို တုန်လှုပ်အက်ကွဲသွားစေနိုင်တဲ့ စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့တယ်။ မြေပြင်တစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး စံအိမ်ရဲ့ နေရာတစ်ခုမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်။
တန်ယုရှန်းရဲ့ မျက်နှာအမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ်။
Martial Peak
အပိုင်း(၄၉၈) ဖမ်းမိသွားခဲ့ပြီ
နတ်ဆိုးအိုကြီးရဲ့ အော်သံကို ကြားလိုက်တာနဲ့ ရန်ကိုင် စံအိမ်မှာ ရှိနေတဲ့လူတွေ အကုန်လုံး အလန့်တကြား ဖြစ်သွားခဲ့ကြတယ်။
အသံထွက်ပေါ်လာတဲ့ နေရာဆီ ရန်ကိုင် ရောက်သွားတဲ့အခါ ဆေးဖော်စပ်ခန်းနဲ့ သိမ်မဝေးတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မြင်ကွင်းကို တံတိုင်းခတ်ဝန်ရံထားတဲ့ လူအလွှာပေါင်း သုံးလွှာတိတိ ရှိနေခဲ့ပါတယ်။ အားလုံးက အစစ်အမှန်ချီကို လှည့်ပတ်ထားကြပြီး အလယ်တည့်တည့်ဆီကို သတိထား စူးစိုက်ကြည့်နေခဲ့ကြတယ်။
ရန်ကိုင်က ရောက်လာမှန်း သတိပြုလိုက်တာနဲ့ အားလုံး လမ်းဖယ်ပေးလိုက်ကြတယ်။
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ အထဲကို ဆက်လျှောက်သွားလိုက်တယ်။
အလယ်မှာတော့ နတ်ဆိုးအိုကြီးနဲ့ ချူရီမန်တို့ ရှိနေခဲ့ပြီး ချူရီမန်က သူမရှေ့မှာ ရှိနေတဲ့မြင်ကွင်းကို ကြောက်လည်းကြောက်၊ သိလည်းသိချင်နေတဲ့ အမူအရာနဲ့ စူးစိုက်ကြည့်နေခဲ့တယ်။
“သခင်လေး၊ အဲ့လူရောက်လာပြီ” နတ်ဆိုးအိုကြီးကို ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံ့ပါပဲ။ ပြောပြီးသွားတာနဲ့ သူပြောတဲ့လူဆီ လက်ညိုးထိုး ညွှန်ပြလိုက်တယ်။
ရန်ကိုင်လည်း နတ်ဆိုးအိုကြီး လက်ညိုးထိုးပြတဲ့ နေရာဆီ လှမ်းကြည့်လိုက်တဲ့အခါ မီတာအနည်းငယ် အကွာရှိ မြေပြင်မှ အနီရောင်အလင်းတန်းတွေ ထိုးထွက်လာနေတာကို သူတွေ့လိုက်ရတယ်။ ထိုအနီရောင်အလင်းတန်းတွေက အနီရောင်တိုင်တွေနဲ့ ဆင်တူပြီး လှောင်အိပ်ပုံစံတစ်ခုသဖွယ် မြေကြီးထက် စိုက်ဝင်နေခဲ့ကြတယ်။ လှောင်အိမ်ထဲမှာတော့ အနီရောင်တိုင်တွေကို အဆက်မပြတ် တိုက်ခိုက်နေတဲ့ ပုံရိပ်တစ်ခု ရှိနေခဲ့တယ်။ ဒါပေမယ့် ထိုပုံရိပ်က အနီရောင် တိုင်တွေကို မချိုးဖျက်နိုင်ပဲ အထဲမှာသာ ပိတ်မိနေခဲ့ပါတယ်။
အားလုံးက ထိုပုံရိပ်ကို အံ့ဩတကြီး ငေးကြည့် နေခဲ့ကြတယ်။ ချူရီမန်တောင် အလွန်အမင်း အံ့အားသင့်နေခဲ့တယ်။
ဘာလို့လဲဆိုတော့ အနီရောင်တိုင်တွေထဲ ပိတ်မိနေတဲ့ ပုံရိပ်က လုံးဝကို ထွင်းဖောက်မြင်ရနီးပါး ဖြစ်နေလို့ပါပဲ။ သေသေချာချာသာ ဂရုစိုက်မကြည့်ရင် ထိုပုံရိပ်ကို သတိပြုမိလိမ့်မှာတောင် မဟုတ်ပါဘူး။ ထိုပုံရိပ်က လေထဲစီးဆင်းနေတဲ့ ရေစီးကြောင်းတစ်ခုလို လှုပ်ရှားနေခဲ့ပြီး မြင်လိုက်တဲ့လူတိုင်း ရေလူသား တစ်ယောက်ကို မြင်သလိုသာ မြင်ရမှာဖြစ်ပြီး ထိုပုံရိပ်ရဲ့ မျက်နှာ အစစ်အမှန်ကို မြင်ရလိမ့်မှာ မဟုတ်ပါဘူး။
ထိုကြောင့် အခုအချိန်ထိ ထိုပုံရိပ်ရဲ့ မျက်နှာ အစစ်အမှန်ကို သူတို့ထဲက ဘယ်သူမှ မမြင်တွေ့ရသေးပါဘူး။
ဒီလို ဖုန်းကွယ်တဲ့ နည်းစနစ်က အားလုံးရဲ့ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ပါတယ်။
ရင်းဂျုလည်း ပုန်းကွယ်ပြီး လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ ဆရာတစ်ဆူပါ။ သူ့အနေနဲ့ သူ့ပုံရိပ်ကို ဝေဝါးသွားအောင် လုပ်ပစနိုင်ပါတယ်။ ဒါပေမယ့် အဲ့လို လုပ်ဖို့အတွက် အထူးနည်းစနစ် တစ်ခုကို အသုံးပြုပြီး အစစ်အမျန်ချီကို သီးသန့်လမ်းကြောင်း တစ်ခုအတိုင်း လှည့်ပတ်ရပါတယ်။
တစ်ဖက်မှာတော့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူရဲ့ နည်းလမ်းတွေက တော်တော်လေးကို ထူးဆန်းလှပါတယ်။ သူမ အဲ့နရာမှာ ရှိနေမှန်း လူတိုင်း ပြောနိုင်ပေမယ့် သူမကို ထွင်းဖောက်ပြီး မြင်နေခဲ့ရပါတယ်။
တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ရဲ့ နည်းလမ်းတွေကို သူအထင်သေးလိုက်မိပြီမှန်း ရန်ကိုင် နားလည်လိုက်တယ်။
ပုန်းကွယ်တဲ့ နေရာမှာ အထူးကျွမ်းကျင်တဲ့ ထိုလျှို့ဝှက် ဆန်းကြယ်တဲ့ ပညာရှင်က ရန်ကိုင်ရှေ့ နှစ်ကြိမ်တိုင်တိုင် ထွက်ပေါ်လာဖူးပါတယ်။ ဒါပေမယ့် အကြိမ်တိုင်း၊ သူမက သူ့လက်ထဲကနေ လွတ်လွတ်သွားခဲ့ပါတယ်။ ပိုကျင်း ရေကန်မှာ တွေ့တဲ့ ဒုတိယအကြိမ်မှပဲ ကံကောင်းပြီး သူမရဲ့ ဆံပင်တစ်မျှင်ကို သူရခဲ့တာပါ။ ထို့အပြင် နတ်ဆိုးအိုကြီးရဲ့ ကိုယ်ပိုင်နည်းလမ်းတွေကြောင့်ပဲ သူမရဲ့ ဆံပင်ကို နတ်ဆိုးအိုကြီးဆီ လွှဲပေးလိုက်ပါတယ်။
ဒီနေ့မှပဲ သူတို့ ပြင်ဆင်ထားတာတွေ အကျုံးဝင်လာရပါတော့တယ်။ နတ်ဆိုးအိုကြီးက ဒီလျှို့ဝှက် ဆန်းကြယ်တဲ့ ပညာရှင်ကို သတိပြုမိခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူမကို ဒီနေရာမှာ ချောင်ပိတ်ဖမ်းခဲ့တာပါ။
ချောင်ပိတ်မိနေပေမယ့် သူမပုံစံက နည်းနည်းလေးတောင် စိုးရိမ်နေတဲ့ပုံ မပေါက်ပါဘူး။ ဝိုင်အုံကြည့်နေတဲ့ လူအုပ်ကြီးကို ထီမထင်ဟန်နဲ့ ငေးစိုက်ကြည့်နေရင်း လှောင်အိမ်ထဲ ပန်းခြံထဲ လမ်းလျှောက်ထွက်သလို လမ်းလျှောက်နေခဲ့တယ်။ သူတို့တွေက သူမကို စူးစမ်းနေတာ မဟုတ်ပဲ သူမကပဲကို သူတို့ကို ပြန်စူးစမ်းနေသယောင်။
“ဟန်၊ မိန်းမတစ်ယောက်လား” ချူရီမန် အလန့်တကြား အော်ပြောလိုက်တယ်။ ထိုပုံရိပ်ရဲ့ ရင်ဘတ်ထက် မို့ထွက်နေတဲ့ အသားစိုင်နှစ်ခုကို သူမ သေသေချာချာကို မြင်တွေလိုက်ရပါတယ်။ တစ်ချက်ကလေးပဲ ဆိုပေမယ့် အနည်းဆုံးတော့ သူမက ယောကျ်ားလား၊ မိန်းမလား ဆိုတာကို ချူရီမန် ခွဲခြားလိုက်နိုင်ပါတယ်။
“ကောင်မလေး၊ နင့်ပုံစံကို ပြစမ်း” ရန်ကိုင် မျက်နှာ လေးနက်သွားခဲ့ပြီး လှောင်အိမ်ထဲ ပိတ်မိနေတဲ့ မိန်းကလေးကို အမိန့်ပေးလိုက်တယ်။
တစ်ဖက်လူကတော့ သူပြောတာကို မကြားတဲ့အလား၊ တစ်ခွန်းတောင် မပြောခဲ့သလို သူမ မျက်နှာကိုလည်း မပြပဲ ဒီအတိုင်းသာ ရပ်နေခဲ့တယ်။ သို့ပေမယ့် သူမရဲ့ မျက်ဝန်းအစုံက သူ့ကို စိုက်ကြည့်နေတယ်လို့ ရန်ကိုင် ခံစားနေခဲ့ရတယ်။
“ငါမေးခွန်းအချို့ မေးချင်တယ်၊ နင့်ဘက်ကနေ ရိုးရိုးသားသားနဲ့ ပြန်ဖြေပေးမယ်လို့ ငါမျှော်လင့်တယ်” ရန်ကိုင်က မျက်မှောင်ကြုံပြီး ပြောလိုက်တယ်။
သို့ပေမယ့် တစ်ဖက်က ဆိတ်ဆိတ်နေတုန်းပါပဲ။
ရန်ကိုင် စိတ်မရှည် ဖြစ်လာခဲ့တယ်။ ဆေးဖော်စပ်ခန်းဆီ နှစ်ကြိမ်တိုင်တိုင် ဘာလို့ ခိုးဝင်လာရလဲ ဆိုတာကို သူမသိသလို သူမဘယ်အင်အားစုဆီက လာလဲ ဆိုတာကိုလဲ သူမသိပါဘူး။ ဒါပေမယ့် ဒီလို ပညာရှင်တစ်ယောက်ကိုသာ လွှတ်ပေးလိုက်ရင် စံအိမ်ထဲက လူတွေအကုန်လုံး စိတ်အေးအေးနဲ့ နေလို့ရမှာ မဟုတ်တော့ပါဘူး။ ပြီးတော့ သူမဘက်က ပူးပေါင်းဖို့ကို လုံးဝ စိတ်မဝင်စားမှတော့ သူလည်း ဘာမှထပ်ပြောစရာ မလိုတော့ပါဘူး။
“နင်ရုပ်ကို ပြဖို့ အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်။ ပြမလား၊ မပြဘူးလား နင့်ဘာသာ စဉ်းစား” ရန်ကိုင်လေသံ လေးနက်သွားခဲ့ပြီး တိတ်တဆိတ်နဲ့ စောင့်ဆိုင်း နေလိုက်တယ်။
မကြာခင်မှာပဲ အသက်ဆယ်ရှိုက်စာ အချိန် ကုန်ဆုံးသွားခဲ့တယ်။
ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ထိုးဖောက်မြင်နေရတဲ့ ပုံစံကို ငေးစိုက်ကြည့်လိုက်ရင်း အေးစက်စက်လေသံနဲ့ အမိန့်ပေးလိုက်တယ် “လုပ်လိုက်တော့။ ခုခံရင် သတ်သာသတ်ပစ်လိုက်၊ ကိစ္စမရှိဘူး”
နတ်ဆိုးအိုကြီးက စူးစူးဝါးဝါး အော်ဟစ် ရယ်မောလိုက်ပြီး အရှေ့ကို တိုးသွားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အနီရောင်လှောင်အိမ်ထဲ ပိတ်မိနေတဲ့ ပုံရိပ်လည်း ရန်ကိုင်ရဲ့ ရက်စက်မှုကြောင့် အံ့အားသင့်သွားတဲ့ ပုံပါပဲ။ သူမရဲ့ ပုံရိပ်က တဒင်္ဂလောက် ပုံစံဖြစ်တည်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ပြီး ဝေဝါးသွားခဲ့တယ်။
“ချုပ်နှောင်လိုက်စမ်း” နတ်ဆိုးအိုကြီး အော်ဟစ်လိုက်တယ်။ အနီရောင်လှောင်အိမ်က ထူးဆန်းတဲ့ လက်ကြီးတစ်ဖက်ရဲ့ ဆုပ်ကိုင်ခြင်းခံလိုက်ရသည့်အလား တဖြည်းဖြည်းနဲ့ ကျုံ့သွားခဲ့တယ်။
