← Chapters

သေမျိုးလူသားဘ၀

Vol. 40 Ch. 548

သေမျိုးလူသားဘ၀

Vol. 40 Ch. 548

ယခုနှစ်တွင်တော့ ကျန်းလန် အသက် (၃၈)နှစ် ရှိပြီ ဖြစ်သည်။

ရွာမှလူအချို့ သေဆုံးရမည်မှာ မလွဲမသွေပင် ဖြစ်သည်။

ဈာပနအပြီးတွင် ရှောင်ယွိ အနည်းငယ် စိတ်ရှုတ်ထွေးလျှက် ရှိသည်။ ကျန်းလန် နံဘေးတွင်ထိုင်ရင်း သူမစိတ်ထဲ ဗလာကျင်းနေသလို ခံစားရသည်။

ရှောင်ယွိက ကျန်းလန်ကိုမော့ကြည့်လိုက်ရင်း…

“ယောကျ်ား ၊ သူတို့တွေ သေဆုံးသွားကြရင် ဒီလောကကနေ ပျောက်ကွယ်သွားကြတာလား ၊ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလား”

ကျန်းလန်က ရှောင်ယွိ၏ခေါင်းကိုအသာပွတ်သပ်လိုက်ရင်း…

“မွေးဖွားလာမယ် ၊ အိုမင်းမယ် ၊ နာမကျန်းဖြစ်မယ် ၊ သေဆုံးမယ် ၊ ဒါတွေအားလုံးက သေမျိုးလောကမှာ ကြုံတွေ့ရမယ့်အရာတွေပဲ”

ရှောင်ယွိက မျက်ရည်များဝဲလာရင်း…

“ဒါဆို ကျွန်မ တစ်နေ့မှာ သူတို့နဲ့စကားပြောချင်ရင် ဘယ်လိုလုပ်မလဲ ၊ သူတို့ကို ရုတ်တရက် တွေ့ချင်လာရင် ဘယ်လိုလုပ်မလဲ”

လူတစ်ယောက်သေဆုံးသွားလျှင် ထိုသူကို ပြန်လည်တွေ့ဆုံရန် မဖြစ်နိုင်တော့ပေ။ ထိုသူကို မည်သည့်နေရာတွင်မှ ရှာတွေ့တော့မည် မဟုတ်ပေ။ သင်က ထိုသူအား ချစ်ခင်သည်ဖြစ်စေ ၊ အမျက်ဒေါသထွက်ကာ ကျိန်ဆဲနေသည်ဖြစ်စေ တုံ့ပြန်တော့မည်မဟုတ်သလို ၊ အရေးစိုက်တော့မည်လည်း မဟုတ်ပေ။

လူတစ်ယောက်သေဆုံးသွားခြင်းက အရာအားလုံး ပြီးဆုံးသွားခြင်း ဖြစ်သည်။

နောက်ထပ် အချိန် (၃)နှစ်ကြာသွားပြီးနောက် ကျန်းလန်သည်လည်း အသက် (၄၀)ကျော်အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

သူ၏ခန္ဓာကိုယ်က အရင်ကနှင့်မတတော့ပေ။ သူ့ကိုယ်သူ သန်မာသေးသည်ဟု ယူဆနေသော်လည်း သူမလုပ်နိုင်တော့သည့်အရာ များစွာရှိလာသည်။

လျိုတာ့ဟူက သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး အလေးအနက်ပြောသည်။

“ဦးလေးကျန်း ၊ စိတ်မပူနဲ့ ၊ ကျွန်တော်တို့ ဦးလေးနဲ့ဒေါ်လေးကို ဂရုစိုက်ပါ့မယ်”

ကျန်းလန်က ခေါင်းခါယမ်းရင်း ရယ်မောလိုက်သည်။

“ကျုပ် မအိုသေးပါဘူးကွာ ၊ ဒါပေမဲ့ အမဲလိုက်တဲ့အလုပ်ကိုတော့ စွန့်လွှတ်ရမယ့်အချိန်ရောက်နေတာ အမှန်ပါပဲ”

ကျန်းလန် အမဲလိုက်အဖွဲ့မှ အနားယူသည့်အခါ လျိုတာ့ဟူက အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာသည်။ ကျန်းလန်ကတော့ စုဆောင်းထားသည့် ငွေကြေးများဖြင့် အိမ်တွင် ပန်းပဲဖိုတစ်ခုပြုလုပ်ကာ ပန်းပဲအလုပ်လုပ်လေသည်။

လွန်ခဲ့သည့် (၁၀)နှစ်လောက်ကတည်းက အနားယူလျှင် ပန်းပဲပညာဖြင့်အသက်မွေးရန် ကျန်းလန်က ဆုံးဖြတ်ထားခဲ့သည်။ သူတို့တွင် သားသမီးများလည်းမရှိသည့်အတွက် အခြားသူများထက်ပိုမိုပြီး ငွေကြေးများစုဆောင်းနိုင်သည်။

သို့သော် သူတို့ကို ပြန်လည်ရှာဖွေကျွေးမွေးမည့် သားသမီးမရှိသည့်အတွက် တောင်ပေါ်တွင် အမဲမလိုက်နိုင်သည့်တိုင် လုပ်နိုင်သည့်အလုပ်ကတော့ လုပ်ရမည် ဖြစ်၏။

ရှောင်ယွိကလည်း သူ့ကို ပံ့ပိုးပေးသည်။ ကံကောင်းသည်မှာ ကျန်းလန်က ပန်းပဲလုပ်ရန် ပစ္စည်းကိရိယာများကို အစကတည်းက စုဆောင်းထားလေရာ ယခုအချိန်ထိ အသုံးဝင်နေခြင်း ဖြစ်၏။

နောက်ရက်များတွင်တော့ လျိုရှောက်ဟူနှင့် လင်စီးစီးတို့ ရောက်လာကြသည်။ သူတို့က အရင်လို ရှောင်ယွိကျွေးသည့် သကြားလုံးများကို မစားကြတော့ပေ။ ထိုအစား ကျန်းလန်တို့လင်မယားအတွက် အစားအသောက်များ ပို့ပေးကြသည်။ ရှောင်ယွိတို့တွင် သားသမီးမရှိသည့်အတွက် သူတို့က သားသမီးများပမာ ကူညီပေးကြသည်။