“ဟန့်၊ ဒီလောက်လေးနဲ့ ငါ့ကို ဖမ်းနိုင်မယ်လို့ ထင်နေတာလား” အနီရောင်အလင်းတွေက ထိုမိန်းမကို ချုပ်နှောင်တော့မယ့်ဆဲဆဲမှာပဲ သူမက ရုတ်တရက် အသံထွက်ပြောလို်ကတယ်။
သူမအသံကို ကြားလိုက်တာနဲ့ အားလုံးရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။
အသံက နားထောင်ရ ခက်ခဲတာ မဟုတ်ပါဘူး၊ အဲ့ဒါထက်… အသံက တော်တော်လေး ညင်သာပြီး သိမ်မွေ့နေတာပါ။
လူတစ်ယောက် အသက်ကြီးလာတာနဲ့မျှ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ပါ ပြောင်းလဲသွားရုံမကလို့ သူတို့ရဲ့ လေသံကပါ မသိမသာလေး လိုက်ပါပြောင်းလဲ သွားခဲ့ပါတယ်။ အသက်ကြီးတဲ့လူတွေရဲ့ အသံက လူငယ်တွေရဲ့ အသံထက် ပိုပြီး ရင့်ကျက်လာတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမယ့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ရဲ့ အသံက သိမ်မွေ့ပြီး ကြွပ်ဆတ်လှပါတယ်။ သူမအသံကို ကြားလိုက်ရပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ရဲ့ အသက်က ၂၀ထက်မကျော်လောက်ဘူးလို့တောင် အားလုံး ထင်သွားခဲ့တယ်။
ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ အားလုံး တိတ်တဆိတ် ခေါင်းရမ်းလိုက်ကြတယ်။
အသက်၂၀တောင် မပြည့်သေးတဲ့ မိန်းကလေး တစ်ယောက်က ဒီလောက်ကြောက်စရာ ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား။ မဖြစ်နိုင်ပါဘူး။ အသက်၂၂နှစ် ရှိနေပြီဖြစ်တဲ့ ချူရီမန်တောင် အခုမှ အင်မော်တယ် တက်လှမ်းခြင်း ပထမအဆင့်ကိုပဲ ရောက်ပါသေးတယ်။
လူချင်းယောင်ဆို ပိုပြီးတော့တောင် အသက်ကြီးပါသေးတယ်။
ဒီမိန်းကလေးရဲ့ အရည်အချင်းက ချူရီမန်နဲ့ လျူချင်းယောင်တို့ထက်တောင် ပိုသာတာလား။ ဒါမှမဟုတ် သူမရဲ့ လေသံကပဲ မွေးရာပါ သိမ်မွေ့နေတာလား။ အားလုံး အမျိုးမျိုး တွေးနေခဲ့ကြတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး စကား ပြောလိုက်တာနဲ့ နတ်ဆိုးအိုကြီး မျက်နှာထက်က ကျေနပ်အားရနေတဲ့ အမူအရာ ရုတ်ချည်း ပြောင်းသွားခဲ့ပြီး တုန့်ဆိုင်းမနေတော့ပဲ သူ့အင်္ကျီလက်ထဲကနေ တစ်ခုခုကို ထုတ်ယူလိုက်တယ်။
တစ်ချိန်တည်းမှာပဲ ရယ်မောသံ သဲ့သဲ့လေးနဲ့အတူ အနီရောင်အလင်းတိုင်တွေရဲ့ ဝန်ရံထားခြင်း ခံရတဲ့ အမျိုးသမီးရဲ့ ပုံရိပ် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့တယ်။
ရန်ကိုင် ရှေ့သို့ ခုန်ထွက်သွားလိုက်ပြီး သူမဆီ လက်ဝါးတစ်ချက် ရိုက်ချလိုက်တယ်။
သူဒီမြင်ကွင်းကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ပြီးသွားပါပြီ။ နှဏ်ကြိမ်စလုံး ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်က အခုလိုမျိုး ထွက်ပြေးလွတ်မြောက် သွားခဲ့တာပါ။
သူ့လက်က ပစ်မှတ်ဆီ ရောက်ရှိသွားတာနဲ့ မြူမှုန် တွေကိုသာ ရန်ကိုင် ဖမ်းဆုပ်ကိုင်လိုက်မိတယ်။ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက အားလုံးရဲ့ မျက်စိရှေ့အောက်ကနေပဲ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ် သွားခဲ့ပြန်ပါပြီ။
အခန်းတစ်ခုလုံး သုဿန်တစပြင်အလား တိတ်ဆိတ် နေခဲ့တယ်။
လူငယ်ဂျီးနီယပ် များစွာသာမက ၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေနဲ့ ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေတောင် ထိုပညာရှင် ဘယ်လို ထွက်ပြေးသွားခဲ့မှန်း နားမလည်နိုင်ခဲ့ပါဘူး။
သို့ပေမယ့် နတ်ဆိုးအိုကြီးရဲ့ မျက်နှာက် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။ သူထုတ်ယူလိုက်တဲ့ အရာကို ညစ်ချလိုက်ပြီး ထိုထဲကို သူ့ရဲ့ အစစ်အမှန်ချီ ဖြည့်သွင်းလိုက်တယ်။ ထိုအရာလည်း တဖြည်းဖြည်းနဲ့ လင်းလက်လာခဲ့တယ်။
“ဖမ်းလိုက်စမ်း” နတ်ဆိုးအိုကြီး နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ထဲက အရာက အလင်းစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ အဝေးတစ်နေရာဆီ ပြေးထွက်သွားခဲ့တယ်။ ထိုအရာက မယုံနိုင်ဖွယ် အရှိန်နှုန်းဖြင့် စစ်ပွဲမြို့တော်ရဲ့ နေရာတစ်ခုဆီ ပျံသန်းသွားခဲ့တယ်။
“ဟဲ ဟဲ၊ သူဒီလှည့်ကွက် သုံးမယ်မှန်း ဒီလူအိုကြီး သိပြီးသား” နတ်ဆိုးအိုကြီးက ပျောက်ကွယ်သွားတဲ့ အလင်းစီးကြောင်းကို ကြည့်ရင်း ဘဝင်ခိုက်နေတဲ့ အမူအရာနဲ့ ရယ်မောနေခဲ့တယ်။
“ခင်ဗျားဘယ်လောက် သေချာလဲ” ရန်ကိုင်က မေးလိုက်တယ်။ နတ်ဆိုးအိုကြီး ဘာကို ထုတ်ယူလိုက်လဲ ဆိုတာကို သူလည်း သေချာ မမြင်လိုက်ရပါဘူး။ ဒါပေမယ့် ထိုအရာက သူပေးခဲ့တဲ့ အပြာရောင်ဆံပင်မွှေး ဖြစ်လိမ့်မယ်လို့ ရန်ကိုင် ခံစားနေခဲ့ရတယ်။
“ဒီလူအိုကြီးရဲ့ နည်းလမ်းတွေ၊ အမ်း… စောင့်သာ စောင့်ကြည့်နေလိုက်စမ်းပါ သခင်လေး” နတ်ဆိုးအိုကြီးက ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောလိုက်တယ်။
ရန်ကိုင် အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်ပြီး သွေးစစ်သည်တော်တွေကတော့ နတ်ဆိုးအိုကြီးကို ယုံရခက်ခက်နဲ့ ငေးကြည့်နေခဲ့ကြတယ်။ နတ်ဆိုးအိုကြီး အသုံးပြုသွားခဲ့တဲ့ ပညာရပ်တွေ၊ နည်းလမ်းတွေ အကုန်လုံးကို သူတို့ လုံးဝ ရင်းနှီးမနေပါဘူး။ ထို့ကြောင့် နတ်ဆိုးအိုကြီး ဆိုတဲ့လူက ဘယ်ကနေများ ရောက်လာတာလဲ ဆိုတာကို သူတို့အားလုံး အတွေးနယ်ချဲ့ မိနေခဲ့ကြတယ်။
စစ်ပွဲမြို့တော် လေပြင်းတသုန်သုန် တည်းခိုခန်းတစ်ခုရဲ့ အခန်းတစ်ခန်းအတွင်၌ မိန်းမငယ်လေး တစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူမရဲ့ လှပတဲ့ မျက်ဝန်းအစုံကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ နှုတ်ခမ်းနှစ်ဖက်ကို ပြွတ်ခနဲ မြည်အောင် စုပ်လိုက်ပြီး သူမဘာသာ သူမ ရေရွတ်လိုက်တယ် “စိတ်တိုစရာ ကောင်းလိုက်တာ၊ ငါ့အတွက်နဲ့ ဒီလိုမျိုး ထောင်ချောက်ကြီးတစ်ခုကိုတောင် သီးသန့်ဆင်ထားလိုက်သေးတယ်။ အရှက်မဲ့တဲ့ ကောင်တွေ။ ငါလည်း သူတို့ကိုထိခိုက်အောင် လုပ်ဖို့ သွားတာမှ မဟုတ်တာ၊ လူတစ်ယောက်လောက်ပဲ ရှာချင်လို့ သွားကြည့်တာကို၊ ဒါကိုတောင်… ဟန့်”
သူမထက်ငယ်ရွယ်ပုံရတဲ့ လူငယ်လေးနဲ့ တွေ့ခဲ့တဲ့ သုံးကြိမ်စလုံး ထိုကောင်က သူမကို သတိပြုမိခဲ့ပါတယ်။ ဒီအချက်က သူမကို တော်တော်လေး စိတ်ညစ် သွားစေခဲ့ပါတယ်။
ဒီလိုမျိုး အရိုင်းဆန်ပြီး မိုးမြေစွမ်းအင်တွေ ခြောက်ကပ်နေတဲ့ နေရာမျိုးမှာ သူ့လိုမျိုး အားကောင်းတဲ့ ပညာရှင်တစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေခဲ့တာလဲ။ သူ့ခွန်အားက တော်တော်လေး နိမ့်ကျပေမယ့် သူသာ ဒီမှာမမွေးပဲ သူမလာခဲ့တဲ့ နေရာမှာသာ မွေးဖွားခဲ့ရင် သူ့ခွန်အားက အခုအချိန်လောက်ဆို တော်တော်လေး ကြောက်မက်ဖွယ် ကောင်းနေခဲ့မှာပါ။ ဒါပေမယ့် သူ့က ဒီနေရာမှာ မွေးလာခဲ့မှတော့ သူ့ရဲ့ တိုးတက်မှုက ဒီလောကကြီးရဲ့ အကန့်အသတ်နဲ့တင် ရပ်တန့်သွားမှာပါ။
ထိုကဲ့သို့ စဉ်းစားမိလိုက်တာနဲ့ ကောင်မလေးရဲ့ စိတ်အခြေအနေ ပြန်လည် တက်ကြွလာခဲ့ပြီး ရန်ကိုင်ရဲ့ နိမ့်ကျတဲ့ မွေးရာဇာတိကို အထင်အမြင်သေး ရှုံ့ချလိုက်တယ်။
ရွှစ်…
ရုတ်တရက် လေခွင်းသံတစ်သံကို ကြားလိုက်ရပြီး ကောင်မလေးရဲ့ အသားအရေ တင်းကြပ်သွားခဲ့တယ်။ အန္တရာယ်တစ်ခုက သူမဆီ ချဉ်းကပ်လာနေတယ်လို့ ရုတ်တရက် ခံစားလိုက်ရပြီး သူမကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။
ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို နားမလည်နိုင် သေးခင်မှာပဲ ပြတင်းပေါက်တံခါး ပွင့်သွားခဲ့ပြီး အလင်းစီးကြောင်းတစ်ခု တိုးဝင်လာခဲ့တယ်။
ထိုအလင်းစီးကြောင်က သူမကိုယ်ထဲ တိုက်ရိုက် တိုးဝင်သွားခဲ့တယ်။
“အာ…” ကောင်မလေးမှာ သတိလက်လွတ် ဖြစ်သွားခဲ့ပြီး ကြမ်းပြင်ပေါ် ပစ်လဲကျသွားခဲ့တယ်။ ဒါပေမယ့် သူမ ပြန်ထလာတဲ့အခါ အလင်းစီးကြောင်းလည်း ပျောက်ကွယ် သွားခဲ့ပါပြီ.
ချက်ချင်းပဲ သူမခန္ဓာကိုယ်ကို ကပျာကယာ စစ်ဆေးကြည့်လိုက်တယ်။ ဘာဒဏ်ရာမှာ မတွေ့ခဲ့ရ ပေမယ့် တစ်ခုခု ပျောက်နေသလိုမျိုး သူမခံစားနေခဲ့ရတယ်။
ဘာပျောက်နေတာလဲ။ ကောင်းမလေးဟာ သူမ ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ စစ်ဆေးကြည့်လိုက်ပါတယ်။ ဒါပေမယ့် ဘာထူးခြားတာကိုမှ သူမ ရှာလို့ မတွေ့ခဲ့ပါဘူး။ ကူကယ်ရာမဲ့စွာနဲ့ပဲ ခေါင်းခါရမ်းလိုက်ပြီး နှုတ်ခမ်းလေး ဆူရင်း ဇဝေဇဝါ အမူအရာနဲ့ ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ ဆိုတာကို ပြန်စဉ်းစားကြည့်နေလိုက်တယ်။
ရန်ကိုင် စံအိမ်၌….
အားလုံး ထွက်ခွါသွားခဲ့လေပြီ။
နတ်ဆိုးအိုကြီးနဲ့ ရန်ကိုင်တို့ နှစ်ယောက်ပဲ ရှိနေတော့တယ်။
သခင်နဲ့အစေခံ နှစ်ယောက်တွဲက တိတ်တဆိတ်နဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။
ခဏကြာပြီးနောက် အလင်းစီးကြောင်က ပြန်ရောက် လာခဲ့ပြီး နတ်ဆိုးအိုကြီးက ထိုအလင်းစီးကြောင်းကို လှမ်းဖမ်းလိုက်ကာ သွားပေါ်အောင် ပြုံးလိုက်ရင်း ပြောလိုက်တယ် “သခင်လေး၊ ဒီမှာ”
ပြောနေရင်းနဲ့ သူဖမ်းလိုက်တဲ့ အရာကို ရန်ကိုင်လက်ထဲ ထည့်ပေးလိုက်တယ်။
နတ်ဆိုးအိုကြီး ပေးတဲ့ အရာကို ကြည့်လိုက်ပြီးနောက် ရန်ကိုင်လည်း မရယ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
အစောပိုင်းတုန်းက ရိပ်ခဲနဲ့ မြင်လိုက်တာ ဖြစ်တဲ့အတွက် ဘာအရာမှန်း သူမသိခဲ့ပါဘူး။ အခုမှပဲ ထိုကောင်မလေးရဲ့ ဆံပင်ကနေ လုပ်ထားတဲ့ အရုပ်တစ်ခု ဖြစ်နေမှန်း သူတွေ့လိုက်ရတယ်။
နတ်ဆိုးအိုကြီးမှာ ဒီလို ပညာရပ်မျိုး တကယ်ပဲ ရှိနေခဲ့ပါတယ်။ သူမရဲ့ ဆံပင်ကနေ လုပ်ထားတဲ့ အရုပ်ရဲ့ ပုံပန်းသွင်ပြင်က ဝေဝါးနေခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ထိုအရုပ်က ပုံကြပ်းရုပ်တစ်ခုနဲ့ အတူတူပါပဲ။
ဒါပေမယ့် တစ်ချိန်တည်းမှပဲ အရုပ်လေးဆီကနေ အရောင်မှိန်မှိန်လေး ထွက်နေခဲ့တယ်။ မှန်ဖျဖျ စွမ်းအင် စီးကြောင်းတစ်ခု အရုပ်ထဲ လှည့်ပတ်စီးဆင်း နေတဲ့ပုံပါပဲ။
“သခင်လေး၊ ဒါက ဒီအစေခံအိုကြီးရဲ့ အထူးပညာရပ် တစ်ခုဖြစ်တဲ့ ဝိဥာဉ်ချုပ်နှောင်ခြင်းကျိန်စာလေ။ ဒီအရုပ် အဲ့မိန်းကလေး စိတ်စွမ်းအင် အရင်းအမြစ်နဲ့ ချိတ်ဆိတ်နေတယ်။ ဒီအရုပ်ကနေတစ်ဆင့် အဲ့မိန်းကလေးကို သခင်လေး စိတ်ကြိုက် ကြိုးကိုင်ချယ်လှယ်လို့ ရတယ်။ မီတာပေါင်း သောင်းပေါင်းများစွာ ကွာဝေးနေရင်တောင်မှ အရုပ်ခံစားရသလိုမျို သူခံစားရလိမ့်မယ်”
“ကျုပ် ဒီအရုပ်ရဲ့ လည်ပင်းကို လိမ်ချိုးပစ်လိုက်ရင်ရော” ရန်ကိုင်က နတ်ဆိုးအိုကြီးဆီ လှမ်းကြည့်လိုက်တယ်။
“အဲ့အမျိုးသမီး သေသွားမှာပေါ့” နတ်ဆိုးအိုကြီးက ကြိတ်ရယ်မောလိုက်ပြီး “အဲ့အမျိုးသမီးက သခင်လေးရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံး ကျရောက်နေပြီလို့တောင် ပြောလို့ရတယ်”
“မဆိုးဘူး” ရန်ကိုင်က အရုပ်ကို ကြည်ရင်း ကျေကျေနပ်နပ် ပြုံးလိုက်တယ်။
နတ်ဆိုးအိုကြီးက သွားပေါ်အောင်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ဒီနည်းလမ်းနဲ့ ဒီအစေခံအိုကြီးက သူ့ရဲ့ နောက်လိုက်ငယ်သားတွေကို ထိန်းချုပ်ခဲ့တာလေ။ အဲ့နေ သခင်ပေးတဲ့ ဆံပင်ကို မြင်လိုက်တာနဲ့ ကျုပ်လည်း ဒီပညာရပ်ကို ရုတ်တရက် ပြန်သတိရလိုက်တာ”
“ဒီတော့ အရင်ရက်တွေတုန်းက ခင်ဗျားက တော်တော်လေး ကြင်နာနေခဲ့တာပေါ့။ ဒီနည်းလမ်းကို သုံးပြီး ခင်ဗျားရဲ့ နောက်လိုက်ငယ်သားတွေကို ထိန်းချုပ်တာဆိုတော့ ဘယ်သူကများ ခင်ဗျားရဲ့နောက်ကို လိုလိုလားလားနဲ့ လိုက်ချင်ပါတော့မလဲ”
“အဲ၊ ဒီက ဒီလူအိုကြီးရဲ့ နောက်ဆုံး ဝှက်ဖဲလေ”
ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်း ပြောနေတာကို ရပ်တန့်လိုက်တယ်။ ပြီးတာနဲ့ အရုပ်ဆီ အာရုံပြောင်းလိုက်ပြီး အရုပ်ရဲ့ နဖူးကို သူ့ရဲ့ လက်ချောင်းနဲ့ ညင်ညင်သာသာလေး တောက်လိုက်တယ်။
Martial Peak
အပိုင်း(၄၉၉) နင့်အသက်ဘယ်လောက်လဲ
ထိုညမှာပဲ၊ ရန်ကိုင် စံအိမ်၌…
မီးတုတ်တွေကို နေရာအနှံ့ ထွန်းထားခဲ့ပြီး စံအိမ် တစ်ခုလုံးက နေ့အလား လင်းထိန်နေခဲ့တယ်။ စစ်ပွဲမြို့တော် တစ်ခုလုံးကလည်း တိတ်ဆိတ်နေခဲ့ပြီး ဒီညအချိန်အခါက တော်တော်လေးကို ငြိမ်းချမ်းတိတ်ဆိတ် နေခဲ့တယ်။
“ရောက်လာပြီလား” ကျင့်ကြံနေတဲ့ ရန်ကိုင်က ရုတ်တရက် မျက်လုံးကောက်ဖွင့်လိုက်ပြီး အမှောင်ထု တစ်နေရာဆီ စူးစိုက်ကြည့်လိုက်ရင်း ပြုံးလိုက်တယ်။
သူ့ဘေးနားမှာ ရပ်စောင့်နေတဲ့ နတ်ဆိုးအိုကြီးက ခပ်ဖွဖွလေး ရယ်မောလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။
“ရောက်လာမှတော့၊ ဘာလို့ ထွက်မလာသေးတာလဲ” ရန်ကိုင် လှမ်းအော်ပြောလိုက်တယ်။
အခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့ပြီး လုံးဝနီးပါး ပျောက်ကွယ်လု ဖြစ်နေတဲ့ ပုံရိပ်တစ်ခုက မှိန်ဖျော့ဖျော့ လရောင်အောက် ထွက်ပေါ်လာခဲ့တယ်။ ထိုပုံရိပ်က၊ ဒီနေ့မနက်တုန်းကလိုပဲ၊ ရေစီးကြောင်းတစ်ခု ပုံစံနဲ့ အခန်းထဲကို ဖြည်းဖြည်းချင်း လမ်းလျှောက် ဝင်လာလိုက်ကာ ရန်ကိုင်နဲ့ ဆယ်မီတာအကွာ၌ ရပ်တန့်လိုက်တယ်။
နတ်ဆိုးအိုကြီးက သူ့ရဲ့ အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး အမှောင်ထဲမှာ ပုန်းနေတဲ့ ရင်းဂျုလည်း ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်ကို သေချာ အာရုံစိုက်ထားလိုက်တယ်။
“ကြွက်တစ်ကောင်လို ကြောက်နေလိုက်ကြတာ” ထွင်းဖောက်မြင်ရလုမတတ် ဖြစ်နေတဲ့ ပုံရိပ်ဆီမှ ချိုသာပြီး သိမ်မွေ့သယောင် ထင်ရတဲ့ အထင်အမြင်သေး ရှုံ့ချသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ သူမက ပညာရှင် နှစ်ယောက်ကို စောင့်ကြပ်ခိုင်းထားတဲ့ ရန်ကိုင်ကို ထေ့ငေါ့ လှောင်ပြောင် လိုက်တာပါ။
“နင့်မျက်နှာကိုပြ”သူမရဲ့ ထေ့ငေါ့စကားကို ရန်ကိုင် ဂရုမစိုက်ပါဘူး၊ သူလုပ်စေချင်တာကိုသာ လုပ်ခိုင်းလိုက်တယ်။
“နင့်လို ကြွက်စုတ်တစ်ကောင်က ဒီသခင်မလေးရဲ့ မျက်နှာကို မြင်တွေ့ဖို့ အရည်အချင်း မရှိဘူး” ရန်ကိုင်ရှေ့ မတ်တပ်ရပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညရှင်က နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက်တယ် “နင့်ဘေးမှာ စောင့်ကြပ်နေတဲ့ ပညာရှင်နှစ်ယောက် ထွက်မသွားရင်ပေါ့”
ရန်ကိုင်က ရွှတ်နောက်နောက် ပြုံးရင်း ထိုလူရဲ့ ဆံပင်နဲ့ လုပ်ထားတဲ့ အရုပ်လေးကို ထုတ်ယူလိုက်တယ်။
သူအဲ့လို လုပ်လိုက်တာနဲ့ ထိုအမျိုးသမီးရဲ့ အကြည့်က အရုပ်ပေါ် လုံးဝ ရောက်ရှိနေတာကို ရန်ကိုင် သေသေချာချာ ခံစားမိလိုက်တယ်။ သူမအကြည့်ထဲ စိုးရိမ်ကြောက်လန့်မှု၊ ခါးသီးမှုတို့နဲ့ ပြည့်နေခဲ့ပြီး အမျိုးသမီးက အရုပ်ကို ပြေးလုယူပြီး အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ် သွားချင်နေတာ အသေအချာပါပဲ။
ခဏအကြာ၌ ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။
“သခင်လေး” နတ်ဆိုးအိုကြီးရဲ့ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို ကန့်ကွက်ဖို့ ပြင်လိုက်တယ်။
“အဆင်ပြေတယ်၊ ကိစ္စမရှိဘူး” ရန်ကိုင်က ပြန်ပြီး ခေါင်းခါရမ်းပြလိုက်တယ်။
နတ်ဆိုးအိုကြီး မျက်မှောင် ကြုံ့လိုက်ပြီး ခေါင်းညိတ်လိုက်ကာ “အဲ့လိုဆို အစေခံအိုကြီးနဲ့ ရင်းဂျုတို့ အပြင်ကနေ စောင့်နေပါ့မယ်။ သခင်လေး ညွှန်ကြားချင်တာ ရှိရင် လှမ်းသားခေါ်လိုက်ပါ”