နောက်တစ်နှစ်တွင်တော့ ကျန်းလန်၏ ပန်းပဲဖိုက အောင်မြင်လာသလို အတော်လေးလည်း အလုပ်ဖြစ်လာသည်။ လျိုရှောက်ဟူက သူ၏ (၁၀)နှစ်အရွယ်သားငယ် လျိုတာ့နျိုကို ကျန်းလန်ထံစေလွှတ်ပြီး ပန်းပဲပညာသင်ယူကာ တပည့်ခံစေသည်။

ဆရာဆိုသည်ကလည်း လူတစ်ယောက်ဘဝတွင် အရေးပါသူဖြစ်လေရာ ဆရာဖြစ်သူအသက်အရွယ်ရလာလျှင် တပည့်များက ထောက်ပံ့ပေးသည်မှာ ပုံမှန်ကိစ္စပင် ဖြစ်၏။

ယခုတော့ ရှောင်ရှောင်တို့ကလေးတစ်သိုက် ကြီးပြင်းလာကြကာ အိမ်ထောင်သည်များဖြစ်နေကြသည်ကိုကြည့်ရင်း ရှောင်ယွိကတော့ ဝမ်းသာကြည်နူးလျှက် ရှိသည်။ ဤကလေးများက သူမလက်ပေါ်တွင်ကြီးလာသည့် ကလေးများ မဟုတ်ပါလား။

နောက်ထပ်နှစ်အနည်းငယ်တွင်တော့ အစ်မကြီးလျို မကျန်းမမာ ဖြစ်လာလေသည်။

ရှောင်ယွိက အစ်မကြီးလျိုထံ သတင်းလာမေးရင်း ရုတ်တရက် ငိုရှိုက်မိသည်။

အစ်မကြီးလျိုက စိတ်ဆိုးမာန်ဆိုးဖြင့်…

“ငါ နည်းနည်းလောက် နေမကောင်းဖြစ်တာကို မင်းက ဘာလို့ငိုနေရတာလဲ”

ရှောင်ယွိက မျက်ရည်များကို သုတ်လိုက်ရင်း…

“အစ်မကြီးလျိုမျက်နှာမှာ အရေးအကြောင်းတွေထင်နေပြီ…”

ခဏမျှ အံ့သြသွားပြီးမှ အစ်မကြီးလျိုက ရယ်မောလိုက်သည်။

“ရှောင်ယွိရယ်… အသက်ကြီးလာရင် အရေးအကြောင်းတွေ ရှိတာပေါ့”

ရှောင်ယွိက ဝမ်းနည်းစွာဖြင့် ထပ်မံငိုရှိုက်ပြန်ရင်း…

“ဒါပေမဲ့ ကျွန်မက အစ်မကြီးလျို အရင်ကလိုပဲ ငယ်ရွယ်ဆဲပဲလို့ ထင်နေမိတာ ၊ အစ်မကြီးက အမြဲတမ်းနုပျိုပြီး ကျန်းမာနေမယ်လို့ ထင်နေမိတာ”

ပြောရင်း ရှောင်ယွိသည် ဝမ်းနည်းလာမိသည်။

အချိန်သည် လူသားများအပေါ် နှလုံးသားမဲ့လွန်းသည်။ ထိုအချက်ကို အရင်က သူမ သဘောမပေါက်ခဲ့ပေ။

ညနေပိုင်းတွင်တော့ အစ်မကြီးလျိုက အနည်းငယ် သက်သာလာဟန်ရှိသည်။ သူမက ရှောင်ယွိနှင့်အတူ အပြင်သို့ လမ်းလျှောက်ထွက်ရန် တောင်းဆိုသည်။

နွေရာသီဖြစ်သောကြောင့် ရာသီဥတုက သာယာသည်။

အစ်မကြီးလျိုနှင့် ရှောင်ယွိ မြစ်ကမ်းနံဘေးတွင် အတူတူထိုင်နေကြသည်။

အစ်မကြီးလျိုက ရှောင်ယွိကို ကြည့်လိုက်ရင်း…

“အတိတ်က အချိန်တွေကို မှတ်မိသေးလား ၊ ယန်မိန်းကလေး မြစ်ထဲကျသွားတော့ မင်းက ဆင်းကယ်ခဲ့တယ် ၊ အဲဒါကြောင့် မင်းခန္ဓာကိုယ်ပေါ်က အကြေးခွံတွေကို ငါတို့တွေ့လိုက်ကြရတာ”

သူမက ဆက်ပြောသည်။

“အဲဒီတုန်းက ငါတို့က မင်းကို မိစ္ဆာလို့ပြောတော့ မင်း ထွက်ပြေးသွားတယ် ၊ ဒါပေမဲ့ မင်းက ရွာမှာပဲ ဆက်နေခဲ့တယ် ၊ ပြီးတော့ ငါတို့အပေါ်လည်း ကောင်းခဲ့တယ် ၊ မင်းက တကယ်တုံးတာပဲ ၊ လူတွေဆိုတာက အကျင့်ကောင်းကြတာမဟုတ်ဘူး ၊ မင်းသည်းခံလေ ပိုဆိုးလာလေပဲ”

ရှောင်ယွိက…

“နှစ်တွေလည်းကြာခဲ့ပါပြီ အစ်မကြီးလျိုရယ် ၊ မပြောပါနဲ့တော့”

ရှောင်ယွိက လူသားများအမြင်တွင် မိစ္ဆာမဖြစ်ချင်ခဲ့ပေ။ ယခုဆိုလျှင် ရွာတွင် သူမကို မည်သူမှ မိစ္ဆာဟု မသတ်မှတ်ကြတော့ပေ။

“ငါ့မှာပြောစရာတွေရှိသေးတယ်”

အစ်မကြီးလျိုက အလေးအနက်ဆိုသည်။

“အဲဒီအချိန်တွေတုန်းက ငါ မင်းကို အရမ်းကြောက်တယ် ၊ မင်းက ငါတို့တစ်မိသားစုလုံးကို စားပစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး အမြဲတွေးခဲ့တယ် ၊ ဒါကြောင့် မင်းကို ကြမ်းကြမ်းတမ်းတမ်းစကားတွေနဲ့ ပြောဆိုခဲ့မိတာပါ ၊ အထူးသဖြင့် ရှောက်ဟူတို့ ကလေး (၃)ယောက် ပျောက်သွားတဲ့အချိန်တုန်းက ကလေးတွေကို မင်း စားပစ်လိုက်ပြီလို့ ငါထင်ခဲ့တာ ၊ ငါ့ယောကျ်ားက အရမ်းမစွပ်စွဲဖို့သာ သတိမပေးခဲ့ရင် မင်းကို ငါ ရန်တွေ့ပြီးစွပ်စွဲမိတော့မှာ ၊ နောက်တော့ ငါ တောထဲမှာ ကလေးတွကို လိုက်ရှာတယ် ၊ အဲဒီအချိန်မှာပဲ နတ်ကွန်းထဲမှာ မင်းနဲ့ ကလေး (၃)ယောက်ကို တောထဲကနေ ငါ လှမ်းမြင်ခဲ့ရတယ်”

အစ်မကြီးလျိုသည် တုန်လှုပ်မှုအပြည့်ဖြင့် ရှောင်ယွိ၏လက်များကို လှမ်းကိုင်လိုက်သည်။

“အဲဒီနေ့က  မင်းရဲ့ လှပတဲ့လက်လေးက ကြောက်စရာလက်သည်းတွေအဖြစ်ပြောင်းလဲသွားတာကို ငါမြင်ခဲ့တယ် ၊ ပြီးတော့ အဲဒီလက်ကနေ မီးတောက်တွေထွက်ပေါ်လာပြီး ကလေးတွေကို လောင်ကျွမ်းတော့မှာကိုလည်း ငါ မြင်ခဲ့တယ် ၊ ငါ အရမ်းကြောက်နေပေမယ့် လှုပ်လို့မရခဲ့ဘူး ၊ ကလေးတွေချက်ချင်း သတိရလာပြီး နေကောင်းမလာဘူးဆိုရင် မင်းက တမင်သက်သက် ဇာတ်လမ်းဆင်တယ်လို့ ငါက ထင်မိနေဦးမှာ”

ထို့နောက် အစ်မကြီးလျိုက ရှောင်ယွိရှေ့တွင် ဒူးထောက်လိုက်သည်။

“တောင်းပန်ပါတယ်ကွယ် ၊ မင်းက ငါ့ကလေးတွေကို ကယ်တင်ခဲ့တာသိပေမယ့် ကျေးဇူးတောင်မတင်ရဲခဲ့ဘူး ၊ ငါ အရမ်းကြောက်နေခဲ့တယ် ၊ ငါ ညတိုင်းအိပ်မက်ဆိုးတွေ မက်တယ် ၊ ငါက အတွေ့အကြုံလည်း သိပ်မရှိတော့ မိစ္ဆာတွေက ကြောက်စရာကောင်းတယ်ဆိုတာလောက်ပဲ သိခဲ့တယ် ၊ ကောင်းတဲ့မိစ္ဆာတွေလည်းရှိမယ်ဆိုတာ မသိခဲ့ဘူး ၊ ငါ အချိန်အကြာကြီး စိုးရိမ်ပူပန်နေခဲ့ရတယ် ၊ နှစ်တွေအကြာကြီး ကြောက်ရွံ့နေဲ့တယ် ၊ မင်းက လူကောင်းဆိုတာသိလို့ တခြားသူတွေကို ကောင်းတဲ့အချက်လေးတွေ ပြောပေးခဲ့တယ် ၊ ဒါပေမဲ့ မင်းနဲ့ အနီးကပ်မပတ်သက်ရဲခဲ့ဘူး ၊ မင်းက ရှောက်ဟူနဲ့ အခြားကလေးတွေလက်ထပ်မယ့်ကိစ္စ အလုပ်များနေတဲ့အချိန်ထိပဲပေါ့ ၊ သူတို့ကလေးတွေရတော့လည်း မင်းက ဝမ်းသာလို့ငိုတယ် ၊ အဲဒီမှာ ငါသိလိုက်တာက မင်းက လူသားတွေနဲ့ မခြားဘူးဆိုတာပဲ ၊ ငါ တကယ်တောင်းပန်ပါတယ်ကွယ်”

ရှောင်ယွိမျက်ဝန်းများ နီရဲကာ မျက်ရည်များပြည့်လာပြီး သူမက အစ်မကြီးလျိုကို အလျှင်အမြန် ဆွဲထူလိုက်သည်။

“အစ်မကြီးလျို ၊ ဒီလိုမလုပ်ပါနဲ့ ၊ တကယ်တော့ ရှင်က ကျွန်မအပေါ် အရမ်းကောင်းခဲ့ပါတယ် ၊ ကျွန်မက ရှင်နဲ့ပတ်သက်ရင် ဘယ်တော့မှ မကောင်းမြင်ခဲ့တာ မရှိပါဘူး ၊ ပြီးတော့ ကျွန်မက တကယ်လည်း မိစ္ဆာမဟုတ်လို့ မကြောက်ပါနဲ့နော်”

အစ်မကြီးလျိုက စကားဆက်မပြောခဲ့ပေ။ သူမက မတ်တတ်ရပ်လိုက်ပြီးနောက် နေဝင်ချိန်ကို ကြည့်လိုက်သည်။ ရှောင်ယွိက သူမကို တွဲပေးထားရလေသည်။

ထိုနှစ် ဆောင်းတွင်းမဝင်ခင်ပင်အစ်ကြီးလျို ကွယ်လွန်သွားခဲ့သည်။ သူမသည် နောင်တမရှိ ၊ နာကျင်မှုမရှိ ၊ အလွန်အေးချမ်းစွာဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

ရှောင်ယွိကတော့ အစ်မကြီးလျို သေဆုံးသွားသည်ကို လက်မခံနိုင်ဘဲ အလွန်ဝမ်းနည်းစွာဖြင့် ငိုကြွေးခဲ့သည်။  ကျန်းလန်ကတော့ ရှောင်ယွိခေါင်းလေးကိုသာ လက်ဖြင့်အသာဖွဖွပုတ်ပေးရင်း သူမကို ဝအောင်ငိုစေခဲ့သည်။

ဆောင်းတွင်းဝင်သည့်အခါ  ရှောင်ယွိက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ကျန်းလန်ကို မေးခွန်းထုတ်လာသည်။