ပြောပြီးတာနဲ့ အခန်းထဲကနေ ထွက်သွားလိုက်တယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးနားကနေ ဖြတ်သွားတဲ့ အခိုက် နတ်ဆိုးအိုကြီးက ရုတ်တရက် တိုးတိုးလေး ကပ်ပြောသွားလိုက်တယ် “ငါ့သခင်လေးနဲ့ သွားရှုပ်ဖို့ မကြိုးစားနဲ့၊ မဟုတ်ရင် နင့်အနာဂတ် အဆုံးသတ် လှမှာ မဟုတ်ဘူး”
လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက အေးစက်စက်နဲ့သာ ပြန်ပြီး နှာခေါင်းရှုံ့ပြလိုက်တယ်။
နတ်ဆိုးအိုကြီးနဲ့ ရင်းဂျုတို့ ထွက်သွားပြီးတော့မှပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်လည်း စိတ်လက် ပေါ့ပါးသွားခဲ့တယ်။ ထိုပညာရှင်နှစ်ယောက်ရဲ့ တောက်လျှောက် စောင့်ကြည့်ခံရတာက သူမကို တကယ်ပဲ စိုးရိမ်ပူပန် မိစေပါတယ်။
သူမရဲ့ မဆိုသလောက်ကလေး ပြောင်းလဲသွားတဲ့ အပြုအမူကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်က ဖွဖွလေး ရယ်မောလိုက်ပြီး “နင့်ကြည့်ရတာ အရမ်း မသန်မာတဲ့ပုံပဲ”
သူမသာ ရင်းဂျုနဲ့ နတ်ဆိုးအိုကြီးကို စိုးရိမ်ပူပန်နေခဲ့ရင် သူမက အားကောင်းတဲ့ ပညာရှင်တစ်ယောက် မဟုတ်တာ အသေအချာပါပဲ။
“အနည်းဆုံးတော့ နင့်ထက် သန်မာတယ်” အမျိုးသမီးက အောက်ကျမခံ ပြန်ပြောလိုက်တယ်။
ရန်ကိုင် မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့တယ်။ ဒီစကားလေးကိုတောင်… အောက်ကျမခံ ပြန်ပြောနေတယ် ဆိုတော့ ဒီအမျိုးသမီးက တကယ်ကို မရင့်ကျက်တဲ့ပုံပါပဲ။ သူမအသက် ဘယ်လောက် ဖြစ်လောက်မလဲ။ ရန်ကိုင်လည်း ထိုအမျိုးသမီးရဲ့ အသက်ကို တော်တော်လေး သိချင်မိသွားခဲ့တယ်။
“အခု၊ နင်ပြောတဲ့အတိုင်း လုပ်ပေးပြီးသွားပြီ ဆိုတော့ နင့်မျက်နှာကို ပြတော့”
“ဟဲဟဲ…” အမျိုးသမီးက တခစ်ခစ် ရယ်မောလိုက်တယ်။ သူမတစ်ကိုယ်လုံးကို ထွင်းဖောက် မြင်နေရပေမယ့် သူမပုံစံက တော်တော်လေး လန်းတာကို အလွယ်တကူ သတိပြုမိနိုင်ပါတယ်။ သူမရဲ့ နွေဦးစမ်းရေအလား ကြည်လင်နေတဲ့ အသံလေးနဲ့ပါ ထပ်ပေါင်းလိုက်တော့ အမျိုးသမီးက ခပ်လန်းလန်း မိန်းမပျိုလေး တစ်ယောက်ရဲ့ အရှိန်အဝါကို ပေးစွမ်းနေခဲ့ပါတယ် “နင်ငါ့မျက်နှာကို မြင်ချင်နေတာလား”
“ဟုတ်တယ်” ရန်ကိုင် ဖြည်းဖြည်းချင်း ထလိုက်ပြီး သူမဆီ လမ်းလျှောက်သွားလိုက်တယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးရဲ့ အသက်ရှူသံ ရုတ်ချည်း တည်ငြိမ်သွားခဲ့တယ်။ ရန်ကိုင်က ကောင်းကင် ဘယ်လောက်မြင့်ကြောင်း မသိတဲ့ ငထုံငအ တစ်ယောက် သာသာပါပဲလား။ သူ့အစောင့်အကြပ်တွေ မရှိတာတောင်မှ သူမနား ကပ်လာရဲပါသေးတယ်။
သူမဆီ ရောက်လာရင်တောင် သူမအနေနဲ့ ဘာကိုမှ ကြောက်မနေသင့်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူမနား တိုးကပ်လာနေတဲ့ ရန်ကိုင်ကို ကြည့်ရင်း ဘေးကပ်ဆိုးတစ်ခုက သူမဆီ တိုးကပ်လာနေသလို အမျိုးသမီး ခံစားလိုက်ရတယ်။
ခပ်မြန်မြန်ပဲ ခေါင်းခါရမ်းလိုက်ပြီး သူမ ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။ သူမ အရှိန်အဝါက ရုတ်ချည်း ကြောက်မက်ဖွယ် ကောင်းသွားခဲ့ပြီး အေးစက်စက်နဲ့ ရန်ကိုင်ကို ပြန်ပြောလိုက်တယ် “ငါနင့်ကို အခွင့်ရေးတစ်ခုပေးမယ်၊ နင့်လက်ထဲက ပစ္စည်းကို ငါ့ဆီ ပေးလိုက်”
“မပေးဘူးဆိုရင်ကော”
“ဒီသခင်မလေးကို ဒေါသထွက်အောင် လုပ်တဲ့လူတိုင်း ဘယ်တော့မှ အဆုံသတ်ကောင်းလေ့ မရှိဘူး” အမျိုးသမီးက အထင်အမြင်သေးသေးနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သူမရဲ့ ထင်ဖောက်မြင်နေရတဲ့ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ပြီး အခန်းတစ်ခုလုံး ထူးဆန်းသည့် မြူတို့ဖြင့် ပြည့်သွားခဲ့ကာ ထိုမြူတွေက ရန်ကိုင် တစ်ကိုယ်လုံးကို အလျင်အမြန်ပဲ ရစ်ပတ်သွားခဲ့တယ်။
အခန်းထဲက လှုပ်ရှားမှုတွေကို သတိပြုမိလိုက်တာနဲ့ တံခါးနားရပ်စောင့်နေတဲ့ ရင်းဂျု အခန်းထဲကို ချက်ချင်း ပြေးဝင်သွားဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် နတ်ဆိုးအိုကြီးက သူ့ကို ပြန်ဆွဲထားလိုက်ပါတယ်။
ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ရင်း နတ်ဆိုးအိုကြီးက ပြောလိုက်တယ် “သခင်လေး ဘာမှ ဖြစ်မှာမဟုတ်ဘူး”
“သူတစ်ခုခု ဖြစ်သွားခဲ့ရင် ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ် ရလိမ့်မယ်” ရင်းဂျုက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
နတ်ဆိုးအိုကြီးက ကြိတ်ရယ်လိုက်ပြီး “သစ္စာရှိတဲ့ အပိုင်းက ဒီလူအိုကြီးက မင်းအောက် မနိမ့်ကျပါဘူးကွ။ စိုးရိမ်မနေတဲ့ ငါတို့ သခင်လေး ဘာမှဖြစ်မှာ မဟုတ်ဘူး၊ အဲ့အမျိုးသမီးပဲ ခံစားသွားရမှာ။ ငါတို့ သခင်လေးကို သွားပြီး ခြိမ်းခြောက်ရဲတယ် ဆိုတော့ သူမရဲ့ အဆုံးသတ်က ဆိုးရွားလိမ့်မှာ မယုံမရှိနဲ့”
သူပြောလို့ပြီးရုံပဲရှိသေး၊ သနားစဖွယ် အော်ဟစ်သံတစ်သံ အခန်းထဲကနေ ပျံ့ထွက်လာခဲ့တယ်။ ထိုအသံက မိန်းမတစ်ယောက်ရဲ့ အသံပါ။ သူမရဲ့ အသံအရ လူမဆန်တဲ့ နှိပ်စက်ညင်းပန်းမှုဒဏ်ရာကို ခံစားနေရတဲ့ ပုံပါပဲ။
သူမရဲ့ အော်ဟစ်သံတွေကြားထဲ ရန်ကိုင်ရဲ့ လှောင်ပြောင်သံတွေကိုလည်း သူတို့ ကြားနေခဲ့ရပါတယ်။
ရင်းဂျုရဲ့ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့ပြီး သန်မတဲ့ ယောကျာ်းတစ်ယောက်က လုယုတ်မာဆန်ဆန် ရယ်မောရင်း အားနည်းပြီး ကူကယ်ရာမဲ့နေတဲ့ မြင်ကွင်းကို အလိုလို မြင်ယောင်သွားမိလိုက်တယ်။
သူ့တစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်။
အခန်းထဲမှာတော့…… ရန်ကိုင်က အရုပ်လေးကို လက်ထဲကိုင်ရင်း မူလနေရာမှာပဲ ရပ်နေခဲ့တယ်။ လက်ထဲ ကိုင်ထားရင်း အရုပ်လေးကို ညစ်လိုက်၊ ကွေးလိုက် လုပ်နေခဲ့ပါတယ်။ အရုပ်လေးကို သူကလိလိုက်တဲ့ အချိန်တိုင်း အခန်းတစ်ခုလုံး အမျိုးသမီးရဲ့ နာကျင်စွာ အော်ဟစ်သံတို့ဖြင့် ပြည့်နှက်သွားခဲ့တယ်။
ခဏကြာပြီးနောက် ပုံရိပ်တစ်ခု သူ့ရှေ့ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ သူ့ဘေးနားက မြူတွေက ထူထဲလွန်းလို့ ဘာကိုမှ သူမမြင်ရပါဘူး။ ဒါပေမယ့် ထိုလူမဆန်တဲ့ ညင်းပန်းနှိပ်စက်မှုကြောင့် အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ကြမ်းပြင်ထက် တွန့်လိမ် ကောက်ကွေးနေခဲ့ရတယ်။
ဆောင်းရာသီ ကာလအတွင်းက ငုံးတစ်ကောင်လို သူမရဲ့ ခန္ဓာကိုယ် သိမ်သိမ်လေးက အဆက်မပြတ် တုန်ခါနေခဲ့တယ်။ သူမရဲ့ ပိုးသာလေးလို့ နူးညံ့လှတဲ့ အပြာရောင် ဆံကေသာလေးတွေကလည်း ဖရိုဖရဲ ဖြစ်နေခဲ့ကာ သူမရဲ့ ပုံစံက အရမ်းကို သနားစရာ ကောင်းနေခဲ့တယ်။
အမျိုးသမီးဆိုလို ရန်ကိုင်က နည်းနည်းလေးတောင် ညှာတာတယ် မရှိပါဘူး။ သူ့အမူအရာက ကျောက်ရုပ်ကြီး တစ်ရုပ်အလား၊ နည်းနည်းလေးတောင် ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။ အစစ်အမှန် ယန်ယွမ်ချီကိုသုံးပြီး ကျန်ရှိနေတဲ့ မြူတွေကို လောင်ကျွမ်းပစ်လိုက်ပြီးနောက် အမျိုးသမီးဆီ တည်တည်ငြိမ်ငြိမ်နဲ့ လမ်းလျှောက်သွားလိုက်ကာ ငုံ့ကြည့် လိုက်တယ်။
ကြည်လင်နေတဲ့ ကန်ရေပြင်တစ်ခုလို တလက်လက် တောက်ပနေတဲ့ သူမရဲ့ အပြာရောင်ပိုးသား ဆံကေသာ တွေကို ကြည့်ရင်း ရန်ကိုင် အံ့အားသင့်သွားခဲ့တယ်။