“ယောက်ျား ၊ လွန်ခဲ့တဲ့ နှစ် (၂၀)လောက်က ရှောက်ဟူနဲ့ ကလေးမလေး (၂)ယောက် ပျောက်သွားတုန်းက နတ်ကွန်းနားမှာ ရှင်ရှိနေတာလား”

ကျန်းလန်က အသားဟင်းရည်ကို သောက်နေရင်းမှ ခေါင်းခါယမ်းသည်။

“မရှိပါဘူး”

သို့ဆိုလျှင် တောအုပ်ထဲတွင်ရှိနေသည့် အစ်မကြီးလျိုသည့် နတ်ကွန်းထဲတွင်ရှိနေသည့် ရှောင်ယွိနှင့်ကလေး (၃)ယောက်ကို မည်သို့တွေ့မြင်နိုင်ပါသနည်း။ သေသေချာချာ တွေးကြည့်တော့ တောအုပ်က နတ်ကွန်းနှင့်အတော်လေး အလှမ်းဝေးရာ လှမ်းမြင်ရန် မဖြစ်နိုင်ပေ။

ရှောင်ယွိ ကျန်းလန်ကို စိုက်ကြည့်လိုက်သည်။

ကျန်းလန်က ရှောင်ယွိအကြည့်များကို ရှောင်လွှဲလိုက်ပြီး အသားတစ်ဖတ်ကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။

“သူ့မျက်လုံးတွေ ရုတ်တရက် အမြင်စွမ်းအားကောင်းလာတာ ဖြစ်မှာပေါ့”

ရှောင်ယွိက…

“အဲဒီတုန်းက အသံတစ်သံ အပြင်ဘက်က ကြားလိုက်ရတယ် ၊ အဲဒါ ယောကျ်ားမဟုတ်ဘူးလား”

ကျန်းလန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…

“ရော်… ခက်ပြီ ၊ ကိုယ်အဲဒီနေရာမှာ မရှိပါဘူးလို့ ပြောပြီးပြီကို ၊ ပြီးတော့ အဲဒီနေရာမှာ ရှိနေတဲ့သူက ကြောက်သွားလို့ ရွာကနေထွက်သွားပြီး မြို့ပေါ်ပြောင်းသွားတယ်လေ ၊ ဟုတ်ဘူးလား”

ရှောင်ယွိက တအံ့တသြဖြင့်…

“ယောကျ်ား… ရှင် အဲဒီလူကို သတ်လိုက်တာလား”

ကျန်းလန်က မကျေမနပ်ဖြင့်…

“မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ ၊ သူက မြို့ပေါ်မှာ အိမ်ထောင်ကျလို့ သားသမီးတွေတောင်ရနေပြီ ၊ သူ့ဘ၀ ရွာမှာထက်တောင်ပိုပြီးအဆင်ပြေနေသေးတယ် ၊ တစ်ခါတစ်ရံ သူ့မိန်းမနဲ့အတူ ရွာကိုတောင် အလည်လာတတ်သေးတယ်လေ”

ရှောင်ယွိက အေးစက်သည့်လေသံဖြင့်…

“ဟွန့်… ရှင်က သေမျိုးလောကမှာ သာမန်လူတစ်ယောက်လို လာနေတယ်လည်း ပြောသေးတယ် ၊ လူ့လောကကိစ္စတွေမှာ ဝင်စွက်ဖက်နေတာကိုး”

ပြောနေရင်းဖြင့် ရှောင်ယွိသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေါင်းငုံ့သွားကာ မျက်ရည်များဝဲလာသည်။ အတိတ်အကြောင်းများပြန်ပြောနေသည့်တိုင် သူမအနေဖြင့် အစ်မကြီးလျိုကို ဘယ်တော့မှ ပြန်တွေ့နိုင်မည် မဟုတ်တော့ပေ။

ကျန်းလန်ကတော့ နှစ်သိမ့်စကားမဆိုမိဘဲ ရှောင်ယွိခေါင်းလေးကိုသာ အသာပုတ်လိုက်သည်။

ထိုသို့ဖြင့် နောက်ထပ် အချန် (၃)နှစ်ကြာသွားခဲ့သည်။

ကျန်းလန်၏အသက် (၄၅)နှစ်သို့ရောက်ရှိခဲ့ပြီဖြစ်ပြီး လျိုရှောက်ဟူ၏သားအကြီးဆုံးသည်ပင် အိမ်ထောာင်ပြုရမည့်အရွယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လျိုရှောက်ဟူ၏သား လျိုတာ့နျိုအတွက် ကောင်းမွန်သည့်မိန်းကလေးတစ်ယောက် ရှာမတွေ့နိုင်သဖြင့် ရှောင်ယွိက စိတ်အနှောက်အယှက် ဖြစ်နေရသည်။

လင်စီးစီးကတော့ သားဖြစ်သူအတွက် စိတ်မပူပေ။ လျိုတာ့နျိုက ပန်းပဲပညာတတ်ကျွမ်းသူဖြစ်သည့်အတွက် သမီးရှင်များစွာက သဘောကျကြသည်။

သို့ပေသိ ထိုနှစ်ထဲတွင် လျိုတာ့ကျူးတစ်ယောက် ကျန်းမာရေးချို့တဲ့လာသည်။ ခန္ဓာကိုယ်ထွားကျိုင်းသန်မာလှသည့် မုဆိုးကြီးသည် ယခုတော့ အားအင်ချည့်နဲ့လာခဲ့လေသည်။

ထိုနှစ်ဆောင်းရာသီတွင် ကျန်းလန်၏အိမ်၌ တံခါးခေါက်သံတစ်သံံ ကြားလိုက်ရသည်။

“ဒေါက် ဒေါက်”

ကျန်းလန်က…

“ဘယ်သူလဲ”

“ကျုပ်ပါ ညီလေးကျန်း”

ထိုအသံက လျိုတာ့ကျူး၏အသံဖြစ်သည်။

ကျန်းလန် တံခါးဖွင့်ပေးလိုက်တော့ ဆံပင်ဖြူများစွာဖြင့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ လျိုတာ့ကျူးသည် အသက်အရွယ်အိုမင်းခဲ့ပြီ ဖြစ်လေသည်။

ကျန်းလန်က မျက်မှောင်ကြုတ်လိုက်ရင်း…

“အစ်ကိုကြီးလျို ၊ နေမကောင်းဘူးဆို ၊ ဘာလို့အပြင်ထွက်လာရတာလဲ”

ယခုတော့ လျိုတာ့ကျူးသည် ငယ်ရွယ်သူတစ်ယောက် မဟုတ်တော့ပေ။ ဦးခေါင်းတွင်ဆံပင်ဖြူများ ၊ မျက်နှာထက်တွင်အရေးအကြောင်းများဖြင့် အိုမင်းနေခဲ့ပြီ ဖြစ်သည်။ နဂိုသန်မာကြံ့ခိုင်သောခန္ဓာကိုယ်သည်ပင် အနည်းငယ်ပိန်လှီသွားခဲ့သည်။

လျို့တာ့ကျူးက ရယ်မောလိုက်ရင်း…

“ကိစ္စအထွေအထူးတော့မရှိဘူး ညီလေးကျန်းရ ၊ ပျင်းလို့ သေရည်သောက်ချင်တယ်ကွာ ၊ အဲဒါ အာ့ကျူးက မြို့ကိုသွားတော့ မတွေ့ခဲ့ရဘူး ၊ အခု “ယန်” အိမ်ကလူနဲ့ “လင်” အိမ်ကလူကိုလည်း ခေါ်ထားတယ် ၊ သောက်ကြရအောင်လေကွာ”

ကျန်းလန်ကခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီ”

မကြာမီ ကျန်းလန်၏အိမ်သို့ “လင်” အိမ်မှလူနှင့် “ယန်” အိမ်မှလူတို့ ရောက်လာကြသည်။ သူတို့သည် အရင်တော့ “လင်” အိမ်မှကောင်လေးနှင့် “ယန်” အိမ်မှကောင်လေးဟု ခေါ်ခံကြရသူများဖြစ်သည်။ ယခုတော့ သူတို့သည် လူငယ်များ မဟုတ်ကြတော့ပေ။ နှစ်ယောက်လုံး အသက်ကြီးရင့်လာကြပြီ ဖြစ်သည်။

သူတို့၏ ခြောက်သွေ့နေသည့် အရေပြားများဖြင့် ခန္ဓာကိုယ်ပေါ်မှ အရေးအကြောင်းများက ပင်ပန်းခဲ့ကြသည့် ဘဝများကို ဖော်ပြနေသည်။

တစ်ယောက်က သေရည်ယူလာပြီး တစ်ယောက်ကတော့ အမြည်းလုပ်ရန် အသားများ ယူလာသည်။ ယန်မိန်းကလေးလည်း ရောက်ရှိလာသည်ဖြစ်ရာ သူမနှင့်ရှောင်ယွိက အသားများကို ချက်ပြုတ်ကျော်လှော်ပေးကြသည်။

ထို့နောက် လူကြီး (၄)ယောက် စားပွဲဝိုင်းတွင်ထိုင်ကာ သေရည်သောက်ကြသည်။ ဗိုက်ထဲ သေရည် (၃)ခွက်ခန့် ဝင်သွားပြီးနောက် “ယန်” အိမ်မှလူက စကားစပြောသည်။

“ဒီနှစ်တွေတစ်လျှောက် အမဲလိုက်အဖွဲ့ထဲမှာ ပဋိပက္ခတွေရှိခဲ့တယ်ဆိုပေမယ့် အကောင်းဆုံး စီစဉ်ပေးနိုင်ခဲ့တဲ့ အစ်ကိုကြီးလျိုကို ကျေးဇူးတင်ပါတယ်ဗျာ”

ကျန်းလန် ရွာသို့ရောက်လာစဉ်က အမဲလိုက်အဖွဲ့ နှစ်ဖွဲ့ကွဲသွားသည့်အဖြစ်ကို ပြန်ပြောင်းပြောဆိုနေခြင်းဖြစ်သည်။

“လင်” အိမ်မှလူက ရယ်မောလိုက်ရင်း…

“အမှန်ပဲ ၊ အဲဒီတုန်းက အနစ်နာခံရဆုံးက ကျုပ်ပဲလေ ၊ အားလုံးက ညီလေးကျန်းနဲ့ ပြန်အဆင်ပြေချင်တော့ ကျုပ်က ဒဏ်ရာရသလို ဟန်ဆောင်ခဲ့ရတာ ဟားဟား”

လျိုတာ့ကျူးက သက်ပြင်းချလိုက်ရင်း…

“အေးကွာ… အဲဒီတုန်းကတော့ ကျုပ်က အတော်အရွယ်ရှိသေးတာ ၊ အခုတော့ သားသမီးတွေတောင်အရွယ်ရောက်လို့ မြေးတွေတောင်ရနေပြီ ၊ ကျုပ်မိန်းမကတော့ ထွက်ခွာသွားတာ စောလိုက်တာ ၊ အနားမှာရှိတုန်းက သူ့ကို သိပ်ပြီးဂရိုစိုက်မပေးခဲ့မိဘူး ၊ ကျုပ် သေရည်သောက်လို့ အပြစ်တင်ရင်တောင် အဆင်မပြေဘူးလို့ ခံစားရသေးတယ် ၊ ဒါပေမဲ့…”

လျိုတာ့ကျူးက သေရည်ခွက်ကို မော့သောက်လိုက်ရင်း စကားဆက်ပြောသည်။

“ဒါပေမဲ့ … သူမရှိတော့မှ သူကျုပ်ကို အပြစ်တင်တာကို ကြားချင်နေသေးတယ် ၊ ကျုပ်က တကကယ်အသုံးမကျပါဘူး”

ကျန်းလန်က မည်သည့်စကားမှမဆိုဘဲ လျိုတာ့ကျူး၏ သေရည်ခွက်ထဲသို့သာ သေရည်များထပ်မံလောင်းထည့်ပေးလိုက်သည်။

ကျန်လူများကတော့ သက်ပြင်းချလိုက်မိကြသည်။ ယခုဆိုလျှင် သူတို့အားလုံးက ဘဝ၏နိဂုံး အဆုံးသတ်ချိန်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အသက်ရှင်ရန် ကျန်ရှိသည့်အချိန်လေးတွင် စိတ်ချမ်းသာအောင်နေထိုင်ကြရန်သာ အရေးကြီးသည်။