အခုလိုမျိုး ပိုသားလေးလို နူးညံ့ပျော့ပျောင်း လှပတဲ့ ဆံပင်မျိုး ရန်ကိုင် တစ်ခါမှ မမြင်တွေ့ခဲ့ဖူပါဘူး။ ဒီဆံပင်ကို မြင်လိုက်တဲ့လူတိုင်း မနှစ်သက်တဲ့လူ မရှိလောက်ပါဘူး။
လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်က တော်တော်လေး သေးပါတယ်။ သူမရဲ့ ဆံပင်က ခါးနားထိတောင် ရောက်ရှိနေခဲ့ပါတယ်။ ကြမ်ပြင်ထက် ခေါင်းကို လက်နဲ့ကိုင်ရင် ခွေခွေလေး လဲနေခဲ့တယ်။ အသက်ရှူနေတာကြောင့် မဆိုသလောက်ကလေး လှုပ်နေတဲ့ သူမပါစပ်ကလွဲလို့ သူမတစ်ကိုယ်လုံး နည်းနည်းလေးတောင် လှုပ်ရှားခြင်း ရှိမနေခဲ့ပါဘူး။
ဆံပင်နဲ့ လက်ချောင်းတွေ ကြားထဲမှာ သူ့ကို မုန်းတီးစွာဖြင့် စိုက်ကြည့်နေတဲ့ တောက်ပတဲ့ မျက်ဝန်းတစ်စုံကို ရန်ကိုင် တွေ့လိုက်ရတယ်။ ပြီးတော့ ဒီအမျိုးသမီးက အားနည်းပြီး သနားစရာကောင်းတဲ့ အခြေအနေမှာ ရှိနေပေမယ့် သူမက ခုခံကာကွယ်တဲ့ ပုံစံအနေအထားနဲ့ ရှိနေခဲ့ကာ အချိန်မရွေး တန်ပြန် တိုက်ခိုက်ဖို့ ပြင်ထားခဲ့ပါတယ်။
ရန်ကိုင်နောက် နောက်တစ်လှမ်း ထပ်တိုးလိုက်သရွေ့ သူမက လျှပ်စီးတမျှ အမြန်နှုန်းနဲ့ တိုက်ခိုက်မှာပါ။
အသာအယာလေး ပြုံးလိုက်ပြီး ရန်ကိုင် ရှေ့ဆက် မတိုးတော့ပဲ ရပ်နေလိုက်တယ်။
ထိုအခြင်းအရာကို မြင်တွေ့လိုက်တာနဲ့ အမျိုးသမီးရဲ့ မျက်ဝန်းအစုံထဲ စိတ်ပျက်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။
“ထတော့” ရန်ကိုင်က သူမကို ငုံကြည့်နေရင်း ပြောလိုက်တယ်။
အမျိုးသမီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်၊ ခေါင်းမာနေတုန်းပါပဲ။
“ငါနင့်ကို တွန်းအားပေးနေတဲ့ ပုံစံမျိုး လာလုပ်ပြမနေနဲ့။ ငါက မိန်းမအိုကြီးတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး” ရန်ကိုင် နှာခေါင်းရှုံ့လိုက်တယ်။
“ဘယ်သူက မိန်းမအိုကြီးလဲ” အမြီးတက်နင်း ခံလိုက်ရတဲ့ ကြောင်တစ်ကောင်လို၊ အမျိုးသမီးက လဲနေရာမှာ ချက်ချင်း ထခုန်လိုက်ပြီး ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ အံတင်းတင်း ကြိတ်ထားရင်း သူမရဲ့ ရင်အစုံက နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ကာ မိုးပြာရောင် ဆံကေသာလေးတွေးက သူမရဲ့ တင်ပါးထိတိုင်အောင် ရောက်ရှိနေခဲ့ပါတယ်။
ထိုစကားတွေကို ပြောပြီး ရန်ကိုင် မျက်နှာထက်က ဂုဏ်ယူနေသည့် အပြုံးကို မြင်တွေ့လိုက်ပြီးနောက် လှည့်စား ခံလိုက်ရပြီမှန်း ထိုအမျိုးသမီး နားလည်လိုက်တယ်။ သူမ မျက်နှာတစ်ခုလုံး အရုပ်ဆိုးသွားခဲ့ပြီး ပါးလေးတွေ ဆိုရင်လည်း ရဲတက်လို့ သွားခဲ့တယ်။
တစ်ဖက်မှာတော့ ရန်ကိုင် အကြည့်လည်း ထူးဆန်းသွားခဲ့ပြီး သူ့ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးကို မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ငေးစိုက်ကြည့်နေခဲ့တယ်။
အမျိုးသမီးရဲ့ မျက်နှာက သူမရဲ့ အသံလောက် ရင့်ကျက်မနေခဲ့ပါဘူး။
ကုန်ဆုံးသွားတဲ့ နှစ်တွေ၊ လတွေက သူမအပေါ် အကျိုးသက်ရောက်မှု မရှိတဲ့ပုံပါပဲ။
မိန်းမတစ်ယောက်မှာ လှပတဲ့ မျက်နှာလေး ရှိနေရင်တောင် အချိန်တိုက်စားမှုဒဏ်ကို မခုခံနိုင်ပါဘူး။ အရမ်းကို ရှားပါတဲ့ အဖိုးတန် ရတနာတစ်ခုခုကို အသုံးပြုထားရင်တော့ တစ်မျိုးပေါ့။
ဥပမာ ဒေါင်စုကျုနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံးက ငယ်ရွယ်သယောင် ထင်ကြရပါတယ်။ ဒေါင်စုကျုကို ဆိုရင် ရန်ရင်ဖုန်းရဲ့ သမီးလို့တောင် အမှတ်မှားကြတဲ့လူတွေ အများကြီးပါ။ ဒါပေမယ့် သေသေချာချာ ကြည့်ကြည့်မယ် ဆိုရင် သူတို့တွေက ငယ်ရွယ်တဲ့ မိန်းကလေးတွေ မဟုတ်မှန်း သတိပြုမိနိုင်ပါတယ်။
ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ မိန်းမကတော့ ကွဲပြားပါတယ်။ သူမသာ အဖိုးတန် ရတနာတစ်ခုခုကို အသုံးပြုထားတာ မဟုတ်ရင် သူမက အသက်၂၀လောက်ပဲ ရှိမယ့် မိန်းကလေး တစ်ယောက်လို့တောင် ရန်ကိုင်စိတ်ထဲ အလိုလို တွေးမိလိုက်တယ်။
သူမရဲ့ ကျင့်ကြံခြင်းကတော့… ကောင်းကင် စိတ်အာရုံကို သုံးပြီး သူမရဲ့ ကျင့်ကြံခြင်းကို ရန်ကိုင် စစ်ဆေးကြည့် လိုက်တယ်။ ဒါပေမယ့် ရုတ်တရက် ဆိုသလို သူဆွံ့အ အံ့ဩသွားခဲ့ရတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈…
အခုမှပဲ သူမရဲ့ ကျင့်ကြံခြင်းကို သူစစ်ဆေးကြည့်ဖူး တာပါ။ စတွေ့တဲ့အချိန်တုန်းက သူမရဲ့ ကျင့်ကြံခြင်းကို သူမစစ်ဆေးနိုင်ခဲ့ပါဘူး။ သူမပြောနဲ့ မန်ဝူရတောင် လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ စူးစမ်းထောက်လှမ်းမှုမှ ရှောင်တိမ်းဖို့ အရမ်းကို ထူးဆန်းတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုပြီး သူမကိုယ်သူမ ဖုံးကွယ်ထားတာပဲ ဖြစ်ရပါမယ်။
“နင်ဒီမှာ ဘာလုပ်ချင်နေတာလဲ” ရန်ကိုင်ရဲ့ မျက်ဝန်းအစုံ ရုတ်ချည်း စူးရှသွားခဲ့ပြီး ထိုအမျိုးသမီးကိူ စူးစိုက်ကြည့်လိုက်ရင် မေးလိုက်တယ်။ ရန်ကိုင်ရဲ့ စူးရှတဲ့ အကြည့်ကြောင့် အမျိုးသမီးရဲ့ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်လည်း အလိုလို ကျုံသွားခဲ့တယ်။
“ငါနင့်ကို မေးနေတယ်လေ၊ ဒီကို ဘာလာလုပ်တာလဲလို့” ရန်ကိုင်က သူမကို စိုက်ကြည့်ရင်း ထပ်မေးလိုက်တယ်။
“ငါနင့်ကို ဘာလုပ်ခဲ့လို့ ငါကို အခုလိုမျိုး နှိပ်စက် ရတာလဲ” အမျိုးသမီးမှာ ရုတ်ချည်း ဝမ်းနည်းသွားခဲ့ပြီး သူမရဲ့ မျက်ဝန်းအစုံထဲ မျက်ရည်တို့ ဝဲတက်လာခဲ့တယ်။
ကလေးဘဝကတည်းက အခုလို ခါးသီးမှုမျိုး သူမ တစ်ခါမှ မခံစားဖူးခဲ့ပါဘူး။ ထိုမိစ္ဆာကောင်က သူမဆံပင် ကနေ လုပ်ထားတဲ့ အရုပ်လေးကို တင်းတင်းကြပ်ကြပ် ကိုင်ထားခဲ့ပါတယ်။ အရုပ်လေး သူ့လက်ထဲမှာ ရှိနေသရွေ့ သူမရဲ့ သေခြင်း၊ ရှင်းခြင်းကို သူ့စိတ်ကြိုက် ထိန်းချုပ်လို့ ရနေတဲ့ပုံပါပဲ။
“တစ်ယောက်ယောက်ကို ရှာဖို့လာခဲ့တာ။ နင်တို့ကို ထိခိုက်စေမယ့် ဘာတစ်ခုကိုမှ ငါလုပ်ခဲ့တာ မဟုတ်ဘူး။ နင်ဘာလို့ ငါ့ကို အခုလိုမျိုး ဆက်ဆံနေရတာလဲ” အမျိုးသမီးက မတရားခံရသည့် အမူအရာလေးနဲ့ ပြန်ပြောလိုက်တယ်။
“တစ်ယောက်ယောက်ကို လာရှာတာလား၊ ဘယ်သူ့ကို ရှာနေတာလဲ” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။
“ဘာလို့ ပြောရမှာလဲ”
“နင့်အသက်ဘယ်လောက်လဲ” ရန်ကိုင် ခေါင်းကိုက် ချင်သွားခဲ့တယ်။ သူမရဲ့ ခွန်အားအရ၊ သူမက မိန်းမငယ်လေး တစ်ယောက် မဟုတ်တာ လုံးဝကို ကျိန်းသေပါတယ်။ ဒါပေမယ့် သူမရဲ့ လေသံနဲ့ အပြုအမူက မိန်းမငယ်လေး တစ်ယောက်နဲ့ လုံးဝကို ကွက်တိတူနေခဲ့ပါတယ်။
ကောင်ကင်ဘုံအောက်မှာ ဒီလောက်တောင် သန်မာတဲ့ မိန်းကလေးတစ်ယောက် တကယ်ပဲ ရှိနေခဲ့တာလား။ သူခန့်မှန်းရသလောက်ဆိုရင် စုယန်တောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂၊ အဆင့်၃လောက်ပဲ ရောက်ပါဦးမယ်။
“ဒါလည်း ငါနင့်ကို ပြောမှာမဟုတ်ဘူး။ မိန်းမတစ်ယောက်ရဲ့ အသက်က သူ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက် တစ်ခုပဲ” အမျိုးသမီးက သူမရဲ့ နှုတ်ခမ်းကို သပ်လိုက်ရင်း ရန်ကိုင်ကို ပြန်ပြီး စူးစိုက်ကြည့်လိုက်တယ်။ ရန်ကိုင်က သူမထင်သလောက် မရက်စက်မှန်း တွေးမိလိုက်တာနဲ့ သူမ တော်တော်လေး စိတ်လက်ပေါ့ပါး သွားခဲ့တယ်။
“နတ်ဆိုးအိုကြီး” ရန်ကိုင် ရုတ်တရက် အော်ခေါ်လိုက်တယ်။