“ယန်” အိမ်မှလူက သေရည်ခွက်ကို ကိုင်မြှောက်လိုက်ရင်း…

“လာ… သောက်ကြမယ်”

“လင်” အိမ်မှလူကလည်း သေရည်ခွက်ကို ကိုင်မြှောက်ကာ မော့သောက်လိုက်ရင်း မျက်နှာကို မဲ့ရွဲ့လိုက်သည်။

“မှတ်မိပါသေးတယ် ၊ ယန်အိမ်က ဇနီးက အရမ်းချောလို့ မင်း အမဲလိုက်လို့မပြီးခင် အိမ်ကိုပဲ ပြန်ချင်နေတာလေ ဟားဟား”

“ဟားဟား…”

“ယန်” အိမ်မှ လူကလည်း ရယ်မောလိုက်သည်။

“ဘဝကတိုတိုလေးပါဗျာ ၊ ကိုယ်ချစ်တဲ့သူနဲ့အတူတူနေခွင့်ရတာ မကောင်းဘူးလား”

လျိုတာ့ကျူးကတော့ သေရည်ခွက်ကို မော့သောက်ရင်း မျက်နှာထက် ဝမ်းနည်းရိပ်တို့ ဖြတ်သန်းသွားသည်။

“မင်းက မင်းမိန်းမအပေါ် တာဝန်ကျေခဲ့ပါတယ်ကွာ ၊ ကျုပ်မှာသာ ကျုပ်မိန်းမအပေါ် အကြွေးတင်နေတယ်လို့ အမြဲခံစားနေရတယ်”

ထိုနေ့က သူတို့အုပ်စု အတော်လေး ညဉ့်နက်သည်အထိ သေရည်သောက်နေကြသဖြင့် ယန်မိန်းကလေးက အနည်းငယ် စိတ်ပူပန်နေလေသည်။

သူမသည် အသက်ကြီးရင့်လာပြီဖြစ်သောကြောင့် မျက်နှာထက် အရေးအကြောင်းများရှိလာသည့်တိုင် ငယ်စဉ်က လှပသည့်မိန်းကလေးဖြစ်ကြောင်း မည်သူမဆို ပြောနိုင်သည်။

ဤနှစ်များတစ်လျှောက် “ယန်” အိမ်မှလူငယ်သည် သူမအပေါ် အလွန်ပင်ကောင်းမွန်ခဲ့ပြီး သူမအပေါ် စိတ်နှလုံးအကြွင်းမဲ့ဖြင့် မေတ္တာရှိခဲ့သည်။ သူတို့နှစ်ယောက် လိုက်ဖက်သည့်စုံတွဲဖြစ်ကြသဖြင့် တစ်ရွာလုံးကပင် အားကျခဲ့ကြရသည်။

ယနေ့တော့ အဘိုးကြီးအုပ်စု မူးအောင်သောက်ကြပြီး စကားများစွာ ပြောခဲ့ကြသည်။ သူတို့၏ ငယ်ဘဝရည်မှန်းချက်များနှင့် ဘဝ၏ဖိအားများ စသည်ဖြင့်…။

နောက် (၃)ရက်တွင်တော့ လျိုတာ့ကျူး ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သည်။

နောက်တစ်ရက်မှ လျိုအာ့ကျူးက မြို့မှ ပြန်ရောက်လာသည်။ အစ်ကိုဖြစ်သူကို နောက်ဆုံးအကြိမ်တွေ့ခွင့်မရလိုက်သဖြင့် သူ့မှ မြေပြင်ပေါ်တွင် ဒူးထောက်လျှက် အော်ဟစ်ငိုကြွေးခဲ့သည်။

မြေးဖြစ်သူ လျိုတာ့နျိုမှာလည်း နောင်တများစွာဖြင့် ငိုကြွေးခဲ့ရသည်။ သူသာ စောစောစီးအိမ်ထောင်ပြုခဲ့လျှင် အဘိုးဖြစ်သူသည် မြေးမြစ်များဖြင့် ပျော်ရွှင်နိုင်မည် ဖြစ်သည်။ ယခုတော့ သူက အိမ်ထောင်မပြုခဲ့သဖြင့် အဘိုးဖြစ်သူကို ထိုအခွင့်အရေး မပေးခဲ့နိုင်ပေ။ သူ့ကိုယ်သူ ဝတ္တရားမကျေပွန်သည့် မြေးငယ်တစ်ယောက်ပမာ ခံစားနေရသည်။

ထို့ကြောင့်ပင် အစပိုင်းတွင် အိမ်ထောင်မပြုသေးရန် ဆုံးဖြတ်ထားသည့် လျိုတာ့နျိုသည် နောက်တစ်နှစ်တွင် လက်ထပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူက အဘိုးကျန်းနှင့် အဘွားကျန်းတို့သည်လည်း သူ အိမ်ထောင်မကျခင် သေဆုံးသွားကြမည်ကို စိုးရိမ်သည့်အတွက် ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

လျိုတာ့နျိုရွေးချယ်လိုက်သည့် မိန်းမပျိုက လိမ္မာယဉ်ကျေးပြီး ချောမောလှပသူဖြစ်လေရာ ရှောင်ယွိကတော့ အလွန်ပင် ကျေနပ်လျှက် ရှိသည်။

ရှောင်ယွိသာမကပေ ၊ မိဘများဖြစ်သည့် လျိုရှောက်ဟူနှင့် လင်စီးစီးတို့သည်လည်း ချွေးမကောင်းရသည့်အတွက် များစွာ ကျေနပ်လျှက် ရှိကြသည်။

နောက်ထပ် အချိန် (၇)နှစ်ကြာပြီးသည့်နောက်…

ကျန်းလန် အသက် (၅၀)ကျော်အရွယ်ရောက်ခဲ့ပြီဖြစ်သည်။ အသက်အရွယ်ကြီးရင့်လာပြီး ခန္ဓာကိုယ်၏ ဝန်ထုပ်ဝန်ပိုးဒဏ်ကို မခံနိုင်တော့ပေ။

ဤနှစ်ပိုင်းတွင်တော့ လျိုအာ့ကျူးနှင့် “လင်” အိမ်မှလူတို့ ဆုံးပါးသွားခဲ့ကြသည်။ ထို့နောက် “ယန်” အိမ်မှလူသည်လည်း ထပ်မံ ဆုံးပါးသွားခဲ့ပြန်၏။

“ယန်” အိမ်မှလူ၏ ဇာပနအပြီးတွင် ယန်မိန်းကလေးက ရှောင်ယွိထံ ရောက်လာလေသည်။ သူမက ဘာမှမဖြစ်သလို ရယ်မောကာ စကားပြောဆိုနေခဲ့သည်။ သူမပြောဆိုသည့် အဓိကအကြောင်းများကတော့ “ယန်” အိမ်မှလူငယ်နှင့် လက်ထပ်ပြီးကာစနေ့ရက်အချိန်ကာလများအကြောင်း ဖြစ်လေသည်။

ယန်မိန်းကလေး ပြုံးနေခဲ့သည်။

သူမ၏ လှပသောအပြုံးကို “ယန်” အိမ်မှ လူငယ်က သဘောကျနှစ်သက်သဖြင့် သူမသည် အမြဲတမ်း ပြုံးနေခဲ့သည်။ သို့သော် ယခုတော့ သူကို မေတ္တာရှိသူက ဤလောကတွင် မရှိတော့ပေ။

ရှောင်ယွိအိမ်မှ ပြန်ခါနီးတွင်တော့ “ယန်” မိန်းကလေးသည် မပြုံးရယ်နိုု်င်တော့ဘဲ အဆက်မပြတ် ငိုကြွေးခဲ့ရှာလေသည်။

နောက်တစ်နေ့နံနက်စောစောတွင်တော့ ရှောင်ယွိအိမ်သို့ လျိုရှောင်ရှောင်တစ်ယောက် အပြေးအလွှားရောက်လာပြီး “ယန်” မိန်းကလေး ဆုံးပါးသွားပြီဆိုသည့်သတင်း လာပြောသည်။

ရွာတွင် အမဲလိုက်မုဆိုးများလည်း သိပ်မရှိကြတော့ပေ။ လူငယ်အများစုက မြို့သို့တက်ကာ အလုပ်လုပ်ကြသဖြင့် အမဲလိုက်သူဦးရေ နည်းပါးသွားသည်။

ရွာလေးတွင် တဖြည်းဖြည်း နေထိုင်သူဦးရေနည်းပါးလားသည်။

မကြာသေးခင်က သဘာဝဘေးအန္တရယ်များကျရောက်သည့်အတွက် တောင်ပေါ်တွင် စပါးရိတ်သိမ်းခြင်း မပြုနိုင်ခဲ့ပေ။

လျိုတာ့နျိုက ပန်းပဲပညာဆက်လက်သင်ယူရန် မြို့သို့ထွက်ခွာသွားခဲ့ပြီး အလုပ်ကောင်းကောင်းတစ်ခုလည်းရရှိကာ တစ်မိသားစုလုံးကို ကောင်းမွန်စွာ စောင့်ရှောက်ထားနိုင်ခဲ့သည်။

သူက ကျန်းလန်နှင့်ရှောင်ယွိကို သူနှင့်အတူ မြို့တွင်လိုက်နေပါရန် တောင်းဆိုခဲ့သော်လည်း ကျန်းလန်တို့လင်မယားက ငြင်းဆန်ခဲ့သည်။

ဘဝနိဂုံးချုပ်ခါနီးပြီဖြစ်ရာ ရွာတွင်သာခေါင်းချချင်သည်ဟု ကျန်းလန်တို့ (၂)ယောက်လုံးက ဆိုခဲ့သည်။ လျိုရှောက်ဟူနှင့်လင်စီးစီးတို့သည်လည်း မြို့သို့လိုက်မသွားခဲ့ပေ။ သူတို့က ကျန်းလန်နှင့်ရှောင်ယွိကို စောင့်ရှောက်ရန် ရွာတွင်သာနေထိုင်ခဲ့သည်။

အသက်ကြီးရင့်လာသည့်အခါ ဘဝအမှတ်တရများစွာရှိသော ကိုယ့်မွေးရပ်မြေတွင်သာ နေထိုင်လိုကြသည်မှာ သဘာဝပင်။

“ဒေါ်လေးကျန်း ၊ ဒီနေ့ ဘာလို့သကြားလုံးတွေ ဝယ်လာတာလဲ”

ရှောင်ယွိက သကြားလုံးများပေးသည့်အခါ လူလတ်ပိုင်းအရွယ်ဖြစ်နေပြီဖြစ်သော လင်စီးစီးက တအံ့တသြဖြင့် မေးသည်။

ရှောင်ယွိက ထိုင်ခုံပေါ်တွင်ထိုင်လိုက်ရင်း…

“သကြားလုံး ဝယ်လာနိုင်တာပဲ ဝမ်းသာနေတာ”

လျိုရှောင်ရှောင်ကတော့ ရှောင်ယွိပေးသည့် သကြားလုံးကို ဖောက်စားလိုက်သည်။

“သကြားလုံးက အရင်အတိုင်းပဲ ၊ အရမ်းစားကောင်းတုန်းပဲ”

ကျန်းလန်နှင့် ရှောင်ယွိ ထိုင်ခုံထက်တွင်ထိုင်ရင်း အနည်းငယ် ငြိမ်သက်နေကြသည်။ ထို့နောက် သူတို့ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။

လျိုရှောင်ရှောင် အနည်းငယ်စိုးရိမ်သွားသည်။ သူမ၏မိခင် ဆုံးပါးသွားစဉ်ကလည်း ထိုသို့ပင် အမူအရာများ ပြုလုပ်တတ်သည်။

“ဒေါ်လေးကျန်း…”

လျိုရှောင်ရှောင် စကားပြောရန်ဟန်ပြင်လိုက်စဉ်မှာပင် လျိုရှောက်ဟူ အပြေးအလွှားရောက်ရှိလာသည်။

“အခြေအနေမကောင်းတော့ဘူး ၊ မြစ်ရေတွေလျှံနေပြီ ၊ ရွာက ပြေးကြရတော့မယ်”

ကျန်းလန်က လျိုရှောက်ဟူကို ကြည့်လိုက်ရင်း…

“မင်းတို့သွားကြပါ ၊ ကျုပ်တို့ကတော့ မပြေးနိုင်တော့ဘူးဆိုတော့ ဒီမှာပဲ နေခဲ့တော့မယ်”