နတ်ဆိုးအိုကြီး ခပ်မြန်မြန်ပဲ ဝင်လာကာ “အစေခံအိုကြီး ရောက်ပါပြီ”
“ဒီအမိန်းမရဲ့ အစစ်အမှန်ချီကို ချိတ်ပိတ်လိုက်၊ ပြီးတာနဲ့ သူမတစ်ကိုယ်လုံးက အဝတ်အစားတွေကို ချွတ်ပြီး အိမ်အပြင်မှာ ချည်ထားလိုက်”
“ဟုတ်ကဲ့ပါ” နတ်ဆိုးအိုကြီးက တုန့်ဆိုင်းခြင်းမရှိ အလျင်အမြန်ပဲ လှုပ်ရှားလိုက်တယ်။
ရန်ကိုင်က သူမထင်သလောက် ရက်စက်တန်ဟန် မရလို့ စိတ်သက်သာရာ ရနေရုံပဲ ရှိသေး၊ သူပြောလိုက်တဲ့ နောက်ဆက်တွဲ စကားကြောင့် သူမ မျက်နှာတစ်ခုလုံ သွေးဖုတ်ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား မယုံသင်္ကာနဲ့ ငေးစိုက်ကြည့်နေခဲ့တယ်။ ရန်ကိုင်က ရက်စက်ရုံမကလို့ ဒီလောက်အထိပါ အရှက်မဲ့လိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။
ဝတ်လစ်စလစ်နဲ့ ကြိုးတုပ်ခံထားရပြီး လူပေါင်းများစွာ ဝိုင်းကြည့်နေတဲ့ မြင်ကွင်းကို မြင်ယောင်မိလိုက်တာနဲ့ သူမတစ်ကိုယ်လုံး တုန်ရီသွားခဲ့တယ်။
နတ်ဆိုးအိုကြီးရဲ့ မိစ္ဆာဆန်ဆန် အပြုံးကို မြင်တွေ့လိုက်တာနဲ့ သူမပုံရိပ် ချက်ချင်း ပျောက်ကွယ် သွားခဲ့ပါတယ်။ သူမရဲ့ အရှိန်အဝါတောင် အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့တယ်။
“ပြေးနိုင်မယ် ထင်နေတာလား” ရန်ကိုင်က လှောင်ပြောင် ပြောဆိုလိုက်ပြီး အရုပ်လေးကို ရက်ရက်စက်စက် ညစ်ချလိုက်တယ်။
နာနာကျင်ကျင် အော်ဟစ်သံနဲ့အတူ ခုလေးတင်ပဲ ပျောက်ကွယ်သွားခဲ့တဲ့ အမျိုးသမီးရဲ့ ပုံရိပ် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ကြပ်းပြင်ထက် လူလိမ့်နေခဲ့တယ်။
Martial Peak
အပိုင်း(၅၀၀)
အခန်းထဲ၌….. ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ခုံပေါ် ထိုင်နေခဲ့တယ်။
ရင်းဂျုနဲ့ နတ်ဆိုးအိုကြီးက သူ့နောက်မှာ ရပ်နေခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးက သူတို့ရှေ့ ၌ ရပ်နေခဲ့တယ်။
နည်းနည်းပါးပါးလောက် သင်ခန်းစာ ပေးခံရပြီးနောက် အမျိုးသမီးက တော်တော်လေး နာခံသွားခဲ့တယ်။ သူမ ဆံပင်ကနေ လုပ်ထားတဲ့ အရုပ်လေးသာ ရန်ကိုင်လက်ထဲ ရှိနေသရွေ့ ထိုမိစ္ဆာကောင်ရဲ့ လက်ထဲကနေ သူမ ပြေးမလွတ်နိုင်ဘူး ဆိုတာကို အမျိုးသမီး သိသွားခဲ့လေပြီ။
ကျောက်စိမ်းသားသဖွယ် ချောမွတ်လှတဲ့ လက်အစုံကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေခဲ့ကာ သူမ ဘယ်လောက် စိုးရိမ်ပူပန်နေလဲ ဆိုတာကို သိသာပေါ်လွင် နေစေခဲ့တယ်။ ခေါင်းလေးကို အသာအယာလေး ငုံ့ထားခဲ့ပြီး သတ်မှတ် ထားတဲ့ ကံကြမ္မာကနေ ပြေးမလွတ်နိုင်မှန်း သူမ သိသွားတဲ့ ပုံပါပဲ။ ဒါပေမယ့် သူမရဲ့ လှပတဲ့ မျက်ဝန်းအစုံကတော့ ရန်ကိုင်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့် နေခဲ့တယ်။ သူသာ ဟာပေါက်တစ်ခု လုပ်မိလိုက်တာနဲ့ သူမက ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်မှာပါ။
အချိန်နဲ့အမျှ သူမရဲ့ ဖူးအိနေတဲ့ နှုတ်ခမ်းအစုံက ပွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေခဲ့ကာ စိတ်ထဲကနေ သူရှေ့မှာ ရှိနေတဲ့ လူငယ်လေးကို တိတ်တဆိတ် ကျိန်ဆဲနေခဲ့တယ်။
“နင့်ရှိနေတာက ငါ့ကို တကယ်ပဲ စိတ်မသက်မသာ ဖြစ်စေတယ်ဆိုတာ နင်သိလား” ရန်ကိုင်က ပွင့်ပွင့် လင်းလင်းပဲ ပြောချလိုက်တယ် “နင့်သုံးတဲ့ နည်းစနစ်တွေ၊ အထူးစွမ်းရည်တွေ အကုန်လုံးကို ငါနည်းနည်းလေးတောင် မထိန်းချုပ်နိုင်ဘူး။ နင့်လို လူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါကျ ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတော့ မိတာနဲ့ ချက်ချင်း တန်းသတ်ပစ်လိုက်တဲ့ နည်းလမ်းက အကောင်းဆုံးပဲ”
“ဘာ၊ တကယ်ကြီးလား” အမျိုးသမီးဟာ ချက်ချင်း ဆိုသလိုပဲ ရန်ကိုင်ကို ငေးစိုက်ကြည့်လိုက်တယ်၊ ဒါပေမယ့် ရန်ကိုင်က သူမကို ခြိမ်းခြောက်နေတာ မဟုတ်ပဲ တကယ်ကြီး အလေးအနက်နဲ့ ပြောနေတာမှန်း အမျိုးသမီး အလျင်အမြန်ပဲ တွေ့ရှိသွားခဲ့တယ်။ ထိုအချက်ကို နားလည်လိုက်တာနဲ့ သူမ မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့တယ်၊ ဒီလောက် ရက်စက်ပြီး ပြတ်သားတဲ့ လူငယ်မျိုး အခုမှပဲ သူမ တွေ့ဖူးပါတော့တယ်။
“ဟုတ်တယ်” ရန်ကိုင်က အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်ပြီး “ဒါကြောင့် ငါမေးတဲ့ မေးခွန်းတိုင်းကို နင်ပြန်ဖြေဖို့ လိုအပ်တယ်။ နင်သာ ငါ့ကို မကျေမနပ် ဖြစ်စေမယ်ဆိုရင်… နင် နားလည်တယ် မလား”
“…အင်း” အမျိုးသမီးက သူမ နဖူးထက်က ချွေးတွေကို သုတ်ပစ်ရင်း အသာအယာလေး ပြန်ခေါင်းညိတ် ပြလိုက်တယ်။ အကြွင်းမဲ့ စွမ်းအားအောက်မှာ သူမလည်း မခုခံရဲပါဘူး။
“နင့်နာမည် ဘယ်လိုခေါ်လဲ”
“ရွှေးလင်…” အမျိုးသမီးက နှုတ်ခမ်းလေးကို ကိုက်ရင်း မဖြေချင်၊ ဖြေချင်နဲ့ ပြန်ဖြေလိုက်တယ်။
“ရွှေးလင်လား” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေး သွားခဲ့တယ်။ သူမနာမည်က သူမအသုံးပြုတဲ့ စွမ်းရည်တွေနဲ့ တကယ်ပဲ လိုက်ဖက်ပါတယ်၊ ဒါပေမယ့် သူမနာမည်ကို သူတစ်ခါမှ မကြားခဲ့သလို ဒီမျိုးရိုးနာမည်နဲ့ လူတွေကိုလည်း သူနည်းနည်းလေးတောင် မရင်းနှီးပါဘူး။
“နင်ဘယ်ကလာတာလဲ”
“ရေစိတ်ဝိဥာဉ်ဘုရားကျောင်း…”
ရန်ကိုင် မျက်ခုံးကြောတို့ ထပ်မံ တွန့်ကွေးသွားခဲ့ ပြန်တယ်၊ သူသိခဲ့တဲ့ အင်အားစုတွေနာမည်ကို အလျင်အမြန်ပဲ တစ်ခဏလောက် ပြန်စဉ်စားကြည့် လိုက်တယ်၊ ဒါပေမယ့် ရေစိတ်ဝိဥာဉ်ဘုရားကျောင်းဆိုတဲ့ အင်အားစုကို သူရှာလို့ မတွေ့ခဲ့ပါဘူး။ ဒီလို အင်အားစုမျိုး ရှိတယ်လို့ သူကြားသိလိုက်ရတာ ပထမဆုံး အကြိမ်ပါပဲ။
တစ်ဖက်မှာတော့ “ရေစိတ်ဝိဥာဉ်ဘုရားကျောင်း” ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ နတ်ဆိုးအိုကြီးရဲ့ မျက်ခုံးကြောတို့ ရုတ်တရက် တွန့်ကွေးသွားခဲ့တယ်။ သူ့ပုံစံအရ ဒီလိုမျိုး အင်အားစုကို ကြားဖူးနားဝါး ရှိနေတဲ့ပုံပါပဲ။
ဒီနာမည်က သူ့ရဲ့ ဝေဝါးနေတဲ့ မှတ်ဥာဏ်တွေထဲက တစ်ခုခုကို ပြန်နှိုးဆွပေးလိုက်တဲ့ပုံပါပဲ။ ဒါပေမယ့် ခဏလောက် ကြာအောင် စဉ်းစားနေလိုက်ပြီးနောက် နတ်ဆိုးအိုကြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။ သူ့မှတ်ဥာဏ်တွေက အရမ်းကို ရှုပ်ထွေးလွန်း နေခဲ့ပါတယ်။ ရေစိတ်ဝိဥာဉ်ဘုရားကျောင်း ဆိုတဲ့ နာမည်ကို ရင်းနှီးနေသလို ခံစားရပေမယ့် ထိုအင်အားစုနဲ့ ပက်သက်တဲ့ ဘာကိုမှ သူပြန်မမှတ်မိခဲ့ပါဘူး။
“အလုပ်ရှုပ်ခံမနေနဲ့၊ ငါ့ရဲ့ ရေစိတ်ဝိဥာဉ် ဘုရားကျောင်းကို နင်ကြားဖူးမှာ မဟုတ်ဘူး” ရန်ကိုင်က တစ်ခုခုအား ပြန်စဉ်းစားနေတာကို မြင်လိုက်တော့ ရွှေးလင်က တခစ်ခစ်နဲ့ ရယ်မောပြီး ပြန်ပြောလိုက်တယ်။ သူမလေသံထဲ လှောင်ရိပ်တို့ ပါဝင်နေခဲ့ပါတယ်၊ ‘ဘာမှ မသိတဲ့ တောသားတစ်ယောက်’ပဲလို့ အမျိုးသမီးက ရန်ကိုင်ကို လှောင်ပြောင်နေချင်တဲ့ ပုံပါပဲ။
“နင်က ကြုံရာနာမည် တစ်ခု ကောက်ပြောပြီး ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေမှန်း ငါဘယ်လိုလုပ်ပြီး သိမှာလဲ” ရန်ကိုင်က ပြန်ပြီး နှာခေါင်းရှုံ့လိုက်တယ်၊ ရွှေးလင် မျက်လုံးထဲက အကြည့်က သူ့ကို တကယ်ပဲ နေရခက်စေပါတယ်။
အကျဉ်းသား တစ်ယောက် ဖြစ်နေတာတောင် ရွှေးလင်က နည်းနည်းလေးမှ စိုးရိမ်နေခြင်း မရှိခဲ့ပါဘူး။ သူမလုပ်နေတဲ့ ပုံစံက…. မဟာအင်အားစုက သခင်မလေး တစ်ယောက်ကို ဒုတိယ၊ တတိယအဆင့် အင်အားစု တစ်ခုက ဖမ်းထားသလိုမျိုးနဲ့တောင် တူနေပါသေးတယ်။