ဟုတ်ပေ၏။

အသက်အရွယ်ကြီးရင့်လာပြီဖြစ်ရာ သူတို့ မပြေးလွှားနိုင်တော့ပေ။ လူငယ်များအတွက် ဝန်ထုပ်ဝန်ပိုးသာလျှင် ဖြစ်ပေလိမ့်မည်။ ရွာတွင်ပင် အသက်ဆုံးခံလိုက်သည်က သူတို့အတွက် အကောင်းဆုံး ဖြစ်သည်။

လျိုရှောက်ဟူက မည်သည့်စကားမှမပြောတော့ဘဲ ညီမဖြစ်သူကို လှမ်းအော်လိုက်သည်။

“ရှောင်ရှောင်…”

လျိုရှောက်ဟူ၏ မျက်နှာရိပ်မျက်နှာကဲကို လျိုရှောင်ရှောင်ကလည်း ချက်ချင်းနားလည်သွားသည်။

“ဟုတ်ကဲ့ ၊ အစ်ကိုဟူ”

ထို့နောက် လျိုရှောက်ဟူက ကျန်းလန်ကို ထမ်းပိုးလျှက် လျိုရှောင်ရှောင်က ရှောင်ယွိကို ထမ်းပိုးလျှက် ခေါ်ဆောင်သွားကြတော့သည်။

လျိုလျှောက်ဟူက အော်ပြောလိုက်သည်။

“ဘာပစ္စည်းတွေမှ ယူမနေကြနဲ့တော့ ၊ လူသာလွတ်အောင်ပြေးကြတော့ဟေ့ ၊ တော်သေးတယ် ၊ သားသမီးတွေက ဒီနေ့ မြို့ကိုရောက်နေကြလို့”

လင်စီးစီးကလည်း အော်ဟစ်လိုက်သည်။

“ရွာထဲမှာ ဘယ်သူကျန်သေးလဲ ၊ မြစ်ရေတွေလျှံနေပြီ ၊ လွတ်အောင်ပြေးကြတော့”

ရွာထဲမှ လူအချို့ ပြေးလွှားလာကြသော်လည်း ရွာတွင် လူသိပ်မကျန်တော့ပေ။ စောစောကတည်းကပင် ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြဟန် ရှိသည်။

ပြေးလွှားလာရင် ရှောင်ယွိသည့် သူမဘဝ၏အသက်ဓာတ်စွမ်းအားများ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။

သူမက…

“ရှောင်ရှောင်… ၊ မင်းတို့တွေ အနာဂတ်မှာ ကောင်းကောင်းနေထိုင်ရမယ်နော်”

လျိုရှောင်ရှောင်က စိုးရိမ်သွားပြီး…

“ဒေါ်လေးကျန်း ၊ စိတ်မပူနဲ့ ၊ မြို့ကိုရောက်ရင် ဦးလေးကျန်းနဲ့ဒေါ်လေးကျန်းကို ကျွန်မတို့ ကောင်းကောင်းစောင့်ရှောက်ပေးနိုင်ပါတယ်”

အနောက်သို့လှည့်ကြည့်လိုက်သည့်အခါ သူတို့နေထိုင်ခဲ့သည့် ရွာလေးတစ်ခုလုံး မြစ်ရေများဖုံးလွှမ်းသွားသည်ကို တွေ့မြင်ရသည်။ အရာအားလုံးသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်လေသည်။

ထို့နောက် ရှောင်ယွိက လျိုရှောက်ဟူ ၊ လင်စီးစီးတို့ကို လှမ်းကြည့်လိုက်သည်။ သူမ၏ နောက်ဆုံးအကြည့်များက ကျန်းလန်ဆီတွင်ရပ်တန့်သွားပြီး သူမရော ကျန်းလန်ပါ မျက်လုံးများ အသာအယာ မှေးမှိတ်သွားကြသည်။

ထိုခဏတွင် ကျယ်လောင်သည့် ငိုရှိုက်သံတစ်စွန်းတစ်စကို ကြားလိုက်ရပြီး လူတစ်ယောက်က သူမကို လှုပ်နှိုးနေကြောင်း ခံစားလိုက်ရသည်။

နောက်တစ်နေ့။

လျိုရှောက်ဟူနှင့် အခြားသူများက ကျန်းလန်နှင့်ရှောင်ယွိကို တောင်ကုန်းလေးတစ်ခုထက်တွင် မြေမြှုပ်သဂြိုလ်ခဲ့ကြသည်။

လျိုရှောင်ရှောင်နှင့် လင်စီးစီးတို့က အချိန်အတန်ကြာအောင် ငိုနေခဲ့သည်။ လျိုတာ့နျိုသည်လည်း မိဘများကိုခေါ်ရန် ရွာသို့ပြန်လာသည့်အချိန်နှင့်တိုက်ဆိုင်သွားလေရာ သူသည်လည်း စိတ်မကောင်းစွာဖြင့် ငိုကြွေးတော့သည်။

“အဘိုးကျန်းနဲ့အဘွားကျန်း ၊ ဘာလို့ဒီလိုထွက်ခွာသွားရတာလဲ ၊ အခြားသူတွေလိုပဲ အဘိုးတို့လည်း စကားတစ်ခွန်းမှမဆိုဘဲ ထွက်ခွာသွားရတာလဲ ၊ ကျွန်တော့်မှာ အဘိုးတို့ကို ပြုစုလုပ်ကျွေးခွင့်တောင် မရခဲ့ဘူး”

ကျန်းလန်က သူ့ကို ပန်းပဲပညာသင်ပေးသည့် ဆရာဖြစ်လေရာ လျိုတာ့နျိုက ဝမ်းနည်းမဆုံး ဖြစ်နေခဲ့သည်။

ဤသူများ ငိုကြွေးနေကြသည်ကို ကြည့်ခြင်းအားဖြင့် ကျန်းလန်နှင့် လုန်ယွိ သေမျိုးလောကသို့ထွက်ခွာလာခဲ့သည့် ခရီးစဉ်သည် အချည်းနှီးမဟုတ်ခဲ့ကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။

ထို့ကြောင့်လည်း ဘဝသည် မည်မျှပင်ပန်းပါစေ ပြီးပြည့်စုံသည်ဟု ယူဆနိုင်ခြင်း ဖြစ်လေသည်။

***

All Chapters