“ငါပါ့စပ်ထဲ တွေ့ကရာ နာမည် လျှောက်ပြောနေတာ မဟုတ်ဘူး၊ နင်ကိုယ်တိုင်ကသာ ရေတွင်းအောက်ခြေက ဖားသူငယ်ဖြစ်နေတာ” ရွှေးလင်က ဖြည်းဖြည်း ခေါင်းခါရမ်းလိုက်တဲ့အခါ သူမရဲ့ မိုးပြာရောင် ပိုးသား ဆံကေသာလေးတွေကလည်း စီးဆင်းနေတဲ့ ရေအလား ဘယ်မှညာသို့ အသာအယာလေး ယိမ်းသွားခဲ့တယ်။
“ရေစိတ်ဝိဥာဉ်ဘုရားကျောင်း… အဲ့လို အင်အားစု တကယ်ပဲ ရှိတယ်။ အဲ့အချက်နဲ့ ပက်သက်ပြီး မင်းဆက် စဉ်းစားနေစရာ မလိုဘူး။ အချိန်ကျလာရင် ငါမင်းကို ပြောပြမယ်” ရန်ကိုင် စိတ်မရှည် ဖြစ်လာတဲ့ အချိန်မှာပဲ မန်ဝူရရဲ့ အသံက သူ့နားထဲ ပဲ့တင်ထပ်သွားခဲ့တယ်။
“ကောင်ပြီ” ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်လည်း ဒီကိစ္စကို ထပ်ပြီး အကျယ်ချဲ့ မနေတော့ပါဘူး၊ ရေစိတ်ဝိဥာဉ် ဘုရားကျောင်းက အပြင်လောကနဲ့ မပက်သက်တဲ့ သီးခြား အင်အားစုတစ်ခုလို့သာ သူ့စိတ်ထဲ တွေးလိုက်တယ်။
“ဒါပေမယ့် ဒီမိန်းကလေး ရေစိတ်ဝိဥာဉ် ဘုရားကျောင်းကဆိုမှတော့ မင်းသူ့ကို သေသေချာချာ ဂရုစိုက်သင့်တယ်၊ မဟုတ်ရင် မင်းတို့ ရန်မိသားစု တစ်ခုလုံး ကံဆိုးမိုးမှောင် ကျသွားနိုင်တယ်”
ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။
ရန်မိသားစုက ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် အင်အားစု တစ်ခုပါ။ ဒီလောကကြီးတစ်ခုလုံး ရန်မိသားစုက အားလုံးအထက် ရှိနေတဲ့ မဟာအင်အားစုကြီး တစ်ခုပါ။
ဒါပေမယ့် မန်ဝူရ ပြောတဲ့ပုံအတိုင်း ဆိုရင်တော့ ရေစိတ်ဝိဥာဉ်ဘုရားကျောင်းရဲ့ စွမ်းအားက ရန်မိသားစုရဲ့ အထက်မှာ ရှိနေတဲ့ပုံပါပဲ။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သီးခြား အင်အားစု တစ်ခုက ဒီလိုစွမ်းအားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင် ထားရတာလဲ။
သူ့စိတ်ကို ခပ်မြန်မြန်ပဲ တည်ငြိမ်သွားအောင် လုပ်လိုက်ပြီး ရန်ကိုင် ထပ်ပြီး မေးလိုက်တယ် “အသက်”
မျက်ခုံးနှစ်ခု ထိစပ်လုမတတ် ရွှေးလင် မျက်မှောင် ကြုံ့လိုက်တယ်။ ထို့နောက် နှုတ်ခမ်းလေးကို အသာအယာလေး ကိုက်လိုက်ပြီး တိုးတိုးလေး ပြန်မေးလိုက်တယ် “မပြောလို့ မရဘူးလား”
ရန်ကိုင်က သန္နိဠာန် ချထားတဲ့ ပုံစံနဲ့ ချက်ချင်းပဲ ခေါင်းခါပြလိုက်တယ်။
“၁၉နှစ်” ရွှေးလင်း မပျော်မရွှင် ဖြစ်သွားခဲ့တယ်။ မိန်းမတွေအတွက်တော့ သူမတို့ရဲ့ အသက်က ဘယ်လောက်ပဲ ဖြစ်နေပါစေ၊ အသက်နဲ့ ပက်သက်လာရင် မိန်းမတိုင်းက ဆတ်ဆတ်ထိမခံပါဘူး၊ ယောကျာ်းတစ်ယောက်က သူမ အသက်ကို မေးလာတဲ့အခါ သူမက ပြန်မဖြေချင်တာ သဘာဝပါပဲ။
ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တယ်၊ သူ့ကိုယ်သူ စိတ်ကူးယဉ် အိမ်မက်ထဲ ရောက်နေတာလား လို့တောင် ထင်မိသွားတဲ့အထိပါ။
ရွှေးလင်ရဲ့ ပုံစံက လိမ်နေတဲ့ပုံ မပေါက်ပါဘူး။ တစ်နည်း ပြောရရင် သူမက တကယ်ပဲ အသက် ၁၉နှစ်ပါ။ ပြီးတော့ သူမ အသက်၁၉ဆိုရင် သူမရဲ့ ပြောဆိုပုံဆိုနဲ့ သဘောထားက ဘာလို့ မရင့်ကျက်သေးလဲ ဆိုတာ အားလုံး ရှင်းသွားခဲ့ပါပြီ။
ဒါပေမယ့် အသက်၁၉နှစ်နဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈၊ ဒါက တကယ်ကို မယုံနိုင်စရာကြီးပါ။ ဒီလို အရည်အချင်းနဲ့ ပါရမီမျိုးက ရန်ကိုင်သိသမျှ လူငယ် မျိုးဆက်ပါရမီရှင် အားလုံးထက်ကို သာလွန်နေခဲ့ပါတယ်။
ဗဟိုမြို့တော်ရဲ့ နံပါတ်တစ် သခင်လေး လျူချင်းယောင်တောင် သူမဖိနပ်ကို ကိုင်ပေးဖို့ အဆင့်မမှီပါဘူး။
ထိုတဒင်္ဂလေးအတွင်းမှာပဲ ရေစိတ်ဝိဥာဉ်ဘုရားကျောင်း ဘယ်လောက်တောင် အားကောင်းလဲ ဆိုတာကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့တယ်။ ရွှေးလင်လို ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်တဲ့ ထိုသီးခြားအင်အားစုရဲ့ အင်အားက ရန်မိသားစု အထက်မှာ ရှိနေတယ်လို့ ပြောတာ လုံးဝကို ယုတ္တိရှိပါတယ်။
သူ့စိတ်ထဲ အရမ်းကို ထိတ်လန့် တုန်လှုပ်သွားခဲ့ပေမယ့်၊ သူ့မျက်နှာ အမူအရာကတော့ လှိုင်းထန်းခြင်းမရှိတဲ့ ရှေးဟောင်း ကန်ရေပြင်တစ်ခုပမာ တည်ငြိမ်မြဲ တည်ငြိမ် နေဆဲပါ။ ဟာကွက်တစ်ခုကိုမှ ထုတ်မပြခဲ့ပါဘူး။
ရန်ကိုင်ရဲ့ တည်ငြိမ်နေသေးတဲ့ အမူအရာကို မြင်လိုက်တော့ ရွှေးလင် စိတ်ပျက်သွားခဲ့တယ်။ သူမ နှလုံးသားထဲက အမုန်းတရားကို ဖြေသိမ့်ဖို့အတွက် ရန်ကိုင်ရဲ့ ထိတ်လန့်ကြောက်ရွံ့နေတဲ့ အမူအရာကို သူမ မြင်ချင်နေတာပါ။
“နင့်အသက်ကော ဘယ်လောက်လဲ” ရွှေးလင်က စိတ်ဝင်တစားနဲ့ ပြန်မေးလိုက်တယ်။
“ဒီနှစ်ဆို ၁၈နှစ်ပြည့်ပြီ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။
“တကယ်ကြီးလား” ရွှေးလင် အံ့အားသင့်သွားခဲ့တယ်။ “နင့်ပုံစံ၊ အပြုအမူက အသက်၁၈နှစ်လူ တစ်ယောက်နဲ့ လာလားမှ မနီးစပ်ဘူး”
ပြီးတော့ ရုတ်တရက် ထပ်ပေါင်းပြောလိုက်တယ် “ဒါပေမယ့် နင့်အရည်အချင်းက မဆိုးပါဘူး”
သူမက ဒီအတိုင်း ထင်တာ၊ မြင်တာကိုပဲ ထုတ်ပြောလိုက်မှန်း နားလည်လိုက်တာနဲ့ ရန်ကိုင်မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ဖြည်းဖြည်းချင်း ပြုံးလိုက်ရင်း “နင့်ရဲ့ ရေစိတ်ဝိဥာဉ် ဘုရားကျောင်းမှာ ငါ့အသက်နဲ့ ငါ့ထက်သန်မာတဲ့ လူတွေ အများကြီး ရှိနေတာလား”
ရွှေးလင်က အထင်အမြင် သေးသေးနဲ့ ရှုံ့ချ ပြောဆိုလိုက်တယ် “ငါပြောပြမယ်၊ နင်သာ ငါတို့ ရေစိတ်ဝိဥာဉ် ဘုရားကျောင်းထဲ ဝင်မယ်ဆိုရင်၊ လူငယ်မျိုးဆက်ထဲမှာ နင့်အဆင့်က ရာကျော်မှာ ရှိနေမှာ”
“နင်ကော” ရန်ကိုင်လည်း စိတ်ဝင်စားသွားခဲ့တယ်။
ရွှေးလင်က ဂုဏ်ယူဝံ့ကြွားသည့် အမူအရာလေး လက်သုံးချောင်း ထောင်ပြလိုက်ရင်း “ထိပ်ဆုံး သုံးယောက်ပဲ”
“အို၊ စိတ်ဝင်စားစရာပါလား” ရန်ကိုင် အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး “အချိန်ရရင် နင်တို့ ရေစိတ်ဝိဥာဉ် ဘုရားကျောင်းဆီ ငါသွားလည်ပြီး နင်ပြောတဲ့ လူငယ်မျိုးဆက် ပါရမီရှင်တွေကို တစ်ချက်လောက် သွားစူးစမ်းလေ့လာ ကြည့်ရတာပေါ့”
ရွှေးလင်က မဲ့ပြုံးပြုံးလိုက်ပြီး “နင့်ကိုယ်နင် အားကိုးပြီး တော့လား။ နင့်မှာ အဲ့လိုအရည်အချင်းမရှိမှာ ငါစိုးရိမ်မိတယ်။ နင့်အရည်အချင်း မဆိုးဘူးလို့ ငါပြောခဲ့တာက ဒီနေရာအတွက် သက်သက်ပဲ၊ အဲ့နေရာမှာတော့ နင်က ဘာမှကို မဟုတ်တာ”
“အဲ့နေရာက ဘယ်နေရာလဲ” ရန်ကိုင် မျက်မှေဦင် ကြုံ့သွားခဲ့တယ်။
ရွှေးလင်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခေါင်းမော့လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်တယ် “ငါပြောတာကို နင်မယုံမှန်း ငါသိတယ်၊ ဒါပေမယ့် နင်မယုံတော့ရော ဘာဖြစ်လဲ။ ငါက အမှန်တရားကိုပဲ ပြောခဲ့တာလေ။ ဘာလဲ၊ အမှန်တရားက နင့်အတွက် ခါးသီးနေလို့လား”
သူမရဲ့ အနှစ်မပါတဲ့ ရန်စစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ပြန်ပြီးတော့သာ ပြုံးပြလိုက်တယ်။ သူ့မျက်ဝန်းထဲ မီးတောက်ပမာ စိတ်ဆန္ဒတို့ ရုတ်တရက် ဖြတ်ပြေးသွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်၊ ပြတ်ပြတ်သားသားနဲ့ ပြန်ပြောလိုက်တယ် “နင်တို့ ရေစိတ်ဝိဥာဉ် ဘုရားကျောင်းဆီ ငါကျိန်းသေသွားမှာ”
ရွှေးလင်က သူမရဲ့ မောက်မာတဲ့ အမူအရာကို ပြန်ရုတ်သိမ်းလိုက်ပြီး ရန်ကိုင်အား အရူးတစ်ယောက်ကို ကြည့်သလို ငေးစိုက်ကြည့်လိုက်တယ်။ သူမ စကားကို ကြားလိုက်တာနဲ့ ထိုကောင် ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားသွားမှန်း ရွှေးလင် တကယ်ပဲ နားမလည်ခဲ့ပါဘူး။
ဘယ်လို လူထူးလူဆန်းကို မသိဘူး။
“ငါ့မှာ မေးစရာမေးခွန်းအချို့ ရှိသေးတယ်” ရန်ကိုင်က ထိုခေါင်းစဉ်နဲ့ ဆက်ပြီး အချိန်ကုန် ခံမနေတော့ပါဘူး။ ရွှေးလင်လို မရင့်ကျက်သေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ စကားနိုင်လုနေလို့ ဘာအကျိုးမှ မရှိပါဘူး။
“နင်မေးပြီးရင် ငါထွက်သွားလို့ရလား” ရွှေးလင်ရဲ့ မျက်ဝန်းအစုံ အသာအယာလေး မှေးကျဉ်းသွားခဲ့တယ်။
“နင့်စိတ်ကြိုက်ပဲ” ရန်ကိုင်ပြုံးလိုက်တယ်။
“အဲ့လိုဆိုရင်၊ မြန်မြန်မေးတော့” ရွှေးလင်က ပြန်ပြောလိုက်တယ်။ သူမ မျက်နှာထက် စိတ်လှုပ်ရှား၊ မျှော်လင့်နေသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။ သူမကိုသာ သွားခွင့်ပေးလိုက်တာနဲ့ ဒီနေရာကနေ ချက်ချင်း ထွက်ပြေးတော့ မလားတောင်ပါပဲ။
“တစ်ယောက်ယောက်ကို ရှာဖို့ လာခဲ့တာလို့ နင်ပြောခဲ့တယ်လေ။ နင်ဘယ်သူ့ကို ရှာနေတာလဲ” ရန်ကိုင်က လေးလေးနက်နက်နဲ့ မေးလိုက်တယ်။ နောက်ဆုံးတော့ ဒီခေါင်းစဉ်ဆီ သူတို့ ရောက်ရှိလာခဲ့လေပြီ။
“ငါလည်း သူ့နာမည်ကို မသိဘူး” ရွှေးလင်က ခေါင်းခါ ရမ်းလိုက်ပြီး “သူက အမြဲတမ်း ဇာပုဝါတစ်ခုကို ဝတ်ထားတယ်။ သူဘယ်လို ပုံစံရှိလဲ ဆိုတာကိုတောင် ငါသိတာ မဟုတ်ဘူး…”
“နင်ဘာလို့ သူ့ကို ရှာနေတာလဲ” ရန်ကိုင် အကြည့်က ဓါးတစ်စင်းပမာ ထက်ရှသွားခဲ့တယ်။ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ရဲ့ စိုက်ကြည့်ခြင်းကို ခံနေရသည့်အလား ရွှေးလင်ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။ သူမသာ စကားမှားသွားတာနဲ့ နေရာမှာတင် ရက်ရက်စက်စက် အသတ်ခံရနိုင်တယ်လို့ သူမရဲ့ မသိစိတ်က ပြောနေခဲ့တယ်။
သူမ တစ်ကိုယ်လုံး မသိမသာလေး တုန်ရင်နေခဲ့ပြီး ရန်ကိုင်ကို စိုးရိမ်တကြီးနဲ့ စိုက်ကြည့်လိုက်တယ်။ ရန်ကိုင်ရဲ့ အပြုအမူက နေ့နဲညပြောင်းသလို ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားလဲ ဆိုတာကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ သူမကိုယ်သူမ စိတ်ငြိမ်အောင် လုပ်လိုက်ပြီး သတိထားရင်း ပြန်ပြောလိုက်တယ် “သူ့ခန္ဓာကိုယ်က ထူးဆန်းတယ်။ သူ့အရည်အချင်းက နင့်ထက် ပိုကောင်းတယ်။ ဒါကြောင့် သူ့ကို ငါတို့ရဲ့ ရေစိတ်ဝိဥာဉ်ဘုရားကျောင်းဆီ ခေါ်ချင်လို့…”
ရန်ကိုင် ထခုန်လိုက်ပြီး သူ့ကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့တယ်။
ရွှေးလင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ နောက်ဆုတ်လိုက်တယ်။ ခုခံတဲ့ပုံစံ ပြင်ထားလိုက်ရင်း စိုးရိမ်တကြီး ပြန်မေးလိုက်တယ် “နင်ဘာလုပ်နေတာလဲ”
“သူ့ ခန္ဓာကိုယ်က ထူးဆန်းမှန်း နင်ဘယ်လို သိတာလဲ” ရန်ကိုင်ရဲ့ ရွှေးလင်နား တိုးသွားလိုက်ပြီး သူ့မ ခန္ဓာကိုယ် ပတ်ပတ်လည်ကို သူ့ရဲ့ စိတ်စွမ်းအင်နဲ့ လွှမ်းခြုံထားလိုက်တယ်။
ရွှေးလင်ရှာနေတဲ့က ရှနင်းချန်ဆိုတာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး။ ဒါဆိုရင် သူမ ဆေးဖော်စပ်ခန်းနားဆီ ဘာလို့ ထပ်တလဲလဲ ခိုးဝင်လာလဲ ဆိုတဲ့ အဖြေက ရှင်းလင်းသွာခဲ့ပါပြီ။
ဒါပေမယ့် ရှနင်းချန် အထူးခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ် ဆိုတာကို သူမ ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ ဒီအချက်က ရန်ကိုင်အား တော်တော်လေး စိတ်မသက်မသာ ဖြစ်စေပါတယ်။ ရှနင်းချန်ရဲ့ ထွတ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်က အရမ်းကို ထူးခြားပါတယ်၊ ထိုအထူးခန္ဓာကိုယ်ကြောင့် ရှနင်းချန်က ဆေးပညာရှင်ဖြစ်ဖို့ မွေးဖွားလာတာလို့တောင် ပြောလို့ရပါတယ်။ ဆေးပညာပိုင်းမှာ ဘယ်သူကမှ သူမကို သွားယှဉ်လို့ မရပါဘူး။
မန်ဝူရက ရှနင်းချန်ကို အမြဲတမ်း ကာကွယ်ပေးထား ခဲ့တာပါ။ ရှနင်းချန် အထူးခန္ဓာကိုယ် ပိုင်ဆိုင်ထားတာကို၊ သူရယ်၊ မန်ဝူရရယ်၊ ရှနင်းချန်ကိုယ်တိုင်ရယ်၊ သူတို့ သုံးယောက်ပဲ သိထားပါတယ်။ ရှနင်းချန်ဟာ ထွတ်မြတ်စိတ်ဝိဥာဉ် ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ သတင်းသာ ပေါက်ကြားသွားခဲ့ရင် မန်ဝူရတောင် သူရဲ့ စီနီယာမမလေးကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။
အဲ့လိုမျိုး ဖြစ်သွားခဲ့ရင် သူ့စီနီယာမမလေးကို လုယူကြဖို့ အင်အားစုအသီးသီးက လူတွေ အပြိုင်အဆိုင် ကြိုးစား ကြတော့မှာပါ။ အဲ့လို အဖြစ်အပျက်မျိုး ရန်ကိုင် လုံးဝကို မမြင်ချင်တာပါ။ သူမ ဘယ်သူ့လက်ထဲ ရောက်သွား ရောက်သွားပေါ့။ စီနီယာမမလေးကို ဘယ်သူ့ဆီကိုမှ သူထည့်မပေးနိုင်ပါဘူး။
ရန်ကိုင်အနေနဲ့ ကြိုတင်သတိထားတာ မမှားပါဘူး။ ရွေးစရာမရှိတော့လို့ ရွှေးလင်ကို သတ်ရမယ် ဆိုရင်တောင် သူဝန်လေးနေမှာ မဟုတ်ပါဘူး။
“ငါသိနေတာပဲ” ရွှေးလင်း အလန့်တကြား အော်ပြော လိုက်တယ်။ ရန်ကိုင် မျက်ဝန်းထဲက သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်တာနဲ့ ရွှေးလင် ထိတ်လန့်ကြောက်ရွံ့ သွားခဲ့ပြီး ကြောက်ရွံ့မှုတို့ပြည့်နေတဲ့ မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေရင်း အလျင်စလို နောက်ပြန်ဆုတ်လိုက်တယ်။
“နင်ဘယ်လိုသိတာလဲ” ရန်ကိုင်က ရွှေးလင်အား အသက်ရှူချိန်တောင် မပေးပဲ ထပ်မေးလိုက်တယ်။
“သူမြို့ထဲ ဝင်လာကတည်းက ငါသိနေတာ။ သူ့ကို မြင်လိုက်တာနဲ့ ငါသိလိုက်တာပဲ… သူ့ရဲ့ အထူးခန္ဓာကိုယ်က ငါနဲ့ ဆင်တူနေလို့ ဖြစ်လောက်တယ်”
ရန်ကိုင် ခြေလှမ်းတို့ ရပ်တန့်သွားခဲ့တယ်၊ သူနဲ့ ရွှေးလင်ကြားက အကွာအဝေးက မီတာဝက်ပဲ ခြားပါတော့တယ်၊ မီတာဝက်အကွာမှာ ရပ်နေရင်း ရွှေးလင်ရဲ့ မျက်ဝန်းတည့်တည့်ဆီ အကြည့်စူးစူးနဲ့ စိုက်ကြည့်လိုက်တယ်။
ရေခဲတမျှ အေးစက်မှုက သူမကိုယ်အနှံ့ ဖြတ်သန်း သွားတာကို ရွှေးလင် ခံစားမိလိုက်တယ်။ ရန်ကိုင်ရဲ့ ထက်ရှလွန်းတဲ့ အကြည့်အောက်၌ သူမ တစ်ကိုယ်လုံး ဘာအဝတ်အစားမှ မရှိတော့သလို သူမရဲ့ အလျှို့ဝှက်ဆုံးသော လျှို့ဝှက်ချက်တွေပါ ထုတ်ဖော်ခြင်း ခံလိုက်ရသလို ရွှေးလင် ခံစားလိုက်ရတယ်။
“နင့်မှာလည်း အထူးခန္ဓာကိုယ် ရှိနေတာလား” ရန်ကိုင် အံ့ဩသွားခဲ့တယ်။
ရွှေးလင် ခေါင်းညိတ်ပြလိုက်တယ်၊ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ယောက်ယတ်ခတ်နေတဲ့ သူမစိတ်ကို ပြန်ငြိမ်သွားအောင် လုပ်လိုက်တယ်။ အခုမှပဲ သူမထက်ငယ်ပြီး အားနည်းတဲ့ လူငယ်လေးက ရေစိတ်ဝိဥာဉ်ဘုရားကျောင်းမှ လက်ရွေးစင်တွေတောင် မပေးစွမ်းနိုင်တဲ့ ကြောက်ရွံ့ဖွယ် ဖိနှိပ်မှုအား ပေးစွမ်းနေတာကို ရွှေးလင် ရုတ်တရက် သတိပြုမိလိုက်တယ်။
ဒီလောက် အကွာအဝေးနဲ့ဆိုရင် သူမဆီက အားကုန်သုံး တိုက်ခိုက်မှုတစ်ချက်နဲ့တင် သူမထက် အဆင့်ကြီးတစ်ဆင့် မြင့်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် အသေတောင် သတ်ကောင်း သတ်နိုင်ပါတယ်။ ဒါပေမယ့် ရွှေးလင် ထိုကဲ့သို့ မလုပ်ရဲ ခဲ့ပါဘူး။ အရုပ်လေးမရှိရင်တောင် ထိုလူငယ်လေးကို သူမ သတ်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ သူမ မသိစိတ်က ပြောနေခဲ့တယ်။